← Chapters

နဂါးအစွမ်းကို သန့်စင်ခြင်း

Vol. 23 Ch. 317

နဂါးအစွမ်းကို သန့်စင်ခြင်း

Vol. 23 Ch. 317

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားရသည်။ သို့သော် မြေပြင်တွင် ပြန့်ကျဲနေသည့် နဂါးအရိုးများကို မြင်သောအခါ သူ ချက်ချင်း သဘောပေါက်သွား၏။

ထိုနဂါးအရိုးများက နတ်ဆိုးမျိုးနွယ်စုအတွက် အဖိုးတန် ရတနာများပင် ။

၎င်းတို့ကိုသာ သန့်စင်လိုက်ပါက သူတို့၏ အစွမ်း တိုးတက်လာမည့်အပြင် သူတို့၏ သွေးကလည်း ပို၍ အစွမ်းထက်လာမည် ဖြစ်ပါသည်။

သူတို့လို နတ်ဘုရားသားရဲများအတွက်မှာလည်း သွေးက အရေးအကြီးဆုံး ဖြစ်ပါ၏။

သို့သော် ... ယခု ဖြစ်ပျက်နေသည့် အခြေအနေက အနည်းငယ် ရှက်စရာ ကောင်းနေပါသည်။

ထိုအရိုးများမှာ ရှောက်လုံ မိတ်ဆွေ၏ အရိုးများပင် ..

ထိုအရိုးများကို သန့်စင်မည် ဆိုပါက ....

လောထျန်း ရှောက်လုံအား လှမ်းကြည့်လိုက်သည်။

ရှောက်လုံက အံကြိတ်ကာ ပြန်ပြော၏။

" ဘယ်တတ်နိုင်မလဲ ၊ အခြေအနေတွေက ခုလိုတောင် ဖြစ်လာမှတော့ .. မင်း မလုပ်ရင်လဲ ဒီအရိုးတွေကို တခြားသူတွေက လာပြီး သန့်စင်သွားကြမှာပဲ ။ အဲ့တော့ ဒီလိုအခွင့်ကောင်းကို တခြားသူကို ပေးမယ့်အစား မင်းတို့ကိုပဲ ပေးလိုက်ပါမယ်လေ ။ ဒါပေမယ့် မင်းတို့ ပြန်လုပ်ပေးရမှာတွေတော့ ရှိတယ် "

" ပြောပါ သခင်ကြီး ရှောက် "

နျိုဝူဖုန်းက ပြန်ပြောသည်။

" မင်းတို့  သန့်စင်တဲ့အခါကျရင် အရိုးထဲက နဂါးအစွမ်းကိုပဲ စုပ်ယူရမယ် ၊  နဂါးအရိုးကို မထိခိုက်ရဘူး ။ သန့်စင်လို့ ပြီးသွားရင်လဲ အရိုးကို သေချာ မြေပြန်မြှုပ်ပြီးတော့ ဦးညွှတ် အရိုအသေ ပေးရမယ် "

ရှောက်လုံက လေသံတိုတိုးဖြင့် ပြောလိုက်သည်။

" ရတာပေါ့ဗျာ ၊ ကျုပ် သေချာ ဒူးထောက်ပြီးတော့ကို အရိုအသေပေးမှာပါ ။ အရိုးကို သန့်စင်ခွင့်သာပေးရင် ဒူးတွေ သွေးထွက်တဲ့အထိ အရိုသေပေးဆိုလဲ ပေးနိုင်ပါတယ်ဗျာ "

နျိုဝူဖုန်းက ပြန်ပြောလိုက်သည်။

ကျန် သားရဲ နှစ်ယောက်ကလည်း ခေါင်းတဆတ်ဆတ် ညိတ်ပြကြ၏။

" ကောင်းပြီ .. ဒါဆိုလဲ မြန်မြန်လုပ်ကြ "

ရှောက်လုံက ထိုသို့သာ ပြောပြီး မျက်နှာလွှဲနေလိုက်သည်။

ထိုမြင်ကွင်းက သူ့အတွက် စိတ်မသက်မသာ ဖြစ်စေသောကြောင့် .. သူ မကြည့်ချင်ပါ ။

နျိုထျဲ့ချူတို့ သုံးယောက်က ခွင့်ပြုချက် ရသည်နှင့် ချက်ချင်းပင် နဂါးအရိုးများကို သွားကောက်ကာ အရိုးထဲမှ နဂါးအစွမ်းကို သန့်စင်လိုက်ကြ၏။

ဤသို့ဖြင့် မကြာမီမှာပင် သူတို့ သန့်စင်၍ ပြီးသွားပြီး မတ်တပ်ရပ်လိုက်ကြသည်။

ဝုန်း ..

သူတို့ ကိုယ်မှ အစွမ်းထက်သော အရောင်အဝါများလည်း တိုးထွက်လာကြ၏။

သူတို့ကိုယ်ထဲမှ နတ်ဘုရားသွေးကလည်း များစွာပင် တိုးတက်လာခဲ့လေပြီ ။

" တော်တော်အစွမ်းထက်တဲ့ ခံစားမှုမျိုးပဲ ၊ ဒီနဂါးသင်္ချိုင်းမြေက ဖိအားတောင် အများကြီး အားလျော့သွားသလို ခံစားရတယ် "

နျိုဝူဖုန်းက ပြောကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ရှောက်လုံက နှာခေါင်းရှုံ့ကာ ပြန်ပြော၏။

" မင်းက နဂါးအစစ်တစ်ကောင်ရဲ့ နဂါးအစွမ်းကို သန့်စင်ခဲ့တာလေ ၊ အဲ့တော့ မင်းကိုယ်ထဲက နတ်ဘုရားသွေးက ပိုအစွမ်းထက်လာတာပေါ့ ။ ဒါ့ကြောင့်မို့လဲ ဖိအားက အားလျော့သွားသလို ခံစားရတာလေ ။ ခုက အဲ့ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်သေးဘူး ။ မင်းတို့တွေ ကိုယ်ပေးထာတဲ့ ကတိကို တည်ကြပါ "

နျိုဝူဖုန်းက အားနာပြုံးဖြင့် ပြောသည်။

" စိတ်ချပါဗျာ "

ထို့နောက်တွင်မူ သူတို့ နဂါးအရိုးများအား ပြန်မြှုပ်နှံပေးလိုက်ကြပြီး အထိမ်းအမှတ် ကျောက်တိုင်ကိုလည်း ပြန်လုပ်ပေးလိုက်ကြ၏။ ပြီးနောက် အကြိမ်များစွာ ဒူးထောက် အရိုအသေပေးပြီးမှသာ သူတို့ ပြန်မတ်တပ်ရပ်လိုက်ကြသည်။

ရှောက်လုံက ၎င်းကို ကြည့်ကာ သက်ပြင်းချ၏။

" နှုတ်ဆက်ပါတယ် မိတ်ဆွေကြီးရေ "

ထို့နောက်တွင်မူ လောထျန်းဦးဆောင်သော သူတို့ လူစု ထိုနေရာမှ ထွက်လာခဲ့ကြသည်။

ရှောက်လုံက သူတို့အား အခြား နဂါးများကို မြှုပ်နှံထားသည့် ဂူများသို့ လမ်းပြ ခေါ်ဆောင်သွား၏။

ထိုသင်္ချိုင်းဂူများ အားလုံးမှာလည်း ပထမ ဂူ ကဲ့သို့ပင် တစ်စစီ အလုပ်ခံထားကြရပါသည်။

ယခင်က နဂါးသင်္ချိုင်းမြေတွင် နေထိုင်ခဲ့ကြသော နဂါးမျိုးနွယ်၏ အကြွင်းအကျန် စိတ်ဝိဥာဥ်များလည်း ပျောက်ကွယ်နေခဲ့ကြလေပြီ ။

တစ်ခု ၊ နှစ်ခုတည်းက ထိုသို့ ဖြစ်နေလျှင်ပင် တိုက်ဆိုင်မှုဟု ပြော၍ ရသေးသော်လည်း ဂူများအားလုံးက ထိုသို့ ဖြစ်နေရာ .. တိုက်ဆိုင်မှု မဟုတ်တော့ပါချေ။

ကြည့်ရသည်မှာ ရန်သူက လွန်ခဲ့သော နှစ်များစွာအကြာတည်းက ကြိုတင်ကြံစည်ပြီး အစီစဥ်ချ တိုက်ခိုက်ခဲ့ဟန်ပင် ။

ထိုစဥ် နဂါးသင်္ချိုင်းမြေ .. အတွင်းပိုင်း တစ်နေရာ၌ .. အမည်းရောင် ဝတ်ရုံနှင့် လူက ကြီးမားသော သင်္ချိုင်းဂူ တစ်ခုဆီသို့ လျှောက်သွားနေ၏။

ထို သင်္ချိုင်းဂူမှာ အပြင်နားဘက်မှ သင်္ချိုင်းဂူများနှင့် လုံးဝ ကွဲနေပါသည်။

ဂူရှေ့တွင် ကောင်းကင်ယံသို့ပင် ထိုးတက်နေသည့် အထိမ်းအမှတ် ကျောက်တိုင်ကြီးတစ်ခုလည်း ရှိနေ၏။

ထိုကျောက်တိုင် ပတ်ပတ်လည်တွင်လည်း အမည်းရောင်သွေးများ ပေကျံနေကာ ကျောက်တိုင်အား မရေမတွက်နိုင်သော ချိန်းကြိုးများဖြင့် တင်းကျပ်စွာ ချုပ်နှောင်ထားသည်။

ကြည့်ရသည်မှာ .. ကြောက်မက်ဖွယ် သားရဲတစ်ကောင်အား ချုပ်နှောင်ထားသည်နှင့်ပင် တူနေသေးတော့၏။

ကျောက်တိုင်ရှေ့တွင် ရပ်နေသော အမည်းရောင် ဝတ်ရုံနှင့်လူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူ့ကိုယ်ပေါ်မှ အင်္ကျီစတစ်ခုကို ဆွဲဖြဲလိုက်သည်။ ပြဲသွားသည့် နေရာမှ  ထိုလူ၏ အရေပြား ပေါ်လာ၏။

သို့သော် .. သူ့အရေပြားက ပုံမှန် သက်ရှိလူသားတစ်ယောက်၏ အသားအရောင်မျိုး လုံးဝ ရှိမနေဘဲ ရှုပ်ထွေးသည့် အစီအမံ ထွင်းစာအချို့ ရှိနေသည်။

အမည်းရောင်ဝတ်လူက သူ့လက်နှစ်ဖက်လုံး သုံးကာ အစီအမံအချို့ ပြုလုပ်လိုက်၏။

ထို့နောက်တွင်မူ ..

ဝီ ..

အစီအမံထဲမှ လူရိပ်နှစ်ခု ရုတ်ချည်း ထွက်လာကြသည်။

အမည်းရောင်ဝတ် လူ၏ မျက်နှာတွင် ကြောက်ရွံ့နေဟန် အထင်းသား ပေါ်လာပြီး မြေပြင်သို့ ချက်ချင်း ဒူးထောက်ချလိုက်၏။

" ကြိုဆိုပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး "

သူ တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။

ထို အမည်းရောင် ဝတ်ရုံနှင့် သူမှာ အခြားသူ မဟုတ်ပါ  ... ဟွမ်ဟိုင်ပင် ဖြစ်ပါသည်။

သူသည် လက်ထောက်ဂိုဏ်းချုပ် ပေးလာသည့်  ပုလဲလုံးကို မြိုပြီးနောက် အစွမ်းများ အဆပေါင်းများစွာ တိုးလာခဲ့၏။

သို့သော် .. ထို အတောအတွင်းတွင်လည်း သူ ပြောမပြနိုင်လောက်သည့် နာကျင်မှုမျိုးကို ခံစားခဲ့ရပါသည်။

" ဟွမ်ဟိုင် ၊ မင်း လုပ်ခဲ့တာကောင်းတယ် ။ ငါတို့ကို အဆင်ပြေပြေနဲ့ အထဲ ခေါ်လာနိုင်တာပဲကွ "

လက်ထောက်ဂိုဏ်းချုပ်ကြီးက ပြန်ပြောလိုက်သည်။

" ဟားဟား .. လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန်က တကယ်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲဗျာ ။ ကောင်းကင်ဘုံနဲ့ ကမ္ဘာကြီးရဲ့ စည်းမျဥ်းတွေကို လှည့်စားပြီးတော့ ကျုပ်တို့ရဲ့ ခန္ဓာကိုယ် အစစ်တွေကို အထဲခေါ်လာနိုင်တဲ့ နည်းလမ်းကို တကယ်ကြီး ရှာတွေ့ခဲ့တာပဲ ။ ပုံမှန် အစီအမံတွေဆိုရင်  ကျုပ်တို့ ကိုယ်က မသေမျိုးအစွမ်းကို မဖုံးကွယ်ထားနိုင်ဘူးဗျ "

အစီအမံမှ ထွက်လာသူ နှစ်ယောက်ထဲမှ နောက်အဘိုးအိုတစ်ယောက်က အပြုံးဖြင့် ပြောလာသည်။

" ဟား ဟား .. ဒီတိုင်း ရိုးရိုးလှည့်ကွက်လေး တစ်ခုပါဗျာ ။ ဒုတိယ ဂိုဏ်းချုပ်ကြီး ၊ ကျုပ် ပေးထားတဲ့ ကတိအတိုင်း အထဲကို ရောက်အောင် ခေါ်လာခဲ့ပြီနော် ။ ဘာဆက်ဖြစ်မယ် ဆိုတာကတော့ ဒုတိယ ဂိုဏ်းချုပ်ကြီး အပေါ်မှာပဲ မူတည်သွားပြီ "

လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန်က အပြုံးဖြင့် ပြန်ပြောသည်။

ဒုတိယဂိုဏ်းချုပ်ကလည်း ပြုံးပြီး ပြော၏။

" စိတ်မပူပါနဲ့ဗျာ ၊ ကျုပ်  နဂါးအစွမ်းကို လေ့လာနေခဲ့တာ နှစ် ထောင်ပေါင်းများစွာ ကြာသွားခဲ့ပြီ ။ ဒီတစ်ခေါက်တော့ ကျုပ် နဂါးရဲ့ အလောင်းကိုရော ၊ အကြွင်းအကျန် စိတ်ဝိဥာဥ်ကိုရော ရှာတွေ့မယ့် အပြင်  အဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ကိုပါ ကျုပ်တို့ လိုအပ်တဲ့ အရာအဖြစ် သန့်စင်နိုင်မှာ သေချာတယ် "

လွေ့နန်က အပြုံးဖြင့် ပြန်ပြောသည်။

" ခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ "

ဒုတိယ ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်ကာ ကျောက်တိုင်ဆီသို့ လျှောက်သွား၏။

လွေ့နန်က ဘေးနားသို့ လှည့်ကြည့်လိုက်ရာ ဒေါသတကြီး မျက်နှာဖြင့် ရှိနေသော ဟွမ်ဟိုင်အား တွေ့သွားသည်။

" ဟွမ်ဟိုင် .. မင်း ဘာတွေ ဖြစ်နေတာလဲ "

သူ မေးလိုက်သည်။

" ကျုပ် .. ကျုပ် လောထျန်းကို မုန်းတယ်ဗျာ ။ သူ့ကို သတ်ပစ်ချင်တယ် "

ဟွမ်က အံကြိတ်ကာ ပြန်ဖြေ၏။

ပြီးခဲ့သော ရက်များအတွင်း သူ ခံစားခဲ့ရသည့် ဒုက္ခများက လောထျန်းကြောင့်ဟုသာ သူ အပစ်ပုံချထားပါသည်။

လောထျန်းကြောင့်သာ မဟုတ်ပါက သူ ထိုသို့ ​ကြောက်စရာ နာကျင်မှုကြီးနှင့် ကြုံခဲ့ရမည် မဟုတ်ပေ။

လွေ့နန် မျက်ခုံးပင့်သွားပြီး ပြန်ပြော၏။

" ဟို မြောက်ပိုင်းဒေသက ကောင်လေးလား .. ။ ပုံမှန်ဆိုရင်တော့ မင်းရဲ့ လက်ရှိအစွမ်းမျိုးနဲ့ အဲ့လို ဘာမဟုတ်တဲ့ ကိစ္စတွေကို မလုပ်သင့်ဘူး ။ ဒါပေမယ့် မင်းဘက်က ပေးဆပ်ထားရတာဆိုတော့ ငါ မင်းကို လက်တုန့်ပြန်ဖို့ အခွင့်ရေး တစ်ခါ ပေးလိုက်မယ် ။ မင်း လောထျန်းကို သွားသတ်လို့ရတယ် "

ဟွမ်ဟိုင်မှာ မျှော်လင့်မထားသော စကားကြောင့် အံ့အားသင့်သွားဟန်တူသည် ။

" ကျေးဇူးတင်ပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး ။ ဒါပေမယ့် .. ကျုပ် .. "

လွေ့နန် မျက်မှောင်ကြုံ့သွားပြီးမှ ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ပြန်မေး၏။

" ဘာလို့လဲ .. သူ့ကို အနိုင်မယူနိုင်မှာ ကြောက်လို့လား "

ဟွမ်ဟိုင် ခေါင်းညိတ်ပြလိုက်သည်။

လွေ့နန်က နှာခေါင်းရှုံ့ပြီး ပြန်ပြော၏။

" မင်းက ခုထိ အဲ့ကောင်ကို ကြောက်နေသေးတာကိုး ။ မင်းက အရင်ကနဲ့ လုံးဝ ကွာသွားပြီဆိုတာ မမေ့နဲ့ဦးလေ ။  ကဲပါလေ .. ငါ့ဘက်က သဘောထား ကြီးပေးတဲ့အနေနဲ့ မင်းအတွက် ပစ္စည်းတစ်ခု ပေးလိုက်မယ် "

သူ ထိုသို့ပြောပြီးသည်နှင့် လက်ယမ်းကာ အဆောင်ကဒ်ပြားတစ်ခု ထုတ်လိုက်ပြီး ဟွမ်ဟိုင်အား ပေးလိုက်သည်။

" သူနဲ့ ရင်ဆိုင်တဲ့အခါ ဒီပစ္စည်းကိုသာ သုံးလိုက် ။ အဲ့ကျရင် သူ့မှာ မသေမျိုးအဆင့် အစွမ်းရှိထားတယ် ဆိုရင်တောင် သေသွားရလိမ့်မယ် "

လွေ့နန်က အေးအေးဆေးဆေး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး "

ဟွမ်ဟိုင်တစ်ယောက် အလွန်ဝမ်းသာသွားကာ အဆောင်ကဒ်ပြားအား လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ ထို့နောက် သူ ချက်ချင်းပင် နောက်လှည့်၍ ထွက်ခွာသွား၏။

ထိုစဥ် အခြားတဖက်ရှိ နဂါးသင်္ချိုင်းဂူ တစ်ခု၏ အပြင်၌ ...

နျိုထျဲ့ချုတို့ သားရဲ သုံးယောက်မှာ နောက်ထပ် နဂါးအရိုးတစ်ခုကို သန့်စင်ပြီးသွားသည်နှင့် သူတို့ ကိုယ်ထဲမှ နတ်ဘုရားသွေးများက ဝုန်းခနဲ အဆင့်တက်သွားကြပြန်သည်။

အကျိုးဆက်အဖြစ် သူတို့၏ ရုပ်သွင်များလည်း ပြောင်းသွားခဲ့ကြ၏။

သူတို့ တစ်ချက် ရွှေ့လိုက်တိုင်း နဂါးတစ်ကောင်၏ အရောင်အဝါ ထွက်ပေါ်နေကာ သူတို့ကိုယ်ပေါ်တွင်လည်း မှိန်ဖျော့ဖျော့ နဂါးကြေးခွံပုံစံ အကွက်များ ပေါ်လာသည်။

ထိုမြင်ကွင်းကို ကြည့်ကာ ရှောက်လုံသည်ပင် အနည်းငယ် အံ့အားသင့်သွား၏။

" မင်းတို့ သုံးယောက်က အဲ့လောက်များတဲ့ နဂါးအစွမ်းတွေကို သန့်စင်နိုင်ကြတာလား "

ပုံမှန်ဆိုပါက သာမာန် နတ်ဘုရားသားရဲများ အနေဖြင့်ပင် ဤမျှ များပြားသော နဂါးအစွမ်းကို မသန့်စင်နိုင်ကြပါချေ။

နဂါးအစွမ်းက အားပြင်းလွန်းလှသည့်အတွက် မခံနိုင်ကြသည်သာ များပါသည်။

ထိုသားရဲ သုံးကောင်မှာ လောထျန်းနှင့်အတူ အမြဲလိုလို ရှိနေတတ်ကြပြီး မြောက်များစွာသော ရှားပါး ရတနာများ အလယ်တွင် နေနေကြရသည့်အတွက် သာမာန် နတ်ဘုရားသားရဲများဟု ပြော၍မရသည်ကို သူ မည်သို့ သိနိုင်ပါမည်နည်း ။

ထို့အပြင် သူတို့သည် လောထျန်း၏ ကောင်းကင်ဘုံသိုင်းကျမ်းကိုလည်း အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ဖူးထားကြသူများ ဖြစ်ပါ၏။

သူတို့ မှာ လောထျန်းလောက် မကျင့်ကြံနိုင်ကြသည့်တိုင် ..

အခြား နတ်ဘုရားသားရဲများနှင့် ယှဥ်လျှင်မူ  .. များစွာ ပိုသာနေခဲ့ကြလေပြီ ။

" ဟား ဟား .. ကျွန်မ တို့ကို လျှော့မတွက်နဲ့ရှင့် ။ ဒီလောက်နည်းတဲ့ နဂါးအစွမ်းက ကျွန်မရဲ့ နံကြားတောင် မညှပ်ဘူး ။။ ကျွန်မက သန့်စင်ဖို့ နောက်ထပ် နဂါးအစွမ်းတွေ အများကြီးကိုတောင် ထပ်ရှာချင်သေးတာ ။ ဒီလောက်နဲ့က မလုံလောက်သေးဘူးရှင့် "

နျိုထျဲ့ချူက မကျေနပ်သေးဟန် မျက်နှာထားဖြင့် ပြန်ပြောသည်။

ရှောက်လုံက သူမကို မျက်စောင်းဖြင့် လှမ်းကြည့်ကာ ပြော၏။

" တကယ်လို့ မင်း လိုချင်တယ် ဆိုရင်တော့ နောက်တစ်နေရာကို သွားကြတာပေါ့ ။ အဲ့ကျရင်တော့ မင်းတို့တွေ သေချာပေါက် စိတ်ကျေနပ်ကြမှာပါ "

All Chapters