အတားအဆီးများကို လက်ဖြင့် ဆွဲဖြဲခြင်း
Vol. 23 Ch. 318
ဤသို့ဖြင့် ရှောက်လုံ၏ ဦးဆောင်မှုနှင့်အတူ သူတို့အားလုံး တောင်ကြားတစ်ခုဆီသို့ ရောက်လာခဲ့ကြသည်။
" ဒီနေရာမှာ အင်မတန် အစွမ်းထက်တဲ့ နဂါးတစ်ကောင်ကို မြှုပ်နှံထားတယ်ကွ ။ သူ့ရဲ့ စိတ်ဝိဥာဥ်အကြွင်းအကျန်လေး နည်းနည်းလောက်ကတောင် ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်လောက်ကို အစွမ်းထက်တယ် "
ရှောက်လုံက တောင်ကြားအပြင်ဘက်တွင် ရပ်ရင်း ပြောသည်။
သူ့စကားကြောင့် နျိုထျဲ့ချုတို့ လူစု လန့်သွား၏။
အကြွင်းအကျန် စိတ်ဝိဥာဥ်လေး နည်းနည်းကတောင် မသေမျိုးတစ်ယောက်၏ အစွမ်းကို ပိုင်ဆိုင်သတဲ့လား ။
နဂါးမျိုးနွယ်က သူတို့ နတ်ဘုရားသားရဲများထဲတွင် အင်အားအကြီးဆုံး မျိုးနွယ်စုကြီးတစ်ခု ဖြစ်ရန် အမှန်တကယ်ပင် ထိုက်တန်လှပါသည်။။
သို့သော် ထိုအချိန်တွင် ရှောက်လုံက မျက်မှောင်ကြီး ကြုံ့နေသည်။
" ဒါပေမယ့် .. ငါ အခုထိလဲ သူ့ရဲ့ စိတ်ဝိဥာဥ်ကို လုံးဝ မခံစားမိဘူး .. ကြည့်ရတာ သူလဲ ... "
သူ ပြောနေရင်း ရပ်သွား၏။
လောထျန်းသည်ပင် သူ့စကားကို နားထောင်ရင်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
ကမ္ဘာပေါ်မှ မသေမျိုးအစွမ်းကို ပိုင်ဆိုင်သည့် အကြွင်းအကျန် စိတ်ဝိဥာဥ် ပျောက်သွားသည် ဆိုပါက ... ပြဿနာ ကြီးနေလေပြီ ။
ထိုအကြံအစည်များ နောက်ကွယ်မှ လူက မည်မျှ အစွမ်းထက်နေပါသနည်း ။
" ကဲ .. လောလောဆယ် အဲ့ဒါတွေကို မတွေးဘဲ အထဲကို အရင်ဝင်ကြည့်တာပေါ့ "
လောထျန်းက ပြောလိုက်သည်။
ထို့နောက် သူတို့အားလုံး တောင်ကြားထဲ ဝင်လာခဲ့ကြ၏။
သို့သော် သူတို့ လျှောက်လာပြီး လမ်းတစ်ဝက်ရောက်သည့် အချိန်မှာပင် အစွမ်းထက် အရောင်အဝါတစ်ခုက သူတို့အား ပိတ်ဆို့နေသည်ကို ခံစားလိုက်ကြရပြီး အားလုံး ရပ်လိုက်ကြသည်။
" အဲ့ဒါ ဘာကြီးလဲ "
နျိုဝူဖုန်းက သတိမထားမိဘဲ လက်ဆန့်ပြီး ထိုအရောင်အဝါအား ထိလိုက်သည်။
" မလုပ်နဲ့ ... "
ရှောက်လုံက ချက်ချင်း အော်တား၏။
သို့သော် ... နောက်ကျသွားခဲ့လေပြီ ။
ဝုန်း ..
အသံကျယ် တစ်သံနှင့်အတူ နျိုဝုဖုန်း၏ ခန္ဓာကိုယ်က အနောက်ဘက် ပေ ထောင်ချီအကွာအဝေးအထိ လွင့်ထွက်သွားပြီး သူ့တစ်ကိုယ်လုံးလည်း ပြိုကျသွားတော့မလို ဖြစ်သွားသည်။
" ဘာဖြစ်သွားတာလဲ ... "
နျိုဝူဖုန်းက ဖုန်မှုန့်များကြားထဲမှ လူးလဲ ထလာသည်။ သူ့နှုတ်ခမ်းထောင့်တွင်လည်း သွေးများ ပေနေပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားဟန် တူ၏။
ရှောက်လုံက သူ့ကို ကြည့်ကာ ပြန်ပြောလိုက်သည်။
" အဲ့ဒါ ဟိုနဂါးကြီး လုပ်ထားခဲ့တဲ့ အစီအစဥ်ပေါ့ ။ သူက အဲ့နေရာမှာတော့ အင်မတန် ကျွမ်းကျင်တယ်ကွ ။ ဒီဟာက သူ့ရဲ့ အရောင်အဝါကို ဖုံးကွယ်ထားနိုင်ရုံတင် မကဘူး ၊ အပြင်လူတွေ လာမကျုးကျော်အောင်လဲ တားနိုင်တယ် ။ အပြင်လူက ဒါကို အားသုံးပြီး ဝင်ဖို့ ကြိုးစားမယ်ဆိုရင်တောင် မဖြစ်နိုင်သလောက် နီးပါးပဲ ၊ ဒဏ်ရာလဲ ဆိုးဆိုးဝါးဝါးကြီးကို ရသွားမှာကွ "
နျိုဝူဖုန်းက မျက်နှာကြီးမဲ့ကာ ပြော၏။
" ဘာလို့ စောစောတည်းက မပြောထားတာလဲဗျာ "
ရှောက်လုံကလည်း မကျေမနပ်ဟန်ဖြင့် ပြန်ရန်တွေ့သည်။
" မင်းက စိတ်မှ မရှည်တာကိုးကွ "
" ဒါဆို ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ "
ဘုရင်ကျင်းဖန်က မျက်မှောင်ကြုံ့ရင်း မေးလာသည်။
ရှောက်လုံက သက်ပြင်းချကာ ပြန်ပြော၏။
" ဘာမှ လုပ်လို့မရဘူး ။ ဒီလို အတားအဆီးမျိုး ရှိနေတာဆိုတော့ နောက်တစ်နေရာကို သွားဖို့ပဲ ရှိတော့တာ "
" အဲ့လို လုပ်ရုံပဲ ရှိတော့တာပေါ့ "
နျိုထျဲ့ချူကလည်း ခေါင်းညိတ်သည်။
သို့သော် .. လောထျန်းက ပြောလာ၏။
" အဲ့လို လုပ်ဖို့ မလိုပါဘူး ၊ အထဲကို ဒီတိုင်း တိုက်ရိုက်သွားလို့ ရတယ်လေ "
" အင် .... "
အားလုံး အံ့သြမှင်သက်သွားကြသည်။
" သခင်လေး လောထျန်း ၊ အတားအဆီးရဲ့ အရောင်အဝါကို မခံစားမိဘူးလားဗျ "
ရှောက်လုံက တအံ့တသြ မေး၏။
" ကျုပ် ခံစားမိတယ် "
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။
" ဒါဆို အဲ့ကိုသွားဖို့ ဘယ်လိုလုပ်ပြီး ပြောရဲနေတာလဲဗျာ "
ရှောက်လုံက သူ့အား မယုံနိုင်စွာ ကြည့်ရင်း ထပ်ပြောသည်။
လောထျန်းကလည်း သူ့ကို ပြန်ကြည့်ကာ ပြော၏။
" ဒီ အတားအဆီးက အဲ့လောက်မှ အစွမ်းမထက်တာ ၊ ဘာလို့ ဝင်လို့ မရ,ရမှာလဲ "
ရှောက်လုံမှာ အချိန်အတန်ကြာ ဆွံ့အနေပြီးမှသာ ပြန်ပြောလာသည်။
" သခင်လေး လောထျန်းက အင်မတန်အစွမ်းထက်တယ်ဆိုတာ မှန်ပါတယ်ဗျာ ။ အချိန်သာ ရရင် သခင်လေး ဒီအတားအဆီးကိုလဲ ချိုးဖျက်နိုင်လောက်ပါတယ် ။ ဒါပေမယ့် နဂါးသင်္ချိုင်းမြေ ဖွင့်တဲ့အချိန်က အကန့်အသတ် ရှိတယ်ဗျ ။ ကျုပ်တို့တွေ ဒီမှာပဲ အချိန်ကုန်နေလို့ မဖြစ်ဘူးလေ "
လောထျန်းက သူ့ကို လျစ်လျူရှုထားပြီး အတားအဆီး ဆီသို့သာ လျှောက်သွားလိုက်၏။ ထို့နောက် လက်ဆန်၍ အတားအဆီးအား ခပ်ကြမ်းကြမ်း ဆွဲဖြဲလိုက်တော့သည်။
ဝုန်း ..
ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ အတားအဆီးတွင် အက်ရာတစ်ခု ပေါ်လာသည်။
ထို့နောက် .. အက်ရာက ကြီးသထက် ကြီးလာကာ ...
နောက်ဆုံး အတားအဆီးမှ အစွမ်းကလည်း ဆက်ထိန်းမထားနိုင်တော့ဟန်ဖြင့် ခွမ်းခနဲ ပြိုကွဲသွား၏။ ယခင် ကြောက်စရာ အစွမ်း ရှိနေခဲ့သော အတားအဆီးက မရေမတွက်နိုင်သည့် အမှုန်လေးများအဖြစ် ပြောင်းသွားကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားတော့သည်။
အတားအဆီးက ပြိုကွဲသွားသည်နှင့် အတွင်းဘက်မှ အရောင်အဝါတစ်ခုက ဝုန်းခနဲ တိုးထွက်လာပြန်၏။ နျိုထျဲ့ချုတို့ အားလုံးမှာ လန့်သွားကြပြီး နောက်သို့ ချက်ချင်း ဆုတ်လိုက်ကြသည်။နောက်ဆုံးတွင်မူ .. သူတို့အားလုံး အရောင်အဝါကို မခံနိုင်ဘဲ မြေပြင်သို့ လဲကျသွားပြီး နေရာမရွှေ့နိုင် ဖြစ်သွားကြရ၏။
" ဒါ ... ဒါ .... "
နျိုထျဲ့ချူက သူမရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖိ၍ ပြောလာသည်။
ထိုအချိန်တွင် သူမ သေသွားရတော့မလိုလည်း ခံစားနေရပါ၏။
" အကြွင်းအကျန် အစွမ်းလေးကတောင် အဲ့လောက် အစွမ်းထက်နေတာလား .. "
သူမ အံ့သြတုန်လှုပ်စွာ ဆိုသည်။
လက်ကျန်အစွမ်လေးကပင် ဤမျှ ကြောက်စရာကောင်းပါနေက ထိုအစွမ်းပိုင်ရှင် .. နဂါး အသက်ရှင်နေစဥ်က မည်မျှ ကြောက်စရာကောင်းပါမည်နည်း ။
" ဟင် .. မင်းတို့က ဘာဖြစ်နေကြတာလဲ "
ထိုစဥ် လောထျန်းက သူ့နောက်မှ လူများကို ကြည့်ကာ တအံ့တသြ မေးလာ၏။
" သခင်လေး .. ခုနက သခင်လေး ဘာမှ မခံစားလိုက်ရဘူးလား "
ဘုရင်ကျင်းဖန်က သူ့ကို တအံ့တသြ ပြန်ကြည့်ကာ မေးသည်။
" ဟင် .. မင်းတို့က ဘာတွေ ခံစားမိလိုက်လို့လဲ "
လောထျန်းကမူ နာမလည်နိုင် ဖြစ်နေဆဲပင် ။
" ခုနက အတားအဆီး ပျက်စီးသွားတဲ့ အချိန်မှာ အကိုကြီး ဘာကိုမှ မခံစားလိုက်ရဘူးလား "
နျိုထျဲ့ချူက သူ့အား မယုံနိုင်စွာ ကြည့်ကာ ပြန်မေး၏။
လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးမှ ပြန်ပြောသည်။
" အား .. မင်းပြောမှပဲ စဥ်းစားမိတယ် ။ ဟုတ်တယ်ကွ ၊ အဲ့တုန်းက ငါ တစ်ခုခုတော့ ခံစားမိလိုက်တယ် "
နျိုထျဲ့ချူတို့ လူစု ထိုအချိန်မှသာ သက်ပြင်း ချလိုက်ကြ၏။ ဤမျှ ကြောက်စရာကောင်းသော ဖိအားကို မခံစားမိဘူး ဆိုလျှင် လောထျန်းက မည်မျှ အစွမ်းထက်နေပါသနည်း။
ထိုစဥ် လောထျန်းက စကားဆက်သည်။
" ခုနက လေထဲမှာ ငါးညှီနံ့လိုလို ဘာလိုလို နံတဲ့ အနံ့တစ်ခုတော့ ရလိုက်တယ် ။ အဲ့အနံ့က တော်တော်ပြင်းတယ် ဆိုပေမယ့် .. မင်းတို့အားလုံးကို မြေကြီးပေါ် ကျသွားအောင်အထိတော့ မလုပ်နိုင်ဘူး မလား .. "
အားလုံး : " ......,.. "
ငါးညှီနံ့ တဲ့လား ..
အနံ့ကြောင့် လဲကျ သွားရတာ တဲ့လား ...
ထိုတခဏတွင် အားလုံး မည်သို့ပြန်ပြောရမည်မသိဘဲ ဆွံ့အနေကြတော့၏။
လောထျန်းက အမှန်တကယ်.. ယုံနိုင်စရာ မကောင်းလောက် အစွမ်းထက်သူပင် ။
နျိုထျဲ့ချုတို့ သားရဲသုံးယောက်မှာ လောထျန်းအကြောင်း သိထားကြသူများဖြစ်၍ တော်သေးသည်ဟု ပြောရပါမည်။
ရှောက်လုံကမူ ထိုသို့ မဟုတ်ပါချေ။ သူသည် ပျောင်ပိုင်မြို့တွင် ရှိနေစဥ်က အိပ်နေသည်ကသာ များသဖြင့် လောထျန်း၏ တိုက်ပွဲများအကြောင်းကို မသိသည်က များပါ၏။
ယခု .. လောထျန်းက အတားအဆီးကို လက်ဖြင့် အလွယ်တကူ ဆွဲဖြဲပြီး ဖိအားဒဏ်ကိုလည်း လုံးဝ မမှုသည်ကို မြင်မှသာ သူ့ရင်ထဲ ဗလောင်ဆူသွားရတော့သည်။
" တော်တော် ကြောက်စရာကောင်းတဲ့ သူပါလား ။ ငါတို့ နဂါးမျိုးနွယ်က အင်မတန် ပါရမီထူးပါတယ် ဆိုတဲ့သူတွေကောင် သူ့ထက် အများကြီး ပိုအစွမ်းနိမ့်ကြတယ် ။ ကြည့်ရတာ .. သူနဲ့ ယှဥ်နိုင်တဲ့သူဆိုလို့ သခင်ကြီး ထျန်းလုံတစ်ယောက်ပဲ ရှိမယ်နဲ့တူတယ် "
ရှောက်လုံ တွေးမိလိုက်သည်။
" ကဲ .. အထဲကို မြန်မြန်သွားကြစို့ "
လောထျန်းက ပြောလာ၏။
ထို့နောက်တွင်မူ နျိုထျဲ့ချူတို့အားလုံးလည်း မြေကြီးပေါ်မှ လူးလဲထလိုက်ကြပြီး ရှေ့သို့ ဆက်သွားလိုက်ကြသည်။
မကြာမီမှာပင် သူတို့လူစု တောင်ကြားအတွင်းဘက်ထဲသို့ ရောက်လာပြီး ဧရာမ နဂါး သင်္ချိုင်းဂူကြီးတစ်ခုကို တွေ့လိုက်ရတော့၏။
" ဒါ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သို့သော် .. ရှောက်လုံမှာ ထိုအနီးသို့ မရောက်ခင်ကတည်းကပင် အံ့သြ တုန်လှုပ်နေသည်။
သူတို့ရှေ့မှ နဂါးသင်္ချိုင်းဂူမှာလည်း အစောပိုင်းက ဂူများနည်းတူပင် ဖျက်ဆီးခံထားရပါ၏။
ယခင်ကနှင့် ကွဲသည့်အရာဆို၍ .. ဤနေရာတွင် မြှုပ်နှံထားသော နဂါးအလောင်းက အလွန်အစွမ်းထက်သဖြင့် နဂါးအရိုးများ အကောင်းအတိုင်း ရှိနေသေးသည့် တစ်ချက်ပင် ။
သို့သော် .. ဤနေရာတွင် ရှိနေသင့်သည့် နဂါး စိတ်ဝိဥာဥ်ကမူ ပျောက်ကွယ်သွားခဲ့လေပြီ ။
" နဂါးသင်္ချိုင်းမြေမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ "
ရှောက်လုံတစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
" သခင်လေး ၊ ကျုပ်တို့ ဒါတွေကို သန့်စင်လို့ ရလားဗျ "
ဘုရင်ကျင်းဖန်က သူတို့ရှေ့ရှိ နဂါးအလောင်းမှ အရိုးများကို ကြည့်ရင်း မေးလာသည်။
လောထျန်းက ခေါင်းညိတ်ပြီး ပြော၏။
" အင်း .. သွားသန့်စင်ကြလေ ၊ ငါ မင်းတို့ကို ကာကွယ်ပေးဖို့ စောင့်ကြည့်နေမယ် "
" ကျေးဇူးတင်ပါတယ် သခင်လေး "
ဘုရင်ကျင်းဖန်က ဝမ်းသာအားရ အော်ပြီး ကျန် သားရဲ နှစ်ယောက်နှင့်အတူ နဂါးအလောင်းဆီသို့ ချက်ချင်း ပြေးသွားလိုက်ကြသည်။
ဤသိူ့ဖြင့် အချိန်တိုအတွင်းမှာပင် .. .. သူတို့ နဂါးအစွမ်းများစွာကို သန့်စင်ပြီးသွားပြီး သူတို့ကိုယ်ထဲသို့ စုပ်ယူလိုက်ကြသည်။
ထိုသို့ သန့်စင်နေသည့် တစ်လျှောက်လုံးတွင်လည်း သူတို့ကိုယ်ထဲမှ နတ်ဘုရားသွေးများက အဆင်မပြတ်ပင် ပြောင်းလဲလာခဲ့၏။
ထိုအချိန်မှာပင် ..
" အစောက အရောင်အဝါက ဒီဘက်ကနေ လာခဲ့တာ မဟုတ်လား "
" အဲ့လိုနဲ့တူတယ် ။ အဲ့လောက် အစွမ်းထက်တဲ့ နဂါးအစွမ်းကို မမြင်ရတာ နှစ်ပေါင်း ရာချီပြီးတော့တောင် ကြာသွားခဲ့ပြီ။ ဒီနဂါးအစွမ်းကိုသာ သန့်စင်လိုက်နိုင်ရင် ငါ့စီးတော်ယာဥ်ရဲ့ နတ်ဘုရားသွေးက ပိုအဆင့်မြင့်သွားမှာပဲ "
အသံများက နီးသထက် နီးလာပြီး နဂါးသင်္ချိုင်းဂူရှေ့သို့ လူတစ်စု ရောက်လာကြသည်။
" ဟင် .. ငါတို့ထက် စောရောက်နေတဲ့သူ ရှိနေပါလား "
ထိုလူများမှာ လောထျန်းတို့အုပ်ကို မြင်သည်နှင့် ချက်ချင်း မျက်မှောင်ကြုံ့သွားကြ၏။
" ကောင်လေး .. ငါတို့ရဲ့ ပိုင်နက်ကို ကျူးကျော်ရဲနေတယ်ပေါ့လေ ၊ မင်း သေချင်နေပြီလား "
လူအုပ်ထဲမှ လူကြီးတစ်ယောက်က မျက်နှာထား မာထန်စွာဖြင့် အော်လိုက်သည်။
သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားပြီး ပြန်မေး၏။
" မင်းရဲ့ ပိုင်နက် ..ဟုတ်လား "
တဖက်လူက နှာခေါင်းရှုံ့ပြီး ပြန်ပြောသည်။
" ဟုတ်တယ်လေ ၊ ဒီနေရာကို ငါတို့ အရင်တွေ့ထားတာကွ ။ မင်းက ဒီကိုတောင် လာရဲတာဆိုတော့ တော်တော်လေး ရဲတင်းတာပဲ ။ ငါ မင်းတို့အားလုံးကို ထွက်သွားဖို့ အချိန် ၁၀ စက္ကန့်ပေးမယ် ၊ မထွက်သွားလို့ကတော့ ... "