သတ်ဖြတ်ခြင်း
Vol. 23 Ch. 320
" မဟာအလင်းတန်းဂိုဏ်း ... "
လောထျန်းက မျက်မှောင်ကြုံ့၍ ထိုအမည်အား ထပ်ရွတ်လိုက်သည်။
ခပ်လှမ်းလှမ်းမှ ရှန့်မင်က လှောင်ပြုံးဖြင့် ပြောလာ၏။
" ဘာဖြစ်လို့လဲ .. မင်းလို မြောက်ပိုင်းဒေသက တောသားတစ်ယောက်ကတောင် အဲ့နာမည်ကို ကြားဖူးတယ်ပေါ့ ။ ဒါဆို အဲ့နာမည်က ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို မင်း သိမှာပါ ။ ငါတို့ မဟာအလင်းတန်းဂိုဏ်းက ဒီ ထျန်းယွမ်ကမ္ဘာမှာ နံပါတ် ၁ အစွမ်းအထက်ဆုံး ဂိုဏ်းတစ်ခုပဲကွ ။ အခု ကြောက်နေပြီလား "
လောထျန်း၏ မျက်လုံးထဲတွင်မူ အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
" တကယ်လို့သာ တခြား ဂိုဏ်းကဆိုရင် မင်းအတွက် အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်ကွ ၊ ဒါပေမယ့် မဟာအလင်းတန်းဂိုဏ်းကဆိုတော့ .. မင်း ဒီနေ့ပဲ သေရတော့မှာပေါ့ကွာ "
ထိုစကားထဲတွင် လူသတ်စိတ်ဆန္ဒ ပါ မနေသော်လည်း ရှန့်မင်မှာ အရိုးထဲမှပင် ကြောက်ရွံ့စိတ် ဖြစ်သွား ၏။
အကြီးအကဲ ယဲ့ကမူ အသံကျယ်ကြီးဖြင့် အော်ရယ်၍ ပြောလာသည်။
" ဟား ဟား .. သေရမယ် .. ဟုတ်လား ။ အဲ့လို မောက်မာတဲ့ သူမျိုးနဲ့ မတွေ့ရတာတောင် နှစ်တွေ တော်တော်ကြာနေပြီကွာ ။ ကောင်လေး ၊ ငါက ကောင်းကင်ဘုံ တံခါးဝအဆင့် ပဲ ရှိသေးတယ်ဆိုပေမယ့် .. ငါ့မှာ ထူးခြားတဲ့ နာမည်ပြောင်တစ်ခု ရှိတယ်ကွ ။ အဲ့နာမည်က ဘာလဲ မင်း သိရဲ့လား "
သို့သော် .. လောထျန်းက သူ့အား ဘာမှ ပြန်မပြောဘဲ လျစ်လျူရှုထားသဖြင့် အကြီးအကဲယဲ့ စကားဆက်လိုက်သည်။
" ငါ့မိန်းမကတောင် ငါ့ကို မသေမျိုးတစ်ပိုင်း ယဲ့ လို့ ခေါ်တာကွ ။ ဘာဖြစ်လို့လဲဆိုတော့ ငါက ကောင်းကင်ဘုံ တံခါးဝအဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိပြီးတော့ မသေမျိုးအဆင့်အောက်က သူတွေထဲမှာ ပြိုင်ဘက်ကင်း မို့လို့ပဲ ။ မသေမျိုးအဆင့်က သူတွေကိုတောင် တစ်ယောက်ချင်း ယှဥ်ပြီး တိုက်ခိုက်နိုင်တယ် "
ဝုန်း ..
သူက ထိုသို့ ပြောပြီးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ရုတ်ချည်းပင် ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့တစ်ခု ထွက်ပေါ်လာပြီး လောထျန်းဆီသို့ ရောက်သွားသည်။
" ကောင်လေး ..မင်းက ငါ့ကို သေရမယ်လို့ ပြောခဲ့တယ်နော် ။ ဒါပေမယ့် ငါမင်းကို အခွင့်ရေးတစ်ခု ပေးလိုက်မယ်ကွာ။ ငါ့ကို သုံးကြိမ် တိုက်ခိုက်ခွင့်ပေးမယ် .. အဲ့သုံးကြိမ်မှာ ငါ့ကို နည်းနည်းလေး တုန်သွားအောင် လုပ်နိုင်ရင်တောင် ငါ့အရှုံးလို့ သတ်မှတ်လိုက်မယ် "
ယဲ့လောင်က မောက်မာစွာ ပြောလိုက်သည်။
အစောပိုင်းက ကြောက်ရွံ့နေခဲ့သည့် ရှန့်မင်မှာလည်း ထိုစကားကို ကြားသောအခါ ပြန်တည်ငြိမ်သွား၏။
သူသည် သခင်ကြီးယဲ့၏ အစွမ်းအကြောင်းကို သေချာ သိထားပြီး ဖြစ်ပါသည်။ ထို့အပြင် သခင်ကြီးယဲ့က လက်ရှိတွင် သူ့ကိုယ်သူလည်းယုံကြည်မှုအပြည့် ရှိနေရာ .. သူ့ဘက်က လုပ်နိုင်သည်မှာ လုံးဝ သေချာသည်ဆိုသည့် အဓိပ္ပါယ်ပင် ။
" ဟား ဟား .. လောထျန်း ၊ မင်းက အင်မတန် မောက်မာတဲ့ ကောင်ပဲကွ ။ မင်းက မသေမျိုးသတ်နိုင်သူ ဆိုပြီး နာမည်ကြီးနေတာ မဟုတ်လား ။ အခု မသေမျိုးတစ်ပိုင်း ဖြစ်နေတဲ့ သခင်ကြီး ယဲ့နဲ့ တိုက်ခိုက်လိုက်ပါဦး "
ရှန့်မင်က ရန်စ လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလာသည်။
ထိုစဥ် .. တဖက်မှ လောထျန်းက မည်သည့်စကားမှ မဆိုဘဲ လက်ဝါးဖြင့် ရိုက်လိုက်၏။
ဘုန်း ...
လက်ဝါးအစွမ်းတစ်ခု ချက်ချင်း ထွက်လာသည်။
" ဟားဟား .. မင်းက လက်ဝါးသိုင်းကို သုံးချင်တယ်ပေါ့လေ ။ သနားစရာပါလားကွာ .. မင်းရဲ့ လက်ဝါးသိုင်းက အစွမ်းနိမ့်ပြီးတော့ သာမာန်နည်းမျိုးပဲ ဖြစ်နေတာ ၊ အဲ့လောက်နဲ့ လုံးဝ အသုံးမဝင် .. ဟင် .... "
ဖြောင်း ...
သို့သော် .. သူ့စကား မဆုံးခင်မှာပင် လောထျန်း၏ လက်ဝါးအစွမ်းက သူ့ဆီသို့ ရောက်လာ၏။
သခင်ကြီးယဲ့သည် စကားဆက်ပြောရန် လုပ်နေစဥ်မှာပင် တစ်ခုတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သတိထားမိသွားတော့သည်။
လောထျန်း၏ လက်ဝါးအစွမ်းကို ကြည့်ရသည်မှာ သာမာန်ဟုသာ ထင်ရသော်လည်း .. သူ့အနီးသို့ ရောက်လာသည့်အချိန်တွင်မူ .. ကြောက်စရာကောင်းသည့် အစွမ်းများ ပါဝင်နေကြောင်း သူ သိလိုက်ရ၏။
" ဟမ့် .. မင်းက အစွမ်းကို ဖုံးကွယ်ထားခဲ့တာပေါ့လေ ။ ဒါပေမယ့် အသုံးမဝင်ဘူးကွ ။ တကယ့် အစွမ်းထက်တဲ့ အားနဲ့ ယှဥ်လိုက်ရင် အဲ့လို လှည့်ကွက်သုံးထားတဲ့ သိုင်းကွက်တွေက အလကားပဲ ။ ချိုးဖျက်စေ .. "
အကြီးအကဲယဲ့၏ ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါ တစ်ခု ထွက်လာကာ လောထျန်း၏ လက်ဝါးအား ပြန်ရိုက်လိုက်သည်။
သို့သော် ..
ဝှစ် ..
အကြီးအကဲယဲ့၏ လက်ဝါးအစွမ်းမှာ လောထျန်း၏ လက်ဝါးနှင့် တွေ့သွားသည့်အခါ ပင်လယ်ရေပြင်ထဲသို့ ကျောက်တုံးလေးတစ်တုံး ကျသွားသလိုပင် ဖြစ်သွားပြီး ချက်ချင်း အစအနမကျန် ပျောက်ကွယ်သွား၏။
" ဘယ်လိုဖြစ်ပြီး ... "
ထိုအချိန်မှသာ သူ လောထျန်းအား လျှော့တွက်မိခဲ့ပြီဖြစ်ကြောင်း အကြီးအကဲယဲ့ သဘောပေါက်သွားတော့သည်။
" တောက်စ် ... "
သူ ချက်ချင်း နောက်လှည့်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။
" သခင်ကြီးယဲ့ .. "
ခပ်လှမ်းလှမ်းမှ ရှန့်မင်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားသည်။
သခင်ကြီးယဲ့က သိုင်းကွက် သုံးကွက် တိုက်ခိုက်မှုကို မခံလျှင် သူ ရှုံးမည်ဟု ပြောခဲ့ပါသည်။
သို့သော် .. ယခု စကားဆုံးပြီး ခဏလေးအတွင်းမှာပင် နောက်လှည့်၍ ထွက်ပြေးနေသတဲ့လား ။
သို့ဆိုလျှင် .. သခင်ကြီးယဲ့ အရှုံးပေးသွားပြီ ဆိုသည့် အဓိပ္ပါယ်မဟုတ်ပါလား ။
ဤသတင်းသာ အပြင်သ်ို့ ပေါက်ကြားသွားခဲ့ပါက သူတို့ဂိုဏ်းအတွက် အရှက်ရ စရာကြီး ဖြစ်သွားပေတော့မည် ။
သို့သော် .. ထိုအချိန်မှာပင် သူ စိုးရိမ်နေလည်း အလကားပင် ဖြစ်ကြောင်း ရှန့်မင် သိလိုက်ရတော့၏။
အဘယ့်ကြောင့်ဆိုသော် ... လောထျန်း၏ လက်ဝါးအစွမ်းက သခင်ကြီးယဲ့ဆီသို့ ရောက်လာပြီး ... သခင်ကြီးယဲ့၏ ခန္ဓာကိုယ်က ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားသောကြောင့်ပင် ။
ထိုမျှနှင့် မပြီးသေးပါချေ ..
ဝီ ..
စိတ်ဝိဥာဥ်အစွမ်းတစ်ခုလည်း ထွက်ပေါ်လာပြီး သခင်ကြီးယဲ့ သေသွားခဲ့သည့် နေရာ၌ .. ပုလဲလုံး တစ်လုံး စုစည်းသွားကာ ၎င်းက လောထျန်း လက်ထဲသို့ ရောက်သွားသည်။
" အင်း .. ငါ့ရဲ့ စိတ်ဝိဥာဥ်ပုလဲလုံး ထုတ်ယူတဲ့နည်းက ပိုပိုပြီး အဆင်ချောလာတာပဲ ။ ခုဆို ကောင်းကင်ဘုံ တံခါးဝ အဆင့်ကသူကို သတ်နေရင်းနဲ့တောင် စိတ်ဝိဥာဥ်ပုလဲလုံးကိုပါ တစ်ခါတည်း ထုတ်ယူလို့ ရနေပြီ ။ ဒီတိုင်းဆိုရင် သာမာန် မသေမျိုးတွေကို အနိုင်ယူဖို့လဲ ပြဿ နာ သိပ်ရှိတော့မှာ မဟုတ်ဘူး ။ ဒါပေမယ့် .. ကမ္ဘာပေါ်က မသေမျိုးအစစ်နဲ့ တွေ့ရင်တော့ ဘယ်လိုနေမလဲ မသိဘူး "
လောထျန်းက ထိုသို့ တွေးရင်း လက်ထဲမှ စိတ်ဝိဥာဥ်ပုလဲလုံးကို ခေတ္တမျှ ဆော့ကစားနေသေး၏။ ထို့နောက်မှသာ ၎င်းကို သူ့ ဟင်းလင်းပြင်လက်စွပ်ထဲသို့ ပြန်သိမ်းပြီး ရှန့်မင်အား ကြည့်လိုက်သည်။
ထိုအချိန်တွင် ရှန့်မင်မှာ အံ့သြလွန်း၍ ကြက်သေပင် သေနေလေပြီ ။
သူသည် ဤတစ်ကြိမ် နဂါးသင်္ချိုင်းမြေသို့ လာခဲ့ရာတွင် သခင်ကြီး ယဲ့ကို သူနှင့်အတူ ခေါ်လာသည့်အတွက် သူ့အား မည်သူကမှ ထိရဲမည်မဟုတ်ဟုသာ တွေးထားခဲ့၏။
သို့သော် .. သခင်ကြီးယဲ့က လောထျန်း၏ လက်ချက်ဖြင့် ထိုသို့ အလွယ်တကူ သေသွားလိမ့်မည်ဟု သူ မည်သို့ တွေးမိပါမည်နည်း ။
ထိုတခဏတွင် သူ့ခေါင်းထဲ၌ ရွှေယွဲ့ချီ၏ စကားကိုလည်း ပြန်ကြားယောင်လာသည်။
လောထျန်း၏ မသေမျိုးကို သတ်နိုင်သူတစ်ယောက် ဟူသော နာမည်က အမှန် ဖြစ်နေခဲ့ပေသည် ။
ဂလု ..
သူ တံတွေးကို ခက်ခက်ခဲခဲ မြိုချပြီး ပြော၏။
" လောထျန်း ၊ ခုနက ငါမှားသွားခဲ့ပါတယ် ။ အဲ့အတွက်လဲ တောင်းပန်ပါတယ်ကွာ ။ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပေးပါ "
လတ်တလောတွင် သူ့အတွက် အရှုံးပေးပြီး တောင်းပန်ရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိကြောင်းကို သူ သိသဖြင့် ထိုသို့ ပြောလိုက်ရခြင်း ဖြစ်ပါသည်။
သို့သော် .. လောထျန်းက သူ့အား သေလူတစ်ယောက်ကို ကြည့်နေသည့်အလား အေးစက်စက်သာ ကြည့်နေ၏။
ရှန့်မင်၏ နဖူးတွင် ချက်ချင်း ဇောချွေးများ ပြန်သွားရသည်။
" သခင်လေး လောထျန်း ၊ ကျုပ်ကို သွားခွင့်ပေးမယ်ဆိုရင် သခင်ကြီးယဲ့နဲ့ ပတ်သက်တဲ့ ကိစ္စကိုလဲ ကျုပ် ဘယ်သူ့ကိုမှ မပြောဘဲ နေပေးပါ့မယ် ။ ဒါတင်မကသေးဘူး ကျုပ်အဖေကိုလဲ သခင်လေးအတွက် ပိုမြင့်တဲ့အဆင့်ကို တက်နိုင်မဲ့ အခွင့်အရေးပေးဖို့ ပြောပေးဦးမှာပါ ။ အဲ့ကျ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ခု ရောက်လာရင်တောင် သခင်လေး လောထျန်းအနေနဲ့ ပိုမြင့်တဲ့အဆင့်ကို အေးအေးဆေးဆေးတက်ပြီး မသေမျိုးတစ်ယောက် ဖြစ်လာလို့ရတယ်။ ဘယ်လိုလဲ ... "
ရှန့်မင် ထပ်ပြောလိုက်သည်။
သို့သော် လောထျန်းကမူ သူ့အား တစ်ခွန်းမှ ပြန်မပြောပါချေ။
ရှန့်မင်က အံကြိတ်ပြီး ထပ်ပြော၏။
" သခင်လေး လောထျန်း ၊ ကျုပ် လုပ်နိုင်တဲ့ ကောင်းတဲ့အရာမှန်သမျှကို လုပ်ပေးမယ်လို့ ပြောပြီးပြီလေ ။ ဒါကို သခင်လေးက ဘာတွေ ဆက်လိုချင်နေတာလဲ ။ သခင်လေး က အင်မတန် အစွမ်းထက်တယ်ဆိုတာ မှန်ပါတယ် ၊ ဒါပေမယ့် အဲ့တော့ရော ဘာဖြစ်သေးလဲ ။ ကျုပ်တို့ မဟာအလင်တန်းဂိုဏ်းက ထျန်းယွမ်ကမ္ဘာမှာ နံပါတ် ၁ အဆင့် ဂိုဏ်းကြီးပဲ ။ ကျုပ်တို့ ဂိုဏ်းချုပ်ကြီးက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်တဲ့အပြင်ကို ဂိုဏ်းထဲမှာ နောက်ထပ် အင်မတန်အစွမ်းထက်ကြတဲ့ မသေမျိုး ၅ ယောက်လဲ ထပ်ရှိသေးတယ် "
" ဒါတင် မကသေးဘူး ၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ ပါရမီ အထူးချွန်ဆုံး သူတစ်ယောက်ဖြစ်တဲ့ ကျုပ်တို့ရဲ့ အကိုကြီး ဟွမ်ဖူယွိ လဲ ရှိသေးတယ် ။ သူကလဲ သိပ်မကြာခင် ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာမှာပဲ "
" ဟိုးရှေးခေတ်တုန်းကတောင် တစ်ဖွဲ့ထဲမှာ ကမ္ဘာပေါ်က မသေမျိုးနှစ်ယောက် တစ်ပြိုင်တည်း ရှိခဲ့ကြဖူးတာ မဟုတ်ဘူး ။ ဒီတော့ သခင်လေး လောထျန်းက ကျုပ်တို့နဲ့သာ ရန်သူ ဖြစ်ထားရင် သခင်လေးကို ဘယ်သူမှ ကယ်နိုင်ကြမှာ မဟုတ်ဘူးလို့ပဲ မှတ်ပါ "
ရှန့်မင်မှာ စကားဆုံးသည့်အခါ ရှူးရှူးရှားရှားပင် ဖြစ်နေလေပြီ ။
" မင်း ပြောလို့ ပြီးပြီလား ၊ ပြီးပြီဆို ငါ သတ်တော့မယ် "
လောထျန်းက သူ့ကို ကြည့်ပြီး အေးအေးဆေးဆေးသာ ပြန်ပြောလိုက်သည်။
ရှန့်မင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ချက်ချင်း ပေါ်လာ၏။ လောထျန်းက ယခုကဲ့သို့ တုန့်ပြန်လာမည်ဟု သူ အမှန်တကယ်ပင် ထင်မထားခဲ့ပေ။
" ဟမ့် .. မင်းက ငါ့ကို သတ်ချင်တယ်ပေါ့လေ ၊ အဲ့လောက် လွယ်မယ် မထင်နဲ့ကွ "
သူက ထိုသို့ အော်ပြောပြီး သူ့ခေါင်းပေါ်မှ အဖြူရောင် ကျောက်ပြားကို လက်ညိုးထိုးပြ၏။
" ဒီဟာက ငါ့အဖေကိုယ်တိုင် လုပ်ထားတဲ့ မသေမျိုး လက်နက်တစ်ခုပဲ ။ ဒီထဲမှာ မသေမျိုးအစွမ်းတွေ ပါဝင်နေတာကွ ။ ဒါသာ ရှိနေရင် မင်း ငါ့ကို ဘာမှ လုပ်လို့မရဘူး "
ထိုစကားကို ကြားသောအခါ လောထျန်းက ကျောက်ပြားကို ကြည့်ပြီး လက်ဆန့်လိုက်သည်။
ဝီ .
ထို့နောက်တွင်မူ .. ရှန့်မင်ခေါင်းပေါ်မှ အဖြူရောင်ကျောက်ပြားက လောထျန်းလက်ထဲသို့ ပါလာတော့၏။
" ဟင် .... "
ဤတစ်ကြိမ်တွင်မူ ရှန့်မင် အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်သွားရတော့သည်။
လောထျန်းက ထို မသေမျိုးလက်နက်တစ်ခုကို အလွယ်တကူ ဖမ်းဆုပ်ယူလိုက်နိုင်ခြင်းက မည်သို့သော အဓိပ္ပါယ်ပါနည်း ...။
လောထျန်းက သူ့အဖေထက်ပင် များစွာ .. ပိုအစွမ်းထက်နေသည် ဆိုသည့် သဘောလား ...
သူ့ထံတွင် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်၏ အစွမ်း ရှိထားသည်လား ..
ထိုဖြစ်နိုင်ချေကို တွေးမိလိုက်ရုံဖြင့်ပင် ရှန့်မင် အလွန်ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။
" မသေမျိုးလက်နက် .. ဟုတ်လား .. ဘာမှလဲ သိပ်မထူးပါလား "
ထိုစဥ် လောထျန်းက ကျောက်ပြားအား လက်ထဲတွင် ကိုင်ကာ ဟိုကြည့်ဒီကြည့် ကြည့်နေ၏။ အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ သူက ၎င်းအား လက်ဖြင့် ဖျစ်ညှစ်လိုက်တော့သည်။
ခွမ်း ..
ကျောက်ပြားက ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။
" မဖြစ်ဘူး ... "
ရှန့်မင် ကြောက်လန့်တကြားအော်ကာ တားရန် ကြိုးစားလိုက်သေးသော်လည်း .. သူ မည်သို့မှ မတတ်နိုင်တော့ပေ။
ဝုန်း ..
ကျောက်ပြား၏ အကာအကွယ် မရှိတော့သည့်အတွက် နဂါးသင်္ချိုင်းမြေမှ ဖိအားက ရှန့်မင်ပေါ်သို့ တိုက်ရိုက်ပင် ကျလာပြီး .. သူ လေထဲမှ ကျကာ မြေကြီးပေါ်သို့ ရောက်လာသည်။
" လောထျန်း ၊ အဲ့ကျောက်ပြားထဲမှာ ငါ့အဖေ ချန်ထားခဲ့တဲ့ အမှတ်အသားတစ်ခု ရှိတာမို့ ငါ့ကို သတ်လိုက်တဲ့ သူက မင်းဆိုတာ သူ သိသွားပြီကွ ။ သူက ငါ့အတွက် လက်တုန့်ပြန်ပေးလိမ့်မယ် "
ရှန့်မင်မှာ ထိုသို့ ပြောပြီးသည်နှင့် သွေးအန်သွားပြီး နေရာတွင်ပင် သေဆုံးသွားတော့၏။
ထိုစဥ် သူတို့နှင့် မိုင်ပေါင်း ထောင်ချီဝေးသော တစ်နေရာရှိ တောင်တန်းများကြား၌ ...
ဝုန်း ..
ကြောက်မက်ဖွယ် လေပြင်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တောင်တန်းများစွာပင် ပြိုကွဲသွားကြသည်။
" ဒီ ခွေးမ %#$&$% ... မင်းလို ဘာမဟုတ်တဲ့ကောင်က ငါ့သားကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ ။မင်းကိုငါ အပိုင်းပိုင်း ဖြစ်သွားအောင် ဖြတ်ပစ်မယ် "
ဒေါသတကြီး အော်သံနှင့်အတူ လူတစ်ယောက်က နဂါးသင်္ချိုင်မြေ ရှိရာသို့ တဟုန်ထိုး ထွက်သွား၏။