အားပြင်းသော အစွမ်း
Vol. 23 Ch. 321
နဂါးသင်္ချိုင်းမြေထဲ၌ ...
လောထျန်းက ဖိအားကြောင့် သေသွားရသည့် ရှန့်မင်ကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
သူ မည်သို့မှပင် မတိုက်ခိုက်ရသေးပါဘဲ ထိုလူက နဂါးသင်္ချိုင်းမြေ၏ ဖ်အားကြောင့် ဖိခြေခံရပြီး သေသွားခဲ့ရသတဲ့လား ။
သူ ဒေါသကိုပင် မဖြေရသေးပါချေ။
လောထျန်းက ထိုသို့တွေးပြီးနောက် ရှန့်မင်၏ အလောင်းအား သူ့ရှေ့သို့ သယ်လာလိုက်သည်။ ထို့နောက် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ ရှန့်မင်၏ မှတ်ဉာဏ်များကို ရှာဖွေလိုက်၏။
ရှန့်မင်သည် မဟာအလင်းတန်းဂိုဏ်းမှ မသေမျိုးတစ်ယောက်၏ သား ဖြစ်ရာ .. သူ သိထားသည့်အရာ များစွာ ရှိနေနိုင်သည် မဟုတ်ပါလား ။
သူသည် ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုကို ရင်ဆိုင်တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်ရာ မဟာအလင်းတန်းဂိုဏ်းနှင့်လည်း ရန်သူများ ဖြစ်သွားခဲ့ကြလေပြီ ။
ယခု သူ့ရှေ့တွင် သေနေသူက မဟာအလင်းတန်းဂိုဏ်းတွင် နေရာအတန်အသင့် ရထားသူဖြစ်ရာ .. သူ့ထံမှ သတင်းလည်း များစွာ ရနိုင်ပါသည်။
သို့သော် ..လောထျန်းက ရှန့်မင်၏ မှတ်ဉာဏ်အား ရှာဖွေရန် ကြိုးစားလိုက်သည်နှင့် .. ရှန့်မင်၏ အကြွင်းအကျန် စိတ်ဝိဥာဥ်က ပေါက်ကွဲထွက်သွား၏။
" ဟင် ..အတားအဆီး နောက်တစ်ခုပါလား .. "
လောထျန်း အံ့အားသင့်သွားရသည်။
ရှန့်မင်၏ စိတ်ဝိဥာဥ်မှာ တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံထားရပြီး အပြင်မှ စိတ်ဝိဥာဥ် ဝင်ရောက်လာသည်နှင့် အတွင်းဘက်မှ စိတ်ဝိဥာဥ်အား ပျက်စီးသွားစေရန် စီစဥ်ထားပါ၏။
သေချာတွေးကြည့်လိုက်ပြန်လျှင်လည်း .. ရှန့်မင်သည် မဟာအလင်းတန်းဂိုဏ်းတွင် ရာထူးအတန်အသင့် ကြီးသူဖြစ်ရာ သူ့ထံတွင် သတင်းအချက်အလက်များ စုံလင်နိုင်ပေသည်။
ထို့ကြောင့် သူ့စိတ်ဝိဥာဥ်အား ထိုသို့ ကြိုတင်၍ ကန့်သတ်ချက်များ ထားထားခြင်းက မဆန်းပါချေ။
သို့သော် လောထျန်းမှာမူ မျက်နှာမသာမယာ ဖြစ်သွား၏။
ဖြောင်း ..
သူ ရှန့်မင်အား လက်နောက်ပြန် ရိုက်လိုက်ရာ ရှန့်မင်၏ အလောင်းက တစ်စစီ ပျက်စီးသွားတော့သည်။
ထို့နောက် .. လောထျန်းက ရှန့်မင်၏ စီးတော်ယာဥ်နှင့် သူ့နောက်လိုက် အပေါင်းအပါများအား လှည့်ကြည့်လိုက်၏။
ထိုလူများအားလုံးမှာလည်း ထိုအချိန်တွင် အံ့သြမှင်သက်ကာ ကြက်သေ သေနေကြသည်။
ဖြစ်ပျက်သွားခဲ့သည့် အဖြစ်ပျက်များက မြန်ဆန်လွန်းလှပေရာ .. သူတို့ မည်သို့ တုန့်ပြန်ရမည်ကိုပင် နားမလည်လိုက်ပါချေ။
အကယ်၍ သူတို့ထဲမှ တစ်ယောက်က အသိဝင်လာပြီး ဝင်တိုက်ခိုက်ခဲ့လျှင်ပင် ဖြစ်သွားခဲ့သည်များကို တားရန် မဖြစ်နိုင်ပါ ။
လောထျန်းက အလွန်အစွမ်းထက်လှသည် မဟုတ်ပါလား ..
ထိုအချိန်တွင် ..
ဝုန်း .. ဝုန်း ... ဝုန်း ...
လောထျန်းနောက်မှ အစွမ်းထက် အရောင်အဝါသုံးခု ပေါက်ကွဲထွက်လာ၏။
" ဟား ဟား .. သန့်စင်လို့ ပြီးသွားပြီ "
၎င်းနှင့်အတူ နျိုထျဲ့ချူ၏ အသံက အရင်ဆုံး ထွက်လာသည်။
လောထျန်းက နောက်လှည့်ကြည့်လိုက်ရာ နျိုထျဲ့ချူတို့ သားရဲသုံးယောက်က နဂါးအလောင်းထဲမှ နဂါးအရိုးများ အားလုံးကို သန့်စင်ပြီးသွားခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူတို့သုံးယောက်၏ ကိုယ်များမှလည်း အလင်းတန်းများ တဖျတ်ဖျတ်လက်နေပြီး သူတို့အသွင်က နေ ၃ စင်း ကဲ့သို့ တောက်ပနေကြ၏။
၎င်းကို မြင်သောအခါ လောထျန်း ဝမ်းသာသွားရသည်။ ထို့နောက် သူ ရှန့်မင်၏ နောက်လိုက်များဘက် လှည့်ကာ ပြောလိုက်၏။
" ငါ မင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ် ။ ဒီ သားရဲ သုံးယောက်ကို နိုင်အောင် တိုက်ခိုက်နိုင်ရင် မင်းတို့ အသက်ရှင်ခွင့်ရမယ် "
သူ့စကားကို ကြားသောအခါ ကျားနက်ကြီးက မျက်မှောင်ကြုံ့ပြီး မေးလာသည်။
" မင်း .. ကိုယ့်စကားကို တည်နိုင်လား "
လောထျန်းက ခေါင်းညိတ်ပြ၏။
" ဒါပေါ့ကွ ။ တစ်ယောက်ချင်းပဲ တိုက်တိုက် ၊အားလုံးနဲ့ပဲ တစ်ပြိုင်တည်းတိုက်တိုက် စိတ်ကြိုက်သာလုပ် ။ မင်းတို့ နိုင်ဖို့ပဲ အရေးကြီးတာ "
ကျားနက်ကြီးက အံကြိတ်ကာ ပြန်ပြောသည်။
" တစ်ယောက်ချင်း တိုက်ခိုက်မယ် "
ထို့နောက်တွင်မူ .. သူ့အကြည့်က နျိုထျဲ့ချူတို့ သားရဲသုံးယောက်ဘက် ရောက်သွားပြီး သူတို့ထဲမှ အစွမ်းအနိမ့်ဆုံး နျိုဝူဖုန်းပေါ်သို့ ကျသွား၏။
" ဟို နွား .. မင်းနဲ့ တိုက်ခိုက်မယ် "
သူသည် တဖက်ရန်သူက တိုက်ခိုက်ရာတွင် မည်သို့သော အစွမ်းမျိုး ရှိမည်ကို မသိသဖြင့် တမင်တကာပင် အစွမ်းအနိမ့်ဆုံး နျိုဝူဖုန်းအား ရွေးလိုက်ခြင်း ဖြစ်ပါသည်။
" ဟင် .. ငါနဲ့ တိုက်ခိုက်မယ် ..ဟုတ်လား "
သူ့စကားကို ကြားသောအခါ နျိုဝူဖုန်း မျက်ခုံးပင့်သွားသည်။
နျိုဝူဖုန်းသည် နဂါးသင်္ချိုင်းမြေ အပြင်ဘက်တွင် ထိုကျားနက်ကြီးနှင့် ပြဿနာ ဖြစ်ခဲ့စဥ် အချိန်ကတည်းက ကျားနက်ကြီးအား အသေသတ်ချင်နေခဲ့ပါ၏။
သို့သော် .. ယခု သူနှင့် တိုက်ခိုက်ရန် ပထမဆုံး ရွှေးချယ်လာသည့် အချိန်တွင်ကား နျိုဝူဖုန်းအသွင်က ပျော်နေဟန် မရှိပါချေ။
တဖက်လူက သူ့အား အစွမ်းအနိမ့်ဆုံး သူအဖြစ် သတ်မှတ်ပြီး ဖိချေနိုင်မည် ထင်၍ ရွေးချယ်ခဲ့သည်မှာ သိသာနေသည် မဟုတ်ပါလား ။
" ကောင်းပြီလေ ၊ ငါ မင်းနဲ့ တိုက်ခိုက်မယ် "
နျိုဝူဖုန်းက ပြန်ပြောလိုက်ပြီး လက်ထဲမှ တင်းပုတ်ကို ကိုင်ကာ ဒေါသတကြီး မျက်နှာဖြင့် လျှောက်သွားလိုက်သည်။
" ဟမ့် .. ဒီကောင်က အလွန်ဆုံးမှ ကောင်းကင်ဘုံအဆင့် ၂ ၊ ၃ လောက်ပဲ ရှိဦးမှာ ။ ငါက အဆုံးအစမဲ့ အဆင့်က သူလေ ။ ဒီကောင်က ငါနဲ့ လုံးဝယှဥ်ပြီး တိုက်နိုင်မှာ မဟုတ်ဘူး "
" ဒါပေမယ့် .. ဟို လောထျန်းဆိုတဲ့ကောင်က အန္တရာယ်များလွန်းတော့ .. ဒီ နွားကြီးကို အသေသတ်လို့တော့ မဖြစ်ဘူး ။ ဒီတိုင်း သတိမေ့ရုံလောက်ပဲ လုပ်မှဖြစ်မယ် "
ကျားနက်ကြီးက စိတ်ဆုံးဖြတ်ပြီး နျိုဝူဖုန်းဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။
" ဒူးထောက်စမ်းကွာ "
သူ ဒေါသတကြီး အော်ကာ နျိုဝူဖုန်းအား သူ့ ဧရာမ လက်သည်းချွန်ကြီးဖြင့် ရိုက်ချလိုက်၏။
သို့သော် ..
" သွားသေလိုက် "
နျိုဝူဖုန်းကလည်း ဒေါသတကြီး ပြန်အော်ကာ အစွမ်းကုန်သုံး၍ တင်းပုတ်ကြီးအား လွှဲရိုက်လိုက်သည်။
ဘုန်း ..
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ကျားနက်ကြီး၏ လက်သည်းက ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့၏။
" ဘယ်လိုဖြစ်ပြီး .. "
ကျားနက်ကြီး ဟိုင်ဟွေ့ အလွန်အံ့သြမှင်သက်သွားရသည်။
ဤတိုက်ပွဲက အလွန်လွယ်ကူလိမ့်မည်ဟုသူ သူ ထင်ထားခဲ့သော်လည်း .. ယခုလို ရလဒ်မျိုး ဖြစ်သွားသတဲ့လား ..
" မင်း .. မင်းက ကောင်းကင်ဘုံအဆင့် မဖြစ်နိုင်ဘူး ။ အဆုံးအစမဲ့ အဆင့်ကလား ။ဒါလဲ မဟုတ်သေးဘူး .. ကောင်းကင်ဘုံ တံခါးဝ အဆင့်ကလား .. "
ဟိုင်ဟွေ့ တအံ့တသြ မေးလိုက်သည်။
သူ့အမြင်တွင်လည်း ကောင်းကင်ဘုံ တံခါးဝအဆင့်သို့ မရောက်ထားပါဘဲလျက် သူ့အား ထိခိုက်ရန် လုံးဝ မဖြစ်နိုင်ဟုသာ တွေးထား၏။
သို့သော် ..
" ကောင်းကင်ဘုံ တံခါးဝအဆင့် .. ဟုတ်လား ။ဟားဟား .. မင်း အတွေးလွန်နေပြီ ။ ငါက ကောင်းကင်ဘုံ အဆင့်ကိုတောင် မကြာသေးခင်ကမှ ရောက်ထားတာ "
နျိုဝူဖုန်းက ပြန်ပြောလိုက်ပြီး တင်းပုတ်ကို ကိုင်ကာ ကျားနက်ကြီးဆီသို့ လျှောက်လာသည်။
" ကောင်းကင်ဘုံအဆင့်ကိုတောင် ရောက်ထား မကြာသေးဘူး .. ဟုတ်လား ၊ လုံးဝ မဖြစ်နိုင်ဘူး "
ကျာနက်ကြီး ဟိုင်ဟွေ့မှာ ကမ္ဘာကြီးအပေါ် မြင်ထားသည့် သူ့အမြင်က ပြိုကွဲသွားတော့မလိုပင် ခံစားလိုက်ရ၏။
တဖက်လူက သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့် နိမ့်နေပါရက် သူ့ကို ဖိချေနိုင်သည့် အစွမ်းမျိုး ရှိထားသတဲ့လား ။
သူတို့အားလုံးသည် နတ်ဘုရားသားရဲများ ဖြစ်နေပါရက် ကွာဟချက်က အဘယ့်ကြောင့် ဤမျှ ကြီးနေရပါသနည်း ။
သို့သော် .. နျိုဝူဖုန်းက သူ့အား စဥ်းစားရန် အချိန်ထပ်မပေးတော့ပါချေ ..
" သေစမ်းကွာ "
ဘုန်း ...
တင်းပုတ်ကြီး ကျလာပြီး အသံကျယ် တစ်သံနှင့်အတူ ကျားနက်ကြီး ဟိုင်ဟွေ့ နေရာတွင်ပင် သေဆုံးသွားရတော့သည်။
သို့သော် .. နျိုဝူဖုန်း၏ တင်းပုတ်အားက ကြီးလွန်းနေသဖြင့် နျိုဝူဖုန်း ကိုယ်တိုင်လည်း လွင့်ထွက်သွားရ၏။
ဖုန်း ..
အသံကျယ် တစ်သံနှင့်အတူ နျိုဝူဖုန်း မြေကြီးပေါ်သို့ ပြန်ကျလာကာ သူကျသွားသည့် နေရာတွင် ကြောက်စရာ တွင်းနက်ကြီးတစ်ခု ဖြစ်သွားသည်။
" ဟင် .. "
၎င်းကို ကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့သွား၏။
" ဘာတွေ ဖြစ်နေတာလဲ ၊ ကျုပ်အစွမ်းကို ထိန်းချုပ်လို့ မရသလိုကြီး ဖြစ်နေတယ် "
နျိုဝူဖုန်းက သံသယ မကင်းသည့် မျက်နှာဖြင့် ပြောလာသည်။
" ဟင် .. ငါ တစ်လှည့် စမ်းကြည့်မယ်ကွာ "
ဘုရင်ကျင်းဖန်က ပြောပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
" လာကြစမ်း ၊ မင်းတို့အားလုံး အတူတူ လာခဲ့ကြ "
သူ အေးစက်စက် ပြော၏။
" ဒီကောင် %$%& တိုက်ခိုက်ကြမယ်ဟေ့ "
ကျန်နေသေးသော လူများအားလုံးက ဒေါသတကြီး အော်ဟစ်ပြီး ဘုရင်ကျင်းဖန်ဆီသို့ ပြေးဝင်လာကြသည်။
" ဟမ့် ..အမှိုက်ကောင်တွေ "
ဘုရင်ကျင်းဖန်က နှာခေါင်းရှုံ့ကာ သူ့ပုံစံ အစစ်ဖြစ်သော ငှက်ကြီးတစ်ကောင်အသွင် ပြောင်းလိုက်သည်။
ချက်ချင်း ဆိုသလိုပင် .. ကောင်းကင်တခွင်လုံး ပြည့်နေသော ဧရာမ ငှက်ကြီးတစ်ကောင် ပေါ်လာကာ .. အားလုံး၏ ခေါင်းပေါ်တွင်လည်း နေလုံးများ ထွက်ပေါ်လာကြ၏။
" ဟင် .. "
အားလုံး အံ့သြမှင်သက်သွားကာ ကြောက်လန့်တကြား မော့ကြည့်လိုက်ကြသည်။
" သေစမ်းကွာ "
ဘုရင်ကျင်းဖန်၏ အော်သံကြီးနှင့်အတူ သူ့ပါးစပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ကျလာ၏။
ဝုန်း ..
ထိုလူစုမှာ တုန့်ပြန်ချိန်ပင် မရလိုက်ဘဲ ချက်ချင်း အရည်ပျော်ကျ ကုန်ကြတော့သည်။
သို့သော် .. ထိုအချိန်အထိ လေထဲမှ ဘုရင်ကျင်းဖန်က ရပ်မည့် လက္ခဏာ လုံးဝ မပြသေးပေ ။
" ငှက်အိုကြီး ..ရပ်တော့လေ "
နျိုဝူဖုန်းက အော်ပြောလိုက်သည်။
ဘုရင်ကျင်းဖန်က မျက်နှာကြီး ညိုကာ ပြောလာ၏။
" ငါ .. ရပ်လို့မရဘူး ... "
" ဟင် .. "
နျိုဝူဖုန်း အံ့သြမှင်သက်သွားသည်။
ဘေးတွင် ရပ်နေသည့် လောထျန်းက ၎င်းကို မြင်သည်နှင့် လက်တစ်ဖက်ယမ်းပြီး ဘုရင်ကျင်းဖန်အား ချက်ချင်း ဖိနှိပ်လိုက်သည်။
ဝုန်း ..
ဘုရင်ကျင်းဖန်၏ စိတ်စွမ်းအင်များက တစ်ဝက်ခန့် အေခဲသွားဟန်တူကာ သူ နောက်ဆုံး ရပ်သွားတော့၏။
" ကျေးဇူတင်ပါတယ် သခင်လေး ၊ ခုနက ကျုပ် ဘာဖြစ်သွားတာလဲ "
ဘုရင်ကျင်းဖန်က အကြောက်မပြယ်သေးဟန်ဖြင့် မေးလာသည်။
" မင်းတို့က နဂါးအစွမ်းတွေကို သန့်စင်ပြီး အစွမ်းတွေ အများကြီး တိုးသွားခဲ့ကြပေမယ့် ဒီအစွမ်းကို ကောင်းကောင်း မထိန်းချုပ်နိုင်ကြသေးဘူး "
လောထျန်းက တစ်ခွန်းတည်းဖြင့် ရှင်းပြ၏။
" ဒါဆို ကျုပ်တို့ ဘာဆက်လုပ်ရမလဲ "
နျိုဝူဖုန်းက ခေါင်းကုတ်ပြီး ပြောလာသည်။
" ဖြည်းဖြည်းချင်း ကျင့်ကြံပြီးတော့ပဲ အသားကျအောင် လုပ်ရမှာပဲ "
နျိုထျဲ့ချူက ဝင်ပြောသည်။
ထိုအချိန်တွင် ရှောက်လုံက ရုတ်တရက် ပြောလာ၏။
" တကယ်တော့ အဲ့လာက်ကြီး အလုပ်ရှုပ်စရာ မလိုဘူး ၊ နဂါးအသွင်ပြောင်းရေအိုင် ကိုသွားပြီး အဲ့မှာ ရေဝင်ချိုးလိုက်ရင် ဒီအစွမ်းကို ထိန်းချုပ်လို့ ရသွားလိမ့်မယ် "
" အဲ့လို လုပ်လို့ ရတယ်လား "
နျိုထျဲ့ချူ တအံ့တသြ ဖြစ်သွားသည်။
ရှောက်လုံက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ရတာပေါ့ ။ ငါတို့ နဂါးမျိုးနွယ်ထဲမှာလဲ သွေးဆက်က မသန့်တဲ့အတွက် ကိုယ့်အစွမ်းကိုယ် မထိန်းချုပ်နိုင်ကြတဲ့သူတွေ အများကြီး ရှိတယ် ။ နဂါးအသွင်ပြောင်းရေအိုင်က သူတို့အတွက်ကို တမင် ရည်ရွယ်ပြီး လုပ်ထားတာ ။ ဒီ နဂါးသင်္ချိုင်းမြေထဲမှာလဲ နဂါးအသွင်ပြောင်းရေအိုင် ရှိတယ်ကွ ။ အဲ့ရေအိုင်ထဲမှာ အစွမ်းထက်တဲ့ နဂါးအစွမ်းတွေ ပါတဲ့အပြင် နဂါးသွေးအစစ်လဲ ပါတယ် ။ ဒါပေမယ့် .. ဒါကို ရနိုင် ၊ မရနိုင် ဆိုတာကတော့ မင်းတို့ရဲ့ လုပ်နိုင်စွမ်းအပေါ်မှာပဲ လုံးလုံး မူတည်တယ် "