ရူဘီ
Vol. 3 Ch. 127
နက်ဆန်က ခွဲစိတ်ခန်းရဲ့အရင်မှာ လက်ပိုက်ပြီးတော့ ထိုင်စောင့် နေခဲ့ပါတယ်။ ကျွမ်းလုနီးနီးဖြစ်နေပြီး မလဲရသေးတဲ့ ဆေးရုံ လျှောက်လမ်းအမိုးပေါ်က မီးချောင်းက မှိန်သွားလိုက် တစ်ခါ ပြန်လင်းလာလိုက်ဖြစ်နေပြီး အလင်းရောင်က သူ့မျက်နှာပေါ်ကို တဖြတ်ဖြတ်ကျဆင်းနေခဲ့တယ်။
သူ့မျက်နှာပေါ်မှာတော့ စိုးရိမ်မှုက အထင်းသားပါ။ “မြူတွေက ဆရာဝန်တွေ မိုနီကာရဲ့သရုပ်မှန်မပေါ်အောင် လှည့်စားပေးထား နိုင်တယ်ဆိုပေမဲ့ ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက သာမန်လူသားတွေနဲ့မတူဘူးနော်။ စကူးဘတ်တစ်ကောင်ကိုကုသဖို့ လူသားတွေရဲ့ဆေးရုံက သင့်တော်လားမသင့်တော်လား ငါတို့သိရတာမဟုတ်ဘူး။”
နက်ဆန်က သူ့အရိပ်ထဲမှာရှိနေတဲ့ ပါစီဗယ်ကိုဆက်သွယ်ပြီး ပြောလိုက်တယ်။ ပါစီဗယ်ကလည်း သက်ပြင်းချလိုက်တယ်။ “ဒါဆိုလည်း မင်းဘာလို့ သူ့ကို လင်ဘိုဘုံဆီတစ်ခါတည်း ခေါ်မသွားတာလဲ။”
ပါစီဗယ်က သေချာစဥ်းစားပြီးတော့ ပြောလိုက်တာပါ။ အခုလို လူသားမဟုတ်သူတစ်ယောက် ဒဏ်ရာရသွားတဲ့အချိန်မှာ ကုသဖို့ အကောင်းဆုံးနေရာက လင်ဘိုဘုံပါပဲ။ ဒါပေမဲ့ နက်ဆန်က မဲ့လိုက်ရင်း ခေါင်းကိုအလိုက်သင့်ခါလိုက်ပါတယ်။
“လင်ဘိုဘုံကို အသက်ရှင်လျက်ရှိနေသေးတဲ့ လူသားတွေ ဝင်ဖို့မဖြစ်နိုင်ဘူး။ မသေမရှင်ဖြစ်နေတဲ့ လူသားတချို့သာ မတော်တဆ အသိစိတ်မျောလွင့်ပြီး ရောက်သွားနိုင်တာမျိုးပဲ။ နောက်ဆုံး အဲဒီကိုရောက်ခဲ့ပြီး ပြန်လာနိုင်တဲ့လူသားက ဂျီနိုအာကဗျာဆရာ ဒန်တီပဲ။ အဲဒီကိစ္စကလည်း နှစ်ရှစ်ရာလောက်ကြာခဲ့ပြီ။”
လင်ဘိုဘုံဟာ ကြားဘုံတစ်ခုပါ။ မရဏလောကလည်းမဟုတ်၊ သက်ရှိလောကလည်းမဟုတ်ဘဲ အဲဒီနှစ်ခုကြားမှာရှိနေတဲ့ နယ်စပ် ဒေသတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ လောကတည်ဆောက်ပုံအရ မတော်တဆဖြစ်တည်လာတဲ့နေရာတစ်ခုအသွင်ရှိနေပြီးတော့ မိစ္ဆာတွေကလွဲလို့ ကျန်တဲ့သက်ရှိသတ္တဝါတွေ နေထိုင်ဖို့အတွက် သင့်တော်တဲ့နေရာမျိုး မဟုတ်ပါဘူး။
“ဒါပေမဲ့ သူတို့ဘက်က မိစ္ဆာတွေ ငါတို့ကမ္ဘာဆီကို ထွက်လာလို့ ရတယ်မဟုတ်လား။ ဘာလို့ဒီကလေးမအမေကို မင်းဆက်သွယ်ဖို့ မကြိုးစားတာလဲ။”
ပါစီဗယ်က အားမလိုအားမရပုံစံနဲ့ ပြောလိုက်တယ်။ နက်ဆန်က ပိုပြီးစိတ်ဓာတ်ကျသွားဟန်နဲ့ အရိပ်ကိုအကြာကြီးငုံကြည့် နေခဲ့ပြီးမှ တီးတိုးရေရွတ်လိုက်တယ်။
“လီလစ်ကို တော်ဝင်သွေးဖြစ်တဲ့ မိုနီကာကိုယ်တိုင်ပဲ တိုက်ရိုက် ဆက်သွယ်နိုင်တာ။ အဲဒီကိစ္စက ဒီလောက်မရိုးရှင်းဘူး။”
“.....” ဒီတစ်ခါတော့ ပါစီဗယ်ကိုယ်တိုင် တိတ်ဆိတ်သွားရတဲ့ အလှည့်ပါ။ မိုနီကာက သူတို့ပုန်းအောင်းနေရတဲ့တစ်ချိန်လုံး လီလစ်ကိုမဆက်သွယ်ခဲ့ပါဘူး။ မလိုအပ်လို့ဆိုတာထက် မဆက်သွယ်ချင်တဲ့ပုံစံမျိုး ဖြစ်နေခဲ့တာ။
ဖက်... ဖက်... ဖက်....
နက်ဆန်နဲ့ပါစီဗယ်တို့ အတွေးတွေနဲ့ငေးငိုင်နေတဲ့အချိန်မှာပဲ ဆေးရုံလျှောက်လှမ်းထဲကို လင်းနို့တစ်ကောင်ဝင်လာပြီး သူ့ပခုံးပေါ်လာနားတယ်။ နောက်တော့ လင်းနို့ကအော်သစ်ပြီး နက်ဆန်ကို တစ်ခုခုသတိပေးနေတဲ့အလား ပြုမူပါတယ်။ နက်ဆန်က မျက်မှောင်ကြုတ်လိုက်ပြီး...
“ သူတို့လိုက်လာပြီ...”လို့သာ ပြောလိုက်ပါတယ်။
...
“ဒီနေရာက မီထရစ်မြို့လား...” ရူဘီက မြို့ထဲကိုခြေချမိတာနဲ့ ဘေးပတ်ဝန်းကျင်ကို သေချာလေ့လာကြည့်လိုက်ပါတယ်။ မြို့က သိပ်မကြီးပါဘူး။ မြို့ဆိုတာထက် ရွာလေးတစ်ရွာနဲ့တောင် ပိုတူနေသေးတယ်။ သစ်ပင်တွေ ထူထပ်စွာရှိနေပြီးတော့ မြို့ထဲက လမ်းမှန်သမျှက ကျောက်ခင်းလမ်းတွေပါ။ အုတ်ကျွတ်နီတွေ မိုးထားပြီး ကျောက်တုံးကြီးတွေကို အုတ်ချပ်အဖြစ်အသုံးပြု တည်ဆောက်ထားတဲ့ ရှေးဟောင်းအဆောက်အဦးတချို့ကို မြင်နိုင်သေးတယ်။
မြို့က တောင်ခြေမြို့ဖြစ်ပြီးတော့ တောင်ပေါ်မှာတော့ ဖရန့်ကစ်စတိုင် ရဲတိုက်ကြီးတစ်ခုရှိနေတာကို မြင်နိုင်ပါတယ်။ မြို့လယ်ခေါင်မှာတော့ ကြေးသားနဲ့ထုလုပ်ထားတဲ့ ကျောက်ရုပ်ထုဧကရာဇ်ကြီး ကွန်စတန်တင်း ပလိရောလုဂတ်ရုပ်ထုကြီးက အထင်းသား။
“ အရှေ့ရောမရဲ့နောက်ဆုံးဧကရာဇ် ပလိရောဂုဂတ် မင်းသားဘဝက စိုးစံခဲ့တဲ့မြို့ပဲ။ မိုရီယာမင်းသားအုပ်ချုပ်ခံဒေသရဲ့ မြို့တော်က အခုလောက်ထိချောင်ကျလိမ့်မယ် ထင်မထားခဲ့မိဘူး။”
ရူဘီက သက်ပြင်းချလိုက်တယ်။ လီချင်းချင်းက ဥရောပသား မဟုတ်တဲ့အတွက်ကြောင့် ဒီအကြောင်းတွေနဲ့ သိပ်နားမယဥ်ပါဘူး။ ဒါပေမဲ့ ရူဘီတို့ရဲ့ဘုရားကျောင်းက အရှေ့ရောမအင်ပါယာနဲ့ အော်တိုမန်အင်ပါယာနှစ်ခုလုံးရဲ့လက်အောက်မှာ နေခဲ့ဖူးတဲ့ ရှေးဟောင်းအဖွဲ့အစည်းကြီးတစ်ခုမဟုတ်လား။
“ချင်းချင်း... ဒီဒေသက ငါတို့ချက်ကျောင်းကို သတိပေးပြီးသွားပြီလား။”
ဒါပေမဲ့ ရူဘီရဲ့စိတ်ဝင်စားမှုက ဒီလောက်ပါပဲ။ သူ့အာရုံက ချက်ချင်းပဲ စစ်ဆင်ရေးဆီကို ပြန်ရောက်လာခဲ့ပါတယ်။ လီချင်းချင်းကလည်း ခေါင်းညိတ်လိုက်ပြီး အခုလိုမျိုး ပြောလိုက်တယ်။
“ဒီနေရာက ဘုန်းတော်ကြီးက မြို့ထဲကလူတွေကို အကြောင်းတစ်ခု ပြပြီးတော့ မြို့ပြင်ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် ကြိုးစားနေပါပြီ။ နောက်နာရီဝက်လောက်နေရင် ကျွန်မတို့တွေ တိုက်ခိုက်လို့ရ....”
လီချင်းချင်းပြောနေတဲ့အချိန်မှာပဲ သူ့ဖုန်းထဲကို မက်ဆေ့ဝင်လာတဲ့ အတွက်ကြောင့် ထုတ်ဖတ်လိုက်ပြီး ရူဘီကို ချက်ချင်းပြောတယ်။
“ဒေသခံဘုန်းတော်ကြီးအဆိုအရ မြို့ဆေးရုံကို သဘာဝလွန် မြူတွေက ဖုံးထားလို့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်နေတယ်။”
“မြူတွေလား... ကြည့်ရတာ အဲဒီကောင်ရဲ့အစွမ်းပဲ။” မြူဆိုတာ ကြားတာနဲ့ ရူဘီက နက်ဆန်မှန်းချက်ချင်းသတိထားမိသွား ခဲ့ပါပြီ။ ဘုရားကျောင်းတိုက်ပွဲမှာတုန်းကလည်း နက်ဆန်က မြူတွေကို အသုံးပြုပြီးတော့ တိုက်ပွဲမြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ ဖူးတယ်မဟုတ်လား။
“တခြားသူတော်စင်တွေရောက်မလာခင် သွားကြည့်ရအောင်....” အဲဒီနောက်တော့ ဒိုင်းသူတော်စင်ရူဘီနဲ့အဖွဲ့က မြို့ဆေးရုံဆီကို ချီတက်လာကြတယ်။
ဆေးရုံရှေ့ကိုရောက်တော့ တကယ်လည်း သတင်းရထားသလိုပဲ ဆေးရုံတစ်ခုလုံးကို မြူတွေဖုံးနေခဲ့ပါတယ်။ နက်ဆန်ကတော့ ဓားကို လက်ထဲမှာကိုင်ထားပြီး ဆေးရုံဝင်းတံခါးနောက်မှာ ရပ်ကာ စောင့်နေပါတယ်။
“EUOCရဲ့စည်းမျဥ်းစည်းကမ်းတွေအရ ဘယ်အဖွဲ့မဆို ဆေးရုံဆေးခန်းနဲ့ကျောင်းတွေလိုမျိုးနေရာတွေမှာ အပနှင်တာကလွဲလို့ သဘာဝလွန် စွမ်းအားရှိသူတွေအချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ်။ စစ်ပွဲအချိန်တွေမှာတောင်မှပေါ့။”
နက်ဆန်ရဲ့လက်ရှိအခြေအနေက အလွန်အားနည်းနေပါတယ်။ သူတစ်ယောက်တည်းနဲ့ ဒီနှစ်ယောက်ကို အနိုင်တိုက်နိုင်ဖို့က မသေချာတော့ပါဘူး။ ဒါကြောင့် လှည့်ကွက်တချို့ထုတ်သုံးဖို့ ဆုံးဖြတ်ထားတယ်။
လီချင်းချင်းကတော့ နှာမှုတ်လိုက်ပြီး “ဘယ်သူက EUOCကို ဂရုစိုက်လို့လဲ။ ပြီးတော့ ကျွန်မတို့က အချင်းချင်းတိုက်နေတာ မဟုတ်ဘဲနဲ့ ဆေးရုံကိုဝင်စီးပြီး အသက်စွမ်းအင်တွေလုယူဖို့ ကြိုးစားနေတဲ့ စကူးဘတ်တစ်ကောင်ကိုဖမ်းဖို့ ရောက်လာတာပဲ။”
လီချင်းချင်း ကျောင်စိမ်းလိုဖြူဖွေးစိုပြေတဲ့ သူ့လက်ချောင်းနဲ့ ဆေးရုံအတွင်းပိုင်းကို လက်ညိုးညွန်လိုက်ပြီး နက်ဆန်ကို သူ့ စကားလုံးနဲ့သူ ပြန်လှည့်စားလိုက်တယ်။
ဒါကြောင့် နက်ဆန်က ပိုဒေါသထွက်လာတယ်။ သူက ဓားကို အသင့်ပြင်လိုက်ပြီး... “လာခဲ့....”
သူက တစ်ဖက်သူတွေစတိုက်တာကို မစောင့်တော့ဘဲ ကိုယ်တိုင် အရင်ဆုံးတိုက်ခိုက်လိုက်တယ်။ ရူဘီကလည်း ဒိုင်းကိုမြှောက်ပြီး ခုခံလိုက်ပါပြီ။ များစွာသောအလင်းတန်းတွေက သူနဲ့လီချင်းချင်း နှစ်ယောက်လုံးကိုဖုံးလွှမ်းသွားပြီး ခံစစ်ရောတိုက်စစ်မှာပါ ပိုမို အားကောင်းလာခဲ့တယ်။
ထန်း... ထန်း.... ထန်း...
ဒိုင်း၊ ဓားနဲ့လှံတို့ ရင်ဆိုင်မိကြပြီး မီးပွားကကွက်က လှပစွာ ပေါ်ပေါက်လာတယ်။ ရူဘီနဲ့လီချင်းချင်းတို့က နှစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် မကြာခင်မှာပဲ အသာစီးရလာပြီးတော့ နက်ဆန်ကို ပြန််တွန်းထုတ်လိုက်နိုင်တယ်။ ဒါပေမဲ့ နက်ဆန်ရဲ့မျက်နှာပေါ်မှာ အပြုံးပေါ်လာပြီး မြူတွေဖုံးလွှမ်းနေတဲ့ ဆေးရုံဝင်းထဲကို ပြန်ဝင် သွားခဲ့တယ်။
“ထွက်ပြေးလို့ ရမယ်ထင်နေလား...”
လီချင်းချင်းက ချက်ချင်းပဲ မိုးကြိုးအဆောင်နှစ်ခုသုံးခုကို နက်ဆန်ထွက်ပြေးသွားတဲ့လမ်းကြောင်းအတိုင်း ပစ်လွှတ်တယ်။ ကြောက်စရာပေါက်ကွဲမှုတွေ တစ်ဆက်တည်းဖြစ်ပေါ်လာပေမဲ့ ဘယ်သူ့ကိုမှ ထိခိုက်သွားပုံမပေါ်ပါဘူး။
“ကြည့်ရတာ သူက ငါတို့ကို ထောင်ချောက်ထဲ မရအရ ဆွဲခေါ်ချင် နေတဲ့ပုံပဲ။” ရူဘီက သုံးသပ်ကြည့်ပေမဲ့ လီချင်းချင်းကတော့ လက်ခံဖို့ ငြင်းဆန်တယ်။
“နက်ဆန်က ဓားသူတော်စင်နဲ့ တန်းတူအဆင့်ရှိတဲ့သူပဲ။ အခုအချိန် အားနည်းနေတယ်ဆိုရင်တောင်မှ ကျွန်မတို့အတွက် အန္တရာယ် များနေတုန်းပဲ။”
ဒါပေမဲ့ ရူဘီကတော့ နောက်ဆုတ်ဖို့အတွက် အစီအစဥ်ရှိပုံမရ။ အဲဒီအစား သူ့ရင်ထဲမှာရှိနေတဲ့အတိုင်း ပြောလိုက်ပါတယ်။
“ငါတို့မလုပ်လို့မဖြစ်ဘူး။ ချင်းချင်း၊ သူတော်စင်တိုက်ပွဲက မကြာခင် စတော့မယ်လို့ ငါခံစားနေရတယ်။ တခြားသူတော်စင် သုံးယောက်ထက် ထောက်ခံနှုန်းများဖို့နဲ့ စွမ်းအားပိုကြီးလာဖို့ ဒီလူကို ငါတို့အနိုင်ရဖို့လိုတယ်။”
ရူဘီက လေးနက်တာထက်ပိုတဲ့လေသံနဲ့ ပြောခဲ့တာ။ တစ်ဖက်မှာလဲ လီချင်းချင်းရဲ့မျက်နှာမှာ စိုးရိမ်တဲ့အရိပ်အယောင် ပေါ်ထွက် လာခဲ့ပါတယ်။
“ရူဘီ... နင်ဆိုလိုတာက... ရဟန်းမင်းကြီးက....”
“အေး၊ သန်မာချင်ယောင်ဆောင်နေပေမဲ့ အဲဒီတိုက်ပွဲ ပြီးကတည်းက အများကြီး အားနည်းသွားသလိုပဲ။”
...
လွန်ခဲ့သော ဆယ်နှစ်ခန့်က။
ဒိုမီနီကန်သမ္မတနိုင်ငံ။
ရိုမြူလက်ချက်ကျောင်း၏ မထင်မရှား ဌာနခွဲတစ်ခု။
“ဟဲ့ဟဲ့... နင်တို့သိပြီးကြပြီလား။ စစ်စတာရူဘီက မွေးရာပါ အလင်းနတ်ဘုရားအရိုးကို ပိုင်ဆိုင်ထားတာတဲ့။”
“ဖျက်ဆီးလို့မရဘူးဆိုတဲ့ အလင်းနတ်ဘုရားအရိုးတွေလား။ အနာဂတ်မှာ သူတော်စင်ဖြစ်လာမလား မသိဘူးနော်။”
ငယ်ရွယ်သေးတဲ့ ရိုမြူလက်ချက်ကျောင်း သီလရှင်တချို့က ဌာနခွဲရဲ့လေ့ကျင့်ရေးကွင်းငယ်တစ်ခုတည်းမှာ တခြားရွယ်တူ ကလေးတွေနဲ့ လေ့ကျင့်နေတဲ့ ရူဘီကိုကြည့်ရှုနေရင်းနဲ့ တီးတိုးပြောနေကြတယ်။ သူတို့လေသံက လေးစားအားကျရတဲ့ တစ်စုံတစ်ယောက်ကို မြင်နေရသလိုမျိုးပဲ။
“အ... အရှုံးပေးပါပြီဗျ။” ရွယ်တူကောင်လေးတစ်ယောက်က သစ်သားဓားကို ပစ်ချလိုက်ပြီး ခေါင်းကိုလက်နဲ့ကာကာ အရှုံးပေးကြောင်း ပြောလိုက်တယ်။ သူ့မျက်နှာတစ်ခုလုံး ဖူးရောင်လို့။
ဖြောင်း... ဖြောင်း... ဖြောင်း...
အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးအောက်မှာ ရပ်နေတဲ့ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနဲ့ ဘုန်းတော်ကြီးဝတ်စုံဝတ် လူက လက်ခုပ်တီးလိုက်တယ်။
“တော်တယ်၊ ရူဘီ။ မင်းက ငါသင်ပေးခဲ့ဖူးတဲ့ တပည့်တွေထဲမှာ အတော်ဆုံးပဲ။ အချိန်တန်လို့ သူတော်စင်ဖြစ်လာခဲ့အခါကျရင် ငါတို့ဘုရားကျောင်းကို ပြန်ပြီးထောက်ပံပေးနိုင်တော့မှာ။”
ကောင်မလေးရဲ့မျက်နှာက အဲဒီလူကြီးကိုမြင်တာနဲ့ ဝင်းပသွားတယ်။ “ဖာသာလူးဝစ်။”
ကောင်မလေးက လက်ထဲက သစ်သားဓားကိုချပြီး အဲဒီလူရဲ့ပေါင်ကို ပြေးဖက်တယ်။ “ဖြည်းဖြည်းကလေး၊ ဒီလူအိုကြီးရဲ့ဒူးတွေက ကောင်းတော့တာ မဟုတ်ဘူးလေ။”
ဖာသာလူးဝစ်က ကလေးမလေးရဲ့ခေါင်းကို ပုတ်ပေးရင်းနဲ့ ပြောလိုက်တယ်။ နောက်တော့ ကလေးမလေးလက်ကိုဆွဲပြီး
“နေ့လယ်စာစားဖို့ အချိန်ရောက်ပြီ။ သွားကြရအောင်....”
လူအိုကြီးလူးဝစ်က ရှေ့ကနေ စလျှောက်တယ်။ ရူဘီလေးကတော့ ဖာသာကြီးလက်ကိုဆွဲရင်း နောက်ကနေလိုက်လို့ပေါ့။
“ဖာသာလူးဝစ်... သူတော်စင်က လေးယောက်တောင်ရှိတာ ဆိုတော့ သမီးက ဘယ်တစ်ယောက်ဖြစ်လာမှာပဲဟင်။”
ဖာသာကြီးကတော့ ပြုံးရင်းနဲ့ “သူတော်စင်တွေက အစွမ်းထက်တဲ့ လူတွေချည်းပဲ။ ဓားသူတော်စင်က ရှေးယခင် တမန်တော်တွေရဲ့ စွမ်းအားမှန်သမျှကို ထုတ်သုံးနိုင်တယ်။ လှံသူတော်စင်အတွက် မထိုးဖောက်နိုင်တဲ့အရာမရှိဘူး။ လေးသူတော်စင်အဖို့ က သူ့လက်က ပြေးလွတ်နိုင်တဲ့လေးဆိုတာမရှိဘူး။ ဒိုင်းသူတော်စင် အဖို့တော့....”
ဖာသာလူးဝစ်က နည်းနည်းအင်တင်တင်ဖြစ်သွားတဲ့ပုံစံနဲ့ စကားကို ခဏရပ်ထားလိုက်ပြီးမှ...
“အင်း၊ သူ့အတွက် မခုခံနိုင်တဲ့တိုက်ကွက် မရှိသလောက်နီးပါးပဲ။”
ဒိုင်းသူတော်စင်ရဲ့စွမ်းအားက တခြားသူတော်စင်တွေလိုမျိုး အကြွင်းမဲ့မဟုတ်ပါဘူး။ လူတစ်ယောက်က ခံစစ်ကိုဘယ်လောက် ကောင်းအောင်လုပ်လုပ် သူ့ခံစစ်ကိုချိုးဖျက်နိုင်မယ့် စွမ်းအား ရှိစမြဲပါပဲ။ ဒါကြောင့်လည်း အကောင်းဆုံးခံစစ်က တိုက်စစ်လို့ လူတွေပြောလေ့ရှိတာပေါ့။
...
အချိန်တွေက ပြောင်းလဲသွားခဲ့တယ်။
ဆယ်ကျော်သက်အရွယ်ရှိလာပြီဖြစ်တဲ့ ရူဘီက သူ့လက်ထဲ ရောက်လာတဲ့ ဒိုင်းကိုကြည့်နေခဲ့တယ်။ တခြားသူတော်စင်အဖြစ် ရွေးချယ်ခံရတဲ့ သူသုံးယောက်နဲ့ အရွေးချယ်မခံရတဲ့သူတွေလည်း ရှိနေခဲ့တယ်။ သူနဲ့အတူရွှေရောင်ခန်းမထဲ ရှိနေကြခဲ့ပေမဲ့ ပင်မဘုရားကျောင်းကြီးမှာရှိနေတဲ့ အဖွဲ့ဝင်တွေက သူ့ကိုကရုဏာသက်သလိုလို သနားလိုလိုပုံစံနဲ့ ကြည့်နေတာကို သတိမထားခဲ့မိပါဘူး။
“ဖာသာလူးဝစ်... ကျွန်မသူတော်စင်တစ်ယောက် ဖြစ်လာခဲ့ပြီ။”
ရူဘီက ရွှေရောင်ခန်းမကြီးထဲကနေထွက်တာနဲ့ အဖေရင်းတစ်ယောက်လို ဖြစ်နေပြီဖြစ်တဲ့ ဖာသာလူးဝစ်ဆီ ပြေးသွားခဲ့တယ်။
ဒါပေမဲ့ ဖာသာက သူ့လက်ထဲက ဒိုင်းကိုမြင်တာနဲ့ မျက်နှာကွက်ခနဲ ဖြစ်သွားတယ်။ ရူဘီက ဖာသာရှေ့မှာ ရပ်နေပြီး ချီးကျူးခံဖို့ စောင့်နေခဲ့ပေမဲ့ ဖာသာက သက်ပြင်းရှည်ကြီးချလိုက်ပြီး...
“ဆယ်စုနှစ်တစ်ခုလုံး ပျိုးထောင်ပေးခဲ့ပေမဲ့ ဒီလိုဖြစ်ခဲ့ရတယ်လို့။” သူက တီးတိုးရေရွတ်လိုက်တယ်။ ဒါပေမဲ့ ရူဘီမကြားဘဲ ဘယ်နေပါ့မလဲ။
“ဖာသာလူးဝစ်....”
လူးဝစ်က ရူဘီကို လစ်လျူရှုထားလိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်ပေမဲ့ နူးညံ့ဟန်ဆောင်ထားတဲ့လေသံနဲ့ အခုလိုပြောလိုက်ပါပြီ။
“သမီးတော်၊ ဒိုင်းသူတော်စင်လည်းဖြစ်လာပြီ။ အရွယ်လည်း ရောက်လုပြီဆိုတော့ ဖာသာတို့ဘုရားကျောင်းကို မပြန်လာခဲ့နဲ့။ အဲဒီအစား လောကအနှံလှည့်လည်သွားလာပြီ လေ့ကျင့်ဖို့အတွက် အချိန်ရောက်ပြီလို့ ကိုယ်တော်ထင်တယ်။”
“ဟုတ်....” အဲဒီတုန်းက အတွေ့အကြုံနုငယ်သေးတဲ့ ရူဘီက ဒါကို ဖာသာကြီးဆီက ကောင်းမွန်တဲ့အကြံလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ အမှန်တကယ် ရင့်ကျက်လာချိန်မှာတော့။
“သူက ငါ့ကြောင့်ဖြစ်လာမယ့် ပြဿနာတွေကို မလိုချင်ရုံပဲ။”
သူတော်စင်တွေထဲကတစ်ယောက် ရဟန်းမင်းဖြစ်လာဖို့ဆိုရင် တခြားသူတော်စင်တွေကို အနိုင်ယူဖို့လိုပါတယ်။ သူတော်စင်တွေကို ထောက်ပံပေးနေတဲ့ သက်ဆိုင်ရာဌာနခွဲတွေနဲ့တပ်ဖွဲ့တွေကလည်း သူတော်စင်တိုက်ပွဲမှာ ပါဝင်ကြပါတယ်။ ရှုံးနိမ့်တဲ့သူတော်စင်ရဲ့ ဌာနခွဲကို ပြိုင်ဘက်တွေက အင်အားပြတဲ့အနေနဲ့ ဖျက်ဆီးပစ်တာမျိုးကလည်း မရှားလှပါဘူး။
ဒါပေမဲ့ ဒိုင်းသူတော်စင်ဆိုတာက ရာစုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့အချိန်အထိ ရဟန်းမင်းဖြစ်လာသူမရှိသေးတဲ့ သူတော်စင်မျိုးပါ။ နိုင်ခြေမရှိသလောက်ပဲ။ အကြိမ်ကြိမ် စဥ်းစားပြီးတဲ့နောက်မှာတော့ လူးဝစ်နဲ့ဒိုမီနီကန်ဌာနခွဲက ရူဘီကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အဲဒီနောက် ရူဘီအထီးကျန်သွားခဲ့တယ်။ သူ့ကို ချီးကျူးလေ့ရှိတဲ့ လူတွေနေရာမှာ သနားသလိုလို အထင်သေးသလိုလို လူစုက အစားဝင်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့အတွက် ကမ္ဘာအနှံ ခရီးစဥ်တွေထွက်ခဲ့ပေမဲ့....
“ဟမ်... ဒီလောက်ပဲ စွမ်းဆောင်နိုင်တာလား။ ဓားသူတော်စင်က လွန်ခဲ့တဲ့ ဘယ်နှစ်လလောက်ကတည်းက အဲဒါမျိုးဘယ်နှစ်ကြိမ် လုပ်ပြပြီးပြီ။” ဆိုတဲ့ စကားမျိုးပဲ ပြန်ကြားရတယ်။
...
ရူဘီရဲ့စိတ်က တိုက်ပွဲဆီကို ပြန်ရောက်လာတယ်။ အရင်တုန်းက ဖြစ်ခဲ့တဲ့အကြောင်းတွေးမိတိုင်း သူနှုတ်ခမ်းကို ကိုက်ထားမိတယ်။ ဘေးမှာရှိနေတဲ့ လီချင်းချင်းက မြူတွေထဲမှာမြင်ရဖို့အတွက် မီးအဆောင်တချို့ကို ထုတ်သုံးခဲ့ပေမဲ့ အနီးအနားတစ်ဝိုက်ပဲ မြင်ရတယ်။
“ဝင်လာပြီ...” လီချင်းချင်းက သတိပေးလိုက်တဲ့အတွက် ရူဘီက ဒိုင်းနဲ့ ထောင့်တစ်ထောင့်ကိုဦးတည်ကာ ကာလိုက်တယ်။ နက်ဆန့် ဓားသွားက ရူဘီရဲ့လည်ပင်းကို ဦးတည်ထားပေမဲ့ ဒိုင်းကိုပဲ ခုတ်မိသွားတယ်။
ထန်း...
လီချင်းချင်းက လှံကိုကိုင်ပြီး နောက်ကနေလိုက်လံ တိုက်ခိုက်တဲ့ အချိန်မှာတော့ နက်ဆန်က နောက်ကိုပြန်ဆုတ်သွားတယ်။ ရူဘီက နက်ဆန်ကိုမြင်တဲ့အခါတိုင်း သူ့ခန္ဓာကိုယ်ထဲက သွေးတွေဆူပွတ် လာတာကို ခံစားမိတယ်။
“ညမင်းသား.... နင်က ဓားသူတော်စင်ရဲ့ပြိုင်ဘက်မဟုတ်လား။ ဒီတော့ ငါကလည်း နင့်ပြိုင်ဘက် ဖြစ်လာပေးမယ်။ ငါက အားနည်းတဲ့သူမဟုတ်တဲ့အကြောင်း နင့်ကိုအနိုင်ယူပြီး သက်သေပြမယ်။”