အခန်း (၆၄၆-၆၅၀)
Vol. 26 Ch. 646-650
အပိုင်း(၆၄၆) ရန်စခြင်း
——————————————————————
ရန်ကိုင် ထင်ခဲ့သလိုပင် သလင်းကျောက်တုံးများသည် နတ်ဆိုးနတ်ဘုရား မြို့တော်မှ လူများအတွက် ရှားပါး ပစ္စည်းများ ဖြစ်နေခဲ့ကြလေ၏။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် လျော့ပါးခြင်း မရှိသော်လည်း သလင်းကျောက်တုံးများ၏ အကူအညီဖြင့်သာ ယခုနေရာ၌ ရှိနေသော နတ်ဆိုးမျိုးနွယ်စုဝင်များ၏ ကျင့်ကြံခြင်း မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်ပေလိမ့်မည်။ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီးနောက် ဤလောကငယ်ထဲ သလင်းကျောက်များ ပိုပို၍ ရှားပါးလာခဲ့ရလေ၏။
ထိုဒါဇင်ကျော်သော သလင်းကျောက်တုံးများသည် စီနီယာလီရုန် ထိုနှစ်များအတောအတွင်း သိမ်းဆည်းထားခဲ့သည့် သလင်းကျောက်များပင် ဖြစ်ချေ၏။
ထို့ကြောင့် ရန်ကိုင်သည် များပြားလှသော သလင်းကျောက်များ ရလိုက်သည်ဟု ကြားလိုက်ရသည့် အခါ၍ ဖန်းလန့်လည်း ထိုသလင်းကျောက်များကို လိုချင် တပ်မက် မိသွားခဲ့လေ၏။
“ဘာမဟုတ်တဲ့ လူသားကောင်စုတ်လေးကများ ဒီလောက် သလင်းကျောက် အများကြီးကို ပိုင်ဆိုင်ချင်တယ်ပေါ့”
“သခင်လေး ဘာလုပ်ချင်လဲ” အခြေအနေ ဆိုးရွားလာတော့မည်မှန်း သိလိုက်သည်နှင့် ထိုနတ်ဆိုး မျိုးနွယ်စုဝင်က “သခင်းဖန်းလန့်၊ အဲ့သလင်းကျောက်တွေကို လုယူဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။ စီနီယာလီက အဲ့လူသားကောင်စုတ်လေးကို အထူးတလည် ဂရုစိုက်ထားတာ။ ဘယ်နတ်ဆိုးမျိုးနွယ်စုဝင်ကမှ သူ့အပေါ် မကောင်းကြံခွင့် မရှိဘူးလို့တောင် သီးသန့် အမိန့်ထုတ်ထားသေးတယ်”
“ငါသူ့ကို အနိုင်ကျင့်မယ်လို့ ဘယ်သူပြောလဲ” ဖန်းလန့်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ “သူ့ကို ငါအနိုင်ကျင့်နေတာကို ဘယ်သူ မြင်လို့လဲ”
နတ်ဆိုးမျိုးနွယ်စုဝင်က ရင်တထိတ်ထိတ်ဖြင့် ခေါင်းလေးကို ကုတ်လိုက်လေ၏။
ဖန်းလန့်သည် ထိုကျောက်တုံးခန်းလေးကို နောက်တစ်ကြိမ် အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာထက် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ကျောက်တုံးခန်းလေး အတွင်း၌ ရန်ကိုင်သည် ကွမ်းအာ ဟင်းလျာများ ချပေးပြီးချိန်အထိ စောင့်နေပြီးနောက် တုန့်ဆိုင်းခြင်းမရှိ ထိုင်ခုံပေါ်ထိုင်ကာ စားတော့လေ၏။
ကွမ်းအာကမူ အထင်အမြင် သေးသေးဖြင့်သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့လေ၏။
လွန်ခဲ့သည့် နှစ်လမှစ၍ စီနီယာလီသည် ထိုလူသား ကောင်စုတ်ကို အထူးတလည် အရေးပေးလာခဲ့သည်။ မည်သည့် အကြောင်းကြောင့် စီနီယာလီ ထိုကဲ့သို့ လုပ်သည်ကို သူမ လုံးဝကို နားမလည်နိုင်ခဲ့ချေ။ သူမ၏ အလေးပေး ဆက်ဆံမှုကြောင့် အခြားလူများမှာ ရန်ကိုင်အား လွန်စွာကိုမှ မနာလို အားကျနေခဲ့ရလေ၏။
သို့သော်လည်း စီနီယာလီကို မေးလိုက်သည့်အခါ စီနီယာလီက ခေါင်းသာခါ၍ ပြုံးသာ ပြုံးပြလာခဲ့၏။
“အဲ့မှာ စားပိုးနင်ပြီး မြန်မြန်သာ သေလိုက်စမ်းပါ” ကွမ်းအာက သူမ၏ နီစွေးနေသော နှုတ်ခမ်းလေးကို သပ်လျက် မနာလိုအားကျစွာ ပြောလိုက်လ၏။
ရန်ကိုငက်မူ သူ့လက်ကိုသာ ဝှေ့ရမ်းလိုက်ပြီး “နင်စားချင်ရင် အတူလာထိုင်စားလို့ ရတယ်နော်။ ဟင်းတွေက အများကြီးပဲ၊ ငါတစ်ယောက်တည်း စားလို့ မကုန်ဘူး”
“ဘယ်သူက နင်နဲ့အတူ စားချင်နေလို့လဲ” ကွမ်းအာက ခါးခါးသီးသီး ရေရွတ်လိုက်ပြီး တံခါးပေါက်ဆီ လှည့်ထွက်သွားလေ၏။ သူမ ဖုံးကွယ်ထားသော်ငြား ရန်ကိုင်သည် သူမ၏ တံတွေးမြိုချသံကို ကြားနေရသေးရာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေ၏။
ကွမ်းအာ ပုံစံကို ကြည့်ရုံဖြင့် ဤနေရာသို့ ပို့လိုက်သည့် အစားအစာ အားလုံးသည် ထူးရှယ်ကြီးများ ဖြစ်သည်ကို ရန်ကိုင် နားလည်လိုက်၏။
ထိုဟင်းလျာများကို စားသောက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း သန်မာလာနေသည်ကို ရန်ကိုင် အသေအချာ ခံစားမိ၏။
မကြာခင်မှာပင် သူ့ဆီပို့လာသည့် ဟင်းလျာအားလုံးကို ရန်ကိုင် စားသောက် ပြီးသွားခဲ့လေပြီ။ ကွမ်းအာနှင့်အတူ လိုက်ပါလာသည့် အစေခံများသည် အားလုံးကို ရှင်းလင်း၍ ပြန်ထွက်သွားလေ၏။
ရန်ကိုင်သည် ပျင်းရိပျင်းတွဲ အမူအရာဖြင့် အကြောဆန့်၍ ကုတင်ပေါ်တွင် တစ်ခဏလောက် အနားယူပြီးနောက် ဆေဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို ပြန်လည် စတင်လိုက်လေ၏။
အချိန်အတိုင်းအတာ တစ်ခုအထိ ကုန်ဆုံးပြီးနောက်၊ ရန်ကိုင် ဆေးဖော်စပ်နေစဉ် အတွင်းမှာပင် သူ့အမူအရာ အကြောင်းကြီး ပြောင်းလဲသွားခဲ့ရလေ၏။
သူ့အခန်းဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာနေသည့် ခြေသံများကို သူကြားလိုက်ရလေ၏။
ထိုအခြေသံများကြောင့် ရန်ကိုင်အတွေးထဲ မျောသွားခဲ့ရလေ၏။
သူဤနေရာဆီသို့ ရောက်ရှိလာသည်မှာ လအနည်းငယ် ကြာမြင့်သွားခဲ့လေပြီ။ နတ်ဆိုးမျိုးနွယ်စုဝင် များစွာသည် သူ့အပေါ် အထင်အမြင် သေးသော်လည်း မည်သူကမှ သူ့ကို လာ၍ ပြဿနာ မရှာရဲကြချေ။ ထို့ကြောင့် ယခုအချိန်မှ အဘယ်ကြောင့် တစ်ယောက်ယောက်သည် သူ့ကို လာ၍ ရုတ်တရက်ကြီး ပြဿနာ ရှာချင်နေပါသနည်း။
သူ့အခန့်ဆီသို့ ချဉ်းကပ်လာနေသူ စုစုပေါင်း (၇)ယောက် ရှိ၍ အားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့၏ ခေါင်းဆောင်ကမူ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ဖြစ်ပေ၏။
ထိုလူများ၏ ကျင့်ကြံခြင်းအဆင့်ကို သိလိုက်ရပြီးသည်နှင့် ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ထဲ ပြန်၍ အာရုံစိုက်လိုက်လေ၏။
ဘန်းဆိုသော မြည်သံနှင့်အတူ အခန်းတံခါး ရုတ်တရက် တွန်းကန်ဖွင့်ခြင်း ခံလိုက်ရပြီး လူ(၇)ယောက် အခန်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့လေ၏။
ဝင်လာပြီးသည်နှင့် အခန်းတံခါးကို အလျင်အမြန် ပြန်ပိတ်လိုက်လေ၏။
ရန်ကိုင်သည် သူ့အား လှောင်ပြောင်၍ ကြည့်နေသော နှာခေါင်းကောက်ကောက်၊ မျက်လုံးမှေးမှေးနှင့် အဖွဲ့ရှေ့တွင် ရပ်နေသည့် လူငယ်လေးကို လှမ်း၍ ကြည့်လိုက်၏။
ထိုလူငယ်လေးသည် အခြားသော နတ်ဆိုးမျိုးနွယ်စုဝင် များကဲ့သို့ သူ့အား အထင်အမြင် သေးသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့၏။ သို့သော်လည်း ရန်ကိုင်ကမူ ထိုလူများ၏ သဘောထားကို လျစ်လျူရှု၍ ခေါင်းသာ အသာအယာ ခါရမ်းလိုက်လေ၏။
“ဟေး၊ ဖန်းလန့်၊ ဒီလူသား ကောင်စုတ်လေးက တော့်တော့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲကွ။ ငါတို့ အားလုံးကို မြင်တာတောင် နည်းနည်းလေးတောင် ကြောက်တဲ့ အရိပ်အယောင် မပြဘူး” နတ်ဆိုးမျိုးနွယ်စုဝင်များထဲမှ တစ်ယောက်သည် အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်၏။
“ဟဲဟဲ၊ စီနီယာလီက သူ့ကို ကာကွယ်ပေးမယ်လို့ ထင်နေတာ နေမှာပေါ့။ ဒါကြောင့် ငါတို့ကို မကြောက်တာပေါ့” ဖန်းလန့်က လှောင်ပြောင်လိုက်၍ ရန်ကိုင်ဆီ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်လေ၏။
ရန်ကိုင် ရှေ့ရောက်သည်နှင့် ခါးလေးကုန်းလျက် ရန်ကိုင် မျက်နှာကို စိုက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။
သို့သော်လည်း ရန်ကိုင်ကမူ ဆေးဖော်စပ်ရာတွင်သာ အာရုံစိုက်ထားခဲ့လေရာ ဖန်းလန့်မှာ ဒေါသထွက်သွားခဲ့ရပြီး သူ့လက်ကို ဆန့်ထုတ်၍ ဆေးမီးကိုဖို ရိုက်ချကာ ဆေးမီးဖိုထဲရှိ ဆေးပင်များကို အစစ်အမှန်ချီဖြင့် လောင်ကျွမ်းပြချ ပစ်လိုက်လေ၏။
“လူသား၊ မင်းက သတ္တိရှိနေမှတော့ ငါကလည်း လုပ်ပြရတာပေါ့” ဖန်းလန့်၏ နှုတ်ခမ်းအစုံသည် ရန်စလိုသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့လေ၏။
“ပြောချင်တာ ရှိရင် ပြောလိုက်။ ဒါပေမယ့် ငါ့ဆေးပင်တွေကို လာမဖြုန်းတီးနဲ့” ရန်ကိုင်က အသာအယာ သက်ပြင်းချလိုက်လျက် ထူးမခြားနားဟန်ဖြင့် ဖန်းလန့်ကို လှည့်ကြည့်လိုက်လေ၏။
“ဒီဆေးပင်တွေကို ငါတို့ နတ်ဆိုးနတ်ဘုရားမြို့တော်က ပိုင်တာ၊ မင်းဟာ မဟုတ်ဘူး” ဖန်းလန့်က ပြန်ပြောလိုက်၏။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ထိုသကောင့်ကို သောက်မြင်ကတ်သွားခဲ့လေ၏။ ထိုနတ်ဆိုးလူငယ်လေးသည် သူ့အား ပြဿနာရှာရန် သက်သက်ဖြင့် ဤနေရာဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။ ရန်ကိုင်သည် ထိုကောင်နှင့် စကားများ အချိန်ဖြုန်းရန် စိတ်မရှည်လေရာ လေသံတိုးတိုးဖြင့်သာ ရေရွတ်လိုက်၏ “မင်းဘာလုပ်ချင်နေတာလဲ”
“ဘာမှမလုပ်ချင်ပါဘူး။ မင်းက ဆေးပညာရှင် တစ်ယောက်လို့ ငါကြားတယ်၊ ဟုတ်လား” ဖန်းလန့်က မတ်တပ်ရပ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်၏။ ကျောက်စိမ်း ပုလင်းများကို မြင်တွေံလိုက်သည်နှင့် ပြုံးကာ “အဲ့ဆေးလုံးတွေကို မင်းသန့်စင်ထားတာလား”
ထိုဆေးလုံးအားလုံးကို ရန်ကိုင် သန့်စင်ထားခဲ့ခြင်း ဖြစ်၏။ ထိုဆေးလုံးများကို သူ့အတွက် မသုံးခဲ့ခြင်းမှာ နတ်ဆိုးနတ်ဘုရား မြို့တော်သည် သူလိုအပ်သမျှ ဆေးပင် အားလုံးကို ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတုန့်ပြန် လိုသော ရည်ရွယ်ချက်ဖြင့် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။
လီရုန်သာ လိုအပ်လာခဲ့လျှင် ထိုဆေးလုံးများ အားလုံးကို သူမဆီ ပေးလိုက်ရန် သူဝန်မလေးချေ။
ထို့အပြင် ထိုဆေးလုံးများ အားလုံးသည် မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်များသာ ဖြစ်လေရာ အရမ်းကြီး အဖိုးမတန်လှချေ။
သို့သော်လည်း ဖန်းလန့်သည် ထိုဆေးလုံးများကို စိတ်ဝင်စားနေသည့် ပုံပင်။
သူ့နောက်တွင် ရှိနေသော နတ်ဆိုးမျိုးနွယ်စုဝင် များထဲမှ တစ်ယောက်သည် ထိုကျောက်စိမ်းပုလင်းများ ရှိရာဆီ ပြေးသွားလိုက်ပြီး ပုလင်းအဖုံးကို ဖွင့်ကာ ရှူရှိုက်ကြည့်လိုက်၏။ ရှူလိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာ တစ်ခုလုံး ပြုံးဖြီးသွားခဲ့ပြီး “မဆိုးဘူး၊ ဒီကောင်းကင်အဆင့် ဆေးလုံးတွေက ငါတို့အတွက် နည်းနည်းပါးပါး အသုံးဝင်သေးတယ်”
ဖန်းလန့်က မာနတစ်ခွဲသားဖြင့် ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းကာ “အားလုံးကို ယူလိုက်”
သူ့နောက်လိုက်များ အာလုံး အူမြူးသွားခဲ့ပြီး ထိုကျောက်စိမ်းပုလင်းများကို အလျင်စလို သိမ်းဆည်းတော့လေ၏။
“အဲ့ဆေးပုလင်းတွေက စီနီယာလီအတွက် ထားထားတာ။ မင်းတို့သာ ယူသွားရင် စီနီယာလီကို ငါဘယ်လို ရှင်းပြရမှာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။
“အဲ့ဒါ မင်းအလုပ်လေ၊ ငါဘာလို့ ဂရုစိုက်နရမှာလဲ။ ဆေးလုံးတွေကို မင်းသုံးလိုက်လို့၊ ဒါမှမဟုတ် ဖော်စပ်တာ မအောင်မြင်လို့ဆိုပြီး အကြောင်းပြလိုက်ပေါ့။ မင်းကြိုက်သလို အကြောင်းပြချက် ပေးလို့ ရနေတာပဲ” ဖန်းလန့်က လှောင်ပြောင်စကား ဆိုလိုက်လေ၏ “အိုး၊ မေ့တော့မလို။ မင်းဆေးလုံးတွေအပြင် မင်းသန့်စင်သမျှ ဆေးလုံးရဲ့ တစ်ဝက်ကိုလည်း ငါလိုချင်သေးတယ်။ မဟုတ်ရင်တော့... ဟဲဟဲ”
“ဒီအကြောင်းကို စီနီယာလီသာ သိသွားရင် မင်းတို့ ပြဿနာတက်မှာနော်” ရန်ကိုင်က အသာအယာ ပြုံးလိုက်၏။
“ဒီအကြောင်းကို မင်းပြောရဲပြောကြည့်၊ သေတာထက် ဆိုးတာက ဘာလဲ ဆိုတာကို မင်းသိအောင် လုပ်ပေးလိုက်မယ်” ဖန်းလန့်က အေးစက်စက် လေသံဖြင့် ခြိမ်းခြောက်လိုက်၏။ ရန်ကိုင် တိတ်ဆိတ်နေသည်ကို မြင်သော်၊ ရန်ကိုင်သည် သူ့ကို ကြောက်နေသည်ဟု ထင်ကာ အထင်အမြင် သေးသေးဖြင့် ခေါင်းခါရမ်းလိုက်လေ၏ “လူသား၊ စီနီယာလီက မင်းကို သလင်းကျောက် အများကြီး ပေးခဲ့တယ်ဆို။ မင်းဒုက္ခ မရောက်ချင်ရင် အဲ့ဒါတွေအားလုံး ငါ့ကိုပေးစမ်း”
ပြောပြီးသည်နှင့် ရန်ကိုင်ဆီ လက်ဆန့်တန်း၍ လက်ဝါး ဖြန့်ပြလိုက်၏။
ရန်ကိုင်က ခေါင်းညိတ်ရုံလေးညိတ်လျက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေ၏ “ငါနားလည်သွားပြီ။ မင်းတို့က ပြဿနာရှာဖို့ ဒီကို ရောက်လာတာပဲ”
“ဘာဖြစ်လို့လဲ” ဖန်းလန့်က ထေ့ငေါ့၍ “မင်းလို့ နိမ့်ကျတဲ့ လူသားကများ ဒီလိုမျိုး တခမ်းတနားနဲ့ နေချင်တယ်ပေါ့။ ငါကဖန်းလန့်၊ နတ်ဆိုးနတ်ဘုရားမြို့တော်ရဲ့ အနာဂတ် ထောက်တိုင်ပဲ၊ ငါကသာ ဒီလို အလေးပေးမှုကို ခံစားသင့်တာ”
“မင်းရဲ့ ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့လား” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး အကြောအဆစ် ချိုးကာ “ကောင်းပြီလေ၊ ငါလည်း လေ့ကျင့်ခန်းမလုပ်ရတာ အတော်ကြာနေပြီ။ တစ်ယောက်ယောက်က ငါ့ကိုကူပြီး လေ့ကျင့်ခန်း လုပ်ပေးချင်နေမှတော့ ငါကလည်း ငြင်းလို့ ဘယ်ကောင်းပါ့မလဲ”
ဖန်းလန်သည် ရန်ကိုင်ကို ကြောင်အနေသည့် အမူအရာဖြင့် စိုက်ကြည့်နေလိုက်၏။ ခဏကြာမှသာ အသိပြန်ဝင်လာခဲ့ပြီး “မင်က ငါတို့နဲ့ တိုက်ခိုက်ချင်တာလား”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်ကို မြင်သည်နှင့် နတ်ဆိုးမျိုးနွယ်စုဝင် အားလုံး ဝါးလုံးကွဲ ရယ်မောကြတော့လေ၏။ ဖန်းလန့်သည် ဗိုက်ကို လက်ဖြင့် ဖိ၍ အတောမသတ် ရယ်မောရင်း အခြားလက်တစ်ဖက်ဖြင့် ရန်ကိုင်ကို လက်ညိုးထိုးကာ သူ့နောက်လိုက်ငယ်သားများကို လှမ်း၍ အော်ပြောလိုက်လေ၏ “မင်းတို့ကောင်တွေ ကြားကြလား၊ သူက ငါတို့နဲ့ တိုက်မယ်တဲ့။ နိမ့်ကျတဲ့ လူသားတစ်ယောက်က ငါတို့ရဲ့ ရှေးဟောင်း တော်ဝင် နတ်ဆိုး ကလန်နဲ့ တိုက်ခိုက်ချင်နေတယ်တဲ့ကွာ။ ဒီလောက်တောင် သောက်အသိဥာဏ် မရှိတဲ့ကောင် အခုအချိန်အထိ ဘယ်လိုများ အသက်ရှင်နေတာလဲ ဆိုတာကို ငါတကယ် နားမလည် နိုင်တော့ဘူးကွာ”
“ငါသူ့ကို သင်ခန်းစာပေးလိုက်မယ်” ဖန်းလန့် နောက်တွင် ရှိနေသော အကောင်ကြီးကြီး နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူက လမ်းလျှောက် ထွက်လာလိုက်ပြီး ရက်စက်စွာ ပြုံးလိုက်ရင်း “လူသားမျိုးနွယ်စုက လူတွေက အမြဲတမ်းလိုလို ရူးနေကြတာပဲ။ ကိုယ့်အခြေအနေကိုတောင် ကိုယ်မသိတဲ့ အရူးချီးပန်းတွေပဲ”
“ဟုတ်တယ်၊ သူတစ်သက် မမေ့လောက်မယ့် သင်ခန်းစာ ပေးဖို့ မမေ့နဲ့နော်” ဖန်းလန့်က အေးစက်စက် လေသံဖြင့် လှောင်ပြောင် ပြောဆိုလိုက်၏။
စီနီယာလီသည် ရန်ကိုင်ကို အထူးအလေးပေးသော်လည်း သူသည် နိမ့်ကျသည့် လူသားတစ်ယောက်သာ ဖြစ်နေသေး၏။ ဤနေရာသို့ ရောက်လာသော လူသားမျိုးနွယ်စုများထဲမှ တော်တော်များများသည် သူတို့၏ သင်ခန်းစာပေးခြင်း ခံခဲ့ရ၏။ သို့သော် စီနီယာလီသည် ထိုလူသားများအတွက် စကားတစ်ခွန်းမှ ဝင်မပြောပေးခဲ့ချေ။ ထိုလူများသာ အသတ်မခံရသရွေ့ စီနီယာလီသည် ဘာမှ မဖြစ်ခဲ့သလိုသာ သဘောထားပေလိမ့်မည်။
ထိုကြောင့် ထိုနတ်ဆိုးမျိုးနွယ်စုဝင်များ အကြောက်အလန့် မဲ့နေကြခြင်း ဖြစ်၏။
တုတ်ခိုင်ထွားကြိုင်းသော နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူက ရန်ကိုင်ကို လက်ညိုးထိုးပြပြီး လက်ချောင်းဖြင့် လက်ယပ်ပြကာ စိန်ခေါ်ဟန် လုပ်ပြရင်း “မင်းအရင် စလှုပ်ရှားလိုက်”
“အဲ့လိုဆိုရင် မင်းနောက်တစ်ကြိမ် ထပ်လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ကျောက်တုံးခန်းလေး တစ်ခန်းလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့လေ၏။ ဘာတွေ ဖြစ်ပျက် သွားခဲ့သည်ကို မည်သူမှ မသိနိုင်ခင်မှာဘဲ ထွားကြိုင်းသော နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည် ဒုံးပျံတစ်စင်းအလား လွင့်ပျံထွက်သွားခဲ့ပြီး မီတာပေါင်းများစွာ အကွာရှိ ကျောက်နံရံကို ဝင်ရိုက်သွားလေ၏။ ထိုမျှနှင့်ပင် အရှိန် မသေသေးဘဲ မြေကြီးပေါ်၍ အပတ်ပေါင်းများစွာ လှိမ့်သွားပြီးမှသာ ရပ်တန့်သွားခဲ့၏။
ဖန်းလန့်နျင့် ကျန်နတ်ဆိုးမျိုးနွယ်စုဝင်များ၏ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး သူတို့၏ အပြုံးများသည်လည်း တောင့်တင်း သွားခဲ့ရလေ၏။
ထို့နောက် အနည်းငယ် တည်ကြည် လေးနက်သော အမူအရာဖြင့် ရန်ကိုင်ဆီ ပြန်လှည့်ကြည့်လိုက်ကြ၏။
ထိုတိုက်ခိုက်မှုသည် မြန်ဆန်ရုံမက အားလည်းပြင်း၏။ သူတို့ နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူများနှင့်ပင် တန်းတူ ရှိနေခဲ့၏။
“မင်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိတဲ့ပုံပဲ” ဖန်းလန့်က အနည်းငယ် ထိတ်လန့်နေသည့် လေသံဖြင့် ရေရွတ်လိုက်လေ၏။ သို့သော်လည်း လွင့်ပျံထွက်သွားသော သူ့အဖော်အတွက် နည်းနည်းမျှပင် စိုးရိမ်ခြင်းမရှိဘဲ “မင်းအခုလိုမျိုး လုပ်နေရတာလည်း မထူးဆန်းတော့ပါဘူးလေ”
“အင်း၊ ဟုတ်တယ်” ကျန်သူများ အားလုံး ခေါင်းညိတ်လိုက်ကြ၏။
ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး သူလွင့်ပျံထွက်သွားအောင် လုပ်လိုက်သော နတ်ဆိုး မျိုးနွယ်စုဝင် ကျင့်ကြံသူကို လှမ်း၍ ကြည့်လိုက်လေ၏။
သူ့ခွန်အား ဘယ်လောက်များများ သုံးခဲ့သည်ကို သူကောင်းကောင်းသိ၏။ သူ့လက်သီးချက်ကြောင့် ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ ချက်ချင်း သတိလစ်သွားမည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူထင်ထားသလို ဖြစ်မလာသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။
သူ့လက်သီးစာ မိသွားသော ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသည် ချောင်းအနည်းငယ် ဆို၍ ဒယီးဒယိုင်ဖြင့် ပြန်ထလာခဲ့၏။
“မင်းဘယ်လိုနေလဲ” ဖန်းလန့်က မေးလိုက်ရာ နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူက သူအထိုးခံလိုက်ရသည့် ခန္ဓာကိုယ် နေရာကို တစ်ချက်လောက် စမ်းသပ်ကြည့်လိုက်ပြီး အလျင်အမြန်ပဲ ပြန်ပြောလိုက်လေ၏ “နံရိုးလေး နည်းနည်းပါးပါးလောက် ကျိုးသွားရုံပါပဲ။ ဒီလောက်ကြီး မဟုတ်ဘူး”
“ဘာမှမဖြစ်ရင် ဆက်လုပ်တော့။ သူ့ကို သွေးသံတရဲရဲ ဖြစ်သွားအောင် လုပ်ဖို့ မမေ့နဲ့။ မဟုတ်ရင် ငါတို့မျိုးနွယ်စုကို အထင်သေးနေလိမ့်မယ်”
“ငါလည်း အဲ့လိုလုပ်ဖို့ စဉ်းစားထားတာ” နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည် ပြန်ပြောလိုက်ပြီး မယုံနိုင်ဖွယ်ရာ အရှိန်နှုန်းဖြင့် ရန်ကိုင်ဆီ ပြေးဝင်သွားလေ၏။
သူ့ပြိုင်ဘက် အနီးသို့ ရောက်လာသည်နှင့် ထိုလူမျက်နှာထက် အနက်ရောင် တက်တူများ ရုတ်တရက် ပေါ်လာသည်ကို ရန်ကိုင်တွေ့လိုက်ရလေ၏။
ထိုအနက်ရောင် တက်တူးများကြောင့် ထိုနတ်ဆိုး မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ အမြန်နှုန်းသည် အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ခွန်အားသည်လည်း ရုတ်တရက် မြင့်တက်သွားခဲ့လေ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၇) သူဒီလောက်တောင် သန်မာတာလား
——————————————————————
နတ်ဆိုးမျိုးနွယ်စုဝင် မျက်နှာထက် တက်တူးများ ပေါ်လာသည်ကို မြင်သော်လည်း ရန်ကိုင်၏ အမူအရာသည် နည်းနည်းမျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သို့သော် သူ့စိတ်ထဲတွင်မူ အတော့်ကို အံ့အားသင့်နေခဲ့ရ၏။
ထိုကဲ့သို့သော အနက်ရောင် တက်တူများကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူများကို သူမြင်တွေ့ခဲ့ဖူးပေ၏။ သို့သော်လည်း နတ်ဆိုးမျိုးနွယ်စုဝင်တိုင်း ထိုတက်တူးများကို ပိုင်ဆိုင်ထားခြင်း မရှိချေ။ ဥပမာ... လီရုန်နှင့် ကွမ်းအာတို့၏ အရေပြားထက်၍ ထိုကဲ့သို့သော တက်တူးများ မရှိကြပေ။
သို့သော်လည်း ထိုတက်တူးများသည် အလှဆင်ထားရုံ သက်သက် ဟုတ်ပုံမရ။ အဲ့အစား တက်တူးများသည် ထိုနတ်ဆိုးမျိုးနွယ်စုဝင်များ လေ့ကျင့်သည် ထူးခြားသော သိုင်းပညာရပ် တစ်ခုခု ဖြစ်ဟန်တူ၏။
အရေးအကြီးဆုံး အချက်သည်ကား ထိုတက်တူးများ ထွက်ပေါ်လာသည်နှင့် ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ခွန်အား တစ်ဟုန်ထိုးတိုးတက်သွားခြင်းပင် ဖြစ်၏။
ရန်ကိုင် ပြိုင်ဘက်၏ အမြန်နှုန်းသည် ရုတ်ချည်း ထိုးတက်သွားခဲ့၏။ ထိုအခါမှသာ ဖန်းလန့်နှင့် ကျန်သူများ သက်ပြင်းချလိုက်နိုင်ကြ၏။ အားလုံးသည် လှောင်ပြုံးပြုံးလျက် ရန်ကိုင် မည်ကဲ့သို့ ရိုက်နှက်ခံရတော့မည်ကို အာရဝမ်းသာဖြင့် စောင့်ကြည့်နေခဲ့ကြ၏။
ရန်ကိုင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ သို့သော်လည်း သူ့ဆီ တိုးဝင်လာနေသည့် တိုက်ခိုက်မှုကို ရှောင်ရှားခြင်း မပြုဘဲ ထိပ်တိုက်သာ ရင်ဆိုင်လိုက်လေ၏။
ရန်ကိုင် ထိုကဲ့သို့ လုပ်ရသည့် အကြောင်းပြချက်မှာ ထိုကျင့်ကြံသူ၏ ခွန်အား မည်သည့် အတိုင်းအတာအထိ တိုးတက်သွားသည်ကို သိလိုသောကြောင့်ပင် ဖြစ်၏။
ဘုန်း...
ပေါက်ကွဲသံကြီးနှင့်အတူ ပြင်းထန်လှသော စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့၏။ ရန်ကိုင် နောက်ပြန် လွင့်စင်ထွက်သွားခဲ့ရသော်လည်း လေထဲနှစ်ပတ်သုံးပတ် ကျွမ်းပစ်ပြီးသည်နှင့် သူ့အရှိန်ကို ငြိမ်အောင် လုပ်လိုက်နိုင်၏။
နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည်လည်း နောက်ပြန် ဆုတ်သွားခဲ့ရလေ၏။ သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ ခြေလှမ်းဒါဇင်ကျော်အထိ လွင့်စင်ထွက်သွားခဲပြီး မြေကြီးပေါ် အားလျားမှောက် ပြုတ်ကျသွားခဲ့ရလေ၏။
ဖန်းလန့်နှင့် သူ့နောက်လိုက်များ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ကြပြီး အံ့အားသင့်နေသည့် အကြည့်ဖြင့် ရန်ကိုင်ဆီ လှမ်း၍ ကြည့်လိုက်ကြလေ၏။
လူသားများသည် ဤလောကငယ်ထဲ၌ ထွက်ပေါ်လာခဲ့ဖူးသော်လည်း လူသားများ၏ ခန္ဓာကိုယ်သည် သူတို့ ရှေးဟောင်နတ်ဆိုးကလန်သား များအောက် များစွာနိမ့်ကျသည်ကို သူတို့သိ၏။ အမှန်အတိုင်း ပြောရမည်ဆိုပါက ခွန်အားသက်သက် ယှဉ်မည်ဆိုလျှင် မည်သည့် မျိုးနွယ်စုဝင်ကမှ ရှေးဟောင်းနတ်ဆိုးကန်လန်ကို မယှဉ်ပြိုင်နိုင်ကြချေ။
သို့သော်လည်း ခွန်အားချင်း ထိပ်တိုက်ရင်ဆိုင်ရာ၌ သူတို့၏ အဖော်သည် ထိုလူသားကောင်လေးကို အမှန်ပင် မဖိနှိပ်နိုင်ခဲ့ချေ။
ဖန်းလန့် စိတ်ပျက်သွားခဲ့ပြီး ဒေါသထွက်သွားခဲ့ကာ “မင်းဘာတွေ လုပ်နေတာလဲ။ နိမ့်ကျတဲ့ လူသားတစ်ယောက် ကိုတောင် အနိုင်မယူနိုင်ဘူးလား”
လဲကျသွားသော နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည် ချက်ချင်း ပြန်ထလာပြီး ခေါင်းကိုခါရမ်း၍ သူ့ဒဏ်ရာများကိုပင် ဂရုမစိုက်တော့ဘဲ အကျယ်ကြီး ပြန်အော်ပြောလိုက်လေ၏ “ဒီကောင်စုတ်လေးရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာလွန်းတယ်”
“သူ့ခန္ဓာကိုယ်က ငါတို့ရှေးဟောင်းနတ်ဆိုးကလန်ထက် ပိုသာတယ်လို့ မင်းပြောချင်နေတာလား” ဖန်းလန့်က ငေါ့ပြလိုက်ပြီး “မင်းကို နောက်ဆုံးအကြိမ် အခွင့်ရေးပေးမယ်။ ဒီတစ်ကြိမ်ပါ ထပ်ကျရှုံးမယ်ဆိုရင်တော့ မင်းငါနဲ့ဆက်ပြီး ပက်သက်ဖို့ အရည်အချင်း မရှိတော့ဘူး။ အဲ့အချိန်ကစပြီး မင်းရဲ့ အဆင့်အတန်းကလည်း သာမန်ကလန်သား တစ်ယောက်အဖြစ်ကို လျှော့ကျသွားလိမ့်မယ်”
“စိတ်ချထားလိုက်ပါ၊ ဒီတစ်ကြိမ် သူ့ကို သေချာ ရင်ဆိုင်လိုက်မယ်” နတ်ဆိုးမျိုးနွယ်စုဝင်သည် အသေအချာ အာရုံစိုက်လိုက်၏။ သူ့မျက်နှာထက်မှ တက်တူးများသည် နောက်တစ်ကြိမ် ထပ်မံလှုပ်ရှားသွားခဲ့ကာ မကြာခင်မှာပင် သူ့မျက်နှာတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့လေ၏။ မျက်နှာ တစ်ခုလုံး ဖုံးနေသော တက်တူးများကြောင့် မျက်နှာဖုံး တပ်ထားသလို ဖြစ်နေခဲ့၏။ သို့သော်လည်း သူ၏ အနီရောင်မျက်လုံးများကမူ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ကို ထုတ်လွှတ်နေခဲ့၏။
ယခင်နှစ်ကြိမ် ရှုံးနိမ့်ခဲ့ရမှုကြောင့် သူဒေါသထွက်သွား ခဲ့ရလေပြီ။
ရန်ကိုင်သည် လေထဲတွင်ဝဲလျက် သူ့ပြိုင်ဘက်အား အေးစက်စက် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေခဲ့၏။ သူ့စိတ်ထဲတွင်လည်း ပိုပို၍ အံ့အားသင့်လာနေခဲ့ရ၏။
ဤလောကငယ်ထဲ၌ နေထိုင်သော နတ်ဆိုးမျိုးနွယ်စု၏ ခန္ဓာကိုယ်ခွန်အား မည်မျှ အံ့အားသင့်စရာကောင်းကြောင်းကို ယခုမှပင် သူနားလည်သွားခဲ့ရလေ၏။ သူ့ပြိုင်ဘက်သည် သူကဲ့သို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ခွန်အားနှင့် အရှိန်ကို အဆက်မပြတ် မြှင့်တင်နိုင်သော သူ့စွမ်းရည်သည် တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလှပေသည်။
သူ့နေရာ၌ အခြားလူသား ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက ပထမတစ်ချက်နှင့်တင် သူ့ပြိုင်ဘက်ကို ရန်ကိုင် အမှောက်သိပ်နိုင်၏။ သို့သော်လည်း ယခု နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက်ရင်ဆိုင်မှုအပြီး၌ သူ့ပြိုင်ဘက်သည် ကျားနဂါးကို အားမာန်တက်ကြွနေတုန်းပင် ရှိသေး၏။
ရှေးဟောင်းနတ်ဆိုးကလန်သားများ၏ ခန္ဓာကိုယ်သည် တကယ်ကို ကြောက်ဖို့ကောင်းလွန်းပေသည်။
ဖန်းလန့်နှင့် သူ့နောက်လိုက်များ၏ သဘောထားကို ကြည့်ရင်း ရှေးဟောင်းနတ်ဆိုးကလန်သားများသည် သွေးဆာပြီး တိုက်ခိုက်လိုစိတ် ပြင်းပြသူများ ဖြစ်ကြောင်း ရန်ကိုင် သိလိုက်ရ၏။ သူတို့ အဖော်၏ နံရိုးများသည် ကျိုးနေသော်လည်း ထိုလူများသည် စိုးရိမ်ပူပန်သည့် အရိပ်အယောင် နည်းနည်းမျှပင် မပြဘဲ သူ့တို့ အဖော်အား တိုက်ပွဲကွင်းပြင်ဆီကိုသာ ထပ်မံ၍ တွန်းပို့နေခဲ့၏။
နတ်ဆိုးမျိုးနွယ်စုက လူသားမျိုးနွယ်စုနဲ့ တကယ်ကို ကွာခြားတာပါလား ရန်ကိုင် တွေးလိုက်၏။
ရန်ကိုင်ပြိုင်ဘက် နောက်တစ်ကြိမ် ထပ်မံ လှုပ်ရှားလာခဲ့ပြန်လေပြီ။ သူခုန်လိုက်သည့်အားကြောင့် သူ့ခြေအောက်အောက်ရှိ မြေပြင် အက်ကွဲသွားခဲ့ပြီး တုတ်ခိုင်ထွားကြိုင်းသော ခန္ဓာကိုယ်သည် လက်ခနဲ ပျောက်ကွယ်သွားခဲ့ကာ ချက်ချင်းဆိုသလို ရန်ကိုင်ရှေ့၌ ပြန်ပေါ်လာခဲ့လေ၏။
ထိုလူ၏ အမြန်နှုန်းသည် သာမန် မျက်လုံးဖြင့် မြင်နိုင်သည့် အတိုင်းအတာထက်ကို ကျော်လွန်နေခဲ့လေပြီ။
ဖန်းလန့်က ယဲ့ယဲ့လေး ခေါင်းညိတ်၍ “နတ်ဆိုးအမှတ်အသား ဒုတိယမြောက် အသွင်ပြောင်းလဲခြင်းပဲ၊ ဒီလူသားကောင်စုတ်လေး ကျိန်းသေ ခံရတော့မှာ”
သူထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဘုန်းဆိုသော မြည်သံကြီး ထွက်ပေါ်လာခဲ့၏။
ယခုအချိန်၌ နတ်ဆိုးကျင့်ကြံသူ၏ ခြေထောက်သည် ရန်ကိုင် ပုခုံးနှင့် ထိကပ်နေခဲ့၏။ နတ်ဆိုးကျင့်ကြံသည် အမုန်းတရား အပြည့်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်ရင်း ထိုကန်ချက်ထဲ အားကုန်ထွက်သွင်းလိုက်လေ၏။
သူပတ်ပတ်လည်ရှိ မီတာပေါင်းများစွာ ကျယ်သော အလွှာကြီးတစ်ခုလုံး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရ၏။ သို့သော်လည်း ရန်ကိုင်က မလှုပ်မယှတ် ရှိနေတုန်းပင်။ ထူးမခြားနားဟန်ဖြင့်သာ ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူကို စိုက်ကြည့်နေခဲ့လေ၏။ ထိုနတ်ဆိုး၏ အံ့အားသင့်နေသည့် အကြည့်အောက်မှာဘဲ ရန်ကိုင်သည် ထိုလူ၏ ခြေကျင်းဝတ်ကို ဖမ်းကိုင်၍ ချားရဟတ်ပမာ လည်ပတ်ကာ ရက်ရက်စက်စက် လွင့်ပစ်လိုက်လေ၏။
နတ်ဆိုးကျင့်ကြံသူသည် မာန်သွင်းလျက် နတ်ဆိုးချီဖြင့် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ သို့သော် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်ရသေးခင်မှာပင် ပြင်းထန်လှသော လက်သီးချက်များ သူ့ရင်ဘတ်ပေါ်သို့ ကျရောက်လာခဲ့လေ၏။
လက်သီးချက်များသည် လွန်စွာကိုမှ လျင်မြန်လွန်းလှ သဖြင့် အရပ်မျက်နှာတိုင်းဆီမှ လာနေသည်ဟု ထင်ရကာ နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည်လည်း မည်ကဲ့သို့ ရှောင်ရှားရမှန်း မသိ ဖြစ်သွားခဲ့လေ၏။
ပိုဆိုးသည်ကား ထိုလက်သီးချက်များထဲ အလွန်အမင်းကို ပူပြင်းသန့်စင်လှသော သူ့နတ်ဆိုးချီကို ကြီးကြီးမားမား ဖိနှိပ်ထားနိုင်သည့် အစစ်အမှန်ချီများ ပါဝင်နေခြင်းပင် ဖြစ်၏။
ဘုန်း... ဘုန်း... ဘုန်း...
ရန်ကိုင်သည် ပြောင်းလဲခြင်း မရှိသည့် အမူအရာနှင့် ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူကို တရစပ်ထိုးနှက် နေခဲ့၏။ သို့သော်လည်း သူ့စိတ်ထဲတွင်တူ အတော့်ကို အံ့အားသင့်နေခဲ့ရ၏။
သူ့လက်သီးချက်များကို လူသားမျိုးနွယ်စု၏ မသေမျိုးအဆင့် ပညာရှင်တစ်ယောက်ပင် ခုခံနိုင်ရန် ခက်ခဲ၏။ သို့သော်လည်း ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည် သူ့လက်သီးချက်များကို အမှန်အကန်ပင် တောင့်ခံနိုင်နေခ၏။
မြေကြီးပေါ်သို့ ရောက်သည့်အချိန်အထိတိုင် ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ သတိမလစ်သေးချေ။ အဲ့အစား ရန်ကိုင်၏ အဝတ်အစားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ရန်ကိုင်အား မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေခဲ့လေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်သည် ထိုလူမျက်နှာကို နောက်တစ်ကြိမ် ထပ်မံ ထိုးချလိုက်လေ၏။
ထိုလက်သီးချက်ကြောင့် သွားအနည်းငယ် ကျွတ်ထွက်သွားခဲ့ပြီး နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူသည်လည်း သတိလစ်သွားခဲ့ရကာ သူ့မျက်နှာထက်မှ နတ်ဆိုးအမှတ်အသားများသည်လည်း ပျောက်ကွယ် သွားခဲ့ရလေ၏။
ရန်ကိုင်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ဖန့်လန့်နှင့် ကျန်သူများကို သုန်မှုန်နေသော မျက်နှာဖြင့် လှမ်း၍ ကြည့်လိုက်၏။
သူတို့၏ အဖော်ရိုက်နှက်ခံနေရသော်လည်း သူတို့ထဲက မည်သူကမှ ထိုလူအား ကယ်တင်ရန် မကြိုးစားခဲ့ချေ။ အားလုံးသည် ပြပွဲတစ်ခုကို ကြည့်နေရသည့် ပုံစံမျိုးဖြင့်သာ ရပ်ကြည့်နေခဲ့ကြလေ၏။
သို့သော်လည်း ဖန်းလန့်နှင့် အခြားနတ်ဆိုးမျိုးနွယ်စုဝင် များ၏ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့လေ၏။ ထိုလူသားကောင်စုတ်လေးသည် ဤမျှ သန်မာလိမ့်မည်ဟု သူတို့ထဲက မည်သူမှ မထင်မှတ် ထားခဲ့ချေ။
“စိတ်ဝင်စားစရာပဲ၊ ငါတို့အားလုံး မင်းကို အထင်သေးမိသွားပြီနဲ့တူတယ်” ဖန်းလန့်က ဖြည်းဖြည်းချင်း လက်ခုပ်တီးလိုက်ပြီး “ဒါပေမယ့် မင်းက ငါတို့ထဲက အားအနည်းဆုံးကိုပဲ အနိုင်ယူနိုင်လိုက်တာ။ နောက်တစ်ကြိမ်ကျ အခုလိုမျိုး ကံကောင်းနိုင်တော့မှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် ဖန်းလန့်က အခြား နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်ကို အချက်ပြလိုက်ရာ ထိုလူသည် ချက်ချင်း ရှေ့တက်လာခဲ့လေ၏။
“ဒီလောက် ကရိကထများနေစရာ မလိုဘူး။ မင်းတို့အားလုံး တစ်ပြိုင်တည်း တက်လာခဲ့လိုက်” အကြောအဆစ် ချိုးရင်း ရန်ကိုင်က ပြောလိုက်၏။ ရန်ကိုသည် တိုက်ခိုက်ရခြင်းကို နှစ်ဖက်သော လူစားမျိုးဖြစ်၏။
အထူးသဖြင့် အားကောင်းသော ပြိုင်ဘက်များအား တိုက်ခိုက်ရခြင်းကို ရန်ကိုင် နှစ်သက်၏။
ဖန်းလန့်က ရယ်ရယ်မောမောဖြင့် “ငါတို့တွေက မင်းကို အဲ့လိုမျိုး အနိုင်မကျင့်ရက်ပါဘူးကွာ။ ဒါက သေခြင်းရှင်ခြင်း တိုက်ပွဲဆိုရင်တော့ မတူဘူးပေါ့။ ဒါပေမယ့် သင်ခန်စာလေး ပေးရုံပဲကို ငါတို့အားလုံးပေါင်းပြီး မင်းလို နိမ့်ကျတဲ့ လူသားတစ်ယေဦက်ကို ဘာလို့ ရင်ဆိုင်ရမှာလဲ”
“အဲ့လိုလား” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ့ခွန်အားကို ဆက်၍ မထိန်ချန်ထားတော့ချေ။ အားကောင်းလှသော အရှိန်အဝါတို့ ရန်ကိုင် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ များဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့လေ၏။
ပူပြင်းလှသော အစစ်အမှန်ချီတို့ သူခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး ညင်သာသိမ်မွေ့ ကျွမ်းကျင် ပိုင်နိုင်လှသော ထိန်းချုပ်မှုအောက်၌ ထိုအစစ်အမှန်ချီ များသည် သူ့ပြိုင်ဘက်ခြောက်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ထိမှန်သွားခဲ့လေ၏။
ဖန်းလန့် ဒေါသထွက်သွားခဲ့ပြီး “မင်းက ကောင်းကင်နဲ့ မြေပြင် ဘယ်လောက် ကွာလဲဆိုတာကို မသိတဲ့ကောင်ပဲ”
ယခု သူလုံးဝ ဒေါသထွက်သွားခဲ့လေပြီ။ နတ်ဆိုး အမှတ်အသားတို့ နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ ခြောက်ယောက်စလုံး မျက်နှာထက် အလျင်အမြန် ထွက်ပေါ်လာခဲ့လေ၏။
ပါစပ်ကနေသာ ရန်ကိုင်အား အထင်အမြင်သေး ရှုံ့ချ စကားများ ပြောနေသော်လည်း ရန်ကိုင်သည် လွယ်ကူသော ပြိုင်ဘက်တစ်ယောက် မဟုတ်သည်ကို သူတို့အားလုံး သိထားကြ၏။ နည်းနည်း သတိလွတ်သွားသည်နှင့် သူတို့ ရှုံးနိမ့်သွားရပေလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံး နည်းနည်းမျှပင် ထိန်ချန်မထားတော့ဘဲ တတ်စွမ်းထားသမျှ အကုန်အစင် ထုတ်သုံးကာ ရန်ကိုင်ကို တိုက်ခိုက်တော့လေ၏။
ဖန်းလန့်က ကြိတ်မနိုင်ခဲမရ ဖြစ်စေသည်မှာ ထိုလူသား ကောင်စုတ်လေး၏ အစစ်အမှန်ချီပင် ဖြစ်၏။ ထိုကောင်စုတ်၏ အစစ်အမှန်ချီသည် သူတို့၏ နတ်ဆိုးချီကို ဖိနှိပ်နိုင်ဟန်ရကာ တစ်ဝက်လောက် အားစိုက်ရုံဖြင့် သူတို့အပေါ် နှစ်ဆ အကျိုးသက်ရောက်မှု ရှိလေ၏။
ရန်ကိုင်သည် ခြောက်ယောက်တစ်ယောက် ရင်ဆိုင် နေရသော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းမျှပင် မပြဘဲ အဲ့အစား သူ့တိုက်ခိုက်မှုများသည် ပို၍ပင် ကြမ်းတမ်းလာခဲ့သေး၏။
ရန်ကိုင် အနေဖြင့် သူ၏ တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်ထားခဲ့ရသည်မှာ အချိန်အတော်ကြာနေခဲ့လေပြီ။ သို့သော်လည်း ဖန်းလန့်နှင့် သူ့နောက်လိုက်များသည် သူ့အား အချိန်ကောင်း၌ လာရန်စခဲ့လေပြီ။
အမျိုးမျိုးသော သိုင်းပညာရပ်တို့ကြောင် ကျောက်တုံးခန်းလေး တစ်ခန်းလုံး အလင်းရောင်စုံတို့ဖြင့် ဖြာဝေနေခဲ့ပြီး ပေါက်ကွဲသံတို့သည်လည်း အဆက်မပြတ် မြည်ဟည်း ထွက်ပေါ်နေခဲ့လေ၏။
----------------------------------
ကွမ်းအာ ကျောက်တုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည့် အခိုက် မြင်လိုက်ရသည့် အပျက်အစီးပုံကြောင့် သူမမှာ ဆွံ့အ စကားမပြောနိုင် ဖြစ်သွားခဲ့ရလေ၏။
လွန်ခဲ့သော လအတွင်း ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ် ဖြင့်သာ ပြုမူနေထိုင်ခဲ့ကာ မည်သည့်အခါမှ ထွက်ပြေးရန်၊ ပြဿနာရှာရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် ကွမ်းအလည် ရန်ကိုင်အား အချိန်ပြည့် စောင့်ကြည့်ရန် မလိုအပ်ခဲ့ပေ။
သူသော် သူမ အခြားကိစ္စများနှင့် အလှုပ်ရှုပ်နေစဉ် ယခုလိုမျိုး ဖြစ်ပျက်သွားခဲ့လိမ့်မည်ဟု ထင်ကိုမထင်ထားခဲ့ချေ။
သူမတို့ ကလန်သား ခုနှစ်ယောက်သည် ပုံပျက်ပန်းပျက် အမူအရာဖြင့် မြေကြီးပေါ် လဲနေခဲ့ကြ၏။ ကျောက်တုံးခန်းလေး တစ်ခန်းလုံးသည် ရှုပ်ပွနေခဲ့ပြီး သွေကွက်များကိုလည်း ဟိုတစ်နေရာ၊ ဒီတစ်နေရာ မြင်တွေ့နေခဲ့ရ၏။
“ဘာတွေ ဖြစ်သွားခဲ့တာလဲ” ကွမ်းအာ အော်ဟစ်လိုက်၍ အခန်းထဲသို့ ပြေးဝင်ကာ သူမကလန်သားများ၏ အခြေအနေကို စစ်ဆေးလိုက်၏။ စစ်ဆေးကြည့်လိုက်သည့် အခါ တစ်ယောက်ချင်းစီတိုင်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသည်ကို သူမတွေ့ရှိလိုက်ရ၏။ ဒဏ်ရာအပြင်းဆုံး လူဆိုလျှင် အရိုးတစ်ဝက်ထက်မက ကျိုးနေ၏။ ထိုကဲ့သို့သော ဒဏ်ရမျိုး အပြည့်အဝ ပြန်သက်သာလာနိုင်ရန် သူမတို့လို့ ရှေးဟောင်းနတ်ဆိုးကလန်သားများပင် နှစ်ဝက်လောက် အချိန်ယူရ၏။ ဒဏ်ရာ အပေါ့ဆုံးလူဆိုလျှင် အရိုးဒါဇင်ကျော် ကျိုးနေခဲ့ကာ သူတို့တစ်ကိုယ်လုံး မရေမတွက်နိုင်သော ဒဏ်ရာ၊ အနာတရများဖြင့် ပြည့်နေခဲ့၏။
“ဖန်းလန့်လား” နောက်ဆုံးလူကို စစ်ဆေးပြီးနောက် ကွမ်အာသည် သူမ၏ ပါးစပ်လေးကို အလန့်တကြား လက်ဖြင့် အုပ်မိလိုက်၏။
မော့ကြည့်လိုက်သည့်အခါ ရန်ကိုင်သည် သူ့ကုတင်ပေါ်၌ တင်ပလင်ခွေထိုင် အားပြန်ဖြည့်နေသည်ကို တွေ့လိုက်ရ၏။
ဖန်းလန့်သည့် အမြင်ကတ်စရာ ကောင်းပြီး ရွံ့ရှာစရာ ကောင်းသည့် လူတစ်ယောက် ဖြစ်သော်လည်း ထိုလူများသည် သူမတို့ ကလန်၏ အဖွဲ့သားများ ဖြစ်နေတုန်းပင်။ ရန်ကိုင်သည် သူတို့ကို ဒဏ်ရရအောင် လုပ်သွားခဲ့သည့်လူ ဖြစ်လေရာ သူမ အနေဖြင့် ဤကိစ္စနှင့် ပက်သက်၍ သူ့ကို မေးခွန်းထုတ်ချင်သည်မှာ သဘာဝပင် ဖြစ်ချေ၏။
သို့သော်လည်း မေးပင် မပေးရသေးခင်မှာပင် စီနီယာလီ၏ အသံ သူမနားထဲ ပျံ့လွင့်လာခဲ့လေ၏ “သူ့ကို မနှောင့်ယှတ်နဲ့။ သူအဆင့်ချိုးဖျက်နေတယ်။ လူအချို့ရှာပြီး ဖန်းလန့်တို့ကိုသာ တိတ်တိတ်လေး ပြန်သယ်ထုတ်လာခဲ့”
“သခင်မ၊ ဘာတွေ...”
“ဒီမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ငါသိတယ်။ ဖန်းလန့်နဲ့ သူ့သူငယ်ချင်းတွေက သူ့ကို သွားရန်စခဲ့တာ။ ဒါကြောင့် ဒါက သူ့အမှား မဟုတ်ဘူး”
“ကျွန်မ နားလည်ပါပြီ” ကွမ်းအာ အသာအယာ ခေါင်းညိတ်လျက် ရန်ကိုင်ကို စိတ်ဝင်တစားဖြင့် လှမ်း၍ ကြည့်လိုက်၏။ စီနီယာလီ ပြောပုံအရဆိုလျှင် ဖန်းလန့်နှင့် သူ့အပေါင်းများကို ဒဏ်ရာရအောင် လုပ်သွားခဲ့သူမျာ ထိုလူသားမျိုးနွယ်စုဝင် ကောင်လေး ဖြစ်၏။
ဒီလူသားမျိုးနွယ်စုဝင် ကောင်စုတ်လေးက အရမ်းကြီး သန်မာလွန်းမနေဘူးလား။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၈) လီရုန်၏ ကာကွယ်ပေးမှု
——————————————————————
နတ်ဆိုးနတ်ဘုရားမြို့တော်၏ အဓိကခန်းမထဲ၌ လီရုန်သည် ပုလ္လင်ထက်တွင် ထိုင်လျက် ရှေးဟောင်း နတ်ဆိုးကလန်၏ အဆင့်မြင့် ပုဂ္ဂိုလ်များကို ငုံ့ကြည့်နေခဲ့လေ၏။
ထိုအဖွဲ့ထဲ အားကောင်းလှသည့် ပညာရှင်များစွာ ရှိနေခဲ့ပြီး အားအကောင်းဆုံး လေးယောက်သည် နတ်ဆိုး ဗိုလ်မှူးကြီး လေးယောက်ပင် ဖြစ်ချေ၏။
မသေမျိုးအဆင့် လူအိုကြီးတစ်ယောက်သည် ဒေါသတကြီး အော်ပြောလိုက်၏ “စီနီယာလီ၊ အဲ့လူသား ကောင်စုတ်လေးက ကျုပ်တို့ နတ်ဆိုးနတ်ဘုရား မြို့တော်ကလူတွေကို တကယ်ပဲ တိုက်ခိုက်ရဲတယ်။ ပြီးတော့ ကျုပ်တို့ (၇)ယောက်စလုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင်တောင် တိုက်ခိုက်သွားခဲ့တာ။ သူ့အနေနဲ့ သူလုပ်ခဲ့တာအတွက် သင့်လျော်တဲ့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရလိမ့်မယ်”
“ဟုတ်တယ်” နောက်ထပ် မသေမျိုး ဒုတိယအဆင့် ပညာရှင် တစ်ယောက်က ရှေ့တက်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ဝင်ပြောလိုက်၏ “ဘာမဟုတ်တဲ့ လူသားကောင်လေး တစ်ယောက်ကများ အခုလိုမျိုး လာပြီး မောက်မောက်မာမာ လုပ်ပြရဲတယ်။ စီနီယာလီက ဒီလောက် ကြင်နာပေးပြီူ ကျုပ်တို့ ကလန်ဆီကနေ အကျိုးအမြတ် အများကြီး ရပြီးတာတောင် မကျေနပ်သေးဘူ။ ကျုပ်တို့ ကလန်သားတွေကိုပါ ပြင်းပြင်း ထန်ထန် ဒဏ်ရာရအောင် ထပ်ပြီး တိုက်ခိုက်လိုက်သေးတယ်။ သူ့နေရာ သူသိသွားအောင် သူ့ကို သင်ခန်းစာ ပြင်းပြင်းထန်ထန် ပေးသင့်တယ်လို့ ကျုပ်ထင်တယ်”
ကျန်ရှိနေသော လူအားလုံးလည်း ခေါင်းညိတ်လိုက်ကြ၏။
ရှေးဟောင်း နတ်ဆိုး ကလန်သည် မာနကြီးသော မျိုးနွယ်စု ဖြစ်ပြီး စိတ်လည်းဆတ်၏။ သူတို့ မိသားစုမှ ကလေး(၇)ယောက်သည် ရန်ကိုင်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး ဒဏ်ရာအပြင်းဆုံး လူဆိုလျှင် မသေရုံတမယ်သာ ရှိတော့၏။ ထိုကဲ့သို့သော အဖြစ်အပျက်သည် သူတို့အတွက် လွန်စွာကိုမှ အရှက်ရဖွယ် ကောင်းလှလေရာ သူတို့သည် ရန်ကိုင်ကို ပြင်းပြင်းထန်ထန် သင်ခန်းစာ ပေးချင်နေသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော်လည်း စီနီယာလီသည် ထိုလူသားမျိုးနွယ် ကောင်စုတ်လေးကို လွန်စွာ အရေးပေးမှန်း သူတို့အားလုံး သိထားလေရာ ရန်ကိုင်ကိုသာ သင်ခန်းစာ ပေးချင်သည် ဆိုပါက စီနီယာလီဆီမှ အရင်ဆုံး ခွင့်ပြုချက် တောင်းရန် လိုအပ်ပေလိမ့်မည်။ တကယ်တော့ သူမသည် နတ်ဆိုး နတ်ဘုရား မြို့တော်၏ အရှင်သခင် ဖြစ်နေသေး၏။
“ရှင်တို့အားလုံး အခုလိုမျိုး တွေးနေကြတာလား” လီရုန်က လူအုပ်ကြီးကို ဝေ့ကြည့်ပြီး မေးလိုက်၏။
“ဟုတ်တယ်” ရှေ့ဆုံး၌ ရှိနေသော မသေမျိုး တတိယအဆင့် လူအိုကြီးက ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်၏။
“ဘာလို့လဲ” လီရန်၏ သလင်းကျောက်လေးလို ကြည်လင်သော မျက်ဝန်းထဲ အေးစက်စက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “သူဒဏ်ရာရအောင် လုပ်လိုက်တဲ့လူက ရှင့်သာ ဖန်းလန့် ဖြစ်နေလို့လား”
လူအိုကြီးသည် စီနီယာလီ၏ လေသံကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သော်ငြား တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းပြန်ညိတ်ပြလိုက်ပြီး “အဲ့ဒါက အကြောင်းပြချက်တွေထဲက တစ်ချက်ပဲ။ ဒါပေမယ့် အရေးအကြီးဆုံးက ကျုပ်တို့ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့လိုအပ်တယ်”
“စီနီယာလီ” နောက်တစ်ယောက်က ဝင်၍ ပြောလိုက်ပြန်၏ “ဒီတစ်ကြိမ် အဖြစ်အပျက်က တော်တော်လေးကို ဆိုးရွားတယ်။ ကျုပ်တို့ ကလန်သားတော်တော်များများ အဲ့လူသား ကောင်စုတ်လေးရဲ့ အခန်းအပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့ကြပြီ။ သူ့က ဆေးပညာမှာ အရမ်းပါရမီပါတယ် ဆိုတာကို ကျုပ်တို့ သိပေမယ့် ကျုပ်တို့ ကလန်သား တော်တော်များများကတော့ မသိကြဘူး။ ကျုပ်တို့သာ သူ့ကို သင်ခန်းစာ ကောင်းကောင်း မပေးရင် ကျုပ်တို့ ကလန်သားတွေလည်း ကျေနပ်မှာ မဟုတ်ဘူး”
လီရုန်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ကျွန်မတို့ ရှေးဟောင်း နတ်ဆိုး ကလန်က အရာအားလုံးထက် မိမိကိုယ်တိုင်ရဲ့ ခွန်အားအပေါ် ယုံကြည်ကြတာလေ။ ကျွန်မတို့ ကလန်သားတွေ ရှုံးနိမ့်သွားလို့ အကြီးအကဲတွေက လက်စားချေပေးမယ် ဆိုရင် အဲ့ဒါကမှ တကယ် မျက်နှာပျက်ရမှာ မဟုတ်ဘူးလား။ ဖန်းလန့်မှာသာ အရည်အချင်းရှိရင် သူ့ကိုပဲ ကိုယ်တိုင် သွားပြန်လက်စားချေခိုင်းလိုက်ပေါ့”
“အဲ့လိုဖြစ်သင့်ပေမယ့် အပြင်မှာ ရှိနေတဲ့ လူတော်တော် များများက ဒေါသထွက်နေကြပြီ။ အားလုံးက အဲ့လူသား ကောင်စုတ်လေးကို အတော်တော်လေးကို မကျေမနပ် ဖြစ်နေကြတာ...” ဖန်းလန့် အဖေဖြစ်သော လူအိုကြီးက ရုတ်တရက် ဝင်ပြောလိုက်လေ၏ “ကျုပ်တို့ ကလန်သားတွေကို ထည့်တွက်ပေးဖို့ လိုအပ်တယ်နော်”
လီရုန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “ရှင်တို့ သူ့ကို ဘယ်လို အပြစ်ပေးချင်နေတာလဲ”
“ရှင်းပါတယ်” ဖန်းပိုက အေးစက်စက် အမူအရာဖြင့် “သူက ကျုပ်တို့ ကလန်သားတွေရဲ့ အရိုးတွေကို ချိုးပစ်မှတော့ ကျုပ်တို့ကလည်း သူ့အရိုးတွေကို ပြန်ချိုးပစ်ရမှာပေါ့။ သွေးအတွက်သွေး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပဲလေ”
“သူ့အသက်ကိုကော လိုချင်လား” လီရုန်၏ အမူအရာ အေးစက်သွားခဲ့၏။
ဖန်းပိုက ပြုံးလိုက်ပြီး “ကျုပ်က သူ့ကိုအလွယ်တကူ မသေခိုင်းပါဘူး။ တကယ်တော့ သူက ကျုပ်တို့ ကလန်အတွက် အရမ်းကို အရေးပါသေးတယ်လေ။ ဘာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ရေရှည် ဆေးဖော်စပ်နိုင်စွမ်းကို မထိခိုက်နိုင်သရွေ့ အားလုံးက အဆင်ပြေနေတာပဲမလား”
လီရုန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်လေ၏။
ဖန်းပို ကြောင်သွားခဲ့ပြီး ပြန်အော်လိုက်လေ၏ “စီနီယာလီ၊ ကျုပ်တို့ကလန်က ဒီနေရာမှာ နှစ်ပေါင်းများစွာကြာအောင် ပိတ်လှောင်ထားခံခဲ့ရတာ။ ကျုပ်တို့ ဘယ်လို အခြေအနေမျိုးမှာ ရှိနေတယ် ဆိုတာကို ခင်ဗျား ကောင်းကောင်း နားလည်မှာပါ။ အခုလိုမျိုး မကျေနပ်မှုတွေ ပေါ်လာတော့ အားလုံးရဲ့ တိုက်ခိုက်ချင်စိတ်တွေ နိးကြွလာကုန်ကြပြီ။ ဒီကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ပြောင်းပြန် အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်”
“ဘယ်လိုမျိုးလဲ”
“ဘယ်လိုမျိုးလဲ ဆိုတော့ တစ်ယောက်ယောက်သာ မကျေမနပ် ဖြစ်သွားခဲ့ရင် ချူကျန်းဆီ သွားရောက် ခိုလှုံနိုင်တယ်လေ” ဖန်းပိုက သူ့မျက်ဝန်းအစုံကို မှေးစဉ်းပြီး ပြောလိုက်၏။
လီရုန်သည် ပြုံးနေဆဲ၊ သို့သော် သူမဆီမှ ထွက်ပေါ်နေသာ အရှိန်အဝါကမူ အပြောင်းကြီး ပြောင်းလဲသွားခဲ့၏။ တည်ငြိမ်နေသော အရှိန်အဝါလေးသည် ကြီးကျယ်မြင့်မြတ်သော ဖိအားအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေ၏။
ခန်းမထဲတွင် ရှိနေသော မသေမျိုးအဆင့် ပညာရှင်အားလုံး နှလုံးခုန် မြန်သွားခဲ့ပြီး အလျင်အမြန် အောက်သို့ ငုံစိုက်ကြည့်လိုက်ကြ၏။ ယခုအချိန်မှသာ စီနီယာလီ နတ်ဆိုးနတ်ဘုရားမြို့တော်၏ အရှင်သခင် ဖြစ်လာရခြင်းသည် သူမ၏ ကြင်နာမှု၊ ဥာဏ်ပညာ ကြီးမားမှုကြောင့်သာ မဟုတ်သည်ကို သူတို့ ရုတ်တရက် အမှတ်ရလိုက်ကြ၏။
စီနီယာလီသည် ကြင်နာတတ်သလို သူမ၏ ခွန်အားသည်လည်း ကြောက်မက်ဖွယ် ကောင်းလှ၏။
လီရုန်သည် သူမ၏ အရှိန်အဝါကို တစ်ခဏတာသာ ထုတ်ဖော်လိုက်ပြီး အလျင်အမြန် ပြန်ရုတ်လိုက်၏။ ထိုလူများကို တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ပြောလာခဲ့၏ “ဒီကိစ္စကို ကျွန်မကိုယ်တိုင် ကိုယ်တွယ်မယ်။ ရှင်တို့တွေကတော့ ကိုယ်လက်အောက်ငယ်သာ ကိုယ်ထိန်းကြ။ ပြီးတော့ ဒီနေ့ကစပြီး အဲ့လူသားမျိုးနွယ်စု ကောင်းလေးကို ပြဿနာ ရှာရဲတဲ့လူမှန်သမျှကို ကျွန်မကိုယ်တိုင် ဆာနတ်ဆိုးနတ်ဘုရားနဲ့ သွားတွေ့ခိုင်းလိုက်မယ်”
ဖန်းပိုနှင့် အခြားလူများ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး လီရုန်ကို အလန့်တကြားဖြင့် စိုက်ကြည့်ရင်း “စီနီယာ...”
“ကျွန်မ ပြောတာ မရှင်းလို့လား” လီရုန်က အေးစက်စက် လေသံဖြင့် ထပ်မေးလိုက်ရာ ဖန်းပိုက အလျင်အမြန် ခေါင်းငုံ့၍ “စီနီယာလီရဲ့ အမိန့်ကို ကျုပ်တို့ နာခံပါ့မယ်”
“ကောင်းပြီ။ ရှင်းတို့အားလုံး သွားတော့” လီရုန်က သူမလက်ကို ဝှေ့ရမ်း၍ ထပ်ပြောလိုက်၏ “တွမ့်ရ၊ ဒီမှာနေခဲ့”
တစ်ချိန်းလုံး တိတ်ဆိတ်နေသော နတ်ဆိုးမျိုးနွယ်စုဝင် ပညာရှင်သည် ခေါင်းညိတ်လိုက်ပြီး နေရာတွင်သာ ရပ်ကျန်နေခဲ့လေ၏။
အားလုံး ထွက်သွားပြီးနောက် လီရုန်က ကူကယ်ရာမဲ့စွာ ပြုံး၍ သူမဘာသာသူမ ရေရွတ်လိုက်၏ “အဲ့လူသား ကောင်စုတ်လေးကတော့...”
“စီနီယာလီ၊ ဘာများ ညွှန်ကြာချင်လို့လဲ” တွမ့်ရက မေးလိုက်၏။
“ဒီနေ့ကစပြီး အဲ့ကျောက်တုံးခန်းကို စောင့်ကြပ်ပေတော့။ သူ့အပေါ် လှုပ်ရှားချင်တဲ့လူတွေ့ရင် တစ်ခါတည်းသာ တန်းသတ်ပစ်လိုက်” လီရုန်က ပြောလိုက်၏။
တွမ့်ရ မျက်ဝန်းအစုံထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။ စီနီယာလီသည် ထိုလူသားကောင်စုတ်လေးကို အရမ်းအရမ်းကို တန်ဖိုး ထားပေသည်။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် တွမ့်ရက မေးလိုက်၏ “ဖန်းပိုနဲ့ သူတို့တွေသာ...”
“ဂျူနီယာတစ်ယောက်နဲ့ ရင်ဆိုင်ရလောက်တဲ့အထိ သူတို့အဆင့် သူတို့ နှိမ့်ချမှာ မဟုတ်ဘူး။ ဒါပေမယ့် မတော်လို့ သူတို့ လှုပ်ရှားလာခဲ့ရင်... ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်”
တွမ့်ရက အသာအယာ ခေါင်းညိတ်လိုက်ပြီး လေးလေးစားစားဖြင့် ပြန်ထွက်သွားလိုက်လေ၏။
ခန်းမအပြင်ဘက်၌... ဖန်းပို မျက်နှာတစ်ခုလုံး မှုန်ကုပ်နေခဲ့၏။ စီနီယာလီသည် မည်သည့်အတွက်ကြောင့် ထိုလူသား ကောင်စုတ်လေးကို ဤမျှ အလေးပေးနေမှန်း သူတို့ နားမလည်နိုင်ခဲ့ချေ။
သူသည် ဆေးပညာရပ်၌ အရမ်း ပါရမီပါသည် ဆိုလျှင်ပင် သူမအနေဖြင့် သူ့ကို ယခုကဲ့သို့ အပြင်းအထန် ကာကွယ်ပေးရန် မဖြစ်နိုင်ချေ။
သူ့သား ဖန်းလန့်သည် နတ်ဆိုးနတ်ဘုရားမြို့တော်၏ လူငယ်မျိုးဆက် ခေါင်းဆောင် တစ်ယောက် ဖြစ်ရာ အနာဂတ်၌ နတ်ဆိုး နတ်ဘုရားမြို့တော်၏ အားအကောင်းဆုံး အထောက်အပံ့ များထဲမှ တစ်ယောက် ဖြစ်လာနိုင်ချေရှိ၏။ ယခုအကြိမ်၌ သူသည် ဆိုးဆိုးရွားရွား ရိုက်နှက်ခံလိုက်ရရာ သူ့အတွက် တရားမျှတမှု ရှာပေးသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ကြောင့် လီရုန်၏ ဆုံးဖြတ်ချက်သည် ဖန်းပိုကို စိတ်အပျက်ကြီး ပျက်သွားစေခဲ့လေ၏။
“ဘာတွေဖြစ်နေတာလဲ။ စီနီယာလီက အဲ့ကောင်စုတ်လေးကို ဘာလို့ ဒီလောက်တောင် အရေးပေးနေရတာလဲ” သူတို့ထဲမှ တစ်ယောက်သည် တိုးတိုးလေး မေးလိုက်၏။
“စီနီယာလီက အဲ့ကောင်စုတ်လေးကို...”
“ရပ်လိုက်တော့၊ စီနီယာလီက ဘယ်လောက်တောင် မြင့်မြတ်လိုက်လဲ။ သူ့လို လူတစ်ယောက်က... နိမ့်ကျတဲ့ လူသားတစ်ယောက်ကို...”
“ဒီကိစ္စက အဲ့လောက် မရိုးရှင်းဘူး။ စီနီယာလီက အကြောင်းပြချက် မရှိဘဲ အခုလိုလုပ်မှာ မဟုတ်ဘူး။ ငါတို့ မသိသေးတဲ့ အခြားအကြောင်းအရင်းတွေ ရှိနေသေးတာပဲ ဖြစ်ရမယ်”
“ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို စီနီယာလီ ကိုင်တွယ်သွားတဲ့ ပုံစံက တကယ်ကို တရားမျှတမှု မရှိတာ”
ဖန်းပိုသည် သုန်မှုန်နေသော အမူအရာဖြင့် လှောင်ပြောင် ပြောဆိုလိုက်လေ၏ “စီနီယာလီသာ ဒီအတိုင်း ဆက်လုပ်နေမယ် ဆိုရင် ကလန်ရဲ့ အထောက်အပံ့ကို အနှေးနဲ့အမြန် ဆုံးရှုံးသွားရလိမ့်မယ်”
အားလုံးသည် အကြည့်ချင်းသာ ဖလှယ်လိုက်ကြပြီး မည်သည့် စကားမှ မပြောခဲ့ကြချေ။
ကျောက်တုံးခန်းလေးထဲတွင် ရှိနေသော ရန်ကိုင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့လေ၏။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)...
ဤလအတောအတွင်း ဆေးဖော်စပ်ခြင်း၌သာ အာရုံစိုက်နေသဖြင့် သူ့ကျင့်ကြံခြင်းသည် အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိလာသည်ကို ရန်ကိုင် သတိမပြုမိခဲ့ချေ။
လွန်ခဲ့သော နှစ်များအတွင်း ရန်ကိုင်သည် အားကောင်းလှသော ပညာရှင်များ၏ စိတ်စွမ်းအင် အစုအဝေးများကို စုပ်ယူခဲ့လေရာ၊ သူတော်စင်အဆင့် မရောက်ခင်အထိ မည်သည့် အတားအဆီးကိုမှ သူကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။ သူ့ခွန်အား စုဆောင်းမှုသည်သာ လုံလောက်သရွေ့ သူ့ကျင့်ကြံခြင်း အဆင့်သည် အလျင်အမြန် တိုးတက်လာပေလိမ့်မည်။ သူအနေဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ကို ချောချောမွေ့မွေ့ဖြင့် ချိုးဖျက်နိုင်မှာ ဖြစ်ပေ၏။
သို့သော်လည်း နောက်ဆုံးတိုက်ပွဲ မရှိဘဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)သို့ ချိုးဖျက်ဝင်ရောက်ရန် အနည်းဆုံး နှစ်လ၊ သုံးလလောက် လိုမည်ဟု ရန်ကိုင် ခန့်မှန်းမိ၏။
သို့ရာတွင် ထိုသွေးသံတရဲရဲ တိုက်ပွဲသည် သူ့အား နောက်တစ်ဆင့် ပိုစော၍ ချိုးဖျက်နိုင်စေခဲ့၏။
တိုက်ခိုက်ခြင်းသည် ခွန်အားကို တိုးတက်အောင် လုပ်ဆောင်ရန် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်၏။
ဘေးပတ်ပတ်လည်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အခန်းအပြင်ဘက်၌ စုဝေးနေသော ရှေးဟောင်း နတ်ဆိုး ကလန်သားများကို တွေ့လိုက်ရ၏။ တစ်ယောက်ချင်းစီတိုင်းသည် ရက်စက် ကြမ်းကြုတ်သော အမူအရာဖြင့် သူ့အိမ်ရှိရာဆီ ငေးစိုက် ကြည့်နေခဲ့ကြလေ၏။
အခန်းအတွင်း၌...
ရန်ကိုင်နှင့် မနီးမဝေးတွင် ကွမ်အား ထိုင်နေခဲ့၏။ ကွမ်းအားသည် မျက်တောင်လေး တဖျတ်ဖျတ်ခတ်လျက် စိတ်ဝင်စားမှုအပြည့်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေခဲ့၏။
“နင်...” ရန်ကိုင် အောင်အောင်မြင်မြင် အဆင့်ချိုးဖျက် သွားသည်ကို မြင်လိုက်သည်နှင့် ကွမ်းအာသည် ရန်ကိုင်ဆီ ပြေးလာလိုက်ပြီး ပြုံးပြလိုက်ကာ စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ဖန်းလန့်နှင့် သူ့နောက်လိုက်တွေကို နင်ဘယ်လို အနိုင်ယူလိုက်တာလဲ”
ရန်ကိုင်က ရယ်သာရယ်လိုက်ပြီး ပြန်တော့ မဖြေခဲ့ချေ။
“နင်တစ်ယောက်တည်းနဲ့ သူတို့အားလုံးကို ယှဉ်တိုက်ခဲ့တာလား” ကွမ်းအာက ထိတ်လန့်သွားခဲ့၏။
“ငါ့အပြင် ဘယ်သူရှိသေးလို့လဲ” ရန်ကိုင်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေ၏။
“နင်ဘာလို့ ဒီလောက်တောင် ကြမ်းရတာလဲ”
“ဘာလဲ၊ ငါက အားနည်းတယ်လို့ နင်ထင်နေတာလား”
“နင်က အားနည်းတယ်လို့ ငါထင်တာ မဟုတ်ဘူး။ နင်ဒီလောက်အထိ သန်မာလိမ့်မယ်လို့ ငါမထက်တာ။ လူသား တစ်ယောက် ဘယ်လိုလုပ်ပြီး... နင့်ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး ငါတို့ ကလန်သားထက်တောင် ပိုသန်မာနေရတာလဲ” ပြောပြီးသည်နှင့် သူမ၏ လက်လေးကို ဆန့်ထုတ်ပြီး ရန်ကိုင်၏ အသားအရေးကို စပ်သပ်ထိတွေ့ရန် ကြံရွယ်လိုက်၏။ သို့သော် သူမ၏ အပြုအမူသည် ရှက်စရာ၊ မသင့်လျော်သော အပြုအမူ ဖြစ်ကြောင်း သတိရလိုက်သည်နှင့် သူမ၏ လက်လေးကို အလျင်အမြန် ပြန်ရုတ်လိုက်လေ၏။
“အခြားလူ ဒုက္ခရောက်တာကို နင်ကျေနပ်နေတယ်ပေါ့” ရန်ကိုင်က ကွမ်းအာကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ပြီး “နင်နဲ့ ဖန်းလန့်ကြားမှ မကျေနပ်ချက်တွေ ရှိလို့လား”
“ငါတို့ကြားမှ မကျေမနပ်ချက်တွေ ရှိတာ မဟုတ်ဘူး။ အဲ့ကောင်က အရမ်း အမြင်ကတ်စရာ ကောင်းတာ။ အားနေရင် ငါနား ကပ်ဖို့ပဲ ကြိုးစားနေတာလေ။ နင်သူတို့ကို ဆိုးဆိုးရွားရွား ဒဏ်ရာရသွားအောင် ရိုက်နှက်လိုက်တော့ ဒီအချိန် အတောအတွင်း ငါလည်း စိတ်အေးလက်အေးနဲ့ နေလို့ရပြီပေါ့။ အဲ့အတွက် ငါနင့်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမယ့်... နင်က အပြင်လူတစ်ယောက် ဖြစ်နေတော့ နင်ဒီတစ်ကြိမ် ပြဿနာ အကြီးကြီး ဖန်တီးမိလိုက်တာပဲ’
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး တွေးတွေးဆဆဖြင့် ကျောက်တုံး အပြင်ဘက်ဆီ လှမ်း၍ ကြည့်လိုက်ကာ “သူတို့ကို ပြောချင်တာလား”
“ဟုတ်တယ်” ကွမ်းအာက ခေါင်းညိတ်လိုက်ပြီး “အခန်း အပြင်ဘက်မှာ ရပ်နေတဲ့ လူအားလုံးက နင့်ကို အပြင်ဆွဲထုတ်ပြီး သင်ခန်းစာ ကောင်းကောင်း ပေးချင်နေတာ။ နင်ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူတို့အားလုံးကိုတော့ တစ်ပြိုင်တည်း ရင်ဆိုင် နိုင်မယ်လို့ ငါမထင်ဘူး”
“ကြိုးစားကြည့်မှ သိမှာပေါ့”
“ဟန့်၊ နင်က တကယ်ကို ရူးနေတာပဲ။ နင်တို့ လူသားတွေ... အားလုံးက ဒီလောက် မောက်မာရတာကို ကြိုက်ကြတာလား” ကွမ်းအာက အထင်အမြင် သေးသေးဖြင့် လှောင်ပြောင်လိုက်သော်လည်း အသေအချာ သတိပေးလိုက်သေး၏ “နင့်ကိုယ်နင် ပြင်ဆင်ထားသင့်တယ်။ အခု စီနီယာလီက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မယ် ဆိုတဲ့ အကြောင်းကို နတ်ဆိုးနတ်ဘုရား မြို့တော် ခန်းမထဲမှာ အခြား အကြီးအကဲတွေနဲ့ ဆွေးနွေးနေတယ်။ စီနီယာလီကသာ နင့်ဘက် မပါဘူးဆိုရင်တော့ နင်တော့ သေပြီပဲ”
ရန်ကိုင်ကို ညစ်ကျယ်ကျယ်အပြုံးဖြင့် စိုက်ကြည့်လိုက်ပြီး ကွမ်းအာက ဆက်ပြောလိုက်၏ “နင်ငါ့ကို ကူညီပြီး ဖန်းလန့်ကို ရှင်းထုတ်ပေးလို့ နင်ဒဏ်ရာရတဲ့ အခါကျ ငါနင့်ကို ဂရုစိုက်ပေးဦးမှာပါ”
“အဲ့လိုဆိုရင် နင်စိတ်ပျက်ရတော့မှာပဲ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ဘာလို့လဲဆိုတော့ စီနီယာလီက ငါ့ဘက်မှာ ရှိနေလို့လေ။ မဟုတ်ဘူးလား... စီနီယာလီ”
ပြောပြီးသည်နှင့် နေရာတစ်ခုဆီ လှမ်း၍ ကြည့်လိုက်၏။
ထိုနေရာရှိ လေဟာနယ်သည် တွန့်လိမ်လာခဲ့ပြီး တစ်ခဏကြာပြီးနောက် လီရုန် ထွက်ပေါ်လာခဲ့၏။ သူမ မျက်နှာလေးထက် အံ့အားသင့်သည့် အရိပ်အယောင် အချို့ ရှိနေခဲ့ပြီး မဲ့ပြုံးပြုံး၍ ခေါင်းခါရမ်းလျက် လမ်းလျှောက် လာလိုက်လေ၏။
“နင်က တကယ်ကြီးကို သမလိုက်တာပဲ” လီရုန်က သက်ပြင်းချလိုက်၏။
ရန်ကိုက်ကမူ ပခုံးသာ တွန့်ပြလိုက်လေ၏။
“ငါတို့ ကလန်သားတွေ ဒီလောက် စိတ်လှုပ်ရှားတာကို အပြစ်တင်မနေနဲ့ဦး။ သူတို့တွေရဲ့ တိုက်ခိုက်လိုစိတ်ကို နှစ်တွေ အကြာကြီး ဖိနှိပ်ထားခဲ့ရတာ။ အခု ဒီနေရာမှာ ငါတို့ ကလန်သား မဟုတ်တဲ့ လူဆိုလို့ နင်တစ်ယောက်ပဲ ရှိတာ။ နင်က ဖန်းလန့်နဲ့ သူ့နောက်လိုက်တွေကို တိုက်ခိုက်လိုက်တော့၊ သူတို့တွေက အပြင်လူဖြစ်တဲ့ နင့်ကို အလွယ်တကူ အလွတ်မပေးချင်တာ သဘာဝပဲလေ” လီရုန်က ညင်သာ သိမ်မွေ့စွာ ရှင်းပြလိုက်လေ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၄၉) နတ်ဆိုးအမှတ်အသားများ၏ လျှို့ဝှက်ချက်
——————————————————————
လီရုန်ပေါ်လာသည်ကို မြင်လိုက်သည်နှင့် ကွမ်းအာက အလျင်အမြန် ဦးညွှတ်ပြလိုက်၏။
သို့သော်လည်း မိန်းမလှလေးသည် သူမ၏ လက်ကို အသာအယာ ဝှေ့ရမ်း၍ ထိုကဲ့သို့ လုပ်စရာ မလိုကြောင်း ပြောလိုက်၏။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် ရန်ကိုင်ဆီ လှမ်း၍ ကြည့်လိုက်၏။
ရန်ကိုင်က ပြုံးကာ ပြောလိုက်၏ “မကျေနပ်ချက်တွေ ရှိရင် ကလဲ့စားချေတယ်ဆိုတာ ရှိမှာပဲလေ။ ရန်ငြိုးတွေ ရှိမှတော့ လက်တုန့်ပြန်တယ်ဆိုတာ သဘာဝပဲလေ။ ခင်ဗျားတို့ ကလန်သားတွေ အတူပူးပေါင်းပြီး အခုလိုလုပ်နေတာ သဘာဝပဲလေ”
“နင်နည်းနည်းလေးတောင် မကြောက်ဘူးလား” လီရုန် အံ့အားသင့်သွားခဲ့လေ၏။
“ကြောက်စရာအကြောင်းမှ မရှိတာ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် “စီနီယာလီသာ ဒီကိစ္စထဲ ကြားဝင် မပက်သက်ဖို့ မစဉ်းစားထားရင် ဒီနေရာမှာ ပေါ်လာမှာ မဟုတ်ဘူး။ ခင်ဗျား ပေါ်လာမှတော့ ကျုပ်ဘာကို ကြောက်နေစရာ လိုသေးလို့လဲ”
လီရုန်မျက်နှာ တစ်ခုမျိုးတစ်မည် ထူးဆန်းသွားခဲ့ပြီး ကွမ်းအာကမူ ပါးစပ်လေးကို လက်ဖြင့်အုပ်လျက် ရန်ကိုင်ကို အလန့်တကြားဖြင့် ငေးစိုက်ကြည့်နေခဲ့၏။ ထိုကဲ့သို့ ပေါ့ပြက်ပြက်နိုင်သော စကားလုံးများကို မည်သူကမှ စီနီယာလီရှေ့ မပြောရဲကြချေ။ သို့သော်လည် ထိုကောင်စုတ်၏ စကားကြောင့် စီနီယာလီသည် ဒေါသမထွက်ရုံမက ခေါင်းပင် ညိတ်ပြလိုက်လေသေး၏။
“စီနီယာလီ ကျုပ်ကို ဘာလို့ ဒီလောက် အလေးထားနေလဲ ဆိုတာကို ကျုပ်သိလို့ရမလား မသိဘူး” ရန်ကိုင်က စီနီယာလီကို ခေါင်းစောင်းကြည့်ရင်း မေးလိုက်၏။
လီရုန်က အသာအယာ ချောင်းဟန့်လိုက်၍ “ဒီနေရာဆီ ခေါင်းတလား အစေခံ စီနီယာ ပို့လိုက်တဲ့ ဘယ်သူ့ကိုမှ ငါဆိုးဆိုးရွားရွား မဆက်ဆံပါဘူး။ ဘာလို့လဲဆိုတော့ တစ်နေ့ကျ အဲ့လူက ငါတို့ကလန်ကို ဒီအချုပ်အနှောင်ကနေ လွတ်လပ်အောင် လုပ်ပေးမှာလေ”
ထိုစကားလုံးများထဲ အမှန်တရား တစ်ဝက်ပင် ပါသည်ကို ကွမ်းအာပင် နားလည်ရာ ရန်ကိုင်သည် မည်သည့် အတွက်ကြောင့် နားမလည်ရမည်နည်း။
သို့သော်လည်း လီရုန်သည် ရှင်းမပြချင်နေရာ ရန်ကိုင်သည်လည်း ထိုအကြောင်း ဆက်မမေးတော့ချေ။ သေချာတွေးကြည့်လျှင် သူ့အပေါ် လီရုန်၏ သဘောထားသည့် ရွှေရောင်မျက်လုံးကို သူမမြင်ပြီးသည့် အချိန်မှစ၍ အပြောင်းကြီး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
ယခင်အချိန်ကအခါ သူမသည် သူ့ကို ဆိုးဆိုးရွားရွားကြီး မဆက်ဆံသော်လည်း အများဆုံးမှ စီးပွါးရေး ပါတနာ သဘောမျိုးသာ ရှိ၏။ သို့သော်လည်း ယခုမူ မတူတော့ချေ။ ယခုအချိန်၌ လီရုန်သည် သူ့အား တတ်နိုင်သမျှ အစွမ်းကုန် ထောက်ပံ့ကူညီပေးနေခဲ့လေ၏။
ထိုကဲ့သို့သော် ရင့်ကျက်ပြီး ကျက်သရေရှိသော မိန်းမလှလေး တစ်ယောက်သည် သူ့ကို နှစ်သက်သဘောကျနေသည်ဟု တွေးရလောက်သည်အထိ ရန်ကိုင် စိတ်ကြီးမဝင်ချေ။ တကယ်တော့ သူမသည် လောကဓံ တရားကို နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိလာသည့် အားကောင်းလှသော သူတော်စင် တစ်ယောက် ဖြစ်ပေ၏။
ယခုအချိန်၌ အချစ်၊ ဆွဲဆောင်အားတို့သည် သူမတို့လို လူတွေအတွက် ဘာမှမဟုတ်ချေ။ ထို့ကြောင့် သူမ သူ့အပေါ် ယခုလို ဆက်ဆံနေရသည်မှာ အခြားအကြောင်းပြချက် တစ်ခုခုကြောင့် ဖြစ်ရပေမည်။ သို့သော် ရန်ကိုင် စဉ်းစားမိသည့် တစ်ခုတည်းသော အကြောင်းအရင် ဆို၍ ရွှေရောင်မျက်လုံးသာ ဖြစ်၏။
ရွှေရောင်မျက်လုံးကို မြင်ပြီးနောက် မည်သည့်အတွက်ကြောင့် လီရုန် ဤမျှ ပြောင်းလဲသွားရသည်ကို ရန်ကိုင် နားမလည်နိုင်ပါချေ။
“ဘာပဲဖြစ်ဖြစ်၊ နင်ခန့်မှန်းတာ မှန်တယ်။ ငါပေါ်လာမှတော့ ဒီကိစ္စကို ငါပဲ ကိုင်တွယ်လိုက်မယ်။ နင်အနေနဲ့ ဒီကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး။ သူတို့လူတွေကို နိုင်အောင် ထိန်းချုပ်ထားဖို့ အကြီးအကဲတွေကို ငါပြောပြီးသွားပြီ။ နောက်ပိုင်းကျ အကြောင်းပြချက် မရှိဘဲ ပြဿနာမရှာဖို့ကို မှတ်ထားရင် လုံလောက်ပြီ။ ဒီတစ်ကြိမ် နင့်ကို ကာကွယ်ပေးလိုက်လို့ ဘာအကျိုးဆက်ကိုမှ ရင်ဆိုင်စရာ မလိုဘဲ နင်စိတ်ရှိလက်ရှိ သောင်းကျန်းနိုင်မယ်လို့ မဆိုလိုဘူးနော်”
“ကျုပ်ဘက်က အရင်စပြီး ဘယ်တော့မှ ပြဿနာ ရှာလေ့မရှိဘူး” ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်၏။
“အဲ့ဒါ အကောင်းဆုံးပဲ” လီရုန်သည် အသာအယာ ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်၍ မပြောတော့ဘဲ ကျောက်တုံး ခန်းလေးထဲမှာသာ လမ်းလျှောက်ထွက်သွားလိုက်လေ၏။
တစ်ခဏကြာပြီးနောက် အပြင်ထက်တွင် ရှိနေသော ရှေးဟောင်းကလန်သားများအား လီရုန် ပြစ်တင်ပြောဆိုနေသည်ကို ရန်ကိုင် ကြားလိုက်ရလေ၏။ မကြာခင်မှာပင် အပြင်ဘက်ရှိ လူအုပ်ကြီးသည်လည်း ပြန်ထွက်သွားခဲ့လေ၏။
ကွမ်းအာသည် ရန်ကိုင်ဆီ အမောတကော ပြေးလာပြီး လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် လေးစားတကြီးနှင့် ပြောလိုက်လေ၏ “နင်က တကယ်ကို တော်တာပဲ။ နင်တကယ်ကို မောက်မာထိုက်တာပဲ။ နင်မသေမျိုးအဆင့်ကို မြန်မြန် ချိုးဖျက်သင့်တယ်။ အဲ့အချိန်ကျမှ စိတ်ရှိလက်ရှိ သောင်းကျန်းလည်း နောက်မကျသေးဘူး၊ ဟဲဟဲ...”
အပြုံးကြီးပြုံးလျက် ကွမ်းအာ လှည့်ထွက်သွားခဲ့လေ၏။
ရန်ကိုင်သည် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ ယခုအချိန်၌သူသည် မျိုးနွယ်စုကြားထဲ ရောက်နေသော အဖော်မဲ့ကြွက်တစ်ကောင် ဖြစ်နေလေရာ ယခုအခြေအနေကို ကူကယ်ရာမဲ့စွာဖြင့် လက်ခံရုံသာ တတ်နိုင်လေ၏။
ဤနေရာရှိ လူအနည်းငယ်မှ လွဲ၍ ကျန်ရှေးဟောင်း နတ်ဆိုး ကလန်သား အားလုံးသည် သူ့အား အပြင်လူအဖြစ် မှတ်ယူထားသည်ကို ရန်ကိုင် သိ၏။ သူ့တွင်သာ အားကောင်းသော ခိုကိုးရာ မရှိလျှင် သူ့အနေဖြင့် အနှေးနဲ့ အမြန်ဆိုသလို ဆိုးဆိုးရွားရွား သေဆုံးရပေလိမ့်မည်။
ယခုအကြိမ်၌ ပြဿနာလာရှာသောသူသည် ဖန်းလန့် ဖြစ်နေရာ သူ့ခွန်အားဖြင့် ကိုင်တွယ်နိုင်သေး၏။ သို့သော် နောက်တစ်ကြိမ် ပြဿနာ လာရှာသောလူသည် မသေမျိုးအဆင့် သို့မဟုတ် သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေခဲ့လျှင်...
ထိုအချက်အားလုံးကို စဉ်းစားပြီး ရန်ကိုင်သည် လီရုန် သူ့အား မည်သည့်အတိုင်းအတာအထိ ကာကွယ်ပေးမည်ကို စမ်းသပ်ခဲ့လေ၏။
ကံကောင်းစွာဖြင့် သူစိတ်မပျက်ခဲ့ရချေ။ သူမ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း လီရုန်သည် သူ့အား အပြည့်အဝ ကာကွယ်ပေးမည်မှန်း ရန်ကိုင် ပြောနိုင်၏။
သူမတွင် အခြားမည်သည့် ရည်ရွယ်ချက်ဘဲ ရှိနေပါစေ ယခု သူ့၌ မှီခိုအားထားရာ တစ်ခုရှိနေခဲ့လေပြီ.
အားလုံးကို စဉ်းစားပြီးနောက်မှပဲ နတ်ဆိုး အမှတ်အသားများ အကြောင်း မေးရန် မေ့သွားသည်ကို ရန်ကိုင် သတိရလိုက်၏။
ထိုမေးခွန်း သူ့ကို ပြဿနာ ပေးနေသည်မှာ လပေါင်းများစွာ ကြာမြင့်နေခဲ့လေပြီ။ သို့သော်လည်း ရှေးဟောင်း နတ်ဆိုး ကလန်ထဲမှ မည်သူမှနှင့် မရင်းနှီးလေရာ ပြဿာ မရှာမိစေရန် မလိုအပ်သည့် မေးခွန်များကို မမေးရန်သာ ဆုံးဖြတ်ခဲ့၏။
ယခု လီရုန်သည် သူ့အား မျက်နှာသာပေးနေသည်ကို သိထားလေရာ ရန်ကိုင်သည် နတ်ဆိုး အမှတ်အသားများ အကြောင်းကို လေ့လာနိုင်မည့် အခွင့်အရေးတစ်ခု ရလာခဲ့လေပြီ။
ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုးကလန်၏ နတ်ဆိုး အမှတ်အသားများအကြောင်း အရမ်းကို စိတ်ဝင်စားပေ၏။ အဘယ်ကြောင့်ဆိုသော သူနတ်ဆိုးအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည်နှင့် သူ့ကိုယ်ထက် ထိုတက်တူး အမှတ်အသားများ ပေါ်လာသောကြောင့်ပင် ဖြစ်၏။ ထို့အပြင် သူ့ကိုယ်ထက် ထွက်ပေါ်လာသော တက်တူး အမှတ်အသား များသည် ထိုရှေးဟောင်း နတ်ဆိုး ကလန်သားများကိုယ်ထက် ထွက်ပေါ်လာသော တက်တူးများထက်ပင် ပို၍ များသေး၏။
သူ့ဘာသာ စဉ်းစားမရသည်နှင့် ကွမ်းအာ ပြန်လာသည့် အချိန်မှ အခွင့်အရေးတစ်ခုရှာပြီး သူမအား ထိုအကြောင်း မေးရန် ဆုံးဖြတ်လိုက်လေ၏။
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ရန်ကိုင်သည် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး ဆေးဖော်စပ်ရာတွင်သာ ပြန်၍ အာရုံစိုက်လိုက်လေ၏။
================================
ရန်ကိုင်၏ ကျောက်တုံးခန်းမှ ထွက်ပြီး အပြင်ဘက်တွင် စုဝေးနေသော လူအုပ်ကြီး မောင်းထုတ်လိုက်ပြီး အနည်းငယ် ငေးငိုင်နေသော အကြည့်တို့ သူမ၏ မျက်နှာလှလှလေးထက် ထွက်ပေါ်လာခဲ့လေ၏။
ရွှေရောင်မျက်လုံးကို မြင်ပြီး ရွေရောင်အလင်းတန်က သူမတစ်ကိုယ်လုံးကို သန့်စင်သွားသည့် အချိန်၌ သူမ၏ သွေးမျိုးဆက်မှ ပဲ့တင်ထပ်သွားခဲ့သလို သူမ ခံစားခဲ့ရ၏။ နတ်ဆိုးနတ်ဘုရား မြို့တော်သို့ ပြန်ရာက်ပြီးနောက် ရတနာ ခန်းမဆီ သွားလိုက်ကာ ရှေးဟောင်းစာအုပ်များကို စစ်ဆေးကြည့်လိုက်၏။ သူမ ကြားသိထားရသည်နှင့် တူညီသော မှတ်တမ်းတစ်ခုကို အလျင်အမြန်ပင် ရှာတွေ့လိုက်ရ၏။
ထိုအကြောင်းကြောင့်ပဲ ရန်ကိုင်အပေါ် လီရုန်၏ သဘောထား အပြောင်းကြီး ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်ပေ၏။
သို့သော်လည်း လွန်ခဲ့သောလအတွင်း စစ်ဆေးမှုများမှ သူမထင်ထားသလို အတော့်ကို မဟုတ်လေသော အရာများကို လီရုန် တွေ့ခဲ့ရ၏။ လူသားကောင်လေးသည် အားကောင်းပြီး ဆန်းကြယ်သော်လည်း သူသည် သူမမျှော်မှန်းထားသည်နှင့် အဝေးကြီး လိုနေသေး၏။
အမှန်ပဲလား လီရုန် ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေခဲ့၏။
ထိုအချိန်၌ ဟွာမိုနှင့် ဟန်ဖေးတို့ ဆေးပင်များကို သယ်၍ ရောက်လာကြောင်း သူမ၏ ကလန်သားတစ်ယောက်က သူမကို လာသတင်းပို့လေ၏။
လီရုန် အမူအရာ ပြန်လည် ဝင်းပသွားခဲ့ပြီး အဓိက ခန်းမရှိရာဆီ လမ်းလျှောက်သွားလိုက်လေ၏။
ရန်ကိုင်သည် ဆေးပညာတွင် တိုးတက်သလောက် ဆေးပင်လည်း အသုံးများ၏။ သူ၏ များပြားလှသော ဆေးပင် သုံးစွဲမှုကြောင့် နတ်ဆိုးနတ်ဘုရားမြို့တော်ထဲတွင် သိုလှောင် ထားသော ဆေးပင်များ မလုံလောက် ဖြစ်လာခဲ့ရ၏။ ကံကောင်းစွာဖြင့် အခြားသော ပိုင်နက်များသည်လည်း ယခင်နှစ်များ အတောအတွင်း၌ ဆေးပင် အတော်များများကို စုဆောင်းထားနိုင်ခဲ့၏။
“စီနီယာလီ၊ ချူကျန်းကော ဘယ်လိုလုပ်မှာလဲ။ ဆေးပင်တွေ ပို့လိုက်သေးလား” ဟွာမိုက မေးလိုက်၏။
“သူနည်းနည်း ပို့လိုက်တယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ သူ့နယ်မြေက အထွက်သိပ်မကောင်းတော့ အရင်နှစ်တွေ အတွင်း ဆေးပင်တွေ အများကြီး မစုဆောင်းမိဘူးတဲ့” လီရုန်က နဖူးလေးကို ပွတ်ရင်း ပြောလိုက်၏။
“မဟုတ်တာတွေပဲ ပြောနေတယ်” ဟွာမိုက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ချူကျန်း ပိုင်နက်မှာ တောင်စဉ် တောင်တန်းတွေ အများကြီးပဲ။ အဲ့မှာ ဆေးပင်တွေ မရှိတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီရက်တွေအတွင်း သူတဖြည်းဖြည်းနဲ့ စီနီယာလီအပေါ် အရိုအသေ ကင်းမဲ့လာတယ်နော်”
ဟန်ဖေးက အေးစက်စက် အမူအရာဖြင့် ထပ်ပေါင်း ပြောလိုက်၏ “သူက ကလန်ရဲ့ အနာဂတ်ကို မျက်လုံးထဲကို မထည့်တာ။ သူက ဒီဆန်းကြယ်လောကငယ်ကို စိုးမိုဖို့ပဲ စိတ်ဝင်စားနေတယ်။ သူ့ကိုယ်တိုင်က ဘာမှ မသိတဲ့ အရူးတစ်ယောက် ဆိုတာကို နားလည်ရဲ့လားတောင် မသိဘူး”
ဗိုလ်ချုပ်ကြီး နှစ်ယောက်သည် ချူကျန်း၏ မောက်မာသော လုပ်ရပ်များကို ဖော်ထုတ်ပြရင်း ချူကျန်းကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ လီရုန်ကို စည်းရုံးနေခဲ့၏။
သို့သော်လည်း လီရုန်သည် တိတ်တဆိတ်သာ ငြိမ်နားထောင်နေပြီး ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ချေ။
တစ်ခဏကြာပြီးနောက် ဆက်ပြောနေ၍ ထူးမည် မဟုတ်မှန်း သိသည်နှင့် ဟွာမိုနှင့် ဟွမ်ဖေးတို့ နှစ်ယောက်စလုံး ထိုအကြောင်းအား ပြောဆိုနေခြင်းကို ရပ်တန့်လိုက်၏။
“ဟုတ်သားပဲ၊ စီနီယာလီ၊ အဲ့လူသား ကောင်စုတ်လေးက ပြဿနာ ရှာလိုက်တယ်ဆို” ဟွာမိုက ရုတ်တရက် မေးလိုက်၏ “စီနီယာလီက အမြဲတမ်း မျှမျှတတနဲ့ ဆုံးဖြတ်ချက်ချတာပါ။ အခုကျမှ ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက် ဘက်ကနေ ဝင်ပြောပေးရတာလဲ”
ဟန်ဖေးသည် လီရုန်ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်၏။ ရန်ကိုင်နှင့် ဖန်းလန့်တို့ တိုက်ပွဲတွင် မည်သူပဲ မှားပါစေ၊ ဖန်းလန့်သည် သူတို့၏ ကလန်သား ဖြစ်နေပြီး အရိုက်နှက် ခံလိုက်ရသည့် လူဖြစ်ရာ သူတို့အနေဖြင့် ထိုလူသားကောင်စုတ်ကို အပြစ်ပေးသင့်ပေ၏။ အထူးသဖြင့် သူသည် အပြင်လူတစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်၏။ သို့သော်လည်း စီနီယာလီသည် ထိုလူသား ကောင်လေးကို ရည်ရွယ်ချက် ရှိရှိဖြင့် ကာကွယ်ပေးခဲ့လေ၏။
လီရုန်က ရယ်မောလိုက်ပြီး “နင်တို့ သတင်းရတာ တော်တော့်ကို မြန်တာပဲနော်”
ဟွာမိုက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “မြို့တော်ထဲမှာ ရှိနေတဲ့ လူအားလုံးက အဲ့အကြောင်း ပြောနေကြတာ။ မမေးဘဲ နေရင်တောင် အလိုလိုကို ကြားနေရတာပဲ”
ဟန်ဖေးက သူမ၏ အေးစက်စက် လေသံအတိုင်း ပြောလိုက်၏ “စီနီယာလီ၊ အဲ့အဖြစ်အပျက်ကြောင့် ကျွန်မတို့ရဲ့ ကလန်းသား တော်တော်များများက စောဒကတွေ တက်နေကြပြီ။ ဒါ တကယ်ပဲ ထိုက်တန့်ရဲ့လား”
လီရုန် မျက်နှာ ရုတ်တရက် လေးနက်သွားခဲ့ပြီး သူမ၏ လေသံသည်လည်း တည်ကြည် လေးနက်သွားခဲ့ကာ “ငါ့ခန်းမှန်းချက်သာ မှန်တယ်ဆိုရင် လုံးဝကို ထိုက်တန်တယ်”
“ခန့်မှန်းချက်လား၊ ဘာခန့်မှန်းချက်လဲ” ဟွာမိုက သင်္ကာမကင်း လေသံဖြင့် မေးလိုက်၏။
“အခုလောလောဆယ်တော့ မပြောနိုင်သေးဘူး။ လေ့လာနေတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် နင်တို့သာ ငါမြင်တာကို မြင်လိုက်မယ်ဆိုရင် နင်တို့လည်း တူညီတဲ့ ရွေးချယ်မှုကိုပဲ လုပ်လိမ့်မယ်။ အားလုံး ရှင်းလင်သွားတဲ့ အခါကျ ငါနင့်တို့ကို ပြောပြမယ်”
ဟွာမိုနှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး အသာအယာ ခေါင်းညိတ်လိုက်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ ကြာအောင် အတူတကွ ပေါင်းသင်း ဆက်ဆံလာပြီးနောက် စီနီယာလီ၏ ဆုံးဖြတ်ချက်ကို သူတို့ လုံးဝ ယုံကြည်၏။ သူမသည် အပြင်လူကို မျက်နှာသာပေးရန် ရွေးချယ်လိုက်မှဖြင့် သူမတွင် ခိုင်မာသော အကြောင်းအရင်း တစ်ခု ရှိကိုရှိနေရပေမည်။
သူတို့ သုံးယောက် တစ်ခဏကြာအောင် စကားပြောပြီးနောက် ဟွာမိုနှင့် ဟန်ဖေးတို့ ထွက်သွားခဲ့ကြ၏။
သူတို့အားလုံးသည် နတ်ဆိုးနတ်ဘုရား မြို့တော်၏ လူများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းသည် ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသော်လည်း သူတို့တွင် ကိုယ်ပိုင် ပိုင်နက်နယ်မြေများ ရှိနေသဖြင့် ဟွာမိုနှင့် ဟန်ဖေးတို့သည် သူတို့ ကိုယ်ပိုင် နယ်မြေဆီသို့ ပြန်ရပေမည်။
သူတို့ ယခုရောက်လာရသည့် ရည်ရွယ်ချက်မှာ စုဆောင်းထားသော ဆေးပင်များကို လာပို့ရန်သာ ဖြစ်၏။
----------------------------------
ဖန်းလန့် အရိုက်ခံလိုက်ရသည့် နောက်ပိုင်း ရန်ကိုင်အပေါ် ရှေးဟောင်း နတ်ဆိုးကလန်သားများ၏ သဘောထား အဆိုးရွားကြီး ဆိုးရွားသွားခဲ့၏။ သို့သော်လည်း ရန်ကိုင်သည် ထိုလူများ၏ သဘောထားကို ဂရုစိုက်နေခြင်း မရှိဘဲ ဆေးသန့်စင်ရာတွင်သာ အရုံစိုက်နေခဲ့၏။
ဤနည်းဖြင့် ရန်ကိုင်၏ ဆေးစွမ်းရည်သည့် တစ်နေ့ထက် တစ်နေ့ ပိုပို၍ တိုးတက်လာခဲ့၏။ သို့သော်လည်း သူသုံးစွဲသော ဆေးပင်ပမာဏသည် အတော့်ကို များပြားလွန်းလှ၏။
ကျောက်တုံးအခန်း အပြင်ဘက်၌ သူ့ကို စောင့်ရှောက် ပေးနေသော ပညာရှင်တစ်ယောက် ရှိနေသည်ကို ရန်ကိုင် အာရုံခံမိ၏။ ထိုလူသည် သူ့အရှိန်အဝါကို လုံခြုံအောင် ဖုံးကွယ်ထားသော်လည်း ရန်ကိုင်သည် သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်လေရာ ထိုလူ၏ တည်ရှိမှုကို ဖြည်းဖြည်းချင်း ရှာတွေ့သွားခဲ့လေ၏။
ထိုလူသည် သူ့ကို ကာကွယ်စောင့်ရှောက်ရန် အတွက် လီရုန် ပို့လိုက်သည့်လူ ဖြစ်ဟန်ရ၏။
ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေ၏။
တစ်ဖက်တွင်မူ သူနှင့် ကွမ်းအာကြားက ဆက်ဆံရေးသည် တစ်စထက်တစ်စ ပို၍ ကောင်းမွန်လာခဲ့၏။ ထိုမိန်းကလေးသည် အပြင်လောကကြီး အကြောင်းကို အရမ်း စိတ်ဝင်စားသည့် ပုံပင်။ ထို့ကြောင့် ရန်ကိုင် အားနေပြီ ဆိုသည်နှင့် အပြင်လောကကြီး အကြောင်း ပြောပြရန် သူ့အား အမြဲတစေ ပူဆာတော့လေ၏။ သူပြောပြသည့် ဇာတ်လမ်းများကြောင့် ကွမ်းအာသည် အပြင်လောကကြီးသို့ သွားရန် ပို၍ စိတ်အားထက်သန် လာခဲ့လေ၏။
သူမသည် ရန်ကိုင် ဆေးဖော်စပ်ရာ၌ အားတက်သရော ဝင်ရောက် ကူညီပေးလေ၏။ ရန်ကိုင်သည် သူမတို့အား ဤလောက အချုပ်အနှောင်မှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်မည် ဟူသော ရည်ရွယ်ချက်ဖြင့်ပေါ့...
ရန်ကိုင်သည် နတ်ဆိုး အမှတ်အသားအကြောင်းကို ကွမ်းအာဆီမှ အတော်များများ ကြားသိခဲ့ရ၏။
ကွမ်းအာ ပြောပုံအရ ထိုရှေးဟောင်း နတ်ဆိုးကလန်သည့် သွေးမျိုးဆက် သန့်စင်သည့် မြင့်မြတ်သော နတ်ဆိုး မျိုးနွယ်စုဝင်များ ဖြစ်ကြပေ၏။ သူတို့၏ နတ်ဆိုးမျိုးနွယ်စုသည် အခြားနတ်ဆိုးမျိုးနွယ်စုနှင့် မတူညီကြချေ။ ထိုနတ်ဆိုး အမှတ်အသားသည် မွေးရာပါ စွမ်းရည် တစ်ခုဖြစ်ပြီး မွေးပြီးနောက် ရယူနိုင်သည့် အရာတစ်ခု မဟုတ်ချေ။ ထိုနတ်ဆိုး အမှတ်အသားကို အသက်သွင်းလိုက်သည်နှင့် သူတို့ ခွန်အား ဆထက်ထမ်းပိုး တိုးတက်လာပေလိမ့်မည်။ ထိုနတ်ဆိုး အမှတ်အသားကို ပို၍နားလည်လေ၊ ပို၍ တိုးတက်အောင် လုပ်လေ၊ သူတို့ ခွန်အားကို ပိုပြီး တိုးတက်အောင် လုပ်ဆောင်နိုင်လေပင် ဖြစ်၏။
ဖန်းလန့်နှင့် သူ့နောက်လိုက်များသည် ထိုနတ်ဆိုး အမှတ်အသားကို နှစ်ကြိမ်တိုင်တိုင် ပြောင်းလဲနိုင်၏။ ကွမ်းအာလည်း ထိုနည်းတူပင် ဖြစ်၏။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၆) ရောက်နေသော ကွမ်းအာသည် သူမ၏ နတ်ဆိုး အမှတ်အသားကို အသက်သွင်းလိုက်သည်နှင့် သူမ၏ နတ်ဆိုးချီနှင့် သွေးစွမ်းအားသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်နှင့်ပင် နှိုင်းယှဉ်နိုင်လေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၅၀) အစစ်အမှန်ချီ ကုန်ဆုံးလာခြင်း ပြဿနာ
——————————————————————
သို့သော် နတ်ဆိုး အမှတ်အသားကို အသက်သွင်းလိုက် သည်နှင့် ကွမ်းအာ မျက်နှာထက် အစိမ်းရောင် အမှတ်များ ထွက်ပေါ်လာခဲ့ရာ သူမ၏ အလှကို တစ်မူထူးခြား သွားစေခဲ့၏။
လီရုန်၊ ဟန်ဖေးနှင့် ဟွာမိုတို့ကဲ့သို့ ပညာရှင်များ အတွက်မူ သူတို့၏ နတ်ဆိုး အမှတ်အသားများသည် ပို၍ အဆင့်မြင့်မည်မှာ မေးနေစရာပင် မလိုချေ။
သို့သော် ဤလောကငယ်ထဲ၌ ရန်သူ မရှိလေရာ ထိုဗိုလ်ချုပ်ကြီးများ လှုပ်ရှားသည်ကို ကွမ်အား တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ သူတို့ ခွန်အားကြောင်းကို ကွမ်းအာ ကြားသာကြားခဲ့ဖူးလေ။
နတ်ဆိုးနတ်ဘုရား မြို့တော်အတွင်း၌ နတ်ဆိုး အမှတ်အသားနှင့် တွဲဖက်သုံးရသော သိုင်းပညာရပ်နှင့် ကျင့်စဉ် (၇)ခု ရှိ၏။ ထိုပညာရပ်များသည် မဟာနတ်ဆိုးနတ်ဘုရားမှ လက်ဆင့်ကမ်းပေးခဲ့သော အမွေအနှစ်များ ဖြစ်ပေ၏။
ထိုအကြောင်း ကြားလိုက်သည်နှင့် ထိုပညာရပ်များကို ရန်ကိုင် ငှားရမ်းမိချင်သွားခဲ့၏။ သို့သော် ထိုပညာရပ် များသည် လွန်စွာကိုမှ ပါရမီကောင်းလှသော ကလန်သားများ အတွက်သာ ဖြစ်ပြီး သူမကိုယ်တိုင်ပင် ထိုပညာရပ်များကို တစ်ကြိမ်တစ်ခါမှ မမြင့်တွေးဖူးဟု ကွမ်းအာက ပြောလာခဲ့လေရာ ရန်ကိုင် အနေဖြင့် ထိုအကြံကို ယာယီ လက်လျှော့ထားလိုက်ရုံသာ တတ်နိုင်လေ၏။
လီရုန်သည် သူ့ကို မျက်နှာသာ ပေးသော်လည်း ရန်ကိုင်သည် သူ့ကံကို အရမ်းကြီး ဇွတ်မစမ်းရဲချေ။ ယခု အချိန်၌ ထိုအမွေအနှစ် သိုင်းပညာရပ်နှင့် ကျင့်စဉ်များကို ငှားရမ်းချင်သည်မှာ လက်တွေ့မကျချေ။
ထိုအတွေးများကို လောလောဆယ် ဘေးဖယ်ထား၍ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်တွင်သာ ဆက်၍ အာရုံစိုက်လိုက်၏။ ရန်ကိုင်သည် သူ၏ နေ့စဉ်နေ့တိုင်းကို ဆေးဖော်စပ်ခြင်း၊ ကွမ်းအာအား အပြင်လောကကြီး အကြောင်း ပြောပြရင်းဖြင့်သာ ကုန်ဆုံးနေခဲ့၏။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ပြီး သူမသိလိုက်ခင်မှာပင် ရန်ကိုင်သည် ဤလောကငယ်ထဲ ရောက်ရှိနေခဲ့သည် တစ်နှစ် ပြည့်သွားခဲ့လေပြီ။
ထိုနှစ်အတွင်း ရန်ကိုင်၏ ဆေးပညာ အရည်အချင်းသည် တစ်ဟုန်ထိုး တိုးတက်လာနေခဲ့ပြီး ယခုအချိန်၌ ရန်ကိုင်သည် စိတ်ဝိဥာဉ်အစီအရင် အကူအညီဖြင့် စိတ်ဝိဥာဉ် ဆေးလုံးများကို သန့်စင်နိုင်နေလေပြီ။
ဆေးဘုရင်တောင်ကြား၏ ရှောင်ဖူချန်းပင် မလုပ်ဆောင် နိုင်ခဲ့သော အရာကို ရန်ကိုင်သည် တစ်နှစ်အတွင်းမှာပင် လုပ်ဆောင်နိုင်ခဲ့လေ၏။
ထိုအကြောင်းကို စဉ်းစားရင် ရန်ကိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ သူလက်ရှိ ရောက်နေသာ လောကသည် ယခင်လောကနှင့် ကွာခြားလေရာ သူလုပ်ဆောင်နိုင်သော အတိုင်းအတာ အကန့်အသတ်သည်လည်း ယခင်လောကနှင့် မတူညီတော့ချေ။ ဂရမ်းမာစတာ ရှောင်ဖူချန်း၏ ဆေးပညာ အပေါ် ထိုးထွင်းနားလည်မှုသည် ရန်ကိုင်ထက် ပို၍ နက်နဲ၏။ သို့သော်လည်း သူနေထိုင်သော လောကကြီး၏ ကန့်သတ်ချက်ကြောင့် ရှောင်ဖူချန်းသည် ဆန်းကြယ် အထွတ်အထိပ် အဆင့် ဆေးလုံးကိုသာ သန့်စင်နိုင်ပြီး စိတ်ဝိဥာဉ် အဆင့် ဆေးလုံးကို သန့်စင်ဖို့သည် စိတ်ကူးယဉ် အိမ်မက်သက်သက်သာ ဖြစ်လေ၏။
တစ်နေ့၊ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်ပြီးနောက် အားပြန်ဖြည့်နေစဉ် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အခန်းထဲရှိ ဘာမှမရှိသည့် နေရာကို လှမ်း၍ ကြည့်လိုက်ကာ အော်ပြောလိုက်၏ “စီနီယာလီ၊ စီနီယာလီကို ခေါ်ပေးလို့ ရမလား။ ကျုပ်မှာ သူနဲ့ ဆွေးနွေးစရာ ရှိလို့”
အနား၌ ပုန်းအောင်းနေသော တွမ့်ရသည် ရန်ကိုင်ကို ငေးကြောင် စိုက်ကြည့်မိလိုက်၏။ ထိုလူသားမျိုးနွယ်မှ လူငယ်လေးသည် သူပုန်းအောင်းနေရာ နေရာကို လှမ်း၍ ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်သွားခဲ့လေ၏။
တွမ့်ရ မှင်သက်သွားခဲ့လေ၏။
ယခင် အဖြစ်အပျက်ပြီးနောက် လီရုန်သည် ရန်ကိုင်ကို ကာကွယ်ပေးရန် သူ့ကို ညွှန်ကြားခဲ့လေ၏။ သို့သော်လည်း ထိုလူငယ်လေးသည် သူ၏ တည်ရှိမှုကို အသိအမှတ် မပြုရုံမက သူ၏ တည်နေရာကိုပင် အာရုံခံနိုင်သေး၏။
ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈) ပညာရှင်တစ်ယောက်သာ ဖြစ်ပြီး တွမ့်ရသည် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်၏။ သူတို့ကြား ခွန်အား ကွာခြားချက်သည် လွန်စွာကိုမှ ကြီးမားနေသည်ကို ရန်ကိုင်သည် မည်သည့် အကြောင်းကြောင့် သူ့ကို ရှာတွေ့ သွားခဲ့ရလေသနည်း။
သူ့စိတ်ထဲ အတွေးများစွာ ထွက်ပေါ်လာသော်လည်း သူ့စိတ်သူ ငြိမ်အောင် ထိန်းထားနိုင်၏။ ပုန်းကွယ်နေရာမှ ထွက်လာလိုက်ပြီး ရန်ကိုင်ကို အသာအယာ ခေါင်းညိတ်ကာ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားခဲ့လေ၏။
တစ်ခဏကြာပြီးနောက် ရန်ကိုင်နားရှိ လေထုသည် တွန့်လိမ်လာခဲ့ပြီး လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့၏။ မကြာခင်မှာပဲ လေဟာနယ်ထဲမှ လီရုန် ထွက်ပေါ်လာခဲ့၏။
ရန်ကိုင် စိတ်ဝင်စားသွားခဲ့၏။ ထိုရင့်ကျက်သော မိန်းမလှလေး ပေါ်လာသည့် အချိန်တိုင်း လေဟာနယ် တွန့်လိမ်သွားသည်ကို ရန်ကိုင် သတိပြုမိ၏။ ကြည့်ရသည်မှ သူမ ဆန္ဒရှိသလို လေဟာနယ်ကို ခုန်ကူးနိုင်သည့် ပုံပင်။
“နင်ငါ့ကို ရှာနေတယ်ဆို” လီရုန်က လမ်းလျှောက် လာလိုက်ပြီး လိုရင်းကို တန်းမေလိုက်၏။
“ဟုတ်တယ်”
“ဘာကိစ္စလဲ”
“ကျုပ်ရဲ့ အစစ်အမှန်ချီကို ပြန်ဖြည့်ချင်လို့”
“အစစ်အမှန်ချီကို ပြန်ဖြည့်ဖို့လား” လီရုန် မျက်မှောင် ကြုံ့သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံဖြင့်ကို ရန်ကိုင်ကို စစ်ဆေးကြည့်လိုက်လေ၏။ ခဏအကြာ၌ စိတ်ရှုပ်နေသည့် လေသံဖြင့် “နင့်မှာ အစစ်အမှန်ချီတွေ အများကြီး ကျန်နေသေးတာ မဟုတ်ဘူးလား”
သူမ၏ ကျင့်ကြံခြင်းဖြင့် ဆိုလျှင် ရန်ကိုင်၏ သွေးကြောများထဲ သိပ်သည်း သန့်စင်လှသော အစစ်အမှန်ချီများ ရှိနေသည်ကို အာရုံခံနိုင်၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး...” ရန်ကိုင်က အသာအယာ ခေါင်းခါရမ်း၍ “ကျုပ်သွေးတွေထဲမှာ အစစ်အမှန်ချီတွေ ရှိသေးတာ မှန်တယ်။ ဒါပေမယ့် ဒန်တန်ထဲမှတော့ အစစ်အမှန်ချီတွေ နည်းနေပြီ။ အစစ်အမှန်ချီ မရှိဘဲနဲ့ ကျုပ်ဆက်ပြီး ဆေးဖော်စပ် လေ့ကျင့်လို့ ရတော့မှာ မဟုတ်ဘူး”
“နင်ဘာပြောချင်တာလဲ” လီရုန် ပို၍ နားမလည်နိုင် ဖြစ်သွားခဲ့ပြီး “အစစ်အမှန်ချီ ပြန်ဖြည့်ချင်ရင် ကျင့်ကြံလိုက်ရုံပဲ မဟုတ်ဘူးလား။ ဒီလောက် ရိုးရှင်းတာလေးကို ဘာလို့ ငါ့အကူအညီ လိုနေသေးတာလဲ”
ရန်ကိုင်က ကူကယ်ရာမဲ့စွာ ပြုံး၍ ပြန်ပြောလိုက်၏ “ကျုပ်ရဲ့ ကျင့်စဉ်က နည်းနည်း ထူးခြားတယ်လို့ပဲ ပြောရမလား၊ ကျုပ်ခန္ဓာကိုယ်ကပဲ ထူးခြားတယ်လို့ ပြောရမလား၊ ကျုပ်ရဲ့ အစစ်အမှန်ချီကို ကျင့်ကြံရုံနဲ့ ပြန်မဖြည့်နိုင်ဘူးဗျ”
သူ့ကိုယ်ထဲရှိ အစစ်အမှန် ယန်ယွမ်ချီကို ယန်အမျိုးအစား အဖိုးအတန် ရတနာများ၊ ယန်ချီများကို စုပ်ယူခြင်းဖြင့်သာ ပြန်လည် ဖြည့်တင်းနိုင်၏။
သူသာ မိုးမြေစွမ်းအင်ကို စုပ်ယူ၍ ကျင့်စဉ်ကို လှည့်ပတ်မည် ဆိုပါက၊ သူသည်သာ သင့်တော်သော ပတ်ဝန်းကျင်၌ ရှိမနေပါက သူစုပ်ယူလိုက်သမျှ မိုးမြေစွမ်းအင် အားလုံးသည် ရွှေရောင်အရိုးခြောက်ထဲ ရောက်သွားပေလိမ့်မည်။ ယန်အရည်စက်ကို ယန်ချီ ပေါက်ကြွယ်ဝသော ပတ်ဝန်းကျင်နှင့် ယန်ဓါတ် အဖိုးတန် ရတနာများမှလွဲ၍ အခြားနေရာ၊ အခြားပစ္စည်းများမှ ပြန်လည် မဖြည်းတင်းနိုင်ချေ။
သူ့ဒန်တန်ထဲ ယန်အရည်စက် ဖြည်းတင်းခဲ့သည် နောက်ဆုံးအကြိမ်ကို ရန်ကိုင် မှတ်ပင်မမှတ်မိတော့ချေ။ အချိန် အတော်ကြာသွားပြီးနောက် သူ့ဒန်တန်ထဲ ယန်အရည်စက် အနည်းငယ်သာ ကျန်တော့ပေ၏။ သူသည် ယန်အရည်စက်အား ပြန်လည် ဖြည့်တင်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာမတွေ့လျှင် သူ့ကိုယ်ထဲရှိ အစစ်အမှန်ချီအားလုံး အနှေးနှင့်အမြန် လုံးဝ ကုန်ဆုံးသွားပေိမ့်မည်။
ယန်အရည်စက်သာ မရှိလျှင် ရွှေရောင်အရိုးခြောက်ထဲရှိ စွမ်းအင်များကိုလည်း ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။ ထိုအခါကျ သူသည် မိစ္ဆာလမ်းစဉ်ထဲသို့ ကျရောက်သွားရ ပေလိမ့်မည်။
“နင်ငါ့ကို ဘာလုပ်စေချင်တာလဲ” လီရုန်သည် နားမလည်သေးသော်ငြား ဆက်မေးချင်စိတ် မရှိတော့ချေ။
“ခင်ဗျားတို့မှာ ယန်ဓါတ် ပါတဲ့ အဖိုးတန် ရတနာလေးများ မရှိဘူး။ အဲ့လိုမျိုး တစ်ခုခုကို ကျုပ်လိုနေတာ”
“ယန်ဓါတ်ပါတဲ့ အရာတွေက ငါတို့ နတ်ဆိုးမျိုးနွယ်စုနဲ့ လုံးဝကို ဓါတ်မတည့်ဘူး။ အဲ့လို ပစ္စည်းမျိုးကို ငါတို့လက်ထဲ သိမ်းထားမယ်လို့ နင်ထင်နေတာလား” လီရုန် မျက်ဝန်းထဲ သံသယ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကို မယုံကြည်သည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း “နင်ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား”
“ကျုပ်ဘာလို့ ခင်ဗျားကို လိမ်ရမှာလဲ” ရန်ကိုင်က ပခုံးတွန့်ပြလိုက်ပြီး “ခင်ဗျားတို့မှာ ယန်ဓါတ်နဲ့ ဆက်စပ်တဲ့ ဘာမှ မရှိဘူးပေါ့”
“ဟုတ်တယ်၊ ဘာမှမရှိဘူး”
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး မျက်မှောင် ကြုံ့လိုက်ကာ “အဲ့လိုဆိုရင်တော့ ပြဿနာ တက်ပြီပဲ။ ကျုပ်သာ ယန်ချီကို မစုပ်ယူရရင် ဆေးပညာက်ို ဆက်ပြီး လေ့ကျင့်လို့ ရတော့မှာ မဟုတ်ဘူး... ဆေးဖော်စပ်ဖို့ဆိုရင် အစစ်အမှန် ယန်ယွမ်ချီကို ကျုပ်လိုအပ်တာ ခင်ဗျားလည် သိလောက်မှာပေါ့”
“အဲ့လိုဆို ငါတို့ ဘာလုပ်ကြမလဲ” လီရုန်က စိုးရိမ်တကြီး မေးလိုက်လေ၏။
လူသားကောင်လေးသည် ဆေးဖော်စပ်ရာ၌ အရမ်းကိုမှ ပါရမီပါ၏။ သူသည် ဘာမှ မတတ်သည့် အဆင့်မှ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးများ ဖော်စပ်နိုင်သည့် အဆင့်ထိကို အချိန်တစ်နှစ်သာ ယူခဲ့၏။ ထိုနှုန်းအတိုင်းနှင့်ဆိုလျှင် ထိုလူသား မျိုးနွယ်စုမှ လူငယ်လေး သူတော်စင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ရန် ဆယ်နှစ်ပင် စောင့်နေစရာ မလိုတော့ချေ။ သို့သော်ယည်း ယခုအချိန်၌ တကယ်ကို ရယ်စရာ အကြောင်းအရင်း တစ်ခုကြောင့် သူသည် ဆေးဖော်စပ်ခြင်းကို ဆက်၍ မပြုလုပ်နိုင်တော့ချေ။
သူသည် မည်ကဲ့သို့သော ကျင့်စဉ်ကို ကျင့်ကြံထားသလဲ၊ သူ့ခန္ဓာကိုယ်သည် မည်ကဲ့သို့ ထူးခြားနေလဲ ဆိုသည်ကို သူမ မသိချေ။ သို့သော် ရန်ကိုင်၏ လေးနက်နေသော အမူအရာကို မြင်လိုက်သည်နှင့် သူနောက်ပြောင်နေသည် မဟုတ်သည်ကို သူမ သိလိုက်၏။
ရန်ကိုင်ကို စိုက်ကြည့်နေရင်း လီရုန်စိတ်ထဲ အနည်းငယ် ခါးသီး၊ ကူကယ်ရာ မဲ့သွားခဲ့ရ၏။
သူမတို့ ကလန် ဤနေရာ၌ ပိတ်လှောင်ခံထားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ဤနေရာတွင် ရှိနေသော လူအားလုံး၏ အကြီးမားဆုံးသော ဆန္ဒသည် ယခုနေရာမှ ထွက်ခွါနိုင်ဖို့ပင်။ သို့သော်လည်း မျှော်လင့်ချက် ရေးတေးတေးလေးကို မြင်လိုက်ကာ ထိုမျှော်လင့်ချက်လေးသည် ရေစုန်မျှောသွားတော့မည့် ပုံပင်။
ထိုသတင်းကို ကြားလိုက်သည်နှင့် သူမတို့ ကလန်သားများ၏ စိတ်ပျက်အားလျော့နေသော အမူအရာကိုပင် လီရုန် စိတ်ကူးနိုင်ပေ၏။
ခေါင်းခြောက်အောင် စဉ်းစားပြီးနောက် လီရုန်၏ မျက်နှာလှလှလေး ရုတ်တရက် ဝင်းပသွားခဲ့ပြီး ရေရွတ်လိုက်၏ “ငါတို့ဆီမှာ ယန်ဓါတ်ပါတဲ့ ဘာအဖိုးတန် ရတနာမှ မရှိပေမယ့် နင့်ပြဿနာကို ဖြေရှင်းပေနိုင်မယ့် နေရာတစ်ခု ဒီဆန်းကြယ် လောကငယ်ထဲမှာ ရှိတယ်...”
“ဘယ်နေရာလဲ” ရန်ကိုင်က စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်၏။ ယန်အရည်စက်သာ မရှိလျှင် သူလုံးဝကို ဒုက္ခရောက်ရပေလိမ့်မည်။ သူသာ ဆေးစွမ်းရည်ကို ဆက်၍ တိုးတက်အောင် မလုပ်ဆောင်နိုင်ပါက ရှေးဟောင်း နတ်ဆိုး ကလန်သည်လည်း သူ့အား တန်ဖိုးထားတော့မည် မဟုတ်ချေ။ ထိုအခါက လီရုန် သူ့အား အလေးပေးလျှင်ပင် သူ့ကို စောင့်နေသည်မှာ သေခြင်းတရားပင် ဖြစ်ပေလိမ့်မည်။
လီရုန်သည် ရန်ကိုင် မေးခွန်းကို ပြန်မဖြေဘဲ မျက်မှောင်ကြုံ၍ တစ်ခဏ စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်၏ “အခုလောလောဆယ် နားနေနှင့်လိုက်ဦး။ နှစ်ရက်ကြာရင် ငါနင့်ကို အဖြေပြန်ပေးမယ်”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းပြန်ညိတ်ပြလိုက်၏။
လီရုန် အလျင်အမြန် ထွက်သွားလေ၏။
သူ့တွင် ယန်အရည်စက် ကုန်တော့မည် ဖြစ်ရာ ရန်ကိုင်သည် ဆေးပညာရပ်ကို ဆက်၍ မလေ့ကျင့် ရဲတော့ချေ။ ယခု ပျင်းနေသည်နျင့် ရန်ကိုင်သည် ကွမ်းအာကိုခေါ်၍ နတ်ဆိုးနတ်ဘုရား မြို့တစ်ဝက် လှည့်ပတ် ကြည့်လေ၏။
ယခု တွေ့ကြည့်မှပင် သူသည် ဤလောကငယ်ထဲသို့ ရောက်သည့် အချိန်ကတည်းမှစ၍ ကျောက်တုံးခန်းလေးထဲမှ ထွက်လေ့ မရှိသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ သူသည် နတ်ဆိုးမျိုးနွယ်စုဝင် လူများနှင့် မျက်နှာချင်း မဆိုင်ချင်သလို သူတို့၏ အာရုံကို မဆွဲဆောင်လိုသောကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အဓိကအကြောင်းအရင်းမှာ ရန်ကိုင်သည် ဆေးဖော်စပ်ခြင်း၌သာ အာရုံဝင်စား နေသောကြောင့် ဖြစ်၏။
ယခု သူ့တွင် အားလပ်ချိန် ရှိလာခဲ့ပြီ ဖြစ်ရာ ရန်ကိုင်သည် အပျင်းပြေ မြို့တစ်ပတ် လျှောက်ပတ် ကြည့်ချင်မိ၏။
နတ်ဆိုးနတ်ဘုရား မြို့တော်၏ လေးထောင့် ကွက်လပ်ကျယ်ကြီး တစ်ခု၌ ကြီးကျယ်မြင့်မြတ်သော ရုပ်ထုကြီး တစ်ခုကို ရန်ကိုင် တွေ့လိုက်ရ၏။
ထိုရုပ်ထုကို ဖန်တီးထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရုပ်ထုသည် ကြီးကျယ် မြင့်မြတ်သော အရှိန်အဝါကို ပေးစွမ်းနေဆဲ။ ရုပ်ထုကြီးနား ဖြတ်သွားသည့် လူတိုင်း ရုပ်ထုကြီးကို လေးစားသည့် အကြည့်ဖြင့် ကြည့်ကြည့်သွားကြ၏။
ရုပ်ထုကို မော့ကြည့်လိုက်သည့် အခိုက် ထိုရုပ်ထုထဲ သူ့ကိုယ်ထဲမှ ရွှေရောင်အရိုးခြောက်နှင့် အပြန်အလှန် ပဲ့တင်ထပ်ရိုက်ခတ်သွားသည့် ပုန်းကွယ်နေသော စွမ်းအင် တစ်ခုရှိနေသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။ ထိုပုန်းကွယ်နေသော စွမ်းအင်ကြောင့် ရွှေရောင် အရိုးခြောက်ထဲရှိ မိစ္ဆာစွမ်းအင်တို့ ပေါက်ကွဲထွက်လာ လုမတတ် ဖြစ်သွားခဲ့ရ၏။
ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာသည်လည်း ဖြူလျော်လာခဲ့ကာ ချွေးသံတရွှဲရွှဲ ဖြစ်လာခဲ့လေ၏။
ယခုအချိန်၌ သူ့စိတ်ထဲ အသံတစ်သံ ပဲ့တင်ထပ်နေခဲ့၏။ ထိုအသံကို နားထောင်ရန် ကြိုးစားကြည့်လိုက်သည့်အခါ အသံသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
“ဘာတွေ ဖြစ်နေတာလဲ” ရုတ်တရက်ကြီး အကောင်းအတိုင်း ဖြစ်နေသော ရန်ကိုင်သည် မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ရုတ်တရက်ကြီး ဖြစ်သွားရမှန်း သူမနားမလည်နိုင်ချေ။
“ဘာမှမဟုတ်ဘူး။ အခန်းတွင်းအောင်းတာ ကြာသွားလို့ပါပဲ” ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့၏။
“အဲ့ဒါ ဘယ်သူ့ ရုပ်ထုကြီးလဲ” ရန်ကိုင်က မေးလိုက်၏။
“ငါတို့ ဘိုးဘေးတွေရဲ့ ဆရာလေ။ မဟာနတ်ဆိုး နတ်ဘုရားရဲ့ ရုပ်ထုပေါ့” ကွမ်းအာသည် လေးစားမှုတို့ ဖိတ်စင် ရွှန်းလက်နေသည့် မျက်ဝန်းအစုံဖြင့် ရုပ်ထုကို ကြည့်ရင်း ရှင်းပြလိုက်၏။
“မဟာနတ်ဆိုး နတ်ဘုရားလား” ရန်ကိုင် ထိတ်လန့်သွားခဲ့၏။
“ဟုတ်တယ်၊ ကြီးကျယ်မြင့်မြတ်တယ်မလား။ မဟာ နတ်ဆိုး နတ်ဘုရား အသက်ရှင်စဉ်တုန်းက ငါတို့ နတ်ဆိုး မျိုးနွယ်စုက ဒီလောကကြီး တစ်ခုလုံးကို လွှမ်းမိုးခဲ့တာ။ အဲ့အချိန်တုန်းက နင်တို့ လူသားမျိုးနွယ်စုနှင့် မွန်းစတား မျိုးနွယ်စုဆိုတာ ငါတို့ အောက်မှာပဲ ရှိတာ”
“ကြမ်းလိုက်တာ”
“မဟာနတ်ဆိုး နတ်ဘုရားက တကယ်ကို ကြမ်းလွန်းတာ။ သူ့ခွန်အားက ခန့်မှန်းတိုင်းတာလို့ကို မရဘူး။ သူအသက်ရှင်စဉ် တုန်းက ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး”
“အဲ့လို အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်က အခု ဘယ်ရောက်နေတာလဲ”
“ငါလည်း မသိဘူး” ကွမ်းအာက ခေါင်းခါလိုက်၏။
“အဲ့လိုဆိုရင် နင်တို့ ဘိုးဘေးတွေကို ဒီနေရာမှာ ဘာလို့ ပိတ်လှောင်ထားခဲ့ရတာလဲ။ ဘယ်လို အမှားမျိုးများ ကျူးလွန်ခဲ့လို အခုလိုမျိုး လုပ်ခဲ့ရတာလဲ’
“မသိဘူး...” ရန်ကိုင် မေးသမျှ မေးခွန်းတိုင်းကို မဖြေနိုင်ရာ ကွမ်းအာမှာ ရှက်ရှက်ဖြင့် စိတ်တို ဒေါသထွက်သွားခဲ့ကာ ပြန်အော်ပြောလိုက်လေ၏ “နင်ဘာလို့ ဒီလိုမေးခွန်းတွေကို ရုတ်တရက်ကြီး လာမေးနေရတာလဲ။ အရမ်းကို စိတ်ညစ်ဖို့ ကောင်းတာပဲ”