အခန်း (၆၅၁-၆၅၅)
Vol. 27 Ch. 651-655
အပိုင်း(၆၅၁) မီးတောင်
——————————————————————
ရန်ကိုင်သည် မေးခွန်းပေါင်းများစွာ မေးခဲ့သော်လည်း မဖြေနိုင်ခဲ့သည့် အတွက်ကြောင့် ကွမ်းအာသည် မြို့ထဲသို့ ရန်ကိုင်နှင့်အတူ ဆက်လက် လည်ပတ်ချင်စိတ် မရှိတော့ဘဲ စိတ်တိုတိုဖြင့်သာ ကျောက်တုံးခန်းလေးဆီသို့ ပြန်လာလိုက်၏။ သူ့ကို ပြန်ပို့ပြီးသည်နှင့် ချက်ချင်း ပြန်ထွက်သွားလေ၏။
မဟာနတ်ဆိုး နတ်ဘုရား ရုပ်ထုကို မြင်သည့် အခိုက်အတန့်ကို ပြန်စဉ်းစားရင်း ရန်ကိုင် စိတ်ရှုပ်ရှုပ်ဖြင့်သာ ခေါင်းခါရမ်းလိုက်လေ၏။
ထိုအသံသည် အစစ်အမှန်လော၊ အတုအယောင်လော ဆိုသည်ကို သူမသိချေ။ ရေကုန်ရေစမ်း စုံစမ်းချင်သည် ဆိုလျှင်ပင် သူ့တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိ။ ထို့ကြောင့် ထိုကိစ္စကို ယခုလောလောဆယ် လျစ်လျူရှုထားရုံသာ တတ်နိုင်ပေမည်။
နှစ်ရက်ကြာပြီးနောက် လီရုန်နှင့် ဟန်ဖေးတို့ သူ့ဆီ ရောက်ရှိလာခဲ့၏။
ဟန်ဖေးပါ မည်သည့်အတွက်ကြောင့် ရောက်ရှိလာသည်ကို နားမလည်ရာ ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး မေးလိုက်၏ “ဘာတွေ ဖြစ်နေတာလဲ”
လီရုန်သည် အသာအယာသာ ခေါင်းခါရမ်းလိုက်လျက် “နင်လိုအပ်တာ ငါတို့မှာ ရှိမနေဘူး။ နင်က လိုအပ်နေတယ် ဆိုမှတော့ နင်ကိုယ်တိုင်ပဲ သွားယူရမှာပေါ့”
“ကျုပ်ဘာသာ သွားယူရမှာလား” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေ၏။
“ဟုတ်တယ်၊ အဲ့ဒါကြောင့် နင့်ကို နှစ်ရက်စောင့်ခိုင်းခဲ့တာ။ သွားရမယ့်နေရာဆီ ဟန်ဖေး နင့်ကို လိုက်ပို့ပေးလိမ့်မယ်”
ဟန်ဖေး၏ ပိုင်နက်သည် နတ်ဆိုးနတ်ဘုရား မြို့တော်၏ အခြားတစ်ဖက်တွင် ရှိနေသည့် အတွက်ကြောင့် လီရုန်သည် ဟန်ဖေးကို ခေါ်ရန် ရန်ကိုင်ကို နှစ်ရက် စောင့်ခိုင်းခဲ့ခြင်း ဖြစ်လောက်၏။
ရန်ကိုင်သည် ထိုအေးစက်စက် အမျိုးသမီးကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး ခေါင်းသာညိတ်လိုက်ကာ ဘာမှ ဆက်၍ မမေးခဲ့ချေ။
“အဆင်သင့်ဖြစ်ရင် သွားကြတာပေါ့” ဟန်ဖေးသည် အပိုစကားများ ပြောနေခြင်း မပြုဘဲ ရန်ကိုင်ကိုသော အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
“ကျုပ်မှာလည်း ဘာမှ ပြင်စရာ မရှိတော့ဘူး”
“ကောင်းတယ်” ပြောပြီးသည်နှင့် ဟန်ဖေးသည် ရန်ကိုင်၏ အခန်းထဲမှ လမ်းလျှောက်ထွက်သွားလိုက်လေ၏။
“သတိထားဦးနော်” လီရုန်က သတိပေးလိုက်ရာ ရန်ကိုင်သည် သူ့လက်ကိုသာ ဝှေ့ရမ်းပြလိုက်ပြီး ဟန်ဖေးနောက်မှ လိုက်သွားလေ၏။
ရန်ကိုင် ကျောက်တုံးခန်းထဲမှ ထွက်သွားသည်နှင့် ဟန်ဖေးသည် အလင်းတန်းတစ်ခု အသွင်ပြောင်းလျက် ပျောက်ကွယ်သွားခဲ့လေ၏။ သို့သော် သူသည် နေရာတွင်သာ ရပ်၍ စောင့်ကြည့်နေခဲ့၏။
လီရုန်သည် သံသယအကြည့်ဖြင့် ရန်ကိုင်ကို လှမ်း၍ ကြည့်လိုက်၏။
တစ်ခဏကြာသည်အထိ ရန်ကိုင်သည် မလှုပ်ရှားသေးရာ ဟန်ဖေးလည်း ပြန်လှည့်လာခဲ့ရလေ၏။ ရောက်သည်နှင့် မျက်မှောင်ကြုံ့ကာ “နင်ဘာလုပ်နေတာလဲ။ ဘာလို့ လိုက်မလာတာလဲ”
“ကျုပ်မှာ အစစ်အမှန်ချီ အများကြီး မကျန်တော့ဘူးလို့ ပြောပြီးသွားပြီလေ။ ကျုပ်တို့ သွားမယ့်နေရာဆီ ပျံသန်းသွားရင် အစစ်အမှန်ချီ အများကြီး ကုန်မှာပဲ မဟုတ်ဘူးလား” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေ၏။
“အဲ့တော့ နင်ငါ့ကို ဘာလုပ်စေချင်နေတာလဲ” ဟန်ဖေး ထပ်မံ၍ မျက်မှောင် ကြုံ့သွားခဲ့၏။
“ကျုပ်ကို သယ်သွားပေး” ရန်ကိုင်က လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။ ထိုစကားကို ကြားလိုက်သော် ဟန်ဖေး ပို၍ စိတ်ညစ်သွားခဲ့ပြီး “ဟန့်၊ ငါက နင့်ကို သယ်သွားပေးရမယ်ပေါ့၊ ဟုတ်လား”
“ကျုပ်က ခင်ဗျားကို အသားယူဖို့ ကြိုးစားနေတာ မဟုတ်သလို ခင်ဗျားရဲ့ အဆင့်အတန့်ကို နိမ့်ကျသွားအောင် လုပ်ခိုင်းနေတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒါက လုံးဝကို သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပဲမို့ အခုလိုမျိုး လုပ်ခိုင်းရတာ” ရန်ကိုင်က ခက်ထန့်သည့် လေသံဖြင့် ပြန်၍ ငြင်းချက်ထုတ်လိုက်၏။
လီရုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး တစ်ခဏကြာပြီးနောက် ဟန်ဖေးကို ခေါင်းညိတ်ပြလိုက်၏။
ဟန်ဖေးသည် အံတင်းတင်းသာ ကြိတ်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။ သူမ၏ လက်ကလေးကို ဝှေ့ရမ်းလိုက်ရာ စွမ်းအင်လှိုင်းတစ်ခုသည် ရန်ကိုင်ကို ရစ်ပတ်သွားခဲ့ပြီး သူမနဲ့ အတူ ခေါ်ဆောင်သွားခဲ့လေ၏။
ဟန်ဖေးသည် အေးစက်စက် စိတ်နေစိတ်ထားနှင့် မိန်းကလေး တစ်ယောက်ဖြစ်ရာ လိုရင်းတိုရှင်း ပြေရသည်ကိုသာ နှစ်သက်၏။ ထိုကဲ့သို့သော မိန်းမမျိုးသည် တစိမ်းလူနှင့် ရင်းရင်းနှီးနှီး ဆက်ဆံရသည်ကို မကြိုက်မှန်း သိထားလေရာ ရန်ကိုင်သည်လည်း သူ့ဘက်မှ အရင်စ၍ စကားစလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မျက်လုံး မှိတ်၍သာ သူမခေါ်သွားသည်ကို ခွင့်ပြုထားလိုက်၏။
ဆန်းကြယ်သော လောကငယ်သည် အပြင်လောကကြီးနှင့် အရမ်းကို ကွာခြားလှ၏။ ဤနေရာ၌ နေ၊လ၊ကြယ်၊ နေ့၊ ည မရှိချေ။ ကောင်းကင်တစ်ခုလုံးသည် ပရမ်းပတာ ဖြစ်နေသော အရိပ်၊ အလင်း ရောယှတ်မှုတို့ဖြင့်သာ ပြည့်နေခဲ့၏။ မြေပြင်သည်လည်း ကျယ်ပြောပြီး အရိုင်းဆန်ကာ ဟိုတစ်စ၊ ဒီတစ်စ ပေါက်ရောက်နေသော မြက်ပင်များကို တွေ့နေရ၏။
ရံဖန်ရံခါ၌ မွန်းစတားသားရဲ အနည်းငယ်ကို တွေ့ရတတ်၏။
ဤသို့ဖြင့် ရန်ကိုင်နှင့် ဟန်ဖေးတို့သည် တစ်လမ်းလုံး စကားမပြောဘဲ တောက်လျှောက် ခရီးနှင်လာခဲ့ကြ၏။ အချိန် တစ်ခု ကြာညောင်းသွားပြီးနောက် လေထုအပူချိန်သည် တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့၏။ ထိုအခြင်းအရာကို သတိပြုမိသည်နှင့် ရန်ကိုင် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
ထိုကဲ့သို့သော ပူပြင်းသည့် အရှိန်အဝါမျိုးသည် သူလိုအပ်နေသော စွမ်းအင်ပင် ဖြစ်ချေ၏။
အချိန် ကြာလာသည်နှင့်အမျှ အပူချိန်သည်လည်း မြင့်သထက် မြင့်တက်လာခဲ့၏။
နှစ်ရက်ကြာ သွားလာပြီးနောက် မိုးကုတ်စက်ဝိုင်းအောက် တစ်နေရာ၌ တလက်လက် တောက်ပနေသော ရွှေနီရောင်ကို ရန်ကိုင် လှမ်း၍ မြင်တွေ့လိုက်ရ၏။
ယခုအချိန်၌ လေထုထဲရှိ ယန်ယွမ်ချီ ပမာဏသည် အတော့်ကို မြင့်မားသိပ်သည်း နေခဲ့လေပြီ။ ကျင့်စဉ်ကို လှည့်ပတ်ရုံဖြင့်လျှင် အစစ်အမှန် ယန်ယွမ်ချီကို အလျင်အမြန် ပြန်လည် ဖြည့်တင်းနေနိုင်ခဲ့လေပြီ။
ဆန့်ကျင်ဘက် အနေဖြင့် ဟန်ဖေးသည် သူမ၏ ကျင့်စဉ်ကို လှည့်ပတ်၍ ထိုယန်ချီများကို ခုခံနေခဲ့ရ၏။
ယန်ယွမ်ချီသည် နတ်ဆိုးချီ၏ အိမ်မက်ဆိုး ဖြစ်၏။ အားကောင်းလှသော ရှေးဟောင်းနတ်ဆိုးကလန် ကျင့်ကြံသူ များပင် ထိုအချက်ကို လျစ်လျူမရှူထားနိုင်ချေ။ သို့သော် ဟန်ဖေးကဲ့သို့ အားကောင်းသော ပညာရှင်များကမူ သာမန် ယန်စွမ်းအင် တိုက်ခိုက်မှုများကို ခုခံနိုင်ပေ၏။
အချိန်အတော်ကြာအောင် ပျံသန်းလာပြီးနောက် ယန်ယွမ်ချီ သိပ်သည်းနှုန်းသည် မြင့်သထက် မြင့်လာခဲ့ကာ ဟန်ဖေးသည်လည်း နောက်ဆုံး၌ ရပ်တန့်လိုက်လေ၏။ လေထဲတွင် ဝဲလျက် နှစ်ယောက်စလုံး အောက်သို့ ငုံ့ကြည့်လိုက်၏။
အောက်၌...
လေပြင်းတိုက်ခတ်နေသော တောင်တန်းကြီးတစ်ခုရှိပြီး ဧရာမသားရဲ ပါးစပ်ကြီးနှင့် ဆင်တူသော မီးတောင်ဝကြီး တစ်ခု ရှိနေခဲ့၏။ ထိုမီးတောင်ဝကြီးမှ တစ်ဆင့် ပလုံစီထနေသော ချော်ရည်များကို ရန်ကိုင် လှမ်း၍ မြင်တွေ့နေခဲ့ရ၏။
ထိုနေရာရှိ ယန်ယွမ်ချီသည် လွန်စွာကိုမှ သိပ်သည်းလေရာ ကျောက်တုံးများပြင် ချော်ရည်အဖြစ် အရည်ပျော်ကြရ၏။
ရံဖန်ရံခါ ထိုထဲရှိ ချော်ရည်ပူတို့သည် မြင့်တက်လာခဲ့ပြီး တောင်အောက်သို့ စီးကျသွားခဲ့၏။
ထို့အပြင် ရန်ကိုင် ရင်ဘတ်တွင်းရှိ မူလယန်သည်လည်း ပြင်းပြင်းထန်ထန်ကို တုန့်ပြန်နေခဲ့ရာ ထိုအောက်ဘက်ရှိ ယန်ယွမ်ချီ သိပ်သည်းမှုသည် ရူးချင်စရာ ကောင်းလောက် သည်မှာ သံသယ ရှိစရာ မလိုချေ။
သူ့ရင်ဘတ်တွင်းရှိ မူလယန်သည် ယန်ယွမ်ချီ၏ တည်ရှိမှုကို အာရုံခံမိမှသာ ထိုကဲ့သို့ တုန့်ပြန်ခြင်း ဖြစ်၏။ သူ့ဘဝ တစ်သက်သာ မူလယန် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် တုန့်ပြန်သည်ကို တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။ ထို့ကြောင့် ထိုမီးတောက်အောက်၌ ပုန်းကွယ်နေသော လွန်စွာကိုမှ အားကောင်းလှသည့် ယန်စွမ်းအင် အရင်းအမြစ် တစ်ခုခု ရှိကို ရှိနေရပေမည်။
“ဒီနေရာပဲ” ဟန်ဖေး ပြောလာခဲ့၏ “ဒီလောက် သိပ်သည်းတဲ့ ယန်စွမ်းအင် နင့်လိုအပ်ချက်နဲ့ ကိုက်ညီလောက်တယ်မလား။ ငါသိသလောက်ဆို အဲ့ချော်ရည်တွေ အောက်ဘက်မှာ ယန်သလင်းကျောက်ရိုင်းတွေ ရှိတယ်။ နင်ယူနိုင်ရင် ကြိုက်သလောက် ယူလို့ရတယ်။ ငါတို့ ရှေးဟောင်း နတ်ဆိုး ကလန်က အဲ့လိုအရာမျိုးတွေကို မလိုအပ်ဘူး”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“ငါနင့်ကို ခေါ်သွားပေးမယ်။ သင့်တော်တဲ့ နေရာတစ်ခု ရှာပြီး နင့်ဘာသာ ကျင့်ကြံပေတော့” ဟန်ဖေးသည် ရန်ကိုင်ကို စွမ်းအင်ဖြင့် ရစ်ပတ်ပြီး အောက်သို့ ခေါ်သွားပေးလိုက်၏။
ဘာကိုမဆို အရည်ဖျော်ပစ်နိုင်သော ချော်ရည်ပူများနှင့် ရင်ဆိုင်ရသည်တွင်ပင် ထိုအေးစက်စက် အမျိုးသမီးသည် နည်းနည်းမှ ကြောက်ရွံ့ဟန် မပြ။ ရန်ကိုင်ပင် ထိတ်လန့် တုန်လှုပ်သွားရလောက်သည့် ကြောက်မက်ဖွယ် စွမ်းအင်တို့ သူမ၏ ခန္ဓာကိုယ်လေးမှ ပေါက်ကွဲထွက်လာခဲ့ပြီး ချော်ရည်များကို ဘေးဘက်သို့ တွန်းထုတ်ကာ လမ်းကြောင်းတစ်ခု ဖန်တီးလိုက်၏။
ထက်ရှသည့် ဓါးတစ်စင်းအလား ဟန်ဖေးသည် ချော်ရည်များကို ထိုးခွဲသွားခဲ့လေ၏။
မည်သည့် အန္တရာယ်မှ မရှိချေ။ သူတို့ ဖြတ်သွားပြီးသည်နှင့် ထိုလမ်းကြောင်းသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့၏။ ရန်ကိုင် လှည့်ပတ်ကြည့်လိုက်ရာ ချော်ရည်ပင်လယ်ကြီးမှ လွဲ၍ အခြားဘာကိုမှ မတွေ့ခဲ့ရချေ။
ထိုမိန်းမ မည်မျှအားကောင်းသည်ကို ရန်ကိုင် ယခုမှပင် အတော်နားလည်သွားခဲ့ရ၏။
သူတော်စင်များသည် ဤလောကကြီး၌ အထွဋ်အထိပ် ပညာရှင်များ ဖြစ်၏။ ထိုမိန်းမသည် မည်သည့်အဆင့် သူတော်စင် ဖြစ်သည် ဆိုသည်ကိုမူ ရန်ကိုင် မသိချေ။
အချိန်အတော်ကြာအောင် ဖြတ်သန်းလာပြီး နောက်ဆုံး၌ ဟန်ဖေးသည်လည်း ထိုယန်ချီကို ခုခံရန် ခက်ခဲလာသည့် ပုံပင်။ ဤနေရာ၌ ရှိနေသော ယန်ယွမ်ချီသည် သူမပင် လျစ်လျူ မရှုဝံ့သည်အထိ သိပ်သည်းလှလေ၏။
ချွေးသီးလုံးလေးများ သူမ၏ နဖူးထက် ထွက်ပေါ်လာခဲ့ပြီး စွဲမက်ဖွယ် သင်းရနံ့တို့ ရန်ကိုင် နှာခေါင်းဝထံ ပျံလွင့်လာခဲ့ရာ ရန်ကိုင်မှာ ကိုးယိုးကားယား ဖြစ်သွားခဲ့လေ၏။
ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသည်နှင့် ဟန်ဖေးသည် ရန်ကိုင်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး လှုပ်ရှားနေသည်ကို ရပ်တန့်၍ မေးလိုက်၏ “ဒီမှာ အဆင်ပြေလား”
“ပြေတယ်” ရန်ကိုင်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။
“ပြေတယ်ဆိုရင် ဒီမှာပဲ ကျင့်ကြံတော့” ဟန်ဖေးသည် သူမ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး အနားရှိ ချော်ရည်ကို ထိုးခွဲလိုက်ကာ မီးတောင်ထဲ လိုဏ်ဂူတစ်ခု ဖန်တီးလိုက်၏။ ထိုလိုဏ်ဂူသည် ရန်ကိုင်တစ်ကိုယ်စာ ဝင်ထိုင်ရုံလောက်သာ ကျယ်ဝန်းကြီးမား၏။
ထိုနေရာ၌ စွမ်းအင်အကာအရံ အနည်းအကျဉ်း ချထားလိုက်ပြီးနောက် ဟန်ဖေးသည် ရန်ကိုင်ကို လိုဏ်ဂူထဲ ပစ်ထည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ဆိုလိုက်၏ “လူသား၊ ဥာဏ်နီဥာဏ်များဖို့ မကြိုးစားနဲ့။ နင်လိုအပ်တဲ့ ယွန်ယွမ်ချီကိုသာ စုပ်ယူနေလိုက်။ တစ်လကြာရင် ငါနင့်ကို လာပြန်ခေါ်မယ်”
“အင်း”
ဟန်ဖေးသည် မသွားခင် ရန်ကိုင်ကို တစ်ချက် လှည့်ကြည့်သွားခဲ့ပြီးနောက် ချော်ရည်ပူထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့လေ၏။
သူမ ထွက်သွားပြီးနောက် ရန်ကိုင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်၏။
လိုဏ်ဂူသည် အကြမ်းခံ၍ လုံခြုံ၏။ တကယ်တော့ ထိုလိုဏ်ဂူကို သူတော်စင်အဆင့် ပညာရှင်တစ်ယောက်က ဖန်တီးခဲ့ခြင်းပင် မဟုတ်လေလော။ ရန်ကိုင်သည် ချော်ရည်ကို မကြောက်သော်လည်း ထိုချော်ရည်ထဲသာ ပိတ်မိပြီး လမ်းပျောက်သွားခဲ့ရင် တကယ်ကို ပြဿနာ များပေလိမ့်မည်။
ထိုင်ချလိုက်ပြီးနောက် အစစ်အမှန် ယန်ကျင့်စဉ်ကို စတင် လှည့်ပတ်လိုက်လေ၏။
သူစတင် ကျင့်ကြံသည်နှင့် သူ့မွှေးညင်းပေါက်များ အားလုံး ပွင့်သွားပြီး ဘေးပတ်ဝန်းကျင်မှ များပြားလှသော ယန်ယွမ်ချီများကို အရူးအမူး စတင် စုပ်ယူတော့လေ၏။
ရန်ကိုင် မျက်နှာ ဝင်းပသွားခဲ့ရလေ၏။ ဤမျှ သိပ်သည်းလှသော ယန်ဓါတ် စွမ်းအင်များကို သူတစ်ခါမှ မခံစားဖူးခဲ့ရာ သူ့တစ်ကိုယ်လုံး လွန်စွာကိုမှ သက်သောင့် သက်သာ ရှိနေခဲ့၏။
အရည်စက် ကျသံများ ရန်ကိုင် ခန္ဓာကိုယ်ထဲ ပဲ့တင် ထပ်နေခဲ့၏။ အသက်(၃၀) ရှိုက်စာ ကုန်ဆုံးပြီးနောက် ယန်အရည်စက်အသစ် ထပ်မံ ဖြစ်တည်လာခဲ့၏။
ယခု ရန်ကိုင်၏ ကျင့်ကြံခြင်းသည် ယခင်ကနှင့် မတူတော့ချေ။ ယခုလက်ရှိ သူ့အစစ်အမှန်ချီ၏ သိပ်သည်းမှု၊ သန့်စင်မှုသည် ယခင်နှင့် ယှဉ်လျှင် အဆများစွာ ပိုမို မြင့်တက်လာခဲ့လေပြီ။
ထို့ကြောင့် သူသည် ယန်အရည်စက် တစ်စက်ကို ဖြစ်တည်စေချင်သည် ဆိုပါက ယခင် အဆများစွာ ပိုမို သာလွန်သော ယန်ယွမ်ချီကို စုပ်ယူရမည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
ထိုသို့ဆိုလျှင်ပင် ယခုနေရာ၌ ရန်ကိုင်သည် ယန်အရည်စက် တစ်စက် ဖန်တီးရန် အသက်(၃၀) ရှိုက်စာသာ လိုအပ်၏။
ထိုကဲ့သို့သော အမြန်နှုန်းသည် ရန်ကိုင် စိတ်ကူး ထားသည်ထက်ပင် ပို၍ မြန်ဆန်နေသေး၏။
ဤနေရာရှိ ပတ်ဝန်းကျင်သည် သူ့ကျင့်ကြံခြင်းအတွက် လွန်စွာကိုမှ ကောင်းမွန် သင့်တော်လှ၏။
အစက်ကျသံများ တရစပ် မြည်ဟည်းနေခဲ့ပြီး မကြာခင်မှာပင် ရန်ကိုင်သည် အချိန်စီးဆင်းမှုကို သတိမမူမိတော့ဘဲ ကျင့်ကြံခြင်းထဲသာ ဈာန်ဝင်စားသွား ခဲ့လေ၏။
မီးတောက်အောက်ခြေရှိ၊ ပွက်ပွက်ဆူနေသော ချော်ရည်ပူထဲ ရန်ကိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တင်ပလင်ခွေထိုင် ကျင့်ကြံနေခဲ့၏။
----------------------------------
ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီး ဖြစ်သော ချူကျန်း၏ ပိုင်နက်သည် နတ်ဆိုးနတ်ဘုရားမြို့တော်၏ အရှေ့ဘက် ကီလိုမီတာထောင်ကျော်တွင် တည်ရှိသည်။
ယခုအချိန်၌ ချူကျန်းသည် နန်းတော်၏ အဓိကခန်းမထဲတွင် ထိုင်နေရင်း သူယုံကြည်ရသော လက်အောက်ငယ်သား၏ ပြန်လည် တင်ပြချက်ကို နားထောင်နေခဲ့၏။ ခဏအကြာ၌ သူ့မျက်နှာထက် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး “မင်းပြောချင်တာက၊ အပြင်လူသားက နတ်ဆိုးနတ်ဘုရား မြို့တော်ကနေ ထွက်သွားတယ်ပေါ့”
“ဟုတ်ပါတယ်ဆာ၊ သူ့ကို ဗိုလ်ချုပ်ကြီးဟန်ဖေးက ခေါ်သွားတာပါ” ထိုလူက အလျင်အမြန် ပြန်ပြောလိုက်၏။
“သူတို့ ဘယ်သွားလဲ မင်းသိလား”
“မီးတောင်ရှိတဲ့ ဘက်ကို သွားတဲ့ပုံပဲ”
“မီးတောင်...” ချူကျန်း မျက်မှောင် ကြုံ့သွားခဲ့၏။ ထိုနေရာသည် ရှေးဟောင်းနတ်ဆိုးကလန်၏ တားမြစ် နေရာတစ်ခု ဖြစ်၍ ဗိုလ်ချုပ်ကြီးများပင် အမှန်တကယ် မလိုအပ်ပါက ထိုနေရာသို့ မသွားချင်ကြချေ။
ထိုနေရာသည် သူတို့အတွက် အရမ်းကို အန္တရာယ် များသည်ဟု မဆိုလိုချေ။ သူတို့၏ မသိစိတ်ကသာ ထိုပူပြင်းလှသော ယန်ယွမ်ချီကို ရှောင်ရှားချင်ကြခြင်း ဖြစ်၏။
“သူတို့ ဘာလို့ မီးတောင်ဆီ သွားကြတာလဲ” ချူကျန် မျက်မှောင်ကြုံ့သွားခဲ့လေ၏။
အရေးကြီးသည့် အရင်းအရင်းမရှိဘဲ ဟန်ဖေး အနေဖြင့် ထိုလူသားကို မီးတောင်ဆီ ခေါ်သွားရန် မဖြစ်နိုင်ချေ။
“ဒီလို အခွင့်အရေးမျိုးက ရှားပါတယ်ဆိုတော့ ကျုပ်တို့” ထိုလူက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်၏။
ချူကျန်း မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး သူ့မျက်လုံးထဲ အေးစက်စက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ကာ လှောင်ပြောင်ပြောဆိုလိုက်လေ၏ “ဒါက ရှားပါးတဲ့ အခွင့်အရေးမှန်း ငါသိတာပေါ့ကွ။ လာခဲ့ အပြင်လူသားကို ငါ့ပိုင်နက်ဆီ လာဖို့ သွားဖိတ်ခေါ်ကြရအောင်”
ချူရန်သည် ရန်ကိုင်အကြောင်း အစဉ်မပြတ် နားစွင့်နေခဲ့ရာ ရန်ကိုင်၏ ဆေးပညာစွမ်းရည် မည်မျှ အထင်ကြီးဖွယ် ကောင်းကြောင်းကို သူသိ၏။
ချူကျန်းသည် လီရုန်ကို ဖိနှိပ်နိုင်ရန် နည်းလမ်းတစ်ခုကို အမြဲတစေ ရှာနေသူ ဖြစ်၏။ ယခုအကြိမ်၌ သူသာ ထိုလူသား ကောင်လေးကို သူ့နယ်မြေဆီ ခေါ်လာပြီး သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်ကာ သူတို့ ကလန်ကို ဤအချုပ်အနှောင့်မှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့လျှင် သူ့ကလန်သားများ၏ အထောက်အပံ့ကို အလွယ်တကူ ရယူနိုင်ပေလိမ့်မည်။ ထိုအခါကျ လီရုန်သည်လည်း သူမ၏ ရာထူးမှ ဆင်းပေးရပေလိမ့်မည်။
ထို့အပြင် လီရုန်တို့တွင် ဆေးပင် များများစားစား မကျန်တော့သည်ကို ချူကျန်း သိထား၏။ သူ့တွင်မူ အတော်များများ ကျန်ရှိနေသေး၏။ ထိုလူသားကောင်လေးသာ သူ့ဆေးပညာစွမ်းရည်ကို ဆက်လက်၍ တိုးတက်အောင် လုပ်ချင်သည် ဆိုပါက သူတစ်ယောက်သာ သူလိုအပ်သော ဆေးပင်များကို ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။
သူ့ရဲ့ အောင်ပွဲခံ အခမ်းအနားကို ပုံဖော်ရင်း ချူကျန်း၏ မျက်ဝန်းအစုံ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လာခဲ့လေ၏။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများကို အလျင်အမြန် စတင် အမိန့်ပေးတော့လေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၅၂) တိုက်ပွဲ၏အာရုံစိုက်ရာ
——————————————————————
အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးနေခဲ့ပြီး မျက်တောင် တစ်ခတ်အတွင်းမျာပဲ တစ်လ ကုန်ဆုံးသွားခဲ့လေပြီ။
ဤအရာသည် ရှားပါးသော အခွင့်အရေး တစ်ခုမှန်း သိထားသဖြင့် ထိုတစ်လလုံး အစစ်အမှန်ယန်ကျင့်စဉ်ကို အားတက်သရော လှည့်ပတ်ကာ ပတ်ဝန်းကျင်မှ ယန်ယွမ်ချီများကို တောက်လျှောက် စုပ်ယူနေခဲ့လေ၏။
တစ်လကြာပြီးနောက် သူ့ဒန်တန် ပြည့်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ယခုအချိန်၌ သူ့ဒန်တန်ထဲ စုဆောင်းထားသော ယန်အရည်စက် များစွာ ရှိနေခဲ့လေပြီ။ ရောက်လာစဉ်က လုံလောက်သော ယန်အရည်စက် ပမာဏအား မစုပ်ယူနိုင်မည်ကို ရန်ကိုင် စိုးရိမ်နေခြင်း ဖြစ်၏။ သို့သော်လည်း ယခုအချိန်၌ သူ့တွင် ယန်အရည်စက် မည်မျှ ရှိနေသည်ကိုပင် သူမသိတော့ချေ။
သူ့တစ်ကိုယ်လုံး အားအင်တို့ဖြင့် ပြည့်ဖြိုးနေခဲ့လေ၏။
ယခု ယန်အရည်စက်နှင့် ဆိုလျှင် နောက်နှစ်ပေါင်း များစွာလောက် လွတ်လွတ်လပ်လပ် စိတ်ကြိုက် သုံးနိုင်ပေပြီ။
ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်မှ ယန်ယွမ်ချီများကို အဆက်မပြတ် စုပ်ယူနေလော ချော်ရည်များသည်လည်း ယခင်ကလောက် မပူတော့ချေ။ အေးခဲမည့် အရိပ်အယောင်ပင် ပြနေခဲ့လေပြီ။
ယခုအချိန်၌ အောက်ဆင်းပြီး စူးစမ်းချင်သော်ငြား တစ်လအကြာ၌ ဟန်ဖေးသည် သူ့အား လာပြန်ခေါ်မည်ဟု ပြောထားသဖြင့် ရန်ကိုင်သည် နေရာတွင် ထိုင်စောင့်ရုံသာ တတ်နိုင်ခဲ့၏။
သူသည် ထိုအေးစက်စက် အမျိုးသမီးကို ရန်မစချင်သလို သူ့ကို မေးခွန်းထုတ်မည့် အကြောင်းပြချက်လည်း မပေးချင်ချေ။
အချိန်သည် ကုန်ဆုံးနေခဲ့ပြီး သူစောင့်နေခဲ့သော်လည်း ဟန်ဖေး ထွက်ပေါ်လာခဲ့လေ၏။
အံတင်းတင်းကြိတ်လိုက်ပြီး လိုဏ်ဂူထဲကနေ ထွက်ကာ ချော်ရည်အောက်ထဲသို့ ငုပ်လျှိုးသွားခဲ့လေ၏။
အောက်ခြေသည် မဆုံးနိုင်တော့သည့်အလား ရှည်လျားလှ၏။ အောက်သို့ ဆက်ဆင်းနေသည်နှင့် အမျှ ဘေးပတ်းဝန်းကျင်မှ အပူစွမ်းအင်သည်လည်း ပြင်းထန်သထက် ပြင်းထန်လာခဲ့၏။ ဤပတ်ဝန်းကျင်သည် သူ့အတွက် လုံးဝကို ပြီးပြည့်စုံလှ၏။ သို့သော်လည်း ရှေးဟောင်းနတ်ဆိုးကလန်သား များအတွက်မူ ဤနေရာသည် တားမြစ် ငရဲခန်းတစ်ခု ဖြစ်၏။
ရန်ကိုင်သည် ထွက်ပြေးရန် မစဉ်းစားထားချေ။ ဤလောကငယ်ထဲ၌ သူထွက်ပြေးနိုင်သော မည်သည့်နေရာမှ မရှိသည်ကို ရန်ကိုင်သိ၏။ သူ့လက်ကျန် တစ်ဘဝလုံးကို ဤချော်ရည်ပူထဲ နေချင်သည် ဆိုလျှင်တော့ ဇာတ်လမ်းက တစ်မျိုး ဖြစ်သွားပေလိမ့်မည်။
သူသည် ထိုအောက်ဘက်တွင် မည်ကဲ့သို့သော အရာများ ရှိနေသည် ဆိုသည်ကို သိချင်ရုံသက်သက်သာ ဖြစ်၏။
တစ်နာရီလောက် ထိုးဆင်းလာပြီးသည့်တိုင်း အဆုံးကို မမြင်ရသေးချေ။ သို့သော် ဘေးပတ်ဝန်းကျင် အပူချိန်နှင့် ဖိအားသည် သူပင် မတောင့်ခံနိုင်သည့် အဆင့်သို့ ရောက်ရှိ လာခဲ့လေပြီ။
သူ့စိတ်ထဲ တိတ်တဆိတ် ကျိန်ဆဲရင်း စိတ်ပျက်ပျက်ဖြင့်သာ ခေါင်းခါရမ်းလိုက်၏။
ဤနေရာကို စူးစမ်းချင်သော်လည်း သူသာ ဆက်သွားမည် ဆိုပါက သူ့အသက်ကို အာမခံနိုင်လိမ့်မည် မဟုတ်ချေ။ အကျိုးအမြတ် ရရန် မသေချာဘဲနှင့် မည်သည့်အတွက်ကြောင့် မဆင်မခြင် လှုပ်ရှားရပေမည်နည်း။
တစ်ခဏနောက် စဉ်းစားပြီးနောက် မလျှော့ချင် လျှော့ချင်ဖြင့် လက်လျှော့်လိုက်ကာ ပြန်လှည့်ထွက်သွားလေ၏။
နောက်တစ်နာရီ ကြာပြီးနောက် သူ့အရင်နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့လေ၏။
သူပြန်ရောက်လာသည့် အချိန်၌ ဟန်ဖေး ရောက်နေခဲ့လေပြီ။ ရန်ကိုင် ထွက်ပြေးသည်သည်ဟု ထင်နေပုံရကာ ဟန်ဖေးသည် အံတကြိတ်ကြိတ်ဖြင့် ရှိနေခဲ့၏။
ရန်ကိုင် ပြန်ပေါ်လာသည်ကို မြင်ပြီးနောက် ချက်ချင်းကို တန်းအော်မေးလိုက်လေ၏ “နင်ဘယ်တွေ ရောက်နေတာလဲ”
“အောက်ကို ဆင်းကြည့်နေတာလေ” ရန်ကိုင်က ပခုံးပြန်တွန့်ပြလိုက်၏။
“အောက်ကိုလား” ဟန်ဖေး မျက်မှောင် ကြုံ့သွားခဲ့ပြီး “နင်ထပ်ပြီး ဆင်းကြည့်သေးတာလား”
သူမပင် ဆက်၍ မဆင်းကြည့်နိုင်တော့ချေ။ ယခုနေရာသည် သူမ၏ အကန့်အသတ် ဖြစ်၏။ သို့သော်လည်း ထိုလူသား ကောင်စုတ်လေးသည် အောက်သို့ ဆက်၍ ဆင်းကြည့်နိုင်သေး၏။
“ကျုပ်က ယန်အမျိုအစား ကျင့်စဉ်ကို လေ့ကျင့်တာလေ။ ဒီတော့ ကျုပ်က ဒီနေရာမှာ လွတ်လွတ်လပ်လပ် သွားလာလို့ ရတာပေါ့” ရန်ကိုင် ရယ်မော၍ ပြန်ပြောလိုက်၏။
သို့သော်လည်း သူ့ရှင်းပြချက်သည် ဟန်ဖေးကို အတော်လေး မကျေနပ်စေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယန်ကျင့်စဉ်ကို လေ့ကျင့်ထားလျှင်ပင် လုံလောက်သည့် အရည်အချင်း မရှိသရွေ့ သူ့ရဲ့ အားနည်းလှသော ကျင့်ကြံခြင်းနှင့် အောက်ကိုဆင်း၍ စူးစမ်းသည်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခု ဖြစ်၏။
သို့သော်လည်း ထိုကိစ္စသည် သူမအလုပ် မဟုတ်လေရာ “နင်လိုချင်တာ ရခဲ့လား”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။
“အဲ့လိုဆိုရင် သွားကြတာပေါ့။ စီနီယာလီ အခုဆို တော်တော်လေး စိုးရိမ်နေလောက်ပြီ” ပြောပြီးသည်နှင့် ဟန်ဖေးသည် ရန်ကိုင်ကို အစစ်အမှန်ချီဖြင့် ရစ်ပတ်၍ သူမနှင့်အတူ အပေါ်သို့ ခေါ်ဆောင်သွားလေ၏။
မကြာခင်မှာပင် သူတို့နှစ်ယောက်သည် မီးတောင် ထိပ်ဝနားသို့ ရောက်ရှိလာခဲ့လေ၏။
သို့သော်လည်း ထိုအချိန်တွင် ရန်ကိုင်သည် ဟန်ဖေး၏ လက်ကို ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏ “နေဦး”
ဟန်ဖေး၏ ခန္ဓာကိုယ် သွယ်သွယ်လေး တောင့်တင်းသွားခဲ့ပြီး ရန်ကိုင်ကို ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ “ဘာလဲ”
ယခုလို သူမအသားအား အခြားလူတစ်ယောက်က လာရောက်ထိတွေ့ထိခြင်းကို ဟန်ဖေး မကြိုက်သည့်ပုံပင်၊ အထူးသဖြင့် ယောကျာ်းများပင် ဖြစ်၏။
“ကိုယ်ဘာသာကိုယ် ကြည့်လိုက်တော့” ရန်ကိုင် မျက်နှာ လေးနက်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်လေ၏။
ဟန်ဖေး၏ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်ရာ သူမ၏ မျက်နှာ လှလှလေးတစ်ခုလုံး သုန်မှုန်သွားခဲ့ရလေ၏။
ရန်ကိုင်သည်ပင် မီးတောင်တစ်ဝိုက်ရှိ ပုံမှန်မဟုတ်သည့် အခြေအနေကို အာရုံခံနိုင်လေရာ ဟန်ဖေးက မည်သည့် အတွက်ကြောင့် သတိမပြုမိရမည်နည်း။ သူမသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်သောကြောင့်သာ သတိမပြုမိခြင်း ဖြစ်ပေ၏။
“ကြည့်ရတာ ပြဿနာ တက်တော့မယ့်ပုံပဲ” ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ ထက်ရှစွာ စိုက်ကြည့်ရင်း ပြောလိုက်၏။
“ဘာမှမပြောနဲ့၊ ဒီကိစ္စကို ငါကိုင်တွယ်လိုက်မယ်” ဟန်ဖေးက နှာခေါင်းရှုံ့၍ နေရာတစ်ခုကို စိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေ၏ “ချူကျန်း၊ ထွက်လာခဲ့တော့”
ဟက်ဟက်ပက်ပက် ရယ်မောရင်း ချူကျန်းသည် ပုန်းကွယ်နေရာမှ ထွက်ပေါ်လာခဲ့ပြီး ဟန်ဖေးအား လှောင်ပြောင်တစ်ဝက်၊ တဏှာတစ်ဝက်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေ၏ “ဗိုလ်ချုပ်ကြီး ဟန်ဖေး၊ ခင်ဗျားကို ဒီမှာ လာတွေ့ရမယ်လို့ မထင်ထားမိဘူး”
ပြောပြီးသည်နှင့် မျက်ဝန်းအစုံကို မှေးကျဉ်း၍ သုန်မှုန်နေသော အကြည့်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်၏။ ထို့နောက် ဟန်ဖေးဆီ အကြည့် ပြန်ပြောင်းလိုက်လေ၏။
“ချူကျန်း၊ နင်ဒီမှာ ဘာလုပ်နေတာလဲ” ဟန်ဖေး၏ လေသံသည် ရေခဲတမျှ အေးစက်နေခဲ့ပြီး ချူကျန်းကို စူးစူးရဲရဲ စိုက်ကြည့်ရင်း မေးလိုက်၏။
ဤနေရာသည် ရှေးဟောင်းနတ်ဆိုးကလန်၏ တားမြစ် နေရာတစ်ခုဖြစ်၏။ မည်သူကမှ အမှန်တကယ် မလိုအပ်ဘဲ ဤနေရာသို့ လာလိမ့်မည် မဟုတ်လေရာ ချူကျန်းကို ဤနေရာ၌ တွေ့မိခြင်းသည် တိုက်ဆိုင်သည် ဆိုသည်ကို မည်သည့် အတွက်ကြောင့် သူမ ယုံရမည်နည်း။
ထို့ပြင်၊ ချူကျန်း ပြောပြီးသည်နှင့် သူ့နောက်မှ အားကောင်းသော ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့လေ၏။ ထိုလူအားလုံးသည် ချူကျန်းပိုင်နက်မှ အားကောင်းသော ပညာရှင်များ ဖြစ်ကြပြီး အားလုံးသည် လှောင်ပြုံးပြုံးလျက် မီးတောင်ကို ဝိုင်းထားလိုက်ကြလေ၏။
တစ်ဖက်လူသည် အသေအချာကို ပြင်ဆင်လာခဲ့၏။ သူတို့ မီးတောင်ဆီသို့ ရောက်နေကြောင်း သတင်းရ၍ ယခုနေရာမှ ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားသည့် ပုံပင်။
“အို၊ ဘာမှမဟုတ်ပါဘူး။ ငါက စီနီယာဟန်ဖေးဆီကနေ ဒီလူသားကောင်လေးကို ငါ့ပိုက်နက်ဆီ ခဏလောက် ခေါ်သွားချင်ရုံပါပဲ” ချူကျန်းက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။
“နင်က တကယ်ကို ရဲတင်းနေတာပဲ” ဟန်ဖေးသည် ချူကျန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး “ဒီလူသားက စီနီယာလီရဲ့ ဧည့်သည်လည်း ဟုတ်သလို ငါတို့ ကလန် ပြန်လည်လွတ်မြောက်နိုင်မယ့် မျှော်လင့်ချက်ဆိုလည်း ဟုတ်တယ်။ ဘာလဲ၊ နင်က ငါတို့ ကလန်ရဲ့ မျှော်လင့်ချက်ကို ဖျက်စီးပစ်ချင်နေတာလား။ ချူကျန်း၊ အခုလိုမျိုး ပြဿနာ ရှာတာကို ရပ်တန်းက ရပ်လိုက်ရင် ကောင်းမယ်။ စီနီယာလီ ကြင်နာနေတိုင်း နင်လုပ်ချင်သလို လုပ်လို့ ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်”
“စီနီယာလီလား” ချူကျန်းက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါက သူ့နေရာကို တစ်နေ့ကျရင် အစားထိုးပြီး နတ်ဆိုးနတ်ဘုရားမြို့တော်ရဲ့ သခင်ဖြစ်လာမှာ။ ငါတို့ ရှေးဟောင်းနတ်ဆိုးကလန်က ရဲတင်းပြီး တိုက်ပွဲဝင်စိတ် ပြင်းပြတဲ့ ကလန်ပဲ။ ဒီလို နေရာမျိုးမှာ ပိတ်မိနေရင်တောင် အဲ့အချက်ကို မေ့မထားသင့်ဘူး။ ဒီနှစ်အတွင်း ငြိမ်းချမ်းမှုက ငါတို့ရဲ့ သတ္တိတွေကို တဖြည်းဖြည်းနဲ့ တိုက်စားလာပြီ။ စီနီယာလီရဲ့ ‘ကြင်နာမှု’ အခြေအနေကို ပိုပြီး ဆိုးရွားသွားစေတာပဲ ရှိတယ်။ သူက နတ်ဆိုးနတ်ဘုရားမြို့တော်ရဲ့ ခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်ဘူး။ ငါ၊ ချူကျန်းကပဲ အဲ့လိုနေရာအတွက် ထိုက်တန်တာ”
ထိုစကားကို ကြားလိုက်သည်နှင့် ချူကျန်းနောက်ဘက်တွင် ရှိနေသော ပညာရှင်များ၏ အရှိန်အဝါများ ပေါက်ကွဲ ထွက်လာခဲ့လေ၏။ ချူကျန်း ပြောခဲ့သလိုပင် သူတို့သည် ဤနေရာ၌ နှစ်ပေါင်းများစွာကြာအောင် ပိတ်လှောင်ထားခြင်း ခံခဲ့ရသော်လည်း သူတို့၏ တိုက်ခိုက်ချင်စိတ်သည် ပျောက်ကွယ်သွားခြင်း မရှိသေးသည့် ပုံပင်။
“နင်ရူးနေတာပဲ” ဟန်ဖေးက စိတ်ပျက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး “နင့်မှာ ရမ်းကားတဲ့ ရည်မှန်းချက်တွေ ရှိနေတယ် ဆိုတာကို ငါတို့ သိထားပေမယ့် နင်ဒီလောက်အထိ ရူးမိုက်နေမယ်လို့ ငါတို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ချူကျန်း၊ နင်သာ နင့်လုပ်ရပ်ကို ရပ်တန်းက မရပ်ရင် သေခြင်းတရားကပဲ နင့်ကို စောင့်ကြိုနေလိမ့်မယ်နော်”
“သေခြင်းတရားလား” ချူကျန်း ဝါးလုံးကွဲ အော်ဟစ် ရယ်မောလိုက်ပြီး “ငါပဲသေမလား၊ နင်ပဲ သေမလား ဆိုတာကို စဉ်းတော့စဉ်းစားမိသား”
ချူကျန်း၏ သတ်ဖြတ်လိုစိတ်ကို သတိပြုမိသည်နှင့် ဟန်ဖေး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရ၏။ ချူကျန်းသည် သက်သေမှန်သမျှကို ဖျောက်ဖျက်ရန် ကြံစည်ထားသည်ကို ယခုမှပင် သူမ နားလည်သွားတော့၏။
ချူကျန်းအနေဖြင့် နတ်ဆိုးနတ်ဘုရား မြို့တော်၏ အရှင်သခင် ရာထူးကို ရယူချင်သည် ဆိုပါက သူအရင်ဆုံး ဖယ်ရှားမည့် ပစ်မှတ်များသည် ဟွာမိုနှင့် သူမပင် ဖြစ်၏။
နှစ်ပေါင်းများစွာကြာအောင် ဤနေရာ၌ ပိတ်လှောင် ထားခံရပြီးနောက် လူသားမျိုးနွယ်စု လွန်စွာကိုမှ နှစ်သက်သည့် အကွက်ချ၊ အစီအစဉ်များသည် လွန်စွာကိုမှ အစွမ်းထက်သည်ကို သူမ မေ့လျော့လုလု ဖြစ်နေခဲ့၏။
“ဟန်ဖေး၊ ငါနင့်ကို အခွင့်အရေးပေမးယ်” ချူကျန်းက ဟန်ဖေးကို လက်ညိုးထိုး၍ မောက်မာစွာဖြင့် “ငါ့လက်အောက် ဝင်ပြီး ငါ့မိန်းမလုပ်လိုက်။ အဲ့လိုဆိုရင် ငါနဲ့အတူ နတ်ဆိုး နတ်ဘုရားမြို့တော်ကို အုပ်ချုပ်ခွင့် ရလိမ့်မယ်။ ပြီးတာနဲ့ အဲ့လူသား ကောင်စုတ်လေးသာ သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်တာနဲ့ ငါတို့ကလန်တစ်ခုလုံး ဒီငရဲခန်းကြီးကနေ လွတ်မြောက်နိုင်ပြီ။ စီနီယာလီနောက် စုံလုံးမှိတ်ပြီး လိုက်နေတာထက် စာရင် ငါ့နောက်လိုက်တာ နင့်အတွက် အများကြီး ပိုအကျိုးရှိတယ်နော်”
သို့သော်လည်း ဟန်ဖေးကမူ ချူကျန်းကို ရွံ့ရှာစက်ဆုပ်မှု အပြည့်ဖြင့်သာ စိုက်ကြ်ည့လိုက်ပြီး “နင့်ကို လက်ထပ်ရမယ် ဟုတ်လား။ နင်ခေါင်းထိထားတာလား။ နင့်ကို လက်ထပ်မယ့်အစား ဒီလူသားကိုပဲ လက်ထပ်လိုက်မယ်”
“ဟေး၊ မဆီမဆိုင် ကျုပ်ကိုပါ ဘာလို့ လာဆွဲထည့်နေရတာလဲ” ရန်ကိုင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေ၏။
နတ်ဆိုးနတ်ဘုရားမြို့တော်၏ အတွင်းရေး ပဋိပက္ခများကို သူဂရုမစိုက်ချေ။ ဘယ်သူနိုင်နိင်၊ ဘယ်သူရှုံးရှုံး သူ့အတွက် ဘာမှ မထူးချေ။ သို့သော်လည်း ရုတ်တရက် ဆိုသည် သူသည် တိုက်ပွဲ၏ အာရုံစိုက်ရာ ဖြစ်လာခဲ့လေ၏။
မည်သည့်ဘက်ပင် နိုင်ပါစေ သူ၏ တည်ရှိမှုသည် ထိမရသည့် တည်ရှိမှုတစ်ခု ဖြစ်နေပေဦးမည်။ ဤလောကငယ်မှ လွတ်မြောက်ရန် သူ၏ အကူအညီကို လိုအပ်နေသေးသည် မဟုတ်ပေလော။
“နင်ပါ့စပ်ပိတ်ထားစမ်း။ ဒီနေရာက နင်ဝင်ပြောရမယ့် နေရာမဟုတ်ဘူး” ဟန်ဖေးသည် ရန်ကိုင်စကားကြောင့် ပျာယာခတ်သွားခဲ့ပြီး အလျင်စလို ပြန်အော်လိုက်လေ၏။
ချူကျန်းကမူ စိတ်ပျက်ပျက်ဖြင့်သာ ခေါင်းရမ်း သက်ပြင်းချလိုက်ပြီး “နင်အမှားကြီး လုပ်လိုက်တာပဲ။ စီနီယာလီက အရမ်းကို ကြင်နာလွန်းတယ်။ ဒါကြောင့် ငါအနေနဲ့ သူ့နေရာကို အစားဝင်ကို ဝင်ရလိမ့်မယ်။ ငါတို့သာ ဒီလောကကြီးကနေ လွတ်မြောက်ပြီး အပြင်လောကမှာ ခြေဆန့်မယ်ဆိုရင် သူ့ရဲ့ ကြင်နာတတ်တဲ့ စရိုက်နဲ့ဆိုရင်တော့ ငါတို့ ရှေးဟောင်းနတ်ဆိုးကလန် တစ်ခုလုံး တစ်ခြားသူရဲ့ ဖဝါးအောက် ရောက်ရုံပဲ ရှိလိမ့်မယ်။ သူသာ အနည်းဆုံး ငါနဲ့ တိုက်ခိုက်ခဲ့ရင် ငါဒီလောက် စိတ်ပျက်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါက သူ့ကို အကွက်ချကြံစည်နေတယ် ဆိုတာကို သိနေတာတောင်မှ ငါ့ကို ဘာမှပြန်မလုပ်ဘူး။ အဲ့မိန်းမက... ငါတို့ ရှေးဟောင်းနတ်ဆိုးကလန်ထဲမှ ဘယ်တော့မှကို မွေးမလာသင့်ခဲ့တာ”
“စီနီယာလီရဲ့ ကြင်နာမှုကို အကြောင်းပြပြီး နင့်မောက်မာမှုကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့” ဟန်ဖေးက ပြန်၍ အော်ဟစ်လိုက်လေ၏ “နတ်ဆိုးနတ်ဘုရား မြို့တော် နင့်လက်ထဲ ရောက်သွားမှာသာ ငါတို့ကလန်ရဲ့ အကြီးမားဆုံး ကံဆိုးမှုကြီး ဖြစ်သွားမှာ”
“ငါနင့်ကို စိတ်ပျက်သွားပြီ” ချူကျန်းက ခေါင်းတရမ်းရမ်းဖြင့် “ဟန်ဖေး၊ ငါနင့်ကို နောက်ဆုံးအကြိမ်အဖြစ် ထပ်မေးမယ်။ ငါ့လက်အောက် ဝင်ပြီး ငါတို့ကလန်ရဲ့ တောက်ပတဲ့ အနာဂတ်ကို ငါနဲ့အတူဖန်တီး။ ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး ငြင်းနေမယ်ဆိုရင်တော့ ငါလည်း ကြင်နာနေတော့မှာ မဟုတ်ဘူး။ လှပတဲ့ မိန်းမတွေက မရှားဘူး။ ငါလိုအပ်နေတာက သူတော်စင်အဆင့် ခွန်အားပဲ”
“အိမ်မက်သာ မက်နေလိုက်” ဟန်ဖေး၏ အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်ကို အစစ်အမှန်ချီဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်ရင်း ပြေးထွက်သွားလေ၏။
သူမသည် သူတို့၏ တားဆီးမှုကို ဖောက်ထွက်နိုင်သရွေ့ နတ်ဆိုးနတ်ဘုရားမြို့တော်ဆီ ရန်ကိုင်ကိုပါ ပြန်ခေါ်သွားမည်ဟု ဟန်ဖေး ယုံကြည်ချက်ရှိ၏။
သို့သော်လည်း ချူကျန်းသည် ချုံခိုတိုက်ခိုက်ရန် အစောကြီး ကတည်းမှ ပြင်ဆင်လာခဲ့ခြင်း ဖြစ်လေရာ သူမကို ထွက်ပြေးခွင့် ပေးမည်လော။
ဟန်ဖေးလှုပ်ရှားလိုက်သည်နှင့် သူလည်း လှုပ်ရှားလိုက်လေ၏။
သူမည်ကဲ့သို့ လှုပ်ရှားသည်ကို မသိလိုက်ခင်မှာပင် ချူကျန်းသည် ဟန်ဖေးလမ်းကို ပိတ်ရပ်၍ သူမအား ရက်ရက်စက်စက် ရိုက်ချလိုက်လေ၏။
ဟန်ဖေးအမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို ပြန်ဆွဲခေါ်၍ သူ့အား ကာကွယ်ပေးရင်း ချူကျန်းဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ အုန်း... အုန်း... အုန်း... အုန်း...
အားကောင်းသော ပေါက်ကွဲသံတို့ ထွက်ပေါ်လာခဲ့ပြီး ချူကျန်းနှင့် ဟန်ဖေးတို့၏ ရိုက်ချက်နှစ်ခု လေထဲတွင် ထိပ်တိုက်တွေ့သွားခဲ့လေ၏။
“ငါတို့ နောက်ဆုံးအကြိမ် တိုက်ခိုက်ပြီးကတည်း ဗိုလ်ချုပ်ကြီး ဟန်ဖေးရဲ့ ခွန်အားက အတော့်ကို တိုးတက်လာတာ ပါလား” ချူကျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
ပြီးသည်နှင့် ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်သည် လက်ခနဲ ဖြစ်သွားကာ သူနှင့်ပုံစံတူ ကိုယ်ပွါးများစွာ ထွက်ပေါ်လာခဲ့၏။ ကိုယ်ပွါးတစ်ခုချင်းစီတိုင်းသည် သူ့နှင့်တူညီသော အားကောင်းသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားကြ၏။
ထိုမရေမတွက်နိုင်သော ပုံရိပ်အားလုံးသည် လက်သီးကို ဝှေ့ရမ်းလျက် ကြောက်မက်ဖွယ် ကောင်းသော လက်သီးချက်များကို ဟန်ဖေး၏ ခန္ဓာကိုယ်လေးဆီ ပစ်လွှတ်လိုက်လေ၏။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၅၃) ထွက်ပြေးခြင်း
——————————————————————
ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်တွင် ဟန်ဖေး အမူအရာ တင်းကြပ်သွားခဲ့ပြီး ရှိရှိသမျှ အားအင်အကုန်အစင်ကို စုစည်း၍ ချူကျန်း တိုက်ကွက်၏ အားနည်းချက် နေရာကို တိုက်ခိုက်လိုက်၏။
သူမ၏ ကာကွယ်ပေးခြင်း ခံနေရသည့် ရန်ကိုင်မှာမူ ထိုတိုက်ခိုက်မှုများကြောင့် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။
ချူကျန်းသည် မည်သည့်အဆင့် သူတော်စင်ဆိုသည်ကို သူမသိသော်လည်း ယခုမှပင် သူတို့ကြားက ခွန်အား ကွာခြားချက်ကို ရန်ကိုင် အသေအချာ နားလည်သွားခဲ့၏။ သူသည် ပစ်မှတ်ထားခံရသူ မဟုတ်သော်လည်း တိုက်ပွဲမှ ရိုက်ခတ်လာသော စွမ်းအင်လှိုင်းများကပင် သူ့အား အပြည့်အဝ ဖိနှိပ်နိုင်၏။
လက်သီးမိုးတို့ အဆက်မပြတ် ရွာသွန်းနေခဲ့ပြီး ဟန်ဖေးသည် ရန်ကိုင်ကို သယ်မရင်း ရှောင်တိမ်းနေခဲ့၏။ သူမ၏ ခြေလှမ်းဆီတိုင်း၌ ဆန်းကြယ်သာ ဥာဏ်အလင်းတို့ ပါဝင်နေသည့်ပုံပင်။ ထိုတိုက်ခိုက်မှုများကြား သူတို့ နှစ်ယောက်သည် မုန်းတိုင်းထဲ ရောက်နေသော အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် လှေငယ်လေးတစ်စင်းပမာ ဖြစ်နေခဲ့၏။
“ဟန်ဖေး၊ နင့်ငါ့ပြိုင်ဘက်မဟုတ်ဘူး။ မတိုက်ခိုက်ဘဲ လက်လျှော့လိုက်ရင် ပိုကောင်းလိမ့်မယ်။ အဲ့လိုဆို ငါနင့်ကို မနာကျင်ဘဲ သေရအောင် လုပ်ပေးမယ်” ချူကျန်းက တရစပ် တိုက်ခိုက်နေရင်း ဟန်ဖေး အာရုံပျက်ပြားအောင် လုပ်နေခဲ့၏။
နှစ်ယောက်စလုံးသည် သူတော်စင်အဆင့် ပညာရှင်များ ဖြစ်လေရာ သူတို့ကြား ခွန်အား ကွာခြားချက် ကြီးမားသော်ငြား ချူကျန်းအနေဖြင့် ဟန်ဖေးကို သတ်ချင်သည် ဆိုပါက အတော့်ကို အင်အားစိုက်ထုတ်ရန် လိုအပ်ပေသည်။ ထို့အပြင် ရန်ကိုင်ကို မသတ်မိအောင်လည်း သူ့တိုက်ကွက်များကို ထိန်းချုပ်ထားရပေသေး၏။
ဟန်ဖေးကမူ ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲ အံတင်းတင်း ကြိတ်ရင်းဖြင့်သာ ချူကျန်း၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းနေခဲ့လေ၏။
ချူကျန်း၏ တိုက်ကွက် ပြီးဆုံးသွားသည့် အချိန်၌ ဟန်ဖေး ဒဏ်ရာတစ်ခုတစ်လေပင် မရခဲ့ချေ။ သူမ၏ အဝတ်အစားများပင် ဖရိုဖရဲ ဖြစ်နေခြင်း မရှိချေ။ ထိုအခြင်းအရာကို မြင်လိုက်သည် ချူကျန်း ဒေါသပုန် ထသွားခဲ့ပြီး သူ့မျက်လုံးများသည်လည်း နီရဲလာခဲ့လေ၏။
သူ့လက်အောက်ငယ်သားများရှေ့ အရှက်ရခဲ့ရသည့် အတွက် ချူကျန်း ဒေါသထွက်သွားခဲ့ပြီး သူ့ခွန်အားကို ဆက်လက် ထိန်ချန်ထားခြင်း မပြုတော့ဘဲ “အခုလို ဖြစ်အောင် နင့်ဘာသာနင် လုပ်လိုက်တာပဲ။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်း”
ဒေါသတကြီး အော်ဟစ်ပြီးသည်နှင့် သူ့မျက်နှာ တစ်ပြင်လုံး ရှုပ်ထွေးသော အနက်ရောင် တက်တူးများဖြင့် ပြည့်သွားခဲ့ပြီး သူ့သွေးစွမ်းအင်နှင့် ခွန်အားသည်လည်း သိသိသာသာကို တိုးတက်လာခဲ့လေ၏။
ဟန်ဖေးသည်လည်း သူမ၏ ခွန်အားကို ဆက်၍ ထိန်ချန်မထားတော့ဘဲ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အလျင်အမြန် အသုံးပြုလိုက်၏။ အနက်ရောင် တက်တူးများ သူမ၏ မျက်နှာထက် ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလို သူမပတ်ဝန်းကျင် လောကကြီး တစ်ခုလုံး သင်းပျံ့သည့် ပန်းရနံ့တို့ဖြင့် ပြည့်သွားခဲ့၏။
နတ်ဆိုးချီဖြင့် ဖန်တီးထားသော ပွင့်ချပ်မုန်တိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ချူကျန်းဆီသို့ တိုးဝင်သွားခဲ့၏။
သို့သော်လည်း ချူကျန်းသည် တိုးဝင်လာနေသော ပွင့်ချပ်မုန်းတိုင်ကိုး ရှောင်ရှားခြင်း မပြုဘဲ သူ့လက်သီးဖြင့်သာ တိုက်ရိုက် ချေဖျက်လိုက်၏။
“သူတော်စင် ဒုတိယအဆင့်လား” ဟန်ဖေး ထိတ်လန့် သွားခဲ့ပြီး “လတ်စသတ်တော့ နင့်ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာကိုး”
ချူကျန်းက မောက်မာစွာ အော်ဟစ်ရယ်မောလိုက်ပြီး “အခုမှ သိရင်တော့ နောက်ကျသွားပြီ”
မာန်သွင်းအော်ဟစ်လိုက်ရင်း ချူကျန်သည်း နတ်ဆိုးချီဖြင့် အနက်ရောင် လှံတံတစ်ချောင်းကို ဖန်တီးလိုက်ပြီး ဟန်ဖေးဆီ လှမ်း၍ ပစ်လိုက်ရာ ထိုလှံတံသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်ဖြင့် ဟန်ဖေး၏ ဝမ်းဗိုက်ကို ထိမှန်သွားခဲ့၏။ ဟန်ဖေး သွေးတစ်ပွက် အန်လိုက်ရပြီး သူမ၏ ခွန်အား သည်လည်း အလျင်အမြန် ယုတ်လျော့လာခဲ့၏။ သူမ၏ အေးစက်စက် မျက်နှာလေး ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး မီးတောင် ထိပ်ဝထဲသို့ ပြုတ်ကျသွားခဲ့လေ၏။
ချူကျန်း၏ အားကုန်ထုတ်သုံး၍ တိုက်ခိုက်လိုက်သော တိုက်ကွက်တစ်ကွက်သည် ဟန်ဖေးအား လုံးကို ကူကယ်ရာ မဲ့သွားစေခဲ့၏။
ဗိုလ်ချုပ်ကြီးနှစ်ယောက်ကြားက ခွန်အား ကွာခြားချက်သည် အရမ်းကို ကြီးမားလွန်းပေ၏။ ချူကျန်း လီရုန်၏ နေရာကို ရယူချင်နေသည်မှာ စိတ်ကူးယဉ် အိမ်မက် သက်သက် ဟုတ်ပုံမရချေ။
“ထွက်ပြေးတော့” ဟန်ဖေး ပြုတ်ကျသွားသည်နှင့် ရန်ကိုင်နားထဲ တိုးတိုးလေး ကပ်ပြောလိုက်ပြီး လက်ကျန် ခွန်အားကို သုံး၍ သူ့အား လွင့်ပစ်လိုက်လေ၏။
သူတော်စင် နှစ်ယောက်၏ ဖိအားကြောင့် ရန်ကိုင်မှာ လှုပ်ရှားရ ခက်နေခဲ့ကာ ဟန်ဖေးသည် သူ့အား ထွက်ပြေးရန် ပြောနေသော်လည်း ရန်ကိုင်၏ ခန္ဓာကိုယ်သည် စိတ်ရှိသလို မလှုပ်ရှားနိုင်ခဲ့ချေ။
ချူကျန်းသည် သူ့ဆီမှ ယူစရာ ရှိသဖြင့် သူ့ကို သတ်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ချူကျန်းလို လူစားမျိုးသည် မြစ်ကို ဖြတ်ကူးပြီးသည်နှင့် တံတားကိုပါ မီးရှို့ဖျက်စီးမည့် လူစားမျိုး ဖြစ်လေရာ သူနှင့် အတူတကွ အလုပ်လုပ်ခြင်းထက် လီရုန်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းက ပို၍ လုံခြုံပေ၏။
ထိုအချက်ကို နားလည်သော်လည်း သူ့ခန္ဓာကိုယ်သည် အားအင် တစ်စက်တစ်လေကိုပင် မထုတ်သုံးနိုင် ဖြစ်နေလေရာ ဟန်ဖေး၏ အကူအညီဖြင့်သာ ပျံသန်းနေနိုင်ခဲ့လေ၏။
“သူ့ကိုခေါ်သွားလိုက်” ချူကျန်းက ဟန်ဖေးကို တစ်ချက်ပင် မကြည့်ဘဲ သူ့လက်အောက်ငယ်သားများအား ရန်ကိုင်ကို ခေါ်သွားရန် အမိန့်ပေးလိုက်လေ၏။
ရန်ကိုင်နှင့် အနီးဆုံးတွင် ရှိနေသာ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်သည် ရှေ့သို့ ခုန်ထွက်လာခဲ့ပြီး ရန်ကိုင် လည်ပင်းဆီသို့ လက်ဆန့်ထုတ်ကာ “လူသား၊ ဒီနေ့ကစပြီး ဆာချူကျန်းအတွက် မင်းတာဝန် ထမ်းဆောင်ပေးရမယ်”
အမောတကော အသက်ရှူရင်း ဖိအားကြောင့် သူ့အရိုးများပင် တကျွီကျွီ မြည်လာခဲ့ရကာ သူ့အမူအရာလည်း သုန်မှုန်သွားခဲ့ရလေ၏။
ထိုကြောက်မက်ဖွယ် ဖိအားအောက်၌ ရွှေရောင် အရိုးခြောက်ဆီမှ ပုံမှန်မဟုတ်သော တုန့်ပြန်မှုတို့ ထွက်ပေါ်လာခဲ့၏။
ဖိအားကြီးလေ၊ ရွှေရောင်အရိုးခြောက်၏ ခုခံနိုင်စွမ်းက ပို၍ ကြီးမားလေပင်။
သူသည် မည်သည့် အခက်အခဲကိုမဆို၊ မည်မျှပင် စိတ်ဓါတ်ကျ အားငယ်နေရစေကာမူ လက်မလျှော့ဘဲ ရှေ့ဆက်တိုး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သည့် အတွက်ကြောင့်သာ ရွှေရောင်အရိုးခြောက်အား ရခဲ့ခြင်း ဖြစ်သည်ကို ရန်ကိုင် ရုတ်တရက် သတိရလိုက်၏။
ထို့နောက် မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲပြီးနောက် ရွှေရောင်အရိုးခြောက်၏ နက်နဲဆန်းကြယ်မှု များကို တဖြည်းဖြည်းချင်း သူနားလည်လာခဲ့လေ၏။
ထိုအချိန်မှာပင် ရန်ကိုင် စိတ်တစ်ခုလုံးသည် ပေါက်ကွဲ ထွက်လာသည့်အလား သူ့နှုတ်ခမ်းအစုံသည် လှောင်ပြောင် ရန်စသည့် အပြုံးတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ကွေးတက်သွားခဲ့ပြီး အားမာန်အပြည့်ဖြင့် အော်ဟစ်လိုက်လေ၏ “မယိမ်းယိုင်သော စိတ်ဆန္ဒ”
ပြင်းထန်လှသော ဖိအားကြောင့် ဖြစ်ပေါ်လာသော သူ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသည့် အချုပ်အနှောင်များ ချက်ချင်းဆိုသလို ကျိုးပျက်သွားခဲ့ပြီး ရန်ကိုင်သည်လည်း လွတ်လွတ်လပ်လပ် ပြန်၍ လှုပ်ရှားလာနိုင်ခဲ့လေ၏။
သူတော်စင် ဒုတိယအဆင့် ဖြစ်သော ချူကျန်းဆီမှ ထွက်ပေါ်နေသော ဖိအားသည် မပျောက်ကွယ်သေးသော်ငြား ရန်ကိုင်သည် ဖိအား၏ သက်ရောက်ခြင်း မခံရတော့ချေ။
“ငါဘယ်သူ့ကိုမှ အညံ့ခံမှာ မဟုတ်ဘူးကွ” အားမာန် အပြည့်ဖြင့် အော်ဟစ်လိုက်ပြီးနောက် ရန်ကိုင်သည် သူ့ဒန်တန်ထဲမှ ယန်အရည်စက် တစ်စက်ကို သုံး၍ ထက်ရှသော ဓါးတစ်ချောင်းကို ဖန်တီးလိုက်၏။
စွက်...
ယန်အရည်စက်ဖြင့် ဖန်တီးထားသော ဓါးသွားသည် နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ရင်ဘတ်တည့်တည့်ကို စိုက်ဝင်သွားလေ၏။ ယခုအချိန်ထိတိုင် ထိုနတ်ဆိုး မျိုးနွယ်စုဝင် ကျင့်ကြံသူသည် ဖြစ်ပျက်သွားခဲ့သည်များကို နားမလည် နိုင်သေးသည့်အလား ရန်ကိုင်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့လေ၏။
မယုံကြည်နိုင်ဖွယ် ကောင်းလောက်အောင် သန့်စင်လှသော အစစ်အမှန်ချီသည် ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ကိုယ်ထဲရှိ နတ်ဆိုးချီများကို စတင် လောင်ကျွမ်းတော့လေ၏။
အစစ်အမှန် ယန်ယွမ်ချီသည် သူ့ကိုယ်တွင်းတွင် လောင်ကျွမ်းနေလေရာ ထိုနတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူမှာ မခံစားနိုင်လောက်သော နာကျင်မှုကို ခံစားနေခဲ့ရ၏။ ထိုအစစ်အမှန် ယန်ယွမ်ချီများသည် သူ့နတ်ဆိုးချီကို အပြည့်အဝ ဖိနှိပ်ထားသဖြင့် သူ့ခွန်အား တစ်စက်တစ်လေ ကိုပင် မထုတ်ဖော်နိုင်တော့ဘဲ မီးတောင်ဝထဲသို့ ပြုတ်ကျသွားခဲ့ရလေ၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ချူကျန်းလည်း ကြောင်သွားခဲ့ရလေပြီ။ သူဖိအားအောက်တွင်ပင် ထိုလူသားသည် ပြန်၍ တိုက်ခိုက်နိုင်မည်ဟု ချူကျန်း ထင်ကို မထင်ထားခဲ့ချေ။
သူ့လက်အောက်ငယ်သား တစ်ယောက် အသတ်ခံလိုက် ရသည်ကို မြင်လိုက်သည်နှင့် ချူကျန်း ဒေါသထွက်သွားခဲ့ပြီး “ခွေးသူတောင်းစား”
အားကောင်းလှသော အရှိန်အဝါတို့ သူ့ဆီမှ ပေါက်ကွဲ ထွက်လာခဲ့ပြီး သူ့လက်ကို ဆန့်တန်းကာ ရန်ကိုင်ကို လှမ်း၍ ဖမ်းဆွဲလိုက်၏။
ရန်ကိုင်တစ်ကိုယ်လုံးရှိ အမွှေးအမျှင်တို့ ထောင်တက် သွားခဲ့ရ၏။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်ကို တစ်ကွက်တည်းဖြင့် သတ်နိုင်သည်မှာ မထူးဆန်းချေ။ သူ့ရန်သူသည် သူ့အား ဘာမှမလုပ်နိုင်သော ယုန်သူငယ် တစ်ကောင်ပမာ သဘေားထားနေသည် မဟုတ်ပါလား။ သို့သော် သူတော်စင် တစ်ယောက်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့် အခါတွင်၌ ရန်ကိုင် ယခင်လို တည်ငြိမ် မနေနိုင်တော့ချေ။
တိုက်ခိုက်မှု နီးကပ်လာသည်နှင့် ဒန်တန်ထဲမှ ယန်အရည်စက် အစက် (၁၀)စက် ကျော်ကို အလျင်စလို လောင်ကျွမ်းပစ်ကာ လှံတစ်ချောင်း ဖန်တီးလိုက်ပြီး ချူကျန်း လက်ဝါးဆီ ပစ်လွှတ်လိုက်လေ၏။
ချူကျန်း၏ တိုက်ခိုက်မှု တစ်ခဏတာ ရပ်တန့်သွားခဲ့ရ၏။ ထိုကဲ့သို့သော သန့်စင်သိပ်သည်းလှသည့် အစစ်အမှန် ယန်ယွမ်ချီကို သူပင် လျစ်လျူမရှုနိုင်ချေ။ သူ့လက်ဝါးကို ကာကွယ်ပေးထားသည့် နတ်ဆိုးချီ အလျင်အမြန် လောင်ကျွမ်းခြင်း ခံလိုက်ရပြီး သူ့အသားများပင် မီးကျွမ်းသွား၏။
ယန်အရည်စက် တစ်စက်သည် သူ့သွေးကြောထဲရှိ အစစ်အမှန် ယန်ယွမ်ချီ အားလုံးကို သိပ်သည်းပြီးမှ ရလာခြင်း ဖြစ်၏။ ထို့ကြောင့် ဒါဇင်ကျော်သော ယန်အရည်စက်သည် ရန်ကိုင်၏ ခွန်အားပြည့် ဒါဇင်ကျော် တိုက်ခိုက်မှုများကို စုပေါင်းထားသည်နှင့် ညီမျှ၏။
လှံကို ပစ်လွှတ်ပြီးသည်နှင့် ရလဒ်ကို ဆက်လက် စောင့်ကြည့်မနေတော့ဘဲ ချူကျန်း ဒေါသထွက်နေသည်ကို လျစ်လျူရှုကာ အောက်သို့ ပြေးဆင်းသွားလေ၏။
ဟန်ဖေး ချော်ရည်ထဲသို့ မကျခင်မှာဘဲ ရန်ကိုင်သည် သူမကို လှမ်းဖမ်းလိုက်နိုင်ပြီး သူ့လက်မောင်းထဲ ပွေ့ပိုက်ရင်း အစစ်အမှန်ချီနှင့် လွှမ်းခြုံကာ မီးတောက်ပေါက်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားလေ၏။
နှစ်ယောက်စလုံး ချော်ရည်ပူထဲသို့ နစ်မြုပ် ပျောက်ကွယ်သွားလေ၏။
“သူတို့နောက်လိုက်စမ်း” ချူကျန်း ဒေါသပုန် ထသွားခဲ့ပြီး သူ့လက်အောက်ငယ်သားများကို ချက်ချင်း အမိန့်ပေးလိုက်၏။
ချူကျန်း၏ လက်အောက်ငယ်သားများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ခဏတာ တွေဝေနေပြီးနောက် အံတင်းတင်း ကြိတ်ကာ ချော်ရည်ပူထဲသို့ ဒိုင်ဗင် ထိုးဆင်းသွားလေ၏။
သူတို့အားလုံသည် ရက်စက်ပြီး အကြောက်အရွံ့ ကင်းမဲ့သော်လည်း ဤပတ်ဝန်းကျင်သည် သူတို့၏ ခွန်အားကို အတော့်ကို ဖိနှိပ်သဖြင့် သူတို့ တုန့်ဆိုင်းနေမိသည်မှာ မထူးဆန်းချေ။
ချော်ရည်ပူထဲ၌ ရန်ကိုင်သည် ရေထဲရောက်နေသည့် ငါးတစ်ကောင်ပမာ လျင်မြန်စွာ ကူးခတ်နေခဲ့၏။
ရန်ကိုင် လက်မောင်းထဲ ပွေ့ပိုက်ထားခြင်း ခံရသည့် အတွက် ဟန်ဖေးမှာ ရှက်လည်းလည်း၊ စိတ်လည်း ညစ်နေခဲ့ရ၏။
သူမသည် ထိုလူသားကို မကယ်ရဘဲ လူသားကသာ သူမကို ကယ်ရသည့် အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ဟန်ဖေး ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ချေ။
ရန်ကိုင်သည် ချူကျန်း၏ ဖိနှိပ်မှုကို ချိုးဖျက်ပြီး ထိုကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်မှုကို ထုတ်ဖော် နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဤနေရာသည် သူမ၏ သင်္ချိုင်း ဖြစ်သွားရပေလိမ့်မည်။ ချူကျန်း သူမကို သတ်မှာ သေချာ၏။ နတ်ဆိုးနတ်ဘုရား မြို့တော် တစ်ခုလုံးကို စုစည်းရန် သူ့အား ဆန့်ကျင်သူများကို အရင် ဖယ်ရှားရပေမည်။ ထို့ကြောင့် ချူကျန်းသည် သူမအား ကြင်နာနေလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုကောင်လေးသည်... မည်ကဲ့သို့ လုပ်ခဲ့သနည်း။
သူတော်စင်တစ်ယောက်၏ ဖိနှိပ်မှုကိုအောက်တွင်ပင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)သာ ရှိသေးသော လူသားသည် ပြန်၍ တိုက်ခိုက်နိုင်ခဲ့၏။ ၎င်းသည် ရယ်စရာ ကောင်းသော်လည်း အမှန်တရားပင် ဖြစ်၏။ တကယ်တော့ သူမ သူ့ကို တွန်းထုတ်ပစ်ကတည်းက ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အနီးကပ်မှ စိုက်ကြည့်လိုက်သည့်အခါ ရန်ကိုင် အမူအရာသည် အရမ်းကို လေးနက်နေသော်လည်း သူ့မျက်ဝန်းနက်တွေထဲ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်ကို ဟန်ဖေး မြင်တွေ့လိုက်ရ၏။
ယခုလို သေရေး၊ ရှင်ရေး အခြေအနေမျိုးတွင်ပင် ထိုကောင်သည် ရင်ဖိုစိတ်လှုပ်ရှားနေဆဲ။
အရူးပဲ စိတ်ထဲတွင် တွေးနေပြီးနောက် သူမမျက်နှာ ရုတ်တရက် မဲမှောင်သွားခဲ့ပြီး အလန့်တကြား အော်ပြော တော့လေ၏ “မြန်မြန်လုပ်၊ ချူကျန်း လိုက်လာနေပြီ”
သူမတို့၏ အထက်မှ ချူကျန်း၏ ရက်စက်ပြီး ဒေါသပုန် ထနေသော အရှိန်အဝါသည် သူမတို့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို ဟန်ဖေး အသေအချာ ခံစားမိ၏။
ထိုလူသားကောင်လေးသာ သူ့လက်မှ လွတ်မြောက်သွား နိုင်ခဲ့လျှင် ချူကျန်း ဒေါသထွက်လွန်း၍ ရူးပင် ရူးသွားနိုင်၏။
“ကျုပ်သိတယ်” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး “ခင်ဗျားရဲ့ အကန့်အသတ်က ကျုပ်ကျင့်ကြံဖို့ ချပေးထားခဲ့တဲ့ နေရာလား”
“အဲ့လောက်နီးနီးပဲ။ ငါနည်းနည်းလောက်တော့ ထပ်ပြီး ဆင်းလို့ ရသေးတယ်” ဟန်ဖေးက အားနည်းစွာ ပြန်ပြောလိုက်၏။
“ချူကျန်းရဲ့ အကန့်အသတ်ကကော ဘယ်လောက်လို့ ခင်ဗျားထင်လဲ”
“သူက သူတော်စင် ဒုတိယအဆင့် ဆိုပေမယ့် အများဆုံးမှ မီတာ(၁၀၀၀)လောက်ပဲ ထပ်ဆင်းနိုင်လိမ့်မယ်။ တကယ်တော့ ဒီနေရာ ရှိနေတဲ့ ယန်ချီက အရမ်းကို သိပ်သည်းလွန်းတာလေ။ ပြီးတော့ ငါတို့ ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ အိမ်မက်ဆိုးလည်း ဖြစ်နေသေးတယ် ဆိုတော့... အဲ့လောက်ပဲ ရလိမ့်မယ်”
“အဲလိုဆိုရင် သူကျုပ်တို့နောက်ကို လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူး၊ ဟားဟားဟား” ရန်ကိုင်က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်၏။
သူမ ရောက်မလာသေးစဉ်က ထိုကောင်လေးသည် မီးတောက် အနက်ပိုင်းဆီသို့ ဆင်း၍ စူးစမ်းနေသည်ကို ရုတ်တရက် ပြန်အမှတ်ရလိုက်သည်နှင့် ဟန်ဖေးမျက်ဝန်းအစုံ လင်းလက်သွားခဲ့ရ၏။ သူမည်သည့် အနက်ထိ ဆက်၍ ဆင်းသွားနိုင်လဲ ဆိုသည်ကို သူမ မသိသော်လည်း သူ့လေသံ၊ သူ့အပြုအမူအရ အတော် နက်နက်အထိ ဆင်းသွားနိုင်သည့် ပုံပင်။
ရုတ်တရက် သူမစိတ်ထဲ မျှော်လင့်ချက်တို့ လှိုက်တက်လာခဲ့၏။
တစ်ခဏတာ တုန့်ဆိုင်းနေပြီး နောက်ဆုံး၌ မေးရန် ရန်ကိုင် ဆုံးဖြတ်လိုက်၏ “ခင်ဗျား တောင့်ခံနိုင်ပါ့မလား”
“မသိဘူးလေ။ စမ်းကြည့်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဟိုကောင် ဖမ်းတာ ခံရတာထက်စာရင် ပိုကောင်းသေးတယ်”
“တကယ်တော့... သူနင့်ကို သတ်မှာ မဟုတ်ဘူးလေ။ နင်သာ သူဖမ်းတာ ခံလိုက်ရပြီ ဆိုတာနဲ့ နင့်ကို အသက် အန္တရာယ် ပေးမှာမဟုတ်ဘူး။ ဘာလို့ အခုလိုမျိုး စွန့်စား နေရတာလဲ”
“ဘာလို့လဲဆိုတော့ လီရုန်ကို ပိုပြီး ယုံကြည်လို့လေ။ ကျုပ်ခန့်မှန်းတာသာ မှန်တယ်ဆိုရင် ချူကျန်းက ကျုပ်အသုံးမလိုတော့တဲ့ အခါကျ ကျုပ်ကို သတ်ပစ်မှာ”
“ဒီလိုတော့ စဉ်းစားတတ်သေးသားပဲ” ဟန်ဖေးက အသာအယာ ခေါင်းညိတ်လိုက်၏။
“ခင်ဗျားနဲ့ ဟွာမိုတို့ကော အဲ့လိုပဲ စဉ်းစားနေတာ မဟုတ်ဘူးလား” ရန်ကိုင်က ရုတ်တရက် အေးစက်စက် ပြုံးလိုက်၏။
ဟန်ဖေး နှလုံး လည်ချောင်းထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားခဲ့ပြီး ရန်ကိုင်ကို အံ့ဩတကြီး စိုက်ကြည့်လိုက်၏။
“ဟုတ်တာပဲ” ရန်ကိုင် သက်ပြင်းချလိုက်ပြီး သူ့အမူအရာ အတော့်ကို သုန်မှုန်သွားခဲ့ရလေ၏။
“ငါတို့မှာ အဲ့လိုအတွေး ရှိတယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် သေချာတော့ ဆုံးဖြတ်ချက် မချရသေးဘူး။ ဘာလို့လဲဆိုတော့ ငါတို့ ရှေးဟောင်းနတ်ဆိုးကလန်က ဘာမဟုတ်တဲ့ လူသား တစ်ယောက်ကို အကြွေးတင်နေစရာ မလိုဘူးလေ” ဟန်ဖေးက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်၏။
“ခင်ဗျားတို့မှာ အဲ့လိုအတွေး ရှိနေတာ သက်သက်နဲ့ပင် နောင်ပြဿနာတွေကို ကြိုရှင်းဖို့အတွက် ခင်ဗျားကို သတ်ဖို့ အကြောင်းပြချက် လုံလောက်နေပြီ” ရန်ကိုင်က လှောင်ပြောင်လိုက်ရာ ဟန်ဖေးက သူမအကြည့်ကို လွှဲဖယ်လိုက်လျက် “သတ်ချင်သတ်လိုက်လေ”
“စိတ်ပူမနေပါနဲ့။ ကျုပ်ခင်ဗျားကို သတ်မှာ မဟုတ်ပါဘူး။ ခင်ဗျား ဒဏ်ရာရထားတယ် ဆိုရင်တောင်မှ ခင်ဗျားတို့ သတ်ဖို့ ဆိုတာ အတော့်ကို ခက်ခဲဦးမှာ”
“နင်သိနေတာပဲ” ဟန်ဖေးက နှာခေါင်းရှုံ့လိုက်၏။
“ဒါပေမယ့် နောက်ပိုင်းကျ ကျေးဇူးတရားကို ရန်ကြွေးနဲ့ တုန့်ပြန်ဖို့၊ မတုန့်ပြန်ဖို့ကို ခင်ဗျားတို့ သေချာ ပြန်စဉ်းစားမယ်လို့ ကျုပ်မျှော်လင့်တယ်။ ခင်ဗျားတို့မှာသာ အဲ့လိုအတွေးတွေ ထပ်ရှိရဲရင် ကျုပ်လည်း သနား ကြင်နာပြနေတော့မှာ မဟုတ်ဘူး။ ကျုပ်ခင်ဗျားကို အသက်ရှင်ခွင့် ပေးထားရတာက ကျုပ်တုံးအနေလို့ မဟုတ်ဘူး။ ဒီနေရာက ကျုပ်ပိုက်နက် ဟုတ်မနေလို့ပဲ”
ဟန်ဖေးက အထင်အမြင် သေးသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်တော့ မဖြေခဲ့ချေ။
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၆၅၄) လိုဏ်ဂူ
——————————————————————
မသေမျိုး ဒုတိယအဆင့် ဖြစ်သော ချူကျန်း၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော်လည်း ရန်ကိုင်သည် တုန်လှုပ်ချောက်ချားခြင်း မရှိ။ တည်တည်ငြိမ်ငြိမ်ဖြင့်သာ လုပ်စရာရှိသည်ကို ဆက်လုပ်နေခဲ့၏။
ချော်ရည်ထဲ၌ ချူကျန်းသည် ရှေ့မှဦးဆောင်၍ ချော်ရည်ပူများကို ထိုးခွဲသွား၏။ သူ့သွားနှုန်သည် အလွန်အမင်း မြန်ဆန်သော်လည်း ရန်ကိုင်နှင့် ဟန်ဖေးတို့အား ယခုအချိန်အထိ မတွေ့ရသေးချေ။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို သုံး၍သာ ရန်ကိုင်တို့၏ တည်နေရာကို ရှာဖွေနေခဲ့ရလေ၏။
“လူသား၊ မင်းပြေးလို့ လွတ်မှာမဟုတ်ဘူးနော်။ မတိုက်ခိုက်ဘဲ လက်လျှော့လိုက်မယ်မဆိုရင် မင်းအသက်ကို ငါချမ်းသာပေးမယ်။ မဟုတ်ရင်တော့ မင်းကို ဖမ်းမိတာနဲ့ မင်းအသားကို တစ်လွှာချင်း လွှာပစ်မှာ” ချူကျန်းသည် ရန်ကိုင်တို့ နောက်ကို လိုက်ဖမ်းနေရင်း ဒေါသတကြီး ခြိမ်းခြောက်လိုက်၏။
ရန်ကိုင်သည် ချူကျန်း၏ ခြိမ်းခြောက်စကားများကို လျစ်လျူရှုထားပြီး အောက်ဘက်သို့သာ ဆက်လက်၍ ထိုးဆင်းနေခဲ့လေ၏။ သူရပ်တန့်လိုက်သည်နှင့် အားလုံး ပြီးဆုံးသွားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ချူကျန်းလက်ထဲ၌ အဖမ်းခံလိုက်၍ လုံးဝ မဖြစ်ချေ။
မကြာခင်မှာပင် သူနှင့် ဟန်ဖေးတို့သည် ရန်ကိုင် ယခင်က ကျင့်ကြံခဲ့သည့် နေရာသို့ ရောက်ရှိလာခဲ့လေ၏။
ထိုနေရာသို့ ရောက်သည်နှင့် ဟန်ဖေး အခြေအနေ ဆိုးရွားသထက် ဆိုးရွားလာခဲ့၏။ ရန်ကိုင်သည် ဟန်ဖေးကို အစစ်အမှန်ချီဖြင့် လွှမ်းခြုံပေးထားသော်လည်း သူမ၏ နတ်ဆိုးချီသည် တစစဖြင့် တိုက်စားခံနေရ၏။ သူမ၏ မျက်နှာ လှလှလေး ဖြူလျော်သထက် ဖြူလျော်လာခဲ့ပြီး မျက်ဝန်းလေး များသည်လည်း တုန်လှုပ်ချောက်ချားမှုတို့ဖြင့် ပြည့်သွားခဲ့၏။
ဤနေရာသည် သူမ၏ အကန့်အသတ် ဖြစ်ကြောင်းကို ဟန်ဖေး ပြောခဲ့ပြီးသွားလေပြီ။ အောက်သို့ ဆက်ဆင်းသည်နှင့် သူမ၏ နတ်ဆိုးချီ အပြည့်အဝ ဖိနှိပ်ခံရပေလိမ့်မည်။
ပြောရမည်ဆိုလျှင် ဤအနက်သို့ ရောက်ရှိလာခြင်းဟာ သူမ၏ အသက်သည် ရန်ကိုင် လက်ထဲသို့ လုံးလုံး ရောက်ရှိသွားပြီဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ ရန်ကိုင်သာ သူမကို သတ်ချင်သည် ဆိုပါက သူမကို ဤနေရာ၌ ပစ်ချထားရုံဖြင့်ပင် လုံလောက်နေလေပြီ။ ချူကျန်း သူမကို ဘာမှ မလုပ်လျှင်ပင် သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရရထားရာ ဘေးပတ်လည် ယန်ချီများကပင် သူမကို သတ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် သူမ မစိုးရိမ်ဘဲ ဘယ်နေပါ့မည်နည်း။
“လူသား၊ မင်းငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်တာပဲ။ ငါဆုံးဖြတ်ပြီးသွားပြီ။ မင်းငါ့လက်ထဲ ရောက်တာနဲ့ မင်းကို သေတာထက်ဆိုးတဲ့ နာကျင်မှုကို ခံစားရအောင် လုပ်ပြမယ်” ချူကျန်း ခအပေါ်မှ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
ယခု ရန်ကိုင်သည် သူ့ကမ်းလှမ်းချက်ကို သဘောတူမည် မဟုတ်မှန်း သိသွားလေရာ ချူကျန်းလည်း သူ့ဒေါသကို ဆက်၍ မထိန်းထားနိုင်တော့ချေ။ ယခုလောလောဆယ် သူဘာကိုမှ ဂရုမစိုက်တော့ချေ။ သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေးသည် ရန်ကိုင်ကို ဖမ်းပြီး စိတ်ကျေနပ်သည်အထိ ထိုင်နှိပ်စက်ဖို့ပင် ဖြစ်၏။
အော်ပြောပြီးသည်နှင့် ရန်ကိုင်တို့ကို ဖမ်းရန် စိတ်ပိုင်းဖြတ်လိုက်သည့်အလား သူ့အရှိန်ကို တစ်ဟုန်ထိုး တိုးမြှင့်လိုက်၏။
ရန်ကိုင် မျက်နှာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူလည်း အရှိန်မြှင့်လိုက်လေ၏။ သို့သော်လည်း သူ့ကျင့်ကြံခြင်းအဆင့်သည် အရမ်းကို နိမ့်ကျလွန်းနေခဲ့လေရာ ပတ်ဝန်းကျင်သည် သူ့ကို မျက်နှာသာပေးနေသော်လည်း သူတို့ကြားမှ အကွာအဝေးသည် လျင်မြန်စွာ နီးကပ်လာခဲ့လေ၏။
ချူကျန်းဘက်မှ အခြားပညာရှင်များသည်လည်း သူတို့၏ နတ်ဆိုးချီကို ထုတ်လွှတ်၍ ဘေးပတ်ဝန်းကျင်မှ ချော်ရည်များကို လောင်ကျွမ်းစေရင်း ရန်ကိုင်၏ အရှိန်ကို နှောင့်နှေးအောင် လုပ်နေခဲ့လေ၏။
(၂၀)မီတာ၊ (၃၀)မီတာ၊ (၅၀)မီတာ...
အောက်ဘက်သို့ ရောက်လာသည်နှင့် အပူချိန်သည် ပို၍ မြင့်တက်လာခဲ့လေ၏။ ယခု ရန်ကိုင်တစ်ကိုယ်လုံး ချွေးစေးတို့ဖြင် စိုရွှဲနေခဲ့ပြီး ဟန်ဖေးဆိုလျှင် ရေချိုးထားသည့် အလား သူမတစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စိုရွှဲနေခဲ့လေ၏။
“နင့်အကန့်အသတ်ကို ရောက်နေပြီလား” ဟန်ဖေးက မေးလိုက်၏။ ရန်ကိုင် အတော့်ကို ရုန်းကနေရသည်ကို သူမ မမြင်ဘဲ မနေချေ။
သို့သော်လည်း ရန်ကိုင်ကမူ ဆိတ်ဆိတ်သာ နေခဲ့၏။
“ဘယ်လောက်တောင်များ ကံဆိုးနေလို့ နင်လို့ လူသား တစ်ယောက်နဲ့ အတူသေရတာလဲ မသိဘူး” ဟန်ဖေးက နောင်တရနေသည့် ပုံစံဖြင့် သက်ပြင်းချလိုက်၏။
“ခင်ဗျားရဲ့ နိမိတ်မရှိတဲ့ သောက်ပါးစပ်ကြီးကို ပိတ်ထား လိုက်စမ်းပါဗျာ” ရန်ကိုင်က ဒေါသတကြီး အော်လိုက်လေ၏။ ယခုလို အချိန်မျိုးတွင်ပင် ထိုမိန်းမသည် သူ့ကို နှိမ့်ချ ပြောဆိုနေဦးမည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။
နတ်ဆိုးနတ်ဘုရား မြို့တော်ရှိ ရှေးဟောင်းနတ်ဆိုး ကလန်သား တော်တော်များများ သူ့ကို အထင်အမြင် သေးကြ၏။ ကွမ်းအာတစ်ယောက်သာ သူ့အား အဆင့်တူထား၍ ပြောဆို၏။ သို့သော်လည်း အစပိုင်း၌ ကွမ်းအာသည်လည်း သူ့ကို အထင်အမြင်သေး၏။
ရှေးဟောင်းနတ်ဆိုးကလန်သားများ၏ မျက်လုံးထဲ၌ လူသားမျိုးနွယ်စုသည် အဆင့်နိမ့်ကျသည့် တတိယအဆင့် မျိုးနွယ်စု တစ်ခုဖြစ်ပြီး သူတို့ ရှေးဟောင်းနတ်ဆိုး ကလန်၏ သွေးမျိုးဆက်သည်သည် မြင့်မြတ်ပြီး လေးစားမှုနှင့် ထိုက်တန်သည်ဟု ထင်ထားသည့် ပုံပင်။ အားလုံးသည် သူ့အား အထင်အမြင်သေး၊ ရှုံ့ချ၍ ကြည့်ကြ၏။
ထိုကဲ့သို့သော အကြည့်များသည် ရန်ကိုင်အား လွန်စွာကိုမှ စိတ်မသက်မသာ ဖြစ်စေ၏။
ဟန်ဖေးဆိုလျှင် ပို၍ဆိုး၏။ စတွေ့သည့် အချိန်မှစ၍ ယခုအချိန်ထိ သူမသည် အမြဲတမ်း အထက်စီးမှနေ၍ မာနတစ်ခွဲသားဖြင့် ရှုံချပြောဆိုခဲ့၏။
သူမ မည်သည်ကိုများ ဤမျှ ဂုဏ်ယူနေသည် ဆိုသည်ကို ရန်ကိုင် မတွေးတတ်တော့ချေ။
ပြောနေစဉ်မှာပင် ပေါက်ကွဲသံ သဲ့သဲ့နှင့်အတူ သူ့နောက်ကျောမှ တောင်ပံတစ်စုံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
တောင်ပံများ ဖြန့်ကားထွက်လာသည်နှင့် ရန်ကိုင် အရှိန် တစ်ဟုန်ထိုး တိုးမြှင့်သွားခဲ့၏။ ရန်ကိုင်သည် တောင်ပံများကို ကွေးလိုက်ကာ သူနှင့်ဟန်ဖေးတို့ ခန္ဓာကိုယ်များကို အကာအရံ ဒိုင်းတစ်ခုပမာ လွှမ်းခြုံလိုက်၏။
ထိုကဲ့သို့ လုပ်လိုက်သည်နှင့် သူခံစားနေရသည့် အပူချိန် သည်လည်း အတော့်ကို လျော့ကျသွားခဲ့ရ၏။
“ကောင်းကင်တာအို ဥပဒေသလား” ယန်မီးတောက် တောင်ပံများကို စိုက်ကြည့်နေရင်း ဟန်ဖေး၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီသွားခဲ့၏။
“နင်တကယ်ကို...” ဟန်ဖေးမှာ ပါးစပ်လေးကို လက်ဖြင့် အုပ်၍ ထိုမြင်ကွင်းကို အလန့်တကြားဖြင့် အံ့ဩတကြီး ငေးစိုက် ကြည့်နေလေရာ သူမမှာ စကားပင် မပြောနိုင်တော့ချေ။
“ခင်ဗျားလည်း မြင်တတ်သားပဲ” ရန်ကိုင်က နှာခေါင်းရှုံ့၍ “အမှန်ပဲ၊ ဒါက ကောင်းကင်တာအို ဥပေဒသပဲ”
“နင့်ကံက မနာလိုစရာ ကောင်းလောက်အောင် ကောင်းလွန်းတာပဲ” ဟန်ဖေးက ယဲ့ယဲ့လေး ဆိုလိုက်ပြီး သူမ၏ လက်ကို ဆန့်ထုတ်၍ အတောင်ပံကို ထိကြည့်ရန် လုပ်လိုက်၏။ သို့သော်လည်း အတောင်ပံကို မထိရသေးခင်မှာပင် သူမလက်ကို မသိစိတ်အရ ဆတ်ကနဲ ပြန်ရုတ်မိလိုက်၏။
ရန်ကိုင် တောင်ပံထဲတွင် ပါဝင်သော ယန်ယွမ်ချီသည် သူမ၏ နတ်ဆိုးချီနှင့် လုံးဝကို သဟဇာတ မဖြစ်ချေ။ ထိုကဲ့သို့ ထိမိရုံလေးဖြင့် ဒဏ်ရာမရခဲ့သော်လည်း သူမလက်ကို ကာကွယ် ပေးထားသည့် နတ်ဆိုးချီအချို့ လောင်ကျွမ်းခြင်း ခံလိုက်ရ၏။
လက်ကို ပြန်ရုတ်ပြီးသည်နှင့် နှုတ်ခမ်းလေးကို ကိုက်လိုက်၏။ ရုတ်တရက် တစ်ခုခုကို အာရုံခံမိလိုက်ကာ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ပြောလိုက်၏ “ချူကျန်း အရှိန်လည်း လျော့ကျသွားပြီ”
“သူ့အကန့်အသတ်ကို ရောက်သွားပြီထင်တယ်” ရန်ကိုင်က ရယ်မောလိုက်လေ၏။
“ဒါပေမယ့် သူသာ အဲ့နေရာမှာ ဆက်စောင့်နေသရွေ့ ငါတို့လည်း ထွက်ပြေးလို့ ရမှာမဟုတ်ဘူး။ အနှေးနဲ့အမြန် ငါတို့ အဖမ်းခံရလိမ့်မယ်” ဟန်ဖေး ကူကယ်ရာမဲ့စွာ ဆိုလိုက်၏။
“စီနီယာလီက ဒါကို သတိမပြုမိဘူလို့ ထင်နေတာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားဗျာ၊ စီနီယာလီနဲ့ ဒီလောက် အချိန်အကြာကြီး အတူရှိလာခဲ့တာတောင် သူ့အကြောင်း ကောင်းကောင်း မသိသေးဘူး။ စီနီယာလီက ကြင်နာတတ်ပေမယ့် ဘာကိုမှ မသိတဲ့ ငတုံးတစ်ယောက် မဟုတ်ဘူးဗျ။ ချူကျန်း ဒီလောက် လူအများကြီးနဲ့ လှုပ်ရှားတာကို လီရုန် မသိဘဲမနေဘူး။ သူရုတ်တရက် လူအများကြီးနဲ့ လှုပ်ရှားလိုက်တဲ့ အကြောင်းကို သတင်း မရရင်တောင်မှ ကျုပ်တို့ကို လာကယ်ဖို့အတွက် အများဆုံးမှ ရက်နည်းနည်းလောက်ပဲ ကြာမှာ။ အဲ့တော့ ဒီနေရာမှ ရက်နည်းနည်းလောက် ထပ်နေလို့လည်း ဘာမှ မဖြစ်ဘူးလေ”
ဟန်ဖေး၏ မျက်နှာလှလှလေး ရှက်သွေးဖြာသွားခဲ့ပြီး ဘာမှ ပြန်မပြောတော့ချေ။
ဗိုလ်ချုပ်ကြီး လေးဦးထဲမှ တစ်ဦးဖြစ်သည်နှင့် အညီ သူမသည် ထိုကဲ့သို့ ရိုးရှင်းသော အချက်ကို နားလည်သင့်၏။ သို့သော်လည်း မမျှော်လင့်ထားသည့် အဖြစ်အပျက်များကြောင့် သူမ၏ အတွေးများ ယောက်ယတ် ခတ်နေခဲ့ရာ ဟန်ဖေးမှာ ထိုအချက်ကို မစဉ်းစားလိုက်နိုင် ဖြစ်သွားခဲ့ရ၏။
“လူသား မင်းရဲ့ လုပ်ရပ်အတွက် ကျိန်းသေ နောင်တ ရရလိမ့်မယ်” ချူကျန်း၏ ဒေါသအမျက်ချောင်းချောင်း ထွက်နေသည့် အသံ အပေါ်ဘက်မှ ထွက်ပေါ်လာခဲ့လေ၏။ “ဟန်ဖေး၊ နင်မသေချင်ရင် အဲ့လူသားကောင်စုတ်ကို ငါ့ဆီ ခေါ်လာခဲ့၏။ ငါနင့်အသက်ကို ချမ်းသာပေးမယ်”
နှစ်ယောက်စလုံး ပြန်မဖြေခဲ့ကြ။ ချူကျန်း သူတို့နောက် ဆက်မလိုက်တော့သည်ကို သိထားလေရာ သူ၏ ခြိမ်းခြောက် စကားများကို မည်သည့် အတွက်ကြောင့် ကြောက်ရမည်နည်း။
မသေမျိုး ဒုတိယအဆင့် ကျင့်ကြံခြင်းနှင့်ပင်လျှင် ချူကျန်းသည် သူတို့နောက် ဆက်၍ မလိုက်နိုင်တော့ချေ။
တုန်လှုပ်ချောက်ချားမှုများကြား မျှော်လင့်ချက်ကို ရုတ်တရက် မြင်တွေ့လိုက်ရရာ ဟန်ဖေး၏ အမူအရာ ပို၍ ဝင်းပသွားခဲ့ရ၏။
“ငါ့ကိုချပေးတော့” ဟန်ဖေးက ရုတ်တရက် အော်ပြောလိုက်၏။ ယခု ချူကျန်း၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်လာခဲ့ပြီး ဖြစ်ရာ သူမ၏ အတွေးများသည်လည်း ယခင်ကလို ယောက်ယတ် ခတ်မနေတော့ချေ။ ယခုမှသာ သူမသည် ရန်ကိုင်၏ လက်မောင်းတွင်း၌ ထွေ့ပွေးထားခြင်း ခံလိုက်ရသည်ကို သတိပြုမိလိုက်၏။
“ဒါပေမယ့် ခင်ဗျား ဒဏ်ရာတွေက...” ရန်ကိုင်သည် တုန့်ဆိုင်းသွားခဲ့၏။
“ငါတို့ ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ ခန္ဓာကိုယ်ကို နင်တို့ လူသားတွေရဲ့ ပျော့ဖတ်ဖတ် ခန္ဓာကိုယ်လေးတွေနဲ့ လာမယှဉ်နဲ့...”
သူမပြောလို့ မပြီးသေးခင်မှာပင် ရန်ကိုင်က သူမကို လွှတ်ချပေးလိုက်၏။ ရန်ကိုင် စိတ်မကြည်သည်ကို သတိပြုမိသည်နှင့် ဟန်ဖေးသည်လည်း ထိုအကြောင်းကို ဆက်၍ မပြောတော့ဘဲ ရန်ကိုင်နောက်မှသာ လိုက်ပါသွားခဲ့လေ၏။
ချူကျန်း၏ ဒေါသတကြီး အော်ဟစ်သံကြောင့် ချော်ရည်ပင်လယ်ကြီး တစ်ခုလုံး မတည်မငြိမ် ဖြစ်လာခဲ့၏။ ရန်ကိုင်နှင့် ဟန်ဖေးတို့မှာမူ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ နားခို၍ ရမည့်နေရာတစ်ခုကို စိုးရိမ်တကြီး ရှာဖွေနေခဲ့ကြလေ၏။
ရုတ်တရက် ဟန်ဖေး ပျော်ရွှင်စွာ ပြုံးလိုက်ပြီး နေရာတစ်ခုဆီ ညွှန်ပြ၍ “အဲ့ကိုသွားကြတာပေါ့”
ရန်ကိုင်လည်း သူမညွှန်ပြရာ အရပ်ဆီ ကောင်းကင် စိတ်အာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်ပြီးနောက် ပျော်ရွှင်စွာ ပြုံးကာ ထိုနေရာဆီသို့ ကူးခတ်သွားလိုက်လေ၏။
တစ်ခဏကြာပြီးနောက် သူတို့အား ဝိုင်းရံနေသည့် ချော်ရည် ပင်လယ်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး သဘာဝအတိုင်း ဖြစ်တည်နေသည့် လိုဏ်ဂူတစ်ခုအတွင်းသို့ နှစ်ယောက်သား ရောက်ရှိလာခဲ့၏။
ထိုနေရာသည် အနည်းငယ် မှောင်မဲနေခဲ့သော်လည်း ချော်ရည်ထဲ နေနေရသည်ထက် စာလျှင် အများကြီး ပိုကောင်းပေ၏။
မီးတောက်အောက်ခြေ၌ ယခုကဲ့သို့ နေရာမျိုး တစ်ခု ရှိနေသည်မှာ တကယ်ကို အံ့အားသင့်စရာ ကောင်းပေ၏။
မြေကြီးပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချ၍ အမောတကော အသက်ရှူလိုက်ကြ၏။ သေဘေးမှ ရုတ်တရက်ကြီး လွတ်မြောက် လာခဲ့ရခြင်းသည် နှစ်ယောက်စလုံးအား စိတ်သက်သာရာ ရသွားစေခဲ့သလို ပျော်လည်းပျော်သွားစေခဲ့၏။
အမောဖြေပြီးမှ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်း ကြည့်လိုက်သည့်အခါ သူ့ဘယ်ဘက်တွင် ချော်ရည်တို့ စီးဆင်းနေပြီး ညာဘက်တွင်မူ အဆုံးမရှိဟန် ရသော လိုဏ်ခေါင်းတစ်ခု ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။
“ထပ်သွားကြည့်ကြတာပေါ့။ ချော်ရည်တွေသာ ရုတ်တရက် အထဲဝင်လာမယ်ဆိုရင်...” ရန်ကိုင် စိတ်မသက်သာသေးချေ။ ဤနေရာတွင် ရှိနေသော ချော်ရည်များကို သဘာဝ အရံအတား တစ်ခုခုက တားဆီးထားသည့် ပုံပင်။ သို့သော်လည်း ထိုအရံအတားသာ ရုတ်တရက် ပျောက်ကွယ်သွားမည် ဆိုပါက လိုဏ်ခေါင်းတစ်ခုလုံး ချော်ရည်များဖြင့် လွှမ်းသွားပေလိမ့်မည်။
ဟန်ဖေးလည်း ငြင်းဆန်းခြင်း မပြုဘဲ ရန်ကိုင် နောက်ကနေသာ ငြိမ်သက်စွာ လိုက်သွားခဲ့၏။
ကိုယ့်လက်ချောင်းကိုယ်ပင် ပြန်မမြင်နိုင်သော ပိန်းပိန်းပိတ် မည်းမှောင်နေသည့် အမှောင်ထုထဲ ရန်ကိုင်သည် ဝေဝေဝါးဝါးဖြင့် ရှေ့ဆက်သွားနေခဲ့ပြီး ဟန်ဖေးကမူ ရန်ကိုင် နောက်မှ အနီးကပ်လိုက်ပါလာခဲ့လေ၏။ တကယ်တော့ ဤနေရာရှိ ယန်ချီသည် လွန်စွာကိုမှ သိပ်သည်းလေရာ သူမအနေဖြင့် ရန်ကိုင်၏ အစစ်အမှန်ချီအပေါ် မှီခိုရန် လိုအပ်ပေ၏။
ဟန်ဖေး၏ ဒဏ်ရာမှ သွေးစက်များသည် မြေကြီးပေါ်သို့ အစဉ်မပြတ် စီးကျနေခဲ့ရာ လိုဏ်ခေါင်းတစ်ခုလုံး သွေးစက် ကျသံများဖြင့် ပဲ့တင်ထပ်နေခဲ့လေ၏။
သို့သော် ရန်ကိုင်သည် သူမအတွက် စိုးရိမ်နေခြင်း မရှိချေ။ ရှေးဟောင်းနတ်ဆိုးကလန်မှ ဗိုလ်ချုပ်ကြီး တစ်ယောက်သည် ဤမျှသော ဒဏ်ရာလေးကြောင့် သေသွားမည် ဆိုပါက တကယ်ကို ရယ်စရာ ကောင်းနေပေလိမ့်မည်။
အချိန်ဘယ်လောက်ကြာမှန်း မသိကြာအောင် လမ်းလျှောက်ပြီး အကွေ့အကောက် များစွာကို ကျော်ဖြတ် လာပြီးနောက် ရန်ကိုင်နှင့် ဟန်ဖေးတို့သည့် မိုးမြေစွမ်းအင် သိပ်သည်းလှသော နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့လေ၏။
ထိုလိုဏ်ဂူသည် လွန်စွာကိုမှ ကျယ်ပြောပြီး မျက်နှာကြက်ကိုပင် မမြင်ရသည်အထိ မြင့်၏။ ဤနေရာသည် မည်ကဲ့သို့သော နေရာမျိုး ဖြစ်သည်ကို သူမသိသော်လည်း ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်ပြီးနောက် ဤနေရာ၌ မည်သည့် သက်ရှိမှ မနေသည်ကို တွေ့ရှိလိုက်ရ၏။
ထို့ကြောင့် ရန်ကိုင်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ရလေ၏။
“ဒီမှာပဲ ခဏလောက် နားကြတာပေါ့” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် အကြံပေးလိုက်၏။
ဟန်ဖေးက ယဲ့ယဲ့လေး ခေါင်းညိတ်ပြ၍ ရန်ကိုင်နောက် လိုက်ကာ လိုဏ်ဂူ၏ နံရံများထဲမှ တစ်ခုနားသို့ ကပ်၍ တင်ပလင်ခွေ ထိုင်ချလိုက်၏။
သူမ၏ ရည်ရွယ်ချက်ကို သတိပြုမိသည်နှင့် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
ထိုမိန်းမသည် သူ၏ အကာအကွယ် အတွင်းမှ ထွက်သွား၍ မရသလို သူ့အပေါ် ချိုးနှိမ်ပြောဆိုခဲ့သည့် စကားများ အတွက်လည်း မတောင်းပန်ချင်လေရာ သူမအနေဖြင့် ယခုကဲ့သို့သာ လုပ်ပြရပေတော့လေ၏။
သူတော်ကောင်းယောင် လာဆောင်နေသေးတယ် ရန်ကိုင် တွေးလိုက်၏။