အခန်း (၆၆၁-၆၆၅)
Vol. 27 Ch. 661-665
အပိုင်း(၆၆၁) နင့်အတွက်ဂုဏ်ယူစရာပဲ
————————————————————
မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသည့် ရန်ကိုင် ရှေ့မှောက်၌ ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင် ဖြစ်သော လီရုန်မှာ သူမ၏ ခွန်အား စိုးစဉ်မျှပင်ကို ထုတ်မသုံးနိုင်တော့သော်လည်း ဟန်မပျက် အမူအရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ။
“ကျုပ်က အပြင်လူတစ်ယောက် မဟုတ်တော့ဘူးလား” ရန်ကိုင်က ကြောင်အနေသည့် အမူအရာဖြင့် သူ့ကိုယ်သူ လက်ညိုးထိုးပြီး မေးလိုက်၏။
လီရုန်က အသာအယာ ခေါင်းညိတ်လိုက်၍ “အသေးစိတ် အချက်အလက်တွေကိုတော့ နောက်မှပဲ ရှင်းပြတော့မယ်။ ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာတစ်ခု မဟုတ်ဘူး”
ရန်ကိုင်က ဘေးဘက်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ ပေါက်ကွဲနေသော မီးတောင်နှင့် ကောင်းကင်တစ်ခွင် တဖျတ်ဖျတ် လက်နေသည့် လျှပ်စီးတန်းများသည် အချိန်နှင့်အမျှ ပိုမို ပြင်းထန်လာနေခဲ့၏။
မကြာခင်မှာပင် ဤနေရာ အကွာအဝေးသို့ ရောက်နေသော လီရုန်နှင့် ရှေးဟောင်းနတ်ဆိုးကလန်သားများကိုပင် အကျိုး သက်ရောက်လာနိုင်၏။
“နင်က ဥာဏ်ကောင်းတဲ့လူပဲ၊ ငါနင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ဘယ်တုန်းကမှ မရှိခဲ့ဘူး ဆိုတာကို သတိပြုမိလောက်မှာပေါ့။ ငါတို့ စတွေ့ကတည်းကနေ အခုအချိန်အထိလေ” လီရုန်က သိမ်မွေ့စွာ ပြောလိုက်၏ “အခု၊ နင့်ရဲ့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ပြန်ရုတ်သိမ်းပေးလို့ ရမလား။ အဲ့လိုမှပဲ ငါတို့အားလုံး ဒီနေရာကနေ ထွက်သွားနိုင်မှာ”
ပြောပြီးသည်နှင့် ကြည်လင်သော မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား မျှော်လင့်တကြီး စိုက်ကြည့်လိုက်၏။
လီရုန်နောက်တွင် ရှိနေသော ကျန်ရှေးဟောင်းနတ်ဆိုး ကလန်သားများသည်လည်း ရန်ကိုင်ကို စိုက်ကြည့်လာကြ၏။
ယခုအချိန်၌ သူတို့၏ အသက်သည် ရန်ကိုင် လက်ထဲတွင် ရှိနေသည်ဟု ပြောရန်မှာ ချဲ့ကားပြောနေခြင်း မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်သာ သူတို့ကို သတ်ချင်ပါက သူတို့အားလုံး သေရပေလိမ့်မည်။
သူ့ရှေ့တွင် ရှိနေသော မိန်းမလှလေးကို အသေအချာ စိုက်ကြည့်နေလိုက်ပြီးနောက် တစ်ခဏလောက် စဉ်းစားလိုက်ကာ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏ “ကျုပ်ခင်ဗျားကို ယုံတယ်”
လီရုန် စိတ်သက်သာရာ ရသွားခဲ့ပြီး သူမ၏ အမူအရာလည်း ပြေလျော့သွားခဲ့ရ၏။ ထို့နောက် အသာအယာလေး ပြုံးလျက် “ဒီလို ဥာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့လို့ နင်ဝမ်းသာရမှာပါ”
ရန်ကိုင်က ထောက်ခံခြင်းလည်း မပြုသလို ငြင်းဆိုခြင်းလည်း မပြုချေ။ သို့သော်လည်း သူ့ကိုယ်မှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအင်များကို ပြန်ရုတ်သိမ်းထားလိုက်၏။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော နတ်ဆိုး အမှတ်အသားများနှင့် နတ်ဆိုးချီများသည် အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
ယခုမှပင် ရှေးဟောင်းနတ်ဆိုးကလန်သားများ အားလုံး သူတို့၏ ခွန်အားကို ပြန်လည် ထုတ်သုံးနိုင်ကြတော့လေ၏။
“ဟွာမို၊ သူ့ကို ကာကွယ်ပေးလိုက်။ သွားကြမယ်” ပြောပြီးသည်နှင့် သတိလစ်နေသော ဟန်ဖေးဆီ သွားလိုက်ပြီး သူမ၏ ခန္ဓာကိုယ်လေးကို အသာအယာ မလျက် အသက်ရှင် ကျန်ရစ်နေသော ချူကျန်း၏ လက်အောက်ငယ်သားများကို လှမ်းအော်ပြောလိုက်လေ၏ “ချူကျန်း သေသွားပြီ။ သူ့အပေါ် ဆက်ပြီး သစ္စာရှိနေချင်သေးတယ် ဆိုရင်လည်း ရှိနေလိုက်။ ငါနင်တို့ကို တားမှာမဟုတ်ဘူး။ ဒါပေမယ့် နင်တို့သာ အဲ့လမ်းကို ရွေးလိုက်မယ်ဆိုရင်တော့ နောက်ပိုင်းကျန် ဒီလောကငယ်ထဲမှာ နင်တို့အတွက် နေစရာနေရာ ရှိတော့မှာ မဟုတ်ဘူး။ ငါ့နောက် လိုက်ဖို့ ရွေးမယ်ဆိုရင်တော့၊ နင်တို့သာ နတ်ဆိုးနတ်ဘုရား မြို့တော်ကို ရိုးရိုးသားသား သစ္စာခံသရွေ့ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေ အားလုံးကို ငါလျော်ပေးလိုက်မယ်”
ချူကျန်း၏ လက်အောက်ငယ်သားများ အားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အလျင်အမြန် ဒူးထောက်လိုက်ကာ သံပြိုင် အော်ပြောလိုက်ကြလေ၏ “ကျုပ်တို့ စီနီယာလီအပေါ် သစ္စာရှိပါမယ်”
ချူကျန်း သေသွားခဲ့လေပြီ။ သူ့ကို ဆက်သစ္စာရှိနေ၍လည်း သူတို့အတွက် ဘာအကျိုးမှ ရှိလိမ့်မည် မဟုတ်ချေ။ ယခုအချိန်၌ သူတို့၏ ပထမဦးစားပေးသည် အသက်ရှင်ဖို့ပင် ဖြစ်၏။
လီရုန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဟန်ဖေးကို သယ်ကာ အလျင်အမြန် ပျံသန်းထွက်ခွါသွားတော့လေ၏။
မီးတောင်ပေါက်ကွဲရာ ဒေသဆီမှ လူပေါင်းများစွာတို့ အလျင်အမြန် ထွက်ခွါလာခဲ့ကြ၏။
ဟွာမိုသည် တုန်လှုပ်ချောက်ချားမှုတို့ ရောပြွမ်းနေသော ရှုပ်ထွေးသည့် အမူအရာဖြင့် ရန်ကိုင်အား ကာကွယ်ပေးရန် သူနှင့် အနီးကပ်ပျံသန်းနေခဲ့၏။
နာရီဝက်ကြာပြီးနောက် ထိုပညာရှင်တစ်သိုက်သည် မီးတောင်မှ အတန်ဝေးဝေး နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။
ပြန်လှည့်ကြည့်လိုက်ရာ သူတို့နောက်ဘက်ရှိ မိုးကောင်းကင် တစ်ခုလုံး နီစွေးနေသည်ကို တွေ့ရှိလိုက်ရ၏။ မီးတောင် ပေါက်ကွဲမှု၏ အကျိုးဆက်ကြောင့် ဤမျှ ဝေးကွာသော နေရာသို့ ရောက်နေသည့်တိုင် သူတို့ အောက်ရှိ မြေပြင်သည် တုန်ခါနေဆဲ။
လူတိုင်း၏ စိတ်ထဲ ကြောက်ရွံ့စိတ်တို့ ရစ်သိုင်းနေသေး၏။
ဟန်ဖေး၏ ဒဏ်ရာကို သက်သာသွားအောင် လုပ်ပြီးနောက် ထိုအဖွဲ့သည် နတ်ဆိုးနတ်ဘုရား မြို့တော်သို့ ဆက်လက်၍ ခရီးနှင်ကြလေ၏။
ရန်ကိုင်သည် လမ်းလျှောက်လုံး တစ်ချက်ကလေးမျှပင် သတိမပြတ်ခဲ့။ ထို့အပြင် ရှေးဟောင်းနတ်ဆိုးကလန်သား အားလုံးသည် သူနှင့် ဝေးဝေးမှ ပျံသန်းနေကြသည်ကို မကြာခင်မှာပင် ရန်ကိုင် တွေ့ရှိလိုက်ရ၏။ လီရုန် တစ်ယောက်သည်သာ လွန်စွာကိုမှ ပျော်ရွှင်ဝမ်းသာ နေသည့်အလား တောက်လျှောက် ပြုံးနေခဲ့၏။ ဟန်ဖေးကို သယ်ဆောင်ထားရင်း ရန်ကိုင်က အမျိုးမျိုးသော ခေါင်းစဉ်များ အကြောင်း ရံဖန်ရံခါ တိုးတိုးလေး ပြောပြသွား၏။
သူမ ပြောပြသွားသည့် အကြောင်းအရာ အများစုသည် ရှေးဟောင်း စာအုပ်များထဲ မှတ်တမ်းတင်ထားသည့် မဟာ နတ်ဆိုးနတ်ဘုရား၏ ပြောင်မြောက်ဖွယ်ရာ အောင်မြင်မှု၊ စွမ်းဆောင်မှုများပင် ဖြစ်၏။ အချို့ အကြောင်းအရာများ ဆိုလျှင် ဟွာမိုနှင့် သူမ၏ ကလန်သားများပင် မကြားဖူးကြချေ။
အားလုံးသည် ထိုဇာတ်လမ်းများကို စိတ်ဝင်တစားဖြင့် နားစိုက်ထောင်နေခဲ့ကြ၏။
တစ်ရက်ကြာပြီးနောက် ဟန်ဖေး နိုးလာခဲ့၏။ ဒဏ်ရာများ မပျောက်ကင်းသေးသော်လည်း ထိုဒဏ်ရာများသည် သူမအား နည်းနည်းလေးမှ အခက်တွေ့အောင် မလုပ်နိုင်တော့ချေ။
ရန်ကိုင် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြလိုက်စဉ်က ဟန်ဖေး သတိလစ်နေခဲ့ရာ ဘာတွေ ဖြစ်ခဲ့သွားခဲ့သည်ကို သူမ မသိခြ့ချေ။ သို့သော်လည်း လီရုန်က သူမအား သယ်မထားသည်ကို မြင်တွေ့လိုက်ပြီး ချူကျန်းကို လီရုန် ရင်ဆိုင်လိုက်ခြင်း ဖြစ်ရမည်ဟု တွေးလိုက်ကာ ဘာမှ ထပ်မမေးတော့ချေ။
နှစ်ရက်ကြာပြီးနောက် အားလုံး နတ်ဆိုးနတ်ဘုရား မြို့တော်သို့ ပြန်ရောက်လာခဲ့လေ၏။
ရန်ကိုင် သူ့အခန်းဆီ ပြန်သွားလိုက်ပြီး ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်အား လီရုန် လာရှင်းပြမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့၏။
သူနားမလည်သေးသော အကြောင်းအရာ တော်တော်များများ ရှိနေလေရာ သူ့စိတ်ထဲ အတော့်ကို သိချင်နေသည်မှာ မထူးဆန်းချေ။ သို့သော်လည်း လီရုန်သည် ထိုအကြောင်းအရာများကို နောက်မှ ရှင်းပြမည်ဟုသာ ဆိုခဲ့၏။
နတ်ဆိုးနတ်ဘုရား မြို့တော်တစ်ခုလုံး ငြိမ်းချမ်းနေခဲ့၏။ ဗိုလ်ချုပ်ကြီးလေးဦးထဲမှ တစ်ဦး ကျဆုံးသွားသည့်သတင်း မပျံ့နှံ့သေးသည့်ပုံပင်။
ယခုတစ်ကြိမ် ခရီးနှင့်ပက်သက်ပြီး ရန်ကိုင် အတော့်ကို ကျေနပ်မိ၏။ သူ့ဒန်ထန်ထဲ စုဆောင်းမိနိုင်ခဲ့သည့် ယန်အရည်စက် ပမာဏသည် အတော့်ကို များပြားလေရာ သူသာ မဖြုန်းသရွေ့ နောက်ဆယ်နှစ်စာလောက် ယန်အရည်စက် မရှိမည့် ပြဿနာကို စိတ်ပူစရာ မလိုတော့ချေ။
ထို့အပြင်သည် မယုံကြည်နိုင်စွာ ကောင်းလှစွာသော သလင်းကျောက် ပမာဏ များစွာကိုလည်း စုဆောင်းမိခဲ့သေး၏။
သို့သော် ရန်ကိုင်အား အပျော်စေဆုံးသော အရာမှ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ခေါ်ဆိုကြသော မိစ္ဆာအသွင်ပြောင်းလဲခြင်းကို သုံး၍ ရှေးဟောင်းနတ်ဆိုး ကလန်သားများအား ဖိနှိပ်၍ရခြင်းပင် ဖြစ်၏။
ဤလောကငယ်လေးအတွင်း သူရှိနေခဲ့သည်မှာ တစ်နှစ်ပင် မကတော့ချေ။ ထိုအချိန်အတွင်း လီရုန်သည် သူ့အပေါ် အတော် ကောင်းခဲ့၏။ သူ့အား ချုပ်နှောင်မထားသလို သူ၏ လွတ်လပ်မှု ကိုလည်း ကန့်သတ်မထားခဲ့ချေ။ ထို့အပြင် သူ့အား ကာကွယ်ပေးရန် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက်ကိုပင် စေလွှတ်ပေးထားခဲ့၏။
သို့သော်လည်း သူသည် နေအိမ်အကျယ်ချုပ် ကျနေသလို အမြဲတစေ ခံစားနေခဲ့ရလေရာ ရန်ကိုင်မှာ အတော့်ကိုပင် စိတ်မသက်မသာ ဖြစ်ခဲ့ရ၏။
သို့သော် ယခု သူ့တွင် ထိုရှေးဟောင်းနတ်ဆိုး ကလန်သားများနှင့် တန်းတူရပ်တည်နိုင်မည့် ယုံကြည်ချက် ရှိလာသဖြင့် ထိုခံစားချက် ပျောက်ကွယ်သွားခဲ့ရ၏။
နောက်ရက်အနည်းငယ်အထိ အားလုံးသည် တည်ငြိမ် အေးချမ်းနေဆဲ။ လီရုန်သည် ယခုတိုင် ပေါ်မလာသေးချေ။ သို့သော် ရန်ကိုင်လည်း အလျင်မလိုပါချေ။ ချူကျန်း၏ သေဆုံးမှုကြောင့် လီရုန်တွင် ကိုင်တွယ်စရာ ကိစ္စများစွာ ရှိနေမည်ကို သူပြောနိုင်၏။ ထို့ကြောင့် ဆေးပညာအား လေ့လာရာတွင်သာ ဆက်၍ အာရုံစိုက်နေခဲ့၏။
ကျောက်တုံးအခန်းတံခါး ရုတ်တရက် ပွင့်သွားခဲ့ပြီး ကွမ်းအာသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အခန်းထဲသို့ ရုတ်တရက် ပြေးဝင်လာခဲ့၏။ ရန်ကိုင်ရှေ့ ရောက်သည်နှင့် အလျင်စလို မေးလိုက်၏ “ရန်ကိုင်၊ နင်ချူကျန်းကို သတ်လိုက်တယ်ဆို၊ အဲ့ဒါအမှန်ပဲလား”
“နင့်ကို ဘယ်သူပြောတာလဲ”
“စီနီယာလီ ပြောခဲ့တာ၊ အမှန်ပဲလားဟင်”
“နင်ဘယ်လိုထင်လဲ” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်၏။
“ငါဘာထင်မှာလဲ” ကွမ်းအာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးသည်နှင့် နှာခေါင်းရှုံ့လျက် “နင့်ရဲ့ ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့ အဲ့လိုလုပ်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး။ ဒါပေမယ့် စီနီယာလီက ပြောလာမှတော့ အမှန် ဖြစ်နေလို့ပဲပေါ့” ပြောပြီးသည်နှင့် ရန်ကိုင် လက်မောင်းကို ရုတ်တရက် ဆွဲဖက်လိုက်ပြီး ကလေးဆိုးလေး တစ်ယောက်ပမာ ဆွဲလား၊ ရမ်းလား လုပ်လိုက်ရင်း “လာစမ်းပါ၊ ပြောပြစမ်းပါလို့။ အဲ့သူတောင်းစားကောင်ကို နင်ဘယ်လိုသတ်လိုက်တာလဲ။ စီနီယာလီတောင် သူနဲ့ရင်ဆိုင်ရရင် အတော့်ကို ခေါင်းကိုက်နေရတာ”
ကွမ်းအာက သူ့လက်မောင်းကို ရှေ့နောက်လွှဲရမ်းနေစဉ် အံ့ဩဖွယ် ပျော့အိလှသော အသားစိုင်ကြီး နှစ်လုံးကို ရန်ကိုင် အသေအချာ ခံစားနေမိ၏။
ရန်ကိုင်၏ အကြည့်က သူမ၏ ရင်ကြားနေရာဆီသို့ ဖြည်းဖြည်းချင်း ဆင်းလာသည်ကို မြင်လိုက်သည်နှင့် ကွမ်းအား ရုတ်တရက် နိုးကြားသတိရှိသွားခဲ့ပြီး ချက်ချင်း နောက်ပြန် ခုန်ဆုတ်လိုက်ကာ သူမ၏ ရင်ဘတ်ကို လက်ဖြင့် ကာလျက် အံကြိတ်ရင်း “လူယုတ်မာကောင်၊ နင်ဘာကို ကြည့်နေတာလဲ”
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး “အဖြေသိပြီးသား မေးခွန်ကို ငါ့ဆီ ဘာလို့ လာမေးနေရတာလဲ”
ကွမ်းအာ နှာခေါင်းရှုံ့၍ “နင်တို့ လူသားတွေက တကယ်ကို ကောင်းတဲ့ အကောင်တွေ မဟုတ်ဘူး။ နင်ငါ့ကို စော်ကားဖို့ ကြိုးစားနေတယ်လို့ စီနီယာလီ ငါသွားတိုင်ပြောမယ်”
“ငါ့ကို အပုပ်ချဖို့ မကြိုးစားနဲ့” ရန်ကိုင်က ဒေါသတကြီး ပြန်ပြောလိုက်၏။
ကွမ်းအားမျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ညစ်ကျယ်ကျယ် ပြုံးလျက် “အဲ့လိုဆိုရန် ချူကျန်းကို ဘယ်လိုသတ်လိုက်လဲ ဆိုတာ ငါ့ကို ပြောပြမှရမယ်။ ငါတော်တော်လေးကို သိချင်နေပြီ”
“စီနီယာလီကို ကိုယ်တိုင်သွားမေးလိုက်လို့ မရဘူးလား” ရန်ကိုင် ခေါင်းကိုက်မိချင်လာလေပြီ။
“စီနီယာလီက ဒီရက်အတော်အတွင်း ဗိုလ်ချုပ်ကြီး ဟန်ဖေးကို ဂရုစိုက်နေရသလို ချူကျန်း နောက်လိုက်တွေရဲ့ ကိစ္စတွေကိုလည်း ကိုင်တွယ်နေရတယ်လေ။ သူက မအားလပ်နိုင်အောင် ဖြစ်နေတော့ ဒီလို ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ သူ့ကို အလုပ်ရှုပ်အောင် ဘယ်လိုလုပ်ပြီး လုပ်ရက်မှာလဲ”
“ငါလည်း တော့်တော့်ကို အလုပ်များနေတယ်” ရန်ကိုင်က ခက်ထန်စွာ ပြန်ပြောလိုက်၏။
“နင်ဘယ်လိုလုပ်ပြီး အလုပ်များနေရတာလဲ” ကွမ်းအာက ရန်ကိုင်၏ ပျင်းရိပျင်းတွဲ ပုံစံကို ဝေ့ကြည့်လိုက်ပြီး အော်လိုက်လေ၏ “ကောင်တယ်၊ စီနီယာလီကို သွားရှာပြီး နင်င့ါကို စော်ကားဖို့ လုပ်နေပါတယ်လို့ သွားတိုင်ပြောမယ်”
“ကွမ်းအာ၊ အဲ့လိုမရိုင်းရဘူးလေ” လေဟာနယ်ထဲမှ ပြစ်တင်သံ ယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့၏။
လေထုတစ်ခုလုံး တွန့်လိမ်သွားခဲ့ပြီး လီရုန်၊ ဟန်ဖေးနှင့် ဟွာမိုတို့ သုံးယောက်သား ထွက်ပေါ်လာခဲ့လေ၏။
ကွမ်းအာ အမူအရာ အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး သူမလက်ကို အလျင်အမြန် ဝှေ့ရမ်းလျက် “စီနီယာလီ၊ ကျွန်မက နောက်နေရုံ သက်သက်ပါပဲ။ သူကျွန်မကို အဲ့လိုလုပ်ဖို့ မကြိုးစားခဲ့ပါဘူး”
သူမနှင့် ရန်ကိုင်တို့ကြား ငြင်းခုံစကားကို လီရုန် ကြားသွားပြီး သူမစကားကို အဟုတ်ထင်ကာ ရန်ကိုင်အား လီရုန် အပြစ်ပေးမည်ကို ကွမ်းအာ ကြောက်နေခြင်း ဖြစ်၏။
“ငါသိတယ်” လီရုန်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး ဒါပေမယ့် ငါနင့်ကို ဘာမှမလုပ်ခဲ့ဘူးလို့ မပြောနဲ့။ သူလုပ်ခဲ့ရင်တောင် နင့်အတွက် ဂုဏ်ယူစရာ ဖြစ်နေဦးမှာ”
ကွမ်းအာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေ၏။ သူမ လေးစားရပါသော စီနီယာလီမှ ထိုကဲ့သို့သော စကားများ ပြောလာလိမ့်မည်ဟု အိမ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့။ ထို့ကြောင့် ကွမ်းအာမှာ အချိန်အတော်ကြာသည်အထိ မှင်သက်သွားခဲ့ရလေ၏။
သူမသာ သာမန်ကလန်သား တစ်ယောက်သာ ဖြစ်သော်လည်း လီရုန်နှင့် အမြဲတစေ အတူရှိနေခဲ့ရသည့် အတွက် ကလန်ထဲရှိ သူမ၏ အဆင့်အတန်းသည်လည်း နိမ့်ကျခြင်း မရှိချေ။ ထို့ပြင် ကွမ်းအာသည် အတော်လေးကို လှပသလို သူမ၏ အရည်အချင်းသည်လည်း ကောင်းမွန်လှရာ ကလန်ထဲတွင် ရှိနေသော ယောကျာ်း တော်တော်များများ၏ အာရုံစိုက်ရာ ဖြစ်နေခဲ့ရ၏။
သို့သော်လည်း ထိုလူများ မည်မျှပင် တောင်းဆိုပါစေ လီရုန်သည် သူမအား ထိုလူများနှင့် လက်ဆက်ပေးရန် စကားတစ်ခွန်းတစ်လေကိုမျှပင် မဟခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် ထိုသူများထဲမှ မည်သူကမှ ကွမ်းအားနှင့် ထိုက်တန်သည်ဟု လီရုန် မထင်သောကြောင့် ဖြစ်၏။
လီရုန်သည် သူမနှင့် သင့်တော်မည့် သတို့သားလောင်း တစ်ယောက်ရှာပေးမည်ဟု ပြောခဲ့သလို ကွမ်းအာကြိုက်သူ ရှိလျှင်လည်း လာပြောခဲ့ဟုသာ ပြောခဲ့၏။
သို့သော်လည်း ယခုမူ လီရုန်သည် ထိုစကားများကို ပြောလာခဲ့လေရာ ကွမ်းအား မထိန့်လန့်ဘဲ ဘယ်နေမည်နည်း။
ထိုလူသားနှင့် အတူရှိရခြင်းသည် သူမအတွက် ဂုဏ်ယူစရာ ဖြစ်သည်မှာ အမှန်ပေလော။
“တောင်းပန်ပါတယ်၊ ငါနင့်ကို စောင့်ခိုင်းမိလိုက်ပြီ။ ငါတကယ်ကို မအားလို့ပါ” လီရုန်က ရန်ကိုင်အား ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်၏။
“ကိစ္စမရှိပါဘူး။ ကျုပ်လည်း အနားယူချိန်လေး ရတာပေါ့” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။
လူသားအပေါ် ပြောင်းလဲသွားသော စီနီယာလီ၏ သဘောထားကို ကြည့်ရင်း ကွမ်းအား မျက်မှောင်ကြုံ့သွားခဲ့၏။ ဘာကြောင့်မှန်း မပြောနိုင်သော်လည်း စီနီယာလီသည် ထိုလူသားအပေါ် အမှန်ပင် လေးစားနေသည်ဟု သူမစိတ်ထဲ ခံစားနေမိ၏။
ထိုအတွေးတို့ သူမစိတ်ထဲ ဖြတ်ပြေးသွားသည်နှင့် ကွမ်းအား ထိတ်လန့် ကြောက်ရွံ့သွားခဲ့ရလေ၏။
သူမသည်သာမက ဟန်ဖေးနှင့် ဟွာမိုတို့သည်လည်း ဘာမှနားမလည် အူကြောင်ကြောင် ဖြစ်နေခဲ့ရ၏။
ထိုလူသားသည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုနေနိုင်လျှင်ပင် သူ့အား ဤမျှ လေးလေးစားစား ဆက်ဆံစရာ လိုအပ်သည်လော။ သူတို့ ပိုင်ဆိုင်သော နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်း ပညာရပ်ကို ခိုးယူသွားသည်ဟု မစွပ်စွဲသည်ကပင် သူ့အပေါ် ကြင်နာရာရောက်နေလေပြီ။
“ဟန်ဖေး၊ဟွာမို၊ ဆာလိုပဲ နင်တို့စိတ်ထဲ သံသယတွေ ရှိနေမယ်မှန်း ငါသိတယ်”
“ဆာလား” လီရုန်မှလွဲ၍ ကျောက်တုံးခန်းအတွင်း၌ ရှိနေသူအားလုံး ရန်ကိုင်က ငေးကြောင်စိုက်ကြည့်လိုက်ကြ၏။
“ကျုပ်ကို အဲ့လို လာကြည့်မနေနဲ့၊ ကျုပ်လည်း ဘာမှသိတာ မဟုတ်ဘူး” ရန်ကိုင်က ပြောလိုက်လေ၏။
“အခု ငါအားလုံးကို ရှင်းပြပေးမယ်” လီရုန်က ပြုံး၍ “ကျေးဇူးပြုပြီး အရင်ထိုင်လိုက်ပါဦး”
ပြောပြီးသည်နှင့် ရန်ကိုင်ရှေ့ ထိုင်ချလိုက်၏။
ဟန်ဖေးနှင့် ဟွာမိုတို့သည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လီရုန် ပြောသည့်အတိုင်း သူမနောက်၌ ထိုင်လိုက်ကြလေ၏။
လီရုန်က ရန်ကိုင်အား သိမ်မွေ့ညင်သာစွာ ကြည့်လျက် ပြောလိုက်၏ “ကျေးဇူးပြုပြီး နင့်ရဲ့ စိတ်စွမ်းအင် အကာအကွယ်ကို ဖြေလျော့ပေးပါလား။ အဲ့လိုမှပဲ နင့်အသိစိတ်ထဲ ငါတို့ ဝင်လို့ရမှာမို့လို့”
ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး “ကျုပ်အသိစိတ် ပင်လယ်ထဲ ဝင်ဖို့လား”
“ဟုတ်တယ်၊ အဲ့လိုမှပဲ အားလုံးကို သေသေချာချာ ရှင်းပြလို့ရမှလေ။ ဟန်ဖေးနဲ့ ဟွာမိုလည်း အဲ့အချိန်ကျမှ ငါပြောတာ အားလုံးကို ယုံသွားလိမ့်မှာ”
“ခင်ဗျားမကြောက်ဘူးလား” ရန်ကိုင်က လီရုန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေ၏။
လီရုန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် “ငါတို့သာ နင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိသရွေ့ အဲ့ဒါက ငါတို့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးလေး။ အရင်တုန်းက အဲ့လိုပဲ မဟုတ်ဘူးလား”
ဟန်ဖေးနှင့် ဟွာမိုတို့ နှစ်ယောက်၊ ရန်ကိုင်နှင့် လီရုန်တို့ ဘာအကြောင်း ပြောနေသည် ဆိုသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရလေ၏။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး တစ်ခဏတာ တုန့်ဆိုင်း နေပြီးနောက် ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ။ အဲ့လို ဆိုမှတော့ ခင်ဗျားတို့ကို ကျုပ်အသိစိတ်ပင်လယ်ထဲ ဝင်ခွင့်ပြုရတော့မှာပေါ့။ ဒါပေမယ့် ကျုပ်မှတ်ဥာဏ်တွေကို လိုက်ဖတ်ကြည့်ဖို့ မကြိုးစားနဲ့နော်။ မဟုတ်ရင် ကျုပ်ကို မယဉ်ကျေးဘူးဆိုပြီး လာအပြစ်မတင်နဲ့”
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၆၂) သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး
————————————————————
“ဟုတ်တာပေါ့” လီရုန်က လေးတိလေးကန်ဖြင့် ခေါင်းညိတ်လိုက်ပြီး “ငါတို့ထဲက ဘယ်သူဆီမှာမှ အဲ့လို အကျင့်မျိုး မရှိကြဘူး”
“ဘယ်သူက နင့်မှတ်ဥာဏ်တွေကို ကြည့်ချင်မှာ မို့လို့လဲ” ဟန်ဖေးက အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့ကာ ဆိုလိုက်လေ၏။ ဟွာမိုက ရယ်သွမ်းသွေးလျက် “ဒီလူအိုကြီးမှာလည်း အဲ့လို အကျင့်ဆိုးမျိုး မရှိပါဘူးနော်”
“အဲ့လိုဆိုရင် ဝင်လာခဲ့ကြတော့” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးပိတ်ကာ သူ့အသိစိတ်ဖြင့် အသိစိတ်ပင်လယ်ထဲ ဝင်ရောက်သွားလိုက်လေ၏။ ခဏအကြာ၌ ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ် သူ့အသိစိတ် ပင်လယ်ထက် ထွက်ပေါ်လာပြီး အသိစိတ်ပင်လယ် အတားအဆီးကို ဖြည်းဖြည်းချင်း ဖြည်လျော့လိုက်လေ၏။
ချက်ချင်းဆိုသလို သူ့အသိစိတ်ပင်လယ်ထဲသို့ အားကောင်းလှသော စိတ်စွမ်းအင်သုံးခု ချည်းနင်း ဝင်ရောက်လာသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။ မကြာခင်မှာပင် ဗိုလ်ချုပ်ကြီးသုံးယောက်တို့၏ ဝိဥာဉ် ပုံရိပ်များသည် ရန်ကိုင်ရှေ့၌ ထွက်ပေါ်လာခဲ့လေ၏။
ယခုအချိန်၌ အခန်းထဲတွင် ရှိနေသူအားလုံး မလှုပ်မယှတ် ဖြစ်နေခဲ့လေပြီ။ ကွမ်းအာသည် အနားတွင် မတ်တပ်ရပ်နေရင်း စိုးရိမ်တစ်ဝက်၊ သိချင်စိတ် တစ်ဝက် အမူအရာဖြင့် သူမရှေ့ရှိ လူများအား ဟိုလူကြည့်လိုက်၊ ဒီလူကြည့်လိုက် လုပ်နေခဲ့လေ၏။ ရုတ်တရက်ဆိုသလို ရန်ကိုင်ဘက်လှည့်၍ လက်သီးလက်မောင်း တန်းပြကာ ချစ်စဖွယ်ကောင်းစွာ နှာခေါင်းလေးရှုံ့လိုက်လေ၏။
ဗိုလ်ချုပ်ကြီးသုံးယောက်နှင့် ရန်ကိုင်သည် သူမပင် သိခွင့်မရှိသေးသည့် လျှို့ဝှက်ချက်များအား ဆွေးနွေးနေသည်ကို ကွမ်းအာသိ၏။ ထို့ကြောင့် သိချင်သော်လည်း ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ ခိုးမဝင်ရဲခဲ့ဘဲ အပြင်၌သာ ရပ်စောင့်နေခဲ့လေ၏။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ၌ မီးတောက် မီးလျှံတို့ အဆက်မပြတ် လောင်ကျွမ်းနေခဲ့၏။
ထိုမီးတောက်မီးလျှံများကြောင့် လီရုန်၊ ဟန်ဖေးနှင့် ဟွာမိုတို့ သုံးယောက်စလုံး သူတို့၏ စိတ်စွမ်းအင်ကို သုံးကာ သူ့တို့ကိုယ်သူတို့ ကာကွယ်ထားခဲ့ရ၏။
ရှေးဟောင်းနတ်ဆိုး ကလန်သားများ အားလုံးသည် ထိုမီးဓါတ်ကို မုန်းတီးကြ၏။
လီရုန်သည် ကျန်နှစ်ယောက်ထက်ပင် ပို၍ အံ့အားသင့်နေခဲ့ရ၏။ ယခင်အကြိမ် ဤနေရာသို့ ရောက်ရှိလာခဲ့စဉ်က ရန်ကိုင်၏ တေဇောဓါတ် အသိစိတ် ပင်လယ်သည် ဤမျှ အားမကောင်းသေးချေ။ ယခုမူ ထိုအရှိန်တညီးညီး လောင်ကျွမ်းနေသော မီးတောက် မီးလျှံများမှ အပူဓါတ်သည် သူမကိုပင် စိတ်မသက်မသာ ဖြစ်အောင် လုပ်နေနိုင်လေပြီ။
ရန်ကိုင်သည် တေဇောဓါတ် အသိစိတ် ပင်လယ်ပေါင်း ဒါဇင်ကျော်အား ဝါးမြိုခဲ့သည်ကို လီရုန် ရုတ်တရက် ပြန်အမှတ်ရလိုက်၏။ ထိုကဲ့သို့ ဝါးမြိုပြီးမှဖြင့် သူ့အသိစိတ်ပင်လယ် ဤမျှ အားကောင်းလာသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။
“စကားပြောလို့ကောင်းမယ့် နေရာလေး တစ်ခုလောက် လုပ်ပေးလို့ မရဘူးလား” လီရုန်က တောင်းဆိုလိုက်၏။
လီရုန် ပြောပြောချင်း သူမ မည်သည်အား ပြောချင်နေသည်ကို ရန်ကိုင် နားမလည်ခဲ့။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် ထိုလူသုံးယောက်သည် သူ့အသိစိတ်ပင်လယ်ထဲရှိ မီးတောက်မီးလျှံများကြောင့် မသက်မသာ ဖြစ်နေသည်ကို ရုတ်တရက် နားလည်သွားခဲ့ကာ အဝေးတစ်နေရာတွင် ရှိနေသော ကျွန်းဆီ ညွှန်ပြလိုက်ပြီး “အဲ့ကို သွားကြတာပေါ့။ အဲ့နေရာမှာဆိုရင် အပူဓါတ် သက်ရောက်ခံရမှာ မဟုတ်ဘူး”
ရန်ကိုင် ညွှန်ပြရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့် အခါ မီးပင်လယ်ထက် မျောနေသော ငါးရောင်ခြယ် ကျွန်းကို ဗိုလ်ချုပ်ကြီးသုံးယောက် မြင်တွေ့လိုက်ရ၏။
သူတို့၏ မျက်ဝန်းများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ရန်ကိုင်နောက် အလျင်အမြန် လိုက်သွားခဲ့ကြလေ၏။
ငါးရောင်ခြယ်ကျွန်းပေါ် ခြေချမိသည်နှင့် ဗိုလ်ချုပ်ကြီး သုံးယောက်စလုံး ထိတ်လန့်သွားခဲ့ကြရ၏။
“နင့်အသိစိတ်ပင်လယ်မှာကို ငါ့ဝိဥာဉ်စွမ်းအားက ဘယ်လိုလုပ်ပြီး ပိုပိုအားကောင်း လာနေရတာလဲ” ဟန်ဖေးက ရန်ကိုင်ကို အံ့ဩတကြီး စိုက်ကြည့်လိုက်၏။
ဟွာမိုကလည်း ထိတ်လန့်နေသည့် လေသံဖြင့် “ငါ့စိတ်စွမ်းအင်လည်း နည်းနည်းချင်းစီး တိုးလာနေတယ်”
“ဒီငါးရောင်ခြယ်ကျွန်းကြီးက ဘာကြီးလဲ” လီရုန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး စိတ်ဝင်တစားဖြင့် ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ရင်း မေးလိုက်၏။ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်နေသော်လည်း သူတို့၏ စိတ်စွမ်းအင် နည်းနည်းချင်းစီ တိုးလာနေရသည့် အကြောင်းအရင်းမှာ ထိုငါးရောင်ခြယ်ကျွန်းကြောင့် ဖြစ်ရမည်ဟု လီရုန် ကောက်ချက်ချလိုက်၏။
“အဲ့လိုအကြောင်းတွေ ပြောဖို့ ခင်ဗျားတို့ ဒီကို ရောက်လာတာလား” ရန်ကိုင်က သူမ၏ မေးခွန်းကို လျစ်လျူရှုပြီး ပြန်မေးလိုက်၏။
ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်းသည် ဝိဥာဉ်ကို အားကောင်းအောင် လုပ်ဆောင်ပေးနိုင်သလို ဝိဥာဥ်နှင့် ပက်သက်သည့် ကိစ္စမှန်သမျှကိုလည်း ဖြေရှင်းပေးနိုင်၏။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးသုံးယောက်၏ ဝိဥာဉ်ပုံရိပ်များ ငါးရောင်ခြယ်ကျွန်းပေါ် ရောက်သည်နှင့် သူတို့၏ စိတ်စွမ်းအင် နည်းနည်းချင်းစီ တိုးတက်လာနေသည်ကို ခံစားရခြင်းမှာ အထူးအဆန်း မဟုတ်ချေ။
ရန်ကိုင်ကမူ ကွဲပြား၏။ ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ ပိုင်ရှင်ဖြစ်သည့်အလျောက် ဤနှစ်များအတွင်း ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းဆီမှ သူရရှိထားသည့် အကျိုးအမြတ်များသည် လျစ်လျူမရှုနိုင်သည့် အတိုင်းအတာ တစ်ခုအထိ ရောက်နေခဲ့လေပြီ။
“ငါလက်လွတ်စပယ် ပြောမိသွားလို့ တောင်းပန်ပါတယ်” လီရုန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ကြည့်ရတာ နင့်မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနေတဲ့ပုံပဲ”
“လူတိုင်းမှာ လျှို့ဝှက်ချက် တစ်ခုနှစ်ခုတော့ ရှိတတ် ကြစမြဲပဲလေ” ရန်ကိုင်က စိတ်မပါသည့် လေသံဖြင့် “အခု၊ ဘာတွေဖြစ်နေလဲဆိုတာ ရှင်းပြဖို့ အချိန်ကျပြီလားလို့။ အမှန်တရားကို ကျုပ် တော်တော်လေး သိချင်နေတာ။ ဟွာမိုနဲ့ဟန်ဖေးတို့လည်း ကျုပ်လိုပဲ ဖြစ်နေလောက်ပြီ”
ထိုစကားကို ကြားသည်နှင့် ဟွာမိုနှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး လီရုန်ဆီ လှမ်း၍ ကြည့်လိုက်၏။
လီရုန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သူမ၏ ကျောက်စိမ်းသဖွယ် ချောမွတ်လှသော လက်သွယ်သွယ်လေးကို မြှောက်လျက် ကောင်းကင်ထက် ဝဲနေသော အရာကို ညွှန်ပြလိုက်ကာ “အဲ့ကိုကြည့်လိုက်”
ဟွာမိုနှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး သူမ ညွှန်ပြရာ အရပ်ဆီ လှမ်း၍ ကြည့်လိုက်၏။
လေထဲတွင် ဝဲနေသည်ကား တင်းတင်းကြပ်ကြပ် ပိတ်နေသော မျက်လုံးတစ်လုံးပင် ဖြစ်လေ၏။ ထိုမျက်လုံးပေါ် ဟွာမိုနှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ထိုအရာအား ချက်ချင်း ဒူးထောက်ဦးညွှတ် မိချင်သွားခဲ့ရ၏။
ထိုကဲ့သို့ မည်သည့်အတွက်ကြောင့် ခံစားရမှန်း နှစ်ယောက်စလုံး နားမလည်ခဲ့။ နှစ်ယောက်စလုံး၏ ဝိဥာဉ်ပုံရိပ်များဟာတော့ မဆိုသလောက်ကလေး တုန်ရီနေခဲ့ကြလေ၏။
“အရင်အကြိမ်ကလို ဖွင့်ပေးလို့ ရလား” လီရုန်က ရန်ကိုင်ဘက်လှည့်၍ မေးလိုက်၏။
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး ရွှေရောင်မျက်လုံးနှင့် လှမ်း၍ ဆက်သွယ်လိုက်၏။
ရွှေရောင်မျက်လုံး ဖြည်းဖြည်းချင်း ပွင့်လာခဲ့ပြီး ပွင့်လာသည့် အက်ကွဲကြောင်းကြားမှ ကြီးကျယ် မြင့်မြတ်သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူတော်စင်သုံးယောက်စလုံးကို လွှမ်းခြုံသွားလေ၏။ ဤလောကကြီး၏ အထက်တွင် ရှိနေသော မဟာ ပညာရှင်ကြီးတစ်ပါးမှ သူတို့အား အရေးမစိုက်ဟန်ဖြင့် စိုက်ကြည့်နေသလို ဗိုလ်ချုပ်ကြီး သုံးယောက်စလုံး ခံစားလိုက်ရလေ၏။
ထိုကဲ့သို့သော စူးရှသည့် အကြည့်အောက်၌ သူတို့ကိုယ်သူတို့ သေးငယ်ပြီး အရေးမပါလှသော ပုရွက်ဆိတ်လေးများကဲ့သို့ ခံစားလိုက်ရ၏။ ဆန္ဒသာရှိလျှင် ထိုအကြည့်သည် သူတို့အား ဤလောကကြီးမှ ပျောက်ကွယ်သွားအောင် ရှင်းထုတ်ပစ်နိုင်စွမ်း ရှိသည်ဟုပင် ထင်ရ၏။
ဟွာမိုနှင့် ဟန်ဖေးတို့ တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး လီရုန်၏ ခန္ဓာကိုယ်ပင်လျှင် မသိမသာလေး တုန်ရင်နေခဲ့လေ၏။
“နင်တို့နှစ်ယောက်... အဲ့ဒါကို မှတ်မိကြလား” လီရုန်က စိတ်လှုပ်ရှားနေသည့် မျက်ဝန်းအစုံဖြင့် ဟန်ဖေးနှင့် ဟွာမိုကို ကြည့်ကာ မေးလိုက်၏။ မေးနေရင်းမှ သူမ၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့ပြီး ရွှေရောင်မျက်လုံးဆီး လှမ်း၍ ကြည့်လိုက်၏။ ထိုမျက်လုံးသည် သူမအား ထိတ်လန့်ဖွယ် ခံစားချက်ကို ပေးစွမ်းနေသော်လည်း ထိုမျက်လုံဆီမှ အကြည့်မခွါချင်အောင် ဖြစ်နေခဲ့ရ၏။
“သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးလား” တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဟွာမိုက အလန့်တကြား ထပြောလိုက်၏။
ဟန်ဖေး၏ ခန္ဓာကိုယ်လေး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး လီရုန်ဘက်လှည့်ကာ “ဒါက သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကြီးလား”
“ငါတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ စာအုပ်တွေမှာ ဖော်ပြထားတာနဲ့ တစ်ပုံစံတည်းပဲ။ အဲ့ရွှေရောင် အလင်းတန်းကို အရင်တစ်ကြိမ်းတုန်းက ငါခံစားမိခဲ့ဖူးတယ်။ အဲ့တုန်းကဆို အရမ်းကို ကြောက်ဖို့ကောင်းတဲ့ အဖျက်စွမ်းအားကိုပါ ခံစားမိခဲ့တာ။ အဲ့လို ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ မျက်လုံးတွေထဲမှာ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကလွဲပြီး အခြား ဘယ်မျက်လုံးကိုမှ ငါမစဉ်းစားတတ်တော့ဘူး” လီရုန်၏ မို့မောက်သော ရင်အစုံသည် နိမ့်ချည်မြည့်ချည် ဖြစ်နေကာ သူမ မည်မျှ စိတ်လှုပ်ရှားနေသည်ကို ပြသလို့နေလေ၏။
“ကောင်းကင်ကြီးက ငါတို့ကို ပစ်ပယ်မထားဘူးပဲ။ ဒီလူအိုကြီး မသေခင်မှာပဲ သုတ်သင်ခြင်း နတ်ဆိုး မျက်လုံးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့် ရဖူးသွားခဲ့ပြီ” ဟွာမို ဝမ်းသာပျော်ရွှင်စွာ အော်ပြောလိုက်ပြီး ချက်ချင်းဆိုသလို ဒူးထောက်ချကာ ရွှေရောင်မျက်လုံးကို ဦးညွှတ်လိုက်လေ၏။
လီရုန်နှင့် ဟန်ဖေးတို့လည်း ဒူးထောက်လိုက်ပြီး ထိုဝဲနေသော မျက်လုံးအား ဦးညွှတ်လိုက်ကြ၏။
သူတို့ သုံးယောက်၏ အပြုအမူကြောင့် ရန်ကိုင်မှာ လုံးဝကို မှင်သက်ကြောင်အ နေခဲ့ရ၏။
ထိုအချိန်မှာပင် ရွှေရောင်မျက်လုံးဆီမှ ရွှေရောင် အလင်းတန်း သုံးခု ထွက်ပေါ်လာခဲ့ပြီး ဒူးထောက် ဦးညွှတ်နေသော လူသုံးယောက်ကို ထိမှန်သွားခဲ့၏။
ရန်ကိုင်အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ဟန်ပန် အမူအရာကို အမြန်အဆန် ပြန်ထိန်းလိုက်လေ၏။
အဘယ်ကြောင့်ဆိုသော် ရွှေရောင်အလင်းတန်းနှင့် ထိမှန်ခံလိုက်ရသော်လည်း ထိုသုံးယောက်သည် ဘာမှ မဖြစ်သည့်အပြင် သုံးယောက်စလုံးသည် ပျော်ပင် ပျော်နေသေး၏။ သူတို့ကို ကန့်သတ်ထားသည့် အချုပ်အနှောင် တစ်ခုခု ပျက်ပြယ်သွားသည့်အလား သုံးယောက်စလုံးသည် မျက်လုံးစုံပိတ်လျက် ထိုအံ့အားသင့်ဖွယ် ခံစားချက်ထဲ စီးမျောနေခဲ့၏။
ရန်ကိုင်လည်း သေသေချာချာ စစ်ဆေး ကြည့်လိုက်ရာ ထိုသုံးယောက်သည် ရွှေရောင်အလင်းတန်း ဆီမှ အကျိုးအမြတ် တစ်ခုခုအား ရရှိနေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူတို့အား မနှောင့်ယှတ်တော့ဘဲ ဘေးတွင်သာ တိတ်တိတ်လေး ရပ်စောင့်နေလိုက်၏။
ခဏအကြာ၌ ရွှေရောင်မျက်လုံး ပြန်ပိတ်သွားခဲ့၏။
အချိန်အတော်ကြာကြာ စောင့်ဆိုင်းနေပြီးနောက် ဗိုလ်ချုပ်ကြီးသုံးယောက် ပြန်နိုးလာခဲ့ကြ၏။ ထိုအချိန်၌ သုံးယောက်စလုံး၏ ဝိဥာဉ်ပုံရိပ်သည် ယခင်ကထက် သိသိသာသာကို အများကြီး ပိုအားကောင်းလာခဲ့လေ၏။
ရွှေရောင်မျက်လုံးဆီမှ ရရှိခဲ့သည့် အကျိုးအမြတ်သည် အတော့်ကို မသေးသည့် ပုံပင်။
ရန်ကိုင် အတွေးနက်နဲသွားခဲ့ရ၏။ ရွှေရောင် မျက်လုံးသည် ရှေးဟောင်းနတ်ဆိုးကလန်နှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေသည်ကို ယခု ရန်ကိုင် နားလည်သွားခဲ့ရလေပြီ။ သူတို့ကြား မည်ကဲ့သို့ ဆက်စပ်နေသည် ဆိုသည်ကိုမူ သူမသိချေ။
ပြောင်းလဲသွားသည်များကို သတိပြုမိသည်နှင့် သုံးယောက်စလုံး စိတ်လှုပ်ရှားသွားခဲ့ပြီး အကြည့်ချင်း ဖလှယ်၍ ရန်ကိုင်ဘက် အမြန်အဆန် လှည့်လိုက်ကာ လက်သီးဆုပ်၍ လေးလေးစားစားဖြင့် “သခင့်ကို နှုတ်ဆက်ပါတယ်”
ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အားတင်းဖျစ်ညစ် ပြုံးကာ “အဟမ်း၊ အခြေအနေ ဘယ်လိုလဲဟင်၊ ခင်ဗျားတို့ တစ်ခုခုများ နားလည်မှု လွဲနေကြတာလား”
“ဘာနားလည်မှုမှ မလွဲပါဘူး။ ဘာအမှားမှလည်း မရှိပါဘူး။ ဒီနေ့ကစပြီး သခင်က ကျွန်မတို့ ရှေးဟောင်း နတ်ဆိုးကလန်ရဲ့ ခေါင်းဆောင် ဖြစ်သွားပြီ” လီရုန်က မီးတောက်မတတ် အကြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့်ရင်း ပြောလိုက်၏။
သို့သော်လည်း အံ့အားသင့်စရာ ကောင်းစွာပင် ဟွာမိုနှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ကန့်ကွက်စကား မဆိုခဲ့ကြချေ။ အဲ့အစား သဘောတူဟန်ဖြင့် ခေါင်းပင် ညိတ်ပြလိုက်သေး၏။
“ခင်ဗျား နောက်များနောက်နေတာလားဗျာ။ ဒီဟာသကြီးက မရယ်ရဘူးနော်” ရန်ကိုင် မျက်မှောင် ပိုကြုံ့သွားခဲ့ပြီး “ခင်ဗျားတို့က ရှေးဟောင်းနတ်ဆိုး မျိုးနွယ်စု၊ ကျုပ်က သာမန် လူသားတစ်ယောက်။ ကျုပ်တို့ သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ သွေးတွေက လုံးဝကို မတူဘူးဗျ။ အဲ့ဒါကို ကျုပ်က ခင်ဗျားတို့ ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ ခေါင်းဆောင် ဗြုန်းစားကြီး ဘယ်လို ထဖြစ်သွားရတာလဲ”
“စိတ်ရှည်ပါသခင်၊ အားလုံးကို ကျွန်မ အသေးစိတ် ရှင်းပြပေးပါ့မယ်” လီရုန်က ပြုံး၍ ကောင်းကင်ပေါ်ကို လက်ညိုးထိုးပြကာ “အဲ့သုတ်သင်ခြင်း နတ်ဆိုး မျက်လုံးကို သခင်ဘယ်ကနေ ရလာလဲ ဆိုတာကို ကျွန်မသိလို့ရမလား”
ခဏနောက် စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းခါရမ်းလျက် “အဲ့အကြောင်းက ထုတ်ပြောလို့ မကောင်းဘူး”
ကြုံရာ အကြောင်းပြချက်တစ်ခု လုပ်ပြော၍ ရသော်လည်း သူတော်စင်အဆင့် ပညာရှင် သုံးယောက်ကို ထိုကဲ့သို့ အနှစ်မရှိသည့် လှည့်ကွက်လေးဖြင့် လှည့်စားရန်မှ မဖြစ်နိုင်ပါချေ။ သူတို့သည် သူ့အား ရိုးရိုးသားသားဖြင့် ဆက်ဆံနေသဖြင့် ရန်ကိုင်လည်း သူတို့အား မလိမ်ညာချင်ချေ။
“အင်း၊ အဲ့လိုဆိုမှတော့ ကျွန်မလည်း သခင်ကို ထပ်မမေးတော့ပါဘူး” လီရုန်က ရန်ကိုင် ထုတ်မပြောသည်ကို စိတ်ထဲမထားဘဲ ရယ်ရယ်မောမောဖြင့် “ကျွန်မတို့နဲ့ ပက်သက်ပြီး သခင့် စိတ်ထဲ သံသယတွေ အများကြီး ရှိနေမယ်မှန်း ကျွန်မ သိတယ်။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တာပဲလေ။ သခင် အခုလိုလုပ်တာ မှန်တယ်။ သခင်သာ သခင့်ရဲ့ လျှို့ဝှက်ချက်တွေကို အခြားသူမေးတိုင်း ထုတ်ပြောနေမယ် ဆိုရင် ကလန်ကို သခင့်လိုလူ လက်ထဲ အပ်သင့်၊ မအပ်သင့်ကို နောက်တစ်ကြိမ် သေချာ ပြန်စဉ်းစားနေရမှာ။ ဒါပေမယ့် သခင့်ရဲ့ စွမ်းဆောင်မှုက ဆာနတ်ဆိုးနတ်ဘုရားရဲ့ ရွေးချယ်ခံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ”
“မဟာနတ်ဆိုးနတ်ဘုရားလား” ရန်ကိုင် မျက်ခုံး ပင့်သွားခဲ့ပြီး “ကျုပ်ကသူနဲ့ ဘာဆိုင်လို့လဲ”
“သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးက ဆာနတ်ဆိုး နတ်ဘုရားရဲ့ မျက်လုံးလေ” လီရုန်က ပြန်ပြောလိုက်ရာ ရန်ကိုင် လုံးဝကို မှင်သက်သွားခဲ့ရလေ၏။
“သခင်က နတ်ဆိုးနတ်ဘုရား မြို့တော်ထဲမှာ နေလာခဲ့တာ တစ်နှစ်တောင် ကျော်နေပြီဆိုတော့ ဆာနတ်ဆိုးနတ်ဘုရားနဲ့ ပက်သက်တဲ့ ကောလဟာလ တွေကိုလည်း ကြားခဲ့ဖူးမှာပေါ့၊ ဟုတ်တယ်မလား”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်၏။ မီးတောင်မှ ပြန်လာသည့် လမ်းတစ်လျှောက်၌ လီရုန်သည် ဆာနတ်ဆိုးနတ်ဘုရားနှင့် ပက်သက်သည့် အကြောင်းအရာ မျိုးစုံကို သူ့အား ပြောပြသွားခဲ့၏။ ထို့ကြောင့် မဟာနတ်ဆိုးနတ်ဘုရားအကြောင်းကို သူမသိဘဲ မနေပါချေ။
“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ရှင်းပြရ ပိုလွယ်သွားတာပေါ့” လီရုန်က ဖွဖွလေး အသက်တစ်ချက် ရှူလိုက်ပြီး “ဆာနတ်ဆိုးနတ်ဘုရားက တုန်းရွှမ် လောကကြီးတစ်ခုလုံးကို လှုပ်ခါနိုင်ခဲ့တဲ့ မဟာ သိုင်းပညာရှင်ကြီး တစ်ဦးပဲ။ ကျွန်မတို့ ဘိုးဘေးတွေ ထားခဲ့တဲ့ မှတ်တမ်းတွေအရဆို သူ့ခေတ်သူ့အခါတုန်းက ဆာနတ်ဆိုးနတ်ဘုရားနဲ့ ဘယ်သူကမှ ရင်ဘောင်တန်း မရပ်တည်နိုင်ခဲ့ဘူးတဲ့။ အဲ့အချိန်တုန်းက နတ်ဆိုး မျိုးနွယ်စုဆိုတာ ပြိုင်ဘက်ကင်းပဲ။ ကျန်တဲ့မျိုးနွယ်စုတွေ အကုန်လုံးက ကျွန်မတို့ နတ်ဆိုးမျိုးနွယ်စု အောက်မှာပဲ ငြိမ်ကုပ်နေခဲ့ကြရတာ။ နတ်ဆိုးမျိုးနွယ်စုဝင် တွေထဲမှာတောင် ကျွန်မတို့ ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ မျိုးဆက်သွေးက အမြင့်မြတ်ဆုံးပဲ။ ပြီးတော့ ကျွန်မတို့တွေက ဆာနတ်ဆိုးနတ်ဘုရားရဲ့ တိုက်ရိုက်အစေခံတွေပဲ”
နတ်ဆိုးမျိုးနွယ်စုတို့ ဂုဏ်ရောင်ထွန်းပြောင်းခဲ့သည့် အတိတ်အချိန်အကြောင်းကို ပြန်ပြောနေစဉ် အချိန်အတွင်း လီရုန်မျက်နှာထက် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့၏။ ဟန်ဖေးနှင့် ဟွာမိုတို့၏ မျက်နှာထက်ပင် တမ်းတသည့် အရိပ်အယောင်တို့ ထင်ဟပ်နေခဲ့လေ၏။
“ဆာနတ်ဆိုးနတ်ဘုရားရဲ့ ကျင့်ကြံခြင်းက ဘယ်သူနဲ့မှ နှိုင်းမရဘူး။ ဘယ်သူကမှလည်း သူ့ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမယ့် သူက အရမ်းအားကောင်းနေလို့ ဒီလောကကြီးမှ သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ဘယ်သူမှ မရှိတော့ဘူးလေ။ အဲ့ဒါကြောင့်ပဲ ဆာနတ်ဆိုး နတ်ဘုရားက ဒီလောကကြီးရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး သိုင်းတာအိုရဲ့ ပိုပြီးမြင့်မားတဲ့ အဆင့်ဆီ တက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ ကျွန်မတို့ ရှေးဟောင်း မှတ်တမ်းတွေ အရဆိုရင် သူဒီလောကကြီးကနေ အောင်အောင်မြင်မြင်နဲ့ ထွက်သွာနိုင်ခဲ့တယ်။ ဒါပေမယ့် သူဘယ်ကိုသွားလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ဘူး။ သူကျရှုံးခဲ့တယ်လို့ ပြောထားတဲ့ ရှေးဟောင်း မှတ်တမ်းတွေလည်း ရှိသေးတယ်။ သူ့ဝိဥာဉ် ဖျက်စီးခံလိုက်ရပြီး သူ့ကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်ပြီး မမြင်တွေ့ရတော့ဘူးတဲ့။ တကယ့် အမှန်တရားကို ဘယ်သူမှ မသိကြဘူး”
“ဒါပေမယ့် အခုတော့ အဖြေထွက်လာပြီ။ နောက်လောကကြီးတစ်ခုဆီ တက်လှမ်းဖို့ ကြိုးစားခဲ့တာ ဆာနတ်ဆိုးနတ်ဘုရား မအောင်မြင်ခဲ့ဖူးနဲ့ တူတယ်။ မဟုတ်ရင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ချန်ထားရစ်ခဲ့မှာ မဟုတ်ဘူး” ပြောပြီးသည်နှင့် မျှော်လင့်ချက်မဲ့နေသည့် အမူအရာလေးဖြင့် “ဆာနတ်ဆိုး နတ်ဘုရား ထွက်မသွားခင် ကျွန်မတို့မျိုးနွယ်စုကို ဒီလောကငယ်ထဲမှာ ပိတ်လှောင်ခဲ့ရတဲ့ အကြောင်းအရင်းက သူထွက်သွားတာနဲ့ ကျွန်မတို့ နတ်ဆိုးမျိုးနွယ်စု သိသိသာသာကို အားနည်းသွားပြီး ကျန်တဲ့ မျိုးနွယ်စုတွေက ကျွန်မတို့ကို တန်ပြန် တိုက်ခိုက်မှာ သူသိနေလို့ပဲ။ ဆာနတ်ဆိုးနတ်ဘုရားရဲ့ တိုက်ရိုက် အစေခံတွေဆိုတော့ ကျွန်မတို့ရင်ဆိုင်ရမယ့် ကံတရားက အမြစ်ပြတ် သုတ်သင်ခြင်းပဲ။ ဒါကြောင့် ကျွန်မတို့ကို ဒီမှာ ပိတ်လှောင်ခဲ့တာ။ ဒါပေမယ့် ဆာနတ်ဆိုးနတ်ဘုရားက ကျွန်တို့တွေကို ဒီထဲမှာ ထာဝရ ပိတ်လှောင်ထားဖို့ မကြံရွယ်ခဲ့ဘူး။ ကျွန်တို့အတွက် အဖြေတစ်ခု ချန်ထားပေးခဲ့တယ်။ ကျွန်မတို့သာ ဒီနေရာကနေ အောင်အောင်မြင်မြင် ထွက်ခွါနိုင်တဲ့ အချိန်ကျ ဒီလောကကြီးက ကျွန်မတို့ ရှေးဟောင်း နတ်ဆိုးကလန်ကို မေ့လုလု ဖြစ်နေလောက်ပြီ။ ကျွန်မတို့က ဆာနတ်ဆိုး နတ်ဘုရားရဲ့ တိုက်ရိုက်အစေခံ ဖြစ်လို့ဆိုပြီး ကျွန်မတို့ကို ဆက်ပြီး ပစ်မှတ် ထားနေတော့မှာ မဟုတ်ဘူး”
“ဆာနတ်ဆိုးနတ်ဘုရားက ဒီမှာ မရှီတော့ပေမယ့် သူ့ရဲ့ မျက်လုံးတစ်လုံး ဆိုရင်တောင် အဲ့မျက်လုံးက သာမန် လူတစ်ယောက် ရယူနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ သခင်က သုတ်သင်ခြင်း နတ်ဆိုးမျိုးကို ပိုင်ဆိုင်ထားမှတော့ ဆာနတ်ဆိုးနတ်ဘုရားက သခင့်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုပြီးပြီလို့ ဆိုလိုက်တာနဲ့ အတူတူပဲ။ ဆာနတ်ဆိုးနတ်ဘုရားကတောင် အသိမှတ် ပြုပြီးပြီ ဆိုမှတော့ အစေခံဖြစ်တဲ့ ကျွန်မတို့ကလည်း သခင့်ကို အသိအမှတ် ပြုပေးရမှာပေါ့။ ဒါကြောင့် ဒီနေ့ကစပြီး သခင်က ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ သခင်ပဲ။ ကျွန်မတို့ ဘိုးဘေးတွေ ဆာနတ်ဆိုးနတ်ဘုရား အတွက် အလုပ်အကျွေး ပြုခဲ့သလို ကျွန်မတို့ကလည်း သခင့်အပေါ် သစ္စာရှိရှိနဲ့ အလုပ်အကျွေး ပြုပါ့မယ်။ သခင်က ကျွန်မတို့ကို ဒီအချုပ်အနှောင်ကြီးကနေ လွတ်မြောက်အောင် လုပ်ပေးဖို့ ဆာနတ်ဆိုးနတ်ဘုရား ပို့လိုက်တဲ့လူပဲ” လီရုန်က လုံးဝကို လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၆၃) လက်ဦးမှုရယူခြင်း
————————————————————
လီရုန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အချိန်အတော်ကြာသည်အထိ ရန်ကိုင် ဘာမှ မပြောနိုင် ဖြစ်နေခဲ့ရ၏။
ထိုမိန်းမပြောသည်သာ အမှန်ဖြစ်မည် ဆိုပါက သူ့အပေါ် သူမ၏ သဘောထား မည်သည့်အတွက်ကြောင့် ရုတ်ချည်း ပြောင်းလဲသွားခဲ့ရသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ဆာနတ်ဆိုးနတ်ဘုရား၏ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို မှတ်မိပြီးနောက် သူ့အပေါ် သူမ၏ သဘောထား ယခုကဲ့သို့ ပြောင်းလဲသွားသည်မှာ သဘာဝပင်။
သို့သော်လည်း သူမပြောခဲ့သည့် ဇာတ်လမ်းကြောင့် ရန်ကိုင်သည် သူမတို့ အလိုအတိုင်း လိုက်ပါ လုပ်ဆောင်ပေးမည် ဆိုပါက သူသည် ရန်ကိုင် ဟုတ်တော့မည် မဟုတ်ချေ။
“ဒါတွေအားလုံးက တိုက်ဆိုင်မှု သက်သက်ပဲလေ။ ကျုပ်ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းက အလောင်းသယ်လူကြီး ဖမ်းတာ ခံရလို့လေ။ ကျုပ်အသိစိတ် ပင်လယ်ထဲမှာ ရှိနေတဲ့ အရာကြီးက သုတ်သတ်ခြင်း နတ်ဆိုးမျက်လုံး ဆိုတာ ခင်ဗျားတို့ သေချာလို့လား”
“လုံးဝကို သေချာတယ်” လီရုန်သာမက ဟွာမိုနှင့် ဟန်ဖေးတို့ပင် ခေါင်းညိတ်လိုက်ကြပြီး “ကျုပ်တို့က ရှေးဟောင်းနတ်ဆိုးကလန်ရဲ့ သာစဉ်မြေးဆက်တွေပဲ။ ကျုပ်တို့ဘိုးဘေးတွေက ဆာနတ်ဆိုးနတ်ဘုရားရဲ့ အနီးကပ်ဆုံး အစေခံတွေပဲ။ ဒါကြောင့် အဲ့မျက်လုံးက သုတ်သတ်ခြင်း နတ်ဆိုးမျက်လုံးဆိုတာ လုံးဝ သေချာတယ်။ ပြီးတော့ သခင် ဒီနေရာ ရောက်လာရတဲ့ အကြောင်းအရင်းက ဆာနတ်ဆိုးနတ်ဘုရားက ပဲ့ကိုင်မှုကြောင့် မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ”
“အဲ့လိုဆိုရင်တောင်... ခင်ဗျားတို့ ဘိုးဘေးတွေ အတိုင်း လိုက်လုပ်စရာ မလိုဘူးလေ။ ကျုပ်ကို သစ္စာစောင့်သိပြီး အလုပ်အကျွေး ပြုမယ်ဆိုတာကြီးက၊ အဲ့ဒါမျိုးကို... ကျုပ်သိပ်စိတ်မဝင်စားဘူးဗျ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။
ရန်ကိုင် စကားကြောင့် လီရုန် မှင်သက်သွားခဲ့ရ၏။ သို့သော် တစ်ခဏတာမျှ စဉ်းစားပြီးနောက် မည်သည့် အတွက်ကြောင့် ရန်ကိုင် တုန့်ဆိုင်းနေရသည်ကို သူမ ရုတ်တရက် နားလည်သွားလိုက်၏။
နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုထားချိန် ရှေးဟောင်းနတ်ဆိုး ကလန်သားများကို ဖိနှိပ်ထားနိုင်သော်လည်း သူ၏ လက်ရှိ ကျင့်ကြံခြင်းသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)သာ ရှိသေး၏။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကိုသာ အသုံးမပြုလျှင် သူမတို့၏ ကလန်သား တော်တော် များများသည် သူ့အား အလွယ်တကူ နင်းခြေသတ်ပစ်နိုင်၏။
ကလန်ကို သူ့အပေါ် အပြည့်အဝ သစ္စာရှိစေချင်သည် ဆိုပါက လုံလောက်သည့်ခွန်အား မရှိဘဲ မဖြစ်နိုင်ပါချေ။
“သခင်ရဲ့ ကိုယ်ပိုင်ခွန်အား မလုံလောက်တာနဲ့ ပက်သက်ပြီး စိုးရိမ်နေတာဆိုရင် အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်စရာ မလိုဘူးလို့ ကျွန်မပြောချင်တယ်။ ကျွန်မတို့ သုံးယောက် သခင့်အပေါ် အခုလိုမျိုး ဆက်ဆံနေရတာက သခင့်ရဲ့ ခွန်အားကြောင့် မဟုတ်ဘူး။ သခင့်ရဲ့ အလားအလာကြောင့်ပဲ။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး ရွေးချယ်လိုက်တဲ့ လူတစ်ယောက်ရဲ့ အနာဂတ် အောင်မြင်မှုတွေက ဆာနတ်ဆိုးနတ်ဘုရားနဲ့ ယှဉ်လိုက်ရင် ဘယ်နည်းနဲ့မှ နိမ့်ကျစရာ အကြောင်းမရှိဘူး”
“ခင်ဗျားတို့ကို ကြည့်ရတာ ကျုပ်အပေါ် တော်တော်လေးကို ယုံကြည်နေတဲ့ ပုံပဲနော်” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး ပြုံးလိုက်လျက် “ဒီအကြောင်းကို ခဏလောက် ဘေးချိတ်ထားလိုက်ကြရအောင်၊ အခု ကျုပ်စိတ်ဝင်စားနေတဲ့ အခြားခေါင်းစဉ်ဆီ သွားကြတာပေါ့”
“သခင်သိချင်တာရှိရင် ပြောလေ” လီရုန်သည် ရန်ကိုင်အား အတင်းအကြပ် သဘောမတူခိုင်းခဲ့ချေ။ အတင်းအကြပ် လုပ်ယူခြင်းသည် တန်ပြန် အကျိုးသက်ရောက်မှုကို ရရှိနိုင်သည် ဆိုသည့် အချက်ကို လီရုန်သိထား၏။ ယခုလောလောဆယ် အချိန်၌ ထိုလူသားသည် သူမတို့ ရှေးဟောင်းနတ်ဆိုးကလန်နှင့် ပက်သက်ပြီး သင်္ကာမကင်း ဖြစ်နေသေး၏။
“ရှေးဟောင်းနတ်ဆိုးနတ်ဘုရား မြို့တော်မှာ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းနဲ့ ပက်သက်တဲ့ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေ အများကြီး ရှိတယ်ဆို”
လီရုန်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “အဲ့ကိစ္စဆိုရင်တော့ မေးနေစရာတောင် မလိုတော့ပါဘူး။ သခင်ကြည့်ချင်ရင် အကုန်ကြည့်လို့ ရပါတယ်။ သခင့်ရဲ့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး ဆီကနေ ရလာခဲ့တာမလား။ အဲ့လိုဆိုရင် သခင် အသုံးပြုတဲ့ ပညာရပ်က နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းရဲ့ ရှေးအကျဆုံး ပညာရပ်တစ်ခု ဖြစ်လိမ့်မယ်။ ဆာနတ်ဆိုးနတ်ဘုရားရဲ့ သွေးတွေက သခင့်ကိုယ်ထဲမှာ စီးဆင်းနေတယ် ဆိုမှတော့ အဲ့လောက် နားလည်ထားတာ သဘာဝကျပါတယ်”
ရန်ကိုင်ကမူ ဘာမှ ပြန်မပြောခဲ့ချေ။
လီရုန်၏ ခန့်မှန်းချက်များသည် လုံးဝကို မှားယွင်းနေခဲ့၏။ ဤလောကငယ်အတွင်းသို့ ရောက်မလာစဉ်က နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းသည် ဘာကို ဆိုလိုမှန်း သူမသိခဲ့ချေ။ ထို့အပြင် သူ၏ မိစ္ဆာအသွင်ပြောင်းလဲခြင်းသည် သုတ်သင်ခြင်း နတ်ဆိုး မျက်လုံးဆီမှ ရခဲ့ခြင်း မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သည့် ရွှေရောင်မျက်လုံးဆီမှ ရလာခဲ့ခြင်း ဖြစ်၏။
“သခင်၊ ကျွန်မက အမှန်ကို ပြောဖို့ကြိုးစားနေရုံပါ။ သခင် ဒေါသမထွက်ပါနဲ့” လီရုန်က တခစ်ခစ် ရယ်မောလိုက်ပြီး ရန်ကိုင်၏ တုန့်ပြန်မှုကို စောင့်ကြည့်နေခဲ့၏။
ရန်ကိုင်ကမူ ပခုံးသာ ပြန်တွန့်ပြလိုက်လေ၏။
“သခင်ရဲ့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းက အရမ်းကို လွှမ်းမိုးနိုင်စွမ်း ကြီးမားလွန်းတယ်။ အဲ့ပညာရပ်ကို သုံးပြီး ကျွန်မတို့ ကလန်သားတွေကို ဖိနှိပ်နိုင်တယ် ဆိုပေမယ့် အဲ့နည်းစနစ်အပေါ် သခင့်ရဲ့ နားလည်မှုက အရမ်းကြီး မနက်ရှိုင်းသေးတော့ တကယ့် စွမ်းအား အပြည့်အဝကို မထုတ်သုံးနိုင်သေးဘူး။ အခုလောလောဆယ်၊ သခင့်ရဲ့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းက စဦးအဆင့်မှာပဲ ရှိသေးတယ်”
ရန်ကိုင် တစ်ခဏတာ မှင်သက်သွားခဲ့ပြီး အံ့အားသင့်နေသည့် လေသံဖြင့် အလျင်အမြန် ပြန်မေးလိုက်လေ၏ “ခင်ဗျားပြောချင်တာက၊ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ထပ်ပြီး အဆင့်မြှင့်လို့ ရသေးတယ်ပေါ့”
“အမှန်ပဲ” လီရုန်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုမှ အဆင့်ထပ်မြှင့်လို့ မရတော့ရင် ကျွန်မတို့ ရှေးဟောင်း နတ်ဆိုးကလန်က ဘယ်လိုလုပ်ပြီး သခင်နဲ့ အတူလက်တွဲ တိုက်ခိုက်လို့ ရတော့မှာလဲ”
ယခုအချိန်၌ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ရန်ကိုင် ထုတ်ဖော်လိုက်ပြီ ဆိုသည်နှင့် သူ့နားတွင် ရှိနေသော ရှေးဟောင်း နတ်ဆိုး ကလန်သားများအားလုံး သူတို့၏ ခွန်အားကို မထုတ်ဖော် နိုင်တော့ချေ။ သူတို့သာ ထိုပုံစံဖြင့် ရန်သူကို တိုက်ခိုက်ရန် ကြိုးစားပါက မိမိအသက်ကို ရန်သူလက်ထဲ ထိုးအပ်လိုက်သည်နှင့် ထူးတော့မည် မဟုတ်ချေ။ လီရုန်လို ပညာရှင်တစ်ယောက်သည်ပင် သူမထက် အဆများစွာ အားနည်းသော ပညာရှင်တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ပေ၏။
“အနည်းဆုံးတော့၊ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ဒုတိယအဆင့်ထိ လေ့ကျင့်ထားရလိမ့်မယ်။ ဒုတိယအဆင့်ကို ရောက်မှပဲ အဲ့ပညာရပ်ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပြီး ကျွန်မတို့ ရှေးဟောင်းနတ်ဆိုးကလန်လည်း သခင်နဲ့ အတူလက်တွဲ တိုက်ခိုက်နိုင်မှာ” လီရုန်က အလျင်အမြန် ရှင်းပြလိုက်လေ၏။
“စိတ်ဝင်စားစရာပဲ” ရန်ကိုင် ပြုံးလိုက်လေ၏။ ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင် မလုပ်ချင်ရသည့် အကြောင်းအရင်းမှာ သူ့တွင် လုံလောက်သော ခွန်အား မရှိသေးသောကြောင့်ပင် ဖြစ်၏။ ထိုခေါင်းဆောင်သုံးယောက်က သူ့အပေါ် သစ္စာရှိချင်ပါသည်ဟု ဆိုလာလျှင်ပင် ရန်ကိုင် လက်မခံနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူသာ သူတို့မျှော်မှန်းထားသလို ဖြစ်မလာပါက သူတို့တစ်တွေ အကုန်လုံး သူ့အား အမြင်ကတ်လာပြီး သူ့အပေါ် မကျေမနပ်ပင် ဖြစ်လာနိုင်သေး၏။
အမွေခံတိုက်ပွဲအတွင်း ကိုယ့်စိတ်ကြိုက် လုပ်ဆောင်ခွင့် မရှိသည့် အရသာကို သူမြည်းစမ်းဖူးခဲ့လေပြီ။ ထို့ကြောင့် ထိုကဲ့သော ကိစ္စများနှင့် ပက်သက်လာလျှင် ရန်ကိုင်သည် အတော့်ကို အထာနပ်နေပြီဟု ပြော၍ရပေ၏။
သို့သော် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းအား လေ့လာရန်ကိုမူ သူစိတ်ဝင်စားပေ၏။
သူ့ခွန်အားကို တိုးပွါးအောင် လုပ်နိုင်မည့် မည်သည့် အခွင့်အရေးကိုမဆို ရန်ကိုင် လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
“အဲ့ရှေးဟောင်းစာအုပ်တွေ ဖတ်ချင်တယ်ဆိုရင် ကျွန်မကို အချိန်မရွေး လာရှာလို့ရပါတယ်” လီရုန်က ညင်သာသိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်လေ၏။
“အဲ့လိုဆိုရင် မနက်ဖြန်မှ လာတော့မယ်။ ဒီနေ့ ခင်ဗျားက ပြောသွားတာ အများကြီပဲ။ ကျုပ်လည်း အဲ့အချက်အလက်တွေကို ကြေညက်သွားအောင် လုပ်ရဦးမယ်” ရန်ကိုင်က ပြောလိုက်လေ၏။
“ကောင်းပါပြီ။ အဲ့လိုဆို မနက်ဖြန် သခင်ရောက်လာမယ့် အချိန်ကို ဒီအစေခံတွေက စောင့်ဆိုင်းနေပါ့မယ်”
“ကျုပ်ကို အဲ့လိုမခေါ်စမ်းပါနဲ့ပါဗျာ။ သခင်ဆိုပြီး ကြားနေရတာ တစ်မျိုးကြီးပဲ” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်လေ၏။ သူ့ထက် အဆ(၁၀၀)မက သန်မာသော မိန်းမက သူ့အား သခင်ဟု ခေါ်နေသည်ကို ကြားရသည်မှာ ရန်ကိုင်အား တကယ်ကို စိတ်မသက်မသာ ဖြစ်စေ၏။
“အဲ့လိုဆိုရင်... သခင့်ကို ဘယ်လိုခေါ်ရမလဲ။ သခင် ခေါ်စေချင်သလို ကျွန်မတို့ ခေါ်ပါ့မယ်”
“အရင်တုန်းက ခေါ်သလိုပဲ ခေါ်ပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး “ခင်ဗျားက ကျုပ်ကို သခင်လို့ ခေါ်နေတာကိုသာ ခင်ဗျားတို့ ကလန်သားတွေ ကြားသွားရင် သူတို့ ဘယ်လိုတွေ တွေးမလဲဆိုတာကို ကျုပ်မသိပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်မိနိုင်တယ်လို့တော့ ကျုပ်ခံစားနေရတယ်”
လီရုန်က ရယ်ချင်စိတ်ကို ထိန်းချုပ်ထားသော်လည်း မအောင့်အည်းနိုင်တော့သဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ “နင်က လုံးစေ့ပတ်စေ့ကို တွေးတတ်တာပဲ။ ရှေးဟောင်းနတ်ဆိုးကလန်က ငါတို့ ဗိုလ်ချုပ်ကြီးလေးယောက်ကို ခေါင်းဆောင်အဖြစ် အမြဲတမ်း မှတ်ယူထားကြတာ။ ငါတို့သုံးယောက်သာ နင့်ကို သခင်အဖြစ် အသိအမှတ်ပြုရင် အားလုံးကလည်း နင့်ကို သခင်အဖြစ် အသိအမှတ် ပြုလိမ့်မယ်။ ဒါပေမယ့် နင်က အဲ့လို မဖြစ်ချင်မှတော့ ငါတို့ကလည်း တွန်းအား ပေးမနေတော့ပါဘူး။ ကောင်းပြီ၊ အနားယူလိုက်ဦးပေါ့။ ငါတို့ အရင်သွားနှင့်လိုက်တော့မယ်”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်၏။
လီရုန်နှင့် ဟွာမိုတို့ ခေါင်းညိတ်ပြလိုက်ပြီး သူတို့၏ ဝိဥာဉ်ပုံရိပ်များသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့လေ၏။
ဟန်ဖေးက ခံစားချက်မျိုးစုံတို့ ရောပြွမ်းနေသည့် အမူအရာဖြင့် နေရာတွင်သည် တွေဝေစွာ ရပ်နေခဲ့၏။
“တစ်ခုခု ရှိသေးလို့လား” ရန်ကိုင် မျက်ခုံး ပင့်လိုက်၏။
“မရှိပါဘူး။ မီးတောင်မှာတုန်းက ငါ့အသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးပါပဲ”
“ခင်ဗျားလည်း ကျုပ်ကို ကယ်ပေးခဲ့တာပဲလေ။ ဒါကြောင့် ကျုပ်တို့ နှစ်ယောက်ကြား ဘာအကြွေးမှ မရှိတော့ဘူး”
“အဲ့လိုဆိုရင်တောင် ရက်နည်းနည်းကြာရင် နင့်ဆီ တစ်ခုခု ပို့ပေးလိုက်မယ်။ နင့်အတွက် အသုံးဝင်လောက်မှာပါ”
“ကျုပ်ဆီ တစ်ခုခု ပို့လိုက်မှာလား။ ဘာပို့မှာလဲ”
“မြင်ရင် နားလည်လာလိမ့်မယ်” ပြောပြီးသည်နှင့် ဟန်ဖေးသည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်သွားလိုက်လေ၏။
ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာသည့် အချိန်၌ ဗိုလ်ချုပ်ကြီး သုံးယောက်သည် သူ့အခန်းထဲမှ ထွက်မသွားသေးဘဲ သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ရန်ကိုင် မျက်လုံးပွင့်လာသည်ကို မြင်လိုက်သည်နှင့် လီရုန်က ပြုံးကာ ပြောလိုက်၏ “မေးဖို့ မေ့နေတာ။ နင်အခန်းပြောင်းချင်သေးလား။ ဒီနေရာက ဆေးဖော်စပ်ဖို့ သုံးတဲ့ အခန်းဖြစ်နေလို့”
သူမ၏ သံသယများ မသေချာစဉ် အချိန်က သူမ လက်အောက်ငယ်သားများအား သင်္ကာမကင်း မဖြစ်စေလိုသည့်အတွက် ရန်ကိုင်အား အခွင့်ထူးများ လွန်လွန်ကဲကဲ မပေးခဲ့ချေ။ သို့သော် ယခုအချိန်၌ သူမ၏ သံသယများ သေချာသွားခဲ့ပြီ ဖြစ်လေရာ ရန်ကိုင်အား ပိုကောင်းသည့် အခန်းသို့ ရွှေ့ပြောင်းပေးချင်သည်မှာ သဘာဝပင် ဖြစ်ချေ၏။
“မလိုပါဘူး။ ကျုပ်က ဒီနေရာနဲ့ အသားကျနေပြီ။ ဘာပဲဖြစ်ဖြစ်၊ ဒီနေရာမှာ ကျုပ်ကြိုက်တဲ့အချိန် ဆေးပညာကို လေ့ကျင့်လို့ ရတယ်လေ” ရန်ကိုင်က ခေါင်းခါရမ်းက လီရုန်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်လေ၏။
“ဟိုတောင်းဆိုချက်ကတော့...” လီရုန်က ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလျက် “အရင်တုန်းက အဲ့တောင်းဆိုချက်က နင်နဲ့ကလန်ကြားက နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းမှုတစ်ခုလို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုတော့ အခြေအနေတွေက မတူတော့ဘူးလေ။ နင်သာ မလုပ်ချင်တော့ဘူးဆိုရင်...”
“အဲ့ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်နေစရာ မလိုပါဘူး။ ကျုပ်က အစကတည်းက ဆေးပညာကို လေ့လာချင်နေတာ။ အခုလိုမျိုး အခွင့်အရေးကောင်းကြီး တစ်ခု ပေးလာလို့တောင် ခင်ဗျားကို ကျေးဇူးတင်နေရဦးမှာ”
ထိုစကားကို ကြားလိုက်မှပဲ လီရုန် စိတ်သက်သာရာ ရသွားခဲ့ပြီး ရန်ကိုင်အား ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ယခုအချိန်၌ လီရုန်အနေဖြင့် ရန်ကိုင်အား တောင်းဆိုချက်အတိုင်း လုပ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိတော့ချေ။ ရန်ကိုင် ဘက်ကသာ အကြောက်အကန် ငြင်းဆန်းနေမည် ဆိုပါက သူမလည်း သူ့သဘောအတိုင်း လိုက်လုပ်ပေးရုံမှလွဲပြီး အခြားရွေးချယ်စရာ မရှိပါချေ။
“နင့်ရဲ့ ဝေယျာဝစ္စကိစ္စတွေကို စီမံပေးဖို့ အစေခံတွေ ပို့ပေးဖို့ လိုသေးလား။ ငါတို့ ကလန်က မိန်းမငယ်လေးက အလှချင်းပဲဖြစ်ဖြစ်၊ စရိုက်ပိုင်းပဲဖြစ်ဖြစ် နင်တို့ လူသား မျိုးနွယ်စုက မိန်းကလေးတွေအောက် မနိမ့်ကျဘူးနော်...” လီရုန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်ရင်း ရှက်ရှက်ဖြင့် မေးလိုက်၏။
ဟွာမိုကမူ ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့်သာ ရှိနေခဲ့၏။ လူသားယောကျာ်းတွေ အားလုံးက တဏှာရာဂ ကြီးသည်ဟု သူ့စိတ်ထဲ တွေးနေသည်လား၊ မတွေးနေဘူးလား ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။
သို့သော်လည်း ဟန်ဖေးကမူ ချောင်းဟန့်လိုက်ပြီး ဂွတီးဂွကျ အမူအရာဖြင့် ချက်ချင်း အကြည့် လွှဲလိုက်လေ၏။
“ကွမ်းအားနဲ့တင် အဆင်ပြေပါတယ်။ နောက်ထပ် ထပ်ပို့စရာ မလိုတော့ဘူး” လီရုန် ဘာကို ပြောချင်နေလဲ ဆိုသည်ကို သူမသိဘဲ နေမည်လော။ သူသည် လူငယ် တစ်ယောက်သာ ဖြစ်သေး၏။ သူ့ကိုသူ ဖြေလျော့ရန် လိုအပ်သည် ဆိုသည့်အချက်မှာ ပုံမှန်ပင် ဖြစ်၏။ သူဤနေရာသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ် ကျော်နေပြီ မဟုတ်လေလာ။ လီရုန်က ထိုအချက်ကို ထည့်သွင်းစဉ်းစားပေးနေခြင်း ဖြစ်၏။ သူမစိတ်ထဲ အခြား ရည်ရွယ်ချက် ရှိသေးလား၊ မရှိဘူးလား ဆိုသည်ကိုမူ သူမသိချေ။
“နင်သဘောအတိုင်းပဲ” လီရုန်က အသာအယာ ခေါင်းညိတ်လိုက်၏။ ထိုအခိုက်အတန့်မှာပင် သူမ၏ မျက်ဝန်းထဲ အလင်းတစ်ချက် လက်သွားခဲ့ပြီး ကွမ်းအာဘက် လှည့်ကာ လေးလေးနက်နက်ဖြင့် ပြောလိုက်၏ “အရင်တုန်းကလိုပဲ သူ့လိုအပ်တာတွေကို ဖြည့်ဆည်းပေးလိုက်။ ဒါပေမယ့် သူတောင်းဆိုတာ မှန်သမျှကို ဖြည့်ဆည်းပေးဖို့ကိုတော့ လုံးဝ မမေ့နဲ့နော်”
“ဘယ်တောင်းဆိုချက်ကို မဆိုလား။ သူသာ...” ကွမ်းအာက စိတ်ရှုပ်ရှုပ်ဖြင့် ပြန်မေးလိုက်ကာ လီရုန်က ယတိပြတ် ပြန်ပြောလိုက်လေ၏ “အဲ့တောင်းဆိုချက် ဆိုရင်တောင် လိုက်လျောပေးလိုက်။ အခုကနေစပြီး သူ့စကားတိုင်းက အမိန့်ပဲ”
ကွမ်းအာ ကြက်သေသေသွားခဲ့လေ၏။ ထိုလူသား ဤနေရာသို့ စရောက်စဉ်က သူ၏ တောင်းဆိုချက်သာ လွန်လွန်ကဲကဲ မဖြစ်သရွေ့ သူ့သဘောအတိုင်း လိုက်လျော ဆောင်ရွက်ပေးရန် လီရုန် သူမအား ပြောခဲ့၏။ သို့သော် ယခုမူ ထိုလူသားရှေ့တွင်ပင် သူတောင်းဆိုသမျှကို ဖြည့်ဆည်းပေးရန် လီရုန်က သူမအား ပြောလာခဲ့လေ၏။
ထိုလူသားအပေါ် စီနီယာလီ၏ သဘေားထားသည် လုံးဝကို အပြောင်းကြီး ပြောင်းလဲသွားခဲ့လေပြီ။
ကွမ်းအာသည် နေရာတွင်ပင် အသိစိတ် မဲ့သွားသည့်အလား ရပ်နေသည့် အချိန်၌ ဗိုလ်ချုပ်ကြီး သုံးယောက် ထွက်သွားခဲ့ကြလေ၏။ သူမ အသိ ပြန်ဝင်လာသည့် အချိန်၌ အခန်းထဲတွင် ရန်ကိုင်နှင့် သူမသာ ရှိတော့လေ၏။
အသာအယာ နှာခေါင်းရှုံ့လျက် ကျားရဲပေါက်မလေး တစ်ကောင်ပမာ ရန်ကိုင်အား လက်သီးလက်မောင်း တန်းလျက် ခြိမ်းခြောက်ဟန် ပြုလိုက်ပြီး အံကြိတ်ကာ စွပ်စွဲပြောဆိုလိုက်လေ၏ “သူတောင်းစားကောင်၊ ငါ့သခင်မကို နင်ဘာတွေ ပြောလိုက်တာလဲ။ သခင်မက နင့်အပေါ် ဘာလို့ အရမ်းကောင်းလွန်းနေရတာလဲ”
“ငါဘာပြောရမှာလဲ။ စကားလေး ဘာလေးပဲ ပြောတာပေါ့ဟ”
“နင်တို့ လူသားမျိုးနွယ်စုဝင်က အရမ်းကို ကောက်ကျစ်ပြီး ဥာဏ်နီဥာဏ်နက် များလွန်းတယ်” သူပြောသည့် စကားတစ်ခွန်းကိုပင် မယုံကြည်သည့် အလား ကွမ်းအာသည် ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်လေ၏ “နင့်တောင်းဆိုချက်တိုင်းကို ဖြည့်ဆည်းပေးဖို့ သခင်မက ငါ့ကို ပြောခဲ့သွားခဲ့တယ် ဆိုပေမယ့် အရှက်မရှိတဲ့ တောင်းဆိုချက်တွေကိုတော့ နင်မတောင်းဆိုဘူးမလား”
“ဘာလို့ တောင်းဆိုရမှာပဲ”
“တကယ် မတောင်းဆိုဘူးလား။ နင်ပြောတာကို မယုံဘူး။ ငါ့ကိုကျိန်ပြ”
ရန်ကိုင် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူမ၏ စွပ်စွဲစကားများကို နားထောင်ရင်း ခေါင်းကိုက် ချင်လာခဲ့လေ၏။ ခဏတာမျှ စဉ်းစားပြီးနောက် သလင်းကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်ပြီး ကွမ်းအာဆီ ပစ်ပေးလိုက်ကာ “အဲ့ဒါနဲ့ ဆော့နေနှင့်လိုက်။ ငါ့ကို လာမနှောင့်ယှတ်နဲ့တော့”
ကွမ်းအားက အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်လေ၏ “ဒီသလင်းကျောက်တုံးလေး တစ်တုံးနဲ့ ငါ့ကို မောင်းထုတ်ချင်နေတာလား။ နင်ငါ့အပေါ် အရမ်း အထင်သေးလွန်း မနေဘူးလား”
သူမစကားကြားသည်နှင့် အလျင်အမြန် နောက်တစ်တုံး ထပ်ထုတ်လိုက်ပြီး ပစ်ပေးလိုက်၏။
ယခုမှပင် အလိုကျသွားသည့်အလား ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ရင်း အပြုံးကြီးပြုံးလျက် အခန်းထဲ ထွက်သွားလိုက်လေ၏။
နောက်ဆုံး၌ ကျောက်တုံးခန်းလေး ထပ်မံ တိတ်ဆိတ်သွားခဲ့ပြန်လေပြီ။
ဗိုလ်ချုပ်ကြီး သုံးယောက်နှင့် ပြောခဲ့သည့် အကြောင်းအရာများကို ပြန်စဉ်းစားရင်း ဖြစ်ပျက်ခဲ့သည် များကို ရန်ကိုင် ယခုထိတိုင် မယုံကြည်နိုင်သေးချေ။
ယခင်နှစ်အတောအတွင်း ဆေးပညာကို အဆက်မပြတ် လေ့လာသင်ယူနေခဲ့သော်လည်း သူ့နောင်ရေးအကြောင်းကို မတွေးဘဲ မနေခဲ့ပါချေ။ တကယ်တော့ သူ့အနေဖြင့် ဤနေရာ၌ ထာဝရ ပိတ်လှောင်ခံရမည့် ကံကြမ္မာမျိုးကို မည်ကဲ့သို့ လက်ခံနိုင်ရမည်နည်း။
ယခုမူ အမျိုးမျိုးသော အဖြစ်အပျက်များကြောင့် သူသည် တစ်နည်တစ်ဖုံ လက်ဦးမှု ရယူနိုင်ခဲ့ပြီဟု ဆို၍ ရပေ၏။
ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အားလုံးသည် အိမ်မက် မဟုတ်သည်ဟု အတည်ပြုပြီးသည်နှင့် ဤနေရာ၌ ထာဝရ ပိတ်လှောင်ခံရမည့် အရေးကို ဆက်ပြီး တွေးပူမနေတော့ချေ။ လီရုန် ပြောခဲ့သည်မှာ လုံးဝကို မယုံကြည်နိုင်စရာ ကောင်းနေလေရာ သူအနေဖြင့် သူမပြောသည်ကို ယုံကြည်ရမည်လော၊ မယုံဘဲ နေရာမည်လော ဆိုသည်ကို မဆုံးဖြတ်နိုင်သေးချေ။
သို့သော်လည်း ထိုရင့်ကျက်သော မိန်းမလှသည် သူ့ကို မလိမ်လောက်ဟု ရန်ကိုင် ခံစားနေခဲ့ရ၏။ အဘယ်ကြောင့် ဆိုသော် သူမ၏ အဆင့်အတန်းကို နိမ့်ချပြီး သူ့အား လေးလေးစားစား ရိုရိုကျိုးကျိုးဖြင့် ပြုမူ၍ သူမအတွက် မည်သည့် အကျိုးအမြတ် ရမည် မဟုတ်သောကြောင့်ပင် ဖြစ်၏။
ထို့ကြောင့် ရန်ကိုင်၏ မသိစိတ်က သူမအား ယုံကြည်နေမိ၏။
သို့သော်လည်း သူမနှင့် စကားပြောပြီးနောက် သူ့အား နှစ်ပေါင်းများစွာ ကြာသည်အထိ ခေါင်းစားအောင် လုပ်ခဲ့သော ပဟေဠိပုစ္ဆာများ ရှင်းသွားခဲ့ရလေပြီ။
အနည်းဆုံး အနက်ရောင်စာအုပ်၏ မူရင်းပိုင်ရှင်သည် မဟာနတ်ဆိုးနတ်ဘုရား ဖြစ်သည်ကို သူသိသွားခဲ့ရလေပြီ။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၆၄) နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို လေ့ကျင့်ခြင်း
————————————————————
အနက်ရောင်စာအုပ်ကို မတော်တဆ သူရရှိခဲ့ခြင်း ဖြစ်သလို အစပိုင်းတုန်းက ထိုအနက်ရောင် စာအုပ်အား ခေါင်းအုပ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထူးဆန်းသည့် အိမ်မက်မက်ပြီး မယိမ်းယိုင်သော စိတ်ဆန္ဒကို လက်ခံပြီးနောက် အနက်ရောင်စာအုပ်သည် သူ့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့၏။
မီးတောက်အောက်ခြေ၌ ဟန်ဖေး ပြောပြခဲ့သည့် ဇာတ်လမ်းကို ကြားပြီးသည့် အချိန်မှစ၍ အနက်ရောင် စာအုပ်၏ ပိုင်ရှင်သည် မဟာနတ်ဆိုးနတ်ဘုရား ဖြစ်သည်ကို ရန်ကိုင် ခန့်မှန်းမိခဲ့ခြင်း ဖြစ်၏။
မဟာနတ်ဆိုးနတ်ဘုရားသည် ဝိဥာဉ်ကျောက်တုံး အကြီးကြီးတစ်တုံးကို ရရှိခဲ့ပြီး ထိုကျောက်တုံးကို မည်သည့်အတွက် အသုံးပြုခဲ့သည် ဆိုသည်ကို ဘယ်သူမှ မသိသော်လည်း ထိုကျောက်တုံးမှ အကြွင်းအကျန်များကို ရှေးဟောင်းနတ်ဆိုးကလန်၏ လက်ရှိ ဗိုလ်ချုပ်ကြီး လေးယောက် ဝတ်ဆင်ထားသော သိုလှောင်လက်စွပ် အဖြစ် ထုလုပ်ခဲ့သည်ဟု ဟန်ဖေး သူ့အား ပြောပြခဲ့၏။
မဟာနတ်ဆိုးနတ်ဘုရားသည် သူရရှိခဲ့သော ဝိဥာဉ်ကျောက်တုံးကြီးကို အနက်ရောင်စာအုပ်အဖြစ် ထုလုပ်ခဲ့သည့် ပုံပင်။
ထိုကဲ့သို့သာဆိုလျှင် ရွှေရောင်အရိုးခြောက်၏ ပိုင်ရှင်သည် မဟာနတ်ဆိုးနတ်ဘုရား ဖြစ်နိုင်ချေရှိ၏။
အတိတ်အချိန်၌ မဟာနတ်ဆိုးနတ်ဘုရားသည် ဤလောကကြီး၏ အချုပ်အနှောင်များကို ချိုးဖျက်၍ ပိုမြင့်သည့် လောကကြီးဆီသို့ တက်လှမ်းချင်ခဲ့၏။ သို့သော် သူကျရှုံးခဲ့ရပြီး သူ့ခန္ဓာကိုယ် ဖျက်စီးခံခဲ့ရ၏။ သို့ရာတွင် သူ့အရိုးများကို အကောင်းအတိုင်း ဆက်လက် ထိန်းထားနိုင်ခဲ့ပုံရ၏။ အဘယ်ကြောင့်ဆိုသော် ရွှေရောင် အရိုးခြောက်၏ ပိုင်ရှင်သည် မဟာနတ်ဆိုးနတ်ဘုရား ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် ထိုရွှေရောင် အရိုးခြောက်တစ်ခုလုံး နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နေသည်မှာ သဘာဝပင် ဖြစ်လေ၏။
ရွှေရောင်အရိုးခြောက်၊ မွှေးရနံ့အိုး၊ အစစ်အမှန် ယန်ကျင့်စဉ်၊ ဆေးပေါင်းရည်နှင့် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးတို့သည် မဟာနတ်ဆိုးနတ်ဘုရားမှ သူ့အား လက်ဆင့်ကမ်းပေးခဲ့သော အမွေအနှစ်များ ဖြစ်ပေ၏။
သို့သော်လည်း ရန်ကိုင်၏ လမ်းစဉ်သည် မဟာ နတ်ဆိုးနတ်ဘုရား မျှော်မှန်းထားသည်နှင့် သွေဖယ်သွားသည့် ပုံပင်။
ဆေးဘုရင်တောင်ကြားကို သွားခဲ့စဉ်အခါက ရန်ကိုင်သည် မဟာနတ်ဆိုးနတ်ဘုရား သူ့အား ပေးရန် မရည်ရွယ်ထားသော အစစ်အမှန် ဆေးပညာနည်းလမ်း တစ်ခုလုံးကို ရရှိခဲ့၏။
မဟာနတ်ဆိုးနတ်ဘုရားသည် သူ့ဆက်ခံသူအား သိုင်းပညာ လမ်းစဉ် တစ်ခုတည်းကိုသာ တစိုက်မတ်မတ် လျှောက်စေလိုခြင်း ဖြစ်ဟန်တူ၏။
ထိုအကြောင်းကို စဉ်းစားပြီး ရန်ကိုင် မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး တစ်ခုခုကို သူရုတ်တရက် သတိရလိုက်၏။
ရှေးဟောင်းနတ်ဆိုး မျိုးနွယ်စုသည် တုန်းရွှမ် လောကကြီး၌ တုဖက်ကင်းသည့် မဟာဝိဇ္ဇာအဆင့် ဆေးပညာရှင် တစ်ဦးကို မွေးထုတ်ပေးခဲ့သည်ဟု ကွမ်းအာ သူ့အား ပြောပြခဲ့ဖူး၏။
(ဂရမ်းမာစတာကို မဟာဝိဇ္ဇာဟု ပြောင်းလဲ သုံးနှုန်း သွားပါမည်)
သူမပြောသော ထိုမဟာဝိဇ္ဇာအဆင့် ဆေးပညာရှင်သည် မဟာနတ်ဆိုးနတ်ဘုရားများ ဖြစ်နေလေမလား။ မဟာနတ်ဆိုးနတ်ဘုရားသာ မဟုတ်လျှင် အစစ်အမှန် ဆေးပညာနည်းလမ်းကို သူဘယ်က ရလာခဲ့လေသနည်း။
ခန့်မှန်းချက်သာ ဆိုသော်ငြား ဖြစ်နိုင်ချေ အရမ်းများ၏။
ရန်ကိုင် မျက်ဝန်းအစုံ တလက်လက် တောက်ပနေခဲ့ပြီး ယခင်နှစ်များအတွင်း သူကြုံတွေ့ ခဲ့ရသမျှကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားနေခဲ့လေ၏။ သူမရှင်းခဲ့သော အကြောင်းအရာများသည် တစတစဖြင့် ရှင်းလင်းလို့ လာခဲ့လေ၏။
----------------------------------
“စီနီယာလီ၊ သူ့မှာ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး ရှိနေပေမယ့် သူ့လက်ထဲ ကလန်ကို ထည့်ပေးလိုက်ဖို့ ဆိုတာ အရမ်းကို များမသွားဘူးလား”
ကျောက်တုံးခန်းလေးထဲမှ ထွက်လာသည်နှင့် ဟွာမိုက ရုတ်တရက် ကောက်မေးလိုက်လေ၏။ သူ့မျက်နှာထက် စိုးရိမ်ရိပ်တို့ ထင်ဟပ်နေခဲ့၏။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို မြင်မြင်မိချင်း ခဏတာ၌ လွန်စွာကိုမှ စိတ်လှုပ်ရှားမိသော်လည်း သေချာ ပြန်စဉ်းစားကြည့်ပြီးနောက် လီရုန်၏ ဆုံးဖြတ်ချက်သည် အတော့်ကို မသင့်တော်ဟု သူခံစားမိလိုက်၏။
“ဟုတ်တယ်၊ မေးခွန်းထုတ်စရာ အချက်တွေ ရှိနေတယ်။ အရင်ဆုံး မေးရမှာက သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို သူဘယ်က ရခဲ့တယ် ဆိုတာကိုပဲ။ အရေးအကြီးဆုံး အချက်ကတော့ သူလူသား ဖြစ်နေတာပဲပေါ့...” ဟွာမိုပြောသည်ကို ထောက်ခံသည့်ဟန်ဖြင့် ဟန်ဖေးကပါ ခေါင်းညိတ်ပြလိုက်၏။
လီရုန်က ယဲ့ယဲ့လေးသာ ပြုံး၍ ပြန်ပြောလိုက်၏ “သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး သူ့ကို ရွေးချယ်လိုက်တာက ဆာနတ်ဆိုးနတ်ဘုရားက သူ့ကို ရွေးလိုက်တာနဲ့ အတူတူပဲ။ ငါတို့အနေနဲ့ ဘိုးဘေးတွေရဲ့ ညွှန်ကြားမှုအတိုင်း လိုက်နာဖို့ပဲ လိုတယ်။ သူလူသား ဖြစ်နေတဲ့ ကိစ္စကတော့ အခုပါပဲ၊ နောက်ပိုင်းကျရင်... ငါတို့ စောင့်ကြည့်ရမှာပေါ့”
ထိုစကားကို ကြားလိုက်သည်နှင့် ဟွာမိုနှင့် ဟန်ဖေးတို့ တစ်ခဏတာမျှ တိတ်ဆိတ်သွားခဲ့၏။
“အယ်၊ သူ့စွမ်းဆောင်ရည်ကတော့ ကျေနပ် လောက်စရာပဲ” ဟွာမိုက ခေါင်းညိတ်လိုက်၍ “သူလို့ လူငယ်တစ်ယောက်က စိတ်လိုက်မာန်ပါ လုပ်တတ် လိမ့်မယ်လို့ ကျုပ်ထင်နေတာ။ ရှေးဟောင်းနတ်ဆိုး ကလန်က သူ့အပေါ် သစ္စာခံလိုက်တာနဲ့ ခေါင်းဆောင် ရာထူးကို ချက်ချင်း လက်ခံမယ်ပေါ့။ ပြောပြောချင်းပဲ ချက်ချင်းကြီးကို ငြင်းမယ်လို့ ကျုပ်မမျှော်လင့်ခဲ့ဘူး”
ရန်ကိုင်က ငြင်းဆန်ခဲ့ရုံသာမက သူတို့ စပြောနေစဉ် အခါတည်းမှပင် စိတ်လှုပ်ရှားသည့် အရိပ်အယောင် စိုးစဉ်းမှ မပြခဲ့ချေ။
သူ့အတွက်တော့ ရှေးဟောင်းနတ်ဆိုးကလန်က သူ့အပေါ် သစ္စာခံခံ၊ မခံခံ အရေးမကြီးတဲ့ပုံပဲ။
သူသာ အရမ်းကြီးကို မရူးမိုက်ဘဲ သွေးနားထင် ရောက်နေခြင်း မဟုတ်လျှင် ရန်ကိုင်သည် များစွာသော လောကဒဏ် မုန်တိုင်းအသွယ်သွယ် ဖြတ်ကျော်ခဲ့ဖူးသူ ဖြစ်ကာ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်း နားလည်ထားသူပဲ ဖြစ်ရပေမည်။
သို့သော်လည်း ထိုလူငယ်လေးသည် သွေးနားထင် ရောက်နေသော အရူးတစ်ယောက် မဖြစ်နိုင်ရာ။ ရန်ကိုင် ချူကျန်းအား သတ်လိုက်သည့် မြင်ကွင်းကို ဟွာမို အမှတ်ရနေဆဲ။ ထိုမြင်ကွင်းကို ပြန်မြင်ယောင် ကြည့်လိုက်သည့် အချိန်တိုင်း ဟွာမို ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရ၏။
ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ကျန်တော့၏။ ရန်ကိုင်သည် သူ့စွမ်းဆောင်နိုင်ရည် အကန့်အသတ်ကို ကောင်းကောင်း သိထားကာ အလျင်စလို ဆုံးဖြတ်ချက် ချတတ်သူတစ်ယောက် မဟုတ်သည့်သူပဲ ဖြစ်ရပေမည်။
ထိုကဲ့သို့သော သူများသည် သူတို့၏ ကိုယ်ပိုင် စွမ်းရည်ကိုသာ အားကိုးကြပြီး သူတို့၏ ကံတရားအား အခြားသူများက ထိန်းချုပ်ထားမည်ကို မလိုလားကြချေ။
“ဒါကြောင့်ပဲ ဆာနတ်ဆိုးနတ်ဘုရားရဲ့ ရွေးချယ်မှု မမှားယွင်းခဲ့ဘူးလို့ ငါပြောတာပေါ့” လီရုန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “စောင့်သာ စောင့်ကြည့်နေလိုက်။ ငါးနှစ် အတွင်းမှာပဲ ငါတို့ကလန် ဒီလောကငယ်ထဲကနေ လွတ်မြောက်နိုင်လိမ့်မယ်”
ဟွာမိုနှင့် ဟန်ဖေးတို့ ခန္ဓာကိုယ်များ မဆိုသလောက် ကလေး တုန်ရင်သွားခဲ့ပြီး သူတို့၏ မျက်လုံးများထဲ မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်တို့ ယှတ်ပြေးသွားခဲ့လေ၏။
ဤလောကငယ်ထဲ ပိတ်လှောင်ထားခံခဲ့ရသည်မှာ နှစ်တစ်ထောင်ကျော် ကြာမြင့်ခဲ့လေပြီ။ မဟာ နတ်ဆိုးနတ်ဘုရား၏ ညာလက်ရုံးဖြစ်သော၊ အယုံကြည်ရဆုံးသော အစေခံများ ဖြစ်သည့် သူတို့အား လောကကြီးကပင် မေ့လျော့နေခဲ့ကြလေပြီ။ နေ၊လ၊ ကြယ်၊ ကျယ်ပြန့်လှသော မြစ်များ၊ အဆုံးမရှိသော ပင်လယ်သမုဒ္ဒရာများ၊ ထိုကဲ့သို့သော မြင်ကွင်းများသည် သူတို့ ကလန်သားများအတွက် စိတ်ကူးနှင့်သာ မြင်ကြည့် ခဲ့ရသော အရာများ ဖြစ်၏။
ကလန်သားတိုင်း၏ တစ်သက်သာ အိမ်မက်သည် ဤနေရာမှ ထွက်ခွါ၍ ထိုအံ့အားသင့်ဖွယ် မြင်ကွင်းများကို မြင်တွေ့ရရန် ဖြစ်၏။
“မသေခင်လေး အဲ့လိုနေ့မျိုးကို မြင်တွေ့ရဖို့ မျှော်လင့်ရတာပဲ” ဟွာမိုက ဖြည်းဖြည်းချင်း အသက်ရှူလိုက်ပြီး သူ့ဟန်အမူအရာကို ပြန်ထိန်းလိုက်၏။
နတ်ဆိုးနတ်ဘုရားမြို့တော်သည် ရှစ်ထောင့် ပုံသဏ္ဍာန် အဆောက်အဦးကြီး တစ်ခုဖြစ်၏။ အဆောက်အဦးသည် အရမ်းမမြင့်သော်လည်း ထူးခြားလှသည့် ကိုယ်ပိုင် ဗိသုကာ အလှတရားများကို ပိုင်ဆိုင်ထား၏။ နံရံရှစ်ခု၏ တစ်ခုချင်းစီ၌ အသက်ဝင်လာတော့ဟန် ထင်ရသော ရှေးဟောင်း သားရဲများကို ထွင်းထုထား၏။
ကွမ်းအာ၏ ဦးဆောင်မှုဖြင့် ရန်ကိုင်သည် ထိုရှစ်ထောင့် ပုံသဏ္ဍာန် အဆောက်အဦးထဲသို့ ဝင်ရောက်လာခဲ့လေ၏။
လွန်ခဲ့သော တစ်ညလုံး အတွေးမျိုးစုံတို့ဖြင့် ရန်ကိုင် ရွာလည်နေခဲ့ခြင်း ဖြစ်၏။
ရှေးဟောင်းနတ်ဆိုးကလန် ဘာကိုပဲ စီစဉ်နေပါစေ သူ၏ မူလရည်ရွယ်ချက်သည် သူ့ခွန်အားကို တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်၏။ ထိုရည်ရွယ်ချက်သည် ဘယ်သောအခါမှ သွေဖယ်ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ မည်သူ့ထက်မဆို ပိုမို သန်မာမှသာလျှင် ဤလောကကြီးထဲ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပေလိမ့်မည် ဖြစ်ကာ အခြားသူများ၏ ချုပ်နှောင်ကန့်သတ်ခြင်းကို ခံရလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရှေးဟောင်းနတ်ဆိုးကလန် သူ့အား မည်ကဲ့သို့ ဆက်ဆံသည် ဆိုသည်မှာ သူ့အား မည်သို့မျှ မသက်ရောက်ချေ။ သူ့အနေဖြင့် လျှောက်လှမ်းရန် ဆုံးဖြတ်ထားသော လမ်းကိုသာ တစိုက်မတ်မတ် ဆက်လက် လျှောက်လှမ်းရန် လိုအပ်၏။
“သခင်မ အထဲမှာရှိတယ်။ ဝင်သွားလိုက်တော့” ကွမ်းအားက တံခါးကို ဖွင့်ပေးပြီးသည်နှင့် ဘေးတွင် ရပ်လိုက်လျက် ပြောလိုက်၏။
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး အထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေ၏။
အခန်းထဲတွင် လီရုန်သည် စားပွဲခုံလေး တစ်ခုဘေးရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေခဲ့၏။ ရန်ကိုင် ဝင်လာသည်ကို မြင်သည်နှင့် အမြန်အဆန် မတ်တပ်ရပ်လိုက်ပြီး အပြုံးလေးနှင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေ၏ “နင်လာပြီပဲ”
“အင်း”
“ကောင်းတယ်။ နင်တောင်းဆိုထားတဲ့ဟာတွေ အားလုံး ပြင်ဆင်ပြီးသွားပြီ” လီရုန်က စားပွဲခုံပေါ်ရှိ စာအုပ်များဆီ လက်ဝှေ့ရမ်းပြလိုက်ပြီး “ဒီစာအုပ်တွေက နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းနဲ့ ပက်သက်တဲ့ စာအုပ်တွေပဲ။ နင့်စိတ်ကြိုက် လေ့လာလို့ရတယ်”
“အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးပါပဲ”
လီရုန် မျက်ဝန်းအစုံ လက်သွားခဲ့ပြီး နှုတ်ခမ်းလေးကို ကွေးလျက် ပြောလိုက်၏ “နင့်ရဲ့ တောင်းဆိုချက်အတိုင်း နင့်ကို သခင်လို့ မခေါ်ခဲ့ဘူး။ အပြန်အလှန် အနေနဲ့ ငါတို့အပေါ်လည်း တအားကြီး ယဉ်ကျေးပြမနေနဲ့လေ။ နင့်ဆက်ဆံတဲ့ပုံစံက ငါတို့ကို အပြင်လူတွေလို သဘောထားနေသလိုပဲ”
ရန်ကိုင်က သူမအား ပြောင်းလဲသွားခြင်း မရှိသည့် အမူအရာဖြင့် တစ်ခဏကြာအောင် စိုက်ကြည့်နေလိုက်ပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်ကာ “အဲ့လိုဆိုရင် နည်းနည်း ပိုရင်းရင်းနှီးနှီး ဆက်ဆံကြတာပေါ့”
လီရုန် ယဲ့ယဲ့လေး ပြုံးလိုက်၏။
ရန်ကိုင်က ရှေ့တက်လိုက်ပြီး စာအုပ်တစ်အုပ်ကို ကောက်ယူ၍ လီရုန် ထိုင်နေခဲ့သော ထိုင်ခုံပေါ် ထိုင်ချလိုက်၏။
ထိုစာအုပ်များထဲ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို မည်ကဲ့သို့ ကျင့်ကြံရမည်၊ နတ်ဆိုးအမှတ်အသားများကို မည်ကဲ့သို့ ထိန်းချုပ်ပြီး မည်သို့မည်ပုံ တိုးတက်အောင် လုပ်ဆောင်ရမည်၊ ပြောင်းလဲသွားပြီး အခြေအနေ၌ သူတို့၏ တိုက်ပွဲ စွမ်းရည်ကို မည်ကဲ့သို့ တိုးတက်အောင် လုပ်ဆောင်ရမည် တို့အား ရေးသားထား၏။
စာအုပ်တိုင်းသည် အတော့်ကို အဖိုးတန်ပြီး ရှေးဟောင်းနတ်ဆိုးကလန်သား တော်တော်များများပင် သိခွင့်မရှိသည့် လျှို့ဝှက်ချက်တို့ စာအုပ်တိုင်းထဲ ပါဝင်နေခဲ့၏။
ရန်ကိုင်သည် စတင်လေ့လာရုံပင် ရှိသေးသော်လည်း သူ့မျက်ဝန်းအစုံသည် စိတ်လှုပ်ရှားမှု အဟုန်ကြောင့် လက်ဖြာနေခဲ့လေ၏။
ထိုရှေးဟောင်းစာအုပ်များထဲ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းနှင့် ပက်သက်သည့် နက်နဲသော ဗဟုသုတများကို မှတ်တမ်းတင်ထား၏။ ထို့ပြင် စာအုပ်တိုင်းသည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်း ပညာရပ်၏ အနှစ်သာရများကို ထုတ်နှုတ်ဖော်ပြထားပေ၏။
အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုကို တွေ့လိုက်ရသည့် အလား ရန်ကိုင်သည် ထိုရှေးဟောင်း စာအုပ်များကို လေ့လာရင်း စာအုပ်ထဲ နစ်မျောသွားကာ အချိန်စီးဆင်းမှုကိုပင် မေ့လျော့သွားခဲ့ရ၏။
စာအုပ်များအား သည်းကြီးမည်းကြီး ဖတ်နေသော ရန်ကိုင်ကို ကြည့်ရင်း လီရုန် ပြုံးလိုက်ပြီး ရန်ကိုင်ဘေးမှ ခွါကာ လက်ဖက်ရည်တစ်ခွက် ငှဲ့လျက် ထိုင်ချလိုက်ပြီး တိတ်တိတ်လေး စောင့်နေလိုက်လေ၏။
အသိစိတ်ကို နတ်ဆိုးအမှတ်အသားထဲ ထည့်သွင်း၍ နတ်ဆိုးအမှတ်အသားကို ခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကျက်သွားစေ၏... ပြီးသည်နှင့် နတ်ဆိုး အမှတ်အသားများထဲ ပါဝင်နေသော စွမ်းအင်များအား နတ်ဆိုးချီကို သုံး၍ နှိုးဆွခြင်းဖြင့် မိမိ၏ ခွန်အားကို မြှင့်တင်နိုင်၏...
ပထမပုံစံ၌ နတ်ဆိုး အမှတ်အသားများသည် ခန္ဓာကိုယ်တစ်လျှောက်တွင်သာ ပျံ့နှံ့မည် ဖြစ်၏။ ထိုပုံစံသည် ရန်ကိုင် မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည့်အခါ ဖြစ်ပေါ်လာသည့် ပုံစံမျိုး ဖြစ်၏။
ဒုတိယပုံစံ၌ နတ်ဆိုး အမှတ်အသားများသည် ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားမည် ဖြစ်ကာ နတ်ဆိုး နတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုလျှင်ပင် နတ်ဆိုး အမှတ်အသားများ ထွက်ပေါ်လာတော့မည် မဟုတ်ချေ။
လီရုန်သည် ရန်ကိုင်အား ဒုတိယပုံစံသို့ အမြန် ရောက်စေခြင်း ဖြစ်၏။ ဒုတိယပုံစံသို့ ရောက်သည်နှင့် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသက်သွင်းလိုက်လျှင်ပင် ရှေးဟောင်း နတ်ဆိုး ကလန်သားများသည် သူတို့၏ တိုက်ပွဲစွမ်းရည်ကို ဆက်လက် ပိုင်ဆိုင်ထားနိုင်ပေလိမ့်မည်။
တတိယပုံစံသည် နတ်ဆိုး အမှတ်အသားများအား အရိုးနှင့် ပေါင်းစပ်စေခြင်း ဖြစ်၏။
ထိုစာအုပ်များထဲ မှတ်သားထားသည်ကို လေ့လာပြီးနောက် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်း အပေါ် သူ၏ နားလည်မှုသည် အဆပေါင်းများစွာ တိုးတက်လာခဲ့လေ၏။
ထိုနည်းစနစ်များအား မည်ကဲ့သို့ အသုံးချရမည်ကိုမူ လေ့ကျင့်ရင်းဖြင့်သာ သင်ကြားရပေမည်။
အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူ့လက်ထဲရှိ ရှေးဟောင်းစာအုပ်ကို ချကာ မျက်လုံးစုံပိတ်လိုက်၏။ ခဏအကြာ၌ မျက်လုံး ပြန်ပွင့်လာခဲ့ပြီး စိတ်အားထက်သန်မှု အပြည့်ဖြင့် လီရုန်ကိုကြည့်ကာ မေးလိုက်၏ “နတ်ဆိုးနတ်ဘုရား မြို့တော်ထဲမှာ ကျုပ်တံခါးပိတ် ကျင့်စဉ် ဝင်လို့ ရလောက်မယ့် နေရာတစ်ခုလောက်ရှိလား။ နတ်ဆိုး နတ်ဘုရား အသွင်ပြောင်းလဲခြင်းကို လေ့ကျင့်မလို့လေ”
“နင်လေ့ကျင့်ဖို့အတွက် ပြင်တောင် ပြင်ပြီးသွားပြီ” လီရုန်က ပြုံးလျက် “ငါနဲ့လိုက်ခဲ့”
ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ အနီးအနားရှိ စာအုပ်စဉ် တစ်ခုဆီ သွားလိုက်၏။ စဉ်ပေါ်ရှိ စာအုပ် အချို့ကို ဟိုရွေ့၊ ဒီရွေ့ လုပ်လိုက်ရာ စာအုပ်စဉ်သည် ဘေးတစ်ဖက်သို့ ရွေ့သွားခဲ့ပြီး မြေအောက်ထဲသို့ ဦးတည်နေသည့် ဝင်ပေါက်တစ်ခု ထွက်ပေါ်လာခဲ့၏။
လီရုန်သည် ရှေ့မှ ဦးဆောင် ဝင်သွားလိုက်ပြီး ရန်ကိုင်ကမူ နောက်ကနေ လိုက်သွားလိုက်၏။
လမ်းကြောင်းတစ်လျှောက် ဘေးတစ်ဖက် တစ်ချပ်စီ၌ မီးတုတ်များ စီတန်းထားခဲ့ရာ မြေအောက်သို့ သွားသည့် လမ်းကြောင်းသည် မှောင်မဲမနေခဲ့ချေ။
အချိန်အတန်ကြာအောင် ဆင်းလာပြီးနောက် ရန်ကိုင်နှင့် လီရုန်တို့သည် ရန်ကိုင်၏ ကျောက်တုံးခန်း ထက်ပင် ပိုမို ကျယ်ဝန်းသော အခန်းလွတ်ကြီးတစ်ခန်းဆီ ရောက်ရှိလာခဲ့၏။
အခန်းထောင့်စွန်း၌ ထူးဆန်းသည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည် အနက်ရောင် ကျောက်တုံးလေးများ ရှိနေခဲ့၏။
“ဒါက ငါကျင့်ကြံတဲ့ နေရာပဲ။ ဒီနေရာမှ နတ်ဆိုး နတ်ဘုရား အသွင်ပြောင်းလဲခြင်း ပညာရပ်ကို နင့်စိတ်ကြိုက် လေ့ကျင့်လို့ရတယ်။ ငါ့ကလန်သားတွေ အနှောင့်အယှတ် ဖြစ်သွားမှာကိုလည်း စိုရိမ်နေစရာ မလိုဘူး” ရှင်းပြပြီးနောက် အနက်ရောင် ကျောက်တိုင်ဆီ လက်ညိုးထိုးပြလိုက်ကာ “အဲ့ဒါတွေက စွမ်းအင်ချုပ် ကျောက်တုံးတွေပဲ။ အဲ့ကျောက်တုံးတွေက ဘယ်လို စွမ်းအင်လှိုင်းမျိုးကိုမဆို တားဆီးပေးနိုင်တယ်။ နင်ဝင်သွားလိုက်တာနဲ့ အဲ့ကျောက်တုံးတွေကို အသက်သွင်းပြီး နင့်ပတ်လည်မှာ အရံအတားတစ်ခု ဖန်တီးပေးလိုက်မယ်”
“နားလည်ပြီ။ စကြစို့” ရန်ကိုင်မှာ စောင့်ပင် မစောင့်နိုင်တော့ရာ အခန်း အလယ်ဗဟိုဆီ ချက်ချင်း ခုန်ဝင်သွားလိုက်လေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လီရုန် ပြုံး၍ ခေါင်းခါရမ်းလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်၏ “အရမ်းကို လောနေတာပဲ”
ပြောပြီးသည်နှင့် အနီးရှိ အံကွက်ထဲ နတ်ဆိုးချီကို စတင် ဖြည့်သွင်း၍ စွမ်းအင်ချုပ် ကျောက်တုံးများကို အသက်သွင်းလိုက်ရာ ခဏအကြာမှာပင် ရန်ကိုင် ပတ်လည်၍ ထွင်းဖောက်မြင်နိုင်သော အရံအတား တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
အားလုံး အဆင်သင့်ဖြစ်မဖြစ် လီရုန်ဆီ တစ်ချက် လှမ်းကြည့်လိုက်ရာ လီရုန်က ရန်ကိုင်ကို အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်လေ၏။
သူ့အင်္ကျီကိုချွတ်၍ တင်ပလင်ခွေ ထိုင်လိုက်ပြီး ညာဘက်လက်မောင်းကို မြှောက်ကာ နဖူးထက် ရေပြင်ညီမျဉ်း တစ်ကြောင်း ဖြတ်ဆွဲလိုက်၏။
“မိစ္ဆာအသွင်ပြောင်းလဲခြင်း”
မိုးမြေတစ်ခွင် လှုပ်ခါသွားခဲ့ပြီး စွမ်းအင်ချုပ် ကျောက်တုံး ဖန်တီးထားသော အရံအတား တစ်ခုလုံး ယိမ်းထိုးသွားခဲ့ကာ အရံအတား မျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့လေ၏။
ရန်ကိုင်၏ အဝတ်ဗလာ ဖြစ်နေသော ခန္ဓာကိုယ် အပေါ်ပိုင်းထက် နတ်ဆိုးအမှတ်အသားများ စတင် ထွက်ပေါ်လာခဲ့ပြီး ထိုနတ်ဆိုး အမှတ်အသားများသည် မြွေများပမာ သူ့ရင်ဘတ်၊ ကျောက်ဘက်ပေါ်သို့ တွယ်တက်လာနေခဲ့၏။
သူ့ခွန်အားနှင့် သွေးစွမ်းအား အလျင်အမြန် မြင့်တက်သွားခဲ့ပြီး သူ့တိုက်ပွဲ စွမ်းရည်သည်လည်း ထိုးတက်သွားခဲ့ရ၏...
အဝေးတွင် ရှိနေသော လီရုန်သည် တောက်ပသည့် မျက်ဝန်းအစုံဖြင့် ထိုမြင်ကွင်းကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏ “ဟုတ်သွားပြီ။ တကယ်ကို မတူတာပဲ”
================================
avMartial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၆၅) လေမိုးကြိုးတောင်ပံများ
————————————————————
ရန်ကိုင်၏ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်း နှင့် ရှေးဟောင်းနတ်ဆိုးကလန်၏ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းတို့သည် တူညီဟန် ရသော်လည်း ကွဲပြားခြားနားချက် အချို့ရှိနေသေးသည်ကို လီရုန် သတိပြုမိ၏။
သူမ၏ ကလန်သားတို့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုသည့်အခါ နတ်ဆိုး အမှတ်အသားများသည် သူတို့၏ ခန္ဓာကိုယ် နေရာ တော်တော်များများ ဖုံးအုပ်သွားလေ့ မရှိချေ။ လီရုန်ကဲ့သို့ အားကောင်းလှသော ပညာရှင်မျိုးပင်လျှင် သူမ၏ ရင်ဘတ်၊ လည်ပင်းနှင့် မျက်နှာများကိုသာ နတ်ဆိုး အမှတ်အသား ဖုံးအုပ်၏။ သို့သော်လည်း လီရုန် မြင်သလောက်အရ ထိုလူသား၏ နတ်ဆိုး အမှတ်အသား များသည် သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ပြင်လုံးကို ဖုံးအုပ်ထားလေ၏။ ဘောင်းဘီများက သူ့အောက်ပိုင်းကို ကွယ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုနတ်ဆိုး အမှတ်အသားများသည့် သူ့ခါးအောက်တိုင် ရောက်ရှိနေမည်ဟု လီရုန် သံသယဝင်မိ၏။
တစ်နည်းဆိုရသော် နတ်ဆိုး အမှတ်အသား များသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နေသည်ဟု ပြော၍ ရပေ၏။
သူအသုံးပြုလိုက်သော နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းသည် ရှေးအကျဆုံးသော နတ်ဆိုး နတ်ဘုရား အသွင်ပြောင်းလဲခြင်း ဖြစ်မည်မှာ ယုံမှား သံသယရှိစရာ မလိုချေ။
ထိုတွေ့ရှိမှုသည် လီရုန်ကိုပင် မနာလိုအားကျ မိသွားစေခဲ့၏။
အရံအတားအတွင်း၌ ရန်ကိုင်သည် သူ့ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများကို အသေအချာ စစ်ဆေးနေခဲ့၏။ ပြီးသည်နှင့် နတ်ဆိုးအမှတ်အသား များထဲ အသိစိတ်ကို ပို့လွှတ်ကာ ထိုနတ်ဆိုး အမှတ်အသားများအား သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပေါင်းစပ် သွားစေရန် ကြိုးစားလိုက်၏။
ထိုနတ်ဆိုးအမှတ်အသားများကို သူ့ခန္ဓာကိုယ်နှင့် အောင်မြင်စွာ ပေါင်းစပ်ပြီးသည်နှင့် သူသည် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်း ဒုတိယပုံစံသို့ ရောက်ရှိသွားမည် ဖြစ်ပြီး သူ့ထုတ်ဖော်နိုင်သည့် ခွန်အားကလည်း ပိုတိုးလာပေလိမ့်မည်။
ဒုတိယပုံစံသို့ ရောက်ရှိရန် မလွယ်ကူသော်လည်း ရန်ကိုင်သည် ကျားကုတ်ကျားခဲ ကြိုးစားလေ့ကျင့် နေခဲ့လေ၏။
အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့၏။
လဝက်နီးပါးလောက် ကြာပြီးနောက် မြေအောက် လျှို့ဝှက်ခန်းထဲ လှပသည့် ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာခဲ့၏။ ရန်ကိုင်ကို အာရုံစိုက်နေသော လီရုန်လည်း ဟန်ဖေးဆီ လှည့်ကြည့်လိုက်လေ၏။
အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရန်ကိုင်ကို တစ်ဖန်ပြန်အာရုံစိုက်လိုက်၏။
“သူ့အဝတ်တွေကို ဘာလို့ ချွတ်ထားတာလဲ” ဟန်ဖေးသည် အရံအတားတွင်း ရှိနေသော ရန်ကိုင်ကို နီမြန်းနေသော မျက်နှာလေးဖြင့် စိုက်ကြည့်ရင်း မကျေမနပ်နှင့် မေးလိုက်၏။
“အဲ့လိုမှပဲ နတ်ဆိုးအမှတ်အသားတွေ သူ့ကိုယ်ထဲ စိမ့်ဝင်သွားပြီလား၊ မစိမ့်ဝင်သေးဘူးလား ဆိုတာကို သိရတာ ပိုလွယ်တာပေါ့၊ မဟုတ်ဘူးလား။ ဟားဟား” လီရုန်က အသာအယာ ရယ်သွမ်းသွေးလိုက်ပြီး “နင်ဘာလို့ ရှက်နေရတာလဲ။ ငါတို့ နှစ်ယောက်စလုံးက သူ့ထက် အသက်အများကြီး ကြီးတယ်လေ။ သူ့အပေါ်ပိုင်း ဗလာဖြစ်နေတာကို မြင်ရတာ ဘာတွေများ ရှက်စရာ လိုလို့လဲ”
ဟန်ဖေး၏ မျက်နှာသည် တစ်မျိုးတစ်မည် ပုံမှန် ဟုတ်မနေခဲ့၊ လေသံတိုးတိုးဖြင့်သာ ပြန်၍ မေးလိုက်၏ “သူ့အခြေအနေ ဘယ်လိုရှိလဲ”
“ကောင်းတယ်” လီရုန်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “နတ်ဆိုးအမှတ်အသား အချို့ကို သူ့ခန္ဓာကိုယ်ထဲ ပေါင်းထည့်နိုင်နေပြီ။ ဒုတိယပုံစံကို ရောက်ဖို့ဆိုရင် အများဆုံးမှ တစ်လလောက်ပဲ လိုလိမ့်မယ်”
“မြန်လိုက်တာ” ဟန်ဖေး အတော့်ကို အံ့အားသင့်သွားခဲ့ရ၏။
“ဟုတ်တယ်။ ဆာနတ်ဆိုးနတ်ဘုရားက အမြင် မစူးရှဘဲ ဘယ်နေပါ့မလဲ။ သူ့အလားအလာသာ မကောင်းရင် ဆာနတ်ဆိုးနတ်ဘုရားက သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို ဘယ်လိုလုပ်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်ပါ့မလဲ”
“သူ့အပေါ် အထင်သေးမိနေသေးတဲ့ ပုံပဲ” ဟန်ဖေးက သူမ၏ မျက်ဝန်းအစုံကို မှေးကျဉ်းလိုက်ပြီး “သူ့ကံကောင်းသွားပဲ ဖြစ်ရမယ်လို့ ငါတွေးနေခဲ့တာ”
“အဲ့လိုဆိုရင် သူ့ကို နောက်တစ်ကြိမ် သေသေချာချာ ပြန်လေ့လာသုံးသပ်သင့်ပြီ။ နောက်ပိုင်းကျ ငါတို့ကလန်က သူ့အစေခံတွေ ဖြစ်လာရမှာနော်” လီရုန်က ပြုံးလိုက်ပြီး ရုတ်တရက် ဟန်ဖေးလက်ထဲရှိ ကျောက်စိမ်း သေတ္တာလေးဆီ အကြည့်ရောက်သွားကာ “အဲ့ဒါဘာကြီးလဲ”
ဟန်ဖေးက “လွန်ခဲ့တဲ့ ရက်တွေတုန်းက သူ့ကို ပေးမယ်လို့ ကတိပေးထားတဲ့ ပစ္စည်းလေ”
ပြောပြီးသည်နှင့် ဟန်ဖေးက ကျောက်စိမ်း သေတ္တာလေးကို အလျင်အမြန် တစ်ချက် ဖွင့်ပြလိုက်ပြီး ချက်ချင်းပဲ ပြန်ပိတ်လိုက်လေ၏။
ပစ္စည်းကို မြင်ပြီးသည်နှင့် လီရုန်မှာ သူမ၏ ပါစပ်လေးကို အံ့ဩတကြီးဖြင့် အုပ်လိုက်ပြီး “အဲ့ဒါ လေမိုးကြိုး တောင်ပံတွေ မဟုတ်ဘူးလား။ နင်ဘာလို့ သူ့ကို အဲ့ဒါ ပေးချင်တာလဲ”
“ဒါကို သူသန့်စင်လို့ ရရင် ရလောက်မှာပေါ့” ဟန်ဖေးက ပြုံးကာ ပြန်ပြောလိုက်၏။
“ဘာလို့လဲ။ ငါတို့တောင် မသန့်စင်နိုင်တာကို သူသန့်စင်နိုင်မယ်လို့ နင်ထင်နေတာလား” လီရုန်က သိချင်တကြီးဖြင့် မေးလိုက်၏။
လေမိုးကြိုးတောင်ပံများသည် ကောင်းကင်တာအို ဥပဒေသမှ ဖြစ်တည်လာသော ထူးဆန်းသည့် တောင်ပံ တစ်စုံပင် ဖြစ်၏။ ထိုတောင်ပံတစ်စုံကို ရှေးဟောင်း နတ်ဆိုးကလန်ထဲရှိ မည်သည့် စီနီယာ ရခဲ့သည် ဆိုသည်ကို ဘယ်သူမှ မသိကြသော်လည်း ပိုင်ရှင်ပေါင်း များစွာ ပြောင်းလဲလာပြီး နောက်ဆုံး၌ ဟန်ဖေး၏ လက်ထဲတွင် အဆုံးသတ်သွားခဲ့ရလေ၏။
ဟန်ဖေးသည် လေမိုးကြိုးတောင်ပံကို နှစ်ပေါင်း များစွာကြာသည်အထိ သန့်စင်ကြည့်ခဲ့သော်လည်း အကြိမ်တိုင်း သူမ ကျရှုံးခဲ့ရ၏။
ထိုလေမိုးကြိုးတောင်ပံသည် လွန်စွာကိုမှ အဖိုးတန်လှကာ ရှေးဟောင်းနတ်ဆိုးကလန်၏ အံ့အားသင့်ဖွယ် ရတနာများထဲမှ တစ်ခုဟု ပြောလျှင်ပင် မမှားနိုင်ရာ။
လီရုန်သည်လည်း ထိုလေမိုးကြိုးတောင်ပံကို သန့်စင်ရန် ကြိုးစားကြည့်ခဲ့ဖူး၏။ သို့သော် သူမသည်လည်း ဟန်ဖေးကဲ့သို့ပင် အကြိမ်တိုင်း ကျရှုံးခဲ့ရလေရာ နောက်ဆုံး၌ ထိုလေမိုးကြိုး တောင်ပံအား သန့်စင်မည့် အတွေးကို လက်လျှော့်လိုက်တော့လေ၏။
သို့သော် ယခုမူ၊ ဟန်ဖေးသည် မည်သူမှ မမျှော်လင့်ထားခဲ့သည့် အရာကို လုပ်လာခဲ့၏။ သူမသည် ထိုလေမိုးကြိုးတောင်ပံကို ရန်ကိုင်ဆီ ပေးရန် အမှန်ပင် စီစဉ်နေခဲ့၏။
“ငါတို့ မသန့်စင်နိုင်ပေမယ့် သူသန့်စင်နိုင်လောက်တယ်။ ဘာလို့လဲဆိုတော့ သူ့မှာလည်း ကောင်းကင်တာအို ဥပဒေသကနေ ဖြစ်တည်လာတဲ့ တောင်ပံတစ်စုံ ရှိနေလို့ပဲ”
“သူ့မှာလည်း တစ်စုံရှိနေတာလား” လီရုန် ထိတ်လန့် သွားခဲ့ရလေပြီ။
“ဟုတ်တယ်” ဟန်ဖေးက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး မီးတောက်အောက်ခြေတွင် ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ရှင်းပြလိုက်လေ၏။
ဟန်ဖေး ရှင်းပြသည်ကို နားထောင်ပြီးနောက် လီရုန် မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှသာ သူမကိုယ်သူမ ပြန်ထိန်းနိုင်ခဲ့ပြီးနောက် မေးလိုက်လေ၏ “နင်ပြောတာသာ အမှန်ဆိုရင် အဲ့လေမိုးကြိုးတောင်ပံ တွေကို သူသန့်စင်နိုင်လောက်တယ်။ ဒါပေမယ့် ဒီလို အဖိုးတန် ရတနာတစ်ခုကို သူ့လက်ထဲ တကယ်ပဲ ထည့်ပေးချင်နေတာလား။ ငါမြင်သလောက်ဆို နင့်သူ့အပေါ် သိပ်ပြီး အမြင်မကြည် ဘူးလားလို့”
ဟန်ဖေးက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “သူ့ကို ပေးလိုက်လို့လည်း ဘာမှ ဖြစ်မသွားတာ။ သူမသန့်စင်နိုင်ရင် သူ့အရည်အချင်း မလုံလောက်လို့ပဲပေါ့။ သူသန့်စင်နိုင်ခဲ့ရင်တော့ ငါ့အသက်ကို ကယ်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်လိုက်တယ်ပေါ့။ ပြီးတော့၊ သူ့ကြောင့်ပဲ ငါတို့ ကလန်က သလင်းကျောက်တုံးတွေ အများကြီး ရခဲ့တာလေ။ ငါတို့ ကလန် တိုးတက်ရေးနဲ့ ယှဉ်လိုက်ရင် ဖုန်တက်နေတဲ့ လေမိုးကြိုးတောင်ပံတွေက ဘာမှကို အရေးမပါတော့တာ”
“ဟုတ်တယ်” လီရုန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “သူ့ပုံစံအရတော့ ဒုတိယပုံစံကို မရောက်မချင်း နားမယ့်ပုံမပေါ်ဘူး”
ဟန်ဖေးက အသာအယာလေးသာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောခဲ့ချေ။ လီရုန်ဘေးတွင် ရပ်လျက် ရန်ကိုင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေ၏။
တစ်ယောက်သည် ရင့်ကျက်ပြီး နန်းဆန်၏။ အခြားတစ်ယောက်သည် အေးစက်စက် အမူအရာနှင့် ရေခဲနတ်သမီးလေးအလား လှပ၏။ နှစ်ယောက်စလုံး အတူ ယှဉ်တွဲရပ်နေလိုက်သည့်အခါ လွန်စွာကိုမှ မျက်စိပဒဿ ဖြစ်စေလှသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့လေ၏။
သို့သော် ရန်ကိုင်သည် ထိုစွဲမက်ဖွယ်ကောင်းလှသော မြင်ကွင်းကို အာရုံမစိုက်နိုင်သေး။ နတ်ဆိုးအမှတ်အသား များကို လေ့လာခြင်း၌သာ စိတ်နှစ်ထားခဲ့ပြီး နတ်ဆိုး အမှတ်အသား များကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ကြိုးစားနေခဲ့လေ၏။
ကျင့်ကြံလိုက်လျှင် အချိန်ကိုပင် မေ့လျော့သွားတတ်သည် ဟူသော စကားသည် ဧကန်မုချ မှန်ပေ၏။
ရန်ကိုင်သည် သူ့နတ်ဆိုးအသွင်ပြောင်းလဲခြင်း တိုးတက်ရေး၌သာ အာရုံစိုက်နေသဖြင့် အချိန်စီးဆင်းမှုကိုပင် မေ့လျော့သွားခဲ့လေ၏။
သူ့တိုးတက်မှုသည် နှေးကွေးသည်ဟု ထင်ရသော်လည်း ထိုရလဒ်သည် ရန်ကိုင်အား အတော့်ကို ပျော်ရွှင်စေခဲ့၏။
နောက်ဆုံး၌ နတ်ဆိုး အမှတ်အသားများကို သူထိန်းချုပ်သွားနိုင်ခဲ့လေပြီ။
တစ်လနီးပါးမျှ ကြာပြီးသည်အထိ လီရုန်နှင့် ဟန်ဖေးတို့သည် အရံအတား အပြင်ဘက်၌ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။ သူတို့ မျက်နှာထက် စိုးရိမ်ပူပန်သည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရ။ မှင်သက်အံ့ဩနေသည့် အမူအရာဖြင့်သာ ရန်ကိုင်ကို ငေးစိုက်ကြည့်နေခဲ့ကြ၏။
နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းသည် ရှေးဟောင်း နတ်ဆိုးကလန်သားများ၏ ခွန်အားကို တစ်ဟုန်ထိုး တိုးမြင့်သွားစေနိုင်သလို သူတို့ ခန္ဓာကိုယ် အပေါ်လည်း အတော့်ကို ထိခိုက်စေ၏။
မယုံနိုင်ဖွယ် အားကောင်းလှသော ခန္ဓာကိုယ်များပိုင်ဆိုင်ထားသည့် ရှေးဟောင်း နတ်ဆိုး ကလန်သည်သာ ထိုနတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသည့် ဒဏ်ကို တောင့်ခံနိုင်ပေ၏။
သာမန် ကလန်သားတစ်ယောက်သည် သူတို့၏ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို တစ်နာရီလောက်သာ ထိန်းထားနိုင်၏။
လီရုန်ကဲ့သို့ အားကောင်းသော သူမျိုးပင် ထိုကဲ့သို့ အသွင်ပြောင်း အခြေအနေဖြင့် အမြဲတမ်း မနေနိုင်ချေ။
သို့သော်လည်း ရန်ကိုင်ကမူ ထိုကဲ့သို့ လုပ်နိုင်ဟန် ထင်ရ၏။ ရန်ကိုင် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသည်မှာ တစ်လနှင့် လဝက် ကြာမြင့်ခဲ့လေပြီ။ ထိုအချိန်အတော်အတွင်း နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို တစ်ကြိမ်တစ်ခါမှ ပြန်ရုတ်သိမ်းခြင်း မပြုခဲ့။ သူ့ခန္ဓာကိုယ် ခွန်အားသည် လီရုန်နှင့် ဟန်ဖေးတို့ ကြားဖူသည်ထက်ပင် ပို၍ အားကောင်းနေခဲ့လေ၏။ သူတို့ ရှေးဟောင်း နတ်ဆိုးကလန်သားများ၏ ခန္ဓာကိုယ်ပင် သူ့လောက် အားမကောင်းချေ။
“တကယ်မွန်းစတားပဲ” ဟန်ဖေးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်လေ၏။
ရုတ်တရက် အရံအတားအတွင်းမှ တဝီဝီ မြည်သံတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင် ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် နတ်ဆိုးအမှတ်အသားတို့ ပျောက်ကွယ် သွားလေ၏။ သူ့သွေးစွမ်းအားနှင့် ခွန်အားသည် မကျဆင်းသွားရုံမက ပို၍ပင် မြင့်တက်လာခဲ့သေး၏။
လီရုန်၏ မျက်ဝန်းအစုံ တလက်လက် တောက်ပ သွားခဲ့ပြီး အလန့်တကြား အော်ပြောလိုက်လေ၏ “သူအောင်မြင်သွားပြီ”
တစ်လနှင့်လဝက်လောက် အားသွန်ခွန်စိုက် ကြိုးစား လေ့ကျင့်ပြီးနောက် နတ်ဆိုး နတ်ဘုရား အသွင်ပြောင်းလဲခြင်း၏ ဒုတိယပုံစံသို့ ရန်ကိုင် ရောက်ရှိနိုင်ခဲ့၏။
ပြောပြီးသည်နှင့် လီရုန်သည် သူမလက်ကို ဝှေ့ရမ်း၍ အရံအတားကို ဖွင့်ပေးလိုက်လေ၏။
ပြင်းထန်ပြီး အားကောင်းလှသော ဖိအားတို့ သူတို့အပေါ် ရုတ်တရက် ကျရောက်လာခဲ့ရာ လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး အလိုလို ခုခံမိလိုက်၏။
သို့ရာတွင် ထိုဖိအားသည် ပြင်းထန်သော်လည်း သူတို့ ရှေးဟောင်းနတ်ဆိုးကလန်သားများ၏ ခွန်အားကို ယခင်ကကဲ့သို့ ဖိနှိပ်ထားခြင်း မရှိတော့ချေ။ ရန်ကိုင် ဆန္ဒရှိလျှင်မူ သူတို့၏ ခွန်အားကို ဖိနှိပ်နိုင်ပေ၏။
တစ်နည်းဆိုရသော် ယခုအချိန်၌ ရန်ကိုင်တွင် ရှေးဟောင်းနတ်ဆိုးကလန်နှင့် စကားအချေအတင် ပြောနိုင်မည့် စွမ်းအား ရှိလာပြီဟု ဆိုရပေမည်။
အရံအတား ပျောက်ကွယ်သွားသည်ကို သတိပြုမိသည်နှင့် လီရုန်နှင့် ဟန်ဖေးတို့ ရှိရာဘက်ဆီ လှည့်ကြည့်လိုက်ပြီး အသာအယာ ပြုံးလျက် သူတို့ဆီ လမ်းလျှောက်သွာလိုက်လေ၏။
“ဘယ်လိုနေလဲ” လီရုန်က ညင်သာသိမ်မွေ့စွာ မေးလိုက်၏။
“နည်းနည်း ထိန်းချုပ်ရ ခက်နေသေးတာက လွဲပြီး စိတ်ထဲ တော်တော် ခံစားလို့ကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး နတ်ဆိုး အမှတ်အသားများ မရှိတော့သည့် သူ့အသားအရေကို ငုံ့ကြည့်လိုက်၏။
“အချိန်တိုအတွင်း အခုလိုလုပ်နိုင်တာ တကယ်ကို ချီးကျူးစရာပဲ။ ထိန်းချုပ်ရ ခက်ခဲတဲ့ ကိစ္စကတော့ နောက်လေ့ကျင့်ရင်း အသားကျသွားမှာပေါ့” လီရုန်က ပြုံးလိုက်ပြီး “နင့်လက်ဆန့်ထုတ်လိုက်”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သော်လည်း သူ့လက်ကို ဆန့်ထုတ်ပေးလိုက်၏။
ရန်ကိုင် မျက်တောင်ခတ်သည်ထက်ပင် ပိုမြန်သော အမြန်နှုန်းဖြင့် လီရုန်၏ ကျောက်စိမ်းသားပမာ ချောမွတ် လှသော လက်သွယ်သွယ်လေးသည် ရန်ကိုင် လက်ဝါးကို ဖြတ်ချလိုက်ရာ ရှရာသေးသေးလေး တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ထိုဖြတ်ရှရာလေးဆီမှ သွေးများ စီးထွက်လာခဲ့၏။
လီရုန်ဆီမှ အန္တရာယ်ပေးလိုသည့် မည်သည့် အရိပ်အယောင်ကိုမှ အာရုံမခံမိသဖြင့် ရန်ကိုင်သည် သူမ လှုပ်ရှားလိုက်သည်ကို ရှောင်ရှားရန် မကြိုးစားခဲ့ဘဲ သင်္ကာမကင်း အမူအရာဖြင့်သာ သူမကို စိုက်ကြည့်နေခဲ့၏။
“နင့်သွေးကို သေသေချာချာ ကြည့်ကြည့်လိုက်။ အရင်နဲ့ မတူတာကို သတိပြုမိလား”
သူမပြောသည်ကို ကြားသည်နှင့် ရန်ကိုင်လည်း သူ့လက်ဝါးကို ငုံ့ကြည့်လိုက်ရာ ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ် သွားခဲ့ရလေ၏။
သူ့သွေးများသည် နီရဲမနေတော့ဘဲ ရွှေရောင် ဖျော့ဖျော့ သန်းနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းနှင့် ခပ်ဆင်ဆင်ပင်။ သို့သော် ရွှေရောင်သန်းနေသည်မှာ လွန်စွာကိုမှ ဖျော့လျ လွန်းလှသဖြင့် အသေအချာ ဂရုထား မစစ်ဆေးလျှင် သတိမပြုမိနိုင်ချေ။ သို့ရာတွင် ထိုရွှေရောင်သန်းနေသည့် သွေးများထဲ အံ့မခန်း စွမ်းအင်များ ပါဝင်နေသည်ကိုမူ သူခံစားမိပေ၏။
“ရွှေရောင်နတ်ဆိုးနတ်ဘုရားသွေးလား” ဟန်ဖေး၏ မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး အလန့်တကြား အော်မေးလိုက်လေ၏။
“ဟုတ်တယ်၊ ရွှေရောင်နတ်ဆိုးနတ်ဘုရားသွေးပဲ” လီရုန်က တည်ကြည်လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး “ဒါက နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းရဲ့ ဒုတိယပုံစံကို ရောက်ရှိသွားတယ် ဆိုတဲ့ အထင်ရှားဆုံးသော လက္ခဏာပဲ။ ဆာနတ်ဆိုး နတ်ဘုရားရဲ့ ရွှေရောင်သွေးကို ပိုင်ဆိုင်ထားတဲ့ လူတွေပဲ အမြင့်မြတ်ဆုံးသော သွေးမျိုးဆက်ဝင်တွေ ဖြစ်တယ်လို့ ရှေးဟောင်း စာအုပ်တွေထဲမှာ ဖော်ပြထားတယ်”
ပြောပြီးသည်နှင့် လီရုန်သည် သူမ၏ လက်ဖဝါးထက် ဖြတ်ရှရာလေးတစ်ခု ဖန်တီးလိုက်၏။
လီရုန်၏ သွေးများသည်လည်း ရွှေရောင်ဖျော့ဖျော့ သန်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ သူမ ပိုင်ဆိုင်ထားသော ရွှေရောင် အလင်းတန်းများသည် သူ့လောက် မတောက်ပသော်လည်း သူ့ထက်တော့ ပိုများ၏။
“ဒါက ဆာနတ်ဆိုးနတ်ဘုရားနဲ့ ငါတို့ ရှေးဟောင်း နတ်ဆိုးကလန်ကြားက ဆက်ဆံရေးရဲ့ သက်သေပဲ” လီရုန်က ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်လေ၏။
ရန်ကိုင် အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့ပြီး “ကျုပ်ကလည်း ရှေးဟောင်းနတ်ဆိုးကလန်သား တစ်ယောက်လို့ ခင်ဗျားပြောချင်နေတာပေါ့”
“ဒါက ပြောတာ သက်သက်ပဲလေ။ နင်က လူသား အဖြစ်နဲ့ မွေးလာပေမယ့် ဆာနတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ်ကို ရလိုက်လို့ နင့်သွေးက အပြောင်းကြီး ပြောင်းလဲသွားခဲ့တာ”
“အဲ့လိုဆို၊ နောက်ပိုင်းကျရင် ကျုပ်က လူသားပဲ ဖြစ်နေဦးမှာလား၊ နတ်ဆိုး ဖြစ်သွားမှာလား”
“နင့်အပေါ်ပဲ မူတည်တယ်။ လူသားဖြစ်ဖြစ်၊ နတ်ဆိုး ဖြစ်ဖြစ်၊ အရမ်းကြီး အရေးပါတာ မဟုတ်ဘူး။ နင့်ကိုယ်နင် ဘယ်လိုခံယူထားလဲ ဆိုတာကပဲ တကယ် အရေးကြီးတာ” လီရုန်က အသာအယာလေး ပြုံးလိုက်၍ “ဒါပေမယ့် အခုကစပြီး နင်သာ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ဆက်ပြီး လေ့ကျင့်နေသရွေ့ နင့်သွေးက တစ်စထက်တစ်စ ပိုပိုပြီး သန့်စင်လာမှာ။ နင့်သွေးတွေ အကုန်လုံး လုံးဝကို ရွှေရောင်ပြောင်းသွားပြီ ဆိုတာနဲ့ ဒုတိယပုံစံရဲ့ ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်သွားပြီလို့ ဆိုလိုက်တာပဲ။ နင့်အရိုးတွေ ရွှေရောင် ပြောင်းသွားခဲ့ရင်တော့ တတိယပုံစံရဲ့ အထွဋ်အထိပ် အဆင့်ကို ရောက်သွားလိမ့်မယ်”
ရန်ကိုင် မျက်မှောင်သာ ကြုံ့လိုက်ပြီး ပြန်မဖြေခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ရွှေရောင်အရိုးခြောက်၏ အရိုးများ အားလုံးသည် ရွှေရောင် ဖြစ်နေသောကြောင့်ပင် ဖြစ်၏။
“ကောင်းပြီ။ နင်ကျင့်ကြံနေတာ အချိန်တောင် တော်တော်ကြာနေပြီဆိုတော့ နည်းနည်းပါးပါးလောက် အနားယူလိုက်ဦးပေါ့။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို အချိန်အကြာကြီး တောက်လျှောက် အသုံးပြုထားတော့ နင့်ခန္ဓာကိုယ်လည်း တော်တော်လေးကို ပင်ပန်းနေလောက်မှာ။ ကျင့်ကြံရင် အနားယူဖို့လည်း လိုအပ်တယ်” လီရုန်က ရိုးသားစွာ အကြံပေးစကား ဆိုလိုက်၏။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ လီရုန် ပြောခဲ့သလို ယခုအချိန်၌ သူ့တစ်ကိုယ်လုံး အတော်လေးကို ကိုက်ခဲနေခဲ့၏။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ပြန်ရုတ်သိမ်းပြီးနောက် သူ့တစ်ကိုယ်လုံး အတော်လေးကို ပေါ့ပါးသွားခဲ့၏။
“ဟန်ဖေးက နင့်အတွက် လက်ဆောင်ကောင်း တစ်ခု ယူလာခဲ့တယ်” လီရုန်က နွေးထွေးစွာ ပြုံးလိုက်၏။
“အို၊ ဘာများလဲ” ရန်ကိုင်က ဟန်ဖေးဘက်လှည့်၍ အာမေဋိတ်သံ ပြုလိုက်၏။
ဟန်ဖေးက ရှေ့တက်လိုက်ပြီး သူမကိုင်ထားသည့် ကျောက်စိမ်းသေတ္တာလေးကို ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ကာ “နင်ဘာသာပဲ ကြည့်ကြည့်လိုက်။ နင့်အတွက် အသုံးဝင်ရင် ဝင်လောက်မှာပေါ့။ အသုံးမဝင်တာလည်း ဖြစ်နိုင်တာပဲ။ အရမ်းကြီး မျှော်လင့်မနေနဲ့”
သူမ၏ မရေရာမသေချာသည့် စကားကြောင့် ရန်ကိုင် ပို၍ သိချင်စိတ် ပြင်းပြသွားခဲ့ရလေရာ ကျောက်စိမ်း သေတ္တာလေးကို ရလိုက်သည်နှင့် အမြန်အဆန် ဖွင့်ကြည့်လိုက်လေ၏။
ကျောက်စိမ်းသေတ္တာထဲ၌ လက်ဝါး အရွယ်အစား လောက်သာရှိသော တောင်ပံသေးသေးလေး တစ်စုံ ရှိနေခဲ့၏။ ထိုတောင်ပံများသည် ထွင်းဖောက်မြင်နေရပြီး ပစ္စည်းတစ်မျိုးမျိုးမှ ထုလုပ်ထားပုံမရ၊ သူမြင်ခဲ့ဖူးသော မည်သည့် ပစ္စည်းနှင့်မှလည်း မတူ။ ထိုတောင်ပံများထက် လျှပ်စီးပွင့်များ၊ လေစီးကြောင်းများကို မြင်တွေ့နေခဲ့ရ၏။ ထိုတောင်ပံများဆီမှ အားကောင်းလှသော လေမိုးကြိုး စွမ်းအားကို ရန်ကိုင် ခံစားလိုက်ရ၏။
================================