← Chapters

မင်းသားချော ရှာပုံတော်

Vol. 3 Ch. 128

မင်းသားချော ရှာပုံတော်

Vol. 3 Ch. 128

ထန်း... ထန်း... ထန်း...

တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးတဲ့နောက် နက်ဆန်ဟာ နောက်ကို ခပ်မြန်မြန်ပြန်ဆုတ်လိုက်ရတယ်။ ပြိုင်ဘက်ဟာ လုံးဝမခေပါ။ သူ အားကုန်သုံးပြီးတိုက်ခိုက်ခဲ့တာတောင်မှ မဖြုံတဲ့အပြင် ဒိုင်းကိုရိုက်မိ တဲ့အတွက်ကြောင့် လက်မောင်းပါ ကျင်တက်သွားခဲ့ပါသေးတယ်။

“ သူတို့ ငါ့တိုက်ကွက်တွေကို ခန့်မှန်းမိနေပြီ။” နက်ဆန်က ပြောလိုက်ရင်း ညာလက်နဲ့ကိုင်ထားတဲ့ဓားကို ဘယ်လက်ဆီ ပြောင်းလဲလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ မီးတောက်နေတဲ့ အဆောင်တချို့က သူ့ရပ်နေတဲ့နေရာကို ဦးတည်လာတဲ့အတွက် နေရာကနေ ရှောင်လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ နာကျင်နေဆဲ ညာလက်ကိုခါရင်း

“ကြည့်ရတာ မင်းရဲ့အစေခံတွေကို ငါလိုမယ်နဲ့တူတယ်။”

...

“လွတ်သွားပြန်ပြီ....” လီချင်းချင်းက စိတ်မရှည်တော့တဲ့ပုံစံနဲ့ ပြောလိုက်တယ်။

ရူဘီကတော့ ရွှေရောင်ဂိတ်တံခါးကြီးကို ဆင့်ခေါ်ထားပြီးပြီ ဖြစ်ပြီးတော့ နက်ဆန်ကို လုံးဝအလစ်တိုက်ခွင့်မပေးပါဘူး။ ဘယ်ထောင့်ကနေ ပေါ်လာပေါ်လာ ဒိုင်းနဲ့ပြန်ရိုက်ထုတ်ခံရပြီး သေနတ်နဲ့ပစ်လိုက်တာ၊ အဆောင်တွေနဲ့ပစ်တာ စသည်ဖြင့် တန်ပြန်တိုက်စစ်ဆင်တယ်။

“ချင်းချင်း၊ ဒီမြူတွေကို နင်တစ်ခုခုလုပ်လို့မရဘူးလား။”

လီချင်းချင်းက တစ်ချက်စဥ်းစားလိုက်ပြီးနောက်မှာ ခေါင်းညိတ် လိုက်ပါပြီ။ သယ်လာတဲ့အိတ်ထဲကနေ စုတ်တံတစ်ချောင်းနဲ့ စာရွက်နီတချို့ကိုထုတ်လိုက်ပြီး ရူဘီကို အချက်ပြလိုက်တယ်။

“ခဏလောက် ကာကွယ်ပေးထား။ ဒီအဆောင်က အချိန်ယူရလိမ့်မယ်။”

ရူဘီက ခေါင်းညိတ်ပြလိုက်တယ်။ လီချင်းချင်းက အဆောင်ကို စဆွဲနေပြီဖြစ်ပြီး ရူဘီကတော့ ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်နေပါတယ်။

ဂါး...

ရုတ်တရက် ကျယ်လောင်လှတဲ့အသံနဲ့အတူ အရိပ်တစ်ရိပ်က အမှောင်ထုထဲကနေ ထွက်ပေါ်လာတဲ့အတွက် ရူဘီက ဒိုင်းကို မြှောက်လိုက်တယ်။

ဘောင်း...

အိမ်စေဝတ်စုံဝတ်ထားပြီး မျက်နှာမပါတဲ့ အမျိုးသမီးတစ္ဆေက လက်သည်းချွန်တွေအပြည့်နဲ့ ရူဘီဆီကိုထိုးဝင်လာပေမဲ့ ဒိုင်းနဲ့ အရိုက်ခံလိုက်ရတာပဲ အဖက်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ရူဘီကို အာရုံလွှဲဖို့အတွက် ရည်မှန်းချက်ကိုတော့ အောင်မြင်သွားတယ်။

“သေစမ်း...” နက်ဆန်က ရူဘီနောက်ကိုဝင်လာပြီး ဓားနဲ့ပခုံးကို ပိုင်းချတယ်။ ရွှေရောင်တံတိုင်းနဲ့အတူ သံချပ်ကာခံထားပေမဲ့ နက်ဆန်ကိုင်ထားတဲ့ဓားက သာမန်မဟုတ်တာကြောင့် သံချပ်ကာရဲ့ဆက်ထားတဲ့အပိုင်း ပြတ်ကျသွားပြီး ပခုံးကာက မြေပေါ်ကိုပြုတ်ကျသွားခဲ့ပါပြီ။

“နောက်တစ်ချက်....” ရူဘီဒဏ်ရာမရသေးတာမြင်နေရတာမလို့ နက်ဆန်က တိုက်ခိုက်မှုကိုမရပ်ခဲ့ဘူး။ ရူဘီအငိုက်မိနေတဲ့ ကာလက ကျော်လွန်သွားပြီဆိုပေမဲ့ စွန့်စားပြီး နောက်တစ်ခါလက်ပြန်ခုတ်ချဖို့ ကြိုးစားတယ်။

“ ရဲလွန်းတယ်...” ဒါပေမဲ့ ရူဘီက သတိအပြည့်ရှိနေပြီဖြစ်လို့ ဒိုင်းနဲ့နက်ဆန်ရဲ့ဓားချက်ကိုကာလိုက်ပြီး သေနတ်နဲ့နက်ဆန်ကို ချိန်ပစ်လိုက်တယ်။

ဒိုင်း...

သေနတ်ကျည်က နက်ဆန်ရဲ့ပခုံးကို ဖောက်ထွက်သွားပြီး သွေးတွေပန်းထွက်လာတယ်။ ဒီတစ်ခါ ရူဘီပစ်မိတာက နက်ဆန်ရဲ့ပုံရိပ်ယောင်မဟုတ်ဘဲ နက်ဆန်အစစ်ကိုပါ။

“ထွက်ပြေးမယ်မကြံနဲ့..” ရူဘီက နောက်တစ်ခါပစ်ခတ်ပြီး အသေသတ်ဖို့ကြံလိုက်ပေမဲ့ နက်ဆန်ရဲ့နောက်မှာ ပက်တီးနဲ့ တပ်သားတွေပေါ်လာပြီး သူတို့ရိုင်ဖယ်သေနတ်တွေနဲ့ ရူဘီကို စပစ်တဲ့အတွက်ကြောင့် ဒိုင်းနောက်မှာသာ အကာအကွယ်ယူနေ ခဲ့ရပါတယ်။

“ရူဘီ....” တစ်ဖက်ကနေ လီချင်းချင်းရဲ့အသံထွက်လာတယ်။ ဒဏ်ရာရထားတဲ့နက်ဆန်က ပက်တီးနဲ့တပ်သားတွေ သူ့အစား ရူဘီကိုတိုက်ခိုက်နေတုန်း အဆောင်ဆွဲနေတဲ့လီချင်းချင်းဆီကို ပြေးလာနေပြီဖြစ်ပြီး တိုက်ခိုက်လိုက်ပါပြီ။

“ရမလား...”

ဘုန်း...

ရူဘီက လက်ထဲကဒိုင်းကို လီချင်းချင်းရှိရာဆီ လွှဲပစ်လိုက်တယ်။ ရွှေရောင်မြို့တံခါးပုံရိပ်လည်း ဒိုင်းနဲ့အတူပါလာပြီး နက်ဆန်ရဲ့ ပခုံးကို ဒိုင်းကဝင်ရိုက်မိတယ်။ တစ်ချိန်တည်းမှာပဲ ပက်တီးနဲ့ တပ်သားတွေက အကာအကွယ်မဲ့သွားတဲ့ ရူဘီကို တန်ပြန်ပစ်ခတ် နိုင်ခဲ့ပြီး ရူဘီရဲ့ချပ်ဝတ်လွတ်နေတဲ့ လက်မောင်းကိုသေနတ်မှန်ကာ သွေးတွေစီးကျလာတယ်။

“ဒီတိုက်ပွဲက ဒီထက်ပိုကြာနေလို့ မဖြစ်တော့ဘူး။” ရူဘီက အနီးအနားမှာရှိနေတဲ့ သစ်ပင်ကြီးတစ်ပင်နောက်ကိုဝင်ကာ အကာအကွယ်ယူလိုက်ရင်း ပြောလိုက်တယ်။ တစ်ဖက်မှာတော့ လီချင်းချင်းက ပြုံးလိုက်ပြီး အဆောင်စာရွက်ကို လေထဲမြှောက် ဖြန့်ကျဲလိုက်ပါပြီ။

“ပြီးသွားပြီ... လေမုန်တိုင်းအဆောင်။”

ဟူး... ဟူး... ဟူး...

ဆေးရုံဝင်းထဲမှာ ကြမ်းတမ်းတဲ့လေတွေ တိုက်ခိုက်လာတယ်။ မြူတွေလွင့်စင်သွားပြီး နက်ဆန်ထုတ်ဖော်ထားခဲ့တဲ့ ပါစီဗယ်ရဲ့ အိမ်စေတွေနဲ့ တပ်သားတွေရဲ့ပျောက်ကြားအားသာချက်က ပျောက်ဆုံးသွားခဲ့တယ်။

“မြန်မြန်ရှင်းလိုက်ကြရအောင်....”

အဆောင်ဆွဲသွားပြီးပြီဖြစ်တဲ့ လီချင်းချင်းက နှေးကွေးမနေဘဲ လှံကိုကိုင်ကာ လျင်လျင်မြန်မြန်နဲ့ အဲဒီအစေခံတွေကို ရှင်းထုတ် ပစ်လိုက်တယ်။ ဒီအစေခံတွေရဲ့စွမ်းအားက နဂိုကတည်းက သိပ်မကောင်းပါဘူး။ မြူအားသာချက်ပျောက်ဆုံးပြီးတဲ့ အချိန်မှာတော့ ထိပ်တန်းမာစတာတွေရဲ့တိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်မခံနိုင်ကြတော့ဘူး။

“ဆေးရုံထဲ ပြန်ဆုတ်မယ်....” နက်ဆန်က သွေးအေးအေးနဲ့ ပြောလိုက်တယ်။ အစေခံတွေက သူ့အတွက် ရူဘီနဲ့လီချင်းချင်းကို အချိန်ဆွဲထားပေးပြီး သူကတော့ တံခါးဝကြီးကနေတစ်ဆင့် ဆေးရုံလျှောက်လမ်းတွေထဲ ဝင်သွားတယ်။

...

“ညမင်းသား... ရှင့်မှာပြေးစရာမြေမရှိတော့ဘူး။”

ရူဘီက ဒဏ်ရာရထားတဲ့လက်မောင်းကို ဆုပ်ကိုင်ထားခဲ့ပေမဲ့ နောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာနေတယ်။ လီချင်းချင်းက ပိုမြန်ပြီး အချိန်ဆွဲပေးထားတဲ့သူတွေသာမရှိရင် နက်ဆန်ကိုမီနေ လောက်ပါပြီ။

နက်ဆန်ကိုယ်တိုင်ကတော့ ပိုပြင်းထန်တဲ့ဒဏ်ရာရထားပြီး တိုက်ခိုက်နိုင်စွမ်းက အများကြီးထိုးကျသွားတယ်။ ဒါပေမဲ့ အခုလိုအချိန်မှာ သူစိုးရိမ်မိတာက သူ့ကိုယ်သူမဟုတ်ပါဘူး။

“မိုနီကာကို ဒီနေရာကနေ ထွက်သွားဖိို့အတွက် သတိပေးရမယ်။ သူက မိစ္ဆာမျိုးနွယ်ဝင်ဖြစ်နေတာ... ဘုရားကျောင်းက ငါ့ကိုသတ်ပြီးရင် သူ့ကိုလည်းသတ်လိမ့်မယ်။”

သူ့​ခြေလှမ်းတွေက ပိုပိုပြီးလေးလံလာတယ်။ ဒါပေမဲ့ သူကတော့ ရအောင် ရှေ့ကိုဆက်သွားနေဆဲပါပဲ။ တစ်ချိန်တည်းမှာပဲ ​အပြင် လောကကြီးနဲ့အဆက်သွယ်ဖြတ်ခံထားရတဲ့ ခွဲစိတ်ခန်းထဲက ဆရာဝန်တွေထွက်လာတယ်။ သူတို့တွေထဲက အဓိက ခွဲစိတ်ဆရာဝန်က နက်ဆန့်မျက်နှာကိုအရင်မြင်တော့ ဒဏ်ရာရနေတာကို သတိမထားမိသေးဘဲ ဝမ်းသာအားရနဲ့ ပြောလိုက်မိတယ်။

“လူနာရှင်... ခွဲစိတ်မှုက အောင်မြင်ပါတယ်။ အသက်အန္တရာယ်မရှိ... “

ဒါပေမဲ့ ဆရာဝန်က နက်ဆန့်ကိုယ်ပေါ်က ဒဏ်ရာတွေနဲ့လက်ထဲက လက်နက်ကို သတိထားမိသွားချိန်မှာတော့ မျက်လုံးပြူးသွားတယ်။

“ဘေးလွတ်ရာကိုပြေးတော့....” နက်ဆန်က အော်ဟစ်လိုက်ပြီး ခွဲစိတ်ခန်းတံခါးဝမှာ ရပ်လိုက်တယ်။ ဆရာဝန်တွေကတော့ နက်ဆန် နောက်တစ်ခါပြောဖို့မလိုဘဲ အကုန်ပြေးကုန်ကြပါပြီ။

“ငါက နင့်ကို ဒီလူတွေကိုသုံးပြီး ယုတ်မာတဲ့အကြံမျိုး ကြံတော့မယ်ထင်နေခဲ့တာ။”

လီချင်းချင်းနဲ့ရူဘီက နက်ဆန်ကို ပြေးပေါက်မရအောင် နှစ်ဖက်ရံ ဝိုင်းထားလိုက်တယ်။ နက်ဆန်ကလည်း ထွက်ပြေးမယ့်ပုံစံမျိုး ရှိမနေပါဘူး။

“ ညအမှောင်ထုက ဆိုးယုတ်ခြင်းကိုကိုယ်စားပြုတဲ့အရာတစ်ခု မဟုတ်ဘူး။ ဆိုးယုတ်တဲ့သူတွေကသာ ဆိုးယုတ်ခြင်းကို ကိုယ်စားပြုတာ။”

နက်ဆန်က နောက်ထပ် ဆုတ်ဖို့နေရာမရှိတော့တဲ့အတွက် ကြံ့ကြံ့ခံ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်။ နောက်တော့ ခွဲစိတ်ခန်းတံခါးဝမှာ ​အဆင့်မြင့် သဘာဝလွန်စွမ်းအားပိုင်ရှင်တွေရဲ့တိုက်ပွဲ ဖြစ်လာပါတော့တယ်။

ဒါပေမဲ့ ဒီတိုက်ပွဲက သာမန်သိုင်းပညာရှင်တွေကြားက တိုက်ပွဲနဲ့ ပိုလို့တောင် ဆင်တူနေပါသေးတယ်။ ဆေးရုံထဲရောက်ပြီးနောက် လီချင်းချင်းက သာမန်လူတွေထိခိုက်မှာစိုးရိမ်လို့ အဆောင်တွေ ထုတ်မသုံးတော့ပါဘူး။ အဲဒီအစား လှံနဲ့သာတိုက်ခိုက်နေခဲ့တယ်။ နက်ဆန်ကတော့ ရှိသမျှစွမ်းအားတွေကုန်ဆုံးနေပြီဖြစ်တာမလို့ ဓားနဲ့ပဲ ပြန်ခုခံတယ်။ ကျည်ကုန်နေပြီဖြစ်တဲ့ ရူဘီကတော့ ဒိုင်းကြီးနဲ့ နက်ဆန်ကို အတတ်နိုင်ဆုံးရိုက်ဖို့ကြိုးစားနေတယ်။

....

မစ်စရက်မြို့ရထားဘူတာကိုရောက်တော့ ကျွန်မအထုပ်အပိုးတွေကို ဆွဲပြီးတော့ ရထားပေါ်ကနေ ဆင်းလာခဲ့တယ်။ ညပိုင်းကြီးဆိုပေမဲ့ ရာသီဥတုက အရမ်းမအေးနေဘူး။ ပင်လယ်ပြင်နဲ့နီးလို့သားမသိ ရာသီဥတုက နွေးနွေးလေးဖြစ်လို့နေတယ်။

သစ်ပင်တွေအများကြီးလည်း ရှိနေတဲ့အတွက်ကြောင့် လေထုက သိပ်ကိုသန့်ရှင်းတယ်။

“ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ကျွန်မက ရထားနဲ့ နောက်ဘူတာကိုဆက်သွားတော့မယ့် ရထားတွဲစောင့်ဒေါ်လေးကို လက်ပြနှုတ်ဆက်လိုက်ပြီးနောက် ရထားဘူတာမှာရှိနေတဲ့ တစ်ခုတည်းသော ခုံတန်းမှာ ဝင်ထိုင်လိုက်တယ်။

ဒီမြို့လေးက နယ်မြို့လေးဖြစ်တာမလို့ ဘူတာကလည်း သေးသေးလေးပါ။ ကျောက်ရုပ်ထုဧကရာဇ်ကြီးရဲ့ရုပ်ထု ရှိတယ်ဆိုပေမဲ့ အဓိကကမ္ဘာလှည့်ခရီးသည်တွေလာတဲ့ နေရာတစ်ခုမဟုတ်တာကြောင့် သိပ်ပြီးလူသွားလူလာမရှိဘူး။

“ငါ့အိပ်မက်တွေကိုအားကိုးပြီး ဒီမြို့လေးကို ရောက်လာတာ ဆိုပေမဲ့ ဟိုအရူးကောင်ကို ငါဘယ်မှာလိုက်ရှာရမှာပါလိမ့်။”

ကျွန်မစိတ်ပျက်ပျက်နဲ့ ရထားဘူတာအပြင်က မဲမှောင်နေတဲ့ လောကကြီးကို ကြည့်လိုက်မိတယ်။ အစကတော့ သွေးပူပူနဲ့ ဘာဖြစ်ဖြစ်ဟာဆိုပြီး လုပ်ချလိုက်ပေမဲ့ တောကြီးမျက်မည်းထဲ မိန်းကလေးတစ်ယောက်တည်းဖြစ်နေတာ သတိထားမိတော့ ကျောချမ်းလာသလိုလို။ တောအုပ်ထဲကနေ မျက်နှာနီနီနဲ့ မကောင်းဆိုးဝါးကြီး ထွက်လာတော့မလိုလိုနဲ့။

“ကောင်မလေး၊ နင်သရဲခြောက်ခံချင်ရင် တခြားသရဲလိုက်ရှာ နေဖို့မလိုဘူးလေ။ ငါရှိနေတာပဲဥစ္စာ။” ကျွန်မစိတ်ကူးယဥ်ပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ်ချောက်ချားနေတုန်း လက်ကိုင်အိတ်ထဲ ပြောင်းထဲထည့်ထားတဲ့ ခွဲစိတ်ဓားက စကားပြောလာတယ်။

အဲဒီခွဲစိတ်ဓားကို ရူးသွပ်နေတဲ့ဆရာဝန်မ ဘီယန်ကာက ဝင်ပူးထားတာလေ။

“.....”

ဟုတ်သားပဲနော်၊ ဟားဟားဟား။ ဘယ်သရဲက ကျွန်မကို လာခြောက်မှာလဲ။ ကျွန်မနဲ့အတူ တစ္ဆေနီတစ်ကောင် ပါနေတာကို။

ဘုန်း...

အဲဒီအချိန်မှာပဲ မြို့ရဲ့တစ်ဖက်က အဆောက်အဦးတစ်ခုဆီကနေ လေပြင်းတွေ သဘာဝမကျစွာ ထိုးတက်လာတာ ကျွန်မမြင်ရပြီး မြို့တစ်ခုလုံးကို လေပြေတွေပြန့်နှံလာတယ်။ လေက အဖျားခတ်တာ တောင်မှပြင်းလွန်းလို့ ကျွန်မဆံပင်တွေ ရှုပ်ပွကုန်တဲ့အထိပဲ။

“သဘာဝမဟုတ်တဲ့ဖြစ်စဥ်ပဲ...” ကျွန်မအလိုလိုနေရင်းနဲ့ တွေးလိုက်မိတယ်။

လပေါင်းများစွာ နက်ဆန်နောက်ကို လိုက်လာပြီးတဲ့နောက်မှာတော့ ဘယ်ဟာက သဘာဝလွန်ဖြစ်ရပ်လဲ၊ ဘယ်ဟာက အလိမ်အညာလဲ ဆိုတာကို ကျွန်မကောင်းကောင်းခွဲတတ်နေပြီးသား။ ဒါက သေချာပေါက် ပုံမှန်လေပြင်းမဟုတ်ဘူး။

“ငါက ဒီနေရာကို ထင်ထင်ရှားရှား အိပ်မက်မက်ထားတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တစ်ခုပါ ဖြစ်လိုက်သေးတယ်ဆိုတော့ သေချာပေါက် အဲဒီနေရာမှာ ဟိုအရူးကောင်ရှိရမယ်။”

ကျွန်မက ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် လက်ကိုင်အိတ်ထဲက ဓားကိုထုတ်လိုက်တယ်။ ဘီယန်ကာကတော့ ကျွန်မကို အခုလို ပြောလာတယ်။

“ကောင်မလေး၊ အဲဒီနေရာကနေ သွေးနံရသလိုပဲ။ ကြည့်ရတာ စိတ်ဝင်စားစရာကောင်းတာတစ်ခုခု ဖြစ်နေတဲ့ပုံပဲ။”

“ဒီလောက်အဝေးကြီးကနေ သွေးနံရရအောင် ရှင်က ခွေးလား။”

“...” ဘီယန်ကာအသံတိတ်သွားတယ်။ မသိရင် အရင်က ကျွန်မကို ဝင်ပူးပြီး လုပ်ချင်ရာလုပ်ခဲ့တဲ့သူက သူမဟုတ်တဲ့အတိုင်းပဲ။

“အော်... ဒုက္ခပါပဲ။”

ကျွန်မအဝတ်အိတ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ လေပြင်းတွေ စတင်ထွက်ပေါ်လာတဲ့ အဆောက်အဦးဆီကို ပြေးလာခဲ့တယ်။ လမ်းမှာချော်လည်း လဲခဲ့ပြီးတော့ ဖိနပ်လည်းပျက်သွားသေးတယ်။ ခြေသည်းကျိုးပြီး သွေးတွေစိမ့်ကျနေပေမဲ့ ဂရုမစိုက်တော့ဖို့ ကျွန်မဆုံးဖြတ်လိုက်ပြီး ထော့နဲ့ထော့နဲ့နဲ့ ဆက်ပြေးမိတော့တာ။

လောလောဆယ် အကြိုက်ဆုံးသူနာပြုဝတ်စုံ ညစ်ပတ်သွားတာ ကျွန်မဂရုမစိုက်နိုင်ဘူး၊ ဖိနပ်ပျက်တာလည်း ဂရုမစိုက်နိုင်ဘူး၊ ခြေသည်းကျိုးရုံမကလို့ ခြေမကြီးကျိုးကျိုး ဂရုမစိုက်နိုင်ဘူး။ ကျွန်မစိတ်ထဲမှာ အပြည့်အဝနေရာယူထားတာတစ်ခုက....

“သောက်ကောင်... နင်ကများ ငါ့ကိုပိုက်ဆံနဲ့ပေါက်ပြီး မောင်းထုတ်လို့ရမယ့် မိန်းမမှတ်နေလားဟဲ့။ ဒီတစ်ခါတော့ နင့်ကိုပြန်တွေ့ရင် ဘာနဲ့ခွာခွာ ခွာမရအောင် ကပ်နေပြမယ်။”

အနားရောက်တော့ သိလိုက်ရတာက ဒီနေရာဟာ ဒီမြို့လေးရဲ့ ဆေးရုံပိစိကွေးသေးလေးဆိုတာပါပဲ။ ပြီးတော့ သတိထားမိတာ တချို့လည်းရှိသေးတယ်။

ဆေးရုံဝင်းထဲက သစ်ပင်တွေက ကျိုးပဲ့နေပြီးတော့ မြေပြင်တွေ ကွဲအပ်နေတယ်။ နားနေဖို့လုပ်ထားတဲ့ ခုံတန်းရှည်တွေကလည်း ကျိုးတာတွေကျိုး၊ ပဲ့တာတွေပဲ့နဲ့။

“ဘယ်လူစိတ်ပျောက်နေတဲ့ အရူးတွေက ဆေးရုံဝင်းထဲမှာ တိုက်ခိုက်ခဲ့တာလဲ။ သာမန်လူတွေ ထိခိုက်ကုန်ရင် မခက်ဘူးလား။”

ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ ရှေ့ကိုဆက်သွားတယ်။ ပြုတ်ထွက်နေတဲ့ ဆေးရုံတံခါးမကြီးကို ဖြတ်လာပြီးတဲ့နောက် တိုက်သံခိုက်သံတွေကိုကြားနေရပြီ။ ယောက်ျားလေးတစ်ယောက် မာန်သွင်းတိုက်ခိုက်နေတဲ့အသံနဲ့ မိန်းကလေးနှစ်ယောက်က ပြန်ပြီး တိုက်ခိုက်နေတဲ့အသံ။

အနားကိုရောက်တော့ တစ်ကိုယ်လုံးမှာ လှံစိုက်ရာတွေနဲ့ပြည့်ပြီး သွေးတွေထွက်နေတဲ့ နက်ဆန်ကို တွေ့ရပြီ။ လောလောဆယ် သူ့ ဝမ်းဗိုက်ကိုလက်နဲ့အုပ်ထားရပြီး ချီပေါင်ဝတ်စုံနဲ့တရုတ်မလိုလို ကောင်မလေးက သူ့ကိုလှံနဲ့လိုက်ထိုးနေလို့ ရှောင်နေရတာ။

၂၁ရာစုရောက်နေတာကိုတောင် ရူးကြောင်ကြောင်နဲ့ သံချပ်ကာ အထူကြီးဝတ်ထားတဲ့ အသားညိုညိုနဲ့မိန်းကလေးလည်းရှိနေပြီး သူကတော့ နက်ဆန်ပြန်တိုက်သမျှကို ရေပတ်မဝင်အောင်ကာနေ ပါတယ်။

ဒီနှစ်ယောက်က ကျွန်မနဲ့ရန်ငြိုးမရှိဘူးဆိုပေမဲ့ သွေးအလိမ်လိမ်း ဖြစ်နေတဲ့ နက်ဆန်ကိုမြင်ရတော့ ကျွန်မဒေါသထွက်လာရော။

“နင်တို့တွေ နှစ်ယောက်တစ်ယောက် အနိုင်ကျင့်နေကြတယ်ပေါ့။”

ကျွန်မအလိုလိုနေရင်း ခွဲစိတ်ဓားကို မြှောက်ကာ အဲဒီနှစ်ယောက်ကို ချိန်လိုက်မိတယ်။ ဘီယန်ကာက ကျွန်မဂုတ်ပေါ်ကိုရောက်နေပြီး ထုံးစံအတိုင်း ကြောက်စရာကောင်းတဲ့စကားတွေကို ကျွန်မနားနား ကပ်ပြောနေပြီ။

“ဟုတ််တယ်... အကုန်ဆွဲဖြတ်ပစ်လိုက်.... နှစ်ယောက်လုံးကို ဗိုက်ခွဲပြီး အူတွေကလီစာတွေ ဟိုဘက်ဒီဘက်လဲကြည့်ကြမလား။”

All Chapters