အခန်း (၆၈၁-၆၈၅)
Vol. 28 Ch. 681-685
အပိုင်း(၆၈၁) လေမျက်လုံး
————————————————————
မြေအောက်ခန်းအတွင်း၌... ကျိမုန်သည် ရန်ကိုင်အား ငေးစိုက်ကြည့်နေခဲ့၏။
ရန်ကိုင်က သူမအား ပြန်ရယ်ပြလိုက်ပြီး “ငါ့ကို မယုံမှတော့ ဘာလို့ လာနေသေးတာလဲ။ အခုအချိန် ငါသူ့ကို ဘာပဲဖြစ်ဖြစ် ကတိပေးလို့ရတယ်။ ဒါပေမယ့် ဒီကနေ ထွက်သွားတာနဲ့ ငါပြောခဲ့တဲ့အတိုင်း ကတိတည်မှာတော့ မဟုတ်ဘူး”
“အင်း၊ ဒါကြောင့် ငါအနေနဲ့ နင်စကား နင်တည်အောင် လုပ်ဖို့လိုအပ်တယ်လေ” ကျိမုန်က အင်တင်တင်နှင့် ပြုံးလိုက်ပြီး “ငါက မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲ။ ဂိုဏ်းက ငါ့ကို ပျိုးထောင်ပေးခဲ့မှတော့ ငါကလည်း ဂိုဏ်းအတွက် ပြန်ပြီး အကျိုးဆောင်ပေးရမှာပေါ့။ ဒါကြောင့် ငါကို အပြစ်မတင်ဖို့ ငါမျှော်လင့်ပါတယ်”
ရန်ကိုင် သူ့မျက်ဝန်းအစုံကို မှေးကျဉ်းလိုက်၏။
ကျိမုန်ကို မည်သည့် အတွက်ကြောင့် မုန်းရမည်နည်း။ အကြောင်းပြချက် မရှိချေ။ သူ့ဘက်မှ ကြည့်မယ်ဆိုလျှင် ယခုအချိန်၌ ထိုမိန်းမသည် သူ့ရန်သူ ဖြစ်နေလေပြီ။ သူ့ရန်သူအပေါ် ရန်ကိုင် သက်ညှာရိုး ထုံစံမရှိချေ။
ရန်ကိုင် မျက်ဝန်းထဲမှ အေးစက်မှုကို သတိပြုမိသည်နှင့် ကျိမုန် စိတ်ထဲ ခါသီးသွားခဲ့ပြီး တိုးတိုးလေး အကြံပေးလိုက်၏ “နင်ဘာလို့ ခေါင်းမာနေရတာလဲ။ အကြီးအကဲတွမ့် နင့်ဆီကနေ ဘာလိုချင်နေလဲ ဆိုတာကို ငါမသိပေမယ့် နင်သာ အတူပူးပေါင်း ဆောင်ရွက်ပေးတာနဲ့ သူက နင့်ကို အကျိုးမဲ့အောင် လုပ်မှာမှ မဟုတ်တာ။ သူနင့်ကို အကျဉ်းပဲချထားပြီး မနှိပ်စက်၊ မသတ်သေးတာကို ကြည့်ရုံနဲ့တင် သူရဲ့ သဘောထားကို သိနေပြီလေ”
“သူက ငါ့အပေါ် ရိုးသားတာလား” ရန်ကိုင်က ထေ့ငေါ့လိုက်၏။
“ကျေးဇူးပြုပြီးတော့ ငါတို့နဲ့ အတူပူးပေါင်းပေးပါလား။ နင်သာ အတူ ပူးပေါင်းမယ် ဆိုရင် နင်ရော၊ ငါရော၊ အကြီးအတွမ့်ရော ဘယ်သူမှ ထိခိုက်စရာ မလိုတော့ဘူးလေ” ကျိမုန်က ရန်ကိုင်အား ဆက်လက် ဆွဲဆောင်နေခဲ့၏။
“အို၊ နင့်အတွက်လည်း အကျိုးအမြတ်တွေ ရှိနေသေးတယ်ပေါ့” ရန်ကိုင် သိလိုစိတ်ဖြင့် “အကြီးအကဲတွမ့်က နင်မက်လောက်တဲ့ အကျိုးအမြတ်တွေများ ကမ်းလှမ်းခဲ့တာလား”
ကျိမုန် ပြန်မဖြေခဲ့။ သူမ၏ အင်္ကျီလက်ထဲမှ ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းကိုသာ ထုတ်ယူလိုက်၏။ ထိုကျောက်စိမ်းပုလင်း အဖုံးကို ဖွင့်လိုက်သည်နှင့် အဖြူရောင်မြူခို့တို့ အပြင်ဘက်သို့ ပျံလွင့်ထွက်ပေါ်လာခဲ့လေ၏။
ကျိမုန်က သူမလက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ ထိုအဖြူရောင်မြူခိုးများအားလုံး မြေအောက်ခန်း တစ်ခုလုံးကို အလျင်အမြန် ဖုံးလွှမ်းသွားခဲ့လေ၏။
ရန်ကိုင်က သူမကို သတိချပ်လျက် စိုက်ကြည့်နေခဲ့၏။ သို့သော်လည်း အဖြူရောင်မြူခိုးများသည် သူ့အား မည်သည့် ထိခိုက်မှုမှ မဖြစ်စေဘဲ သူ့မွှေးညင်းပေါက်များမှ တစ်ဆင့် သူ့ကိုယ်တွင်းသို့သာ စိမ့်ဝင်သွားခဲ့၏။
တစ်ခုခု မူမမှန်သည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ သူ့သွေးလှည့်ပတ်နှုန်း မြန်သထက် မြန်ဆန်လာခဲ့ပြီး နှလုံးခုန်သံသည်လည်း ယခင်ကထက် ပိုပြင်းလာခဲ့ရသလို သူ့စိတ်သည်လည်း အနည်းငယ် ရီဝေဝေ ဖြစ်လာခဲ့ရ၏။
ကျိမုန် ရှက်သွားခဲ့ပြီး ရှင်းပြလိုက်၏ “ဒါက ခံစားချက် (၇)သွယ်၊ ကြည်နူးမှု (၆)သွယ်မြူခိုးပဲ။ အရမ်းကို အားကောင်းတဲ့ ကာမစိတ်ကြွဆေးပေါ့”
“နင်ဘာလုပ်ချင်နေတာလဲ” ရန်ကိုင်က ရယ်မောလိုက်ပြီး “နင့်ခန္ဓာကိုယ်နဲ့ ငါ့ကို ထိန်းချုပ်ချင်နေတာလား”
ယောကျာ်းတစ်ယောက်ကို သူမနှင့် အိပ်စေရန် မိန်းမလှလေး တစ်ယောက် ကာမစိတ်ကြွသေး သုံးခြင်းသည် အမှန်အကန်ကို ရယ်စရာ ကောင်းလှ၏။
“အင်း၊ ငါသာ နင်နဲ့ကလေးတစ်ယောက် ရသရွေ့ နင့်ဒီနေရာကနေ ထွက်သွားနိုင်တယ်လို့ အကြီးအကဲတွမ့်က ပြောလိုက်တယ်” ကျိမုန်က တိုးတိုးလေး ပြန်ပြောလုက်၏။
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး တွမ့်ဟိုင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်၏။
ရန်ကိုင်အား မထိန်းချုပ်နိုင်မှန်း သိသဖြင့် ယခုကဲ့သို့ နည်းလမ်းကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။
ရက်စက်သော ကျားသည်ပင်လျှင် ၎င်း၏ ကလေးများကို မစွန့်လွှတ်လေရာ ရန်ကိုင်၏ ကလေးသာ သူတို့လက်ထဲ ရှိနေသရွေ့ ရန်ကိုင်အား မထိန်းချုပ်နိုင်မှာကို စိတ်ပူစရာ မလိုချေ။
ထိုကဲ့သို့သော အပြုအမူသည် ရေတိုအတွင်း မည်သည့် အကျိုးရလဒ်မှကို မဖြစ်စေသော်လည်း တွမ့်ဟိုင်ကမူ ထိုကဲ့သို့ လုပ်ခဲ့၏။
တစ်ခဏကြာပြီးနောက် မြူခိုးများကို သူ့ကိုယ်ထဲ အပြည့်အဝ စုပ်ယူပြီးသွားချိန်၊ ရန်ကိုင်၏ မျက်ဝန်း အစုံသည် တဖြည်းဖြည်းချင်း နီရဲလာခဲ့ပြီး သူ့အသက်ရှူနှုန်းသည်လည်း တဖြည်းဖြည်း လေလံလာခဲ့၏။ ထို့နောက် မြေအောက်ခန်း အပြင်ဘက်တွင် ရှိနေသော ကျိမုန်ကို ရမက်ခိုး ဝေနေသော အကြည့်ဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်၏။
ထိုကဲ့သို့ စိုက်ကြည့်ခြင်း ခံလိုက်ရသဖြင့် ကျိမုန် မရှက်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။ ထိုအကြည့်ကြောင့် စိတ်မသက်မသာ ဖြစ်မိသော်လည်း လှုပ်ရှားခြင်း မပြုသေးဘဲ ဆေးအာနိသင် အပြည့်အဝ အစွမ်းပြလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့၏။
“နင်ငါ့ကို ကြိုက်လား။ နင့်ဘဝကို ငါ့လက်ထဲ ယုံယုံကြည်ကြည်နဲ့ အပ်လိုက်ချင်လား” ရန်ကိုင်က အသိစိတ်လွတ်မသွားအောင် အတတ်နိုင်ဆုံး ထိန်းထားရင်း ကျိမုန်ကို စိုက်ကြည့်ကာ မေးလိုက်၏။
“နင့်အပေါ် ခံစားရတဲ့ ခံစားချက်မျိုးက အချစ်ဆိုတဲ့ အရာနဲ့ ဘာမှမဆိုင်ဘူး” ကျိမုန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ငါတို့တွေက အဲ့လောက် ရင်းနှီးကြတာမှ မဟုတ်တာ။ ဒါပေမယ့် နင့်လက်ထဲ ငါ့ဘဝကို ပုံအပ်လိုက်တာက မကောင်းတာတော့လည်း မဟုတ်ဘူး။ နင်က တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ဆေးပညာရှင်တစ်ယောက် ဖြစ်နေတဲ့အချိန် ငါက မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ သာမန်တပည့်တစ်ယောက် သာသာပဲ ရှိတယ်။ ဒီအခြေအနေကနေ ပိုပြီး တိုးတက်ချင်တယ်ဆိုရင် နင့်လို အားကောင်းတဲ့ လူတစ်ယောက်အပေါ် မှီခိုဖို့ပဲ ရှိတော့တယ်”
“ငါ့ကို အရမ်းမြင့်မြင့်ကြီး တွေးနေတာပဲ” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး “အခုလောလောဆယ် ငါနင့်ကို လိုအပ်နေတယ် ဆိုရင်တောင် နောက်ပိုင်းကျ နင့်အပေါ် ဘာလို့ ကောင်းကောင်း ဆက်ဆံရမှာလဲ။ နင့်ကို မြင်တာနဲ့ ငါ့စိတ်ကြိုက် ရိုက်ချင်ရိုက်၊ ကျိန်ဆဲချင် ကျိန်ဆဲနေဦးမှာ”
ကျိမုန် ခန္ဓာကိုယ်လေး တုန်ရင်သွားခဲ့ပြီး သူမ မျက်နှာထက် ခိုးကိုးရာမဲ့နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ကာ “အဲ့လိုဆိုလည်း ရတယ်”
“စိတ်ပျက်စရာ ကောင်းလိုက်တာ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ သူ့မ အပေါ်ကျန်ရှိနေသည့် စိုးစဉ်းမျှသော လေးစားမှုတို့ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ရလေပြီ။
“နင်ဆက်ပြီး မခုခံနိုင်တော့ဘူးမလား” ကျိမုန်က အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏ “အကြီးအကဲတွမ့်၊ တံခါးဖွင့်လိုက်လို့ ရပြီ”
ရုတ်တရက် အခန်တံခါးမျက်နှာပြင်ထက် အလင်းတစ်ချက် လက်သွားခဲ့ပြီး ရန်ကိုင်အား ပိတ်လှောင်ထားသော အရံအတားသည်လည်း ပွင့်သွားခဲ့၏။ ကျိမုန်သည် အခန်းတွင်းသို့ ဖြည်းဖြည်းချင်း လမ်းလျှောက် ဝင်သွားလိုက်ပြီးနောက် ရန်ကိုင်အပေါ် မှီချလိုက်လေ၏။
ရစ်မူးဖွယ် ကိုယ်သင်းရနံ့တို့ဖြင့် ထုံးမွှမ်းနေသည့် အချိန်တွင်၊ မိန်းမလှလေး တစ်ယောက်သည် သူမကိုယ်သူမ ရန်ကိုင်ဆီသို့ အရောက်ပို့လာခဲ့သဖြင့် ရန်ကိုင် မျက်နှာထက် ရူးသွပ်တော့မည့် အရိပ်အယောင်တို့ ပြလာခဲ့ပြီး သူ့မျက်ဝန်းများသည် ဆာလောင်နေသော သားရဲရိုင်းတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်ခက်ထန် လာခဲ့လေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ကျိမုန် ကြောက်သွားခဲ့၏။ သို့သော် မျက်လုံးကိုသာ စုံပိတ်၍ ရန်ကိုင် နှုတ်ခမ်းကို ဖိနမ်းချလိုက်၏။
သူမစိတ်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေခဲ့၏။ ကျိမုန်သည် မျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်လိုက်စဉ် သူမ၏ မျက်နှာလေးသည် ရှက်ရွံ့မှုကြောင့် ရဲရဲတောက် နီမြန်းနေခဲ့၏။
နှုတ်ခမ်းချင်း ထိကပ်တော့မည် အချိန်မှာပဲ ကျိမုန် အော်ဟစ်ညည်းတွားလိုက်ပြီး သူမ၏ မျက်ဝန်း များသည်လည်း ရုတ်ချည်းဆိုသလို ပွင့်လာခဲ့ရ၏။
ဘာတွေ ဖြစ်ပျက်နေသည် ဆိုသည်ကို မသိသေးခင်မှာပဲ ရန်ကိုင်၏ လက်သည် သူမ၏ လည်ပင်းကို ဆွဲညစ်ထားခဲ့လေပြီ။ သူ့မျက်ဝန်းများသည် ကန်ရေပြင်တစ်ခုပမာ တည်ငြိမ်နေခဲ့ပြီး သူ့အသက်ရှူသံသည် မနှေးမမြန် ပုံမှန်အတိုင်း ရှိနေခဲ့၏။ အသိစိတ်လွတ်တော့မည့် အရိပ်အယောင် နည်းနည်းမှ မပြတော့ချေ။
သူ့အကြည့်သည့် ရွံရှာစက်ဆုပ်မှု၊ အထင်အမြင် သေးမှုတို့ဖြင့် ပြည့်နေခဲ့ပြီး သူ့မျက်နှာသည် စာနာခြင်း အလျင်းကင်းသည့် အေးစက်မှုတို့ဖြင့်သာ ပြည့်နေခဲ့၏။
“မိန်မဆိုရင် အိန္ဒြေသိက္ခာ နည်းနည်းပါးပါးတော့ ရှိသင့်တယ်” ရန်ကိုင်က ရေခဲတမျှ အေးစက်သည့် လေသံဖြင့် ရေရွတ်ပြောဆိုလိုက်၏။
ကျိမုန်သည် ကြိုးစားရုန်းကန်၍ ရန်ကိုင်လက်မှ ရုန်းထွက်လာပြီးနောက် အခန်းအပြင်ဘက်သို့ အလျင်စလို ပြေးထွက်သွားလေ၏။ ပြီးသည်နှင့် အမောတကော အသက်ရှူရင်း ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။
“ညို့ဓါတ်ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ မိန်းမကလေးတွေနဲ့ ကျုပ်တွေ့ခဲ့ပေါင်းများပြီ။ ဒီလို ဘာမဟုတ်တဲ့ ကာမအားတိုးဆေးလေးနဲ့ ကျုပ်စိတ်ကို ရှုပ်ထွေးအောင် လုပ်ချင်နေတယ် ဆိုရင်တော့ ခင်ဗျား လိုပါသေးတယ် အကြီးအကဲတွမ့်ရာ” ရန်ကိုင်က နေရာတစ်ခုဆီ ဦးတည်စိုက်ကြည့်ရင်း လှောင်ပြောင် ပြောဆိုလိုက်၏။
အခန်းအပြင်ဘက်မှ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အခန်းတွင်းရှိ အခြေအနေကို စစ်ဆေးနေသည့် အကြီးအကဲတွမ့်၏ အမူအရာ ပျက်ယွင်းသွားခဲ့ရလေ၏။
“ရန်ကိုင်၊ ငါ...” ကျိမုန်မှာ သူမ၏ ပါးလေးကိုဟ၍ ရှင်းပြရန် ကြိုးစားလိုက်၏။
“မသေချင်ရင် အခုထွက်သွားလိုက်တော့” ရန်ကိုင်က သူမအား နွေးထွေးခြင်း အလျင်းကင်းမဲ့သည့် ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ရင်း ခက်ထန်စွာ အော်ပြောလိုက်၏။
ကျိမုန်မှာ ရုတ်တရက်ဆိုသလို စိတ်လွတ်ချင်သလို ဖြစ်သွားခဲ့ပြီး တစ်ခဏတာ လွန်ဆွဲရုန်းကန် နေပြီးနောက် ခေါင်းလေးငိုက်ငိုက် စိုက်လျက် အခန်းထဲမှ အလျင်အမြန် ထွက်သွားလိုက်လေ၏။
“စီနီယာအစ်ကို၊ ဒီကောင်လေး တော်တော်လေး ထူးဆန်းမနေဘူးလား။ ခံစားချက် (၇)သွယ်၊ ကြည်နူးမှု (၆)သွယ် မြူခိုးကို မသေမျိုအးဆင့် ပညာရှင်တွေတောင် တောင့်ခံနိုင်တာ မဟုတ်ဘူး။ သူ့လို အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်လေး တစ်ယောက်က ဘယ်လိုလုပ်ပြီး တောင့်ခံနေနိုင်ရတာလဲ” ရှုချီ လုံးဝကို အံ့အားသင့်နေခဲ့၏။
တွမ့်ဟိုင်၏ မျက်နှာကမူ ပြိုတော့မည့် မိုးကဲ့သို့ ဆူပုပ်သုန်မှုန် နေခဲ့လေ၏။ ယခုအချိန်၌ သူလည်း ဘာဆက်၍ လုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေခဲ့လေပြီ။
ရန်ကိုင်သည် ခေါင်းမာမာဖြင့် အကြောက်အကန် ငြင်းဆန်နေလေရာ တွမ့်ဟိုင်မှာ အတော်လေးကို ကူကယ်ရာ မဲ့နေခဲ့ရ၏။
“စီနီယာအစ်ကို၊ သူ့ကို လေမျက်လုံးဆီ ခေါ်သွားရင် ကောင်းမယ်” ရှုချီက တိုးတိုးလေး အကြံပြုလိုက်၏။
“လေးမျက်လုံးလား” တွမ့်ဟိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး “သူ့ဝိဥာဉ်ကို လေမျက်လုံး အကူအညီနဲ့ ရှင်းပစ်ချင်နေတာလား”
“အမှန်ပဲ” ရှုချီက ခေါင်းညိတ်လိုက်ပြီး “အခုလက်ရှိ အခြေအနေရ သူနဲ့ ဘယ်လိုမှ ညှိနှိုင်းလို့ ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် သူ့ဝိဥာဉ်ကို ရှင်းပစ်ပုံရုံပဲ ရှိတော့တယ်။ ခေါင်းတလားသယ် လူကြီးနှင့် ပက်သက်တဲ့ မှတ်ဥာဏ်တွေကို ဘေးဖယ်ထားလိုက်ဦး၊ သူ့ရဲ့ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ရရုံသက်သက်နဲ့တင် ကျုပ်တို့အတွက် အတော်လေးကို အဆင်ပြေသွားပြီ။ အဲ့တေဇောဓါတ် အသိစိတ်ပင်လယ်ကို ဒီအတိုင်း ဆက်ထိန်းသိမ်းထားပြီး ကျုပ်တို့ လူတွေထဲက တစ်ယောက်ကိုသာ သန့်စင်ခိုင်းလိုက်မယ်ဆိုရင် ကျုပ်တို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်လည်း တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်တဲ့ တပည့်တစ်ယောက် ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်လာနိုင်လိမ့်မယ်”
တွမ့်ဟိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ထိုနည်းလမ်းသည် အတော်လေးကို အလုပ်ဖြစ်သည်ဟု တွေးလိုက်မိ၏။
သူ့စိတ်ထဲ ထိုကဲ့သို့ စဉ်းစားမိသည်နှင့် တွမ့်ဟိုင်သည် တုန့်ဆိုင်းမနေတော့ဘဲ အခိုင်အမာ ခေါင်းညိတ်လိုက်ကာ “အဲ့လိုပဲ လုပ်ကြတာပေါ့။ လေမျက်လုံးကို အသုံပြုဖို့ အတွက် ဂိုဏ်းချုပ်ကို အရင်သွားအကြောင်း ကြားသင့်တယ်”
“အောင်မြင်ပြီးတော့မှ ဂိုဏ်းချုပ်ကို သွားအသိပေးလိုက်လို့လည်း နောက်မကျသေးဘူးလေ။ ဂိုဏ်းချုပ်သာ ဒီသတင်းအကြောင်း ကြားလိုက်တာနဲ့ လုံးဝကို ပျော်သွားမှာ”
“အဲ့လိုဆိုမှတော့ မင်းကြိုတင် ပြင်ဆင်ထားလိုက်တော့။ ဟိုကောင်စုတ်လေးကို ငါသွားခေါ်လာလိုက်မယ်” တွမ့်ဟိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်၏။
ရှုချီလည်း စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပျံသန်းထွက်သွားလိုက်၏။
မြေအောက်ခန်းအပြင်ဘက်၌ တစ်ခဏလောက် စဉ်းစားနေပြီးနောက် တွမ့်ဟိုင်က အခန်းတံခါးကို တွန့်ဖွင့်ကာ အထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက် ဝင်သွားလိုက်ပြီး ရန်ကိုင်ကို ဖမ်းကိုင်လိုက်၏။
ရန်ကိုင်ကမူ တွမ့်ဟိုင်အား အရေးမစိုက်ဟန်ဖြင့်သာ တစ်ချက် စိုက်ကြည့်လိုက်ပြီး ချက်ချင်းပဲ မျက်လုံး ပြန်ပိတ်လိုက်လေ၏။
“ဂုဏ်သရေရှိဧည့်သည်ရန်၊ မင်းက ငါတို့ရဲ့ ကြင်နာမှုကို အလေးမထားမှတော့ ဒီလူအိုကြီးကလည်း မင်းကို မျက်နှာသာပေးစရာ မလိုတော့ဘူးပေါ့” ပြောပြီးသည်နှင့် ရန်ကိုင်ကို သယ်လျက် လေမျက်လုံးဆီသို့ ပျံသန်းသွားလိုက်လေ၏။
ရန်ကိုင်ကမူ သွားပေါ်အောင် ပြန်ပြုံးပြလိုက်ပြီး “အကြီးအကဲတွမ့်က ကျုပ်ကို ဘယ်ခေါ်သွားပြန်ချင်နေရတာလဲ”
“ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ အမွေအနှစ် နယ်မြေတစ်ခုဆီလေ။ လေမျက်လုံး ဆိုတာ လေးစွမ်းအင်တွေ စုစည်းပြီး ဖြစ်တည်လာတဲ့ အရာတစ်ခုပဲ။ လေကျင့်စဉ်၊ လေသိုင်းပညာရပ်တွေ လေ့ကျင့်တဲ့ ငါတို့ဂိုဏ်းက တပ်ည့တွေ တော်တော်များများ လေမျက်လုံးနားမှာ လေ့ကျင်လေ့ ရှိကြတယ်။ လေမျက်လုံးလိုပဲ မိုးကြိုးမျက်လုံး ဆိုတာလည်း ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်မှာ ရှိသေးတယ်။ ဒီလူအိုကြီးတောင် အဲ့မျက်လုံးနား အရမ်း နီးနီးကြီး တိုးကပ်မသွားရဲဘူး။ ဘာလို့လဲဆိုတော့ လေမျက်လုံးက ထုတ်လွှတ်နေတဲ့ စွမ်းအားက သာမန်လူတွေ တောင့်ခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ။ လေမျက်လုံးထဲမှာဆိုရင် မသေမျိုး တတိယအဆင့် တစ်ယောက်ရဲ့ ဝိဥာဉ်တောင် ရှင်းထုတ်ခံရနိုင်တယ်”
အခြေအနေ ပို၍ ဆိုးရွားလာပြီမှန်း သိလိုက်သည်နှင့် ရန်ကိုင် အမူအရာ ပျက်ယွင်းသွားခဲ့ရလေ၏။
“အခုအချိန်မှ နောင်တရလို့ အရမ်းကြီး နောက်မကျသေးဘူးနော်။ ကျိမုန်ကိုသာ မင်းကလေး ကိုယ်ဝန်ဆောင်ခွင့်ပေးရင် ငါတို့စိတ်ဝိဥာဉ် ကျောင်းတော်က မင်းအတွက် အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်တွေ ထောက်ပံ့ပေးမှာ” တွမ့်ဟိုင်က နောက်ဆုံးအကြိမ်အဖြစ် ရန်ကိုင်စိတ်ပြောင်းလဲအောင် ကြိုးစားကြည့်လိုက်၏ “ဘယ်လိုလဲ”
“မေ့လိုက်တော့” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူ့စိတ်ထဲတွင်လည်း ယခုအချိန်ကို အခွင့်ကောင်းယူ၍ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ထုတ်သုံးကာ တွမ့်ဟိုင်လက်မှ ရုန်းထွက်ပြီး ထွက်ပြေးရင် ကောင်းမလားဟု စဉ်းစားနေလိုက်၏။
သို့သော် သူသည် ရန်သူပိုက်နက်ထဲတွင်ပင် ရှိနေသေးရာ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ချက် မရှိချေ။ သူသာ ကျရှုံးသွားသည်နှင့် ဒုတိယ အခွင့်အရေး ဘယ်တော့မှ ထပ်ရတော့လိမ့်မည် မဟုတ်ချေ။
တုန့်ဆိုင်းနေစဉ်မှာပင် ဘေးပတ်ဝန်းကျင်မှ ထူးဆန်းသော စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်၏။
လေစွမ်းအင်ပင်။ ထိုစွမ်းအင်ကို ခံစားမိလိုက်သည်နှင့် သူ့ပခုံးမှ တစ်ခုခုသည် အပြင်သို့ ထိုးဖောက်ထွက်လာရန် ကြိုးစားလာခဲ့ရာ ရန်ကိုင်မှာ နာလည်းနာ၊ ပျော်လည်းပျော်သွားခဲ့ရလေ၏။
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့သော်လည်း သူ့ဟန်အမူအရာကို ချက်ချင်း ပြန်တည်လိုက်၏။
ရှေ့၌၊ သဘာဝ လေစွမ်းအင်များကြောင့် ဖြစ်လာသော ဖြည်းဖြည်းချင်း လည်ပတ်နေသည့် ဧရာမ ဝဲကတော့ကြီးတစ်ခု ရှိနေခဲ့၏။ အနီးကပ်သွားလေ ခံစားရသည့် စွမ်းအင်သည် ပို၍ ပြင်းထန်လာလေပင်။
“အံ့ဩစရာ မကောင်းဘူးလား” တွမ့်ဟိုင် မျက်နှာထက် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “မိုးကြိုးမျက်လုံးနဲ့ လေမျက်လုံး ကြောင့်သာ ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ကို ဒီနေရာမှာ အခြေချခဲ့တာပဲ။ အဲ့နေရာ နှစ်ခုစလုံးက ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ တားမြစ်နေရာတွေပဲ။ ပါရမီပါတဲ့ တပည့်အချို့ကလွဲလို့ ဘယ်သူမှ ဒီနေရာကို ခြေချခွင့်မရှိဘူး။ ဒီမှာ ကျင့်ကြံတဲ့ တပည့်တွေ အကုန်လုံး တစ်ဝက်လောက် အားစိုက်ထုတ်ရုံနဲ့ ရလဒ်နှစ်ဆကို ပြန်ရတာလေ”
ရန်ကိုင် စိတ်ထဲတွင်လည်း ကြိတ်ပြီး ခေါင်းညိတ်မိနေ၏။ ထိုကဲ့သို့သော အရာမျိုးသည် လူဖန်တီးထားခြင်း မဖြစ်နိုင်ရာ။ သဘာဝဖြစ်စဉ် တစ်ခုခုကြောင့်သာ မတော်တဆ ဖြစ်တည်လာခဲ့ပြီး နှစ်ပေါင်းများစွာ ကြာသည်အထိ တည်ရှိနေခဲ့ခြင်း ဖြစ်၏။ တွမ့်ဟိုင် ရှင်းပြနေစဉ်မှာပဲ သူတို့နှစ်ယောက်သည် လေမျက်လုံးဆီသို့ ရောက်ရှိလာခဲ့လေ၏။
တွမ့်ဟိုင် ရန်ကိုင်အား သယ်လာသည်ကို မြင်လိုက်သည်နှင့် ရပ်စောင့်နေသော ရှုချီက အလျင်အမြန် ပြောလိုက်၏ “စီနီယာအစ်ကို၊ ဒီမှာ လေ့ကျင့်နေတဲ့ တပည့်တွေ အကုန်လုံးကို ထွက်သွားခိုင်းလိုက်ပြီ။ ကြိုက်တဲ့အချိန် စလို့ရတယ်”
တွမ့်ဟိုင်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက် လှည့်ကာ “ဂုဏ်သရေရှိဧည့်သည်ရန်၊ ဒါက မင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ လေမျက်လုံးထဲ ရောက်သွားတာနဲ့ မင်းလုံခြုံရေးကို အာမမခံနိုင်တော့ဘူးနော်”
“ဘာမှ ထပ်ပြောနေစရာ မလိုဘူး” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်၏။
“ကိုယ်သေလမ်းကိုယ်ရှာနေတာပဲ” ရှုချီက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။
တွမ့်ဟိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ခေါင်းညိတ်ကာ “ဒီလိုဆိုမှတော့ ငါလည်း ရွေးစရာ မရှိတော့ဘူးပေါ့”
ပြောပြီးသည်နှင့် ရန်ကိုင်ကို သယ်လျက် လေမျက်လုံးဆီ ပျံသန်းသွားလိုက်၏။ မကြာခင်မှာပင် လေမျက်လုံး ဗဟိုဆီသို့ ရောက်ရှိလာခဲ့၏။ တွမ့်ဟိုင်ကဲ့သို့ အားကောင်းသော လူမျိုးပင် လေမျက်လုံး၏ စွမ်းအင်ကို ကာကွယ်ရန် သူ့အစစ်အမှန်ချီကို အရူးအမူး လှည့်ပတ်ထားခဲ့ရ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၈၂) ချန်းယန်
————————————————————
တွမ့်ဟိုင်သည် လေမျက်လုံးနှင့် မီတာ(၁၀၀၀) အကွာခန့်တွင် ရပ်တန့်လိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ တစ်ခုခုပြောဖို့ လုပ်နေစဉ်မှာပင် ရန်ကိုင်က ရုတ်တရက် သူ့ဘက်လှည့်၍ အော်ပြောလိုက်၏ “ဒီတစ်ကြိမ် ကျုပ်သာ အသက်ရှင်ခဲ့ရင် ခင်ဗျားတို့ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ကို ကျိန်းသေ ပြန်လက်စားလာချေမှာ”
တွမ့်ဟိုင် မျက်နှာ အေးစက်သွားခဲ့ပြီး တုန့်ဆိုင်း မနေတော့ဘဲ ရန်ကိုင်အား လေမျက်လုံးထဲသို့ ပစ်ချလိုက်လေ၏။
သူ့မျက်လုံးများသည်ပဲ အမြင်မှားနေလား ဆိုသည်ကို တွမ့်ဟိုင် မသေချာခဲ့။ သို့သော် ရန်ကိုင် ပြုတ်ကျသွားသည့် အချိန်တွင် သူ့မျက်နှာထက်၍ လှောင်ရိပ်ယဲ့ယဲ့လေး သန်းနေသည်ကို တွမ့်ဟိုင် တွေ့လိုက်ရ၏။
ရှုချီလည်း တွမ့်ဟိုင်နား ရပ်လိုက်ပြီး လေမျက်လုံးကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်၏။
“စီနီယာအစ်ကိုက တစ်ခုခုကို စိုးရိမ်နေတာလား” ရှုချီက ရုတ်တရက် မေးလိုက်၏။
“အင်း” တွမ့်ဟိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “လူအိုကြီးတု ပြောခဲ့တာကို ငါအခုထိ မမေ့နိုင်သေးဘူး...”
“အဲ့ကောင်စုတ်လေးမှာ ဘာနောက်ခံ ကောင်းကောင်းမှ မရှိလောက်ပါဘူး စီနီယာအစ်ကိုရာ။ ရှိရင် အစောကြီးကတည်းက ပြောလိုက်မှာပေါ့။ သူက အရူးမှမဟုတ်တာ။ လူအိုကြီးတု အထင်မှားနေတာပဲ နေမှာပါ” ရှုချီက ပြောလိုက်၏။
“အင်း၊ ဟုတ်လောက်တယ်” တွမ့်ဟိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဒါပေမယ့် ရှားပါတဲ့ ပါရမီရှင် တစ်ယောက်ကို ဖျက်စီးမိလိုက်တယ် ဆိုတာကတော့ အမှန်ပဲ။ ဒါကြောင့် လူအိုကြီးတုကို ရှင်းပြဖို့ နည်းလမ်း တစ်ခု စဉ်းစားရတော့မယ်”
“တစ်ယောက်ယောက်သာ မေးလာခဲ့ရင် သူတံခါးပိတ် ကျင့်စဉ်ဝင်နေတယ်လို့ပဲ ပြောလိုက်ပေါ့။ လူအိုကြီးရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကျုပ်တို့ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ကို ကိုယ်တိုင်ကိုယ်ကျ လာလည်ခဲတယ်။ နှစ်တွေကြာသွားရင် လူအိုကြီးတုလည်း သူ့အကြောင်း တဖြည်းဖြည်းနဲ့ မေ့သွားမှာပေါ့”
“အဲ့လိုမျှော်လင့်ရတာပဲ” တွမ့်ဟိုင်က အသာအယာ သက်ပြင်းချလိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ ရက်နည်းနည်း ထပ်စောင့်ဖို့ လိုလိမ့်မယ်။ ဒီကောင်စုတ်လေးရဲ့ ဝိဥာဉ်က အရမ်းကို အားကောင်းတယ်။ အနည်းဆုံး မသေမျိုး ပထမအဆင့် ပညာရှင်တစ်ယောက်နဲ့တောင် ယှဉ်နိုင်တာ။ လေမျက်လုံးထဲ ရောက်နေရင်တောင် လွယ်လွယ်နဲ့ သေဦးမှာ မဟုတ်ဘူး။ သူ့ဝိဥာဉ် ရှင်းထုတ်ပြီးတာနဲ့ သွားကောက်ပြီး သူ့လျှို့ဝှက်ချက်တွေကို သွားကြည့်ကြတာပေါ့”
“အင်း၊ စီနီယာအစ်ကို ပြောတဲ့အတိုင်း လုပ်ကြတာပေါ့” ရှုချီက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်၏။
သို့သော်လည်း ရန်ကိုင်အား လေမျက်လုံးထဲသို့ ပစ်ချပြီး တစ်နာရီလောက် ကြာပြီးနောက် တွမ့်ဟိုင် ရုတ်တရက် မျက်မှောင်ကြုံ့လိုက်ပြီး အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ကာ “ဘယ်လိုလုပ်ပြီး ဒီနေရာကို တပည့်တစ်ယောက် လာနေရတာလဲ”
ရှုချီလည်း မကျေမနပ် ဖြစ်သွားသည့် အမူအရာဖြင့် “ဘယ်သူမှ ဇွတ်မဝင်လာအောင် ဒီနေရာကို ယာယီ ပိတ်ထားလိုက်ပြီးလို့ ကျုပ်ကြေညာထားပြီးသွားပြီလေ။ ဒီကောင် နားပဲပင်းနေတာလား၊ မျက်လုံးပဲ ကန်းနေတာလား”
ပြောရင်းနှင့် စိတ်မရှည်စွာ ရေရွတ်လိုက်၏ “ကျုပ်သွားကြည့်လိုက်မယ်”
တွမ့်ဟိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။
ရှုချီလည်း သူ့လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းလိုက်ပြီး ထိုတပည့်ဆီ ထွက်သွားလိုက်၏။ တစ်ခဏကြာပြီးနောက် တစ်မျိုးတစ်မည် ထူးဆန်းနေသည့် အမူအရာဖြင့် တွမ့်ဟိုင်ကို ပြောလိုက်၏ “စီနီယာအစ်ကိုကို ဂိုဏ်းချုပ် ခေါ်နေတယ်။ အဲ့တပည့်က ဂိုဏ်းချုပ် ခေါ်နေတဲ့အကြောင်း သတင်းလာပို့တာ”
“ဂိုဏ်းချုပ်လား” ထိုစကားကို ကြားလိုက်သည်နှင့် တွမ့်ဟိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သို့သော်လည်း သူ့ဟန်အမူအရာကို အလျင်အမြန် ပြန်ထိန်းလိုက်ကာ ခေါင်းညိတ်၍ “ကောင်းပြီလေ၊ ဂိုဏ်းချုပ် ဘာလို့ ခေါ်လဲ တစ်ချက်သွားကြည့်ရတာပေါ့။ မင်းဒီမှာ စောင့်နေနှင့်”
“စိတ်ချထားလိုက်ပါ စီနီယာအစ်ကို။ ကျုပ်ဒီနေရာကို သေချာ စောင့်ကြပ်ထားမှာပါ”
တွမ့်ဟိုင်သည် ထိုတပည့်ကို အစစ်အမှန်ချီဖြင့် ရစ်ပတ်၍ ဂိုဏ်းချုပ်ရှိရာ အရပ်ဆီ ပျံသန်းသွားလိုက်၏။
“ရုတ်တရက်ငီု’ သူဘာလို့ ငါ့ကို တွေ့ချင်ရတာလဲ ဆိုတဲ့အကြောင်း ဂိုဏ်းချုပ် မင်းကို ပြောလိုက်သေးလား” တွမ့်ဟိုင်က ပျံသန်းနေရင်း ထိုတပည့်ကို မေးလိုက်၏။
“တပည့်လည်း မသိဘူး။ ဂိုဏ်းချုပ်က အကြီးအကဲချုပ် သူ့ဆီ မြန်နိုင်သမျှ မြန်မြန်လာဖို့ပဲ ပြောလိုက်တာ” ထိုတပည့်က လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏။
“ဂိုဏ်းချုပ် သူတော်စင်အဆင့် ချိုးဖျက်သွားလို့လား” တွမ့်ဟိုင် တစ်ခုခုကို စဉ်းစားမိလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
“မဖြစ်နိုင်လောက်ဘူး။ ဂိုဏ်းချုပ်ဆီ အဆင့်ချိုးဖျက်ထားတဲ့ အရိပ်အယောင် မတွေ့ရဘူး”
တွမ့်ဟိုင်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့ရကာ ဘယ်လို အရေးကြီးကိစ္စများ ရှိနေ၍များ ဂိုဏ်းချုပ် သူ့အား ရုတ်တရက်ကြီး ဆင့်ခေါ်ရသနည်းဟု အတွေးများသွားခဲ့ရ၏။
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ဂိုဏ်းချုပ်ဖြစ်သည့် ရှချုန်းယင်သည် အားကောင်းလှသော မသေမျိုး တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။ သို့သော် သူသည် သူတော်စင်အဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိသေးဘဲ ထိုအဆင့်တွင်သာ နှစ်ရာပေါင်းများစွာအထိ တစ်ဆို့နေခဲ့ရ၏။
ဤနှစ်များအတွင်း သူသည် အမြဲတမ်းလိုလို တံခါးပိတ်ကျင့်စဉ် ဝင်နေလေ့ရှိပြီး လအနည်းငယ်ကြာ၊ သို့မဟုတ် နှစ်ဝက်လောက် ကြာမှသာ ထွက်လာတတ်၏။ ထွက်လာတိုင်းလည်း တွမ့်ဟိုင်နှင့် တစ်ခါမှ စကားပြောလေ့ မရှိချေ။ သို့သော်လည်း ယခုအချိန်၌ ထွက်လာလာချင်း သူ့အား ရုတ်တရက်ကြီး ဆင့်ခေါ်ခဲ့၏။
အဲ့ကောင်စုတ်လေး ကြောင့်များလား
တွမ့်ဟိုင် ရုတ်တရက် စိတ်တင်းကြပ်သွားခဲ့ရ၏။ သို့သော်လည်း တစ်ခဏလောက် စဉ်းစားပြီးနောက် သူ့ကိုယ်သူ ထိုကဲ့သို့ အတွေးလွန်ရလောက်သည် အထိ စိုးရိမ်နေလားဟုပင် ပြန်၍ အပြစ်တင်လိုက်၏။ ထိုတပည့်အား ဘာမှထပ်မမေးတော့ဘဲ အရှိန်မြှင့်၍သာ ဂိုဏ်းချုပ်ရှိနေသည့်နေရာဆီ ပျံသန်းသွားလိုက်၏။
မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ထဲ မိုးမြေစွမ်းအင် အပေါကြွယ်ဝဆုံး နေရာတစ်ခု၌ အကောင်းမွန်းဆုံး ရွှေသား၊ ကျောက်စိမ်းသားတို့ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်လုံး ရှိနေခဲ့၏။
ဤနေရာသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ဂိုဏ်းချုပ် ရှချုန်းယင်နေသည့် နေရာဖြစ်၏။
ယခုအချိန်၌ ရှချုန်းယင်သည် စားပွဲထိပ်တွင် ထိုင်လျက် ပြုံးပြုံးရွှင်ရွှင်ဖြင့် လူနှစ်ယောက်အား ကြိုဆိုနေခဲ့၏။ ထိုနှစ်ယောက်သည် သူ့တံခါးပိတ် ကျင့်စဉ်ဝင်နေသည်ကို နှောင့်ယှတ်မိခဲ့သည် ဆိုလျှင်ပင် ရှချုန်းယင်အနေဖြင့် သူတို့အား အပြစ်မတင်ရဲဘဲ ဖော်ဖော်ရွေရွေ ယဉ်ယဉ်ကျေးကျေးဖြင့်သာ ဆက်ဆံနေခဲ့ရ၏။
ထိုဧည့်သည်နှစ်ယောက်အား ဝိုင်းနှင့်အသီး ကမ်းပေးပြီးနောက် ရှချုန်းယင်က မေးလိုက်၏ “လူအိုကြီးတုနဲ့ ညီအစ်ကိုချန်တို့ အတူတကွ ရောက်လာတ ကျုပ်တို့ မိုးကြိုးစိတ်ဝိဥာည် ကျောင်းတော်အတွက် တကယ်ကို ဂုဏ်ယူစရာပဲ”
“ဂိုဏ်းချုပ်ရှက အရမ်းယဉ်ကျေးနေတာပဲ။ ဂိုဏ်းချုပ် တံခါးပိတ်ကျင့်စဉ်ဝင်နေတာကို နှောင့်ယှတ်မိလို့ ကျုပ်ကတောင် အားနာနေတာ” တုဝမ်က တောင်းတောင်းပန်ပန်ဖြင့် ပြုံးလိုက်ပြီး ကတုန့်ကဆိုင်းဖြင့် ပြုံးလိုက်ကာ အသီးတစ်လုံးကို ယူ၍ သူ့နောက်တွင် ရပ်နေသော မိနာကို ပေးလိုက်လေ၏။
ယခုတစ်ကြိမ်၌ လူအိုကြီးတုနှင့် မိနာပါ အတူလိုက်လာခဲ့၏။ ရောက်သည်နှင့် သူမသည် တစ်ခုခု၊ တစ်ယောက်ယောက်ကို ရှာနေသည့်အလား ဘေးဘေးပတ်ပတ်လည်သို့ စပ်စုလိုစိတ်ဖြင့် လှည့်ပတ် ကြည့်နေခဲ့၏။
ရှချုန်းယင်သည် ထိုဧည့်သည်နှစ်ယောက်ကို လေ့လာနေရင်း သူ့စိတ်ထဲတွင်လည်း သံသယများ နေခဲ့ရ၏။ လူအိုကြီးတုနှင့် ကောင်းကင်ဂိုဏ်းတော်ရဲ့ ချန်းယန်တို့ သူ့ဂိုဏ်းဆီ မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး ရောက်လာခဲ့မှန်း သူတကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ရ၏။ သူ့ခေါင်းထဲတွင် ကြိုတင် အစီအစဉ်ချထားရင်း ရယ်ရယ်မောမောဖြင့် ပြောလိုက်၏ “လူအိုကြီးတုကသာ အရမ်း ယဉ်ကျေးနေတာပါ။ လူအိုကြီးတုကို ကျုပ်တို့ မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်က အချိန်မရွေး ကြိုဆိုပါတယ်။ ကျုပ်ကျင့်နေတာကို အသာထား ကျုပ်သေသွားရင်တောင် လူအိုကြီးတုလာပြီမှန်း ကြားလိုက်တာနဲ့ အလောင်းထဲကနေ ထလာပြီး လာကြိုဆိုဦးမှာ”
တုဝမ်သည် အားတင်ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။ သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်သည်နှင့်အညီ ရှချုန်းယင်အား ယဉ်ကျေးရန် အမှန်တကယ် မလိုအပ်ချေ။
ရှချုန်းယင်သည် မိုကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ဂိုဏ်းချုပ် ဖြစ်သော်လည်း မသေမျိုးအဆင့် တတိယ အဆင့်သာ ဖြစ်သေးသော ဂိုဏ်းချုပ်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရန် မလိုအပ်ပါချေ။
အနား၌ ငြိမ်သက်စွာ ထိုင်နေသော ချန်းယန်ကို ကြည့်ရင်း ရှချုန်းယင် ခေါင်းကိုက်မိချင်လာခဲ့၏။
လူအိုကြီးတုသည် ပုံမှန်မဟုတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း သူသည် စကားပြောရဆိုရ လွယ်ကူသည့် လူတစ်ယောက် ဖြစ်၏။ သို့သော်လည်း ကောင်းကင်ဂိုဏ်းတော်မှ လူရူးသည် ပြောရဆိုရ လက်ပေါက်ကပ်ပေ၏။ ထိုကဲ့သို့သော ပြဿနာများသည် လူတစ်ယောက် သူတို့ စိတ်ဝိဥာဉ် ကျောင်းတော်သို့ ရုတ်တရက်ကြီး ရောက်ရှိလာခဲ့မှန်း ရှချုးယင် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်မှ တစ်ယောက်ယောက် သူ့အား ရန်စမိလိုက်သည့် အတွက်ကြောင့်တော့ မဟုတ်ရန် မျှော်လင့်ရပေမည်။ ထိုကဲ့သို့သာဆိုလျှင် ရှချုန်းယင် အနေဖြင့် ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများအတွက် ခေါင်းကိုက်ရန် ပြင်ဆင်ထားရပေလိမ့်မည်။
ကောင်းကင်ဂိုဏ်းတော်တွင် လူရူးလေးယောက် ရှိရာ တစ်ယောက်ချင်းစီတိုင်းသည် မသေမျိုး တတိယအဆင့် ပညာရှင်များ ဖြစ်ကြ၏။ ထို့ပြင် သူတို့၏ ဘိုးဘေးသည် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေ၏။ ထို့ကြောင့် ကောင်းကင်ဂိုဏ်းတော်သည် တုန်းရွှမ်လောကကြီးတွင်ပင် အားကောင်းသော အင်အားစု တစ်ခုဖြစ်ကာ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ထက် အဆပေါင်းများစွာ အားကောင်းပေ၏။
သူတို့သာ ထိုကဲ့သို့သော အင်အားစုတစ်ခုကို ရန်စလိုက်မိဆိုပါက မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် အနေဖြင့် အလုံးစုံ ပျက်ကိန်းကို ကြုံရပေလိမ့်မည်။
တစ်ယောက်ချင်း ယှဉ်တိုက်မည်ဆိုလျှင်ပင် ချန်ယန်ကို အနိုင်ယူနိုင်မည်ဟု ရှချုန်းယင် ယုံကြည်ချက် မရှိချေ။
အသာအယာ ချောင်းဟန့်ရင်း ရှချုန်းယင်က မေးလိုက်၏ “ညီအစ်ကိုချန်၊ ကျုပ်တို့ စိတ်ဝိဥာဉ် ကျောင်းတော်က တပည့်တစ်ယောက်ယောက်များ မသိနားမလည်ဘဲ ညီအစ်ကိုချန်ကို ရန်စမိလို့များလား”
“မဟုတ်ဘူး” ချန်းယန်သည် သူ့စကားများလုံးကို ရွှေပမာ တန်ဖိုးထားသည့်အလား တစ်ခွန်းဆို၊ တစ်ခွန်းပင် ပြန်ပြောခဲ့၏။
“အဲ့လိုဆိုရင် ညီအစ်ကိုချန် ဘာလို့ ရောက်လာရလဲ ဆိုတာကို ကျုပ်သိလို့ရမလား” ရှချုန်းယင်က မျက်မှောင်ကြုံ့လိုက်ပြီး လူအိုကြီးတုဘက် အကြည့်လှည့်လိုက်၏။
လူအိုကြီးတုက ရယ်မောလိုက်ပြီး “ဂိုဏ်းချုပ်ရှ ဘာမှစိုးရိမ်နေစရာ မလိုပါဘူး။ ဒီတစ်ကြိမ် ကျုပ်နဲ့ ချန်ယန်က အရေးကြီးကိစ္စတစ်ချို့ရှိလို့ ရောက်လာခဲ့တာ”
“လူအိုကြီးတု ပြောစရာရှိရင် တုန့်ဆိုင်းနေစရာမ လိုပါဘူး” ရှချုန်းယင် အမူအရာ လေးနက်သွားခဲ့၏။
“ကျုပ်တို့က တစ်ယောက်ယောက်ကို ရှာချင်လို့”
“ဘယ်သူလဲ”
“ခင်ဗျားတို့ရဲ့ အကြီးအကဲတွမ့်ဟိုင် ခေါ်သွားတဲ့ စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် ငယ်ငယ်လေးလေ။ လွန်ခဲ့တဲ့ နှစ်လတုန်းက ဂုဏ်သရေရှိဧည့်သည့်အဖြစ် ခန့်မယ်ဆိုပြီး အကြီးအကဲတွမ့်က အဲ့ဆေးပညာရှင်ကို ကျုပ်တို့ ဆေးပညာ အစည်းအရုံးကနေ ခေါ်သွားခဲ့တာလေ”
“အဲ့လိုလား” ရောက်ရောက်ချင်း တွမ့်ဟိုင်ကို တွေ့ချင်သည်ဟု ထိုနှစ်ယောက် မည်သည့် အတွက်ကြောင့် တောင်းဆိုခဲ့မှန်း ရှချုန်းယင် နားလည်သွားခဲ့လေပြီ။ အကြောင်းအရင်းကို သိသွားသော်လည်း ရှချုန်းယင် စိတ်မအေးနိုင်သေး။ ပြုံး၍ ခေါင်းညိတ်လိုက်ပြီး “ဒီကိစ္စလေးက ဘာပြဿနာမှ မရှိပါဘူး။ သူက ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ဂုဏ်သရေရှိဧည့်သည် ဆိုမှတော့ အကြီးအကဲတွမ့်ဟိုင်က သူ့ကို ကောင်းကောင်း ဆက်ဆံမှာပါ”
“အဲ့လိုဆိုရင် အကောင်းဆုံးပဲ။ ကျုပ်သူ့ကို ရှာနေတာ နှစ်လလောက် ရှိနေပြီ” ချန်းယန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
လွန်ခဲ့သည့် နှစ်လအတွင်း ချန်းယန်သည် သူ့ဘိုးဘေး ပေးခဲ့သည့် ရန်ကိုင်၏ ဝေဝါးဝါးပုံစံကို အားကိုး၍ သူ့အား ကျောက်စိမ်းမြို့တွင်း၌ လိုက်လံရှာဖွေခဲ့၏။ သို့သော်လည်း မတွေ့ခဲ့။ နောက်ဆုံး ဆေးပညာရှင် အစည်းအရုံးနား မေးမြန်းကြည့်လိုက်မိရာမှပဲ ရန်ကိုင် ကျောက်တုံးမြို့တော်ထဲ၌ မရှိတော့သည်ကို နားလည်လိုက်၏။
ထိုအချက်ကို ကြားစဉ်က ချန်းယန်က အတော်လေးကို စိတ်ပျက်သွားခဲ့ရ၏။ သူ့ဘိုးဘေးသည် သူ့အား တာဝန်လေး တစ်ခုပေးခဲ့သော်လည်း နှစ်လကြာသည့်တိုင် သူသည် ထိုတာဝန်ကို အောင်မြင်စွာ မလုပ်ဆောင်နိုင်ခဲ့ချေ။ ထို့ကြောင့် ချန်းယန်သည် ရန်ကိုင်ကို ခေါ်သွားခဲ့သော မိုးကြိုးစိတ်ဝိဥာည် ကျောင်းတော်ကိုသာ အပြစ်တင်လိုက်၏။ အပြင် ထုတ်မပြောသော်လည်း မှုန်ကုန်နေသည့် သူ့အမူအရာ အရ ချန်းယန် စိတ်ကောင်းဝင်မနေဘူး ဆိုသည်ကို လူတိုင်း ပြောနိုင်ပေ၏။
“ကောင်းကင်ဂိုဏ်းတော်ရဲ့ အမွေအနှစ်က အရမ်းကို နက်နဲတာလေ။ ဘယ်လိုလုပ်ပြီး စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင်တွေ ရှားပါးနေရတာလဲ။ ညီအစ်ကိုချန်းယန်၊ မင်းငါ့ဆီက လူလုဖို့ ရောက်လာတာဆိုရင် ဒီဂိုဏ်းချုပ် လက်ခံမှာ မဟုတ်ဘူးနော်” ရှချုန်းယင်က ပြုံးကာ ခေါင်းခါရမ်းလိုက်၏။ တစ်ဖက်လူအပေါ် မကျေနပ်၍ ယခုကဲ့သို့ ပြောလိုက်ခြင်း မဟုတ်သော်လည်း ထိုစကားသည် ပြောကိုပြောရမည့် စကားဖြစ်၏။
ထိုစကားကို ကြားသည်နှင့် ချန်းယန်က ခပ်ရှင်းရှင်းသာ ပြန်ပြောလိုက်၏ “သူ့ကို ခင်ဗျားတို့ ဆီကနေ လုယူဖို့လာခဲ့တာ မဟုတ်ဘူး။ ကျုပ်ဘိုးဘေးက သူ့ကို တွေ့ချင်တယ်ဆိုလို့ ကျုပ်ရောက်လာခဲ့တာ”
ရှချုန်းယင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့၏။
တုဝမ်လည်း ခေါင်းခါရမ်းလိုက်ပြီး စိတ်ညစ်နေသည့် အမူအရာဖြင့် ခေါင်းခါရမ်းလိုက်၏။
ရန်ကိုင်တွင် အားကောင်းသည့် နောက်ခံ တစ်ခုရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ကောင်းကင် ဂိုဏ်းတော်ကပင် သူ့အပေါ် စိတ်ဝင်စားလိမ့်မည်ဟု လူအိုကြီးတု မထင်ထားခဲ့ချေ။
ချန်းယန် ဆေးပညာရှင် အစည်းအရုံးသို့ ရောက်လာပြီး ရန်ကိုင်အကြောင်း မေးမြန်သည့် အချိန်၌ လူအိုကြီးတုမှာ တွင်းတစ်တွင်း တူပြီးတော့သာ ပုန်းအောင်းလိုက်ချင်ခဲ့၏။
ရန်ကိုင်သည် ကောင်းကင်ဂိုဏ်းတော်နှင့် အဆက်အသွယ် ရှိမှန်း သိခဲ့လျှင် သူ့အား မည်သည့် အတွက်ကြောင့် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ဆီ လွှတ်လိုက်ရမည်နည်း။
ထိုကဲ့သို့ လုပ်ခြင်းသည် တကယ့်ကို ရူးမိုက်သော လုပ်ရပ်တစ်ခု ဖြစ်ပေ၏။
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သည် ထိုကောင်လေး၏ ဆရာနှင့် အဆက်အသွယ် ရှိသည့်ပုံပင်။ ထို့ကြောင့် ရန်ကိုင် အပြင်လောကသို့ အတွေ့အကြုံ ရှာထွက်သည့်အကြောင်း သိလိုက်ရသည်ချိန် သူ့အား စောင့်ရှောက်ပေးလိုခြင်း ဖြစ်မည်ဟု လူအိုကြီးတု စိတ်ထဲမှ တွေးလိုက်၏။
“ဘာလို့ အခုထိ မလာသေးတာလဲ မသိဘူး။ နှေးလိုက်တာက လိပ်ကျနေတာပဲ” စိတ်ဝိဥာဉ် အသီးကို စားပြီးသည်နှင့် တံခါးဘက်ဆီ ကြည့်ကာ နှုတ်ခမ်းလေးဆူ၍ ပြောလိုက်၏။
ရှချုးယင်က အသာအယာလေး ရယ်မောလိုက်ပြီး “မိန်းမငယ်လေး စိတ်ပူမနေစမ်းပါနဲ့။ တွမ့်ဟိုင်က မကြာခင် ရောက်လာတော့မှာပါ”
“ဘယ်သူက တွမ့်ဟိုင်ကို တွေ့ချင်နေလို့လဲ။ ကျွန်မက ရန်ကိုင်ကို တွေ့ချင်နေတာ။ အဲ့ကောင်စုတ်က အရမ်းကို ရက်စက်တာပဲ။ ကျွန်မကို ဆေးပညာရှင် အစည်းအရုံးထဲ တစ်ယောက်ထဲ ထားခဲ့တယ်။ ဒီတစ်ကြိမ် သူ့ကို သင်ခန်းစာ ကောင်းကောင်းပေးရလိမ့်မယ်” မိနာက ချစ်စဖွယ်ကောင်းစွာ နှာခေါင်းလေး ရှုံ့လိုက်၏။
ရှချုးယင် နှုတ်ခမ်းအစုံ မဲ့ရွှဲ့သွားခဲ့ပြီး ဥာဏ်ရှိရှိဖြင့်သာ ဆိတ်ဆိတ်နေလိုက်တော့၏။
“နင့်အပြုအမူကို ထိန်းဦး” ရှချုန်းယင် ရှက်သွားသည်ကို မြင်သည်နှင့် လူအိုကြီးတုက မိနာကို ကြိမ်းမောင်းလိုက်၏။ လူအိုကြီး၏ ကြိမ်းမောင်းခြင်း ခံလိုက်ရသောကြောင့် မိနာမှာ ပို၍ပင် နှုတ်ခမ်လေး ဆူလိုက်၏။
ထိုအချိန်တွင် အရှိန်အဝါတစ်ခုသည် သူတို့နားသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့လေ၏။
“သူရောက်လာပြီ” ရှနင်းချန်က ပြုံးလိုက်လေ၏။
တစ်ခဏကြာပြီးနောက် တံခါးအပြင်ဘက်မှ တွမ့်ဟိုင်၏ အသံထွက်ပေါ်လာခဲ့၏ “ဂိုဏ်းချုပ်၊ တွမ့်ဟိုင် ရောက်လာခဲ့ပါပြီ”
“ဝင်လာခဲ့” ရှချုန်းယင်က အော်ပြောလိုက်၏။
တွမ့်ဟိုင်လည်း အခန်းထဲသို့ လမ်းလျှောက် ဝင်လာခဲ့လေ၏။ နှုတ်ဆက်ဖို့ လုပ်နေစဉ်မှာပင် အနား၌ ထိုင်နေသော ချန်းယန်နှင့် တုဝမ်တို့ကို ရုတ်တရက် တွေ့လိုက်ရလေ၏။
တွမ့်ဟိုင် စိတ်တင်းကြပ်သွားခဲ့ပြီး ချက်ချင်း လှည့်ပြေးမိချင်သွားခဲ့၏။
ချန်းယန် ဤနေရာ၌ ပေါ်လာခြင်းသည် လုံးဝကို ပုံမှန်မဟုတ်ချေ။ ကောင်းကင်ဂိုဏ်းတော်၏ လူရူး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ချန်းယန်၏ ရက်စက်သော နည်းလမ်းများနှင့် အားကောင်းလှသော ကျင့်ကြံခြင်း အဆင့်အကြောင်း တွမ့်ဟိုင် နားလည်ထားပေ၏။
သို့သော်လည် လူအိုကြီးတုပါ ရောက်နေခြင်းသည် သူ့အားပို၍ အံ့အားသင့်သွားစေခဲ့၏။
တုဝမ်သည် အလွန့်အလွန်ကို ရှားပါးလှသော သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ပေ၏။ လူအိုကြီးတုသည် ဆယ်စုနှစ်တစ်ခု ကြာသည်အထိ ကျောက်တုံးမြို့တော်ထဲတွင်သာ နေလေ့ရှိပြီး ဆေးပညာရှင် အစည်းအရုံးမှ အပြင်ထွက်လေ့ မရှိချေ။ အနီးအနားတွင် ရှိနေသော အဓိက ဂိုဏ်းကြီး လေးဂိုဏ်းစလုံးသည် ၎င်းတို့၏ ဆေးပညာရှင်များအား အနည်းအကျဉ်း သင်ခန်းစား ပို့ချပေးရန် ဂိုဏ်းကြီး လေးဂိုဏ်းစလုံးမှ ကမ်းလှမ်းခဲ့ကြသော်လည်း ကောင်းကင်ဂိုဏ်းတော် တစ်ခုသာ အောင်မြင်ခဲ့လေ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၈၃) အကြောင်းပြချက် ပေးဖို့လိုနေပြီ
————————————————————
ဟုတ်တာပေါ့၊ တွမ့်ဟိုင် အမှန်တကယ် စိုးရိမ်နေသည်မှာ သူသည် လူအိုကြီးတုဆီမှ ရန်ကိုင်ကို မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သို့ ခေါ်လာခဲ့သောကြောင့် ဖြစ်ပေ၏။
လူအိုကြီးတု၏ အဆင့်အတန်းအရ သူသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သို့ လူကိုယ်တိုင် လာရောက်လည်ပတ်နိုင်ချေ မရှိဟု ယခုလေးတင် ရှုချီ ပြောခဲ့သော်လည်း တစ်နာရီလောက် ကြာပြီးနောက် တုဝမ် သူ့ရှေ့၌ ပေါ်လာခဲ့လေ၏။
တွမ့်ဟိုင်မှာ ရင်တဒုန်းဒုန်း ခုန်နေခဲ့၏။ သို့သော် သူ့အမူအရာကို အတတ်နိုင်ဆုံး ဟန်မပျက် ထိန်းထားခဲ့ပြီး အားရပါးရ ရယ်မောလျက် ရှေ့သို့တက်ကာ ယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်လေ၏ “လူအိုကြီးတုကို နှုတ်ဆက်ပါတယ်”
ထို့နောက် ချန်းယန်ဘက်လှည့်ပြီး လက်သီးဆုပ်ကာ “ညီအစ်ကိုချန်းယန်”
တုဝမ်က အသာအယာ ခေါင်းညိတ် ပြလိုက်သော်လည်း ချန်းယန်က ဘာမှ ပြန်မပြောခဲ့ချေ။
ရှချုးယန်က အလျင်အမြန် ဝင်ပြောလိုက်၏ “အကြီးအကဲတွမ့် အလုပ်ကြိုးစားခဲ့တာပဲ။ ထိုင်ပါဦး”
တွမ့်ဟိုင်မှာ ထိုင်သာထိုင်လိုက်သော်လည်း သူ့အမူအရာက ပုံမှန်မဟုတ်။ ကောင်းကင်ဂိုဏ်းတော်မှ ချန်းယန်၏ စူးရှသည့် မျက်ဝန်အစုံသည် သူ့အား တစ်ချိန်လုံး စိုက်ကြည့်နေခဲ့ရာ တွမ့်ဟိုင်မှာ မီးဖိုပေါ် ဖင်ခုထိုင်နေရသလို ခံစားနေခဲ့ရ၏။
တွမ့်ဟိုင် စိတ်ဂယောက်ဂယက် ဖြစ်နေသည်ကို သတိပြုမိပြီးနောက် ချန်းယန်၏ အကြည် ပိုပြီး စူးရှခက်ထန် လာခဲ့လေ၏။
ချောက်ကပ်ကပ်ဖြင့် ရယ်မောလိုက်ပြီး တွမ့်ဟိုင်က အရင်စပြောလိုက်၏ “ဂိုဏ်းချုပ် ကျုပ်ကို ဘာလို့ ခေါ်လိုက်ရတာလဲ ဆိုတာကို သိလို့ရမလား ”
“ဘာမှအရေးမကြီးပါဘူး” ရှချုန်းယင်က ပြုံးကာ “လူအိုကြီးနဲ့ ညီအစ်ကိုချန်းယန်တို့က ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော်မှာ လူတစ်ယောက် ရှာချင်လို့တဲ့”
“လူတစ်ယောက် ရှာချင်တာလား” တွမ့်ဟိုင် ပိုပြီး စိတ်မတည်မငြိမ် ဖြစ်လာခဲ့ရ၏။ သူ့မျက်နှာ အမူအရာ တစ်ချက် ပျက်ယွင်းသွားခဲ့ပြီး အားတင်း ပြုံးလိုက်ကာ မေးလိုက်၏ “ဘယ်သူ့ကို ရှာနေတာလဲ မသိဘူး”
အခြေအနေ ဆိုးရွားလာတော့မည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရ၏။
“ဆေးပညာရှင် အစည်းအရုံးကနေ လွန်ခဲ့တဲ့ နှစ်လတုန်းက မင်းခေါ်သွားခဲ့တယ် လူငယ်လေးလေ” တုဝမ်က ရင်းရင်းနှီးနှီးလေသံဖြင့် ပြောလိုက်၏။
တွမ့်ဟိုင်မှာ အော်ငိုလိုက်ချင်သော်လည်း မျက်ရည်က ကျမလာခဲ့။ သူ့စိတ်ထဲတွင်လည်း ရှုချီ၏ ဆွေစဉ်မျိုးဆက် (၁၈)ဆက်တိုင်တိုင်ကို ကြိတ်၍ ကျိန်ဆဲနေခဲ့လေ၏။ လူအိုကြီးလို လူတစ်ယောက်က မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ကို ရောက်လာနိုင်စရာ အကြောင်းမရှိဟု ယခုလေးတင် သူပြောခဲ့သည် မဟုတ်ပေလော။ ယခု တွမ့်ဟိုင် လုံးဝကို စိတ်ဓါတ်ကျ ကူကယ်ရာ မဲ့နေခဲ့ရ၏။
သူ့စိတ်ထဲ လုံးဝကို ပျာယာခတ်နေသော်လည်း သူ့အတွေးများကို မျက်နှာပေါ် ထုတ်မပြခဲ့။ စိတ်ငြိမ်အောင် လုပ်လိုက်ပြီး ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု အလျင်အမြန် စဉ်းစားလိုက်၏။
“အကြီးအကဲတွမ့်” တွမ့်ဟိုင် စိတ်နှင့်ကိုယ်နှင့် မကပ်သည်ကို သတိပြုမိလိုက်သည်နှင့် အကြီးတုက ခပ်မြန်မြန် အော်ခေါ်လိုက်လေ၏။
“အာ၊အင်း...” တွမ့်ဟိုင်က သူ့အမူအရာကို အမြန်အဆန် ပြန်ထိန်းလိုက်လေ၏။
“မင်းတို့ စိတ်ဝိဥာဉ်ကျောင်းတော်ဆီ ရောက်လာတဲ့ ကျုပ်မိတ်ဆွေလေး ဘယ်လိုနေလဲ” တုဝမ်က စိုးရိမ်တကြီး မေးလိုက်၏။
“အရမ်းကို အဆင်ပြေပါတယ်။ သူ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ရုပ်ချောချော၊ အရည်အချင်းလည်း ရှိတဲ့ မိန်းကလေးတပည့် တစ်ယောက်ကိုတောင် သူ့ဆီ ပို့ထားပေးလိုက်သေးတယ်။ ဂုဏ်သရေရှိဧည့်သည်ရန်က ကျုပ်တို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်အတွက် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတွေ အများကြီးလည်း ဖော်စပ်ပေးပါတယ်”
“အင်း၊ ဆေးပညာနဲ့ ပက်သက်လာရင် မိတ်ဆွေလေးက ဒီလူအိုကြီးထက်တောင် ပိုပြီး တော်နေသေးတယ်”
သူထိုစကား ပြောလိုက်သည်နှင့် ရှချုယင်နှင့် ချန်းယန်တို့ နှစ်ယောက်စလုံး လူအိုကြီးတုအား ထိတ်လန့်တကြား စိုက်ကြည့်လိုက်လေ၏။
“လူအိုကြီး ချဲ့ကား ပြောနေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် မိတ်ဆွေလေးကို အရမ်းကို အဆင့်မြင့်တဲ့ ဆေးပညာရှင် တစ်ယောက် သင်ပေးထားတာလို့တောင် ကျုပ်ယုံကြည်နေတာ”
တွမ့်ဟိုင် မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့၏။ တုဝမ်ပြောခဲ့သည့် စကားများအရ သူအမှားတစ်ခု လုပ်လိုက်မိပြီမှန်း တွမ့်ဟိုင် နားလည်လိုက်၏။
အဲ့ကောင်စုတ်လေးမှာ ဘယ်လိုလုပ်ပြီး အားကောင်းတဲ့ နောက်ခံရှိနေတာလဲ။ သူက ဘယ်အဆင့်မြင့် ဆေးပညာရှင်ရဲ့ တပည့်လဲ။ မဟုတ်ရင် လူအိုကြီးအနေနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး ချီးကျူးရမှာလဲ
ချက်ချင်းဆိုသလို သူ့လက်များ ထုံကျင်လာသည်ကို တွမ့်ဟိုင် ခံစားမိလိုက်ပြီး ချွေးအေးတို့သည်လည်း သူ့ကျောတစ်လျှောက် ရေတံခွန်ပမာ စီးကျလာခဲ့လေ၏။
“ဂုဏ်သရေရှိဧည့်သည်ရန်က အဲ့လောက်တောင် တော်တာလား” ရှချုန်းယင်လည်း စိတ်ဝင်စားသွားခဲ့ပြီး “ဒီလိုထူးချွန်တဲ့ ဆေးပညာရှင် တစ်ယောက်ကို ခေါ်ယူနိုင်တာ ကျုပ်တို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် အတွက် ကံကောင်းမှုတစ်ခုပဲ။ တွမ့်ဟိုင်၊ အဲ့လူငယ်လေးကို ကောင်းကောင်း ဆက်ဆံနော်။ သူ့ကို အကောင်းဆုံးဆိုတဲ့ အရင်အမြစ်တွေပဲ ပေးထားလိုက်။ မဟုတ်ရင် ညီအစ်ကိုချန်းယန်က သူ့ကို ငါတို့ဆီကနေ လုယူလိမ့်မယ်”
တွမ့်ဟိုင် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ခါသွားခဲ့ပြီး ရယ်မောလျက် ခေါင်းညိတ်ပြလိုက်လေ၏ “ဂိုဏ်းချုပ် ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်”
“ဒါနဲ့၊ သူဘယ်မှာလဲ။ လူအိုကြီးတုနဲ့ ညီအစ်ကိုချန်တို့ နှစ်ယောက်စလုံး သူ့ကို တွေ့ချင်နေကြတာ။ တွမ့်ဟိုင်၊ အဲ့လူငယ်လေးကို မြန်မြန် ဖိတ်ခေါ်လိုက်စမ်း” ရှချုန်းယင်က မျှော်လင့်တကြီးဖြင့် ပြောလိုက်၏။ လူအိုကြီးတု ပြောသည်ကို ကြားပြီးနောက် သူလည်း ထိုလူငယ် ဆေးပညာရှင်ကို အတော်လေး တွေ့ချင်နေမိ၏။
တွမ့်ဟိုင် နဖူးထက် ချွေးသီးတို့ စိုးရွှဲလာခဲ့ပြီး နေရာတွင်သာ ကျောက်ရုပ်ကြီးတစ်ရုပ်မာ ရပ်နေခဲ့၏။
“မင်းဘာထိုင်နေသေးတာလဲ” ရှချုန်းယင်က မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ဂိုဏ်းချုပ်...” တွမ့်ဟိုင် အမူအရာ ရှုံမဲ့သွားခဲ့ပြီး မနည်းအားတင်းကာ ပြောလိုက်ရလေ၏ “အခု လောလောဆယ်... သူဒီကိုလာဖို့... အဆင်မပြေ လောက်သေးလောက်ဘူး”
“ဘာလို့ အဆင်မပြေရတာလဲ” တွမ့်ဟိုင် ရောက်လာကတည်းမှ စကားတစ်ခွန်းပင် ဝင်မပြောခဲ့သော ချန်းယန်က ရုတ်တရက် အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်၏။
တွမ့်ဟိုင်၏ အပြုအမူနှင့် ပုံမှန်မဟုတ်သည့် လေသံကြောင့် တစ်ခုခု မှားနေသည်ကို ချန်းယန် သတိပြုမိလိုက်၏။ ချက်ချင်းပဲ တွမ့်ဟိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်၏ “သူမတော်တဆ တစ်ခုခုများ ဖြစ်သွားတာလား”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ သူဘာမတော်တဆမှ မဖြစ်ဘူး” တွမ့်ဟိုင်က အလျင်စလို လက်ဝှေ့ရမ်းလိုက်ပြီး “သူအခု လောလောဆယ် လာဖို့ အဆင်မပြေသေးတာ တစ်ချက်ပဲ”
“တွမ့်ဟိုင်” ရှချုန်းယင်လည်း စိတ်ညစ်သွားခဲ့ပြီး “မင်းဘာပြောချင်နေတာလဲ။ လူအိုကြီးတုနဲ့ ညီအစ်ကိုချန်က မိတ်ဆွေလေးကို တွေ့ဖို့သက်သက်နဲ့ ဒီလောက် အဝေးကြီးကနေ လာခဲ့တာကို မင်းဘာလို့ ခေါင်းမာမာနဲ့ ငြင်းနေရတာလဲ။ ဒါက ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်က ဖော်ရွေလေးစားမှု ပြသတဲ့ ပုံစံမဟုတ်ဘူးနော်”
“ဂိုဏ်းချုပ်...”
“သူအခုဘယ်မှာလဲ” ရှချုန်းယင်က စိတ်မရှည်သည့် အမူအရာနှင့် မေလိုက်၏။
ဝေ့လည်ကြောင်ပတ် လုပ်နေလျှင် ပိုအခြေအနေ ဆိုးလာမည်မှန်း သိလိုက်သည်နှင့် တွမ့်ဟိုင် အံတင်းတင်း ကြိတ်လိုက်ပြီး ပြန်ပြောလိုက်၏ “လေမျက်လုံးမှာပါ”
“သူဘာလို့ လေမျက်လုံးဆီ ရောက်နေတာလဲ” လူအိုကြီးတု အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေ၏။
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ လေးမျက်လုံးနှင့် မိုးကြိုးမျက်လုံး အကြောင်းကို လူအိုကြီးတု ကြားဖူးပေ၏။ ထိုနေရာနှစ်ခုသည် လေဓါတ်၊ မိုးကြိုးဓါတ် ကျင့်စဉ်နှင့် သိုင်းပညာရပ်များကို လေ့ကျင့်သူများအတွက် ထွတ်မြတ် နယ်မြေများ ဖြစ်ကြသော်လည်း ဆေးပညာရှင် တစ်ယောက်ဖြစ်သော ရန်ကိုင်သည် မည်သည့် အတွက်ကြောင့် လေမျက်လုံးဆီ ရောက်နေရသနည်း။
“အစောပိုင်းတုန်းက လေးမျက်လုံးဆီက စွမ်းအားကို သုံးပြီး ဆေးလုံးတစ်လုံး ဖော်စပ်ချင်တယ် ပြောလို့ ကျုပ်လည်း သူ့ကို လေမျက်လုံးဆီ ခေါ်သွားပေးလိုက်တာ” တွမ့်ဟိုင်က စိတ်ထဲ ပေါ်လာသည့် အကြောင်းပြချက်တစ်ခု ကောက်ပေးလိုက်၏။
ချန်းယန်က လူအိုကြီးတုဘက်ဆီ လှည့်ကြည့်လိုက်၏။
တုဝမ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဖြစ်နိုင်လောက်တယ်။ အချို့ ဆေးပညာရှင်တွေက မိုးမြေစွမ်းအားကို အကူအညီယူပြီး ဆေးဖော်တတ်ကြတယ်။ အဲ့လိုဆိုရင် တစ်ခါတစ်ရံကျ တစ်ဝက်လောက် အားစိုက်ထုတ်လိုက်ရုံနဲ့ နှစ်ဆလောက် အကျိုးပြန်ရတတ်တယ်လေ။ ဒါပေမယ့် အဲ့လိုလုပ်ဖို့က လွယ်တာမဟုတ်ဘူး။ မိတ်ဆွေးလေးရန်ရဲ့ အရည်အချင်းက တကယ်ကို ချီးကျူးဖို့ ထိုက်တန်တာပဲ”
ယခုမှပင် တွမ့်ဟိုင် သက်ပြင်းချလိုက်နိုင်၏။ သူပေးလိက်သည် ကြုံရာအကြောင်းပြချက်သည် အနည်းဆုံး အသုံးကျနေသေးသည်ကို နားလည်လိုက်လေ၏။
“လောလောဆယ် သူက လေမျက်လုံး အကူအညီနဲ့ ဆေးဖော်စပ်နေတယ်ဆိုတော့ ညီအစ်ကိုရန်နဲ့ လူအိုကြီးတို့ ကျုပ်တို့ စိတ်ဝိဥာဉ်ကျောင်းတော်မှာ ခဏနားပြီး စောင့်လိုက်ပါလား” ရှချုန်းယင်က လူအိုကြီးတုနှင့် ချန်းယန်ကို မေးလိုက်၏။
လူအိုကြီးတုက အသာအယာ ပြုံးလိုက်ပြီး “ဒီလူအိုကြီးက ကိစ္စမှရှိဘူး။ ချန်းယန် မင်းဘယ်လိုထင်လဲ”
“ကျုပ်သူ့ကို အခုတွေ့ချင်တယ်” ချန်းယန်က ပြတ်ပြတ်သားသားကို ပြောလိုက်၏။
ရှချုန်းယင်က ကိုးယိုးကားယား အမူအရာဖြင့် ရယ်မောလိုက်ပြီး “ညီအစ်ကိုချန်းယန်၊ လေးမျက်လုံးနဲ့ မိုးကြိုးမျက်လုံးက ငါတို့ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ တားမြစ်နေရာတွေ ဖြစ်တယ်ဆိုတာကို မင်းလည်း ကြားဖူးလောက်မှာပေါ့။ အပြင်လူတွေ ဆိုရင် အထဲဝင်ခွင့်ကို မပေးတာ။ ငါတို့သာ ရုတ်တရက်ကြီး အုံလိုက်ကျင်းလိုက် သွားလိုက်ရင် ဂုဏ်သရေရှိ ဧည့်သည်ရန် ဆေးဖော်စပ်တာကို အနှောင့်အယှတ် ပေးနိုင်တယ်နော်။ ရက်နည်းနည်းလောက် ဘာလို့ ထပ်မစောင့်လိုက်တာလဲ”
“ဘာတားမြစ်နေရာလဲ” ချန်းယင်က အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်၏။ ဘာအပိုစကားမှ ထပ်ပြောမနေတော့ဘဲ သူ့ကောင်းကင်စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်လိုက်ပြီး လေမျက်လုံးရှိသည့် နေရာဆီ ချက်ချင်း ပြေးထွက်သွားလိုက်လေ၏။
“ဟေး၊ ညီအစ်ကိုချန်းယန်” တွမ့်ဟိုင် ထိတ်လန့် သွားခဲ့ပြီး ချန်းယန်ကို တားဖို့လုပ်ခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ရ၏။
“ဒီဦးလေးက တကယ်ကို စိတ်လောတာပဲ” လောကကြီးတစ်ခုလုံး ပရမ်းပတာ မဖြစ်မှာကို ကြောက်နေသည့် မိနာသည် ချန်းယန် ပြေးထွက်သွားသည်ကို မြင်သည်နှင့် တုဝမ်ကို စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်လေ၏ “လူအိုကြီးတု၊ ကျွန်မတို့လည်း သွားကြမယ်လေ”
လူအိုကြီးတုသည် ရှချုန်းယင်ဆီ တစ်ချက် လှမ်းကြည့်လိုက်၏။ သို့သော် တစ်ဖက်လူ မျက်နှာ အမူအရာ မကောင်း။ ချန်းယန်သည် သူ့အား နည်းနည်းမျှပင် မျက်နှာသာ မပေးဘဲ တဇွတ်ထိုး လုပ်သွားခဲ့ရာ ရှချုန်းယင် စိတ်မပျက်ဘဲ နေမည်လော။ သို့သော် ချန်းယန်သည် သွားနှင့်ပြီဖြစ်ရာ ဒေါသထွက်နေ၍လည်း အကျိုးမထူးတော့။ ထို့ကြောင့် ခေါင်းသာ ညိတ်လိုက်ပြီး ပြောလိုက်၏ “ကျုပ်တို့လည်း တစ်ချက် သွားကြည့်ကြတာပေါ့”
ပြောပြီးသည်နှင့် ရှချုန်းယင်လည်း မတ်တပ်ရပ်လိုက်၏။
“အဲ့လိုဆိုမှတော့ ဂိုဏ်းချုပ်ရှကိုပဲ ကြိုပြီး ကျေးဇူးတင်ထားရတော့မှာပေါ့” တုဝမ်က တောင်းပန်လိုက်၏။
“လူအိုကြီးတုက အရမ်း ယဉ်ကျေးနေတာပဲ” ရှချုန်းယင် အနေဖြင့် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ကို ဒေါသထွက်ထွက်နှင့် သွားအပြစ် မတင်ရဲချေ။
ဤသို့ဖြင့် ထိုအဖွဲ့သည် ချန်းယန်နောက် အလျင်အမြန် ပြေးလိုက်သွားကြလေ၏။
ယခုအချိန်၌ တွမ့်ဟိုင်မျက်နှာ လုံးဝကို ဖြူလျော်နေခဲ့၏။ သူ့စိတ်တစ်ခုလုံးသည်လည်း ကသောင်းကနင်း ဖြစ်နေခဲ့၏။ ထိုလူများအား တစ်ရက်၊ နှစ်ရက်လောက် အချိန်ဆွဲထားပြီး ထိုအချိန်အတွင်း မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်မှ ထွက်ပြေးရန် စီစဉ်ထားခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သူသာ ယခုနေ ထွက်သွားရန် ကြိုးစားပါက ပို၍ သံသယဝင်စရာ ကောင်းသွားနိုင်ပေ၏။
ဤသိုဖြင့် တွမ့်ဟိုင်သည် စိတ်နှင့်ကိုယ် မကပ်နိုင်ဘဲ အတွေးဝေနေရင်း ရှချုန်းယင်၊ တုဝမ်တို့ နောက်မှ လိုက်သွားခဲ့၏။
ခဏအကြာ၌ လေမျက်လုံးရှိရာဆီသို့ အားလုံး ရောက်လာခဲ့၏။
တဝဲလည်လည် လည်နေသော စွမ်းအင် အစုအဝေးကို စိုက်ကြည့်ရင်း ချန်းယန် မျက်နှာ ပျက်သွားခဲ့ရ၏။ ထိုလေမျက်လုံးဆီမှ ထွက်ပေါ်နေသော အဖျက်စွမ်းအင်သည် သူ့ကိုပင် ကြောက်ရွံ့မိစေ၏။
ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်သော်လည်း ရန်ကိုင် အရိပ်အယောင်ကို မမြင်တွေ့ရသဖြင့် ချန်းယန် အမူအရာ အရုပ်ဆိုးသွားခဲ့ရ၏။
အနားတွင် တစ်ချိန်လုံး ရပ်စောင့်နေသော ရှုချီသည် ရုတ်တရက် ရောက်ရှိလာသော လူအုပ်ကြီးကြောင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ရ၏။ ရှချုန်းယင်နှင့် တုဝမ်တို့ကို မြင်လိုက်သည်နှင့် ရှုချီနှလုံး လည်ချောင်းထဲမှ ခုန်ထွက်လုမတတ် ဖြစ်သွားခဲ့၏။ အလျင်အမြန် တည်ငြိမ်ချင်ယာင် ဆောက်လိုက်ကာ ရှေ့တက်၍ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပြီး တွမ့်ဟိုင်ကို မေးလိုက်၏ “စီနီယာအစ်ကို ဘာတွေ ဖြစ်နေတာလဲ”
“လူအိုကြီးတုနဲ့ ချန်းယန်တို့က ဂုဏ်သရေရှိ ဧည့်သည်ရန် ဆေးဖော်စပ်တာကို လာလေ့လာကြတာ” တွမ့်ဟိုင်က သာမန် လေသံအတိုင်း ပြန်ပြောလိုက်၏။
ရှုချီ မျက်တောင်လေး တစ်ချက်နှစ်ချက်လောက် ခတ်လိုက်ပြီးနောက် တွမ့်ဟိုင် စကားထဲမှ ဆိုလိုရင်းကို နားလည်သွား၏။
သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာကြာအောင် အတူတူ အလုပ်လုပ်လာခဲ့ရာ တစ်ဖက်လူ ဘာတွေးနေသည်ကို ထုတ်မပြောဘဲ နားမလည်နိုင်သော်ငြား တွမ့်ဟိုင်ပြောလိုက်သော ရိုးရှင်းသည့် စကားလုံးများသည် သူဘာပြောချင်နေလဲ ဆိုသည်ကို ရှုချီအား နားလည်သွားစေခဲ့၏။
“သူဘယ်မှာလဲ” ချန်းယန်က သုန်မှုန်နေသည့် အမူအရာဖြင့် တွမ့်ဟိုင်ဘက်လှည့်ပြီး မေးလိုက်၏။
တွမ့်ဟိုင်က ပါးစပ်ဟပြီး ပြောရန် လုပ်လိုက်သော်လည်း ဘာပြောရမှန်း မသိဖြင့် ရှုချီဘက် လှည့်လိုက်ပြီး “ဂျူနီယာညီလေး၊ ဂုဏ်သရေရှိ ဧည့်သည်ရန်ကော။ ငါလာတုန်းက သူဒီမှာပဲ ရှိနေပါသေးတယ်”
ရှုချီကလည်း တွမ့်ဟိုင် ခင်းသည့်ဇာတ်အတိုင်း အတွဲညီညီ လိုက်ကပေးလိုက်၏ “လေမျက်လုံး အတွင်းပိုင်းထဲမှာ ဆေးဖော်စပ်ရင် သူ့အတွက် ပိုပြီး အဆင်ပြေလိမ့်မယ် ဆိုပြီးတော့ အတွင်းပိုင်းထဲကို ဝင်သွားတာလေ”
“အတွင်းပိုင်းထဲကို ဝင်သွားတာလား” အားလုံး အလန့်တကြား အော်ဟစ်လိုက်ကြပြီး သူတို့၏ အမူအရာ ဖြူလျော်သွားခဲ့ရလေ၏။
“အတွင်းပိုင်းထဲကို ဘယ်လိုလုပ်ပြီး ဝင်သွားနိုင်တာလဲ” လူအိုကြီးတု၏ နှုတ်ခမ်းအစုံ တဆတ်ဆတ် လှုပ်ခါနေခဲ့ပြီး “အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်မှာပဲ ရှိသေးတာကို မေ့ထားလိုက်ဦး။ မသေမျိုး တတိယဆင့် ဖြစ်ရင်တောင် လေမျက်လုံးထဲရဲ့ အတွင်းပိုင်းထဲကို ဝင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာနဲ့ အတူတူပဲ။ မင်းတို့ သူ့ကို ဘာလို့ အဲ့လို လုပ်ခွင့်ပေးလိုက်ရတာလဲ”
ရှုချီက ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလိုက်ပြီး “သူ့ကိုယ့်သူ ကာကွယ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်လို့ ဂုဏ်သရေရှိ ဧည့်သည်ရန်က ပြောလာတော့ ကျုပ်လည်း သူ့ကို မတားလိုက်နိုင်ဘူး ဖြစ်သွားတယ်”
“ဒါ...ဒါ...” တုဝမ်မျက်နှာ စိုးရိမ်မှုကြောင့် ဖြူလျော်သွားခဲ့ရ၏။
ချန်းယန်ကမူ ဘာမှမပြောဘဲ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ လေမျက်လုံး အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်၏။ သို့သော်လည်း ခဏအကြာ၌ နာနာကျင်ကျင် အော်ဟစ်ရင်း ယိုင်တိယိုင်တိုင်ဖြင့် နောက်ပြန်ဆုတ်လိုက်ရကာ သူ့မျက်နှာသည်လည်း ဖြူလျော်သွားခဲ့ရ၏။
ကောင်းကင်စိတ်အာရုံကိုသုံး၍ လေမျက်လုံး အတွင်းပိုင်းကို စစ်ဆေးကြည်ရန် ကြိုးစားခဲ့သဖြင့် ဒဏ်ရာအချို့ ရသွားခဲ့ရခြင်း ဖြစ်ပေ၏။
ချန်းယန် မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး တွမ့်ဟိုင်နှင့် ရှုချီတို့အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ “သူ့ဘာသာ ဝင်သွားတာလား။ မင်းတို့ ပစ်ထည့်လိုက်တာလား”
ရှချုန်းယင် မျက်မှောင်ကြုံ့လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်လေ၏ “ညီအစ်ကိုချန်၊ မင်းဘာပြောချင်နေတာလဲ။ ငါတို့ စိတ်ဝိဥာဉ် ကျောင်းတော်ရဲ့ အကြီးအကဲက ဂုဏ်သရေရှိ ဧည့်သည်ရန်ကို ဒုက္ခပေးမယ်လို့ မင်းထင်နေတာလား”
ချန်းရန်က အေးစက်စွာ ပြုံးလိုက်ပြီး သိမ်းငှက် မျက်လုံးများပမာ စူးရှသော မျက်ဝန်းများဖြင့် တွမ့်ဟိုင်နှင့် ရှုချီတို့ကို စိုက်ကြည့်လိုက်၏။ သူ့ဆီမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည်လည်း တဖြည်းဖြည်း ပြင်းထန်သထက် ပြင်းထန်လာနေခဲ့၏။
တွမ့်ဟိုင်နှင့် ရှုချီတို့ နှစ်ယောက်စလုံး ချန်းယန်နှင့် အကြည့်ချင်း မဆိုင်ရဲသဖြင့် အောက်သို့သာ အကြည့်လွှဲနေခဲ့ရ၏။
ထိုအခြင်းအရာကို သတိပြုမိသည်နှင့် လူအိုကြီးတုလည်း အမူအရာ ပျက်သွားခဲ့ရ၏။
ထိုလူအားလုံသည် အားကောင်းပြီး အတွေ့အကြုံရှိသည့် ပညာရှင်များ ဖြစ်လေရာ သူတို့ထဲက ဘယ်သူကမှ ငတုံးမဟုတ်ကြချေ။ တွမ့်ဟိုင်နှင့် ရှုချီသည် တစ်လေသံတည်း ထွက်နေသော်ငြား သူတို့၏ လုပ်ဇာတ်သည် ပြီးပြည့်စံခြင်း မရှိချေ။ ယခု အားလုံသည် သဲလွန်စ အချို့ကို မြင်တွေ့သွားခဲ့လေပြီ။
“ဘာတွေ ဖြစ်သွားခဲ့တာလဲ” ရှချုန်းယင် အမူအရာ သုန်မှုန်သွားခဲ့ပြီး အကြီးအကဲနှစ်ယောက်ကို အေးစက်စက် အကြည့်ဖြင့် မေးခွန်းထုတ်လိုက်လေ၏ “ညီအစ်ကိုချန်း ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ကို စွပ်စွဲတာမျိုးက လုံးဝကို မဖြစ်သင့်တာ။ ဒီတော့ မင်းတို့ နှစ်ယောက်ကို ငါ့ကို သေသေချာချာ ရှင်းပြဖို့လိုနေပြီ”
“ဂိုဏ်းချုပ် ကျေးဇူးပြုပြီး နားလည်ပေးပါ” တွမ့်ဟိုင်က အသံကျယ်ကျယ်နှင့် ပြန်ပြောလိုက်လေ၏ “ဂုဏ်သရေရှိဧည့်သည်ရန်ရဲ့ ဆေးပညာက ဒီလောက်တောင် ထူးချွန်နေတာ သူ့ကို ပစားမပေးရင်တောင်မှ ဘာလို့ ဒုက္ခပေးရမှာလဲ”
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၈၄) လေးမျက်လုံး ပျက်စီးတော့မည်လော
————————————————————
ရှုချီလည်း ဝင်ပြောလိုက်၏ “ကျုပ်တို့ အမှန်ကို ပြောနေတာပါ ဂိုဏ်းချုပ်ရယ်။ သူ့ဘာသာ လေမျက်လုံးထဲ ဝင်သွားခဲ့တာပါ။ ကျုပ်တို့ အသည်းအသန် တားနေတဲ့ ကြားထဲကိုမှ သူ့ဘာသာ အထဲကို ဝင်သွားခဲ့တာပါ”
ချန်းယန် ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ဟန်ဆောင်ပြုံး ပြုံးလျက် “အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့။ မဟုတ်ရင် မင်းတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် တစ်ခုလုံးကို အမြစ်ပြတ် ဖျက်စီးခံရမှာ”
ရှချုန်းယင်က ချန်းယန်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး “ညီအစ်ကိုချန်းယန်။ ဒါက ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ပိုက်နက်နော်။ မင်းစကား မင်းသတိထား”
“တော်လောက်ပြီ” လူအိုကြီးတုက နှာခေါင်းရှုံ့လိုက်၏။ ရန်ကိုင် လေမျက်လုံးထဲ ဝင်သွားသည်ကို ကြာပြီးနောက် သူလည်း စိတ်ပျော်မနေခဲ့။ သို့သော် အမှန်တရားသည် မည်သို့ပင် ဖြစ်နေပါစေ လက်ရှိအချိန်၌ ရန်ကိုင်သည အန္တရာယ် တွင်းထဲသို့ ရောက်နေခဲ့လေ၏။ ပိုဆိုးသည်ကား ရန်ကိုင်ကို မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သို့ သွားရန် အကြံပေးခဲ့သူသည် သူကိုယ်တိုင်ပင် ဖြစ်နေခဲ့၏။
“အခု မိတ်ဆွေလေးရန်ကိုင် အန္တရာယ်ရှိမရှိ သိရဖို့က ပိုပြီး အရေးကြီးတယ်။ ချန်းယန်၊ မင်းကြည့်လိုက်တုန်းက ဘာတွေ့ခဲ့လဲ” တုဝမ်က ချန်းယန်ဘက်လှည့်ပြီး မေးလိုက်၏။
“သူအသက်ရှင်နေတုန်းပဲ။ ဒါပေမယ့် သူ့အရှိန်အဝါက ကသောင်းကနင်း ဖြစ်နေတယ်။ ဆေးဖော်စပ်နေတဲ့ ပုံစံနဲ့ နည်းနည်းမှ မတူဘူး” ချန်းယန်က ခပ်ပြတ်ပြတ်သာ ပြောလိုက်၏။
တုဝမ်မျက်နှာ ပို၍ အရုပ်ဆိုးသွားခဲ့ပြီး ရှချုန်းယင်ကို စိမ်းစိမ်းကားကား ကြည့်လိုက်ကာ “ဂိုဏ်းချုပ်ရှရေ၊ မိတ်ဆွေးလေးရန်ကိုင်ကို မင်းတို့ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော် လက်ထဲထည့်ပေးလိုက်မိတာ မှားပြီနဲ့ တူတယ်။ ဒီအဖြစ်အပျက်ကနေ ကံကောင်းထောက်မပြီး အသက်ရှင်သန်ခဲ့ရင် သူ့ကို ဆေးပညာရှင် အစည်းအရုံးဆီ ပြန်ခေါ်သွားတော့မယ်။ ဂိုဏ်းချုပ်ရှ မကန့်ကွက်ဘူးလို့ ငါမျှော်လင့်ပါတယ်”
ရှချုန်းယင် မျက်နှာ ရှုံ့မဲ့သွားခဲ့သော်လည်း ခေါင်းတော့ ညိတ်ပြလိုက်သေး၏။ တုဝမ်က ထိုကဲ့သို့ ပြောလာမှဖြင့် ရန်ကိုင်ကို ခေါ်ထားရန် ကြိုးစားလျှင်ပင် အောင်မြင်နိုင်ချေသည် သုညရာခိုင်နှုန်း နီးပါးသား ရှိ၏။ ထို့ကြောင့် ရှချုန်းယင်မှာ ကြိတ်မနိုင်ခဲမရဖြစ်ကာ အံတင်းတင်းကြိတ်၍ တွမ့်ဟိုင်နှင့် ရှုချီတို့အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အော်ဟစ်ဆူပူလိုက်လေ၏ “မင်းတို့ ဘယ်လိုတွေတောင် လုပ်လိုက်တာလဲ။ ဂုဏ်သရေရှိ ဧည့်သည့်တစ်ယောက်ကိုတောင် မစောင့်ကြည့်နိုင်ဘူး။ သောက်သုံးမကျလိုက်တာကွာ။ မင်းတို့ကို ငါ့မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်မှာ အကြီးအကဲ ခန့်ထားလို့ကော ဘာထူးဦးမှာလဲ”
“အဲ့ဒါ သူ့ဘာသာ...” ရှုချီမှာ ပြန်ငြင်းရန် ကြိုးစားလိုက်၏။
သို့သော် တွမ့်ဟိုင်ကမူ ခေါင်းခါရမ်းလျက် သက်ပြင်းသာ ချလိုက်၏။
လူအိုကြီးတုနှင့် ချန်းယန်တို့သာ ရက်နည်းနည်း စောပြီး ရောက်လာခဲ့လျှင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော် သူတို့သည် သူနှင့်ရှုချီတို့ လှုပ်ရှားပြီး မကြာခင်မှာပဲ ရောက်လာခဲ့၏။ သူတို့၏ ကံသည်ပဲ အရမ်းဆိုးရွားနေခြင်းလား၊ ရန်ကိုင် ကံပဲ ထိုမျှ ကောင်းနေခြင်းလား။
အားလုံးသည် မတ်တပ်ရပ် စောင့်ဆိုင်းနေခဲ့ကြပြီး မည်သူမှ စကားစမပြောခဲ့။
ရှုချီနှင့် တွမ့်ဟိုင်တို့ အဆက်မပြတ် အကြည့်ချင်း ဖလှယ်နေခဲ့ကြ၏။ သူတို့ မည်မျှ ဆိုးရွားသော အခြေအနေထဲ ရောက်နေသည်ကို နှစ်ယောက်စလုံး ကောင်းကောင်း နားလည်ထားကြ၏။
ထိုကောင်စုတ်လေးသည် လေမျက်လုံးထဲမှ ကျိန်းသေ အသက်ရှင်လျက် ထွက်လာလိမ့်မည် မဟုတ်ချေ။ သူတို့ သိချင်နေသည်ကား ထိုကောင်စုတ်လေးသာ သေသွားခဲ့လျှင် တုဝမ်နှင့် ချန်းယန်တို့ ဘာလုပ်မည် ဆိုသည်ကိုပင်။
ချန်းယန်ပင် မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်နေသည် ဆိုသည်ကို သူတို့ တကယ် မသိချေ။ အခြေအနေ တစ်ခုလုံးသည် ကောင်းကင်ဂိုဏ်းတော်နှင့် ဘာမှမသက်ဆိုင်သည့် ပုံပင်။
ထိုအချိန်အတွင်း လေမျက်လုံးထဲ၌...
ရန်ကိုင်သည် လွန်စွာကိုမှ ပြင်းထန်လှသော နာကျင်မှုကို တောင့်ခံနေခဲ့ရ၏။ နေရာအနှံ့ ရှိနေသော လေဓါးများသည် သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် လှီးဖြတ်နေသဖြင့် သူ့အဝတ်အစားများ တစ်စစီ ဖြစ်ကုန်ပြီး သူ့တစ်ကိုယ်လုံးသည်လည်း သွေးချင်းနီနေခဲ့လေ၏။
သူ့အစစ်အမှန်ချီ ပိတ်လှောင်ခံထားရသဖြင့် ရန်ကိုင်သည် ထိုလေဓါးများကို ကာကွယ်ရန် သူ့ခန္ဓာကိုယ်ကိုသာ အားကိုးရတော့၏။
နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ချက်ချင်း အသုံးမပြုသေးဘဲ သူ့ပခုံးသားထဲရှိ လေမိုးကြိုး တောင်ပံများကိုသာ အာရုံစိုက်ထားခဲ့၏။
ဘေးပတ်ဝန်းကျင်ရှိ သိပ်သည်း ပေါကြွယ်ဝလှသော လေစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲ အဆက်မပြတ် စီးဝင်နေခဲ့ပြီး ထိုစီးဝင်လာသော လေစွမ်းအင်များကို လေမိုးကြိုးတောင်ပံများက အဆက်မပြတ် စုပ်ယူနေခဲ့၏။
စဉ်ဆက်မပြတ် ပေါက်ကွဲထွက်လာနေသော နာကျင်မှု လှိုင်းတံပိုးများကြောင့် ရန်ကိုင် မျက်နှာတစ်ခုလုံး တွန့်လိမ် ရှုံ့မဲ့နေခဲ့လေ၏။
သူစုပ်ယူနေသော လေစွမ်းအင်များသည် သူခန္ဓာကိုယ်ထဲ ထကြွသောင်းကျန်းနေခဲ့သဖြင့် သူ့အသားစိုင်များကို တစ်စစီ စုတ်ဖြဲနေသလို ရန်ကိုင် ခံစားနေခဲ့ရ၏။
အရမ်းကိုမှ နာကျင်နေသော်လည်း ရန်ကိုင်သည် အံတင်းတင်းကြိတ်၍ အသံတစ်ချက်ပင် မထွက်ဘဲ ဘေးပတ်ဝန်းကျင်မှ လေးစွမ်းအင်များကို စုပ်ယူမြဲ စုပ်ယူနေဆဲ။
ဤအရာသည် လေမိုးကြိုးတောင်ပံများအား သန့်စင်နိုင်မည့် အခွင့်အရေး ဖြစ်သည်ဟု ရန်ကိုင်စိတ်ထဲ ရေးတေးတေးလေး ခံစားမိနေသည်ကိုး။
ထိုလေးမိုးကြိုးတောင်ပံများ မည်သည့် နေရာမှ ရောက်လာသည်၊ မူရင်းပိုင်ရှင် ဘယ်သူဖြစ်သည် ဆိုသည်ကို သူတို့ မသိဟု ဟန်ဖေးနှင့် လီရုန်တို့ သူ့ကို ပြောခဲ့ဖူး၏။ ပိုင်ရှင်ပေါင်း များစွာ ပြောင်းလဲပြီးမှ ထိုလေမိုးကြိုးတောင်ပံသည် ဟန်ဖေး လက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုလေးမိုး တောင်ပံများကို သန့်စင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ဟန်ဖေးနှင့် လီရုန်တို့ နှစ်ယောက် စလုံး မအောင်မြင်ခဲ့။
တွမ့်ဟိုင်နှင့်ရှုချီ သူ့အား လေမျက်လုံး အနီးသို့ ခေါ်လာစဉ်က သူ့ပခုံးထဲတွင် ရှိနေသော လေမိုးကြိုး တောင်ပံတို့ ထကြွသောင်းကျန်းလာသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ ထို့ကြောင့် တွမ့်ဟိုင် သူ့အား လေမျက်လုံးအတွင်းသို့ ပစ်ထည့်ရန် ကြိုးစားနေစဉ်က နည်းနည်းလေးပင် ခုခံရန် မကြိုးစားခဲ့ခြင်းပင်။
ယခု သူ့အလောင်းအစား နိုင်သွားသည့် ပုံပင်။
အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေသော လေမိုးကြိုးတောင်ပံများသည် ဘေးပတ်ဝန်ကျင်မှ လေစွမ်းအင်များ၏ အားဖြည့်မှုကြောင့် ပြန်လည် အသက်ဝင်လာတော့မည် အရိပ်အယောင်များ ပြသလာခဲ့လေပြီ။ ဘေးပတ်ဝန်းကျင်မှ လေစွမ်းအင်များကို လေမိုးကြိုးတောင်ပံများ စုပ်ယူသည့် အမြန်နှုန်းသည် အချိန်နှင့်အမျှ ပိုမိုမြန်ဆန်လာခဲ့လေရာ ရန်ကိုင်၏ အားကောင်းလှသော ခန္ဓာကိုယ်ပင် တောင့်မခံနိုင်သည့် အဆင့်ထိ ရောက်ရှိလာခဲ့လေ၏။
သူ့အသားစိုင်တို့ အဆက်မပြတ် ဖျက်စီးခံနေရပြီး လေဓါတ်စွမ်းအင်များသည် သူ့ကိုယ်ထဲသို့ တရဟော စီးဝင်နေခဲ့၏။
ရန်ကိုင်လည်း တုန့်ဆိုင်းမနေရဲတော့ဘဲ အနက်ရောင် စာအုပ်ထဲမှ ဆေးပေါင်းရည်တစ်စက်ကို ထုတ်ယူပြီး အလျင်စလို မျိချလိုက်၏။
သူ့ဝမ်းဗိုက် တစ်ခုလုံး နွေးတေးတေးလေး ဖြစ်သွားခဲ့ပြီး ထိုမှတစ်ဆင့် ထိုနွေးတေးတေး ခံစားချက်သည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့၏။
ဆေးပေါင်းရည်၏ ပြန်လည် ကောင်းမွန်နိုင်စွမ်း၊ လေမျက်လုံး၏ အဖျက်စွမ်းအင်တို့ကြောင့် ရန်ကိုင် အသားစိုင်များမှာ ပျက်စီးသွားလိုက်၊ ပြန်ကောင်းလိုက်ဖြင့် သံသရာလည်နေခဲ့၏။
ထိုကဲ့သို့ ဖျက်စီးခံရလိုက်၊ ပြန်ကောင်းသွားလိုက် ဖြစ်စဉ်ကြောင့် ရန်ကိုင် ခန္ဓာကိုယ်သည် တစ်စထက်တစ်စ ပို၍ ကြံ့ခိုင်သန်မာလာခဲ့လေ၏။
ထိုကဲ့သို့ ခံစားရပါများလာသဖြင့် ရန်ကိုင် တစ်ကိုယ်လုံး ထုံလာခဲ့ပြီး မည်သည့် နာကျင်မှုကို ဆက်၍ မခံစားရတော့သည်အထိ ဖြစ်သွားခဲ့၏။
တစ်ချိန်းတည်းမှာပင် လေမိုးကြိုးတောင်ပံများသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လေမျက်လုံးဆီမှ လေစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့၏။ ရန်ကိုင် ဘယ်ဘက် ပခုံးထက် ဝဲကတော့ အသေးစားလေး တစ်ခုထွက်ပေါ်လာသည့်အလား ဘေးပတ်ဝန်းကျင်မှ လေးစွမ်းအင်များကို ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် အဆက်မပြတ် စုပ်ယူနေခဲ့၏။
အပြင်ဘက်မှ ကြည့်သူများအတွက်မူ... ဧရာမ လေမျက်လုံးကြီးထဲ ဝဲကတော့လေး တစ်ခု ထွက်ပေါ်လာသယောင် ထင်မှတ်ရ၏။ ထိုဝဲကတာ့လေးသည် အဆုံးမရှိသည့် တွင်းပေါက်တစ်ခု ပမာ ဘေးပတ်ဝန်းကျင်မှ လေစွမ်းအင်များကို အရူးအမူး ဝါးမြိုနေခဲ့၏။
ရန်ကိုင် သေသွားမည်လား၊ အသက်ရှင်နိုင်မည်လား ဆိုသည်ကို တွေးပူနေသော အပြင်ဘက်မှ လူအားလုံး သည်လည်း ထိုပြောင်းလဲမှုကြောင့် အံ့အားသင့်နေခဲ့ရ၏။
လေမျက်လုံးသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ တားမြစ်နေရာ တစ်ခုဖြစ်သလို အုတ်မြစ်လည်း ဖြစ်၏။ ကျောင်းတော်ကို စတင် တည်ဆောက်စဉ် အချိန်မှစ၍ ခေတ်အဆက်ဆက် လေမိုးကြိုး ကျောင်းတော်၏ လေဓါတ် ကျင့်စဉ်၊ သိုင်းပညာရပ်များကို လေ့ကျင့်သော တပည့်များသည် ဤနေရာသို့ လာ၍ ကျင့်ကြံလေ့ရှိ၏။ သို့သော်လည်း ထိုလေဓါတ်စွမ်းအင်များကို သူတို့ မည်မျှပင် စုပ်ယူစေကာမူ လေမျက်လုံးသည် မည်သည့် ပြောင်းလဲမှုမှ မပြခဲ့ချေ။
သို့သော်လည်း ယခုအချိန်၌ ဤနေရာတစ်ခုလုံး ပြည့်လျမ်းနေသော လေစွမ်းအင်များသည် အလျင်အမြန် လျော့ပါးလာနေသည်ကို အားလုံး အသေအချာ ခံစားမိလိုက်၏။
ထိုတွေ့ရှိမှုသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ပညာရှင်များစွာကို ဖြူလျော်သွားစေခဲ့၏။
လေမျက်လုံးသား အားနည်သွားခဲ့လျှင် မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော် ကြီးကြီးမားမား အထိနာသွား ရပေလိမ့်မည်။
“တွမ့်ဟိုင်၊ သူဘာဆေးလုံးကို သန့်ချင်တာလဲ ဆိုတာကို ဂုဏ်သရေရှိဧည့်သည်ရန် ပြောသွားခဲ့သေးလား” သူ့လက်အောက်ငယ်သား နှစ်ယောက် ပြောခဲ့သော စကားကို ရှချုန်းယင် ယုံသွားခဲ့လေပြီ။ ထို့ပြင် လေမျက်လုံး၏ ပြောင်းလဲမှုသည် ရန်ကိုင် ဆေးဖော်စပ်နေခြင်းကြောင့် ဖြစ်ရမည်ဟု တွေးလိုက်၏။
“သူမပြောခဲ့ဘူး” တွမ့်ဟိုင်က အံတင်းတင်း ကြိတ်ကာ ပြန်ပြောလိုက်၏။
“လူအိုကြီးတု၊ ခင်ဗျားဘယ်လိုထင်လဲ” ရှချုန်းယင်က တုဝမ်ကို ကြည့်ကာ မေးလိုက်၏။
တုဝမ်မျက်နှာလည်း အတော်လေးကို အရုပ်ဆိုးနေခဲ့၏။ ရှချုန်းယင် မေးလာသည်ကို ကြားသော် တုဝမ်က “ဒီလောက် စွမ်းအင် အများကြီး လိုအပ်တဲ့ ဆေးလုံးဆိုတာ မရှိဘူး။ ဒါက ဆေးဖော်စပ် နေတာမဟုတ်ဘဲ ကျင့်ကြံနေတာနဲ့တောင် တူနေသေးတယ်”
“ကျင့်ကြံနေတာလား” ရှချုန်းယင် အမူအရာ အေးခဲသွားခဲ့ပြီး “လေမျက်လုံးထဲသွားပြီး ကျင့်ကြံ နေတာလား။ သူက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ရှိသေးတာ မဟုတ်ဘူးလား”
“ဒီလူအိုကြီးကို လာမမေးနဲ့၊ ငါလည်း မင်းထက် ပိုသိတာ မဟုတ်ဘူး” တုဝမ်က ပြန်အော်လိုက်လေ၏။
ရှချုန်းယင်လည်း ဘာမှ ထပ်မမေးရဲတော့ချေ။
လေမျက်လုံးထဲရှိ အဖျက်စွမ်းအင်ကြောင့် မည်သူမှ သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရဲ မစစ်ဆေးရဲရာ အားလုံးသည် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ လေမျက်လုံးထဲရှိ ဝဲကတော့သည် တစ်စထက်တစ်စ ကြီးမားလာခဲ့ပြီး လေမျက်လုံးတစ်လုံးကို ဝါးမြိုတော့မည် အရိပ်အယောင်ပင် ပြလာခဲ့လေ၏။ ဘေးပတ်ဝန်းကျင်ရှိ လေစွမ်းအင်များလည်း ယခင်ကလောက် သိပ်သည်းမှု မရှိတော့ချေ။
“ဂိုဏ်းချုပ်၊ ဒီနှုန်းနဲ့ဆိုရင် လေမျက်လုံး ဖျက်စီးခံရတော့မယ်နော်” တွမ့်ဟိုင်က အလျင်စလို အော်ပြောလိုက်၏။
ရှချုန်းယင် အမူအရာ ဖြူလျော်သွားခဲ့ရပြီး စကားတစ်ခွန်းမှ ပြန်မပြောဘဲ လေမျက်လုံးကိုသာ တွေတွေကြီး စိုက်ကြည့်နေခဲ့၏။ ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို သူမသိဘဲ မည်သို့နေမည်နည်း။ လေမျက်လုံးသာ ဖျက်စီးခံလိုက်ရခြင်းသည် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ အုတ်မြစ် အစိတ်အပိုင်းကြီးတစ်ခု ဖျက်စီးခံလိုက်ရသည်နှင့် အတူတူပင် ဖြစ်၏။
“ဂိုဏ်းချုပ်၊ ကျုပ်နဲ့ ဂျူနီယာညီလေး ရှုချီတို့ ဒီကပ်ဘေးကြီးကို တားဆီးပါရစေ” တွမ့်ဟိုင်က ပြောလိုက်ရာ ရှချုန်းယင်က တွမ့်ဟိုင်ကို ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး “မင်းဘယ်လိုရပ်တန့်ဖို့ စဉ်းစားထားလို့လဲ”
“လေမျက်လုံးထဲမှာ ရှိနေတဲ့ ဂုဏ်သရေရှိ ဧည့်သည်ရန်ကို မြန်မြန်သတ်လိုက်ဖို့ကလွဲပြီး ဘာရှိတော့လို့လဲ ဂိုဏ်းချုပ်ရာ။ သူက ဆေးဖော်စပ်မယ်လို့ အကြောင်းပြပြီး ကျုပ်တို့ မိုးကြိုစိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ အုတ်မြစ်ကို ဖျက်စီးချင်နေတာပဲ ဖြစ်ရမယ်” တွမ့်ဟိုင်က ဤကပ်ဆိုးကို ကံကောင်းမှုအဖြစ် ပြောင်းလဲရန် ကြိုးစားလိုက်လေ၏။
“မိတ်ဆွေရန်က အဲ့လိုလူမျိုး မဟုတ်ဘူး” တုဝမ်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။
“လုပ်ရဲရင် လုပ်ကြည့်လိုက်လေ” ချန်းယန်က တွမ့်ဟိုင်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်၏။
“ဒါက ငါတို့ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတာ်ရဲ့ အတွင်းရေး ကိစ္စနော်။ ညီအစ်ကိုချန်းယန် ဝင်ပါတာ စည်းကျော်နေတယ်လို့ မထင်ဘူးလား” တွမ့်ဟိုင်က မကျေနပ်တဲ့ လေသံနှင့် ပြန်၍ မေးခွန်းထုတ်လိုက်၏။
“လူအိုကြီးလည်း မိတ်ဆွေးလေးရန်ကို ဘာမှ အဖြစ်ခံမှာ မဟုတ်ဘူး။ မိတ်ဆွေလေးရန်သာ မင်းတို့ကြောင့် တစ်ခုခု ဖြစ်သွားခဲ့ရင် အခုအချိန်ကစပြီး ဘယ်ဆေးပညာရှင်ကမှ မင်းတို့ မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်အတွက် ဆေးမဖော်စပ်ပေး စေရတော့ဘူး” တုဝမ်က တွမ့်ဟိုင်ကို လေးလေးနက်နက် စိုက်ကြည့်ရင်း ပြောလိုက်၏။
တွမ့်ဟိုင် ခေါင်းကိုက်မိချင်သွားခဲ့၏။
ချန်းယန် ပြောသည်ကို လျစ်လျူရှုဝံ့သော်လည်း တုဝမ်၏ စကားများကို လျစ်လျူမရှုဝံ့ချေ။ လူအိုကြီးတု၏ အဆင့်အတန်းအရ သူပြောသလို လုပ်နိုင်ပေ၏။ သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်၏ အမိန့်တစ်ခုကြောင့် ဂုဏ်သရေရှိ ဆေးပညာရှင် အားလုံး သူတို့ဂိုဏ်းနှင့် အဆက်အသွယ် ဖျက်တောက် ပစ်ပေလိမ့်မည်။
“လူအိုကြီးတုရယ်၊ ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး။ တွမ့်ဟိုင်က ဘာမှမစဉ်းစားဘဲ လက်လွတ်စပယ် ပြောလိုက်မိသွားတာပါ” ရှချုန်းယင်က အလျင်စလို ဝင်ပြောလိုက်၏။ သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိလျှင် ဖြစ်လာမည့် အကျိုးဆက်များကို သူကောင်းကောင်း သိ၏။
ထိုအချိန်မှာပင် လေမျက်လုံးသည် လုံးဝကို အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏။ လေမျက်လုံး အတွင်း ရှိနေသော ဝဲကတော့လေးသည် ရုတ်တရက် ဆိုသလို အပြင်ဘက်သို့ ကျယ်ပြန့်လာခဲ့လေ၏။
အားပြင်းလှသော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲ ထွက်လာရာ အားလုံး ခြေမခိုင်ချင် ဖြစ်သွားခဲ့ပြီး အစစ်အမှန်ချီကိုသုံး၍ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် အလျင်အမြန် ကြိုးစားလိုက်ရလေ၏။
လေမျက်လုံးအတွင်း၌...
သူ့ကိုယ်ထဲ တွမ့်ဟိုင် ထည့်သွင်းထားခဲ့သော ချိတ်ပြေသွားသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်၏။ ချိတ်ပြေသွားသဖြင့် သူ့သွေးကြောထဲ ပိတ်လှောင်ထားခြင်း ခံရသော အစစ်အမှန်ချီများ နောက်တစ်ကြိမ် အလျင်အမြန် လှည့်ပတ် လာခဲ့လေ၏။
ထို့အပြင် သူပခုံများဆီမှ တစ်ခုခုသည် ရုန်းထွက်ရန် အပြင်းအထန် ကြိုးစားနေသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ထိုခံစားချက်မျိုးကို ယန်မီးတောက် တောင်ပံများအား ရခဲ့စဉ်အခါက တစ်ကြိမ် ခံစားဖူးခဲ့၏။
ယခုမှ သူအတော်လေး စိတ်သက်သာရာ ရသွားခဲ့၏။ ပျာယာခတ်မနေတော့ဘဲ သက်ပြင်းအရှည်ကြီး ချလျက် ခုခံမနေတော့ဘဲ ပြောင်းလဲမှုများကို ၎င်းအတိုင်း ဆက်လက်ဖြစ်ပျက်ခွင့် ပေးလိုက်၏။
ချက်ချင်းဆိုသလို ကြီးကျယ်ခမ်းနား လှပသော တောင်ပံတစ်စုံ ရန်ကိုင် နောက်ကျောက်ဘက်မှ ထွက်ပေါ်လာခဲ့လေ၏။ တောင်ပံများ ထွက်ပေါ် လာသည်နှင့် သူ့ခန္ဓာကိုယ်တွင်း၊ အပြင်ဘက်ရှိ ဖိအား အားလုံး ပျောက်ကွယ်သွားခဲ့ပြီး လွတ်လပ်ပေါ့ပါးသည့် ခံစားချက်တို့က အစားထိုး ဝင်ရောက်လာခဲ့လေ၏။
သူ့ဘေးပတ်လည်ရှိ လေစွမ်းအင်များသည်လည်း သူ့အား ဆက်၍ ဒုက္ခမပေးနိုင်တော့ချေ။
သူ့နား ရစ်ဝဲနေသော လေစွမ်းအင်များကြောင့် သူကိုယ်တိုင်ပင် လေနှင့် တစ်သားတည်း ဖြစ်သွားသလို ရန်ကိုင် ခံစားနေခဲ့ရ၏။
ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင် မျက်ဝန်းအစုံ လင်းလက်တောက်ပသွားခဲ့ရ၏။
ယန်မီးတောက် တောင်ပံများ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။
သူ့ညာဘက်တောင်ပံသည် ယခင်အတိုင်း ယန်မီးတောက်တောင်ပံသာ ဖြစ်နေသေး၏။ သို့သော် ဘယ်ဘက်တောင်ပံသည် ပူပြင်းလှသော အစစ်အမှန် ယန်ယွမ်ချီများ ပါဝင်နေရုံမက ထက်ရှလျင်မြန်သော လေဓါတ်ချီများပါ ဝင်နေခဲ့၏။
လေမျက်လုံးထဲရှိ ကျန်ရှိနေသော လေဓါတ် စွမ်းအင်များသည် သူ့ဘယ်ဘက်တောင်ပံထဲသို့ အဆက်မပြတ် စီးဝင်နေခဲ့ပြီး သူ့တောင်ပံများ တစ်စထက် တစ်စ ပိုမိုအားကောင်းလာနေသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေခဲ့၏။ သူ့တောင်ပံများကို ခတ်လိုက်တိုင်း ဘေးပတ်လည်ရှိ လေစွမ်းအင်များ တဝှီဝှီ လည်ထွက်သွားခဲ့ပြီး လေဓါးသွားများအဖြစ် ပြောင်းလဲကာ လေမျက်လုံး အလယ်ဗဟိုဆီသို့ တိုးဝင်သွားခဲ့လေ၏။
ထိုလေဓါးသွားမျာသည် လေဓါတ်၏ ဝိသေသ လက္ခဏာ ဖြစ်သော လျင်မြန်မှုတို့ ပါဝင်နေရုံမက ပူပြင်းလှသော အစစ်အမှန် ယန်ယွမ်ချီတို့ပင် ပါဝင်နေခဲ့၏။ လေဓါတ်သည် အပူဓါတ် ဖြစ်သော ယန်ဓါတ်ကို အားဖြည့်ပေးနေရာ နှစ်ခုပေါင်း၏ စွမ်းအားသည် လွန်စွာကိုမှ အဖျက်စွမ်းအား ပြင်းထန်လှပေ၏။
================================
Martial Peak
အထွတ်အထပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ- Mo Mo
ဘာသာပြန်ဆိုသူ- Little devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
————————————————————
အပိုင်း(၆၈၅) ကျုပ်ဆီကနေ တစ်ခုခု တောင်းဆိုချင်တာလား
————————————————————
မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ တားမြစ်နေရာ အတွင်းပိုင်း၊ လေမျက်လုံး တည်ရှိနေရာ နေရာမှ ပေါက်ကွဲသံကြီးတစ်သံ ရုတ်တရက် မြည်ဟည်း ထွက်ပေါ်လာခဲ့၏။ ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်တို့သည်လည်း ပရမ်းပတာ ဖြစ်ကုန်တော့လေ၏။ ထိုအသံကို ကြားလိုက်သည့် စိတ်ဝိဥာဉ်ကျောင်းတော်၏ တပည့်အားလုံး လိုလို အသံထွက်ပေါ်လာရာ အရပ်ဆီ လှည့်ကြည့်မိလိုက်ကြ၏။
မကြာခင်မှာပဲ တားမြစ်နေရာ အတွင်းပိုင်းမှ ပေါက်ကွဲထွက်လာလှသော ပြင်းထန်လှသည့် လေပြင်းများကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကုန်ပြီး အဆောက်အဦးများလည်း ပြိုကျသွားခဲ့ရ၏။ ပေါက်ကွဲမှု၏ ကီလိုမီတာ(၅၀) အတွင်း၌ ရှိနေသော အရာအားလုံး ပျက်စီးပြိုပျက်သွားခဲ့ရ၏။
ထိုပေါက်ကွဲမှုကြောင့် မိုးကြိုးစိတ်ဝိဥာည် ကျောင်းတော်၏ ပညာရှင်များအားလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြရ၏။
တားမြစ်နေရာ အတွင်းပိုင်းထဲ ရှိနေသော သူများဆိုလျှင် ပို၍ပင် မှင်သက်တုန်လှုပ် နေခဲ့ကြရ၏။
လေမျက်လုံးဆီမှ ပေါက်ကွဲထွက်လာသော စွမ်းအင်များ ထက်ရှသော ချီဓါးသွားများပါ ပါဝင်နေရုံမက လူတိုင်း၏ ဝိဥာဉ်ကို ထိခိုက်စေနိုင်သည့် မမြင်နိုင်သော စွမ်းအင်တို့လည်း ပါဝင်နေခဲ့၏။
လေမျက်လုံးနှင့် အနီးကပ်တွင် ရှိနေသော ပညာရှင်များ အားလုံး ရုတ်တရက်ဆိုသလို ကပ်ဘေး တစ်ခုအား ရင်ဆိုင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဝိဥာဉ်ကိုပင် ပျက်စီးစေနိုင်သော လေပြင်းများကြောင့် တွမ့်ဟိုင်နှင့် ရှုချီတို့ နှစ်ယောက်စလုံး သနားစဖွယ် အော်ဟစ် ညည်းတွားလိုက်ကြ၏။ သူတို့၏ အသိစိတ်ပင်လယ်များ လှိုင်းထန်လာခဲ့ပြီး အသိစိတ်သည်လည်း မတည်မငြိမ် ဖြစ်လာခဲ့လေ၏။
ရှချုန်းယင်သည် နည်းနည်းမျှပင် လျစ်လျူ မရှုရဲဘဲ သူ့ဝိဥာဉ်ကို အသည်းအသန် ကာကွယ်နေခဲ့၏။
ချန်းယန် ပထမဆုံး တွေးမိလိုက်သည့် အတွေးသည်ကား လူအိုကြီးတုနှင့် မိနာတို့ကို ကာကွယ်ပြီး ယာယီနောက်ပြန်ဆုတ်နေဖို့ပင်။ သို့သော် လူအိုကြီးတုဆီ လှမ်းကြည့်လိုက်သည့် အချိန်၌ လူအိုကြီးတုသည် နည်းနည်းလေးမှ ပျာယာခတ်နေခြင်း မရှိဘဲ မိုးပြာကျောက်တုံးကို တစ်တုံးကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ထိုကျောက်တုံးထဲ အစစ်အမှန်ချီ ဖြည့်သွင်းကာ မိုးပြာရောင် အလင်းအရံအတား တစ်ခုကို ဖန်တီးလိုက်သည်ကို တွေ့လိုက်ရ၏။
“ချန်းယန်၊ အထဲလာခဲ့” လူအိုကြီးတုက လက်ဝှေ့ရမ်းပြလိုက်၏။
ချန်းယန်သည်လည်း လူအိုကြီးတု ဖန်တီးထားသော အလင်းအရံအတားဆီ အလျင်အမြန် ပြေးသွားလိုက်၏။ အလင်းအရံအတားထဲသို့ ရောက်သည်နှင့် သူ့ဝိဥာဉ် အပေါ် သက်ရောက်နေသော ဖိအားသည်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ရ၏။
“သန့်စင်မိုးပြာကျောက်တုံးလား” ချန်းယန် မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့ပြီး “လူအိုကြီးတုမှာ ပစ္စည်းကောင်းတွေ ရှိနေတာပဲ”
“အခုက စကားပြောနေရမယ့် အချိန် မဟုတ်ဘူး” လူအိုကြီးတုက ခါးသီးစွာ ပြုံးလိုက်ပြီး “လေဓါးသွားတွေ လာနေပြီ”
ချန်းယန် အသာအယာ ခေါင်းညိတ်လိုက်ပြီး နည်းနည်းလေးတောင် သတိလျော့ပေါ့ခြင်း မရှိဘဲ သူ့ခွန်အားကို အလျင်အမြန် စုစည်းလိုက်ကာ ပြေးဝင်လာနေသော လေဓါးသွားများကို တန်ပြန် တိုက်ခိုက်လိုက်၏။
ထိုမိုးပြာရောင် အလင်းအရံအတားသည် စိတ်စွမ်းအင် တိုက်ခိုက်မှုများကိုသာ ဟန့်တားနိုင်ခြင်း ဖြစ်ပြီး အခြားတိုက်ခိုက်မှုများကို မခုခံနိုင်ချေ။
ချန်းယန်သည်လည်း သန့်စင်မိုးပြာကျောက်တုံး အကြောင်း ကြားဖူး၏။ ထိုသန့်စင်မိုးပြာကျောက်တုံးသည် လွန်စွာကိုမှ ဈေးကြီးလွန်းပြီး သူတော်စင်အဆင့် ပညာရှင်များ၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို ခုခံနိုင်သည့် ကြယ်တာရာကောင်းကင်မှ ပစ္စည်းတစ်ခု ဖြစ်၏။ သန့်စင်ကျောက်တုံးကိုသာ ပိုင်ဆိုင်ထားသရွေ့ မိမိ၏ ဝိဥာဉ်ထိခိုက်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ကံမကောင်းစွာဖြင့် ထိုကျောက်တုံးသည် အကြိမ် အနည်းငယ်သာ အသုံးပြုနိုင်ပြီး ကန့်သတ်ချက်ကို ရောက်သည်နှင့် တစ်စစီ ကွဲကြေသွားပေလိမ့်မည်။
လူအိုကြီးတုလည်း ရွေးချယ်စရာ မရှိတော့သဖြင့် ထိုကျောက်တုံးကို ထုတ်သုံးလိုက်ရခြင်း ဖြစ်၏။ သူသည် သူတော်စင်အဆင့် ဆေးပညာရှင်သာ ဖြစ်ပြီး သူတော်စင် အဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ တကယ်တော့ သူသည် မသေမျိုး ပထမအဆင့် ပညာရှင် တစ်ယောက်သာ ဖြစ်သေး၏။ ထို့ပြင် လူအိုကြီးတုသည် ဆေးပညာကိုသာ တစိုက်မတ်မတ် လေ့လာခဲ့သဖြင့် သူ့တိုက်ပွဲစွမ်းရည်သည် အရမ်းကြီး အားမကောင်းလှချေ။
“လူအိုကြီးတု” ရှချုန်းယင်က အဆောတလျင် အော်ဟစ်လိုက်ပြီး လူအိုကြီးတုဆီ သွားရန် ကြိုးစားလိုက်၏။
လူအိုကြီးလည်း ခဏလောက် မျက်မှောင်ကြုံ့ သွားခဲ့ပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ အလင်းအရံအတား အကျယ်အဝန်းကို ချဲ့ပေးလိုက်၏။
မသေမျိုး တတိယအဆင့် ပညာရှင် နှစ်ယောက်၏ ပူးပေါင်းလုပ်ဆောင်မှုကြောင့် သူတို့သည် လူအိုကြီးတုနှင့် မိနာတို့အား လေဓါးသွားများထံမှ အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့၏။
တွမ့်ဟိုင်နှင့် ရှုချီတို့သည် ဝိဥာဉ်ကို ထိခိုက်စေသော လေပြင်းများကြောင့် လုံးဝကို ငေးငိုင်နေခဲ့ကြ၏။ ခေါင်းမပါသော ယင်ကောင်များပမာ လေပြင်းထဲ ပိတ်မိနေခဲ့သလို သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဖြတ်ရှရာများဖြင့် ပြည့်နေခဲ့၏။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရှချုန်းယင်က စိုးရိမ်တကြီး လှမ်းအော်ခေါ်လိုက်၏ “လူအိုကြီးတု၊ သူတို့ကိုပါ ခေါ်လို့ရမလား”
“အဲ့လိုတော့ မရတော့ဘူး။ ငါသာ ဒီအရံအတားကို ထပ်ချဲ့လိုက်မယ်ဆိုရင် ကျောက်တုံး ကွဲသွားလိမ့်မယ်” လူအိုကြီးတုက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။
တုဝမ် လိမ်နေခြင်း မဟုတ်မှန်း သိလေရာ ရှချုန်းယင်မှာ စိတ်ပျက်ပျက်ဖြင့်သာ သက်ပြင်း ချလိုက်နိုင်၏။
တွမ့်ဟိုင်နှင့် ရှုချီတို့သည် စိတ်ဝိဥာဉ်ကျောင်းတော်၏ အကြီးအကဲများ ဖြစ်လေရာ သူက အရံအတားနောက် ပုန်းနေချိန် ထိုနှစ်ယောက် သေသွားမည်ကို မမြင်လိုချေ။ ထို့ကြောင့် ရှချုန်းယင်သည် တွမ့်ဟိုင်နှင့် ရှုချီတို့ဆီ တိုးဝင်လာနေသော လေဓါးသွားများကို တတ်နိုင်သမျှ တားဆီးပေးရင်း သူတို့နှစ်ယောက်ကို အသိပြန်ဝင်လာအောင် မကြာခဏ လှမ်းလှမ်း အော်ခေါ်နေခဲ့၏။
သို့သော်လည်း သူ့ကြိုးစားအားထုတ်မှုများသည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လုံးဝကို အချည်းနှီး ဖြစ်ခဲ့ရ၏။ လေမျက်လုံးထဲ စုဝေးနေသော စွမ်းအင်များ အပြည့်အဝ ပေါက်ကွဲထွက်လာသည့် အချိန်၌ မသေမျိုး ဒုတိယအဆင့် ပညာရှင်များ ဖြစ်ကြသော တွမ့်ဟိုင်နှင့် ရှုချီတို့ နှစ်ယောက်စလုံး လုံးဝကို မခုခံနိုင်ဖြစ်ကာ ခဏအကြာမှာပဲ သွေးသံတရဲရဲဖြင့် မြေကြီးပေါ် လဲပြိုကျသွားခဲ့ရ၏။ အသက်ရှင်နေသေးသော်လည်း ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက် နှစ်ယောက်စလုံး သေသွားပေလိမ့်မည်။ သူတို့၏ ဝိဥာဉ်ပါ တစ်စစီ ဖြစ်သွားရပေလိမ့်မည်။
ရှချုန်းယင်မှာ စိုးရိမ်နေသောလည်း သူလုပ်နိုင်သည့် အရာ ဘာမှ ရှိမနေခဲ့ချေ။
ရုတ်တရက် နောက်ဆုံး စွမ်းအင်လှိုင် တစ်ချက် ပေါက်ကွဲထွက်လာပြီးနောက် အရာအားလုံး တစ်ဖန် ပြန်လည် ငြိမ်သက်သွားခဲ့ရ၏။
တစ်ချိန်တည်းမှာပင် လူအိုကြီးတု လက်ထဲရှိ မိုးပြာရောင်ကျောက်တုံးသည်လည်း တစ်စစီ အက်ကွဲကာ ဖုန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့လက်ချောင်းကြားမှ မြေကြီးပေါ် လျောကျသွားခဲ့၏။
“ရန်ကိုင်” အရှေ့ဘက်သို့ လက်ညိုးထိုးရင်း မိနာက အံ့အားသင့်နေသည့် လေသံလေးဖြင့် ရုတ်တရက် ထအော်ခေါ်လိုက်၏။
မိနာအော်သံ ကြားလိုက်ရချိန် အားလုံး ထိတ်လန့်သွားခဲ့ပြီး သူမညွှန်ပြရာ အရပ်ဆီ လှမ်းကြည့်လိုက်ရာ နီရဲတောက်နေသော ရန်ကိုင်ကို မြင်တွေ့လိုက်ရ၏။ သူ့ခန္ဓာကိုယ်ထက် မရေမတွက် နိုင်သော ဒဏ်ရာများစွာ ရှိနေသော်လည်း သူ့အမူအရာသည် လုံးဝကို လွတ်လပ်ပေါ့ပါးနေခဲ့၏။ ထူးဆန်းသည့် နောက်အချက် တစ်ခုသည်ကား သူ့သွေးများဆီမှ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်တို့ ဖြာထွက်နေခြင်းပင်။
ချန်းယန် မျက်ဝန်း မှေးစဉ်းသွားခဲ့ပြီး စိတ်ထဲ ကြိတ်ပြုံးလိုက်၏။
ရန်ကိုင် ပုံစံသည် သူ့ဘိုးဘေး ပေးလိုက်သည့် ပုံစံနှင့် အတော်လေးကို တူညီနေခဲ့၏။
“လေမျက်လုံးရော” ရှချုန်းယင် မှင်သက်နေခဲ့၏။ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော် စတင် တည်ထောင်သည့် အချိန်မှစ၍ တည်ရှိလာခဲ့သော လေမျက်လုံး ပျောက်ကွယ်သွားသည်ကို ရှချုန်းယင် အမြန်အဆန်ပဲ တွေ့ရှိသွားခဲ့၏။
ဤနေရာ၌ လေဓါတ်စွမ်းအင် နည်းနည်းမျှပင် မရှိတော့ချေ။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ရှချုန်းယင် မျက်နှာ ဖြူလျော်သွားခဲ့ရ၏။
လေမျက်လုံးသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော် အတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်၏။ ထိုလေမျက်လုံး မရှိလျှင် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ လေဓါတ်ကို ကျင့်ကြံကြသော တပည့်တို့သည် လေဓါတ်၏ နက်နဲသော သဘောတရားများကို လျင်လျင်မြန်မြန် နားလည် သဘောပေါက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
“အဝတ်လေးလည်း ဝတ်ပါဦး ကောင်စုတ်ရယ်” မိနာက သူမ၏ ပါးစပ်လေးကို လက်ဖြင့်အုပ်၍ အော်ပြောလိုက်၏။ သူမ မျက်နှာတစ်ပြင်လုံး နီမြန်းနေခဲ့ပြီး ရန်ကိုင်ဆီမှ ချက်ချင်း အကြည့်လွှဲလိုက်လေ၏။
မိနာ၏ အော်သံကြောင့် ငေးငိုင်နေရာမှ ပြန်အသိဝင်လာခဲ့ပြီး ကောင်မလေးဘက်ဆီ လှည့်ကြည့်လိုက်၏။
လူအိုကြီးတုနှင့် မိနာတို့အပြင် သူမရင်းနှီးသည့် လူနှစ်ယောက်ပါ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ရန်ကိုင် ချက်ချင်း မျက်မှောင် ကြုံ့သွားခဲ့၏။
ထို့သော် ထိုလူစိမ်းနှစ်ယောက်ဆီမှ တွမ့်ဟိုင်နှင့် ရှုချီတို့ထက်ပင် ပိုမိုသာလွန်သော ဖိအားကို သူခံစားနေမိ၏။
ထိုလေးယောက်ဆီ ကြည့်နေစဉ်မှာပဲ မလှမ်းကမ်း နေရာ၌ သွေးအိုင်ထဲ လဲနေသော တွမ့်ဟိုင်နှင့် ရှုချီတို့ကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။ သူ့ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ယခင်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်သော အမြန်နှုန်းဖြင့် တွမ့်ဟိုင်နှင့် ရှုချီတို့ဆီ ရုတ်တရက် ရောက်ရှိလာခဲ့၏။
“မြန်လိုက်တာ” ချန်းယန်နှင့် ရှချုန်းယင်တို့ နှစ်ယောက်စလုံး အထိတ်တလန့် အော်ပြောလိုက်ကြ၏။ ရန်ကိုင် ထိုကဲ့သို့ လှုပ်ရှားလိုက်စဉ် လေဓါတ်ချီတို့ ပေါက်ကွဲထွက်လာသည်ကို နှစ်ယောက်စလုံး ယဲ့ယဲ့လေး ခံစားမိလိုက်ကြ၏။ ပိုဆိုးသည်ကား သူတို့၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အများကြီး ပိုမြင့်သော်လည်း ရန်ကိုင် လှုပ်ရှားလိုက်သည်နှင့် သူဘယ်အရပ်ဆီသို့ ရွေ့သွားမည်ကို နှစ်ယောက်စလုံး မခန့်မှန်းနိုင် ဖြစ်နေခဲ့၏။
နှစ်ယောက်စလုံး၏ အော်သံမဆုံးသေးခင်မှာပင် ရန်ကိုင်က တွမ့်ဟိုင်၏ လည်ပင်းကို ရက်ရက်စက်စက် ရိုက်ချလိုက်လေ၏။
ဂျွတ်ဆိုသော အသံနှင့်အတူ သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့ပြီး တွမ့်ဟိုင် ဦးခေါင်းလည်း လွင့်ပျံထွက်သွားခဲ့လေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရှချုန်းယင် ရူးသွပ်လုမတတ် ဖြစ်သွားခဲ့ရ၏။
ခန္ဓာကိုယ်မရှိတော့သည့် ခေါင်းပြတ်ကြီးကို ကြည့်ရင်း ရှချုန်းယင်မှာ ခဏကြာသည်အထိ အကြည့်မလွှဲနိုင် ဖြစ်နေခဲ့၏။ ဂုဏ်သရေရှိဧည့်သည့် အဖြစ် သူတို့စိတ်ဝိဥာဉ် မိုးကြိုးကျောင်းတော်မှ ခေါ်ယူခဲ့သော လူတစ်ယောက်သည် သူတို့ဂိုဏ်း၏ အကြီးအကဲချုပ်ကို ပြန်သတ်လိမ့်မည်ဟု ရှချုန်းယင် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
ထို့ပြင် ထိုလူသည် တွမ့်ဟိုင်အား သတ်ရာ၌ နည်းနည်းမျှပင် တုန့်ဆိုင်းမနေခဲ့ချေ။
“ဟန်” ရန်ကိုင်ကို စိုက်ကြည့်နေရင်း ချန်းယန် စိတ်ထဲကြိတ်၍ ပြုံးလိုက်၏။ သူ့ဘိုးဘေး တွေ့ချင်နေသော ထိုကောင်စုတ်လေး၏ စိတ်နေစိတ်ထားသည် သူနှင့် အတော်လေး ဆင်သည်ကို ချန်းယန် တွေ့ရှိလိုက်ရ၏။
တွမ့်ဟိုင်ကို သတ်ပြီးသည်နှင့် ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်သည် နည်းနည်းမှပင် လျော့ကျသွားခြင်း မရှိဘဲ ရှုချီဘက်သို့ လှည့်လိုက်သည်ကို မြင်လိုက်သည်နှင့် ရှချုန်းယင် လှမ်းအော်လိုက်လေ၏ “ကောင်စုတ်လေး၊ မင်းလုပ်ရဲလား”
အော်ပြီးသည်နှင့် လျှပ်စီးတမျှ အမြန်နှုန်းနှင့် ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေ၏။
မည်သို့ပင်ဖြစ်စေ သူတို့ဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်ကို သူ့ရှေ့၌ပင် ရန်ကိုင် သတ်သွားသည်ကို လက်ပိုက်၍ ရပ်ကြည့်မနေနိုင်ပါချေ။
ချန်းယန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ရှချုန်းယင်ရှေ့ ပိတ်ရပ်လိုက်၏။
“ချန်းယန်၊ မင်းဒါဘာသဘောလဲ” ရှချုန်းယင်က ချန်းယန်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် မေးခွန်းထုတ်လိုက်၏။ နှစ်ယောက်စလုံးသည် မသေမျိုး တတိယအဆင့် ပညာရှင်များသာ ဖြစ်လေရာ တိုက်ပွဲဖြစ်သည်နှင့် ချန်းယန်ကို အနိုင်တိုက်မည်ဟု ရှချုန်းယင် ယုံကြည်ချက် မရှိပါချေ။
“ဘာမှမဟုတ်ပါဘူး။ သူ့ကို ထိခိုက်အောင် လုပ်ချင်တယ် ဆိုရင်တော့ ငါ့ကို အရင်ဖြတ်သွားဖို့ လိုလိမ့်မယ်” ချန်းယန်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်၏။
“သူက မင်းတို့ ကောင်းကင်ဂိုဏ်းတော်နဲ့ ဘာမှ ဆိုင်တာမဟုတ်ဘူး။ မင်းအရမ်း လွန်မလာနဲ့နော်” ရှချုန်းယင် မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး သွေးရူးသွေးတန်းနှင့် အော်ဟစ်လိုက်၏။
“မိတ်ဆွေလေးရန်၊ သက်ညှာပေးပါဦးကွာ” တုဝမ်သည် မိနာကိုခေါ်၍ ရန်ကိုင်ဆီသို့ ပြေးသွားရင် အလျင်စလို အော်ပြောလိုက်၏။
လူအိုကြီးတု၏ အော်သံကို ကြားသည်နှင့် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ရှုချီ၏ လက်ရှိ အခြေအနေကို အလျင်အမြန် စစ်ဆေးလိုက်၏။ သူ့ဆုံးဖြတ်ချက် ယိမ်းယိုင်သွားပေမယ့် နေရာတွင်သာ တွေတွေကြီး ဆက်ရပ်နေခဲ့၏။
မကြာခင်မှာပင် လူအိုကြီးတုနှင့် မိတာတို့ ရန်ကိုင် ဘေးသို့ ရောက်ရှိလာခဲ့၏။ လူအိုကြီးတုက အသာအယာ သက်ပြင်းချလိုက်ပြီး ရန်ကိုင်ကို နားမလည်နိုင်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
ရန်ကိုင် ဆေးပညာရှင် အစည်းအရုံးထဲ နေခဲ့စဉ် အတွင်း ရန်ကိုင်သည် သူတို့၏ ခွန်အား၊ အဆင့်အတန်းကို ထုတ်ကြွားလေ့ရှိသည့် သာမန် လူငယ်လေးများနှင့် မတူသည်ကို လူအိုကြီးတု တွေ့ရှိခဲ့ရ၏။ သို့သော်လည်း ထိုစိတ်ထားသိမ်မွေ့သော လူငယ်လေးသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ အကြီးအကဲ နှစ်ယောက်ကို အဘယ်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ရန် ကြိုးစားသည်ကို လူအိုကြီးတု နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
“လူအိုကြီးတု” ရန်ကိုင်က ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့် လူအိုကြီးတုကို နှုတ်ဆက်လိုက်ပြီး မိနာကို အသာအယာ ခေါင်းညိတ်ပြလိုက်၏။
မိနာလည်တိုင် တစ်လျှောက် ရဲရဲတောက် နီမြန်းနေခဲ့၏။ ရန်ကိုင်အား တစ်ချက်သာ ကြည့်လိုက်ပြီး နှုတ်ခမ်းလေးကို ကွေးလျက် ချက်ချင်းပဲ အကြည့်လွှဲလိုက်လေ၏။
ရန်ကိုင်သည် သူမ၏ အပြုအမူကို စိတ်ထဲမထားဘဲ ချန်းယန်ကိုသာ စိုက်ကြည့်လိုက်၏။ ထိုလူသည်သည် မည်သည့် အတွက်ကြောင့် သူ့ကို ကူညီပေးလဲ ဆိုသည်ကို ရန်ကိုင် နားမလည်ပါချေ။ သူ့မှတ်ဥာဏ်အရ ထိုလူကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
အခြေအနေကို လေ့လာနေစဉ် အဝတ်အစား တစ်စုံကို ထုတ်ယူဝတ်လိုက်လေ၏။
ရှချုန်းယင်သည် ချန်းယန်နှင့် ဆက်လက် ငြင်းခုံနေခြင်း မပြုတော့ဘဲ ရန်ကိုင်ကိုသာ မုန်းမုန်းတီးတီး စိုက်ကြည့်နေခဲ့၏။ ထိုလူငယ်လေးသည် ဆေးပညာ၌ လွန်စွာကိုမှ ပါရမီပါသော်လည်း သူသည် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်မှ အကြီးအကဲချုပ်အား သတ်ဖြတ်ခဲ့၏။ မည်သို့ပင်ဖြစ်စေ တွမ့်ဟိုင်အတွက် ပြန်လည်၍ တရားမျှတမှု ရယူပေးရပေလိမ့်မည်။
“မိတ်ဆွေလေး၊ ဘာတွေ ဖြစ်နေတာလဲ။ အဆင်ပြေရင် ငါ့ကို ပြောပြလို့ရမလား” လူအိုကြီးက လေးနက်သည့် လေသံဖြင့် မေးလိုက်၏။
“သူတို့နှစ်ယောက်ကို ကျုပ်ဝိဥာဉ်ကို ရှင်းပစ်ဖို့ ရည်ရွယ်ချက်နဲ့ ကျုပ်ကို လေမျက်လုံးထဲ ပစ်ချခဲ့တာလေ” ရန်ကိုင်က ရှင်းပြလိုက်၏။
“မဟုတ်တရုတ်တွေ၊ ငါသိသလောက်ဆို တွမ့်ဟိုင် ကိုယ်တိုင် မင်းကို ဂုဏ်သရေရှိဧည့်သည့်အဖြစ် ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်လာခဲ့တာမလား။ သူနဲ့ ရှုချီက မင်းကို ဘာလို့ ရုတ်တရက်ကြီး သတ်ချင်နေရတာလဲ” ရန်ကိုင် ရှင်းပြသည်ကို ရှချုန်းယင် လုံးဝ မယုံကြည်ချေ။
အကြောင်းပြချက် မရှိဘဲ မသေမျိုး ဒုတိယအဆင့် ပညာရှင်နှစ်ယောက်သည် လူငယ်လေး တစ်ယောက်ကို မည်သည့်အတွက်ကြောင့် သတ်ရမည်နည်း။
“ခင်ဗျားက ဘယ်သူလဲ” ရန်ကိုင်က ထိုလူဘက်လှည့်၍ ပြန်မေးလိုက်၏။
လူအိုကြီးတုက ချောင်းဟန့်လိုက်ပြီး “သူက မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ရှချုန်းယင်လေ”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ချန်းယန်ဘက် လှည့်ကာ “သူကကော”
“ကောင်းကင်ဂိုဏ်းတော်က ချန်းယန်” ချန်းယန်က ရှေ့တက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
“ကျုပ်တို့ အချင်းချင်း သိလို့လား” ရန်ကိုင်က နွေးထွေးခြင်း၊ အေးစက်ခြင်း မရှိသည့် အပြုံးဖြင့် မေးလိုက်၏။
“မသိဘူး” ချန်းယန်က ပြုံးလိုက်ပြီး “ဒါပေမယ့် ငါမင်းဆီကနေ တောင်းဆိုစရာ တစ်ခုခုရှိတယ်”
“ကျုပ်ဆီကနေ တစ်ခုခု တောင်းဆိုချင်တာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး တုဝမ်ဆီ တစ်ချက် လှည့်ကြည့်လိုက်ရာ တုဝမ်က “ချန်းယန်က မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါကို ငါအာမခံပေးလို့ရတယ်”
“ကောင်းပြီလေ။ အဲ့ကိစ္စကို နောက်မှ ပြောကြတာပေါ့” ရန်ကိုင်က ချန်းယန်ကို ခေါင်းညိတ်ပြလိုက်၏။
================================