အခန်း (၇၀၁-၇၀၅)
Vol. 29 Ch. 701-705
အပိုင်း(၇၀၁) ကုန်သွယ်ရေးနယ်ပယ်
——————————————————————
နောက်တစ်နေ့ မနက်ခင်းအချိန်၌ တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ်၊ ဘေးဘက်အခန်းမှ လှုပ်လှုပ်ရှားရှား အသံများကို ရန်ကိုင် ကြားလိုက်ရ၏။ ကောင်းကင် စိတ်အာရုံ ဖြန့်ကျက်ကြည့်လိုက်ရာ ချန်းယန်၊ လီဝမ်နှင့် ဖေးကျန်းတို့သည် တိုးတိုးတိတ်တိတ်ဖြင့် ထွက်သွားသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
တစ်ဖက်တွင်မူ၊ ဖေးယုသည် မနေ့ညက နင်းကန် ဇွတ်သောက်ခဲ့သဖြင့် ယခုအချိန်ထိ အိပ်ရာမှာမထနိုင်ဘဲ တုန်းတုန်းလှဲနေတုန်းပင် ရှိသေး၏။ သူမ၏ အဝတ်များသည် ဖြူးဖွေးဖွေးပေါင်တံသားများကို တစ်ဝက်လောက်သာ ဖုံးထားနိုင်လေရာ ရန်ကိုင်မှာ မျက်စိချာလပတ် ရမ်းလိုက်ရသည်အထိ ဖြစ်သွားခဲ့ရ၏။
ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလျက် တစ်ဖက်ခန်းဆီ တိတ်တိတ်လေးသွားလိုက်ပြီး ခြံလွှာများဖြင့် သူမအား ပြန်လွှမ်းခြုံပေးထားလိုက်လေ၏။
မွန်းတည့်ချိန်ရောက်မှာသော ဖေးယု ပျင်းရိပျင်းတွဲဖြင့် ထလာခဲ့ပြီး အကြောအချဉ် ဖြေလျော့ရင်း ပြတင်းပေါက်ဆီ သွားကာ ထိုနေရာ၌ တိတ်တိတ်လေး ရပ်လျက် အပြင်သို့ ငေးကြည့်လိုက်၏။
“ဟေး၊ ဂိုဏ်းတူတူလေး၊ မြို့တစ်ပတ်လောက် လျှောက်ပတ်ကြည့်ရအောင်” ဖေးယုက ရုတ်တရက် ပြောလာခဲ့၏။
“ဒါပေမယ့် ဂိုဏ်းတူဦးလေးချန်းယန်က သူပြန်လာတဲ့အထိ ကျုပ်တို့ကို ဒီနေရာမှာ စောင့်နေဖို့ ပြောထားတယ်လေ” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်၏။
“သူပြောတာတွေကို ဘေးဖယ်ထားလိုက်။ ဝဲပျံတိမ်တိုက် မြို့တော်မှာ ဘာအန္တရာယ်မှ တွေ့ရမှာ မဟုတ်ဘူး။ တိုက်ပွဲတွေ ဖြစ်မယ်ဆိုရင်တောင် မြို့သခင်စံအိမ်လူတွေ ရှိပြီးသား” ဖေးယုက ရန်ကိုင်ဆီ ကျော့ရှင်းလှပစွာ လမ်းလျှောက်သွားလိုက်ပြီး တင့်တယ်သိမ်မွေစွာ ထိုင်ချလိုက်၍ အသက်တစ်ချက် ရှူထုတ်လိုက်ပြီး ဆက်၍ ပြောလိုက်၏ “လာစမ်းပါ။ သွားရအောင်ကြအောင်။ ဒီလို အခွင့်အရေးမျိုး ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးနော်။ ဒီလှောင်ပိတ်နေတဲ့ အခန်းထဲမှာ ထိုင်နေလို့လည်း ဘာမှထူးလာမှာမှ မဟုတ်တာကို။ ပြီးတော့ ချန်းယန်တို့ကလည်း တော်တော်နဲ့ ပြန်လာဦးမှာ မဟုတ်ဘူး။ ဘာလဲ၊ ဂိုဏ်တူတူလေးက ချန်းယန်တို့ ပြန်လာတဲ့အထိ ဒီလှောင်ပိတ်နေတဲ့ အခန်းထဲမှာပဲ ထိုင်စောင့်နေချင်တာလား”
ပြောနေရင်းဖြင့် ဖေးယုသည် သူမ၏ လက်သွယ်သွယ်လေးများကို ရန်ကိုင် လက်မောင်းအား ရစ်ပတ်လိုက်ပြီး ပျော့အိအိ ပေါက်စီနှစ်လုံးဖြင့် သူ့ပခုံးကို ဖိကပ်လိုက်လေ၏။
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး “ကောင်းပြီ။ ကောင်းပြီ။ သွားကြမယ်။ ဒီမှာနေပြီး ဂိုဏ်းတူဒေါ်လေး ကျုပ်အပေါ် အသားယူတာ ခံရမှာထက်စာရင် သွားတာကတောင် ပိုကောင်းဦးမယ်”
“သူတောင်းစားကောင်” ဖေးယုက ဒေါသတကြီး အံတင်းတင်းကြိတ်လိုက်လေ၏။
ဤသို့ဖြင့် ရန်ကိုင်နှင့် ဖေးယုတို့သည် တစ်ခဏလောက် ကိုယ်လက်သန့်စင်လိုက်ပြီး တည်းခိုဆောင်မှာ ထွက်လာ ကြက်ပျံမကျ စည်းကားနေသော လမ်းမထက်သို့ ထွက်လာခဲ့လေ၏။
ဖေးယုမပြောလျှင်ပင် ရန်ကိုင်က သွားရန် စဉ်းစားထားပြီးသားဖြစ်၏။
နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ပွင့်လာတော့မည့် အချိန်ဖြစ်သည့်အတွက် ဤနေရာ၌ များစွာသော ဆေးပညာရှင်များ၊ အားကောင်းသော ဆေးပညာရှင်များ ရောက်ရှိနေလိမ့်မည်ဟု လူအိုကြီးတု သူ့ကို ပြောခဲ့၏။ လူအများကြီး ရှိမည်ဖြစ်ရာ များစွာသော အရင်းအမြစ် များလည်း ထွက်ပေါ်လာလိမ့်မည် ဖြစ်ပေ၏။
မြင်တွေ့ရခဲလှသည့် အမျိုးမျိုးသော ရှားပါး ဆေးပင်များ၊ ဆေးလုံးများ ဤနေရာ၌ ထွက်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်လည်း ဆေးပင် နည်းနည်းပါးပါးလောက် စုဆောင်းသွားရန် လိုအပ်ပေသည်။
ကောင်းကင်ဂိုဏ်းတော်သည် သူ့အား ဆေးပင်များ ထောက်ပံ့ပေးထားသော်လည်း သူ့ကိုယ်တိုင်အတွက်နှင့် ရှေးဟောင်းနတ်ဆိုးကလန်အတွက် ဆေးပင်များ ရှာဖွေရန် လိုအပ်နေပေသေးသည်။
နတ်ဆိုးနတ်ဘုရားမြို့တော်မှ ထွက်ခွါစဉ်က လီရုန်သည် သူတို့လိုအပ်သော သူတော်စင်အဆင့် ဆေးလုံးဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်စာရင်းကို သူ့အား ပေးခဲ့၏။ အချိန်အတော်ကြာပြီးသည့်နောက် လိုအပ်သည့် ဆေးအမယ်များစွာကို စုဆောင်းပြီးပြီ ဖြစ်သော်လည်း သူမစုဆောင်းရသေးသည့် ဆေးအမယ် အချို့ ရှိနေပေသေး၏။
ဤတစ်ကြိမ်သည် သူ့အတွက် ရှားပါးလှသော အခွင့်အရေးကြီး တစ်ခုဖြစ်၏။
ဝဲပျံတိမ်တိုက်မြို့တော်သည် ဆိုင်ခန်းပေါင်းများစွာ ကျင့်ကြံသူပေါင်းများစွာဖြင့် လွန်စွာကိုမှ စည်ကား သိုက်မြိုက်နေခဲ့၏။
ဖေးယုသည် သမီးရည်စား စုံတွဲပမာ ရန်ကိုင် လက်မောင်းကို တွဲလျက် လမ်းတစ်ပတ် လျှောက်ပတ်နေရာ ထိုရုပ်ချောချာယောကျာ်းနှင့် မိန်းမလှစုံတွဲသည် လူပေါင်းများစွားတို့၏ အကြည့်ကို ဆွဲယူမိသွားခဲ့လေ၏။
“ဂိုဏ်းတူဒေါ်လေး၊ ဒီပုံစံကြီးက မသင့်တော်ဘူးလားလို့” ရန်ကိုင် စိတ်ထဲ ယွစိယွစိ ဖြစ်နေခဲ့၏။ လမ်းလျှောက်နေစဉ်အတွင်း ဖေးယု၏ ပေါက်စီလုံးကြီးများသည် တစ်ခါတစ်ရံ သူ့အား လာလာပွတ်သပ်နေလေရာ ရန်ကိုင်မှာ အတော်လေးကို ဂွတီးဂွကျ ဖြစ်နေခဲ့ရ၏။
“ဘယ်လိုလုပ်ပြီး မသင့်တော်ရမှာလဲ။ ငါက ဂိုဏ်းတူတူလေးကို ကာကွယ်ပေးဖို့ တာဝန်ယူထားတာလေ။ ကောင်စုတ်လေး၊ ငါ့ကို နင့်စိတ်ထဲ ကြိတ်ပစ်မှားနေတာလား” ဖေးယုက ရန်ကိုင်ကို ကြည့်၍ ချိုသာစွာ ပြုံးလိုက်၏။
ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး “ကျုပ်က ယောကျာ်းဆိုတော့ ဒါမျိုးဖြစ်တာ သဘာဝပဲလေ”
“ကဲကဲ၊ ဒီဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ နင့်စိတ်ကို အပင်ပန်းမခံနေနဲ့” ဖေးယဒက တခစ်ခစ် ရယ်လိုက်ပြီး လမ်းလျှောက်နေစဉ်အတွင်း ရန်ကိုင်နားနား တိုးတိုးလေး ကပ်ပြောသွားလိုက်၏။
လမ်းတစ်လျှောက်၊ သူမကြောင့်၊ မည်သူက နတ်ဆိုးမျိုးနွယ်စု၊ မည်သူက မွန်းစတား မျိုးနွယ်စု ဆိုသည်ကို ရန်ကိုင် သေသေချာချာ ခွဲခြားနိုင်ခဲ့၏။
တုန်းရွှမ်လောကကြီးရှိ မျိုးနွယ်စု(၃)ခုအတွင်း၌ အရေအတွက် အနည်းဆုံး မျိုးနွယ်စုမှာ မွန်းစတား မျိုးနွယ်စုပင် ဖြစ်၏။
ထိုကဲ့သို့ ရှားပါးရခြင်း၏ အဓိက အရင်းအမြစ်မှာ သားရဲအသွင်ပြောင်းရေကန်ကြောင့်ပင် ဖြစ်လေ၏။
သားရဲအသွင်ပြောင်းရေကန်သည် မွန်းစတား မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဖြစ်၏။ မွန်းစတား သားရဲတစ်ကောင်သည် ခွန်အား အဆင့်တစ်ခုအထိ ပိုင်ဆိုင်ပြီးသည့်အခါ သားရဲအသွင်ပြောင်းရေကန်၏ အကူအညီဖြင့် လူသားအသွင် ပြောင်းလဲနိုင်ပြီး လူသား တစ်ယောက်အောက် မနိမ့်ကျသော အသိဥာဏ်ကို ပိုင်ဆိုင်နိုင်ပေ၏။
လူအသွင်ယူထားသည့် မွန်းစတားမျိုးနွယ်စုဝင် တိုင်းသည် အစစ်အမှန် ပညာရှင်တစ်ယောက် ဖြစ်သည်ဟုပင် ပြောနိုင်၏။
သို့သော် ဤအရာသည် အလုံးစုံ မဟုတ်သေးချေ။ မွန်းစတား မျိုးနွယ်စု၏ အချို့အဖွဲ့ဝင်များဆိုလျှင် လူသားအသွင်ပြောင်းလဲနိုင်သည့် စွမ်းရည်တစ်ခုကို မွေးကတည်းမှ ပိုင်ဆိုင်ထားတတ်ကြ၏။ မွန်းစတား မျိုးနွယ်စု၏ ဂျီးနီးယပ်များ ဆိုလျှင်လည်း သားရဲ အသွင်ပြောင်းရေကန်၏ အကူအညီကို မယူဘဲ လူသားအသွင်သို့ ပြောင်းလဲနိုင်ကြ၏။
၎င်းတို့သည် မွန်းစတားမျိုးနွယ်စု၏ အစစ်အမှန် လက်ရွေးစင်များ ဖြစ်ကြပေ၏။
ဆေးပညာအစည်းအရုံး ကွပ်ကဲသည့် ဝဲပျံတိမ်တိုက် မြို့တော်အတွင်းရှိ ဆိုင်တစ်ဆိုင်၌ ရန်ကိုင်သည် နည်းနည်းပါးပါး လျှောက်ပတ်ကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ပြန်ထွက်လာခဲ့၏။
သူလိုအပ်နေသော ဆေးပင်များကို ရှာမတွေ့ခဲ့ချေ။
“ညီငယ်လေး၊ ဒီနားမှာ ငါမင်းကိုတွေ့တာ အကြိမ်တော်တော်များများနေပြီ။ ဒါပေမယ့် မင်းက အခုထိ ဘာမှမဝယ်သေးဘူး။ ငါ့ဆိုင်ထဲက ပစ္စည်းတွေက မကောင်းလို့လား” ဆိုင်ရှင်လည်း မနေနိုင်ဘဲ မေးလိုက်မိလေ၏။
ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ပစ္စည်းတွေက ကောင်းပါတယ်။ ဒါပေမယ့် ကျုပ်ရှာနေတဲ့ဟာတော့ မရှိဘူး”
“မိတ်ဆွေလေးက ဆေးပညာရှင်လား”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ဆေးပညာရှင် အမှတ်တံဆိပ် တံဆိပ်ပြားကို ထုတ်ပြလိုက်၏။ ထိုတံဆိပ်ပြားကို တစ်ချက် ယူစစ်ဆေးကြည်ပြီးနောက် ဆိုင်ရှင်၏ အမူအရာသည် ယခင်ထက် ပို၍ ရင်းနှီးဖော်ရွေသွားခဲ့ကာ “မိတ်ဆွေလေး၊ မင်းဘာရှာနေလဲဆိုတာ ငါ့ကို ပြောလို့ရလား။ အဲ့လိုဆိုရင် မိတ်ဆွေလေးလိုချင်တဲ့ ပစ္စည်းကို ရှာပေးထားလို့ ရတာပေါ့”
ခေါင်းညိတ်လျက် ရန်ကိုင်က သူလိုအပ်နေသော ဆေးအမယ်များကို ဆိုင်ရှင်အား ပြောပြလိုက်လေ၏။
ဆိုင်ရှင်မျက်နှာ အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး ခေါင်းညိတ်၍ “မိတ်ဆွေလေး ရှာနေတဲ့ ဆေးပင်တွေက အရမ်းကို နေရာရွေးတယ်။ ပုံမှန် နေရာမျိုးတွေမှာ ပေါက်လေ့မရှိဘူး။ အဲ့ဒါကြောင့်ပဲ အဲ့လို ဆေးပင်တွေက ဒီဆိုင်မှာ သိပ်ပေါ်လာလေ့မရှိတာ။ မိတ်ဆွေလေး လိုချင်နေတယ် ဆိုရင်တော့ ကုန်သွယ်ရေး နယ်မြေဆီ တစ်ချက် သွားကြည့်လိုက်လေ။ ကံကောင်းရင် တွေ့ကောင်းတွေ့မှာပေါ့”
“ကုန်သွယ်ရေးနယ်မြေလား” ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့၏။
“ဟုတ်တယ်။ ဒီလို အခါကြီးရက်ကြီး အချိန်တွေမှာ လောကကြီးတစ်ခုလုံးမှာ ရှိတဲ့ ဆေးပညာရှင်တွေ ကုန်ပစ္စည်းချင်း ဖလှယ်လို့ရအောင် မြို့သခင်နဲ့ လက်ထောက် မြို့သခင်နှစ်ယောက်က နေရာတစ်ခုကို အထူးတလည် ပြင်ဆင်ပေးထားတယ်လေ။ အဲ့မှာ ဆေးပညာရှင်တွေ အများကြီးပဲ။ ညီငယ်လေ အဲ့ကိုသွားပြီး ကံစမ်းကြည့်လိုက်ပေါ့”
“ကုန်သွယ်ရေးနယ်ပယ်က ဘယ်နေရာမှာလဲ”
ဆိုင်ရှင်က ရင်းနှီးဖော်ရွေစွာဖြင့် ရန်ကိုင်အား လမ်းညွှန်ပေးလိုက်၏။ ရန်ကိုင်လည်း ကျေးဇူးတင်စကား ပြောပြီးနောက် ဖေးယုနှင့်အတူ ကုန်သွယ်ရေးနယ်ပယ် ဆီသို့ ထွက်လာခဲ့လေ၏။
နာရီဝက်လောက်ကြာနောက် လွန်စွာကိုမှ လူစည်ကားနေသည် မြေကွက်လပ်နေရာတစ်ခုဆီသို့ ရန်ကိုင်နှင့် ဖေးယုတို့ ရောက်လာခဲ့၏။
“ဒီနေရာကိုမြင်ပြီး တစ်ခုခု ပြန်အမှတ်ရလိုက်လို့လား” ရန်ကိုင်က ထူးထူးဆန်းဆန်း ရယ်မောနေသည်ကို တွေ့လိုက်ရသဖြင့် ဖေးယုလည်း မနေနိုင်ဘဲ မေးလိုက်မိ၏။
“အင်း၊ ဂိုဏ်းတုန်းက အဖြစ်အပျက် အချို့ကိုပါ” ရန်ကိုင်က စိတ်မပါလက်မပါဖြင့် ပြန်ပြောလိုက်၏။
သူ့ရှေ့က မြင်ကွင်းသည် သူကောင်းကင်စံအိမ်၌ ရှိနေစဉ်အခါက လေနက်ကုန်သွယ်ရေးနယ်ပယ်ဆီသို့ သွားလည်ပတ်စဉ် အခိုက်အတန့်ကို သူ့အား ပြန်အမှတ်ရစေခဲ့၏။ ထိုမြင်ကွင်းကို ကြည့်ရင်း အတိတ်ကို ပြန်ရောက်သွားသလို ရန်ကိုင် ခံစားလိုက်ရ၏။
သို့သော် ကုန်သွယ်ရေးနယ်ပတ်သည် တောအုပ်ကြီးဖြင့် ဝန်းရံထားခြင်း မရှိသလို ဂိုဏ်းသုံးဂိုဏ်းမှ လက်ရွေးစင်တပည့်များ၏ စောင့်ကြပ်ခြင်းကိုလည်း မရခံချေ။
တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဆိုင်ပိုင်ရှင် တော်တော်များများသည် ဆေးပညာရှင် ဖြစ်နေသဖြင့် ရန်ကိုင်လည်း အတော့်လေးကို အံ့အားသင့်သွားခဲ့ရ၏။ ထိုလူများ၏ ရင်ဘတ်၌ ချိတ်ဆွဲထားသော တံဆိပ်ပြား များကြောင့် သူတို့၏ အဆင့်အတန်းကို မျက်မှန်း တန်းသိနိုင်ပေ၏။
ဆေးပညာရှင် မဟုတ်သည့် ကျင့်ကြံသူများလည်း ရှိနေသလို ဆိုင်းဘုတ်ထောင်၍ ဆေးဖော်စပ်ပေးရန် ဆေးပညာရှင် အလိုရှိသည်ဟု ကြေညာထားသော ကျင့်ကြံသူများလည်း ရှိနေ၏။
ရန်ကိုင်လည်း ခြေကိုကြွလျက်၊ ထိုမြေကွက်လပ်၌ စတင် လျှောက်ပတ်ကြည့်တော့လေ၏။
မြင်တွေ့ရခဲလှသည့် ဆေးအမယ်များကို ရန်ကိုင် တွေ့ရှိခဲ့ရ၏။
ရောင်းချသူ အများစုသည် အထူးတလည် တောင်းဆိုချက်များ မပြုလုပ်ဘဲ သလင်းကျောက် များကိုသာ တောင်းခံလေ့ရှိ၏။
ကံကောင်းစွာဖြင့် ရန်ကိုင်တွင် သလင်းကျောက် တော်တော်များများ ရှိနေသေး၏။
ထိုရောင်သူများနှင့် အပြန်အလှန် ဈေးစစ်ပြီးနောက် ဆေးပင်အချို့ကို ရန်ကိုင် ဝယ်ယူနိုင်ခဲ့၏။
ဖေးယု၏ အကူအညီသည် မပါမဖြစ်ဟု ဆိုရပေမည်။ ဖေးယု၏ စူးရှသောအမြင်၊ ထက်ရှသော လျှာစွမ်းရည်နှင့် မက်မောဖွယ် အလှတရားတို့ကြောင့် ထိုရောင်သူများအား ရက်ရက်စက်စက် အမြတ်ထုတ်ဂုတ်သွေးစုပ်နိုင်ခဲ့၏။ တစ်ခါတစ်ရံ ရောင်းဈေးထက် တော်တော့်ကို နိမ့်သော ဈေးဖြင့်ပင် ဆေးပင်အချို့ကို ဝယ်ယူနိုင်ခဲ့၏။
နေ့တစ်ဝက်ကြာပြီးနောက် အဖိုးတန်း ဆေးပင် တော်တော်များများနှင့် သူလိုအပ်သော ဆေးပင် အချို့ကို ဝယ်ယူနိုင်ခဲ့၏။ ထို့ကြောင့် ထိုရလဒ်နှင့် ပက်သက်ပြီး ရန်ကိုင်လည်း အတော်လေးကို ကျေနပ်နေမိ၏။
“ငါနင့်ကို သလင်းကျောက် တော်တော် သက်သာသွားအောင် ကူညီပေးခဲ့တယ်နော်။ နင်ငါ့ကို ဘယ်လိုပြန်ကျေးဇူးတင်ဖို့ စဉ်းစားထားလဲ” ဖေးယုက ရန်ကိုင်လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် ပျာသကာလို ချိုသာသော အပြုံးဖြင့် မေးလိုက်၏။
“ဂိုဏ်းတူဒေါ်လေး သောက်ချင်တာ ဝယ်တိုက်မယ်လေ”
ဖေးယု၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက်သွားခဲ့ပြီး ပျော်ရွှင်စွာဖြင့် အော်ပြောလိုက်လေ၏ “ဂိုဏ်းတူတူလေးက နင့်ရဲ့ ဂိုဏ်းတူဒေါ်လေးကို ဘယ်လိုပျော်အောင် လုပ်ရမလဲ တကယ်သိတာပဲ”
“ဒါပေမယ့် မူးအောင် သောက်လို့တော့ မရဘူးနော်။ တော်ကြာ ချန်းယန်တို့ ပြန်လာရင် ကျုပ်ကို အထွန့်လာတက်မှာ”
“ငါသိပါတယ်” ဖေးယုက သူမ၏ နှုတ်ခမ်းလေးကို ယဲ့ယဲ့လေး ကွေးလိုက်၏။
လမ်းလျှောက်နေစဉ်မှာပင် မနီးမဝေး တစ်နေရာမှ စိတ်လှုပ်ရှားတကြီး အော်ဟစ်သံတို့ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
ချက်ချင်းဆိုသလို သင်းပျံ့သော ရနံ့သင်းသင်းလေးကို ရန်ကိုင် ရှူရှိုက်မိလိုက်၏။ ရှူရှိုက်မိလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး လန်းဆန်းသွားသလို ရန်ကိုင် ခံစားလိုက်ရ၏။
ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်၏ အကြည့်များ ဝင်းလက်တောက်ပသွားခဲ့ပြီး အလျင်အမြန် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်သည့် အခါ အုံခဲနေသော လူအုပ်ကြီးကို တွေ့လိုက်ရ၏။ သို့သော် လူအုပ်ကြားရှိ ဟာပေါက်ကြားမှ ရောင်စုံအလင်းတစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရသေး၏။
“သွားကြည့်ရအောင်” ပြောပြီးသည်နှင့် ဖေးယုသည် ရန်ကိုင် လက်မောင်းကို ဆွဲလျက် လူအုပ်ကြီးရှိရာဆီသို့ လမ်းလျှောက်သွားလိုက်လေ၏။
သို့သော် လူအုပ်ကြီးကို တိုးမပေါက်နိုင်ခဲ့ရာ အခြားသူများ ပြောနေသည်ကို နားထောင်ရုံသာ တတ်နိုင်ခဲ့၏ “ညီအစ်ကို၊ မင်းဒါကို ဘာနဲ့ ရောင်းချင်လဲ”
“သူတော်စင်အဆင့် ဆေးလုံးဆယ်လုံး” အနည်းငယ် အိုးမင်းနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ထိုစကားကို ထွက်ပေါ်လာပြီးနောက် လူအုပ်ကြီး တစ်ခုလုံး လုံးဝကို တိတ်ကျသွားခဲ့လေ၏။
“ညီအစ်ကို၊ မင်းဈေးက အရမ်း မများလွန်းဘူးလား။ သူတော်စင်အဆင့် ဆေးလုံးဆိုတာ အလွယ်တကူ သန့်စင်လို့ရတဲ့ ဆေးလုံးတွေမှ မဟုတ်ဘူး။ ဒီလောကကြီးမှာ လက်တစ်ဆုပ်စာ လူတွေလောက်ကပဲ သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်တာလေ။ သူတော်စင်အဆင့် ဆေးလုံးကိုမှ ဆယ်လုံးတောင် တောင်းတယ်ဆိုတော့ ဈေးက အရမ်း မများလွန်းဘူးလား”
“ဟုတ်တယ်။ ဆေးပင်တို့၊ သလင်းကျောက်တို့နဲ့ လဲလို့ မရဘူးလား”
“လက်နက်တစ်ခုနဲ့ ဆိုရင်ကော။ ငါ့မှာ စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် လက်နက်တွေရှိတယ်။ မင်းကြိုက်တဲ့ လက်နက်တစ်ခုကို ရွေးလိုက်လေ”
“သူတော်စင်အဆင့် ဆေးလုံး(၁၀)လုံးပဲ။ သူတော်စင်အဆင့် ဆေးလုံးဆယ်လုံးပဲ ငါလိုချင်တာ။ မရှိရင် သွားလို့ရပြီ”
“ညီအစ်ကို၊ စည်းလေးဘာလေး ထားပြီး လုပ်ရင် ကောင်းမယ်။ မင်းဟာ အရမ်း များလွန်းအားကြီးတယ်”
“ဒီကောင်က အရမ်း မောက်မာနေတာပဲ။ ဒီဟာက သူတော်စင်အဆင့် ဆေးလုံး ထိုက်တန်တယ်ပေါ့။ မဟုတ်တရုတ်တွေပါကွာ။ ဒီကောင် ဆင်းရဲလွန်းလို့ ရူးသွားတာပဲ ဖြစ်ရမယ်”
“အစ်ကိုကြီး၊ ရှင်သာ ကျွန်မကို အဲ့ဒါပေးမယ် ဆိုရင် ကျွန်မခန္ဓာကိုယ်က ရှင့်အပိုင်ပဲလေ။ ဘယ်လိုလဲ” ချိုသာသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
“သောက်ရှက်မရှိတဲ့ မိန်းမပဲဟ၊ နည်းနည်းလေး ဘာလေး ရှက်တတ်ပါဦးကွာ” လူအုပ်ကြီးထဲမှ တစ်ယောက်ယောက်က အထင်တသေးဖြင့် ပြောလိုက်၏။
“ရုပ်ရည်နဲ့ လုပ်စားရဲတယ် ဆိုတော့ တကယ်ကို သောက်ရှက်မရှိလွန်းတာပဲဟ”
“ရှင်တို့ သောက်ပူမပါဘူး”
ဤသို့ဖြင့် ငြင်းခုံသံများသည် တစ်စထက် တစ်စ ပိုမို ကျယ်လောင်လာခဲ့လေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၀၂) ရေခဲနှလုံးသားနှင်းကြာပန်း
——————————————————————
“ထွက်သွားစမ်း” ထိတ်လန့်ဖွယ် အော်သံကြီးကြောင့် အားလုံး၏ နားစည်များ တုန်ခါသွားခဲ့ရာ လူအုပ်ကြီး တစ်ခုလုံး ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားခဲ့ရလေ၏။ အားနည်းသူများဆိုလျှင် သူတို့၏ နားထဲမှပင် သွေးများ စီးကျခဲ့ရ၏။ အားလုံးသည့် သူ့ရှေ့လာပြီး ဆူဆူညံညံ လာလုပ်နေသဖြင့် ဆိုင်ပိုင်ရှင်လည်း စိတ်တိုလာသည့် ပုံပင်။
“ငါနောက်တစ်ကြိမ် ထပ်မပြောတော့ဘူး။ ငါတောင်းဆိုတာ မပေးနိုင်ရင် ထွက်သွားလိုက်တော့” ရောင်းသူက ခပ်ပြတ်ပြတ် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“မသေမျိုးတတိယအဆင့်လား” လူအိုကြီးထဲမှ တစ်ယောက်ယောက် အော်ပြောလိုက်၏။
အရောင်းသမားဆီမှ ထွက်ပေါ်နေသော အရှိန်အဝါ ယဲ့ယဲ့လေးသည် ထိုလူ မည်ကဲ့သို့သော ခွန်အားအား ပိုင်ဆိုင်ထားသည် ဆိုသည်ကို အားလုံးအား နားလည်သွားစေခဲ့၏။ သို့ဖြင့် လူတော်တော် များများသည် သက်ပြင်းအသာအယာ ချလျက် ဖြည်းဖြည်းချင်း ပြန်ထွက်သွားကြတော့လေ၏။
သို့သော် မထွက်သွားသေဘဲ အရောင်းသမားနှင့် ဈေးစစ်နေသော ပညာရှင်အချို့လည်း ရှိသေး၏။
ကံမကောင်းစွာဖြင့် ဆိုင်ရှင်သည် ခေါင်းကိုသာ အဆက်မပြတ် ခါရမ်းခဲ့လေ၏။
တဖြည်းဖြည်းနဲ့ အရောင်သမားရှေ့ရှိ အုံခဲနေသော လူအုပ်ကြီးသည်လည်း လူနည်းသထက် နည်းလာခဲ့ရကာ နောက်ဆုံး၌ လူမရှိလုမတတ်အထိ ဖြစ်သွားခဲ့ရ၏။
ထို့ကြောင့် ရန်ကိုင်နှင့် ဖေးယုတို့သည်လည်း အရောင်သမား ဘာရောင်းနေလဲ ဆိုသည်ကို အသေအချာ မြင်တွေ့နိုင်ခဲ့ရလေ၏။
အရောင်းသမားရှေ့၌ အသန့်စင်ဆုံး ရေခဲသားမှ ထွင်းထုထားသော လက်ဝါးအရွယ် အဖြူရောင် ကြာပန်းလေးတစ်ပွင့် ရှိနေခဲ့၏။ သို့သော်လည်း ထိုကြာပန်းလေးမှ ထွက်ပေါ်နေသော သင်းရနံ့ကြောင့် ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး သူတို့၏ အတွေးများ ပို၍ကြည်လင် ထက်ရှလာရသည်ကို ခံစားမိလိုက်၏။
ရှားပါးရတနာပဲ ရန်ကိုင် ရုတ်တရက် မှတ်ချက်ချလိုက်၏။
“ရေခဲနှလုံသားနှင်းကြာပန်းလား” ဖေးယုက အလန့်တကြား အော်ပြောလိုက်ပြီးနောက် ထိုင်ချလိုက်ကာ ရေခဲကြာပန်းကို အသေအချာ စစ်ဆေးကြည့်လိုက်ပြီးနောက် “ဒါက နှစ်တစ်သောင်း ကျော်နေပြီမလား”
ထိုစကားကို ကြားလိုက်ရသည်နှင့် ရန်ကိုင် အမူအရာ အပြောင်းကြီးပြောင်းလဲသွားခဲ့ရလေ၏။
နှစ်တစ်သောင်းလား မည်သည့် ဆေးပင်ဖြစ်စေ၊ အဆင့်အနိမ့်ဆုံး သာမန်ဆေးပင် ဆိုလျှင်ပင် နှစ်တစ်သောင်းအထိ ကြီးထွားပြီးပါက အဖိုးတန်ဆေးပင် တစ်ပင် ဖြစ်လာပေလိမ့်မည်။ အစကတည်းကပင် တန်ဖိုးရှိနေတာ ဤရေခဲကြာပန်းဆိုလျှင်မူ ဆိုဖွယ်ရာ မရှိတော့။
အမြဲတမ်း တည်ငြိမ်နေသည့် အရောင်းသမား၏ မျက်နှာလည်း ဖေးယု၏ စကားကို ကြားလိုက်သည့်အခါ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး အသာအယာ ခေါင်းညိတ်လျက် “နောက်ဆုံး မြင်တတ်တဲ့ တစ်ယောက်ယောက်တော့ ထွက်ပေါ်လာပြီပဲ”
ဖေးယုက အသာအယာ ပြုံးလျက် “ကျွန်မ တစ်ယောက်ပဲ ရှင့်ပစ္စည်း အရည်အသွေးကို ခန့်မှန်း ဆုံးဖြတ်နိုင်တာ မဟုတ်ဘူး။ အစောပိုင်းတုန်းက လာတဲ့ လူတွေထဲက တော်တော်များများကလည်း သိကြပြီးသား။ အမှန်တရားကို ထုတ်ဖော်မပြောချင်တာ တစ်ချက်ပဲ”
ရေခဲကြာပန်းကို လာဈေးစစ်သူများသည် အရောင်းသမားကို မလှိမ့်တပတ် နှပ်ချရန် ကြိုးစားခဲ့ကြသူများ ဖြစ်ကြပေ၏။
“ဒါကို သူတော်စင်အဆင့် ဆေးလုံးနဲ့ တကယ်ပဲ လဲချင်တာလား” ဖေးယုက မေးလိုက်ရာ အရောင်းသမားက မဆိုင်းမတွ ခေါင်းပြတ်ညိတ်ပြလိုက်၏။
ဖေးယုက ခေါင်းသာ ခါရမ်းလျက် သက်ပြင်းချလိုက်၏။ သူတော်စင်အဆင့် ဆေးလုံး (၁၀)လုံးသည် သူမ မပေးနိုင်ချေ။ သူတော်စင်အဆင့် ဆေးလုံးကို သူတော်စင်အဆင့် ဆေးပညာရှင်များပင် အလွယ်တကူ မသန့်စင်နိုင်ကြချေ။
ထို့ကြောင့် သူတော်စင်အဆင့် ဆေးလုံးများသည် အမြဲတမ်း ဈေးကြီးကြ၏။ သူတော်စင်အဆင့် ဆေးလုံး ဆယ်လုံးဆိုသည်မှာ မြို့လေးတစ်မြို့ကိုပင် ဝယ်နိုင်သော တန်ကြေးရှိ၏။
မည်သည့် သာမန်ကျင့်ကြံသူအတွက် မဆို သူတော်စင်အဆင့် ဆေးလုံး (၁၀)လုံးဆိုသည် သူတို့ တစ်ဘဝလုံးပင် မရနိုင်သော အရာဖြစ်ပေ၏။
“ဂိုဏ်းတူဒေါ်လေး၊ ဒါက ဝိဥာဉ်ကို အားဖြည့်ပေးနိုင်တာလား” ထိုရေခဲကြာပန်းသည် အဖိုးတန် ရတနာတစ်ခုမှန်း သိသော်လည်း မည်ကဲ့သို့ အသုံးဝင်သည် ဆိုသည်ကို ချက်ချင်း မပြောနိုင်ပါချေ။
ဖေးယုကမူ ထူးခြား၏။ သူမသည် ဆေးပညာရှင် မဟုတ်သော်လည်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သဖြင့် ရန်ကိုင်ထက် ပို၍ ဗဟုသုတ ကြွယ်ဝပေ၏။ ထို့ကြောင့် ရေခဲနှလုံးသားကြာပန်းကို မြင်မြင်ချင်း တန်းမှတ်မိသည်မှာ အံ့ဩဟရာ မဟုတ်ချေ။
“အင်း၊ ဝိဥာဉ်ကို အားဖြည့်ပေးနိုင်တဲ့ ရှားပါးရတနာ တစ်ခုပဲ” ဖေးယုက အသာအယာ ခေါင်းညိတ်လျက် “ဆေးလုံးအဖြစ် သန့်စင်စရာတောင် မလိုဘူး။ တစ်ခါတည်း တန်းမြိုချလိုက်ရုံပဲ။ ရေခဲနှလုံးသား နှင်းကြာပန်းကို စားလိုက်တာနဲ့ နင့်စိတ်စွမ်းအင် အပုံကြီး တိုးတက်လာလိမ့်မယ်။ ဒါပေမယ့် ထူးတော့ ထူးဆန်းသား။ ဒီလို ပစ္စည်းများကို ဒီလောက် တွေ့ဖို့ ခက်တာ ကိုယ့်ဘာသာ ဘာလို့ မသိမ်းထားဘဲ သူတော်စင်အဆင့် ဆေးလုံးဆယ်လုံးနဲ့ ဘာလို့ လာလဲရတာလဲ”
“ကျုပ်ကိစ္စနဲ့ ကျုပ်ပေါ့” အရောင်းသမားက ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်၏။ ထို့နောက် ထပ်၍ ရှင်းပြလိုက်၏ “ခင်ဗျားတို့မှာ သူတော်စင်အဆင့် ဆေးလုံး အလုံအလောက်ရှိလို့လား။ ရှိရင် လဲလို့ရတယ်။ မရှိရင် ကျုပ်အချိန်ကို လာမဖြုန်းနဲ့တော့”
ဖေးယုက သူမ၏ နှုတ်ခမ်းလေးကို အသာအယာလေး ကွေးလိုက်၏။
ရန်ကိုင်က တစ်ခဏလောက် စဉ်းစားပြီးနောက် မေးလိုက်၏ “ဆေးလုံးစုဖို့ ရက်နည်းနည်းလောက် အချိန်ပေးလို့ရမလား”
“ဘယ်လောက်ကြာမှာလဲ” အရောင်းသမားက ရန်ကိုင်ကို လှည့်ကြည့်လိုက်လေ၏။
“သုံးရက်”
“ရတယ်။ ဒါပေမယ့် အဲ့သုံးရက်အတွင်း မရောင်းဘူးလို့တော့ ငါအာမမခံနိုင်ဘူး” အရောင်းသမားက ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်လေ၏။
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး “ဒါပေမယ့် အခု ကျုပ်မှာ သူတော်စင်အဆင့် ဆေးလုံးတစ်လုံးပဲ ရှိတယ်”
“အဲ့ဒါက မင်းပြဿနာလေ”
အရောင်းသမား ဂွကျကျ သဘောထားကြောင့် ရန်ကိုင်လည်း ဘာမှ ထပ်မပြောတော့ချေ။ ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သော ရတနာတစ်ခုကို တွေ့ရန် ခက်ခဲ၏။ သို့သော် သူတော်စင်အဆင့် ဆေးလုံးများကို သူ့လက်ရှိ စွမ်းရည်နှင့်ပင် အလွယ်တကူ မသန့်စင်နိုင်ချေ။
အနည်းဆုံး စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့်အောက် မနိမ့်ကျသော ဆေးပင်များကို စုဆောင်းရန် လိုသေး၏။
စိတ်ဝိဥာဉ် အစီအရင်နှင့် ဆေးပေါင်းရည်၏ အကူအညီဖြင့် သူတော်စင်အဆင့် ဆေးလုံးကို ဆယ်ရက် အတွင်း သန့်စင်နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိ၏။
သို့သော်လည်း မရေမတွက်နိုင်သော ဆေးအမယ်များကို ဖြုန်းတီးပစ်ရပေလိမ့်မည်။
ထိုသို့လုပ်ရမလား၊ မလုပ်ရဘူးလား စဉ်းစားနေစဉ်မှာပင် သူ့အရွယ်လောက်ရှိမည့် ရုပ်ချောချော လူငယ်လေးတစ်ယောက် ရန်ကိုင်ဘေးနား ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
ဖေးယု၏ မျက်ဝန်းများသည်လည်း လင်းလက်သွားခဲ့ပြီး ထိုလူငယ်လေးကို စိတ်ဝင်တစား စိုက်ကြည့်လိုက်၏။
ထိုလူငယ်လေးက ရုတ်တရက် ပြုံးလိုက်ရာ သူ့ပတ်လည်ရှိ လောကကြီးသည် ယခင်ကထက်ပင် ပို၍ တောက်ပလာသယောင် ထင်သွားရ၏။
“ဒီရေခဲနှလုံးသားနှင်းကြာပန်းက တော်တော်လေး ကောင်းတာပဲ” လူငယ်လေးက ရန်ကိုင်ဆီမှ အကြည့်ပြန်ရုတ်လိုက်ပြီး သူ့ရှေ့ရှိ ရတနာဆီ အကြည့်ပြောင်းလိုက်၏။
“သူတော်စင်အဆင့် ဆေးလုံးဆယ်လုံး” အရောင်းသမားက ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။
“ကောင်းပြီ။ ကျုပ်ယူမယ်” လူငယ်လေးက အသာအယာ ခေါင်းညိတ်လိုက်၏။
ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး ကြောင်သွားခဲ့၏။ အရောင်သမားပင် အနည်းငယ် ကြောင်အသွားခဲ့ကာ မျက်မှောင်ကြုံ့လျက် “သူတော်စင် အဆင့် ဆေးလုံး(၁၀)လုံး အရင်ပေး။ ပေးပြီးရင် ဒါက မင်းအပိုင် ဖြစ်သွားပြီပဲ”
ထိုလူငယ်လေးသည် သူတော်စင်အဆင့် ဆေးလုံး ဆယ်လုံးကို ထုတ်ပေးနိုင်ခြင်း မရှိဟု အရောင်းသမား ထင်နေသည့်ပုံပင်။
လူငယ်လေးသည် ပြုံးမြဲပြုံးလျက် အရောင်သမားထံ သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်ကာ “ခင်ဗျားဘာသာ စစ်ဆေးကြည့်လိုက်။ ထပ်လိုချင်သေးရင်တော့ ကျုပ်လည်း မတတ်နိုင်တော့ဘူး”
အရောင်သမားသည် ထိုသိုလှောင်အိတ်ကို တစ်ချက် စစ်ဆေးကြည့်ပြီးနောက် ပျော်ရွှင်စွာ ပြုံးကာ ဆိုင်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး အဝေးသို့ ထွက်သွားလိုက်လေ၏။
ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက်စလုံး မှင်သက်နေခဲ့ကြ၏။
လူငယ်လေးကမူ အသာအယာလေး ပြုံးလျက် အပျိုစင် မိန်းကလေး တစ်ယောက်၏ လက်ကလေးကဲ့သို့ သွယ်လျချောမွတ်လှသော လက်လေးကို ဆန့်ထုတ်ပြီး ရေခဲနှလုံးသားနှင်းကြာပန်းကို ကောက်ယူကာ အခြား သိုလှောင်အိတ်တစ်လုံးထဲ ထည့်သိမ်းထားလိုက်လေ၏။ ထို့နောက် ရန်ကိုင်ဘက်လှည့်၍ ခင်မင်ရင်းနှီးစွာ ပြုံးလျက် “ဒီက မိတ်ဆွေအပေါ် ရိုင်းမိသလိုရင် ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ လူတိုင်းက ပစ္စည်းကောင်းကို လိုချင်ကြတာဆိုတော့လေ”
“ဘာမှမဖြစ်ပါဘူး’ ရန်ကိုင်က အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်၏။
ထိုရေခဲနှလုံးသားနှင်းကြာပန်းကို သူမဝယ်နိုင်သဖြင့် တစ်ဖက်လူ ဝယ်သွား၏။ အဲ့ဒါကို သူက ဘာကို သွားအပြစ်ပြောရမည်နည်း။
“အင်း။ အဲ့လိုဆိုရင် နှုတ်ဆက်ပါတယ်” ပြောပြီးနောက် လူငယ်လေးသည် လူအုပ်ကြီးထဲသို့ အလျင်အမြန် တိုးဝင် ပျောက်ကွယ်သွားလေ၏။
“အဲ့ကောင်လေး… ဘယ်လိုနောက်ခံကိုများ ပိုင်ဆိုင်ထားတာလဲ မသိဘူး” အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဖေးယုက ပြောလာခဲ့၏ “သူတော်စင်အဆင့် ဆေးလုံးဆယ်လုံးကို မျက်တောင် တစ်ချက်တောင် မခတ်ဘဲ ပေးသွားတာနော်”
“သူနောက်ခံက သာမန်တော့ မဟုတ်တာ သေချာတယ်” လူငယ်လေး ထွက်သွားရာ အရပ်ဆီ အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရန်ကိုင်က ပြောလိုက်၏ “ပြီးတော့၊ သူက အဆင့်မြင့် ဆေးပညာရှင် တစ်ယောက်ပဲ”
“နင်ဘယ်လိုသိတာလဲ” ဖေးယုက ရန်ကိုင်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။
“သူ့လက်ချောင်းထိပ်မှာ ဆေးရနံ့တွေ စွဲနေတယ်လေ။ ဆေးရနံ့က အဆင့်နိမ့်ဆေးလုံးတွေရဲ့ ဆေးရနံ့ မဟုတ်ဘူး။ စိတ်ဝိဥာဉ်အဆင့် ဆေးရနံ့တွေပဲ”
ဖေးယုက အံ့အားသင့်တကြီးဖြင့် သူမ၏ ပါးစပ်လေးကို အုပ်လိုက်ပြီး “အဲ့လိုဆို သူက နင်နဲ့ အဆင့်အတူတူပဲပေါ့”
ဤမျှ ငယ်ငယ်ဖြင့် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်နိုင်သည်မှာ သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ မိနာသည် စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်သော်လည်း သူမသည် ရန်ကိုင်ထက် အသက်ကြီးပေ၏။
သို့သော် ထိုလူငယ်လေးသည် ရန်ကိုင်နှင့် အသက်တူလောက်သာ ရှိပေဦးမည်။
“မဟုတ်ဘူး” ရန်ကိုင်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်ထက်တောင် ပိုတော်နိုင်သေးတယ်”
ဤတစ်ကြိမ် ဖေးယုမှာ အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။
ရန်ကိုင်ကဲ့သို့ မွန်းစတားမျိုး ဤလောကကြီး၌ နောက်နှစ်ပေါင်း (၁၀၀)လောက်မှာသာ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာနိုင်ကောင်း ထွက်ပေါ်လာနိုင် လိမ့်မည်ဟု ထင်နေခဲ့သော်ငြား ဝဲပျံတိမ်တိုက်မြို့တော်သို့ ရောက်ပြီး မကြာခင်မှာပင် နောက်ထပ်တစ်ယောက်ကို ထပ်တွေ့ခဲ့ရလေပြီ။
“ဒါပေမယ့်… သူက အပျော်လင် ပုံစံနဲ့ တူနေတယ်။ ကျုပ်ကတော့ မတူဘူး” ရန်ကိုင်က ရုတ်တရက် ဂုဏ်ယူစွာ ပြုံးဖြီးလိုက်လေ၏။
ဖေးယုက ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် စိုက်ကြည့်လိုက်ပြီး “နင်… သူကနင့်ထက် နည်းနည်းလေးပဲ ပိုရုပ်ချောတာပါနော်”
“သူသာ ကြီးလာတာနဲ့ မိန်မလှလေး တစ်ယောက်နဲ့ အထင်မှားခံရဦးမှာ ကျုပ်မြင်ယောင်မိသေးတယ်” ရန်ကိုင်က နှစ်ထောင်းအားရ ကျေနပ်စွာ ရယ်မောလိုက်၏။ ယောကျာ်းတစ်ယောက် ထိုကဲ့သို့ ရုပ်ရည်ဖြင့် ရှင်သန်ရသည်မှာ ဝမ်းနည်းစရာ တစ်မျိုးပင် ဖြစ်လေ၏။
“အခြားကောင်းတာလေး ဘာလေးများ ရှိမရှိ တစ်ချက်လောက် လျှောက်ကြည့်ကြတာပေါ့။ ဘာမှမရှိရင် ပြန်ကြမယ်” ရန်ကိုင် ပြောလိုက်၏။ ဖေးယုက ရန်ကိုင်နောက် အလျင်စလို ပြေးလိုက်သွားလိုက်ပြီး ဆူပုပ်နေသည့် မျက်နှာထားဖြင့် “နေပါဦး။ နင်ပြောတော့ ငါသောက်ချင်တာ ဝယ်တိုက်မယ်ဆို၊ နင်ငါ့ကို လိမ်နေတာလား”
“ဂိုဏ်တူဒေါ်လေး သောက်ချင်တာ ဝယ်သွားလေ။ တည်းခိုခန်းရောက်မှ သောက်ပေါ့”
ပြောပြီးနောက် ကုန်သွယ်ရေးနယ်ပယ်တစ်ဝိုက် လှည့်ပတ်ကြည့်လိုက်သော်လည်း မည်သည့် ပစ္စည်းကောင်းကိုမှ မတွေ့ခဲ့ရ။
ပြန်ဖို့လုပ်မည်ဆဲဆဲမှာပင် လူတစ်ယောက်သည် ဆိုင်ခန်းအသစ်တစ်ခုကို ထောင်၍ သူ့သိုလှောင်အိတ်ထဲမှ ဆေးပင်များ တစ်ပင်ပြီးတစ်ပင် ထုတ်ယူနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
ထိုလူထုတ်နေသော ဆေးပင်များသည် ရှားပါး ဆေးပင်များ ဖြစ်နေသည်က တစ်ကြောင်း၊ သူ့ရင်ဘတ်ရှိ ဆေးပညာရှင် တံဆိပ်ပြားကို မြင်သွားသည်က တစ်ကြောင်း ထိုလူကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ မျှော်လင့်ချက်တို့ ထွက်ပေါ်လာခဲ့ရ၏။
“တစ်ချက်လောက် သွားကြည့်ကြတာပေါ့” ရန်ကိုင်နှင့် ဖေးယုတို့ နှစ်ယောက် ဆိုင်ခန်းရှေ့ သွားလိုက်ပြီး ထိုဆေးပညာရှင် သူ့ဆေပင်အားလုံးအား ထုတ်ယူပြီးမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်၏။
အနီးအနား ဝန်းကျင်ရှိ လူများသည်လည်း ဤနေရာ၌ တစ်ခုခု ဖြစ်နေသည်ကို တွေ့ရှိသွားသဖြင့် မကြာခင်မှာပင် လူပေါင်းများစွာ ဤနေရာသို့ ရောက်ချလာခဲ့လေ၏။ ထို့ကြောင့်ပဲ ဆေးပညာရှင် ထုတ်ယူလိုက်သည့် ဆေးပင်များ မကြာခင်မှာပင် အကုန်ကုန်သွားခဲ့လေ၏။
နောက်ဆုံး ဆေးပညာရှင် သိုလှောင်အိတ်ထဲ ဆေးပင် အားလုံး ကုန်သွားခဲ့ရလေ၏။
“ခဏနေကြပါဦး။ ကျုပ်အဖော်လည်း လာနေတယ်။ သူ့ဆီမှာလည်း ပစ္စည်းကောင်းတွေ အများကြီးပြနော်” ထိုဆေးပညာရှင်က အလျင်စလို ပြောလိုက်၏။
ထိုစကားကို ကြားလိုက်သည်နှင့် အားလုံး စိတ်အား တက်ကြွသွားခဲ့ပြီး ထွက်မသွားကြတော့ဘဲ ထိုနေရာ၌သာ ရပ်စောင့်နေကြတော့လေ၏။
“ရောင်းရင်းရေ၊ အဲ့ရတနာတွေကို မင်းနဲ့မင်းမိတ်ဆွေ ဘယ်ကနေ ရခဲ့ကြတာလဲ” တစ်ယောက်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဟဲ ဟဲ၊ ပြောရမှာပေါ့။ ကျုပ်တို့နှစ်ယောက် ဆန်းကြယ် လောကငယ်တစ်ခုထဲ မတော်တဆ ရောက်သွားခဲ့တာလေ။ အခုတော့ အဲ့နေရာမှာ ဆေးပင် အချို့ကလွဲပြီး ဘာမှမကျန်တော့ဘူး။ ရှိသမျှ ဆေးပင်တွေ အကုန်လုံးကို ကျုပ်တို့ သယ်လာပြီးသွားပြီ”
“မင်းကံက တကယ်ကို ကောင်းတာပဲ” လူများတို့ မနာလိုအားကျစွာဖြင့် ရေရွတ်လိုက်ကြ၏။
ဆန်းကြယ်လောကငယ်များသည် အရွယ်အစား အမျိုးမျိုးရှိကြ၏။ ရှေးဟောင်းနတ်ဆိုးကလန်သာတို့ နေသည့် ဆန်းကြယ်လောကငယ်သည် အတော်လေးကို ကြီးလှသည်ဟု ဆိုရပေမည်။ ဆန်းကြယ်လောကငယ်ထဲ ပေါက်လေ့ရှိသော ဆေးပင်များသည် သက်တမ်းရင့် ဆေးပင်များ ဖြစ်လေ့ရှိကြ၏။ ဘာအဖိုးတန်ပစ္စည်းမှ မရှိသော လောကငယ်များလည်း ရှိနိုင်ပေ၏။ အားလုံးသည် ကံအပေါ်တွင်သာ မူတည်ပေသည်။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၀၃) မြေမီးတောက်အမြူတေ
——————————————————————
တုန်းရွှမ်လောကကြီး တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို ကျင့်ကြံသူပေါင်း များစွာတို့သည် အသစ်အသစ်သော ဆန်းကြယ် လောကငယ်များကို ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း ယခုထိတိုင် မရှာဖွေရသေးသော၊ မတွေ့ရှိရသေးသော ဆန်းကြယ်လောကငယ်များစွာ ရှိနေပေသေးသည်။
ခဏအကြာ၌ သက်လတ်ပိုင်း လူကြီးတစ်ယောက် ရောက်ရှိလာခဲ့ပြီး အရင်ရောက်ရှိလာခဲ့သည့် ဆေးပညာရှင် ပမာ သိုလှောင်အိတ်ထဲမှ သူ့ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် ထုတ်ယူတော့လေ၏။
သူတစ်ခုခုကို ထုတ်ယူလိုက်တိုင်း လူများစွာတို့သည် ထိုပစ္စည်းကို ရရန် အသည်းအသန် ကြိုးစားကြ၏။
မြင်ကွင်းသည် လွန်စွာကိုမှ အသက်ဝင်နေခဲ့၏။ ဆေးပညာရှင်နှင့် သူ့အပေါင်းအပါသည် နှစ်ယောက် ပေါင်း၍ အလုပ်ကို ခွဲဝေလုပ်ကိုင်နေခဲ့၏။ တစ်ယောက်သည် ရောင်းချခြင်းကို ကိုင်တွယ်နေစဉ် အခြားတစ်ယောက်သည် သလင်းကျောက်များကို လက်ခံနေခဲ့ရာ နှစ်ယောက်စလုံး မအားလပ်နိုင် ဖြစ်နေခဲ့၏။
ထိုနှစ်ယောက်သည် ရောင်းရတိုင်း သူတို့ ပစ္စည်းများ၏ ဈေးနှုန်းကို မြှင့်တင်ရန် မကြိုးစားခဲ့ကြ။ ပုံမှန်ဈေးထက် နည်းနည်းလေးသာ ပိုသာသော ဈေးနှုန်းဖြင့်သာ ရောင်းချခဲ့ကြရာ ဝယ်သူများလည်း အတော်လေးကို စိတ်ကျေနပ်နေခဲ့ကြရ၏။
ရန်ကိုင်သည် ဘေးကမှနေသာ ရပ်၍ စောင့်ကြည့်နေခဲ့ပြီး ပစ္စည်းတစ်ခုတစ်လေကိုမှ ဝယ်ယူရန် မကြိုးစားသေချေ။
ထိုဆေးပင်များသည် အဖိုးတန်သော်ငြား သူအမှန်တကယ် လိုအပ်နေသည့် မည်သည့်အရာကိုမှ မတွေ့ရသေးချေ။
ရုတ်တရက် ဆေးပညာရှင်၏ အဖော်သည် လောင်ကျွမ်းနေသော မီးတောက်ဘောလုံးနှင့် ဆင်တူသော အနီရောင်အလုံးလေးတစ်လုံးကို ထုတ်ယူလိုက်လေ၏။ ထိုပစ္စည်း ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင် တစ်ခုလုံး ချစ်ချစ်တောက် ပူလောင်သွားခဲ့ရ၏။ အားလုံးလည်း ထိုပြောင်းလဲမှုကို ချက်ချင်း သတိပြုမိလိုက်ပြီး ယခု ထုတ်ယူလိုက်သည့် ပစ္စည်းသည် အတော့်ကို တန်ဖိုးကြီးကြောင်း နားလည်လိုက်၏။ ထို့ပြင် ထိုအလုံးလေး၏ မျက်နှာပြင်ထက် လူ့သွေးကြောနှင့်တူသော သိပ်သည်းလှသည့် မျဉ်းကြောင်းများစွာ ရှိနေခဲ့၏။
ထိုအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်ဝန်း အစုံ လင်းလက်တောက်ပသွားခဲ့ပြီး အလျင်အမြန် လှမ်းယူရန် ကြိုးစားလိုက်လေ၏။
တစ်ချိန်တည်းမှာပင် ထိုအရာသည် အဖိုးတန် ပစ္စည်းတစ်ခုမှန်း သိလိုက်ရာ လူပေါင်းများစွာတို့သည် ရန်ကိုင်ကဲ့သို့ ထိုပစ္စည်းကို အလျင်အမြန် လှမ်းယူ လိုက်ကြလေ၏။ တစ်ပြိုင်တည်းမှာပင် လက်ပေါင်း ဒါဇင်ကျော်တို့သည် ထိုအနီရောင်ပစ္စည်းကို ဖမ်းကိုင်လိုက်ကြလေ၏။
ဖေးယုက တိတ်တဆိတ် ခြေဆောင့်လိုက်ရာ မမြင်နိုင်သော လှိုင်းလုံးတစ်ခုသည်ကို သူမကို ဗဟိုပြု၍ ဘေးပတ်ပတ်သို့ ပြန့်နှံ့သွားလေ၏။
မသေမျိုးတတိယအဆင့်ဆီမှ ပေါက်ကွဲလာသော စွမ်းအင်လှိုင်းများသည် ရန်ကိုင်၏ ပြိုင်ဘက်အားလုံးကို နောက်သို့ တွန်းထုတ်သွားခဲ့လေ၏။
ချက်ချင်းပဲ ရန်ကိုင်နှင့် ဖေးယုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြကာ နှစ်ယောက်စလုံး အသာအယာ ပြုံးလိုက်ကြ၏။
ရန်ကိုင်လက်သည် ထိုအနီရောင်အလုံးလေးကို ဖမ်းယူမိလိုက်သည့် အချိန်မှာပင် သူ့နှင့် မျက်နှာချင်းဆိုင် အရပ်ဆီမှ လက်တစ်ဖက်သည်လည်း ထိုအနီရောင် အလုံးလေးကို ဆုပ်ကိုင်ထားလို့ နေခဲ့လေ၏။
ရှိနေသည့် လူအားထဲတွင် ရန်ကိုင်နှင် ထိုစိန်ခေါ်သူသာ ဖေးယု၏ လှည့်ကွက်လေးထဲ မကျရောက်ခဲ့ခြင်း ဖြစ်၏။
လက်ပိုင်ရှင်ကို မော့ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ဖေးယုသည်လည်း အတော်လေးကို အံ့အားသင့်သွားခဲ့ရ၏။
ထိုလက်ပိုင်ရှင်သည် ရေခဲနှလုံးသားနှင်းကြာပန်းကို ဝယ်ယူသွားခဲ့သော လူငယ်လေး ဖြစ်နေခဲ့ပေသည်။ ရန်ကိုင်ကို သတိပြုမိသည့် အချိန်၌ တစ်ဖက်လူက သူ့အား ပြန်ပြုံးပြလိုက်၏။
အားလုံး ခြေခိုင်သည်သွားသည့် အချိန်၌ အားလုံးသည် ဖေးယုဆီ လှမ်းကြည့်လိုက်ကြ၏။ သို့သော် တစ်ဖက်လူသည် မိန်းမလှလေးတစ်ယောက် ဖြစ်နေသည် ဆိုသည်ကို သိလိုက်ရသည့်အချိန်၌ သူတို့၏ ဒေါသကို စိတ်ထဲတွင်သာ ကြိတ်၍ မြိုသိပ်ထားလိုက်ကြလေ၏။
“ဟဲဟဲ၊ ပွဲကောင်းကြည့်ရတော့မှာပဲ” ရန်ကိုင်နှင့် လူငယ်တို့ နှစ်ယောက်ကို ကြည့်ရင်း လူအုပ်ထဲမှ တစ်ယောက်က ရယ်မောလိုက်၏။
အားလုံးသည် အာရုံသည် ထိုနှစ်ယောက်ဆီသို့ ရောက်ရှိလာခဲ့လေ၏။ သူတို့အားလုံး၏ စိတ်ထဲတွင်လည်း မည်သူနိုင်မည် ဆိုသည်ကို ကြိတ်၍ ခန့်မှန်းနေခဲ့ကြ၏။
“ရောင်းရင်းရေ၊ ငါတို့ ထပ်တွေ့ကြပြန်ပြီနော်” လူငယ်လေးက ရန်ကိုင်ကို တောက်ပစွာ ပြုံးပြလိုက်၏။
“အင်း၊ ရန်ကိုင်လည်း ရယ်မောလိုက်ပြီး အသာအယာ မျက်မှောင်ကြုံ့လိုက်လျက် “မင်းလည်း ဒါကို လိုချင်နေတာလား”
“အားလုံးက ပစ္စည်းကောင်းဆိုရင် လိုချင်ကြတာပဲလို့ ငါပြောခဲ့တယ်လေ”
“ဒီမှာလည်း ပစ္စည်းကောင်းတွေ အများကြီး ရှိနေတာပဲလေ။ ငါရွေးတဲ့ဟာကိုမှ ဘာလို့ လိုက်ရွေးနေတာလဲ” ရန်ကိုင်က ပြောလိုက်ရာ လူငယ်လေးက ခေါင်းခါရမ်းလိုက်ပြီး “ပစ္စည်းကောင်းတွေ အများကြီးရှိတာ မှန်တယ်။ ဒါပေမယ့် ငါလိုချင်နေတဲ့ ပစ္စည်းမှ မရှိတာ။ ဒါက ဒီမြေမီးတောက်အမြူတွေကိုပဲ လိုချင်နေတာ”
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ ငါကလဲ ဒါကို လိုချင်နေတာ”
“အဲ့လိုဆို၊ ငါတို့ ဘာလုပ်ကြမလဲ” လူငယ်လေး မျက်မှောင် ကြုံ့လိုက်၏။ သူသည်လည်း ယခုလို ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထို့ကြောင့် အရောင်းသမားဆီ လှည့်လိုက်ပြီး “ဆိုင်ရှင်၊ ခင်းဗျားမှာ နောက်ထပ် မြေမီးတောက်အမြူတေ တစ်ခုလောက် ရှိသေးလား”
အရောင်းသမားက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဒီတစ်ခုပဲရှိတယ်။ အဲ့တစ်ခုကိုတောင် လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူး။ မီတာထောင်ချီထိ နက်အောင် တူပြီးမှ ရလာခဲ့တာ”
မြေမီးတောက်အမြူတေသည် မီးဓါတ်စွမ်းအင် လွန်စွာကိုမှ သိပ်သည်းလှသည် မြေအောက်ထဲတွင်သာ ပေါ်လာလေ့ရှိ၏။ သို့သော်လည်း ထိုကဲ့သို့သော နေရာမျိုးတွင်ပင် ဧကန် ရှိနေလိမ့်မည်ဟု မပြောနိုင်ချေ။ ၎င်းကို မြေမီးတောက်အမြူတေဟု ခေါ်ရခြင်းမှာ ၎င်းသည် မြေအောက်ထဲတွင် ရှိနေသော မီးတောက် အဆီအနှစ်ပေါင်းများစွာ စုစည်းပြီးမှ ဖြစ်ပေါ်လာသည့် အတွက်ကြောင့်ပင် ဖြစ်၏။
ရှေးဟောင်းနတ်ဆိုးကလန်သားများအတွက် ရန်ကိုင် သန့်စင်ပေးရမည့် သူတော်စင် အထွဋ်အထိပ်အဆင့် ဆေးအမယ်ထဲ ဤမြေမီးတောက် အမြူတေ ပါဝင်နေခဲ့၏။ သို့သော် တစ်ဖက်လူသည် ဤမြေမီးတောက်အမြူတေကို မည်သည့်အတွက်ကြောင့် လိုချင်နေမှန်း သူမသိသော်လည်း ထိုလူငယ်လေးသည် လွယ်လွယ်နှင့် အလျှော့ပေးလိမ့်မည် မဟုတ်သည်ကိုတော့ ရန်ကိုင် သိ၏။
“ရောင်းရင်းရေ၊ အားအရမ်းသုံးပြီး မညစ်နဲ့နော်။ မင်း အားအရမ်းသုံးလိုက်ရင် ဒီမြေမီးတောက်အမြူတေ ကွဲသွားလိမ့်မယ်” ယခင်အကြိမ်နဲ့ မတူညီစွာ ယခုအကြိမ်၌ ရန်ကိုင်သည် နည်းနည်းမျှပင် အလျှော့ပေးမည့် အရိပ်အယောင် မရှိသည်ကို သတိပြုမိလိုက်သည့်အခါ လူငယ်လေး၏ အမူအရာ ပြောင်းလဲသွားခဲ့ရလေ၏။
“မင်းလည်း အတူတူပဲ” ရန်ကိုင်က အသာအယာလေး ပြုံးလိုက်ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်၏ “ရေခဲနှလုံးသားနှင်းကြာပန်းကို မင်းရပြီးသွားပြီလေ။ အဲ့ဒါကိုတောင် ဒါကို ဘာလို့ ထပ်လိုချင်နေသေးတာလဲ”
“ဒါနဲ့ အဲ့ဒါက တူမှမတူတာ” လူငယ်လေးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ရောင်းရင်ဘက်က ခြေတစ်လှမ်း ဆုတ်ပေးလေ။ မင်းဆုံးရှုံးမှုအတွက် ငါမင်းကို ကျိန်းသေ အလျော်ပြန်ပေးမယ်။ မြေမီးတောက်အမြူတေနဲ့ ညီလောက်မယ့် ဈေးကို ပြောကြည့်လေ”
ရန်ကိုင်က ခပ်ပြတ်ပြတ်သာ ခေါင်းရမ်းလိုက်ပြီး “မင်းသာ နောက်တစ်လှမ်း ဆုတ်ပေးမယ်ဆိုရင် ငါမင်းကို အလျော်ပြန်ပေးမယ်လေ”
“ဟဲ ဟဲ” လူငယ်လေးက ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ရယ်မောလိုက်လေ၏။
“မင်းတို့နှစ်ယောက် အခုလို ငြင်းခုံနေတာ ငါ့စီးပွားရေးကို ထိုခိုက်စေနိုင်တယ်နော်။ ဘယ်သူ ဝယ်မလဲဆိုတာကို မြန်မြန်လေး ဆုံးဖြတ်ကြပါကွာ” အရောင်းသမားလည်း ထိုနှစ်ယောက်ကို ကြည့်ရင်း မျက်နှာပူလာသဖြင့် ဝင်ရောက်ဖြန်ဖြေရန် ကြိုးစားလိုက်လေ၏။
“ခဏလောက်ပဲစောင့်၊ ဒီက ရောင်းရင်းကို ကျုပ်ပြောကြည့်ဦးမယ်” လူငယ်လေးက ပြောလိုက်၏။
သို့သော် ရန်ကိုင်ကို လက်လျှော့ရန် မတိုက်တွန်း ရသေးခင်မှာပင် တစ်ယောက်ယောက်သည် လူအုပ်ကြီးကို တွန်းဖယ်ပြီး အားလုံးအား အထင်အမြင် သေးသေးဖြင့် ကြည့်လျက် မြေမီးတောက်အမြူတေဆီ လက်ဆန့်ထုတ်ကာ မောက်မာတကြီး ပြောလိုက်၏ “မင်းတို့ နှစ်ယောက် လုနေစရာ မလိုတော့ဘူး။ ဒီမြေမီးတောက်အမြူတေက ဒီသခင်လေးရဲ့ဟာ ဖြစ်သွားပြီ”
ရန်ကိုင်နှင့် လူငယ်လေးတို့ နှစ်ယောက်စလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ရလေ၏။ ထိုမြေမီးတောက် အမြူတေကို ရရန် နှစ်ယောက်စလုံးသည် သူတို့၏ ခွန်အား အကုန်အစင်ကို ထုတ်သုံးထားကြ၏။ တစ်ယောက်ယောက်သာ ထိုမြေမီးတောက် အမြူတေကို ဝင်လုရန် ကြိုးစားပါက သူတို့၏ ဆုပ်ကိုင်အားကြောင့် ထိုမြေမီးတောက် အမြူတေ ပျက်စီးသွားရပေလိမ့်မည်။
ထို့ကြောင့် အသစ်ရောက်လာသူရဲ့လက် မြေမီးတောက် အမြူတေဆီ မရောက်ခင်မှာပဲ ရန်ကိုင်နှင့် လူငယ်လေးတို့ နှစ်ယောက်စလုံးသည် သူတို့၏ အားနေသည့် လက်ဖြင့် ထိုလူငယ်လေးကို ထိုးချလိုက်၏။
အသစ်ရောက်လာသည့် လူငယ်လေးသည် လူငယ်လေး တစ်ယောက်သာ ဖြစ်၏။ သို့သော် သူဝတ်ဆင်ထားသည့် ဈေးကြီးသော အဝတ်အစားများအရ သူ့အဆင့်အတန်းသည် သာမန်မဟုတ်နိုင်သလို သူ့နောက်ခံသည်လည်း သာမန်မဟုတ်နိုင်ချေ။
နောက်သို့ တွန်းထုတ်ခံလိုက်ရရာ လူငယ်လေးမှာ ဒေါသထွက်သွားခဲ့ပြီး မိစ္ဆာဆန်ဆန် ပြုံးလိုက်ကာ “ငါကို တိုက်ရဲတယ်လား။ မင်းတို့ သတ္တိက မသေးပါလားကွ။ ငါဘယ်သူလဲ ဆိုတာ မင်းတို့သိလား။ ဒီဝဲပျံတိမ်တိုက် မြို့တော်မှာဆိုရင် ဘယ်သူကမှ ငါ့ကို တိုက်ခိုက်ရဲကြတာ မဟုတ်ဘူးကွ”
“မင်းဘာမင်း ဘာကောင်ပဲဖြစ်ဖြစ် သောက်ဂရုကို မစိုက်တာ။ နောက်တစ်ကြိမ် ထပ်လုဖို့ ကြိုးစားရဲ ကြိုးစားကြည့်၊ မင်းလက်ကို ငါဖြတ်ပစ်မှာ” ရန်ကိုင်နှင့် မြေမီးတောက် အမြူတေကို ယှဉ်လုနေသော လူငယ်လေးက ရက်စက်ကြမ်းကြုတ်စွာ ဆိုလိုက်၏။ သူနှင့် ရန်ကိုင်သည် မြေမီးတောက် အမြူတေကို တစ်ပြိုင်တည်း ရလိုက်သူများ ဖြစ်သဖြင့် ယှဉ်ပြိုင်သည်မှာ သဘာဝကျ၏။ သို့သော်လည်း ထိုသကောင့်သားသည် နောက်မှ ရောက်လာပြီး သူတို့ ပြိုင်ဆိုင်နေသည့် ပစ္စည်းကို သူ့အပိုင်ဖြစ် ရာရာစစ လာလုရဲသည်မှာ လူငယ်လေး၏ ဒေါကို ဆွလိုက်သလို ဖြစ်သွားခဲ့လေ၏။
ရန်ကိုင် မျက်ဝန်းအစုံလည်း လက်သွားခဲ့၏။ စကားတစ်ခွန်းမှ မပြောခဲ့သော်ငြား သူ့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် တဖြည်းဖြည်း ပြင်းထန်လာခဲ့လေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားလာခဲ့လေ၏။
“ညီငယ်လေးနှစ်ယောက်” အရောင်းသမား၏ မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အသစ် ရောက်လာသည့် လူငယ်လေးကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏ “သူက သခင်လေး နီချုန်ပဲ။ သူ့ကို သွားရန်စလို့ မဖြစ်ဘူးနော်”
“သူ့မှာ အားကောင်းတဲ့ နောက်ခံ ရှိနေလို့လား” ရန်ကိုင်က ဂရုမထားဟန်ဖြင့် ပြန်မေးလိုက်၏။ ထိုနီချုန် ဆိုသော လူငယ်လေး ရောက်လာသည့်အချိန်၌ လူတော်တော်များများသည် သူတို့အား သနားဖြင့် အကြည့်ဖြင့် ကြည့်နေသည်ကို ရန်ကိုင် သတိပြုမိပြီး ဖြစ်၏။ အချို့ဆိုလျှင် သူတို့နှင့် ခပ်ဝေးဝေးသို့ပင် ရှောင်ခွါသွားခဲ့ကြလေ၏။
နီချုန်၏ ကျင့်ကြံခြင်းသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၆)သို့သော ရောက်သေးသည့် အတွက် သူ့အား နည်းနည်းမျှပင် ကြောက်စရာ မလိုချေ။ ထို့ကြောင့် သူတို့တစ်တွေ ကြောက်နေသည်ကာ သူ့နောက်ခံကိုပင် ဖြစ်ရပေမည်။
အရောင်းသမာက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “မိတ်ဆွေးလေးတို့ နှစ်ယောက်က ဝဲပျံတိမ်တိုက် မြို့တော်ဆီ ရောက်တာ သိပ်မကြာသေးတော့ ဒီက အကြောင်းတွေ သိပ်မသိတာ အံ့ဩစရာ မဟုတ်ပါဘူးလေ။ ဝဲပျံတိမ်တိုက်မြို့တော်မှာ မြို့သခင် တစ်ယောက်နဲ့ လက်ထောက်မြို့သခင် နှစ်ယောက်ဆိုပြီး ရှိတယ်။ သုံးယောက်စလုံးက သူတော်စင်အဆင့် ပညာရှင်တွေပဲ။ လက်ထောက်မြို့သခင် နှစ်ယောက်ထဲက တစ်ယောက်ကျို ကျိုးလျန်လို့ ခေါ်တယ်။ လူသားမျိုးနွယ်စုက ပညာရှင်တစ်ယောက်ပေါ့။ ပြီးတော့ သူ့မှာ မသေမျိုးပထမအဆင့် ရောက်နေတဲ့ နီချူဖုန်းဆိုတဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဒီက သခင်လေးနီချုန်က နီချူဖုန်းရဲ့ တူလေးပဲ”
“ကျုပ်သိပြီ” ရန်ကိုင်နှင့် လူငယ်လေးတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြ၏။ သူ့တွင် သူတော်စင်အဆင့် ပညာရှင်ဖြစ်သော ဝဲပျံတိမ်တိုက်မြို့တော်၏ လက်ထောက်မြို့သခင် တစ်ယောက် ရှိနေသဖြင့် ဤမျှ မောက်မောက်မာမာ ပြုမူနေရဲသည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။
သူ့အဆင့်အတန်းကို ဆိုင်ရှင်က ထုတ်ဖော် ပြောပြီးသည်နှင့် နီချုန် မိစ္ဆာပြုံးပြုံးလျက် လှောင်ပြောင် စကားဆိုလိုက်လေ၏ “အခု ဒီသခင်လေး ဘယ်သူမှန်း မင်းတို့ သိသွားပြီလား။ သိသွားမှတော့ အဲ့မြေမီးတောက် အမြူတေကို ချထားလိုက်တော့။ မင်းတို့ အခု ချလိုက်မယ် ဆိုရင် ငါမင်းတို့ကို လုံလုံခြုံခြုံ ထွက်သွားခွင့် ပေးမှာပါ”
ရန်ကိုင်က ကြောင်အမ်းအမ်း အမူအရာဖြင့် ပြန်မေးလိုက်၏ “ဝဲပျံတိမ်တိုက်မြို့တော်မှာ တိုက်ခိုက်တာကို တားမြစ်တားတယ် မဟုတ်ဘူးလား”
ဆိုင်ရှင်အမူအရာ ခါးသီးသွားခဲ့ပြီး စကား အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေ၏ “ညီငယ်လေး နောက်နေတာလား။ ဒီနေရာက တိုက်ခိုက်တာကို ခွင့်မပြုဘူးဆိုပေမယ့် အဲ့စည်းမျည်းက လူအများစုအပေါ်ပဲ သက်ရောက်တာလေ။ အဲ့စည်းမျဉ်ရဲ့ သက်ရောက်ခြင်း မခံရတဲ့ လူအနည်းငယ်လည်း ရှိသေးတယ်”
ပြောနေရင်း နီချုန်ဆီ လှမ်းကြည့်လိုက်လေ၏။
“မင်းအခု ဘယ်လောက်ဆိုးရွားတဲ့ အခြေအနေထဲ ရောက်နေတယ် ဆိုတာကို သိသွားပြီလား” ရန်ကိုင်နှင့် မြေမီးတောက်အမြူတေကို ယှဉ်လုနေသော လူငယ်လေးက ရန်ကိုင်ကို ကြည့်လျက် ရုတ်တရက် ပြောလိုက်၏ “သိရင် ဒီမြေမီးတောက် အမြူတေကို လက်လွှတ်လိုက်တော့ရင် ကောင်းလိမ့်မယ်။ အဲ့လိုမှ မဟုတ်ဘဲ ဒီနီချုန်ကိုသာ ဒေါသထွက်အောင် သွားလုပ်မိရင် ဒီကနေ လုံလုံခြုံခြုံနဲ့ ထွက်သွား နိုင်တော့မှာ မဟုတ်ဘူးနော်”
“အဲ့လိုဆိုရင် မင်းကကော ဘာလို့ မလွှတ်တာလဲ” ရန်ကိုင်က လူငယ်လေးကို ပြုံးကာ ကြည့်လျက် ပြန်မေးလိုက်၏။
လူငယ်လေးက သွားပေါ်အောင် ပြုံးလိုက်ပြီး “မင်းဘာလို့… သေခြင်းတရား ဆိုတဲ့ စကာလုံးကို ဘယ်လို ရေးရမလဲ ဆိုတာကို မင်းတကယ် မသိတာလား”
“ငါပဲအရင်သေးမလား ဒါမှမဟုတ်… မင်းပဲ အရင်သေးမလား သေချာသေးတာမှ မဟုတ်တာ” ရန်ကိုင်က အောက်ကျမခံ ပြန်ပြောလိုက်၏။
ဖေးယု၏ မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်ရင်း လိုရမယ်ရ အစစ်အမှန်ချီကို တိတ်တဆိတ် စုစည်းထားလိုက်လေ၏။
လူငယ်နှစ်ယောက် သူ့အား လျစ်လျူရှု၍ ငြင်းခုံနေသည်ကို ကြည့်ရင်း နီချုန် မျက်နှာတစ်လုံး ဆေးခါးကြီး စားလိုက်ရသည့် ပမာ ရှုံ့မဲ့သွားခဲ့လေ၏။ သူ့မည်သူမည်ဝါ ဆိုသည်ကို သိပြီးသည့်တိုင် ထိုလူငယ်လေး နှစ်ယောက်သည် သူ့အား မကြောက်ချေ။ အဲ့အစား သူ့အား လျစ်လျူရှု၍ မြေမီးတောက် အမြူတေအတွက် ဆက်လက် ယှဉ်ပြိုင်နေခဲ့ကြလေ၏။
ရှေ့တက်လိုက်ပြီး နီချုန်က မာနတစ်ခွဲသားဖြင့် ပြောလိုက်၏ “မင်းတို့ကောင်စုတ်တွေ ဘယ်ကလာလာ၊ ဘယ်လို နောက်ခံပဲ ရှိရှိ၊ ဒီဝဲပျံတိမ်တိုက် မြို့တော်မှာတော့ ငါက နောက်ဆုံး ပြောပိုင်ခွင့် ရှိသူပဲကွ”
ပြောပြီးသည်နှင့် သူ့လက်ထဲ အစစ်အမှန်ချီကို စုစည်လျက် မြေမီးတောက် အမြူတေကို နောက်တစ်ကြိမ် လုယူရန် ကြိုးစားလိုက်လေ၏။
ရန်ကိုင် ဒေါသထွက်သွားခဲ့ပြီး အားနေသည့် လက်ဖြင့် ထိုလူငယ်လေးကို ထိုးချလိုက်လေ၏။
တစ်ချိန်တည်းမှာပင် သူ့ပြိုင်ဘက် လူငယ်လေးသည်လည်း တိုက်ခိုက်လိုက်လေ၏။
ထိုနှစ်ယောက် သူ့အား ပြန်တိုက်ခိုက်လာသည်ကို သတိပြုမိသည်နှင့် နီချုန်မှာ မယုံနိုင်မှုကြောင့် နေရာတွင်ပင် အေးခဲသွားခဲ့ရလေ၏။
ချက်ချင်းဆိုသလို သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာခဲ့ပြီး နီချုန်၏ လက်သည် လက်ကောက်ဝတ် နေရာမှ ပြတ်ထွက်သွားခဲ့ရပြီး မြေကြီးပေါ် ရောက်သည်နှင့် ချက်ချင်းပဲ သွေးမြူအဖြစ် ပေါက်ကွဲ ထွက်သွားခဲ့လေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၀၄) ဆေးပညာပြိုင်ပွဲ
——————————————————————
စူးစူးဝါးဝါး အော်ဟစ်ရင်း နီချုန် ဒယိမ်းဒယိုင်ဖြင့် နောက်ပြန်ဆုတ်လိုက်လေ၏။ ပြတ်ထွက်သွားသော သူ့လက်နေရာမှ သွေးစိမ်းရှင်ရှင်တို့ ရေတံခွန်ပမာ ပန်းထွက်နေခဲ့လေ၏။
ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ဘေးမှ ကြည့်နေသူ အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေ၏။
ရန်ကိုင် လက်သီးချက်ထဲ အားပါသော်လည်း ထိုအားသည် နီချုန်ကို နောက်ပြန်တွန်းထုတ်ရုံသာ တတ်နိုင်ခဲ့၏။ နီချုန်လက်ကို ပြတ်သွားအောင် လုပ်လိုက်သော အဓိက တရားခံမှာ ရန်ကိုင်နှင့် မြေမီးတောက် အမြူတေကို ယှဉ်လုနေသော လူငယ်လေးပင် ဖြစ်လေ၏။
အရောင်းသမားမှာ ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးကြောင် ကြည့်နေခဲ့လေ၏။
“မင်း… မင်းငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်။ ခွေးသူတောင်းစားတွေ၊ ငါမင်းကိုသတ်မယ်” နီချုန်မှာ တစ်ခဏကြာသည်အထိ အသိပြန်မဝင်လာနိုင်ခဲ့၏။ အသိပြန်ဝင်လာသည်နှင့် သူ့မျက်ဝန်းအစုံ ချက်ချင်း သွေးရောင်ရဲတက်သွားခဲ့ပြီး သွေးရူးသွေးတန်းဖြင့် ရန်ကိုင်နှင့် လူငယ်လေးဆီ ပြေးဝင်သွားလေ၏။
ရန်ကိုင်သည် ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့် ထိုလူငယ်လေးအား အေးစက်စက် အကြည့်နှင့်သာ ပြန်စိုက်ကြည့်နေလိုက်၏။
သူနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ရှိနေသော လူငယ်လေးက ရှေ့တစ်လှမ်းတိုးလိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်၏ “ငါပြောခဲ့ပါတယ်။ မင်းလက်ကို နောက်တစ်ကြိမ် ထပ်ဆန့်ထုတ်ရဲရင် ဖြတ်ပစ်မယ်လို့လေ”
နီချုန်း တစ်ကိုယ်လုံး အေးခဲသွားခဲ့ပြီး သူ့ကျောရိုး တစ်လျှောက် စိမ့်တက်သွားခဲ့ကာ လက်အေးကြီး တစ်ဖက်က သူ့နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရ၏။
“နောက်တစ်လှမ်း ထပ်လှမ်းရဲ လှမ်းကြည့်၊ ငါမင်းကို သတ်မှာ” လူငယ်လေးက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်၏။
နီချုန် မျက်နှာ အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး တစ်ဖက်သူ အရှက်ခွဲသည်ကို အတတ်နိုင်ဆုံး ကြိတ်မှိတ်သည်းခံရင်း ပြန်အော်ပြောလိုက်၏ “မင်းစောင့်နေစမ်းပါ”
ခြိမ်းခြောက်ပြီးသည်နှင့် ချက်ချင်း ပျံသန်း ထွက်သွားလိုက်လေ၏။ သူလက်မှ တစက်စက် ကျနေသော သွေးများကြောင့် သူပျံသန်းသွားရာ လမ်းတစ်လျှောက် သွေးတန်းကြီး ကျကျန်ခဲ့လေ၏။
ရန်ကိုင် မျက်ဝန်းထဲ ရက်စက်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သော်လည် ကျူပင်ခုတ် ကျူငုတ်ပါမကျန် ရှင်းမည့် အကြံကို ဘေးဖယ်ထားလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့၏။ အားလုံး၏ အကြည့်သည် ရန်ကိုင်နှင့် လူငယ်လေးပေါ်တွင်သာ ရောက်ရှိနေခဲ့၏။ အချို့သည် ဂရုဏာသက်သည့် အကြည့်ဖြင့် ကြည့်နေကြသလို အချို့သည် တစ်ဖက်လူ ကံဆိုးတော့မည်ကို ဝမ်းသာနေသည့်အလား အားရပျော်ရွှင် နေသည့် အကြည့်ဖြင့် ကြည့်နေကြပြီး အချို့ကမူ အတွေးနက်နေခဲ့ကြ၏။
“ညီငယ်လေးနှစ်ယောက်၊ မင်းတို့... ဟူး” အရောင်သမားမှာ လုံးဝကို ဆွံ့အနေခဲ့ရလေ၏။ သူမှာ ဆေးပင်လေးသာ ရောင်းချချင်သော်လည် ဤကဲ့သို့ ပြဿနာတွင်းထဲ ဆွဲခေါ်ခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကျုပ်နည်းနည်းလေး စိတ်လှုပ်ရှားလွန်သွားလို့ တောင်းပန်ပါတယ်ဗျာ” လူငယ်လေးက ပြုံးလိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ “ပြဿနာ ရှာပြီးသွားတာကို မင်းမကြောက်ဘူးလား”
“မင်းတောင် မကြောက်တာ ငါကကော ဘာလို့ ကြောက်နေရမှာလဲ” ရန်ကိုင်က အဓိပ္ပါပါပါ ပြုံးလိုက်၏။
“စိတ်ဝင်စားစရာပဲ၊ ငါမင်းကို တော်တော်လေး ကြိုက်သွားပြီ”
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး “ငါက ယောကျာ်းတွေကို မကြိုက်ဘူး”
ဒွိဟဖြစ်စေသာ စကားကို ပြောလိုက်မိပြီမှန်း နားလည်လိုက်သည်နှင့် လူငယ်လေးသည် သူ့လက်ကို ကပျာကယာ ဝှေ့ရမ်းလိုက်ပြီး “မင်းနားလည်မှု လွဲနေတာပဲ။ မင်းစရိုက်၊ မင်းစိတ်နေစိတ်ထားကို ကြိုက်တာပဲ ပြောတာ။ မင်းကို ကြိုက်တယ်လို့ ပြောတာမဟုတ်ဘူး။ ငါတို့ မိတ်ဆွေလုပ်ကြမလား”
“ကောင်ပြီလေ။ အဲ့လိုဆိုရင် ငါ့ကို မြေမီးတောက် အမြူတေ အရင်ပေးလိုက်”
လူငယ်လေး အံမကြိတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားပြီး နောက်ဆုံး၌ “ငါတို့သာ ဒီအတိုင်း ဆက်သွားနေရင် ပြီးမှာ မဟုတ်တော့ဘူး”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းပြန်ညိတ်ပြလိုက်၏။ ရှင်းရှင်းပြောရမည် ဆိုပါက တစ်ဖက်လူ၏ စရိုက်သည် သူနှင့် ခပ်ဆင်ဆင်ဟု ဆိုရပေမည်။ အမှန်အတိုင်း ပြောလျှင် ရန်ကိုင်သည်သာ နီချုန်ကို တစ်ခါတည်း လက်စဖျောက်ချင်နေခြင်း မဟုတ်၊ ထိုလူငယ်လေးပါ နီချုန်ကို တစ်ခါတည်း လက်စဖျောက်လိုနေခြင်း ဖြစ်၏။
“မိတ်ဆွေက ဆေးပညာရှင်လား” လူငယ်လေးက ရန်ကိုင်ကို အပြုံးဖြင့် မေးလိုက်၏။
“ဟုတ်တယ်၊ မင်းလို့ပဲပေါ့”
“နှစ်ယောက်စလုံးက ဆေးပညာရှင်တွေ ဖြစ်မှတော့ ဒီပစ္စည်းပိုင်ရှင် လက်ရည်ဖလှယ်ပြီး ခွဲကြမလား” လူငယ်လေးက သူ့မျက်ဝန်းအစုံကို မှေးစဉ်း၍ အကြံပြုလိုက်၏။
“ကောင်းပြီလေ” ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်၏။
“အဲ့လိုမှပေါ့” တစ်ဖက်လူက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီး ရယ်ရယ်မောမောဖြင့် “အဲ့လိုဆိုရင် အပေးအယူ ဖြစ်သွားပြီနော်။ နိုင်တဲ့လူ ဘယ်သူမဆို ဒီမြေမီးတောက် အမြူတေကို ရလိမ့်မယ်။ အဲ့မတိုင်ခင် ဒီပစ္စည်းကို ဒီက မိန်းမလှလေးဆီ အရင် ပေးထားလိုက်တာပေါ့”
ပြောပြီးသည်နှင့် ဖေးယုဆီ တစ်ချက် လှမ်းကြည့်လိုက်၏။
ဖေးယုက ပြုံးလျက် တခစ်ခစ် ရယ်မောလိုက်ပြီး “လူငယ်လေး၊ ရှင်က ဘယ်လိုစကား ပြောရမလဲ တကယ်သိတာပဲနော်”
“အမှန်အတိုင်း ပြောနေရုံလေးပါပဲ”
ဖေးယု မျက်နှာထက်မှ အပြုံး ပို၍ တောက်ပလာခဲ့၏။
မြေမီးတောက် အမြူတေ တန်ဖိုးကို ဆိုင်ရှင်အား မေးမြန်းပြီးနောက် ရန်ကိုင်နှင့် လူငယ်လေးတို့ နှစ်ယောက်စလုံး လိုအပ်သော သလင်းကျောက် ပမာဏ၏ တစ်ဝက်စီးကို ဆိုင်ရှင်ဆီ ပေး၍ ဝယ်လိုက်၏။ ထို့နောက် မြေမီးတောက် အမြူတွေကို ဖေးယုဆီ ပေးလိုက်ရာ ဖေးယုက ပြုံးလျက် ပြောလိုက်၏ “ဂိုဏ်းတူတူလေးရေ၊ ဂိုဏ်းတူဒေါ်လေးက နင့်ကို ကူညီပေးချင်ပေမယ့် နင်တို့ နှစ်ယောက်က သဘောတူပြီးသွားပြီ ဆိုမှတော့ ငါကလည်း မျှမျှတတနဲ့ လုပ်ပေးရတော့မှပေါ့။ ရှုံးရင် ဂိုဏ်းတူဒေါ်လေးကို လာမမဲနဲ့နော်။ ယောကျာ်းစစ် ယောကျာ်းမှန်ဆိုတာ သူ့စကားသူတည်ရတယ်”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “တိတ်ဆိတ်တဲ့ နေရာတစ်ခု အရင်ရှာကြတာပေါ့။ ဒီနေရာက လူနည်းနည်းများလွန်းတယ်”
လူငယ်လေးက ပြုံးပြုံးရွှင်ရွှင်နှင့်ပင် သဘောတူလိုက်၏။
လူငယ်လေး နှစ်ယောက်၏ ပေါ့ပေါ့ပါးပါး အမူအရာကို မြင်တွေ့လိုက်သည်နှင့် ဆိုင်ပိုင်ရှင်က လှမ်းအော်ဟစ် သတိပေးလိုက်လေ၏ “ညီငယ်လေးတို့နှစ်ယောက်၊ ဝဲပျံတိမ်တိုက် မြို့တော်ဆီကနေ မင်းတို့ နှစ်ယောက်စလုံး မြန်မြန်ထွက်သွားသင့်တယ်နော်။ အခုနေ မထွက်သွားရင် နောက်ပိုင်းကျ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။ သခင်လေး နီချုန် ပြန်ဆုတ်သွားတဲ့ အကြောင်းအရင်းက အကူတွေ သွားပြန်ခေါ်နေလို့ပဲ”
“ပြဿနာ မရှိဘူး” လူငယ်လေးက ခေါင်းခါရမ်းလိုက်ပြီး ရန်ကိုင်ဘက်လှည့်ကာ “မင်းနေရာဆီ သွားကြတာပေါ့။ ငါဘယ်မှာ နေနေလဲ ဆိုတာကို လျှောက်ပြောလို့ မကောင်းဘူး”
ရန်ကိုင်က ပခုံးတွန့်ပြလိုက်ပြီး ခေါင်းညိတ်၍ ဖေးယုနှင့်အတူ တည်းခိုခန်းဆီ ပျံသန်းသွားလိုက်လေ၏။
သူတို့ သုံးယောက် ထွက်သွားပြီးနောက် ဆိုင်ပိုင်ရှင်က ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်ကာ “အရူးနှစ်ကောင်ပဲ”
“မင်းဘာတွေ စိတ်ပူနေတာလဲ။ သူတို့က မကြောက်မှတော့ သူတို့နောက်မှာ အားကောင်းတဲ့ နောက်ခံတစ်ခု ရှိနေလို့ နေမှာပေါ့။ ဒီတစ်ကြိမ်တော့ နီချုန်ဆိုတဲ့ကောင် မကန်သင့်တဲ့ သံပြားကို သွားကန်မိပြီနဲ့ တူတယ် ဟဲဟဲ” အရောင်းသမား၏ အဖော်ဖြစ်သော ဆေးပညာရှင်က တိုးတိုးလေး ပြောလိုက်၏။ သူသည်လည်း နီချုန်ကို အမြင်မကြည်သည့်ပုံပင်။
သူ့စကားလုံးများသည် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီး နားထဲ ပဲ့တင်ထပ်သွားခဲ့ရာ ဘာလုပ်ရင် ကောင်းမလဲဟု စဉ်းစားနေသော လူတော်တော်များများမှာ ပြပွဲကောင်းကို ကြည့်ရန် ထိုလူရူးနှစ်ယောက်ဆီသို့ လိုက်သွားကြလေ၏။
တည်းခိုခန်းထဲ၊ ရန်ကိုင်နှင့် ဖေးယုတို့၏ အခန်းတွင်း၌...
အခန်းထဲ ရောက်သည်နှင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းတစ်ချက် ညိတ်လိုက်ကာ သူ့လက်ကို ဆန့်ထုတ်၍ “တိယောင်၊ ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ”
“ရန်ကိုင်ပါ” ရန်ကိုင်ကလည်း လက်ဆန့်၍ ပြန်နှုန်ဆက်လိုက်ပြီး ဖေးယုဘက်လှည့်ကာ “သူက ငါ့ရဲ့ ဂိုဏ်းတူဒေါ်လေး ဖေးယု”
“မင်းဒီကို နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်အတွက် ရောက်လာတာလား”
“အင်း၊ မင်းလည်း အတူတူပဲမလား”
“အမှန်ပဲ။ ဒါပေမယ့် ငါဒီကို လာရတဲ့ ရည်ရွယ်ချက်က မင်းနဲ့ မတူဘူး။ ဒါကြောင့် ငါနှစ်တစ်ထောင် နတ်ဆိုး ပန်းပွင့်ကို လုသွားမှာ မင်းစိုးရိမ်နေစရာ မလိုဘူး။ ငါတို့ နှစ်ယောက် အတူပူးပေါင်းလို့တောင် ရကောင်းရနိုင်သေးတယ်”
“ပူးပေါင်းဖို့လား” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး “ဘယ်လိုပူးပေါင်းမှာလဲ”
“အဲ့အကြောင်းကို ခဏလောက် ဘေးဖယ် ထားကြရအောင်။ နောက်မှ ပြောတာပေါ့။ မင်းထင်ထားသလို ကောင်းကင်တက်လှမ်းခြင်း ချောက်ကမ်းပါးပေါ် မရောက်နိုင်တာလည်း ဖြစ်နိုင်သေးတယ်” တိယောင် အသာအယာ ပြုံးလိုက်ပြီး “အခုကိစ္စကို အရင်ရှင်းကြတာပေါ့”
“ဘယ်လိုလုပ်သင့်လဲ” ရန်ကိုင်က တင်ပလင်ခွေ ထိုင်လိုက်ပြီး မွှေးရနံ့အိုးကို ထုတ်ယူလိုက်လေ၏။
ထိုမွှေးရနံ့အိုးကို မြင်လိုက်သည်နှင့် တိယောင်၏ မျက်ဝန်းအစုံ လင်းလက်တောက်ပသွားခဲ့ပြီး “မိတ်ဆွေက တကယ့် ပညာရှင်တစ်ယောက်ပဲ။ ဒီလို ဆေးမီးဖိုမျိုးကို အသုံးပြုနိုင်တဲ့လူ များများစားစား ရှိတာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် တိယောင်သည်လည်း သူ့ကိုယ်ပိုင် ဆေးမီးဖိုကို ထုတ်ယူလိုက်လေ၏။
သူ့ဆေးမီးဖိုသည်လည်း အတော်လေးကို ကောင်းလှ၏။ မီးဖိုမျက်နှာပြင်ထက် နဂါးဖီးနစ်ရုပ်တို့ ထိုးထွင်းထားခဲ့ပြီး ထိုဆေးမီးကို အဆင့်မြင့် လက်နက် ပညာရှင်တစ်ဦးက ထုလုပ်ခဲ့သည်မှာ အသေအချာပင် ဖြစ်၏။ အရွယ်အစားကမူ ရန်ကိုင် ဆေးမီးဖိုနှင့် အတူတူလောက်သာ ရှိ၏။
ယှဉ်ရမည်ဆိုပါက် ရန်ကိုင်၏ ဆေးမီးဖိုသည် တိယောင်၏ ဆေးမီးဖိုထက် အနည်းငယ် ပို၍ အိုဟောင်းနေသယောင် ထင်ရ၏။ သို့သော်လည်း မြင်တတ်သူတိုင်း ရန်ကိုင် ဆေးမီးဖိုသည် အဆင့်မြင့် ပစ္စည်းတစ်ခု ဖြစ်သည်ကို ပြောနိုင်ပေလိမ့်မည်။
တိယောင်သည် ရန်ကိုင်၏ မွှေးရနံ့အိုးကို မနာလို အားကျစွာဖြင့် စိုက်ကြည့်နေလိုက်၏။
သူ့ဆေးမီးဖိုကို သူ့ဆရာမှ ပေးခဲ့ခြင်း ဖြစ်ပြီး ထိုဆေးမီးဖိုသည် လွန်စွာကိုမှ နာမည်ကျော်ကြားသော ဆေးမီးဖို ဖြစ်ပေ၏။ ထိုဆေးမီးဖိုကို တိယောင်၏ ဆရာ ငယ်စဉ်က အသုံးပြုခဲ့ခြင်း ဖြစ်၏။ သူ့ဆေးမီးဖိုထက် ပိုကောင်းသော ဆေးမီးဖို မရှိတော့ဘူးဟု တိယောင် ထင်မှတ်ခဲ့ဖူးသော်လည်း ယခုအချိန်၌ သူ့ဆေးမီးဖိုထက် ပိုကောင်းသော တစ်ခုကို တွေ့ခဲ့ရလေပြီ။
“တစ်ကြိမ်တည်းနဲ ပွဲဖြတ်ကြတာပေါ့။ ဘယ်ဆေးလုံးပဲ သန့်စင်သန့်စင်၊ ဆေးလုံးအဆင့်နဲ့ အရည်အသွေးရယ်၊ ကြာချိန်ရယ်ကို ကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့” တိယောင်က သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး စည်းမျဉ်းများကို စတင်ပြောလိုက်၏။
“သဘောတူတယ်” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်၏။
“အဲ့လိုဆိုရင် စကြတာပေါ့” တိယောင်က လည်ဆစ် ချိုးလိုက်ပြီး အသေအချာ အာရုံစိုက်၍ သိုလှောင်အိတ်ထဲမှ ဆေးပင်များကို ထုတ်ယူလိုက်၏။
တစ်ချိန်တည်းမှာပင် ရန်ကိုင်သည်လည်း အနက်ရောင် စာအုပ်ထဲမှ ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် စတင် ထုတ်ယူတော့လေ၏။
လူငယ်လေးတို့ နှစ်ယောက် သူတို့၏ အလုပ်အပေါ် အသေအချာ အာရုံစိုက်နေလိုက်ရာ အခန်းထဲ မမြင်နိုင်သည့် အရှိန်အဝါတစ်ခု စတင် ထွက်ပေါ်လာခဲ့လေ၏။
ဖေးယုသည် ပါးစပ်လေးကို လက်ဖြင့် အုပ်လျက် အံ့ဩတကြီးဖြင့် လူငယ်လေးနှစ်ယောက်၏ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်နေခဲ့၏။
လူငယ်လေး နှစ်ယောက်စလုံး လုပ်ဆောင်ပုံသည် အတော့်ကို သိမ်မွေ့လှပြီး ဆေးမီးဖိုထဲ စိတ်ဝိဥာဉ် အစီအရင် ရေးထွင်းသည့် နှုန်းသည်လည်း အတော်လေးကို မြန်ဆန်လှပေ၏။
ဒီလောကကြီးမှာ ဂိုဏ်းတူတူလေးနဲ့ ဆေးပညာချင်း လက်ရည်တူ ယှဉ်နိုင်တဲ့လူ ရှိနေသေးတာလား။ ဒီတိယောင်က ဘယ်သူများလဲ
ဖေးယုသည်လည်း အတော်လေးကို ထိတ်လန့်နေ၏။ မကြာခင်မှာပင် သူမသည် အသံပင် မထွက်တော့ဘဲ ထိုနှစ်ယောက် လုပ်နေသည်ကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေလေ၏။
အသက် ဆယ်ရှိုက်စာ ကုန်ဆုံးသွားပြီးနောက် လူငယ်လေးနှစ်ယောက်စလုံး သူတို့၏ ဆေးပင်အသီးသီးကို စတင်ထုတ်ယူကြလေပြီ။
ရန်ကိုင်၏ အစစ်အမှန်ချီသည် နေကဲ့သို့ ချစ်ချစ်တောက ပူပြင်းလှသော သန့်စင်လှသည့် ယန်ဓါတ်ကို သယ်ဆောင်ထားပြီး တိယောင်၏ အစစ်အမှန်ချီသည် ချန်းယန်နှင့် ဆင်တူ၏။ သို့သော် နှစ်ယောက်စလုံး၏ အစစ်အမှန်ချီသည် ဆေးဖော်စပ်ရန် အတွက် လွန်စွာကိုမှ သင့်တော်ပေ၏။
ဆေးပင်များသည် သူ့အစစ်အမှန်ချီအောက်၌ အလျင်အမြန် လောင်ကျွမ်းနေခဲ့ပြီး ဆေးအရည် များသည်လည်း လျင်မြန်စွာ ဖွဲ့တည်လာနေခဲ့သလို အမျိုးမျိုးသော အညစ်အကြေးများသည်လည်း သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အမြန်နှုန်းဖြင့် အငွေ့ပျံနေ၏။
ဆေးအရည်များသည် နွေဦးမိုးပေါက်များပမာ လူငယ်လေး နှစ်ယောက်၏ အစစ်အမှန်ချီထဲ ကခုန်နေခဲ့ပြီး တစ်ချက် လှည့်ပတ်သွားတိုင်း လှည့်ပတ်သွားတိုင်း ပိုပို၍ သန့်စင်လာနေခဲ့လေ၏။
လူငယ်လေးနှစ်ယောက်စလုံး သူတို့၏ လက်ကို ဝှေ့ရမ်းလိုက်ကြရာ သန့်စင်သိပ်သည်းထားသော ဆေးအရည် နှစ်စက်သည် သူတို့၏ ဆေးမီးဖို အသီးသီးထဲသို့ ပြန်ကျသွားခဲ့လေ၏။
ထို့နောက် ဒုတိယဆေးပင်တစ်ယောက်ကို ကောက်ယူပြီဂ သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ထပ်မံ စတင်လိုက်ပြန်၏။
ထိုနှစ်ယောက်ကို စိုက်ကြည့်ရင်း ဖေးယု၏ မျက်ဝန်းလေးများသည် တလက်လက် တောက်ပလို့ နေခဲ့၏။
လူငယ်လေး နှစ်ယောက်စလုံးသည် သူတို့၏ ပတ်ဝန်းကျင်ကိုပင် သတိမမူမိတော့သည့်အလား ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ထဲတွင်သာ အပြည့်အဝ အာရုံစိုက်နေခဲ့၏။
ထိုကဲ့သို့ ကိစ္စတစ်ခုခုအပေါ် အပြည့်အဝ အာရုံစိုက်နေသည့် ယောကျာ်းသားများသည် တစ်မျိုးတစ်မည် ထူးခြား ပြိုင်ဘက်ကင်းလှသော အရှိန်အဝါကို အလိုလို ထုတ်လွှတ်နေတတ်ကြ၏။
အချိန်သည် ဖြည်းညင်းစွာဖြင့် ကုန်ဆုံးနေခဲ့ပြီး အခန်းသည်လည်း သင်းပျံ့လှသော ဆေးရနံ့တို့ဖြင့် တဖြည်းဖြည်း ထုံမွှမ်းလာခဲ့၏။
လူငယ်လေးသည် တစ်ချက်လေးမျှပင် အာရုံ လွတ်မသွားသေဘဲ သူတို့၏ ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ထဲ၌သာ လုံးဝဥဿုံ အာရုံစိုက်နေခဲ့၏။
ရုတ်တရက် ကျိယောင်၏ မျက်နှာထက် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့၏။ ဆေးမီးဖို အဖုံးကို ဖွင့်လိုက်သည်နှင့် ရွှေရောင်ဆေးလုံးလေးတစ်လုံး ပျံသန်း ထွက်လာခဲ့ရာ တိယောင်သည် ထိုဆေးလုံးကို ချက်ချင်းပဲ လှမ်းဖမ်းလိုက်လေ၏။
ဆေးလုံး အရည်အသွေးနှင့် အဆင့်ကို စစ်ဆေးပြီးနောက် တိယောင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။ သူ့စိတ်ထဲ အတော်လေးကို အလျင်စလို စိုးရိမ်နေ၍ အလျင်လိုနေသော်လည်း သူ့ဆေးပညာစွမ်းရည်ကို ပြီးပြည့်စုံစွာ ပြသနိုင်ဆဲပင်။
တစ်ချိန်တည်းမှာပင် ရန်ကိုင်လည်း နောက်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။
ဖေးယုသည်လည်း ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ရ၏။ သန့်စင်နှုန်းတွင် တိယောင်ထက် နောက်ကျနေခဲ့ရာ အရည်အသွေးပိုင်းတွင်သာ မသာပါက သူရှုံးနိမ့် ရပေလိမ့်မည်။
လူငယ်လေးနှစ်ယောက်ကြား ဆေးပညာ ဖလှယ်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာတော့လေမည် ဖြစ်ရာ ဖေးယုမှာ အသက်ပင် ကောင်းကောင်း မရှုနိုင်တော့ချေ။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၀၅) မင်းဘယ်လိုသေချင်လဲ
——————————————————————
တိယောင် ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်ပြီးနောက် ရန်ကိုင်လည်း သူ့ဆေးမီဖိုကို ပုတ်လိုက်ရာ အညိုရောင်ဆေးလုံးလေး တစ်လုံး ပျံသန်းထွက်လာခဲ့ပြီး ရန်ကိုင်၏ ဖမ်းယူခြင်း ခံလိုက်ရ၏။
“အထင်ကြီးစရာပဲ” ရန်ကိုင် ဆေးမီးဖိုမှ ထွက်ပေါ်လာနေသော ဆေးရနံ့အရ ထိုဆေးလုံးသည် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတစ်လုံး ဖြစ်မည်မှာ သံသယ ရှိစရာမလိုချေ။ မည်သည့် စိတ်ဝိဥာဉ်အဆင့် ဖြစ်သည် ဆိုသည်ကိုမူ အသေအချာ စစ်ဆေးပြီးမှ သိနိုင်ပေမည်။
မယုံကြည်နိုင်စရာ ကောင်းသည့်အချက်မှာ ရန်ကိုင်၏ အမြန်နှုန်းသည် သူ့အောက် မနိမ့်ကျခြင်းပင်။
တိယောင်သည် သူ့ဆရာ သတ်မှတ်ထားသော လိုအပ်ချက်ကို ပြည့်မှီရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်ခဲ့ရသဖြင့် သူ့အမြန်နှုန်း ဤမျှ မြန်ဆန်နေသည်မှာ အံ့ဩစရာမဟုတ်။
တိယောင်သည် ငယ်စဉ်တောင်ကျေး ဘဝမှစ၍ သူ့ဆရာနောက်လိုက်ပြီး ဆေးပညာကို သင်ယူခဲ့ခြင်း ဖြစ်၏။ နေ့စဉ်နှင့်အမျှ သူ့ဆရာဆီမှ အနီးကပ် သင်ကြားပြသမှုကို ခံယူပြီး ရာစုနှစ် နှစ်ခုလောက် ကြာသည့်အချိန်မှသာ ဤအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ထိုလူငယ်လေး၏ ဆရာသည် မည်သူ ဖြစ်သည်ကို သူအတော်လေး သိချင်နေမိသည်မှာ မထူးဆန်း။ မည်သူကများ ဤကဲ့သို့သော တပည့်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့သနည်း။
တိယောင်သည် ရန်ကိုင်အပေါ် အတော်လေးကို စိတ်ဝင်စားနေမိသော်လည်း ဤပြိုင်ပွဲကို မရှုံးဘူးဟု သူ့တွင် ယုံကြည်ချက် အပြည့်ရှိပေသည်။
“သန့်စင်တဲ့ အမြန်နှုန်းမှာတော့ မင်းနိုင်သွားပြီ။ အထင်ကြီးစရာပဲ” ရန်ကိုင်သည် မည်သည့် စိတ်ခံစားချက်ကိုမှ ထုတ်ဖော်ပြသခြင်း မပြုဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလိုက်၏ “ကဲ အရည်အသွေးနှင့် အဆင့်ချင်း ယှဉ်ကြတာပေါ့”
တိယောင် ပြုံးလိုက်ပြီး သူ့လက်ကို ဖြန့်ပြလိုက်၏။ ပြီးသည်နှင့် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏ “စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့်ပဲ”
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်တာများလဲ။ ငါလည်း စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးကိုပဲ သန့်စင်ခဲ့တာကွ” ရန်ကိုင်က သူ့လက်ကို ဖြန့်ပြပြီး ပြောလိုက်၏။
ထိုစကားကို ကြားလိုက်သည့်အခါ ဖေးယု သက်ပြင်းယဲ့ယဲ့လေး ချလိုက်၏။
နှစ်ယောက်စလုံးသည် တူညီသော အရည်အသွေးနှင့် အဆင့်ကို ပိုင်ဆိုင်ထားသည့် ဆေးလုံးကို သန့်စင် နိုင်ခဲ့သော်လည်း တိယောင်သည် ရန်ကိုင်ထက် စောပြီးခဲ့သဖြင့် ဤပြိုင်ပွဲကို တိယောင်နိုင်သွားပြီဟု ဆိုနိုင်၏။
“ဟားဟားဟား၊ ငါနိုင်သွားပြီ” တိယောင်က ပျော်ရွှင်စွာ ရယ်မောလိုက်၏။
သို့သော်လည်း ထိုအချိန်မှာပင် ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “မဟုတ်သေးပါဘူး”
“မင်းပြောပြီးသားစကားကို မတည်ချင်တာလား” တိယောင်အမူအရာ ရုတ်ချည်း သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်ကို အေးစက်စက် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်၏။ အစစ်အမှန်ချီ စွမ်းအင်တို့သည်လည်း သူ့ကိုယ်မှ ပေါက်ကွဲထွက်လာတော့မည့် အရိပ်အယောင်တို့ ပြနေခဲ့လေပြီ။
“ဘာတွေလောနေတာလဲ။ သေချာကြည့်စမ်းပါဦး” ရန်ကိုင်က အသာအယာ ခေါင်းခါရမ်းလျက် သူသန့်စင်ထားသော ဆေးလုံးကို တိယောင်ဆီ ပစ်ပေးလိုက်၏။ တိယောင်လည်း ရန်ကိုင် ပစ်ပေးလိုက်သော ဆေးလုံးကို ဖမ်းယူလိုက်ပြီး သင်္ကာမကင်း အမူအရာဖြင့် စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းဆိုသလို သူ့မျက်ဝန်းတို့ ပူးကျယ်သွားခဲ့ပြီး ထိတ်လန့်တကြား ထအော်တော့လေ၏ “ဆေးသွေးကြောတွေလား”
ရန်ကိုင် သန့်စင်ထားသော ဆေးလုံး၏ မျက်နှာပြင်ထက် အစဉ်းကြောင်းများစွာ ရှိနေခဲ့၏။ ထိုအစဉ်ကြောင်းလေးများသည် လူ့သွေးများနှင့် ဆင်တူနေခဲ့ပြီး ၎င်းတို့ထဲတွင်လည်း အားကောင်းသော ဆေးအာနိသင်တို့ စီးဆင်းပျော်ဝင်နေခဲ့၏။
ရန်ကိုင် သန့်စင်လိုက်သော ဆေးလုံး၏ အရည်အသွေးသည် သူ့ဆေးလုံးထက် အများကြီး ပိုသာသည် ဆိုသည်မှာ သံသယရှိစရာ မလိုချေ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” တိယောင်မှာ မယုံကြည်နိုင်သော မျက်ဝန်းအစုံဖြင့်သာ ထိုဆေးလုံးကို တွေတွေကြီး စိုက်ကြည့်နေခဲ့လေ၏။
ရန်ကိုင်ကမူ အလျင်မလို၊ ငြိမ်ငြိမ်လေးသာ ထိုင်စောင့်နေခဲ့၏။ ဖေးယု မျက်နှာထက်ရှိ စိုးရိမ်မှုတို့သည်လည်း နေလာနှင်းပျောက်သလို ရုတ်ချည်း ကင်းစင်ပပျောက်သွားခဲ့ပြီး တောက်ပသော အပြုံးတစ်ပွင့်က ၎င်းတို့နေရာ၌ အစားထိုး ဝင်ရောက်လာခဲ့လေ၏။
ခဏအကြာ၌ တိယောင် အသိပြန်ဝင်လာခဲ့၏။ ပြီးသည်နှင့် အသက်ပြင်းပြင်း တစ်ချက်ရှူ၍ ကိုယ်ကို မတ်လိုက်ပြီး ခံစားချက်မျိုးစုံတို့ ရောပြွမ်းနေသည့် အကြည့်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်လျက် “မင်းစွမ်းရည်ကြီးက တကယ်ကို လက်ဖျားခါချင်စရာပဲ”
ဆေးသွေးကြောပါသော ဆေးလုံးကို ကံကောင်းသွား၍ ဖော်စပ်နိုင်သည် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရန်ကိုင် ဆေးပညာ အရည်အချင်းသည် မေးခွန်းထုတ်မရနိုင်သည့် အဆင့်တစ်ခုတွင် ရှိနေသည် ဆိုသည်မှာ သံသယရှိစရာ မလို။ ရန်ကိုင်သာ ထိုဆေးလုံး၏ ဆေးအာနိသင်ကို ပြီးပြည့်စုံသည်အထိ မသန့်စင်နိုင်ခဲ့ပါက သူ့ကံကောင်းနေလျှင်ပင် ဆေးသွေးကြောပါသော ဆေးလုံးကို သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။
ဆေးသွေးကြောပါသော ဆေးလုံးတစ်လုံး၏ တန်ဖိုးသည် သာမန်ဆေးလုံးတစ်လုံး၏ တန်ဖိုးထက် အဆပေါင်းများစွာ ပိုများပေသည်။
ထို့ကြောင့်ပဲ အဆင့်မြင့် ဆေးပညာရှင်များ ဆေးဖော်စပ်သည့်အခါ ဆေးသွေးကြောပါသော ဆေးလုံးကို ဖော်စပ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သာ အောင်မြင်သွားသည်နှင့် ဆေးလုံး၏ တန်ဖိုးသည် မူရင်းထက် အဆပေါင်းများစွာ မြင့်တက်သွားမည် ဖြစ်သောကြောင့်ပင် ဖြစ်၏။
တိယောင်၏ ဆရာသည်ပင် ဆေးသွေးကြောပါသော ဆေးလုံးများကို စိတ်ရှိတိုင်း မသန့်စင်နိုင်။ သူ့စိတ်အခြေအနေ ပြီးပြည့်စုံသော အခိုက်အတန့်တွင် ရှိနေသည့် အချိန်မျိုးတွင်သာ တစ်ခါတစ်ရံ ဖော်စပ်နိုင်၏။
“ငါရှုံးသွားပြီ” တိယောင်က အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်၏။ ထို့နောက် တောက်ပသော အပြုံးကို ပြန်လည် ဆင်မြန်း၍ သူ့အရှုံးကို နောက်မရွံ့စတမ်း ဝန်ခံလိုက်၏။
ရန်ကိုင်ကလည်း သူ့ကို ပြန်ပြုံးပြလိုက်၏။
နောက်ဆုံး ဖေးယုက ပြိုင်ပွဲရလဒ်ကို ကြေညာလိုက်လေ၏ “ဒီမောင်ငယ်လေးက အရှုံးကို ဝန်ခံလိုက်ပြီ ဆိုမှတော့ ဒီမြေမီးတောက် အမြူတေကို ဂိုဏ်းတူတူလေးနဲ့ ငါက ပိုင်ဆိုင်သွားပြီပေါ့နော်”
“အင်း၊ လောင်ကစား လုပ်မှတော့ ရှုံးဖို့လည်း ပြင်ဆင်ထားရမှပေါ့။ အဲ့ဒါက ခင်ဗျားတို့ အပိုင်ပဲ” တိယောင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်၏။
ထို့ကြောင့် ဖေးယုလည်း မြေမီးတောက် အမြူတွေကို ရန်ကိုင်ဆီ ပေးလိုက်ရာ ရန်ကိုင်က ထိုမြေမီးတောက် အမြူတွေကို အနက်ရောင်စာအုပ်ထဲ အလျင်အမြန် ထည့်သိမ်းထားလိုက်လေ၏။
“မင်းဆရာ ဘယ်သူလဲ ဆိုတာကို ငါသိလို့ရမလား မသိဘူး” တိယောင်က မျှော်လင့်ချက်တို့ ရစ်သိုင်းနေသည့် အပြုံးလေးဖြင့် မေးလိုက်၏။
သို့သော် ရန်ကိုင်က ခေါင်းသာခါရမ်းလိုက်ပြီး “ငါမပြောနိုင်ဘူး”
ဤကိစ္စနှင့် ပက်သက်၍ သူ့အနေဖြင့် ဘာမှ မပြောနိုင်သည်မှာ သဘာဝပင် ဖြစ်၏။
“ငါနားလည်ပါတယ်” တိယောင်သည် ထိုကိစ္စအား ဆက်လက် မေးမြန်းခြင်း မပြုတော့ဘဲ ခေါင်းသာ ညိတ်လိုက်၍ ပြောလိုက်၏ “အဲ့လို အားကောင်းတဲ့ ပညာရှင်တွေက သူတို့ ဘယ်သူဘယ်ဝါကို ထုတ်ပြလေ့ မရှိကြဘူးလေ”
“ငါ့မှာ တောင်းဆိုချင်တာလေး တစ်ခုရှိလို့ မိတ်ဆွေဘက်က လက်ခံပေးလို့ရမလား မသိဘူး” တိယောင်က ရန်ကိုင်ကို ကြည့်ကာ မေးလိုက်၏။
“ဘာလဲ”
“ဒီဆေးလုံးကို ယူသွားလို့ရမလား”
“ယူသွားလေ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်၏။
ဆေးသွေးကြောပါသော စိတ်ဝိဥာဉ် အထွဋ်အထိပ် အဆင့်ဆေးလုံးတစ်လုံးသည် အတော့်ကိုမှ တန်ဖိုးကြီးလှ သော်ငြား မြေမီးတောက် အမြူတေအောက် နိမ့်ကျနေဆဲ။ ထို့ပြင် တိယောင်၏ စရိုက်ကြောင့် ရန်ကိုင်သည် ထိုကဲ့သို့သော အရှုံး၊ အမြတ်လေးကို စိတ်ထဲ ထည့်တွက်မနေတော့ချေ။
“ကျေးဇူးအများကြီးတင်ပါတယ်” တိယောင် ပျော်သွားခဲ့ပြီး ထိုဆေးလုံးကို အလျင်အမြန် သိမ်းဆည်းထားလိုက်လေ၏။
“ဂိုဏ်းတူဒေါ်လေး၊ လက်ဖက်ရည် တစ်ခွက်လောက် ငှဲ့ပေးလို့ရမလား။ ဒီက ညီအစ်ကိုတိနဲ့ ကျုပ်စကား နည်းနည်းပါးပါးလောက် ထပ်ပြောချင်လို့” ရန်ကိုင်က ဖေးယုကို တောင်းဆိုလိုက်၏။ ဤကဲ့သို့သော လူမျိုးနှင့် တွေ့ဆုံရန် ခက်ခဲရရာ အခွင့်အရေး ရှိတုန်း တိယောင် ကဲ့သို့သော လူမျိုးနှင့် ရန်ကိုင် မိတ်ဆွေဖွဲ့ထားချင်ပေ၏။
သူ့တွင် ယောကျာ်းလေး မိတ်ဆွေ များများစားစား မရှိဘဲ မိန်းမကလေး မိတ်ဆွေသော အတော်များများ ရှိလေရာ ထိုအကြောင်းကို စဉ်းစားမိသည်နှင့် ရန်ကိုင် ရှက်ချင်သလိုပင် ဖြစ်သွားခဲ့၏။
“နင်ဆက်ပြီး လက်ဖက်ရည် သောက်လို့ မရတော့ဘူးလားလို့” ဖေးယုက အေးစက်စက် အမူအရာဖြင့် ပြောလိုက်၏။
ဖေးယုစကားကြောင်း ရန်ကိုင်မှာ တစ်ခဏတာမျှ မှင်သက်သွားခဲ့ရသော်လည်း သူမဘာကို ပြောချင်နေသည် ဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့၏။ တည်ခိုဆောင် အပြင်ဘက်၌ လူအုပ်ကြီးတစ်အုပ်သည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် သူတို့ဆီသို့ ဦးတည်လာနေခဲ့၏။
“တကယ်ကို အကူတွေ သွားခေါ်လာတာပဲ” တိယောင်က ခေါင်းသာ ခါရမ်းလိုက်၏။
“ကောင်လေး၊ နင်ဘာကို အားကိုးနေလဲ ငါမသိပေမယ့် ဒီပြဿနာကို နင်ကပဲ မီးမွှေးခဲ့တာ ဆိုတော့ အခြားသူတွေဆီကနေ အကူအညီတောင်းဖို့ မမျှော်နဲ့နော်။ ဝဲပျံတိမ်တိုက်မြို့တော်ရဲ့ လက်ထောက်မြို့သခင်လို ပုဂ္ဂိုလ်မျိုးကို ငါတောင် ရန်စရဲတာ မဟုတ်ဘူး” ဖေးယုက အပြုံးလေးနှင့် ပြောလိုက်၏။
“စိတ်မပူပါနဲ့။ ကျုပ်ကလည်း ခင်ဗျားကို ဒီကိစ္စထဲ ဆွဲမခေါ်ပါဘူး” ပြောပြီးသည်နှင့် ပြတင်းပေါက်ဆီ လမ်းလျှောက်သွားပြီး တစ်ချက် ငုံကြည့်လိုက်၏။ အခြေအနေကို မြင်ပြီးတောက “ယိုး၊ လူတွေ အများကြီးပါလား”
ထို့နောက် ရန်ကိုင်ဘက် လှည့်လိုက်ပြီး “ညီအစ်ကိုရန်ရေ၊ နောက်တစ်ခါ အခွင့်အရေး ရတော့မှပဲ စကားပြောကြတာပေါ့ကွာ။ အင်း၊ ကောင်းကင် တက်လှမ်းခြင်း ချောက်ကမ်းပါးဆီသွားပြီး နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့် ဆေးအရည်ကို သွားသိပ်သည်းသင့်တယ်။ အဲ့ဒါက မင်းအတွက် တော်တော်လေး အကျိုးများမှာ”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး တိယောင် ပြောချင်သည့် အဓိပ္ပါယ်ကို မေးရန် လုပ်မည်အပြုမှာပင် တစ်ဖက်လူသည် ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့လေပြီ။
“ဒီကောင်လေးကတော့…” ဖေးယုက ပြတင်းဘောင်ကို ပျင်းရိပျင်းတွဲဖြင့် မှီလိုက်ပြီး အောက်က အခြေအနေကို လှမ်းငုံ့ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်၏။
“အခြားသူတွေ မသိတဲ့ လျှို့ဝှက်ချက်တွေ သူ့မှာ ရှိနေတဲ့ပုံပဲ” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။ တိယောင် နောက်ဆုံး ပြောသွားခဲ့သော စကားများသည် ရန်ကိုင်အား လုံးဝကို ဇဝေဇဝါ ဖြစ်စေခဲ့၏။
ဝဲပျံတိမ်တိုက်မြို့တော်သို့ လာရခြင်းသည် သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့အတွက် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့် ဆေးအရည်ကို သိပ်သည်းပေးစေလိုခြင်း ဖြစ်၏။ သို့သော်လည်း တိယောင်ပြောသည်ကို ကြားပြီးနောက်၊ ထိုကဲ့သို့ ဆေးအရည်သိပ်သည်းခြင်းသည် သူ့ကိုပါ အကျိုးရှိစေသည့်ပုံပင်။
သို့သော် ဆေးအရည်သိပ်သည်းရုံဖြင့် သူဘာအကျိုးအမြတ် ရမည်နည်း၊ ရန်ကိုင် နားမလည်နိုင်။
ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည့်အခါ တည်းခိုဆောင် အပြင်ဘက်တစ်ခုလုံး လူများစွာဖြင့် အုံခဲနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။ အများစုသည် ကုန်သွယ်ရေးနယ်ပယ်မှ ရောက်လာကြခြင်း ဖြစ်၏။
သတင်းကြားပြီး အခြားနေရာမှ ရောက်လာသူများလည်း အများကြီး ရှိပေသေး၏။
ထိုလူများအပြင် သက်လတ်ပိုင်းအရွယ် မိန်းမလှ တစ်ယောက် ဦးဆောင်လာသည့် ကျင့်ကြံသူ တစ်သိုက်လည်း ရှိသေး၏။ ထိုမိန်းမလှလေး၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့နေခဲ့ပြီး ရက်စက်တော့မည့် အမူအရာဖြင့် အံကို တင်းတင်း ကြိတ်ခဲနေခဲ့၏။
မိန်းမလှလေး၏ ဘေးတွင်မူ နီချုန် ရှိနေခဲ့၏။ နီချုန်သည် ပြတ်နေသော တုံးတိလက်ကို ပွတ်ရင်း တိယောင်အား မုန်းမုန်းတီးတီး စိုက်ကြည့်နေခဲ့၏။
“ဟေး၊ ဒီကောင်က သတ္တိရှိတာပဲ။ ထွက်မပြေးတဲ့ အပြင် သူ့ဘာသာသူတောင် ထွက်လာလိုက်သေးတယ်” ပြတင်းပေါက်မှ တိယောင်၊ သူ့ဘာသာသူ ခုန်ထွက်လာသည်ကို မြင်သည်နှင့် လူအုပ်ထဲတွင် ရှိနေသော လူတော်တော်များများ အံ့အားသင့်သွားခဲ့ရ၏။
“ငါပြောသလိုပဲလေကွာ၊ ဒီညီငယ်လေးမှာ အရမ်းကို အားကောင်းတဲ့ နောက်ခံတစ်ခု ရှိနေလို့ အဲ့ခွေးမ နီချူဖုန်းကို မကြောက်တာပေါ့ကွ”
“သူ့နောက်ခံ ဘယ်လောက်အားကောင်းတာကို ဘယ်သူ ဂရုစိုက်လို့လဲ။ နဂါးဆိုရင်တောင် မြွေပိုင်နက်ထဲ ရောက်ရင် ငြိမ်ကုပ်နေရတာပဲလေ။ ဒါက ဝဲပျံတိမ်တိုက် မြို့တော်ကွ။ ဒီကောင်လေးက ကံကောင်းတာထက် ပိုပြီးတော့ပဲ ကံမကောင်းဘူးလို့ပဲ ပြောရတော့မလား”
ဤသို့ဖြင့် လူအုပ်ကြီးထဲမှ အသံဗလံ မျိုးစုံတို့ ထွက်ပေါ်လာခဲ့လေ၏။ အားလုံးသည် နီချုန်နှင့် နီချူဖုန်းတို့၏ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေခဲ့ရာ သက်လတ်ပိုင်း အရွယ် မိန်းမလှလည်း သူတို့ ပြောနေသည့်အရာ အားလုံးကို ကြားပေ၏။ ထိုစကားများကို ကြားလိုက်သည်နှင့် သတ်လတ်ပိုင်း အရွယ် မိန်းမလှကြီး၏ သတ်ဖြတ်လိုစိတ်တို့ ထောင်တက်သွားခဲ့ပြီး ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
သူမအကြည့်ကြောင့် အားလုံး အလျင်စလို ပါးစပ်ပိတ်လိုက်ကြည့်၏။
“ငါ့တူလက်ကို ဖြတ်လိုက်တာ နင်လား” နီချူဖုန်းက တိယောင်ကို စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် မေးလိုက်၏။
“ဟုတ်တယ်” တိယောင်က ခေါင်းသာ ပြန်ညိတ်ပြလိုက်၏။
“ဘာလို့ အဲ့လိုလုပ်ရတာလဲ” နီချူဖုန်းက အံတင်းတင်းကြိတ်ပြီး ထပ်မေးလိုက်၏။
“ကျုပ်သတိပေးသားပဲ။ သူမှ နားမထောင်တာ။ အဲ့တော့ ကျုပ်လည်း အဲ့လို လုပ်လိုက်ရတာပေါ့” တိယောင်က ပခုံးတွန့်ပြလိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာ “ကျုပ်ဆေးပင်ကို ဖျက်စီးရဲတဲ့ လူတိုင်းက ကျုပ်ရန်သူပဲ။ ကျုပ်ရန်သူတွေအပေါ် ဘယ်တော့မှ သက်ညှာရိုးထုံးစံ မရှိဘူး”
“နင့်သတ္တိက မသေးပါလား” နီချူဖုန်းက လှောင်ပြောင်လိုက်လေ၏ “ဘာမဟုတ်တဲ့ ဆေးပင်လေး တစ်ပင်က ငါ့တူလက်နဲ့ ယှဉ်နိုင်မှာလား”
တိယောင် အမူအရာ အေးကစ်သွားခဲ့ပြီး “ခင်းဗျားတူ လက်က ဘာမို့လို့လဲ။ သူ့အသက်တောင် ကျုပ်လိုချင်နေတဲ့ ဆေးပင်နဲ့ ယှဉ်လို့မရဘူး”
“ဒေါ်လေး၊ အပိုတွေ ပြောမနေနဲ့တော့။ သူ့ကို ကျုပ်သတ်ချင်တယ်” နီချုန်က ဝင်ပြောလိုက်၏။
နီချူဖုန်းက တိယောင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် မေးလိုက်၏ “ငါတူကို တိုက်သွားတဲ့ နောက်တစ်ယောက် ရှိသေးတယ်။ အဲ့ကောင်စုတ်ကော ဘယ်မှာလဲ။ ခေါ်ထုတ်လိုက်။ နင်တို့ နှစ်ယောက်စလုံးကို ယမမင်းဆီ အတူတူ သွားခိုင်းရမယ်”
“ယောကျာ်းကောင်းဆိုတာ လုပ်ရဲရင် ခံရဲရတယ်။ ဒီပြဿနာကို ကျုပ်ရှာခဲ့တာ ဆိုမှတော့ ကျုပ်ကပဲ တာဝန်ယူရမှာပေါ့” တိယောင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။
“ကောင်းတယ်” နီချူဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ သူမ၏ တောင်မို့မို့နှစ်လုံး နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့ရ၏။ အသက်ပြင်းပြင်း တစ်ချက် ရှူပြီးသည်နှင့် တိယောင်ကို ကြည့်၍ အေးစက်စက် လေသံဖြင့် မေးလိုက်၏ “နင်ဘယ်လိုသေချင်လဲ။ နင့်ဘဝရဲ့ နောက်ဆုံး တောင်းဆိုချက်အဖြစ် ပြောသွားနိုင်တယ်”
“ကျုပ်မသေချင်ဘူး” တိယောင်က နည်းနည်းမျှပင် စိုးရိမ်ပူပန်ခြင်း မရှိသည့် အမူအရာဖြင့် ပြုံးကာ ပြန်ပြောလိုက်၏။
“ဒါက နင်ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်ဘူး” နီချုဖုန်းက သူမ၏ ကျောက်စိမ်းလက်သွယ်သွယ်လေးကို ဖြည်းဖြည်းချင်း မြှောက်လျက် အစိမ်းရောင် အစစ်အမှန်ချီ တစ်မျိုးကို သူမ၏ လက်ဝါးထက် စုစည်းလိုက်၏။ ထိုအစိမ်းရောင်ချီ ထွက်ပေါ်လာသည်နှင့် လေထုတစ်ခုလုံး ချဉ်စုပ်စုပ်ရနံ့တို့ဖြင့် ပြည့်နှက်သွားခဲ့ရာ ထိုအနံ့ကို ရှူမိသူအားလုံး အော့အန်ချင်လုမတတ် ဖြစ်သွားခဲ့ရ၏။
================================