အခန်း (၇၁၆-၇၂၀)
Vol. 29 Ch. 716-720
အပိုင်း(၇၁၆) ကြယ်တာရာကောင်းကင်ထဲ လေ့ကျင့်ခြင်း
——————————————————————
အဆုံးမယ့် ကြယ်တာရာကောင်းကင်ထဲ ရန်ကိုင်နှင့် တိယောင်တို့ကို ဝန်းရံထားသည့် သနပ်ခါးရောင် အရံအတား မျက်နှာပြင်ထက် အက်ကြောင်းလေး တစ်ခု ထွက်ပေါ်လာသည်နှင့် ကြယ်တာရာကောင်းကင်ထဲ စီးဆင်းနေသည့် အဖျက်စွမ်းအားများသည် အရံအတား ထဲသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့၏။
လူငယ်လေး နှစ်ယောက်စလုံး၏ မျက်နှာ အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်မျာသည်လည်း တဆတ်ဆတ် တုန်ရီလာခဲ့ကာ မရေမတွက်နိုင်သော သွေးစင်းရာလေးများ သူတို့ အရေပြားထက် ထွက်ပေါ်လာခဲ့၏။
တိယောင်သည် မိန်းမအများစုထက် ချောမောပြီး ပျော့တိပျော့ဖတ် ကောင်လေး တစ်ယောက်ဟု ထင်မှတ် ရသော်ငြား သူ့ခန္ဓာကိုယ်သည် တော်တော်လေးကို သန်မာပေ၏။ တိယောင်သည် ရန်ကိုင်ကဲ့သို့ ဆေးပညာ ကိုသာ သိုင်းပညာကိုပါ လေ့ကျင့်ထားသော သူဖြစ်၏။
နှစ်ယောက်စလုံးသည် အရံအတားတွင်း ထိုင်လျက် သူတို့၏ ခန္ဓာကိုယ်ကို ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအားဖြင့် သန့်စင်ရင်း ကြယ်တာရာစွမ်းအင်များ၏ နက်နဲဆန်းကြယ်မှုများကို နားလည်သဘောပေါက်အောင် ကြိုးစားနေခဲ့ကြ၏။
ဤသို့ဖြင့် နှစ်ရက်တာသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။ ထိုနှစ်ရက်အတွင်း တိယောင်သည် အရံအတား၏ စွမ်းအားကို မကြာမဏ လျော့လေ့ရှိ၏။ ဤနည်းဖြင့် ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင် များကို အရံအတားထဲ အဆက်မပြတ် ဆွဲသွင်းနေခဲ့၏။
ထိုနှစ်ရက်အတွင်း နှစ်ယောက်စလုံး၏ ခန္ဓာကိုယ် ယခင်ကထက် ပိုမိုသန်လာခဲ့ရ၏။
သို့သော် ရန်ကိုင်သည် တဖြည်းဖြည်းနှင့် သိပ်ပြီး မကျေနပ်ချင်တော့ချေ။ အရံအတားထဲ ဝင်လာသည့် ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များသည့် သူ့အပေါ် သိပ်အကျိုးမရှိချေ။ သို့သော် ထိုစွမ်းအင်များကို တိယောင်က မနည်း ခုခံနေခဲ့ရ၏။
ရန်ကိုင်သာ ဤနေရာ၌ ဆက်လက် လေ့ကျင့်နေမည် ဆိုပါက ဆက်လက်၍ တိုးတက်နိုင်လိမ့်မည် မဟုတ်ချေ။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ရုတ်တရက် ပြောလိုက်၏ “ညီအစ်ကိုတိ၊ ခွဲပြီး လေ့ကျင့်ရအောင်။ ဒီအရံအတားကို ဒီအတိုင်း ထိန်းထားဖို့ အစစ်အမှန်ချီ တော်တော်ကုန်မှန်း ငါသိတယ်။ ငါကို ကာကွယ်ပေးဖို့ မလိုတော့ရင် အရမ်းကြီး အစစ်အမှန်ချီ ကုန်တော့မှာ မဟုတ်ဘူး”
ဤနှစ်ရက်အတွင်း တိယောင်သည် ဆေးများ အဆက်မပြတ် သောက်သုံးလျက် သူ့အစစ်အမှန်ချီကို ခဏခဏ ဖြည့်တည်းနေခဲ့ရ၏။ ထို့ကြောင့်သာ မဟုတ်လျှင် အရံအတားကို ဆက်လက် ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။
အဆင့်မြင့် ဆေးလုံးများစွာ သယ်လာခဲ့သည်မှာ ကံကောင်းသွား၏။
ထိုစကားကို ကြားသည်နှင့် တိယောင် မျက်မှောင် ကြုံ့လိုက်ပြီး “ခွဲလေ့ကျင့်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ညီအစ်ကိုရန်မှာ သူတော်စင်အဆင့် အကာအကွယ် ပစ္စည်းရှိလို့လား။ သူတော်စင် အဆင့်နိမ့်တောင် မဖြစ်ဘူးနော်။ အနည်းဆုံး သူတော်စင် အလယ်အလတ်လောက်မှ ဖြစ်မှာ”
“အင်း၊… ဘာပစ္စည်းမှာ သုံးစရာ မလိုဘူး ထင်တာပဲ” ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်ပြောလိုက်၏။
“…ဘယ် ဘယ်လို” တိယောင်မှာ သူပဲ နားကြား လွဲမှားသလားဟု ထင်ကာ “ကြယ်တာရာကောင်းကင်ရဲ့ စွမ်းအားကို မင်းခန္ဓာကိုယ် သက်သက်နဲ့ ခုခံချင်တယ်ပေါ့”
“အရင်စမ်းကြည့်လိုက်မယ်။ မခံနိုင်မှ နောက်တစ်မျိုး စဉ်းစားကြတာပေါ့” ရန်ကိုင်က အကြံပေးလိုက်၏။
တိယောင် မျက်မှောင်ကြုံ့သွားခဲ့၏။ အချိန် အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် သတိထားဦး။ မင်းခန္ဓာကိုယ်က ငါ့ထက် ပိုသန်မာမှန်း ငါသိပေမယ့် ဒါက ဟာသတစ်ခု မဟုတ်ဘူးနော်။ ဒါက ကြယ်တာရာကောင်းကင်ပဲ။ ခန္ဓာကိုယ်သာ လုံလောက်အောင် မသန်မာရင် တစ်ခုတည်းသော ရလဒ်က သေခြင်းတရားပဲ။ သူတော်စင်အဆင့် ပညာရှင်တွေတောင် ချွင်းချက်မဟုတ်ဘူး”
“ငါသိတယ်” ရန်ကိုင်က ပြုံးလိုက်ကာ “ငါသွားတော့မယ်”
ပြောပြီးသည်နှင့် တိယောင် လက်နက်၏ အရံအတား အပြင်ဘက်သို့ ထွက်လိုက်၏။
အရံအတား အပြင်ဘက်သို့ ထွက်သည်နှင့် မည်ကဲ့သို့ ဖော်ပြရမှန်း မသိသော စွမ်းအင်များသည့် သူ့ဆီသို့ အဘက်ဘက်မှ တိုးဝင်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အနှံ့ကို စတင် တိုက်ခိုက်တော့လေ၏။
ရွှစ်… ရွှစ်… ရွှစ်…
သူ့ခန္ဓာကိုယ်ထက် မရေမတွက်နိုင်သော သွေးစွန်းရာများ ထွက်ပေါ်လာခဲ့၏။ သို့သော် မနာကျင်၊ စိတ်ပင် လှုပ်ရှားနေမိသေး၏။
သူ့ခန္ဓာကိုယ် သက်သက်နှင့်တင် ကြယ်တာရာ ကောင်းကင်၏ စွမ်းအင်ကို ခုခံနိုင်မှန်း သေချာသွားလေပြီ။ သူ့အသက်ကို စိုးရိမ်စရာ မလိုရုံမက သူသာ ဤအတိုင်း ဆက်သွားပါက မခန့်မှန်းနိုင်သော အကျိုးကျေးဇူးကိုပင် ရနိုင်သေး၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် တိယောင် မျက်နှာ ဖြူလျော်သွားခဲ့၏။ သူ့မျက်နှာ တစ်ခုလုံး မြင်မကောင်းအောင် ရှုံ့မဲ့သွားခဲ့ပြီး ခဏအကြာ၌ သက်ပြင်းအရှည်ကြီး ချလျက် ပြောလိုက်၏ “တကယ့်ကို မွန်းစတားကောင်ပဲ”
အရံအတား အပြင်ဘက်သို့ သူမထွက်ရဲချေ။ သူ့ခန္ဓာကိုယ်သည် အားကောင်းသည် ဆိုသော်ငြား ရန်ကိုင်လို လူထူးလူဆန်းကောင်နှင့် ယှဉ်လျှင် အရမ်းကို ဝေကွာနေသေး၏။
နောက်ထပ် နှစ်နည်းနည်းလောက် သူ့ခန္ဓာကိုယ်ကို ထပ်မံ လေ့ကျင့်မည် ဆိုလျှင်ပင် ရန်ကိုင်အဆင့်သို့ ရောက်လိမ့်မည် မဟုတ်ချေ။
“မင်းဘယ်လိုခံစားရလဲ” တိယောင်က သူ့စိတ်ကို အလျင်အမြန် ငြိမ်သက်သွားအောင် လုပ်လိုက်ပြီးနောက် စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“အရမ်းဆိုးတယ်” ရန်ကိုင်က နာနာကျင်ကျင် ပြုံးလိုက်ရင်း “မင်းရော ထွက်လာချင်လား”
“ငါ့အကြောင်း ငါသိပြီးသား” တိယောင်က အလျင်အမြန် ငြင်းဆိုလိုက်၏ “မင်းက အရံအတားရဲ့ အကူအညီကို မလိုအပ်မှတော့ ငါတို့ ဒီမှာပဲ ခွဲကြတာပေါ့။ လေဟာနယ်လျှောက်လမ်းကို ဘယ်သူ အရင်တွေ့မလဲ ကြည့်ကြတာပေါ့”
“ကောင်းပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
“ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ အဆင်မပြေဘူး။ လေဟာနယ် လျှောက်လမ်းကို ငါအရင်တွေ့လို့၊ အကန့်အသတ် ကိုလည်း လျှောက်နေပြီဆိုရင် မင်းကလည်း ပေါ်မလာသေးဘူး ဆိုရင် ငါအရင်ထွက်သွားနှင့်လိုက်မယ်”
“ငါ့အတွက် စိတ်ပူနေစရာ မလိုပါဘူး ညီအစ်ကိုတိ၊ အချိန်တန်ရင် ငါ့ဘာသာ ထွက်သွားလိုက်မယ်”
“မသေအောင်လည်း သတိထားဦးနော်” တိယောင်က သတိပေးလိုက်၏ “”ကြယ်တာရာကောင်းကင်ထဲမှာ ရှိနေတဲ့ စွမ်းအင်တွေက ညီတူမျှတူ ဖြစ်မနေဘူး ဆိုတာကိုလည်း သေချာ မှတ်ထားဦး။ အချို့နေရာတွေမှာ စွမ်းအားတွေက အရမ်းသိပ်သည်းပြီး ပြင်းထန်နိုင်တယ်။ အဲ့လိုနေရာတွေကို တတ်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် အလောင်းမြုပ်ခွင့်တောင် မရဘဲ တစ်ခါတည်း တန်းသေသွားရလိမ့်မယ်”
“အဲ့လိုနေရာတွေ ရှိသေးတာလား” ရန်ကိုင် စိတ်လှုပ်ရှားသွား၏။
ရန်ကိုင် မျက်နှာ အမူအရာကို မြင်သည်နှင့် တိယောင် ခေါင်းကိုက်ချင်သွားခဲ့၏။ ရန်ကိုင်စရိုက်နှင့် သူ့စရိုက်က လုံးဝကို မတူကွဲပြားသည်ကို တိယောင် တွေ့ရှိလိုက်ရ၏။ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် တည်တည် ငြိမ်ငြိမ်ဖြင့် ချဉ်းကပ်တတ်သည့် လူစားမျိုး ဖြစ်ပြီး ရန်ကိုင်သည် အရဲစွန့်ကာ တစ်ခါတည်း တိုးဝင်သွားတတ်သည့် လူစားမျိုး ဖြစ်၏။
“ကောင်းပြီ။ ငါပြောသင့်တာလည်း ပြောပြီးပြီ ဆိုတော့ မင်းသေရင် မင်းအပြစ်ပဲ။ ကဲ၊ ဝံပျံတိမ်တိုက် မြို့တော်မှာ ပြန်တွေ့ကြတာပေါ့” တိယောင်က လက်သီးဆုပ်၍ နှုတ်ဆက်ဟန် ပြုပြီးနောက် ထွက်ခွါရန် ပြင်လိုက်၏။
“အဲ့ဒါကို ယူသွားလိုက်” ရန်ကိုင်က တိယောင်ဆီ တစ်ခုခု ပစ်ပေးလိုက်၏။
“ဘာကြီးလဲ”
“ကောင်းတာ တစ်ခုခုပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး “ဒဏ်ရာ ခပ်ကြီးကြီးတွေ ရခဲ့မယ်ဆိုရင် အဲ့ဒါကိုသာ လိမ်းပေးလိုက်။ ခဏအတွင်း ပြန်ကောင်းလာလိမ့်မယ်”
“ကျေးဇူးပဲ” တိယောင်က ပြုံးကာ ခေါင်ညိတ်းလိုက်ပြီး ကြယ်တာရာကောင်းကင် တစ်ဖက်ဆီ အလျင်အမြန် ရွေ့လျားသွားလိုက်၏။
ပျောက်ကွယ်သွားသော တိယောင်၏ ပုံရိပ်ကို ကြည့်ရင်း ရန်ကိုင် ပြုံးလိုက်၏။
ရန်ကိုင်သည် တိယောင်ကို တော်တော်လေး ခင်မင်၏။ တိယောင်၏ အကူအညီကြောင့်သာ မဟုတ်လျှင် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်ကို ဤမျှ လွယ်လွယ်နှင့် ရခဲ့လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် လမ်းခွဲသည့်အခါ ဆေးပေါင်းနို့နှစ် အချို့ကို ပေးလိုက်ခြင်း ဖြစ်၏။
ယခင်က ဆေးပညာရှင်တစ်ယောက် မဟုတ်သည့် အတွက် အဆင့်မြင့် ဆေးပင်များ၏ အဆင့်၊ မည်မျှ အဖိုးတန်သည်ကို မသိခဲ့၏။ သို့သော် ယခု သူသည် အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်ရာ ယခင်ကထက် ပို၍ ဗဟုသုတ ကြွယ်ဝလာခဲ့လေပြီ။
ဆေးပေါင်းရည်သည် စိတ်ဝိဥာဉ်အဆင့် ဖြစ်ပြီး ဆေးပေါင်းနို့နှစ်သည် သူတော်စင်အဆင့် ဖြစ်၏။ ဆေးပေါင်း အဆီအနှစ်၏ အဆင့်ကိုမူကား ယခုထိတိုင် သူမသိသေးချေ။ ထိုဆေးပေါင်းအဆီအနှစ်သည် သူတော်စင် ဘုရင်အဆင့်ကို ကျော်လွန်သည်ဟု သူ့စိတ်ထဲ ခံစားမိနေခဲ့၏။
တိယောင်အား ဆေးပေါင်းနို့နှစ် ပေးလိုက်ခြင်းသည် ကိုယ့်မိတ်ဆွေ တစ်ယောက်ကို လက်ဆောင်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပေ၏။
ထိုနေရာ၌ ခဏကြာအောင် ရပ်နေပြီးနောက် တိယောင် ပျံသန်းသွားသည့် အရပ်နှင့် ဆန့်ကျင်ဘက် အရပ်ဆီ ပျံသန်းသွားလေ၏။
ကြယ်တာရာကောင်းကင်ထဲ လမ်းမပျောက်စေရန် လက်သီးအရွယ် တုန်းရွှမ်လောကကြီးကို အမှတ်အသား ပြုထားရ၏။ ထို့ကြောင့် တုန်းရွှမ်လောကကြီးကို စောင့်ကြည့်၊ လေဟာနယ်လျှောက်လမ်းကိုလည်း ရှာ၊ သူ့ခန္ဓာကိုယ်လည်း သန့်စင်နေရ၏။
ကြယ်တာရာကောင်းကင်၏ စွမ်အားသည် သူ့အသွေးအသားကို အဆက်မပြတ် စုတ်ဖြဲနေခဲ့၏။ ထိုစုတ်ဖြဲခံရခြင်းသည် အသက်အန္တရာယ် မရှိသော်ငြား အတော်လေးကိုတော့ နာကျင်ပေ၏။
ရွှေရောင်ဖျော့ဖျော့ သန်းနေသည့် သွေးများ သူ့ဒဏ်ရာများမှ အဆက်မပြတ် စီးကျနေခဲ့၏။
သူ့သွေးသည် လုံးဝကို ရွှေရောင်ပြောင်းသွားသည့် တစ်နေ့ ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရားနှင့် အဆင့်တူ ဖြစ်သွားလိမ့်မည်ဟု လီရုန်နှင့် ဖေးယုတို့ သူ့အား ပြောပြခဲ့၏။
ထို့နေ့ကို ရန်ကိုင် မျှော်လင့်နေမိ၏။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး ကြယ်တာရာကောင်းကင်ထဲ သူရောက်နေသည်မှာ မည်မျှ ကြာသွားသည် ဆိုသည်ကို ရန်ကိုင် မသိတော့ချေ။ အစပိုင်း၌ ကြယ်တာရာကောင်းကင်၏ စွမ်းအားသည် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သော်ငြား ကြာလာသည်နှင့် သူ့ခန္ဓာကိုယ်သည် တစ်စထက် တစ်စ ပိုမိုသန်မလာခဲ့ရာ ထိုစွမ်းအားများသည် သူ့ကိုယ်ထက် ခြစ်ရာလေးသာ ထင်အောင် လုပ်နိုင်တော့၏။
လေဟာနယ်လျှောက်လမ်းကိုမူ ယခုထိတိုင် ရန်ကိုင် မမြင်ရသေးချေ။ ထို့ကြောင့် သူလမ်းမှားနေပြီဟု ရန်ကိုင် ကောက်ချက်ချလိုက်၏။ တိယောင် သွားသည့် လမ်းသည် အမှန်ဖြစ်နိုင်ပေ၏။
သို့သော် ရန်ကိုင်သည် လေဟာနယ်လျှောက်လမ်းကို ရှာရန် အလျင်မလိုသေးချေ။ ကြယ်တာရာကောင်းကင်ထဲ လွတ်လွတ်လပ်လပ် လွင့်မျောနေရင်း သူ့ခန္ဓာကိုယ်ကို သန့်စင်ပြီး ကောင်းကင်တာအိုကို နားလည်နိုင်မည့် နေရာများကို လိုက်လံ ရှာဖွေနေခဲ့၏။
တိယောင် ပြောခဲ့သလို၊ ကြယ်တာရာကောင်းကင်၏ စွမ်းအင်များသည် နေရာကိုလိုက်ပြီး ကွဲပြားသွားကြ၏။ အချို့နေရာ၌ စွမ်းအင်များ ပိုမိုသိပ်သည်းပြီး အချို့ နေရာများသည် ကျဲပါးတတ်၏။
ယခု စွမ်းအင်များစွာ သိပ်သည်းနေသော နေရာများသည် ရန်ကိုင်၏ ပစ်မှတ် ဖြစ်လာခဲ့လေပြီ။ ထိုကဲ့သို့သော နေရာများသည်သာ သူ့ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်၏။
ရှည်လျားကြာညောင်း၍ အဆုံးမဲ့ဟန် ထင်ရသည့် ခရီးကို ဖြတ်သန်းပီဲးနောက် ရန်ကိုင် စိတ်အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခဲ့၏။ သူ့ကောင်းကင် စိတ်အာရုံသည် ပိုပို၍ တိကျပြတ်သားလာခဲ့၏။
တစ်နေ့၊ စွမ်းအင်များဖြင့် ပြည့်နေသည့်ဇုံတစ်ခုထဲ ထိုင်နေစဉ် တစ်ခုခု မူမမှန်သည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်၏။
အသိစိတ်ကိုသုံး၍ သူ့ခန္ဓာကိုယ်ကို စစ်ဆေး ကြည့်လိုက်ရာ မူမမှန်သည့် ခံစားချက် ဘယ်ကလာလဲ ဆိုတာကို ရန်ကိုင် တွေ့ရှိသွားခဲ့၏။
ထိုခံစားချက်သည် အနက်ရောင်စာအုပ်မှ လာနေခြင်း ဖြစ်၏။
အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲမှ လာနေသည်ဟု ပြောလျှင် ပိုမှန်နိုင်ပေ၏။
ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များသည် အနက်ရောင်စာအုပ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်နေခဲ့ပြီး အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားခဲ့၏။
စစ်ဆေးကြည့်လိုက်ရာ ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များကို ထူးဆန်သည့် အနက်ရောင် ကျောက်တုံး နှစ်တုံးမှ စုပ်ယူနေခြင်း ဖြစ်သည်ကို ရန်ကိုင် တွေ့ရှိခဲ့ရ၏။
စွမ်းအင်များကို စုပ်ယူနေစဉ် ကျောက်တုံးလေး နှစ်တုံးသည် အရောင်မှိန်မှိန်လေး တောက်နေခဲ့၏။
ရန်ကိုင် ကြောင်သွားခဲ့၏။
ထိုကျောက်တုံးလေးများကိုသာ နားလည်ချင်လျှင် ကြယ်တာရာကောင်းကင်၏ စွမ်းအားကို အားကိုရမည်မှန်း ရန်ကိုင် နားလည်လိုက်၏။
ရန်ကိုင်မှာ သူ့ကျင့်ကြံခြင်းအပေါ် အာရုံ မစိုက်နိုင်တော့ဘဲ ထိုကျောက်တုံးလေးနှစ်တုံး၏ ပြောင်းလဲမှုအပေါ်တွင်သာ အာရုံစိုက်ထားလိုက်၏။
သို့သော် အချိန်တော်တော်ကြာပြီးနောက် ရန်ကိုင် လက်လျှော့လိုက်၏။
အဘယ်ကြောင့်ဆိုသော် ကျောက်တုံးနှစ်တုံးသည် ကြယ်တာရာကောင်းကင်၏ စွမ်းအင်ကိုသာ စုပ်ယူနေပြီး ဘာမှ ပြောင်းလဲသွားခြင်း မရှိသောကြောင့်ပင် ဖြစ်၏။ စွမ်းအင်ကို စုပ်ယူနေစဉ် အလင်းရောင် မှိန်မှိန်လေး တောက်နေသည်မှအပ ဘာပြောင်းလဲမှုမှ မရှိချေ။
ခေါင်းရမ်းလိုက်ပြီး ထိုကျောက်တုံးနှစ်တုံးအပေါ် ဆက်၍ အာရုံမစိုက်တော့ချေ။ မတ်တပ်ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဦးတည်ရာသတ်မှတ်လိုက်ရာ ထိုအရပ်ဆီ ပျံသန်း သွားလိုက်၏။
သူထိုင်လိုက်သည့် နေရာတိုင်းရှိ ကြယ်တာရာ ကောင်းကင်စွမ်းအင်များသည် သူစုပ်ယူလိုက်သည့် အတွက်ကြောင့် တဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့ရ၏။
ထို့ကြောင့် ရန်ကိုင် အနေဖြင့် ခဏခဏ နေရာပြောင်းနေခဲ့ရ၏။
သူ့ဒဏ်ရာများသည်လည်း တဖြည်းဖြည်း ထပ်ထပ်လာခဲ့၏။ ဒဏ်ရာတစ်ခု ပြန်ကောင်းသွားပြီး အမာရွတ် ကျန်ခဲ့လိုက်၊ ထိုအမာရွတ်နေရာ၌ ဒဏ်ရာ အသစ်တစ်ခု ထပ်ဖြစ်လာလိုက်။ ဤသို့ဖြင့် ရန်ကိုင် ခန္ဓာကိုယ်ထက် အမာရွတ်များစွာ ထွက်ပေါ်လာခဲ့၏။ သို့သော် ထိုအမှတ်အသားများသည် ရန်ကိုင်အား စိတ်အနှောင့်အယှတ် မဖြစ်ချေ။ ဤသို့လုပ်ခြင်းဖြင့် ရလာမည့် အကျိုးအမြတ်ကို ရန်ကိုင် ကောင်းကောင်း နားလည်ထား၏။ ထို့ကြောင့် နာကျင်နေသော်ငြား ထိုအတိုင်းသာ ဆက်လုပ်နေခဲ့၏။
တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ် သန့်စင်ရန်အတွက် သင့်တော်သည့် နေရာများကို ရန်ကိုင် ရှာမတွေ့တော့ချေ။ သူ့အား သေခါနီးဆဲဆဲ ဖြစ်အောင် လုပ်ဆောင်နိုင်လုနီးပါး ဖြစ်ခဲ့သော နေရာကြီးသည် သူ့အား မည်သည့် အန္တရာယ်မှ မပေးစွမ်းနိုင်တော့ချေ။
ကြယ်တာရာကောင်းကင်ထဲ ထပ်သွားမည် ဆိုပါက စွမ်းအင် ပိုသိပ်သည်းသည့် နေရာများကို တွေ့မည်မှန်း သိသော်ငြား သူသာ ဆက်သွားလိုက်ပါ လမ်းပျောက် သွားမည်ကို ရန်ကိုင် စိုးရိမ်နေခဲ့၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၁၇) ကပ်သီလေး
——————————————————————
သူသာ ဤအဆုံးမဲ့ ကြယ်တာရာကောင်းကင်ထဲ လမ်းပျောက်သွားခဲ့လျှင် ကျိန်းသေ သေရပေလိမ့်မည်။
ထို့ကြောင့် ဤလောက်နှင့်ပင် ပြန်ရန် ဆုံးဖြတ်လိုက်၏။ သို့နှင့် ရန်ကိုင်သည် လာလမ်းအတိုင်း ပြန်လှည့်သွားလိုက်လေ၏။ ကြယ်တာရာကောင်ကင်သည် ကျယ်ပြောပြီး အဆုံးမဲ့သော်လည်း တုန်းရွှမ်လောကကြီး ရှိနေသဖြင့် ရန်ကိုင် လမ်းမပျောက်သေး။
နေ့တိုင်း မရပ်မနား သွားလာနေခဲ့၏။ သူ့အရှိန်သည် အရမ်းကိုမှ မြန်ဆန်သော်ငြား သွားရမည့် ခရီးသည် အဝေးကြီး ကျန်ရှိနေဆဲ။ သို့သော် ရန်ကိုင်သည် အလျင်မလိုချေ။ စိတ်ရောကိုယ်ကိုပါ ဖြေလျှော့ထားရင်း ပုံမှန်အတိုင်း ခရီးဆက်နေခဲ့၏။
သွားနေရင်း နေရာတစ်ခုအရောက် ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်၏။
သူ့ဘေးပတ်လည်ရှိ ကြယ်တာရာကောင်းကင်၏ စွမ်းအင်များသည် ရုတ်ချည်း ဆင့်ကဲ့ပြောင်းလဲ သွားသည့်အလား၊ သူတစ်ခါမှ မခံစားဖူးသော တစ်ခုခုကို ခံစားလိုက်ရ၏။
ရန်ကိုင် ချက်ချင်း နိုးကြားသွားခဲ့ပြီး ဘေးပတ်ဝန်ကျင်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ရာ သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော် သွားခဲ့ရ၏။
ကြယ်တာရာကောင်းကင်ထဲ၊ အာကာသာမုန်တိုင်း တစ်ခုသည် သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့၏။
ပိုဆိုးသည်ကား ထိုအာကာသမုန်တိုင်း၏ အလျှင်သည် လွန်စွာကိုမှ မြန်ဆန်နေခြင်းပင်။
ရန်ကိုင် တုန်လှုပ်ချောက်ချားသွားခဲ့၏။ သူ့ခန္ဓာကိုယ်ကို သန့်စင်ရန် အဖျက်စွမ်းအား ပြင်းထန်လှသည့် နေရာများကို ရှာဖွေခဲ့သည် ဆိုသော်ငြား၊ ထို့ကဲ့သို့ ပြင်းထန်အားကောင်းလှသည့် မုန်တိုင်းတစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ထားခဲ့ပေ။
မုန်တိုင်းသည် သူနှင့် အတော့်ကို ဝေးကွာသော်ငြား ၎င်းဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများကို ခံစားမိသည်နှင့် သေခြင်းအငွေ့အသက်ကို ရန်ကိုင် ရလိုက်၏။
ငါတောင့်မခံနိုင်ဘူး ထိုအချက်ကို ရန်ကိုင် ချက်ချင်းပဲ နားလည်လိုက်၏။ သူ့လက်ရှိ ခန္ဓာကိုယ်ခွန်အားနှင့် ထိုမုန်တိုင်းထဲ ရောက်သွားပါက တစ်ခဏအတွင်း သူ့အရိုးများပါ အမှုန်အဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။
ကြယ်တာရာကောင်းကင်သည် အန္တရာယ်များဖြင့် ပြည့်နေ၏။
တိယောင်နှင့် ထျန်းဇန် လူအိုကြီးသည် ကြယ်တာရာ ကောင်းကင်အကြောင်း များများစားစား မသိသလို အာကာသာ မုန်တိုင်းများကိုလည်း တစ်ခါမှ မမြင်ဖူးသည့် အတွက် ထိုအကြောင်းနှင့် ပက်သက်ပြီး မည်သည့် ဗဟုသုတကိုမှ ရန်ကိုင်အား ပြောမပြနိုင်ခဲ့ပေ။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်သွားခဲ့ရ၏။ သူ့ကိုယ်ထက် ဝတ်ဆင်ထားသော မူလကျောက်ကွင်းများကို တုန့်ဆိုင်းခြင်းမရှိ ချွတ်လိုက်ပြီး ချက်ချင်း ထွက်ပြေးတော့လေ၏။
ဖေးယုဆီမှ ထိုကျောက်ကွင်းများကို ရလိုက်သည့် အချိန်မှစ၍ ၎င်းတို့ကို ရန်ကိုင် အမြဲ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုအချိန်၌ အသက်ရှင်သန်နိုင်ရန် အတွက် ထိုမူလကျောက်ကွင်းများကို ချွတ်ရပေတော့မည်။
လျှပ်စီးတန်းတစ်ခုအလား ရန်ကိုင်သည် ကြယ်တာရာ ကောင်းကင်ထဲ ပျံသန်းထွက်ပြေးနေ၏။
သို့သော် သူ့လက်ရှိ အမြန်နှုန်းသည် မလုံလောက်သေးဘူးဟု ခံစားမိသဖြင့် လေမိုးကြိုး တောင်ပံများကိုပါ ထုတ်သုံးလိုက်လေ၏။
လေသည် သိမ်မွေ့ပြီး မိုးကြိုးသည် လျှင်မြန်၏။ ထိုတောင်ပံများကို အောင်အောင်မြင်မြင် သန့်စင် ပြီးသွားသည့်နောက် လေမိုးကြိုးတောင်ပံသည် ယန်မီးတောက်တောင်ပံနှင့် ပြည့်စုံစွာ ပေါင်းစပ်သွားခဲ့၏။
မည်မျှကြာအောင် ပြေးနေမှန်း သူမသိခဲ့။ သို့သော် ရပ်လည်း မရပ်တန့်ရဲသလို နောက်လည်း ပြန်လှည့်မကြည့်ရဲ။ အဘယ်ကြောင့်ဆိုသော် သူနှင့် အာကာသမုန်တိုင်းကြားရှိ အကွာအဝေးသည် ဝေးကွာသွားခြင်း မရှိရုံမက ထိုအာကာသာမုန်တိုင်းသည် သူ့နောက်သို့ အလျင်အမြန် လိုက်နေသည်ကို ခံစားမိနေသောကြောင့်ပင် ဖြစ်၏။
အာကာသာမုန်တိုင်းသည် ရန်ကိုင် မြင်နိုင်သည်ထက် ကြီး၏။ ထို့ကြောင့် သူအနေဖြင့် ၎င်းကို မရှောင်းရှားနိုင်။ ထိုအာကာသမုန်တိုင်းကို အပြတ်အသတ် နောက်ချန်ရစ်နိုင်မည့် နည်းလမ်း တစ်ခုခုကိုသာ မစဉ်းစားနိုင်ပါက သူလွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။
လက်ရှိ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ရန် အစစ်အမှန်ချီ အများအပြားကို ရန်ကိုင် ထုတ်သုံးနေခဲ့ရ၏။ သို့သော် အာကာသမုန်တိုင်းသည် သူ့နောက်မှ ထပ်ကြပ်မခွါ လိုက်ပါလာနေခဲ့ရာ ရန်ကိုင်မှာ ထိုကိစ္စကို အရေးမစိုက်အားချေ။ အာကာသမုန်တိုင်း ချဉ်းကပ်လာသည်နှင့် ကောင်းကင်ကြီး သူ့အပေါ် ပြိုကျလာသကဲ့သို့ ပြေးပေါက်မရှိတော့သလို ရန်ကိုင် ခံစားလိုက်ရ၏။
ဖိအားသည် ကြီးမားသထက် ကြီးမားလာသည်နှင့် ရန်ကိုင် အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး ရုတ်တရက် ရပ်တန့်လိုက်၏။ လေမိုကြိုးတောင်ပံကို ပြန်သိမ်းလိုက်ပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော ကြယ်တာရာမုန်တိုင်းကို စိုက်ကြည့်လိုက်၏။
မလွတ်နိုင်ဘူး။ ဘယ်လိုမှကို ထွက်ပြေးလို့ရမှာ မဟုတ်ဘူး
ထွက်ပြေးလို့ မလွတ်မှတော့ ခုခံရုံပဲ ရှိတော့တာပေါ့
ထိုအာကာသမုန်တိုင်းကို ထိပ်တိုက်ရင်ဆိုင် ခုခံနိုင်မည်ဟု ယုံကြည်ချက် မရှိသော်ငြား ရွေးစရာ မရှိတော့သည့်အဆုံး ထိပ်တိုက်ရင်ဆိုင်ရုံသာ တတ်နိုင်၏။
အာကာသမုန်တိုင်း နီးကပ်လာသည့်နှင့် စိုးရိမ်ပူပန် ရမည့်အစား ထိုမုန်တိုင်းနှင့် ပြန်လည်ယှဉ်ပြိုင်တုပ ချင်သလို ခံစားရလိုက်ရပြီး သူ့သွေးတို့ ဆူပွက်လာခဲ့ရ၏။ သူ့မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး အားကောင်းသော တိုက်ပွဲဝင်လိုစိတ်သည့် အခြားအတွေးအားလုံးကို လွှမ်းမိုးသွားခဲ့၏။
ကြယ်တာရာကောင်းကင်၏ စွမ်းအားသည် အားကောင်းလှသော အဖျက်အားတို့ဖြင့် ပြည့်နေခဲ့၏။ သို့သော်လည်း ထိုကြယ်တာရာကောင်းကင်၏ စွမ်းအားသည် ထိုအာကာသမုန်တိုင်းနှင့် မနှိုင်းယှဉ်နိုင်ချေ။
ရန်ကိုင်နှင့် မနီးမဝေးနေရာတစ်ခု၌ များစွာသော ဂြိုလ်သိမ်ဂြိုလ်မွှားတို့ မျောနေကြသော ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးတစ်ခု ရှိနေခဲ့၏။ အချို့သည် လက်သီးဆုပ် အရွယ်အစားထက်ပင် သေးငယ်ကြပြီး အချို့ကမူ တောင်တစ်လုံးထက်ပင် ကြီးမားကြ၏။
ရန်ကိုင်က ထိုဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကို ဖြတ်သန်းသွားခဲ့၏။
မကြာခင်မှာပင် အာကာသမုန်တိုင်းလည်း ထိုနေရာသို့ ရောက်ရှိလာခဲ့၏။ မုန်တိုင်းနှင့် ထိတွေ့သွားသည့် ဂြိုလ်သိမ်ဂြိုလ်မွှား မှန်သမျှ၊ မည်မျှပင် အရွယ်အစား ကြီးမားစေကာမူ အမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
ကီလိုမီတာသောင်းကျော်အတွင်း ပြန့်ကျဲနေသည့် သိန်းပေါင်းများစွာသော ဂြိုလ်သိမ်ဂြိုလ်မွှားအားလုံး အသက်သုံးရှိုက်စာအတွင်းမှာပင် အမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ရ၏။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မဲ့ပြုံးပြုံးလိုက်၏။
ချက်ချင်းဆိုသလို အာကာသမုန်တိုင်းသည် သူ့ကိုပါ ဝါးမြိုသွားခဲ့လေ၏။
“မိစ္ဆာအသွင်ပြောင်းလဲခြင်း” တိုးတိုးလေး ရေရွတ်လိုက်ရာ အနက်ရောင်နတ်ဆိုးချီတို့ သူ့ကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး အနက်ရောင် နတ်ဆိုး အမှတ်အသားများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပြီးနောက် သူ့အရေပြားထဲ ချက်ချင်း တိုးဝင်ပျောက်ကွယ်သွားခဲ့၏။
ရန်ကိုင် သွေးစွမ်းအား တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ် ခွန်အားသည် အလျင်အမြန် မြင့်မားလာခဲ့၏။
ပြီးသည်နှင့် အရိုးဒိုင်းကိုပါ ထုတ်ယူလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်၏။
သို့သော်လည်း ထိုဆန်းကြယ်အထွဋ်အထိပ်အဆင့် အရိုးဒိုင်းသည် အသက်နှစ်ရှိုက်စာသာ ခုခံနိုင်ပြီး ရန်ကိုင် လက်တွင်း၌ပင် အမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
ထိုကြောက်မက်ဖွယ် အဖျက်စွမ်းအင်များသည် ရန်ကိုင် အဝတ်အစားများနှင့် သူ့အသွေးအသားကို တစ်စစီ စုတ်ဖြဲနေခဲ့၏။ ရန်ကိုင်က အံတင်းတင်းကြိတ်၍ မာန်သွင်းအော်ဟစ်လျက် အစစ်အမှန်ချီကို အဆုံးစွန်ထိ လှည့်ပတ်လိုက်ကာ သူ့ကိုယ်ပတ်လည်၌ အရံအတား တစ်ခု ဖန်တီးလိုက်လေ၏။
သူ့အစစ်အမှန်ချီ ပေါ်လာလာချင်းမှာပင် ၎င်းသည် နေလာနှင်းပျောက်သလို ချက်ချင်း ပျောက်ကွယ် သွားခဲ့လေ၏။
အစစ်အမှန်ချီကို သုံး၍ သူ့ကိုယ်သူ ကာကွယ်၍ မရမှန်း သိရသော် ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့၏။
အစစ်အမှန်ချီအား သူ့ကိုယ်တွင်းရှိ အဖျက်စွမ်းအင်ကို ခုခံနိုင်ရန် အတွက်သာ အသုံးပြုနိုင်၏။
ထိုအချက်ကို နားလည်လိုက်သည်နှင့် အစစ်အမှန်ချီကို ဆက်လက်ဖြုန်းတီးခြင်း မပြုတော့ဘဲ သူ့ကိုယ်တွင်းရှိ ပြောင်းလဲမှုများကို အာရုံစိုက်ရင်း မုန်တိုင်း၏ ဆန့်ကျင်ဘက်အရပ်ဆီ ထွက်ပြေးရန် ကြိုးစားလိုက်၏။
ယခုအချိန်၌ ရန်ကိုင်သည် မုန်းတိုင်းထဲ ရောက်နေသော လှေငယ်လေး တစ်စင်းကဲ့သို့ ဖြစ်နေ၏။
သို့သော် တကယ့် အံ့အားသင့်စရာကောင်းသည်မှာ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့သော်လည်း ယခုအချိန်ထိ အသက်ရှင်နေနိုင်ခြင်းပင်။
ကြယ်တာရာကောင်းကင်၏ စွမ်းအင်သည် သူ့ကိုယ်ထဲသို့ စိမ့်ဝင်၍ ခန္ဓာကိုယ်တွင်း စိတ်ကြိုက် သောင်းကျန်းနေခဲ့၏။
သူ့ကိုယ်တွင်း အင်္ဂါများ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ရွှေရောင်သွေးတို့ဖြင့် စိုရွှဲသွားခဲ့ရ၏။ ယခုအချိန်၌ ရန်ကိုင်၏ အရေပြား၊ ကြွက်သား၊ အရွတ် အကုန်အစင် စုတ်ဖြဲထားခံရရာ သူ့ပုံစံသည် တကယ်ကို မြင်ရက်စရာ မကောင်းတော့ချေ။
နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသော်ငြား ရန်ကိုင်၏ အားကောင်းလှသော ခန္ဓာကိုယ်သည် ကြယ်တာရာကောင်းကင်၏ အဖျက်စွမ်းအားကို ခုခံနိုင်စွမ်း မရှိချေ။ သူ့ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားခဲ့ပြီး သူ့ဝိဥာဉ်သည် တုန်တုန်ရီရီ ဖြစ်နေခဲ့သလို စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော အသိစိတ်ပင်လယ်သည်လည်း ပြိုကွဲစ ပြုလာခဲ့လေပြီ။
တုန့်ဆိုင်းမနေရဲတော့သည်နှင့် ဆေးပေါင်းနို့နှစ် အချို့ကို ထုတ်ယူပြီး သူ့ကိုယ်ထက် အလျင်အမြန် လိမ်းကျံလိုက်၏။ ပြီးသည်နှင့် သူတော်စင်အဆင့် ဆေးပင်တစ်ပင်ကိုပါ ဝါးစားလိုက်၏။
ဆေးပေါင်းနို့နှစ်၊ သူတော်စင်အဆင့် ဆေးပင်နှင့် သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုသနှုန်းကြောင့် သူ့ဒဏ်ရာများ အလျင်အမြန် ပြန်လည်သက်သာလာခဲ့၏။ သို့သော်လည်း ပြန်လည်ကောင်းမွန်စ ပြုလာသော သူ့ခန္ဓာကိုယ်သည် အာကာသမုန်တိုင်း၏ နောက်တစ်ကြိမ် ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြန်၏။
အချိန်ကြာလာသည်နှင့် မုန်တိုင်း အလယ်ဗဟိုသို့ နီးကပ်လာခဲ့၏။ နီးကပ်လာသည်နှင့်အမျှ ရန်ကိုင် ပတ်ဝန်းကျင်ရှိ အဖျက်စွမ်းအားသည် ပိုပို၍ ပြင်းထန် လာခဲ့လေ၏။
အသွေးအသားတို့မှာ စုတ်ဖြဲခံထားရသဖြင့် ရွှေရောင် အရိုးများပင် ထွက်ပေါ်နေခဲ့လေပြီ။ ထိုအရိုးသည် မဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ထားခဲ့သည် ရွှေရေင်အရိုးခြောက်ပင် ဖြစ်လေ၏။
ဖျက်အားပြင်းသည့် အာကာသမုန်တိုင်းထဲတွင်ပင် ထိုအရိုးများသည် အကောင်းအတိုင်း ရှိနေဆဲ။
ယခု သူ့တစ်ကိုယ်လုံး နာကျင်ကြောင့် ထုံနေခဲ့ပြီ။ အသက်ဆက်ရှင်လိုသည့် လက်မလျော့စတမ်း ဆန္ဒကြောင့်သာ ရှေ့ဆက်နိုင်နေခြင်းပင်။ သူသာ အရှုံးပေးလိုက်သည်နှင့် ကျိန်းသေ သေရမည်ကို ရန်ကိုင် နားလည်ထား၏။
ဤကပ်ဆိုးမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်၊ မလွတ်မြောက်နိုင်မည်ကို မသိသော်ငြား မျှော်လင့်ချက်တော့ ရှိသေး၏။ ထို့ကြောင့် အရှုံးမပေးဘဲ ကျားကုတ်ကျားကန် ကြိုးစားနေခြင်း ဖြစ်၏။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့၏။ မုန်တိုင်းထဲ ရောက်သည်မှာ အမွှေးတိုင်းတစ်ဝက် လောင်ကျွမ်းစာ အချိန်လောက်သာ ရှိသေးသော်ငြား နှစ်ပေါင်းများစွာ ကြာညောင်းသွားခဲ့သလို ရန်ကိုင် ခံစားလိုက်ရ၏။ တဒင်္ဂဆိုသော အချိန်တိုင်းသည် စိတ်ပင် မကူးကြည့်နိုင်သည့် နှိပ်စက်ညင်းပန်းမှုတို့ဖြင့် ပြည့်နေခဲ့၏။
ဆေးပေါင်းနို့နှစ်ကို အဆက်မပြတ် လိမ်းကျံရင်း သူတော်စင်အဆင့် ဆေးပင်များကို ရန်ကိုင် အဆက်မပြတ် ဝါးစားနေခဲ့၏။
ပျက်စီးသွားလိုက်၊ ပြန်းကောင်းလာလိုက် ဖြစ်စဉ်သည် အဖန်တလဲလဲ ဖြစ်နေခဲ့ရာ ရန်ကိုင်၏ ခန္ဓာကိုယ်သည် တစ်စထက်တစ်စ ပိုမိုသန်မလာခဲ့သလို အာကာသမုန်တိုင်း၏ အဖျက်အားကို တဖြည်းဖြည်းချင်း ခံနိုင်စ ပြုလာခဲ့၏။
ထာဝရပင် ကြာညောင်းသွားသည်ဟု ထင်ရသော အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက် ထိုပြင်းထန်သော စွမ်းအင်များ အားနည်းစပြုလာခဲ့လေ၏။
ရန်ကိုင် ဝိဥာဉ် လှုပ်ခါသွားခဲ့ပြီး သူ့ဘေးပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးကြည့်လိုက်ရာ မုန်းတိုင်းထဲ အစပ်နားသလို့ သူရောက်နေပြီ ဖြစ်ကြောင်းကို တွေ့ရှိလိုက်၏။
အခက်ခဲဆုံး အချိန်ကို ဖြတ်သန်းပြီးပြီမှန်း နားလည်လိုက်သည်နှင့် ရန်ကိုင် စိတ်အား တက်ကြွသွားခဲ့ပြီး အဆုံးသတ်ဆီသို့ အားကုန်သုံး ပျံသန်းတော့လေ၏။
ထိုပြင်းထန်သော စွမ်းအင်များသည် တစ်စထက် တစ်စ အားနည်းလာခဲ့ပြီး နောက်ဆုံး၌ မုန်တိုင်းထဲမှ ရန်ကိုင် လွတ်မြောက်လာနိုင်ခဲ့၏။
မုန်တိုင်းထဲမှ ထွက်လာလာချင်း သူ့တစ်ခေါင်းလုံး မူးနောက်နေခဲ့ရာ ခေါင်းမူပြေရန် အချိန်တစ်ခဏ ယူလိုက်ရ၏။ ထို့နောက် တဖြည်းဖြည်း ပျောက်ကွယ် သွားသော အာကာသမုန်တိုင်းဆီ လှမ်းကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်၏။
ထို့နောက် ရန်ကိုင် တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါပြီး သူ့တစ်ကိုယ်လုံး နုံးခွေသွားခဲ့ကာ နေရာတွင်ပင် သတိလစ်သွားခဲ့လေ၏။
----------------------------------
အဆုံးမဲ့ ဟင်းလင်းပြင်ထဲ ရန်ကိုင် မလှုပ်မယှတ် လဲလျောင်းနေခဲ့၏။ လက်ချောင်းတစ်ချာင်း လှုပ်ရန်ပင် ခွန်အားမရှိ၊ စိတ်နှင့် ခန္ဓာသည်လည်း လွန်စွာကိုမှ ပင်ပန်းနွမ်းနယ်နေခဲ့၏။ သူ့ကိုယ်တွင် ဖြစ်ပျက်နေသော ပြောင်းလဲမှုများကို သတိမမူမိဘဲ နေရာတွင်သာ မလှုပ်မယှတ်ဖြင့် လဲလျောင်းနေ၏။
အချိန်မည်မျှကြာအောင် သတိလစ်သွားခဲ့သည်ကို မသိ၊ သူတစ်ကိုယ်လုံး ကိုက်ခဲနာကျင် နေသောကြောင့် နောက်ဆုံး၌ ရန်ကိုင် နိုးလာခဲ့၏။
ယခု သူဘာနှင့် တူသည်ကို မသိသော်လည်း သူ့ပုံစံသည် လွန်စွာကိုမှ ဆိုးရွားလွန်းနေသည်ကို ရန်ကိုင် သိ၏။ အဘယ်ကြောင့်ဆိုသော် သူ့အသားစအချို့ ပျောက်ဆုံးနေသောကြောင့်ပင်။
နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးသည် သူ့ကိုယ်တွင်း တစ်လျှောက် လှည့်ပတ်ရင်း ပျက်စီးနေသော ကြွက်သားများကို ပြန်လည် ပြုပြင် ပေးနေခဲ့၏။
ရွှေရောင်အရိုးခြောက်သည် နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးစက်များ၏ အရင်းအမြစ်ဖြစ်၏။ ထိုကပ်ဆိုးနှင့် ကြုံတွေ့ရပြီးနောက် ရွှေရောင်အရိုးခြောက် သည် တစ်ခုခု၏ လှုံ့ဆော်ခြင်း ခံလိုက်ရသည့်အလား သန့်စင်သော ရွှေရောင်သွေးစက်ကို ဖြည်းဖြည်းချင်း ထုတ်ပေးနေခဲ့၏။ သွေးစက်တစ်စက်ချင်းတိုင်းသည် ရန်ကိုင်၏ အသက်စွမ်းအင်ကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနေခဲ့၏။
နတ်ဆိုးနတ်ဘုရားမြို့တော်ထဲမှ ရှေးဟောင်း နတ်ဆိုးကလန်သားများ၏ ခန္ဓာကိုယ်ကို မည်မျှ သန်မာသည်ကို သူမျက်မြင် ကြုံဖူးပြီးဖြစ်၏။
ထိုကဲ့သို့ သန်မာရခြင်းသည် သူတို့၏ ခန္ဓာကိုယ်ထဲ စီးဆင်းနေသော မဟာနတ်ဆိုးနတ်ဘုရား၏ သွေးမျိုးဆက် ကြောင့်ပင် ဖြစ်၏။
သို့သော် နတ်ဆိုးနတ်ဘုရား၏ အမွေကို တိုက်ရိုက် ဆက်ခံထားသော ရန်ကိုင်၏ ခန္ဓာကိုယ်သည် ထိုရှေးဟောင်း နတ်ဆိုးကလန်သားများထက်ပင် ပို၍ သန်မာသေး၏။
နတ်ဆိုးနတ်ဘုရား ရွှေရောင်သွေး၏ လွှမ်းမိုးမှု အောက်၍ သူ့ကြွက်သားနှင့် သွေးကြောများ တဖြည်ဖြည်း ပြန်လည်ကောင်းမွန်လာခဲ့၏။ ကျိုးပျက်နေသော အရွတ်များ ပြန်ဆက်သွားခဲ့ပြီး ယခင်ကထက် ပို၍ ကြံ့ခိုင်လာခဲ့၏။ သူ့အသွေးအသားသည်လည်း တဖြည်းဖြည်း ပြန်လည် ဖြစ်တည်လာရင်း ယခင်ကထက် ပိုပို၍ အားကောင်းလာနေခဲ့၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၁၈) ကပ်ဆိုးကြီးပြီးနောက်
——————————————————————
မုန်တိုင်းအတွင်း သူ့အရိုးမှလွဲ၍ ရန်ကိုင့် ခန္ဓာကိုယ် တစ်ခုလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့၏။
မဟာနတ်ဆိုးနတ်ဘုရား၏ အရိုးများသည် မုန်တိုင်း၏ အဖျက်စွမ်းအားနှင့် ကြုံတွေ့ခဲ့ရသော်ငြား မပျက်စီးခဲ့ရသည့် အကြောင်းမှာ ၎င်းသည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ရတနာများထက်ပင် ပိုမို မာကျောသောကြောင့် ဖြစ်ပေ၏။
ထိုအချက်ကြောင့် ရန်ကိုင်လည်း အတော့်ကို အံ့အားသင့်သွားခဲ့ရ၏။
ယခုအချိန်၌ ရန်ကိုင် တစ်ကိုယ်လုံးသည် ရွှေရောင် ဖျော့ဖျော့လေး တောက်နေခဲ့၏။ သူ့ကိုယ်တွင်း အင်္ဂါများပင် ရွှေရောင်မှိန်မှိန်လေး တောက်နေခဲ့ကာ သူ့အသွေးအသားကို အလျင်အမြန် ပြန်လည် ကုစားနေခဲ့၏။
ဆေးပေါင်းနို့နှစ်သည် အသစ်ဖြစ်ပေါ်လာသည့် နတ်ဆိုးနတ်ဘုရားသွေးစက်နှင့် ပူးတွဲ၍ သူ့ခန္ဓာကိုယ်ကို အလျင်အမြန် ပြန်လည် ကုစားပေးနေခဲ့၏။
ရန်ကိုင်သည် အတွေးအားလုံးကို လွှတ်ချထားလိုက်ပြီး လေထဲတွင်ဝဲလျက် စိတ်ရောကိုယ်ကိုယ်ပါ ဖြေလျော့ထားလိုက်ကာ နတ်ဆိုးနတ်ဘုရားသွေးအား သူ့ခန္ဓာကိုယ်ကို ကုစားနေခိုင်းစေလိုက်၏။
တစ်ယောက်ယောက်သာ သူ့နားမှ ဖြတ်သွားပါက ရွှေရောင်တလက်လက် ထနေသည့် လူပုံစံတစ်ခုကို မြင်တွေ့နိုင်ပေလိမ့်မည်။ သန့်စင်ပြီး အားကောင်းသော အသက်စွမ်းအင်တို့ကို ထုတ်လွှတ်နေသည့် ထိုရွှေရောင် အလင်းများသည် ထိုပုံရိပ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေခဲ့၏။
နတ်ဆိုးနတ်ဘုရားသွေးစက်၏ ကုစားမှုအောက်၍ နာကျင်ကိုက်ခဲမှု ဝေဒနာအားလုံး ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်နေခဲ့ကာ သူ့ခွန်အားလည်း ပြန်လည် ပြည့်တင်းလာခဲ့လေ၏။
အချိန်တစ်ခုအထိ ကြာပြီးသည့်နောက် ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့၏။ ယခုအချိန်၌ သူ့ကိုယ်ထဲ ထူးဆန်းသော စွမ်းအင်တို့ လှိုက်တက်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ထိုစွမ်းအင်များသည် အာကာသမုန်တိုင်းကို ဖြတ်ကျော်နေစဉ် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော စွမ်းအင်များပင် ဖြစ်လေ၏။
သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အမျိုးမျိုးဆီမှ မကုန်ဆုံးနိုင်ဟန်ရသော ကြယ်တာရာကောင်းကင်၏ စွမ်းအင်တို့ လှိုင်းလုံးသဖွယ် ထွက်ပေါ်လာခဲ့၏။ အစပိုင်း၌ စိတ်ကြိုက်သောင်းကျန်းနေပြီးနောက် ယခုအချိန်၌ ထိုစွမ်းအင်များ ငြိမ်သက်နေခဲ့လေပြီ။
နက်နဲဆန်းကြယ်သော ဒြပ်စင်မျိုးစုံ ပါဝင်နေသော ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များသည် မျက်တောင် တစ်ခတ်အတွင်းမှာပင် ရန်ကိုင် ခန္ဓာကိုယ် တစ်လျှောက် လှည့်ပတ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားခဲ့၏။
ကြယ်တာရာကောင်းကင်၏ စွမ်းအင်များကို စုပ်ယူလိုက်သော်ငြား ၎င်းတို့အား သူ့ကိုယ်ပိုင်ခွန်အား အဖြစ် ပြောင်းလဲရန် ၎င်း၏ နက်နဲဆန်းကြယ်မှုများကို သူ့ဘာသာ သဘောက်ပေါက်အောင် လုပ်ဆောင်ရန် လိုပေသေး၏။
လျစ်လျူမရှုရဲသည်နှင့် ရန်ကိုင်သည် သူ့ကိုယ်သူ ချက်ချင်း တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ့အသိစိတ်ကို ခန္ဓာကိုယ်ထဲ နစ်မြုပ်ထားစေလိုက်၏။
မမြင်နိုင်သော တံခါးတစ်ချပ် ဖြည်းဖြည်းချင်း ပွင့်သွားခဲ့ပြီး သူဘယ်သောအခါမှ မမြင်ခဲ့ဖူးသော လောကတစ်ခုကို ရန်ကိုင် တစ်ချက် လှမ်းမြင်လိုက်ရ၏။
သူ့ကိုယ်သူ တိမ်တွေထက်ရပ်၍ အောက်ရှိ သေမျိုးများကို ငုံ့ကြည့်နေရသလို ရေးတေးတေးလေး ခံစားနေခဲ့ရ၏။
ထိုအခိုက်အတန့်၌ သေမျိုးတို့၏ အချုပ်အနှောင်ကို ချိုးဖျက်ပြီး ပိုမြင့်သည့် အဆင့်တစ်ခုဆီသို့ တက်လှမ်း သွားနိုင်သလို ရန်ကိုင် ခံစားလိုက်ရ၏။
သူ့အသွေးအသားတို့သည် ညစ်စက်တစ်ခုပမာ သူ့ကိုယ်တွင်းရှိ အညစ်အကြေးများကို ဖြည်းဖြည်းချင်း ထုတ်ပယ်နေခဲ့၏။ ဤသို့ဖြင့် သူခန္ဓာကိုယ်သည် တစ်စထက်တစ်စ ပိုမိုသန်မာလာနေခဲ့၏။ ထိုအညစ်အကြေးများကို ထုတ်ပယ်နေစဉ် တစ်ချိန်းတည်း၌ သူ့အား ချည်နှောင်ထားသော အချုပ်အနှောင်များ ကျိုးပျက်သွားပြီး သိုင်းတာအို၏ နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်လိုက်သလို ရန်ကိုင် ခံစားလိုက်ရ၏။
ထိုခံစားချက်သည် ကြည်လင်သထက် ကြည့်လင်လာခဲ့ရာ ရန်ကိုင်၏ အသိစိတ်သည်လည်း ဈာန်ဝင်စားသည့် အခြေအနေထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့လေ၏။
အဆုံးမဲ့ကြယ်တာရာ ကောင်းကင်အလယ်၌ ရန်ကိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာ တင်ပလင်ခွေ ထိုင်နေခဲ့၏။ သူ့စိတ်သည် လွန်စွာကိုမှ သိမ်မွေ့ နက်နဲလှသည့် အခြေအနေတစ်ခုထဲ နစ်မြုပ်နေရင်း သိုင်းတာအိုနှင့် ကောင်းကင်လမ်းစဉ်၏ ဆန်းကြယ်သော သဘောတရားများကို ခံစားကြည့်နေခဲ့ရာ သူ့ဝိဥာဉ်သည်လည်း တစ်မျိုးတစ်ဖုံ တိုးတက်ပြောင်းလဲ နေခဲ့၏။
သူ့ခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်လာနှုန်းသည် အတော်လေးကို နှေးကွေး၏။
ရန်ကိုင်၏ စိတ်နှင့်ခန္ဓာကိုယ် နှစ်ခုစလုံးသည် ဆင့်ကဲ့ပြောင်းလဲမှုများကို ကြုံတွေ့နေခဲ့ရ၏။ အာကာသ မုန်တိုင်းမှ လွတ်မြောက်လာပြီးနောက် မယုံနိုင်စရာ အကျိုးအမြတ် များစွာကို ရန်ကိုင် ရိတ်သိမ်းနိုင်ခဲ့၏။
သူ့ခန္ဓာကိုယ်သည် ပြန်လည် ကောင်းမွန်းလာနေခဲ့ပြီး သူ့ဝိဥာဉ်သည်လည်း တည်ငြိမ်လာခဲ့၏။ မကြာခင်မှာပင် အချိန်စီးဆင်းမှုကို ရန်ကိုင် မေ့လျော့သွားတော့လေ၏။
တစ်ချိန်တည်းမှာပင် သူသည် ကြယ်တရာကောင်းကင်ထဲ မျောနေသည့် အချက်ကိုပါ မေ့လျော့သွားခဲ့လေ၏။
အချိန်အတော်ကြာသွားသည့် အခါမှသာ ရန်ကိုင် မျက်ဝန်းအစုံ ရုတ်တရက် ပွင့်လာခဲ့၏။ အကြောအချဉ် ဖြေလျော့လိုက်ရာ အရိုးမြည်သံတို့ တရစပ် ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ သူ့အသွေးအသားတို့ ပြောင်းလဲသွားသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များသည် မမြင်နိုင်သော အားတစ်မျိုးမျိုး၏ ဆွဲငင်ခြင်း ခံနေရသည့် ပမာ ၎င်းတို့သည့် သူ့ခန္ဓာကိုယ်သို့ စီးဝင်နေခဲ့၏။ အာကသမုန်တိုင်းကို ကျော်ဖြတ်ပြီးနောက် ကြယ်တာရာ ကောင်းကင်၏ စွမ်းအင်များသည် သူ့အား ထိခိုက်စေခြင်း မရှိတော့ဘဲ သူ့ခွန်အား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။
မမြင်နိုင်သော အရှိန်အဟုန်တစ်ခုသည် ရန်ကိုင်ကို ဗဟိုပြု၍ ဘေးပတ်ပတ်သို့ ပျံ့နှံ့သွားခဲ့ရာ သူ့ပတ်လည်၌ မုန်တိုင်းအသေးစားလေး တစ်ခုပင် ဖြစ်လာခဲ့၏။
သူ့ခန္ဓာကိုယ်ရော စိတ်ဝိဥာဉ်ပါ ပြောင်းလဲသွားခဲ့လေပြီ။ သူ့စိတ်ထဲ အတော်လေးကို ကျေနပ်မိနေခဲ့ရာ ခေါင်းမော့၍ အသံအကျယ်ကြီး အော်ဟစ်ပစ်လိုက်လေ၏။
ရောင်လျှံစက်ဝန်းတို့ သူ့ကိုယ်မှ ပေါက်ကွဲ ထွက်လာခဲ့ပြီး ကြယ်တာရာကောင်းကင်ထဲသို့ ပျံ့နှံ့သွားခဲ့ပြီး။ ထို့နောက် ရုတ်ချည်းဆိုသလို အရာအားလုံး ငြိမ်သက်သွားခဲ့၏။
ရန်ကိုင်သည် နေရာတွင် ငြိမ်သက်စွာ ရပ်နေလျက် သူ့ကိုယ်ထဲ စီးဆင်းနေသော စွမ်းအင်များကို ခံစားနေခဲ့၏။ လက်သီးကို အသာအယာ ဆုပ်လိုက်၏။ ယခုအချိန်၌ ကောင်းကင်ထက်ရှိ ကြယ်တာရာများကို ခူးဆွတ်ပြီး လကိုပင် ရွှေ့ပစ်နိုင်သည်ဟု ခံစားနေခဲ့ရ၏။ ဤကဲ့သို့သော ခွန်အားမျိုး သူတစ်ခါမှ မခံစားဖူးခဲ့ချေ။
မသေမျိုးအဆင့်ပဲ
သူခန္ဓာကိုယ် အပြည့်အဝ ပြန်ကောင်းသွားသည်နှင့် ရန်ကိုင်သည် မသေမျိုးအဆင့်သို့ အောင်အောင်မြင်မြင် ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့၏။ ယခုအချိန်မှစ၍ သူသည် သေမျိုးတို့၏ အချုပ်အနှောင်ကို ချိုးဖျက်နိုင်ခဲ့လေပြီ။
လက်ရှိအဆင့်နှင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကြား ကွာဟချက်ကိုလည်း အလျင်အမြန် နားလည် သဘောပေါက်သွားခဲ့၏။
ယခု သူသာ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၏ ရှုချီ၊ တွမ့်ဟိုင်တို့နှင့် တိုက်ခိုက်ရပါ နှစ်ယောက်စလုံးကို သူ့လက်သီးဖြင့် ချွေမွပစ်နိုင်သည် ရန်ကိုင် ခံစားနေခဲ့ရ၏။ ယခင်ကလို လေမျက်လုံး၏ စွမ်းအားကို မှီခို၍ သတ်စရာ မလိုတော့ချေ။
အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အရမ်းကိုမှ ခက်ခဲသော်ငြား အောင်မြင်သွားသည်နှင့် တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးသော ပြောင်းလဲမှုးများကို ခံစားကြုံတွေ့ရပေလိမ့်မည်။
သူ့စိတ်ငြိမ်အောင် လုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စတင် စစ်ဆေးကြည့်တော့၏။
အံ့အားသင့်စရာ အကောင်းဆုံးသည်ကား သူ့ခန္ဓာကိုယ်ထက် အမာရွတ် တစ်ခုတောင်မျှ မရှိတော့ခြင်းပင်။ ကျိုးကြေနေသော အရွတ်များ၊ စုတ်ပြဲနေသော ကြွက်သားအားလုံးသည်လည်း အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့ပြီး ယခင်ကထက်ပင် ပိုမိုသန်မာလာသေး၏။
ထို့ထက်သာမက သူ့ကိုယ်ထဲ စီးဆင်းနေသော သွေးများ၏ သုံးပုံတစ်ပုံလောက်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။
ထိုသုံးပုံတစ်ပုံသော သွေးများသည် နတ်ဆိုးနတ်ဘုရား၏ သွေးများပင် ဖြစ်လေ၏။
ထို့အပြင် ရွှေရောင်အရိုးခြောက်သည်လည်း အာကာသမုန်တိုင်းကြောင့် နိုးထားလာသည့်အလား နတ်ဆိုးနတ်ဘုရားသွေးစက်ကို တောက်လျှောက် ထုတ်လွှတ်ပေးနေခဲ့၏။ သူ့သွေးအားလုံး ရွှေရောင် ပြောင်းသွားရန် အရမ်းကြီး ကြာတော့လိမ့်မည် မဟုတ်ချေ။
အချိန်တန်သည့်အခါ သူ့ခွန်အားသည် လုံးဝကို အပြောင်းကြီး ပြောင်းလဲသွားပေလိမ့်မည်။
မျက်လုံးပိတ်၍ လက်ရှိ သူ့အခြေအနေကို တစ်ချက် တွေးကြည့်လိုက်၏။ ထို့နောက် သူ့မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာပြီး ရယ်မောတော့လေ၏။ အစပိုင်း၌ ရယ်သံသည် တိုးညင်းသော်လည်း တဖြည်းဖြည်းနှင့် ပိုပို၍ ကျယ်လောင်လာခဲ့ရာ နောက်ဆုံးတွင် ဟိုးအဝေးကြီးမှပင် ကြားနိုင်သည်အထိ ကျယ်လောင်လာခဲ့၏။
ကြယ်တာရာကောင်ကင်ထဲသို့ လာရသည့် ခရီးသည် ပျင်းရိဖွယ်ကောင်းသော်ငြား ထိုက်တန်သည်ဟု ရန်ကိုင် ခံစားလိုက်၏။
ယခုတစ်ကြိမ် သူရလိုက်သည့် အကျိုးအမြတ်းများသည် နည်းမှ မနည်းပေကိုး။
ကံမကောင်းစွာဖြင့် အာကသမုန်တိုင်းကို မြင်ရခဲလှ၏။ ထို့ကြောင့် အာကာသမုန်တိုင်းကို သုံး၍ သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထပ်မံအဆင့်မြှင့်ရန် မဖြစ်နိုင်တော့ချေ။
ယခု ပြန်ရန် အချိန်ကျလေပြီ။ ထိုကဲ့သို့ စဉ်းစားမိသည်နှင့် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဘေးဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ တလက်လက် တောက်နေသော ပစ္စည်းအချို့ကို လှမ်းတွေ့လိုက်ရ၏။
ချက်ချင်းပဲ ထိုပစ္စည်းများဆီ ပျံသန်းသွားလိုက်၏။
ထိုတလက်လက် တောက်နေသော ပစ္စည်းများသည် အဖိုးတန်သတ္တုတုံးများ ဖြစ်နေခဲ့၏။
ထိုသတ္တုတုံးများ ဤနေရာသို့ မည်ကဲ့သို့ ရောက်လာသလဲ ဆိုသည်ကို စဉ်းစားရင်း ရန်ကိုင် အတွေးနက်သွားခဲ့ရ၏။ ခဏလောက် စဉ်းစားပြီးနောက် ထိုသတ္တုတုံးများသည် အာကာသမုန်တိုင် ဖြတ်သန်းသွားသည့် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်မှ ဖြစ်မည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်၏။
ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်သည် သိန်းပေါင်း များစွာသော ကျောက်တုံးကြီး၊ ကျောက်တုံးသေး များစွာဖြင့် ဖွဲ့စည်းထားရာ ထိုကျောက်တုံးများကြား အဖိုးတန်သတ္တုအချို့ ရှိနေသည်မှာ မထူးဆန်းချေ။ ထိုကျောက်တုံးများ ဖျက်စီးခံလိုက်ရပြီးနောက် ၎င်းတို့ထဲတွင် ရှိနေသော သတ္တုတုံးများ ထွက်ကျလာခြင်း ဖြစ်ရပေမည်။ ထိုသတ္တုတုံးများ ယခုအချိန်အထိ ကျန်ရှိနေခြင်းက ၎င်းတို့သည် အာကာသမုန်တိုင်း၏ အဖျက်စွမ်းအားကို ခံနိုင်ရည်ရှိသည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
တစ်နည်းဆိုသော် ထိုသတ္တုတုံးများသည် အနည်းဆုံး သူတော်စင် အလယ်အလတ်အဆင့် ပစ္စည်းများ ဖြစ်သည်ဟု ဆိုခြင်းပင် ဖြစ်လေ၏။
သူသာ ထိုသတ္တုတုံးများကို စုဆောင်ပြီး လက်နက် အဖြစ် သန့်စင်ပါက သူတော်စင်အဆင့် လက်နက်များစွာ ရနိုင်ပေ၏။
ထို့ကြောင့် ထိုသတ္တုရိုင်းများကို ရန်ကိုင် စတင် ကောက်ယူစုဆောင်းတော့လေ၏။ အရိုးဒိုင်းသည် အာကသမုန်တိုင်းကြောင့် အမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။ အခွင့်အရေးသာ ရလျှင် လက်နက်သန့်စင်သည့် ပညာရှင်တစ်ယောက်ကို ခေါ်၍ ထိုသတ္တုတုံးများနှင့် သူ့အတွက် ပိုကောင်းသည် လက်နက် တစ်ခု သန့်စင်ခိုင်းရပေမည်။
ယခုတစ်ကြိမ် ရန်ကိုင် မျိုးမျိုးမြတ်မြတ်ကို မြတ်သွားခဲ့ရ၏။ ရာပေါင်းများစွာသော သတ္တုတုံများကို ရခဲ့သော်ငြား သတ္တုအများစုကို ရန်ကိုင် မသိချေ။
သို့သော် ထိုသတ္တုတုံးများသည် ကြယ်တာရာ ကောင်းကင်မှ ဖြစ်ရာ ၎င်းတို့ကို သူမသိသည်မှာ မထူးဆန်း။
ထိုသတ္တုတုံးများကို အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲ ထည့်သိမ်းပြီးနောက် အိမ်ပြန်မည့် လမ်းခရီးကို စတင်လိုက်၏။
ကြယ်တာရာကောင်းကင်ထဲ သူရောက်နေသည်မှာ မည်မျှ ကြာသွားပြီဆိုသည်ကို ရန်ကိုင်မသိ။ အနည်းဆုံး နှစ်လ၊ သုံးလလောက် ရှိသွားပြီ ဆိုသည်ကိုသာ ရန်ကိုင် သိထား၏။ ထိုအချိန်အတွင်း သူ့ဒဏ်ရာများကိုသာ ပြန်လည် ကုစားနေခြင်း ဖြစ်၏။
တစ်နည်းဆိုရသော် ထိုလများအတွင်း ရန်ကိုင်သည် သူ့ဒဏ်ရာများကို ကုစားရင်း မသေမျိုးအဆင့်သို့ ချိုးဖျက်သွားခဲ့ခြင်း ဖြစ်၏။
ဤမျှ အချိန်ကြာသည်အထိ ပြန်မလာသေးသဖြင့် သူ့ဂိုဏ်းတူဦးလေးနှင့် ဂိုဏ်းတူဒေါ်လေးတို့ စိုးရိမ် နေလောက်ပေပြီ။
အချိန်အတိုင်းအတာ တစ်ခုအထိ ပျံသန်းပြီးနောက် မှိန်ဖျော့ဖျော့ သင်းရနံ့ကို ထုတ်လွှတ်နေသည့် အစိမ်းရောင် ပန်းပွင့်လေးတစ်ပွင့်ကို ရန်ကိုင် တွေ့လိုက်ရ၏။
နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်…
ထိုပန်းပွင့်သည် ပွင့်မနေတော့ချေ။ အဖူးပုံစံဖြင့်သာ ရှိနေရင်း ဟင်းလင်းပြင်ထဲ အသာအယာ မျောနေခဲ့၏။
ထိုပန်းပွင့်ကို ပြန်တွေ့လိုက်ရမှပဲ ရန်ကိုင် စိတ်သက်သာရ ရသွားခဲ့၏။ နှစ်တစ်ထောင်နတ်ဆိုး ပန်းပွင့်ကို ပြန်တွေ့ခြင်းသည် တုန်းရွှမ်လောကကြီးဆီသို့ ပြန်သွားနိုင်မည့် လေဟာနယ်လျှောက်လမ်းနှင့် မဝေးတော့ဘူးဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်နား ခေါက်တုံးခေါက်ပြန် ပတ်သွားနေပြီး နောက်ဆုံး၍ လေဟာနယ်လျှောက်လမ်းတစ်ခုကို ရန်ကိုင် တွေ့လိုက်ရ၏။
လေဟာနယ်လျှောက်လမ်းနား တိယောင်ကို မတွေ့ရချေ။ သူပြန်သွားလောက်ပေပြီ။
နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် စိတ်မပူရန် ပြောခဲ့ပြီးသားဖြစ်၏။ လေဟာနယ်လျှောက်လမ်းကို အရင်ရှာတွေ့သူ အရင်ပြန်နိုင်၏။ ထို့ကြောင့် အမျှ အချိန်ကြာပြီးနောက်ပိုင်း တိယောင် ပြန်သွားပြီဟု ရန်ကိုင် တွေးလိုက်မိခြင်းပင်။
တုန့်ဆိုင်းမနေတော့ဘဲ ရန်ကိုင်သည် ထိုလေဟာနယ် လျှောက်လမ်းထဲ ချက်ချင်း တိုးဝင်သွားလိုက်၏။
မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ စိမ်းစိုသော တောအုပ်ကြီးတစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။
လှည့်ပတ်ကြည့်လိုက်သော်ငြား ဘာကိုမှ သူမသိ။ ထို့ကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်လိုက်၏.
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဤနားတစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် ပြုံးလိုက်မိ၏။
ယခုနေရာမှ ကီလိုမီတာ ဒါဇင်ကျော်အကွာ၌ ကျင့်ကြံသူအချို့ ရှိနေခဲ့၏။
လှုပ်ရှားမှုပညာရပ်ကို အသက်သွင်း၍ ထိုအဖွဲ့ ရှိရာဆီ အလျင်အမြန် ပြေးသွားလိုက်ရာ မကြာခင်မှာပင် ထိုနားသို့ ရန်ကိုင် ရောက်ရှိလာခဲ့၏။
သို့သော်လည်း တစ်ဖက်လူများကို မြင်ပြီးနောက် ရန်ကိုင် အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့ရ၏။
ထိုလူများသည် လူသားမျိုးနွယ်စုဝင်များ ဖြစ်ကြသော်လည်း သူတို့သည် ယောကျာ်းနှင့်မိန်းမ နှစ်ယောက်စီ တွဲနေခြင်း ဖြစ်၏။ စုစုပေါင်း အတွဲသုံးတွဲ ရှိပြီး အားလုံးသည် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေ၏။
ယခုအချိန်၌ သူတို့ အတွဲသုံးတွဲစလုံးသည် မွန်းစတား သားရဲတစ်ကောင်ကို တိုက်ခိုက်နေခဲ့ကြ၏။
သူတို့ တိုက်ခိုက်နေသည့် ပုံစံ၊ အစစ်အမှန်ချီ စီးဆင်းပုံအရ ထိုယောကျာ်းနှင့် မိန်းမ အတွဲသည် နှစ်ယောက်၊ တစ်ကိုယ် ဖြစ်နေသည့် ပုံစံမျိုးပင်။ တစ်နည်းပြောရလျှင် သူတို့သည် တစ်မျိုးမျိုးသော တူနှစ်ကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားခြင်းပင် ဖြစ်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၁၉) အိမ်ပြန်ခြင်း
——————————————————————
သူ့အရှိန်အဝါကို မဖုံးကွယ်ထားသခြင့် သူပေါ်လာလာခြင်း တစ်ဖက်အဖွဲ့က သူ့ကို သတိပြုမိသွားခဲ့၏။
သူတို့သည် သားရဲနှင့် တိုက်ခိုက်နေသော်လည်း ပတ်ဝန်းကျင်ကို သတိထားရန် မမေ့ခဲ့။ ထို့ကြောင့် ရန်ကိုင် ချဉ်းကပ်လာသည်နှင့် သူ့အား ချက်ချင်း သတိပြုမိသွားခဲ့၏။ ထို့အတွက် အတွဲသုံးတွဲထဲမှ တစ်တွဲသည် ရန်ကိုင်ကို ဟန့်တားရန် တိုက်ပွဲထဲမှ ထွက်သွားလေ၏။
ရန်ကိုင်က ပြုံးသာပြုံးလိုက်ပြီး ဘာမှမပြောခဲ့။ တစ်ဖက်အဖွဲ့ လုပ်သည်မှာ မမှားချေ။ တိုက်ခိုက်နေစဉ် အတွင်း ကိုယ်နှင့်မသိသော သူစိမ်းတစ်ယောက်ကို သတိထားခြင်းမှာ လုပ်သင့်လုပ်ထိုက်သော အပြုအမူ တစ်ခုဖြစ်၏။
သူတို့ ရင်ဆိုင်နေသော မွန်းစတားသားရဲသည် အရမ်းကြီး မသန်မာချေ။ အဆင့် အလယ်အလတ် အဆင့်လောက်သာ ရှိ၏။ ထို့ကြောင့် သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုအောက်၌ ထိုသားရဲမှာ မကြာခင်မှာပင် သေဆုံးသွားခဲ့ရလေ၏။
အားလုံး ပြီးဆုံးသွားတော့မှပဲ ရန်ကိုင်င ရင်းရင်းနှီးနှီးဖြင့် တစ်ဖက်အဖွဲ့ကို သွားနှုတ်ဆက်လိုက်ပြီး ဦးတည်ရာလမ်းကြောင်း မေးမြန်းလိုက်၏။
“ဝဲပျံတိမ်တိုက်မြို့ကိုလား” အဖွဲ့ထဲမှ မိန်းမတစ်ယောက်က မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်ကို သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်ကာ “ဝဲပျံတိမ်တိုက်မြို့တာ်က အဲ့ဘက်မှာဘဲ။ အဲ့အတိုင်း သွားရင် နောက်သုံးရက်ကနေ ငါးရက်အတွင်း ရောက်တယ်”
“ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့၏။ ဝဲပျံတိမ်တိုက်မြို့တော်သည် ဤနေရာနှင့် အရမ်းဝေးနေမည်ကို သူစိုးရိမ်နေခြင်း ဖြစ်၏။ တုန်းရွှမ်လောကကြီးသည် အရမ်းအရမ်းကိုမှ ကျယ်ပြောလှသည် မဟုတ်ပေလော။ လေဟာနယ် လျှောက်လမ်းသည် သူ့အား အရမ်းကိုမှ ဝေးကွာသည့် နေရာတစ်ခုသို့ ပို့လိုက်ပါက ပျံသန်းပြီး ပြန်ရမည် ဆိုလျှင်ပင် တစ်နှစ်လောက်အထိ ကြာသွားကောင်း ကြာသွားနိုင်၏။
“ဒီကမိတ်ဆွေက ဝဲပျံတိမ်တိုက်မြို့တော်ဆီ ဘာလို့ သွားချင်နေလဲ ကျုပ်သိလို့ရမလား။ နှစ်တစ်ထောင် နတ်ဆိုး ပန်းပွင့် တိုက်ပွဲက လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ပြီးသွားခဲ့တာနော်။ အဲ့အကြောင်း မကြားမိဘူးလား” အဖွဲ့ထဲမှ ယောကျာ်းတစ်ယောက်က မေးလိုက်၏။
“လွန်ခဲ့တဲ့တစ်နှစ်တုန်းကလား” ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့၏။ ကြယ်တာရာကောင်းကင်ထဲ နှစ်ဝက်လောက်သာ အချိန်ဖြုန်းခဲ့သည်ဟု ထင်နေခဲ့ခြင်း ဖြစ်သော်လည်း အမှန်သည် တစ်နှစ်ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်မည်နည်း။
ရန်ကိုင် အမူအရာကို မြင်သည်နှင့် သူသည် ဝဲပျံတိမ်တိုက်မြို့တော်ကို နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် အတွက် ယှဉ်ပြိုင်ရန် သွားလိုခြင်း ဖြစ်သည်ဟု တစ်ဖက်အဖွဲ့ အထင်လွဲသွားခဲ့လေ၏။
မိန်းမကလေး သုံးယောက်မှာ ရန်ကိုင်အား အရူးတစ်ယောက်ပမာ ငေးစိုက်ကြည့်ရင်း သူတို့၏ ရယ်ချင်စိတ်ကို မနည်းအောင့်အည်းနေခဲ့ရ၏။
“ဟုတ်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ပြီးသွားခဲ့တာ။ ပြိုင်ပွဲကို အနိုင်ရသွားတဲ့လူတွေက လူငယ်လေး နှစ်ယောက်တဲ့။ အခုတော့ အဲ့နှစ်ယောက်စလုံး ပျောက်နေကြတယ်။ လူတော်တော်များများကတောင် သူတို့ဆီကနေ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဆေးအရည်ကို ဝယ်ချင်လို့ သူတို့နှစ်ယောက်ကို လိုက်ရှာနေကြသေးတယ်” ခပ်ထွားထွားလူကြီး တစ်ယောက်က ရှင်းပြလိုက်၏ “မိတ်ဆွေ၊ မင်းအခုနေ သွားမယ်ဆိုရင်တောင် မှီတော့မှာ မဟုတ်ဘူး”
“ဟူး… ငါတကယ်ကို မသိတော့ဘူး” သူ့စိတ်ထဲတွင်လည်း ထိုသူတော်စင်အဆင့် ရုပ်ပြောင်း ရုပ်လွှဲ ပစ္စည်းကို အလျင်အမြန် ဖယ်ရှားပစ်ရမည်ဟု တွေးနေခဲ့၏။
“ဒီက မိတ်ဆွေ ဘယ်ကရောက်လာတာလဲ။ ဒီလို သတင်းကြီးကိုတောင် ဘာလို့ မသိရတာလဲ” လူကြီးက မေးလိုက်ရာ ရန်ကိုင်က “ကျုပ်က ဟိုးချောင်ကျတဲ့ နေရာတစ်ခုကနေ လာတာလေ။ အဲ့ဘက်တွေကိုကျ သတင်းတွေက အရောက်အပေါက် နှေးတာကိုး” ရန်ကိုင်က စိတ်ထဲပေါက်သည့်အတိုင်းသာ ပြန်ဖြေလိုက်၏။ သူတို့ ပြန်ပြောလာမည်ကို မစောင့်တော့ဘဲ လက်သီးဆုပ်ကာ ပြောလိုက်၏ “ဘာပဲဖြစ်ဖြစ်၊ ဒီကမိတ်ဆွေကို ကျေးဇူးအများကြီး တင်ပါတယ်။ နှုတ်ဆက်ပါတယ်”
ပြောပြီးသည်နှင့် ဝဲပျံတိမ်တိုက်မြို့တော်ဆီ ပြေးထွက်သွားလေ၏။
“အဲ့ကောင်က တကယ်ကို စိတ်ဝင်စားစရာပဲ။ တစ်နှစ် ကြာပြီးမှန်း သိတာတောင် အလောတကြီး ပြေးသွားနေတုန်း” လူကြီးဘေးနားရှိ မိန်းမက ပြုံးကာ ပြောလိုက်၏။
ရန်ကိုင်က လေအလျင်အလား ပြေးလွှားနေခဲ့၏။ ထိုခြောက်ယောက်အဖွဲ့နှင့် နည်းနည်းဝေးဝေးသို့ ရောက်သည်နှင့် ရုပ်ပြောင်းရုပ်လွှဲ ပစ္စည်းကို ချက်ချင်း ချွတ်ပစ်လိုက်လေ၏။
လူအိုကြီးလီ ပေးလိုက်သည့် မျက်နှာဖုံးကြောင့်သာ မဟုတ်လျှင် ယခုအချိန်၌ ရန်ကိုင်သည် မသေမျိုးအဆင့် ပညာရှင်များစွာ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရလောက်ပေပြီ။
ထိုမိန်းမမျက်နှာကောင်လေး တိယောင်ရင်ဆိုင်ရမည့် အခက်အခဲများကို စဉ်းစားမိလိုက်သည့်အချိန် ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
သို့တော် လူအိုကြီးလီ ရှိနေသည်ဖြစ်ရာ တိယောင်ကို တွေ့သွားခဲ့လျှင်ပင် သူ့အား ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
----------------------------------
ဝဲပျံတိမ်တိုက်မြို့တော်၊ မြို့သခင်စံအိမ်
လူအိုကြီးလီ ဤနေရာ၌ ရှိနေသည်မှာ တစ်နှစ် ကျော်နေခဲ့လေပြီ။ ထို့ကြောင့် မြို့သခင်နှင့် လက်ထောက် မြို့သခင် နှစ်ယောက်မှာ လွန်စွာကိုမှ ပျော်ရွှင်နေခဲ့၏။
လူအိုကြီးလီ ဤနေရာ၌ မည်သည့်အတွက်ကြောင့် နေနေသည်ကို သူတို့ မသိသော်လည်း လူအိုကြီးလီ၏ တည်ရှိမှုသည် သူတို့အတွက် ကျက်သရေပင်။ နေ့စဉ်နေ့တိုင်း လူအိုကြီးလီထံလာ၍ အမြဲလာနှုတ်ဆက်၏။
ယခုအချိန်၌ တိယောင်သည် လူအိုကြီး၏ သင်ကြားပို့ချမှုကို နည်းနာခံယူနေခဲ့၏။
လွန်ခဲ့သော ကိုးလက ကြယ်တာရာကောင်းကင်မှ တိယောင် ပြန်ရောက်လာခဲ့လေရာ လူအိုကြီးလီမှာ အတော့်ကို ကျေနပ်ခဲ့ရ၏။
တိယောင်သည် ကြယ်တာရာကောင်းကင်ထဲ တစ်လလောက်သာ နေမည်ဟု သူထင်ခဲ့ခြင်း ဖြစ်၏။ သို့သော် သူ့တပည့်သည် သူ့ထင်မြင်ချက်ကို ကျော်လွန်၍ သုံးလကြာအောင် နေပြသွားခဲ့၏။
သူသင်ကြားပို့ချနေစဉ်အတွင်း တိယောင် စိတ်နှင့်ကိုယ် မကပ်ဖြစ်နေသည်ကို တွေ့လိုက်ရာ အသာအယာ ပြုံးလိုက်ပြီး မေးလိုက်၏ “မျိုးရိုးနာမည် ရန်နဲ့ ကောင်လေးအတွက် စိတ်ပူနေတာလား”
“အင်း” တိယောင်က ခေါင်းညိတ်လိုက်၏ “အဲ့တုန်းက ကျွန်တော်သာ အတူမသွားဖို့ သဘောမတူခဲ့ဘူးဆိုရင်… သူပြန်မလာတာ တစ်နှစ်တောင် ရှိသွားပြီ။ ဆရာ ထင်လား သူ…”
“အဲ့လိုသာဆိုရင် ကံတရားလို့ပဲ ဆိုရမှာပေါ့” လူအိုကြီးလီဥ ထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ထို့နောက် ခွက်ကို ချလိုက်ပြီး “ကြယ်တာရာကောင်းကင်ထဲမှာ တစ်နှစ်ကြာအောင် ရှင်သန်ဖို့ဆိုတာ ငါ့အတွက်တောင် လွယ်တာ မဟုတ်ဘူး”
ရန်ကိုင် ပြန်လာမည်ဟု တိယောင်က ပြောနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် လူအိုကြီးလီလည်း မြို့သခင်စံအိမ်မှ ထွက်သွားပြီးလောက်ပေပြီ။ တိယောင်သည် ရန်ကိုင်နှင့် ဤနေရာတွင် ပြန်တွေ့မည်ဟု ချိန်းထားသော်လည်း လူအိုကြီးလီ၏ အဆင့်အတန်းအရ သူ့အား တစ်နှစ်ကြာအောင် စောင့်နေသည်က လုံလောက်သည်ထက်ပင် ပိုနေလေပြီ။
“ညီအစ်ကိုရန် မသေလောက်ဘူး” တိယောင် မျက်မှောင်ကြုံ့လိုက်၏။ ပြောသာပြောလိုက်သော်ငြား သူ့စကားကိုပင် သူမယုံချင်။
“သူ့အပေါ် အရမ်းကို ယုံကြည်နေပါလား” လူအိုကြီးလီက အသာအယာ ရယ်မောလိုက်၏။
“ဟုတ်တယ်။ သူ့ခန္ဓာကိုယ် ဘယ်လောက်တောင် ကြုံခိုင်မာကျောလဲ ဆိုတာကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာ” တိယောင် မျက်ဝန်းအစုံ တလက်လက် တောက်ပသွားခဲ့ပြီး “ကြယ်တာရာကောင်းကင်ထဲမှာ သုံးလနေပြီး ကျွန်တော့် ခန္ဓာကိုယ်ကို ပိုပြီးသန်မာအောင် လုပ်ခဲ့တာတောင်မှ သူ့ခန္ဓာကိုယ်ကို မမှီသေးဘူး”
“တစ်နှစ်ဆိုတဲ့ အချိန်က အရမ်းကို ကြာလွန်းတယ်။ လမ်းပျောက်သွားတာ၊ မမျှော်လင့်ထားတဲ့ မတော်တဆ တစ်ခုခုကို ကြုံတွေ့ခဲ့တာတောင် ဖြစ်နိုင်တယ်” လူအိုကြီးလီက အသာအယာ သက်ပြင်းချလိုက်ပြီး “ငါလည်း သူလို့လူငယ်လေး တစ်ယောက်ကို မသေစေချင်ဘူး။ ဒါပေမယ့် သေသွားခဲ့မယ် ဆိုရင်တော့ ငါတို့လည်း ဘာမှ မတတ်နိုင်ဘူး။ ယောင်အာ၊ ငါတို့ ထွက်သွားသင့်ပြီ။ ဒီမှာ အကြာကြီးနေနေတာ မင်းအတွက် မင်းရဲ့ တိုးတက်နှုန်းကို နှောင့်နှေးစေနိုင်တယ်နော်”
“ဆရာ… နောက်ထပ်ဆယ်ရက်လောက်ပဲ ထပ်စောင့်ကြတာပေါ့။ ဆယ်ရက်နေမှ ပြန်မလာသေးဘူး ဆိုရင်တော့ သွားကြမယ်” တိယောင်က နောက်ဆုံး အကြိမ်အဖြစ် တောင်းဆိုလိုက်၏။
“ကောင်းပြီလေ။ သူပြန်လာမလာ၊ နောက်ထပ် ဆယ်ရက်လောက် ထပ်စောင့်ကြည့်တာပေါ့” လူအိုကြီးလီက အသာအယာ ခေါင်းညိတ်လိုက်၏။ သို့သော် ထိုစကားများကို ပြောပြီးချင်း သူ့မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး သူ့အမူအရာလည်း ကိုးယိုးကားယား ဖြစ်သွားခဲ့၏။
“ဘာဖြစ်လို့လဲဆရာ” သူ့ဆရာ အမူအရာကို မြင်သော် တိယောင်က မေးလိုက်၏။
“မင်းမျှော်လင့်ထားတာ ဖြစ်လာခဲ့ပြီ” လူအိုကြီးလီက အသာအယာ ပြုံးလိုက်ပြီး တိယောင်ကို ကြည့်ကာ ပြောလိုက်၏။
“ဆရာ ဆိုလိုတာက…” တိယောင် ရုတ်တရက် နားလည်သွားခဲ့ရာ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
“အင်း” လူအိုကြီးလီက အသာအယာ ခေါင်းညိတ်လိုက်၏။
“အဲ့ကောင် ဒီလောက် လွယ်လွယ်နဲ့ သေမှာ မဟုတ်မှန်း ကျွန်တော် သိသားပဲ။ သူအခု ဘယ်မှာလဲ ဆရာ” တိယောင်က ရယ်ရယ်မောမောနှင့် မေးလိုက်၏။
“အဲ့တည်းခိုခန်းမှာ”
“ကျွန်တော် သူ့ကို သွားရှာလိုက်ဦးမယ်။ ကြယ်တာရာ ကောင်းကင်မှာ ဒီလောက် အချိန်အကြာကြီး နေပြီးတဲ့ နောက်ပိုင်း သူဘယ်လိုတွေ ပြောင်းလဲသွားလဲ ဆိုတာကို ကျွန်တော် တော်တော်လေး သိချင်နေပြီ” ပြောပြီးသည်နှင့် တိယောင်က ပျံသန်းထွက်သွားလိုက်၏။
“သူ့ကို ခေါ်လာခဲ့ဦးနော်။ ဒီလူအိုကြီး သူ့ကို ပြောစရာ ရှိလို့” လူအိုကြီးလီက လှမ်းပြောလိုက်၏။
သူ့တပည့် ထွက်သွားပြီးနောက် လူအိုကြီးလီက ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာဖြင့် “တစ်နှစ်တောင်၊ ဒီကောင် ကြယ်တာရာကောင်းကင်ထဲမှာ တစ်နှစ်ကြာအောင် တကယ်ပဲ နေခဲ့တာလား။ သူဘယ်လိုများ နေခဲ့လဲ မသိဘူး”
ကြယ်တာရာကောင်းကင်ထဲ သူကိုယ်တိုင် ရောက်ခဲ့ဖူးလေရာ နှစ်တစ်ထောင်ကြာသွားသော်ငြား ကြယ်တာရာကောင်းကင်သည် သာမန်လူများ ခြေချနိုင်သည့် နေရာတစ်ခု မဟုတ်သည်ကို လူအိုကြီးလီ သိ၏။
လွန်ခဲ့သော နှစ်ဝက်က ရန်ကိုင် ဘယ်တော့မှ ပြန်မလာတော့ဟု လူအိုကြီးလီ ခန့်မှန်းခဲ့၏။ သို့သော် တိယောင်က အပြင်းအထန် ငြင်းဆန်နေသဖြင့် ဘာမှ မပြောနိုင်တော့ဘဲ သူ့တပည့်နှင့်အတူ ထိုင်စောင့်ရုံသာ တတ်နိုင်ခဲ့၏။
ဤလောကကြီး၌ တိယောင်အတွက် သူနှင့်အဆင့်တူ ပြိုင်ဘက်တစ်ယောက် ရရန် ခက်ခဲလှ၏။ သူ့တပည့်သည် မျိုးရိုးနာမည်ရန်နှင့် လူငယ်လေးကို အကြီးဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည်ကို လူအိုကြီးလီ သိ၏။
ရန်ကိုင်သည် ကြယ်တာရာကောင်းကင်ထဲ တစ်နှစ်ကြာအောင် နေနိုင်လိမ့်မည်ဟု လူအိုးကြီးလီ လုံးဝ မထင်ထားခဲ့ခြင်း ဖြစ်၏။ သူ့လိုမျိုး နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့သည့် လူအိုကြီးတစ်ယောက်အဖို့ သူ့ဆုံးဖြတ်ချက် မှားယွင်းသည်မှာ ဖြစ်ခဲလှ၏။ သို့သော် ယနေ့၌ သူ့ဆုံးဖြတ်ချက် မှားယွင်းခဲ့ရလေပြီ။
ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလိုက်ရင်း တစ်ခဏလောက် စဉ်းစားနေပြီးနောက် လူအိုကြီးလီ အသာအယာ ပြုံးလိုက်၏။
တည်းခိုခန်းတွင်း၌ ရန်ကိုင် ပြန်ရောက်လာခြင်းသည် ချန်းယန်နှင့် ဖေးယုတို့အား အတော့်ကို အံ့အားသင့်သွားစေခဲ့၏။
လွန်ခဲ့သည့်နှစ်အတွင်း သူ့ဂိုဏ်းတူဦးလေးနှင့် ဒေါ်လေးသည် ဝဲပျံတိမ်တိုက်မြို့တော်တွင် စောင့်နေခဲ့ခြင်း ဖြစ်၏။ တိယောင်သည် သူတို့အား မြို့သခင်စံအိမ်သို့ ဖိတ်ခေါ်ခဲ့သော်လည်း နှစ်ယောက် စလုံးက သူတို့၏ ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေးကျေးနှင့် ငြင်းပယ်ခဲ့၏။
အဘယ်ကြောင့်ဆိုသော် အောင်ကုသည် လူအိုကြီးလီနှင့် တိယောင်အပေါ် အလွန်ကောင်းနေရခြင်းသည် လူအိုကြီးလီ၏ အဆင့်အတန်းကြောင့် ဖြစ်၏။ ချန်းယန်နှင့် ဖေးယုသည် သူတို့ကဲ့သို့ ဆက်ဆံခံရမည်ဟု မဆိုလိုချေ။
ချန်ယန်နှင့် ဖေးယုသာ မြို့သခင်စံအိမ်ဆီ သွားခဲ့လျှင် အောင်းကုသည် သူတို့၏ လေကဲ့သို့ မရှိသလို သဘောထားကာ ဆက်ဆံနိုင်၏။
“ကောင်စုတ်လေး၊ နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့၊ ဟုတ်လား” ချန်းယန်က ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ ယခုမှပင် သူ့ရင်ထဲမှ အလုံးကြီး ကျသွားခဲ့ရ၏။
ဖေးယု၏ မျက်ဝန်းလေးများသည်လည်း တောက်ပ နေခဲ့ပြီး အနည်းငယ် မျက်ရည်ဝဲချင်နေခဲ့၏။ မြင်နေရသည့် အရာအားလုံးကို အစစ်အမှန်ဟု မယုံကြည်နိုင်သေးသည့်အလား ရန်ကိုင်အား မျက်နှာနီကြီးဖြင့် မျက်တောင်မခတ်တမ်း တွေတွေကြီး စိုက်ကြည့်နေခဲ့၏။
“ဂိုဏ်းတူဒေါ်လေး သောက်ထားပြန်ပြီလား” သူမ၏ အမူအရာကို မြင်သော် ရန်ကိုင် ပြောစရာစကား မဲ့သွားခဲ့ရ၏။ အခန်းတစ်ခုလုံး အရက်နံ့ မွှန်နေခဲ့ရာ သူမ သောက်ထားလား၊ မသောက်ထားလား ဆိုသည်ကို ခန့်မှန်းရ မခက်ချေ။
“ဝိုင်နည်းနည်းလေး သောက်တော့ကော ဘာဖြစ်လဲ။ နင်နဲ့ဘာဆိုင်လို့လဲ” ဖေးယုက နှုတ်ခမ်းလေးကွေးလျက် ရန်ကိုင်ကို စိုက်ကြည့်နေပြီးနောက် ခဏအကြာ အပြုံးကြီး ပြုံးလိုက်၏။
“မင်းပြန်လာတာ တော်သွားတယ်။ ဖေးယုက မင်းကို သေမတတ် စိုးရိမ်နေတာ။ မင်းကို စိုးရိမ်လို့ဆိုပြီး နင်းကန် သောက်နေတာလေ။ ဒီအရက်နံ့နဲ့ ငါတကယ် အသက်ရှူရ ကြပ်နေပြီ” ချန်းယန်က အလျင်အမြန် စောဒက တက်လိုက်လေ၏။
“ဂိုဏ်းတူဦးလေးလီဝမ်နဲ့ ဖေးကျန်တို့ကော” လှည့်ပတ်ကြည့်လိုက်ရာ ထိုနှစ်ယောက်ကို မမြင်သဖြင့် ရန်ကိုင်က မေးလိုက်၏။
“သူတို့ ပြန်သွားပြီ” ချန်းယန်က ရှင်းပြလိုက်၏ “မင်း ဘယ်လောက်ကြာအောင် ထွက်သွားလဲ ဆိုတာကို မင်းသိလား”
“သိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
“အင်း၊ ဂိုဏ်းကို ဒီအတိုင်း ဟောင်းလောင်းကြီး ထားခဲ့လို့ မရဘူးလေ။ ဒါကြောင့် သူတို့ နှစ်ယောက်ကို အရင်ပြန်ခိုင်းလိုက်ပြီး ငါနဲ့ဖေးယုနဲ့ စောင့်ကျန်ခဲ့တာ။ လူအိုကြီးတုနဲ့ မိနာတို့လည်း ကျောက်တုံးမြို့တော်က ဆေးပညာရှင် အစည်းအရုံးခွဲဆီ ပြန်သွားပြီ။ အခု မင်းပြန်လာပြီဆိုတော့ ငါတို့လည်း ပြန်လို့ရပြီ”
“ဂိုဏ်းတူဦးလေးနဲ့ ဂိုဏ်းတူဒေါ်လေးတို့ကို စိတ်ပူအောင် လုပ်မိသွားပြီ” ရန်ကိုင်က ပြောလိုက်၏။ တစ်နှစ်လောက်ကြာအောင် ပျောက်သွားသော်ငြား ရန်ကိုင်အား သံသယမဝင်။ အဲ့အစား သူ့လုံခြုံရေးကိုပင် စိုးရိမ်နေလိုက်သေး၏။
အကျိုးတူ ပူးပေါင်းထားသည့် အခြားတစ်ယောက်သာ ဆိုပါက သူသည် ဆေးအရည်ကိုယူ၍ ထွက်ပြေးသွားပြီဟု ထင်လောက်ကြပေလိမ့်မည်။
ဒါပေမယ့် သူ့ဂိုဏ်းတူဦးလေးနှင့် ဒေါ်လေးတို့၌ ထိုကဲသို့သော အတွေးမျိုး မရှိကြချေ။
“ငါမင်းအတွက် အရမ်းစိတ်ပူနေတာ၊ ညီအစ်ကိုရန်၊ ငါကိုကော ဘာလို့ လာမပြောရတာလဲ” ရုတ်တရက် အခန်းအပြင်ဘက်မှ ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး တိယောင် အခန်းထဲသို့ ဝင်လာခဲ့၏။
အခန်းထဲကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် တိယောင်က ခေါင်းကုတ်ကာ မေးလိုက်၏ “ညီအစ်ကိုရန်ရော၊ အခုလေးတင်ပဲ သူ့အသံကို ငါကြားလိုက်ပါတယ်။ ဒီလူက ဘယ်သူလဲ”
ပြောနေရင်း ရန်ကိုင်အား နားမလည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
——————————————————————
အပိုင်း(၇၂၀) လူအိုကြီးလီကို ထပ်မံတွေ့ဆုံခြင်း
——————————————————————
တိယောင်မှာ ရန်ကိုင်၏ မျက်နှာ အမှန်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ရန်ကိုင်ကို မမှတ်မိသည်မှာ မထူးဆန်း။
ရန်ကိုင်က ပြုံးကာ နှုတ်ဆက်လိုက်၏။
ရန်ကိုင် အသံကို ကြားလိုက်သော် တိယောင် ချက်ချင်း နားလည်လိုက်၏။ အသာအယာ ခေါင်းခါရမ်းလျက် ပြန်ပြောလိုက်၏ “လတ်စသတ်တော့ မင်းက တစ်ချိန်လုံး အယောင်ဆောင်နေတာကိုး။ မင်းက အရမ်းကို သတိကြီးတာပဲ”
ထိုကဲ့သို့ ပြောပြီးနောက် တိယောင်က ရန်ကိုင်ကို တစ်ခဏကြာအောင် စိုက်ကြည့်နေလိုက်၏။ ထို့နောက် ရုတ်တရက် ထိတ်လန့်တကြား လေသံဖြင့် အလျင်အမြန် မေးလိုက်လေ၏ “ညီအစ်ကိုရန်ကို ကြည့်ရတာ အရင်နဲ့ သိပ်မတူတော့တဲ့ ပုံပဲနော်။ မင်းမသေမျိုးအဆင့်ကို ရောက်သွားတာလား”
တိယောင်၏ မျက်ဝန်းအစုံသည် ဖြိုးဖြိုးဖျက်ဖျက် အလင်းရောင်တို့ဖြင့် လက်နေခဲ့ပြီး ရန်ကိုင်အား အသေအချာကို စိုက်ကြည့်နေခဲ့၏။
“ကံကောင်းသွားလို့ပါကွာ” ရန်ကိုင်က သင့်တင့်ရုံမျှ ပြုံးလျက် သူအဆင့်ချိုးဖျက်သွားခြင်းကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။
ချန်းယန်နှင့် ဖေးယုတို့ နှစ်ယောက်စလုံးသည်လည်း ထိတ်လန့်နေခဲ့ရ၏။ တိယောင်ပြောမှပင် သူတို့ သတိထားမိ၏။ ရန်ကိုင် ပြန်ရောက်လာသည့်အတွက် ပျော်ရွှင်နေခဲ့ကြလေရာ သူမသေမျိုးအဆင့်သို့ ချိုးဖျက်ဝင်သွားသည် ဆိုသည်ကို နှစ်ယောက်စလုံး သတိမပြုမိခဲ့ကြချေ။
“ကောင်စုတ်လေး၊ နောက် ဆယ်နှစ်၊ အနှစ်(၂၀) လောက်ဆို မင်းငါတို့ကို မှီသွားမှာ ငါကြောက်မိတယ်” ချန်းယန်က ရယ်ရယ်မောမောဖြင့် ပြောဆိုလျှက် ရန်ကိုင် ပခုံးကို အားပါးတရ ပုတ်လိုက်၏။
“ညီအစ်ကိုရန်၊ မင်းကြယ်တာရာကောင်းကင်ထဲမှာ တစ်နှစ်လုံးလုံး နေခဲ့တာလား” ရန်ကိုင် ခန္ဓာကိုယ် ခွန်အားကို မျက်မြင်ကြုံတွေ့ခဲ့ရသော်ငြား ကြယ်တာရာ ကောင်းကင်ထဲ တစ်နှစ်လုံးလုံး အန္တရာယ်ကင်းကင်း နေနိုင်ခဲ့သည် ဆိုသောအချက်ကို သူမယုံနိုင်သေးချေ။
သို့သော် ထိုအတွက်ကြောင့်သာ မဟုတ်လျှင် အချိန်တိုအတွင်း ရန်ကိုင်သည် အဆင့်ကြီးတစ်ဆင့်ကို မည်ကဲ့သို့ ချိုးဖျက်သွားနိုင်ခဲ့သနည်း။
“ပြဿနာတွေ ဘာတွေ တွေ့ခဲ့သေးတယ်ဟ။ လွန်ခဲ့တဲ့ ရက်နည်းနည်းကမှပဲ အိမ်ပြန်လမ်း ရှာတွေ့ခဲ့တာ” ရန်ကိုင်က ဝန်ခံလိုက်လေ၏။
တိယောင် မျက်နှာ ရှံ့မဲ့သွားခဲ့ပြီး လုံးဝကို ဆွံ့အသွားခဲ့ရလေ၏။
ကြယ်တာရာကောင်းကင်ထဲ သုံးလကြာအောင် နေပြီးနောက် ဆက်၍ တောင့်မခံနိုင်တော့သဖြင့် လေဟာနယ်လျှောက်လမ်းမှ တုန်းရွှမ်လောကကြီးဆီသို့ ပြန်လာခဲ့၏။ သို့သော် သူ့ဆရာဆီမှ သောင်းသောင်းဖျဖျ ချီးကျူးမှုကို ရရှိခဲ့သေး၏။
ထိုအချိန်တုန်းက တိယောင်သည် သူ့စွမ်းဆောင်ရည်နှင့် ပက်သက်၍ အတော့်ကို ဂုဏ်ယူနေခဲ့ရ၏။
သို့သော် ရန်ကိုင်နှင့် ယှဉ်ပါမှု အရမ်းကို ကွာခြားလွန်းနေခဲ့၏။
“ကြယ်တာရာကောင်းကင်လား” လူငယ်လေး နှစ်ယောက် ပြောနေသည်ကို နားထောင်းနေရင်း ချန်းယန်နှင့် ဖေးယုတို့ လုံးဝကို မှင်သက်အံ့ဩနေကြတာ မယုံနိုင်ဟန် အမူအရာဖြင့် “ကြယ်တာရာကောင်းကင်လို့ မင်းတို့ ပြောလိုက်တာလား။ မင်းတို့ အဲ့နေရာဆီ တကယ်ပဲ သွားခဲ့ကြတာလား”
“အားလုံး အရင်ထိုင်လိုက်ဦး။ ပြီးရငိ ရှင်းပြမယ်” ရန်ကိုင်က ပြုံးကာ ပြောလိုက်၏။
အားလုံးသည် ကြယ်တာရာကောင်းကင်အကြောင်း သိချင်ကြ၏။ ချန်းယန်နှင့် ဖေးယုတို့သည်လည်း ချွင်းချက်မဟုတ်။
အားလုံး နေရာရသွားပြီးနောက် ကြယ်တာရာ ကောင်ကင်ထဲ သူကြုံတွေ့ခဲ့ရသမျှကို ရန်ကိုင်က စတင် ရှင်းပြတော့လေ၏။ ချန်းယန်နှင့် ဖေးယုသာမက တိယောင်ပင် ရန်ကိုင် ဇာတ်လမ်းကို အတော်လေး စိတ်ဝင်စားနေမိ၏။
တကယ်တော့ ရန်ကိုင်၏ ခရီးသည် ထိတ်လန့်၊ အံ့ဩဖွယ်ရာများဖြင့် ပြည့်နေသည် မဟုတ်ပါလော။
ထိုသုံးလအတွင်း ကြယ်တာရာကောင်းကင်ထဲ နေခဲ့သည်ဟု ဆိုနိုင်သော်ငြား တိယောင်သည် သူ့အချိန် အများစုကို လေဟာနယ်လျှောက်လမ်း ဘေးနားတွင်သာ ကုန်ဆုံးခဲ့ကြခြင်း ဖြစ်၏။
ရန်ကိုင်ကမူ သူနှင့် ဆန့်ကျင်ဘက်ပင်။ သူက လေဟာနယ်လျှောက်လမ်းနား နေနေချိန် ရန်ကိုင်က ကြယ်တာရာကောင်းကင်ထဲ ခြေဆန့်နေခဲ့ကာ ကြောက်မက်ဖွယ် အာကာသမုန်တိုင်းကိုပင် ကြုံတွေ့နေခဲ့ရသေး၏။
အာကာသမုန်တိုင်းသည် တောင်တစ်လုံးထက်ပင် ကြီးမားသော ဂြိုလ်သိမ်ဂြိုလ်မွှားများနှင့် သိန်းပေါင်း များစွာသော ဂြိုလ်သိမ်ဂြိုလ်မွှား ငယ်လေးများကို အသက်ရှူရှိုက်စာ အချိန်အနည်းငယ်အတွင်း အမှုန် အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်ကို ကြားပြီးနောက် အကုန်လုံး၏ မျက်နှာ ဖြူလျော်သွားခဲ့ကြ၏။
ထိုကဲ့သို့သော ဖျက်အားပြင်းလွန်းလှသည့် အာကာကသမုန်တိုင်းထဲမှ ရန်ကိုင် မည်ကဲ့သို့ လွတ်မြောက်လာခဲ့သည်ကို သူတို့ လုံးဝ မတွေးတတ် မစဉ်းစားတတ် ဖြစ်နေခဲ့၏။ ရန်ကိုင် ပြောပုံအရဆိုလျှင် ထိုအာကာသမုန်တိုင်းသည် သူတော်စင်အဆင့် ပညာရှင်များကိုပင် စုတ်ဖြဲပစ်နိုင်ပေ၏။
သို့သော်လည်း ရန်ကိုင်သည် ထိုကပ်ဘေးကြီးမှ ရှင်သန်နိုင်ခဲ့ရုံမက နောက်ဆက်တွဲ ရလဒ်အနေဖြင့် ပို၍ပင် သန်မာလာသေး၏။
အာကာသမုန်တိုင်းမှ မည်ကဲ့သို့ ရှင်သန်နိုင်ခဲ့လဲ ဆိုသည်ကိုမူ ရှင်းမပြခဲ့။ မုန်တိုင်း အစွန်အဖျားနားမှ ဖြတ်ရှောင်ပြေးခဲ့သည်ဟုသာ ပြောခဲ့၏။ တကယ်တော့ အမှန်တရားသည် မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်၊ နတ်ဆိုးနတ်ဘုရားသွေးစက်နှင့် သက်ဆိုင်နေသည် မဟုတ်ပါလော။
ထို့နောက် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်၏ ဆေးအရည် လေးစက်ပါဝင်နေသော ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူပြီး ချန်းယန်တို့ဆီ ပေးလိုက်၏။
တည်ငြိမ်နေလေ့ ရှိသော ချန်းယန်ပင် ထိုကျောက်စိမ်းပုလင်းကို လက်ခံယူနေသည့် အချိန်၌ သူ့လက်သည် ကတုန်ကရင် ဖြစ်နေခဲ့၏။ စိတ်လှုပ်ရှားမှုတို့သည် သူ့မျက်နှာထက် အထင်းသား။
ဆေးရည်လေးစက်နှင့် ဆိုပါက ကောင်းကင်ဂိုဏ်းတော်၏ ကာကွယ်သူလေးယောက်သည် သူတော်စင်အဆင့်သို့ ချိုးဖျက်နိုင်ချေ ရှိသွားလေပြီ။
သူတော်စင်နှင့် မသေမျိုး အဆင့်သည် အဆင့် တစ်ဆင့်သာ ကွာခြားသည် ဆိုသော်လည်း ခွန်အား ကွာခြားချက်သည် လွန်စွာကိုမှ ကြီးမားကျယ်ပြေလှ၏။ မသေမျိုး နှင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကြား ကွာဟချက်ထက်ပင် ကြီးမားသေး၏။
တုန်းရွှမ်လောကကြီးအတွင်း၌ မသေမျိုးအဆင့် ပညာရှင် မနည်းပါးသော်လည်း သူတော်စင်အဆင့် ပညာရှင်မှာမူ အရမ်းကို နည်းပါးလှ၏။ သူတော်စင်အဆင့် ပညာရှင်တိုင်းသည် ၎င်းတို့ ဂိုဏ်းအသီးသီး၏ ထောက်တိုင်ကြီးများပင် ဖြစ်လေ၏။
ကောင်းကင်ဂိုဏ်းတော်တွင်ပင် သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်သာ ရှိလေ၏။ ချူလင်းရှောင်အပြင် နောက်ထပ် တံခါးတွင်းပိတ် ကျင့်စဉ်ဝင်နေသော နောက်ထပ် သိုင်းဘိုးဘေးတစ်ယောက် ရှိသေး၏။ မိုးကြိုး စိတ်ဝိဥာဉ်ကျောင်းတော်ကဲ့သို့ အင်အားစုများတွင်မူကား သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ပင် မရှိချေ။
“ဂိုဏ်းတူတူလေးလည်း ပြန်ရောက်လာပြီ။ ငါတို့လည်း ဆေးအရည် ရသွားပြီဆိုမှတော့ ပြန်ကြတာပေါ့” ဖေးယုက အကြံပြုလိုက်၏။ ဖေးယုမှာ ရှုယဉ်သာ တောင်ထွတ်သို့ ပြန်၍ သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မစောင်နိုင်လောက်အောင် ဖြစ်နေခဲ့၏။
“ဟုတ်တယ်” ချန်းယန်ကလည်း သဘောတူ၏ “ဒါပေမယ့် အဲ့မတိုင်ခင် ဂိုဏ်းတူတူလေး လူအိုကြီးလီကို သွားတွေ့ရဦးမယ်။ ဒီတစ်ကြိမ် လူအိုကြီးလီကြောင့်သာ မဟုတ်ရင် အားလုံးက ဒီလောက် ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘူး”
“ကျုပ်လည်း အဲ့လိုတွေးနေတာလား” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ချန်ယန် သတိမပေးလျှင်သည် လူအိုကြီးလီကို သူ့ဘာသာ သွားတွေ့ဦးမည်သာ။ တကယ်တော့ တုန်းရွှမ်လောကကြီး အတွင်း၌ တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသော ဆေးပညာရှင်ဆို၍ သူတို့ နှစ်ယောက်သည် ရှိကောင်း ရှိနိုင်သည်လေ။ ထို့ကြောင့် လူအိုကြီးလီဆီမှ တေဇောဓါတ် အသိစိတ်ပင်လယ်နှင့် ပက်သက်သည့် အကြောင်းအရာ များများစားစားကို နည်းနာရပေမည်။
“ဆရားက မင်းကို ခေါ်လာဖို့ ငါကို ပြောလိုက်တယ်” တိယောင်က ပြုံးလိုက်ပြီး “သွားကြတာပေါ့။ ဆရာကို အကြာကြီး မစောင့်ခိုင်းသင့်ဘူး။ စီနီယာတို့ နှစ်ယောက်ကော လိုက်ချင်သေးလား”
“မလိုက်တော့ဘူး” ချန်းယန်က ခေါင်းခါရမ်းလိုက်ပြီး “မင်းဆရာကို ငါတို့က ကျေးဇူးအများကြီးတင်တယ်လို့ ပြောပေးပါဦး”
“အင်း” ခေါင်းညိတ်ပြီးနောက် ရန်ကိုင်ကိုခေါ်ကာ တည်းခိုခန်းမှ ထွက်သွားလိုက်လေ၏။
မြို့သခင်စံအိမ်သို့ ရောက်သော် တိယောင်၏ ဦးဆောင်မှုဖြင့် အထဲသို့ ဝင်ရောက်လာခဲ့၏။
မြို့သခင်စံအိမ် အနောက်ဘက်ရှိ အိမ်လေး သေးသေးလေး တစ်လုံးရှေ့သို့ ရောက်သော တိယောင် ရပ်လိုက်ပြီး လေးလေးစားစားဖြင့် လှမ်းပြောလိုက်၏ “ဆရာ၊ ညီအစ်ကိုရန်ကို ကျွန်တော် ခေါ်လာပြီ”
“ဝင်လာခဲ့” လူအိုကြီး၏ အသံ အထဲမှ ထွက်ပေါ်လာခဲ့၏။
ရန်ကိုင်က သူ့ပုံစံကို နည်းနည်းပါးပါး ပြင်ဆင် လိုက်ပြီးနောက် တိယောင်နောက် လိုက်သွားလေ၏။
ရန်ကိုင် မျက်နှာ အစစ်ကို မြင်သော်လည်း လူအိုကြီးလီ အံ့ဩသွားခြင်း မရှိခဲ့။ ယခင်ကတည်းက ခန့်မှန်းပြီးသည့်အလား။ ယဲ့ယဲ့လေးသာ ပြုံးကာ ပြောလိုက်၏ “ထိုင်လေ”
“လူအိုကြီးလီရဲ့ ပျူငှာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျ” ရန်ကိုင်က လက်သီးဆုပ် ဦးညွှတ် နှုတ်ဆက်လိုက်ပြီးနောက် ထိုင်ခုံတစ်ခုံ ယူထိုင်လိုက်၏။
တိယောင်က သူတို့ နှစ်ယောက်အတွက် လက်ဖက်ရည် ငှဲ့ပေးပြီးနောက် ရန်ကိုင်ဘေးနား ဝင်ထိုင်လိုက်လေ၏။
လက်ဖက်ရည်မှ ထွက်ပေါ်လာသော မမွှေးကြိုင်လွန်း၊ မသင်းပျံ့လွန်းဘဲ သင့်တင့်ရုံမျှ ရနံ့သည် ရှုရှိုက်မိသူတိုင်း၏ စိတ်အစုံကို ငြိမ်သက်တည်ငြိမ် သွားစေနိုင်။ လူအိုကြီးက အရင် စကားမစသလို ရန်ကိုင်ကလည်း ကျောက်ရုပ်ထုကြီးကဲ့သို့ ဆိတ်ဆိတ်သာ နေနေ၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လူအိုကြီးက အခန်းတစ်လုံးအား အရံအတားတစ်ခုဖြင့် လွှမ်းခြုံလိုက်၏။ အပြင်ဘက်ကို မြင်နိုင်သေးသော်လည်း အပြင်ဘက်မှ ကြည့်လျှင် အထဲရှိ ဘာကိုမှ မြင်နိုင်တော့မည် မဟုတ်။
ထိုအခြင်းအရာကို မြင်သည်နှင့် လူအိုကြီးလီသည် အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ရုံမက အားကောင်းသော ပညာရှင်တစ်ဦးတည်း ဖြစ်သည်ကို တန်းသဘောပေါက်လိုက်၏။
“ယောင်အာဆီက ငါကြားခဲ့တယ်။ ညီငယ်လေးက ကောင်းကင်ဂိုဏ်းတော်ရဲ့ တပည့်တစ်ယောက်ဆို၊ အဲ့ဒါ အမှန်ပဲလား”
“ဟုတ်ပါတယ်”
“အဲ့လိုဆိုရင် ဒီလူအိုကြီး မေးရဦးမယ်။ မိတ်ဆွေလေးက မွေးကတည်းက ကောင်းကင်ဂိုဏ်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် မကြာသေးခင်ကမှပဲ ဂိုဏ်းထဲ ဝင်ခဲ့တာလား” လူအိုကြီးလီက မေးခွန်းတစ်ခုကို ကျပန်း မေးလိုက်၏။
ရန်ကိုင်က လူအိုကြီးလီကို ငေးကြောင့် ကြည့်နေပြီးနောက် အနည်းငယ် ထိတ်လန့်နေသည့် လေသံဖြင့် ပြန်ပြောလိုက်၏ “စီနီယာ ဘယ်လို သိနေတာလဲ။ ကျွန်တော် ကောင်းကင်ဂိုဏ်းတော်ထဲ လောလောလတ်လတ်ကမှ ဝင်ထားတာ။ တစ်နှစ်ခွဲလောက်ပဲ ရှိဦးမယ်”
“ဟုတ်သွားပြီ” လူအိုကြီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ။ ဘာလို့ အခုလို မေးရတာလဲ ဆိုတာကိုတော့ နောက်မှ ပြောပြမယ်။ အရင်ဆုံး ညီငယ်လေးကို နောက်ထပ် မေးခွန်းတစ်ခု မေးရဦးမယ်။ မင်းမှာ တေဇောဓါတ် အသိစိတ်ပင်လယ် ရှိလား”
ထိုစကား ထွက်သွားသည်နှင့် ချက်ချင်းဆိုသည် တိယောင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်လန့်တကြား လှည့်ကြည့်လိုက်လေ၏။
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “စီနီယာက တကယ်ကို အမြင်စူးရှတာပဲနော်။ ကျွန်တော့်ကို မြင်ကတည်းက ဒီအကြောင်းကို စီနီယာ သိနေခဲ့တာမလား”
“အင်း။ တေဇောဓါတ်အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတဲ့ လူတွေက အခြားသူတွေထက် ပိုပြီး အာရုံခံနိုင်စွမ်း မြင့်ကြတယ်လေ။ ပိုအားကောင်းလေ၊ ပိုပြီး အာရုံထက်လေပဲ။ ဒါကြောင့် ဒီလူအိုကြီး သတိပြုမိခဲ့တာ။ ဒါပေမယ့် ညီငယ်လေး စိတ်ပူနေစရာ မလိုပါဘူး။ မင်းသာ တေဇောဓါတ် အသိစိတ်ပင်လယ်ကို မသုံးရင် သူတော်စင် အထွဋ်အထိပ်အဆင့် ပညာရှင် တွေတောင် သတိပြုမိမှာ မဟုတ်ဘူး”
“မင်းမှာ တေဇောဓါတ်အသိစိတ်ပင်လယ် တကယ်ကြီး ရှိနေတာလား” တိယောင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေခဲ့၏။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
“ဘာလို့မှ မင်းလဲကွာ… မင်းကံက တကယ်ကို ကောင်းနေတာပဲ” တိယောင်က ခါးခါးသီးသီး ပြုံးလိုက်၏။ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ချင်သည့် အတွက် မျှော်လင့်စိတ်ကူးယဉ်ခဲ့ရသည်မှာ တမော။ အရမ်းကို လိုချင်နေရသည်မှာလည်း တေဇောဓါတ် အသိစိတ်ပင်လယ်၏ နက်နဲဆန်းကြယ်မှုများကို သူ့ဆရာဆီမှ မြင်တွေ့နေရသည့် အတွက်ကြောင့်ပင် ဖြစ်၏။ ဆေးပညာရှင် တစ်ယောက်အတွက် တေဇောဓါတ် အသိစိတ်ပင်လယ်က အရမ်းကို အရေးပါလှ၏။ သူ့လိုမျိုး အရည်အချင်း ရှိပြီးသာ ဆေးပညာရှင် တစ်ယောက် အနေဖြင့် တိယောင်သည် တေဇောဓါတ် အသိစိတ် ပင်လယ်ကို မည်သည့်အတွက်ကြောင့် မလိုချင်ရမည်နည်း။
သို့သော် တေဇောဓါတ် အသိစိတ်ပင်လယ်သည် လိုချင်ရုံဖြင့် ရနိုင်သည့် အရာမဟုတ်။ ကျင့်ကြံ၍ ရယူနိုင်သည့် အရာတစ်ခုလည်း မဟုတ်ပြန်။ ကံကောင်းပြီးမှသာ ရနိုင်သည့် အရာမျိုး ဖြစ်၏။
လွန်ခဲ့သည့် နှစ်များအတွင်း လူအိုကြီးလီသည် တိယောင် တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင် လာစေရန် အားသွန်ခွန်စိုက် ကြိုးစားခဲ့၏။ သို့သော် အလုပ်မဖြစ်ခဲ့။
“ညီငယ်လေး၊ မင်းရဲ့ တေဇောဓါတ် အသိစိတ် ပင်လယ်နဲ့ အခုဘာတွေ လုပ်နိုင်နေပြီလဲ” လူအိုကြီးက ထပ်မေးလိုက်၏။
ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကုတ်၍ ရှက်ရှက်ဖြင့် “သတိမထားတဲ့ လူတွေကို အလစ်အငိုက် ချောင်းတိုက်တာပဲ လုပ်တတ်သေးတယ်”
ထိုစကားကို ကြားသော် လူအိုကြီးက ရယ်သာ ရယ်လိုက်ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်၍ ပြောလိုက်၏ “အင်း၊ ဆိုးတော့မဆိုးဘူး။ အဲ့ဒါကလည်း တေဇောဓါတ် အသိစိတ်ပင်လယ်ရဲ့ အသုံးဝင်ပုံ တစ်မျိုးပဲလေ။ ဆင့်ကဲ့ ပြောင်းလဲသွားတဲ့ ကောင်းကင်စိတ်အာရုံတစ်ခုရဲ့ တိုက်ခိုက်အားက သာမန်ကောင်းကင်စိတ်အာရုံတစ်ခုရဲ့ တိုက်ခိုက်အားထက် အများကြီး ပိုပြင်းတယ်။ ပြိုင်ဘက်က ကိုယ့်ထက် သန်မာနေတယ် ဆိုရင်တောင်မှ သူတို့ အသိစိတ်ပင်လယ် ပတ်လည်ကို ကောင်းကောင်း မကာကွယ်ထားရင် နာပြီပဲ။ သူတို့ ဝိဥာဉ်ကို တစ်ခါတည်း အမြစ်ဖြတ်ပစ်လို့တောင် ရကောင်းရနိုင်တယ်။ ဒါပေမယ့်… ဒါက တစ်နည်းပဲ ရှိသေးတယ်။ တေဇောဓါတ် အသိစိတ်ပင်လယ်က ဆေးဖော်စပ်တာမျိုး၊ လက်နက် သန့်စင်တာမျိုးမှာ အသုံးအဝင်ဆုံးပဲ ဆိုတာကို မင်းသိလား”
“ခန့်မှန်းခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်လို အသုံးပြုရမလဲ ဆိုတာကိုတော့ အခုထိ မသိသေးဘူး” ရန်ကိုင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လေးလေးစားစား အမူအရာဖြင့် မေးလိုက်လေ၏ “ဂျူနီယာကို ညွှန်ကြားပြသပေးဖို့ စီနီယာကို တောင်းဆိုပါတယ်”
လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး သင့်တင်ရုံမျှ ပြုံးလိုက်ကာ “ဒီတစ်ကြိမ် ငါမင်းကို ခေါ်လိုက်ရတာကလည်း ငါ့အတွေ့အကြုံတွေကို မင်းကို ပြောပြချင်လို့ပဲ။ မင်းအသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျှော့လိုက်”
ရန်ကိုင် မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး သူ့အသိစိတ် ပင်လယ် အတားအဆီးကို အမြန်အဆန် ဖြေလျှော့ပေးလိုက်၏။
လူအိုကြီးလီ၏ အမူအရာ လေးနက်သွားခဲ့ပြီး ရန်ကိုင် နဖူးကို သူ့လက်ညိုးဖြင့် ထိလိုက်၏။ ထို့နောက် သူ့အတွေ့အကြုံများကို ရန်ကိုင် စိတ်ထဲသို့ စတင် ကူးပြောင်းပေးတော့လေ၏။
တုန်းဆိုင်းမနေရဲဘဲ ရန်ကိုင်သည် ထိုရရှိလာသည့် ဗဟုသုတ အသစ်များကို စတင်လေ့လာတော့လေ၏။
ထိုဗဟုသုသည် တေဇောဓါတ် အသိစိတ်ပင်လယ် အပေါ် လူအိုကြီး၏ တတ်ကျွမ်းနားလည်မှုများပင် ဖြစ်၏။ ထိုအချက်အလက် များထဲ တေဇောဓါတ် အသိစိတ် ပင်လယ်အား အသုံးပြုနည်း အမျိုးမျိုး ပါဝင်နေခဲ့၏။
ထိုအတွေ့အကြုံ ဗဟုသုတ အားလုံးသည် အဖိုးမဖြတ်နိုင်ချေ။
မကြာခင်မှာဘဲ ရန်ကိုင်သည် ထိုအကြောင်းကို လေ့လာရင်း ဈာန်ဝင်စားသွားခဲ့လေ၏။ ပြင်ပရှိ အကြောင်းအရာများကို သတိမမူမိတော့။
ထိုကဲ့သို့သော အချက်အလက် များစွာကို အချိန်တို အတွင်း နားလည်ရန် မဖြစ်နိုင်ချေ။ တကယ်တော့ ထိုဗဟုသုတအားလုံးသည် လူအိုကြီးလီ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများပင် မဟုတ်လေလာ။
အိမ်လေးသည် တိတ်ဆိတ်နေခဲ့၏။ လူအိုကြီးလီ ဖြစ်စေ၊ တိယောင်ဖြစ်စေ မည်သူမှ စကားမပြောခဲ့ကြ။ နှစ်ယောက်စလုံး ငြိမ်သက်စွာဖြင့်သာ ရန်ကိုင်ကို စောင့်ဆိုင်းနေခဲ့ကြ၏။
================================