အခန်း (၇၄၁-၇၄၅)
Vol. 30 Ch. 741-745
အပိုင်း(၇၄၁) ဧရာမပင်လယ်သင်္ဘောကြီး
ပင်လယ်ရေမျက်နှာပြင်ထက် အခန်းတစ်ခန်းစာ အရွယ်အစားရှိသော ရေခဲတုံး တစ်တုံး မျောနေခဲ့၏။ ထိုရေခဲတုံးထက် ရန်ကိုင် တင်ပလင်ခွေ ထိုင်နေခဲ့၏။
စုယန်ကို တွေ့ပြီး မန်ဝူရနှင့် သူ့စီနီယာမမလေးတို့ အဆင်ပြေကြောင်း သိလိုက်ရပြီးနောက် ရန်ကိုင် အတော်လေး စိတ်သက်သာသွားခဲ့၏။
စုယန်ကို သူနှင့်ခေါ်မလာခဲ့သော်ငြား ချင်းယ၏ အကူအညီဖြင့် စုယန်၏ ခွန်အားသည် တိုးတက်လာရုံသာ ရှိ၏။ သူတို့ နောက်တစ်ကြိမ် ပြန်တွေ့သည့် အချိန်တွင် စုယန်၏ ခွန်အားသည် သိသိသာသာ တိုးတက် နေပေလိမ့်မည်။
စိတ်ပျော်နေသည်နှင့် ရန်ကိုင်လည်း အလျင်လိုမနေခဲ့ချေ။ အစစ်အမှန်ချီကို လှည့်ပတ်၍ ရေခဲတုံးကို မြှပ်မသွားအောင် ထိန်းထားရင်း ရေခဲတုံးကို သူ့အလိုလို မျောနေစေခဲ့၏။
ယခု သူ့၌ စိုးရိမ်ရမည့် အရေးကိစ္စများ မရှိတော့ရာ ကောင်းကင်ဂိုဏ်းတော်ဆီသို့ ပြန်၍ သူ့ဆေးပညာ စွမ်းရည်ကို တိုးတက်အောင် လုပ်သင့်ပြီဟု တွေးလိုက်မိ၏။ လိုအပ်သော သူတော်စင်အဆင့် ဆေးလုံးကို မြန်မြန် သန့်စင်နိုင်မှသာ ရှေးဟောင်း နတ်ဆိုးကလန်ကို ဆန်းကြယ်လောကငယ်အတွင်းမှ ထုတ်ပေးနိုင်မည် မဟုတ်ပါလော။
လူအိုကြီး၏ ညွှန်ကြားပြသမှုကြောင့် ဆေးပညာ ပိုင်းတွင် ရန်ကိုင် အတော်လေး တိုးတက်လာခဲ့ရ၏။ ယခု အစစ်အမှန်ချီအစား တေဇောဓါတ် အသိစိတ်ပင်လယ်ကို သုံး၍ ဆေးဖော်စပ်ရာတွင် အတော်လေး ကျွမ်းကျင် နေခဲ့လေပြီ။
ထို့အပြင် စုယန်နှင့် တူနှစ်ကိုယ် ကျင့်ကြံခဲ့သည့် အတွက် သူ့ဝိဥာဉ်ခွန်အားသည်လည်း အတော်လေး တိုးတက်လာခဲ့ရ၏။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ အကူအညီဖြင့် သူစုပ်ခဲ့သော ကျင့်ကြံသူ အမျိုးမျိုး၏ အတွေ့အကြုံများကြောင့် သိုင်းတာအိုဘက်တွင်လည်း အတော်လေး ခရီးပေါက်ခဲ့၏။
ထို့ကြောင့် ရေခဲတုံးပေါ်တွင် ထိုင်လျက် သိုင်းတာအို၊ ကောင်းကင်လမ်းစဉ်ကို နားလည်ဆင်ခြင်နေခဲ့၏။
ပင်လယ်ပြင်သည် ကျယ်ပြောပြီး အကန့်အသတ် မဲ့၏။ လမ်းတစ်လျှောက် မည်သည့် အတားအဆီးကိုမှ မကြုံတွေ့ခဲ့ရ။ ဤသို့ဖြင့် ရန်ကိုင်သည် အချိန် စီးဆင်းမှုကို တဖြည်းဖြည်း မေ့လျော့သွားခဲ့ပြီး ကျင့်ကြံခြင်းထဲတွင်သာ နစ်မြောသွားခဲ့လေ၏။ ရေခဲတုံး မည်သည့် အရပ်ဆီသို့ စီးဆင်းနေမှန်းကိုလည်း သူမသိတော့ပေ။
ရေခဲတုံးအောက်ခြေ၌ ဧရာရေနေသတ္တဝါများစွာ ကူးခတ်သွားလာနေခဲ့သော်ငြား ရန်ကိုင်သည် သူ့အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားသဖြင့် ထိုသားရဲများသည် ရန်ကိုင်၏ တည်ရှိမှုကို သတိမပြုမိဘဲ မျောနေသော ရေခဲတုံးတစ်တုံးဟုသာ ထင်ကာ ရေခဲတုံးကို တိုက်ခိုက်ခြင်း မပြုခဲ့ချေ။
ကောင်းကင်ယံထက် တိမ်စိုင်တိမ်တိုက်များသည်နှင့် လေနှင့်အတူ မျောလွင့်နေခဲ့ပြီး အောက်ဘက်တွင်မူ ပင်လယ်လှိုင်းလုံးလေးများသည် စည်းချက်ညီညီ တအိအိ ရွေ့လျားနေခဲ့၏။ တုန်းရွှမ်လောကကြီးသို့ ရောက်သည့် အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် သဘာဝတရားနှင့် အသေအချာ ထိတွေ့မိခြင်း ဖြစ်၏။
တစ်လ၊ နှစ်လလောက် ကြာပြီးနောက် ရန်ကိုင် မျက်လုံးပွင့်လာခဲ့ပြီး သက်ပြင်းအရှည်ကြီး ချလိုက်ကာ အပြုံးကြီးပြုံးလိုက်၏။
ဥာဏ်အလင်းပွင့်နေသည့် အချိန်ကာလအတွင်း အသစ်အသစ်သော သဘောတရားများကို သူနားလည်ခဲ့၏။ ထိုအခြင်းအရာကြောင့်ပဲ မသေမျိုး ဒုတိယအဆင့်သို့ ချိုးဖျက်ရန် မည်မျှ ခက်ခဲသည်ကိုလည်း သူနားလည်သွားခဲ့၏။
မသေမျိုးအဆင့် ပညာရှင်တိုင်းသည် သေခြင်းရှင်ခြင်း မျဉ်းတစ်ကြောင်းပေါ်တွင် ရုန်းကန်ခဲ့ရသည်ဟု ပြော၍ ရနိုင်၏။ စိန်ခေါ်မှုအားလုံးကို ကျော်ဖြတ်ပြီးမှသာ သာမန် သေမျိုး၏ အနှောင်အဖွဲ့မှ ရုန်းထွက်နိုင်ပေလိမ့်မည်။
ထိုစိန်ခေါ်မှုများကို ကျရှုံးခဲ့သူများအဖို့ လက်ရှိ အဆင့်မှာတင် ထာဝရရပ်တန့်သွားလျှင် ရပ်တန့်၊ မဟုတ်လျှင် အဆင့်ချိုးဖျက်ရန် ကြိုးစားရင်း သေသွားခဲ့ရ၏။
ထိုနှစ်လအတွင်း၊ တေဇောဓါတ် အသိစိတ်ပင်လယ်ကို အသုံးပြုပုံနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး တတ်ကျွမ်း နားလည်လာခဲ့၏။
သူ့တေဇောဓါတ် အသိစိတ်ပင်လယ်သည် သာမန် အသိစိတ်ပင်လယ်မှ အသွင်ပြောင်းလဲလာခဲ့ခြင်း ဖြစ်၏။ တေဇောဓါတ် အသိစိတ်ပင်လယ်များသည် သာမန် အသိစိတ်ပင်လယ်များထက် အဘက်ဘက်တွင် သာလွန်၏။
ရန်ကိုင် စိတ်စွမ်းအင်သည် သူ့ခွန်အားကို ဖုံးကွယ် ထားနိုင်သည်အထိ အားကောင်းလာခဲ့၏။ နည်းနည်းပါးပါး ထပ်မံစမ်းသပ်ပြီးနောက် သူ့အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်ကို သုံး၍ အခြားသူများကို လှည်စားရန် ပုံရိပ်ယောင် အရှိန်အဝါများကို ဖန်တီးနိုင်ကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။
သို့သော် ထိုနည်းလမ်းသည် စိတ်စွမ်းအင် အားနည်းသည့် လူများအပေါ်တွင်သာ အကျိုး သက်ရောက်နိုင်ပြီး သူ့ထက် အားကောင်းသော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားသူများအပေါ် အကျိုးသက်ရောက်မှု မရှိချေ။
သို့သော် ထိုအသစ်ရလာသည့် စွမ်းရည်နှင့် ပက်သက်၍ ရန်ကိုင် အတော်လေး ကျေနပ်နေမိ၏။
ရေခဲတုံးပေါ်ရပ်လျက် အပျင်းကြောဆန့်ပြီးနောက် ပင်လယ်ကြီးကို ဝေ့ကြည့်လိုက်၏။
မြင်မြင်ရာအရပ်တိုင်း ရေဖြင့် ပြည့်နေသည်ကို မြင်ပြီးနောက် ရန်ကိုင် အမူအရာ မှုန်ကုတ်သွားခဲ့ပြီး စိတ်ထဲ ကြိတ်၍ ကျိန်ဆဲတော့လေ၏။
ပင်လယ်သားရဲများ ရန်မှ ရှောင်ရှားနိုင်ခဲ့သော်ငြား ဈာန်ဝင်စားနေသည့် အချိန်၌ ဘေးပတ်ဝန်းကျင်ကို လုံးဝ သတိမပြုမိတော့ရာ သူဘယ်ရောက်နေလို့ ရောက်နေမှန်း မသိ ဖြစ်သွားခဲ့ရ၏။
မူလစီစဉ်ထားသည်မှာ ရေဝိဥာဉ်ဘုးရားကျောင်းသို့ ပြန်၍ ရွှေးလင်နှင့် တွေ့ဖိုပင်။ ယခုတစ်ကြိမ်၍ ရွှေးလင်သည် သူ့အား အတော့်ကို ကူညီပေးခဲ့သလို ဤလောကထဲရှိ ရန်ကိုင်၏ သူငယ်ချင်း များထဲမှ တစ်ယောက်ဖြစ်သည့် အတွက် သူမကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျေးဇူးတင်ချင်မိ၏။
ထို့နောက် ရေဝိဥာဉ်ဘုရားကျောင်းမှ ကောင်းကင်ဂိုဏ်းတော်သို့ ပြန်ရန် စီစဉ်ထား၏။
သို့သော် ယခု၌ ထိုအစီအစဉ်အတိုင်း ဆက်သွား၍ မဖြစ်တော့ချေ။
ခဏကြာ စိတ်ချဉ်ပေါက်နေပြီးနောက် ပြန်လည် တည်ငြိမ်သွားခဲ့၏။
လမ်းကြုံ တစ်ယောက်ယောက် တွေ့လျှင် သူမည်သည့် နေရာ ရောက်နေလဲ၊ ဘယ်နေရာသို့ ဆက်သွားရမည် ဆိုသည်ကို သိနိုင်၏။ ထို့ကြောင့် သူ့ကိုယ်သူ စိတ်ပင်ပန်းအောင် လုပ်မနေတော့ဘဲ ရေခဲတုံးပေါ်တွင်သာ ထိုင်၍ ပင်လယ်ကြီး၏ အလှကို ခံစားနေလိုက်၏။
ငါးအုပ်များသည် ပင်လယ် ရေမျက်နှာပြင် အောက်ဘက်တွင် ဟိုမှသည်သို့ ကူးကလန်ခတ် သွားလာ ကူးခတ်နေခဲ့၏။
ရောင်စုံ သန္တာကျောက်တန်းများကိုလည်း ရန်ကိုင် မြင်တွေ့ခဲ့ရ၏။
သုံးရက်ကြာပြီးနောက် တိမ်စိုင်တိမ်စိုင်များကို ပျင်းရိပျင်းတွဲ ငေးကြည့်နေစဉ်မှာပင် အလွန့်အလွန်ကိုမှ ဝေးကွာသော နေရာတစ်ခုမှ အသက်စွမ်းအင် အရှိန်အဝါများကို ခံစားမိလိုက်၏။
ထို့ကြောင့် ချက်ချင်း မတ်တပ်ရပ်ကာ ထိုအရမ်းဆီ လှမ်းကြည့်လိုက်၏။
ကီလိုမီတာပေါင်း များစွာ ဝေးကွာသော နေရာ တစ်ခု၌ အနက်ရောင်အစက်လေး တစ်စက် ဖြည်းဖြည်းချင်း ရွေ့လျားနေခဲ့၏။
ထိုအစက်လေးသည် ဧရာမ ပင်လယ်သင်္ဘောကြီး တစ်စင်းပင် ဖြစ်၏။
သင်္ဘောကြီးကို သတ္တု၊ သစ်သားဖြင့်သာ ဆောက်လုပ် ထားခြင်းမဟုတ်ဘဲ အဖိုးတန်သတ္တုများကိုလည်း လက်နက်များ ပြုလုပ်သည့် ပုံစံအတိုင်း ထည့်သွင်း ထားသေး၏။ သို့မှသာ ခုခံအား၊ တိုက်ခိုက်အာ ကောင်းပြီး ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော သင်္ဘောများစွာကို ရေဝိဥာဉ် ဘုရားကျောင်းတွင်လည်း ရန်ကိုင် မြင်တွေ့ခဲ့ဖူး၏။
သို့သော် ထိုသင်္ဘောသည် ရန်ကိုင် မြင်တွေ့ခဲ့ဖူးသည့် သင်္ဘောများအနက် အကြီးကျယ်ဆုံး၊ အကြီးမားဆုံး သင်္ဘောပင် ဖြစ်၏။ ခေါင်းပိုင်းကို နဂါးပုံစံ ထွင်ထုထားပြီး နဂါးခေါင်းသည် ရေပြင်ကို ခွဲလျက် မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ပင်လယ်ပြင်တစ်လျှောက် ရွက်လွှင့်နေခဲ့၏။
သင်္ဘောကြီးထက်တွင် တလက်လက် တောက်ပနေသော အလံများ တဖျတ်ဖျတ် လွင့်နေခဲ့၏။
ထို့ကြောင့် အစစ်အမှန်ချီကို လှည့်ပတ်နှုန်းကို မြှင့်တင်၍ ရေခဲတုံးကို သင်္ဘောရှိရာဆီ အရှိန်မြှင့်လိုက်၏။
ခဏအကြာ၌ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ ကောင်းကင်စိတ်အာရုံဖြင့် တစ်ဖက် သင်္ဘောကြီးကို အရမ်းကာရော သွားမစစ်ဆေးရဲသော်လည်း သင်္ဘောပေါ်တွင် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်မှ ပါမလာဘဲ မသေမျိုးအဆင့် ပညာရှင်များသာ ပါလာသည်ကို တွေ့လိုက်ရ၏။ မသေမျိုး တတိယအဆင့် ပညာရှင် အနည်းငယ်လည်း ပါလာခဲ့၏။
ဝိဥာဉ်ဝါးမြို အင်းဆက်များ ရှိနေသဖြင့် အကြောက်အလန့် ကင်းကင်းနှင့် ရေခဲတုံးပေါ် ရပ်လျက် သင်္ဘောကို လှမ်းအော်ခေါ်လိုက်၏။
မကြာခင်မှာပဲ သင်္ဘောခေါင်းထက် ပုံရိပ်အချို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ရှိရာ အရပ်ဆီ လှမ်းကြည့်လိုက်၏။
သို့သော် သူတို့၏ လူကိုလူမထင်ဟန် အမူအရာအရ သူတို့သည် သင်္ဘောကို ရပ်တန့်မည် မဟုတ်ဘဲ ဆက်လက် မောင်းနှင်နေပေလိမ့်မည်။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သင်္ဘောဖြတ်သွားသည်ကို ကြည့်နေခဲ့၏။ သူဤမျှ လွယ်လွယ်ကူကူ လက်လျှော့လိုက်ရမည်လား။ မည်သည့် အတွက်ကြောင့် အလွယ်တကူ လက်လျှော့ ရမည်နည်း။ ဤသင်္ဘောကိုသာ လွတ်သွားပါက ဦးတည်ချက်မေးရန် နောက်တစ်ယောက်ကို အလွယ်တကူ တွေ့နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ပင်လယ်ထဲ နောက်တစ်ကြိမ် လမ်းပျောက်နေရပေလိမ့်မည်။
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် အစစ်အမှန်ချီ လှည့်ပတ်နှုန်းကို ထပ်မံ မြှင့်တင်လိုက်ပြီး ရေခဲတုံးကို မြန်နှုန်းမြှင့်ကာ သင်္ဘောဆီ တည့်တည့် ပြေးဝင်သွားလေ၏။
ရန်ကိုင် လုပ်ရပ်ကို မြင်သော် သင်္ဘာပေါ်ရှိ လူများ အလန့်တကြား ထအော်ကြလေ၏။
ထိုအော်သံများကြောင့် သင်္ဘောပေါ်ရှိ မသေမျိုး အဆင့် ပညာရှင်များသည် ဘာဖြစ်နေမှန်း သိရလေအောင် အလောတကြီး ပြေးလာကြည့်ကြလေ၏။
ဘာတွေဖြစ်နေမှန်း သိရပြီးနောက် မသေမျိုးအဆင့် ပညာရှင် တစ်ယောက်က ဒေါသတကြီး အော်ပြော လိုက်လေ၏ “ဘယ်ကမှန်း မသိတဲ့ ကောင်စုတ်လေး တစ်ကောင်ကများ အခုလို လုပ်ရဲတယ်ပေါ့။ သူစီးနေတဲ့ ရေခဲတုံးကို ဖျက်စီးပစ်လိုက်စမ်း။ ငါတို့ တော်ဝင်ကုန်းမြေရဲ့ သင်္ဘောကိုများ ကြံရွယ်ရဲတယ်။ သူ့ကိုသူ အရမ်း အထင်ကြီးနေတာပဲ။ သူ့ကို မသတ်လိုက်နဲ့ဦး။ ဖမ်းခေါ်လာခဲ့၊ အရင်စစ်မေးကြည့်ရမယ်”
မသေမျိုးအဆင့် ပညာရှင်က အမိန့်ပေးလာသဖြင့် သင်္ဘောပေါ်ရှိ တပည့်များသည်လည်း သိုင်းပညာရပ် မျိုးစံကို ထုတ်သုံး၍ ရန်ကိုင်ကို တိုက်ခိုက်ကြတော့လေ၏။
အလင်းအတန်းများစွာ သင်္ဘောခေါင်းပေါ်မှ ပျံသန်းထွက်ပေါ်လာခဲ့၏။
တစ်ဖက်အဖွဲ့၏ ကြမ်းတမ်းသည့် တုန့်ပြန်မှုကြောင့် ရန်ကိုင် မှင်သက်သွားခဲ့ရကာ ရေခဲတုံးပေါ်မှ အမြန်အဆန် ခုန်ရှောင်လိုက်လေ၏။
ဘုန်းဆိုသော မြည်သံနှင့်အတူ ရန်ကိုင် တောက်လျှောက် စီးလာခဲ့သော ရေခဲတုံး တစ်စစီ ဖြစ်သွားခဲ့လေ၏။
တစ်စစီ ဖြစ်သွားသော ရေခဲတုံးများကြား ရန်ကိုင်ကို သေသေချာချာ ရှာဖွေကြည့်သော်ငြား ရန်ကိုင်ကို မတွေ့ရဘဲ ပင်လယ်ပြာကြီးကိုသာ မြင်တွေ့ခဲ့ရ၏။
“သူဘယ်ရောက်သွားတာလဲ” မသေမျိုးအဆင့် ပညာရှင်လည်း ရန်ကိုင်ကို မတွေ့သဖြင့် သူ့အမူအရာ ချက်ချင်း အရုပ်ဆိုးသွားခဲ့လေ၏။
သင်္ဘောပေါ်တွင် ရှိနေသူအားလုံး ခေါင်းခါရမ်း လိုက်ကြ၏။
တပည့်တွေထဲမှ တစ်ယောက်က ပြောလိုက်၏ “ပေါက်ကွဲမှုထဲမှာပဲ သေသွားတာလား။ ကျွန်တော် မြင်သလောက်ဆို သူ့က တော်တော်လေး ငယ်သေးတာ။ အရမ်းကြီး အားကောင်းတဲ့ပုံလည်း မပေါ်ဘူး”
“မင်းရူးနေလား” မသေမျိုးအဆင့် အော်လိုက်၏ “ပင်လယ်ထဲ တစ်ယောက်တည်း သွားရဲမှတော့ အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့် ရှိလို့ပေါ့ကွ။ ပြီးတော့ သူသေတယ်ဆို ဘယ်မှာလဲ သူ့သွေးတွေ။ သွေးမှာမရှိတာ။ ဒီကောင် တစ်နေရာရာမှ ပုန်းနေတာပဲ ဖြစ်ရမယ်။ သေချာ ရှာကြစမ်း”
“ရှာနေစရာ မလိုဘူး” အနည်းငယ် စိတ်ပျက်နေသည့် အသံတစ်သံ သင်္ဘောဘေးဘက်မှ ထွက်ပေါ်လာခဲ့၏။ ရန်ကိုင်သည် ပင်လယ်ထဲမှ သင်္ဘောပေါ် ခုန်တက်၍ မရွှင်မပြ အမူအရာဖြင့် “ငါတို့ကြားမှာ ဘာအညိုးအတေးမှ ရှိတာလည်း မဟုတ်ဘူး။ ဘာလို့ ငါ့ကို ရုတ်တရက်ကြီး တိုက်ခိုက်ရတာလဲ”
“ငါတို့ မင်းကို တိုက်ခိုက်တာ မဟုတ်ဘူး။ ပင်လယ်ထဲ မျောနေတဲ့ ရေခဲတုံးကိုပဲ ဖျက်စီးခဲ့တာ” မသေမျိုးအဆင့် ပညာရှင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်း ရှုံ့လိုက်ပြီး “မင်းကိုသာ တိုက်ခိုက်ချင်ရင် အခုထိ အသက်ရှင်နေဦးမယ် ထင်လား”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ဘာမှ ပြန်မပြောခဲ့။
အစောပိုင်းက တိုက်ခိုက်မှုသည် သူစီးနေသည့် ရေခဲတုံးကိုသာ ချိန်ရွယ်ထားခဲ့ခြင်း ဖြစ်၏။ ထို့ပြင် ထိုတိုက်ခိုက်မှုများထဲ သတ်ဖြတ်လိုစိတ် ပါဝင်မနေခဲ့ချေ။ သူ့အပြုအမူကြောင့် တစ်ဖက်လူ အထင်လွဲသွားပြီး ထိုကဲသို့ လုပ်လိုက်ခြင်း ဖြစ်လောက်၏။
ရန်ကိုင်ကမူ သူတို့၏ သင်္ဘောကို တိုက်ခိုက်ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။
သို့သော် ရှင်းပြ၍လည်း အကြောင်းထူးမည် မဟုတ်လေရာ ဘာမှ ထပ်မပြောဘဲသာ နေလိုက်၏။
“ကောင်လေး၊ ငါမင်းကို မေးမယ်။ ရိုးရိုးသားသား ဖြေနော်။ လာပြီး လှည့်စားရဲရင်တော့ ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးပစ်မှာ” မသေမျိုအဆင့် ပညာရှင်က ခက်ထန်သည့် လေသံဖြင့် ပြောလိုက်၏။
ရန်ကိုင်က ခေါင်းညိတ်၍ အစစ်အမှန်ချီကို လှည့်ပတ်ကာ အဝတ်ခြောက်သွားအောင် လုပ်လိုက်၏။ မာန်မာနထောင်လွှားခြင်း မရှိဘဲ အတတ်နိုင်ဆုံးသာ နိမ့်ချနေလေ၏။
“မင်းဘယ်သူလဲ။ ပင်လယ်ထဲမှာ ဘာလုပ်နေတာလဲ”
“ဒီဂျူနီယာက လူမသိသူမသိ ကျင့်ကြံသူ တစ်ယောက်ပါ။ ပင်လယ်ထဲမှာ မတော်ဆ လမ်းပျောက်သွားခဲ့တယ်လေ။ အဲ့ဒါနဲ့ ရွေးချယ်စရာ မရှိတော့ ရေခဲတုံပေါ်ထိုင်းပြီး ပင်လယ်ထဲ မျောနေခဲ့တာ။ ဒီပင်လယ်ထဲမှာ လမ်းပျောက်နေတာ တော်တော်လေးကို ကြာနေပြီ”
“ဟန့်” ထိုလူက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ ရန်ကိုင်က သူ့မေးခွန်းကို တိုက်ရိုက် မဖြေပဲ ဟိုကွေ့ပတ် ဒီကွေ့ပတ် ဖြေခြင်းသည် သူ့အား မကျေမနပ် ဖြစ်သွားသည့်ပုံပင်။
“ဒါဆိုရင် ငါတို့ ထွတ်မြတ်နယ်မြေရဲ့ သင်္ဘောကို ဘာလို့ တိုက်ဖို့လုပ်တာလဲ”
“ရွေးချယ်စရာမှ မရှိတော့တာ။ ပင်လယ်ထဲ မျောနေတာ အကြာကြီး ရှိနေပြီ။ ဒါကြောင့် ခင်ဗျားတို့ သင်္ဘောကိုလည်း မြင်တာနဲ့ လမ်းကြောင်း မေးဖို့ လုပ်လိုက်တာ။ အဆင်ပြေရင် ကုန်မြေ တစ်ခုခု ရောက်တဲ့အထိ ခင်ဗျားတို့နဲ့အတူ လိုက်လို့ရမလား”
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၄၂) သူတော်စင်မ
“အလကားစီးမှာ မဟုတ်ဘူး။ အခပေးပြီး စီးမှာပါ” ရန်ကိုင်က အမြန်အဆန် ထပ်ပေါင်းပြောလိုက်၏။
သင်္ဘောပေါ်တွင် ရှိနေသူအားလုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ဝါးလုံးကွဲ ရယ်မောကြတော့လေ၏။ အကုန်လုံးသည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လာကြ၏။
မသေမျိုးအဆင့် ပညာရှင်ပင်လျှင် သွားပေါ်အောင် ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ မေးလိုက်၏ “ကောင်လေး၊ မင်းဘယ်လောက်ပေးနိုင်လဲ”
“သလင်းကျောက် ဆယ်တုံးဆိုရင် အဆင်ပြေမလား။ အခုလောလောဆယ် ကျုပ်အဲ့လောက်ပဲ တတ်နိုင်တယ်” ရန်ကိုင်က ပြောလိုက်လေ၏။ ဤသင်္ဘောကို ပိုင်ဆိုင် ထားမှဖြင့် အရမ်းကို ချမ်းသာနေမည် ဖြစ်လေရာ ထိုကဲ့သို့သော ဘာမဟုတ်သည် အခကြေးလေးကို ဂရုစိုက်နေလိမ့်မည် မဟုတ်မှန်း ရန်ကိုင်သိ၏။
ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် သင်္ဘောပေါ်ရှိ လူအားလုံး ပို၍ ပွဲကျသွားခဲ့ကြ၏။
မသေမျိုးအဆင့် ပညာရှင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “မင်းလိုကောင်လေးမှာ ငွေပိုလေး နည်းနည်းပါးပါး ရှိဦးမယ်လို့ ဘယ်သူထင်မှာလဲ။ ဒါပေမယ့် အဲ့သလင်းကျောက် ဆယ်တုံးကို မင်းသုံးဖို့အတွက်ပဲ သိမ်းထားလိုက်ပါဦး”
ပြောပြီးသည်နှင့် အနားရှိ ကျင့်ကြံသူတစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏ “သူ့ကို လှေတစ်စီးပေးပြီး ထွက်သွားခိုင်းလိုက်တော့”
ရန်ကိုင့် အဖြေကြောင့် ထိုလူကြီးသည် ရန်ကိုင်ကို အတော်လေး သတိထားနေခဲ့၏။ ရန်ကိုင်သည် အရမ်းကြီး မသန်မာသော်ငြား သူ့ကို သင်္ဘောပေါ်တွင် ခေါ်ထားရန် မစဉ်းစားခဲ့။ အလုံခြုံဆုံးသော နည်းလမ်းသည် ရန်ကိုင်ကို သင်္ဘောပေါ်မှ တတ်နိုင်သလောက် မြန်မြန် မောင်းထုတ်ရန်ပင်။
“အဲ့ဒါလည်း အဆင်ပြေပါတယ်” ရန်ကိုင်က ဆက်၍ ပြဿနာ ရှာမနေခဲ့။
“ဘယ်ဘက်သွားရမလဲ လမ်းညွှန်ပေးလို့ရမလား။ ကုန်းမြေရှိတဲ့ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်”
“မင်းကို လမ်းပြောပြနေလို့ကော ဘာထူးမှာ မို့လို့လဲ” တစ်ဖက်လူက “မင်းကျင့်ကြံခြင်းအဆင့်နဲ့ ကုန်းပေါ် ရောက်ချင်နေတယ်ပေါ့။ ပင်လယ်နတ်မင်းကြီးကိုပဲ ထိုင်ရှိခိုးနေလိုက်။ တကယ်ဆိုရင်လေ မင်း ငါတို့ဘုံကိုးခုထွတ်မြတ်နယ်မြေနဲ့ တွေ့တာ တကယ်ကို ကံကောင်းသွားတယ်။ အခြားအင်အားစု တစ်ခုနဲ့သာ ဆိုရင်တော့ အခုအချိန်လောက်ဆို မင်းငါးစား ဖြစ်နေလောက်ပြီ”
“ဘုံကိုးခုထွတ်မြတ်နယ်မြေလား” ရန်ကိုင် အမူအရာ အနည်းငယ် လေးနက်တည်ကြည်သွားခဲ့၏။
‘ထွတ်မြတ်’နယ်မြေဟူသော စကားကို သုံးရခြင်းသည် တစ်ဖက်လူ၏ အင်အား မသေးကြောင်း ပြသနေခဲ့၏။ ထုန်းရွှမ်လောကကြီးသို့ ရောက်ချိန်မှစ၍ အမျိုးမျိုးသော အင်အားစုများကို ရန်ကိုင် ကြုံတွေ့ခဲ့ရ၏။ လွတ်လပ်သော အဖွဲ့အစည်း၊ ရေဝိဥာဉ်ဘုရားကျောင်း၊ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်၊ ကောင်းကင်ဂိုဏ်းတော် …
ထိုအင်အားစုများအနက် လွတ်လပ်သော အဖွဲ့အစည်းနှင့် မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သည် အားနည်းသည်ဟု ဆိုနိုင်၏။ ရေဝိဥာဉ်ဘုရားကျောင်းကမူ အလွယ်အလတတ်ထဲ ပါဝင်ပြီး ကောင်းကင်ဂိုဏ်းတော်သည် အားအကောင်းဆုံး ဖြစ်၏။ သို့သော် ဘုံးကိုးခုထွတ်မြတ်နယ်မြေသည် ကောင်းကင် ဂိုဏ်းတော်ထက်ပင် ပို၍ အားကောင်းမည်ဟု ရန်ကိုင် သံသယရှိ၏။
သူ့စိတ်ထဲ ထိုအတွေးတို့ ဝေနေတုန်းမှာပင် ကျင့်ကြံသူ အနည်းငယ်က လှေတစ်စင်းကို သယ်လာပြီး သင်္ဘောဘေးဘက်ချကာ လှမ်းအော်ပြောလိုက်၏ “ဦးလေးချန်၊ လှေအဆင့်သင့်ဖြစ်ပြီ”
ဦးလေးချန်ဟုခေါ်သော မသေမျိုးအဆင့် ပညာရှင်က ခေါင်းညိတ်ရန် လုပ်နေစဉ်မှာပင် ရုတ်တရက် မျက်မှောင် ကြုံ့သွားခဲ့ပြီး တစ်ဖက်သို့လှည့်ကာ ချက်ချင်း ဦးညွှတ်၍ “သခင်မလေး ဘာလို့ထွက်လာတာလဲ”
သင်္ဘောပေါ်တွင် ရှိနေသူအားလုံး အလျင်စလို ဦးညွှတ်လိုက်ကြ၏။
ရန်ကိုင်လည်း အားလုံးကြည့်နေသည့် အရပ်ဆီ လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းအစုံ လက်သွားခဲ့၏။
သင်္ဘောဝမ်းတွင်းပိုင်းမှ အပြေဖျော့ဖျော့ရောင် ဝတ်စုံကို ဝတ်စားထားသည့် မိန်းကလေး တစ်ယောက် ထွက်လာခဲ့၏။ ထိုမိန်းကလေးသည် အတော်လေးကို ငယ်ရွယ်ပြီး အရမ်းကိုမှ လှပ၏။ အသားအရေသည် ကျောက်စိမ်းသားလို ချောမွတ်ပြီး နှင်းသားပမာ ဖြူဖွေးနေကာ အနက်ရောင် မျက်ခုံးလေးသည်လည်း အချိုးကျနလှပစွာ ကွေးနေခဲ့၏။ မျက်လုံးလေးများသည် သိမ်မွေ့သော အရိပ်အငွေ့တို့ဖြင့် ပြည့်နေခဲ့၍ သူမ၏ ခန္ဓာကိုယ်လေးသည် လုံးဝကို အချိုးအစား ကျနလှ၏။
ရန်ကိုင်၏ စူးရဲလှသော အကြည့်ကြောင့် မိန်းမငယ်လေး မျက်မှောင် ကြုံ့သွားခဲ့၏။
ထိုအခြင်းအရာကို သတိပြုမိသည်နှင့် ဦးလေးချန်က ရန်ကိုင်အား ဒေါသတကြီး လှမ်းအော်လိုက်လေ၏။
ရန်ကိုင်ကမူ ထိုလူအိုကြီးကို လျစ်လျူရှုထား၏။
“နည်းနည်းလေးပျင်းနေတာနဲ့ ဆူညံသံတွေ ကြားလို့ ဘာတွေဖြစ်နေလဲ လာကြည့်လိုက်တာ”
မိန်းမငယ်လေး၏ ပျာသကာကဲ့သို့ ချိုမြသော အသံဖြင့် သင်္ဘောပေါ်ကို ဝေ့ကြည့်ရင်း မေးလိုက်၏ “ဘာတွေဖြစ်နေတာလဲ’
ဦးလေးချန်ဆိုသူက ဖြစ်ကြောင်းကုန်စဉ်ကို မိန်းမငယ်အား အမြန် ရှင်းပြလိုက်၏။
ဦးလေးချန်ရှင်းပြသည်ကို ကြားပြီးနောက် မိန်းမငယ်လေးက ရန်ကိုင်ဆီ လှမ်းကြည့်လိုက်၏။
“ဒီကောင်စုတ်လေးကြောင့် သခင်မလေးကို နှောင့်ယှတ်မိသလို ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ်ကို အပြစ်ပေးပါ” ဦးလေးက ပြောလိုက်ရာ မိန်းမငယ်လေးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ “ဦးလေးချန်က အရမ်းကြီး လေးနက်နေတာပဲ”
ထို့နောက် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး အသာအယာ ပြုံးကာ ယုံကြည်ချက်အပြည့်ဖြင့် မေးလိုက်၏ “ဒါပေမယ့် သူပြောတဲ့ဇာတ်လမ်းက လုပ်ဇာတ်ကြီးပဲ”
ရန်ကိုင်က မိန်းမငယ်လေးကို စိတ်ဝင်တစား စိုက်ကြည့်လိုက်၏။
“ဟုတ်တယ်။ သူက အရမ်း သံသယဝင်ဖို့ ကောင်းတယ်။ ဒါကြောင့် သူ့ကို မောင်းထုတ်လိုက်ရင် ကောင်းမယ်လို့ စဉ်းစားနေတာ” ဦးလေးချန်က ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်၏။
“သူ့ကို မောင်းထုတ်စရာ မလိုဘူး။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံခြင်းနဲ့ မောင်းထုတ် ခံလိုက်ရမယ်ဆိုရင် ဒီပင်လယ်ထဲမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ သူ့ဇာတ်မြစ်ကို လိမ်ညာခဲ့ပေမယ့် ကျွန်မတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိတာ။ ပြောလို့ အဆင်မပြေလို့ မပြောတာ နေမှာပေါ့။ ဒါကြောင့် နောက်တစ်နေရာ ရောက်တဲ့အထိ သူ့ကို နေခိုင်းလိုက်”
“သခင်မလေးက အခုလို ပြောလာမှတော့ လက်အောက် ငယ်သားလည်း သခင်မလေး ပြောတဲ့အတိုင်း လုပ်ပါ့မယ်” ဦးလေးချန်က လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏။
“ကျွန်မပြန်သွားတော့မယ်။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နှင့်ကြ” အမိန့်ပေးပြီးသည်နှင့် မိန်းမငယ်လေး ပြန်ထွက်သွားလိုက်၏။ မိန်းမငယ်လေး ထွက်သွားသည်နှင့် ဦးလေးချန်က ရန်ကိုင်ကို အေးစက်စွာ စိုက်ကြည့်၍ “သခင်မလေးက အရမ်းသဘောကောင်းတာ ကံကောင်းသွားတယ်မှတ်။ ဒါကြောင့် သင်္ဘောပေါ်မှာ ကောင်းကောင်းနေရင် အကောင်းဆုံးပဲ။ မဟုတ်ဘဲ မင်းတစ်ခုခု ကြံနေမှန်း ငါသိသွားခဲ့ရင်တော့ နောင်တ ဆိုတာ ဘာလဲမင်းသိရအောင် လုပ်ပေးလိုက်မယ်”
ရန်ကိုင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “စိတ်ချထားလိုက်။ ကျုပ်က ကုန်းပေါ် ပြန်ရောက်ချင်ရုံပဲ”
“ပြောတဲ့အတိုင်း လုပ်နိုင်ရင် ပိုကောင်းလိမ့်မယ်” ဦးလေးချန်က ခေါင်ညိတ်လိုက်ပြီး အနားရှိ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ကို လက်ယပ်ခေါ်လိုက်ကာ “ချုန်ဖေး၊ သူ့ကို ဂရုစိုက်ထားလိုက်။ ဘာပြဿနာမှ မရှာစေနဲ့”
“ဟုတ်ကဲ့ပါ” ထိုတုန်ခိုင်ခိုင်လူကြီးက အမြန် ပြန်ပြောလိုက်၏။
အမိန့်ပေးပြီးနောက် ဦးလေးချန်လည်း သူ့အလုပ်သူ သွားပြန်လုပ်လေ၏။
ချုန်ဖေးဆိုသော လူကြီးက ရန်ကိုင်ဆီ လမ်းလျှောက် လာလိုက်ပြီး သူ့အား အထင်အမြင် သေးသေးဖြင့် ကြည့်လိုက်၏။
ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံခြင်းကိုသာ ထုတ်ဖော်ပြထားရာ သူတော်စင်အဆင့် ပညာရှင်တစ်ယောက်သာ မဟုတ်သရွေ့ သူ့ကျင့်ကြံခြင်းအဆင့် အမှန်ကို မြင်နိုင်လိမ်မည် မဟုတ်ချေ။
သူ့အသက်အရွယ်နဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များစွာ ထုန်းရွှမ်လောကကြီးတွင် ရှိနေသည်ဖြစ်ရာ ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားမည်ဟု မည်သူ ထင်မည်နည်း။
ချုန်ဖေးသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သဖြင့် ရန်ကိုင်ကို အထင်သေးသည်မှာ ပုံမှန်ပင်။
“ကောင်လေး၊ ဒီဆရာမှာ မင်းကို ကြည့်နေဖို့ အချိန်မရှိဘူး။ ဒါကြောင့် ဘာပြဿနာမှ မရှာရင် ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းအဖိုးချန်က မင်းခြေထောက်တွေကို ရိုက်ချိုးရလိမ့်မယ်”
“ဟုတ်၊ ဟုတ်ကဲ့။ ကျုပ် ဘာပြဿနာမှ မရှာပါဘူး” ရန်ကိုင်က ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်၏။
ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ကျင့်ကြံသူတိုင်းသည် အရိုးထဲကကို မောက်မာကြ၏။ ထုန်းရွှမ်လောကကြီး အတွင်းရှိ သူတို့ အင်အားစု၏ အဆင့်အတန်းကြောင့် ယခုကဲ့သို့ မောက်မာခြင်း ဖြစ်ပေလိမ့်မည်။
သူတို့သည် ရန်ကိုင် ယခင်နေခဲ့သော လောကကြီးမှ မိသားစုကြီး ရှစ်ခုအဖွဲ့ဝင်များနှင့် အတူတူပင်။ မိသားစုကြီး ရှစ်ခုမှ လူများသည် အခြားမည်သူ့ကိုမှ လူကိုလူဟု မထင်သော လူများဖြစ်၏။
ရန်ကိုင်သည် ထိုကဲ့သို့သော လူများကို မြင်တွေ့ခဲ့ဖူးလေရာ ထိုချုန်ဖေးဆိုသော လူ၏ အပြုအမူကို စိတ်ထဲ ထားမနေခဲ့ချေ။
တစ်ဖက်လူနောက် အမြန်လိုက်သွားလိုက်ပြီး လမ်းလျှောက်နေရင်း မေးလိုက်၏ “ရောင်းရင်း၊ အစောပိုင်းတုန်းက မိန်းကလေးက ဘယ်သူလဲ။ မင်းတို့က သူ့ကို ဘာလို့ ဒီလောက်တောင် လေးစားနေကြတာလဲ”
“ကောင်လေး၊ မင်းသိချင်စိတ်က ကြီးလှချည်လား” ချန်ဖေးက လှောင်ပြောင်လိုက်ပြီးနောက် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ မေးလိုက်၏ “မင်းဘာလို့ သိချင်တာလဲ”
“ဘာမှမဟုတ်ဘူး။ ဒီအတိုင်းပဲ သိချင်တာ။ ပြီးတော့ သူက တော်တော်လေး လှတယ်လေ” ရန်ကိုင်က လူကြီးလူကောင်း တစ်ယောက်၏ ဟန်ပန်ဖြင့် ပြန်ပြောလိုက်၏။
“ဟဲဟဲ၊ ငါတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ သူတော်စင်မပဲ။ မလှဘဲနေမလား” ချန်ဖေးက ပြေားလိုက်၏။ ထိုသို့ ပြောနေစဉ်အတွင်း ချန်းဖေ အတော်လေးကို ဂုဏ်ယူနေခဲ့၏။ ထို့နောက် ချက်ချင်းပဲ ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ “ကောင်လေး၊ နောက်တစ်ကြိမ် သခင်မလေးကို မင်းရဲ့ ညစ်ညမ်းတဲ့ မျက်လုံးတွေနဲ့ ထပ်စိုက်ကြည့်ရဲ စိုက်ကြည့်ကြည့်၊ ဒီဆရာကိုယ်တိုင်း မင်းမျက်လုံးတွေကို တူးထုတ်ပစ်မယ်။ မင်းလို ဖားတစ်ကောင်က ငန်းသာ စားချင်နေတာလား။ မင်းက ကောင်းကင်နဲ့မြေပြင် ဘယ်လောက် ကွာခြားမှန်း တကယ်ကို မသိတာပဲ။ သူတော်စင်မက အရမ်းကို သန့်စင်ပြီး ကြင်နာတာကွ။ သူတော်စင်မနဲ့ ထိုက်တန်တဲ့လူ ဒီလောကကြီးမှာ မမွေးသေးဘူး။ သူမင်းကို တစ်ချက်ကြည့်လိုက်တာ မင်းဘိုးဘေး အစဉ်အဆက် စုဆောင်းခဲ့တဲ့ ကောင်းချီးတွေ အကုန်လုံးနဲ့ ညီမျှနေပြီ”
ထိုလူအိုကြီးက ထိုပုံစံဖြင့် တစ်ခဏကြာသည်အထိ ရန်ကိုင်ကို ရှုံ့ချ၍ သူတော်စင်မကို မိုးမွှန်အောင် အမွှန်းတင်ကာ ပြောဆိုနေခဲ့၏။
ရန်ကိုင်ကမူ မျက်ခွံသာ လှန်ပြနေခဲ့၏။ တိယောင်လောက် မချောသော်ငြား သူ့ပုံစံသည် အတော်လေးကို ချောမောပြီး သူရဲကောင်း ဆန်ပေ၏။ သူ့လို လူတစ်ယောက်က စုတ်ပြတ်နေသော လူတစ်ယောက်နှင့် ဘာကြောင့် တူရမည်နည်း။
သို့သော် ထိုကိစ္စလေး အတွက်နှင့် မငြင်းခုံချင်ရာ ခေါင်းကိုသာငုံ့၍ ချုန်ဖေးနောက်ကနေ လိုက်သွားခဲ့၏။
သို့သော် ထိုမိန်းမငယ်လေးသည် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ သူတော်စင်မတစ်ယောက် ဖြစ်နေသည့် အကြောင်း ကြားလိုက်ရသည့် အချိန်၌ ရန်ကိုင် အတော့်ကို အံ့အားသင့်သွားခဲ့ရ၏။
သူသိသလောက်ဆို သူတော်စင်မ ဆိုသည်မှာ မြင့်မြတ်ပြီး ထွတ်မြတ်သော တည်ရှိမှုတစ်ခု ဖြစ်၏။ သာမန်အခြေအနေမျိုး၌ သူတော်စင်မ တစ်ယောက်သည် လူမြင်ကွင်း၌ ပေါ်လာလေ့မရှိချေ။ ထိုသို့ဆိုလျှင် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မသည် သင်္ဘောတစ်စီးဖြင့် ဘာကြောင့် လျှောက်ပတ်နေရသနည်း။
မကြာခင်မှာပင် ချန်ဖေးသည် ရန်ကိုင်အား သင်္ဘော အောက်ခြေရှိ အခန့်တစ်ခန်းသို့ ခေါ်လာခဲ့လေ၏။
လှောင်ပြုံးပြုံးလျက် “အထဲဝင်တော့။ နောက်တစ်နေရာဆီ မရောက်မချင်း မင်းဒီမှာ နေရလိမ့်မယ်။ ခွင့်ပြုချက်မရဘဲ ထွက်လို့ မရဘူးနော်။ အစားကတော့ မင်းကို တစ်နေ့သုံးကြိမ် ပို့ပေးလိမ့်မယ်။ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ရဲ ထွက်ကြည့်၊ မင်းကို သင်္ဘောပေါ်ကနေ ပစ်ချလိုက်မှာ”
ထိုကျဉ်းကျုပ်လှသော နေရာလေးကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။
သို့သော် ပြဿနာ မရှာချင်သဖြင့် ဘာတစ်ခွန်းမှ မပြောဘဲ ဒီအတိုင်းသာ ဝင်သွားလိုက်၏။ ရန်ကိုင်က နာနာခ့ခံဖြင့် ပြုမူနေသည်ကို ကြည့်ရင်း ချုန်ဖေး အတော်လေး ကျေနပ်မိသွား၏။ ချက်ချင်း အခန်းတံခါးကို ပိတ်၍ လမ်းလျှောက် ထွက်သွားလိုက်လေ၏။
အခန်းသည် အခန်းဟု ဆို၍မရ။ ကျဉ်းကျုပ်လှသော မသတီစရာ အနံအသက်နှင့် သိုလှောင်ခန်းတစ်ခုဟုသာ ဆို၍ ရပေမည်။
သို့သော် ဘာမှ မတတ်နိုင်လေရာ ဤအတိုင်း နေရုံသာ ရှိ၏။ အခန်းတွင်း၌ ဘာအပိုပစ္စည်းမှ မရှိ။ ထို့ကြောင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကာ ပင်လယ်လေညင်းကို ခံစားလိုက်၏။
သင်္ဘောကြီးသည် ဖြည်းဖြည်းချင်း ရွေ့လျားနေခဲ့၏။ ရန်ကိုင်သည် ပြဿနာ မရှာခဲ့။ သင်္ဘောပေါ်ရှိ လူများ၏ လှုပ်ရှားမှုကိုပင် ချောင်းမကြည့်ခဲ့။ နေရာတွင်သာ တင်ပလင်ခွေ ထိုင်၍ ကျင့်ကြံနေခဲ့၏။
ထိုအချိန်အတွင်း ချုဖေးသည် သူ့အား တစ်နေ့ ထမင်းသုံးနပ် ပုံမှန်ပို့ပေး၏။ သို့သော် အားလုံးသည် ချက်ချင်သလိုသာ ချက်ထားခြင်း ဖြစ်၏။ ရန်ကိုင်လည်း ပို့လာသော ဟင်းခွက်ကို ကောက်စားလိုက်၏။ သို့သော် စားစားချင်းမှာပင် ငါးကို ဘာအရသာမှ မရှိအောင် ချက်နိုင်တာ အထင်ကြီးစရာပဲ
မသေမျိုးအဆင့် ဦးလေးချန်သည်လည်း ချုန်ဖေးကို ရန်ကိုင်အကြောင် မေးခဲ့၏။ ရန်ကိုင်သည် အခန်းထဲတွင်သာ နေ၍ ဘာပြဿနာမှ မရှာမှန်း သိလိုက်သည့်အခါ အတော်လေး ကျေနပ်သွားမိ၏။
ရံဖန်ရံခါ ပင်လယ်နေသားရဲများ၏ နှောင့်ယှတ်ခြင်း ခံရသော်ငြား သင်္ဘောပေါ်ရှိ ပညာရှင်များက အမြန် ဖြေရှင်းနိုင်ခဲ့၏။
ထိုတိုက်ပွဲများကိုကြည့်ရင်း သင်္ဘောပေါ်၍ မသေမျိုး အဆင့် ပညာရှင် အနည်းဆုံး ခြောက်ယောက်ရှိမှန်း ရန်ကိုင် သိလိုက်၏။ နှစ်ယောက်သည် တတိယအဆင့် ဖြစ်ပြီး ကျန်သူအားလုံးသည် ဒုတိယအဆင့်များ ဖြစ်ကြ၏။ ဦးလေးချန် ဆိုသည် တတိယအဆင့် ပညာရှင် တစ်ဦးဖြစ်၏။
သို့သော် ရန်ကိုင်ကို စိတ်ရှုပ်စေသည်ကား သင်္ဘောပေါ်တွင် သူတော်စင်အဆင့် ပညာရှင် ရှိမနေခြင်းပင်။ သူတော်စင်မ တစ်ယောက်၏ အဆင့်အတန်းသည် အတော့်ကိုမှ မြင့်မားလေရာ သူမအား လိုက်ပါ စောင့်ရှောက်ပေးနေသည့် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ရှိသင့်၏။
သို့သော် ရှိမနေခဲ့ရာ ရန်ကိုင် အတော်လေး ခေါင်းရှုပ်သွားခဲ့ရ၏။ သို့ရာတွင် ထိုကိစ္စသည် သူနှင့် မဆိုင်လေရာ အရမ်းကြီး တွေးမနေခဲ့ချေ။
အခန်းတွင်း၌ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မသည် လက်ပေါ် ခေါင်းတင်၍ ပြတင်းပေါက်ကို ငေးကြည့်ရင်း အတွေးထဲ နစ်မြောနေခဲ့၏။
သူမနေသော အခန်းသည် ရန်ကိုင် နေနေသည့် အခန်းထက် အဆရာပေါင်းများစွာ ပိုကောင်း၏။ အခန်း နှစ်ခန်းသည် မိုးနှင့်မြေလိုပင်။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၄၃) သူတို့နဲ့ဘာဆိုင်လို့လဲ
“သခင်မလေး ဘာတွေတွေးနေတာလဲ” သူတော်စင်မ ဘေးနားတွင် ရပ်နေသော အစေခံမလေးက သူမ သခင်မ ငေးငိုင်နေသည်ကို မြင်သော် မနေနိုင်ဘဲ မေးလိုက်မိ၏။
“ဘာမှတွေးနေတာ မဟုတ်ပါဘူး” သူတော်စင်မက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ သူမ မျက်နှာ မကောင်းသည်မှာ အထင်းသားပင်။
“နောက်တော်ဝင်သခင်ကို ရှာမတွေ့မှာ စိုးရိမ်နေတာလား” အစေခံမလေး ပေးအာက ပြုံးကာ မေးလိုက်၏။
“ငါဘာတော်ဝင်သခင်ကိုမှ မရှာချင်ဘူး” သူတော်စင်မက အသာအယာ သက်ပြင်းချလိုက်၏။
“ဒါပေမယ့် အဲ့ဒါက သခင်မလေးရဲ့ အရေးအကြီးဆုံး တာဝန်လေ” ပေးအာ၏ အမူအရာ မှုန်ကျသွားခဲ့၏။
“ငါသိတယ်။ ငါလည်း ရှာနေတာပဲ။ ဒါပေမယ့် သူက ပေါ်မှပေါ်မလာသေးတာ။ ငါလုပ်နိုင်တာ ဘာမှမရှိဘူးလေ”
“သူ့တစ်သက်လုံး ပေါ်မလာရင် ပိုကောင်းလိမ့်မယ်။ အဲ့လိုဆိုရင် သခင်မလေးလည်း ဘာကိုမှ စိုးရိမ်စရာ မလိုတော့ဘူး”
“ရှူး” သူတာ်စင်မလေးက နှုတ်ခမ်းထက် လက်လေး တင်ပြလိုက်ပြီး အခန်းတံခါးဆီ လှမ်းကြည့်လိုက်ရာ တိုးတိုးလေး ပြောလိုက်၏ “ငါကို ပြောတာ အဆင်ပြေတယ်။ ဒါပေမယ့် အခြားသူတွေ ကြားသွားလို့ မဖြစ်ဘူး။ အထူးသဖြင့် ဦးလေးချန်တို့ပဲ။ မဟုတ်ရင် ပြဿနာတွေ တက်လိမ့်မယ်”
“ကျွန်မသိတယ်” ပေးအာက ရွှတ်နောက်နောက်ဖြင့် လျှာလေး တစ်လစ်တစ်လစ် ထုတ်လိုက်ပြီး “ဒါပေမယ့် သခင်မလေး အရမ်းကြီး စိုးရိမ်နေစရာ မလိုဘူး။ ဘုံကိုးခုထွတ်မြတ်နယ်မြေမှာ သူတော်စင်မ လေးယောက်တောင် ရှိတာလေ။ သူတို့ထဲက တစ်ယောက်က သင့်လျော်တဲ့ တစ်ယောက်လောက်ကို တွေ့ရင်တွေ့မှာပေါ့”
“ရှာတွေ့တွေ့ မတွေ့တွေ့ ကိစ္စမရှိဘူး” သူတော်စင်မက အသာအယာ သက်ပြင်းချလိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ “ထိုင်နေတာ တော်လောက်ပြီ။ လေကောင်းလေသန့် သွားရှူလိုက်ဦးမယ်”
“အင်း” ပေးအာက အမြန်အဆန် ခေါင်းညိတ်လိုက်၏။
အခန်းထဲမှ ထွက်၍ ကုန်းပတ်ပေါ် လမ်းတစ်ပတ် ပတ်လျှောက်ပြီးနောက် သူတော်စင်မ တော်တော်လေး စိတ်ကြည်သွားခဲ့၏။ လမ်းလျှောက်နေစဉ်အတွင်း ရန်ကိုင်ကို ရုတ်တရက် တွေးမိလိုက်ပြီး အနီးအနာရှိ တပည့်တစ်ယောက်ကို ရန်ကိုင် အကြောင်း မေးလိုက်၏။
သင်္ဘောပေါ် ရောက်သည့်အချိန်မှစ၍ ရန်ကိုင်သည် သူ့အား ပေးထားသည့် အခန်းထဲမှ တစ်ခါမှ မထွက်ကြောင်း ကြားလိုက်ရသည့်အခါ သူတော်စင်မ မျက်မှောင် ကြုံ့သွားခဲ့၏။
အထူး အကြောင်းပြချက် အချို့ကြောင့် သူမသည် ယေဘုယျအားဖြင့် အခြားသူ၏ အတွေးများကို မြင်နိုင်ပေ၏။ ထို့ကြောင့် ရန်ကိုင်ကို မြင်လိုက်သည့် အချိန်၌ တစ်ဖက်လူသည် သူမတို့အပေါ် မကောင်းသော ရည်ရွယ်ချက်မရှိမှန်း သိလိုက်ခြင်း ဖြစ်၏။ သို့သော် ရန်ကိုင်သည် အနည်းငယ် ထူးဆန်းသည်ဟု သူမစိတ်ထဲ ခံစားနေခဲ့ရ၏။ ရန်ကိုင်၏ ခန္ဓာကိုယ်ကို မြူခိုးတစ်ခုက လွှမ်းခြုံထားသည့်အလား၊ သူ့ကို မြင်နေရသော်ငြား သူ့အား အပြည့်အဝ နားမလည်နိုင်ခဲ့ချေ။
သို့သော် ရန်ကိုင်သည် မည်သည့် ပြဿနာမှ မရှာဘဲ သူ့အခန်းထဲ၌သာ ငြိမ်ငြိမ်လေး နေနေရာ သူမလည်း သူနှင့် ဘာအပိုစကားမှ သွားပြောနေစရာ မလိုချေ။ ထို့ကြောင့် ကုန်ပတ်ပေါ် တစ်ပတ်နှစ်ပတ်လောက် လမ်းပတ်လျှောက်ပြီးနောက် အခန်းထဲသို့သာ ပြန်လာခဲ့လေ၏။
တစ်ရက်ချင်း တစ်ရက်ချင်း ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင် သင်္ဘောပေါ်သို့ ရောက်နေခဲ့သည်မှာ တစ်လလောက် ရှိသွားခဲ့လေပြီ။ တင်ပလင်ခွေထိုင်၍ သိုင်းတာအို သဘောတရားများကို နားလည်ဆင်ခြင်နေစဉ်အတွင်း မြေနံသင်းသင်းလေးကို ရလိုက်၏။
ပြတင်းပေါက်မှ အပြင်ဘက်သို့ အမြန်အဆန် လှမ်းကြည့်လိုက်သည့်အခါ တကွဲတပြားစီ ဖြစ်နေသော ကျွန်းအစုအဝေးတစ်ခုကို မြင်တွေ့လိုက်ရ၏။
စိတ်အားတက်သွားခဲ့ပြီး အမြန်အဆန် ထလိုက်၏။
ထိုကျဉ်းကျပ်လှသော အခန်းသေးလေးထဲ ထိုင်နေရသည်မှာ အရမ်းကိုမှ အသက်ရှူကြပ်စရာ ကောင်းလှ၏။ ထို့ကြောင့် ဤနေရာမှ လွတ်မြောက် နိုင်တော့မည် ဖြစ်ကြောင်း သိလိုက်ရသည့်အခါ အဘယ်ကြောင့် သူမပျော်ဘဲ နေရမည်နည်း။
နေ့ဝက်ကြာပြီးနောက် သင်္ဘောသည် ဆိပ်ကမ်းတစ်ခု၌ ဆိုက်ကပ်ခဲ့၏။ မကြာခင်မှာဘဲ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ခဏအကြာ၌ ချုန်ဖေးဆိုသောလူ အခန်တံခါးကို တွန့်ဖွင့်ဝင်လာခဲ့ပြီး ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်၏ “ကောင်လေး၊ ရောက်ပြီ။ ထွက်လာခဲ့တော့”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်လိုက်၏။
ကုန်းပတ်ပေါ်၍ ဘုံကိုးခုမှ တပည့်များသည် အစီအစဉ်တကျဖြင့် ဆင်းနေခဲ့၏။ ဒေသမျက်နှာဖုံးများ ဖြစ်ကြသော အင်အားစုများကမူ ဘုံကိုးခုမှ ကျင့်ကြံသူများကို ဖားဖားယားယား အမူအရာများဖြင့် ဝမ်းပန်းတသာ ဆီးကြို နှုတ်ဆက်နေခဲ့ကြ၏။
ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မကို ကုန်းပတ်ပေါ်တွင် တွေ့လိုက်ရာ ခဏ စဉ်းစားပြီးနောက် သူမဆီ တိုက်ရိုက်လမ်းလျှောက်သွားလိုက်၏။
သူ့အပြုအမူသည် ကျင့်ကြံသူအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။ ဦးလေးချန်ဆိုသူသည် အစစ်အမှန်ချီကို လှည့်ပတ်၍ ရန်ကိုင်ကို သုန်မှုန်နေသော အမူအရာဖြင့် တိုက်ရိုက်စိုက်ကြည့်လိုက်၏။
ရန်ကိုင် မဟုတ်တာ တစ်ခုခု လုပ်လိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်ထားသည့်ပုံပင်။
ရန်ကိုင်ကမူ သူတို့အားလုံးကို သတိမပြုမိသည့် အလား သူတော်စင်မနှင့် မနီးမဝေး တစ်နေရာဆီ တိုက်ရိုက် လမ်းလျှောက်သွားလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်၏ “ကျုပ်ကို ကယ်ခဲ့တဲ့အတွက် သခင်မလေးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီကြင်နာမှုကို ကျုပ်စိတ်ထဲ အမြဲမှတ်သားထားမှာပါ။ သခင်မလေး အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
ရန်ကိုင် စကားလုံးများနှင့် အပြုအမူသည် သူမ မြင်တွေ့ခဲ့ရူများနှင့် တစ်မျိုးတစ်ဖုံ ကွာခြားနေသဖြင့် သူတော်စင်မ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ ထို့ကြောင့် အသာအယာ ခေါင်းညိတ်လိုက်၍ ပြန်ပြောလိုက်၏ “အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ အခုကနေစပြီး ပင်လယ်ထဲ နောက်တစ်ကြိမ် လမ်းထပ်မပျောက်ဖို့သာ သတိထားပေတော့”
“အခုလို စိုးရိမ်ပေးတဲ့အတွက် သခင်မလေးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်သွားလိုက်ပါဦးမယ်”
ပြောပြီးသည်နှင့် သင်္ဘောပေါ်မှ အမြန် လှည့်ထွက်သွားလိုက်လေ၏။
“လျှာထက်တဲ့ကော်ငပဲ” ဦးလေးချန်သည် ရန်ကိုင်ကို အမြင်မကြည်သည့် ပုံပင်။ ထို့ကြောင့် ရန်ကိုင်စကားကို ကြားသော်လည် အေးစက်စက် လေသ့ဖြင့် နှာခေါင်းရှုံ့ ရေရွတ်လိုက်၏။
“သူက ရိုးသားပါတယ်” သူတော်စင်မက ရန်ကိုင် ပျောက်ကွယ်သွားရာ အရပ်ဆီ လှမ်းကြည်ပြီး တခစ်ခစ် ရယ်မောလိုက်၏။
သူတော်စင်မလေး၏ အပြုံးလေးကြောင့် အနားတွင် ရှိနေသော အကြီးအငယ် ကျင့်ကြံသူအားလုံး တစ်ခဏတာ မိန်းမောသွားခဲ့ရ၏။ ဦးလေးချန်က အသံအကျယ်ကျယ် နှာခေါင်းရှုံ့ပြလိုက်မှပဲ အကုန်လုံး အသိပြန်ဝင်လာခဲ့ပြီး ကိုးယိုးကားယား အမူအရာဖြင့် လုပ်လက်စ အလုပ်ကို ပြန်လုပ်ကြလေ၏။
သင်္ဘောပေါ်မှ ထွက်လာပြီးနောက် ရန်ကိုင်သည် ကျွန်းတစ်လျှောက် လိုက်ပတ်ကြည့်နေခဲ့၏။
ကျွန်းပေါ်သည် သွားလာလှုပ်ရှားနေသည့် ကျင့်ကြံသူ များစွာ ရှိနေခဲ့၏။ သို့သော် ဤကျွန်းသည် ရေဝိဥာဉ် ဘုရားကျောင်း ပိုင်ဆိုင်ထားသည့် ကျွန်းများလောက် မိုးမြေစွမ်းအင် ပေါကြွယ်ဝခြင်း မရှိချေ။
ထို့ပြင် ဤအနီးအနား ပတ်ဝန်းကျင်၌ အားကောင်းသော ရေနေမွန်းစတားသားရဲများ မရှိသည့် ပုံပင်။ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ကျင့်ကြံသူများကို လာကြိုဆိုသည့် လူများ၌ အားအကောင်းဆုံးသည် မသေမျိုး ဒုတိယအဆင့်ကိုသာ ရောက်သေးသည့် ဆံဖြူလူအိုကြီးတစ်ဦး ဖြစ်၏။
ထို့ပြင် ဤကျွန်း၏ အရှင်သခင်ဖြစ်သော အင်အားစုများသည်လည်း အရမ်းကြီး အားကောင်းခြင်း မရှိကြချေ။
လူအုပ်ကြီးကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရေဝိဥာဉ်ဘုရားကျောင်းနှင့် မတူညီစွာ ဤကျွန်း၌ လေလွင့်ကျင့်ကြံသူ များစွာ ရှိနေခဲ့၏။
ကျွန်းတစ်ဝိုက် လမ်းပတ်လျှောက်ပြီးနောက် တည်းခိုခန်းတစ်ခုထဲ ဝင်ထိုင်လိုက်၏။ ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတစ်ခုကို ရွေး၍ အစားအစာ အချို့ မှာယူလိုက်၏။
စားပွဲထိုးလေးသည့် ရန်ကိုင် မှာထားသည့် အစားအစာများကို လာပို့ပြီး ပြန်ထွက်မည်အပြု ရန်ကိုင်က ပြန်ခေါ်လိုက်၏။
“ဘာများမှာချင်သေးလို့ပါလဲ” စားပွဲထိုးက အပြုံးဖြင့် မေးလိုက်၏။
ရန်ကိုင်က ဘာမှမပြောဘဲ သလင်းကျောက် နှစ်တုံးကိုသာ စားပွဲပေါ် တင်ပေးလိုက်၏။
စားပွဲထိုး၏ မျက်ဝန်းများ လင်းလက်သွားခဲ့ပြီး ချက်ချင်း ဖားဖားယားယား ပြုံးလိုက်ကာ လေးလေးစားစားဖြင့် “ဧည့်သည့်၊ ဒီဟင်းလျာတွေက သလင်းကျောက် နှစ်တုံး မတန်ဘူးလေ”
“မေးစရား နည်းနည်းပါးပါးရှိလို့။ မင်းအဖြေက ငါ့ကို စိတ်ကျေနပ်တယ်ဆိုရင် ပိုတာက မင်းအပိုင်ပဲ”
“ဧည့်သည့် သိချင်တာရှိရင် မေးလေ။ ဒီတစ်ယောက် အမှန်အတိုင်း ဖြေပေးပါ့မယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ခဏ စဉ်စားလိုက်ပြီးနောက် မေးလိုက်၏ “အရင်းဆုံး၊ ဒီနေရာကို ဘယ်လိုခေါ်လဲ”
ရန်ကိုင် မေးခွန်းကို ကြားကြားချင်း စားပွဲထိုး ကြောင်သွားခဲ့ ခဏအကြာ၌ ပြုံးလိုက်ကာ “ဧည့်သည့်က ဒီနေရာကိုတောင် မသိတာလား။ အဲ့လိုဆိုရင် ဧည့်သည်က ဒီနေရာကို ဘယ်လိုလုပ်ပြီး…”
သို့သော်လည်း စကားပင် ဆုံးအောင် မပြောရ သေးခင်မှာပင် ရန်ကိုင် စိတ်မရှည်တော့သည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပဲ လိုရင်းကို တန်းပြောလိုက်၏ “ဒါက မိုးပြာပင်လယ်ကျွန်းပါ…”
“ဒီနေရာက အင်အားစုတွေကကော”
“ဒီကျွန်းတစ်ဝိုက်မှာတော့ ချန်မိသားစု၊ ဝမ်မိသားစု၊ ဟိုင်မိသားစု…” စားပွဲထိုးက အင်အားစုများစွာကို တစ်ခုချင်း၊ တစ်ခုချင်း ရေရွတ်ပြသွားခဲ့၏။
စားပွဲထိုး ရှင်းပြသည်ကို နားထောင်ပြီးနောက် အနီးအနား တစ်ဝိုက်ရှိ ကျွန်းများကို မိသားစုကြီးခုနှစ်ခု မဟာမိတ်ဆိုသော အဖွဲ့တစ်ခုက ထိန်းချုပ်ထားမှန်း ရန်ကိုင် နားလည်လိုက်၏။
နှစ်ဆယ်၊ သုံးဆယ်မကသော ဤကျွန်းများတွင် ထိုမိသားစုကြီး (၇)သည် အားအကောင်းဆုံး ဖြစ်၏။ သို့သော် ထိုမိသားစုကြီးများသည် အရမ်းကြီး အားမကောင်းကြ။ ၎င်းတို့၏ အားအကောင်းဆုံးသော လူသည် မသေမျိုး ဒုတိယအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြ၏။
ရန်ကိုင်က ရေဝိဥာဉ်ဘုရားကျောင်း မည်သည့် နေရာတွင် ရှိသလဲဟု မေးလိုက်ရာ စားပွဲထိုး၏ အဖြေကြောင့် သူကြောင်အသွားခဲ့ရ၏။
ရေဝိဥာဉ်ဘုရားကျောင်းသည် သူလာခဲ့သည့် အရပ်နှင့် ဆန့်ကျင်ဘက်တွင် ရှိနေခဲ့ကာ ဤနေရာနှင့် ကီလိုမီတာ သောင်းကျော်မက ကွာဝေး၏။
ထိုအကြောင်းကို သိလိုက်သည်နှင့် ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းခါရမ်းလိုက်၏။ ရေဝိဥာဉ် ဘုရားကျောင်းသို့ သွားပြီး ရွှေးလင်ကို ကျေးဇူးတင်စကား ပြောရန် အတော်လေး အားထုတ်ဖို့ လိုသေးသည့်ပုံပင်။
ဤနေရာမှ အဓိကကုန်းမြေကြီးနှင့် အနီးဆုံး နေရာသို့ သွားမည်ဆိုပါက အနည်းဆုံး တစ်လကြာပေမည်။
“ဒီနေရာမှ ဆေးပညာရှင် အစည်းအရုံး အခွဲ တစ်ခုလောက် ရှိလား” ရန်ကိုင်က မေးလိုက်၏။
စားပွဲထိုး ခေါင်းခါရမ်းလိုက်၏။
ဒီနေရာက တကယ့်တောပဲ ရန်ကိုင် တွေးလိုက်၏။ ဆေးပညာရှင် အစည်းအရုံး အခွဲတစ်ခုပင် မရှိလေရာ ဤနေရာ မည်မျှ ချောင်ကျကြောင်း ပြသနေခဲ့၏။
“ဒီက ဧည့်သည်က ဆေးပညာရှင် တစ်ယောက်လား” ရန်ကိုင် ထိုမေးခွန်း မေးလာသည်ကို ကြားသည်နှင့် ထိုအချက်ကို ချက်ချင်း ရိပ်မိသွားခဲ့၏။
“ဘာလို့ မေးတာလဲ” ရန်ကိုင်က စားပွဲထိုးကို ပြန်ကြည့်လိုက်၏။
“မိသားစုကြီး(၇)ခုက ဆေးပညာရှင်တွေကို အသည်းအသန် စုဆောင်းနေကြတာ။ ပေးတဲ့ ဆုတွေကလည်း ရှယ်တွေကြီးပဲ။ ဧည့်သည် ပိုက်ဆံ ရှာချင်တယ်ဆိုရင် သူတို့ဆီ သွားလို့ရတယ်လို့ ပြောမလို့ပါ”
ရန်ကိုင်က သူ့စိတ်ထဲ ကြိတ်ရယ်နေခဲ့၏။ ထိုကဲ့သို့ အကြံမျိုးကို သူလုံးဝ စိတ်မဝင်စားချေ။
မည်ကဲ့သို့သော ဆုရမည်ကို သူမစိတ်မဝင်စားချေ။ သူ့ဆေးစွမ်းရည် တိုးတက်အောင် လုပ်ဆောင်ရန်ကိုသာ စိတ်ထဲထား၏။ သို့သော် သူကြားရသလောက်ဆိုရင် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့၌ သူ့ဆေးစွမ်းရည် တိုးတက်အောင် လေ့ကျင့်ရန်အတွက် ဆေးပင် များများစားစား မရှိချေ။
“ဟုတ်သားပဲ။ ဒီမှာ ဘာလို့ ကျင့်ကြံသူတွေ အများကြီး ရှိနေတာလဲ။ ပြီးရင် အကုန်လုံးလိုလိုက တစ်ခုခု အာရုံစိုက်လာအောင် လုပ်နေတဲ့ပုံစံမျိုး” ရန်ကိုင်က ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်၏။
ကျွန်းပေါ်သို့ ရောက်ကတည်းက တစ်ခုခု ထူးဆန်းနေသည်ကို သူသတိပြုမိ၏။ လူငယ်တိုင်းသည် သေသေချာချာ၊ သန့်သန့်ပြန့်ပြန့် ဝတ်စားထားကြပြီး တစ်ခုခု အာရုံစိုက်လာအောင် လုပ်ချင်နေသည့်အလား စကားပြောရာတွင်လည်း မြင့်မြတ်ပြီး ပညာရှိသော ကျောင်းတော်သား ပုံစံမျိုး လုပ်နေခဲ့ကြ၏။
တကယ်ဆိုလျှင် လူငယ်များသာ မဟုတ်ချေ။ သက်လတ်ပိုင်း လူကြီးများပင် ထိုကဲ့သို့ ပြုမူနေကြ၏။
ထိုလူများ၏ ဝတ်စားဆင်ယင်ပုံ၊ ပြုမူပြောဆိုပုံကြောင့် ရန်ကိုင် အတော်လေး ခေါင်းရှုပ်သွားခဲ့ရ၏။
“ဧည့်သည့် မသိသေးဘူးလား” စားပွဲထိုးက ညစ်ပြုံးပြုံးလျက် ပြန်မေးလိုက်၏။
“ငါဘာကိုသိရမှာလဲ” ရန်ကိုင်က စိတ်ညစ်သွားသည့် ပုံစံဖြင့် စားပွဲပေါ်ရှိ သလင်းကျောက်နှစ်တုံးကို ပြန်ယူဖို့ လုပ်လိုက်၏။
သို့သော် စားပွဲထိုးက သူ့လက်မရောက်ခင် သလင်းကျောက် နှစ်တုံးကို အမြန်အဆန် ယူလိုက်ပြီး ရန်ကိုင်ကို ကျေးဇူးတင်စကား ဆိုကာ နားနားကပ်၍ ပြောလိုက်၏ “ဘုံကိုးခုထွတ်မြတ်နယ်မြေက သူတော်စင်မက ဒီနေ့ ဒီကိုရောက်လာမယ်လေ။ အဲ့ဒါကြောင့် အားလုံးက လူယဉ်ကျေး ကျောင်းတော်သား ပုံစံ ဟန်ထုတ်ပြနေကြတာ”
ထိုစကားကို ကြားလျှင် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး “သူတော်စင်မ ဒီကိုလာတာ သူတိုနဲ့ ဘာဆိုင်လို့လဲ”
“သူတို့နဲ့ ဆိုင်တာပေါ့” ရန်ကိုင်က ထိုအကြောင်းကို မသိသေးမှန်း နားလည်လိုက်သည်နှင့် စားပွဲထိုးလည်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ထို့ကြောင့် အမြန်အဆန် ရှင်းပြလိုက်လေ၏ “သူတော်စင်မ အပြင်ထွက်လာတာက ဘုံကိုးခုထွတ်မြတ်နယ်မြေက နောက်ထပ်တော်ဝင်သခင် တစ်ယောက် ရှာနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ တစ်ယောက်ယောက်သာ သူတော်စင်မရဲ့ အာရုံကို ဖမ်းစားလိုက်နိုင်တာနဲ့ နဂါးဂိတ်ကို ခုန်ကျော် သွားနိုင်တဲ့ ငါးတစ်ကောင်လို ဖြစ်သွားမှာလေ”
“သူတို့ကို ပြောနေတာလား” ရန်ကိုင်က ကိုယ့်ကိုယ်ကို အဟုတ်သား ထင်နေကြသည့် သောက်သုံးမကျသော အရူးများကို ဝေ့ကြည့်ရင်း ပြန်မေးလိုက်၏။ ထို့နောက် အထင်အမြင် သေးသေးဖြင့် ပြုံးလိုက်ပြီး ထပ်ပြောလိုက်၏ “သူတော်စင်မက ကန်းနေမှပဲ အဲ့သောက်ရူးတွေကိုပဲ ရွေးလိမ့်မယ်”
“ရှူး…” စားပွဲထိုးက ရန်ကိုင်ကို တိုးတိုးပြောရန် လုပ်ပြလိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားလျက် လှည့်ပတ် ကြည့်လိုက်ကာ တိုးတိုးလေး ပြောလိုက်၏ “ဧည့်သည့် အဲ့လို အကျယ်ကြီး မပြောနဲ့လေ။ မဟုတ်ရင် လူမုန်းခံရလိမ့်မယ်။ ဘယ်သူ့ကိုရွေးမယ်ဆိုတာ သူတော်စင်မ ဆုံးဖြတ်ရမယ့် အရာလေ။ ဘယ်သူမှ သွားပြောလို့ ရတာမှမဟုတ်တာ။ ဘုံကိုးခုထွတ်မြတ် နယ်မြေက သူတော်စင်မ ထွက်လာတိုင်း အခုလိုပဲ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက သူတော်စင်မ ထွက်လာတော့မယ်လို့ ဘုံကိုးခုထွတ်မြတ်နယ်မြေက သတင်းလွှင့်ခဲ့တယ်လေ။ လွန်ခဲ့တဲ့ လဝက်လောက် ကတည်းက မိုးပြာပင်လယ်ကျွန်းက အရမ်းကို စည်းကားလားတာ။ ဘာလို့လဲဆိုတော့ သူတော်စင်မက ဒီမှာ ရပ်နားမယ်လို့ သတင်းတွေ ထွက်လာလို့လေ။ မဟုတ်ရင် ဒီလို ချောင်ကျတဲ့နေရာမျိုးမှာ ဘယ်လိုလုပ်ပြီး အပြင်လူတွေ အများကြီး ရှိမှာလဲ”
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၄၄) ရှေးဟောင်းအပျက်အစီးများ
ရန်ကိုင် ထုန်းရွှမ်လောကကြီးဆီသို့ ရောက်သည်မှာ လေးနှစ်ပြည့်တော့မည် ဖြစ်သော်ငြား ယခုအချိန်ထိတိုင် အမျိုးမျိုးသော ရိုးရာဓလေ့များနှင့် ပက်သက်လာလျှင် သူသည် ဗဟုသုတ မရှိသည့် လူတစ်ယောက် ဖြစ်နေတုန်းပင်။
စားပွဲထိုးပြောသည်ကို နားထောင်ပြီးနောက် သူတော်စင်မ ခရီးထွက်ခြင်းသည် အလွန့်ကိုမှ ကြီးကျယ်ခမ်းနားသည့် အဖြစ်အပျက်တစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်လိုက်၏။
ထို့ပြင် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မ တစ်ယောက်မက ထွက်လာကြောင်းကိုလည်း သူသိလိုက်ရ၏။
စုစုပေါင်း သူတော်စင်မ လေးယောက်ရှိပြီး တစ်ယောက်ချင်းစီသည် အရပ်မျက်နှာ တစ်ခုစီသို့ ခရီးထွက်ခဲ့ခြင်း ဖြစ်၏။
ထိုသူတော်စင်မများသည် ငယ်စဉ်တောင်ကျေး ဘဝမှစ၍ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ပြုစုပျိုးထောင် ပေးခံခဲ့ရခြင်း ဖြစ်၏။ တင်းကြပ်သော လူရွေးပွဲကို ကျော်ဖြတ်ပြီးမှသော ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး အထူးကျင့်စဉ်တစ်ခုကို လေ့ကျင့်ခဲ့ရ၏။
ယခုတစ်ကြိမ် သူတော်စင်မ ခရီးထွက်လာရခြင်းသည် တော်ဝင်သခင် အသစ်တစ်ယောက်ကို ရှာဖွေဖို့ပင်။
ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ လက်ရှိ တော်ဝင်သခင်သည် အသက်ကြီးလာပြီး မကြာခင် ကွယ်လွန်တော့ပေမည်။ ထို့ကြောင့် သူတော်စင်မများက နောက်ထပ် တော်ဝင်သခင်အသစ် တစ်ယောက်ကို ကြိုရှာထားခြင်း ဖြစ်၏။
မည်ကဲ့သို့သော နည်းလမ်းများသုံး၍ နောက်ထပ် တော်ဝင်သခင်အသစ် တစ်ယောက်ကို ရှာလဲဆိုသည်ကိုမူ မည်သူမှ မသိကြချေ။ တော်ဝင်သခင်နှင့် သူတော်စင်မများသာ သိကြ၏။
သမိုင်းကြောင်း မှတ်တမ်းများအရ ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ တော်ဝင်သခင် ကိုးယောက်သည် အမျိုးမျိုးသော နောက်ခံများမှ လာခဲ့ခြင်း ဖြစ်၏။
အချို့သည် ကျော်ကြားသော လူငယ်လေးများ ဖြစ်ကြပြီး အချို့သည် သာမန် ကုန်သည်များ ဖြစ်ကြ၏။ အချို့ဆိုလျှင် သာမန်ထက်ပင် နိမ့်ကျသော ပါရမီကို ပိုင်ဆိုင်ထားကြ၏။ သို့သော်လည်း သူတို့အားလုံး ဘုံကိုးခုထွတ်မြတ်နယ်မြေကို ဝင်ရောက်ပြီးနောက် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြ၏။
အသက်အရပြောရမည်ဆိုလျှင် သူတော်စင်မများ မတွေ့ခင် အချိန်က ထိုလူကိုးယောက်စလုံးသည် အသက်(၂၀) စွန်းစွန်းမှ အသက်(၆၀)ကျော်ထိ ရှိကြ၏။
သူတော်စင်မများသည် တစ်မျိုးတစ်ဖုံ ထူးခြားသော အမြင်စွမ်းရည်ကို သုံးလျက် ထိုလူများကို ရှာဖွေခဲ့သည့် ပုံပင်။
ထိုအတွက်ကြောင့်ပဲ ဘုံကိုးခုထွတ်မြတ်နယ်မြေ ရောက်ရှိလာသည့် အချိန်၌ လူငယ်လူရွယ် အားလုံးသည် သူတော်စင်မ၏ ရွေးချယ်ခြင်း ခံရနိုးနိုးဖြင့် ဟန်ထုတ် ပြနေကြခြင်း ဖြစ်၏။ တကယ်တော့ သူတို့သာ သူတော်စင်မ၏ ရွေးချယ်ခြင်း ခံလိုက်ရပါက အတိတ်ဘဝ အဆက်ဆက်က သူတို့ လုပ်ဆောင်ခဲ့သည် ကုသိုလ်ကောင်းမှုများကြောင့်ဟုသာ ဆိုရပေတော့မည်။
ထို့ကြောင့် ကျွန်းပေါ်ရှိ လူငယ်ပေါင်းများစွာသည် အရှက်မရှိ ဟိတ်ဟန်ထုတ်ပြနေခြင်း ဖြစ်၏။
နောက်ထပ် တော်ဝင်သခင် တစ်ယောက်ကို သူတော်စင်မ မည်သည့်အချိန်၌ ရွေးမည်၊ မည်ကဲ့သို့ ရွေးမည်ကို မည်သူမှ မသိကြချေ။ ထို့ကြောင့် အခွင့်အရေးကို လက်မလွှတ်ရလေအောင် သူတို့၏ အရည်အချင်းကို အကောင်းဆုံး ထုတ်ပြနေရုံသာ ရှိ၏။
ထိုစကားကို ကြားသော် ရန်ကိုင် မှင်သက်သွားခဲ့၏။ ထို့ကဲ့သို့လည်း ဖြစ်နိုင်လိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့။
“မင်းကြည့်ရတာ ဒီအကြောင်းကို တော်တော်လေး သိထားတဲ့ပုံပဲ”
စားပွဲးထိုးက အဓိပ္ပါယ်ပါပါ ပြုံးကာ ပြန်ပြောလိုက်၏ “ဒီကဧည့်သည်က လွဲပြီး ကျွန်ပေါ်မှာ ရှိနေတဲ့လူအားလုံး ဒီအကြောင်းကို သိနေမယ်မှန်း ကျွန်တော် လောင်းရဲတယ်”
“အဲ့လိုဆိုရင် ဒီကိစ္စနဲ့ ပက်သက်ပြီး မင်းမှာ အခွင့်အရေး ရှိသေးတယ်” ရန်ကိုင်က စားပွဲထိုးကို ကြည့်ကာ ပြောလိုက်၏။ စားပွဲထိုးပြောပုံအရ ယခင် တော်ဝင်သခင်များ၏ အရည်အချင်းသည် သာမန် ပြည်သူပြည်သားများထက်ပင် နိမ့်ကျသေး၏။
“ဟုတ်တာပေါ့။ ဘာလို့ မဟုတ်ရမှာလဲ” စားပွဲထိုးက ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမယ့် သူတော်စင်မလို လူမျိုးက ကျွန်တော့်လို လူမျိုးကို သတိထားမိသွားအောင် ဘယ်လိုလုပ်ပြီး လုပ်နိုင်ပါ့မလဲ။ သတိပြုမိ သွားခဲ့ရင်တော့ ကျွန်တော့်ရဲ့ ကံကောင်းမှုပဲပေါ့။ သတိမပြုမိဘူး ဆိုရင်လည်း သတိမပြုမိလို့ပဲပေါ့။ ဒါကြောင့် အဲ့လိုမျိုး ကိုယ့်ကိုယ်ကို ဟိတ်ဟန်ထုတ်တဲ့ အသုံးမဝင်တဲ့ အလုပ်တွေကို မလုပ်ဘဲ ကိုယ့်စီးပွားရေး ကိုယ်လုပ်နေတာပေါ့”
“လေးစားစရာပဲ” ရန်ကိုက် လက်သီးဆုပ်ကာ ပြောလိုက်ပြီး ခေါင်ညိတ်ကာ “အင်း၊ မင်းကံကောင်းပါစေလို့ ငါဆုတောင်းပေးလိုက်မယ်”
“ပေးတဲ့ဆုနဲ့ ပြည့်ရပါစေဗျာ” စားပွဲထိုးလေးက ပြုံးကာ ပြန်ပြောလိုက်ပြီးနောက် သူ့အလုပ်သူ ပြန်လုပ်တော့လေ၏။
သောက်စားပြီးနောက် တည်းခိုခန်းမှ ထွက်လာလိုက်၏။
ယခုလောလောဆယ် သူ့တွင် အလျင်စလို လုပ်ရမည့် ဘာအလုပ်မှ ရှိမနေခဲ့ရာ ရန်ကိုင်လည်း အလျင်လိုမနေခဲ့။ ဘုံကိုးခုထွတ်မြတ်နယ်မြေ တော်ဝင်သခင်အသစ် တစ်ယောက်ကို ရှာနေသည့် ကိစ္စကို သူလည်း အတော်လေး စိတ်ဝင်စားနေမိ၏။ သူတော်စင်မ ဆိုသူသည် မည်ကဲ့သို့သော လူမျိုးကို စိတ်ဝင်စားမည်ကို သူလည်း အတော်လေး သိချင်နေမိ၏။
ထို့ကြောင့် ရန်ကိုင်လည်း စိတ်လှုပ်ရှားစွာဖြင့် လိုက်ပတ်ကြည့်နေမိ၏။
အနီးအနားရှိ ကျွန်းနှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်တို့သည် အတော်လေးကို သက်ဝင် စည်းကာနေခဲ့၏။ သူတော်စင်မ ရောက်ရှိလာသည့် အတွက် လူငယ်အားလုံးသည် သူတို့ကိုယ်သူတို့ လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ပြုမူနေခဲ့ကြ၏။
ရန်ကိုင်သည် နောက်ဆယ်ရက်ကို ကျွန်းတစ်ဝိုက် လိုက်ပတ်ကြည့်ရင်းဖြင့်သာ အချိန်ဖြုန်းနေခဲ့၏။ ထိုသို့ အချိန်ဖြုန်းနေရင်း ဆေးပင်များကို ဝယ်ယူရန် ကြိုးစားခဲ့သော်လည်း သူရှာနေသော ဆေးပင်များကို မတွေ့ခဲ့ရချေ။
သူတော်စင်မ ရောက်လာသည်နှင့် သူမသည် တော်ဝင်သခင်တစ်ကို မရှာဘဲ တစ်နေရာရာ၌ သွားပုန်းနေသည့်အလား သူမ၏ အရိပ်အယောင် တစ်စွန်းတစ်စကိုပင် မတွေ့ရတော့ချေ။
ရန်ကိုင် လှည့်ပတ်လို့ ပြီးသွားသည့်အချိန်၌ ကျွန်းတစ်ကျွန်းရှိ ကြီးကျယ်ခမ်းနားသော နန်းတော် ထဲ၌ မသေမျိုး တတိယအဆင့် ဖြစ်သော ဦးလေးချန်သည် သူတော်စင်မဆီသို့ လေးလေးစားစားဖြင့် လမ်းလျှောက် သွားလိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်၏ “သခင်မလေး၊ မတွေ့သေးဘူးလား”
သူတော်စင်မက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။
ဦးလေးချန်က အသာအယာ သက်ပြင်းချ၍ တိုးတိုးလေး ရေရွတ်လိုက်၏ “ဒီနေရာက ကျုပ်တို့ ရောက်ခဲ့တဲ့ ရှစ်ခုမြောက်နေရာပဲ။ တော်ဝင်သခင် အသစ်က ဒီနားမှာ မရှိသေးတဲ့ပုံပဲ။ ရက်နည်းနည်း ကြာရင် နောက်တစ်နေရာဆီ ထပ်သွားကြတာပေါ့”
သူတော်စင်မက အသာအယာ ခေါင်းညိတ်၍ ဘာမှ ပြန်မပြောခဲ့။
ငယ်စဉ်မှစ၍ မည်ကဲ့သို့သော တာဝန်ကို သူမ ထပ်ပိုးထားရသည်ကို သိထားပြီး အဆုံးထိရောက်သည့် တိုင်အောင် အားထုတ်ကြိုးစားခဲ့၏။ သူမတို့ ညီအစ်မ လေးယောက်ထဲမှ တစ်ယောက်သည် တော်ဝင်သခင် အသစ် ဖြစ်လာမည့် လူတစ်ယောက်ကို ဤအဆုံးမဲ့သော လူအုပ်ကြီးထဲ ရှာတွေ့ပေလိမ့်မည်။
“ဦးလေးချန်၊ ဒီကို ရောက်ပြီးကတည်းက မထွက်ရသေးဘူးဆိုတော့ ဒီနေ့ ပေးအာကိုခေါ်ပြီး ရှုခင်း လျှောက်ပတ်ကြည့်ချင်တယ်၊ အဆင်ပြေမလား” သူတော်စင်မက ရုတ်တရက် မေးမြန်းလိုက်၏။
ဦးလေးချန်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ခေါင်းညိတ်ကာ “ကြည့်လေ၊ ဒါပေမယ့် သခင်မလေး ရုပ်ဖျက်သွားဖို့တော့ လိုလိမ့်မယ်”
“စိတ်မပူပါနဲ့။ ကျွန်မ သိပါတယ်” ဦးလေးချန်ဆီမှ ခွင့်ပြုချက်ရပြီးနောက် သူတော်စင်မ ပို၍ စိတ်အား တက်ကြွသွားခဲ့၏။
ရုပ်ဖျက်ပြီးနောက် မိန်းကလေး နှစ်ယောက်သည် နန်းတော်မှ ပျော်ရွှင်စွာ ထွက်လာခဲ့၏။ မသေမျိုးအဆင့် ပညာရှင် နှစ်ယောက်သည် မတော်တဆ တစ်ခုခု မဖြစ်ရလေအောင် သူတို့အား တိတ်တဆိတ် လိုက်လံ ကာကွယ်ပေးနေခဲ့၏။
ကျွန်းတစ်ခုပေါ်တွင် ရန်ကိုင်သည် ဆေးပင် ရှာနေစဉ်မှာပင် အဝေးတစ်နေရာမှ အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာသည်ကို ရုတ်တရက် ခံစားမိလိုက်၏။ ခဏကြာပြီးနောက် ပေါက်ကွဲသံကြီး နှင့်အတူ ကျွန်းတစ်ခုကို လှုပ်ခါသွားခဲ့လေ၏။
ကျွန်ပေါ်ရှိ လူအားလုံး ထိတ်လန့်သွားခဲ့ကြ၏။ ဘာဖြစ်နေမှန်း မည်သူမှ မသိခဲ့ကြ။ ရန်ကိုင်လည်း မျက်မှောင် ကြုံ့လိုက်ပြီး ဆေးဆိုင်ကနေထွက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်၍ အသံထွက်ပေါ်ရာ နေရာဆီ လှမ်းကြည့်လိုက်၏။
သူပျံသန်းသန်းခြင်း မြင်တွေ့လိုက်ရသည့်အရာကား ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ပြန်ကျလာသည့် ရေတိုင်လုံးကြီးများပင်။ လူပေါင်းများစွာသည် သိချင်စိတ် ပြင်းပြသည့် အမူအရာဖြင့် ထိုနေရာဆီသို့ အပြေးအလွှား သွားနေခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် သူ့အား အရမ်းကိုမှ သက်သောင့်သက်သာ ဖြစ်စေလှသော အရှိန်အဝါတစ်ခုကို ရန်ကိုင် ခံစားမိလိုက်၏။
အရမ်းကိုမှ အားကောင်းလှသော ယန်ဓါတ် အရှိန်အဝါပင်။ ထိုရေတိုင်းလုံးကြီးများ မြင့်တက်လာခြင်းကြောင့် သိပ်သည်းလှသော ယန်ဓါတ် ပါဝင်သည့် ရတနာလည်း ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။
ချက်ချင်း စိတ်အားတက်ကြွသွားခဲ့ပြီး ရေတိုင်လုံးများ ထွက်ပေါ်ရာအရပ်ဆီ အမြန်ပျံသန်းသွားတော့လေ၏။
ပင်လယ်ပြင်တစ်ဝိုက်တွင် ရေဓါတ်အရှိန်အဝါ အရမ်းကိုမှ သိပ်သည်းလှလေရာ ဤနေရာ၌ အားကောင်းသည့် ယန်ဓါတ်အရှိန်အဝါ ရှိမနေသင့်။ ထို့ကြောင့် ထိုယန်ဓါတ်အရှိန်အဝါကို ထုတ်လွှတ်နေသော ရတနာသည် လုံးဝကို သာမန်ရတနာ တစ်ခုမဟုတ်ချေ။
မည်ကဲ့သို့သော ပစ္စည်းကများ ထိုမျှ အားကောင်းသော ယန်ဓါတ်အား ထုတ်လွှတ်နေသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိခဲ့၏။
သို့သော် ထိုနေရာသို့ မရောက်သေးခင်မှာပင် လူတစ်ဖွဲ့၏ တားဆီးခြင်း ခံလိုက်ရ၏။ ထိုလူများသည် မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ လူများ ဖြစ်ကြ၏။
ဤနေရာ၌ ဒေသခံမဟုတ်သည့် ကျင့်ကြံသူများစွာ ရှိနေသော်ငြား မည်သူမှ ပြဿနာ မရှာလေရာ အခြေအနေသည် အနည်းငယ် တင်းမာဟန် ရသော်လည်း မည်သည့် တိုက်ပွဲမှ မဖြစ်သေးခဲ့။ လူအများစုသည် အနီးအနား တစ်နေရာ၌ ရပ်တန့်၍ အခြေအနေကို တိတ်တဆိတ် လေ့လာနေခဲ့၏။
ရန်ကိုင်သည် အနီးအနားရှိလူများ ပြောနေသည်ကို နားထောင်ကြည့်လိုက်သော်လည်း အဖိုးတန်သည့် မည်သည့် သတင်းအချက်အလက်ကိုမှ မရရှိခဲ့ချေ။
ယခုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ဖူးသည့် ပုံပင်။
ခဏအကြာ၌ အဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့၏။
ထိုလူများကို ရန်ကိုင် မြင်ဖူးပေသည်။ ထိုသူတို့သည် သင်္ဘောဆိပ်ကမ်းတွင် သူတော်မကို ကြိုဆိုခဲ့ကြသည့် မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ လူများ ဖြစ်ကြ၏။
ထိုအဖွဲ့သည့် ခေါင်းချင်းဆိုင်၍ တစ်ခုခုအကြောင်း ဆွေးနွေးနေခဲ့ကြ၏။ အားလုံး၏ အမူအရာသည် လေးနက် တည်ကြည်နေခဲ့ကြပြီး ဆွေးနွေးနေစဉ် အတောအတွင်း ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကိုလည်း လှမ်းလှမ်း ကြည့်နေခဲ့၏။
ပင်လယ်အောက်ခြေမှ ထွက်ပေါ်နေသော ယန်ဓါတ် အရှိန်အဝါသည် တဖြည်းဖြည်း ပိုပို၍ သိပ်သည်း အားကောင်းလာသည်ကို ရန်ကိုင် ခံစားမိနေခဲ့၏။
နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင် သိပ်စိတ်မရှည်ချင်းတော့။ ညရောက်သည်နှင့် ခိုးဝင်လျှင် ကောင်းမည်လားဟု စဉ်းစားနေစဉ်မှာပင် မိသားစုကြီး ခုနှစ်ခုမဟာမိတ် အဖွဲ့က သူတို့၏ ဆုံးဖြတ်ချက်ကို ကြေညာလိုက်၏။
မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ မျက်နှာဝါဝါနှင့် မသေမျိုးအဆင့် ပညာရှင်တစ်ယောက်က လူအုပ်ကြီးဆီသို့ လမ်းလျှောက်လာလိုက်ပြီး အသာအယာ ချောင်းဟန့်ကာ “ဒီမှာရှိနေတဲ့လူအားလုံး ဒီမနက်က ဖြစ်သွားတဲ့ အဖြစ်အပျက်ကို သိကြမှာပေါ့၊ ဟုတ်တယ်မလား။ အချို့လူတွေကို ကိုယ်တိုင်တောင် မြင်ခဲ့၇လိမ့်မယ်။ ငါတို့ မိသားစုကြီးခုနှစ်ခုက ဘာကိုမှ ဖုံးကွယ်မထားချင်ဘူး။ အဲ့အစား မင်းတို့နဲ့ အတူတူ ပူးပေါင်း အလုပ်လုပ်ဖို့ စီစဉ်ထားတယ်။ ဒါကြောင့် အဲ့အောက်မှာ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခု ထွက်ပေါ်လာတယ်လို့ မင်းတို့ကို ပြောမလို့ပဲ”
အလန့်တကြား အော်ဟစ်သံတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။
ရှေးဟောင်းအပျက်အစီးနယ်မြေ၊ ထိုစကား ရှစ်လုံးသည် မိုးချုန်းသံပမာ အားလုံး၏နားထဲ မြည်ဟည်း ပဲ့တင်ထပ်သွားခဲ့၏။
မျက်နှာဝါဝါနှင့် လူအိုကြီးက လူအုပ်ကြီး၏ တုန့်ပြန်မှုကို မြင်ပြီးနောက် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ကာ ဆက်ပြော၏ “သံသယ ဝင်နေစရာ မလိုဘူး။ အဲ့အောက်မှာ ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခု တကယ်ရှိနေတယ်။ အစောပိုင်းတုန်းက ပေါက်ကွဲမှုက စုံစမ်းဖို့လွှတ်လိုက်တဲ့ ငါတို့လူတွေ အကာအကွယ် တစ်ခုခုကို သွားထိမိတာကြောင့်ပဲ။ အဲ့ဒါကို ပြန်ရောက်လာတဲ့ ငါတို့တပည့်တွေက အတည်ပြုပေးပြီးသွားပြီ”
“လူအိုကြီး၊ ခင်ဗျား ဘာတွေကြံနေတာလဲ။ ဘာလဲ ကျုပ်တို့ကို အောက်ဆင်းခိုင်း၊ လမ်းရှင်းခိုင်းပြီး ခင်ဗျားတို့က အကျိုးအမြတ် ယူချင်းနေတာလား” လူအုပ်ထဲမှ တစ်ယောက်မှ ရုတ်တရက် အော်ဟစ်လိုက်၏။
ထိုလူပြောသည်ကို ကြားပြီးနောက် ဤနေရာ၌ စုဝေးနေကြသော ကျင့်ကြံသူအားလုံး ထိုလူအိုကြီးကို ချက်ချင်း သတိထားလိုက်ကြ၏။
မိသားစုကြီး ခုနှစ်ခုသည် အကြောင်းပြချက် ရေရေရာရာ မရှိဘဲ ထိုကဲ့သို့ ရတနာသိုက် အကြောင်းကို ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ အစောပိုင်းကလူ ပြောသွားခဲ့သလိုပဲ မိသားစုကြီး ရှစ်ခုသည် အပြင်လူများကို သူတို့အတွက် လမ်းရှင်ခိုင်း စေလိုချင်းလား။
သို့သော်လည်း မျက်နှာဝါဝါနှင့် လူအိုကြီးက မမျှော်လင့်ဘဲ ခေါင်းညိတ်လိုက်၏ “ငါတို့ အဲ့လိုတကယ်ပဲ တွေးခဲ့တာ။ ဒါပေမယ့် ဒါက ငါတို့ မင်းတို့ကို ပြောပြရတဲ့ အဓိက အကြောင်းအရင်း မဟုတ်သေးဘူး။ ငါတို့ မိသားစုကြီး ခုနှစ်ခုရဲ့ ခွန်အားကို ငါတို့အသိဆုံးပဲ။ ဒီမှာ ရှိနေတဲ့ မင်းတို့အားလုံးကို ငါတို့ခွန်အားနဲ့ တားထားဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ”
“လူအိုကြီး၊ ခင်ဗျားမှာ အသိစိတ်လေးတော့ ရှိသေးသားပဲ” တစ်ယောက်ယောက်က ရယ်မောလိုက်၏။
သူတော်စင် ရောက်လာသည့်အတွက် ဤနေရာသည် သာမန်ထက်ပို၍ လူစည်းကားနေခဲ့၏။ အများစုသည် အရမ်းကြီး မသန်မာကြသော်လည်း မိသားစုကြီး ခုနှစ်ခု အနေဖြင့် ဤနေရာရှိ လူအားလုံးကို ပိတ်ထားရန် မဖြစ်နိုင်ချေ။
သူတို့ ရတနာရှာနေစဉ်အတွင်း အချို့က နောက်မှ ချောင်းမြောင်းနေသည်မှာလည်း ဖြစ်နိုင်ပေ၏။
မျက်နှာဝါဝါနှင့် လူအိုကြီး ထိုကဲ့သို့ ဝန်ခံလိုက်ခြင်းသည် ဥာဏ်ကောင်းသွားသည်ဟု ပြော၍ ရ၏။
“အချိန်အတော်ကြာတဲ့အထိ ဆွေးနွေးပြီးတဲ့နောက် မင်းတို့အားလုံးကို ကမ်းလှမ်းချက်တစ်ခုလုပ်ဖို့ ငါတို့ မိသားစုကြီးခုနှစ်ခုက ဆုံးဖြတ်ချက်ချလိုက်တယ်။ ငါပြောတာကို သေချာနားထောင်ပြီး လေးလေးနက်နက် စဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်”
“ဟေးလူအိုကြီး၊ ပြောစရာရှိတယ်ဆိုရင် မြန်မြန်သာ ပြောလိုက်တော့”
“ငါတို့မိသားစုကြီး ခုနှစ်ခုက မင်းတို့နဲ့ ပူးပေါင်းပြီး ဒီရှေးဟောင်းအပျက်အစီး နယ်မြေရှာဖွေလေ့လာမယ်။ ပါဝင်ချင်တဲ့လူရှိရင် အရင်ဆုံး စားရင်းပေးရမယ်။ ငါတို့က မင်းတို့ကို အဖွဲ့ပြန်ဖွဲ့ပေးမယ်။ အကျိုးအမြတ် ရရင်တော့ ညီတူညီမျှ ခွဲဝေကြမှာပေါ့။ ဒီဆုံးဖြတ်ချက်က နှစ်ဖက် စလုံးအတွက် အကျိုးအမြတ် ရှိသလို မလိုလားအပ်တဲ့ ပြဿနာတွေကိုလည်း ကြိုဖြေရှင်းပြီးသား ဖြစ်သွားပြီ” မျက်နှာဝါဝါနှင့် လူအိုကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အေးစက်စက် လေသံဖြင့် “ဒါပေမယ့် မင်းတို့ကို အရင်သတိပေးထားလိုက်မယ်။ အဲ့ရှေးဟောင်း အပျက်အစီးနယ်မြေ အကြောင်းကို ငါတို့လည်း သိတာ မဟုတ်လို့ အန္တရာယ်တစ်ခုခု ဖြစ်ပြီဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲ။ ငါတို့ဘက် တာဝန်ယူမှာ မဟုတ်ဘူး”
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၄၅) သိပ်တော့မဟန်ဘူးနော်
ပြောပြီးသောအခါ မျက်နှာဝါဝါနှင့် လူအိုကြီးက သူ့မုတ်ဆိတ်မွှေး ရှည်ရှည်ကြီးကို ပွတ်သပ်လျက် လူအုပ်ကြီးကို စိုက်ကြည့်ရင်း ငြိမ်သက်စွာ စောင့်ဆိုင်း နေလိုက်၏။
လူအိုကြီး၏ စကားကို အပြည့်အဝ မယုံကြည် သေးသော်လည်း ရှေးဟောင်းအပျက်အစီး နယ်မြေ ဆိုသော စကားသည် အားလုံး၏ အာရုံကို မရရအောင် ဆွဲယူသွားနိုင်ခဲ့၏။
ရှေးဟောင်းအပျက်အစီး နယ်မြေ ရှိနေသည့် နေရာ၌ အဖိုးတန် ရတနာများစွာ ရှိနေမည်မှာ မလွဲမသွေပင်။ ထို့ကြောင့် ဤနေရာ၌ စုဝေးနေသော ပြင်ပ ကျင့်ကြံသူများထဲ ထိုရှေးဟောင်း အပျက်အစီး နယ်မြေသို့ မသွားချင်သည့် တစ်ဦး တစ်ယောက်မှ မရှိချေ။
ထို့ပြင် ရှေးဟောင်းအပျက်အစီး နယ်မြေ အရံအတားကို အသက်သွင်းလိုက်သလို ဖြစ်သွားသည့် မြင်ကွင်းကိုလည်း သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ပြီးသွားပြီ ဖြစ်လေရာ လူအိုကြီး၏ စကားကို သူတို့ ပို၍ ယုံချင်မိသွားခဲ့၏။
ဤနေရာ၌ စုဝေးနေသော အပြင်လူများစွာသည် မျက်မှောင်ကြုံ့ တွေးတောနေခဲ့ကြပြီး ရန်ကိုင်ကဲ့သို့ လူမျိုးကမူ ဘေးကနေသာ ငြိမ်သက်စွာဖြင့် တိတ်တဆိတ် လေ့လာနေခဲ့ကြ၏။
မိသားစုကြီး ခုနှစ်ခုမဟာမိတ် အဖွဲ့သည် ဤဆုံးဖြတ်ချက်ကို မချချင်ချချင်ဖြင့် ချခဲ့သည့် ပုံပင်။ သို့သော် ဤနည်းဖြင့်လည်း သူတို့ဘက်မှ အကျအဆုံး နည်းအောင် လုပ်ဆောင်ရန် ကြိုးစားခဲ့၏။
ထို့ကြောင့် မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့သည့် ရှေးဟောင်းအပျက်အစီး နယ်မြေအကြောင်း သိထားသော်လည်း များများစားစား မသိထားကြောင်း ကောက်ချက်ချနိုင်၏။
ရန်ကိုင်လည်း ရွေးချယ်ရခက်နေခဲ့၏။
ထိုရှာဖွေရေး အဖွဲ့ထဲသို့ သူဝင့်သင့်သလား။
အောက်သို့ ဆင်းသွားခြင်းသည် အန္တရာယ်များ၏။ သို့သော် သိပ်သည်းလှသော ယန်ဓါတ်အရှိန်အဝါကို ထုတ်လွှတ်နေသော ရတနာသည် ထိုအောက်၌ ရှိနေ၏။
မသေမျိုးအဆင့်သို့ သူရောက်ခဲ့လေပြီ။ သို့သော် သူ့တွင် လက်နက်ကောင်းကောင်း မရှိသေး။ အရိုးဒိုင်းသည် ကြယ်တာရာကောင်းကင်ထဲ အာကာသမုန်တိုင်းကို ကျော်ဖြတ်စဉ်က ပျက်စီးသွားခဲ့ရ၏။ ယခု အသုံးပြုနိုင်သော လက်နက် ဆို၍ သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ဓါးတိုလေးသာ ရှိ၏။
သို့ရာတွင် ထိုဝိဥာဉ်လက်နက်သည် ကောင်းကင်အဆင့် လက်နက်တစ်ခုသာ ဖြစ်၏။ ဗဟိုမြို့တော်၌ ရှိစဉ်က အသုံးဝင်ခဲ့သော်ငြား ယခုအချိန်၌ သူ့အတွက် အရမ်းကြီး အသုံးမဝင်တော့ချေ။
သိပ်သည်းလှသော ယန်ဓါတ်အရှိန်အဝါကို ထုတ်လွှတ်နေသည့် ရတနာသည် အားကောင်းသော လက်နက်တစ်ခုဖြစ်ပါက ရေငတ်နေချိန် အိုအေစစ်ကို တွေ့လိုက်ရသလို ဖြစ်သွားပေလိမ့်မည်။ သူ့တိုက်ပွဲ စွမ်းရည်သည်လည်း သိသိသာသာကို တိုးတက် လာပေလိမ့်မည်။
လက်နက်မဟုတ်ဘဲ အဖိုးတန်ပစ္စည်း တစ်ခုခု ဖြစ်နေလျှင် သူ့အတွက် အသုံးဝင်သေး၏။
အားလုံးကို သေချာစဉ်းစားပြီးနောက် ရန်ကိုင် ဆုံးဖြတ်ချက် ချလိုက်၏။
တစ်ချိန်တည်းမှာပဲ ပြင်ပ ကျင့်ကြံသူ များစွာသည်လည်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြ၏။ မျက်နှာဝါလူအိုကြီး ပြောပြီးသွား၍ မကြာခင်မှာပဲ လူအုပ်ထဲမှ တစ်ယောက်သည် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့၏ စားရင်းပေးသွင်းရာ နေရာဆီသို့ ပျံသန်းသွားလေ၏။
ဤသို့ဖြင့် ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် စားရင်းပေးသွင်းကြတော့လေ၏။ ရန်ကိုင်လည်း အပါအဝင်ပင်။ သို့သော် အများစုသည် စာရင်း ပေးသွင်းခြင်း မပြုသေးဘဲ ဘေးမှသာ ရပ်စောင့်ကြည့်နေခဲ့ကြ၏။
ထိုအခြင်းအရာကို မြင်သော် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသော မျက်နှာဝါ လူအိုကြီးက ရုတ်တရက် ပြောလိုက်၏ “ငါမင်းတို့ အားလုံးကို ပြောဖို့မေ့နေတဲ့ တစ်ချက် ရှိသေးတယ်။ ငါတို့ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့က မင်းတို့နဲ့ ပူးပေါင်းမယ် ဆိုပေမယ့် အပြင်လူအားလုံးကို ဝင်ခွင့်ပေးမှာ မဟုတ်ဘူး။ အပြင်လူ စုစုပေါင်းရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ ဝင်ခွင့်ပေးမှာ။ ဒါကြောင့် ခွန်အားကြီးလေ မင်းတို့အတွက် ပိုပြီး အခွင့်အရေး ရှိလေပဲ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် အောက်က လူတွေကတော့ စာရင်းပေးသွင်းစရာ မလိုဘူး။ မင်းတို့တွေကို ဝင်ခွင့်မပြုဘူး”
“ဟေး၊ ဝတုတ်အိုကြီး၊ ဒီလို အရေးကြီးတာကို ဘာလို့ အစောကြီးကတည်းက မပြောတာလဲ” လူအုပ်ကြီးထဲမှ မကျေမနပ် အော်ဟစ်သံတို့ ပေါက်ကွဲထွက်လာခဲ့၏။ တုန့်ဆိုင်းနေသေးကြသော လူများစွာတို့သည် စာရင်း ပေးသွင်းရမည့် နေရာဆီသို့ အမြန်အဆန် ပြေးကြတော့လေ၏။
မျက်နှာဝါလူအိုကြီးသည် သူ့မုတ်ဆိတ်မွှေးကိုသာ ပွတ်သပ်ရင်း အောင်နိုင်သူတစ်ယောက်ပမာ ပြုံးနေခဲ့၏။
မိသားစုကြီးခုနှစ်ခုမှ အဖွဲ့ခုနှစ်ဖွဲ့ ခွဲထား၏။ မည်သည့် ကျင့်ကြံသူမဆို မိမိကြိုက်ရာ အဖွဲ့ထဲသို့ ဝင်နိုင်၏။
ခဏအကြာ၌ အဖွဲ့ခုနှစ်ဖွဲ့ ခွဲ၍ ပြီးသွားခဲ့၏။
ရန်ကိုင်သည်လည်း ထိုအဖွဲ့ထဲ ပါဝင်နေခဲ့၏။ စာရင်းပေးသွင်းရာတွင် သူ့ကျင့်ကြံခြင်းအဆင့်သို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)ဟုသာ ပြောခဲ့ပြီး ရုပ်ကိုလည်း ဖျက်ထားခဲ့၏။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး အပြင်ကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် စားရင်းပေးသွင်းနေခဲ့ကြ၏။ သို့သော် အများစုသည် ခွန်အားနိမ့်ကျသဖြင့် အငြင်းခံခဲ့ရ၏။ ရန်ကိုင် ကဲ့သို့သော လူများကမူ အလွယ်တကူ ဝင်နိုင်ခဲ့၏။
တစ်နာရီကြာပြီးနောက် စာရင်းပေးသွင်းခြင်း ပြီးဆုံးသွားခဲ့၏။
သို့သော် အပြင်လူ ကျင့်ကြံသူ အရေအတွက်သည် မျက်နှာဝါလူအိုကြီး ခန့်မှန်းထားသည်ထက် ကျော်လွန် နေခဲ့ကာ စုစုပေါင်း လူအယောက်သုံးရာနီးပါး ရှိပေ၏။ အားအနည်းဆုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူများ ဖြစ်ကြကာ မသေမျိုးအဆင့် ကျင့်ကြံသူများကမူ စုစုပေါင်း၏ ဆယ်ပုံတစ်ပုံခန့် ရှိပေ၏။
မိသားစုကြီးခုနှစ်ခုမှ ခေါင်းဆောင်များ တစ်ခဏတာ ဆွေးနွေးပြီးနောက် မျက်နှာဝါလူအိုကြီးကပဲ သူတို့ ဆုံးဖြတ်ချက်ကို လာရောက်ကြေညာခဲ့၏ “ဒီလူအိုကြီးလည်း အောက်ဘက်မှာ ဘာရှိနေလဲဆိုတာကို တော်တော်လေး သိချင်နေမိပြီ။ စစ်ဆေးမှုကို အောင်သွားတဲ့ လူတွေက အဖွဲ့ထဲ ဝင်လို့ရပြီ။ မအောင်တဲ့ လူတွေကတော့ ကမ်းရိုးတန်းဘက်မှာပဲ နေပေးကြပါ။ စည်းမျဉ်းကို မလိုက်နာဘူး ဆိုရင်တော့ ငါတို့မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့က ရိုင်းတယ်ဆိုပြီး လာမပြောနဲ့ပေါ့ကွာ”
မျက်နှာဝါနှင့် လူအိုကြီးက ထိုကဲ့သို့ ပြောလိုက်သော်ငြား စမ်းသပ်မှု မအောင်ခဲ့သည် ကျင့်ကြံသူများက ဘာမှ ပြန်မပြောခဲ့ကြချေ။ တကယ်တော့ ဤနေရာသည် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့၏ ပိုက်နက် မဟုတ်လေလော။
ထိုအပိုင်းကဏ္ဍလေး ပြီးသွားပြီးနောက် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင်များသည် ရောက်လာခဲ့၏။
ရန်ကိုင်သည် ချောင်ကျကျနေရာတစ်ခုတွင် ရပ်လျက် သူ့နားပတ်လည်ရှိ လူများ၏ ခွန်အားကို လိုက်လံ လေ့လာနေခဲ့၏။ ဤနေရာ၌ စုဝေးနေသော ကျင့်ကြံသူ အများစုသည် သူ့ကဲ့သို့ပင် အခြားလူများ၏ ခွန်အားကို လိုက်လံ လေ့လာနေခဲ့ကြ၏။ ကျင့်ကြံသူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် မဟာမိတ်များအဖြစ် မသတ်မှတ်ထားဘဲ ပြိုင်ဘက်များအဖြစ် သတ်မှတ် ထားကြသည့်ပုံပင်။
ထို့ကြောင့် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ရတနာကိုပင် မတွေ့ရသေး၊ အခြေအနေက တင်းမာနေခဲ့လေပြီ။ ရတနာတစ်ခုကိုသာ တွေ့သွားလျှင်မူ ဆိုဖွယ်ရာ မရှိတော့။ ကျိန်းသေ ထသတ်ကြပေလိမ့်မည်။
မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့သည် အမှန်တကယ်ကို ဥာဏ်များပေ၏။
ကျင့်ကြံသူအားလုံးကို ပင်လယ်ထဲ မသွားအောင် တားနိုင်မည် မဟုတ်မှန်း သိသဖြင့် ယခုလို အကွက်မျိုး ထုတ်သုံးခဲ့၏။ အပေါ်ယံတွင်သာ အကျိုးအမြတ်ကို ညီတူမျှတူ ခွဲဝေယူမည်ဟု ပြောနေသော်လည်း တကယ့် ရတနာတွေ့သည့်အခါကျ အကုန်လုံးသည် အချင်းချင်း နောက်ကျောဓါးနှင့် ထိုးမည့် လူချည်းပင်။
ထို့ပြင် အပြင်လူများသည် နေရာအနှံ့မှ လာကြခြင်း ဖြစ်ရာ အချင်းချင်း စည်းလုံးမှုမရှိ။ ထို့ကြောင့် ရတနာ တွေ့သည်နှင့် အချင်းချင်း အချင်းများ ထသတ် ကုန်ကြပေလိမ့်မည်။ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ ပညာရှင်များကမူ တောင်ပေါ်တွင်ထိုင်၍ ကျားအချင်းချင်း ကိုက်နေသည်ကို စောင့်ကြည့်ပြီး အကျိုးအမြတ်ကို အလွယ်တကူ ရိတ်သိမ်းမှာဖြစ်၏။ ယခု အစီအစဉ်သည် မိသားစုကြီးခုနှစ်ခုမဟာမိတ် အတွက် အကျအဆုံး နည်းနည်းနှင့် အကျိုးအမြတ် များများရအောင် အကွက်ချ စီစဉ်ထားမှုကြီး တစ်ခုပင် ဖြစ်လေ၏။
ရန်ကိုင်လည်း ထိုမိသားစုကြီး ခုနှစ်ခုကို အတော်လေး လေးစားမိသွားခဲ့၏။
‘မဟာမိတ်’ဟု ဆိုသော သူ့ပတ်လည်ရှိ လူများ၏ ခွန်အားကို လေ့လာဆန်းစစ်နေသည့် အချိန်၌ သူ့ဘေးမှ ရနံ့သင်းသင်းလေးကို ရလိုက်၏။ ထိုအနံ့နှင့် သူရင်းနှီး၏။
မျက်မှောင်ကြုံ့လျက် ဘေးသို့ လှည့်ကြည့်လိုက်သည့် အခါ အပြုံးယဲ့ယဲ့လေး ပြုံးလျက် သူ့ဘေးတွင် ရပ်နေသော မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုမိန်းမကို တစ်ခဏကြာသည်အထိ စိုက်ကြည့် နေပြီးနောက် ရန်ကိုင် အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အံ့ဩတကြီး အော်ပြောလိုက်၏ “ခင်ဗျား…”
“ရှူး…” မိန်းကလေး သူမနှုတ်ခမ်းပေါ် အမြန်အဆန် လက်ညိုးတင်၍ တိုးတိုးနေရန် အမူအရာ လုပ်ပြလိုက်၏။
ရန်ကိုင်က ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ဘေးပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။ သူတို့ ပြောသည်ကို ချောင်းနားထောင်နေသည့် တစ်ဦး တစ်ယောက်မှ မရှိမှန်း သေချာသွားပြီးနောက် ထိုကြင်နာတတ်သော မိန်းကလေးကို ပြုံးကာ ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏ “ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”
“ကျွန်မမှန်း ဘာလို့ ဒီလောက် သေချာနေရတာလဲ” မိန်းကလေး အံ့အားသင့်နေသည့် အမူအရာလေးဖြင့် ယဲ့ယဲ့လေး ပြုံးကာ ပြန်မေးလိုက်၏။
ရန်ကိုင်က ရူးကြောင်းကြောင် ပုံစံဖြင့် ရယ်မောလိုက်ပြီး ခေါင်းခါရမ်းကာ ပြန်ပြောလေ၏ “မိန်းမတစ်ယောက်ကို သိဖို့အတွက် အဲ့မိန်းမရဲ့ ကိုယ်သင်းရနံ့ကို သိဖို့လိုတယ်တဲ့။ မိန်းမတိုင်းမှာ ကိုယ်ပိုင် ကိုယ်သင်းရနံ့ဆိုတာ ရှိပြီးသား။ ရုပ်ပြောင်းလိုက်ပေမယ့်… အန်း၊ ကျုပ်မသိတဲ့ နည်းလမ်းတွေနဲ့ မူရင်း အရှိန်အဝါကို ဖုံးကွယ် ထားရင်းတောင် ကိုယ်သင်းရနံ့ကို ပြောင်းလို့ မရဘူးလေ”
“ခွေးနှာခေါင်းနဲ့ သူတောင်းစားကောင်” မိန်းမငယ်လေး ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး ဒေါသတစ်ဝက်၊ ရှက်တစ်ဝက် အမူအရာဖြင့် ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “ဒီလို နယ်ပယ်မျိုးမှာ တော်တော် ဆရာကျတဲ့ ပုံပဲနော်။ ဒီလောက် ဆရာကျနေပုံ ထောက်ရင် မိန်းကလေး တော်တော်များများ ပွေရှုပ်ပြီးသွားလို့ပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား”
“မဟုတ်တာတွေ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်က သန့်စင်ပြီး ကာမကိလေတာ အနှောင်အဖွဲ့တွေကနေ ကင်းရှင်းတဲ့လူပဲ။ ဘာလို့ အဲ့လို့ အရှက်မဲ့တာတွေ လုပ်ရမှာလဲ”
မိန်းကလေးများ ရန်ကိုင်စကားကြောင့် မရယ်မိအောင် မနည်း ထိန်းနေခဲ့ရ၏ “ရှင့်ကိုယုံရင် အရူးဖြစ်သွားမှာပေါ့”
ရန်ကိုင် သူမကို စိုက်ကြည့်နေလိုက်ရင်း ရုတ်တရက် အဝေးမှ ပျံသန်းလာသော မသေမျိုး ဒုတိယအဆင့် ပညာရှင် နှစ်ယောက်ဆီ လှမ်းကြည့်လိုက်၏။ ထိုလူ နှစ်ယောက်သည် သူတို့၏ ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့ကြ၏။ နှစ်ယောက်စလုံးသည် တစ်ခုခု၊ တစ်ယောက်ယောက်ကို အပူတပြင်း ရှာဖွေနေသည့်ပုံပင်။ သို့သော်လည်း ဘာမှ ရှာမတွေ့သဖြင့် ခဏအကြာ၌ ပြန်လှည့်ထွက်သွားလေ၏။
“ဒါက သိပ်တော့ မဟန်ဘူးနော်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက သူတော်စင်မ တစ်ယောက် ဖြစ်နေတုန်းပဲလေ။ ဒီကိုဘာလာလုပ်တာလဲ” ရန်ကိုင်က ထွက်ခွါသွားသည့် မသေမျိုးအဆင့် ပညာရှင် နှစ်ယောက်ကို လှမ်းကြည့်ရင်း “အဲ့နှစ်ယောက်က ခင်ဗျားကို ရှာနေတဲ့ပုံပဲ”
“သူတို့ကို တိုက်ရိုက်ကြီး သွားစိုက်ကြည့်မနေနဲ့။ အဲ့လူတွေက အရမ်းကို သတိကြီးတာ။ ကျွန်မတို့ကိုသာ ရှာတွေ့သွားရင် အခြေအနေ မဟန်ဘူး” မိန်းကလေ ရန်ကိုင် အင်္ကျီလက်စကို အမြန် ဖမ်းဆွဲလိုက်၏။
ထိုမိန်းကလေး မည်သူမှန်း သေချာသွားချိန် ရန်ကိုင် တကယ်ကို ထိတ်လန့်သွားခဲ့ရ၏။
သူမသည် သင်္ဘောပေါ်တွင် သူတွေ့ခဲ့ရသည့် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မ ဖြစ်နေပေသည်။
မည်ကဲ့သို့သော နည်းလမ်းကို သုံး၍ သူမ၏ အရှိန်အဝါကို ဖုံးကွယ်ခဲ့လဲ ဆိုသည်ကို ရန်ကိုင် မသိ။ ရုပ်ရည်ကိုသာမက အရှိန်အဝါကိုပင် ပြောင်းလဲပစ်နိုင်၏။
သူမသာ သူ့နား အရင်မကပ်လာခဲ့ပါက ရန်ကိုင်လည်း သူမကို သတိပြုမိလိမ့်မည် မဟုတ်ချေ။
ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မ၏ ပညာရပ်များသည် တကယ့်ကို နက်နဲဆန်းကြယ်ပေ၏။ ထိုမသေမျိုးအဆင့် ပညာရှင် နှစ်ယောက်၏ စောင့်ကြည့်မှုမှ ထွက်ပြေးလွတ်မြောက်လာနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့။
“ခင်ဗျားဒီမှာ ဘာလာလုပ်နေလဲဆိုတာ ကျုပ်ကို မပြောရသေးဘူးနော်” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။
“ပျော်စရာ လာရှာတာပေါ့”
“ဒီဟာက ပျော်စရာမဟုတ်ဘူး။ ခင်ဗျားသာ ဂရုမစိုက်ရင် ပြန်ပေးဆပ်လိုက်ရမယ့် တန်ဖိုးက ခင်ဗျား အသက်ပဲ” ရန်ကိုင်က ထိုမိန်းကို ခက်ထန်စွာ စိုက်ကြည့်ရင်း မေးလိုက်၏။
ရန်ကိုင် စကားကြောင့် သူတော်စင် စိတ်ညစ်သွားခဲ့ပြီး “ကျွန်မသေမယ်လို့ ရှင်ထင်နေတာလား။ ဟန့်၊ ရှင့်လို အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူတစ်ယောက်တောင် သွားနိုင်ရင် ကျွန်မကကော ဘာလို့ မသွားနိုင်ရမှာလဲ။ ကျွန်မရဲ့ အစစ်အမှန် ခွန်အားက ရှင့်ထက် အများကြီး ပိုမြင့်တယ်”
“ခင်ဗျားသိလောက်မှာပါ။ အခု ခင်ဗျားပုံစံက သူတော်စင်မ တစ်ယောက်ရဲ့ ပုံစံနဲ့ နည်းနည်းလေးမှ မတူဘူး ဆိုတာကိုလေ” ရန်ကိုင်က မှတ်ချက် ပေးလိုက်၏။ သူ့ရှေ့ရှိ သူတော်စင်မသည် သင်္ဘောပေါ်တွင် တွေ့ခဲ့ရသော ယဉ်ကျေးသိမ်မွေ့၊ စကားနည်းသည့် သူတော်စင်မနှင့် နည်းနည်းမှ မတူချေ။
“ရှင့်နဲ့ဘာဆိုင်လို့လဲ။ ကျွန်မက ရှင့်ကို တော်ဝင်သခင် အဖြစ် ရွေးမှာမှ မဟုတ်တာ” မိန်းကလေးက လှောင်ပြောင်လိုက်၏။
“ကျုပ်လည်း ဘာမဟုတ်တဲ့ တော်ဝင်သခင်ကြီး မဖြစ်ချင်ပါဘူး”
မိန်းမငယ်လေးက အသနားခံနေသည့် အမူအရာဖြင့် “ကျွန်မကို မဖော်ထုတ်လိုက်ပါနဲ့နော်။ ကျေးဇူးပြုပြီး… ကျွန်မဘယ်သူဆိုတာကို ရှင်ထုတ်ပြောမှာ မဟုတ်မှန်း ကျွန်မသိတယ်။ မဟုတ်ရင် ကျွန်မရှင့်ဆီ လာခဲ့မှာမဟုတ်ဘူး”
“စိတ်ချထားလိုက်။ ကျုပ်က အခြားသူကိစ္စထဲ ဝင်ပါရတာကို စိတ်မဝင်စားဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ သို့သော် ရုတ်တရက် စိတ်ရှုပ် သွားခဲ့ပြီး “ခင်းဗျာက မြင့်မြတ်တဲ့ သူတော်စင်မ တစ်ယောက်လေ။ အဲ့ဒါကို ကျုပ်လို အမည်မသိ ဂျူနီယာလေး တစ်ယောက်ဆီ ဘာလို့ လာခဲ့တာလဲ”
သူတော်စင် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ပြီး ပြုံးကာ “ဘယ်လိုပြောရမလဲ။ ရှင်က ပုံမှန်မဟုတ်ဘူးလို့ ကျွန်မစိတ်ထဲ ခံစားနေရလို့လို့ပဲ ပြောရမလား။ ရှင့်ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အတားအဆီး တစ်ခုက ဖုံးကွယ်ထားသလိုမျိုး ကျွန်မရှင့်ကို အပြည့်အဝ နားမလည်နိုင်ဘူး။ ဒီလို နားလည်ရခက်တဲ့ အရာမျိုးတွေဆိုရင် ကျွန်မက အရမ်းကို သိချင်စိတ် ပြင်းပြတာလေ”
ရန်ကိုင် အမူအရာ မှုန်ကုတ်သွားခဲ့ပြီး ရယ်ကာမောကာဖြင့် ပြန်ပြောလိုက်၏ “ကျုပ်လည်း ခင်ဗျားလို ပြောလို့ရတယ်”
ထိုမိန်းမ၏ ကျင့်ကြံခြင်းအဆင့်ကို သူမပြောနိုင်။ နှစ်ယောက်စလုံးသည် အနီးရပ် ရပ်နေသော်လည်း၊ သူမ၏ ကိုယ်သင်းရနံ့ကိုပင် ရှူရှိုက်နိုင်သော်ငြား ဆန်းကြယ်သော အားအင်တစ်ခုသည် သူ့ကို သူမအား စစ်ဆေးခြင်းမှ တားဆီးနေခဲ့၏။
“ရှင့်ရယ်သံကြီးက နည်းနည်းမိစ္ဆာဆန်တယ်” သူတော်စင်မက ရန်ကိုင်ကို ကြည့်ရင်း မှတ်ချက် ပေးလိုက်၏ “ကျွန်မက ငယ်ငယ်ကတည်းက တော်ဝင်နယ်မြေမှာပဲ နေခဲ့ရတာ။ အပြင်ထွက်ဖူးတာဆိုလို့ အခုတစ်ကြိမ် ပထမဆုံးပဲ။ ဒါပေမယ့် ကျွန်မသွားတဲ့နေရာတိုင်း ကျွန်မနောက် တစ်ယောက်ယောက် မလိုက်ဘဲ မနေဘူး။ ကျွန်မကို စောင့်ကြည့်တယ်။ ကျွန်လှုပ်ရှားမှုတွေကို ကန့်သတ်တယ်။ အဲ့ဒါကြောင့် ကျွန်မလုပ်ချင်တာ လုပ်လို့ မရခဲ့ဘူး။ ကျွန်မမှာ အဲ့လိုဘဝကြီးနဲ့ နေရတာ ပျင်းလွန်းလို့ သေတော့မယ်။ ဒီလို ချောင်ကျတဲ့ နေရာမျိုးမှာ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်မယ်ထင်လို့ ကျွန်မနောက်လိုက်နေတဲ့ လူတွေကို လှည့်စားပြီး ထွက်လာလိုက်တာပဲ။ မဟုတ်ရင် တစ်ခါမှ ပျော်ရမှာ မဟုတ်တော့ဘူး”
“ကျုပ်ကို ရှင်းပြနေစရာ မလိုဘူး” ရန်ကိုင်က “သူစိမ်း တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းကို ကျုပ် စိတ်မဝင်စားဘူး။ အင်း၊ ရှေးဟောင်း အပျက်အစီး နယ်မြေ ရောက်ရင် ကျုပ်နောက် တောက်တဲ့လို လိုက်တွယ်ကပ် မနေနဲ့။ အန္တရာယ်တစ်ခုခု ကြုံရင် ခင်ဗျားကိုယ်ခင်ဗျား အားကိုးဖို့သာလုပ်။ ဘယ်သူမှ ခင်ဗျားကို လာကယ်မှာ မဟုတ်ဘူး”
================================