← Chapters

အခန်း (၇၄၆-၇၅၀)

Vol. 30 Ch. 746-750

အခန်း (၇၄၆-၇၅၀)

Vol. 30 Ch. 746-750

အပိုင်း(၇၄၆) ပင်လယ်ထဲသို့ဆင်းခြင်း

ရန်ကိုင်၏ ရုတ်ချည်းပြောင်းလဲသွားသော သဘောထားကို မြင်ပြီးနောက် သူတော်စင်မက မကျေမချမ်း ဖြစ်သွားကာ “ရှင့်ကိုလည်း လာမကယ်ခိုင်းပါဘူး။ ကိုယ့်ကိုယ်ကိုသာ အရင်စိုးရိမ်ဦး”

ပြောပြီးသည်နှင့် ရန်ကိုင်နှင့် ဆက်စကား မပြောတော့ချေ။

သူမ ထိုကဲ့သို့ ပြုမူသည်ကို မြင်လိုက်ရမှပဲ ရန်ကိုင် သက်ပြင်းချလိုက်နိုင်၏။

ရှေးဟောင်းအပျက်အစီးနယ်မြေကို စူးစမ်းနေစဉ် အတွင်း ဘာမဆိုဖြစ်နိုင်၏။ အန္တရာယ်လည်း ကြုံရနိုင်၏။ ထိုအချိန်ကျ သူတော်စင်မသာ သူ့နား လိုက်ကပ်နေလျှင် သူ့အနေဖြင့် လှုပ်ရှားအခက် ဖြစ်နေပေလိမ့်မည်။ သူသည် တစ်ယောက်တည်း လှုပ်ရှားခြင်းကိုသာ ပိုမိုနှစ်သက်၏။

ထိုမိန်းမသည် သူ့အား အခမဲ့သင်္ဘောလိုက်စီးခွင့် ပေးခဲ့သော်ငြား သူမနှင့်သူသည် သူစိမ်းဖြစ်နေတုန်းပင်။ ထို့ကြောင့် သူမအား လိုက်ပြီး ကာကွယ်ပေးနေစရာ မလိုချေ။

ရန်ကိုင် အမြင်အရ သူတော်စင်မသည် ခြေမွှေးမီးမလောင်း လက်မွှေးမီးမလောင် ကြီးပြင်ခဲ့ရသော မိန်းကလေး တစ်ယောက်သာ ဖြစ်၏။ နာကျင်ဖူးသွားမှပဲ ဤလောကကြီး မည်မျှ ခက်ခဲကြမ်းတမ်း၊ ရက်စက်ကြောင်းကို နားလည်သွားပေလိမ့်မည်။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့ ပြင်ဆင်လို့ ပြီးသွားခဲ့၏။ ထို့နောက် ရွေးချယ်ခံရသော လူများကို မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့ထဲ ဝင်စေခဲ့၏။

ရန်ကိုင်သည် စိတ်ကြိုက်အဖွဲ့တစ်ခုထဲ ရွေးဝင်လိုက်၏။ ယခုအချိန်မှပဲ သူဝင်လိုက်သော အဖွဲ့သည် မျက်နှာဝါလူအိုကြီး ဦးဆောင်သည့် ဟိုင်မိသားစု အဖွဲ့ဖြစ်နေကြောင်း သိလိုက်ရ၏။

ဤအဖွဲ့ထဲ၌ အကြမ်းဖျင်း လူလေးဆယ်လောက်ရှိ၏။ အားလုံးသည် အားမနည်းကြချေ။ မသေမျိုးအဆင့်သို့ ရောက်နေသော ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက်ပင် ရှိသေး၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မကမူ အခြားအဖွဲ့ထဲ ရောက်နေခဲ့၏။

မျက်နှာဝါလူအိုကြီးက ရှေ့တက်လာပြီး လည်ချောင်း တစ်ချက်ရှင်းလိုက်ကာ အားလုံးကို ကြည့်၍ ပြောလိုက်၏ “ဒီလူအိုကြီး မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့ထဲက ဟိုင်မိသားစုရဲ့ ကာကွယ်သူ ဟိုင်ဝမ်ကုပဲ။ ဒီတစ်ကြိမ် ပင်လယ်အောက် သွားစူးစမ်းလေ့လာမယ့် ခရီးကို ဒီလူအိုကြီး ဦးဆောင်မယ်။ ရှေးဟောင်းအပျက်အစီး နယ်မြေထဲ ရောက်တာနဲ့ မလိုလားအပ်တာတွေ ဖြစ်မလာရအောင် ဒီလူအိုကြီးရဲ့ အမိန့်ကို နာခံမယ်လို့ ငါမျှော်လင့်တယ်။ ပြီးတော့ မင်းတို့အပြင် ငါတို့ ဟိုင်မိသားစုကလည်း ပညာရှင် ဒါဇင်ကျော် ထပ်ပို့ဦးမယ်။ အားလုံး အတူတူပူးပေါင်း လုပ်ဆောင်ကြတာပေါ့။ မင်းတို့က ဟိုင်မိသားစုအဖွဲ့နဲ့ အတူလိုက်ပါမယ်လို့ ဆုံးဖြတ်ပြီးမှတော့ ဒီလူအိုကြီးက မင်းတို့ရဲ့ လုံခြုံရေးကို အတတ်နိုင်ဆုံး တာဝန်ယူပေးမယ်။ ဒါပေမယ့် အရင်ဆုံး ခပ်ရှင်းရှင်းပဲ ပြောထားမယ်။ မင်းတို့ထဲက တစ်ယောက်ယောက်က ဒီအဖွဲ့ကို ပျက်ပြားအောင် လုပ်ခဲ့ရင် ဒီလူအိုကြီးကို ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့နော်”

ပြောပီဲးသည်နှင့် လူအိုကြီးက လူအုပ်ကို ဝေ့ကြည့်လိုက်၏။ သို့သော် မည်သည့် ကန့်ကွက်သံမှ ထွက်မလာခဲ့။

ဟိုင်ဝမ်ကုက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ “အဲ့လိုဆိုရင်… ကောင်းကင်ဘုံ ငါတို့အဖွဲ့ကို ကောင်းချီး ပေးပါစေ။ သွားကြမယ်”

ပြောပြီးသည်နှင့်၊ ဟိုင်ဝမ်ကုက ချက်ချင်း ထွက်ခွါတော့လေ၏။ လေးဆယ်ဝန်းကျင်ရှိသော ပြင်ပကျင့်ကြံသူများနှင့် ဟိုင်မိသားစုမှ ပညာရှင်များသည် ထိုလူအိုကြီးနောက်မှ ပင်လယ်ဆီသို့ ပျံသန်းသွားကြလေ၏။

တစ်ချိန်တည်းမှာပင် အခြားမိသားစုကြီး ခြောက်ခုသည်လည်း စတင် ထွက်ခွါတော့လေ၏။

သွားနေစဉ်အတွင်း ရန်ကိုင်က ဟိုင်မိသားစုမှ စေလွှတ်လိုက်သော ပညာရှင်များ၏ ခွန်အားကို တစ်ချက် လေ့လာခဲ့၏။ ဟိုင်မိသားစုသည် လူဒါဇင်ကျော်ကျော် ကိုသာ စေလွှတ်ခဲ့၏။ သို့သော် သူတို့ထဲမှ နှစ်ယောက်သည် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်ကြပြီး ကျန်လူအားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်များ ဖြစ်ကြ၏။ ထို့ကြောင့် ဟိုင်မိသားစုသည် လူနည်းသော်လည်း ပို၍ အားကောင်းသည်ဟု ပြော၍ရပေ၏။

ဟိုင်မိသားစုစည် အခြေအနေ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ချင်သည့်ပုံပင်။

ကျန်သည့် အဖွဲ့ခြောက်ခုစလုံးသည်လည်း ထိုနည်းတူပင်။

ခဏအကြာ၌ သမုဒ္ဒပေါ်သို့ ရန်ကိုင်တို့အဖွဲ့ ရောက်လာခဲ့၏။ ရောက်သည်နှင့် ဟိုင်ဝမ်ကုက အဝိုင်းပုံစံ ပစ္စည်းတစ်ခုတစ်ခုကို ထုတ်ယူလိုက်၏။

“အားလုံး စုကြ။ ဒီလူအိုကြီးက ဒီပစ္စည်းနဲ့ မင်းတို့ အားလုံးကို ပင်လယ်နက်ထဲ ခေါ်သွားပေးမယ်” ဟိုင်ဝမ်ကု လူအုပ်ြီးကို လက်ယပ်ပြလိုက်၏။

အားလုံးသည် မည်သည့် ကန့်ကွက်စကားမှ မပြောဘဲ သူ့ဆီသို့ ရွေ့သွားလိုက်ကြ၏။

အစစ်အမှန်ချီ ထည့်သွင်းလိုက်သည်နှင့် အဝိုင်းပုံစံ ပစ္စည်းမှ ငွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အားလုံးကို ဖုံးအုပ်သွားခဲ့၏။ ခဏအကြာ၌ ငွေရောင် ပူစီပေါင်းလေးသည် ပင်လယ်ထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့လေ၏။

လူအုပ်ကြီး၏ နည်းလမ်းကို မြင်ပြီးနောက် အားလုံး၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့၏။

လူအိုကြီးသည် အားကောင်းသည့် လက်နက် သို့ သိုင်းပညာရပ်ကို အသုံးမပြုခဲ့သော်လည်း သူသုံးလိုက်သည့် နည်းလမ်းကပင် လူတော်တော်များများကို အထင်ကြီးသွားစေခဲ့၏။

အားလုံး၏ ပြောင်းလဲသွားသော အမူအရာကို မြင်ပြီးနောက် ဟိုင်ဝမ်ကု ကြိတ်ပြုံးလိုက်၏။

ပင်လယ်နက်ထဲသို့ ဆင်းလာလေ ဘေးပတ်ဝန်းကျင် သည်လည်း ပို၍ မည်းမှောင်လာခဲ့၏။ ထိုမှောင်မိုက်သော ပတ်ဝန်းကျင်သည် လူများစွာကို ကြက်သီးမွှေးညင်း ထသွားစေခဲ့၏။ အများစုသည် ပင်လယ်ထဲ မဆင်းဘူးရာ သူတို့ စိုးရိမ်နေသည်မှာ မဆန်း။ အချို့ဆိုလျှင် ဟိုင်ဝမ်ကု နားသို့ပင် တိုးကပ်သွားသေး၏။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အလင်းလုံးလေး ခြောက်လုံးကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။ ထိုအလင်းလုံး ခြောက်လုံးသည် ကျန်မိသားစုကြီး ခြောက်ခုမှ အဖွဲ့များပင် ဖြစ်လေ၏။

ဆက်လက် ဆင်းနေသည်နှင့်အမျှ ဟိုင်ဝမ်ကု၏ အမူအရာသည်လည်း ပိုပို၍ လေးနက်လာခဲ့၏။

ဤနေရာတစ်ဝိုက်သည် ပင်လယ်သည် အလွန်တရာကိုမှ နက်ရှိုင်းလှ၏။ ထို့ပြင် ပိုနက်နက်သို့ ဆင်းလေ ဖိအား ပိုမိုပြင်းထန်လာလေပင်။ လက်နက်ကို အသုံးပြုနေသည်မှာ မသေမျိုးအဆင့် ပညာရှင် တစ်ယောက်ပင် ဖြစ်လင့်ကစား ထိုကဲ့သို့သော လူများစွာကို ခြုံငုံထားနိုင်သည့် အရံအတားတစ်ခုကို ဖန်တီးရန်အတွက် လွန်စွာကိုမှ အစစ်အမှန်ချီ ကုန်လေ၏။

ရေဖိအား ပြင်းထန်လာသည့်အတွက် ငွေရောင် အလင်းအကာအရံလည်း တဖြည်းဖြည်းနှင့် ပုံပျက်လာခဲ့၏။ ဝိုင်းနေရာမှ တဖြည်းဖြည်း ပြားပြားလာခဲ့ပြီး အတွင်းပိုင်းရှိ နေရာအကျယ်အဝန်း သည်လည်း တဖြည်းဖြည်း ကျုံ့လာခဲ့လေ၏။

ထိုသို့ဖြစ်လာသည်နှင့် အားလုံး စိုးရိမ်စိတ် ဝင်သွားခဲ့ပြီး မျက်မှောင်ကြုံ့ကာ ဟိုင်ဝမ်ကုဆီ လှမ်းကြည့်လိုက်ကြ၏။

ခဏကြာပီဲးနောက် ဟိုင်ဝမ်ကုက ရုတ်တရက် ပြောလာခဲ့၏ “အားလုံး၊ ဒီလူအိုကြီး မင်းတို့ဆီက အကူအညီ တောင်းမှရတော့မယ်။ မင်းတို့ဆီ အစစ်အမှန်ချီ အချို့ကို ငါ့ဆီ ပို့ပေးပါမလား။ မဟုတ်ရင် အောက်ရောက်တဲ့အထိ ငါတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး”

ထိုစကားကို ကြားသည်နှင့် အားလုံး စိတ်ထဲ ကြိတ်၍ ကျိန်ဆဲလိုက်ကြ၏။

ထိုခွေးအိုကြီးတွင် အစစ်အမှန်ချီ အများကြီး ကျန်သေးသော်လည်း ခက်ခဲချင်ယောင် ဆောင်နေခဲ့၏။

တဖြည်းဖြည်း ကျဉ်းကျဉ်းလာနေသော အလင်း အကာအရံကို မြင်ပြီးနောက် လူအိုကြီး လိမ်နေမှန်း သိလျှင်ပင် ကူညီရုံမှအပ သူတို့တွင် ရွေးချယ်စရာ မရှိတော့ချေ။ ထို့ကြောင့် ဟိုင်ဝမ်ကု၏ လက်နက်ထဲသို့ အမြန်အဆန် အစစ်အမှန်ချီ ထည့်သွင်းပေးလိုက်ကြ၏။

ထိုခြင်းအရာကိုမြင်သော ဟိုင်ဝမ်ကု ကျေကျေနပ်နပ်ဖြင့် ပြုံးကာ ခေါင်းညိတ်လိုက်၏။

ရန်ကိုင်လည်း ဝင်ကူပေးလိုက်၏။ သို့သော် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ပညာရှင် တစ်ယောက် တတ်နိုင်မည့် အတိုင်းအတာ အတွင်းမှသာ နည်းနည်းပါးပါး ကူညီပေးခဲ့ခြင်း ဖြစ်၏။ အားလုံး သည်လည်း သူတို့၏ အစစ်အမှန်ချီကို ထိန်းသိမ်း ထားလိုကြ၏။ ထို့ကြောင့် အစစ်အမှန်ချီ နည်းနည်းပါးပါးသာ ထည့်သွင်းပေးခဲ့ကြ၏။

အောက်ခြေသို့ မရောက်ခင်၌ပင် ဤသို့ ဖြစ်နေသည်ကို ကြည့်လျှင် အောက်ရောက်သည်နှင့် မည်မျှ ပရမ်းပတာ ဖြစ်မည်ကို တွေးကြည့်နိုင်ပေ၏။

အားလုံး၏ ပူးပေါင်းမှုအောက်၌ ငွေရောင် အလင်းအကာအရံသည်လည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်ကောင်းမွန်း လာခဲ့၏။

သို့သော် ခဏကြာ၌ ဟိုင်ဝမ်ကုက ယခင်ကကဲ့သို့ ထပ်မံတောင်းဆိုလာပြန်၏။

ထိုအတိုင်း ထပ်တလဲလဲ ဖြစ်နေခဲ့သော်လည်း ရှေးဟောင်း အပျက်အစီး နယ်မြေ၏ အရိပ်အယောင် ကိုပင် မမြင်တွေ့ရသေးချေ။ အကုန်လုံးသည် အစစ်အမှန်ချီ ပမာဏ များစွာကို လောင်ကျွမ်းနေခဲ့ရရာ တဖြည်းဖြည်းနှင့် စိတ်မရှည် ဖြစ်လာခဲ့၏။ အချို့ဆိုလျှင် စ၍ပင် အထွန့်တက်နေခဲ့ကြလေပြီ။

သို့သော် ဟိုင်ဝမ်ကုက တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်၏ “စိုးရိမ်နေရာ မလိုဘူး။ ငါတို့ မကြာခင် ရောက်တော့မှာ။ ပင်လယ် ဘယ်လောက်နက်လဲ ဆိုတာ မင်းတို့ စိတ်ကူးနိုင်တဲ့ အရာမျိုး မဟုတ်ဘူး”

အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ဆက်လက် ဆင်းနေပြီးနောက် တစ်ယောက်ယောက်က နေရာတစ်ခုဆီ လက်ညိုးထိုးကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏ “ကြည့်ကြည့်၊ အောက်ခြေပဲ”

အားလုံသည်လည်း ထိုလူ လက်ညိုးထိုပြရာဆီ အမြန် လှမ်းကြည့်လိုက်ကြ၏။ အောက်ခြေကို မြင်သည်နှင့် အကုန်လုံး စိတ်အား တက်ကြွလာခဲ့ကြလေ၏။ အောက်ခြေ၌ ရောင်စုံအလင်းတန်းများ တောက်ပနေခဲ့ပြီး ထိုရောင်စုံအလင်းတန်းများကြား အပျက်အစီးပုံကြီးတစ်ခု ရှိနေခဲ့၏။

“ရှေးဟောင်းအပျက်အစီးနယ်မြေ” အားလုံး အော်ပြောလိုက်ကြ၏။

“နောက်ဆုံးတော့ ငါတို့ ရောက်လာနိုင်ခဲ့ပြီး” ဟိုင်ဝမ်ကု ပြုံးလိုက်၏။ ချက်ချင်းပဲ အောက်ဆင်းသည့် နှုန်းကို တိုးမြှင့်လိုက်၏။

မကြာခင်မှာပဲ ရန်ကိုင်တို့အဖွဲ့ ရှေးဟောင်း အပျက်အစီး နယ်မြေအစွန်အဖျားသို့ ရောက်လာခဲ့၏။ ရှေးဟောင်းအပျက်အစီးနယ်မြေသည် ကီလိုမီတာပေါင်း များစွာ ကျယ်ဝန်း၏။ ယိုယွင်းပျက်စီးနေသော နန်းတော်ပုံစံ အဆောက်အဦး များစွာ ရှိနေပြီး အတန်းလိုက်၊ အတန်းလိုက် ဆောက်လုပ်ထားသော အိမ်ပေါင်းများစွာလည်း ရှိနေခဲ့၏။ သို့သော် အိမ်အများမှာစု ပျက်စီးပြိုကျနေခဲ့လေပြီ။

အထင်ကြီးချင်စရာ အကောင်းဆုံး အရာကား ရှေးဟောင်း အပျက်အစီး နယ်မြေပြင်ဘက်ရှိ ထွင်းဖောက်မြင်နေရသော အရံအတားပင်။ ပင်လယ်နက်ထဲတွင် ရှိနေသော်ငြား အရံအတားသည် အတွင်းပိုင်းထဲသို့ ရေတစ်စက်မှ မဝင်ရောက်နိုင်အောင် ကာကွယ်ထားဆဲ။

အရံအတား အပြင်ဘက်တွင်မူ သန္တာကျောက်တန်း များစွာရှိနေခဲ့၏။

ထိုအပျက်အစီး နယ်မြေကို မြင်ပြီးနောက် အားလုံး မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

ဟိုင်ဝမ်ကုမူ ဇိမ်ပြေနပြေ အမူအရာဖြင့် လက်နက်ကို ထိန်းချုပ်၍ အားလုံးကို အပျက်အစီး နယ်မြေထဲ ခေါ်သွားခဲ့၏။

အပြင်ဘက် အရံအတားသည် ပင်လယ်ရေကိုသာ ကာဆီးထားခြင်း ဖြစ်ပြီး သူတို့အား တားဆီးထားခြင်း မရှိချေ။ ထို့ကြောင့် ထိုအရံအတားကို ရန်ကိုင်တို့ အလွယ်တကူပဲ ဖြတ်သွားနိုင်ခဲ့၏။

အထဲသို့ ရောက်သည်နှင့် ဟိုင်ဝမ်ကုက သူ့လက်နက်ကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူ့မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်လာခဲ့လေ၏။

“ရောက်လာပြီဆိုမှတော့ မြန်မြန် လှုပ်ရှားကြတာပေါ့။ ကျန်တဲ့ အဖွဲ့ခြောက်ခုလည်း ဒီနေရာဆီ ရောက်နေလောက်ပြီ” ဟိုင်ဝမ်ကုက ဆော်ဩလိုက်၏။

ဟိုင်ဝမ်ကု၏ တည်ငြိမ်ပြီး စိုးရိမ်ခြင်းမရှိသော အမူအရာကို မြင်ပြီးနောက် အားလုံး၏ အမူအရာ မည်းမှောင်သွားခဲ့၏။ ထိုမြေခွေးအိုကြီး သူတို့အားလုံးကို အသုံးချရန် ကြံနေမှန်း အားလုံး နားလည်လိုက်၏။

လက်နက်ကို ဆက်လက် ထိန်းထားရန်အတွက် လူများစုမှာ အစစ်အမှန်ချီ တော်တော်ကုန်သွားခဲ့ရ၏။ သို့သော် ဟိုင်ဝမ်ကုမှာမူ တက်တက်ကြွကြွ ရှိနေဆဲပင်။

မြန်မြန်လှုပ်ရှားရန် ပြောခြင်းမှာလည်း သူတို့အား အားပြန်မဖြည့်စေလိုသောကြောင့်ပင် ဖြစ်၏။

ပြောပြီးမကြာခင်မှာပင် မနီးမဝေးနေရာသို့ အခြား အဖွဲ့ခြောက်ဖွဲ့ ရောက်လာခဲ့၏။

ကျိန်ဆဲချိန်ပင် မရှိတော့ရာ ပြင်ပကျင့်ကြံသူ အားလုံး အစစ်အမှန်ချီ ပြန်လည်ဖြည့်တင်းဆေးလုံးများကို ထုတ်ယူ၍ ကတိုက်ကရိုက် မျိုချလိုက်ကြ၏။ ပြီးသည်နှင့် အစစ်အမှန်ချီကို လှည့်ပတ်ရင်း ဟိုင်ဝမ်ကုနောက် အမြန် ပြေးလိုက်သွားကြလေ၏။

အခြားသူများ၏ သံသယဝင်ခြင်း မခံရစေရန် ရန်ကိုင်သည်လည်း ဆေးလုံးတစ်လုံးကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ရှေးဟောင်းအပျက်အစီး နယ်မြေထဲ ရောက်လာပြီးနောက် နေရာဆီမှ ထွက်ပေါ်လာသော သိပ်သည်းလှသည့် ယန်ဓါတ်စွမ်းအင် စီးကြောင်းများကို ရန်ကိုင် အာရုံခံမိလိုက်၏။ ထိုယန်ဓါတ်စွမ်းအင်သည် အပျက်အစီး နယ်မြေတစ်ခုလုံးကို ပြည့်လွှမ်းနေခဲ့ရာ ပတ်ဝန်းကျင် အပူအချိန်သည် အနည်းငယ် နွေးတေးတေးလေး ဖြစ်နေခဲ့၏။

သို့သော် အဖွဲ့ဆီမှ ခွဲထွက်၍ ထိုအရပ်ဆီသို့ ချက်ချင်း မသွားခဲ့ချေ။ ရှေးဟောင်းအပျက်အစီး နယ်မြေသည် မမြင်နိုင်သော အန္တရာယ်များစွာဖြင့် ပြည့်နေ၏။ ထို့ကြောင့် ဤအဖွဲ့နောက် အရင်လိုက်ပြီးမှ သူ့ဘာသာ တစ်ယောက်တည်း ခွဲထွက်သွားရန် စဉ်းစားထား၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအပျက်စီးနယ်မြေသည် အတော်လေး သက်တမ်းရင့်ကြောင်း သိနိုင်၏။ ဤနေရာကြီး တည်ရှိနေခဲ့သည်မှာ အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ ကြာလောက်ပေပြီ။ ဤနေရာ၌ တစ်ချိန်က မည်ကဲ့သို့သော အင်အားစုမျိုး တည်ရှိခဲ့သည်ကို မည်သူမှ မသိချေ။ ထို့ပြင် မည်သည့် အကြောင်းအရင်းကြောင့် ဤနေရာသည် ပင်လယ်ထဲသို့ နစ်မြုပ်ခဲ့ရလေသနည်း။

အားလုံးသည် မိမိ၏ ဘေးပတ်ဝန်းကျင်ကို အသီးသီး အာရုံစိုက်ထားကြ၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်း ရတနာရှိမည့် နေရာများကို ရှာဖွေနေခဲ့ကြ၏။

ရှေ့မှလမ်းလျှောက်နေသော ဟိုင်ဝမ်ကုက ရုတ်တရက် ပြောလိုက်၏ “တစ်ခုခုတွေ့ရင် ဒီလူအိုကြီးကို အရင်ပေးနော်။ ဒီအပျက်အစီးနယ်မြေက ထွက်ပြီး အပေါ်ရောက်တာနဲ့ အားလုံးကို ညီတူညီမျှ ပြန်ခွဲပေးမယ်။ ငါတို့ ဟိုင်မိသားစုက ငါတို့အတွက် ဘာမှပိုယူမှာ မဟုတ်ဘူး။ မင်းတို့ ပိုပေးနိုင်လေ၊ မင်းတို့ရမယ့် ဝေစုက ပိုများလေပဲ။ အဲ့တစ်ချက်တော့ ရှိတာပေါ့။ ငါတို့ ဟိုင်မိသားစုလည်း အဲ့အတိုင်းပဲ။ ငါတို့ ပိုရှာနိုင်ရင် ငါတို့ ပိုယူမယ်”

လူအိုကြီးမှာ မျှတမှုရှိသည့် ပုံဖမ်းကာ ပြောနေသာ်ငြား ယခင် အတွေ့အကြုံအရ သူ့စကားကို မည်သူမှ မယုံတော့ချေ။

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၄၇) ဆေးတိမ်တိုက်

လမ်းလျှောက်နေစဉ် အဖွဲ့ထဲမှ လူအချို့သည် စီးတန်းနေသော အိမ်ပျက်များဆီ ရုတ်တရက် ပြေးသွားကြ၏။ သူတို့၏ ရုတ်တရက် လှုပ်ရှားမှုသည် အားလုံး၏ အားရုံကို ဆွဲဆောင်သွားခဲ့၏။ ထိုပြင် ထိုအိမ်ပျက်များစီမှ စွမ်းအင်းလှိုင်း ယဲ့ယဲ့လေးများ ထွက်ပေါ်နေသည်ကို ယခုမှပင် သူတို့ သတိပြုမိသွား၏။

ဟိုင်ဝမ်ကု လက်မြှောက်ပြပြီး အသွားရပ်၍ စောင့်ရန် အချက်ပြလိုက်၏။

အိမ်ပျက်များဆီ ပြေးသွားသော ကျင့်ကြံသူမျာသည် ဟိုင်မိသားစုမှ ကျင့်ကြံသူများ ဖြစ်ကြ၏။ ဟိုင်မိသားစုသည် ဤနေရာကို သူတို့အပိုင်အဖြစ် သတ်မှတ်ထားလေရာ မည်သည့် အပြင်လူကမှ သူတို့ စိတ်ရှိတိုင်း မလုပ်ရဲကြချေ။

ပစ္စည်းကောင်းတစ်ခုခုတွေ့ခဲ့၍ ဟိုင်မိသားစုက အသားစားပြီး သူတို့ စွပ်ပြုတ်ရည်သောက်ရသေးလျှင် အရမ်းကြီး မိဆိုချေ။ ထို့ပြင် အန္တရာယ်တစ်ခုခု ရှိခဲ့လျှင် ဟိုင်မိသားစုဝင်များသာ ခံရပေလိမ့်မည်။ ထို့ကြောင့် မည်သူမှ အထွန့်မတက်ခဲ့ခြင်း ဖြစ်၏။

ခဏအကြာ၌ ဟိုင်မိသားစုဝင်များ ပြန်လာခဲ့၏။ ဘယ်ဘက်ရှိ အိမ်တန်းကို သွားစစ်ဆေးသည့် သူများက စိတ်ပျက်ပျက်ဖြင့်သာ ခေါင်းခါရမ်းနေခဲ့ကြပြီး ညာဘက်ကို သွားရှာသည့် လူနှစ်ယေဦက်ကတော့ ပစ္စည်းတစ်ခုကို ဟိုင်ဝမ်ကုလက်ထဲ ထည့်ပေးလိုက်၏။

အားလုံးသည် တောက်ပသည့် မျက်လုံးများဖြင့် ထိုပစ္စည်းကို စိုက်ကြည့်နေခဲ့ကြ၏။

ဟိုင်ဝမ်ကုက ပစ္စည်းထက်ရှိ ဖုန်များကို သုတ်ပြီးနောက် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ခဏအကြာ၌ သူ့အမူအရာ ပြေလျော့သွားခဲ့ပြီး ခေါင်းညိတ်၍ “ပစ္စည်းကောင်း တစ်ခုပဲ။ ဒါပေမယ့် ဆန်းကြယ်အဆင့်နိမ့် လက်နက် တစ်ခုရဲ့ စွမ်းအားလောက်ကိုပဲ ထုတ်ပြနိုင်တော့မယ်။ ကံဆိုးလိုက်တာ။ ဒီပစ္စည်းသာ အကောင်းအတိုင်း ရှိမယ်ဆိုရင် အနည်းဆုံး စိတ်ဝိဥာဉ် အထွတ်အထိပ် အဆင့်က ပြေးမလွတ်ဘူး”

သူပြောသည်ကို နားထောင်ပြီး အားလုံး အနည်းငယ် စိတ်ပျက်သွားခဲ့ကြ၏။

ဟိုင်ဝမ်ကု ပြောသည်မှာ မှန်ပေ၏။ အားလုံသည် ထိုပစ္စည်းကို သူတို့ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးနေလေရာ ဟိုင်ဝမ်ကု လိမ်ပြောမပြော သူတို့ သိ၏။

သို့သော်လည်း စစချင်း လက်နက်တစ်ခု ရှာတွေ့ခြင်းသည် အစကောင်းသည်ဟု ဆိုရပေမည်။

“ဒီလက်နက်ကို ဒီလူအိုကြီးပဲ သိမ်းထားလိုက်မယ်။ အပေါ်ရောက်မှ လက်နက်သန့်စင်တဲ့ ပညာရှင်တစ်ယောက် ရှာပြီး ဒီလက်နက်ကို ပြန်ပြင်ခိုင်းရမယ်” ဟိုင်ဝမ်ကုက ခပ်ပြတ်ပြတ် ပြောလိုက်ပြီး ထိုလက်နက်ကို သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းထားလိုက်၏။

အစကတည်းက တွေ့သမျှ ရတနာအားလုံးကို သူသိမ်းထားမည်ဟု ဟိုင်ဝမ်ကု ပြောခဲ့ခြင်ဖြစ်၏။ ရှေးဟောင်းအပျက်အစီး နယ်မြေကို ရှာဖွေစူးစမ်းသည့် ခရီးစဉ် ပြီးသွားသည့် အခါမှ အားလုံးကို မိမိတို့ ပေးအပ်သည့် ပစ္စည်းတန်ဖိုး အထိုက်အလျောက် ပြန်ခွဲဝေပေးမည်ဟု ပြောခဲ့၏။ ထိုပစ္စည်းကို ဟိုင်မိသားစုဝင်များ ရှာတွေ့ခဲ့ခြင်း ဖြစ်သဖြင့် မည်သည့် အပြင်လူကမှ ထိုပစ္စည်းအတွက် ဝေစုရလိမ့်မည် မဟုတ်ချေ။

စစချင်းမှာပင် ပစ္စည်းအချို့ ရခဲ့သဖြင့် အားလုံး ပို၍ စိတ်အားထက်သန်နေခဲ့ကြ၏။

ပိုပြီးမြန်မြန် ရှာနိုင်ရန် ဟိုင်ဝမ်ကုက အားလုံးကို အဖွဲ့သုံးဖွဲ့ခွဲခဲ့၏။ အဖွဲ့သုံးဖွဲ့စလုံးကို ဟိုင်မိသားစုက မသေမျိုးအဆင့် ပညာရှင်များက ဦးဆောင်၏။

ရန်ကိုင်သည် ဟိုင်ဝမ်ကုနောက် လိုက်နေရဆဲ။ သူကျသွားသော အသင်းသည် လူနှစ်ဆယ်သာ ရှိပြီး ထိုအသင်းထဲ၌ ဟိုင်ဝမ်ကုမှလွဲ၍ ရန်ကိုင် တစ်ယောက်သာ မသေမျိုးအဆင့်သို့ ရောက်ထားခြင်း ဖြစ်၏။ ကျန်လူအားလုံးသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ထိုရှေးဟောင်းအပျက်အစီး နယ်မြေထဲ ရံဖန်ရံခါ အဖိုးတန်ပစ္စည်း တစ်ချို့တစ်လေကို တွေ့ရတတ်၏။ အများစုသည် လက်နက်များ ဖြစ်ကြပြီး ကျင့်စဉ်၊ သိုင်းပညာရပ်များကို တွေ့ရတတ်သည့် အခါမျိုးလည်း ရှိ၏။ သို့သော် ထိုကျင့်စဉ်၊ သိုင်းပညာရပ်များသည် အချိန်၏ တိုက်စားမှုဒဏ်ကို မခံနိုင်ခဲ့ရာ သွားထိမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်း အမှုန့်ဖြစ်သွားခဲ့လေ၏။

ဆေးလုံးများကိုလည်း တွေ့ရသေး၏။ သို့သော် အချိန်ကြာသွားခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် ဆေးအာနိသင် လျော့ကျကုန်ပြီး အသုံးမဝင်သည့် ဆေးလုံးများ ဖြစ်သွားခဲ့ကြရ၏။

နေ့တစ်ဝက်ကြာအောင် ရှာဖွေပြီးနောက် ထိခိုက်နေသည့် လက်နက်အချို့ကို ရှာတွေ့ခဲ့၏။ အများစုသည် ထိုရလဒ်နှင့် ပက်သက်ပြီး သိပ်မကျေနပ်ချင်ကြချေ။ အစကောင်းခဲ့သော်ငြား နောက်ပိုင်းသည် သူတို့ မျှော်မှန်းထားခဲ့သလို ဖြစ်မလာခဲ့သည် မဟုတ်လေလော။

ရန်ကိုင်သည် အဖွဲ့နောက်ဘက်ပိုင်းတွင်သာ နေပြီး အများအာရုံ မဆွဲဆောင်မိအောင် အားနည်းသော အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)ကျင့်ကြံသူ တစ်ယောက်အဖြစ်သာ ဟန်ဆောင်နေခဲ့၏။

ထိုတွေ့ရှိခဲ့သော ထိခိုက်ပျက်စီးနေသည့် လက်နက် ဒါဇင်ကျော်များထဲတွင် ရန်ကိုင် ရရှိခဲ့သည့် လက်နက် များလည်း ပါဝင်၏။

ရန်ကိုင်စိတ်ထဲ သံသယတို့ တိုးပွားလာနေခဲ့၏။ ရှေးဟောင်းအပျက်အစီး နယ်မြေသည် ယခင်အချိန်က အလွန့်ကိုမှ အားကောင်းလှသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့သင့်၏။ ထို့ကြောင့် ထိုကဲ့သို့သော ဂိုဏ်းမျိုး၌ အဖိုးတန်နေရာများကို ကာကွယ်ထားသည့် အရံအတား များစွာ ရှိသင့်၏။ ပင်လယ်ထဲရှိ ရေများ ရှေးဟောင်း အပျက်အစီး နယ်မြေထဲသို့ ဝင်မလာနိုင်အောင် ကာရံထားသော အရံအတားကို ကြည့်လျှင် ထိုအချက်ကို သိနိုင်၏။ သို့သော် ယခုအချိန်ထိ မည်သည့် အရံအတား၊ အန္တရာယ်ကိုမှ သူတို့ မကြုံတွေ့ရသေးချေ။

ထိုကြောင့် ရန်ကိုင် ပို၍ သတိချပ်ထားလိုက်၏။

လမ်းလျှောက်နေစဉ် ခပ်ပိန်ပိန်နှင့် လူတစ်ယောက်က ရန်ကိုင်ဆီ ရုတ်တရက် ချဉ်းကပ်လာလာခဲ့၏။ ရန်ကိုင် မျကမှောင်ကြုံ့၍ လှည့်ကြည့်လိုက်ရာ ထိုပိန်ပိန်လူက သူ့အား သွားပေါ်အောင် ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။

“ဘာလဲ” ရန်ကိုင်က မေးလိုက်ရာ ထိုလူက ရှေ့ဘက်ရှိ ဟိုင်ဝမ်ကုဆီ တစ်ချက် လှမ်းကြည့်လိုက်၏။ ဟိုင်ဝမ်ကု သူတို့အား ကြည့်မနေမှန်း သိပြီးနောက် ရန်ကိုင်ကို တိုးတိုးလေး ပြောလိုက်၏ “ကောင်လေး၊ မင်းက ဥာဏ်ကောင်းတဲ့ကောင်ပဲကွ”

“အဲ့လိုထင်လား” အားလုံးက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာသလို ရန်ကိုင် ခံစားလိုက်ရ၏။ ထိုလူသည် ဟိုင်မိသားစုအဖွဲ့ထဲ ဝင်လာသည့် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်၏။ အသက်အရမ်းကြီး မကြီးချေ။ သုံးဆယ်လောက်သာ ရှိပေဦးမည်။ သူ၏ မျက်လုံး မှေးမှေးများသည် အဆိပ်ရှိသော မြေတစ်ကောင်၏ မျက်လုံးများနှင့် ဆင်၏။ ထိုကဲ့သို့သော လူများသည် အရမ်းကိုမှ ဥာဏ်နီဥာဏ်များသော လူမျိုးပင်။

ထိုလူသည် အကြောင်းပြချက်မရှိဘဲ ရန်ကိုင်ဆီ ချဉ်းကပ်လာလိမ့်မည် မဟုတ်။ ထိုလူဘာတွေများ ကြံစည်နေလဲဆိုသည်ကို ရန်ကိုင်လည်း သိချင်မိသွား၏။

“ငါမြင်တယ်လေ” ထိုလူက တိုးတိုးလေး ပြန်ပြောလိုက်၏ “မင်းက ငြိမ်ငြိမ်လေးသာ နေနေတာ။ မင်းမျက်လုံးတွေက ငြိမ်နေတာမှ မဟုတ်တာ။ အဲ့ဒါကြောင့် မင်းက အစစ်အမှန်ခွန်အားကို ဖုံးကွယ်ပြီး ငါးကြီးကြီး ဖမ်းမိတာနဲ့ အလစ်သုတ်ဖို့ ချောင်းနေတဲ့ လူတစ်ယောက်လို့ ငါကောက်ချက်ချလိုက်တာ”

“မင်းအတွေးလွန်နေပြီ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။

“ငြင်းနေစရာမလိုဘူး။ အားလုံးက အဲ့အတိုင်း ကြံနေကြတာ” ထိုပိန်ပိန်လူကြီး လှောင်ပြောင်လိုက်၏ “အဲ့လူအိုကြီးက ရသမျှ ပစ္စည်းအကုန်လုံးကို သူ့အိတ်ထဲ ထိုးထည့်နေတာ။ သူဘာလုပ်နေမှန်း ဘယ်သူသိမှာလဲ။ ဒီခရီးစဉ် ပြီးသွားတာနဲ့ ငါတို့ကို ဘာမှပြန်မပေးတာလည်း ဖြစ်နိုင်တာပဲ။ ပါးစပ်ပိတ်သွားအောင် အရိုးအရင်းလေး နည်းနည်းပါးပါးလောက် ပေးကျွေးမှာလည်း ဖြစ်နိုင်တာပဲ။ တကယ်တော့ ဒီနေရာက သူတို့ပိုင်နက်လေ။ ငါတို့မှာ ပြောခွင့်မှ မရှိတာ”

“သူတို့က အသားစား၊ ငါက စွပ်ပြုတ်သောက်” ရန်ကိုင်က ပြုံးလိုက်ပြီး “အဲ့လောက်နဲ့တင် ငါကျေနပ်တယ်”

“မင်းကြည့်ရတာ ဒီလောက်လေးနဲ့ ကျေနပ်မယ့် ပုံစံမျိုး မဟုတ်ပါဘူးကွာ” ထိုလူက အထင်အမြင် သေးသေးဖြင့် ပြောလိုက်၏။ ထို့နောက် လေသံတိုးတိုးဖြင့် “ငါတို့ အဖွဲ့ဖွဲ့ကြရင် ဘယ်လိုလဲ”

“အဖွဲ့ဖွဲ့ဖို့လား။ ဘာအတွက်လဲ”

ထိုခပ်ပိန်ပိတ်လူကြီးက ရန်ကိုင်ကို အရူးတစ်ယောက် ပမာ စိုက်ကြည့်လိုက်ပြီး “ဒီနေရာမှာ အန္တရာယ်မှ မရှိတာ။ အဖွဲ့ထဲကနေ ဘယ်သူမှမသိအောင် ခိုးထွက်ပြီး ကိုယ့်ဘာသာ ရတနာလိုက်ရှာမယ်လေ။ သူတို့နဲ့ ဘာလို့ အတူနေနေရာမှာလဲ”

“အို၊ ဆိုးတော့လည်း မဆိုဘူး” ရန်ကိုင်က စိတ်ဝင်စားသည့် အမူအရာဖြင့် ပြုံးလိုက်၏။

“မဆိုးဘူးမလား” ရန်ကိုင် စိတ်ဝင်စားနေသည်ကို မြင်သော် ထိုခပ်ပိန်ပိန်လူက သံကိုပူတုန်း ထပ်ရိုက်ရန် ဆုံးဖြတ်လိုက်၏ “ပစ္စည်းကောင်းတစ်ခုခုတွေ့ရင် တစ်ယောက်တစ်ဝက် ညီတူညီမျှ ခွဲဝေယူကြမယ်လေ။ ငါက မျှမျှတတပဲ လုပ်တတ်တဲ့လူမျိးပဲ”

“မင်းအကြံက စိတ်ဝင်စားစရာကောင်းတာ အမှန်ပဲ။ ဒါပေမယ့် ငါကတော့ ဒီအဖွဲ့နောက်ပဲ လိုက်ဦးမယ်။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ အတူနေတာက ပိုပြီး လုံခြုံတယ်လေ” ရန်ကိုင်က တုန့်ဆိုင်းနေဟန် အမူအရာဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်၏။

ထိုခပ်ပိန်ပိန်လူကြီးသည် ရန်ကိုင်ကို ထပ်မံ စည်းရုံးသေး၏။

သို့သော် အလုပ်မဖြစသဖြင့် “တုံးလိုက်တဲ့ကောင်။ မင်းသာ သူတို့နောက် ဆက်လိုက်နေရင် အနှေးနဲ့အမြန် ခံစားရလိမ့်မယ်”

ရန်ကိုင်ကမူ ဘာမှ ပြန်မပြောခဲ့ချေ။

တစ်ချက်ကြည့်ရုံနှင့်ပင် ထိုခပ်ပိန်ပိန်လူသည် လူကောင်း တစ်ယောက်မဟုတ်ကြောင်း သိနိုင်၏။ ရန်ကိုင်ကို သူနှင့်အတူ သွာရန် စည်းရုံးနေခြင်းမှာ တစ်ယောက်တည်း မသွားရဲသောကြောင့် လည်းကောင်း၊ အကူအညီလိုနေသောကြောင့် လည်းကောင်း ဖြစ်နိုင်ပေ၏။ အန္တရာယ်တစ်ခုခု ကြုံခဲ့ပါက တစ်ယောက်တည်း ဖြေရှင်းခြင်းထက် နှစ်ယောက်အတူ ဖြေရှင်းခြင်းက ပို၍ ကောင်းသည် မဟုတ်လော။

သို့သော် အဖိုးတန်ပစ္စည်း တစ်ခုခုရသည်နှင့် သူ့ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် ပိုမြင့်လေရာ ရန်ကိုင် ကဲ့သို့ အားနည်းသော လူတစ်ယောက်ကို အလွယ်တကူ ဖိနှိပ်အနိုင်ယူနိုင်၏။

ငါက ဘယ်လိုလုပ်ပြီး အဲ့လောက်လွယ်ကူတဲ့ ပစ်မှတ်တစ်ခု ဖြစ်သွားရတာလဲ ရန်ကိုင်က စိတ်ထဲတွင် ကြိတ်၍ လှောင်ပြောင်နေခဲ့၏။

“ရှေ့မှာအိမ်တွေပဲ။ မင်းတို့ တစ်ချက် သွားစစ်ဆေးကြည့်လိုက်” ဟိုင်ဝမ်ကုက ရုတ်တရက် ရပ်တန့်၍ ရှေ့ကိုညွှန်ကာ ပြောလိုက်၏။

အားလုံး ခေါင်းညိတ်လိုက်ပြီး ထိုအိမ်များရှိရာဆီ အမြန် ပြေးသွားလိုက်ကြ၏။

ယခုတစ်ကြိမ် ရန်ကိုင်လည်း လိုက်သွားလိုက်၏။ သို့သော် သူသွားသောဘက်သည် ညာဘက်ဖြစ်၏။

ရန်ကိုင်တို့အဖွဲ့တွင် စုစုပေါင်း လူငါးယောက်ရှိပြီး သုံးယောက်သည် အိမ်အပြင်ဘက်တွင် လှန်လှော ရှာဖွေနေခဲ့၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်သော်လည်း မည်သည့် အဖိုးတန်ပစ္စည်းမှ မတွေ့ခဲ့ရာ အိမ်ထဲကိုသာ ဝင်သွားတော့လေ၏။ သို့သော် အိမ်ထဲမဝင်ခင်မှာပင် သူကို လာစကားပြောခဲ့သည့် ခပ်ပိန်ပိန်လူကြီးသည် သူ့ကိုကျော်ရင် အိမ်ထဲသို့ အရင်ဝင်သွားလေ၏။

ရန်ကိုင်က ထိုလူကို အာရုံမစိုက်ဘဲ ခေါင်းခါရမ်း၍သာ အိမ်ထဲ ဝင်သွားလိုက်၏။ အိမ်ထဲရှိ ပစ္စည်းအများစုသည် ဖုန်မှုန်ဖြစ်ကုန်ကြလေပြီ။ သို့သော် အခန့်ထောင့် တစ်နေရာ၌ ပြန်ကြဲနေသော ကျောက်စိမ်း ပုလင်းလေးများ ရှိနေခဲ့၏။

ရန်ကိုင်ရောက်သွားသည့် အချိန်၌ ထိုခပ်ပိန်ပိန် လူကြီးသည် ကျောက်စိမ်းပုလင်းများကို ကောက်ယူပြီး နေခဲ့လေပြီ။ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ထိုလူသည်ပင် ပုလင်းများကို တစ်ပုလင်းပြီးတစ်ပုလင်း ဖွင့်ကြည့်နေခဲ့၏။

ထိုပုလင်းများကို ဆေးလုံးများ ထည့်သိမ်းရန် သုံးလေ့ရှိ၏။ သို့သော် ရှေးဟောင်းအပျက်အစီး နယ်မြေသို့ ရောက်ကတည်းက မည်သည့် အဖိုးတန် ဆေးလုံးကိုမှ မတွေ့ရသေးချေ။ ဆေးလုံးများသည် အချိန်ကြာသွားသည့်အတွက် အဖိုးတန် အမှိုက်များ ဖြစ်ကုန်ကြလေ၏။

သို့သော်လည်း ရုတ်တရက် ခပ်ပိန်ပိန်လူကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့မျက်လုံးများည်လည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်သွားခဲ့၏။

“တစ်ခုခုကောင်းတာ တွေ့လို့လား” ရန်ကိုင်လည်း သိချင်စိတ်ဖြင့် မေးကြည့်လိုက်၏။

ရန်ကိုင် အသံကြားမှပဲ အခန်းထဲတွင် တစ်ယောက်ယောက် ရှိနေသေးမှန်း သတိရလိုက်ကာ ခေါင်းညိတ်၍ “မင်းဘာသာမင်း ကြည့်ကြည့်လိုက်”

ပြောနေရင်း သူကိုင်ထားသည့် ကျောက်စိမ်း ပုလင်းကို ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်လေ၏။

ရန်ကိုင်လည်း ပုလင်းထဲရှိ ဆေးလုံးကို မြင်ပြီးနောက် ထိတ်လန့်သွားခဲ့ရ၏။

ပုလင်းထဲရှိ ဆေးလုံးသည် သာမန်ဆေးလုံများနှင့် မတူ။ ဆေးလုံးပတ်လည်၍ ရစ်သိုင်းနေသော မြူခိုး အလွှာလေးတစ်လွှာ ရှိနေခဲ့၏။ မသိလျှင် တိမ်တိုက်နှင့်ပင် တူသေး၏။ ထိုဆေးလုံးကို ဖော်စပ်ခဲ့သည်မှာ နှစ်မည်မျှ ကြာခဲ့ပြီကို ရန်ကိုင် မသိသော်လည်း ဆေးလုံး၏ အာနိသင်သည် လျော့ကျမသွားရုံမက ပို၍ပင် ကောင်းမွန်းလာခဲ့၏။ ဆေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် ထိုဆေးလုံးသည် သူတော်စင်အဆင့် ဆေးလုံး တစ်လုံးမှန်း ရန်ကိုင် တန်းသိလိုက်၏။

သို့သော်လည်း ဆေးလုံး အဆင့်သာ သာမဏ၊ အဓိကသည် ဆေးလုံကို ဝိုင်းရံထားသော တိမ်တိုက်ကဲ့သို့ မြူခိုးအလွှာပင် ဖြစ်၏။

“ဆေးတိမ်တိုက်လား” ရန်ကိုင် အလန့်တကြား ဆိုလိုက်၏။

ရန်ကိုင် ကိုယ်တိုင်သည် အလွန်ကိုမှ ထူးချွန်သော ဆေးပညာရှင် တစ်ယောက်ဖြစ်၏။ ဆေးသွေးကြော ပါသော ဆေးလုံးများစွာကိုပင် သူဖော်စပ်ခဲ့ဖူး၏။

ဆေးသွေးကြောပါသော ဆေးလုံးတစ်လုံးကို နှစ်ပေါင်းမည်မျှကြာအောင် သိမ်းထားစေကာမူ ဆေးအာနိသင် လျော့ကျသွားခြင်း မရှိချေ။

ထူးချွန်သော ဆေးပညာရှင်တိုင်းသည် ဆေးသွေးကြော ပါသော ဆေးလုံးများကို ဖော်စပ်နိုင်ရန် အစွမ်းကုန် ကြိုးစားကြ၏။ သို့သော် သူတို့ မည်မျှပင် ကြိုးစားစေကာမူ သွေးကြောပါသော ဆေးလုံးများကို မဖော်စပ်နိုင်ခဲ့ချေ။

ဖော်စပ်နိုင်ခဲ့လျှင်ပင် အရမ်းကို ကံကောင်းနေသည့် အခိုက်အတန့်မျိုး၍သာ ဖြစ်၏။

ရန်ကိုင်သည် ဆေးသွေးကြောပါသော ဆေးလုံများကို မကြာခဏ ဖော်စပ်ခဲ့ဖူးသော်လည်း ဆေးတိမ်တိုက်ပါသော ဆေးလုံးကိုမူ တစ်ကြိမ်တစ်ခါမှပင် မဖော်စပ်ခဲ့ဖူးသေးချေ။

သို့သော် ယနေ့၌ ဆေးတိမ်တိုက်ပါသော ဆေးလုံး တစ်လုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့လိုက်ရလေပြီ။

ဒဏ္ဏာရီအရ ဆေးတိမ်တိုက်ပါဝင်သော ဆေးလုံး တစ်လုံး၏ အရည်အသွေးသည် အချိန်ကြာလာသည်နှင့် အမျှ ပိုပို၍ မြင့်မားအားကောင်းလာ၏။ ဆေးအာနိသင်သည် လျော့မကျသွားရုံမက အချိန်ကြာလာသည်နှင့် ပိုအစွမ်းထက်လာ၏။

ဆေးတိမ်တိုက်ပါသော ဆေးလုံးတစ်လုံးသည် သိမ်းဆည်းထားချိန် ကြာလေ ဆေးစွမ်းပိုထက်လေပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၄၈) ကိုယ့်ကံကိုယ်ဖန်တာပဲ

ထိုဆေးလုံးကို ပုလင်းထဲ မည်မျှကြာအောင် သိမ်းဆည်းထားလဲ ဆိုသည်ကို မသိနိုင်သော်လည်း အနည်းဆုံး နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီဟုတော့ ပြောနိုင်၏။

ထိုကဲ့သို့သော ဆေးလုံးကို သာမန် သူတော်စင်အဆင့် ဆေးလုံးတစ်လုံးအဖြစ် သတ်မှတ်၍ မရတော့ချေ။

အထူးသဖြင့် ရန်ကိုင်ကဲ့သို့ ဆေးပညာရှင်မျိုး အတွက်ပင်။ သူသာ ဆေးတိမ်တိုက်အကြောင်း တစ်စွန်းတစ်စ နားလည်နိုင်လိုက်လျှင်ပင် သူ့ဆေးဖော်စပ်ခြင်းအတွက် အတော့်လေး အထောက်အကူ ဖြစ်ပေလိမ့်မည်။

သူ့စိတ်ထဲ အတွေးမျိုးစုံ ဖြတ်ပြေးနေခဲ့ပြီး သူ့မျက်နှာ အမူအရာသည်လည်း အမျိုးမျိုး ပြောင်းလဲနေခဲ့၏။

ကျောက်စိမ်းပုလင်းထဲရှိ ဆေးတိမ်တိုက်သည် ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင်များကို ဖြည်းဖြည်းချင်း စုပ်ယူနေခဲ့၏။

ဆေးလုံးမှ အကြည့်မခွါချင်ခွါချင်ဖြင့် ခွါလိုက်ပြီးနောက် ခပ်ပိန်ပိန်လူကြီးကို စိုက်ကြည့်လိုက်၏။

တစ်ဖက်လူသည်လည်း ရန်ကိုင်ကို ကြည့်နေခဲ့၏။ အကြည့်ချင်း ဆုံသွားသည့်အခိုက် ခပ်ပိန်ပိန်လူကြီး၏ လက်မှ အစိမ်းရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း အခန်းတစ်ခုလုံး အဆိပ်မြူခိုးတို့ဖြင့် ပြည့်သွားခဲ့၏။

“ဟဲဟဲ၊ ငတုံးကောင်လေး၊ ငါ့ကို ရက်စက်တယ် ဆိုပြီး လာအပြစ်မတင်နဲ့။ အရမ်းတုံးတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့” ခပ်ပိန်ပိန်လူကြီးက အစိမ်ရောင် မြူခိုးထဲရှိ ရန်ကိုင်ကို ကြည့်ရင်း လှောင်ပြောင်လိုက်၏။

ပြောနေစဉ်မှာပင် သူ့လက်ထဲ ဓါးမြှောင်တစ်ချောင်း ထွက်ပေါ်လာပြီး ထိုဓါးမြှောင်ဖြင့် ရန်ကိုင်ရင်ဘတ်ကို စိုက်ချလိုက်လေ၏။

နှစ်သန်းပေါင်းများစွာ သိုလှောင်ထားသော ဆေးတိမ်တိုက် ဆေးလုံး၏ အလွန်တရာကိုမှ အဖိုးတန်၏။ ရန်ကိုင်ရော၊ ခပ်ပိန်ပိန်လူကြီးရော ထိုအချက်ကို သိထားကြ၏။ ထို့ကြောင့် မျက်မြင် သက်သေမကျန်စေရန်အတွက် ရန်ကိုင်ကို သတ်ဖြတ်ရန် ခပ်ပိန်ပိန်လူကြီး ကြိုးစားခဲ့ခြင်း ဖြစ်၏။

ရန်ကိုင်သည်သာ ထိုသူတော်စင်အဆင့် ဆေးလုံးကို ရလိုက်သော် ပင်လယ်ထဲသို့ လာရသော ခရီးတန်သွားပြီဟု ဆိုနိုင်၏။ အခြားရတနာများ ထပ်ရှာစရာပင် မလိုတော့ချေ။ ဤနေရာမှ ချက်ချင်း ထွက်သွား၍ ရနေလေပြီ.

ခလွမ်…

ရန်ကိုင် မရှောင်ခဲ့။ ဓါးမြှောင် သူ့ရင်ဘတ်ကို ထိသွားခဲ့သော်လည်း မီးပွားတို့သာ စင်ထွက်လာခဲ့၏။ သူ့အရေပြား ကွဲထွက်သွားခြင်း မရှိသလို သွေးထွက်သွားခြင်းလည်း မရှိချေ။

ခပ်ပိန်ပိန်လူကြီး မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားခဲ့ပြီး အံ့အားသင့်မှု၊ နောက် ကြောက်ရွံ့မှုတို့က အစားထိုး ဝင်ရောက်လာခဲ့၏။

တိုက်ခိုက်စဉ် အားနည်းနည်းမှ ထိန်ချန် မထားခဲ့သော်လည်း ရန်ကိုင်ကို မသတ်ဖြတ်နိုင်ခဲ့။ မသတ်နိုင်သည့်အပြင် တန်ပြန်အားကြောင့် သူ့လက်ပြင် သွေးထွက်သွားခဲ့ရ၏။ ရန်ကိုင်ကို ရင်ဘတ်ကို ဓါးဖြင့် ထိုးလိုက်စဉ် သံမဏိနံရံကြီးတစ်ခုကို ထိုးလိုက်ရသလို ခံစားလိုက်ရ၏။

“သောက်ရူး” ရန်ကိုင်က သူ့ရင်ဘတ်ကို တစ်ချက်၊ နှစ်ချက်ပုတ်၍ အင်္ကျီပုံစံကို ပြန်ပြင်လိုက်၏။ ထို့နောက် ခပ်ပိန်ပိန်လူကြီးကို ကြည့်လိုက်ကာ “မင်းသာ ငါ့ကို သတ်ဖို့ မကြိုးစားခဲ့ရင် ငါလည်း မင်းကို သတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက ငါ့ကို သတ်ဖို့ကြိုးစားမှတော့ ငါကလည်း မင်းကို သတ်ရတော့မှာပေါ့။ ရောင်းရင်းရေ၊ မင်း ကိုယ့်ကံကိုယ်ဖန်လိုက်တာပဲ”

“မဖြစ်နိုင်ဘူး။ မင်းဘယ်လို… မသေမျိုးအဆင့် တွေတောင် ငါ့အဆိပ်ကို ခုခံနိုင်တာ မဟုတ်ဘူး။ မင်းဘာလို့ ဘာမှမဖြစ်ရတာလဲ” ခပ်ပိန်ပိန်လူကြီးက ရန်ကိုင်ကို ကြောက်ကြောက်လန့်လန့်ဖြင့် စိုက်ကြည့်နေခဲ့၏။ သူ့တစ်ကိုယ်လုံးသည်လည်း တုန်တုန်ရင်ရင် ဖြစ်နေခဲ့လေ၏။

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံး၍ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ ခပ်ပိန်ပိန်နှင့် လူကြီးမှ ထပြေးရန် ပြင်လိုက်သော်ငြား ရန်ကိုင်က သူ့ရှေ့ ရောက်နေခဲ့လေပြီ။ သူဘာမှ မလုပ်ရသေးခင်မှာပဲ ရန်ကိုင်က သူ့လက်ကို ရေပြင်ညီအတိုင်း ဖြတ်ချလိုက်၏။

ခပ်ပိန်ပိန်နှင့်လူကြီးမှာ သူ့လည်ပင်းကို ကာရန် အမြန်အဆန် ကြိုးစားလိုက်သော်လည်း သူ့လက်က မလှုပ်ရှားနိုင်တော့။ သူ့တစ်ကိုယ်လုံး မြေကြီးပေါ်သို့ တအိအိ လဲပြိုကျသွားလေ၏။

ရန်ကိုင်အတွက် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလို အရမ်းကိုမှ လွယ်ကူလှပေ၏။

ခပ်ပိန်ပိန်လူကြီး သေသွားပြီးနောက် ကျန်ဆေးပုလင်းများကို ကောက်ယူကာ အထဲတွင် ဆေးတိမ်တိုက်ဆေးလုံးများ ထပ်ရှိမရှိ အလျင်အမြန် စစ်ဆေးကြည့်လိုက်၏။ မရှိသည်နှင့် ချက်ချင်းပဲ ဝင်ပေါက်ဆီသို့ အမြန်ပြေးလေ၏။

“ဘာဖြစ်တာလဲ။ ဘာတွေဖြစ်နေတာလဲ” အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူသည် သုံးယောက်သည် အိမ်ထဲသို့ အမြန် ပြေးဝင်လာကြရာ အလျင်စလို ပြေးထွက်လာနေသော ရန်ကိုင်နှင့် ဝင်တိုက်ပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့ရ၏။

ရန်ကိုင် ခပ်ပိန်ပိန်လူကြီးအား သတ်ဖြတ်လိုက်သည်ကို သူတို့တစ်တွေ မမြင်ခဲ့သော်ငြား အိမ်ထဲမှ အစစ်အမှန်ချီ ပေါက်ကွဲထွက်လာသဖြင့် အပြင်ဘက်ရှိလူများလည်း အိမ်ထဲတွင် တစ်ခုခု ဖြစ်နေပြီးမှန်း ချက်ချင်း တန်းသိလိုက်၏။

“ပြေး၊ ထောင်ချောက် အသက်ဝင်နေပြီ” ရန်ကိုင်က အော်ပြောလိုက်၏။

လူသုံးယောက်စလုံးကို ရန်ကိုင်ကို စောင်းကြည့်လိုက်ကြ၏။ သို့သော် သူတို့ဆီ တိုးဝင်လာနေသော အဆိပ်မြူထုကြီးကို မြင်ပြီးနောက် သုံးယောက်စလုံး မှင်သက်သွားခဲ့ကြ၏။ မည်သူမှ ဆက်မနေရဲတော့ဘဲ ခြေကုန်သုတ်ပြေးတော့လေ၏။

“အထဲမှာ ဘာတွေဖြစ်နေတာလဲ” လူလေးယောက် ကျားလိုက်သလို ပြေးလာသည်ကို မြင်သော် ဟိုင်ဝမ်ကုက အလျင်စလို မေးလိုက်၏။

“အခန်းထဲမှာ ထောင်ချောက်တစ်ခု ရှိတယ်လေ။ ကျုပ်မိတ်ဆွေက အဲ့ထောင်ချောက်ကို စစ်ဆေးနေတုန်း မှာပဲ မတော်တဆ သွားထိမိလိုက်တာ” ရန်ကိုင်က မျက်စိပျက်၊ မျက်နှာပျက် အမူအရာဖြင့် အမြန်အဆန် ရှင်းပြလိုက်၏။

“သူဘာဖြစ်သွားလဲ” ဝမ်ဟိုင်ကု အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့၏။

“သေသွားပြီ”

“သေသွားတာလား” ကျင့်ကြံသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ဤနေရာသို့ စရောက်ချိန်မှစ၍ နေ့ဝက်ကြာအောင် ရတနာရှာထွက်ခဲ့သော်လည်း မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ရချေ။ ထို့ကြောင့် ရှေးဟောင်းအပျက်အစီး နယ်မြေသည် အန္တရာယ်မရှိသော နေရာတစ်ခုအဖြစ် လူများစွာက စတင် ထင်မြင်စပြုလာခဲ့၏။ သို့သော် ယခုအချိန်၌ သူတို့ထဲမှ တစ်ယောက် သေသွားခဲ့လေပြီ။ ထို့ကြောင့် အကုန်လုံးစိတ်ထဲ စိုးရိမ်သွားသည်မှာ မထူးဆန်း။

“မင်းကျ ဘယ်လိုလုပ်ပြီး အကောင်းအတိုင်း ရှိနေရတာလဲ” ဟိုင်ဝမ်ကုက ရန်ကိုင်ကို မေးခွန်းထုတ်လိုက်၏။

“ကျုပ်က ထောင်ချောက်နဲ့ ဝေးနေလို့ ဘာမှ မဖြစ်လိုက်တာ။ ဒါပေမယ့် အဆိပ်တော့ မိသွားသေးတယ်…” ရန်ကိုင် ချောင်းဆိုးလိုက်၏။ ချောင်းဆိုးလိုက်သည် တစ်ပြိုင်နက် အစိမ်းရောင် သန်းနေသော သူ့မျက်နှာသည် တဖြည်းဖြည်းချင်း မည်းနက်လာခဲ့လေ၏။

သူပြောသည်ကို ကြားသော် သူ့နားတွင် ဝိုင်းနေသည့် လူအားလုံး ခပ်မြန်မြန် ပြန်ဆုတ်သွားကြ၏။ အားလုံးသည် ရန်ကိုင်ကို ကြောက်ကြောက်လန့်လန့်ဖြင့် စိုက်ကြည့် နေကြလေ၏။

ရန်ကိုင်က ထိုလူများကို လေ့လာရင်း တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ခပ်ပိန်ပိန်နှင့်လူကြီး ရန်ကိုင်ကို အဆိပ်မြူထဲတွင် သတ်ပစ်ရန် ကြံစည်ခဲ့၏။ အပြင်ဘက်ရှိ လူတစ်ယောက်ယောက် မေးသော် ရန်ကိုင် ထောင်ချောက်မိပြီး သေသွားသည်ဟု ပြောလိုက်ရုံပင်။

သူက ထိုကဲ့သို့ ကြံစည်ထားမှဖြင့် ရန်ကိုင်ကကော သူ့အကြံကို အဘယ်ကြောင့် ငှားမသုံးရမည်နည်း။

ယခုအချိန်၌ တစ်အိမ်လုံးတို့ အဆိပ်တို့ဖြင့် ပြည့်နေပြီ ဖြစ်ရာ မည်သူမှ သွားမစစ်ဆေးရဲကြချေ။ ရန်ကိုင်သည် အခြားသူများ သံသယ မဝင်စေရန်အတွက် အဆိပ် အနည်းငယ်ကို ရှူခဲ့ခြင်း ဖြစ်၏။

“အထဲမှာ ထောင်ချောက်တစ်ခု ရှိတာလား…” ဟိုင်ဝမ်ကုက ရေရွတ်လိုက်၏။ ရုတ်တရက် သင်္ကာမကင်းသည့် အကြည့်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်၍ “အဲ့အိမ်ထဲမှာ မင်းဘာတွေ့ခဲ့လဲ”

“ဒီကျောက်စိမ်းပုလင်းတွေပဲ တွေ့ခဲ့တယ်။ ခပ်မြန်မြန် ကောက်ယူပြီး အိမ်ထဲကနေ ထွက်ပြေးလာခဲ့တာ” ရန်ကိုင်က ကျောက်စိမ်း ပုလင်းများကို ဟိုင်ဝမ်ကုလက်ထဲ ထည့်ပေးလိုက်၏။

အားလုံး စိတ်ပျက်သွားခဲ့ကြ၏။

အပျက်အစီးနယ်မြေထဲ ကျောက်စိမ်းပုလင်း များစွာ တွေ့ခဲ့သော်လည်း ပုလင်းထဲရှိ ဆေးလုံးအားလုံးသည် အသုံးမဝင်တော့ချေ။

ဟိုင်ဝမ်ကုလည်း မျက်နှာ အမူအရာမကောင်း၊ ရန်ကိုင်ကိုသာ မယုံကြည်ဟန်ဖြင့် စူးရဲစွာ စိုက်ကြည့် နေခဲ့လေ၏။

လမ်းတစ်လျှောက် မည်သည့် ထောင်ချောက်မှ မတွေ့ခဲ့ရချေ။ ရုတ်တရက် တစ်ခု တွေ့လိုက်ရပြီ ဖြစ်လေရာ ထိုနေရာ၌ အဖိုးတန်ပစ္စည်း တစ်ခုခု ရှိရပေမည်။ မဟုတ်လျှင် မူရင်းပိုင်ရှင်သည် ထိုနေရာ၌ ထောင်ချောက်တစ်ခု ဆင်ထားခဲ့လိမ့်မည် မဟုတ်ချေ။

“မင်းတစ်ခုခုကို ဖုန်းကွယ်ထားတာတော့ မဟုတ်ပါဘူးနော်” ဟိုင်ဝမ်ကု ရန်ကိုင်ကို မယုံသင်္ကာဖြင့် မေးမြန်းလိုက်၏။

ရန်ကိုင်က ချက်ချင်း ခေါင်းခါပြလိုက်ပြီး “ကျုပ်မှာ သိုလှောင်အိတ်မှ မရှိတာ။ ဘာကို ဖုံးကွယ်ထားရမှာလဲ”

ထိုစကားကို ကြားသော်လည် ဟိုင်ဝမ်ကု ရန်ကိုင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ရန်ကိုင် ပြောသလိုပင် သူ့ကိုယ်၌ သိုလှောင်အိတ် တစ်အိတ်မှ ရှိမနေခဲ့ချေ။

သိုလှောင်အိတ်သည် သယ်ရလွယ်ကူသော သိုလှောင် ရတနာတစ်ခု ဖြစ်သော်လည်း ထုန်းရွှမ်လောကကြီးရှိ လူတိုင်း ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။

လွတ်လပ်သော အဖွဲ့အစည်းသို့ ရောက်စဉ်က ထိုနေရာရှိ အဖွဲ့ခေါင်းဆောင်များသာ သိုလှောင်အိတ်များ ပိုင်ဆိုင်နိုင်ကြောင်း ရန်ကိုင် သိခဲ့ရ၏။ ယခုတစ်ကြိမ် စူးစမ်းလေ့လာသည့် ခရီးတွင်ပါဝင်သည့် ပြင်ပ ကျင့်ကြံသူ အများစု၌ သိုလှောင်အိတ်များ မရှိကြချေ။

“စီနီယာကျုပ်ကို မယုံတာလား” ရန်ကိုင်က ဟိုင်ဝမ်ကုကို ငေးကြည့်လိုက်၏။

ဟိုင်ဝမ်ကု အမြန်အဆန် ရှင်းပြလိုက်၏ “မေးသင့် မေးထိုက်လို့ပဲ မေးလိုက်တာ။ အာရုံစိုက်နေစရာ မလိုဘူး”

ပြောပြီးသည်နှင့် ရန်ကိုင်ကို ဆက်၍ အာရုံ မစိုက်တော့ဘဲ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ကျောက်စိမ်းပုလင်းများကို ဖွင့်လိုက်၏။

ကျောက်စိမ်းပုလင်းထဲ တစ်ခုခု တွေ့ရရန် မမျှော်လင့်ထားခဲ့။ သို့သော် ကျောက်စိမ်းပုလင်းထဲရှိ အရာကို မြင်လိုက်သည်နှင့် ဟိုင်ဝမ်ကု မျက်လုံးပြူး သွားခဲ့ရ၏။

တစ်ချိန်တည်းမှာပင် အားလုံးသည်လည်း သင်းပျံ့သော ဆေးရနံ့ကို ရှူရှိုက်မိလိုက်ကြ၏။

“အန်” ဟိုင်ဝမ်ကုက အံ့ဩသွားခဲ့ပြီး ကျောက်စိမ်း ပုလင်းထဲရှိ ဆေးလုံးများကို သူ့လက်ထဲ သွန်ချလိုက်၏။ ဆေးလုံးများစွာ ထွက်လာခဲ့၏။ အများစုသည် အသုံးမဝင်တော့သော ဆေးလုံးများ ဖြစ်ကြသော်ငြား ထိုဆေးလုံးများနှင့်အတူ လုံးဝကိုမှ ကွဲပြားသော ဆေးလုံး နှစ်လုံး ရောနေခဲ့၏။

ထိုဆေးလုံးထဲမှ နှစ်လုံးတွင် ဆေးသွေးကြောပါ၏။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ပျက်စီးသွားခြင်း မရှိခဲ့ချေ။

“စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတွေပဲ” ဟိုင်ဝမ်ကု စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။

အဖွဲ့ထဲတွင် ရှိနေသော လူအားလုံးသည်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ဟိုင်ဝမ်ကု လက်ထဲရှိ အရာကို စိုက်ကြည့်နေခဲ့ကြ၏။

ထိုဆေလုံးနှစ်လုံးသည် စိတ်ဝိဥာဉ်အဆင့် ဆေးလုံး နှစ်လုံးသာမဟုတ်၊ ဆေးသွေးကြောပါသော ဆေးလုံး နှစ်လုံးဖြစ်၏။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ စောင့်ကြည့်နေခဲ့၏။

သူလည်း ထိုဆေးပုလင်းများကို စစ်ဆေး ပြီးသွားခဲ့ပြီ ဖြစ်ရာ အတွင်းတွင် မည်ကဲ့သို့သော ဆေးလုံးများ ပါဝင်သည်ကို သိပြီးဖြစ်၏။ သိလျက်နှင့်ပင် ထိုဆေးလုံးများကို ရည်ရွယ်ချက်ရှိရှိဖြင့် မယူခဲ့ခြင်း ဖြစ်၏။

သူ့အတွက်တော့ ဆေးသွေးကြောသော ဆေးလုံး များသည် အရမ်းကြီး အဖိုးမတန်ချေ။ သူကိုယ်တိုင်ပင် ဆေးသွေးကြောပါသော ဆေးလုံးများကို ဖော်စပ်နိုင်ရာ ဆေးတိမ်တိုက်ပါသော သူတော်စင်အဆင့် ဆေးလုံးကိုသာ သူလိုအပ်၏။

ထိုကျောက်စိမ်းပုလင်းများကို ဟိုင်ဝမ်ကုဆီ ပေးလိုက်ပြီးနောက် လူထု၏ အာရုံသည် သူ့ဆီမှ ထိုဆေးပုလင်းများဆီ ရောက်ရှိသွားခဲ့၏။

ဟိုင်ဝမ်ကုသည် ကျန်ဆေးပုလင်းများကို အမြန် ဖွင့်ကြည့်လိုက်ရာ ထင်ထားခဲ့သလိုပင် အထဲ၌ ဆေးသွေးကြောပါသော ဆေးလုံးများ ရှိနေခဲ့၏။

ဆေးသွေးကြောပါသော စိတ်ဝိဥာည်အဆင့်၊ ဆန်းကြယ်အဆင့် ဆေးလုံး အမျိုးမျိုး ရှိနေခဲ့၏။

“အဲ့အိမ်မှာ ပစ္စည်းကောင်းတွေ တကယ်ရှိတာပဲ” ဟိုင်ဝမ်ကု အော်ဟစ်ရယ်မောရင်း ထပ်တလဲလဲ ခေါင်းညိတ်နေခဲ့၏။ သူတို့ မိသားစုကြီးခုနှစ်ခု မဟာမိတ် အဖွဲသည့် အင်အားစုလေး တစ်ခုသာ ဖြစ်သဖြင့် အဆင့်မြင့် ဆေးပညာရှင်များကို မငှားရမ်းနိုင်ချေ။ ထို့ကြောင့် ဆေးသွေးကြောပါသော ဆေးလုံးများကို ရရန် သူတို့အတွက် တကယ်ကို မလွယ်ကူပါချေ။ ရုတ်တရက် ဆေးသွေးကြောပါသော ဆေးလုံးများစွာကို ရလိုက်ခြင်းသည် သူ့အား အတော်လေးကို စိတ်ကျေနပ် သွားစေခဲ့၏။

“နောက်ပိုင်း ဆေးပုလင်းတွေ တွေ့ရင် ကောက်သာ ကောက်လာခဲ့လိုက်။ အဲ့ဆေးပုလင်းတွေထဲမှာ အကောင်းအတိုင်း ရှိသေးတဲ့ ဆေးလုံးတွေ ရှိချင်ရှိနေမှာ” ဟိုင်ဝမ်ကုက ထိုဆေးပုလင်းများကို အမြန်သိမ်းလိုက်ပြီးနောက် အားလုံးကို ပြောလိုက်၏။

“ညီငယ်လေးက ကြီးကြီးမားမား အကျိုးဆောင်ခဲ့တာပဲ” ပြင်ပကျင့်ကြံသူများထဲမှ တစ်ယောက်က ရန်ကိုင်ပခုံးကို ပုတ်ရင်း ပြောလိုက်၏။

သေသွားသည့် ခပ်ပိန်ပိန်လူကြီးကို မည်သူမှ အရေးစိုက်မနေတော့ချေ။

အားလုံးသည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် စတွေ့ကြခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့ထဲမှ တစ်ယောက် သေသွားလျှင်ပင် မည်သူမှ ထိုလူအတွက် ငိုပေးနေလိမ့်မည် မဟုတ်ချေ။

ရန်ကိုင် အဆက်မပြတ် ချောင်းဆိုးပြနေရင်း နာကျင်နေသော အမူအရာဖြင့် ရေရွတ်လိုက်၏ “ကျုပ်မိတ်ဆွေ သေသွားခဲ့တာ ဝမ်းနည်းစရာပဲ…”

ဟိုင်ဝမ်ကု ရန်ကိုင်ကို ကြည့်၍ ပြောလိုက်၏ “ညီငယ်လေး စိတ်ချထားလိုက်။ ငါတို့ ပြန်ရောက်တာနဲ့ မင်းမိတ်ဆွေအတွက် တစ်ခုခု လုပ်ပေးမှာပါ။ သူ့မိတ်ဆွေ၊ မိသားစုဝင်တွေကို ရှာတွေ့ခဲ့ရင် သူရမယ့် အကျိုးအမြတ် တွေကို အဲ့လူတွေဆီ ဒီဟိုင် ပို့ပေးလိုက်မယ်။ အခု လောလောဆယ်တော့ ဒီကိစ္စကို ခဏဘေးဖယ် ထားလိုက်ကြတာပေါ့။ ရော့၊ ဒီအဆိပ်ဖြေဆေးလုံးကို သောက်လိုက်။ အဲ့ဆေးလုံးကို ငါတို့ ဟိုင်မိသားစုရဲ့ ဆေးပညာရှင်ခေါင်းဆောင် ကိုယ်တိုင် ဖော်စပ်ထားတာ”

တော်တော်လေး ရိတ်သိမ်းနိုင်ခဲ့ရာ ဟိုင်ဝမ်ကုသည် ရန်ကိုင်၏ လုပ်ဇာတ်ကို ထပ်မံ သံသယဝင်ခြင်း မရှိတော့ချေ။ အဲ့အစား လူမြင်ကောင်းအောင် ရန်ကိုင်ကို အဆိပ်ဖြေဆေး တစ်လုံးပင် ပေးလိုက်သေး၏။

“ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ဆေးလုံးကို လက်ခံယူလိုက်၏။ ဆေးလုံးသည် အဆိပ်ဖြေ ဆေးလုံးမှန်း သေချာသွားသည်နှင့် သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး တင်ပလင်ခွေထိုင်ကာ ကျင့်စဉ်ကို လှည့်ပတ်၍ ပြောလိုက်၏ “အားလုံး ဆက်သွားနှင့်။ ကျုပ်ကို စောင့်မနေနဲ့။ ခဏနေရင် ကျုပ်လိုက်လာခဲ့မယ်”

================================

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၄၈) ကိုယ့်ကံကိုယ်ဖန်တာပဲ

သူ့လက်ရှိခွန်အားနှင့်ဆိုပါက် ထိုလူများနှင့် အတူလိုက်၍ ရှေးဟောင်းအပျက်အစီးနယ်မြေကို စူးစမ်းနေစရာ မလိုချေ။ ဝိဥာဉ်ဝါးမြိုးအင်းဆက်များ ရှိနေရာ သူတော်စင်အဆင့်အောက် မည်သူကမှ သူ့ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။

သို့သော် ရှေးဟောင်းအပျက်အစီးနယ်မြေကို လူများများနှင့် စူးစမ်းရှာဖွေခြင်းသည် ပို၍ အသုံးဝင်သည့် အတွက်ကြောင့်သာ ထိုအဖွဲ့နှင့်အတူ သွားနေခြင်းဖြစ်၏။

ယခု ဤနေရာ၏ အန္တရာယ်များအကြောင်း အတော်လေး သိသွားခဲ့ပြီ ဖြစ်လေရာ ထိုအဖွဲ့မှာထွက်၍ သူ့ဘာသာ စူးစမ်းရှာဖွေချင်နေလေပြီ။

ယန်ဓါတ်အရှိန်အဝါကို ထုတ်လွှတ်နေသည့်မှာ ဘာဖြစ်သည်ကို သူအတော်လေး သိချင်နေမိ၏။

ယခု အခွင့်အရေးသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှီလာခဲ့လေပြီ။

ဟိုင်ဝမ်ကုသည် သူ့ကဲ့သို့ ဘာမဟုတ်သော လူလေး တစ်ယောက်၏ သေခြင်း၊ ရှင်းခြင်းကို ဂရုစိုက်နေသည့်လူ မဟုတ်ဟု ရန်ကိုင် ခံစားရ၏။

သို့သော် ဟိုင်ဝမ်ကုသည် အခိုင်အမာ ခေါင်းခါ၍ ပြောလိုက်၏ “မရဘူး။ ငါတို့ မင်းကို တစ်ယောက်တည်း ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ”

ရန်ကိုင်သည် အတော်လေး အကျိုးဆောင် ပေးခဲ့သဖြင့် ဟိုင်ဝမ်ကုလည်း လူမြင်ကောင်းအောင် စိုးရိမ်ချင်ယောင် ဆောင်ပေးနေသည့်ပုံပင်။ အနားရှိ ဟိုင်မိသားစုမှ ကျင့်ကြံသူတစ်ယောက်ကို လက်ယပ်ခေါ်လိုက်ပြီး “လေးယောက်မြောက် ညီလေး၊ မင်းသူ့ကို ဒီမှာစောင့်ကျန်ပေးခဲ့လိုက်၏။ သူသက်သာလာပြီ ဆိုတာနဲ့ ငါတို့နောက် လိုက်လာခဲ့”

ထိုကျင့်ကြံသူက အမြန်အဆန် ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်နား ရပ်နေလိုက်၏။

ရန်ကိုင်လည်း ခေါင်းညိတ်၍ ပြုံးပြီးတော့သာ “စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

ဟိုင်ဝမ်ကုက အသာအယာ ခေါင်းညိတ်လိုက်ပြီး “မင်းမြန်မြန်ကုသလိုက်။ ငါတို့ အရင်သွားနှင့်မယ်။ သက်သာလာတာနဲ့ လေးယောက်မြောက် ညီလေးနဲ့အတူ ငါတို့နောက် မြန်မြန်လိုက်လာခဲ့လိုက်”

ပြောပြီးသည်နှင့် ဟိုင်ဝမ်ကုသည် အခြားသူများကို ဦးဆောင်၍ ထွက်သွားလိုက်လေ၏။

ရန်ကိုင်မှာ အတော်လေး ကူကယ်ရာ မဲ့နေခဲ့၏။ ဟိုင်မိသားစုမှ လေးယောက်မြောက်ညီလေး ဆိုသူက သူ့နားတွင် သစ်သားရုပ်တစ်ရုပ်ပမာ ရပ်စောင့်နေသဖြင့် အစစ်အမှန်ချီကို လှည့်ပတ်၍ ပြန်လည်ကုသချင်ယောင် ဆောင်နေရုံသာ တတ်နိုင်ခဲ့၏။

နာရီဝက်လောက်ကြာပြီးနောက် ရန်ကိုင် မတ်တပ် ရပ်လိုက်၏။

“ဘယ်လိုလဲ” လေးယောက်မြောက်ညီလေး ဆိုသူက ခပ်ပြတ်ပြတ်ပဲ မေးလိုက်၏။

“သွားတာက ပြဿနာ မဟုတ်တော့ဘူး”

“အဲ့လိုဆိုသွားကြမယ်” ပြောပြီသည်နှင့် လေးယောက်မြောက် ညီလေး ဆိုသူ၏ မျက်နှာထက် စိတ်ညစ်နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။

ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ဟိုင်ဝမ်ကုတို့ သွားသည့် လမ်းကြောင်းအတိုင်း လိုက်သွားလေ၏။ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစားလောက် ကြာပြီးနောက် ဟိုင်ဝမ်ကုတို့ အဖွဲ့ကို လိုက်မှီသွားခဲ့၏။

သို့သော်လည်း ထိုအဖွဲ့အခြေအနေကို မြင်ပြီးနောက် ရန်ကိုင် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

မူလက လူနှစ်ဆယ်လောက်ရှိသော အဖွဲ့သည် ယခုအချိန်၌ လူ(၁၃)ယောက်သာ ကျန်တော့၏။ တစ်ယောက်ချင်းစီတိုင်းသည်လည်း မျက်နှာအမူအရာ မကောင်း။

ရန်ကိုင် ကုသနေသည့် အချိန်အတွင်း ထိုအဖွဲ့သည် မမျှော်လင့်ထားသည့် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည့် ပုံပင်။

ငါပိုသတိထားမှ ရတော့မှာ… ဒီရှေးဟောင်း အပျက်အစီးနယ်မြေက သေမင်းထောင်ချောက်ကြီးပဲ

ရန်ကိုင်နှင့် လေးယောက်မြောက်ညီလေးဆိုသူကို မြင်သည့်အခါ ဟိုင်ဝမ်ကုက ခေါင်းသာညိတ်ပြလိုက်ပြီး ဘာစကားမှ မပြောခဲ့။

“ဘာတွေဖြစ်သွားတာလဲ” လေးယောက်မြောက် ညီလေးက နောက်ထပ်ဟိုင်မိသားစုဝင် တစ်ယောက်ဆီ သွားလိုက်ပြီး မေးမြန်းလိုက်၏။

တစ်ဖက်လူက ကြောက်လန့်နေသေးသည့် အမူအရာဖြင့် တိုးတိုးလေး ပြန်ပြောလိုက်၏ “ဒီနား တစ်ဝိုက်မှာ အရံအတားတွေ၊ ထောင်ချောက်တွေ အများကြီးပဲ။ အဲ့ထောင်တွေထဲက တစ်ခုကို သွားအသက်ဝင်အောင် လုပ်မိလို့ ငါတို့ အဖွဲ့ထဲက လူတော်တော်များများ ချက်ချင်း သေသွားခဲ့ရတယ်လေ”

လေးယောက်ညီလေး ဖြူလျော်သွားခဲ့ပြီး ဘာမှ ထပ်မမေးရဲတော့ချေ။

သူတို့ စကားပြောနေစဉ် အဝေးတစ်နေရာမှာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့၏။

အနား၌ တင်ပလင်ခွေထိုင်နေသော ဟိုင်ဝမ်ကုက အမြန် မျက်လုံးဖွင့်လိုက်ပြီး အသံထွက်ပေါ်လာရာ အရပ်ဆီ လှမ်းကြည့်၍ တိုးတိုးလေး ရေရွတ်လိုက်၏ “ချန်မိသားစုက အချက်ပြနေတာပဲ”

ပြောပြီးသည်နှင့် အမြန်အဆန် ကုန်းထလိုက်ပြီး လက်ဝှေ့ရမ်း၍ “အားလုံး ငါနဲ့လိုက်ခဲ့။ တစ်ယောက်ယောက် တစ်ခုခု တွေ့သွားပြီနဲ့တူတယ်”

မိနစ်အနည်းငယ်လောက် ပြေးလွှားနေပြီးနောက် ဟိုင်ဝမ်ကုတို့အဖွဲ့သည် အသံထွက်ပေါ်လာရာ အရပ်ဆီ ရောက်ရှိလာခဲ့၏။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင်များ၏ ဦးဆောင်မှုဖြင့် အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာခဲ့၏။

ရောက်လာပြီးနောက် သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်သော အားလုံး ထိတ်လန့်စိတ်လှုပ်သွားခဲ့ကြ၏။

အားလုံးရှေ့၌ ထွင်းမြောက်မြင်နေရသော အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်နေသော အလင်းလုံးတစ်လုံး ရှိနေခဲ့၏။ ဤအကွာအဝေးမှ ထိုအလင်းလုံး ဘာဖြစ်သည်ကို မပြောနိုင်သော်လည်း ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများအရ ၎င်းသည် အားကောင်းသော လက်နက်တစ်ခု ဖြစ်ဟန်တူ၏။

ထို့ပြင် ထိုပစ္စည်းသည် လုံးဝကို အကောင်းအတိုင်း ရှိနေခြင်းဖြစ်၏။

သို့သော် မမြင်နိုင်သော အရံအတားတစ်ခုသည် အားလုံး၏ လမ်းကြောင်းကို ပိတ်ဆီးထားလေရာ ကျင့်ကြံသူအားလုံးသည် သားရေတမြောင်းမြောင်းဖြင့် ထိုပစ္စည်းကို လောဘတကြီး စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ထိုလက်နက်ဆီ သွားရန် ကြိုးစားကြည့်သော်လည်း မည်သူမှ အရံအတားကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိဘဲ တွန်းထုတ်ခံခဲ့ရ၏။

ဟိုင်ဝမ်ကုတို့အဖွဲ့ ရောက်လာသည့်အချိန်၌ ထိုနေရာတွင် စုဝေးနေသူ လူဒါဇင်ကျော် ရှိနေခဲ့လေပြီ.

အလင်းလုံးကို မြင်မြင်ချင်း ရန်ကိုင်လည်း စိတ်ဝင်စားသွားခဲ့ပြီး ချက်ချင်း သတိချပ်လိုက်၏။

လူအုပ်ထဲမှ ရင်းနှီးနေသည့် အရှိန်အဝါကို အာရုံခံမိလိုက်ရာ ရန်ကိုင် မျက်ခွံသာ လှန်မိလိုက်၏။

ထိုအရှိန်အဝါ၏ ပိုင်ရှင်သည် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ သူတော်မမှ လွဲ၍ အခြားသူမဟုတ်။ ယခု ထိုကောင်မလေးသည် နှုတ်ခမ်လေးကို ကွေးလျက် သူ့အား ထူးထူးဆန်းဆန်း စိုက်ကြည့်နေခဲ့၏။

ယခုအချိန်အထိ အကောင်းအတိုင်း ရှိနေသေးပုံအရ ထိုကောင်မလေးသည်လည်း မခေသည့်ပုံပင်။ ကောင်မလေးသည် အရမ်းကိုမှ လွတ်လပ်ပေါ့ပါးနေခဲ့ပြီး သူမ၏ မျက်ဝဣ်းလေးများသည် စိတ်လှုပ်ရှားမှု၊ မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နေခဲ့၏။ ကောင်မလေး အတော်ပျော်နေသည့်ပုံပင်။

အရူးမပဲ ရန်ကိုင် တိတ်တဆိတ် ကြိတ်တွေးလိုက်၏။

“ညီအစ်ကိုချန်၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ” ဟိုင်တမ်ကု ရှေ့တက်၍ မသေမျိုး ဒုတိယအဆင့် ပညာရှင် တစ်ယောက်ကို မေးမြန်းလိုက်၏။

အချက်ပြသံကို ထုတ်လွှတ်ခဲ့သူသည် ထိုလူပင် ဖြစ်၏။ ဤနေရာတွင် စုဝေးနေသူများသည်လည်း ဟိုင်ဝမ်ကု မေးလိုက်သော အဖြေကို သိချင်နေကြ၏။ ထို့ကြောင့် လူအိုကြီးချန်ဘေးနားရှိ မသေမျိုးအဆင့် ပညာရှင်များသည် စတင် တရစပ် မေးမြန်းကြလေ၏။

“အားလုံးရောက်လာတဲ့အထိ စောင့်ဦး။ အဲ့ကျရင် ရှင်းပြမယ်” လူအိုကြီးချန်က ပြောလိုက်၏။

လူအုပ်ကြီးလည်း ခေါင်းမညိတ်ချင်ညိတ်ဖြင့် ညိတ်လိုက်ကြပြီး ထိုင်စောင့်နေလိုက်ကြ၏။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီး အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့ကြ၏။ ထိုအဖွဲ့အားလုံးသည် လူအိုကြီးချန်၏ အချက်ပြသံကို ကြားလိုက်ရသဖြင့် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်၏။

မကြာခင်မှာပင် ဤနေရာ၌ စုဝေးသူ တစ်ရာကျော် သွားခဲ့လေပြီ။ ခဏလောက်ထပ်စောင့်နေပြီး မည်သူမှ ထပ်ရောက်မလာတော့သဖြင့် နောက်ဆုံး လူအိုကြီးချန်က ပြောလိုက်၏ “အခု ထပ်ရောက်လာမယ့်သူ မရှိတော့ဘူး”

“ညီအစ်ကိုချန်၊ အခု ဒီမှာဘာတွေဖြစ်နေလဲ ရှင်းပြပေးလို့ရမလား။ ငါတို့အားလုံးကို ဘာလို့ ဒီနေရာဆီ ခေါ်လိုက်တာလဲ”

“အကြောင်းပြချက်ကတော့ အဲ့လက်နက်ကြောင့် ပဲပေါ့” လူအိုကြီးချန်က ပြုံးလိုက်ပြီး အလင်းလုံးဆီ လက်ညိုးထိုးပြကာ “အဲ့လက်နက်ရဲ့ စွမ်းအားက တိုင်းတာလို့ မရတဲ့အဆင့်မှာ ရှိနေတာ။ ဘယ်လို အသုံးဝင်လဲ၊ ဘယ်လိုအသုံးပြုရမလဲ ဆိုတာကိုလည်း ငါမသိဘူး။ ငါတို့အဖွဲ့ ရောက်လာတုန်းက အဲ့လက်နက် ပတ်လည်မှာ မမြင်နိုင်တဲ့ အရံအတားတစ်ခု ရှိနေတယ် ဆိုတာကို ငါတို့ တွေ့လိုက်ရတယ်။ ဟုတ်မဟုတ်ကို မင်းတို့လည်း မြင်ပြီးသွားလောက်မှာပေါ့။ ဟုတ်တယ်မလား။ ငါတို့ ချန်မိသားစုအဖွဲ့ ခွန်အား သက်သက်နဲ့ အဲ့အရံအတားကို ဖျက်ဆို့ လုံးဝ မဖြစ်နိုင်ဘူး။ ဒါကြောင့် အားလုံးကို အကူအညီ လှမ်းတောင်းလိုက်ရတာလဲ”

ဟိုင်ဝမ်ကု မျက်မှောင်ကြုံ့သွားခဲ့ပြီး မဲ့ပြုံးပြုံးလိုက်ကာ “ညီအစ်ကိုချန်၊ အတူပူးပေါင်းလုပ်တာက ဟုတ်ပါပြီ။ ဒါပေမယ့် လက်နက်က တစ်ခုတည်း ရှိတာလေ။ အရံအတားကို ချိုးဖျက်ပြီး ဒီလက်နက်ကို ဘယ်သူရမှာလဲ”

“အားလုံးကို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတယ်လေ” လူအိုကြီးချန်က တိုက်ရိုက် ပြန်မဖြေဘဲ အလင်းလုံးဆီ ညွှန်ပြလိုက်ကာ “အဲ့အလင်းလုံး နောက်မှာ နန်းတော်ကြီးတစ်ခုရှိတယ်။ ငါထင်တာသာ မမှားရင် ဒီနေရာက ရှေးဟောင်းဂိုဏ်းအတွက် အရေးကြီးတဲ့ နေရာတစ်ခုပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဒီလိုအဆင့်ရှိတဲ့ လက်နက်တစ်ခု ဒီမှာ ရှိနေမှာမဟုတ်ဘူး။ ငါတို့သာ အရံအတားကို ချိုးဖျက်လိုက်နိုင်သရွေ့ အားလုံး အကျိုးအမြတ် ရမှာ အသေအချာပဲ။ ပိုကောင်းတဲ့ လက်နက်တွေကိုတောင် ရနိုင်သေးတယ်”

“အားလုံးက ခန့်မှန်းချက် သက်သက်ပဲလေ” ဟိုင်ဝမ်ကု မျက်မှောင်ကြုံ့လိုက်၏။

“ဒါပေမယ့် ကြိုးစားကြည့်လို့ အရှုံးမရှိဘူးလေ” အချို့လူများက လူအိုကြီးချန် ပြောသည်ကို သဘောတူကြ၏။

ဤနေရာတွင် ရှိနေသူများလည်း ဝင်ရောက် ဆွေးနွေးလာခဲ့ကြ၏။

ဟိုင်ဝမ်ကုက ကန့်ကွက်ချင်သော်လည်း ထိုလက်နက်သည် အတော်လေးကိုမှ ဆွဲဆောင်အား ပြင်းလှသည် ဟူသောအချက်သည် ငြင်းမရသည့် အချက်တစ်ချက်ပင်။

မကြာခင်မှာပင် အားလုံး သဘောတူညီချက် ရသွားခဲ့၏။ သဘောတူညီချက် ရသွားသည်နှင့် အကုန်လုံး စတင် ပြင်ဆင်ကြတော့လေ၏။

မသေမျိုးအဆင့် ပညာရှင် တစ်ယောက်ချင်းစီ တိုင်းသည် လူဆယ်ယောက်မှ အယောက်နှစ်ဆယ်ရှိသည့် အဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်ထားကြ၏။

ဟိုင်ဝမ်ကုက “အားလုံး ဒီအရံအတားကို ချိုးဖျက်ဖို့ ဝင်ကူပေးရလိမ့်မယ်။ အရံအတားကို ချိုးဖျက်နိုင်တာနဲ့ အဲ့အလင်းလုံးထဲမှာ ရှိနေတဲ့ ဘာမှန်းမသိရသေးတဲ့ လက်နက်ကို ရနိုင်သလို နန်းတော်ထဲက ရတနာတွေကိုလည်း ရနိုင်လိမ့်မယ်။ ဒီတစ်ကြိမ် အကျိုးအမြတ် အတော်လေး များတာ ဖြစ်တဲ့အတွက် မင်းတို့အားလုံး ကိုယ့်ခွန်အားကို ထိန်ချန် မထားသင့်တော့ဘူး”

“လူအိုကြီးဟိုင်၊ ခင်ဗျား စိတ်ချထားလို့ရတယ်။ ဒီတစ်ကြိမ် ကျုပ်တို့ အကောင်းဆုံးကြိုးစားမှာ” လူအုပ်ကြီးထဲမှ တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

ဟိုင်ဝမ်ကုက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်၏။

ခဏအကြာ၌ အားလုံး နေရာယူလို့ ပြီးသွားခဲ့၏။

လူတစ်ရာကျော်သည် အရံအတားနှင့် မလှမ်း မကမ်းတွင် ရပ်လျက် အသက်ရှူအောင့်လျက် ပြင်ဆင်နေခဲ့ကြ၏။

လူအိုကြီးချန်က ရှေ့တက်၍ အော်ပြောလိုက်၏ “အားလုံး ငါ့အမိန့်အတိုင်း လိုက်လုပ်ကြနော်။ ဒီအရံအတားက နည်းနည်း ထူးဆန်းတယ်။ တစ်ကြိမ်တည်းနဲ့ မဖျက်စီးနိုင်ဘူးဆိုရင် သူ့ဘာသာ ပြန်ကာင်းလာမှာ။ ဒါကြောင့် တစ်ကြိမ်တည်းနဲ့ အရံအတားကို အပြီး ဖျက်စီးနိုင်ဖို့လိုတယ်”

အားလုံး ခေါင်းညိတ်ပြလိုက်၏။

လူအိုကြီးချန်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး လေးနက်တည်ကြည်သည့် အမူအရာဖြင့် သူ့လက်ကို မြှောက်လိုက်၏။ အားလုံးသည်လည်း အစစ်အမှန်ချီကို စတင်စုဝေးကြပြီး အချက်ပြသည်နှင့် တစ်ပြိုင်တည်း တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်ကြ၏။

ခဏအကြာတွင်… လူအိုကြီးချန်က လက်ဝေ့ရမ်း ပြလိုက်၏။

သူအချက်ပြလိုက်သည်နှင့် အမျိုးပေါင်း များစွာသော တိုက်ခိုက်မှုများသည် အရံအတားဆီသို့ မီးရှူးမီးပန်းများ ပမာ တိုးဝင်သွားကြလေ၏။

ဘုန်း… အုန်း… အုန်း…

ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး တုန်ခါသွားခဲ့၏။

ဤနေရာတွင် ရှိနေသော မသေမျိုးအဆင့် ပညာရှင် အရေအတွက်သည် ဆယ်ယောက်ပင် မပြည့်ချေ။ အားအနည်းဆုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူများဖြစ်ကြ၏။ သို့သော်လည်း လူပေါင်းများစွာက တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ထိမှန်ပေါက်ကွဲမှုများသည် ရှေးဟောင်း အပျက်အစီး နယ်မြေတစ်ခုလုံးကို လှုပ်ခါသွားစေရန် လုံလောက်ပေ၏။

မရေမတွက်နိုင်သော တိုက်ခိုက်မှု ပေါင်းစုံတို့သည့် အရံအတားပေါ်သို့ စဉ်ဆက်မပြတ် ကျရောက်လာခဲ့၏။ သို့သော်လည်း အရံအတားသည် ခပ်ပြင်းပြင်း တုန်ခါ တွန့်လိမ်သွားရုံသာ ဖြစ်ခဲ့ပြီး ပျက်စီးသွားခြင်း မရှိခဲ့ချေ။

ယခု အားလုံး၏ အမူအရာ လေးနက် တည်ကြည် နေခဲ့ကြလေပြီ။

အားလုံး ဝိုင်းတိုက်ခိုက်ခဲ့ကြသော်လည်း အရံအတားကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိချေ။

လူအိုကြီးချန်က အားလုံး သူ့ကို အာရုံစိုက်လာစေရန် အတွက် လက်ခုပ်တစ်ချက်နှစ်ချက် တီးလိုက်ပြီးနောက် အော်ပြောလိုက်လေ၏ “နောက်တစ်ကြိမ် ထပ်ကြိုးစား ကြတာပေါ့။ အားကုန်သုံးကြနော်။ ဒီအရံအတားကို ချိုးဖျက်နိုင်မှ ငါတို့လိုချင်တာကို ရမှာ။ မင်းတို့လည်း ဒီအရံအတားနဲ့ ဆက်ပြီး အချိန်မဖြုန်းချင် ကြတော့ဘူးမလား”

အစောပိုင်းက တိုက်ခိုက်သည် အတော့်ကိုမှ အားကောင်းသော်ငြား အချို့လူများသည် အားကုန် မသုံးသေးသည်ကို လူအိုကြီးချန် သတိထားမိ၏။ အားလုံး၏ ပေါင်းတိုက်ခိုက်မှုကြောင့် အရံအတား အလွယ်တကူ ကျိုးပျက်သွားမည်ဟု ထိုလူများ ထင်နေကြသည့် ပုံပင်။

အားလုံး နောက်တစ်ကြိမ် အဆင့်သင့်ဖြစ်စေရန် ခဏလေစာင့်နေလိုက်ပြီးနောက် လူအိုကြီးက သူ့လက်ကို နောက်တစ်ကြိမ် ထပ်မြှောက်လိုက်၏။ ယခုတစ်ကြိမ် အချက်မပြသေးခင် လူအုပ်ကြီးကို အရင် ဝေ့ကြည့်လိုက်၏။ သူစိုက်ကြည့်လိုက်သည့် လူတိုင်း သူတို့၏ အားအင်ကို ထိန်ချန်မထားရဲဘဲ အစစ်အမှန်ချီကို အပြည့်အဝ စုစည်းလိုက်ကြ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၅၀) ဝိဥာဉ်တိုက်ပွဲခန်းမ

အားလုံး အဆင့်သင့် ဖြစ်လောက်မည့် အချိန်၌ လူအိုကြီးချန်က တိုက်ခိုက်ရန် အချက်ပြလိုက်၏။

မရေမတွက်နိုင်သော တိုက်ခိုက်မှုတို့ အရံအတား မျက်နှာပြင်ပေါ် ကျရောက်သွားသည့် အချိန်၌ အရံအတား ပတ်ပတ်လည်တစ်ခွင် ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ နန်းတော်ထဲဝင်၍ ရတနာ ရှာနိုင်ရန် အတွက် ထိုအရံအတားကို ချိုးဖျက်ရန်လိုအပ်၏။ ထို့ကြောင့် အားလုံးသည် ယခုတစ်ကြိမ်၌ သူတို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြ၏။ ရန်ကိုင်ပင်လျှင် နည်းနည်း အားစိုက်လာခဲ့၏။

အရံအတားသာ အကောင်းအတိုင်း ရှိသေးသည် ဆိုပါက သူတို့၏ လက်ရှိခွန်အားဖြင့် ထိုအရံအတားကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် ရှေးဟောင်းအပျက်အစီးနယ်မြေ တည်ရှိခဲ့သည်မှာ အတော်လေးကို ကြာခဲ့လေပြီ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤနေရာ၌ ကျန်ရှိနေသော အရံအတားများသည် အတော်လေး အားလျော့နေခဲ့လေပြီ။

ယခုတစ်ကြိမ်တိုက်ခိုက်မှု၌ အရံအတားသည် ယခင်ကကဲ့သို့ အားမကောင်းနိုင်တော့။ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီး နောက်ဆုံး၌ အကန့်အသတ်ကို ရောက်ရှိသွားခဲ့၏။

ဂျွတ်… ခရက်…

များစွာသော အက်ကွဲကြောင်းတို့ လေဟာနယ်ထဲ ထွက်ပေါ်လာခဲ့ပြီး မကြာခင်မှာပင် သူတို့ရှေ့ဘက်ရှိ လေဟာပြင်တစ်ခုလုံးကို အက်ကြောင်းများစွာတို့ဖြင့် ပြည့်သွားခဲ့၏။

အားလုံးသည် အရံအသားကို အသက်မရှူတမ်း၊ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေခဲ့ကြ၏။ အက်ကွဲသံတို့ အဆက်မပြတ် မြည်ဟည်းနေခဲ့ပြီး နောက်ဆုံး အရံအတား လုံးဝ ပျက်စီးသွားခဲ့၏။

အရံအတား ပျက်စီးသွားသည်နှင့် အားလုံးသည် နှစ်ပေါင်းများစွာ အချုပ်ခံထားခံခဲ့ရသည့် အကျဉ်းသားများ ပမာ မသေမျိုးအဆင့်ပညာရှင်များ အမိန့်ပင် မပေးရသေးခင်မှာဘဲ အထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေ၏။ အကုန်လုံးသည် ၎င်းတို့၏ လှုပ်ရှားမှု ပညာရပ် အသီးသီးကိုသုံးကာ အထဲသို့ ပြေးဝင်သွားခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့နှင့် ပြင်ပ မသေမျိုးကျင့်ကြံသူ အားလုံးသည် အလင်းလုံးလေးကို လောဘတကြီး စိုက်ကြည့်လိုက်ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် အလင်းလုံးဆီ တစ်ပြိုင်တည်း လက်လှမ်းလိုက်ကြ၏။

ဤသို့ဖြင့် အတူတကွ ပူးပေါင်းနေသောသူများကြား တိုက်ပွဲကြီးတစ်ခု စတင် ဖြစ်ပေါ်လာခဲ့လေ၏။

အားလုံး ပြေးလွှားလှုပ်ရှားနေချိန် ရန်ကိုင်ကမူ လှုပ်ရှားခြင်းမပြုဘဲ နေရာတွင်သာရပ်လျက် အခြေအနေကို အေးစက်စက် အမူအရာဖြင့် စောင့်ကြည့်လေ့လာနေခဲ့၏။ ဘုံကိုးခုထွတ်မြတ် နယ်မြေမှ သူတော်စင်မသည်လည်း အထဲသို့ အလျင်စလို ပြေးဝင်သွားခြင်းမရှိ။ သတိကြီးသော ကျင့်ကြံသူ တော်တော်များများသည်လည်း အထဲသို့ ပြေးမဝင်သွားသေးဘဲ အပြင်တွင်သာ ရပ်လျက် အထဲရှိ အခြေအနေကို စောင့်ကြည့်နေခဲ့ကြ၏။

သူတို့ခွန်အား နိမ့်ကျသည့်အတွက် အလင်းလုံးကို ရယူရန် မဖြစ်နိုင်သည်ဟု ထင်မှတ်ထားသည့် အတွက်ကြောင့်လော၊ သို့မဟုတ် အထဲတွင် အခြား အန္တရာယ်များ ရှိနေသေးသည်ဟု ထင်မှတ်၍ မသွားသေးဘဲ သူတို့အတွက် အခြားသူများ လမ်းရှင်း ပေးမည်ကို စောင့်ဆိုင်းနေသည့် အတွက်ကြောင့်လော၊ မည်သူမှ မသိနိုင်။ မည်သည့်အတွက်ကြောင့် ဖြစ်စေကာမူ ထိုလူများသည် အလျင်စလို လှုပ်ရှားခြင်း မပြုသေးဘဲ အခြားသူများ လှုပ်ရှားသည်ကိုသာ ရပ်စောင့်ကြည့်နေခဲ့ကြ၏။

သူတို့ ရပ်စောင့်နေခဲ့သည်မှာ ကံကောင်းသွားသည်ဟုပဲ ဆိုရလေမလား၊ မည်သူမှ အလင်းလုံးကို မထိတွေ့ရသေးခင်မှာဘဲ အလင်းလုံးဆီမှ စွမ်းအင်လှိုင်းတို့ ရုတ်တရက် ဖြာထွက်လာခဲ့လေ၏။

အလင်းလုံးဆီး ပြေးဝင်သွားသော ကျင့်ကြံသူအားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏။ တုန့်ပင် မတုန်ပြန်နိုင်သေးခင်မှာဘဲ ဖြာထွက်လာသော အလင်းလှိုင်းများ၏ လွှမ်းခြုံခြင်း ခံလိုက်ရလေ၏။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ၊ အလင်းလှိုင်း ရိုက်ခတ်ခြင်း ခံလိုက်ရသူအားလုံး တောင့်တောင်ကြီး ဖြစ်သွားခဲ့ကြပြီး မျက်လုံးများ ပြူးကျယ်လာခဲ့ကာ မြေကြီးပေါ်သို့ တအိအိ လဲပြိုကျသွားခဲ့လေ၏။

ထိုအခြင်းအရာကို မြင်သည်နှင့် ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး တုန့်ဆိုင်းခြင်းမရှိ နောက်ပြန် ဆုတ်လိုက်လေ၏။

အလင်းရောင်ခြည်နှင့် ထိမိသွားသည့် သတိလစ်နေသည့် ကျင့်ကြံသူအားလုံး ၎င်းတို့၏ ကိုယ်ထဲမှ တစ်ခုခု ဆွဲထုတ်ယူခြင်းခံလိုက်ရပြီး အနားရှိ အလင်းလုံး၏ စုပ်ယူခြင်း ခံလိုက်ရ၏။

သို့သော် ရန်ကိုင်၏ လက်ရှိအမြန်နှုန်းပင် အဆက်မပြတ် ကျယ်ပြန်လာနေသော အလင်းလှိုင်းဆီမှ မရှောင်တိမ်းနိုင်ခဲ့ချေ။ လွတ်အောင် မပြေးနိုင်သေး ခင်မှာဘဲ အလင်း၏ လွှမ်းခြုံခြင်း ခံလိုက်ရ၏။

သူ့ဝိဥာဉ် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး သူ့အသိစိတ် ပင်လယ်တစ်ခုလုံး ဝရုန်းသုန်းကာ ဖြစ်လာ၏။ တောင်းတစ်လုံး၏ ဖိချခြင်း ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့ဝိဥာဉ်သည်လည်း သူ့ခန္ဓာကိုယ်မှ အတင်းအကြပ် ဆွဲထုတ်ခြင်း ခံနေခဲ့ရ၏။

ရန်ကိုင်သည် သူ့ဝိဥာဉ်ကို တည်ငြိမ်သွားအောင် အမြန် ကြိုးစားလိုက်၏။

ထိုသို့လုပ်ရင်း ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည့် အခါ အစောပိုင်းက ရတနာလုပွဲတွင် မပါဝင်သည့် ကျင့်ကြံသူအားလုံး မည်သူမှ မလွတ်မြောက် နိုင်ခဲ့သည်ကို တွေ့လိုက်ရ၏။ ဟိုင်ဝမ်ကုလည်း မြေကြီးပေါ် လဲကျသတိလစ်နေခဲ့၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်ပင်လျှင် မြေကြီးပေါ် ဒူးထောက်ကျနေခဲ့၏။

သို့သော် ကောင်မလေးသည် အရှုံးပေးရန် ခေါင်းမာမာနှင့် ငြင်းဆန်နေဆဲ။ မြေကြီးပေါ်သို့ လဲမကျသွားခင် ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်၍ တစ်ခုခုကို ရေရွတ်ပြောဆိုသွားခဲ့၏။ သို့သော် အသံတော့ ထွက်မလာခဲ့။

ကူပါဦး သူမ ဘာပြောချင်နေလဲ ဆိုသည်ကို ရန်ကိုင် တန်းသိလိုက်၏။ သို့သော် ယခုအချိန်၌ ရန်ကိုင်ကကော သူမကို အာရုံစိုက်နိုင်မည်လား။ သူ့ကိုယ်တိုင်ပင် မတ်တပ်ရပ်နိုင်ရန် အနိုင်နိုင် ဖြစ်နေခဲ့ရာ သူမကို မည်ကဲ့သို့ ကူညီပေးနိုင်မည်နည်း။ မမြင်နိုင်သော လက်ကြီးတစ်ဖက်သည် သူ့ဝိဥာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နေသလို ရန်ကိုင် ခံစားနေခဲ့ရ၏။

သေရေးရှင်းရေး အခြေအနေနှင့် ရင်ဆိုင်နေရရာ ရန်ကိုင်မှာ ဘာကိုမှ သေချာအာရုံမစိုက်တော့ဘဲ သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲ ချက်ချင်း ပို့လွှတ်လိုက်၏။

ရောက်သည်နှင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ဖွင့်ကာ ထိုကပ်ဆိုးကို ဖြေရှင်းရန် ကြိုးစားလိုက်၏။ သို့သော် သူ့ကံကြမ္မာကို ရှောင်လွဲနိုင်ခြင်း မရှိခဲ့ချေ။

အသက်ဆယ်ရှိုက်စာ အတွင်း၌ ရန်ကိုင် ပြိုလဲသွားခဲ့ပြီး သူ့ဝိဥာဉ်သည်လည်း အသိစိတ် ပင်လယ်ထဲမှတစ်ဆင့် အဖြူရောင်လောကကြီးထဲသို့ ရောက်ရှိသွားခဲ့လေ၏။

လှည့်ပတ်ကြည့်လိုက်သည့်အခါ လူရိပ်များစွာကို တွေ့လိုက်ရသည်။ အကုန်လုံးသည် ကြောက်စိတ် မပြယ်သေးသည့် အမူအရာဖြင့် ၎င်းတို့၏ ပတ်လည်ကို စိုးရိမ်တကြီး လှည့်ပတ်ကြည့်နေခဲ့ကြ၏။

ထိုလူအားလုံးသည် အပြင်ဘက်တွက် ရှိနေသော လူအားလုံး၏ ဝိဥာည်ပုံရိပ်များ ဖြစ်ကြပေ၏။

“ဟေး” အော်သံကြား၍ သတိဖြင့် လှည့်ကြည့်လိုက်ရာ သူ့အား ထောင့်တစ်နေရာမှ လက်ယပ်ပြနေသော ဘုံးကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မကို တွေ့လိုက်ရ၏။

ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ခဏလောက် ရပ်နေပြီးနောက် သူမဆီ လမ်းလျှောက် သွားလိုက်၏။

သူမသည်လည်း ဝိဥာဉ်ပုံစံဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။ ခန္ဓာကိုယ် မရှိတော့သဖြင့် သူမ၏ မျက်နှာ အမှန်လည်း ပေါ်သွားခဲ့လေပြီ။

“ဒါဘယ်နေရာလဲ နင်သိလား” ဘုံကိုးခုထွတ်မြတ် နယ်မြေ သူတော်စင်မက ဘေးပတ်လည်ကို ဝေ့ကြည့်ရင်း တိုးတိုးလေး မေးလိုက်၏။

“ငါဘယ်လိုလုပ်ပြီး သိမှာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်၏။ ခန့်မှန်းကြည့်မိသော်လည်း သူ့ခန့်မှန်းချက် မှန်မမှန် မသေချာသေးချေ။

“နင်တော်တော်လေး ခုခံနိုင်တယ်နော်… ဘာပဲဖြစ်ဖြစ်ပါလေ။ နင်က ဒီနေရာမှာ ရှိနေတဲ့ လူတွေအားလုံးထက်ကြာအောင် ခုခံနိုင်ခဲ့တာပဲ။ နင့်ကျင့်ကြံခြင်းအဆင့်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)ထက် ပိုမြင့်တယ်မလား” သူတော်စင်မက မျက်မှောင်ကြုံ့လျက် ရန်ကိုင်ကို စိုက်ကြည့်လိုက်၏။ ရုတ်တရက် သူမ၏ မျက်ဝန်းထဲ ခြောက်ခြားမှုတို့ ဖြတ်ပြေးသွားခဲ့ပြီး “နင့်ဝိဥာဉ်ပုံရိပ်က ဘယ်လိုလုပ်ပြီး…”

ရန်ကိုင်အနား တိုးကပ်သွားစဉ် ရန်ကိုင် ဝိဥာဉ်ပုံရိပ်ဆီမှ ဖြာထွက်နေသော အပူဓါတ်ကို သူမ ခံစားမိလိုက်၏။

ရန်ကိုင်က သူတော်စင်မကို ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

သူတော်စင်မက ပြန်ပြုံးပြ၍ “စိတ်မပူနဲ့။ ငါက အခြားလူတွေရဲ့ လျှို့ဝှက်ချက်ကို လိုက်စပ်စုတတ်တဲ့ လူမျိုးမဟုတ်ဘူး။ နင်ဝိဥာဉ်ပညာရပ် တစ်မျိုးမျိုးကို လေ့ကျင့်ထားတာလား”

“အင်း” ရှင်းမပြချင်တော့သဖြင့် ခေါင်းသာ ညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ ပုံမှန်ဆိုလျှင် တေဇောဓါတ်အသိစိတ်ပင်ယ်၏ တည်ရှိမှုကို အလွယ်တကူ ဖုံးကွယ်ထားနိုင်၏။ ကောင်းကင်စိတ်အာရုံ သုံး၍ အခြားတစ်ယောက်ကို တိုက်ခိုက်လျှင်ပင်၊ သူ့တိုက်ခိုက်မှုထဲ ယန်ဓါတ်စိတ်စွမ်းအင်ကို ထည့်သွင်း အသုံးပြုခြင်း မရှိသရွေ့ တေဇောဓါတ် အသိစိတ်ပင်လယ်၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သေး၏။ သို့သော်လည်း သူ့ဝိဥာဉ်သည် အသိစိတ်ပင်လယ်မှ အတင်းအကြပ် ဆွဲထုတ် ခံလိုက်ရသဖြင့် သဲလွန်စအချို့ ထွက်ပေါ်သွားခဲ့၏။

စကားပြောနေစဉ် ရန်ကိုင်က သူတော်စင်မကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။

သူတော်စင်မ၏ ထူးဆန်းသော စွမ်းရည်ကြောင့် အပြင်လောကကြီး၌ ရှိနေစဉ်က သူမ၏ ကျင့်ကြံခြင်း အဆင့်ကို ရန်ကိုင် မစစ်ဆေးနိုင်ခဲ့ချေ။ သို့သော် ယခု သူတို့ နှစ်ယောက်စလုံး ဝိဥာဉ်ပုံစံဖြင့် ရှိနေကြခြင်း ဖြစ်ရာ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ရန်ကိုင် မြင်နိုင်ခဲ့လေပြီ။

မသေမျိုးပထမအဆင့်…

သူမသည် သူ့အသက်လောက်သာ ရှိပေဦးမည်။ ထိုမျှ အသက်ငယ်ငယ်နှင့်ပင် မသေမျိုးပထမအဆင့်သို့ ရောက်နေခဲ့၏။ ထိုအချက်ကို ကြည့်ရုံနှင့်ပင် ဘုံကိုးခုထွတ်မြတ်နယ်မြေ မည်မျှ အားကောင်းကြောင်း မြင်တွေ့နိုင်ပေသည်။

“တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြရင် ပိုပြီး လုံခြုံမလားလို့ ငါတွေးနေတာ။ နင်ရော ဘယ်လိုထင်လဲ” သူတော်စင်မက အကြံပေးလိုက်၏။ ရှာဖွေရေး ခရီးစဉ်စတင်စဉ်က လူအုပ်ကြီးတစ်ခုနှင့် အတူရှိနေခဲ့ခြင်း ဖြစ်သည့်အတွက် အန္တရာယ်ကြီးတစ်ခုခုနှင့် ပင်လယ်နက်ထဲ ဆင်းသွားလျှင်ပင် မည်သည့် အန္တရာယ်မှ ရင်ဆိုင်ရလိမ့်မည် မဟုတ်ဟု ထင်နေခဲ့ခြင်းဖြစ်၏။ သို့သော် အမျိုးမျိုးသော အန္တရာယ်မျိုးစုံကို မျက်မြင် ကြုံတွေ့ပြီးနောက် ရှေးဟောင်းအပျက်အစီး နယ်မြေသည် အပျော် လျှောက်သွားလို့ ကောင်းသည့် နေရာတစ်ခု မဟုတ်မှန်း သူမ နားလည်လိုက်၏။

ယခု သူမ၏ ဝိဥာဉ်ပင် အလင်းလုံး၏ စုပ်ယူခြင်း ခံလိုက်ရပြီး ဤထူးဆန်းသည့် နေရာလွတ်ထဲ ပိတ်နေခဲ့၏။ ထို့ကြောင့် အားကိုးမှီခိုရလောက်မည့် သူမ ရှာချင်သည်မှာ သဘာဝပင်ဖြစ်၏။

“မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးကို ငါမသယ်ချင်ဘူး” ရန်ကိုင်က သူမကို ကြည့်ရင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။

သူတော်စင်မ မျက်နှာ မဲ့သွားခဲ့ပြီး “နင်က တကယ့်ကို မောက်မာတဲ့ကောင်ပဲ။ ငါလှုပ်ရှားတာတောင် မမြင်ဖူးသေးဘဲ ငါ့က နင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မယ်လို့ တပ်အပ်ကြီး ဘာလို့ ပြောနေတာလဲ။ အချိန်ကျလာရင် နင်ကတောင် ငါ့အပေါ် မှီခိုရတဲ့လူ ဖြစ်ချင်ဖြစ်နေဦးမှာ”

“အဲ့လိုဆိုရင် နင်ဘယ်လိုနည်းလမ်းတွေ ပိုင်ဆိုင်ထားလဲ ငါ့ကို နည်းနည်းပါးပါးလောက် ထုတ်ပြလေ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ပြောင်းလဲသွားခြင်း မရှိသည့်အမူအရာဖြင့် “မြင်ပြီးရင် နင်ငါနဲ့ပူးပေါင်းဖို့ ထိုက်တန်၊ မထိုက်တန် ငါဆုံးဖြတ်ပေးမှာပေါါ့”

သူတော်စင်မ မျက်နှာ ပြိုတော့မည့် မိုးကဲ့သို့ မည်းမှောင်သွားခဲ့၏။ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်နှင့် ဆက်၍ စကား မပြောချင်တော့သည့်အလား ချက်ချင်း လှည့်ထွက်သွားလိုက်လေ၏။

ငယ်စဉ်အချိန်မှစ၍ ယခုအချိန်အထိ ယောကျာ်းသား များများစားစားနှင့် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့လေရာ ဤလောကကြီး၌ ရန်ကိုင်ကဲ့သို့ သွေးနားထင် ရောက်နေသည့် မုန်းစရာကောင်းသော လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးချေ။

ထိုကောင်သည် သူ့ကိုယ်တိုင်သာ အတော်ဆုံး၊ အတတ်ဆုံးဟု ထင်နေလေသလော။

တကယ့်ကို စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ကောင်စုတ်ပင်။

နှစ်ယောက်သား ငြင်းခုံနေစဉ် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့သည်လည်း သူတို့အငြင်းငြင်း စတင် ဆွေးနွေးကြတော့လေ၏။

“ဟိုမှာကြည့်လိုက်စမ်း” ရုတ်တရက် လူအုပ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့၏။ အသုံးကြားလိုက်သည့်လူတိုင်း ထိုလူ ညွှန်ပြနေရာ အရပ်ဆီ လှမ်းကြည့်လိုက်သည့်အခါ လေဟာနယ်ထဲ မျောလွင့်နေသော တလက်လက် တောက်ပနေသည့် ရွှေရောင်စကားလုံးများကို မြင်တွေ့လိုက်ရ၏။

ဝိဥာဉ်တိုက်ပွဲခန်းမ

စကားလုံး တစ်လုံးချင်းစီတိုင်းကို သပ်နပ်ခမ်းနားစွာ အားမာန်အပြည့်ဖြင့် ရေးဆွဲထား၏။ ထိုစကားလုံးများကို သာမန်ပုံစံဖြင့် ရေးထားခြင်းမဟုတ်၊ စိတ်စွမ်းအား ကောင်းမွန်လှသည့် ပညာရှင်တစ်ယောက်က နက်နဲဆန်းကြယ်သော နည်းလမ်းတစ်ခုသုံး၍ ရေးဆွဲထားခြင်း ဖြစ်၏။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးသည့်တိုင်း စကားလုံး၏ မြင့်မြတ်ခမ်းနားမှု ပျောက်ကွယ်သွားခြင်း မရှိသေး။ သူတို့၏ ဝိဥာဉ်ဆွဲထုတ်ခံလိုက်ရမှာကို ကြောက်နေသည့်အလား စကားလုံးကို ကြည့်ပြီးသည်နှင့် အကုန်လုံး ခပ်မြန်မြန် အကြည့်လြွှလိုက်ကြ၏။

“ဝိဥာည်တိုက်ပွဲခန်းမဆိုတော့ ဒီနေရာက ငါတို့ ကောင်းကင်စိတ်အာရုံချင်း တိုက်ခိုက်ဖို့ လုပ်ထားတဲ့ နေရာလား”

“အဲ့လိုဆိုရင် အဲ့အလင်းလုံးက ဝိဥာဉ်အမျိုးအစား လက်နက်တစ်ခုပေါ့”

“ငါတို့အားလုံးရဲ့ ဝိဥာဉ်တွေကို တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ဖို့အတွက် ဒီနေရာထဲ ဆွဲသွင်းလာခဲ့တာပေါ့”

စကားလုံးများကို မြင်ပြီးနောက် လူအုပ်ကြီး တစ်ခုလုံး အသံဗလံ ညံလာခဲ့၏။

ဟိုင်ဝမ်ကုက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် “ဒီနေရာက လက်နက် အတွင်းပိုဆိုရင် ငါတို့ ဝိဥာဉ်တွေက ဒီထဲကို အတင်းအကြပ် ဆွဲခေါ်ခံလိုက်ရတာပဲ။ ထွက်သွားချင်တယ် ဆိုရင် အရင်ဆုံး ထွက်ပေါက်ရှာဖို့ လိုလိမ့်မယ်။ ငါတို့ထဲက ဘယ်သူကမှ ထိုင်စောင့်နေလို့ မရဘူး။ အားလုံး ဒီနေရာကို စရှာသင့်ပြီ”

ထိုစကားကို ကြားသည်နှင့် လူအုပ်ကြီးတစ်ခုလုံး လူချင်းခွဲပြီး ဤနေရာကို စတင် စူစမ်းလေ့လာ ကြတော့လေ၏။

အဖြူရောင် ဟင်းလင်းပြင်သည် အစစ်အမှန် လေဟာနယ်တစ်ခုဖြစ်၏။ နေရာတစ်ခုလုံးသည် လုံးဝကို အဆုံးမရှိသည့်အလား။ သို့သော်လည်း မကြာခင်မှာပင် ထူးခြားသည့် အခြင်းအရာတစ်ခုကို အားလုံး တွေ့ရှိလိုက်ရ၏။

သူတို့ မည်မျှပင် လမ်းလျှောက်ပါစေ ကီလိုမီတာ အနည်းငယ် ကျော်သွားသည်နှင့် သူတို့ မူရင်း ရပ်နေသည့် နေရာသို့ ပြန်ရောက်နေသည်ကို တွေ့ရှိလိုက်ရ၏။

ရှာသာရှာကြည့်နေသာ်လည်း သံသယဝင်စရာ ထူးခြားချက် တစ်ခုတစ်လေမှ မတွေ့ရသဖြင့် လူတိုင်း စိတ်ဓါတ်ကျလာခဲ့ကြ၏။

မသေမျိုးအဆင့် ပညာရှင်များပင် သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရှာဖွေကြသော်ငြား ဘာကိုမှ ရှာမတွေ့ခဲ့၏။ ဤနေရာကြီး တစ်ခုလုံးသည် အလုံပိတ် အကျဉ်းထောင်ကြီး တစ်လုံးနှင့်ပင် တူနေ၏။

“တစ်ခုခု တွေ့ခဲ့လား” ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မက ရုတ်တရက် ရန်ကိုင်နား လျှောက်လာပြီး မေးလိုက်၏။

All Chapters