← Chapters

အခန်း (၇၅၁-၇၅၅)

Vol. 31 Ch. 751-755

အခန်း (၇၅၁-၇၅၅)

Vol. 31 Ch. 751-755

အပိုင်း(၇၅၁) သတ်ဖြတ်ပွဲကြီး

အရာရာ ဖြူဖွေးစွတ်နေသော ဟင်းလင်းပြင်ကြီးထဲ အားလုံးသည် ခေါင်းမပါသော ယင်ကောင်ကဲ့သို့ ဖြစ်နေခဲ့ကြ၏။ ထို့ကြောင့် ဘုံးကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည် သူမသိသည့် တစ်ဦးတည်းသော လူဖြစ်သည့် ရန်ကိုင်ကို နောက်တစ်ကြိမ် လာစကား ပြောပြန်၏။

ရန်ကိုင်က ခေါင်းလေးတရမ်းရမ်းဖြင့် သူတော်စင်မကို ကြည့်၍ ရုတ်တရက် ရယ်မောလိုက်၏။

“နင်ဘာရယ်နေတာလဲ” သူတော်စင်မ မျက်မှောင် ကြုံ့လိုက်ပြီး “တကယ်ကို မုန်းစရာကောင်းတဲ့ ကောင်ပဲ”

“အဲ့ဒါဆို ငါနဲ့ဘာလို့ လာစကားပြောနေသေးလဲ”

“ဒီမှာရှိတဲ့ လူတွေထဲမှာ နင့်တစ်ယောက်ကိုပဲ ငါသိတာလေ။ အခြားသူတွေသာ ငါက သူတော်စင်မမှန်း သိသွားခဲ့ရင်...” ဤနေရာသို့ ရောက်လာကတည်းက သူမ မည်သူမည်ဝါ ဆိုသည်ကို ဖုံးကွယ်ထားခဲ့ကာ ရုပ်အမှန်ကိုပင် ဖုံးကွယ်ထားခဲ့၏။ တကယ်တော့ သူမ ကျွန်းသို့ ရောက်စဉ်က မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ ကျင့်ကြံသူများသည် သူမတို့ကို လာရောက် ကြိုဆိုခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူမ၏ ရုပ်အမှန်ကို မြင်လျှင် ကျိန်းသေ မှတ်မိသွားပေလိမ့်မည်။

သူတော်စင်မ တစ်ယောက်သည် မြင့်မြတ်မှု၊ သန့်စင်မှု၏ သင်္ကေတ အမှတ်လက္ခဏာ ဖြစ်၏။ ယနေ ကိစ္စသာ ပေါက်ကြားသွားမည် ဆိုပါက သူမ၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ရုံမက ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ ဂုဏ်ကျက်သရေကိုလည်း စွန်းထင်း စေပေလိမ့်မည်။

ထို့ကြောင့် အခြား တစ်ယောက်ယောက်က သူမအား မှတ်မိသွားမည်ကို သူတော်စင်မ အတော်လေး စိုးရိမ်မိ၏။ ထို့ကြောင့် ရန်ကိုင်သည် မုန်းစရာ ကောင်းသော်ငြား သူတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပေ၏။

“ဒီနေရာကနေ ထွက်လို့ရမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်း၍ သက်ပြင်းချကာ ပြောလိုက်၏။

“ငါတို့ထွက်လို့ မရဘူးလား” သူတော်စင်မ၏ မျက်နှာလေး အနည်းငယ် ဖြူလျော်သွားခဲ့ပြီး “ဒီနေရာမှပဲ တစ်သက်လုံး ပိတ်မိနေတော့မှာလား”

“ဖြစ်နိုင်လောက်တယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“ငါ့ကို လာခြောက်မနေနဲ့။ နောက်တော်ဝင် သခင်ကိုတောင် ရှာတွေ့သေးတာမဟုတ်ဘူး...” သူတော်စင်မ တကယ်ကို ထိတ်လန့်လာခဲ့လေပြီ။ သူမ ပုံစံကိုကြည့်ရင်း သူတော်စင်မသည် အမှန်အကန်ကို တုံးအရိုးသားပြီး ဤလောကကြီး မည်မျှ ရက်စက်၊ ကြမ်းတမ်းသည်ကို နားမလည်သည့် မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း ရန်ကိုင် နားလည်လိုက်၏။

သူမသည် ရန်ကိုင်နှင့် ဆန့်ကျင်ဘက်ပင်။ ရန်ကိုင်သည် ငယ်ငယ်ကတည်း နိမ့်ချည်၊ မြင့်ချည် လောကဓံတရားကို ခံစားခဲ့ဖူးသူ ဖြစ်ရာ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့နေရသော်ငြား အေးအေးဆေးဆး၊ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။

“နင်တို့ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင် သခင်တွေကို လူတန်းစား အမျိုးမျိုးထဲကနေ သူတော်စင်မတွေက ရှာတွေ့ခဲ့တာဆို။ ဘယ်သူက နောက်တော်ဝင်သခင် ဖြစ်လာမယ်မှန်း ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ နင်တို့မှာ ရှိနေတာလား”

“ဘာလို့ လာမေးတာလဲ။ ငါတို့မှာ ကိုယ်ပိုင် နည်းလမ်း ရှိတာပေါ့” သူတော်စင်မ ရုတ်တရက် နိုးကြားသွားခဲ့ပြီး “ဒါက ငါတို့ ဘုံကိုးခုထွတ်မြတ် နယ်မြေက သူတော်စင်မတွေပဲ လုပ်နိုင်တဲ့အရာ။ နင်ငါ့ကို လာမေးရင်တောင် ငါနင့်ကို ပြောပြမှာ မဟုတ်ဘူး”

“သိချင်ရုံသက်သက်ပါပဲ” ရန်ကိုင်က ပခုံးတွန့်ပြ၍ “နင်မပြောချင်ဘူးဆိုရင်လည်း ငါက အတင်း ပြောခိုင်းမနေပါဘူး”

သူတော်စင်မ စိတ်သက်သာရာ ရသွားခဲ၏။ ထွတ်မြတ် နယ်မြေ၏ လျှို့ဝှက်ချက်များကို ရန်ကိုင် ဆက်လက် မေးမြန်းလာမည်ကို သူမ အတော်လေး စိုးရိမ်နေမိ၏။ ရန်ကိုင် မေးသည်ဖြစ်စေ၊ မမေးသည် ဖြစ်စေ၊ သူတော်စင်မက ရန်ကိုင်နှင့် နည်းနည်း ခပ်ခွာခွာ နေလိုက်၏။

အချိန် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး တစ်ရာကျော်သော ကျင့်ကြံသူများသည် ထူးဆန်းသည့် အဖြူရောင်လောကကြီးထဲ ဝင်ပေါက်တစ်ခုကို တွေ့လိုတွေ့ငြား ဆက်လက် စူးစမ်းရှာဖွေနေကြ၏။ သို့သော် မည်သူမှ ဘာကိုမှ ရှာမတွေ့နိုင်ခဲ့ချေ။

တဖြည်းဖြည်းနှင့် သူတို့စိတ်ထဲ ခံစားနေရသည့် စိုးရိမ်ပူပန်မှု၊ တုန်လှုပ်ချောက်ချားမှု၊ စိတ်ဂနာမငြိမ် ဖြစ်မှုတို့ကြောင့် ကျင့်ကြံသူများသည် ပိုပို၍ စိတ်တို၊ စိတ်ပျက်အားလျော့လာခဲ့ကြ၏။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင် များသည်လည်း အရုပ်ဆိုးနေခဲ့ကြ၏။

ဤပြဿနာ မည်မျှကြီးမှန်း သူတို့အားလုံး သတိပြုမိပေ၏။

အလင်းလုံးသည် သူတို့၏ ဝိဥာဉ်များကို ထွက်ပေါက် မရှိသော ဤလေဟာနယ်ထဲသို့ အတင်းအကြပ် ဆွဲယူခဲ့၏။ ဆိုလိုသည်ကား သူတို့ ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေပေတော့မည်။

ဤနေရာတွင် ရှိနေသည့် ကျင့်ကြံသူအားလုံးသည် အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်းအ ဆင့်(၇) ကျင့်ကြံသူများ ဖြစ်ကြ၏။ ဝိဥာဉ်မရှိသည့် သူတို့၏ ခန္ဓာကိုယ်တွင် ရေတိုအတွက် ပြဿနာ မရှိသော်ငြား အချိန်ကြာသွားလျှင်မူ ခြောက်သွေ့၊ သေဆုံး သွားရပေလိမ့်မည်။

ခန္ဓာကိုယ် မရှိတော့သည်နှင့် သူတို့၏ ဝိဥာဉ်များသည် အခွံမရှိသည့် ဝင်ကစွတ်များပမာ ဖြစ်သွားပေလိမ့်မည်။ သင့်လျော်သော ခန္ဓာကိုယ်တစ်ခုကို မရှာနိုင်ခဲ့လျှင် အနှေးနှင့်အမြန် သူတို့၏ ဝိဥာဉ်များ‌ ပျောက်ကွယ် သွားရပေလိမ့်မည်။

ထို့ကြောင့် လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချား၊ ကြောက်လန့်လာခဲ့ကြ၏။

ကျင့်ကြံသူများကြား အခြေအနေ တင်းမာလာသည်ကို မြင်သော် ရန်ကိုင်သည် လူအုပ်ကြီးနှင့် ခပ်ခွါခွါနေလိုက်၏။ ထို့ပြင် သူ့ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ် သတိ ဖြန့်ကျက်ထား၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည်လည်း ထိုထူးဆန်းသော အခြေအနေကို သတိပြုမိ၏။ ထို့ကြောင့် ရန်ကိုင်နား ကပ်နေခဲ့၏။ ရန်ကိုင်နှင့် နီးလည်း မနီးလွန်း၊ ဝေးလည်း မဝေးလွန်းသည့် နေရာတွင် နေလျက် ရန်ကိုင် ဘယ်နေရာသွားသွား သူ့နောက်လိုက်နေခဲ့၏။

ရန်ကိုင်သည် သူမအပြုအမူကို စိတ်ထဲမထားဘဲ သူမ စိတ်ရှိတိုင်း လုပ်ခွင့်ပေးထားခဲ့၏။

အချိန်တစ်ခု ကြာသွားပြီးနောက် အားလုံး ဤအဖြူရောင် ဟင်းလင်းပြင်အား စူးစမ်းရှာဖွေခြင်းကို လက်လျော့လိုက်၏။

အကုန်လုံးသည် သုန်မှုန်၊ မည်းမှောင်နေသော အမူအရာများဖြင့် ထိုင်ချလိုက်၏။

ထိုင်ချပြီး မကြာခင်မှာပင် အချင်းများသံတို့ ထွက်ပေါ်လာခဲ့၏။

“သူတောင်းစားအိုကြီး၊ ခင်ဗျားသာ အဲ့အရံအတားကို ဖျက်စီးဖို့ မကြိုးစားခဲ့ရင် ကျုပ်တို့လည်း အခုလိုဘဝမျိုး ရောက်ခဲ့မှာမဟုတ်ဘူး။ အခု ကျုပ်တို့အားလုံး ဒီမှာ ပိတ်မိနေပြီ။ ခင်ဗျား ဘယ်လို ပြန်လုပ်ပေးမှာလဲ” တစ်ယောက်ယောက်က လူအိုကြီးချန်ကို လှမ်းအော်ပြောလိုက်၏။

ထိုလူက စတင်မေးခွန်းထုတ်လိုက်သည်နှင့် လူအုပ်ကြီးထဲမှ လူအိုကြီးချန်ကို ပြစ်တင်ပြောဆိုသံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။

လူအိုကြီးချန်ကို မကြည်မသာဖြင့် ကြည့်နေသည့် ကျင့်ကြံသူများ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့ထဲတွင်ပင် ရှိနေ၏။

လူအိုကြီးချန် သုန်မှုန်သွားခဲ့ပြီး အထင်အမြင် သေးသေးဖြင့် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်၏ “ဘာလဲ၊ တစ်ဖက်စောင်းနင်းကြီးပါလား။ အရံအတားကို ချိုးဖျက်မယ် ပြောတုန်းက မင်းတို့ထဲက ဘယ်ကောင် ကန့်ကွက်ခဲ့လဲ။ မင်းတို့အားလုံးလည်း အရံအတားကို ချိုးဖျက်ပြီး နန်းတော်ထဲက ရတနာတွေကို ရှာချင်နေကြတာ မဟုတ်ဘူးလား။ အခုလို ဖြစ်သွားတော့မှ အကုန်လုံး ငါ့ကို လာအပြစ်တင်နေတာက နည်းနည်းတော့ မဟုတ်သေးဘူးနော်”

“ဘာပဲဖြစ်ဖြစ်၊ ဒီပြဿနာရဲ့ အရင်းအမြစ်က ခင်ဗျားပဲလေ။ ဒီနေရာက ထွက်နိုင်မယ့် နည်းလမ်းတစ်ခု ရှာပေးနိုင်ရင်ရှာပေး၊ မပေးနိုင်ရင် ခင်ဗျားအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

“ဟုတ်တယ်။ မင်းတို့ ချန်မိသားစု သူတောင်းစားတွေ ဒီကိစ္စကို တာဝန်ယူရမယ်။ ရှင်းနိုင်ရှင်း၊ မရှင်းနိုင်ရင် မင်းတို့အသက်နဲ့ ပြန်ပေးဆပ်ပေတော့”

“မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှာ တာဝန်ရှိတယ်”

“အားလုံးက သေတော့မှာဆိုတော့ မသေခင်း မင်းတို့ကို အရင်သတ်ပစ်သွားရမှာပေါ့”

ယခုကိစ္စကို မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့ တာဝန်ယူရမည်ဟု အကုန်လုံးက သူတော်ကောင်းယောင် ဆောင်၍ ပြောဆိုနေခဲ့ကြ၏။ မိသားစုကြီးခုနှစ်ခု မဟာမိတ် အဖွဲ့သာ ယခုကိစ္စကို တာဝန်မယူပေးနိုင်လျှင် သူတို့ တကယ်ကြီး တိုက်ခိုက်တော့မည့် ပုံပင်။

မြှားဦးက သူတို့ဘက် လှည့်လာသဖြင့် ဝမ်ဟိုင်ကုလည်း ငြိမ်မနေနိုင်တော့ဘဲ သုန်မှုန်နေသော မျက်နှာထားဖြင့် “မင်းတို့သေသေ၊ရှင်ရှင် ငါတို့နဲ့ မဆိုင်ဘူးလို့ ဒီကို မလာခင်ကတည်းက မင်းတို့ကို ငါပြောပြီးသွားပြီလေ။ အဲ့ဒါကိုတောင် ဒီကိုလာဖို့ မင်းတို့ဘာသာ မင်းတို့ ရွေးချယ်လိုက်တာလေ။ ငါမင်းတို့ကို အတင်းလာခိုင်းခဲ့လို့လား။ ကိုယ့်ဘာသာ လာချင်လို့ လာပြီးမှ ငါတို့ မိသားစုကြီးခုနှစ်ခု မဟာမိတ် အဖွဲ့က မင်းတို့ကို ကာကွယ်ပေးရမယ်ပေါ့။ -ီးတောင် ကာကွယ်မပေးဘူးကွာ။ ဘာဖြစ်ချင်လဲ”

သူ့စကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ဒေါသပုန် ထသွားခဲ့၏။ ကိုယ့်ကိစ္စကို တာဝန်မယူဘဲ ရှောင်ပြေးသည့် ဟိုင်ဝမ်ကုသည် တကယ့်ကို သနားစရာ ကောင်းနေခဲ့၏။

သို့သော်လည်း ဥာဏ်များသည့် လူအိုကြီးချန်က ယခုလို အခြေအနေမျိုး ဖြစ်လာမည်ကို မျှော်လင့်နေခြင်း ဖြစ်၏။ ဖြစ်လာသည်နှင့် ပြုံးလျက် သူ့အား ပထမဆုံး စတင်အော်ဟစ်ခဲသည့် ကျင့်ကြံသူဘက်လှည့်၍ “ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့ ငါ့ကို သေစေချင်သေးတယ်။ ရူးမိုက်လိုက်တာ”

ပြောနေရင်း စိတ်စွမ်းအင်ဖြင့် ဓါးတစ်ချောင်း ဖန်တီး၍ ထိုကျင့်ကြံသူကို ခုတ်ပိုင်းချလိုက်၏။

ထိုကျင့်ကြံသူမှာ ခုခံချိန်ပင် မရလိုက်ဘဲ သူ့ဝိဥာဉ် ချက်ချင်း ပြိုကွဲသွားခဲ့ရ၏။

ထိုကျင့်ကြံသူမှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)သာ ရှိသေးလေရာ မသေမျိုး ဒုတိယအဆင့် ဖြစ်သော လူအိုကြီးချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း။

လူအုပ်ကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ကျသွားခဲ့၏။ အစောပိုင်းက ‘မင်းတို့ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့ ဒီကိစ္စကို တာဝန်ယူပေးရင်ယူ၊ မယူပေးရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်‌’ ဆိုပြီး ခြိမ်းခြောက်ပြောနေကြသူ အားလုံး သေဆုံးသွားခဲ့သည့် ကျင့်ကြံသူကို ကြောက်ကြောက် လန့်လန့်ဖြင့် စိုက်ကြည့်နေခဲ့ကြ၏။ မည်သူမှ အသံ ထပ်မထွက်ရဲတော့။

လူအိုကြီးချန်သည် သတိပင်မပေးဘဲ လူတစ်ယောက်ကို ရုတ်တရက်ကြီး သတ်ဖြတ်မည်ဟု သူတို့ထဲက မည်သူမှ မထင်ထားခဲ့။

သို့သော် ခဏအကြာ၌ ကံအကောင်း အကြောင်း မလှဘဲ သေဆုံးသွားခဲ့ရသည့် ကျင့်ကြံသူဘေးတွင် ရပ်နေသူအားလုံး မိန့်မိန့်ကြီး ပြုံးနေခဲ့ကြ၏။ အကုန်လုံးသည် အချိုမြဆုံးသော ဝိုင်ကို သောက်လိုက်ရသည့်အလား ပျော်ရွှင်ကြည်နူးနေသည့် အမူအရာဖြင့် ရပ်နေခဲ့ကြကာ သူတို့၏ ဝိဥာဉ် များသည်လည်း ယခင်ထက် မဆိုသလောက်ကလေး ပိုမို သန်မလာခဲ့လေ၏။

“ဟန်” ထိုအခြင်းအရာကို မြင်သော် ဟိုင်ဝမ်ကု မျက်ခုံးပင့်မိလိုက်၏။

တစ်ချိန်တည်းမှာပင် ထိုထူးဆန်းအံ့အားသင့်စရာ အဖြစ်အပျက်ကို မသေမျိုးအဆင့် ပညာရှင်အားလုံး သတိပြုမိလိုက်ကြ၏။

သေဆုံးသွားသော ကျင့်ကြံသူ၏ ဝိဥာဉ်သည် စိတ်စွမ်းအင် အမျှင်တန်းလေးများအဖြစ် ပြောင်းလဲ သွားခဲ့ပြီး အနားတွင် ရပ်နေသော ကျင့်ကြံသူများ၏ စုပ်ယူခြင်း ခံလိုက်ရ၏။ သေဆုံးသွားသော ကျင့်ကြံသူ၏ စိတ်စွမ်းအင်ကို စုပ်ယူလိုက်သည့်အတွက်ကြောင့် အနားတွင် ရှိနေသော ကျင့်ကြံသူများ၏ ဝိဥာဉ် ယခင်ထက် ပိုမိုသန်မာလာရခြင်း ဖြစ်၏။

ရန်ကိုင်သည်လည်း ထိုထူးဆန်းမှုကို သတိပြုမိ၏။ သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ် ပြောဆိုလိုက်၏ “တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာ ကောင်းလာပြီပဲ”

“ဘာတွေဖြစ်နေလို့လဲ” ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မက စိုးရိမ်နေသည့် လေသံလေးဖြင့် မေးလိုက်၏။ သူမသည် ရန်ကိုင်နောက်ကိုသာ တစ်ချိန်လုံး လိုက်နေခဲ့သဖြင့် ထိုထူးဆန်းသည့် အဖြစ်အပျက်ကို သတိမပြုမိ ဖြစ်သွားခဲ့၏။ ထို့ကြောင့် ရန်ကိုင်က ထူးထူးဆန်းဆန်း စကားများ ရုတ်တရက် ပြောလာသည့်အခါ သူတော်စင်မ နားမလည်နိုင် ဖြစ်သွားခဲ့ခြင်း ဖြစ်၏။

“လူတော်တော်များများကတော့ သေရတော့မှာပဲ” ရန်ကိုင်က မှတ်ချက်ပြုလိုက်၏။

ထိုအချိန်တွင် မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ ကျင့်ကြံသူများ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ချက်ချင်းပဲ သူတို့စိတ်ထဲ ဘာတွေးနေသေည်ကို အချင်းချင်း နားလည်လိုက်ကြလေ၏။

စိတ်စွမ်းအင်ကို ကျင့်ကြံခြင်းသည် ခန္ဓာကိုယ် သို့မဟုတ် အစစ်အမှန်ချီကို ကျင့်ကြံခြင်းထက် အဆများစွာ ပိုခက်ခဲ၏။ အဆင့်မြင့် ဝိဥာဉ်ကျင့်စဉ် တစ်ခုကိုသာ မပိုင်ဆိုင်ထားလျှင် ဆေးလုံးများကို သုံး၍သာ ဝိဥာဉ်ခွန်အား တိုးတက်အောင် လုပ်နိုင်၏။ သို့သော်လည်း ထိုနည်းလမ်းသည် အချိန်အများကြီး လိုအပ်၏။

သို့သော် ဤထူးဆန်းသော လေဟာနယ်ထဲရှိ ရှင်းပြမရနိုင်သည့် ဥပဒေသသည် သေဆုံးသွားသော ဝိဥာဉ်များ၏ အကြွင်းအကျန် စိတ်စွမ်းအင်ကို အခြားကျင့်ကြံသူများ စုပ်ယူနိုင်အောင် လုပ်ပေး၏။

သူတို့၏ ဝိဥာဉ်ကို အမြန်အဆန် တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဆိုသော အချက်သည် အားလုံး အတွက် အရမ်းအရမ်းကိုမှ မက်မောစရာ ကောင်းလှ၏။

သို့သော် ထိုနည်းဖြင့် ဝိဥာဉ်ခွန်အားကို မြန်မြန် တိုးတက်အောင် လုပ်ဆောင်နိုင်သော် ဘေးထွက် ဆိုးကျိုးများ ရှိနေသေး၏။ လူတစ်ယောက်၏ ဝိဥာဉ် ပြိုကွဲသွားသည့်အချိန် အကြွင်းအကျန် စိတ်စွမ်းအင် များထဲ ထိုကျင့်ကြံသူ၏ မှတ်ဥာဏ်များ၊ ဘဝ အတွေ့အကြုံများ ပါဝင်နေပေလိမ့်မည်။ ထိုအကြွင်းအကျန် စိတ်စွမ်းအင်များကို အလွန်အကျွံ စုပ်ယူမိလိုက်ပါက အသိစိတ်ကို ဆုံးရှုံးသွားနိုင်ပြီး ကိုယ်ကိုယ်တိုင်သည် မိမိမဟုတ်သော အခြားတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားနိုင်၏။ အဆိုးဆုံးသည်ကား စုပ်ယူလိုက်သော စိတ်စွမ်းအင်များကို အပြည့်အဝ ချေဖျက်နိုင်ခြင်း မရှိတော့သဖြင့် စိတ်လွတ်ကာ ရူးသွပ်သွားနိုင်ခြင်းပင်။

ရန်ကိုင်သည်လည်း အခြားကျင့်ကြံသူများ၏ ဝိဥာဉ်အကြွင်းအကျန်များကို စုပ်ယူဝါးမြိုဖူး၏။ သို့သော် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ အကူအညီဖြင့်သာ ဝါးမြိုခဲ့ခြင်း ဖြစ်၏။ မဟုတ်လျှင် ယခုအချိန်လောက်ဆို သူအရူးတစ်ယောက် ဖြစ်နေလောက်ပေပြီ။

သူ့စိတ်စွမ်းအင် အရမ်း အားကောင်းနေရခြင်း၏ အဓိက အကြောင်းအရင်းသည် အခြားသူများ၏ ဝိဥာဉ်စွမ်းအင်များကို ဝါးမြိုခြင်းကြောင့် မဟုတ်သော်ငြား ကောင်းကင်းလမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည် သဘောပေါက်မှုများသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်စွမ်းအင်များကို ဝါးမြိုခဲ့သောကြောင့် ဖြစ်ပေ၏။ ကျင့်ကြံခြင်းအဆင့်ကို ဇွတ်မြှင့်နေခြင်းထက် ကောင်းကင်လမ်းလမ်းစဉ်နှင့် သိုင်းတာအိုကို သေသေချာချာ နားလည် သဘောပေါက်အောင် လုပ်ဆောင်ခြင်းသည် ပို၍ အရေးကြီး၏။

သို့သော် ယခုနေရာတွင် ရှိနေသူများသည် ထိုကဲ့သို့ မတွေး။ ကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ကျင့်စဉ်မျိုးကို သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ တွေ့ခဲ့လျှင်ပင် ထိုကျင့်စဉ်သည် သူတို့ လက်လှမ်းမမှီနိုင်သည့် နေရာ၌ ရှိနေမည်မှာ မလွဲမသွေပင်။

သေဆုံးသွားသော ကျင့်ကြံသူ၏ ဝိဥာဉ်စွမ်းအင်ကို စုပ်ယူ၍ ရမှန်း သိပြီးနောက် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ၏ မျက်လုံးထဲ လောဘမီးတောက်တို့ လောင်မြိုက်လာခဲ့ကြ၏။

အကြည့်ချင်း ဖလှယ်ပြီးနောက် အကုန်လုံး သွားပေါ်အောင် ပြုံးဖြီးလိုက်ကြ၏။

မသေမျိုးအဆင့် ပညာရှင်များစွာဆီမှ စိတ်စွမ်းအင်တို့ သတိပေးချက်မရှိ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။ အသွေးအသား ပိုင်ဆိုင်ထားခြင်း မရှိသဖြင့် သိုင်းပညာရပ်၊ လက်နက်များကို အသုံးမပြုနိုင်တော့ချေ။ သူတို့ အသုံးပြုနိုင်သော တစ်ခုတည်းသော အရာသည်ကား ဝိဥာဉ်ပညာရပ်များသာ ဖြစ်လေ၏။

အမျိုးမျိုးသော ဝိဥာဉ်ပညာရပ်များ လူအုပ်ထဲသို့ ကျရောက်သွား၏။ ပြင်ပကျင့်ကြံသူများထဲရှိ မည်သူကမှ မတုန့်ပြန်နိုင်သေးခင်မှာဘဲ သူတို့လူဒါဇင်ကျော် သေဆုံးသွားခဲ့လေပြီ။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင်များသည် ထိုကျင့်ကြံသူများ သေဆုံးသွားရာ ဆီသို့ ခုနှစ်ရက်ခုနှစ်လီ မစားရမသောက်ရသေးသော ဝံပုလွေများပမာ ပြေးဝင်သွားကြပြီး စိတ်စွမ်းအင်များကို အရူးအမူး ဝါးမြိုကြတော့လေ၏။

လူအိုကြီးချန်ဖြစ်စေ၊ ဟိုင်ဝမ်ကုဖြစ်စေ၊ သူတို့၏ အိုမင်းရွံ့တွနေသည့် မျက်နှာထက် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။

ထိုစိတ်စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် တစ်နှစ်၊ နှစ်နှစ်လောက် ကျင့်ကြံရ သက်သာသလို သူတို့တစ်တွေ ခံစားလိုက်ရ၏။

ထိုပြင်ပကျင့်ကြံသူများ၏ အသက်ကို သူတို့ ဂရုမစိုက်ချေ။ ထိုလူများ သေလျှင် ပို၍ပင် ကောင်းသေး၏။ ထိုသို့ဆိုလျှင် သူတို့၏ ဝိဥာဉ်ကို သန်မာလာအောင် လုပ်နိုင်ရုံမက ရှေးဟောင်း အကြွင်းအကျန် နယ်မြေအတွင်းရှိ ရတနာအားလုံးသည် သူတို့အပိုင် ဖြစ်လာပေလိမ့်မည်။

စိတ်စွမ်းအင် တိုးတက်မည့် အခွင့်အရေးနှင့် ကြုံဆုံလာရသည့်အခါ ထိုလူအိုကြီးများ အကုန်လုံး ရက်စက်ကြမ်းကြုတ်သော သားသတ်သမားများ အဖြစ် တစ်မုဟုတ်ချည်း ပြောင်းလဲသွားခဲ့ကြလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၅၂) ပွဲထိုင်ကြည့်ခြင်း

အဖြူရောင်လောကကြီးထဲရှိ လက်ရှိ အခြေအနေနှင့် မက်မောစရာများကြောင့် မိသားစုကြီးခုနှစ်မဟာမိတ် အဖွဲ့မှ ပညာရှင်များ၏ အတွင်းစိတ်ရိုင်းတို့ နိုးကြွလာခဲ့ကြ၏။ ထိုလူများသည် သူတို့လိုချင်သည်ကို ရရှိရန်အတွက် လူပေါင်းများစွာကို သတ်ဖြတ်ဖို့ပင် ဝန်မလေးတော့ချေ။

သတ်ဖြတ်ရာမှာ ရရှိလာသည့် အကျိုးအမြတ်ကို တစ်ကြိမ်ခံစားမိပြီးနောက် ထိုပညာရှင်များအားလုံး သောက်လေငတ်မပြေ ဖြစ်လာခဲ့ကြ၏။

ပြင်ပကျင့်ကြံသူများသည် တဒင်္ဂတာသာ မှင်သက် သွားခဲ့ကြပြီး ချက်ချင်း အသိပြန်ဝင်လာခဲ့ကြ၏။ အသိပြန်ဝင်လာသည်နှင့် ဒေါသတကြီး အော်ဟစ်ရင်း “မင်းတို့ရဲ့ လောဘမျက်လုံးတွေကို ငါမြင်နေတာ ကြာနေပြီ။ ညီအစ်ကိုတို့၊ အဲ့ခွေးသူတောင်းစားတွေကို တိုက်ကြ”

ချက်ချင်းပဲ ဝိဥာဉ်အချင်းချင်း တိုက်ပွဲ ဖြစ်ကြတော့လေ၏။ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့က တစ်ဖက်၊ ပြင်ပကျင့်ကြံသူများက တစ်ဖက်၊ ဝိဥာဉ်တိုက်ပွဲခန်းထဲ စတင် တိုက်ခိုက်ကြတော့လေ၏။

လက်နက်၊ သိုင်းပညာရပ်၊ ခန္ဓာကိုယ် မရှိလေရာ အားလုံး အားကိုးနိုင်သည့် အရာဆို၍ သူတို့တစ်တွေ ကျင့်ကြံထားကြသော ဝိဥာဉ်ပညာရပ်များကိုသာ ရှိ

တိုက်ပွဲစတင် ဖြစ်ပွားသည်နှင့် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြပြီး စိတ်စွမ်းအင် အမျှင်တန်းလေးများအဖြစ် ပေါက်ကွဲထွက်ကုန်ကြလေ၏။

သေဆုံးသွားသော သူများ၏ စိတ်စွမ်းအင်များကို စုပ်ယူပြီးနောက် ထိုကျင့်ကြံသူများသည် ပို၍ စိတ်တို၊ သတ်ဖြတ်လိုစိတ် ကြီးမားလာကြ၏။ အကျိုးအမြတ် အတွက် သူတို့ရှေ့ရှိ လူအားလုံးကိုပင် သတ်ဖြတ်ချင်သည့် ပုံပင်။

အချိန်ကြာလာသော် တိုက်ပွဲသည် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့ဘက် အရေးသာလာခဲ့၏။ တကယ်တော့ မိသားစုကြီးတစ်ခုစီတိုင်းတွင် မသေမျိုးအဆင့် ပညာရှင် တစ်ယောက်၊ နှစ်ယောက်စီ ရှိကြသည် မဟုတ်ပေလော။ ထို့ကြောင့် သူတို့သည် ပြင်ပကျင့်ကြံသူများအပေါ် ဖိတိုက်နိုင်ခဲ့၏။

သို့သော် ပြင်ပကျင့်ကြံသူများကြား မသေမျိုးအဆင့် ပညာရှင်များ ရှိနေသေး၏။ ထိုလူများကြောင့် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့လည်း အတော်လေး အထိနာသွားခဲ့ရ၏။

အားလုံး၏ မျက်လုံးများ နီရဲနေခဲ့ကြပြီး အဖြူရောင် ဟင်းလင်းပြင်ထဲ ရူးသွပ်တကြီး အော်ဟစ်သံ၊ ကြောက်လန့်တကြား အော်ဟစ်သံတို့ ပဲ့တင်ထပ်နေခဲ့၏။

ထိုရက်စက်ပြီး ရူးသွပ်ဖွယ်ရာ အနိဠာရုံ မြင်ကွင်းကြောင့် ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မမှာ လုံးဝကို မှင်သက်နေခဲ့ရ၏။ သူမ၏ ခန္ဓာကိုယ်လေးသည်လည်း ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရင်နေခဲ့လေ၏။ ထို့ကြောင့် တစ်ယောက်ယောက် သူမနား ချဉ်းကပ်လာသည်ကိုပင် သတိမပြုမိခဲ့ချေ။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သော်ငြား ထိုသူတော်စင်မ မည်ကဲ့သို့ တုန့်ပြန်မည်ကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူမစိတ်ထဲ မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိသည်နှင့် သူတော်စင် ငေးကြောင်မှင်သက်နေရာမှ အသိပြန်ဝင်လာခဲ့ပြီး အားကောင်းလှသော စိတ်စွမ်းအင်တို့ သူမ၏ ဝိဥာဉ်ပုံရိပ်မှ ပေါက်ကွဲ ထွက်လာခဲ့ရာ သူမနှင့် မလှမ်းမကမ်းရှိ ကျင့်ကြံသူကို လွင့်ပျံထွက်သွားစေခဲ့လေ၏။

အသိပြန်ဝင်လာသည်နှင့် လှည့်ပတ်ကြည့်လိုက်ရာ အနားတစ်ဝိုက် ပြန့်ကျဲနေသော စိတ်စွမ်းအင် အမျှင်တန်းလေးများကို တွေ့လိုက်ရ၏။ သူတော်စင် မျက်မှောင်ကြုံ့လိုက်၏။ အခြားသူများကဲ့သို့ ထိုစိတ်စွမ်းအင် အမျှင်တန်းများကို သွားရောက် စုပ်ယူခြင်း မပြုဘဲ ထိုစိတ်စွမ်းအင်များနှင့် ဝေးနိုင်သမျှ ဝေးဝေးသို့သာ ရွေ့သွားခဲ့လေ၏။ သူမ၏ မျက်နှာလေးထက် ရွံ့ရှာသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နေခဲ့ရ၏။

ရန်ကိုင် စိတ်ထဲ ချီးကျူးမိလိုက်၏။ ထိုစိတ်စွမ်းအင်များကို စုပ်ယူ၍ ပြန်ပေးဆပ်ရမည့် တန်ဖိုးသည် အတော်လေးကို ကြီးမားမှန်း သူမ ချက်ချင်း နားလည်လိုက်သည်မှာ တကယ်ကို ချီးကျူးစရာပင်။

ရန်ကိုင် သူမအား စောင့်ကြည့်နေသည်ကို အာရုံခံမိလိုက်သည့်အလား သူတော်စင်မသည် ရန်ကိုင်ကို သတိချပ်၍ ပြန်စိုက်ကြည့်လိုက်၏။

ရန်ကိုင်သည် အခြားသူများကဲ့သို့ မတိုက်ခိုက်ဘဲ ငြိမ်နေမည်လား၊ သို့မဟုတ် ထိုသူများကဲ့သို့ပင် ရုတ်တရက် ထတိုက်ခိုက်မည်လား၊ သူမ မသိပေ။ သူတိုက်ခိုက်လာခဲ့လျှင် သူမ ခုခံနိုင်၊ မခုခံနိုင်လည်း မသေချာချေ။

ရန်ကိုင်နားတွင် နေရသည်မှာ ဖိအားများ၏။ သူ့ကိုယ်မှ ထွက်ပေါ်နေသော ပူပြင်းသည့် အရှိန်အဝါသည် သူမအား တကယ့်ကို စိတ်မသက်မသာ ဖြစ်စေ၏။

ရန်ကိုင်သည် သူမကို ဆက်၍ အာရုံမစိုက်တော့ဘဲ တိုက်ပွဲဆီကိုသာ အာရုံပြန်ပြောင်းလိုက်၏။

တိုက်ပွဲသည် အနည်းငယ် တစ်ဖက်သတ် ဆန်နေခဲ့၏။ မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့သည် ထင်းစည်းတစ်စည်း ဆိုပါက ပြင်ပကျင့်ကြံသူများသည် စည်းနှောင်ထားခြင်း မရှိသော ထင်းချောင်းများ ဖြစ်၏။ ထို့ပြင် ခွန်အား ကွာခြားချက်သည်လည်း အတော့်ကို ကြီးမားနေလေရာ ပြင်ပကျင့်ကြံသူများမှာ တိုက်ပွဲစပြီး မကြာခင်မှာဘဲ အရေးနိမ့်လာခဲ့လေ၏။

ပြင်ပကျင့်ကြံသူများဘက်မှ မသေမျိုးအဆင့် ကျင့်ကြံသူများ အသတ်ခံလိုက်ရပြီးနောက် ကျန်ရှိနေသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူအားလုံး ကူကယ်ရာမဲ့သွားခဲ့ကြ၏။

အစောပိုင်းက ကျားရဲတစ်ကောင်ပမာ တိုက်ခိုက်နေကြသော ကျင့်ကြံသူများသည် ယခုအချိန်၌ အသနားခံ၊ တောင်းပန်နေကြလေပြီ။ သို့သော် မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ထိုအသနားခံသံများကို လျစ်လျူရှု၍ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပြင်ပကျင့်ကြံသူများကို မြက်ရိတ်သည့်ပမာ ဆက်လက် သတ်ဖြတ်နေခဲ့ကြ၏။

တိုက်ပွဲပြီးနောက် မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့မှ မသေမျိုးအဆင့် ပညာရှင် ဒါဇင်ကျော်သာ ကျန်ခဲ့၏။

မြောက်များစွာသော စိတ်စွမ်းအင်များကို စုပ်ယူခဲ့သည့်အတွက်ကြောင့် နောက်ဆုံး၌ ဘေးထွက်ဆိုးကျိုး လက်စွမ်းပြလာခဲ့လေပြီ။ ယခုအချိန်၌ ထိုပညာရှင် တစ်ယောက်ချင်းစီတိုင်း၏ အရှိန်အဝါသည် အနည်းငယ် ပရမ်းပတာ၊ မတည်မငြိမ် ဖြစ်နေခဲ့၏။

တစ်ခဏတာ ရပ်တန့်သွားပြီးနောက် ထိုပညာရှင်များကြား နောက်တစ်ကြိမ် တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြန်လေ၏။

“ငါတို့ဘာလုပ်ကြမလဲ” ရန်ကိုင်က ဘာမှမလုပ်ဘဲ ထိုတိုက်ပွဲအား ရပ်ကြည့်နေသေးသည်ကို မြင်သော် သူတော်စင်မက မနေနိုင်တော့ဘဲ ရန်ကိုင်နားသွားပြီး မေးလိုက်၏။ သူမ၏ စိုးရိမ်ပူပန်၊ ကူကယ်ရာမဲ့နေသည့် မျက်နှာလေးကို ကြည့်ရင်း ရန်ကိုင် ယဲ့ယဲ့လေး ရယ်မောလိုက်၏။

“ဘာ ‘ငါတို့ဘာလုပ်ကြမလဲ’လဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

“သူတို့ ငါတို့ကို ရုတ်တရက်ကြီး တိုက်ခိုက်လာရင် ဘာလုပ်ကြမလဲလို့ မေးတာ” သူတော်စင် အမှန်အကန်ကို ကြောက်လန့်နေမိ၏။ သူမသည် မသေမျိုးပထမအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်ပြီး တစ်ဖက်အဖွဲ့တွင် မသေမျိုးအဆင့် ပညာရှင်များစွာ ရှိနေခဲ့၏။ သူတို့သာ သူမကို ပစ်မှတ်ထားလာပါက သူမအနေဖြင့် ကျိန်းသေ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်ကို သတိထားနေသော်လည်း ရန်ကိုင်နားသွားပြီး သူ့ဆီမှ အကြံဥာဏ်ရယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

“ဘာလုပ်ရမှာလဲ၊ ကိုယ့်ပြဿနာ ကိုယ်ရှင်းရမှာပေါ့” ရန်ကိုင်က ခေါင်းလေး တရမ်းရမ်းဖြင့် ပြန်ပြောလိုက်၏။

“ဒီမှာသေသွားမှာ မကြောက်ဘူးလား”

“ဒါက ကံဆိုးတာမဟုတ်ဘူး၊ ကံကောင်းတာပဲ။ ကံဆိုးတာ ဖြစ်မယ်ဆိုရင်တောင် ရှောင်ရှားလို့မှ မရတာ။ ဘာကို ကြောက်နေရဦးမှာလဲ” ရန်ကို င်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်၏။ ရန်ကိုင်၏ သဘောထားကြောင့် နောက်တစ်ကြိမ် မှင်သက် သွားခဲ့ရပြန်လေ။ သူမ ရန်ကိုင်ကို စိုက်ကြည့်နေစဉ် ရန်ကိုင်ကလည်း သူမကို စိုက်ကြည့်လာခဲ့၏။

“နင်ဘာလုပ်ချင်တာလဲ” သူတော်စင်မ ချက်ချင်း နိုးကြားသတိရှိသွားခဲ့၏။ ရန်ကိုင်၏ ထိန်းချုပ်မှုမရှိသည့် အကြည့်ကြောင် သူမကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရပြီး ခပ်မြန်မြန်ပဲ ပြောလိုက်လေ၏ “ငါနင့်ကို တစ်ကြိမ်ကယ်ခဲ့တယ် ဆိုတာကို မမေ့နဲ့ဦး။ ကျေးဇူးလေးဘာလေးတော့ တင်သင့်တယ်နော်”

ရန်ကိုင်က ပခုံးတွန့်ပြလိုက်ပြီး “ငါ့နင့်ကို ဝါးမစားပါဘူးဟယ်၊ အဲ့လောက်ကြီး လန့်မနေစမ်းပါနဲ့”

သူတော်စင်မက ရန်ကိုင် ပြောသည်ကို မယုံကြည်သည့် အလား သူ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်၏။

ရန်ကိုင် သူမအပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိမှန်း သူမသိ၏။ သို့သော် သူ့ဘာတွေးနေလဲ ဆိုသည်ကို မသိနိုင်သဖြင့် သူမစိတ်ထဲ ရတက်မအေး ဖြစ်နေခဲ့ရ၏။

ဤခရီးသည် ယခုလောက် အန္တရာယ်များမည်မှန်း သိခဲ့လျှင် သူမ၏ သက်တော်စောင့်နှစ်ယောက်ကို လှည့်စားပြီး တစ်ယောက်တည်း ထွက်လာခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော် နောင်တအတွက် ဆေးမရှိ။

သူတော်စင်မမှာ အော်ငိုလိုက်ချင်သော်ငြား မျက်ရည် မကျနိုင်ဖြစ်နေခဲ့၏။

ရန်ကိုင်သည် သူမကို ဆက်လက် အာရုံစိုက်မနေတာဘဲ မသေမျိုးအဆင့် ပညာရှင်များကြားက တိုက်ပွဲကိုသာ တစ်ဖန် ပြန်လည် အာရုံစိုက်လိုက်၏။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြသဖြင့် သူတို့ကြားမှ တိုက်ပွဲသည် အတော်လေး ပြင်းထန်ခဲ့၏။ ထို့ပြင် သူတို့ စုပ်ယူထားသည့် ဝိဥာဉ်စွမ်းအင်များ၏ ဘေးထွက်ဆိုးကျိုးကြောင့် အကုန်လုံးသည် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ပြီး သတ်ဖြတ်ရန်သာ သိတော့သော လူများ ဖြစ်သွားခဲ့ကြ၏။ တစ်နာရီလောက် ကြာပြီးနောက် တိုက်ပွဲအဖြေ ထွက်လာခဲ့၏။

တိုက်ပွဲအတွင်း ပါဝင်ခဲ့သော် ဒါဇင်ကျော်သော ပညာရှင်များအနက် လူနှစ်ယောက်သာ အသက်ရှင်ခဲ့၏။

တစ်ယောက်သည် ဟိုင်မိသားစုမှ ဟိုင်ဝမ်ကုဖြစ်ပြီး ကျန်တစ်ယောက်သည် အားလုံးကို ဤနေရာ၌ စုဝေးခဲ့သည် လူအိုကြီးချန် ဖြစ်ပေ၏။ နှစ်ယောက်စလုံးသည် မသေမျိုးဒုတိယအဆင့် ပညာရှင်များ ဖြစ်ကြလေရာ ယခုတိုက်ပွဲအတွင်း သူတို့သည် ခွန်အားပိုင်းအရ အသာစီးရထားလေ၏။

သို့တော်လည်း တိုက်ပွဲပြီးနောက် နှစ်ယောက်စလုံး အတော်လေး ပင်ပန်းသွားသည့် ပုံပင်။ ချက်ချင်း ထိုင်ချလိုက်ပြီး အားပြန်ဖြည့်နေလိုက်လေ၏။

ထိုအခြင်းအရာကို မြင်သော် သူတော်စင်မက ရန်ကိုင်အား ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လူအိုကြီးနှစ်ယောက်ကို သွားတိုက်ရန် အချက်ပြလိုက်၏။

သို့သော် ရန်ကိုင်ကမူ ခေါင်းသာ ရမ်းပြလိုက်ရာ သူတော်စင်မ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့၏။

အစမှအဆုံးထိ ရန်ကိုင်သည် ကြောက်ရွံဟန်မပြ။ အခြားလူများ တိုက်သည်ကို စိတ်ဝင်တစားဖြင့်ပင် ကြည့်နေလိုက်သေး၏။

သူ့ကိုယ်သူပဲ ယုံကြည်ချက်ရှိနေလို့ ထိုကဲ့သို့ လုပ်နေခြင်းလား၊ သို့မဟုတ် ဆေးမမှီလောက်အောင် တုံးအနေခြင်းပဲလား။

ရန်ကိုင် ငတုံးတစ်ကောင် ဖြစ်မည်ဟု သူတော်စင်မ မထင်ချေ။ ထိုကြောင့် ချောင်းတိုက်လို့ရမည့် အခွင့်အရေးကောင်းကြီးကို ရန်ကိုင် မည်သည့်အတွက်ကြောင့် လက်လွှတ်လိုက်မှန်း သူမ တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့၏။

သူမသာ ကိုယ့်ဘာသာ သွားတိုက်ပါက ထိုလူများကို နိုင်မည်မဟုတ်။ ထို့ကြောင့် ရန်ကိုင်နားတွင်သာ ကပ်နေခဲ့၏။

ရန်ကိုင်အနေဖြင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ကို အလွယ်လေး သတ်နိုင်၏။ သို့သော် အပြင်လူရှေ့၌ သူ့ခွန်အား အမှန်ကို ထုတ်မပြချင်ချေ။ အခြား တစ်ယောက်သာဆိုပါက မျက်မြင်သက်သေကို နှုတ်ပိတ် သတ်ဖြတ်လိုက်ရုံပင်။ သို့သော် ယခုလူသည် အခြားလူ မဟုတ်။ ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မ ဖြစ်၏။ သူတော်စင်မသည် ယခင်က သူ့အား တစ်ကြိမ် ကူညီခဲ့ဖူး၏။ သူမ၏ အကူအညီကို မလိုခဲ့သည်မှာ မှန်သော်လည်း သူမသည် သူ့အား စေတနာဖြင့် ကူညီခဲ့သည် ဆိုသောအချက်ကို ငြင်း၍ မရချေ။

သူ့အား ကူညီခဲ့သူတစ်ယောက်ကို သွေးအေးအေးဖြင့် ရန်ကိုင် မသတ်နိုင်ပါချေ။

သူ့တွင်လည်း သူ့စည်းနှင့်သူရှိ၏။ သူ့အား ကူညီပေးခဲ့သူ တစ်ယောက်ကို အလကားသက်သက် သတ်မည် မဟုတ်ချေ။

ယခု ရန်ကိုင် အတော်လေး ခေါင်းစားနေခဲ့ရ၏။ ထိုမိန်းမကိုသာ တစ်ခဏတာလောက် သတိလစ်သွားအောင် လုပ်နိုင်မည့် နည်းလမ်းရှိလျှင် ဘယ်လောက် ကောင်းလိုက်မည်နည်း။

သူ့စိတ်ထဲ ထိုကဲ့သို့ စဉ်းစားနေတုန်းမှာပဲ အပြင်လူ နှစ်ယောက် ရှိနေသေးသည်ကို ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ သတိပြုမိသွားခဲ့၏။

ရန်ကိုင်နှင့် သူတော်စင်မသည် တိုက်ပွဲစကတည်းက အဝေးတွင်သာ နေခဲ့သည့်အတွက် အကုန်လုံး သူတို့ နှစ်ယောက်ကို သတိမပြုမိ ဖြစ်ခဲ့၏။ သို့သော် ယခု ထိုလူအိုကြီးနှစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး သေသွားပြီ ဖြစ်ရာ ရန်ကိုင်နှင့် သူတော်စင်မလည်း ဆက်လက်၍ ပုန်းမနေနိုင်တော့ချေ။

ဝမ်ဟိုင်ကုနှင့် လူအိုကြီးချန်တို့ အချင်းချင်း ကြည့်၍ ကြည့်မောလိုက်ကြ၏။

“ညီအစ်ကိုချန်၊ ဒီကိစ္စလေးကို အရင် လက်စဖြတ်လိုက်ရင် မကောင်းဘူးလား။ ပြီးတော့မှ ငါတို့အချင်းချင်း ပြန်ပြိုင်ကြမယ်လေ” ဟိုင်ဝမ်ကုက အကြုံပြလိုက်၏။

လူအိုကြီးချန် မျက်မှောင် ကြုံ့သွားခဲ့ပြီး ခဏတာ စဉ်းစားနေလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ထို့နောက် ရက်စက်တော့မည်ဟန်ဖြင့် “ငါလည်း စိတ်စွမ်းအင် ဖြည့်ဖို့လိုနေတာနဲ့ အတော်ပဲ”

ပြောပြီးသည်နှင့် နှစ်ယောက်စလုံး တစ်ပြိုင်တည်း မတ်တပ်ရပ်လိုက်ကြပြီး အပြင်လူနှစ်ယောက်ကို ကြည့်လိုက်ကြ၏။ ထို့နောက် စိုးရိမ်ပူပန်ခြင်းအရှင်း မရှိသည့် အမူအရာဖြင့် ရန်ကိုင်တို့ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။

ရန်ကိုင်တို့နှင့် အတော်နီးနီးသို့ ရောက်သည့်အခါမှ သူတို့၏ ပစ်မှတ်ထဲမှ တစ်ယောက်သည် ဘုံးကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မ ဖြစ်နေမှန်း သိလိုက်ရ၏။ ထိုသို့ သိသွားသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်စလုံး မှင်သက် ကြောင်အသွားခဲ့ရလေ၏။

“နင်…” ဟိုင်ဝမ်ကုက မိန်းမငယ်လေးကို လက်ညိုးထိုးရင်း မျက်မှောင်ကြုံက “နင်က တော်ဝင်အရှင် သူတော်စင်မ မဟုတ်ဘူးလား”

လူအိုကြီးချန်လည်း လုံးဝကို မှင်သက်နေခဲ့၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မမှန်း သိသွားပြီးနောက် နှစ်ယောက်စလုံ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဖြစ်သွားခဲ့၏။

“ဟုတ်တယ်၊ ကျွန်မပဲ” သူတော်စင်မက အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“ဘယ်လိုလုပ်ပြီး ဒီရောက်နေရတာလဲ” ဟိုင်ဝမ်ကု မျက်မှောင်ကြုံ့လိုက်၏။ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်ကာ အံ့ဩတကြီးဖြင့် “ငါတို့ မိသားစုကြီး ခုနှစ်ခုမဟာမိတ်ရဲ့ စူးစမ်းရေးအဖွဲ့ထဲ လိုက်လာတာလား”

“ဟုတ်တယ်။ ပင်လယ်အောက်မှာရှိတဲ့ မြင်ကွင်းတွေကို ကြည့်ချင်လို့ လိုက်လာခဲ့တာလေ။ ဒါပေမယ့် အခုလို မြင်ကွင်းကို မြင်လိုက်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး” သူတော်စင်မက အကြွင်းမဲ့ တည်ငြိမ်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

“ဒါက…” ဟိုင်ဝမ်ကုက ရန်ကိုင်ကို သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်၏။

သူတော်စင် တစ်ခဏတာ တုန့်ဆိုင်းသွားခဲ့ပြီးနောက် ချက်ချင်းပဲ ပြန်ပြောလိုက်၏ “သူက ငါ့အစေခံပဲ”

သူတော်စင်မ ပြောလိုက်သည့် စကားကြောင့် ရန်ကိုင် ကြောင်သွားခဲ့၏။ သူမသည် သူမ၏ အဆင့်အတန်းကို သုံး၍ ရန်ကိုင်ကိုပါ ကာကွယ်ပေးရန် ကြိုးစားနေသည့် ပုံပင်။

သူတော်စင်မ၏ အစေခံဟု ပြောလိုက်ခြင်းသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တပည့်တစ်ယောက် ဖြစ်သည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလာ။ ထို့ကြောင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့သည်လည်း ရန်ကိုင်ကို အလွယ်တကူ သတ်ရဲလိမ့်မည် မဟုတ်ချေ။

သူတော်စင်ပြောသည်ကို ကြားပြီးနောက် လူအိုကြီး နှစ်ယောက်စလုံး သုန်မှုန်သွားခဲ့ကြ၏။

သူတို့ စိတ်ထဲ ဘာတွေးနေသည်ကို သူတို့၏ အမူအရာ၊ အရှိန်အဝါက ဖော်ပြနေခဲ့၏။ သူတို့၏ အရှိန်အဝါသည် တစ်ခါတစ်ရံ ပြင်းထန်လာခဲ့ပြီး တစ်ခါတစ်ရံ တည်ငြိမ်သွားတတ်၏။ သူတို့ တုန့်ဆိုင်းနေခြင်းမှာ သူတော်စင်မကို လေးစားသောကြောင့် မဟုတ်။ သူတော်စင်မကို သတ်လိုက်လျှင် ရင်ဆိုင်ရမည့် အကျိုးဆက်ကို ချင့်ချိန်နှိုင်းဆ နေသောကြောင့်သာ ဖြစ်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၅၃) မသေခင်၊ သတ်ခွင့်မရှိ

သူတို့ဆီ ဦးတည်နေသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသော် သူတော်စင်မ၏ မျက်နှာအမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး လက်ကို အသာအယာ ပင့်မြှောက်လျက် သိမ်မွေ့သော စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်၏။

ထိုစွမ်းအင်သည် ဆန်းကြယ်လှသလို မည်သည့် သတ်ဖြတ်လိုစိတ်မှ ပါဝင်ခြင်း မရှိခဲ့။ ပေါ်လာသည်နှင့် နွေဦးမိုးစက်များအလား ရန်ကိုင်၊ ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့၏ ဝိဥာဉ်ပုံရိပ်များထဲသို့ စိမ့်ဝင် ပျောက်ကွယ်သွားခဲ့လေ၏။

သူတော်စင်မ ဘာလုပ်ချင်နေမှန်း မသိလေရာ သုံးယောက်စလုံး မျက်မှောင် ကြုံ့သွားခဲ့၏။

ခဏကြာပြီးနောက် သူ့စိတ်အခြေအနေ တဖြည်းဖြည်း တည်ငြိမ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ နွေဦးစမ်းရေထဲ စိမ်နေရသလို သူ့ဝိဥာဉ်သည်လည်း အရမ်းကိုမှ သက်သောင့်သက်သာ ရှိသလို ခံစားနေခဲ့ရ၏။ လောကီရေးရာ ကိစ္စများကို လွှတ်ချပြီး သူ့ဘာသာတစ်ယောက်တည်း နေချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့၏။

ရန်ကိုင်မှာ ခေါင်းခါရမ်းပြီး ထိုအတွေးများကို အမြန်အဆန် ပယ်ဖျက်လိုက်ရ၏။ အံ့အားသင့်နေသည့် အမူအရာဖြင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ဆီ လှမ်းကြည့်လိုက်ရာ လူအိုကြီးနှစ်ယောက်စလုံး ယခင်ကကဲ့သို့ ကြမ်းကြုတ်သွေးဆာနေခြင်း မရှိတော့သည်ကို တွေ့လိုက်ရ၏။ နှစ်ယောက်စလုံး၏ အတွေးများသည် ယခုအချိန်၌ တစ်ဖန် ပြန်လည် ကြည်လင်လာခဲ့လေပြီ။

သူတော်စင်မ အသုံးပြုလိုက်သော ဝိဥာဉ်ပညာရပ်သည် လူတစ်ယောက်၏ စိတ်ကို ကြည်လင်သွားအောင် လုပ်ပေးနိုင်သော ပညာရပ်တစ်ခု ဖြစ်ရပေမည်။

ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်၍ မျက်မှောင် ကြုံ့လိုက်ကြ၏။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ဟိုင်ဝမ်ကုက မေးလိုက်၏ “အခုဖြစ်သွားတာတွေ အားလုံးကို သူတော်စင်မ မြင်လိုက်တယ်မလား”

သူတော်စင်မ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလျက် “ဒါပေမယ့် ရှင်တို့ စိတ်ချထားလိုက်။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ကျွန်မ ပြန်ဖွမှာ မဟုတ်ဘူး။ တကယ်တော့ ကျွန်မ ဒီမှာရှိနေတာကို အခြားသူတွေကိုလည်း မသိစေချင်ဘူးလေ။ အခု အရေးကြီးတာက ဒီနေရာက ဘယ်လို ထွက်သွားရမလဲ ဆိုတာပဲ မဟုတ်ဘူးလား”

ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့လျက် တိတ်ဆိတ်နေကြဆဲ။

သူတော်စင်မစိတ်ထဲ မသက်မသာ ဖြစ်နေခဲ့၏။ ဝိဥာဉ်ပညာရပ်ကို သုံး၍ လူအိုကြီး နှစ်ယောက်၏ စိတ်ကို ယာယီတည်ငြိမ်သွားအောင် လုပ်ခဲ့သော်လည်း ထိုနှစ်ယောက်သည် အစကတည်းက လူကောင်းများ မဟုတ်ကြရာ မကောင်းသည့် အတွေးတို့သာ သူတို့စိတ်ထဲ အမြစ်တွယ်လိုက်သည်နှင့် သူမ၏ ဝိဥာဉ်ပညာရပ်လည်း အသုံးမဝင် ဖြစ်သွားရပေလိမ့်မည်။

ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် ဤကိစ္စက သူနှင့် လာလာမျှ မဆိုင်သည့်ပုံ လုပ်နေသည်ကို မြင်လိုက်ရ၏။

သူတော်စင် အံသာ ကြိတ်လိုက်ပြီး ဘာမှ မပြောခဲ့၏။ သို့သော် သူမ အတော့်ကို ပေါက်ကွဲချင်နေလေပြီ။

တစ်ခဏကြာပြီးနောက် ဟိုင်ဝမ်ကုက ရုတ်တရက် ပြောလိုက်၏ “ညီအစ်ကိုချန်၊ မင်းဘယ်လိုထင်လဲ”

လူအိုကြီးချန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်၏ “ဒီအထိ ရောက်လာပြီဆိုမှတော့ အဆုံးအထိ ဆက်သွားသင့်တာပေါ့”

ဟိုင်ဝမ်ကုက ပြုံးလိုက်ပြီး ခေါင်းညိတ်၍ “ငါလည်း အဲ့လိုတွေးနေတာ”

ပြောပြီးသည်နှင့် သူတော်စင်ကို စူးရှစွာ စိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ ပြောလိုက်၏ “နင်က သူတော်စင်မ ဖြစ်နေတော့ဘာ ဘာဖြစ်လဲ။ ဒီနေရာမှ ဘယ်သူကမှ နင့်အဆင့်အတန်းကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ ပြီးတော့ နင့်ကို သတ်လိုက်တာက ငါတို့မှန်း ဘယ်သူမှ သိမှာ မဟုတ်ဘူး”

ထိုလူအိုကြီးနှစ်ယောက်က မျက်မြင်သက်သေကို နှုတ်ပိတ်ရန် ကြံနေမှန်း နားလည်လိုက်သည်နှင့် သူတော်စင်မ မျက်နှာပျက်သွားခဲ့၏။

ပြင်ပကျင့်ကြံသူပေါင်း များစွာ သေဆုံးခဲ့ရသလို၊ မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများစွာလည်း သေဆုံးခဲ့ရ၏။ ဤသတင်းသာ ပေါက်ကြားသွားပါက ဟိုင်မိသားစုနှင့် ချန်မိသားစု အတွက် အတော်လေး ပြသနာ များနိုင်ပေ၏။

ထို့ပြင် ဤနေရာသည် လူတစ်ယောက်ကို ဘယ်သူမှ မသိအောင် နှုတ်ပိတ်လို့ကောင်းသည့် နေရာတစ်ခုလည်း ဖြစ်၏။

ပြောနေစဉ်မှာ လူအိုကြီးနှစ်ယောက်၏ ဝိဥာဉ်ဆီမှ ကြမ်းကြုတ်ရန်လိုသည့် အရှိန်အဝါတို့ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့၏။ ပြီးသည်နှင့် လူအိုကြီး နှစ်ယောက်စလုံး ရန်ကိုင်ကို ကောင်ကင်စိတ်အာရုံဖြင့် တိုက်ခိုက်လိုက်ကြလေ၏။

ရန်ကိုင် ခွန်အားသည် အတော်လေးကို နိမ့်ကျဟန် ရသဖြင့် လူအိုကြီး နှစ်ယောက်က သူ့ကို အရင် ရှင်းပစ်ရန် တွေးလိုက်ခြင်း ဖြစ်၏။ ရန်ကိုင်ကို ရှင်းပစ်ပြီးမှသာ သူတော်စင်မနှင့် ရင်ဆိုင်ပေမည်။

ရန်ကိုင် မျက်နှာ အေးစက်သွားခဲ့ပြီး တိုက်ခိုက်မှုနှစ်ခု သူ့ဆီ မရောက်လာခင်မှာဘဲ အမြန် ရှောင်တိမ်းလိုက်၏။

“အန်” သူတို့၏ တိုက်ခိုက်မှုအား ရန်ကိုင် ရှောင်လိုက်နိုင်သည်ကို မြင်ပြီး လူအိုကြီး နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြလေ၏။

“ငါတစ်ယောက်ကို ထိန်းထားမယ်။ အခြား တစ်ယောက်ကိုတော့ နင်ရင်ဆိုင်နိုင်တယ်မလား” ရန်ကိုင်က ဘုံကိုးခုသူတော်စင်မကို လှမ်းပြောပြီးနောက် ဟိုင်ဝမ်ကုကို လက်ယပ်ခေါ်လိုက်ကာ “ဟေး၊ ခွေးအိုကြီး၊ ခင်ဗျားကို ဘာသားနဲ့ထုထားလဲ ကျုပ်သိအောင် ပြပေးပါလား”

“ခွေးသူတောင်းစားလေး၊ ငါမင်းကိုသတ်မယ်” ဟိုင်ဝမ်ကုမှာ ရန်ကိုင်၏ အပေါစား ရန်စမှုကို နည်းနည်းမှပင် သည်းမခံနိုင်ဘဲ သူ့ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

ပုံမှန်ဆိုလျှင် ဟိုင်ဝမ်ကု အနေဖြင့် ယခုကဲ့သို့ ကမူးရှူးထိုး လုပ်လိမ့်မည် မဟုတ်ချေ။ သို့သော် ယခုအချိန်၌ ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး သေဆုံးသွားသော ကျင့်ကြံသူများစွာ၏ ဝိဥာဉ်စွမ်းအင်များကို စုပ်ယူထားခဲ့သဖြင့် သူတို့၏ အသိစိတ်သည် အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့၏။ သူတို့၏ အပြုအမူတိုင်းသည် သူတို့၏ စိတ်ဆန္ဒရိုင်းများအရ လုပ်နေခြင်းဟုပင် ပြောနိုင်၏။ ထို့ကြောင့် ရန်ကိုင်က လာရန်စသည့်အခါ ဟိုင်ဝမ်ကုသည် နည်းနည်းမှပင် စဉ်းစားတွေးတောခြင်း မရှိဘဲ ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးဝင်သွားခြင်း ဖြစ်၏။

“နေဦး…” သူတော်စင်မမှာ တစ်ခုခု ပြောရန် ပြင်လိုက်သော်ငြား ပြောပင်မပြောနိုင်သေးခင်မှာပင် လူအိုကြီးချန် သူမဆီ ပြေးဝင်လာသဖြင့် ဝိဥာဉ် ပညာရပ် တစ်ခုကို ထုတ်သုံး၍ သူမကိုယ်သူမ အမြန် ကာကွယ်လိုက်ရ၏။

ရန်ကိုင်သည် ဟိုင်ဝမ်ကုကို အဝေးတစ်နေရာသို့ ခေါ်သွားခဲ့၏။ သို့သော် ဟိုင်ဝမ်ကုအား တန်ပြန် တိုက်ခိုက်ခြင်း မပြုဘဲ အဆက်မပြတ် တိမ်းရှောင်နေရင်း ဘုံကိုးခုထွတ်မြတ်နယ်မြေသူတော်စင်မ၏ တိုက်ပွဲကို စောင့်ကြည့်လေ့လာနေခဲ့၏။

သူ့အစစ်အမှန် ခွန်အားကို မထုတ်ဖော်ရအောင် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံးကို သူတော်စင်မအား သတ်ခိုင်းရန် စီစဉ်ထားခြင်း ဖြစ်၏။

သူမ၏ အဆင့်အတန်းကြောင့် သူတော်စင်တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု ရန်ကိုင် ထင်မိ၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မ တစ်ယောက်သည် သာမန်ထက် ပိုပြီး ထူးခြားသင့်သည် မဟုတ်ပေလော။

သူမ၏ ကျင့်ကြံခြင်းသည် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ထက် တစ်ဆင့်နိမ့်ကျနေသော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေသည် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့ထက် အဆပေါင်းများစွာ ပို၍ အားကောင်းသော နေရာတစ်ခုဖြစ်၏။ ထို့ကြောင့် ထိုအင်အားစုနှစ်ခု၏ အမွေအနှစ်များသည်လည်း အဆင့်တူအတွင်း ရှိမနေခဲ့ချေ။ သူမ ထုတ်သုံးလိုက်သည့် ဝိဥာဉ်ပညာရပ်အရ သူတော်စင်မ၏ ခွန်အားသည် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်ထက်ပင် ပို၍အားကောင်းမည်ဟု ရန်ကိုင် ခန့်မှန်းမိ၏။

သို့သော်လည်း သူတော်စင်မ တိုက်ပွဲကို တစ်ခဏကြာအောင် စောင့်ကြည့် လေ့လာ နေပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။

သူတော်စင်မသည် ရှောင်တိမ်းလိုက်၊ ခုခံလိုက်သာ လုပ်နေခဲ့ပြီး လူအိုကြီးချန်ကို ပြန်တိုက်ခိုက်ခြင်း မပြုခဲ့ချေ။

သူတော်စင်မသည် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးများစွာ ရခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ ပြန်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

“နင်ဘာလုပ်နေတာလဲ” ရန်ကိုင်လည်း စိတ်ညစ်သွားခဲ့ပြီး လှမ်းအော်ပြောလိုက်လေ၏ “ပြန်တိုက်လေ။ တစ်ချိန်လုံး ပတ်ပြေးနေပြီး ဘာလုပ်မလို့လဲ”

“ငါ…” သူတော်စင်မမှာ အော်ငိုချင်သော်လည်း မျက်ရည်က ကျမလာခဲ့။ စကားတစ်ခွန်းသာ ပြောလိုက်ရပြီး လူအိုကြီးချန်က တိုက်ခိုက်လာသဖြင့် ထပ်မံ တိမ်းရှောင်လိုက်ရပြန်လေ၏။

“ကောင်စုတ်လေး၊ မင်းကိုယ်မင်း အရင်စိုးရိမ်သင့်တယ်” ဟိုင်ဝမ်ကုက အရူးတစ်ယောက်ပမာ ရယ်မောရင်း ရန်ကိုင် နောက်သို့ ပြေးလိုက်ာလခဲ့၏။

ရန်ကိုင်က ဟိုင်ဝမ်ကုကို အေးစက်စက် အကြည့်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီး သူတော်စင်မ ရှိရာဆီ ပျံသန်းသွားလိုက်၏။

သူတော်စင်မနား ရောက်သည်နှင့် ချက်ချင်းပဲ ပြစ်တင်ပြောဆိုတော့လေ၏ “ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ပြန်မတိုက်တာလဲ”

သူတော်စင်မက အံကြိတ်လိုက်ပြီး ရန်ကိုင်ကို ဒေါသတကြီး ပြန်စိုက်ကြည့်လိုက်ကာ “သိပြီးသားကို ဘာလို့ လာမေးနေတာလဲ”

“သိပြီးသားဆိုရင် ငါဘာလို့ မေးနေရဦးမှာလဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

“ငါက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ သူတော်စင်မ တစ်ယောက်လေ”

“အဲ့ဒါတော့ ငါသိတာပေါ့။ ပြန်တိုက်တာ၊ မတိုက်တာက သူတော်စင်မနဲ့ ဘာဆိုင်လို့လဲ” ထိုမိန်းမ ဘာပြောချင်လဲ ဆိုသည်အား ရန်ကိုင် တကယ့်ကို နားမလည်နိုင် ဖြစ်နေခဲ့၏။

“သူတော်စင် ဘာတွေ လုပ်ခွင့်မရှိဘူးလဲ ဆိုတာကို နင်မသိဘူးလား” လူအိုကြီးချန်၏ တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ပြီးနောက် သူတော်စင်မ ရန်ကိုင်ကို ကြောင်အမ်းအမ်း အမူအရာဖြင့် စိုက်ကြည့်လိုက်၏။

ရန်ကိုင်က ခေါင်းခါပြလိုက်၏။

“ဘယ်လို တောကြိုအုံကြားနေရာကနေများ ကုန်းထွက်လာခဲ့လို့ ဒါလေးတောင် မသိရတာလဲ” ရန်ကိုင် လိမ်မနေမှန်း သိသော် သူတော်စင် အံ့အားသင့်နေသည့် အမူအရာဖြင့် အော်ပြောလိုက်လေ၏ “ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ သူတော်စင်မက မသေခင်အထိ သူတစ်ပါး အသက်ကို သတ်လို့မရဘူးဟဲ့”

“ဘယ်သူပြောတာလဲ” ရန်ကိုင် မျက်နှာ မည်းမှောင် သွားခဲ့လေပြီ။ သူကြံစဉ်ထားသော အစီအစဉ်လေး အလုပ်ဖြစ်တော့မည် မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ.

“ရှေခေတ်ကတည်းက အဲ့စည်းမျဉ်း ရှိလာခဲ့တာ” သူတော်စင်မက အလျင်စလို ရှင်းပြလိုက်၏ “သူတော်စင်မတွေက သူတစ်ပါးအသတ်ကို သတ်လို့ မရဘူး။ အဲ့တားမြစ်ချက်ကို ချိုးဖျက်လိုက်တာနဲ့ ငါတို့ ကျင့်စဉ် ချို့ယွင်းသွားလိမ့်မယ်”

“ဘယ်လို သောက်သုံးမကျတဲ့ အစုတ်အပြတ် ကျင့်စဉ်ကြီးလဲကွာ” ရန်ကိုင် ဒေါသပုန် ထသွားခဲ့၏။ ထိုကဲ့သို့ ရယ်စရာကောင်းလှသည့် ကန့်သတ်ချက် ရှိသော ကျင့်စဉ်တစ်ခုကို သူတစ်ခါမှ မကြားဖူးခဲ့ချေ။

“နင်ဘာလို့ မလှုပ်ရှားတာလဲ” သူတော်စင်မက ရန်ကိုင်နှင့်အတူ ပျံသန်းထွက်ပြေးနေရင်း သူ့အား စူးရှစွာ စိုက်ကြည့်လိုက်ကာ “အခုလို အခြေအနေမျိုးမှာတောင် တည်ငြိမ်နိုင်သေးတယ်ပေါ့။ ဘာလဲ၊ ရှိသမျှ အလုပ်တွေ အကုန်လုံးကို ငါ့ကိုပဲ လုပ်ခိုင်းဖို့ စဉ်းစားနေတာလား”

ထိုကျင့်စဉ်ကို ဖန်တီးခဲ့သည့်လူအား ရန်ကိုင် စိတ်ထဲကနေ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲပစ်လိုက်၏။ ထိုလူအိုကြီးနှစ်ယောက်ကို ဓါးငှာပြီး သတ်နိုင်တော့မည် မဟုတ်လေရာ သူကိုယ်တိုင် လုပ်ရတော့မည့်ပုံပင်။ သို့သော် သူဘာမှ မလုပ်ရသေးခင်မှာပဲ သူတော်စင်က ထပ်ပြောလာခဲ့၏။

“ငါဘာသာ မလုပ်နိုင်ပေမယ့် နင့်ကို ကူညီပေးလို့ ရတယ်။ ငါ့အကူအညီနဲ့ဆို အဲ့လူအိုကြီး နှစ်ယောက်စလုံး နင့်ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး” သူတော်စင်မက အလျင်စလို ပြောလိုက်၏။

“ငါ့ကို ဘယ်လိုကူညီပေးမှာလဲ”

သူတော်စင်မက ဘာမှပြန်မပြောဘဲ ဝိဥာဉ်ပညာရပ် တစ်မျိုးမျိုးကိုသာ ရန်ကိုင်စိတ်ထဲ ပို့လွှတ်ပေးခဲ့၏။

ရန်ကိုင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ထိုဝိဥာဉ်ပညာရပ် သူ့ခန္ဓာကိုယ် ဝင်ရောက်လာသည်နှင့် ထူးဆန်းသည့် ခံစားချက်တစ်ခုကို ရန်ကိုင် ရလိုက်၏။ သူတော်စင်နှင့်သူ့ကား တစ်မျိုးတစ်ဖုံ ဆက်နွယ်သွားသလိုလို၊ တစ်နည်းဆိုရသော် သူတော်စင်မ ပိုင်ဆိုင်သော အရာတစ်ခု သူ့ခန္ဓာကိုယ်ထဲ စီးဆင်းနေသလို ရန်ကိုင် ခံစားနေခဲ့ရ၏။ ထိုအရာသည် သူ့ကိုယ်ထဲ စီးဆင်းနေရင်း သူ့စိတ်စွမ်းအင်ကို အမြန်အဆန် တိုးတက်လာအောင် ကူညီပေးနေခဲ့၏။

ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်နှင့် သိုင်ပညာရပ်များသည် သူ့အသိစိတ်ထဲ အမြန်အဆန် ချင်းနင်းဝင်ရောက်လာနေခဲ့၏။

ထိုပညာရပ်ကို စိတ်ရှိသလို သူအသုံးပြုနိုင်၏။

သူ့ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး မြေကြီးပေါ် ရပ်လျက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည်လည်း အလျင်စလို ရပ်တန့်လိုက်ပြီး ရန်ကိုင်နှင့် မနီးမဝေးတွင် ရပ်လျက် သူ့အား စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့၏။

“ကောင်စုတ်လေး၊ အခု မင်းဘယ်ပြေးမလဲ” ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။ ထိုဂျူနီယာနှစ်ယောက်သည် သူတို့လောက် မသန်မာကြသော်လည်း အတော့်ကိုမှ အပြေးမြန်ကြပေ၏။ ထို့ကြောင့် ရန်ကိုင်တို့သာ သူတို့ဘာသာသူတို့ မရပ်တန့်လိုက်ပါက လူအိုကြီးတို့ နှစ်ယောက်စလုံး သူတို့ကို ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။

တစ်ချိန်ကုန် လိုက်ဖမ်းနေရသောကြောင့် ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ နှစ်ယောက်စလုံး ရန်ကိုင်တို့ကို တစ်စစီဖြစ်အောင် နုတ်နုတ်စင်းပစ်ချင်နေမိ၏။

ရန်ကိုင်က လက်ရှိ အခြေအနေကို နားမလည် နိုင်သေးသည့်အလား မျက်မှောင်ကြုံ့လျက် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

ခဏအကြာ၌ ရန်ကိုင်သည် သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရွှေရောင်ဓါးကြီးတစ်ချောင်း သူ့ဦးခေါင်းထက် ဖွဲ့တည်လာခဲ့လေ၏။

ထိုရွှေရောင်ဓါးကို စိတ်စွမ်းအင် သက်သက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြပြီး မီတာ ဒါဇင်ကျော် ရှည်လျားပေ၏။ ထို့ပြင် ရွှေရောင်ဓါးဆီမှ ပူးပြင်းလှသော အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေ၏။

အတုမရှိ အရှိန်အဝါတစ်ခု ကောင်းကင်ထက်မှ ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့အပေါ် စီးမိုး ကျလာခဲ့၏။ လူအိုကြီးနှစ်ယောက်စလုံး ပြေးနေရင်း ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်ကို ငေးကြောင် ကြည့်နေမိလိုက်ကြ၏။ ထို့ပြင် ပြိုင်ဘက်ကင်း အရှိန်အဝါကြောင့် တောင်တစ်လုံးသည် သူတို့အပေါ် ဖိထားသည့်အလား၊ ကြောက်ရွံ့စိတ်တို့သည် သူတို့ စိတ်ဝိဥာဉ်အတွင်းပိုင်းထိတိုင် ထိုးဖောက် ဝင်ရောက်လာခဲ့လေ၏။ သေခြင်းသည် သူတို့အပေါ် ကျဆင်းလာနေပြီး ထိုသေခြင်းတရားကို မည်သို့မှ ရှောင်လွှဲ၊ ခုခံ၍ မရနိုင်သည်ဟု သူတို့စိတ်ထဲ ခံစားနေခဲ့ရ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မ၏ ခန္ဓာကိုယ်သည်လည်း တုန်တုန်ရင်ရင် ဖြစ်နေခဲ့ပြီး အံ့ဩမှင်သက်နေသည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေခဲ့၏။ ရန်ကိုင်ကို စိုက်ကြည့်နေရင်း သူမ၏ မျက်ဝန်းအစုံတို့ ရုတ်တရက် တောက်ပသွားခဲ့၏။

ရန်ကိုင်သည် သူ့ခေါင်းထက် ဝဲနေသော ဓါးကို မော့ကြည့်လိုက်၏။ သူ့လက်ကောက်ဝတ်ကို ရုတ်တရက် လှုပ်ခါလိုက်ရာ ထိုဓါးသည် ကောင်းကင်ထက်မှ လူအိုကြီးချန်ဆီသို့ တိုက်ရိုက် ကျဆင်းသွားလေ၏။

လူအိုကြီးချန်မှာ အော်ပင်မအော်လိုက်နိုင်ဘဲ သေဆုံးသွားခဲ့ရ၏။ သူ့ဘေးတွင် ရှိနေသော ဝမ်ဟိုင်ကုမှာမူ အတော်ဝေးဝေး တစ်နေရာသို့ လွင့်စင် ထွက်သွားခဲ့ရလေ၏။

“ဒါက မဟာကောင်းကင်ဓါးပေါ့” ရန်ကိုင် မျက်မှောင်ကြုံ့လျက် သူတော်စင်မကို လှမ်းကြည့်လိုက်ရာ သူတော်စင်မက ပြန်ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၅၄) ကောင်းကင်နတ်ဘုရားပညာရပ်ကိုးခု

အသံပင် မထွက်နိုင်ဘဲ အသက်ပျောက်သွားသော လူအိုကြီးချန်၏ အဖြစ်အပျက်ကို မြင်ပြီးနောက် ဟိုင်ဝမ်ကုသည် ချက်ချင်း ကုန်းရုန်းထ၍ ခွေးဝဲစား တစ်ကောင်ပမာ သွေးရူးသွေးတန်း ထွက်ပြေး တော့လေ၏။

ရန်ကိုင်က ထွက်ပြေးနေသော ဝမ်ကိုင်ကုကို တစ်ချက်ကြည့်၍ သူ့လက်ကောက်ဝတ်ကို အသာအယာ လှုပ်ခါလိုက်၏။ လူအိုကြီးချန်ကို သတ်ဖြတ်ခဲ့သော ဓါးသည် ချက်ချင်းပဲ ကြိုးတစ်ချောင်း အသွင်သို့ ပြောင်းကာ ဝမ်ဟိုင်ကုကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်၏။

ထို့နောက် လူအိုကြီးကို သူ့ရှေ့ ဆွဲခေါ်လိုက်၏။

“ဒါက မဟာကောင်းကင် အချုပ်အနှောင်ပေါ့” ရန်ကိုက် ဘုံကိုးခုသူတော်စင်မကို လှမ်းမေးလိုက်၏။

“ဟုတ်တယ်”

“စိတ်ဝင်စားစရာဘဲ။ အဲ့ဝိဥာဉ်ပညာရပ်တွေကို ငါဘယ်လိုလုပ်ပြီး သုံးနိုင်သွားရတာလဲ” ရန်ကိုင်က သူတော်စင်မကို သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်ပြီး “ငါ့စိတ်စွမ်းအင်လည်း သိသိသာသာကို တိုးလာသေးတယ်။ နင်ငါ့ကို ဘာလုပ်လိုက်တာလဲ”

“အဲ့အကြောင်း နောက်မှ ပြောလို့ရမလား” သူတော်စင်မက ပြန်မဖြေချင်သည့်ပုံပင် ပြောလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ချေ။

ထိုဝိဥာဉ်ပညာရပ် နှစ်ခုကို ရန်ကိုင် ကြားပင် မကြားဖူးခဲ့ချေ။ သို့သော် ရုတ်တရက်ကြီး ထိုပညာရပ် နှစ်ခုကို နားလည်နေခဲ့၏။ နားလည်သည်ပင် မဟုတ်သေး၊ ကျွမ်းကျွမ်ကျင်ကျင်ပင် အသုံးပြုနိုင်နေ၏။ မသိသာ မသိလျှင် သူသည် ထိုပညာရပ်နှစ်ခုကို နှစ်ပေါင်း များစွာကြာအောင် လေ့ကျင့်ထားသည်နှင့်ပင် တူသေး၏။

အကြောင်းမဲ့သက်သက် ယခုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်လေရာ သူတော်စင်မကြောင့်သာ ယခုကဲ့သို့ ဖြစ်လာခြင်း ဖြစ်ရပေမည်။

ရန်ကိုင် ခန့်မှန်းသည်သာ မှန်မည်ဆိုပါက သူတော်စင်မသည် ထိုပညာရပ်နှစ်ခုကို သူ့အသိစိတ်ထဲ တိုက်ရိုက် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် လေ့ကျင့်ခြင်း မရှိဘဲ ထိုပညာရပ်များကို သူနားလည်နေခြင်း ဖြစ်၏။

ထို့ပြင် သူ့အသုံးပြုလိုက်သည့် စိတ်စွမ်းအင် ပမာဏသည် များများစားစားမဟုတ်။ ဟိုင်ဝမ်ကုနှင့် သူတော်စင်မတို့ အသုံးပြုနိုင်သည်နှင့် တူညီရုံသာ ရှိ၏။ သို့သော် ထိုခွန်အားသက်သက်နှင့် လူအိုကြီးချန်ကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့ပေ၏။

ယခုအချိန်၌ ရန်ကိုင်စိတ်ထဲ သံသယ အတွေးပေါင်း သောင်းခြောက်ထောင်တို့ဖြင့် ပြည့်နေခဲ့၏။

“ဒီလူကို ဘာလုပ်မှာလဲ” သူတော်စင်မက ချည်နှောင်ထားခြင်း ခံရသော ဟိုင်ဝမ်ကုကို လက်ညိုးထိုး ညွှန်ပြလိုက်၏။

“ဘာလုပ်ရမှာလဲ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ရာ ဟိုင်ဝမ်ကုကို ချည်နှောင်ထားသော ကြိုးသည် မီးတောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟိုင်ဝမ်ကု၏ ဝိဥာဉ်ကို မသေမချင်း လောင်ကျွမ်းပစ်တော့လေ၏။

ယခု ဝိဥာဉ်တိုက်ပွဲခန်းမထဲ ရန်ကိုင်နှင့် သူတော်စင်မ တို့သာ ကျန်ရစ်တော့လေ၏။

မျက်နှာချင်း ဆိုင်မိသည်နှင့် ရန်ကိုင်၏ စူးစိုက်လွန်းလှသည့် အကြည့်ကြောင့် သူတော်စင်မ ချက်ချင်း အကြည့်လွှဲသွားခဲ့၏။

“နင့်နာမည်ဘယ်လိုခေါ်လဲ” ရန်ကိုင်က မေးလိုက်ရာ သူတော်စင်မက “အန်လင်းအာ… နင်ကော”

“ကျန်းစန်”

သူတော်စင်မ စိတ်ချဉ်ပေါက်သွား၏။ ရန်ကိုင်၏ ဝတ်ကျေတမ်းကျေ အပြုအမူသည် သူမအား အမှန်ကို စိတ်ပျက်သွားစေခဲ့၏။ သို့သော် ယခုအချိန်သည် ဒေါသထွက်ကောင်းသည့် အချိန်မဟုတ်လေရာ ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်ခဲ့၏။

“နင်အခုဘာလုပ်လိုက်လဲ ငါ့ကို ပြောလို့ရပြီလား”

“နင်သိရမှ ဖြစ်မှာလား” အန်လင်းအာက သူမ၏ နှုတ်ခမ်းလေးကို ကိုက်ပြီး မေးလိုက်ရာ ရန်ကိုင်က အခိုင်အမာ ခေါင်းညိတ်ပြလိုက်ပြီး “ဘာတွေ ဖြစ်သွားလဲ မသိဘဲ ငါ့ကို အန္တရာယ်ဖြစ်စေမှာလား၊ မဖြစ်စေဘူးလား ဆိုတာကို ငါဘယ်လိုလုပ်ပြီး သိမှာလဲ”

“ငါလုပ်ခဲ့တာက နင့်ကို လုံးဝ အန္တရာယ် မဖြစ်ဘူး ဆိုတာကို စိတ်ချထားလို့ရတယ်။ ပြီးတော့ ဘာအကြောင်းပြချက်ကြောင့် ငါနင့်ကို ဒုက္ခပေးရမှာလဲ”

“ဘာပဲဖြစ်ဖြစ် ရှင်းပြနိုင်ရင် ပိုကောင်းတာပေါ့”

“ကောင်းပြီလေ” အန်လင်းအာက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး “နင်က သိချင်နေမှတော့ ငါကလည်း ပြောပြရမှာပေါ့”

ပြောပြီးနောက် တစ်ခဏတာ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် ဆက်ပြောလိုက်လေ၏ “ငါတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေ အကြောင်းကို နင်နည်းနည်းပါးပါးတော့ သိထားလောက်မှာပေါ့။ ဟုတ်တယ်မလား။ တော်ဝင်သခင်တိုင်းကို ငါတို့ သူတော်စင်မတွေကပဲ အပြင်လောကကြီးကနေ ရှာတွေ့ခဲ့တာ။ ဘယ်သူ့ကို တော်ဝင်သခင်အဖြစ် ရွေးချယ်ရမလဲ ဆိုတာနဲ့ ပက်သက်ပြီး ငါတို့မှာ နည်းလမ်းတွေ ရှိပြီးသား။ ငါတို့စမ်းသပ်ချက်ကို အောင်မြင်တယ်ဆိုရင် ထွတ်မြတ်နယ်မြေရဲ့ နောက်တော်ဝင်သခင် ဖြစ်လာလိမ့်မယ်။ ဘယ်လိုနည်းလမ်းတွေ သုံးပြီး ရှာလဲဆိုတာကိုတော့ ငါမပြောနိုင်လို့ ခွင့်လွှတ်ပေးပါ။ ငါ့ကျင့်ထားတဲ့ ကျင့်စဉ်နဲ့ ဆက်စပ်တယ်လို့ပဲ ပြောနိုင်တယ်”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။

“အရင်တော်ဝင်သခင်တွေ အကုန်လုံးက နေရာမျိုးစုံ ကနေ လာကြတာ။ အရည်အချင်းတွေ ဆိုရင်လည်း တူကြတာ မဟုတ်ဘူး။ ကောင်းတဲ့လူကကောင်းမယ်။ ညံ့တဲ့လူက ညံ့မယ်။ သာမန်ထက် အရည်အချင်း နိမ့်ကျတဲ့ တော်ဝင်သခင်တွေတောင် ရှိသေးတယ်။ ဒါပေမယ့် အဲ့လူတွေက ငါတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ရောက်တာနဲ့ အသစ်ပြန်လည် မွေးဖွားလိုက်သလို အရမ်းကို အားကောင်းလွန်းတဲ့ အထွဋ်အထိပ် ပညာရှင်တွေ ဖြစ်သွားရော။ ဘာလို့ အဲ့လို ဖြစ်သွားရလဲ ဆိုတော့ ငါတို့ သူတော်စင်မတွေကြောင့်ပဲလို့ ပြောရမှာပေါ့”

“အို၊ ဘယ်လိုမျိုးလဲ”

“ငါတို့က… မွေးလာတဲ့ အချိန်ကစပြီး တော်ဝင်သခင်ရဲ့ ကျင့်ကြံရေးမီးဖိုအဖြစ် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရတာ။ ငါတို့ရဲ့ ကျင့်ကြံခြင်းတွေ၊ တတ်မြောက်ထားတဲ့ အရာအားလုံးကလည်း တော်ဝင်သခင်အတွက်ပဲ။ တော်ဝင်သခင်ကို ရှာတွေ့တာနဲ့ ဘုံကိုးခုထွတ်မြတ် နယ်မြေဆီ ပြန်ခေါ်သွားပြီး ငါတို့ သင်ကြားတတ်မြောက် ထားတဲ့ အရာတွေကို အဲ့တော်ဝင်သခင်ဆီ ပြန်ပို့ပေးတာ။ ဒါက ငါတို့ သူတော်စင်မတွေရဲ့ အကြီးမားဆုံး တာဝန်ပဲ။ ပြီးတော့ သူတော်စင်မကလည်း တစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလေ။ ခြောက်ယောက်၊ ခုနှစ်ယောက်လောက် ရှိတာဆိုတော့ တော်ဝင်သခင် ရနိုင်တဲ့ အကျိုးအမြတ် တွေကလည်း မနည်းမနောပဲပေါ့။ ဒါကြောင့်ပဲ တော်ဝင်သခင်တိုင်းက အရမ်းကို ထူးခြားတဲ့ ပညာရှင်တွေ ဖြစ်နေကြတာ။ သူတို့ဘာသာ လေ့ကျင့်ရုံတင် မဟုတ်ဘူး။ ငါတို့ကလည်း ကူညီပေးသေးတယ်လေ။ သူတို့ကို ကူညီပေးမယ့် ဒီလောက်များတဲ့ ကျင့်ကြံရေးမီးဖိုတွေ ရှိနေမှတော့ အဲ့တော်ဝင်သခင်တွေ မထူးခြားပဲ နေဦးမှာလား”

“အဲ့လိုတွေ တကယ်ကြီး ရှိတာလား” ရန်ကိုင် ထိတ်လန့်သွားခဲ့၏။

“ဒါက ငါတိုဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ။ အခြားဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်” အန်လင်းအာက ရန်ကိုင်ကို လေးလေးနက်နက် သတိပေးလိုက်၏။

“စိတ်မပူနဲ့။ ငါက ပါးစပ်ဖွာတတ်တဲ့လူ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် စဉ်းစားတွေးတောရင်း ထပ်ပြောလိုက်၏ “ဒီတော့ အဲ့ပညာရပ်တွေကို ငါသုံးနိုင်တဲ့ အကြောင်းအရင်းက နင်က အဲ့ပညာရပ်တွေကို အရင်သင်ထားပြီး ငါ့စိတ်ထဲ ပို့ပေးလိုက်လို့ပေါ့၊ ဟုတ်လား”

“ဟုတ်တယ်။ နင်အဲ့ပညာရပ်တွေကို ကျွမ်းကျင်နေရတဲ့ အကြောင်းအရင်းက ငါကိုယ်တိုင်က အဲ့ပညာရပ်တွေကို အရင်လေ့ကျင့်ထားလို့ပဲ။ သူတော်စင်မတွေက မသေခင်အချိန်အထိ သတ်ဖြတ်ခွင့် မရှိပေမယ့် တော်ဝင်သခင်တွေကို အထူးနည်းလမ်းတွေ သုံးပြီး ကူညီပေးခွင့်ရှိတယ်။ တော်ဝင်သခင် ဖြစ်လာရင် ငါတို့ဆီကနေ ရနိုင်တဲ့ အကျိုးအမြတ်က အဲ့ဒါ သက်သက်တင် မဟုတ်သေးဘူး။ စောနတုန်းက ငါ့အကူအညီကြောင့် နင့်စိတ်စွမ်းအင် ပိုပြီး အားကောင်းလာတယ်လေ”

ရန်ကိုင် အမူအရာ ထူးဆန်းသွားခဲ့ပြီး “ဒါပေမယ့် ငါက နင်တို့ရဲ့ တော်ဝင်သခင် မဟုတ်ဘူးလေ။ နင်ငါ့ကို ဘယ်လိုလုပ်ပြီး ကူညီပေးရတာလဲ”

အန်လင်းအာ သက်ပြင်းချလိုက်ပြီး နှုတ်ခမ်လေးကို ကိုက်ကာ ပြောလိုက်၏ “ဝန်မခံချင်ပေမယ့် တော်ဝင်သခင် ဖြစ်ဖို့ နင့်မှာ အရည်အချင်း ရှိပြီးသားပဲ”

“နင်နောက်နေတာမလား”

“နောက်နေတာမဟုတ်ဘူး။ အမှန်ကို ပြောနေတာ။ အဲ့နှစ်ယောက်ကို တိုက်နိုင်ဖို့အတွက် နင့်စိတ်စွမ်းအင်ကို ပိုပြီး အားကောင်းသွားအောင်ပဲ လုပ်ပေးချင်ခဲ့တာ။ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေကို သင်ပေးဖို့ စိတ်မကူးခဲ့ဘူး။ ဒါပေမယ့် အဲ့ပညာရပ်တွေကိုပါ နင်နားလည်သွားလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ အဲ့နတ်ဘုရားပညာရပ် ဘယ်နှစ်ခုလောက်ကို နင်နားလည်လိုက်လဲ”

“နှစ်ခုပဲ”

“အဲ့ပညာရပ်နှစ်ခုစလုံးက ငါတို့အကူအညီ ပါရင်တောင် အရမ်းကို နားလည်ရခက်တဲ့ ပညာရပ်တွေပဲ။ တော်ဝင်သခင်သစ် တစ်ယောက် တော်ဝင်နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေကို နားလည်ဖို့ အဲ့လောက် မလွယ်ဘူး။ အကြိမ်ပေါင်းများစွာ ကြိုးစားလေ့ကျင့် ပြီးမှပဲ ကျွမ်းကျင်နိုင်တာ။ နင်ကတော့ ခဏလေးနဲ့ နှစ်ခုကိုတောင် နားလည်သွားနိုင်တယ်”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး “နတ်ဘုရား ပညာရပ် ဘယ်နှစ်ခုကို နင်နားလည်ထားလဲ”

“ကိုးခု” သူတော်စင်မက အသာအယာ ပြုံးလိုက်ပြီး “သင်ချင်လား”

“ဟတ်” ရန်ကိုင်က စိတ်မဝင်စားချင်ယောင် ဆောင်လိုက်၏။

“သင်ချင်တယ်ဆိုရင် နင့်ကို အဲ့ကိုးခုစလုံးကို အခုချက်ချင်း သင်ပေးလိုက်လို့ရတယ်။ ဒါပေမယ့် အရင်ဆုံး ငါ့ကို ကတိတစ်ခုတာ့ ပေးရလိမ့်မယ်”

ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့၏။ အခြားသူများ သူ့အား အကြပ်လာကိုင်သည်ကို ရန်ကိုင် အရမ်းမုန်း၏။

“ငါနဲ့ တော်ဝင်နယ်မြေဆီ ပြန်လိုက်ခဲ့။ အချိန်ကျရင် ငါသိမြင်နားလည်ထားတဲ့ အရာအားလုံး နင်ပိုင်ရလိမ့်မယ်။ ငါတင်မဟုတ်ဘူး။ ငါ့ညီအစ်မ သုံးယောက်စလုံးစလုံးရဲ့ ဟာတွေကိုပါ နင်ပိုင်ဆိုင်နိုင်မှာ။ ပြီးတော့ နင်အမြန် အားကောင်းလာအောင်လည်း ကူညီပေးဦးမှာ”

“ငါ့ကို တော်ဝင်သခင်သစ် ဖြစ်စေချင်နေတာလား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်၏။

“ဟုတ်တယ်။ နင်က တော်ဝင်သခင်ရာထူးနဲ့ သင့်လျော်တဲ့ လူတစ်ယောက်လို့ ငါထင်တယ်။ နည်းနည်း… မုန်းစရာ ကောင်းပေမယ့်လို့ပေါ့” အန်လင်းအာက အမှန်အတိုင်း ပြောလိုက်၏။

“စိတ်မဝင်စားဘူး” ရန်ကိုင်က ပြုံးလျက် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။

“နင်…” အန်လင်းအား မျက်လုံးပြူးသွားခဲ့၏။ အံ့အားသင့်မှုတို့သည်လည်း သူ့မ မျက်နှာထက် အထင်းသား။ သူမ၏ ကမ်းလှမ်းချက်ကို ရန်ကိုင် ထိုမျှ ယတိပြတ် ငြင်းဆန်းလိုက်မည်ဟု အန်လင်းအာ တစ်ခါမှ မထင်မှတ်ထားခဲ့၏။

မည်သူကများ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်မလာချင်ရသနည်း။ သူတော်စင်မ၏ ရွေးချယ်ခြင်း ခံရရန်အတွက် သက်သက်နဲ့ နေရာမျိုးစုံမှ ကျင့်ကြံသူများ ဤနေရာသို့ ရောက်လာခဲ့၏။ တကယ်တော့ သူတို့သာ ရွေးချယ်ခံလိုက်ရပါက နဂါးဂိတ်ကို ကျော်ဖြတ်သွားနိုင်သည် ငါးတစ်ကောင် ဖြစ်လာလိမ့်မည် မဟုတ်လေလော။

ထို့ကြောင့် အန်လင်းအာ သွားသည့်နေရာတိုင်း လူစည်ကားနေခြင်း ဖြစ်၏။ လူငယ်၊ လူကြီး အားလုံးသည် သူမအား မျှော်လင့်တကြီး အမူအရာများဖြင့် ကြည့်ကြ၏။

ယခုတွင်မူ တော်ဝင်သခင်အသစ် ဖြစ်လာရန်အတွက် သူမဘက်မှ အရင်စတင်၍ ကမ်းလှမ်းလိုက်သော်ငြား ပြတ်ပြတ်သားသား ငြင်းပယ်ခြင်း ခံလိုက်ရ၏။ ရန်ကိုင်ကို မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း သူမစိတ်ထဲ အိမ်မက်မက်နေသလို ခံစားနေခဲ့ရ၏။

“အားကောင်းချင်ရင် ကိုယ့်ဘာသာ လေ့ကျင့်မယ်။ မိန်းမတွေရဲ့ အကူအညီ မလိုဘူး” ရန်ကိုင်က ပြန်ပြောလိုက်၏။

“တော်ဝင်သခင် ဖြစ်လာရင် ဘယ်လို အကျိုးအမြတ်တွေ ရမလဲဆိုတာကို နင်သေချာ မသိသေးတာလား” အန်လင်းအာ မျက်မှောင် ကြုံ့လိုက်၏။

“တော်ဝင်သခင် ဖြစ်လာရင် နင်က ဒီလောကကြီးရဲ့ အထွဋ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်လာမယ်လို့ ဆိုလိုက်တာနဲ့ အတူတူပဲနော်။ လူတော်တော်များ အိမ်မက်ပဲ မက်နိုင်တဲ့ အကျိုးအမြတ်တွေကိုလည်း ရဦးမှာ။ ငွေကြေး၊ ဂုဏ်အဆင့်အတန်း၊ ကျော်းကြားမှု၊ မိန်းမ၊ နင်လိုချင်တာ အားလုံးရမှာနော်”

“နင်ရောပါလား” ရန်ကိုင်က အန်လင်းအာကို မိစ္ဆာဆန်ဆန် ပြုံးရင်း စိုက်ကြည့်လိုက်၏။

အန်းလင်းအာ ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ သို့သော် ခဏအကြာ၌ ခေါင်းညိတ်ပြလိုက်ပြီး “ပါတယ်။ ငါက တော်ဝင်သခင်ရဲ့ ကျင့်ကြံရေးမီးဖို ဖြစ်ဖို့ မွေးလာတာလေ။ ငါတင်မဟုတ်ဘူး။ ငါ့ညီအစ်မ သုံးယောက်ပါ ပါသေးတယ်။ နင်သာဆန္ဒရှိရင် ဘာပဲဖြစ်ဖြစ် ငါတို့ ညီအစ်မလေးယောက်က နင်လိုချင်တာကို ပေးမှာ။ နင့်ဘဝကို မိန်းမလေးယောက်နဲ့ ပျော်ပျော်ကြီး ကုန်ဆုံးလို့ ရမှာနော်”

“ဘယ်လောက်တောင် စွဲမက်ဖွယ်ကောင်းတဲ့ မက်လုံးလဲ” ရန်ကိုင်က သူ့နှုတ်ခမ်းကို သပ်လိုက်၏။

“အဲ့လိုဆို နင်…”

“မလိုက်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းလျက် ပြန်ပြောလိုက်၏ “တော်ဝင်သခင် ဖြစ်လာရင် ရမယ့် အကျိုးအမြတ်တွေက တကယ်ကို မက်လောက်စရာပဲ။ ဒါပေမယ့် ပြန်ပေးဆပ်ရမယ့် တန်ဖိုးကလည်း မသေးဘူးမလား”

အန်လင်းအာ၏ မျက်နှာလှလှလေး မဲ့သွားခဲ့ပြီး ရန်ကိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ရင်း ခေါင်းညိတ်ကာ “ဟုတ်တယ်။ အခြေအမြစ် မရှိပေမယ့် တော်ဝင်နယ်မြေထဲ ကောလဟာလ တစ်ခုရှိတယ်။ အဲ့ဒါက တော်ဝင်သခင်တွေ ပြန်ပေးဆပ်ရမယ့် တန်ဖိုးလို့ ထင်ရတာပဲ”

“ဘာလဲ။ ပြောကြည့်လေ”

“တော်ဝင်သခင်တိုင်း အသက်မရှည်တာပဲ… အသက်အရှည်ဆုံး တော်ဝင်သခင်တောင် အနှစ်သုံးရာပဲ နေခဲ့ရတယ်”

ဘုံကိုးခုထွတ်မြတ်နယ်မြေသည် အားကောင်းသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။ ထို့ပြင် အသစ်တက်လာသော တော်ဝင်သခင်သည် သူတော်စင်မ လေးယောက်၏ အကူအညီဖြင့် နှစ်အနည်းငယ်အတွင်း သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေ၏။

သူတော်စင် တတိယအဆင့် ပညာရှင်သည် အရမ်းကိုမှ အသက်ရှည်ကြ၏။ အသက်သုံးရာနှင့် သေသည် ဆိုသည်မှာ အရမ်းကိုမှ အသက်တိုလွန်းသည်ဟု ပြော၍ ရ၏။

မသေမျိုး တတိယအဆင့် ပညာရှင်များပင်လျှင် နှစ်ရာပေါင်းများစွာကြာအောင် နေနိုင်၏။

ပြန်ပေးဆပ်ရမည့် တန်ဖိုးကြောင့် တော်ဝင်သခင် ရာထူးကို ရန်ကိုင် လုံးဝ စိတ်မဝင်စားတော့။ နှစ်သုံးရာသည် အကြာကြီးဟု ထင်ရသော်လည်း ကျင့်ကြံသူများအတွက်မူ အတော့်ကိုမှ တိုတောင်းလှ၏။

တော်ဝင်သခင် ဖြစ်မလာလျှင်ပင် နှစ်သုံးရာအတွင်း ကောင်းကောင်း နေနိုင်မည်ဟု ရန်ကိုင် ယုံကြည်ပြီးသား။ စုယန်နှင့် စီနီယာမမလေးကို ရင်ထဲပိုက်ထဲ ဤလောကအနှံ့ ခြေဆန့်၍ပင် ရသေး၏။

“ဒါပေမယ့် ရမယ့် အကျိုးအမြတ်ကလည်း သေးတာမှ မဟုတ်တာ။ ပြန်ပေးဆပ်ရမယ့် တန်ဖိုးကလည်း ကြီးမှာပေါ့။ တကယ်တော့ ဒါမျိုးကို လူတွေအများကြီး တစ်သက်လုံး ကြိုးစားတာတောင် ရနိုင်ခဲ့တာမှ မဟုတ်တာ” အန်လင်းအာက ရန်ကိုင်ကို ထပ်မံ စည်းရုံးလိုက်၏။

သို့သော်လည်း ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် “နှစ်သုံးဆယ်ပဲ။ နှစ်သုံးဆယ်အတွင်း နင်တို့ရဲ့ ဘာမဟုတ်တဲ့ တော်ဝင်သခင် ရောက်တဲ့အဆင့်ကို ငါရောက်စေရမယ်”

“နှစ်သုံးဆယ်…” အန်လင်းအာက ရန်ကိုင်ကို မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်ပြီး “လေလုံးကတော့ ထွားချက်ပဲနော်”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၅၅) တောင်းပန်ပါတယ်

တော်ဝင်သခင်နှင့် အဆင့်တူတွင် ရှိနေမည်ဟု ဆိုလိုက်ခြင်းသည် သူတော်စင် တတိယအဆင့်သို့ ရောက်နေမည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ရန်ကိုင် ထိုကဲ့သို့ လုပ်နိုင်မည်ဟု အန်လင်းအာ မယုံကြည်။ ရန်ကိုင်သည် လေကြီးသော လူငယ်လေး တစ်ယောက်ဟုသာ ယုံကြည်နေမိ၏။

“နင်ဘာသာ ယုံချင်ယုံ၊ မယုံချင်နေ” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်၏။

“နင်တကယ် မစဉ်းစားတော့ဘူးလား”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် တော်ဝင်သခင်တစ်ယောက်ကို နင်တို့ ရွေးတဲ့ပုံစံက အရမ်းကို ပေါ့ပြက်ပြက် နိုင်လွန်းတယ်။ အင်အားစုကြီး တစ်ခုရဲ့ တော်ဝင်သခင်တစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်သလို ရွေးနိုင်ရတာလဲ”

“ပေါ့ပြက်ပြက် နိုင်တာမဟုတ်ဘူး” အန်လင်းအာက စပ်စပ်ထိမခံ ပြန်ပြောလိုက်၏ “ငါတို့ ကျင့်ကြံထားတဲ့ ကျင့်စဉ်က နောက်ဝင်သခင်ကို ရှာဖွေတာနဲ့ ပက်သက်ပြီး အခြေတည်ထားတာ။ သင့်လျော်တဲ့ တစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ ကျင့်စဉ်က ငါတို့ကို သတိပေးလိမ့်မယ်။ နင်လိုမျိုး လူကို ရှာတွေ့ဖို့ကတော့ သမားရိုးကျ မဟုတ်တဲ့ နည်းလမ်းကို သုံးပြီး ရှာရမှာပေါ့။ ငါတို့သာ အချိန် အတိုင်းအတာ တစ်ခုအတွင်း တော်ဝင်သခင် တစ်ယောက်ကို မရှာနိုင်ဘူးဆိုရင်တော့ ပါရမီမြင့်တဲ့ တပည့်တွေကို စုစည်း။ ပြီးတာနဲ့ ငါတို့ တော်ဝင်နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေကို သင်ပေးကြည့်ရတယ်။ သူတို့ နားလည်နိုင်လည်း၊ နားမလည်နိုင်ဘူးလားပေါ့။ ဒီနေ့ အဖြစ်အပျက်ကြောင့် နင်က စမ်းသပ်ချပ်ကို အောင်မြင်ပြီး တော်ဝင်မြေထဲ ဝင်လို့ ရသွားပြီ။ အင်း၊ တကယ်တော့ နင့်စွမ်းရည်ရည်က နည်းနည်းလေးတောင် လိုအပ်ချက် မရှိတဲ့အတွက် လုံးဝကို အရည်အချင်း ပြည့်မှီတယ်လို့ ဆိုလို့ရတယ်”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “နင်ရွေးလိုက်တဲ့ လူက တော်ဝင်နယ်မြေကို သစ္စာရှိမယ်လို့ အာမခံနိုင်လို့လား။ အခြား ရည်ရွယ်ချက်တစ်ခုနဲ့ တော်ဝင်သခင် ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားတာ ဆိုရင်ကော”

“အာမခံနိုင်တယ်” အန်လင်းအာက အခိုင်အမာ ခေါင်းညိတ်လိုက်ပြီး “တော်ဝင်နယ်မြေထဲ ဝင်လိုက်တာနဲ့ တော်ဝင်သခင်ရဲ့ စိတ်အနေအထားလည်း ပြောင်းလဲသွားလိမ့်မယ်”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင် မျက်လုံး မှေးစဉ်းလိုက်၏။ အသေးစိတ်ကို မသိသော်ငြား ဘုံးကိုးခု ထွတ်မြတ်နယ်မြေသည် နည်းလမ်းတစ်ခုခု သုံး၍ အသစ်ဖြစ်လာသော တော်ဝင်သခင်တိုင်းကို ဦးနှောက် ဆေးခဲ့သည့် ပုံပင်။

“ကောင်းပြီ၊ ကောင်းပြီ။ အခုလောလောဆယ် ဒါကို ဘေးဖယ်ထားကြတာပေါ့” ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ လျှို့ဝှက်ချက်များကို သူထပ်မသိချင်တော့။ သူပိုသိသေ သူ့အတွက် အကျိုးယုတ်လေပင်။ ပြောပြီးသည်နှင့် သိမ်မွေ့သော စိတ်စွမ်းအင်စီးကြောင်း တစ်ခုကို ထုတ်လွှတ်၍ အန်လင်းအာကို ရုတ်တရက် ချုပ်နှောင်လိုက်၏။

“နင်ဘာလုပ်နေတာလဲ” သူမ လှုပ်မရတော့မှန်း သတိပြုမိလိုက်သည်နှင့် အန်လင်းအာ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့၏။ ရန်ကိုင်၏ စိတ်စွမ်းအင်သည် သူမ ခန့်မှန်းထားခဲ့သည်ထက် အများကြီး ပိုအားကောင်းသည့်အပြင် ပူပြင်းလှသည့် အရှိန်အဝါများလည်း ပါဝင်နေခဲ့၏။

ရန်ကိုင်က စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် အန်လင်းအာကို ကြည့်လိုက်ပြီး “အင်း၊ ဖြစ်ပြီးတာတွေကို ပြန်ပြင်လို့ မရတော့ဘူးဆိုတော့ အလုံခြုံဆုံး နည်းလမ်းက နင့်ကို သတ်လိုက်ဖို့ပဲ ရှိတော့တယ်”

“ငါ့ကို သတ်ဖို့လား” အန်လင်းအာ၏ မျက်နှာ လှလှလေး ဖြူလျော်သွားခဲပြီး “ငါအရမ်း မြင်သွားတယ်လို့ နင်တွေးနေတယ်ပေါ့”

“အဲ့ဒါကြောင့်လည်း ဟုတ်တယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်ပြီး “နင်ဒီလောက်အထိ သိသွားပြီးမှတော့ နင်သာ တော်ဝင်နယ်မြေကို ပြန်ရောက်တာနဲ့ ငါ့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်လောက်ဘူး။ အားသုံးပြီး ငါ့ကို တော်ဝင်သခင်ရာထူး ဆက်ခံခိုင်းလိမ့်မယ်။ ဒါမှမဟုတ် တော်ဝင်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့ အတွက် ငါ့ကိုသတ်မှာပေါ့။ အဲ့လိုမျိုး ဖြစ်လာမှာကို ငါတကယ်ကို မလိုလားဘူး”

“ငါ့အပေါ့် အရမ်း သံသယကြီးလွန်းမနေဘူးလား” အန်လင်းအာ မျက်မှောင်ကြုံ့သွားခဲ့ပြီး “ငါပြန်မပြောသရွေ့ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘူးလေ။ ပြီးတော့ ငါနင့်ကို တစ်ကြိမ် ကပ်ခဲ့ဖူးတာကို မမေ့လိုက်နဲ့ဦး။ နင်က ကျေးဇူးကို ရန်ငြိုးနဲ့ တုန့်ပြန်တတ်တဲ့ လူစားလို့တော့ ငါ့ကို လာမပြောနဲ့နော်”

“ငါ့ကို လာသတိပေးနေစရာ မလိုဘူး” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် “အခု လောလောဆယ် နင့်ကို ဘာလုပ်ရင် ကောင်းမလဲ ငါတကယ် မစဉ်းစားတတ်သေးဘူး။ နင့်ကို သတ်လိုက်ရင် ငါ့လက်ကျန် တစ်ဘဝလုံး နောင်တရနေရမှာ။ ကံဆိုးရင် ကိုယ်တွင်းနတ်ဆိုးတောင် ဖြစ်လာနိုင်တယ်။ နင့်ကို သွားခွင့်ပြုလိုက်ရင်လည်း ငါကောင်းကောင်း နေရတော့မှာ မဟုတ်ဘူး”

သူပြောသည်ကို နားထောင်ပြီးနောက် အန်လင်းအာ အရမ်းကြီး စိုးရိမ်ခြင်း မရှိတော့ဘဲ တိုးတိုးလေး မေးလိုက်၏ “ဒီတော့ နင်ငါ့ကို ဘာလုပ်ဖို့ စဉ်းစားထားလဲ”

“ဘာမှမလုပ်ပါဘူး။ ဒါပေမယ့် ဒါကို ငါတကယ် မလုပ်ချင်တာ” ရန်ကိုင်က သက်ပြင်းချလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်၍ အန်လင်းအာ၏ ဝိဥာဉ်ပုံရိပ်ကို ဖမ်းကိုင်လိုက်၏။

အန်လင်းအာ တုန်လှုပ်သွားခဲ့ပြီး အသည်းအသန် ရုန်းကန်တော့လေ၏။ သို့သော် မည်မျှပင် ရုန်းကန် စေကာမူ ရန်ကိုင်လက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။

အန်လင်းအာကို မထိသေးခင်၌ ရန်ကိုင်က သူ့လက်ကို ဆုပ်လိုက်ပြီး နောက်ပြန် ဆွဲလိုက်၏။

ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး အန်လင်းအာ၏ အမြင်အာရုံလည်း ဝေဝါးသွားခဲ့ရ၏။ ခဏအကြာ သူမ၏ ဝိဥာဉ်ပုံရိပ် မြေကြီးပေါ်သို့ ပြိုလဲကျသွားခဲ့၏။

ခက်ခက်ခဲခဲနှင့် ခေါင်းမော့လိုက်ပြီး ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်၍ ဒေါသတကြီး ပြောလိုက်လေ၏ “ဒီတော့ နင်က နတ်ဘုရားပညာရပ် နှစ်ခုထက်မက တတ်သွားတယ်ပေါ့”

“တောင်ပန်ပါတယ်။ ငါစုစုပေါင်း သုံးမျိုးတောင် တတ်ခဲ့တာ” ရန်ကိုင်က ပြုံးလိုက်ပြီး “ဒါကို မဟာကောင်းကင်ဆွဲအားလို့ ခေါ်တယ်၊ ဟုတ်တယ်မလား”

အန်လင်းအာက နှုတ်ခမ်းလေးကိုသာ ခပ်တင်းတင်း ကိုက်ထားခဲ့ပြီး ပြန်မဖြေခဲ့။

“မဟာကောင်းကင်ဓါး၊ မဟာကောင်းကင် အချုပ်အနောင်၊ မဟာကောင်းကင်ဆွဲအား…” ရေရွတ်နေရင်း ရန်ကိုင်က “နင်တို့ ဘုံကိုခုထွတ်မြတ် နယ်မြေရဲ့ နတ်ဘုရားပညာရပ်တွေက တကယ်ကို သုံးရလွယ်တာပဲ”

“သုံးရလွယ်တယ်ဟုတ်လား။ ငါနှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့လို့သာ နင်အသုံးပြုနေနိုင်တာ” အန်လင်းအာက ချက်ချင်းပဲ ပြန်တုန့်ပြန်ပြောလိုက်၏။

ရန်ကိုင်က အန်လင်းအာကို လျစ်လျူရှုထားလိုက်ပြီး သူ့လက်ထဲရှိ စိတ်စွမ်းအင်လေးကိုသာ ကြည့်နေခဲ့၏။ ထိုစိတ်စွမ်းအင်လေးသည် အန်လင်းအာ၏ အရမ်းကိုမှ သေးငယ်လှသည့် ပုံစံမျိုးဖြစ်၏။ ယခု ထိုအန်လင်အားသည် သူ့လက်ဝါးထက်၌ တင်ပလင်ခွေ ထိုင်နေခဲ့၏။

ထိုအရာသည် အန်လင်းအာ၏ ဝိဥာဉ်အပိုင်းအစပင် ဖြစ်လေ၏။

ထိုဝိဥာဉ်အပိုင်းအစသာ ရှိနေပါက အန်လင်းအာ၏ သေခြင်းရှင်းခြင်းကို သူထိန်းချုပ်နိုင်ပေလိမ့်မည်။

“လုံခြုံရေးအတွက် ငါဒါကို သိမ်းထားလိုက်မယ်။ အခုကနေစပြီး ငါတို့ ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်မတွေ့တော့ဘူး။ နင်တို့ တော်ဝင်သခင်နဲ့ အဆင့်တူ ရောက်တဲ့တစ်နေ့ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီလာပြီး ဒီဝိဥာဉ်အပိုင်းအစကို ငါကိုယ်တိုင် နင့်ဆီ လာပြန်ပေးမယ်” ပြောပြီးသည်နှင့် ထိုဝိဥာဉ်အမှတ်အသားကို သူ့ကိုယ်ထဲ ထည့်သိမ်းလိုက်၏။

မတရားခံရသည်ကို မကျေနပ်သော်ငြား သူမ လုပ်နိုင်သည့်အရာ ဘာမှမရှိသဖြင့် ငြိမ်ခံရုံသာ တတ်နိုင်ခဲ့၏။

သူမသည်လည်း မဟာကောင်ကင်ဆွဲအားကို တတ်ကျွမ်းထားသော်ငြား သူမ၏ ဝိဥာဉ်သည် ရန်ကိုင်လောက် အားမကောင်းသဖြင့် သူ့ကို ပြန်မတိုက်နိုင်ခဲ့ချေ။

ထိုသေနာကောင်သည် အရမ်းကိုမှ ရွံရှာဖွယ်ကောင်း၏။ သူ့အား ကျော်ကြားမှု၊ ကြွယ်ဝချမ်းသာမှု၊ စွမ်းအား၊ မိန်းမတို့ကို ကမ်းလှမ်း ခဲ့သော်လည်း ပေးသည့်အစာကို ငြင်းပယ်ခဲ့ရုံမက သူမ၏ သေခြင်းရှင်ခြင်းကိုပင် ထိန်ချုပ်ရန် ကြိုးစားခဲ့၏။

“ဟေး၊ ငါ့ကို အဲ့လိုကြီး လာကြည့်မနေနဲ့။ ငါလည်း မတတ်နိုင်လို့ လုပ်လိုက်ရတာ။ လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းရင်း အန်လင်းအာကို ပြောလိုက်၏။

“သေနာကောင်” အန်လင်းအာက အံတင်းတင်းကြိတ်၍ ကျိန်ဆဲလိုက်၏။

“ဟုတ်တယ်။ ဟုတ်တယ်၊ ဟုတ်တယ်။ ငါက သေနာကောင် အကြီးစားကြီး။ ဒီလောကကြီးရဲ့ မုန်းတီးစရာ အကောင်းဆုံး လူဆိုလည်း ဟုတ်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်ငြိမ်ငြိမ်ထားပြီး ခဏလောက် တိတ်တိတ်လေး ကျင့်ကြံနေလိုက်နော်” ရန်ကိုင်က သူ့လက်ကိုဝှေ့ရမ်းပြီး ပြောလိုက်၏။ သူမ၏ ဝိဥာဉ် အမှတ်အသားကို ပိုင်ဆိုင်ထားပြီ ဖြစ်လေရာ သူလည်း အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့၏။

ဝိဥာဉ်အမှတ်အသား ဆွဲထုတ်ခံလိုက်ရခြင်းသည် သူမ၏ ဝိဥာဉ်ကို အနည်းငယ် ထိခိုက်သွားစေ နိုင်သော်ငြား နည်းနည်းလောက် ပြန်ကျင့်ကြံရုံဖြင့် ပြန်ကောင်းလာနိုင်၏။

အန်လင်းအာက နှုတ်ခမ်းလေးကိုကိုက်၊ ရန်ကိုင်ကို လျစ်လျူရှု၍ သူနှင့် ခပ်ဝေးဝေးသို့သွားကာ ထိုင်ချလိုက်၏။

အန်လင်းအာကို တစ်ခဏလောက် စိုက်ကြည့် နေပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလျက် အဝေးသို့ ပျံသန်းထွက်သွားလိုက်၏။

အဖြူရောင်လောကကြီးသည် ဝိဥာဉ်အမျိုးအစား လက်နက်၏ အတွင်းပိုင်းဖြစ်၏။ ဤလက်နက် ဘာလုပ်နိုင်သည်ကို သူမသိသေး။ သို့သော် အခြားလူများ၏ ဝိဥာဉ်ကို အတင်းအကြပ် ထုတ်ယူပြီး ဤထူးဆန်းသည့် လေဟာနယ်ထဲ ဆွဲခေါ်နိုင်ကြောင်း ကိုမူ သူသိ၏။

သူ့ဝိဥာဉ်သည် ခန္ဓာကိုယ်ထက် အများကြီး ပိုအားကောင်း၏။ ထို့ကြောင့် အားကောင်းသည့် ရန်သူ တစ်ယောက်ကိုသာ ရင်ဆိုင်ရပါက ဤလက်နက် အကူအညီဖြင့် သူ့ရန်သူ၏ ဝိဥာဉ်ကို အဖြူရောင် လောကကြီးထဲသို့ ဆွဲခေါ်ကာ ကောင်းကင် စိတ်အာရုံချင်း တိုက်ခိုက်နိုင်၏။

ကောင်းကင်စိတ်အာရုံချင်း တိုက်ခိုက်ပါက ရန်ကိုင်ဘက်မှ အတော်လေး အသာအစီး ရနိုင်၏။

ထို့ကြောင့် ဤလက်နက်ကို သူ့အပိုင် လုပ်နေလိုခြင်း ဖြစ်သည်။

သို့သော် ဤနေရာသို့ ဆွဲခေါ်ခံလိုက်ရသည့် လူတစ်ရာကျော်သည် အဖြူရောင်လောကကြီးကို နေရာမလပ်အောင် ရှာဖွေခဲ့သော်ခြား ထူးထူးခြားခြား ဘာကိုမှ ရှာမတွေ့ခဲ့။ ထူးဆန်းနေသည်ဆို၍ ကောင်းကင်ထဲ ဝဲနေသည့် ဝိဥာဉ်တိုက်ပွဲခန်းမ ဆိုသော စကားလုံးများသာ ရှိလေ၏။

ထို့ကြောင့် ကောင်းကင်ပေါ်သို့ ပျံသန်းတက်၍ ထိုစကားလုံးများကို သေသေချာချာ သွားလေ့လာ လိုက်၏။

အချိန်ကြာသော် အန်လင်းအာ ပြန်ကောင်းလာခဲ့၏။ ပြီးသည်နှင့် ရန်ကိုင်ဆီ ပျံသန်းသွားလိုက်ပြီး သူ့ဘေးတွင် ရပ်လျက် “ထွက်ပေါက်ရှာချင်နေတာလား။ ဒါမှမဟုတ် ဒီလက်နက်ကိုပဲ သန့်စင်နေချင်နေတာလား”

“ဒေါသမထွက်တော့ဘူးလား” ထိုမိန်းကလေးသည် အတော့်ကိုမှ ကြင်နာတတ်၏။ ယခုလေးတင် ရန်ကိုင်သည် သူမကို ဒုက္ခရောက်အောင် လုပ်ခဲ့၏။ သို့သော် ခဏကြာပြီးနောက် ရန်ကိုင်အပေါ် ဒေါသပြယ်သွားခဲ့၏။

“ထွက်တာပေါ့၊ မထွက်ဘဲ နေမလား” အန်လင်းအာက “ဒါပေမယ့် အဓိကနဲ့ သာမညကို ခွဲတတ်ရမယ်လေ။ အခုအရေးကြီးဆုံးက ဒီကနေ ဘယ်လိုထွက်ရမလဲ ဆိုတာပဲ။ ဒေါသထွက်နေလို့ ဒီကနေ ထွက်နိုင်မှာမှ မဟုတ်တာ”

“တော်လိုက်တဲ့ မိန်းကလေး” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “နင်ပြောမှန်တယ်။ ငါက ဒီလက်နက်ကို သန့်စင်ချင်နေတာ။ ဒါက ဝိဥာဉ်လက်နက် တစ်ခုဆိုတော့ စိတ်စွမ်းအင်ကို သုံးပြီးတော့ပဲ သန့်စင်လို့ ရလောက်မယ်။ ဒါပေမယ့် ဘယ်လို သန့်စင်ရမှန်းမသိ ဖြစ်နေလို့ နင့်မှာ အကြံလေး ဘာလေးများ မရှိဘူးလား”

အန်လင်းအာက သေသေချာချာ တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် “အဲ့စကားလုံးတွေကို သန့်စင်ကြည့်လိုက်။ အဲ့ဒါတွေက ဒီလက်နက်ရဲ့ အူတိုင် ဖြစ်လောက်တယ်။ အဲ့စကားလုံးတွေထဲ စိတ်စွမ်းအင် ထည့်ကြည့်လိုက်။ ဒီလက်နက်ကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်လိမ့်မယ်”

“ငါလည်း အဲ့လိုတွေးနေတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “နောက်ဆုတ်”

အန်လင်းအာ စိတ်ရှုပ်သွားခဲ့၏။ ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ ပြောလိုက်မှန်း သူမ နားမလည်သော်ငြား နောက်ဆုံး တိုက်ပွဲဖြစ်ပွားရာနေရာဆီ ဆုတ်သွားလိုက်၏။

မော့ကြည့်လိုက်ရာ ရန်ကိုင်သည် တင်ပလင်ခွေထိုင်၍ တစ်ခုခုအပေါ် အာရုံစိုက်နေသည်ကို တွေ့လိုက်ရ၏။

ရုတ်တရက် ရန်ကိုင်ဝိဥာဉ်မှ ပူပြင်းလှသည့် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့ပြီး အဖြူရောင် ဟင်းလင်းပြင်တစ်ခုလုံး ရွှေရောင်အလင်းတန်းတို့ဖြင့် ပြည့်သွားခဲ့ပြီး ဝိဥာဉ်တိုက်ပွဲခန်းမသည်လည်း တုန်ခါလာခဲ့လေ၏။

ဝိဥာဉ်တိုက်ပွဲခန်းမ ဆိုသော စကာလုံးများကို မီးတောက်မီးလျှံတို့ စတင် လောင်ကျွမ်းလာခဲ့လေ၏။

အန်လင်းအာသည် ထိုမြင်ကွင်းကို တုန်တုန်ရီရီ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့၏။

ရန်ကိုင် ဝိဥာဉ်မှ ပူပြင်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေရခြင်းမှာ ရန်ကိုင်သည် ဝိဥာဉ်ပညာရပ် တစ်မျိုးမျိုးကို လေ့ကျင့်ထားသောကြောင့်၊ သို့မဟုတ် ဝိဥာဉ်လက်နက် တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်ကို သူမ ယခင်က ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုမြင်ကွင်းကို မြင်ပြီးနောက် သူမ၏ အထင်အမြင် မှားယွင်းနေမှန်း အန်လင်းအာ နားလည်လိုက်၏။

တေဇောဓါတ် အသိစိတ်ပင်လယ်လား အန်လင်းအာ လုံးဝကို ထိတ်လန့်နေခဲ့၏။

ထို့ပြင် သူမ မြင်ရသောက် ရန်ကိုင်၏ စိတ်စွမ်းအင်သည် အတော့်ကို အဆင့်မြင့်နေလေပြီ။

ထို့ပြင် ရန်ကိုင် သူမ ဝိဥာဉ်အပိုင်းအစကို ယူခဲ့ခြင်းမှာ သူက တော်ဝင်နယ်မြေ၏ လျှို့ဝှက်ချက်များကို သိသွားရုံ ကြောင့်သာ မဟုတ်၊ ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုးကိုပါ ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ဖြစ်၏။

သူမ ဤအကြောင်း လျှောက်ဖွမှာကို ရန်ကိုင် စိုးရိမ်သည့်ပုံပင်။

သို့သော် ရန်ကိုင်တွင် တေဇောဓါတ်အသိတ်စိတ် ပင်လယ် ရှိနေသည့်အတွက် ယနေ့ ဤနေရာမှ သူမတို့ နှစ်ယောက်စလုံး လွတ်မြောက်နိုင်လောက်ပေ၏။ တေဇောဓါတ်အသိစိတ်ပင်လယ်သည် သာမန် အသိစိတ် ပင်လယ်များထက် အများကြီး ပိုအားကောင်း၏။

ဤဝိဥာဉ်လက်နက်သည် အဆင့်မနိမ့်သော်ငြား ပူပြင်းလှသော စိတ်စွမ်းအင်ဖြင့် သန့်စင်နေသည်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

သူမစိတ်ထဲ ရုတ်တရက် ပျော်သွားခဲ့၏။ မည်သို့သော နည်းလမ်းကိုပဲ သုံးသုံး၊ ရန်ကိုင်ကို တော်ဝင်နယ်မြေဆီ မရရအောင် ခေါ်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။

တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့် တော်ဝင်သခင် ဆိုသည်မှာ တော်ဝင်နယ်မြေ၏ သမိုင်းကြောင်းထဲတွင်ပင် မရှိပေ။ သူသာ တော်ဝင်သခင် ဖြစ်လာပါက ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သမိုင်းကြောင်း တစ်လျှောက် အားအကောင်းဆုံး တော်ဝင်သခင် ဖြစ်လာပေလိမ့်မည်။

All Chapters