← Chapters

အခန်း (၇၅၆-၇၆၀)

Vol. 31 Ch. 756-760

အခန်း (၇၅၆-၇၆၀)

Vol. 31 Ch. 756-760

အပိုင်း(၇၅၆) နင်ကတဏှာရူးပဲ

ပင်လယ်ရေအောက်၊ ရှေးဟောင်းအပျက်အစီး နယ်မြေတည်ရှိရာနေရာ…

ဤနေရာ၌ ကျင့်ကြံသူ တစ်ရာကျော် လဲကျနေခဲ့ကြ၏။ အများစုသည် သေနေပြီ ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်သာ ရှိ၏။ သို့သော် နှစ်ယောက်စလုံး မိန်းမောသတိလစ်နေဆဲ။

ထိုကျင့်ကြံသူများရှေ့၌ သိမ်မွေ့သော စွမ်းအင်လှိုင်း များကို ထုတ်လွှတ်ပေးနေသည့် အလင်းလုံး တစ်လုံး ရှိနေခဲ့၏။ ထိုစွမ်းအင်လှိုင်းများ မြင့်လိုက်ကျလိုက် ဖြစ်နေသည့်နှင့်အညီ အလင်းလုံးသည်လည်း မှိန်ကျလိုက်၊ လင်းသွားလိုက် ဖြစ်နေခဲ့၏။

ရုတ်တရက် အလင်းလုံးဆီမှ ရွှေရောင် အလင်းတန်းတို့ ဖြာထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင် လေဟာနယ်သည်လည်း တဖြည်းဖြည်း ပူလောင် လာခဲ့၏။

ရွှေရောင်အရှိန်အဝါသည် တဖြည်းဖြည်း ကျယ်ပြန်သွားခဲ့ရာ မကြာခင်မှာဘဲ ဧရိယာတစ်ခုလုံး ပြည့်သွားခဲ့၏။ ယခု ထိုရွှေရောင်အလင်းလုံးသည် လေဟာနယ်ထဲ တောက်ပနေသော နေအသေးစားလေး တစ်ခုနှင့်ပင် တူနေသေး၏။ ဘေးပတ်ဝန်းကျင်ရှိ အပူချိန်သည်လည်း မြင့်သထက် မြင့်လာနေခဲ့၏။

ရုတ်တရက် အလင်းလုံးဆီမှ ဝိဥာဉ်ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့ပြီး လေထဲ နှစ်ပတ်၊ သုံးပတ်လောက် ဝိုင်းပတ်လိုက်ပြီးနောက် အောက်ဘက်တွင် လဲနေသော ခန္ဓာကိုယ်နှစ်ခုထဲ ဖြည်းဖြည်းချင်း ပြန်ဝင်သွား၏။

အလင်းလုံးဆီမှ ဖြာထွက်နေသော ရွှေရောင် အလင်းတန်းတို့သည်လည်း တဖြည်းဖြည်း မှိန်ကျလာခဲ့၏။

ခဏအကြာ၌ အန်လင်းအာ နိုးလာခဲ့၏။ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်၍ ခက်ခက်ခဲခဲ ကုန်းထလိုက်ပြီးနောက် လှည့်ပတ်ကြည့်လိုက်ရာ မနီးမဝေး တစ်နေရာ၌ ရန်ကိုင်ကို တွေ့လိုက်ရ၏။

မျက်ဝန်းချင်း ဆုံသွားသည်နှင့် နှစ်ယောက်စလုံး ပြုံးလိုက်ကြ၏။

ဝိဥာဉ်တိုက်ပွဲခန်းမထဲ၌၊ လက်နက်ကို သန့်စင်ရန် အလို့ငှာ ရန်ကိုင်သည် စကားလုံးခြောက်လုံးကို သူ့စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် လောင်ကျွမ်းပစ်ခဲ့၏။ အချိန်အတော်ကြာအောင် ကြိုးစားပြီး နောက်ဆုံး၌ သူအောင်မြင်နိုင်ခဲ့၏။

အခက်အခဲကို အတူတူ ရင်ဆိုင်ခဲ့ရပြီးနောက် ရန်ကိုင်သည် ထင်သလောက် မဆိုးဟု အန်လင်းအာ တွေးလိုက်၏။ သို့သော် ကိစ္စအများစု၌ ဆိုးနေဆဲ။ သို့သော် သည်းခံနိုင်သည့် အတိုင်းအတာအတွင်း ရှိ၏။ ထိုမိန်းမငယ်လေးသည် နည်းနည်းပါးပါး တုံးသည်က လွဲ၍ အရမ်းကြီး မဆိုးဘူးဟု ရန်ကိုင်လည်း တွေးမိလိုက်၏။ လက်နက်ကို သန့်စင်နေစဉ်အတွင်း အန်လင်းအာသည် ရန်ကိုင်ကို လာရောက် နှောင့်ယှတ်ခြင်း မပြုခဲ့။ အဝေးမှသာ တိတ်တိတ်လေး စောင့်ကြည့်နေခဲ့၏။

ဝိဥာဉ်လက်နက်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီးနောက် ထိုထဲမှထွက်ရန် အရမ်း လွယ်သွားခဲ့လေပြီ။

ခန္ဓာကိုယ်နှင့် ဝိဥာဉ် ကွဲနေသည်မှာ အနည်းငယ် ကြာသွားပြီ ဖြစ်လေရာ ဝိဥာဉ်နှင့် ပြန်အသားကျအောင် ရန်ကိုင်တို့ မနည်းပြန်ကြိုးစားလိုက်ရ၏။ ရန်ကိုင်ကမူ သိပ်မဆိုး၊ သူ့ဝိဥာဉ်သည် အန်လင်းအာထက် အများကြီး ပိုအားကောင်းသည် မဟုတ်ပေလော။ ထို့ကြောင့် အန်လင်းအာသည် ခန္ဓာကိုယ်နှင့် ဝိဥာဉ် အံဝင်ခွင်ကျအောင် ကြိုးစားနေသည့်အချိန် ရန်ကိုင်ကမူ အေးဆေးဖြစ်နေခဲ့၏။ ရန်ကိုင် ပြန်ရောက်ကြောင်း အတည်ပြုပြီးနောက် တင်ပလင်ခွေထိုင်ကာ ကျင့်စဉ်ကို လှည့်ပတ်လိုက်၏။

သူ့ခန္ဓာကိုယ် တစ်ခုခု ဖြစ်ခဲ့၊ မဖြစ်ခဲ့ သေချာ စစ်ဆေးလိုက်ပြီး ဘာမှမဖြစ်ခဲ့မှန်း သေချာသွားသည်နှင့် မတ်တပ်ရပ်ကာ ဝိဥာဉ်လက်နက်ရှိရာဆီ သွားလိုက်၏။

ထိုဝိဥာဉ်လက်နက်ကို သန့်စင်ပြီးသွားခဲ့ပြီ ဖြစ်သဖြင့် ထိုလက်နက်သည် သူ့အပိုင် ဖြစ်သွားခဲ့လေပြီ.

ထို့ကြောင့် အတွေးတစ်ချက်နှင့် ထိုလက်နက်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ ထည့်သွင်းလိုက်နိုင်၏။

လက်နက်ကို သေသေချာချာ စစ်ဆေး ကြည့်လိုက်ပြီးနောက် ရန်ကိုင် အတော့်ကို အံ့အား သင့်သွားခဲ့ရ၏။ ထိုလက်နက်သည် အတော့်ကိုမှ ရှားပါးလှသည့် သူတော်စင်အဆင့် ရတနာတစ်ခု ဖြစ်နေခဲ့၏။ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် လက်နက်သည် အရမ်းကြီး ထိခိုက်သွားခြင်း မရှိခဲ့။

သူ့အသိစိတ်ပင်လယ်ထဲထာပြီး ခဏလောက် အားပြန်ဖြည့်လိုက်လျှင် လက်နက်သည် ယခင်အတိုင်း ပြန်ကောင်းသွားပေလိမ့်မည်။

ရန်ကိုင် အတော်လေး ပျော်မိသွားသလို ပင်လယ်အောက်ခြေလို့ လာရထိုက်သည်ဟု တွေးလိုက်မိ၏။ အစောပိုင်းက ဆေးတိမ်တိုက် ပါသော သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ရရှိခဲ့သလို ယခုလည်း သူတော်စင်အဆင့် ဝိဥာဉ်လက်နက်တစ်ခုကို ရရှိခဲ့ပြန်လေ၏။

အသိစိတ်ပင်လယ်မှ ပြန်ထွက်လာပြီးနောက် ဝေ့ကြည့်လိုက်ရာ အန်လင်းအာက တင်ပလင်ခွေ ထိုင်နေသေးပြီး ဟိုင်ဝမ်ကုနှင့် အခြားသူအားလုံး သေနေသည်ကို တွေ့လိုက်ရ၏။ ခဏလောက် စဉ်းစားပြီးနောက် သေသွားသည့် လူများဆီ လျှောက်သွားလိုက်ကာ သူတို့၏ သိုလှောင်အိတ်များကို စတင် ရှာဖွေစစ်ဆေးတော့လေ၏။ အသုံးဝင်သည့် ပစ္စည်းများကို သူ့အတွက် သိမ်းယူထားလိုက်ပြီး အသုံးမဝင်သည့် အရာများကိုမူ ချန်ထားရစ်ခဲ့၏။

နေ့ဝက်ကြာနောက် အန်လန်းအာ နိုးလာခဲ့၏။

ရန်ကိုင် သူမကို စောင့်ရှောက်ပေးနေမှန်း မြင်တွေ့လိုက်ရသည့်အခါ သူမစိတ်ထဲ ပျားရည် သောက်လိုက်ရသလို ချိုမြသွားခဲ့၏။

ထိလိုက်ပြီး ရန်ကိုင်ဆီ သွားကာ မေးလိုက်၏ “ပြန်တော့မှာလား၊ ဆက်ပြီးတော့ပဲ စူးစမ်းရှာ‌ဖွေ ဦးမှာလား”

“ဆက်ပြီး စူးစမ်းချင်သေးတယ်။ အနည်းဆုံး ငါစူးစမ်းရမယ့် နေရာတစ်ခု ရှိသေးတယ်။ နင်ကတော့… နင်လုပ်ချင်တာလုပ်ပေါ့” ရန်ကိုင်က စကားကို ခပ်ရှင်းရှင်းသာ ပြောသွားခဲ့၏။

ရန်ကိုင်၏ အေးစက်စက် ဟန်အမူအရာကို မြင်သော် အန်လင်းအာ သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး စကား တစ်ခွန်းမှ မပြောဘဲ ရန်ကိုင်နောက် လိုက်သွားလိုက်လေ၏။

နန်းတော်ရှေ့ရောက်သော် ရန်ကိုင် မျက်မှောင် မကြုံ့ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

ယခင်က ထိုနန်းတော်ကို အလင်းလုံးကို ဝိဥာဉ်တိုက်ပွဲခန်းမက ကာကွယ်ထားခဲ့၏။ ထို့ကြောင့် လူအိုကြီးချန်သည် အခြား လူပေါင်းများစွာကို စုစည်းပြီး အရံအတားကို ချိုးဖျက်ခဲ့ရ၏။

သို့သော် အရံအတားကို ချိုးဖျက်ပြီးနောက် အားလုံး၏ ဝိဥာဉ်သည် ဝိဥာည်တိုက်ပွဲခန်းမထဲ အတင်းအကြပ် ဆွဲခေါ်ခြင်း ခံလိုက်ရ၏။ ထို့ကြောင့် သူတို့ စီစဉ်ထားသည့် အစီအစဉ်အားလုံး ပျက်စီးသွားခဲ့ရ၏။

ယခု ရန်ကိုင်နှင့် အန်လင်းအာတို့ နန်းတော်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ဤနေရာသို့ လူသူ ရောက်ပြီးသည့် အရိပ်အယောင်တို့ကို မြင်တွေ့လိုက်ရ၏။ ဤနေရာတစ်ခုလုံးကို မွှေနှောက်ရှာထားပြီးလေပြီ။

“အခြားသူတွေလည်း ဒီနေရာကို ရှာတွေ့သွားခဲ့တာလား” အန်လင်းအာက ရေရွတ်လိုက်၏။

ရန်ကိုင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

လူတစ်ရာကျော် ဝိဥာဉ်တိုက်ပွဲ ခန်းမထဲ ဆွဲခေါ်ခံခဲ့ရသော်ငြား အခြားနေရာများတွင် စူးစမ်း ရှာဖွေနေသည့် လူပေါင်းများစွာလည်း ရှိသေး၏။

ဝိဥာဉ်တိုက်ပွဲခန်းမထဲ အချိန်ဘယ်လောက် ကြာသွားခဲ့လဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း ရှေးဟောင်း အပျက်အစီးနယ်မြေ တစ်ခုလုံး ချောင်ကြိုးချောင်ကြား မကျန် ရှာခံရပြီးသွားပြီ ဆိုသည်ကိုမူ ရန်ကိုင်သိ၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ဆက်လက် အချိန်ဖြုန်းမနေတော့ဘဲ ယန်ဓါတ်အရှိန်အဝါ ထွက်ပေါ်ရာ အဓိကနေရာဆီသာ တန်းသွားလိုက်၏။

ဤနေရာသို့ ရောက်သည်မှာ တစ်လ၊ နှစ်လလောက် ရှိပြီ ဖြစ်သော်လည်း ထိုယန်ဓါတ်အရှိန်အဝါသည် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။

ထိုပစ္စည်း ဘာနှင့်တူသည်ကို ရန်ကိုင် သိချင်နေမိ၏။

အန်လင်းအာလည်း ဘာမေးခွန်းမှ မမေးဘဲ ရန်ကိုင်နောက်ကနေသာ လိုက်သွားခဲ့၏။

သူ့ကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ခေါ်သွားမည့် အကြံကို အန်လင်းအာ လက်မလျှော့သေးမှန်း သိသည့် အတွက်ကြောင့် ရန်ကိုင်က အန်လင်းအာကို မရှိသလိုသာ သဘောထားခဲ့၏။

တဖြည်းဖြည်း ယန်ဓါတ်အရှိန်အဝါကို ထုတ်လွှတ်နေသည့် ပစ္စည်းနှင့် နီးကပ်လာခဲ့၏။ သို့သော် နီးကပ်လာသည်နှင့် အခြားသော စွမ်းအင်တစ်ခုကိုပါ ရန်ကိုင် ထပ်မံ ခံစားမိလိုက်၏။

လေဟာနယ်စွမ်းအားပင်…

တစ်ခုခု မှားယွင်းနေမှန်း ချက်ချင်း နားလည်လိုက်ပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်၏။

ဟုတ်သွားလေပြီ… ဦးတည်ရာနေရာသို့ ရောက်သည့်အခိုက် ရန်ကိုင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။

ရန်ကိုင် မျက်နှာ ညိုးကျသွားသည်ကို မြင်သော် အန်လင်းအာလည်း ရန်ကိုင် ကြည့်နေသည့် နေရာဆီ လှမ်းကြည့်လိုက်၏။ လှမ်းကြည့်ကြည့်ချင်းမှာပဲ သူမ၏ ပါးစပ်လေးကို အလန့်တကြားပိတ်၍ အော်ဟစ်လိုက်၏ “လေဟာနယ်လိုဏ်ခေါင်းလား”

(အခုကနေစပြီး လေဟာနယ်လျှောက်လမ်းကို လေဟာနယ်လိုဏ်ခေါင်းလို့ ပြောင်းသုံးသွားပါ့မယ်)

သူမတို့နှင့် မနီးမဝေး၌ ငါးမီတာပတ်လည် အရွယ်အစား ရှိသော ပိန်းပိန်းပိတ်အောင် မည်းမှောင် နေသည့် တွင်းပေါက်ကြီးတစ်ခု ရှိနေခဲ့၏။

ရန်ကိုင် ခံစားမိသော ယန်ဓါတ် အရှိန်အဝါနှင့် လေဟာနယ်စွမ်းအားသည် ထိုနေရာဆီမှ လာနေခြင်း ဖြစ်၏။

“ဒီနေရာမှာ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ” အန်လင်းအာ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ လေဟာနယ်လိုဏ်ခေါင်းများသည် ရိုးရှင်းသည့် အရာများ မဟုတ်ချေ။ ရှေးရှေးအခါက ပညာရှင်များ တိုက်ခိုက်ကြသည့်အခါ လေဟာနယ်ကို ဆုတ်ပြဲသွားစေပြီး လေဟာနယ်လိုဏ်ခေါင်းများ ဖြစ်လာသည်ဟု ဆိုကြ၏။ လေဟာနယ်လိုဏ်ခေါင်း များသည် သဘာအတိုင်း ဖြစ်သည်ဟုလည်း ဆိုကြပြန်၏။

လေဟာနယ်သဘောတရားကို လေ့လာပြီးနောက် ဤလောကကြီးရှိ ပညာရှင်အချို့သည် သူတို့၏ ကိုယ်ပိုင်ခွန်အားကို သုံး၍ လေဟာနယ်စွမ်းအားကို ထိန်းချုပ်ကာ လေဟာနယ်လိုဏ်ခေါင်းကဲ့သို့သော တည်ရှိမှုများကို ဖန်တီးနိုင်ကြ၏။ ဤနည်းဖြင့် သူတို့သည် ကီလိုမီတာထောင်ပေါင်းများစွာသော အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း သွားလာနိုင်ကြ၏။

ကောင်းကင်ဂိုဏ်းတော်မှ ချူလင်းရှောင်သည် ထိုကဲ့သို့သော စွမ်းရည်ကို ပိုင်ဆိုင်ထား၏။

သို့သော် ထိုကဲ့သို့လုပ်ရန် အချိန်ကုန်၊ စွမ်းအင် ကုန်၏။ ထို့ကြောင့် ချူလင်းရှောင်ကဲ့သို့သော ပညာရှင်မျိုးပင် မလိုအပ်လျှင် ထိုကဲ့သို့ မလုပ်ချေ။

သို့သော် ထိုပညာရှင်များ ဖန်တီးလိုက်သည် ယာယီ လေဟာနယ်လိုဏ်ခေါင်းများသည် အစစ်အမှန် လေဟာနယ် လိုဏ်ခေါင်းနှင့် ယှဉ်လိုက်လျှင် သွားနိုင်သည့် အကွာအဝေး၊ တည်ငြိမ်မှု၊ ခိုင်ခံမှု အဘက်ဘက်တွင် နိမ့်ကျ၏။

ထို့ကြောင့် ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ရှိနေသည်ကို အန်လင်းအာ အံ့အားသင့်သွားခဲ့ခြင်း ဖြစ်၏။

ထိုလေဟာနယ်လိုဏ်ခေါင်း၏ အခြားတစ်ဖက်တွင် ဘာရှိနေလဲ ဆိုသည်မှာ ဆန်းကြယ်လှ၏။ တုန်းရွှမ် လောကကြီး ရှိနေနိုင်သလို ဆန်းကြယ်လောကငယ် တစ်ခုလည်း ရှိနေနိုင်၏။

“ပြန်ကြတာပေါ့” တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ရန်ကိုင်က ပြောလိုက်၏။ ယန်ဓါတ် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ပစ္စည်းအား ရှာချင်သော်ငြား မည်သည့်နေရာသို့ ဦးတည်နေမှန်း မသိသည့် လေဟာနယ်လိုဏ်ခေါင်းတစ်ခုထဲ ပြေးဝင်သွားရလောက်သည်အထိ မရူးမိုက်ချေ။ အကယ်၍ လေဟာနယ်လိုဏ်ခေါင်းသာ သူ့အား ကြယ်တာရာ ကောင်းကင်ထဲရှိ နေရာတစ်ခုဆီသို့ ပို့လိုက်ပါက ပြန်လမ်းပျောက်နေပေလိမ့်မည်။

ပြောပြီးသည်နှင့် အန်လင်အား ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။

“ဟေး၊ ငါ့ကို စောင့်ဦးလေ” အန်လင်းအာ အော်ပြောရင်း ရန်ကိုင်နောက်သလို့ အမြန် ပြေးလိုက်သွားလေ၏။

ခဏအကြာ၌ နှစ်ယောက်သား ရှေးဟောင်း အပျက်အစီး နယ်မြေ အစွန်အဖျားနေရာရှိ အရံအတားဆီသို့ ရောက်လာခဲ့၏။ ရောက်သည်နှင့် အရံအတားကို ဖြတ်ပြီး ပင်လယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလေ၏။

ပင်လယ်ထဲ ရောက်သည်နှင့် ချက်ချင်းဆိုသလို သူ့အား အဘက်ဘက်မှ ဖိချလာသော ကြောက်မခန်း လိလိအား ဖိအားကို ခံစားမိလိုက်၏။

ထိုကြောက်မက်ဖွယ်ဖိအားကြောင့် ရန်ကိုင်မှာ အစစ်အမှန်ချီကို အမြန် လှည့်ပတ်၍ သူ့ပတ်လည်၌ ပူပေါင်းလေးတစ်လုံး ဖန်တီးလိုက်ရ၏။

အန်လင်းအာ၏ မျက်ဝန်းအစုံ ဝင်းပသွားခဲ့ပြီး ရန်ကိုင် ဖန်တီးလိုက်သည့် ရေပူးပေါင်းထဲ ပြေးဝင်ကာ သူ့နားတွင် ကပ်လျက် ရပ်လိုက်၏။

“နင်…” ရန်ကိုင်က သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

“ဘာလဲ”

“သူတော်စင်မဆိုတာ သန့်စင်ပြီး မြင့်မြတ်တဲ့ မိန်းမမြတ် တစ်ယောက် မဟူတ်ဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ လူတစ်ယောက်ကို လိုက်ပူးကပ်နေတာ သူတော်စင်မ တစ်ယောက် လုပ်သင့်တာမျိုး မဟုတ်ဘူးနော်”

“မရင်းနှီးတဲ့လူလား” အန်လင်းအာက ပြန်၍ ငြင်းချက်ထုတ်လိုက်၏ “ငါနင့်ကို ပြောခဲ့တယ်လေ။ နင်က တော်ဝင်သခင်ဖြစ်ဖို့ အရည်အချင်းရှိတယ်လို့။ နင့်မှာသာ အဲ့လိုအရည်အချင်း မရှိဘူးဆိုရင် စိတ်ချသာ၊ နင့်ဆီ ခြေတစ်လှမ်းတောင် လှမ်းမှာ မဟုတ်ဘူး”

“အဲ့အကြောင်း ထပ်ပြောရဲပြောကြည့်၊ ငါနင့်ကို သတ်မှာ”

“သတ်ချင်ရင် သတ်လိုက်လေ။ မသတ်ဘဲနဲ့များ ပြောနေသေးတယ်” အန်လင်းအာသည် ရန်ကိုင်၏ သဘောကိုသိထားသည့်အလား သူခြောက်တိုင်း အလွယ်တကူ ကြောက်မသွားခဲ့ချေ။

ရန်ကိုင်က အံတင်းတင်းကြိတ်၍ အန်လင်းအာကို စူးရဲစွာ စိုက်ကြည့်လိုက်၏။ ရုတ်တရက် ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ “နင်ငါ့ကို ရန်စနေတာပဲ။ နင့်ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းမရှိဘူးလို့ နင်ထင်နေတာလား”

“လုပ်ရဲရင် စမ်းကြည့်လိုက်လေ” အန်လင်းအာက မကြောက်စတမ်း ပြန်ပြောလိုက်၏။

ရန်ကိုင် မျက်နှာ ပိုပို၍ ပြုံးဖြီးလာခဲ့ပြီး ရေပူးပေါင်းကို ဖန်တီးထားသည့် သူ့အစစ်အမှန် အနည်းငယ်ကို ပြန်သိမ်းယူလိုက်ရာ ရေပူပေါင်း၏ အရွယ်အစားသည် အတော့်ကိုမှ သေးငယ်သွားခဲ့၏။

ထိုအခြင်းအရာကို မြင်သည်နှင့် တစ်ပြိုင်နက် အန်လင်းအာက အလန့်တကြား အော်ဟစ်၍ ရန်ကိုင်ဆီသို့ တိုးကပ်သွားလေ၏။

ရန်ကိုင်က သူ့အစစ်အမှန်ချီကို ဖြည်းဖြည်းချင်း ပြန်သိမ်းယူနေခဲ့ရာ ရေပူပေါင်းသည်လည်း ကျုံ့သထက် ကျုံ့လာခဲ့လေ၏။

မြင့်မြတ်သော တော်ဝင်သူတော်စင်မသည် ရွေးစရာ မရှိတော့သည့်အဆုံး ရန်ကိုင်ဆီသို့ ပူးကပ်ရတော့လေ၏။ သူမ၏ လက်လေးများသည် ရန်ကိုင်၏ အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့ပြီး ပျော့အိအိ ရင်သား အစုံသည် ရန်ကိုင်၏ ရင်ခွင်ကျယ်ကြီးနှင့် ထိကပ်နေခဲ့၏။ မျက်နှာလေးသည် နီရာမှ၊ ဖြူရာမှနီ ဖြစ်နေခဲ့ကာ သူမ၏ ပုံစံသည် အတော့်ကိုမှ သနားစရာ၊ ချစ်စရာ ကောင်းနေခဲ့၏။

ခဏအကြာ၍ အန်လင်းအာ၏ မျက်နှာလေး ရဲရဲတောက်လာခဲ့၏။

ရေပူပေါင်းသည် ကျုံ့သထက် ကျုံ့လာနေရာ နောက်ဆုံး၍ ရန်ကိုင်ကို ဖက်ထားရသည့် အဖြစ်သို့ ရောက်သွားခဲ့၏။ ယခုဆိုလျှင် သူမ၏ မို့မောက် အိတင်းနေသော ရင်အစုံသည် ရန်ကိုင်၏ ရင်ဘတ်နှင့် လုံးဝကို ပူးကပ်နေခဲ့လေပြီ။

ရှက်နေသော်ငြား ရွေးစရာမရှိသဖြင့် ဤအရှက်တကွဲ အကျိုးနည်း ပုံစံဖြင့်သာ နေနေခဲ့၏။

“တဏှာရူးကောင်း။ လူညစ်ကောင်။ သေနာကောင်။ နတ်ဆိုးကောင်။ ဘာမှမကောင်းတဲ့ကောင်” အန်လင်းအာသည် ဆူပုပ်နေသည့် မျက်နှာဖြင့် နှုတ်ခမ်းလေးကို ဆူကာ ရန်ကိုင်ကို ဆဲနည်းမျိုးစုံဖြင့် ကျိန်ဆဲတော့လေ၏။ သို့သော် သူမ ဒေါသထွက်နေသည့် ပုံစံလေးမှာ အရမ်းကိုမှ ချစ်ဖို့ကောင်းနေခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၅၇) ရှေးဟောင်းသူတော်စင်ဆေးလုံး

အန်လင်းအာ၏ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေသည့် အမူအရာကို ကြည့်ရင်း ရန်ကိုင် ညစ်ကျယ်ကျယ် ရယ်မောလိုက်ပြီး “မြင့်မြတ်ပါသော သူတော်စင်မ ဘယ်လိုခံစားရပါလဲခင်ဗျာ”

ပြောနေစဉ်အတွင်း သူမ၏နားထဲ ရည်ရွယ်ချက် ရှိရှိဖြင့် လေမှုတ်ထုတ်လိုက်ရာ အန်လင်းအာ မျက်နှာပြင် တစ်ခုလုံး ရဲရဲတောက် နီမြန်းသွားခဲ့ပြီး နှလုံးခုန်နှုန်း မြန်ဆန်သွားခဲ့ရလေ၏။ သူမ၏ နှလုံးခုန်သံကို ရန်ကိုင်ပင် ကြားနေရ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မသည် မွေးကတည်းက သူမတို့၏ အချိန်အများစုကို ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးခဲ့ရ၏။

ကျင့်ကြံသည်ဆိုသည်မှာလည်း နောင်အသစ် ဖြစ်လာမည့် တော်ဝင်သခင်အတွက် ပြင်ဆင်ပေးခြင်းပင်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၌ သူတော်စင်မ ဆိုသည်မှာ မြင့်မြတ်မှု၊ ကြီးကျယ်သော ဂုဏ်ကျက်ကရေ၏ ပြယုဂ်ဖြစ်၏။ ထို့ကြောင့် သူတော်စင်မများကို အခြား မည်သည့် ယောကျာ်းနှင့်ပင် အနီးကပ်ဆက်ဆံခိုင်းခြင်း မပြုခဲ့ချေ။

ယခု အခြေအနေသည် မလုပ်မဖြစ်ရ ဖြစ်လာခဲ့သဖြင့် သူတော်စင်မဖြစ်သော အန်လင်းအာသည် ရန်ကိုင်နှင့် ခန္ဓာကိုယ်ချင်း ပူးကပ်နေခဲ့ရ၏။ သူမစိတ်ထဲ အတွေးပေါင်း မြောက်မြားစွာတို့ ဟိုဟိုဒီဒီ‌ ပြေးလွှားနေခဲ့ပြီး သူမ အပြုအမူ မှန်လား၊ မှားလား ဆိုသည်ကို ဝေခွဲမရတော့။ သို့သော် ထိုမုန်းစရာကောင်းသည့် သူတောင်းစားကောင်ကို ရန်စမိလိုက်သည့် အပြုအမူအတွက်မူ အမှန်တကယ်ကို နောင်တရနေခဲ့၏။

ပိုဆိုးသည်ကာ ထိုကောင်စုတ်၏ သူမ၏ စမ်းသပ်ချက်ကို အောင်မြင်သွားရုံမက ကောင်းကင်နတ်ဘုရား ပညာရပ်သုံးခုကိုပင် ချက်ချင်း နားလည်လိုက်နိုင်၏။

ကောင်းကင်တယ်က တကယ်ကို မမြင်တတ်တာပဲ အန်လင်းအာက သူမ၏ နှုတ်ခမ်းလေးကို ကိုက်၍ မအော်မိအောင် မနည်းချုပ်တည်း နေခဲ့ရ၏။

သူမ၏ သနားစရာ ပုံစံလေးကို ကြည့်ရင်း ရန်ကိုင်သည် သူမအား ဆက်လက် စမနေတော့ဘဲ ဤပုံစံဖြင့်သာ ပင်လယ်ပေါ်သို့ ဆန်တက်နေတော့၏။

ခဏအကြာ၌ လူငယ်လေးနှစ်ယောက် ပင်လယ် အောက်ခြေမှ ပြန်တက်လာနိုင်ခဲ့၏။

အန်လင်းအာမှာ ကြောက်လန့်နေသော ယုန်လေး တစ်ကောင်ပမာ ရန်ကိုင်ဆီမှ ချက်ချင်း ခွါလိုက်ပြီး အမောတကော အသက်ရှူရင်း သူ့အား မကျေနပ်ချက် အပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

“ငါပြောရဦးမယ်။ အောက်မှာ ဖြစ်ခဲ့တဲ့ ဘာကိုမဆို ဘုံကိုးခုထွတ်မြတ်နယ်မြေက ဘယ်သူ့ရှေ့မှာမှ ပြန်အစ မဖော်လိုက်နဲ့နော်။ မဟုတ်ရင် ငါနင့်ကို တစ်ခါတည်း နှုတ်ပိတ်ပစ်လိုက်မှာ။ အပြန်အလှန် အနေနဲ့ ငါလည်း နင်တို့ ဘုံကိုးခုထွတ်မြတ်နယ်မြေကို ပြန်ဒုက္ခပေးမှာ မဟုတ်သလို နင်တို့ ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကိုလည်း လျှောက်ဖွမှာ မဟုတ်ဘူး။ ဒါကြောင့် အခုကနေစပြီး ငါတို့ နှစ်ဦးအတွက် ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် ပြန်မတွေ့ကြဘဲ နေကြတာပေါ့” ရန်ကိုင်က လေးလေးနက်နက် ပြောလိုက်၏။

“ငါနားလည်တယ်။ ထပ်ပြောနေစရာ မလိုဘူး” အန်လင်းအာက အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ။ နင်ရဲ့ တော်ဝင်သခင်အသစ်ကို အမြန်ဆုံး တွေ့နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်” ပြုံးကာ ပြောပြီးနောက် အမြန် ထွက်ခွါသွားလေ၏။

ရန်ကိုင်၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း အန်လင်းအာ စိတ်ရှုပ်ရှုပ်ဖြင့် ကျန်ရစ်ခဲ့၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာမည့် အရေးကို ငြင်းဆိုသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့၏။ တော်ဝင်သခင်အဖြစ် ရွေးချယ်ခြင်း ခံရသည့် လူတစ်ယောက် အရမ်းကိုမှ ပျော်ရွှင်အူမြူးမည်ဟု အန်လင်းအာ ထင်ခဲ့ခြင်း ဖြစ်၏။ ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာမည့် အခွင့်အရေးကို မည်သည့် ယောကျ်ားသားကများ လက်လွှတ် ချင်မည်နည်း။ သို့သော် ရန်ကိုင်၏ တုန့်ပြန်မှုသည် သူမ၏ ထင်မြင်ယူဆချက် အားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့လေ၏။

ရန်ကိုင်သည် တော်ဝင်သခင် ဖြစ်လာနိုင်မည့် အခွင့်အရေးကို နောင်တတစ်စက်လေးမှပင် မရဘဲ တုန့်ဆိုင်းခြင်းမရှိ ငြင်းပယ်ခဲ့၏။

“အိုး၊ မဟုတ်သေး” အန်လင်းအာ အလန့်တကြား ထအော်လိုက်၏။ သူမ ပျောက်နေသည်မှာ အတော့်ကို ကြာနေပြီ ဖြစ်လေရာ ဦးလေးချန်တို့ သေမတတ် စိတ်ပူနေမည်မှန်း ယခုမှပဲ သူမ သတိရလိုက်၏။

ကျွန်စုတစ်ခုလုံး အခြေအနေမကောင်း။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ လူများနှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ တပည့်များသည် လွန်ခဲ့သည့် တစ်လခွဲအတွင်း အနားရှိ ကျွန်းအားလုံးကို အထက်အောက် ပြောင်းပြန် လုပ်ပစ်ခဲ့၏။

သို့သော် ယနေ့ထိတိုင် သူတော်စင်၏ သတင်း မကြားရသေး။

ဘုံကိုခုးထွတ်မြတ်နယ်မြေသည် ထိုကိစ္စနှင့် ပက်သက်၍ အရမ်းကိုမှ ဒေါသထွက်နေသည့် အတွက် မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်း ထိတ်လန့်ကြောက်ရွံ့‌ နေခဲ့ကြရ၏။

ယခုအချိန်၌ မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့မှ လူများသည် ဘုံကိုးခုထွတ်မြတ်နယ်မြေအတွက် အထူး ပြင်ဆင်ပေးထားသော နန်းတော်ကြီး၌ ရောက်နေခဲ့၏။ တစ်ယောက်ချင်းစီတိုင်း၏ နဖူးကြောတစ်လျှောက် ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့၏။

ချန်းနန်သည် မိုးပြိုတော့မည့် ရုပ်ဖြင့် သူ့ရှေ့ရှိ လူများကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ် လိုက်လေ၏ “အခုထိတောင် သူတော်စင်မသတင်း မကြားရသေးဘူးလား။ မင်းတို့ကို အချိန်သုံးရက် ထပ်ပေးမယ်။ သုံးရက်အတွင်းမှ ရှာမတွေ့ဘူး ဆိုရင်တော့ မင်းတို့ ကျွန်းတစ်ခုလုံးကို ငါကိုယ်တိုင် အထက်အောက် မြေလှန်ဖျက်စီးပစ်မယ်”

“ကာကွယ်သူချန်၊ စိတ်လျှော့ပါဦး။ သူတော်စင်မကို ရှာဖို့ ကျုပ်တို့ လူအင်အား ထပ်တိုးထားပါတယ်။ ဒါကြောင့် သူတော်စင်မကို ကျိန်းသေ ရှာတွေ့မှာပါ” မသေမျိုးအဆင့် ပညာရှင်တစ်ယောက် နဖူးထက်ရှိ ချွေးအေးများကို သုတ်လိုက်ရင် အော်ပြောလိုက်၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတို့ပိုင်နက်သို့ ရောက်လာခြင်းမှာ မိသားစုကြီးခုနှစ်ခုမဟာမိတ် အတွက် ဂုဏ်ပင် ရှိသေး၏။ သို့သော် ယခုကဲ့သို့ ကံဆိုးမှုကြီး ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

“ကာကွယ်သူချန်၊ အရှင်သခင် သူတော်စင်မက စူးစမ်းရှာဖွေရေး အဖွဲ့နဲ့ လိုက်သွားတာကော မဖြစ်နိုင်ဘူးလား” တစ်ယောက်ယောက်က ခန့်မှန်းလိုက်၏။

“ပင်လယ်အောက်ခြေကို ရတနာရှာထွက်သွားတဲ့ အဖွဲ့ကို ပြောတာလား” ချန်နင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အရှင်သခင် သူတော်စင်မက ဒီလို ရယ်စရာကောင်းတာကြီးကို ဘာလို့ လုပ်ရမှာလဲ”

“ဒါပေမယ့် ပင်လယ်အောက်ကလွဲပြီး ကျန်တဲ့ နေရာတွေ အကုန်လုံးကို ကျုပ်တို့ ရှာပြီးသွားပြီလေ…”

“ပင်လယ်အောက်ခြေကို ရတနာရှာထွက်သွားတဲ့ လူတွေ လွန်ခဲ့တဲ့ သုံးရက်ကပဲ ပြန်ရောက်လာတာ မဟုတ်ဘူးလား။ သူတို့ထဲမှာ အရှင်သခင် သူတော်စင်မရဲ့ အရိပ်အယောင်ကို မတွေ့ရပါဘူး။ အရှင်သခင် သူတော်စင်မသာ သူတို့နဲ့လိုက်သွားရင် အခုလောက်ဆို ပြန်ရောက်နေရောပေါ့”

“ဒါပေမယ့်… အဲ့အောက်မှာ၊ တစ်ခုခု ဖြစ်သွားခဲ့တာလဲ ဖြစ်နိုင်တာပဲလေ။ ဖြစ်နိုင်တာက အရှင်သခင် သူတော်စင်မ…”

“ရိုင်းလိုက်တာ” ချန်နင် ဒေါသတကြီး အော်ဟစ်လိုက်ပြီး “အရှင်သခင် သူတော်စင်မဆိုတာ ဘယ်လိုလူမျိုးလဲ။ နိမ့်ကျတဲ့ ကောင်တွေတောင် ပြန်လာနိုင်ရင် အရှင်သခင် သူတော်စင်မကကော ဘာလို့ မပြန်လာနိုင်ရမမှာလဲ။ မင်းတို့ ဘယ်နည်းလမ်း သုံးသုံး ငါသောက်ဂရုမစိုက်ဘူး။ မင်းတို့ လူအင်အား သုံးချင်သလောက်သုံး။ သုံးရက်အတွင်းမှ သူတော်စင်မကို မမြင်ရသေးဘူး ဆိုရင်တော့ မင်တို့နဲ့ငါနဲ့ တွေပြီပေါ့ကွာ။ အခု ထွက်သွားကြစမ်း”

ယခုကဲ့သို့ ဆက်ဆံခံရသည့်အတွက် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့မှာ အတော့်ကိုမှ စိတ်ညစ် နေကြသော်လည်း မည်သူမှ ထုတ်မပြောရဲခဲ့ကြ။ သူတို့၏ မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့သည် ဘုံကိုးခု ထွတ်မြတ်နယ်မြေရှေ့၌ ဘာကောင်မှ မဟုတ်ချေ။

သို့သော် နန်းတော်ထဲမှ မထွက်ခွာရသေးခင်မှာဘဲ အစေခံတစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး အော်ပြောလိုက်၏ “ကာကွယ်သူချန်၊ ကာကွယ်သူချန်၊ သူတော်စင်မ… ပြန်လာပြီ”

“သူတော်စင်မ ပြန်လာပြီး” ကာကွယ်ချန်က ချက်ချင်း ခေါင်းမော့လိုက်ပြီး အစေခံမဆီ ပြေးသွားလိုက်ကာ “ဘယ်မှာလဲ”

အစေခံမက ဦးဆောင်၍ သူတော်စင်မရှိရာဆီ ခေါ်သွားပေးလိုက်လေ၏။

သူတော်စင်မကို မြင်သည်နှင့် ချန်နန် မျက်ရည် ပေါက်ပေါက် ကျလာခဲ့လေ၏။ ပျော်လွန်းသဖြင့် စကားပင် မပြောနိုင်တော့။ သူ့ရင်ထဲရှိ ကျောက်တုံးကြီးကို အခုမှပင် လွှတ်ချနိုင်တော့လေ၏။

အန်လင်းအာ လမ်းလျှောက်လာသည့်အချိန် နန်းတော်ထဲရှိ ရှိနေသူအားလုံးက အမြန်အဆန် ဦးညွှတ်လိုက်ကြ၏ “သူတော်စင်မကို နှုတ်ဆက်ပါတယ်”

အန်လင်းအာက အသာအယာ ခေါင်းညိတ်လိုက်ပြီး အားတုံ့အားနာဖြင့် “ဒီတစ်ကြိမ်၊ ဦးလေးချန်ကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်”

“ဘာမှ မဖြစ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး။ သူတော်စင်မ အဆင်ပြေနေရင် ပြီးတာပါပဲ” ချန်နင်က ပြုံးကာ ပြန်ပြောလိုက်၏။ “သူတော်စင်မ တစ်ခုခု ထိခိုက်မိတာကော ရှိသေးလား”

အန်လင်းအာက ခေါင်းခါရမ်းပြလိုက်၏။

“ဒီရက် အတောအတွင်း သူတော်စင်မ ဘယ်ရောက်နေလဲ သိလို့ရမလား”

“အပြင်ထွက်နေတုန်း ရုတ်တရက် ဥာဏ်အလင်း ပွင့်လို့ နေရာတစ်ခုရှာပြီး ကျင့်ကြံနေလိုက်တာ။ ကျင့်ကြံနေတုန်း တစ်လကျော် ကြာသွားမယ်လို့ ဘယ်သူထင်မှာလဲ” အန်လင်းအာက တိုးတိုးလေး ပြောလိုက်၏။ သေချာ အနီးကပ်ကြည့်မည် ဆိုပါက သူမ၏ မျက်နှာထက် မလုံမလဲ ဖြစ်နေသည့် အမူအရာ ရိပ်ရိပ်လေးကို မြင်နိုင်၏။

ချန်နင်သည် ထိုအချက်ကို ကောင်းစွာ မြင်လိုက်၏။ သို့သော် သူတော်စင်မက မပြောချင်မှဖြင့် သူကလည်း မေးမနေတော့။ ဒီအတိုင်းသာ ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ ပျော်ရွှင်စွာ ခေါင်းညိတ်၍ အော်ပြောလိုက်၏ “ကောင်းတယ်။ အရမ်းကောင်းတယ်”

ထို့နောက် အနားရှိ အစေခံမဘက် လှည့်က “ပေးအာ၊ အရှင်သခင်မကို အနားယူဖို့ ခေါ်သွားလိုက်တော့”

“အင်း” အစေခံမလေး ပေးအာက ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်၏။

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့ ခေါင်းဆောင်များ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သက်ပြင်းတစ်ချက် ချလိုက်ကြ၏။

----------------------------------

ကျွန်းတစ်ကျွန်းပေါ်တွင် ရန်ကိုင်သည် မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့ စီမံကွပ်ကဲသည့် ကျင့်ကြံရေး အခန်းတစ်ခန်းကို သလင်းကျောက် အနည်းငယ်ပေး၍ ငှားရမ်းလိုက်၏။ ထိုကျင့်ကြံရေး အခန်းတစ်ခန်း၏ ငှားခသည် သာမန်အခန်းငှားခထက် ပို၍ ဈေးများ၏။

သို့သော် ကျင့်ကြံရေး အခန်းပတ်လည် အစီအရင် များစွာ ချထားသည့်အပြင် မိသားစုကြီးခုနှစ်ခု မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများကလည်း အခန်းပတ်လည်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသေး၏။ ထို့အတွက်ကြောင့် အနှောင့်အယှတ် ကင်းကင်းဖြင့် စိတ်အေးလက်အေး ကျင့်ကြံနိုင်ကြပေ၏။

ကျင့်ကြံရေးအခန်းများသည် မြို့ကြီးအများစု၌ ရှိကြ၏။ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားသော ကျင့်ကြံသူများ ကျင့်ကြံနိုင်ကြရန် လုပ်ထားကြခြင်း ဖြစ်၏။

အခန်းထဲရောက်သည်နှင့် ဘေးပတ်လည်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။ အရံအတားများသည် အရမ်းကြီး မဆိုးလှ။ ပြင်ပမှ ကျူးကျော်ဝင်လာလျှင် သတိပေးမည့် အစီအရင်များလည်း ခင်းကျင်းထား၏။ စစ်ဆေးပြီးသည်နှင့် ထိုင်ချလိုက်ကာ ဆေးတိမ်တိုက် ပါသည့် ဆေးလုံးကို ထုတ်ယူလိုက်၏။

ဤနေရာမှ ထွက်သွားရန် အလျင်မလိုသေးချေ။ ဆေးတိမ်တိုက်ဆေးလုံးကို မည်ကဲ့သို့ ဖော်စပ် သန့်စင်ထားသည်ကို အရမ်းသိနေသည်က တစ်ကြောင်း၊ အန်လင်းအာ၏ လှုပ်ရှားမှုများကို စောင့်ကြည်ချင်သည်က တစ်ကြောင်းတို့ကြောင့်ပင် ဖြစ်၏။

သူမအား မယုံကြည်သည် မဟုတ်သော်ငြား သတိဆိုသည်မှာ ပိုသည်မရှိချေ။

မဖြစ်နိုင်ချေ များသော်လည်း အကယ်၍ အန်လင်းအာက သူ့ကို ရောင်းစားသွားခဲ့သည် ရှိသော် သူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ရန်သူ ဖြစ်လာရပေလိမ့်မည်။ ထိုကဲ့သို့သော အင်အားစုကြီးကို ရန်စမိလိုက်ပါက သူ့ဆီသို့ ပြဿနာများ အတော မသတ်နိုင်အောင် ရောက်ရှိလာပေလိမ့်မည်။

ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ကောင်းကင်နတ်ဘုရား ပညာရပ်သုံးခုကို မတော်တဆ တတ်မြောက်သွားခဲ့၏။ ထိုပညာရပ်သုံးခုသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အမွေအနှစ် ပညာရပ်များ ဖြစ်လေရာ အပြင်လူတစ်ယောက် လက်ထဲသို့ ရောက်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့သာ ရန်ကိုင် ထိုပညာရပ် သုံးခုကို တတ်မြောက်ထားမှန်း သိသွားပါက ရန်ကိုင်ကို သတ်လျှင်သတ်၊ မသတ်လျှင် သူတို့၏ တော်ဝင်သခင်ရာထူးကို အတင်းအကြပ် ဆက်ဆံခိုင်းပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပဲ အန်လင်းအာ၏ ဝိဥာဉ် အမှတ်အသားကို ယူလာခဲ့ရခြင်း ဖြစ်၏။

အန်လင်းအာ၏ ဝိဥာဉ်အမှတ်အသားကို ယူထားသော်ငြား သူမလုပ်သည့်အရာကို ရန်ကိုင် မသိနိုင်ချေ။ သို့သော် အကွာအဝေး တစ်ခုအတွင်း ရှိနေသရွေ့ သူမစိတ်အခြေအနေ ပြောင်းလဲမှုများကို ထိုဝိဥာဉ်အမှတ်အသားမှ တစ်ဆင့် စောင့်ကြည့်နိုင်၏။

ထပ်တွေးမနေတော့ဘဲ သူ့ရှေ့ရှိ ဆေးလုံးကိုသာ စတင် လေ့လာတော့လေ၏။

သူတော်စင်အဆင့် ဆေးလုံးပဲ။ တိတိကျကျ ပြောရလျှင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးပင်။

သူတော်စင်အဆင့် ဆေးလုံးများကို သန့်စင်နိုင်သည့် ဆေးပညာရှင်များသည် သာမန်မဟုတ်ကြချေ။

တုဝမ်သည် သူတော်စင်အဆင့်နိမ့် ဆေးလုံးကိုသာ ဖော်စပ်နိုင်သော်ငြား တုန်းရွှမ်လောကကြီး တစ်လျှောက် ကျော်ကြားနေ၏။

ရန်ကိုင် တွေ့ခဲ့ဖူးသည့် လူများအနက် ထျန်းဇန် လူအိုကြီးလီရွေသာ သူတော်စင်အဆင့် ဆေးလုံးများကို အလွယ်တကူ သန့်စင်နိုင်၏။

သူ့လက်ထဲရှိ သူတော်စင်ဆေးလုံးကို စိုက်ကြည့်ရင်း ထိုဆေးလုံးကို သန့်င်သွားသည့် လူကို ရန်ကိုင် အတော်လေး အထင်ကြီးနေမိ၏။

ရဣ်ကိုင်သည် ဆေးပညာရပ်၌ အတော်လေး အဆင့်မြင့်နေပြီဟု ဆိုနိုင်သော်ငြား ဤဆေးလုံးကို ဖော်စပ်သန့်စင်ခဲ့သည့်လူနှင့် ယှဉ်လျှင် လိုအပ်နေသေး၏။ ဤဆေးလုံးကို သန့်စင်ခဲ့သည့်လူသည် ဆေးလုံးအား အမှားအယွင်း၊ အထစ်အငေါ့ မရှိစွာ ချောမွတ်ပြေပြစ်စွာ သန့်စင်ခဲ့ခြင်း ဖြစ်၏။ ထိုလူသည် လူအိုကြီးလီနှင့်ပင် ယှဉ်နိုင်လောက်၏။

သို့သော် အချိန်တွေ အများကြီး ကြာညောင်းသွားခဲ့ပြီ ဖြစ်လေရာ ပင်လယ်ရေအောက်ရှိ ထိုအင်အားစုအမည်ကို ရှာတွေ့ရန် အခက်ခဲသွားခဲ့လေပြီ။

ဤသူတော်စင်ဆေးလုံးနှင့် ပက်သက်၍ တန်ဖိုး အကြီးဆုံး အရာသည်ကား ဆေးလုံးကို ဝိုင်းရံနေသော ဆေးတိမ်တိုက်ပင်။ ဆေးတိမ်တိုက်သည် ဆေးအာနိသင်ကို လျော့ကျမသွာ‌အောင် ထိန်းထားရုံမက ပို၍ အားကောင်းလာအောင်ပင် ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအင်များကို စုပ်ယူ၍ ဆေးလုံးကို အားဖြည့်ပေးနေခဲ့၏။

နှစ်ထောင်ပေါင်းများစွာ ကြာညောင်းပြီးနောက် ဆေးလုံးထဲ စုဝေးနေသော စွမ်းအင်သည် တိုင်းတာ မရနိုင်သည့် အဆင့်တစ်ခုအထိသို့ ရောက်နေခဲ့လေပြီ။

ဤဆေးလုံးထဲရှိ စွမ်းအင်များကို သူတော်စင် အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ပင် စုပ်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ဤဆေးလုံးသည် ဒဏ္ဏာရီလာ ဆေးလုံးတစ်လုံးပင် ဖြစ်လေ၏။

ဤသို့ဖြင့် ရန်ကိုင်သည် ဆေးလုံးကို မည်သည့် နည်းစနစ်များသုံး၍ ဖော်စပ်ခဲ့သည့် အသေအချာ လေ့လာတော့လေ၏။

.Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၅၈) များပြားလှသောစွမ်းအင်များ

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့၏။ ထိုအချိန်အတွင်း ရန်ကိုင်သည် အခန်းတွင်းအောင်း၍ ဆေးတိမ်တိုက်ဆေးလုံးကို လေ့လာနေခဲ့၏။ ထို့ပြင် အန်လင်းအာကိုလည်း စောင့်ကြည်နေသေး၏။

ယခုအချိန်အထိ အန်လင်းအားသည် သူ့ကို ရောင်းမစားသေး။ သို့သော် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အဖွဲ့သည် ယခုထိတိုင် ဤကျွန်းမှ ထွက်ခွာခြင်း မရှိသေးချေ။

အန်လင်းအာ ပျောက်သွားသည့်အတွက် ယခုလက်ရှိ လူအင်အားဖြင့် မလောက်ငှဟု ထင်ကာ အကူများကို စောင့်နေခြင်းလား။

ခေါင်းလေး တရမ်းရမ်းဖြင့် ရန်ကိုင်သည် ထိုကိစ္စကို ဆက်လက် အာရုံမစိုက်တော့ဘဲ ဆေးလုံးကိုသာ ပြန်လေ့လာနေလိုက်၏။

ရက်အနည်းငယ် ထပ်မံ ကြာညောင်းသွားခဲ့၏။ သို့သော် ဆေးလုံးဆီမှ မည်သည့် အကျိုးအမြတ်မှ ရန်ကိုင် မရခဲ့။ ထို့ကြောင့် သူ့တွင် ရွေးစရာ တစ်ခုသာ ရှိတော့၏။ ထိုနည်းလမ်းသည် အန္တရာယ်များ၏။ ထို့ပြင် ဘာအကျိုးကျေးဇူးမှ မရနိုင်ချေလည်း ရှိ၏။

နည်းလမ်းသည်ကား ဆေးလုံးကို မျိုချဖို့ပင်။

ဆေးအာနိသင်ကို ခံစားရင်း ဆေးလုံးအား မည်ကဲ့သို့ ဖော်စပ်ခဲ့သည် ဆိုသည်ကို ဖော်ထုတ်နိုင်၏။ အချိန် အတော်ကြာအောင် တုန့်ဆိုင်းနေပြီးနောက် ဤနည်းအတိုင်းသာ လုပ်တော့မည်ဟု ရန်ကိုင် ဆုံးဖြတ်ချက် ချလိုက်၏။

ဆေးတိမ်တိုက်ပါသော ဆေးလုံးသည် အရမ်းကိုမှ ရှားပါလှ၏။ သူတော်စင်အဆင့် ဆေးလုံးသည်လည်း တန်ဖိုးရှိသော ဆေးလုံးတစ်လုံး ဖြစ်၏။ ထိုဆေးလုံးကို မြိုချလိုက်သည်နှင့် သူ့တွင် ကျန်တော့မည် မဟုတ်ချေ။

ထို့ပြင် ဆေးလုံးကို ဝန်းရံနေသော ဆေးတိမ်တိုက်ကြောင့် ထိုဆေးလုံးသည် မည်သို့သော ဆေးလုံးဖြစ်မှန်း ရန်ကိုင် မပြောနိုင်ချေ။ ကုသရေး ဆေးလုံး ဖြစ်နိုင်သလို၊ အဆိပ်ဖြေဆေးလုံးလည်း ဖြစ်နိုင်၏။ ကျင့်ကြံခြင်းကို အကူအညီ ပေးနိုင်သော ဆေးလုံးတစ်လုံးလည်း ဖြစ်နိုင်၏။

အဖြေကို စမ်းကြည့်မှသာ သိနိုင်ပေလိမ့်မည်။ ဆေးလုံးကို မသောက်ကြည့်ဘဲနှင့် ဤဆေးလုံးသည် အဆိပ်ဆေးလုံး မဟုတ်သည်ကိုတော့ သူသိ၏။

ဆေးတိမ်တိုက်သည် မိုးမြေစွမ်းအင်ကို အချိန် နှစ်ပေါင်းများစွာ ကြာအောင် စုပ်ယူခဲ့သဖြင့် ဆေးလုံးတွင်၌ စုဝေးနေသော စွမ်းအင်ပမာဏသည် ကြောက်မခန်းလိလိ ပမဏအထိသို့ ရောက်ရှိနေမည်မှာ မလွဲမသွေပင်။ ထိုဆေးစွမ်းအင်ကို သူတောင့်ခံနိုင်မည်၊ မတောင့်ခံနိုင်မည် ရန်ကိုင် မသေချာ။

သူ့တွင် စွမ်းအင်များကို စုပ်ယူပေးနိုင်သည့် ရွှေရောင်အရိုးခြောက် ရှိနေသော်လည်း ခန္ဓာကိုယ်နှင့် သွေးကြောများတွင် အကန့်အသတ်ရှိ၏။ ဆေးလုံး၏ စွမ်းအင်များသည်သာ ရွှေရောင်အရိုးခြောက် စုပ်ယူနိုင်သည့် အမြန်နှုန်းထက် ကျော်လွန်၍ သူ့သွေးကြောများအတွင်း ပြည့်တင်းသွားပါက သူ့ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်၏။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားသည်ပင် ဖြစ်နိုင်သေး၏။

အချိန်အတော်ကြာအောင် ချင့်ချိန်နှိုင်းဆနေပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက်ချလိုက်၏။

စွန့်စားကြည့်တာပေါ့

အခွင့်အရေးက သူရှေ့ရောက်နေမှဖြင့် မကြိုးစားကြည့်လိုက်လျှင် နောင်တရသွားနိုင်၏။ တုန့်ဆိုင်းတွေဝေနေမည့်အစား ချက်ချင်းလက်ငင်း ထလုပ်လိုက်သည်က ပိုကောင်း၏။ အကျိုးဆက်ကိုမှု ဆေးသောက်ပြီးမှသာ သိနိုင်ပေမည်။

စိတ်ပိုင်း၀ဖြတ်ပြီးနောက် ရန်ကိုင်က နောက်ထပ် ဆယ်ရက်စာ အခန်းထပ်ငှားလိုက်၏။ ခွင့်ပြုချက် မရှိဘဲ သူ့အား မနှောင့်ယှတ်ရန်‌ ပြောခဲ့သေး၏။ အခန်းကို စောင့်ကြပ်ရန် တာဝန်ရှိသည့် လူက သလင်းကျောက် အတော်များများ ရခဲ့သဖြင့် ရန်ကိုင်၏ တောင်းဆိုချက်ကို ပြုံးပြုံးကြီး လက်ခံခဲ့လေ၏။

အခန်းသို့ ပြန်ရောက်သည်နှင့် အခန်းပတ်လည်ရှိ အစီအရင်များကို သေချာစီစစ် စစ်ဆေးလိုက်၏။ ထို့နောက် ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ စိတ်ငြိမ်အောင် လုပ်ပြီးသည်နှင့် ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။

ဆေးသောက်ပြီးသည်နှင့် သတိကြီးကြီးဖြင့် အစစ်အမှန်ချီကို လှည့်ပတ်၍ ဆေးအာနိသင်ကို စတင် ခံစားရန် ပြင်ဆင်ထားလိုက်၏။

အသက်သုံးရှိုက်စာ ပြီးနောက် သူ့ဝမ်းဗိုက်နေရာမှ ပူလောင်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ ထိုမှတစ်ဆင့် အပူဓါတ်သည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့၏။ အပူဓါတ်သည် ချော်ရည်ပူအလား အရမ်းကို ပူပြင်းလှ၏။

ပေါ်လာလာခြင်း စွမ်းအင်သည် အရမ်းကြီး ပြင်းထန်သေး။ ပေါ်လာလာခြင်း စွမ်းအင်သည် ရေနွေးစီးကြောင်းလေး တစ်ခုလောက်သာ ရှိပြီး ထိုမှတစ်ဆင့် ချောင်း၊ ချောင်းမှတစ်ဆင့် မြစ်၊ မြစ်မှတစ်ဆင့် နောက်ဆုံး သမုဒ္ဒရာကျယ်ကြီးပုံစံသို့ ပြောင်းလဲသွားခဲ့၏။

သူ့ကိုယ်ထဲ စီးဆင်းနေသော သိပ်သည်းလှသည့် စွမ်းအင်စီးကြောင်းသံကိုပင် ရန်ကိုင် ကြားနေခဲ့ရ၏။ ကျောက်စိုင်ကျောက်သားများကို ဖြတ်၍ စီးဆင်းနေသာ ချောင်းကြမ်းလေး တစ်စင်းမှ ထွက်ပေါ်နေသော တဝေါဝေါ မြည်သံနှင့် တူလှ၏။

သူ့မျက်နှာတစ်ခုလုံး မီးတောက်နေသည့်အလား ဖြူရာမှ နီရဲလာခဲ့၏။ အခိုးအငွေ့တို့သည်လည်း သူ့ကိုယ်အနှံ့ရှိ မွှေးညင်းပေါက်လေးများမှ စတင် စိမ့်ထွက်လာခဲ့လေ၏။

အစစ်အမှန်ယန်ကျင့်စဉ်ကို မြင်နိုင်သမျှ မြန်မြန် လှည့်ပတ်နေသော်လည်း သူသွေးများသည် ပေါက်ကွဲ ထွက်တော့မတတ် ဖြစ်နေခဲ့၏။ ဆေးအာနိသင်သည် သူ့သွေးကြောတစ်လျှောက် စီးဆင်းပြီး ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားခဲ့၏။

ယခုအချိန်၌ ရန်ကိုင်သည် ပေါက်ကွဲတော့မလို ဖြစ်နေသော စွမ်းအင်လုံးကြီးနှင့်ပင် တူသေး၏။ စွမ်းအင်များကို စုပ်ယူနေခြင်း ဆေးအာနိသင်ကိုလည်း အသေအချာ ဂရုတစိုက် ခံစားနေခဲ့၏။

အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ချေ။

ခဏအကြာ၌ တစ်ခုခု မှားယွင်းနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ ကြောက်မခန်းလိလိ စွမ်းအင် များသည် သူ့ကိုယ်ထဲ စီးဆင်းနေ၍ သူသည် အစစ်အမှန်ယန်ကျင့်စဉ်ကို မြန်နိုင်သမျှ မြန်မြန် လှည့်ပတ်နေသော်ငြား ရွှေရောင်အရိုးခြောက်သည် ထိုစွမ်းအင်များကို စုပ်ယူခြင်း မပြုခဲ့။ ထို့အစား စွမ်းအင်အားလုံးသည် သူ့နဖူးရှိရာဆီသို့ ဦးတည် စီးဆင်းနေခဲ့ကြ၏။

သူ့နဖူးထက်သို့ ရောက်သည်နှင့် ထိုစွမ်းအင်များသည် မမြင်နိုင်သော ဝဲကတော့ကြီးတစ်ခု၏ စုပ်ယူခြင်း ခံလိုက်ရသည့်ပမာ ချက်ချင်း ပျောက်ကွယ်သွားလေ၏။

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး သူ့အသိစိတ်ပင်လယ်ကို အမြန် စစ်ဆေးကြည့်လိုက်၏။

သူ့ဝိဥာဉ်ပုံရိပ် မျက်လုံးဖွင့်လိုက်သည်နှင့် သူ့အသိစိတ် ပင်လယ်ထဲသို့ စီးဝင်နေသော စွမ်းအင်များကို ရန်ကိုင် တွေ့လိုက်ရ၏။ ထိုမြင်ကွင်းကို ငေးကြောင် ကြည့်နေပြီးနောက် တစ်ခုခုကို ရန်ကိုင် ရုတ်တရက် နားလည်သွားလိုက်၏။ ထိုသူတော်စင်အဆင့် ဆေးလုံးသည် ကုသရေးဆေးလုံး မဟုတ်သလို ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သော ဆေးလုံးလည်း မဟုတ်ချေ။ အဲ့အစား ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သော ဝိဥာဉ်အားဖြည့်ဆေးတစ်လုံး ဖြစ်နေခဲ့၏။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ကြောက်မခန်းလိလိ စွမ်းအင်ပမာဏတို့ သူ့အသိစိတ် ပင်လယ်ထဲ တစ်ရဟော တိုးဝင်လာခဲ့၏။ တစ်ဟုန်ထိုး တိုးဝင်လာသော များပြားလှသည့် စွမ်းအင်များကြောင့် သူ့အစိတ်ပင်လယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ကောင်းကင်ထက် ဝဲနေသော ဝိဥာဉ်တိုက်ပွဲ ခန်းမနှင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည်လည်း အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့၏။

ကောင်းကင်အဆင့် ဓါးတိုလေးမှာမူ ထိုစွမ်းအင်မုန်တိုင်းပင်လယ်ကြား နစ်မြုပ်ပျောက်ကွယ် သွားခဲ့လေ၏။

ယခုလက်ရှိ အခြေအနေ မည်မျှ ဆိုးရွား အန္တရာယ်ရှိနေလဲ ဆိုသည်ကို နားလည်သွားသည်နှင့် ရန်ကိုင် စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲလိုက်၏။ အစကမူ ဆေးလုံးထဲ စွမ်းအင်မည်မျှ ပါဝင်ပါစေ ရွှေရောင် အရိုးခြောက်ကို စုပ်ယူခိုင်းမည်ဟု စဉ်းစားထားခြင်း ဖြစ်၏။

သို့သော် ထိုဆေးလုံးသည် ဝိဥာဉ်ကို အားဖြည့်ပေးနိုင်သည့် ဆေးလုံးတစ်လုံး ဖြစ်နေ လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့။ ဝိဥာဉ်အားဖြည့်ဆေးလုံး တစ်လုံးဖြစ်နေသည့်အတွက် ရွှေရောင်အရိုးခြောက်၏ စွမ်းအင်ကို အသုံးပြု၍ မရတော့ချေ။

ရန်ကိုင် အသိစိတ်ပင်လယ်သည် သာမန် မသေမျိုး ပထမအဆင့် ကငျ့်ကြံသူထက် ပို၍ အားကောင်းသော်ငြား သူ့တွင်လည်း သူ့အကန့်အသတ်နှင့် သူရှိ၏။ ထိုများပြားလှသည့် စိတ်စွမ်းအင်များသာ သူ့အသိစိတ် ပင်လယ်ထဲ ဆက်လက် တိုးဝင်နေမည်ဆိုပါက် မကြာခင် အချိန်အတွင်း သူ့အသိစိတ်ပင်လယ် ပေါက်ကွဲ သွားရပေလိမ့်မည်။

ရန်ကိုင်အမူအရာ လွန်စွာကိုမှ အရုပ်ဆိုးနေခဲ့၏။ ရန်ကိုင်သည် လှိုင်းထန်နေသော အသိစိတ်ပင်လယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ဤကပ်ဘေးမှ မည်သို့ လွတ်မြောက်အောင် ကြိုးစားလျှင် ကောင်းမလဲ ဆိုသည်ကို စဉ်းစားတွေးတောနေခဲ့၏။

နည်းလမ်း စဉ်းစားမရလေရာ ရန်ကိုင် စတင် တုန်လှုပ်ချောက်ချားလာခဲ့၏။ သို့သော် ထိုအချိန်မှာပဲ သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ငါးရောင်ခြယ် ရောင်စဉ်တို့ဖြင့် တောက်ပလာခဲ့ပြီး ထိန်းမနိုင် သိမ်းမရဖြစ်နေသော စွမ်းအင်များသည် တစ်ခုခုဆီသို့ တိုးဝင်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

စွမ်းအင်များကို စုပ်ယူသွားသည့် အရာဆီ လှမ်းကြည့်လိုက်သည့်အခါ ငါးရောင်ခြယ်ကြာပန်းကို တွေ့လိုက်ရ၏။

ငါးရောင်ခြယ်ကြာပန်းသည် ဆင့်ကဲ ပြောင်းလဲနိုင်သည်ဟု နတ်ဆိုးအိုကြီး သူ့ကို ပြောဖူး၏။ သို့သော် ဆင့်ကဲ့ပြောင်းလဲမည့် အချိန်သည် နှစ်ပေါင်းများစွာ ကြာညောင်းနိုင်၏။

ဆင့်ကဲပြောင်းလဲပြီး၍ ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဆင့်သို့ ရောက်သည်နှင့် ကြာပန်းသည် သူ့အား တိုင်းတာမရနိုင်သော အကျိုးကျေးဇူးများကို ပေးစွမ်း ပေလိမ့်မည်။

ဝိဥာဉ်ကြာပန်းကြောင့်ပင် ရန်ကိုင်၏ စိတ်စွမ်းအင်သည် သူ့ကျင့်ကြံခြင်းအဆင့်ထက် အဆများစွာ ပိုမိုအားကောင်းနေခြင်း ဖြစ်၏။

ငါးရောင်ခြယ်ကြာပန်းပင်လျှင် ဤမျှ အစွမ်းထက်နေပါက ခုနှစ်ရောင်ခြယ် ကြာပန်းဆိုလျှင် မည်မျှ အစွမ်းထက်လိမ့်မည်ကို တွေးနေစရာ မလိုတော့ချေ။

ဝိဥာဉ်ကြာပန်းသည် ကြီးထွားနှုန်း နှေးသော်လည်း ဝိဥာဉ်ခွန်အားကို တိုးတက်စေနိုင်သည့် အဖိုးတန် ရတနာများ အသုံးပြု၍ ကြာပန်း၏ ကြီးထွားနှုန်းကို မြှင့်တင်နိုင်ကြောင်း နတ်ဆိုးအိုကြီး သူ့အား တစ်ကြိမ် ပြောခဲ့ဖူး၏။

ယခင်က ဝိဥာဉ်အားဖြည့်ဆေးများကို သူ သောက်သုံးလိုက်တိုင်း ဆေးအာနိသင် တစ်စိတ်တစ်ပိုင်းကို ဝိဥာဉ်ကြာပန်းဆီ ပို့လွှတ်ပေးခဲ့၏။ သို့သော် မည်သည့် တုန့်ပြန်မှုန်မှ မရရှိခဲ့။ ထို့ကြောင် ရန်ကိုင်လည်း ဝိဥာဉ်ကြာပန်းကို အရမ်းကြီး စိတ်ထဲ ထားမနေတော့ချေ။

သို့သော် ယခု မယုံကြည်နိုင်စရာကောင်းလှသော စိတ်စွမ်းအင်များ သူ့အသိစိတ်ပင်လယ်ထဲသို့ စီးဝင်လာသည်နှင့် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် ထိုစွမ်းအင်များကို သူ့အလိုလို စတင် စုပ်ယူတော့လေ၏။

ဝိဥာဉ်ကြာပန်းက ထိုစွမ်းအင်များကို အရူးအမူး စုပ်ယူနေသဖြင့် ရန်ကိုင် ခံစားနေရသည့် ဖိအားလည်း သိသိာသာသာကို လျော့ကျသွားခဲ့ရ၏။ အနည်းဆုံး သူ့အသိစိတ်ပင်လယ်သည် ယခင်ကကဲ့သို့ မတည်မငြိမ် ဖြစ်မနေတော့ချေ။

အသိပြန်ဝင်လာသည်နှင့် သူ့ကိုယ်ထဲ စီးဆင်းနေသော စိတ်စွမ်းအင်များကို ဝိဥာဉ်ကြာပန်းဆီ ရွေ့ပြောင်းပေးလိုက်ပြီး အပိုအလျှံများကိုသာ စုပ်ယူတော့လေ၏။

သို့သော်လည်း ထိုကဲ့သို့ပင်လျှင် သူစုပ်ယူရမည့် စွမ်းအင်ပမာဏသည် အတော့်ကိုမှ ကြောက်မက်ဖွယ် ကောင်းနေဆဲ။

တုန့်ဆိုင်းမနေတော့ဘဲ ရန်ကိုင်သည် ထိုစွမ်းအင် များကိုသုံး၍ အစစ်အမှန်ဆေးပညာနည်းလမ်းကို စတင် လေ့လာတော့လေ၏။

ဤနည်းလမ်းသည် စိတ်စွမ်းအင်ကို အလျင်အမြန် ကုန်ဆုံးအောင် လုပ်နိုင်သည့် ရန်ကိုင်သိသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

စိတ်စွမ်းအင်သည် လမ်းကြောင်းနှစ်ခုခွဲ၍ စီးဆင်းနေ၏။ တစ်ခုသည် ငါးရောင်ခြယ်ကြာပန်းဆီသို့ စီးဆင်းနေပြီး အခြားတစ်ခုကမူ အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာနေရင်း အဆက်မပြတ် ကုန်ဆုံးနေခဲ့၏။

ဝိဥာဉ်ကြာပန်းပေါ်တွင် နေထိုင်ကြသော ဝိဥာဉ် ဝါးမြိုအင်းဆက်များသည်လည်း ထိုစွမ်းအင်များကို အရူးအမူး ဝါးမြိုနေခဲ့ကြ၏။

နောက်ဆုံး ရန်ကိုင် ကိုယ်ထဲ စွမ်းအင်စီးကြောင်းတို့သည် မျှခြေ အခြေအနေသို့ ရောက်ရှိသွားခဲ့၏။

ယခုမှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့၏။ မည်ကဲ့သို့သော သူတော်စင် ဆေးလုံးမှန်း မသိဘဲ အရဲစွန့်ကာ သောက်သုံးလိုက်သည့် အတွက်ကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရ၏။

အသိစိတ်ပင်လယ်ကို အာရုံမစိုက်သေးဘဲ ဆေးလုံး၏ ဆန်းကြယ်နက်နဲမှုများကိုသာ စတင် လေ့လာလိုက်၏။

ယခုအချိန်၌ သူ့ဝမ်းဗိုက်နေရာသည် နေအသေးစားလေး တစ်စင်းပမာ ပူလောင်နေ၏။ တစ်ချက် စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် ပျာသလဲလဲ ဖြစ်သွားခဲ့ရ၏။ ဆေးစွမ်းအင် အကုန်လုံးသည် ကုန်ဆုံးလုမတတ် ဖြစ်နေခဲ့ပြီး ဆေးအာနိသင် စုစုပေါင်းပင် တစ်ရာခိုင်နှုန်း မပြည့်တတ် ပြည့်တတ်ကိုသာ သူစုပ်ယူခဲ့ရ၏။

သို့သော်လည်း ဆေးစွမ်းအင် အနည်းငယ်ကို စုပ်ယူနိုင်ခဲ့သည့် အတွက်ကြောင့် အချက်အလက် အချို့ကို ရန်ကိုင် နားလည်နိုင်ခဲ့၏။

ဆေးအမယ်များ၊ မီးတောက်ကို မည်ကဲ့သို့ ထိန်းချုပ်၍ ဆေးလုံးကို သန့်စင်ခဲ့ပုံ၊ ဆေးလုံးကို သန့်စင်ရာတွင် မည်ကဲ့သို့သော စိတ်ဝိဥာဉ် အစီအရင်များ အသုံးပြုခဲ့၊ ဆေးဝိဇ္ဇာ၏ အမျိုးမျိုးသော အထောက်အကူ နည်းစနည်းများ၊ အမျိုးမျိုးသော အချက်အလက် အသစ်များကို ရန်ကိုင် သိခဲ့ရ၏။

ထိုအချက်အလက်သစ်များကို လေ့လာနေရင်း ရန်ကိုင် ဈာန်ဝင်စားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့၏။

ထိုဈာန်ဝင်စားနေသည့် အခြေအနေအတွင်း ရန်ကိုင်သည် အချက်အလက် အသစ်များကို တဖြည်းဖြည်းချင်း နားလည်လာနေခဲ့ပြီး သူ့ဆေးပညာ စွမ်းရည်သည်လည်း တစ်စထက်တစ်စ တိုးတက် လာနေခဲ့၏။

အမျိုးမျိုးသော အကြောင်းအရာများကို အတူတကွ ပေါင်းစည်းပြီးနောက် နက်နဲဆန်းကြယ်သော သဘောတရား အချို့ကို ရန်ကိုင် စတင် သိမြင်လာခဲ့၏။ သူတော်စင် ဆေးလုံးကို ဖော်စပ်ခဲ့သူ ကိုယ်တိုင် သူ့ရှေ့တွင် ဖော်စပ်နေသည်ကို ထိုင်ကြည့်နေရသော သူတစ်ယောက်ပမာ ရန်ကိုင် ခံစားလိုက်ရ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၅၉) ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်း

ကျွန်းတစ်ခုပေါ်၌ ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မဆီသို့ ချန်နန် နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်ပြီ။ သူအား နောက်တစ်နေရာဆီသို့ သွားဖို့ ပြောရန် လာခဲ့ခြင်း ဖြစ်၏။

ကံမကောင်းစွာဖြင့် သူတော်စင်မသည် ပြန်ရောက်သည့် အချိန်မှစ၍ သူ့တောင်းဆိုအားလုံးကို ငြင်းပယ်ချခဲ့၏။

ယခုတစ်ကြိမ်လည်း ချွင်းချက် မဟုတ်ချေ။

ချန်နန် စိတ်ညစ်လာခဲ့၏။ တော်ဝင်နယ်မြေ၌ သူ့အဆင့်အတန်းသည် သူတော်စင်မအောက် နိမ့်ကျသော်ငြား ယခုခရီးစဉ်၌ သူသည် အားလုံး၏ လုံခြုံရေးကို စီစဉ်တာဝန်ယူထားရသူ ဖြစ်၏။

“သခင်မလေး၊ နောက်တော်ဝင်သခင်ကို ရှာဖို့က သခင်မလေးရဲ့ တာဝန်နော်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီနေရာမှာ အကြာကြီး ရပ်နေလို့ မရဘူးနော်”

“ကျွန်မသိတယ်” အန်လင်းအာ မျက်မှောင် ကြုံ့သွားခဲ့ပြီး သူမ၏ မျက်နှာလှလှလေး အနည်းငယ် ဖြူလျော်သွားခဲ့ကာ “ဒါပေမယ့် ဘာလို့လဲတော့ မသိဘူး။ ကျွန်မစိတ်ထဲ မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်။ ဆိုးရွားတာ တစ်ခုခု ဖြစ်တော့မယ့် အတိုင်းပဲ”

“ဆိုးရွားတာ တစ်ခုခုလား” ချန်နန် အမူအရာ ပို၍ လေးနက်တည်ကြည်သွားခဲ့ပြီး “သခင်မလေး ဘာပြောချင်တာလဲ”

အန်လင်းအာက ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ရေရွတ်လိုက်၏ “ကျွန်မလည်းမသိဘူး။ ရှင်းမပြတတ်ဘူး…”

ချန်နန် မျက်မှောင်ကြုံ့သွားခဲ့ပြီး အန်လင်းအာကို မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်၏။ တစ်ခဏအကြာ၌ ခေါင်းညိတ်လိုက်၍ “အဲ့လိုဆိုရင် ဒီမှာ ခဏလောက် ထပ်နေကြတာပေါ့။ ကျုပ်တို့ ထွက်ခွာသင့်တဲ့အချိန်ကျ ကျုပ်ကို ပြောပါ”

“အင်း”

ချန်နန်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို စိုက်ကြည့်ရင်း အန်လင်းအာ၏ နဖူးထက် ချွေးသီးလုံးများ ဝေ့သီလာခဲ့၏။ ချန်နန်ကို သူမ လိမ်ပြောခဲ့ခြင်း မဟုတ်။ သူမစိတ်ထဲ ခံစားနေရသည်ကို ပြောခဲ့ခြင်းသာ ဖြစ်၏။

ဘာဖြစ်ခဲ့လဲ သူမမသိသလို ဘာဖြစ်မယ်မှန်းလည်း သူမ မသိချေ။ သို့သော် ယခုရက်အတောအတွင်း သူမစိတ်ထဲ တစ်ခုခုကို အလွန်အမင်း စိုးရိမ်နေမိ၏။

အစကမူ ရန်ကိုင် သူမဝိဥာဉ်အမှတ်အသားကို ယူသွားသောကြောင့် ဖြစ်သည်ဟု ထင်ခဲ့သော်ငြား သေချာ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်နှင့် ဘာမှမဆိုင်မှန်း တွေ့ရှိလိုက်ရ၏။

----------------------------------

ကျင့်ကြံရေးအခန်းထဲ ရန်ကိုင် အောင်းနေခဲ့သည်မှာ ဆယ်ရက်ကြာသွားခဲ့လေပြီ။ ထိုရက်အတွင်း သူတော်စင် အဆင့်ဆေးလုံး၏ ဆေးစွမ်းအင်အားလုံးကို စုပ်ယူနိုင်ခဲ့၏။

သူတော်စင်ဆေးလုံး၏ နက်နဲဆန်းကြယ်မှုများကို များများစားစား နားမလည်နိုင်ခဲ့သော်ငြား အတော့်ကို နားလည်နိုင်ခဲ့၏။ ထိုကဲ့သို့ နားလည်နိုင်ခဲ့သဖြင့် သူ့ဆေးပညာစွမ်းရည်လည်း အနည်းနှင့်အများ တိုးတက်လာခဲ့ရ၏။

သူတော်စင်ဆေးလုံးကို အပြည့်အဝ စုပ်ယူပြီးချိန် သူ့တစ်ကိုယ်လုံး ပြောင်းလဲသွားသလို ရန်ကိုင် ခံစားလိုက်ရ၏။

ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေပြီး ဝိဥာဉ်သည် လန်းဆန်းသစ်လွင်နေ၏။ ထို့အပြင် သူ့စိတ်စွမ်းအင်သည် ယခင်ကထက် အများကြီး ပိုအားကောင်းလာခဲ့၏။ ထိုသာမက ထူးဆန်းသည့် ခံစားချက်တစ်ခုကိုလည်း သူ့အသိစိတ်ပင်လယ်ထဲမှ ရနေခဲ့၏။ ထိုခံစားချက်ကြောင့် သူ့စိတ်စွမ်းအင်ကို ယခင်ကထက် ပိုမို မြန်ဆန်စွာ လှည့်ပတ်လာနိုင်ခဲ့၏။

မျက်မှောင်ကြုံ့လျက် အသိစိတ်ပင်လယ်ကို သွားစစ်ဆေးကြည့်လိုက်၏။

စစ်ဆေးလိုက်သည်နှင့် တစ်ပြိုင်နက် နေရာတွင်ပင် အေးခဲသွားခဲ့ရ၏။

အခန်းတွင်း အောင်းနေစဉ်အတွင်း ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ကို အစပိုင်းတစ်ချက်သာ ဂရုစိုက်ခဲ့ပြီး နောက်ပိုင်း၌ ဆေးလုံး၏ ဆန်းကြယ်မှုများကိုသာ အာရုံစိုက် လေ့လာခဲ့၏။ ထို့ကြောင့် သူ့အသိစိတ်ပင်လယ် ပြောင်းလဲသွားသည်ကို ရန်ကိုင် သတိမပြုမိခဲ့ခြင်း ဖြစ်၏။

သူ့ဝိဥာဉ်နှင့် စိတ်စွမ်းအင်သည် အရမ်းကိုမှ တိုးတက်လာခဲ့၏။ အသိစိတ်ပင်လယ်ထဲရှိ မီးတောက် များသည် ယခင်ကထက် ပိုမိုအားကောင်းလာ၏။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ဝိဥာဉ်တိုက်ပွဲခန်းမကမူ သူ့အသိစိတ်ပင်လယ်ထဲ ဘာမှ ပြောင်းလဲသွားခြင်း မရှိဘဲ ယခင်အတိုင်း ဝဲနေခဲ့၏။

သို့သော် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းမှ ဖြစ်တည်လာသော ကျွန်းကမူ ပြောင်းလဲသွားခဲ့လေပြီ။

ယခုအချိန်၌ ကျွန်းတစ်ခုလုံး ရောင်စဉ် အလင်းတန်းတို့ဖြင့် တောက်ပနေခဲ့ပြီး ယခင်ထက် ပိုပြီးတောက်ပ လှပလာသယောင် ထင်ရ၏။

သေချာစစ်ဆေးကြည့်လိုက်သည့်အခါ ယခင်က အရောင်ငါးရောင်သာရှိသော ကျွန်း၌ အပိုအရောင် တစ်ရောင် ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။

အသစ်ဖြစ်ပေါ်လာသော အရောင်သည် အခြား အရောင်ငါးရောင်ထက် အနည်းပို မှိန်ဖျော့နေ၏။ သို့သော် အရောင်တစ်မျိုး ပိုလာသည့် ဆိုသော အချက်ကိုမူ ငြင်း၍ မရချေ။

ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်း…

အံ့ဩပြေသွားသော် ရန်ကိုင် နှစ်ထောင်းအားရ အော်ဟစ် ရယ်မောလိုက်လေ၏။

ဝိဥာဉ်ကြာပန်းကို ရစဉ်က ထိုဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲသွားမည်ကို ရန်ကိုင် တစ်ခါမှ မမျှော်လင့်ထားခဲ့။ တကယ်တော့ ဝိဥာဉ်ကြာပန်း ဆင့်ကဲ့ပြောင်းလဲရန် လိုအပ်သည့် အချိန်သည် အရမ်းကိုမှ ကြာညောင်းလှသည် မဟုတ်ပေလော။

သို့သော် သူတော်စင်အဆင့် ဆေးလုံးကို စုပ်ယူပြီးနောက် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းသည် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဖြစ် ဆင့်ကဲ့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ ယခု နောက်ဆုံးအဆင့်သို့ ရောက်ရန် အဆင့်တစ်ဆင့်သာ လိုတော့၏။

အရောင်တစ်ရောင် တိုးသွားလိုက်တိုင်း ဝိဥာဉ် ကြာပန်း၏ အစွမ်းသည် နှစ်ဆတိုးလာပေလိမ့်မည်။

ထို့ပြင် ယာယီ တိုးမြင့်သွားခြင်းမဟုတ်။ အမြဲတမ်း တိုးမြင့်သွားခြင်း ဖြစ်လေရာ ရန်ကိုင်သည်သာ ဝိဥာဉ် ကြာပန်းကို ပိုင်ဆိုင်ထားသရွေ့ ဝိဥာဉ်ကြာပန်းသည် သူ့ဝိဥာဉ်ကို အစဉ်မပြတ် အားဖြည့်နေပေးလိမ့်မည်။

ငါးရောင်ခြယ်ကြာပန်းမှ ခြောက်ရောင်ခြယ် ကြာပန်း အဖြစ်သို့ ပြောင်းလဲရန် ရာစုနှစ်တစ်ခုစာ အချိန် လိုအပ်ခဲ့၏။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် စိတ်စွမ်းအင်ကို တိုးတက်စေနိုင်သော ဆေးပင်များ၊ ဆေးလုံးများကို အသုံးပြုခဲ့၏။ သို့သော်လည်း ဝိဥာဉ်ကြာပန်းအပေါ် အများကြီး သက်ရောက်မှု မရှိခဲ့ချေ။

သူမသေခင်အချိန်အတွင်း ဝိဥာဉ်ကြာပန်းကို နောက်ဆုံးအဆင့်သို့ ပြောင်းလဲနိုင်၊ မပြောင်းလဲကို ရန်ကိုင် မသိချေ။

သို့သော်လည်း ဤလောက်နှင့်ပင် သူကျေနပ်၏။ ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်းကို ကြည့်ရင်း ရန်ကိုင် ပါးစပ်မစေ့နိုင်အောင် ပြုံးနေခဲ့၏။

ထိုကဲ့သို့ တွေးနေစဉ်မှာပင် သူ့ဝိဥာဉ် လှုပ်ခါသွား၏။

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး မည်သည့် အတွက်ကြောင့် လှုပ်ခါသွားရသလဲ ဆိုသည်ကို စစ်ဆေး ကြည့်လိုက်ပြီးနောက် သူ့အမူအရာ လေးနက် တည်ကြည်သွားခဲ့၏။

သူ့ဝိဥာဉ်မှ လှုပ်ခါသွားခဲ့ခြင်း မဟုတ်၊ အန်လင်းအာ၏ ဝိဥာဉ်အမှတ်အသားမှ လှုပ်ခါသွားခဲ့ခြင်း ဖြစ်၏။ ထိုမိန်းကလေးသည် ကြောက်ရွံ့စရာ တစ်ခုခုကို ကြုံတွေ့ပြီး ထိတ်လန့်တုန်လှုပ်နေသည့်ပုံပင်။

ဘယ်လို အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရလို့များ အခုလို ဖြစ်နေရတာလဲ ရန်ကိုင် တွေးလိုက်၏။

သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အရမ်းကြီး မမြင့်မားဘဲ မသေမျိုးပထမအဆင့်သာ ရှိသေးသော်ငြား အန်လင်းအာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မ တစ်ယောက် ဖြစ်၏။ ဤကျွန်းငယ်လေး၌ မည်သူကမှ သူမအား မလေးမစား မလုပ်ရဲလေရာ ကြောက်လန့်အောင် လုပ်ဖို့ဆိုလျှင် ဝေလာဝေးပင်။

စိတ်အနှောင့်အယှတ် ဖြစ်လာသည်နှင့် အခန်း အပြင်သို့ ထွက်ရန် ပြင်လိုက်၏။

အမျိုးမျိုးသော အရံအတားများကို ပိတ်ချလိုက်ပြီးနောက် အပြင်သို့ ထွက်လိုက်၏။ သို့သော် အခန်းထဲမှ ထွက်လိုက်သည်နှင့် ထိတ်လန့်တကြား အော်ဟစ်သံတို့ကို ရန်ကိုင် ကြားလိုက်ရ၏။ ပေါက်ကွဲသံတို့လည်း မြည်ဟည်းနေခဲ့ပြီး ကုန်းမြေ တစ်ခုလုံး ကြောက်မက်ဖွယ်ဖိအားကြောင့် ပြင်းပြင်းထန်ထန် တုန်ရင်နေခဲ့၏။

ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်အမြန် လှည့်ပတ်၍ ဖိအားကို ခုခံလိုက်၏။

ဝေ့ကြည့်လိုက်သည့်အခါ ကျွန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး လူများသည်လည်း ကျားလိုက်သည့်အလား ပြေးလွှားသည်ကို မြင်တွေ့နေကြ၏။

အုန်း…

ပေါက်ကွဲသံကြီး မြည်ဟည်းသွားခဲ့၏။ ရန်ကိုင် ယိုင်တိယိုင်တိုင် ဖြစ်သွားခဲ့ပြီး သူနောက်ရှိ ကျင့်ကြံရေး အခန်းတစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့၏။

လှည့်ပတ်ကြည့်လိုက်သော်ငြား ရန်သူ အရိပ်အယောင်ကိုမ တွေ့ခဲ့ရ၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် စစ်ဆေးကြည့်လိုက်တော့မှပဲ အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်၏။ ထိုအရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရ၏။

အရှိန်အဝါ ထွက်ပေါ်ရာဘက်ဆီ လှမ်းကြည့်လိုက်ရာ ကောင်းကင်ထက် ဝဲနေသော မီတာထောင်ပေါင်းများစွာ ရှည်လျားသည့် ဓါးကြီးတစ်လက်ကို မြင်တွ့လိုက်ရ၏။ ထိုဓါးကြီးသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကျွန်းပေါ်သို့ စီးကျလာနေခဲ့၏။

“မဟာကောင်းကင်ဓါးလား” ထိုဓါးကို မြင်လိုက်သည်နှင့် ၎င်းသည် ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုထဲမှ တစ်ခုဖြစ်ကြောင်း ရန်ကိုင် တန်းသိလိုက်၏။

သူလည်း ထိုပညာရပ်ကို သိထားရုံမက ကျွမ်းကျွမ်းကျင်ကျင်ပင် အသုံးပြုနိုင်သေး၏ သို့သော် သူဖန်တီးလိုက်သည့် ဓါးသည် စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော ဓါးဖြစ်ပြီး ယခု သူမြင်တွေ့နေရသော ဓါးသည် ချီစွမ်းအင်သက်သက်ဖြင့် ဖန်တီးထားသော ဓါးဖြစ်၏။

ဓါးချက်အောက်၌ ကျွန်းတစ်ခုလုံး နှစ်ခြမ်း ကွဲသွား၏။

ရန်ကိုင် မျက်လုံး မှေစဉ်းသွားခဲ့ပြီး ကောင်းကင်ထက် ဝဲနေသော ပုံရိပ်ကို လှမ်းကြည့်လိုက်၏။

ထိုလူသည် မဟာကောင်းကင်ဓါးပညာရပ်ကို ဖန်တီးလိုက်သည့် လူဖြစ်၏။

ထိုမိန်းမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကျက်သရေရှိလှသော ပုံရိပ်လေးနှင့် အရမ်းကိုမှ လိုက်ဖက်လှ၏။ သူမ၏ ခန္ဓာကိုယ်ကို မြင့်မြတ်သော အရှိန်အဝါ တစ်ခုက ဝန်းရံနေခဲ့၏။ သို့သော်လည်း သေချင်းချီ အရိပ်အယောင်တို့ကို ရန်ကိုင် ခံစားနေမိ၏။

သူမသည် လမ်းလျှောက်နေသော အလောင်ကောင်း သက်သက် ဖြစ်နေသည့်ပုံပင်။

ထိုအမျိုးသမီးသည် မဟာကောင်းကင်ဓါးကို လက်ထဲတွင် စွဲကိုင်၍ တစ်ကျွန်းပြီးတစ်ကျွန်း ခုတ်ထစ်နေခဲ့၏။

သူမ၏ တိုက်ခိုက်မှုကို မည်သူမှ မတောင့်ခံနိုင်ခဲ့။

မိုးပြာရောင်သန်းနေခဲ့ဖူးသော ရေပြင်သည် သွေးနီရောင် ရဲနေခဲ့လေပြီ။

မြင်ကွင်းတစ်ခုလုံးသည်လည်း ကမ္ဘာပျက်ကိန်း တစ်ခုကို ကြုံတွေ့နေရသည်ပမာ အရမ်းကိုမှ ကြောက်လန့်ဖွယ် ကောင်းနေခဲ့၏။

ကျွန်းတစ်ကျွန်းကို ဖျက်စီးပြီးသည်နှင့် နောက်ကျွန်း တစ်ကျွန်းဆီ သွားကာ ဓါးကို ဝှေ့ရမ်း၍ ထပ်မံ ဖျက်စီးပြန်လေ၏။

ချက်ချင်းဆိုလို နောက်ထပ် ကျွန်းတစ်ကျွန်း ထပ်မံ ပျက်စီးသွားရ၏။

အသက်ဆယ်ရှိုက်စာ အတွင်းမှာပင် သူမကြောင့် ကျွန်းသုံးကျွန်း ပျက်စီးသွားခဲ့ရလေပြီ။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် နှလုံးသား တစ်ခုလုံး အေးစက်သွားခဲ့၏။ ဆက်မနေရဲတော့သည်နှင့် လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ ချက်ချင်း ထွက်ပြေးတော့လေ၏။

ရန်ကိုင်၏ လှုပ်ရှားမှုသည် ထိုအမျိုးသမီး၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။ ချက်ချင်းပဲ အမျိုးသမီးသည် အလင်းတန်း တစ်ခုကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်၏။

“မဟာကောင်းကင်အချုပ်အနှောင်” ထိုအမျိုးသမီးသည် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ လူတစ်ယောက်မှန်း သိသွားသည့်အချိန်၌ ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ သူမသည် ဘုံးကိုခု ထွတ်မြတ်နယ်မြေလူ ကျိန်းသေ ဖြစ်ရပေမည်။ မဟုတ်လျှင် ထိုကောင်းကင်နတ်ဘုရားပညာရပ်များကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်ကို စိတ်အနှောင့်အယှတ် ဖြစ်စေသည်ကား တစ်ဖက်လူ၏ ကျင့်ကြံသူပင်။ ထိုအမျိုးသမီးသည် သူတော်စင်အဆင့် ကျင့်ကြံသူ ဖြစ်နေ၏။

ဤနည်းအတိုင်းသာ ထွက်ပြေးမည် ဆိုပါက မဟာကောင်းကင်အချုပ်အနှောင်လက်မှ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် လေမိုးကြိုးတောင်ပံများကို တုန့်ဆိုင်းခြင်းမရှိ ထုတ်သုံး၍ ခြေကုန်သုတ် ထွက်ပြေးတော့လေ၏။

တစ်ဟုန်ထိုး မြင့်တက်သွားသည့် သူ့အရှိန်ကြောင့် မဟာကောင်းကင် အချုပ်အနှောင်သည် ရန်ကိုင် ပုံရိပ်ကိုသာ ဖမ်းဆုပ်မိသွားခဲ့၏။

ရန်ကိုင်၏ ပုံရိပ်ကို စိုက်ကြည့်နေရင်း အမျိုးသမီး၏ မျက်ဝန်းလှလှလေးများထဲ သံသယ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။ ရုတ်တရက် ထိုအမျိုးသမီး ပျောက်ကွယ်သွားခဲ့၏။

သူမ ပြန်ပေါ်လာသည့်အချိန်တွင် ရန်ကိုင်နှင့် မလှမ်းမကမ်း၌ ရှိနေလေပြီ။

သူ့နောက်ဘက်ရှိ သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်နှင့် ရန်ကိုင် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်သွားခဲ့ရ၏။ တစ်ဖက်လူက သူ့အား မတိုက်ခိုက်ရသေခင်းမှာပင်က ရန်ကိုင်က သူ့အရှိန်အဝါကို ဖုံးကွယ်ပြီး အခြားတစ်ဖက်သို့ ထွက်ပြေးလေ၏။

အမျိုးသမီးသည် လေထဲတွင် ဝဲလျက် ခေါင်းလေး စောင်းကာ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်၍ ရန်ကိုင်ကို လိုက်ပတ်ရှာလိုက်၏။

ရန်ကိုင်ကို တွေ့သွားခဲ့သော်ငြား ဆက်မလိုက်ခဲ့။ အဲ့အစား အခြားတစ်ဖက်ကိုသာ လှမ်းကြည့်၍ မျက်မှောင် ကြုံ့လိုက်၏။ နာကျင်နေသည့် အရိပ်အယောင် အချို့ သူမ မျက်နှာထက် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင် စိတ်ညစ်နေခဲ့၏။ ထိုကဲ့သို့ အားကောင်းသာ ပညာရှင်တစ်ယောက် မည်သည့်အတွက်ကြောင့် သူ့နောက်သို့ လိုက်နေမှန်း ရန်ကိုင် အမှန်တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ သို့သော် အန်လင်းအာ ထိုအကြောင်းကို သိလောက်၏။ ထို့ကြောင့် အန်လင်းအာကို သွားရှာပြီး မေးသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

နန်းတော်တစ်ခုရှေ့၌ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ပညာရှင်များသည် ကောင်းကင်ထက်တွင် ဝဲနေသော အမျိုးသမီးကို တွေဝေငေးငိုင်စွာ စိုက်ကြည့်နေခဲ့ကြ၏။

“ဒေါ်လေးနန်လား” အန်လင်းအာက အနည်းငယ် အက်ရှရှလေသံဖြင့် အော်ဟစ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရင်နေခဲ့ပြီး မျက်ရည်စတို့သည်လည်း မျက်လုံးထောင့်စွန်းမှ တစ်ဆင့် ပါးပြင်နုနုလေးပေါ်သို့ အဆက်မပြတ် စီးကျလာလေ၏။

“သူတော်စင်နန် အခုလို ဖြစ်နေပုံထောက်ရင်… တော်ဝင်သခင်… သေသွားပြီလို့ ဆိုလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား” ချန်နန်၏ နှုတ်ခမ်း တဆတ်ဆတ် တုန်ခါနေခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၆၀) သေပြီးနောက် အသက် သန်းပေါင်းများစွာကို သတ်ဖြတ်လေ၏

အားလုံးသည် ထိုမြင်ကွင်းကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေစဉ်မှာပဲ အန်လင်းအာရှေ့ ရန်ကိုင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင် မြင်သည်နှင့် ချက်ချင်း အသိပြန်ဝင်လာပြီး အလန့်တကြား ထအော်လျက် အလျင်စလို မေးလိုက်လေ၏ “နင်ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေသေးတာလဲ။ မထွက်သွားသေးဘူးလား”

“ထွက်သွားလို့မှ မရတာ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “အဲ့မိန်းမရဲ့ ကောင်းကင် စိတ်အာရုံကို ငါ့ကို ပစ်မှတ်ထားနေတယ်လေ”

“အာ…” အန်လင်းအာက သူမ၏ ပါးစပ်လေးကို အုပ်၍ ကတုန်ကရင်ဖြင့် ရန်ကိုင်ကို သနားစဖွယ် စိုက်ကြည့်လိုက်၏။ သူမ၏ အကြည့်ထဲ အားနာသည့် အရိပ်ယောင်တို့လည်း ပါဝင်နေခဲ့၏။

“အဲ့မိန်းမက ဘယ်သူလဲ။ ဘာလို့ ငါ့ကိုပဲ ပစ်မှတ်ထားနေတာလဲ။ ဒါတွေအားလုံးက နင်နဲ့ ဆက်စပ်နေတယ်မလား” ရန်ကိုင်က စိတ်ညစ်နေသည့် လေသံဖြင့် မေးခွန်းပေါင်းများစွာကို တစ်ပြိုင်တည်း မေးလိုက်၏။

“မင်းက… ငါတို့ ပင်လယ်ထဲကနေ ခေါ်လာတဲ့ ကောင်စုတ်လေးမလား” ချန်နန်က ရန်ကိုင်ကို သုန်မှုန်နေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ သူတို့မှာ ကိုယ့်ပြဿနာနှင့်ကိုယ် တိုင်ပတ်နေလေရာ ထိုကောင်စုတ်လေးသည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာ၍ ဘာမဟုတ်သည့် မေးခွန်းပေါင်းများစွာကို တစ်ထိုင်တည်း မေးနေခြင်းသည် ချန်နန်ကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့၏။ ထို့ကြောင့် ဒေါသတကြီး လက်သီးလက်မောင်းတန်းကာ “မင်းထွက်သွားလိုက်တော့။ ဒါက မင်းစကားပြောနိုင်တဲ့ နေရာမဟုတ်ဘူး”

ပြောပြီဂသည်နှင့် ရန်ကိုင်ဆီအား အစစ်အမှန်ချီဖြင့် တိုက်ခိုက်လိုက်၏။

ရန်ကိုင်က ချန်နန်ကို မှုန်ကုတ်နေသည့် အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်၏။ ဤအတိုင်းအတာထိ ရောက်လာပြီ ဖြစ်လေသဖြင့် သူ့ခွန်အားကို ဆက်လက် ဖုံးကွယ်ထားရန် ကြိုးစားမနေတော့ဘဲ ချန်နန်၏ တိုက်ခိုက်မှုကို အလွယ်တကူ တန်ပြန်တိုက်ခိုက်လိုက်၏။ ချန်နန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာ၌ သူ့အမူအရာသည် တစ်စက်ကလေးမှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။

“အန်…” ချန်နန် ထိတ်လန့် အံ့အားသင့်သွားခဲ့၏။ ထိုကောင်စုတ်လေးသည် သူ့တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်နိုင်လိမ့်မည်ဟု ချန်နန် မမျှော်လင့်ထားခဲ့ချေ။

“အဲ့မိန်းမ ဘာလို့ ကျုပ်နောက် လိုက်နေလဲ ဆိုတာကိုပဲ သိချင်တာ။ ခင်ဗျားတို့နဲ့ ရန်သူ မဖြစ်ချင်ဘူး။ ကျုပ်ကို တွန်းအားလာမပေးနဲ့” ရန်ကိုင်က စိတ်မရှည်သည့် အမူအရာဖြင့် ပြောလိုက်၏။ ပြောပြီးသည်နှင့် အန်လင်းအာဘက် ပြန်လှည့်လိုက်၏။

“ဦးလေးချန်…” အန်လင်းအာက ချန်နန်ကို ဘာမှ ပြန်မပြောရန် လက်မြှောက်ပြလိုက်ပြီး ရန်ကိုင်ကို ကြည့်၍ ခါးခါးသီးသီး ပြုံးလျက် “သူနင့်ကို ပစ်မှတ်ထားနေတာက နင့်အမှားပဲ”

“ဘာလို့ ငါ့အမှားလဲ”

“ဘာလို့လဲဆိုတော့ နင်က ငါတို့ ဘုံကိုးခု ထွတ်မြတ်နယ်မြေရဲ့ ကောင်းကင်နတ်ဘုရား ပညာရပ်ကို တတ်မြောက်သွားတာကိုး”

ထိုစကားကို ကြားသည်နှင့် ဘုံကိုးခုထွတ်မြတ် နယ်မြေမှ မသေမျိုးအဆင့် ပညာရှင်အားလုံး၏ အမူအရာအ အပြောင်းကြီး ပြောင်းလဲသွားခဲ့ကြလေ၏။ ချန်နန်သည် သူကြားလိုက်သည့် စကားကို မယုံကြည်နိုင်သေးသည့် အမူအရာဖြင့် အန်လင်းအာကို တစ်လှည့်၊ ရန်ကိုင်ကို တစ်လှည့် ကြည့်လိုက် လုပ်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် “သူက… ကောင်းကင် နတ်ဘုရားပညာရပ်တွေကို သူဘယ်လိုလုပ်ပြီး ကျွမ်းကျင် သွားတာလဲ”

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ရာထူးမြင့်သော ပုဂ္ဂိုလ်များသာ ထိုကောင်းကင်နတ်ဘုရားပညာရပ်ကို လေ့ကျင့်နိုင်ကြ၏။ ချန်နန်ပင်လျှင် ထိုပညာရပ်ကို တစ်ခါမှ မလေ့လာဖူးချေ။

“ကောင်မလေး၊ နင်သေချင်နေတာပဲ” ရန်ကိုင် ဒေါသပုန်ထသွားခဲ့၏။

ထိုအရေးကြီးသည့် လျှို့ဝှက်ချက်ကို အန်လင်းအာက လူအများကြီးရှေ့၌ ရုတ်တရက် ဖွင့်ချလိုက်လိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မထင်ထားခဲ့ချေ။

“ငါပြောပြောမပြောပြော အရေးမကြီးတော့ဘူး” အန်လင်းအာက ခါးခါးသီးသီး၍ ပြုံး၍ ခေါင်းခါရမ်းလျက် “သေရတော့မှာပဲ။ သူတို့ သိသွားလို့ကော ဘာဖြစ်မှာ မို့လို့လဲ”

“သခင်မလေး၊ ဘာတွေဖြစ်ခဲ့တာလဲ” ချန်နန်က အလျင်စလို မေးလိုက်၏။ သူ့စိတ်ထဲ အဖြေရှာမရသည့် သံသယပုစ္ဆာပေါင်းများစွာ လို့နေခဲ့၏။

“ရှင်ထင်သလိုပဲလေ” အန်လင်းအာက မျက်ရည် သုတ်လျက် တိုးတိုးလေး ပြောလိုက်၏ “ရှင့်ရှေ့က လူက ကျွန်မရဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီး ကောင်းကင် နတ်ဘုရားပညာရပ်သုံးကို နားလည်သွားတဲ့လူပဲ”

ထိုစကားကို ကြားသည်နှင့် အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြပြီး မျက်လုံး အပြူးသားဖြင့် ရန်ကိုင်ကို ငေးကြောင် ကြည့်လိုက်ကြလေ၏။

အချိန်ခဏကြာမှာပဲ ချန်နန် အသိပြန်ဝင်လာခဲ့ပြီး “ဒီတော့… သူက တော်ဝင်သခင် ဖြစ်နိုင်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်” အန်လင်းအာက အသာအယာ ခေါင်းညိတ်လိုက်၏။

ချက်ချင်းဆိုသလိုပဲ ရန်ကိုင်ကို ကြည့်သည့် ချန်နန်နှင့် ကျန်သူများ၏ အကြည့်ထဲ လေးစားသည့် အရိပ်အယောင်တို့ ပါဝင်လာခဲ့လေ၏။

“ဒါပေမယ့် အရမ်း နောက်ကျသွားပြီ။ ဒေါ်လေးနန် ဒီကို ရောက်လာပြီးပြီဆိုတော့…” အန်လင်းအာက ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ ထိုစကားကို ကြားသည့်အခါ ချန်နန်နှင့် အခြားသူအားလုံး၏ အမူအရာ ညိုးကျသွားခဲ့၏။

“အဲ့ အစုတ်အပြတ် တော်ဝင်သခင်ကြီးကို ငါဂရုစိုက်ဘူး။ အခု ဘာတွေဖြစ်နေလဲ ဆိုတာကိုပဲ ငါ့ကို ရှင်းပြစမ်းပါ။ အနည်းဆုံးတော့ နင်သိလောက်တယ် မလား” သတ်ဖြတ်လိုစိတ်ကို ယာယီဖိနှိပ်ထား၍ လေထဲဝဲနေသော အမျိုးသမီးကို လက်ညိုးထိုးပြရင်း အန်လင်းအာအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။

အန်လင်းအာသည် အားလုံးကို လူမြင်ကွင်း၍ ဖွင့်ချခဲ့ပြီးလေပြီ။ ယခုအချိန်၌ ထိုကိစ္စကို သူမအား သွားခေါင်းခံခိုင်း၍လည်း သူ့ကို အကူအညီ ဖြစ်စေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နောင်ရေး ပြဿနာကို ဘေးဖယ်၍ လက်ရှိ ပြဿနာ အကြောင်းကိုသာ မေးမြန်းလိုက်၏။

“သူက ငါ့ဒေါ်လေးနန်ပဲ” အန်လင်းအာက သိမ်မွေ့သည့် လေသံဖြင့် ပြန်ပြောလိုက်၏။

“ဒေါ်လေးနန်လား”

“တော်ဝင်နယ်မြေ နောက်ဆုံးမျိုးဆက်ရဲ့ နောက်ဆုံး ကျန်ရစ်တဲ့ တစ်ဦးတည်းသော သူတော်စင်မပေါ့”

ရန်ကိုင် မှင်သက်အံ့အားသင့်သွားခဲ့ပြီး “နင်တို့ တော်ဝင်နယ်မြေမှာ အတွင်းရေး ပဋိပက္ခတွေ ဖြစ်နေတာလား။ အဲ့ဒါကြောင့်ပဲ အဲ့သူတော်စင်မက နင့်အပေါ် အရမ်း ရန်လိုနေတာလား”

အန်လင်းအာက နာကျင်နေသည့် အမူအရာဖြင့် ခေါင်းရမ်းလျက် “ဒေါ်လေးနန်က ငါ့အပေါ် အရမ်း ကောင်းတာ။ ဘာလို့ ငါ့ကို ရန်လိုရမှာလဲ။ သူတော်စင်မနဲ့ ပက်သက်ပြီး ဟိုးတစ်ခါက ငါပြောခဲ့တာကို နင်မှတ်မိသေးလား”

“အန်”

“ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ သူတော်စင်မက မသေခင် တစ်ပါးသူရဲ့ အသတ်ကို မသတ်ရဘူး ဆိုတာလေ”

“အဲ့ဒါက အခုပြဿနာနဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့၏။

“အဲ့ဒါက အရှေ့တစ်ဝက်ပဲ ရှိသေးတယ်။ တကယ်တော့ အဲ့အရှေ့တစ်ဝက်အပြင် နောက်ထပ်တစ်ဝက် ကျန်သေးတယ်” အန်လင်းအာ၏ အသံလေး တုန်ရင်းသွားခဲ့ပြီး ဖြည်းဖြည်းချင်း ရေရွတ်ပြောလိုက်၏ “မသေခင် အခြားသူအသက်ကို မသတ်ရပေမယ့် သေပြီးရင်တော့ စိတ်ရှိလက်ရှိကို သတ်တော့တာပဲ”

ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး မျက်မှောင် ကြုံ့လျက် “နင်ဘာပြောချင်တာလဲ”

“တော်ဝင်သခင်မက မသေခင် ဘယ်သက်ရှိကိုမှ သတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သေသွားပြီဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးမသွားပဲ အလောင်းကောင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ပြီးတာနဲ့ အသူရာလမ်းကြောင်းထဲ ရောက်သွားပြီး သက်ရှိမှန်သမျှကို သတ်ဖြတ်လိမ့်မယ်။ ဒါက ငါတို့ ကျင့်ကြံထားတဲ့ ကျင့်စဉ်ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်၊ ယုတ်ညစ်ချက်ပဲ” အန်လင်းအာက သက်ပြင်း ယဲ့ယဲ့လေး ချလျက် “ဒါကြောင့် သူတော်စင်မ တစ်ယောက် သေသွားပြီး ဆိုတာနဲ့ အဲ့သူတော်စင်မရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း မီးရှို့ကြတာပဲ။ ဒေါ်လေးနန်လိုမျိုး ဖြစ်မလာအောင်ပေါ့။ ငါတို့ ထွက်မလာခင်တုန်းက ဒေါ်လေးနန်က အကောင်းအတိုင်း ရှိသေးတာ။ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး…”

ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ထိုအမျိုးသမီးဆီမှ သေခြင်းချီ အငွေ့အသက်ကို ခံစားနေရသည်မှာ မထူးဆန်းတော့ချေ။ အန်လင်းအာ ပြောခဲ့ပုံအရ ထိုအမျိုးသမီးသည် ဒေါ်လေးနန် ဖြစ်ပြီး သေပြီးသား သူတော်စင်မ တစ်ယောက် ဖြစ်ပေ၏။

လှုပ်ရှားနိုင်သော အလောင်းကောင်သည် ရန်ကိုင် အတွက် အစိမ်းမဟုတ်ချေ။

အလောင်းသယ်လူကြီးသည်လည်း သေဆုံးပြီးသော အလောင်းကောင်တစ်ကောင် ဖြစ်၏။ အလောင်းသယ် လူကြီး သေသွားခဲ့သည်မှာ နှစ်သန်းပေါင်းများစွာ ကြာပြီ ဖြစ်သော်ငြား ယခုထိတိုင် လှုပ်ရှားနေနိုင်ဆဲ။ သေဆုံးပြီးသည့်တိုင် သူလုပ်ရမည့်တာဝန်ကို ဆက်လက် လုပ်ဆောင်နေခဲ့၏။

ထို့ကြောင့် ဒေါ်လေးနန်သည်လည်း ထိုအတိုင်း ဖြစ်နေခြင်းသာ ဖြစ်ရပေမည်။ ထို့ပြင် ထိုကဲ့သို့ သတ်ဖြတ်ချင်စိတ်မှာ အရမ်းကိုမှ အားကောင်းလှ ရပေမည်။ မဟုတ်လျှင် ယခုကဲ့သို့ မြင်သမျှ သက်ရှိတိုင်းကို သတ်ဖြတ်နေလိမ့်မည် မဟုတ်ချေ။

“သူတော်စင်မနန်နဲ့ တော်ဝင်သခင်က တစ်ယောက်ကို တစ်ယောက် အရမ်း နှစ်သက်ကြတာ။ တော်ဝင်သခင် သေသွားတော့ သူတော်စင်မနန်လည်း…” ချန်နန်က သက်ပြင်းအရှည်ကြီး ချလိုက်၏။

“နင်တို့ တော်ဝင်နယ်မြေက လူတွေအကုန်လုံးက ငတုံးတွေလား။ ဒီလောက်တောင် အန္တရာယ်များတဲ့ လူတစ်ယောက်ကို အခုလိုမျိုး ဖြစ်စေလိုက်တာလဲ မသိဘူး” ရန်ကိုင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူတော်စင်တစ်ယောက်၏ ပစ်မှတ်ထား လိုက်လံ သတ်ဖြတ်ခြင်း ခံနေရသည့်အတွက် ရန်ကိုင် စိတ်ညစ်၊ စိတ်တိုနေသည်မှာ မထူးဆန်းချေ။

“အခုမှ ပြောနေလို့ ဘာထူးမှာလဲ” အန်လင်းအာက ရန်ကိုင်ကို ခါးခါးသီးသီး စိုက်ကြည့်လိုက်ပြီး “သူတော်စင်မတွေ အကုန်လုံးက တူညီတဲ့ ကျင့်စဉ်ကိုပဲ လေ့ကျင့်ထာတာမို့ ဒေါ်လေးနန်က ငါ့ကို မြန်မြန် ရှာတွေ့ခဲ့တာ။ ဒီကျွန်းပေါ်က ဘယ်သူကမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ ငါလည်း သေရလိမ့်မည်။ ငါနဲ့ ဒီမှာရှိနေတဲ့ လူအားလုံးကို သတ်ပြီးတာနဲ့ ငါ့ညီအစ်မ သုံးယောက်ကို သွားရှာပြီး သတ်ပစ်လိမ့်မယ်။ တစ်ယောက်ယောက် ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို လာမဖျက်စီးသရွေ့ ဒေါ်လေးနန်က မြင်သမျှ လူတိုင်းကို ဆက်သတ်ပစ်နေဦးမှာပဲ”

ဤကျွန်းပေါ်တွင် အားအကောင်းဆုံးလူဆို၍ ချန်နန်သာ ရှိ၏။ သို့သော် ချန်နန်သည်ပင် မသေမျိုး တတိယအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်လေရာ သူတော်စင် တစ်ယောက်ဖြစ်သော ယခင်မျိုးဆက် သူတော်စင်မကို မည်ကဲ့သို့ ဟန့်တားနိုင်မည်နည်း။

“ဘာပဲဖြစ်ဖြစ်၊ သခင်မလေးနဲ့ တော်တင်သခင်လောင်း ဒီမှာ သေသွားလို့ မဖြစ်ဘူး” ချန်နန်က ရန်ကိုင်ဘက် လှည့်လိုက်ပြီး “ညီလေး၊ မင်းက တော်ဝင်နယ်မြေကို မဝင်ရသေးခင်ပေမယ့် တော်ဝင် နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ။ သခင်မလေးရဲ့ စမ်းသပ်ချက်ကို အောင်မြင်သွားနိုင်မှတော့ သခင်မလေးကို အတူခေါ်ပြီး ထွက်ပြေးပါတော့။ အဆိုးဆုံး ဖြစ်လာလို့၊ သခင်မလေးကို စတေးရမယ် ဆိုရင်တောင် မင်းကိုယ်မင်းတော့ မသေစေနဲ့”

ရန်ကိုင်က ချန်နန်ကို ထူးမခြားနားဟန်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။ သို့သော် ချန်နန်၏ စကားသည် သူ့ရင်ကို ထိသွားစေသည်ဟု ပြောလျှင် မမှားချေ။ သို့ရာတွင် တော်ဝင်သခင်ရာထူးကို မည်သို့မျှ သူလက်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ချန်နန်၏ အပြုအမူသည် ကျွဲပါးစောင်းတီးသည်နှင့် ဘာမှ မထူးချေ။

“မင်းတို့ မြန်မြန် ထွက်သွားသင့်ပြီ။ ငါမင်းတို့ အတွက် ရသလောက် အချိန်ဆွဲထားပေးမယ်”

“ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့” ရန်ကိုင်က နှာခေါင်းရှုံ့၍ အေးစက်စက် လေသံဖြင့် “အချိန်ဆွဲဖို့လား။ ကိုယ့်ကိုယ်ကို သက်သေတာနဲ့ ဘာကွာလို့လဲ။ ပြီးတော့ ကျုပ်တို့ကကော ဘယ်ကို ထွက်ပြေးရမှာလဲ။ ထွက်ပြေးလို့ ရမယ့် နေရာမှ မရှိ…”

ပြောလို့ မပြီးသေးခင်မှာပဲ အလုပ်ဖြစ်လောက်မည့် နေရာတစ်ခုကို ရုတ်တရက် ရန်ကိုင် သတိရသွား၏။ အောင်မြင်နိုင်ချေ ရှိမရှိကို စဉ်းစားရင်း ပင်လယ် အောက်ခြေဆီ လှမ်းကြည့်လိုက်၏။

အန်လင်းအာသည် ထိုကဲ့သို့ တွေးနေဟန်ရကာ ချက်ချင်းပဲ ရန်ကိုင်နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

သူတို့ စကားပြောနေစဉ်အတွင်း ဒေါ်လေးနန်သည် နည်းနည်းလေးမှ လှုပ်ရှားခြင်း မပြုဘဲ လေထဲတွင် ဝဲလျက်သာ သူတို့အား စောင့်ကြည့်နေခဲ့၏။ သူမ၏ မျက်နှာထက် တုန့်ဆိုင်းနေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေခဲ့ရ၏။ ယခင် အသိစိတ် အကြွင်းအကျန် များသည် သူမအား ရန်ကိုင်တို့ကို မသတ်အောင် တားဆီးနေသည့် ပုံပင်။ သို့သော် တစ်ခဏတာ တုန့်ဆိုင်းနေခဲ့ပြီး အချိန်ကြာလာသည်နှင့် သူမဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်သည် ပိုပို၍ အားကောင်းလာခဲ့လေ၏။

“ညီငယ်လေး၊ မင်းသေသွားခဲ့ရင် ဒါက မင်းရဲ့ ကံကြမ္မာပဲပေါ့။ မင်းအသက်ရှင်ခဲ့ရင်တော့ တော်ဝင်နယ်မြေဆီ သွားပြီး တောင်ဝင်သခင် ရာထူးကို ဆက်ခံလိုက်ပါ။ တော်ဝင်နယ်မြေမှာ… တော်ဝင်သခင် တစ်ရက်လေး မရှိလို့တောင် မဖြစ်ဘူး” ချန်နန်က ရန်ကိုင်၏ ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြောလိုက်၏။

ရန်ကိုင်ကမူ ဘာမှ ပြန်မပြောခဲ့ချေ။

“အခုသွားတော့၊ မြန်မြန် သွားပေတော့” ချန်နန်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး လေထဲ ဝဲနေသော သူတော်စင်မကို လှမ်းကြည့်လိုက်၏။

သူတော်စင်မနန်၏ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေခဲ့၏။ သို့သော် သူမ မျက်နှာထက်ရှိ တွေဝေတုန့်ဆိုင်းမှုတို့ နေရာ၌ အေးစက်စက် သတ်ဖြတ် လိုစိတ်တို့က အစားထိုး ဝင်ရောက်လာခဲ့၏။ သတ်ဖြတ်လိုစိတ် ပြင်းထန်လာသည်နှင့် အပူချိန်သည် ရေခဲမှတ်အောက် ထိုးကျသွားသည့်အလား ကျွန်းတစ်ခုလုံးကို အေးစက်စက် အငွေ့အသက်တို့ လွှမ်းခြုံလာခဲ့၏။ လေပြင်းတို့ တိုက်ခတ်လာခဲ့ကာ တစ္ဆေသရဲများ အော်မြည်နေသည့် အလား ကျွန်းတစ်ခုလုံး စူးရှရှ လေတိုက်သံများဖြင့် ညံနေခဲ့၏။

ရန်ကိုင်သည် နည်းနည်းမျှပင် ဆက်လက် တုန့်ဆိုင်း မနေတော့ဘဲ အန်လင်းအာ၏ လက်ကိုဆွဲ၍ လေမိုးကြိုး တောင်ပံကို ဖွင့်ကာ ကောင်းကင်ပေါ်သို့ လျှပ်စီးတန်း တစ်ခုပမာ ပျံတက်သွားလေ၏။

သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူတော်စင်မနန်သည် ရန်ကိုင် ပျံသန်းသွားရာ အရပ်ဆီ သူမလက်ကို ဝှေ့ရမ်းလိုက်၏။

ချန်နန်နှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ပညာရှင် များသည် ထွက်ပြေးသွားခြင်း မပြုဘဲ ထိုတိုက်ခိုက်မှုကို ကြားဖြတ်ဝင်ခံလိုက်၏။

“ဦးလေးချန်၊ အားလုံး…” အန်လင်းအာက နောက်လှည့်ကြည့်ကာ စိုးရိမ်တကြီး လှမ်းအော်လိုက်၏။

“အော်မနေနဲ့။ အကုန်လုံး သေပြီ” ရန်ကိုင်က လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။ အရှိန်ကို ထပ်မြှင့်လိုက်ကာ အန်လင်းအာနှင့်အတူ ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားလေ၏။ ရေထဲရောက်သည်နှင့် အစစ်အမှန်ချီ အရံအတားကို ဖန်တီးကို ပင်လယ် အောက်ခြေသို့ တစ်ဟုန်ထိုး ဆင်းသွားလေ၏။

ရေထဲရောက်၍ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရာ ချန်နန်နှင့် အခြားသူအားလုံး သွေမြူအဖြစ် ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရ၏။

သူတော်စင်မနန်နှင့် ရင်ဆိုင်ရရာတွင် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ပညာရှင်များသည် အသက်သုံးရှိုက်စာပင် မတောင့်ခံနိုင်ခဲ့ချေ။ ထိုအချက်ကို ကြည့်ရုံဖြင့် သူတော်စင်မနန် မည်မျှ ကြောက်စရာ ကောင်းကြောင်း မြင်တွေ့နိုင်၏။

ချန်နန်နှင့် အခြားသူများကို သတ်ပြီးနောက် သူတော်စင်မသည် လက်မလျှော့သေးဘဲ သူမရှေ့ရှိ ကျွန်းကို မဟာကောင်းကင်ဓါးဖြင့် ခုတ်ပိုင်းချလိုက်၏။ ပြီးသည်နှင့် ထိုမဟာကောင်းကင်ဓါးကို ရန်ကိုင်နှင့် အန်လင်းအာတို့ ထွက်ပြေးသွားရာ ပင်လယ်ရေအောက်ဆီ ပစ်လွှတ်လိုက်လေ၏။

ရန်ကိုင် တစ်ကိုယ်လုံး အေးစက်သွားခဲ့ပြီး အစစ်အမှန်ချီကို အဆုံးစွန်ထိ မြှင့်တင်၍ အရှိန်ကုန် တင်လေ၏။ သို့သော်လည်း အန္တရာယ်လက်မှ မလွတ်မြောက်နိုင်သေး။ မဟာကောင်းကင်ဓါးသည် ရေပြင်ခွဲ၍ သူတို့နောက်သို့ ဆက်လက် လိုက်လာနေခဲ့၏။

All Chapters