အခန်း (၇၆၁-၇၆၅)
Vol. 31 Ch. 761-765
အပိုင်း(၇၆၁) ထွက်ပြေးခြင်း
ပင်လယ်ရေအောက်ထဲမှနေ၍ နောက်သို့ လှည့်ကြည့် လိုက်ရာ ထိတ်လန့်ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသော ဓါးကြီးကို မြင်လိုက်သည်နှင့် ရန်ကိုင် စိတ်တစ်ခုလုံး ကတုန်ကရင် ဖြစ်သွားခဲ့၏။
ဓါးကြီး၏ နောက်တွင် ယခင်မျိုးဆက် သူတော်စင်မ၏ အရိပ်အယောင်ကို ရန်ကိုင် ရေးတေးတေးလေး မြင်တွေ့နေရ၏။
သူတော်စင်မနန်သည် ရန်ကိုင်တို့ကို လက်မလျှော့တမ်း မရမက လိုက်သတ်နေခဲ့၏။
ဆက်လက် ကူးခတ်သွားလာနေရင်း ရန်ကိုင်က အန်လင်းအာကို အလျင်စလို အော်ပြောလိုက်၏ “အသက်ရှင်ချင်တယ်ဆိုရင် သေချာအာရုံစိုက်။ ငိုပြီး ဝမ်းနည်းမနေတော့နဲ့”
ထိုစကားကို ကြားသည်နှင့် အန်လင်းအာလည်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်ကိုယ်ထဲသို့ အစစ်အမှန်ချီများကို စတင် ထည့်သွင်းပေးတော့လေ၏။
ထိုအခိုက်အတန့်၌ သူ့အစစ်အမှန်ချီ လှည့်ပတ်နှုန်း ပိုမိုမြန်ဆန်လာသလို ရန်ကိုင် ခံစားလိုက်ရ၏။
ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတော်စင်မ ကျင့်ကြံထားသော ကျင့်စဉ်သည် ရန်ကိုင်၏ တိုက်ပွဲ စွမ်းရည်ကို ယာယီတိုးမြှင့်ပေးနိုင်၏။
အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး မဟာကောင်းကင်ဓါး ပညာရပ်ကို ရန်ကိုင် ထုတ်သုံးလိုက်၏။
သို့သော် အန်လင်းအာ၏ အကူအညီဖြင့်ပင်လျှင် သူဖော်ထုတ်လိုက်သော မဟာကောင်းကင်ဓါးသည် မီတာ ဆယ်ဂဏန်းသာ ရှည်လျား၏။ သူတော်စင်မနန် ဖန်တီထားသည့် ဓါးနှင့် ယှဉ်လျှင် မိုးနှင့်မြေပမာ ဝေးကွာလှ၏။
ခဏအကြာ၌ မဟာကောင်းကင်ဓါးနှစ်ချောင်း ထိပ်တိုက် တွေ့သွားခဲ့၏။
ခပ်အုပ်အုပ် မြည်သံနှင့်အတူ ရန်ကိုင် ဖန်တီးထားသည့် မဟာကောင်းကင်ဓါး ချက်ချင်း ပျက်စီးသွားခဲ့ရ၏။ ဓါးချင်း ထိပ်တိုက်တွေ့ရာမှာ ဖြစ်ပေါ်လာသော ပေါက်ကွဲအားကြောင့် ပင်လယ်ရေလှိုင်းများ ဖြစ်လာခဲ့ရ၏။ ထိုလှိုင်လုံးများ၏ ရိုက်ခတ်မှုကြောင့် ရန်ကိုင်နှင့် အန်လင်းအာတို့မှာ အောက်သို့ မြန်မြန် ထိုးဆင်းသွားနိုင်ခဲ့၏။
သူတော်စင်မနန်ကမူ နောက်သို့ တွန်းထုတ် ခံလိုက်ရ၏။ သို့သော် ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် တွန်းကန်လာသော လှိုင်းလုံးများကို အတင်းအကြပ် ရပ်တန့်၍ ရန်ကိုင်တို့နောက် ဆက်လိုက်ပြန်၏။
“ဘုံကိုးခုထွတ်မြတ်နယ်မြေက သူတော်စင်မတွေမှာ ဘယ်လို အားနည်းချက်မျိုး ရှိလဲ” ရန်ကိုင်က စိတ်စောနေသည့် လေသံဖြင့် မေးလိုက်၏။
“အဲ့လိုမျိုးတော့ မရှိဘူး။ သူ့ထက် အားကောင်းတဲ့ လူကပဲ သူ့ကို ရပ်တန့်နိုင်လိမ့်မယ်။ ဒါပေမယ့် လိုအပ်ရင် ငါအချိန်နည်းနည်း ဆွဲပေးနိုင်တယ်” ပြောပြီးနောက် အံတင်းတင်းကြိတ်၍ သူမ၏ လုံခြုံရေးကို ရန်ကိုင် လက်ထဲ ပုံအပ်ကာ သေချာအာရုံစိုက်လျက် သူတော်စင်မနန်ဆီ စိတ်စွမ်းအင်လှိုင်းတစ်လှိုင်း ပို့လွှတ်လိုက်၏။
သူမ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဝိဥာဉ်နှင့်အတူ ပဲ့တင်ထပ်နေသော သီချင်းသံကို ရန်ကိုင် ကြားလိုက်ရ၏။ ထိုသီချင်းကို ကြားလိုက်သည့် သူတိုင်း ဒေါသထွက်နေသူပင်လျှင် စိတ်ငြိမ်သွားနိုင်၏။
ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး သူ့အလုပ်သူ ပြန်အာရုံစိုက်လိုက်၏။ အန်လင်းအာ အသုံးပြုလိုက်သည့် ပညာရပ်သည် ဝိဥာဉ်တိုက်ပွဲခန်းမထဲ ရှိစဉ်က ဟိုင်ဝမ်ကုနှင့် လူအိုကြီးချန်တို့ကို စိတ်ငြိမ်အောင် လုပ်ရန် အသုံးပြုခဲ့သည့် ပညာရပ်နှင့် အတူတူပင် ဖြစ်၏။
သူတော်စင်မသည် သေသွားခဲ့လေပြီ။ မသိစိတ်နှင့် အစွဲအလမ်း အရသာ ယခုကဲ့သို့ လုပ်နေခြင်း ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော ဝိဥာဉ်ပညာရပ်သည် သူမအား တန်ပြန်နိုင်မည့် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လေ၏။
အန်လင်းအာ ထိုပညာရပ်ကို အသုံးပြုလိုက်သည်နှင့် သူတော်စင်မနန်၏ လှုပ်ရှားမှုတို့ နှေးကွေးသွားခဲ့ပြီး သူမကိုယ်မှ ထွက်ပေါ်နေသော အစစ်အမှန်ချီ လှိုင်းတို့သည်လည်း မတည်မငြိမ် ဖြစ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
“ကောင်းတယ်” ရန်ကိုင် စိတ်အား တက်ကြွသွားခဲ့၏။ အန်လင်းအာသာ သူတော်စင်မနန်ကို အချိန်ဆွဲထား ပေးနိုင်သရွေ့ သူတို့ ကျိန်းသေ လွတ်မြောက်နိင်၏။
“အချိန်အများကြီး မရဘူးနော်” အန်လင်းအာ၏ မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး အနည်းငယ် အက်ရှရှ လေသံဖြင့် ပြောလိုက်၏။
နှစ်ယောက်သားကြားမှ ကျင့်ကြံခြင်းအဆင့်သည် အရမ်းကိုမှ ကွာခြားနေသည့်အတွက် အန်လင်းအာသည် တန်ပြန် အကျိုးသက်ရောက်မှုကို ခံစားလိုက်ရခြင်း ဖြစ်၏။
ရန်ကိုင် အမူအရာ ထပ်မံလေးနက်သွားခဲ့ပြီး ရေကိုခွဲလျက် ကူးခတ်သွားလာနေရင်း သူတော်စင်မနန်ကို မည်ကဲ့သို့ နှောင့်နှေးအောင် လုပ်လျှင် ကောင်းမလဲ ဆိုသည်နှင့် ပက်သက်၍ ခေါင်းခြောက်မတတ် စဉ်းစားလိုက်၏။
အကြံများစွာကို စဉ်းစားမိသော်လည်း ထိုအကြံ အားလုံးကို ချက်ချင်း ပယ်ချလိုက်၏။ ခွန်အား ကွာခြားချက် အရမ်းကိုမှ ကြီးမားလွန်းလေရာ မည်သည့် နည်းလမ်းကို သုံးသုံး အချိန်သာကုန်၊ လူသာ မောပေမည်။ အကျိုးသက်ရောက်မှုကမူ ရှိလိမ့်မည် မဟုတ်။ အစစ်အမှန်ခွန်အား၏ ရှေ့မှောက်၍ လှည့်ကွက်များ အလုပ်မဖြစ်ပေ။
ဝိဥာဉ်တိုက်ပွဲခန်းမသည် သူတော်စင်မနန်၏ ဝိဥာဉ်ကို ဆွဲထုတ်ယူနိုင်၏။ သို့သော် သူတော်စင်မကို ဝိဥာဉ်ချင်း အနိုင်တိုက်နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် မရှိ။
သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် အရမ်းကိုမှ အားကောင်းသော်လည်း သူ့အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသော ဝိဥာဉ်များကိုသာ တိုက်ခိုက်နိုင်၏။ သူတော်စင်မနန်၏ ဝိဥာဉ်သည် သူ့အသိစိတ်ပင်လယ်ထဲ မဝင်လာပါက သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးလည်း ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ဝိဥာဉ်များကို သန့်စင်နိုင်သည်မှလွဲ၍ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိဥာဉ်အပိုင်းအစများကို စုပ်ယူရာတွင်သာ အသုံးဝင်၏။
သူတော်စင်မသည် မသေးသေးဟု ဆို၍ရ၏။ မဟုတ်လျှင် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး၏ ဆွဲယူခြင်း ခံရပေလိမ့်မည်။
နည်းလမ်းပေါင်း မျိုးစုံ စဉ်းစားလိုက်ပြီးနောက် အကောင်းဆုံး နည်းလမ်းသည် ထွက်ပြေးရန်သာ ဖြစ်ကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရာ သူ့စိတ်ထဲ အရမ်းကိုမှ စိုးရိမ်သွားခဲ့ရ၏။
ထိုအချိန်၌ သူ့စိတ်ထဲ ကြားနေရသော သီချင်းသံလေး ရပ်တန့်သွားခဲ့၏။ အန်လင်းအာသည်လည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူမ တစ်ကိုယ်လုံး ပျော့ခွေသွားကာ ရန်ကိုင် လက်မောင်းထဲ လဲပြိုကျသွားခဲ့၏။
အန်လင်းအာ၏ ဝိဥာဉ်ပညာရပ် ရပ်တန့်သွားသဖြင့် သူတော်စင်မနန်၏ အမြန်နှုန်းသည် တစ်ဖန်ပြန်လည် မြန်ဆန်လာခဲ့ပြီး ရန်ကိုင်တို့ နောက်ကို တဖြည်းဖြည်း လိုက်မှီလာခဲ့၏။
ကံကောင်းစွာဖြင့် မဟာကောင်းကင်ဓါးသည် မီးစာကုန်၍ ရန်ကိုင်တို့ကို မထိခင်မှာပင် ပျောက်ကွယ် သွားခဲ့၏။
ဆူညံသံများကြောင့် ပင်လယ်နေသားရဲများသည် ရန်ကိုင်တို့နား တဖြည်းဖြည်း စုဝေးလာခဲ့ကြ၏။ ရန်ကိုင်သည် ထိုပင်လယ်သားရဲများကို လျစ်လျူရှု၍ ဆက်လက် ပြေးလွှားနေသော်လည်း သူတော်စင်မသည် လမ်း၌ တွေ့ခဲ့ရသမျှ သားရဲမှန်သမျှကို သတ်ပစ်သွားခဲ့၏။
ပင်လယ်သားရဲများကို သတ်ဖြတ်ရသည်မှာ သူမအတွက် အရမ်းကိုမှ လွယ်ကူသော်ငြား မြောက်မြားလှစွာသော ပင်လယ်သားရဲ အရေအတွက် ကြောင့် သူမအရှိန် လျော့ကျသွားခဲ့ရ၏။
ရန်ကိုင်သည် တစ်ဒင်္ဂတာပင် ရပ်နားခြင်း မပြုဘဲ အဆက်မပြတ် ပြေးလွှားနေခဲ့၏။
မကြာခင်မှာပဲ ရှေးဟောင်းအပျက်အစီးနယ်မြေ ဆီသို့ ရန်ကိုင်တို့ ရောက်လာခဲ့၏။ ရှေးဟောင်းအပျက်အစီး နယ်မြေကို မြင်သော် ရန်ကိုင်က ပျော်ရွှင်စွာ အော်ပြောလိုက်၏ “ငါတို့ရောက်တော့မယ်”
ထိုစကားကို ကြားသော် အန်လင်းအာ မျက်လုံး ပွင့်လာခဲ့ပြီး အားနည်းနေသည့် လေသံဖြင့် “နောက်ဆုံး မတိုင်ခင်လေး၊ နင့်နာမည် ငါ့ကို ပြောသွားနိုင်မလား။ နင့်နာမည် အစစ်ကို ပြောတာနော်။ ငါတို့သာ ဒီမှာ သေသွားခဲ့ရင် ဘယ်သူရင်ခွင်ထဲမှာ သေသွားခဲ့ရလဲ ဆိုတာကိုတောင် အနည်းဆုံးတော့ ငါသိလို့ မရဘူးလား”
ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့၏။ ယခုကဲ့သို့ အချိန်မျိုး၌ပင် မည်သည့်ခေါင်းဖြင့် အန်လင်းအာ ထိုကဲ့သို့ တွေးနိုင်သေးမှန်း ရန်ကိုင် တကယ်ကို နားမလည်နိုင်ချေ။
သို့သော် ယခုတစ်ကြိမ်၌ သူ့နာမည်အရင်းကို ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်းသာ ပြောလိုက်၏။
အန်လင်းအာက သွားပေါ်အောင် ပြုံးလိုက်ပြီး “ဒီကပ်ဘေးကနေသာ အသက်ရှင်နိုင်ခဲ့ရင် ငါနဲ့အတူ တော်ဝင်နယ်မြေဆီ ပြန်လိုက်မှာလား”
“ဘယ်တော့မှပဲ” ရန်ကိုင်က တုန့်ဆိုင်းခြင်းမရှိ ငြင်းဆိုလိုက်၏ “မဟုတ်တာတွေ ထပ်ပြောနေဦးမယ် ဆိုရင် ငါနင့်ကို ဒီမှာပဲ ပစ်ထားခဲ့မှာနော်”
“အကြင်နာတရား ခေါင်းပါးတဲ့ကောင်”
အပြန်အလှန် ပြောဆိုနေစဉ်မှာပင် ပင်လယ်ရေကို ကာဆီးထားသည့် အရံအတားရှေ့သို့ ရောက်လာခဲ့၏။ တစ်ချက်ကလေးမှပင် မရပ်တန့်ဘဲ အထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်၏။
အရံအတားထဲ ရောက်သော် ရေဖိအားကို ခုခံနေစရာ မလိုတော့သဖြင့် ရန်ကိုင်အရှိန် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့၏။ လေမိုးကြိုးတောင်ပံကိုဖွင့်၍ အန်လင်းအာနှင့်အတူ လေဟာနယ်လိုဏ်ခေါင်းရှိရာဆီ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းပမာ တစ်ဟုန်ထိုး ပြေးသွားတော့လေ၏။
သူတို့နှစ်ယောက် အရံအတားထဲ ဝင်သွားပြီးပြီးချင်း မကြာခင်မှာပင် သူတော်စင်မနန်သည်လည်း အရံအတား ထဲသို့ လိုက်ဝင်လာခဲ့၏။
သူ့နောက်မှ ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ် ဖိအားကို ခံစားမိသည်နှင့် ရန်ကိုင်လည်း အရှိန်ကုန်တင်၊ ခြေကုတ်သုတ်ပြေးလေ၏။
ထွက်ပြေးနေစဉ်အတွင်း သူခံစားနေရသော ယန်ဓါတ်စွမ်းအင်သည် တဖြည်းဖြည်း ပိုမို အားကောင်းလာရာ လေဟာနယ်လိုဏ်ခေါင်းနှင့် သိပ်မဝေးတော့မှန်း ရန်ကိုင် သိလိုက်၏။
ထို့ကြောင့် အံတင်းတင်းကြိတ်၍ အရှိန် ထပ်မံ မြှင့်လိုက်၏။
ရုတ်တရက် သူ့နောက်ဘက်မှ အစစ်အမှန်ချီများ ပေါက်ကွဲထွက်လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။ သူတော်စင်နန် သူ့ကို ထပ်မံ တိုက်ခိုက်နေသည်မှန်း နားလည်လိုက်သည်နှင့် ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချက်းပဲ သူ့ပတ်ဝန်းကျင်ကို အဆက်မပြတ် အာရုံစိုက်သတိထားလိုက်၏။
အရှေ့ဘက်မှ ဧရာမပိုက်ကွန်ကြီးတစ်ခု သူ့ဆီသို့ အလျင်အမြန် တိုးဝင်လာနေခဲ့၏။
“ကောင်းကင်ဖမ်းပိုက်ကွန်ပဲ” အန်လင်းအာက အလန့်တကြား ထအော်ပြော၏ “မြန်မြန်ရှောင်လိုက်။ မိသွားရင် နင့်ဝိဥာဉ်တောင် ထွက်ပြေးလို့ ရမှာ မဟုတ်ဘူး”
အန်လင်းအာ အနေဖြင့် ရန်ကိုင်ကို သတိပေးနေစရာပင် မလိုချေ။ ထိုကောင်းကင် ပညာရပ် အကြောင်း သေချာမသိသော်လည်း အတွေ့အကြုံ ရင့်ကျက်သူပီပီ ထိုကောင်ကင်ဖမ်းပိုက်ကွန်၏ ဖမ်းဆီးခြင်း ခံမည် မဟုတ်ချေ။
ထိုကောင်းကင်ဖမ်းပိုက်ကွန်ကို ရှောင်ပြီးပြီးချင်းမှာပင် သူ့နောက်ဘက်မှ အစစ်အမှန်ချီတို့ ထပ်မံ ပေါက်ကွဲထွက်လာခဲ့ပြန်၏။
ကျောက်စိမ်းပမာ သွယ်လျချောမွတ်သော လက်တစ်ဖက်သည် ကောင်းကင်တစ်ခုလုံးကို စီးမိုး၍ သူတို့အပေါ် ကျဆင်းလာခဲ့၏။ ထိုလက်သွယ်သွယ်လေး၏ ဖိအား အောက်၍ ကောင်းကင်တစ်ခုလုံး ပြိုကျလာသလို ရန်ကိုင် ခံစားလိုက်ရ၏။
ရှောင်၍ မရသလို ခုခံ၍လည်း မရနိုင်လေရာ သူတို့ ပြေးပေါက်ပိတ်တော့မည် ပုံပင်။
“ကောင်ကင်ဖုံးလက်ပဲ” အန်လင်းအာက တိုးတိုးလေး ရေရွတ်လိုက်၏။ သူမ မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး မဲ့ပြုံးပြုံးလိုက်၏။ ထိုနောက် သေမှာကို စောင့်နေသည့် လူတစ်ယောက်ကဲ့သို့ သူမ၏ မျက်လုံးလေးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်၏။
“မိစ္ဆာအသွင်ပြောင်းလဲခြင်း” ရန်ကိုင်က မာန်သွင်း အော်ဟစ်လိုက်ရာ ချက်ချင်းဆိုသလို လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး လွန်စွာကိုမှ သိပ်သည်းလွန်းလှသည့် နတ်ဆိုးချီတို့ ရန်ကိုင်ကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေ၏။ နတ်ဆိုး အမှတ်အသား များသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာပြီးနောက် သူ့အရေပြားထဲသို့ စိမ့်ဝင်သွားခဲ့၏။
ရန်ကိုင် သွေးစွမ်းနှင့် အရှိန်အဟုန် ချက်ချင်း မြင့်တက်သွားခဲ့၏။
အန်းလင်းအာ မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ပြီး တုန်တုန်ရင်ရင်ဖြင့် သူမအား ပွေ့ပိုက်ထားသော ရန်ကိုင်ကို အံ့အားသင့်တကြီး စိုက်ကြည့်လိုက်၏။
ယခုအချိန်၌ ရန်ကိုင်သည် လုံးဝကို ကွဲပြားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို သူမ ခံစားလိုက်ရ၏။ ရန်ကိုင် ခန္ဓာကိုယ်မှ သွေးဆာ၊ ရက်စက်သည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့ပြီး တစ်ချိန်တည်းမှာပင် အားကိုးနိုင်သည် ဟူသော စိတ်ခံစားချက်ကိုလည်း ပေးစွမ်းနေခဲ့၏။
သူ့ခန္ဓာကိုယ်သည် လေဒဏ်မိုးဒဏ်ကို မပြိုမလဲ ကြံကြံခံ ကာကွယ်ပေးနေသော တောင်ကြီးတစ်လုံးနှင့် တူ၏။
ရန်ကိုင်အဟုန် တစ်ဟုန်ထိုး မြှင့်တက်သွားခဲ့ပြီး ကောင်းကင်ဖုံးလက်အောက်မှ ပွတ်ကာသီကာလေး ရှောင်တိမ်းလိုက်နိုင်၏။
ဘုန်း…
လက်ဝါးချက် မြေပြင်ကို ထိမှန်သွားသည်နှင့် လှိုင်းလုံးအဆင့်အဆင့် ဘေးပတ်ပတ်လည်သို့ ပျံသွားခဲ့၏။ အိမ်ပေါင်းများစွာ ပြိုကျသွားခဲ့ရပြီး ရန်ကိုင် တစ်ကိုယ်လုံး ကွေးတက်သွားခဲ့ရာ သူ့မျက်နှာလည်း သွေးဆုတ် ဖြူလျော်သွားခဲ့ရ၏။
သူမ ပါးပြင်ပေါ်သို့ ပူနွေးနွေး အရည်များ ကျလာသည်ကို ခံစားမိသဖြင့် ထိကြည့်လိုက်ရာ ထိုအရည်သည် ရန်ကိုင် ပါးစပ်မှ စီးကျနေသော သွေးများဖြစ်ကြောင်း တွေ့လိုက်ရ၏။
ကောင်းကင်ဖုံးလက်၏ တိုက်ခိုက်မှုမှ ရန်ကိုင် လုံးဝဥဿုံ မလွတ်မြောက်နိုင်ခဲ့၏။
“ငါ့လခွမ်း” ရန်ကိုင်က ကျိန်ဆဲလိုက်၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် ဝမ်းဗိုက်နေရာဆီ တစ်ချက် လှမ်းကြည့်၍ ဆက်လက် ထွက်ပြေးလေ၏။
အန်လင်းအာလည်း ရန်ကိုင် ဝမ်းဗိုက်နေရာကို သံသယဖြင့် စိုက်ကြည့်ပြီးသည်နှင့် သူမ၏ ပါးစပ်လေးကို အလန့်တကြား လက်ဖြင့်အုပ်၍ ထအော်လေ၏ “ကောင်းကင်အပြစ်ပေးလှံတံလား”
ရန်ကိုင် ဝမ်းဗိုက်ထဲသို့ လှံတစ်ချောင်း စိုက်ဝင် နေသည်ကို သူမပင် မသိလိုက်ချေ။ ထိုလှံသည် ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုထဲမှ တစ်ခု ဖြစ်သော ကောင်းကင်အပြစ်ပေးလှံတံပင် ဖြစ်၏။ ထိတ်လန့်တကြား မရပ်မနား အသည်းအသန် ပြေးလွှားနေရသဖြင့် သူ့ကိုယ်ထဲ လှံတစ်ချောင်း စိုက်ဝင်နေသည်ကို အန်လင်းအာသာမက ရန်ကိုင် ကိုယ်တိုင်ပင် သတိမပြုမိခဲ့ချေ။ ယခုမှသာ သူ့ကိုယ်ထဲ လှံတစ်ချောင်း စိုက်ဝင်နေသည်ကို ရန်ကိုင် သတိပြုမိခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ချက် မရှိတော့လေဟု ထင်ကာ အန်လင်းအာ ချုံးပွဲချ ငိုတော့လေ၏။
ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခု မည်မျှ အစွမ်းထက်သည်ကို အန်လင်းအာ ကောင်းကောင်းသိ၏။ ထို့ပြင် ယခု ထိုပညာရပ်ကို အသုံးပြလိုက်သောသူသည် သူမတို့ထက် အဆများစွာ အားကောင်းသည့် သူတော်စင် တစ်ယောက်ပင် ဖြစ်၏။ ရန်ကိုင်သည် လွန်စွာကိုမှ အရည်အချင်းရှိလှသည့် ပါရမီရှင် တစ်ယောက် ဖြစ်လျှင်ပင် သူ့ကိုယ်တွင်းအင်္ဂါများ အသားပြား ဖြစ်နေလောက်ပေပြီ။ ထို့ကြောင့် သူသည် အနှေးနှင့်အမြန် သေရတော့မည်ဟု ပြောလျှင် မမှားချေ။
သူမလဲကျသေးသော တစ်ခုတည်းသော အကြောင်းအရင်းသည် ရန်ကိုင်၏ အလျှော့မပေးသော စိတ်ဓါတ်ကြောင့်ပင် ဖြစ်၏။ ထိုအကြောင်းကို စဉ်းစားမိသည်နှင့် သူမစိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရသလို ဝမ်းလည်း ဝမ်းနည်းသွားမိခဲ့၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၂) ဆိုးရွားလှသောကံကြမ္မာ
ဝိဥာဉ်တိုက်ပွဲခန်းမထဲရှိစဉ် သူမသာ ထိုဝိဥာဉ်ပညာရပ်ကို ထုတ်မသုံးခဲ့ပါက ရန်ကိုင်သည်လည်း သူတော်မနန်၏ လိုက်လံသတ်ဖြတ်ခြင်း ခံနေရလိမ့်မည် မဟုတ်ချေ။
သူမခေါင်းထဲ ထိုကဲ့သို့သော အတွေးများဖြင့် ပြည့်နေခဲ့၏။ သူမကြောင့်သာ ရန်ကိုင် ယခုကဲ့သို့ ဖြစ်သွားရခြင်းဟု ထင်ကာ သူမကိုယ်သူမ အပြစ်တင်နေမိ၏။
“ငါ့လခွမ်း၊ နင်တို့ရဲ့ ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုစလုံး ငါ့ကို သင်ပေးသင့်တယ်။ နင်တို့ကြောင့်ပဲ အခုလိုမျိုး ငါဖြစ်ခဲ့ရတာ” ရန်ကိုင် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေခဲ့ပြီး နာကျင်မှုကို တောင့်ခံရင်း ဒေါသတကြီး အထွန့်တက်လိုက်၏။
မိစ္ဆာအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးပြီးသည့်တိုင် ကောင်းကင်အပြစ်ပေးလှံတံကို ခုခံနိုင်ခြင်း မရှိခဲ့ချေ။ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားလျှင် ကြယ်တာရာကောင်းကင်၏ အဖျက်စွမ်းအားကိုပင် ခုခံနိုင်သော်လည်း သူတော်စင်မနန်သည် သူ့ခန္ဓာကိုယ်ကို စက္ကူတစ်ရွက်ပမာ လှံဖြင့် ထိုးစိုက်ခဲ့၏။
ထိုအခြင်းအရာကို ကြည့်ရုံဖြင့် ထိုကောင်းကင် နတ်ဘုရား ပညာရပ် မည်မျှ အစွမ်းထက်ကြောင်း မြင်တွေ့နိုင်ပေသည်။
သူ့နေရာ၌ အခြား မသေမျိုးအဆင့် ပညာရှင် တစ်ယောက်သာ ဆိုပါက ယခုအချိန် အသက်ပျောက်နေလောက်ပေပြီ။
“နင်၊ အခုလိုအချိန်မျိုးမှာတောင် ဘယ်လိုလုပ်ပြီး အဲ့လိုတွေးနေနိုင်သေးရတာလဲ…” အန်လင်းအာက ရန်ကိုင် ဝမ်းဗိုက်ရှိ ဒဏ်ရာကို စိုက်ကြည့်ရင်း သူမ၏ လက်လေးကို ဆန့်ထုတ်လိုက်၏။ သူမ လက်ချောင်းများထက် စီးကျနေသော သွေးများကို ခံစားမိသည်နှင့် သူမ၏ မျက်ဝန်းလေးများမှ မျက်ရည်စတို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့လေ၏။
“မငိုလို့ မရဘူးလားဟင်။ နင်ငိုနေတာက ငါ့ကို အရမ်း စိတ်ညစ်စေတယ်ဟ” ရန်ကိုင်က အော်ဟစ်၍ “ဖိအားပေးခံလိုက်ရတာနဲ့ အရမ်းကို ပျော့ညံ့သွားတာပဲ”
ထိုစကားကို ကြားသော်ငြား အန်လင်းအာ၏ ငိုသံ ရပ်တန့်သွားခဲ့၏။ သို့သော် မျက်ရည်စတို့က မထိန်းနိုင် မသိမ်းနိုင် စီးကျနေဆဲ။
ရုတ်တရက် သူတို့ရှေ့ အနက်ရောင်အပေါက်ကြီး တစ်ပေါက် ထွက်ပေါ်လာခဲ့၏။ ထိုအပေါက်ကို မြင်သည်နှင့် ရန်ကိုင်က “ငါတို့ရောက်ပြီ”
လက်ကျန်ခွန်အား အားလုံးကို စုစည်းပြီး အန်လင်းအာနှင့်အတူ လေဟာနယ်လိုဏ်ခေါင်းထဲ ပြေးဝင်သွားလေ၏။
လေဟာနယ်လိုဏ်ခေါင်းဆီသို့ ရောက်တော့မည့် ဆဲဆဲမှာပဲ၊ သူတော်စင်မနန်၏ သတ်ဖြတ်လိုစိတ် သူ့ပေါ် စုပြုံကျလာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ထွက်ပြေးလွတ်မြောက်တော့ပေမည်ကို မည်သည့် အတွက်ကြောင့် သူ့သတိကို လျော့ချလိုက်ရမည်နည်း။ အန်လင်းအာကို လေဟာနယ်လိုဏ်ခေါင်းထဲ ပစ်ထည့် လိုက်ပြီးနောက် ချက်ချင်းပဲ နောက်ပြန်လှည့်၍ အနက်ရောင် နဂါးကို ဆင့်ခေါ်ကာ သူတော်စင်မနန်ကို တိုက်ခိုက်လိုက်၏။
အုန်း… အုန်း… အုန်း…
ပေါက်ကွဲသံတို့ မြည်ဟည်းသွားခဲ့၏။
အနက်ရောင်နဂါးသည် တစ်ခဏတာသာ ခုခံနိုင်ခဲ့ပြီး ပျက်စီးသွားခဲ့ရ၏။ အနက်ရောင်နဂါးကို ဖျက်စီးပြီး၍ ရန်ကိုင်ကို လှမ်းကြည့်လိုက်သည့်အခါ ရန်ကိုင်သည် လေဟာနယ်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်သွားခဲ့လေပြီ။
လေဟာနယ်လိုဏ်ခေါင်းထဲသို့ ရောက်သည်နှင့် ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး ဝင်ပေါက်ကို ဖျက်စီးပစ်လိုက်၏။
ဤသို့ဖြင့် ပင်လယ်ရေအောက်၌ နှစ်ပေါင်းများစွာ ကြာအောင် တည်ရှီခဲ့သော် လေဟာနယ်လိုဏ်ခေါင်းသည် ရန်ကိုင်လက်ချက်ကြောင့် တစ်စစီ ပျက်စီးသွားခဲ့ရလေပြီ။ လေဟာနယ်လိုဏ်ခေါင်း ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော ပြင်းထန်လွန်းလှသည့် လှိုင်းလုံးများသည် ရန်ကိုင်ကော၊ သူတော်စင်မနန်ကိုပါ ဝါးမြိုသွားခဲ့၏။
ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံး အလွန့်ကိုမှ နာကျင်သွားခဲ့ရာ နာကျင်လွန်းလှသဖြင့် သတိလစ်လုမတတ် ဖြစ်သွားခဲ့ရ၏။
သတိလစ်မသွားအောင် ထိန်းထားရင်း နာကျင်မှုကို တောင့်ခံခဲ့၏။ ခဏကြာပြီးနောက် သူ့ပတ်လည်ရှိ အမှောင်ထုတို့ ပျောက်ကွယ်သွား၍ တိမ်ဖြူဖြူတို့က အစားထိုး ဝင်ရောက်လာခဲ့၏။ ဤနေရာတွင် နေမရှိသလို လလည်း မရှိ။ ကြယ်လည်း မရှိဘဲ အပူဓါတ် ဖျော့ဖျော့လေးသာ ရှိနေ၏။
ထိုအပူဓါတ်သည် ရန်ကိုင်ကို တစ်မျိုးတစ်ဖုံ သက်သောင့်သက်သာ ဖြစ်စေ၏။
လေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် ရန်ကိုင်သည် သူတော်စင်မနန်ဆီမှ လွတ်ရာကျွတ်ရာသို့ ထွက်ပြေးနိုင်ခဲ့၏။ လေဟာနယ်လိုဏ်ခေါင်းကို ဖြတ်သန်းပြီးပြီးချင်းမှာပင် ဖျက်စီးခဲ့သဖြင့် သူတော်မနန်သည် အခြားတစ်နေရာသို့ ရောက်သွားခဲ့ကာ အချိန်အတော်ကြာသည်အထိ သူ့ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
ယခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့၏။ သူတော်စင်အဆင့် ပညာရှင်တစ်ယောက်၏ လိုက်လံ သတ်ဖြတ်ခြင်း ခံရသည်မှာ အမှန်တကယ်ကို ပျော်စရာ မကောင်းလှချေ။
သူတော်စင်မနန်သည် အနည်းဆုံး သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လောက်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် ရေခဲဂိုဏ်းမှ ချန်ယွဲ့ထက် အများကြီး ပိုအစွမ်းထက်သောကြောင့် ဖြစ်၏။ သူမရှေ့၌ ရန်ကိုင် ခုခံနိုင်စွမ်း အရှင်း ကင်းမဲ့သွားခဲ့ရ၏။
သူပြုတ်ကျလာစဉ်အတွင်း သူ့ခန္ဓာကိုယ်ကို ကျောက်စိမ်းသဖွယ် လက်သွယ်သွယ်တစ်စုံက ပွေ့ဖက်ထားခဲ့၏။ လှည့်ကြည့်လိုက်ရာ မျက်ရည်စတို့ မခြောက်သေးသော မျက်နှာထက် အပြုံးပန်းကို ပန်ဆင်ထားသည့် အန်လင်းအာကို တွေ့လိုက်ရ၏။
သူမ ပွေ့ဖက်ထားသည်မှ ရုန်းထွက်ပြီးနောက် သစ်ပင်ကြီးတစ်ပင်ပေါ် ရပ်လျက် အမောတကော အသက်ရှူရင်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်၏။
သူနှင့်အန်လင်းအာသည် အနည်းဆုံး မီတာ သုံးရာမြင့်သော သစ်ပင်ကြီးတစ်ပင်ထက် ရောက်နေခြင်း ဖြစ်၏။ ယခုအချိန်၌ သူတို့အား ဧရာမသစ်ပင်ကြီး များစွာက ဝန်းရံထားခဲ့၏။
ထိုသစ်ပင်များသည် သူမြင်တွေ့ခဲ့ဖူးသော သစ်ပင်များနှင့် အနည်းငယ် ကွဲပြားနေသည်ကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။ သစ်ပင်ပုံစံသာမက ဓါတ်သဘာဝကပါ သူမြင်တွေ့ခဲ့ဖူးသော သစ်ပင်များနှင့် မတူညီချေ။ ထိုသစ်ပင်များထဲ စီးဆင်းနေသော ယန်ဓါတ်စွမ်းအင် ဖျော့ဖျော့ကို ရန်ကိုင် ခံစားနေမိ၏။
ရှင်းရှင်းပြောရလျှင် ထိုသစ်ပင်များသည် ယန်ဓါတ်ကို ပိုင်ဆိုင်ကြ၏။
ရန်ကိုင် လုံးဝကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ထိုသစ်ပင်များသည် သာမန်သစ်ပင်နှင့် တူကာ အဖိုးတန် စိတ်ဝိဥာဉ်အပင်များ မဟုတ်ကြချေ။ ထိုသို့ဆိုလျှင် ထိုသစ်ပင်များသည် ယန်ဓါတ် အရှိန်အဝါကို မည်သည့် အတွက်ကြောင့် ပိုင်ဆိုင်ထားကြလေသနည်း။
မှိုင်းညို့ညို့ ကောင်းကင်ပေါ်သို့ မော့ကြည့်၍ မျက်မှောင်ကြုံ့ရင်း ရေရွတ်လိုက်၏ “ဆန်းကြယ် လောကငယ် တစ်ခုလား”
ဆန်းကြယ်လောကငယ် တစ်ခုတွင်သာ နေ၊လ၊ ကြယ် မရှိမှာ ဖြစ်၏။
“အာ၊ ဆန်းကြယ်လောကငယ်တစ်ခုလား” အန်လင်းအာ အံ့အားသင့်သွားခဲ့၏။ နိုးလာသည်နှင့် ချက်ချင်းဘဲ ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်တစားဖြင့် လှည့်ပတ် ကြည့်လိုက်၏။ ဆန်ကြယ်လောကငယ် အတွင်းသို့ သူမ တစ်ခါမှ မရောက်ဖူးချေ။ ကြားသာ ကြားဖူး၏။ ဆန်းကြယ်လောကငယ်ဆီသို့ ရောက်ဖူးသည်မှာ သူမတွက် ပထမဦးဆုံး အကြိမ်ဖြစ်၏။
“ဟုတ်လောက်တယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။ စကားနည်းနည်းပါးပါး ပြောပြီးရုံပင် ရှိသေး၊ အဆက်မပြတ် သွေးအန်တော့ကာ သူ့ဒဏ်ရာ အားလုံးစီမှ သွေးထွက်လာခဲ့လေ၏။
“နင်အနားယူဖို့လိုတယ်” ရန်ကိုင်က ရန်ကိုင်ကို ထူမပေးထားရင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။ ယခုတစ်ကြိမ် ရန်ကိုင် ရရှိခဲ့သည့် ဒဏ်ရာများသည် အရမ်းကိုမှ ပြင်းထန်ပေ၏။ သူတော်စင်မနန်၏ ကောင်းကင်အပြစ်ပေးလှံတံဖြင့် ထိမှန်ခြင်း ခံလိုက်ရသည့်အပြင် လေဟာနယ်လိုဏ်ခေါင်း ပျက်စီးသွားရာမှ ထွက်ပေါ်လာသော လေဟာနယ် စွမ်းအင်များ၏ ရိုက်ခတ်ခြင်းကိုလည်း ခံခဲ့ရသေး၏။ ယခု သူ့အဝတ်အစာများ စုတ်ပြဲနေခဲ့၍ ဖြတ်ရှရာတို့သည်လည်း သူ့ကိုယ်အနှံ့ ရှိနေခဲ့၏။
သူ့နေရာတွင် သာမန်လူတစ်ယောက် ဆိုပါက ဘယ်နှစ်ကြိမ် သေ၍သေမှန်းမသိ သေသွားပေလိမ့်မည်။ သို့သော် ရန်ကိုင်ကမူ စကားပြောနိုင်သေးရုံမက သူ့ပတ်ဝန်းကျင်ကိုပင် လေ့လာနိုင်နေသေး၏။ ထို့ကြောင့် အန်လင်းအာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့၏။
စကားပြောနေစဉ် သူမ ခါးထက်ရှိ သိုလှောင်အိတ်ထဲမှ ဆေးတစ်ပုလင်းကို ထုတ်ယူပြီး ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ကာ “ဒါက ငါတို့ တော်ဝင်နယ်မြေရဲ့ သူတော်စင်အဆင့် ကုသရေး ဆေးလုံးပဲ။ မြန်မြန်သောက်လိုက်”
ရန်ကိုင်လက် ထိုသူတော်စင်အဆင့် ဆေးလုံးကို ချက်ချင်းပဲ သောက်ပစ်လိုက်၏။
သန့်စင်မသန့်စင်ရသေးခင်မှာဘဲ ပူပြင်းလှသော အပူဓါတ်များ သူ့ဆီသို့ အဘက်ဘက်မှ တိုးဝင်လာခဲ့ပြီး နောက် ချက်ချင်းဆိုသလို သူနှင့် အန်လင်းအာတို့ နှစ်ယောက်စလုံး စွမ်းအင်ကြိုးများဖြင့် ချုပ်နှောင်ထားခြင်း ခံလိုက်ရလေ၏။
နှစ်ယောက်စလုံး အလစ်အငိုက် တိုက်ခိုက်ခံရသဖြင့် ဘာမှမလုပ်နိုင်သေးခင်မှာပဲ မြေကြီးပေါ်သို့ ပြုတ်ကျ သွားခဲ့ရ၏။
ယခင်ကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားခဲ့သည့်အပြင် အလစ်အငိုက်ပါ ချောင်းတိုက် ခံလိုက်ရသဖြင့် ရန်ကိုင် လုံးဝ မခုခံနိုင်ခဲ့ချေ။
သေလိုက်ပါတော့လာကွား။ နောက်တစ်ကြိမ် ထပ်အဖမ်းခံရပြန်ပြီ ထိုအတွေးသည် ရန်ကိုင်၏ နောက်ဆုံး အတွေးဖြစ်၏။ ပြီးသည်နှင့် သူ့အမြင်အာရုံ တစ်ခုလုံး မှောင်အတိကျသွားခဲ့၏။
ဆန်းကြယ်လောကငယ်ဆီသို့ နှစ်ကြိမ်တိုင်တိုင် သူရောက်ခဲ့ဖူး၏။ ပထမတစ်ကြိမ်ရော၊ ဒုတိယတစ်ကြိမ်ပါ အကျဉ်းသားအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်၏။
“မုန်းစရာကောင်းလိုက်တဲ့ နတ်ဆိုးမျိုးနွယ်စုတွေ” တစ်ယောက်ယောက် ကျိန်ဆဲနေသည်ကို ရန်ကိုင် ခပ်တိုးတိုးလေး ကြားလိုက်ရ၏။ ပုံရိပ်များစွာ သူ့ဆီသို့ ချဉ်းကပ်လာနေသည်ကိုလည်း မြင်တွေ့လိုက်ရ၏။ ပြီးနောက် သူ့မေ့မြောသွားလေ၏။
----------------------------------
မှောင်မိုက်နေသည့် ညအချိန်၌ ရန်ကိုင် နိုးလာခဲ့၏။ သူ့တစ်ကိုယ်လုံး ကိုက်ခဲနာကျင်၏။ အားကောင်းလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်ငြား ထိုပြင်းထန်လှသည့် နာကျင်မှုကို လျစ်လျူမရှုနိုင်ချေ။
ထထိုင်ခြင်း မပြုသလို မျက်လုံးလည်း မဖွင့်သေးဘဲ လက်ရှိ အခြေအနေကို အရင် စစ်ဆေးလိုက်၏။
စစ်ဆေးပြီးသည့်နောက် ရန်ကိုင် အမူအရာ သုန်မှုန် သွားခဲ့ရ၏။
သူ့စိတ်ကူးထားခဲ့သလိုပင် သူ့အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်နှစ်ခုစလုံး စည်းခတ်ထားခြင်း ခံရ၏။ အစစ်အမှန်ချီစည်းကို ဖြေရန် အချိန်အချို့ လိုအပ်ပေမည်။ မဖြစ်နိုင်တာတော့ မဟုတ်ချေ။ သူ့အသိစိတ်ပင်လယ်ထဲရှိ စည်းကိုမူ အလွယ်တကူ ဖျက်စီးပစ်နိုင်၏။ သို့သော် မလိုလားအပ်သော အာရုံစိုက်မှု မခံရစေရန် အလို့ငှာ ရန်ကိုင် ထိုကဲ့သလို့ မလုပ်ခဲ့ချေ။
သူဘယ်နေရာသို့ ရောက်နေသလဲ၊ အနီးအနား၌ မည်သည့် ပညာရှင်များ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင် မသိချေ။ သူသာ အလျင်စလို လှုပ်ရှားလိုက်ပါက ဆိုးဆိုးရွားရွား အဆုံးသတ်သွားရနိုင်၏။
သို့သော်လည်း သူ့အစစ်အမှန်ချီကို ခတ်ထားသည့် စည်း၌ ယန်ဓါတ်အရှိန်အဝါတို့ ပါဝင်နေခဲ့၏။ ဤနေရာရှိ ယန်ဓါတ်သည် ပြင်လောကကြီးရှိ ယန်ဓါတ်ထက် အများကြီး ပိုသိပ်သည်းပေ၏။
ရှေးဟောင်းအပျက်အစီး နယ်မြေထဲ သူခံစားခဲ့ရသည့် ယန်ဓါတ်အရှိန်အဝါသည် ဤနေရာမှ အရင်းခံလာခြင်း ဖြစ်လောက်၏။
သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာအများစု ပျောက်ကင်း နေခဲ့လေပြီ။ အနီးအနား၌ အရှိန်အဝါအချို့ကို အာရုံ ခံလိုက်မိသော်ငြား အန်လင်းအာ၏ အရှိန်အဝါကိုမူ အာရုံခံမရခဲ့ချေ။
ထိုမိန်းမ ဘယ်ရောက်သွားလေသနည်း။
အန်လင်းအာသည် မြင့်မြတ်ပြီး ဖြူစင်သော အမူအကျင့်ကို ပိုင်ဆိုင်ထားသည့် မိန်းမကောင်း၊ မိန်းမလှလေး တစ်ယောက် ဖြစ်၏။ သူမသာ လူဆိုးလူညစ်များ လက်ထဲ ရောက်သွားခဲ့ပါက ဇာတ်သိမ်းကောင်းလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင် သူမအတွက် စိတ်မပူဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
ယခု သူ့အား မာကျာခိုင်ခံသော သစ်သား တစ်မျိုးမျိုးဖြင့် ဆောက်လုပ်ထားသော အကျဉ်းထောင်ထဲ ဖမ်းချုပ်ထားခဲ့၏။ အစစ်အမှန်ချီ ပိတ်ဆိုထားခံရသဖြင့် ထိုသစ်သားအကျဉ်းထောင်ကို အလွယ်တကူ သူမချိုးဖျက်နိုင်ချေ။
မျက်လုံးဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် ထထိုင်လိုက်၏။
သူထထိုင်လိုက်သည်နှင့် အနီးရှိ အခြားသူများ သတိပြုမိသွားခဲ့ပြီး ရန်ကိုင်နားသို့ ရောက်လာ၍ အံ့အားသင့်တကြီး ရေရွတ်လိုက်လေ၏ “အန်၊ ကောင်လေး၊ မင်းတယ် အသက်ရှင်နေသေးတာပဲ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ဒီနေရာက ဘာနေရာလဲ။ မင်းဘယ်သူလဲ” ရန်ကိုင်က ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရင်း ပြန်မေးလိုက်၏။
“မင်းပါးစပ်ကို ပိတ်ထားလိုက်။ ပြောရမယ့် အချိန်မှပဲပြော။ ပွစိပွစိ လုပ်နေဦးမယ် ဆိုရင်တော့ မင်းလျှာကို ဆွဲထုတ်ပစ်ရလိမ့်မယ်” ထိုလူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ အခန်းတံခါးကို ဖွင့်ကာ အမိန့်ပေးလိုက်၏ “ထွက်လာခဲ့။ ခေါင်းဆောင်က မင်းကို တွေ့ချင်နေတယ်”
“ခေါင်းဆောင်လား” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်၏။
“လေကြောမရှည်နဲ့၊ ပြောတဲ့အတိုင်းလုပ်၊ မဟုတ်ရင် မင်းကို အပိုင်းပိုင်းအထစ်ထစ် ခုတ်ဖြတ်ပြီး နတ်ဘုရား သစ်ပင်ကို ကျွေးပစ်လိုက်မှာ” ထိုလူက ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ခြိမ်းခြောက်စကား ဆိုလိုက်ပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားလေ၏ “ငါ့နောက်ကနေလိုက်ခဲ့”
ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့် ထိုလူနောက်မှ လိုက်သွားခဲ့၏။ သွားနေရင်း ဘေးပတ်ဝန်းကျင်ကိုလည်း တိတ်တဆိတ် စစ်ဆေးသွားခဲ့ရ၏။
ယခုအချိန်တွင် သူသည် မှောင်မည်းစိုထိုင်းသော စင်္ကြန်လမ်းတစ်ခုကို ဖြတ်လျှောက်နေခဲ့၏။ စင်္ကြန်လမ်း ဘေးနှစ်ဖက်နှစ်ချပ်တွင် အကျဉ်းခန်းများစွာ ရှိနေ၏။ လှုပ်ရှားသံကြားသဖြင့် အကျဉ်းခန်းထဲမှ လူများသည် စိတ်ဝင်တစားဖြင့် ရန်ကိုင်အား စူးစမ်းကြည့်ကြ၏။
ထိုလူများ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် တစ်ခုခု လွဲနေမှန်း ရန်ကိုင် နားလည်လိုက်၏။
ထိုလူများ၏ အရှိန်အဝါသည် သာမန်လူများ၏ အရှိန်အဝါနှင့် မတူချေ။ တစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ပတ်လည်၌ ရစ်ဝဲနေသော နတ်ဆိုးချီများ ရှိနေခဲ့၏။
ထိုလူများထဲ အန်လင်းအာ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရသလို သူမကို ဘယ်နေရာသို့ ခေါ်သွားသလဲ ဆိုသည်ကိုလည်း ရန်ကိုင် မသိချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၃) အရမ်း အမေးအမြန်း ထူလိုက်တာ
ထိုလူ၏ ဦးဆောင်မှုဖြင့် မကြာခင်မှာဘဲ အကျဉ်းထောင်ထဲမှ ရန်ကိုင် ထွက်လာနိုင်ခဲ့၏။ အလင်းထဲ ရောက်သည်နှင့် တစ်ခုခု ပြောချင်ဟန်ဖြင့် ရန်ကိုင်ကို လှည့်ကြည့်လိုက်သော်လည်း ရန်ကိုင်၏ အခြေအနေကို မြင်ပြီးနောက် ထိတ်လန့်သွားခဲ့ကာ ရန်ကိုင်အား လက်ညိုးထိုးလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့် “မင်း… မင်းရဲ့ ခန္ဓာကိုယ်က…”
“တစ်ခုခု မှားနေလို့လား” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်မေးလိုက်၏။
“မင်းက သေမင်းတံခါး ရောက်နေခဲ့တာလေ။ ဘယ်လိုလုပ်ပြီး…”
ရန်ကိုင်ကို ခေါ်လာစဉ်က သူ့တစ်ကိုယ်လုံး ဒဏ်ရာ မရသည့်နေရာဟူ၍ မရှိချေ။ သူ့ဝမ်းဗိုက်သည်လည်း တစ်ခုခု၏ ထိုးဖောက်ထားခြင်း ခံရ၏။ ညမရောက်ခင် မှာပင် သူသေလိမ့်မည်ဟု အားလုံး ထင်ကြေးပေးခဲ့ကြ၏။
သို့သော် ယခု ရန်ကိုင် အကောင်းအတိုင်း ရှိနေသည်ကို မြင်ပြီးနောက် ထိုလူ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
“ကျုပ်ရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အခြား လူအများစုထက် ပိုသာတယ်လေ”
“အများစုထက်ပိုသာတာလို့ လာမပြောနဲ့” ထိုလူက ရန်ကိုင်ပြောသည်ကို မယုံကြည်သည့် အမူအရာဖြင့် “ကောင်စုတ်လေး၊ အဆင့်မြင့်ကုသရေးဆေးလုံး တစ်လုံးလုံးကို မင်းသောက်လိုက်တာပဲ ဖြစ်ရမယ်။ မင်းမှာ ရှိရင် အခုချက်ချင်း ငါ့ကိုပေးစမ်း။ ငါကိုယ်တိုင်ရှာလို့ တွေ့ရင်တော့ မင်းသေပြီနော်”
“ကျုပ်မှာ အဲ့လိုဆေးလုံးမျိုး မရှိဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
ထိုလူက ရန်ကိုင် ခန္ဓာကိုယ်ကို ဝေ့ဝိုက် ကြည့်လိုက်သော်ငြား သိုလှောင်အိတ်နှင့် ဆင်တူသည့် အရာ တစ်ခုမှ မတွေ့ခဲ့ရ၏။ ထို့ကြောင့် စိတ်ပျက်ပျက်ဖြင့် အံတင်းတင်းကြိတ်၍ ရန်ကိုင်ကို ဆွဲကာ ရှေ့သို့ တွန်းပို့လိုက်၏။
ခန်းမထဲတွင် လူပေါင်းများစွာ စုဝေးနေခဲ့၏။ အကုန်လုံးနီးပါးသည် အရောင်အဝါ တောက်ပသော အသားအရေကို ပိုင်ဆိုင်ထားကြပြီး ပူပြင်းလှသော အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။
အခန်းထဲတွင် ရှိနေသော ယောကျာ်း၊ မိန်းမ၊ ကျားမ၊ လူငယ်၊ လူကြီးအားလုံးသည် ယန်ကျင့်စဉ် တစ်မျိုးမျိုးကို လေ့ကျင့်ထားကြ၏။ ထို့ပြင် တစ်ယောက် ချင်းစီတိုင်း၏ ကျင့်ကြံခြင်းသည် နိမ့်ကျခြင်းမရှိ။ အနိမ့်ဆုံးလူသည်ပင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈)သို့ ရောက်နေခဲ့၏။ လူအုပ်ထဲ၌ မသေမျိုး အဆင့် ပညာရှင် တော်တော်များများလည်း ရှိနေ၏။
စုဝေးနေသူ လူစုစုပေါင်း ဒါဇင်ကျော်ရှိပြီး ခန်းမထိပ်၌ ဆံပင်အနီရောင်နှင့် လူအိုကြီးတစ်ယောက် ထိုင်နေခဲ့၏။
လူငယ်လေးဘေး၌ မသေမျိုး တတိယအဆင့်သို့ ရောက်နေသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လေးထောင့်မျက်နှာနှင့် လူငယ်လေးတစ်ယောက် ရှိနေခဲ့၏။
ထိုလူများသည် အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးနေသည့်ပုံပင်။ သို့သော် ရန်ကိုင် ရောက်လာသည့် အခါ အကုန်လုံး ဆွေးနွေးနေခြင်းကို ရပ်တန့်လိုက်ပြီး အံ့အားသင့်နေသည့် အမူအရာများဖြင့်ရန်ကိုင်ကို စိုက်ကြည့်လာကြ၏။
“ခေါင်းဆောင်၊ ကျုပ်သူ့ကို ခေါ်လာခဲ့ပါပြီ” ရန်ကိုင်ကို ခေါ်လာသည့်လူက လက်သီးဆုပ်က ပြောလိုက်၏။ လူအိုကြီးက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်း၍ ထိုလူကို ထွက်သွားရန် အချက်ပြလိုက်၏။ ထိုလူသည် သူထွက်မသွားခင် ရန်ကိုင်အား နောက်တစ်ကြိမ် မလေးမစား ထပ်မလုပ်ရန် သတိပေးသွားခဲ့၏။
“ယီဖုန်း၊ သူက မင်းခေါ်လာတဲ့လူသားလား” လူအိုကြီးက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ရန်ကိုင်ကို စိုက်ကြည့်၍ မေးလိုက်၏။
ထိုအချိန်မှာပဲ သူ့ခန္ဓာကိုယ်ကို လာစစ်ဆေး နေသည့် ပူလောင်လောင် အရှိန်အဝါတစ်ခုကို ရန်ကိုင် ခံစားမိလိုက်၏။
“ဟုတ်ပါတယ်” လူအိုကြီးဘေးနား ရပ်နေသည့် လူငယ်လေးက ရန်ကိုင်ကို အထူးအဆန်းတစ်ခုပမာ စိုက်ကြည့်ရင်း အမြန် ပြန်ဖြေလိုက်၏။
“မင်းပြောတော့ သူသေတော့မှာဆို။ အခုဘာလို့ အကောင်းအတိုင်း ရှိနေရသေးတာလဲ” လူအိုကြီးက ထပ်မေးလိုက်၏။
ယီဖုန်းက ခေါင်းကုတ်၍ မျက်မှောင်ကြုံ့ကာ “ကျုပ်လည်း မသိဘူး။ သူ့ကို ခေါ်လာတုန်းက အချိန်မရွေး သေတော့မယ့် ပုံစံနဲ့။ အဲ့ဒါကြောင့် တစ်ရက်တောင် ခံပါ့မလားလို့ ကျုပ်တွေးနေခဲ့တာ… ဟေး၊ ကောင်းလေး၊ ဘာတွေဖြစ်ခဲ့တာလဲ။ မင်းကိုယ်မင်း ပြန်သက်သာသွားအောင် ဘယ်လိုလုပ်လိုက်တာလဲ”
ရန်ကိုင်က လူငယ်လေးကိုတစ်လှည့်၊ လူအိုကြီးကို တစ်လှည့် စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့၍ ပြန်မေးလိုက်၏ “ခင်ဗျားတို့ ပြောနေတဲ့ပုံအရ ခင်ဗျားတို့က လူသား မဟုတ်ဘူးမလား”
မျိုးနွယ်ခြား တစ်ခုကပဲ သူ့အား ‘လူသား’ဟု ခေါ်ဝေါ် သုံးစွဲပေလိမ့်မည်။
“ရိုင်းလိုက်တာ” ယီဖုန်း၏ အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး “မေးနေရင် ပြန်ဖြေ၊ အပိုတွေ လာမမေးနဲ့။ မဟုတ်ရင် မင်းပါစပ်ကို ထပ်မဟနိုင်အောင် လုပ်ပေးလိုက်မယ်”
ပြောပြီးသည်နှင့် စွမ်းအင်တန်းတစ်ခုကို ကြာပွတ်သဖွယ် ဖန်တီး၍ ရန်ကိုင် ခန္ဓာကိုယ်ကို ရိုက်ချလိုက်လေ၏။
ရွတ်…
ရန်ကိုင် ရင်ဘတ်ထက် သွေးစွန်းရာတစ်ခု ထွက်ပေါ်လာခဲ့၏။ အစစ်အမှန်ချီ စည်းခတ်ခြင်း ခံထားရဖသ◌ြင့် ထိုတိုက်ခိုက်မှုကို မည်သို့မှ မခုခံနိုင်ခဲ့ချေ။
ရန်ကိုင်သည် လှုပ်ရှားခြင်း မပြုခဲ့ဘဲ အံတင်းတင်း ကြိတ်၍သာ လူငယ်လေးကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့၏။
“သတ္တိတော့ရှိသားပဲ” ယီဖုန်းက လှောင်ပြောင်လိုက်ပြီး လက်ကိုမြှောက်၍ နောက်တစ်ကြိမ် ထပ်ရိုက်ရန် ပြင်လိုက်၏။
“တော်လောက်ပြီ ယီဖုန်း” လူအိုကြီးက ရုတ်တရက် ဝင်တားလိုက်၏။ ထို့နောက် ရန်ကိုင်အား အနည်းငယ် စိတ်ဝင်တစား အမူအရာဖြင့် ကြည့်၍ “လူသားမျိုးနွယ်က ကောင်လေး၊ မင်းက မခေဘူးပဲ။ ငါထင်တာသာ မမှားရင်၊ မင်းခန္ဓာကိုယ်က သာမန်သူတော်စင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက် မနိမ့်ကျတော့ဘူးမလား”
“ဘယ်လို” ယီဖုန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် “ဒါပေမယ့် သူ့ကျင့်ကြံခြင်းက မသေမျိုး ပထမအဆင့်ပဲ ရှိသေးတာလေ”
“သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ခဲ့လိုပဲ ဖြစ်ရမယ်။ အသက်ငယ်ငယ်လေးနဲ့ ဒီလောက် အားကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ တကယ့်ကို အထင်ကြီးစရာပဲ” လူအိုကြီးက ပြုံး၍ မေးလိုက်၏ “ဒီလိုခန္ဓာကိုယ်မျိုးရအောင် မင်းဘယ်လို လေ့ကျင့်ခဲ့တာလဲ”
“နေ့တိုင်း တစ်ယောက်ယောက်ကို ကြာပွတ်နဲ့ အကြိမ်တစ်ထောင် ရိုက်ခိုင်းတယ်လေ။ အဲ့လို ရိုက်ခံနိုင်ရင် ကျုပ်လို ခန္ဓာကိုယ်မျိုး ပိုင်ဆိုင် လာလိမ့်မယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံး၍ ပြန်မေးလိုက်၏။
“အရူးအလုပ်ပဲ။ ဒါပေမယ့် ဖြစ်တော့လည်း ဖြစ်နိုင်ပါတယ်” ရန်ကိုင် အမှန်ကို ပြောနေသလား၊ ပါးစပ်ထဲရှိရာကို ပြောနေသလား လူအိုကြီးမသိ။ ထို့ကြောင့် ယခုကိစ္စကို ဤနေရာတွင်ပင် ရပ်ထားလိုက်ပြီး အခြားကိစ္စတစ်ခုဆီသို့ ဦးတည်ချက် ပြောင်းလိုက်၏ “မင်းက လူသားတစ်ယောက် ဖြစ်နေလို့ အခုထိ အသက်ရှင်နေသေးတာ။ နတ်ဆိုးမျိုးနွယ်စုက အခြား တစ်ယောက်ဆိုရင်တော့ မင်းကံက အခုလောက်အထိ ကောင်းနေမှာ မဟုတ်ဘူး”
ပြောပြီးသည်နှင့် လူအိုကြီး၏ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့ပြီး “ကောင်လေး၊ ငါမင်းကို မေးခွန်းအချို့ ထပ်မေးမယ်။ မင်းပေးတဲ့ အဖြေက ငါ့ကို ကျေနပ်စေတယ် ဆိုရင် ရက်နည်းနည်းလောက် အသက်ထပ်ရှင်ခွင့် ပေးမှာပေါ့။ ငါသာ မကျေနပ်ဘူးဆိုရင်တော့… အကျိုးဆက်ကို မင်းသိပါတယ်”
နိမ့်ကျနေချိန် ဦးညွှတ်ရလေရာ ရန်ကိုင်လည်း ခေါင်းသာ ညိတ်ပြလိုက်၏။
“မင်းနဲ့ နတ်ဆိုးမျိုးနွယ်စုနဲ့ ဘယ်လို ဆက်စပ်လဲ”
“ဘာမှမဆက်စပ်ဘူး”
“မဆက်စပ်ဘူးလား။ ဒါဆိုရင် ဘာလို့ ဒီနေရာကို ရောက်လာတာလဲ။ ဘယ်ကနေ ရောက်လာတာလဲ”
“ပင်လယ်အောက်ခြေကနေ လာခဲ့တာ။ အဲ့က ရှေးဟောင်းအပျက်အစီးနယ်မြေမှ လေဟာနယ် လိုဏ်ခေါင်း တစ်ခု ရှိနေတယ်လေ။ ကျုပ်နဲ့ ကျုပ်အဖော်က အားကောင်းတဲ့ ပညာရှင်တစ်ယောက် လိုက်ဖမ်းတာ ခံနေရလို့ အဲ့က လေဟာနယ်လိုဏ်ခေါင်းကို သုံးပြီး ထွက်ပြေးလာခဲ့တာ။ ကျုပ်အသိပြန်ဝင်လာတဲ့ အချိန် ဒီနေရာကို ရောက်နေခဲ့တာပဲ”
ရန်ကိုင် ပြောနေစဉ်အတွင်း လူအိုကြီးသည် ရန်ကိုင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။ တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် လူအိုကြီးက ဆက်မေးလိုက်၏ “ငါ့ကို အသေစိတ်ပြောပြ”
ရန်ကိုင်လည်း ဖြစ်ကြောင်းကုန်စဉ်ကို ပြန်ပြောလိုက်၏။ လိမ်ညာခဲ့ခြင်း မပြုသလို ဘာကိုမှ ဖုံးကွယ်ရန်လည်း မကြိုးစားခဲ့ချေ။ တစ်ဖက်လူ၏ ခွန်အားသည် အရမ်းကိုမှ နက်နဲလှ၏။ လိမ်လိုက်၍ တစ်ဖက်လူက သတိပြုမိသွားမှဖြင့် အကျိုးနည်းနေ ပေလိမ့်မည်။
“သူတော်စင်အဆင့် ပညာရှင်တစ်ယောက် လက်ကနေတောင် ထွက်ပြေးနိုင်ခဲ့တာလား” လူအိုကြီး အံ့အားသင့်သွားခဲ့ပြီး “မင်းက တကယ်ကို တော်တာပဲ”
“ကံကြောင့်ပါပဲ။ ဒါတောင် သေလုနီးပါး ဖြစ်သွားခဲ့ရတယ်လေ…”
လူအိုကြီးက အသာအယာ ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်က နတ်ဆိုးမျိုးနွယ်စုနဲ့ ဆက်စပ်တယ်လို့ ခင်ဗျားဘာလို့ ထင်တာလဲ။ ပြီးတော့ ကျုပ်အဖော်ရော။ သူ့အခြေအနေ ဘယ်လိုရှိလဲ” ရန်ကိုင်က မေးလိုက်၏။
“ကောင်လေး၊ မင်းက တကယ်ကို အမေးအမြန်း ထူးတာပဲ” ယီဖုန်းက အေးစက်စက် လေသံဖြင့် နှာခေါင်း ရှုံ့လိုက်၏။
ရန်ကိုင်က အကျဉ်းသား ဖြစ်သော်ငြား သူ့ကို မေးခွန်း ပြန်မေးနေသည့်အတွက် လူအိုကြီး၏ မျက်ခုံကြောတို့ တွန့်ကွေးသွားခဲ့၏။ သို့သော် ပြန်၍ ဖြေလိုက်ပေသေး၏ “ဘာလို့လဲဆိုတော့ နတ်ဆိုးမျိုးနွယ်စုက လူတွေပဲ ဒီနေရာကို ဝင်လာဖူးတာလေ။ မင်းက ဒီနေရာကို ရောက်လာခဲ့တာ ပထမဆုံးလူသားပဲ။ ပြီးတော့ မင်းရဲ့ အဖော်အတွက် စိတ်ပူနေစရာ မလိုဘူး။ သူအဆင်ပြေတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရှိတာလေး တစ်ချက်ပဲ”
ပြောပြီးသည်နှင့် ယီဖုန်းဘက်လှည့်၍ “သူ့ကို တွေ့တဲ့နေရာဆီ သွားပြီး အခြားဝင်ပေါက်တစ်ခု ရှိမရှိ စစ်ဆေးကြည့်လိုက်။ တွေ့ရင် တစ်ခါတည်း ဖျက်စီးပစ်လိုက်”
ယီဖုန်းက ခေါင်းညိတ်မည်အပြု ရန်ကိုင်က ကြားဝင် ဖြတ်ပြောလိုက်၏ “သွားစစ်ဆေးနေစရာ မလိုဘူး။ ကျုပ်လာကတည်းက လေဟာနယ်လိုဏ်ခေါင်းကို တစ်ခါတည်း ဖျက်စီးပစ်ပြီးသွားပြီ”
“မင်းပြောတိုင်း ငါက ယုံရမှာလား” ယီဖုန်းက နှာခေါင်းရှုံ့လိုက်၍ ရန်ကိုင်ကို တစ်ချက် စိုက်ကြည့် လိုက်ပြီးနောက် လူအိုကြီးကို လက်သီးဆုပ်နှုတ်ဆက်ကာ အဖွဲ့တစ်ဖွဲ့ကို ခေါ်ပြီး ခန်းမထဲမှ ထွက်သွားလေ၏။
ယီဖုန်း ထွက်သွားပြီးနောက် လူအိုကြီးက ဆက်မေးလိုက်၏ “မင်း ယန်ကျင့်စဉ် တစ်ခုခုကို လေ့ကျင့်ထားတာလား”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
လူအိုကြီးက သွားပေါ်အောင် ပြုံးလိုက်ပြီး “လူသားထဲမှာ ယန်ကျင်စဉ်ကို လေ့ကျင့်တဲ့လူ သိပ်မရှိဘူး။ မင်းပုံအရ မင်းလေ့ကျင့်ထားတဲ့ ကျင့်စဉ်က မဆိုးတဲ့ပုံပဲ”
လူအိုကြီးက သူလေ့ကျင့်ထားသည့် ကျင့်စဉ်ကို စိတ်ဝင်စားနေသည်ဟု ထင်ကာ ရန်ကိုင် အမူအရာ တင်းကြပ်သွားခဲ့ရ၏။ သို့သော် သူဘာမှ ပြန်မပြော ရသေးခင်မှာဘဲ လူအိုကြီးက သူ့လက်ကို ဝှေ့ရမ်းပြီး “ဒါပေမယ့် မင်းတို့လူသားတွေ့ လေ့ကျင့်ထားတဲ့ အကောင်းဆုံး ယန်ကျင့်စဉ်က ငါတို့ဆီက ကျင့်စဉ်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး”
လူအိုကြီး ထိုစကားကို ပြောလိုက်သည်နှင့် အခန်းထဲတွင် ရှိနေသူအားလုံး ခေါင်းညိတ်လိုက်ကြပြီး ရန်ကိုင်ကို အထင်အမြင် သေးသေးဖြင့် စိုက်ကြည့် လိုက်ကြ၏။
ရန်ကိုင် စိတ်သက်သာရသွားခဲ့ပြီး ပြန်မေးလိုက်၏ “ခင်ဗျားတို့အားလုံးက ယန်ကျင့်စဉ်တွေကို လေ့ကျင့်ထားတဲ့ ပုံပဲ။ ခင်ဗျားတို့တွေက ဘယ်မျိုးနွယ်စုကလဲ။ ပြီးတော့ ဒီနေရာက ဘယ်နေရာလဲ”
“ငါတို့လား” လူအိုကြီးက သူ့နှုတ်ခမ်းမွှေးကို ပွတ်သပ်လိုက်ပြီး “ငါတို့က လူသားမျိုးနွယ်စုကပဲ။ ဒါပေမယ့် လူသားလည်း မဟုတ်ဘူး”
လူအိုကြီး ပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။
“ငါတို့ဘိုးဘေးတွေက လူသားမျိုးနွယ်စုကပဲ။ ဒါပေမယ့် ငါတို့တွေက လူသားတွေနဲ့ နည်းနည်းလေး ကွဲပြားတယ်” လူအိုကြီးက ဆက်လက် ရှင်းမပြတော့ဘဲ “ဒီနေရာက ငါတို့အိမ်ပဲ။ မင်းတို့ အပြင်လူတွေကတော့ ဆန်းကြယ်လောကငယ်လို့ ခေါ်တာပေါ့”
“မြေအောက်လိုဏ်ခေါင်းထဲမှာ လူတွေအများကြီး ကျုပ်တွေ့ခဲ့တယ်။ သူတို့တွေက နတ်ဆိုးမျိုးနွယ်စုက မလား။ ခင်ဗျားတို့နဲ့ နတ်ဆိုးမျိုးနွယ်စုကြားမှ ဘယ်လို အမုန်းတရားတွေ ရှိနေတာလဲ”
“ကောင်လေး၊ မင်းက အရမ်းမေးတာပဲနော်။ မင်းလည်း ကိုယ်နေရာကိုယ်မသိတဲ့ အရူးတွေနဲ့ အတူတူပဲနဲ့ တူပါတယ်” လူအိုကြီးက ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်၏။
သို့သော် အံတင်းတင်းကြိတ်၍ ရေရွတ်လိုက်၏ “ငါတို့နဲ့ နတ်ဆိုးမျိုးနွယ်စုကြားက အမုန်းတရားက ဘယ်လိုမှကို ကြေအေးလို့ မရတော့တာ။ တစ်နေ့ကျရင် နတ်ဆိုးမျိုးနွယ်စုတစ်ခုကို ငါတို့ သုတ်သင်ပစ်မှာ။ မင်းကိုတော့၊ အခုလောလောဆယ်တော့ ငါတို့ မင်းကို သတ်ဦးမှာ မဟုတ်သေးဘူး။ မင်းရဲ့ ထူးခြားနဲ့ ခန္ဓာကိုယ်က ငါတို့အတွက် နည်းနည်းပါးပါး အသုံးဝင်သေးတယ်”
ပြောပြီးသည်နှင့် မျက်လုံးမှေးစဉ်းလျက် ရန်ကိုင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီးနောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “သူ့ကို ခေါ်သွားတော့”
အစောင့်တွေထဲမှတစ်ယောက် ရောက်လာပြီး ရန်ကိုင်ကို တံခါးပေါက်ဆီ တွန်းထုတ်လိုက်၏။
ရန်ကိုင် ထွက်သွားပြီးနောက် ခန်းမထဲတွင် ရှိနေသူအားလုံး တစ်ယောက်တစ်ပေါက် ထပြောကြတော့လေ၏။
“ခေါင်းဆောင်။ အဲ့လူငယ်လေးရဲ့ ခန္ဓာကိုယ်က တကယ်ကို ထူးခြားတာ။ ပြီးတော့ သူက ယန်ကျင့်စဉ်ကို လေ့ကျင့်သေးတယ်။ ကျုပ်တို့သာ သူ့ကို နတ်ဘုရား သစ်ပင်ရဲ့ မြေဩဇာအဖြစ် ပြောင်းပစ်လိုက်ရင် နတ်ဘုရား သစ်ပင်လည်း ခဏလောက် တည်ငြိမ်သွားနိုင်တယ်”
“ဟုတ်တယ်။ အခုနောက်ပိုင်း နတ်ဘုရား သစ်ပင်က ပိုပိုပြီး မတည်မငြိမ် ဖြစ်လာတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျုပ်တို့ နေစရာ ပျောက်လိမ့်မယ်”
“အဲ့နတ်ဆိုးမျိုးနွယ်စုက ကောင်တွေနဲ့ ဖြေရှင်းတာက ရေရှည် ကောင်းတာ မဟုတ်ဘူး။ နတ်ဘုရားသစ်ပင် ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ အဖြေထုတ်ဖို့ လိုအပ်တယ်။ နတ်ဘုရားသစ်ပင်သာ တစ်ခုခု ဖြစ်သွားရင်… ကျုပ်တို့ ကလန်တစ်ခုလုံး ပျက်စီးရလိမ့်မယ်”
“မင်းတို့အားလုံး သောက်ပါးစပ် ပိတ်ထားကြစမ်း” လူအိုကြီးက ထအော်လိုက်ကာ “ဒီလူအိုကြီလည်း အဲ့ပြဿနာကို မဖြေရှင်းချင်ဘူးလို့ မင်းတို့ ထင်နေတာလား။ နတ်ဘုရားသစ်ပင် ဘာလို့ အဲ့လို ဖြစ်နေတာကိုတောင် မသိသေးတာကို ဘယ်လိုလုပ်ပြီး ဖြေရှင်းမှာလဲ”
ထိုစကားကို ကြားသည်နှင့် အားလုံး၏ အမူအရာ ညိုးကျသွားခဲ့၏။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် လူအိုကြီးက အမိန့်တစ်ခု ထပ်ထုတ်လိုက်၏ “ရှုချို၊ အဲ့ကောင်လေးကို ကောင်းကောင်းဂရုစိုက်ထားဖို့ ကလန်သားတွေကို သွားသတိပေးလိုက်။ သူ့ကို အကောင်းဆုံး အစာတွေပဲ ကျွေးထား။ စည်းခတ်ထားတာတွေကိုလည်း ဖြေပေးလိုက်။ ပြီးတော့ နတ်ဘုရားသစ်ပင်ရဲ့ အသီးလည်း ကျွေးလိုက်ဦး။ သူ့ရဲ့ အကောင်းဆုံး အခြေအနေကို အမြန်ဆုံး ပြန်ရောက်စေချင်တယ်”
“နားလည်ပါပြီ” ရှုချိုဆိုသော လူက ထိုင်ရာမှထ၍ ခန်းမထဲမှ ထွက်သွားလိုက်လေ၏။
ခန်းမထဲတွင် ရှိနေသူအားလုံး မျှော်တင့်တကြီးဖြင့် လက်သီးတင်းတင်း ဆုပ်မိလိုက်ကြ၏။ သူတို့ ခေါင်းဆောင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို သူတို့ မသိဘဲ နေမည်လော။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၄) မင်းတို့လူသားတွေကို ငါအရွံဆုံးပဲ
ရန်ကိုင်သည် အကျဉ်းထောင်ဆီသို့ ပြန်ခေါ်သွားခြင်း ခံခဲ့ရပြီး အခန်းသစ်တစ်ခန်းဆီသို့ ရောက်သွားခဲ့ရ၏။
ထိုအခန်းထဲတွင် နောက်ထပ် လူတစ်ယောက် ရှိနေခဲ့ပြီး ထိုလူသည် ညိုးကျထိုင်းမှိုင်းစွာဖြင့် ထောင့်တစ်ထောင့်တွင် ထိုင်လျက် ငိုရှိုက်နေ၏။
လှုပ်လှုပ်ယှတ်ယှတ် အသံကြားသဖြင့် ထိုလူလည်း မော့ကြည့်လိုက်၏။ သို့သော် ရန်ကိုင်ကို မြင်လိုက်သည်နှင့် သူမ၏ မျက်နှာ လှလှလေး ချက်ချင်း ဝင်းပသွားခဲ့ပြီး “ရန်ကိုင်လား”
ပြောနေရင်း ထိုင်နေရာမှ ချက်ချင်း ကုန်းထလိုက်ပြီး ရန်ကိုင်ဆီ ပြေးလာကာ သူ့ဒဏ်ရာ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ ရန်ကိုင် ခန္ဓာကိုယ်၌ ဘာဒဏ်ရာမှ မရှိတော့မှန်း သိလိုက်ရသည့်အခါတွင်မူ သူမ လုံးဝကို အံ့အားသင့်သွားခဲ့ရ၏။
အန်လင်းအာသည် အခြားအခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရ၏။ သူမသည်လည်း အခြားသူများကဲ့သို့ ရန်ကိုင်သည် သေလျှင်သေ၊ မသေလျှင် ဒုက္ခိတတစ်ယောက် ဖြစ်သွားမည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ရန်ကိုင်သည် အကောင်းပကတိအတိုင်း ရှိနေဦးမည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ချေ။
တိုးတိုးနေရန် ရန်ကိုင်က အန်လင်းအာကို မျက်လုံးဖြင့် အချက်ပြလိုက်၏။ အခန်းအပြင်ဘက်ရှိ အစောင့်နှစ်ယောက် ထွက်သွားတော့မှာသာ သူမကို အခန့်ထောင့်ဆီ ခေါ်သွားလိုက်၏။
“နင်အဆင်ပြေလား” ရန်ကိုင်က မေးလိုက်၏။ အန်လင်းအာသည် ငိုကြွေးထားသဖြင့် သူမ၏ မျက်လုံးများ မို့အစ်နေသည်မှလွဲ၍ သူမ၏ အဝတ်အစားနှင့် မျက်နှာသည် အကောင်းအတိုင်း ရှိနေသေး၏။
အန်လင်းအာက ခေါင်းညိတ်လိုက်ပြီး “ငါအဆင်ပြေတယ်။ သူတို့ ငါ့ကို ဘာမှမလုပ်ခဲ့ဘူး။ နင်ကော”
“ငါလည်း အဆင်ပြေတယ်” ရန်ကိုင်က ပြုံးပြလိုက်၏။
“ဒါဘယ်နေရာလဲ။ အဲ့လူတွေ ဘယ်သူလဲဆိုတာကို နင်သိလား။ ဘာလို့ ငါတို့ကို အကျဉ်းချထားတာလဲ”
“ငါလည်း သေချာမသိသေးဘူး။ ငါသိတာဆိုလို့ သူတို့တွေက လူသားဟုတ်တဲ့ပုံ မပေါ်ဘူး။ ပြီးတော့ သူတို့နဲ့ နတ်ဆိုးမျိုးနွယ်စုတွေကြားမှာ မကျေချမ်းနိုင်တဲ့ အမုန်းတရားတွေ ရှိနေတယ်” ရန်ကိုင် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ရာ သူတို့အား စပ်စုလိုစိတ်ဖြင့် စိုက်ကြည့်နေသော မျက်ဝန်းများကို တွေ့လိုက်ရ၏။ ထိုမျက်လုံးများ၏ နောက်ကွယ်ရှိ နတ်ဆိုးအရှိန်အဝါ ဖျော့ဖျော့ကို ရန်ကိုင် အသေအချာ အာရုံခံမိ၏။
ထိုလူများသည် ဤနေရာသို့ ဖမ်းခေါ်လာခြင်း ခံရသည့် နတ်ဆိုးမျိုးနွယ်စုဝင်များပင် ဖြစ်လေ၏။
“မြေခွေပါးစပ်ကလွတ်ပြီး ကျားပါးစပ်ထဲ ရောက်သွားရတယ်လို့။ ကံဆိုးလိုက်တာ” အန်လင်းအာက သက်ပြင်း အမောကြီး ချလိုက်၏။
“အနည်းဆုံး နင့်ဒေါ်လေးနန် ငါတို့ကို ရှာတွေ့မှာ မဟုတ်သေးဘူးလေ” ရန်ကိုင်က ထိုင်ချရင်း ပြောလိုက်၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ယခင်မျိုးဆက် သူတော်စင်မ၏ လိုက်သတ်ခြင်း ခံရ၍ ထွက်ပြေးရသည်နှင့် စာလျှင် ယခုလောလောဆယ် အချိန်၌ ဤနေရာသည် ပို၍ လုံခြုံပေ၏။
ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် အန်လင်းအာလည်း အတော်လေး စိတ်ရွှင်လန်းလာ၏။ ထို့နောက် သူ့ဘေးနားထိုင်ချ၍ သူ့နား ပူးကပ်နေလေ၏။
ရန်ကိုင်သည် သူမ အပြုအမူကို စိတ်ထဲမထားဘဲ ဘေးပတ်လည်ရှိ နတ်ဆိုးမျိုးနွယ်စုဝင်များကိုသာ အာရုံ စိုက်ထားလိုက်၏။ ထိုလူများ၏ နတ်ဆိုးချီနှင့် ကောင်းကင်စိတ်အာရုံသည် စည်းခတ်ခြင်း ခံထားရ၏။ စည်းခတ်ခြင်း မခံထားရလျှင်ပင် ဤနေရာရှိ သိပ်သည်းလှသော ယန်ချီကြောင့် သူတို့၏ နတ်ဆိုးချီ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။
ဤနေရာ၌ ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးသော နတ်ဆိုးအမျိုးမျိုးကို ဖမ်းဆီးထားကြ၏။ ကျင့်ကြံခြင်း အဆင့် အတိအကျကိုမူ ရန်ကိုင် မပြောနိုင်ချေ။ သူ့အသိစိတ်ပင်လယ် စည်းခတ်ထားခြင်း ခံရသဖြင့် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်သေးချေ။
ရန်ကိုင်က သူ့အနီးအနားဝန်းကျင်ရှိ လူများကို လေ့လာနေစဉ် လူတစ်ယောက် သူ့အခန်းဆီသို့ ရုတ်တရက် ရောက်လာခဲ့၏။
ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ထိုလူကို စစ်ဆေးကြည့်လိုက်၏။
ထိုလူကို ရန်ကိုင် ယခုလေးတင် မြင်ခဲ့ဖူး၏။ သူ၏ အဆင့်အတန်းသည် အတော်လေးကို မြင့်မားလှရာ နန်းတော်သခင်တွေထဲက တစ်ယောက်ဟုတောင် ဆို၍ ရ၏။
ထိုလူသည် အပြင်ဘက်တွင် ရပ်၍ ရန်ကိုင်ကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လိုက်၏။ ခဏအကြာ၌ နောက်ထပ်လူများစွာ ထပ်မံ ထွက်ပေါ်လာ၏။
“အခန်းကို ဖွင့်လိုက်” ဦးဆောင်လာသည့် လူက အစောင့်အကြပ်ကို ပြောလိုက်ရာ အစောင့်လည်း အခန်းတံခါးကို ချက်ချင်း ဖွင့်ပေးလိုက်လေ၏။
ထိုလူများ အခန်းထဲသို့ ရောက်လာသည်နှင့် အခန်းတစ်ခုလုံး သင်းပျံ့မွှေးကြိုင်သွားခဲ့၏။ ရန်ကိုင်လည်း အတော့်ကိုမှ အံ့အားသင့်နေခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူများသည် လှလှပပ စီစဉ်ထားသော စားကောင်းသောက်ဖွယ်များနှင့် ဝိုင်ကရားများစွာကို သယ်ဆောင်လာသောကြောင့်ပင် ဖြစ်၏။
“ကောင်လေး၊ မင်းကံကို ကျေးဇူးတင်သင့်တယ်။ ငါတို့ခေါင်းဆောင်က မင်းကို စောင့်ရှောက်ဖို့ပြောထားလို့ ဒါတွေကို လာပို့ပေးတာပဲ” ခေါင်းဆောင်လာသည့် လူကြီးက နှာခေါင်းရှုံ့၍ ရန်ကိုင်ကိုယ်ထဲ အစစ်အမှန်ချီ လှိုင်းတစ်လှိုင်း ပစ်သွင်းလိုက်၏။
သူ့ကိုယ်ရှိ စည်းအားလုံး ရုတ်တရက် ပျောက်ကွယ် သွားသည်ကို ရန်ကိုင် ခံစားလိုက်ရပြီး အစစ်အမှန်ချီ ကိုလည်း နောက်တစ်ကြိမ် ပြန်အသုံးပြုလာနိုင်ခဲ့၏။
သို့သော် ရန်ကိုင် ချက်ချင်း မလှုပ်ရှားသေးချေ။ မပိုင်ဘဲ အကွက်ရွေ့လျှင် ငါးပါးမှောက်နိုင်၏။
အစားအသောက်များကို ရန်ကိုင်ရှေ့တွင် ချထားပေးလိုက်ပြီးနောက် ဦးဆောင်လာသည့် လူက ထူးမခြားနားဟန်ဖြင့် ရပ်ကြည့်နေ၏။
“ဒါဘာအဓိပ္ပါယ်လဲ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။ စားကောင်းသောက်ဖွယ်များ ယူလာပေးရုံမက ဝိုင်ကရားများပါ ယူလာပေးခြင်း၊ သူ့အစစ်အမှန်ချီနှင့် အသိစိတ်ပင်လယ်အား စည်းခတ်ထားသည်ကို ဖြေပေးခဲ့ခြင်း၊ ထိုကဲ့သို့ ရှင်းပြမရနိုင်သော အပြုအကြောင့် ရန်ကိုင်လည်း ချက်ချင်း သတိချပ်လိုက်မိ၏။
အလကားရသည့် နေလယ်စာဟူ၍ မရှိချေ။
“ဘာမှမဟုတ်ဘူး” ထိုလူက နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကို ဖွင့်လိုက်ရာ လက်သီးအရွယ် ဝါဖြော့ဖြော့ အသီးလေးတစ်လုံး ထွက်ပေါ်လာခဲ့၏။ ထိုအသီး ပေါ်လာသည်နှင့် အခန်းတစ်ခန်းလုံး သိပ်သည်းလှသော ယန်ချီများဖြင့် ပြည့်သွားသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ထိုအသီးကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလိုက်၏။
“ဒီလောက် ပေးပြီးတာတောင် သံသယဝင် နေတုန်းပါလား။ မြန်မြန် စားလိုက်” ထိုလူက အသီးကို ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်၏။ ရန်ကိုင်လည်း အသီးကို ဖမ်းယူလိုက်ပြီး ထိုလူကို သင်္ကာမကင်း အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်၏။
ဦးဆောင်လာသော လူသည် ဘာမှ ထပ်မပြောတော့ဘဲ သူ့လူများကို ဦးဆောင်၍သာ အခန်းထဲမှ ပြန်ထွက်သွားလေ၏။
ခဏအကြာ၌ ထိုအဖွဲ့ ပျောက်ကွယ်သွားခဲ့၏။
ရန်ကိုင်သည် သူ့ရှေ့ရှိ စားစရာများကို ချက်ချင်း မစားသေးဘဲ သေသေချာချာ ထိုင်စဉ်းစားလိုက်၏။ သို့သော် မည်သို့ပင် စဉ်းစားစေကာမူ ထိုလူများ ဘာလုပ်ချင်နေသည်ကို သူလုံးဝ မတွေးတောနိုင် ဖြစ်နေခဲ့၏။
ရုတ်တရက် သူ့ဘယ်ဘက် အခန်းဆီမှ ထူးဆန်းသည့် ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး “လူသားကောင်လေး၊ မင်းရဲ့ ကံက မဆိုးလှပါလား။ မသေခင်တောင် ကောင်းကောင်း ကန်ကန်း စားသွားရသေးတယ်။ အဲ့ခွေးသူတောင်းစား ကောင်တွေက မင်းကို တော်တော်လေး တန်ဖိုးထားတဲ့ ပုံပဲ”
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး အသံထွက်ပေါ်ရာ နေရာဆီ လှမ်းကြည့်လိုက်၏။ သို့သော် အရမ်း မှောင်လွန်းသဖြင့် ထိုလူပုံစံကို သေချာ မမြင်ခဲ့ရချေ။
မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ရင်းရင်းနှီးနှီး ရယ်မောလျက် ပြန်မေးလိုက်၏ “မိတ်ဆွေ၊ အားလုံးက တစ်လှေတည်း စီးနေရတဲ့ လူတွေပဲလေ။ ဘာလို့ တစ်ယောက်ကိုတစ်ယောက် လှောင်ပြောင်နေချင် ရတာလဲ။ မင်းရော လိုချင်လို့လား”
“မလိုပါဘူး။ မင်းကံကောင်းပါစေကွာ” ထိုလူက ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ခပ်ပြတ်ပြတ် ငြင်းပယ် ပစ်လိုက်၏။
“အဆိပ်ခတ်ထားလို့လား” အန်လင်းအာက စိုးရိမ်နေသည့် လေသံလေးဖြင့် မေးလိုက်၏။
“အတွေးမလွန်နဲ့” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။ ထိုလူများသာ သူတို့ကို သတ်ချင်လျှင် ယခုကဲ့သို့ လုပ်နေစရာ မလိုချေ။ သူတို့ ခွန်အားနှင့်ပင် ရန်ကိုင်နှင့် အန်လင်းအာကို ချက်ချင်း တန်းသတ်ပစ်နိုင်လေရာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အလုပ်ရှုပ် ခံနေရမည်နည်း။
ထို့အပြင် ထိုအရာက ဘာမှန်း ရန်ကိုင် မသိသော်လည်း ထိုအသီးသည် ပုံမှန်မဟုတ်သည့် အရာ တစ်ခုခု ဖြစ်ရပေမည်။ အနည်းဆုံး ထိုအသီးသည် ယန်ဓါတ် ပေါကြွယ်ဝသည့် စိတ်ဝိဥာဉ် အထွတ်အထိပ် အဆင့် အသီးတစ်လုံး ဖြစ်ပေ၏။
ထိုကဲ့သို့သော အသီးတစ်လုံးသည် ရန်ကိုင်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိ လူတစ်ယောက်အတွက် အားပြန်ပြည့်လာရန် လုံလောက်၏။
“စားလိုက်၊ ဒါတွေကို အဆိပ်ခတ်မထားဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ကို အန်လင်းအာ လက်ထဲ ထည့်ပေးလိုက်၏။
အစစ်အမှန်ချီနှင့် စိတ်စွမ်းအင် စည်းခတ် ခံရပြီးနောက် အန်လင်းအာမှ ကြောက်ကြောက်လန့်လန့် ဖြင့် အကျဉ်းခန်းထဲ နေခဲ့ရ၏။ သူမလည်း အားပြန်ဖြည့်ရန် လိုအပ်နေလေရာ ချက်ချင်းပဲ စစားတော့လေ၏။
ရန်ကိုင်သည်လည်း သူ့ရှေ့တွင် လာချပေးထားသော အစားအစာ မှန်သမျှကို အပီအပြင် ဆွဲတော့လေ၏။ သူ့အား ပေးထားသော အသီးကို စားပြီးနောက် ယန်အရည်စက် အနည်းငယ် ဖန်တီးနိုင်ခဲ့၏။
ဤရက်အတောအတွင်း ဤနေရာရှိ လူများသည် ရန်ကိုင်ဆီသို့ နေ့တိုင်း အစာလာပို့ပေး၏။
ရန်ကိုင်လည်း ပတ်ဝန်းကျင် အသစ်နှင့် နေသား ကျနေလေပြီ။ ဤရက်များအတွင်း သူ့ဒဏ်ရာများ အပြည့်အဝ သက်သာသွားရုံမက သူ့ခွန်အားပင် မဆိုသလောက်ကလေး တိုးတက်လာသေး၏။ ယခု နေရာသည် အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ရန် အတွက် နေရာကောင်းတစ်ခုပင် ဖြစ်လေ၏။
ရန်ကိုင်နှင့် အန်လင်းအာတို့ နေ့စဉ်နေ့တိုင်း ကောင်းကောင်းကန်းကန်း စားသောက်နေရသည်ကို မြင်ဖန်များလာရသော် ဘေးဘက်အခန်းရှိ နတ်ဆိုးမျိုးနွယ်စုဝင်များ မပျော်မရွှင် ဖြစ်လာခဲ့ကြ၏။
အကျဉ်းသားချင်း တူသော်လည်း ဆက်ဆံခံရပုံမှာ မိုးနှင့်မြေအလား ကွာခြားလှ၏။
ဘယ်ဘက်အခန်းရှိ နတ်ဆိုးမျိုးနွယ်စုဝင်သည် ရန်ကိုင်အနေဖြင့် မကြာခင်မှာပဲ အသတ်ခံရမည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော် ရက်ပေါင်းများစွာ ကြာပြီးသည့်တိုင် ရန်ကိုင်သည် မည်သည့် ပြဿနာမှ မကြုံတွေ့ရရုံမက အမျိုးမျိုးသော စားကောင်း သောက်ဖွယ်များကိုပင် စားနေရသေးလေရာ ထိုလူမှာ လုံးဝကို ပြောစရာစကား မဲ့သွားခဲ့ရ၏။
ငါးရက်လောက် ကြာပြီးနောက် ရန်ကိုင်သည် အကျဉ်းခန်းထဲ တင်ပလင်ခွေ ထိုင်နေစဉ် မတည်ငြိမ်သော ယန်စွမ်းအင်လှိုင်းများကို ရုတ်တရက် အာရုံခံမိလိုက်၏။
မျက်မှောင်ကြုံ၍ ဘာတွေ ဖြစ်ပျက်နေလဲ သိရရန် စစ်ဆေးကြည့်လိုက်သော်ငြား အသုံးဝင်သည့်အရာ ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
တစ်ဖက်တွင်မူ ထိုစွမ်းအင်လှိုင်းများကို အာရုံ ခံမိသည်နှင့် နတ်ဆိုးမျိုးနွယ်စုဝင် အားလုံး တိတ်ဆိတ် သွားခဲ့ကြပြီး ဂနာမငြိမ် ဖြစ်လာခဲ့ကြ၏။
“သူတို့တွေ ဘာဖြစ်နေတာလဲ” အန်လင်းအာက ရန်ကိုင်နား တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။
ရန်ကိုင် ခေါင်းခါလိုက်၏။ သူ့အမူအရာသည်လည်း လေးနက်လာခဲ့လေ၏။
ခဏအကြာ၌ ခြေသံများစွာ ထွက်ပေါ်လာခဲ့ပြီး အကျဉ်းထောင်ထဲသို့ လူပေါင်းများစွာ ဝင်လာခဲ့၏။ ထိုလူများသည် နတ်ဆိုးမျိုးနွယ်စုဝင် အချို့ကို ကန်ကျောက်၊ အော်ဟစ်ရင်း ဆွဲခေါ်သွားခဲ့ကြ၏။
သူတို့၏ ခွန်အားမှ စည်းခတ်ထားခြင်း ခံရသဖြင့် နတ်ဆိုးမျိုးနွယ်စုဝင်များသည် ပြန်မတိုက်နိုင်ဘဲ ဆွဲခေါ်ရာသို့သာ လိုက်ပါသွားခဲ့ရ၏။
ထိုအကျဉ်းသားများကို ဆွဲခေါ်သွားပြီးနောက် အကျဉ်းခန်းတံခါး နောက်တစ်ကြိမ် ပြန်ပိတ်သွားခဲ့၏။
ကျန်ရှိနေကြသော နတ်ဆိုးမျိုးနွယ်စုဝင်များကမူ စတင် ကျိန်ဆဲကြလေရာ ခဏအကြာ၌ အခန်း တစ်ခန်းလုံး ပွက်ပွက်ညံအောင် ဆူညံလာတော့၏။
“တော်လောက်ပြီး။ မင်းတို့အားလုံး ပါးစပ် ပိတ်ထားလိုက်တော့။ အော်နေလို့ အသုံးဝင်မယ် ထင်လား” ရန်ကိုင်ကို စကားပြောခဲ့သည့် နတ်ဆိုး မျိုးနွယ်စုဝင်က အော်ဟစ်လိုက်၏။
မကြာခင်မှာပဲ အာလုံး တိတ်ဆိတ်သွားခဲ့၏။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်လည်း ထိုလူကို စိတ်ဝင်တစား စိုက်ကြည့်လိုက်၏။ ထိုလူသည် နတ်ဆိုး မျိုးနွယ်စုထဲ အဆင့်အတန်းတစ်ခုရှိသည့် ပုံပင်။ မဟုတ်လျှင် သူအော်လိုက်သည်နှင့် အကုန်လုံး တိတ်ကျသွားလိမ့်မည် မဟုတ်ချေ။
အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကုန်ဆုံးသွားပြီးနောက် မတည်ငြိမ်သော စွမ်းအင်လှိုင်းတို့ ငြိမ်ကျသွားခဲ့၏။
အကုန်လုံး သိသိသာသာကို စိတ်ဓါတ်ကျသွားခဲ့ပြီး ငေးငေးငိုင်ငိုင် ဖြစ်ကုန်ကြလေ၏။
ထိုအခြင်းအရာကို မြင်သော် ထိုနတ်ဆိုး မျိုးနွယ်စုဝင်များ တစ်ခုခု သိလောက်လောက်မည်မှန်း ရန်ကိုင် သိလိုက်၏။
တစ်ရက်ကြာပြီးနောက် ရန်ကိုင်ဆီသို့ အစားအသောက်များ ထပ်မံရောက်လာခဲ့၏။ ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် အစားအစားများကို ချက်ချင်း မစားသေးဘဲ ဝိုင်တစ်ကရားကို ယူ၍ သူ့ဘယ်ဘက်ရှိ နတ်ဆိုးမျိုးနွယ်စုဝင်ဆီ သွားလိုက်ကာ ရင်းရင်းနှီးနှီး လေသံဖြင့် “မင်းရော သောက်ချင်းလား။ ဒီဝိုင်က သိပ်မဆိုးဘူး”
အမှောင်ထုထဲမှ မျက်ဝန်းတစ်စုံသည် ရန်ကိုင်ကို ဖြည်းဖြည်းချင်း စိုက်ကြည့်လာခဲ့၏။ ခဏကြာပြီးနောက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာခဲ့၏။
“ငါက လူသား၊ မင်းက နတ်ဆိုး၊ ငါတို့ မျိုးနွယ်စု နှစ်ခုကြားက ဆက်ဆံရေးကလည်း ကောင်းတာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ဆီမှာ စကားပုံတစ်ခုရှိတယ် ‘ကိုယ့်ရန်သူရဲ့ ရန်သူက ကိုယ့်မိတ်ဆွေပဲတဲ့’ မင်းဘယ်လို ထင်လဲ” ရန်ကိုင်က ဆက်ပြောလိုက်၏။
ထိုနတ်ဆိုးမျိုးနွယ်စုဝင်က တစ်ခဏလောက် စဉ်းစားလိုက်ပြီး “ဟန့်၊ မင်းတို့လူသားတွေက အရမ်းကို ကောက်ကျစ်ဥာဏ်များကြတဲ့ ကောင်တွေ။ ဒါပေမယ့် မင်းကတော့ အဲ့လောက်ကြီး မုန်းစရာကောင်းတဲ့ပုံ မပေါက်ဘူးပဲ”
ပြောပြီးသည်နှင့် မတ်တပ်ရပ်၍ အကျဉ်းခန်း နှစ်ခု ကပ်လျက်နေရာဆီ သွားလိုက်ပြီး ထိုင်ချလိုက်ကာ ရန်ကိုင်ပေးသည် ဝိုင်ကရားကိုယူ၍ မော့ချလိုက်၏။
ခဏကြာပြီးနောက် ဝိုင်တစ်ကရားလုံး ကုန်သွားခဲ့ရာ ရန်ကိုင်က နောက်ထပ် ဝိုင်တစ်ကရား ထပ်ပေးလိုက်၏။
ရန်ကိုင်က ခခယယ လုပ်နေသည်ကို မြင်သော် နတ်ဆိုးမျိုးနွယ်စုဝင်က လှောင်ပြောင်ပြောဆိုလိုက်၏ “ငါမင်းတို့ လူသားတွကို အရွံ့ဆုံးပဲ။ အားကြီးတဲ့သူနဲ့ တွေ့ရင် ခယဝပ်တွားလိုက်တာ။ အားနည်းတဲ့လူနဲ့လည်း တွေ့ရော မိုးထိမတတ်ကို မောက်မာပြတော့တာပဲ”
“ဟဲဟဲ” ထိုလူစကားကြောင့် ရန်ကိုင် ဒေါသ ထွက်သွားခြင်း မရှိခဲ့။ ရယ်ရယ်မောမောဖြင့်သာ “အရင်သောက်လိုက်ပါဦး။ နောက်မှ စကားပြောကြတာပေါ့”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း(၇၆၅) သေခြင်းတရား နီးကပ်လာခြင်း
အစားအသောက်များ အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့၏။
နတ်ဆိုးမျိုးနွယ်စုမှ လူသည် ဆက်လက် ဆဲရေးမနေတော့သော်ငြား ရန်ကိုင်ကို အထင်သေး၊ အမြင်သေးဖြင့် စိုက်ကြည့်နေဆဲ။
“မင်းမေးချင်တာ တစ်ခုခုရှိလို့လား” ရန်ကိုင် ဘာကြံနေလဲ သိလေရာ ထိုလူက အရင်စမေးလိုက်၏။
ရန်ကိုင်က ပြုံးရုံသာ ပြုံးလိုက်ပြီး သူ့နာမည်ကို အရင်ပြောပြလိုက်ပြီးနောက် “မိတ်ဆွေရဲ့ နာမည်ကို မသိရသေးဘူးနော်”
ထိုလူ မျက်မှောင်ကြုံ့သွားခဲ့ပြီး မပြောချင် ပြောချင်ဖြင့် ပြန်ပြောလိုက်၏ “ကျိုးချဲ”
ထိုနာမည်ကို ကြားသော် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခြင်း မရှိသော်လည်း အနားတွင် ရှိနေသော အန်လင်းအာကမူ ပါးစပ်လေးကို လက်ဖြင့်အုပ်၍ အလန့်တကြား ထအော်လေ၏။
“ဟန်” ရန်ကိုင်က အန်လင်းအာဆီ အကြည့်လှည့်လိုက်၏။
“ရှင်က ကျိုးချဲဆိုတာ တကယ်ပဲလား” အန်လင်းအာက ထိုနတ်ဆိုးမျိုးနွယ်စုဝင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်၏။
“ဟုတ်တယ်”
“ဘုရားရေ၊ ရှင်က တကယ်ကြီး ကျိုးချဲပဲ။ ဒါနဲ့ နေစမ်းပါဦး၊ ရှင်က ဒီမှာ ဘယ်လိုလုပ်ပြီး အချုပ်ကျနေတာလဲ”
“သူက ကျော်ကြားလို့လား” ရန်ကိုင်က အန်လင်းအာကို မေးလိုက်၏။
ကျိုးချဲက နှာခေါင်းရှုံ့လိုက်ပြီး နှုတ်ခမ်းအစုံကို တွန့်ကွေး၍ “လူသားကောင်လေး၊ မင်းကို တော်ပါတယ်လို့ ထင်နေခဲ့တာ။ တကယ်တော့ မင်းက ဘာမှမသိတဲ့ ကောင်ပဲ”
“အာနာပေမယ့် ခင်ဗျားအကြောင်းကို ကျုပ်တစ်ခါမှ မကြားဖူးဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်၏။
အန်လင်းအာက သူမ၏ နှုတ်ခမ်းလေးကို သပ်၍ တိုးတိုးလေး ပြောလိုက်၏ “ကျိုးချဲဆိုတဲ့ နာမည်ကို ကြားဖူးပေမယ့် တကယ် ကျော်ကြားတာက သူမဟုတ်ဘူး။ နတ်ဆိုးဗိုလ်ချုပ် လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သူ့အဖေ ကျိုးချုန်ပဲ”
“မင်းရဲ့ လူအိုကြီးက နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်လား” ရန်ကိုင်လည်း ထိတ်လန့်သွားခဲ့၏။
‘နတ်ဆိုးဗိုလ်ချုပ်’ ဆိုသော ခေါင်းစဉ်ကို ရန်ကိုင် အတော်လေး ရင်းနှီးပေး၏။ တိမ်မိစ္ဆာနယ်မြေထဲရှိ မိစ္ဆာလိုဏ်ဂူထဲတွင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်၏ ကိုယ်ပွါးကို သူသတ်ခဲ့ဖူးပေ၏။ တုန်းရွှမ်လောကကြီး ဆီသို့ ရောက်လာပြီးမှသာ နတ်ဆိုးဗိုလ်ချုပ် တစ်ယောက် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူသိခဲ့ခြင်း ဖြစ်၏။
“ငါ့အဖေက ငါ့အဖေ၊ ငါက ငါပဲ” ကျိုးချဲသည် သူ့ထက် သူ့အဖေကိုသာ အခြားသူများ အလေးထားသည်ကို မကြိုက်သည့်ပုံပင်။
“အဲ့လောက် အားကောင်းတဲ့ အဖေတစ်ယောက် ရှိနေတာတောင် ဒီမှာ ဘယ်လိုလုပ်ပြီး အကျဉ်းချ ခံထားရတာလဲ” ရန်ကိုင်က အနည်းငယ် ကြောင်အနေသည့် အမူအရာဖြင့် မေးလိုက်၏။
ကျိုးချဲ မျက်လုံးမှေးစဉ်း၍ ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး တစ်ခဏကြာပြီးနောက် လေးလေးပင်ပင် သက်ပြင်းချလိုက်ကာ “ကံတောက်လျှောက် ဆိုးနေလို့ပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့အကြောင်းကို မပြောဘဲ နေကြရအောင်။ ဒီနေရာကနေ လွတ်တာနဲ့ စစ်သားတွေခေါ်ပြီး ဒီနေရာတစ်ခုလုံးကို ပြာချပစ်မယ်”
“မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်လာပါစေကွာ” ရန်ကိုင်က ဝတ်ကျေတမ်းကျေ ပြောလိုက်ပြီးနောက် လိုရင်းဆီ သွားလိုက်၏ “ဒီနေရာအကြောင်း မင်းဘယ်လောက် သိလဲ”
“သိပ်မသိဘူး” ကျိုးချဲက ခေါင်းခါပြလိုက်၏ “ဒီနေရာက လူတွေက သူတို့ကို နေမင်းကလန်သားတွေလို့ ခေါ်ကြတာပဲသိတယ်။ တစ်ချိန်တုန်းက သူတို့တွေက လူသားမျိုးနွယ်စုကပဲ။ ဒါပေမယ့် သူတို့ကျင့်ကြံတဲ့ ကျင့်စဉ်ရယ်၊ မဟုတ်တရုတ် နတ်ဘုရားသစ်ပင်ကြီးရယ် ကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်က သာမန်လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ သိပ်မတူဘူး။ ဒါကြောင့် သူတို့ကိုယ်သူတို့ နာမည်အသစ် ပေးလိုက်တာပဲ”
“နတ်ဘုရားသစ်ပင်လား” ထိုနာမည်ကို ကြားသည်နှင့် ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။ သူနိုးလာစဉ်က ထိုနာမည်ကို ဝိုးတဝါး ကြားမိခဲ့၏။ သူထင်သည်သာ မမှားပါက သူသာ နာနာခံခံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါက သူ့ကို နတ်ဘုရား သစ်ပင်၏ မြေဩဇာလုပ်ပစ်မည်ဟု သူ့ကို ခန်းမထဲ ခေါ်သွားသည့် ကလန်သားက ပြောခဲ့ဖူး၏။
“ဟုတ်တယ်။ အဲ့နတ်ဘုရားသစ်ပင်က နေမင်းကလန်ရဲ့ မရှိမဖြစ် အရာတစ်ခုပဲ။ ဒီကို ရောက်လာတုန်းက ဧရာမသစ်ပင်ကြီး တစ်ပင်ကို သတိမပြုမိဘူးလား။ ဒီနေရာမှာ ယန်ချီ အရမ်း သိပ်သည်းနေရာက အဲ့နတ်ဘုရားသစ်ပင်ကြောင့်ပဲ။ မဟုတ်ရင် ငါတို့ နတ်ဆိုးချီလည်း အရမ်းကြီး ဖိနှိပ်ထားခံရမှာ မဟုတ်ဘူး”
နတ်ဆိုးမျိုးနွယ်စုဝင်များထဲ စီးဆင်းနေသော ချီကို နတ်ဆိုးချီဟု ထိုခေါ်ပြီး ထိုချီသည် လူသားမျိုးနွယ် ကျင့်ကြံသူများ ကိုယ်ထဲ စီးဆင်းနေသည့် အစစ်အမှန်ချီနှင့် တူပေ၏။
ကျိုးချဲရှင်းပြသည်ကို နားထောင်ပြီးနောက် ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။ သူတို့ ရောက်လာစဉ်က နတ်ဘုရားသစ်ပင်ကို မတွေ့ခဲ့ချေ။ အခြားဝင်ပေါက်တစ်ခုမှ ဤဆန်းကြယ်လောကငယ်ထဲ ရောက်လာသည့်အတွက်ကြောင့် နတ်ဘုရားသစ်ပင်ကို မတွေ့ခဲ့ခြင်း ဖြစ်နိုင်ပေ၏။
“နတ်ဘုရားသစ်ပင်က အစစ်အမှန်ယန်ချီကို ထုတ်လွှတ်ပေးနိုင်တဲ့ ထူးဆန်းတဲ့ တည်ရှိမှုတစ်ခုပဲ။ ဒါပေမယ့် အခုနောက်ပိုင်း ဘာအကြောင်းကြောင့်မှန်း မသိဘူး။ နတ်ဘုရားသစ်ပင်က မတည်မငြိမ် ဖြစ်လာတယ်။ နတ်ဘုရားသစ်ပင် တစ်ခုခု ဖြစ်မသွားစေဖို့အတွက် နေမင်းကလန်သားတွေက အပြင်ဘက်လောကကြီးက လူတွေကို စဖမ်းကြတော့တာပဲ။ ဒါပေမယ့် ဒီဆန်းကြယ်လောကငယ်ထဲကနေ အပြင်ဘက်ကို ဦးတည်နေတဲ့ ဝင်ပေါက်က တစ်ခုပဲရှိတယ်။ အဲ့ဝင်ပေါက်က ငါတို့ နတ်ဆိုးကုန်းမြေထဲမှာဆိုတော့ ဒီက လူတွေက ငါတို့နတ်ဆိုးမျိုးနွယ်စုကို ဖမ်းကြတာပေါ့။ အဲ့လိုနဲ့ ငါလည်း အဖမ်းခံရပြီး ဒီကို ရောက်လာခဲ့တာပဲ”
“ဒီနေရာမှာ ဝင်ပေါက်တစ်ခုထက် မက ရှိတယ်။ ငါတို့တွေက အဲ့ကနေ ဒီနေရာကို မတော်တဆ ရောက်လာခဲ့တာ” ရန်ကိုင်က ရှင်းပြလိုက်၏။
“အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ကျိုးချဲက အသာအယာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်၏ “မတည်မငြိမ် ဖြစ်နေတဲ့ စွမ်းအင်လှိုင်းတွေကို မင်းလည်း ခံစားမိမှာပေါ့။ အဲ့စွမ်းအင်လှိုင်းတွေက နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်နေလို့ ထွက်ပေါ်လာတာပဲ။ အဲ့လို ဖြစ်တိုင်း သူတို့တွေက ဖမ်းထားတဲ့ ငါတို့ ကလန်သားတွေကို ခေါ်ပြီး သူတို့ရဲ့ အသွေး၊အသားနဲ့ နတ်ဘုရားသစ်ပင်ကို အားဖြည့်ပေးတယ်လေ”
“ဒါဆိုရင် အခု ခေါ်သွားခံရတဲ့လူတွေ အကုန်လုံး…”
“သေသွားပြီ” ကျိုးချဲက လှောင်ပြောင် ပြောဆိုလိုက်၏ “ပြီးတော့ ငါတို့ အလှည့်ရောက်ဖို့လည်း ကြာမှာ မဟုတ်တော့ဘူး။ မင်းမြင်တဲ့အတိုင်းပဲ ဒီမှာ လူအများကြီး ကျန်တော့တာမှ မဟုတ်တာ”
ထိုစကားကို ကြားသည်နှင့် ရန်ကိုင် အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့၏။ သူနှင့် ကပ်လျက် အခန်း၌ လူတစ်ယောက်၊ နှစ်ယောက်စသာ ကျန်တော့၏။ အခြား အခန်းများတွင်လည်း အများကြီး မကျန်တော့ချေ။ နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်တိုင်း နတ်ဆိုးမျိုးနွယ်စုဝင်များကို စတေးကြ၏။ ထို့ကြောင့် သူတို့အလှည့်ရောက်ရန် အရမ်းကြီး ကြာတော့လိမ့်မည် မဟုတ်ချေ။
နေမင်းကလန်သည် နတ်ဆိုးကုန်းမြေမှ နတ်ဆိုးမျိုးနွယ်စုဝင်များကို အဆက်မပြတ် ဖမ်းနေခဲ့ရာ ယခုအချိန်လောက်ဆိုလျှင် နတ်ဆိုးမျိုးနွယ်စုလည်း သတိပြုမိနေလောက်ပေပြီ။ ထို့ကြောင့် ယခင်ကကဲ့သို့ နတ်ဆိုးမျိုးနွယ်စုဝင်များကို ဖမ်းဆီးရန် မလွယ်ကူတော့ချေ။
“လွန်ခဲ့တဲ့ရက်တုန်းက မင်းစားခဲ့တဲ့ အသီးက အဲ့နတ်ဘုရားသစ်ပင်ကနေ ဖြစ်လာတာ” ကျိုးချဲက မျက်မှောင်ကြုံ့ကာ ရှင်းပြလိုက်၏ “အဲ့အသီးကို ပျော်ပျော်ကြီး စားနေတာရယ်၊ မင်းဆီကနေ စိတ်ပျက်စရာ ခံစားချက်ကို ရနေတာရယ်၊ အဲ့နှစ်ခုကို ပေါင်းပြီး စဉ်းစားကြည့်ရမယ်ဆိုရင် မင်းက ယန်ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားတယ်မလား”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။
“အဲ့လိုဆိုရင် အခုလောလောဆယ် မင်း စိတ်အေးအေးနေလို့ ရတယ်။ အာလုံး မသေခင် မင်းသေဦးမှာ မဟုတ်ဘူး။ နတ်ဘုရားသစ်ပင်က မင်းလို လူမျိုးတွေကို နှစ်သက်တော့ သူတို့တွေက မင်းကို နောက်ဆုံးအတွက် ချန်ထားမှာ သေချာတယ်” ကျိုးချဲက ပြောလိုက်၏။ တစ်ပါးသူ ဒုက္ခရောက်နေသည်ကို ကြည်နူးနေသည့် သူ့မျက်နှာထက်ရှိ ကြောက်စရာ အပြုံးကြောင့် အန်လင်းအာ ကျောပြင်တစ်လျှောက် စိမ့်တက်သွားခဲ့ရ၏။
“အခုလို စဉ်းစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်၏။
ကျိုးချဲက ကြိတ်ရယ်လိုက်ပြီး အန်လင်းအာ တစ်ကိုယ်လုံးကို စိတ်ရှိလက်ရှိ ဝေ့ကြည့်လိုက်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်၏ “ကောင်လေး၊ ငါသာ မင်းနေရာမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် ပျော်အောင် နေတယ် သိလား။ မိန်းမလှလေးတစ်ယောက် အနားမှာ ရှိနေတာတောင် မထိဘဲ နေတယ်ဆိုရင်တော့ မင်းအောက်မှာ ပြဿနာ ရှိနေလို့လား။ အဲ့လိုဆိုရင် မကောင်းဘူးနော်။ ကောင်မလေးကို စိတ်ပျက်အောင် လုပ်တာ မကောင်းဘူးကွ”
ကျိုးချဲ ထိုစကားကို ပြောလိုက်သည်နှင့် ကျန်သည့် နတ်ဆိုးမျိုးနွယ်စုဝင် အားလုံး ပွဲကျသွားခဲ့၏။
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး ကျိုးချဲ ဆိုသူ၏ မျက်နှာကို ထရိုက်ချင်စိတ် ပေါက်လာ၏။ အန်လင်းအာကမူ ကျိုးချဲ ပြောလိုက်သည့် စကားကြောင့် ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး ရန်ကိုင်နောက်၌ ပုန်းကွယ်နေတော့လေ၏။
----------------------------------
ကျိုးချဲနှင့် စကားပြေားပြီးသည့် အချိန်မှစ၍ လက်ရှိ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့၏။ ဖြစ်လာမည့် နောက်ဆက်တွဲ ရလဒ်များအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်တော့လေ၏။
ဝိုင်အရသာကို တစ်ကြိမ် မြည်းစမ်းဖူးသွားသည့် အချိန်မှစ၍ ကျိုးချဲသည် ပို၍ အရှက်မဲ့လာခဲ့၏။ နေမင်းကလန်သားများ ရန်ကိုင်ဆီ အစားအသောက် လာပို့တိုင်း ကျိုးဆဲသည် ရန်ကိုင်ဆီမှ ဝိုင်နှစ်ကရား အမြဲယူလေ၏။
ရန်ကိုင်ကမူ ကျိုးချဲ၏ အပြုအမူကို စိတ်ထဲ မထားခဲ့ပေ။
ရက်ပေါင်းများစွာ အတူရှိလာပြီးနောက် ကျိုးချဲသည် ရန်ကိုင်က သွေးသောက်ညီအစ်ကို တစ်ယောက်ပမာ အဆင့်ထိ မရောက်သော်ငြား အတော့်ကို ရင်းရင်းနှီးနှီး ဆက်ဆံလာခဲ့လေ၏။
ရန်ကိုင်ကို စိတ်ညစ်စေသော တစ်ခုတည်းသော အရာသည်ကား အန်လင်းအာက ကိစ္စပင်။ ကျိုးချဲ ထိုအကြောင်းကို ကျိုးချဲပြောလိုက်သည့် အချိန်တိုင်း အန်လင်းအာ၏ မျက်နှာလေး ရဲပတောင်းခတ်သွားပြီး ရှက်ရှက်ဖြင့် ရန်ကိုင်နောက် ပုန်နေတော့လေ၏။
ဤနေရာ၌ အကျဉ်းချထားခံရပြီး ဘယ်အချိန် သေမလဲ ဆိုသည်ကို မသိရလေရာ နတ်ဆိုးမျိုးနွယ်စုဝင် များသည် တဖြည်းဖြည်းဖြင့် စည်းလွတ်ကမ်းလွတ် ဖြစ်လာခဲ့၏။ စိတ်ညစ်စရာ ကိစ္စများကို တွေးမနေတော့ဘဲ ပျော်ပျော်သာ နေနေကြတော့၏။
လွန်ခဲ့သည့် (၁၀)ရက်က နတ်ဘုရားသစ်ပင်မှ မတည်ငြိမ်သော ယန်ဓါတ်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။
အကြိမ်တိုင်း အကျဉ်းချထားခံရသော နတ်ဆိုး မျိုးနွယ်စုဝင်များစွာ ဆွဲခေါ်သွားခံရပြီး ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ချေ။
အချိန်ကြာလာသည်နှင့် လက်ကျန် နတ်ဆိုး မျိုးနွယ်စုဝင်များသည်လည်း မပျော်နိုင်တော့ဘဲ တဖြည်းဖြည်းဖြင့် စိတ်လေးလံလာခဲ့ကြရ၏။
သေခြင်းသည် သူတို့နှင့် မဝေးတော့မှန်း အားလုံး သတိပြုမိကြ၏။
အကုန်လုံးသည် စိတ်အခြေအနေရော၊မျက်နှာ အမူအရာပါ မကောင်းကြ။ ရန်ကိုင်နှင့် ကျိုးချဲတို့ နှစ်ယောက်သာ သူတို့ သေရမည်ကို ဂရုမစိုက်သည့်အလား စိတ်မပူဟန်ဖြင့် ရှိနေခြင်း ဖြစ်၏။
ရန်ကိုင်သည် သူ့အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့ပြီး သူ့ခွန်အားကို ပို၍ တိုးတက်လာအောင် အဆက်မပြတ် ကျင့်ကြံနေခဲ့၏။
ဤနေရာမှ ဆွဲထုတ်ခံရသည့် တစ်နေ့ တိုက်ပွဲကြီး တစ်ပွဲကို တိုက်ခိုက်ရမည်မှန်း ရန်ကိုင် သိ၏။ ဤဆန်းကြယ်လောကငယ်အတွင်း ရှင်သန်နိုင်ဖို့ရာ တိုက်ခိုက်ရပေမည်။ ထို့ကြောင့် ယခုအချိန်၌ သူအလုပ်သင့်ဆုံးသော အရာသည်ကား သူ့ဓါးသွားကို အဆက်မပြတ် သွေးပေးနေခြင်းပင် ဖြစ်လေ၏။
သူတော်စင်အဆင့်အောက်၌ မည်သူ့ကိုမှ ရန်ကိုင် မျက်လုံးထဲ မထည့်ချေ။ တစ်ယောက်ယောက်သာ သူ့ကို လာရန်စပါက ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ထုတ်ပေးလိုက်ရုံပင်။ ဝိဥာဉ်ဝါးမြိုအင်းဆက်များကိုသာ ထုတ်လွှတ်လိုက်သည်နှင့် ဤဆန်းကြယ်လောကငယ် တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပေလိမ့်မည်။ နေမင်းကလန်၏ ခေါင်းဆောင်များသည်လည်း ထိုကဲ့သို့ အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်လည်း ထိုလူနှင့် ဆွေးနွေးညိနှိုင်းခွင့် ရနိုင်၏။
သို့ဖြစ်ရာ မည်သည့်အတွက်ကြောင့် ထိတ်လန့် တုန်လှုပ်နေရမည်နည်း။
သို့သော်လည်း ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် သူ၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်လေရာ နောက်ဆုံးအချိန် မတိုင်ခင်အထိ ထုတ်သုံးမည် မဟုတ်ချေ။
ဤသို့ဖြင့် နှစ်လကုန်ဆုံးသွား၏။ ငါးရက်ကြာတိုင်း အကျဉ်းထောင်ထဲမှ နတ်ဆိုးမျိုးနွယ်စုတစ်သိုက် ဆွဲထုတ်သွားခံရ၏။ သို့သော် အချိန်ကြာလာသည်နှင့် အမျှ နတ်ဘုရားသစ်ပင်သည် မကြာမကြာ မတည်မငြိမ် ဖြစ်လာခဲ့၏။
ယခု အကျဉ်းထောင်ထဲတွင် လူအနည်းငယ်သာ ရှိတော့၏။
ရန်ကိုင်၊ အန်လင်းအာ၊ ကျိုးချဲနှင့် သူ့ကလန်သားများသာ ကျန်ရှိတော့၏။
နောက်တစ်ကြိမ် နတ်ဘုရားသစ်ပင် မတည်မငြိမ် ဖြစ်သည့်အချိန် သူတို့ အလှည့်ရောက်ပေလိမ့်မည်။ သေမင်းသည် သူတို့ဆီ ရောက်လာတော့မည် ဟူသော အတွေးသည် တည်ငြိမ်နေတတ်သော ကျိုးချဲကိုပင် နေမထိထိုင်မထိ ဖြစ်စေ၏။
တစ်နေ့ ရန်ကိုင်နှင့် သောက်စားနေစဉ် ကျိုးချဲက ရုတ်တရက် ပြောလိုက်၏ “ရောင်းရင်း၊ မင်းက တကယ့် ယောကျ်ားတစ်ယောက်ပဲ။ သေရတော့မယ်ဆိုရင် မင်းခုခံနေမှာလား”
“ငါ့မှာခုခံနိုင်စွမ်းရှိမယ်လို့ မင်းထင်လား” ရန်ကိုင်က ပြန်မေးလိုက်၏။
“သူတို့တွေက မင်းရဲ့ အစစ်အမှန်ချီကို စည်းခတ် မထားဘူးလေ။ မင်းရဲ့ အခွင့်အရေးက ငါတို့ထက် အများကြီး ပိုသာတယ်”
“အဲ့လိုဖြစ်လာခဲ့ရင် သေမှာကို ဘာလို့ ထိုင်စောင့်နေရမှာလဲ”
“ဟုတ်တယ်။ အချိန်ရောက်လာရင် ငါမင်းကို ကူညီပေးမယ်။ ဒီနေရာကနေ မင်းလွတ်မြောက်သွားခဲ့ရင် ငါ့အဖေဆီသာ သတင်းပို့ပေး။ ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းသာ သူ့ကို ပြန်ပြောပေး” ပြောနေစဉ်အတွင်း ကျိုးချဲအမူအရာ ကြမ်းကြုတ်သွားခဲ့ပြီး “နတ်ဆိုးမျိုးနွယ်စုက ရှုပ်လို့ကောင်းတဲ့ မျိုးနွယ်စုတစ်ခု မဟုတ်မှန်း အဲ့သူတောင်းစားတွေ သိသွားအောင် ငါလုပ်ပေးရမယ်”
ကျိုးချဲ ပြောစကားအရ ထိုကောင်သည် နည်းလမ်း တစ်ခုခုကို ဖုံးကွယ်ထားသေးမှန်း ရန်ကိုင် နားလည်လိုက်၏။
သို့သော်လည်း မည်သည့် နည်းလမ်းပင် ဖြစ်ပါစေ အကန့်အသတ် ရှိ၏။ ထို့ပြင် သူ့လေသံရာ ဤနေရာမှ သူလွတ်မြောက်နိုင်မည် မဟုတ်မှန်း သိနေသည့် ပုံပင်.
သူ့အကူအညီနဲ့ဆို လွတ်မြောက်နိုင်ချေ ရှိလောက်တယ် ရန်ကိုင် သူ့ဘာသူ တွေးလိုက်၏။
ရန်ကိုင်၊ ကျိုးချဲနှင့် အန်လင်းအာတို့၏ မျက်ဝန်းများ လက်သွားခဲ့ပြီး တစ်ခဏတာ ငေးငိုင်သွားခဲ့ကြ၏။
“အချိန်ကျပြီ” ကျိုးချဲက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
နတ်ဘုရားသစ်ပင် နောက်တစ်ကြိမ် မတည်မငြိမ် ဖြစ်လာခဲ့လေပြီ။ ယခု အကျဉ်းခန်းထဲတွင် သူတို့မှလွဲ၍ အခြားသူများ မရှိတော့လေရာ သူတို့ကိုသာ ကျိန်းသေ ရွေးပေလိမ့်မည်။
အပြင်ဘက်မှ အလျင်လိုနေသည့် ခြေသံများစွာ ထွက်ပေါ်လာခဲ့ပြီး ဘုန်းဆိုသော မြည်သံကြီးနှင့်အတူ အခန်းတံခါး ပွင့်သွားခဲ့ပြီး နေမင်းကလန်သားများ အကျဉ်းခန်းထဲသို့ ဝင်လာကြလေ၏။