← Chapters

အခန်း (၇၇၁-၇၇၅)

Vol. 31 Ch. 771-775

အခန်း (၇၇၁-၇၇၅)

Vol. 31 Ch. 771-775

အပိုင်း(၇၇၁) ခြေလွန်လက်လွန်

ရန်ကိုင်သည် နတ်ဘုရားသစ်ပင် ပြီးပြည့်စုံသော အသိစိတ် ပိုင်ဆိုင်သည်အထိ ဆက်လက် ကူညီပေးနေခဲ့၏။

ထိုကဲ့သို့ ထပ်တလဲလဲ လုပ်ဆောင်ပြီးနောက် ရန်ကိုင်သည် နတ်ဘုရားသစ်ပင်ကို သက်ရှိတစ်ဦး အဖြစ် သဘောထားလာခဲ့လေပြီ။ ၎င်းတွင် ကိုယ်ပိုင် ခံစားချက်၊ စဉ်းစားနိုင်စွမ်းတို့ ရှိလာခဲ့ပြီး ယခင်ကကဲ့သို့ မိုးထိတမျှ မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်သက်သက် မဟုတ်တော့ချေ။

ရန်ကိုင်သည် နတ်ဘုရားသစ်ပင်ကို တောက်လျှောက် အဖော်ပြုပေးနေသည့်အတွက် နတ်ဘုရားသစ်ပင်သည် ရန်ကိုင်နှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့၏။

နတ်ဘုရားသစ်ပင်၏ လက်ရှိအသိစိတ်သည် ဘာမှ မသိသော ကလေးဆိုးလေး တစ်ယောက် အဆင့်တွင်သာ ရှိသေး၏။ ရန်ကိုင်ဝိဥာဉ်ကိုယ်ပွါး သူ့ဆီ လာရောက် လည်ပတ်တိုင်း နတ်ဘုရားဝိဥာဉ် ပျော်၏။ ရံဖန်ရံခါ သူ့လက်ကို ဆွဲ၍ သစ်ပင်ပင်စည်ထဲ လျှောက်ပတ်၏။

၎င်း၏ အတွေးများသည် အတော်လေးကို ရိုးရှင်းလှ၏။ ရှင်းရှင်းပြောရလျှင် အညစ်အကင်း ကင်းစင်သည့် အဖြူရောင် ပိတ်သားတစ်လွှာဟုပင် ဆိုနိုင်၏။

ရန်ကိုင် လာသည့်အခါ ပျော်ပြီး ရန်ကိုင် ထွက်သွားသည့် အခါက ဝမ်းနည်း၏။ ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်လည်း အရမ်းကို ပျော်နေခဲ့၏။ နတ်ဘုရားသစ်ပင်၏ ဖြူစင်မှုကြောင့် ရန်ကိုင်ပင် သူ့ကိုယ်သူ မလုံမလဲ ဖြစ်သွားခဲ့ရ၏။

ရန်ကိုင်နှင့် ပျော်ပျော်ရွှင်ရွှင် ဆက်သွယ်နေစဉ် အတောအတွင်း နတ်ဘုရားသစ်ပင်၏ အသိစိတ်သည် တစ်စထက်တစ်စ တိုးတက်လာခဲ့၏။

တစ်နေ့ နတ်ဘုရားသစ်ပင်ထဲသို့ သူ့အသိစိတ်ကို ထုတ်လွှတ်ကြည့်လိုက်သည့်အခါ မယုံကြည်နိုင်စရာ အတွေးတစ်ခုကို သူကြားလိုက်၏။ ခဏအကြာ၌ နတ်ဘုရားသစ်ပင်၏ အသိစိတ်သည် သူ့ဆီ ပြေးလာပြီး သူ့ရှေ့ဝဲလျက် ရန်ကိုင်ကို ရင်းရင်းနှီးနှီး ပွေ့ဖက်လိုက်၏။

ထိုအခြင်းအရာကြောင့် ရန်ကိုင် မှင်သက်သွားခဲ့ပြီး နတ်ဘုရားသစ်ပင်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။

သို့သော် အသက်တစ်ရှိုက်စာ အတွင်းမှာပင် နတ်ဘုရားသစ်ပင်သည် သူပြောသည်ကို တုန့်ပြန် လာမည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။ ထိုအတွေးသည် သိပ်ပြီး မကွဲပြားမရှင်းလင်းသော်ငြား အနည်းဆုံး နတ်ဘုရား သစ်ပင် ဘာပြောချင်နေသည်ကို သူနားလည်နိုင်၏။

ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်၏။ နောက်ဆုံး နတ်ဘုရားသစ်ပင်သည် အသိစိတ်တစ်ခုကို အောင်အောင် မြင်မြင် ဖြစ်တည်စေလိုက်နိုင်လေပြီ။

နတ်ဘုရားသစ်ပင်ကို အချိန်အတော်ကြာအောင် ယန်အရည်စက် တိုက်ကျွေးလာခဲ့ပြီး နောက်ဆုံး၌ နတ်ဘုရားသစ်ပင်၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် ပြီးဆုံးသွားခဲ့၏။ ထိုဆင့်ကဲ့ပြောင်းလဲခြင်း ဖြစ်စဉ် ပြီးဆုံးရန်အတွက် ရန်ကိုင်၏ အကူအညီလည်း တော်တော်လေးကို ပါခဲ့သည်ဟု ဆို၍ရပေ၏။ ရန်ကိုင်သာ မရှိလျှင် ဆင့်ကဲပြောင်းလဲခြင်း ပြီးဆုံးရန် အချိန်အကြာကြီး လိုအပ်ပေလိမ့်မည်။

တစ်ခုခုကို ပြီးအောက်အောင်မြင်အောင် လုပ်ဆောင်နိုင်လိုက်သလို ရန်ကိုင် ခံစားလိုက်ရ၏။ တစ်မျိုး ပြောရလျှင် သူစောင့်ရှောက်လာသည့် ကလေးလေး မတ်တပ်ရပ်လမ်းလျှောက် နိုင်သည်ကို မြင်လိုက်ရသလိုပင်။

သို့သော် နတ်ဘုရားသစ်ပင်တွင် သင်ယူစရာ အများကြီး ရှိသေး၏။

ရန်ကိုင်သည် နတ်ဘုရားသစ်ပင်ကို အတွေးပို့လွှတ်၍ ၎င်း၏ အတွေးများကို မည်ကဲ့သို့ ဖော်ပြရမည်ကို သင်ကြားပေးလိုက်၏။ သို့သော် ထိုကောင်လေးသည် အရမ်းကိုမှ ကဲလှ၏။ ကောင်ဆိုးလေးသည် ထိုအရာများကို မသင်ကြားချင်ဘဲ ရန်ကိုင်နှင့် ဆော့ကစားဖို့ကိုသာ စိတ်ဝင်စားနေခဲ့၏။

နတ်ဘုရားသစ်ပင်နှင့် အချိန်အတော်ကြာအောင် ဆော့ကစားနေပြီးနောက် ရန်ကိုင်သည် သူ့ဝိဥာဉ်ပုံရိပ်ကို နတ်ဘုရားသစ်ပင်ထဲမှ ပြန်ရုတ်လိုက်၏။

ခဏအကြာ၌ သစ်ကိုင်းလေးများ ရန်ကိုင်ဆီ ကွေးကျလာပြီး တစ်ချိန်တည်းမှာပင် နတ်ဘုရား သစ်ပင်ဆီမှ သတင်းစကားတစ်ခုကို ရန်ကိုင် ကြားလိုက်၏။

မှင်သက်သွားခဲ့ပြီး သူ့ဆီ ကွေးကျနေသော သစ်ကိုင်းများဆီ မော့ကြည့်လိုက်ရာ သစ်ကိုင်း တစ်ကိုင်းချင်းစီတွင် ရွှေရောင်အသီးတစ်လုံးစီ ရှိနေသည်ကို တွေ့လိုက်ရ၏။

“ငါ့ကို ပေးတာလား” ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က မေးလိုက်၏။

နတ်ဘုရားသစ်ပင်က ခေါင်းညိတ်နေသည့်အလား သစ်ကိုင်းလေးများ အနည်းငယ် တုန်ခါသွားခဲ့၏။

ရန်ကိုင်က ပြုံး၍ ခေါင်းခါရမ်းလိုက်ပြီးနောက် ပြန်ပြောလိုက်၏ “မင်းရဲ့ စေတနာအတွက် ကျေးဇူးပဲ။ ဒါပေမယ့် အဲ့အသီးတွေကို ငါလက်မခံနိုင်ဘူး”

သူ့ကို နေမင်းကလန်မှ ပညာရှင်များ မျက်ခြေမပြတ် စောင့်ကြည့်နေရာ သူသာ ထိုအသီးများကို ယူလိုက်ပါက သူ့ဆီ ပြဿနာ တစ်ပုံတစ်ခေါင်း ရောက်လာပေလိမ့်မည်။ ရန်ကိုင်သည် ထိုအသီးများကို မြင်ကတည်းက သားရေ ကျနေသော်ငြား တစ်ခါမှ မခူးခဲ့ချေ။

သို့သော် နတ်ဘုရားသစ်ပင်သည် အရမ်းကိုမှ ခေါင်းမာလှ၏။ လက်မလျှော့သေးဘဲ သစ်ကိုင်းများကိုသာ ဆက်လက် ကွေးထားခဲ့၏။

ရန်ကိုင် မည်သို့ပင် ငြင်းဆန်ပါ‌စေ အလုပ်မဖြစ်ခဲ့။ နောက်ဆုံး နတ်ဘုရားသစ်ပင်က သစ်ကိုင်းများကို လှုပ်ခါလိုက်ရာ သစ်ကိုင်းထက်မှ သစ်သီးများ ရန်ကိုင် လက်ထဲသို့ အလိုလို ပြုတ်ကျလာခဲ့လေ၏။

ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး လက်ရှိ အခြေအနေကို မည်ကဲ့သို့ ရှင်းပြရမှန်း နားမလည် နိုင်အောင် ဖြစ်သွားခဲ့၏။

နတ်ဘုရားသစ်ပင်သည် တစ်ခုခုကို ပြီးမြောက် အောင်မြင်သွားအောင် လုပ်ဆောင်လိုက်နိုင်သည့် အတွက်ကြောင့် ပျော်ရွှင်နေသည့်အလား သစ်ကိုင်းများကို ဟိုမှသည်သို့ ယိမ်းနွဲ့နေခဲ့၏။

သူ့လက်ရှိထဲ ရင့်မှည့်နေသော သစ်သီး (၇)လုံးကို စိုက်ကြည့်ရင်း ရန်ကိုင်မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့၏။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် နတ်ဘုရားသစ်ပင်က သူ့အား ပေးလာမှဖြင့် ယူလိုက်မည်ဟုသာ ဆုံးဖြတ်လိုက်၏။ ထို့နောက် ပင်စည်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အနားရှိ နေမင်း ကလန်သားများကို အော်ခေါ်လိုက်၏။

ရန်ကိုင် အော်သံကို ကြားသည်နှင့် သူ့အား စောင့်ကြည့်နေသော နေမင်းကလန်မှ ပညာရှင်များ ချက်ချင်း ရောက်ချလာခဲ့၏။ သို့သော် ရန်ကိုင် လက်ထဲရှိ အသီးများကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဒေါသထွက်သွားခဲ့ပြီး “ကောင်လေး၊ နတ်ဘုရားသစ်ပင်က သစ်သီးတွေကို ခိုးယူရဲတယ်ပေါ့။ မင်းသေချင်နေတာပဲ”

ရန်ကိုင်က သူ့အား အော်ပြောလိုက်သည့် လူဆီ လှည့်၍ အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်၏ “ကျုပ်ခိုးတာ မဟုတ်ဘူး။ သူ့ဘာသာ ပြုတ်ကျလာတာ”

“မဟုတ်တရုတ်တွေ လာမပြောနဲ့။ နတ်ဘုရား သစ်ပင်က အသီးတွေက ရင့်နေတယ် ဆိုရင်တောင် ဘာမှမဖြစ်ဘဲ သစ်ကိုင်းပေါ်မှာ နှစ်တစ်ရာလောက် ဒီအတိုင်း ဆက်ရှိနေနိုင်တယ်ကွ။ မဟုတ်တရုတ်စကား ပြောတဲ့ မင်းပါစပ်က တကယ်ကို ချီးကျူးစရာပဲ”

“ကျုပ်ဘာမှ မခိုးခဲ့ဘူးလို့ ပြောပြီးသွားပြီလေ။ ကျုပ်သာ ခိုးခဲ့ရင် ခင်ဗျားတို့ကို ခေါ်နေမှာတောင် မဟုတ်ဘူး။ ကျုပ်ဘာသာပဲ စားပစ်လိုက်မှာ” ရန်ကိုင်လည်း ရှင်းပြဖို့ရာ အရမ်းကို ပျင်းလှသဖြင့် သစ်သီးများကို ထိုပညာရှင်များဆီသာ ပစ်ပေးလိုက်၏။

နေမင်းကလန်မှ ပညာရှင်များသည် သုန်မှုန်နေသော အမူအရာဖြင့် ရန်ကိုင် ပစ်ပေးလိုက်သော အသီးများကို အမြန် လှမ်းဖမ်းလိုက်၏။

ရန်ကိုင်က ကြိမ်းမောင်းစကား ဆိုခဲ့သည် လူကြီဂက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ “မင်းလုပ်ခဲ့တာတွေ အတွက် အပြစ်ကနေ လွတ်မယ် မထင်နဲ့။ ဒီကိစ္စကို ခေါင်းဆောင်ဆီ ပြန်တင်ပြမယ်။ မင်းဘယ်လို ဆက်ဖြစ်မလဲ ကြည့်ရသေးတာပေါ့”

ရန်ကိုင်ကမူ သူတို့ပြောသည်ကို နည်းနည်းမှပင် ဂရုမစိုက်ဘဲ အထင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်၏။

ထိုအချိန်မှာဘဲ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့ လေထုတစ်ခုလုံး ပြည့်နှက်သွား၏။ မည်သူမှ မတုန့်ပြန်နိုင်သေးခင်မှာပင် များစွာသော ရွှေရောင်ကြာပွတ်များသည် နေမင်းကလန်သားများဆီ ရိုက်ချလာခဲ့၏။

အန္တရာယ် အငွေ့အသက်ကို ခံစားမိသည်နှင့် နေမင်းကလန်သားများ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ရှောင်ရှားလိုက်ကြ၏။

ကံမကောင်းစွာဖြင့် ထိုတိုက်ခိုက်မှုများသည် မြန်ဆန်ရုံမက အလွန့်အလွန်ကိုလည်း များပြားနေလေရာ သူတို့ထဲက မည်သူကမှ မရှောင်ရှားနိုင်ခဲ့ချေ။ ဘာတွေ ဖြစ်ပျက်နေမှန်း မသိသေးခင်မှာပင် တစ်ယောက် ချင်းစီတိုင်းသည် အကြိမ်ပေါင်းများစွာ အရိုက်ခံရ ပြီးသွားလေပြီ။

မရေမတွက်နိုင်သော ကြာပွတ်ချက်များကြောင့် နေမင်းကလန်သားများ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ကြ၏။ ထိုမြန်ဆန်လှသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့အကုန်လုံး ခုခံနိုင်စွမ်း ကင်းမဲ့သွားခဲ့ရ၏။

အားနည်းသည့် နေမင်းကလန်သား တစ်ယောက် ဆိုလျှင် အရိုးပင်မကျန်ရစ်ဘဲ သွေးစသွေးနများအဖြစ် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့၏။

ထိုရုတ်တရက် အဖြစ်အကြောင့် ရန်ကိုင်မှာ လုံးဝကို မှင်သက်နေ၏။ အန်လင်းအာသည် ထိုသွေးပျက်ဖွယ် မြင်ကွင်းကို အထိတ်တလန့်ဖြင့် ကြည့်ရင်း ရန်ကိုင်နောက် ပြေးပုန်းလေ၏။

လွင့်ပျံထွက်သွားသော နေမင်းကလန်သားများသည် သူတို့ကိုယ်သူတို့ ခြေခိုင်အောင် မရပ်နိုင်သေးခင်မှာဘဲ ရွှေရောင်ကြာပွတ်ရိုက်ချက်များ သူတို့ဆီသို့ ထပ်မံ ရောက်ရှိလာခဲ့ပြန်လေ၏။ တိုက်ခိုက်မှုများကို မြင်နိုင်သော်လည်း များပြားလှသော တိုက်ခိုက်မှုများကို မခုခံနိုင်ခဲ့ကြချေ။

ကြာပွတ်ရိုက်သံတို့ အဆက်မပြတ် မြည်ဟည်းနေပြီး ယခုအချိန်၌ နေမင်းကလန်သား တစ်ယောက်ချင်းစီ တိုင်းသည် အချက်တစ်ရာထက်မက အရိုက်ခံထားရ၏။ မျက်တောင် တစ်ခတ်အတွင်းမှာပင် နေမင်းကလန်မှ ပညာရှင်ငါးယောက် သေအံ့ဆဲဆဲ ဖြစ်သွားခဲ့ကြ၏။

ရန်ကိုင်က သူ့နောက်ဘက်ရှိ နတ်ဘုရားသစ်ပင်ကို အံ့အားသင့်တကြီးဖြင့် စိုက်ကြည့်လိုက်၏။

ယခုအချိန်၌ မည်သည့်လေမှ မတိုက်ခတ် နေသော်ငြား နတ်ဘုရားသစ်ပင်၏ အရွက်များသည် အရူးအမူး လှုပ်ခါနေခဲ့၏။ သိပ်သည်းလှသော သစ်ကိုင်းများသည်လည်း ဒေါသပုန်ထနေသည့်အလား ပြင်ပြင်းထန်ထန် လှုပ်ခါရမ်းနေခဲ့၏။

နတ်ဘုရားသစ်ပင်၏ အလယ်ဗဟိုမှ သာမန် မျက်လုံးနှင့်ပင် မြင်နိုင်သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြာပွတ်ရှည်ကြီးများအဖြစ် သိပ်သည်းသွားခဲ့၏။

သေခါနီးဆဲဆဲ ဖြစ်နေကြသော နေမင်းကလန်သား များသည် ထိုကြာပွတ်များဖြင့် ထပ်မံရိုက်နှက်ခြင်း ခံရပြန်၏။

အရိုးများ တစ်စစီ ကျိုးကြေကုန်ပြီး အသားစ အသားနတို့သည်လည်း ပြန့်ကြဲကုန်ကာ နေရာတစ်ခွင် သွေးညှီနံ့တို့ဖြင့် မွှန်သွားခဲ့၏။

ထိုလူများ၏ ရန်ကိုင်အပေါ် ရိုင်းရိုင်းပြပြ ဆက်ဆံသည့် အတွက် နတ်ဘုရားသစ်ပင် ဒေါသထွက်သွားသည့် ပုံပင်။

ရန်ကိုင်မှာ လုံးဝကို ကြက်သေသေနေ၏။ ယခုကဲ့သို့ ဖြစ်လာမည်ဟု သူတစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။

ပြဿနာ မဖြစ်ရလေအောင် ထိုအသီးများကို နေမင်းကလန်သားများဆီ ပေးခဲ့ခြင်း ဖြစ်၏။ တကယ်တော့ တိုက်ပွဲသာ ဖြစ်ပါက သူ့အနေဖြင့် ယခုနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ မသေချာချေ။ ထွက်ပေါက် မည်သည့် နေရာတွင် ရှိသလဲ ဆိုသည်ကိုပင် သူမသိပေ။

နတ်ဘုရားသစ်ပင်သည် ယခင်ကနှင့် မတူဘဲ ကိုယ်ပိုင် အသိစိတ် ပိုင်ဆိုင်ပြီးပြီကို သိထားသော်လည်း သူ့အား ရိုင်းရိုင်းပြပြ ဆက်ဆံသည့်အတွက် နတ်ဘုရား သစ်ပင်သည် ထိုလူများကို တိုက်ခိုက်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

နတ်ဘုရားသစ်ပင်၏ တိုက်ခိုက်မှုများသည် စည်းစနစ် ကျမှုမရှိ။ သိုင်းမချတတ်သောသော ကောင်လေး တစ်ယောက် စိတ်ရှိတိုင်း ထင်သလို တိုက်ခိုက်နေသည် နှင့်ပင် တူသေး၏။ သို့သော် ခွန်အား ကွာခြားချက်ကြောင့် တိုက်ခိုက်မှုသည် စနစ်မကျသော်ငြား နေမင်းကလန်မှ ကျင့်ကြံသူအားလုံး ခုခံနိုင်ခြင်း မရှိခဲ့ချေ။

“ရန်ကိုင်…” အန်လင်းအာက အထစ်ထစ် အငေါ့ငေါ့ဖြင့် အော်ခေါ်လိုက်၏။ သူမ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရင်နေခဲ့ပြီး အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း နားမလည်နိုင်သည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို ကြည့်လိုက်၏။

အန်လင်းအာ၏ အော်ခေါ်သံကို ကြားလိုက်မှပဲ ရန်ကိုင် အသိပြန်ဝင်လာခဲ့ပြီး နတ်ဘုရားသစ်ပင်ကို ဒေါသပြေသွားအောင် အမြန် ချော့လိုက်ရ၏။

ရန်ကိုင် ချော့လိုက်မှပဲ နတ်ဘုရားသစ်ပင်လည်း ဒေါသပြေသွားခဲ့ပြီး တိုက်ခိုက်မှုများကို ရပ်တန့်လိုက်၏။ ထို့နောက် မြေကြီးပေါ် ကျသွားသော သစ်သီးများကို ယူ၍ ရန်ကိုင်ကို ပြန်ပေးလိုက်၏။

“အဲ့ဒါက… ဘာလို့ အသိစိတ်ရှိနေတဲ့ပုံ ပေါက်နေရတာလဲ” အန်လင်းအာက သူမနောက်ဘက်ရှိ နတ်ဘုရားသစ်ပင်ကို ကြည့်ရင်း ပြောလိုက်၏။

“ဘယ်ကနေစပြောရမလဲ” ရန်ကိုင်က ခါးခါးသီးသီး ပြုံးလိုက်၏။

ရန်ကိုင်နှင့် အန်လင်းအာတို့ စကားပြောနေစဉ် နတ်ဘုရားသစ်ပင် ရွှေရောင်ကြာပွတ်များကို ပြန်ရုတ်သိမ်းလိုက်ပြီး သစ်ကိုင်းများထက်ရှိ ရင့်မှည့်နေသော သစ်သီးအားလုံးကို ခူးဆွတ်၍ ရန်ကိုင်ဆီ ပေးလိုက်လေ၏။

စုစုပေါင်း အလုံး (၆၀)၊ (၇၀)လောက် ရှိပြီး တစ်လုံးချင်စီးတိုင်းသည် မယုံကြည်နိုင်ဖွယ်ရာ ယန်ဓါတ် စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့၏။

ရန်ကိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ဖြစ်ပျက်သွားခဲ့သည်များကို ပြန်ပြင်၍ မရတော့ချေ။

နတ်ဘုရားသစ်ပင်သည် ရန်ကိုင်အတွက် လူပေါင်းများစွာအား သတ်ဖြတ်ဖို့ကိုပင် ဝန်မလေးခဲ့ချေ။

သို့သော် ထိုတိုက်ခိုက်မှုကြောင့် ရန်ကိုင် တကယ့်ကို အံ့အားသင့်ခဲ့ရ၏။ နေမင်းကလန်မှ ကျင့်ကြံသူများသည် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း နတ်ဘုရားသစ်ပင်၏ တရစပ်တိုက်ခိုက်မှုကို မည်သို့မှ မခုခံနိုင်ခဲ့ချေ။

သူ့မျက်လုံးများထဲ အေးစက်ထက်ရှသည့် အလင်းတို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့နှုတ်ခမ်းအစုံ‌ ကွေးတက်သွားခဲ့၏။

အခွင့်အရေးကောင်း တစ်ခုကို တွေ့ခဲ့လေပြီ။

“နင့်ကို စည်းခတ်ထားတဲ့ စည်းတွေကို ငါဖျက်ပေးမယ်။ နင့်ကိုယ်နင် ကာကွယ်ဖို့ ပြင်ထား” ပြောပြီးသည်နှင့် အန်လင်အား ကိုယ်ထဲရှိ စည်းတံဆိပ်များကို ချက်ချင်း ဖျက်စီးပစ်လိုက်၏။

အန်လင်းအာကိုယ်ထဲရှိ စည်းတံဆိပ်များသည် ရန်ကိုင်အတွက် စာမဖွဲ့လောက်ချေ။ ယခင်က မဖြည်ခဲ့ရခြင်းမှာ မလိုလားအပ်သော အာရုံစိုက်မှု မခံရချင်သောကြောင့်သာ ဖြစ်၏။ သို့သော် ခြေလွန်လက်လွန် ဖြစ်ပြီးသွားခဲ့ပြီ ဖြစ်သဖြင့် ဆက်လက် နှိမ့်ချနေ၍လည်း မထူးတော့ချေ။

ခဏအကြာ၌ အရပ်ရပ်မှ မရေမတွက်နိုင်သော ပုံရိပ်များ ပျံသန်းလာခဲ့၏။ နတ်ဘုရားသစ်ပင်၏ ရုတ်တရက် ဝုန်းဒိုင်းကြဲသောင်းကျန်မှုသည် နေမင်းကလန် တစ်ခုလုံးကို အလန့်တကြား ဖြစ်ကို ဖြစ်သွားစေပေလိမ့်မည်။

ရောက်သည်နှင့် တစ်ပြိုင်နက် မြေကြီးပေါ် လဲလျောင်နေသော ကျိုးပဲ့သွေးသံတရဲရဲ ခန္ဓာကိုယ်များကို မြင်လိုက်ရရာ နေမင်းကလန်မှ ပညာရှင်များ ဒေါသပုန် ထကုန်ကြတော့လေ၏။ တစ်ဦးတစ်လေမှ စကားတစ်ခွန်းပင် မပြောတော့ဘဲ အကုန်လုံးသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရန်ကိုင်ကို တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

ထိုအခြင်းအရာကို မြင်သည်နှင့် ရန်ကိုင်က ယဲ့ယဲ့လေး ရယ်မောလိုက်ပြီး နတ်ဘုရားသစ်ပင်၏ အသီးများကို အနက်ရောင်သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်၏။ ထို့နောက် မရေမတွက်နိုင်သော ဝိဥာဉ်ဝါးမြိုအင်းဆက်များကို လွှတ်လိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၂) တိုက်မှာလား၊ ဆွေးနွေးမှာလား

ရေခဲဂိုဏ်းမှ အဖြစ်အပျက် ပြီးကတည်းက ဝိဥာဉ်ဝါးမြို အင်းဆက်များကို သူတော်စင်အဆင့်အောက် မည်သည့် ပညာရှင်ကမှ ခုခံနိုင်ခြင်း မရှိသည်ကို ရန်ကိုင် သိပြီးသွားခဲ့လေပြီ။

ပထမရောက်လာခဲ့သော နေမင်းကလန်မှ အဖွဲ့သားများသည် အားမနည်းသည့်အပြင် အတော့်ကိုမှ လူအင်အား တောင့်တင်းလှသော်လည်း ၎င်းတို့ထဲ သူတော်စင်အဆင့် ပညာရှင် မပါဝင်ခဲ့ချေ။

ရန်ကိုင် ထုတ်လွှတ်လိုက်သော စိတ်စွမ်းအင်လှိုင်း၏ သက်ရောက်ခြင်း ခံလိုက်ရသော အသစ်ရောက်လာသည့် ပညာရှင်များသည် မည်သည့် ဒဏ်ရာမှ မရရှိခဲ့သော်ငြား ၎င်းတို့၏ အသိစိတ်ပင်လယ်ထဲသို့ ဝိဥာဉ်ဝါးမြိုအင်းဆက်များ ဝင်ရောက်သွားနိုင်ခဲ့၏။ ဆိုလိုသည်ကား အချိန်တိုအတွင်း ရန်ကိုင်သည် သူတို့ အားလုံးကို သတ်ပစ်နိုင်ပေလိမ့်မည်။

ရန်ကိုင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဘုရားသစ်ပင်သည်လည်း ရွှေရောင်ကြာပွတ် များစွာကို ဖန်တီး၍ ဒေါသပုန်ထနေသည့် အရူးတစ်ယောက်ပမာ တိုက်ခိုက်လိုက်၏။

တဝုန်းဝုန်း မြည်သံတို့ ဆူညံ့သွားခဲ့ပြီး အသစ်ရောက်လာသည့် နေမင်းကလန်မှ ကျင့်ကြံသူ များသည်လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ရ၏။ သူတို့ထဲက မည်သူမှ ရန်ကိုင်နား မကပ်နိုင်ခင်မှာပဲ နတ်ဘုရားသစ်ပင်၏ ရိုက်ချက်မှန်ကာ လွင့်ထွက်သွားခဲ့ရ၏။ ကံဆိုးလှသော သူများမှာမူ နေရာတွင်ပင် ချက်ချင်း တန်းအသက်ပျောက်ခဲ့ရလေ၏။

သူ့ပတ်လည်ရှိ အခြေအနေကို တစ်ချက် စူးစမ်းကြည့်လိုက်ပြီးနောက် ရန်ကိုင် အမူအရာ လေးနက်သွားခဲ့၏။

အဝေးတစ်နေရာမှ ကြောက်မခန်းလိလိ အရှိန်အဝါ တစ်ခု ပျံ့နှံ့လာခဲ့ပြီး နေမင်းကလန်၏ ခေါင်းဆောင် လူအိုကြီးသည် အခြားအကြီးအကဲများနှင့်အတူ သူတို့ဆီသို့ ရောက်လာခဲ့၏။

“ခေါင်းဆောင်၊ နတ်ဘုရားသစ်ပင်နဲ့ ပက်သက်ပြီး တစ်ခုခု မှားနေတယ်” နတ်ဘုရားသစ်ပင်၏ တိုက်ခိုက်မှုမှ အသက်ရှင်သန်နိုင်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက်က အလျင်အမြန် အော်ပြောလိုက်၏။

ခေါင်းဆောင်အိုကြီးက သုန်သုန်မှုန်မှုန် အမူအရာဖြင့် နတ်ဘုရားသစ်ပင်ကို တစ်ချမ်းလှမ်းကြည့်ပြီးနောက် သူ့မျက်ဝန်အစုံ အေးစက်သွားခဲ့ရ၏။ ထို့နောက် ရန်ကိုင်ကို ထိတ်လန့်ဒေါသတကြီး စိုက်ကြည့်လိုက်၏။

နေမင်းကလန်မှ အကြီးအကဲများ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ကြပြီး အံ့ဩတကြီး အော်ပြောလိုက်ကြလေ၏ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

သူတို့အားလုံးသည် သူတော်စင်အဆင့် ပညာရှင်များ ဖြစ်လေရာ သူတို့၏ အားကောင်းသော ကောင်းကင် စိတ်အာရုံဖြင့် နတ်ဘုရားသစ်ပင်မှ ဖြာထွက်နေသော စိတ်စွမ်းအင်လှိုင်းများကို အလွယ်တကူ အာရုံခံနိုင်၏။ ထို့အပြင် နတ်ဘုရားသစ်ပင်သည် သူတို့အား မလိုမုန်းထား နေသည်ကိုလည်း အသေအချာ ခံစားမိ၏။

“နတ်ဘုရားသစ်ပင်က… အသိစိတ် ရှိနေပြီလား” ခေါင်းဆောင်လူအိုကြီး၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်၍ လေးနက်တည်ကြည်သည့် လေသံဖြင့် မေးလိုက်၏။

ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး “ခင်ဗျား ခန့်မှန်းတာ မှန်တယ်”

“မင်းလုပ်လိုက်တာလား”

“ကျုပ်လုပ်တာလို့တော့ ပြောလို့မရဘူး။ ကျုပ်က ကူညီပေးခဲ့ရုံသက်သက်ပဲ” ရန်ကိုင်က ခေါင်းခါလိုက်၏။

“အဲ့ဒါကြောင့်ပဲ နတ်ဘုရားသစ်ပင်က မင်းအပေါ် ကြင်နာပြီး ငါ့တို့ကလန်ကို ဆန့်ကျင်ဘက် လုပ်နေတာပေါ့” ခေါင်းဆောင်လူအိုကြီးသည် အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ယောက် ဖြစ်လေရာ အကြောင်းစုံကို မသိသော်ငြား လက်ရှိအခြေအနေကို မြင်ပြီးနောက် အဓိကအချက်ကို ချက်ချင်း တန်းနားလည်လိုက်၏။

အသစ်ဖြစ်လာသော အသိစိတ်သည် သူနှင့် ရင်းနှီးသူအပေါ်တွင်သာ ကြင်နာပေလိမ့်မည်။

“နတ်ဘုရားသစ်ပင်က ငါတို့ကလန်ရဲ့ ထွတ်မြတ် ရတနာကွ။ ငိုးမခွေးသူခိုးကောင်” နေမင်းကလန်၏ အကြီးအကဲ တစ်ယောက်က ဒေါသတကြီး အော်ဟစ် လိုက်၏။

“ကျုပ်ခိုးချင်ခဲ့တာ မဟုတ်ဘူး။ ကျုပ်အပေါ် ပိုပြီး ခင်တွယ်လာရုံပဲ။ ခင်ဗျားတို့ ကျုပ်ကို ဘာပြောစေချင်နေတာလဲ”

“အဲ့ကတည်းက မင်းကို သတ်ခဲ့လိုက်သင့်တာ” ခေါင်းဆောင်လူအိုကြီးက အတော်လေးကို နောင်တ ရနေခဲ့၏။ အခြား အကြီးအကဲများသည်လည်း အံတကြိတ်ကြိတ်ဖြင့် ရန်ကိုင်ကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့၏။

“ဟုတ်တယ်။ ခင်ဗျား သတ်ခဲ့သင့်တယ်။ ဒါပေမယ့် အခုတော့ ကျုပ်ကို သတ်လို့ မရတော့ဘူး” ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်၏။

“အဲ့လိုထင်နေရင် မင်းမှားသွားမှာပေါ့” နေမင်းကလန် ခေါင်းဆောင်လူအိုကြီဂက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး “မသေမျိုးပထမအဆင့်လေးကများ ငါ့ရှေ့မှာ လာပြီး မောက်မာပြရဲတယ်။ သွေးနားထင်ရောက်နေတဲ့ကောင်ပဲ”

ပြောနေရင်း အားကောင်းလှဿည့် စိတ်စွမ်းအင် စီးကြောင်းတစ်ခုကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်၏။

ရန်ကိုင် မတုန့်ပြန်နိုင်သေးခင်မှာပင် သူ့အသိစိတ် တစ်ခုလုံး နာကျင်သွားခဲ့၏။ သူ့ဝိဥာဉ်တစ်ခုလုံး အပိုင်းပိုင်း ဆုတ်ဖြဲနေသလို ခံစားနေရပြီး ချွေးသီးလုံးတို့ သူ့နဖူးမှ စီးကျလာခဲ့ကာ နာကျင်မှုကြောင့် သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့၏။

ယခင်က ထိုလူအိုကြီး၏ ကျင့်ကြံခြင်းအဆင့်ကို အသေအချာ မသိခဲ့။ သို့သော်လည်း သူ့ဝိဥာဉ် တိုက်ခိုက်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုလူအိုကြီးဆီမှ ခံစားရသော ဖိအားသည် သူတော်စင်မ နန်နှင့် ရင်ဆိုင်နေရချိန် ခံစားရသည့် ဖိအားအောက် မနိမ့်ကျမှန်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။

ထိုလူအိုကြီးသည် အနည်းဆုံး သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေ၏။

ထိုကဲ့သို့သော ပညာရှင်တစ်ယောက်၏ ကောင်းကင် စိတ်အာရုံကို တိုက်ခိုက်မှုကို ရန်ကိုင်ပင် လျစ်လျူ မရှုရဲချေ။

သူ့အသိစိတ်ပင်လယ် တစ်ခုလုံး လှိုင်းထန်နေခဲ့ပြီး ခေါင်းတစ်ခုလုံး တဆစ်ဆစ် ကိုက်ခဲလာခဲ့၏။

ခေါင်းဆောင်လူအိုကြီးက ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် နေမင်းကလန် အကြီးအကဲများသည်လည်း သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရန်ကိုင်ဆီ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့ကြ၏။

ကောင်းကင်ထက်မှ နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းများ အောက်သို့ ကိုင်းကျလာခဲ့ပြီး ရန်ကိုင်နှင့် သူ့ကို ထောက်ကူပေးထားသည့် အန်လင်းအာကို လွှမ်းခြုံကာ သစ်ပင်ထိပ်ပိုင်းဆီသို့‌ ခေါ်သွား၏။

ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် အန်လင်းအာလည်း အလန့်တကြား ထအော်မိလိုက်၏။ သို့သော် သူမ အသိပြန်ဝင်လာသည့် အချိန်၌ သူမနှင့် ရန်ကိုင်သည် နတ်ဘုရားသစ်ပင်ပေါ် ရောက်နေခဲ့လေပြီ။

တစ်ချိန်တည်းမျာပင် များပြားလှသော စွမ်းအင် ကြာပွတ်များသည် နတ်ဘုရားသစ်ပင်ထက်ဆီမှ နေမင်းကလန်မှ ပညာရှင်များဆီ ကျဆင်းလာခဲ့လေ၏။

ထိုတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသော် နေမင်းကလန်မှ အကြီးအကဲများ၏ အမူအရာ အ‌ပြောင်းကြီး ပြောင်းလဲသွားခဲ့ကြ၏။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ထဲက မည်သူမှ မထင်ထားခဲ့။ ရန်ကိုင်ကို လိုက်သတ်ချင်သော်ငြား နတ်ဘုရားသစ်ပင်က သူတို့လမ်းကို ပိတ်ကာဆီးထား၏။ နေမင်းကလန်၏ အုတ်မြစ်ကို မထိခိုက်စေလိုသည့်အတွက် ပြန်ဆုတ်ရုံသာ တတ်နိုင်ခဲ့၏။

“ခေါင်းဆာင်၊ နတ်ဘုရားသစ်ပင်က သူ့ကို ကာကွယ်ပေးနေတယ်” ပညာရှင်များထဲမှ တစ်ယောက်က မှုန်ကုန်နေသည့် အမူအရာဖြင့် ပြောလိုက်၏။

“ငါသိတယ်” ခေါင်းဆောင်လူအိုကြီး၏ မျက်နှာလည်း မြူဆိုင်းနေခဲ့၏။

နတ်ဘုရားသစ်ပင်သည် ရန်ကိုင်ကို ကာကွယ်ပေးထားရုံမက သူတို့ ကလန်သားများကိုပင် တိုက်ခိုက်နေသေး၏။ ပိုဆိုးသည်ကား နတ်ဘုရား သစ်ပင်၏ တိုက်ခိုက်မှုများသည် သူတော်စင်အဆင့် ပညာရှင်တစ်ယောက်အောက် မနိမ့်ကျခြင်းပင်။ ထို့ကြောင့် ၎င်း၏ ခံစစ်ကို အလွယ်တကူ ချိုးဖျက် နိုင်လိမ့်မည် မဟုတ်ချေ။

နေမင်းကလန်၏ ခေါင်းဆောင်မှာ ရှက်လည်းရှက်၊ မကျေမနပ်လည်း ဖြစ်နေခဲ့၏။ သူပြုစုပျိုးထောင် လာခဲ့သော ကလေးလေးသည် အရှက်မရှိသည့် သူခိုးတစ်ယောက်၏ ခိုးယူခြင်း ခံလိုက်၏။ သို့သော်လည်း ကလေးသည် မငိုသည့်အပြင် ထိုသူခိုးနှင့်ပင် ပျော်ပျော်ရွှင်ရွှင် လိုက်သွားနေသည်ကို ကြည့်နေရသလို ခေါင်းဆောင်အိုကြီး ခံစားလိုက်ရ၏။

“ဘာပဲဖြစ်ဖြစ်၊ ငါတိုက်ခိုက်မှု ခံရပြီးမှတော့ အဲ့ကောင် အသက်ရှင်တော့မှာ မဟုတ်ဘူး” နေမင်းကလန် ခေါင်းဆောင်လူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်၏။

သူ့ကျင့်ကြံခြင်းအဆင့်နှင့် ရန်ကိုင်ကဲ့သို့ လူငယ်လေး တစ်ယောက်ကို သတ်ရန်မှာ ပုရွက်တစ်တစ်ကောင်ကို သတ်သလို အရမ်းကိုမှ လွယ်ကူပေ၏။ သူ့တိုက်ခိုက်မှုကို ခံရပြီးသည့်နောက် ရန်ကိုင် သေမည်ဟု ခေါင်းဆောင် လူအိုကြီး အတပ်ချယုံကြည်နေခဲ့၏။

သူထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဘုရားသစ်ပင်ထက်မှ ရယ်မောသံတစ်သံ သူတို့နားထဲ ပျံ့လွင့်လာခဲ့၏။

နေမင်းကလန် အကြီးအကဲများ ထိတ်လန့်သွားခဲ့ပြီး ရယ်သံကြားရာဆီ လှမ်းကြည့်လိုက်ရာ သစ်ကိုင်များကြားမှ မျက်ထောင့်နီနီ ယိုင်တိယိုင်တိုင်ဖြင့် ထွက်လာသော ရန်ကိုင်ကို တွေ့လိုက်ရ၏။

“သူမသေဘူးလား” ကလန်ခေါင်းဆောင် လူအိုကြီး၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး “မဖြစ်နိုင်ဘူး”

ထိုလူသားကောင်လေးသည် အလွန်အမင်း အဆင့်မြင့်လှသော ဝိဥာဉ်အကာအကွယ် လက်နက်ကို ဝတ်ဆင်ထားလျှင်ပင် သူ့ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို မခုခံနိုင်သင့်ချေ။ သို့သော်လည်း ရန်ကိုင်၏ အသိစိတ်သည် အနည်းငယ် ဝေဝါးဝါး ဖြစ်နေသေးရာ တစ်ဖက်လူ၏ ဝိဥာဉ် ထိခိုက်သွားကြောင်း သံသယ ရှိစရာ မလိုချေ။ ရန်ကိုင်သည် လူအိုကြီး၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ခံလိုက်ရသော်ငြား ဒဏ်ရာသာ ရခဲ့ပြီး သေဆုံးသွားခြင်း မရှိခဲ့ချေ။

ဒုတ်… ဒုတ်…

ဒုတ်… ဒုတ်…

ခပ်အုတ်အုတ်၊ စည်းချက်ကျကျ အသံတစ်သံ နတ်ဘုရားသစ်ပင်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ အားလုံး၏ အာရုံကို ချက်ချင်းပဲ ဆွဲဆောင်သွားခဲ့၏။ နတ်ဘုရားသစ်ပင်သည် ရန်ကိုင် ဒဏ်ရာရသွားသည့် အတွက် ရူးသွပ်မတတ် ဒေါသထွက်သွားရန်ကာ ၎င်းဆီမှ ယခင်ထက်ပင် ပိုမိုအားကောင်းလှသော ရန်လိုစိတ်တို့ ထွက်ပေါ်လာခဲ့၏။

ခေါင်းတဆစ်ဆစ် ကိုက်နေသော ရန်ကိုင်ပင်လျှင် ထိတ်လန့်မှုကြောင့် အေးခဲသွားခဲ့၏။ ယခုမှပဲ နတ်ဘုရားသစ်ပင်ကို အထင်သေးမိနေသေးမှန်း သူနားလည်လိုက်၏။

နတ်ဘုရားသစ်ပင် အမြစ်ပတ်ပတ်လည်မှ မြေကြီးများ အက်ကွဲကုန်ပြီး သိပ်သည်းအားကောင်း လှသော ယန်စွမ်းအင်တို့ ဖြာထွက်လာခဲ့ကာ ဘေးပတ်ပတ်လည်ရှိ အရာမှန်သမျှကို လောင်ကျွမ်းသွားခဲ့၏။

နေမင်းကလန်မှ ပညာရှင်များသည် ထိုအပူစွမ်းအင်ကို သူတို့၏ အစစ်အမှန်ချီဖြင့် ခုခံလိုက်သော်ငြား သူတို့၏ အသားအရေသည် အပူလောင်ခံရသဖြင့် အနည်းငယ် နီကြင့်ကြင့် ဖြစ်သွားခဲ့၏။

နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းများသည်လည်း ဦးတည်ရာမဲ့ လွှဲရမ်းနေခဲ့ပြီး များပြားလှသော စွမ်းအင် ကြာပွတ်များသည် ဘေးပတ်ပတ်လည်ရှိ အရာမှန်သမျှကို ဖျက်စီးပစ်နေခဲ့၏။

နတ်ဘုရားသစ်ပင်ကြီးသည် ဘယ်မှညာသို့ အဆက်မပြတ် ယိမ်းထိုးနေခဲ့၏။

အသက်ရှိုက်စာ အနည်းငယ်လောက် ကြာပြီးနောက် နေမင်းကလန်၏ ဘိုးဘေးများ လက်ထက်ကတည်းက ဤနေရာ၌ အမြစ်တွယ်လာခဲ့သော နတ်ဘုရားသစ်ပင်၏ အမြစ်များ မြေကြီးထက်သို့ စတင် ထွက်ပေါ်လာခဲ့၏။ ထွက်ပေါ်လာသည်နှင့် မြေပြင်ကို ထောက်ကန်၍ ၎င်း၏ ခန္ဓာကိုယ်ကြီးကို အရှေ့ဘက်သို့ စတင် ရွေ့လျားလာတော့၏။

အမြစ်များသည် ရွှေရောင် တဖျတ်ဖျတ် တောက်ပနေခဲ့ပြီး စွမ်းအင်ကြာပွတ်များနှင့် ပေါင်းကာ မှင်သက်နေသော နေမင်းကလန်သားများကို စတင် တိုက်ခိုက်တော့လေ၏။

“ဟား ဟား ဟား ဟား” ရန်ကိုင်သည် နဖူးကို လက်ဖြင့်ပွတ်၍ ကောင်းကင်ပေါ်သို့ မော့ကာ အားပါးတရ အော်ရယ်တော့လေ၏။

ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။ နတ်ဘုရားသစ်ပင် ယခုကဲ့သို့ စွမ်းရည်ကို ပိုင်ထားသည့်အတွက် သူကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရ၏။

ခေါင်းဆောင်လူအိုကြီး၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ရန်ကိုင် အရမ်းကြီး စိတ်မပူချေ။ သူ့တွင် သူ့ဝိဥာဉ်ကို အားပြန်ဖြည့်ပေးမည့် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်း ရှိနေသည် မဟုတ်ပေလော။

သူ့အသိစိတ်ပင်လယ်ကို တစ်ချက်တည်း တန်းဖျက်စီးပစ်နိုင်သော တိုက်ခိုက်မှုနှင့် မရင်ဆိုင် ရသရွေ့ သူ့ဝိဥာဉ် ထိခိုက်ဒဏ်ရာရမည်ကို ရန်ကိုင် မကြောက်ပါချေ။

ရန်ကိုင်က စိတ်လက်ပေါ့ပါးနေသော်ငြား နေမင်းကလန်သားများမှမူ သူတို့အား တိုက်ခိုက် လာနေသော နတ်ဘုရားသစ်ပင်ကို ကြည့်ရင်း ခွေးပြေးဝက်ပြေး ထွက်ပြေးနေခဲ့ကြ၏။

နတ်ဘုရားသစ်ပင်အား ခဏလောက် သောင်ကျန်းခွင့် ပေးထားလိုက်ပြီးနောက် ရန်ကိုင်က အသာအယာ နှစ်သိမ့် ပေးလိုက်၏ “ဒီလောက်ဆို ရလောက်ပြီ။ သူတို့လည်း သင်ခန်းစာ ကောင်းကောင်း ရသွားလောက်ပြီပေါ့”

နတ်ဘုရားသစ်ပင်၏ တိုက်ခိုက်မှုများသည် အတော့်ကို ကပိုကရို နိုင်လှ၏။ တိုက်ခိုက်မှုများသည် အရမ်းကို အားကောင်းလှသော်ငြား နေမင်းကလန်မှ ထိုပညာရှင်များကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ခပ်ဝေးဝေးသို့ ဆုတ်နေလိုက်ရုံဖြင့် နတ်ဘုရား သစ်ပင်၏ တိုက်ခိုက်ရေး စက်ကွင်းမှ အလွယ်တကူ ရှောင်ရှားနိုင်ပေ၏။

ထို့ပြင် နတ်ဘုရားသစ်ပင်သည် နေမင်းကလန် အတွက် အရမ်းကို အရေးကြီးသည့် အတွက်ကြောင့်သာ ထိုပညာရှင်များသည် နတ်ဘုရားသစ်ပင်အား ထိခိုက်သွားမည် စိုး၍ ရန်ကိုင်ကို မတိုက်ခိုက်ဝံ့ကြခြင်း ဖြစ်၏။

ယခု နတ်ဘုရားသစ်ပင်၏ ကာကွယ်ပေးမှုကို ရရှိထားပြီးဖြစ်ရာ ရန်ကိုင် ပထမဆုံး တွေးမိလိုက်သည်ကား ဤနေရာမှ ထွက်သွားရန်ပင်။

ယခုကဲ့သို့ အခွင့်အရေးမျိုးသည် အရမ်းကိုမှ ကြုံခဲ့လှ၏။ ရန်ကိုင် နှစ်သိမ့်ပေးလိုက်ပြီးနောက် နတ်ဘုရားသစ်ပင် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့၏။ သို့သော် ရွှေရောင်ကြာပွတ်များကို လွှဲရမ်း၍ နေမင်းကလန်သားမျာကိုး အနီးကို ကပ်မလာအောင် တားဆီးထားနေဆဲပင်။

“သူခိုးလေး၊ ဆင်းလာပြီး တောင်းပန်မယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးနိုင်တယ်။ ဒါပေမယ့် ငါတို့ လာဖမ်းမယ့် အချိန်ထိ ထိုင်စောင့်နေမယ် ဆိုရင်တော့ အဲ့လို အခွင့်အရေးမျိုး ထပ်ရတော့မှာ မဟုတ်ဘူးနော်” နေမင်းကလန် ခေါင်းဆောင် လူအိုကြီးက ဒေါသတကြီး လှမ်းအော်ပြောလိုက်၏။

“အိုး၊ မလုပ်ပါနဲ့ဗျာ၊ ကျုပ်အရမ်း ကြောက်လို့ပါ” ရန်ကိုင်က ပင်စည်ပေါ်တွင် ရပ်လျက် ကြောက်လန့် နေသည့် ပုံစံဖြင့် လှောင်ပြောင်‌ အော်ဟစ်ပြလိုက်၏။

“ထွက်ပြေးနိုင်မယ် ထင်နေတာလား။ အိမ်မက်ပဲ မက်နေလိုက်။ ငါတို့ကလန်ရဲ့ နတ်ဘုရားသစ်ပင်ကို အခုလို ဖြစ်အောင် လုပ်ရဲမှတော့ မြေအဆုံးရေအဆုံး ထွက်ပြေးမယ် ဆိုရင်တောင် မင်းကို မရရအောင် လိုက်သတ်မှာ”

“ချီးစကားတွေ လာမပြောနဲ့။ အနံကြီးက ရွံ့စရာကြီး” ရန်ကိုင်က အကြောက်အလန့် ကင်းကင်းဖြင့် ပြန်၍ပင် လှောင်ပြောင်လိုက်၏။

ရန်ကိုင်နောက်တွင် ရပ်နေသော အန်လင်းအာကမူ လက်ရှိ အခြေအနေကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ သို့သော်လည်း ရန်ကိုင် စကားကို ကြားပြီးနောက် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

ရန်ကိုင်က အန်လင်းအာကို လှည့်ကြည့်၍ ပြုံးလိုက်ပြီး ခေါင်းဆောင်လူအိုကြီးဘက် လှည့်ကာ “ခွေးအိုကြီး၊ တိုက်မလား၊ ဆွေးနွေးမလား”

“ငါတို့နဲ့ ဆွေးနွေးရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ” နေမင်းကလန် ခေါင်းဆောင်လူအိုကြီးက ရန်ကိုင်ကို စားမတတ် ဝါးမတတ် အကြည့်ဖြင့် စူးရဲစွာ စိုက်ကြည့်၍ ပြန်အော်ပြောလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၃) ရှက်စရာ ကောင်းလိုက်လေခြင်း

နေမင်းကလန်သည် တုန့်ဆိုင်းနေသော်ငြား မည်သူကမှ ရန်ကိုင်ကို မျက်လုံးထဲ မထည့်ကြချေ။ နတ်ဘုရားသစ်ပင် သတိလျော့ပေါ့ နေသည့်အချိန် အလစ်အငိုက်ဖမ်း၍ ရန်ကိုင်ကို တဒင်္ဂအတွင်း သတ်ပစ်နိုင်သည်ဟု ယုံကြည်နေကြဆဲ။

ထို့ကြောင့် ရန်ကိုင်က မေးလာခဲ့သော် နေမင်းကလန် ခေါင်းဆောင် လူအိုကြီးက ချက်ချင်း ငြင်းဆိုလိုက်ခြင်းပင်။

တကယ့်ကို ရှက်စရာပင်။ သူတို့ နယ်မြေ၌ သူတို့ ကလန်၏ အထွတ်အမြတ် ထားရာဖြစ်သော နတ်ဘုရား သစ်ပင်သည် သူစိမ်းတစ်ယောက်၏ စည်းရုံးသိမ်းသွင်းခြင်း ခံလိုက်ရ၏။ ထိုအရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်ကို ရန်ကိုင်အား အကြိမ်တစ်ထောင် သတ်လျှင်ပင် ပြန်လည် ချေဖျက် နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် ရန်ကိုင်က နှာခေါင်းသာ ရှုံ့လိုက်ပြီး နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းများကြားမှ လူအိုကြီးကို ပြန်စိုက်ကြည့်၍ ယုံကြည်ချက် အပြည့်ဖြင့် “ကျုပ်မှာ အရည်အချင်း ရှိတယ်လို့ ထင်တာပဲ”

ပြောလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်စွမ်းအင်လှိုင်း တစ်လှိုင်းကို အသာအယာ ထုတ်လွှတ်လိုက်၏။

ထိုစိတ်စွမ်းအင်လှိုင်းထဲ မည်သည့် သတ်ဖြတ်လိုစိတ်မှ မပါဝင်သလို အတိုက်အခိုက် စွမ်းအားလည်း နည်းနည်းမှ မပါဝင်ခဲ့ချေ။ သို့သော် ထိုစိတ်စွမ်းအင်လှိုင်း ထိမှန်ခြင်း ခံလိုက်ရသည်နှင့် နေမင်းကလန်မှ ကျင့်ကြံသူများစွာတို့သည် ခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် နာနာကျင်ကျင် အော်ဟစ်ရင်း မြေကြီးပေါ်သို့ လဲပြိုကျသွားခဲ့လေ၏။

အသက်သုံးရှိုက်စာ အတွင်းမှာပင် ထိုလူအားလုံး တုတ်တုတ်မျှ မလှုပ်တော့၊ အကုန်လုံး တောင့်တောင့်ကြီး ဖြစ်နေခဲ့ကာ သွေးစိမ်းရှင်ရှင်တို့သည်လည်း ဒွါရပေါက် ခုနှစ်ပေါက်မှ ယိုစီးကျနေခဲ့၏။

ကျန်ရှိနေသော နေမင်းကလန်မှ ကျင့်ကြံသူများ ချက်ချင်းဆိုသလို သွေးဆုတ်ဖြူလျော်သွားခဲ့ကြပြီး ခေါင်းဆောင် လူအိုကြီး အပါအဝင် အားလုံးသည် ဘေးပတ်လည်ကို အေးစက်စက် အကြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်၏။

ရန်ကိုင်သည် မည်ကဲ့သို့ နည်းလမ်းအား အသုံးပြုခဲ့သည်ကို ခေါင်းဆောင် လူအိုကြီး ကိုယ်တိုင်ပင် နားမလည်ခဲ့။ ထို့အပြင် လဲပြိုကျသွားသူ အားလုံးသည် အားနည်းကြသူများ မဟုတ်ကြသော်ငြား အားလုံးသည် ခုခံနိုင်စွမ်း အရှင်းကင်းမဲ့ခဲ့၏။

ပတ်ပတ်လည် လေထုတစ်ခုလုံး အေးစိမ့်လာသလို နေမင်းကလန်မှ ပညာရှင်များ ခံစားလိုက်ရပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်၏။

“ကောင်လေး… ဒီတစ်ကြိမ် မင်းငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်တာပဲ” နေမင်းကလန် ခေါင်းဆောင် လူအိုကြီးက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ သူ့လေသံထဲ သိပ်သည်းလွန်းလှသော သတ်ဖြတ်လိုစိတ်တို့ကို အထင်းသား အာရုံခံ၍ ရနေ၏။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့ပြီး အပြုံးလေးဖြင့် ခေါင်းခါရမ်းလိုက်ကာ “ကျုပ်မှာ ခင်ဗျားတို့နဲ့ အပြန်အလှန် ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာကို သက်သေပြပေးရုံပဲ”

ပြောနေရင်း သူ့လေသံ ရုတ်တရက် အေးစက်သွားခဲ့ပြီး “ကျုပ်သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်။ မြန်မြန် ပြန်ပြောရင် ကောင်းလိမ့်မယ်၊ ခွေးအိုကြီး။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ အဖိုးတန် သူတော်စင်လေးတွေကလွဲပြီး ကျန်တဲ့ ကလန်သားတွေ အကုန်လုံး သေရလိမ့်မယ်”

ထိုစကားကို ကြားသည်နှင့် နေမင်းကလန်၏ ရှစ်ဆယ်ရာခိုင်နှုန်းသော ပညာရှင်များ ကြောက်ကြောက် လန့်လန့်ဖြင့် ဒယိမ်းဒယိုင် နောက်သို့ ပြန်ဆုတ်လိုက်ကြ၏။ သူတို့ မသိသည်ကား သူတို့၏ အသိစိတ်ပင်လယ်များထဲ ဝိဥာဉ်ဝါးမြို အင်းဆက်များ ရောက်နှင့်နေပြီး ဖြစ်ရာ သူတို့ ဘယ်နေရာသို့ ပြေးပြေး၊ လွတ်လိမ့်မည် မဟုတ်ချေ။

နေမင်းကလန် ခေါင်းဆောင်လူအိုကြီးသည် စိတ်ငြိမ်အောင် လုပ်ပြီးနောက် မပြောချင်ပြောချင်ဖြင့် “မင်းဘာလုပ်ချင်တာလဲ”

“ကျုပ်တို့ကို ထွက်သွားခွင့်ပေး။ အဲ့ဒါပဲ ကျုပ်တောင်းဆိုချင်တာ” ရန်ကိုင်က အော်ပြောလိုက်၏။

“ခေါင်းဆောင်၊ သူ့ကို ဒီအတိုင်း ထွက်သွားခွင့် ပေးလို့ မဖြစ်ဘူးနော်။ ကျုပ်တို့ကလန်က ဒီတစ်ကြိမ် တော်တော်လေး ဆုံးရှုံးထားရတာ။ သူ့ကို ဒီအတိုင်း လမ်းလျှောက် ထွက်သွားခွင့် ပေးလိုက်လို့ မဖြစ်ဘူး” တစ်ယောက်ယောက်က ကန့်ကွက်လိုက်၏။

“ဟုတ်တယ်။ သူ့ကို မသတ်ရင် ကျုပ်ဘယ်တော့မှ ဒေါသပြယ်နိုင်မှာ မဟုတ်ဘူး”

“သူ့ကိုသတ်ရမယ်။ နတ်ဘုရားသစ်ပင်ကို ထိခိုက်ရမယ် ဆိုရင်တောင်မှ သူ့ကို သတ်ကို သတ်ရလိမ့်မယ်”

များစွာသော သူတော်စင်အဆင့် ပညာရှင်များဆီမှ ကန့်ကွက်စကား အမျိုးမျိုး ထွက်ပေါ်လာခဲ့၏။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့်သာ ပြန်အော်ပြောလိုက်လေ၏ “ခင်ဗျားတို့ တကယ်ကို အဆုံးအရှုံး များခဲ့တာ အမှန်ပဲ။ ဒါပေမယ့် ဘာတွေ ရခဲ့လဲ ဆိုတာကိုကော ခင်ဗျားတို့ တွေးခဲ့ဖူးလို့လား။ ခင်ဗျားတို့ နတ်ဘုရားသစ်ပင်က အခုဆို အသိစိတ် ရှိနေပြီ။ ကျုပ်သာ ဒီနေရာက ထွက်သွားလိုက်တာနဲ့ သူနဲ့ ရင်းနှီးအောင် လုပ်ပြီး ခင်ဗျားတို့အတွက် အကျိုးအမြတ်တွေ အများကြီး ယူဆောင်လာခိုင်းလို့ ရတယ်လေ”

ရန်ကိုင် ထိုစကားကို ပြောလိုက်သည်နှင့် ရန်ကိုင် စကားကို မကျေနပ်သည့်အလား နတ်ဘုရားသစ်ပင် တစ်ပင်လုံး သိသိသာသာ လှုပ်ခါလာခဲ့လေ၏။

ရန်ကိုင် စိတ်တင်းကြပ်သွားခဲ့ပြီး နတ်ဘုရား သစ်ပင်ကို အမြန်အဆန် နှစ်သိမ့်စကား ဆိုလိုက်ရ၏။ တစ်ချိန်တည်းတွင် နေမင်းကလန်သားများနှင့်လည်း ဆွေးနွေးညှိနှိုင်းလိုက်သေး၏ “ဒါပေမယ့် ကျုပ်ကိုသာ အတင်းအကြပ် နေခိုင်းမယ် ဆိုရင်တော့ ဇာတ်လမ်းက တစ်မျိုး ဖြစ်သွားလိမ့်မယ်။ ကျုပ်က နတ်ဘုရားသစ်ပင်ကို အခုလိုမျိုး ဖြစ်လာအောင် ကူညီပေးခဲ့တာမို့ ကျုပ်မှာသာ အချိန်လုံလုံလောက်လောက် ရှိသရွေ့ နတ်ဘုရား သစ်ပင်ကို ကျုပ်တစ်ဦးတည်းဆီ ခင်တွယ်လာအောင် လုပ်လို့ရတယ်။ အဲ့လိုဆိုရင် နောက်ပိုင်း ခင်ဗျားတို့ ကျုပ်ကို သတ်နိုင်ရင်တောင် နတ်ဘုရားသစ်ပင်ရဲ့ အသိအမှတ်ပြုမှုကို ရတော့မှာ မဟုတ်ဘူး။ ပြီးတော့ အဲ့လိုလုပ်ဖို့ ကျုပ်အတွက် အချိန်သိပ်လိုတာ မဟုတ်ဘူး။ ရက်နည်းနည်းလောက်ပဲ ကြာမှာ။ ကျုပ်သာ ခင်ဗျားတို့ နေရာမှာဆို ကျုပ်ကိုကျုပ် ဒီနေရာကနေ မြန်နိုင်သမျှ မြန်မြန် မောင်းထုတ်ပစ်လိုက်ပြီ”

နေမင်းကလန် အကြီးအကဲများအားလုံး မျက်မှောင် ကြုံ့သွားခဲ့၏။ သူတို့အမြင်အရ ရန်ကိုင်စကားများသည် အတော်လေးကိုမှ သံသယ ဝင်စရာ ကောင်းသော်ငြား ငြင်းမရနိုင်သည့် အမှန်တရားတစ်ခုဆိုလျှင်လည်း မမှားချေ။

နတ်ဘုရားသစ်ပင် ယခုကဲ့သို့ ပြောင်းလဲသွားသည့် အတွက် သူတို့လည်း အတော်လေးကို အံ့အားသင့်သွားခဲ့ရ၏။ သူတို့အတွက် အဆုံးအရှုံး များခဲ့သော်ငြား နတ်ဘုရားသစ်ပင် ယခုကဲ့သို့ ဆင့်ကဲပြောင်းလဲ သွားနိုင်ခြင်းသည် သူတို့အတွက် အံ့အားသင့်စရာ သတင်းတစ်ခုပင်။

နတ်ဘုရားသစ်ပင်သည် ကိုယ်ပိုင် အသိစိတ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်လေရာ သူတို့အား ၎င်းကိုယ်တိုင် ကူညီနိုင်ပြီ ဖြစ်၏။

“ကျုပ်တို့ သူ့ကို သတ်ပြီး ပြဿနာအားလုံးကို ဖြေရှင်းလိုက်လို့လည်း ရတာပဲ” နေမင်းကလန် ခေါင်းဆောင်သည် ရန်ကိုင် ပြောလိုက်သည့် မက်လုံးကို အမှန်တကယ် တပ်မက်မိသော်ငြား သေဆုံးသွားသည့် နေမင်းကလန်သားများအကြောင်း ပြန်တွေးလိုက်သည်နှင့် သူ့ရင်ထဲ ဒေါသတို့ တလိပ်လိပ် တက်လာခဲ့ပြီး အံကြိတ်၍ “မင်သေသွားတာနဲ့ နတ်ဘုရားသစ်ပင်လည်း ငါတို့ ကလန်ဘက်‌ ရောက်လာမှာလေ”

“ဟုတ်တာပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး “ခင်ဗျားတို့မှာ ကျုပ်ကို သတ်နိုင်စွမ်း ရှိတာပေါ့။ ခင်ဗျားတို့ လက်ကနေ ထွက်ပြေးနိုင်မယ်လို့ ယုံကြည်ရလောက်တဲ့အထိ ကျုပ်မမောက်မာဘူး။ ဒါပေမယ့် ကျုပ်သေတာနဲ့ ခင်ဗျားတို့ ကလန်သား တော်တော်များများလည်း ကျုပ်နဲ့အတူ လိုက်သေရမှာနော်။ အဲ့တန်ဖိုးကို ခင်ဗျားတို့ တတ်နိုင်မှာလား၊ ကိုယ့်ကိုယ်ကို အရင် ပြန်မေးကြည့်လိုက်ဦး။ ပြီးတော့ ကျုပ်ကို သတ်မယ်ဆိုရင် နတ်ဘုရားသစ်ပင်ကို အရင်ဒဏ်ရာရအောင် လုပ်ရလိမ့်မယ်။ ဒီကောင်လေးက ရိုးရိုးလေးပဲ တွေးတတ်သေးတာ။ ခင်ဗျားတို့ သူ့ကို ဒဏ်ရရအောင် လုပ်ရင် သူလည်း အဲ့လိုလုပ်ခံခဲ့ရတာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ခွေးအိုကြီးရယ်၊ ကြက်ကို လိုချင်လို့ ခင်ဗျားဆန် ဆုံးရှုံးရတာမျိုး မဖြစ်စမ်းချင်နဲ့ပါဗျာ”

ရန်ကိုင်၏ အရှက်မရှိ၊ လှောင်ပြောင်စော်ကြား နေသည့် လေသံကြောင့် နေမင်းကလန် အကြီးအကဲများ ဒေါသလည်း ထွက်ရသလို ကူကယ်ရာလည်း မဲ့ခဲ့ရ၏။

ရန်ကိုင်ကို သတ်မည်တကဲကဲ လုပ်နေသော အကြီးအများအားလုံး ယခု တိတ်ဆိတ်နေခဲ့ကြလေပြီ။

နတ်ဘုရားသစ်ပင်တွင်သာ ကိုယ်ပိုင် အသိစိတ် မရှိပါက ၎င်းကို ထိခိုက်အောင် လုပ်ရမည် ဆိုလျှင်ပင် ရန်ကိုင်ကို ရအောင် သတ်ပေမည်။

သို့သော် ယခုအချိန်၌ နတ်ဘုရားသစ်ပင်သည် တွေးတောနိုင်စွမ်း ရှိနေခဲ့လေပြီ။ ထို့ကြောင့် မည်သူမှ မဆင်မခြင် မလှုပ်ရှားရဲကြချေ။ လှုပ်ရှားလိုက်သဖြင့် နတ်ဘုရား သစ်ပင်ကို ထိခိုက်မိကာမှ ငါးပါး မှောက်နေပေလိမ့်မည်။ နတ်ဘုရားသစ်ပင်သာ သူတို့ကို မုန်းတီးသွားပြီး မည်သည့် ယန်ဓါတ်စွမ်းအင်မှ မပေးတော့ပါက နေမင်းကလန်တစ်ခုလုံး ပျက်စီးကိန်း ဆိုက်ပေလိမ့်မည်။

မည်သို့ ဆုံးဖြတ်ရမှန်း မသိတော့လေရာ နေမင်းကလန်သားအားလုံး သူတို့ခေါင်းဆောင်ဆီ လှည့်ကြည့်လိုက်ကြ၏။

နေမင်းကလန် ခေါင်းဆောင်လူအိုကြီးသည် ခဏလောက် စဉ်းစားနေပြီးနောက် ရန်ကိုင်ကို မော့ကြည့်၍ မေးလိုက်၏ “မင်းထွက်သွားတာနဲ့ နတ်ဘုရားသစ်ပင်က ငါတို့ကို အသိအမှတ်ပြုမယ်လို့ အာမခံရဲလား”

“ဘာလို့ အာမခံရမှာလဲ။ အဲ့ဒါက ခင်ဗျားတို့ ဘယ်လောက် ကြိုးစားအားထုတ်လဲ ဆိုတာအပေါ်ပဲ မူတည်တာလေ။ အစကတည်းက ကျုပ်ကိုသာ ယဉ်ယဉ်ကျေးကျေးနဲ့ စကားပြောခဲ့ရင် နတ်ဘုရား သစ်ပင်လည်း ခင်ဗျားတို့အပေါ် ရန်လိုနေမှာ မဟုတ်ဘူး။ ခင်ဗျားတို့က ကျုပ်ကို သတ်မယ်တကဲကဲ လုပ်နေတာ့ ဒီကောင်လေးကလည်း မပျော်တော့ဘူးပေါ့”

ရန်ကိုင်စကားကို ထောက်ခံသည့်အလား နတ်ဘုရားသစ်ပင်သည် ၎င်း၏ သစ်ကိုင်းများကို ပိုပြီး ခပ်ကြမ်းကြမ်း လှုပ်ရမ်းပြလိုက်၏။

နေမင်းကလန်သားများ၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူတို့၏ သတ်ဖြတ်လိုစိတ်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။

“အင်း၊ ဟုတ်တယ်။ အဲ့လိုလေးပြုံးရမှာ။ ကံကြမ္မာက အကြောင်းဖန်လာမှတော့ ကျုပ်တို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါက မိတ်ဆွေကောင်းတွေ ဖြစ်ပြီပေါ့၊ မဟုတ်ဘူးလား”

“ကောင်လေး၊ တစ်လက်မပေးလို့ တစ်ကိုက် လိုချင်မလာနဲ့” နေမင်းကလန် ခေါင်းဆောင်လူအိုကြီးက သုန်မှုန်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

ရန်ကိုင်ကမူ ပို၍ ပျော်ရွှင်စွာပင် ပြုံးလိုက်သေး၏။

“ကောင်းပြီလေ။ မင်းတို့ကို ထွက်သွားခွင့် ပေးလိုက်မယ်။ ငါတို့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မတွေ့ကြတော့တာပေါ့” နေမင်းကလန် ခေါင်းဆောင်က မိုးပြိုတော့မည် မျက်နှာထားဖြင့် အော်ပြောလိုက်၏။

“နားလည်သွားတာ ဝမ်းသာစရာပဲ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်၏ “ကျုပ်တင် မဟုတ်ဘူး။ ကျုပ်အဖော်ကိုလည်း ခေါ်သွားချင်တယ်။ ပြီးတော့ နတ်ဆိုးမျိုးနွယ်စုဝင် နှစ်ယောက်ကိုလည်း ခေါ်သွားချင်သေးတယ်”

နေမင်းကလန်ခေါင်းဆောင် မျက်မှောင် ကြုံ့သွားခဲ့ပြီး “အဲ့နှစ်ယောက်ကိုပါက ခေါ်သွားချင်တာလား။ သူတို့နဲ့ မင်းက ဘာမှ မပက်သက်ဘူး မဟုတ်ဘူးလား”

“ကျုပ်က ကြင်နာတတ်တာကိုးဗျ။ အခြားသူတွေကို ကူညီပေးရရင်ကို ကျုပ်က ပျော်နေတာ။ သူတို့တွေ အသတ်ခံရမှာကို ဒီအတိုင်း ထိုင်မကြည့်နေနိုင်ဘူးလေ”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင်နောက်တွင် ပုန်းနေသော အန်လင်းအာ မျက်ဆံပင့်ပြလိုက်၏။

“ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ နတ်ဘုရာသစ်ပင်က ဆင့်ကဲပြောင်းလဲပြီးသွားပြီ ဆိုတော့ အဲ့နတ်ဆိုး နှစ်ကောင်ကို သတ်ပြီး သွေးနဲ့အားဖြည့်ပေးစရာလည်း မလိုတော့ဘူးလေ” ရန်ကိုင်က ဆက်လက် စည်းရုံးလိုက်၏။

နေမင်းကလန်ခေါင်ဆောင် လူအိုကြီးက အသာအယာ ခေါင်ညိတ်လိုက်ပြီး သူ့လက်အောက်ငယ်သားဘက် လှည့်ကာ အော်ပြောလိုက်၏ “နတ်ဆိုးနှစ်ကောင်ကို သွားခေါ်လာပေးစမ်း”

အမိန့်ရသည်နှင့် ထိုလူသည် ရန်ကိုင် နန်းတော် ရှိရာဆီ ချက်ချင်း ပြေးထွက်သွားလေ၏။

ရန်ကိုင်ကမူ နတ်ဘုရားသစ်ပင်ပေါ်တွင်သာ ထိုင်စောင့်နေခဲ့၏။ ခဏအကြာ၌ ကျိုးချဲနှင့် အခြား နတ်ဆိုးမျိုးနွယ်စုဝင်တစ်ယောက် ရောက်လာခဲ့၏။

ကျိုးချဲမျက်နှာ သုန်မှုန်နေခဲ့ပြီး အဆက်မပြတ် ရုန်းကန်နေခဲ့၏။ သို့သော်လည်း သူ့ရုန်းကန်မှုသည် အထမမြောက်ခဲ့။ နတ်ဘုရားသစ်ပင်ဆီသို့ ရောက်သည့် အချိန်၌ သူ့တစ်ကိုယ်လုံး သွေးသံတရဲရဲနှင့် ဖြစ်နေခဲ့လေပြီ။

“ညီအစ်ကိုကျိုးချဲ” ရန်ကိုင်က ထရပ်၍ လှမ်းအော်ခေါ်လိုက်၏။ ကျိုးချဲ မျက်မှောင်ကြုံ့သွားခဲ့ပြီး ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်၏။

အခြေအနေသည် တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်ဟု ထင်ရသော်ငြား ဘာတွေဖြစ်နေမှန်း မသိသဖြင့် ဆိတ်ဆိတ်နေ၍ အခြားသူများ ပြောသည်ကိုသာ နားထောင်ရန် ကျိုးချဲ ဆုံးဖြတ်လိုက်၏။

“သူတို့နှစ်ယောက်ကို ဒီနေရာဆီ ခေါ်လာပေးပါလား” ရန်ကိုင်က နတ်ဘုရာသစ်ပင်ကို ပုတ်၍ တိုးတိုးလေး ပြောလိုက်၏။

ချက်ချင်းဆိုသလို ကြာပွတ်သဖွယ် စွမ်းအင်ကြိုး နှစ်ချောင်းသည် ကျိုးချဲနှင့် သူ့အပေါင်းအပါကို ရစ်ပတ်၍ ရန်ကိုင်ဆီ ခေါ်လာပေးလိုက်၏။

ရောက်သည်နှင့် ကျိုးချဲက လေသံတိုးတိုးဖြင့် မေးလိုက်၏ “ညီအစ်ကို၊ ဘာတွေ ဖြစ်နေတာလဲ”

“မင်းတို့နှစ်ယောက်ကိုပါ ငါနဲ့အတူ ခေါ်သွားမလို့” ရန်ကိုင်က ပြုံးလိုက်၏။

“မင်းနဲ့လား” ကျိုးချဲမျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ဘယ်ကိုလဲ”

“ဒီနေရာရဲ့ အပြင်ဘက်ကိုပေါ့”

ကျိုးချဲ မှင်သက်သွားခဲ့ပြီး လူအုပ်ကြီးကို ငုံ့ကြည့်၍ တိုးတိုးလေး မေးလိုက်၏ “သူတို့က သဘောတူလို့လား”

“တူချင်ချင်၊ မတူချင်ချင်၊ တူကို တူရမယ်လေ။ စိတ်ချထားလိုက်။ ငါသူတို့နဲ့ သဘောတူညီချက် ရပြီးသွားပြီ”

“အဲ့လိုဆိုရင် အားလုံးက မင်းကို ချက်ချင်း ထသတ်ချင်နေတဲ့ရုပ်တွေ ပေါက်နေတာလဲ။ သူတို့က မင်းကို ဒီအတိုင်း သွားခွင့်ပေးမှာ မို့လို့လား” ကျိုးချဲ လုံးဝကို နားမလည်နိုင် ဖြစ်နေ၏။

ရန်ကိုင်က ခေါင်းသာညိတ်ပြလိုက်ပြီး ဘာမှ ထပ်ရှင်းမပြတော့ဘဲ အောက်ဘက်ရှိ လူများကို လှမ်းအော်မေးလိုက်၏ “ထွက်ပေါက်ဘယ်မှာလဲ”

နေမင်းကလန်ခေါင်းဆောင် လူအိုကြီးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အရပ်မျက်နှာ တစ်ခုဆီ လှမ်းညွှန်ပြလိုက်၏။

ရန်ကိုင်က နတ်ဘုရားသစ်ပင်ကို အသာအယာ ပုတ်လိက်၏။

ချက်ချင်းဆိုလသို ဧရာမ နတ်ဘုရားသစ်ပင်ကြီးသည် ဖြည်းဖြည်းချင်း စတင်ရွေ့လျားတော့လေ၏။ နတ်ဘုရား သစ်ပင် တစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်တစ်ခွင် တသိမ့်သိမ့် တုန်ခါသွား၏။

နေမင်းကလန်မှ ပညာရှင်များကသည် သူတို့နောက်မှ အနီးကပ် လိုက်ပါလာခဲ့ကြ၏။

ကျိုးချဲ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ပြီး လမ်းလျှောက်နေသော သစ်ပင်ကြီးကို အရူးတစ်ယောက် ပမာ စိုက်ကြည့်ရင်း မယုံကြည်နိုင်သည့် လေသံဖြင့် ရေရွတ်လိုက်၏ “ညီအစ်ကို၊ ဒါက ဘယ်လို ထူးဆန်းတဲ့ နည်းလမ်းကြီးလဲ။ သစ်ပင်ကြီးက… သူ့ဘာသာ ဘာလို့ လမ်းလျှောက်နေတာလဲ”

“ဟဲ ဟဲဟဲ၊ နတ်ဘုရားသစ်ပင်မှာ ကိုယ်ပိုင် အသိစိတ် ရှိနေပြီလေ”

“မယုံနိုင်စရာပဲ…” ကျိုးချဲမှာ သူမြင်နေရသည်ကို မယုံကြည်နိုင်သေး။ ငုံကြည့်လိုက်ရာ နတ်ဘုရား သစ်ပင်သည် ရွှေရောင်အလင်းတန်းများ၏ အကူအညီဖြင့် သူ့ဘာသာ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရ၏။

နတ်ဘုရားသစ်ပင်၏ ရွေ့လျားနှုန်းသည် မြန်လည်း မမြန်သလို၊ နှေးလည်း မနှေးချေ။ နေ့ဝက်လောက် ကြာပြီးနောက် ခေါင်းဆောင်လူအိုကြီး ညွှန်ပြရာ ထွက်ပေါက်နားဆီသို့ သူတို့ ရောက်လာခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၄) ကယ်လို့မရတော့ဘူး

လေဟာနယ်စွမ်းအင်သည် လေဟာနယ်လိုဏ်ခေါင်း ရှိသည့်နေရာတွင်သာ ပေါ်လာတတ်၏။ လေဟာနယ် စွမ်းအင်ကို အာရုံခံမိလိုက်သဖြင့် အရှေ့တစ်နေရာ၌ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ကျိန်းသေ ရှိကို ရှိရပေမည်။

ခဏအကြာ၌ အာလုံးမျက်စိရှေ့ အနက်ရောင် မပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့၏။ ထိုနေရာသည် နေမင်းကလန်သားများ နေထိုင်ရာနေရာမှ ကီလိုမီတာ ဒါဇင်ကျော် ကွာဝေးပေ၏။

ထိုလေဟာနယ်လိုဏ်ခေါင်းသည် နေမင်းကလန်နှင့် အတော်ဝေးဝေးတွင် ရှိနေသည့်အတွက် သူအာရုံမခံမိခဲ့ခြင်း ဖြစ်၏။

ခဏအကြာ၌ နတ်ဘုရားသစ်ပင်သည် လေဟာနယ် လိုဏ်ခေါင်းရှေ့ ရပ်တန့်လိုက်၏။

လေဟာနယ်လိုဏ်ခေါင်းသည် အကျယ်သုံးမီတာ ရှိသည့်အတွက် လူပေါင်းများစွာ ဘေးချင်းယှဉ်ရပ်၍ တစ်ပြိုင်တည်း ဝင်နိုင်၏။ သို့သော် နတ်ဘုရားသစ်ပင်၏ ခန္ဓာကိုယ်နှင့်မူ မဆံ့ချေ။

နတ်ဘုရားသစ်ပင်သာ အတင်းအကြပ် ဝင်ရန် ကြိုးစားပါက လေဟာနယ်လိုဏ်ခေါင်း ပြိုကျပြီး နတ်ဘုရားသစ်ပင်လည်း တစ်စစီ ဖြစ်သွားပေလိမ့်မည်။

“ညီအစ်ကိုကျိုးချဲ၊ ဒီနေရာကို မင်းမှတ်မိလား” ရန်ကိုင်က လေးနက်သည့် လေသံဖြင့်‌ မေးလိုက်၏။ ကျိုးချဲက ထိုနေရာတစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် အသာအယာ‌ ခေါင်းညိတ်ကာ “အင်း၊ ငါတို့ အဖမ်းခံရပြီး ဒီနေရာကို ရောက်လာတုန်းက ဒီလေဟာနယ်လိုဏ်ခေါင်းကနေ ရောက်လာခဲ့တာ”

“အဲ့ဒါကောင်းတယ်” ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်၏။

နေမင်းကလန်နှင့် သဘောတူညီချက် ရပြီးသွားပြီ ဖြစ်သော်ငြား ထိုလူများသည် သူတို့အား အန္တရာယ်ရှိသည့် နေရာတစ်ခုသို့ ဦးတည်နေသည့်‌ လေဟာနယ် လိုဏ်ခေါင်းဆီသို့ ခေါ်လာမည်ဟု မည်သူမှ မပြောနိုင်ချေ။ လေဟာနယ်လိုဏ်ခေါင်း၏ အခြားတစ်ဖက်သည် နတ်ဆိုးကုန်းမြေ မဟုတ်ဘဲ တားမြစ်နယ်မြေ၊ သို့မဟုတ် အန္တရာယ်များသည့် နေရာတစ်ခုခု ဖြစ်နေပါက သူ့ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားရပေလိမ့်မည်။

“ကောင်လေး၊ မင်းက အရမ်းကို သတိကြီးတာပါလား” နေမင်းကလန်ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီး “ဒီလူအိုကြီးက ကတိပေးပြီးမှတော့ ဘာလို့ လှည့်စားနေရဦးမှာလဲ။ ဒီနေရာမှာ ဒီထွက်ပေါက် တစ်ပေါက်ပဲ ရှိတယ်။ အခြား လေဟာနယ် လိုဏ်ခေါင်းတွေ မရှိတော့ဘူး”

“သတိထားမှ ဖြစ်မှာလေ” ရန်ကိုင်က လူအိုကြီး၏ ထေ့ငေါ့စကားကို လျစ်လျူရှုကာ ကျိုးချဲနှင့် အခြား နတ်ဆိုးမျိုးနွယ်စုဝင်ကို ကြည့်၍ “အန်လင်းအာနဲ့ အရင်ဝင်သွားလိုက်။ ခဏကြာရင် ငါလိုက်လာခဲ့မယ်”

ကျိုးချဲနှင့် ထိုနတ်ဆိုးမျိုးနွယ်စုဝင်၏ နတ်ဆိုးချီနှင့် စိတ်စွမ်းအင်သည် စည်းခတ်ထားခြင်း ခံထားရာ ယခုလက်ရှိအချိန်၌ သူတို့နှစ်ယောက်သည် သာမန် သေမျိုးနှင့် မခြားချေ။ သူတို့သာ ရှိနေပါက ရန်ကိုင် အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေလိမ့်မည်။

နှစ်ယောက်စလုံး ခေါင်းညိတ်ပြလိုက်ပြီး အခြား နတ်ဆိုးမျိုးနွယ်စုဝင်သည် ဘာတစ်ခွန်းမှ မပြောဘဲ လေဟာနယ်လိုဏ်ခေါင်းထဲသို့ လမ်းလျှောက် ဝင်သွားလိုက်၏။ ကျိုးချဲကမူ မသွားခင် လှမ်းအော်ပြောသွားလိုက်၏ “ညီအစ်ကို၊ သတိထားဦးနော်။ အခြားတစ်ဖက်ကနေ ငါတို့ မင်းကို စောင့်နေနှင့်မယ်”

ရန်ကိုင်က ခေါင်းသာ ညိတ်ပြလိုက်၏။

ကျိုးချဲ လေဟာနယ်လိုဏ်ခေါင်းထဲ ဝင်သွားပြီးနောက် အန်လင်းအာသာ ကျန်ရစ်တော့၏။ ရန်ကိုင်အား စိုးရိမ်တကြီး တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမလည်း လေဟာနယ်လိုဏ်ခေါင်းထဲ ဝင်သွားလိုက်၏။

သူတို့သုံးယောက် ထွက်သွားပြီးမှပဲ ရန်ကိုင် သက်ပြင်း တစ်ချက် ချလိုက်၏။ ထိုသုံးယောက်နောက် ချက်ချင်း လိုက်မသွားသေးဘဲ နတ်ဘုရားသစ်ပင်ပေါ် ထိုင်ချလိုက်၏။

ရန်ကိုင် အပြုအမူကိုမြင်သော် နေမင်းကလန်သား အားလုံး မျက်မှောင်ကြုံ့သွားခဲ့၏။

“ကောင်လေး၊ ဘာလို့ မသွားသေးတာလဲ။ ငါတို့ မင်းတောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းပေးပြီး သွားပြီလေ” နေမင်းကလန်ခေါင်းဆောင်သည် ရန်ကိုင်အား ပုလိပ်ရောဂါကပ်ပိုး တစ်မျိုးပမာ အတင်းအကြပ်ကို နှင်ထုတ်နေ၏။ ယခုတစ်ကြိမ်၌ ရန်ကိုင်ကြောင့် နေမင်းကလန်တစ်ခုလုံး အတော့်ကို အထိနာခဲ့ရသော်ငြား မျိုသိပ်ထားရုံမှလွဲ၍ အခြား မလုပ်နိုင်ခဲ့။ သူတို့တွင်သာ နတ်ဘုရားသစ်ပင် ရှိနေသ‌ရွေ့ ဆုံးရှုံးခဲ့ရသမျှ အားလုံး ကာမိ၏။

“အဲ့လောက်ကြီး စိုးရိမ်မနေပါနဲ့။ ကျုပ်လည်း သွားတော့မှာပါ” ရန်ကိုင်က ပြုံးလိုက်ပြီး အစစ်အမှန်ချီကို လှည့်ပတ်၍ သူ့အသက်ရှူသံကို ထိန်းချုပ်လိုက်၏။

ခဏအကြာ၌ သူ့အသိစိတ်ကို နတ်ဘုရား သစ်ပင်ထဲသို့ ပို့လွှတ်လိုက်၏။ နတ်ဘုရားသစ်ပင်က သူ့ကို ကာကွယ်ပေးနေလေရာ ထိုလူများ သူ့အား တိုက်ခိုက်ရဲမည်ဟု ရန်ကိုင် မထင်ချေ။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသည်နှင့် နတ်ဘုရားသစ်ပင် ချက်ချင်း တန်းသတိပြုမိလိုက်၏။

“စိတ်ငြိမ်ငြိမ်ထားဦး” ရန်ကိုင်က အမြန်အဆန် ပြန်ပြောလိုက်၏ “မင်းကို မေးစရာ တစ်ခုခုရှိလို့။ ငါဒီနေရာကနေ ထွက်သွားတော့မှာ။ မင်းငါနဲ့ အတူလိုက်ချင်လား”

နတ်ဘုရားသစ်ပင်၏ ဝိဥာဉ် တုန်ခါသွားခဲ့ပြီး ရန်ကိုင်နှင့်အတူ လိုက်ချင်ကြောင်း ပြောလိုက်၏။

“မင်းလိုက်ချင်တာလား” ရန်ကိုင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ကောင်းပြီ။ တစ်ခါမှတော့ မကြိုးစားဖူးဘူး။ ဒီနည်းလမ်းက ဖြစ်နိုင်ချေရှိတယ်။ မှတ်ထားနော်၊ ဒီနည်းလမ်း အလုပ်မဖြစ်ရင် အခုလောလောဆယ်တော့ ဒီမှာနေနေလိုက်ဦး။ နောက်ကျမှ ငါလာပြန်ခေါ်မယ်”

ရန်ကိုင်ပြောသည်ကို နတ်ဘုရားသစ်ပင် သိပ်ပြီးနာမလည်။ သို့သော်လည်း ရန်ကိုင် စကားလုံး နောက်ကွယ်ရှိ ခံစားချက်များကြောင့် အနည်းနှင့် အများတော့ နားလည်သေး၏။ အစပိုင်း စကားကြောင့် စိတ်ဓါတ်ကျသွားခဲ့ပြီးနောက် ရန်ကိုင် စကားကြောင့် ပြန်လည် ပျော်ရွှင်လာခဲ့၏။

“ကောင်းပြီ။ ငါမင်းအပေါ် အမှတ်အသား မှတ်လိုက်မယ်” ပြောပြီးသည်နှင့် စိတ်စွမ်းအင်ကို သုံး၍ နတ်ဘုရားသစ်ပင်ပေါ် အမှတ်အသား ပြုလိုက်၏။

ဤနည်းဖြင့် နတ်ဘုရားသစ်ပင်ကို သူနှင့်အတူ မခေါ်သွားနိုင်လျှင် ၎င်း၏ တည်ရှိမှုကို အာရုံခံနိုင်သေး၏။

ယခုကဲ့သို့ လုပ်ခြင်းသည် အန်လင်းအာ၏ ဝိဥာဉ် အမှတ်အသားကို လက်ခံထားသည်နှင့် အနည်းငယ် ကွဲပြား၏။ တစ်နည်းဆိုရသော် နတ်ဘုရားသစ်ပင်၏ ဝိဥာဉ်သာ ထိခိုက်သွားပါက သူ့ဝိဥာဉ်လည်း ထိခိုက် ရပေလိမ့်မည်။ တစ်ဖက်တွင်မူ အန်လင်းအာ၏ ဝိဥာဉ် ပျက်စီးသွားခဲ့လျှင်ပင် ရန်ကိုင် ဒဏ်ရာရလိမ့်မည် မဟုတ်ချေ။

နတ်ဘုရားသစ်ပင်နှင့် ဆက်သွယ်ပြီးနောက် သူ့အသိစိတ်ကို နတ်ဘုရားသစ်ပင်ထဲမှ ပြန်ရုတ်လိုက်၏။

အားလုံး၏ မျက်လုံးရှေ့မှာပဲ ရန်ကိုင် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာခဲ့၏။ သူ့အကြည်သည် တစ်ခုခုအား ဆုံးဖြတ်ထားသည့်ပမာ လုံးဝကို တည်ကြည် လေးနက်နေခဲ့၏။

မကောင်းသည့် အငွေ့တို့ နေမင်းကလန်ခေါင်းဆောင် ရလိုက်ပြီး အမြန် အော်ပြောလိုက်၏ “မကောင်းတော့ဘူး။ ဒီကောင်လေး တစ်ခုခုကို ကြံနေပြီ”

ရန်ကိုင်က အကျယ်ကြီး အော်ဟစ် ရယ်မောလိုက်ပြီး အော်ပြောလိုက်လေ၏ “ကျုပ်ဘာမှ ကြံနေတာ မဟုတ်ဘူး။ မသွားခင်လေး ခင်ဗျားတို့အတွက် လက်ဆောင်လေး တစ်ခု ချန်ပေးခဲ့မလို့ လုပ်နေတာ”

ပြောပြီးသည်နှင့် သူ့ဆီမှ အားကောင်းလှသော စိတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး နတ်ဘုရားသစ်ပင် တစ်ပင်လုံးကို လွှမ်းခြုံသွားခဲ့၏။

အတွေးတစ်ချက်နှင့် ရန်ကိုင် ခန္ဓာကိုယ်ထဲရှိ အနက်ရောင်စာအုပ်ဆီမှ အားကောင်းလှသော ဆွဲငင်အား တစ်ခု ထွက်ပေါ်လာခဲ့၏။

တူနှင့် ဆောင့်ရိုက်ခံလိုက်ရသည့်ပမာ သူ့နှလုံးသား တစ်ခုလုံး ဆူးအောင့်သွားခဲ့၏။ မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့ကာ သေခြင်းအရှိန်အဝါတို့ သူ့ဆီ ချဉ်းကပ်လာသည်ကို ရန်ကိုင် ခံစားလိုက်ရ၏။

သို့သော်လည်း အားလုံးသည် အံ့အားသင့်စရာ အခြားတစ်ခုပေါ်တွင်သာ အာရုံစိုက်နေသဖြင့် မည်သူမှ သူ့အား အာရုံမစိုက်ခဲ့။ အားလုံး၏ မျက်လုံးရှေ့၌ပင် ဧရာမ နတ်ဘုရားသစ်ပင်ကြီးသည် အလင်းတန်းတစ်ခု အသွင် ပြောင်းလဲပျောက်ကွယ် သွားခဲ့လေ၏။

နေမင်းကလန်သားအားလုံး မှင်သက်နေခဲ့ပြီး ပါးစပ်အဟောင်းသားနှင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြ၏။

ရှိရှိသမျှ အားအကုန်အစင်ကိုသုံး၍ သတိမလစ်အောင် ထိန်းထားရင်း လေဟာနယ်လိုဏ်ခေါင်းဆီသို့ အလျင်စလို ပြေးထွက်သွားလေ၏။ ရောက်သည်နှင့် တစ်ပြိုင်နက် လေဟာနယ်လိုဏ်ခေါင်းကိုပါ တစ်ခါတည်း တိုက်ခိုက်လိုက်၏။

သူ့ခန္ဓာကိုယ်မှ အစစ်အမှန်ချီလှိုင်းတို့‌ ပေါက်ကွဲထွက်လာခဲ့ပြီး ဘေးပတ်တပ်လည် တစ်ခုလုံး ပရမ်းပတာ ဖြစ်လာခဲ့၏။

ပေါက်ကွဲသံတို့ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေဟာနယ်လိုဏ်ခေါင်းတစ်ခုလုံး ပြိုကျသွားခဲ့ပြီး လေဟာနယ်စွမ်းအင်များ သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားခဲ့၏။ ခဏကြာသော် လေဟာနယ် လိုဏ်ခေါင်း တစ်ခုလုံး ကျုံ့ဝင်သွားကာ ပျောက်ကွယ်သွားလေ၏။

တစ်ချိန်တည်းမှာပင် သနားဖွယ်စဖွယ် အော်ဟစ်သံများ အဘက်ဘက်မှ ထွက်ပေါ်လာခဲ့၏။

ရန်ကိုင် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ထိန်းချုပ်ထားနိုင်သည့်အရာ တစ်ခုမှ မရှိတော့သဖြင့် ချက်ချင်း သောင်းကျန် ကြတော့လေရာ သူတော်စင်အဆင့် ကျင့်ကြံသူအားလုံး နေရာတွင်ပင် လဲပြိုကျကုန်ရလေ၏။

နေမင်းကလန် ခေါင်းဆောင်လူအိုကြီးနှင့် သူတော်စင်အဆင့် အကြီးအကဲများသည် စကားတစ်ခွန်းမှပင် မပြောနိုင်ဘဲ ငေးကြောင်ကြောင် ဖြင့်သာ ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့ကြလေ၏။

နတ်ဘုရားသစ်ပင် ပျောက်ကွယ်သွားခဲ့ပြီး အပြင်လောကကြီးနှင့် ဆက်သွယ်ထားသည် တစ်ခုတည်းသော လေဟာနယ်လိုဏ်ခေါင်းသည်လည်း ဖျက်စီးခြင်း ခံလိုက်ရ၏။ သူတို့၏ ကလန်သား များစွာသည်လည်း ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ကြ၏။ ထိုအဖြစ်အပျက် အားလုံးသည် အသက်ရှူရှိုက်စာ အကြိမ်ရေအနည်းငယ် အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည့်အတွက် သူတို့အားလုံး ဘာတွေ ဖြစ်ပျက်နေမှန်း လုံးဝ မတွေးတတ်အောင် ဖြစ်နေခဲ့၏။

လေဟာနယ်လိုဏ်ခေါင်း ဖျက်စီးခံရမည်ဟု သူတို့ မျှော်လင့်ထားပြီးသားပင်။ လေဟာနယ်လိုဏ်ခေါင်းကို ရန်ကိုင် ဖျက်စီးပစ်မည်မှန်း သူတို့ ကြိုသိထား၏။ သို့သော် ရန်ကိုင်ကို မတားဆီးခဲ့။ မည်သို့ပင် ဖြစ်စေကာမူ သူတို့သည် ဤဆန်းကြယ်လောကငယ်အတွင်း မျိုးရိုး အစဉ်အဆက် နေထိုင်လာခဲ့ခြင်း ဖြစ်သလို လေဟာနယ် လိုဏ်ခေါင်း၏ အပြင်ဘက်သည် နတ်ဆိုးကုန်းမြေ ဖြစ်၏။ လေဟာနယ်လျှောက်လမ်းကို ဝင်လိုက်၊ ထွက်လိုက် လုပ်နေ၍ မကောင်းလေရာ ပျက်စီးသွားခြင်းသည် သူတို့အား စိတ်အနှောက်အယှတ် မဖြစ်စေခဲ့။

ကလန်သားများ ရုတ်တရက် သေသွားခြင်းသည် ကောင်စုတ်လေး၏ စနက်ကြောင့်သာ ဖြစ်ရပေမည်။ ကောင်စုတ်လေးသည် နည်းလမ်းတစ်ခုခုကို သုံး၍ သူတို့၏ ကလန်သားများကို သူတို့ပင် မတားဆီးနိုင်သေးခင်မှာဘဲ သတ်ဖြတ်သွားခဲ့ဖူး၏။ ယခုတစ်ကြိမ်သည်လည်း ထိုအကြိမ်နှင့် အတူတူပင် ဖြစ်၏။

သို့သော် ထိုအားနည်းလှသော လူသား ကောင်လေးသည် ဧရာမနတ်ဘုရားသစ်ပင်ကြီးကို မည်ကဲ့သို့ ပျောက်ကွယ်သွားအောင် လုပ်ခဲ့သလဲ ဆိုသည်ကိုမူ မည်သည့် သူတော်စင်အဆင့် ပညာရှင်မှ နားမလည်နိုင်ခဲ့ချေ။

လေဟာနယ်လိုဏ်ခေါင်းကို နတ်ဘုရားသစ်ပင် ဖြတ်မသွားနိုင်ချေ။ ဖြတ်သွားနိုင်ပင်လျှင် ထိုဧရာမ ခန္ဓာကိုယ်ကြီး သူတို့ရှေ့မှ ရုတ်တရက် ပျောက်သွားရန် မဖြစ်နိုင်။

“သူခိုးလေး။ ငါမသေမချင်း မင်းကို လိုက်သတ်မယ်လို့ ကျိန်ဆိုတယ်” နေမင်းကလန် ခေါင်းဆောင် လူအိုကြီးက ကောင်းကင်ပေါ်သို့ မော့၍ ဒေါသတကြီး အော်ဟစ်လိုက်၏။ အမျက်ဒေါသ အချောင်းချောင်း ထွက်နေသော သူ့ဆံပင်များသည်ပင် အလိုလို ထောက်မတ်နေခဲ့လေ၏။

အခြား နေမင်းကလန် အကြီးအကဲများသည်လည်း ထိုကဲ့သို့ ကြုံးဝါကျိန်ဆိုနေကြ၏။ သို့သော် သူတို့ ကျိန်ဆိုနေ၍ ဘာမှမထူးတော့။ သူတို့၏ ကံကြမ္မာဆိုးသည် ဤနေရာမှ ထွက်ခွါသွားခဲ့လေပြီ။

----------------------------------

အဆုံးမရှိသော သဲသောင်ပြင် တစ်ခုပေါ်သို့ ရန်ကိုင် ပြုတ်ကျလာခဲ့ရာ ကျိုးချဲနှင့် ကျန်သူများ အပြေး လာထူပေးကြ၏။

ရန်ကိုင်၏ လက်ရှိအခြေအနေကို မြင်ပြီးနောက် အန်လင်းအာ ထိတ်လန့်တုန်လှုပ်သွားခဲ့လေ၏။

ရန်ကိုင် မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်နေခဲ့ပြီး သူ့နှုတ်ခမ်းများသည်လည်း ခရမ်းရောင် သန်းနေခဲ့၏။ ကိုယ်တွင်းချီများ ပရမ်းပတာ ဖြစ်နေခဲ့ပြီး စိတ်စွမ်းအင်သည်လည်း မရှိသလောက် ဖြစ်နေခဲ့၏။

မည်သည့် အပြင်ဒဏ်ရာမှ မရထားသော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သေမင်းခံတွင်း ရောက်နေသည့် အလား အေးစက်စက် ဖြစ်နေခဲ့၏။ အသက်ရှူသံသည် အတော့်ကိုမှ ကျယ်လှသော်ငြား စည်းချက်ကျမှုမရှိ ဖြစ်နေခဲ့၏။

သူတော်စင်မနန်၏ လိုက်လံသတ်ဖြတ်ခြင်း ခံရပြီးနောက်၊ ယခုကဲ့သို့ အခြေအနေမျိုး ရန်ကိုင် နောက်တစ်ကြိမ် ထပ်ရောက်ခဲ့ရပြန်လေပြီ။

သူမထွက်သွားပြီးနောက် ဆန်းကြယ်လောကငယ် အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို အန်လင်းအာ မသိသော်ငြား ရန်ကိုင်၏ လက်ရှိ အခြေအနေသည် အရမ်းကိုမှ စိုးရိမ်စရာ ကောင်းနေခဲ့၏။

“ညီအစ်ကို၊ ညီအစ်ကို…” ကျိုးချဲက အလောတကြီး ပြေးလာပြီး ရန်ကိုင်ကို လှုပ်နိုးလိုက်သော်လည်း ရန်ကိုင် နိုးမလာခဲ့။ သေချာ စစ်ဆေးကြည့်တော့မှပဲ ရန်ကိုင် အသိစိတ်ပင်လယ် ဒဏ်ရာရထားသည်ကို တွေ့ရှိလိုက်ရ၏။

“သူ့ကို ကယ်လို့မရတော့ဘူး…” အခြား နတ်ဆိုးမျိုးနွယ်စုဝင်က အနည်းငယ် စိတ်ဓါတ်ကျနေသည့် ပုံစံဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၏။

ရန်ကိုင်နှင့် သူသည် သူစိမ်းသက်သက် ဖြစ်သော်ငြား မည်သို့ပင် ဖြစ်စေကာမူ ယခုတစ်ကြိမ်၌ ရန်ကိုင်သည် သူတို့အား ကယ်ခဲ့သူ ဖြစ်၏။ သူ့အသက်ကျေးဇူးရှင် ယခုကဲ့သို့ ဖြစ်နေသည်ကို သူလည်း မမြင်ချင်ပေ။

ကျိုးချဲသည် မျက်မှောင်ကြုံ၍ တစ်ခုခု ပြောဖို့ လုပ်လိုက်သော်ငြား အန်လင်းအာ၏ ကမ္ဘာပျက်သလို ဖြစ်နေသည့် အမူအရာကို မြင်လိုက်ပြီးနောက် ပြောမည့် စကားကို ပြန်မျိုချလိုက်၏။

လက်ရှိအချိန်၌ သူတို့တွင် ဆေးလုံးမရှိသလို ဆေးပင်များလည်း မရှိချေ။ ဆန်းကြယ်လောကငယ် အတွင်း ရှိနေစဉ်က သူတို့၏ သိုလှောင်အိတ်များကို နေမင်းကလန်သားများက ယူသွားခဲ့၏။ ထို့ကြောင့် ရန်ကိုင်ကို ကူညီချင်သော်ငြား မကူညီနိုင် ဖြစ်နေခဲ့၏။

နတ်ဆိုးချီနှင့် စိတ်စွမ်းအင်လည်း စည်းခတ်ထားခြင်း ခံရရာ ရန်ကိုင်ကို နည်းနည်းမှပင် မကူညီနိုင်တော့ချေ။

“မဟုတ်ဘူး။ သူသေမှာ မဟုတ်ဘူး” အန်လင်းအာက သွေးရူးသွေးတန်းဖြင့် အဆက်မပြတ် ခေါင်းခါရမ်းနေခဲ့၏။ ရန်ကိုင် ခေါင်းကို သူမပေါင်ပေါ် တင်၍ သူ့မျက်နှာထက်ရှိ သဲများကို တုန်တုန်ရင်ရင်ဖြင့် ဖယ်ရှားပေးရင်း “အရင် အကြိမ်တုန်းကလည်း အခုလိုပဲ ဒဏ်ရာရခဲ့တာ။ ဒါပေမယ့် သူမသေခဲ့ဘူး။ အခုလည်း သူသေမှာ မဟုတ်ဘူး… ကျိန်းသေတယ်…”

ဒုတ်…

နောက်ထပ် နှလုံးခုန်သံတစ်သံ ထွက်ပေါ်လာပြီး ရန်ကိုင် အသက်စွမ်းအင်သည်လည်း အားနည်းသထက် အားနည်းလာခဲ့၏။

အန်လင်းအာ၏ မျက်ဝန်းများဆီမှ မျက်ရည်စတို့ ပိုပိုးပေါက်ပေါက် ကျဆင်းလာခဲ့ပြီး ရှိုက်ကြီးတငင် ငိုကြွေးတော့လေ၏။

“ဂျူနီယာညီမ၊ မငိုနဲ့လေ” ကျိုးချဲက ဝင်ပြောလိုက်၏ “နင့်အစစ်အမှန်ချီက စည်းခတ်ထားခံရတာမှ မဟုတ်တာ။ သူ့ကို ကူညီပေးဖို့ ကြိုးစားကြည့်ပါလား”

အိမ်မက်မက်နေရာမှ ရုတ်တရက် နိုးလာသည့်အလား အန်လင်းအာသည် သူမ၏ ကျင့်စဉ်ကို လှည့်ပတ်၍ ရန်ကိုင်ကို ကူညီရန် အမြန် ကြိုးစားတော့လေ၏။ သို့သော်လည်း သူမ မည်သို့ပင် ကြိုးစားစေကာမူ ရန်ကိုင် အခြေအနေကို တိုးတက်အောင် မလုပ်နို်ငခဲ့ပေ၏။

“ဟူး…” ကျိုးချဲ သက်ပြင်း အမောကြီး ချလိုက်၏။ ရန်ကိုင်အား ကျေးဇူး ပြန်ဆပ်ချင်သော်ငြား ဆန်းကြယ် လောကငယ်အတွင်းမှ ထွက်လာလာချင်း ရန်ကိုင် ယခုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူ ထင်လိမ့်မည်နည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၅) ကျယ်ပြန့်လှသော သဲကန္တာရ

သဲကန္တာရထဲတွင် နေ့အချိန်၌ အရမ်းကိုမှ ပူလှပြီး ညအချိန်တွင်မူ အရိုးခိုက်မတတ် အေးလှသည်။ လပြည့်ဝန်းကြီးအောက် အေးစက်စက် ချီဓါတ်များသည် တစ္ဆေ၊ သားရဲများပမာ သဲသောင်ပြင်ပေါ်မှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်ကြ၏။

ဝေ့ကြည့်လိုက်ပါက အဆုံးမဲ့ သဲကန္တာရကြီးကို ပါးလျလျ ရေခဲလွှာလေး တစ်ခုက ဖုံးလွှမ်းထားသည်ဟုပင် ထင်မှတ်သွားရနိုင်၏။

ကျယ်ပြန့်လှသော သဲကန္တာရ၏ တစ်နေရာတွင် အန်လင်းအာသည် ရန်ကိုင် ခန္ဓာကိုယ် အေးခဲ မသွားစေရန် သူမ၏ အစစ်အမှန်ချီဖြင့် အဆက်မပြတ် အားဖြည့်ပေးနေခဲ့၏။

လက်ရှိအချိန်၌ ရန်ကိုင်သည် အလောင်းကောင် တစ်ကောင်နှင့် မခြားချေ။ ဆန်းကြယ်လောကငယ်ထဲမှ လွတ်မြောက်လာပြီးသည့် အချိန်မှစ၍ ယခုအချိန်အထိ ရန်ကိုင် နိုးမလာသေးခဲ့ပေ။ အစပိုင်း၌ သူ့ခန္ဓာကိုယ်သည် အနည်းငယ် နွေးတေးတေး ဖြစ်နေပြီး နှလုံးခုန်သံကို ရံဖန်ရံခါ ကြားနေရသော်ငြား အချိန်ကြာလာသည်နှင့် သူ့ခန္ဓာကိုယ်သည် အေးစက်သထက် အေးစက်လာပြီး နှလုံးခုန်သံသည်လည်း မကြားရသလောက် ဖြစ်လာခဲ့၏။

အန်လင်းအာသည် ရန်ကိုင်ဘေးနားမှ တစ်ဖဝါးမှ မခွာဘဲ အချိန်ပြည့် စောင့်ကြပ်ပေးနေခဲ့၏။

ရန်ကိုင်သည် တော်ဝင်နယ်မြေ၏ နောင်တက်မည့် တော်ဝင်သခင်လောင်း ဖြစ်၏။ သူသေနေပြီ ဆိုလျှင်ပင် အန်လင်းအာ အနေဖြင့် ရန်ကိုင်ကို လုံးဝ အထိခိုက် ခံလိမ့်မည် မဟုတ်ချေ။

လျှပ်… လျှပ်… လျှပ်…

သဲပြင်ကို ပွတ်တိုက်လာသည့် ခြေသံများကို မလှမ်းမကမ်း နေရာတစ်ခုမှ ကြားလိုက်ရ၏။ မော့ကြည့်လိုက်ရာ အနီးအနား ဝန်းကျင်ကို စစ်ဆေးရန် ထွက်သွားသည့် ကျိုးချဲကို တွေ့လိုက်ရ၏။ ကျိုးချဲ၏ ခန္ဓာကိုယ်သည် သာမန်လူသားတို့၏ ခန္ဓာကိုယ်ထက် အများကြီး ပိုအားကောင်းသော်ငြား၊ သဲကန္တာရ၏ အအေးဓါတ်ကို သူ့ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် ခုခံနိုင်စွမ်း မရှိချေ။ ထို့ကြောင့် သူမဆီသို့ လမ်းလျှောက် လာစဉ် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေခဲ့ပြီး သူ့ဆံပင်များကိုလည်း ရေခဲစတို့ ကပ်ညိနေခဲ့လေ၏။

ကျိုးချဲ သူမနား လျှောက်လာသည်ကို မြင်သော် အန်လင်းအာ ချက်ချင်း သတိထားလိုက်၏။ ရန်ကိုင်နှင့် အချိန်အတော်ကြာအောင် အတူတူ ကုန်ဆုံးပြီးနောက် ကျိုးချဲနှင့်လည်း အတော်လေး ဆက်ဆံဖူးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ထိုနတ်ဆိုးမျိုးနွယ်စုဝင်သည် တဏှာကြီးသည့် လူတစ်ယောက်ဖြစ်မှန်း သူမသိ၏။ ယခု ရန်ကိုင် သေမှန်း၊ ရှင်မှန်း မသေချာသေးရာ ကျိုးချဲနှင့် ဆက်ဆံရာတွင် သေသေချာချာ သတိထားရန် လိုအပ်ပေသည်။

သို့သော် တစ်ဖက်လူ၏ နတ်ဆိုးချီနှင့် စိတ်စွမ်းအင်သည် စည်းခတ်ထားခြင်း ခံရကြောင်း သတိရလိုက်သော် အန်လင်းအာလည်း ယခင်ကဲ့သို့ အရမ်းကြီး သတိထားမနေတော့ချေ။

“သူဘယ်လိုနေလဲ” ကျိုးချဲသည် အန်လင်းအာနားသို့ လျှောက်လာပြီး အလျင်စလို မေးလိုက်၏။

အန်လင်းအာကမူ ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းပြလိုက်၏။

“နောက်ဆုံးတော့လည်း သူ့ကို ကယ်လို့ မရတော့ပါလား”

“နင်… အဲ့လိုမပြောနဲ့။ သူသေမှာ မဟုတ်ဘူး” ကျိုးချဲ၏ နမိတ်မရှိသည့် စကားကြောင့်း အန်လင်းအာ ချက်ချင်း ဒေါသပုန်ထသွားခဲ့ပြီး ကျိုးချဲအား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ။ ငါမပြောခဲ့ဘူးလို့ပဲ သဘောလိုက်၊ ဟုတ်ပြီလား။ ဒါပေမယ့် နင့်စိတ်ကိုလည်း ပြင်ထားသင့်တယ်နော်။ ဒီလောကကြီးမှာ ထာဝရ တည်မြဲတာ ဘာမှမရှိဘူး။ ဟူး… ကံကြမ္မာက ညီအစ်ကိုရန်ကို တော်တော်လေး ရက်စက်တာပဲ” ကျိုးချဲက သက်ပြင်းချလိုက်၏။

ရန်ကိုင်သည် သူတို့အား လွတ်အောင်လုပ်ပေးရင်း ယခုကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည့်အတွက် ကျိုးချဲလည်း ရန်ကိုင် ကိစ္စနှင့်ပက်သက်ပြီး စိတ်မကောင်း ဖြစ်မိ၏။ “သူအသက်ရှင်နိုင်ခဲ့ရင် အကောင်းဆုံးပဲ။ ငါက သူ့ကို ချင်းလျောင်မြို့ဆီ ခေါ်သွားပြီး ကောင်းကောင်း ပြုစုပေးချင်တာ”

ပြောပြီးသည်နှင့် မနီးမဝေး တစ်နေရာတွင် ထိုင်ချလိုက်၏။ ရုတ်တရက် သွားပေါ်အောင် ပြုံးကာ ပြောလိုက်၏ “ဒီလူသားကောင်းလေးက တော့်တော့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ကောင်ပဲ။ အရင်တုန်းက လူသားတွေ အများကြီးကို ငါဖမ်းခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ထဲ့က ဘယ်တစ်ကောင်ကမှ ညီအစ်ကိုရန်လောက် အထင်ကြီးစရာ မကောင်းဘူး။ အဖမ်းခံရတာနဲ့ အသက်ချမ်းသားပေးပါ ဆိုပြီး ဒူးထောက်ကို တောင်းပန်ကြတော့တာပဲ။ ညီအစ်ကိုရန် တစ်ယောက်ပဲ သတ္တိရှိတယ်။ သူ့စိတ်ထားက ငါတို့ နတ်ဆိုးမျိုးနွယ်နဲ့ တကယ်ကို ဆင်တာပဲ။ သူ့ပုံစံက ယောကျာ်း တစ်ယောက်လို ရဲရဲရင့်ရင့်ပဲ သေလိုက်မယ်။ ဒူးထောက်မယ့် ငကြောက်တစ်ကောင်တော့ ဘယ်တော့မှ အဖြစ်မခံမယ့် ပုံစံမျိုး”

ကျိုးချဲ ပြောနေသည့် အကြောင်းအရာများကို အန်လင်းအာ စိတ်မဝင်စား၊ တစ်ခုကိုသာ စိတ်ဝင်စားမိ၏။ ထို့ကြောင့် အန်လင်းအာက ကျိုးချဲအား “နင်ဖမ်းမိတဲ့ လူသားတွေကို ဘာလုပ်ဖြစ်လိုက်လဲ”

ကျိုးချဲက လည်ပင်းကို တိခနဲလုပ်ပြလိုက်ရာ အန်လင်းအာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး ထိုကောင်နှင့် စကားဆက်မပြောရန် ဆုံးဖြတ်လိုက်၏။

ညအချိန်တွင် သဲကန္တာရာယ်တစ်ခုလုံး ကျောချမ်းဖွယ် တိတ်ဆိတ်နေခဲ့၏။ ကင်းမြီးကောက်ကဲ့သို့သော သက်ရှိ အချို့ကိုသာ ရံဖန်ရံခါ မြင်ရတတ်၏။ ကျိုးချဲ ထိုအကောင်များကို မြင်သည်နှင့် ချက်ချင်းဖမ်းပြီး စားပစ်လိုက်၏။

စားနေစဉ်အတွင်း အရသာ ဘယ်လိုရှိကြောင်း ဆိုသည်ကိုလည်း ပြောဆိုနေသေး၏။

ညနက်လေ… သဲကန္တာရသည် ပို၍ အေးစက်လာလေပင်။

ရန်ကိုင်၏ လက်ကျန် အသက်စွမ်းအင်သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်စ ပြုလာခဲ့ရာ ကျိုးချဲနှင့် အန်လင်းအားတို့လည်း စိုးရိမ်သထက် စိုးရိမ် လာခဲ့ကြပြီး ရန်ကိုင် အခြေအနေကို သေချာ စောင့်ကြည့်လိုက်ကြ၏။

ညသန်းခေါင်ကျော် နာရီဝက်လောက် ကြာပြီးနောက် ရန်ကိုင်၏ နောက်ဆုံးလက်ကျန် အသက်စွမ်းအင် လုံးဝ ပျောက်ကွယ်သွားလေ၏။

အန်လင်းအာ၏ မျက်ဝန်းလေးများသည် အသက်ကင်မဲ့သွားသည့်ပမာ ချက်ချင်းကို ငေးငိုင်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်လေးသည်လည်း ထိန်မရအောင်ကို တုန်ရီလာခဲ့လေ၏။

ကျိုးချဲကမူ သက်ပြင်းအမောကြီးသာ ချလိုက်၏။

နှစ်ယောက်စလုံး ဝမ်းနည်းနေစဉ်မှာပင် ရန်ကိုင် ခန္ဓာကိုယ်မှ အသက်စွမ်းအင်တို့ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့၏။ ထိုအသက်စွမ်းအင်များသည် ဒေါသပုန် ထနေသည့် မီးတောက်များအဖြစ် ပြောင်းလဲသွားကာ အေးခဲလုလု ဖြစ်နေသော ရန်ကိုင် တစ်ကိုယ်လုံးကို စတင် ပူပြင်းလောင်မြိုက် လာစေတော့၏။ တစ်ချိန်တည်းမှာပင် အစစ်အမှန်ချီတို့သည်လည်း သူ့သွေးကြောများထဲ အရူးအမူး စီးဆင်းလာခဲ့ရာ အပြင်ကနေပင် ကြားနေရ၏။

အုပ်အုတ်အုတ် မြည်သံနှင့်အတူ ရန်ကိုင် တစ်ကိုယ်လုံးကို မီးတောက်မီးလျှံတို့ ဖုံးလွှမ်းသွားခဲ့ပြီး ထွင်းဖောက်မြင်နေရသော ရွှေရောင်အစစ်အမှန်ချီတို့ ရန်ကိုင် ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သာ သူ့ပတ်ပတ်လည်ရှိ သဲပြင်တစ်ခုလုံးကို ချော်ရည်ပြင်ကြီး အဖြစ် ပြောင်းလဲပစ်လိုက်လေ၏။

အန်လင်းအာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အလျင်စလို နောက်ပြန်ဆုတ်လိုက်၏။

ကျိုးချဲလည်း ထိုမထင်မှတ်ထားသည့် အဖြစ်အပျက်ကြောင့် မှင်သက်ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရာ စားလက်စ ကင်းမြီးကောက်အမြီးသည် သူ့ပါးစပ်ထဲမှ အောက်သို့ လျှောကျသွားလေ၏။

ရန်ကိုင် ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး အပြင်သို့ လွတ်ထွက်သွားသော အစစ်အမှန်ချီများကို သူ့ကိုယ်ထဲသို့ ပြန်စုပ်ယူလိုက်၏။ ပြီးသည်နှင့် အလျင်အမြန် ထကာ ဘေးပတ်လည်ကို သတိအပြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်၏။ မှင်သက်နေသော အန်လင်းအာနှင့် ကျိုးချဲတို့ကို မြင်လိုက်ရမှပဲ သက်ပြင်းတစ်ချက် ချလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။

ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီးနောက် အသက်ရှူနှုန်းကို တည်ငြိမ်အောင် လုပ်ကာ သတိမလစ်သွားခင် အချိန်ကို ပြန်စဉ်းစားကြည့်လိုက်၏။

သူ့ခန္ဓာကိုယ်သည် အကောင်းအတိုင်းသာ ရှိနေသေးသော်ငြား အသိစိတ်ပင်လယ် တစ်ခုလုံးကမူ ကသောင်းကနင်း ဖြစ်နေခဲ့သဖြင့် ရန်ကိုင်မှာ ဦးခေါင်းကို ကိုင်လျက် တုန်တုန်ရင်ရင်ဖြင့် နာနာကျင်ကျင် ညည်းညူနေရ၏။

ခဏကြာသွားတော့မှပဲ ခေါင်းကိုက်ဝေဒနာ တဖြည်းဖြည်း သက်သာသွားခဲ့၏။

“ငါတို့ ဘယ်ရောက်နေတာလဲ” မျက်လုံးဖွင့်၍ အန်လင်းအာတို့ကို မေးလိုက်၏။ သက်သာသွားသော်ငြား ယခုထိတိုင် သူ့ခေါင်းသည် နာကျင်နေဆဲပင်။

“နတ်ဆိုးကုန်းမြေရဲ့ သဲကန္တာရပဲ” ကျိုးချဲက အမြန်အဆန်ပဲ ရှင်းပြလိုက်၏။ ထို့နောက် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားကာ အလောတကြီး မေးမြန်းလေ၏ “ညီအစ်ကိုရန်၊ မင်းက… သေသွားပြီးပြီလား၊ ဒါမှမဟုတ် အသက်ရှင်နေသေးတာလား”

ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ကျိုးချဲကို နုံးနယ်နေသည့် အမူအရာဖြင့် ကြည့်၍ “မင်းဘယ်လိုထင်လဲ”

“ဟားဟား” ကျိုးချဲသည် အကြမ်းပတမ်းဆန်စွာ အော်ဟစ်ရယ်မောလိုက်ပြီး “မင်းလွယ်လွယ်သေမှာ မဟုတ်မှန်း ငါသိသားပဲ”

“သူ့ကို ကယ်လို့ မရခဲ့ဘူးလို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား” အန်လင်းအာက ကျိုးချဲကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

ကျိုးချဲ၏ ရယ်သံ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဘာမှ ပြန်မပြောနိုင် ဖြစ်သွားခဲ့ရ၏။

“နင်ဘယ်လိုနေလဲ” အန်လင်းအာသည် ကျိုးချဲအား ဆက်လက် ဂရုမစိုက်တော့ဘဲ ရန်ကိုင်ဘက်ကို လှည့်၍ စိုးရိမ်တကြီးဖြင့် အခြေအနေ မေးလိုက်၏။

“တော်တော် ဆိုးဆိုးရွားရွားပဲ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းပြလိုက်၏။ ယခုအချိန်၌ သူ့ဝိဥာဉ်သည် အရှင်း တည်ငြိမ်သွားခြင်း မရှိသေးပေ။

“အဲ့လိုဆိုရင် မြန်မြန် အနားယူလိုက်လေ”

ရန်ကိုင်က ခေါင်းညိတ်ရုံလေး ညိတ်ပြလိုက်ပြီး တင်ပလင်ခွေထိုင်ကာ သူ့အသိစိတ်ပင်လယ်ကို တည်ငြိမ်သွားအောင် စတင် ကြိုးစားတော့၏။

ယခုအချိန်တွင် သူ့အသိစိတ်ပင်လယ်တစ်ခုလုံးသည် ခြောက်ကပ်နေသော သဲကန္တာရ တစ်ခုနှင့်ပင် တူသေး၏။ ပူပြင်းလှသော မီးတောက်များ၊ အလျင်မပြတ် စီးဆင်းနေသော ပင်လယ်ရေများ အားလုံး ပျောက်ကွယ် သွားခဲ့လေပြီ။

အသိစိတ်ပင်လယ်သည်လည်း အနည်းငယ် ပရမ်းပတာ ဖြစ်နေခဲ့၏။ တစ်ချိန်တစ်ချိန် လေပြင်းတို့ တိုက်ခတ်လာတတ်ပြီး တစ်ချိန်တစ်ချိန် မိုးသည်းထန်စွာ ရွာသွန်းကာ အဆက်မပြတ် မိုးချိန်းတတ်၏။ ကမ္ဘာကြီး တစ်ခုလုံးသည် ပြိုကျတော့မည်အလား ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့၏။

ယခုကဲ့သို့ ဖြစ်နေရခြင်းသည် နတ်ဘုရားသစ်ပင်ကို အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲသို့ အတင်းအကြပ် ခေါ်ယူခဲ့သောကြောင့်ပင် ဖြစ်လေ၏။

အနက်ရောင်စာအုပ်ထဲတွင် သူသိမ်းဆည်းထားသည့် အရာများသည် အသေးစား အရာလေးများသာ ဖြစ်ကြ၏။ အကြီးဆုံးဆိုသည့်အရာပင်လျှင် နတ်ဘုရားသစ်ပင်၏ တစ်ရာပုံတစ်ပုံ မရှိချေ။ ထို့ကြောင့် နတ်ဘုရားသစ်ပင်ကို အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲ ထည့်သွင်းရန် ကြောက်မခန်းလိလိ များပြားလှသော စိတ်စွမ်းအင်များကို လိုအပ်ခဲ့မည်မှာ သံသယ ရှိစရာ မလိုချေ။

တကယ်တော့ နတ်ဘုရားသစ်ပင်သည် အနက်ရောင် စာအုပ်ထဲ ရန်ကိုင် သိမ်းဆည်းထားခဲ့သည့် အခြားသော အရာများနှင့် အရမ်းကိုမှ ကွဲပြားသည် မဟုတ်ပေလော။ နတ်ဘုရားသစ်ပင်သည် အရွယ်အစား အလွန့်အလွန်ကိုမှ ကြီးမားရုံမက မြောက်မြားလှစွာသော စွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားသေး၏။ ထို့ကြောင့် နတ်ဘုရားသစ်ပင်ကို အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲ ထည့်သွင်းရန်အတွက် ရန်ကိုင် အသိစိတ် ပင်လယ် တစ်ခုလုံး ပြောင်တလင်း ခါသွားသည်မှာ အထူးအဆန်း မဟုတ်ချေ။

သို့သော်ငြား ပေးဆပ်ခဲ့ရသည်နှင့် ပြန်ရသည့်တန်ဖိုး ကာမိပေ၏။

နတ်ဘုရားသစ်ပင်ကို ခေါ်ဆောင်နိုင်ရန်အတွက် ထိုကဲ့သို့သော တန်ဖိုးအား ပေးဆပ်ရမည် ဆိုလျှင်ပင် ထိုက်တန်ပေ၏။ ယခု နတ်ဘုရားသစ်ပင်အား ကတိ ပေးခဲ့သည်ကို မဖြည့်ဆည်းပေးနိုင်မည့် ကိစ္စအား ထပ်မံ၍ စိုးရိမ်နေစရာ မလိုတော့ချေ။

ရန်ကိုင်သည် သူ့စကားသူတည်သော လူတစ်ယောက် ဖြစ်၏။

ကုန်ဆုံးသွားသော စိတ်စွမ်းအင်များကို ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ အကူအညီဖြင့် အချိန်တိုအတွင်း ပြန်လည် ဖြည့်ဆည်းနိုင်မည် ဖြစ်လေရာ မကြာခင်အတွင်း အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်နိုင်ပေလိမ့်မည်။

ထို့အပြင် ယခုတစ်ကြိမ်၌ ခြောက်ယောင်ခြယ် ကြာပန်းသည် အဓိကနေရာမှ ပါဝင် ကူညီပေးခဲ့၏။ နောက်ဆုံးအခိုက်အတန့်၌ ခြောက်ယောင်ခြယ် ကြာပန်း၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် ယခုအချိန်တွင် ရန်ကိုင် သေနေလောက်ပေပြီ။

ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် ရန်ကိုင် ကြိတ်ပျော်သွားခဲ့၏။

အသိစိတ်ပင်လယ်ထဲမှ အသိစိတ်ကို ပြန်ရုတ် လိုက်ပြီးနောက် အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ကို စစ်ဆေးကြည့်လိုက်၏။

အနက်ရောင်စာအုပ်ထဲသို့ ရောက်သည်နှင့် တောက်ပသော ရွှေရောင်အလင်းရောင်ခြည်ကို မြင်တွေ့လိုက်ရ၏။ နတ်ဘုရားသစ်ပင်သည် ဤနေရာတွင် ရှိနေခဲ့၏။ ၎င်း၏ ရွှေရောင်အမြစ်၊ ကျောက်စိမ်းရောင် သစ်ရွက်များကြောင့် မှုန်မှိုင်းမှိုင်း အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ် တစ်ခုလုံး လင်းထိန်နေခဲ့၏။

ထိုပူပြင်းလှသည့် အရှိန်အဝါ၏ ဝန်းရံခြင်း ခံရသော်ငြား သူ့ဝိဥာဉ် နာကျင်ခံရသည်များ လျော့ကျသွားခဲ့ပြီး နွေးထွေး၍ သက်သောင့်သက်သာ ရှိသော ခံစားချက်တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့၏။

ရန်ကိုင် ရောက်လာသည်ကို မြင်သည်နှင့် နတ်ဘုရားသစ်ပင်က ၎င်း၏ သစ်ကိုင်းများကို ပျော်ရွှင်စွာ လှုပ်ရမ်းပြလိုက်၏။

ရန်ကိုင် ပြုံးလိုက်ပြီး သူ့အသိစိတ်ကို နတ်ဘုရား သစ်ပင်၏ နှလုံးသားနေရာဆီ ပို့လိုက်ရာ နတ်ဘုရား သစ်ပင်လည်း ရန်ကိုင်၏ ဝိဥာဉ်ကို ချက်ချင်း ရစ်ပတ် လိုက်လေ၏။

ရန်ကိုင် အရမ်းကိုမှ အားနည်းနေသည်ကို သတိပြမိသည့် အတွက်ကြောင့်သော်လား၊ နတ်ဘုရား သစ်ပင်သည် ရန်ကိုင်ကို သူ့ကိုယ်တွင်းသို့ ဆွဲသွင်းရန် မကြိုးစားခဲ့ဘဲ သူ့အား ဝိုင်းပတ်ထား၍ သက်သောင့် သက်သာ ဖြစ်အောင် လုပ်ပေးနေခဲ့၏။

ရုတ်တရက်ဆိုသလို အားကောင်းလှသော စွမ်းအင်များ ရန်ကိုင်ကိုယ်ထဲသို့ စီးဆင်းလာရာ ကုန်ဆုံးသွားသော ရန်ကိုင်၏ စိတ်စွမ်းအင်များသည် အလျင်အမြန် ပြန်လည် ပြည့်ဝလာခဲ့လေ၏။

ရန်ကိုင် အံ့အားသင့်သွားခဲ့သော်လည်း နတ်ဘုရား သစ်ပင်ကို တားရဝန် မကြိုးစားခဲ့ဘဲ ထိုအတိုင်းသာ ဆက်လုပ်နေစေခဲ့၏.

တစ်နာရီလောက် ကြာပြီးနောက် ပြောင်တလင်း ခါနေသော ရန်ကိုင်၏ အသိစိတ်ပင်လယ်သည် အားကောင်းလှသော စိတ်စွမ်းအင်တို့ဖြင့် နောက်တစ်ကြိမ် ပြန်လည့် ပြည့်ဝလာခဲ့လေ၏။

တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲရှိ ကိုယ်တွင်း ဒဏ်ရာအားလုံးလည်း ပျောက်ကွယ်သွားခဲ့လေ၏။

အားပြန်ပြည့်လာသော နတ်ဘုရားသစ်ပင်အား ယခုနေရာတွင် ခေတ္တခဏ နေပေးရန် ပြောလိုက်၏။ နတ်ဘုရားသစ်ပင်က ရန်ကိုင်၏ တောင်းဆိုချက်ကို ငြင်းပယ်ခြင်း မပြုသဖြင့် ရန်ကိုင်လည်း သူအားသည့် အခါတိုင်း လာလည်မည်ဟု ပြောကာ အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲမှ သူ့အသိစိတ်ကို ပြန်ရုတ်လိုက်၏။

နတ်ဘုရားသစ်ပင်နှင့် သူနဲ့မခွဲချင်သော်ငြား ရန်ကိုင်အား တားဆီးခြင်း မပြုခဲ့ပေ။

သူမျက်လုံးဖွင့်လိုက်သည့်အချိန်၌ ညအမှောင်ထုသည် တဖြည်းဖြည်း ပျောက်ကွယ်စ ပြုနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။

ခဏလောက် မျက်မှောင်ကြုံ့နေပြီးနောက် နတ်ဘုရား သစ်ပင်ကို အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲမှ ထုတ်ပေးချင်သည်ဆိုပါက

အနည်းဆုံး သူတော်စင်အဆင့်သို့ ရောက်ရှိနေရန် လိုအပ်မည် ဖြစ်ကြောင်း ရန်ကိုင် ခန့်မှန်းတွက်ချက်လိုက်၏။ သူတော်စင် အဆင့်သို့ ရောက်မှသာ သူ့ကိုယ်သူ ထိခိုက်စေခြင်း မရှိဘဲ နတ်ဘုရားသစ်ပင်အား အပြင်သို့ ထုတ်ပေးနိုင်ပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင် အနေဖြင့် အလျင်မလိုချေ။ ယခုလောလောဆယ်၊ နတ်ဆိုးကုန်းမြေထဲ ပိတ်မိနေရာ နတ်ဘုရားသစ်ပ်ကို ချက်ချင်း ထုတ်ပေးနိုင်လျှင်ပင် နတ်ဘုရားသစ်ပင် အခြေချနိုင်မည့် နေရာမရှိသေးချေ။

နတ်ဘုရားသစ်ပင်နေရန်အတွက် နေရာတစ်ခု ရှာသည်က ပိုကောင်းပေလိမ့်မည်။ ကောင်းကင်ဂိုဏ်းတော်၏ ရှူယဉ်သာ တောင်ထွတ်သည် နတ်ဘုရားသစ်ပင် နေရန်အတွက် နေရာကောင်းတစ်ခု ဖြစ်ပေ၏။

ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာမှပဲ သူ့အား တစ်ညလုံး စောင့်ကြည့်နေကြသော အန်လင်းအာနှင့် ကျိုးချဲတို့ စိတ်သက်သာရာ ရသွားခဲ့ကြ၏။

“ညီအစ်ကို၊ မင်းကြည့်ရတာ အပြည့်အဝ ပြန်ကောင်းသွားသလိုပဲနော်” ကျိုးချဲက စပ်စပ်စုစုဖြင့် မေးလိုက်၏။ လွန်ခဲ့သော တစ်နာရီက ရန်ကိုင်သည် သေခါနီးဆဲဆဲ အခြေအနေတွင် ရှိနေခဲ့၏။ သူ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းသည် အများစုထက် ပိုကောင်းနေလျှင်ပင် ယခုကဲ့သို့ ပြန်လည် ကောင်းမွန်နိုင်စွမ်းသည် အမှန်တကယ်ကို ရူးလောက်စရာပင်။ ထို့အပြင် ကုသရေးဆေးလုံး၊ ဆေးပင် စတင်သည်တို့ကို ရန်ကိုင် သောက်သုံး၊ စားသုံးသည်ကိုလည်း ကျိုးချဲ မမြင်မိချေ။ သူ့စွမ်းရည်ဖြင့်သာ ပြန်လည် ကောင်းမွန်လာခြင်း ဖြစ်၏။

All Chapters