← Chapters

အခန်း (၇၇၆-၇၈၀)

Vol. 32 Ch. 776-780

အခန်း (၇၇၆-၇၈၀)

Vol. 32 Ch. 776-780

အပိုင်း(၇၇၆) အိုအေစစ်

“မဟုတ်ဘူး။ ငါနည်းနည်းလောက်ပဲ ပြန်ကောင်းသေးတာ” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်၏။

ကျိုးချဲနှင့် အခြားနတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ကို ကယ်ခဲ့သည် ဆိုသော်ငြား ရန်ကိုင်တွင် ထိုနှစ်ယောက်နှင့် အမှန်တကယ် မိတ်ဆွေဖွဲ့လိုစိတ် မရှိပေ။

ယခုတစ်ကြိမ် ကယ်ခဲ့ရခြင်းသည် ကျိုးချဲ၏ အဆင့်အတန်းကို အခွင့်ကောင်းယူ၍ နတ်ဆိုးကုန်းမြေထဲ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရလိုသောကြောင့်ပင် ဖြစ်၏။

ထိုသို့ဖြစ်လေရာ မည်သည့်အတွက်ကြောင့် ကျိုးချဲအား အားလုံးကို အမှန်အတိုင်း ပြောရမည်နည်း။ ကျိုးချဲသည် သူ့အား အသက်သခင် ကျေးဇူးရှင်အဖြစ် ရိုးရိုးသားသား ဆက်ဆံခြင်းမရှိဟု ရန်ကိုင်ိစိတ်ထဲ ခံစားနေရဆဲ။

“ညီအစ်ကိုကျိုးချဲ၊ ဒီသဲကန္တာရက နတ်ဆိုးကုန်းမြေ ထဲမှာဆိုတာ မင်းသေချာလား။ ဒီနေရာနဲ့ မင်းရင်းနှီးလို့လား” ရန်ကိုင်က မေးလိုက်၏။

ကျိုးချဲ မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းခါရမ်းလိုက်ကာ “ဒီသဲကန္တာရက အရမ်းကို အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ ငါတို့ နတ်ဆိုးမျိုးနွယ်စုဝင်တွေတောင် မလိုအပ်ရင် ဒီနေရာကို ဖြတ်သွားလေ့ မရှိဘူး။ မင်းဘယ်လောက်ပဲ သန်မာသန်မာ၊ မင်းအလွယ်တကူ မကျော်ဖြတ်နိုင်တဲ့အရာတွေ ဒီနေရာမှာ ရှိတယ်။ နတ်ဆိုးကုန်းမြေထဲ ရောက်နေတယ် ဆိုတာကိုပဲ ငါသိတာ။ လူတွေရှိတဲ့နေရာဆီ ရောက်အောင် ဘယ်ဘက်ကို သွားရမလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ ငါတို့အနေနဲ့ လမ်းကြောင်းတစ်ခုအတိုင်း လမ်းလျှောက်သွားဖို့ပဲ ရှိတော့မယ်။ ဘာအန္တရာယ်နဲ့မှ မတွေ့ရဖို့ မျှော်လင့်ရတာပဲ။ လမ်းမပျောက်အောင်လည်း ဆုတောင်းနေဦး။ လမ်းပျောက်သွားပြီ ဆိုတာနဲ့… ဒီသဲကန္တာရကနေ ဘယ်တော့မှ ပြန်ထွက်နိုင်တော့မှာ မဟုတ်ဘူး”

ကျိုးချဲ ပြောသည်ကို ကြားသော် အန်လင်းအာနှင့် ရန်ကိုင်တို့ နှစ်ယောက်စလုံး သုန်မှုန်သွားခဲ့ကြ၏။ စိတ်ထဲတွင်လည်း ‘ငါတို့ကံက ဘာလို့ ဒီလောက်တောင် ဆိုးရတာလဲ’ဟု ညည်းတွားနေကြသေး၏။ ရန်ကိုင်နှင့် အန်လင်းအာတို့ နှစ်ယောက်သည် ပထမအကြိမ်၌ သူတော်စင်မနန်၏ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရ၏။ လေဟာလိုဏ်ခေါင်းကို သုံး၍ သူတော်စင်မနန်၏ လက်မှ လွတ်ပြီဟု ထင်နေစဉ်မှာပဲ နေမင်းကလန်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြန်၏။ နေမင်းကလန်ကို အကြပ်ကိုင်၍ သေဘေးမှ ကပ်သီးလေး လွတ်မြောက်လာနိုင်ခဲ့ပြီးနောက် နတ်ဆိုးကုန်းမြေသားများပင် အလွယ်တကူ မသွားဝံ့ကြသော သဲကန္တာရထဲသို့ ရောက်ရှိလာခဲ့ရ၏။

ထိုနိမ့်ချည်မြင့်ချည် လောကဓံတရားသည် ကြုံတွေ့ရသူတိုင်းကို စိတ်ဓါတ်ကျ၊ စိတ်အားငယ် စေနိုင်သည်မှာ ဧကန်မုချ အမှန်တရားပင် ဖြစ်လေ၏။

ကျိုးချဲ ရှင်းပြပြီးသွားသည့်နောက် ရန်ကိုင်သည် အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်၍ တိုးတိုးလေး ရေရွတ်လိုက်၏ “တစ်ယောက်ယောက် လာနေတယ်”

အသစ်ရောက်လာသူများ၏ အရှိန်အဝါကို စစ်ဆေးပြီးမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့ပြီး ကျိုးချဲဘက်လှည့်၍ ပြောလိုက်၏ “မင်းရဲ့ ကလန်သားပဲ”

“အို” ကျိုးချဲက အရေးမစိုက်သည့် ပုံစံဖြင့် “အဲ့ကောင်မသေးဘူးလား။ မနေ့ညက ပြန်မလာတော့ အဲ့ကောင် သေသွားပြီလို့ ငါထင်နေတာ။ ကြည့်ရတာ ဒီကောင့်ကံက ထင်သလောက် မဆိုးတဲ့ပုံပဲ”

ပြောနေစဉ်အတွင်း ကျိုးချဲ၏ လေသံထဲ စိုးရိမ်သည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရ၏။ သူ့ကလန်သား သေသည်၊ ရှင်သည်ကို လုံးဝ အရေးမစိုက်သည့်ပုံပင်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။

ခဏအကြာ၌ ထိုနတ်ဆိုးမျိုးနွယ်စုဝင် ပြန်ရောက်လာပြီး ဝမ်းသာတကြီး ပြောလိုက်၏ “ငါလမ်းတွေ့ပြီ”

သူပြောသည်ကို အားသည်နှင့် အားလုံး ဝမ်းသာသွားခဲ့ကြပြီး ကျိုးချဲက အဆောတလျင် အမူအရာဖြင့် “တကယ်လား”

ထိုလူက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “သေချာတယ်။ ဒီသဲကန္တာရကို ငါတစ်ကြိမ် ရောက်ဖူးတယ်။ အဲ့တုန်းက အိုအေစစ်တစ်ခုကို တွေ့ပြီး အမှတ်အသား လုပ်ခဲ့တယ်။ မနေ့ညကပဲ အဲ့အိုအေစစ်ကို ငါထပ်တွေ့ခဲ့တာ။ ငါတို့ကံက သိပ်မဆိုးသေးဘူးကွ။ ဒီနေရာက သဲကန္တာရရဲ့ အစွန်အဖျားပိုင်းပဲ ရှိသေးတာ။ ရက်နည်းနည်းလောက် ထပ်သွားလိုက်ရုံနဲ့ ဒီကနေ ထွက်နိုင်ပြီ”

ရန်ကိုင်နှင့် အန်လင်းအာတို့ သက်ပြင်းတစ်ချက် ချလိုက်၏။

ရက်နည်းနည်းလောက် ထပ်သွားရုံဖြင့် ဤနေရာမှ ထွက်သွားနိုင်မည် ဆိုသည့်အချက်မှာ အမှန်တကယ်ကို ကံကောင်းသည်ဟု ဆိုနိုင်ပေ၏။ ပြန်ရောက်သည်နှင့် နေရာကောင်းတစ်ခုရှာပြီး တစ်ခဏလောက် တံခါးပိတ် ကျင့်ကြံရပေမည်။

“အဲ့လိုဆိုရင် ဘာတွေ စောင့်နေသေးတာလဲ။ မြန်မြန် လမ်းပြပေးလေ” ကျိုးချဲသည် သူ့လက်ကို ဝှေ့ရမ်း၍ ထိုနတ်ဆိုးမျိုးနွယ်စုဝင် ညွှန်ပြရာ အရပ်ဆီ စတင် ပြေးလွှားတော့လေ၏။

သူ့ကလန်သားသည်လည်း ဘာမှ မပြောဘဲ ကျိုးချဲနောက်ကနေသော အမြန် ပြေးလိုက်သွားလေ၏။

“သွားကြမယ်” ပြောပြီးသည်နှင့် ရန်ကိုင်နှင့် အန်လင်းအာတို့လည်း ကျိုးချဲတို့ ပြေးထွက်သွားရာ လမ်းကြောင်းအတိုင်း လိုက်သွားလိုက်၏။

ပြေးလွှားနေသော နတ်ဆိုးမျိုးနွယ်စုဝင် နှစ်ယောက်ကို ကြည့်ရင်း အန်လင်းအာက ရန်ကိုင်ဘက် လှည့်၍ တိုးတိုးလေး‌ ပြောလိုက်၏ “ရန်ကိုင်၊ အဲ့ကျိုးချဲကို သတိထားနော်။ သူ့ကို စုံလုံးမှိတ်ပြီး ယုံလိုက်ရင် နင်အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်”

“ငါ့ကို သတိပေးနေစရာ လိုလို့လား” ရန်ကိုင်က ဖွဖွလေး ရယ်လိုက်ပြီး “သူ့ကို ယုံကြည်ဖို့၊ သူနဲ့ မိတ်ဆွေဖွဲ့ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် အခု ငါတို့က နတ်ဆိုးကုန်းမြေထဲ ရောက်နေတာလေ။ ဒီကနေ လုံလုံခြုံခြုံနဲ့ ထွက်သွားချင်ရင် သူ့အဆင့်အတန်းကို အခွင့်ကောင်းယူမှပဲ ရလိမ့်မယ်”

အန်လင်းအာက အသာအယာ ခေါင်းညိတ်လိုကပ်ြီး ပြောလိုက်၏ “နင့်ရဲ့ တကယ့်ခွန်အားကို သူမမြင်သွားတာ ကံကောင်းသွားတယ်။ မဟုတ်ရင် အခြေအနေတွေက ပိုပြီးတော့တောင် အန္တရာယ်များသွားနိုင်တယ်”

“နင့်ဘယ်သူမှန်း သူသိသွားရင် ပိုပြီးတော့တောင် ဆိုးသွားမှာ” ရန်ကိုင် မျက်နှာထား လေးနက်သွားခဲ့ပြီး “နင့်ဘယ်သူဘယ်ဝါကို ဘယ်တော့မှ ထုတ်မပြမိစေနဲ့။ ကောင်းကင်နတ်ဘုရား ပညာရပ်တွေကိုလည်း မသုံးမိအောင် သေချာ သတိထား”

“ငါက ဘာမှမသိတဲ့ မိန်းကလေး တစ်ယောက် မဟုတ်ပါဘူးနော်။ အဲ့လိုအမှားမျိုး ဘာလို့ လုပ်ရမှာလဲ” အန်လင်းအာက ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်၏။

“မြန်မြန်၊ ညီအစ်ကိုရန် မင်းတို့ ဘာလုပ်နေတာလဲ” ကျိုးချဲက ရန်ကိုင်တို့ နှစ်ယောက်ကို လှည့်အော်လိုက်၏။

“ငါတို့ လာနေပြီ” ရန်ကိုင်သည် အန်လင်းအာဘက်သို့ လှည့်ကာ “မြန်မြန် သွားကြမယ်”

ကျိုးချဲ၏ ကလန်သားသည် အမှန်ကတယ်ကို အထင်ကြီးဖွယ် ကောင်းလှပေသည်။ သဲသောင်ပြင်မှ လွဲ၍ အခြားမရှိသော ဤသဲကန္တာရထဲ လမ်းလျှောက်နေ သော်ငြား လမ်းမှန်အတိုင်း သွားနိုင်ခဲ့၏။ သူ့နတ်ဆိုးချီနှင့် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်သော်ငြား သဲမှလွဲ၍ ဘာဆိုဘာမှမရှိသော သဲကန္တာရထဲ လမ်းမှန် ရှာနိုင်သည်မှာ အမှန်တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလှပေ၏။

အကြမ်းဖျင်း သုံးနာရီလောက် လမ်းလျှောက် လာပြီးနောက်တွင် ကျိုးတိုးကျဲတဲ ပြန့်ကျဲနေသော အစိမ်းရောင် အစက်အပျောက်လေးများ မိုးကုတ်စက်ဝိုင်းအောက် ထွက်ပေါ်လာခဲ့၏။

အိုအေစစ် တစ်ခုပင်။

ကျယ်ပြန့်လှသော သဲကန္တာရကြီးထဲတွင် အိုအေစစ် ကဲ့သို့သော နေရာ၌သာ အပင်နှင့်ရေကို ရနိုင်၏။ သဲကန္တာရတိုင်းနီးပါးတွင် အိုအေစစ်များ ရှိကြသော်ငြား ထိုအိုအေစစ်များ မည်ကဲသို့ ဖြစ်လာသလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။

အိုအေးစစ် အကြီးစားများသည် ပျက်စီးသွားခြင်း မရှိဘဲ နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ကြာအောင် တည်ရှိနေနိုင်၏။

သဲကန္တာရထဲ ခရီးသွားလာသူများအတွက် အိုအေစစ်သည် အသက်ကယ် နေရာတစ်ခု ဖြစ်လေ၏။

အိုအေစစ်ကို မြင်လိုက်သည်နှင့် နတ်ဆိုး နှစ်ယောက်၏ ခြေလှမ်းများ ပိုမို သွက်လန်မြန်ဆန် လာခဲ့၏။

အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကြာပြီးသည့်နောက်တွင် အိုအေးစစ် အစွန်အဖျားနာသို့ ရန်ကိုင်နှင့် အန်လင်းအာတို့ ရောက်ရှိလာခဲ့သည်။ ပူပြင်းလှသော သဲကန္တာရကြီးနှင့် ဤအိုအေစစ်သည် လုံးဝကို မတူကွဲပြားသော ကမ္ဘာလောကကြီး နှစ်ခုဟုပင် ဆိုနိုင်၏။ ဤနေရာသည် အပြင်ကဲ့သို ပူပြင်းခြင်း မရှိဘဲ နွေးတေးတေးလေး ဖြစ်နေခဲ့ပြီး ရွက်စိမ်းဝေနေသော သစ်ပင်များစွာသည်လည်း ယခုနေရာတွင် ပေါက်ရောက် နေခဲ့သည်။

ရောင်ပြန်တလှပ်လှပ် ထနေသော ရေကန်ကျယ်ကြီး တစ်ကန်သည် အိုအေစစ်၏ အလယ်ဗဟိုတွင် ရှိနေခဲ့ပြီး ကန်ရေသည် သလင်းကျောက်ပမာ ကြည်လင်နေကာ ထူးခြားဆန်းပြားသည့် သစ်ပင်မျိုးစိတ်များစွာ တို့သည်လည်း ကန်စပ်တစ်လျှောက် ပေါက်ရောက်နေခဲ့ကြ၏။

ရန်ကိုင်နှင့် အန်လင်းအာတို့ နှစ်ယောက် ရောက်လာသည့်အခါ၌ ကျိုးချဲနှင့် သူ့ကလန်သားသည် ရေကန်ထဲ ခုန်ဆင်းသွားခြင်း မပြုသလို ကန်စပ်နားပင် တိုးကပ်သွားခြင်း မပြုဘဲ ရေကန်နှင့် မလှမ်းမကမ်းရှိ ကျောက်တုံးကြီး တစ်တုံးနောက်တွင် ပုန်းလျက် အသက်အောင့်ကာ မျက်တောင်မခတ်တမ်း အိုအေစစ် အလယ်ဗဟိုရှိ ရေကန်ကြီးကို စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသည်နှင့် ကျိုးချဲသည် သူ့အား တိတ်တိတ်နေရန် အလျင်အမြန် အချက်ပြလိုက်၏။ သူ့မျက်နှာထက်ရှိ အမူအရာသည် အတော့်ကိုမှ ထူးဆန်းနေ၏။

ကျိုးချဲ ဘာလုပ်ချင်နေမှန်း မသိသဖြင့် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။ ထို့နောက် အန်လင်းအာကို ခေါ်၍ ကျိုးချဲတို့ရှိရာဆီ သွားလိုက်ကာ ကျောက်တုံး နောက်မှ ရေကန်ဆီ လှမ်းကြည့်လိုက်၏။ ကြည့်သာ ကြည့်လိုက်သော်ငြား ထူးထူးခြားခြား ဘာကိုမှ မတွေ့ခဲ့ရပေ။

“မင်းတို့ ဘာလုပ်နေတာလဲ” ရန်ကိုင်က အသံကို နှိမ့်၍ တိုးတိုးလေး မေးလိုက်၏။

“ဟိုကို ကြည့်လိုက်” ကျိုးချဲက နေကန်စပ်ရှိ နေရာတစ်ခုဆီ လက်ညိုးထိုး ညွှန်ပြလိုက်၏။

ကျိုးချဲ ညွှန်ပြရာ အရပ်ဆီ လှမ်းကြည့်လိုက် ပြီးနောက် ရန်ကိုင်နှင့် အန်လင်းအာတို့ နှစ်ယောက်စလုံး နေရာတွင်ပင် တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရ၏။

ရေကန်စပ်တွင် သပ်သပ်ရပ်ရပ် ခေါက်ထားသည့် အဝတ်အစားများ ရှိနေခဲ့၏။ အဝတ်အစားပုံစံအရ ၎င်းသည် မိန်းကလေး အဝတ်အစားဖြစ်သည့် ပုံပင်။

အဝတ်အစားသည် ဤနေရာတွင် ရှိနေသော်လည်း လူကို မတွေ့ရ။ ထို့ဖြင့် ဖြစ်နိုင်သည်မှာ အဝတ်ပိုင်ရှင်သည် ရေကန်ထဲ ရေကူးနေခြင်းသာ ဖြစ်ရပေမည်။

ကျိုးချဲနှင့် သူ့ကလန်သား အသံပင်မထွက်စေဘဲ အသက်အောင့်လျက် ဤနေရာတွင် မည်သည့် အတွက်ကြောင့် ပုန်းအောင်းနေလဲ ဆိုသည်ကို ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့လေပြီ။ ထိုသကောင့်သား နှစ်ကောင်သည် ရေချိုးနေသည့် အလှလေးကို ချောင်းကြည့်နေချင်သည်ကိုး။

“အရှက်မဲ့လိုက်တာ” အန်လင်းအာ၏ ပါးလေး ရဲပတောင်းခတ်သွားခဲ့ပြီး အံတင်းတင်း ကြိတ်လိုက်၏။ ထို့နောက် သူမ၏ မျက်ဝန်းထဲ အေးစက်စက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ကာ ရန်ကိုင်ဘက်သို့ လှည့်၍ အံကြိတ်သံဖြင့် ပြောလိုက်၏ “နင်ကြည့်ရဲ ကြည့်ကြည့်”

ရန်ကိုင်က နှုတ်ခမ်းကို ကွေးလျက် “ငါလို အကျင့်သီလနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်က ဒီလို ညစ်ပတ်တဲ့ အလုပ်မျိုး ဘာလို့ လုပ်ရမှာလဲ”

ပြောနေစဉ်အတွင်း သူ့မျက်လုံးများသည် ကန်ဘက်ဆီသို့ ပြေးလွှား ဆော့ကစားနေလေရဲ့။

ထိုအခြင်းအရာကို မြင်သော် ကျိုးချဲသည် ရန်ကိုင်ကို ကြည့်၍ ပြုံးကာ အသံတိုးတိုးဖြင့် ရယ်မောလိုက်ပြီး “ညီအစ်ကိုရန်က အကျင့်သီလနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်မှန်း ငါသိတာပေါ့”

ရန်ကိုင်က အလေးအနက်ဖြင့် “ဒါက အကြံကောင်း မဟုတ်ပေမယ့် မင်းကိုသာ သူရှာတွေံသွားခဲ့ရင်…”

“ရှာတွေ့တော့ရော ဘာဖြစ်လဲ။ ငါ့ကို ဝါးစားမှာ မို့လို့လား” ကျိုးချဲက စိုးရိမ်ခြင်း အရှင်းမရှိသည့် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။

လက်ရှိအချိန်တွင် သူ့ခွန်အားကို အသုံးမပြုနိုင်သော်ငြား သူတွင် ထူးခြားသော အဆင့်အတန်း တစ်ခုရှိနေဆဲ။ နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်၏ သားဖြစ်သည်နှင့်အညီ လူအနည်းငယ်သာ သူ့အား တိုက်ခိုက်ရဲ၏။ ထို့ကြောင် သူချောင်းကြည့် နေသည်ကို တစ်ဖက်လူ သိသွားလျှင်ပင် ကျိုးချဲ ဂရုမစိုက်ချေ။

“ညီအစ်ကိုကျိုးချဲ၊ မင်းမှာ မိန်းမမရှားပါဘူး။ ဘာလို့ ဒီလို လုပ်နေရတာလဲ” အလှလေးများကို နှစ်သက်တတ်သည့် ယောကျာ်းသားတို့၏ စိတ်ဆန္ဒကို ရန်ကိုင် နားလည်သော်လည်း၊ လက်ရှိပုံစံမျိုးကို သူသိပ်ပြီး အကြိုက်မတွေ့လှ။ ထို့ကြောင့် ကျိုးချဲကို ထိုသို့မလုပ်ရန် ဖျောင့်ဖျတော့လေ၏။

ကျိုးချဲက လှောင်ပြုံးပြုံးလျက် “ငါ့မှာ မိန်းမမရှားတာ မှန်ပေမယ့် အခုလိုမျိုး ချောင်းကြည့်ရတာက တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းတယ်ကွ”

သူ့ကလန်သားကလည်း ခေါင်းညိတ်ပြလိုက်၏။ ရေကန်ထဲရှိ အမျိုးသမီး ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းရင်း ကျိုးချဲနှင့် သူ့ကလန်သားသည် ရေကန်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြ၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်လည်း ထိုနှစ်ယောက်နှင့် ပက်သက်ပြီး ဆက်လက် အာညောင်း ခံမနေတော့ချေ။

ထိုအချိန်တွင် ရန်ရေမျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့၏။ ကျိုးချဲနှင့် သူ့ကလန်သားသည် စိတ်လှုပ်ရှားမှုအဟုန်ကြောင့် သူတို့၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့ပြီး မျက်လုံးများသည်လည်း ဇီးကွက်မျက်လုံးများပမာ မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် ပြူးကျယ်နေခဲ့၏။

ရွှစ်… ရွှစ်… ရွှစ်…

လေခွင်းသံနှင့်အတူ ထက်ရှသော ရေမြှားများ ရေကန်ဆီမှ ကျိုးချဲတို့ဆီ ပြေးဝင်လာခဲ့၏။

အားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့၏။ ရန်ကိုင်နှင့် အန်လင်းအာတို့ နှစ်ယောက်သည် အလျင်အမြန် ရှောင်ရှား နိုင်လိုက်သော်ငြား ကျိုးချဲနှင့် သူ့ကလန်သားမှာမူ ရန်ကိုင်တို့လောက် ကံမကောင်းခဲ့ချေ။ မြင်ကွင်း ကောင်းကောင်း မြင်ရရန်အတွက် ကျောက်တုံးနား တိုးကပ်ပြီး ဦးပြူကြည့်နေကြခြင်း ဖြစ်ရာ တိုးဝင်လာနေသော တိုက်ခိုက်မှုကို သတိပြုမိလိုက် သော်ငြား အချိန်မှီ မရှောင်ရှားနိုင်ခဲ့။

ဘုန်းဆိုသော မြည်သံနှင့်အတူ ကျောက်တုံးကြီး တစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့ပြီး ကျောက်စကျောက်နတို့ လေထဲ ပလူပျံသွား၏။ တိုးဝင်လာသော ရေမြှားများ၏ အားသည် မသေးလှလေရာ ကျိုးချဲနှင့် သူ့ကလန်သားသည် မျက်လုံးပင် မဖွင့်နိုင်တော့ဘဲ မြေကြီးပေါ် လူးလှိမ့်ရင်း နားနာကျင်ကျင် အော်ဟစ် ညည်းညူနေကြလေ၏။

ချက်ချင်းဆိုသလို နှစ်ယောက်စလုံး ဒဏ်ရာ ဗရပွနှင့် ဖြစ်သွားခဲ့ကြ၏။

ရေကန်ထက်မှ ဖြူဝင်းလှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို ရန်ကိုင် တစ်ချက်လောက် လှမ်းမြင်လိုက်ရ၏။ သို့သော် သေသေချာချာ မမြင်နိုင်သေးခင်မှာပဲ ထိုပုံရိပ်သည် တစ္ဆေ၊ သရဲပမာ ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့ရာ သူ့ကျောရိုး တစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ထိတ်လန့်တကြားဖြင့် မျက်လုံးအစုံကို ဇွတ်ဖွင့်မိလိုက်၏။

အားလုံး တည်ငြိမ်သွားသည့် အချိန်၌ ကျိုးချဲက ဒေါသတကြီး ထအော်တော့လေ၏ “ခွေးမ၊ မိန်းမပျက်မ၊ ဒီသခင်ကို တိုက်ခိုက်ရဲတယ်ပေါ့၊ ဟုတ်လား”

ထိုစကားများကို ပြောပြီးပြီးချင်း မမြင်နိုင်သော အားတစ်ခု၏ ဆောင့်ရိုက်ခြင်း ခံလိုက်ရသည့်အလား ကျိုးချဲ တစ်ကိုယ်လုံး လွင့်ပျံထွက်သွားခဲ့ကာ လေထဲ သုံးလေးပတ်လောက် ကျွမ်းပစ်သွားရ၏။ နောက်တစ်ကြိမ် မတ်တပ်ပြန်ရပ်နိုင်သည့် အချိန်၌ သူ့မျက်နှာတစ်ခုလုံး ဖူးရောင်ကိုင်းနေပြီး မျက်ဝန်းများသည်လည်း ဒေါသ မီးတောက်တို့ဖြင့် အရှိန်တညီးညီး တောက်လောင်နေခဲ့လေပြီ။ ယခုကဲ့သို့ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသဖြင့် ကျိုးချဲ လွန်စွာကိုမှ ဒေါသပုန် ထနေခဲ့၏။ ထို့ကြောင့် သူ့အား တိုက်ခိုက်လိုက်သည့် လူကို အားရပါးရ ရိုက်နှက်ပစ်ချင်နေမိ၏။ သို့ရာတွင် တိုက်ခိုက်ချင်နေပါသော်ငြား ရန်သူအရိပ်ကိုပင် မမြင်နိုင်သေးရာ ကျိုးချဲသည် ဘေးပတ်ပတ်လည်အား ဟိုကြည့်ဒီကြည့်သာ လုပ်နေနိုင်ခဲ့၏။

သို့သော် အချိန်အကြာကြီး မရှာလိုက်ရ။ ခဏအကြာတွင် ရန်ကိုင်တို့နှင့် မလှမ်းကမ်း နေရာမှ မိန်းမလှလေး တစ်ယောက် ထွက်ပေါ်လာခဲ့၏။

ယခုအချိန်၌ ထိုမိန်းမလှလေးသည် ရန်ကိုင်တို့ အဖွဲ့ကို ရေခဲတမျှ အေးစက်သည့် အကြည့်စူးစူးဖြင့် စိုက်ကြည့်နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရှုမငြီးနိုင်သော ညို့ဓါတ်တို့ ဖြာထွက်နေခဲ့၏။ အပြာဖျော့ဖျော့ ဝတ်ရုံလေးထဲမှ လှစ်ဟာထွက်နေသော ဖြူလှသွယ်လျသည့် ခြေတံရှည်ရှည်လေးများ၊ မြင်သူ ပုရိသယောကျာ်းတိုင်းအား အကြည့်မလွှဲ၊ နှာခေါင်းသွေးယို ဖြစ်သွားစေနိုင်သည့် မို့မောက်မောက် မဟာရင်အစုံ၊ ထို့အပြင် ကျောက်စိမ်းသားသဖွယ် ချောမွေ့လှ၍ နှင်းသားလေးများကဲ့သို့ ဖြူဖွေးလှကာ မပေါ့်တပေါ် လှစ်ဟာထားသည့် ဝင်းမို့မို့ ပခုံးသားလေများ၊ ရေချိုးပြီးပြီးချင်း ဖြစ်နေသည့် အတွက်ကြောင့်လား မသိရသော်ငြား၊ ဝတ်ဆင်ထားသည့် ဝတ်ရုံသည် သူမ၏ အသားနှင့် ပူးကပ်နေလေရာ စွံကားကား တင်ရင်အစုံနှင့် အချိုးအစား ပြေပြစ်ကျနလှပသော၊ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မီးမောင်းထိုးပြထားသကဲ့သို့ ဖြစ်နေခဲ့၏။

မည်မျှ မှင်သက်ဖွယ်ကောင်းလှသည့် ညို့ငင်နိုင်စွမ်း ကြီးမားလှသော စုန်းမပေနည်း။ ရပ်နေရုံဖြင့်လျှင် မည်သူမှ လျစ်လျူမရှုနိုင်သည့် အလှတရားကို ဖော်ထုတ်နေသည်လော။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၇) နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီ

ကံမကောင်းစွာဖြင့် မည်သူမှ သူမ၏ အလှတရားကို မခံစားနိုင်သေး။ ယခုအချိန်တွင် အမျိုးသမီး၏ ခန္ဓာကိုယ်မှ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့သည် လှိုင်းလုံးများပမာ ဖြာထွက်နေခဲ့ရာ အကုန်လုံး တုန်တုန်ရင်ရင် ဖြစ်နေခဲ့ကြရ၏။

ရန်ကိုင် မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး ကျိုးချဲကို စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲလိုက်၏။ ထိုသကောင့်သား၏ ဗူးထလိုစိတ်ကြောင့် သူတို့ တစ်ဖွဲ့လုံး ဒုက္ခရောက်ရတော့ပေမည်။

ဤနေရာသို့ စရောက်စဉ်က မလိုလားအပ်သော ပြဿနာများ မဖြစ်ရလေအောင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ခြင်း မပြုခဲ့ပေ။ ကျိုးချဲအား ထိုအမျိုးသမီး တိုက်ခိုက်လိုက်ပြီးသည့် နောက်မှသာ အစစ်အမှန် ပညာရှင် တစ်ယောက်ကို သူတို့ သွားရန်စလိုက်မိပြီမှန်း ရန်ကိုင် နားလည်လိုက်၏။

တစ်ဖက်လူသည် သူတို့ ချောင်းကြည့်နေသည်ကို အစကတည်းက သတိပြုမိသည့် အတွက်ကြောင့်သာ ရေကန်ထဲမှ မထွက်သေးခင် သူတို့အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

ကျိုးချဲသည် ကြောက်ရွံ့ရမည်ကို မသိသည့်အလား ဖူးရောင်ကိုင်းနေသော မျက်နှာကိုကိုင်ရင်း “ခွေးမ၊ ငါ့ကို ထပ်တိုက်ရဲတယ်ဟုတ်လား”

“တိုက်တော့ ဘာဖြစ်ချင်လဲ” အမျိုးသမီးက ကျိုးချဲအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ “နင့်ပါးစပ်ကနေ ငါ့ကို ရိုင်းပြတဲ့ စကား ထပ်ထွက်ရဲ ထွက်ကြည့်၊ ငါနင့်ကို သတ်မှာ”

“အိုး” ကျိုးချဲက မထုံတတ်တေး ပုံစံဖြင့် “ငါ့ကို သတ်ရဲမလား ငါတကယ်ကို သိချင်နေမိပြီပါပြီနော်”

သူ့ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် တစ်ပြိုင်နက် စွမ်းအင်ဓါးသွား တစ်စင်းသည် သူ့ပခုံးကို ချက်ချင်း ဖောက်ထွက်သွားခဲ့၏။

သွေးရေပန်းများ ဖြာကျလာခဲ့ပြီး ကျိုးချဲ မျက်နှာ တစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ကာ ကြက်သေ သေနေသည့် အမူအရာဖြင့် သူ့ရှေ့ရှိ အမျိုးသမီးကို ငေးကြည့်နေလေ၏။

ထိုမိန်းမသည် သူ့အား အမှန်တကယ် တိုက်ခိုက်ရဲမည်ဟု ကျိုးချဲ မထင်ထားခဲ့ချေ။ ပခုံးထက်မှ နာကျင်မှုကို ခံစားမိသည်နှင့် ကျိုးချဲ စတင်ထိတ်လန့်စ ပြုလာခဲ့၏။

သူသည် အဖေအားကိုးဖြင့် စိတ်ရှိတိုင်း သောင်းကျန်းတတ်သည့် အိုင်တွေ့တိုင်း ခြေဆေးတတ်သူ တစ်ယောက် ဖြစ်သော်လည်း ကျိုးချဲသည် အရူးမဟုတ်ချေ။ ထိုအမျိုးသမီး တိုက်ခိုက်သွားသည့် ပုံစံအရ သူ့ခွန်အား အထွတ်အထိပ် အခြေအနေ၌ ရှိနေလျှင်ပင် သူမ၏ တိုက်ခိုက်မှုများကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ သွေးထွက်သွားမှပဲ ကျိုးချဲလည်း အနည်းငယ် နာနာခံခံ ဖြစ်လာခဲ့၏။ သို့သော် သူ့မျက်နှာထက်ရှိ ဒေါသကမူကား ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ အမျိုးသမီးကို စူးရဲစွာ စိုက်ကြည့်နေသေး၏။

“လူသားတွေလား” ရန်ကိုင်နှင့် အန်လင်းအာတို့ကို သတိပြုမိသည်နှင့် အမျိုးသမီး၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး “ငါတို့ နတ်ဆိုးမျိုးနွယ်စုက ဘယ်တုန်းကများ လူသားတွေနဲ့ အဆက်အသွယ် လုပ်နေကြတာလဲ။ စိတ်ဝင်စားစရာပဲ”

ရန်ကိုင် အမူအရာ မည်းမှောင်သွားခဲ့ပြီး အန်လင်းအာကို နောက်သို့ပို့ကာ တစ်ဖက်လူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် တန်ပြန် တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်၏။

“ဟွန့်” အမျိုးသမီးက အထင်အမြင်သေးသေးဖြင့် နှာခေါင်းရှုံ့းလိုက်ပြီး ကျိုးချဲနှင့် သူ့ကလန်သားဘက် လှည့်ကာ “နင်တို့ရဲ့ နတ်ဆိုးချီနှင့် စိတ်စွမ်းအင်က စည်းခတ်ထားခံရတာလား။ နင်တို့ကို အခုလိုမျိုး ဖြစ်အောင် လုပ်လိုက်တာ အဲ့လူသားတွေလား”

ကျိုးချဲက ဘာမှ ပြန်မပြောခဲ့သော်လည်း သူ့ကလန်သားက ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ရှင်းပြလိုက်၏ “သူတို့ မဟုတ်ပါဘူး။ ဆန်းကြယ် လောကငယ်ထဲ မတော်တဆ ရောက်သွားတုန်းက ဒေသခံတွေ ဖမ်းတာ ခံရပြီး အခုလိုမျိုး ဖြစ်ခဲ့ရတာ။ ဒီက လူသားကောင်လေးရဲ့ ကျေးဇူးကြောင့်ပဲ ကျုပ်တို့တွေ လွတ်မြောက်နိုင်ခဲ့တာ”

“အမှိုက်တွေပဲ” အမျိုးသမီး၏ အမူအရာ ရုတ်ချည်း အေးစက်သွားကာ “ငါတို့ နတ်ဆိုးမျိုးနွယ်စုဝင်တွေက အသက်ဆက်ရှင်ဖို့အတွက် လူသားတစ်ယောက်အပေါ် မှီခိုရတယ်လို့။ နင်တို့ကိုယ်နင်တို့ နတ်ဆိုးမျိုးနွယ်စုဝင်လို့ ခေါ်ထိုက်သေးလို့လား”

ပြောပြီးသည်နှင့် အမျိုးသမီးသည် သူမ၏ လက်ချောင်း သွယ်သွယ်လေးကို မြှောက်လျက် ကျိုးချဲနှင့် သူ့ကလန်သားဆီ စွမ်းအင်စီးကြောင်းများ ပစ်လွှတ်လိုက်၏။

ရွှစ်… ရွှစ်… ရွှစ်…

ချက်ချင်းဆိုသလို ထိုနတ်ဆိုးမျိုးနွယ်စုဝင်၏ ခန္ဓာကိုယ်ထက် သွေးသံတရဲရဲ ဖြစ်နေသည့် ဒဏ်ရာပေါက် များစွာ ထွက်ပေါ်လာခဲ့လေ၏။ မြေကြီးပေါ် ချက်ချင်း လဲပြိုကျသွားခဲ့ပြီး နာနာကျင်ကျင် အော်ဟစ်ရင်း အမျိုးသမီးကို ကြောက်လန့်မှုအပြည့်ဖြင့် ကြည့်လိုက်၏။

အမျိုးသမီးသည် သူ့အား သတ်ရန် မကြိုးစားခဲ့ပေ။ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ပြီး အသက်ရှင်ရန် အတွက် လူသားတစ်ယောက်အပေါ် မှီခိုခဲ့ခြင်း အတွက်သာ အပြစ်ပေးခဲ့ခြင်း ဖြစ်၏။

“ဒီတော့ နင်က ဘယ်လိုအရည်အချင်းတွေများ ပိုင်ဆိုင်ထားတာလဲ” အမျိုးသမီးက ရန်ကိုင်ဘက်သို့ လှည့်၍ သူ့တစ်ကိုယ်လုံးကို သူမ၏ ကောင်းကင် စိတ်အာရုံဖြင့် သိမ်းကြုံး စစ်ဆေးကြည့်လိုက်၏။

“နောက်ထပ် အမှိုက်တစ်ကောင်ပဲ” ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့်ကို သိပြီးနောက် အမျိုးသမီး ချက်ချင်း စိတ်ပျက်သွားခဲ့၏။

ခဏကြာပြီးသည့်နောက်တွင် အမျိုးသမီးသည် ကျိုးချဲအား စိုက်ကြည့်၍ “နင့်သတ္တိက တကယ် မသေးဘူးပဲ။ ငါ့ကိုတောင် လာပြီး ရိုင်းပြရဲတယ်။ အဲ့အတွက် နင်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တာ။ ဒါပေမယ့် ငါဒီနေ့ စိတ်ကောင်းဝင်နေလို့ နင်တို့ကို ချက်ချင်း မသတ်တော့ဘူး။ ငါ့နောက်လိုက်ခဲ့”

ပြောပြီးသည်နှင့် သူမလက်ကို ဝှေ့ရမ်းလိုက်ရာ ထွင်းဖောက်မြင်နိုင်သော ပန်းရောင်အမိုးအကာတို့ဖြင့် ဆင်ယင်တန်ဆာဆင်ထားသည့် ကုတင်ကြီးတစ်လုံး ပါဝင်သော လှည့်တစ်စီး ထွက်ပေါ်လာခဲ့၏။

အမျိုးသမီးသည် လှည့်ပေါ်သို့ ကျော့ကျော့မော့မော့ တက်သွားပြီး လိုက်ကာကို ခွဲကာ အထဲသို့ ဝင်လိုက်၏။ အထဲသို့ မဝင်ခင် စွမ်းအင်တန်းနှစ်ခု ပစ်လွှတ်၍ ကျိုးချဲနှင့် သူ့ကလန်သား၏ စည်းတံဆိပ်ကို ဖြေပေးခဲ့၏။

“လူသားမိန်းကလေး၊ နင်လည်း တက်လာခဲ့” အမျိုးသမီးသည် အိပ်ရာပေါ် ပျင်းရိပျင်းတွဲဖြင့် လဲလျောင်းလိုက်ပြီး အန်လင်းအာကို လက်ယပ် ခေါ်လိုက်၏။

အန်လင်းအာသည် ချက်ချင်း မတက်သွားသေးဘဲ ရန်ကိုင်ဆီသို့ အရင် လှမ်းကြည့်လိုက်၏။

ရန်ကိုင်က ခေါင်းညိတ်ပြတော့မှပဲ သတိကြီးကြီးထား၍ လှည်းပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားလေ၏။

“နင်တို့သုံးယောက်က လှည့်ကို သယ်လာခဲ့။ ဒီလောက် ရိုးရှင်းတာလေးကိုတောင် ငါသင်ပေးရမယ် လို့တော့ လာမပြောနဲ့နော်” အမျိုးသမီး၏ ပျားသကာ ကဲ့သို့ ချိုမြိုလှသော အသံလေး လှည်းအတွင်းမှ ထွက်ပေါ်လာခဲ့၏။

ထိုစကားကို ကြားသည်နှင့် ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့လေသည်။

ကျိုးချဲကမူ ဒေါသတကြီး ပြန်အော်လေ၏ “ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ။ ခင်ဗျားအဖေကို လှည်းထမ်းသမား လုပ်စေချင်နေတာလား။ ကျုပ်ဘယ်သူလဲ ခင်ဗျားသိလား”

“နင်ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မသေချင်ရင် ငါအပြောတဲ့အတိုင်းလုပ်။ လက်နှေးနေရင် ငါနင့်ကို ချက်ချင်း သတ်ပစ်လိုက်မှာ” အမျိုးသမီး၏ မျက်ဝန်းထဲ အေးစက်စက် အလင်းတန်းတို့ ဖြတ်ပြေးသွားခဲ့ပြီး အားကောင်းလှသည့် နတ်ဆိုးချီတို့ သူမခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လေ၏။

ရွေးစရာမရှိသည်နှင့် ကျိုးချဲသည် အံကို တင်းတင်းကြိတ်၍သာ နာနာခံခံဖြင့် လှည်းကို စတင် သယ်မတော့လေ၏။

ရန်ကိုင်နှင့် ကျိုးချဲ၏ ကလန်သားသည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကူကယ်ရာမဲ့စွာဖြင့် လှည်းဆီ လမ်းလျှောက်သွားလိုက်၏။

ထို့နောက် အမျိုးသမီး ညွှန်ပြရာ အရပ်ဆီ လှည်းကို ထမ်း၍ စတင် ပျံသန်းတော့လေသည်။

အိပ်ရာကျယ်ကြီးထက် အန်လင်းအာသည် ခါးကို မတ်မတ်ထား၍ အမျိုးသမီး၏ ပခုံးကို နှိမ်နယ်ပေးရင်း ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းနေခဲ့သည်။

အမျိုးသမီးသည် ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ မျက်လုံးလေး ပိတ်၍သာ အန်လင်းအာ နှိမ်နယ် ပေးနေသည်ကို ဇိမ်ယူနေခဲ့သည်။

ရန်ကိုင်လည်း အတော်လေးကိုမှ ကူကယ်ရာ မဲ့နေခဲ့၏။ ကျိုးချဲ၏ အကူအညီဖြင့် နတ်ဆိုးကုန်းမြေမှ လုံလုံခြုံခြုံ ထွက်သွားချင်သော်လည်း ယခု သူ့တွင် ထိုကဲ့သို့ အခွင့်အရေးမျိုး မရတော့ချေ။ ထို့အပြင် ယခုအချိန်၌ ထိုသကောင့်သားသည် သူ့အသက်ကိုပင် သူမပိုင်လေရာ နတ်ဆိုးကုန်းမြေမှ ထွက်ခွါချင်သည် ဆိုပါက ရန်ကိုင် အနေဖြင့် နောက်တစ်နည်း ထပ်စဉ်းစားရုံသာ ရှိတော့၏။

နေ့တစ်ဝက်ကြာပြီးနောက် အားလုံးရှေ့ ဧရာမ မြို့တံတိုင်း တစ်ခု ထွက်ပေါ်လာ၏။ မြို့သည် သဲကန္တာရ အနီးတွင် တည်ရှိပြီး မြို့တံတိုင်းများကို သဲကန္တာရမှ ကျောက်တုံးများဖြင့် တည်ဆောက်ထား၏။

မြို့ထဲသို့ မရေမတွက်နိုင်သော နတ်ဆိုးများ ဝင်ချည်၊ ထွက်ချည် ပြုနေခဲ့၏။

ထိုမြို့ကို မြင်လိုက်သည်နှင့် ကျိုးချဲ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အက်ရှရှ လေသံကြီးနှင့် အလန့်တကြား ထအော်တော့လေ၏ “သဲမြို့တော်လား။ အဲ့လိုဆိုရင် ခင်ဗျားက…”

“နင့်ပါးစပ်ကို ပိတ်ထားလိုက်” အမျိုးသမီးသည် မျက်လုံးပင်း မဖွင့်ဘဲ ကျိုးချဲအား အော်ဟစ်ဆူပူ ကြိမ်းမောင်းလိုက်၏။

ယခုတစ်ကြိမ်၌ ကျိုးချဲသည် ယခင်ကကဲ့သို့ အံတကြိတ်ကြိတ် ဆူပူပူ မျက်နှာထားမျိုး လုပ်မနေတော့ချေ။ အရမ်းကိုမှ ကြောက်ရွံ့နေသည့် အလား ချက်ချင်းပဲ ခေါင်းငုံ့လိုက်၏။

ကျိုးချဲ အမူအရာကို ကြည့်ပြီး ရန်ကိုင် မျက်နှာ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့လေ၏။

ခဏအကြာ၌ သူတို့လှည်းသည် သဲမြို့တော်၏ ကောင်းကင်ထက်သို့ ရောက်လာခဲ့၏။ အမျိုးသမီး၏ ညွှန်ကြားချက်တိုင်း လှည်းအား မြို့လယ်ခေါင်ရှိ နန်းတော်ကြီး တစ်ခုရှေ့တွင် ချပေးလိုက်၏။

နန်းတော်ကြီးကို တည်ဆောက်ထားသည့် ပုံစံမှာ အရမ်းကိုမှ မူကွဲလှပ၏။ နန်းတော်ကိုယ်တိုင်သည် တောင်စဉ်တောင်တန်း တစ်ခုဟုပင် ထင်မှတ်ရကာ အမြင့်ဆုံး နန်းတော်ဆောင်သည် မိုးတိမ်ယံထိတိုင် ထိုးဖောက်နေခဲ့၏။

နန်းတော်၏ အမြင့်ဆုံး နေရာတွင် ရပ်၍ အောက်သို့ ငုံ့ကြည့်လိုက်ပါက သဲမြို့တော်တစ်ခုလုံး၏ ရှုခင်းကို မြင်တွေ့နိုင်ပေသည်။

သို့သော်လည်း နန်းတော်သည် သဲမြို့တော်နှင့် အနည်းငယ် မအပ်စပ် ဖြစ်နေခဲ့၏။ နန်းတော် မြို့ရိုးများကို ကျောက်စိမ်းဖြူများဖြင့် ဆောက်လုပ်ထားပြီး တိုင်လုံးများ၊ ခန်းမများအား နဂါးရုပ်၊ ဖီးနစ်ရုပ်တို့ဖြင့် ထိုးထွင်းတန်ဆာဆင်ထား၏။

အဖိုးတန် ကျောက်မျက်ရတနာများကိုလည်း နေရာတိုင်း လိုလို၌ တွေ့နေရ၏။

လှည့်ရောက်လာသည့် အချိန်၌ အားကောင်းမောင်းသန် လူကြီးတစ်ယောက် ရောက်ရှိလာခဲ့ပြီး လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်၏ “သခင်မ ပြန်လာပြီလား”

အမျိုးသမီးက အသာအယာ ခေါင်းညိတ်လိုက်ပြီး လှည်းထဲမှ ထွက်လိုက်သည်။

“ဒီလူတွေက…” ထိုလူသည် ရန်ကိုင်တို့အား နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ကျိုးချဲဆီ အကြည့်ရောက်သွားချိန်တွင် သူ့မျက်လုံးထဲ သံသယရိပ်တို့ ဖြတ်ပြေးသွားခဲ့၏။

“ကျိုးချုန်ကို သတင်းသွားပို့လိုက်။ သူ့အဖိုးတန်သားကို အကောင်းအတိုင်း ပြန်တွေ့ချင်တယ် ဆိုရင် ပစ္စည်းကောင်းကောင်း ပြင်ဆင်ပြီး ငါ့ဆီ လာရွေးလို့” အမျိုးသမီးက ကျိုးချဲကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏ “ပြီးတော့ သူ့သားနဲ့အတူ အခြားလူ သုံးယောက်လည်း ရှိသေးတယ်လို့။ အဲ့သုံးယောက်ကို လွှတ်ပေးမလား၊ မလွှတ်ပေးဘူးလား ဆိုတာကတော့ သူ့အပေါ်ပဲ မူတည်လိမ့်မယ်”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့၏။ သူမ ပြောနေသည်အား ထောက်ရှုကြည့်လျှင် အမျိုးသမီးသည် ကျိုးချဲ မည်သူမည်ဝါ ဆိုသည်ကို အစေားကြီးကတည်းက သတိပြုမိပြီးသည့် ပုံပင်။ သို့သော် ကျိုးချဲ မည်သူမည်ဝါ ဆိုသည်ကို သိနေသော်ငြား ကျိုးချဲအား ယခုကဲ့သို့ ပြုမူဆက်ဆံရဲ၏။ ထို့အပြင် ကျိုးချုန်၏ နာမည်ကို အရှိအတိုင်း ခေါ်ရဲသည့်ပုံထောက်လျှင် ထိုအမျိုးသမီး မည်သူ ဆိသည်ကို အလွယ်တကူ ခန့်မှန်းကြည့်နိုင်ပေ၏။

ကျိုးချုန်သည် နတ်ဆိုးဗိုလ်ချုပ်လေးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကျိုးချဲ၏နာမည်ကို အရှိအတိုင်း ခေါ်ရဲသည့်သူသည် အခြားနတ်ဆိုး ဗိုလ်ချုပ်များသာ ဖြစ်သည်။

နတ်ဆိုးဗိုလ်ချုပ်များထဲ အမျိုးသမီး ဗိုလ်ချုပ် တစ်ယောက်သာ ရှိ၏။ ထိုအမျိုးသမီးသည်ကား နတ်ဆိုးဗိုလ်ချုပ်ကြီး ရွှယ့်လီပင် ဖြစ်လေသည်။

ရွှယ့်လီသည် စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး တစ်ယောက် ဖြစ်သော်ငြား သူမ၏ ကျော့ရှင်းလှပမှုပင် သူမ၏ ရက်စက်ကြမ်းကြုတ်သော စရိုက်ကို ဖုံးကွယ်နိုင်ခြင်း မရှိချေ။

သူတို့ မတော်တဆ တွေ့ခဲ့သောသူသည် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ဖြစ်နေခဲ့ပေသည်။ ထို့ပြင် ကျိုးချဲသည် သူ့ကိုယ်သူ အဟုတ်ကြီးထင်ကာ ထိုအမျိုးသမီး ရေချိုးနေသည်ကို သွားချောင်းကြည့်ရဲခဲ့၏။

ထိုအကြောင်းကို တွေးရင်း ရန်ကိုင်မှာ ကျိုးချဲကို အသားပုံဖြစ်သွားအောင် စိတ်ရှိလက်ရှိ ရိုက်နှက်ချင်မိလာသည်။

“သခင်မ၊ ကျိုးချုန်က အဲ့သုံးယောက်ရဲ့ အသက်ကို ဂရုစိုက်မှာ မဟုတ်လောက်ဘူး” ရွယ့်လီ၏ လက်အောက်ခံသည် ရန်ကိုင်တို့ ဒုက္ခရောက်နေသည်ကို ကြည်နူးနေသည့်အလား ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်၏။

“ငါပြောတဲ့အတိုင်းသာ ပို့လိုက်။ ပြီးတော့၊ ထပ်ပြောလိုက်ဦး။ ဒီလူသားကောင်လေးက သူ့သားရဲ့ အသက်သခင်ကျေးဇူးရှင်လို့” ရွှယ်က လေသံကို ဖိပြောလိုက်၏ “ဒီကိစ္စကို ကျိုးချုန် ဘယ်လို ကိုင်တွယ်မလဲ ငါတကယ်ကို သိချင်နေပြီ”

“အို၊ အံ့ဩစရာပဲ။ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ရဲ့ အမွေဆက်ခံသူက လူသားတစ်ယောက်ကို အသက် ကျေးဇူးကြွေးတင်နေရတယ်လို့။ တကယ်ကို စိတ်ဝင်စားစရာပဲ။ သခင်မပြောတဲ့အတိုင်း ဒီသတင်းကို လက်အောက်ငယ်သားကိုယ်တိုင် သွားပို့လိုက်ပါ့မယ်”

“သွားတော့” ရွှယ့်လီက သူမလက်ကို ဝှေ့ရမ်းလိုက်၏။

“စီနီယာရွှယ့်၊ စီနီယာရွှယ့်…” ကျိုးချဲက အလျင်စလို အော်ခေါ်လိုက်၏။

“ဘာလဲ” ရွှယ့်လီက ကျိုးချဲအား စိတ်မပါဟန်ဖြင့် ပြန်ကြည့်လိုက်၏။

“ဒီကိစ္စကို ဆွေးနွေးလို့ မရဘူးလား။ ပစ္စည်း လိုချင်တယ် ဆိုရင်တော့ ကျုပ်ဘာသာ ပေးမယ်လေ။ ဒီကိစ္စလေး အတွက်နဲ့ ကျုပ်အဖေကို သွားမနှောင့်ယှတ်လို့ မရဘူးလား” ကျိုးချဲက ကိုးယိုးကားယား အမူအရာဖြင့် တောင်းဆိုလိုက်၏။

“ဒီကိစ္စက နင်ကိုင်တွယ်နိုင်တဲ့ အဆင့်မျိုး မဟုတ်ဘူး” ရွှယ့်လီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ကျိုးချဲကို ဆက်ဂရုမစိုက်တော့ဘဲ နန်းတော်ထဲသို့သာ လမ်းလျှောက် ဝင်သွားလေ၏။

ချက်ချင်းဆိုသလို နတ်ဆိုးမျိုးနွယ်စုဝင် အစောင့်တစ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး ရန်ကိုင်တို့ လေးယောက်အား နန်းတော်ထဲသို့ လိုက်ပါ ပို့ဆောင်ပေးလေ၏။

ယောကျာ်းသုံးဦးကို ပင်မအဆောင်မဟုတ်သည့် အဆောင်တစ်ဆောင်တွင် နေရာချထားပေးပြီး အန်လင်းအာကိုမူ ရွှယ့်လီနှင့် ဘေးချင်းကပ် အခန်းတွင် စီစဉ်ပေးခဲ့၏။

သို့သော်လည်း နေမင်းကလန်တွင် ရှိစဉ်အခါကကဲ့သို့ သူတို့၏ အစစ်အမှန်ချီနှင့် အသိစိတ်ကို စည်းခတ်ခြင်းမျိုး မပြုလုပ်ခဲ့ချေ။ သူတို့ထဲက တစ်ယောက်မှ ထွက်မပြေးနိုင်ဟု ရွှယ့်လီ ယုံကြည်နေသည့် ပုံပင်။ သူတို့၏ လွတ်လပ်မှုကို ကန့်သတ်မထားရုံမက တစ်နေ့ အစာသုံးနပ်ပင် ပို့ပေးနေသေး၏။

သူတို့အား စောင့်ကြပ်နေသူ တစ်ဦးတစ်ယောက်မှ မရှိသော်ငြား ရန်ကိုင်သည် ထွက်ပြေးရန် မကြိုးစားခဲပေ။

ရွှယ်လီ ရှိနေချိန် ထွက်ပြေးရန် ကြိုးစားလျှင်ပင် ထွက်ပြေးနိုင်မည် မဟုတ်မှန်း ရန်ကိုင် သိသည်။ ပိုဆိုးသည်ကာ အန်လင်းအာသည် သူနှင့်အတူ ရှိမနေခြင်းပင်။ ရန်ကိုင် အနေဖြင့် အန်လင်းအာကို ထားရစ်၍ ကိုယ်လွတ်ရုန်း ထွက်ပြေးမည့် အပြုအမူမျိုး လုပ်လိမ့်မည် မဟုတ်ပေ။

တစ်ချိန်က မာနတစ်ခွဲသားဖြင့် ပြုမူခဲ့သော ကျိုးချဲသည် ယခုအချိန်တွင် လွန်စွာကိုမှ နာခံရိုကျိုး နေခဲ့သည်။

ရွှယ့်လီသည် ကျိုးချုန်အား သူ့သားအသက်ကို လက်ဆောင်ပဏ္ဍာများစွာဖြင့် လာရွေးရန် ပြောခဲ့၏။ ရွှယ့်လီတောင်းသည့် ပစ္စည်းတန်ဖိုးသည် နည်းလှမည် မဟုတ်လေရာ ကျိုးချုန်သည် အများဆုံးမှ ကျိုးချဲနှင့် အခြားနတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ကိုသာ ရွေးထုတ်သွားလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၈) ကျုပ်ငြင်းတယ်

နတ်ဆိုးဗိုလ်ချုပ် သုံးယောက်အကြောင်းကို ရန်ကိုင် ကြားခဲ့ဖူးပေ၏။

ထိုပညာရှင် လေးယောက်သည် နတ်ဆိုးကုန်းမြေ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူသော အရပ် လေးမျက်နှာအား အသီးသီး ခွဲဝေအုပ်ချုပ်ကြ၏။ ပုံမှန်အားဖြင့် တစ်ယောက်နှင့် တစ်ယောက် အဆက်အဆံ သိပ်မရှိကြချေ။ သို့သော် တစ်ဦးတည်းသော အမျိုးသမီး နတ်ဆိုးဗိုလ်ချုပ် ဖြစ်သည့် ရွှယ့်လီသည် ကျန်ဗိုလ်ချုပ် သုံးဦးနှင့် ပြေပြစ်ကောင်းမွန်သော ဆက်ဆံရေး မရှိသည့်ပုံပင်။

ထိုအတွက်ကြောင့်ပဲ သူမ အုပ်ချုပ်သော နေရာသည် အတော့်ကို ချောင်ကျလှ၏။ မိုးမြေစွမ်းအင် သိပ်သည်းနှုန်း အရဖြစ်စေ၊ အရင်းအမြစ် ပေါကြွယ်ဝသည့်နှုန်း အရဖြစ်စေ၊ ကျန်ဗိုလ်ချုပ် သုံးယောက်၏ ပိုင်နက်သည် ရွှယ့်လီပိုက်နက်ထက် အစစအရာရာတွင် သာလွန်၏။

ရန်ကိုင်ကဲ့သို့သော တုန်းရွှမ်လောကကြီးအကြောင်း ကောင်းကောင်းမသိသည့် လူသည်ပင် ထိုကောလဟာလ များကို ကြားဖူးထား၏။ လက်ရှိ အခြေအနေအား သူကိုယ်တိုင် မြင်ပြီးနောက် ကောလဟာလများသည် အခြေအမြစ်မရှိသည့် ကောလဟာလများ မဟုတ်မှန်း ရန်ကိုင် သိသွားခဲ့လေပြီ။

ရွှယ့်လီနေထိုင်ရာမြို့သည် သဲမြို့တော် ဖြစ်၏။ ထိုသဲမြို့တော်သည် လူသူအရောက်အပေါက် နည်း၍ ကျယ်ပြော အန္တရာယ်များလှသည့် သဲကန္တာရအနီးတွင် တည်ရှိ၏။ ထို့ပြင် သူမနှင့် ကျိုးချုန်တို့ တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိသည့် ပုံပင်။

သို့သော်လည်း သူမသည် နတ်ဆိုးဗိုလ်ချုပ်ဆိုသော ရာထူးအား ရယူပိုင်ဆိုင်ထားသည့် လူဖြစ်လေရာ သူမတွင် ထူးခြားသော အရည်အချင်း တစ်ခုခု ရှိကိုရှိရပေလိမ့်မည်။ ထိုကဲ့သို့သော မိန်းမမျိုးအား ပေါ့ပေါ့တန်တန် သဘော မထားသင့်ပေ။ ထို့ကြောင့် ရန်ကိုင်သည် မဆင်မခြင် မလှုပ်ရှားသေးခြင်း ဖြစ်၏။

ဤသို့ဖြင့် ရန်ကိုင်သည် သူ့နေ့ရက်များအား မည်သည့် ပြဿနာမှ မရှာဘဲ နန်းတော်ထဲတွင်သာ ငြိမ်ငြိမ်လေး၍ ကုန်ဆုံးနေခဲ့၏။

ကျိုးချဲကမူ ထွက်ပြေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့၏။ သို့သော် သူထွက်ပြေးရန် ကြိုးစားသည့် အချိန်တိုင်း ရွှယ့်လီ လွှတ်ထားသည် ပညာရှင်များ၏ ဖမ်းဆီးခြင်း ခံရကာ ရက်ရက်စက်စက် ရိုက်နှက် ဆုံးမခြင်း ခံရလေ၏။

ထိုကဲ့သို့ တစ်လလောက် ခံလာရပြီးသည့်နောက် ကျိုးချဲလည်း သူ့ကံကြမ္မာကို လက်ခံလာခဲ့၏။

ကျိုးချဲ၏ အမှားကို သင်ခန်းစားယူပြီး ရန်ကိုင်သည် သူ့လှုပ်ရှားမှုများနှင့် ပက်သက်၍ ပို၍ပင် သတိထားလာခဲ့၏။

တစ်လကျော် ကြာပြီးသည့်နောက် အခန်းထဲ တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် အပြင်ဘက်မှ ခြေသံများကို ရန်ကိုင် ကြားလိုက်ရ၏။ ထို့ကြောင့် မျက်လုံးဖွင့်၍ တံခါးအား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေလိုက်၏။

ခဏအကြာတွင် အခန်းတံခါး ပွင့်သွားခဲ့ပြီး ကျိုးချုန်ဆီ သတင်းသွားပို့သော နတ်ဆိုး မျိုးနွယ်စုဝင် ရောက်လာခဲ့၏။ အခန်းထဲသို့ ရောက်သည်နှင့် ရန်ကိုင်အား ကြည့်၍ “ထွက်လာခဲ့။ သခင်မ မင်းကို တွေ့ချင်နေတယ်”

ရန်ကိုင်လည်း ပြောသည့်အတိုင်း မတ်တပ်ရပ်ကာ လိုက်သွားလိုက်၏။

ထိုလူသည် ရှေ့မှ သွားနေစဉ်အတွင်း ရန်ကိုင်အား လှည့်လှည့်ကြည့်သွားခဲ့၏။ သူ့အကြည့်ထဲ လှောင်ပြောင် ရိပ်တို့ ရစ်သိုင်းနေသည်ကို ရန်ကိုင် မြင်တွေ့ခဲ့ရ၏။

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး တစ်ခုခု မှားယွင်းနေပြီမှန်း တန်းသိလိုက်၏။ သို့သော် သူဘာမေးမေး တစ်ဖက်လူက ဖြေမည်မဟုတ်မှန်း သိထားသဖြင့် ဆိတ်ဆိတ်သာ နေလိုက်၏။

ခဏကြာအောင် လမ်းလျှောက် လာပြီးသည့်နောက် ရန်ကိုင်တို့ ခန်းမကျယ်ကြီး တစ်ခုထဲသို့ ရောက်လာခဲ့၏။

ခန်းမသည် ကြီးကျယ်ခမ်းနားပြီး ထိုခန်းမှ အရှေ့ပိုင်း၌ အိစက်နူးညံ့ဟန် ရသော သွားမွှေး၊ အနီနက်ရောင် ခြုံလွှာတို့ဖြင့် ဖုံးအုပ် တန်ဆာဆင်ထားသည့် ခုံအကြီးကြီးတစ်လုံး ရှိနေခဲ့၏။ ရွှယ့်လီသည် မျက်လုံးကိုမှိတ်၊ လက်နှစ်ဖက်အား တစ်ဖက်နှင့်တစ်ဖက် ထပ်လျက် ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေခဲ့၏။

ခန်းမအလယ်၌ မွှေးပျံ့ပျံ့ သင်းရနံ့တို့ကို အဆက်မပြတ် ထုတ်လွှတ်နေသော မွှေးရနံ့အိုကြီး တစ်လုံး ရှိနေခဲ့၏။

အန်လင်းအာသည် အစေခံမ တစ်ယောက်ကဲ့သို့ ဝတ်စား၍ ရွှယ့်လီနားတွင် တောင့်တောင့်ကြီး ရပ်နေခဲ့၏။

ရန်ကိုင် ရောက်လာသည်ကို မြင်သည်နှင့် အန်လင်းအာ၏ မျက်လုံးလေးများ လင်းလက် သွားခဲ့ပြီး စိုးရိမ်တကြီး မျက်စပစ်လိုက်၏။ ရန်ကိုင်ကမူ သူအဆင်ပြေကြောင်း ဖြည်းဖြည်းချင်းသာ ခေါင်းခါပြလိုက်၏။

ဖမ်းဆီးခံရပြီးနောက်တွင် သူတို့ နှစ်ယောက်စလုံးသည် တစ်ယောက်နှင့်တစ်ယောက် တွေ့ခွင့် မရတော့ချေ။ ရန်ကိုင်သည် အခန်းထဲ တိုက်ပိတ် ထားခံရပြီး အန်လင်းအာသည် ရွှယ့်လီကို အဖော်ပြုပေးနေခဲ့ရ၏။ ဤသဲမြို့တော် နန်ဆောင်ထဲတွင် လူသားဆို၍ သူမနှင့် ရန်ကိုင်သာ ရှိလေရာ မိန်းမသား ဖြစ်သော အန်လင်းအာ အနေဖြင့် သူမ၏ မျှော်လင့်ချက် အားလုံးကို ရန်ကိုင်အပေါ် အားကိုးချင်သည်မှာ သဘာဝပင် ဖြစ်လေ၏။

ရန်ကိုင် အဆင်ပြေကြောင်း သိလိုက်ရမှပဲ အန်လင်းအာ စိတ်သက်သာရာ ရသွားနိုင်ခဲ့၏။ မည်သည့် ဆူညံသံမှ မထွက်ရလေအောင် စကားတစ်ခွန်းပင် မပြောခဲ့ဘဲ ရန်ကိုင်အား ပြုံးသာ ပြုံးပြလိုက်၏။

ဘေးပတ်လည်းကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခန်းမထဲသို့ ကျိုးချဲနှင့် သူ့အပေါင်းအပါပါ ရောက်နေသည်ကို ရန်ကိုင်‌ တွေ့ရှိလိုက်ရ၏။

“သခင်မ၊ သူတို့ကို ကျုပ်ခေါ်လာခဲ့ပါပြီ” ရွှယ့်လီ၏ လက်အောက်ခံက ပြောလိုက်၏။

ရွှယ်လီက ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး စွဲမက်ဖွယ်ရာ မျက်လုံးလေးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ ပြီးသည်နှင့် ခါးလေးကို အသာအယာ မတ်ကာ ပျင်းရိပျင်းတွဲဟန်ဖြင့် အကြောအချဉ် ဖြေလျော့လိုက်၏။

ထိုကဲ့သို့ လှုပ်ရှားလိုက်သည့်အတွက် သူမ ဝတ်ဆင်ထားသော ခါးပြတ်အင်္ကျီသည် မြင့်လိုက်၊ နိမ့်လိုက် ဖြစ်ကာ အဆီအပို မရှိ ချပ်ချပ်ရပ်ရပ် ဖြစ်နေသည့် ဗိုက်သား ဖြူဖြူလေးနှင့် ဝင်းပပ ချက်လေးလည်း ပေါ်လိုက်ပေါက်လိုက် ဖြစ်နေခဲ့၏။

ယခုအချိန်တွင် မည်သူမှ သူမအား မစိုက်ကြည့် ရဲသော်ငြား ရန်ကိုင် တစ်ယောက်ကမူ စိုက်ကြည့်ရဲ၏။

ရွှယ့်လီ၏ မျက်ဝန်းများ စူးရှသွားခဲ့ပြီး ရန်ကိုင်အား ပြန်စိုက်ကြည့်လိုက်၏။ တစ်ခုခု၏ လောင်ကျွမ်းခြင်း ခံလိုက်ရသည့်အလား သူ့မျက်နာတစ်ဝိုက် အနည်းငယ် နာကျင်သွား၏။ သို့သော်လည်း သူ့အကြည့်အား လွှဲဖယ်သွားခဲ့ခြင်း မပြုဘဲ ခေါင်းမာမာဖြင့်သာ သူမအား ဆက်လက် စိုက်ကြည့်နေခဲ့၏။

ရွှယ့်လီသည် ရန်ကိုင် အကြည့်အား ဆက်လက် အာရုံမထားတော့ဘဲ အရေးကြီး ကိစ္စဆီကိုသာ ဦးတည်လိုက်၏ “ကျိုးချုန် ပြန်ပြောလိုက်တာက…”

ကျိုးချဲ ခန္ဓာကိုယ် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ပြီး စိုးရိမ်ပူပန်တကြီး သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ရွှယ့်လီကို စိုက်ကြည့်ကာ တိုးတိုးလေး မေးလိုက်၏ “သူဘာပြန်ပြောလိုက်လဲ”

“ဟဲဟဲ… နင်က သူ့သားပဲ။ နင်ငါ့လက်ထဲ ရောက်လာမှတော့ သူဘာပြန်ပြောမယ်ထင်လဲ။ အင်း၊ နင့်အဖေက နင့်ကို လာပြန်ရွေးသွားတယ်”

ထိုစကားကို ကြားသည့်အချိန်တွင် ကျိုးချဲမှာ ပျော်လည်းပျော်၊ စိတ်ဓါတ်လည်း ကျရ၏။

ပျော်ရသည့် အကြောင်းအရင်းမှာ ရွှယ့်လီ၏ လက်မှ လွတ်မြောက်ခဲ့သောကြောင့် ဖြစ်ပြီး စိတ်ဓါတ်ကျရခြင်းမှာ အိမ်ပြန်ရောက်သည်နှင့် သူ့အဖေ သူ့အား မည်ကဲ့သို့ အပြစ်ပေးမည်ကို တွေးကြောက်မိနေသောကြောင့် ဖြစ်၏။

“ကျုပ်ကော” ကျိုးချဲ၏ အဖော်က စိုးရိမ်တကြီး မေးလိုက်၏။

“နင့်ကိုလည်း ရွေးထုတ်ပေးသွားတယ်” ရွှယ့်လီက အသာအယာ ခေါင်းညိတ်လိုက်ပြီး ညစ်ကျယ်ကျယ် ပြုံးလျက် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ပြောလိုက်၏ “နင်နဲ့ ဒီလူသား မိန်းကလေးကိုလည်း သူရွေးပေးသွားသေးတယ်”

အန်လင်းမှာ ထိုစကားကို ကြားကြားချင်း မှင်သက် သွားခဲ့သော်ငြား ချက်ချင်းဆိုသလို ပျော်သွားခဲ့၏။

တစ်ဖက်တွင်မူ ထိုစကားကို ကြားသည့်အချိန်၌ ကျိုးချဲနှင့် သူ့အပေါင်းအပါ နှစ်ယောက်စလုံး၏ အမူအရာ ထူးဆန်းသွားခဲ့ပြီး ရန်ကိုင်အား တစ်ချက် လှမ်းကြည့်ပြီးနောက် ခေါင်းငုံ့သွားခဲ့ကြ၏။

ရန်ကိုင်သည် ရွှယ့်လီလက်မှ လွတ်မြောက် နိုင်ခဲ့သည့် အတွက် မပျော်ရုံမက သူ့အမူအရာသည် အတော်လေးကို သုန်မှုန်နေခဲ့ကာ အကြောက်အရွံ့ ကင်းကင်းဖြင့် မေးလိုက်၏ “ခင်ဗျားတို့ နတ်ဆိုးမျိုးနွယ်စုဝင်တွေ အကုန်လုံးက ဒီလိုမျိုး ရက်ရောကြင်နာကြတာလား”

“ဟန်” ရွှယ့်လီ မျက်ခုံးပင့်သွားခဲ့ပြီး အသာအယာ ပြုံး၍ ပြန်ပြောလိုက်၏ “ကျိုးချုန်က ရက်ရောတဲ့ လူစားမျိုး မဟုတ်ဘူး။ ဒီတစ်ကြိမ်က ချွင်းချက်ပဲ”

“ခင်ဗျားတောင်းတဲ့ ကြေးက ကြီးလား” ရန်ကိုင်သည် ရွှယ့်လီအား တည့်တည့်စိုက်ကြည့်ရင်း မေးလိုက်၏။ နတ်ဆိုးဗိုလ်ချုပ်နှင့် ရင်ဆိုင်နေရသော်ငြား ရန်ကိုင်သည် သူရဲဘောကြောင်သည့် အပြုအမူမျိုး နည်းနည်းလေးမှပင် လုပ်မပြခဲ့။ သူ့အမူအရာသည် တည်ငြိမ်မြဲ တည်ငြိမ်နေခဲ့၏။

“များတော့ မများဘူးဆိုပေမယ့် နည်းတော့လည်း မနည်းဘူး။ ကျိုးချုန်ကို ခဏတာလောက် စိတ်ညစ်သွားအောင် လုပ်နိုင်တဲ့အထိတော့ များတယ်” ရွှယ့်လီက ရန်ကိုင်ကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။ လူအနည်းငယ်သာ သူမရှေ့တွင် ရန်ကိုင်ကဲသို့ တည်တည်ငြိမ်ငြိမ် နေနိုင်၏။ ကျိုးချုန်၏ သားဖြစ်သော ကျိုးချဲသည်ပင် ကြောင်ကိုမြင်သော ကြောက်ရွံ့သည့် ကြွက်တစ်ကောင်ကဲ့သို့ ပြုမူနေ၏။ သို့သော် ရန်ကိုင်ကမူ ကြောက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းမျှပင် မပြချေ။

အနည်းဆုံး သူသည် သူမ မြင်ခဲ့သောဖူးသော နတ်ဆိုးမျိုးနွယ်စုဝင်များထက် ပို၍ သတ္တိရှိပေ၏။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ကျိုးချဲဘက်လှည့်ကာ မေးလိုက်၏ “ညီအစ်ကိုကျိုးချဲ၊ စီနီယာကျိုးချုန် ဒီလောက် ငွေအများကြီး ဖြုန်းလိုက်တဲ့အပေါ် မင်းဘယ်လိုထင်လဲ”

“အာ” ကျိုးချဲသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ရန်ကိုင်အကြည်အား တိုက်ရိုက်မကြည့်ရဲခဲ့ဘဲ စိတ်ထဲရှိသည့်အတိုင်းသာ လျှောက်ပြောလိုက်၏ “ဘယ်လိုမှတော့ မထင်ပါဘူး…”

ပြောနေစဉ် သူ့ပုံစံသည် အတော့်ကိုမှ နေရခက်နေသည့် ပုံပင်။

“ညီအစ်ကိုကျိုးချဲမှာ ပြောစရာ တကယ်ကို ဘာမှ မရှိတာလား” ရန်ကိုင် နှုတ်ခမ်းအစုံ‌ ကွေးတက်သွားခဲ့ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်၏။

ကျိုးချဲက ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်၏။

သူ့အပေါင်းအပါသည်လည်း ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေခဲ့၏။

လတ်စသတ်တော့… အဲ့လိုကိုး ဒယ်အိုးထဲမှ လွတ်အောင် ခုန်လိုက်ကာမှ မီးပုံထဲသို့ ရောက်ရသည့် အဖြစ်မျိုး ရန်ကိုင် ကြုံနေခဲ့ရလေပြီ။

ရန်ကိုင်တို့ ပြောနေသည့် အကြောင်းအရာများကို အန်လင်းအာ လုံးဝ နားမလည်ခဲ့ချေ။ ကျိုးချဲအပေါ် ရန်ကိုင်၏ သဘောထား အဘယ်ကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားရလဲ ဆိုသည်ကိုလည်း သူမ မသိပေ။

ရွှယ့်လီသည် ရန်ကိုင်တို့ စကားဝိုင်းအား ဝင်ရှုပ်ရန် မကြိုးစားဘဲ အပြုံးလေး ပြုံးရင်းဖြင့်သာ ဇိမ်ပြေနပြေဖြင့် ထိုင်ကြည့်နေခဲ့၏။

“ကောင်းပြီလေ” ရန်ကိုင်က ပြုံးလိုက်ပြီး “အဲ့လိုဆိုရင် ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့၊ ညီအစ်ကိုကျိုးချဲ။ ဟဲဟဲ၊ ငါတို့ ခင်မင်ခဲ့ရတဲ့ အချိန်က တကယ့်ကို တိုးတာင်းတာပဲနော်…”

ရန်ကိုင် ပြောလိုက်သည့် စကားကြောင့်၏ ကျိုးချဲ ရှက်သွားခဲ့ရ၏။

ရန်ကိုင်က ကျိုးချဲကို လျစ်လျူရှုထားလိုက်ပြီး ရွှယ့်လီဘက် လှည့်ကာ “စီနီယာ၊ ကျိုးချုန် လာရွေးတာကို ကျုပ်ငြင်းမယ်ဆိုရင် စီနီယာက ကျုပ်ကို ချက်ချင်း သတ်ပစ်မှာလား”

“အို” ထိုစကားကို ကြားသည်နှင့် ရွှယ့်လီ၏ မျက်လုံးထဲ ချီးကျူးလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “နင်တကယ် ငြင်းချင်တာလား”

“ဟုတ်တယ်၊ ကျုပ်ငြင်းချင်တယ်”

“ဟဲဟဲ…” ရွှယ့်လီ ရုတ်တရက် ပြုံးလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်၏။ ရယ်မောသံလေးနှင့်အတူ သူမ၏ မဟာတောင်ပို့ နှစ်လုံးသည်လည်း အဆက်မပြတ် လှုပ်ခါရမ်းသွားခဲ့၏။

သူမ၏ လက်အောက်ငယ်သားသည်လည်း ရန်ကိုင်အား စိတ်ဝင်တစား အမူအရာဖြင့် စိုက်ကြည့်လိုက်၏။ ထိုအကြည့်ထဲ ချီးကျူလိုသည့် အရိပ်အယောင်တို့ပင် ပါဝင်နေသေး၏။

သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ပြီးနောက် ရွှယ့်လီက ပြောလာခဲ့၏ “ငါသာ ကျိုးချုန်ကို ငြင်းလိုက်ရင် တန်ဖိုးရှိတာတွေ အများကြီး ဆုံးရှုံးရမှာ။ ဒါကြောင့် ငါနင့်ကို မသတ်ချင်ဘဲ နေမလား။ နင့်ကို ဒီလောက် အထိကြာအောင် နေစရာ၊ စားစရာ ပေးလာခဲ့ပြီးမှ ငါ့ဘက်က ဘာမှပြန်မရဘူးဆိုရင် ငါပဲ နစ်နာသွားမှာပေါ့။ ဒါပေမယ့် ကျိုးချုန် ပေးထားတဲ့ ပစ္စည်းတွေက ငါ့လက်ထဲ ရောက်နေပြီဆိုတော့ ဘယ်လိုလုပ်ပြီး အလွယ်တကူ ပြန်ပေးနိုင်ပါ့မလဲ။ ဒီနည်းလမ်းနဲ့ သူ့မျက်နှာကို ပိတ်ရိုက်ပြီး အရှက်ကွဲအောင် လုပ်ရမယ်။ ကောင်းပြီလေ… ငါနင့်အသက်ကို ချမ်းသာပေးနိုင်တယ်”

ရန်ကိုင်မျက်နှာ ရုတ်ချည်း မည်းမှောင်သွာခဲ့ပြီး စိတ်ညစ်သွားခဲ့ရလေ၏။

ရွှယ့်လီ၏ စကားအသွားအလာအရ သူမသည် သူ့အား တာဝန်ခံခိုင်းရန် တွန်အားပေးပြီး ကျိုးချုန်အာ ဆန့်ကျင် ခိုင်းနေသည့်ပုံပင်။ ဤကိစ္စသည် ကိစ္စကြီးတစ်ခု မဟုတ်သော်ငြား ကျိုးချုန်ကဲ့သို့သော လူတစ်ယောက်သည် ထိုကဲ့သို့ အစော်ကားခံမည်လား။ သူသာ ငွေသုံး၍ ရန်ကိုင်အား ရွှယ့်လီလက်မှ လွတ်အောင် ကူညီပေးခဲ့၏။ သို့သော် ရန်ကိုင်သည် သူ့ကြင်နာမှုကို ပြန်၍ပင် ငြင်းဆန်ခဲ့သေး၏။ ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက ကျိုးချုန်သည် ရန်ကိုင်၏ စကားတစ်ခွန်းကြောင့် အများအမြင်တွင် ရယ်စရာ ဖြစ်သွားပေလိမ့်မည်။

သူ့ကဲ့သို့ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်သည် လူသား တစ်ယောက်၏ အထင်အမြင်သေးမှုကို မည်ကဲ့သို့ ခံနိုင်မည်နည်း။

“နင့်တောင့်ဆိုချက်ကို ငါလက်ခံတယ်” ရွှယ့်လီက တောက်ပစွာပြုံးလိုက်ပြီး ကျိုးချဲနှင့် သူ့အပေါင်းအပါကို လက်ဝှေ့ရမ်းပြလိုက်ကာ “ထွက်သွားတော့။ အမွှေးတိုင် တစ်ဝက် လောင်ကျွမ်းစာအတွင်း ငါ့ကောင်းကင် စိတ်အာရုံ ထောက်လှမ်းနိုင်တဲ့ အကွာအဝေးအတွင်း ရှိနေသေးတယ် ဆိုရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့”

သူမ ထိုစကားကို ပြောလိုက်သည်နှင့် ကျိုးချဲနှင့် သူ့အပေါင်းအပါတို့ နှစ်ယောက်စလုံး သွေးပျက်မတတ် ထိတ်လန့်သွားခဲ့ပြီး နောက်သို့ တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ချက်ချင်း အမြီးကုပ်ကာ ထွက်ပြေးတော့လေ၏။ မျက်တောင် တစ်ခတ် အတွင်းမှာပင် နှစ်ယောက်စလုံး မီတာထောင်ပေါင်းများစွာ အကွာသို့ ရောက်ရှိသွားခဲ့၏။

ရွှယ့်လီ နောက်နေခြင်း မဟုတ်ချေ။ သူမ၏ ကောင်းကင်စိတ်အာရုံသည် ကျိုးချဲနျင့် သူ့အပေါင်းအပါ ပေါ်တွင် အဆက်မပြတ် အာရုံစိုက်နေခဲ့၏။ ထိုနှစ်ယောက်သာ သူမ၏ ကောင်းကင်စိတ်အာရုံ စက်ကွင်းအတွင်း ရှိနေပါက သူတို့ကို ကျိန်းသေ သတ်ပေလိမ့်မည်။

ထိုမိန်းမသည် အမှန်တကယ်ကို အဆိပ်ပြင်း ရက်စက်သည့် မြွေပွေးတစ်ကောင်ပင် ဖြစ်လေ၏။

“နင်တို့လူသားတွေက အရမ်းကို အမြင်စူးရှတာပဲ” ရွှယ့်လီက ပြောလိုက်၏ “ဒါပေမယ့် နင်က ကျိုးချုန် လာရွေးတာကို ငြင်းလိုက်မှတော့ နင်ဘယ်လောက် တန်ဖိုးရှိလဲ ငါ့ကို ပြဖို့လိုလာပြီပေါ့။ ငါတို့ သဲမြို့တော်က အမှိုက်တွေကို လက်မခံဘူး”

“ဒါပေမယ့် ခင်ဗျားက ကျုပ်ကို သွားခွင့် မပေးဘူးပေါ့” ရန်ကိုင်က ရွှဲ့တဲ့တဲ့ အမူအရာဖြင့် ပြောလိုက်ရာ ရွှယ့်လီက လှောင်ပြုံးပြုံးလျက် “သွားခွင့် ပေးရမှာလား။ ငါ့သဲမြို့တော်ထဲ ဝင်လာတဲ့ လူသားတွေ အတွက် သေလမ်းတစ်ခုပဲ ရှိတယ်။ ဒါပေမယ့် နင်က သာမန်ထက် နည်းနည်းထူးခြားနေတော့ အခု လောလောဆယ် နင့်ကို မသတ်သေးဘူး။ အင်း၊ ငါ့ကို စိတ်မပျက်စေနဲ့။ မဟုတ်ရင် သေတာထက် ဆိုးအောင် လုပ်ပေးလိုက်မယ်”

ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်ရန် လုပ်လိုက်၏။

“စီနီယာ…” အန်လင်းအာက အသနားခံ တောင်းဆိုသည့် အကြည့်ဖြင့် အလျင်စလို အော်ဟစ်လိုက်၏ “ကျွန်မတို့ကို ခဏလောက် စကားပြောခွင့် ပေးလို့ရမလား”

ရွှယ့်လီ မျက်မှောင် ကြုံ့သွားခဲ့သော်ငြား ကန့်ကွက်စကား မဆိုခဲ့ဘဲ ခန်းမထဲမှသာ လှည့်ထွက်သွားခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၇၉) အကျိုးနှင့်အမြတ်

ရွှယ့်လီ ထွက်သွားပြီးနောက် သူမ၏ လက်အောက် ငယ်သား တစ်ယောက်က သွားပေါ်အောင် ပြုံး၍ “ပြောစရာရှိရင် မြန်မြန်ပြော။ ငါတို့ကို စောင့်ရအောင် မလုပ်နဲ့။ ငါက စိတ်ရှည်တတ်တဲ့လူ မဟုတ်ဘူး”

ပြောပြီးသည်နှင့် ခန်းမအပြင်ဘက်သို့ ထွက်သွားလေ၏။

ယခု ခန်းမထဲ၌ ရန်ကိုင်နှင့် အန်လင်းအာတို့သာ ကျန်ရှိတော့လေ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြှေ သူတော်စင်မသည် ရန်ကိုင်နားသို့ အမြန်ပြေးလာလိုက်ပြီး သူ့လက်ရှိ အခြေအနေကို မေးမြန်းလိုက်၏။ သူမ၏ မျက်နှာလေး တစ်ခုလုံးသည်လည်း စိုးရိမ်မှုတို့ဖြင့် ပြည့်နေခဲ့ရာ ရန်ကိုင်မှာ သူအဆင်ပြေနေကြောင်း ထပ်တလဲလဲ နှစ်သိမ့် ပြောဆိုပြီးမှပဲ သူမ အခြေအနေကို မေးနိုင်ခဲ့၏။

အန်လင်းအာက ခါးခါးသီးသီး ပြုံးလိုက်ပြီး “စီနီယာက ရွှယ့်လီက ငါ့ကို မတရား မဆက်ဆံပါဘူး။ သူနဲ့ အဖော်ပြုခိုင်းပြီး ဝေယျာဝစ္စ ကိစ္စသေးသေးလေးတွေ ခိုင်းတာပဲ ရှိတယ်။ ဒါကြောင့် ငါ့ကို စိုးရိမ်နေစရာ မလိုဘူး။ ငါမေးချင်နေတာက… ငါတို့ကို ကျိုးချုန် လာရွေးတာကို နင်ဘာလို့ ငြင်းလိုက်တာလဲ”

“ငါမငြင်းလိုက်သင့်ဘူးလို့ နင်ထင်တယ်ပေါ့”

“ငါမသိဘူး။ ဒါပေမယ့် ရွှယ့်လီက လူကောင်း တစ်ယောက် မဟုတ်ဘူး။ ငါတို့သာ ဒီမှာဆက်နေရင် အနှေးနဲ့အမြန် ဒုက္ခရောက်ရလိမ့်မယ်”

“ရွှယ့်လီက လူကောင်းမဟုတ်ဘူး။ ဒါပေမယ့် ကျိုးချုန်လည်း လူကောင်းဟုတ်လို့လား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါြငင်းလိုက်ရတာက ငါ့အသက်ကို ငါပိုင်ချင်လို့ပဲ”

“အာ၊ နင်ဘာပြောချင်နေတာလဲ။ ငါနားမလည်ဘူး” အန်လင်းအာ စဉ်းစားရကြပ်သွားခဲ့၏။

ရန်ကိုင်က သေသေချာချာ ရှင်းပြလိုက်လေ၏ “သူကယ်တာကိုသာ ငါလက်ခံလိုက်ရင် သူ့အပေါ် အသက်ကျေးဇူးကြွေး တင်သွားမှာပေါ့။ အဲ့အခါကျ သူဘယ်လိုပဲ တောင်းဆိုတောင်းဆို ငါငြင်းလို့ ရတော့မှာ မဟုတ်ဘူး”

“ဒါပေမယ့်… နင်လည်း ကျိုးချဲ အသက်ကို ကယ်ခဲ့တယ်လေ။ အဲ့ဒါကိုပါ ထည့်တွက်ရင် အပြန်အလှန် ကျေသွားပြီပဲ မဟုတ်ဘူးလား”

“နင်အရမ်းတုံးတာပဲ” ရန်ကိုင် အန်လင်းအာ၏ နဖူးလေးကို ဖွဖွလေး ခေါက်လိုက်ပြီာ “ပြဿနာက အဲ့ဒါပဲ”

အန်လင်းအာက သူမ၏ နဖူးလေးကို ပွတ်၍ မတရား ခံရသည့် ပုံစံလေးဖြင့် ရန်ကိုင်အား ကြည့်ကာ “နင်ပြောတာကို ငါမှနားမလည်တာ။ သေသေချာချာ ရှင်းပြပေးလေ”

“ဟူး…” ရန်ကိုင်က အန်လင်းအာကို ကြည့်၍ ခေါင်းခါရမ်းလိုက်ကာ “ဒီလောကကြီးမှာ ကိုယ့်ဘာသာ ရှင်သန်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူး။ နင့်ကို ဂိုဏ်းထဲမှာ တစ်ချိန်လုံး နေခိုင်းတဲ့ ဘုံကိုးခု ထွတ်မြတ်နယ်မြေကို ကျေးဇူးတင်သင့်တယ်။ နင်သာ နင့်ဘာသာ အပြင်ထွက်ရင် ဘယ်နှစ်ကြိမ်သေလို့ သေမှန်းတောင် သိမှာမဟုတ်ဘူး”

အန်လင်းအာက ဆူပုပ်ပုပ် မျက်နှာထားဖြင့် နှုတ်ခမ်းလေး ဆူလိုက်၏။

“ငါကျိုးချဲကို ကယ်ခဲ့တယ်။ အဲ့အသက်ကျေးဇူးကို သုံးပြီး နတ်ဆိုးကုန်းမြေကနေ ထွက်သွားနိုင်ခဲ့သင့်တာ။ ဒါပေမယ့် အခုတော့ အဲ့ဒါက အဓိက ပြဿနာကြီး ဖြစ်လာတာပဲ။ ကျိုးချဲ ဘယ်သူလဲ စဉ်းစားကြည့်လိုက်။ သူ့အဖေက နတ်ဆိုးဗိုလ်ချုပ်တွေထဲက တစ်ယောက် ဖြစ်တဲ့ ကျိုးချုန်ပဲ။ ငါတို့ စစတွေ့တုန်းက “နတ်ဆိုး ဗိုလ်ချုပ်တစ်ယောက်ရဲ့ ဆက်ခံသူက အသက်ရှင်ဖို့ အတွက် လူသားတစ်ယောက်ရဲ့ အကူအညီကို ယူရတယ်တဲ့လား’ လို့ ရွှယ့်လီ ပြောခဲ့တာကို နင်မှတ်မိသေးလား”

“သူပြောချင်တာက အဲ့တုန်းက ကျိုးချဲကို ငါမကယ်ခဲ့သင့်ဘူး။ အနည်းဆုံး သူ့ကို လူသား တစ်ယောက်က မကယ်ခဲ့သင့်ဘူး။ ငါသာ ကျိုးချုန်ရဲ့ အကူအညီကို လက်ခံပြီး ဒီကနေ ထွက်သွားလိုက်မယ် ဆိုရင် နောက်ရက်အနည်းငယ် အတွင်းမှာပင် ငါတို့ နောက်ဘဝ ကူးနေရလိမ့်မယ်”

“အာ” အန်လင်းအာ သူမ၏ ပါးစပ်လေးကို အုပ်၍ အလန့်တကြား ထအော်လိုက်လေ၏။

“အဲ့သတင်း မပြန့်အောင် လုပ်ဖို့ဆိုရင် ငါတို့ကို သတ်ပစ်မှပဲ ရလိမ့်မယ်။ သက်သေမရှိရင် သူ့သားကို ငါတို့လို လူသားတစ်ယောက်က ကယ်ခဲ့မှန်း ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စွာ ပြုံးလိုက်၏။

“ဒါတွေ အားလုံးက နင့်ထင်မြင်ချက် သက်သက်ပဲလေ” ရန်ကိုင်သည် ရန်ကိုင်စကားကို ယခုထိတိုင် အပြည့်အဝ ယုံကြည်ခြင်း မရှိသေး။

“ဒါက ခန့်မှန်းချက်မဟုတ်ဘူး။ အမှန်တရားပဲ” ရန်ကိုင်က ပြန်ပြောလိုက်၏ “ကျိုးချုန်က ရက်ရောတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါဆိုရင် သူ့သားရယ်၊ သူစိမ်းတစ်ယောက်ရယ်၊ လူသားနှစ်ယောက်ရယ်ကို ဘာလို့ ရုတ်တရက်ကြီး ကူညီပေးရတာလဲ။ သူပေးခဲ့ရတဲ့ တန်ဖိုးက မသေးဘူးဆိုတာကို နင်သိသင့်တယ်။ သူ့မှာ အခြား ရည်ရွယ်ချက်တစ်ခု ရှိနေလို့ပဲ အဲ့လောက် အကုန်အကျ ခံခဲ့တာပေါ့။… ငါ့ခန့်မှန်းတာသာ မှန်မယ်ဆိုရင်၊ ကျိုးချဲ အိမ်အပြန်လမ်းမှာ ငါတို့ကို ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတဲ့ ကျိုးချုန် လွှတ်ထားတဲ့ လူတွေ ရှိနေလိမ့်မယ်။ ငါတို့သာ ပေါ်လာတာနဲ့ သေမင်းခံတွင်းထဲ ခုန်ဆင်းလိုက်သလို ဖြစ်သွားပြီ”

အန်လင်းအာ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရင်သွားခဲ့ပြီး သေမင်းလက်မှ ကပ်သီးသီးလေး လွတ်မြောက်ခဲ့သလို ခံစားလိုက်ရ၏။

“အဲ့အချက်ကို ရွှယ့်လီလည်း သတိပြုမိတယ်။ ဒါပေမယ့် ငါတို့ကို မပြောခဲ့ဘူး။ အဲ့မိန်းမက တကယ် ကောက်ကျစ်တဲ့မိန်းမပဲ…” ရန်ကိုင် အံတင်းတင်း ကြိတ်လိုက်၏။

“နင်ငြင်းလိုက်တုန်းက သူ့အပြုံးက ထူးဆန်းနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ လတ်စသတ်တော့ ဒီလိုကြောင့်ကိုး” အန်လင်းအာ ရုတ်တရက် နားလည် သွားခဲ့၏။ တစ်ချိန်တည်းတွင် ရန်ကိုင်အား ပို၍ပင် လေးစားမိသွားခဲ့၏။

ရန်ကိုင်နေရာ၌ သူမသာ ဆိုပါက ထိုကဲ့သို့ ရှည်ရှည်ဝေးဝေး တွေးနေမည် မဟုတ်ဘဲ ကျိုးချဲနှင့် ပျော်ပျော်ရွှင်ရွှင် လိုက်သွားပေလိမ့်မည်။

သူမစိတ်ထဲ ကြောက်ရွံ့နေခဲ့သော်ငြား အမျက်ဒေါသတို့ သူမ မျက်ဝန်းထဲ ရစ်ဝဲတက်လာခဲ့ပြီး “ကျိုးချဲ၊ ကျေးဇူးမသိတတ်တဲ့ ခွေးသူတောင်းစားကောင်၊ သူ့အဖေတွေးတာကို ဘယ်လိုလုပ်ပြီး မသိဘဲ နေရတာလဲ”

“ဟန့်၊ အရှင်းသားကြီးကို” ရန်ကိုင်က လှောင်ပြောင်ထေ့ငေါ့လိုက်၏။

“သူ့ကို အဲ့ဆန်းကြယ်လောငယ်ထဲမှာပဲ အရိုးဆွေးတဲ့အထိ နေခိုင်းခဲ့သင့်တာ” အန်လင်းအာက ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့လေ၏။

“သူ့ကို ကယ်ခဲ့မိတာ ငါ့အမှားပဲ။ သူ့အဆင့်အတန်းကို အသုံးချပြီး နတ်ဆိုးမြေကနေ ထွက်သွားဖို့ ကြိုးစားချင်ခဲ့တာ။ ကံမကောင်းစွာနဲ့ ငါ့အကွက်နဲ့ငါ အရူးဖြစ်သွားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ဘက်က လုံးလုံးကြီး နစ်နာသွားတာတော့ မဟုတ်ပါဘူးလေ။ အနည်းဆုံး ငါတို့ကို သဲကန္တာရထဲကနေ ခေါ်ထုတ် လာခဲ့သေးတာပဲ။ သူသာမရှိရင် ငါတို့ တစ်ဘဝလုံး သဲကန္တာရထဲမှာ လမ်းပျောက်နေတော့မှာ။ ထွက်နိုင်ခဲ့တယ် ဆိုရင်တောင်မှ အခြားနတ်ဆိုး မျိုးနွယ်စုဝင် လိုက်ဖမ်းတာ ခံရဦးမှာပဲ။ အဲ့အချိန်ကျ အခုလိုမျိုး ဒီနေရာမှာ မတ်တပ်ရပ်နေနိုင်တော့မှာတောင် မဟုတ်ဘူး”

အရာအားလုံးတွင် ဆိုးကျိုး၊ ကောင်းကျိုး ရှိရာ ကိုယ့်ကိုယ်တိုင် မည်ကဲ့သို့ တွေးတောသလဲ ဆိုသည့် အချက်ပေါ်တွင်သာ မူတည်ပေ၏။

ကျိုးချဲသည် သွေးအေးအေးဖြင့် ပြုမူခဲ့သော်ငြား ရန်ကိုင်ကကော သူ့အပေါ် ရိုးသားခဲ့လေသလား။ မရိုးသားခဲ့ပေ၊ ရန်ကိုင်သည် သူ့ကို အသုံးချရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ကျိုးချဲ၏ ကျေးဇူးမသိတတ်သည့် အကြောင်းကို တွေးပြီး ဒေါသထွက်နေစရာ မလိုပေ။

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒီအကြောင်းကို ဒီမှာပဲ ရပ်ထားလိုက်ကြတာပေါ့။ အခု ရွှယ့်လီ လက်ထဲ ရောက်နေတုန်း ဘယ်လို အသက်ရှင်အောင် လုပ်ရမလဲ ဆိုတာက အရေးအကြီးဆုံးပဲ။ နင်က သူ့နားမှာ နေတာဆိုတော့ သူ့ကို သေချာဂရုစိုက် စောင့်ကြည့်ထား။ ငါတို့ အသုံးချနိုင်တဲ့ တစ်ခုခုများ ရှိမလားပေါ့။ ကံကောင်းရင် မတော်တဆ တွေ့ခဲ့တဲ့ အရာတွေက ငါတို့ကို ဒီကနေ ထွက်သွားနိုင်အောင် လုပ်ပေးနိုင်ရင် လုပ်ပေး နိုင်လောက်တယ်”

“အင်း” အန်လင်းအာ အခိုင်အမာ ခေါင်းညိတ်လိုက်၏။

စကားပြောနေစဉ် ရွှယ့်လီ၏ လက်အောက်ခံက ပြောလက်စစကား မြန်မြန်ပြီးအောင် ပြောရန် လာပြောသဖြင့် ရန်ကိုင်လည်း စကားဝိုင်းကို အလျင်အမြန် လက်စသတ်ပြီး အန်လင်းအာကို နှုတ်ဆက်စကား ပြောပြီးနောက် သူ့အခန်းသို့ ပြန်သွားလေ၏။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး အရာအားလုံးသည် တိတ်ဆိတ်နေခဲ့၏။

ကျိုးချုန်၏ အကူအညီကို ငြင်းဆန်ပြီးသည့် အချိန်မှစ၍ ရွှယ့်လီသည် သူ့အား မေ့လျော့သွားပုံရကာ သူမသိလိုက်ခင်မှာပင် နှစ်လ ကုန်ဆုံသွားခဲ့လေပြီ။

သူ့အချိန်များကို ကျင့်ကြံခြင်းမှလွဲ၍ နတ်ဘုရား သစ်ပင်နှင့် ဆက်သွယ်ခြင်းဖြင့်သာ ကုန်ဆုံးနေခဲ့၏။

လပေါင်းများစွာ ကြာပြီးသည့်နောက်တွင် နတ်ဘုရားသစ်ပင်၏ အသိဥာဏ်သည် သိသိသာသာကို တိုးတက်လာခဲ့ကာ ယခုဆိုလျှင် ရန်ကိုင်နှင့် စကားကောင်းကောင်း ပြောနိုင်နေခဲ့လေပြီ။

ရန်ကိုင်ဆီမှ အကြောင်းအရာများစွာကို နတ်ဘုရား သစ်ပင် သင်ယူနိုင်ခဲ့၏။ ယခုဆိုလျှင် နတ်ဘုရားသစ်ပင်၏ အသိဥာဏ်သည် ခြောက်နှစ်သား၊ ခုနှစ်နှစ်သား ကလေး တစ်ယောက်၏ အသိဥာဏ်နှင့် ညီမျှနေပေပြီ။ နည်းနည်း ပါးပါး အစအနောက်သန်သည်မှလွဲ၍ အဘက်ဘက်တွင် ကောင်းမွန်ပေ၏။

နတ်ဘုရားသစ်ပင်သည် အနက်ရောင်စာအုပ်ထဲတွင် အမြစ်တွယ်ထားလေရာ ရန်ကိုင် အနေဖြင့် ယန်ချီနှင့် စိတ်စွမ်းအင်ကို သူလိုအပ်သည့်အချိန်တိုင်း နတ်ဘုရား သစ်ပင်ဆီမှ အလွယ်တကူ ရယူနိုင်ပေ၏။ ထို့ကြောင့် လက်ရှိတွင် သူသည် ဧရာမစွမ်းအင်လုံးကြီးတစ်ခုကို သယ်ဆောင်ထားသည်နှင့်ပင် တူသေး၏။

နေ့စဉ်ရက်ဆက် ဝီရိယမပြတ် အားစိုက်ထုတ် လေ့ကျင့်ခဲ့ပြီးနောက် ရန်ကိုင်၏ ခွန်အားသည်လည်း သိသိာသာသာကို တိုးတက်လာခဲ့၏။

တစ်နေ့ အနက်ရောင်စာအုပ်ထဲသို့ သူ့အသိစိတ်ကို ပို့လွှတ်လိုက်စဉ် တစ်ခုခု မူမမှန် ဖြစ်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။

အနက်ရောင်စာအုပ်ထဲတွင် သူသိုလှောင်ထားသည့် ရှားပါသတ္တု ပမာဏသည် သိသိသာသာကို လျော့ကျ သွားခဲ့၏။

ထိုသတ္တုများကို ကြယ်တာရာကောင်းကင်ထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အာကသမုန်တိုင်းကို ကျော်ဖြတ် ပြီးနောက် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်အတွင်း ကျန်ရစ်ခဲ့သော အဖိုးတန် သတ္တုများစွာကို တွေ့ခဲ့ရ၏။ ယခင်က ထိုသတ္တုများကိုသုံး၍ သူ့အတွက် လက်နက် တစ်ခု၊ နှစ်ခုလောက် ဖန်တီးလိုခဲ့ခြင်း ဖြစ်၏။ သို့သော် လက်နက်သန့်စင်မည့် ပညာရှင်အား ယခုထိတိုင် ရှာမတွေ့သေးပေ။

သတ္တုပမာဏကို အတိအကျ မသိသော်ငြား နှစ်ခေါက်၊ သုံးခေါက်လောက် စစ်ဆေး ကြည့်ပြီးသည့်နောက် သတ္တု ပဏမာသည် သူမှတ်မိသည်ထက် အမှန်တကယ်ကို လျော့နည်းနေမှန်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။

ထိုသတ္တုများအား သိမ်းဆည်းထာရာ နေရာတွင် ပြန့်ကျဲနေသော ကျောက်စကျောက်နများ ရှိနေခဲ့၏။ ထိုကျောက်စကျောက်နများသည် အညစ်အကြေး သက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တစ်နည်းဆိုရသော် သတ္တုများ၏ မူလအဆီအနှစ်မှာ ထုတ်ယူသွားခြင်း ခံခဲ့ရပြီဖြစ်ကာ အကြွင်းအကျန်များသာ ကျန်ရစ်တော့ခြင်း ဖြစ်သည်။

ရန်ကိုင်လည်း ထိုကိစ္စကို နားမလည်နိုင်ဖြစ်ကာ နတ်ဘုရားသစ်ပင်ကို သွားမေးလိုက်၏။

ထိုသတ္တုများ၏ အဆီအနှစ်ကို နတ်ဘုရားသစ်ပင် စုပ်ယူသွားခြင်း ဖြစ်လိမ့်မည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော် သူ့မေးခွန်းကို ကြားပြီးနောက် နတ်ဘုရားသစ်ပင်က ခေါင်းခါရမ်းပြ၍ သူထိုကဲ့သို့ မလုပ်ခဲ့ကြောင်း ပြန်ပြောခဲ့၏။

နတ်ဘုရားသစ်ပင်၏ စကားကြောင့် ရန်ကိုင်သည် ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ပြီး ထပ်မမေးတော့ချေ။

နတ်ဘုရားသစ်ပင်သည် ကလေးတစ်ယောက်၏ အသိဥာဏ်ကိုသာ ပိုင်ဆိုင်ထားသေရာ ယခုအရွယ်၌ လိမ်ညာတတ်သည်မှာ မဆန်းချေ။

နတ်ဘုရားသစ်ပင်ကိုလည်း သူအပြစ်မတင်ပါချေ။ နတ်ဘုရားသစ်ပင်သည် ထိုသတ္တုများကို လိုအပ်လျှင် ရန်ကိုင်က ပျော်ပျော်ကြီး ပေးပစ်လိုက်မှာ ဖြစ်၏။

“ကောင်းပြီလေ။ ဒီကျောက်တုံးတွေက မင်းအတွက် အသုံးဝင်တယ်ဆိုရင် ကြိုက်သလောက် ယူသုံးလို့ ရတယ်။ ငါ့ကို အရင်မေးနေစရာ မလိုဘူး။ ပြီးတော့၊ အဲ့မှာ ဆေးရည်ကန် တစ်ခုလည်း ရှိသေးတယ်။ နေ့တိုင်း တစ်စက်စီ စုပ်ယူ၊ မင်းရဲ့ ကြီးထွားမှုကို ကျိန်းသေ အကျိုးရှိစေလိမ့်မယ်”

နတ်ဘုရားသစ်ပင် ပျော်သွားခဲ့ပြီး ဆေးရည်ကန်ဆီ သစ်ကိုင်းတစ်ကိုင်း ဆန့်ထုတ်၍ ဆေးပေါင်းရည် တစ်စက်ကို စုပ်ယူလိုက်၏။ ပြီးသည် ကျေကျေနပ်နပ် သက်ပြင်းတစ်ချက် ချလိုက်၏။

နတ်ဘုရားသစ်ပင်ကို ကြည့်ရင်း ရန်ကိုင် ပြုံးလိုက်၏။ သို့သော် ခဏအကြာ၌ တစ်ယောက်ယောက် သူ့အခန်းဆီသို့ ချဉ်းကပ်လာနေမှန်း သတိပြုမိလိုက်သဖြင့် နတ်ဘုရားသစ်ပင်ကို နှုတ်ဆက်ကာ အနက်ရောင် သိုလှောင်နေရာလွတ်ထဲမှ ပြန်ထွက်လာလိုက်၏။

သူမျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတံဃါး ပွင့်သွားခဲ့ပြီး ရွှယ့်လီ၏ နောက်လိုက်သည် ရုပ်တည်ဖြင့် ရန်ကိုင်အား လက်ဝှေ့ရမ်းပြ၍ “ထွက်လာခဲ့၊ သခင်မ မင်းကို တွေ့ချင်နေတယ်”

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့သော်လည်း ဘာမှ ပြန်အထွန့်မတက်ခဲ့ဘဲ နာနာခံခံဖြင့်သာ လိုက်သွားခဲ့၏။

ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို သူမသိပေ။ သို့သော် ထိုလူဆီမှ ခံစားရသော ဖိအားနှင့် ထိုလူအပေါ် ရွှယ့်လီ၏ ပစားပေးမှုကို ထောက်ရှုကြည့်လျှင် တစ်ဖက်လူသည် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နိုင်ချေရှိ၏။

နတ်ဘုရားမျိုးဝင်စုဝင်များ၏ သက်တမ်းသည် လူသားမျိုးနွယ်စုဝင်များထက် ပို၍ ရှည်ကြ၏။ ထိုလူ၏ ရုပ်ရည်သည် အသက်သုံးဆယ် လူကြီးတစ်ယောက် လောက်သာ ရှိသေးပြီး မာနတစ်ခွဲသား အမူအရာကို သူ့မျက်နှာထက်မှ တစ်ခဏလေးမှ မချ။

ရွှယ့်လီရှေ့တွင်သာ သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေလေ့ရှိ၏။

“ဒီကမိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ” ရန်ကိုင်က ရုတ်တရက် မေလိုက်ရာ ထိုလူက နောက်လှည့်၍ ရန်ကိုင်အား တစ်ခဏကြာသည်အထိ စိုက်ကြည့် နေပြီးနောက် ယဲ့ယဲ့လေး ရယ်လိုက်ကာ “မင်းက သူရဲဘောကြောင်တဲ့ကောင် မဟုတ်ဘူးလို့ သခင်မ ပြောခဲ့တာ တကယ် မှန်နေတဲ့ပုံပဲ။ ကောင်လေး၊ မင်းမှာ အကျဉ်းသားတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ ပုံစံမျိုး ရှိမနေဘူးနော်”

ရန်ကိုင်က ပခုံးသာတွန့်ပြ၍ “ကျုပ်ကို ဒီလောက် အကျဉ်းချထားပြီး ဘာမှမလုပ်တော့ ကျုပ်က ခင်ဗျားတို့အတွက် နည်းနည်းပါးပါး အသုံးဝင်နေသေး လို့ပဲပေါ့။ အကြောင်းပြချက် မရှိဘဲ ကျုပ်က ဘာကို စိုးရိမ်နေရမှာလဲ”

“မင်းက ဥာဏ်ပြေးသားပဲ။ ကောင်းတယ်။ အဲ့လို ပုံစံမျိုးကိုမှ ငါကြိုက်တာ” ထိုလူက ရယ်မောလိုက်ပြီး “ငါ့ကို ယုမိုလို့ ခေါ်လို့ရတယ်”

“နတ်ဆိုးမျိုးနွယ်စုရဲ့ နာမည်တွေက တကယ်ကို ထူးဆန်းတာပဲ…” ရန်ကိုင်က ခေါင်းလေးတရမ်းရမ်းဖြင့် ပြောလိုက်ရာ ယုမိုက သွားပေါ်အောင် ပြုံးလိုက်ပြီး “မင်းတို့ လူသားတွေရဲ့ နာမည်ကမှ ထူးဆန်းနေတာ”

“ဒီတစ်ကြိမ် သခင်မ ကျုပ်ကို ဘာလုပ်စေချင်တာလဲ” ရန်ကိုင်က ထပ်မေးလိုက်၏။

“ငါလည်းမသိဘူး။ မင်က အသုံးမဝင်တော့လို့ မင်းကို သတ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ” ယုမိုသည် ရန်ကိုင် ဒုက္ခရောက်နေသည်ကို စာနာထောက်ထားခြင်း မရှိဘဲ အနာကို ဆာထပ်ပက်လိုက်၏ “မင်းကိုယ်မင်း ပြင်ဆင်ထားရင် ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းခေါင်း ဘယ်လိုပျောက်သွားလို့ ပျောက်သွားမှန်း သိလိုက်မှာမဟုတ်ဘူး”

ထိုစကားကြောင့် ရန်ကိုင် နှုတ်ခမ်း မဲ့ရွှဲ့သွားခဲ့သော်လည်း ဟန်မပျက် အမူအရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့၏။

ရန်ကိုင် ပုံစံကိုကြည့်ရင်း ယုမို တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ထိုကောင်စုတ်လေးသည် အမှန်တကယ်ကို သတ္တိရှိသည့် လူတစ်ယောက် ဖြစ်ပေ၏။ သူ့နေရာတွင်သာ အခြားတစ်ယောက်ဆိုပါက ယုမို ပြောလိုက်သည့် စကားကြောင့် ထိတ်လန့်တုန်လှုပ် နေလောက်ပေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၈၀) စမ်းသပ်ချက်

ယခင် သူရောက်ခဲ့ဖူးသော ခန်းမဆီသို့ ရန်ကိုင် နောက်တစ်ကြိမ် ထပ်မံ ရောက်ရှိလာခဲ့ပြန်၏။ သို့သော် ယခုတစ်ကြိမ်၌ ရွှယ့်လီသာ ရှိနေခဲ့ပြီး အန်လင်းအာ ရှိမနေခဲ့ပေ။

ရန်ကိုင်ကို ခေါ်လာပြီးသည်နှင့် ရွှယ့်လီအား လေးလေးစားစားဖြင့် ဦးညွှတ်လိုက်ကာ ဘေးတွင်ရပ်၍ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။

ရွှယ့်လီက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်အား ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏ “ငါနင့်ကို ဒီနေ့အထိ အသက်ရှင်ခွင့် ပေးခဲ့တယ်။ ငါ့အတွက် အသုံးဝင်ကြောင်း ပြသဖို့ အဆင်သင့် ဖြစ်ပြီလား”

ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး “ခင်ဗျား ဘာပြောချင်နေတာလဲ”

ရွှယ့်လီက ဖွဖွလေး ရယ်မောလိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်၍ ဆက်ပြောလိုက်၏ “ငါနင့်ကို ပြောခဲ့ဖူးပါတယ်။ ငါတို့ သဲမြို့တော်က အမှိုက်တွေကို လက်မခံဘူးလို့လေ။ ငါနင့်ကို အသက်ရှင်ခွင့် ပေးခဲ့မှတော့ နင်က ငါ့အတွက် တစ်ခုခု အသုံးဝင်လို့ပဲပေါ့။ နင့်အသက်အရွယ်လေးနဲ့ မသေမျိုး ပထမအဆင့်ကို ရောက်နေတယ်ဆိုတော့ နင်က အင်အားစုကြီးတစ်ခုရဲ့ အဓိကတပည့် တစ်ယောက် ဖြစ်လောက်မှာပေါ့ ဟုတ်တယ်မလား”

ရန်ကိုင်သည် ငြင်းလည်း မငြင်းခဲ့သလို ခေါင်းလည်း မညိတ်ခဲ့ချေ။

“ကဲ့၊ အဲ့ဒါတွေက ငါ့အတွက် အရေးမပါဘူး။ နင်ဘယ်ကလာလာ ငါဂရုမစိုက်ဘူး။ နင်က ငါ့လက်ထဲ ရောက်လာခဲ့မှတော့ ငါ့အမိန့်ကို ကျိန်းသေ နာခံရမှာပေါ့။ ငါ့အမိန့်ကို ကလန်ကဆန် လုပ်ရဲရင်တော့… အကျိုးဆက်ကို နင်သိပါတယ်…”

ပြောပြီးသည်နှင့် မှိုင်းရီနေသော သူမ၏ မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့၏။

“ကျုပ်ကို ဘာလုပ်စေချင်တာလဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်၏။

“သတ်မှာလား၊ အသတ်ခံမှာလား” ရွှယ့်လီက တခစ်ခစ် ရယ်သွမ်းသွေးလိုက်ပြီး ပြောလိုက်၏ “ယုမို၊ သူ့ကို သေသေချာချာ ရှင်းပြလိုက်။ ငါ့အကြွေး ပြန်တောင်းဖို့ အချိန်ကျပြီ”

ပြောပြီးသည်နှင့် ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်ပြီး ရန်ကိုင်အား ပျင်းရိပျင်းတွဲပုံစံဖြင့် စိုက်ကြည့်လိုက်၏။ လက်လေးကိုထောက်၊ ခါးလေးကိုကွေး၊ ဝိုင်းစက် အိကိတ်လှသော တင်ပါးပါး လှလှလေးကို လှစ်ဟာပြထားရာ သူမပုံစံသည် အရမ်းကိုမှ စွဲမက်ဖွယ် ကောင်းနေခဲ့၏။

ယုမိုသည် ခါးကိုကော့၊ ရင်ကိုမတ်၍ ရန်ကိုင်အား စတင် ရှင်းပြလိုက်၏ “သဲမြို့တော်နားတစ်ဝိုက်က လွင်တီးခေါင်ပြင်ကြီးပဲ။ ပြီးတော့ သခင်မအုပ်ချုပ်တဲ့ အခြားနေရာတွေဆိုရင်လည်း ဒီလောက် အရင်းအမြစ် ကြွယ်ဝတာ မဟုတ်ဘူး။ မိုးမြေစွမ်းအင်ဆိုရင်လည်း အခြားနေရာတွေနဲ့ ယှဉ်ရင် သိပ်သည်းနှုန်း နိမ့်ကျတယ်။ ပြီးတော့ ဒီနေရာက သဲကန္တာရနဲ့ နီးတော့ ခရီးသွားတွေ သိပ်မရောက်ဖြစ်ဘူး။ ဒါကြောင့် သခင်မ အုပ်ချုပ်တဲ့ နယ်မြေက အတော်လေးကို ဆင်းရဲသင့်တယ်”

“မဟုတ်လို့လား” ရန်ကိုင်က ခေါင်းစောင်းပြီး ပြန်မေးလိုက်၏။

ယုမိုက သွားပေါ်အောင် ပြုံး၍ ဆက်ပြောလိုက်၏ “မဆင်းရဲရုံတင် မဟုတ်ဘူး။ သဲမြို့တော်ရဲ့ ချမ်းသားမှုကို နတ်ဆိုးကုန်းမြေထဲက ဘယ်မြို့ကမှ ယှဉ်လို့ မရတာ။ သဲမြို့တော်ရဲ့ ဝင်ငွေက တွက်ချက်လို့ မရနိုင်တဲ့အထိကို များပြားလွန်းတယ်”

ယုမိုပြောလိုက်သည့် စကားကြောင့်း ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ပြီး မျက်ခုံး ပင့်မိလိုက်၏။

ယုမိုက ရန်ကိုင်အား ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကြည့်၍ ‘ဘာကြောင့်လဲ’ဟု တစ်ဖက်လူ ပြန်မေးလာမည်ကို စောင့်နေလိုက်၏။ သို့သော် အချိန်အတော်ကြာသည့် တိုင်အောင် ရန်ကိုင်က မေးလာခြင်း မရှိသဖြင့် ယုမိုလည်း စိတ်ပျက်သွားခဲ့ပြီး သူ့ဘာသာ ဆက်ရှင်းပြလိုက်ရတော့လေ၏ “ဘာလို့လဲဆိုတော့ သဲမြို့တော်မှာ နတ်ဆိုးကုန်းမြေက လူတွေကို ဆွဲဆောင်နိုင်တဲ့အရာ တစ်ခုရှိနေလို့ပဲ။ အဲ့အရာပဲ သဲမြို့တော်ကို နတ်ဆိုးကုန်းမြေမှာ ကျော်ကြားစေတာ။ အခြားနတ်ဆိုးဗိုလ်ချုပ်သုံးယောက်ရဲ့ ယာယီ နားနေဆောင်တွေတောင် ဒီမှာရှိတယ်”

“အို” ရန်ကိုင်လည်း နည်းနည်းပါးပါး စိတ်ဝင်စား လာခဲ့ပြီး “ဘယ်လိုနေရာမျိုးမို့လို့ ဒီလောက် လူတွေ အများကြီးကို ဆွဲဆောင်နိုင်ရတာလဲ”

“သေခြင်းရှင်းခြင်း တိုက်ပွဲစင်မြင့်ပဲ” ယုမိုက သွားပေါ်အောင် ပြုံးလိုက်ပြီး “ရှင်းရှင်းပြောရရင် ကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် သူသေ၊ ကိုယ်သေ ယှဉ်တိုက်တဲ့ နေရာပေါ့။ အဲ့လိုပွဲတွေမှာ နတ်ဆိုးကုန်းမြေက လူတွေက သူတို့ကြိုက်တဲ့လူကို လောင်းကြေးထပ်ကြတာ။ လောင်းကြေးတွေကလည်း တသမတ်တည်း မဟုတ်ဘူး။ အမြဲတမ်း ပြောင်းလဲနေတာ။ ဒါကြောင့် ကံကောင်းရင် နေ့ချင်းညချင်း သူဌေးဖြစ်သွားနိုင်တယ်”

“အလောင်းအစား လုပ်တာပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်”

“ဒိုင်က ခင်ဗျားတို့ရဲ့ သဲမြို့တော်ပေါ့။ ဒါကြောင့်ပဲ ခင်ဗျားတို့ရဲ့ သဲမြို့တော်က ဒီလောက်အမြတ်တွေ ရနေတာကိုး” ရန်ကိုင်က ပြုံးလိုက်၏။

“ငါတို့လည်း ကျင့်ကြံဖို့ လိုတယ်လေ။ ဒါပေမယ့် ဒီနေရာက အရမ်းကို ခေါင်လွန်းတော့ ဘာအရင်းအမြစ်မှ ရှာလို့မရဘူး ဖြစ်နေတယ်။ ဒါကြောင့်ပဲ လူချမ်းသားတွေရဲ့ အိတ်ကပ်ထဲက ပိုက်ဆံနှိုက်ထုတ်နိုင်မယ့် နည်းလမ်းကို သုံးရတာပဲ”

“ဒီတော့ ခင်ဗျားတို့က ကျုပ်ကို အဲ့မှာ တိုက်စေချင်တာပေါ့”

“ဟုတ်တယ်။ လွန်ခဲ့တဲ့ တိုက်ပွဲတွေကနေစပြီး ငါတို့ကံက တဖြည်းဖြည်း ကျကျလာတယ်။ ရှုံးပွဲတွေ ဆက်ပြီး သလင်းကျောက် တော်တော်များများ ဆုံးရှုံးလိုက်ရတယ်။ မင်းက မသေမျိုးပထမအဆင့် ဆိုတော့ ငါတို့အတွက် အရမ်းကြီး မရှာပေးနိုင်ပေမယ့် မင်းသာတိုက်မယ်ဆိုရင် ငါတို့ ရှုံးထားတဲ့ ငွေးနည်းနည်း ပါးပါးလောက်တော့ ပြန်ရနိုင်တာပေါ့” ယုမိုက အသာအယာ ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်အတွက်ကော အကျိုးအမြတ် ရှိလား”

“မင်းက အကျိုးအမြတ် လိုချင်သေးတယ်ပေါ့”

“လိုချင်တာပေါ့။ ကျုပ်အသက်ကို‌ အရဲစွန့်ပြီး တိုက်ခိုက်ရမှာလေ။ ကျုပ်အတွက် အကျိုးအမြတ် နည်းနည်းလေးတောင် မရှိဘူးလို့တော့ ကျုပ်ကို လာမပြောနဲ့နော်” ဖြစ်ရိုးဖြစ်စဉ်အလား ရန်ကိုင်က ပြန်ပြောလိုက်၏။

“စိတ်ဝင်စားစရာပဲ။ သခင်မရော ဘယ်လိုထင်လဲ” ယုမိုက ရွှယ့်လီကို ကြည့်ကာ မေးလိုက်၏။

“နည်းနည်းပါးပါးလောက် ပေးလိုက်”

ယုမိုက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက် လှည့်ကာ ပြောလိုက်၏ “သခင်မက အခုလိုပြောမှတော့ မင်းနိုင်ရင် မင်းကို အမြတ်နည်းနည်းပါးပါး ခွဲပေးမယ်”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ကောင်းပြီလေ”

ထို့နောက် ရွှယ့်လီဘက်လှည့်၍ မေးလိုက်၏ “လုံလောက်တဲ့ငွေ စုနိုင်ခဲ့ရင် ကျုပ်ကို လွှတ်ပေးမှာလား”

ရွှယ့်လီသည် မဖွင့်ချင်ဖွင့်ချင်ဖြင့် သူမ၏ မျက်လုံးများကို ဖွင့်၍ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် နောက်တစ်ကြိမ် မျက်လုံး ပြန်ပိတ်လိုက်ပြီး “ငါ့စိတ်အခြေအနေပေါ် မူတည်တယ်။ နင်ဘက်က ကောင်းကောင်းပြုမူရင် ငါဘက်ကလည်း စဉ်းစားပေးမယ်။ အဲ့လိုမှမဟုတ်ဘဲ ငါ့ကို ဈေးလာစစ်ဖို့ ကြိုးစားပြီး ပြဿနာ ရှာမယ်ဆိုရင်တော့ ငါနင့်ကို ချက်ချင်း သတ်ပစ်မှာ။ ယုမို၊ သူ့အရည်အချင်းကို စစ်ဆေးကြည့်လိုက်။ လေကြီးလေကျယ်ပဲ ပြောတတ်တဲ့ အမှိုက်မဖြစ်ရင် ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့… ဟင်းဟင်း”

သူမ ထိုကဲ့သို့ ပြောလိုက်သည်နှင့် ကြောက်မက်ဖွယ် ဖိအားအရှိန်အဝါတို့ ယုမို၏ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာပြီး ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့လေ၏။

ရန်ကိုင့်ခါး ကိုင်းကျသွားခဲ့ပြီး ဒူးလည်း ခွေကျလုမတတ် ဖြစ်သွားခဲ့ရကာ မြေကြီးပေါ်သို့ ချက်ချင်း လဲပြိုကျလုမတတ် ဖြစ်သွားခဲ့ရ၏။ ထိုအရှိန်အဝါထဲ ပါဝင်နေသော ကြောက်မက်ဖွယ် ခွန်အားကို ခံစား မိသည်နှင့် ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အစစ်အမှန်ချီကို အရူးအမူး လှည့်ပတ်ကာ ယုမိုဆီမှ ထွက်ပေါ်လာနေသော ဖိအားကို ခုခံလိုက်၏။

“ဟန်” ထိုအဖြစ်အပျက်ကြောင့် ယုမို အကြီးအကျယ် အံအားသင့်သွားခဲ့ရ၏။ ရန်ကိုင်ကို စမြင်ကတည်းက သောက်မြင်ကတ်နေခြင်း ဖြစ်လေရာ ယခုအခွင့်အရေးကို အမိအရဆုပ်ကိုင်၍ ထိုသကောင့်သားကို ကောင်းကောင်း သင်ခန်းစားပေးလိုခြင်း ဖြစ်၏။ သို့သော်လည်း ရန်ကိုင်သည် သူ့ဖိအားအောက်၌ အမှန်တကယ် မတ်တပ်ရပ်နေနိုင်သည်ကို မြင်ရသော် ယုမို အမှန်တကယ် အံ့အားသင့်သွားခဲ့ရလေ၏။

ယုမိုမျက်ဝန်းများ အေးစက်သွားခဲ့ပြီး ဖိအား၏ သိပ်သည်းဆကို ထပ်မံတိုးမြှင့်လိုက်၏။

ရန်ကိုင် တစ်ချက် ညည်းတွားလိုက်ရပြီး သူ့ခန္ဓာကိုယ် နောက်တစ်ကြိမ် ကိုင်းကျသွားခဲ့ရပြန်လေ၏။ သူ့မျက်နှာ နီရဲလာခဲ့ပြီး အံတင်းတင်းကြိတ်၍ ယုမိုအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ခရက်…

ရန်ကိုင် ရပ်နေသည့် ကြမ်းပြင်တစ်လျှောက် အက်ရာတို့ ထွက်ပေါ်လာခဲ့ပြီး ကြီးစွာသော ဖိအားကြောင့် နန်းတော်နံရံများပင် မခိုင်ချင် ဖြစ်လာခဲ့လေ၏။

နောက်ဆုံး ရွှယ့်လီ မျက်လုံးဖွင့်လာခဲ့လေပြီ။ ရွှယ့်လီသည် မျှော်လင့်ချက်တို့ ရစ်သိုင်းနေသည့် အကြည့်ဖြင့် ရန်ကိုင် မည်ရွေ့မည်မျှအထိ တောင့်ခံနိုင်မည်ကို ဆက်လက် စောင့်ကြည့်နေခဲ့၏။

ယုမို၏ ကြောက်မက်ဖွယ်ဖိအားကြောင့် ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီး သွေးကြောကြီးတို့ သူ့အရေပြားထက် ထိုးထွက်လာခဲ့လေ၏။ သို့သော် အသက်ဆယ်ရှိုက်စာ ကုန်သွားပြီးနောက် ရန်ကိုင်သည် ထိုဖိအားနှင့် အသားကျသွားဟန်ရကာ သူ့ခါးကို ဖြည်းဖြည်းချင်း ပြန်မတ်လာနိုင်ခဲ့၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ယုမို၏ အမူအရာ ပြောင်းလဲသွားခဲ့ရလေ၏။ ယခုအချိန်တွင် သူမည်မျှ အားသုံးခဲ့သလဲ ဆိုသည်ကို သူသာလျှင် အသိဆုံး ဖြစ်၏။ ထိုဖိအားအောက်၊ မသေမျိုး ပထမအဆင့် မပြောနှင့်၊ မသေမျိုး ဒုတိယအဆင့်ပင် ရုန်းကန် နိုင်လိမ့်မည် မဟုတ်ချေ။ မသေမျိုး တတိယအဆင့် ပညာရှင်တစ်ယောက်သာ ရုန်းကန်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုကောင်စုတ်လေးသည် သူ့ဖိအားအောက်မှ ခက်ခက်ခဲခဲ ရုန်းထလာနိုင်ခဲ့၏။

အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ယုမိုသည် သူထုတ်လွှတ်နေသည့် ဖိအားကို ထပ်မံ တိုးမြှင့်လိုက်၏။

ရန်ကိုင် ခြေအစုံသည် ဒူးစပ်နားရောက်သည်အထိ ကြမ်းပြင်ထဲသို့ ကျွံဝင်သွားလေ၏။

ထိုအချိန်တွင် ရန်ကိုင် စတင် လှုပ်ရှားလိုက်၏။ လေကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းပမာ ကြမ်းပြင်ပေါ်မှ လေထဲခုန်တက်၍ အစစ်အမှန်ချီကို လက်ထဲတွင် စုစည်းကာ ယုမိုဆီသို့ အလျင်အမြန် ပြေးဝင်သွားလေ၏။ သူ့လက်ထဲ အစစ်အမှန်ယန်ချီဖြင့် ဖွဲ့စည်းထားသော ရွှေရောင်ဓါးတစ်ချောင်း ထွက်ပေါ်လာပြီး ယုမိုနားမရောက်ခင် ဓါးကို လွှမ်းရမ်း ခုတ်ပိုင်းချလိုက်၏။

ယုမိုမျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ နတ်ဆိုးချီတို့ ပေါက်ကွဲထွက်လာခဲ့လေ၏။

“တော်လောက်ပြီ” ရွှယ့်လီ၏ တိုးလျလျလေသံ ခန်းမတစ်လျှောက် ပျံ့နှံ့သွားခဲ့၏။

မမြင်နိုင်သော လှိုင်းတစ်ခု၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည့်အလား ရန်ကိုင် တစ်ကိုယ်လုံး လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အစစ်အမှန်ယန်ချီဖြင့် ဖန်တီးထားသည့် မဟာကောင်းကင်ဓါးသည်လည်း အပိုင်းပိုင်းအစစ ဖြစ်သွားကာ လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့လေ၏။

ယုမိုလည်း သူ့ခွန်အားကို အမြန် ပြန်ရုတ်လိုက်ပြီး မျက်မှောင်ကြုံ၍ အနီးတွင် ရပ်နေသော ရန်ကိုင်အား အေးစက်စက် လေသံဖြင့် မေးလိုက်၏ “ကောင်လေး၊ အခု မင်းငါ့ကို သတ်ဖို့ ကြိုးစားနေတာလား”

ရန်ကိုင်က ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲ ကြမ်းကြုတ်စွာသာ ပြုံးပြလိုက်၏။

“ယန်ချီလား၊ တကယ့်ကို စိတ်ညစ်စရာကောင်းတဲ့ ချီပဲ” ရွှယ့်လီ မျက်မှောင်ကြုံ့လိုက်၏။

သူမ၏ မြင့်မားလှသော ကျင့်ကြံခြင်းအဆင့်ကြောင့် ရန်ကိုင်၏ အစစ်အမှန်ယန်ယွမ်ချီသည် သူမ၏ နတ်ဆိုးချီကို ဖိနှိပ်နိုင်ခြင်း မရှိသော်ငြား ရေနှင့်မီး တစ်ခုနှင့်တစ်ခု ဆန့်ကျင်သလို သူမ၏ နတ်ဆိုးချီသည်လည်း ရန်ကိုင်၏ အစစ်အမှန်ယန်ချီကို ဆန့်ကျင်နေပေ၏။

“နင့်ခွန်အားက မဆိုးဘူးဘဲ။ ဒီဘုရင် နင့်ကို တကယ် အထင်သေးမိသွားပြီ” ရွှယ့်လီက ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်၏။ ယုမို၏ ဖိအားအောက်တွင် အချိန်အတော်ကြာအောင် ရပ်နေနိုင်သည့်အပြင် နောက်ဆုံး အခိုက်အတန့်၌ ပြန်၍ တိုက်ခိုက်ရန် ကြိုးစားသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူသား ကောင်လေး၏ တိုက်ပွဲစွမ်းအားနှင့် စိတ်စွမ်းအားသည် သူ့လက်ရှိ ကျင့်ကြံခြင်းထက် အများကြီး ပိုမို သာလွန်သည်ကို မြင်တွေ့နိုင်၏။

သူတော်စင်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်နှင့်အညီ ရွှယ့်လီသည် ထိုအချက်ကို မည်သည့် အတွက်ကြောင့် မမြင်နိုင်ရမည်နည်း။

“သခင်မ၊ ကျုပ်ကို ဒါကို ကောင်းကောင်း အသုံးချလို့ ရလောက်တယ်” ယုမိုက ရန်ကိုင်အား ကောက်ကျစ် ဥာဏ်များသည့် မျက်ဝန်းအစုံဖြင့် ဝေ့ကြည့်လိုက်၏။

“ဟုတ်တယ်။ ဒီတစ်ကြိမ်တော့ အဲ့သူတောင်းစားတွေ ကို ကောင်းကောင်းလေး ဧည့်ခံပေးရမယ်” ရွှယ့်လီက အေးစက်စွာ ပြုံးလိုက်ပြီး “မနက်ဖြန် သူ့အတွက် ပွဲတစ်ပွဲ စီစဉ်ပေးလိုက်။ အဲ့ပွဲကို အလွယ်တကူ အနိုင်ရ သွားတာမျိုး ငါမလိုချင်ဘူး။ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ အနိုင်ရသွားတာမျိုးပဲ လိုချင်တယ်”

“ဟုတ်ကဲ့ပါ” ယုမိုက ကြိတ်ရယ်လိုက်ပြီး ရန်ကိုင်အား သားကောင်ကို စိုက်ကြည့်နေသည့် သားရဲရိုင်း တစ်ကောင်ပမာ စိုက်ကြည့်လိုက်၏။

“ကျုပ်မှာ တောင်းဆိုစရာတစ်ခုရှိတယ်” ရန်ကိုင်က လက်ဆစ်ချိုးလိုက်ပြီး ရွယ့်လီ ဒေါသမထွက်ခင် အလျင်အမြန် ထပ်ပြောလိုက်၏ “ဒါက နောက်ဆုံးတစ်ခုပဲ”

“ပြော” ရွှယ့်လီက မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။

“ကျုပ်ရုပ်ရည်ကို ပြောင်းလဲနိုင်တဲ့ ပစ္စည်း တစ်ခုလောက် ပေးလို့ရမလား။ ကျုပ်မျက်နှာအစစ်ကို လူတွေအများကြီး မြင်သွားမှာမျိုး မလိုချင်လို့။ မဟုတ်ရင် နောက်ပိုင်းကျ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ ကျုပ်နောက်ကို အတောမသတ်အောင် လိုက်နေတော့မှာ” ရန်ကိုင်က ပြောလိုက်၏။

ကြားကြားချင်း ကြောင်အမ်းအမ်း ဖြစ်သွားသော်ငြား အလျင်အမြန် အသိပြန်ဝင်လာပြီးနောက် ပြုံးကာ ပြောလိုက်၏ “ကြိုပြီး တွေးတတ်တာပဲ”

ရွှယ့်လီသာ ပွဲကောင်းကောင်း လုပ်ပေးသရွေ့ ရန်ကိုင်သည် သူမအတွက် ငွေဝင်ပေါက်ကြီးပင်။ သို့သော် လောင်းကြေး ရှုံးနိမ့်သွားသည့် နတ်ဆိုးကုန်းမြေမှ ပညာရှင်များသည် ရွှယ့်လီအပေါ် ဒေါသပုန်မထရဲကြရာ သူတို့၏ မကျေနပ်ချက်များကို ရန်ကိုင်အပေါ်သာ ပုံချကြပေလိမ့်မည်။ ဆိုလိုသည်မှာ ရွှယ့်လီဆီမှ သူ့လွတ်လပ်ခွင့်ကို ပြန်ရသွားခဲ့လျှင်ပင် နတ်ဆိုးကုန်းမြေမှ အသက်ရှင်လျှက် လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်တွင် တုဝမ်ပေးခဲ့သည့် ရုပ်ပြောင်းရုပ်လွှဲ ပစ္စည်းတစ်ခု ရှိ၏။

သို့သော် ထိုပစ္စည်းကို ဤနေရာ၌ မသုံးရဲချေ။ တကယ်တော့ ထိုပစ္စည်းအကူအညီဖြင့် သူသည် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်ကို ရယူခဲ့သည် မဟုတ်ပေလော။ တစ်ယောက်ယောက်သာ သူ့အား မှတ်မိသွားပါက မဆုံးနိုင်သော ပြဿနာများ သူ့နောက်သို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသည့်ပမာ လိုက်လာပေလိမ့်မည်။ ထို့ကြောင့် သူ့ရုပ်ရည်ကို ပြောင်းလဲရန်အတွက် ရုပ်ပြောင်းရုပ်လွှဲ ပစ္စည်းတစ်ခု ရွှယ့်လီဆီမှ တောင်းဆိုခြင်း ဖြစ်၏။

“အဲ့လိုပစ္စည်းမျိုး ငါ့မှာမရှိဘူး” ရွှယ့်လီက ခေါင်းခါရမ်းလိုက်ပြီး “ဒါပေမယ့် မျက်နှာဖုံးတော့ ပေးလို့ရတယ်။ မျက်နှာဖုံးသုံးပြီးတော့ပဲ နင့်မျက်နှာကို ဖုံးကွယ်ထားလိုက်ပေါ့”

“ရတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

“သူ့ကို ခေါ်သွားတော့။ မနက်ဖြန် မသေရအောင် ဒီည ကောင်းကောင်း အနားယူလိုက်ဦး” ရွှယ့်လီက ရယ်မောလိုက်၏။

ယုမိုသည် ရန်ကိုင်အား သူနေထိုင်နေသည့် အခန်းဆီသို့ ပြန်ခေါ်လာခဲ့၏။ သို့သော် ထွက်မသွားခင် ရန်ကိုင်၏ အစစ်အမှန်ချီအား စည်းများစွာ ခတ်ခဲ့၏။ သူ့အစစ်အမှန်ချီ စီးဆင်းနှုန်း အဆပေါင်းများစွာ နှေးကွေးသွားသလို သွားရလှုပ်ရှားရသည်မှာလည်း အတော်လေးကို လေးလံလာသလို ရန်ကိုင် ခံစားလိုက်ရ၏။

“ငါဘာလို့ ဒီလိုလုပ်လဲ မင်းသိလား” ယုမိုက မေးလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ ရွှယ့်လီသည် လောင်းကြေးထပ်သူ နတ်ဆိုးမျိုးနွယ်စုဝင်များ သူ့ခွန်အားကို အထင်လွဲမှားသွားစေရန် မနက်ဖြန် တိုက်ပွဲကို သူ့အား ခက်ခက်ခဲခဲဖြင့် နိုင်စေချင်ခဲ့၏။ ထိုနည်းဖြင့် ရန်ကိုင်၏ ခွန်အားကို မှားယွင်း တွက်ချက်မိပြီး နောက်တစ်ကြိမ် လောင်းကြေး ထပ်သည့်အခါ အစုလိုက်အပြုံလိုက် လောင်ကြေး ရှုံးနိမ့်ရပေလိမ့်မည်။

ယုမိုသာ ထိုစည်းများကို ခတ်နှိပ်ခြင်း မပြုခဲ့သဖြင့် ရန်ကိုင်သာ သူ့ခွန်အား တစ်စိတ်တစ်ပိုင်းကို မတော်တဆ ထုတ်ဖော်သွားမိခဲ့ပါက ရွှယ့်လီ၏ အစီအစဉ် ပျက်စီး ရပေလိမ့်မည်။ လောင်းကြေးထပ်သူများသည် ပညာရှင်များ ဖြစ်လေရာ မမြင်တတ်သည့် အရူးများ မဟုတ်ကြပေ။ ထို့ကြောင့် ထိုလူများ၏ အမြင်ကို လှည့်စားရန်အတွက် ဟွာကွက်ရှိမနေရန် လိုအပ်၏။

All Chapters