← Chapters

အခန်း (၇၉၁-၇၉၅)

Vol. 32 Ch. 791-795

အခန်း (၇၉၁-၇၉၅)

Vol. 32 Ch. 791-795

အပိုင်း (၇91) ဖိအားပေးတာက ကျုပ်ကို ဒေါသထွက်စေတာပဲ အဖတ်တင်မှာနော်

ထိုအချက်နှင့်တင် ထိုလူငယ်လေးသည် သူတော်စင် သခင်မ၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီကြောင်း ထင်ရှားနေခဲ့လေပြီ။

ပို၍ ချီးကျူးထိုက်သည်ကား လူငယ်လေး၏ ကျင့်ကြံခြင်းသည် မသေမျိုး ဒုတိယအဆင့်သို့ ရောက်ရှိနေခြင်းပင်။

သူတော်စင်မများ တော်ဝင်သခင်လောင်းကို ရှာထွက်သည့်အချိန်မှစ၍ သူတို့၏ အနာဂတ် တော်ဝင်သခင်လောင်းသည် မည်ကဲ့သို့သော ကျင့်ကြံခြင်း အဆင့်အား ပိုင်ဆိုင်ထားလိမ့်မည်နည်းဟု တွေးခဲ့မိဖူး၏။ တော်ဝင်သခင်လောင်း၏ ကျင့်ကြံခြင်းအဆင့် မည်သို့ပဲ ဖြစ်ပါစေ၊ ကိစ္စမရှိချေ။ သူတို့ တော်ဝင်နယ်မြေ ပိုင်ဆိုင်ထားသည့် အရင်းအမြစ်နှင့် ဆိုပါက နှစ်အနည်းငယ်အတွင်း ဤလောကကြီး၏ အထွဋ်အထိပ်ဆီသို့ ပို့တင်ပေးနိုင်၏။ သို့သော်လည်း အစစ်အမှန်ရလဒ်သည် သူ့အား လုံးလုံး အံ့အားသင့်စေခဲ့၏။

ထိုကဲ့သို့သော ငယ်ရွယ်သည့် မသေမျိုး ဒုတိယအဆင့် တစ်ယောက်ဆိုသည်မှာ တုန်းရွှမ်လောကကြီး တစ်ခုလုံးတွင်ပင် အရမ်းကိုမှ ရှားပါးလွန်းလှ၏။

ချန်နင် မသေခင် ပြောသွားခဲ့သည့် အကြောင်းအရာကို ပြန်စဉ်းစားမိလိုက်သည်နှင့် ရှုဟွေ ပြုံးစိစိ ဖြစ်သွားခဲ့၏။ ရန်ကိုင်ကို ကြည့်လေကြည့်လေ၊ ပိုပို၍ ကြည့်ပျော်ရှုပျော် ရှိလာလေပင်။

“ဟုတ်သားပဲ။ သူတော်စင်သခင်မတို့ မိသားစုကြီး ခုနှစ်ခုမဟာမိတ်အဖွဲ့ပိုင်တဲ့ ကျွန်းကနေ ဘယ်လို လွတ်လာတာလဲ။ ကျုပ်သိသလောက်ဆို ကျွန်းစုကြီး တစ်ခုလုံး သူတော်စင်မနန် ဖျက်စီးလို့ ပျက်စီးကုန်ပြီ မလား။ ပြီးတော့ အသက်ရှင်ကျန်ရစ်တဲ့လူလည်း မရှိဘူးလားလို့” ရှုဟွေက နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်၏။

အန်လင်းအာက ရန်ကိုင်ဆီ အရင်တစ်ချက် လှမ်းကြည့်လိုက်၏။ ရန်ကိုင် ခေါင်းညိတ်ပြသည်ကို မြင်မှပဲ ပင်လယ်ပြင်အောက်ရှိ ရှေးဟောင်း အပျက်အစီး နယ်မြေ၌ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်ပြောပြလိုက်၏။

“လေဟာနယ်လိုဏ်ခေါင်းလား” ရှုဟွေ မျက်ခုံး ပင်သွားခဲ့ပြီး ဝမ်းသာအားရဟန်ဖြင့် “ကောင်းကင်က ကျုပ်တို့ တော်ဝင်နယ်မြေကို တကယ်ကြီး ကောင်းချီး ပေးနေတာပဲ။ ဒီတော့ သူတော်စင်သခင်မတို့ လေဟာနယ် လိုဏ်ခေါင်းကနေ ထွက်လာပြီး နတ်ဆိုးကုန်းမြေထဲ ရောက်လာခဲ့ရတာပေါ့”

“အင်း” ရန်ကိုင်က အမြန်အဆန် ခေါင်းညိတ်ပြလိုက်၏။ ဆန်းကြယ်လောကငယ် အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများအား အန်လင်အား ပြောလိုက်မည်ကို စိုးရွံ့နေသည့်အလား သူကပင်ဆက်၍ “နတ်ဆိုးကုန်းမြေကို ရောက်ပြီးတော့ ရွှယ့်လီလက်ထဲ မတော်တဆ ရောက်သွားခဲ့သေးတယ်။ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကမှပဲ လွတ်မြောက်လာနိုင်ခဲ့တာ”

“နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီလား” ထိုနာမည်ကို ကြားလိုက်သည်နှင့် ရှုဟွေမျက်နှာ ဖြူလျော်သွားခဲ့၏။ အခြားသူတော်စင်အဆင့် ပညာရှင်သုံးယောက်သည်လည်း ထိတ်လန့်သွားခဲ့၏။ ရန်ကိုင်ကဲ့သို့သော ဂျူနီယာလေး တစ်ယောက်သည် ထိုကဲ့သို့ ပညာရှင်ကြီးတစ်ပါးလက်မှ အမှန်တကယ် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့၏။ တော်ဝင်နယ်မြေမှ ပညာရှင်များ ရန်ကိုင်အား ပို၍ပင် လေးစားသွားခဲ့ကြ၏။

ရှုဟွေနှင့် အခြားသူတော်စင်သုံးယောက်သည် အရှိန်ကုန်တင်၍ ပျံသန်းနေခဲ့ရာ ရက်အနည်းငယ်အတွင်း တောင်စဉ်တောင်ဆက် မြစ်အသွယ်သွယ်ကို ကျော်ဖြတ်လာခဲ့၏။

လမ်း၌ ရန်ကိုင်၏ ဇာတ်မြစ်ကို မေးမြန်းကြည့်ရာ ရန်ကိုင်သည် ကောင်းကင် ဂိုဏ်းတော်မှ ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ရှုဟွေ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။

ကောင်းကင်ဂိုဏ်းတော်သည်လည်း အားကောင်းသော အင်အားစုတစ်ခု ဖြစ်၏။ သို့သော် ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် အတော်ဝေးဝေးတွင် တည်ရှိနေသဖြင့် အင်အားစုတစ်ခုနှင့်တစ်ခု သိပ်ပြီး အဆက်အသွယ် မလုပ်ဖြစ်ကြချေ။

“မကြာသေးခင်ကပဲ ကောင်းကင်ဂိုဏ်းတော်ရဲ့ ခွန်အားက သိသိသာသာကို တိုးတက်လာခဲ့တယ်လေ။ သူတို့မှာ သူတော်စင်အဆင့် ပညာရှင်လေးယောက် ရုတ်တရက်ကြီး ရှိလာတယ်ဆိုပဲ” ကောင်းကင်ဂိုဏ်းတော် အကြောင်း ကြားလိုက်သည်နှင့် ဘုံကိုးခုထွတ်မြတ် နယ်မြေမှ လူအိုကြီးက အော်ပြောလိုက်၏ “အခုဆို သူတို့ရဲ့ စုစုပေါင်းခွန်အားက ကျုပ်တို့ ဘုံကိုးခုထွတ်မြတ် နယ်မြေထက်တောင် ပိုမြင့်နေပြီ”

“သူတော်စင်လေးယောက်လား” ထိုစကားကို ကြာသည့်အခါ ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်၏။ အသစ်ဖြစ်လာသော သူတော်စင်အဆင့် ပညာရှင် လေးယောက်သည် သူ့ဂိုဏ်းတူဦးလေး လေးယောက် ဖြစ်ရပေမည်။

“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက သူတို့လေးယောက် ဝဲပျံတိမ်တိုက် မြို့တော်ကို ဆေးပညာရှင်တစ်ယောက်နဲ့ အတူ သွားခဲ့တယ်လို့ ငါသတင်းတွေ ကြားခဲ့တယ်… ငါထင်တာသာ မမှားရင် သူတို့နဲ့ အတူလိုက်သွားတဲ့ ဆေးပညာရှင်က လူငယ်လေးတစ်ယောက်ပဲ။ သူ့ပုံစံက ငါတို့ အနာဂတ်တော်ဝင်သခင်နဲ့တောင် နည်းနည်းလေး တူသလိုပဲ” ပြောနေရင်း ရှုဟွေက ရန်ကိုင်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်၏။

ရန်ကိုင်ကမူ ရှုဟွေပြောသည်ကို မကြားသည့်အလား ရုပ်တည်ကြီးဖြင့်သာ ရှိနေဆဲ။ ယခု သူဘာပြောပြော ဘာမှထူးလာမည်မဟုတ်။ တစ်ဖက်လူ၏ သံသယကိုသာ ပို၍ တိုပွားလာစေပေလိမ့်မည်။ ထို့ပြင် လူအိုကြီး ရှုဟွေသည်လည်း တစ်ခုခုကို ခန့်မှန်းထားမိသည့်ပုံပင်။

သို့သော် ထိုလူအိုကြီးသည် သူ့အပေါ် မကောင်သည့် ရည်ရွယ်ချက် မရှိရာ ရန်ကိုင်အနေဖြင့် စိတ်ပူနေစရာ မလိုချေ။

ရန်ကိုင် ပြန်မပြောသဖြင့် ရှုဟွေက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “အခြားသူတွေကို မနာလိုနေစရာ မလိုဘူး။ ငါတို့မှာလည်း တော်ဝင်သခင်အသစ် ရှိနေပြီပဲ၊ မဟုတ်ဘူးလား။ တော်ဝင်သခင်အသစ်နဲ့ ဆိုရင် ငါတို့ရဲ့ အထွဋ်အထိပ်ခွန်အားကို ပြန်ရဖို့ ဘယ်လောက်မှ လိုမှာ မဟုတ်ဘူး။ အရင်ထက်တောင် ပိုပြီး အားကောင်း လာနိုင်သေးတယ်”

“ဟုတ်တယ်။ အဲ့ဒါအမှန်ပဲ” လူအုပ်ကြီးကလည်း အမြန်အဆန် ခေါင်းညိတ်ထောက်ခံလိုက်၏။ အကုန်လုံးသည် ရန်ကိုင်အပေါ်တွင် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားကြ၏။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး လေးနက်သည့် လေသံဖြင့် ပြန်ပြောလိုက်၏ “စီနီယာတို့၊ တော်ဝင်သခင် ရာထူးကို ကျုပ်မလိုချင်ဘူး။ လုံခြုံတဲ့နေရာတစ်ခု ရောက်ရင် ကျုပ်ကို သွားခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်”

“အာ” ရှုဟွေ ကြော်ငသွားခဲ့ပြီး “တော်ဝင်သခင် ရာထူးကို မလိုချင်ဘူးလား”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး “ဒီအကြောင်းကို အန်လင်းအာနဲ့လည်း ဆွေးနွေးပြီးသွားပြီ။ ခင်ဗျားတို့ တော်ဝင်နယ်မြေရဲ့ ကောင်းကင်နတ်ဘုရားပညာရပ် သုံးခုကို မမျှော်လင့်ဘဲ သင်မိလိုက်တဲ့အတွက် အခုကနေစပြီး အဲ့ပညာရပ်တွေကို ဘယ်တော့မှ ထုတ်မသုံးတော့ဘူးလို့ ကျုပ်ကတိပေးတယ်”

“ဒါ…” မည်မျှမှ ဘာမှမပြောနိုင် ဖြစ်နေခဲ့၏။

အန်လင်းအာက နှုတ်ခမ်းလေးကို ကိုက်၍ “ဒီကိစ္စက ကျွန်မအပြစ်ပါ။ အဲ့ပညာရပ်တွေကို သူတမင်သက်သက် သင်လိုက်တာ မဟုတ်ပါဘူး။ အပြစ်တင်ချင်ရင် သူ့ကို အပြစ်မတင်ပါနဲ့။ ကျွန်မကိုပဲ အပြစ်တင်လိုက်ပါ”

ရှုဟွေ မျက်မှောင်ကြုံ့သွားခဲ့ပြီး ရန်ကိုင်နှင့် အန်လင်းအာတို့အား တစ်လှည့်စီ ကြည့်လိုက်၏။ ရုတ်တရက် ပြုံးလိုက်ကာ “ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့။ ညီငယ်လေးက ကောင်းကင် ဂိုဏ်းတော်ကဆိုတော့ မင်းကို ခက်ခဲအောင် မလုပ်တော့ပါဘူး။ အဆင်ပြေရင် တော်ဝင်နယ်မြေကို အရင်ပြန်ပြီး ညီငယ်လေးကို ကောင်းကောင်းမွန်မွန် ဧည့်ခံကြတာပေါ့။ တော်ဝင်နယ်မြေကို ရောက်ပြီး မျက်စိနဲ့ တပ်အပ်မြင်ပြီးတာတောင် တော်ဝင်သခင် မဖြစ်ချင်သေးဘူးဆိုရင်တော့ ငါတို့လည်း မင်းကို တွန်းအားမပေးတော့ပါဘူး”

သူတော်စင်အဆင့် ပညာရှင် အများကြီး ရှိနေရာ သူငြင်းဆို၍ ရမည်မဟုတ်မှန်း ရန်ကိုင်သိ၏။

တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်နှင့် တစ်ဖက်လူသည် အားသုံး၍ သူ့အား အတင်းအကြပ် ခေါ်သွားပေလိမ့်မည်။ သူ့ကို အန္တရာယ်ပေးလိမ့်မည် မဟုတ်သော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေဆီသို့ မရရအောင် ပြန်ခေါ်သွားပေလိမ့်မည်။

လက်ရှိအနေဖြင့် ရှုဟွေသည် ရန်ကိုင်အား အတတ်နိုင်ဆုံး လျော့ပေါ့ပေးထား၏။ ရှုဟွေ၏ ခွန်အားဖြင့် သူသာ အားသုံး၍ ရန်ကိုင်ကို ခေါ်သွားချင်သည် ဆိုပါက ရန်ကိုင်အနေဖြင့် မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

“ကောင်းပြီလေ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။

ရန်ကိုင် ခေါင်းညိတ်လိုက်သည်ကို မြင်သော် အန်လင်းအာ၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။

ဤသို့ဖြင့် ရန်ကိုင်တို့အဖွဲ့ ဆက်လက် ခရီးဆက်ကြ၏။

အစောပိုင်းမတိုင်ခင်က အဖွဲ့ဝင်များကြား အခြေအနေသည် ကြည်နူးပျော်ရွှင်ဖွယ်ရာ ကောင်းသော်လည်း ရန်ကိုင်သည် တော်ဝင်သခင် ရာထူးကို လက်မခံချင်မှန်း ကြားသိရပြီးနောက် တော်ဝင်နယ်မြေမှ သူတော်စင်အဆင့် ပညာရှင်အားလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့၏။ လမ်းတစ်လျှောက် သူတော်စင်အဆင့် ပညာရှင်များသည် ကောင်းကင် စိတ်အာရုံသုံး၍ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ကာ အချင်းချင်း တီးတိုးကြိတ်၍ ဆွေးနွေးနေကြ၏။

ထိုအခြင်းအရာကို ရန်ကိုင် မြင်သော်လည်း မသိချင်ယောင်သာ ဆောင်နေခဲ့၏။

ခဏအကြာ၌ ဆွေးနွေးပြီးသွားဟန်ရသော သူတော်စင်အဆင့် ပညာရှင်လေးယောက်သည် ဘုံကိုးခု ထွတ်မြတ်နယ်မြေ မည်မျှကြီးကျယ် ခမ်းနားကြောင်း၊ ကြွယ်ဝချမ်းသာကြောင်း၊ အခြေခံအုတ်မြစ် မည်မျှ တောင့်တင်းကြောင်း၊ တော်ဝင်သခင်ဖြစ်လာပါက မည်သို့သော အကျိုးအမြတ်များ ပိုင်ဆိုင်ရမည် ဖြစ်ကြောင်းကို စတင်ရှင်းပြ၍ ရန်ကိုင်အား ဆက်လက် စည်းရုံးသိမ်းသွင်းလေ၏။

ရန်ကိုင်ကမူ သူတို့ အားညောင်းလာသည်အထိ ပြောခွင့်ပေးထားလိုက်၏။ သူတို့မည်မျှပင် ပြောနေစေကာမူ ရန်ကိုင်သည် နည်းနည်းမျှ စိတ်မဝင်စားသဖြင့် အကုန်လုံး ကူကယ်ရာ မဲ့သွားခဲ့ရ၏။

သို့သော်လည်း သူတို့ ရှင်းပြသည်ကို နားထောင်ပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ရန်ကိုင် ရုတ်တရက် နားလည်သိရှိသွားခဲ့ရ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် များသည် အသက်မရှည်သော်ငြား အကုန်လုံးသည် သူတော်စင် တတိယအဆင့် ပညာရှင်ချည်းများ ဖြစ်ကြ၏။

သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ပိုင်ဆိုင်ထားသော အင်အားစုကို အထွဋ်အထိပ် အင်အားစု တစ်ခုအဖြစ် သတ်မှတ်နိုင်၏။

ထို့အပြင် တော်ဝင်သခင်များ၏ လေ့ကျင့်ပုံသည် သာမန် ကျင့်ကြံသူများနှင့် ကွဲပြား၏။ တော်ဝင်နယ်မြေ၌ တော်ဝင်သခင်သာ ဝင်ခွင့်ရှိသော နေရာများ ရှိကြ၏။ ထိုထွတ်မြတ်နေရာများတွင့် လေ့ကျင့်သည့်အခါ တော်ဝင်သခင်၏ ခွန်အား လျင်မြန်စွာ တိုးတက်လာ၏။ ထိုထွတ်မြတ်နယ်မြေများ မည်ကဲ့သို့ အလုပ်လုပ်သလဲ ဆိုသည့်အချက်ကိုမူ ရှုဟွေနှင့် အခြားသူတော်စင်များ အားလုံး မသိကြသေးချေ။

ထို့အပြင် သူတော်စင်မများ၏ အကူအညီကြောင့်လည်း ပါသည်ဟု ဆိုရပေမည်။ တော်ဝင်သခင်များတွင် သူတို့အား ကူညီပေးမည့် အများဆုံး သူတော်စင်မ ရှစ်ယောက်၊ အနည်းဆုံး သူတော်စင်မ သုံးယောက်လောက် ရှိကြ၏။ သူတော်စင်မ အားလုံးသည် တင်းကြပ်သော လူရွေးပွဲကို ကျော်ဖြတ်လာကြသူများ ဖြစ်ကြကာ အရည်အချင်းရော၊ ပြီးပြည့်စုံသည့် အလှတရားကိုပါ ပိုင်ဆိုင်ထားကြ၏။ ထိုသူတော်စင်မ အားလုံးသည် တော်ဝင်သခင်၏ အမိန့်ကို အကြွင်းမဲ့ နာခံကြ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာပါက ကြင်ရာတော်မိန်းမ၊ ကိုယ်လုပ်တော် များစွာနှင့် ပျော်မြူးနိုင်ရုံမက အထွဋ်အထိပ်သော ခွန်အားကိုလည်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

တစ်ခုတည်းသော ဆိုးကျိုးသည်ကား အသက်တိုခြင်းပင်။

တော်ဝင်သခင်တိုင်း အသက်တိုရုံမက သူတော်စင်မများပင် အသက်တိုကြ၏။

ယခင်တော်ဝင်သခင်တွင် သူတော်စင်မ ခြောက်ယောက် ရှိသော်လည်း နှစ်ငါးဆယ်အတွင်း သူတော်စင်မ ငါးယောက် သေဆုံးသွားခဲ့ပြီး သူတော်စင်မနန် တစ်ယောက်သာ ကျန်ရစ်ခဲ့၏။

တော်ဝင်သခင် သေသွားသည့်အခါ သူတော်စင်မနန် လည်း သေဆုံးသွားခဲ့၏။

ယခင်တော်ဝင်သခင်နှင့် သူတော်စင်မ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်လေရာ တော်ဝင်နယ်မြေ၏ အနာဂတ်သည် ရန်ကိုင်နှင့် အန်လင်းအာတို့အပေါ်တွင် မူတည်နေလေပြီ။ ထို့ကြောင့် ရှုဟွေနှင့် အခြားသူများသည် မည်သည့်အတွက်ကြောင့် ရန်ကိုင်အား အလွယ်တကူ လွှတ်ပေးလိမ့်မည်နည်း။

“အကြီးအကဲချုပ်၊ ရှောင်လျန်နဲ့ ကျန်တဲ့လူတွေကော” ရှုဟွေ၏ စကားအသွားအလာမှ တစ်ခုခုကို အန်လင်းအာ နားလည်သွားခဲ့၏။

ရှုဟွေ မျက်နှာ ညိုးကျသွားခဲ့ပြီး ခဏတာ တွေဝေ တုန့်ဆိုင်းနေပြီးနောက် “အကုန်လုံး သေကုန်ပြီ။ သူတော်စင်မ လေးယောက်ထဲမှ သူတော်စင်သခင်မ တစ်ယောက်ပဲ ကျန်တော့တာ။ ကျန်တဲ့သုံးယောက်က သူတော်စင်မနန် သတ်လို့ သေသွားကြပြီ”

“အာ….” အန်လင်းအာ ဝမ်းနည်းသွားခဲ့ပြီး သူမ၏ မျက်ဝန်းလေးများထဲ မျက်ရည်စတို့ ဝေ့သီလာခဲ့၏။

သူမ၏ အခြားညီအစ်မများသည် သင့်လျော်သော တော်ဝင်သခင်လောင်း တစ်ယောက်ကို တွေ့နိုင်လောက်သည်ဟု အန်လင်းအာ မျှော်လင့်နေမိသေး၏။ သို့မှသာ အကြီးအကဲချုပ် ရှုဟွေနှင့် အခြားလူများသည် ရန်ကိုင်အား တော်ဝင်သခင် ရာထူးကို ဆက်ခံရန် အတင်းဖိအားပေးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုမျှော်လင့်ချက် အားလုံးသည် ကြားလိုက်ရသည့် သတင်းကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရ၏။

သေသေချာချာ စဉ်းစားကြည့်လိုက်လျှင်လည်း ထိုသို့ ဖြစ်နိုင်ချေ များလှ၏။ တကယ်တော့ သူတော်စင်မအား လိုက်လံစောင့်ရှောက်ပေးသူများထဲတွင် သူတော်စင် အဆင့် ပညာရှင် တစ်ယောက်ပင် ရှိလေရဲ့လော။ မရှိလေရာ သူတော်စင်မနန်က သူတို့အား ရှာတွေ့သွားသည်နှင့် မည်သို့မှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

အန်လင်းအာ အနေဖြင့် ရန်ကိုင်နှင့် တွေ့ခဲ့သည်ကို အထူး ကျေးဇူးတင်ရပေလိမ့်မည်။ ရန်ကိုင်ကြောင့်သာ မဟုတ်ပါက လေဟာနယ်လိုဏ်ခေါင်းရှိကြောင်း သိလျှင်ပင် သူတော်စင်မနန် လက်မှ မလွတ်နိုင်။ လွတ်နိုင်လျှင်လည်း ဆန်းကြယ်လောကငယ်အတွင်း၌ပင် သေသွားရပေလိမ့်မည်။ ထိုနည်းတူ ရန်ကိုင်နှင့် တွေ့ခဲ့သော်ငြား လေဟာနယ်လိုဏ်ခေါင်း၏ တည်ရှိမှုကိုသာ မသိခဲ့ပါက သူတော်စင်မနန်၏ လက်မှ လုံးဝ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သူမ၏ ကံကြမ္မာသည်လည်း အခြားသူတော်စင် သုံးယောက် ကဲ့သို့ပင် ဖြစ်သွားရပေလိမ့်မည်။

“ကျုပ် တကယ်ကို ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်၊ သူတော်စင်သခင်မ” ရှုဟွေက အလျင်အမြန် နှစ်သိမ့်ပေးလိုက်၏ “ဒါကြောင့် တော်ဝင်နယ်မြေရဲ့ အနာဂတ်က သူတော်စင်သခင်မတို့ နှစ်ယောက် အပေါ်မှာ မူတည်နေပါပြီ”

ပြောနေရင်း ရန်ကိုင်ဘက်သို့ လှည့်၍ “ညီငယ်လေး၊ ကျုပ်ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေကွာ။ မင်းသာ တော်ဝင်သခင်ရာထူးကို လက်မခံရင် နှစ်တစ်ရာအတွင်း တော်ဝင်နယ်မြေ ပျောက်ကွယ်သွားရလိမ့်မယ်”

ကျန်သည့် သူတော်စင်အဆင့် ပညာရှင် သုံးယောက်သည်လည်း ရန်ကိုင်အား တောင်းဆို လိုက်ကြ၏ “ညီငယ်လေး အနေဖြင့် ကျုပ်တို့ရဲ့ ရိုင်းပြတဲ့ တောင်းဆိုချက်ကို လက်ခံပေးလို့ မျှော်လင့်ပါတယ်။ တော်ဝင်နယ်မြေ ကျုပ်တို့လက်ထက်ရောက်မှ ပျက်စီးသွားတာမျိုး ကျုပ်တို့ တကယ်ကို မမြင်ချင်လို့ပါ”

ရန်ကိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ခပ်ဝေးဝေးသို့ လှမ်းကြည့်၍ “ဒီရေဆိုတာ တက်လာပြီးရင် ပြန်ကျသွားတာပဲ။ ပန်းတွေဆိုတာလည်း ပွင့်ပြီးရင် ညိုးခြောက်သွားရတာပဲ။ အဲ့လိုပဲ ဘယ်အင်အားစုကမှ ထာဝရ မတည်မြဲနိုင်ဘူး။ နတ်ဆိုးနတ်ဘုရားလို အရမ်းကို အားကောင်းလွန်းတဲ့ လူတောင် သမိုင်းထဲ ပျောက်ကွယ်သွားခဲ့ရတာပလေ။ ပြီးတော့… တော်ဝင်သခင် ရာထူးနဲ့ လိုက်ဖက်တဲ့လူက ကျုပ်တစ်ယောက်တည်း ရှိနေတာမှ မဟုတ်တာ။ အခြားသင့်လျော်တဲ့ လူတစ်ယောက်ကို အန်လင်းအာ ရှာမတွေ့သေးတာပဲ ရှိတာလေ”

“အကြောင်းစုံကို ညီငယ်လေး မသိသေးလို့။ သိရင် အခုလိုမျိုး ပြောမှာ မဟုတ်ဘူး။ တော်ဝင်နယ်မြေရဲ့ သူတော်စင်မ တစ်ယောက်ချင်းစီတိုင်းက တော်ဝင်သခင်လောင်း တစ်ယောက်စီကိုပဲ အာရုံခံလို့ရတယ်။ တစ်ယောက်ယောက်ကို ရွေးချယ်ပြီးသွားပြီ ဆိုတာနဲ့ အခြားတစ်ယောက်ကို ဘယ်လိုမှ အာရုံခံလို့ ရတော့မှာ မဟုတ်ဘူး”

“ခင်ဗျားပြောချင်တာက ဒီလောကကြီးထဲမှ ကျုပ်တစ်ယောက်ပဲ တော်ဝင်သခင်လောင်း ဖြစ်လာနိုင်တယ်ပေါ့” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။ လက်ရှိ အခြေအနေသည် သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေခဲ့၏။

ရှုဟွေနှင့် အခြားသူအားလုံး ခေါင်းညိတ် ပြလိုက်ကြ၏။

“ညီငယ်လေးသာ သဘောမတူရင် ကျုပ်တို့အားလုံး ဘုံကိုးခုထွတ်မြတ်နယ်မြေ ပျက်စီးပျောက်ကွယ် သွားရမယ့် အချိန်ကို ထိုင်စောင့်ရရုံပဲ ရှိတော့မယ်”

“တောင်းဆိုပါတယ် ညီငယ်လေးရာ။ ကျေးဇူးပြုပြီး တော်ဝင်သခင်ရာထူးကို လက်ခံပေးပါနော်”

“ကျုပ်ကို ဖိအားလာမပေးနဲ့။ ဖိအားပေးတာက ကျုပ်ကို ဒေါသထွက်အောင် လုပ်မိတာပဲ ရှိမှာ” ရန်ကိုင်က ခက်ထန်သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။

ရှုဟွေအမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်း၍ “ကျုပ်တို့ မလုပ်ရဲပါဘူး”

ရန်ကိုင် စိတ်မရှည်ဖြစ်လာသည်ကို မြင်သည်နှင့် အန်လင်းအာက ကြားဝင်လိုက်၏ “ဒီကိစ္စကို နောက်မှ ဆွေးနွေးမယ်လို့ အခုလေးပဲ အကြီးအကဲချုပ်ရှုဟွေ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ နောက်တစ်ကြိမ် ထပ်အစဖော်နေရတာလဲ”

ရှုဟွေက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် “ဒီလူအိုကြီး စိတ်မရှည်ဖြစ်သွားမိတယ်။ ကျေးဇူးပြုပြီး ကျုပ်အပြုအမူကို ခွင့်လွှတ်ပေးပါ၊ ညီငယ်လေး။ တော်ဝင်နယ်မြေဆီ အရင်ပြန်ကြတာပေါ့။ အဲ့ရောက်ရင် ညီငယ်လေးကို ကောင်းကောင်းဧည့်ခံပေးမယ်”

“ဟုတ်တယ်။ ဒီနှုန်းနဲ့ဆိုရင် နောက်ထပ် သုံးလေးငါးရက်လောက်ဆို တော်ဝင်နယ်မြေဆီ ရောက်ပြီ” နောက်တစ်ယောက်က ကြားဝင် ပြောလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၂) ဘုံကိုးခုထွတ်မြတ်နယ်မြေ

သာယာလှပသော ရှုခင်းအဖုံဖုံ၊ သိပ်သည်းလှသော မိုးမြေစွမ်းအင်၊ အမျိုးမျိုးသော အရံအတား အစီအရင် များဖြင့် ပြည့်နေသော တောင်စဉ်တောင်တန်းများ ပိုင်ဆိုင်ထားသည့် အပြင်လောကကြီးမှ သီးခြားဖြစ်တည်နေဟန်ရသော နေရာတစ်ခု ရှိလေ၏။

ထိုနေရာသည်ကား ဘုံကိုးခုထွတ်မြတ်နယ်မြေပင် ဖြစ်လေ၏။

ထိုရှေးဟောင်း အင်အားစု တည်ရှိခဲ့သည်မှာ နှစ်ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သမိုင်းကြောင်း အစဉ်အဆက် အားကောင်းခဲ့သလို လွှမ်းမိုးနိုင်စွမ်း ကြီးမားခဲ့ပြီး တုန်ရွှမ်းလောကကြီး အတွင်းရှိ ဂိုဏ်းအနည်းငယ်သာ ထိုဂိုဏ်းနှင့် အဆင့်တူ ရပ်တည်နိုင်ကြ၏။

သို့သော် ဘုံကိုခုထွတ်မြတ်နယ်မြေသို့ ရန်ကိုင် ရောက်ရှိသည့်အချိန်တွင် တော်ဝင်နယ်မြေတစ်ခုလုံး လုံးဝကို တိတ်ဆိတ်နေခဲ့၏။ တော်ဝင်သခင်ဟောင်း သေဆုံးသွားပြီး တော်ဝင်သခင်လောင်း တစ်ယောက် မပေါ်လာသေးသည့်အတွက်ကြောင့် ဖြစ်ဟန်တူ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ကောင်းကင် ဂိုဏ်းတော်ကဲ့သို့ တောင်စဉ်တောင်တန်းကြီးများကြား တည်ရှိနေခြင်း ဖြစ်၏။ ကောင်းကင်ဂိုဏ်းတော်၏ တောင်ထွတ်တစ်ရာ အစီအရင်နှင့် မတူညီသည့် အချက်သည်ကား ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အစီအရင်သည် တောင်ထွတ်ကိုးလုံးဖြင့် စီမံ ဖန်တီးထားခြင်း ဖြစ်၏။

တောင်ကိုးလုံးသာ ဖြစ်သော်ငြား‌ တောင်ထွတ်တစ်ရာ အစီအရင်အောက် မနိမ့်ကျသည့်အပြင် ပို၍ပင် အားကောင်းနေသေး၏။

ခုခံနိုင်စွမ်းဖြစ်စေ၊ မိုးမြေစွမ်းအင် စုစည်းသည့်နှုန်း ဖြစ်စေ၊ တောင်ထွတ်ကိုးလုံးအစီအရင်သည် တောင်ထွတ်တစ်ရာ အစီအရင်ထက် ပိုသာပေ၏။

တောင်ထွတ်ကိုးခုများကြား လှပသော နန်းတော်များစွာ ပြန့်ကျဲ တည်ရှိနေခဲ့၏။ ဘုံးကိုခု ထွတ်မြတ်နယ်မြေတစ်ခုလုံးသည် နိဗ္ဗာန်ဘုံတစ်ခုပမာ သာယာကြည်နူစရာအပေါင်းဖြင့် ခညောင်းနေခဲ့၏။

ရန်ကိုင်နှင့် အန်လင်းအာတို့ကို တော်ဝင်နယ်မြေဆီ ပြန်ခေါ်လာသည့်အခါ လူမသိသူမသိအောင် လုပ်မည် မကြံဘဲ ရောက်သည်နှင့် ရှုဟွေနှင့် သူတော်စင်များသည် တော်ဝင်နယ်မြေ၏ ဧရာမမြေကွက်လပ်နေရာ၌ တိုက်ရိုက် ဆင်းသက်လိုက်၏။

ထို့နောက် လူအိုကြီးက ဦးဆောင်၍ အားလုံးကို ဧရာမနန်းတော်ကြီးဆီ ခေါ်သွားလေ၏။

လမ်းဘေးနှစ်ဖက်တွင် ရှိနေသော တော်ဝင်နယ်မြေ၏ တပည့်များသည် သူတို့ဆီ အပြေးအလွှား ရောက်လာပြီး ရှုဟွေနှင့် သူတော်စင်များကို နှုတ်ဆက်လိုက်၏။

အန်လင်းအာကို မြင်လိုက်သည်နှင့် အကုန်လုံးသည် သူတို့၏ အသည်းစွဲအချစ်တော်ကို မြင်လိုက်ရသည့်ပမာ သူမ၏ နာမည်ကို အရူးအမူး အော်ခေါ်ကြလေ၏။

သူစိမ်းတစ်ယောက် ဖြစ်သော ရန်ကိုင်သည်လည်း တော်တော်များများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။

အကြီးအကဲချုပ် ရှုဟွေနှင့် သူတော်စင်များ၏ လေးလေးစားစား လိုက်လံစောင့်ရှောက်ပေးပုံကို ကြည့်လျှင် ထိုလူငယ်လေး မည်သူဆိုသည်ကို တော်ဝင်တပည့်များ အလွယ်တကူ ခန့်မှန်းမိလိုက်၏။

တီးတိုးသံများ လူအုပ်ကြီးကြားထဲ ထွက်ပေါ်လာခဲ့၏။ တော်ဝင်နယ်မြေမှ တပည့်များသည် ရန်ကိုင်အား တိတ်တဆိတ် လက်ညိုးထိုး ညွှန်ပြရင်း အချင်းချင်း တကျိတ်ကျိတ်ဖြင့် ဆွေးနွေးပြောဆိုနေခဲ့ကြ၏။

ရန်ကိုင်သာ‌ တော်ဝင်သခင်ရာထူးကို ဆက်ခံလိုက်ရသည်နှင့် တော်ဝင်နယ်မြေ ပျက်စီးရမည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။

ထို့ကြောင့် လူတော်တော်များများသည် ချက်ချင်းပဲ လက်သီးဆုပ်ကာ ရန်ကိုင်အား လေးလေးစားစားဖြင့် ဦးညွှတ်လိုက်ကြ၏။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့၏။

ထိုအခြင်းအရာကိုမြင်သော် လူအိုကြီးများ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။

ရန်ကိုင်သည် ကောင်းကင်ဂိုဏ်းတော်၏ တပည့် တစ်ယောက် ဖြစ်သော်လည်း သူသည် လူငယ်လေး တစ်ယောက်သာ ရှိသေး၏။ လူငယ်အများစုသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရပါက စိတ်ကြီးဝင်လျှင်ဝင်၊ မဝင်လျှင် ထိတ်လန့်ပြီး ဘာလုပ်ရ ဘာကိုင်းရမှန်းမသိ ဖြစ်ကုန်၏။ သို့သော် ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့၏။

တော်ဝင်သခင်လောင်းသည် စိတ်ဓါတ်ပိုင်းရော ကိုယ်ရည်ကိုယ်သွေးပိုင်းတွင်ပါ ချီးကျူးထိုက်ပေ၏။

ရှုဟွေနှင့် သူတော်စင်များသည် အကြည့်ချင်း ဖလှယ်၍ ထိုလူငယ်လေးအား တော်ဝင်သခင် ရာထူးကို မရရအောင် လွှဲပြောင်းယူခိုင်းမည်ဟု ဆုံးဖြတ်လိုက်ကြ၏။

လမ်းတစ်လျှောက်လုံး လူသူအရုံးရုံးဖြင့် ဆူညံနေခဲ့၏။

ရန်ကိုင်ရှေ့တွင် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီး တစ်လုံးရှိနေပြီး များစွာသော တိုင်လုံးကြီးများ ထက်၌ နဂါးရုပ်၊ ဖီးနစ်ရုပ်တို့ကို ရေးထွင်းထားခဲ့၏။

နန်းတော့်ရှေ့သို့ ရောက်သော် ရှုဟွေက လူအုပ်ကြီးဘက်သို့ လှည့်၍ လက်ဝှေ့ရမ်းပြလိုက်၏။

ရှုဟွေ လက်ဝှေ့ရမ်းလိုက်သည်နှင့် သူတို့နောက်သို့ လိုက်ပါလာသော တော်ဝင်နယ်မြေမှ တပည့်များအားလုံး သူတို့နေထိုင်ရာ နေရာအသီးသီးဆီ ပြန်သွားကြလေ၏။

“ညီငယ်လေး၊ ကျေးဇူးပြုပြီး” ရှုဟွေက ခေါင်းကို အနည်းငယ့် နိမ့်၍ လေးလေးစားစား အမူအရာဖြင့် ပြောလိုက်၏။

ရန်ကိုင်က သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုံ့၍ “စီနီယာ၊ ကျုပ်က တော်ဝင်နယ်မြေကို ဧည့်သည့် သက်သက်အဖြစ်နဲ့ပဲ လာတာလေ။ အခုလိုမျိုး တခမ်းတနားကြီး လုပ်နေစရာ မလိုပါဘူး”

“အင်း”

နန်းတော်ထဲ ရောက်သည်နှင့် ရှုဟွေ၏ ဦးဆောင် ပြင်ဆင်ပေးမှုဖြင့် အကုန်လုံး စားပွဲကြီးတစ်လုံး ပတ်လည်၌ ဝိုင်းထိုင်လိုက်ကြ၏။ ပြီးသည်နှင့် ရန်ကိုင်အား ကြိုဆိုနှုတ်ဆက် စားသောက်ပွဲကို ကျင်းပတော့လေ၏။

စားသောက်ပွဲတွင် ရန်ကိုင်သည် အလျင်လိုဟန်၊ ရင်ခုန်စိတ်လှုပ်ရှားနေဟန်၊ စိုးရိမ်ပူပန်နေဟန် မပြဘဲ သာမန် ဖြတ်သွားဖြတ်လာ ဧည့်သည်တစ်ယောက်ပမာ ရှုဟွေနှင့် ခွက်ချင်းတိုက်၍ ပျော်ပျော်ရွှင်ရွှင် သောက်စားနေခဲ့၏။

တစ်ဖက်လူသည် တော်ဝင်နယ်မြေ၊ သို့မဟုတ် တော်ဝင်သခင်အကြောင်းကိုသာ စကားစမလာသရွေ့ ရှုဟွေနှင့် ပြောရဆိုရသည်မှာ အတော့်ကို အဆင်ပြေလှမှန်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။

ရှုဟွေသည် အားကောင်းပြီး သူ့နောက်ခံသည် မသေးလှသော်လည်း သူသည် စကားပြောရဆိုရ လွယ်ကူပြီး ချဉ်းကပ်ရလွယ်သော လူတစ်ယောက် ဖြစ်၏။ သို့သော်လည်း ၎င်းသည် သူအမြင်ကောင်းအောင် ထိုလူအိုကြီး လုပ်ပြနေမှန်း ရန်ကိုင်သိ၏။ ရန်ကိုင်သာ သာမန် လူငယ်လေး တစ်ယောက်ဆိုပါက ရှုဟွေအနေဖြင့် သူအား ဤမျှ စိတ်ရှည်လက်ရှည်ဖြင့် ဆက်ဆံနေလိမ့်မည် မဟုတ်ချေ။

သောက်စားပြီးသော် မိန်းမငယ်လေးတစ်ဖွဲ့ ရောက်လာပြီး အမျိုးမျိုးသော သီးချင်သံစဉ်များကို ကဟန် အမျိုးမျိုးဖြင့် ကပြဖော်ပြကြတော့လေ၏။

ထိုမိန်းမငယ်လေး အားလုံးသည် အတော့်ကိုမှ လှပကြပြီး ပါးလျလျ အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။ အကုန်လုံးသည် အလှကိုယ်စီဖြင့် ကျော့ရှင်းလှပ ကျက်သရေရှိနေခဲ့၏။

ထိုဖျော်ဖြေမှုကို ချီးကျူးအသိအမှတ်ပြုသော်လည်း ရန်ကိုင် မျက်လုံးများသည် ကြည်လင်နေသော နွေဦးစမ်းရေ ပမာ တဏှာရမက်ကင်းစင် ကြည်လင်နေခဲ့၏။

ထိုအခြင်းအရာကို မြင်သော် သူ့ဘေးတွင် ထိုင်နေသော အန်လင်းအာသည် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။

စားသောက်ပွဲပြီးသွားသော် ရှုဟွေနှင့် အခြားလူများ ထွက်ခွါသွားခဲ့ကြ၏။ တော်ဝင်သခင်ရာထူးအကြောင်း တစ်ချက်မှပင် အစမဖော်ခဲ့ချေ။ အစေခံတစ်ယောက်ကို လွှတ်၍ ရန်ကိုင်အား သူ့အခန်းဆီ လိုက်ပို့ခိုင်းလိုက်၏။

သူ့အခန်းသည် နန်းတော် အရံဆောင်၏ အခန်းများထဲမှ တစ်ခန်းဖြစ်ပြီး ကြမ်းပြင်ကို တန်ဖိုးကြီး အခင်းအကျင်းများဖြင့် ဖုံးအုပ်ထားကာ နံရံများကို အဖိုးတန် ကျောက်မျက်ရတနာများဖြင့် စီးခြယ်ထား၏။ အခန်းအလယ်၌ ရှူရှိုက်မိသူ၏စိတ်ကို ရွှင်လန်းပေါ့ပါး သွားစေသော မွှေးရနံ့အား ထုတ်လွှတ်ပေးနေသည့် မွှေးရနံ့အိုး တစ်အိုး ရှိနေခဲ့၏။

“သခင်လေး ရေချိုးချင်လား။ ရေချိုးချင်ရင် ရေချိုးဖို့အတွက် ရေနွေးပြင်ထားတဲ့ ရေကန်တစ်ကန် အခန်းဘေးမှာ ရှိပါတယ်” အစေခံက မေးလိုက်၏။

ရန်ကိုင်က အစေခံမအား တစ်ချက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းသာ ခေါင်းခါပြလိုက်၏။

အစေခံမလေးသည် ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်၍ ဦးညွှတ်ကာ ပြန်ဆုတ်လိုက်၏။

ထိုမိန်းမငယ်လေး ထွက်သွားသည်အထိ စောင့်နေပြီးနောက် တံခါးကို သွားဖွင့်လိုက်၏။ ထို့နောက် တုန့်ဆိုင်းတွေဝေနေဟန်ဖြင့် အပြင်ဘက်တွင် ရပ်နေသော အန်လင်းအာကို ကြည့်၍ “အထဲမဝင်ဘဲ အပြင်မှာ ဘာရပ်လုပ်နေတာလဲ”

“အာ…အန်…” အန်လင်းအာက ခေါင်းညိတ်၍ အထဲသို့ ဝင်သွားလိုက်၏။

“နင်ရောက်လာတာ အချိန်ကောင်းပဲ။ ငါနင့်ကို တစ်ခုခု ပြောချင်နေတာ” ပြောပြီးသည်နှင့် အန်လင်းအာ လက်ကိုကိုင်၍ အိပ်ရာဆီသို့ ခေါ်သွားလေ၏။

အန်လင်းအာ အနည်းငယ် ရှက်သွားသော်လည်း ရန်ကိုင်အလိုတိုင်း လိုက်သွားလိုက်၏။

ခဏအကြာ၌ ကုတင်ထောင့်စွန်းတွင် ထိုင်လိုက်၏။ အနည်းငယ် ရှက်နေသေးသော်ငြား သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းထားနိုင်သေး၏။

ရန်ကိုင်သည်လည်း ကုတင်ပေါ် ထိုင်ချလိုက်ပြီး အန်လင်းအာဘက်လှည့်၍ “ငါ့ကို တော်ဝင်တပည့်တွေ မြင်အောင်ပြပြီး ကချေသည်တစ်အုပ်နဲ့ မြူဆွယ်ခိုင်းတာ ရှုုဟွေမှာ အကြံတစ်ခု ရှိနေလို့ပဲ ဖြစ်ရမယ်”

“အကြီးအကဲချုပ်က နင့်ကို တော်ဝင်သခင်ရာထူး ဆက်ခံစေချင်ရုံပဲ။ ဘာတွေကြံနေတာ ဖြစ်ရမှာလဲ။ ပြီးတော့ အဲ့မိန်းမကလေးတွေ အကုန်လုံးက ကချေသည် သက်သက်မဟုတ်ပေမယ့် တင်းကြပ်တဲ့ စစ်ဆေးရေးကို ကျော်ဖြတ်ထားတဲ့ ငါတို့ တော်ဝင်နယ်မြေရဲ့ အတော်ဆုံး တပည့်တွေပဲ။ အရေးအကြီးတကာ့ အကြီးဆုံး ဧည့်သည်တွေ လာမှပဲ သူတို့ကို ဖျော်ဖြေခိုင်းလေ့ ရှိတာ” အန်လင်းအာက နှုတ်ခမ်းလေးကို အသာအယာ ကိုက်၍ ပြောလိုက်၏။ ထို့နောက် သေချာအောင် ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်မေးလိုက်၏ “နင်တော်ဝင်သခင် မဖြစ်ချင်တာ သေချာလား”

“သေချာတယ်” ရန်ကိုင်က အခိုင်အမာ ခေါင်းခါပြလိုက်ပြီး မျက်မှောင်ကြုံ့၍ “ငါ့ကို အမှန်အတိုင်းပြော၊ ရှုဟွေပြောတာ အမှန်ပဲလား”

“ဘာလဲ”

“ငါ့ကို ရွေးပြီးရင် နောက်တစ်ယောက် ထပ်ရွေးလို့ မရတော့ဘူး ဆိုတာလေ”

အန်လင်းအာက ခေါင်းညိတ်ပြလိုက်၏။

“နင်တို့ တော်ဝင်နယ်မြေက တကယ် ထူးဆန်းတာပဲ။ နင်တို့ ဘယ်လိုပဲတွေးတွေး ငါက အပြင်လူ တစ်ယောက် သက်သက်ပဲလေ။ ဒီလောက်အရေးကြီးတဲ့ ရာထူးတစ်ခုကို အပြင်လူတစ်ယောက်လက်ထဲ ဘယ်လိုလုပ်ပြီး လက်လွတ်စပယ် ထည့်ရဲတာလဲ မသိဘူး။ ဂိုဏ်းသားတွေထဲကနေပဲ ဘာလို့ မရွေးတာလဲ”

အန်လင်းအာက ပြုံးရုံလေး ပြုံးလိုက်ပြီး “ဒါက ငါတို့ရဲ့ ရှေးရိုးမပြတ် အစဉ်အလာတစ်ခုပဲ။ ငါတို့ တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင်တိုင်းကို အပြင်ဘက်ကနေ သူတော်စင်မတွေက ခေါ်လာတာကို နင်လည်း ကြားဖူးတယ်မလား”

အင်း”

“အဲ့ဒါကအမှန်ဆိုပေမယ့် ချွင်းချက်တစ်ခု ရှိခဲ့ဖူးတယ်… ငါမှတ်မိတာသာမှန်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ကိုးရာတုန်းက တော်ဝင်သခင်အသစ်က တော်ဝင်နယ်မြေရဲ့ တပည့်တစ်ယောက်ပဲ။ အဲ့တုန်းက သူတော်စင်မ တော်တော်များများက သူ့ကိုပဲ ရွေးခဲ့လို့ သူ့ကို တော်ဝင်သခင်အသစ်အဖြစ် ရွေးချယ်ခဲ့တာ။ ဒါပေမယ့် အဲ့အချိန်ကစပြီး အဲ့လိုမျိုး တစ်ခါမှ ထပ်မဖြစ်တော့ဘူး။ ဟူး… တော်ဝင်နယ်မြေက တပည့်တစ်ယောက်သာ တော်ဝင်သခင် ဖြစ်လာနိုင်ခဲ့ရင် ငါတို့ သူတော်စင်မတွေလည်း အပြင်ထွက်ပြီး တော်ဝင်သခင်လောင်းကို လိုက်ရှာနေစရာ မလိုတော့ဘူး။ အပြင်ထွက်စရာသာ မလိုရင် ရှောင်လျန်နဲ့ သူတို့လည်း…” ပြောနေရင်း အန်လင်းအာ၏ မျက်လုံးလေးများ နီရဲလာခဲ့၏။

“ငါလည်း စိတ်မကောင်းပါဘူး…” အန်လင်းအာကို မည်သို့ နှစ်သိမ့်ပေးရမှန်း မသိဖြစ်နေသဖြင့် ရန်ကိုင်လည်း ကိုးယိုးကားယား ဖြစ်သွားခဲ့ရ၏။

အန်လင်းအာက သူမ၏ မျက်လုံးလေးများကို ပွတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်၏။ စိတ်ငြိမ်အောင်လုပ်ပြီးသော် တစ်ခဏတာ တုန့်ဆိုင်း နေပြီးနောက် ဆက်ပြောလိုက်၏ “နင်တော်ဝင်သခင် မဖြစ်ချင်ဘူးဆိုရင်… အကြီးအကဲချုပ်နဲ့ အခြားသူတွေကို ငါပြောပေးမယ်”

“လုပ်မနေနဲ့။ နင်ကူပြောပေးလို့လည်း ဘာမှ ထူးမှာမဟုတ်ဘူး။ အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “ရှုဟွေက စိတ်ဒုံးဒုံး ချပြီးသွားပြီ။ တော်ဝင်သခင်ရာထူးအတွက် ငါတစ်ယောက်ပဲ ရှိတာမို့လို့ နင်ဘာပြောပြော အလုပ်ဖြစ်မှာ မဟုတ်ဘူး”

“အဲ့လိုဆို နင်ဘာလုပ်မှာလဲ”

“မသိဘူး…” ရန်ကိုင်က ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်၏။ ရှုဟွေသည် သူ့အပေါ် အားသုံး၍ အတင်းအကြပ် ဖိအားပေးမည် မဟုတ်သလို လွှတ်လည်း လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်မှာ အတော့်ကို ခေါင်းစားနေခဲ့ရ၏။

တော်ဝင်သခင်များ အသက်တိုသည့် ကိစ္စကြောင့်သာ မဟုတ်လျှင် တော်ဝင်သခင်ရာထူးကို လက်ခံလိုက်၍ သူ့အတွက် ဘာမှမဖြစ်ချေ။ တော်ဝင်သခင်ရာထူးကို လက်ခံလိုက်သည်နှင့် လေ့ကျင့်စရာ အရင်အမြစ်များကို အလျှံအပယ် ရပေလိမ့်မည်။

သို့သော်လည်း တော်ဝင်သခင်ရားထူကို လက်ခံလိုက်လျှင် ရင်ဆိုင်ရမည့် ဆိုးကျိုးကိုမြင်ပြီး ထိုရာထူးကို ရန်ကိုင် လုံးဝ လက်မခံချင်တော့ချေ။

အန်လင်းအာလည်း နည်းနည်း ရှက်နေခဲ့၏။ မျက်မှောင်လေးကြုံ့လျက် တိုးတိုးလေး ပြောလိုက်၏ “ဘာပဲဖြစ်ဖြစ်၊ ဒီမှာ ခဏနေလိုက်ဦး။ သူတော်စင်မနန်က အပြင်မှာ စောင့်နေတာ။ အခုအချိန် အပြင်ထွက်သွားလို့ မလုံခြုံဘူး။ ရက်နည်းနည်းလောက်စောင့်ပြီးမှ အခြေအနေကို တစ်ချက် ထပ်စူးစမ်းကြည့်တာပေါ့”

“ကောင်းပြီလေ။ ဒါပဲ ရှိတော့တယ်နဲ့တူတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ငါကောင်းကောင်း မွန်မွန် ရှိနေကြောင်းကို ကောင်းကင်ဂိုဏ်းတော်ဆီ ငါ့အစား သတင်းပို့ပေးလို့ရမလား”

“စိတ်ချထားလိုက်။ နင့်စကားကို သူတို့ဆီ ကျိန်းသေ ပို့ပေးလိုက်မယ်” အန်လင်းအာက ခေါင်းညိတ်လိုက်၏။

“ကျေးဇူးပဲ”

“ယဉ်ကျေးနေစရာမလိုဘူး…” အန်လင်းအာက ပြုံးလိုက်ပြီး အိပ်ရာကနေ ထရပ်ကာ ပြောလိုက်၏ “အခုတော့ ဒီမှာပဲ နားနေလိုက်ဦး။ ငါအရင် ပြန်နှင့်လိုက်မယ်။ တစ်ခုလိုတာရှိရင် ငါ့ကိုပြော။ ရှုဟွေကို နင့်အတွက် စီစဉ်ခိုင်းလိုက်မယ်”

အန်လင်းအာ ထွက်သွားပြီးနောက် ရန်ကိုင် အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး သူ့ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။

ရန်ကိုင် မျှော်လင့်ထားခဲ့သလိုပင် နန်းတော်ထဲ၌ သူ့ကို စောင့်ကြည့်နေသော ပညာရှင်များစွာ ရှိနေခဲ့၏။

ကြိတ်သာရယ်လိုက်ပြီး ထိုလူများကို ဂရုမစိုက်တော့။ ရှုဟွေ ထိုကဲ့သို့ လုပ်မည်မှန်း သူကြိုသိထားပြီးားပင်။

သို့သော် ယခုလောလောဆယ်၌ ဘုံကိုးခု ထွတ်မြတ်နယ်မြေမှ မထွက်ခွါနိုင်သေးပေ။ အန်လင်းအာ ပြောခဲ့သလိုပင် သူတော်စင်မနန်သည် တော်ဝင်နယ်မြေ အပြင်ဘက်၌ ရှိနေသေး၏။ သူသာ ယခုနေ ထွက်သွားလိုက်ပါက သေမင်းခံတွင်းထဲ ခုန်ချလိုက်သည်နှင့် ဘာမှခြားလိမ့်မည် မဟုတ်ပေ။

သူတော်စင်မနန် လက်မှ ရှောင်တိမ်းနိုင်မည့် အစီအစဉ်တစ်ခုကို မစဉ်းစားမိသေးသရွေ့ ရန်ကိုင် မဆင်မခြင် လှုပ်ရှားလိမ့်မည် မဟုတ်ချေ။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ လူများသည် သူ့အပေါ် မကောင်းကြံလိုစိတ်မရှိ။ တော်ဝင်သခင်ရာထူးကို ရယူစေလိုသည့် ဆန္ဒတစ်ခုသာ ရှိ၏။ ထို့ကြောင့် သူသာ ခေါင်းမာမာနှင့် ဆက်လက် ဘူးခံငြင်းနေပါက သူတို့ဘက်မှလည်း အားသုံး၍ တွန်းအားပေးနိုင်လိမ့်မည် မဟုတ်ချေ။ ရှင်းရှင်းပြောရလျှင် ဤအရာသည် စိတ်စွမ်းအင် တိုက်ပွဲတစ်ခုသာ ဖြစ်လေ၏။

ယခု အားယားနေသည့်အချိန်အတွင်း သူ့ကျင့်ကြံခြင်းကို အခြေခိုင်အောင် လုပ်ရမည်ဟု ရန်ကိုင် ဆုံးဖြတ်လိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၃) ခွန်အားကိုမှ နှစ်ခြိုက်တာ

ကောင်းကင်စိတ်အာရုံဖြင့် ကိုယ်အနှံ့ စစ်ဆေး ကြည့်လိုက်ပြီးနောက် အစစ်အမှန်ချီနှင့် ခန္ဓာကိုယ် အတော့်ကို ပြောင်းလဲသွားသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။ မသေမျိုး ဒုတိယအဆင့်သို့ ချိုးဖျက်ပြီးနောက် အစစ်အမှန်ချီ၏ သိပ်သည်းနှုန်းနှင် သန့်စင်နှုန်းသည် သိသိသာသာကို တိုးတက်သွားခဲ့၏။

နောက်ဆုံးအကြိမ် သူသေကိုယ်သေတိုက်ပွဲကို ဆင်နွှဲပြီးနောက် သူ့ခန္ဓာကိုယ်သည် ယခင်ထက် ကြံ့ခိုင်လာခဲ့လေပြီ။

စိတ်စွမ်းအင်ကား ပို၍ပင် တိုးတက်လာသေး၏။ ဝိဥာဉ်ကြာပန်း၏ စဉ်ဆက်မပြတ် အားဖြည့်ပေးမှုကြောင့် သူ့ဝိဥာဉ်သည် အတော့်ကိုမှ အားကောင်းလာခဲ့၏။

ယခုအချိန်၌ သူ့စိတ်စွမ်းအားသည် သူတော်စင် ပထမအဆင့် ပညာရှင်တစ်ယောက်အောက် နိမ့်ကျခြင်း မရှိတော့ပေ။

တေဇောဓါတ်အသိစိတ်ပင်လယ်ပါ ရှိနေခဲ့ရာ သူတော်စင် ပထမအဆင့် ပညာရှင်တစ်ယောက်သာ သူနှင့် စိတ်စွမ်းအားချင်း လာယှဉ်လိုက်ပါက တစ်ခါတည်း အပိုင်တွယ်လိုက်၍ ရလေပြီ။

သူ့ခွန်အား တိုးတက်လာသဖြင့် ယုံကြည်ချက်လည်း တိုးလာရ၏။ တွေ့ကြုံခဲ့ရသမျှ အခက်အခဲမျိုးစုံ၊ ကံဆိုးမှု အသွယ်သွယ်တို့သည် သူ့အား ပိုပို သန်မာလာအောင် တွန်းအားပေးနေခဲ့၏။

သေခြင်းရှင်ခြင်း တိုက်ပွဲကို ကြုံတွေ့ဖူးသူများသာ ထိုကဲ့သို့သော ဥာဏ်အလင်းများကို သိမြင်နိုင်၏။ သေခြင်းတရားနှင့် နီးကပ်ဖူးမှပဲ အကြောင်းအရာအချို့ကို နားလည်နိုင်ပေလိမ့်မည်။

အစစ်အမှန် ပညာရှင်တိုင်းသည် သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ဖူးသူများ ဖြစ်ကြပေ၏။ ထို့ကြောင့်ပဲ ထိုလူတို့၏ စိတ်စွမ်းအင်သည် သာမန် ကျင့်ကြံသူများထက် ပို၍ အားကောင်းပြီး ရှင်သန်လိုစိတ်၊ သိုင်းတာအို၏ အထွဋ်အထိပ်သို့ ရောက်ရှိလိုစိတ် ပိုကြီးမားကြ၏။

ငယ်စဉ်ကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်၊ အရာရာ အဆင့်သင့် အရံသင့်ဖြင့် မိသားစု၏ ထောက်ပံ့မှုအောက်၌ ကြီးပြင်းလာသော ကလေးများသည် အနည်းငယ်‌သော အခက်အခဲကို ကြုံတွေ့ရလျှင်ပင် လက်လျှော့သွားတတ်ကြ၏။

ရန်ကိုင်၏ သိုင်းပညာခရီးလမ်းသည် ဆူးချွန်များတို့ဖြင့် ပြည့်နှက်နေသော လမ်းကြောင်း တစ်ခုဖြစ်၏။ အခက်အခဲများ၊ သေခြင်းရှင်ခြင်း တိုက်ပွဲများကို ကျော်ဖြတ်လာနိုင်ပြီးမှသာ ယခုလက်ရှိ ခွန်အားကို ပိုင်ဆိုင်ထားနိုင်ခြင်း ဖြစ်၏။

ရန်ကိုင် ပိုင်ဆိုင်ထားသမျှ အရာအားလုံးသည် ကံကောင်းမှု သက်သက်ကြောင့် ရရှိလာခြင်းမဟုတ်။ သူ့ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားခဲ့ပြီးမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းများကို ပြန်စဉ်စားမိသော် သူ့ကိုယ်သူ ပို၍ ယုံကြည်ချက်ရှိလာခဲ့၏။ အချိန်သာ လုံလောက်လျှင် သိုင်းတာအို၏ အထွဋ်အထိပ်သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်ချက် ရှိလာခဲ့လေပြီ။

ထို့နောက် စိတ်ငြိမ်အောင်လုပ်၍ ခန္ဓာကိုယ်‌ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်၏။

အံ့အားသင့်သွားရသည့် အချက်သည်ကား သွေးကြောထဲရှိ ရွှေရောင်သွေးများ ပို၍ သိပ်သည်း လာခြင်းပင်။

သူ့သွေးအားလုံး ရွှေရောင်ဖြစ်သွားပါက မဟာ နတ်ဆိုးနတ်ဘုရား၏ သွေးနှင့်တူညီသွားမည် ဖြစ်ပြီး မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားစွမ်းရည် ပညာရပ်များကိုပါ ထုတ်သုံးလာနိုင်မည်ဟု လီရုန်နှင့် ဟန်ဖေးတို့ သူ့အား တစ်ခါပြောခဲ့ဖူး၏။

မဟာနတ်ဆိုးနတ်ဘုရားသည် မျိုးနွယ်စုကြီး သုံးခုကပင် အသိအမှတ်ပြုထားရသော တုန်းရွှမ် လောကကြီး၏ အားအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူ့ခေတ်သူ့အခါက သူ၏ ဘုန်းကျက်သရေကို စိန်ခေါ်ရဲသူ တစ်ဦးတစ်လေမှ မရှိခဲ့။

နတ်ဆိုးနတ်ဘုရား၏ သွေးသည် အရမ်းကိုမှ အသုံးဝင်လှ၏။ နတ်ဆိုးနတ်ဘုရား၏ သွေးကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ သူ့ခန္ဓာကိုယ်သည် အတော့်ကိုမှ ကြံ့ခိုင်လှပြီး ခန္ဓာကိုယ်ခွန်အားသည် အံ့အားသင့်ဖွယ် အဆင့်ထိ ရောက်ရှိနေခြင်း ဖြစ်သည်။

သွေအားလုံး ရွှေရောင်ဖြစ်သွားပါက သူ့ခန္ဓာကိုယ် မည်မျှသန်မာလာမည်ကို ရန်ကိုင် စိတ်ပင် မကူးဝံ့ချေ။

ရှေးဟောင်းနတ်ဆိုးကလန်သားများ၏ ခန္ဓာကိုယ် အရမ်းကိုမှ အားကောင်းရခြင်းမှာ ၎င်းတို့သည် မဟာနတ်ဆိုးနတ်ဘုရား၏ သွေးအမွေကို ဆက်ခံထားသောကြောင့် ဖြစ်သည်။ သို့သော် သွေးအနည်းကျဉ်းကိုသာ လက်ခံရရှိထားခြင်း ဖြစ်ပြီး ရန်ကိုင်နှင့် နှိုင်းယှဉ်လိုက်ပါက အတော့်ကိုမှ ကွာခြားလှ၏။ ရန်ကိုင်သွေးသည် ပို၍ သန့်စင်သလို ပို၍လည်း သိပ်သည်း၏။

အသိစိတ်ကို အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲသို့ ပိုလွှတ်၍ နတ်ဘုရားသစ်ပင်နှင့် အဆက်အသွယ်လုပ်ရင်း ကျင့်စဉ်ကို လှည့်ပတ်ကာ စတင် ကျင့်ကြံတော့လေ၏။

ရန်ကိုင် အားကောင်းလာနေသလို နတ်ဘုရား သစ်ပင်သည်လည်း ဆင့်ကဲပြောင်းလဲန၏။ ရန်ကိုင်က ခွင့်ပြုထားသဖြင့် ဆေးပေါင်ရည်ကို တစ်နေ့တစ်စက် စုပ်ယူခဲ့၏။ ထိုဆေးပေါင်းရည်ကြောင့်ပဲ ၎င်း၏ အသိစိတ် ပိုမိုကြည်လင်လာရုံမက အသိဥာဏ်သည်လည်း မြန်ဆန်စွာ တိုးတက်လာနိုင်ခဲ့၏။ ယခု နတ်ဘုရား သစ်ပင်သည် ရန်ကိုင်နှင့် ကောင်းကောင်းမွန်မွန် ဆက်သွယ် ပြောဆိုလာနိုင်ရုံမက ရန်ကိုင်အား မေးခွန်းများပင် မေးလာတတ်နေပြီ။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ရောက်နေသည်မှာ နှစ်လပြည့်သွားခဲ့လေပြီ။

ဤနေရာ၌ နှစ်လလောက် နေပြီးနောက် ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် အတော်လေး အသားကျလာခဲ့လေပြီ။ အလွယ်တကူ ထွက်ခွါခွင့် မပေးသည်မှလွဲ၍ သူ့အား အတော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ၏။

အကြီးအကဲရှုဟွေနှင့် အခြားအကြီးအကဲများသည် ရန်ကိုင်ဆီသို့ ဆေးလုံးနှင့် ကျင့်ကြံရေး အရင်းအမြစ် များစွာကို ပို့ပေးရုံမက သူ့ဝေယျာဝစ္စကိစ္စများကို ဆောင်ရွက်ပေးရန် အစေခံမိန်းမလှလေးများကိုလည်း ပို့ပေးထား၏။ ထို့ပြင် ရန်ကိုင်ဆီသို့ ဘုံကိုးခု ထွတ်မြတ်နယ်မြေ၏ ကျင့်စဉ်နှင့် သိုင်းပညာရပ် များစွာကိုလည်း ယူလာပေးခဲ့၏။

အစေခံမလေးများကို မထိသည်မှလွဲ၍ ပို့လာသမျှ ပစ္စည်းမှန်သမျှကို ရန်ကိုင် လက်ခံထားခဲ့၏။ အချိန်ရလျှင် ရသလောက် ကျင့်ကြံနေသဖြင့် မသေမျိုး ဒုတိယအဆင့် ကျင့်ကြံခြင်းသည်လည်း အလျင်အမြန် အခြေခိုင်သွားခဲ့၏။

ရှုဟွေနှင့် အခြားသူတော်စင်အဆင့် ပညာရှင်များသည် ရန်ကိုင်ဆီသို့ လာရောက်၍ မကြာခဏ စကားစမြည် ပြောတတ်ကြ၏။ သို့သော် တော်ဝင်သခင်နှင့် ပက်သက်သည့် အကြောင်းအရာကိုမူ အမြဲတမ်း စကားမဟခဲ့ပေ။ ရံဖန်ရံခါ ရှုဟွေနှင့် အခြားအကြီးများသည် ရန်ကိုင်အား ဘုံကိုးခု ထွတ်မြတ်နယ်မြေ၏ မြင်ကွင်းအဖုံဖုံကို လိုက်လံပြသတတ်၏။

ထိုအရာများကို အသုံးပြု၍ ဘုံကိုးခုထွတ်မြတ် နယ်မြေအပေါ် ရန်ကိုင် အထင်ကြီးလာအောင် လုပ်ချင်ခဲ့သော်လည်း ရန်ကိုင်၏ ဆုံးဖြတ်ချက်အား အနည်းငယ်မှပင် ယိမ်းယိုင်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ရှုဟွေနှင့် အခြားသူတော်စင်အဆင့် ပညာရှင်များ စတင် စိုးရိမ်လာခဲ့ကြရ၏။

တောင်ထွတ်ကိုးလုံးထဲမှ တစ်လုံးပေါ်ရှိ ကြီးကျယ်ခမ်းနားသော အဆောက်အဦးထဲ တော်ဝင်နယ်မြေ၏ အကြီးအကဲများနှင့် ကာကွယ်သူများ စုဝေးနေခဲ့ကြ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေသည် မူလ လူအင်အားသည် အရမ်းကိုမှ တောင့်တင်းလှ၏။ သူတော်စင်တတိယအဆင့်သို့ ရောက်နေသော တော်ဝင်သခင်၊ သူတော်စင် ဒုတိယအဆင့်သို့ အသီးသီး ရောက်ရှိနေကြသော ရှုဟွေနှင့် သူတော်စင်မနန်၊ သူတော်စင် ပထမအဆင့်များ ဖြစ်ကြသော လက်ကျန် အကြီးအကဲများနှင့် ကာကွယ်သူများ ဖြစ်ကြသော ယုယင်၊ လော့ရှုန်း၊ ရှီခွန်း၊ မုန်ထျန်ဖေးနှင့် ချုန်ယွဲ့ထုန်တို့ပင် ဖြစ်၏။ ထိုလူများထဲ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့သည် အမျိုးသမီးများ ဖြစ်ကြ၏။

တုန်းရွှမ်လောကကြီးတွင် သူတော်စင်အဆင့် ပညာရှင် များစွာကို နေရာတစ်ခုတည်း၌ အတူတကွ ရှာတွေ့ရန်မှာ အရမ်းကိုမှ ခဲယဉ်းလှ၏။

“အကြီးအကဲချုပ်၊ တော်ဝင်သခင်လောင်းရဲ့ သဘောထားက ဘယ်လိုလဲ” ရင့်ကျက်သော အလှတရားကို ပိုင်ဆိုင်ထားသည့် ယုယင်က မေးလိုက်၏။ ယုယင်သည် သူမ၏ ဖွံ့ထွားပြီး ရင့်မှည့်ပြည့်ဖြိုးနေသော ကိုယ်လုံးကိုယ်ပေါက်ကို အထူးတလေ ထင်ထင်ရှားရှား ဖြစ်စေသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ အသားအရေသည် နှင်းသားပမာ ဖြူဖွေးပြီး ကျောက်စိမ်းသားကဲ့သို့ ချောမွတ်လှကာ မျက်လုံး လေးများသည်လည်း မဟူရာညယံထက်ရှိ ကြယ်လေးများပမာ တောက်ပလင်းလက်နေခဲ့၏။

ချက်ချင်းဆိုသလို အားလုံးသည် အကြည့်သည် ရှုဟွေပေါ်သို့ စုပြုံရောက်ရှိလာခဲ့၏။

ရှု‌ဟွေက မျက်လုံးကြုံ့၍သာ ပြန်ပြောလိုက်၏ “အဆင်မပြေဘူး။ ငြင်းနေတုန်းပဲ။ တော်ဝင်သခင် အကြောင်း တစ်ခါမှ စကားမစခဲ့ပေမယ့် သူ့ပုံစံက လုံးဝကို တော်ဝင်သခင် ဖြစ်မလာချင်တဲ့ပုံပဲ”

“ဒီကောင်လေးက တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ…” လော့ရှုန်းက အံ့အားသင့်နေသည့် အမူအရာဖြင့် “တုန်းရွှမ်လောကကြီး တစ်ခုလုံးမှာရှိတဲ့ လူငယ်တွေထဲမှာ ငါတို့ တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်မလာချင်တဲ့ လူငယ် ဘယ်သူရှိလို့လဲ။ တော်ဝင်သခင် ဖြစ်လာတာနဲ့ ကောင်းကင်ပေါ်ကို ခြေတစ်လှမ်းတည်းနဲ့ ရောက်သွားမှာကို သူဘာလို့ လက်မလျှော့တမ်း ဘူးခံ ငြင်းနေမှန်း ငါတကယ်ကို နားမလည်နိုင်ဘူး။ မသိရင် ငါတို့ကပဲ ရှိသမျှဒုက္ခ၊ အခက်အခဲတွေ အကုန်လုံးကို သူ့အပေါ် ပုံချနေသလိုလို”

“နင့်စကားကို ကြည့်ပြော။ သူက အနာဂတ် တော်ဝင်သခင်လောင်းနော်။ နင်ပြောချင်တိုင်း ပြောလို့ရတဲ့ လမ်းဘေးက ကြုံရာလူတစ်ယောက်မ ဟုတ်ဘူး” တောက်ပြောင်သော အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် ချုန်ယွဲ့ထုန်က လော့ရှုန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။ လော့ရှုန်းလည်း ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလိုက်ပြီး ရှုဟွေဆီ လှမ်းကြည့်လိုက်၏။ ရှုဟွေ ဒေါသမထွက်သည်ကို မြင်မှပဲ လော့ရှုန်း စိတ်သက်သာရာ ရနိုင်ခဲ့၏။

“ဒါပေမယ့် တကယ့်ကို တော်တော်လေး ထူးဆန်းတယ်” ချုန်ယွဲ့ရှုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး “သူငါတို့တော်ဝင်နယ်မြေကို အထင်သေးနေတာ များလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရှီခွန်းက နှာခေါင်းရှုံ့လိုက်ပြီး “တော်ဝင်သခင်ဟောင်း မရှိတော့ပေမယ် ငါတို့တော်ဝင်နယ်မြေက အင်အားစုကြီး တစ်ခု ဖြစ်နေတုန်းပဲ။ ငါတို့သာ ဒုတိယဆိုရင် ဘယ်သူကမှ ပထမနေရာကို ယူရဲမှာမဟုတ်ဘူး။ ကျော်ကြားမှုလား၊ အမွေအနှစ် အပိုင်းလား သူ့ကောင်းကင်ဂိုဏ်းတော်ထဲ အများကြီး သာပြီးသား။ အဲ့အချက်ကို သူဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေမှာလဲ”

“မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ရှုဟွေက ရုတ်တရက် ဝင်ပြောလိုက်၏ “ငါကိုယ်တိုင် သူ့ကို တောင်ထွတ်ကိုးလုံးဆီ ခေါ်သွားပြီး ငါတို့တော်ဝင်နယ်မြေ ဘယ်လောက် ကြီးကျယ်ခမ်းနားကြောင်း ပြခဲ့တာပဲ။ ငါရှင်းပြတာကို သေသေချာချာ နားထောင်ပြီး နည်းနည်းပါးပါးလေး ချီးကျူးခဲ့ပေမယ့် ထိတ်လန့်သွားတဲ့ ပုံစံမျိုး တစ်ခါမှ လုပ်မပြဘူး။ မသိရင် အားလုံးက သူ့မျက်လုံးထဲမှာ ဘာမှ မဟုတ်တဲ့အတိုင်းပဲ”

“အဲ့ကောင်လေးက… အဟမ်း၊ တော်ဝင်သခင်လောင်းရဲ့ တုန့်ပြန်မှုက တကယ်ကြီး အဲ့လိုမျိုးလား” လော့ရှုန်းက မေးလိုက်၏။

“အကြီးအကဲချုပ်၊ သူဘာကြိုက်လဲ ခင်ဗျားသိလား။ သိရင် သူကြိုက်တဲ့ဟာကို ပေးပြီး သူ့နား ချဉ်းကပ်လို့ ရလောက်တယ်” မုန်ထျန်ဖေးက အကြံပြုလိုက်၏ “တော်ဝင်နယ်မြေက တော်ဝင်သခင် မရှိလို့ မဖြစ်ဘူးနော်။ တော်ဝင်သခင် သေသွားတာ တစ်နှစ်တောင် ရှိနေပြီ။ အနာဂတ်တော်ဝင်သခင်လောင်းကို ရှာတွေ့ပြီး တော်ဝင် နယ်မြေဆီ ပြန်ခေါ်လာနိုင်ခဲ့တာ ကံကောင်းသွားတယ်။ ဒါပေမယ့် တော်ဝင်သခင်ရာထူး ဆက်ခံပွဲကို အခုထိ မကျင်ပသေးလို့ တပည့်တော်တော်များများက မေးခွန်းထုတ်နေကြပြီ။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သူတို့လည်း ကောင်းကောင်း ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး။ အဲ့လိုဆိုရင် တော်ဝင်နယ်မြေရဲ့ အနာဂတ်ကို အကြီးအကျယ် ထိခိုက်နိုင်တယ်”

“ဟုတ်တယ်” ယုယင်လည်း ခေါင်းညိတ်လိုက်ပြီး “သူဘာကြိုက်လဲ ဆိုတာကိုသာ သိရင် သူ့ကို အပီချုပ်ထားလို့ ရလောက်တယ်။ အနည်းဆုံး တော်ဝင်နယ်မြေကို သူတွယ်တာသွားအောင် လုပ်နိုင်ဖို့ လိုတယ်။ အဲ့လိုလုပ်နိုင်မှာပဲ တော်ဝင်နယ်မြေရဲ့ တည်မြဲမှုကို အာမခံနိုင်လိမ့်မယ်”

“သူက ခွန်အားကို လိုချင်တာ” ရှုဟွေ၏ မျက်လုံးများ လက်သွားခဲ့ပြီး “ငါလေ့လာပြီးသလောက်တော့ တော်ဝင်သခင်လောင်းက အရမ်းကို စွမ်းအားကြီးချင်တာ။ စွမ်းအားကလွဲရင် အားလုံးက သူ့အတွက် ဘာမှ ဒီလောက် အရေးပါတော့တာ မဟုတ်ဘူး။ ငါပို့လိုက်တဲ့ အစေခံတွေကိုတောင် တစ်ချက် လက်မတို့ဘူး”

“ဒီလောက်ကကြီးမှာ မိန်းမလှလေးတွေကို မကြိုက်တဲ့ယောကျာ်း ရှိသေးတာပဲလား” လော့ရှန်း၏ မျက်ဆံများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့၏။

“အားလုံးကို တဏှာကြီးတဲ့ နင့်လိုလူလို့ ထင်နေတာလား” ယုယင်က နှာခေါင်းရှုံ့ကာ အထင်သေး အမြင်သေးဖြင့် ဝင်ပြောလိုက်ရာ လော့ရှုန်း လည်ပင်လေး ကျုံ့သွားခဲ့ရ၏။

“သူတော်စင်သခင်မကို ကြိုက်လို့ အဲ့လို လုပ်ပြနေတာမျာလား” ချုန်ယွဲ့ထုန် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားခဲ့၏။ ကိုယ်ချစ်ရသော မိန်းမတစ်ယောက် ရှေ့၌ မည်သည့် ယောကျာ်းမဆို သူတို့၏ အရုပ်ဆိုးသော ဘက်ခြမ်းကို ပြချင်လိမ့်မည် မဟုတ်ချေ။ များစွာသော ယောကျာ်းသားတို့သည် မြင့်မြတ်ဂုဏ်ရှိဟန် ဆောင်ကာ တစ်ဖက်လူ၏ စိတ်ဝင်စားမှု ခံရအောင် လုပ်တတ်ကြ၏။ သူတော်စင်သခင်မ အန်လင်းအာကြောင့် ရန်ကိုင် ထိုကဲ့သို့ လုပ်နေသည်မှာ ဖြစ်နိုင်ချေရှိ၏။

သို့သော် ရှုဟွေက ခါးခါးသီးသီးသာ ပြုံးလိုက်ပြီး “အဲ့လိုမျိုး မဟုတ်ဘူး။ သူတော်စင်သခင်မက သူ့ကို နှစ်သက်နေတာ။ ဒါပေမယ့် သူကတော့ သူတော်စင် သခင်မကို မိတ်ဆွေတစ်ယောက်လိုပဲ ဆက်ဆံတယ်”

“ငါ့ရဲ့ သနားစရာ လင်းအာလေး…” ယုယင်နှင့် ချုန်ယွဲ့ထုန်တို့နှစ်ယောက် တစ်ပြိုင်တည်း ရေရွတ်လိုက်ကြ၏။

နှစ်ယောက်စလုံး အန်းလင်အာ ကြီးပြင်လာသည်ကို စောင့်ကြည့်ခဲ့ကြသူများ ဖြစ်သဖြင့် သူမအပေါ် ကြင်နာ တွယ်တာမိ၏။

“အနာဂတ်တော်ဝင်သခင်လောင်းက တကယ့်ကို ပုံမှန်မဟုတ်ဘူးပဲ…” ရှုဟွေက ရုတ်တရက် ပြောလိုက်၏ “သူလို့ ငယ်ရွယ်တဲ့ မသေမျိုး ဒုတိယအဆင့် ပညာရှင် တစ်ယောက်ကို ငါတစ်ခါမှ မတွေးဖူးဘူး။ မင်းတို့ကော”

အားလုံး ခေါင်းခါလိုက်ကြ၏။

“ကောင်းကင်ဂိုဏ်းတော်… သူတို့ တကယ့် ဂျီးနီးယပ်ကြီးကို ပျိုးထာင်ခဲ့တာပဲ။ ဒါပေမယ့် အခုထိ သူ့အကြောင်း ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ။ ဒီလို ထူးချွန်တဲ့ လူတစ်ယောက်ဆိုတာ တုန်းရွှမ်လောကကြီး တစ်ခုလုံးမှာ ကျော်ကြားနေသင့်တာလေ။ တကယ်ကို နားမလည်နိုင်ဘူး။ ပြီးတော့ သူက သူတော်စင်သခင်မကို ခေါ်ပြီး နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီလက်ကနေ ထွက်ပြေး လာနိုင်ခဲ့တာနော်။ ဘယ်လို နည်းလမ်းတွေ သုံးပြီး ထွက်ပြေးလာနိုင်လဲ ဆိုတာကို ငါတကယ် စဉ်းစားလို့ကို မရဘူး…”

“သူတော်စင်မနန်ရဲ့ လက်ကနေလည်း ထွက်ပြေး နိုင်ခဲ့သေးတယ်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၄) တော်ဝင်သင်္ချိုင်း

ထိုအကြောင်းကို ကြားလိုက်သည်နှင့် အကုန်လုံး ထိတ်လန့်သွားခဲ့ကြ၏။

ထိုအကြောင်းကို တစ်ခါမှ မပြောကြသဖြင့် အကုန်လုံး မသိသလိုသာ သဘောထားကြ၏။ သို့သော် ယခုပြောလာသည့်အခါမှ ထိုကဲ့သို့ လုပ်ဆောင်နိုင်မှုသည် မည်မျှ အံ့ချီးဖွယ်ကောင်းကြောင်းကို အကုန်လုံး သိလိုက်ရ၏။

မသေမျိုး ဒုတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် လိုက်လံဖမ်းဆီး သတ်ဖြတ်နေသော သူတော်စင်အဆင့် ပညာရှင်များလက်မှ လွတ်အောင် ထွက်ပြေးနိုင်ခဲ့၏။ ထို့အပြင် တစ်ယောက်တည်း ထွက်ပြေးလာခြင်းမဟုတ်။ အခြားလူတစ်ယောက်ကိုပါ အတူခေါ်၍ ထွက်ပြေးလာခြင်း ဖြစ်၏။ ထိုကဲ့သို့ ထွက်ပြေးလာနိုင်ရသည့် အကြောင်းအရင်း နှစ်ချက်သာ ရှိ၏။ ပထမအချက်သည် ကံကောင်းလွန်း၍ ဖြစ်ပြီး ဒုတိယအချက်သည် သူကိုယ်တိုင်က ကြောက်မက်ဖွယ် ကောင်းနေသောကြောင့် ဖြစ်၏။

ဤနေရာ ရှိနေသူအားလုံးသည် ရန်ကိုင်က ဒုတိယအမျိုးအစားထဲတွင် ပါဝင်သည်ဟု ပို၍ ယုံကြည်ကြလေ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာသူ အားလုံးတို့သည် ဘဝအခြေအနေ အမျိုးမျိုးမှ လာရောက်ကြသူများဖြစ်ပြီး အမျိုးမျိုးသော အရည်အသွေးများကို ပိုင်ဆိုင်ထားကြ၏။

ထို့ကြောင့် သူတော်စင်မ ရွေးချယ်လိုက်သော လူတစ်ယောက်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ထိုလူကို အထွဋ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင် ပေးနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိ၏။ ရန်ကိုင်ကဲ့သို့ အဆင့်အမြင့် ပါရမီအရည်အချင်းနှင့် ကနေဦး ကျင့်ကြံခြင်း အဆင့် မြင့်မားနေသူအတွက်မူ ပြောနေစရာပင် မလိုတော့ချေ။

“ဘာပဲဖြစ်ဖြစ်၊ သူတော်ဝင်သခင်ရာထူး ဆက်ခံလာအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှာကို ရှာရလိမ့်မယ်။ တော်ဝင်သခင်ရဲ့ စိတ်ဝိဥာဉ်လက်စွပ် မရှိဘဲနဲ့ တော်ဝင်နယ်မြေရဲ့ အရေးကြီး နေရာတွေ အကုန်လုံးက ပိတ်နေမှာ။ ဒီကိစ္စကို ထပ်ပြီး နှောင့်နှေးနေလို့ မဖြစ်တော့ဘူး” ရှုဟွေက ရုတ်တရက် ပြောလိုက်၏။

“သူက ဆန္ဒမရှိရင်ကော” ယုယင် မျက်မှောင် ကြုံ့သွားခဲ့၏။

“သူလက်မခံချင်တော့ကော ဘာဖြစ်လဲ။ ဒီလောက် သူတော်စင်အဆင့် ပညာရှင်တွေ အများကြီး ရှိတာကို ငါတို့မလုပ်နိုင်ဘူးလို့ ထင်နေတာလား” ရှီခွန်း စိတ်မရှည် ဖြစ်လာခဲ့လေပြီ။

“အားသုံးချင်နေတာလား” ယုယုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ရှီခွန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“ငါလည်း အဲ့လိုမျိုး လုပ်ဖို့ စဉ်းစားနေတာ” ရှုဟွေက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “ငါတို့ ဘယ်လိုပဲ ပြောပြော သူ့ဆုံးဖြတ်ချက်ကို ပြောင်းမှာမှ မဟုတ်တာ။ အချိန်ကလည်း ရှိတော့တာ မဟုတ်ဘူး။ ဒါကြောင့် အလောင်းအစားလုပ်ပြီး သူ့ကို တော်ဝင်သင်္ချိုင်းထဲ ပို့ဖို့ပဲ ရှိတော့တယ်”

ထိုစကားကို ကြားလိုက်သည်နှင့် အကုန်လုံး မျက်မှောင် ကြုံ့သွားခဲ့၏။

“သူ… သူထွက်မလာနိုင်ရင်ကော” ချုန်ယွဲ့ထုန်က စိုးရိမ်နေသည့် လေသံဖြင့် “သူတော်စင်မဆိုလို့ လင်းအာ တစ်ယောက်ပဲ ကျန်တော့တာ။ သူကလည်း တစ်ယောက်ကို ရွေးပြီးသွားပြီဆိုတော့ နောက်တစ်ယောက် ထပ်ရွေးလို့ မရတော့ဘူး။ သူသာ ထွက်မလာနိုင်ခဲ့ရင်…”

“သူသာ ထွက်မလာနိုင်ခဲ့ရင် ဂိုဏ်းတစ်ခုလုံးကို ခဏတာ ပိတ်ချပြီး နောက်သူတော်စင်မတွေ ရင့်ကျက်လာမယ့် အချိန်ကို ပြန်စောင့်ရမှာပေါ့”

နောက်မျိုးဆက် သူတော်စင်မများကို ရွေးပင် မရွေးရသေးချေ။ ထို့ကြောင့် ထိုလူများ ရင့်ကျက်ရန် အနည်းဆုံး နှစ်နှစ်ဆယ်လောက် လိုပေလိမ့်မည်။ သို့သော်လည်း တော်ဝင်နယ်မြေတွင် တော်ဝင်သခင် မရှိသဖြင့် ယခင်တော်ဝင်သခင်၏ စိတ်ဝိဥာဉ် လက်စွပ်ကို တော်ဝင်သင်္ချိုင်းထဲမှ မည်သူကမှ သွားမယူနိုင်ချေ။

စိတ်ဝိဥာဉ်လက်စွပ် မရှိလျှင် တော်ဝင်နယ်မြေ၏ အရေးကြီး နေရာများကို အသုံးပြု၍ ရနိုင်လိမ့်မည် မဟုတ်ပေ။ ထိုနေရာများကိုသာ အသုံးမပြုနိုင်ပါက ဘုံကိုးခုထွတ်မြတ်နယ်မြေ မည်မျှပင် အားကောင်း စေကာမူ အနှေးနှင့်အမြန်ဆိုသလို ပျက်သုဉ်း ပျောက်ကွယ်သွားရပေလိမ့်မည်။

ထို့ကြောင့်ပဲ ယခင်နှစ်လအတွင်း သူတော်စင် အဆင့် ပညာရှင်များ အလျင်စလို မလှုပ်ရှားရဲကြခြင်း ဖြစ်၏။ သို့သော်လည်း ရန်ကိုင်သည် တော်ဝင်သခင်ရာထူးကို ခေါင်းမာမာနှင့် ငြင်းဆန်နေသဖြင့် ရှုဟွေတို့လည်း နောက်တစ်ကြိမ် ထပ်စဉ်းစားလာခဲ့ရလေပြီ။

“ဒါပေမယ့် သူက ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုစလုံးကိုမှ အပြည့်အဝ နားမလည်သေးတာ။ အထဲကို ဘယ်လိုလုပ်ပြီး ဝင်မှာလဲ။ တော်ဝင်သင်္ချိုင်းကနေပဲ ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုကို ဖန်တီးခဲ့တာ။ အဲ့ပညာရပ်ကိုးခုကို တတ်ထားမှပဲ တော်ဝင်သင်္ချိုင်းထဲ ဝင်လို့ရမှာလေ”

“သူက သုံးခုတတ်ပြီးသွားပြီ ဆိုတော့ အဲ့လောက်နဲ့တင် လုံလောက်နေပါပြီ။ ဒါက ငါတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေ အတွက်ပဲလေ။ သူ့က တော်ဝင်သခင်လောင်း ဖြစ်နေလို့ တော်ဝင်နယ်မြေ အတွက် သူ့ကို စတေးရမယ် ဆိုရင်တောင်မှ ငါတို့ တုန့်ဆိုင်းနေလို့ မရဘူး” ရှုဟွေက အော်ဟစ်လိုက်၏ “သူထွက်လာနိုင်ခဲ့ရင်တော့ ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်နေလောက်မှာ”

“ကောင်းပြီ” ရှီခွန်၊ မုန်ထျန်ဖေးနှင့် အခြားသူများ အားလုံး ခေါင်းညိတ်လိုက်ကြ၏။

တော်ဝင်သင်္ချိုင်းထဲမှ ထွက်လာသော မည်သည့် တော်ဝင်သခင်မဆို တော်ဝင်နယ်မြေအပေါ် ချစ်ခင် တွယ်တာသွားကြ၏။ သူတော်စင်မ ခေါ်လာသော လူများသည် သူတို့နှင့် မရင်းနှီးသော တော်ဝင်နယ်မြေ အတွက် သူတို့၏ အသက်များကို ပေးဆပ်ထားရခြင်းမှာ တော်ဝင်သင်္ချိုင်းထဲရှိ လျှို့ဝှက်ချက်များကြောင့်ပင် ဖြစ်၏။

တော်ဝင်သင်္ချိုင်းထဲ ဘာရှိနေမှန်း မည်သူမှ မသိကြသော်လည်း ထိုအချက်ကိုမူ အကုန်လုံး သတိပြုမိကြ၏။

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ အမျိုးသမီးနှစ်ဦးကမူ မသေချာမရေရာ ဖြစ်နေခဲ့ကြ၏။ ယခုကဲ့သို့ မလုပ်ချင်သော်လည်း အချိန်အခါက အခွင့်မပေးသည့် အတွက် မည်သည့် ကန့်ကွက်မှုမှ မလုပ်ခဲ့ကြပေ။

သဘောတူညီချက် ရပြီးသည်နှင့် အကြီးအကဲနှင့် ကာကွယ်သူများသည် ရန်ကိုင်အား တော်ဝင်သင်္ချိုင်းဆီ ပို့ရန် စတင် ပြင်ဆင်ကြတော့လေ၏။

နောက်တစ်နေ့ဝယ်… နန်းတော်ထဲ တင်ပလင်ခွေ ထိုင်နေစဉ် ရှုဟွေနှင့် အခြားအကြီးအကဲများ ရောက်ရှိလာမှန်း သတိပြုမိလိုက်သည့် အတွက်ကြောင့် ရန်ကိုင် မျက်လုံးဖွင့်လိုက်၏။

ယခုတစ်ကြိမ်၌ ရောက်လာသူများသည် အနည်းငယ် ထူးခြား၏။ သူသိသော လူများသာမက မသိသော လူများပါ ပါလာခဲ့ကြ၏။

ဟန်အမူအရာမပျက်၊ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေကြသော်လည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသော အရှိန်အဝါ၊ မတည်ငြိမ်သော အသက်ရှုသံအရ ထိုလူများ တစ်ခုခု ကြံနေပြီးမှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်၏။

ခဏအကြာ၌ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်က အခန်းတံခါးဖွင့်ပေးလိုက်ရာ ရှုဟွေ၊ အကြီးအကဲများနှင့် ကာကွယ်သူများအားလုံး သူ့အခန်းထဲသို့ ဝင်လာခဲ့ကြလေ၏။

ယခုတစ်ကြိမ်ကိစ္စသည် တော်ဝင်သခင် ရာထူးနှင့် ဆက်စပ်နေမည်မှန်း ရန်ကိုင် ခန့်မှန်းမိလိုက်၏။ ထို့ကြောင့်သာ မဟုတ်လျှင် ရှုဟွေအနေဖြင့် ဤမျှ များပြားလှသော ပညာရှင်များကို ခေါ်လာခဲ့လိမ့်မည် မဟုတ်ချေ။

နှုတ်ဆက်ပြီးနောက် ရှုဟွေက ရန်ကိုင်အား အခြားအကြီးအကဲများ၊ ကာကွယ်သူများနှင့် မိတ်ဆက်ပေးလိုက်၏။ ရန်ကိုင်ကလည်း ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်နှုတ်ဆက်လိုက်၏။

“ဘာအရေးကြီး ကိစ္စများရှိလို့လဲ၊ အကြီးအကဲချုပ်” ရန်ကိုင်က လိုရင်းကိုသာ တန်းမေးလိုက်၏။

“ညီငယ်လေးကို ငါတို့နဲ့အတူ နေရာတစ်ခုစီ လိုက်စေချင်လို့ လာခေါ်တာ” ရှုဟွေက ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်၏။

“တောင်ထွတ်ကိုးခုစလုံးကို လည်ပတ်ပြီးသွားပြီလေ။ ကျုပ်မရောက်သေးတဲ့ အခြားနေရာတွေ ရှိသေးလို့လား”

“ရှိသေးတယ်။ တော်ဝင်နယ်မြေမှာ ညီငယ်လေး မရောက်ဖူးသေးတဲ့ တားမြစ်နေရာတွေ အများကြီး ရှိတယ်။ ဒီနေ့ ညီငယ်လေးကို အဲ့နေရာတွေထဲက တစ်နေရာဆီ ခေါ်သွားပေးမှာ”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ပြန်မေးလိုက်၏ “တားမြစ်နေရာဆိုမှတော့ ကျုပ်လို အပြင်လူတစ်ယောက် သွားလို့ ဘယ်ကောင်းပါ့မလဲ”

“ညီငယ်လေးက အပြင်လူမှ မဟုတ်တာ။ ပြီးတော့ အဲ့နေရာကို ညီငယ်လေးကလွဲပြီး အခြားဘယ်သူမှ မဝင်နိုင်ဘူး” ရှုဟွေက အလေးအနက် ပြန်ပြောလိုက်၏။

“အို” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး “ကျုပ်ကလွဲပြီး အခြားဘယ်သူမှ မဝင်နိုင်ဘူးလား။ ဒီတော့ အကြီးအကဲချုပ် ပြောနေတဲ့နေရာက တော်ဝင်သခင် ဖြစ်လာမယ့် လူတွေပဲ ဝင်နိုင်တဲ့နေရာပေါ့၊ ဟုတ်လား။ ဟဲဟဲ၊ ဒါကို ကျုပ်ငြင်းလို့ရမလား”

ရှုဟွေ အနည်းငယ် ရှက်သွားခဲ့ပြီး လက်းသီးဆုပ်၍ “အားနာပေမယ့် ညီငယ်လေးရယ်၊ ကျုပ်တို့နောက် ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ”

သူရှေ့ရှိ သူတော်စင်အဆင့် ပညာရှင်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ခုခံမည့် အကြံကို ချက်ချင်း ဖယ်ထုတ်ပစ်လိုက်၏။

ဤနေရာ၌ လူအများကြီး ရှိနေခဲ့ပြီး တစ်ယောက် ချင်းစီတိုင်းသည် သူတော်စင်အဆင့် ပညာရှင်များ ဖြစ်ကြ၏။ အားကုန်သုံးလျှင်ပင် ရန်ကိုင်အနေဖြင့် ဤနေရာမှ လွတ်အောင် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ပခုံးတွန့်ကာ “အဲ့လိုဆိုမှတော့… ကျုပ်ကလည်း လိုက်ခဲ့ပေးရတော့မှာပေါ့”

ထိုစကားကို ကြားသော် အားလုံး ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ရှုဟွေက ရှေ့ကနေ ဦးဆောင်၍ “ကျေးဇူးပြုပြီး”

ရန်ကိုင်အား အတင်းအကြပ် ဆွဲခေါ်လာရမည်ဟု ရှုဟွေထင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် တစ်ဖက်သူအား ဖိအားပေးရန် အလို့ငှာ ရှိသမျှ အကြီးအကဲများနှင့် ကာကွယ်သူများကိုပါ တစ်ခါတည်း ခေါ်လာခဲ့ခြင်း ဖြစ်၏။

သို့သော် ရန်ကိုင်သည် နောက်သို့ တစ်လှမ်းဆုတ်၍ သူတို့၏ တောင်ဆိုချက်ကို အလွယ်တကူ လက်ခံလိမ့်မည်ဟု သူတို့အားလုံး မထင်ထားခဲ့ချေ။ တကယ်တော့ သူသာ တော်ဝင်သခင်ကို အပြစ်ပြုမိလျှင် အနာဂတ်ကျ မည်ကဲ့သို့ လက်တုန့်ခံရမည်မှန်း မည်သူမှ မသိနိုင်ပေ။

နန်းတော်အပြင်သို့ ရောက်သည်နှင့် အကုန်လုံး ရန်ကိုင်အား ဝိုင်း၍ တောင်ထွတ်တစ်လုံးဆီ ခေါ်သွားလိုက်ကြ၏။ အကုန်လုံးသည် ဘာကိုမှ ဂရုမစိုက်သည့် အမူအရာဖြင့် သွားလာနေဟန် ထင်ရသော်လည်း တကယ်တော့ အားလုံးသည် ရန်ကိုင်၏ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်နေကြခြင်း ဖြစ်၏။ ရန်ကိုင်သာ ထွက်ပြေးရန် ကြိုးစားပါက သူတို့ဘက်ကလည်း ချက်ချင်း လှုပ်ရှားပေလိမ့်မည်။

“အကြီးအကဲချုပ်၊ ကျုပ်ကို ဘယ်နေရာဆီ ခေါ်သွားမလို့လဲ ပြောပြပေးလို့ ရမလား” ရန်ကိုင်က မေးလိုက်၏။

ရှုဟွေလည်း တစ်ခဏတာလောက် တုန့်ဆိုင်း နေပြီးနောက် အမှန်အတိုင်း ပြောပြလိုက်၏ “တော်ဝင်သင်္ချိုင်းဆီကိုပဲ”

“တော်ဝင်သင်္ချိုင်းလား” ရန်ကိုင် ကြောင်သွားခဲ့ပြီး “အလောင်းတွေ မြုပ်တဲ့နေရာနဲ့ တူသလိုပဲနော်”

“ဟုတ်တယ်” ရှုဟွေက လေးတိလေးလံဖြင့် ခေါင်းညိတ်လိုက်ပြီး “တော်ဝင်သခင်တိုင်း သူတို့ သေရမယ့်အချိန် နီးကပ်လာပြီးမှန်း သိလိုက်တာနဲ့ တော်ဝင်သင်္ချိုင်းထဲသို့ ဝင်သွားလေ့ရှိတယ်။ ဒါကြောင့် အဲ့နေရာက အလောင်းတွေ မြုပ်တဲ့နေရာဆိုလည်း မမှားဘူး။ ငါတို့ တော်ဝင်သခင်ဟောင်းတွေ နားနေတဲ့ နေရာဆိုလည်း ဟုတ်တယ်”

“အန္တရာယ်များလား” ရန်ကိုင်က အပြုံးလေး ပြုံးလျက် မေးလိုက်၏။

“ငါတို့အားလုံးအတွက်တော့ အန္တရာယ်များတယ်။ တော်ဝင်သခင် ဖြစ်မလာမယ့်လူတိုင်း ဝင်လိုက်တာနဲ့ သေတာပဲ။ ဒါပေမယ့် ညီငယ်လေးအတွက်တော့ ဒါက နောက်ဆုံး စမ်းသပ်ချက်ပဲ”

“ဘာကို ပြောချင်တာလဲ”

ရှုဟွေ နောက်တစ်ကြိမ် တုန့်ဆိုင်းသွားခဲ့ပြန်၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်က ချက်ချင်း ပြောလိုက်၏ “မပြောချင်ဘူးဆိုလည်း ထားလိုက်ပါ၊ ရတယ်ပါတယ်။ အခြားသူတွေရဲ့ လျှို့ဝှက်ချက်ကို လိုက်စူးစမ်းရတာကို ကျုပ်စိတ်မဝင်စားဘူး။ အထူးသဖြင့် ဒီလို အရေးကြီးတဲ့ လျှို့ဝှက်ချက်မျိုးတွေပေါ့။ ပိုသိလေ ပိုပြီး အန္တရာယ်များရလေပဲ”

ရန်ကိုင်စကားကြောင့် ရှုဟွေ ကိုးယိုးကားယား ဖြစ်သွားခဲ့ရပြီး ယဲ့ယဲ့လေး ပြုံးလိုက်လျက် “မပြောလို့ မရတာမဟုတ်ဘူး… ဒီအခြေအနေထိ ရောက်လာမှတော့ ဒီလူအိုကြီးလည်း ဘာမှ ဖုံးကွယ်မနေတော့ပါဘူးလေ။ တော်ဝင်သခင်တိုင်းကို သူတော်စင်မတွေက အပြင် လောကကြီးကနေ ခေါ်လာတာမှန်း ညီငယ်လေး သိတယ်မလား။ ဒါပေမယ့် ညီငယ်လေး မသိတဲ့အချက်က သူတော်စင်မတွေ ပြန်ခေါ်လာတဲ့ တော်ဝင်သခင်လောင်း အရေအတွက်က တစ်ယောက်ထက် မကဘူး ဆိုတာပဲ။ ဒါကြောင့်ပဲ မျိုးဆက်တိုင်း မျိုးဆက်တိုင်းမှာ သူတော်စင်မ တစ်ယောက်ထက်မက ရှိနေကြတာ။ သူတော်စင်မတွေက ကောင်းကင်နတ်ဘုရား ပညာရပ်တွေကို အရင် လေ့ကျင့်ထားကြတယ်။ တော်ဝင်သခင်လောင်းတွေက သူတော်စင်မတွေဆီကနေ ကောင်းကင်နတ်ဘုရား ပညာရပ်တွေကို ပြန်လေ့လာပြီး တော်ဝင်သင်္ချိုင်းထဲ ဝင်ကြတာ။ တော်ဝင်သင်္ချိုင်းထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်တဲ့လူကပဲ အစစ်အမှန် တော်ဝင်သခင် ဖြစ်လာတာ”

“ကြည့်ရတာက ကျုပ်က တော်တော်လေး ကံကောင်းနေတဲ့ပုံပဲ။ ကျုပ်နဲ့ ဖက်ပြိုင်မယ့်လူ တစ်ယောက်မှ မရှိဘူး ဆိုတော့လေ” ရန်ကိုင်က ပြောလိုက်၏။

ရှုဟွေက ကသိကအောက် အမူအရာဖြင့် ရယ်မောလိုက်ပြီး ခေါင်းညိတ်၍ “အဲ့လို ပြောလို့ရတယ်”

“အထဲမှာ ဘာတွေရှိလဲ” ရန်ကိုင်က အလေးအနက် မေးလိုက်၏။

“ဒီလူအိုကြီးလည်း မသိဘူး… အဲ့နေရာက အရင်တော်ဝင်သခင်တွေကို မြုပ်ထားတဲ့ နေရာလို့ပဲ သိတာ။ အခြား ဘာမှမသိဘူး။ ကျုပ်တင် မဟုတ်ဘူး။ အခြားအကြီးအကဲတွေနဲ့ ကာကွယ်သူတွေလည်း မသိကြဘူး။ ဘာလို့လဲ ဆိုတော့ ကောင်းကင် နတ်ဘုရား ပညာရပ်ကို လေ့ကျင့်ထားတဲ့ လူတွေပဲ တော်ဝင်သင်္ချိုင်းထဲ ဝင်လို့ရတာကိုး”

“ဒီတော့ ခင်ဗျားပြောချင်တာက ကောင်းကင် နတ်ဘုရား ပညာရပ်ကိုးခုက တော်ဝင်သင်္ချိုင်းထဲ ဝင်ဖို့ သော့ပေါ့” ရနက်ိုင်က တွေးတွေးဆဆဖြင့် မေးလိုက်၏။

“ဟုတ်တယ်။ ဒါပေမယ့် သေချာတဲ့အချက်က အထဲမှာ အန္တရာယ်တွေ ကျိန်းသေရှိတယ်။ ညီငယ်လေး၊ အထဲဝင်သွားတာနဲ့ သေချာသတိထားနော်။ မဟုတ်ရင် ဘယ်တော့မှ အပြင်ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး”

ချုန်ယွဲ့ထုန်က အလျင်အမြန် ထပ်ပေါင်း‌ ပြောလိုက်၏ “အန္တရာယ်တွေ ရှိတယ်ဆိုပေမယ့် အကျိုးအမြတ်တွေလည်း အများကြီးပဲရှိတယ်”

“အကျိုးအမြတ်တွေလား” ရန်ကိုင် ချက်ချင်း စိတ်ဝင်စားသွားခဲ့ပြီး “ဘယ်လို အကျိုးအမြတ်တွေလဲ ဆိုတာကို သေချာ ရှင်းပြပေးလို့ရမလား”

ချုန်ယွဲ့ထုန်က ပြုံးကာ ဆက်ပြောလိုက်၏ “သေတော့ မသေချာပေမယ့် တော်ဝင်သခင်တွေ တံခါးပိတ်ကျင့်ကြံတော့မယ်ဆို တော်ဝင်သင်္ချိုင်းထဲ ဝင်ပြီးတော့ပဲ တံခါးပိတ်ကျင့်ကြံလေ့ ရှိကြတယ်။ ပြီးတော့ သူတို့ ပြန်ထွက်လာလိုက်တိုင်း အကုန်လုံးရဲ့ ခွန်အားက သိသိသာသာကို တိုးတက်သွားကြတာ ချည်းပဲ”

“ဟုတ်တယ်။ တော်ဝင်သခင်တွေ အသုံးပြုတဲ့ လက်နက်တွေကိုလည်း တော်ဝင်သင်္ချိုင်းထဲကနေပဲ ရလာခဲ့တာ။ ရလာတဲ့ လက်နက်တွေက သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်တွေနော်။ အဲ့လို လက်နက်မျိုးက ဒီလောကကြီးမှာ များများစားစား ရှိလှတာ မဟုတ်ဘူး”

“တော်ဝင်သခင်တွေ အသုံးပြုတဲ့ လက်နက်တိုင်းက အားကောင်းကြတာချည်းပဲ။ အဲ့လက်နက်တွေ အကုန်လုံးကလည်း တော်ဝင်သင်္ချိုင်းကနေပဲ ရလာကြတာ။ ရှင်းရှင်းပြောရရင် ညီငယ်လေးလည်း တော်ဝင်သင်္ချိုင်းထဲကနေ အဆင့်မြင့် လက်နက် တစ်ခုလောက် ရနိုင်ကောင်း ရနိုင်တယ်” ရှုဟွေက အားဆေးကျွေးလိုက်၏။

“သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်တွေလား။ ခင်ဗျားတို့ ဘာလို့ အစောကြီးကတည်းက မပြောလိုက်တာလဲဗျာ။ စောစောကသာ ပြောလိုက်ရင် အခုအချိန်လောက်ဆို တော်ဝင်သင်္ချိုင်းထဲ ကျုပ်ဝင်ပြီးနေလောက်ပြီ။ ဟိုကွေ့ပတ်၊ ဒီကွေ့ပတ် လုပ်နေစရာတောင် မလိုတော့ဘူး” ရန်ကိုင်က စိတ်လှုပ်ရှားသွားခဲ့၏။

အကုန်လုံး ကြက်သေသေနေခဲ့လေပြီ။

“အရဲစွန့်ရတာမျိုးကိုမှ ကျုပ်ကြိုက်တာ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “အန္တရာယ်များလေ အဲ့နေရာဆီ ပိုသွားချင်လေပဲ။ အထူးသဖြင့် အသက်ရှင်ဖို့ မသေချာတဲ့ တော်ဝင်သင်္ချိုင်းလို့ နေရာမျိုးပေါ့”

ထိုစကားကို ကြားသည်နှင့် ရှုဟွေ မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်အား လုံးဝ နားမလည်နိုင်တော့သလို ခံစားလိုက်ရ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၅)

မကြာခင်အချိန်၌ ရန်ကိုင်တို့အဖွဲ့ တောင်ထွတ် ကိုးလုံးထဲရှိ တစ်လုံး၏ တောင်ခြေသို့ ရောက်ရှိလာခဲ့၏။

စပ်စုလိုသည့် အမူအရာဖြင့် ဘေးပတ်လည်ကို လှည့်ပတ်စူးစမ်းကြည့်လိုက်သော်ငြား တောင်ဘေးတွင် နစ်မြုပ်နေသော ပြားချပ်ချပ် ကျောက်ပြားကြီး တစ်ပြားကိုသာ တွေ့လိုက်ရ၏။ ရေညိုတက်နေသော ကျောက်ပြားထက်တွင် စကားလုံး လေးလုံးကို ရေးထွင်းထား၏။

တော်ဝင်သင်္ချိုင်း…

ဤနေရာသည် တော်ဝင်သင်္ချိုင်း၏ ဝင်ပေါက် ဖြစ်၏။

ထူးထူးခြားခြား ဘာကိုမှ မမြင်ရသော်ငြား ကျောက်ပြားထက်မှ ဖြာထွက်နေသော စွမ်းအင်လှိုင်း ဖျော့တော့တော့လေးကို ရန်ကိုင် အာရုံခံမိလိုက်၏။

ရှုဟွေက ရှေ့တက်၍ လက်ကွက်များစွာ ဖန်တီးကာ ကျောက်ပြားပေါ် လက်တင်လိုက်၏။ ရေကန်ထဲသို့ ကျောက်တုံးတစ်လုံး ကျသွားသည့်အလား ကျောက်ပြား မျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီး ခဏအကြာ၌ ကျောက်ပြားမျက်နှာပြင် အလယ်ဗဟို တည့်တည့်တွင် အပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့၏။

ထိုအပေါက်ကို မြင်လိုက်သည်နှင့် ရန်ကိုင် အလန့်တကြား အော်ပြောမိလိုက်၏ “လေဟာနယ် လိုဏ်ခေါင်းလား”

ရှုဟွေက အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ အဲ့အပေါက်ရဲ့ အခြားတစ်ဖက်မှာ တော်ဝင်သင်္ချိုင်းရှိတယ်။ အရင် တော်ဝင်သခင်တွေ လဲလျောင်းအနားယူနေတဲ့ နေရာပေါ့။ တကယ်တော့ တော်ဝင်သင်္ချိုင်းကို ဆန်းကြယ်လောကငယ်ထဲမှာ တည်ဆောက်ထားတာ။ ဒီအပေါက်ထဲကို ဝင်ပြီး ပြန်ထွက်လာနိုင်တဲ့ လူတွေပဲ တော်ဝင်သခင် ဖြစ်လာနိုင်ကြတယ်လေ။ ညီငယ်လေး၊ အထဲရောက်ရင် သတိထားဦးနော်။ အထဲရောက်ပြီး ဘာမှ မရခဲ့ရင်တောင် အရင်တော်ဝင်သခင်ရဲ့ စိတ်ဝိဥာဉ်လက်စွပ်ကို ယူဖြစ်အောင် ယူလာခဲ့ပေးနော်။ အဲ့လက်စွပ်က တော်ဝင်နယ်မြေထဲက နေရာတော်တော်များများကို ဝင်ဖို့ သော့ပဲ”

“ဟုတ်တယ်။ ကျိန်းသေ အသက်ရှင်လျက် ပြန်လာခဲ့နော်” ယုယင်က လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

“တော်ဝင်နယ်မြရဲ့ အနာဂတ်က တော်ဝင် သခင်လောင်းရဲ့ လက်ထဲမှာ ရှိနေတာ” ချုန်ယွဲ့ထုန် ကလည်း လေးလေးနက်နက်ဖြင့် တိုးတိုးလေး ပြောလိုက်၏။

အကုန်လုံးသည် ရန်ကိုင်အား မျှော်လင့်ချက်တို့ ရစ်သန်းနေသည့်၊ စိုးရိမ်ပူပန်နေသည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြ၏။

ရန်ကိုင်ကမူ စိုးရိမ်ပူပန်းခြင်း အရှင်းမရှိဘဲ စပင် စနောက်လိုက်သေး၏ “ကျုပ်ဘယ်တော့မှ မထွက်လာနိုင် ပါစေလို့သာ ဆုတောင်းရင် ပိုကောင်းလိမ့်မယ်”

“ဘာလို့လဲ” ရှုဟွေ ကြောင်သွားခဲ့၏။

ရန်ကိုင်၏ အကြည့် အေးစက်သွားခဲ့ပြီး ထိုလူများကို စူးရဲစွာ စိုက်ကြည့်လိုက်ကာ “ကျုပ်ပြန်ထွက်လာနိုင်ခဲ့ရင် ခင်ဗျားတို့ ပြန်ပေးဆပ်ရအောင် လုပ်မှာမို့လို့ပဲ”

ထိုစကားကြောင့် အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ အတင်းအကြပ် တွန်းအားပေးခံရသဖြင့် ရန်ကိုင် မည်မျှ ဒေါသထွက်နေမှန်း ယခုမှပင် သူတို့ နားလည်သွားခဲ့လေ၏။ သူတို့ ဘာမှပြန်မပြော နိုင်သေးခင်မှာဘဲ ရန်ကိုင်က လေဟာနယ်လိုဏ်ခေါင်း ထဲသို့ ခုန်ဝင်ပျောက်ကွယ်သွား၏။

“တော်ဝင်သခင်လောင်းက အညိုးကြီတဲ့လူပဲဟ… အဲ့ထဲကနေ ပြန်ထွက်လာရင် ငါတို့ကို ပြန်ပြီး လက်စား မချေလောက်ပါဘူးနော်။ ဟုတ်တယ်မလား” ရှီခွန်း မျက်မှောင်ကြုံ့သွားခဲ့၏။

ရှုဟွေလည်း မျက်မှောင်ကြုံလျက် သက်ပြင်း အမောကြီး ချလိုက်ကာ “တော်ဝင်သခင်လောင်းက… အရမ်းကြီး မရင့်ကျက်သေးဘူးပဲ”

“ကဲ၊ ဘာပဲဖြစ်ဖြစ်၊ ဒါက အကြီးအကဲချုပ်ရဲ့ ဆုံးဖြတ်ချက်ပဲလေ။ ငါတို့က အလိုက်သင့် လိုက်လုပ်ပေးရုံပဲ။ တော်ဝင်သခင်လောင်းက အပြစ်တင်ချင်တယ် ဆိုရင် အကြီးအကဲချုပ်က ခါးစည်း ခံပေးလိမ့်မယ်” မုန်ထန်ဖေးက ပြောလိုက်ရာ အကုန်လုံး၏ အထင်အမြင် တသေးဖြင့် စိုက်ကြည့်ခြင်း ခံလိုက်ရလေ၏။

----------------------------------

ရန်ကိုင် တော်ဝင်သင်္ချိုင်းထဲသို့ ရောက်သော် လေဟာနယ်လိုဏ်ခေါင်း ပြန်ပိတ်သွား၏။ ဘေးပတ်လည် တစ်ခုလုံး အစိမ်းရောင် အလင်းအမျှင်တန်းလေးများဖြင့် ပြည့်နေခဲ့၏။ လေးအေးများကလည်း တသုန်သုန် တိုက်ခတ်နေခဲ့ပြီး ဝိုးတဝါးတား အော်ဟစ်သံ၊ မြည်ကြွေးသံများကြောင့် သတ္တိနည်းသူသာ ဆိုပါက ကြောက်လွန်း၍ တစ်ခါတည်း တန်းသတိလစ်သွားနိုင်၏။

အလင်းရောင်ကိုလည်း ကောင်းကောင်း မမြင်ရချေ။ သို့သော် မိုးမြေစွမ်းအင် သိပ်သည်းနှုန်းကမူ ကြောက်မခန်းလိလိ မြင့်မားလှ၏။ သိပ်သည်းလွန်းလှသဖြင့် မိုးမြေစွမ်းအင်သည် မြူခိုးများအဖြစ်သို့ပင် ပြောင်းလဲနေခဲ့လေပြီ။

မြေကမ္ဘာချီကြောမကြီးမှလွဲ၍ ဤနေရာသည် ရန်ကိုင် ရောက်ဖူးခဲ့သည့် နေရာများအနက် မိုးမြေစွမ်းအင် အသိပ်သည်းနှုန်း‌ နေရာတစ်ခုဖြစ်၏။ ထို့ကြောင့် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်များ ဤနေရာ၌ တံခါးပိတ်ကျင့်စဉ်ဝင်သည်မှာလည်း မဆန်း။

မိုးမြေစွမ်းအင်သည် ဤမျှ သိပ်သည်းနေလေရာ ကျင့်ကြံရာ၌ ဆေးလုံးများ၊ သလင်းကျောက်များကို သုံးရန်ပင် မလိုအပ်တောဘဲ ဤအတိုင်း အသက်ရှူနေရုံဖြင့်လျှင် လုံလောက်နေလေပြီ။

အရမ်းကိုမှ ကောင်းမွန်လှသော ကျင့်ကြံရေး သုခံဘုံကြီး ဖြစ်သော်လည်း မှုန်ထိုင်းထိုင်း ပတ်ဝန်းကျင်သည် လူတစ်ယောက်၏ စိတ်ကို စနိုးစနောင့် ဖြစ်စေနိုင်၏။

ရုတ်တရက် အားကောင်းလှသော အရှိန်အဝါ များစွာသည် သူ့ဆီသို့ အလျင်အမြန် ပျံသန်းလာနေသည်ကို ရန်ကိုင် အာရုံခံမိလိုက်၏။

ထိုအရှိန်အဝါများသည် အလွန့်အလွန်ကိုမှ ထူးဆန်းလှ၏။ ဤနေရာ၌ တစ်ချိန်လုံး ရှိနေဟန် ရပြီး ရန်ကိုင် ရောက်လာမှ လှုပ်ရှားလာခြင်း ဖြစ်ဟန်တူ၏။

ရန်ကိုင် ဘာမှမလုပ်နိုင်သေးခင်မှာပင် ထိုအရှိန်အဝါများသည် သူ့အား ဖုံးအုပ်သွားခဲ့လေပြီ။

အစစ်အမှန်ချီကို လှည့်ပတ်၍ သူ့ပတ်လည်၌ အရံအတား တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်သော်ငြား ခဏအကြာ၌ အဖြစ်အပျက်များသည် သူထင်ထားသကဲ့သို့ မဟုတ်မှန်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။

သူ့ပတ်လည်၌ စုဝေးနေကြသော ထူးဆန်သည့် အရှိန်အဝါများသည် သူ့အား မည်သည့် အန္တရာယ်မှ မဖြစ်ပေ။

မျက်မှောင်ကြုံ့လျက် သေသေချာချာ စစ်ဆေး ကြည့်လိုက်သည့်အခါ… တွေ့ရှိလိုက်ရသည့် အရာကြောင့် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။

စုစုပေါင်း စွမ်းအင် အရှိန်အဝါ ကိုးခုရှိနေခဲ့ပြီး တစ်ခုချင်းစီတိုင်းသည် အကြွင်းအကျန် စိတ်ဝိဥာဉ် တစ်ခုကဲ့သို့ ဝိုးတဝါးတား အသိစိတ်များကို ပိုင်ဆိုင်ထားကြ၏။ တစ်ချိန်တည်းတွင် ထိုအရှိန်အဝါ များသည် သဘာဝအတိုင်း ဖြစ်လာဟန်လည်း ထင်ရ၏။

ထိုစွမ်းအင်အရှိန်အဝါများထဲ ပါဝင်နေသည့် အရာနှင့် ရင်းနှီးကျွမ်းဝင်နေသလို ရန်ကိုင် ခံစားလိုက်ရ၏။

ထို့ကြောင့် နောက်ထပ်တစ်ကြိမ် သေသေချာချာ စစ်ဆေးကြည့်လိုက်သည့်အခါ စွမ်းအင်အရှိန်အဝါ တစ်ခုထဲ ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခုထဲမှ တစ်ခုဖြစ်သည့် မဟာကောင်းကင်ဓါး၏ အငွေ့အသက် တို့ကို တွေ့ရှိလိုက်ရ၏။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့စိတ်ထဲ သံသယတို့ စတင် ကိန်းအောင် ဝင်ရောက်လာခဲ့၏။ သေချာသွားစေရန် နောက်ထပ် ထပ်မံ စစ်ဆေး ကြည့်လိုက်ရာ သူနှင့်ရင်းနှီးနေသေည့် မဟာကောင်းကင် အချုပ်အနှောင် နှင့် မဟာကောင်းကင်ဆွဲငင်အားတို့ကိုပါ ထပ်မံတွေ့ရှိလိုက်ရ၏။

ထိုနတ်ဘုရား ပညာရပ်သုံးခုသည် အန်လင်းအာဆီမှ မတော်တဆ သင်ကြားမိခဲ့သော ပညာရပ် သုံးခုပင် ဖြစ်လေ၏။

ဒီတော့ ငါ့ရှေ့မှာ ရှိနေတဲ့ အရှိန်အဝါကိုးခုက ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခုကို ကိုယ်စားပြုတာလား ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး သူ့စိတ်ထဲတွင် တွေးကြည့်လိုက်၏။

တော်ဝင်သင်္ချိုင်းထဲ မဝင်ခင် ကောင်းကင်နတ်ဘုရား ပညာရပ်ကို ကိုးခုကို လေ့ကျင့်ထားရမည်ဟု သက်ကြားအိုကြီး ရှုဟွေ ပြောခဲ့၏။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုကို တတ်ကျွမ်းနားလည်ထားမှသာ အထဲသို့ လုံလုံခြုံခြုံ ဝင်ရောက်နိုင်မည် ဖြစ်သောကြောင့် ဖြစ်၏။

သူ့ရှေ့ရှိ အရှိန်အဝါ ကိုးခုသည် သူ့အား စမ်းသပ်ရန် အတားအဆီးများ ဖြစ်ဟန်ရ၏။ ထိုအရာများကို မချိုးဖျက်ပဲ တော်ဝင်သင်္ချိုင်းထဲသို့ ဆက်လက် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

တော်ဝင်သင်္ချိုင်း၏ အလုပ်လုပ်ပုံကို နားလည် လိုက်သည်နှင့် မဟာကောင်းကင်ဓါး ပညာရပ်ရှေ့ ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်၏။

ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုသည် အမှန်ကတယ့်ကို ထူးခြားဆန်းပြားလှ၏။ ထိုပညာရပ် များကို အစစ်အမှန်ချီဖြင့် ထုတ်သုံး၍ ရသလို စိတ်စွမ်းအင်ဖြင့်လည်း အသုံးပြု၍ ရ၏။ စိတ်စွမ်းအင်နှင့်ကော အစစ်အမှန်ချီနှင့်ပါ အသုံးပြု၍ ရသည့် ပညာရပ်မျိုး ရန်ကိုင် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။

သူသာ ဤအရံအတားကို ချိုးဖျက်ချင်ပါက ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုစလုံးကို နာလည်သဘောပေါက်ရန် လိုအပ်ပေသည်။

အသိစိတ်ပင်လယ်ထဲမှ စိတ်စွမ်းအင်တို့သည် ဧရာမဓါးကြီးတစ်ချောင်း အသွင်သို့ ပြောင်းလဲကာ သူ့ရှေ့တွင် ရှိနေသော စွမ်းအင်လုံးကို ခုတ်ချလိုက်၏။

သို့သော် ဘာမှမဖြစ်ခဲ့ပေ။

ရန်ကိုင်၏ အားကောင်းလှသော ကောင်းကင် စိတ်အာရုံ တိုက်ခိုက်မှုသည် စွမ်းအင် အရှိန်အဝါထဲသို့ ပင်လယ်ထဲသို့ ကျသွားသော ရေတစ်စက်ပမာ ပျောက်ကွယ်သွားခဲ့၏။

မျက်မှောင်ကြုံ့သွားခဲ့ပြီး မဟာကောင်းကင်ဓါးကို အသုံးပြု၍ အကြိမ်အနည်းငယ်လောက် ထပ်မံ တိုက်ခိုက်ကြည့်သော်လည်း ဘာဆိုဘာမှ ဖြစ်မလာခဲ့ပေ။

ဤစမ်းသပ်ချက်သည် ထင်သလောက် မရိုးရှင်းမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။

ရှုဟွေနှင့် အခြားသူတော်စင်များ ပြောခဲ့သည်ကို ပြန်စဉ်းစားလိုက်ပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို ရန်ကိုင် စဉ်းစားမိသွားခဲ့၏။

ကောင်းကင်နတ်ဘုရား ပညာရပ်ကို လုံလောက်အောင် မကျွမ်းကျင်သေးသည့် အတွက်ကြောင့် သူ့ရှေ့ရှိ အတားအဆီးကို မချိုးဖျက်နိုင်ခြင်းပေပဲလား။

ကောင်းကင်နတ်ဘုရား ပညာရပ်ကို အန်လင်းအာဆီမှ သင်ယူခဲ့ခြင်း ဖြစ်ရာ ထိုပညာရပ်အပေါ် သူ၏ နားလည်မှုသည် အန်လင်းအာ နားလည်ထားသည့် အတိုင်းအတာ အတွင်းတွင်သာ ရှိ၏။ အန်လင်းအာသည် ငယ်ရွယ်သေးသည့်အတွက် ကောင်းကင်နတ်ဘုရား ပညာရပ်များအပေါ် လေးလေးနက်နက် နားလည် သဘောပေါက်လိမ့်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်သည် ကောင်းကင်နတ်ဘုရား ပညာရပ်ကို အပြည့်အဝ မကျွမ်းကျင်သည်မှာ ပုံမှန်ပင် ဖြစ်လေ၏။

သူတော်စင်မနန် မဟာကောင်းကင်ဓါးအား အသုံးပြုသည်ကို ရန်ကိုင် မြင်ခဲ့ဖူး၏။ သူမ အသုံးပြလိုက်သည့် မဟာကောင်းကင်ဓါးသည် သူအသုံးပြုလိုက်သည့် မဟာကောင်းကင်ဓါးထက် အများကြီး ပိုအားကောင်းပေ၏။ သူတော်စင်မနန်၏ မဟာကောင်းကင်နတ်ဘုရား ပညာရပ်အပေါ် နားလည် တတ်ကျွမ်းမှုသည် သူတို့ထက် အများကြီး ပိုမြင့်ပေ၏။

ထို့အပြင် တော်ဝင်သခင်လောင်း အားလုံးသည် တော်ဝင်သင်္ချိုင်းထဲသို့ ဝင်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာသာ တော်ဝင်သခင် ဖြစ်လာနိုင်ကြ၏။ အရေးအကြီးဆုံး အချက်သည်ကား သူ့ရှေ့မတိုင်ခင် ဤတော်ဝင်သင်္ချိုင်းထဲသို့ ဝင်ခဲ့သူများသည် သူ့လောက် အားမကောင်းကြခြင်းပင်။ သို့သော်လည်း တော်ဝင်သင်္ချိုင်းမှာ စိတ်ဝိဥာဉ်လက်စွပ်ကို ယူ၍ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့၏။ ထို့ကြောင့် ဤစမ်းသပ်ချက်သည် ခွန်အားကို စမ်းသပ်ခြင်းမဟုတ်ဘဲ လူတစ်ယောက်၏ မဟာကောင်းကင်နတ်ဘုရား ပညာရပ်အပေါ် ထိုးထွင်းနားလည်နိုင်စွမ်းကို စမ်းသပ်သည့် စစ်ဆေးမှုတစ်ခုသာ ဖြစ်ကြောင်း ရန်ကိုင် နားလည်လိုက်၏။

နားလည်လိုက်သည်နှင့် မတောက်တခေါက် တတ်ကျွမ်းထားသော သူ၏ မဟာကောင်းကင်ဓါး ပညာရပ်ကို ထုတ်မသုံးတော့ဘဲ သူ့အသိစိတ်ကို ရှေ့ရှိ မဟာကောင်းကင်ဓါး စွမ်းအင်အရှိန်အဝါထဲသို့ ပို့လွှတ်၍ စတင် စူးစမ်းဆင်ခြင်တော့လေ၏။

အချိန်ကြာလာသည်နှင့် မဟာကောင်ကင်ဓါး ပညာရပ်ကို ရန်ကိုင် ပိုပိုပြီး နားလည်လာခဲ့ရ၏။

နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ စွမ်းအင်လုံးထဲရှိ အမျိုးမျိုးသော သဘောတရားများကို ရှာတွေ့လိုက်ပြီး ၎င်း၏ ဆန်းကြယ်နက်နဲမှုများနှင့် ဥပဒေသများသည် ပို၍ ကြည်လင်လာခဲ့၏။

အားကောင်းလှသော စိတ်စွမ်းအင်တို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး မဟာကောင်းကင်ဓါး ပညာရပ်ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်၏။

ခရက်ဆိုသော အသံနှင့်အတူ သူ့ရှေ့ရှိ စွမ်းအင် အရှိန်အဝါသည် ရန်ကိုင်၏ မဟာကောင်းကင်ဓါးကြောင့် ပေါက်ကွဲထွက်သွားခဲ့ရ၏။

တော်ဝင်သင်္ချိုင်း အနက်ပိုင်းဆီသို့ ဦးတည်နေသော ဝေဝါးဝါးလမ်းရှည်ကြီးတစ်လမ်း ရန်ကိုင်ရှေ့ ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလို တော်ဝင်သင်္ချိုင်း မည်ကဲ့သို့ အလုပ်လုပ်လဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့၏။

ကောင်းကင်နတ်ဘုရား ပညာရပ်ကို မလေ့ကျင့်ထားသည့် လူများသာ တော်ဝင်သင်္ချိုင်းထဲသို့ ဝင်လာပါက စွမ်းအင်အရှိန်အဝါကိုးခု၏ ဖျက်စီးခြင်း ခံရပေလိမ့်မည်။ လေ့ကျင့်ထားသူများကမူ ကွဲပြား၏။ စွမ်းအင်အရှိန်အဝါ ကိုးခုထဲမှ တစ်ခုကို ဖျက်စီး လိုက်နိုင်သရွေ့ တော်ဝင်သင်္ချိုင်းထဲသို့ ဝင်သွား နိုင်ပေလိမ့်မည်။

ထို့အပြင် စွမ်းအင်အရှိန်အဝါများကို ပိုဖျက်စီးနိုင်လေ ဖြစ်ပေါ်လာသည့် လမ်းကြောင်းသည် ပို၍ လုံခြုံ ရှင်းလင်းလေပင်။

ရှုဟွေပြောသည်မှာ မှန်၏။ ကောင်းကင်နတ်ဘုရား ပညာရပ်များသည် တော်ဝင်သင်္ချိုင်းထဲသို့ ဝင်ရန် သော့များပင် ဖြစ်၏။

ရန်ကိုင်သည် အသစ်ဖြစ်လာသော လမ်းအတိုင်း ချက်ချင်း ပြေးထွက်သွားခြင်း မပြုသေးဘဲ အခြား စွမ်းအင်အရှိန်အဝါတစ်ခုဘက် လှည့်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ရှုဟွေနှင့် အခြားသူများ၏ တွန်းအားပေးမှုကြောင့် တော်ဝင် သင်္ချိုင်းထဲသို့ ဝင်ခဲ့ရခြင်းဖြစ်ပြီး သူ့ဘာသာ ဝင်လို၍ ဝင်ခဲ့ခြင်း မဟုတ်။ ထို့ကြောင့် အခွင့်အရေးရနေစဉ် ရနိုင်သမျှ ရအောင် အပါယူသွားရပေမည်။

ကောင်းကင်နတ်ဘုရား ပညာရပ်များသည် အရမ်းကို အားကောင်းလှ၏။ သူတော်စင်မနန် အသုံးပြုသည်ကို မြင်ပြီးသည့် အချိန်မှစ၍ ထိုပညာရပ်များကို ရန်ကိုင် သင်လိုခဲ့ခြင်း ဖြစ်၏။ ယခု အခွင့်အရေးသည် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်လေရာ အခွင့်ရတုန်း မယူလျှင် သူ့လောက်မိုက်သည့်သူ ရှိတော့လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ထိုစွမ်းအင် အရှိန်အဝါများကို ဖျက်စီးနိုင်လေ သူသွားမည့် လမ်းကြောင်းသည် ပို၍ လုံခြုံလေပင်။

သန္ဒိဠာန် ချပြီးသည်နှင့် အခြား ကောင်းကင် နတ်ဘုရား ပညာရပ် နှစ်ခုကိုပါ စတင်လေ့လာတော့၏။

လေးရက်ကြာပြီးနောက် မဟာကောင်းကင် အချုပ်အနှောင် စွမ်းအင်အရှိန်အဝါကို ဖျက်စီးနိုင်ခဲ့ပြီး နောက်သုံးရက်ကြာပြီးနောက် မဟာကောင်းကင် ဆွဲငင်အား စွမ်းအင်အရှိန်အဝါကို ထပ်မံဖျက်စီးနိုင်ခဲ့၏။

ထိုအချိန်မှစ၍ ရန်ကိုင် အမြန်နှုန်း ထိုးကျသွားခဲ့ရ၏။ ပထမ ကောင်းကင်နတ်ဘုရား ပညာရပ်သုံးခုကို အန်လင်းအာဆီမှ သင်ယူထားခဲ့ရာ ထိုပညာရပ်များကို အတော်လေး နားလည်သဘောပေါက်ထားသည်ဟု ဆို၍ ရ၏။ ကျန်ရှိနေသည့် ပညာရပ်ခြောက်ခုကမူ သူနှင့် အစိမ်းသက်သက်ကြီး ဖြစ်၏။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် ထိုပညာရပ်များကို ကကြီးရေကမှစ၍ စတင် လေ့လာရပေမည်။

ကျင့်ကြံလိုက်လျှင် အချိန်ကုန်၍ ကုန်မှန်းမသိ ဖြစ်သွားတတ်၏။ ထိုဆိုရိုးစကားသည် တကယ့်ကို မှန်ပေ၏။ ရန်ကိုင်သည် ထိုပညာရပ်များကို လေ့လာရင်း အချိန်ဖြုန်းနေလိုက်ရာ အချိန်မည်မျှ ကုန်၍ ကုန်သွားမှန်းပင် မသိတော့ချေ။ သို့သော် အပြင်ဘက်ရှိ အကြီးအကဲများမူကာ စတင် စိုးရိမ်စ ပြုလာခဲ့လေပြီ။

ပထမဆုံး ရက်များအတွင်း အကြီးအကဲများသည် ရန်ကိုင့်အပေါ် အတော့်ကိုမှ မျှော်လင့်ထားကြ၏။ ရန်ကိုင်သည် စိတ်ဝိဥာဉ်လက်စွပ်ကိုယူ၍ တော်ဝင် သင်္ချိုင်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာကာ သူတို့၏ တော်ဝင်နယ်မြေကို တစ်ဖန်ပြန်လည် ဦးမော့လာအောင် လုပ်ပေးနိုင်မည်ဟု မျှော်လင့်နေခဲ့မိကြ၏။

ဆယ်ရက်ကြာပြီးနောက် အကုန်လုံး စတင် စိုးရိမ်စပြုလာခဲ့သော်လည်း အကုန်လုံး ဆိတ်ဆိတ် နေရင်ဖြင့်သာ စောင့်ဆိုင်းနေခဲ့ကြ၏။ စိတ်ထဲတွင်မူကား ရန်ကိုင် တစ်ခုခုများ ဖြစ်သွားခဲ့တာလားဟု တွေးရင်း သောကဝေခဲ့ရ၏။

တစ်လကြာပြီးနောက် အကုန်လုံး၏ အမူအရာ လေးနက်လာခဲ့ကြလေပြီ။

နှစ်လကြာပြီး နောက်ပိုင်းတွင် အကုန်လုံး စိတ်ဓါတ်ကျ လာခဲ့ကြပြီး အချို့ဆို သက်ပြင်းကြီးတွေပင် ချနေခဲ့ကြ၏။

သုံးလ၊ လေးလ…

အချိန်တွေ ကြာသထက် ကြာလာသည်နှင့် ဤနေရာ၌ အကြီးအကဲ အနည်းငယ်သာ ရှိတော့၏။ ရန်ကိုင် ပြန်ပေါ်မလာတော့ဟု အကုန်လုံး ယုံကြည်နေကြလေပြီ။

All Chapters