← Chapters

အခန်း (၇၉၆-၈၀၀)

Vol. 32 Ch. 796-800

အခန်း (၇၉၆-၈၀၀)

Vol. 32 Ch. 796-800

အပိုင်း (၇၉၆) ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုစလုံးအား ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နားလည်သွားခြင်း

တော်ဝင်သင်္ချိုင်းထဲသို့ ဝင်လာသော တော်ဝင်သခင်လောင်းတိုင်း ဤစမ်းသပ်ချက်ကို ကျော်ဖြတ်ရ၏။ ဤစမ်းသပ်ချက်သည် သမိုင်း အစဉ်အလာ တစ်ခုလည်း ဖြစ်၏။

ထိုစမ်းသပ်ချက်ကို ကျော်ဖြတ်ရန် အချိန်လိုမှန်း ရှုဟွေနှင့် အကြီးအကဲများ သိကြ၏။

အမြန်ဆုံး တော်ဝင်သခင်လောင်းသည် တော်ဝင်သင်္ချိုင်း၏ စမ်းသပ်ချက်အား (၁၅)ရက်နှင့် ဖြေရှင်းနိုင်ခဲ့ပြီး အနှေးဆုံးသည် နှစ်လကြာခဲ့၏။

သို့သော်လည်း ရန်ကိုင် ဝင်သွားခဲ့သည်မှာ လေးလ ရှိနေခဲ့လေပြီ။ ထို့ကြောင့်‌ တော်ဝင်သင်္ချိုင်းထဲ ရန်ကိုင် သေသွားပြီဟု ရှုဟွေနှင့် အခြားအကြီးအကဲများ ထင်နေကြခြင်း ဖြစ်၏။

အကြီးအကဲများနှင့် ကာကွယ်သူများသည် သက်ပြင်းအမောကြီး ချလျက် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွါသွားခဲ့ကြ၏။ သူတို့တွင် လုပ်စရာ အများကြီး ရှိသေး၏။ မည်သည့်အတွက်ကြောင့် အကျိုးမဲ့ အလုပ်အတွက် အချိန်ကုန် စောင့်ဆိုင်းနေရမည်နည်း။

ဤကိစ္စကို အစပျိုးခဲ့သော ရှုဟွေပင် လေးလကြာပြီးနောက် ထွက်ခွါသွားခဲ့လေပြီ။

ရန်ကိုင် တော်ဝင်သင်္ချိုင်းထဲသို့ ဝင်သွားပြီး သုံးရက်အကြာ၌ တော်ဝင်သင်္ချိုင်း ရှိရာဆီသို့ အန်လင်းအာ ရောက်လာခဲ့၏။ အမြန် ပြေးလာခဲ့ပြီး ရှုဟွေကို အထွန့်တက်ခဲ့သော်ငြား ဖြစ်ခဲ့ပြီးသွားပြီ ဖြစ်လေရာ ဘာကိုမှ ထပ်မံ မပြောင်းလဲနိုင်တော့ချေ။

ဤလေးလအတွင်း အန်လင်းအာသည် ဤနေရာ၌ တစ်ချိန်ကုန် စောင့်ဆိုင်းနေခဲ့၏။ သို့သော်လည်း ရန်ကိုင်ကမူ တစ်ခါမှ ပေါ်မလာခဲ့ချေ။

တစ်နေ့၌ မိန်းမလှလေး နှစ်ယောက်ဖြစ်သော ယုယင်နှင့် ချုယွဲ့ထုန်တို့ ရောက်လာခဲ့၏။ တော်ဝင် သင်္ချိုင်း အပြင်ဘက်၌ အန်လင်းအာ မတ်တပ် ရပ်နေသေးသည်ကို မြင်သော် အမျိုးသမီး နှစ်ယောက် စလုံး သက်ပြင်းချလိုက်၏။

“ဒီမိန်းကလေးတော့ အခုထိ စောင့်နေတုန်းပါလား” ယုယင်က တိုးတိုးလေး ပြောလိုက်၏။

“ငါတို့က အလောကြီးသွားတာကိုး။ အခုတော့ တော်ဝင်နယ်မြေရဲ့ မျှော်လင့်ချက်လည်းပျက်၊ အရည်အချင်းရှိတဲ့ လူငယ်လေး တစ်ယောက်ကိုလည်း သေအောင် လုပ်မိလိုက်သလို ဖြစ်သွားပြီ” ချုန်ယွဲ့ထုန်၏ မျက်နှာထက် နောင်တတရားတို့ ဖြတ်ပြေးသွားခဲ့၏။

“အခုမှ ပြောနေလို့ကော ဘာထူးဦးမှာလဲ။ အကြီးအကဲရှု အကြံပေးကတည်းက ငါတို့ ကန့်ကွက်လိုက်သင့်တာ။ သူအခုလို ဖြစ်သွားရတာ ငါတို့အပြစ်လည်း မကင်းဘူး” ယုယင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒီကောင်းမလေး ကောင်းကင် ဂိုဏ်းတော်ဆီ သတင်းပို့တာကို အကြီးအကဲချုပ် တားလိုက်နိုင်လို့ တော်သေးတယ်။ ကောင်းကင် ဂိုဏ်းတော်သာ ဒီအကြောင်း သိသွားရင် ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး”

“ဟုတ်တယ်။ သူ့လို အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို ဘယ်ဂိုဏ်းကမှ လက်လွတ်စပယ် ပစ်ထားမှာ မဟုတ်ဘူး” ချုန်ယွဲ့ထုန်ရ အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် ပြောလိုက်၏။

ယခုလောလောဆယ် တော်ဝင်နယ်မြေသည် များစွာသော ပြဿနာများကို ရင်ဆိုင်နေရ၏။ ယခုနေ ကောင်းကင်ဂိုဏ်းတော်နှင့်ပါ ရန်သူဖြစ်သွားပါက တောင်ထွတ်ကိုးလုံး အစီအရင်ကို ချက်ချင်း အသက်သွင်းပြီး ဂိုဏ်းတစ်ခုလုံးကို တိုက်ပိတ်ချမှပဲ အဆင်ပြေပေလိမ့်မည်။ နောက်မျိုးဆက် သူတော်စင်မ များကို ပြုစုပျိုးထောင် နိုင်ခဲ့လျှင်ပင် တော်ဝင်သခင် အသစ်ကို ထပ်မံ ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။

“ငါတို့ကပဲ သူ့ကို အရမ်း အထင်ကြီးလွန်း နေခဲ့တာလား၊ သူကပဲ ကံဆိုသွားခဲ့တာလား” ယုယင် သက်ပြင်းချလိုက်ပြီး “အရင် တော်ဝင်သခင်လောင်း တစ်ယောက်ချင်းစီတိုင်းက တော်ဝင်သင်္ချိုင်းထဲ မဝင်ခင် အရင် တော်ဝင်သခင်ရဲ့ အကြံဥာဏ်တွေကို ရရှိခဲ့သေးတယ်။ ဒါပေမယ့် အခု တော်ဝင်သခင်လောင်း ကတော့ ဘာမှကို မပြင်ဆင်ထားဘဲနဲ့ ဝင်သွားရတာ။ သူ့အတွက် အရမ်းကို ခက်ခဲခဲ့ရမှာပဲ…”

“တစ်ချက်သွားကြည့်ကြတာပေါ့” ချုန်ယွဲ့ထုန်က ပြောလိုက်ပြီး ရှေ့ထွက်သွားလိုက်၏။

ခဏအကြာ၌ အမျိုးသမီးနှစ်ယောက် တော်ဝင် သင်္ချိုင်းဆီသို့ ရောက်လာခဲ့၏။ ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ အမျိုးသမီးနှစ်ဦးကို မြင်ပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်၍ ပြန်လှည့်သွား၏။

အတိတ်အခါက အန်လင်းအာနှင့် ထိုအမျိုးသမီး နှစ်ဦးကြားမှ ဆက်ဆံရေးသည် အတော့်ကို နီးကပ်လှ၏။ သို့သော် ယခုမူ အနည်းငယ် အေးစက်စက် ဖြစ်နေခဲ့လေပြီ။ ရန်ကိုင်အား တော်ဝင်သင်္ချိုင်းထဲသို့ ဝင်ရန် အတင်းတွန်းအား ပေးခဲ့သောကြောင့် ဖြစ်ဟန်တူ၏။

စိတ်ဓါတ်ကျကျဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အမျိုးသမီး နှစ်ယောက်စလုံး အန်လင်းအာကို မည်ကဲ့သို့ နှစ်သိမ့်ပေးရန်မှန်း မသိ ဖြစ်နေခဲ့၏။ ထို့ကြောင့် တော်ဝင်သင်္ချိုင်း ဝင်ပေါက်ရှေ့တွင်သာ ကိုးယိုးကားယား အမူအရာဖြင့် ရပ်နေခဲ့ကြရ၏။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီး နောက်ဆုံး၌ ယုယင်က ပြောလိုက်၏ “လင်းအာ၊ ဆက်စောင့်မနေတော့နဲ့။ သူထွက်လာတော့မှာ မဟုတ်ဘူး”

အန်လင်းအာကမူ ခေါင်းသာ တရစပ် ခါလိုက်၏။

“ငါတို့ နားထောင်ပြီး အရင်ပြန်နားလိုက်ပါ၊ လင်းအာရယ်။ နင်ဒီမှာ စောင့်နေတာ လေးလတောင် ရှိနေပြီလေ” ချုန်ယွဲ့ထုန်က အကြံပေးလိုက်၏။

“သူထွက်လာလိမ့်မယ်” အန်လင်းအာက အလေးအနက် ပြန်ပြောလိုက်၏။

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီးနောက် အားတင်း ပြုံး၍ မေးလိုက်၏ “နင်ဘယ်လိုသိတာလဲ။ ဘယ်တော်ဝင်သခင်မှ ဒီလောက် အချိန်ယူခဲ့ဖူးတာ မဟုတ်ဘူးလေ”

အန်လင်းအာက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်၏ “သူက ရန်ကိုင်လေ၊ အခြားသူမှ မဟုတ်တာ။ အခြားသူတွေ မလုပ်နိုင်တိုင်း သူမလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ ရှင်တို့ထဲက ဘယ်သူမှ သူစွမ်းဆောင်ရည်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးတာ မဟုတ်ဘူး။ ဒါကြောင့် ရှင်တို့ အခုလိုတွေးနေတာလည်း မဆန်းပါဘူးလေ။ ဒါပေမယ့် သူကျိန်းသေ ထွက်လာလိမ့်မယ်လို့ ကျွန်မယုံတယ်”

အမျိုးသမီးနှစ်ယောက်စလုံး မျက်လုံး မှေးစဉ်းသွားခဲ့ပြီး “သူက ဘယ်လောက်တောင်များ တော်နေလို့ နင်သူ့ကို ဒီလောက်တောင် အမြင့်ကြီး မှန်းထားရတာလဲ”

ရန်ကိုင်၏ အရည်အချင်းသည် သာမှန်မဟုတ်၍ သူ့ခွန်အားသည် မဆိုးလှသော်ငြား သက်လတ်ပိုင်း အလှလေး နှစ်ယောက်စလုံး ရန်ကိုင် လှုပ်ရှားသည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် ရန်ကိုင် မည်သည့် အတိုင်းအတာအထိ အားကောင်းကြောင်းကို အသေအချာမသိကြ။ အန်လင်းအာကမူ ရန်ကိုင်နှင့် အချိန်အတော်ကြာကြာ အတူတူ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည့်အတွက် ရန်ကိုင်အကြောင်းကို အမျိုးသမီး နှစ်ဦးထက် ပိုသိပေ၏။

“ရှင်းမပြတတ်ဘူး။ ဒါပေမယ့် သူက အဆန်းတကြယ်တွေ တစ်ခုပြီးတစ်ခု လုပ်ပြနေခဲ့တာ။ သူ့နားမှာရှိနေရင် ခဏပြီးခဏ အံ့အားသင့်နေရတာပဲ။ ပြီးတော့၊ သူပြောခဲ့တာ တစ်ခုရှိသေးတယ်… တော်ဝင် နယ်မြေထဲ မဝင်ရင်တောင်မှ နှစ်သုံးဆယ်အတွင်း တော်ဝင်သခင်နဲ့ တူညီတဲ့ အဆင့်ကို ရောက်အောင် လုပ်ပြမယ်တဲ့”

“တော်ဝင်သခင်နဲ့ အဆင့်တူလား” ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး ကြောင်သွားခဲ့ပြီး “သူတော်စင် တတိယအဆင့်ကိုလား”

အန်လင်းအာက ခေါင်းညိတ်ပြလိုက်၏။

ယုယင်က မဲ့ပြုံးပြုံးလိုက်ပြီး “သူက အခုမှ မသေမျိုး ဒုတိယအဆင့်ပဲ ရှိသေးတာလေ။ နှစ်သုံးဆယ်အတွင်း သူတော်စင် တတိယအဆင့် ဖြစ်လာဖို့က… ငါကတော့ သိပ်ပြီး မဖြစ်နိုင်လောက်ဘူးလို့ ထင်တာပဲ”

“ဟုတ်တယ်။ ဒီလောကကြီး တစ်ခုလုံးမှာတောင် သူတော်စင် တတိယအဆင့် ပညာရှင်တွေ အများကြီး ရှိလှတာ မဟုတ်ဘူး” ချုန်ယွဲ့ထုန်က ပြုံးကာ ပြောလိုက်၏။

မသေမျိုး အဆင့်သို့ ရောက်ပြီးနောက်ပိုင်း အဆင့်တစ်ခါ တက်ရန် မည်မျှ ခက်ခဲကြောင်း အမျိုးသမီး နှစ်ယောက်စလုံး သိကြ၏။ သူတို့၏ အရည်အချင်းက အတော့်ကို ကောင်းသည်ဟု ပြော၍ရ၏။ မဟုတ်လျှင် သူတော်စင်အဆင့်သို့ ရောက်နေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူတို့ပင် သူတို့၏ ခွန်အားကို တိုးတက်အောင် လုပ်ရန် အတော့်ကို ခက်ခဲနေခဲ့၏။

ရန်ကိုင်၏ ပါရမီနှင့် အရည်အချင်းသည် သူတို့ထက် သာလွန်သော်လည်း မဖြစ်နိုင်သည့် အရာများကမူ မည်သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

ဤလောကကြီးတွင် ရှိနေသော သူတော်စင် တတိယအဆင့် ပညာရှင်အားလုံးသည် အနည်းဆုံး အသက်(၁၀၀) သက်တမ်းရှိကြ၏။ ငယ်ရွယ်ဟန် ထင်ရလျှင်ပင် တစ်ယောက်ချင်းစီတိုင်းသည် အမျိုးမျိုးသော အခက်အခဲများ၊ ဆန်းကြယ်မှုများကို ကြုံတွေ့ခဲ့ရသူများ ဖြစ်ကြ၏။

ရန်ကိုင်သည် ယခုမှ အသက်(၂၀)သာ ရှိသေး၏။ ထို့ကြောင့် နှစ်သုံးဆယ်အတွင်း သူတော်စင် တတိယ အဆင့် ပညာရှင် တစ်ယောက် ဖြစ်လာမည်ဟု ပြောလိုက်ခြင်းသည် အသက်(၅၀)အရွယ်တွင် ဤလောကကြီးကို အထက်စီးမှ ငုံ့ကြည့်နေနိုင်သူ တစ်ယောက် ဖြစ်လာမည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

အသက်(၁၀၀) မပြည့်မီ သူတော်စင်အဆင့်သို့ ရောက်သူများပင် အရမ်းအရမ်းကိုမှ ရှားပါးလွန်းနေရာ အသက်(၅၀)နှင့် သူတော်စင် တတိယအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည့် ကိစ္စကြီးပင်။

ငယ်ရွယ်တုန်း မောက်မာတယ်ဆိုတာ ဒါမျိုးပေါ့ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး သူမတို့၏ နှုတ်ခမ်းလေးများကို ကွေးလိုက်ကြ၏။ ရန်ကိုင်သည် ကောင်းကင်နှင့်မြေပြင် မည်မျှ ကွာခြားလဲကို မသိသော လူငယ်လေး တစ်ယောက် ဖြစ်သည်ဟုသာ ထင်နေကြ၏။

“ရှင်တို့ ဘာလို့ ပြုံးနေတာလဲ” အန်လင်းအာက အမျိုးသမီး နှစ်ဦးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး “သူက အဲ့လိုပြောရင် လုပ်နိုင်လို့ပဲ။ စောင့်ကြည့်နေလိုက်၊ နှစ်သုံးဆယ်အတွင်း သူ သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”

“အရင်ဆုံး တော်ဝင်သင်္ချိုင်းထဲကနေ ထွက်လာဖို့ လိုသေးတယ်” ယုယင် မျက်မှောင်ကြုံ့သွားခဲ့ပြီး အန်လင်းအာအား စိုးရိမ်တကြီးဖြင့် ကြည့်ကာ မေးလိုက်၏ “လင်းအာ၊ နင့်သူ့ကို အဲ့လောက်တောင် ကြိုက်နေတာလား။ မဟုတ်ရင် သူ့ဘက်ကနေ ဘာလို့ ဆတ်ဆတ်ထိမခံ ကာပြောပေးနေရတာလဲ”

အန်လင်းအာ၏ မျက်နှာလေး ရဲရဲတောက် နီမြန်းသွားခဲ့ပြီး ရှက်ရှက်နှင့် ခေါင်းလေးငုံ့လိုက်၏။

“ကျွန်မသူ့ကို မမုန်းဘူး…” ခဏအကြာ တိတ်ဆိတ်နေပြီးနောက် အန်လင်းအာက တိုးတိုးလေး ပြောလိုက်၏ “အဲ့အစား သူ့အပေါ် အပြစ်ရှိသလို ခံစားနေရတာ။ သူအခုလို ဖြစ်သွားရတာ ကျွန်မကြောင့်လည်း ပါတယ်။ ကျွန်မသာ သူ့ကို ကောင်းကင်နတ်ဘုရား ပညာရပ်တွေ မသင်ပေးခဲ့ရင် သူလည်း တော်ဝင်သင်္ချိုင်းထဲ ဝင်ဖို့ အတင်းအကြပ် ဖိအားပေးခံရမှာ မဟုတ်ဘူး။ အခုအချိန်လောက်ဆို သူဘာသာ အေးအေးဆေးဆေး နေနေလို့ ရလောက်ပြီ…”

“အဲ့ဒါက ငါတို့ရဲ့ ဆုံးဖြတ်ချက် သက်သက်ပဲလေ။ နင်နဲ့ ဘာမှဆိုင်တာမှ မဟုတ်တာ” ယုယင်က သက်ပြင်းချလိုက်၏။

“အကြီးအကဲတို့၊ ကျွန်မ တစ်ခုခု တောင်းဆိုလို့ ရမလား” အန်လင်းအာက ရုတ်တရက် ခေါင်းလေး မော့ပြီး မေးလိုက်၏။

“ပြော” ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး ခေါင်းညိတ်ပြလိုက်၏။

“သူ… သူထွက်လာနိုင်ခဲ့ရင်၊ သူ့ကို သွားခွင့်ပေးလိုက်လို့ ရမလား။ သူတကယ်ကို ဒီမှာ မနေချင်တာ” အန်လင်းအာ ခါးခါးသီးသီး ပြုံးလိုက်ပြီး “အခြားသူတွေအတွက်တော့ တော်ဝင်သခင် ဖြစ်လာခဲ့ရင် သူတို့ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာတာပဲ။ ဒါပေမယ့် သူ့အတွက်တော့ အချုပ်အနှောင်တစ်ခုနဲ့ ဘာမှမခြားဘူး။ သူ့ကို ဒီမှာ အတင်းအကြပ် နေခိုင်းရင် ဘာမှကောင်းလာမှ မဟုတ်ဘူး။ အကြီးအကဲတို့က တော်ဝင်နယ်မြေအပေါ် မကြည်ဖြူတဲ့ တော်ဝင်သခင် တစ်ယောက်ကို လိုချင်နေတာလား”

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ မျက်မှောင်ကြုံ့သွားခဲ့၏။ နှစ်ယောက်စလုံး ဘာမှ ပြန်မပြောနိုင် ဖြစ်နေခဲ့လေပြီ။

အန်လင်းအာက ဆက်ပြောလိုက်၏ “သူထွက်လာမယ်လို့ အကြီးအကဲတို့ နှစ်ယောက်စလုံး မထင်ဘူးမလား။ သူသေသွားမှတော့ တော်ဝင်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေလည်း ပျံ့တော့မှာ မဟုတ်ဘူးလေ။ အဲ့လိုသာဆိုရင် ကျွန်မ အခုလို တောင်းဆိုတာက ဘာမှသိပ်ပြီး ထူးခြားသွားတာ မဟုတ်ဘူးလေ”

“ဒါ… ဒါက အကြီးအကဲချုပ်နဲ့ အရင်ဆွေးနွေးဖို့ လိုတယ်” ယုယင်က အင်တင်တင် အမူအရာဖြင့် ပြုံးလိုက်ပြီး “ဒီလို ကိစ္စကြီးနဲ့ ပက်သက်ပြီး ငါတို့ဘာသာ ငါတို့ ဆုံးဖြတ်ချက် ချလို့မရဘူး”

“ငါကတိပေးတယ်” အဝေးတစ်နေရာမှ အသံတစ်သံ ပျံ့လွင့်လာခဲ့၏။ ခဏအကြာ၌ အကြီးအကဲချုပ် တော်ဝင်သင်္ချိုင်းရှေ့သို့ ရောက်လာခဲ့လေ၏။

“အကြီးအကဲချုပ်” ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး နှုတ်ဆက်လိုက်ကြ၏။

ရှုဟွေက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး အန်လင်းအာဘက် လှည့်ကာ “သူတော်စင်သခင်မ ပြောလိုက်တာကို ကျုပ်ကတိပေးနိုင်တယ်”

“တကယ်လား” အန်လင်းအာ ပျော်ရွှင်စွာ ပြုံးလိုက်၏။

“အင်း။ အကြီးအကဲယုနှင့် အကြီးအကဲချုန်တို့ကို သက်သေထားလို့ ရတယ်” ရှုဟွေက ခေါင်းညိတ်ကာ ထပ်ပြောလိုက်၏ “ကတိကတော့ သူထွက်လာပြီး တော်ဝင်သခင် ဖြစ်မလာချင်မှနော်”

“သူဖြစ်ချင်မှာ မဟုတ်ဘူး”

“အဲ့လိုတော့ အတပ်ကြီး ပြောလို့ မရဘူးလေ” ရှုဟွေက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “သူထွက်လာတဲ့ အခါကျ တော်ဝင်သခင်ရာထူးကို လက်ခံချင်ပါတယ် ဆိုပြီး အရင်လာပြောချင် ပြောနေဦးမှာ၊ ပြောလို့ရတာ မဟုတ်ဘူး။ … တော်ဝင်သင်္ချိုင်းထဲကနေ ထွက်လာတဲ့ လူမှန်သမျှ တော်ဝင်နယ်မြေအပေါ် တွယ်တာ သွားကြတာချည်းပဲ”

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ မျက်ဝန်များ လက်သွားခဲ့ကြပြီး နှစ်ယောက်စလုံး ပြိုင်တူ ပြုံးလိုက်ကြ၏။

တော်ဝင်သင်္ချိုင်းထဲ မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ကိန်းအောင်းနေလဲ ဆိုသကို မည်သူမှ မသိကြသော်လည်း အကြီးအကဲချုပ် ရှုဟွေ ပြောသည်မှာ အမှန်ဖြစ်၏။ တော်ဝင်သင်္ချိုင်းမှ ပြန်ထွက်လာသော တော်ဝင်သခင် အားလုံးသည် သူတို့ကိုယ်သူတို့ တော်ဝင်နယ်မြေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှလုံးသားထဲမှနေ၍ မှတ်ယူထားကြ၏။

“သူပြန်လာနိုင်မယ်လို့ အကြီးအကဲချုပ်လည်း ထင်နေတာလား…” အန်လင်းအာ၏ မျက်လုံးလေးများ တလက်လက် တောက်ပသွားခဲ့၏။

“အဲ့လိုတော့ ထင်မိတာပဲ” ရှုဟွေက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒါပေမယ့် ဖြစ်နိုင်ချေက သိပ်ပြီး ရှလှရယ်လို့တော့ မဟုတ်ဘူး”

“စောင့်နေ။ သူရှင်တို့အားလုံးကို အံ့အားသင့်သွားအောင် လုပ်ပြလိမ့်မယ်” အန်လင်းအာက လက်သီးတင်းတင်းဆုပ်လိုက်၏။

အကြီးအကဲ သုံးယောက်စလုံး အန်လင်းအာကို သတိချင်တကြီး စိုက်ကြည့်မိလိုက်ကြ၏။ တော်ဝင် သင်္ချိုင်းထဲသို့ လွန်ခဲ့သည့် လေးလကတည်းက ဝင်သွားသော ရန်ကိုင်သည် အသက်ရှင်လျက် ကျိန်းသေ ပြန်ထွက်လာနိုင်လိမ့်မည်ဟု မည်သည့်အတွက်ကြောင့် အန်လင်းအာ အခိုင်အမာ ယုံကြည်နေရသနည်း။

----------------------------------

တိုးလျလျ မာန်သွင်းအော်ဟစ်သံနှင့်အတူ ရန်ကိုင် ခန္ဓာကိုယ်မှ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ရှေ့ရှိ စွမ်းအင်လုံးကို ရိုက်ချလိုက်၏။

ခရက်… ခရက်… ဆိုသော မြည်သံနှင့်အတူ ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခု၏ နောက်ဆုံး စွမ်းအင်လုံး ပျက်စီးသွားခဲ့ရ၏။

မဟာကောင်းကင်ဓါး၊ မဟာကောင်းကင် အချုပ်အနှောင်၊ မဟာကောင်းကင်ဆွဲငင်အား၊ ကောင်းကင်ဖမ်းပိုက်ကွန်၊ ကောင်ကင်ဖုံးလက်၊ ကောင်းကင်အပြစ်ပေးလှံတံ၊ မဟာကောင်းကင်ဒိုင်း၊ ခြေယောင်ပျောက်ကောင်းကင်အရိပ်၊ ကောင်းကင် မြှားနီတံ…

ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုစလုံး ရန်ကိုင်စိတ်ထဲ အစီအရီ ထွက်ပေါ်လာခဲ့၏။ ထိုကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုစလုံးသည် ရန်ကိုင် လေ့ကျင့်ခဲ့သော မည်သည့် သိုင်းပညာရပ်၊ ဝိဥာဉ်ပညာရပ်ထက်မဆို သာလွန်ပေ၏။

အချိန်အတော်ကြာအောင် အာရုံစိုက် လေ့လာပြီးနောက် ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုစလုံးကို သူနားလည်သွားခဲ့လေပြီ။

ထို့ပြင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် အရမ်းကိုမှ သိပ်သည်းလွန်းသည့်အတွက် လပေါင်းများစွာကြာအောင် လေ့ကျင့်ပြီးနောက် ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုစလုံးကို နားလည်တတ်ကျွမ်းသွားရုံမက သူ့ကျင့်ကြံခြင်းမှာပါ အတော်လေး တိုးတက်လာခဲ့ရ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၇) လတ်စသတ်တော့ ဒီလိုကိုး

ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခုထဲမှ တစ်ခု၏ စွမ်းအင်အရှိန်အဝါကို ဖျက်စီးလိုက်တိုင်း သူ့ရှေ့ရှိ လမ်းကြောင်းသည် ပိုပို၍ ကြည်လင်ကျယ်ဝန်းလာ၏။ ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုစလုံးကို နားလည်ပြီးသည့် အချိန်တွင် ဆန်းကြယ်လောကငယ် တစ်ခုလုံးသည် ပို၍ တောက်ပလာသယောင် ထင်ရပြီး လမ်းကြောင်းအဆုံးကို ရန်ကိုင် မြင်တွေ့လာရ၏။

ကောင်းကင်စိတ်အာရုံဖြင့် ဘေးပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားရ၏။

ဤဆန်းကြယ်လောကငယ်သည် အရမ်းကိုမှ ကျယ်ပြောလှမည်ဟု ထင်ထားခဲ့သော်လည်း ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် တော်ဝင်သင်္ချိုင်း တစ်ခုလုံးသည် အလယ်အလတ် အရွယ်မြို့တစ်မြို့ လောက်သာ ကျယ်ဝန်းကြောင်း တွေ့ရှိလိုက်ရ၏။ ရန်ကိုင် တွေ့ခဲ့ဖူးသော ဆန်းကြယ်လောကငယ်များထဲ ဤဆန်းကြယ်လောကငယ်သည် အသေး ဆုံးပင် ဖြစ်၏။

ဤမျှ သေးငယ်သော နေရာငယ်လေးတွင် မကုန်ဆုံးနိုင်သော သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များ မည့်သည့် နေရာမှာ ရောက်လာသလဲ ဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်အောင် ဖြစ်နေခဲ့၏။ မိုးမြေစွမ်းအင် အရင်းအမြစ်ကြီး တစ်ခုဆီမှ မိုးမြေစွမ်းအင်များ ဤနေရာထဲသို့ အဆက်မပြတ် တိုးဝင်လာနေသည်ဟုပင် ထင်ရ၏။

တော်ဝင်သင်္ချိုင်းထဲတွင် အမျိုးမျိုးသော အန္တရာယ်များသည့် စိတ်ဝိဥာဉ် အစီအရင်များကို ရန်ကိုင် အာရုံခံမိလိုက်၏။ ဘူးမသိ ဘမသိနှင့် ထိုစိတ်ဝိဥာဉ် အစီအရင်များကို အသက်ဝင်အောင် သွားလုပ်လိုက်ပါက ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သူ့ပတ်ဝန်းကျင်သည် သိသိသာသာကို ကြည်လင် ရှင်းလင်းလာခဲ့၏။ ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုစလုံး၏ စွမ်းအင် အရှိန်အဝါများကို ဖျက်စီးနိုင်လိုက်သည့် အတွက်ကြောင့် ဖြစ်ဟန်တူ၏။

စွမ်းအင် အရှိန်အဝါ ကိုးခုစလုံးကို ဖျက်စီး လိုက်နိုင်သည့်အတွက် တော်ဝင်သင်္ချိုင်းထဲရှိ ထောင်ချောက်များ၊ စိတ်ဝိဥာဉ်အစီအရင်များ သူ့အလိုလို ထွက်ပေါ်လာခြင်း ဖြစ်လောက်၏။

သူနှင့် မလှမ်းမကမ်း၍ ပြန့်ကျဲနေသော အရိုးခြောက် များစွာကို တွေ့ရှိလိုက်၏။ အသွေးအသားများကမူ မရှိတော့ချေ။

ထိုအရိုးခြောက်များသည် တော်ဝင်သင်္ချိုင်းထဲ ဝင်လာခဲ့သည် တော်ဝင်သခင်လောင်းများ ဖြစ်လောက်၏။ စမ်းသပ်မှုကို ကျရှုံးသဖြင့် ဤနေရာ၌ သေသွားခဲ့ရခြင်း ဖြစ်၏။

အရိုးခြောက်များသာမက ခေါင်းတလားများကိုလည်း နေရာအမျိုးမျိုး၌ တွေ့လိုက်ရ၏။

ခေါင်းတလားများ၏ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင်တို့သည် တူညီခြင်း မရှိကြချေ။ တူညီသော တစ်ချက်သည်ကား ခေါင်းတလား အားလုံးသည် မနှစ်မြို့စရာ မှုန်ရီရီ အရှိန်အဝါကို ထုတ်လွှတ်နေခြင်းပင်။

မတော်တဆ အန္တရာယ် တစ်ခုခုကျလာပါက အချိန်မရွေး တန်ပြန်တိုက်ခိုက်နိုင်ရန် အစစ်အမှန်ချီကို ကြိုတင်စုစည်း၍ အနီးဆုံးနေရာရှိ ခေါင်းတလားဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။

ခေါင်းတလားဆီရောက်မှ ခေါင်းတလားတွင် အခေါင်းဖုံးမရှိကြောင့် ရန်ကိုင်သိလိုက်ရ၏။ ခေါင်းတလား ထဲတွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသော ရုပ်ခန့်သော သက်လတ်ပိုင်းလူကြီးတစ်ဦး ရှိနေခဲ့၏။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့မျက်လုံးများသည် အလောင်းဘယ်ဘက်လက်ရှိ ကြေးနီရောင် လက်စွပ်ဆီသို့ အလိုလို ရောက်သွားခဲ့၏။

ခေါင်းတလားဘေးတွင် အချိန်အတော်ကြာအောင် ရပ်နေပြီး၊ အန္တရာယ်မရှိမှန်း သေချာသွားပြီးနောက် ထိုလက်စွပ်ကို လှမ်းယူလိုက်၏။

သူခန့်မှန်းသည်သာ မှန်ကန်ပါက ထိုလက်စွပ်သည် ရှုဟွေ ပြောသည့် တော်ဝင်သခင်၏ စိတ်ဝိဥာဉ်လက်စွပ် ဖြစ်ရပေမည်။

ယခင်တော်ဝင်သခင် အားလုံးသည် သူတို့သေရမည့် အချိန် နီးကပ်လာပြီမှန်း သိလိုက်သည်နှင့် စိတ်ဝိဥာဉ် လက်စွပ်နှင့်အတူ တော်ဝင်သင်္ချိုင်းထဲ ဝင်သွားလေ့ရှိ၏။ တော်ဝင်သခင်လောင်းတိုင်း၏ ပထမဆုံးနှင့် အရေးအကြီးဆုံး တာဝန်သည် တော်ဝင်သင်္ချိုင်းထဲသို့ ဝင်၍ ယခင်တော်ဝင်သခင်ဆီမှ စိတ်ဝိဥာဉ်လက်စွပ်ကို ပြန်လည် ရယူရန်ပင် ဖြစ်လေ၏။

အဘယ်ကြောင့်ဆိုသော် စိတ်ဝိဥာဉ်လက်စွပ် မရှိလျှင် တော်ဝင်နယ်မြေ၏ အရေးကြီးသော နေရာ အတော်များများကို အသုံးမပြုနိုင်သောကြောင့်ပင် ဖြစ်၏။

အသက်သုံးရာ မပြည့်ခင်မှာပဲ အသက်ကြီးပြီး သေသွားသည့် သူတော်စင် တတိယအဆင့် ပညာရှင်များကို တုန်ရွှမ်လောကကြီးအတွင်းရှိ ဘုံကိုးခု ထွတ်မြတ်နယ်မြေတွင်သာ‌ တွေ့နိုင်၏။

ထိုလူကြီးကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် သူသာ ဘုံးကိုခုထွတ်မြတ် နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာပါက အသက်သုံးရာပင် ပြည့်အောင် မနေနိုင်ဘဲ အိုပြီး သေသွားရလိမ့်မည် ဖြစ်မှန်း ရန်ကိုင် နားလည်သဘောပေါက်လိုက်၏။

အသက်သုံးရာပင် ပြည့်အောင် မနေနိုင်သော သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက်၏ ဘဝမှာ မည်မျှ သနားစရာ ကောင်းလိုက်လေသနည်း။

လက်စွပ်ကို ယူပြီးနောက် အသေအချာ စစ်ဆေး ကြည့်လိုက်၏။ သို့သော် ထူးထူးခြားခြား ဘာကိုမှ မတွေ့ရှိခဲ့ရသဖြင့် ခေါင်းသာရမ်းမိလိုက်၏။ ထိုလက်စွပ်ကို မည်ကဲ့သို့သော ပစ္စည်းနှင့် လုပ်ထားမှန်း ရန်ကိုင် မသိပေ။ လက်စွပ်အား ထူးခြားဆန်းကြယ်သည့် ပစ္စည်းတစ်ခုဖြစ်မှန်းသာ သူသိ၏။ အဘယ်ကြောင့် ဆိုသော် လက်စွပ်ထဲ နှစ်ထောင်ပေါင်းများစွာ ကြာသွားပြီးသည့်တိုင် ပျောက်ကွယ်ခြင်း မရှိသေးသော ဝေဝါးဝါး စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သောကြောင့် ဖြစ်၏။

ထိုစွမ်းအင်လှိုင်းများသည် သူနားမလည်နိုင်သော၊ ရှင်းပြမရနိုင်သည့် ဥပဒေသလမ်းစဉ်တိုင်း ဖြစ်တည်နေဟန် ထင်ရ၏။

လက်စွပ်ကို စိုက်ကြည့်နေရင်း လက်စွပ်ဆီမှာ အားကောင်းသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာခဲ့၏။ မမြင်နိုင်သော လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး လေဟာနယ်ကို ထိုးခွဲကာ သူ့အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည့်အလား၊ ရန်ကိုင် ဝိဥာဉ် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ရ၏။

“မဟာကောင်းကင်ဆွဲငင်အား” ရန်ကိုင် မျက်နှာ ဖြူလျော်သွားခဲ့၏။ လက်စွပ်မှ ထွက်ပေါ်လာသော စွမ်းအင်သည် ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခုထဲမှ တစ်ခုဖြစ်မှန်း သိသိချင်း ရန်ကိုင်လည်း ချက်ချင်း ခုခံရန် ကြိုးစားလိုက်၏။ သို့သော် မျက်တောင်ပင် မခတ်ရသေး၊ မှိန်ဖျဖျ အလင်းတစ်ချက် လက်သွားခဲ့ပြီး သူ့အသိစိတ် ပင်လယ်ထဲမှ တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။

ထို့နောက် ချက်ချင်းဆိုသလို သူနှင့် စိတ်ဝိဥာဉ် လက်စွပ်ကြား အဆက်အသွယ်တစ်ခု ဖြစ်တည်လာသလို ခံစားလိုက်ရ၏။

ရန်ကိုင်သည် မှုန်တေတေ မျက်နှာထားဖြင့် သူ့လက်ထဲရှိ စိတ်ဝိဥာဉ်လက်စွပ်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့၏။ ယခု ထိုစိတ်ဝိဥာဉ်လက်စွပ်ကို တစ်စစီ ဖြစ်အောင် သူဖျက်စီးပစ်ချင်နေလေပြီ။

မဟာကောင်းကင်ဆွဲငင်အားသည် လူတစ်ယောက်၏ ဝိဥာဉ်အပိုင်းအစကို အတင်းအကြပ် ထုတ်ယူနိုင်၏။ ရန်ကိုင်သည်လည်း ထိုပညာရပ်ကို အန်လင်းအာအပေါ် အသုံးပြုခဲ့ဖူး၏။ ထို့ကြောင့် ရန်ကိုင်သည် အန်လင်းအာ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ခဲ့သလို သူမစိတ်အခြေအနေ မည်သို့မည်ပုံ ရှိသည်ကိုလည်း ထောက်လှမ်း စစ်ဆေးနိုင်၏။

သို့သော်လည်း တော်ဝင်သခင်၏ စိတ်ဝိဥာဉ် လက်စွပ်သည် မဟာကောင်းကင်ဆွဲငင်အားကိုသုံး၍ ရန်ကိုင် ဝိဥာဉ်တစ်ပိုင်းတစ်စကို အတင်းအကြပ် ထုတ်ယူသွား၏။

ပြောစရာမလိုအောင်ပင် ယခုကဲ့သို့ ဖြစ်သွားရခြင်းသည် ယခင်တော်ဝင်သခင်၏ အကြံအစည်သာ ဖြစ်ရပေမည်။

ကံကြမ္မာတစ်ပတ် ပြန်လည်ခြင်းပင်…

သူတော်စင် တတိယအဆင့် ပညာရှင် တစ်ယောက်ကို ရန်ကိုင် မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

သူသာ ထိုစိတ်ဝိဥာဉ်လက်စွပ်ကို လွှင့်ပစ်လိုက်ပါက သူ့ဝိဥာဉ်အပိုင်းအစကို လွှင့်ပစ်လိုက်သည်နှင့် အတူတူပင် ဖြစ်သွားပေလိမ့်မည်။ ရန်သူ တစ်ယောက်ယောက်သာ ထိုလက်စွပ်ကို ရသွားပါက ရန်ကိုင်၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားနိုင်သည်နှင့် အတူတူပင် ဖြစ်သွားပေလိမ့်မည်။

သူ့စိတ်ထဲ ယခင်တော်ဝင်သခင်၏ ဆွေစဉ်မျိုးဆက် (၁၈)ဆက်ကို အားပါတရ ကျိန်ဆဲတော့လေ၏။ ယခင်က စိတ်ဝိဥာဉ်လက်စွပ်ကို ရလျှင် ထိုလက်စွပ်ကိုသုံး၍ ရှုဟွေဆီမှ သူ့လွတ်လပ်ခွင့်နှင့် ပြန်လဲမည်ဟု ကြံနေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုစိတ်ဝိဥာဉ် လက်စွပ်သည် သူ့ဝိဥာဉ်အပိုင်းအစကို အပိုင်သိမ်းထားရာ ထိုလက်စွပ်ကို အခြားတစ်ယောက်၏ လက်ထဲသို့ သူမည်ကဲ့သို့ ထည့်ရဲတော့မည်နည်း။

ရန်ကိုင် လုံးဝကို စိတ်ညစ်၊ စိတ်ချဉ်ပေါက် နေခဲ့လေပြီ။

ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ ယခင်တော်ဝင်သခင်၏ အလောင်းခန္ဓာကိုယ်ဆီမှ စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့၏။

တစ်ချိန်တည်းတွင် တော်ဝင်သင်္ချိုင်းထဲရှိ ခေါင်းတလားတိုင်းဆီမှ တူညီသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေ၏။

စွမ်းအင်အားလုံးသည် ရန်ကိုင် ကိုယ်ထဲရှိ တစ်ခုခု၏ ဆွဲဆောင်ခြင်း ခံနေရသည့်အလား။ သူ့အသိစိတ်ပင်လယ် အတားအဆီး ချက်ချင်း ကျိုးပျက်သွားခဲ့ပြီး လှိုင်းလုံးပမာ စွမ်းအင်တို့ သူ့အသိစိတ်ပင်လယ်ထဲ တရဟော ဝင်ရောက်လာခဲ့ရာ ရန်ကိုင် အသိစိတ်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ရလေ၏။

ရန်ကိုင် မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး ချက်ချင်း တင်ပလင်ခွေ ထိုင်ချကာ သူ့အသိစိတ်ပင်လယ်ကို သွားစစ်ဆေးကြည့်လိုက်လေ၏။

အသိစိတ်ပင်လယ်ထဲသို့ရောက်သော်၊ သူ့အသိစိတ် ပင်လယ်တစ်ခုလုံး လှိုင်ထန်၊ လေထန်နေခဲ့သည်ကို တွေ့ရှိလိုက်ရ၏။ သူ့အသိစိတ်ပင်လယ်သည် ပြင်ပစွမ်းအင်များ ကျူးကျော်လာသည်ကို အလိုလို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားနေသည့်ပုံပင်။

မီးတောက်ပင်လယ်သည် မီးတောက်လှိုင်တံပိုးများကို ထုတ်လွှတ်ရင်း ကျူးကျော်ဝင်ရောက်လာသည် စွမ်းအင် များကို လိုက်လံတိုက်ခိုက်နေခဲ့၏။ သူ့အသိစိတ်ပင်လယ် ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် စွမ်းအင်များသည် တေဇောဓါတ်အသိစိတ်ပင်လယ်ကို ကြောက်ရွံ့သည့် အလား မီးတောက်များဆီမှ ဝေးရာသို့ ထွက်ပြေးနေခဲ့၏။

ထွက်ပြေးနေစဉ် အတောအတွင်း ထိုကျူးကျော် စွမ်းအင်များသည် ရန်ကိုင်ဆီသို့ စိတ်စွမ်းအင်လှိုင်းများ ပို့လွှတ်၍ အိပ်ငွေ့ချရန် ကြိုးစားနေခဲ့ကြ၏။

ရန်ကိုင် သင်္ကာမကင်း ဖြစ်သွားပြီး မျက်လုံး မှေးစဉ်း၍ သူ့အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော် ဝင်ရောက်လာသော စွမ်းအင်များကို စိုက်ကြည့်လိုက်၏။ သူစိတ်အခြေအနေ တဖြည်းဖြည် တည်ငြိမ်လာသဖြင့် မီးပင်လယ်ကြီးလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့၏။

ရန်ကိုင် မြင်ရသလောက် ထိုစွမ်းအင် အစုအဝေးများသည် ဘုံးကိုခုထွတ်မြတ်နယ်မြေ တော်ဝင်သခင်ဟောင်းများ၏ စိတ်ဆန္ဒများပင် ဖြစ်ကြ၏။ ရှင်းရှင်းပြောရလျှင် ထိုစွမ်းအင်များသည် အကြွင်းအကျန် စိတ်ဝိဥာဉ်များ ဖြစ်ကြ၏။

သို့သော်လည်း လက်ရှိ မြင်တွေ့ရသလောက် အခြင်းအရာကို ထောက်ရှု၍ ပြောဆိုရမည်ဆိုပါက ထိုအကြွင်းအကျန် စိတ်ဝိဥာဉ်များသည် တော်ဝင်သခင်များ မသေခင် ထားရစ်ခဲ့သည့် နောက်ဆုံးတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နေပုံ ထင်ရ၏။

ထိုစိတ်ဝိဥာဉ် အကြွင်းအကျန်များသည် ရန်ကိုင်အား ဒုက္ခရောက်အောင် မလုပ်ဘဲ စိတ်စွမ်းအင်လှိုင်းများကိုသာ အဆက်မပြတ် ထုတ်လွှတ်၍ ရန်ကိုင်အား တစ်ခုခုပြောရန် ကြိုးစားနေခဲ့၏။

တစ်ခဏတာ တုန့်ဆိုင်းသွားပြီးနောက် သူ့ဝိဥာဉ် အကာအကွယ်ကို လျော့ချ၍ ထိုစိတ်ဝိဥာဉ် အကြွင်းအကျန်များ ပြောရန် ကြိုးစားနေသည်ကို အရင်ဆုံး နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

ခဏအကြာ၌ ရန်ကိုင်အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ရ၏။

အမှန်တရားသည် သူထင်ထားသည်နှင့် တလွဲစီ ဖြစ်နေခဲ့၏။ ထိုစိတ်ဝိဥာဉ် အကြွင်းအကျန်များသည် သူ့အား ကျင့်စဉ် သို့မဟုတ် သိုင်းပညာရပ် တစ်ခုခု သင်ကြားပေးရန် လုပ်နေခြင်းမဟုတ်ဘဲ ဦးနှောက်ဆေးရန် ကြိုးစားနေခြင်း ဖြစ်၏။

ချက်ချင်းပဲ တော်ဝင်နယ်မြေအပေါ် ရန်ကိုင်၏ အထင်အမြင်လည်း ပြောင်းလဲလာခဲ့ရ၏။ တော်ဝင်နယ်မြေ၌ နေရသည်မှာလည်း အရမ်းကြီး မဆိုးလှဘူဟု ရုတ်တရက် ခံစားမိလာ၏။ တော်ဝင်သခင် ဖြစ်လာခဲ့လျှင် မြင့်မာသော ဂုဏ်အဆင့်အတန်း၊ အမျိုးမျိုးသော အဖိုးတန် ရတနားကို ပိုင်ဆိုင်နိုင်ရုံမက လူထောင်ပေါင်းများစွာကိုလည်း အမိန့်ပေးနိုင်လိမ့်မည်။ ထိုမျှသာမက သိုင်းတာအို၏ အထွဋ်အထိပ်သို့လည်း အချိန်တိုအတွင်း တက်လှမ်းနိုင်ပေဦးမည်။ ကိုယ့်ဘာသာ ကျားကုတ်ကျားခဲ ကြိုးစားနေရသည်ထက် အများကြီး ပိုကောင်းပေ၏။

ထိုကဲ့သို့သော အတွေးများသည် ရန်ကိုင်၏ စိတ်ဆန္ဒကို လျော့ရဲအားပျော့လာအောင် လုပ်နေခဲ့၏။ ယခင်တော်ဝင်သခင်းများသည် သူ့အအပေါ် နွေးထွေး ကြင်နာပြီး သူတို့၏ သင်ကြားပြသမှုများကို ထပ်မံ၍ နားထောင်ချင်လာခဲ့၏။

သို့သော်လည်း ထိုအချိန်မှာပင် သူ့စိတ်ဝိဥာဉ် အတွင်းပိုင်းမှ ဆန့်ကျင်ခြင်း အာတစ်ရပ် ပေါက်ကွဲ ထွက်လာခဲ့၏။ သူ့နှလုံးသား တင်းကြပ်သွားခဲ့ပြီး ထိုစိတ်ဝိဥာဉ်အကြွင်းအကျန်များနှင့် ပြောဆို ဆက်ဆံနေသည်ကို ချက်ချင်း ရပ်တန့်ပစ်လိုက်၏။ ထိုတလွဲအတွေးများကို ခေါင်းထဲမှ ချက်ချင်း ဖယ်ထုတ်၍ ယခင်တော်ဝင်သခင်များ၏ စိတ်ဝိဥာဉ်အကြွင်းအကျန် များကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်၏။

“လတ်စသတ်တော့ ဒီလိုကိုး” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး သူ့မျက်ဝန်းအစုံ ရုတ်ချည်း အေးစက်သွားခဲ့၏။

သူတော်စင်မများ ပြန်ခေါ်လာသည့် တော်ဝင်သခင် များသည် မည်သည့် အတွက်ကြောင့် တော်ဝင်နယ်မြေ အပေါ် အသက်ပင်ပေးရပေးရ သစ္စာရှိနေလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်ခဲ့ဖူးမိ၏။ လတ်စသတ်တော့ အဖြေသည် ယခင်တော်ဝင်သခင်ဟောင်းများ၏ စိတ်ဝိဥာဉ် အကြွင်းအကျန်များကြောင့် ဖြစ်နေခဲ့၏။

သူ့ဝိဥာဉ်သည် သာမန်ထက် ပိုမို သန်မာနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် ယခင် လူများ၏ လမ်းစဉ်အတိုင်း လိုက်သွားရပေလိမ့်မည်။

တော်ဝင်သင်္ချိုင်းထဲသို့ ဝင်ခဲ့သော ယခင် တော်ဝင်သခင်လောင်းများအနက် အားအကောင်းဆုံးသည် မသေမျိုးပထမအဆင့် ပညာရှင်များသာ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့၏ ဝိဥာဉ်သည် အရမ်းကြီး သန်မာခြင်း မရှိချေ။ သို့ရာတွင် ရန်ကိုင်၏ စိတ်စွမ်းအင်ကမူ သူ့ကျင့်ကြံခြင်းအဆင့်ထက် အများကြီး ပိုမြင့်နေ၏။

ထို့အပြင် သူသည် ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်ရာထူးကို တစ်ခါမှ မလိုချင်ခဲ့၏။ ထို့ကြောင့် တော်ဝင်သခင်ဟောင်းများ၏ ဖြာယောင်းသွေးဆောင်မှု အောက်မှ အလျင်အမြန် ရုန်းထွက်လာနိုင်ခဲ့ခြင်း ဖြစ်၏။

ထိုအချက်အားလုံးကို စဉ်းစားမိသည်နှင့် ရန်ကိုင် လုံးဝကို အကြောက်အလန့် ကင်းသွား၏။ အခြား ပညာရပ် တစ်မျိုးမျိုးသုံးမည်ကို သူကြောက်မိသော်လည်း ထိုအကြွင်းအကျန် စိတ်ဝိဥာဉ်များ၏ အကြီးဆုံး အမှားသည် သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာခြင်းပင်။

ဤနေရာ၌ သူသည် အရှင်သခင် ဖြစ်သည်။

ထိုအကြွင်းအကျန် စိတ်ဝိဥာဉ်များနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်သော်လည်း မည်သည့် တုန့်ပြန်မှုမှ မရရှိခဲ့၏။ ယခင်တော်ဝင်သခင် အားလုံးသည် သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ထိုအကြွင်းအကျန် စိတ်ဝိဥာဉ် များသည် ထူးဆန်းသော ပညာရပ်တစ်ခုခုကြောင့် ဤနေရာ၌ ရှိနေခြင်းဖြစ်၏။ သို့သော် ထိုအကြွင်းအကျန် စိတ်ဝိဥာဉ် စိတ်ဝိဥာဉ်များထဲ ယခင်တော်ဝင်သခင်များ၏ အသိစိတ်မရှိတော့ချေ။ ထိုအရာများသည် တော်ဝင်သခင်များ မသေခင် ချမှတ်ခဲ့သော တာဝန်ကိုသာ စက်ရုပ်တစ်ရုပ်ကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်၏။

ထိုအကြွင်းအကျန် စိတ်ဝိဥာဉ်များသည် လက်လျှော့သွားခြင်း မရှိဘဲ ရန်ကိုင်အား ဆက်လက်၍ ဖြာယောင်းသွေးဆောင်နေခဲ့သဖြင့် ရန်ကိုင်လည်း တဖြည်းဖြည်း စိတ်မရှည်ချင် ဖြစ်လာခဲ့၏။ နောက်ဆုံး ထိုအကြွင်းအကျန် စိတ်ဝိဥာဉ်များကို တစ်ခါတည်း လတ်စဖျောက်ရန် ဆုံးဖြတ်လိုက်၏။ ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် သုတ်သုတ်ခြင်း နတ်ဆိုးမျက်လုံးကို ဖွင့်လိုက်လေ၏။

ရွှေရောင်မျက်လုံးသည် ဘုန်းတန်ခိုး ကြီးမြတ်သော အရှင်သခင်တစ်ပါးပမာ ထိုအကြွင်းအကျန် စိတ်ဝိဥာဉ် များကို ငုံ့ကြည့်လာခဲ့ပြီး ရွှေရောင်အလင်းတန်းတစ်စင်း ပစ်လွှတ်လိုက်၏။ ရွှေရောင်အလင်းတန်၏ ထိမှန်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူတော်စင် တတိယအဆင့် ပညာရှင်များ၏ အကြွင်းအကျန် စိတ်ဝိဥာဉ် အားလုံး ချက်ချင်း သန့်စင်ခြင်း ခံလိုက်ရ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၈)နတ်ဆိုးနတ်ဘုရားရွှေရောင်သွေး

တော်ဝင်သင်္ချိုင်းထဲ၊ ယခင်တော်ဝင်သခင်များ၏ အကြွင်းအကျန် စိတ်ဝိဥာဉ်များကို စုပ်ယူရင်း ရန်ကိုင် အချိန်နည်းနည်း ထပ်ဖြုန်းခဲ့၏။

ယခုတစ်ကြိမ် သူတော်တော်လေးကို မြတ်သွားခဲ့ရ၏။

သူ့ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်း မရှိသော်လည်း များလှစွာသော သူတော်စင် တတိယအဆင့် ပညာရှင်များ၏ စိတ်ဝိဥာဉ် အကြွင်းအကျန်များကို ဝါးမြိုနိုင်ခဲ့သဖြင့် သူ့အနာဂတ် လမ်းကြောင်းနှင့် ပက်သက်၍ ပို၍ ကောင်းကောင်း နားလည်လာခဲ့လေပြီ။

သူ့ခန္ဓာကိုယ်နှင့် အစစ်အမှန်ချီသာ အမှီ လိုက်နိုင်နေသရွေ့ စိတ်ပူစရာမလိုဘဲ အဆင့်တက်နိုင် ပေလိမ့်မည်။ မသေမျိုး တတိယအဆင့် ပညာရှင် ဖြစ်မလာခင် အချိန်အထိ မည်သည့် အတားအဆီးကိုမှ မတွေ့ရဘူးဟု ပြောလျှင်ပင် မမှားချေ။

ထိုကဲ့သို့သော ကံကောင်းမှုမျိုးသည် ကျင့်ကြံသူ အားလုံး၏ အိမ်မက်ပင် ဖြစ်လေ၏။

ကျင့်ကြံသူများ အဆင့်တက်ရန် ခက်ခဲခြင်းမှာ နောက်တစ်ဆင့်သို့ ချိုးဖျက်တော့မည့် အခိုက်အတန့်သို့ ရောက်သည်နှင့် အတားအဆီးများကို ကြုံတွေ့ ရသောကြောင့်ပင် ဖြစ်လေ၏။ ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ပါက လက်ရှိအဆင့်မှ နောက်တစ်ဆင့်သို့ ဘယ်တော့မှ တက်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ကျင့်ကြံသူတိုင်း အဆင့်တစ်ဆင့်မှ နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် အတားအဆီးများကို ရင်ဆိုင်ရ၏။ အရမ်းကိုမှ ပါရမီ မြင့်မားလှသော ကောင်းကင်ချီးပေး သားတော်များပင်လျှင် ငယ်ရွယ်စဉ်၌ အဆင့်တက်မြန်သော်ငြား နောက်ပိုင်း ရောက်လာသည့် အခါ မရေမတွက်နိုင်သော အဆင့်တက် အတားအဆီး များကို ကြုံတွေ့ရသောကြောင့် သူတို့၏ ကျင့်ကြံခြင်း အဆင့် နှေးကွေးလာရ၏။

အခွင့်အရေးတစ်ခုခုကို ကြုံတွေ့လျှင်တွေ့၊ မတွေ့လျှင် ကံကောင်းမှသာ နောက်တစ်ဆင့်သို့ တက်သွားနိုင်သူများ ဒုနှင့်ဒေးပင်။

ထို့ကြောင့် အဆင့်တက် အတားအဆီးဆိုသည်မှာ ကျင့်ကြံသူတိုင်း စိုရိမ်ရသည့် အရာတစ်ခုဟု ဆို၍ရ၏။ သိုင်းလမ်းစဉ် လျှောက်လှမ်းသူ မည်သူမဆို အဆင့်တက် အတားအဆီးများကို ကြုံတွေ့ရ၏။

ရန်ကိုင်သည်လည်း အဆင့်တက် အတားအဆီး များကို ကြုံတွေ့ခဲ့ရဖူး၏။ မရေမတွက်နိုင်သော သေရေးရှင်ရေး အခြေအနေများကို ကြုံတွေ့ပြီးမှသာ အတားအဆီးများကို ကျော်လွှားနိုင်ခဲ့၏။

သို့သော်လည်း ယခုမှစ၍ ထိုအဆင့်တက် အတားအဆီးများကို စိုးရိမ်နေစရာ မလိုတော့ချေ။ သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်မလာခင် အချိန်ထိ သူ့ကျင့်ကြံခြင်း ခရီးလမ်းသည် လုံးဝကို ချောမွတ်နေပေလိမ့်မည်။

သက်ပြင်းယဲ့ယဲ့လေး ချလျက် မတ်တပ်ရပ်လိုက်၏။ ရုတ်တရက် သူ့ရှေ့ရှိ ခေါင်းတလားထဲမှ စွမ်းအင်လှိုင်း ဖျော့ဖျော့လေးများ ထွက်ပေါ်လာခဲ့သဖြင့် စစ်ဆေး ကြည့်လိုက်ရာ ရန်ကိုင် ပြုံးမိသွား၏။

စွမ်းအင်လှိုင်း ထွက်ပေါ်လာရာဆီသို့ ကောင်းကင် စိတ်အာရုံ ပို့လွှတ်ကြည့်လိုက်သည့်အခါ ခေါင်းတလား ဆီမှ စွမ်းအင်အလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်လာခဲ့ပြီး ရန်ကိုင် တည့်တည့်ဆီသို့ ပျံသန်းလာခဲ့၏။

သူ့လက်ကို အသာအယာ ဆန့်ထုတ်ပေးလိုက်ပြီး ထိုစွမ်းအင် အလင်းတန်းသည်လည်း သူ့လက်ဝါးထက်သို့ ကျဆင်းလာခဲ့၏။ ထိုစွမ်းအင် အလင်းတန်းလေးသည် ငွေရောင်သစ်ရွက်‌လေးတစ်ရွက် ဖြစ်နေပေ၏။

သစ်ရွက်မျက်နှာပြင်ပေါ်ရှိ ရွက်ကြောများသည် အသက်ရှိနေသည့် သွေးကြောများပမာ… သို့သော် ထိုရိုးရှင်းပြီး အထိအခိုက်မခံဟန်ရသော သစ်ရွက်သည် ထိတ်လန့်ဖွယ်ရာ အရှိန်အဝါကို အမှန်ကတယ် ထုတ်လွှတ်နေခဲ့၏။

သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်တစ်ခု…

ယခင်တော်ဝင်သခင်များ အသုံးပြုခဲ့သည့် လက်နက်တိုင်းသည် သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်များ ဖြစ်သည်ဟု ရှုဟွေနှင့် အကြီးအကဲများ ပြောခဲ့၏။ ထိုကဲ့သို့ သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်မျိုး ဤလောကကြီး၌ များများစားစား မရှိပေ။

ထိုငွေရောင်သစ်ရွက်လေးထက် ယခင်တော်ဝင်သခင်၏ ဝိဥာဉ်အမှတ်အသား ရှိနေခဲ့၏။ သို့သော်လည်း ရန်ကိုင်သည် ယခင်တော်ဝင်သခင် အားလုံး၏ အကြွင်းအကျန် စိတ်ဝိဥာဉ်များကို စုပ်ယူခဲ့သဖြင့် ထိုစိတ်ဝိဥာဉ် အမှတ်အသားကို သူထိန်းချုပ်နိုင်ပေ၏။

တစ်နည်းဆိုရသော် ထိုခေါင်းတလားထဲ မည်သည့် ပစ္စည်းပင်ရှိပါစေ၊ ထိုပစ္စည်းများကို မည်သည့် ဘေးထွက် ဆိုးကျိုးမှ မကြုံတွေ့ရဘဲ ရန်ကိုင် ရယူနိုင်၏။

ထိုသစ်ရွက်ပုံစံ လက်နက်မျိုး သူတစ်ခါမှ မတွေ့ဖူးခဲ့။ သို့သော်လည်း တုန်းရွှမ်လောကကြီးတွင် ရှိနေသော လက်နက်များသည် ပုံသဏ္ဏာန်၊ အရွယ်အစား အမျိုးမျိုးဖြင့် ရှိနေကြခြင်း ဖြစ်၏။ ထိုငွေရောင် သစ်ရွက်လေးသည် အံ့အားသင့်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသော်ငြား ထိုလက်နက်ကို မသန့်စင်ရသေးသဖြင့် သစ်ရွက်၏ လုပ်ဆောင်ပုံကို ရန်ကိုင် သေသေချာချာ မသိသေးချေ။ ထို့ကြောင့် ထိုသစ်ရွက်လေးကို အနက်ရောင်သိုလှောင် နေရာလွတ်ထဲသာ အရင်ထည့်သိမ်းထားလိုက်၏။

အမျိုးမျိုးသော အရံအတား၊ အစီအရင်များကို ရှောင်ရှားရင်း ဒုတိယခေါင်းတလားဆီ စိတ်အား ထက်သန်စွာဖြင့် ဆက်လျှောက်သွားလိုက်၏။

ဤနေရာတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရန် ရန်ကိုင် ဆုံးဖြတ်ထားလိုက်လေပြီ။

ဤနည်းဖြင့် ရတနာများစွာကို ရန်ကိုင် ရယူနိုင်ခဲ့၏။ ခေါင်းတလားအားလုံးကို ယခင်တော်ဝင်သခင်များ ပိုင်ဆိုင်လေရာ သူတို့ အသုံးပြုခဲ့သော လက်နက် များသည်လည်း အရမ်းကိုမှ အဆင့်မြင့်လှမည်မှာ သံသယ ရှိစရာ မလိုချေ။

ခေါင်းတလား တစ်ခုချင်းစီတိုင်းထဲ အနည်းဆုံး သူတော်စင်အဆင့် လက်နက်တစ်ခုစီ ရှိကြ၏။ အများစု၌ သူတော်စင် အလယ်အလတ်အဆင့် လက်နက်များကို တွေ့ရပြီး သူတော်စင် အဆင့်နိမ့် လက်နက်များကို အနည်းအကျဉ်းသာ တွေ့ရ၏။ ကံမကောင်းစွာဖြင့် သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်ဆို၍ ရန်ကိုင် အရင်ဆုံး ရရှိခဲ့သည့် ငွေရောင်သစ်ရွက်လေးသာ ရှိ၏။

လက်နက်အားလုံးသည် မဆိုးလှသော်လည်း ရန်ကိုင် အကြိုက် ဖြစ်မနေခဲ့။ မည်သည့် လက်နက် ပညာရပ်ကိုမှ လေ့လာမထားသော ရန်ကိုင်အတွက် ထိုဓါးများ၊ လှံများနှင့် ဆေးဘားဓါးများသည် အသုံးမဝင် ဖြစ်နေခဲ့ရ၏။ ရန်ကိုင်သည် တိုက်ခိုက်ရာ၌ သူ့လက်နှင့်ခြေထောက်ကိုသာ အသုံးပြုတတ်၏။

ရန်ကိုင်အာရုံကို ဖမ်းစားသွားသည့် တစ်ခုတည်းသော အရာသည်ကား အနက်နီရောင် ချပ်ဝတ်အင်္ကျီပင် ဖြစ်၏။ ထိုချပ်ဝတ်အင်္ကျီသည် အရမ်းကြီး အရောင်မမှိန်သလို အရမ်းကြီးလည်း မရောင် မတောက်၊ ပုံစံလေးကလည်း လှ၏။ ပုံစံလှရုံသာမက ထိုချပ်ဝတ်အင်္ကျီသည် သူတော်စင် အဆင့်နိမ့် ပညာရှင်များ တိုက်ခိုက်မှုများကိုပင် ခုခံနိုင်ပေ၏။

သို့သော် ထိုချပ်ဝတ်သည် အမျိုးသမီးအတွက် ထုလုပ်ထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုချပ်ဝတ်ကို အမျိုးသမီးတစ်ဦးထံမှ ရယူခဲ့သောကြောင့် ဖြစ်၏။

ထိုချပ်ဝတ်ကို တွေ့ခဲ့သော ခေါင်းတလားသည် အခြား ခေါင်းတလားများနှင့် ကွဲပြား၏။ ထိုခေါင်းတလားထဲတွင် အရိုးခြောက်နှစ်ခု ရှိနေခဲ့ပြီး တစ်ခုသည် ယခင်တော်ဝင် သခင် ဖြစ်ကာ အခြားတစ်ခုသည် သူတို့မျိုးဆက်မှ သူတော်စင်မ တစ်ယောက်ဖြစ်၏။ နှစ်ယောက်သည် သေသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက် ထားကြရာ ရန်ကိုင် သက်ပြင်းသာ ချလိုက်မိ၏။

ထိုချပ်ဝတ်ကို စုယန် သို့မဟုတ် ရှနင်းချန်အတွက် ယူသွားရပေမည်။

ခဏအကြာ၌ နောက်ဆုံး ခေါင်းတလားရှေ့သို့ ရန်ကိုင် ရောက်လာခဲ့၏။ သူ့အား အံ့ဩသွားစေသည်ကား ထိုခေါင်းတလားတွင် မည်သည့် လက်နက်ပစ္စည်းမှ ရှိမနေခြင်းပင်။ အခြားခေါင်းတလားများနှင့် မတူသည့် အချက်တစ်ချက်လည်း ရှိသေး၏။ ထိုအချက်သည် ခေါင်းတလား တင်းတင်းကြပ်ကြပ် ပိတ်ထားခြင်းပင်။ ခေါင်းတလားအား အရံအတားပေါင်းများစွာဖြင့် အထပ်ထပ် ပိတ်ကာထား၏။ သို့သော်လည်း နှစ်ပေါင်း များစွာ ကြာညောင်းခဲ့ပြီ ဖြစ်သဖြင့် ခေါင်းတလားကို ပိတ်ထားသော အရံအတားများသည် တဖြည်းဖြည်း လျော့ရဲစ ပြုနေခဲ့လေပြီ။

ဘာကြောင့်မှန်း မသိရသော်လည်း ထိုခေါင်းတလား ရှေ့ မတ်တပ်ရပ်နေရုံဖြင့် နှလုံးခုန်မြန်လာသလို သူ့သွေးများသလည်း ဂနာမငြိမ် ဖြစ်လာခဲ့၏။ ခေါင်းတလားထဲမှ တစ်ခုခုသည် သူ့သွေးများကို ဆွဲဆောင်နေသည့်အလား။

ခဏတာ စိုက်ကြည့်နေပြီးနောက် ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်၏။ ခေါင်းတလားကို ပိတ်ထားသော အရံအတားများကို ကျော်ထဲ ခေါင်းတလားထဲ ကြည့်၍ မရခဲ့ချေ။

သို့သော်လည်း ခေါင်းတလားကို ပိတ်ထားသဖြင့် ခေါင်းတလားပိုင်ရှင်သည် အခြားသူများ နှောင့်ယှတ် လာမည်ကို မလိုလားသည့်ပုံပင်။

ထူးထူးဆန်းဆန်း ခံစားနေရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် ထိုခေါင်းတလားကို လက်လျှော့၍ လှည့်ပြန် မိသွားပေလိမ့်မည်။ သို့သော်လည်း ယခုမူ ထိုကဲ့သို့ မလုပ်နိုင်တော့ချေ။

မည်သို့ပင် စိတ်ထိန်းစေကာမူ သူ့သိချင်စိတ်ကို မဖိနှိပ်ထားနိုင်ခဲ့ချေ။

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် စိတ်ပိုင်းဖြတ် လိုက်သည့်အလား လက်ကိုမြှောက်၍ ခေါင်းတလားကို ထိုးချလိုက်၏။

သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖန်တီးထားခဲ့သော အရံအတားကို ရန်ကိုင်ကဲ့သို့ မသေမျိုး ဒုတိယအဆင့် ကောင်လေး တစ်ယောက်က မည်သို့မှ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ထိုတော်ဝင် သခင် သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီ ဖြစ်သည့်အတွက် အရံအတားသည်လည်း ယခင်လောက် ကောင်းမွန်မနေတော့ချေ။

ထို့ကြောင့် အရံအတားအားလုံးကို တစ်နာရီအတွင်း ရန်ကိုင် ဖျက်စီးပစ်လိုက်နိုင်ခဲ့၏။

ခေါင်းတလားအဖုံးကို ဖွင့်လိုက်သည်နှင့် အော်ဂလီဆန်စရာ ကောင်းလှသော အခိုးအငွေ့များ ခေါင်းတလားထဲမှ ထွက်ပေါ်လာခဲ့၏။ အဖုံး ပွင့်သွားသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။

အရိုးခြောက်တစ်ခုလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့ပြီး ပျက်စီးနေခဲ့၏။ ရန်ကိုင် မြင်ရသလောက် ရှစ်ဆယ်ရာခိုင်နှုန်းသော အရိုးများသည် ပြင်းပြင်းထန်ထန် ထိခိုက်ထား၏။

ရန်ကိုင် အံ့အားသင့်နေခဲ့ရလေပြီ။

တော်ဝင်သခင်တိုင်းသည် သူတော်စင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြ၏။ ဤတစ်ယောက်သည်လည်း ချွင်းချက် မဟုတ်ချေ။ ထိုကဲ့သို့ အဆင့်သို့ ရောက်သည်နှင့် လူတစ်ယောက်၏ အသွေးအသားနှင့် အရိုးများသည် လုံးဝကို မာကျောလာမည်ဖြစ်ရာ တိုက်ခိုက်မှု အနည်းငယ်ကသာ သူတို့ကို ထိခိုက်အောင် လုပ်နိုင်ကြတော့၏။

သို့သော်လည်း သူ့ရှေ့ရှိ အရိုးခြောက်၏ ပိုင်ရှင်သည် သူတော်စင် တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ထားခဲ့၏။ ဤပညာရှင်သည် မသေခင်အချိန်တွင် အားကောင်းသော ရန်သူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရပြီး အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည့်ပုံပင်။ ထို့အပြင် ဤပညာရှင် သေသွားရသည့် အကြောင်းအရင်းများလည်း ထိုဒဏ်ရာများကြောင့်ပင် ဖြစ်ပေ၏။

မည်ကဲ့သို့သော လူကများ သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက်ကို သတ်ပစ်နိုင်လောက်အောင် အားကောင်းလေသနည်း။

ငေးငေးငိုင်ငိုင်ဖြင့် ရန်ကိုင်အကြည့်သည် အရိုးခြောက်ဆီမှ အနားရှိ ပုလင်းနက်လေးပေါ်သို့ ရောက်သွားခဲ့၏။

မသေခင်အချိန်တွင် တော်ဝင်သခင်သည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်၍ ထိုပုလင်းနက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့၏။ ပုလင်ပေါ်တွင်လည်း အတားအဆီးများကို ထားရစ်ခဲ့သေး၏။

ကြောက်မက်ဖွယ် စွမ်အင်တို့ ပုလင်းဆီမှ ဖြာဖြာထွက်နေခဲ့ရာ ရန်ကိုင် တစ်ကိုယ်လုံးကို နေမထိ ထိုင်မထိဖြစ်အောင် လုပ်နေခဲ့၏။

ခရက်ဆိုသော အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ခေါင်းတလား၏ အတားအဆီးကို ချိုးဖျက်စဉ် ပုလင်းကိုပါ ထိခိုက်အောင် လုပ်မိလိုက်သည့်ပုံပင်။ ထိုကဲ့သို့ ကြီးစွာသော ဖိအားကို မတောင့်ခံနိုင်တော့သည့်အလား ပုလင်းမျက်နှာပြင်ထက် မရေမတွက်နိုင်သော အက်ရာများစွာ ထွက်ပေါ်လာခဲ့၏။ မျက်နှာပြင်ထက်ရှိ အတားအဆီးများသည်လည်း စတင် ပျောက်ကွယ်စ ပြုလာခဲ့လေပြီ။

ရန်ကိုင်သည် နေရာတွင်သာ ရပ်၍ ထိုဖြစ်စဉ်ကို ငေးကြည့်နေခဲ့၏။ ပုလင်းထဲတွင် ဘာပဲ ရှိနေပါစေ သူနှင့် တစ်ခုခု ဆက်စပ်နေရပေလမည်။

ခရက်… နောက်ဆုံး ပုလင်းတစ်ပုလင်းလုံး ပေါက်ကွဲထွက်လာခဲ့ပြီး တော်ဝင်သင်္ချိုင်းတစ်ခုလုံး ရွှေရောင်တောက်သွားခဲ့၏။ ထိုရွှေရောင်အလင်းကြောင့် တော်ဝင်သင်္ချိုင်းထဲရှိ အစီအရင်အားလုံး လုပ်ဆောင်မှု ရပ်တန့်သွားခဲ့ရ၏။

ရွှေရောင်အလင်းတန်းကို ဗဟိုပြု၍ ကြောက်မက်ဖွယ် နတ်ဆိုးချီတို့ ပေါက်ကွဲထွက်လာခဲ့ရာ တော်ဝင် သင်္ချိုင်းထဲရှိ ခေါင်းတလားအားလုံး လွင့်ပျံပေါက်ကွဲ ထွက်ကာ ယခင်တော်ဝင်သခင် ပညာရှင်များ၏ အရိုးခြောက်များလည်း တစ်စစီ ဖြစ်သွားခဲ့ရလေ၏။

ထိုရွှေရောင်အလင်းကို စိုက်ကြည့်နေရင်း ရန်ကိုင် အလိုလို ရေရွတ်မိလိုက်၏ “နတ်ဆိုးနတ်ဘုရားရွှေရောင် သွေးစက်လား”

ထိုရွှေရောင်အလင်းထဲမှ အားကောင်းလှသော သွေးနံ့ကို ရန်ကိုင် ရနေခဲ့၏။ ထို့အပြင် သွေးစက် တစ်စက်လုံးသည် လုံးဝကို ရွှေရောင်တောက်နေခဲ့၏။ ထိုအပြင် ရန်ကိုင်ကိုပင် ကြောက်ရွံ့စေသော နတ်ဆိုး အရှိန်အဝါကို ထုတ်လွှတ်နေသေး၏။ တော်ဝင်သခင် ကိုယ်တိုင် ကိုင်ဆောင်ထားရသည့် ရွှေရောင်တောက်၍ နတ်ဆိုးအရှိန်အဝါကို ထုတ်လွှတ်နေသော သွေးစက်သည် နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးမှလွဲ၍ အခြားမဖြစ်နိုင်။ ဖြစ်နိုင်လျှင်လည်း မည်သူ့ သွေးစက်မှန်း ရန်ကိုင် မစဉ်းစားတတ်တော့။

နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးစက်သည် မည်သည့် အတွက်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။ တော်ဝင်သခင်နှင့် ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရား ကြား မည်ကဲ့သို့သော ဆက်ဆံရေးများ ရှိနေသနည်း။

ရန်ကိုင်စိတ်ထဲ အတွေးပေါင်း သောင်းခြောက်ထောင် ပြေးလွှားနေစဉ် ရွှေရောင်သွေးစက်သည် ပစ်မှတ်ကို တွေ့ရှိသွားသည့်အလား ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကာ သူ့မျက်ခုံးကြားထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေ၏။

ချက်ချင်းဆိုသလို ရန်ကိုင် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ရ၏။

သူ့ကိုယ်ထဲ ရောက်ရှိလာခဲ့သော ရွှေရောင် သွေးစက်သည် စိတ်ရှိတိုင်း သောင်းကျန်နေခဲ့၏။ သွေးကြောများထဲ ဝုန်းဒိုင်းကြဲနေခဲ့ရာ ခဏအတွင်း ရန်တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက် များစွာဖြင့် ပြည့်သွားခဲ့ရ၏။ သူ့တစ်ကိုယ်လုံးသည် မီးတောက်ထဲ လောင်ကျွမ်းခံနေရသည့်ပမာ အရမ်းကိုမှ နာကျင်နေခဲ့ရ၏။

တလက်လက် တောက်ပနေသော ရွှေရောင် အလင်းရောင်တို့သည် ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။ နာကျင်မှုကို မတောင်ခံနိုင်တော့သည့် အဆုံး အသံကုန် အော်ဟစ်လိုက်ရာ ဆန်းကြယ် လောကငယ်တစ်ခုလုံး ဟိန်းထွက်သွားခဲ့ရလေ၏။ သိပ်သည်းလှသော သွေးအရှိန်အဝါကြောင့် ဆန်းကြယ် လောကငယ်တစ်ခုလုံး ရွှေနီရောင် တောက်နေခဲ့လေပြီ။

ရွှေရောင်အရိုးခြောက်ဆီမှ နတ်ဆိုးစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး နတ်ဆိုးအမှတ်အသားများကို အလိုလို အသက်သွင်းလိုက်လေ၏။

နတ်ဆိုးအမှတ်အသားများ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ချက်ချင်းဆိုသလို အရေပြားထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့၏။

ရွှေနီရောင် ဆန်းကြယ်လောကငယ် တစ်ခုလုံးသည် အဆုံးမဲ့ ထာဝရအမှောင်ထဲ ကျသွားသည့်အလား ရှိရှိသမျှ အလင်းရောင် အားလုံး ဆိတ်သုဉ်းသွားခဲ့ရ၏။

အမှောင်ထုထဲ ရန်ကိုင်သည် အံကိုကြိတ်နေခဲ့ရ၏။ သွေးစိမ်းရှင်ရှင်တို့သည်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ မြေကြီးပေါ်သို့ အဆက်မပြတ် စီးကျနေခဲ့၏။

သို့သော် သူ့မျက်ဝန်းထဲ၌ မြေကမ္ဘာတစ်ခုလုံးကို အက်ကွဲ သွားစေနိုင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲပုံရိပ်တို့ကို စတင် မြင်တွေ့နေခဲ့ရလေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၉) နတ်ဘုရားစွမ်းရည်

မျက်လုံးလည်း မဖွင့်သလို ကောင်းကင်စိတ်အာရုံ ကိုလည်း အသုံးမပြုခဲ့သော်လည်း ထိုတိုက်ပွဲကို ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့နေရ၏။

တိုက်ပွဲတွင် အာရုံစီးမျောသွားခဲ့ရာ ခံစားနေရသည့် နာကျင်မှုများကိုပင် မေ့လျော့သွားခဲ့လေ၏။

တိုက်ပွဲသည် အရမ်းကိုမှ အားကောင်းသည့် ပညာရှင် နှစ်ယောက်ကြားမှ တိုက်ပွဲဖြစ်ပြီး သူတို့၏ လှုပ်ရှားမှု တစ်ချက်ချင်းစီထဲ ခန့်မှန်းမရနိုင်သည့် သိပ်သည်းလှသော စွမ်းအင်တို့ ကိန်းအောင်ပါဝင်နေခဲ့၏။

နှစ်ယောက်ထဲမှ တစ်ယောက်ဆီမှ ထိတ်လန့်ဖွယ် နတ်ဆိုးချီတို့ ဖြာထွက်နေခဲ့ပြီး အခြားတစ်ယောက်ကမူ သက်လတ်ပိုင်း လူကြီးတစ်ဦး ဖြစ်သည်။

နတ်ဆိုးချီတို့ကို ထုတ်လွှတ်နေသည့် လူအား ရန်ကိုင် အတော့်ကိုမှ ရင်းနှီးလှ၏။ ခဏလောက် စဉ်းစား ကြည့်လိုက်ပြီးနောက် ထိုလူမည်သူမှန်း သူသိလိုက်လေပြီ။

မဟာနတ်ဆိုးနတ်ဘုရား…

ထိုလူသည် မဟာနတ်ဆိုးနတ်ဘုရားပင် ဖြစ်၏။

ရှေးဟောင်းနတ်ဆိုးကလန် တည်ရှိရာ ဆန်းကြယ် လောကငယ်အတွင်း မဟာနတ်ဆိုးနတ်ဘုရား၏ ရုပ်ထုကို မြင်တွေ့ခဲ့ဖူးသဖြင့် သူ့ရှေ့ရှိလူ မည်သူမှန်း ရန်ကိုင် သိလိုက်၏။

မဟာနတ်ဆိုးနတ်ဘုရားသည် ဒဏ္ဏာရီလာ ဖြစ်တည်မှုကြီးဖြစ်ပြီး သူ့ခေတ်သူ့အခါက မည်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့။ သူသည် အားလုံး၏ အသိအမှတ်ပြုထားခြင်း ခံရသော တုန်းရွှမ်လောကကြီး၏ နံပါတ်တစ် ပညာရှင်ဖြစ်လေ၏။ သူ့ရှိနေစဉ်အတွင်း နတ်ဆိုးမျိုးနွယ်စုသည် အခြားမျိုးနွယ်စုကြီး နှစ်ခုကို လွှမ်းမိုးနိုင်ခဲ့၏။

ထိုအချိန်မှစ၍ နတ်ဆိုးမျိုးနွယ်စုမှ မည်သူမှ သူတို့ကိုယ်သူတို့ နတ်ဆိုးနတ်ဘုရား မသမုတ်ရဲတော့ချေ။ မဟာနတ်ဆိုးနတ်ဘုရားအား လေးစားသမှုဖြင့် သူတို့ကိုယ်သူတို့ နတ်ဆိုးဗိုလ်ချုပ်ကြီးဟုသာ ခေါ်ဝေါ် သမုတ်ကြလေတော့၏။

သမိုင်းကြောင်းထဲရှိ သွေးနားထင်ရောက်၍ မိမိကိုယ်ကို နတ်ဆိုးနတ်ဘုရားဟု ခေါ်ဝေါ်ခဲ့သူ တစ်ဦး ရှိခဲ့ဖူး၏။ အကျိုးဆက်အနေဖြင့် ထိုလူသည် ရက်အနည်းငယ်အတွင်း သူ့လက်အောက်ငယ်သားများ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်း ခံလိုက်ရလေ၏။

ထိုအချိန်မှစ၍ မည်မျှ စွမ်းအားကြီးမားစေကာမူ နတ်ဆိုးမျိုးနွယ်စုဝင် ခေါင်းဆောင်များသည် သူတို့ကိုယ် သူတို့ နတ်ဆိုးနတ်ဘုရားဟု မခေါ်ဝေါ်ရဲကြတော့ချေ။

ရန်ကိုင် မြင်နေရသည့် တိုက်ပွဲသည် မဟာနတ်ဆိုး နတ်ဘုရား အပြည့်အ အားမကောင်းသေးခင် အချိန်က ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်သည့် ပညာရှင် အရေအတွက်မှာ အရမ်းကိုမှ နည်းပါးလှသေး၏။

သက်လတ်ပိုင်းလူကြီးသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်၏။

ထိုလူသည် အလောင်းထဲရှိ ကျိုးကြေပျက်စီးနေသော အရိုးခြောက်ပိုင်ရှင်ဖြစ်သော ဘုံကိုးခုနယ်မြေ၏ တော်ဝင်သခင် တစ်ယောက် ဖြစ်ပေ၏။

တိုက်ပွဲကိုကြည့်ရင်း ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို မည်သည့်အတွက်ကြောင့် သူကြည့်နေနိုင်မှန်း ရန်ကိုင် မသိခဲ့၏။ သို့သော် ဤအဖြစ်အပျက်သည် နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးစက်နှင့် ဆက်စက် နေမည်ဟု ရန်ကိုင် ခံစားမိ၏။ ပုလင်းထဲရှိ သွေးသည် နတ်ဆိုးနတ်ဘုရား၏ မှတ်ဥာဏ်တစ်ပိုင်းတစ်ကို သယ်ဆောင်ထားသည်မှာလည်း ဖြစ်နိုင်၏။

နတ်ဆိုးနတ်ဘုရားနှင့် တော်ဝင်သခင် နှစ်ယောက် စလုံးသည် သူတော်စင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြ၏။ ထိုတိုက်ပွဲသည် အထွဋ်အထိပ် ပညာရှင် နှစ်ဦးကြားမှ တိုက်ပွဲတစ်ပွဲပင် ဖြစ်လေ၏။

နှစ်ယောက်စလုံးသည် တိုက်ခိုက်နေရင်း မြေပြင်မှ ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ထိုမှတစ်ဆင့် ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ကြယ်တာရာ ကောင်းကင်မှတစ်ဆင့် မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့၏။ တိုက်ပွဲမြင်ကွင်းများသည် လျင်မြန်စွာ ပြောင်းလဲနေခဲ့ပြီး နှစ်ယောက်စလုံးသည် လက်ရည်တူနေခဲ့၏။ မည်သူမှ အသာစီးရမနေခဲ့။

တိုက်ပွဲကို ကြည့်လေကြည့်လေ ရန်ကိုင် ပိုပြီး စိတ်လှုပ်ရှားလာလေပင်။

ထိုကဲ့သို့သော အဆင့်မြင့် ပညာရှင်နှစ်ယောက်ကြားမှ တိုက်ပွဲကို ကြည့်ရသည်မှာ သူ့အတွက်ပင် အတော်လေး အကျိုးရှိလှ၏။ တိုက်ပွဲအတွင်း ပညာရှင်နှစ်ယောက် အသုံးပြုသွားခဲ့သော နည်းလမ်းများကို ရန်ကိုင် သေသေချာချာ လေ့လာနေခဲ့၏။

အချိန်တစ်ခုအထိ ကြာသွားပြီးနောက် တိုက်ပွဲမျှခြေ တဖြည်းဖြည်း ကျိုးပျက်လာခဲ့၏။

အမှားတစ်ခုခု လုပ်လိုက်မိသည့် အတွက်ကြောင့်ပဲလား၊ မနိုင်တော့မှန်း သိသည့်အတွက် စိတ်ဓါတ်ကျသွားသည့် အကြောင်းပဲလား၊ တော်ဝင်သခင် ရုတ်ချည်း အောက်စည်း ရောက်သွားခဲ့ရ၏။

မဟာနတ်ဆိုးနတ်ဘုရားသည် ဒေါသပုန်ထနေသော သားရဲတစ်ကောင်ပမာ ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်၍ တော်ဝင်သခင်ကို ရက်ရက်စက်စက် ဖိနှိပ် တိုက်ခိုက်တော့လေ၏။

ရုတ်တရက်ဆိုသလို တိုက်ပွဲမြင်ကွင်းများ ပြောင်းလဲသွားခဲ့၏။ နှစ်ပေါင်းများစွာ ကြာသွားသည့် တိုက်ပွဲသည့်အတွက် နတ်ဆိုးနတ်ဘုရားရွှေရောင် သွေးစက်ထဲ သိုလှောင်ထားသော မှတ်ဥာဏ်များလည်း အကောင်းအတိုင်း မရှိတော့ခြင်း ဖြစ်လောက်၏။

တစ်ဖန်ပြန်လည် ကြည်လင်သွားသည့်အခါ၊ တိုက်ပွဲ အဆုံးသတ်နေခဲ့လေပြီ။ တော်ဝင်သခင်သည် သွေးပွက်ပွက်အန်ကာ ဖြူစုတ်ဖြူလျော်ဖြင့် အလင်းတန်း တစ်ခုအသွင်သို့ ပြောင်းလျက် နတ်ဆိုးနတ်ဘုရားဆီမှ ထွက်ပြေးတော့လေ၏။

မထွက်ခွါခင် နတ်ဆိုးနတ်ဘုရားသွေးတစ်စက်ကိုပါ သူနှင့်အတူ ယူသွားခဲ့၏။

နတ်ဆိုးနတ်ဘုရားကမူ နေရာတွင်သာရပ်၍ ထွက်ပြေးသွားသော တော်ဝင်သခင်၏ ပုံရိပ်ကို အေးစက်စက် မောက်မာတကြီးဖြင့်သာ စိုက်ကြည့်နေခဲ့၏။

တိုက်ပွဲပုံရိပ်သည်လည်း ပြတ်တောက်သွားခဲ့၏။

သက်ပြင်းအရှည်ကြီးလျက် မြင်းရိုင်း ကဆုန်ဆိုင်းနေသော သူ့နှလုံးသားကို တည်ငြိမ်သွားအောင် လုပ်လိုက်၏။

မဟာနတ်ဆိုးနတ်ဘုရား၏ တိုက်ပွဲကို တစ်နေ့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ တုန်းရွှမ်လောကကြီးဆီသို့ ရောက်လာကတည်းက မဟာနတ်ဆိုးနတ်ဘုရား၏ ဒဏ္ဏာရီများအကြောင်း ကြားသိခဲ့ရ၏။ သူသည် ထိုမဟာနတ်ဆိုးနတ်ဘုရားနှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေမှန်း သူသိ၏။

ရွှေရောင်အရိုးခြောက်သည် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ဖြစ်ပြီး သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် နတ်ဆိုးနတ်ဘုရား၏ မျက်လုံးဖြစ်၏။ အနက်ရောင် စာအုပ်ကိုပင် နတ်ဆိုးနတ်ဘုရား ဖန်တီးခဲ့ခြင်း ဖြစ်၏။ ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာ ကြာသည့်တိုင် နတ်ဆိုးနတ်ဘုရား၏ အစစ်အမှန်ခွန်အားကို တစ်ခါမှ မျက်မြင်ဒိဠ ကြုံတွေ့ခဲ့ဖူးချေ။

သို့သော် ယနေ့ သူမြင်တွေ့ဖူးသွားခဲ့လေပြီ။

နတ်ဆိုးနတ်ဘုရားချန်ရစ်ခဲ့သည့် အမွေအနှစ်သည် ရန်ကိုင်အား ကြီးကြီးမားမား အကူအညီပေးခဲ့၏။ သို့သော် သူသည် တစ်နေ့ နတ်ဆိုးနတ်ဘုရား ရောက်ရှိခဲ့သည့် အဆင့်ထက် ပိုမြင့်သော အဆင့်တစ်ခုသို့ တက်လှမ်း နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိ၏။

ထိုသို့ လုပ်ပြမှသာလျှင် သူ့အောင်မြင်မှုများသည် နတ်ဆိုးနတ်ဘုရား သက်သက်ကြောင့်သာ ရရှိလာခြင်း မဟုတ်ကြောင်း သက်သေပြနိုင်ပေလိမ့်မည်။

တိုက်ပွဲကို မြင်တွေ့ပြီးနောက် ခေါင်းတလားထဲရှိ တော်ဝင်သခင် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။

တော်ဝင်သခင်ရခဲ့သော ဒဏ်ရာများသည် မဟာနတ်ဆိုးနတ်ဘုရားကြောင့် ဖြစ်၏။ တိုက်ပွဲပြီးနောက် တော်ဝင်နယ်မြေသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် တော်ဝင်သခင် ကွယ်လွန်သွားခဲ့၏။ ထိုသွေးတစ်စက်ကို ချန်ထားရစ်ခဲ့ရခြင်းမှာ တိုက်ပွဲရလဒ်ကို လက်မခံနိုင်သောကြောင့် ဖြစ်ဟန်တူ၏။

အမျိုးမျိုးသော အစဉ်လိုက် အဖြစ်အပျက်များကြောင့် ရန်ကိုင်သည် နတ်ဆိုးနတ်ဘုရားရွှေရောင် သွေးစက်ကို မတော်တဆရရှိပြီး ထိုတိုက်ပွဲကို လေ့လာကြည့်ရှုခွင့် ရခဲ့၏။

တော်ဝင်သင်္ချိုင်းထဲ ရန်ကိုင် ဖြည်းဖြည်းချင်း မျက်လုံး ပြန်ဖွင့်လာခဲ့၏။ မည်းမှောင်နေသော တော်ဝင်သင်္ချိုင်း တစ်ခုလုံးသည်လည်း ပြန်လင်းလာခဲ့လေပြီ။

သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။

ဒဏ်ရာများစွာ ရခဲ့သော်လည်း သူ၏ ပြန်လည် ကောင်းမွန်နိုင်စွမ်းနှင့် ဆိုလျှင် ထိုဒဏ်ရာများသည် အရမ်းကြီး မပြောပလောက်ချေ။ သူအံ့အားသင့်သွားရသည့် အကြောင်းအရင်းသည်ကား

ပြောင်းလဲသွားသော သူ့သွေးကြောင့်ပင်။

သူ့သွေးထဲ စီးဆင်းနေသော ရွှေရောင်သွေး ပမာဏသည် သိသိသာသာကို တိုးတက်လာခဲ့သလို ရွှေရောင်အရိုးခြောက်ထဲရှိ နတ်ဆိုးစွမ်းအင်များလည်း ပို၍ သိပ်သည်းလာခဲ့လေပြီ။

ထို့အပြင် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရား ပညာရပ်တစ်ခုကို သူနားလည်သွားနိုင်ခဲ့၏။

ဝိဥာဉ်ခွဲထွက်ခြင်း…

မိမိ၏ ဝိဥာဉ်အမှတ်အသားကို စိတ်စွမ်းအင်ဖြင့် အားဖြည့်ပေး၍ အထူးနည်းလမ်းတစ်ခုကိုသုံးကာ ဒုတိယမြောက် ဝိဥာဉ်ကို ဖန်တီးနိုင်၏။ ထိုဒုတိယမြောက် ဝိဥာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်နိုင်ပြီး ဝိဥာဉ်ကိုယ်ပွားတစ်ခု ပမာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်၏။

အားအကောင်းဆုံး သူ့ဝိဥာဉ်ကိုယ်ပွားသည် သူ့ခွန်အား စုစုပေါင်း၏ ရှစ်ဆယ်ရာခိုင်းနှုန်းကို အသုံးပြုနိုင်ပေ၏။

ယခင်လောကအတွင်း သူကြုံတွေ့ခဲ့ရသည့် နတ်ဆိုးဗိုလ်ချုပ်မန်ကဲ၏ ဝိဥာဉ်ကိုယ်ပွားအကြောင်း ပြန်စဉ်းစားမိသည်နှင့် ရန်ကိုင် မျက်ဝန်းများ လက်သွားခဲ့လေ၏။

တုန်းရွှမ်လောကကြီးသို့ မရောက်ခင်အထိ နတ်ဆိုးဗိုလ်ချုပ်မန်ကဲသည် မည်ကဲ့သို့သော ပညာရှင်မှန်း ရန်ကိုင် နားမလည်ခဲ့၏။

ထိုစဉ်က ဗိုလ်ချုပ်မန်ကဲသည် ဝိဥာဉ်ကို ခွဲထုတ်သည့် ပညာရပ်တစ်မျိုးမျိုးကိုသုံး၍ သူ့ဝိဥာဉ်ကိုယ်ပွားကို ရန်ကိုင် နေထိုင်ရာ လောကကြီးဆီ ပို့လွှတ်ခဲ့၏။ သို့သော် မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ခွဲထုတ်ခြင်း နတ်ဘုရား စွမ်းရည်နှင့် ယှဉ်လိုက်ပါက အရမ်းကိုမှ နိမ့်ကျသွား၏။

ရှင်းရှင်းပြောရလျှင် ဗိုလ်ချုပ်မန်ကဲ၏ ဝိဥာဉ်ကိုယ်ပွားသည် အရမ်းကိုမှ အားကောင်းလှ၏။

ဝိဥာဉ်ခွဲထုတ်ခြင်းဖြင့် အကျိုးအမြတ်များစွာကို ရရှိနိုင်၏။ ဝိဥာဉ်ခွဲထုတ်ခြင်း ပညာရပ်ကို အသုံးပြုလိုက်သည်နှင့် သူ့အသိစိတ်ပင်လယ်ထဲ ဝိဥာဉ်နှစ်ခု ရှိနေမည်ဖြစ်ရာ စိတ်စွမ်းအင် တိုးတက်နှုန်း သည်လည်း ယခင်ထက် နှစ်ဆမျှ ပိုမိုမြန်ဆန် လာပေလိမ့်မည်။

သို့သော် ဒုတိယမြောက် ဝိဥာဉ်ကို ပျိုးထောင်ရန်အတွက် များပြားလှသော စိတ်စွမ်းအင်များကို လိုအပ်ပေ၏။

သို့သော်လည်း သူ့တွင် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်း ရှိနေသဖြင့် သူ့စိတ်စွမ်းအင် ပြန်ပြည့်နှုန်းသည် အခြားသူများထက် အများကြီး ပိုမို မြန်ဆန်ပေ၏။

ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်ရာ တော်ဝင်သင်္ချိုင်း တစ်ခုလုံး အပျက်အစီးပုံကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ့ကြောင့် တော်ဝင်သင်္ချိုင်းတစ်ခုလုံး ပျက်စီးသွားခဲ့ရလေပြီ။

ယခုအချိန်မှစ၍ တော်ဝင်သင်္ချိုင်းထဲသို့ ဝင်လာသူ အားလုံး မည်သည့် အကျိုးအမြတ်မှ ရတော့မည် မဟုတ်သလို ယခင်တော်ဝင်သခင်များ၏ ဦးနှောက်ဆေးခြင်းကိုလည်း ခံရတော့မည် မဟုတ်ချေ။

ရန်ကိုင်ပင် အနည်းငယ် အားနာမိသွား၏။ ရှုဟွေနှင့် အခြားအကြီးအကဲများ တွန်းအားပေးသဖြင့် တော်ဝင် သင်္ချိုင်းထဲ ဝင်ရောက်ခဲ့သော်ငြား တော်ဝင်သင်္ချိုင်းသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အရေးကြီးသည့် နေရာတစ်ခု ဖြစ်၏။ သူသာ တော်ဝင်သင်္ချိုင်းတစ်ခုလုံးကို ဖျက်စီးခဲ့မှန်း ရှုဟွေနှင့် အခြားအကြီးအကဲများ သိသွားပါက သူ့အား အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

အနည်းဆုံး သူ့အား တော်ဝင်သခင်ရာထူးကို မရရအောင် အတင်းဆက်ခံခိုင်းပေလိမ့်မည်။

ထို့အပြင် တော်ဝင်သခင်၏ စိတ်ဝိဥာဉ် လက်စွပ်သည် ရန်ကိုင်၏ ဝိဥာဉ်အမှတ်အသားနှင့် ပေါင်စပ်နေခဲ့လေပြီ.

အခြေအနေသည် ရှုပ်ထက်ရှုပ်လာခဲ့၏။ သူသာ ဘုံးကိုခုထွတ်မြတ်နယ်မြေနှင့် စစ်မဖြစ်ချင်ပါက တော်ဝင်သခင်ရားထူကိုး ယူမှ ဖြစ်ပေလိမ့်မည်။

သက်ပြင်းအမောကြီးချလျက် တော်ဝင်သင်္ချိုင်းထဲမှ ချက်ချင်း မထွက်သွားသေးဘဲ ဝိဥာဉ်ခွဲထုတ်ခြင်းကို အရင်လေ့ကျင့်လိုက်၏။

ဝိဥာဉ်အမှတ်အသားတစ်ခုကို ဖွဲ့စည်းပြီးသည်နှင့် သူ့စိတ်စွမ်းအင်ကိုသုံး၍ ထိုဝိဥာဉ်အမှတ်အသားကို စတင် အားဖြည့်ပေးတော့လေ၏။

ဒုတိယမြောက် ဝိဥာဉ်ကို ဖန်တီးရန် လိုအပ်သော စိတ်စွမ်းအင်ပမာဏသည် ကြောက်မခန်းလိလိ များပြားလှ၏။ ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ အကူအညီဖြင့်လျှင် သူ့စိတ်စွမ်းအင် ကုန်ဆုံးနှုန်းကို အမှီလိုက်မဖြည့်နိုင် ဖြစ်ခဲ့ရ၏။ အနက်ရောင် သိုလှောင် နေရာလွတ်ထဲ စိတ်စွမ်းအင် အားဖြည့်ဆေးများစွာ ရှိနေသည်မှာ ကံကောင်းသွားခဲ့၏။

ထို့ပြင် သူ့တွင် ဆေးပေါင်းရည် များစွာရှိနေသေးရာ စိတ်စွမ်းအင် ခမ်းခြောက်ကုန်ဆုံးသွားမည်ကို ရန်ကိုင် စိတ်မပူချေ။

ဤသို့ဖြင့် ရက်အလီလီ ကုန်ဆုံးသွားခဲ့၏။

ရန်ကိုင်သည် တော်ဝင်သင်္ချိုင်းထဲမှ ထွက်သွားရန် အလျင်မလိုသေးဘဲ ဆက်လက်၍ လေ့ကျင့်နေခဲ့၏။

ဝိဥာဉ်ခွဲထုတ်ခြင်း နတ်ဘုရားစွမ်းရည် အသေးစား ပြီးမြောက်ခြင်းအဆင့်သို့ ရောက်မှသာ ကျင့်ကြံခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်၏။

ယခုအချိန်မှစ၍ သူ၏ ဒုတိယမြောက် ဝိဥာဉ်ကို အဆက်မပြတ် ကျင့်ကြံပေးနေစရာ မလိုတော့ချေ။ ဒုတိယမြောက် ဝိဥာဉ်သည် သူ့ဘာသာ တဖြည်းဖြည်းချင်း အားကောင်းလာပေလိမ့်မည်။ ကံမကောင်းစွာဖြင့် မပြီးပြည့်စုံခင် အချိန်အထိ ဒုတိယမြောက် ဝိဥာဉ်သည် သူ့အား မည်သည့် အကူအညီမှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ပြီးပြည့်စုံသွားမှာသာ ဒုတိယဝိဥာဉ်ကို ထည့်သွင်းပေးရန် တစ်ခုခုရှာ၍ သူ၏ အစစ်အမှန်ဝိဥာဉ်ကိုယ်ပွားကို ဖန်တီးရပေမည်။

ယခုလောလောဆယ် သူ့ဝိဥာဉ်ကိုယ်ပွားသည် ကိုယ့်ဘာသာကိုယ် တွေးတောစဉ်းစားနိုင်စွမ်း မရှိသေး။ ထို့ကြောင့် ရန်ကိုင် အမိန့်ပေးမှသာ လှုပ်နိုင်သေး၏။ သို့သော် အန္တရာယ်များပြီး သူကိုယ်တိုင် သွားရောက်၍ အဆင့်မပြေသည့် နေရာများသို့ သူ့ဝိဥာဉ်ကိုယ်ပွားကို ကင်းထောက်အဖြစ် စေလွှတ်နိုင်ပေမည်။

ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် တော်ဝင်သင်္ချိုင်း ဝင်ပေါက်ရှိရာဆီ လမ်းလျှောက် သွားလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၀၀)

ခဏအကြာ၌ မှိန်ဖျဖျ စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သဖြင့် ထိုနေရာဆီ လျှောက်သွားလိုက်ရာ မကြာခင်မှာဘဲ ကျောက်တုံးနံရံတစ်ခုရှေ့သို့ ရောက်လာခဲ့၏။ နံရံထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်း လိုက်သည်နှင့် သူ့ရှေ့တွင် လေဟာနယ်လိုဏ်ခေါင်း တစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်လည်း ထိုလေဟာနယ် လိုဏ်ခေါင်းထဲသို့ ဝင်၍ အပြန်သို့ ပြန်ထွက်လာလိုက်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ တော်ဝင်သင်္ချိုင်း၏ အပြာရောင်ဝင်ပေါက်ဆီသို့ ရန်ကိုင် နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့လေပြီ။

အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူ့အရှိန်အဝါကို ချက်ချင်း ဖုံးကွယ်ထားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်၏။

တော်ဝင်သင်္ချိုင်းထဲ အချိန်မည်မျှ ကြာသွားမှန်း မသိသော်လည်း အတော့် ကြာခဲ့လိမ့်မည်မှန်း ရန်ကိုင် သိ၏။ အနီးအနား၌ တစ်ယောက်မှ မရှိတော့သဖြင့် ရှုဟွေနှင့် အခြားသူများ ထွက်သွားလောက်ပေပြီ။

ဤအချိန်သည် တော်ဝင်နယ်မြေ ခိုးထွက်ရန် အခွင့်ကောင်းပင်။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ထွက်ခွါနိုင်သည်နှင့် ပင်လယ်ထဲရောက်သွားသည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားမည်ဖြစ်ကာ ရှုဟွေနှင့် အခြားသူများအဖို့ သူ့အား ကျယ်ပြောလှသော တုန်းရွှမ်လောကကြီးထဲ အလွယ်တကူ ရှာနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် ဘေးပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးပြီးနောက် ရန်ကိုင် အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့ရ၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ လေထုသည် အနည်းငယ် ညို့မှိုင်းနေခဲ့၏။ တိုက်ပွဲတစ်ပွဲဖြစ်သွားခဲ့ဟန် ရကာ အပျက်အစီးအပုံများကို ဟိုတစ်စ ဒီတစ်စ မြင်တွေ့နေခဲ့ရ၏။ တောင်ထွတ်ကိုးလုံးပေါ်ရှိ အဆောက်အဦး တော်တော်များများ ကျိုးကြေပျက်စီးနေခဲ့ရလေပြီ။

လေထဲ စိမ့်ဝင်ပျံ့နှံ့နေသော သွေးနံ့များကို ရှူရှိုက်မိလိုက်သလို နာနာကျင်ကျင် အော်ဟစ်သံများကိုလည်း ကြားနေခဲ့ရ၏။

ရုတ်တရက် ရင်းနှီးနေသည့် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ အန်လင်းအာကို မြင်တွေ့လိုက်ရ၏။

သန့်စင်ခြင်း၊ မြင့်မြတ်ခြင်း၏ အမှတ်သင်္ကေတ ဖြစ်သော သူတော်စင်မသည် အပြာရောင်အဝတ်စဖြင့် ခေါင်းမြီးခြုံထားခဲ့ပြီး သူမ၏ အဖြူရောင် အဝတ်အစားသည် ဖုံများ၊ သွေးများဖြင့် စွန်းထင်းနေခဲ့၏။

ရန်ကိုင်ကို မြင်သည်နှင့် အန်လင်းအာ၏ မျက်ဝန်းထဲ အပျော်ရိပ်တို့ ပြည့်နှက်လာခဲ့ပြီး မှင်သက်နေသည့် အမူအရာဖြင့် ထိုနေရာတွင် ငေးကြောင်ရပ်နေမိလိုက်၏။

ပါးစပ်မဟရသေးခင်မှာပင် ရန်ကိုင်ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး သူ့မရှေ့သို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။ သူမဘက်မှ ဘာမှန် မတုန့်ပြန် နိုင်သေးခင်မှာဘဲ ရန်ကိုင်က သူမအား အနားတစ်နေရာရှိ စံအိမ်တစ်ခုဆီ အလျင်အမြန် ခေါ်ဆောင်သွားလေ၏။

“ငါအခုပဲ နင့်ကိုလွှတ်ပေးမယ်၊ မအော်နဲ့ဦး” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်၏။

ရန်ကိုင် ထိုသို့ ပြောလိုက်မှပဲ အန်လင်းအာ၏ မျက်ဝန်းထဲရှိ ကြောက်လန့်တုန်လှုပ်ရိပ်တို့ ပျောက်ကွယ် သွားခဲ့ရ၏။

“နင်ထွက်လာနိုင်ခဲ့တာလား” အန်လင်းအာက ဘေးပတ်လည်အား စိုးရိမ်တကြီး စူးစမ်းရင်း တိုးတိုးလေး မေးလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “အခုလေးတင်ပဲ ထွက်လာနိုင်ခဲ့တာ”

“နင်တကယ် ထွက်လာနိုင်ခဲ့တာပဲ” ယခုမှပဲ အန်လင်းအာ စိတ်သက်သာရာ ရနိုင်တော့၏။ တော်ဝင်သင်္ချိုင်းထဲမှ ရန်ကိုင် ထွက်မလာနိုင်မည်ကို သူမ တစ်ချိန်လုံး စိုးရိမ်နေခဲ့ရခြင်း ဖြစ်၏။ ရန်ကိုင် အဆင်ပြေပြေနှင့် ရှိနေသည်ကို တွေ့လိုက်ရတော့မှပဲ သူမရင်ထဲရှိ အလုံးကြီး ကျသွားနိုင်တော့၏။

ရန်ကိုင် တော်ဝင်သင်္ချိုင်းထဲသို့ ဝင်ရန် အတင်း ဖိအားပေးခံရခြင်းသည် သူမကြောင့်ပါလည်း ပါသည်ဟု တွေးကာ သူမကိုယ်သူမ အမြဲတမ်း အပြစ်တင်နေခဲ့ရာ သူမ၏ ကျန်းမာရေးပင် ထိခိုက်ရသည်အထိ ဖြစ်ခဲ့ရ၏။

ယခု ရန်ကိုင်းအရေးကို ဆက်လက်၍ တွေးပူနေစရာ မလိုတော့ချေ။

“နင်ထွက်လာနိုင်တာ ကောင်းတယ်” အန်လင်းအာက သူမ၏ ရင်ဘတ်ကို အသာအယာ ပုတ်၍ “နင်ထွက်လာမှတော့ အကြီးအကဲချုပ်နဲ့ အခြားလူတွေ နင့်ကို ရှာမတွေ့ခင် မြန်မြန် ထွက်သွားပေတော့”

ရန်ကိုင်က အန်လင်းအာကို အသေအချာ စိုက်ကြည့်၍ “နင်ငါ့ကို တကယ်ကြီး ထွက်သွားခွင့် ပေးမှာလား”

“အင်း” အန်လင်းအာက အားတင်းပြုံးလိုက်ပြီး “နင်ဒီမှာ မနေချင်မှန်း ငါသိတယ်။ နင့်ကို တွန်းအား ပေးနေလို့လည်း ငါ့ကို မုန်းလာတာပဲ ရှိမှာ။ အဲ့လို ဆိုမှတော့ ဘာလို့ နင့်ကို သွားခွင့် မပေးလိုက်ရမှာလဲ”

ရန်ကိုင် အမူအရာ ပျော့ပျောင်းသွားခဲ့ပြီး သူ့စိတ်ထဲ အန်လင်းအာအား ကျေးဇူးတင်လိုက်မိ၏။

“ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ။ နင့်ကို တွေ့သွားရင် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူးနော်” အန်လင်းအာ မျက်မှောင်ကြုံ့လိုက်၏။

“အခု ငါ့စိတ်ထဲကပဲ ထင်နေတာလား၊ နင်ကပဲ ပိုပြီး ဆွဲဆောင်မှုရှိလာတာလား၊ ငါတကယ်ကို မခွဲတတ်တော့ဘူး” ရန်ကိုင်က အရှက်မရှိ မြှောက်ပင့် ပြောဆိုလိုက်၏။

အန်လင်းအာ ရှက်သွေးဖြားသွားခဲ့ပြီး ဒေါဟတကြီးဟန် လုပ်ပြကာ “စကားချိုချိုလေးတွေနဲ့ လာသပ်ပြမနေနဲ့။ နင်က မကောင်းတဲ့အကောင်းမှန်း ဟိုးကတည်းက ငါသိပြီးသား။ အခုလိုလေး ပြောလိုက်လို့ ငါနင့်အပေါ် အကောင်းမြင်သွားမယ် ထင်နေတလား၊ ဟန့်”

ရန်ကိုင်က အက်ခြောက်ခြောက် အသံဖြင့် ရယ်မောလိုက်ပြီး ရုတ်တရက် လက်သီးဆုပ်လိုက်ကာ “အဲ့လိုဆိုမှတော့ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့။ နောက်ပိုင်းကျ ငါတို့ ထပ်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်”

“အင်း၊ အင်း၊ မြန်မြန်သွားတော့၊ တောင်ဘက်ကို သွားနော်။ အကြီးအကဲချုပ်နဲ့ အခြားတွေက အခု မြောက်ဘက်မှာ ရှိနေတာ” အန်လင်းအာက အဆောတလျင် တိုက်တွန်းလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး အန်လင်းအာ ပြောသည့်အတိုင်း တောင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလေ၏။

ရန်ကိုင် ထွက်သွားပြီး ခဏအကြာ၌ အရိပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

“အကြီးအကဲ ယုယင်လား” အန်လင်းအာ ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး အလိုလို ခေါ်မိလိုက်၏။

ယုယင်က ရန်ကိုင်ထွက်သွားရာ အရပ်ဆီ စိုက်ကြည့်နေပြီး ခဏအကြာ၌ သက်ပြင်းတစ်ချက် ချလိုက်ကာ တိုးတိုးလေး ပြောလိုက်၏ “နင်သူ့ကို ဒီအတိုင်း သွားခွင့်ပေးလိုက်မှာ သေချာလား”

“အကြီးအကဲ မြင်လိုက်တာလား” အန်လင်းအာ ရှက်အမ်းအမ်း ဖြစ်သွားခဲ့၏။ သူမ အပြုအမူကို မည်သူမှ မမြင်လိုက်ဘူးဟု ထင်နေခဲ့သော်လည်း အကြီးအကဲ ယုယင်သည် အဖြစ်အပျက် အလုံးစုံကို မြင်တွေ့ သွားလိမ့်မည်ဟု ထင်ကို မထင်ထားခဲ့ပေ။

“သူနည်းနည်းလေးတောင် မတုန့်ဆိုင်းဘဲ ထွက်သွားတာကိုပဲ ငါမြင်လိုက်တာ”

“ဒီမှာ ဘာရှိလို့ သူက တုန်ဆိုင်းနေရမှာလဲ” အန်လင်းအာက အားတင်းပြုံးလျက် ပြန်ပြောလိုက်၏။

“နင်ရှိတယ်လေ။ နင့်မှာ သူ့ကို စိတ်ပူလွန်းလို့ ကိုယ့်ကိုယ်တောင် ဂရုမစိုက်နိုင်တော့တဲ့အထိ ဖြစ်ခဲ့တာလေ။ ပြီးတော့ နင်တို့နှစ်ယောက်က အခက်အခဲတွေ အများကြီးကို အတူတူ ရင်ဆိုင် ကျော်လွှားခဲ့ကြတာ မဟုတ်ဘူးလား။ နင်ဆိုရင် သူ့ကို လေးတောင် လေးစားနေတာပဲမလား။ အဲ့ဒါတောင် နင်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးက မိတ်ဆွေ သက်သက်ပါပဲလို့ ပြောချင်နေတုန်းပဲလား” ယုယင်က အန်လင်းအာကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။

အန်လင်းအာက အသာအယာ‌ ခေါင်းရမ်းလိုက်ပြီး “သူက မုန်းဖို့ကောင်းပေမယ့် ကျွန်မက သူနဲ့အတူရှိဖို့ မထိုက်တန်ဘူး။ ပြီးတော့ အကြီးအကဲ ယုယင်ပြောသလို မဟုတ်ဘဲ ကျွန်မတို့ နှစ်ယောက် မိတ်ဆွေသက်သက်ပဲ။ သူနဲ့ မိတ်ဆွေဖြစ်ရတာနဲ့တင် အကောင်းဆုံး ဖြစ်နေပြီ။ သူနဲ့ အတူရှိနေရရင် လုံခြုံသွားသလို၊ ကိုယ့်ကိုယ်ကို အငယ်လေး တစ်ယောက်လို ခံစားရတာတော့ အမှန်ပဲ။ ပြီးတော့ သူကပဲ ကျွန်မကို အမြဲတမ်း ကာကွယ်ပေးခဲ့တာ။ ဒါပေမယ့် တော်ဝင်နယ်မြေရဲ့ လက်ရှိအခြေအနေနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး ဒီမှာ နေခိုင်းရက်မှာလဲ။ အကြီးအကဲယုယင်၊ ဒီကိစ္စကို အကြီးအကဲချုပ်ဆီ မပြောပါနဲ့နော်။ သူသေသွားတယ်လို့ပဲ ပြောလိုက်လို့ ရတယ်မလား”

ယုယင် မျက်လုံးကြောတို့ တွန့်ကွေးသွားခဲ့၏။

အန်လင်းအာက ကလေးဆိုးလေး တစ်ယောက်ပမာ အကြီးအကဲယုယင်၏ လက်မောင်းကို အလျင်အမြန် ပွေ့ဖက် လှုပ်ရမ်းလိုက်၏။

အန်လင်းအာက ထိုကဲ့သို့ ပြုမူလာသဖြင့် အကြီးအကဲ ယုယင်လည်း ခါးခါးသီးသီး ပြုံးလိုက်ပြီး အန်လင်းအာ၏ နဖူးလေးကို ပွတ်လျက် “ကောင်းပြီ၊ ကောင်းပြီ၊ ဒီမှာ ဘာမှမဖြစ်ခဲ့သလို့ ငါလည်း ဘာမှမမြင်ခဲ့ဘူး… ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ငါတစ်ခွန်းမှ ပြန်ဟမှာ မဟုတ်ဘူး။ လင်းအာ၊ သမီးလည်း ဒီရက်ပိုင်း တော်တော်လေး ပင်ပန်းခဲ့ရတာဆိုတော့ အရင် ပြန်နားလိုက်တော့လေ။ အပြင်က ပြဿနာတွေကို ငါတို့ အကြီးအကဲတွေပဲ ဖြေရှင်းလိုက်မယ်။ အခု တော်ဝင်နယ်မြေရဲ့ အနာဂတ်က သမီးအပေါ်မှာ မူတည်နေပြီနော်။ အခုကနေစပြီး သူတော်စင်မ ကျင့်စဉ်ကို သမီးအားစိုက်ထုတ်ပြီး ကျင့်ကြံရတော့မယ်။ တော်ဝင်နယ်မြေသာ ဒီကပ်ဆိုးကနေ ရှင်သန် လွတ်မြောက်နိုင်ခဲ့ရင် နောက်မျိုးဆက် သူတော်စင်မ တွေကို ပြုစုပျိုးထောင်ပေးဖို့က သမီးရဲ့တာဝန်ပဲ”

ယုယင် သူမ၏ တောင်းဆိုချက်အား လက်ခံလိုက်သည်ကို မြင်သော အန်လင်းအာ ပျော်သွားခဲ့၏။

သို့သော်လည်း တော်ဝင်နယ်မြေ၏ လက်ရှိ အခြေအနေကို ပြန်စဉ်းစားမိသည်နှင့် နှစ်ဦးစလုံး၏ မျက်နှာအမူအရာ ညိုးကျသွားခဲ့၏။ ဤကပ်ဆိုးကို တော်ဝင်နယ်မြေ ကျော်ဖြတ်နိုင်မလည်း… မကျော်ဖြတ်နိုင်ဘူးလား၊ နှစ်ယောက်စလုံး မပြောနိုင်ကြ။

အချိန်တစ်ခဏအတွင်း တော်ဝင်နယ်မြေ တစ်ခုလုံး ပျက်စီးသွားနိုင်ချေရှိ၏။ ရက်စက်လှသော ထိုအမှန်တရား ကြောင့်သာ မဟုတ်လျှင် ယုယင်နေဖြင့် အန်လင်းအာ၏ တောင်းဆိုချက်ကို ထိုမျှ လွယ်လွယ်ကူကူ သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။

“အကြီးအကဲယုယင်က အရမ်းကို သဘောတရား ကြီးမားတာပဲနော်” စံအိမ်ထဲ အသံတစ်သံ ပဲ့တင်ထပ်လာခဲ့၏။ အသံသည် အရပ်ရပ်မှ ထွက်ပေါ်လာခဲ့သဖြင့် အသံပိုင်ရှင် မည်သည့်နေရာ၌ ရှိနေမှန်း သူမတို့ နှစ်ဦးစလုံး မပြောနိုင် ဖြစ်ခဲ့ကြရ၏။

ယုယင်၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်အမြန် စုစည်းလိုက်ကာ တိုက်ခိုက်တော့မည့် ဟန်ဖြင့် အော်ဟစ်လိုက်၏ “ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း”

ယုယင် ထိုစကား ပြောလိုက်သည်နှင့် သူမနှင့် နောင်ပြောင်ကျီစယ်လိုသည့် အပြုံးကို ဆင်မြန်းထားသည့် လူရိပ်နှစ်ခု သူမနှင့် ခြေလှမ်းအနည်းငယ် အကွာ၌ ထွက်ပေါ်လာခဲ့၏။

“ခြေယောင်ပျောက်ကောင်းကင်အရိပ်လား” ထိုကောင်းကင်နတ်ဘုရား ပညာရပ်ကို အန်လင်းအာ ချက်ချင်း သတိပြုမိလိုက်၏။ ထိုပညာရပ်ကို ထွက်ပြေးရာ၌ သုံး၍ရသလို ပုန်းကွယ်ရာတွင်လည်း အသုံးပြု၍ ရ၏။

အသိပြန်ဝင်လာသည်နှင့် သူမရှေ့ရှိ ရန်ကိုင်ကို ကြည့်ကာ မေးလိုက်၏ “နင်ဘာလို့ ထွက်မသွား သေးတာလဲ”

ရန်ကိုင်က ပခုံးသာတွန့်ပြ၍ ယုယင်ဆီ လှမ်းကြည့်လိုက်၏။

ထွက်သွားတော့မည့်ဆဲဆဲ အရိပ်ထဲ၌ လူတစ်ယောက် ပုန်းကွယ်နေသည်ကို သတိပြုမိလိုက်သဖြင့် သူ့ပြန်ပေါ်လာသည့် သတင်း မပြန့်စေရန်အလိုငှာ အရိပ်ထဲတွင် ပုန်းအောင်း၍ ထိုနှစ်ယောက် ပြောဆိုနေသည်ကို စောင့်ကြည့်နားထောင်နေခဲ့၏။ ထိုသို့ နားထောင်ရင်း အမျိုးသမီး နှစ်ယောက် ပြောနေသည့် တော်ဝင်နယ်မြေ၏ လက်ရှိအခြေအနေ အကြောင်းကို မတော်တဆ ကြားသိလိုက်ရ၏။ ယခုအချိန် ရုတ်တရက် ထွက်သွားလိုက်ပါက သူ့စိတ်ထဲ ကျိန်းသေ နေလို့ ကောင်းလိမ့်မည် မဟုတ်ပေ။

“ငါ့ရဲ့ ကောင်းကင်စိတ်အာရုံကနေတောင် လွတ်အောင် နင်ဘယ်လိုလုပ်လိုက်တာလဲ။ နင်ထွက်သွားတာကို ငါကျိန်းသေ မြင်လိုက်ပါတယ်။ နင်ဘယ်တုန်းက ပြန်လာတာလဲ” ယုယင်က ရန်ကိုင်အား မယုံကြည်နိုင်စွာ စောင့်ကြည့်နေ၏။

သူမသည် သူတော်စင် ပထမအဆင့် ပညာရှင် တစ်ယောက် ဖြစ်သော်လည်း ရန်ကိုင်သည် သူမနှင့် အန်လင်းအာ စကားပြောနေသည်ကို သူမ မသိအောင် ချောင်းနားထောင်နိုင်ခဲ့၏။ ဆိုလိုသည်ကား ရန်ကိုင်သာ သူမတို့အား သတ်ချင်ပါက သူမ အလောင်းကောင် ဖြစ်နေပြီဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ယုယင်၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး သူမ ကျောပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲသွားခဲ့၏။ တော်ဝင်သခင်လောင်း၏ အရည်အချင်းသည် တကယ်ကို လိုက်မမှီနိုင်လောက်အောင် မြင့်မားလွန်းလှပေ၏။

“ဘာတွေ စိုးရိမ်နေတာလဲ။ ကျုပ်က ခင်ဗျားကို ဝါးစားမှာမှ မဟုတ်တာ” ရန်ကိုင်က ယုယင်က မေးခွန်းကို ပြန်မဖြေဘဲ ပြန်၍သာ စနောက်လိုက်၏။ သူ့အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ပြန်မေးလိုက်၏ “ပြီးတော့ ခင်ဗျားတို့ရဲ့ တော်ဝင်နယ်မြေ ဘာတွေဖြစ်နေတာလဲ”

အန်လင်းအာက ပါစပ်ဟ၍ ရှင်းပြရန် လုပ်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘဲ ယုယင်ကသာ အလျင်စလို ဝင်ပြောလိုက်၏ “နင်နဲ့ ဘာဆိုင်လို့လဲ။ တော်ဝင်သခင်ရာထူးကို မယူချင်ဘဲနဲ့ ဘာတွေ လာသိချင်နေတာလဲ”

ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့၏။

ယခင်အကြိမ် သူနှင့်တွေ့စဉ်က ထိုအမျိုးသမီးသည် သူ့အား‌ လေးလေးစားစားဖြင့် ဆက်ဆံခဲ့၏။ ယခုမူ သူ့အား ရန်သူတစ်ယောက်ပမာ ဆက်ဆံနေခဲ့၏။

ရန်ကိုင်လည်း ထိုကိစ္စနှင့် အချိန်မကုန်ချင်တော့သည့် အတွက် ပခုံးသာတွန့်၍ ခေါင်းညိတ်ကာ “မပြောချင်လည်း မပြောနဲ့လေ၊ ကိစ္စမရှိဘူး။ အခြားသူရဲ့ လျှို့ဝှက်ချက်ကို မသိလိုက်ရလို့ ကျုပ်သေသွားတာမှ မဟုတ်တာ။ အားလုံး အဆင်ပြေပါစေဗျာ”

ပြေားပြီးသည်နှင့် လှည့်ထွက်သွားလိုက်လေ၏။

‘နေဦး” ယုယင်က ရုတ်တရက် အော်ခေါ်လိုက်၏။

“ဘာလဲ” ရန်ကိုင်က စိတ်မရှည်သည့် အမူအရာဖြင့် ပြောလိုက်၏။

ယုယင်က တွေဝေတုန့်ဆိုင်း ရှက်ရွံ့နေသည့် အမူအရာဖြင့် “ဘာလို့ အဲ့လောက်တောင် အလျင်လိုနေရတာလဲ။ နင်သိချင်ရင် ငါအားလုံး ရှင်းပြပေးမယ်”

“အားတော့နာပါရဲ့ဗျာ။ ကျုပ်ဘာမှ ထပ်မသိချင်တော့ဘူး။ ပိုသိလေ ကျုပ်အတွက် ပိုပြဿနာ ကြီးလေပဲ”

“နင်…” ယုယင်မျက်နှာ စိမ်းရာမှနီ၊ နီရာမှ ပြာနှမ်းသွားခဲ့ပြီး အံကြိတ်လျက် “နင်ဘယ်လိုတောင် လုပ်ရက်တာလဲ”

ထိုကောင်လေးသည် တကယ့်ကို တော်ဝင်သခင် တစ်ယောက်ရှိသင့်သည့် ဂုဏ်သိက္ခာ နည်းနည်းမျှပင် မရှိသည့် လူပေလူညစ် တစ်ယောက်ဖြစ်၏။ သူတော်ဝင် သင်္ချိုင်းထဲ ဝင်သွားခဲ့တာ မဟုတ်လေဘူးလား။ သူ့သဘောထားသည် မည်သည်အတွက်ကြောင့် ဤကဲ့သို့ ဖြစ်နေရသနည်း။

အတိတ်အခါက တော်ဝင်သင်္ချိုင်းထဲ ဝင်သွားသူ အားလုံး တော်ဝင်နယ်မြေအား သူတို့၏ အိမ်သဖွယ် သတ်မှတ်လာကြ၏။

ယုယင် လုံးဝ နားမလည်နိုင်တော့ပေ။

အမျိုးသမီး အကြပ်ရိုက်နေသည်ကို မြင်သော် ရန်ကိုင်လည်း တော်တော်လေး ကျေနပ်သွားခဲ့၏။ ထို့ကြောင့် စံအိမ်ထဲရှိ ခွေးခြေတစ်လုံးပေါ် ထိုင်ကာ အန်လင်းအာဘက်လှည့်၍ “ငါ့ကိုပြောပြ”

အန်လင်းအာ အကြီးအကဲ ယုယင်ဆီ တစ်ချက် ချောင်းကြည့်လိုက်၏။ သို့သော် အကြီးအကဲ ယုယင်က ရန်ကိုင်အား အရေခွံကိုခွာ၊ သူ့အသားကိုစား၊ သွေးကိုသောက် တော့မတတ် အကြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့် နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။ အကြီးအကဲယုယင်၏ ခံစားချက်ကို သူမနားလည်ပေ၏။ ရန်ကိုင်ကြောင့် သူမလည်း ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ ခံစားခဲ့ရဖူးသည် မဟုတ်ပေလာ။ အန်လင်းအာမှာ မရယ်မိအောင် အောင့်အည်းရင်း နှုတ်ခမ်းလေးကို ကွေးလျက် ပြောလိုက်၏ “နင်ဘာလို့ သိချင်နေတာလဲ။ ငါပြောလိုက်တာနဲ့ နင့်ဆီ ပြဿနာတွေပဲ ရောက်လာမှာနော်”

“နင်တို့ နှစ်ယောက် အလေးအနက်ကြီး ဆွေးနွေးနေတာကို မြင်တော့ ငါလည်း သိချင်တာပေါ့။ ပြီးတော့ ငါတို့နှစ်ယောက်က မိတ်ဆွေတွေလို့ နင်ပဲ ပြောလိုက်တာ မဟုတ်ဘူးလား… ငါ့မှာ မိတ်ဆွေရယ်လို့ များများစားစား ရှိလှတာ မဟုတ်ဘူး” ရန်ကိုင်က အလေးအနက် ပြန်ပြောလိုက်၏။

အန်လင်းအာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြောလိုက်၏ “အဲ့ကျိုးချဲဆိုတဲ့သူ ကျိန်းသေ နောင်တရရလိမ့်မယ်”

“ဟုတ်တယ်၊ သူကျိန်းသေ နောင်တရရလိမ့်မယ်” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးဖြီးလိုက်၏။

All Chapters