အခန်း (၈၀၆-၈၁၀)
Vol. 33 Ch. 806-810
အပိုင်း (၈၀၆) သားရဲပင်လယ်တောအုပ်
ဘုံကိုးခုထွတ်မြတ်နယ်မြေမှ လူငယ်လေးသည် သူတို့ မသိသေးခင်မှာဘဲ သစ်ပင်အရိပ်အောက်သို့ ရောက်နေခဲ့၏။ လူငယ်လေးသည် ထိုနေရာတွင် ရပ်လျက် သူတို့အား ပြုံးပြနေခဲ့၏။
အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်အမြန် လှည့်ပတ်လျက် ချက်ချင်း တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
သူတို့၏ ထောက်လှမ်းမှုအောက်မှ လွတ်အောင် ရှောင်၍ မည်သူမှမသိခင် ဤနေရာသို့ ရောက်လာနိုင်သည်ကို ကြည့်လျှင် ထိုလူငယ်လေးသည် ပေါ့သေးသေး လူတစ်ယောက် မဟုတ်မှန်း ဦးနှောက် ရှိသူတိုင်း သိ၏။ ထိုကဲ့သို့သော လူမျိုးသည် သွားရန်စ၍ ကောင်းသည့် လူမျိုးမဟုတ်။
မသေမျိုးအဆင့် ခေါင်းဆောင်သည် ကောင်းကင် စိတ်အာရုံဖြင့် ရန်ကိုင်၏ ကျင့်ကြံခြင်းကို စစ်ဆေးရန် ကြိုးစားနေသော်လည်း မည်သို့ပင် ကြိုးစားကြိုးစား ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ခဲ့ပေ။
“ငါသူ့ကို အချိန်ဆွဲထားမယ်။ မင်းတို့အားလုံး လူခွဲလိုက်တော့” မသေမျိုးအဆင့် ခေါင်းဆောင်က အားလုံးကို အော်ပြောလိုက်၏။
ရန်ကိုင်က ပြုံးမြဲအတိုင်း ပြုံးနေလျက် ထိုလူများဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။
ရန်ကိုင်၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် မရဏ ခေါ်သံအလား၊ ရန်ကိုင် တိုးကပ်လာသည်နှင့် ကောင်းကင် ထက်မှ ဖိအားကြီးတစ်ခု သူတို့အပေါ် ကျဆင်းလာသလို အားလုံး ခံစားလိုက်ရ၏။
ထိုဖိအားကြောင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များမှာ မြေကြီးပေါ်သို့ပင် လဲပြိုကျချင်လာမိ၏။
“ပြေးတော့” မသေမျိုးအဆင့် ပညာရှင်က အော်ဟစ်လိုက်ပြီး အစစ်အမှန်ချီကို လှည့်ပတ်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။
“ပြေးနိုင်မယ်လို့ ထင်နေတယ်ပေါ့” ရန်ကိုင်က အေးစက်စက် မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့စိတ်စွမ်းအင်ကို ဓါးသွားတစ်ချောင်းသဖွယ် စုစည်းလိုက်ပြီး မသေမျိုးအဆင့် ပညာရှင်၏ နဖူးတည့်တည့်သို့ ပစ်လွှတ်လိုက်၏။
မသေမျိုးအဆင့် ပညာရှင်၏ လည်ပင်းထက် ဝတ်ဆင်ထားသော ကျောက်စိမ်းတုံးလေး တလက်လက် တောက်ပလာခဲ့ပြီး ချက်ချင်း ပျက်စီးသွားခဲ့၏။
ထိုကျောက်စိမ်းတံဆိပ်ပြားသည် စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သည့် အနည်းဆုံး ဆန်းကြယ်အလယ်အလတ်အဆင့်လောက် ရှိမည် ဖြစ်သော အကာအကွယ် ဝိဥာဉ်ပစ္စည်းတစ်ခုဖြစ်၏။
သို့သော်လည်း ထိုပစ္စည်းပင်လျှင် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို မဟန့်တား နိုင်ခဲ့ချေ။
ကောင်းကင်ပေါ်သို့ ပျံတက်သွားသော မသေမျိုးအဆင့် ပညာရှင်၏ မျက်လုံးများ အသက်အရိပ်အယောင် ကင်းမဲ့သွားခဲ့ပြီး မြေကြီးပေါ်သို့ ပြန်ပြုတ်ကျသွားလေ၏။ သူ့ခေါင်းနှင့် မြေပြင် ရိုက်ခတ်မိသွားသည်နှင့် တစ်ပြိုင်နက် နာနာကျင်ကျင် အော်ဟစ်လိုက်၏။ သူ့အော်သံကြောင့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များအားလုံး ကျောရိုး တစ်လျှောက် စိမ့်တက်သွားခဲ့ကြ၏။
သူနှင့် ရန်ကိုင်ကြားရှိ ခွန်အားကွာခြားချက် မည်မျှ ကြီးမားကြောင်းကို ယခုမှပင် လေးထာင့်မျက်နှာနှင့် လူငယ်လေး နားလည်သွားတော့၏။ သူတို့အား ဦးဆောင် လာသော စီနီယာသည် သူ့အထား အထင်အမြင်သေးပြီး တစ်ဖက်လူအား အမွမ်းတင် ချဲ့ကားပြောဆိုနေခဲ့ခြင်း မဟုတ်ပေ။
ရန်ကိုင် မည်သည့် နည်းလမ်းအား အသုံပြုခဲ့သည်ကို လူငယ်လေး မသိ။ သို့သော် မသေမျိုးအဆင့် ပညာရှင်ပင် နည်းနည်းလေးမှ ပြန်မခုခံနိုင်ဘဲ အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ရသည်ကို ကြည့်လျှင် ထိုလူငယ်လေး၏ ကျင့်ကြံခြင်းသည် မသေမျိုးအဆင့်အောက် နိမ့်ကျမည် မဟုတ်ချေ။
အသက်ဆယ်ရှိုက်စာ ကုန်ဆုံးသွားပြီးနောက် သွေးပျက်ချောက်ချားဖွယ် အော်ဟစ်သံတို့ တဖြည်းဖြည်း ရပ်တန့်သွားခဲ့၏။ မသေမျိုးအဆင့် ပညာရှင်သည် မြေကြီးပေါ်တွင် တုတ်တုတ်မျှ မလှုပ်တော့ဘဲ တောင့်တောင့်ကြီး လဲလျောင်းနေခဲ့လေပြီ။
သူသေသွားခဲ့လေပြီ။
ကျန်ရှိနေသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များသည် ကြောက်ရွံ့မှုကြောင့် တုန်တုန်ရင်ရင် ဖြစ်နေခဲ့ကာ သူတို့၏ သွားချင်းရိုက်နေသည့် အသံကိုပင် ကြားနိုင်၏။ တစ်ယောက်ချင်းစီတိုင်းသည် ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ ရန်ကိုင်အား ကြောက်ရွံ့တုန်လှုပ်စွာဖြင့်သာ စိုက်ကြည့်နေခဲ့ကြ၏။
ရန်ကိုင်က ထိုလူများကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူဝေ့ကြည့်လိုက်သည်နှင့် အကုန်လုံး ခေါင်းငုံ့သွားခဲ့၏။ မည်သူမှ သူနှင့် အကြည့်ချင်း မဆုံရဲချေ။
ဒါဇင်ကျော်သော အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများ… ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ဗဟိုမြို့တော်၌ ရှိနေစဉ်အခါက ထိုကဲ့သို့သော လူအင်အားသည် တော်တော်လေးကိုမှ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည်ဟု ဆို၍ရ၏။ သို့သော် နှစ်အနည်းငယ် အတွင်း၌ ရန်ကိုင်သည် ထိုလူအင်အားကို အသာလေး ဖျက်စီးချွေမွပစ်နိုင်လေပြီ။
ယခုအချိန်၌ ထိုလူများသည် သူ့အတွက် ပုရွက်ဆိတ်နှင့် မခြားတော့ပေ။
“ငါ့မှာ မေးစရာအချို့ ရှိတယ်။ ဘယ်သူဖြေပေးမလဲ” ရန်ကိုင်က ရုတ်တရက် မေးလိုက်၏။
အကုန်လုံးသည် ရန်ကိုင် သူတို့ကို သတ်တော့မည်ဟု အထင်ရောက်နေသဖြင့် သွေးပျက်ကြောက်ရွံ့နေကြရာ ရန်ကိုင် မေးမေးချင်း မည်သူမှ ချက်ချင်း ပြန်မဖြေနိုင်ခဲ့။ သို့သော် လေးထောင့်မျက်နှာနှင့် လူငယ်လေးက ကြောက်စိတ်ကို ဖိနှိပ်၍ မည်သူမျှ မဖြေနိုင်သေးခင် အရင်ဖြေလိုက်၏ “ကျုပ်ဖြေပေးနိုင်တယ်”
ရန်ကိုင်က ထိုလူငယ်လေးကို တစ်ချက်ကြည့်၍ အသာအယာ ခေါင်းညိတ်ပြလိုက်ကာ “မင်းတို့လူတွေ ဘယ်နားမျာ စခန်းချနေလဲ ငါ့ကိုပြောပြ”
“ခင်ဗျားတို့ရဲ့ တော်ဝင်ဂိုဏ်းကနေ အကြမ်းဖျင်း ကီလိုမီတာ (၅၀)အကွာလောက်က တောင်ခြေမှာ ကျုပ်တို့ စခန်းချနေတာ” အဖြေနှေးနေလျှင် ရန်ကိုင် စိတ်ပျက်သွားပြီး သူ့အား သတ်မှာကို ကြောက်နေသည့် အလား လူငယ်လေးက အမြန်အဆန် ပြန်ဖြေလိုက်၏။
“လူဘယ်လောက်လောက် ရှိလဲ”
“အနည်းဆံဒး သုံးထောင်…”
“တော်တော်များတာပဲ။ သူတော်စင်အဆင့် တွေကကော…” ရန်ကိုင်က ဆက်မေးလိုက်၏။ လူသုံးထောင် ဘုံကိုးခုထွတ်မြတ်နယ်မြေဘက်မှ လူပမာဏ၏ တစ်ဝက်ပင် မရှိချေ။ သို့သော်လည်း တိုက်ပွဲဖြစ်လာခဲ့လျှင် အရေအတွက်သည် ထိုမျှ အရေးမပါဘဲ အရေးပါသည်ကား အစစ်အမှန် ပညာရှင် အရေအတွက်ပင်။ အားကောင်းသည့် ပညာရှင်များကို ပိုင်ဆိုင်ထားသည့်ဘက်က အရေအတွက် နည်းနေလျှင်ပင် အနိုင်ရနိုင်၏။
မသေမျိုးအဆင့်နှင့် သူတော်စင်အဆင့် ပညာရှင် အရေအတွက်သာ အရေးပါ၏။ မသေမျိုးအဆင့်အောက် ပညာရှင် မည်မျှပင် များပါစေ၊ တိုက်ပွဲ၏ ချိန်ခွင့်လျှာကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။
“လျိုကွေ့၊ မင်းပြောရဲပြောကြည့်၊ ပြန်ရောက်တာနဲ့ ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီသာမှတ်” အသိပြန်ဝင်လာပြီးနောက် လူအုပ်ထဲမှ အနည်းငယ် သွေးရဲသည့် လူငယ်လေးက လှမ်းအော်ပြောလိုက်၏။
အခြားအဖွဲ့သားများသည်လည်း လျိုကွေ့ဆိုသော လူငယ်လေးကို အထင်အမြင် သေးသေးဖြင့် ကြည့်လိုက်ကြ၏။
လျိုကွေ့လည်း ထပ်မပြောရဲတော့ဘဲ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်၊ စိုးစိုးရိမ်ရိမ်ဖြင့်သာ ပြန်ကြည့်လိုက်လေ၏။
သို့သော် ရန်ကိုင်က အသာအယာ ပြုံးလျက် ခေါင်းညိတ်ကာ “စိတ်ချထားလိုက်။ မင်းငါ့ကို ဒီအကြောင်း ပြောခဲ့တယ်ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လွတ်လပ်လပ်သာပြော”
ပြောပြီးနောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်အားလုံး မြေကြီးပေါ် ပျော့ခွေဒူးထောက်ကျသွားခဲ့၏။ သူတို့ထဲက မည်သူမှ စကားမပြောနိုင်တော့သလို လှုပ်လည်း မလှုပ်နိုင်တော့ချေ။ အကုန်လုံး ကြောက်ရွံ့မှုကြောင့် ဇောချွေးပျံနေခဲ့ကြ၏။
ရန်ကိုင်ဆီမှ အတည်ပြုချက် ရပြီးသွားသည့် လျိုကွေ့ စိတ်သက်သာရာ ရသွားခဲ့ပြီး သူသိသမျှ အကြောင်းအရာ အာလုံးကို အလျင်အမြန် ဖွင့်ပြောတော့လေ၏။
နားထောင်ရင်း နားထောင်ရင် ရန်ကိုင် အမူအရာ သုန်မှုန်သထက် သုန်မှုန်လာခဲ့၏။
ဘုံကိုးခုထွတ်မြတ်နယ်မြေသည် အစစ်အမှန် ကပ်ဆိုင်းကြီးကို ရင်ဆိုင်နေရသည့်ပုံပင်။
ကြယ်ရောင်ဖြာနန်းတော်၊ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းနှင့် မရဂိုဏ်းတိုသည့် သူတို့၏ မိတ်ဆွေ၊ မဟာမိတ်များကိုပါ ခေါ်လာနိုင်ခဲ့ရုံမက သူတော်စင်မနန် ကြောင့် ဒုက္ခရောက်ခဲ့ရသော အင်အားစုဒါဇင်ကျော် ကိုလည်း ခေါ်ဆောင်လာနိုင်ခဲ့၏။
ထိုအင်အားစုများသည် အရမ်းကြီး သန်မာခြင်း မရှိချေ။ အင်အားစု တစ်ခုချင်းစီတိုင်းသည် သူတော်စင် အဆင့် ပညာရှင် တစ်ယောက်စီကိုသာ ပိုင်ဆိုင် ထာကြပြီး အချို့ဆိုလျှင် သူတော်စင်အဆင့် ပညာရှင်ကိုပင် ပိုင်ဆိုင်ထားခြင်း မရှိချေ။
သို့သော်လည်း ဂိုဏ်းသုံးဂိုဏ်းမှ သူတော်စင်အဆင့် ပညာရှင် ခြောက်ယောက်ကိုပါ ထပ်ပေါင်းလိုက်ပါ ဘုံကိုးခု ထွတ်မြတ်နယ်မြေ လက်ရှိ ရင်ဆိုင်နေရသည့် သူတော်စင် အဆင့် ပညာရှင် အရေအတွက်သည် စုစုပေါင်း (၁၂)ယောက် ရှိနေလေပြီ။
ရန်သူဘက်မှ သူတော်စင်အဆင့် ပညာရှင် အရေအတွက်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေထက် နှစ်ဆပိုများ၏။ မသေမျိုးအဆင့် ပညာရှင် ကွာခြားချက် ဆိုလျှင် ပို၍ပင် များသေး၏။
တိုက်ပွဲသာဖြစ်လျှင် တော်ဝင်နယ်မြေ လုံးဝ နိုင်ချေမရှိပေ။ တောင်ထွတ်ကိုးလုံး အစီအရင်၏ အကူအညီဖြင့်ပင်လျှင် ရန်သူများကို ခဏသာ တောင့်ခံနိုင်ပေလိမ့်မည်။
ဂိုဏ်းသုံးဂိုဏ်းသည် တော်ဝင်နယ်မြေ အပြီးတိုင် ရန်စထားသဖြင့် သူတို့အား မည်သို့ပင် ပြန်ကောင်းလာခွင့် ပေးလိမ့်မည် မဟုတ်ပေ။ ပထမတစ်ကြိမ် တိုက်ခိုက်မှုသည် အရမ်းကြီး မပြင်းထန်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်နယ်မြေကို ရာဇသံ ပေးလိုသည်က တစ်ကြောင်း၊ စစ်ကူများ ထပ်ရောက်လာမည်ကို စောင့်ဆိုင်းလိုသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်၏။
လဝက်ကြာပြီးသည့်နောက်တွင် တော်ဝင်နယ်မြေကို အလုံးအရင်းဖြင့် ကျူးကျော်ပေလိမ့်မည်။ ဘုံကိုးခု ထွတ်မြတ်နယ်မြေကို ဖျက်စီးပြီး အဖိုးတန်ရတနာများကို သိမ်းယူကာ တောင်ထွတ်ကိုးလုံးကို သူတို့အပိုင်အဖြစ် သိမ်းပိုက်အုပ်စိုးပေလိမ့်မည်။
ထိုဂိုဏ်းသုံးဂိုဏ်းမှလွဲ၍ ကျန်အင်အားစုများသည် သူတော်စင်မနန်ကြောင့်သာ ရောက်ရှိနေခြင်းဖြစ်ကာ သူတို့နှင့် တော်ဝင်နယ်မြေ၏ မည်သည့် ရန်ငြိုးမှ မရှိချေ။
လျိုကွေ့သည် လေးထောင့်မျက်နှာနှင့် မွေးလာသော်လည်း သူသည် အကင်းပါးသည့် လူတစ်ယောက် ဖြစ်၏။ သူ့အပေါင်းအပါများ၏ စူးစူးရဲရဲ စိုက်ကြည့်ခြင်း ခံနေရသည့်တိုင်း ရန်ကိုင်အား အရေးပါသည့် သတင်းအချက်အလက်များကို ပြောပြလိုက်သေး၏။
လျိုကွေ့ ပြောသည်ကို နားထောင်ပြီးနောက် သူ့ရန်သူ၏ လက်ရှိအင်အားကို ရန်ကိုင် အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်၏။
အသာအယာ ခေါင်းညိတ်လျက် ကျေနပ်နေသည့် အမူအရာဖြင့် လျိုကွေ့၏ ပခုံးအား ရင်းရင်းနှီးနှီး ပုံစံဖြင့် ပုတ်ကာ ချီးကျူးလိုက်၏ “လူငယ်လေး၊ မင်းရဲ့ အနာဂတ်က ထွန်းတောက်နေမှာ သေချာတယ်။ စောစောမသေစေနဲ့”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့… သခင်လေးရဲ့ ချီးကျူးစကား အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လျိုကွေ့က ခွကျကျ အပြုံးဖြင့် ပြန်ပြောလိုက်၏။ သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား မယုံသင်္ကာဖြင့် စိုက်ကြည့်လိုက်၏။
ယခုလေးတင် သူ့အသိစိတ်ပင်လယ်ထဲမှ တစ်ခုခု ပျောက်သွားသလို ခံစားလိုက်ရသဖြင့် သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်သော်လည်း ထူးထူးခြားခြား ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
ရန်ကိုင်က ပြုံးကာ ရှင်းပြလိုက်၏ “လုံခြုံရအောင် မင်းဝိဥာဉ်အမှတ်အသားကို ငါယူထားလိုက်မယ်။ ပြန်ရောက်ရင် ပါးစပ်လေးပိတ်ပြီး အေးအေးဆေးဆေးသာ နေလိုက်၏။ ငါမရှိဘူးဆိုပြီး လုပ်ချင်တိုင်း လုပ်မယ်မကြံနဲ့။ ကီလိုမီတာ ထောင်ပေါင်းများစွာ ခြားနေရင်တောင်မှ မင်းကို အလွယ်လေး သတ်ပစ်လို့ ရတယ်”
လျိုကွေ့ မျက်နှာ ဖြူလျော်သွားခဲ့ပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် အော်ပြောလိုက်၏ “ဝိ… ဝိဥာဉ် အမှတ်အသာလးား”
“ဟုတ်တယ်။ ပြီးတော့ ထွက်ပြေးမယ်လည်း မကြံနဲ့။ ဝိဥာဉ် အမှတ်အသားနဲ့ဆို မင်းဘယ်နေရာ ရောက်နေလဲ ဆိုတာကိုပါ အာရုံခံလို့ရတယ်။ အာခံမယ်ကြံရင်တော့… အကျိုးဆက်ကို သိပါတယ်”
“ဟုတ်၊ ဟုတ်၊ ဟုတ်ကဲ့။ ကျုပ်နားလည်ပါတယ်” လျိုကွေ့ ကြက်အစာကောက်သလို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်၏။ ရန်ကိုင် သူ့အား ဘာလုပ်ခဲ့မှန်း သူမသိသော်လည်း သူ့ကံကြမ္မာ သူမပိုင်တော့သလို ခံစားနေရ၏။
“ကောင်းပြီလေ။ အဲ့လိုဆို ငါသွားတော့မယ်” ပြောပြီးသည်နှင့် ရန်ကိုင်ပုံရိပ် လျိုကွေ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
လျိုကွေ့ နောက်တစ်ကြိမ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ ခဏအကြာမှပဲ အသိပြန်ဝင်လာခဲ့ကာ အသိပြန်ဝင်လာချင်းချင်း မလှုပ်ရှားနိုင် ဖြစ်နေသော သူ့အဖော်များကို လက်ညိုးထိုး၍ လှမ်းအော်မေးလိုက်၏ “သူတို့ကိုကော”
သို့သော်လည်း ပြန်ဖြေသံ မကြားခဲ့ရ။
ခဏကြာ၌ မွန်းစတားနယ်မြေသို့ သွားနေစဉ် သူ့နောက်ဘက်မှ အော်ဟစ်ကျိန်ဆဲသံများကို ရန်ကိုင် ကြားလိုက်ရ၏။ လျို့ကွေ့သည် မျက်မြင်သက်သေကို စတင် လတ်စဖျောက်နေခဲ့လေပြီ။
လျိုကွေ့သည် လူကောင်းတစ်ယောက်မှန်း သူ့အပြုအမူကို မြင်သည့်အချိန်ကတည်းက ရန်ကိုင် သိလိုက်၏။ လျိုကွေ့သည် သူ့ရည်ရွယ်ချက် ဖြစ်မြောက်ရန် အောက်တန်းကျသည့် နည်းလမ်းများကို သုံးရလျှင်ပင် အသုံးပြုမည့် ဥာဏ်နီဥာဏ်နက်များသော လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ့လျှို့ဝှက်ချက်များ မပေါက်ကြားရန် မျက်မြင်သက်သေကို နှုတ်ပိတ် ပစ်ရပေမည်။
သို့သော်လည်း ရန်ကိုင်သည် ရန်သူ့ အခြေအနေကို စောင့်ကြည့်ရန် သူတို့အဖွဲထဲ ပွန်းကောင်းတစ်ကောင် ထည့်ထားရန် လိုအပ်၏။ သေမှာကို အရမ်းကြောက်ပြီး အသက်ရှင်နိုင်ရန်အတွက် ဘာမဆိုလုပ်မည့် လျိုကွေ့ကဲ့သို့သော လူစားမျိုးသည် အကောင်းဆုံး ဖြစ်၏။
တစ်ဖွဲ့လုံးသေပြီး သူတစ်ယောက်သာ အဘယ်ကြောင့် အသက်ရှင်ကျန်ခဲ့လဲကို ဆိုသည်ကို ရှင်းပြရမည်မှာ လျိုကွေ့အပိုင်းပင်။
ရန်ကိုင်သည် ရှုဟွေ ညွှန်ပြသည့် လမ်းအတိုင်း လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပျံသန်းနေခဲ့၏။
တောင်စဉ်တောင်တန်းကြီးကို ဖြတ်ကျော် လာပြီးနောက် လုံးဝကို ကွဲပြားခြားနားသည့် နယ်မြေ တစ်ခုသို့ ရန်ကိုင် ရောက်လာခဲ့၏။
ထိုနေရာရှိ မိုးမြေစွမ်းအင်သည် အနည်းငယ် ထူးခြားနေခဲ့၏။ နတ်ဆိုးကုန်းမြေကဲ့သို့ နတ်ဆိုးချီ တစ်စွန်းတစ်စကို သူအာရုံခံစားမိလိုက်၏။ နတ်ဆိုးချီသာမက မွန်းစတားချီကိုလည်း အာရုံခံမိလိုက်၏။
သို့သော်လည်း နတ်ဆိုးချီဖြစ်စေ၊ မွန်းစတားချီ ဖြစ်စေ၊ ထိုချီစွမ်းအင်များသည် နေထိုင်သူများကြောင့်သာ ပေါက်ဖွားဖြစ်တည်လာရခြင်းဖြစ်၏။
တောင်စဉ်တောင်တန်း၏ အလွန်၍ ဧရာမတောအုပ်ကြီးကြီးတစ်ခု ရှိနေခဲ့၏။ ထိုနေရာသည် သားရဲပင်လယ်တောအုပ်ဟု အသိမျာသည် မွန်းစတား မျိုးနွယ်စု၏ ပိုက်နက်နယ်ပယ်ပင် ဖြစ်လေ၏။
လူပေါင်းများစွာ ဝိုင်းဖက်စာတမျှ ကြီးမားလှသော သစ်ပင်များကြီး နေရာအနှံ့ ပေါက်ရောက်နေခဲ့၏။
တောအုပ်ထဲ ဝင်ဝင်ချင်းမှာပင် သူ့အား စိုက်ကြည့်နေသော မွန်းစတားသားရဲတစ်ကောင်ကို ရန်ကိုင် သတိပြုမိလိုက်၏။ သို့သော် မွန်းစတားသားရဲသည် အဆင့်ခြောက်သားရဲ တစ်ကောင်သာ ဖြစ်သဖြင့် ဂရုမစိုက်တော့ဘဲ ပြောဆိုဆက်သွယ်နိုင်မည့် မွန်းစတားသားရဲ တစ်ကောင်ကို တွေ့လိုတွေ့ငြား ရည်ရွယ်ချက်ဖြင့် ရှေ့ဆက်သွားလိုက်၏။
သို့သော်လည်း သူတွေ့ခဲ့သော မွန်းစတားသားရဲသည် သာမန်နှင့် မတူသည်ကို ခဏအကြာ၌ ရန်ကိုင် သတိပြုမိလိုက်၏။
ထိုမွန်းစတားသားရဲသည် သူ့အား အလျင်စလို ပြေးဝင်တိုက်ခိုက်ခြင်း မပြုဘဲ သူနှင့် ခမ်းလှမ်းလှမ်းခွာ၍ သူ့နောက်လိုက်နေခဲ့၏။
ဆက်သွားနေစဉ်အတွင်း မွန်းစတားသားရဲများစွာကို တွေ့ခဲ့၏။ ထိုမွန်းစတားသားရဲများသည် ပထမတစ်ကောင် နည်းတူ သူ့အားတိုက်ခိုက်ခြင်းမပြုဘဲ သူ့နောက်ကနေသာ လိုက်နေခဲ့၏။
ထိုမွန်းစတားများ၏ အပြုအမူအရ ထိုကောင်များသည် အရမ်းကြီး ဥာဏ်ရည် မမြင့်မားလျှင်ပင် ပြောဆိုဆက်သွယ်နိုင်လောက်သည် အထိတော့ အသိဥာဏ် ရှိလောက်ပေ၏။
ထို့ကြောင့် ရန်ကိုင်လည်း ဆက်မသွားမနေဘဲ ရပ်၍ ထိုကောင်များနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၀၇) စက်ဆုပ်ဖွယ်ကောင်းတဲ့လူသား
ထိုမွန်းစတားသားရဲများနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရန် လိုအပ်သည် ရန်လိုသည့် အရိပ်အယောင် နည်းနည်းမှ မပြမိရန်လည်း လိုအပ်၏။ တစ်ဖက်သား သူ့အပေါ် သတိထားနေသည်ကို လျော့ချနိုင်မှသာ အပြန်အလှန် ဆက်သွယ်စကားပြောနို်ငပေလိမ့်မည်။
ထိုသို့ ဆက်သွယ်နေစဉ်အတွင်း အလျင်လို၍လည်း မရချေ။ မဟုတ်လျှင် ကိုယ်လိုချင်သည်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားနိုင်၏။
တောအုပ်တွင် တစ်နေရာ၌ ရန်ကိုင်သည် နေရာတွင် ရပ်၍ အရှိန်အဝါကို ထိန်းချုပ်ရုတ်သိမ်းထားလျက် မွန်းစတား သားရဲများဆီသို့ သူ့ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့၏။
အနားရှိ မွန်းစတားသားရဲများသည် တိတ်တဆိတ် ပုန်းကွယ်နေရင်း ရန်ကိုင် ရှိနေရာအရပ်ဆီ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့၏။
အချိန်တရွေ့ရွေ့ ကုန်ဆုံးနေသော်လည်း ရန်ကိုင် စိုးရိမ်ခြင်းမရှိခဲ့။
နေ့ဝက်လော်က် ကြာသွားပြီးနောက် တဝုန်းဝုန်း မြည်သံနျင့် ကျားပုံစံ မွန်းစတားသားရဲတစ်ကောင် ပုန်းနေရာမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
ချပ်… ချပ်… ချပ်..
ထိုမွန်းစတားသားရဲ ထွက်ပေါ်လာသည်နှင့် အခြားသားရဲများသည်လည်း ပုန်းအောင်းနေရာမှ အသီးသီး ထွက်ပေါ်လာကြ၏။ ထိုကဲ့သို့ဖြင့် ရန်ကိုင်သည် သားရဲများ၏ အဝိုင်းခံလိုက်ရလေ၏။
ဘေးပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရန်ကိုင် မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့၏။
မွန်းစတားသားရဲများသည် အရွယ်အစား၊ ပုံသဏ္ဍာန် အမျိုးမျိုးရှိကြပြီး အကုန်လုံးသည် လွှမ်းမိုးနိုင်စွမ်း ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်ထားကြ၏။
ရန်ကိုင်နှင့် မီတာဒါဇင် အကွာအဝေးသို့ ရောက်လာသည့်အခါ အကုန်လုံး ရပ်တန့်လိုက်ကြပြီး တိုးတိုးလေး ဟိန်းလိုက်ကြ၏။ သူတို့ဘက်မှ သူ့အား တစ်ခုခု ပြောရန် ကြိုးစားနေမှန်း သိသော်ငြား သူတို့ ဘာပြောနေမှန်း ရန်ကိုင် နားမလည်နိုင်ခဲ့၏။
ရန်ကိုင်က ပြုံးလိုက်ပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် ဤကဲ့သို့ ပြန်ပြောလိုက်၏ “အားလုံးပဲ။ ငါဒီနေ့ဒီကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာ မဟုတ်ပါဘူး။ မင်းတို့ရဲ့ စီနီယာကြီးနဲ့ တွေ့ချင်လို့ လာခဲ့တာပါ။ အဆင်ပြေရင် ငါ့ကို လမ်းပြပေးလို့ရမလား”
ထိုစကားကို ကြားပြီးနောက် ကျားပုံစံသားရဲက အသုံးတိုးတိုး ပြန်ဟိန်းဟောက်လိုက်၏။
“သူနဲ့ ဆွေးနွေးစရာရှိလို့” ရန်ကိုင်က စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေလိုက်၏။
မွန်းစတားသားရဲအားလုံး တိတ်ဆိတ်သွား၏။ အကုန်လုံးသည် ဆုံးဖြတ်ချက် မချတတ်သည့်အလား တစ်ကောင်ကိုတစ်ကောင် ပြန်ကြည့်လိုက်ကြ၏။
ခဏအကြာ၌ ကျားပုံစံ မွန်းစတားသားရဲက ခေါင်းကို ဘေးတစ်ဖက်သို့စောင်း၍ မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံဖြင့် ဟိန်းဟောက်လိုက်၏။
ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။ သို့သော် တားဆီးရန် မကြိုးစားခဲ့။ နေရာတွင်သာ စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေလိုက်၏။
မွန်းစတားမျိုးနွယ်စုက စီနီယာကြီး မည်သည့် နေရာတွင် နေသလဲဆိုသည်ကို မသိလေရာ ယခုအချိန်၌ အကောင်းဆုံးသည် ထိုအဆင့်နိမ့်မွန်းစတားသားရဲများ၏ အကူအညီကို ရယူရန်ပင် ဖြစ်၏။
ကျားဟိန်းသံ ထွက်ပေါ်လာပြီးနောက် ဒုတိယဟိန်းသံ တစ်သံ တောနက်အတွင်းပိုင်းမှ ထွက်ပေါ်လာ၏။ ထို့နောက် တတိယ၊ စတုတ္တ၊ စသဖြင့် ဟိန်းသံသည် ဝေးသထက် ဝေးသွားခဲ့၏။ ပစ္စည်းတစ်ခုအား လက်ဆင့်ကမ်း ပေးသလိုမျိုး ထိုးမွန်းစတားသားရဲ များသည် အနီးရှိ သားရဲတစ်ကောင်ကို သတင်းပေး၊ ထိုသားရဲမှ အခြားတစ်ကောင်ကို ပြန်သတင်းပေး၊ ထိုမှ နောက်တစ်ကောင်ကို သတင်ပေးခြင်းဖြင့် အဆင့်မြင့် သားရဲများဆီမှ ဆုံးဖြတ်ချက် တောင်းနေခြင်း ဖြစ်၏။
ထိုမြင်ကွင်းကို မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် ကြည့်နေပြီးနောက် ခပ်မြန်မြန်ပဲ ရန်ကိုင် နားလည်သွားခဲ့၏။ နားလည်လိုက်သည်နှင့် အနားရှိ သစ်ပင်အရိပ်အောက် သွားထိုင်ကာ သယ်လာသော ဆေးပုလင်းများကိုထုတ်၍ ဆေးလုံးများကို အနားရှိ မွန်းစတားသားရဲများဆီ ပစ်ပေးလိုက်၏။
ထိုဆေးလုံးများကို ရန်ကိုင်ကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်ပြီး လူတစ်ယောက်၏ အစစ်အမှန်ချီကို ပို၍ မြန်မြန် လှည့်ပတ်နိုင်အောင် ကူညီပေး၏။
မွန်းစတားသားရဲများသည် ဆေးလုံးများကို ချက်ချင်း မယူသေးဘဲ သေသေချာချာ အရင်အနံ့ခံလကြည့်လိုက်၏။
မွန်းစတားသားရဲများသည် ထက်ရှသော အာရုံကို ပိုင်ဆိုင်ထားလေရာ ကျရောက်လာသည့် အန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်တတ်ကြ၏။ ထို့ကြောင့် ထိုဆေးလုံးများသည် အရမ်းကြီး အဆင့်မမြင့်သော်လည်း ထွက်ပေါ်လာသော ဆေးရနံ့သည် သူတို့၏အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။
တစ်ခဏအတွက် ရန်ကိုင် ပစ်ပေးလိုက်သော ဆေးလုံးအားလုံး ပြောင်တလင်း ခါသွားခဲ့၏။ ဆေးလုံးများကို ပဲကြီးလှော်ပမာ ဝါးစားပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် ရန်ကိုင်အား ထပ်ကြည့်လာ၏။
ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ခေါင်းလေး တရမ်းရမ်းဖြင့် နောက်ထပ် ဆေးပုလင်းတစ်သုတ် ထပ်ထုတ်ရပြန်လေ၏။
နာရီဝက်လောက်ကြာပြီးနောက် သစ်ပင်အောက်တွင် ထိုင်နေသော ရန်ကိုင်၏ အမူအရာ လေးနက်သွားခဲ့ပြီး အရပ်တစ်ခုဆီ လှမ်းကြည့်လိုက်၏။
ထိုအရပ်မှ နိုင်ထက်စီးနင်း ဆန်လှသော အရှိန်အဝါ တစ်ခု သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေ၏။
ထို့အပြင် အသစ်ရောက်လာသူ၏ ခွန်အားသည် နိမ့်ကျခြင်းမရှိ၊ အနည်းဆုံး မသေမျိုး တတိယအဆင့်နှင့် တူညီ၏။ တစ်နည်းဆိုရသော် ထိုသူသည် အဆင့်(၇) သားရဲတစ်ကောင်နှင့် အတူတူပင် ဖြစ်လေ၏။
အုန်း…
တုတ်ခိုင်းထားကြိုင်းသော ပုံရိပ်တစ်ခုသည် ရန်ကိုင် ရှေ့တည့်တည့်သို့ ဥက္ကာခဲတစ်စင်းပမာ တိုက်ရိုက် ခုန်းဆင်းလာခဲ့၏။ အရှိန်နည်းနည်းမှ မလျော့ဘဲ တိုက်ရိုက် ခုန်ဆင်းလာခဲ့သဖြင့် မြေပြင်တစ်ခုလုံး ဖုန်အလိမ်းလိမ်း ထသွားခဲ့ရ၏။
ရန်ကိုင်နှင့်အတူ တိတ်တဆိတ် စောင့်ဆိုင်းနေသော မွန်းစတားသားရဲအားလုံး ကြောက်လန့်ကာ အလျင်အမြန် ထွက်ပြေးကြတော့လေ၏။
ဖုန်ရှင်းသွားသည့်အချိန်၌ တုန်ခိုင်ထားကြိုင်းသော ခန္ဓာကိုယ်နှင့် အသက်(၄၀)လောက်ရှိမည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် သူ့အား အထင်အမြင်း သေးသေးဖြင့် စိုက်ကြည့်နေသည်ကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။
ထိုလူ၏ ပုံစံသည်လည်း အတော့်ကိ မျက်စိ ဖမ်းစားစရာ ကောင်းလှ၏။ ဖြစ်သလို လုပ်ထားသော သားရဲအရေခွံအချို့ကို ဝတ်ဆင်ထားပြီး ဆံပင်များ ဆိုလျှင်လည်း ရှုပ်ပွနေခဲ့၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်သမျှ အရာအားလုံးကို လိုက်လံ ဟိန်းဟောက်နေသော ခြင်င်္သေ့ရိုင်းတစ်ကောင် နှင့် တန်းနှိုင်းယှဉ်မိပေလိမ့်မည်။
မွန်းစတားမျိုးနွယ် ကျင့်ကြံသူလား
ထိုလူမည်သူမှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်၏။ သတင်းရသည်နှင့် မွန်းစတားမျိုးနွယ်စုမှ ပညာရှင် တစ်ယောက် ချင်ချင်း ရောက်ရှိလာခဲ့၏။
ထိုလူသန်ကြီး၏ မျက်လုံးများသည် ကြမ်းကြုတ်မှု၊ သွေးဆာမှုတို့ဖြင့် ပြည့်နေခဲ့၏။ ပိုဆိုးသည်ကာ ထိုလူ့ အရှိန်အဝါ၏ လွှမ်းမိုးခြင်း ခံလိုက်ရသည့် အတွက်ကြောင့်လာ မသိသော်လည်း ငြိမ်သက်နေခဲ့သော မွန်းစတားသားရဲများသည် အစွယ်တရမ်းရမ်းဖြင့် ရန်ကိုင်ကို ဟိန်းဟောက်မာန်ဖီနေခဲ့၏။
ရန်ကိုင်ကမူ ပြုံးပြုံးလေးဖြင့်သာ ရပ်နေခဲ့၏။
“လူသား၊ ငါတို့ သားရဲပင်လယ်တောအုပ်ထဲကို ကျူးကျော်ရဲလောက်တဲ့အထိ ရဲတင်းနေတာတား” သက်လတ်ပိုင်း လူကြီးက ရန်ကိုင်အား လေသံ အကျယ်ကြီးဖြင့် အော်ဟစ်လိုက်၏။
“ကျုပ်မှာ လုပ်စရာလေး ရှိနေလို့။ ဒီက မိတ်ဆွေ၊ ကျုပ်ကို ရှင်းပြခွင့်လေး ပေးပါလား” ရန်ကိုင်က အပြုံးလေးပြုံးလျက် ပြောလိုက်၏။
“ဘာမိတ်ဆွေလဲ” မွန်းစတားမျိုးနွယ်စုဝင် လူကြီးက အသံကုန် အော်ဟစ်လိုက်၏။ ထို့နောက် အထင်အမြင် သေးသေးဖြင့် အော်ပြောလိုက်လေ၏ “စက်ဆုပ်ဖွယ် ကောင်းလိုက်တဲ့လူသား။ ငါတို့ မွန်းစတားမျိုးနွယ်စုက မင်းနဲ့ ဘယ်တော့မှ မိတ်ဆွေဖွဲ့မှာ မဟုတ်ဘူး”
“အာ…” ရန်ကိုင် ပြောစရာစကား မဲ့သွားခဲ့ရ၏။
တစ်ဖက်လူသည် သူ့အား မြင်မြင်ချင်း ရန်စောင်နေသဖြင့် ရန်ကိုင် ဆွံ့အသွားခဲ့ရ၏။
“ဒီက ဂုဏ်သရေရှိပုဂ္ဂိုလ်ရဲ့ နာမည်ကို မေးလို့ရမလား” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်၏။
“ငါ့နာမည်က ခွမ်ရှီ(ကျားရိုင်း)ပဲ။ စီနီယာကြီး ကိုယ်တိုင် ချီးမြှင့်ပေးထားတာ” ပြောနေစဉ်အတွင်း မွန်းစတားမျိုးနွယ်စုဝင် လူကြီး၏ မျက်နှာသည် ဂုဏ်ယူလိုစိတ်အပြည့်ဖြင့် လင်းလက်နေခဲ့၏။ စီနီယာကြီးဆီမှ ထိုနာမည် ချီးမြောက်ခံလိုက်ရခြင်းသည် ကျက်သရေ တစ်ပါးနှယ်၊ ချက်ချင်း နှာခေါင်းရှုံ့လိုက်ပြီး “သိပြီလား”
“ဟုတ်တယ်။ ကျုပ်မှတ်မိပြီ” ရန်ကိုင်က အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
“မုန်းစရာကောင်းလိုက်တဲ့လူသားပဲ” ခွမ်ရှီက ခေါင်းခါရမ်းလိုက်ပြီး ပြန်မေးလိုက်၏ “ငါ့အဖော်တွေကို မင်းဘာလုပ်ထားတာလဲ ပြောစမ်း။ မင်းတို့တွေ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ”
“ဘာမှမလုပ်ပါဘူး။ ဆေးလုံးလေး နည်းနည်း ပါးပါးလောက်ပဲ ပေးလိုက်တာ” ရန်ကိုင်က ပြန်ရှင်းပြလိုက်၏ “စိတ်မပူနဲ့။ အဲ့ဆေးလုံးတွေက သူတို့ရဲ့ ကျင့်ကြံခြင်းကို ပိုပြီး မြန်ဆန်အောင် လုပ်ပေးမှာ။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး”
“ဆေးလုံးတွေလား” ဆေးလုံး ဆိုသော စကားကို ကြားလိုက်သည်နှင့် ခွမ်ရှီ၏ မျက်လုံး တလက်လက် တောက်ပသွားခဲ့၏။
ရန်ကိုင်က ပြုံး၍ မေးလိုက်၏ “ဟုတ်တယ်။ ကျုပ်မှာ နည်းနည်းကျန်သေးတယ်။ အစ်ကိုအရိုင်းကော ယူဦးမလား။ ဒါကို ပထမဆုံးတွေ့တဲ့ လက်ဆောင်အဖြစ် သဘောထားပြီး ယူထားလိုက်ပေါ့”
ပြောပြီးသည်နှင့် ဆေးပုလင်းအချို့ကို ထုတ်ပေးလိုက်၏။
ခွမ်ရှီမှာ လိုချင်သော်လည်း လွန်ဆွဲမိနေ၏။ မျက်မှောင်ကြီးကြုံ့လျက် ယူလျှင်ကောင်းမလား၊ မယူရင် ကောင်းမလား စဉ်းစားတွေးတောနေသည့်အလား။ ဆေးရနံ့ကို ရလိုက်ပြီးသည့်နောက် ဆန္ဒသည် အကြောင်းအရင်းကို အနိုင်ယူသွားခဲ့ကာ ရန်ကိုင်ပေးသည့် လက်ဆောင်ဆေးပုလင်းများကို ချက်ချင်း လှမ်းယူလိုက်ပြီး “စက်ဆုပ်၊ရွံ့ရှာ၊ မုန်းစရာ ကောင်းလိုက်တဲ့ လူသားတွေ။ ဒါလေးပေးရုံနဲ့ ငါ့ဆီက မျက်နှာသာရမယ် ထင်မနေနဲ့… အန်း၊ အခု သေချာ ကြည့်မိတော့မှပဲ မင်းက ထင်သလောက် စိတ်ညစ်စရာ မကောင်းမှန်း ငါသိတော့တယ်”
ရန်ကိုင်က ရယ်ချင်စိတ်အာကို မနည်း အောင့်အည်း နေခဲ့ရ၏။
မွန်းစတားမျိုးနွယ်စုဝင်တိုင်းသည် ခွမ်းရှီကဲ့သို့ ဖြစ်နေပါက ထိုလူများနှင့် ပြောဆိုဆွေးနွေးရမည့် ကိစ္စမှာ သူထင်ထားသည်ထက် ပိုလွယ်ကူနို်ငပေ၏။
ဆေးပုလင်းများကို သေသေချာချာ စစ်ဆေး ကြည့်လိုက်ပြီးနောက် ကျေနပ်သွားသည့်အလား အပြုံးလေးပြုံးလျက် ဆေးပုလင်းများကို အိတ်ကပ်ထဲ သေသေချာချာ ထည့်သိမ်းထားလိုက်လေ၏။
လူကြမ်းတစ်ယောက်ပမာ သူ့နှုန်ခမ်းများကို တွန့်ကွေး၍ ရန်ကိုင်အား နောက်တစ်ကြိမ် ထပ့်ကြည့်ကာ “စီနီယာကြီးနဲ့ တွေ့ချင်တယ်ဆို”
“ဟုန်ပါတယ်။ အစ်ကိုရိုင်း ကျုပ်ကို စီနီယာကြီးနဲ့ မိတ်ဆက်ပေးလို့ရမလား”
ခွမ်ရှီက ရယ်သာရယ်လိုက်ပြီး “ကောင်းလေး၊ ငါတို့ သားရဲပင်လယ်တောအုပ်ကို ဘာထင်နေတာလဲကွ။ ငါတို့ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးကို တွေ့ချင်တိုင်း တွေ့လို့ရမယ်လို့ ထင်နေတာလား။ မင်းဘက်က လေးလေးစားစား ပြုမူနေလို့ ငါမင်းကို ချက်ချင်း မသတ်တော့ဘူး။ မင်းလာရာအရပ်ဆီ မြန်မြန်သာ ပြန်သွားလိုက်ပေတော့။ ဒီည နေမဝင်ခင်အထိ ငါမင်းကို အချိန်ပေးလိုက်မယ်။ အဲ့အချိန်ရောက်လို့ ဒီမှာ ဆက်ရှိနေရဲသေးတယ် ဆိုရင်တော့ ဒီညက မင်းသေရမယ့်ည ဖြစ်သွားလိမ့်မယ်”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သော်လည်း စိတ်ရှည်ရှည်နှင့် ထပ်ရှင်းပြလိုက်၏ “အစ်ကိုရိုင်း၊ ကျုပ်မှာ စီနီယာကြီးနဲ့ ဆွေးနွေးစရာ တကယ်ရှိလို့ပါ။ စည်းမျဉ်းကို လက်တစ်လုံးခြား လုပ်ပေးလို့ မရဘူးလား”
“ငါ့သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့နော်။ မင်းတို့ လူသားတွေက ကိုယ့်အကြောင်းကိုယ် ဘယ်တော့မှ မသိတဲ့ကောင်တွေ။ ငါ့ကို စိတ်တိုအောင်လုပ်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ သာရဲပင်လယ် တောအုပ်က လူသားတွေကို ဘယ်တုန်းကမှ ဝင်ခွင့် ပေးခဲ့တာ မဟုတ်ဘူး။ ငါမင်းကို ချက်ချင်း မတိုက်ခိုက်တာကတောင် မင်းအပေါ် ညှာတာရာ ရောက်နေပြီ” ခွမ်ရှီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။
ရန်ကိုင်က ရယ်သာရယ်လျက် “အဲ့ဒါက လုံးလုံးကြီး မှန်တာတော့ မဟုတ်ဘူးလေ။ လူသားတစ်ယောက်က သားရဲပင်လယ်တောအုပ်စီ လာပြီး ခင်ဗျားတို့ စီနီယာကြီးနဲ့ သောက်စား၊ စကားတွေပြောတယ်လို့ ကျုပ်ကြားဖူးသလားလို့”
ခွမ်ရှီအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အော်ပြောလိုက်၏ “ဒါကို မင်းဘယ်ကနေ ကြားလာတာလဲ။ နေပါဦး၊ မင်းလက်ထဲက လက်စွပ်ကို နည်းနည်း ရင်းနှီးနေသလိုပဲ”
“ဘာလို့လဲဆိုတော့ ဒီလက်စွပ်က ဒီကို လာတဲ့လူ ဝတ်လေ့ရှိတဲ့ လက်စွပ်ပဲလေ” ရန်ကိုင်က လက်ကို မြှောက်၍ လက်စွပ်ကို ခွမ်ရှီ မြင်အောင် ပြလိုက်ပြီးနောက် “ဘုံကိုးခုထွတ်မြတ်နယ်မြေက တော်ဝင်သခင် ကွယ်လွန်သွားတာကို ခင်ဗျားတို့လည်း ကြားမိမှာပေါ့၊ ဟုတ်တယ်မလား။ ရှင်းရှင်းပြောရရင် ကျုပ်က သူ့ရဲ့ ဆက်ခံသူပဲ။ အရင်တော်ဝင်သခင်ဟောင်းက စီနီယာကြီးနဲ့ ရင်းနှီးလို့ သူနဲ့ ဆွေးနွေးချင်လို့ ကျုပ်ဒီကို လာခဲ့တာ”
“မင်းက သူ့ဆက်ခံသူလား” ခွမ်ရှီ မျက်လုံးပြူးသွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီးဖြင့် စိုက်ကြည့်၍ “အဲ့လူက အရမ်းအားကောင်းတာ။ စီနီယာကြီးနဲ့တောင် လက်ရည်တူ တိုက်ခိုက် နိုင်သေးတယ်။ ဒါပေမယ့် သူ့ဆက်ခံသူကျတော့ ဘာလို့ ဒီလောက် အားနည်းနေရတာလဲ”
ရန်ကိုင်က စိတ်ထဲမထားဘဲ ဆက်သာ ပြောလိုက်၏ “တော်ဝင်သခင်ဟောင်းက သူတစ်ကြိမ်လာတိုင်း သလင်းကျောက်တွေ၊ ဆေးလုံးတွေ အများကြီး ယူလာတာကို ခင်ဗျားတို့လည်း သိလောက်မှာပေါ့၊ ဟုတ်တယ်မလား… အခု အထောက်အပံ့တွေ ဒီကို ယူမလာနိုင်ခဲ့တာ နှစ်နှစ်ရှိသွားပြီ။ ကျုပ်က တော်ဝင်သခင်ဟောင်းရဲ့ ဆက်ခံသူဆိုတော့ နောက်ပိုင်းကျ ကျုပ်ကပဲ ဒီနေရာလာပြီး ပစ္စည်းတွေ ယူလာပေးရမှာ။ ဘယ်လို ပစ္စည်းတွေလဲဆိုတော့…”
“ဘယ်လိုပစ္စည်းတွေလဲ” ခွမ်ရှိက စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“ဥပမာပြောရရင် ကျုပ်ခင်ဗျားကို ပေးလိုက်တဲ့ ဆေးပုလင်းတွေလိုမျိုးပေါ့”
“အဲ့ဒါတွေက ငါ့အပိုင်ဖြစ်သွားပြီ” ခွမ်ရှီက သူ့အိတ်ကပ်ကို ချက်ချင်း လက်ဖြင့် ကာထားလိုက်ပြီး ရန်ကိုင်အား သတိအပြည့်ဖြင့် စိုက်ကြည့်နေလိုက်၏။
“ဟုတ်တာပေါ့။ အဲ့ဒါတွေက ခင်ဗျားအပိုင် ဖြစ်သွားပြီပေါ့” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏ “ဒါပေမယ့် ထပ်လိုချင်သေးရင် ခင်ဗျားတို့ စီနီယာကြီးနဲ့ စကားပြောဖို့ လိုလိမ့်မယ်။ စီနီယာကြီးနဲ့ သဘောတူညီချက် ရသွားတော့မှပဲ အဲ့လို ပစ္စည်းတွေ ထပ်ယူလာလို့ရမှာ။ စိတ်မဝင်စားဘူးလား”
ခွမ်ရှီ အတွေးထဲ နစ်မြောသွားခဲ့၏။ ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် သက်ပြင်းချလျက် “မင်းစကားတွေက အကုန်မမှန်ဘူးလို့ ငါဘာလို့ ခံစားနေရတာလဲ… ကောင်လေး၊ မင်းငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား”
ပြောနေရင်း ရန်ကိုင် မျက်လုံးတည့်တည့်အား စိုက်ကြည့်လိုက်၏။
ရန်ကိုင်ကလည်း အောက်ကျမခံ ပြန်စိုက်ကြည့်လိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၀၈) မိုးကြိုးသစ်ပင်နန်းတော်
တစ်ခဏတာ ပြောဆိုဆက်ဆံပြီးနောက် ခွမ်ရှီသည် မြင့်မာသော ဥာဏ်ရည်ကို ပိုင်ဆိုင်ထားသော်ငြား အခြား သားရဲများကဲ့သို့ သူ၏ အသိစိတ်အပေါ် မှီခိုနေရသေးကြောင်း ရန်ကိုင် နားလည်လိုက်၏။
တကယ်တော့ သူသည် မွန်းစတားသားရဲမှ ဆင့်ကဲ ပြောင်းလဲလာခြင်း ဖြစ်လေရာ ထိုအချက်ကို နားလည်နိုင်ပေ၏။
ထိုကဲ့သို့သော လူများ၏ စိတ်ခံစားချက်များကို သူတို့၏ မျက်နှာထက် အထင်းသား မြင်နိုင်၏။ ပျော်ရွှင်နေလျှင် ပြုံးရွှင်နေမည်ဖြစ်ပြီး မပျော်လျှင် စူပုပ်နေမည် ဖြစ်၏။ ယုံကြည်ရသူဟု ထင်လျှင် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံလိမ့်မည် ဖြစ်၍ မယုံကြည်ရဘူးထင်ပါက တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း ထတိုက်ခိုက်ပေလိမ့်မည်။
ထိုကဲ့သို့သော လူမျိုးနှင့် အဆက်အဆံ လုပ်ရသည်မှာ အတော့်ကို စိတ်ဝင်စားစရာ ကောင်းလှသည်ဟု ရန်ကိုင် တွေးလိုက်မိ၏။
“ကောင်းပြီလေ။ မင်းကို မိုးကြိုးသစ်ပင်နန်းတော်ဆီ ခေါ်သွားပေမယ့်။ ဒါပေမယ့် စီနီယာကြီး မင်းကို တွေ့မတွေ့ကတော့ မင်းအပိုင်းပဲ။ ငါအာမမခံနိုင်ဘူး” အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံး၌ ခွမ်ရှီ သဘောတူလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ်” တစ်ဖက်လူ သဘောတူလိုက်မှပဲ ရန်ကိုင် သက်ပြင်းချလိုက်နိုင်၏။
မိုးကြိုးသစ်ပင်နန်းတော်… ထိုနေရာအကြောင်း မသိသော်လည်း ထိုနေရာသည် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနေထိုင်သည့် နေရာဖြစ်မည်မှန်း ရန်ကိုင် ခန့်မှန်းမိလိုက်၏။
သဘောတူညီချက် ရသွားပြီးနောက် ခွမ်ရှီသည် ဆက်လက် အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်း ခရီးစထွက်လေ၏။ ဥာဏ်နီဥာဏ်နက် မများရန်၊ မဟုတ်တာ မလုပ်ရန်၊ လုပ်ခဲ့ပါက ကောင်းကောင်းခံစားသွားရမည်ဟု လမ်းတစ်လျှောက်၌ ရန်ကိုင်အား အတန်တန် သတိပေးသွား၏။
ထိုအကြောင်း စကားစလာလိုက်တိုင်း ပြဿနာ မရှာပါဘူးဟု ရန်ကိုင်မှာ ထပ်တလဲလဲ ကတိပေးခဲ့ရ၏။
ယခုမှပဲ သားရဲပင်လယ်တောအုပ် မည်မျှ ကျယ်ဝန်းကြောင်း ရန်ကိုင် နားလည်သွားတော့၏။ လမ်းတစ်လျှောက် ပျံသန်းနေစဉ် အတောအတွင်း မွေးကင်းစမှစ၍ လူသားအသွင်ကို ရရှိထားသည့် မွန်းစတားသားရဲများအထိ သောင်းပေါင်းများစွာသော မွန်းစတားသားရဲများကို တွေ့ရှိခဲ့ရ၏။
မွန်းစတားပိုင်းနက်အတွင်း ဤမျှ ကြီးမားလှသော မွန်းစတားသားရဲ စုဝေးရာနယ်မြေ အနည်းငယ်သာ ရှိ၏။ နေရာတစ်ခုချင်းစီတိုင်းတွင် စီနီယာကြီးကဲ့သို့သော ပုဂ္ဂိုလ်မျိုး တစ်ယောက်စီ ရှိကြ၏။
လူသားပိုင်နက်၊ မွန်းစတားနယ်ပယ်နှင့် နတ်ဆိုးကုန်းမြေတို့သည် အရွယ်အစား မတူညီကြချေ။ လူသားပိုင်နက်သည် အကျယ်ဆုံးဖြစ်ပြီး နတ်ဆိုးကုန်းမြေသည် ဒုတိယအကျယ်ဆုံးဖြစ်ကာ မွန်းစတားနယ်ပယ်ကမူ အားလုံးထဲတွင် အကျဉ်းဆုံး ဖြစ်၏။
သားရဲပင်လယ်တောအုပ်သည် မွန်းစတားနယ်ပယ် တစ်ခုလုံး၏ ဆယ်ပုံပုံတစ်ပုံရှိ၏။
ဤနေရာမှ မိုးကြိုးသစ်ပင်နန်းတော်သို့ သွားရန် အနည်းဆုံး သုံးရက်အချိန်ယူရ၏။
သုံးရက်ဆိုသော အချိန်သည် အရမ်းကြီး မကြာညောင်းလှလေရာ ရန်ကိုင်လည်း အလျင်မလိုခဲ့။ ရှုခင်းလေးကြည့်သွားရင်း ခွမ်ရှီနောက်မှလိုက်၍ အေးအေးဆေးဆေး ပျံသန်းနေခဲ့၏။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ရှားပါသော သတ္တုများနှင့် အမျိုးမျိုးသော ဆေးပင်များကို တွေ့ခဲ့ရ၏။ ဆေးပင်များသည် တောအုပ်တွင်း ပေါက်ချင်သလို ပေါက်နေခဲ့ကြပြီး မည်သူမှ ခူးဆွတ်ရန် မကြိုးစားခဲ့။ ရံဖန်ရံခါ အချို့မွန်းစတားသားရဲများသည် ဆေးပင်များအား နွားမြက်စားသလို စားနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ရန်ကိုင်မှာ အတော့်ကိုပင် အော့နှလုံးနာ၊ သွေးအန်မတတ် ဖြစ်ခဲ့ရ၏။
ထိုဆေးပင်များကိုသာ ဆေးလုံးဖော်စပ်လိုက်နိုင်လျှင် ရှိရင်းစွဲထက် အဆပေါင်းများစွာ ပိုပြီး အာနိသင် ထက်လာပေလိမ့်မည်။
သို့သော် ယခုလောလောဆယ်၌ ထိုကဲ့သို့သော ကိစ္စများနှင့် အချိန်မဖြုန်းနိုင်သေးလေရာ သားရဲပင်လယ်တောအုပ်၏ ကြွယ်ဝချမ်းသာမှုကို ချီးကျူးရုံမှတပါး အခြားဘာမှမလုပ်နိုင်ခဲ့ပေ။
တစ်ရက်လောက် ကြာပြီးသည့်နောက် ခွမ်ရှီသည် ရန်ကိုင်နှင့် ပို၍ ပွင့်လင်းစွာ စတင်ဆက်ဆံလာခဲ့၏။
သူနှင့် လိုက်ဖက်သည့် လက်နက်တစ်ခုကို ရန်ကိုင်ဆီမှ လက်ဆောင်ရပြီးနောက် ခွမ်ရှီသည် ရန်ကိုင့်အပေါ် ချက်ချင်းဆိုသလို ပို၍ ဖော်ရွေလာခဲ့၏။
တော်ဝင်သင်္ချိုင်းမှ သူတော်စင်အဆင့် လက်နက် တစ်ခုအား ပေးပစ်ရန်မှာ ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။ ထိုလက်နက်တစ်ခုချင်းစီတိုင်းသည် မြို့တစ်မြို့စာမျှ တန်ဖိုးရှိသည် မဟုတ်ပေလော။
လက်ဆောင်ပေးချင်လျှင်ပင် သူနှင့် အရမ်း ရင်းနှီးသည့်သူ ဖြစ်နေရပေမည်။
သို့သော် ယခုလောလောဆယ် ရန်ကိုင်တွင် အဆင့်နိမ့်လက်နက်များစွာ ရှိနေပေ၏။ ပင်လယ် အောက်ခြေရှိ ရှေးဟောင်းအပျက်အစီးနယ်မြေအား အန်လင်းအာနှင့်အတူ သွားရောက်ရှာဖွေစဉ်က အဖိုးတန်ပစ္စည်း တော်တော်များများကို တွေ့ခဲ့၏။ သူ့အတွက် အသုံးမလိုသော ပစ္စည်းတစ်ခုကို ရှီခွမ်ဆီမှ မျက်နှာသာပေးခံရရန်အတွက် ပေးပစ်လိုက်ခြင်းသည် ရန်ကိုင်အတွက် အကျိုးမယုတ်။
လက်နက်အသစ်၊ ဆေးပုလင်းအသစ်များ ရရှိခဲ့ရသဖြင့် ခွမ်ရှီ သွားမစိနိုင်အောင် ပြုံးနေမိလေပြီ။
ရန်ကိုင် သူ့အား ညီအစ်ကိုခွမ်၊ မိတ်ဆွေဟု ခေါ်လာသည့်အခါတွင်ပင် ကန့်ကွက်ခြင်း မပြုတော့။
သားရဲပင်လယ်တောအုပ်ကို ဖြတ်ကျော်နေစဉ် ဟိုတစ်ထောက်၊ ဒီတစ်ထောက် နားကြ၏။ ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်အသစ် ဖြစ်ကြောင်း ကြားသိလိုက်ရချိန် အကုန်လုံး သူ့အား ဖြတ်သွားခွင့် ပေးခဲ့၏။
ထိုမွန်းစတားသားရဲများသည်လည်း ဘုံကိုးခု ထွတ်မြတ်နယ်မြေ ပျောက်ကွယ်သွားမည်ကို မလိုလားသည့်ပုံပင်။
အတိတ်တွင် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်သည် ဆေးလုံးများ၊ သလင်းကျောက်များ၊ လက်နက်များကို ယူလာ၍ သူတို့၏ဘဝကို ပိုမို သာယာတိုးတက်အောင် လုပ်ပေးခဲ့၏။ သို့သော် တော်ဝင်သခင်ဟောင်း သေဆုံးသွားပြီးနောက် သူတို့သည် မည်သည့် အထောက်အပံ့မှ မရရှိဘဲ နှစ်နှစ်ကြာအောင် နေခဲ့ရ၏။
သုံးရက်ကြာပြီးနောက် ရန်ကိုင် မြင်ခဲ့ဖူးသည်ထက် ပို၍ မြင့်သော သစ်ပင်ကြီးသစ်ပင်ကို လှမ်းမြင်လိုက်ရ၏။
ထိုသစ်ပင်ကြီးသည် မိုးတိမ်ယံထိတိုင် ထိုးဖောက်နေပြီး သစ်ကိုင်းသစ်ခက်များသည် ကီလိုမီတာ ဒါဇင်ကျော်ကို အပြည့်အဝ လွှမ်းခြုံထားခဲ့၏။
ရန်ကိုင် ရုတ်တရက် ရပ်လိုက်၏။
ထိုသစ်ပင်ကြီးကို မြင်မြင်ချင်း သူ့အမြင်အာရုံများ လှည့်စားခံနေရသလားဟု ထင်မှတ်မိလိုက်သေး၏။ သေသေချာချာ စစ်ဆေးကြည့်လိုက်မှပဲ ထိုအရာသည် သစ်ပင်အစစ်ဖြစ်မှန်း ရန်ကိုင် နားလည်သွားခဲ့၏။
ထိုသစ်ပင်ကိုယ်က အရမ်း ကြီးလွန်းနေခြင်းပင်။
ထိုသစ်ပင်ကြီးနှင့်ယှဉ် အနက်ရောင်စာအုပ်ထဲရှိ နတ်ဘုရားသစ်ပင်သည် သုံးနှစ်သားကလေးလောက်သာ ရှိ၏။
ရန်ကိုင် ထိတ်လန့်အံ့အာသင့်နေသည်ကိုမြင်သော် ခွမ်ရှီက ဘဝင်ခိုက်နေသည့် အမူအရာဖြင့် “မင်းမြင်နေတာက မိုးကြိုးသစ်ပင်နန်းတော်ပဲ။ စီနီယာကြီးနဲ့ ငါတို့ကလန်သားတွေ နေတဲ့နေရာပေါ့။ စီနီယာကြီး နေတဲ့နေရာ သစ်ပင်ထိပ်ဆုံးမှာ”
“အဲ့ဒါကို ဘာလို့ မိုးကြိုးသစ်ပင်နန်းတော်လို့ ခေါ်တာလဲ”
ရန်ကိုင်က သိချင်စိတ်အပြည့်ဖြင့် မေးလိုက်ရာ ခွမ်ရှီက နှာတစ်ချက်မှုတ်ကာ ရှင်းပြလိုက်၏ “မိုးကြိုးသစ်ပင်နန်းတော်ဆိုတာ တကယ်တော့ နှစ်သောင်းပေါင်းများစွာရှိတဲ့ မိုးကြိုးမြိုသစ်သားပဲ။ မိုးကြိုးသစ်ပင်နန်းတော်က မိုးကြိုးကိုစုပ်ယူပြီး ပင်စည်ထဲမှာ သန့်စင်နိုင်တယ်။ စီနီယာကြီးက တော်ဝင် မီးတောက်နီမိုးကြိုးနဂါ မျိုးနွယ်က ဆိုတာကို မင်းလည် ကြားဖူးမှာပေါ့၊ ဟုတ်တယ်မလား။ စီနီယာကြီးရဲ့ ကျင့်ကြံခြင်းက မိုးကြိုးကို လိုအပ်တော့ ဒီနေရာက သူနေဖို့ အကောင်းဆုံးနေရာပဲ”
“မိုးကြိုးနဲ့လျှပ်စီးစွမ်းအားကို ဆွဲယူနိုင်တာလား” ရန်ကိုင် ထိတ်လန့်အံ့ဩသွားခဲ့ပြီး “အဲ့လိုသာဆိုရင် အထဲမှာနေနေတဲ့ ကျန်တဲ့လူတွေကကော”
“စီနီယာကြီးရဲ့ နည်းလမ်းတွေက မင်းနားလည် နိုင်တာမျိုး မဟုတ်ဘူး။ မိုးကြိုးကို စီနီယာကြီးက စုပ်ယူလိုက်တာ။ အဲ့ဒါကြောင့် အောက်မှာရှိနေတဲ့ အခြားသူတွေ ဘာမှမဖြစ်တော့ဘူး” ခွမ်ရှီက ဂုဏ်ယူစွာဖြင့် ရှင်းပြလိုက်၏ “မိုးကြိုးနဲ့လျှပ်စီး စွမ်းအားကို လိုအပ်တဲ့ ကလန်က လူတွေကိုလည်း စီနီယာကြီးက ပြန်ဝေမျှပေးသေးတယ်”
ခွမ်ရှီသည် စီနီယာကြီးကို အရမ်းယုံကြည်ကိုးစား ပေ၏။ စီနီယာကြီးအကြောင်း ပြောလိုက်တိုင်း သူ့မျက်နှာသည် ဂုဏ်ယူလေးစားမှုတို့ဖြင့် တဖိတ်ဖိတ် လက်နေခဲ့၏။
ထို့ကြောင့် ခွမ်ရှီ မည်မျှပင် ဂုဏ်ယူဝံ့ကြွားနေပါစေ ရန်ကိုင် မမှုတော့ဘဲ ခေါင်းသာညိတ်၍ ပြန်ပြောလိုက်၏ “လတ်စသတ်တော့ အဲ့လိုကိုး။ ခင်ဗျားတို့ရဲ့ စီနီယာကြီးက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ”
“ဟုတ်တာပေါ့” ခွမ်ရှီက သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “စီနီယာကြီးလိုမျိုး ဒီတစ်သက် ဖြစ်တောင်ဖြစ်နိုင်ပါ့မလားလို့ တစ်ခါတစ်ခါ ငါတွေးမိဖူးတယ်။ ဟူး… ဒီအကြောင်းကို ဒီမှာပဲ ရပ်ထားလိုက်ကြတာပေါ့။ ငါနဲ့လိုက်ခဲ့။ ဟိုရောက်ဖို့ သိပ်မလိုတော့ဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ခွမ်ရှီနောက်မှ အလျင်အမြန် လိုက်သွားလိုက်၏။
ခဏအကြာ၌ သူတို့နှဏ်ယောက် ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်ရှေ့သို့ ရောက်လာခဲ့၏။
ရောက်ရောက်ချင်းမှာပဲ မြောက်မြားလှစွာသော ကောင်းကင်စိတ်အာရုံတို့ သူ့အပေါ် စုပြုံရောက်ရှိ လာသည်ကို ရန်ကိုင် ခံစားမိလိုက်၏။
ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ထိုကောင်းကင် စိတ်အာရုံများကို သူ့ခန္ဓာကိုယ်အား စိတ်ရှိတိုင်း စစ်ဆေးခိုင်းလိုက်၏။
ရှေးဟောင်းသစ်ပင်ကြီးထက် မွန်းစတားသားရဲ များစွာ ရှိနေခဲ့၏။
ကျောပြာသွေးပင့်ကူ။ ရွှေအစင်းကြားသံမဏိလိပ်၊ မီးစုန်းစိမ်းကျားသစ်၊ လည်ဆံနီရစ်ငှက်… ရန်ကိုင်ပင် အမျိုးအမည် မခွဲနိုင်သည့် အမျိုးမျိုးသော မွန်းစတား သားရဲများ ဤနေရာ၌ စုဝေးနေခဲ့ကြ၏။
ရန်ကိုင် ရောက်ရှိလာသည်နှင့် အကုန်လုံး တစ်ပြိုင်နက် ထရပ်လိုက်ကြပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ကြ၏။ မျက်လုံးများကို ဟိုမှသည်သို့ ကူးကလန်ခတ်ရင်း တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ဆက်သွယ်ပြောဆိုနေခဲ့ကြ၏။
ထိုသားရဲများသည် တောအုပ်ထဲတွင် သူတွေ့ခဲ့သော သားရဲများထက် ပို၍ အသိဥာဏ်မြင့်မားမည်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်လေပြီ။
ထိုမွန်းစတားသားရဲများ၏ အသိဥာဏ်သည် ခွမ်ရှီအောက် မနိမ့်ကျချေ။ ခွန်အားသည်လည်း နိမ့်ကျခြင်း မရှိ။ အကုန်လုံးသည် အနည်းဆုံး အဆင့်(၇)သို့ ရောက်နေခဲ့၏။
မွန်းစတားသားရဲများ၏ အကြည့်ကြောင့် ရန်ကိုင်သည် ကြောက်ရွံ့သွားဟန်မပြ၊ တည်တည်ငြိမ်ငြိမ် ဖြင့်သာ ရပ်နေပြလိုက်၏။
တစ်ဖက်တွင်မူ၊ ခွမ်ရှီသည် ဤနေရာသို့ ရောက်သည်နှင့် အနည်းငယ် တည်တည်ကြည်ကြည် ဖြစ်သွားခဲ့၏။ အသိမိတ်ဆွေအချို့ကို အလျင်အမြန် နှုတ်ဆက်လိုက်ပြီးနောက် ရန်ကိုင်အား အလျင်စလို လှမ်းပြောလိုက်၏ “မင်းဒီမှာစောင့်နေနှင့်။ စီနီယာ ကိုင်တေ(တောက်ပသောလိပ်ပြာ)ကို အရင် သွားသတင်းပို့လိုက်ဦးမယ်။ စီနီယာကြီးနဲ့ တွေ့ခွင့် ရမရက သူ့အပေါ်ပဲ မူတည်လိမ့်မယ်”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ခွမ်ရှီသည် ရှေးဟောင်းသစ်ပင်ထဲသို့ ခုန်တက်သွားခဲ့ပြီး သစ်ကိုင်းများကြား ပျောက်ကွယ် သွားခဲ့၏။
ရန်ကိုင်သည် ပြောသည့်အတိုင်း နေရာတွင်သာ ရပ်နေ၏။ ပတ်ပတ်လည်အား အားကောင်းသော မွန်းစတားသားရဲများသည် သူ့အား ရန်စောင်သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ကြ၏။
သို့သော်လည်း ထိုကဲ့သို့ ဖြစ်လာမည်မှန်း ယခင်ကတည်းမှ မျှော်လင့်ထားခဲ့လေရာ ရန်ကိုင်သည် အားလုံးသည် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားပြီးသွားခဲ့လေပြီ။
ရှပ်… ရှပ်… ရှပ်….
ရုတ်တရက် ရန်ကိုင်ခေါင်းပေါ်မှ အနိမ့်ဘက်ရှိ သစ်ကိုင်းအချို့ပေါ်သို့ ပုံရိပ်များစွာ ဆင်းလာခဲ့ပြီး တစ်ကောင်ချင်းစီတိုင်းသည် ရန်ကိုင်အား သိချင်စိတ် အပြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။
အသံကြားသဖြင့် မနေနိုင်ဘဲ မော့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
ထိုအကောင်းအားလုံးသည် လူအသွင်ရထားသည့် မွန်းစတားသားရဲများ ဖြစ်ကြပေ၏။ တစ်ကောင်ချင်းစီ တိုင်းသည် ခွမ်ရှီကဲ့သို့ ဝတ်စားထားကြပြီး အရိုင်းဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ကြ၏။ အချို့ကမူ သူတို့၏ သားရဲပုံစံအတိုင်း နေနေကြဆဲ။
ဘယ်ဘက်ရှိ သက်လတ်ပိုင်းလူကြီးတွင် အမွှေးဖွာသော အမြီးတစ်ကောင်းရှိနေပြီး သူ့လည်ပင်းသည် သာမန်ထက် အနည်းငယ် ပိုရှည်ကာ မျက်လုံးများသည် ခပ်ဝိုင်းဝိုင်း၊ ခပ်သေးသေး ဖြစ်၏။ ၎င်း၏ မူရင်းပုံစံသည် မျောက်ဝံအမျိုးအစားထဲမှ တစ်ကောင်ဖြစ်လောက်၏။
ညာဘက်ရှိ အမျိုးသမီးသည် ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်၊ နှင်းပွင့်လေးများကဲ့သို့ ဖြူဝင်လှပသော သွယ်လျလျ ခြေတံရှည်များ၊ အဆီအပိုမရှိ ချပ်ချပ်ရပ်ရပ် ဝမ်းဗိုက်လေးကို ပိုင်ဆိုင်ထား၏။ ထက်ရှသော သွားများကမူ ပါးစပ်ဘေးဘက်စွန်းမှ ထွက်ပေါ်နေခဲ့၏။ ခေါင်းတွင် သုံးထောင့်ပုံစံ နားရွက်နှစ်ဖက် ရှိနေခဲ့ရာ သူမ၏ မူရင်းပုံစံသည် ကျားဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် ကြောင် အမျိုးနွယ်ဝင် ဖြစ်လောက်၏။
ရန်ကိုင်သည် တစ်ကောင်းချင်းစီတိုင်းအား သိလိုစိတ်အပြည့်ဖြင့် သေချာကြည့်နေခဲ့၏။
မွန်းစတားသားရဲ တစ်ကောင်းချင်းစီတိုင်းသည် သစ်ကိုင်းပေါ်မှနေ၍ ရန်ကိုင်အား စူးစမ်းလိုရုံ သဘောဖြင့်သာ ကြည့်နေခဲ့၏။ အကုန်လုံးသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ရန်ကိုင်အား စူးစမ်းလေ့လာနေခဲ့ပြီး ကြောင်နာရွက်နှင့် အမျိုးသမီးငယ်လေးသည်သာ တိုးတိုးတိုးတိုးဖြင့် ဘာတွေကိုမှန်းမသိ ရေရွတ်နေခဲ့၏။
အကြည့်ချင်းဆုံသွားချိန် ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်သော်လည်း မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များက ပြန်၍သာ လှောင်ပြောင်ခဲ့၏။
ရုတ်တရက် သစ်ပင်ထက်မှ သနားစဖွယ် အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ထိုအသုံးကို ကြားကြားချင် ရန်ကိုင် မျက်မှောင် ကြုံ့လိုက်လေ၏။
အဘယ်ကြောင့်ဆိုသော် အသံပိုင်ရှင်သည် သူ့အား ဤနေရာသို့ ခေါ်လာသော ခွမ်ရှီ ဖြစ်နေသောကြောင့်ပင် ဖြစ်၏။
ဂျွတ်… ဂျွတ်…
သစ်ကိုင်းများ ကျိုးကျသံနှင့်အတူ ခွမ်ရှီ၏ ခန္ဓာကိုယ် ရန်ကိုင်ရှေ့ရှေ့သို့ ပြုတ်ကျလာခဲ့လေ၏။
“လူသားတစ်ယောက်ကို ငါတို့ကလန်ရဲ့ မိုးကြိုးသစ်ပင်နန်းတော်ဆီ ခေါ်လာရဲတယ်ပေါ့၊ ခွမ်ရှီ နင်သေချင်နေတာလား။ သေချင်နေတယ်ဆိုရင်လည်း ပြောသာပြောလိုက်။ ငါနင့်ကို တစ်ခါတည်း တမလွန်ဆီ ပို့ပေးလိုက်မယ်” သိမ်မွေ့သလို အေးလည်းအေးစက်သည့် အသံတစ်သံ အပေါ်ဘက်မှ ထွက်ပေါ်လာခဲ့၏။ ချက်ချင်းဆိုသလို ရောင်စုံအလင်းတစ်ချက် လက်သွားပြီး လှပသော အမျိုးသမီးတစ်ဦး လေထဲထွက်ပေါ်လာခဲ့၏။ အမျိုးသမီးသည် ရှီခွမ်အား ဆူပူကြိမ်းမောင်း နေသော်လည်း သူမ၏အကြည့်သည် ရန်ကိုင်ဆီမှ တစ်ဖဝါးပင် မခွါခဲ့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၀၉) သက်သေ
အသံထွက်ပေါ်လာသည့် အခိုက် ထိတ်လန့်ဖွယ်ရာ အရှိန်အဝါတစ်ခု လေထဲပျံနှံ့လာခဲ့ရာ ရန်ကိုင် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့ရ၏။ အစစ်အမှန်ချီကို အပြင်းအထန် လှည့်ပတ်လိုက်မှပဲ ထိုမမြင်နိုင်သော ဖိအားကို ခုခံနိုင်ခဲ့၏။
တစ်ဖက်လူသည် ငယ်ရွယ်ပြီး အရမ်းကိုမှ လှပသည့် မိန်းမတစ်ယောက် ဖြစ်၏။
လစန္ဒာကဲ့သို့ ဖြူစင်ပြီး နှင်းကဲ့သို့ ဖြူဖွေးကာ ပန်းကနုတ်များ ထိုးထွင်းထားသော ဝတ်ရုံဖြူအား ဝတ်ဆင်ထားသည့် သူမသည် လနနတ်သမီးလေးကဲ့သို့ လှပနေ၏။ သူမဒေါသထွက်နေသည့် ပုံစံလေးသည် အရမ်းကိုမှ ချစ်စဖွယ်ကောင်းလှ၏။
ထို့အပြင် သူမ၏ ကျောဘက်၌ ခုနှစ်ရောင်ခြယ် တောင်ပံတစ်စုံ ရှိနေသေး၏။ ထိုတောင်ပံများသည် ရန်ကိုင်၏ လေမိုးကြိုးတောင်ပံများကဲ့သို့ မဟုတ်ဘဲ ပါးလျကာ ထွင်းဖောက်မြင်နိုင်လုနီးပါး ဖြစ်နေခဲ့၏။
ထိုတောင်ပံများသည် ပျက်စီးလွယ်သည့်ဟန် ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုအမျိုးသမီး၏ လူသတ်လက်နက်များ ဖြစ်ပေ၏။ ထောင့်စွန်းများသည် ဓါးသွားသဖွယ် ထက်ရှကာ အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
အမျိုးသမီး ပေါ်လာသည်နှင့် မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်အားလုံး သူမအား လေးလေးစားစား ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။
သူတော်စင်အဆင့်… ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး ထိုခန္ဓာကိုယ် သေးသွယ်သွယ် အမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်း တန်းသိလိုက်၏။ ထို့အပြင် သူမသည် သာမန် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် မဟုတ်ပေ။
သူမဆီမှ ခံစားလိုက်ရသည့် ဖိအားအရ ထိုအမျိုးသမီးသည် အနည်းဆုံး သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လောက်ပေ၏။
“စီနီယာကိုင်တေရယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို အရင်ရှင်းပြခွင့်ပေးပါဗျာ” မြေကြီးထဲရောက်နေသည့် ခွမ်ရှီသည် တွင်းပေါက်ထဲမှ ခုန်တက်လာပြီး စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်၏။ မျက်နှာတစ်ခုလုံး ဖူးရောင်ကိုင်းအောင် ရိုက်နှက်ထားခံရသော်လည်း သူ့မျက်နှာထက် မကျေနပ်သည့် အရိပ်အယောင် နည်းနည်းမျှ မတွေ့ရ။
“ဘာတွေ ရှင်းပြစရာ လိုသေးလို့လဲ” ကိုင်တေက ခွမ်ရှီအား ကြည့်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ သူမလက်ထဲမှ မမြင်နိုင်သော အားတစ်ရပ် ထွက်ပေါ်လာပြီး ခွမ်ရှီ အိတ်ကပ်ထဲမှ လက်နက်နှင့် ဆေးပုလင်းများကို ဆွဲယူလိုက်လေ၏။
“တံစိုးလက်ဆောင်တွေက ရထားလို့ ဒီလူသားကို မိုးကြိုးသစ်ပင်နန်းတော်ဆီ ခေါ်လာပေးတာပေါ့၊ ဟုတ်လား။ ခွမ်ရှီ၊ နင့်သတ္တိက မသေးပါလား” ကိုင်တေက ခွမ်ရှီက စူးစူးရဲရဲ စိုက်ကြည့်ရင်း အော်ပြောလိုက်၏။ တောင်ပံများသည်လည်း ပို၍ မြန်မြန်ခတ်လာခဲ့လျက် အေးစက်စက် သတ်ဖြတ်လိုစိတ်တို့ သူမ၏ မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့လေ၏။
ခွမ်ရှီမျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့လက်ကို သွေးရူးသွေးတန်း ဝှေ့ရမ်း၍ “အဲ့လိုမဟုတ်ဘူး။ ဘယ်လိုလဲဆိုတော့… ဘယ်လိုပြောရမလဲ… ဒီလူသားက ဒီပစ္စည်းတွေပေးပြီး သူ့ကို ဒီနေရာ ခေါ်လာခိုင်းခဲ့တာ ဆိုပေမယ့်… အခြားအကြောင်းအရင်း ရှိသေးတယ်”
“ဘာအကြောင်းပဲရှိရှိ ငါဂရုမစိုက်ဘူး။ စီနီယာကြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ရဲမှတော့ နင်ဒီနေ့ သေရမယ်” ကိုင်ဝေက အေးစက်စက် လေသံဖြင့် နှဦခေါင်းရှုံ့လိုက်ပြီး ရှီခွမ်အား သေလူတစ်ယောက်ပမာ စိုက်ကြည့်လိုက်၏။
ရန်ကိုင်က အလျင်အမြန် ရှေ့တက်၍ ကြားဝင်ရန် ကြိုးစားလိုက်သော်လည်း မြေပေါ်မှ ခြေကြွလိုက်သည်နှင့် ဘေးပတ်လည်တွင် ရှိနေသော မွန်းစတားသားရဲအားလုံး သူ့အား စိုက်ကြည့်လာခဲ့ပြီး အဘက်ဘက်မှ ဝိုင်းဖိအား ပေးကြတော့လေ၏။
ရန်ကိုင် ခန္ဓာကိုယ် အနည်းငယ် ရွံ့သွားခဲ့သော်ငြား ထိုဖိအားကို ကြံ့ကြံ့ခံကာ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်၏။ သူ့နေရာ၌ အခြားတစ်ယောက်သာ ဆိုပါက မွန်းစတား သားရဲများဆီမှ ထုတ်လွှတ်နေသည့် ဖိအားကြောင့် လှုပ်ပင် လှုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင် ခြေလှမ်းလိုက်နိုင်သည်ကို မြင်သော် မွန်းစတားသားရဲအားလုံး ထိတ်လန့်သွားခဲ့ရ၏။
“စီနီယာကိုင်တေမလား” ရန်ကိုင်က လက်သီးဆုပ်၍ ကြောက်ရွံ့စိုးရိမ်ဟန်မပြဘဲ “ဒီဂျူနီယာက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်အသစ်၊ ရန်ကိုင်ပါ။ ခင်ဗျားတို့ စီနီယာကြီးနဲ့တွေပြီး စီပွားရေး ကိစ္စဆွေးနွေးချင်လို့ ခွမ်ရှီကို ကျုပ်ပဲ ဒီနေရာဆီ ခေါ်လာခိုင်းခဲ့တာပါ”
“ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် အသစ်လား” ကိုင်တေ မျက်မှောင်ကြုံ့သွားခဲ့၏။
“ဟုတ်တယ်။ ဟုတ်ပါတယ်၊ စီနီယာကိုင်တေ။ သူက ဘုံကိုးခုထွတ်မြတ်နယ်မြေက မို့လို့သာ ကျုပ်သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့တာပါ။ မဟုတ်သာ မဟုတ်ရင် ကျုပ်ဘယ်တော့မှ အဲ့လိုမျိုး လုပ်ခဲ့မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး နားလည်ပေးပါ စီနီယာကိုင်ဝေ” ခွမ်ရှီက အလျင်စလို ဝင်ပြောလိုက်၏။ ယခု သူ့နဖူးပြင် တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့၏။ စီနီယာကိုင်တေ ထိုမျှ ဒေါသထွက်မည်မှန်း သိလျှင် ရန်ကိုင်အား ဤနေရာသို့ ခေါ်လာခဲ့လိမ့်မည် မဟုတ်ပေ။
“နင့်ဘက်က အပြောပဲ ရှိတာလေ” ကိုင်တေက အေးစက်စက် လေသံဖြင့် အော်ဟစ်လိုက်၏ “ဘယ်မှာလဲ သက်သေ”
“တော်ဝင်သခင်လက်စွပ်က အကောင်းဆုံး သက်သေပဲ” ရန်ကိုင်က လက်မြှောက်ပြကာ သူဝတ်ဆင်ထားသော လက်စွပ်ကို စီနီယာကိုင်ဝေ မြင်အောင် ပြလိုက်၏။
မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များသည် ရန်ကိုင်ကို တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ဝါးလုံးကွဲ အော်ဟစ်ရယ်မောကြတော့လေ၏။
ကိုင်တေက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “လက်စွပ်လေးတစ်ကွင်းက သက်သေပြနိုင်တယ်ပေါ့။ ဒီလက်စွပ်ကို ဒီကိုလာခဲ့တဲ့လူ ဝတ်ခဲ့တာ မှန်တယ်။ ဒါပေမယ့် ဒီလက်စွပ်ကို နင်ဘယ်ကနေ ရလာမှန်းမှ ငါတို့မသိတာ”
“အဲ့လိုဆိုရင် စီနီယာကိုင်တေက ကျုပ်ကို ဘယ်လို သက်သေပြစေချင်တာလဲ” ရန်ကိုင်က သူမအား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။
ကိုင်ဝေက နှုတ်ခမ်းလေးကွေးလျက် ကြောင်နားရွက် ကောင်မလေးဘေးနားရှိ သစ်ကိုင်ပေါ်သို့ ပျံသန်း၍ ထိုင်ချလိုက်ပြီးနောက် ပြောလိုက်၏ “ဘာမှ သက်သေပြစရာ မလိုဘူး။ ဒီကို လာရဲမှတော့ သေရမယ်။ ခွမ်ရှီ၊ နင်သူ့ကို ခေါ်လာခဲ့မှတော့ နင့်ကိစ္စကို နင်ကိုယ်တိုင်ပဲ တာဝန်ယူလိုက်တော့၊ နားလည်လား”
ခွမ်ရှီက ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လျက် “နားလည်ပါပြီ”
“ခွမ်ရှီ၊ လုပ်လိုက်တော့။ ဒီလူသားကို မရှုံးစေနဲ့နော်”
“လုပ်လိုက်တော့။ သူ့နှလုံးကို ဖောက်ထုတ်ပစ်လိုက်၊ လူသားကျင့်ကြံသူတွေရဲ့ နှလုံးက ရှယ်ပဲ”
“မင်းရှုံးရင် ငါတို့အားလုံး မင်းကို အထင်သေးမိတော့မှာနော်”
သစ်ကိုင်းပေါ်မှ မွန်းစတားမျိုးနွယ်စုဝင်များသည် စိတ်လှုပ်ရှားစွာဖြင့် စတင် အော်ဟစ်တော့လေ၏။
ခွမ်ရှီ ကြိတ်၍ ညည်းတွားနေခဲ့၏။ မလုပ်ချင်သော်ငြား ကိုင်တေက အမိန့်ပေးလာမှဖြင့် မလုပ်၍ မရတော့။ ကူကယ်ရာမဲ့စွာဖြင့်သာ ရန်ကိုင်ဘက် လှည့်လိုက်ပြီး “ကောင်လေး။ ကြိုပြီး တောင်းပန်ထားပါရစေ။ ဒီမှာ သေသွားခဲ့ရင် ဒီခွမ်ရှီကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့ကွာ”
“လွတ်လွတ်လပ်လပ်သာလုပ်၊ ညီအစ်ကိုခွမ်” ရန်ကိုင်က ပြုံးလိုက်ပြီး ကိုင်တေဆီ တစ်ချက် လှမ်းကြည့်လိုက်ကာ “မွန်းစတားမျိုးနွယ်စုဝင်တွေ ဘယ်လိုတိုက်လဲ ဆိုတာကို ကျုပ်လည်း တော်တော်လေး စိတ်ဝင်စားနေတာ”
“အစ်မကြီး၊ ဒီကောင်က တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲနော်။ ကျွန်မတို့ကို နည်းနည်းမှ မကြောက်တဲ့ပုံပဲ” ကြောင်နာရွက် ကောင်မလေးက ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
“ဟန့်။ လူသားယောကျာ်းတွေ အကုန်လုံးက အတူတူနဲ့အနူနူပဲ။ အရမ်း ဟန်ရေးပြချင်တာ။ စောင့်ကြည့်လိုက်၊ ပြီးတော့မှ ဘယ်လို ရုပ်ပျက်ဆင်းပျက် ခံရမလဲ နင်တွေ့လိမ့်မယ်” လူသားသဘာဝကို ခရေစေ့တွင်းကျ နားလည်ထားသည့်အလား ကိုင်တေက အေးစက်စက် လေသံဖြင့် ရေရွတ်ပြောဆိုလိုက်၏။
“အင်း၊ အင်း၊ ခွမ်ရှီက သူ့ကို တစ်စစီဖြစ်အောင် ကျိန်းသေ ဆွဲဖြဲပစ်မှာ” ကြောင်နားရွက်ကောင်မလေးက ခေါင်းညိတ်လိုက်၏။
မာန်သွင်းအော်ဟစ်လျက် ခွမ်ရှီက ရန်ကိုင်ဆီ တိုက်ရိုက် ပြေးဝင်သွားလေ၏။
မည်သည့် သိုင်းပညာရပ်ကိုမှ အသုံမပြုထားသော်ငြား ပြေးဝင်လာသော သူ့အရှိန်နောက်ရှိ ခွန်အားသက်သက်သည် တောင်တစ်လုံးကိုပင် လှုပ်ခါပစ်နိုင်၏။
တစ်ဖက်ပြိုင်ဘက်၏ ခွန်အားကို အရင်ဆုံး စမ်းသပ်ချင်သဖြင့် မရှောင်ရှားဘဲ လက်နှစ်ဖက်တွင် အားစုကာ သူ့လက်ကိုဆန့်ထုတ်၍ ခွမ်ရှီနှင့် ထိပ်တိုက် တွေ့လိုက်၏။
ဘုန်း…
ပေါက်ကွဲသံနှင့်အတူ ရန်ကိုင်တစ်ကိုယ်လုံး လွင့်ပျံထွက်သွားခဲ့ရ၏။
ထိုထိပ်တိုက်တွေ့ဆုံမှုအပြီး ခွမ်ရှီ၏ ခန္ဓာကိုယ်ခွန်အား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ရန်ကိုင် နားလည်လိုက်၏။
သာမန်ကျင့်ကြံသူတစ်ယောက်အဖို့ အဆင့်အတူအတွင်း ခွမ်ရှီကို ရင်ဆိုင်ရန်မှာ အရမ်းကိုမှ ခက်ခဲလှ၏။
လေထဲ သုံးလေးပတ်လောက် ကျွန်းပစ်ပြီးမှပဲ မြေကြီးပေါ် ခြေပြန်ချလိုက်နိုင်၏။ အားအရှိန်ကြောင့် မြေကြီးပေါ် ရောက်ရောက်ချင်း တရစပ် နောက်ဆုတ် လိုက်ရပြီးမှ သေသေချာချာ ရပ်လိုက်နိုင်၏။
“အားနည်းလိုက်တာ…” ကြောင်နားရွက် ကောင်မလေးက စိတ်ပျက်ပျက် အထင်အမြင် သေးသေးဖြင့် ပြောလိုက်၏။ ကိုင်တေ၏ မျက်လုံးများကမူ အံ့အားသင့်သည့် အရိပ်အယောင်တို့ဖြင့် လက်သွားခဲ့၏။
ရန်ကိုင်သည် အရမ်းကြီး မသန်မာလောက်ဘူးဟု ထင်ခဲ့ခြင်းဖြစ်၏။ ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော ချီအရှိန်အဝါအရ သူ့ကျင့်ကြံခြင်းသည် ခွမ်ရှီအောက် နိမ့်ကျကြောင်း ပေါ်လွင်နေသည် မဟုတ်ပေလော။
သို့သော် ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုပြီးနောက် ထိုလူသားကောင်လေးသည် ခွမ်ရှီ၏ တိုက်ခိုက်မှုကို မည်သည့် ဒဏ်ရာမှမရဘဲ ခုခံနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။
မူလက ရန်ကိုင် လက်မောင်းနှစ်ဖက်စလုံး ကျိုးကြေသွားမည်ဟု ထင်နေခဲ့ခြင်းပင်။
စိတ်ဝင်စားစရာပဲ။ သုံးစားမရတဲ့လူတော့ မဟုတ်ဘူးပဲ ကိုင်တေလည်း တိုက်ပွဲကို ယခင်ထက်ပို၍ စိတ်ဝင်စားလာခဲ့၏။
ရန်ကိုင်ကို လွင့်ထွက်သွားအောင် လုပ်နိုင်သော်ငြား ရလဒ်နှင့် ပက်သက်ပြီး ခွမ်ရှီ ကျေနပ်မနေခဲ့။ ရန်ကိုင်အား အသက်ရှူချိန်ပင် မပေးတော့ဘဲ မြည်သံပေးလျက် ရန်ကိုင်ဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်၏။
“ညီအစ်ကိုခွမ်။ ကိုယ့်ကိုယ်ကို ကာကွယ်နော်” ရန်ကိုင်အကြည့် အေးစက်သွားခဲ့ပြီး လက်ကို လေထဲသို့ မြှောက်၍ မမြင်နိုင်သော တစ်ခုခုကို ဆုပ်ကိုင်ကာ အောက်သို့ ခုတ်ပိုင်းချလိုက်၏။
ချက်ချင်းဆိုသလို ရွှေရောင်ဓါးကြီးတစ်လက် ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ခွမ်ရှီအား ခုတ်ပိုင်းလာခဲ့လေ၏။ ဓါး၏ အရှိန်အဟုန်ကြောင့် လေဟာနယ်ပင် ပိုင်းဖြတ်သွားခံရသည့် အလား…
ထိုအခြင်းအရာကို မြင်လိုကသ်ည်နှင့် ခွမ်ရှီအမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ရပ်တန့်၍ ခြေနှစ်ဖက်ကို မြေကြီးပေါ် အားပြုလျက် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့ ကြက်ခြေခတ်ပုံစံ ပြုထားလိုက်၏။
ထန်…
ဓါးသွားသည် ခွမ်ရှီလက်မောင်းပေါ် ကျသွားသော်ငြား သံသံချင်း ထိခတ်သည့် အသံသာ ထွက်ပေါ်လာခဲ့၏။ ရွှေရောင်ဓါးကိုယ်ထည် တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ခွမ်ရှီ လက်မောင်းအား သေးစို့ရုံလေးသာ လုပ်နိုင်ခဲ့၏။
“အန်” ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် မျက်ခုံး ပင့်မိလိုက်၏။
ခွမ်ရှီသည် မဟာကောင်ကင်ဓါးကို သူ့လက်သက်သက်ဖြင့် ကာလိုက်နိုင်ခြင်းမှာ သူ့ခန္ဓာကိုယ်သည် အနည်းဆုံး အဆင့်မြင့်လက်နက် တစ်ခုကဲ့သို့ မာကျောနေပြီဖြစ်ကြောင်း သက်သေပြနေခဲ့၏။
မွန်းစတားမျိုးနွယ်စု၏ နည်းလမ်းများသည် အတော့်ကို အထင်ကြီးစရာ ကောင်းလှပေ၏။
ခွမ်ရှီသည် ဒဏ်ရာများကို လျစ်လျူရှု၍ ရန်ကိုင်အား ပြေးဝင်တိုက်ခိုက်လေ၏။ မဟာကောင်းကင်ဓါး တစ်စစီ ဖြစ်သွားပြီးနောက် ခွမ်ရှီပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို အခွင့်ကောင်း ယူကာ ရန်ကိုင်နောက်သို့ အရောက်သွား၍ မွန်းစတားချီကို လက်တွင် စုစည်းလျက် ရန်ကိုင် ကျောပြင်အား ကုတ်ဆွဲချလိုက်၏။
လက်သည်းတစ်ချက် ရန်ကိုင် ခန္ဓာကိုယ် နှစ်ပိုင်း ကွဲထွက်သွားခဲ့၏။
ခွမ်ရှီ နဝေတိမ်တိာင် ဖြစ်နေခဲ့၏။ အဘယ်ကြောင့် ဆိုသော် ရန်ကိုင် ခန္ဓာကိုယ်နှင့် ထိမိလိုက်သည့် အခိုက်၌ လေကို ထိလိုက်ရသလို ခံစားခဲ့ရသည်က တစ်ကြောင်း၊ နှစ်ပိုင်းကွဲသွားသော ခန္ဓာကိုယ်မှ မည်သည့် သွေးမှ ထွက်မလာခဲ့သည်က တစ်ကြောင်း တို့ကြောင့်ပင် ဖြစ်၏။
“ခွမ်ရှီ၊ နင့်နောက်မှာ” ကြောင်နားရွက်နှင့် မိန်းမငယ်လေးက စိုးရိမ်တကြီး လှမ်းအော်ပြောလိုက်၏။
သူမအော်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ယဲ့ယဲ့လေး ပြုံးလျက် ခွမ်ရှီနောက်တွင် ပြန်ပေါ်လာခဲ့ပြီး ခွမ်ရှီ ပြန်မလှည့်နိုင်သေးခင်မှာပင် ရွှေရောင်လှံဖြင့် ထိုးစိုက်လိုက်၏။
ကောင်းကင်အပြစ်ပေးလှံတံ…
ခွမ်ရှီလည်း လေးတိလေးလံ လုပ်မနေခဲ့။ ကြောင်နားရွက် ကောင်မလေး၏ အော်သံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း လေထဲသို့ ခုန်တက်လိုက်ပြီး မွန်းစတားချီကိုသုံးကာ ရန်ကိုင် ပတ်ပတ်လည် နေရာတစ်ဝိုက်ကို ချုပ်နှောင်လိုက်၏။
သို့သော် သူထိုကဲ့သို့ လုပ်လိုက်စဉ်မှာပဲ ရွှေရောင်လက်ဝါးကြီးတစ်ဖက်ကို မြင်တွေ့လိုက်၏။ လက်ဝါးသည် ကြီးသထက် ကြီးလာခဲ့တာ နောက်ဆုံး သူ့မြင်ကွင်းတစ်လုံး ရွှေရောင်လက်ဝါးဖြင့်သာ ပြည့်သွားခဲ့၏။
ကောင်းကင်ဖုံးလက်…
ဘုံး…
လက်ဝါးစာမိသွားသည့် ခွမ်ရှီမှ လေထဲ ကျွမ်းသုံးလေးပတ် ပစ်သွားခဲ့ရပြီး မြေကြီးပေါ်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားခဲ့ရ၏။
သစ်ကိုင်းများပေါ်ရှိ မွန်းစတားမျိုးနွယ်စုဝင်များသည် တိုက်ပွဲအား အံ့ဩတကြီးဖြင့် ငေးကြည့်နေခဲ့ကြ၏။
ရန်ကိုင် ကျင့်ကြံခြင်းအဆင့် ခွမ်ရှီအောက် နိမ့်ကျမှန်း အကုန်လုံးသိကြ၏။ သို့သော် တကယ့် တိုက်ပွဲ၌ ခွမ်ရှီသည် နည်းနည်းမှပင် ပြန်မလှန်နိုင်ဘဲ ပိုးစိုးပက်စက် ဖိနှိပ်ခံခဲ့ရ၏။ သူ့အဖို့ ပြန်တိုက်ဖို့ပင် အခွင့်အရေး မရခဲ့ချေ။
အမှန်တရားကို လက်ခံနိုင်ရန် သူတို့အတွက် အတော်လေး ခဲယဉ်းနေခဲ့၏။
အားလုံး အတွေးထဲ မျောနေစဉ်မှာပင် ခွမ်ရှီသည် မြေကြီးပေါ်မှ ကုန်းထလာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ သူတကယ်ကို ဒေါသထွက်သွားခဲ့လေပြီ။ ယခုအချိန်၌ သူ့ခန္ဓာကိုယ်မှ မွန်းစတားချီတို့ ဝရုန်းသုန်းကား ဖြာထွက်နေခဲ့ပြီး မျက်လုံးများသည်လည်း သွေးရောင်ရဲနေခဲ့၏။
သူ့ပုံစံကြောင့် ရန်ကိုင် ကြောက်မသွားခဲ့။ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကောင်းကင်နတ်ဘုရားပညာရပ်များကို တစ်ခုပြီးတစ်ခု အသုံးပြုကာ သူ့ရန်သူကို ဖိနှီပ်နေခဲ့၏။
တိုက်ပွဲစကတည်းက ရန်ကိုင်သည် သူ့ခွန်အား အကုန်အစင်ကို အသုံးမပြုခဲ့။ ခွမ်ရှီကို တိုက်ခိုက်နေစဉ် သူ့အာရုံ တစ်ပိုင်းတစ်စကို သစ်ပင်ထက်မှ သူ့အား စိုက်ကြည့်နေသည့် အကြည့်တစ်စုံဆီ ပို့လွှတ်ထားခဲ့၏။
ရန်ကိုင် အထင်သာ မမှားလျှင် ထိုအကြည့်၏ ပိုင်ရှင်သည် ဤနေရာကို အုပ်ချုပ်သည် စီနီယာကြီး ဆိုသူ ဖြစ်ရပေမည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၁၀) စီနီယာကြီး
ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခုစလုံးကို တော်ဝင်သင်္ချိုင်းထဲ၌ သူလေ့လာခဲ့ပြီးသွားလေပြီ။ ယခု လိုအပ်နေသည်မှာ အတွေ့အကြုံပင်ဖြစ်၏။ မသေမျိုး တတိယအဆင့် ပညာရှင်တစ်ယောက်နှင့် တူညီသော ခွမ်ရှီကဲ့သို့ လေ့ကျင့်ဖော်တစ်ယောက်အား မွန်းစတား မျိုးနွယ်စုမှ အလကားပေးလာသည်ကို ရန်ကိုင်က မည်သည့် အတွက်ကြောင့် ငြင်းလိုက်ရမည်နည်း။
တိုက်ပွဲအတွင်း ရန်ကိုင်သည် အမျိုးမျိုးသော ကောင်းကင်နတ်ဘုရား ပညာရပ်များကို အသုံးပြုနေခဲ့၏။ အသုံးပြုနေရင်း ထိုသိုင်းပညာရပ်များနှင့် ရန်ကိုင် ပိုပို၍ ရင်းနှီးကျွမ်းဝင်လာခဲ့၏။
သစ်ကိုင်းများထက်တွင် ထိုင်နေကြသော မွန်းစတား မျိုးနွယ်စုဝင်များသည်လည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလာကြ၏။ ခွမ်ရှီသည် ထိုလူသား၏ အပြတ်အသတ် ဖိနှိပ်ထားခြင်း ခံရသော်ငြား တိုက်ပွဲသည် ပြီးပြတ်သွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေခဲ့၏။
“စီနီယာအစ်မကိုင်တေ၊ ဒီလူသား တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲနော်။ သူ့မှာ တိုက်ခိုက်ပုံ၊ တိုက်ခိုက်နည်းတွေ ဘာလို့ ဒီလောက် အများကြီး ရှိနေတာလဲ မသိဘူး” ကမ္ဘာသစ်တစ်ခုကို မြင်တွေ့လိုက်ရသည့် အလား ကြောင်နားရွက်နှင့် ကောင်းမလေး၏ မျက်ဝန်းများ တဖျက်ဖျက် လင်းလက် နေခဲ့၏။
ကိုင်တေက အသာအယာ ခေါင်းညိတ်ပြ၍ စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်၏ “လူသားမျိုးနွယ်စုမှာ သားရဲအမြူတေ မရှိသလို ငါတို့လို အားကောင်းတဲ့ ခန္ဓာကိုယ်တွေကိုလည်း မပိုင်ဆိုင်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့ အစစ်အမှန်ချီကို ပုံစံအမျိုးမျိုး ပြောင်းလဲပြီး သိုင်းပညာရပ်လို့ ခေါ်တဲ့ နည်းစနစ် အမျိုးမျိုးကို ထုတ်သုံးနိုင်တယ်။ လူသားမျိုးနွယ်စုရဲ့ သိုင်းပညာရပ် တော်တော်များများက ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ မွေးရာပါ စွမ်းရည်တွေကို တုပထားတာပဲ။ နောက်ပိုင်း လူသားတွေနဲ့တိုက်ရင် သေချာသတိထား။ သူတို့ပုံစံကို ကြည့်ပြီး သွားအထင်မသေးလိုက် မိစေနဲ့။ အထင်သေးရင် ခံရတဲ့လူက နင်ဖြစ်သွားလိမ့်မယ်”
“ဟုတ်။ ကျွန်မ သေချာမှတ်ထားပါ့မယ်” ကြောင်နားရွက် ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “အစ်မကိုင်တေ၊ အဲ့လူသားနဲ့ ကျွန်မ ဆော့ချင်လို့၊ သူ့ကို ဖမ်းပေးပါလား။ သူ့မှာ လှည့်ကွက်တွေ အများကြီး ရှိတော့ သူနဲ့ဆော့ရတာ တကယ် ပျော်စရာကောင်းမှာ”
ကောင်မလေး၏ တောင်းဆိုချက်ကြောင့် ကိုင်တေ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ ထို့နောက် နဖူးကို ပွတ်၍ အားတင်းပြုံးလိုက်ကာ “ငါအဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့…” ကိုင်တေက ဆက်မပြောတော့ဘဲ မိုးကြိုးသစ်ပင်နန်းတော် အပေါ်ဘက်ဆီ လှမ်းကြည့်၍ ညွှန်ကြားချက် တစ်ခုခုကို ရလိုက်သည့်အလား အခိုင်အမာ ခေါင်းညိတ်လိုက်ပြီး “နာလည်ပါပြီ”
ပြောပြီးသည်နှင့် အောက်ဘက်တွက် တိုက်ခိုက်နေသည့် ရန်ကိုင်နှင့် ခွမ်ရှီကို လှမ်းအော်ပြော လိုက်လေ၏ “ရပ်လိုက်တော့”
ကိုင်တေ၏ အမိန့်ပေးသံကို ကြားသည်နှင့် ခွမ်ရှီသည် ရန်ကိုင်ဆီမှ ချက်ချင်း နောက်ပြန်ဆုတ်လိုက်၏။ ထို့နောက် ကိုးယိုးကားယား အမူအရာဖြင့် ရန်ကိုင်အား ကြည့်လျက် မဲ့ပြုံးပြုံးကာ “တော်တော်ကြမ်းတဲ့ကောင်။ တွေ့တွေ့ချင်းတုန်းက မင်းကို မဆင်မခြင် မတိုက်လိုက်မိတာ ကံကောင်းသွားတယ်။ မဟုတ်ရင် အခုလောက်ဆို ငါအရှက်ကွဲနေလောက်ပြီ”
“ညီအစ်ကိုခွမ်က အရမ်း ယဉ်ကျေးနေတာပဲ။ မင်းခွန်အားက နိမ့်ကျတာမှ မဟုတ်တာ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်၏။
“ဟုတ်၊ ဟုတ်တ…” ခွမ်ရှီက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကိုယ်ဟန်ဖို့လိုက်ချင်သော်ငြား ကိုင်တေ၏ အေးစက်စက် အကြည့်ကြောင့် ပြောလက်စ စကားများကို အလျင်အမြန် ပြန်မြိုချလိုက်ရပြီး တောအုပ်ထဲသို့ ပြေးထွက်သွားလေ၏။ တောထဲရောက်မှပဲ အော်ပြောလာခဲ့၏ “ဒီနေရာတစ်ဝိုက်ကို သွားစစ်ဆေးလိုက်ဦးမယ်။ အခု နောက်ပိုင်း ဒီတောက သိပ်ပြီး မငြိမ်းချမ်းတော့ဘူး”
ခွမ်ရှီ ထွက်သွားပြီးနောက် ရန်ကိုင်က ကိုင်တေဘက် လှည့်၍ အသာအယာ ပြုံးလျက် “ခင်ဗျားရဲ့ စမ်းသပ်ချက်ကို ကျုပ်အောင်သွားပြီလား”
“ဟန့်။ နင်ကိုယ်နင် ဟုတ်လှပြီလို့ ထင်နေတယ်ပေါ့” ကိုင်တေက မကျေမချမ်း ရေရွတ်လိုက်၏။ ရန်ကိုင်အား မနှစ်မြို့သည့် အမူအရာဖြင့် အော်ပြောလိုက်လေ၏ “ငါနဲ့လိုက်ခဲ့။ စီနီယာကြီး နင့်ကို တွေ့ချင်နေတယ်”
ပြောပြီးသည်နှင့် ရန်ကိုင် ပြန်ပြောမှာကိုပင် မစောင့်တော့ဘဲ တောင်ပံများကိုခတ်၍ သစ်ပင်ပေါ်သို့ ချက်ချင်း ပျံတက်သွားလေ၏။
ရန်ကိုင်လည်း ခေါင်းညိတ်၍ ကိုင်တေနောက် အမြန် လိုက်သွားခဲ့၏။ သစ်ကိုင်းထက်တွင် ရှိနေသော မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်များစွာတို့မှာမူ အတော်လေးကို မကျေမနပ် ဖြစ်နေခဲ့ကြ၏။ အစောပိုင်း တိုက်ပွဲသည် သူတို့အတွက် ထင်သလောက် စိတ်လှုပ်ရှားစရာ မကောင်းခဲ့သည့် ပုံပင်။
ကြောင်နားရွက်နှင့် မိန်းမငယ်လေးက သူမ၏ နှုတ်ခမ်လေးပါးပါးလေးများကို အသာအယာ တွန့်ကွေးလိုက်ပြီး ပျောက်ကွယ်သွားသော ရန်ကိုင် ကျောပြင်ကို စိုက်ကြည့်နေခဲ့၏။
အထက်သို့ ပျံတက်လာပြီးမှ ရှေးဟောင်းသစ်ပင် မည်မျှ ကြီးမားကြောင်း ရန်ကိုင် နားလည်လိုက်၏။ ရှုပ်ယှတ်ခတ်နေသော သစ်ကိုင်းများကို ဖြတ်ကျော်လာရာ လမ်းတစ်လျှောက်၌ မွန်းစတားမျိုးနွယ်စုဝင် များစွာနှင့် သစ်ပင်ပင်စည်ထက် ဆောက်လုပ်ထားသည့် သစ်ပင်အိမ် အမျိုးမျိုးကို တွေ့ရှိခဲ့ရ၏။
ရှေးဟောင်းသစ်ပင် တစ်ခုလုံးသည် မွန်းစတား မျိုးနွယ်စုဝင်များတို့ဖြင့် စည်ကားသိုက်မြိုက်နေသော မိသားစုကြီး တစ်ခုနှင့်ပင် တူသေး၏။
ထုန်းရွှမ်လောကကြီးထဲ မရေမတွက်နိုင်သော မွန်းစတားသားရဲများ ရှိကြ၏။ သို့သော် လူသား အသွင်ပြောင်းလဲနိုင်သည့် မွန်းစတားသားရဲမှာမူ အရေအတွက် အကန့်အသတ်နှင့်သာ ရှိ၏။ ထို့ကြောင့် မွန်းစတားမျိုးနွယ်စုသည် လူသားနှင့် နတ်ဆိုးမျိုးနွယ်စုထက် ပို၍ စည်းလုံးညီညွှတ်ပေ၏။ မွန်းစတားမျိုးနွယ်စုဝင် စီနီယာကြီး တစ်ယောက်ချင်းစီ တိုင်း၏ လက်အောက်ရှိ မွန်းစတားမျိုးနွယ်စုဝင်များသည် ညီအစ်ကိုမောင်နှမများပမာ ခင်မင်ရင်းနှီးကြ၏။
ခွမ်ရှီသည် ကိုင်တေအကြည့်အောက်၌ ကြောက်ရွံ့ဟန် ပြသော်လည်း အရမ်းကြီး ရိုကျိုးနေသည့် ပုံစံမျိုး မပြသခဲ့ပေ။
လူသားအသွင်ပြောင်းနိုင်သည့် မွန်းစတားသားရဲ အရေအတွက်သည် အတော့်ကိုမှ နည်းပါလှ၏။ ထို့အပြင် အများစုသည် မူရင်းသားရဲ ပုံစံဖြင့်သာ နေလေ့ရှိသည့် အတွက် သားရဲပင်လယ်တောအုပ်ထဲသို့ စဝင်ပြီးသည့် အချိန်မှစ၍ ယခုအချိန်ထိ လူအသွင်ယူထားသည့် မွန်းစတားသားရဲ ဆယ်ကောင်လောက်ကိုသာ ရန်ကိုင် တွေ့ခဲ့ရ၏။
သို့သော် တစ်ကောင်ချင်းစီတိုင်းသည် အမှန်တကယ်ကို စွမ်းအားကြီးကြ၏။
ပိုမြင့်မြင့်ပျံသန်းလေ မိုးမြေစွမ်းအင် သိပ်သည်းနှုန်း ပိုမို မြင့်မားလာလေဖြစ်ပြီး သစ်ပင် ပင်စည်ထဲ မိုးကြိုး စွမ်းအင်တို့ ကိန်းအောင်နေသည်ကိုလည်း ရန်ကိုင် သတိပြုမိ၏။
အချိန်အတော်ကြာအောင် ပျံသန်းလာပြီးနောက် ရန်ကိုင်နှင့် ကိုင်တေတို့သည် အဖြူရောင်တိမ်တိုက် အလွှာကို ကျော်ဖြတ်လာခဲ့၏။ အဖြူရောင်တိမ်တိုက် မျာသည် ဖြူလွှလွှ ချည်သားမွှေးလေးများ အထုလိုက်၊ အထည်လိုက် ရှိနေသည့်အလား… တကယ်ကို ရှုမငြီး လှပလှသည့် မြင်ကွင်းတစ်ခုပင်တည်း။ ထိုအဖြူရောင် တိမ်တိုက်များကြား နှစ်လိုဖွယ်ကောင်းသော သစ်သား အိမ်လေးတစ်လုံးသည် ရှေးဟောင်းသစ်ပင်၏ ပင်စည်ထဲ ရှိနေခဲ့လေ၏။
အားကောင်းလှသာ နဂါးတစ်ကောင်၏ အရှိန်အဝါကို ထိုအိမ်လေးထဲမှ ခံစားမိလိုက်သဖြင့် ရန်ကိုင်ပင် တိတ်တဆိတ် တံတွေးတစ်လုတ် မျိုချမိလိုက်၏။
“ဝင်သွားလိုက်။ စီနီယာကြီး နင့်ကို စောင့်နေတယ်” ကိုင်တေက သစ်သားအိမ်ရှေ့ ရပ်လိုက်ပြီး ရန်ကိုင်အား အထဲဝင်ရန် ပြောလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ်” ကိုင်တေအား ခေါင်းညိတ်ပြလိုက်ပြီနောက် တည်တည်ငြိမ်ငြိမ်ဖြင့် အထဲသို့ ဝင်သွားလိုက်၏။
ဝင်ဝင်ချင်း မြင်လိုက်ရသည်ကား စားပွဲခုံအနီး တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသော သက်လတ်ပိုင်း လူကြီးတစ်ဦးပင်။ ထိုလူကြီးသည် အတော့်ကိုမှ ခန့်ညားရုပ်ချောကာ ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး မသိသာမသိလျှင် ဘာဒုက္ခမှ မပေးနိုင်သည့် လူတစ်ယောက်ဟု ထင်မှတ်သွားရနိုင်၏။ သာမန်လူနှင့် မတူညီသည့် အချက်ဆို၍ သူ့ခေါင်းထက်ရှိ ဦးချိုနှစ်ချောင်းပင်။
ဦးချိုနှစ်ချောင်းသည် အနီနှင့်အပြာရောင် ရောယှတ်နေခဲ့ပြီး အချိန်နှင့်အမျှ မိုးကြိုးစွမ်းနှင့် မီးဓါတ် စွမ်းအင်တို့ဖြင့် မလင်းမမှိန် တောက်ပနေလေ့ရှိ၏။
ထိုလူသည် အဆင့်ရှစ် အထွဋ်အထိပ်သားရဲ တစ်ကောင်ဖြစ်သော မွန်းစတားမျိုးနွယ်စု၏ မီးတောက်နီမိုးကြိုးနဂါးဖြစ်သည့် စီနီယာကြီးပင်။
ရန်ကိုင်စိတ်ထဲ ထိုလူကို ကြိတ်၍ လေးစားမိသွား၏။
စီနီယာကြီး မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာခဲ့ပြီး ရန်ကိုင်အား တစ်ချက် ဝေ့ကြည့်လိုက်၏။ ရိုးရိုးလေးသာ ဝေ့ကြည့်လိုက်ခြင်း ဖြစ်သော်ငြား ထိုအကြည့်အောက်၌ သူ့လျှို့ဝှက်ချက်အားလုံး ထုတ်ဖော်ခံလိုက်ရသလို ရန်ကိုင် ခံစားလိုက်ရ၏။
ခပ်မြန်မြန်ပဲ သူ့အသိစိတ်ပင်လယ်ကို ကာကွယ်၍ သူ့အရှိန်အဝါကို ထိန်းချုပ်လိုက်၏။
စီနီယာကြီးက အသာအယာ ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်၏ “မင်းက အဲ့လူရဲ့ ဆက်ခံသူလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ စီနီယာကြီး ပြောနေသော ထိုလူဆိုသောလူသည် တော်ဝင်သခင်ဟောင်းကို ရည်ညွှန်းနေခြင်းပင်။
“မင်းကျင့်ကြံခြင်းက သူ့လောက် မမြင့်ပေမယ့် အရည်အချင်းကတော့ မဆိုးဘူး”
“စီနီယာကြီးက အရမ်း ယဉ်ကျေးနေတာပဲ”
“ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းလေး ဆိုစမ်းပါဦး” စီနီယာကြီးက ဆက်ပြောလိုက်၏ “သားရဲပင်လယ်တောအုပ်ထဲ လူသားတွေကို ခြေချခွင့် မပြုထားဘူး။ ခြေချလိုက်တာနဲ့ ငါတို့ ကလန်သားတွေရဲ့ အစာဖြစ်သွားတာပဲ။ မင်းက အဲ့လူရဲ့ ဆက်ခံသူ ဖြစ်နေတာကြောင့်မို့လို့ သူ့ကို မျက်နှာသာပေးပြီး မင်းကို ချက်ချင်း မတိုက်ခိုက်တာ။ ဒါပေမယ့် ငါစိတ်မကျေနပ်အောင် လုပ်မယ်ဆိုရင်တော့ မင်းရဲ့ အဆုံးသတ်က ကောင်းလိမ့်မှာ မဟုတ်ဘူးနော်။ ငါက အဲ့လူနဲ့ပဲ ရင်းနှီးတာ၊ သူ့ဂိုဏ်းနဲ့ ရင်းနှီးတာ မဟုတ်ဘူး။ ဒါကြောင့်… ငါ့မေးခွန်းအတွက် အကောင်းဆုံးအဖြေကို စဉ်းစားထားနိုင်ရင် ပိုကောင်းလိမ့်မယ်”
လေသံသည် ခက်ထန်ခြင်း မရှိသော်လည်း သူ့လေသံအရ စီနီယာကြီးဆိုသူ စိတ်မကြည်မသာ ဖြစ်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ ရန်ကိုင်သည် အရမ်း ငယ်လွန်း သို့ အားနည်းလွန်းသည့်အတွက် သူနှင့် စကားပြောရန် မထိုက်တန်သည်ဟု တွေးနေသည့်ပုံပင်။
ရန်ကိုင်ကမူ အကြောက်အလန့် ကင်းကင်းဖြင့် ရယ်မော၍ သူနှင့်အတူ သယ်လာသော သိုလှောင်အိတ် နှစ်အိတ်ကို ထုတ်ကာ စားပွဲပေါ်တင်၍ “စီနီယာကြီးက တော်ဝင်သခင်ဟောင်းနဲ့ ရင်းနှီးတယ်ဆိုတော့ သူ့ရဲ့ ဆက်ခံသူဖြစ်တဲ့ ကျုပ်က စီနီယာကြီးက အရင်လာပြီး လေးစားသမှုပြုရမှာပေါ့။ တကယ်တော့ နောက်ပိုင်းကျ စီနီယာကြီးနဲ့ စီပွားရေးတွေ ဘာတွေ အတူတွဲလုပ်ရင် လုပ်ရဦးမှာလေ”
မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးက သိုလှောင်အိတ် နှစ်အိတ်အား တစ်ချက်ပင် စောင်းငဲ့မကြည့်ဘဲ ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်၏ “အဲ့လူနဲ့ ရင်းနှီးတာ သူ့ခွန်အားကို လေးစားတာကြောင့်ပဲ။ မင်းကို ငါက ဘာအတွက် လေးစားရမှာလဲ။ အခုကနေစပြီး နောင်အနှစ် တစ်ရာလောက်ကြာရင် အဲ့လို အရည်အချင်းမျိုး ရှိရင် ရှိလိမ့်မယ်။ ဒါပေမယ့် လက်ရှိမင်းက… မလုံလောက်သေးဘူး”
ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင် ကြုံ့သွားခဲ့ပြီး “နှစ်တစ်ရာလား၊ အဲ့လောက် မလိုဘူး။ အများဆုံးမှ နှစ်(၂၀)၊ (၃၀)ပဲ…”
မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးက နှာခေါင်းရှုံ့၍ ခေါင်းခါရမ်းလျက် “မင်းက တကယ်ကို ရူးမိုက်တာပဲ… အဲ့လိုဆိုမှတော့ နောက်အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာမှ ဒီကို ထပ်လာခဲ့။ ဒါပေမယ့် အဲ့လောက်ကြာအောင် မင်းအသက်ရှင်နေနိုင်ဖို့တော့ လိုသေးတယ်နော်”
သူ့စကားသည် ရန်ကိုင် အသက်ငယ်ငယ်နှင့် သေမည်ဟု စောင်းချိတ်ပြောဆိုနေသလို ဖြစ်နေခဲ့ရာ ရန်ကိုင်အား စိတ်မရွှင်မပြ ဖြစ်သွားစေသည်မှာ အမှန်အကန်ပင်။
ပို၍ပင် မျက်မှောင်ကြုံ့သွားခဲ့ပြီး လိုရင်းဆီကိုသာ တန်းသွားလိုက်တော့၏ “စီနီယာကြီး၊ စီးပွားရေးအရ ရင်းနှီးမြုပ်နှံတာမျိုးလေး ဘာလေး မလုပ်ချင်ဘူးလား”
“ရင်းနှီးမြုပ်နှံတာလား” စီနီယာကြီးက မျက်မှောင် တစ်ချက်ကြုံ့သွားခဲ့ပြီး နောက် အသာအယာ ပြုံးလျက် “မင်းအပေါ် ရင်နှီးမြုပ်နှံရမှာလား။ ဘာလို့ လုပ်ရမှာလဲ။ အဲ့လိုလုပ်လို့ ငါ့အတွက် အကျိုးမှမရှိတာ။ ဒါကြောင့် ငါလုပ်မှာမဟုတ်ဘူး”
ရန်ကိုင် ပြန်ပြောမှာကိုပင် မစောင့်တော့ဘဲ စီနီယာကြီးကပဲ ဆက်ပြောလိုက်၏ “ဒီရက်ပိုင်း မင်းဘဝကြီးက သိပ်ပြီး သာယာမနေဘူးမလား”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး “စီနီယာကြီး တော်ဝင်နယ်မြေရဲ့ လက်ရှိ အခြေအနေ အကြောင်းကို သိထားပြီးသွားပြီမလား”
စီနီယာကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “မင်းတို့ တော်ဝင်နယ်မြေအကြောင်း ငါစိတ်မဝင်စားဘူး။ ဒါပေမယ့် ဟိုလူက သူမသေခင် ဒီကိုတစ်ကြိမ်လာပြီး ဖြစ်ပျက်လာမယ့် အခြေအနေကို ကြိုတင် ခန့်မှန်း သွားတယ်လေ”
“တော်ဝင်သခင်ဟောင်းက ဒီအခြေအနေကို ခန့်မှန်းခဲ့တာလား” ရန်ကိုင် ကြောင်သွားခဲ့၏။
“ဟုတ်တယ်။ သူကြာကြာနေရတော့မှာ မဟုတ်မှန်း သိနေတယ်။ ဒါကြောင့် သူမသေခင် သူ့နားက မိန်းမကို သေချာကိုင်တွယ်မှ ရမယ်လို့ ပြောသွားတာ။ ဒါပေမယ့် အဲ့မိန်းမက သူ့အချစ်ဆုံး ဖြစ်နေတော့ သူသေသွာတာနဲ့ တော်ဝင်နယ်မြေကို အကြီးအကျယ် ပြဿနာတက်အောင် လုပ်မယ်မှန်း သိနေတာတောင် စိတ်ထဲရှိတဲ့အတိုင်း မလုပ်ရက်ဘူး ဖြစ်သွားတယ်။ ငါခန့်မှန်းတာသာ မမှာဘူးဆိုရင် အခုအချိန်လောက်ဆို မင်းတို့ တော်ဝင်နယ်မြေ တစ်ခုလုံး ရန်သူတွေနဲ့ ပတ်လည် ဝိုင်းခံနေရပြီမလား”
ရန်ကိုင်က လေးနက်တည်ကြည်စွာ ခေါင်းညိတ်၍ “စီနီယာကြီးက အများကြီး သိထားတာပဲ။ ဒီတော့ ကျုပ်လာရင်း ရည်ရွယ်ချက်ကိုလည်း သိထားမှာပေါ့။ ဟုတ်တယ်မလား”
စီနီယာကြီးက လှောင်ပြောင်ရယ်မောလိုက်ပြီး ထိုင်ခုံပေါ်မှ ဖြည်းဖြည်းချင်း ထလိုက်ကာ “မင်းဘာကြောင့် လာလဲ ငါသိတာပေါ့။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ငါမင်းကို ဘာအကူအညီမှ ပေးမှာ မဟုတ်ဘူး။ ဘယ်လို ပစ္စည်းတွေပဲ ယူလာပေးပေးပေါ့။ မွန်းစတားမျိုးနွယ်စု ဘာလို့ ဒီလောက်ကြာအောင် ရပ်တည်နိုင်ခဲ့တယ်လို့ မင်းထင်လဲ။ ငါတို့ ပိုင်ဆိုင်ထားတဲ့ ပညာရှင်တွေကြောင့်လား။ မဟုတ်ဘူး။ အပြင်ဘက် ကိစ္စတွေကို ငါတို့ တစ်ခါမှ ဝင်မရှုပ်ခဲ့လို့ပဲ။ ငါသာ သားရဲပင်လယ်တောအုပ်ကနေ ထွက်ပြီး လူသားပိုက်နက်ထဲ ဝင်သွားခဲ့ရင် အခြေအနေကို လက်ရှိ အခြေအနေကို ဘယ်လိုမှ ဆက်ပြီး ထိန်းချုပ်ထားလို့ မရတော့ဘူး။ မင်းတို့ လူသားတွေမှာတောင် ဆိုရိုးစကား တစ်ခွန်းရှိသေးတယ်လေ၊ ‘လည်ပင်ကို ဖက်တွယ်ထား၊ ခုတ်ရပိုလွယ်၏’ တဲ့။ ဘာမဟုတ်တဲ့ အကျိုးအမြတ်လေး အတွက် ငါ့ကလန်တစ်ခုကို ဒုက္ခအရောက်ခံမယ် ထင်နေလား။ ငါစီနီယာကြီးက အဲ့လောက်လေးတောင် မစဉ်းစားတတ်ဘူးလို့ မင်းထင်နေတာလား”
ပြောနေရင်း သူ့မျက်ဝန်းများ စူးရှသွားခဲ့၏။
ရန်ကိုင်က အားတင်းပြုံးလျက် ပြန်ပြောလိုက်၏ “စီနီယာကြီးက ဒီလောက် သိနေမှတော့ ကျုပ်လည်း ဝေ့ဝိုက်ပြီး ပြောမနေတော့ဘူး။ တကယ်တော့၊ ခင်ဗျား မကူရင်တောင် တော်ဝင်နယ်မြေက လူတွေ ဒုက္ခရောက်မှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်တို့က တော်ဝင်နယ်မြေကို ယာယီစွန့်ခွာပြီး လူသူအင်အား ပြန်စုဆောင်းဖို့ ဆုံးဖြတ်ထားပြီးသား။ ခွန်အား အလုံအလောက် ပြန်ရမှပဲ ဟိုအင်အားစုတွေနဲ့ တစ်ကျော့ပြန် တိုက်ပွဲ ပြန်စမှာ။ ဒါပေမယ့် ကျုပ်တို့ မရှိတုန်း တော်ဝင်နယ်မြေရဲ့ အရင်းအမြစ်တွေကို ကျူးကျော်သူတွေရဲ့ လက်ထဲ ရောက်မသွားစေချင်ဘူး။ စီနီယာကြီးက တော်ဝင်သခင်နဲ့ ရင်းနှီးမှတော့ ကျုပ်တို့ မရှိတုန်းလေး ခဏလောက် ထိန်းသိမ်းထားခိုင်းမလို့ပါ။ ဒီနည်းနဲ့ စီနီယာကြီးတို့ ကလန်ရဲ့ ခွန်အားတို့လည်း တိုးမြှင့်လို့ ရတယ်လေ”
ထိုစကားကို ကြားလိုက်သည့်အခါ မွန်းစတားမျိုးနွယ်စု စီနီယာကြီး မျက်မှောင်ကြုံ့သွားခဲ့ပြီး ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် စီနီယာက ပြောလာခဲ့၏ “မင်းတို့ရဲ့ စိတ်ဝိဥာဉ် အစီအရင်က အရမ်းကို အားကောင်းတယ်။ မိုးမြေစွမ်းအင်ကလည်း အရမ်း သိပ်သည်းလွန်းတယ်။ ငါ့ကလန်သားတွေသာ အဲ့မှာ ကျင့်ကြံခွင့်ရမယ်ဆိုရင် သူတို့ ခွန်အား တိုးတက်နှုန်းက တော်တော်လေးကို မြန်ဆန်လာမှာ။ ဒါပေမယ့် အဲ့ဒါသက်သက်လောက်နဲ့ သားရဲပင်လယ် တောအုပ်ကို စွန့်ခွာဖို့ မလုံလောက်သေးဘူး”
“အဲ့လိုဆိုရင် ကျုပ်တို့ တော်ဝင်နယ်မြေရဲ့ ဆေးပညာရှင်က ခင်ဗျားတို့အတွက် ဆေးဖော်စပ် ပေးမယ်ဆိုရင်ရော” ရန်ကိုင်က ရုတ်တရက် အကြံပေးလိုက်၏ “ကျုပ်သိသလောက်ဆို မွန်းစတား မျိုးနွယ်စုမှာ ဆေးဖော်စပ်တတ်တဲ့လူ တစ်ယောက်မှ မရှိဘူးမလား။ ပြီးတော့ ကျုပ်က တော်ဝင်နယ်မြေရဲ့ လက်နက်ပညာရှင်တွေကိုလည်း ချန်ထားပေးခဲ့ဦးမှာ။ ကျုပ်တို့ ပြန်မလာခင်အထိ အဲ့ဆေးပညာရှင်၊ လက်နက် ပညာရှင်တွေကို ခင်ဗျားတို့အတွက် ဆေးလုံးတွေ၊ လက်နက်တွေ သန့်စင်ခိုင်းလို့ ရတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကိုယ့်ဘာသာကိုယ် ပေးရမှာပေါ့။ အဲ့ဒါက ခင်ဗျားအတွက် အရမ်းကြီး ခက်ခဲမယ်လို့ ကျုပ်မထင်ဘူး”