အခန်း (၉၆၁-၉၆၃)
Vol. 65 Ch. 961-963
အဆတစ်ရာစနစ် စာစဥ်(၆၅)
အခန်း(၉၆၁)
"ရှောင်နန်.. သူတကယ်ပဲ စင်ပေါ်ကို တက်သွားပြီဟ.. ဒီလူက သန်မာပြီး အရမ်းလည်း စိတ်ဆတ်တယ်.. အခု သူ့ညီလေးကကျန်းချန်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာကို မြင်မှတော့ ကျန်းချန်ကို သူဘယ်လိုလုပ်ပြီး အလွှတ်ပေးနိုင်မှာလဲ.. ရှောင်နန်က ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲက ဆိုတော့ ဒီတစ်ခါ ပွဲကြီးပွဲကောင်း ကြည့်ရပြီ ထင်တယ်"
".............."
ပွဲကြည့်စင်ပေါ်၌ ရှောင်နန် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လျှင် လူတိုင်းသည် ဆွေးနွေးပြောဆိုနေခဲ့ကြ၏။
သူတို့ရှေ့မှ လူနှစ်ယောက်တွင် တစ်ဦးမှာ နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီ၏ တပည့် ဖြစ်ပြီး ရှောင်ကြွယ် ကဲ့သို့ ပါရမီရှင်များကိုပင် အနိုင်ယူနိုင်လောက်သည် အထိ သန်မာသည်။
နောက်တစ်ဦးမှာ ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးထဲမှတစ်ဦး ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် ယန်ဒီ တစ်မြို့လုံးမှာပင် အတော်လေး အဆင့်မြင့်သည်။
ထိုနှစ်ဦးသာ ယှဥ်ပြိုင်ကြမည်ဆိုလျှင် တိုက်ပွဲသည် အလွန်တရာပင် စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည် မဟုတ်ပါလား။
သူ့ရှေ့မှ ရှောင်နန်ကို ကြည့်ရင်း ကျန်းချန်က ရှင်းပြလိုက်သည်။
"စီနီယာအကိုရှောင်နန်.. ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး.. ရှောင်ကြွယ်ရဲ့ စွမ်းရည်က အတော်လေး နိမ့်ကျနေတဲ့ အတွက် ဒဏ်ရာတွေကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး"
ထိုစကားကို ပြောပြီးနောက်တွင် သူက ရှောင်နန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ဒါ့အပြင် ကျွန်တော်ညှာတာပေးခဲ့တာ သူကံကောင်းသွားတယ်.. ဒီလိုမှမဟုတ်ရင် သတိမေ့ရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး"
ထိုစကားကိုကြားလျှင် ရှောင်နန်သည် ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ငါရှောင်နန်ရဲ့ ညီကို ဘယ်သူမဆို ထိခိုက်ချင်တိုင်း ထိခိုက်လို့မရဘူး.. ငါ့ညီကို ထိခိုက်အောင် လုပ်ရင် ဘယ်သူပဲဖြစ်ဖြစ် ကြီးလေးတဲ့ အဖိုးအခကို ပြန်ပေးဆပ်ရမယ်"
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းစကားက ဘာအဓိပ္ပါယ်လဲ"
ရှောင်နန်က ကျန်းချန်ကို လက်ညှိုးတစ်ချောင်း ထောင်ပြကာ ပြောလိုက်သည်။
"မင်း ငါ့ရဲ့တိုက်ကွက် တစ်ကွက်ကို ခံယူရမယ်"
ရှောင်နန်၏ အလွန်မောက်မာသော စကားကိုကြားလျှင် စင်အောက်ရှိ လူတိုင်းသည် အံ့အားသင့်သွားကြသည်။
ရှောင်နန်သည် ယန်ဒီမြို့မှ ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲမှတစ်ဦး ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်။
သူက တကယ်ကိုပင် အထက်စီးဆန်လွန်းလှ၏။
အစောပိုင်းက ကျန်းချန်သည် ရှောင်ကြွယ်ကို ဓားကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။
သို့ဖြစ်ရာ ရှောင်နန်က ကျန်းချန်၏ နည်းလမ်းဖြင့်ပင် ကျန်းချန်ကို ပြန်လည် အနိုင်ယူရန် စဥ်းစားထားသည်မှာ ထင်ရှားနေ၏။
"ငါစိတ်မဝင်စားဘူး"
ကျန်းချန်က ရှောင်နန်ကို လှည့်ပင်မကြည့်ဘဲ စင်မြင့်ထက်ကနေ ထွက်သွားရန် ပြင်လိုက်သည်။
"ဒီလိုထွက်သွားလို့ရမယ် ထင်နေလား"
ရှောင်နန်၏ မျက်နှာထားက အေးစက်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် သူက လျှပ်တပြက် လှုပ်ရှားလိုက်ပြီး ကျန်းချန်၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
"ငါပြောတာ မင်းမကြားဘူးလား.. မင်းစိန်ခေါ်တာကို ငါလက်ခံဖို့ စိတ်မဝင်စားဘူး.. ဘာလဲ မင်းက အတင်းအကြပ် တိုက်ခိုက်မလို့လား"
ကျန်းချန်က ရှောင်နန်ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။
"ယန်ဒီမြို့ရဲ့ စည်းကမ်းအရ စိန်ခေါ်တာကို လက်မခံရင် အတင်းအကြပ် တိုက်ခိုက်ပိုင်ခွင့် မရှိဘူး.. မင်း အတင်းအကြပ် စိန်ခေါ်နေမယ်ဆိုရင် မင်း လုပ်ရပ်ရဲ့အကျိုးဆက်ကို မင်းခံစားရလိမ့်မယ်"
"ကျန်းချန် မင်းအပိုစကားတွေမပြောနဲ့.. မင်း ငါ့ဆီကနေ တိုက်ကွက်တစ်ကွက်ကို ခံယူနိုင်မယ်ဆိုရင် ဒီဆဋ္ဌမအဆင့် ဟွင်းယွမ်ဆေးလုံးက မင်းအတွက်ပဲ.. ဒါ့အပြင် မင်း ငါ့ဆီက တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်တယ်ဆိုရင် အင်ပါယာ အမွေအနှစ်နယ်မြေရဲ့ ဝင်ခွင့်နေရာအတွက် မင်းကို တိုက်ခိုက်ဖို့ ဘယ်သူမှ စိတ်ကူးရဲတော့မှာ မဟုတ်ဘူး.. ဒါက မင်းအတွက်လည်း ဒုက္ခတွေ အများကြီး သက်သာသွားစေလိမ့်မယ်"
ထို့နောက်တွင် ရှောင်နန်က သူ၏လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ရှေးဟောင်း ဆေးလုံးတစ်လုံးသည် သူ၏ လက်ဖဝါးထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ယန်ဒီမြို့တွင် စိန်ခေါ်မှုကို လက်မခံဘဲ အတင်းအကြပ် တိုက်ခိုက်ပိုင်ခွင့် မရှိပေ။
ထိုကဲ့သို့ စည်းမျဥ်းရှိသည့်တိုင် ကျန်းချန်သာ နောက်ခံမရှိသည့် သာမန်တပည့်တစ်ဦး ဆိုလျှင် သူက အတင်းအကြပ်လှုပ်ရှားလိမ့်မည် ဖြစ်၏။
သို့သော်လည်း ကျန်းချန်သည် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ တပည့် ဖြစ်သည်။
သူက ကျန်းချန်၏ ခွင့်ပြုချက်မရဘဲ အတင်းအကြပ် တိုက်ခိုက်ခဲ့မည် ဆိုလျှင် ရှောင်တုလီကို ဒေါသထွက်စေမည်မှာ သေချာပြီး ယန်ဒီမြို့တွင် သူ၏ဘဝက အေးချမ်းနိုင်တော့မည် မဟုတ်ပေ။
"ဆဋ္ဌမအဆင့် အဆင့်မြင့် ဟွင်းယွမ်ဆေးလုံးပါလား.. မင်းက တကယ်ကို အကုန်အကျခံနိုင်တာပဲ.. ကောင်းပြီလေ ဟွင်းယွမ်ဆေးလုံးကို ပေးမယ်ဆိုမှတော့ ငါမင်းရဲ့တိုက်ကွက်ကို ခံယူဖို့ ဆန္ဒရှိတယ်.. ဒါ့အပြင် ငါက အာရုံနောက်တာ သိပ်မကြိုက်ဘူး.. မင်းကို အနိုင်ယူပြီး ငါ့ကို စိန်ခေါ်လာမဲ့ သူတွေကို သတိပေးနိုင်မယ် ဆိုမှတော့ ဒီအပေးအယူက မျှတပါတယ်"
ကျန်းချန်က ရှောင်နန်၏ လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဆဋ္ဌမအဆင့် အဆင့်မြင့် ဟွင်းယွမ်ဆေးလုံး။
ဤဆေးလုံးသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများကို သူတို့၏ ကျင့်ကြံမှုအဆင့်အား အနည်းဆုံး အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်သည့် အကောင်းဆုံး ဆေးလုံး ဖြစ်သည်။
ထို့အပြင် ရှောင်နန်သည် ယန်ဒီမြို့၏ ပါရမီရှင်ဆယ်ဦး ထဲမှတစ်ဦး ဖြစ်၍ သူ၏ စွမ်းအားသည် ယန်ဒီ တစ်မြို့လုံးတွင် ထိပ်ဆုံး စာရင်းထဲ၌ ပါဝင်၏။
ရှောင်နန်ကို မရှုံးနိမ့်အောင် တိုက်ခိုက်နိုင်မည် ဆိုလျှင် အင်ပါယာ အမွေအနှစ် နယ်မြေ၏ ဝင်ခွင့်နေရာ အတွက် သူ့ကို တိုက်ခိုက်ရန် ကြံစည်နေသည့် သူများအားလုံးကို လုံးဝ တားဆီးနိုင်လိမ့်မည် ဖြစ်သည်။
ဤကဲ့သို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကိစ္စကို ကျန်းချန်သည် မည်ကဲ့သို့ ငြင်းဆန်နိုင်ပါအံ့နည်း။
အခန်း(၉၆၁)ပြီး၏။
အခန်း(၉၆၂)
"ကျန်းချန်က ရှောင်နန်ကို အနိုင်ယူပြီး အင်ပါယာ အမွေအနှစ် နယ်မြေ ဝင်ခွင့် နေရာအတွက် စိန်ခေါ်လာမဲ့သူတွေကို သတိပေးမယ်ဆိုပါလား.. ငါနားကြားမမှားပါဘူးနော်"
"ဒီကောင်လေးက ရှောင်တုလီရဲ့ တပည့်လို့မပြောရဘူး.. တကယ်ကို သာမန် မဟုတ်ဘူးပဲ"
"............."
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် လူတိုင်းသည် တအံ့တဩဖြင့် ရေရွတ်လိုက်ကြသည်။
ရှောင်နန်သည် ရှောင်မိသားစု၏ ကြယ်ငါးပွင့်အင်ပါယာသွေးပါသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ယန်ဒီမြို့၏ ဧကရာဇ်အဆင့်ပါရမီရှင် ဆယ်ဦးထဲတွင် ပဉ္စမြောက်နေရာ၌ ရှိသည်။
အင်ပါယာအဆင့်ပါရမီရှင် ငါးဦးကို ထည့်တွက်လျှင်ပင် ရှောင်နန်၏ စွမ်းအားသည် ထိပ်ဆုံးဆယ်ဦးစာရင်းတွင် ပါဝင်ဖို့ လုံလောက်၏။
ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က မနိမ့်သော်လည်း သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်သာ ရှိသေးသည်ဖြစ်ရာ ရှောင်နန်ထက် အဆင့်ငယ် လေးဆင့် နိမ့်နေသေးသည် မဟုတ်ပါလား။
"ဒီကောင်က ရှောင်နန်ကို အနိုင်ယူပြီး ဝင်ခွင့်နေရာအတွက် မျက်စောင်းထိုးတဲ့သူတွေကို အင်အားပြချင်တာလား.. ဒါကအရမ်းရူးသွပ်လွန်းတဲ့ စိတ်ကူးပဲ.."
"ကောင်းပြီလေ မင်းငါ့ကို အနိုင်ဘယ်လိုယူပြမလဲဆိုတာ ကြည့်ရသေးတာပေါ့.."
ရှောင်နန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်၏ ပြင်းထန်သော စွမ်းအားများသည် ပတ်ဝန်းကျင်တွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။
"သေလိုက်စမ်း"
ရှောင်နန်၏ အေးစက်စက်ကြုံးဝါးသံနှင့်အတူ ပူပြင်းသော မီးလျှံများသည် ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး ပတ်ဝန်းကျင် ပေတော်တော်များများကို ချက်ချင်းပင် မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
မီးလျှံများက ကောင်းကင်သို့ ထိုးတက်နေသည်မှာ မျက်စိကျိန်းစရာပင် ကောင်းလှ၏။
ထိုမီးလျှံ၏ ကောင်းချီးပေးမှုအောက်တွင် ရှောင်နန်၏ စွမ်းအင်သည် အမြင့်ဆုံးအထိကို ရောက်ရှိသွားခဲ့ပြီး သူ၏ မျက်လုံးကနေ ထူးဆန်းသော အနီရောင်အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
"ငါ့ရဲ့ လက်သီးချက်ကို ခံယူလိုက်စမ်း.."
ရှောင်နန်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပါးစပ်ကနေ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မကြာခင်မှာပင် ပတ်ဝန်းကျင်ရှိ မီးလျှံစွမ်းအားများသည် ရှောင်နန်၏ လက်သီးစွမ်းအားထဲကို ပေါင်းစပ်သွားခဲ့၏။
ရှောင်နန်က ကျန်းချန်ဆီသို့ပြင်းထန်သော လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
ပူပြင်းသော လက်သီးစွမ်းအင်သည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အင်အားကို သယ်ဆောင်၍ ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။
ထိုလက်သီးစွမ်းအင် ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ပတ်ဝန်းကျင်သည် ပူပြင်းလှသော လက်သီးစွမ်းအင်အောက်တွင် "ရှဲ" ဟူသော အသံများပင် ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်မီးလျှံဘုရင် လက်သီးပါလား.. ဒီတစ်ခါတော့ ကျန်းချန် ဒုက္ခရောက်တော့မယ် ထင်တယ်"
ပြိုင်ပွဲစင်မြင့်အောက်မှ လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လျှင် အသက်ရှူ ရပ်မတတ် ဖြစ်သွားကြသည်။
ကောင်းကင်မီးလျှံ ဘုရင်လက်သီးသည် ယန်ဒီမြို့၏ ထိပ်တန်း ကိုယ်ခံပညာများထဲမှ တစ်ခု ဖြစ်သည်။
ဘုရင်အဆင့် ကိုယ်ခံပညာရပ် အားလုံးထဲတွင်ပင် ကောင်းကင်မီးလျှံ ဘုရင်လက်သီး၏ စွမ်းအားသည် ထိပ်ဆုံးသုံးခုထဲတွင် ပါဝင်ရန် လုံလောက်၏။
ကောင်းကင်မီးလျှံ ဘုရင်လက်သီးကို ထုတ်သုံးလိုက်သောအခါ ရှောင်နန်၏ စွမ်းအားသည် သာမန်သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန်ပင် လုံလောက်သည်။
တစ်ဖက်တွင်မူ ကျန်းချန်သည် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်ကျင့်ကြံသူသာ ဖြစ်၏။
သူ၏ တိုက်ပွဲဝင်စွမ်းရည်က ထူးခြားလျှင်ပင် ရှောင်နန်၏ လက်သီးချက်ကို ခုခံရန် ခက်ခဲနေလိမ့်မည် မဟုတ်ပါလား။
ရှောင်နန်၏ လက်သီးထဲတွင် ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
"တိမ်တိုက်ဝါးမျိုနည်းစနစ်.."
ကျန်းချန်က လုံးဝ တုံ့ဆိုင်းမနေဘဲ တိမ်တိုက်ဝါးမျိုနည်းစနစ်ကို တိုက်ရိုက် အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ထိ မြှင့်တင်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် သူက သွေးနဂါးဓားကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး လေထဲသို့ ညွှန်လိုက်ရာ သူ၏ ခေါင်းအထက် ပေတစ်ရာအမြင့်ရှိ လေဟာနယ်ထဲတွင် ထူးဆန်းသော ရောင်စုံမီးလျှံ ထောင်ပေါင်းများစွာသည် ရုတ်တရက် စုဝေးသွားခဲ့သည်။
ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ထိုထူးဆန်းသော မီးလျှံများသည် ပြင်းထန်သော မီးလျှံများဖြင့် လောင်ကျွမ်းနေသည့် ဧရာမ ဓားတစ်ချောင်း အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့၏။
"မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း"
ကျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်ကာ သူ၏လက်ထဲမှ သွေးနဂါးဓားဖြင့် သူ့ဆီသို့ ဝင်ရောက်လာသော လက်သီးချက်ကို ခုတ်ချလိုက်သည်။
ကြောက်မက်ဖွယ် စွမ်းအားများပါဝင်သော တိုက်ခိုက်မှု နှစ်ခုသည် ချက်ချင်းဆိုသလို ထိပ်တိုက် တွေ့ဆုံသွားခဲ့ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်စွမ်းအင် အပူလှိုင်းသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့ပြီး လေထုကိုပင် အနည်းငယ် တုန်ခါစေခဲ့သည်။
ပြိုင်ပွဲကို ကြည့်ရှုနေသူများသည်လည်း ထိုကြောက်မက်ဖွယ်စွမ်းအင် အပူလှိုင်း၏ ဖိအားအောက်တွင် အတော်လေး ခံစားလိုက်ရသည်။
ပြိုင်ပွဲစင်မြင့်ထက်ရှိ ရှောင်နန်၏ ပုံရိပ်သည် ထိုစွမ်းအင်အပူလှိုင်း၏ ရိုက်ခတ်မှုအောက်တွင် ဆယ်ပေကျော်အထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
သူက နေရာမှာပင် မလှုပ်မယှက် ရပ်နေသည့် ကျန်းချန်ကို တအံ့တသြ ကြည့်လိုက်သည်။
သူ၏နှုတ်မှလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သောအသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
"မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းပါလား"
"မင်းက ယန်ဒီမြို့ရဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို တကယ်ပဲ တတ်မြောက်ထားတယ်ပေါ့လေ.. ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အခန်း(၉၆၂)ပြီး၏။
အခန်း(၉၆၃)
ရှောင်နန်၏ မယုံကြည်နိုင်စွာ ရေရွတ်သံကိုကြားလျှင် ပတ်ဝန်းကျင်ရှိ တပည့်အားလုံးသည် အံ့အားသင့်သွားခဲ့ကြသည်။
ယန်ဒီမြို့မှ တပည့်အများစုသည် ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို တစ်ခါမှ မမြင်ဖူးကြသော်လည်း ဧကရာဇ် အဆင့် သိုင်းပညာရပ်၏ နာမည်ကိုမူ ကောင်းစွာ သိရှိထားကြသည်။
မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းသည် ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ကိုယ်ခံပညာရပ် ကိုးခုထဲတွင် တစ်ခုအပါအဝင် ဖြစ်၏။
ယန်ဒီမြို့၏ နှစ်တစ်ရာနီးပါး သမိုင်းတွင် မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း၏ အမွေအနှစ်ကို နောက်ဆုံးရရှိခဲ့သူမှာ နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ ဖြစ်သည်။
ထိုအချိန်က ရှောင်တုလီသည် ထိုသိုင်းပညာရပ်ကို အားကိုးပြီး ပြိုင်ဘက်များကို အနိုင်ယူကာ ပြိုင်ဘက်ကင်း အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ရှောင်တုလီက မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းကို သူ၏တပည့်အား လျှို့ဝှက်သင်ကြားပေးခဲ့ခြင်း ဖြစ်နိုင်ပါသလော။
သိထားရမည်မှာ ယန်ဒီမြို့ရှိ ရှန်းဝူခန်းမကနေ အမွေဆက်ခံရရှိသော ကိုယ်ခံပညာရပ် အားလုံးကို လျှို့ဝှက်သင်ကြားခြင်းအား တားမြစ်ထားခဲ့သည်။
ယန်ဒီမြို့ကို အုပ်ချုပ်နေသည့် ရှောင်မိသားစု၏ ခေါင်းဆောင် ရှောင်ထျန်းဟန်ပင် ရှန်းဝူခန်းမမှ ကိုယ်ခံပညာ အမွေအနှစ်များကို သူ၏ တပည့်များအား လျှို့ဝှက်သင်ကြားပေးခွင့် မရှိပေ။
"ဓားအင်ပါယာရှောင်တုလီက ယန်ဒီမြို့ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းကို လျှို့ဝှက်သင်ကြားပေးထားတာကိုး"
ရှောင်နန်က သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"ဒီကိစ္စကို ခေါင်းဆောင်ဆီ တင်ပြမယ်.. မင်းအရေးယူခံရဖို့ စောင့်နေလိုက်တော့"
ထိုစကားကို ကြားလျှင် ကျန်းချန်က နှုတ်ခမ်းကို တွန့်ကွေး၍ တုံ့ပြန် ပြောဆိုလိုက်သည်။
"ဒီမီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းကို ငါ့ဆရာက ငါ့ကို သင်ပေးတယ်လို့ မင်းကို ဘယ်သူပြောလဲ"
"ယနေ့ခေတ် ယန်ဒီမြို့မှာ နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီက လွဲလို့ မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းကို တတ်မြောက်ထားတဲ့ ဒုတိယလူ မရှိဘူး.. သူ မင်းကို မသင်ပေးရင် ဘယ်သူ မင်းကိုသင်ပေးမှာလဲ"
ရှောင်နန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
"ဒီမီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းက ရှန်းဝူခန်းမထဲမှာ ရှိနေတာပဲ.. ရှန်းဝူခန်းမထဲကို ဝင်ရင် မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်းရဲ့ အမွေအနှစ်ကို ရနိုင်တာပဲလေ.. ဘာလို့ ငါ့ဆရာက ငါ့ကို သင်ပေးရဦးမှာလဲ"
ကျန်းချန်က ခနဲ့တဲ့တဲ့ ပြုံး၍ ပြောလိုက်သည်။
"ဒီတိုက်ပွဲမှာ မင်းရှုံးသွားပြီ.. ဟွင်းယွမ်ဆေးလုံးကို ငါ့ဆီပေးတော့.."
"ကျန်းချန်ရဲ့လေသံကို နားထောင်ရတာ ဒီမီးလျှံတစ်သောင်းကောင်းကင်လောင်ကျွမ်းသိုင်းကို နှလုံးလောင်ကျွမ်း ဓားအင်ပါယာက သူ့ကို သင်ပေးထားတဲ့ပုံ မရဘူး"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်းဝူခန်းမမှာ ဧကရာဇ်အဆင့် ကိုယ်ခံပညာအမွေအနှစ်ကို တစ်စုံတစ်ယောက် ရခဲ့တယ်ဆိုတာ မှတ်မိသေးလား"
"ဒါဆို လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှန်းဝူခန်းမ ဆီကနေ ထူးခြားတဲ့မြင်ကွင်းကိုဖြစ်စေခဲ့တာ ကျန်းချန်များလား.. မဖြစ်နိုင်ဘူး.. ဒီကောင်က အခုမှ သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်ပဲ ရှိသေးတာလေ.. ရှန်းဝူခန်းမရဲ့ ဧကရာဇ် အဆင့် ကိုယ်ခံပညာအမွေအနှစ် စစ်ဆေးမှုကို ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်မှာလဲ"
လူတိုင်းက စင်မြင့်ထက်မှ ကျန်းချန်ကို ကြည့်ကာ ဆွေးနွေး ပြောဆိုနေခဲ့ကြသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်းဝူခန်းမထဲကို ဝင်ပြီး ဧကရာဇ်အဆင့် ကိုယ်ခံပညာအမွေအနှစ်ကို ရခဲ့တဲ့သူက တကယ်ပဲ မင်းလား"
ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော မှတ်ချက်များကို ကြားလျှင် ရှောင်နန်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က ရှောင်နန်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်ကာ တုံ့ပြန် ပြောဆိုလိုက်သည်။
"ဟုတ်တယ်.. အဲဒါ ဘာပြဿနာရှိလို့လဲ"
ကျန်းချန် ကိုယ်တိုင် ဝန်ခံလိုက်သည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အသက်ရှု ရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
သူတို့က စင်မြင့်ထက်မှ ကျန်းချန်ကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာမှာသာ သတိပြန်ဝင်လာခဲ့ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရှန်းဝူခန်းမတွင် ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို စမ်းသပ်အောင်မြင်သောသူသည် အင်ပါယာအဆင့် ပါရမီရှင်ငါးဦးထဲမှ တစ်ဦး ဖြစ်မည်ဟု မူလက သူတို့ ထင်ခဲ့ကြသည်။
တကယ်တမ်း ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို စမ်းသပ်အောင်မြင်သွားသူမှာ ယန်ဒီမြို့ကို ယခုမှသာ ရောက်ရှိလာသည့် ကျန်းချန် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။
သိထားရမည်မှာ ယနေ့ ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင် ငါးဦးထဲတွင် ရှန်းဝူခန်းမမှ ဧကရာဇ်အဆင့် ကိုယ်ခံပညာရပ် အမွေအနှစ်ကို ရရှိထားသူမှာ တစ်ဦးတည်းသာ ရှိ၏။
သို့သော်လည်း သူတို့ရှေ့မှ လူသည် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံခြင်းဖြင့်ပင် ရှန်းဝူခန်းမ၏ ဧကရာဇ်အဆင့် ကိုယ်ခံပညာအမွေအနှစ် စစ်ဆေးမှုကို အောင်မြင်ခဲ့ရုံသာမက ထိုကိုယ်ခံပညာရပ်ကိုပင် ရက်အနည်းငယ် အတွင်း လုံးဝ ကျွမ်းကျင်သွားခဲ့သည်။
"ဒီကောင်က မွန်းစတားပဲ"
ကျန်းချန်သာ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှန်းဝူခန်းမ၏ ထူးခြားသော မြင်ကွင်းကို အမှန်တကယ် ဖြစ်စေခဲ့သူ ဆိုလျှင် ၎င်းသည် ယန်ဒီမြို့ရှိ အင်ပါယာအဆင့် ပါရမီရှင် ငါးဦးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးပင် ဖြစ်သည် မဟုတ်ပါလား။
အခန်း(၉၆၃)ပြီး၏။