← Chapters

အခန်း (၉၆၄-၉၆၆)

Vol. 65 Ch. 964-966

အခန်း (၉၆၄-၉၆၆)

Vol. 65 Ch. 964-966

အခန်း(၉၆၄)

"မင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်းဝူခန်းမမှာ ဧကရာဇ်အဆင့် ကိုယ်ခံပညာကို ရခဲ့တဲ့သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရှောင်နန်က မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူက ကျန်းချန်ကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်၏။

ရှောင်နန်က ရှန်းဝူခန်းမရှိ ဧကရာဇ်အဆင့် ကိုယ်ခံပညာအမွေအနှစ် စမ်းသပ်မှု၏ ခက်ခဲမှုကို ကောင်းစွာသိသည်။

ရှန်းဝူခန်းမထဲရှိ ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်စမ်းသပ်မှုတွင် နတ်သန္ဓေအင်ပါယာ၏ အင်ပါယာပိုင်နက်စွမ်းအားကို ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုအမွေအနှစ် စမ်းသပ်မှုသည် အဓိကအားဖြင့် ကိုယ်ခံပညာပါရမီကို စမ်းသပ်ခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်ကိုသာ အားကိုးပြီး ဧကရာဇ်အဆင့်ကိုယ်ခံပညာ အမွေအနှစ်စမ်းသပ်မှုကို အောင်မြင်ရန် ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် အမွေအနှစ် စစ်ဆေးမှု၏ စွမ်းအားသည် စမ်းသပ်မှုကို ဖြစ်ပေါ်စေသောသူ၏ ကျင့်ကြံမှု အဆင့်တိုးမြင့်လာသည်နှင့် အမျှ ပို၍ အင်အားကြီးမားလာမည် ဖြစ်သောကြောင့်ပင်။

ရှောင်နန်က သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိချိန်တွင် ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ် စမ်းသပ်မှုကို ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် မအောင်မြင်ဘဲ လက်ဗလာဖြင့် ပြန်ထွက်လာခဲ့ရသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က ရှောင်နန်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိခဲ့ရာ ရှန်းဝူခန်းမထဲကို တဖန် ပြန်လည် ဝင်ရောက်ခဲ့ပြီး ဧကရာဇ်အဆင့် ကိုယ်ခံပညာအမွေအနှစ် စစ်ဆေးမှုကို ရင်ဆိုင်ခဲ့သည်။

ရလဒ်အနေဖြင့် ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ် စစ်ဆေးမှုသည် ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာသည်နှင့်အမျှ စွမ်းအားကလည်း ပိုမိုမြင့်မားသော အဆင့်ထိ တိုးမြင့်လာသည်ကို သူ တွေ့ရှိခဲ့ရသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ပါရမီ အားနည်းလျှင် ရှန်းဝူခန်းမထဲရှိ ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို ဆက်ခံရန် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

ဤသည်ကလည်း လွန်ခဲ့သော နှစ်များအတွင်း ယန်ဒီမြို့၏ အင်အားအကြီးဆုံး ပါရမီရှင်က လွဲ၍ မည်သူမှ ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို ဆက်ခံနိုင်ခြင်း မရှိရသည့် အရေးပါသော အကြောင်းအရင်း တစ်ခုလည်း ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် သိုင်းသခင်နယ်ပယ် အဆင့်သို့ ရောက်ရှိနေသောတပည့်များသည် ရှန်းဝူခန်းမထဲသို့ ဝင်ရောက်ပြီး ကိုယ်ခံပညာ အမွေအနှစ်များကို ရယူရန်အရည်အချင်း ပြည့်မီကြသည်။

ကျင့်ကြံခြင်း အဆင့် နိမ့်ကျပြီး ရရှိလာသော ကိုယ်ခံပညာက အဆင့်မြင့်မားသည်ဆိုလျှင် ပါရမီ ထူးချွန်သည်ဟု ဆိုလိုရာ ရောက်ပေသည်။

သူတို့ ယန်ဒီမြို့၏ အင်အားအကြီးဆုံး အင်ပါယာအဆင့်ပါရမီရှင်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ဖြင့် ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

သူ့ရှေ့မှ ကောင်လေးကမူ သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်သာ ရှိနေသေးသည်။

သို့ဖြစ်ရာ ရှန်းဝူခန်းမ၏ ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ် စစ်ဆေးမှုကို မည်ကဲ့သို့ အောင်မြင်နိုင်ပါမည်နည်း။

တကယ်သာ အောင်မြင်ခဲ့သည် ဆိုလျှင် ထိုကောင်လေး၏ ကိုယ်ခံပညာ ပါရမီသည် ယန်ဒီမြို့၏ အင်အားအကြီးဆုံး အင်ပါယာအဆင့် ပါရမီရှင်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

"ဒါမဖြစ်နိုင်ဘူး"

ကျန်းချန်၏ ကိုယ်ခံပညာပါရမီက ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ထိ ရောက်ရှိနိုင်လိမ့်မည်ဟု ရှောင်နန် မယုံကြည်နိုင်ခဲ့ပေ။

"ဖြစ်နိုင်တာ မဖြစ်နိုင်တာက မင်းကိစ္စပဲ.. ငါ့ရဲ့ ကိုယ်ခံပညာက ဘယ်ကနေ တတ်မြောက်လာသလဲ ဆိုတာ မင်းသိစရာမလိုဘူး.. မင်းသိထားရမှာက ဒီအလောင်းအစားမှာ မင်းရှုံးနိမ့်သွားခဲ့ပြီ"

ကျန်းချန်က ရှောင်နန်ကို စေ့စေ့ကြည့်ကာ ‌ပြောလိုက်သည်။

"ကောင်းပြီ ငါရှောင်နန်က အရှုံးကို လက်ခံတယ်.. ရော့ ဒါက မင်းအနိုင်ရတဲ့ ဟွင်းယွမ်ဆေးလုံးပဲ"

ရှောင်နန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်ကာ ဟွင်းယွမ်ဆေးလုံးကို ကျန်းချန်ဆီ ပစ်ပေးလိုက်သည်။

ထို့နောက်တွင် ကျန်းချန်ကို စူးရှစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီး သတိမေ့နေသော ရှောင်ကြွယ်ကို ခေါ်ကာ ထွက်ခွာသွားခဲ့၏။

ပြိုင်ပွဲကနေ ထွက်ခွာလာပြီးနောက်တွင် ရှောင်နန်သည် ယန်ဒီမြို့၏ မြို့အနောက်ဘက်ခြမ်းရှိ ခြံဝင်းတစ်ခု ဆီသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

ထိုခြံဝင်းထဲတွင် ပိန်လှီနေသော အနက်ရောင်ဝတ် အဘိုးအိုတစ်ဦးသည် သူ့ကို အသင့်စောင့်ကြိုနေခဲ့၏။

"ဆရာ"

ရှောင်နန်က ထိုအနက်ရောင်ဝတ် အဘိုးအိုဆီ တန်းတန်း မတ်မတ် လျှောက်သွားလိုက်ပြီး ဦးညွတ်ကာ အရိုအသေပြုလိုက်သည်။

ထိုပိန်လှီနေသော အနက်ရောင်ဝတ် အဘိုးအိုသည် ရှောင်နန်နှင့် ရှောင်ကြွယ်တို့ ညီအကိုနှစ်ဦး၏ ဆရာဖြစ်သည့် ရှောင်ထိုက်ယွင် ဖြစ်ပြီး ယန်ဒီမြို့၏ နတ်ဝိညာဥ် ဘုရင် နဝမအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်ကာ သူ၏ အဆင့်အတန်းသည် နတ်သန္ဓေအင်ပါယာသုံးပါးအောက်တွင် ရှိ၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်းဝူခန်းမရဲ့ ထူးခြားတဲ့မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့တဲ့သူက ကျန်းချန်လို့ မီးလျှံဓားဘုရင်ဆီကနေ ငါသိခဲ့ရတယ်"

အနက်ရောင်ဝတ် အဘိုးအိုက ရှောင်နန်ကို ကြည့်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ရှောင်နန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ဒီကောင်က သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်နဲ့ ရှန်းဝူခန်းမထဲက ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို တကယ်ပဲရရှိခဲ့တာာလား"

"ဒီကလေးရဲ့ ပါရမီက တကယ်ကို ကြောက်စရာပဲ.. ယန်ဒီမြို့မှာရှိတဲ့ တပည့်တွေ အားလုံးထက်တောင် ခေါင်းတစ်လုံးမက သာနေတယ်.. အင်ပါယာအဆင့် ပါရမီရှင်တွေထဲက အသန်မာဆုံး ပါရမီရှင်တောင် ပါရမီနှင့် ပတ်သက်ရင် သူ့ကို မယှဥ်နိုင်လောက်ဘူး"

ထိုစကားကို ပြောနေသည့်အချိန်တွင် အနက်ရောင်ဝတ် အဘိုးအို၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

"မီးလျှံဓားဘုရင်က သူ့ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်ဖို့ ဘယ်လိုလူကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး.. ဒါကြောင့် ဒီကောင်လေး သေချာပေါက် သေရလိမ့်မယ်"

အခန်း(၉၆၄)ပြီး၏။

အခန်း(၉၆၅)

သူ့ဆရာဆီမှ စကားကိုကြားလျှင် ရှောင်နန်က တုန်လှုပ်သွားခဲ့သည်။

"ဆရာ ဆိုလိုတာက ကျန်းချန်ကို သတ်ဖို့လား"

"ဒီကလေးကိုသာ ဖယ်ရှားမပစ်ရင် အချိန် အလုံအလောက် ပေးလိုက်မိတာနဲ့ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ရှောင်တုလီရဲ့ အောက်မှာ ရှိမှာမဟုတ်ဘူး.. အဲဒီအချိန်ကျရင် ယန်ဒီမြို့က သူတို့ ဆရာတပည့်နှစ်ယောက်ရဲ့ ကမ္ဘာကြီး ဖြစ်သွားလိမ့်မယ်"

အနက်ရောင်ဝတ် အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။

"ဒီအခြေအနေက ငါနဲ့ မီးလျှံဓားဘုရင်တို့ မြင်ချင်တဲ့ အခြေအနေ မဟုတ်ဘူး.."

"ဆရာ.. ရှောင်တုလီက အခု ယန်ဒီမြို့မှာ မရှိဘူးဆိုပေမဲ့ ရှောင်ထျန်းဟန်ရဲ့ မျက်စိအောက်ကနေ ကျန်းချန်ကို ဖယ်ရှားဖို့ဆိုတာ မလွယ်လောက်ဘူး ထင်တယ်"

ရှောင်နန်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ချက်ချင်းဆိုသလို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဆရာ ဒီကိစ္စက.."

"တော်ပြီ ရှောင်နန်.. မင်းဘာပြောချင်လဲ ဆိုတာ ငါသိတယ်.. အဲဒီအချိန်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက မီးလျှံဓားဘုရင်နဲ့ ငါစီစဥ်ခဲ့တာပဲ.. ရှောင်တုလီသာ အာဏာရလာရင် ငါရော ဓားဘုရင်ရော အကျိုးမရှိဘူး"

ရှောင်ထိုက်ယွင်က သူ၏လက်ကို ဝှေ့ရမ်းကာ ရှောင်နန်ကို စကားဖြတ်လိုက်သည်။

ထို့နောက် သူက ရှောင်နန်ကို စေ့စေ့ကြည့်ကာ ပြောလိုက်၏။

"ရှောင်ယွဲ့ဂိုဏ်းနဲ့ပတ်သက်တဲ့မစ်ရှင်မှာ ကျန်းချန်ကို ပါဝင်စေဖို့ ငါစီစဥ်ပြီးပြီ"

ထိုစကားကိုကြားလျှင် ရှောင်နန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားခဲ့သည်။

"ဆရာ ဒါက အကြံကောင်းပဲ"

"ရှောင်ယွဲ့ဂိုဏ်းရဲ့ ကိစ္စမှာ သွေးကျင့်ကြံသူ ပါဝင်နေတဲ့ အရိပ်အယောင်တွေ ရှိနေတယ်.. သွေးကျင့်ကြံသူကို အသုံးချပြီး ကျန်းချန်ကို တစ်ဖက်လှည့်နဲ့ ဖယ်ရှားနိုင်ရင် အကောင်းဆုံးပဲ"

"ဒီတစ်ခေါက် ငါ့ရဲ့အစီအစဥ်အရ မင်းလည်း ရှောင်ယွဲ့ဂိုဏ်းရဲ့ မစ်ရှင်မှာ ပါဝင်ရမယ်"

အနက်ရောင်ဝတ် အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။

"ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး ကျန်းချန်ကို ယန်ဒီမြို့ဆီ အသက်ရှင်လျက် ပြန်လာခွင့်ပေးလို့ မဖြစ်ဘူး"

"ဆရာစိတ်ချပါ တပည့် ဘာလုပ်ရမလဲဆိုတာ သိပါတယ်"

ရှောင်နန်က ခေါင်းညိတ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ရှောင်ယွဲ့ဂိုဏ်းနှင့် ပတ်သက်သည့် မစ်ရှင်တာဝန်ကြောင့် ဧကရာဇ်အဆင့် တပည့်နှစ်ဦးပင် သေဆုံးခဲ့ရသည်။

ကျန်းချန်က ယခုမှ သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်သာ ရှိသေးရာ ရှောင်ယွဲ့ဂိုဏ်းကို သွားလျှင် သေဆုံးမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ရှောင်ယွဲ့ဂိုဏ်း၏ မစ်ရှင်တွင် အသက်ရှင်နိုင်ခဲ့လျှင်ပင် ယန်ဒီမြို့တွင် ရှိမနေသ၍ ကျန်းချန်ကို အသေသတ်ရန် သူ့အတွက် လွယ်ကူသည် မဟုတ်ပါလော။

ကျန်းချန်က ဧကရာဇ်အဆင့် ကိုယ်ခံပညာရပ်ကို သုံးပြီး သူ့ကိုတားဆီးနိုင်ခဲ့သော်လည်း ကျန်းချန်တွင် သူ့ကို ယှဥ်ပြိုင်နိုင်သည့် အရည်အချင်း ရှိသည်ဟု ရှောင်နန် မထင်ပေ။

အကြောင်းအရင်းမှာ ကျန်းချန်နှင့် ရင်ဆိုင်စဥ်က သူ၏ စွမ်းရည်ကို အကုန်အစင် ထုတ်မသုံးခဲ့သောကြောင့်ပင်။

သူက ကြယ်ငါးပွင့်အင်ပါယာသွေးကို နိုးထနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲတွင် ထူးချွန်သောသူ တစ်ဦးဖြစ်ကာ ကျင့်ကြံခြင်းအဆင့်တွင်လည်း သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ကျန်းချန်က မည်မျှပင် ပါရမီရှိသည်ဖြစ်စေ ယခုမှသိုင်းသခင်နယ်ပယ် ဒုတိယအဆင့်သာ ရှိသေးသည်။

သို့ဖြစ်ရာ ဤတစ်ခေါက် ရှောင်ယွဲ့ဂိုဏ်း၏ မစ်ရှင်တွင် ကျန်းချန်ကို ယန်ဒီမြို့ဆီ ပြန်မလာနိင်အောင် သေချာပေါက် လုပ်ဆောင်မည်ဟု သံဓိဌာန် ချထားလိုက်၏။

ရှောင်နန်တို့ ဆရာတပည့် ကျန်းချန်ကို ရှင်းပစ်ရန် စီစဥ်နေချိန်တွင် ကျန်းချန်သည် သူ၏ နေအိမ်သို့ ပြန်ရောက်လာပြီး ဆက်လက် ကျင့်ကြံနေခဲ့သည်။

နောက်ထပ် ရက်အနည်းငယ်အတွင်း မည်သူမျှ ကျန်းချန်ကို ထပ်ပြီး ဒုက္ခမပေးတော့ပေ။

ကျန်းချန်က ရှောင်ကြွယ်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ပြီး ဧကရာဇ်အဆင့် တပည့်ထဲတွင် ပဉ္စမမြောက် ဖြစ်သည့် ရှောင်နန်ကို နောက်ဆုတ်အောင် လုပ်နိုင်ခဲ့ခြင်းသည် ယန်ဒီမြို့မှ တပည့် အများအပြားကို အမှန်တကယ် တုန်လှုပ်စေခဲ့သည်။

ထိုဖြစ်ရပ်က ကျန်းချန်၏ အင်ပါယာအမွေအနှစ် နယ်မြေ ဝင်ခွင့်နေရာကို မျက်စောင်းထိုးနေသည့် တပည့်အားလုံးကို လက်လျှော့စေခဲ့သည်။

သူတို့က ကျန်းချန်နှင့် တိုက်ခိုက်ရန် သတ္တိ မရှိကြတော့ပေ။

သို့သော်လည်း ကျန်းချန်၏ ငြိမ်းချမ်းစွာ ကျင့်ကြံနေသော အချိန်သည် ကြာရှည်မခံခဲ့ပေ။

ငါးရက်အကြာတွင် ယန်ဒီမြို့၏ မစ်ရှင်ခန်းမမှ ကြီးကြပ်ရေးမှူး တစ်ဦးသည် ကျန်းချန်ကို မစ်ရှင် ဆောင်ရွက်ရန်အတွက် မက်ဆေ့ချ် တစ်စောင် ပေးပို့လိုက်သည်။

ယန်ဒီမြို့သည်လည်း ထိုက်ရှဂိုဏ်းနှင့်အတူတူပင် ဖြစ်၏။

ရှောင်မိသားစုမှ တပည့်များသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း ဂိုဏ်း၏ မစ်ရှင်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရသည်။

သူက ယန်ဒီမြို့ကို ရောက်လာသည်မှာ လဝက်ပင် မပြည့်သေးသော်လည်း သူ့ကို တာဝန်တစ်ခု ဆောင်ရွက်ရန် ပေးအပ်လိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်က မစ်ရှင်ကို လက်ခံရရှိခြင်းနှင့် ပတ်သက်၍ သိပ်ပြီး မတွေးတော့ချေ။

သူက ကျောက်စိမ်းတံဆိပ်ပြားကို ဖွင့်ကာ သူ ထမ်းဆောင်ရမည့် မစ်ရှင်နှင့် ပတ်သက်၍ စစ်ဆေးလိုက်သည်။

အခန်း(၉၆၅)ပြီး၏။

အခန်း(၉၆၆)

ကျန်းချန်က ကျောက်စိမ်းတံဆိပ်ပြားကို အလျင်အမြန် ကြည့်ရှုပြီးနောက်တွင် မစ်ရှင်နဲ့ ပတ်သက်၍ အကြမ်းဖျင်း နားလည်သွားခဲ့သည်။

မစ်ရှစ်၏ ဦးတည်ရာသည် ယန်ဒီမြို့၏ အနောက်တောင်ဘက်ရှိ ယန်ဒီမြို့နှင့် ဆက်စပ်မှုရှိသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

ထိုဂိုဏ်းကို ရှောင်ယွဲ့ဂိုဏ်းဟု ခေါ်ပြီး ကြယ်နှစ်ပွင့်အဆင့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ကာ ကျန်းချန် ယခင်က နေထိုင်ခဲ့သည့် စန်းလန်အဖွဲ့အစည်းနှင့် အင်အားချင်း တူညီ၏။

မကြာသေးမီကစပြီး ရှောင်ယွဲ့ဂိုဏ်းတွင် လျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူတစ်ဦး ပေါ်ပေါက်လာခဲ့ပြီး ရှောင်ယွဲ့ဂိုဏ်း၏ တပည့်များသည် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။

ထိုအခါ ရှောင်ယွဲ့ဂိုဏ်းချုပ်သည် ကူကယ်ရာမဲ့စွာဖြင့် ယန်ဒီမြို့ဆီ အကူအညီတောင်းခံခဲ့သည်။

ထိုအတွက်ကြောင့် ယန်ဒီမြို့က ဧကရာဇ်အဆင့် တပည့်နှစ်ဦးကို စေလွှတ်ပေးခဲ့သော်လည်း ထိုဧကရာဇ်အဆင့် တပည့်နှစ်ဦးသည် ပြန်မလာနိုင်ခဲ့ကြပေ။

ယခုအခါတွင် ရှောင်ယွဲ့ဂိုဏ်းသည် အခြေအနေ ဆိုးရွားနေပြီး ဂိုဏ်းဝင်များ ထိတ်လန့်နေကြသဖြင့် ယန်ဒီမြို့သည် ရှောင်ယွဲ့ဂိုဏ်းကို တဖန် လူလွှတ်ကာ ထိုကိစ္စကို ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့သည်။

ကျန်းချန်သည် ထိုမစ်ရှင်ကို ဆောင်ရွက်ရန် ရှောင်ယွဲ့ဂိုဏ်းသို့စေလွှတ်ခံရသော အဖွဲ့ဝင်များထဲမှတစ်ဦး ဖြစ်သည်။

ကျန်းချန်က မစ်ရှင်ကို ဆောင်ရွက်မည့် အဖွဲ့ဝင်များ၏ အချက်အလက်များကို စစ်ဆေးကြည့်ရာ ထိုမစ်ရှင်တွင် အဖွဲ့ဝင်ခြောက်ဦး ပါဝင်ကြောင်း တွေ့ရှိခဲ့သည်။

ခေါင်းဆောင်သည် ကျန်းဟောင်ဟု ခေါ်သည့် ကြီးကြပ်ရေးမှုးတစ်ဦး ဖြစ်ပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ကျန်းဟောင်အပြင် ကျန်းချန်သည် ထိုစာရင်းတွင် ရင်းနှီးသော အမည်နှစ်ခုကိုလည်း တွေ့ရှိခဲ့သည်။

တစ်ဦးမှာ ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် ရှောင်နန် ဖြစ်သည်။

နောက်တစ်ဦးမှာ သူနှင့် ဆက်ဆံရေးကောင်းများရှိသည့် ချိုးရူယွဲ့ ဖြစ်သည်။

ကျန်နှစ်ဦးကမူ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ရှိ ဘုရင်အဆင့်တပည့်များ ဖြစ်ကြသည်။

"စိတ်ဝင်စားစရာပဲ.. ရှောင်နန်က ဒီမစ်ရှင်ရဲ့ အဖွဲ့ဝင် ဖြစ်နေမယ်လို့ မထင်ထားမိဘူး"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ရှောင်နန် ပါဝင်နေသဖြင့် ဤမစ်ရှင်က လုံးဝမရိုးရှင်းဟု သူထင်မြင်လာခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် မစ်ရှင်ဆောင်ရွက်မည့် အဖွဲ့ဝင်များစုဝေးသည့် နေရာသို့ ‌ရောက်ရှိလာခဲ့၏။

"မောင်လေးကျန်း နင်လည်းရောက်လာပြီပေါ့"

ကျန်းချန် ရောက်ရှိလာသည်ကို မြင်လျှင် ထိုနေရာတွင်စောင့်ဆိုင်းနေခဲ့သည့် ချိုးရူယွဲ့သည် ရှေ့ထွက်ကာ ကျန်းချန်ကို နှုတ်ဆက်လိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ချိုးရူယွဲ့ကို ပြောလိုက်သည်။

"အမချိုးလည်း ဒီမစ်ရှင်ရဲ့ အဖွဲ့ဝင် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး.. လမ်းခရီးမှာ ဒီက မောင်လေးကို ဂရုစိုက်ပေးပါဦး"

"မောင်လေးကျန်း မသိသေးဘူးကိုး.. အမက ရှောင်ယွဲ့ဂိုဏ်းကလေ.. ဒီမစ်ရှင်မှာ ပါဝင်ခွင့်ရဖို့ အမ ကိုယ်တိုင် လျောက်ထားခဲ့တာပဲ.. ဒါပေမဲ့ မောင်လေးကျန်းကလည်း ဒီမစ်ရှင်ရဲ့ အဖွဲ့ဝင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ချိုးရူယွဲ့က ကျန်းချန်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

"မောင်လေး ဒီမစ်ရှင်ရဲ့ အဖွဲ့ခေါင်းဆောင် ကျန်းဟောင်နဲ့ ရှောင်နန်တို့ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး.. မင်း သတိထားမှရမယ်"

"သတိပေးတဲ့အတွက် အမချိုးကို ကျေးဇူးတင်ပါတယ်.."

ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ရှောင်နန် တစ်ဦးတည်းသာ ဆိုလျှင် သူက ဂရုစိုက်နေမည် မဟုတ်ပေ။

ယခုမူ အဖွဲ့ခေါင်းဆောင် ကျန်းဟောင် ပါဝင်နေခဲ့သည်။

နတ်ဝိညာဥ်ဘုရင်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူက ရှောင်နန်နှင့် ပနံသင့်နေသဖြင့် သူ့အနေဖြင့် ပေါ့ပေါ့ဆဆ သဘောထား၍ မရတော့ပေ။

ဆိုရလျှင် ယခုတစ်ကြိမ် မစ်ရှင်သည် သူထင်ထားသည့်အတိုင်းပင် လုံးဝ မရိုးရှင်းခဲ့ပေ။

ခဏမျှ စကားပြောဆိုပြီးနောက်တွင် သူတို့ နှစ်ဦးသားသည် ကျန်အဖွဲ့ဝင်များ ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

မကြာမီမှာပင် ကျန်းဟောင်နှင့် ရှောင်နန် အပါအဝင် အဖွဲ့ဝင်လေးယောက်စလုံး ရောက်ရှိလာခဲ့ကြ၏။

"ဒီမစ်ရှင်နဲ့ ပတ်သက်ပြီး အားလုံးလည်း သိထားပြီးသားဖြစ်မှာပါ.. ဒါကြောင့် ငါအပိုစကားတွေ မပြောတော့ဘူး.. အားလုံးလည်း ရောက်ရှိနေပြီ ဆိုမှတော့ သွားကြရအောင်"

ခြောက်ဦးသား စုဝေးပြီးနောက်တွင် အဖွဲ့ခေါင်းဆောင် ကျန်းဟောင်သည် လူတိုင်းကို ပေါ့ပါးစွာ တစ်ချက်ကြည့်လိုက်၏။

ထို့နောက်တွင် သူတို့လူစုကို ဦးဆောင်ကာ ယန်ဒီမြို့မှ ထွက်ခွာလာခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ကျန်းချန်တို့ အဖွဲ့သည် ကြယ်နှစ်ပွင့်အဆင့် အင်အားစုဖြစ်သည့် ရှောင်ယွဲ့ဂိုဏ်း၏ နယ်မြေသို့ ရောက်ရှိလာခဲ့၏။

ထိုအချိန်တွင် ကျန်းဟောင်သည် သူတို့ကို စုဝေးစေကာ မစ်ရှင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

"အားလုံးပဲ.. ငါတို့ ရှောင်ယွဲ့ဂိုဏ်းကို မကြာခင်ရောက်တော့မယ်..ဒီမစ်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ကြလဲ"

ကျန်းဟောင်က လူတိုင်းကို အနည်းငယ် ဝေ့ကြည့်ကာ ပြောလိုက်သည်။

ချိုးရူယွဲ့က ခဏမျှ တုံ့ဆိုင်းးနေပြီးမှ ပြောလိုက်သည်။

"ကြီးကြပ်ရေးမှုးကျန်း.. ကျွန်မတို့က ရှောင်ယွဲ့ဂိုဏ်းရဲ့အခြေအနေကို အခုထိ အတိအကျ မသိရသေးဘူး.. ဒါကြောင့် ‌ရှောင်ယွဲ့ဂိုဏ်းဆီ အမြန်ဆုံး သွားသင့်တယ်လို့ ထင်တယ်"

အခန်း(၉၆၆)ပြီး၏။

All Chapters