အခန်း (၉၆၇-၉၆၉)
Vol. 65 Ch. 967-969
အခန်း(၉၆၇)
ချိုးရူယွဲ့သည် ရှောင်ယွဲ့ဂိုဏ်းဝင် ဖြစ်ရာ ယခု ရှောင်ယွဲ့ဂိုဏ်းတွင် တစ်စုံတစ်ရာ ဖြစ်ပွားနေ၍ ရှောင်ယွဲ့ဂိုဏ်း၏ လက်ရှိအခြေအနေကို နားလည်ရန် အမြန်ဆုံး ပြန်သွားလိုသည်မှာ သဘာဝကျပေသည်။
"ရှောင်ယွဲ့ဂိုဏ်းရဲ့ အခြေအနေမှန်ကို လက်ရှိမှာ ဘာမှအတိအကျ မသိရသေးဘူး.. အလျင်စလိုသွားတာက ဥာဏ်ရှိတဲ့ရွေးချယ်မှုတော့ မဟုတ်ဘူး.. ဒါ့အပြင် ငါတို့က ရှောင်ယွဲ့ဂိုဏ်းထဲ ပေါ်ပေါ်ထင်ထင် ဝင်သွားမယ်ဆိုရင် သွေးကျင့်ကြံသူရဲ့ အာရုံကို ဆွဲဆောင်မိသွားမှာ သေချာသလောက်ပဲ"
ရှောင်နန်က အနည်းငယ် စဥ်းစားဟန်ပြု၍ ပြောလိုက်သည်။
"ဒါဆို ရှောင်ယွဲ့ဂိုဏ်းဆီ လူလွှတ်ပြီး အခြေအနေကို အရင်စုံစမ်းကြတာပေါ့"
"ကောင်းပြီလေ..ဒါဆို အဖွဲ့နှစ်ဖွဲ့ခွဲကြရအောင်.."
"ကျန်းချန်၊ ချိုးရူယွဲ့နဲ့ လီဖုန်း.. မင်းတို့သုံးယောက်က ရှောင်ယွဲ့ဂိုဏ်းဆီ တိုက်ရိုက်သွားကြ.. ရှောင်နန်နဲ့ ငါက နောက်ကွယ်ကနေ လျှို့ဝှက် အကာအကွယ်ပေးမယ်.. သတင်းထူးရင် ငါ့ဆီ ဆက်သွယ်ဖို့မမေ့နဲ့"
မကြာခင်မှာပင် ကျန်းဟောင်က ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။
ကျန်းချန်က ကျန်းဟောင်ထံမှ အမိန့်ကို ရရှိပြီးနောက်တွင် ကျန်းဟောင်နှင့် တခြားသူများကို လေးနက်စွာ တစ်ချက် ကြည့်လိုက်သည်။
ထို့နောက်တွင် သူက ချိုးရူယွဲ့၊ လီဖုန်းတို့နှင့်အတူ ရှောင်ယွဲ့ဂိုဏ်းဆီသို့ ထွက်လာခဲ့၏။
"ကြီးကြပ်ရေးမှုးကျန်းက တကယ်ကို ဥာဏ်များတာပဲ.. ကျန်းချန်ကို ရှောင်ယွဲ့ဂိုဏ်းဆီ လွယ်လွယ်ကူကူ ပို့နိုင်ခဲ့တယ်"
ထွက်ခွာသွားသည့် ကျန်းချန်တို့ သုံးယောက်၏ ကျောပြင်ကိုကြည့်ရင်း ရှောင်နန်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။
"ဒါကလည်း ညီလေး ရှောင်နန်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ပါ"
ကျန်းဟောင်က ပြုံး၍ ပြောလိုက်သည်။
"အခု ကျန်းချန်တို့ လူစု ရှောင်ယွဲ့ဂိုဏ်းထဲကို ဝင်သွားခဲ့ပြီ.. သူတို့ရဲ့ စွမ်းအားနဲ့ ဆိုရင် သွေးကျင့်ကြံသူကို ရင်ဆိုင်ရတာနဲ့ သေဆုံးမှာ အသေအချာပဲ"
"ကြီးကြပ်ရေးမှုးကျန်း.. ကျွန်တော်တို့ လိုက်သွားကြရအောင်.. ဒီတစ်ကြိမ် ရှောင်ယွဲ့ဂိုဏ်းရဲ့ မစ်ရှင်အတွက် ပေးထားတဲ့ဆုလာဘ်က အရမ်းများတယ်.. သွေးကျင့်ကြံသူက ကျန်းချန်ကို ဖယ်ရှားပြီးတာနဲ့ ကျွန်တော်တို့က သွေးကျင့်ကြံသူကို တိုက်ရိုက် သတ်ဖြတ်ပြီး ဆုလာဘ်တွေကို ရယူကြမယ်"
ရှောင်နန်က ပြုံး၍ ပြောလိုက်သည်။
"ငါတို့ခရီးစဥ်ရဲ့ အဓိကရည်ရွယ်ချက်က ကျန်းချန်ကို ရှင်းပစ်ဖို့ပဲ.. ရှောင်ယွဲ့ဂိုဏ်းရဲ့ အခြေအနေ မရှင်းမချင်း အလောတကြီး မလုပ်ဆောင်ဖို့ လိုအပ်တယ်"
ကျန်းဟောင်က ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။
သူ၏ မျက်နှာအမူအရာက လေးနက်နေ၏။
ထိုစကားကိုကြားလျှင် ရှောင်နန်က အံ့အားသင့်သွားခဲ့သည်။
"ရှောင်ယွဲ့ဂိုဏ်းရဲ့ မစ်ရှင်မှာ တစ်ခုခု မူမမှန်တာ ရှိနေလို့လား"
"ရှောင်ယွဲ့ဂိုဏ်းက ကြယ်နှစ်ပွင့်အင်အားစု ဖြစ်တဲ့အတွက် ရှောင်ယွဲ့ဂိုဏ်းမှာ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိတယ်.. ဒါပေမဲ့ နတ်ဝိညာဥ်ဘုရင် အဆင့် ကျင့်ကြံသူ ရှိလျက်နဲ့ သွေးကျင့်ကြံသူက ရှောင်ယွဲ့ဂိုဏ်းကို ဘာမှ မလုပ်နိုင်အောင် လုပ်နိုင်တယ် ဆိုမှတော့ ဒီကိစ္စက ဘယ်လိုလုပ်ပြီး ရိုးရှင်းမှာလဲ"
ကျန်းဟောင်က လေးနက်စွာ ပြောလိုက်သည်။
"ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူက သွေးနတ်ဆိုးနန်းတော်က ကျင့်ကြံသူ ဖြစ်နိုင်တယ်"
"သွေးနတ်ဆိုးနန်းတော် ဟုတ်လား.."
ရှောင်နန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။
ရှန်းဝူတိုက်ကြီးတွင် သွေးနတ်ဆိုး နန်းတော်နှင့် ဆက်စပ်မှုရှိသည့် မည်သူမဆို မရိုးရှင်းသည်မှာ သေချာသလောက်ဖြစ်သည်။
သို့ဖြစ်ရာ ရှောင်ယွဲ့ဂိုဏ်း၏ မစ်ရှင်တွင် မပါဝင်သည်က ပိုကောင်းမည် မဟုတ်ပါလား။
သို့မဟုတ်လျှင် အနည်းငယ် ပေါ့ဆမိသည်နှင့် သူတို့ကို သေစေနိုင်လောက်သည် အထိ ဘေးအန္တရာယ် သယ်ဆောင်လာမည်ကို သူစိုးရိမ်မိသည်။
------------
ကျန်းချန်တို့ သုံးယောက်သည် ကျန်းဟောင်၏ အမိန့်ကို ရရှိပြီးနောက်တွင် ရှောင်ယွဲ့ဂိုဏ်း ဆီသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့ကြသည်။
ချိုးရူယွဲ့သည် ရှောင်ယွဲ့ဂိုဏ်း၏ အဖွဲ့ဝင် ဖြစ်သောကြောင့် ရှောင်ယွဲ့ဂိုဏ်းနှင့် အလွန်ပင် ရင်းနှီးနေခဲ့သည်။
သူမ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ရှောင်ယွဲ့ဂိုဏ်း၏ ဂိတ်တံခါးဝဆီသို့ ရောက်ရှိလာခဲ့ကြသည်။
"ဘယ်သူတွေလဲ"
ဂိတ်တံခါးကို စောင့်ကြပ်နေသည့် ရှောင်ယွဲ့ဂိုဏ်း၏ တပည့်လေးဦးသည် ချက်ချင်းပင် ပျံသန်း၍ ထွက်လာခဲ့ကြပြီး ကျန်းချန်တို့ သုံးယောက်ကို စူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
ထိုခဏတွင် ချိုးရူယွဲ့၏ လှပသောမျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။
"အံမယ်.. နင်တို့က ငါ့ကိုတောင် မမှတ်မိတော့ဘူးလား.."
"သခင်မလေး..သခင်မလေး ပြန်လာပြီဟေ့.. မြန်မြန် သခင်ကြီးကို သတင်းပို့လိုက်ကြဦး"
ရှောင်ယွဲ့ဂိုဏ်း၏ တပည့်များသည် ချိုးရူယွဲ့၏ မျက်နှာကို မြင်လျှင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ချက်ချင်းပင် အလျင်အမြန် သတင်းပို့လိုက်ကြသည်။
မကြာခင်မှာပင် ရှောင်ယွဲ့ဂိုဏ်း ဆီကနေ ပုံရိပ်ဆယ်ခုသည် ပျံသန်း၍ ထွက်လာခဲ့ကြသည်။
ထိုပုံရိပ်ဆယ်ခုကို ခေါင်းဆောင်လာသူမှာ ငွေရောင်အဝတ်အစားကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်သည်။
"ရူယွဲ့.. မင်းဘာလို့ ရှောင်ယွဲ့ဂိုဏ်းဆီ ပြန်လာရတာလဲ"
ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချိုးရူယွဲ့ကို ကြည့်ကာ အံ့အားသင့်သော အမူအရာများ မျက်နှာထက်တွင် ဖြစ်ပေါ်နေခဲ့သည်။
"အဖေ သမီးတို့က ယန်ဒီမြို့ရဲ့ ကိုယ်စား ရှောင်ယွဲ့ဂိုဏ်းရဲ့ ပြဿနာကို ဖြေရှင်းဖို့ ရောက်လာခဲ့တာပါ"
ချိုးရူယွဲ့က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်ပြီး ငွေရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ကျန်းချန်တို့ကို မိတ်ဆက်ပေးလိုက်သည်။
"ဒီနှစ်ယောက်က သမီးရဲ့ ဂိုဏ်းတူတွေ ဖြစ်တဲ့ ကျန်းချန်နဲ့ လီဖုန်းတို့ပါ"
အခန်း(၉၆၇)ပြီး၏။
အခန်း(၉၆၈)
"ရှောင်ယွဲ့ဂိုဏ်းချုပ်ချိုးရွှယ်.. သူရဲကောင်းလေးနှစ်ဦးကို ဂါဝရပြုပါတယ်"
ငွေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်သည် ကျန်းချန်တို့နှစ်ဦးအပေါ် ချက်ချင်းဆိုသလို ကျရောက်လာခဲ့သည်။
သူက လက်သီးဆုပ်၍ ယဥ်ကျေးစွာ ဂါဝရပြုလိုက်သည်။
ရှောင်ယွဲ့ဂိုဏ်းသည် ယန်ဒီမြို့နှင့် ဆက်စပ်မှုရှိ၏။
ကျန်းချန်တို့လူစုသည် ကြယ်လေးပွင့် သူတောင်စင်နယ်မြေ ဖြစ်သည့် ယန်ဒီမြို့၏ သံတမန်များကဲ့သို့ ဖြစ်ရာ ချိုးရွှယ်သည် အနည်းငယ်မျှပင် မပေါ့ဆရဲခဲ့ပေ။
ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်သည် ရှောင်ယွဲ့ဂိုဏ်း၏ တစ်ဦးတည်းသော နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး ရှောင်ယွဲ့ဂိုဏ်းတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ယခုမူ သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာဖြင့် အသက်နှစ်ဆယ်သာ ရှိသေးသော လူငယ်နှစ်ဦးကို နှုတ်ဆက်နေခဲ့သည်။
ကျန်းချန်နှင့် လီဖုန်းသည် အလွန်အမင်း အံ့အားသင့်သွားခဲ့ကြပြီး မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။
"ဂိုဏ်းချုပ်ချိုးက အားနာလွန်းနေပါပြီ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက် ချိုးရူယွဲ့ကို တအံ့တသြ ကြည့်လိုက်သည်။
ချိုးရူယွဲ့က ဤမစ်ရှင်တွင် ပါဝင်ရန်အတွက် ကိုယ်တိုင် လျောက်ထားခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။
သူမသည် ရှောင်ယွဲ့ဂိုဏ်းချုပ်၏ သမီး ဖြစ်နေသည် မဟုတ်ပါလား။
"သူရဲကောင်းလေးနှစ်ဦး ခရီးဝေးကနေ ရောက်လာတာဆိုတော့ အထဲကိုကြွပါ.. သူရဲကောင်းလေးနှစ်ဦး အတွက် ဧည့်ခံပွဲကို ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"
ချိုးရွှယ်က ပြုံး၍ ပြောလိုက်ပြီး ကျန်းချန်တို့လူစုကို ရှောင်ယွဲ့ဂိုဏ်းထဲသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။
"ခုနက လူငယ်နှစ်ယောက်က ဘယ်သူတွေများလဲ"
"သူတို့က သခင်မလေးချိုးနဲ့ အတူ ရောက်လာတာဆိုတော့ ယန်ဒီမြို့ရဲ့ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်ဖို့များတယ်"
"ကြယ်လေးပွင့် သူတောင်စင်နယ်မြေရဲ့ ပါရမီရှင်တွေ ဆိုမှတော့ ဂိုဏ်းချုပ်က ဒီလောက်အထိ အလေးအနက်ထားတာ အံ့သြစရာ မဟုတ်တော့ဘူး"
"............"
ထွက်ခွာသွားသော ကျန်းချန်တို့၏ နောက်ကျောကို ကြည့်ကာ ရှောင်ယွဲ့ဂိုဏ်း၏ တပည့်အားလုံးသည် အားကျသော အမူအရာများကို ပြသခဲ့ကြသည်။
ခမ်းနားထည်ဝါသော အဆောက်အဦးတစ်ခု အတွင်းတွင် ကျန်းချန်၊ ချိုးရွှယ်နှင့် ရှောင်ယွဲ့ဂိုဏ်း၏ အကြီးအကဲများ စုဝေးနေခဲ့ကြသည်။
မကြာမီမှာပင် ရှောင်ယွဲ့ဂိုဏ်းသည် အရသာရှိသောအစားအစာများ၊ အရက်များနှင့် ဟင်းလျာများကို တည်ခင်းဧည့်ခံခဲ့သည်။
အရက်သုံးခွက်မြောက် သောက်ပြီးနောက်တွင် ကျန်းချန်သည် ချိုးရွှယ်ကို ရှောင်ယွဲ့ဂိုဏ်း၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် ပြင်ဆင်နေစဥ် ချိုးရူယွဲ့က အရင်ဦးဆုံး စပြောလိုက်သည်။
"အဖေ.. ရှောင်ယွဲ့ဂိုဏ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူ ထွက်ပေါ်လာခဲ့ပြီး ရှောင်ယွဲ့ဂိုဏ်းကို အထိတ်တလန့် ဖြစ်စေခဲ့တယ်လို့ ကြားတယ်.. ဒါဘယ်လိုဖြစ်ရတာလဲ"
"ဟားဟား.. ရှောင်ယွဲ့ဂိုဏ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူတစ်ဦး နှောင့်ယှက်ခဲ့တာ အမှန်ပဲ.. ဒါပေမဲ့ ဒီကိစ္စက ပြီးသွားခဲ့ပြီ.. အခု ရှောင်ယွဲ့ဂိုဏ်းက အေးအေးဆေးဆေးဖြစ်နေပြီ.. ဘာပြဿနာမှ မရှိတော့ဘူး"
ချိုးရွှယ်၏ မျက်လုံးများတွင် သွေးရောင်အလင်းတန်း တစ်ခု လင်းလက်သွားခဲ့ပြီး ကျန်းချန်တို့ လူစုကို ချက်ချင်းဆိုသလို တောင်းပန်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းတို့တွေ ဒီကိစ္စအတွက် လာတာ ဆိုရင်တော့ အလဟဿလာသလို ဖြစ်သွားမှာ ငါစိုးရိမ်မိတယ်"
"ဘယ်လို.. ရှောင်ယွဲ့ဂိုဏ်းက ဘာပြဿနာမှ မရှိတော့ဘူး ဟုတ်လား"
ချိုးရွှယ်၏ စကားကိုကြားလျှင် ကျန်းချန်တို့ သုံးယောက်သည် အံ့အားသင့်သွားကြသည်။
ရှောင်ယွဲ့ဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၍ ယန်ဒီမြို့ဆီ အကူအညီ တောင်းခံခဲ့သည်။
မကြာသေးခင်က ရှောင်ယွဲ့ဂိုဏ်း၏ အခြေအနေကို စုံစမ်းရန် စေလွှတ်လိုက်သော တပည့်နှစ်ဦးသည် ရှောင်ယွဲ့ဂိုဏ်းတွင် အသတ်ခံခဲ့ရသည်။
ထိုကြောင့်လည်း ယန်ဒီမြို့သည် ရှောင်ယွဲ့ဂိုဏ်း ဆီသို့ သူတို့ကို စေလွှတ်ခဲ့ခြင်းပင်။
သို့သော်လည်း ယခုအခါတွင် ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်သည် ရှောင်ယွဲ့ဂိုဏ်းက ဘာပြဿနာမှ မရှိတော့ကြောင်း သူတို့ကို ပြောဆိုနေခဲ့သည်။
"ဒါဆို ဂိုဏ်းချုပ်ချိုး.. လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူကို ရှင်းပစ်လိုက်ပြီလား"
ကျန်းချန်က မှင်တက်ရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။
"မရှင်းပစ်ရသေးဘူး.. အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူက ခန့်မှန်းရ အရမ်းခက်ခဲတယ်.. ငါသာ သူ့ကိုဖြေရှင်းနိုင်ရင် ယန်ဒီမြို့ဆီ အကူအညီတောင်းခံမှာတောင် မဟုတ်ဘူး.. ဒါပေမဲ့ မကြာသေးခင်ကစပြီး ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကျင့်ကြံသူက လုံးဝပျောက်ကွယ်သွားခဲ့တယ်.. အချိန်အတော်ကြာတဲ့အထိ ပြန်ပေါ်မလာတော့ဘူး.. အခု ရှောင်ယွဲ့ဂိုဏ်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုတော့ ယန်ဒီမြို့ဆီ အကူအညီတောင်းခံထားတာကို ဖျက်သိမ်းဖို့တောင် ငါစီစဥ်ထားပြီးပြီ.. ဒါပေမဲ့ ငါ့ရဲ့ အစီအစဥ်မတိုင်မီ ယန်ဒီမြို့က မင်းတို့ကို စေလွှတ်လိုက်မယ်လို့ ထင်မထားမိဘူး"
ချိုးရွှယ်က လေးနက်စွာ ရှင်းပြလိုက်သည်။
ချိုးရွှယ်၏ စကားကိုကြားလျှင် ချိုးရူယွဲ့နှင့် လီဖုန်း တို့သည် အံ့သြ တုန်လှုပ်သွားခဲ့ကြ၏။
ကျန်းချန်ကမူ မျက်မှောင်တင်းကြပ်စွာ ကြုတ်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူသည် ရှောင်ယွဲ့ဂိုဏ်းတွင် ဖော်မပြနိုင်သော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ယခုအခါတွင် ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
သို့ဖြစ်ရာ ရှောင်ယွဲ့ဂိုဏ်း၏ အခြေအနေသည် တကယ်ပင် ထူးဆန်းနေသည် မဟုတ်ပါလား။
အခန်း(၉၆၈)ပြီး၏။
အခန်း(၉၆၉)
"ဒီရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်က တစ်ခုခုမူမမှန်သလိုပဲ"
သူ၏ရှေ့မှ ရှောင်ယွဲ့ဂိုဏ်းချုပ်ကို ကြည့်ရင်း ကျန်းချန်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ရှောင်ယွဲ့ဂိုဏ်း၏ ကိစ္စက ဤမျှလောက်အထိ ရိုးရှင်းမည် မဟုတ်ဟု သူ၏ စိတ်ထဲကနေ အလိုလို သိနေခဲ့သည်။
ရှောင်ယွဲ့ဂိုဏ်းချုပ်သည် ကိစ္စတချို့ကို တမင်တကာ ဖုံးကွယ်ထားပုံရ၏။
ချိုးရွှယ်ထံမှ မည်သည့် သတင်းအချက်အလက်ကိုမှ မရနိုင်သည်ကို သိလျှင် ကျန်းချန်သည် ထပ်မံ မမေးမြန်းတော့ပေ။
တစ်နာရီအကြာတွင် ဧည့်ခံပွဲသည် ပြီးဆုံးသွားခဲ့သည်။
ချိုးရွှယ်က ကျန်းချန်တို့ကို အနားယူဖို့ ပြောလိုက်သည်။
ကျန်းချန်တို့ ထွက်ခွာသွားပြီးနောက်တွင် ခန်းမထဲရှိ ရှောင်ယွဲ့ဂိုဏ်းမှ အကြီးအကဲများသည်လည်း ထွက်ခွာသွားခဲ့ကြ၏။
သိပ်မကြာခင်မှာပင် ခန်းမထဲ၌ ချိုးရွှယ်နှင့် ချိုးရူယွဲ့တို့ နှစ်ဦးသာ ကျန်ရှိတော့သည်။
"အဖေ ရှောင်ယွဲ့ဂိုဏ်းက အဖေပြောသလိုပဲ ဘာမှမဖြစ်တော့ဘူးဆိုတာ တကယ်ပဲလား.. ဒီလောက် ရိုးရှင်းမယ်လို့ သမီးတော့ မထင်ဘူး"
ချိုးရူယွဲ့က ချိုးရွှယ်ကို ပဟေဠိဆန်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ယန်ဒီမြို့က သမီးတို့ကို စေလွှတ်ခဲ့တယ်.. သမီးကို အဖေတစ်စုံတစ်ရာ ဖုံးကွယ်ထားတာများ ရှိလား"
"ရူယွဲ့.. မင်းအရမ်း အတွေးလွန်နေပြီ.. ငါဘာမှ မင်းကို မဖုံးကွယ်ထားပါဘူး.. ရှောင်ယွဲ့ဂိုဏ်းကတော့ အခု မင်းမြင်တဲ့အတိုင်းပဲ.. အားလုံး ပုံမှန်ဖြစ်သွားခဲ့ပြီ.. မနက်ဖြန် ယန်ဒီမြို့က တပည့်နှစ်ဦးကို ယန်ဒီမြို့ဆီ ပြန်လွှတ်လိုက်တော့မယ်.. မင်းကတော့ ယန်ဒီမြို့ဆီ ပြန်မသွားနဲ့တော့.. ရှောင်ယွဲ့ဂိုဏ်းမှာပဲနေပြီး အဖေ့ကို ကူညီပေါ့"
ချိုးရွှယ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ချိုးရွှယ်၏ စကားကိုကြားလျှင် ချိုးရူယွဲ့၏ လှပသောမျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ကိုယ်ခံပညာ ထွန်းကားသော ကျုံးကျိုးကုန်းမြေ တိုက်ကြီးတွင် ရှောင်ယွဲ့ဂိုဏ်း ကဲ့သို့ ကြယ်နှစ်ပွင့်အင်အားစု အများအပြား ရှိသည်။
သူတို့ကဲ့သို့ အင်အားစုများ ဖွံ့ဖြိုးတိုးတက်ပြီး အသက်ရှင်ရပ်တည်ရန် အတွက် အကောင်းဆုံးနည်းလမ်းမှာ ပိုမိုအားကောင်းသည့် အင်အားစု၏ အထောက်အပံ့ကို ရယူရန် ဖြစ်သည်။
ဆိုရလျှင် ရှောင်ယွဲ့ဂိုဏ်းသည် ယန်ဒီမြို့၏ လက်အောက်ခံ ကြယ်နှစ်ပွင့်အင်အားစု ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ချိုးရွှယ်သည် ယန်ဒီမြို့နှင့်ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် အတွက် ချိုးရူယွဲ့ကို ယန်ဒီမြို့ဆီ သူ၏ အဆက်အသွယ်များအားအသုံးပြု၍ စေလွှတ်ခဲ့သည်။
သူမကို ယန်ဒီမြို့ဆီ စေလွှတ်ရန် အလွန်ပင် စိတ်အားထက်သန်ခဲ့သည့် သူမ၏ ဖခင်သည် ယနေ့တွင် သူမကို ယန်ဒီမြို့ဆီ မသွားစေရန် တားမြစ်လိုက်မည်ဟု ချိုးရူယွဲ့ လုံးဝ မထင်မိခဲ့ပေ။
"အဖေ..ဒီတစ်ကြိမ်တော့ အဖေ့ရဲ့ စီစဥ်မှုကို မလိုက်နာနိုင်တာ ခွင့်လွှတ်ပေးပါ.. အဖေက သမီးကို မပြောပြဘူး ဆိုရင်တောင် ရှောင်ယွဲ့ဂိုဏ်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့လည်း ဆိုတာ သမီးသေချာပေါက် ရှာဖွေမှာပဲ"
ချိုးရူယွဲ့က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ခန်းမ အပြင်ဘက်သို့ သွားရန် ပြင်လိုက်သည်။
"မင်းဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယန်ဒီမြို့ကို မသွားဘဲ ရှောင်ယွဲ့ဂိုဏ်းမှာပဲ မင်းနေထိုင်ရမယ်"
ထိုစကားကို ပြောပြီးနောက်တွင် ချိုးရွှယ်က သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ရာ အင်အားကြီးမားသော စွမ်းအားတစ်ခုသည် ချိုးရူယွဲ့ကို ချက်ချင်းပင် ပိတ်လှောင်လိုက်သည်။
ချိုးရွှယ်က ချိုးရူယွဲ့ကို ခပ်တင်းတင်း စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီကောင်မလေးကို ခေါ်သွားပြီး အနားယူခိုင်းလိုက်.. ငါ့ခွင့်ပြုချက်မရှိဘဲ အခန်းထဲကနေ မထွက်စေနဲ့"
"ဟုတ်ကဲ့"
ချိုးရွှယ်၏ စကားဆုံးသည်နှင့် တစ္ဆေကဲ့သို့ လျင်မြန်သော အနက်ရောင် အရိပ်တစ်ခုသည် အခန်းထဲသို့ လျှပ်တပြက် ဝင်ရောက်လာခဲ့ပြီး ချိုးရူယွဲ့နှင့် အတူ ခန်းမထဲကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
"ရူယွဲ့.. ငါ့ကို အပြစ်မတင်ပါနဲ့..လက်ရှိ ရှောင်ယွဲ့ဂိုဏ်းက အရင်ကလို မဟုတ်တော့ဘူး..ငါလည်း ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရတော့ဘူး"
ချိုးရူယွဲ့ ထွက်ခွာသွားပြီးနောက်တွင် ချိုးရွှယ်၏ မျက်နှာထက်၌ ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဂိုဏ်းချုပ်.. ယန်ဒီမြို့က လာတဲ့ တပည့်နှစ်ဦးက ကျွန်တော်တို့အပေါ် သံသယရှိနေပုံရတယ်.. သူတို့ကို ရှင်းပြစ်လိုက်ရမလား"
ထိုအချိန်တွင် တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ချိုးရွှယ်၏ အရှေ့တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
"ဒီလောက်ထိ မလိုသေးဘူး"
ချိုးရွှယ်က သူ၏ လက်ကို ဝှေ့ရမ်းကာ ပြောလိုက်သည်။
"ယန်ဒီမြို့က တပည့်နှစ်ဦးသာ ငါတို့ ရှောင်ယွဲ့ဂိုဏ်းမှာ ထပ်ပြီး သေဆုံးသွားမယ်ဆိုရင် ယန်ဒီမြို့က ငါတို့ ရှောင်ယွဲ့ဂိုဏ်းကို မျက်စိကျသွားမှာ သေချာသလောက်ပဲ.. အဲဒီအခါ သူတို့ထက် အင်အားကြီးမားတဲ့ သူတွေကို စေလွှတ်လိုက်ရင် ငါတို့အတွက် ဒုက္ခများသွားလိမ့်မယ်"
"ဒါဆို ဂိုဏ်းချုပ် ဆိုလိုတာက.."
"ဒီကောင်လေးနှစ်ယောက်နဲ့ သွားတွေ့ကြရအောင်.. ဒီကောင်လေးတွေက ယန်ဒီမြို့မှာ အတော်လေးအရေးပါတဲ့ တပည့်တွေလို့ ငါသိထားတယ်.. သူတို့ နှစ်ယောက်က သခင်ကြီးအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတွေပဲ"
စကားဆုံးသည်နှင့် ချိုးရွှယ်သည် ခြေလှမ်းကျဲကြီးများဖြင့် ခန်းမ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။
အခန်း(၉၆၉)ပြီး၏။