← Chapters

အခန်း (၉၇၀-၉၇၂)

Vol. 65 Ch. 970-972

အခန်း (၉၇၀-၉၇၂)

Vol. 65 Ch. 970-972

အခန်း(၉၇၀)

ရှောင်ယွဲ့ဂိုဏ်း၏ ဧည့်သည်နားနေဆောင်တွင် ကျန်းချန်နှင့်လီဖုန်းတို့သည် ဆွေးနွေးနေခဲ့ကြသည်။

"ညီလေးကျန်း.. ရှောင်ယွဲ့ဂိုဏ်းရဲ့ ကိစ္စနဲ့ပတ်သက်ပြီး မင်းဘယ်လိုမြင်လဲ"

လီဖုန်းက သူ့ရှေ့မှကျန်းချန်ကို အလွန်တရာ လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

ကျန်းချန်က စိတ်ထဲရှိသည့်အတိုင်းပင် ပြောလိုက်သည်။

"အရမ်းကို ထူးဆန်းနေတယ်.. ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်က ကျွန်တော်တို့ကို ကြိုဆိုချင်ပုံမရဘူး.. ကျွန်တော်တို့ မသိစေချင်တဲ့ ကိစ္စတစ်ခုခု ရှိနေသလိုပဲ"

"ငါလည်း မင်းလိုပဲခံစားရတယ်.. တည့်တည့်ပြောရရင် ရှောင်ယွဲ့ဂိုဏ်းက ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတဲ့ပုံပဲ"

လီဖုန်းက လေးနက်စွာ ပြောလိုက်သည်။

"ငါရှောင်ယွဲ့ဂိုဏ်းရဲ့ အခြေအနေကို ကြီးကြပ်ရေးမှုးကျန်းဆီ သတင်းပို့ပြီးပြီ..သူတို့ ဆုံးဖြတ်ဖို့ပဲ ကျန်တော့တယ်"

လီဖုန်း၏ စကားကိုကြားလျှင် ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး စိတ်ထဲတွင် ပြုံးလိုက်မိသည်။

လီဖုန်းသည် ကျန်းဟောင်တို့ လူစုက သူတို့ကို ရောင်းစားခဲ့မှန်း မသိသေးပုံ ရ၏။

ဤတစ်ကြိမ်မစ်ရှင်တွင် ကျန်းဟောင်နှင့် ရှောင်နန်တို့ ပါဝင်လာသည့် အဓိက အကြောင်းအရင်းသည် သူ့ကို ပစ်မှတ်ထားရန် ဖြစ်နိုင်ချေများ၏။

ယနေ့တွင် ကျန်းဟောင်သည် သူ့ကို ရှောင်ယွဲ့ဂိုဏ်းဆီ အခြေအနေကို အရင် စုံစမ်းစေခဲ့ပြီး အဖွဲ့ဝင်ခြောက်ဦး ထဲတွင် အားအနည်းဆုံးဖြစ်သည့် လီဖုန်းကို သူတို့နှင့် အတူ ထည့်ပေးခဲ့သည်။

ထိုအချိန်ကတည်းကပင် ကျန်းဟောင်၏ လှုပ်ရှားမှုက မရိုးသားမှန်း ကျန်းချန် ရိပ်မိခဲ့သည်။

သူ့ခန့်မှန်းချက်သာ မမှားလျှင် ကျန်းဟောင်သည် သူ့ကို ရှောင်ယွဲ့ဂိုဏ်းဆီ အရင်လာစေခြင်းမှာ ဓားငှား၍ လူသတ်သော နည်းလမ်းဖြင့် ရှောင်ယွဲ့ဂိုဏ်းတွင် တိတ်တဆိတ် လှုပ်ရှားမှုများ ပြုလုပ်နေသော သွေးကျင့်ကြံသူကို အသုံးပြုကာ သူ့ကို ဖယ်ရှားလိုခြင်း ဖြစ်နိုင်သည်။

သူ့အနေဖြင့် မည်သည့် အန္တရာယ်ကို ကြုံရသည်ဖြစ်စေ၊ ကျန်းဟောင်တို့က သူ့ကို မကူညီမည်မှာ သေချာသလောက်ပင်။

၎င်းတို့က ရှောင်ယွဲ့ဂိုဏ်းတွင် သူသေဆုံးသွားသည်ကိုသာ ပို၍ အလိုရှိလိမ့်မည် မဟုတ်ပါလား။

လီဖုန်းကမူ အကြောင်းမဲ့ ဘေးအန္တရာယ်ကို ခံစားခဲ့ရသည့် ကံဆိုးသူ မောင်ရှင်တစ်ယောက်ပင်။

"အကိုလီ.. ဒီက အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ သေချာမသိရသေးဘူး.. မနက်ဖြန်မှပဲ ပြောကြတာပေါ့.. ဒါ့အပြင် ကျွန်တော်တို့ဆီမှာ အမချိုးလည်း ရှိပါသေးတယ်.. အမချိုးအနေနဲ့ ရှောင်ယွဲ့ဂိုဏ်းရဲ့ အခြေအနေကို ကျွန်တော်တို့ထက်ပိုပြီး သိထားမယ်လို့ ကျွန်တော်ထင်တယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီလေ.. မနက်ဖြန်ကျမှပဲ ရှောင်ယွဲ့ဂိုဏ်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားသလဲဆိုတာ စစ်ဆေးကြည့်ကြတာပေါ့"

လီဖုန်းက ခေါင်းညိတ်လိုက်ပြီး အနားယူရန် အခန်းထဲသို့ ပြန်ဝင်ဖို့ ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် လီဖုန်းသည် ကျောက်စိမ်းတံဆိပ်ပြားထံမှ တုန်ခါမှုကို ခံစားမိလိုက်ပြီး ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

သူက ကျန်းချန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ညီလေးကျန်း.. မင်းလည်း ခုနက ချိုးရူယွဲ့ရဲ့ စာကို ရလိုက်လား"

"ရလိုက်တယ် အကိုလီ.."

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

သူ၏စိတ်ထဲတွင် အနည်းငယ် အံ့သြတုန်လှုပ်နေခဲ့၏။

အစောပိုင်းက ချိုးရူယွဲ့သည် သက်သေခံ ကျောက်စိမ်းတံဆိပ်ပြားကနေ တဆင့် သူမ၏ ဖခင်ချိုးရွှယ်က သူမကို အကျယ်ချုပ် ချထားသည့် အကြောင်းကို သူတို့အား သတင်းပေးပို့ခဲ့သည်။

"ချိုးရွှယ်က ဘာလို့ သူ့သမီးကိုတောင် အကျယ်ချုပ်ချထားရတာလဲ"

လီဖုန်း၏မျက်နှာထက်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ညီလေးကျန်း.. အခုအချိန်မှာ ရှောင်ယွဲ့ဂိုဏ်းက အရမ်းကို အန္တရာယ်များနေပြီ.. ချိုးရူယွဲ့က ငါတို့ကို ချက်ချင်းထွက်သွားခိုင်းတယ်.. ငါတို့တွေ အချိန်မဆွဲဘဲ ကြီးကြပ်ရေးမှုး ကျန်း တို့နဲ့ သွားတွေ့ကြရအောင်"

"နောက်ကျသွားခဲ့ပြီ အကိုလီဖုန်း"

ကျန်းချန်က ခေါင်းခါရမ်းလိုက်သည်။

ရှောင်ယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ချိုးရွှယ်သည် သူ၏ သမီးကိုပင် နေအိမ် အကျယ်ချုပ် ချထားခဲ့ပြီဖြစ်ရာ သူတို့ကို မည်ကဲ့သို့ အလွယ်တကူ ထွက်ခွာခွင့် ပြုနိုင်ပါမည်နည်း။

ကျန်းချန်၏ စကားသံ အဆုံးမှာပင် ခြံ​ဝင်း အပြင်ဘက်ကနေ လူနှစ်ယောက်သည် သူတို့ဆီသို့ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ် ဖြစ်သည်။

"ဂိုဏ်းချုပ်ချိုး.. ချိုးရူယွဲ့ကို ဘာလို့ အကျယ်ချုပ် ချထားရတာလဲ.. ဒါက ဘာသဘောလဲ"

လီဖုန်းက ခြံဝင်းထဲကို လျှောက်ဝင်လာသည့် ချိုးရွှယ်ကို ကြည့်ကာ မကျေမနပ် အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။

ထိုစကားကိုကြားလျှင် ချိုးရွှယ်က ပြုံးလိုက်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။

"ငါ့သမီးက မင်းတို့ဆီ ဒီလောက်မြန်မြန် ပြောပြခဲ့တယ် ဆိုတော့ မင်းတို့နဲ့ အတော်လေး ရင်းနှီးတဲ့ပုံပဲ"

ထိုအချိန်တွင် ကျန်းချန်သည် ချိုးရွှယ်ကို တည်ငြိမ်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။

"ဘာလဲ ဂိုဏ်းချုပ်ချိုးက အခု ကျွန်တော်တို့ နှစ်ယောက်ကိုပါ အကျယ်ချုပ်ချဖို့ ရောက်လာတာလား"

"ဟားဟား..မင်းတို့နှစ်ယောက် ယန်ဒီမြို့ရဲ့ ပါရမီရှင်တွေပဲ.. ငါချိုးရွှယ်က မင်းတို့ နှစ်ယောက်ကို ဘယ်လိုလုပ်ပြီး အကျယ်ချုပ်ချဖို့ သတ္တိရှိပါ့မလဲ"

ချိုးရွှယ်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"ငါအခု ဒီကို ရောက်လာတာက မင်းတို့ကို ဆေးလုံးတစ်လုံးစီပေးဖို့ပဲ"

အခန်း(၉၇၀)ပြီး၏။

အခန်း(၉၇၁)

"ဆေးလုံးပေးမလို့ ဟုတ်လား"

ချိုးရွှယ်၏ စကားသံကြောင့် သူတို့နှစ်ဦး အံ့အားသင့်သွားကြ၏။

သူတို့ အံ့အားသင့်နေစဥ်မှာပင် ချိုးရွှယ်က သူ့လက်ကို လှုပ်ရှားလိုက်ရာ လက်ဖဝါးအရွယ် ဆေးဘူးနှစ်ဘူးသည် ကျန်းချန်တို့ နှစ်ဦးဆီသို့ ပစ်လွင့်လာပြီး သူတို့ရှေ့ရှိ လေထုထဲတွင် ရပ်တန့်နေခဲ့သည်။

ကျန်းချန်က သူ့ရှေ့က ဆေးဘူးကို ဂရုမစိုက်ဘဲ ချိုးရွှယ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ချိုးက ကျွန်တော်တို့ကို ဆေးလုံးပေးဖို့ သက်သက်တော့ မဟုတ်လောက်ဘူး ထင်တယ်"

"တကယ်တော့ ဒါက ရိုးရှင်းပါတယ်"

ချိုးရွှယ်က အနည်းငယ် ပြုံးပြ၍ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ငါ့ရှေ့မှာ ဒီဆေးလုံးကို စားလိုက်တာနဲ့ မင်းတို့ ဘာပဲလုပ်လုပ် ငါချိုးရွှယ်က မနှောင့်ယှက်တော့ဘူးလိူ့ ကတိပေးတယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွှတ်သွားခဲ့​သည်။

သူ၏ အကြည့်က သူ့ရှေ့ရှိ ဆေးဘူးပေါ်သို့ ကျရောက်သွားခဲ့သည်။

သူက လက်လှမ်းကာ ဆေးဘူးကို ဆွဲယူလိုက်ပြီး ဖွင့်လိုက်ရာ ကြက်ဥအရွယ် သွေးနီရောင် ဆေးလုံး တစ်လုံးသည် သူ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့၏။

"ဒင်.. သင်က ရှေးဟောင်းနတ်ဆိုး ဆေးလုံး ဖြစ်တဲ့ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို တွေ့ရှိပြီး အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးရဲ့ အဆိပ်ဖြေနည်းကို နားလည်သွားပါပြီ"

သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည့် စနစ်၏ အချက်ပေးသံကြောင့် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

သူ့ရှေ့မှ ဆေးလုံးသည် တကယ်တမ်းတွင် ရှေးဟောင်းနတ်ဆိုးဆေးလုံး ဖြစ်သည့် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံး ဖြစ်နေခဲ့၏။

သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးသည် ရှန်းဝူတိုက်ကြီးကို လွှမ်းမိုးခဲ့ဖူးသည့် လျှို့ဝှက်ဆန်းကြယ်သော သွေးနတ်ဆိုးနန်းတော်က ဖန်တီးခဲ့သည့် ထူးခြားသော ဆေးဝါး ဖြစ်သည်ဟု ဆိုကြသည်။

ဤဆေးလုံးကို သွေးလမ်းစဥ် ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင် သွေးအဆီအနှစ်ကို အသုံးပြုပြီး ပြုလုပ်ကြ၏။

သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို ဆေးလုံးဟု ပြောခြင်းထက် လူအများကို ထိန်းချုပ်သည့် နည်းလမ်း တစ်ခုဟု ပြောခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။

ဤဆေးလုံး၏ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ သောက်သုံးမိသူ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန် ဖြစ်သည်။

သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သုံးစွဲသူတိုင်းသည် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကနေ သွေးအမှတ်အသား တစ်ခုကို စိတ်ဝိညာဥ်ထဲတွင် စိုက်ထူခံရမည်ဖြစ်ပြီး ထိုသွေးအမှတ်အသားကို ဆေးလုံးပြုလုပ်သူက ထိန်းချုပ်ထားမည် ဖြစ်၏။

ဆေးလုံးပြုလုပ်သူက သွေးအမှတ်အသားကို အသက်သွင်းလိုက်သည်နှင့် စိတ်ဝိညာဉ်ကို ချက်ချင်း ပေါက်ကွဲစေမည် ဖြစ်ရာ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သောက်သုံးသူသည် အစအနပင် ကျန်ရှိတော့မည် မဟုတ်ပေ။

တစ်ချိန်က သွေးနတ်ဆိုးနန်းတော်သည် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို အသုံးပြု၍ ကျင့်ကြံသူ အများအပြားကို ကျွန်ပြုခဲ့သည်။

နောက်ပိုင်းတွင် သွေးနတ်ဆိုးနန်းတော် ပျက်စီးသွားခဲ့ပြီး သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးသည်လည်း ရှန်းဝူတိုက်ကြီးတွင် တားမြစ်ထားသည့် အရာတစ်ခု ဖြစ်လာခဲ့၏။

[ချိုးရွှယ်မှာ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးလို တားမြစ် ဆေးလုံးမျိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး]

ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

ထိုခဏတွင် သူက ရှောင်ယွဲ့ဂိုဏ်းကို ဒုက္ခပေးနေသည့် လျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

သွေးနတ်ဆိုး ဝိညာဥ်ပေါက်ကွဲဆေးလုံးကြောင့် ရှောင်ယွဲ့ဂိုဏ်းတွင် ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူသည် သွေးနတ်ဆိုးနန်းတော်မှ ဖြစ်နိုင်ခြေ အတော်များနေသည်။

ထို့အပြင် ချိုးရွှယ်၏ လက်ထဲမှ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်၏။

ဤအချိန်တွင် ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူက ရုတ်တရက် ပျောက်ကွယ်သွားသည်ဟု သူ့ရှေ့မှ ချိုးရွှယ်က အဘယ်ကြောင့် အချက်အလက်များအား တမင်တကာ ဖုံးကွယ်ထားသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

[ရှောင်ယွဲ့ဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီထင်တယ်]

သူ့ရှေ့မှ ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်ပင် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သောက်သုံးပြီး လျှို့ဝှက်ဆန်းကြယ်သည့် သွေးကျင့်ကြံသူ၏ ကျွန်တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

ယခု ချိုးရွှယ်က ဤသွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးနှစ်လုံးကို အတင်း သောက်ခိုင်းနေခြင်းသည် လျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူ အတွက် သူတို့ကို ကျွန်ပြုရန် ဆိုသည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။

"ဒီဆေးလုံးက တကယ်ကို ကောင်းမွန်တဲ့ ဆေးလုံးပါပဲ.. ကျွန်တော်တို့ ဂိုဏ်းတူညီအစ်ကိုတွေက ဒီလောက်ထိ တန်ဖိုးကြီးတဲ့ပစ္စည်းကို လက်မခံရဲပါဘူး.. ဒါကြောင့် ဂိုဏ်းချုပ်ချိုးပဲ ပြန်ယူထားလိုက်ပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ့လက်ချောင်းများကို လှုပ်ရှားကာ ဆေးဘူးကို ချိုးရွှယ်ဆီ တိုက်ရိုက် ပြန်ပေးလိုက်သည်။

ထိုအခါ ချိုးရွှယ်က သူ့လက်ဖဝါးကို လှုပ်ရှားလိုက်သည်။

ဤသို့ဖြင့် သူ့ဆီသို့ ကျန်းချန် ပြန်ပေးလိုက်သည့် ဆေးဘူးသည် ချက်ချင်းပင် ပြန်လှည့်၍ ကျန်းချန်၏ ရှေ့ရှိ လေထဲတွင် တစ်ဖန် ပေါ်လာခဲ့သည်။

သူက ကျန်းချန်တို့ နှစ်ဦးကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒီဆေးလုံးကို သောက်လိုက်ပါ.. ဒါက မင်းတို့အတွက် အခုချိန်မှာ အကောင်းဆုံး ရွေးချယ်မှုပဲ"

"မဟုတ်ဘူး.. ငါ့မှာ ဒီထက် ပိုကောင်းတဲ့ ရွေးချယ်မှု ရှိသေးတယ်လို့ ထင်တယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် အပေါ်သို့ ကွေးတက်သွားခဲ့သည်။

ထိုခဏတွင် သူ၏ မောက်မာသော အသံသည် ခြံဝင်းထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

"ငါ့လို ယန်ဒီမြို့ရဲ့ ထိပ်တန်း တပည့်တစ်ဦးက သွေးနတ်ဆိုးနန်းတော်က အကြွင်းအကျန်ရဲ့ ခွေးတစ်ကောင် ဘယ်လိုလုပ်ပြီး အဖြစ်ခံနိုင်မှာလဲ"

အခန်း(၉၇၁) ပြီး၏

အခန်း(၉၇၂)

"သွေးနတ်ဆိုးနန်းတော်ရဲ့ အကြွင်းအကျန် ဟုတ်လား"

ကျန်းချန်၏ စကားကို ကြားလျှင် လီဖုန်း၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက ရုတ်တရက် ခေါင်းမော့ကာ ကျန်းချန်ကို ကြည့်၍ မေးလိုက်သည်။

"ညီလေးကျန်း.. ဒီစကားက ဘာကို ဆိုလိုတာလဲ"

"အကိုလီ သိချင်ရင်တော့ ဂိုဏ်းချုပ်ချိုးကို မေးရလိမ့်မယ်"

ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။

"သူ ကျွန်တော်တို့ကို ပေးတဲ့ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးက သွေးနတ်ဆိုးနန်းတော်က တခြားသူတွေကို ကျွန်ပြုဖို့အတွက် အသုံးပြုတဲ့ နတ်ဆိုးဆေးလုံးပဲ.. ဒီဆေးလုံးကို သောက်လိုက်တာနဲ့ သွေးနတ်ဆိုးနန်းတော်က လူတွေရဲ့ ခိုင်းစေမှုကို ခံရလိမ့်မယ်"

"ဘယ်လို"

လီဖုန်းက ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

သူက ချိုးရွှယ်ကို ပြင်းထန်သော အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

"ချိုးရွှယ်.. မင်းက သွေးနတ်ဆိုးနန်းတော်က လူတွေနဲ့ ပူးပေါင်းပြီး ငါတို့ကို လုပ်ကြံရဲတယ်လား"

ချိုးရွှယ်က လီဖုန်းကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူက ကျန်းချန်ကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို သိနေမယ်လို့ မထင်ထားခဲ့ဘူး"

"ကျွန်တော်ရဲ့ စွမ်းရည်က သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သိရုံသက်သက် မဟုတ်ဘူး"

ကျန်းချန်က နှုတ်ခမ်းကို တွန့်ကွေးရင်း ချက်ချင်းပင် ချိုးရွှယ်ကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"ကျွန်တော် ခန့်မှန်းတာ မမှားရင် ဂိုဏ်းချုပ်ချိုးရဲ့ လက်ထဲက သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးက လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူ ဆီက မဟုတ်လား"

"ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးဘူး"

ချိုးရွှယ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"သခင်ကြီးက ယန်ဒီမြို့မှာ သူလျှိုတွေ ထားဖို့ လိုအပ်တယ်.. မင်းတို့ အသက်ရှင်ချင်ရင် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သောက်ပြီး သူ့အတွက် အလုပ်လုပ်ပေးရလိမ့်မယ်"

"ချိုးရွှယ်.. မင်းက သွေးနတ်ဆိုးနန်းတော်နဲ့ ပူးပေါင်းရဲတယ်လား.. အခုချက်ချင်း နောင်တရပြီး သွေးနတ်ဆိုးနန်းတော်ရဲ့ အကြွင်းအကျန်ကို သတ်ဖို့ ငါတို့ကို ကူညီမယ်ဆိုရင် မင်းအပြစ်ကို ဖြေဖျောက်ဖို့ နောက်မကျသေးဘူး.. မဟုတ်ရင်တော့ ဒီကမ္ဘာကြီးမှာ မင်းရဲ့ ရှောင်ယွဲ့ဂိုဏ်း လုံးဝပျက်စီးသွားစေရမယ်လို့ ငါ ပြောရဲတယ်"

လီဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရှောင်ယွဲ့ဂိုဏ်းသို့ မလာခင်က လီဖုန်းသည် ရှောင်ယွဲ့ဂိုဏ်းတွင် ပေါ်လာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော သွေးကျင့်ကြံသူက သွေးနတ်ဆိုးနန်းတော်မှ အကြွင်းအကျန် ဖြစ်နိုင်သည်ဟု ကြားသိခဲ့ရသည်။

သို့သော် ရှောင်ယွဲ့ဂိုဏ်းချုပ် ကိုယ်တိုင်က သွေးနတ်ဆိုးနန်းတော်နှင့် ပူးပေါင်းနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ရှောင်ယွဲ့ဂိုဏ်း ပျက်စီးမလား မပျက်စီးမလားတော့ မသိဘူး.. ဒါပေမယ့် ဒီည သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို မင်းတို့ မယူရင် မနက်ဖြန် နေထွက်တာကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး"

ချိုးရွှယ်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းတို့နဲ့ ငါအချိန်မဖြုန်းချင်ဘူး.. သေမလားရှင်မလား မြန်မြန် ရွေးချယ်လိုက်"

"ဟားဟား.. ဂိုဏ်းချုပ်ချိုးက ဘာလို့ ဒီလောက် ပြတ်ပြတ်သားသား ပြောရတာလဲ"

"တကယ်တော့ ဂိုဏ်းချုပ်ချိုးလည်း သွေးနတ်ဆိုးနန်းတော်က လူအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒမရှိဘူး မဟုတ်လား"

ကျန်းချန်က ချိုးရွှယ်ကို ပြုံး၍ ကြည့်လိုက်သည်။

သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။

"အစ်မချိုးရဲ့ မျက်နှာကို ထောက်ပြီး ကျွန်တော်တို့ အပေးအယူ တစ်ခု လုပ်ကြရအောင်"

ချိုးရွှယ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ဘယ်လို အပေးအယူလဲ"

"အရမ်းရိုးရှင်းပါတယ်"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ကျွန်တော်က သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးရဲ့ အမှတ်အသားကို ဖျက်ပေးမယ်.. ဂိုဏ်းချုပ်ချိုးက သွေးနတ်ဆိုးနန်းတော်က လူကို ကိုင်တွယ်ဖို့ ကျွန်တော့်ကို ကူညီပေးရမယ်"

"မင်း... မင်း ဘာပြောလိုက်တာလဲ"

ချိုးရွှယ် ရုတ်တရက် ခေါင်းမော့ကာ ကျန်းချန်ကို ကြည့်လိုက်သည်။

သူ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

"မင်း... မင်း တကယ်ပဲ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို ဖြေရှင်းနိုင်တယ်လား"

"ကျွန်တော့်ရဲ့ စွမ်းရည်က သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သိရုံသက်သက် မဟုတ်ဘူးလို့ ကျွန်တော်ပြောခဲ့သားပဲ"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ဘယ်လိုလဲ.. ဒီအပေးအယူက အဆင်ပြေလား"

"သခင်လေးကျန်းသာ ငါတို့အတွက် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို ဖြေရှင်းပေးနိုင်ရင် ရှောင်ယွဲ့ဂိုဏ်းက သခင်လေးရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ဆန္ဒရှိပါတယ်"

ချိုးရွှယ်က အသက်ကို ခပ်ပြင်းပြင်းရှူကာ ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

သူ့လို ဂုဏ်သိက္ခာရှိသော ကြယ်နှစ်ပွင့်အင်အားစု၏ ဂိုဏ်းချုပ်တစ်ဦးသည် ကြယ်လေးပွင့်သူတော်စင်နယ်​မြေ ဖြစ်သည့် ယန်ဒီမြို့၏ နောက်ခံရှိလျက်ဖြင့် သွေးနတ်ဆိုးနန်းတော်မှ အကြွင်းအကျန်၏ လက်အောက်ခံလုပ်ရန် မည်ကဲ့သို့ ဆန္ဒရှိနိုင်ပါမည်နည်း။

သူ၏ ပေါ့ဆမှုကြောင့် သွေးနတ်ဆိုးနန်းတော်မှ အကြွင်းအကျန်၏ ပရိယာယ်ထဲသို့ ကျရောက်သွားခဲ့ပြီး သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သောက်သုံးမိကာ ထိန်းချုပ်ခံခဲ့ရသည်။

ကျန်းချန်သာ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို အမှန်တကယ် ဖြေရှင်းနိုင်လျှင် သူက သွေးနတ်ဆိုး နန်းတော်မှ အကြွင်းအကျန်၏ ကြိုးဆွဲရာ ကနေရသည့် ရုပ်သေးရုပ် အဖြစ် အဘယ်ကြောင့် အဖြစ်ခံရပါမည်နည်း။

အခန်း(၉၇၂) ပြီး၏

All Chapters