အခန်း (၈၃၁-၈၃၅)
Vol. 34 Ch. 831-835
အပိုင်း (၈၃၁) မင်းလိုအပ်နေတဲ့ ခွန်အား ငါမင်းကိုပေးမယ်
နဂါးတောင်ကြားအပြင်ဘက်တွင် နဂါးဖီးနစ် နန်းတော်မှ ခေါင်းဆောင်ပိုင်းအားလုံးသည် တောင်ကြား အတွင်းပိုင်းရှိရာဆီသို့ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့် နေခဲ့ကြသည်။
နန်းတော်သခင် ချန်ကျို့သည် အားလုံးထဲတွင် အပျော်ဆုံးပင်။ ပျော်လွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်သည် အထိ ဖြစ်နေခဲ့ရလေသည်။
နဂါးဖီးနစ်နန်းတော်သည် အခြားအင်အားစုများနှင့် အနည်းငယ် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် နှစ်မွှာကျင့်စဉ်များကို ကျင့်ကြံကြသည့်အတွက် ယေဘုယျအားဖြင့် နဂါးဖီးနစ်နန်းတော်မှ ပညာရှင်တိုင်းတွင် လက်တွဲဖော်ကိုယ်စီ ရှိကြပေသည်။
လက်ရှိအချိန်၌ နန်းတော်သခင် ချန်ကျို့၏ လက်တွဲဖော်ဖြစ်သော ယုထင်းရီသည် သူ့ဘေးတွင် ရပ်လျက် သူ့လက်အား အသာအယာ ဆုပ်ကိုင်ထားခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ် တုန်ရီနေသည်ကို မရပ်တန့်နိုင်ခဲ့။
ယုထင်းရီသည် လှပသောရုပ်ရည်၊ အချိုးအစား ကျနသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ဦးဖြစ်သည်။ သို့သော် သူမ၏ အရည်အချင်းမှာ အရမ်းကြီး ကောင်းမွန်ခြင်း မရှိခဲ့သဖြင့် ကျင့်ကြံခြင်း၌ ချန်ကျို့ထက် နောက်ကျကျန်ရစ်ခဲ့ရကာ ယခုအချိန်အထိ မသေမျိုးတတိယအဆင့်၌သာ ရှိနေသေးသည်။ သူမယောကျာ်း ပျာယာခတ်နေသည်ကို မြင်သော် အသာအယာ ရယ်မောလိုက်ပြီး “အမွေအနှစ်လေး နောက်တစ်ကြိမ် ပြန်ပေါ်လာရုံ လောက်နဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားနေဖို့ လိုအပ်လို့လားရှင်”
ချန်ကျိုက အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီး “မိန်းမရယ်၊ မင်းနားမလည်ပါဘူးကွာ။ အရင်နန်းတော် သခင်တိုင်းက အမွေအနှစ်ကို ပြန်အသက်သွင်းနိုင်ဖို့ အားတက်သရော ကြိုးပမ်းခဲ့ကြတာကွ။ ဒါပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူးလေ။ ငါ့အလှည့် ရောက်တော့မှပဲ အမွေအနှစ် ပြန်ပေါ်လာတာကို ငါစိတ်မလှုပ်ရှား ဘယ်နေနိုင်ပါ့မလဲကွ။ အမွေအနှစ် ပြန်ပေါ်လာတယ်ဆိုတာ ငါတို့ နဂါးဖီးနစ်နန်းတော်မှာ နဂါးဧကရာဇ်နဲ့ ဖီးနစ်ဧကရီတို့ နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာတော့မယ်လို့ ဆိုလိုက်တာပဲလေ။ အဲ့ပညာရှင်နှစ်ယောက်သာ ရှိနေရင် ငါတို့ဂိုဏ်လည်း အရင်ကလို ပြန်ပြီး အားကောင်းလာနိုင်တော့မှာ…”
ပြောနေရင်း လှမ်းအော်မေးလိုက်လေသည် “ရှောင်လင် ပြန်မလာသေးဘူးလား”
ချန်ကျို့ အော်လိုက်သည်နှင့် ခပ်ဝေးဝေးမှ ပုံရိပ်တစ်ခု အလျင်အမြန် ပျံသန်းလာခဲ့ပြီး ရောက်တောင် မရောက်သေးခင်မှာပင် လှမ်းအော်ပြောလိုက်လေသည် “နန်းတောက်သခင်၊ လက်အောက်ငယ်သား ရောက်ပါပြီ”
ထိုလူသည် ချန်ကျို့နှင့်အတူ ရှိနေခဲ့သည် မသေမျိုး အဆင့် ပညာရှင်ပင် ဖြစ်လေသည်။
ချန်ကျို့က အလျင်စလို ပြေးတက်သွားပြီး ပျာယာခတ်နေသည့် အမူအရာဖြင့် မေးလိုက်လေသည် “အဲ့တပည့် ဘယ်ကရောက်လာလဲ မင်းသိပြီးပြီလား။ ငါတို့ နဂါးဖီးနန်နန်းတော်ရဲ့ တပည့်လား၊ လက်အောက်ခံ အင်အားစု တစ်ခုခုရဲ့ တပည့်လား”
“အဲ့ကောင်လေးက စွန်းယုလို့ခေါ်တဲ့ နဂါဖီးနစ် နန်းတော်က တပည့်တစ်ယောက်ပါ နန်းတော်သခင်။ သူက မွေးကတည်းက ဂိုဏ်းတည်းမှာပဲ နေလာခဲ့တာပါ” ရှောင်လင်က အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
ထိုစကားကို ကြားလိုက်သည်နှင့် ချန်ကျို့ အပြုံးကြီးပြုံးသွားခဲ့ပြီး ခေါင်းညိတ်ရင်း “ကောင်းတယ်။ ကောင်းတယ်… ကောင်းတယ်။ အရမ်း ကောင်းတယ်ကွာ”
စွန်းယုသည် လက်အောက်ခံ အင်အားစု တစ်ခုခုမှ လာခဲ့လျှင်ပင် ကိစ္စမရှိသော်လည်း သူသည် မွေးသည့် အချိန်မှစ၍ နဂါးဖီးနစ်နန်းတော်တွင် ကြီးပြင်းခဲ့သဖြင့် နန်းတော်အပေါ် အတော်လေး တွယ်တာ လောက်ပေသည်။
“သူ့ဆရာက ဘယ်သူလဲ”
“အကြီးအကဲ လင်းကျန်းပါ” ပြန်ဖြေပြီးသည်နှင့် ရှောင်လင်က ချက်ချင်းပဲ လှမ်းအော်ပြောလိုက်သည် “အကြီးအကဲလင်း၊ လာခဲ့ပါဦး”
မော့ကြည့်လိုက်ရာ လင်ကျန်း ပျံသန်းလာသည်ကို မြင်သော် ချန်ကျို့ သည်းလှိုက်အူလှိုက် ရယ်မော လိုက်လေသည်။
နှစ်ယောက် တွေ့သွားသည့်အချိန်တွင် ချန်ကျို့က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အကြီးအကဲလင်းက ကောင်းကောင်း အလုပ် ကြိုးစားခဲ့တာပဲ”
လင်’ကျန်း၏ မျက်နှာတစ်ခုလုံး ပန်းပေါင်းစုံတို့ဖြင့် ဝေဆာနေခဲ့နေလေပြီ။ သို့သော်လည်း နန်းတော်သခင်၏ ချီကျူးစကားကို မငြင်းပယ်ဘဲ အရှက်မရှိ လက်ခံ ယူလိုက်လေသည်။
လင်းကျန်းသည် အကြီးအကဲတစ်ယောက် ဖြစ်သော်ငြား သူသည် မသေမျိုး ပထမအဆင့်သာ ရှိသေးသည်။ အကြီးအကဲအားလုံးထဲတွင် သူသည် အဆင့် အနိမ့်ဆုံးဖြစ်သဖြင့် ဂိုဏ်းထဲရှိ မည်သည့် အကြီးအကဲကမှ သူ့အား အရေးတယူ မပြုကြချေ။ ထို့အပြင် သူသည် တော်တော်လေး အိုနေခဲ့လေပြီ။ ထို့ကြောင့် သူ့လက်ကျန် ဘဝတစ်လုံးကို အဆင့်အနိမ့်ဆုံး အကြီးအကဲ ဘဝဖြင့်သာ ကုန်ဆုံးသွားရပေတော့မည်။
သို့သော်လည်း ယနေ့၌ ထူးခြားဆန်းကြယ်ဖွယ်ရာ အလှည့်အပြောင်းတစ်ခုကို ကြုံတွေ့ခဲ့ရမည်ဟု တစ်ခါမှ မထင်မှတ်ထားခဲ့ဖူးချေ။
သူသင်ကြားပေးခဲ့သော တပည့်သည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် မည်သူမှ မလုပ်ဆောင်နိုင်ခဲ့သော နဂါးဖီးနစ်နန်းတော်၏ ပင်မအမွေအနှစ်အား ရယူခြင်း ဆိုသော အလုပ်ကို လုပ်ပြသွားခဲ့သည်။ အားလုံးသာ အမှားအယွင်း ကင်းကင်းနဲ့ ဤအတိုင်း ဆက်သွားပါက သူ့တပည့်သည် နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရယူနိုင်ပေလိမ့်မည်။
သူ့တပည့် အဆင့်မြင့်လာသည်နှင့် သူ့ဆရာဖြစ်သော သူ၏ အဆင့်အတန်းသည်လည်း မိုးယံထိတိုင် ထိုးတက်သွားရပေလိမ့်မည်။
ထိုသို့ဖြင့် သူ့တပည့်သည် နဂါးဧကရာဇ်အဖြစ် အပြည့်အဝ အားကောင်းလာသည့် အချိန်၌ လင်းကျန်း၏ အဆင့်အတန်းသည် နန်းတော်သခင်အဆင့်နှင့် တူညီနေလောက်ပေပြီ။
ထို့ကြောင့် အရင်အချိန်များ၌ ချန်ကျို့သည် ဤအကြီးအကဲအား အဖက်ပင် မလုပ်ခဲ့သော်ငြား ယနေ့၌ သူသည် ထိုအကြီးအကဲအာ နည်းနည်းလေးမှပင် မလေးမစား မလုပ်ရဲချေ။ လင်းကျန်အား လေးလေးစားစား ဖြင့်ပင် ဆက်ဆံနေလိုက်သေးသည်။
ရုတ်ချည်း ပြောင်းလဲသွားသော ချန်ကျို့၏ သဘောထားကြောင့် လင်းကျန်း ကသိကအောက် ဖြစ်ခဲ့ရသည်။ သို့သော် သူ့စိတ်ထဲ မပျော်ပါဟု ပြောလျှင် လိမ်ရာကျပေမည်။
နဂါးဖီးနစ်နန်းတော်၏ အကြီးအကဲများသည် သူ့အား မနာလိုအားကျသည့် အကြည့်ဖြင့် ကြည့်နေကြလေပြီ။ စိတ်ထဲတွင်လည်း နဂါးဧကရာဇ်ရဲ့ အမွေအနှစ်ကို ရယူနိုင်တဲ့ တပည့်တစ်ယောက်ကိုများ ဘာလို့ မပျိုးထောင်မိနိုင်ခဲ့လိမ့်ဟု တွေးတော နောင်တရ နေခဲ့ကြလေသည်။
သူတို့သည်သာ ထိုကဲ့သို့သော တပည့်တစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့ပါက လက်ရှိအချိန်၌ နန်းတော်သခင်နှင့် စိတ်လက်ပေါ့ပါးစွာ စကားလက်ဆုံနွှဲ ရယ်မော နေနိုင်ပေလိမ့်မည်။
ချန်ကျို့နှင့် လင်ကျန်းတို့၏ စကားလက်ဆုံပွဲမှာ အတော်လေးကို မြိုင်ဆိုင်နေခဲ့သည်။ ချန်ကျို့က စွန်းယု အကြောင်း သိချင်တကြီး မေးမြန်းနေချိန် လင်းကျန်းကလည်း စွန်းယု ကလေးဘဝမှစ၍ ကြီးပြင်းသည့်အထိ တွေ့ကြုံခဲ့ရသော အကြောင်းအရာ များကို သေသေချာချာ ရှင်းပြနေခဲ့သည်။
ချန်ကျို့မှာ လင်ကျန်း ပြောသည်များကို အသေအချာ နားစိုက်ထောင်နေခဲ့သည်။ နည်းနည်းလေးမှပင် ပျင်းရိ ငြီးငွေ့သွားခြင်းမရှိဘဲ ပို၍ပင် စိတ်အားထက်သန် လာခဲ့ကာ စွန်းယုသည် အရမ်းကိုမှတော်သော လူငယ်လေး တစ်ယောက်ဖြစ်သည်ဟု ချီကျူးရင်း အနာဂတ်၌ နဂါးဖီးနစ်နန်းတော်သည့် သူ့အပေါ် မှီခိုရလိမ့်မည်ဟု ပြောဆိုသွားခဲ့လေသည်။
လင်ကျန်းမှာ ပျော်လွန်းလှသဖြင့် ယခုနေ သေသွားရလျှင်ပင် နောင်တရမည် မဟုတ်ပေ။
ထိုအသက်ဝင်စည်းကားလှသော မြင်ကွင်းသည် ရက်ပေါင်းများစွာ ကြာသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိခဲ့။ နဂါးတောင်ကြား အပြင်ဘက်တွင် စုဝေးနေသော လူများသည် နေ့စဉ်နှင့်အမျှ တောင်ကြားအတွင်းပိုင်းသို့ လှမ်း၍ ငေးမျှော်ကြည့်နေခဲ့ကြသည်။ သို့သော် ဘာကိုမှ မမြင်နိုင်ခဲ့။ ထို့ကဲ့သို့ မမြင်နိုင်ခြင်းသည်ပင် သူတို့၏ သိလိုစိတ်ကို ပို၍ နှိုးဆွနေခဲ့သည်။ ပုံမှန်ဆိုလျှင် နေရောင်ပင် တိုးမပေါက်နိုင်သည် မြူခိုးမြူထုတို့ဖြင့် အံ့တိုင်းနေသော နဂါးတောင်ကြားသည် ယခုအချိန်၌ ရွှေရောင်စွမ်းအင် အလင်းတန်းတို့ဖြင့် တဖျက်ဖျက် လင်းလက် တောက်ပနေခဲ့လေပြီ။
နန်းတော်သခင် ချန်ကျို့သည် ယခုကိစ္စကို အရမ်းကိုမှ အရေးတယူပြုနေခဲသည်။ စွန်းယု အမွေအနှစ်ကို လက်ခံနေစဉ် နှောင့်ယှတ်ခံရမည် စိုးသည့်အတွက်ကြောင့် နဂါးဖီးနစ်နန်းတော်၏ လက်ရွေးစင်များကို နဂါးတောင်ကြား ပတ်လည်၍ အစောင့်ချထားခဲ့လေသည်။
အချိန် ကြာနေခဲ့ပြီ ဖြစ်သော်ငြား ယခုထိတိုင် နဂါးကြောင်ကြားထဲမှ စွန်းယု မထွက်လာ သေးသဖြင့် လူတိုင်း စိုးရိမ်စ ပြုလာခဲ့လေပြီ။
ရွှေရောင်စွမ်းအင် ပင်လယ်ကမ္ဘာကြီးထဲ ရန်ကိုင်သည် ဆေးမီးဖိုတစ်လုံးဖြင့် အလုပ်ရှုပ်နေခဲ့သည်။
သူ့သည် ဆေးပညာဘက်၌ ယခုမှတစ်ဆင့်မှ နောက်တစ်ဆင့်သို့ တက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ဖြစ်ရာ ဘာမှ လုပ်စရာ မရှိတုန်း ဆေးပညာကိုသာ လေ့ကျင့်နေရန် ဆုံးဖြတ်လိုက်လေသည်။
စွန်းယုသည်လည်း ဇွဲကောင်းသော ကျင့်ကြံသူ တစ်ဦးပင်။ ရန်ကိုင်နှင့်နှစ်ရက်သုံးပတ်လောက် အချိန် အတူကုန်ဆုံးပြီး ဤလောကကြီးထဲမှ ယာယီ ထွက်သွားနိုင်မည် မဟုတ်မှန်း သိလိုက်သည့်နှင့် သူ့ဘာသာ စတင် လေ့ကျင့်တော့လေသည်။
ဤနေရာတွင် စုဝေးနေသော ရွှေရောင်စွမ်းအင် များသည် အရမ်းကိုမှ သိပ်သည်းလှသော်လည်း မည်သည့် ယန်ဓါတ်စွမ်းအင်မှ ပါဝင်မနေခဲ့။
ထိုစွမ်းအင်သည် ဘာစွမ်းအင်မှန်း ရန်ကိုင် မသိသော်လည်း ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်သည် ဟူသော အချက်ကိုမူ သူသိသည်။
ထို့အပြင် ထိုရွှေရောင်စွမ်းအင်တွေထဲ ပါဝင်နေသော စွမ်းအားသည် အရမ်းကိုမှ အံ့အားသင့်စရာ ကောင်းလှပေသည်။ စွန်းယုအနေဖြင့် ထိုစွမ်းအင် နည်းနည်းလေးကို စုပ်ယူလိုက်ရုံဖြင့် သူ့တစ်ဘဝလုံးစာ အကျိုးအမြတ် ရနေပေလိမ့်မည်။
တစ်ယောက်သည် ကျင့်ကြံနေခဲ့ပြီး တစ်ယောက်သည် ဆေးပညာကို လေ့ကျင့်နေခဲ့သည်။ ဤသို့ဖြင့် ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေခဲ့လေ၏။
ဘုံးကိုခုထွတ်မြတ်နယ်မြေ ရတနာဂိုဒေါင်ထဲတွင် ရှိသော ဆေးပင်မှန်သမျှကို ထုတ်ယူလာခဲ့ပြီ ဖြစ်သည့် အတွက်ကြောင့် ဆေးပင်ပြတ်လပ်သွားမည်ကို ရန်ကိုင် မစိုးရိမ်ပေ။ သူ့တွင် လက်ဝယ်ရှိနေသော ဆေးပင်များဖြင့် အချိန်အတော်ကြာသည်အထိ ဆေးပင် ပြတ်လပ်သည့် ပြဿနာကို ကြုံရလိမ့်မည် မဟုတ်ပေ။
တစ်နေ့ သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ပြီးသွားချိန် စွန်းယုသည် ကျင့်ကြံမနေတော့ဘဲ သူ့အနားတွင်ထိုင်၍ သူ့လှုပ်ရှားမှုများအား သေသေချာချာ စောင့်ကြည့်လေ့လာနေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။
“ဘာတွေနားလည်လိုက်လဲ” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။
စွန်းယုက ရိုးရိုးသားသားပဲ ခေါင်းခါပြလိုက်ပြီး “စီနီယာ ဆေးဖော်စပ်တဲ့ပုံစံက အရမ်း ထူးဆန်းတာပဲ။ စီနီယာလို ပုံစံမျိုး ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး”
“အို၊ ဘာတွေများ ထူးခြားနေလို့လဲ…” ရန်ကိုင်က မေးလိုက်လေသည်။
“အစစ်အမှန်ချီကို မသုံးတာပဲ… ကျုပ်တွေ့ဖူးတဲ့ ဆေးပညာရှင်တွေအားလုံးက သူတို့ရဲ့ အစစ်အမှန်ချီကို သုံးပြီး ဆေးဖော်စပ်ကြတာ။ ဒါပေမယ့် စီနီယာကတော့ ဆေးဖော်စပ်ရင် အစစ်အမှန်ချီကို လုံးဝ မသုံးတဲ့ပုံပဲ။ ပြီးတော့၊ စီနီယာ ဆေးဖော်စပ်တဲ့နှုန်းက ကျုပ်တွေ့ဖူးတဲ့ လူတွေထက် ပိုမြန်တယ်… စီနီယာ ဘယ်အဆင့် ဆေးလုံးကို သန့်စင်နေတာလဲ။ ဆန်းကြယ်အဆင့်လား”
ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့ရသည်။ သူတော်စင်အဆင့် ဆေးလုံးအား ဘာမှအသုံးမဝင်သော ဆန်းကြယ်အဆင့်နှင့် အထင်မှားရလောက်အောင် မသိရကောင်းလားဟု စွန်းယုအား သူ့စိတ်ထဲတွင် အပြစ်တင်လိုက်မိသည်။
ရန်ကိုင် အမူအရာကို မြင်သည်နှင့် စွန်းယု ထိတ်လန့်သွားခဲ့ပြီး သက်ပြင်းရှိုက်လျက် “စိတ်ဝိဥာဉ် အဆင့် ဆေးလုံးတော့ မဟုတ်လောက်ဘူးမလား”
“ဟုတ်တယ်” ရန်ကိုင် ထပ်ရှင်းပြ မနေချင်တော့။
“စီနီယာက တကယ် တော်တာပဲ… စိတ်ဝိဥာဉ် အဆင့်ဆေးလုံးကို တစ်နာရီ၊ နှစ်နာရီအတွင်း သန့်စင်နိုင်တယ် ဆိုတာ နည်းတဲ့ အရည်အချင်း မဟုတ်ဘူးနော်။ ကျုပ်တို့ဂိုဏ်းက ဆေးပညာရှင်တွေသာ ဒီအကြောင်းကို သိသွားရင် ရှက်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေ သွားလောက်တယ်”
မုန်းတိုင်းအသွယ်သွယ်ကို ကျော်ဖြတ်ပြီး အမျိုးမျိုး အဖုံဖုံ ချီးကျူးခံခဲ့ရသော်လည်း စွန်းယု ထိုကဲ့သို့ ပြောလိုက်ချိန် ရန်ကိုင် အနည်ငယ် ကျေနပ်မိသွားသည်။
“မင်းဘာကို ဆက်မကျင့်ကြံတော့တာလဲ” ရန်ကိုင်က သူတော်စင်အဆင့် ဆေးလုံးကို သိမ်းပြီး မေးလိုက်သည်။
စွန်းယုက ခါးခါးသီးသီး ပြုံး၍ ပြန်ပြောလိုက်သည် “ဘာလို့လဲမသိပေမယ့် ဒီက စွမ်းအင်တွေကို ထပ်ပြီး စုပ်ယူလို့ မရတော့ဘူး။ ကျုပ်သယ်လာတဲ့ သလင်းကျောက် နှစ်တုံးလည်း ကုန်သွားပြီ”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ စွန်းယု မလိမ်နေမှန်း သူသိ၏။ ဤနေရာရှိ စွမ်းအင်များကို စုပ်ယူ၍ ရသော်ငြား စွန်းယု၏ ခွန်အား အရမ်း နည်းပါးနေသည့်အတွက်ကြောင့်သာ အသုံးမပြုနိုင်ခြင်း ဖြစ်ပေသည်။
မျက်မှောင်ကြုံ့လျက် ထိုလူငလေးကို ငေးကြည့်ရင်း ရန်ကိုင် ရုတ်တရက် မေးလိုက်သည် “မင်းခွန်အားကြီးချင်လား”
စွန်းယု တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး အခိုင်အမာ ခေါင်ပြန်ညိတ်ပြလိုက်သည်။
“ဘာလို့လဲ”
“ကျုပ်က ယောကျာ်းတစ်ယောက်ပဲ” စွန်းယုက အရှိတရားကို ပြောနေသည့်ပမာ “အားကြီးချင်တာပေါ့” တစ်နေ့၊ ကြိုက်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လို့ ကျုပ်မှာသာ လုံလောက်တဲ့ ခွန်အားမရှိရင် သူ့ကို ဘယ်လိုလုပ်ပြီး လုံခြုံအောင် ထားနိုင်မှာလဲ”
စွန်းယု၏ စကားကြောင့် ရန်ကိုင် ရယ်မောလိုက်ပြီး “အရမ်းကောင်းတယ်”
ယောကျာ်းများသည် ခွန်အားကို တပ်မက်ကြသည်။ ဆက်ပြီး ရှုပ်ထွေးပွေလီအောင် ရှင်းပြနေစရာ မလိုပေ။
စွန်းယုက ခေါင်းကုတ်လိုက်ပြီး ရန်ကိုင်၏ တုန့်ပြန်မှုကို သိလိုစိတ်ဖြင့် ကြည့်နေလိုက်သည်။
ရန်ကိုင်၏ အမူအရာ ရုတ်ချည်း လေးနက်သွားပြီး “ကောင်လေး၊ မင်းနဲ့ငါ သဘောတူညီချက် တစ်ခု လုပ်ကြမလား”
“စီနီယာ ယဉ်ကျေးနေစရာ မလိုပါဘူး။ ညွှန်ကြားစရာ ရှိရင် ကျုပ်ကို ပြောသာပြောလိုက်ပါ။ ကျုပ်ကူညီနိုင်ရင် ဒီစွန်းယု ကျိန်းသေ ကူညီပေးပါ့မယ်” စွန်းယုက စိတ်အား ထက်သန်စွာဖြင့် ပြန်ပြောလိုက်သည်။
သို့သော်လည်း ရန်ကိုင်က ခေါင်းသာ ခါရမ်းလိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြောလိုက်သည် “ငါက မင်းနဲ့ သဘောတူညီချက်ပဲ လုပ်ချင်တာ”
စွန်းယုမျက်နှာ လေးနက်သွားခဲ့ရလေပြီ။ ရန်ကိုင်သည် သူ့အား ကိုင်တွယ်ရ မလွယ်ကူသည့် အရေးကြီးကိစ္စ တစ်ခုခု တောင်းဆိုတော့မည်မှန်း စွန်းယု သိလိုက်သည်။ ခဏလောက် စဉ်းစားလိုက်ပြီး နောက်မှာတော့ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ကာ “စီနီယာကြီးရဲ့ စဉ်းစားတွေးတောပေးမှုအပေါ် ကျေးဇူးအများကြီး တင်ပါတယ်။ ကျေးဇူးပြုပြီး မေးချင်တာရှိရင် မေးပါ”
“မင်းသန်မာချင်ရင် ငါမင်းကို သန်မာအောင် လုပ်ပေးနိုင်တယ်” ရန်ကိုင်က ပြုံးလိုက်ပြီး “ဒါပေမယ့် ငါ့တောင်းဆိုချက်ကို သဘောတူပေးရလိမ့်မယ်… အန်း၊ ငါတို့ ဒီကနေ ထွက်သွားလို့ နဂါးဖီးနစ်နန်းတော်ဆီ ပြန်ရောက်တာနဲ့ ငါ့အကြောင်း တစ်ခွန်းမှ မဟနဲ့”
စွန်းယ ကြောင်သွားခဲ့ပြီး မနေနိုင်ဘဲ ပြန်မေးမိလိုက်သည် “ဘာလို့လဲ”
“ငါ့အကြောင်းနဲ့ ငါရှိတယ်” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “မင်းသဘောတူမှာလား”
“ဒါပေမယ် စီနီယာက ဒီက အရံအတားကို ဖွင့်နိုင်တယ် ဆိုမှတော့ ကျုပ်ဂိုဏ်းနဲ့ ဆက်ဆံရေး တစ်ခုခု ရှိနေမှာပေါ့… ပြီးတော့ နန်းတော်သခင်နဲ့ အကြီးအကဲတွေ ကလည်း စီနီယာကြီး တွေ့ချင်နေကြမှာ…”
“အခုလောလောဆယ်တော့ ငါ့အကြောင်း သူတို့ကို မသိစေချင်သေးဘူး။ အချိန်ကျရင် မင်းတို့ နန်းတော်သခင်နဲ့ သွားတွေ့ပြီး ရှင်းပြလိုက်မယ်” ရန်ကိုင်က စိတ်ထဲပေါက်သလို ပြန်ပြောလိုက်သည်။
ဘုံးကိုခုထွတ်မြတ်နယ်မြေနှင့် ပက်သက်သည့် ပြဿနာထုပ်ကြီးကိုပင် ရှင်း၍ မပြီးသေချေ။ ယခုနေသာ နဂါးဖီးနစ်နန်းတော် ကိစ္စထဲ ဝင်ရောက်ပက်သက် လိုက်ပါက ဘယ်တော့မှ စိတ်လွတ်ကိုယ်လွတ် အနားယူ နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ဖီးနစ်အသိုက်တွင် ဖီးနစ်ဧကရီ၏ အမွေအနှစ် ရှိနေသည့်အတွက်ကြောင့် တစ်နေ့ကျလျှင် ဤနေရာသို့ စုယန်နှင့်အတူ ကျိန်းသေ ပြန်လာရပေမည်။
နဂါးဖီးနစ်နန်းတော်သည် စွန်းယုအား အမွေအနှစ်ကို ရရှိသွားသူအဖြစ် ထင်မှတ်ကာ သူ့အား အားတက်သရော ပြုစုပျိုးထောင်ပေးကြပေလိမ့်မည်။ စွန်းယုသာ သူ့အကြောင်း ဘာမှ ထုတ်မပြောလျှင်ပေါ့။
ရန်ကိုင်မှာ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် အတွက်နဲ့ ဘာမှအပြစ်မရှိသူ တစ်ယောက်အား သတ်မပစ်ချင်ပေ။
သူ့လက်ဝယ်ရှိနေသော အရင်းအမြစ်များဖြင့် လူငယ်လေး တစ်ယောက်ကို ပျိုးထောင်ပေးရန်မှာ ရိုးရှင်းလှပေသည်။ စွန်းယုသည် ရွက်ကြမ်းရေကျို အရည်အချင်းကိုသာ ပိုင်ဆိုင်ထားသော လူတစ်ယောက် ဖြစ်လျှင်ပင် သူ့တွင် ထိုလူငယ်လေးအား တိုးတက်အောင် လုပ်ပေးနိုင်သည့် နည်းလမ်းများ ရှိပေသည်။ ပိုဆိုးသည်ကား ထိုလူငယ်လေးသည် သူ့ကဲ့သို့ပင် ယန်ဓါတ်ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားပေသည်။
စွန်းယုသာ ခေါင်းညိတ်လိုက်သရွေ့ သူ့စိတ်ထဲ တွေးပင်မတွေးခဲ့ဖူးသော အံ့အားသင့်ဖွယ် အခွင့်အရေးကြီး တစ်ခုကို လက်ဝယ်ရရှိနိုင်ပေလိမ့်မည်။
ခဏလောက် စဉ်းစားပြီးနောက် စွန်းယုက ပြောလိုက်သည် “စီနီယာ ဘာလို့ ဒီလိုလုပ်မှန်း ကျုပ်မသိပေမယ့် အကြောင်းပြချက် တစ်ခုခုရှိရမယ် ဆိုတာကတော့ သေချာတယ်… ကျုပ်မေးချင်တာ တစ်ချက်ရှိတယ်။ စီနီယာ ကျုပ်တို့ဂိုဏ်းအပေါ် မကောင်းကြံချင်နေတာလား”
“ဘာလို့ အဲ့လိုလုပ်ရမှာလဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။ အဲ့လိုဆိုရင် စီနီယာအကြောင်း ထုတ်မပြောဘူးလို့ ကျုပ်ကတိပေးတယ်”
“ကောင်းတယ်” ရန်ကိုင်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၃၂) စွန်းယု၏ အခွင့်အရေး
နှစ်လကြာသွားခဲ့လေပြီ။
ထိုနှစ်လအတွင်း စွန်းယု၏ ခွန်အား လျင်လျင်မြန်မြန် တိုးတက်လာခဲ့သည်။ ယခင်က အစစ်အမှန်ဒြပ်စင် အဆင့်(၇)သာ ရှိသေးသော စွန်းယုသည် ယခုအချိန်၌ အစစ်အမှန်ဒြပ်စင် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့လေပြီ။
စွန်းယု အရမ်း ပျော်နေခဲ့သည်။
ယခုနှစ်တွင် သူအသက်(၁၅)နှစ် ပြည့်ပေပြီ။ သူ့အရည်အချင်းသည် သာမန်ထက် မဆိုသလောက် ကလေးသာ ပိုကောင်းသဖြင့် ပုံမှန်နှုန်းဖြင့်သာ လေ့ကျင့်မည် ဆိုပါက သူ့အနေဖြင့် အစစ်အမှန်ဒြပ်စင် အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး တစ်နှစ်၊ သို့မဟုတ်ထက် ထို့ထက် အချိန်ယူရပေလိမ့်မည်။
သို့သော်လည်း ယခုတွင်မူ နှစ်လတည်းဖြင့် အစစ်အမှန်ဒြပ်စင် အထွဋ်အထိပ်အဆင့်သို့ ရောက်ခဲ့၏။
ယခုကဲ့သို့ ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ခြင်းသည် မျိုးရိုးနာမည် ရန်ဟုခေါ်သော စီနီယာကြောင့် ဖြစ်မှန်း စွန်းယု ကောင်းကောင်းသိထားလေရာ ယခုအချိန်၌ စွန်းယုသည် ရန်ကိုင်အား ပို၍ပင် လေးစားမိနေခဲ့လေပြီ။
လွန်ခဲ့သည့် နှစ်လအတွင်း ထိုစီနီယာသည် သူ့လေ့ကျင့်ရန်အတွက် သလင်းကျောက်များကို အလုံအလောက် ထောက်ပံ့ပေးခဲ့ပြီး ဆေးအရည် တစ်စက်အား နေ့စဉ်ပုံမှန် သောက်သုံးခိုင်းခဲ့သည်။
ထိုဆေးအရည်သည် ဘာဆေးအရည်မှန်း သူမသိ။ သို့သော် ထိုဆေးအရည်ကို သောက်သုံးပြီးနောက် ပြန်လည် မွေးဖွာလိုက်ရသလို သူခံစားခဲ့ရသည်။
သူ့ခန္ဓာကိုယ်သည် ယခင်ထက် ပို၍ အားကောင်လာပြီး သွေးကြောများသည်လည်း ပို၍ မာကျောကျယ်ပြန့်လာခဲ့သည်။ သို့သော်လည်း အရေးအကြီးဆုံးသည်ကား သူ့အစစ်အမှန်ချီ သန့်စင်နှုန်း မြင့်တက်လာခဲ့ခြင်းပင်။ ယခုအချိန်၌ သူ့အစစ်အမှန်ချီသည် ယခင်ကထက် နှစ်ဆမျှ ပို၍ သန့်စင်နေခဲ့လေပြီ။
ထိုအရာအားလုံးသည် သူပို၍ အားကောင်းလာသည့် လက္ခဏာများပင် ဖြစ်လေ၏။
အထင်ရှားဆုံးသော သက်သေကို ပြပါဆိုလျှင် သလင်းကျောက်များအား သူစုပ်ယူသည့်နှုန်း ပိုမို မြန်ဆန်လာသည်ကို ပြရပေလိမ့်မည်။
အတိတ်တွင် စွန်းယုအနေဖြင့် သလင်းကျောက် တစ်တုံးထဲရှိ စွမ်းအင်အားလုံးကို စုပ်ယူရန် လေးငါးရက်ခန့် အချိန်ယူရသည်။
သို့သော်လည်း ယခုနေအချိန်၌ သလင်းကျောက် တစ်တုံးကို စုပ်ယူရန် တစ်ရက်ပင် အချိန် မယူရတော့ချေ။ ဤနှုန်းအတိုင်းဖြင့် ဆိုပါက သလင်းကျောက် စားနှုန်းသည်လည်း အတော့်ကိုမှ ကြီးမားလာပေလိမ့်မည်။
ကံကောင်းစွာဖြင့် စီနီယာတွင် သလင်းကျောက်များ အများကြီး ရှိနေခဲ့ပေသည်။ သူ့တွင် သလင်းကျောက် ပြတ်လပ်သွားတိုင်း စီနီယာရန်သည် သူ့အား လေ့ကျင့်ရန် သလင်းကျောက်များ ထပ်ပေးခဲ့သည်။
ထို့အပြင် စီနီယာသည် သူကျင့်ကြံရာတွင် ပိုမို မြန်ဆန်စေရန် ဆေးလုံးအမျိုးမျိုးဖြင့်လည်း ကူညီ ထောက်ပံ့ပေးခဲ့သေးသည်။ ဆန်းကြယ်အဆင့် ဆေးလုံးဖြစ်စေ၊ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးများပင် ဖြစ်စေ စီနီယာတွင် သုံးမကုန်နိုင်အောင် ရှိနေခဲ့သည်။
စီနီယာကို မည်ကဲ့သို့ ကျေးဇူးတင်ရမှန်းပင် စွန်းယု မသိတော့ချေ။
စီနီယာသည် သူ့အား မည်သည့် အားကောင်းသော သိုင်းပညာရပ်၊ ကျင့်စဉ်ကိုမှ မသင်ပေးခဲ့ချေ။ ထို့အစား သူ့ခန္ဓာကိုယ်ကို ပြောင်းလဲပြုပြင်ပေးခဲ့သည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးသည် စွန်းယု တစ်ဘဝလုံးအား အကျိုးအမြတ် ရှိသွားစေနိုင်သည်။
ဒဏ္ဏာရီလာ ကံကောင်းမှုဆိုတာ ဒါမျိုးကို ပြောတာလား မသိဘူး စွန်းယု သူ့ဘာသာ ကြိတ်တွေးနေလိုက်သည်။
နဂါးဖီးနစ်နန်းတော်တွင် ရှိစဉ်က ထိုနေရာမှ ပညာရှင်များသည် မည်ကဲ့သို့သော ကံကောင်းမှုများ ကြုံကြိုက်ခဲ့ရကြောင်း အချင်းချင်း ပြောနေကြသည်ကို နားနှင့်မဆံ့အောင် သူကြားခဲ့ရသည်။ ထိုကဲ့သို့သော ကံကောင်းမှုများသည် ရှာဖွေ၍ တွေ့နိုင်မည်မဟုတ်ဘဲ ကံကောင်းမှသာ တွေ့နိုင်ခြင်းဖြစ်သည်။ ထို့အပြင် ထိုသို့သော အခွင့်အရေးတစ်ခုဖြင့် ကြုံကြိုက်ခဲ့ပါက နဂါးဂိတ်ကို ဖြတ်ကျော်သွားနိုင်သော ငါးတစ်ကောင် ဖြစ်လာနိုင်ပေလိမ့်မည်။
စွန်းယုကမူ ထိုကဲ့သို့သော အကြောင်းအရာများကို ယုံတမ်းပုံပြင်များဟုသာ သဘောထားယူခဲ့သည်။ သူကြားခဲ့ရသည် များကို ဒဏ္ဏာရီဟုသာ မှတ်ယူခဲ့ပြီး အတည်မယူခဲ့ပေ။
တကယ်တော့ ထိုကဲ့သို့သော ကံကြမ္မာကောင်းအား ရှာတွေ့ရန် အဘယ်ကြောင့် ထိုမျှ လွယ်ကူရမည်နည်း။
သို့သော်လည်း သူလက်ရှိ ကြုံတွေ့နေရသည်ကို ဒဏ္ဏာရီလာ ကံကောင်းမှုကြီးဆိုသော စကားမှလွဲ၍ အခြားစကားလုံးနှင့် စွန်းယု မဖော်ပြတတ်တော့။
သူ့နှလုံးသားထဲ နဂါးတောင်ကြားထဲသို့ နောက်ဆုံးမှ ဝင်လိုက်ရသည့် တပည့်တစ်ယောက် ဖြစ်ခဲ့ရသည့်အပေါ် အတော်လေး ကျေနပ်ပီတိ ဖြစ်နေခဲ့ရသည်။ သူသာ နောက်ဆုံးမှ မဝင်သွားခဲ့လျှင် ယခုကဲ့သို့သည် မဟာ ကံကောင်းမှုကြီးကို လွဲချော်ခဲ့ရပေလိမ့်မည်။
သူ့အား လက်ယပ်ခေါ်နေသော တောက်ပသည့် အနာဂတ်ကိုပင် စွန်းယု မြင်ယောင်မိနေလေပြီ။
ထိုသို့ဖြင့် စွန်းယုသည် တဒင်္ဂလေးပင် အချိန် မဖြုန်းတော့ဘဲ အားတက်သရော ကြိုးစားတော့လေသည်။ ယခုကဲ့သို့ အခွင့်အရေးမျိုးသည် လူတိုင်း ရနိုင်သည့် အရာမျိုးမဟုတ်။ ထို့ကြောင့် အခွင့်အရေးကို ဆုပ်ကိုင်မိစဉ် အကျိုးရှိရှိ အသုံးချရပေလိမ့်မည်။
မအိပ်မစားဘဲ ကိုယ်ပွါးခွဲ၍သာ စွန်းယု လေ့ကျင့်လိုက်ချင်မိတော့သည်။
စွန်းယု ထိုမျှ ကြိုးစားအားထုတ်နေသည်ကို မြင်သော် ရန်ကိုင်လည်း အတော်လေး ကျေနပ်သွားခဲ့လေသည်။
ထိုလူငယ်လေးသည် ဇွဲကောင်းပြီး ပြတ်သားမှု ရှိသည်။ အရေးအကြီးဆုံးသည် ဝီရိယရှိခြင်းနှင့် နာခံခြင်းပင် ဖြစ်သည်။
အချိန်ကြာလာသည်နှင့် ထိုကောင်လေးကို သူပို၍ နှစ်သက်လာမိခဲ့သည်။
အစကမူ နှုတ်ပိတ်ခအဖြစ် အကျိုးအမြတ်လေး နည်းနည်းပါးပါသာ ပေးလိုက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် စွန်းယု အားတက်သရော ကြိုးစားနေသည်ကို မြင်သော် ရန်ကိုင်လည်း ထိုလူငယ်လေးအား ရသမျှအချိန်အတွင်း အစွမ်းကုန် ပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်တော့လေသည်။
ဆေးပေါင်းရည်တစ်စက်၊ သလင်းကျောက်တုံးများနှင့် သူကိုယ်တိုင်ဖော်စပ်ထားသော ဆန်းကြယ်အဆင့် ဆေလုံးများ၊ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးများကို စွန်းယုအား နေ့စဉ်ပေးကာ လေ့ကျင့်စေခဲ့သည်။
အလုပ်ကြိုးစားသူတိုင်းအတွက် အခွင့်အရေး ဆိုသည်မှာ တစ်ခုမဟုတ် တစ်ခုရှိနေစမြဲပင်။
ယခုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်နိုင်ရန်အတွက် သူရင်ဆိုင်ခဲ့ရသော အခက်အခဲများကို ပြန်တွေးမိလိုက်တိုင်း ထိုလူငယ်လေးအား လက်ကမ်း ကူညီပေးလိုစိတ်တို့ သူ့စိတ်ထဲ ဖြစ်ပေါ်လာရသည်။
ပို၍ ရှားပါးသည့်အချက်သည်ကား စွန်းယုသည် လူငယ်လေးသာ ဖြစ်သော်ငြား အနားယူခြင်း၊ စိတ်လက်ပေါ့ပါးလန်းဆန်းအောင် နေထိုင်ခြင်းသည် ကျင့်ကြံခြင်းအတွက် မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်မှန်း အမှန်ပင် နားလည်နေခဲ့သည်။ အစစ်အမှန်ဒြပ်စင် အထွဋ်အထိပ်အဆင့်သို့ ရောက်ပြီးနောက် ဆက်လက်၍ အဆင့်မတက်နိုင်ဘဲ ထိုအဆင့်မှာတင် သူတစ်ဆို့ခဲ့ရသည်။ သို့သော် စွန်းယုသည် မဆင်မခြင် အဆင့်ချိုးဖျက်ခြင်းမျိုး မလုပ်ဘဲ ကျင့်ကြံခြင်းအား ရပ်တန့်၍ ရန်ကိုင် ဆေးဖော်စပ်နေသည်ကို လေ့လာလိုက်၊ သိုင်းတာအိုနှင့် ပက်သက်သည့် မေးခွန်းများ မေးလိုက်ခြင်းဖြင့် သူ့ကိုယ်သူ ခေတ္တ အနားပေးခဲ့သည်။
အစစ်အမှန်ဒြပ်စင်အဆင့်မှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်ရန် အတော့်ကိုမှ ခက်ခဲပေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုအဆင့်တွင် တစ်ဆို့ခဲ့ဖူးလေရာ ထိုကိစ္စအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို ကောင်းကောင်း နားလည် ထားလေသည်။ စွန်ယုအား အကြံဥာဏ်အချို့ ပေးလိုက်ရာ ကောင်လေး၏ မျက်လုံးများ ဝင်လက်သွားခဲ့ပြီး ခဏတာ စဉ်းစားတွေးတောလိုက်ပြီးနောက် ချက်ချင်းပဲ ပြန်၍ ကျင့်ကြံတော့လေသည်။
ဤသို့ဖြင့် အချိန် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
တစ်နေ့၊ ရန်ကိုင် ဆေးဖော်စပ်နေစဉ် သူ့ဘေးနား၌ ထိုင်နေသော စွန်းယုဆီမှ စိတ်စွမ်းအင်လှိုင်း ဖျော့ဖျော့ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ဆေးဖော်စပ်နေသည်ကို ရပ်တန့်၍ ထိုလူငယ်လေးအား သေသေချာချာ စောင့်ကြည့် လေ့လာတော့လေသည်။
ယခုအချိန်သည် စွန်းယုအတွက် အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ရန် အရေးအကြီးဆုံး အခိုက်အတန့်ပင်။ မည်သူမှ သူ့အား မကူညီနိုင်။ အရာအားလုံးသည် သူကိုယ်တိုင် ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်နေပေသည်။
အသိစိတ်ပင်လယ်အား ဖွင့်လှစ်သည့် ဖြစ်စဉ်သည် ရက်အနည်းငယ် ကြာမြင့်သွားခဲ့သည်။ ထို့ကြောင့် စွန်းယု မည်မျှ ဆုံးဖြတ်ချက် ခိုင်မာမှန်းကိုလည်း ရန်ကိုင် သိနားလည်သွားခဲ့ရသည်။ ကျရှုံးတော့မလို ဖြစ်သည့် အချိန်တိုင်း စွန်းယုသည် မလျော့သော ဇွံလုံ့လဖြင့် ကြံ့ကြံ့ခံ ရှေ့ဆက်သွားခဲ့သည်။
ရုတ်တရက်ဆိုသော စွန်းယု၏ အသိစိတ်ထဲ အဆုံးမရှိသော လေဟာနယ်တို့ ပြိုကျပျက်စီးသွားပြီး မမြင်နိုင်သော ဟင်းလင်းပြင်သစ်တစ်ရပ် ထွက်ပေါ် လာခဲ့ကာ သူ့အရှိန်အဝါသည်လည်း တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားခဲ့ရလေသည်။
အင်မော်တယ် တက်လှမ်းခြင်းအဆင့်… နောက်ဆုံး၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ သူချိုးဖျက် သွားနိုင်ခဲ့လေပြီ။
ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ရန်ကိုင်သည် စွန်းယု အသိစိတ်ပင်လယ် ဖွင့်လှစ်ရန် ကြိုးစားနေသည်ကို တောက်လျှောက် စောင့်ကြည့်လာခဲ့သူ ဖြစ်သဖြင့် ထိုလူငယ်လေး မည်မျှ ကြိုးစားမှန်း သူကောင်းကောင်း နားလည်သည်။ သို့ဖြစ်ရာ စွန်းယုအား သူအောင်မြင်စေချင်မိသည်။
ကံကောင်းစွာဖြင့် ထိုလူငယ်လေး အောင်မြင်သွားခဲ့သည်။
စွန်းယု၏ အသိစိတ်ပင်လယ်ထဲ ဘာဆိုဘာမှမရှိ၊ ခြောက်ကပ်နေခဲ့သည်။ ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ မချိုးဖျက်စဉ်ကတည်းက ကောင်းကင်စိတ်အာရုံကို ကျင့်ကြံခဲ့သူ ဖြစ်သဖြင့် သူ့အသိစိတ်ပင်လယ်ကို ဖွင့်လှစ်လိုက်သည့် အချိန်၌ သူ့အသိစိတ်ပင်လယ်တစ်ခုလုံး များပြားလှသော စိတ်စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ရခြင်း ဖြစ်သည်။
စွန်းယုကမူ ယခုမှသာ စိတ်စွမ်းအင်ကို စတင် စုဆောင်းရမည်ဖြစ်သဖြင့် ရန်ကိုင်ကဲ့သို့ အသိစိတ် ပင်လယ်ကို ဖွင့်ဖွင့်ခြင်း များပြားလှသော စိတ်စွမ်းအင် များကို ပိုင်ဆိုင်ထားခြင်း မရှိခဲ့ချေ။
“စီနီယာ…” စွန်းယုက ဝမ်းသာပျော်ရွှင်စွာဖြင့် ရန်ကိုင်အား စိတ်လှုပ်ရှားတကြီး လှမ်းအော်ခေါ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည် “ကျုပ်… ကျုပ် အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကို ချိုး… ချိုးဖျက်သွားနိုင်ခဲ့ပြီ…”
ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “အခုမင်းနဲ့ အရင်တုန်းကမင်း ဘယ်လို ကွာခြားသွားသလဲ ဆိုတာကို နားလည်ပြီလား”
“အင်း။ ကျုပ်မျက်လုံးပိတ်လိုက်တာတောင် ကျုပ်ဘေးမှာ ရှိနေတာတွေ အကုန်လုံးကို သိနေနိုင်သေးတယ်”
“ဟုတ်တယ်။ မင်းရဲ့ ဝိဥာဉ် ပိုပြီး အားကောင်းလာလေ၊ မင်းအာရုံခံသိမြင်နိုင်တဲ့ အကွာအဝေးကလည်း ပိုပြီး ကျယ်လာလိမ့်မယ်။ ဘယ်လောက်အထိ အသေးစိတ်လေ့လာနိုင်တာကအစ ပိုပြီး တိုးတက်လာလိမ့်မယ်။ မင်းရဲ့ လက်ရှိဝိဥာဉ်က လေထဲရောက်နေတဲ့ ဖယောင်းတိုင်လေးလိုပဲ မတည်ငြိမ်သေးဘူး။ ဆက်ပြီး ကောင်းကောင်း ကြိုးစားဦး”
“ဟုတ်ကဲ့ပါ” စွန်းယုက အားတက်သရော လေးလေးစားစား လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ ပြီးသည်နှင့် ချက်ချင်းပဲ သူ့မျက်လုံးကို ပိတ်၍ စတင် ကျင့်ကြံတော့လေသည်။
သို့သော်လည်း ခဏအကြာ၌ ကိုးယိုးကားယား အမူအရာဖြင့် မျက်လုံးပြန်ဖွင့်လိုက်ပြီး အထစ်အထစ်ဖြင့် ပြောလာခဲ့သည် “ဒါပေမယ့်၊ စီနီယာ… စိတ်စွမ်းအင်ကို ဘယ်လို ကျင့်ကြံရမှန်း ကျုပ်မသိဘူး… ကျုပ်ဆရာက ကျုပ်ကို တစ်ခါမှ မသင်ပေးဖူးဘူး”
စွန်းယု နဂါးတောင်ကြားထဲဝင်စဉ်က သူသည် အစစ်အမှန်ဒြပ်စင် အဆင့်(၇) ကျင့်ကြံသူ တစ်ယောက်သာ ရှိသေးပေသည်။ ထို့အပြင် လင်းကျန်း၏ တွက်ချက်မှုအရ စွန်းယုအနေဖြင့် အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နောက်ထပ် နှစ်နှစ်လိုအပ်ပေသည်။ ထို့ကြောင့် လင်ကျန်းသည် သူ့အား ဝိဥာဉ်ကို မည်ကဲ့သို့ ကျင့်ကြံရမည် ဆိုသည့်အချက်ကို နသင်ပေးခဲ့ခြင်းပင်။
ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် သူ့အတွေအကြုံများကို ပြန်လည် ဝေမျှပေးလိုက်လေသည်။
စွန်းယုသည်လည်း သေသေချာချာကို အာရုံစိုက် နားထောင်ခဲ့လေ၏။
“ဟုတ်ပြီ။ စိတ်စွမ်းအင်ကို ကျင့်ကြံဖို့ အကောင်းဆုံး နည်းလမ်းက ဝိဥာဉ်အမျိုးအစား လက်နက်တစ်ခုကို သန့်စင်ဖို့ပဲ။ ဒါက မင်းရဲ့ တိုက်ပွဲစွမ်းရည်ကိုပါ တိုးတက်အောင် လုပ်ပေးနိုင်ရုံတင် မဟုတ်ဘူး၊ မင်းဝိဥာဉ်ကိုပါ အားကောင်းလာအောင် လုပ်ပေးလိမ့်မယ်” ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်သည် “ငါ့မှာလည်း မင်းအသုံးပြုဖို့ သင့်တော်တဲ့ ဝိဥာဉ်လက်နက်တစ်ခု ရှိတော အတော်ပဲ ဖြစ်သွားတယ်”
ပြောနေရင်း သူ့လက်ဝါးကို ဖြန့်ပြလိုက်ရာ ဓါးတိုလေး တစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။
ထိုဓါးတိုလေးအား အမွေခံတိုက်ပွဲတွင် ဝင်နွှဲစဉ်က ရခဲ့ခြင်း ဖြစ်ပြီး သူအား အဖော်ပြုလာခဲ့သည်မှာ အတော်လေးပင် ကြာနေခဲ့လေပြီ။ သို့သော် ဓါးတိုလေးသည် ကောင်းကင် အထွဋ်အထိပ်အဆင့် လက်နက်တစ်ခုသာ ဖြစ်သဖြင့် ယခုလက်ရှိ ရန်ကိုင်အတွက် သိပ်ပြီး အသုံးမဝင်တော့ချေ။
စွန်းယုက သူ့လက်ကို ကပျာကယာ ဝှေ့ရမ်းလိုက်ပြီး “စီနီယာ ကျုပ်ကို ပေးတာ များနေပါပြီ။ ဒီလက်နက်…”
“ဒါက ကောင်းကင် အထွဋ်အထိပ်အဆင့်ပဲ ရှိတာ။ ငါ့အတွက် အသုံမးဝင်တော့ဘူး။ ဆက်သိမ်းထားလို့လည်း အသုံးဝင်လာမှာ မဟုတ်ဘူး။ ငါ့အတွက် အသုံမးဝင်ပေမယ့် မင်းအတွက်ကတော့ လုံးဝကို အသုံးဝင်တယ်”
ရန်ကိုင် ပြောသည်ကို ကြားသော် စွန်းယု ခဏလောက် တုန့်ဆိုင်းသွားခဲ့ရသည်။ နောက်ဆုံး သူ့လက်နှစ်ဖက်အား ဆန့်ထုတ်၍ ထိုဓါးအား လေးလေးစားစားဖြင့် လက်ခံရယူလိုက်ပြီး “လက်ဆောင်အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်… စီနီယာရဲ့ နာမည်ကို အရှက်မရမိစေရအောင် ဒီနေ့ကစပြီး စွန်းယု အလုပ်ကြိုးစားပါ့မယ်”
ရန်ကိုင်က ရယ်မောလိုက်ပြီး ဓါးပေါ်မှ သူ့ဝိဥာဉ် အမှတ်အသားကို ဖယ်ရှား၍ ပြောလိုက်သည် “သေသေချာချာ သန့်စင်လိုက်။ ဒီလက်နက်ကို မင်းရဲ့ အသိစိတ်ပင်လယ်ထဲ ရောက်အောင် လုပ်နိုင်ရင် သန့်စင်တာ ပြီးဆုံးသွားပြီပဲ”
“ဟုတ်ကဲ့ပါ” စွန်းယုက ခေါင်းညိတ်လိုက်ပြီး အလျင်အမြန်ပဲ ဓါးတိုးလေးအား စတင် သန့်စင်တော့လေသည်။
စွန်းယုအား ညွှန်ကြားသင်ကြားစရာ ရှိသည်များကို သင်ကြားညွှန်ကြားပြီးသော် ရန်ကိုင်လည်း သူ့အလုပ်သူ ပြန်အာရုံစိုက်တော့လေသည်။
အချိန်အတော်ကြာအောင် အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်နေခဲ့ပြီး နောက်ဆုံး၌ သူသည် သူတော်စင်အဆင့် ဆေးလုံးများအား စိတ်ရှိတိုင်း ဖော်စပ်နိုင်သော ဆေးပညာရှင်တစ်ယောက် အဖြစ်သို့ ရောက်ရှိသွားခဲ့လေသည်။
နောက်ဆုံး၌ ရန်ကိုင်သည် သူတော်စင် အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
ရှေးဟောင်းနတ်ဆိုးကလန်သား သူတို့၏ အချုပ်အနှောင်မှ လွတ်မြောက်အောင် လုပ်ပေးနိုင်ရန် လက်တစ်လှမ်းသာ လိုတော့ပေသည်။
ဤထုန်းရွှမ်လောကကြီး တစ်ခုလုံးတွင်ပင် သူတော်စင်အဆင့် ဆေးပညာရှင် များများစားစား မရှိပေ။
ကျောက်တုံးမြို့တော်မှ တုဝမ်သည်လည်း သူတော်စင် အဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်သည်။ သူသွားသည့် နေရာတိုင်း လေးလေးစားစား ဆက်ဆံခံရသည်။ ရန်ကိုင်သာ ဆန္ဒရှိလျှင် သူလည်း ထိုကဲ့သို့သော အဆင့်အတန်းမျိုး ရရှိပိုင်ဆိုင်နိုင်လေပြီ။
သို့သော် ဆေးပညာသည် သိုင်းတာအိုအပေါ် သူ့၏ နားလည်သဘောပေါက်မှု ပိုမို ကျယ်ပြန်လာစေရန် အတွက် လိုက်စားသည့် အထောက်အကူ ပညာရပ် တစ်ခုခုသာ ဖြစ်လေသည်။
သူ့အစစ်အမှန်ပန်းတိုင်သည်ကား သိုင်းတာအို၏ အထွဋ်အထိပ်သို့ လျှောက်လှမ်းနိုင်ရန်ပင်။
ဆေးပညာကို လေ့ကျင့်ခြင်းဖြင့် တေဇောဓါတ် အသိစိတ်ပင်လယ်အား ပို၍ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာခဲ့ရသည်။
သူသည် သူတော်စင် အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်သာ ဖြစ်သော်ငြား ဆေးပေါင်းရည်နှင့် အထောက်အကူ စိတ်ဝိဥာဉ် အစီအရင်များကိုပါ အသုံးပြုပါက သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများကို ဖော်စပ်ကောင်း ဖော်စပ်နိုင်လိမ့်မည်မှန်း ရန်ကိုင် ခန့်မှန်းထားသည်။
ရွှေရောင်စွမ်းအင် သမုဒ္ဒရာကြီးသည် ရန်ကိုင်နှင့် စွန်းယုအား လှောင်ပိတ်ထားခဲ့သည်။ ရန်ကိုင် ကျောပေါ်ရှိ တက်တူဆီမှ ဖြစ်ပေါ်လာသော ရွှေနဂါးလေးသည် ထိုရွှေရောင်စွမ်းအင်များကို စုပ်ယူရင်း တစ်စထက်တစ်စ ပို၍ ကြီးထွားလာနေခဲ့သည်။
ရန်ကိုင်သည် ဤနေရာမှ ထွက်ခွါရန် အလျင်မလိုသေးသဖြင့် သူ့ကိစ္စကိုသာ ဆက်အာရုံ စိုက်နေလိုက်သည်။
ယခုနောက်ပိုင်း အမျိုးမျိုး အထွေထွေသော ပြဿနာ ပေါင်းစုံဖြင့် အလုပ်ရှုပ်နေခဲ့ရသည့်အတွက် သူ့ကျင့်ကြံခြင်းအား တိုးတက်အောင် လုပ်ရန် အချိန်မရှိခဲ့။ ထို့ကြောင့် ယခုအချိန်သည် သူ့အတွက် အခွင့်အရေးကောင်းကြီး တစ်ခုပင် ဖြစ်လေသည်။
ရွှေနဂါးကဲ့သို့ပင် စွန်းယုသည်လည်း တဖြည်းဖြည်း အားကောင်းလာနေခဲ့သည်။ ဆေးပေါင်းရည်၏ အကူအညီဖြင့် ပြောင်းလဲသွားသော သူ့ခန္ဓာကိုယ်ကြောင့် ကျင့်ကြံရာ၌ ပို၍ ချောချောမွေ့မွေ့၊ လွယ်ကူ အဆင်ပြေလာခဲ့ရသည်။
ရန်ကိုင် ပေးခဲ့သော ဓါးတိုလေးကို တစ်လလောက် အဆက်မပြတ် သန့်စင်နေပြီး နောက်ဆုံး၌ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့လေ၏။ သန့်စင် ပြီးပြီးချင်း စမ်းသုံးကြည့်ပြီးနောက် ထိုဓါးတိုလေးကို စွန်းယု အကြိုက်တွေ့သွားခဲ့ရသည်။
ယခင်က ခြောက်ကပ်နေခဲ့သော သူ့အသိစိတ် ပင်လယ်သည် ယခုအချိန်၌ စိတ်စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့လေပြီ။
နေ့စဉ်နေ့တိုင်း သလင်းကျောက်တုံး များစွာနှင့် ဆေးလုံးများစွာကို သူအသုံးပြုခဲ့သည်။ ကျင့်ကြံရာ၌ တစ်ခုခု နားမလည်လျှင်ပင် ကိုယ့်ဘာသာ ထိုင်တွေးပြီး အချိန်ကုန်ခံနေစရာ မလို။ စီနီယာရန်ဆီမှ အကူအညီ တောင်းခံလိုက်ရုံပင်။ ထို့ကြောင့် သူ့လောက် ကံကောင်းသည်လူ ဤလောကကြီးတွင် မရှိတော့ဟု စွန်းယု တွေးမိလာခဲ့သည်။ သူ့အပေါ် ကြင်ကြင်နာနာ၊ ဂရုတစိုက်ဖြင့် ဆက်ဆံပေးသော ရန်ကိုင်ကိုးလည်း ပြောမပြတတ်အောင်ကို ကျေးဇူးတင်၊ လေးစားကြည်ညို နေမိလေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၃၃) ထူးဆန်းသောပြောင်းလဲမှု
တစ်နေ့ သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နေစဉ် ရန်ကိုင် ရုတ်တရက် မျက်မှောင် ကြုံ့လိုက်သည်။
သူ့ဒန်တန်ထဲတွင် စုဆောင်းထာသော ယန်အရည်စက် ကုန်လုလု ဖြစ်နေပြီကို ယခုမှပင် သူသတိပြုမိလိုက်သည်။ နောက်ဆုံးအကြိမ် ယန်အရည်စက် ဖြည့်ခဲ့စဉ်က ဆယ်စုနှစ်လောက် ထပ်ဖြည့်စရာ မလိုလောက်ဘူးဟု တွေးခဲ့သည်။ သို့သော်လည်း သူ့ခန့်မှန်းချက် မှားယွင်းသွားခဲ့ ရလေပြီ။
လေဟာနယ်အား တစ်ကြိမ်ဆုတ်ဖြဲလိုက်တိုင်း ယန်အရည်စက် အနည်းငယ်ကို အသုံးပြုရသည်။ ထိုပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်သွားရန် အတွက် ယန်အရည်စက် များစွာကို အသုံးပြုခဲ့ရသဖြင့် သူ့ဒန်တန်ထဲရှိ ယန်အရည်စက် အတော်များများ ကုန်ဆုံးသွားခဲ့ရသည်။
ယခု ပြန်ဖြည့်ရတော့ပေမည်။
ကံကောင်းစွာဖြင့် သူ့တွင် နတ်ဘုရားသစ်ပင်မှ အသီးများ အလုံး(၇၀)၊ (၈၀)လောက် ရှိနေခဲ့သည်။ အသီးတစ်လုံးတွင် ပါဝင်သော ယန်ဓါတ်သည် အတော့်ကိုမှ များပြားလှဿဖြင့် သူသာ ထိုအသီး အကုန်လုံးကို စားသုံးလိုက်ပါက သူ့ဒန်တန်အား ပြန်ဖြည့်ကောင်း ပြန်ဖြည့်နိုင်ပေလိမ့်မည်။
နတ်ဘုရားသစ်ပင်သည် ယခုအချိန်၌ သူ့ဒန်တန်ထဲတွင် ရှိနေခဲ့သည်။ ထိုသစ်သီးများ တစ်ခါသီးရန် အချိန်အကြာကြီး လိုသော်ငြား ခူးပြီး သိမ်းထားခြင်းသည် အကျိုးမရှိ။ ထို့ကြောင့် ရန်ကိုင် တုန့်ဆိုင်းမနေတော့ပေ။
အသီးတစ်လုံးကို ထုတ်ယူ၍ တစ်ကိုက်ပြီးတစ်ကိုက် ကိုက်စားလိုက်သည်။
ရန်ကိုင် အသီးစားနေသည့် အသံကြောင့် စွန်းယု တင်ပလင်ခွေထိုင် ကျင့်ကြံနေရာမှ နိုးလာခဲ့သည်။ ထို့ကြောင့် ရန်ကိုင်အား လှမ်းကြည့်မိလိုက်ရာ ချက်ချင်း ဆိုသလို သူ့မျက်ဝန်းများ ဝင်းလက်သွားခဲ့ရလေသည်။
ယခု စွန်းယုသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင် စားနေသော နတ်ဘုရားသစ်ပင်မှ အသီးများ မည်မျှ ထူးကဲကြောင်းကို ချက်ချင်း မျက်မှန်းတန်း သတိပြုမိလိုက်သည်။ အသီးထဲတွင် ပါဝင်သော ယန်ဓါတ်စွမ်းအင်များသည့် သူ့အတွက် အရမ်းကိုမှ သားရေယိုချင်စရာ ကောင်းလှ၏။
သို့သော် လိုချပ်တပ်မက်သည့် အရိပ်အယောင် နည်းနည်းမှ ထုတ်မပြရဲ။
မျက်လုံးပြန်ပိတ်ပြီး ပြန်ကျင့်ကြံရန် လုပ်မည်အပြု ရန်ကိုင်က သူ့အား ရုတ်တရက် ပြုံးပြလိုက်ပြီး အသီပိုင်းလေး တစ်ပိုင်းကို ပစ်ပေးကာ “ကပ်စေးနှဲတာတော့ မဟုတ်ပေမယ့် မင်းအနေနဲ့ ဒီအသီးကို အများကြီးစားလို့ မကောင်းဘူး”
စွန်းယုမျက်နှာ နီမြန်းသွားခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြင့် ထိုအသီးပိုင်းလေးကို လက်ခံယူ၍ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ခဏအကြာ၌ စွန်းယု အသားတစ်ကိုယ်လုံး နီရဲလာခဲ့ပြီး အစစ်အမှန်ချီတို့သည်လည်း ကသောင်းကနင်း ဖြစ်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ မွှေးညင်းပေါက်အားလုံး ပွင့်ထွက်လာခဲ့ပြီး ပိုလျှံနေသော အပူစွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့ရာ သူ့တစ်ကိုယ်လုံး ထပေါက်တော့မည့်အလား ထင်မှတ်ရလေသည်။
ရန်ကိုင်သည် ထိုကောင်လေးကို ဂရုမစိုက်တော့ဘဲ သူ့ကိစ္စအား သူ့ဘာသာသူသာ ဖြေရှင်းခိုင်းလိုက်သည်။
မတုန့်ဆိုင်းရဲသည်နှင့် စွန်းယုသည် သူ့အစစ်အမှန်ချီကို ချက်ချင်းပဲ လှည့်ပတ်လိုက်၍ သူ့တစ်ကိုယ်တစ်လျှောက် ထကြွသောင်းကျန်းနေသော စွမ်းအင်များကို စတင်စုပ်ယူတော့လေသည်။
အချိန်အတော်ကြာသွားမှပဲ ထိုစွမ်းအင်များ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ယခုအချိန်၌ စွန်းယုတစ်ကိုယ်လုံး အားသစ်လောင်းထားသည့် ပမာ မကုန်ခမ်းနိုင်သော စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ပြီး သူ့အရှိန်အဝါသည်လည်း ယခင်ထက်ပို၍ သိသိသာသာ အားကောင်းလာခဲ့သည်။
“ထပ်လိုချင်သေးလား” ရန်ကိုင်က မေးလိုက်သည်။ စွန်းယု အလျင်အမြန်ပဲ ခေါင်းခါလိုက်လေသည်။
အသီးပိုင်းလေး တစ်ခြမ်းနှင့်တင် သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့ရသည်။ ရန်ကိုင် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ တစ်ကိုက်ပြီးတစ်ကိုက် စားနေသည်ကိုမြင်သော် သူတို့နှစ်ယောက်ကြား မည်မျှ ကွာခြားကြောင်း စွန်းယု နောက်တစ်ကြိမ် ထပ်မံ နားလည်သွားခဲ့ရပြန်လေသည်။
ထိုအသီးသည် ကောင်းသော်ငြား စွန်းယုသည် မိုက်မဲသည့်လူတစ်ယောက် မဟုတ်။ သူ့တွင် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသေးသည်။ ထို့ကြောင့် ထပ်ပေးပါဦးဟု မတောင်းဆိုတော့ချေ။
အသီး၏ သုံးပုံတစ်ပုံလောက်ကို စားပြီးနောက် သူ့ဒန်တန်ထဲ ယန်အရည်စက်ပမာဏ အတော်လေး ပြန်တိုးလာခဲ့သည်။
ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်နေစဉ်မှာပင် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့အသိစိတ်ကို အနက်ရောင်စာအုပ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်လေ၏။
“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ်က နတ်ဘုရားသစ်ပင်ရှေ့ ပေါ်လာခဲ့သည်။
“အဲ့မှာ ထူးဆန်းတာတွေ တစ်ခုခု ဖြစ်နေသလိုပဲ” နတ်ဘုရားသစ်ပင်က ရန်ကိုင်အား ပြောလိုက်သည်။
ရန်ကိုင် နတ်ဘုရားသစ်ပင်အား ရခဲ့သည်မှာ အတော့်ကို ကြာနေပြီဖြစ်သလို နတ်ဘုရားသစ်ပင်၏ အသိစိတ်မှာလည်း အတော်လေးကို ရင့်ကျက်နေခဲ့လေပြီ။ ယခုအချိန်၌ နတ်ဘုရားသစ်ပင်သည် ရန်ကိုင်နှင့် အခက်အခဲမရှိ ပြောဆိုဆက်သွယ်နိုင်နေလေပြီ။
“ဘယ်မှာလဲ” ရန်ကိုင်က သိချင်စိတ်အပြည့်ဖြင့် ပြန်မေးလိုက်သည်။
“လိုက်ခဲ့” နတ်ဘုရားသစ်ပင်မှ ရွှေရောင်အလင်းမျှင် တစ်မျှင် ထွက်ပေါ်လာခဲ့ပြီး ဦးတည်ဘက်တစ်ခုဆီ ပျံသန်းသွားလေသည်။
ထိုအလင်းမျှင်တန်းလေး၏နောက်မှ လိုက်လာပြီးနောက် အနက်ရောင်စာအုပ်ထဲရှိ နေရာတစ်ခုစီသို့ ရန်ကိုင် ရောက်ရှိလာခဲ့၏။
“ဒီနေရာပဲ” နတ်ဘုရားသစ်ပင်က နေရာတစ်ခုပေါ် စက်ဝိုင်းပုံသဏ္ဍာန် ဝေ့ဝိုက် ပျံသန်းပြလိုက်သည်။
နတ်ဘုရားသစ်ပင် မပြောလျှင်ပင် တစ်ခုခု ပုံမှန်မဟုတ်မှန်း ရန်ကိုင် ပြောနိုင်လေသည်။
ထိုနေရာ၌ ကျောက်စကျောက်နများစွာ ရှိနေခဲ့ပြီး သူသိမ်းထားသော အဖိုးတန် သတ္တုရိုင်များမဆိုလျှင်လည်း မရှိတော့ချေပြီ။
အထူးသဖြင့် ကြယ်တာရာကောင်းကင်မှ သူပြန်သယ်လာခဲ့သော သတ္တုရိုင်းတုံးပမာဏ သိသိာသာသာကို လျော့ကျသွားခဲ့ရသည်။
ကြယ်တာရာကောင်ကင်းမှ သယ်လာသော သတ္တုရိုင်းများကို ယခုနေရာ၌ ပုံထားခဲ့ခြင်းဖြစ်သည်။ ထိုမျှသာမက ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ ရတနာဂိုဒေါင်မှ ရခဲ့သော သတ္တုရိုင်းများကိုလည်း ဤနေရာ၌ စုပုံထားခဲ့သေးသည်။
သို့သော်လည်း ယခုအချိန်၌ သတ္တုရိုင်းများ မရှိတော့ဘဲ အသုံးမဝင်သော အညစ်အကြေးများသာ ကျန်ရှိတော့သည်။
ရန်ကိုင်လည်း နတ်ဘုရားသစ်ပင်အား မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ဟိုတစ်ခါကတည်းက ယခုကဲ့သို့ တူညီသော အဖြစ်အပျက်ကို ရန်ကိုင် တစ်ကြိမ် တွေ့ကြုံခဲ့ဖူးသည်။ ထိုအချိန်က နတ်ဘုရားသစ်ပင် လုပ်ခဲ့ခြင်းဖြစ်သည်ဟု ထင်မှတ်ကာ သိပ်ပြီး စိတ်ထဲမထားခဲ့ချေ။
သို့သော်လည်း ထိုအဖြစ်အပျက်သည် နတ်ဘုရား သစ်ပင်၏ လုပ်ရပ်မဟုတ်မှန်း ယုခုမှပဲ ရန်ကိုင် သိခဲ့ရလေသည်။
“ဒီမှာ တစ်ချိန်လုံး နေနေပြီး ဘာမှမသိဘူးလား” ထိုသတ္တုပုံမှ ဘာသဲလွန်စမှ မတွေ့ရသဖြင့် နတ်ဘုရား သစ်ပင်ဘက်လှည့်၍ မေးလိုက်လေသည်။
“ဟင့်အင်း” နတ်ဘုရားသစ်ပင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်ပြောလိုက်သည် “ဒီမှာ ထူးဆန်းတာ တစ်ခုခု ဖြစ်နေတယ်လို့ပဲ ခံစားမိတာ”
“တစ်ချက်လောက် ကြည့်ထားပေးဦး။ ထူးဆန်းတာ တစ်ခုခုတွေ့ရင် ငါ့ကို ချက်ချင်းပြောလိုက်” ရန်ကိုင်က ပြောလိုက်သည်။
အနက်ရောင်စာအုပ်ထဲ တစ်ခုခု ဖြစ်နေခြင်းသည် ရန်ကိုင်အား အတော့်ကိုမှ နားလည်ရခက်နေစေခဲ့သည်။
ထိုသတ္တုများထဲရှိ အဆီအနှစ်များသည် အကြောင်မရှိဘဲ ကုန်သွားလိမ့်မည် မဟုတ်ပေ။ တစ်ခုခုကသာ စားသုံးနေခြင်း ဖြစ်ရပေမည်။ သို့သော နတ်ဘုရားသစ်ပင်၏ လုပ်ရပ်မဟုတ်သဖြင့် မေးစရာ ဖြစ်လာခဲ့လေပြီ… ဘယ်သူ၊ ဘာက လုပ်နေတာလဲ။
ထိုပြဿနာကို မဖြေရှင်းနိုင်သရွေ့ သူ့လည်းချောင်းထဲ ငါးအရိုးစူးနေသလို ခံစားနေရပေလိမ်မည်။
နတ်ဘုရားသစ်ပင်က ခေါင်ညိတ်ပြလိုက်ပြီးနောက် ရန်ကိုင်လည်း အနက်ရောင်စာအုပ်ထဲမှထွက်၍ ဆေးပြန်ဖော်စပ်နေလေ၏။
ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေခဲ့ပြီး တစ်နေ့၌ နတ်ဘုရားသစ်ပင်အား လှမ်းခေါ်ခဲ့၏။
ရန်ကိုင်လည်း နည်းနည်းလေးမှပင် တုန့်ဆိုင်းမနေဘဲ အနက်ရောင်စာအုပ်ထဲသို့ သူ့အသိစိတ်ကို ချက်ချင်း ပို့လွှတ်၍ နတ်ဘုရားသစ်ပင်ကို မေးလိုက်လေသည် “တွေ့ပြီလား”
“အင်း” နတ်ဘုရားသစ်ပင်က သတ္တုပုံရှိရာရှိ ရွှေရောင်အမျင်တန်းတစ်ခု ပို့လွှတ်လိုက်ပြီး တစ်ခုခုအား ညွှန်ပြလိုက်လေသည် “အဲ့ဒါတွေပဲ။ အဲဒါတွေက သတ္တုအဆီအနှစ်တွေကို စုပ်ယူနေတာ”
နတ်ဘုရားသစ်ပင် ညွှန်ပြရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။
ထိုသတ္တုပုံကို ဤနေရာ၌ ကြုံသလို ပစ်ထားခဲ့သော်ငြား သူကြည့်နေသော ကျောက်တုံး နှစ်တုံးကိုမူ သေသေချာချာ မှတ်မိနေပေးသည်။
အဘယ်ကြောင့်ဆိုသော် ထိုကျောက်တုံးနှစ်တုံးသည် အခြားကျောက်တုံးများနှင့် ယှဉ်လျှင် တော်တော်လေးကို ထူးဆန်းနေသောကြောင့်ပင် ဖြစ်သည်။
ကျောက်တုံးနှစ်တုံးစလုံးသည် လုံးဝန်းမည်းနက် နေခဲ့ပေသည်။
ပထမဆုံးကျောက်တုံးကို ဝိဥာဉ်ဝါးမြိုးအင်းဆက်များ နေထိုင်ရာနေရာတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ရန်ကိုင်က ကောင်းကင်ဂိုဏ်းတော်သို့ သွားနေစဉ်၊ ထိုရှေးဟောင်းလိုဏ်ဂူစံအိမ်ကို ချန်းယန်၊ ဖေးယုတို့နှင့် စူးစမ်းရှာဖွေခဲ့ခြင်း ဖြစ်သည်။ ဂူအတွင်းပိုင်းမှ ရတနာအချို့ကို သူ့ဂိုဏ်းတူဦးလေးနှင့် ဒေါ်လေးတို့ ပြန်ယူလာခဲ့ကြပြီး ထိုအနက်ရောင်ကျောက်တုံးသည် သူတို့ ပြန်ယူလာခဲ့သော ရတနားများထဲမှ တစ်ခု ဖြစ်လေ၏။
ဒုတိယကျောက်တုံးကို ဝဲပျံတိမ်တိုက်မြို့တော်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ပွင့်လာမည်ကို စောင့်ဆိုင်းနေစဉ် ရန်ကိုင်သည် တုဝမ်နှင့် မိနာတို့ကို တွန်းအားပေးမှုကြောင့် ဆေးပညာပြိုင်ပွဲ တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည်။ နောက်ဆုံး ပထမဆုကို အနိုင်ရသွားခဲ့သဖြင့် တုဝမ်၏ အပေါင်းအဖော် သူတော်စင်အဆင့် ဆေးပညာရှင်များ၏ အိတ်ထဲမှ စိတ်ကြိုက်ရတနာတစ်ခုကို ရွေးချယ်ခွင့်ရရှိခဲ့သည်။
အနက်ရောင်ကျောက်တုံး နှစ်တုံးစလုံးသည် ချွတ်စွပ်နီးပါး တူညီနေခဲ့သည်။ ထိုကျောက်တုံး နှစ်တုံးသည် အတော်လေးကိုမှ ထူးခြားလှသဖြင့် ရန်ကိုင်လည်း အချိန်ပေးပြီး ကျောက်တုံးနှစ်တုံးကို လေ့လာကြည့်ခဲ့ဖူးသည်။ သို့သော် သူမည်မျှပင် ကြိုးစားခဲ့ပါစေ ဘာထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ပေ။
အနက်ရောင်စာအုပ်ထဲရှိ အထူးအဆန်း အဖြစ်အပျက်၏ လက်သည်တရားခံသည် ထိုကျောက်တုံး နှစ်တုံး ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် အိမ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့။
ဘယ်လိုကျောက်တုံးကများ အခြားသတ္တုရိုင်းများ၏ အဆီအနှစ်များကို စုပ်ယူလေသနည်း။ အချိန် အတော်ကြာသည်အထိ စဉ်းစားလိုက်သော်ငြား ခေါင်းသာ ခြောက်ခဲ့ရပြီး အဖြေတစ်ခုကိုမှ စဉ်းစား၍ မရခဲ့ပေ။
ကျောက်တုံးနှစ်တုံးကို ကောင်းကင်စိတ်အာရုံဖြင့် ထပ်မံ စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့ရလေသည်။
လူကိုယ်ထဲရှိ သွေးကြားများနှင့် ဆင်တူသော လှပသည့် မျဉ်းကြောင်းလေးများကို ကျောက်တုံးနှစ်တုံး၏ မျက်နှာပြင်ပေါ်တွင် သူမြင်တွေ့လိုက်ရသည်။ ကံမကောင်းစွာဖြင့် ထိုမျဉ်းကြောင်းလေးများသည် အပြည့်အဝ ဆက်နေခြင်းမရှိဘဲ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခဲ့သည်။
ထိုတွေ့ရှိမှုကြောင့် ရန်ကိုင်လည်း အကြီးအကျယ် အံ့အားသင့်သွားခဲ့ရလေသည်။
ကျောက်တုံးနှစ်တုံးကို စရခဲ့စဉ်က ထိုကျောက်တုံး နှစ်တုံးအား အသေးစိတ်စစ်ဆေးမှုများ သူပြုလုပ် ခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ကျောက်တုံး မျက်နှာပြင်ထက် မည်သည့် မျဉ်းကြောင်းမှ ရှိမနေခဲ့။
ထိုပြတ်တောင်းပြတ်တောင်း ဖြစ်နေသော မျဉ်းကြောင်းလေးများသည့် ကျောက်တုံးနှစ်တုံး သူတို့ပတ်လည်ရှိ သတ္တုရိုင်းများမှ အဆီအနှစ်များကို စုပ်ယူခြင်းဖြင့် ဖြစ်ပေါ်လာဟန်တူသည်။
ထို့အပြင် ထိုမျဉ်းကြောင်းများထဲ ပုံမှန်မဟုတ်သည့် စွမ်းအင်များ စီးဆင်းနေသည်ကို ယခုမှပင် ရန်ကိုင် သတိပြုမိလိုက်သည်။
ထိုကျောက်တုံးနှစ်တုံးများသည် တော်တော်လေးကို ထူးခြားဆန်းကြယ်လှပေသည်။
ခဏလောက် စဉ်းစားပြီးနောက် ထိုကိစ္စကို ခဏ ဘေးချထားရန် ဆုံးဖြတ်လိုက်လေ၏။ အနက်ရောင် စာအုပ်ထဲရှိ ပြဿနာ၏ ဇာတ်မြစ်ကို သိလိုက်ရပြီးနောက် ရန်ကိုင်လည်း ဆက်လက် စိုးရိမ်နေခြင်း မရှိတော့ဘဲ ကျောက်တုံးနှစ်တုံးကို စောင့်ကြည့်ထားရန် နတ်ဘုရား သစ်ပင်အား ပြောလိုက်ပြီးနောက် သူ့အသိစိတ်ကို အနက်ရောင်စာအုပ်ထဲမှ ပြန်ရုတ်လိုက်လေသည်။
ကျောက်တုံးနှစ်တုံးသည် မရိုးလောက်ဟု သူ့စိတ်ထဲ ခံစားမိနေခဲ့သည်။ သူသာ ထိုကျောက်တုံးနှစ်တုံးကို သတ္တုအဆီအနှစ်များ ဆက်လက် စုပ်ယူခွင့် ပေးလိုက်ပါက မမျှော်လင့်သော ပြောင်းလဲမှုများ ဖြစ်လာနိုင်ပေသည်။
သတ္တုအဆီအနှစ်များကို စုပ်ယူခြင်းဖြင့် ကျောက်တုံး နှစ်တုံး ပိုပြီး အားကောင်းလာနိုင်သည်။ ရန်ကိုင်သည် ထိုကျောက်တုံးနှစ်တုံးကိုသုံး၍ ပို၍ အားကောင်းသော လက်နက်များ ထုလုပ်နိုင်သည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
မျက်လုံးပြန်ပွင့်လာပြီးနောက် ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်ရာ ရွှေနဂါးသည် ရွှေရောင်စွမ်းအင်များကို ဆက်လက်စုပ်ယူနေသေးပြီး စွန်းယုသည်လည်း ကြိုးစား လေ့ကျင့်နေသေးသဖြင့် ရန်ကိုင်လည်း ဆေးပညာကိုသာ ပြန်လေ့ကျင့်တော့လေ၏။
တော်ဝင်သင်္ချိုင်းထဲတွင် ရန်ကိုင်သည် နတ်ဆိုး နတ်ဘုရား၏ ရွှေရောင်သွေးတစ်စက်ကို သန့်စင်ခဲ့ပြီး ဝိဥာဉ်ခွဲထုတ်ခြင်း နတ်ဘုရားစွမ်းရည်ကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရန်ကိုင်သည် ထိုနတ်ဘုရားစွမ်းရည်ကို ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့ကာ ယခုဆိုလျှင် ခြောက်ယောင်ခြယ်ဝိဥာဉ်ကြာပန်း၏ ကျေးဇူးကြောင့် အတော်လေး တိုးတက်နေခဲ့လေပြီ။
ဝိဥာဉ်ခွဲထုတ်ခြင်း ပညာရပ်ကို လေ့ကျင့်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများကို ရန်ကိုင် အသေအချာ ခံစားမိနေလေပြီ။
ထိုနတ်ဘုရာစွမ်းရည် ပညာရပ်ကို ပြီးပြည့်စုံခြင်း အဆင့်ထိ လေ့ကျင့်နိုင်ပါက လူတစ်ယောက်တည်းနှင့် ဝိဥာဉ်နှစ်ခု ပိုင်ဆိုင်သွားမည်ဖြစ်ကာ စိတ်စွမ်းအင် ကျင့်ကြံသည့် အမြန်နှုန်းသည်လည်း အခြားသူများထက် ပို၍ နှစ်ဆမြန်သွားပေလိမ့်မည်။
စိတ်စွမ်းအင် ကျင့်ကြံနှုန်းကို ထိုမျှ မြှင့်တင်ပေးနိုင်သည့် ကျင့်စဉ်မျိုး ရန်ကိုင် တစ်ခါမှ မကြားဖူးခဲ့။
ထိုကဲ့သို့သော အဆင့်ထိ မရောက်သေးသော်ငြား ဝိဥာဉ်ကိုယ်ပွား၏ ကျေးဇူးကြောင့် သူ့စိတ်စွမ်းအင်သည် ယခင်ထက် ပို၍မြန်မြန် အားကောင်းလာနေခဲ့လေပြီ။
ထို့ကြောင့် ရန်ကိုင်လည်း သူ့ဝိဥာဉ်ကိုယ်ပွားအား အားတက်သရော ပျိုးထောင်ပေးတော့လေသည်။
ဝိဥာဉ်ခွဲထုတ်ခြင်းပညာရပ်အား ပြီးပြည့်စုံခြင်း အဆင့်ထိ လေ့ကျင့်ပြီးသည့်နောက် သူသာ ၎င်းအတွက် သင့်လျော်သော ခန္ဓာကိုယ်ကောင်းကောင်း တစ်ခု ရှာပေးနိုင်သရွေ့ သူ့ဝိဥာဉ်ကိုယ်ပွားကို အသိစိတ် ပင်လယ်မှ ခွဲထုတ်ပြီး ဒုတိယရန်ကိုင်တစ်ယောက် ဖန်တီးနိုင်ပေလိမ့်မည်။ ဤနည်းဖြင့် အန္တရာယ်များသော နေရာများကို စူစမ်းလိုလျှင် သူကိုယ်တိုင် သွားစရာ မလိုတော့ဘဲ သူ့ကိုယ်ပွားကို လွှတ်လိုက်ရုံပင်။
ထို့အပြင် ရန်ကိုင်သည် တော်ဝင်သင်္ချိုင်းထဲမှ ရရှိခဲ့သော သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက် တစ်ခုဖြစ်သည့် ငွေရောင်သစ်ရွက်ကိုလည်း စတင် သန့်စင်နေခဲ့လေပြီ။ သို့သော် ငွေရောင်သစ်ရွက်မှာ အရမ်းကိုမှ သန့်စင်ရခက်လှ၏။ သူ့တွင် အချိန်အများကြီး ရှိနေသည်မှာ ကံကောင်းသွားခဲ့သည်။
အနက်ရောင်စာအုပ်ထဲရှိ ပြဿနာဇာတ်မြစ်ကို သိသွားပြီးနောက် ရန်ကိုင်သည် ပြောင်းလဲမှု တစ်ခုခုများ တွေ့ရနိုးနိုးဖြင့် ကျောက်တုံးလေးနှစ်တုံးကို မကြာမကြာ သွားကြည့်တတ်သည်။
အချိန်ကြာလာသည်နှင့် ကျောက်တုံးမျက်နှာပြင် ပေါ်ရှိ မျဉ်းကြောင်းလေးများ ပို၍ ကြည်လည် ပြတ်သား လာခဲ့သည်။ ပေးဆပ်လိုက်ရသည်ကား သူ့သတ္တုများပင်။ ကြယ်တာရာကောင်းကင်းနှင့် တော်ဝင်နယ်မြေမှ သူယူလာခဲ့သော သတ္တုများ၏ တစ်ဝက်လောက် ကုန်ဆုံးသွားခဲ့ရလေပြီ။
ဤနှုန်းအတိုင်းသာ ဆက်သွားနေမည် ဆိုပါက တစ်နှစ်အတွင်း သူစုထားသမျှ သတ္တုအားလုံး ပြောင်သွားပေလိမ့်မည်။
ရွှေရောင်စွမ်းအင် သမုဒ္ဒရာကြီးထဲ ရန်ကိုင်နှင့် စွန်းယုသည်တို့သည် အချိန်ကုန်လို့ကုန်မှန်း မသိဘဲ ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေခဲ့ကြသည်။
တစ်ခါတစ်ရံ လုပ်လက်စကို ရပ်၍ စကားစမြည် ပြောရင်း အနားယူတတ်ကြသည်။ ပြီးသည်နှင့် သူတို့ အလုပ် သူတို့ ပြန်လုပ်ကြလေသည်။
ဤနေရာ၌ ပိတ်မိနေ၍ အချိန်အလဟဿ ဖြစ်သွားခြင်း မရှိခဲ့ပေ။ ရန်ကိုင်နှင့် စွန်းယုတို့ နှစ်ယောက်စလုံး ထိုမမျှော်လင့်ထားစရာ အဖြစ်အပျက် ကြောင့် တော်တာ်လေး အကျိုးများခဲ့ရပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၃၄) စောင့်ခဲ့ရတာ အချည်းနှီး မဖြစ်ခဲ့ရဘူး
နဂါးတောင်ကြားသည် နဂါးတစ်ကောင် လဲလျောင်းနေသည့်ပမာ တွန့်လိမ်ကွေ့ကောက်နေသည်။ တစ်နှစ်ပတ်လုံး မြူဆိုင်းနေသဖြင့် အားအကောင်းဆုံး ပညာရှင်များပင် အတွင်းသို့ မမြင်နိုင်ချေ။
အစပိုင်းတွင် နဂါးတောင်ကြားပတ်လည်၍ နဂါးဖီးနစ်နန်းတော်၏ ပညာရှင်များသည် သူတို့ကိုယ် သူတို့ ဖုံးကွယ်၍ အဆက်မပြတ် စောင့်ကြပ်နေခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့် ထိုလူများ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြသည်။
ယခုအချိန်၌ နန်းတော်သခင် ချန်ကျို့ တစ်ယောက်သာ ကျန်ရစ်တော့ပေသည်။
လက်ရှိအခိုက်အတန့်တွင် ချန်တို့သည် စိုးရိမ်နေသည့် အမူအရာဖြင့် မြူဆိုင်းနေသည့် တောင်ကြားကိုကြည့်ရင်း သက်ပြင်းချနေခဲ့သည်။
နှစ်နှစ်ရှိသွားခဲ့လေပြီ။ စွန်းယုဆိုသော တပည့် နဂါးတောင်ကြားထဲသို့ ဝင်သွားပြီး ရွှေနဂါးခေါင်း ထွက်ပေါ်လာအောင် လုပ်ခဲ့သည်မှာ နှစ်နှစ် ရှိသွားခဲ့လေပြီ။
ထိုအဖြစ်အပျက်ကြောင့် နဂါးဖီးနစ်နန်းတော် တစ်ခုလုံး ပျော်ရွှင်ခဲ့ရသည်။ နဂါးဖီးနစ်နန်းတော်၏ ခေါင်းကြီးပိုင်းများသည်လည်း သူတို့ဂိုဏ်း တစ်ဖန် ပြန်လည် ထွန်းတောက်လာတော့မည်ဟု တွေးရင်း ဝမ်းသာပျော်ရွှင်နေခဲ့ကြသည်။
သို့သော် နှစ်နှစ်ကြာပြီးသည့်တိုင်း တောင်ကြားထဲမှ မည်သည့် လှုပ်ရှားမှု အရိပ်အယောင်မှ မတွေ့ခဲ့ရ။ တောင်ကြား အတွင်းပိုင်းမှ ထွက်ပေါ်လာနေသော အားကောင်းလှသည့် စွမ်းအင်လှိုင်းများကို အာရုံခံမိသော်ငြား စွန်းယုဆိုသော တပည့် ဘယ်တော့မှ ပြန်မထွက်လာခဲ့ချေ။
ဤသို့ဖြင့် လူများလည်း တစ်စတစ်စဖြင့် စိတ်ဓါတ်ကျလာခဲ့ကြသည်။ နန်းတော်သခင်ချန်ရှေ့ မည်သူမှ ပေါ်တင်ထုတ်မပြာရဲကြသော်ငြား ကွယ်ရာတွင်မူ အားလုံးသည် စွန်းယုဆိုသော တပည့် သေသွားပြီဟု ထင်ကြေးပေးနေခဲ့ကြလေသည်။
သူသည် အစစ်အမှန်ဒြပ်စင်အဆင့်(၇)သာ ရှိသော တပည့်လေး တစ်ယောက်ဖြစ်သည်။ ဤမျှ ကြာသည့်တိုင် မထွက်လာသေးရာ နဂါးတောင်ကြားထဲတွင်သာ သူသေသွားခြင်း ဖြစ်လောက်ပေသည်။
ရွှေရောင်အလင်းသမုဒ္ဒရာကြီးကို ကြည့်ရင်း ချန်ကျို့ နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။
“နန်းတော်သခင်…” ဤနေရာတွင် စောင့်ကျန်ရစ်သည့် လူတစ်ယောက်ဖြစ်သော ချန်ကျို့၏ လက်တွဲဖော်ဖြစ်သည့် ယုထင်းရီက သက်ပြင်းတစ်ချက် ချ၍ သူမယောကျာ်းအား နှစ်သိမ့်ပေးလိုက်လေသည် “အဲ့တပည့် အရံအတားကို ဖွင့်လိုက်နိုင်တာပဲ။ သူအဆင်ပြေနေလောက်မှာပါ”
ချန်ကျို့ ပြန်မပြောခဲ့၊ သူ့အမူအရာကမူ တစ်စထက် တစ်စ ပိုပို၍ သုန်မှုန်လာနေခဲ့သည်။
ယုထင်းရီ သက်ပြင်းချလိုက်ပြီး အနားရှိ လူအိုကြီးဆီ လှမ်းကြည့်လိုက်သည်။
ချန်ကျို့အပြင် ဤနေရာ၌ နှစ်နှစ်တိုင်တိုင် ရပ်စောင့်နေခဲ့သော လူတစ်ယောကမှာ ထိုလူအိုကြီးပင် ဖြစ်လေသည်။
ထိုလူအိုကြီးသည် အခြားလူမဟုတ်၊ စွန်းယု၏ ဆရာဖြစ်သော အကြီးအကဲ လင်းကျန်းပင် ဖြစ်လေသည်။
အကြီးအကဲလင်းသည် အားအရမ်းကြီး မကောင်းသလို မြင့်မားသော အရည်အချင်းကို ပိုင်ဆိုင်ထားခြင်းလည်း မရှိချေ။ သူ့အား အကြီးအကဲဟု ခေါ်နေရခြင်းသည် သူ့အဆင့်အတန်းထက် သူ့အသက်အရွယ်ကြောင့်သာ ဖြစ်ပေသည်။ ယခင်ကဆိုလျှင် မည်သူမှ သူ့အား ဂရုမစိုက်ကြ။
လွန်ခဲ့သောနှစ်နှစ်၊ စွန်းယု အရံအတားကို ဖွင့်လိုက်နိုင်စဉ် သူ့အဆင့်အတန်း ရုတ်ချည်း မြင့်တက်သွားခဲ့ကာ အကြီးအကဲအားလုံးလိုလို သူ့ကို မြင်သည်နှင့် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကြသည်။ ထို့ကြောင့် ထိုအချိန်အတွင်း လင်းကျန်း၏ ဘဝမှာ အတော်လေးကို သာယာနေခဲ့ရသည်။
သို့သော် ယခုမူ၊ မည်သူမှ သူ့ကို ထိုကဲ့သို့ မဆက်ဆံကြတော့ချေ။
ချန်ကျို့နှင့် လင်ကျန်းသည် တောင်ကြားထဲသို့ ဝမ်းပန်းတနည်းဖြင့် စိုက်ကြည့်ရင်း အဖန်တလဲလဲ သက်ပြင်းချနေခဲ့ကြသည်။
ပုံရိပ်တစ်ခု အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။ အခဏအကြာ၌ နဂါးဖီးနစ်နန်းတော်၏ အကြီးအကဲ ရှောင်လင် ရောက်ရှိလာခဲ့ပြီး ချန်ကျို့၏ အမူအရာကို မြင်ပြီးနောက် ယုထင်းရီဆီ လှမ်းကြည့်လိုက်သည်။
ယုထင်ရီကမူ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့်သာ ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်လေသည်။
ရှောင်လင် ချက်ချင်း နားလည်လိုက်သည်။ သူအရင် ရောက်လာသည့် အကြိမ်ကတည်းက နဂါးတောင်ကြားထဲ လှုပ်ရှားမှုမရှိခဲ့ခြင်း ဖြစ်သည်။ ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး လက်သီးဆုပ်ကာ လေးလေးစားစားဖြင့် ပြောလိုက်လေသည် “အရေးကြီးတဲ့ ကိစ္စအချို့ ဆွေးနွေးစရာရှိလို့ နန်းတော်သခင် တက်ရောက်ပေးဖို့ အကြီးအကဲတွေ တောင်းဆိုနေကြပါတယ်”
“သူတို့ဘာသာ ဆွေးနွေပါစေ၊ ငါ့ကို အဖြေပဲ လာပြော” ချန်ကျို့က သူ့လက်ကို ဝှေ့ရမ်းပြလိုက်သည်။
“ကျုပ်ကို ခွင့်လွှတ်ပေးပါ နန်းတော်သခင်။ ဒီကိစ္စကို နန်းတော်သခင် ကိုယ်တိုင် ဖြေရှင်းမှ ဖြစ်မှာမိုလို့ပါ။ မဟုတ်ရင် ကျုပ်လည်း နန်းတော်သခင်ကို လာမနှောင့်ယှတ်ရဲပါဘူး” ရှောင်လင်က ကိုးယိုးကားယား အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ချန်ကျို့ မဆိုသလောက်ကလေး မျက်မှောင် ကြုံ့သွားခဲ့လေသည်။ သူစိတ်ပျက်လာလေပြီ။
ထိုအခြင်းအရာကို သတိပြုမိသော ယုထင်းရီက အလျင်အမြန် ဝင်ပြောလိုက်လေသည် “ရှင်သွားသင့်တယ်။ ဒီနှစ်နှစ်လုံးလုံး ဂိုဏ်းတစ်ခုလုံးကို ရှင်ပစ်ထားခဲ့တာနော်…”
“နဂါးဧကရာဇ် ပြန်လာမှာကို ငါစောင့်ရဦးမယ်လေ” ချန်ကျို့က အခိုင်အမာ ဖြတ်ပြောလိုက်သဖြင့် ယုထင်းရီမှာ ပြောလက်စ စကားကိုပင် ပြီးအောင် မပြောနိုင်တော့ချေ။
ယုထင်ရီး အားတင်း ပြုံးလိုက်ရလေ၏။
“မျှော်လင့်ချက် မရှိတော့ဘူးလို့ နင်ထင်နေတာလား။ မိုက်မဲလိုက်တာ။ နဂါးဧကရာဇ် ကျိန်းသေ ပြန်လာလိမ့်မယ်။ ဘယ်အချိန်မှန်းသာ ငါမသိတာ” ချန်ကျို့က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
ယုထင်းရီက ပြုံးလျက် ပြန်ပြောလိုက်သည် “ရှင်က အဲ့လိုပြောနေမှတော့ အဲ့လိုပဲပေါ့။ ဒါပေမယ့် ရှင်အနေနဲ့ ဒီလောက်ကြီး စိုးရိမ်နေစရာ မလိုဘူးလေ။ အကြီးအကဲတွေက ရှင့်ကိုစောင့်နေတယ်။ နန်းတော်ထဲက ကိစ္စတွေကို မြန်မြန်ဖြေရှင်းပြီးသွားရင် ဒီကို မြန်မြန် ပြန်လာလို့ရပြီလေ။ ရှင်အရင် ပြန်သွားလိုက်စမ်းပါ။ ဒီက ကိစ္စကို ကျွန်မနဲ့ အကြီးအကဲလင်းကို အပ်ထားလိုက်။ တစ်ခုခု ထူးခြားတာနဲ့ ရှင့်ကို ချက်ချင်း အကြောင်းကြားလိုက်မယ်”
ချန်ကျို့က သူ့မိန်းမအား တစ်ချက်ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လျက် “အဲ့လိုဆိုရင် နင့်ကိုပဲ အားကိုးလိုက်တော့မယ်။ သေသေချာချာ စောင့်ကြည့် ထားနော်”
“အင်းပါ” ယုထင်းရီက အသာအယာ ခေါင်းညိတ်လိုက်၏။ သူမစိတ်ထဲတွင်လည်း အတော်လေးကို ကူကယ်ရာ မဲ့နေခဲ့ရသည်။
ချန်ကျို့ နဂါးတောင်ကြားဆီ နောက်ဆုံးအကြိမ် တစ်ချက်လှည့်ကြည့်လိုက်ပြီး ရှောင်လင်နှင့် ထွက်သွားတော့မည်အပြု… နှစ်နှစ်လုံးလုံး တိတ်ဆိတ်နေသည့် နဂါးတောင်ကြား အတွင်းပိုင်းမှ ပြင်းထန်အားကောင်းသော စွမ်းအင်လှိုင်းတို့ ရုတ်တရက် ဖြာထွက်လာခဲ့ရာ ရစ်သိုင်းနေသော မြူအားလုံးကို လွင့်စင်ထွက်သွားစေခဲ့လေသည်။
ယခု တောင်ကြားဝ၌ ရပ်နေသည့်အားလုံးကို အတွင်းပိုင်းကို လှမ်းမြင်နေခဲ့ရလေပြီ။
ချန်ကျို့ ခြေလှမ်းတို့ ချက်ချင်း ရပ်တန့်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာခဲ့ကာ အသက်ပင် မရှုဝံ့တော့ဘဲ တောင်ကြားအတွင်းပိုင်းသိုသာ စိုက်ကြည့်နေခဲ့လေသည်။
စိတ်ဓါတ်ကျနေသော လင်းကျန်သည်လည်း ရုတ်ချည်း စိတ်လှုပ်ရှားလာခဲ့ပြီး အိုးမင်းနေသော မျက်ဝန်းအစုံသည်လည်း မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်လာခဲ့ကာ အရေးကြောင်းများဖြင့် ပြည့်နေသော သူ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိလိုက်သည်။
“လှုပ်ရှားလာပြီ” ချန်ကျို့ အော်ပြောလိုက်လေသည်။
ချန်ကျို့အား လာခေါ်ရန် ရောက်လာသော ရှောင်လင်သည်လည်း နေရာတွင်ပင် ရပ်တန့်နေခဲ့ပြီး နဂါးတောင်ကြား အတွင်းပိုင်သို့ သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။
သူနှင့် အခြားအကြီးအကဲများသည် နန်းတော်သခင်၏ နှစ်နှစ်လုံးလုံး နန်းတော်ကိစ္စများအား ပစ်ထားသည့် လုပ်ရပ်အပေါ် မကျေနပ်သော်ငြား၊ စွန်းယုဆိုသော တပည့်လေး သေသွားပြီဟု အခိုင်အမာ ယုံကြည်နေကြသော်ငြား ထိုထူးဆန်းသည့် ဖြစ်စဉ်ကို မြင်လိုက်ရအချိန် ရှောင်လင် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
တကယ်တော့ သူသည်လည်း နဂါးဖီးနစ်နန်းတော်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသေးည် မဟုတ်ပေလော။
----------------------------------
ရွှေနဂါးလေး ရွှေရောင်စွမ်းအင်များကို စုပ်ယူလို့ ပြီးသွားခဲ့လေပြီ။ ယခု ရွှေနဂါးလေးသည် အစစ်အမှန် နဂါးတစ်ကောင် ဖြစ်လာသည့်အလား ကြီးကျယ် မြင့်မြတ်သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့သည်။
တင်ပလင်ထိုင် ကျင့်ကြံနေသော စွန်းယုလည်း ထိတ်လန့်တကြား လန့်နိုးလာခဲ့လေသည်။ မျက်လုံး ဖွင့်ဖွင့်ချင်း နဂါးမျက်လုံးနှင့် အကြည့်ချင်းဆုံးသွားရာ သူ့တစ်ခေါင်းလုံး ထိုးကိုက်လာပြီး ချက်ချင်းပဲ မြေကြီးပေါ်သို့ လဲပြိုကျသွားခဲ့ရလေသည်။
ရွှေနဂါးနှင့် အကြည့်ချင်းဆုံးသွားသည့်အခိုက် သူ့ဝိဥာဉ်တစ်ခုလုံး အသိစိတ်ပင်လယ်ထဲမှ အတင်းအကြပ် ဆွဲထုတ်ခံနေရသလို ခံစားလိုက်ရသည်။
ရန်ကိုင် သူ့ရှေ့ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အား ရွှေနဂါး၏ မြင်ကွင်းမှ ကာကွယ်ပေးလိုက်သည်။ စွန်းယုလည်း အလျင်အမြန် မျက်လုံးပိတ်လိုက်ပြီး သူ့စိတ်ကို တည်ငြိမ်သွားအောင် လုပ်လိုက်လေသည်။
တောင်ကြားတ်စခုလုံး နဂါးဟိန်းသံ ပဲ့တင်ထပ်သွားပြီး ရွှေနဂါးသည် ကောင်းကင်ပေါ်သို့ ဝဲပျံတက်သွားလေသည်။
ကောင်းကင်တစ်ခုလုံး ပေါက်ကွဲတော့မည့်အလား… ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ရာ ကီလိုမီတာ တစ်ရာအတွင်း၌ ရှိနေသူအားလုံး မျက်စိကျိန်းစပ်သွားခဲ့ကြရလေသည်။
နှစ်ပေါင်းထောင်နှင့်ချီ အပိတ်ခံထားရသော ရွှေနဂါး လွတ်မြောက်လာပြီး ဝမ်းသာပျော်ရွှင်စွာဖြင့် ကောင်းကင် ပေါ်သို့ ပျံသန်းတက်သွားသည့်ပမာ… ခဏအကြာ၌ ရွှေနဂါးသည် ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ ရုတ်ချည်း ဒိုင်ဗင်ထိုးဆင်းလာခဲ့လေသည်။
ရွှေနဂါးသူ့ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားချိန် ဆုံးရှုံးသွားသော အရာတစ်ခုခုကို ပြန်ရရှိလိုက်သလို ရန်ကိုင် ခံစားလိုက်ရလေသည်။
ရွှေနဂါး ပြန်လည်ရောက်ရှိလာမှုနှင့်အတူ များပြားလှသော သန့်စင်လှသည့် စွမ်းအင်များလည်း ထပ်ကြပ်မခွါ လိုက်ပါလာခဲ့လေသည်။
ထိုစွမ်းအင်များကြောင့် ရန်ကိုင် အဝတ်အစား အားလုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ရလေသည်။
ရန်ကိုင်မှာ မဟာကောင်းကင်ဒိုင်းများကို တစ်ခုပြီးတစ်ခု ဖန်တီးပြီး စွန်းယုအား ကာကွယ်ပေးထားလိုက်ရသည်။ ထိုမျှသာမက သူတော်စင်အထွဋ်အထိပ်အဆင့် ငွေရောင်သစ်ရွက်ကိုပါ ထုတ်ယူလိုက်သေး၏။
ငွေရောင်သစ်ရွက်သည် အလျင်အမြန် ကြီးမား ကျယ်ပြန့်လာခဲ့ကြပြီး ခဏအကြာ၌ စွန်းယု တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့လေသည်။
ရန်ကိုင်သာ ထိုကဲ့သို့ မလုပ်ခဲ့လျှင် စွန်းယုနေအဖြင့် သူ့ဆီမှ ပေါက်ကွဲထွက်လာသော စွမ်းအင်များကြောင့် ချက်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားရပေလိမ့်မည်။
ထိုသူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်ကို သန့်စင်နိုင်ရန်အတွက် ရန်ကိုင် အချိန်အတော်တော် ပေးခဲ့ရသည်။ ငွေရောင်သစ်ရွက်သည် ပုံသဏ္ဍာန် များစွာ ပြောင်းလဲနိုင်လေရာ ခုခံရာတွင်ကော တိုက်ခိုက်ရာတွင်ပါ အသုံးပြုနိုင်လေသည်။
ခရက်…
အရိုးအက်ကွဲသံတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်အသား စုတ်ပြဲလာခဲ့လေ၏။ ထိုမျှသာမက သွေးကြောတွင်းရှိ အစစ်အမှန်ချီ များသည်လည်း ရူးလောက်ဖွယ် အမြန်နှုန်းဖြင့် လှည့်ပတ်နေသေးသည်။
ခဏအကြာ၌ သူ့အရေပြားထက် မရေမတွက်နိုင်သော အက်ကွဲရာများ ထွက်ပေါ်လာပြီး ရွှေရောင်သွေးများ စတင်စီးကျလာလေတော့သည်။ သို့သော် နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးစက်၏ အစွမ်းကြောင့် သူ့ဒဏ်ရာများ အလျင်အမြန် ပြန်လည် သက်သာသွားခဲ့ရလေသည်။
သို့သော်ငြား သူ့ကိုယ်ထဲတွင် သောင်ကျန်းနေသော စွမ်းအင်များ ငြိမ်သက်သွားပြီဟု မဆိုလိုချေ။ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားလိုက်၊ ပြန်ကောင်းလာလိုက်ဖြင့် သံသရာ လည်နေခဲ့လေသည်။
ထိုဖြစ်စဉ်အတွင်း ရန်ကိုင်သည် နည်းနည်းမျှပင် စိတ်ဓါတ်မကျခဲ့။ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင် ကိုပင် သူ့မျက်နှာထက် မြင်တွေ့နေခဲ့ရသည်။
ရွှေရောင်နဂါး သူ့ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာပြီး ရွှေနဂါးတက်တူးအဖြစ် ပြောင်းလဲသွားသည့် အချိန်၌ သူ့ပတ်ပတ်လည်ရှိ လောကတစ်ခွင် မဆိုသလောက် ကလေး ပြောင်းလဲသွားသလို ရန်ကိုင် ခံစားလိုက်ရသည်။
ကောင်းကင်နှင့် မြေပြင်ကြား စွမ်းအင်စီးကြောင်းကို ယခင်ကထက် သူပိုပြီး ရှင်းရှင်းလင်းလင်း ထိတွေ့ ခံစားမိလာခဲ့သည်။
ထိုအခိုက်အတန့်အလယ်၊ ကောင်းကင်နိယာမ လမ်းစဉ်နှင့် သိုင်းတာအိုအား တစ်စွန်းတစ်စ ထိတွေ့၊ မြင်တွေ့လိုက်ရသလို ရန်ကိုင် ခံစားလိုက်ရ၏။ ယခင်က မဖမ်းဆုပ်နိုင်ခဲ့သော သဘောတရား၊ နိယာမများသည် သူ့လက်လှမ်းအတွင်း ရောက်နေသည့်အလား။
မတ်တပ်ရပ်လျက် ရန်ကိုင်သည် သူ့မျက်ဝန်းအစုံကို ပိတ်ချလိုက်ပြီး ထိုအံ့ဩဖွယ် ခံစားချက်ထဲသို့ သူ့ကိုယ်သူ စီးမျောနေစေလိုက်သည်။
ရန်ကိုင်ခေါင်းထက် လေနှင့်တိမ်တို့ စုဝေးလာခဲ့ပြီး ကီလိုမီတာတစ်ရာ ပတ်လည်အတွင်းရှိ မိုးမြေ စွမ်းအင် တို့သည်လည်း မမြင်နိုင်သော အားတစ်ရပ်၏ ဆွဲယူခြင်း ခံနေရသည့်အလား တဖြည်းဖြည်း စုဝေးလာနေခဲ့ကြသည်။
ထိုထူးခြားလှသော အဖြစ်အပျက်များသည် နဂါးဖီးနစ်နန်းတော်မှ ခေါင်းကြီးပိုင်းများ၏ အာရုံကို ဆွဲယူသွားခဲ့ရာ အကုန်လုံး လုပ်လက်စအလုပ်ကို ရပ်၍ စိတ်လှုပ်ရှားတကြီးဖြင့်သာ နဂါးတောင်ကြားဆီသို့ ပြေးထွက်လာခဲ့ကြလေသည်။
အပေါက်ဝတွင် တစ်ချိန်လုံး ရပ်စောင့်နေခေဲ့သော် ချန်ကျို့နှင့် လင်ကျန်းတို့သည် တောက်ပသော မျက်လုံးများဖြင့် နဂါးတောင်ကြားအတွင်းပိုင်းသို့ စိုက်ကြည့်နေခဲ့ကြသည်။ လင်းကျန်းဆိုလျှင် မျက်ရည်ပင် ကျနေခဲ့လေပြီ။
စွန်းယု၏ အရှိန်အဝါကို မည်သူမှ အာရုံမခံနိုင် ခဲ့သော်ငြား ယခုကိစ္စသည် ထိုလူငယ်လေးနှင့် ပက်သက်နေမည်မှန်း အကုန်လုံး သိနေခဲ့ကြသည်။ ထိုလူငယ်လေးသည် နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရယူနိုင်ခဲ့ပြီး နောက်ဆုံး စမ်းသပ်ချက်ကို ရင်ဆိုင်နေရသည်မှာ အတော်လေးကို ဖြစ်နိုင်ချေ များလှပေသည်။
“ဒီစွမ်းအင်လှိုင်းတွေက အဆင့်ချိုးဖျက်တဲ့ လက္ခဏတာတွေပဲ” ရှောင်လင်က သူ့ဘာသာ ရေရွတ်လိုက်သည်။
ယုထင်းရီကလည်း ခေါင်းညိတ်လိုက်ပြီး “စွမ်းအားက သူတော်စင်အဆင့် ချိုးဖျက်တာအောက် မနိမ့်ကျဘူး”
ချန်ကျို့ သူတော်စင်အဆင့်သို့ ချိုးဖျက်စဉ်ကလည်း ယခုကဲသို့ အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့ မြင်နေရသည်နှင့် ယှဉ်လိုက်လျှင် ချန်ကျို့၏ မိုးမြေကောင်းချီးသည် အတော်လေးကိုမှ သေးငယ်လှသည်ဟု ဆိုနိုင်ပေသည်။
နဂါးဧကရာဇ်၏ အမွေအနှစ်က ဤမျှ အံ့ဩစရာ ကောင်းနေသည်လား။ စွန်းယု နဂါးတောင်ကြားထဲသို့ ဝင်သွားစဉ် သူ့ကျင့်ကြံခြင်းသည် အစစ်အမှန်ဒြပ်စင် အဆင့်(၇)သာ ရှိသေးသည်။ ယခု မည်သည်အဆင့်သို့ သူရောက်နေမည်နည်း။ မည်သည့် အဆင့်ပင် ဖြစ်ပါစေ အစစ်အမှန်ဒြပ်စင်အဆင့်မှ သူတော်စင်အဆင့်သို့ နှစ်နှစ်အတွင်း ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
အကုန်လုံး စိတ်ပူသွားခဲ့ရပြန်လေပြီ.
ချန်ကျို့က လေသံမာမာဖြင့် ရုတ်တရက် အော်ပြောလိုက်လေသည် “ငါ့အမိန့်ထုတ်လိုက်။ ဂိုဏ်းတပည် ကီလိုမီတာ နှစ်ဆယ်ပတ်လည်ကို ပိတ်ဆို့ထားလိုက်တော့လို့။ ဘယ်အပြင်လူကိုမှ မဝင်စေနဲ့။ ဝင်လာရဲရင် ဘယ်သူဖြစ်ဖြစ် သတ်သာ သတ်ပစ်လိုက်”
ယခုအဖြစ်အပျက်သည် အနီးအနားတွင် ရှိနေသော ပညာရှင်များ၏ အာရုံကို ဆွဲဆောင်သွားနိုင်ပေသည်။ နဂါးဖီးနစ်နန်းတော် တစ်ကျော့ပြန် ထွန်းတောက် လာမည်ကို မလိုလားသူများအဖို့ ယခုအခိုက်အတန့်သည် လှုပ်ရှားရန် အကောင်းဆုံးအချိန်ပင်။
အထူးသဖြင့် အနားရှိ အေးစိမ့်ရေမရဏဂိုဏ်းပင်။ လွန်ခဲ့သောနှစ်နှစ်၊ နဂါးတောင်ကြားတွင် ဖြစ်ပျက်ခဲ့သော သတင်းများကို ကြားပြီးနောက် ထိုဂိုဏ်းသည် သူတို့ဂိုဏ်းအား ပြဿနာလာရှာချင်ခဲ့သည်။ သို့သော် နှစ်နှစ်ကြာ တိတ်ဆိတ်နေသည်က တစ်ကြောင်း၊ စွန်းယု သေသည်၊ ရှင်သည်ကို မသိသည်က တစ်ကြောင်း တို့ကြောင့် အလျင်စလို မလှုပ်ရှားရဲကြခြင်း ဖြစ်သည်။
သို့သော်လည်း ယနေ့ အဆင့်တက် မိုးမြေကောင်းချီးကြောင့် သူတို့ ကျိန်းသေ လှုပ်ရှားလာပေလိမ့်မည်။
ချန်ကျို့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်နှင့် ယခုကိစ္စ မည်မျှ အရေးကြီးကြောင်း ရှောင်လင် နားလည်သွားလိုက်ပြီး ချက်ချင်း စတင် ပြင်ဆင်တော့လေသည်။
“နဂါးဧကရာဇ်ရဲ့ အမွေအနှစ် နောက်ဆုံး ပြန်ပေါ်လာပြီကွ။ ဒီနှစ်နှစ်… စောင့်ခဲ့ရတာ တကယ်ကို အချည်းနှီး မဖြစ်ခဲ့ဘူး” ထမ်းပိုးထားရသည့် ဝန်ထုတ်ကြီးကို လွှတ်ချလိုက်ရသလို သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရလိုက်ပြီး မျက်လုံး များသည်လည်း မျက်ရည်ဝဲလာခဲ့ရလေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၃၅) အဆင့်ချိုးဖျက်ခြင်း၊ မသေမျိုးတတိယအဆင့်
နဂါးတောင်ကြား အတွင်းပိုင်းထဲ၌ ရန်ကိုင်သည် မိုးမြေစွမ်းအင်ပင်လယ်ကြီး၏ အလယ်ဗဟိုတွင် ရပ်နေခဲ့သည်။ သူ့ကိုယ်သူ လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသလို ရန်ကိုင် ခံစားနေခဲ့ရသည်။
သူ့ကိုယ်တွင်းရှိ စွမ်းအင်များသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ခဏအကြာ၌ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် ရပ်တန့်မည့် အရိပ်အယောင်မပြ။ ဆက်လက်မြင့်တက်နေခဲ့ကာ အတားအဆီး၊ အကန့်အသတ့်ကို ကျော်ဖြတ်ရန် ကြိုးစားနေခဲ့၏။
သူနောက်ဆုံးအကြိမ် အဆင့်ချိုးဖျက်ခဲ့သည်မှာ နှစ်အတော်လေး ကြာသွားခဲ့လေပြီ။ ရွှေရောင်နဂါး ရွှေရောင်စွမ်းအင်များအား ဝါးမြိုနေသည်ကို စောင့်၍ သူ့အချိန်များကို အလဟဿ မဖြုန်းတီးခဲ့။ အားနေချိန် အတောအတွင်း ဆေးဖော်စပ်ခြင်းဖြင့် သူမဖမ်းဆုပ်မိ၊ မထိတွေ့မိသေးသော သဘောတရား အသစ်များကို နားလည်သဘောပေါက်ခဲ့ရသည်။
ယခုအချိန် အဆင့်ချိုးဖျက်ခြင်းနှင့် အဆင့်ချိုးဖျက်ရာတွင် မည်သည့် အတားအဆီးနှင့်မှ မကြုံတွေ့ရခြင်းသည် လုံးဝကို အထူးအဆန်းမဟုတ်ပေ။
ရန်ကိုင်အား ဗဟိုပြု၍ ဝန်းရံထားသော မိုးမြေစွမ်းအင်များသည့် သူ့ခန္ဓာကိုယ်ကို မာကျောသထက် မာကျောလာအောင် ပြုပြင်ပေးနေခဲ့ပြီး အစစ်အမှန်ချီ ကိုလည်း သန့်စင်သထက် သန့်စင်လာစေရန် လုပ်ဆောင်ပေးနေခဲ့သည်။ သူ့အသွေးအသားတို့သည် မယုံကြည်နိုင်ဖွယ်ရာ စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ရလေပြီ။
ရန်ကိုင် အူမြူးနေခဲ့သည်။
သူ့ပတ်ဝန်းကျင်ရှိ ဘာကိုမှ ဂရုစိုက်မနေတော့ဘဲ ထိုမိုးမြေကောင်းချီးကိုသာ အပြည့်အဝ ခံစားနေလိုက်တော့သည်။ ကျင့်ကြံသူများသည် ထိုကဲ့သို့ မိုးမြေကောင်းချီးနှင့် ရင်ဆိုင်ရချိန် သူတို့၏ ခန္ဓာကိုယ်ကို မထိခိုက်စေရန် လက်နက်များ၊ အစစ်အမှန်ချီများသုံး၍ သူတို့ကိုယ်သူတို့ ကာကွယ်ကြသည်။
ထိုနည်းလမ်းသည် ပို၍ အန္တရာယ်ကင်းသော်လည်း ရရှိနိုင်သည့် အကျိုးအမြတ်မှာမူ သိသိသာသာကို လျော့နည်းသွားခဲ့ရသည်။
ရန်ကိုင်ကမူ သာမန်ကျင့်ကြံသူများ လုပ်သည်နှင့် ဆန့်ကျင်ဘက်ကို လုပ်ခဲ့သည်။ မည်သည့်လက်နက်၊ အစစ်အမှန်ချီကိုမှ အသုံးမပြုဘဲ မိုးမြေကောင်းချီးကို သူ့ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံခဲ့သည်။ နာကျင်ရသော်ငြား ထိုနည်းလမ်းကြောင့် သူ့အသွေးအသားသည် သာမန်ထက် ပိုမို မာကျောလာခဲ့ပြီး အစစ်အမှန်ချီဆိုလျှင်လည်း ပုံမှန်ထက် ပို၍ သန့်စင်လာခဲ့ရသည်။ ထို့ကြောင့် ကျင့်ကြံသူများ သူတို့၏ အခြေခံအုတ်မြစ်ကို ဂရုစိုက်ကြခြင်းပင်။ အုတ်မြစ်ခိုင်မာလေ၊ အကျိုးအမြတ် ပိုရနိုင်လေဖြစ်ပြီး ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ရန်ကိုင်၏ အခြေခံအုတ်မြစ်သည် သာမန်ထက်ကို ထူးထူးကဲကဲ ခိုင်မာလှပေသည်။
မဟာကောင်းကင်ဒိုင်း အထပ်ထပ်နှင့် ငွေရောင်သစ်ရွက်၏ ကာကွယ်ပေးထားခြင်း ခံရသော စွန်းယု၏ အခြေအနေကို တစ်ချက် လှမ်းစစ်ဆေးလိုက်ပြီး ထိုလူငယ်လေး အဆင်ပြေနေကြောင်း သိလိုက်ရမှန်ပဲ သူလုံးဝ စိတ်လျော့လိုက်နိုင်ခဲ့သည်။
မိုးမြေစွမ်းအင်လှိုင်းတစ်လှိုင်းသည် စိုးထိတ်ဖွယ်ရာ ဖိအားကို သယ်ဆောင်လျက် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် မိုးကြိုးသွားတစ်စင်းပမာ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ရာ နဂါးတောင်ကြားဝ၌ ရပ်ကြည့်နေသည့် နဂါးဖီးနစ်နန်းတော်မှ လူအားလုံး ကြောက်ကြောက်လန့်လန့်၊ ရင်တထိတ်ထိတ် ဖြစ်သွား ခဲ့ရလေသည်။
ထိုကဲသို့ အားကောင်းလှသော အဖျက်စွမ်းအားကို မြင်တွေ့ပြီးနောက် စွန်းယု အသက်ရှင်လျက် သူတို့ဆီ ပြန်လာတော့မည်ဟု မည်သူမှ သိပ်မယုံချင်ကြတော့ချေ။
ချန်ကျို့နှင့် လင်းကျန်းတို့သည်လည်း မီးခဲ ဖင်ခုထိုင်နေရသည့်ပမာ ဂနာမငြိမ် ဖြစ်နေကြပြီး တောင်ကြားအတွင်းပိုင်းထဲသို့ ပြေးဝင်ပြီး အခြေအနေကို တစ်ချက်လောက် သွားကြည့်ချင်သည်မှာ တစ်ပိုင်းကို သေနေခဲ့လေပြီ။ သို့သော်လည်း စွန်းယုအား နှောင့်ယှတ်မိမည်စိုးသဖြင့် တောင်ကြားဝတွင်သာ စိုးရိမ်တကြီးဖြင့် ရပ်စောင့်နေခဲ့ရသည်။
ထိုအချန်၌ ဂိုဏ်းတစ်ဝိုက် အကာအကွယ် ချထားရန် ထွက်သွားသော ရှောင်လင် ပြန်ရောက်လာခဲ့ပြီး အနားရှိ အေးစိမ့်ရေမရဏဂိုဏ်းသည် လက်ရှိ အခြေအနေကြောင့် နိုးနိုးကြားကြား ဖြစ်သွားပြီး သူတော်စင် ပထမအဆင့် ပညာရှင်နှစ်ယောက် ဦးဆောင်သော ရန်သူများသည် နဂါးတောင်ကြားဆီသို့ ချီတက်လာနေကြောင်း သတင်းပို့လာခဲ့သည်။
ချန်ကျို့မျက်နှာ အေးစက်သွားခဲ့သည့် သူ့အကြည်သည်လည်း ဓါးသွားတမျှ စူးရှသွားခဲ့လေသည်။
နဂါးဖီးနစ်နန်းတော် နိမ့်ကျလာသည့် အချိန်မှစ၍ အေးစိမ့်ရေမရဏဂိုဏ်း အားကောင်းလာခဲ့သည်။ အင်အားစုနှစ်ခုကြား အချင်းများခဲ့သည်များ ရှိသော်ငြား နှစ်ဖက်စလုံးသည် သူတော်စင်အဆင့် ပညာရှင်များ ပိုင်ဆိုင်ထားသော အင်အားစုများ ဖြစ်လေရာ ရန်ပွဲလေးများသာ ဖြစ်ခဲ့ကြပြီး တကယ့်တိုက်ပွဲကြီးများ ဖြစ်ခဲ့ခြင်း မရှိပေ။
တကယ့်တိုက်ပွဲကြီးသာ ဖြစ်ပါက နှစ်ဖက်စလုံး အထိနာမည်မှန်း အင်အားစုနှစ်ခုစလုံး သိထားကြသည်။
နဂါးဖီးနစ်နန်းတော်သည် သူတော်စင်ပထမအဆင့် ပညာရှင်တစ်ယောက်ကိုသာ ပိုင်ဆိုင်ထားသော်လည်း တကယ်တမ်း တိုက်ပွဲဖြစ်လာမည်ဆိုပါက အေးစိမ့်ရေ မရဏဂိုဏ်းသည်လည်း ကျိန်းသေ အထိနာပေလိမ့်မည်။
အေးစိမ့်ရေမရဏဂိုဏ်း ယခုကဲသို့ လှုပ်ရှားလာသည့် အတွက် ချန်ကျို့ အံ့အားသင့်သွားခြင်း မဖြစ်ခဲ့။
“အကြီးအကဲလင်းရေ၊ ဒီကိစ္စကိစ္စတွေ အကုန်လုံးကို ခင်ဗျား လက်ထဲပဲ အပ်ထားလိုက်တော့မယ်။ စွန်းယု လုံလုံခြုံခြုံနဲ့ ပြန်ထွက်လာခဲ့ရင်… သူ့ကို နဂါးဖီးနစ် နန်းတော်ကနေ အဝေးခေါ်ပြီးတော့သာ ထွက်သွားပေးတော့။ ပြီးတော့ နဂါးဖီးနစ်နန်းတော် ပြန်လည် ဦးမော့လာ၊ မလာက သူ့အပေါ်မှာ မူတည်နေလို့ပါ ထပ်ပြောလိုက်ဦး”
“နန်းတော်သခင်” ချန်ကျို့ ဘာလုပ်ချင်နေမှန်း နားလည်လိုက်သည်နှင့် လင်းကျန်းမျက်နှာ ဖြူလျော် သွားခဲ့ရလေသည်။
“ရှောင်လင်၊ ထင်းရီ၊ ရန်သူတွေကို သွားတွေ့လိုက်ကြရအောင်။ ငါ့နဂါးဖီးနစ်နန်းတော်ထဲ သောင်းကျန်ချင်တိုင်း သောင်းကျန်းရအောင် သူတို့ကိုယ်သူတို့ ဘာမှတ်နေကြလဲမသိဘူး” ချန်ကျို့က အော်ပြောလိုက်ရင်း ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
ရှောင်လင်းနှင့် ယုထင်းသည် ချန်ကျို့နောက်သို့ အမှီပြေးလိုက်သွားကြလေသည်။
ယခု နဂါးတောင်ကြားဝ၌ အကြီးအကဲလင်း တစ်ယောက်သာ ကျန်ရစ်တော့ပေသည်။
တောင်ကြားထဲသို့ စိုက်ကြည့်နေရင်း လင်းကျန်း ပိုပို၍ စိုးရိမ်စိတ်ဝင်လာခဲ့ပြီး သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည် “ခွေးကောင်လေး၊ မင်းအခုထိ ထွက်မလာသေးဘူးလားကွာ။ ဒီလူအိုကြီး မင်းကြောင့် နှလုံးရောဂါရပြီး သေရတော့မယ်ကွ”
တောင်ကြားအတွင်းပိုင်းထဲတွင်…
မိုးမြေစွမ်းအင်တို့ ရန်ကိုင်ကိုယ်ထဲ အဆက်မပြတ် စီးဝင်နေခဲ့ပြီး ရန်ကိုင်လည်း ထိုစွမ်းအင်များကို ကျေကျေနပ်နပ်ဖြင့် လက်ခံယူနေခဲ့သည်။
တစ်နာရီလောက် ကြာသွားမှပဲ မိုးမြေစွမ်းအင် ဝဲကတော့ကြီး တဖြည်းဖြည်း ပါလျသွားခဲ့ကြာ နဂါးတောင်ကြား တစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြောက်လန့်ဖွယ်ရာ အရှိန်အဝါသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်ကို ဗဟိုပြု၍ မမြင်နိုင်သော ဖိအားလှိုင်းတို့ အဘက်ဘက်သို့ ရုတ်ချည်း ပျံ့နှံ့သွားခဲ့လေသည်။
ယခုအချိန်၌ သူ့တစ်ကိုယ်လုံး ထူးထူးကဲကဲ အရမ်းကိုမှ ပေါ့ပါးသွက်လွက် နေလို့ထိုင်လို့ ကောင်းနေခဲသည်။ လက်သီးတင်းတင်း ဆုပ်ကိုင်ရင်း အသစ်ရရှိလာသော စွမ်းအင်များကို ခံစားကြည့်လိုက်သည်။
ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်ကြည့်လိုက်သည့် အခါ သူကောင်းကင်စိတ်အာရုံ ဖြန့်ကျက်နိုင်သည့် အကွာအဝေးသည် သိသိသာသာကို ကျယ်ဝန်းလာခဲ့ပြီး အရာအားလုံးကိုလည်း ပို၍ ထင်ထင်ရှားရှား ကြည်ကြည်လင်လင် မြင်တွေ့လာခဲ့ရသည်။
မသေမျိုး တတိယအဆင့်…
သူတော်စင်ဖြစ်ရန် အဆင့်တစ်ဆင့်သာ လိုတော့ပေသည်။
သူနှင့် ကီလိုမီတာ ဒါဇင်ကျော်အကွာနဲ့ လူအချို့ တိုက်ခိုက်နေသည်ကို ရန်ကိုင် အာရုံခံမိလိုက်သည်။ တိုက်ပွဲသည်လည်း အတော်လေးကိုမှ ပြင်းထန်နေခဲ့၏။ တိုက်ပွဲထဲ သူတော်စင် သုံးယောက်ပင် ပါနေသဖြင့် ဘာတွေဖြစ်နေသလဲဟု တွေးလိုက်ရင်း ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုံ့သွားခဲ့ရလေပြီ။
ထိုတိုက်ပွဲကို အာရုံမစိုက်တော့ဘဲ သူ့ခန္ဓာကိုယ် ဘာများ ပြောင်းလဲသွားသလဲဟုသာ စစ်ဆေး ကြည့်လိုက်သည်။
နဂါးတက်တူးသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ပြန်ရောက်နေခဲ့လေပြီ။ သို့သော် ယခင်ကထက် ပို၍ အသက်ဝင်လာခဲ့ကာ သူ့အရေပြားထက် အဆက်မပြတ် ကူးခတ်သွားလာနေခဲ့လေသည်။
ထို့အပြင် နဂါးတက်တူးထဲ ကိန်းအောင်နေဟန် ထင်ရသည့် များပြားလှသော စွမ်းအင်များကြောင့် ရန်ကိုင်ပင် စိုးရိမ်စိတ် ဝင်မိရသည်။
ထိုရွှေရောင်နဂါးတက်တူးသည် နက်နဲသိမ်မွေ့ပြီး မြင့်မြတ်သော ရန်ကိုင် ရင်းနှီးနေသည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
မွန်းစတားချီပင်…
မွန်းစတားမျိုးနွယ်စုဝင်များနှင့် အဆက်အသွယ် လုပ်ဖူးပြီး မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှင့် လူကိုယ်တိုင်ပင် တိုက်ရိုက်စကားပြောဖူးသဖြင့် မွန်းစတားချီနှင့် ရန်ကိုင် အရမ်းကိုမှ ရင်းနှီးလှသည်။ လက်ရှိ ရွှေရောင်နဂါးတက်တူးထဲမှ ဖြာထွက်နေသော စွမ်းအင်များထဲ မွန်းစတားယွမ်ချီ အရိပ်အယောင်တို့ အမှန်တကယ် ပါဝင်နေခဲ့ပေသည်။
ချက်ချင်း ရန်ကိုင် နားလည်သွားလိုက်၏။
ဤနေရာတွင် ရှိနေသော အမွေအနှစ်သည် အစစ်အမှန်နဂါးဧကရာဇ်၏ အမွေအနှစ် ဖြစ်ပြီး သူနှင့် စုယန်ရရှိခဲ့သည်ကား အပေါ်ယံအခွံသက်သက်သာ ဖြစ်ပေသည်။
ဤနေရာတွင် ပုန်းကွယ်နေသော စွမ်းအင်များကို လာရောက်စုပ်ယူပြီးမှသာ စစ်မှန်သော နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့ ဖြစ်လာနိုင်ပေသည်။
ထိုအကြောင်းအား အဘယ်ကြောင့် ရုတ်တရက်ကြီး နားလည်သွားမှန်း သူမသိသော်ငြား အမွေအနှစ် အစစ်အမှန်ကို ရလိုက်ခြင်းနှင့် တစ်ခုခု ဆက်စပ်နေမည်မှန်း သူခန့်မှန်းမိပေသည်။
သူ့ကိုယ်သူ သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် အရမ်းကိုမှ ကျေနပ်သွားခဲ့ရသည်။
အနက်ရောင်စာအုပ်ထဲမှ အဝတ်အစားသစ်တစ်စုံ ထုတ်ယူ ဝတ်ဆင်လိုက်ပြီးနောက် စွန်းယု ပတ်ပတ်လည်ရှိ အကာအရံများကို ဖယ်ရှားပေးလိုက်လေသည်။
မဟာကောင်းကင်ဒိုင်များ တစ်စစီ ကွဲကြေသွားခဲ့ပြီး ငွေရောင်သစ်ရွက်လေးသည် ရန်ကိုင်လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။
စွန်းယုသည် အစောလေးတင်က ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်ကြောင့် ကတုန်ကရင် ဖြစ်နေတုန်းပင်။ သို့သော် ရန်ကိုင် အကောင်းအတိုင်း ရှိနေသည်ကို မြင်ပြီးနောက် အလျင်အမြန် လက်သီးဆုပ်လိုက်ပြီး “ကျုပ်ကို ကယ်ပေးလို့ စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”
နောက်ဆုံး အခိုက်အတန့်၌ ရန်ကိုင်သာ သူ့အား ကာကွယ်ပေးခြင်း မပြုခဲ့လျှင် ယခုအချိန်လောက်ဆိုလျှင် မရဏလမ်း သူမြန်းနေရလောက်ပေပြီ။ နှစ်ဒါဇင်ကျော် ကျင့်ကြံထားခဲ့လျှင် ထိုထိတ်လန့်ဖွယ်ရာ စွမ်းအားကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး နဂါးတောင်ကြားဝဆီ လှမ်းကြည့်က်၍ အမှုမဲ့အမှတ်မဲ့ အမူအရာဖြင့် ပြောလိုက်လေသည် “အဲ့မှ မင်းကိုစောင့်နေတဲ့ မသေမျိုးပထမအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေတယ်”
“မသေမျိုးပထမအဆင့်လား” စွန်းယု အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ စိတ်လှုပ်ရှားတကြီးဖြင့် ပြန်ပြောလိုက်လေသည် “ဆရာပဲ ဖြစ်ရမယ်။ အိုး၊ မဟုတ်သေးပါဘူး။ ကျုပ်တို့ ဒီမှာ အကြာကြီး ပိတ်မိနေတော့ ဆရာ အရမ်းစိုးရိမ်နေတော့မှာပဲ။ စီနီယာ၊ ကျုပ်တို့ ဒီမှာပိတ်နေတာ ဘယ်လောက်ကြာသွားပြီလဲ သိလားဟင်”
“နှစ်နှစ်လောက်တော့ ရှိလိမ့်မယ်” ရန်ကိုင်က ပြန်ပြောလိုက်ရာ စွန်းယု မှင်သက်သွားခဲ့ပြီး “အဲ့လောက်တောင် ကြာတာလား”
နှစ်နှစ်ပင် ကုန်သွားခဲ့သော်ငြား သူ့မှာ ထိုမျှ အချိန်ကုန်လို့ ကုန်ခဲ့မှန်းမသိပေ။ ရန်ကိုင်ဘေးနားနေရင်း မြောက်မြားလှစွာသော အကျိုးအမြတ်များကို နေ့တိုင်း ရနေသဖြင့် အချိန်စီးဆင်းမှုကို မေ့လျော့သွားခဲ့ရသည်။
“အလျင်မလိုနဲ့လေ” ရန်ကိုင်က ပြုံး၍ လူငယ်လေးကို ကြည့်လိုက်ပြီး “ငါတို့ကြားက သဘောတူညီချက်ကို မင်းမှတ်မိသေးတယ်မလား”
စွန်းယုက အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး “အင်း၊ ကျုပ်အတွက်တော့ စီနီယာက လေးစားထိုက်တဲ့ ဆရာတစ်ဦးပဲ။ စီနီယာရဲ့အကြောင်းကို တစ်ခွန်းတောင် မဟမိစေရဘူး”
“ကောင်းတယ်။ ဒါမျိုးဖြစ်နေရမှာ”
“ဒါပေမယ့် နန်းတော်သခင်နဲ့ အခြားအကြီးအကဲတွေ နဂါးဧကရာဇ်ရဲ့ အမွေအနှစ်အကြောင်း ပြောလာခဲ့ရင် ကျုပ်ဘယ်လိုပြန်ဖြေရမလဲ.
ရန်ကိုင် မျက်မှောင်ကြုံ့ခဲ့ရလေပြီ။ သူကိုယ်တိုင်လည်း ထိုမေးခွန်း၏ အဖြေကို မစဉ်းစားမိခဲ့ချေ။ သူသည် စွန်းယု၏ ပင်ကိုယ်ပါရမီကို ပြောင်းလဲပေးခဲ့ပြီ ဖြစ်ပြီး ထိုလူငယ်လေးသည် နောက်ပိုင်း ကြီးကျယ်သော အောင်မြင်မှုများ ရရှိနိုင်သော်ငြား နဂါးဧကရာဇ် အမွေအနှစ်နှင့် ပက်သက်သည့် ကိစ္စကို အလွယ်တကူ ရှင်းပြ၍ မရချေ။
“ဒီကိစ္စကို ခဏဘေးဖယ်ထားလိုက်။ အခု မင်းတို့ နန်းတော်သခင်က လူတစ်စုနဲ့ တိုက်ခိုက်နေတုန်း။ ပြီးတော့ သူတို့ဘက်က အရေးသာနေတာ မဟုတ်ဘူး”
“တိုက်ခိုက်နေကြတာလား” စွန်းယု မျက်မှောင် ကြုံ့သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် ကြည့်လိုက်သော်ငြား ဘာကိုမှ အာရုံခံမရခဲ့ပေ။
သူ့ကျင့်ကြံခြင်းသည် အရမ်းကြီး မမြင့်သေးသဖြင့် ခပ်ဝေးဝေးတွင် ရှိနေသော အကြောင်းအရာများကို မစူးစမ်းနိုင်သေးပေ။ သို့သော် ခဏလောက် စဉ်းစားလိုက်ပြီးနောက် “အေးစိမ့်ရေမရဏဂိုဏ်းက လူတွေနဲ့ တိုက်ခိုက်နေတာပဲ ဖြစ်ရမယ်။ မုန်းစရာ ကောင်းလိုက်တာ။ အဲ့ခွေးသူတောင်းစားတွေ နဂါးတောင်ကြားက အဖြစ်အပျက်တွေကို သိသွားပြီး ကျုပ်တို့ နဂါးဖီးနစ်နန်းတော်ဆီ အင်အား အလုံးလိုက်အရင်းလိုက် ချီတက်လာတာ ဖြစ်လိမ့်မယ်”
“မင်းတို့အင်အားစုနှစ်ခုက မတည့်ကြဘူးပေါ့” ရန်ကိုင်က သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
စွန်းယုက ခေါင်းခါရမ်းလိုက်ပြီး “သူတို့ကကို ပြဿနာ ရှာနေတာ။ သူတို့ဂိုဏ်းက ရေခဲဓါတ်ပညာရပ်တွေ၊ သိုင်းပညာရပ်တွေကို လေ့ကျင့်ကြတော့ ကျုပ်တို့ နဂါးဖီးနစ်ဂိုဏ်းက သူတို့ မျက်စိကျစရာ ဖြစ်နေတာပေါ့”
ရန်ကိုင် မျက်မှောင်တစ်ချက် ကြုံ့သွားခဲ့ပြီး ချက်ချင်းပဲ နားလည်သွားလိုက်သည် “ဖီးနစ် အသိုက်လား”
“အမှန်ပဲ” စွန်းယုက ခေါင်းညိတ်လိုက်ပြီး “နဂါးဧကရာဇ် အမွေအနှစ် ပြန်ပေါ်လာလို့ အသစ် ဖြစ်လာတဲ့ နဂါးဧကရာဇ်က ဖီးနစ်ဧကရီရဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် သူနှစ်သက်တဲ့ မိန်းကလေး တစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်။ အေးစိမ့်ရေမရဏဂိုဏ်းရဲ့ ရည်ရွယ်ချက်က အဲ့ဒါပဲ။ သူတို့ လိုချင်တာ ရသွားတာနဲ့ ကျုပ်တို့ နဂါးဖီးနစ်ဂိုဏ်းကို လုံးဝ သိမ်းပိုက်တော့မှာ”
ရန်ကိုင်က စူးစူးဝါးဝါအသံဖြင့် ရယ်မောလိုက်ပြီး လူငယ်လေးအား ကြည့်လိုက်သည်။
“ခင်ဗျားဘာလို့ အဲ့လို ရယ်နေတာလဲ စီနီယာ” စွန်းယု စိတ်ရှုပ်သွားခဲ့သည်။
“မင်းတို့ ပြဿနာတက်နေတဲ့ ပုံပါလား” ရန်ကိုင်က ပြောလိုက်သည်။
ခဏလောက် စဉ်းစားလိုက်ပြီးနောက် တစ်ခုခုကို နားလည်သွားလိုက်ကာ စွန်းယု အမူအရာ ခါးသီး သွားခဲ့ရလေသည်။ နဂါးဖီးနစ်နန်းတော်၏ ထိပ်သီးပိုင်းများ တွေးနေသည်ကား နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရရှိသွာသည့်သူမှာ စွန်းယုဖြစ်သည်။ ထိုသတင်းကို မပေါက်ကြားအောင် လုပ်ထားခဲ့လျှင်ပင် အေးစိမ့်ရေမရဏဂိုဏ်းသည် သူဘယ်သူဘယ်ဝါမှန်း နောက်ပိုင်းကျ သိသွားပေလိမ့်မည်။ ယခုတစ်ကြိမ် အေးစိမ့်ရေမရဏဂိုဏ်း ကျူးကျော်ရခြင်း၏ အဓိက အကြောင်းပြချက်သည် စွန်းယုကြောင့်သာ ဖြစ်ပေသည်။
အေးစိမ့်ရေမရဏဂိုဏ်းသည် စွန်းယုက သူတို့ဂိုဏ်းမှ မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ပေးပြီး ဖီးနစ်ဧကရီ၏ အမွေအနှစ်ကို ရယူလိုနေခြင်း ဖြစ်သည်။
“စီနီယာ…” စွန်းယုက ရန်ကိုင်အား တောင်းပန် တိုးလျှိုးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“စိတ်မပူနဲ့။ ဒီနေရာကို အခုလိုဖြစ်အောင် လုပ်လိုက်တာက ငါဖြစ်နေမှတော့ ငါလည်း မင်းတို့ ကိစ္စကို ဝင်ဖြေရှင်းပေးရမှာပေါ့။ ဒါကလည်း မင်း နဂါးဧကရာဇ်အမွေအနှစ်ကို ရသွားတယ်ဆိုတာကို သက်သေပြဖို့ အခွင့်အရေးတစ်ခုပဲ”
စွန်းယု သက်ပြင်းချလိုက်ပြီး “စီနီယာကို ကျေးဇူး အများကြီးတင်ပါတယ်”
“ကိစ္စမရှိဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “နဂါးတောင်ကြားကနေ ထွက်သွားလိုက်။ မကြောက်နဲ့၊ ငါနောက်ကနေ ကာကွယ်ပေးနေမယ်။ ရဲရဲသာလုပ်”
“ဟုတ်ကဲ့ပါ” ရန်ကိုင်က သူကာကွယ်ပေးမည်ဟု ပြောလာသဖြင့် စွန်းယုလည်း အတော်လေးကိုမှ စိတ်သက်သာရာ ရသွားပြီး နဂါးတောင်ကြားဝဆီ ပြေးထွက်သွားလေတော့သည်။ စီနီယာရန်ကိုင်၏ ထူးခြား အံ့အားသင့်ဖွယ် နည်းလမ်းများနှင့် ဆိုပါက အေးစိမ့်ရေမရဏဂိုဏ်း၏ ကျူးကျော်မှုကို တားဆီးရန်မှာ ရိုးရှင်းသော ကိစ္စတစ်ရပ်ဖြစ်သည်ဟု သူယုံကြည်နေခဲ့၏။
စွန်းယုထွက်သွားပြီးနောက် ရန်ကိုင်က အနားရှိ တိုက်ပွဲအား သုန်မှုန်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
စုယန်အပိုင်ဖြစ်သည့် ဖီးနစ်အသိုက်၏ အမွေအနှစ်ကို လုယူလိုရအောင် အေ့းစိမ့်ရေမရဏဂိုဏ်းသားများ အသက်ရှင်ရသည်ကို ဤမျှ ငြီးငွေ့နေသလား။
ထိုအကြောင့်သာ မဟုတ်လျှင် ရန်ကိုင်လည်း အင်အားစုများကြားမှ ပြဿနာများထဲ ဝင်ပါလိမ့်မည် မဟုတ်ပေ။
သို့သော် နဂါးဖီးနစ်နန်းတော်သည် သူနှင့် တစ်မျိုးတစ်ဖုံ ပက်သက်နေသဖြင့် ဤပြဿနာကို ဝင်ရောက် ကူညီဖြေရှင်းပေးလိုက်ခြင်းသည် နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရရှိလိုက်ခြင်းအပေါ် ကျေးဇူးပြန်ဆပ်ခြင်း မည်ပေသည်။