← Chapters

အခန်း (၈၃၆-၈၄၀)

Vol. 34 Ch. 836-840

အခန်း (၈၃၆-၈၄၀)

Vol. 34 Ch. 836-840

အပိုင်း (၈၃၆) ကောင်စုတ်လေး

လင်းကျန်းသည် နဂါးတောင်ကြားဝတွင် စိုးရိမ်တကြီး အမူအရာဖြင့် ရပ်လျက် ဘာမှန်းမသိသော စကားလုံးများကို ရေရွတ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့် ကြောက်မက်ဖွယ်ရာ မိုးမြေကောင်းချီးကြောင့် သူ့တပည့်သေသွားသည်ဟု လင်းကျန်း ယုံကြည်စပြုလာမိ၏။

မျှော်လင့်မဲ့တော့လုလု အချိန်မှာဘဲ နဂါးတောင်ကြား အတွင်းပိုင်းမှ ပုံရိပ်တစ်ခု ပြေးထွက်လာခဲ့ရာ လင်းကျန်းမှာ ထိုလူရိပ်အား တုန်တုန်ရီရီဖြင့် ငေးကြောင်ကြည့်နေမိလိုက်လေသည်။

ထိုလူရိပ်သည် သူ့မှတ်ဥာဏ်ထဲရှိ စွန်းယုနှင့် တော်တော်လေးကို ဆင်တူပေသည်။ သို့သော်လည်း ယခုထွက်လာသော လူသည် အရပ်နည်းနည်း ပိုရှည်ပြီး ပို၍လည်း သန်မာနေသည်။ လင်းကျန်း၏ မျက်လုံးများ အသိစိတ်မဲ့သလိုဖြစ်သွားပြီး ထိုလူရိပ်ကိုသာ မျက်တောင် မခတ်တမ်း ငေးစိုက်ကြည့်နေခဲ့သည်။

နောက်ဆုံး ထိုလူလေး ထွက်လာခဲ့လေပြီ။ ထိုလူငယ်လေးသည် စွန်းယုမှန်း အတည်ပြုပြီးနောက် လင်းကျန်း ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ကျကာ လှမ်းအော်ပြောလိုက်လေသည် “ကောင်စုတ်လေး။ နောက်ဆုံး ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ မင်းကြောင့် ငါနှလုံးဖောက်ပြီး သေတော့မယ်ဆိုတာ မင်းသိလား”

“ဆရာ” စွန်းယုလည်း စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူ့ဆရာဆီ ပြေးသွားလိုက်ပြီး လေးလေးစားစားဖြင့် ဦးညွှတ်လိုက်လေသည်။ သို့သော်လည်း စွန်းယု ဘာမှမပြောရသေးခင်မှာဘဲ လင်းကျန်းက သူ့ကို ဆွဲထူလိုက်ပြီး အလျင်စလို ပြောလိုက်လေသည် “ငါနောက်လိုက်ခဲ့”

သူ့ဆရာ ထိုကဲ့သို့ ပြုမူနေသည်ကို မြင်သော် စွန်းယုက သင်္ကာမကင်းအမူအရာဖြင့် “ကျုပ်တို့ ဘယ်သွားဖို့လဲ”

“အေးစိမ့်ရေမရဏဂိုဏ်းက ခွေးကောင်တွေ ငါတို့ဂိုဏ်းဆီ ကျူးကျော်လာတယ်လေ။ နန်းတော်သခင်နဲ့ အကြီးအကဲတွေ သူတို့ကို သွားတားထားတယ်။ ဒါပေမယ့် သူတို့ဘက်မှာ သူတော်စင်နှစ်ယောက် ရှိနေတော့ နန်းတော်သခင်တို့လည်း အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။ မင်းလုံလုံခြုံခြုံနဲ့ ထွက်လာနိုင်ခဲ့ရင် မင်းကို ဒီနေရာကနေ လုံခြုံတဲ့နေရာတစ်ခုဆီ ခေါ်သွားပေးဖို့ နန်းတော်သခင်က ငါ့ကို မှာထားတယ်။ နန်းတော်သခင်က တစ်ဂိုဏ်းလုံးကို မင်းအပေါ် ပုံအပ်ထားတာနော်”

“လုံခြုံတဲ့ဘယ်နေရာလဲ”

“အမွှောစိတ်ဝိဥာဉ်စံအိမ်ပဲ… ငါတို့ နဂါးဖီနစ်နန်းတော်နဲ့ အမွှောစိတ်ဝိဥာဉ်စံအိမ်က အမြဲတမ်း မိတ်ကောင်းဆွေကောင်းတွေ ဖြစ်ခဲ့ကြတာ။ ငါတို့ အဲ့မှာ သွားပုန်းခိုနေမယ်ဆိုရင် မင်းအားကောင်းလာတဲ့အထိ လုံလုံခြုံခြုံ ပုန်းနေလို့ ရလောက်တယ်”

လင်းကျန်း ထိုကိစ္စကို ကောင်းကောင်း စဉ်းစားထားပြီးသွားလေပြီ။ သူ့တပည့် စွန်းယုသည် နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားပြီ ဖြစ်ရာ တစ်နေ့ကျ အထွဋ်အထိပ် ကျွမ်းကျင်သူတစ်ယောက် ကျိန်းသေ ဖြစ်လာပေလိမ့်မည်။ ထို့အပြင် သူသည် ဖီးနစ်ဧကရီ၏ နေရာအတွက် လက်တွဲဖော် တစ်ယောက်ကို အဆောတလျင် ရှာဖွေရန်လည်း လိုသေးသည်။ သူသာ ထိုအကြောင်းကို ထုတ်ပြောလိုက်ပါက အမွှာစိတ်ဝိဥာဉ်စံအိမ်သည် သူတို့အား ကျိန်းသေ ခိုလှုံခွင့်ပေးပေလိမ့်မည်။

စွန်းယု အသက်ရှင်နိုင်ရေး အတွက် ဖီးနစ်ဧကရီ ရာထူးကို အမွှာစိတ်ဝိဥာဉ်စံအိမ် လူတစ်ယောက်ကို ပေးလိုက်သည်မှာ အထူးအဆန်းမဟုတ်။

မည်သို့ပင်ဖြစ်စေ ဖီးနစ်ဧကရီ အမွေအနှစ်ကို အေးစိမ့်ရေမရဏဂိုဏ်း လက်ထဲသို့ မည်သို့မှ ထည့်ပေး၍ မဖြစ်ချေ။

“ကျုပ်ထွက်သွားမှာမဟုတ်ဘူး” စွန်းယု၏ အကြီးအကဲလင်းကျန်း၏ လက်မှ ရုန်းထွက်လိုက်ပြီး ခေါင်းမာမာနှင့် ရပ်နေလိုက်သည်။

လင်းကျန်းက စွန်းယုအား ပြန်လှည့်ကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည် “ကောင်စုတ်လေး၊ ဒီလိုအချိန်မှာတောင် မင်းဆရာစကားကို လျစ်လျူရှုနေတာ မင်းဆရာကို ဒေါသထွက်ပြီး သေသွားစေချင်တာလား”

စွန်းယုက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ဂိုဏ်းက ဒုက္ခရောက်နေတာကို ကျွန်တော်က ဒီအတိုင်း ထွက်ပြေးသွားရမှာလား။ အေးစိမ့်ရေမရဏဂိုဏ်းကကောင်တွေ ကျွန်တော်တို့ နယ်မြေထဲ ကျူးကျော်လာရဲမှတော့ သူတို့ဘက်ကနေ တန်ဖိုးတစ်ခု ကျိန်းသေ ပြန်ပေးရမှာပေါ့”

လင်းကျန်း ငေးကြောင်ကြောင်ဖြင့် သူ့တပည့်အား စိုက်ကြည့်နေမိလိုက်သည်။ လက်ရှိ အခြေအနေကို သူလုံးဝ နားမလည်နိုင်တော့ပေ။

သူ့တပည့် နဂါးဧကရာဇ် အမွေအနှစ်ကို ရခဲ့သည်မှာ မှန်သော်လည်း အမွေအနှစ်ကို ရရှိရုံလေးဖြင့် လက်ရှိ အချိန်၌ သူဘာမှမလုပ်နိုင်သေး။ ထို့ကြောင့် အေးစိမ့်ရေ မရဏဂိုဏ်းအား တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမည်ဟု ပြောလိုက်ခြင်းသည် သူ့ကို ဘာအရာကများ ယုံကြည်ချက် ပေးနေလေသနည်း။

ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ စွန်းယုအား စစ်ဆေးကြည့်လိုက်ပြီးနောက် လင်းကျန်း အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး မျက်လုံး အပြူးသားဖြင့် “မင်း…မင်း…”

“ငါတို့က ပြန်ပေးဆပ်ရမယ် ဟုတ်လား။ ဟားဟားဟားဟား… ကောင်လေး၊ မင်းက သောက်ရမ်း မောက်မာပါနေပါလားကွ” အနီးအနားမှ ရယ်မောသံတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေသည်။

ထိုထေ့ငေါ့လှောင်ပြောင်စကားနှင့်အတူ အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူရိပ်များစွာတို့သည် တစ္ဆေသားရဲများပမာ ထွက်ပေါ်လာခဲ့လေသည်။

စွန်းယု အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ဆရာဆီ အလိုလို ခုန်သွားမိလိုက်သည်။ လင်းကျန်း၏ အမူအရာလည်း လေးနက်တည်ကြည်နေခဲ့ပြီး ရှေ့တက်၍ သူ့တပည့်အား ကာကွယ်ပေးလျက် အသစ်ရောက်လာသည့် လူများအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်း “အေးစိမ့်ရေမရဏဂိုဏ်းက ခွေးကောင်တွေပဲ”

ယခု ပေါ်လာသည့် လူများသည် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်ကြသော အေးစိမ်ရေမရဏဂိုဏ်းမှ ပညာရှင်ငါးယောက်ပင် ဖြစ်လေသည်။

မသေမျိုးအဆင့် ပညာရှင်ငါးယောက်ကို လင်းကျန်း တစ်ယောက်တည်း မည်ကဲ့သို့ ခံတိုက်နိုင်မည်နည်း။

ထို့ကြောင့်သာ ထိုလူငါးယောက်စလုံး ရဲရဲတင်းတင်း ရှေ့ထွက်လာရဲကြပြီး ဆရာတပည့်အတွဲကို ပြန်၍ပင် လှောင်ပြောင်ရဲကြခြင်း ဖြစ်လေသည်။

အုပ်စုခေါင်းဆောင် ဖြစ်ဟန်တူသော သက်လတ်ပိုင်း လူကြီးက စွန်းယုက လှောင်ပြောင်ထေ့ငေါ့သည့် အမူအရာဖြင့် စိုက်ကြည့်၍ “ကောင်လေး၊ ငါတို့ အေးစိမ်းရေမရဏဂိုဏ်း ပြန်ပေးဆပ်ရမယ်လို့ အခုလေးတင် မင်းပြောလိုက်တာမလား”

စွန်းယုမျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး တစ်ခွန်းပင် ပြန်မပြောရဲတော့ချေ။

ရန်ကိုင်၏ အားတက်သရော ပြုစုပျိုးထောင်ပေးခြင်း ခံခဲ့ရသလို သူ့အရည်အချင်းသည်လည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့သော်ငြား တကယ်တော့ သူသည် မည်သည့် လောကဓံတရားကိုမှ မရင်ဆိုင်ဖူးသေးသည့် အသက် (၁၆)နှစ်အရွယ် လူငယ်လေး တစ်ယောက်သာ ရှိသေးသည်။ မသေမျိုးအဆင့် ပညာရှင်ငါးယောက်နှင့် ရင်ဆိုင်ရချိန် တိုက်ပွဲမစခင် လေးကုန်နေခဲ့လေပြီ။ သူ့ဆရာကြောင့်သာ မဟုတ်လျှင် ကြောက်ရွံ့မှုကြောင့် မတ်တပ်ပင်ရပ်နိုင်တော့မည်မဟုတ်။

လင်းကျန်းနောက်တွင် ပုန်းအောင်းလျက် စွန်းယုသည် ဘေးပတ်လည်သို့ ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်လိုက်သည်။ သူ့ပုံစံသည် တစ်ခုခုကို အဆောတလျင် ရှာဖွေနေသည့်အလား… ခဏအကြာ၌ သူ့မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြောက်ရွံ့စိတ်တို့သည်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့လေသည်။

ဆရာတပည့်အတွဲကို လှောင်ပြောင်ခဲ့သော သက်လတ်ပိုင်း လူကြီးသည်နှင့် စွန်းယုနှင့် လင်းကျန်း တို့အား ဆက်၍ အာရုံမစိုက်တော့ပေ။ သူနှင့် အခြားလေးယောက်သည် နဂါးတောင်ကြားထဲသို့ စိုက်ကြည့်ရင်း တွေးတောပြောဆိုလိုက်သည် “မိုးမြေကောင်းချီးပေးတဲ့ ဖြစ်ရပ်က ဒီကနေ ပေါ်လာတာ ဖြစ်ရမယ်”

“ဟုတ်တယ်။ ဒါက နဂါးဖီးနစ်တောင်ကြားပဲ။ နဂါးဧကရာဇ် အမွေအနှစ် ရှိနေတဲ့နေရာပေါ့။ အရင်တုန်းက အဲ့ပုံပြင်ဟောင်းကြီးကို ယုံကိုမယုံခဲ့တာ။ အခုတော့ ယုံရတော့မယ့်ပုံပဲ။ ဒီနှစ်နှစ်အတောအတွင်း ချန်ကျို့ ဒီနေရာမှာ တောက်လျှောက် ထိုင်စောင့် နေခဲ့တာလားလို့”

“အဲ့လိုဆိုရင်တော့ နဂါးဖီးနစ်နန်းတော်က တပည့် နဂါးဧကရာဇ် အမွေအနှစ်ကို ရသွားတာ လုံးဝ သေချာသွားပြီ”

“ဟုတ်တယ်။ ငါလည်း မေးပြီးသွားပြီ။ နဂါးဧကရာဇ် အမွေအနှစ်ကို ရသွားတဲ့လူက စွန်းယုတဲ့၊ အစစ်အမှန် ဒြပ်စင်အဆင့်(၇) ဆိုလားပဲ”

“အဲ့ကောင်လေးရဲ့ ကံက ရှယ်ကောင်းတာပဲ။ ကဲကဲ၊ သွားကြမယ်။ သူ့ကို အရင်ဖမ်းမိမလဲ ကြည့်ကြတာပေါ့”

မသေမျိုးအဆင့် ပညာရှင် ငါးယောက်စလုံးသည် စွန်းယုနှင့် လင်းကျန်တို့အား မရှိသည့်အလား လျစ်လျူရှုထားခဲ့ကြသည်။

ယခုလေးတင် ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရသော လင်းကျန်းသည် ထိုငါးယောက် ပြောနေသည်ကို ကြားပြီးနောက် သူတို့ ဆရာတပည့်နှစ်ယောက် ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခုရှိမှန်း ချက်ချင်း နားလည်လိုက်လေသည်။ ထိုငါးယောက်သည် သူတို့ရှေ့တွင် ရှိနေသော လူငယ်လေးသည် စွန်းယုမှန်း သိမနေခဲ့ချေ။

သူတို့ထဲက ဘယ်သူမှ စွန်းယုအား မမြင်ဖူးသလို့ သူ့ကျင့်ကြံခြင်း ခုန်ပျံထိုးတက်လာသည့် အကြောင်းကိုလည်း မသိထားကြပေ။ ထို့ကြောင့် မသေမျိုးအဆင့် ပညာရှင်ငါးယောက်စလုံး သူတို့ရှေ့ရှိ လူငယ်လေးနှင့် သူတို့ရှာနေသော စွန်းယုအား မဆက်စပ်မိခဲ့ကြချေ။

“ဆရာတို့…” လင်းကျန်းက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “ခင်ဗျားတို့သွားချင်သွားပါ၊ ဒီလူအိုကြီး မတာပါဘူး။ ဒါပေမယ့် ကျုပ်တို့ နှစ်ယောက်ကို ထွက်သွားခွင့် ပေးလို့ ရမလား”

“ထွက်သွားချင်တာလား” သက်လတ်ပိုင်လူကြီးက လင်းကျန်အား တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်၍ ခေါင်းညိတ်ကာ “ကောင်းပြီလေ။ အဲ့ကောင်လေးကို သူ့လျှာသာ ဖြတ်ခိုင်းလိုက်။ ငါတို့ အေးစိမ့်ရေမရဏဂိုဏ်း ကိုများ ပြန်ပေးဆပ်ရမယ်တဲ့… ဒီကောင်သာ စကာပြောနိုင်သေးရင် ပြဿနာတွေချည်း ရှာနေဦးမှာ။ အခုကတည်းက ပြဿနာကို ကြိုရှင်းထားသင့်တယ်”

လင်းကျန်းအမူအရာ ပြောင်းလဲသွားခဲ့သော်ငြား အားတင်း၍ ပြုံးလိုက်ပြီး “ကျုပ်တပည့် ငယ်သေးတော့ မသိ နားမလည်လို့ပါ။ ဒါကြောင့်ပဲ ဒီလူအိုကြီးက သူ့နောက် လိုက်ပေးနေရတာပါ။ ဆရာတို့ ဒီမတော်တဆ အဖြစ်အပျက်လေးကို စိတ်ထဲမထားဖို့ ကျုပ်မျှော်လင့်ပါတယ်”

“ဟား ဟား ဟား ဟား” အေးစိမ့်ရေမရဏဂိုဏ်းမှ ပညာရှင်ငါးယောက်စလုံး လှောင်ပြောင်လိုသည့် အမူအရာဖြင့် အော်ဟစ်ရယ်မောလိုက်ကြလေသည်။

ခဏအကြာ၌ သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလိုက်ပြီး သူ့ကို မလွှတ်ပေးနိုင်တာတော့ မဟုတ်ဘူး။ လူငယ်တွေဆိုတာ အမှား လုပ်တတ်တာပဲလေ၊ ဟုတ်တယ်မလား။ ကျုပ်တို့လည်း အားနည်းတဲ့လူကို အနိုင်မကျင့်ချင်ပါဘူး…. အင်း၊ ခင်းဗျား တပည့်က ငယ်သေးမှတော့ သူ့အပြစ်ကို ခင်ဗျားပဲ ယူလိုက်လေ။ ဒူးထောက်ပြီး နည်းနည်းပါးပါး ဦးညွှတ်လိုက်။ ပြီးတော့ နဂါးဖီးနစ်နန်းတော်က ခွေးတွေ၊ ဝက်တွေလောက်တောင် သောက်သုံးမကျပါဘူးလို့၊ အော်ပြော၊ အဲ့လိုဆို ကျုပ်တို့ စဉ်းစားပေးမယ်”

ပြောပြီးသည်နှင့် သက်လတ်ပိုင်းလူကြီးက လင်းကျန်းအား ခြိမ်းခြောက်လိုသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

လင်းကျန်းအမူအရာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရလေပြီ။ သူသည် အသက်ကြီးသော်ငြား မသေမျိုးအဆင့်သို့ ရောက်ထားသည့် ယောကျာ်း တစ်ယောက် ဖြစ်နေတုန်း။ သူ့တွင် သူ့ကိုယ်ပိုင် မာနရှိ၏။

သက်လတ်ပိုင်းလူကြီး၏ တောင်းဆိုချက်ကို ကြားသော် လင်းကျန်း ဒေါသမထွက်ဘဲ ဘယ်နေမည်နည်း။

သို့သော် နန်းတော်သခင် ပေးအပ်သွားသည့် တာဝန်ကို ပြန်သတိရမိလိုက်သဖြင့် လင်းကျန်းမှာ ဒေါသကို မြိုသိပ်ထားရင် သက်လတ်ပိုင်းလူကြီး၏ လှောင်ပြောင်လိုသော အကြည့်အောက်၌ ဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သည်နှင့် သက်လတ်ပိုင်း လူကြီး၏ မျက်လုံးထဲ ညစ်ကျယ်ကျယ် အရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

“ဆရာ…” စွန်းယုက ချက်ချင်းပဲ လင်းကျန်းအား တွဲကူပေးလိုက်သည်။ မရင့်ကျက်သေးသော သူ့မျက်နှာလေး တစ်ခုလုံး အေးစက်မှုတို့ဖြင့် ပြည့်နေခဲ့လေပြီ။ ကြောက်ရွံ့နေသော အရိပ်အယောင် တို့သည်လည်း သူ့မျက်နှာထက်မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ကာ သိပ်သည်းလှသော သတ်ဖြတ် လိုစိတ်တို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

“ကောင်စုတ်လေး…” လင်းကျန်းက စွန်းယုအား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

စွန်းယုက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ရှေ့တက်၍ လူကြီးငါးယောက်ရှေ့ရပ်ကာ “ခင်ဗျားတို့ စွန်းယုကို လာရှာတာမလား”

“မင်းပါးစပ်က တကယ်ကို မဟုတ်တရုတ်တွေ ပြောနိုင်တာပဲ” သက်လတ်ပိုင်လူးကြီးက မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်သည်။

“တောင်ကြားထဲဝင်ရှာနေစရာ မလိုဘူး။ ခင်းဗျာတို့ ရှာနေတဲ့ စွန်းယုက ကျုပ်ပဲ”

ကြားလိုက်ရသည့် စကားကြောင့် သက်လတ်ပိုင်း လူကြီး သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ အနားတွင် ရှိနေသော မသေမျိုးအဆင့် ပညာရှင် လေးယောက်သည်လည်း ထိုနည်းလည်းကောင်းပင်။

“ကျုပ်စကားကို သံသယဝင်နေစရာ မလိုဘူး” စွန်းယုက နှာခေါင်းရှုံ့လိုက်ပြီး “ကျုပ်ဝင်သွားတုန်းက အစစ်အမှန်ဒြပ်စင်အဆင့်(၇)ပဲ ရှိသေးတာ။ ဒါပေမယ့် အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလေ”

“နှစ်နှစ်အတွင်း အဆင့်ကြီးတစ်ဆင့်ကို ကျော်ဖြတ်သွားတာလား” သက်လတ်ပိုင်းလူကြီး အလန့်တကြား ဆိုလိုက်သည်။

စွန်းယုသည် ယခုအချိန္၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပေပြီ။ အစစ်အမှန်ဒြပ်စင်အဆင့်(၇) ကျင့်ကြံခြင်းနှင့် စာလျှင် လုံးဝကို အဆင့်ကြီးတစ်ဆင့် ခြားနားနေခဲ့သည်။ ထိုကွာခြားချက်ကြောင့်ပဲ မသေမျိုးအဆင့် ပညာရှင်ငါးယောက် ရောက်ရှိလာစဉ် ထိုလူငယ်လေးအား စွန်းယုနှင့် နည်းနည်းမျှ မဆက်စပ်မိခဲ့ခြင်း ဖြစ်သည်။

ငါးယောက်ထဲမှ လူတစ်ယောက်ထဲ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားခဲ့ပြီး “ဒါကို နဂါးဧကရာဇ်ရဲ့ အမွေအနှစ်လို့ ခေါ်တာလား”

“ခင်ဗျားဘာသာ တွေးချင်သလိုတွေး” စွန်းယုက နှာခေါင်းရှုံ့လိုက်လေသည်။ သူ့အမူအရာသည် အစောပိုင်းကကဲ့သို့ ကြောက်ရွံ့နေခြင်းမျိုး မဟုတ်တော့။ အေးစက်မှုတို့ဖြင့်သာ ပြည့်နေခဲ့လေပြီ။

စွန်းယုပြောသည်ကို ကြားပြီးနောက် အေးစိမ့်ရေ မရဏဂိုဏ်းမှ လူငါးယောက်စလုံး စွန်းယုအား စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် စိုက်ကြည့် လာခဲ့ကြသည်။

နှစ်နှစ်အတွင်း အစစ်အမှန်ဒြပ်စင်အဆင့်(၇)မှ အင်မော်တယ် တက်လှမ်းခြင်းအဆင့်(၇)သို့ တက်သည့် ကိစ္စမှာ တကယ့်ကို အဆန်းတကြယ်ပင်။ ယခုမှပဲ နဂါးဧကရာဇ်၏ အမွေအနှစ် မည်မျှ အံ့ဩဖွယ် ကောင်းကြောင်း ထိုငါးယောက် နားလည်သွားခဲ့ရသည်။

အကုန်လုံး စွန်းယုအား လောဘတကြီး အမူအရာဖြင့် စိုက်ကြည့်နေကြလေပြီ။

“ကောင်စုတ်လေး” လင်းကျန်းမှာ လုံးဝကို ဒေါသထွက်လွန်းဖြင့် သွေးတစ်ပွက်ပင် အန်လိုက်ရ၏။

ထိုလူငါးယောက်စလုံးသည် စွန်းယု မည်သူမှန်း မသိသဖြင့် ထွက်ပြေးဖို့ အခွင့်အရေး ရပြီဟု လင်းကျန်း တွေးနေခဲ့ခြင်း ဖြစ်သည်။ စွန်းယုကိုသာ လုံခြုံအောင် ထားနိုင်သရွေ့ မည်သည့် အခက်အခဲ၊ ရန်စမှုကိုမဆို လင်းကျန်း ခါးစည်းခံရန် အသင့်ပြင်ထားပြီးသားပင်။ သို့သော်လည်း ထိုအရူးတပည့်သည် သူမည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ပြောလိုက်မည်ဟု လင်းကျန်း မထင်ထားခဲ့။ သူ့လုပ်ရပ်သည် မီးတွင်းထဲ ခုန်ချကာ ကိုယ့်ကိုယ်ကို သက်သေလိုက်ခြင်းနှင့် မခြားပေ။

သူ့တပည့် ခေါင်းများ ကောင်းလေရဲ့လားဟု လင်းကျန်း အမှန်တကယ် သိချင်နေမိသည်။ ယခင်ကမူ စွန်းယု ထိုမျှလောက် မတုံးအချေ။ စွန်းယု၏ အရည်အချင်းသည် အရမ်းကြီး မကောင်းသော်ငြား သူသည် စဉ်းစဉ်းစားစား တွေးတတ်သေး၏။ ဂျီးနီးယပ် မဟုတ်လျှင်ပင် အရူးတစ်ယောက်တော့ မဟုတ်။

နဂါတောင်ကြားထဲသို့ဝင်ပြီး သူ့ခေါင်း တစ်ခုခု ဖြစ်သွားရအောင် ဘာတွေများ ဖြစ်ခဲ့လေသနည်း။

လင်းကျန်းမှာ သူ့တပည့်အား ပါးစပ်ပိတ်ထားရန် တစ်ချက်ပြီးတစ်ချက် ပါးလှိမ့်ရိုက်ပြီးတော့သာ ပြောချင်နေမိတော့သည်။

“ဆရာ… အဆင်ပြေလား” စွန်းယုက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး သူ့ဆရာအား ယုံကြည်ချက်အပြည့်ဖြင့် ပြုံးပြလိုက်သည်။

ယခုအချိန်ထိတိုင် တည်တည်ငြိမ်ငြိမ် ပြုံးနေ နိုင်သေးသော သူ့တပည့်ကိုကြည့်ရင်း လင်းကျန်း လုံးဝ ခေါင်းရှုပ်နေခဲ့ရလေပြီ။ သူ့တပည့်၏ အမူအရာကြောင့် မသေမျိုးအဆင့် ပညာရှင်ငါးယောက်ဆီမှ ခံစားနေရသော ဖိအားပင် ဘယ်ပျောက်၍ ပျောက်လို့သွားမှန်း မသိတော့။

ရယ်ရယ်မောမောဖြင့် ပြန်၍ ခေါင်းညိတ်ပြလိုက်ပြီး “ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့ ဆရာလည်း မင်းကို အဖော်ပြုပေးရတာပေါ့။ ငါတို့ သေတာ၊ ရှင်တာကို ကောင်းကင်ကပဲ ဆုံးဖြတ်ပေးလိမ့်မယ်”

“ကျွန်တော်တို့ သေမှာမဟုတ်ဘူး။ သေမယ့်လူက… သူတို့တွေပဲ” စွန်းယု၏ လေသံ ရုတ်ချည်း အေးစက် သွားခဲ့ပြီး မသေမျိုးအဆင့် ပညာရှင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

စွန်းယု၏ လေသံနှင့်အကြည့်ကြောင့် မသေမျိုးအဆင့် ပညာရှင်ငါးယောက်စလုံး အလိုလို ခြေတစ်လှမ်း နောက်ဆုတ်မိလိုက်ကြသည်။ ငါးယောက်စလုံး မျက်မှောင်ကြုံ့၊ မျက်လုံးမှေးစဉ်းနေခဲ့ကြလေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၃၆) ကယ်တင်ရှင်ငွေရောင်သစ်ရွက်

စွန်းယု၏ အကြည့်သည် နားလည်ရခက်လှစွာ သူတို့အား စိတ်မသက်မသာ ဖြစ်စေမိသည်။

ကောင်စုတ်လေးသည် အဆင့်ကြီးတစ်ဆင့်ကို နှစ်နှစ်အတွင်း ချိုးဖျက်သွားသော်လည်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်သေးသူသာ ဖြစ်သည်။ ယေဘုယျကျကျ ပြောရလျှင် သူတို့ထဲက ဘယ်သူ့ကိုမှ ထိုကောင်လေး မနိုင်ချေ၊ ငါးယောက်ဆိုလျှင် ပြောနေစရာ မလိုတော့။

ထိုသို့ဆိုလျှင် ထိုကောင်လေးသည် အဘယ်ကြောင့် သူတို့ကို မကြောက်ရလေသနည်း။ ကောင်လေး သူတို့ကို စိုက်ကြည့်နေသည့် ပုံစံအရ သူတို့ကပဲ သနားစရာ ကောင်းနေသလိုလို။

တစ်ခဏလောက် တုန့်ဆိုင်းနေပြီးနောက် သက်လတ်ပိုင်းလူကြီးက အော်ပြောလိုက်လေသည် “ကောင်စုတ်လေး။ ငါတို့ကို လာပြီး အရူး လုပ်ချင်နေတယ်ပေါ့။ ငါတို့ကို မင်းဘယ်လိုသတ်မလဲ ငါတကယ် မြင်ချင်သေးတယ်”

ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်း၍ အော်ပြောလိုက်လေသည် “ကောင်စုတ်လေးကိုဖမ်းပြီး အဲ့သက်ကြားအိုကြီးကို သတ်ပစ်လိုက်”

သူ့နောက်တွင် ရပ်နေသော ပညာရှင်လေးယောက် စလုံး လျှပ်စီးတန်းပမာ လင်းကျန်းနှင့် စွန်းယုတို့ဆီ ပြေးထွက်သွားကြလေသည်။

တစ်ယောက်က စွန်းယုကို ဖမ်းကိုင်လိုက်ပြီး အခြား သုံးယောက်က လင်းကျန်းအား တစ်ပြိုင်တည်း ရက်ရက် စက်စက် တိုက်ခိုက်လိုက်ကြသည်။

လင်းကျန်းမှာ ဘာမှမလုပ်ရသေးခင်မှာဘဲ တစ်ဖက်လူ သုံးယောက်၏ တိုက်ခိုက်မှုများ သူ့ရှေ့တည့်တည့် ထွက်ပေါ်လာခဲ့သဖြင့် ခေါင်းမွှေး ထောင်တက်သွားခဲ့ရသည်။

သို့သော်လည်း မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားသွားခဲ့သည်။

ပြေးထွက်လာသော လူလေးယောက်စလုံးသည် မမြင်နိုင်သော အားတစ်ရပ်၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်အလား သူတို့၏ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့ရသည်။ ပြီးသည်နှင့် ချက်ချင်းဆိုသလို ခေါင်းကိုကိုင်၍ နာနာကျင်ကျင် အော်ဟစ်ရင်း မြေကြီးပေါ် လူးလှိမ့်နေကြတော့လေသည်။

မမြင်နိုင်သော စွမ်းအားတစ်ခု သူတို့၏ ဝိဥာဉ်အား ဖျက်စီးနေသည်ကို ကာကွယ်ရန် ကြိုးစားနေသည့်အလား သူတို့ခန္ဓာကိုယ်မှ စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာ ခဲ့လေသည်။

သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး သူ့အပေါင်းအဖော်များကို လှမ်းအော်ခေါ်လိုက်လေသည်။ သို့သော် မည်သူမှ ပြန်မထူးခဲ့။

အသက်ငါးရှိုက်စာအတွင်း လူလေးယောက်စလုံး မြေကြီးပေါ်တွင် မလှုပ်မယှတ် လဲလျောင်းနေခဲ့ရလေပြီ။ မည်သူမှ အသက်မရှုတော့။ အကုန်လုံး သေသွားခဲ့ကြပြီ။

ထိုမြင်ကွင်းကို လင်းကျန်းမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေခဲ့လေသည်။

စွန်းယုသည်လည်း တံတွေးတစ်လုတ် မျိုချလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်၏။ ခဏကြာမှသာ သူ့စိတ်ကို တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့လေသည်။ သူ့လက်အား ဖမ်းကိုင်ခဲ့သော အေးစိမ့်ရေမရဏဂိုဏ်းမှ ပညာရှင်လေးယောက်သည် ယခုအချိန်၌ မြေကြီးပေါ်တွင် အသက်ကင်းမဲ့စွာ လဲလျောင်းနေခဲ့ကြလေပြီ။

စွန်းယု မျက်လုံးများသည် စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

အားကောင်းသော ပညာရှင်တစ်ယောက်ဆီမှ တိုက်ကွက် ပီသပါပေသည်။

စွန်းယုနှင့် လင်းကျန်းတို့အား ခြေမကိုင်မိ လက်မိကိုင်မိ ဖြစ်အောင် လုပ်နိုင်ခဲ့သော မသေမျိုးအဆင့် ပညာရှင်လေးယောက်သည် ရှင်းပြမရစွာ သေဆုံးသွားခဲ့သည်။ ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်း လူကြီးသည်လည်း ဘာတွေဖြစ်လို့ ဖြစ်သွားခဲ့မှန်းမသိ၊ ကြောင်အမ်းအမ်း ဖြစ်နေတုန်းပင်။

စွန်းယု နည်းနည်းလေးမှပင် ကြောက်လန့်နေခြင်း မရှိတော့ဘဲ သက်လတ်ပိုင်းလူကြီးအား ကြမ်းကြုတ်စွာ ပြုံးဖြီးပြလိုက်လေသည်။

စွန်းယု၏ အကြည့်ကြောင့် သက်လတ်ပိုင်းလူကြီး အလိုလို နောက်ဆုတ်မိလိုက်ပြီး သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

“ကောင်လေး၊ မင်းဘာလုပ်လိုက်တာလဲ” သက်လတ်ပိုင်းလူကြီးမှာ ယခုထိတိုင် သူမြင်လိုက်ရသည်ကို မယုံကြည်နိုင်သေးရာ စိုးရိမ်တကြီး လှမ်းအော်မေးလိုက်လေသည်။

“သေလူကို ရှင်းပြနေလို့ကော ဘာထူးမှာမို့လို့လဲ” စွန်းယုက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်ပြီး သက်လတ်ပိုင်း လူကြီးအား သူ့လက်ညိုးဖြင့် ဖြည်းဖြည်းချင်း ချိန်ရွယ် လိုက်လေသည်။

ထို့အခြင်းအရာကို မြင်လိုက်သည်နှင့် သက်လတ်ပိုင်း လူကြီး ကြောက်လန့်တကြား ထအော်ကာ အကာအကွယ် ရတနာကို ထုတ်ယူလျက် သူ့ကိုယ်သူကာကွယ်ရင်း လှည့်ကာ ထွက်ပြေးတော့လေသည်။

စွန်းယုဆိုသော ကောင်လေး ဘာလုပ်လိုက်မှန်း သူနားမလည်။ သို့သော်လည်း သူနှင့် ခွန်အားချင်း မကွာလှသော သူ့အဖော်လေးယောက်ကို ချက်ချင်း သတ်ပစ်လိုက်နိုင်သည်။ သူသာ ဆက်နေပါက နောက်သေမည့်လူသည် သူပင် ဖြစ်ပေလိမ့်မည်။

နဂါးဧကရာဇ်၏ အမွေသည် ဤမျှ နားလည်ရ ခက်လေသလား။

မည်သို့ပင်ဖြစ်စေ သူတို့ဂိုဏ်းတွင် သူတော်စင်အဆင့် ပညာရှင်နှစ်ယောက် ရှိနေသေးပေသည်။

“သေလိုက်တော့” စွန်းယုက အော်ဟစ်လိုက်သည်။

ထိုအသံထွက်ပေါ်လာသည်နှင့် မီတာတစ်ရာ အကွာထိ ထွက်ပြေးပြီးသွားပြီဖြစ်သော သက်လတ်ပိုင်း လူကြီးသည် သနားစဖွယ် အော်ဟစ်မြည်ကြွေးရင်း ဦးခေါင်းကိုကိုင်လျက် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ မြေကြီးပေါ်၌ ခဏတာမျှ လူးလှိမ့်နေပြီးနောက် အစောပိုင်းက လေးယောက်အတိုင်း အသက်ပျောက်သွားခဲ့ရလေသည်။

မသေမျိုးအဆင့် ပညာရှင် ငါးယောက်စလုံး ဘာမှပင် မလုပ်နိုင်ဘဲ သေသွားခဲ့ရသည်ကို ကြည့်ရင်း စွန်းယု စိတ်လှုပ်ရှားမှုကြောင့် အူမြူးနေခဲသည်။ ချီကျူးလေးစားသည့် အကြည့်ဖြင့် ဘေးပတ်လည်သို့ ကျီကန်းတောင်းမျောက် လိုက်ကြည့်နေခဲ့လေသည်။

“ကောင်းတယ်၊ အဲ့အတိုင်းဆက်လုပ်ထား” စီနီယာ ရန်၏ အသံကို ကြာလိုက်ရရာ စွန်းယုမျက်နှာ ယုံကြည်ချက်အပြည့်ဖြင့် ဝင်းပသွားခဲ့ရလေသည်။ စွန်းယုမှာ ယခုချက်ချင်းပင် အေးစိမ့်ရေမရဏ ဂိုဏ်းသားများဆီ ပြေးသွားပြီး စိတ်ရှိလိုက်ရှိ သတ်ဖြတ်လိုက်ချင်မိနေခဲ့လေပြီ။

“ကောင်စုတ်လေး…” လင်းကျန်း၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီနေခဲ့ပြီး သူ့မျက်နှာသည်လည်း အနည်းငယ် ဖြူလျော်နေခဲ့ကာ အထစ်အထစ် အငေါ့ငေါ့ဖြင့် “မင်း... မင်း မသေမျိုးအဆင့် ပညာရှင် ငါးယောက်ကို သတ်လိုက်တာလား”

ယခုထိတိုင် လင်းကျန်းမှာ သူမြင်လိုက်ရသည်ကို မယုံကြည်နိုင်သေးချေ။ အစောပိုင်းက မြင်ကွင်းသည် အမှန်တကယ်ကို မယုံချင်စရာကောင်းလှသည် မဟုတ်ပေလော။

လွန်ခဲ့သော နှစ်နှစ်က သူ့တပည့်သည် အဆင့်တူ အတွင်းမှ ကျင့်ကြံသူကိုပင် အနိုင်မယူနိုင်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း ယခုအချိန်၌ သူ့တပည့်သည် သူပင် တစ်ယောက်ချင်း အနိုင်မယူနိုင်သော ကျင့်ကြံသူငါးယောက်ကို တစ်ယောက်တည်း သတ်ပြသွားခဲ့၏။

အိမ်မက်ပဲ မက်နေသလားဟုပင် လင်းကျန်း တွေးမိနေခဲ့လေပြီ။

“အဲ့လိုမဟုတ်ပါဘူး ဆရာရဲ့။ အဲ့ဒါတွေ အားလုံးက နဂါးဧကရာဇ် အမွေအနှစ်ရဲ့ ကျေးဇူးကြောင့်ပါပဲ” စွန်းယုမှာ သူ့ဆရာကို မလိမ်ရက်သဖြင့် ကွေ့ပတ်၍သာ ပြောလိုက်လေသည်။

ကြားကြားချင်း လင်းကျန်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သော်လည်း ခဏအကြာ၌ ဝမ်းသာလွန်းသဖြင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာခဲ့ပြီး “ကောင်းကင်က ငါတို့က ပစ်ပယ်မထားဘူးပဲ”

“ဆရာ၊ ကျုပ် အမွှာစိတ်ဝိဥာဉ်စံအိမ်ဆီ ထွက်ပြေးမှာ မဟုတ်ဘူး။ နန်းတော်သခင်ကို သွားရှာပြီး ဂိုဏ်းကို သွားကူညီပေးလိုက်ဦးမယ်”

“ဒါက…” စွန်းယု ပြသသွားသော ရှင်းပြမရနိုင်သည့် နည်းလမ်းများကြောင့် လင်းကျန်းမှာ ယခင်လောက် ခေါင်းမမာတော့ချေ။ သို့သော်လည်း စိုးရိမ်စိတ်တော့ အရှင်းပြယ်သွားသေးခြင်း မရှိပေ။ “အဲ့မှာ သူတော်စင် အဆင့် ပညာရှင် နှစ်ယောက်တောင် ရှိနေတာလေ။ နန်းတော်သခင်က တစ်ယောက်ကို ထိန်းထားနိုင်ပေမယ့် မင်းက…”

“စိတ်ချထားလိုက်စမ်းပါ ဆရာရယ်။ ကျုပ်မှာလည်း နည်းလမ်းရှိပြီးသားပါ” စွန်းယုက နဂါးတောင်ကြား အတွင်းပိုင်းသို့ တစ်ချက်ခိုးကြည့်လိုက်သည်။ ရန်ကိုင်ကို မမြင်သလို သူ့တည်ရှိမှုကိုလည်း အာရုံမခံမိနိုင်သော်ငြား စီနီယာရန် ဆိုသူသည် တစ်နေရာရာတွင် ပုန်းအောင်း နေမည်မှန်း သူသိ၏။

စီနီယာရန် ရှိနေမဖြင့် စွန်းယု အနေဖြင့် ဘာကို ကြောက်နေရဦးမည်နည်း။

“ကောင်းပြီလေ။ ငါမင်းနဲ့လိုက်ခဲ့မယ်။ နန်းတော်သခင်ကို ငါပဲရှင်းပြလိုက်မယ်။ ဂိုဏ်းက ဒုက္ခရောက်နေတာ၊ တပည့်တွေဖြစ်တဲ့ ငါတို့လည်း ထွက်မပြေးဘဲ ဂိုဏ်းကို ကူညီပေးသင့်တာပေါ့” လင်းကျန်းက ပြန်ပြောလိုက်သည်။ သူ့တပည့်ကြောင့် သူပင် ယုံကြည်ချက်တို့ ရှိလာသလိုလို။

ထိုသိုဖြင့် ဆရာတပည့်နှစ်ယောက်သည် တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာဆီသို့ ပျံသန်းသွားလေသည်။

----------------------------------

နဂါးဖီးနစ်နန်းတော်မှ ကီလိုမီတာ (၂၀)အကွာရှိ ဝေဟင်ထဲတွင် ကျင့်ကြံသူတစ်သိုက် အသေအကြေ တိုက်ခိုက်နေခဲ့ကြသည်။ စက္ကန့်နှင့်အမျှ ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရ၊ သေဆုံး နေခဲ့ကြရ၏။

သိုင်းပညာရပ်နှင့် လက်နက်များမှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် ကောင်းကင် တစ်ခွင်လုံးသည်လည်း တလက်လက် ဖြစ်နေခဲ့ကာ ပေါက်ကွဲသံတို့သည့်လည်း မိုးယံထိတိုင် ပဲ့တင်ထပ် မြည်ဟည်းနေခဲ့သည်။

နဂါးဖီးနစ်နန်းတော်နှင့် အေးစိမ့်ရေမရဏဂိုဏ်းသည် ယခင်ကတည်းက မတည့်ကြခြင်းဖြစ်သည်။ ယခုတစ်ကြိမ်၌ အေးစိမ့်ရေမရဏဂိုဏ်းသည် အပြည့်အဝ ပြင်ဆင်လာပြီး လူစုံတက်စုံဖြင့် ချီတက်လာခဲ့ကြသည်။ သူတော်စင်နှစ်ယောက် အားကိုးဖြင့် ချက်ချင်းပဲ လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ကြလေ၏။

တိုက်ပွဲစပြီး တစ်နာရီ မပြည့်တတ်သေးခင် အချိန်မှာပဲ နဂါးဖီးနန်နန်းတော်ဘက်မှ တော်တော်လေး အကျအဆုံး များနေခဲ့ရလေပြီ။

နန်းတော်သခင်ချန်ကျို့နှင့် ယုထင်းရီဿည် ဘေးချင်းယှဉ်ရပ်လျက် အတူပူးပေါင်း တိုက်ခိုက် နေခဲ့ကြသည်။ သို့သော်လည်း အခြေအနေက မဟန်လှ။ နှစ်ယောက်စလုံး ဒဏ်ရာများစွာ ရနေခဲ့ပြီး ရန်သူဘက်မှ သူတော်စင်နှစ်ယောက်ကို ထိန်းရုံလေးသာ ထိန်းထားနိုင်ခဲ့လေသည်။

ချန်ကျို့သည် သူနှင့်အတူ တစ်ဖက် သူတော်စင် တစ်ယောက်ကိုပါ အပါခေါ်သွားရန် အသေအလဲ ကြိုးစားနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အေးစိမ်းရေမရဏဂိုဏ်းမှ သူတော်စင်နှစ်ယောက် သူ့ကို သတ်ပစ်ပြီးသည်မှာ ကြာလေပြီ။

“ပိုင်ကျင်းချူ၊ ယန်ကျီ။ မင်းတို့ မှတ်ထားလိုက်။ ဒီနေ့ ငါတို့ နဂါးဖီးနန်နန်းတော်သာ မပျက်စီးခဲ့ရင် နောက်တစ်ကြိမ်ကျ မင်းတို့ တစ်ဂိုဏ်းလုံး အမြစ်ပြတ် သုတ်သင်ခံရမယ့်နေ့ပဲ” ချန်ကျို့၏ အော်သံသည် ကောင်းကင်ယံထိတိုင် ပဲ့တင်ထပ်သွားခဲ့လေသည်။

ယုထင်းရီသည် သူမယောကျာ်းနှင့် ဘေးချင်းယှဉ် ရပ်နေခဲ့သည်။ အမောတကော အသက်ရှုနေခဲ့ရရာ အသက်ရှုလိုက်တိုင်း သူမ၏ မို့မောက်မောက် ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ရ၏။ ဝမ်းဗိုက်နေရာမှလည်း သွေးများ စီးကျနေခဲ့သေးသည်။ သူမသည် မသေမျိုး တတိယအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်သဖြင့် သူတော်စင်နှစ်ယောက်ကို ယှဉ်တိုက်နေရသည်မှာ သူမအတွက် အရမ်းကိုမှ ခက်ခဲပင်ပန်းလှပေသည်။

သို့သော်လည်း သူမနှင့် ချန်ကျို့ လေ့ကျင့်ထားသည့် နှစ်မွှာကျင့်စဉ်ကြောင့် သူမတို့နှစ်ယောက် အတူ ပူးပေါင်းလိုက်သည်နှင့် ချန်ကျို့၏ ခွန်အားသည် သိသိသာသာကို တိုးတက်လာခဲ့ရသည်။

သူမလည်း ဤတိုက်ပွဲကို ဆက်တိုက်မှ ရပေမည်။ သူမသာ မရှိလျှင် ချန်ကျိုအနေဖြင့် သူတော်စင် နှစ်ယောက်ကို မည်သို့မှ ယှဉ်တိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ပိုင်းကျင်းချူနှင့် ယန်ကျီတို့သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကပြီး တစ်ဖန် ပြန်လည် ခုန်ဝင်တိုက်ခိုက်ကြကာ ပိုင်ကျင်းချူက သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “ချန်ကျို့၊ မင်းဘာသာ ဘယ်လိုလုပ်မယ်ပြောပြော ငါတို့က ဒီနေ့ လုံးဝပြင်ဆင်ပြီးကို လာခဲ့တာကွ။ ဒါကြောင့် မင်းတို့ နဂါးဖီးနစ်နန်းတော် ပျက်စီးမှာကို စိုးရိမ်နေစရာ မလိုဘူး။ ငါတို့က မင်းတို့အားလုံးကို အမြစ်ဖျက်သုတ်သင်ပစ်မှာ”

ချန်ကျို့က သူ့နှာခေါင်းထောင့်မှ သွေးကိုသုတ်၍ ပြန်၍လှောင်ပြောင် ပြောဆိုလိုက်လေသည် “နဂါးဧကရာဇ် အမွေအနှစ်က ပြန်ပေါ်လာခဲ့ပြီ။ မကြာခင်မှာပဲ နဂါးဧကရာဇ်နဲ့ ဖီးနစ်ဧကရီတို့ ဒီလောကကြီးထဲမှာ ပြန်ပေါ်လာကြလိမ့်မယ်။ အဲ့အခါကျ မင်းတို့ တစ်ဂိုဏ်းလုံး သေပြီသာမှတ်”

“နဂါးဧကရာဇ်ရဲ့ အမွေအနှစ်လား” ယန်ကျီက လှောင်ပြောင်ရယ်မောကာ ပြန်ပြောလိုက်၏ “နဂါးတောင်ကြားထဲမှာ ဖုံးကွယ်နေတဲ့ အရာကို ပြောချင်နေတာလား။ ငါလည်း ပြောဖို့မေ့နေတာ။ အခုလောက်ဆို ငါ့လက်အောက်ငယ်သားတွေလည်း အဲ့ကို ရောက်နေလောက်ပြီ။ မင်းတို့ရဲ့ အသစ်စက်စက် နဂါးဧကရာဇ်လေး အဖမ်းခံနေရလောက်ပြီ ထင်ပါတယ်ကွာ။ ဟားဟားဟား၊ စိတ်ပူမနေပါနဲ့။ ငါတို့က မင်းအစား အဲ့နဂါးဧကရာဇ်ကို ပျိုးထောင်ပေးမှာပါ”

“ဟုတ်တယ်။ ငါတို့ သူ့ကို ကောင်းကောင်း ဆက်ဆံမှာ။ နဂါးဧကရာဇ်တိုင်းက ဖီးနစ်ဧကရီနေရာ အတွက် လက်တွဲဖော်တစ်ယောက်ကို ရွေးချယ်ရတယ်ဆို။ ငါတို့ အေးစိမ့်ရေမရဏဂိုဏ်းမှာလည်း မိန်းမလှလေးတွေ အများကြီး ရှိနေတာနဲ့ အတော်ပဲဖြစ်သွားတယ်။ အဲ့ထဲကနေ သူကြိုက်တဲ့မိန်းကလေး တစ်ယောက် ကောက်ယူလိုက်လို့ ရတယ်လေ။ ငါတို့ဂိုဏ်းက မိန်းကလေးကို မြည်းစမ်းပြီးသွားတာနဲ့ မင်းတို့ အမှိုက်ဂိုဏ်းကို မေ့ရင်မေ့သွားလောက်မှာ”

တစ်ဖက်သူတော်စင်နှစ်ယောက်၏ လှောင်ပြောင် စကားကြောင့် ချန်ကျို့ မျက်နှာအမူအရာ သုန်မှုန် သွားခဲ့ရလေသည်။

ယခုအချိန်တွင် နဂါးတောင်ကြား၌ လင်းကျန်း တစ်ယောက်သာ ရှိတော့သည်။ လင်းကျန်း၏ ခွန်အားဖြင့် များပြားလှသော ပညာရှင်များကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ စွန်းယုသာ အဖမ်းခံလိုက်ရပါက နဂါးဖီးနစ်နန်းတော်လည်း ဘယ်တော့မှ ဦးပြန်မော့နိုင်တော့လိမ့်မည် မဟုတ်ပေ။

“မုန်းစရာကောင်းလိုက်တာ” ချန်ကျို့ အံတင်းတင်းကြိတ်လိုက်သည်။

ထိုအခိုက်အတန့်မှာပဲ ရန်ကျီမျက်လုံးများ လက်သွားခဲ့ပြီး ချန်ကျို့ဘေးတွင် ရပ်နေသော ယုထင်းရီအား ကောင်းကင်စိတ်အာရုံဖြင့် တိုက်ခိုက်လိုက်သည်။

ရန်သူစကားကြောင့် တစ်ခတာလောက် သတိမဲ့သွားခဲ့ရာ ချန်ကျို့မှာ ထိုကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို အချိန်မှီ မကာကွယ်နိုင် ဖြစ်သွားခဲ့ရသည်။

မမြင်နိုင်သော အားတစ်ရပ်၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည့်အလား နာနာကျင်ကျင် ညည်းတွားရင်း မီတာပေါင်းများစွာသို့ လွင့်စင်ထွက်သွားခဲ့ရလေသည်။ ထို့နောက် သူမ မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားလေ၏။

ချန်ကျို့ မျက်လုံးများ ရဲရဲနီသွားခဲ့ပြီး သူ့မိန်းမအား ကယ်ဆယ်ရန် အသည်းအသန် ကြိုးစားလိုက်သော်ငြား ပိုင်ကျင်းချူက သူ့ရှေ့၌ အလျင်အမြန် ပိတ်ရပ်လိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်လေသည် “မင်းမိန်းမမရှိဘဲနဲ့ ငါ့ကို ဘယ်လိုတိုက်မလဲ ငါမြင်ချင်သေးတယ်”

နဂါးဖီးနစ်နန်းတော်၏ နှစ်မွှာကျင့်ကြံခြင်း ပညာရပ်သည် အရမ်းကိုမှ ဆန်းကြယ်လှပေသည်။ ထိုပညာရပ်ကို လေ့ကျင့်ထားသော အမျိုးသားနှင့် အမျိုးသမီးတို့ အတူယှဉ်တွဲ တိုက်ခိုက်ပါက သူတို့၏ ခွန်အားသည် နှစ်ယောက်ပေါင်းခွန်အားထက် ပိုမြင့်သွားပေလိမ့်မည်။ ထို့ကြောင့် ယန်ကျီသည် ယုထင်းရီအား အမှောက်သိပ်နိုင်မည့် အခွင့်အရေးကို ရှာနေခဲ့ခြင်းပင်။ ယုထင်းရီသာ မရှိလျှင် သူနှင့် ပိုင်ကျင်းချူတို့ နှစ်ယောက်စလုံး ချန်ကျို့အား မကြောက်ပါချေ။

ယုထင်းရီ မရှိတော့သည့် အတွက်ကြောင့် ချန်ကျို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ သိသိာသာသာကို လျော့ကျ သွားခဲ့ရလေသည်။

ယန်ကျီသည် ထိုတိုက်ပွဲအား ဝင်ပါရန် မစဉ်းစားခဲ့။ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့်သာ ယုထင်းရီဆီသို့ ပျံသန်းသွားလေသည်။

“ထွက်သွားစမ်း” သူ့မိန်းက သေတော့မည့်ဆဲဆဲ ဖြစ်နေသည်ကို မြင်သည့်အခါ ချန်ကျို့ ရုတ်တရက် ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့လေသည်။ ချက်ချင်းပဲ သူ့ယပ်တောင်လက်နက်ဖြင့် ရတနာ ဓါးသွားများပမာ ထက်ရှသည့် လေဓါးသွားပေါင်း ထောင်ကျော်ကို တစ်ချီတည်း ပစ်လွှတ်လိုက်လေသည်။

“ချန်ကျို့၊ ပြီးသွားပြီကွ။ မင်းဆက်ပြီး ခုခံနေလည်း ဘာမှထူးတော့မှာ မဟုတ်ဘူး။ မင်းရဲ့ အဖိုးတန် မိန်းမလေး ဘယ်လိုသေသွားလဲ ဆိုတာကိုပဲ အဲ့ကနေ ရပ်ကြည့်နေစမ်းပါကွာ။ မင်းမသေရမှာကိုလည်း စိတ်မပူနဲ့။ ပြီးတာနဲ့ ငါတို့က မင်းကို သူ့နောက် ပို့ပေးဦးမှာ” ပိုင်ကျင်းချူက သူ့လက်နက်ဖြစ်သော ဆေးမီးဖို တစ်လုံးကို ထုတ်ယူ၍ ချန်ကျို့ ပစ်လွှတ်လိုက်သော လေဓါးသွားများကို တားဆီး ထားလိုက်သည်။

ထိုအခိုက်မှာတင် ယန်ကျီ ယုထင်းရီအား လိုက်မှီသွားခဲ့ပြီး လှောင်ပြုံးပြုံးလျက် သူမအား ရက်ရက်စက်စက် ရိုက်ချလိုက်လေသည်။

သို့သော်လည်း ထိုအချိန်၌ ငွေရောင်သစ်ရွက်လေး တစ်ရွက် ဘယ်ကနေမှန်းမသိ ထွက်ပေါ်လာပြီး ယုထင်းရီ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားခဲ့သည်။

ယုထင်းရီ၏ လက်ဝါးချက် ငွေရောင်သစ်ရွက်ပေါ် ကျဆင်းသွားခဲ့သည်။ သို့သော် သူ့ခွန်အား အကုန်အစင်သည် အဆုံးမဲ့ သမုဒ္ဒရာထဲ ကျဆင်းသွားသလိုသာ ခံစားလိုက်ရပြီး ယုထင်းရီအား တိုက်ခိုက်ခဲ့ရသလို မခံစားခဲ့ရချေ။

တစ်ဖက်တွင်မူ ငွေရောင်သစ်ရွက်လေးသည် တဖျက်ဖျက် လင်းလက်တောက်ပလာခဲ့ပြီး ယန်ကျီ၏ တိုက်ခိုက်မှုထဲ ပါဝင်နေသော စွမ်းအင်များဖြင့် ယန်ကျီအား တန်ပြတ်တိုက်ခိုက်ရာ ယန်ကျီမှာ မီတာပေါင်းစွာသို့ ရုပ်ပျက်ဆင်းပြက် လွင့်ပျံထွက်သွားခဲ့ရလေသည်။

ထို့နောက် ငွေရောင်သစ်ရွက်လေးသည် ယုထင်းရီဆီမှ နဂါးဖီးနစ်နန်းတော်ဆီသို့ ပျံသန်း ပျောက်ကွယ်သွားခဲ့လေသည်။

သူ့မိန်းမ ဘာမှမဖြစ်သည်ကို မြင်လိုက်ရမှဘဲ ချန်ကျို့ သက်ပြင်းချနိုင်တော့၏။ တစ်ချိန်တည်းတွင်လည်း မည်သည့် အားကောင်းသော ပညာရှင်ကများ သူ့မိန်းမ အသက်ကို ကယ်သွားခဲ့သလဲဟု အတွေးများနေမိ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၃၈) နဂါးဧကရာဇ်၏ဘုန်းသိက္ခာ

နေရာတစ်ဝိုက်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သော်ငြား မည်သည့် သူတော်စင် အဆင့် ပညာရှင်ကိုမှ ရှာမတွေ့ခဲ့ရာ စိတ်မရှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ ယုထင်းရီအား ရစ်ပတ်ကာကွယ်ပေးခဲ့သော် ငွေရောင်သစ်ရွက်သည် နဂါးဖီးနစ်နန်းတော်ဆီသို့ ပျံသန်းသွားပြီး အလင်းလုံးတစ်လုံးအဖြစ် ထပ်မံအသွင်ပြောင်းသွားခဲ့ရာ အသက်ကြီးကြီးအရွယ် လူတစ်ယောက်နှင့် လူငယ် တစ်ယောက်တို့ ထွက်ပေါ်လာခဲ့လေသည်။

အလင်းစက်ကွင်းသည် အရမ်းကိုမှ ရင်သက်ရှုမောဖွယ် ကောင်းလှပြီး အားကောင်းသော စွမ်းအင်လှိုင်းတို့ကို ထုတ်လွှတ်နေခဲ့သည်။

ပိုင်ကျင်းချူနှင့် ယန်ကျီတို့ မျက်လုံး မှေးစဉ်းသွားခဲ့ပြီး အသစ်ရောက်လာသည့် လူနှစ်ယောက်ကို သံသယဖြင့် စိုက်ကြည့်လိုက်ကြသည်။ သို့သော်လည်း ထိုအသစ် ရောက်လာသော လူနှစ်ယောက် သူတို့ ထင်ထားသလောက် သန်မာခြင်း မရှိခဲ့ပေ။

လူအိုကြီးသည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်း နေပြီဖြစ်ပြီး မသေမျိုးပထမအဆင့်သာ ရှိသေးသည်။

လူငယ်လေးကမူ တက်တက်ကြွကြွ ဒေါင်ဒေါင်မြည် ရှိနေသေးသော်လည်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးကာ သေခါနီး အဖိုးကြီးထက်ပင် ပိုအားနည်းနေသေးသည်။

ပုံမှန်ဆိုလျှင် ပိုင်ကျင်းချူနှင့် ယန်ကျီတို့သည် ထိုနှစ်ယောက်ကို တစ်ချက်ပင် စောင်းငဲ့ကြည့်လိမ့်မည် မဟုတ်သော်လည်း သူတို့ဆီမှ ယခုဖြာထွက်နေသော အလင်းအရောင်အဝါသည် သူတို့ လျစ်လျူရှုနိုင်သည့် အရာမျိုး ဟုတ်မနေခဲ့ချေ။

တကယ်တော့ ထိုအလင်းအရောင်အဝါသည် ယုထင်းရီအား ကယ်သွားသည့် လက်နက်မှ ဖန်တီးထားခြင်း မဟုတ်ပေလော။ လက်နက်အား တိုက်ခိုက်ဖူးသူ ဖြစ်လေရာ ယန်ကျီ အနေဖြင့် ထိုလက်နက် မည်မျှအားကောင်းကောင်းကို ရှိနေသူ အားလုံးထက်ပို၍ ကောင်းကောင်း နားလည်ပေသည်။

ထိုလက်နက်သည် အနည်းဆုံး သူတော်စင် အလယ်အလတ်အဆင့် လက်နက်တစ်ခု ဖြစ်ပေသည်။

သူတော်စင် အလယ်အလတ်အဆင့် လက်နက် ဆိုသည်မှာ ယန်ကျီပင် သားရေကျရသည့် လက်နက်မျိုး ဖြစ်ပေ၏။ အေးစိမ့်ရေမရဏဂိုဏ်းတွင် သူတော်စင်အဆင့် လက်နက် နှစ်ခုသာရှိပြီး ထိုနှစ်ခုစလုံးသည် အဆင့်နိမ့် လက်နက်များ ဖြစ်ကြသည်။ ထို့သို့သော သူတော်စင် အဆင့်နိမ့် လက်နက်နှစ်ခုကို သန့်စင်ဖို့အတွက်ပင် ယန်ကျီနှင့် ပိုင်ကျင်းချူတို့ အတော်လေး အကုန်အကျ များခဲ့ရသည်။

ထိုလက်နက်နှစ်ခုကို သန့်စင်ရန်အတွက် ပိုင်ကျင်းချူနှင့် ယန်ကျီတို့သည် အေးစိမ့်ရေမရဏဂိုဏ်း ပိုင်ဆိုင်သမျှအားလုံးနီးပါးကို ထုတ်သုံးခဲ့ရကာ နှစ်အတော်ကြာ ပြန်လည် စုဆောင်းပြီးတော့မှပဲ ယခုကဲ့သို့ ကြွယ်ဝချမ်းသာမှုမျိုး ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ထိုလူအိုကြီးသည် လူငယ်လေးသည် သူတို့၏ နိမ့်ကျသော ကျင့်ကြံခြင်းဖြင့် ထိုမျှ အားကောင်းသော လက်နက်တစ်ခုကို ပိုင်ဆိုင်ထားရအောင် မည်သို့သော နောက်ခံကိုများ ပိုင်ဆိုင်ထားရလေသနည်း။

ပိုင်ကျင်းချူနှင့် ယန်ကျီတို့ အတွေးထဲ နစ်မြောနေစဉ် ချန်ကျို့၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး အလိုလို အော်ခေါ်မိလိုက်လေသည် “စွန်းယုလား”

အကြည့်တစ်ချက်နှင့် ထိုလူငယ်လေးသည် နဂါးတောင်ကြားထဲသို့ ဝင်သွားသော တပည့်လေးမှန်း ချန်ကျို့ မှတ်မိသွားခဲ့လေပြီ။ သူ့နားတွင် ရပ်နေသော လူအိုကြီးကမူ နဂါးတောင်ကြားအပေါက်ဝကို စောင့်ကြပ်နေသော အကြီးအကဲလင်းကျန်မှ လွဲ၍ အခြားမဟုတ်ချေ။

သို့ရာတွင် ထိုဆရာတပည့်နှစ်ယောက်သည် နဂါးတောင်ကြားမှ တိုက်ပွဲဖြစ်နေရာဆီသို့ အဘယ်ကြောင့် ရောက်လာခဲ့ရသနည်း။

ချန်ကျို့ လုံးဝကို ရင်ပူနေခဲ့ရလေပြီ။ ယုထင်းရီ ဒဏ်ရာရသွားမှာကိုလည်း ကြောက်၊ စွန်းယု တစ်ခုခု ဖြစ်သွားမှာကိုလည်း ကြောက်။ ထိုပူပန်စရာများကြောင့် တိုက်ပွဲထဲမှ အသိစိတ်တစ်ချက်လွတ်သွားကာ ပိုင်းကျင်းချူ၏ တိုက်ခိုက်ခြင်း ခံလိုက်ရလေသည်။

“စွန်းယုလား” ယန်ကျီက သူ့ရှေ့ရှိ လူငယ်လေးကို ဝေ့ကြည့်၍ ရေရွတ်လိုက်လေသည် “နဂါးတောင်ကြားထဲ ဝင်သွားတဲ့ လူငယ်လေးကလည်း အဲ့နာမည်ပဲလားလို့… ကောင်လေး၊ မင်းက အဲ့ကောင်လေးလား”

“ကျုပ်ဟုတ်တော့ရော ဘာဖြစ်လဲ၊ ခင်ဗျား သောက်ပူပါလား... ခွေးအိုကြီး” စွန်းယုက မကြောက်မရွံ့ဖြင့် ခပ်ရိုင်းရိုင်း ပြန်ပြောလိုက်သည်။

စွန်းယု၏ စကားကြောင့် ယန်ကျီမှာ ဒေါသထွက်သွားရမည် ဖြစ်သော်ငြား ဒေါသမထွက်သွားသည့် အပြင် ဝါးလုံးကွဲ အော်ဟစ်၍ပင် ရယ်မောလိုက်ပြီး “ဟားဟား၊ ဖိနပ်ဝတ်ပြီး ဖိနပ်လိုက်ရှာနေရပါလား။ ဒီလူအိုကြီးမှာတော့ ဟိုကောင်တွေ မင်းကို မတွေ့မှားစိုးလို့ စိတ်ပူနေရတာ။ မင်းကတော့ ဒီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါလားကွ။ ကောင်းလိုက်တာကွ။ ထပ်ပြီး အလုပ်ရှုပ်နေစရာ မလိုတော့ဘူး”

“နဂါးတောင်ကြားဆီ ခင်ဗျားပို့လိုက်တဲ့ မသေမျိုး အဆင့် ပညာရှင်ငါးယောက်ကို ပြောချင်တာလား” စွန်းယုက လှောင်ပြုံးပြုံးလိုက်လေပြီ။

“သူတို့အကြောင်း မင်းဘယ်လိုသိတာလဲ” တစ်ခုခု မှားယွင်းနေမှန်း ချက်ချင်း သတိပြုမိလိုက်ရာ ယန်ကျီ မျက်ဝန်းတို့ မှေးစဉ်းသွားခဲ့ရလေသည်။ သူ့ကဲ့သို့ ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်နေရချိန် ထိုကောင်လေး အနေဖြင့် ထိုမျှ တည်ငြိမ်မနေသင့်ချေ။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသော်လည်း သူ့ဘေးနားတွင် ရှိနေသော မသေမျိုးအဆင့် လူအိုကြီးကမူ သူ့အား ကြည့်ပင် မကြည့်ရဲခဲ့ချေ။

“သိတာပေါ့၊ မသိဘဲ ဘယ်နေပါ့မလဲ” စွန်းယုက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ဘာလို့လဲဆိုတော့ ကျုပ်ကိုယ်တိုင်… သူတို့ကို နောက်ဘဝ ပို့ပေးလိုက်တာလေ”

“မင်းလက်ထဲမှာ သေသွားတာလား” ယန်ကျီ တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် ခဏအကြာ၌ ခေါင်းလေးတရမ်းရမ်းဖြင့် ကြိတ်ရယ်ရင်း “ကောင်လေး၊ ဒီလူအိုကြီးကို မင်းပြောတိုင်ယုံမယ့် သုံးနှစ်သားကလေးလို့ ထင်နေတာလား။ ကြွားချင်ရင်လည်း အဓိပ္ပါယ်ရှိရှိ ကြွားမှပေါ့ကွ”

မသေမျိုးအဆင့် ပညာရှင်ငါးယောက်… တစ်ယောက်ချင်းစီတိုင်းသည် အားမနည်းကြ။ သို့သော် ထိုငါးယောက်စလုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇) ကျင့်ကြံသူလေး တစ်ယောက်က သတ်သွားခဲ့လေသည်… လုံးဝကို ဖြစ်နိုင်ချေ မရှိသော စကားကြီးပင်။ သူ့အား ကာကွယ်ပေးထားသော လက်နက်သည် သာမန်မဟုတ်သော်ငြား စွန်းယု အနေဖြင့် ထိုငါးယောက်ကို သတ်နိုင်လိမ့်မည်ဟု ယန်ချီ မယုံကြည်ပါချေ။

“ခင်ဗျား ယုံချင်ယုံ၊ မယုံချင်နေ။ ဒါပေမယ့် နောက်သေရမယ့်လူကတော့ ခင်ဗျားပဲ” စွန်းယုက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“ကောင်လေး…” ယန်ကျီက အသက်မပါစွာ ရယ်မောလိုက်ပြီး လှောင်ပြောင်လိုသည့် လေသံဖြင့် “ဒီလူအိုကြီးက လာပြီး ဒေါသထွက်အောင် လုပ်မနေနဲ့။ ငါ့ကို ဒေါသထွက်အောင်လုပ်လို့ မင်းအတွက် ဘာကောင်းကျိုးမှ ရှိတာမဟုတ်ဘူးနော်။ ဒီလူအိုကြီးက မင်းကို သတ်မှာမဟုတ်ပေမယ့် နှိပ်စက်လို့တော့ ရသေးတယ်ကွ။ အခု နာနာခံခံနဲ့ လက်လျော့လိုက်မယ် ဆိုရင် မင်းရိုင်းပြခဲ့တာတွေအတွက် ဒီလူအိုကြီး မင်းကို အပြစ်မပေးတော့ဘူး”

ပိုင်ကျင်းချူနှင့် တိုက်ခိုက်နေသော ချန်ကျို့မှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ဒေါသကြောင့် သွေးတစ်ပွက် အန်လုက်ရပြီး လှမ်းအော်ပြော လိုက်လေသည် “လင်းကျန်း၊ ခွေးကောင်း။ စွန်းယုကို ခေါ်ပြီး ထွက်သွားဖို့ ငါမင်းကို ပြောထားတယ်လေ”

အစွမ်းကုန် တိုက်ခိုက်နေသည့်တိုင် ချန်ကျို့သည် ပိုင်ကျင်းချူအား သရေကျရုံသာ တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် တစ်ဖက်တွင် အားလပ်နေသော သူတော်စင် အဆင့် ယန်ကျီ တစ်ယောက် ရှိနေသေးပေသည်။ စွန်းယု ဤနေရာ၌ ပေါ်လာခြင်းသည် သူတို့ဂိုဏ်း၏ အဆုံးသတ်ကို ဖော်ပြလိုက်ခြင်းပင် မဟုတ်လေလော။

စွန်းယုသည် နဂါးဖီးနစ်နန်းတော်၏ နောက်ဆုံး မျှော်လင့်ချက်ပင်… လင်းကျန်း အရမ်းကို မိုက်မဲလွန်းပေသည်။

“နန်းတော်သခင်၊ စိတ်ပူစရာမလိုဘူး” လင်းကျန်းမှာ ပြန်ဖြေရန် ကြောက်ရွံ့နေသော်ငြား စွန်းယုကတော့ သူ့ဆရာကဲ့သို့ မဟုတ်ဘူး။ အသံကျယ်ကျယ်ဖြင့်ပင် ပြန်အော်ပြောလိုက်လေသည် “ဒီနေ့၊ တပည့်ဒီကို လာရဲရတာ ကျုပ်အရည်အချင်းအပေါ် ယုံကြည်ချက် အပြည့်ရှိလို့ပဲ။ အေးစိမ့်ရေမရဏဂိုဏ်းက ကျုပ်တို့ ဂိုဏ်းကို ကျူးကျော်ရဲမှတော့ သူတို့ရဲ့ သွေးနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်။ အဲ့လိုမှပဲ နဂါးဖီးနစ်နန်းတော် ဆိုတာ ရှုပ်လို့ကောင်းတဲ့ အင်အားစုတစ်ခုမဟုတ်မှန်း သိသွားမှာ” ပြောပြီးသည်နှင့် ယန်ကျီအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ကြုံးဝါးပြောဆိုလိုက်လေသည် “ခွေးအိုကြီး၊ ခင်ဗျားကနေ စရတာပေါ့”

စွန်းယုသည် ငယ်ရွယ်ပြီး စိတ်မြန်လက်မြန်ပေသည်။ ထို့ကြောင့် ရန်ကိုင် ပြောခဲ့သည့် စကားကို အကြွင်းမဲ့ ယုံကြည်ထားကာ တုန့်ဆိုင်းခြင်းမရှိဘဲ အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ စွန်းယု ထိုကဲ့သို့ ပြောလိုက်ပြီးနောက် တိုက်ခိုက်နေသည့် ကျင့်ကြံနေသူ အားလုံး တိုက်ခိုက်နေသည်ကို ရပ်တန့်၍ သူ့အား လှည့်ကြည့်လာခဲ့ကြ၏။

ခဏအကြာ၌ အေးစိမ့်ရေမရဏဂိုဏ်းမှ ဝါးလုံးကွဲ ရယ်မောသံတို့သည် လှောင်ပြောင်အော်ဟစ် ပြောဆိုသံတို့နှင့်တကွ ပေါက်ကွဲထွက်လာခဲ့ကာ နဂါးဖီးနစ်နန်းတော်မှ ကျင့်ကြံသူများမှာမူ ရှက်လွန်းသဖြင့် တွင်းတစ်တွင်း တူးပြီးတော့သာ ပြေးပုန်းနေခဲ့ကြသည်။

အားလုံး၏ အမြင်တွင် ဘယ်ကမှန်းမသိ ပေါ်လာသော လူငယ်လေးသည် ကောင်းကင်နှင့် မြေပြင်ကြားမှ ကွာခြားချက်ကို နားမလည်သော သူသာ ဖြစ်ပေသည်။

ယွန်ကျီသည်လည်း အူတက်အောင် ရယ်မောမိနေ၏။ လက်နှစ်ဖက်ပိုက်လျက် စွန်းယုပြောသည်ကို ဂရမစိုက်သည့်ဟန်ပန်ဖြင့် “ကောင်လေး။ မင်းက လေကြီးလှချည်လား။ ကဲကဲ… မင်းပြောတဲ့အတိုင်း လုပ်နိုင်မလား ကြည့်ရသေးတာပေါ့။ မင်းကို အရင် တိုက်ခွင့်ပေးမယ်။ ငါမလှုပ်ရှားဘူး… ဒီမှာပဲ ရပ်နေမယ်”

“ဟဲဟဲ…။ ခင်ဗျားလေသံက ဟိုခွေးငါးကောင်ရဲ့ လေသံနဲ့ တော်တော်လေး တူတာပဲ။ ဒါပေမယ့်… အဲ့ဒါက… သူတို့ မသေခင်အချိန်အထိပါပဲ…”

ထိုအချိန်မှာပဲ မိုးချိန်းသံတမျှ ကျယ်လောင်သည့် နဂါးဟိန်းသံ မြည်ဟည်းသွားခဲ့ပြီး မှင်သက်ဖွယ်ရာ ရွှေရောင်အလင်းတန်းတို့‌ ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။

သူတော်စင်အဆင့်အောက်တွင် ရှိနေသော ကျင့်ကြံသူအားလုံး မျက်စိများ ကျိန်းစပ်သွားကြရသည်။ တစ်ချိန်တည်းတွင် အရာအားလုံးအား လွှမ်းမိုးနိုင်ဟန် ရသော ဖိအားတစ်ရပ် သက်ဆင်းလာခဲ့ရာ လူတော်တော်များများမှာ အသက်ပင် ကောင်းကောင်း မရှုနိုင်တော့ချေ။ သူတို့သာ အနည်းငယ်လေး လှုပ်ရှား လိုက်သည်နှင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံရတောမည်အလား ခံစားနေခဲ့ရသည်။

စွန်းယုအား ပမာမခန့် အမူအရာဖြင့် ရင်ဆိုင်နေသော ယန်ကျီပင် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားခဲ့ရသည်။

ရွှေရောင်အလင်းတန်း အလယ်ဗဟိုဆီမှ တစ်ခုခု သူ့ဆီ အရှိန်အဟုန်ပြင်းပြင်း တိုးဝင်လာနေသည်ကို ယန်ချီ အာရုံခံမိလိုက်လေရာ နည်းနည်းလေးမှ တုန့်ဆိုင်းမနေရဲတော့ဘဲ ခွန်အားကုန်စုစည်း၍ သူကိုယ်သူ အလျင်စလို ကာကွယ်လိုက်ရလေသည်။ တစ်ချိန်တည်းတွင် စိတ်ဝိဥာဉ်အဆင့် အကာအကွယ် လက်နက်တစ်ခုကိုပါ ထုတ်ယူလိုက်လေသည်။

သူသာ ထိုမျှ မပြင်ဆင်ခဲ့လျှင် သူ့ဆီ တိုးဝင်လာနေသော အရာ၏ သတ်ဖြတ်ခြင်း ခံရနိုင်ပေသည်။

ဘုန်း…

လေဟာနယ်တစ်ခုလုံး ပြိုကျလာသည့်အလား ပြင်းထန်သော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ အရာအာလုံးကို လွင့်စင် ထွက်သွားစေခဲ့ကာ သစ်ပင်များဆိုလျှင်ပင် အမြစ်ပါမကျန် ကျွတ်ထွက်ကုန်ကြလေသည်။

ယန်ကျီ သွေးပွက်ပွက်အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသည့် စွန်းတစ်စင်းပမာ လွင့်စင် ထွက်သွားခဲ့ရလေသည်။ ထိုအခိုက်အတန့်၌ သူ့အား ခုခံမရနိုင်သည့် အားတစ်ရပ်က ထုရိုက်သွားသလို ခံစားလိုက်ရကာ ထိုမျှ ကာကွယ်ထားသည့်တိုင် အပြည့်အဝ ကာကွယ်နိုင်ခဲ့ခြင်း မရှိပေ။

ခြေငြိမ်အောင် ရပ်လိုက်နိုင်သည့်အခါ အက်ကွဲသံကြားသဖြင့် ငုံ့ကြည့်လိုက်ရာ ယခုလေးတင် သူထုတ်ယူလိုက်သော စိတ်ဝိဥာဉ် အလယ်အလတ်အဆင့် အကာအကွယ်လက်နက် အလယ်တည့်တည့်မှ နှစ်ပိုင်း ကွဲလုနီးနီး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

သူ့ကို ဘာကများ တိုက်ခိုက်လိုက်လေသနည်း… တစ်ချက်တည်းနှင့် သူ့စိတ်ဝိဥာဉ် အလယ်အလတ်အဆင့် အကာအကွယ် လက်နက်ကို ဖျက်စီးနိုင်လောက်အောင် အားကောင်းရအောင် ထိုအရာက ဘာများ ဖြစ်မည်နည်း။

ရွှေရောင်အလင်းတန်းတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် အခါမှ သူ့အား တိုက်ခိုက်လိုက်သည့် အရာကို ယန်ကျီ မြင်တွေ့လိုက်ရလေသည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယန်ကျီ သူငယ်အိမ် ကျုံ့ဝင်သွားခဲ့ပြီး လုံးဝကို ကြက်သေသေသွားခဲ့ရလေသည်။

လေထဲတွင် မီတာတစ်ရာရှည်လျားသော ရွှေနဂါးတစ်ကောင် ဝဲနေပြီး ယန်ချီအား အထင်အမြင် သေးသေးဖြင့် စိုက်ကြည့်နေခဲ့သည်။ နဂါး အကြည့်အောက်၌ သူ့ကိုယ်သူ ဘာကောင်မှ မဟုတ်တော့သလို ယန်ကျီ ခံစားလာခဲ့ရသည်။

ရွှေနဂါးကိုယ်မှ တလက်လက် တောက်ပနေသော ရွှေနဂါးအကြေးခံများသည် ထိုးဖောက်မရနိုင်သော ခံစားချက်ကို ပေးစွမ်းနေခဲ့ပြီး နဂါးလက်သည်းများသည် အလွန်အမင်း ထက်ရှကာ အေးစက်စက် သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ကို ပေးစွမ်းနေခဲ့သည်။ ထိုလက်သည်းများသည် အဆင့်အမြင့်ဆုံး လက်နက် များထက်ပင် ပို၍အားကောင်းသေးသည်။

“စွမ်းအင်ကို ပုံရိပ်ဖော်ထားတာလား” ယန်ချီ မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့ခန့်မှန်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ပစ်လိုက်သည်။

သူ့ရှေ့တွင် ရှိနေသော ရွှေနဂါးသည် စွမ်းအင် သက်သက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရန်အတွက် အရမ်းကိုမှ အစစ်အမှန်ဆန်လွန်းနေပေသည်။ ထိုနဂါးသည် အစစ်အမှန်ဖြင့် ဖန်တီးထားသော နဂါးတစ်ကောင် မဖြစ်တန်လေရာ။

တစ်နည်းဆိုရသော် သူ့ရှေ့တွင် ရှိနေသော သားရဲသည် အစစ်အမှန်နဂါးတစ်ကောင်ပင် ဖြစ်လေသည်။

ထိုနဂါးသည် သားရဲများ၏ အရှင်သခင်ဖြစ်ပြီး အဆင့်ကိုးသို့ပင် ရောက်ရှိနိုင်သော ဒဏ္ဏာရီလာ ဖြစ်တည်မှုကြီး ဖြစ်ပေသည်။

မွန်းစတားမျိုးနွယ်စု၏ စီးနီယာကြီးများစွာသည် အဆင့်(၈) အထွဋ်အထိပ်မွန်းစတားသားရဲများ ဖြစ်ကြောင်း ယန်ကျီ ကြားခဲ့ဖူးသည်။ ထိုထဲမှာ အချို့ တစ်ကောင်၊ နှစ်ကောင်သည် နဂါးသွေးမျိုးဆက်ကို ဆက်ခံထားကြသော သားရဲများ ဖြစ်ပေသည်။

မွန်းစတားမျိုးနွယ်စုအတွက် အစစ်အမှန်နဂါး တစ်ကောင်၏ သွေးမျိုးဆက်သည် အမြင့်မြတ်ဆုံး သွေးမျိုးဆက်ပင် ဖြစ်လေသည်။

ယခုအချိန်၌ သူ့ရှေ့တွင် အစစ်အမှန်နဂါးတစ်ကောင် ရောက်နေခဲ့လေပြီ။

ရွှေနဂါးဆီမှ ဖြာထွက်နေသော ပူးပြင်းလှသည့် စွမ်းအင်လှိုင်းများကို ခံစားမိသည်နှင့် ယန်ကျီ တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ရလေသည်။

ယန်ကျီသည် နေရာတွင် ကြက်သေသေလျက် ရပ်နေခဲ့လေပြီ။ လင်းကျန်းသည်လည်း မှင်သက် နေခဲ့ရလေပြီ။ သူတစ်ကိုယ်လုံး အဆက်မပြတ် တုန်ရီနေခဲ့ပြီး မျက်လုံးများ အမြင်ဝါးနေသလား အမှတ်ဖြင့် သူ့မျက်လုံးကို အဖန်တလဲလဲ ပွတ်သပ် ကြည့်နေခဲ့သည်။

စွန်းယုသည်လည်း ရင်တဒုန်းဒုန်း ခုန်နေခဲ့ရ၏။ သူ့အကြည့်၍ ယုံကြည်ကိုးစားမှုတို့ဖြင့် ပြည့်နေခဲ့ပြီး ထိုကြီးကျယ်မြင့်မြတ်လှသော တည်ရှိမှုကြီးကို ထိုင်၍ ဦးညွှတ်ရန် မစောင့်နိုင်တော့သည့်အလား…

“နဂါးဧကရာဇ်ရဲ့ စွမ်းအားလား” တစ်ဖက်တွင်မူ ထိုနဂါးကို မြင်သည်နှင့် ချန်ကျို့ အသိစိတ်မဲ့သလိုလို ဖြစ်သွားခဲ့ပြီး အလိုလို လှမ်းအော်ပြောမိလိုက်သည်။ ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်နေ့ မြင်ရလိမ့်မည်၊ သို့ စွန်းယုသည် အစစ်အမှန်နဂါးတစ်ကောင်ကို အမှန်တကယ် ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးချေ။

လွန်ခဲ့သော နှစ်နှစ်က ထိုသာမန်တပည့်လေးသည် လူမသိသူမသိ အစစ်အမှန်ဒြပ်စင်အဆင့် (၇) ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးပေသည်။ နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့လျှင်ပင် သူ့အား နှစ်ပေါင်းများစွာ မြေတောင်မြှောက် ပျိုးထောင်ပေးရဦးမည်ဟု ချန်ကျို့ ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း နဂါးတောင်ကြားမှ ယခုလေးတင် ထွက်လာသော စွန်းယုသည် အစစ်အမှန် သူတော်စင် တစ်ယောက်ကို နဂါးဧကရာဇ်၏ စွမ်းအားကို ဆင့်ခေါ်ပြီး ရင်ဆိုင်နိုင်နေခဲ့လေပြီ။

ချန်ကျို့ ပျော်ရွှင်အူးမြူးစွာဖြင့် အော်ဟစ် ရယ်မောလိုက်လေသည်။ သူယခုလေ သေရလျှင်ပင် ပျော်ပျော်ကြီး သေလိုက်ပေတော့မည်။ ဘိုးဘေးတို့၏ ဆန္ဒကို နောက်ဆုံး၌ သူဖြည့်ဆည်းပေးနိုင်ခဲ့လေပြီ။

ပိုင်ကျင်းချူမှာမူ ချန်ကျို့အား ဂရုမစိုက်အားတော့။ ကောင်းကင်ထက်တွင် ဝဲနေသော ရွှေရောင်နဂါးကိုသာ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့လေသည်။

အသက်ကို ရှေ့တန်းတင်၍ တိုက်ခိုက်နေကြသော ကျင့်ကြံသူအားလုံးသည်လည်း တိုက်ခိုက်နေခြင်းကို ရပ်တန့်၍ ရင်ဖိုဖွယ်ကောင်းလှသော မြင်ကွင်းကိုသာ စိုက်ကြည့်နေခဲ့ကြလေပြီ။

အေးစိမ့်ရေမရဏဂိုဏ်းမှာ ဂိုဏ်းသားများအားလုံး သွေးပျက်ကြောက်လန့်ကုန်ကြရလေပြီ။ မည်သူမှ ယခင်ကကဲ့သို့ မပျော်မြူးနိုင်တော့၊ မဟစ်ကြွေး နိုင်ကြတော့။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၃၉) သူတော်စင်တစ်ပါးနှင့် တိုက်ခိုက်ခြင်း

နဂါးဖီးနစ်နန်းတော်မှ ကီလိုမီတာ နှစ်ဆယ်အကွာ…

အစစ်အမှန် နဂါးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသဖြင့် တိုက်ပွဲအရှိန်သတ်သွားခဲ့ရသည်။

ငေးကြောင်ကြောင် ဖြစ်နေသော စွန်းယုလည်း ရန်ကိုင် ပြောခဲ့သည်ကို ပြန်သတိရလိုက်သော် အမူအရာကို ချက်ချင်း ပြန်ပြင်လိုက်ပြီး ယန်ချီအား လှမ်းအော်ပြောလိုက်လေသည် “ဒီနေ့၊ ဒီနေရာက ခင်ဗျားတို့ရဲ့ သင်္ချိုင်းဖြစ်စေရမယ်”

လူငယ်လေး၏ စကားလုံးများကို တုန့်ပြန်နေသည့် အလား ရွှေနဂါးသည် နောက်တစ်ကြိမ် ထပ်မံ ဟိန်းဟောက်လိုက်ပြီး ရွှေမြှားတစ်စင်းပမာ ယန်ကျီဆီ တိုးဝင်သွားလေသည်။

သူ့ဆီ နဂါးတိုးဝင်လာနေသည်ကို မြင်သော် ယန်ကျီမှာ သူ၏ သူတော်စင် အဆင့်နိမ့်လက်နက် ဖြစ်သော ဆောင်းနှင်းမြူဓါးကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

ထိုဓါး ထွက်ပေါ်လာသည်နှင့် ယန်ကျီဆီမှ ထွက်ပေါ်နေသော အရှိန်အဝါ သိသိသာသာကို အားကောင်းလာခဲ့ပြီး ရေခဲတမျှ အေးစက်သည့် စွမ်းအင်လှိုင်းတို့သည်လည်း သူ့ခန္ဓာကိုယ်မှ အဆက်မပြတ် ဖြာထွက်လာခဲ့ရာ ဆောင်းနှင်းမြူဓါးနှင့် သူသည် တစ်သားတည်း ဖြစ်သွားသည့်အလား…

ရွှေနဂါးမရောက်သေးခင် ယန်ကျီက သူ၏ ဆောင်းနှင်းမြူဓါးကို လွှဲခုတ်ချလိုက်သည်။ သူတော်စင် အဆင့်နိမ့် ဓါးရှည်မှ တလက်လက် တောက်ပနေသော အေးစက်စက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေနဂါးဆီ တိုးဝင်သွားလေသည်။

ယန်ချီခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရေခဲတမျှ အေးစက်သည့် အရှိန်အဝါကြောင့် နှင်းမုန်တိုင်းကြီး ကျရောက်လာသည့်ပမာ မီတာတစ်ထောင်အတွင်းရှိ အပူချိန် သိသိသာသာကို ယုတ်လျော့သွားခဲ့ရလေသည်။

ရွှေနဂါးကြီးသည် ယန်ကျီ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် မကြိုးစားခဲ့။ ဓါးလှိုင်းများကို သူ့ခန္ဓာကိုယ် သက်သက်ဖြင့်သာ ဝင်တိုက်လိုက်လေသည်။

ကလန်… ကလန်… ကလန်…

မရေမတွက်နိုင်သော ရေခဲဓါးသွားများ ရွှေနဂါးအကြေးခွံများပေါ်သို့ ကျသွားသည့်အခိုက် အကြေးခွံများမှာ ဘာမှဖြစ်သွားခြင်းမရှိဘဲ နဂါးကိုယ်မှ ဖြာထွက်နေသည့် ပူပြင်းလှသော အရှိန်အဝါကြောင့် ရေခဲဓါးသွားများမှာ ချော်ရည်ထဲ ကျသွားသည့် ရေစက်များပမာ အရည်ပျော်သွားခဲ့ရသည်။

ထိုအခြင်းအရာကို မြင်လိုက်ရာတွင် ယန်ကျီ၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ရပြီး ကြောက်ရွံ့မှုတို့ သူ့နှလုံးသားထဲ လှိုက်တက်လာခဲ့ရလေပြီ။

အေးစိမ့်ရေမရဏဂိုဏ်းသည် ရေခဲဓါတ်ကျင့်စဉ်နှင့် သိုင်းပညာရပ်များကိုသာ ကျင့်ကြံကြသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ထို့ကြောင့် နေမီးလျှံကဲ့သို့ အလွန့်ကိုမှ ပြင်းထန်ပူပြင်းလှသော ရွှေနဂါးအား တိုက်ခိုက်ခြင်းသည် ကြောင်နှင့် တုပယှဉ်ပြိုင်လိုသော ကြွက်တစ်ကောင်အဖြစ်နှင့် မခြား။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ယန်ကျီမှာ ဆောင်းနှင်းမြူဓါး၏ စွမ်းအား ရှစ်ဆယ်ရာခိုင်းနှုန်း လောက်ကိုပင် ထုတ်မသုံးနိုင်တော့ပေ။

ယန်ကျီတွင် အခြားနည်းလမ်းများ ရှိသေးသော်လည်း စိတ်လွတ်ကိုယ်လွတ် ထုတ်မသုံးရဲတော့။ ရွှေနဂါးဆီမှ ထုတ်လွှတ်နေသော ပူပြင်းလှသည့် အရှိန်အဝါကြောင့် သူ့ကိုယ်တွင်းရှိ ချီစွမ်းအင်များပင် ချောချောမွတ်မွတ် မစီးဆင်းနိုင်တော့လေရာ သူ့သိုင်းပညာရပ်များကို အောင်အောင်မြင်မြင် ထုတ်သုံးနိုင်ချေ အတော့်လေးကိုမှ လျော့ကျသွားခဲ့ရလေသည်။

အစစ်အမှန်နဂါးသည် သူ့ရှေ့သို့ ပျံသန်းလာပြီး မေးရိုးကို ဟလျက် သူ့အား ကိုက်စားရန် လုပ်လာသဖြင့် ယန်ကျီမှာ ကြောက်လန့်နေသော်ငြား မရှိမဲ့ရှိမဲ့ ခွန်အားလေးဖြင့် သူ့ဓါးကိုဝှေ့ရမ်း၍ တန်ပြန် တိုက်ခိုက်လိုက်ရလေသည်။

ထိုဓါးချက်သည် နဂါးအား ခုခံလိုခြင်းမဟုတ်။ ထွက်ပြေးရန်အတွက် အချိန် ရလိုရငြားလေး ဆွဲလိုက်ခြင်းသာ ဖြစ်သည်။ အဆင့်(၉) မွန်းစတား ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရချိန် သူသွေးမပျက်ဘဲ ဘယ်နေမည်နည်း။ ဧကရာဇ်တစ်ပါး၏ စွမ်းအားကို သူအနေဖြင့် လုံးဝ ဖီဆန်၊ တွန်းလှန်၍ မရနိုင်ပေ။ သူသာ ဆက်တိုက်နေပါက မရဏလမ်း မြန်းရမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုမွန်းစတား၏ ရှေ့မှောက်၌ သူ့ကိုယ်သူ သေခြင်း၊ ရှင်ခြင်း ကြိုးတစ်ချောင်းပေါ် လမ်းလျှောက်နေသလို ယန်ကျီ ခံစားလိုက်ရသည်။

သို့သော်လည်း သူ့ဓါးချက်သည် ရွှေနဂါးအား တစ်ဒင်္ဂလေးပင် ရပ်ဆိုင်းသွားအောင် မလုပ်နိုင်မည်ဟု မည်သူ ထင်မည်နည်း။

တစ်ခုခု မူမမှန်း သိလိုက်သည်နှင့် ယန်ကျီ မျက်မှောင်ကြုံ့သွားခဲ့ရလေပြီ။

ရွှေနဂါးသည် အစစ်အမှန်အဆင့်(၉) မွန်းစတားသားရဲ တစ်ကောင် ဖြစ်ပါက သူ့အနေဖြင့် ရွှေနဂါးအား မည်သို့မှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

အနီးကပ် သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ရွှေနဂါး၏ အရှိန်အဝါနှင့် ဟန်ပန်သည် အမှန်တကယ်ကိုမှ စီးနင်းနိုင်လှသော်ငြား နဂါးကိုယ်တွင်းရှိ အစစ်အမှန် ခွန်အားသည် ထင်သလောက် အားမကောင်းမှန်း တွေ့ရှိလိုက်ရသည်။

နဂါးဆီမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည် ယေဘုယျအားဖြင့် သူနှင့်အဆင့်တူလောက်သာ ရှိသည်။ သူ့ထက်ပင် ပို၍ အားနည်းကောင်း အားနည်း နိုင်သေးပေသည်။

ထို့ကြောင့် ယန်ကျီလည်း ထွက်ပြေးရန် မကြိုးစားတော့ဘဲ နောက်ထပ် သိုင်းပညာရပ်တစ်ခုကို ထုတ်သုံး၍ နဂါးနှင့် ထပ်မံ တိုက်ခိုက်လိုက်လေသည်။

နဂါးဧကရာဇ် ပြန်ပေါ်လာသည်ကို မြင်သော် ပိုင်ကျင်းချူနှင့် တိုက်ပွဲတွင် စိတ်ဓါတ်ကျ၊ အောက်စည်း ရောက်နေသော ချန်ကျို့… ချက်ချင်းပင် စိတ်အား တက်ကြွသွားခဲ့ပြီး ဘယ်ကမှန်းမသိ ပေါ်လာသော ခွန်အားဖြင့် တန်ပြန် တိုက်ခိုက်လာရာ ချက်ချင်းပဲ တိုက်ပွဲအခြေအနေလည်း လက်ခုံလက်ဖဝါး လှန်သလို ပြောင်းလဲသွားခဲ့ရလေသည်။

နဂါးဖီးနစ်နန်းတော်မှ ကျင့်ကြံသူအားလုံးသည် စိတ်အား တက်ကြွလာခဲ့ကြလေပြီ။ စိတ်ဓါတ်ကျ ညိုးငယ်နေသော သူတို့၏ မျက်နှာများသည်လည်း တစ်ဖန်ပြန်လည် ဝင်းပြလာခဲ့ကြလေပြီ။ ယခု အားလုံးသည် အေးစိမ့်ရေမရဏဂိုဏ်းမှ ကျင့်ကြံသူ များအား အကြောက်အရွံ့ကင်းကင်းဖြင့် တန်ပြန် တိုက်ခိုက်လာခဲ့ကြရာ တစ်ဖက်ကျူးကျော်သူများမှာ ရှုံးနိမ့်ပြီးရှုံးနိမ့်ရင်း တဖြည်းဖြည်း ပြန်ဆုတ်နေခဲ့ရသည်။

ငွေရောင်သစ်ရွက်၏ ကာကွယ်ပေးထားခြင်း ခံရသော စွန်းယုသည် ထိုမြင်ကွင်းကို ကြည့်နေရင်း လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ သူ့စိတ်ထဲတွင်လည်း ရွှေနဂါးအား ကြိတ်၍ အော်ဟစ် အားပေးနေခဲ့၏။

လက်ရှိ ကိစ္စတစ်ခုနှင့် ပက်သက်၍ စွန်းယု အတော်လေး ခေါင်းရှုပ်နေခဲ့ရသည်။ စီနီယာရန်သည် တိုက်ပွဲအား ကိုယ်တိုင်ဝင်မပါဘဲ နဂါးဧကရာဇ်၏ အမွေအနှစ်ကိုသာ အဘယ်ကြောင့် အသုံးပြုခဲ့ရသနည်း။ သူကိုယ်တိုင်သာ ဝင်ပါမည်ဆိုပါက ယန်ကျီနှင့် အခြားကျူးကျော်သူများကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။

စွန်းယုသည် အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သဖြင့် ရန်ကိုင်သည် လောလောလတ်လတ်ကမှ မသေမျိုး တတိယအဆင့်သို့ တက်ထားသော ကျင့်ကြံသူ တစ်ယောက်မှန်း သိမထားခဲ့ပေ။

ခဏတာမျှ တိုက်ခိုက်နေပြီးနောက်တွင် ယန်ကျီက ရုတ်တရက် ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “တီကောင်ကြီးက ဘာမှလည်း မဟုတ်ပါလား.. ဟေ။ ဟားဟားဟား”

ရွှေနဂါး ပေါ်လာလာစဉ်က ယန်ကျီမှ သွေးပျက်မတတ် ကြောက်ရွံ့သွားခဲ့ရသည်။ တကယ်တော့ သူရင်ဆိုင်နေရသည်မှာ ဒဏ္ဏာရီလာ အဆင့်(၉) မွန်းစတား သားရဲတစ်ကောင်ပင် ဖြစ်နေသည် မဟုတ်လော။ သို့သော် ယခုအချိန်၌ ရွှေနဂါး၏ခွန်အားသည် အများဆုံးမှ သူ့လောက်သာ ရှိမည်မှန်း ယန်ကျီ သိသွားခဲ့လေပြီ။ ဆိုလိုသည်ကား ရွှေနဂါးနှင့် တိုက်ခိုက်ရာတွင် ကြောက်ရွံ့နေစရာ မလိုတော့။ ထို့ကြောင့် နည်းနည်းမျှ ထိတ်လန့်မနေတော့ဘဲ မီးကုန်ယမ်းကုန်သုံးကာ စတင် တိုက်ခိုက်တော့လေပြီ။

ရွှေနဂါးသည် အပြည့်အဝကြီးထွားရသေးသည့် အတွက်ကြောင့် အဆင့်(၈)စဦး မွန်းစတားသားရဲ တစ်ကောင်နှင့် တူညီသော ခွန်အားကိုသာ ထုတ်ဖော် နိုင်ခြင်းဖြစ်ကြောင်း သိသွားပြီးနောက် ယန်ကျီ စိတ်ငြိမ်သွားခဲ့သည်။

ဆောင်းနှင်းမြူဓါးမှ ထွက်ပေါ်နေသော အေးစက်စက် အရှိန်အဝါသည် ရွှေနဂါးမှ ထွက်ပေါ်နေသော ပူးပြင်းလှဿည့် အရှိန်အဝါနှင့် ထိပ်တိုက်တွေ့နေခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြရင်း မီးနှင့်ရေခဲ ထိပ်တွေ့တွေ့ဖန် များလာသဖြင့် သူတို့ နှစ်ဦးပတ်လည် မြူခိုးတို့ ဝေဆိုင်းလာခဲ့ရသည်။ အဝေးမှ ကြည့်နေသော လူများလည်း ဘာကိုမှ သေသေချာချာ မမြင်ရတော့ဘဲ တိုက်ပွဲမှ ထွက်ပေါ်လာနေသော တဖျတ်ဖျတ် အလင်းတန်းများကိုသာ မြင်တွေ့ရတော့သည်။

မြူခိုးများကြား။ ရွှေနဂါးနှင့် ယန်ကျီတို့ တိုက်ခိုက်နေကြစဉ်… နဂါးသည် လူသားတစ်ယောက်ကဲ့သို့ အမူအရာ လုပ်ပြလာသည်ကို ယန်ကျီ မြင်တွေ့လိုက်ရသည်။

တိုက်ခိုက်နေစဉ်အတွင်း မွန်းစတားသားရဲ တစ်ကောင်နှင့် တိုက်ခိုက်နေသည်ဟု မခံစားရတော့။ အခြားလူတစ်ယောက်နှင့် တိုက်ခိုက်နေသည်ဟုသာ ခံစားလာရတော့သည်။

တိုက်ပွဲချိန် ကြာလာသည်နှင့်အမျှ ရွှေနဂါး၏ တိုက်ခိုက်ပုံ၊ လှုပ်ရှားပုံများသည် ပို၍ ပြေပြစ်၊ ပြင်းထန်လာခဲ့သည်။ နဂါသည် သန်မာသည်ထက် ပို၍ သန်မာလာခဲ့ကာ သူ့အား ပိုပို၍ ဖိအား ပေးနိုင် လာခဲ့လေသည်။

နဂါးလက်သည်း သူ့အပေါ် ကုတ်ဆွဲလာသည့် အချိန်တိုင်း ထိုလက်သည်းချက်များသည် လေဟာနယ် ကိုပင် ဆုတ်ဖြဲနေသည်ဟု ထင်မြင်မိသဖြင့် သူ့နဖူးထက်မှ ချွေးအေးတို့ တတောက်တောက် စီးကျလာခဲ့ရ၏။

နောက်ဆုံးတွင် ယန်ကျီသည် သူ့စိတ်ကို တည်ငြိမ်အောင်လုပ်၍ ဆောင်းနှင်းမြူဓါးထဲဿို့ အစစ်အမှန်ချီ ဖြည့်သွင်းလိုက်သည်။ ဓါးတစ်စင်လုံး တလက်လက် တောက်ပလာခဲ့ပြီး ဓါးရှည်ထိပ်ဖျားမှ ဧရာမှ ရေခဲစူးချွန်တစ်ခု ထွက်ပေါ်လာခဲ့ကာ ရွှေနဂါးဆီသို့ တိုးဝင်သွားလေသည်။

ထိုကဲ့သို့သော် အားကောင်းလှသည့် တိုက်ခိုက်မှုမျိုး နှင့် ရင်ဆိုင်နေရသော်ငြား ရွှေနဂါးသည် ကြောက်ရွံ့ဟန် မပြ။ ပါးစပ်ကိုဟ၍သာ ချစ်ချစ်တောက် ပူပြင်းလှသော ရွှေရောင်အလင်းတန်းတစ်စင်းကို မှုတ်ထုတ်လိုက်လေ၏။

ဘုန်း…

ဆန့်ကျင်ဘက်စွမ်းအင်နှစ်မျိုး ထိပ်တိုက်တွေ့သွားရာ ကောင်းကင်တစ်ခွင် လင်းထိန်သွားခဲ့ပြီး အနားတွင် ရှိနေသူအားလုံး မျက်စိများ ကျိန်းစပ်သွားခဲ့ရလေသည်။

ချစ်ချစ်တောက် ပူပြင်းလှသော စွမ်းအင်တန်းသည် ရေခဲစူးချွန်ကို အရည်ဖျော်ပစ်လိုက်နိုင်ပြီးနောက် လက်ကျန် စွမ်းအားဖြင့် ယန်ကျီဆီသို့ ဆက်လက် တိုးဝင်သွားခဲ့လေသည်။

ယန်ကျီ ပျာယာခတ်သွားခဲ့ပြီး အလျင်စလို ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်မှာပင် လှောင်ပြောင်သံတစ်သံကို ကြားလိုက်ရသဖြင့် တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့ရာ ထိတ်လန့်နေသည့် အမူအရာဖြင့် ရွှေနဂါးဆီ လှမ်းကြည့်လိုက်လေသည်။

သူအသိပြန်ဝင်လာသည့် အချိန်၌ ရွှေနဂါး၏ အလင်းတန်းသည် သူ့ရှေ့သို့ ရောက်နေခဲ့လေပြီ။

အစောပိုင်းက လှောင်ပြောင်သံကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သဖြင့် ယန်ကျီမှာ သူ့ကိုယ်သူ ကာကွယ်ချိန်ပင် မရတော့ဘဲ အလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်ရလေ၏။ နောက်ဆုံး မကာကွယ်နိုင်တော့သည့် အဆုံး အအေးဓါတ်ကို ထုတ်လွှတ်၍ ထိုအလင်းတန်းထဲ ပါဝင်နေသော လောင်ကျွမ်းနိုင်သည့် စွမ်းအင်များကို တတ်နိုင်သမျှ လျော့ချပစ်ရန် ကြိုးစားတော့လေသည်။

ခဏအကြာမှပဲ ရွှေရောင်အလင်းတန်းထဲမှ ခုန်ထွက်လာနိုင်ခဲသည်။ သူ့အသက်ရှုသံတို့ ပရမ်းပတာ ဖြစ်နေခဲ့ရလေပြီ။ သေလောက်သည့် ဒဏ်ရာ မရခဲ့သော်ငြား သူ့မုတ်ဆိတ်မွှေးနှင့် ဆံပင်မွှေးတို့ မီးကျွမ်းခံလိုက်ရလေ၏။ ယန်ကျီ အမှန်တကယ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ရလေပြီ။

ချက်ချင်းပဲ ရွှေနဂါးအား မုန်းမုန်းတီးတီး စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။

သူ့အာရုံမစိုက်နိုင်အောင် လုပ်သွားသော အသံသည် ရွှေနဂါးဆီမှ လာခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ရွှေရောင်အလင်းတန်းကို ရှောင်ရှားနိုင်ခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ အဖြစ်မျိုး ကြုံခဲ့ရခြင်း ဖြစ်၏။

သို့သော်လည်း သူ့မတွေးဘဲ မနေနိုင် ဖြစ်ရသည်ကား သူကြားလိုက်ရသော အသံသည် မွန်းစတားသားရဲ တစ်ကောင်၏ အသံနှင့်မတူဘဲ လူသားတစ်ယောက်၏ အသံနှင့် အလွန့်အလွန်ကို ဆင်တူလွန်းနေခြင်းပင်။

“မင်းဘာသာ နဂါးဧကရာဇ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါသောက်ဂရုမစိုက်တော့ဘူး။ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲမှတော့ ဒီနေ့ မင်းသေကိုသေရမယ်” ယန်ကျီက ဒေါသတကြီး အော်ဟစ်၍ ဆောင်းနှင်းမြူဓါးကို လေထဲသို့ ပစ်တင်လိုက်လေသည်။

ဓါးရှည်သည် ဘာမှန်းမသိရသော ရွှေနဂါးနှင့် အရွယ်အစားချင်း ဆင်တူသည် မွန်းစတားသားရဲ တစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး ရွှေနဂါးဆီ ပြေးဝင်ကာ ချုပ်နှောင်လိုက်သည်။

နဂါးဟိန်းသံ မြည်ဟည်းသွားခဲ့ပြီး ရွှေနဂါး အသည်းသန် ရုန်းကန်းတော့လေသည်။ သို့သော် ဆောင်းနှင်းမြူဓါးမှ အသွင်ပြောင်းထားသော သားရဲ၏ အချုပ်အနှောင်မှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့လေသည်။

ယန်ကျီက ထိုအခွင့်အကောင်းကို အမိအရယူကာ အရိုးကွဲမတတ် အေးစက်လှသော အအေးစွမ်းအင်များကို သူ့လက်တွင် စုစည်း၍ နဂါးဝမ်းဗိုက်နေရာဆီ နှစ်ချက်ဆင့် ရိုက်ချလိုက်လေသည်။

တိုက်ခိုက်မှုမှန်သမျှကို ခုခံကာကွယ်နိုင်ခဲ့သော ရွှေနဂါး၏ အကြွေးခွံများသည် ယခုတစ်ကြိမ် တိုက်ခိုက်မှုကို မကာကွယ်နိုင်တော့သဖြင့် ယန်ကျီ၏လက် နဂါးအသားထဲသို့ နစ်ဝင်သွားခဲ့လေသည်။

ယန်ကျီ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည့်အချိန်၌ ရွှေရောင်တလက်လက် ထနေသော အနက်နီရောင် သွေးများ ပန်းထွက်လာခဲ့လေသည်။

“ဟား ဟား ဟား” ယန်ကျီက ရူးသွပ်စွာ ရယ်မော့တော့လေသည်။ တိုက်ပွဲစသည့်အချိန်မှစ၍ တစ်ဖက်ကောင်က ပထမဆုံးအကြိမ်အဖြစ် ထိခိုက်အောင် လုပ်နိုင်လိုက်သဖြင့် အနိုင်ရနိုင်သည့် မျှော်ချင့်ချက် အရိပ်အယောင်တို့ကို သူပြန်မြင်တွေ့လိုက်ရလေပြီ။ ရွှေနဂါးတန်ပြန်တိုက်ခိုက်မည်ကို မစောင့်တော့ဘဲ ချက်ချင်း နောက်ပြန်ဆုတ်၍ လှောင်ပြောင်လိုက်လေ၏ “အကောင်ကြီးတိုင်း ပြိုင်ဘက်ကင်းတယ် ထင်နေလားကွ၊ ငတုံးကောင်ကြီးရဲ့”

ထိုစကားကို ကြားသော် ရွှေနဂါးဒေါသထွက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ် လူးလွန့်လှုပ်ရှားလျက် အရွယ်အစားကို သေးသေးလေး ဖြစ်သည်အထိ ချုံ့လိုက်လေသည်။

အကောင်းသေသွားသဖြင့် ဆောင်းနှင်မြူဓါး၏ အချုပ်အနှောင်လည်း ဘာမှမတတ်နိုင်တော့ပေ။

ယန်ကျီ နောက်တစ်ကြိမ် ကြောင်သွားခဲ့ရ ပြန်လေပြီ။ ထိုကဲ့သို့ အရွယ်အစားကို လိုသလို ချုံ့နိုင်၊ ကြီးနိုင်သော မွန်းစတားသားရဲမျိုး သူတစ်ခါမှ မတွေ့ခဲ့ဖူ။

မွန်းစတားသားရဲများ လူသားအသွင်ပြောင်းနိုင်မှန်းကို သိထားသော်ငြား ထိုကဲ့သို့ အရွယ်အစားကို လိုသလို ပြောင်းလဲနိုင်သည့် အချက်ကိုမူ သူလုံးဝ မသိထားချေ။

ယန်ကျီ အသိပြန်ဝင်လာမှာကို မစောင့်တော့ဘဲ ယခင်ထက် ပိုမိုသေးငယ်သွားပြီ ဖြစ်သည့် နဂါးသည် ၎င်း၏ ထက်ရှသော လက်သည်းများကို ဝှေ့ရမ်း၍ ယန်ကျီဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

ယန်ကျီ ကြက်သီးမွှေးညင်း ထသွားခဲ့ရလေပြီ။

နဂါးသည် အရွယ်အစားသာ သေးသွားခြင်း ဖြစ်ပြီး သူ့အရှိန်အဟုန်နှင့် ခွန်အားသည် လျော့ကျသွားခြင်း မရှိ။ ပိုဆိုးသည်ကား အရွယ်အစား သေးလိုက်ပြီးနောက် ယခင်ထက် ပိုမိုမြန်ဆန်လာခြင်းပင်။

ရုတ်တရက် သိမ်မွေ့ဟန်ရသော ရွှေရောင်စွမ်းအင် ချိန်းကြိုးတို့ နဂါးဘေးမှ ရုတ်တရက် ထွက်ပေါ်လာပြီး ယန်ကျီ ပတ်ပတ်လည်ရှိ လေဟာနယ်ကို စည်းခတ် ထားလိုက်လေသည်။

တစ်ချိန်တည်းတွင် ရွှေရောင်လှံတံတစ်စင်းသည် ကောင်းကင်ကိုပင် ဖျက်စီးနိုင်သည် စွမ်းအားကို သယ်ဆောင်လျက် လေထဲမှ ထွက်ပေါ်လာခဲ့၏။

ရွှစ်… ရွှစ်… ရွှစ်…

လှံတံသည် လေဟာနယ်ကို ခုန်ကျော်လာသည့် ပမာ မျက်တောင်တစ်ခတ်အတွင်း ယန်ကျီရှေ့သို့ ရောက်ရှိ လာခဲ့လေသည်။

“မဖြစ်နိုင်ဘူး” ယန်ကျီ သွေးရူးတန်းရူး အော်ဟစ် လိုက်လေသည်။ သူသည် သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်လေသဖြင့် သူ့အား စည်းခတ် ချုပ်နှောင်ထားသော ရွှေရောင်ချိန်းကြိုးဖြစ်စေ၊ ကြောက်မခန်းလိလိ စွမ်းအားကို သယ်ဆောင်ထားသော ရွှေရောင်လှံတံဖြစ်စေ၊ နှစ်ခုစလုံးသည် အရမ်းကိုမှ နက်နဲဆန်းကြယ်လှသည့် သိုင်းပညာရပ်များ ဖြစ်ကြမှန်း အကြည့်တစ်ချက်နှင့် ချက်ချင်း တန်းသိလိုက်လေသည်။

မွန်းစတားသားရဲတစ်ကောင်သည် မည်သည့် အကြောင်းကြောင့်များ သိုင်းပညာရပ်များကို ထုတ်သုံး နိုင်နေရသနည်း။

ယန်ကျီမှာ မာန်သွင်းအော်ဟစ်၍ သူ့ခန္ဓာကိုယ်ကို ဘေးသို့တိမ်းရှောင်ကာ ရွှေရောင်လှံတံ၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာလေး တိမ်းရှောင်နိုင်ခဲ့သည်။ သို့ရာတွင် ရွှေရောင်ချိန်းကြိုးများ၏ ရစ်ပတ်ချုပ်နှောင်မှုကိုမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

အသည်းအသန် ရှောင်ရှားနေစဉ် ရွှေရောင်ချိန်းကြိုး တစ်ချောင်းနှင့် မတော်တဆ ထိမိသွားခဲ့၏။ ထိမိသွားသည်နှင့် တောင်တစ်လုံး သူ့အပေါ် ပြိုကျလာသည့်အလား သူ့တစ်ကိုယ်လုံး လေးလံလာခဲ့သလို သူ့ဝိဥာဉ်ပင် လှုပ်မရ ဖြစ်လာခဲ့လေသည်။

ထိုခံစားချက်သည် တဒင်္ဂတာမျှသာ ဖြစ်သော်ငြား လက်ရည်တူညီနေသော ပညာရှင်နှစ်ယောက် တိုက်ပွဲတွင် အနည်းငယ်လေးသာ ကွားခြားချက်သည်ပင် တိုက်ပွဲ ရလဒ်ကို ပြောင်းလဲသွားစေနိုင်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၄၀)

ယန်ကျီသာ ဘုံးကိုးခုထွတ်မြတ်နယ်သို့ ရောက်ဖူးခဲ့လျှင်၊ တော်ဝင်သခင်ဟောင်းနှင့် တွေ့ခဲ့ဖူးလျှင် ထိုပညာရပ်နှစ်ခုကို ချက်ချင်းပဲ မှတ်မိပေလိမ့်မည်။

မဟာကောင်းကင်အချုပ်အနှောင်နှင့် ကောင်းကင်အပြစ်ပေးလှံတံ…

ကောင်းကင်နတ်ဘုရားပညာရပ် နှစ်ခုပင်ဖြစ်သည်။

မဟာကောင်းကင်အချုပ်အနှောင်သည် ခန္ဓာကိုယ်ကို သာမက ဝိဥာဉ်ကိုပါ ချုပ်နှောင်နိုင်ပြီး ကောင်းကင် အပြစ်ပေးလှံတံသည် အဖျက်စွမ်းအား၌ အတုမရှိ ပြိုင်ဘက်ကင်းလေသည်။

ထိုကောင်းကင်ပညာရပ်နှစ်ခု မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မသိသဖြင့် ယန်ကျီသည် မဟာကောင်းကင်အချုပ်အနှောင် ပညာရပ်အား အရမ်းကြီး အရေးမစိုက်ခဲ့ချေ။ ထိုချိန်းကြိုးနှင့် ထိမိသွားသည့်အခိုက် သူဝိဥာဉ်သည် လျှပ်စစ်နှင့် အတို့ခံလိုက်ရသည့်အလား သူ့အတွေးတို့သည် ဝေဝါးထိုင်းမှိုင်းလာခဲ့ကာ သူ့လှုပ်ရှားမှုများသည်လည်း တဖြည်းဖြည်း လေးလံလာခဲ့ရလေသည်။

ချိန်းကြိုးများ၏ ချုပ်နှောင်ခြင်း ခံနေရသလို လှံတံကလည်း သူ့အား သတ်ဖြတ်ရန် တစ်ဟုန်ထိုး တိုးဝင်လာနေခဲ့လေပြီ။

ယန်ကျီမှာ ဆက်လက် လှုပ်ရှားနေခဲ့သော်ငြား မဟာကောင်းကင်အချုပ်အနှောင်မှ မလွတ်မြောက်နိုင်ခဲ့။ သူစိတ်ဓါတ်ကျနေသည့် အချိန်တွင် အကောင် သေးသွားသော ရွှေနဂါးက နောက်ထပ် ရောင်စဉ် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ပြန်၏။ ယန်ကျီ သွေးပျက်ကြောက်လန့်သွားခဲ့ပြီး အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သို့သော်လည်း အလင်းတန်းနှင့် ထိသွားသည့်အခိုက် သူဖန်တီးထားသည့် အစစ်အမှန်ချီ အကာအရံအားလုံးသည် မှန်တစ်ချပ်ပမာ တစ်စစီ ပြိုကွဲပျက်စီးကုန်လေသည်။

ရွှေရောင်လက်သည်းနှစ်ဖက်သည် ယွမ်ကျီ၏ ရင်အုံး တစ်ဖက်တစ်ချက်စီကို ဖောက်ထွက်သွားခဲ့သည်။

သေရတော့မည်မှန်း သိလိုက်သည်နှင့် ယွမ်ကျီ မျက်လုံးများ သွေးနီရောင်ရဲသွားခဲ့ပြီး သွေးရူးတန်းရူးဖြင့် အော်ဟစ်လိုက်လေသည် “အဲ့လောက်မလွယ်ဘူးကွ”

အစစ်အမှန်ချီကို အရူးအမူး လှည့်ပတ်လျက် သူ့ကိုယ်သူ ကာကွယ်ရန် မကြိုးစားတော့ဘဲ ရွှေနဂါးကိုသာ တရစပ်တိုက်ခိုက်တော့လေသည်။

နောက်ဆုံးအကြိမ် အရူးအမူး တိုက်ခိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး ဘာစွမ်းအားမှ မကျန်ရစ်တော့ရာ သူ့အရှိန်အဝါလည်း တစ်မုဟုတ်ချည်း ထိုးကျသွားခဲ့ ရလေသည်။

နားပင်းမတတ် ကျယ်လောင်လှသော နဂါးဟိန်းသံနှင့် အတူ တလက်လက် တောက်ပနေသော ရွှေရောင် အလင်းများကြား နီးစွေးစွေးသွေးတို့ ပန်းထွက်လာခဲ့ပြီး နေရာအနှံ့ လွင့်စင်ကုန်ကြလေသည်။

ယွမ်ကျီခန္ဓာကိုယ် နှစ်ပိုင်းဆုတ်ဖြဲခံလိုက်ရပြီး ကိုယ်တွင်းအင်္ဂါများသည်လည်း နီရဲရဲ သွေးများနှင့်အတူ လွင့်စင်ထွက်လာခဲ့သည်။ ကြက်သီးမွှေးညင်းထဖွယ်ရာ မြင်ကွင်းပင်တည်း…

နဂါးဟိန်းသံကြားသဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ သွေးသံတရဲရဲ မြင်ကွင်းသည် သူတို့အား စောင့်ကြည့်နေခဲ့သည်။

“ဂိုဏ်းချုပ်သေသွားတာလား” အေးစိမ့်ရေမရဏဂိုဏ်းမှ ကျင့်ကြံသူအားလုံး တိုက်ပွဲထဲ အသိစိတ်မရောက်နိုင် ဖြစ်ကုန်ကြလေပြီ။ တိုက်ခိုက်လိုစိတ်တို့သည်လည်း ဟိုးအောက်ဆုံးသို့ ဒုံးဒုံး ထိုးဆင်းကျသွားခဲ့ရသည်။

လွန်ခဲ့သော တစ်နာရီကျော်လောက်က ယွမ်ကျီသည် အကြောက်အရွံ့ကင်းကင်းဖြင့် သူတို့ကို ဦးဆောင်၍ နဂါဖီးနစ်နန်းတော်ထဲသို့ ကျူးကျော်လာခဲ့သည်။ နဂါးဧကရာဇ် အမွေအနှစ်ကို ရသွားသော လူငယ်လေးကို ဖမ်းပြီး အေးစိမ့်ရေမရဏးဂိုဏ်း ပြန်ခေါ်သွားပြီး သူတို့ အကျိုးအမြတ်အတွက် အသုံးချမည်ပေါ့။

သို့သော်လည်း ယခုမှ ယွမ်ကျီသည် ရုတ်တရက် ပေါ်လာသော ရွှေနဂါး၏ နှစ်ပိုင်းဆွဲဖြဲခြင်း ခံလိုက်ရလေပြီ။

သူတော်စင်အဆင့်သို့ ရောက်ရှိနေသော ပညာရှင် တစ်ယောက်သည် ယခုကဲ့သို့ အသေဆိုးနှင့် သေသွားခဲ့ရသည်။

ထုန်းရွှမ်လောကကြီးတွင် သူတော်စင်အဆင့်သို့ ရောက်နေသော ပညာရှင်များများစားစား မရှိ။ ရှိလျှင်ပင် ထိုလူများသည် အနည်းဆုံး နှစ်တစ်ရာကျော်၊ နှစ်ရာကျော် ကျင့်ကြံပြီးမှသာ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ထို့ကဲ့သို့သော ပညာရှင်တိုင်းတွင် ပညာရပ်များစွာ ရှိနေရုံမက အသက်ကယ်ဝှက်ဖဲများစွာလည်း ရှိနေပေ၏။ တိုက်ပွဲအတွင်း သေသွားသည့် သူတော်စင် အရေအတွက် မှာ အတော့်ကိုမှ ရှားလှပေသည်။

အနည်းဆုံး နဂါးဖီးနစ်နန်းတော်နှင့် အေးစိမ့်ရေ မရဏဂိုဏ်းရှိ မည်သည့် ကျင့်ကြံသူမှ သူတော်စင် တစ်ယောက် သေသွားသည်ကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူး၊ မကြုံဖူးကြချေ။

သို့သော်လည်း ယခုအချိန်၌ မြင်ရခဲလှသော မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့လိုက်ရလေပြီ။

အေးစိမ့်ရေမရဏဂိုဏ်းတွင် သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်သာရှိသည်။ တစ်ယောက်သည် ယခုလေးတင် သေသွားခဲ့ပြီ ဖြစ်ပြီး အခြား တစ်ယောက်သည် နဂါးဖီးနစ်နန်းတော်သခင်၏ ဖိနှိပ်ခြင်း ခံနေခဲ့ရသည်။ ထိုအခြင်းအရာကို သတိပြုမိလိုက်သည်နှင့် အေးစိမ့်ရေမရဏဂိုဏ်းမှ ကျင့်ကြံသူအားလုံး တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးသွားကာ ချက်ချင်းပဲ အောက်စည်းသို့ ရောက်သွားခဲ့ရလေသည်။

မီတာဒါဇင်ကျော် ရှည်လျားသော ရွှေနဂါးသည် ဝမ်းဗိုက်မှနာကျင်မှုကို ဖွင့်ထုတ်ရင်း သူ့စွမ်းအားကို အားလုံးသိသွားအောင် သရုပ်ဖော်ပြသလိုသည့်အလား ကောင်းကင်ပေါ်သို့ မော့၍ အသံကုန် ဟိန်းဟောက် လိုက်လေသည်။

ပိုင်ကျင်းချူ မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး ချန်ကျို့နှင့် ဆက်ပြီးတော့ မတိုက်ရဲတော့ချေ။

သူနှင့် ယန်ကျီတို့ နှစ်ယောက်စလုံးသည် သူတော်စင် ပထမအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း သူ့ခွန်အားသည် ယန်ကျီအောက် မဆိုသလောက်ကလေး နိမ့်ကျပေသည်။ ယန်ကျီအား ရွှေနဂါးသတ်လိုက်သည်ကို မြင်သော် သူထွက်ပြေးမှ ရတော့မည်မှန်း ပိုင်ကျင်းချူ ချက်ချင်း နားလည်လိုက်သည်။

“ပြန်ဆုတ်မယ်” အော်ဟစ်ပြီးနှင့် တိုက်ပွဲမှ အလျင်စလို ပြန်ဆုတ်၍ နောက်ပင် လှည့်မကြည့်တော့ဘဲ အမြီးကုပ်ကာ ထွက်ပြေးတော့လေသည်။

“ငါတို့ နဂါးဖီးနစ်နန်းတော်ကို မင်းတို့ လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားလို့ရတဲ့ နေရာတစ်ခု မှတ်နေလားကွ” ချန်ကျို့က ပိုက်ကျင်းချူနောက် ပြေးလိုက်ပြီး အားပြင်းပြင်းဖြင့် တိုက်ခိုက်လိုက်လေသည်။

သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာခဲ့ပြီး ပိုင်းကျင်းချူကမူ အဝေးသို့ ရောက်သွားခဲ့ရလေပြီ။ သို့သော် သူ့လက်တစ်ဖက်ကိုမူ အပါသယ်မသွားနိုင်ခဲ့။ ကျန်ရစ်ခဲ့သော ပိုင်ကျင်းချူ၏ လက်တစ်ဖက်သည် ခဏအကြာ၌ သွေးမြူအဖြစ် ပေါက်ကွဲ ထွက်သွား လေတော့သည်။

ချန်ကို့လည်း ပိုင်ကျင်းချူနောက် ဆက်မလိုက်တော့ဘဲ အမောတကော အသက်ရှူတော့လေသည်။

သူသည်လည်း ဒဏ်ရာတော်တော်များများ ရခဲ့၏။ ရွှေနဂါး၏ ထွက်ပေါ်လာမှုကြောင့် စိတ်အားတက်ကြွ သွားပြီး ဘယ်ကမှန်းမရှိသော အားအင်တို့ ထွက်ပေါ်လာကာ ပိုင်ကျင်းချူကို တန်ပြန် တိုက်ခိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်၌ သူသည် မီးစာ ကုန်တော့မည် ဆီမီးတိုင် တစ်ခုနှင့် မခြားတော့ပေ။

ပိုက်ကျင်းချူ ထွက်ပြေးသွားသဖြင့် အေးစိမ့်ရေ မရဏဂိုဏ်းမှ ကျင့်ကြံသူများလည်း ဆက်မနေရဲတော့ဘဲ အူးယားဖားယားဖြင့် အသည်းအသန် ထွက်ပြေး ကြလေတော့သည်။

ယခုမှပဲ ချန်ကျို့လည်း ရွှေနဂါးအား သေသေချာချာ ကြည့်မိလိုက်သည်။ သူ့အကြည့်ထဲ အဆုံးစွန်သော လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။

သို့သော်လည်း ယန်ကျီအား သတ်ဖြတ်ပြီးနောက် ရွှေနဂါးသည် အတွေးနက်နေသည့်အလား မလှုပ်မယှတ် ဖြစ်သွားခဲ့သည်။ မသိလျှင် ယန်ကျီနှင့် တိုက်ခိုက်စဉ် ဥာဏ်အလင်းအသစ်များ ရသွားသဖြင့် ထိုဥာဏ်အလင်း အသစ်များကို ပြန်လည် ဆင်ခြင်နေသယောင်ယောင်…

ခေါင်းခါရမ်းလိုက်ပြီး အပိုတွေ လျှောက်မတွေးရန် သူ့ကိုယ်သူ သတိပေးလိုက်လေသည်။

ခဏအကြာ၌ ရွှေနဂါးသည် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် စွန်းယုဆီသို့ ပျံသန်း ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်း၌ စွန်းယုနှင့် လင်းကျန်းတို့အား ကာကွယ်ပေးနေသော အလင်းအရံအတားသည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

ချန်ကျို့က သူ့အမူအရာကို ပြင်ဆင်၍ စွန်းယင်ဆီ မရမကသွားလိုက်သည်။ သို့သော် သူဘာမှမပြောရ သေးခင်မှာဘဲ စွန်းယုက လေးလေးစားစားဖြင့် လက်သီးဆုပ် ဦးညွှတ်လိုက်လေသည် “နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်”

လင်းကျန်းလည်း အလျင်စလို နှုတ်ဆက်လိုက်သည်။

ချန်းကျို့ သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “ဒီလိုမျိုး လုပ်နေစရာမလိုတော့ဘူးလေ။ မင်းက နဂါးဧကရာဇ် ဖြစ်နေပြီပဲဟာကို။ ဦးညွှတ်သင့် ငါကပဲ ဦးညွှတ်ပြီး နှုတ်ဆက်ရမှာ မဟုတ်ဘူးလား။ မင်းဒီလိုမျိုး လုပ်နေတာက ငါ့ကို အခက်တွေ့တောင် လုပ်နေသလိုပဲ ဖြစ်မှာ”

စွန်းယုလည်း ကိုးယိုးကားယား အမူအရာဖြင့်သာ ခေါင်းကုတ်လိုက်သည်။ သူ့ခဗျာ ဘာပြန်ပြော၍ ပြောရမှန်းမသိ။ ရှက်ကလည်း ရှက်မိနေသေးသည်။

နဂါးတောင်ကြားထဲ ဖြစ်ပျက်ခဲ့သည်များကို သူတစ်ယောက်တည်းကသာ အမှန်အတိုင်း သိထား၏။ အစောပိုင်းက သူသည် ကိုယ်ဟန်ထုတ်လျက် စကား အနည်းငယ် ပြောခဲ့သော်ငြား ယန်ကျီအား သတ်သွားသူသည် စီနီယာရန်ပင် ဖြစ်လေသည်။ သူနှင့် ဘာမှမသက်ဆိုင်။

ထို့အပြင် စီနီယာရန်သည် တိုက်ပွဲအတွင်း သူနှင့် သူ့ဆရာ ဘာမှမဖြစ်လေရအောင် သူ့ရတနာကိုပင် သူတို့အား ငှားရမ်းသွားသေး၏။

စွန်းယုကို လေ့လာနေရင်း ချန်ကျို့ တောက်ပစွာ ပြုံးလိုက်သည်။ အချိန်ကြာလသည်နှင့်အမျှ ထိုလူငယ်လေးကို ချန်ကျို့ ပို၍ နှစ်သက်လာမိသည်။ နဂါးဧကရာဇ် ဖြစ်သွားသော်ငြား မောက်မာခြင်း အလျင်းမရှိ။ သူ့ကိုယ်ပင် နှိမ့်ချနေလိုက်သေးသည်။

“ဒီနိမ့်ကျတဲ့လူရဲ့ အသက်ကို ကယ်ပေးလို့ နဂါးဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။ နဂါးဧကရာဇ်ရဲ့ ကျေးဇူးကြောင့်သာမဟုတ်ရင် ယုထင်းရီလည်း…” ထိုအကြောင်းကို စဉ်းစားမိလိုက်ရုံဖြင့် ချန်ကျို့ ကြောက်ရွံ့မိနေဆဲ။ နောက်ဆုံးအချိန်၌ ငွေရောင်သစ်ရွက်၏ ဝင်ရောက်ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ယုထင်းရီသည် ယင်ကျီကြောင့် သေသွားနေခဲ့ရလောက်ပေပြီ။

ချန်ကျို့အတွက် ယုထင်းရီသည် သူ့အသည်း တစ်ခြမ်းပင်။ နှစ်ယောက်စလုံးသည် တစ်ယောက်အတွက် မိမိ၏ အသက်ကိုပင် စတေးပေးမည့် လူများဖြစ်ကြသည်။

စွန်းယု ယုထင်းရီအား ကယ်လိုက်ခြင်းအတွက် ချန်ကျို့မှာ စွန်းယုအား အရမ်းကိုမှ ကျေးဇူးတင်နေခဲ့၏။

“လုပ်သင့်ထိုက်တာကိုပဲ လုပ်လိုက်တာပါဗျာ…” စွန်းယုက ကိုးယိုးကားယား အမူအရာဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

လူငယ်လေး ရှက်နေသည်ကိုမြင်သော် ချန်ကျို့ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “နဂါးဧကရာဇ်လည်း တိုက်ခိုက်ခဲ့ရတော့ မောနေလောက်ပြီပေါ့။ အကြီးအကဲလင်း၊ နဂါးဧကရာဇ်ကို အနားယူဖို့ ပြန်ပို့ပေးလိုက်ပါဦး။ ကျုပ်ဒီမှာ လုပ်စရာရှိတာတွေ လုပ်လိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ” လင်းကျန်က လေးလေးစားစားဖြင့် အမြန်အဆန်ပဲ ပြန်ပြောလိုက်ပြီး စွန်းယုကို ဦးဆောင်၍ နဂါးဖီးနစ်နန်းတော်ဆီသို့ ပြန်သွားလေသည်။

ပျံသန်းနေစဉ် အတောအတွင်းသည် စွန်းယုသည် ဘေးပတ်လည်းသို့ ဟိုကြည့်လိုက်၊ ဒီကြည့်လိုက် လုပ်နေခဲ့၏။

“ဟဲ ဟဲ ဟဲ ဟဲ ဟဲ” လင်းကျန်း ရုတ်တရက် ဝါးလုံးကွဲ ထရယ်လေသည်။

“ဆရာ ဘာလို့ ရယ်နေတာလဲ” စွန်းယုက နားမလည်နိုင် ဖြစ်သွားခဲ့သည်။

“ကောင်စုတ်လေး၊ မင်းမှာ အလားအလာကောင်းတွေ ရှိနေတာပဲကွ… သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ကိုတောင် တကယ်ပဲ သတ်နိုင်တယ်။ ဒီတစ်ကြိမ်တော့ ငါတို့ သေပြီလို့တောင် ထင်နေတာ” လင်းကျန်းသည် ချန်ကျို့ကဲ့သို့ စွန်းယုအား လေးလေးစားစား ဆက်ဆံခြင်း မရှိပေ။ တကယ်တော့ လင်းကျန်းသည် စွန်းယုအား ငယ်ရွယ်စဉ်ကတည်း တပည့်တစ်ယောက်အဖြစ် ပျိုးထောင်လာပေးခဲ့ခြင်း မဟုတ်ပေလော။

“ဆရာ… အဲ့အကြောင်း မပြောဘဲ နေကြရအောင်” စွန်းယု ရှက်နေခဲ့လေပြီ။

“ကောင်းပြီလေ” လင်းကျန်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး လေးလေးနက်နက်ဖြင့် ရေရွတ်လိုက်လေသည် “ဒါပေမယ့် နဂါးဧကရာဇ်ရဲ့ အမွေအနှစ်က တကယ်လန့်စရာကြီး။ အခုတောင် သူတော်စင်အဆင့်ကို သတ်နိုင်နေမှတော့ မင်းသာ သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒီလောကကြီးမှာ ပြိုက်ဘက်ကင်းပြီလို့ ဆိုလိုက်တာနဲ့ အတူတူပဲ မဟူတ်ဘူးလား။ အဲ့အချိန်၌ ငါတို့ နဂါးဖီးနစ်နန်းတော်က ထုန်းရွှမ်လောကကြီးမှာ အားအကောင်းဆုံး ဖြစ်လာတော့မှာ။ အဲ့နေ ရောက်လာခဲ့ရင် မင်းဆရာက မင်းရဲ့ ကျော်ကြားမှုအပေါ် ကောင်းကောင်း အမြတ်ထုတ်ရတော့မှာပေါ့”

လင်းကျန်းသည် အသက်နှင့်မလိုက်အောင် လူငယ်တစ်ယောက်ပမာ တက်တက်ကြွကြွဖြင့် အသံကျယ်ကျယ် အော်ဟစ်ပြောဆိုနေခဲ့သည်။

စွန်းယုမှာကို ခေါင်းလေးကိုငုတ်လျက် နဂါးဖီးနစ် နန်းတော်ဆီသို့ သူ၏ အရှက်မရှိသော ဆရာဖြင့် အတူတူ ပျံသန်းသွားနေခဲ့သည်။

နဂါးဖီးနစ်နန်းတော်အတွင်းရှိ တင်းမာနေသော အခြေအနေလည်း တည်ငြိမ်စ ပြုနေခဲ့လေပြီ။ ဂိုဏ်းသား အားလုံးနီးပါး အေးစိမ့်ရေမရဏဂိုဏ်းသားများကို သွားရောက်တိုက်ခိုက်ကြသဖြင့် အသက်ငယ်ငယ် တပည့်များနှင့် အားနည်းသော ကျင့်ကြံသူများသာ နန်းတော်တွင် ကျန်ရစ်ခဲ့ကြလေသည်။ စွန်းယုနှင့် လင်းကျန်းတို့ ပြန်ရောက်လာသည်ကို မြင်သော် ထိုလူအားလုံး သူတို့ဆီသို့ ဝရုန်းသုန်းကား ပြေးဝင်လာကြာပြီး အခြေအနေအကြောင်း မေးမြန်းကြတော့လေသည်။

စွန်းယု နဂါးတောင်ကြားမှ ထွက်လာသည်ဆိုသော အချက်ကိုပင် သူတို့ သတိမရနိုင်ကြတော့ပေ။

လင်းကျန်းက စီနီယာဖြစ်သည်ကို အခွင့်ကောင်းယူ၍ တပည့်အားလုံးကို သူတို့ မရှုံးနိမ့်ခဲ့ကြောင်း၊ အေးစိမ့်ရေ မရဏဂိုဏ်းမှ သူတော်စင်နှစ်ယောက် ရှိသည့်အနက် တစ်ယောက် သေဆုံးသွားခဲ့ပြီး အခြားတစ်ယောက်မှာ လက်တစ်ဖက်ပြတ်ကာ ထွက်ပြေးသွားခဲ့ရကြောင်း ပြောပြီး အကုန်လုံးကို ထွက်သွားကြရန် အမိန့်ပေးလိုက် လေသည်။

ထိုအကြောင်းကို ကြားလိုက်ရသည်နှင့် နဂါးဖီးနစ် နန်းတော်မှ တပည့်များ မဲ့ပြုံးပြုံးလိုက်ကြသည်။ လင်းကျန်း ပြောသည်ကို မယုံကြသည့်ပုံပင်။

သူတို့သည် သန်မာခြင်း မရှိကြသော်လည်း သူတို့ ဂိုဏ်းနှင့် အေးစိမ့်ရေမရဏဂိုဏ်းကြားမှ ကွာခြားချက်ကို ကောင်းကောင်း နားလည်ထားကြပေသည်။ တစ်ဖက် ဂိုဏ်းတွင် သူတော်စင်နှစ်ယောက်ရှိပြီး သူတို့ဂိုဏ်းတွင် သူတော်စင်တစ်ယောက်သာ ရှိလေရာ ထိုကဲ့သို့ ရလဒ်မျိုးကို မည်ကဲ့သို့ ဆောင်ယူနိုင်လေမည်နည်း။

လင်းကျန်းမှာ အသေးစိတ်ကို အလုပ်ရှုပ်ခံပြီး ရှင်းပြမနေခဲ့။ စွန်းယုအား သူတို့ ယခင်နေခဲ့သည့် နေရာဆီသို့သာ ပြန်ခေါ်သွားလေသည်။

လင်းကျန်ထွက်သွားပြီးမှပဲ စွန်းယု သက်ပြင်းချလိုက်နိုင်ပြီး ဘေးပတ်သို့ လှည့်ပတ်ကြည့်၍ အော်ခေါ်လိုက်လေသည် “စီနီယာ၊ စီနီယာရန်…”

“အော်မနေနဲ့၊ ငါတစ်ချိန်လုံး မင်းနောက် လိုက်လာနေခဲ့တာ” သူ့ဘေးမှ ရင်းနှီးနေသည့် အသံတစ်သံကို စွန်းယု ကြားလိုက်ရသည်။

အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ အနားရှိ ကုတင်ပေါ်တွင် ထိုင်နေသော ရန်ကိုင်ကို တွေ့လိုက်ရ၏။ စီနီယာ ဘယ်တုန်းက ရောက်လာမှန်းကိုပင် သူမသိလိုက်ချေ။ စွန်းယုမှာ ရန်ကိုင်၏ နည်းလမ်း များကြောင့် သူ့အား ထပ်မံ အထင်ကြီးသွားခဲ့ရပြန်သည်။

ထိုင်နေရာမှ အလျင်စလို ထပ်ရပ်၍ စွန်းယုက လေးလေးစားစားဖြင့် ဦးညွှတ်လိုက်လေသည် “ကျုပ်ဂိုဏ်းကို အခုလို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ကျုပ်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ နောက်ပိုင်းကျ ဒီအကြွေးကို စီနီယာရန်ဆီ ကျိန်းသေ ပြန်ပေးဆပ်မှာပါ”

ရန်ကိုင်က သူ့လက်ကိုသာ ဝှေ့ရမ်းလိုက်ပြီး “မင်းသာ ငါ့အကြောင်းထုတ်မပြောသရွေ့ အားလုံး အဆင်ပြေတယ်”

ရန်ကိုင်တစ်ကိုယ်လုံး ဖြတ်ရှ၊ ရှရာတို့ဖြင့် ပြည့်နေသည်ကို မြင်လိုက်သည်နှင့် စွန်းယု အံ့ဩသွားခဲ့ရသည်။ သူ့ဝတ်အစားများဆိုလျှင်လည်း သွေးစွန်းရာတို့ဖြင့် ပြည့်နေခဲ့လေသည်။ အထူးသဖြင့် သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကြီးပင်။ ထိုဒဏ်ရာမှ အေးစက်စက် အရှိန်အဝါတို့ ပျံ့လွင့်နေခဲ့ပြီး စီးကျလာသော သွေးမှန်သမျှ အေးခဲကုန်ခဲ့ကြ၏။

သို့သော်လည်း စွန်းယုအား ဇဝေဇဝါ ဖြစ်သွားစေသည် ကား ရန်ကိုင်သွေးသည် ရွှေရောင်လက်နေခြင်းပင်။

“စီနီယာ ဒဏ်ရာရထားတာလား” စွန်းယုက ရန်ကိုင်အား စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“ရှရာပွန်းရာလေးတွေပါပဲ” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “နည်းနည်းလေး အနားယူလိုက်ရင် ဒီဒဏ်ရာတွေက ပြဿနာတစ်ခု မဟုတ်တော့ဘူး”

“စီနီယာက ဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတာလဲ” စွန်းယု လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ တိုက်ပွဲ ဖြစ်နေသည့် တစ်လျှောက်လုံး ရန်ကိုင်လှုပ်ရှားသည်ကို သူမမြင်တွေ့ခဲ့။ ယန်ကျီနှင့် တိုက်ခိုက်နေသော ရွှေနဂါးကိုသာ မြင်တွေ့ခဲ့ရသည်။ ရွှေနဂါးသည်လည်း ဒစ်ရာများစွာ ရခဲ့သော်လည်း စီနီယာရန်ကပါ အဘယ်ကြောင့် ဒဏ်ရာရနေရသနည်း။

ထို့အပြင် စီနီယာရန်၏ ဝမ်းဗိုက်ရှိ ဒဏ်ရာသည် ရွှေနဂါးရခဲ့သည့် ဒဏ်ရာနှင့် အတော့်ကိုမှ ဆင်တူနေပေသည်။

ယန်ကျီ အစစ်အမှန်ချီကို စုစည်း၍ နဂါးဝမ်းဗိုက် ရှိရာကို သူ့လက်ဖြင့် ထိုးဖောက်လိုက်သည် စွန်းယု အသေအချာ မြင်တွေ့ခဲ့ပေသည်။

All Chapters