အခန်း (၈၅၁-၈၅၅)
Vol. 35 Ch. 851-855
အပိုင်း (၈၅၁)
ရန်ကိုင်သည် စိတ်ဝိဥာဉ်အစီအရင်ကို ချက်ချင်း ပြောင်းလိုက်သည့်အလား… ထို့အပြင် သူအစစ်အမှန်ချီ သုံးလိုက်သည်ကို မည်သူမှ မမြင်ခဲ့။
ဆေးမီးဖိုတွင် စိတ်ဝိဥာဉ်အစီအရင်တစ်ခုကို ရေးဆွဲနေစဉ် အစစ်အမှန်ချီကို ဖြည်းဖြည်းမှန်မှန်း သွန်းလောင်း၍ သေသေချာချာ ထိန်းချုပ်ရသည်။ သိုမှသာ အောင်မြင်မည်ဖြစ်သည်။ ယင်းသည် အစစ်အမှန်ချီကို မှင်ရည်အဖြစ် အသုံးပြုကာ ဆေးမီးဖိုအား စက္ကူချပ် အဖြစ် အသုံးပြုသကဲ့သို့ပင်။
သို့သော်လည်း ရန်ကိုင် အစစ်အမှန်ချီ သုံးလိုက်သည်ကို ဘယ်သူမှ မတွေ့ခဲ့ရပေ။
ထိုသို့ဆိုလျှင် စိတ်ဝိဥာဉ်အစီအရင်အသစ်သည် မည်သည့်နေရာမှ ရောက်လာခဲ့လေသနည်း။
“သူက စိတ်စွမ်းအင်နဲ့ ကောင်းကင်စိတ်အာရုံကို သုံးလိုက်တာပဲ” တုဝမ် တစ်ခုခုတွေးလိုက်မိပြီး ရုတ်တရက် ကောက်ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး…” ဟဲဖုန်းက ခေါင်းတရမ်းရမ်းဖြင့် ငြင်းဆိုလိုက်သည် “စိတ်စွမ်းအင်သုံးပြီး စိတ်ဝိဥာဉ် အစီအရင် ရေးဆွဲလို့ရတာ မှန်ပေမယ့် ဆေးပညာ မှာတော့ မရဘူး။ အဲ့လိုလုပ်မယ်ဆိုရင် စိတ်စွမ်းအင်ကုန်၊ စိတ်ဝိဥာဉ် အစီအရင်လည်း မပြီးမပြတ် ဖြစ်ပြီး ရင်ထားသမျှ ပစ္စည်းတွေ အကုန်ကုန်မှာ”
“မင်းဘာမင်း ကြည့်ကြည့်လိုက်” တုဝမ် ဆက်ရှင်းပြမနေတော့။ သူတို့ဘာသာသူတို့သာ ကြည့်ခိုင်းလိုက်သည်။
ရှိနေသူအားလုံးနက် ရန်ကိုင် တေဇောဓါတ် အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားသည် ဆိုသောအချက်ကို သူတစ်ယောက်သာ သိသည်။
ထျန်းဇန်လူအိုကြီးနှင့် အတူတူပင်။
သာမန်စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော စိတ်ဝိဥာဉ် အစီအရင်များကို ဆေးပညာတွင် အသုံးပြု၍ မရနိုင် သော်လည်း တေဇောဓါတ်အသိစိတ်ပင်လယ်နှင့် ပြုလုပ်ထားသော စိတ်ဝိဥာဉ်အစီအရင်ကိုမူ အသုံးပြုနိုင်သည်။ ဆေးပညာတွင် အသုံးပြုနိုင်ရုံမက အရည်အသွေးပိုင်းတွင်လည်း အစစ်အမှန်ချီဖြင့် ဖန်တီးထားသော စိတ်ဝိဥာဉ် အစီအရင်များထက် ပို၍ သာလွန်ပေသေးသည်။
အကုန်လုံး ရင်တထိတ်ထိတ်ဖြင့် ရန်ကိုင် လုပ်နေသည်ကို စိုးရိမ်တကြီး ကြည့်နေခဲ့ကြသည်။
သိပ်သည်းထားသော ဆေးအရည်များကို ဆေးမီးဖိုထဲသို့ တုန့်ဆိုင်းခြင်းမရှိ ပစ်ထည့်လိုက်သည်ကို မြင်သည်နှင့် အကုန်လုံး အသက်ရှုရပ်မတတ် ဖြစ်သွားခဲ့ကြသည်။
ထိုအဖိုးတန် ပစ္စည်းအားလုံး သုံးစားမရ ဖြစ်သွားမည်ကို အကုန်လုံး စိုးရိမ်နေခဲ့ကြသည်။
သို့သော်လည်း ဆေးအရည်များသည် ဆေးမီးဖို ထဲသို့ ရောက်သွားသည့်တိုင် စိတ်ဝိဥာဉ် အစီအရင် ပျက်သွားမည့် အရိပ်အယောင်မပြ။ အမျိုးမျိုးသော ဆေးအရည်များသည် အချင်းချင်း ပေါင်းစပ်ပျော်ဝင် သွားသဖြင့် အခန်းတစ်ခုလုံး သင်းပျံ့ပျံ့ ဆေးရနံ့တို့ဖြင့် ကြိုင်သင်းလာခဲ့သည်။
ဆေးဝိဇ္ဇာအားလုံး အံ့ဩနေခဲ့ရလေပြီ။ ရန်ကိုင်၏ ဆေးမီးဖိုထဲ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို မည်သူမှ နားမလည်တော့။
ရန်ကိုင်၏ အာရုံသည် ဆေးမီးဖိုပေါ်တွင်သာ ရှိနေခဲသည်။ သူ့လက်အဝှေ့နှင့်အတူ အစစ်အမှန်ချီ နိမ့်ချည်မြည့်ချည် ဖြစ်နေခဲ့ကာ မီးအပူချိန်သည်လည်း တိုးသွားလိုက်၊ လျော့သွားလိုက် ဖြစ်နေခဲ့သည်။
အကုန်လုံး၏ မျက်ဝန်းများ တဖျတ်ဖျတ် လင်းလက် တောက်ပနေခဲ့လေပြီ။
ခဏအကြာ၌ အက်ကွဲသံတစ်သံနှင့်အတူ ဆေးမီးဖို အတွင်းမှ အလင်းတစ်ချက် လက်သွားခဲ့သည်။
မီးဖိုတွင်းရှိ စိတ်ဝိဥာဉ် အစီအရင် နောက်တစ်ကြိမ် ထပ်မံ ပျက်စီးသွားခဲ့ပြန်လေရာ ဆေးဝိဇ္ဇာအားလုံး၏ တည်ငြိမ်စပြုနေသော စိတ်အစုံတို့ တစ်ဖန်ပြန်လည် ခုန်ပေါက်လာခဲ့ရပြန်သည်။
မျက်တောင်တစ်ခတ်အတွင်းတွင် တတိယမြောက် စိတ်ဝိဥာဉ်အစီအရင် ထွက်ပေါ်လာခဲ့သည်။
“ဒါ…” ဟဲဖုန်း မျက်လုံးပြူးနေခဲ့ရလေပြီ။ ဘာပြောလို့ ပြောရမှန်းပင် မသိတော့။
သူတို့ ဆေးဖော်စပ်လျှင်လည်း စိတ်ဝိဥာဉ် အစီအရင်များကို မပြောင်သည်မဟုတ်၊ ပြောင်း၏။ သို့သော် ရန်ကိုင်ကဲ့သို့ မြန်ဆန်ခြင်းမရှိ။ ယခု ရန်ကိုင် ပြသနေသော အမြန်နှုန်းသည် အလွန့်အလွန်ကိုမှ မြန်ဆန်လွန်းနေခဲ့ပေသည်။
သူတို့သည်လည်း ရန်ကိုင်သည် အစစ်အမှန်ချီဖြင့် ဆေးဖော်စပ်နေခြင်း မဟုတ်ဘဲ စိတ်စွမ်းအင်ဖြင့် ဆေးဖော်စပ်နေခြင်း ဖြစ်သည်ဟု စတင် ယုံကြည်စ ပြုလာခဲ့ကြလေပြီ။
ထိုကောင်လေး၏ စိတ်စွမ်းအင်သည် တစ်နည်းနည်း ထူးခြားနေသည်။
ရန်ကိုင်သည် မသေမျိုး တတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ရာ သူ့ကျင့်ကြံခြင်းသည် ဤနေရာတွင် ရှိနေသော လူအားလုံးထက် ပိုမြင့်သည်။ ထို့ကြောင့် ရန်ကိုင်နှင့် ပက်သက်၍ တစ်ခုခု မှားနေသည်ဟု ခံစားနေရလျှင်ပင် ရန်ကိုင် တေဇောဓါတ်အသိစိတ် ပင်လယ်အား ပိုင်ဆိုင်ထားသည် ဆိုသော လျှို့ဝှက်ချက်ကို မထုတ်ဖော်နိုင်ခဲ့။ ထို့ကြောင့် သူတို့ တော်တော်လေး စိတ်ရှုပ်နေခဲ့ရသည်။
အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းစွာအချိန် ကုန်ဆုံးသွားတိုင်း ဆေးမီးဖိုထဲရှိ စိတ်ဝိဥာဉ်အစီအရင် နောက်တစ်မျိုး ပြောင်းလဲသါားရသည်။ မည်သည့် အတွက်ကြောင့် ရန်ကိုင် ထိုကဲ့သို့ လုပ်နေမှန်း ဆေးဝိဇ္ဇာကြီးများ လုံးဝ နားမလည်နိုင်တော့။ ထိုကဲ့သို့ လုပ်ခြင်းသည် ဆေးဖော်စပ်ခြင်းအား ပို၍ အကျအရှုံး များစေနိုင်ပေသည်။
အချိန်တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့ပြီး အခန်းတွင်ရှိ ဆေးရနံ့တို့သည်လည်း တစထက်တစ သိပ်သည်းလာခဲ့ရာ လက်ရှိဆေးရနံ့သည် ဆေးဝိဇ္ဇာကြီးများ ဆေးဖော်စပ်စဉ်က ထွက်ပေါ်လာသည့် ဆေးရနံ့ထက် ပို၍ ပြင်းနေခဲ့လေပြီ။
“နှစ်နာရီပဲ ရှိသေးတယ်…” ထိုစကားကို ပြောလိုက်စဉ် ချန်ပေါင်၏ အဆီဖတ်တို့ တဆတ်ဆတ် တုန်ခါသွားခဲ့ရသည်။
ဆေးရနံ့ထွက်ပေါ်လာခြင်းသည် ဆေးလုံးဖော်စပ်ခြင်း ဖြစ်စဉ် ပြီးတော့မည်ဟု ဆိုလိုက်ခြင်း မဟုတ်လေလော။ သို့သော်လည်း ရန်ကိုင်သည် ထိုဆေးလုံးကို ဖော်စပ်ရန် အချိန်နှစ်နာရီသာ ယူခဲ့သည်။
ရန်ကိုင်နှင့် ယှဉ်ရသော သူတို့အားလုံးသည် တစ်ယောက်လျှင် အချိန်နှစ်ဆနီးပါ ပို၍ ယူခဲ့ကြသည်။
“ဒီကောင် တကယ်ပဲ သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်နေတာလား” ဟုန်ဖန်း မျက်မှောင်ကြုံ့သွားခဲ့ပြီး “ဒါမှမဟုတ် စိတ်ဝိဥာဉ်ဆေးလုံးကိုပဲ သူတော်စင်အဆင့် ဆေးအမယ်တွေသုံးပြီး ဖော်စပ်နေတာလား”
ဟုန်ဖန်း ပြောသည်မှာ ဖြစ်နိုင်ချေ ရှိသည်ဟု အကုန်လုံး တွေးမိလိုက်ကြသည်။
အဆင့်နိမ့် ဆေးလုံးများကို အဆင့်မြင့် ဆေးအမယ်များဖြင့် မဖော်နိုင်စရာ အကြောင်းမရှိ။ တစ်ချို့ သိပ်မကျွမ်းကျင်သေးသော ဆေးပညာရှင် များသည် ဆေးလုံး အောင်အောင်မြင်မြင် ဖော်စပ်နှုန်း မြင့်မားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပိုအဆင့်မြင့်သည့် ဆေးအမယ်များကို ရွေးချယ်တတ်ကြသည်။
ထို့ကြောင့် ရန်ကိုင်သည်လည်း ထိုကဲ့သို့ လုပ်နေခြင်း ဖြစ်သည်ဟု အကုန်လုံး ထင်သွားခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ နှစ်နာရီသည် သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်အတွက် အရမ်းကိုမှ တိုတောင်းလွန်းသည်။ သို့သော် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးဆိုလျှင်မူ ရန်ကိုင် အသက်အရွယ်နှင့် အမှန်တကယ် လိုက်ဖက်ညီသွားပေလိမ့်မည်။
“ဟူး… ဒီကောင်က ငါလူအိုကြီးကို လန့်အောင် လုပ်နေတာလား” ဟဲဖုန်းက အလန့်တကြား ချဲ့ကား ပြောဆိုလိုက်သည် “အခုဏတုန်းကဆိုရင် ငါတို့ လူအိုကြီးတွေ နေရာကို အစားထိုင်းဝင်ယူတော့မယ် ထင်ပြီး ထိုင်ငိုပစ်ချင်စိတ်တောင် ပေါက်လာတာ”
ချန်ပေါင်ကလည်း ရယ်သွမ်းသွေးလျက် “ဒါပေမယ့် ဒီကောင် လုပ်ပြသွားတာ တော်တော်လေး ကောင်းတယ်နော်။ မဟုတ်ဘူး… အရမ်းကောင်းတာ။ ဟေး၊ တုဝမ်၊ ဒီကောင်လေးကို ငါတို့ လျှပ်စီးသွား မြို့တော်ဆီ ပို့လိုက်ပါလား။ ငါသူ့ကို တကယ် ကောင်းကောင်း ဆက်ဆံမယ်ကွာ။ ငါ့အသက်နဲ့ အာမခံပြီးတော့ကို ကတိပေးတယ်”
တုဝမ်ကမှ ချန်ပေါင်၏ ပြောစကားကို မသိကျွေးကျွန် ပြု၍ ရန်ကိုင်ကိုသာ ဆက်ကြည့်နေခဲ့သည်။
ရန်ကိုင် စရိုက်အရ သူသည် ထိုကဲ့သို့ ဆေးအမယ် ဖြုန်းတီးသည့် အလုပ်မျိုး လုပ်လိမ့်မည် မဟုတ်ဟု တုဝမ် ခံစားနေရသည်။ ထိုအပြင် ရန်ကိုင် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် ဖြစ်နေခဲ့သည်မှာ တော်တော်လေးပင် ကြာနေခဲ့လေပြီ။ သူသာ စိတ်ဝိဥာဉ် အဆင့် ဆေးလုံးကို သန့်စင်ချင်သည် ဆိုပါက် သူတော်စင် အဆင့် ဆေးအမယ်များကို လုံးဝ ရွေးချယ်နေစရာ မလိုပေ။
မည်သို့သော ဆေးလုံးကို သူဖော်စပ်နေသနည်း။ အချိန်ကသာ ပြောသွားပေလိမ့်မည်။ သို့သော်လည်း တုဝမ်စိတ်ထဲ သိချင်စိတ်တို့ တဖွားဖွား ထွက်ပေါ်လာနေဆဲ။
ဆေးရနံ့သည့် အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ အားကောင်းလာခဲ့ရာ နောက်ဆုံးအဆင့် ပြီးတော့မည်မှန်း သိသာနေခဲ့လေပြီ။
ရုတ်တရက် ရန်ကိုင်သည် သူ့လက်အား ပို၍မြန်မြန် ဝေ့ဝိုက် ဝှေးရမ်းလျက် ရွှေရောင်အစစ်အမှန်ချီဖြင့် အကွေ့၊ အဝိုက်များကို ရေးဆွဲလိုက်လေသည်။ ထိုအကွေ့အဝိုက်များ အတူတကွ ပေါင်းစည်းသွားပြီး နောက် ဆန်းကြယ်ရှုပ်ထွေးသည့် စိတ်ဝိဥာဉ်အစီအရင် ဖြစ်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်းအကုန်လုံး မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေခဲ့ရသည်။
သို့နောက် အသစ်ဖြစ်ပေါ်လာသော စိတ်ဝိဥာဉ် အစီအရင်နှင့် ဆေးမီးဖိုထဲသို့ ဖြည်းဖြည်းချင်း ပေါင်းစပ် ပျောက်ကွယ်သွားခဲ့လေသည်။
ဆေးလုံးသည် အသက်ဝင်လာ၍ လွတ်မြောက်ရန် ကြိုးစားနေသည့်အလား ဆေးမီးဖို တဝုန်းဝုန်း တဒိုင်းဒိုင်း ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။
ပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်တို့သည်လည်း ဒီရေလှိုင်းတစ်လုံးတစ်ခုပမာ ဆေးမီးဖိုထဲသို့ တလဟော စီးဝင်တော့လေသည်။
ရန်ကိုင်၏ ဆေးမီးဖိုသည် အဆုံးမရှိသည့် တွင်းနက်ကြီး တစ်ခုပမာ ဝင်လာသမျှ မိုးမြေစွမ်းအင် အားလုံးကို အကုန်စုပ်ယူဝါးမြိုနေခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် အခန်းထဲတွင် ရှိနေသူ အားလုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲ သွားခဲ့ရာ ဘာဖြစ်လို့ ဖြစ်နေမှန်း သူတို့လည်း မသိတော့။
အချိန်နည်းနည်း ကြသွားသည့်အခါမှသာ အားလုံး ပြန်လည် တည်ငြိမ်တိတ်ဆိတ်သွားခဲ့သည်။
ဆေးမီးဖိုကို ပုတ်လိုက်ရာ ဆေးလုံးတစ်လုံး လှစ်ခနဲ ခုန်ထွက်လာခဲ့သည်။ ရန်ကိုင်သည် ထိုဆေးလုံးကို အလျင်အမြန် ဖမ်းယူ၍ အသင့်ပြင်ထားသည့် ကျောက်စိမ်း ပုလင်းထဲ ထည့်သိမ်းထားလိုက်သည်။
အသာအယာ သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး ဖော်စပ်ပြီးထားသော ဆေးလုံးကို အရင်မကြည့်သေးဘဲ မျက်လုံးပိတ်ကာ တင်ပလင်ခွေ ထိုင်လိုက်သည်။
အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေသည်နှင့် ဆေးဝိဇ္ဇာငါးယောက်လည်း အကြည့်ချင်း ဖလှယ် လိုက်ကြသည်။
ကျောက်စိမ်းပုလင်းရှိ ဆေးလုံးအဆင့်ကို သူတို့ လက်တန်း မပြောနိုင်ခဲ့။ သို့သော်လည်း ပုံမှန်မဟုတ်သည့် ဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့ရာ ထိုဆေးလုံးသည် သာမန် ဆေးလုံးတစ်လုံး မဟုတ်မှန်း အကုန်လုံး ပြောနိုင်ကြ၏။
အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသော်ငြား ရန်ကိုင်က နိုးမလား။ သိချင်စိတ်ကို မအောင့်အည်း နိုင်တော့သည့်အဆုံး၌ ချန်ပေါင်က ပြောလိုက်လေသည် “တုဝမ်၊ ဆေးပုလင်းကို ဖွင့်လိုက်ပါလား”
“ဟုတ်တယ်။ ဒီကောင်လေး ဘာဆေးလုံး သန့်စင်လိုက်လဲ ဆိုတာကို ငါလည်း သိချင်နေတာ။ စိတ်ဝိဥာဉ်ဆေးလုံးလား၊ သူတော်စင်ဆေးလုံးလား။ ငါတကယ်ကို သိချင်နေပြီ” ဟုန်ဖန်းကလည်း ဝင်ပြောလိုက်သည်။
ရန်ကိုင်သည် ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးအခွဲ၏ အဖွဲ့သား ဖြစ်လေရာ ယခု အချိန်၌ ဦးဆောင်လုပ်ရမည့်တာဝန်သည် တုဝမ်ဆီသို့ ပုံကျလာခဲ့သည်။
မိတ်ဆွေဟောင်း အားလုံးက တိုက်တွန်းလာသဖြင့် တုဝမ်လည်း ကူကယ်ရာ မဲ့မဲ့နှင့်သာ ပြန်ပြောလိုက်ရ၏ “ကောင်းပြီလေ…”
ဤသို့ဖြင့် တုဝမ်သည် အားလုံး၏ မျက်တောင် မခတ်စတမ်း အကြည့်အောက်၌ ရှေ့တက်၍ ဆေးပုလင်းကို ကောက်ယူလိုက်သည်။
“ဘာတွေ စောင့်နေတာလဲ။ မြန်မြန် ဖွင့်လိုက်လေ” ဟဲဖုန်းက လှမ်းအော်ပြောလာခဲ့သည်။
တုဝမ်လည်း မဲ့ပြုံးပြုံးလိုက်ပြီး ဆေးပုလင်း အဖုံးကို ဖွင့်လိုက်သည်။ သို့သော် ထိသို့ဖွင့်လိုက်သည့်အခိုက် စိမ့်ထွက်လာသော ဆေးရနံ့ကြောင့် သူ့လက် တုန်တုန်ရီရီ ဖြစ်သွားခဲ့ရသည်။
ဆေးလုံးကိုပင် ကြည့်စရာမလိုတော့။ ဆေးရနံ့နှင့်ပင် ရန်ကိုင် သန့်စင်လိုက်သော ဆေးလုံးသည် သူတော်စင် အဆင့် ဆေးလုံးတစ်လုံးဖြစ်မှန်း သူပြောနိုင်နေလေပြီ။
သူဒီလောက်တောင် လုပ်နိုင်နေပြီလား တုဝမ် အံ့ဩမှင်သက်နေခဲ့ရလေပြီ။
သို့သော်လည်း ကျောက်စိမ်းပုလင်းသည် သူ့လက်ထဲတွင် ကြာကြာမခံ။ အနားရှိ လူအိုကြီးများ၏ လုယူခြင်း ခံလိုက်ရလေသည်။ ဟဲဖုန်းသည် ကျောက်စိမ်း ပုလင်းထဲသို့ ငုံ့ကြည့်လိုက်ပြီးနောက် အသံကြမ်းကြီးနှင့် အော်ပြောလိုက်သည် “သူတော်စင်အဆင့် ဆေးလုံးကြီးဟ”
“ငါကြည့်ရအောင်…” ချန်ပေါင်းက အလျင်စလို ပြောလိုက်ပြီး ကျောက်စိမ်းပုလင်ကို ယူကာ ဟဲဖုန်း အပြော ဟုတ်မဟုတ် အတည်ပြုကြည့်လိုက်သည်။ သို့သော် သူတော်စင်အဆင့် ဆေးလုံးကို မြင်လိုက်သည်နှင့် သူ့အဆီဖတ်များ တဆတ်ဆတ် တုန်ခါသွားခဲ့ကာ မြင်လိုက်ရသည်ကို မယုံကြည်နိုင်သည့် အလား မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
ဆေးပုလင်းသည် ဆေးဝိဇ္ဇာ တစ်ယောက်ပြီး တစ်ယောက်ဆီ ရောက်နေခဲ့ရာမှ နောက်ဆုံး ခုန်ရို့ယု လက်ထဲသို့ ရောက်လာခဲ့သည်။
ဆေးလုံးကို ခဏလောက် စစ်ဆေးလိုက်ပြီးနောက် ခုန်ရို့ယု အမူအရာ လေးနက်သွားခဲ့ရသည်။ သူမ အမြင် မှားမမှား သေချာသွားစေရန် နောက်တစ်ကြိမ် စစ်ဆေး ကြည့်လိုက်ပြီးနောက် ကျန်လေးယောက်ဘက်သို့ လှည့်၍ “သက်ကြားအိုကြီးတွေ၊ ရှင်တို့ မျက်လုံး မကောင်းတော့ဘူးလား”
“ဘာလဲ။ သူတော်စင်အဆင့်ဆေးလုံး မဟုတ်လို့လား” ချန်ပေါင်က ပြန်မေးလိုက်သည်။
“ဟုတ်ပါတယ်။ သူတော်စင်အဆင့် ဆေးလုံးဆိုတာ ကျိန်းသေတယ်။ စီနီယာအစ်မခုန် ဘာပြောချင်နေတာလဲ” ဟဲဖုန်း မျက်မှောင်ကြုံ့သွားခဲသည်။
ခုန်ရို့ယုက ထူးထူးဆန်းဆန်း အမူအရာဖြင့် ပြုံးလိုက်ပြီး ကျောက်စိမ်းပုလင်းအား အားဆုံးဆီ ပြန်ပေးလိုက်ကာ “သေချာကြည့်ကြည့်။ ဒါက သာမန် သူတော်စင်အဆင့် ဆေးလုံးမဟုတ်ဘူး”
သူမ လေးနက်နေသည်ကို မြင်သော် အကုန်လုံး ဆေးလုံးကို နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်လိုက်၏။
ဆေးလုံးကို သေချာစစ်ဆေးကြည့်နေစဉ်၊ ဆေးလုံး မျက်နှာပြင်ထက် မှိန်ဖျဖျ အစင်းကြောင်းလေးများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအစင်းကြောင်းလေးများဆီမှ ပါးလျသော စွမ်းအင်လှိုင်းတို့ ဖြာထွက်နေခဲ့ပြီး သေသေချာချာ အနီးကပ် နားထောင်ကြည့်ပါက ရေးစီးနေသည့် အသံမျိုး ကြားရပေလိမ့်မည်။
“ဆေးသွေးကြောတွေလား” အကုန်လုံး တစ်ပြိုင်တည်း ထအော်လိုက်ကြသည်။
“ဟဲဟဲ။ ဆေးသွေးကြောပါတဲ့ သူတော်စင်အဆင့် ဆေးလုံး သန့်စင်တာကို ကိုယ်လိုက်မြင်လိုက်ရတာ တကယ်ကို မျက်စိပွင့်နားပွင့် အတွေ့အကြုံပဲ” ခုန်ရို့ယု၏ အသံတုန်ရီနေခဲ့သည်။
“ဒါ…” အခန်းထဲတွင် ရှိနေသူအားလုံး လုံးဝ မှင်သက်နေခဲ့ကြစရာ စကားပင် မပြောနိုင်တော့ပေ။
ရန်ကိုင် သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်နိုင်သည် ဆိုသောအချက်နှင့်ပင် သူတို့အား ထိတ်လန့်စေရန် လုံလောက်နေလေပြီ။ သို့သော် ရန်ကိုင်သည် သူတော်စင်အဆင့် ဆေးလုံးတင်မဟုတ်၊ ဆေးသွေးကြောပါသော သူတော်စင်အဆင့်လုံးကိုမှ သန့်စင်ပြသွားခဲ့သည်။
ဆေးသွေးကြောပါသော ဆေးလုံးကို သန့်စင်ရမှာ ဆေးပညာလမ်းကြောင်းကို တစိုက်မတ်မတ် လိုက်စားလာကြသည့် ဆေးဆရာကြီးများ၏ ထာဝရ အိမ်မက်ပင် ဖြစ်သည်။ သို့သော်လည်း ထိုပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ခဲ့သူဆို၍ အနည်းအကျဉ်းသာ ရှိလေသည်။
ဤနေရာတွင် ရှိနေသော ဆေးဝိဇ္ဇာငါးယောက်သည် သူတော်စင်အဆင့် ဆေးလုံးများစွာကို သန့်စင်ခဲ့ဖူးသော်ငြား ဆေးသွေးကြောပါသော ဆေးလုံး တစ်လုံးကိုပင် မသန့်စင်ဖူးသေးချေ။
ဆေးသွေးကြောပါသော ဆေးလုံးများ၏ အာနိသင်နှင့် တန်ဖိုးသည် သာမန်ထက် အဆပေါင်းများစွာ ပိုမို မြင့်မားသွားပေလိမ့်မည်။ အဖိုးအတန်ဆုံးသည်ကား ထိုဆေးလုံးကို အာနိသင်မပျက် ထာဝရသိမ်းထား နိုင်ခြင်းပင်။
ဆေးလုံး မဖျက်စီးခံရသရွေ့ နှစ်မည်မျှပင် ကြာစေကာမူ ဆေးအာနိသင် နည်းနည်းမှ လျော့ပါးသွားလိမ့်မည် မဟုတ်ချေ။
၎င်းသည် ဆေးသွေးကြောပါသော ဆေးလုံးများ၏ ထူးခြားချက်ပင်။
ယင်းသည်ကာ သာမန်ဆေးလုံးနှင့် ဆေးသွေးကြော မပါသော ဆေးလုံးများကြားမှ ခြားနားချက်ပင်။ ဆေးလုံး အဆင့်မည်မျှပင် မြင့်စေကာမူ၊ ဆေးသွေးကြော မပါပါက ဆေးလုံးအား မည်သိုပင် လုံခြုံအောင် သိမ်းထားပါစေ၊ အချိန်ကြာလာသည်နှင့် ဆေးအာနိသင်သည် တဖြည်းဖြည်း ယုတ်လျော့သွားပေလိမ့်မည်။
ထို့ကြောင့် သာမန်ဆေးလုံးကို ဖော်စပ်ပြီးပြီးချင်း သောက်သုံးသည်က အကောင်းဆုံးပင် ဖြစ်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၅၂)
ဆေးခန်းထဲတွင်၊ ဆေးဝိဇ္ဇာငါးယောက်သည် ရန်ကိုင် သန့်စင်ထားသော သူတော်စင်အဆင့် ဆေးလုံးကို တစ်ယောက် တစ်လှည့်စီ ကြည့်နေခဲ့ကြသည်။ ထိုဆေးလုံးကို ကြည့်ရင်း အကုန်လုံး အချိန် အတော်ကြာသည်အထိ ဆွံ့အစကားမပြောနိုင် ဖြစ်ခဲ့ကြရသည်။
ဆေးဝိဇ္ဇာများ ပြောနေသည်ကို နားထောင်နေသော မိနာသည်လည်း ကြက်သေသေနေခဲ့ရသည်။ မျက်ဝန်း လှလှလေးများသည်လည်း အချိန်နှင့်အမျှ တဖျတ်ဖျတ် လက်နေခဲ့သည်။ ရန်ကိုင်အား ကြည့်ကြည့်ပြီး အံတကြိတ်ကြိတ် လုပ်နေသည်မှာလည်း ခဏခဏ။
“ဒီကောင့်ကံကတော့… ကောင်းချက်ကွာ” အချိန် အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ချန်ပေါင်က တိတ်ဆိတ်မှုကို အရင်ဆုံး စတင် ချိုးဖျက်လိုက်သည်။
“ဟုတ်တယ်။ အရမ်းကို ကောင်းလွန်းတယ်” ဟဲဖုန်း ကလည်း သံယောင်လိုက်ပြောလိုက်သည်။
တုဝမ်က ထိုနှစ်ယောက်ကို ကြည့်ပြီး ရေရွတ်လိုက်၏ “ကံကောင်းသွားရုံ သက်သက်ပဲလား”
“ကံကောင်းသွားတာ မဟုတ်လို့ ဘာဖြစ်ရဦးမှာလဲ” ဟုန်ဖန်းက ရယ်သွမ်းသွေးလိုက်ပြီး “ဆေးသွေးကြော၊ ဆေးတိမ်တိုက်တို့ဆိုတာ ဆေးပညာရှင်တိုင်းရဲ့ အိမ်မက်ပဲ။ ဒါပေမယ့် အဲ့ဒါတွေ ပါတဲ့ ဆေးလုံးကို ဖော်စပ်နိုင်ဖို့က အရမ်းအရမ်းကို ခက်လွန်းတယ်။ ပြီးတော့ ဘယ်လိုဖော်စပ်ရမယ် ဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။ ဆေးသွေးကြော၊ ဆေးတိမ်တိုက် ပါတဲ့ ဆေးလုံးတိုင်းက ကံကောင်းသွားတာကြောင့် ချည်းပဲ။ ဒါပေမယ့် အဲ့လိုဆေးလုံးကို သန့်စင်နိုင်ဖို့ ကိုယ်သန့်စင်လိုက်တဲ့ ဆေးလုံးက လုံးဝ အပြစ်အနာ အဆာ ကင်းမဲ့နေရမယ့် ဆိုတဲ့ တစ်ချက်တော့ ရှိသေးတယ်။ အဲ့တစ်ချက်နဲ့တင် ဒီကောင်လေးက ငါတို့ထက် သာနေပြီ”
“ဟုတ်တယ်” ခုန်ရို့ယုကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည် “ငါဈာန်ဝန်စားခဲ့တုန်းက ငါသန့်စင်ခဲ့တဲ့ ဆေးလုံးကလည်း လုံးဝကို ပြီးပြည့်စုံနေပြီလို့တောင် ပြောလို့ရတယ်။ အဲ့ဆေးလုံးကို ငါအရမ်း ဂုဏ်ယူခဲ့ရတာ။ ဒါပေမယ့် ဒီကောင်လေးနဲ့ ယှဉ်လိုက်ရင်တော့ ငါ့ဆေးလုံးက အဲ့လောက် မဟုတ်တော့ဘူး”
ဆေးဝိဇ္ဇာအာလုံး ဆေးသွေးကြောပါသော ဆေးလုံးနှင့် ပက်သက်ပြီး မှတ်ချက်အသီးသီး ပေးနေချိန် တုဝမ်တစ်ယောက်သည် တိတ်တိတ်နေနေခဲ့သည်။
ကံသည်အခရာကျသော်လည်း ထိုဆေးလုံးကို ဖော်စပ်ရန်အတွင် ရန်ကိုင်သည် အမျိုးမျိုးသော စိတ်ဝိဥာဉ်အစီအရင်များကို မြန်မြန်ဆန်ဆန်၊ အကွက်ကျကျ အသုံးချသွားသည် ဆိုသောအချက်ကို လျစ်လျူရှုထား၍ မရချေ။
ဆေးသွေးကြောပါသော ဆေးလုံးကို သန့်စင်နိုင်ခြင်းသည် ကံကောင်းမှုသက်သက်ကြောင့် မဟုတ်ဘဲ ရန်ကိုင် အားထုတ်ကြိုးစားမှုကြောင့်သာ ဖြစ်သည်ဟု တုဝမ် တွေးနေခဲ့သည်။
“လူငယ်တစ်ယောက်ရဲ့ အလားအလာက…” ချန်ပေါင်က အလေးအနက် အမူအရာဖြင့် “ငါတို့ ဆေးလုံးတွေထုတ်ပြီး နှိုင်းယှဉ်ကြည့်ကြမလား”
“လိုသေးလို့လား” ဟဲဖုန်း ရှက်ရွံ့သွားခဲ့ရသည်။ ရန်ကိုင် ဆေးမဖော်စပ်ခန်က တစ်ယောက်ချင်းစီ တိုင်းသည် သူတို့ဖော်စပ်ထားသည့်ဆေးလုံးသည် အခြားသူများ၏ ဆေးလုံးထက် ပိုကောင်းသည်ဟု အပြည့်အဝ ယုံကြည်နေခဲ့ကြသည်။
ဆေးသွေးကြောများကို လျစ်လျူရှုထားလျှင်ပင် ရန်ကိုင်သည် သူတို့ထက် အချိန်တစ်ဝက်စော၍ ပြီးသွားခြင်း ဖြစ်လေရာ အကြီးဖြစ်ပြီး အငယ်ကိုပင် မနိုင်သည့်အကြောင်းကို တွေးရင်း အကုန်လုံး ရှက်ရွံ့သွားခဲ့ကြရသည်။
ဆေးဝိဇ္ဇာငါးယောက်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ယခုလေးတင် သူတို့သန့်စင်ခဲ့သော သူတော်စင်အဆင့် ဆေးလုံးများကို မသိမသာ ဝှက်ထားလိုက်ကြလေသည်။
----------------------------------
ရန်ကိုင်သည် ဥာဏ်အလင်းပွင့်သည့် အခြေအနေ တစ်ခုထဲသို့ ရောက်ရှိနေခဲ့သည်။ သူ့ဝိဥာဉ်သည် မြောက်မြားစွာသော စိတ်ဝိဥာဉ်အစီအရင်များမှတစ်ပါး အခြားမရှိသည့် လေဟာနယ်ထဲ ရပ်နေခဲ့သည်။
သူ့အသိစိတ်သည် လွန်ခဲ့သော နှစ်များအတွင်း အစစ်အမှန် ဆေးပညာနည်းလမ်းမှ ရရှိခဲ့သော အသိပညာ ဗဟုသုတများကြား ကူးကလန်ခတ်နေခဲ့သည်။ ယခင်နှစ်များအတွင်း အစစ်အမှန်ဆေးပညာနည်းလမ်း ထဲမှ သူလေ့လာခဲ့သမျှ အရာအားလုံးသည် လက်ရှိ အချိန်တွင် သူ့ရှေ့တည့်တည့်သို့ ရောက်နေခဲ့လေပြီ။
ယခုအချိန်မတိုင်ခင်အထိ ဆေးတာအိုဆိုင်ရာ ထိုအသိပညာ၊ အတွေ့အကြုံ ဗဟုသုတများသည် သူ့အသိစိတ် ပင်လယ်ထဲရှိ ပြန့်ကျဲနေသော မှတ်ဥာဏ်များသာ ဖြစ်နေကြသေးသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့အားလုံးနှင့် သူ့ကြား တစ်မျိုးတစ်မည် ဆက်နွယ်လာနေသည်ကို ရန်ကိုင် ခံစားမိနေခဲ့သည်။ ယခင်က မှတ်မိရုံ မှတ်မိနေခဲ့သော အရာများကို ဖြည်းဖြည်းချင်း စတင်နားလည် သဘောပေါက်စ ပြုလာခဲ့လေပြီ။
ပိတ်နေသော တံခါးတစ်ချပ် ရုတ်တရက် ပွင့်သွားပြီး ဆေးတာအိုဆိုင်ရာ လျှို့ဝှက်ချက်များကို ရန်ကိုင်အား ဖြည်းဖြည်းချင်း လှစ်ဟာပြသနေသည့်ပမာ…
ရန်ကိုင်လည်း ထိုတံခါးပေါက်ထဲ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။ သူ့စိတ်ကို လျော့ထားလိုက်ပြီး နည်းနည်းလေးပင် အချိန်မဖြုန်းတော့ဘဲ ထိုဥာဏ်အလင်းပွင့်နေသည့် အခြေအနေထဲ လုံးလုံး နစ်မြောနေလေိုက်လေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ့အသိစိတ်ပင်လယ်ထဲ မှတ်ကျောက်တင်းထားသည့်ပမာ ထိုးထွင်းမှတ်သား ထားသည့် အစစ်အမှန်ဆေးပညာလမ်းစဉ်ထဲရှိ အကြောင်းအရာ အားလုံးကို ရန်ကိုင် အပြည့်အဝ နားလည်သွားခဲ့သည်။ သူ့အတွက် ထပ်မံရှာဖွေ၊ လေ့လာစရာ နေရာမရှိတော့ပေ။
ယခု ဆေးပညာနည်းလမ်းထဲရှိ မည်သည့် အခန်းကဏ္ဍ၊ အကြောင်းအရာကိုမဆို ရှင်းပြနိုင်နေလေပြီ။
ဆေးတာအိုလမ်းစဉ်အပေါ် သူ့ခရီးလမ်းသည်လည်း အဆင့်သစ်တစ်ခုဆီသို့ ပေါက်မြောက်သွားခဲ့ရသည်။
ယခင်က တောက်ခြေတွင်ရပ်၍ အပေါ်သို့ မော့ကြည့်နေရသူဆိုပါက ယခုသူသည် တိမ်စိုင် တိမ်တိုက်များပေါ် ရပ်လျက် အောက်သို့ ငုံကြည့်နေရသူ ဖြစ်လာခဲ့လေပြီ။
ဆေးသွေးကြော၊ ဆေးတိမ်တိုက်များ ပါသော ဆေးလုံးများအား ဖော်စပ်ပုံဖော်စပ်နည်းပင် အပါအဝင် ဖြစ်သည်။
ဆေးပညာလမ်းစဉ်ကို လျှောက်လမ်းစဉ်အတွင်း တွေ့ဆုံကြုံကြိုက်ရသည်များသည် ကံကောင်းမှု သက်သက်ကြောင့်မဟုတ်၊ တိုက်ဆိုင်မှုသက်သက်ကြောင့် မဟုတ်။ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှုသည် အခရာ ကျပေသည်။
ဆေးသွေးကြောများသည် ဆေးလုံးတစ်လုံး၏ သွေးကြောများဖြစ်သည်။ ထိုဆေးသွေးများရှိလျှင် ဆေးလုံးတစ်လုံးသည် အာနိသင်မပျက် ထာဝရ တည်ရှိနိုင်သည်။
ဆေးတိမ်တိုက်သည် ဆေးသွေးကြောကို အဆင့်မြှင့်လိုက်သည့် ပုံစံတစ်မျိုး ဖြစ်သည်။
ထိုနှစ်မျိုးစလုံးသည် သဘာဝအလျောက် ဖြစ်လာသော စိတ်ဝိဥာဉ်အစီအရင်များ ဖြစ်ကြပြီး အစစ်အမှန် ဆေးပညာနည်းလမ်းထဲတွင် ပါဝင်သည့် မြောက်မြားလှစွာသော စိတ်ဝိဥာဉ်အစီအရင်များကို လေ့လာခြင်းဖြင့်သာ ၎င်းတို့ကို နားလည် သဘောပေါက် နိုင်သည်။
ထိုစိတ်ဝိဥာဉ်အစီအရင်နှစ်မျိုး နားလည် သွားသည်နှင့် ဆေးသွေးကြောနှင့် ဆေးတိမ်တိုက် ပါသော ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ချေ ပိုတိုးလာပေလိမ့်မည်။
ဆေးလုံးကို ဖော်စပ်နေချိန် နောက်ဆုံး အခိုက်အတန့် အရောက်၌ ရန်ကိုင်သည် စိတ်ကူးပေါက်သည့်အလျောက် လျှောက်လုပ်မိလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း အောင်ပင် အောင်မြင်သွားသဖြင့် သူကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့ရသည်။ ထို့သို့ဖြင့် ရန်ကိုင်သည် ဆေးသွေးကြောများ နောက်ကွယ်ရှိ သဘောသဘာဝကို မမျှော်လင့်ပဲ နားလည်သဘောပေါက်သွားနိုင်ခဲ့သည်။
ထို့ကြောင့် သူ့ဆေးတာအိုခရီးလမ်းသည်လည်း ပို၍ ခရီးပေါက်သွားခဲ့ရ၏။
သို့သော်လည်း ထိုနည်းဖြင့် ဆေးသွေးကြောနှင့် ဆေးတိမ်တိုက်ပင် ပါဝင်သော ဆေးလုံးများကို ဖော်စပ်နိုင်ချေ ရှိသော်လည်း ထိုနည်းလမ်းသည် အတော်လေး ပြဿနာများသလို ရှုံးနိမ့်နိုင်ချေလည်း ရှိပေသည်။
ဆေးဝိဇ္ဇာများ ရန်ကိုင် ကံကောင်းသွားသည်ဟု ကောက်ချက်ချလိုက်ခြင်းသည် မမှားသွားခဲ့။ ရန်ကိုင် အမှန်တကယ်ကို ကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။
အစစ်အမှန်ဆေးပညာနည်းလမ်းကို နားလည်သွားခြင်းဖြင့် သူ့ဆေးစွမ်းရည်သည်လည်း သိသိသာသာကို တိုးတက်လာခဲ့ရာ ရန်ကိုင် အတော့်ကိုမှ စိတ်လှုပ်ရှားနေခဲ့ရသည်။
ပျော်ပျော်ရွှင်ရွှင်ဖြင့် မျက်လုံးပြန်ဖွင့်လာခဲ့ပြီး ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ရာ ဘာကိုမှ မတွေ့လိုက်ရသဖြင့် ရန်ကိုင် မှင်သက်သွားခဲ့ရသည်။
သူသည် ဆေးဖော်စပ်ခန်းထဲ တင်ပလင်ခွေ ထိုင်နေဆဲပင်။ သို့သော် ဆေးဝိဇ္ဇာငါးယောက်၊ ရီရှုန်းနှင့် မိနာတို့မှာမူ မရှိတော့ချေပြီ။ သူ့အား စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေသော ဆံပင်နှစ်ဖက်ခွဲထားသည့် မိန်းမငယ်လေး တစ်ယောက်သာ ရှိနေခဲ့သည်။
သူနိုးလာသည်ကို သတိပြုမိသည့်အခိုက် မိန်းမငယ်လေး အလန့်တကြား ခပ်တိုးတိုး ထအော်မိလိုက်သည်။
“ဝူအာလား” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး “နင်ဘာလို့ ဒီကို ရောက်နေတာလဲ”
ဝူအာက သူမပုံစံကို အမြန်ပြန်ပြင်လိုက်ပြီး မကျေမချမ်းဖြင့် ပြန်ပြောလိုက်လေသည် “ကျွန်မဘာလို့ ဒီမှာ ရှိလို့ မရရမှာလဲ”
ကောင်မလေး၏ ပုံစံကြောင့် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ထိုမိန်းမငယ်လေး သူ့အပေါ် ဘာကြောင့် ရန်လိုနေသလဲ သူမပြောတတ်။ သူသိချင်သည်ကိုသာ အမြန်ကောက်မေးလိုက်သည် “ဆေးဝိဇ္ဇာငါးယောက်နဲ့ အခြားလူတွေကော”
“အချိန်အကြာကြီး ကြာသွားတာတောင် ရှင်နိုးမလားလို့ ရှင်နိုးလာတဲ့အထိ ဝူအာကို ဒီမှာ လာစောင့်ခိုင်းထားတာ” ဝူအာက မကျေမနပ် ဖြစ်နေသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
“မင်းအလုပ်ကြိုးစားခဲ့တာပဲ” ရန်ကိုင်က ခေါင်းလေး တညိတ်ညိတ်ဖြင့် မတ်တပ်ရပ်လိုက်သည်။
“ရှင်ဘာလို့…” ဝူအာက နှာခေါင်းရှုံလိုက်ပြီး “ဆေးပညာရှင်တစ်ယောက်ဆိုရင် ဝူအာကို ဘာလို့ ဆေးဖော်စပ်ခိုင်းရတာလဲ။ အဲ့အကြောင်း ပြန်ပြောတုန်းက စီနီယာအစ်မ ကျွန်မကို ရယ်လိုက်တာ…”
“သူဘာလို့ နင့်ကိုရယ်တာလဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။
“ဘာလို့ဆိုတော့ ဝူအာလို့ ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက်က သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက်အတွက် ဆေးဖော်စပ် ပေးမယ်ဆိုပြီး လုပ်နေလို့လေ… ရှင်က တကယ်ပဲ သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက်လား” ပြောပြီးသည်နှင့် ခေါင်းလေး ဆတ်ခနဲစောင်း၍ ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။
“အင်း” ယခုတစ်ကြိမ် ရန်ကိုင် မညာတော့။
သို့သော်လည်း ဝူအာက ပြုံးသာပြုံးလိုက်ပြီး “ကျွန်မ ရှင်ပြောတာကို မယုံပါဘူး။ ရှင်လား၊ သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်မှာ။ ကျွန်မကို နောက်ချင်လို့ စီနီယာအစ်မ လိမ်နေတာပဲ ဖြစ်ရမယ်”
“နင်ဘာလို့ ငါ့ကိုမယုံတာလဲ” ရန်ကိုင် စိတ်ဝင်စားသွားခဲ့သည်။
ဝူအားက လေးလေးနက်နက်ဖြင့် “သူတော်စင်အဆင့် ဆေးပညာရှင်တွေ အကုန်လုံးက ရှည်မျောမျော မုတ်ဆိတ်ဖြူကြီးတွေနဲ့ချည်းပဲ။ ရှင်က ဆံပင်တောင် ဖြူသေးတာမဟုတ်ဘူးလေ။ ဒါကြောင့် ရှင်လိမ်နေတာပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်တာ”
သူမစကားကြောင့် ရန်ကိုင် ဝါးလုံးကွဲ ရယ်မောတော့လေသည်။
ရန်ကိုင် သည်းလှိုင်အူလှိုင် အော်ရယ်နေသည်ကို မြင်သော် ဝူအာမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး “ရှင်ဘာကို ရယ်နေတာလဲ။ ဝူအာက ငယ်လေးလို့ဆိုပြီး လာနှပ်ချလို့ ရမယ်လို့ ထင်နေတာလား။ ရှင်စောင့်နေလိုက်။ ဒီအကြောင်းကို စီနီယအစ်မနဲ့ ပြန်တိုင်ပြောပြီး ရှင့်ကို သင်ခန်းစာပေးခိုင်းမယ်။ ပြီးတော့ ရှင်အကူအညီ တောင်းထားတဲ့ ဆေးလုံးတွေ၊ ဝူအာမှာ အချိန်မရှိလို့ အလုံး(၃၀)ပဲ ဖော်စပ်လို့ ပြီးသေးတယ်။ ကျန်တာကိုတော့ ရှင့်ဘာသာရှင် အခြားလူတွေဆီမှာ သွားအကူအညီ တောင်းတော့။ ရှင့်ဆေးပင်တွေကို ဝူအာ ပြန်ပေးမယ်”
“မလိုဘူး” ရန်ကိုင်က လက်ခါပြကာ “နင့်ဘာသာ နင်ပဲ သိမ်းထားလိုက်။ အဲ့ဆေးလုံးတွေက နင့်လက်ရှိ ကျင့်ကြံခြင်းအဆင့်အတွက် အသုံးဝင်မှာ ကျိန်းသေတယ်။ ဆေးပင်တွေကိုတော့ နင်လေ့ကျင့်ဖို့ပဲ သိမ်းထားလိုက်ၑ
ပြောနေရင်း တစ်ခုခုကို တွေးမိသွားဟန်ရကာ အနက်ရောင်သိုလှောင်နေရာလွတ်ထဲမှ ဆန်းကြယ်အဆင့် ဆေးပင်များကို ကောက်ကာငင်ကာ ထုတ်ယူလိုက်ပြီး “ဒါတွေကိုလည်း နင်ပဲယူလိုက်။ ငါ့အတွက် အသုံးမဝင်တော့ဘူး”
အစကမူ ဝူအာ ငြင်းဖို့ပင်။ တကယ်တော့ လောကကြီး၌ အလားရသည့် နေလယ်စာဆို၍ ရှိမှ မရှိလေရာ…
သူ့မရှေ့ရှိ လူသည် လူကောင်းဟန်ပေါက်သော်ငြား အပြင်ပန်းသဏ္ဏာန်ကို ကြည့်ရုံသက်သက်ဖြင့် လူတစ်ယောက်၏ အတွင်းစိတ်ကို မသိနိုင်ချေ။
သို့သော်လည်း မငြင်းရသေးခင်မှာပင် ဆေးပင် တစ်ပုံတစ်ခေါင်းကြီး သူမရှေ့ ထွက်ပေါ်လာခဲ့သည်။
ထိုဆေးပင်အပုံလိုက်ကြီးကို ကြည့်ရင်း ဝူအာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
ဆေးပင်များသည် အရမ်း အဆင့်မမြင့်သော်ငြား သူမအတွက်မူ အသုံးဝင်နေသေး။ ထိုဆေးပင်များကို ဆေးလုံးအဖြစ်သန့်စင်၍ ပြန်ရောင်းက ပိုက်ဆံ ရှာနိုင်ပေသည်။
အရေးအကြီးဆုံးသည်ကား ထိုကဲ့သို့ သန့်စင်၊ ဖော်စပ်ခြင်းဖြင့် သူမ၏ ဆေးစွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ပေသည်။
ငြင်းပယ်မည့် စကားလုံးများကို ခပ်မြန်မြန်ပဲ ပြန်မျိုချပစ်လိုက်သည်။
တဖြည်းဖြည်းနှင့် သူမရှေ့ရှိ ဆေးပင်အပုံလိုက်ကြီးသည် တောင်ပုံရာပုံမက များပြားလာခဲ့သည်။ သို့သော်လည်း ထိုလူငယ်လေးမှာ ယခုအချိန်ထိတိုင် သူ့သိုလှောင်အိတ်ထဲမှ ဆေးပင်များကို ဆက်လက်ထုတ်ယူနေသေး၏။
ဝူအာ လုံးဝကို မှင်သက်နေခဲ့ရလေပြီ။
အချိန်အတော်ကြာသွာသည့် အခါမှသာ ရန်ကိုင် ရပ်တန့်လိုက်ပြီး “ဒီအပုံလိုက်ကြီးကို သိုလှောင်အိတ်၊ လေးငါးအိတ်လောက်နဲ့မှပဲ ကာလိမ့်မယ်။ သွား၊ နင့်စီနီယာအစ်မနဲ့ ဆရာဆီကနေ နည်းနည်းလောက် သွားတောင်းလိုက်”
“အန်… အာ… အင်း…” ဝူအာ ငေးငိုင်ငိုင်၊ ကြောင်အမ်းအမ်း ဖြစ်နေသေးသည်။
ရန်ကိုင် နွေးထွေးစွာပြုံးလိုက်ပြီး ကောင်မလေး၏ ခေါင်းကိုပုတ်လျက် ထွက်သွားလိုက်လေသည်။
ရန်ကိုင် ထွက်သွားပြီး ခဏအကြာမှပဲ ဝူအာ ပြန်အသိဝင်လာခဲ့သည်။ ချက်ချင်းပဲ ဂါဝန်စလေးကို လက်ဖြင့်မ၍ သူမဆရာဆီမှ သိုလှောင်အိတ်တောင်းရန် အလျင်စလို ပြေးထွက်သွားလေတော့သည်။
လူအိုကြီး၏ တုဝမ်၏ အခန်းထဲတွင်၊ တုဝမ်သည် တင်ပလင်ခွေထိုင်၍ ကနေ့ ရန်ကိုင် ဆေးဖော်စပ်သည့် မြင်ကွင်းကို ပြန်မြင်ယောင်ရင်း သူမည်သည့် စိတ်ဝိဥာဉ် အစီအရင်များအား အသုံးပြုသွားသလဲ ဆိုသည်ကို အဖြေထုတ်ကြည့်နေခဲ့သည်။
သို့သော်လည်း တွေးလေတွေးလေ ပိုပို၍ ခေါင်းရှုပ်လာလေ ဖြစ်နေခဲ့ရသည်။
ရုတ်တရက် တံခါးခေါက်သံကြားသဖြင့် လူအိုကြီး တုဝမ်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ရသည်။ ဘယ်သူရောက်လာသလဲ ဆိုသည်ကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ချက်ချင်း အံ့အားသင့်သွားခဲ့ရပြီး “ဝင်လာခဲ့လေ”
ရန်ကိုင်လည်း အခန်းတံခါးဖွင့်ဝင်သွားလိုက်ပြီး လေးလေးစားစားဖြင့် လက်သီးဆုပ်နှုတ်ဆက်လိုက်သည်။
လူအိုကြီးတု ပြုံးလိုက်ပြီး ထိုင်ရာမှထကာ ရန်ကိုင် အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေး၍ “ဒီတစ်ကြိမ် အခြေအနေ ဘယ်လိုလဲ”
“အရမ်းကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်၍ ဆက်ပြောလိုက်သည် “လူအိုကြီးတုနဲ့ အခြား ဆေးဝိဇ္ဇာ လေးယောက်ကို ကျေးဇူးတင်ရဦးမယ်။ လူအိုကြီးတုတို့ ကြောင့်သာမဟုတ်ရင် ကျုပ်လည်း အခုလို အခွင့်အရေးမျိုး ရခဲ့မှာမဟုတ်ဘူး”
“မင်းက အရမ်းယဉ်ကျေးနေတာပဲကွ” တုဝမ်က ခေါင်းခါရမ်းလိုက်ပြီး “မင်းအခုလို လုပ်နိုင်ခဲ့တာ ကိုယ်ပိုင် စွမ်းရည်ကြောင့်ပဲလေ။ ရီရှုန်နဲ့ မိနာတို့လည်း အဲ့မှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့က ငါတို့လုပ်နေတာကို ကြည့်ပြီး ဘယ်လောက်မှ သိလိုက်တာမဟုတ်ဘူး။ မင်းတစ်ယောက်ပဲ အခုလိုလုပ်နိုင်ခဲ့တာ”
“အခြားဆေးဝိဇ္ဇာတွေရော” ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်သော်လည်း အခြားဘယ်သူ့ကိုမှ မတွေ့လိုက်ရသဖြင့် ရန်ကိုင်က မေးလိုက်သည်။
“ပြန်သွားကြပြီ။ သူတို့တွေက ဒီကို စိတ်ဝိဥာဉ် အစီအရင်နဲ့ ပက်သက်နဲ့ အဖြေလာရှာကြရုံပဲလေ။ သူတို့ လိုချင်တာ ရပြီးသွားပြီး လဝက်လောက်တော့ စောင့်နေလိုက်ပါသေးတယ်။ ဒါပေမယ့် မင်းက နိုးလာမယ့် အရိပ်အယောင်မပြတော့ သူတိုလည်း ထွက်သွားတော့ကော”
“အို။ ကျုပ်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်နေတာ” ရန်ကိုင် နောင်တရချင်သွားခဲ့သည်။
ထိုဆေးဝိဇ္ဇာကြီးများသည် ဆေးဖော်စပ်နေစဉ် အတွင်း သူတို့အသုံးပြုသွားသည့် နည်းလမ်းများကို နည်းနည်းလေးမှ ဖုံးကွယ်ခြင်းမပြုဘဲ သူမြင်နိုင်စေရန် ပွင့်ပွင့်လင်းလင်း ချပြသွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင် ထိုဆေးဝိဇ္ဇာများအား အလွန့်ကိုမှ ကျေးဇူးတင်နေမိသည်။
“နောင်ကျရင် အခွင့်အရေးရမှာပါ။ ဒီသက်ကြားအိုကြီးတွေက ဖင်ဂနာမငြိမ်တဲ့လူတွေ။ မပူနဲ့၊ မကြာခင်မှာပဲ ကျောက်တုံးမြို့တော်ဆီ ပြန်လာလိမ့်မယ်” တုဝမ် ရယ်မောလိုက်လျက် “အဲ့အခါကျမှပဲ ကျေးဇူးတင်စကားပြောလည်း နောက်မကျသေးပါဘူး”
/Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၅၃) အဓိကနှင့်သာမည
ခဏအကြာ တုဝမ်က ရန်ကိုင် သန့်စင်ထားသော ဆေးလုံးကို သူ့အား ပြန်ပေးလိုက်သည်။
ယခင်က သူတော်စင်အဆင့် ဆေးလုံးများကို ဆေးဝိဇ္ဇာများက ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ယခု ရန်ကိုင် နိုးလားသဖြင့် ဆေးလုံးအား ပိုင်ရှင်ဆီ ပြန်ပေးရတော့ပေမည်။
ရန်ကိုင်က ဆေးလုံးကို လက်ခံယူလိုက်ပြီးနောက် အတွေးထဲ ထပ်မံ နစ်မြောသွားပြန်သည်။
အစစ်အမှန် ဆေးပညာနည်းလမ်းအား အပြည့်အဝ နားလည်သွားသည့် အတွက်ကြောင့်ပေလား မသိနိုင်သော်ငြား သူ့လက်ထဲရှိ ဆေးလုံး၏ သဘောသဘာဝ၊ တစ်မူထူးခြား ကွဲပြားချက်များကို မကြည့်ဘဲနှင့်တင် သိနိုင်နေခဲ့လေပြီ။
ဆေးလုံးသည် သူ့တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့် အလား… တကယ်ကို အံ့ချီးဖွယ်ရာ ခံစားချက်တစ်မျိုးပင်။
“ဟုတ်သားပဲ၊ ငါမေးချင်နေတာ၊ မင်းဆေးဖော်စပ်လို့ ပြီးခါနီးမှာ… စိတ်ဝိဥာဉ်အစီအရင်တွေ တစ်မျိုးပြီး တစ်မျိုးပေါင်းလိုက်တာလေ… အဲ့ဒါက ဆေးသွေးကြော တွေနဲ့ ဆက်စပ်နေတာလား”
ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး “အမှန်ပဲ။ ဆေးသွေးကြောတွေ ဖြစ်ပေါ်လာရတာက ကံကောင်းသွားလို့ ဆိုပေမယ့် နောက်ဆုံး ဆေးဖော်စပ်လို့ ပြီးခါနီးမှာ ဆေးသွေးကြောတွေ ဖြစ်ပေါ်လာနိုင်ချေ မြင့်အောင် လုပ်နိုင်မည့် နည်းလမ်း တစ်ခုခုတော့ ရှိမှာပဲလို့ တွေးလိုက်မိတာနဲ့ စိတ်ဝိဥာဉ်အစီအရင် အများကြီးကို အသုံးပြုလိုက်တာပဲ”
“ဆေးသွေးကြော ဖြစ်ပေါ်လာနိုင်ချေကို တိုးမြှင့်တာလား” တုဝမ် မျက်လုံးများ တဖျတ်ဖျတ် လင်းလက်တောက်ပသွားပြီး အလျင်စလို ပြန်မေးလေသည် “ဖြစ်နိုင်ချေကို ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်လဲ”
ထိုနည်းလမ်းသာ အမှန်တကယ် အလုပ်ဖြစ်ပါက ထုန်းရွှမ်လောကကြီး၏ ဆေးပညာ တစ်ခေတ်ဆန်းသစ် ပြောင်းလဲသွားရပေလိမ့်မည်။ ဆေးသွေးကြော ပါသော ဆေးလုံးများကို မကြာခဏ သန့်စင်နိုင်ပါ ဆေးပညာရှင် များ၏ အဆင့်အတန်းသည်လည်း တစ်ဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။
သို့သော် ရန်ကိုင်က မဲ့ပြုံးသာပြုံးလျက် ခေါင်းခါရမ်းလိုက်ပြီး “အဲ့လိုကြီးတော့ အတိအကျ မပြောနိုင်ဘူး။ ဖြစ်ပေါ်လာနိုင်ချေကို တိုးမြှင့် ပေးနိုင်တယ်လို့ပဲ ပြောနိုင်ဦးမယ်။ တကယ်တော့ ကျုပ်လည်း အဲ့ဒါနဲ့ပက်သက်ပြီး ကောင်းကောင်း နားလည်သေးတာ မဟုတ်ဘူး… ဟိုးတစ်ခါတုန်းကပေါ့၊ ရှေးခေတ် ဆေးဝိဇ္ဇာကြီးတစ်ဦး ဖော်စပ်ထားတဲ့ ဆေးလုံးတစ်လုံးကို ကံကောင်းပြီး မတော်တဆ ရလိုက်တယ်လေ။ အဲ့ဆေးလုံးကို လေ့လာရင်းနဲ့ပဲ အခုလိုနည်းလမ်းမျိုး ပြန်ဖန်တီးနိုင်ခဲ့တာ။ ဒါပေမယ့် ကျုပ်ဖန်တီးလိုက်တဲ့ နည်းလမ်းက တကယ် အလုပ်ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး”
“ရှေးခေတ်က ဆေးလုံးတစ်လုံးလား” တုဝမ် အမူအရာ လေးနက်သွားခဲ့ပြီး “အဲ့သူတော်စင်အဆင့် ဆေးလုံးက ရှေးခတ်ကလာမှန်း မင်းဘယ်လိုသိတာလဲ”
“ဘာလို့လဲဆိုတော့ အဲ့ဆေးလုံးမှာ ဆေးသွေးကြော မရှိဘဲ… ဆေးတိမ်တိုက်ရှိနေလို့ပဲ။ သိပ်သည်းလာတဲ့ ဆေးစွမ်းအင် အရဆို နှစ်ထောင်ဂဏန်းက အနည်းဆုံးပဲ”
တုဝမ် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်အားတက်ကြွစွာဖြင့် မေးလိုက်လေသည် “ဆေးတိမ်တိုက်ပါတဲ့ သူတော်စင်အဆင့် ဆေးလုံးလား။ အဲ့ဆေးလုံး ဘယ်မှာလဲ။ ငါ့ကို တစ်ချက်လောက် ပြလို့ရမလား”
ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကုတ်လျက် ပြန်ပြောလိုက်၏ “ကျုပ်စားလိုက်ပြီ”
“မ… မင်း… စားပစ်လိုက်တာလား” တုဝမ်က မျက်လုံးပြူးသွားခဲ့သည်။
“တစ်ကိုယ်လုံး ပေါက်ကွဲတော့မတတ်ပဲ” ရန်ကိုင်က ခါးခါသီးသီး ပြုံးလျက် ပြန်ပြောလိုက်သည်။ ဆေးတိမ်တိုက် ပါသော ဆေးလုံးကို စားလိုက်ခြင်းသည် အမှန်တကယ်ကို အဆင်အခြင်ကင်းမဲ့သော အပြုအမူ ဖြစ်ပေသည်။ သို့သော်လည်း ထိုရှေးဟောင်း ဆေးလုံးကြောင့် ငါးရောင်ခြယ်ကြာပန်းသည် ခြောက်ယောင်ကြာပန်းအဖြစ်သို့ ဆင့်ကဲ ပြောင်းလဲသွားနိုင်ခဲ့သည်။
“ကောင်းကင်ကပေးတဲ့ ဆုကို ဖြုန်းရက်လိုက်တာကွာ” တုဝမ်က ရင်ထုမနာဖြစ်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည် “ဆေးတိမ်တိုက် ပါတဲ့ သူတော်စင်အဆင့် ဆေးလုံးကို မင်းက ဒီအတိုင်း စားပစ်လိုက်တာလား။ မင်း… မင်းကွာ… လုပ်ရက်လိုက်တာ”
တုဝမ် လုံးဝကို ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့သည်။
တုဝမ်၏ ခံစားချက်ကို ရန်ကိုင် နားမလည်သည် မဟုတ်၊ နားလည်ပေသည်။ ဆေးပညာရှင် တစ်ယောက်၏ ဆေးပညာအပေါ် နားလည်သဘောပေါက်မှုသည် အဆင့်တစ်ခုအထိသို့ ရောက်ရှိသွားသည်နှင့် ထိုဆေးပညာရှင်သည် အခြားဆေးပညာရှင်တစ်ယောက် ဖော်စပ်ထားသော ဆေးလုံးကို လေ့လာခြင်းဖြင့် ထိုဆေးပညာရှင် မည်သည့် နည်းလမ်းများကို သုံး၍ ဖော်စပ်ခဲ့သည်ကို ပြန်လည် ဖော်ထုတ်နိုင်ပေသည်။
ထိုစဉ်က ရန်ကိုင်လည်း ထိုကဲ့သို့ တွေးခဲ့ဖူးသည်။ ထို့ကြောင့် ဆေးလုံးကို မြိုချသန့်စင်လျက် စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
စိတ်ပေါက်ပေါက်နှင့် အော်ဟစ်နေပြီးနောက် တုဝမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လျက် ပြောလိုက်သည် “မင်းကံကောင်းနေလို့ပေါ့။ မဟုတ်ရင် အခုအချိန်ဆို ရန်ကိုင်ဆိုတာ ဒီလောကကြီးမှာ ရှိတော့မှာမဟုတ်ဘူး”
ဆေးတိမ်တိုက်နှင့် ဆေးသွေးကြောသည် မတူညီကြပေ။ ဆေးသွေးကြောသည် ဆေးအာနိသင်ကို အချိန်မည်မျှကြာပါစေ၊ ယုတ်လျော့မသွားအောင် ထိန်းသိမ်းထားနိုင်သည်။ သို့သော် ဆေးတိမ်တိုက်ကမူ ဆေးအာနိသင်ကို ထိန်းထားနိုင်ရုံမက အချိန် ကြာလာသည်နှင့်အမျှ ဆေးအာနိသင်ကို ပိုမို ကောင်းမွန်လာစေပေသည်။ အဘယ်ကြောင့်ဆိုသော် ဆေးလုံးပတ်လည်တွင် ဖြစ်နေသော ဆေးတိမ်တိုက်၏ အားဖြည်းပေးမှုကြောင့်ပင် ဖြစ်သည်။
ဆေးတိမ်တိုက်ဖြင့် အဆက်မပြတ် အားဖြည့်ပေးခြင်း ခံရသော နှစ်ထောင်ပေါင်းများစွာကြာပြီ ဖြစ်သည့် သူတော်စင်အဆင့် ဆေးလုံးတစ်လုံး၏ ဆေးအာနိသင် မည်မျှပြင်းထန်မည် ဖြစ်ကြောင်းကို စိတ်ကူးကြည့်နိုင်၏။
ဆေးလုံးကိုသောက်ပြီးနောက် ပေါက်ကွဲပြီး မသေသည်မှာ တကယ်ကို အဆန်းတကြယ် ဖြစ်နေပေပြီ။
“အဲ့သူတော်စင်အဆင့် ဆေးလုံးကနေ မင်းဘာတွေ နားလည်ခဲ့တာလဲ”
“ဘာကိုနားလည်လိုက်လဲဆိုတော့ ဆေးတိမ်တိုက်ကို… ဖန်တီးလို့ ရတယ်ဆိုတာပဲ။ ဒါကြောင့်ပဲ ဒီသူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်နေတုန်းက စိတ်ဝိဥာဉ်အစီအရင်တွေ အများကြီးကို အသုံးပြုလိုက်တာ။ အစတုန်းကတော့ သိပ်ပြီး မသေချာသေးဘူး။ အခုမှပဲ ပိုပြီး သေချာသွားတာ။ ဒါပေမယ့် အောင်အောင်မြင်မြင် ဖန်တီးနိုင်ချေကတော့ အရမ်းကြီး မမြင့်ဘူးပေါ့” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်သည်။
“ဖန်တီးနိုင်တာနဲ့တင် ကောင်းနေပြီ” တုဝမ်က ချက်ချင်းပဲ ပြန်ပြောလိုက်သည် “မင်းဒီနည်းလမ်းကို ကောင်းကောင်း လေ့လာနော်။ တစ်နေ့ ဒီနည်းလမ်းကို မင်းသာ အပြည့်အဝ နားလည်နိုင်ခဲ့ရင် ဆေးလောကကြီး တစ်ခုလုံး လုံးဝ ပြောင်းလဲသွားမှာ။ အကူလိုရင်လည်း ပြော။ အားနာမနေနဲ့။ ဒီလူအိုကြီးက တတ်စွမ်းသမျှ ကူညီပေးမှာ”
“အဲ့လိုဆိုရင်တော့ လူအိုကြီးတုကို ကြိုပြီးတော့ ကျေးဇူးတင်ထားရတော့မှာပေါ့။ နောက်ပိုင်းကျ ကျုပ် လူအိုကြီးတုကို တကယ် အလုပ်ရှုပ်စေမိမှာ” ရန်ကိုင်က ဘာကိုမှ ကွယ်ဝှက်ထားခြင်း မပြုဘဲ အမှန်အတိုင်း ရိုးရိုးသားသား ပြန်ပြောလိုက်သည်။
“ဟုတ်သားပဲ” တုဝမ်သည် တစ်ခုခုကို သတိရသွားသည့်အလား သိုလှောင်အိတ်ထဲသို့ လက်နှိုက်၍ ရွှေရောင်တောက်နေသော တံဆိပ်ပြား တစ်ချပ်ကို ထုတ်ယူလိုက်ပြီး “ဒါက မင်းရဲ့ တံဆိပ်ပြား အသစ်ပဲ။ အရင်တစ်ခုက စိတ်ဝိဥာဉ်အဆင့်နိမ့်ပဲ ရှိတာ။ မင်းက သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီဆိုမှတော့ ပြောင်းလဲသင့်ပြီပေါ့၊ မဟုတ်ဘူးလား”
“မလိုဘူး၊ လူအိုကြီးတု… ကျုပ်က အဲ့ဒါတွေကို ဂရုစိုက်တာမဟုတ်ဘူး”
တုဝမ်က ရန်ကိုင်ထိုကဲ့သို့ ပြောမည်ကို သိနေသည့် အလား ပြုံးလိုက်ပြီး “အဲ့လိုအရာတွေကို မင်းဂရုမစိုက်မှန်း ငါသိတယ်။ ဒါပေမယ့် ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးအခွဲရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ဒီတံဆိပ်ပြားကို မင်းဆီပေးဖို့က ငါ့တာဝန်ပဲလေ။ မင်း.. မင်းသာ သဘောတူမယ်ဆိုရင် ဒီအကြောင်းကို ဌာနချုပ်ဆီ ငါလှမ်းအကြောင်းကြားပေးမယ်။ မင်းလို အသက်ငယ်တဲ့ သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက် ရှိနေမှန် သူတို့သိသွားရင် အကုန်လုံး မျက်လုံးပြူးမျက်ဆံပြူးတွေ ဖြစ်ကုန်မှာ”
ထိုလူအိုကြီးများ မည်သို့ ဖြစ်သွားမည်ကို ကြိုတင် သိနေသည့်အလား တုဝမ် အားရစွာ ပြုံးလိုက်သည်။
“အဲ့လိုလုပ်နေစရာမလိုဘူး လူအိုကြီးတု” ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “အဆင့်မြင့်ဆေးပညာရှင် ဖြစ်ရတာ အဆင့်အတန်းမြင့်၊ ဂုဏ်မြင့်တယ်ဆိုရင် ပြဿနာတွေ လည်း တစ်ပုံတစ်ခေါင်းကြီးပဲ… နေ့တိုင် လူတစ်ယောက်ပြီး တစ်ယောက်အတွက် ဆေးဖော်စပ် ပေးနေရတာမျိုး ကျုပ်မလိုချင်ဘူး”
တုဝမ်အမူအရာ လေးနက်သွားခဲ့ပြီး သက်ပြင်း အရှည်ကြီးချလျက် “ငါမင်းကိုမေးရဦးမယ်။ အမှန်အတိုင်း ဖြေနော်”
လူအိုကြီးတု အမူအရာ လေးနက်သွားသည်ကို မြင်သော် ရန်ကိုင် အမူအရာလည်း လေးနက်သွားခဲ့ပြီး ခေါင်းညိတ်လိုက်ကာ “မေးပါ၊ လူအိုကြီးတု”
“ဆေးပညာကို တစိုက်မတ်မတ် တကယ် မလေ့လာချင်တာလား” တုဝမ်က ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည် “မင်းအရည်အချင်းနဲ့ဆိုရင် တစ်နေကျ လူအိုကြီးလီ ရောက်တဲ့အဆင့်ကိုတောင် ရောက်မှာ။ ဒီလောက်ကောင်းတဲ့ မျိုးစေ့တစ်စေ့ မြေဖုံးသွားမှာကို ငါတကယ် မမြင်ချင်ဘူး”
ရန်ကိုင်က ပြုံးလိုက်ပြီး အခိုင်အမာ ခေါင်းခါလျက် “လူအိုကြီးတု… ခင်ဗျားနဲ့ ကျုပ်က သူစိမ်းတွေလည်း ဟုတ်တာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်ဘာမှ ကွယ်ဝှက် ပြောမနေဘူး။ ကျုပ်တစ်ခါပြောဖူးတယ်လေ… ကျုပ်ဆန္ဒက သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကို တက်လှမ်းနိုင်ဖို့ပဲ။ ဆေးပညာဆိုတာ သိုင်းတာအို ပိုခရီးပေါက်အောင် ကူညီပေးတဲ့ အထောက်အပံ့ သက်သက်ပဲ… ဒီနေ့အထိလည်း ကျုပ်ရဲ့ အဲ့ဆန္ဒက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အဓိကနဲ့ ဒုတိယကို သွားရောထွးလိုက်လို့ မရဘူး”
ထိုစကားကို ကြားသည်နှင့် တုဝမ် အမူအရာ ညိုးကျသွားခဲ့သည်။
“ဒါပေမယ့်… ဆေးပညာကို လေ့လာတာက ကျုပ်အတွက်လည်း အကျိုးရှိတော့ နောက်ပိုင်းကျ ကျုပ်က သိုင်းပညာရော၊ ဆေးပညာကိုပါ နှစ်မျိုးစလုံး လေ့ကျင့်မှာ”
တုဝမ် မျက်မှောင်ကြုံ့သွားခဲ့ပြီး သက်ပြင်းချကာ “လမ်းနှစ်လမ်း ပြိုင်တူလျှောက်က တစ်လှမ်းကိုတော့ ကျိန်းသေ အားစိုက်ဖြစ်မှာမဟုတ်ဘူး… ဒါပေမယ့်၊ မင်းက ငယ်လည်းငယ်၊ အရည်အချင်းလည်း ရှိတော့ ငါစောင့်ကြည့်ပါဦးမယ်။ မင်းတစ်နေ့ သိုင်းပညာရော၊ ဆေးပညာရာပါ ထူးချွန်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာမဖြစ်လာဆိုတာကိုပေါ့”
ထိုစကားကို ပြောနေရင်း သူ့ရင်ထဲရှိ အထုံး ပြေသွားသည့်အလား ကျေနပ်အားရစွာ ရယ်မောလိုက်လေသည်။
ရန်ကိုင်လည်း ပြုံးလိုက်ပြီး ခေါင်းညိတ်၍ “စောင့်ကြည့်လိုက်ပါ”
“အင်း” တုဝမ်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “မင်းအကြောင်းကို ဌာနာချုပ်ဆီ ငါအကြောင်း မကြားတော့ဘူး။ ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်”
“ဘာလဲ”
“ဝူအာကို မင်းတွေ့ပြီးသွားပြီမလား” တုဝမ်က အဖြေကို တိုက်ရိုက် ပြန်မပြောခဲ့ပေ။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။
“ဘယ်လိုထင်လဲ”
“ဆေးပညာရော၊ သိုင်းပညာမှာပါ ပါရမီပါတယ်။ သူ့အရည်အချင်းက သာမန်ထက် အများကြီးပိုတယ်”
တုဝမ်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “အင်း။ ဆေးပညာရှင်အစည်းအရုံးအခွဲထဲမှာ ငါတို့ နည်းနည်းလေးပဲ ရှိတယ်။ အရင်တုန်းက ရီရှုန်နဲ့ မိနာပဲရှိတာ။ ရီရှုန်က နည်းနည်းထုံတယ်။ ဒါပေမယ့် အခွင့်အရေး လုံလုံလောက်လောက် ရှိမယ်ဆိုရင်တော့ ထပ်ပြီး တိုးတက်နိုင်တယ်။ သူတော်စင်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက်တောင် ဖြစ်လာနိုင်သေးတယ်။ မိနာကတော့ သူ့ထက်ပိုတော်တယ်။ ဒါပေမယ့် သူရဲ့ အနာဂတ်ကလည်း အကန့်အသတ်နဲ့ပဲ။ သူတောင်းစားကို သူဌေးဖြစ်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းမျိုးနဲ့ မကြုံသရွေ့ မိနာက ဒီလူအိုကြီးကို ကျော်တက်နိုင်မှာ မဟုတ်ဘူး… ဒါပေမယ့် ဝူကတော့ လုပ်နိုင်တယ်”
“လူအိုကြီးတု ပြောချင်တာက…”
“ဟဲဟဲ၊ အားလပ်ချိန်လေးဘာလေး ရှိရင် ဝူအာကို နည်းနည်းပါးပါး လမ်းညွှန်ပေးပါလားလို့။ မတော်တဆ ကံဆိုပြီး မင်းရဲ့ ဆေးပညာ အရည်အချင်းတွေသာ သဲဖုံသွားရမယ်ဆိုရင် ဒီလူအိုကြီး နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး”
“လူအိုကြီးက အတည်ပေါက်ကြီးနဲ့ လုပ်နေတာပဲ” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်သည်။
“ဝူအာကို မင်းကို ဆရာတင်းခိုင်းလိုက်လို့လည်း ရတယ်။ မင်းကော ဘယ်လိုထင်လဲ”
ရန်ကိုင် ကြက်သေသေသွားခဲ့ပြီး “လူအိုကြီးတု၊ ခင်ဗျားပြောသလိုပဲ၊ ကျုပ်က ငယ်ပြီး လုံးလုံးကြီး ရင့်ကျက်သေးတာ မဟုတ်တော့ ဝူအာကို ဘယ်လိုလုပ်ပြီး တပည့်အဖြစ် လက်ခံလိုက်လို့ ဖြစ်ပါ့မလဲဗျ။ ပြီးတော့ ကျုပ်မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတော့ သူ့ကို သိပ်ပြီး အချိန်ပေးဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျား ပထမဆုံး ပြောတဲ့အစီအစဉ် အတိုင်းပဲ သွားလိုက်မယ်”
“အင်း… ကောင်းပြီလေ။ ဒီလူအိုကြီးလည်း မင်းကို တွန်းအား ပေးမနေတော့ပါဘူး”
တုဝမ် ပြောသွားသည်ကို ရန်ကိုင် ကောင်းကောင်း နားလည်ပေသည်။ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်နှင့် အညီ၊ သူသည် အခြေအနေများကြား ပြေးလွှား လှုပ်ရှား နေရသည်။ တစ်နေ့ မတော်တကျ သူသေသွားခဲ့သည် ရှိသော် သူကျွမ်းကျင်ထားသည့် ပညာရပ်အားလုံး ပျောက်ကွယ်သွားရပေလိမ့်မည်။
ထိုကဲ့သို့ အဖြစ်အပျက်မျိုး လူအိုကြီးတု မမြင်ချင်ပေ။
ထို့ကြောင့် ရန်ကိုင်အား ဝူအာကို လမ်းညွှန်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
လူအိုကြီးတု၏ တောင်းဆိုချက်ကို လက်ခံပြီးနောက် ကောင်းကင်ဂိုဏ်းတော်သို့ ချက်ချင်း မပြန်တော့ပေ။ မိနာ ဤနေရာတွင် သူခဏနေဦးမည်ဖြစ်ကြောင်း ကောင်းကင် ဂိုဏ်းတော်ဆီသို့ အကြောင်းကြားခိုင်းလိုက်သည်။
သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက်နှင့် မဝေးတော့သဖြင့် သူ့ဆေးပညာ စွမ်းရည်ကို မြှင့်တင်ရန် လိုအပ်နေခဲ့လေပြီ။
အချိန် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်၏ ထိုရက်များအတွင်း မိနာနှင့် ဝူအာတို့ဖြင့်သာ အချိန် ဖြုန်းနေခဲ့သည်။
သူသိနားလည်ထားသမျှ ဆေးပညာဆိုင်ရာ အသိပညာ အားလုံးကို မိန်းကလေးနှစ်ယောက်အား မခြွင်းမချန် သင်ပေးနေခဲ့ရာ မိနာနှင့် ဝူအာတို့လည်း အလျင်အမြန် တိုးတက်လာခဲ့ရသည်။
ရီရှုန်းသည်လည်း ရန်ကိုင် သင်ကြားပြသသည်ကို မကြာခဏ အရှက်မရှိ ဝင်နားထောင်တတ်သည်။
သို့သော်လည်း သူ့အတွက် အတော်လေးကိုမှ နားလည်ရ လွယ်ကူသော စိတ်ဝိဥာဉ်အစီအရင်များသည် ထိုလူများအတွက် အတော်လေးကိုမှ ခက်ခဲနေခဲ့သည်။ သူကိုယ်တိုင်သာ သင်ကြားပြသနေခြင်း မရှိခဲ့လျှင် ဆိုဖွယ်မရှိတော့။
သို့သော်လည်း ထိုကဲ့သို့ ဖြစ်သည်မှာ မထူးဆန်းလှ။
ထိုစိတ်ဝိဥာဉ်အစီအရင်များ၊ သဘေားတရားများကို သူလွယ်လွယ်ကူကူ ဖမ်းဆုပ်နားလည်နိုင်ခဲ့ခြင်းမှာ အစစ်အမှန်ဆေးပညာနည်းလမ်းကို သူ့အသိစိတ် ပင်လယ်ထဲ တိုက်ရိုက် မှတ်ကျောက်တင်ထားခဲ့ခြင်း ကြောင့်ဖြစ်ပေသည်။
သုံးယောက်အနက် ဝူအာသည် အတော်ဆုံး ဖြစ်သည်။ တကယ်တော့ သူမသည် ဆေးပညာနှင့် ထိတွေ့သည်မှာ မကြာသေးဘူး မဟုတ်လေလော။ ထို့ကြောင့် အသစ် အသစ်သော အကြောင်းအရာများကို မှတ်သားရန်မှာ သူမအတွက် ပို၍ လွယ်ကူနေခဲ့သည်။ မိနာသည်လည်း တော်တော်လေး တော်ပေသည်။ ရီရှုန်တစ်ယောက်သာ လေးနေခြင်းဖြစ်သည်။ တစ်ခါတစ်ရံ သူ့မှာ ကြိမ်ဖန်များစွာ၊ နည်းလမ်းများစွာဖြင့် ရှင်းပြသော်ငြား ရီရှုန် လုံးဝနားမလည်ခဲ့။
ထိုကဲ့သို့ သုံးလေးကြိမ်နောက် ဖြစ်ပြီးနောက် ရီရှုန်ရှက်သွားပြီး ဤနေရာသို့ ထပ်မလာတော့ချေ။
အချိန်ကြာလာသည်နှင့် ရန်ကိုင်အပေါ် ဝူအာ၏ သဘောထား ပြောင်းလဲလာခဲ့ရသည်။ သူအား ယခင်က ကဲ့သို့ ရန်လိုခြင်းမရှိတော့ဘဲ ရန်ကိုင်အား လေးပင် လေးစားလာခဲ့သည်။
ကောင်မလေးသည် အမြဲတမ်း တက်ကြွနေခဲ့သည်။ သူသင်ကြားပြသနေစဉ်အတွင်း ကောင်မလေးဆီမှ အမျိုးမျိုးသော အကြံဥာဏ်များ ထွက်လာတတ်သည်။ သူမ သာမန်ကာလျှံကာ ပြောလိုက်သည့် စကားအချို့ကြောင့် ရန်ကိုင် အကျိုးအမြတ် ရသွားသည့် အခိုက်အတန့်များလည်း ရှိခဲ့ဖူးပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၅၄) နှင်းတောင်ထဲသို့ပြန်ဝင်ခြင်း
မျက်တောင်တစ်ခတ်အတွင်း သုံးလ ရှိသွားခဲ့လေပြီ။
ထိုသုံးလအတွင်း ရန်ကိုင်သည် ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးအခွဲတွင် နေ၍ ဝူအာနှင့် မိနာတို့အား စဉ်ဆက်မပြတ် လမ်းညွှန်ပြသ ပေးနေခဲ့သည်။
ဝူအာ ပိုတော်လာသည်ကို ကြည့်ရင်း ရန်ကိုင်လည်း ထိုကောင်မလေးအား သင်ပေးရန် ပို၍ စိတ်အားထက်သန် လာခဲ့ရသည်။
တစ်နေ့၊ ဆေးဖော်စပ်ခန်းထဲ သူအလှုပ်ရှုပ်နေစဉ် နောက်ဘက်မှ လှုပ်ရှားသံများကြားသဖြင့် လှည့်ကြည့်လိုက်ရာ စိုးရိမ်ပူပန်နှင့် အမူအရာဖြင့် သူ့ဆီ လှမ်းလာနေသော လူအိုကြီးတုကို တွေ့လိုက်ရသည်။
ဂျူနီယာသုံးယောက်စလုံး အလျင်အမြန် ထကာ နှုတ်ဆက်လိုက်ကြသည်။
လူအိုကြီးတုက လက်ဝှေ့ရမ်းပြလိုက်ပြီး “ဒီလူအိုကြီး ပြောစရာရှိတယ်။ တကယ်လို့ မလိုအပ်ရင် ဒီအတောအတွင်း အပြင်မထွက်တာ ကောင်းလိမ့်မယ်”
“ဘာဖြစ်လို့လ” မိနာက မေးလိုက်သည်”
“အပြင်ဘက်က အခြေအနေတွေက သိပ်ငြိမ်နေတာ မဟုတ်ဘူး…” လူအိုကြီးတု၏ လေသံ လေးနက်သွားပြီး “မဆင်မခြင် ထွက်သွားရင် ပြဿနာတွင်းထဲ ကျသွားလိမ့်မယ်”
“ဘာပြဿနာလဲ” မိနာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ရန်ကိုင်လည်း မျက်မှောင်ကြုံ့လျက် ရုတ်တရက် ကောက်မေးလိုက်သည် “ကျောက်တုံးမြို့တော်ကို အပြင်လူတွေ စုပြုံရောက်လာတာနဲ့ ဆိုင်တာလား”
လူအိုကြီးတုက ရန်ကိုင်အား အံ့အားသင့်နေသည့် အကြည့်ဖြင့် ကြည်၍ ဆက်ပြောလိုက်သည် “ဟုတ်တယ်။ မင်းလည်း သတိပြုမိတဲ့ပုံပဲ။ လွန်ခဲ့တဲ့လတုန်းက ကျောက်တုံးမြို့တော်မှာ မျက်နှာစိမ်းကျင့်ကြံသူတွေ အများကြီး ထွက်ပေါ်လာတယ်လေ။ ပြီးတော့ ဒီမှာပဲ စခန်းချပြီး တစ်ခုခုကို ရှာဖို့လား မသိပါဘူးကွာ။ လူလိုက်စုနေကြတယ်”
ရန်ကိုင်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်သည်။
ရန်ကိုင်သည် ဆေးပညာရှင်အစည်းအရုံးထဲမှ မထွက်သော်ငြား ကျောက်တုံးမြို့တော်ထဲ ဖြစ်ပျက်သမျှ အရာအားလုံးသည် သူ့ကောင်းကင်စိတ်အာရုံအောက်မှ မလွတ်မြောက်ခဲ့ပေ။
အမျိုးမျိုးသော ကျင့်ကြံသူများ ကျောက်တုံး မြို့တော်သို့ ခဏပြီးခဏ ရောက်ရှိလာပြီး အမျိုးမျိုးသော ကျင့်ကြံရေးပစ္စည်းများ၊ အကူပစ္စည်းများ ဝယ်ယူကာ အလျင်စလို ပြန်ပြေးထွက်သွားခဲ့ကြသည်။ ယင်းကား လုံးဝ ပုံမှန်မဟုတ်ချေ။
အထူးသဖြင့် မနှောင်းခဲ့သော အချိန်အတွင်း မျက်နှာစိမ်းကျင့်ကြံသူများ ပိုပို ရောက်လာခဲ့ကြပြီး ထိုသူများသည် ကျောက်တုံးမြို့တော်အား ရိက္ခာထောက်ပံ့ရေး မြို့တစ်ခုအဖြစ် အသုံးပြုနေဟန် ရကာ လိုအပ်သည့် အထောက်အပံ့ ပစ္စည်းများ ဝယ်ယူပြီးသည်နှင့် အလျင်စလို ပြန်လည် ထွက်ခွါသွားကြလေသည်။
အကုန်လုံးသည် အဆုံးမဲ့နှင်းတောင်တန်းအား စူးစမ်းရှာဖွေနေကြသည့်ပုံပင်…
ခဏလောက် စဉ်းစားနေပြီးနောက် ရန်ကိုင်က လူအိုကြီးတုအား ထပ်မေးလိုက်သည် “လူအိုကြီးတု၊ အသေးစိတ်သိလား”
လူအိုကြီးတုက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး “နည်းနည်းတော့သိတယ်။ ဒီနေ့ ရှေးဟောင်းလဂိုဏ်ဂူ ဂိုဏ်းက ရန်ကျင်းနဲ့ လောရှုန်းဂိုဏ်းက မြောင်တတို့ ငါ့ဆီ ရောက်လာပြီး အဆိပ်ဖြေဆေး နည်းနည်းပါးပါး လာဖော်စပ်ခိုင်းတယ်လေ။ အကြောင်းအရင်းကို မေးကြည့်လိုက်တော့ နှင်းတောင်တန်းထဲသွားပြီး တစ်ခုခုကို ရှာဖို့တဲ့။ အဆိပ်ဖြေဆေးက လိုရမယ်ရ ပြင်ဆင်သွားတာတဲ့… အင်း။ သူတို့ ရှာနေတဲ့အရာ အဆိပ်ရှိတာ တစ်ခုခုနဲ့ ပက်သက်နေမယ်ထင်တယ်”
အဆိပ်ဖြေဆေးအား သောက်ထားလျှင် အမျိုးမျိုးသော အဆိပ်များကို ယာယီ ခုခံနိုင်ပေလိမ့်မည်။ တုဝမ်ကဲ့သို့ ဆေးဝိဇ္ဇာတစ်ယောက် ဖော်စပ်ပေးသည့် အဆင့်မြင့် အဆိပ်ဖြေဆေးကို သောက်ထားလျှင်မူအား အဆိပ်အားလုံးကို ခုခံနိုင်ပေလိမ့်မည်။ ဈေးကြီးသော်ငြား ပေးရသည်နှင့် ထိုက်တန်ပေသည်။
ရှေးဟောင်းလလိုဏ်ဂူမှ ရန်ကျင်းနှင့် လော့ရှုန်းဂိုဏ်းမှ မြောင်တ၏ နာမည်များကို ရန်ကိုင် ကြားခဲ့ဖူး၏။
ကျောက်တုံးမြို့တော်နှင့် အနီးတစ်ဝိုက်တွင် ဂိုဏ်းကြီးလေးဂိုဏ်း ရှိပေသည်။
မဟာကောင်းကင်ဂိုဏ်း၊ မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၊ ရှေးဟောင်းလလိုဏ်ဂူနှင့် လော့ရှုန်းဂိုဏ်း တို့ပင်…
ယခင်က ရန်ကိုင်သည် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်၏ ဂုဏ်သရေရှိဧည့်သည် လုပ်ခဲ့ဖူးသည်။
ကျောက်တုံးမြို့တော်သို့ ရောက်စဉ်က တုဝမ်သည် ရန်ကိုင်အား အနီးအနားတစ်ဝိုက်ရှိ အမျိုးမျိုးသော အင်အားစုများအကြောင်းကို ရှင်းပြဖူးခဲ့သည်။ ဂိုဏ်းလေးဂိုဏ်းအနက် ကောင်းကင်ဂိုဏ်းတော်သည် အားအကောင်းဆုံးဖြစ်ပြီး ကျန်သုံးဂိုဏ်းသည် မျှခြေ အခြေအနေတွင်သာ ရှိနေခဲ့သည်။ မည်သည့်ဂိုဏ်းမှ သူတော်စင်အဆင့် ပညာရှင်များကို ပိုင်ဆိုင်ထားခြင်း မရှိပေ။
ရန်ကျင်းနှင့် မြောင်တတို့သည် ကျောင်းတော်သခင် ရှချုန်းယုနှင့် အဆင့်တူ မသေမျိုးတတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
နှင်းတောင်တန်းအား အပြင်လူများသာ စူးစမ်းနေခြင်း မဟုတ်တော့။ အနီးအနားတစ်ဝိုက်ရှိ ရှေးဟောင်း လဂိုဏ်ဂူနှင့် လော့ရှုန်းဂိုဏ်းတို့ပါ စူစမ်းရန် ပြင်နေခဲ့လေပြီ။
တုဝမ်ပြောနေသည်ကို ကြာပြီးနောက် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်ကာ ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ ထို့ကြောင့် ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံအား အပ်ချည်မျှင် တစ်ချောင်းသဖွယ် ဖွဲ့စည်း၍ ကီလိုမီတာ ထောင်ပေါင်း များစွာအကွာသို့ သတင်းစကား ပေးပို့လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူ့ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ ယခု ရန်ကိုင် အမူအရာ အလွန့်အလွန်ကိုမှ လေးနက်နေခဲ့လေပြီ။
“လူအိုကြီးတု၊ ကျုပ်သွားရတော့မယ်” ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်သည်။
“အာ” လူအိုကြီးတု ကြောင်သွားခဲ့သည်။ ရန်ကိုင်အား အပြင်မထွက်ရန် သတိလာပေးခြင်း ဖြစ်သော်လည်း သူ့သတိပေးစကားကို ကြာပြီးနောက် ရန်ကိုင်က သူအပြင်ထွက်ရမည်ဟု ပြောလာခဲ့သည်။ ခဏလောက် စဉ်းစားပြီးနောက် တုဝမ်က ပြန်မေးလိုက်သည် “အပြင်လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေတဲ့ ကိစ္စက မင်းနဲ့ ပက်သက်နေတာလား”
ရန်ကိုင်က ခါးခါးသီးသီး ပြုံးလျက် “ကျုပ်ထင်တာ မှားပါစေလို့ပဲ ဆုတောင်းရတော့မယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ သိပ်မရှိလှဘူး”
တုဝမ် လုံးဝကို စိတ်ရှုပ်နေခဲ့ရလေပြီ။ ရန်ကိုင်ကို ခဏလောက် စိုက်ကြည့်နေပြီးနောက် “မင်းလုံခြုံရေးကို သေချာဂရုစိုက်နော်။ ကောင်းကင်ဂိုဏ်းတော်ကို ချက်ချင်း ပြန်သွားရင်း အကောင်းဆုံးပဲ။ အဲ့မှာ မင်းရဲ့ ဂိုဏ်းတူ စီနီယာလေးယောက်ကို အရင်သွားရှာလိုက်။ သူတို့ ရှိနေရင် မင်းဘာအန္တရာယ်နဲ့မှ ကြုံရတော့မှာ မဟုတ်ဘူး”
“အင်း၊ ကျုပ်အဲ့လိုလုပ်ပါမယ်” ရန်ကိုင်က ပါးစပ်ထဲရှိသလို ပြောလိုက်ပြီးနောက် ချက်ချင်း ပြေးထွက်သွားလေသည်။
သူထွက်သွားပြီးနောက် တုဝမ်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် စိတ်ညစ်ညစ်ဖြင့် “ဒီလိုဖြစ်မယ်မှန်း သိခဲ့ရင် လာမပြောလိုက်ပါဘူးကွာ…”
မိနာသည် မျက်မှောင်ကြီးကြုံလျက် “လူအိုကြီးတု၊ အပြင်မှာ ဘာတွေဖြစ်နေတာလဲ။ ဘာကိစ္စမို့လို့ ရန်ကိုင် အလောတကြီး ပြေးထွက်သွားရတာလဲ”
“ငါလည်းမသိဘူး… သူလုံခြုံပါစေလို့ပဲ ဆုတောင်းရတော့မယ်” တုဝမ်က ပြန်ပြောလိုက်သည်။ ယခုကဲ့သို့ ဖြစ်မယ်မှန်းသာ သိခဲ့လျှင် ရန်ကျင်းနှင့် မြောင်တတို့အား ပို၍ အသေးစိတ် မေးခဲ့ပေသည်။
----------------------------------
ဆေးပညာရှင်အစည်းအရုံးမှ ထွက်လာပြီးနောက် လျှပ်စီးတန်းတစ်ခုပမာ နှင်းဖုံးတောင်တန်းများဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။
တုဝမ်ဆီမှ ကြားခဲ့သော သတင်းများနှင့် ထောက်ရှု စဉ်းစားကြည့်လိုက်သည့်အခါ ဤနေရာမှ ဘာဖြစ်နေသလဲ ဆိုသည်ကို ရန်ကိုင် ဝိုးတဝါး ခန့်မှန်းမိသွားခဲ့လေပြီ။
ယခုကဲ့သို့ ဗြုန်းစားကြီး ကောက်ကာငင်ကာ ဖြစ်ပျက်သွားလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။
လူတစ်ယောက်မှ မရှိသည့်အချိန်ထိ စောင့်လိုက်ပီးနောက် လေမိုးကြိုးတောင်ပံကို ဖွင့်ကာ တိမ်တိုက်တိမ်စိုင်များကြား ထိုးတက်သွားလျက် စိတ်စွမ်းအင်ကိုသုံးကာ သူ့အရှိန်အဝါကို ဖုံးကွယ် ထားလိုက်လေသည်။
ကောင်းကင်အမြင့်ကြီးမှ ပျံသန်းနေစဉ် အအေးပိုင်း ဒေသအတွင်း ယောက်ယတ်ခတ်နေသော လူများစွာကို တွေ့လိုက်ရသည်။
သုံးရက်ကြာပြီးနောက် နှင်းတောင်တန်း အတွင်းပိုင်းသို့ ရန်ကိုင် ရောက်လာခဲ့သည်။
ငွေရောင်နှင်းစက်တို့သည် တောင်စဉ်တောင်းတန်း တစ်လျှောက် ဖုံးလွှမ်းနေခဲ့ပြီး တလက်လက် တောက်ပ နေသော သလင်းကျောက် ရေခဲများသည် အဘက်ဘက်မှ ထိုးထွက်နေခဲသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် စစ်ဆေး ကြည့်လိုက်ပြီး ခဏအကြာ၌ ဖျော့တော့တော့ တုန့်ပြန်လှိုင်းကို ခံစားမိလိုက်သဖြင့် သွားပေါ်အောင် ပြုံးလျက် ထိုအရပ်ဆီသို့ ပျံသန်းသွားလေသည်။
နေ့တစ်ဝက်ကြာပြီးနောက် နှင်းဖုံးနေသည့် တောင်လေးတစ်လုံးထဲတွင် ပုန်းလျက် အဝေးတစ်နေရာ ဆီသို့ စိုက်ကြည့်နေခဲ့သည်။
သူစိုက်ကြည့်နေရာ အရပ်တွင် ကျင့်ကြံသူပေါင်း များစွာ စုဝေးနေခဲ့ကြကာ စုစုပေါင်း ထောင်ချီပေသည်။ အများစုသည် ကျောက်တုံးမြို့တော်သို့ မကြာသေးခင်ကမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်းတွင်… ရွက်ဖျင်တဲကြီး တစ်လုံးထဲ၌… အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများစွာ တင်ပလင်ခွေထိုင် ကျင့်ကြံနေခဲ့ကြသည်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်နေသာ်လည်း အအေးဓါတ်သည် အရမ်ကိုးမှ ပြင်းထန်လွန်းလှသဖြင့် သူတို့၏ အစစ်အမှန်ချီကိုသုံးကာ ခုခံနေခဲ့ရသည်။ အသုံးပြုနေရသည့် အစစ်အမှန်ချီ ပမာဏမှာ အတော့်ကိုမှ များပြားလှသဖြင့် မကြာခဏ အားပြန်ဖြည့်နေခဲ့ရသည်။
ထိုစဉ်… တင်ပလင်ခွေ ထိုင်နေသော လူငယ်လေး တစ်ယောက်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ သူ့အရှိန်အဝါသည်လည်း မတည်မငြိမ် ဖြစ်နေခဲ့သည်။
ထိုလူငယ်လေး၏ အပြုအမူကြောင့် အခြားသူများလည်း နိုးလာခဲ့သည်။ နိုးလာလာချင်း သူ့အား ဝိုင်းကြည့်လိုက်ရာ ထိုလူငယ်လေး၏ မျက်နှာသည် ကြောက်မက်ဖွယ် တစ်စုံတစ်ရာကို မြင်တွေ့လိုက်ရသည့်အလား သွေးဆုတ်ဖြူလျော် နေခဲ့သည်။
“လျူကွေ့၊ ဘာဖြစ်တာလဲ” လူတစ်ယောက်က အလျင်စလို မေးလိုက်သည်။
လျူကွေ့ဆိုသော လူငယ်လေးက ချက်ချင်း ပြန်မပြော။ သူ့အမူအရာဆိုလျှင် ခါးသီးတစ်လှည့်၊ ကူကယ်ရာမဲ့တစ်လှည့် ဖြစ်နေခဲ့သည်။ နောက်ဆုံးမှ “မင်းတို့ စိတ်ပူစရာမလိုဘူး။ ငါခဏလောက် အပြင်သွားလိုက်ဦးမယ်”
“အခု အပြင်ထွက်ချင်နေတာလား။ မနက်ဖြန် နေရာသစ်ကို စူးစမ်းဖို့ ငါတို့ အစီအစဉ် ချထားတာနော်။ အခုနေ ထွက်သွားရင် မနက်ဖြန် ဘယ်လိုလုပ်မှာလဲ” အခြား တစ်ယောက်က ဝင်မေးလိုက်သည်။
လျူကွေ့ကမူ ဘာမှပြန်မပြောဘဲ တဲထဲမှ ထ၍သာ ထွက်သွားလိုက်သည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် တဲထဲတွင် ရှိနေသူအားလုံး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် လျူကွေ့အား ထပ်ဂရုစိုက်မနေတော့ချေ။
ထိုလူများသည် အင်အားစု တစ်ခုတည်းမှ ဖြစ်ရာ သူတို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြပေသည်။ လျူကွေ့ဆိုသော လူငယ်လေး၏ အရည်အချင်းသည် အရမ်းကြီး ကောင်းမွန်ခြင်းမရှိ။ သူ့ကျင့်ကြံခြင်း အဆင့်ဆိုလျှင်လည်း သူတို့ထက် အဆင့်ငယ်အများကြီး နိမ့်ကျပေသည်။
သို့သော်လည်း လွန်ခဲ့သော နှစ်နှစ်မှစ၍ ထိုလူငယ်လေး၏ ကျင့်ကြံခြင်းသည် ဘာမှန်းမသိသော အကြောင်းကြောင့် အလျင်အမြန် မြင့်တက်လာခဲ့သည်။ ယခုဆိုလျှင် သူ့ကျင့်ကြံခြင်းသည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေခဲ့လေပြီ။
ယခုတစ်ကြိမ် ကီလိုမီတာ သောင်းချီကျယ်ဝန်းသော အဆုံးမဲ့နှင်းဖုံးတောင်တန်းထဲသို့ ရောက်ရှိလာရခြင်းသည် လူတစ်ယောက်ကို ရှာရန်အတွက်ပင် ဖြ်သည်။ သို့သော်လည်း ဤအဆုံးမရှိသော နှင်းရေခဲထုကြား သဲလွန်စလည်း မရှိလေရာ ပုန်းအောင်နေသော လူတစ်ယောက်ကို မည်ကဲ့သို့ ရှာဖွေရမည်နည်း။
လျူကွေ့သည် သူရခဲ့သည့် ညွှန်ကြားချက် အတိုင်း နှင်းများကို ဖြတ်သန်း၍ အခြားသာ ရွက်ဖျင်တဲတစ်လုံး ရှေ့သို့ ရောက်လာခဲ့သည်။
ထိုရွက်ဖျင်တဲသည် အခြားရွက်ဖျင်တဲများနှင့်မတူ။ ပို၍ ကြီးသလို အဆင့်လည်း ပိုမြင့်သည်။ ထို့အပြင် တဲပတ်လည်၌ ခင်းကျင်းထားသော စိတ်ဝိဥာဉ်အစီအရင် တစ်ခုလည်း ရှိနေပေသေးသည်။ ထို့ကြောင့် မည်သူမှ အတွင်းသို့ ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးနိုင်။
သို့သော်လည်း ထိုရွက်ဖျင်တဲအနီးသို့ ရောက်လာသည်နှင့် လူတိုင်း အရင်ဆုံး သတိပြုမိမည့် အရာသည်ကား တဲအတွင်း၌ ရစ်သိုင်းနေသော အစိမ်းရောင် အရှိန်အဝါများနှင့် ခြောက်ခြားဖွယ် ကောင်းသည် စူးစူးရှရှ အော်သံများသည်။
အပြင်ဘက်တွင် ရပ်နေရင်း လျူကွေ့ တံတွေး တစ်လုတ် မျိုချမိလိုက်သည်။ အနီးအနားတွင် လူရှိမရှိ စစ်ဆေးပြီးနောက် ရဲဆေးတင်လျက် စကားစပြောရန် ကြိုးစားလိုက်သည်။ သို့သော် သူဘာမှ မပြောရသေးခင်မှာဘဲ ရွက်ဖျင်တဲ ဝင်ပေါက် ရုတ်တရက် ပွင့်သွားခဲ့ပြီး လက်တစ်ဖက် ထွက်ပေါ်လာကာ လျူကွေ့အား အထဲသို့ ဆွဲခေါ်သွင်းသွားလေသည်။
အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံခြင်းနှင့်ပင် လျူကွေ့မှ နည်းနည်းလေးမှ ပြန်မခုခံနိုင်ခဲ့။ ကျားပါးစပ်တွင်းသို့ ရောက်သွားသော ယုန်သူငယ်ပမာ ကူကယ်ရာမဲ့စွာဖြင့်သည့် ခေါ်ရာသို့ လိုက်သွားခဲ့ရသည်။
ထူးထူးဆန်းဆန် ရယ်မောသံကြီး ကြားလိုက်သဖြင့် မော့ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားလျက် အစိမ်းရောင် အရှိန်အဝါတို့ဖြင့် ရစ်သိုင်းနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။ လက်ရှိအချိန်တွင် ထိုလူသည် သူ့အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ မျက်လုံးများသည် အစိမ်းရောင် တဖျတ်ဖျတ် လက်နေခဲ့ရာ အရမ်းကိုမှ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
“ကောင်စုတ်းလေး၊ မင်းက ဒီဘုရင် နားနေတဲ့ ရွက်ဖျက်တဲကိုတောင် လာစူးစမ်းရဲတဲ့အထိ သတ္တိ ကောင်းနေတယ်ပေါ့ ဟုတ်လား” အစိမ်းရောင် အရှိန်အဝါတို့ဖြင့် ရစ်သိုင်းနေသော လူအိုကြီးက ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး “ကဲ၊ ငါ့ကိုပြော။ မင်းဘယ်လိုသေချင်လဲ။ မင်းသေချင်တဲ့အတိုင်း ငါမင်းကို သေခွင့်ပေးလိုက်မယ်”
ထိုစကားကို ကြားလိုက်သည့်အခါ လျူကွေ့မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် “ကျုပ်ကိုခွင့်လွှတ်ပေးပါ စီနီယာဝူကျဲ၊ ဒီဂျူနီယာက စီနီယာကို စူးစမ်းဖို့ လာခဲ့တာ မဟုတ်ပါဘူး”
“ဒါဆိုရင် ငါ့တဲနားမှာ ဘာလို့ ဝေ့လည်ကြောင်ပတ် လုပ်နေတာလဲ။ မင်းကို တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်း ကချောင်ကွမ် အမိန့်ပေးလို့ ရောက်လာတာလား” ဝူကျဲက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“မဟုတ်ပါဘူး။ စီနီယာ” လျူကွေ့ ဒူးထောက်ကျသွားခဲ့ပြီး အလျင်စလို ဆက်ပြောလိုက်သည် “ဒီဂျူနီယာက စီနီယာကို သတင်းစကားတစ်ခု ပို့ပေးစရာရှိလို့ ရောက်လာခဲ့တာပါ”
“ဘယ်သူပို့လိုက်တာလဲ” ဝူကျဲ မျက်မှောင် ကြုံ့သွားခဲ့သည်။
“ဒါက…” လျူကွေ့ တုန့်ဆိုင်းသွားခဲ့သည်။
ဝူကျဲက လှောင်ပြုံးပြုံးလျက် “မင်းငါ့ကို ဘာပြောချင်နေတာလဲ”
လျူကွေ့မှာ နည်းနည်းလေးမှ တုန့်ဆိုင်း မနေရဲဘဲ အလျင်စလို ပြန်ပြောလိုက်လေ၏ “သူပြောတာက… သူစီနီယာ့ကို တွေ့ချင်တယ်တဲ့။ သူဘယ်သူလဲ ဆိုတာကတော့ ‘လေဟာနယ်ဆုတ်ဖြဲခြင်း’ ဆိုတာကိုသာ ပြောလိုက်တဲ့။ စီနီယာ နားလည်လိမ့်မယ်တဲ့”
လျူကွေ့ ထိုစကားကို ပြောလိုက်သည်နှင့် ဝူကျဲ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ တဲပတ်ပတ်လည်ရှိ အရံအတား၊ အစီအရင်များကို ချက်ချင်း အသက်သွင်းလိုက်လေသည်။ ပြီးမှပဲ လျူကွေ့အား မျက်မှောင်ကြုံ့လျက် စိုက်ကြည့်ကာ “သူနဲ့မင်း ဘယ်လိုပက်သက်လဲ”
လျူကွေ့က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး “မပြောလို့ မရဘူးလား”
“အဲ့လိုဆိုရင် ငါမင်းကိုမေးမယ်။ ဒါနဲ့ပက်သက်ပြီး မင်းဘယ်လိုထင်လဲ” ဝူကျဲက လျူကွေ့အား အေးစက်စက် စိုက်ကြည့်နေလိုက်သည်။
လျူကွေ့က ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက် ရှင်းပြလိုက်လေသည်။
လျူကွေ့နှင့် ထိုလူငယ်လေး မည်ကဲ့သို့ ပက်သက်ကြောင်း၊ ထိုလူငယ်လေးဆီမှ အမိန့်များကို အဘယ်ကြောင့် နာခံနေရကြောင်း သိသွားပြီးနောက် ဝူကျဲ ဝါးလုံးကွဲ ရယ်မောလိုက်သဖြင့် လျူကွေ့ တစ်ကိုယ်လုံး နေမိထိထိုင်မထိ ဖြစ်သွားခဲ့ရသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၅၅) ဆန်းကြယ်သောလူတစ်ယောက်
နှင်းတောင်တန်းများကို ကျော်ဖြတ်ပျံသန်း လာပြီးနောက် တောင်ကုံးတစ်ခုပေါ် ဆင်းကာ ထိုင်ချလိုက်သည်။ ခဏအကြာ၌ သူ့တစ်ကိုယ်လုံးကို နှင်းများ ဖုံးသွားခဲ့သည်။
သို့သော်လည်း သူ့တစ်ကိုယ်လုံး နှင်းဖုံးဖုံး၊ မဖုံးဖုံး ရန်ကိုင် ဂရုမစိုက်။ သူ့အရှိန်အဝါအား ဖုံးကွယ်ရန်ကိုသာ အာရုံစိုက်နေခဲ့သည်။ သာမန် သူတော်စင်အဆင့် ပညာရှင်တစ်ယောက် သူ့နားမှ ဖြတ်သွားလျှင်ပင် သူ့အား သတိပြုမိလိမ့်မည် မဟုတ်ပေ။
သူထိုင်နေသည့် တောင်နှင့် မနီးမဝေး တစ်နေရာမှ အစိမ်းရောင်အလင်းတန်းတစ်ခု အလျင်အမြန် ချဉ်းကပ်လာနေခဲ့သည်။
ခဏအကြာ၌ အစိမ်းရောင် အလင်းတန်း တောင်ထိပ်၌ ရပ်တန့်သွားပြီး အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူသည် အခြားမဟုတ်။ မရဏဂိုဏ်းမှ ဝူကျဲပင် ဖြစ်လေသည်။
ဝူကျဲလက်ထဲတွင်မူကား စိတ်ဓါတ်ကျနေသော ဝူကျဲပင်။ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းမှ တပည့်လေး လျူကွေ့သည့် သူ့ကံကြမ္မာကို လက်ခံထားသည့် အလား ရုန်းကန်ခြင်း အလျင်းမပြုခဲ့။
“သူဘယ်မှာလဲ” လှည့်ပတ်ကြည့်လိုက်သော်လည်း ရန်ကိုင်ကို ရှာမတွေ့သဖြင့် ဝူကျဲက မေးလိုက်လေသည်။
လျူကွေ့ အမြန်ပြောလိုက်သည် “ကျုပ်ကို ဒီနေရာမှ တွေ့ဖို့ပဲ ပြောခဲ့တာ။ သူဒီမှာ မဟုတ်ဘူးလား”
ပြောနေရင်း ဝူကျဲလည်း ရန်ကိုင်အား လှည့်ပတ် ရှာကြည့်လေသည်။
“ဘာတွေ ဒီလောက် ကြာရနေရတာလဲ” ရုတ်တရက် အနားမှ အသံတစ်သံ ထွက်လာခဲ့သဖြင့် လျူကွေ့ လန့်ဖြန့်သွားခဲ့ရသည်။ သို့သော်လည် အသံပိုင်ရှင် မည်သူမှန်း သိလိုက်ပြီးနောက် အပြုံးကြီးပြုံးလျက် အော်ခေါ်လိုက်လေသည် “တော်ဝင်သခင်”
ဝူကျဲလည်း သူ့ရှေ့ရှိ နှင်းပုံအား မမှိတ်မသုံ စိုက်ကြည့်နေလိုက်သည်။
ခဏအကြာ၌ ထိုနှင်းပုံထဲမှ လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ အစစ်အမှန်ချီ အနည်းငယ်သုံး၍ ရန်ကိုင်သည် သူကိုယ်ထက် တင်ကျန်နေသော နှင်းများကို အရည်ဖျော်လိုက်သည်။
ဝူကျဲက သွားပေါ်အောင်ပြုံး၍ လျူကွေ့ကို ဘေးသို့ လွင့်ပစ်လိုက်ပြီး လက်သီးဆုပ်ကာ “အရှင်တော်ဝင်သခင်၊ မတွေ့ရတာတောင် အတော်လေး ကြာနေပြီနော်။ အဆင်ပြေနေရဲ့လား”
ပြောနေရင်း ရန်ကိုင်အား ဝေ့ကြည့်လိုက်သည်။ ရန်ကိုင် ကျင့်ကြံခြင်းအဆင့် မသေမျိုး တတိယအဆင့်သို့ ရောက်နေမှန်း သိလိုက်သည့်အခိုက် ထိတ်လန့်မှုကြောင့် ထအော်မိတတ် ဖြစ်သွားခဲ့ရသည်။ သို့သော် သူ့ကိုယ်သူ အချိန်မှီ ပြန်းထိန်းလိုက်နိုင်ဆဲ။
“ဂိုဏ်းချုပ်ဝူလည်း အတူတူပဲမလား” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ဝူကျဲက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်၏ “ဟဲဟဲ၊ ဟိုလူတွေ မသိအောင် ခိုးထွက်လာဖို့ နည်းနည်းလေး အချိန်ကြာသွားတာကို တော်ဝင်သခင် စိတ်မရှိဘူးမလား”
“ဘာလို့ စိတ်ရှိရမှာလဲ။ ဂိုဏ်းချုပ်ဝူ ပေါ်လာဖို့က အဓိကပဲလေ” ပြောလိုက်ပြီးနောက် ဘေးဘက်ရှိ လျူကွေ့အား ကြည့်ကာ “မင်းတော်တယ်”
ဝူကွေ့က သူ့လက်ကို ကမန်းကတန်း ဝှေ့ရမ်း၍ “တော်ဝင်သခင်အတွက် အလုပ်ပေးပေးရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါဗျာ။ ပြီးတော့ ဂိုဏ်းချုပ်ဝူ ကြောင့်ပဲ ဒီနိမ့်ကျတဲ့လူ ဒီမှာ ပေါ်လာနိုင်တာလေ… ဟဲဟဲ…”
လျူကွေ့သည် တစ်ခုခုကို ပြောချင်သော်လည်း မပြောရဲသည့်အလား အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။
လျူကွေ့ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း နားလည်လိုက်သည်နှင့် ရန်ကိုင်သည် ဆေးပုလင်းတစ်ပုလင်းကို လှမ်းပစ်ပေးလိုက်ပြီး “ရော့၊ ဒီမှာမင်းဆု။ အခုလောလောဆယ် မင်းကို လိုဦးမှာ မဟုတ်သေးဘူး။ ပြန်လေ့ကျင့်ပေတော့”
လျူကွေ့ ပျော်ရွှင်သွားခဲ့ပြီး ဆေးပုလင်းကို အလျင်အမြန်ပဲ လှမ်းဖမ်း၍ “တော်ဝင်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်”
ယခင်အကြိမ် ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ကို ရန်ကိုင်နှင့် တွေ့ရန် ခေါ်လာပေးစဉ်က ဆေးပုလင်းတစ်ပုလင်းကို ဆုအဖြစ် ရခဲ့သည်။ ထိုဆေးပုလင်းကျေးဇူးကြောင့်ပဲ သူလည်း ဤမျှမြန်မြန် အားကောင်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခနေ့ ရန်ကိုင်သည် သူ့အား ဆေးပုလင်း နောက်ထပ်တစ်ပုလင်း ဆုချပြန်လေပြီ။ လျူကွေ့ မပျော်ဘဲ နေမည်လား။
ဆေးပုလင်းကို တင်းတင်းဆုပ်ကိုင်ထားရင်း လျူကွေ့က သတိကြီးကြီးထားလျက် ပြောလိုက်သည် “ကျုပ်ကို မလိုတော့ဘူးဆိုရင် ဒီလျူ အရင်ပြန်ပါတော့မယ်။ ကျုပ်ဒီမှာ အကြာကြီးနေနေရင် ကျုပ်အဖွဲ့သားတွေ သံသယဖြစ်သွားနိုင်လို့ပါ”
“အင်း၊ ပြန်တော့” ရန်ကိုင်က လက်ဝှေ့ရမ်းပြလိုက်သည်။
လျူကွေ့သည် နောက်ပင်တစ်ချက်မှ လှည့်မကြည့်တော့ဘဲ ချက်ချင်း ထွက်သွားလေသည်။
လျူကွေ့နှင့် ရန်ကိုင် စကားပြောနေစဉ်အတွင်း၊ ဝူကျဲသည် ဘေးတွင်သာ တိတ်တိတ်လေး ရပ်နေခဲ့သည်။ တစ်ချက်မှ ကြားဝင်ဖြတ်မပြောခဲ့။
လျူကွေ့ ထွက်သွားတော့မှပဲ ဝူကျဲက မေးလိုက်လေသည် “တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းက တပည့်တစ်ယောက်ကို မင်းအမိန့်နာခံလာအောင် ဘာတွေများ လုပ်ထားတာလဲ”
ရန်ကိုင်က အသာအယာလေး ပြုံးလျက် “ခင်ဗျားတို့ တော်ဝင်နယ်မြေကို တိုက်ခိုက်တုန်းက သူ့ကို ဖမ်းပြီး ကျုပ်အမိန့်နာခံအောင် သိမ်းသွင်းခဲ့တာလေ။ သူဒီလောက် အသုံးဝင်လိမ့်မယ်လို့ ကျုပ်တစ်ခါမှ မထင်ထားခဲ့ဘူး။ အင်း။ သူ့လက်က ကျုပ်လက်ထဲမှာဆိုတော့ သူ့ကို ဟိုလွှတ်၊ ဒီလွှတ် ခိုင်းရတာလည်း စိတ်စနိုးစနောင့် မဖြစ်တော့ဘူးလေ။ ခင်ဗျားလည်း သူ့ကို စိတ်ပူနေစရာ မလိုဘူး”
ဝူကျဲက သွားပေါ်အောင်ပြုံး၍ ခေါင်းညိတ်ကာ “အရှင်တော်ဝင်သခင်က တကယ်တော်တာပါလား။ လက်ရှိ အခြေအနေအရတော့ တော်ဝင်သခင်ရဲ့ ဝိဥာဉ်က ကျုပ်ထက်တောင် ပိုအားကောင်းနေပြီနဲ့ တူတယ်”
ထို့ကြောင့်သာ မဟုတ်လျှင် ဤတောင်သို့ ရောက်လာစဉ်က ရန်ကိုင်အား ရှာ၍မတွေ့ဘဲ နေလိမ့်မည် မဟုတ်ချေ။
မသေမျိုးတတိယအဆင့် ပညာရှင်တစ်ယောက်၏ ဝိဥာဉ်သည် သူတော်စင်ပထမအဆင့် ပညာရှင် တစ်ယောက်၏ ဝိဥာဉ်ထက် ပို၍ သန်မာနေခဲ့သည်။ ၎င်းသည် အမှန်တကယ်ကော ဖြစ်နိုင်ပါရဲ့လား။
သူ့စိတ်ထဲ ထိတ်လန့်နေမိသော်ငြား မျက်နှာထက် မပေါ်စေရအောင် ထိန်းထားခဲ့သည်။
ပြောပြီသည်နှင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ခဏအကြာ၌ အနက်ရောင် အမျှင်တန်းလေးတစ်တန်း လျူကွေ့ ထွက်သွားရာအရပ်မှ ရောက်ရှိလာခဲ့ပြီး ဝူကျဲခန္ဓာကိုယ်ထဲသို့ ပြန်လည် တိုးဝင်ပျောက်ကွယ် သွားလေသည်။
“ဂိုဏ်းချုပ်ဝူ၊ ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ” ရန်ကိုင် သူသိချင်နေသည့် အကြောင်းအရာကို စမေးလိုက်သည်။
ကျောက်တုံးမြို့တော်တွင် ရှိစဉ်က သူ့ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ လျူကွေ့ကို အာရုံခံမိလိုက်သဖြင့် ရန်ကိုင် အံ့ဩသွားခဲ့ရသည်။ လျူကွေ့ ဤနေရာသို့ ရောက်နေခြင်းသည် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းလည်း ဤနေရာသို့ ရောက်နေပြီဟု ဆိုလိုက်ခြင်း မဟုတ်ပေလော။ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းသာမက၊ မရဏဂိုဏ်းနှင့် ကြယ်ရောင်ဖြာနန်းတော်တို့ပါ ရောက်ကောင်း ရောက်နေနိုင်ပေသည်။
ထိုအင်အားစု သုံးခုသည် ဘုံးကိုးခုထွတ်မြတ် နယ်မြေအား ကျူးကျော်ရန် ကြိုးစားခဲ့သည် အဓိက အင်အားစုသုံးခုပဲ ဖြစ်ကြလေသည်။
သို့သော်လည်း ထိုအင်အားစုသုံးခုနှင့် သူတို့နှင့် မနီးသော အဆုံးမဲ့နှင်းဖုံးတောင်တန်းသို့ ရောက်ရှိ လာခြင်းသည် အတော်လေးကိုမှ ထူးဆန်းနေသည်။ သူတို့ဘာကြောင့် ရောက်ရှိသလဲ ဆိုသည်ကို စိတ်ထဲ တွေးမိသော်ငြား သေချာစေရန် အတည်ပြုရပေဦးမည်။
“ကျုပ်ကို လိုက်ဖမ်းနေတာတော့ မဟုတ်ပါဘူးနော်” ရန်ကိုင် မျက်လုံးမှေးစဉ်း၍ ဝူကျဲအား ပြုံးပြရင်း မေးလိုက်သည်။
ဝူကျဲက သက်ပြင်းချလျက် ပြောလိုက်သည် “အဲ့လိုပြောလို့တော့ ရတယ်။ ဒါပေမယ့် အခု လောလောဆယ်တော့ မဟုတ်သေးဘူး။ အခု ဒီကို ရောက်လာတာက လူတစ်ယောက်ကို ရှာဖို့ပဲ”
“ဘယ်သူ့ကို ရှာနေတာလဲ” ရနက်ိုင်က ဝူကျဲအား ဆက်၍ စိုက်ကြည့်နေလိုက်သည်။
မျက်မှောင်ကြုံ့လျက် ဝူကျဲက ရှင်းပြလိုက်သည် “အဲ့လူက တော်ဝင်သခင်နဲ့ ဆက်စပ်နေတယ်။ တော်ဝင်သခင်လည်း သူ့ကို သိနေမှတော့ ဒီတစ်ကြိမ် ကျုပ်တို့ ရောက်လာရတဲ့ အကြောင်းအရင်းကို ခန့်မှန်းပြီးလောက်မှာပေါ့၊ ဟုတ်တယ်မလား။ အရှင်တော်ဝင်သခင်က အလောင်းသယ်လူကြီးနဲ့ ပက်သက်တဲ့ လျှို့ဝှက်ချက်တွေကို သိတယ်မလား။ သူပုန်းနေတဲ့ နေရာကိုတောင် သိနေနိုင်သေးတယ်၊ ဟုတ်တယ်မလား”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့ရန်သူများသည် အလောင်းသယ် လူကြီးအား လာရှာကြသည့်ပုံပင်။
ဝူကျဲအား တွေ့စဉ်က တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းဂိုဏ်းမှ ယောင်တိဆိုသော ကျင့်ကြံသူ တစ်ယောက်သည် သူတို့ဂိုဏ်းချုပ်အား အလောင်းသယ် လူကြီးနှင့် ပက်သက်သည့် အကြောင်းအရာကို ပြောနေခဲ့ကြောင်း ဝူကျဲပြောပြခဲ့သည်ကို ရန်ကိုင် ပြန်သတိရလိုက်သည်။ သူသည် အလောင်းသယ် လူကြီးနှင့် ဆက်စပ်နေသည့် အတွက်ကြောင့်ပဲ ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းသည် သူ့နောက်သို့ ဇွဲမလျော့တမ်း လိုက်နေကြခြင်း ဖြစ်ဟန်တူသည်။
သို့သော် ထိုအင်အားစု နှစ်ခုကို သူမကြောက်လေရာ သူတို့ မည်သို့ပင် တွေးစေကာမူ ရန်ကိုင် ဂရုမစိုက်။
သို့သော်လည်း နှစ်နှစ်ကြာပြီးနောက် သူ့ရန်သူများသည် အဆုံးမဲ့နှင်းတောင်တန်းသို့ အမှန်ကတယ် ရောက်ရှိလာခဲ့ပေသည်။
“ကျုပ်သိတာမသိတာ အရေးပမပါဘူး။ ခင်ဗျားတို့ ဘာလို့ ဒီကို ရောက်လာရတာလဲ ဆိုတာကိုပဲပြော” ရန်ကိုင် မျက်မှောင်ကြုံ့နေခဲ့လေပြီ။
ဝူကျဲ သွားပေါ်အောင် ပြုံးလိုက်ပြီး ဘာအပိုစကားမှ ထပ်ပြောမနေတော့ဘဲ တိုက်ရိုက်သာ ရှင်းပြလိုက်သည် “တော်ဝင်သခင်ကို ခြေရာခံဖို့ပဲပေါ့။ တော်ဝင်သခင်က ကျန်းအောင်ရဲ့ ကြယ်ရောင်ဖြာနန်းတော်နဲ့ ချောင်ကွမ်ရဲ့ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းတို့ကို အထိနာအောင် လုပ်ခဲ့တာလေ။ အဲ့ဒါကြောင့် သူတို့ကလည်း တော်ဝင်သခင်ရဲ့ နောက်ခံတို့ကို စပြီး စုံးစမ်းတော့တာပဲ။ တော်ဝင်သခင် ကောင်းကင်ဂိုဏ်းတော်က လာတယ် ဆိုတာကို မကြာဘူးသိလိုက်ရတယ်။ ဒါပေမယ့်.. တကယ် အံ့အားသင့်စရာကောင်းတာက တော်ဝင်သခင်က ကောင်းကင်ဂိုဏ်းတော်မှ ငယ်ငယ်ကတည်းက ရှိနေတာ မဟုတ်ဘဲ ဟိုးချောင်ကျတဲ့ နေရာက ရောက်လာပြီး လတ်တလောကမှ ကောင်းကင်ဂိုဏ်းတော်ထဲ ဝင်ထားတယ် ဆိုတဲ့အချက်ပဲ။ အဲ့ဒါကို သိတာနဲ့ တော်ဝင်သခင်က အရင်တုန်းက မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်မှာ ဂုဏ်သရေရှိဧည့်သည့်အဖြစ် လုပ်ခဲ့တယ် ဆိုတာကိုလည်း သိသွားပါရော။ အင်း၊ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်က တပည့်အချို့ကို နည်းနည်းပါးပါး အောက်အစ်မေးကြည့်လိုက်တော့ တော်ဝင်သခင်ကို နှင်းဖုံးတောင်တန်းမှာ တွေ့ခဲ့တာမှန်း သိလိုက်ရတယ်။ တော်ဝင်သခင်ကို အလာင်းသယ်လူကြီး ခေါ်သွားတာရယ်၊ ပြန်ပေါ်လာတဲ့ နေရာရယ် တိုက်ကြည့်လိုက်တော့ အခုလို ခန့်မှန်းဖို့က မခက်တော့ဘူးလေ”
“ခင်ဗျားတို့ တကယ်တော်တာပဲ” ရန်ကိုင် အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူသည် အလောင်းသယ်လူကြီး၏ ခေါ်သွားခြင်း ခံရပြီး နှင်းဖုံးတောင်တန်းတွင် ပြန်ပေါ်လာခဲ့သည်။ ထိုတစ်ချက်နှင့်ပင် အလောင်းသယ်လူကြီးသည် နှင်းဖုံးတောင်တန်းတွင် ရှိနေမည်ဟု ကောက်ချက်ချ၍ ရပေသည်။
ထို့အပြင် သူတို့၏ သုံးသပ်ချက် မှန်ပေသည်။
ဝူကျဲ အမူအရာ လေးနက်သွားပြီး ဆက်၍ ပြောလိုက်သည် “ကျန်းအောင်နှင့် ချောင်ကွမ်းတို့က အလောင်းသယ်လူကြီး နောက်ကွယ်မှာ ရှိနေတဲ့ စွမ်းအားနဲ့ ခွန်အားကို အရမ်းလိုချင်တော့ ဒီအကြောင်းကို အသည်းအသန်း လိုက်စူးစမ်းတော့တာ။ ပြီးတော့ သူတို့အနေနဲ့ အများကြီး အားစိုက်စရာ မလိုဘူးလေး။ လူလေး နည်းနည်းပါးပါးလောက်ကို ပေးသိလိုက်ရုံနဲ့တင် ပြီးနေပြီ”
“ဒါပေမယ့်…” ဝူကျဲက ဆက်ပြောလိုက်သည် “အလောင်းသယ်လူကြီး နှင်းဖုံးတောင်တန်းထဲက တစ်နေရာရာမှာ ရှိနေမယ်လို့ပဲ တွေးမိတာ။ နှင်းဖုံးတောင်တန်းက အကျယ်ကြီးပဲ။ ဘာသဲလွန်စမှ မရှိဘဲ အလောင်းသယ်လူကြီးကို ရှာဖို့ဆိုတာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပဲ။ ဒါကြောင့် အစတုန်းက ကျန်းအောင်နှင့် ချောင်ကွမ်တို့က ဒီနေရာကို မလာချင်ကြဘူး”
“အဲ့ဒါဆို ခင်ဗျားတို့ ဘာကို ဒီကိုရောက်နေတာလဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားပြန်သည်။
ဝူကျဲ ပြောနေရင်း တစ်ချက်ရပ်လိုက်ပြီး ဆက်၍ ပြောလိုက်သည် “ရိုးရိုးသားသားပဲ ပြောတော့မယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကျုပ်တို့သုံးယောက် တော်ဝင်သခင်ကို လိုက်ဖမ်းသေးတယ်။ ဒါပေမယ့် နောက်ဆုံး မျက်ခြေပြတ်သွားတော့ စိတ်ပျက်ပျက်နဲ့ပဲ ကိုယ့်ဂိုဏ်းဆီပဲ ပြန်လာခဲ့ရတယ်လေ။ အဲ့တုန်းက ချောင်ကွမ်းနဲ့ ချောင်ကွမ်တို့ မီးခဲဖင်ခုထိုင်နေသလို ဖြစ်နေကြတာ။ တော်ဝင်နယ်မြေ အားပြန်ကောင်းလာပြီး သူတို့ကို လက်စားပြန်လာချေမှာ ကြောက်လို့ အားကောင်းတဲ့ နောက်ခံတစ်ခုပဲ ရှာရတော့မလိုလို၊ ဂိုဏ်းကိုပဲ နေရာရွေ့ရတော့မလိုလို ယောက်ယတ်တွေ ခတ်နေကြတာ။ ဒါပေမယ့် သူတို့ တစ်နေ့တော့ ဆန်းကြယ်တဲ့ လူတစ်ယောက် ကျန်းအောင်ဆီ ရောက်လာပြီး တော်ဝင်သခင်အကြောင်း လာမေးတယ်လေ။ အဲ့ဆန်းကြယ်တဲ့လူကြောင့်ပဲ ကျုပ်တို့ နှင်းဖုံးတောင်တန်းဆီ ဝင်လာခဲ့ရတာ”
“ဆန်းကြယ်တဲ့လူလား” ရန်ကိုင် မျက်ခုံး ပင့်လိုက်ပြီး “ဘယ်လိုဆန်းကြယ်တာပဲ”
ဝူကျဲ အကြည့် လေးနက်သွားခဲ့ပြီး “အဲ့လူက သူ့တစ်ကိုယ်လုံးကို အနက်ရောင်အဝတ်နဲ့ ခြုံထားတော့ သူက အထီးလား၊ အမဲလား မသဲကွဲဘူး။ သူ့ကျင့်ကြံခြင်းက အရမ်းကြောက်ဖို့ကောင်းတယ် ဆိုတာပဲသိတယ်။ ပြီးတော့ သူ့နဲ့အမြဲအတူ ပါလာတဲ့ လက်အောက်ငယ်သား တစ်ယောက်လည်း ရှိသေးတယ်။ သူ့လက်အောက်ငယ်သားကတော့ သူတော်စင် ပထမအဆင့် ကျင့်ကြံသူပဲ”
ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင် အမူအရာ လေးလံသွားခဲ့ရလေပြီ။
ထိုးဆန်ကြယ်သည့်လူ၏ လက်အောက်ငယ်သားပင် သူတော်စင်ပထမအဆင့် ဖြစ်နေခဲ့လျှင် ခေါင်းဆောင် ကိုယ်တိုင်က မည်မျှ အားကောင်းနေမည်နည်း။
“ဒီတစ်ကြိမ် ခရီးက အဲ့လူရဲ့ အမိန့်ကြောင့်ပဲ။ ဒါကြောင့် ကျုပ်တို့ မရဏဂိုဏ်းလည်း ဝင်ပါခဲ့ရတာ”
“အဲ့ဆန်းကြယ်တဲ့လူဘယ်သူမှန်း ခင်ဗျား ခန့်မှန်းမိလား”
ဝူကျဲက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “သူ့အမိန့်ကို နာခံရင် တော်ဝင်နယ်မြေ လက်စား လာချေမှာကို စိတ်ပူစရာ မလိုတော့ဘူးလို့ပဲ ကတိပေးခဲ့တယ်။ ဒါကြောင့် ကျန်းအောင်နှင့် ချောင်ကွမ်တို့ ချက်ချင်း သဘောတူခဲ့တာပေါ့။ သူတို့ ကိုယ်တိုင်တင် လာတာမဟုတ်ဘူး။ အနားမှာ ရှိနေတဲ့ ရှေးဟောင်းလလိုဏ်ဂူနဲ့ လော့ရှုန်းဂိုဏ်းတွေကိုပါ တစ်ခါတည်း ဆွဲခေါ်လိုက်သေးတယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ အဆုံးမဲ့နှင်းဖုံးတောင်တန်းသည် ကျယ်ပြောလှသဖြင့် ထိုနေရာကို စူးစမ်းရှာဖွေရန် လူအင်အား များများ လိုအပ်ပေသည်။ ရှေးဟောင်းလလိုဏ်ဂူနှင့် လော့ရှုန်းဂိုဏ်းတို့တွင် ထိပ်တန်းအဆင့်ပညာရှင် များစွာ မရှိသော်ငြား လူအင်အား နည်းပါးခြင်း မရှိပေ။
ရန်ကျင်းနှင့် မြောင်တတို့ ကျောက်တုံးမြို့တော်ဆီ လာပြီး လူအိုကြီးတုအား အဆိပ်ဖြေဆေး ဖော်စပ်ခိုင်းရခြင်းသည် အလောင်းသယ်လူကြီး ထုတ်လွှတ်သည့် အဆိပ်သင့်အရှိန်အဝါကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပေသည်။
“အဲ့လူဘယ်သူလဲ ဒီဝူ မသိပေမယ့်… ဒီလောကကြီးမှာ သူ့လို အားကောင်းတဲ့လူ များများစားစား မရှိဘူး။ ပြီးတော့ သူ့ရော၊ သူ့လက်အောက်ငယ်ရော၊ နှစ်ယောက်စလုံး ဆီကနေ နတ်ဆိုးအရှိန်အဝါကို ကျုပ်ခံစားမိခဲ့တယ်”
ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး “ခင်ဗျားပြောချင်တာက…”
ဝူကျဲက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “သေတော့မသေချာဘူး။ ဒါပေမယ့် အရှိန်အဝါက လုံးဝကို နတ်ဆိုးအရှိန်အဝါပဲ။ တော်ဝင်သခင် ဒီကိစ္စမှာ ဝင်မပါရင် ပိုကောင်းမယ်လို့ ကျုပ်ထင်တယ်။ ဒီတစ်ကြိမ်တော့ ဒီဝူလည်း တော်ဝင်သခင်ကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ရိုးရိုးသားသား ပြောရရင် ကျုပ်တောင် ဒီကနေ ပြန်ထွက်သွားချင်နေတာ”
“စိတ်မပူနဲ့။ ဘာလုပ်ရမယ်မှန်း ကျုပ်သိတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။