← Chapters

အခန်း (၈၅၆-၈၆၀)

Vol. 35 Ch. 856-860

အခန်း (၈၅၆-၈၆၀)

Vol. 35 Ch. 856-860

အပိုင်း (၈၅၆)

ဝူကျဲနှင့် တွေ့ပြီးနောက် ထိုလူများ အလောင်းသယ် လူကြီးကို ရှာရန် ရောက်လာခြင်းဖြစ်ကြောင်း ရန်ကိုင် အတည်ပြုလိုက်နိုင်သည်။

အဆုံးမဲ့နှင်းဖုံးတောင်တန်းသည် ကျယ်ပြန့်သော်ငြား လူမြောက်မြားစွာမှ အတူပူပေါင်း၍ ရှာဖွေနေကြသည် ဖြစ်လေရာ အနှေးနှင့်အမြန်ဆိုသလို အလောင်းသယ် လူကြီး ပုန်းအောင်းနေသည့် နေရာကို ရှာတွေ့သွား ပေလိမ့်မည်။

ရန်ကိုင်မှာ ဒေါသလည်းထွက်၊ စိတ်ထဲ တနုံ့နုံ့လည်း ဖြစ်မိသည်။ သူ့ဆေးပညာစွမ်းရည်သည် လုံလောက်သည့် အတိုင်းအတာထိ မရောက်သေးလို့သာပေါ့၊ မဟုတ်လျှင် အလောင်းသယ်လူကြီး ရှိနေသည့်နေရာဆီသို့ ပျံသွားပြီး သွေးနီရောင်ခေါင်းတလားလဲ တန်းဝင်သွားလိုက်ပေသည်။

သူစိတ်အပူဆုံးအရာသည်ကား ဝူကျဲပြောခဲ့သည့် ဆန်းကြယ်သော လူကြီးပင်။ ဝူကျဲပြောစကားအရ ထိုလူသည် သူတော်စင် တတိယအဆင့် ပညာရှင် တစ်ယောက်ဖြစ်မှန်း ရန်ကိုင် သိရန်မခက်ခဲလှ။

ထိုကဲ့သို့သော ပညာရှင်မျိုး ဤလောကကြီးတွင် များများစားစား မရှိလှပေ။

ဘယ်သူဖြစ်လောက်လေမလဲ။

ရန်ကိုင် ခေါင်းခြောက်အောင် စဉ်းစားလိုက်သည်။

“တော်ဝင်သခင်” ရန်ကိုင် မလှုပ်မယှတ်နှင့် အချိန်အတော်ကြာအောင် အတွေးထဲမျောနေသည်ကို မြင်သော် ဝူကျဲ လှမ်းအော်ခေါ်လိုက်သည်။

ရန်ကိုင် အသိပြန်ဝင်လာပြီး ဝူကျဲအား စကားပြောမည်အပြု ရုတ်တရက် သူ့အမူအရာ အေးစက်သွားခဲ့ပြီး ဝူကျဲအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။

“အန်၊ ဘာဖြစ်လို့လဲ” ဝူကျဲ မျက်မှောင် ကြုံ့သွားခဲ့သည်။ ရန်ကိုင် ရုတ်တရက်ကြီး သူ့အား အဘယ်ကြောင့် ရန်လိုလာမှန်းကို ဝူကျဲ နားမလည်နိုင်ခဲ့။

“ဝူကျဲ၊ ခင်ဗျား မရဏဂိုဏ်းရဲ့ ဆောင်ပုဒ်က ငွေရေးကြေးရေးနဲ့ အခက်အခဲကို ဖြေရှင်းတာ မဟုတ်လား”

“ဟုတ်တယ်။ ဒီဝူက ဆောင်ပုဒ်အတိုင်း အမြဲနေတယ်” ဝူကျဲက အခိုင်အမာ ခေါင်းညိတ်ပြလိုက်ပြီး “ဒါကြောင့်ပဲ ဘုံးကိုးခုထွတ်မြတ်နယ်မြေကို လက်ဆောင်တွေ ပေးပြီးတာတောင် ကျုပ်တို့ဂိုဏ်းက ချွတ်ချံကျမသွားဘဲ အကောင်းအတိုင်း ရှိနေသေးတာလေ”

“ဒါဆိုရင်.. အဲ့လူတွေဆီကနေ ခင်ဗျား ဘယ်လောက် ရခဲ့လဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောနေရင်း ရုတ်တရက် အော်ပြောလိုက်လေသည် “ကျုပ်ကိုတောင် သစ္စာဖောက်ရဲတယ်ဆိုတော့ ခင်ဗျား သတ္တိက တကယ် မသေးပါလား”

ဝူကျဲ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ကယိမ်းကယိုင်ဖြင့် နောက်သို့ နောက်ဆုတ်ရင်း ဇဝေဇဝါဖြင့် မေးလိုက်လေသည် “တော်ဝင်သခင် ဘာပြောချင်တာလဲ”

ရန်ကိုင် ကောင်းကင်စိတ်အာရုံ သူ့စိတ်ထဲ ထိုးဖောက်ဝင်လာသဖြင့် ဝူကျဲ ထိတ်လန့်တုန်လှုပ် သွားခဲ့သည်။ သို့သော်လည်း ရန်ကိုင်က သူ့အား သတ်ဖြတ်လိုစိတ်ဖြင့် ပစ်မှတ်ထားနေမှန်း သိလိုက်ရသည့်အခါ ခုခံနေခြင်း မပြုတော့။

ခဏအကြာတွင် ရန်ကိုင်က သူ့ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်း၍ ခေါင်းညိတ်ကာ “ကြည့်ရတာ ခင်ဗျားလည်း သတိမပြုမိတဲ့ပုံပဲ…”

“တော်ဝင်သခင် ပြောချင်တာက…” ဝူကျဲ နားလည်သွားခဲ့လေပြီ။ သူ့မျက်ဝန်းစိမ်းများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ယဲ့ယဲ့လေး ရယ်မောလျက် ရန်ကိုင်ဘေးသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလေသည်။

“ထွက်လာတော့၊ အခုမှ ပုန်းနေလို့လည်း ဘာမှ မထူးတော့ဘူး” ရန်ကိုင်က အော်ပြောလိုက်သည်။

“ဟုတ်လှချည်လားကွ။ ဒီပညာရပ်ကိုတောင် ဖောက်ထွင်းမြင်နိုင်တယ်ဆိုတော့ မင်းက ငါ့ဆရာသခင် စိတ်ဝင်စားရတဲ့လူ ပီသပါပေတယ်ကွာ။ မဟုတ်ဘူးလား… တော်ဝင်သခင်” ထိုပြောစကားများနှင့်အတူ ရန်ကိုင်နှင့် ဝူကျဲတို့ ပတ်လည်ရှိ လေဟာနယ်သည် တဖြည်းဖြည်း တွန့်လိမ်လာလျက် ပုံရိပ်များစွာတို့ ထူးထူးဆန်းဆန်း ထွက်ပေါ်လာခဲ့လေသည်။

အသံကိုကြားလိုက်သည့်အခါ ရန်ကိုင်မျက်လုံးများ မှေးစဉ်သွားခဲ့ပြီး ထူးထူးဆန်းဆန်း ထွက်ပေါ်လာသော ထူးထူးဆန်းဆန်း သက်လတ်ပိုင်းလူကြီးအား မမှိတ်မသုံ စိုက်ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည် “ယုမိုလား”

အစောပိုင်းက စကားပြောလိုက်သော သူသည် သူစိမ်းမဟုတ်။ ရန်ကိုင် သိနေသောလူပင် ဖြစ်သည်။

ထိုသူသည် နတ်ဆိုးကုန်းမြေမှ နတ်ဆိုးမျိုးနွယ်စုဝင် ပညာရှင်တစ်ယောက်ဖြစ်သော သူတော်စင်ပထမအဆင့် ယုမိုပင် ဖြစ်လေသည်။

ယုမိုဘေးတွင် အနက်ရောင်ခြုံလွှာကို ဝတ်ဆင် ထားသည့် လူတစ်ယောက် ရှိနေခဲ့သည်။ ထိုလူ၏ အရှိန်အဝါသည် သာမန်သေမျိုးတစ်ယောက်၏ အရှိန်အဝါနှင့် မခြား။ သို့သော်လည်း ထိုလူဆီမှ ဖိအား အကြီးကြီးကို ရန်ကိုင် ခံစားမိနေခဲ့သည်။

အခြား ပညာရှင်များကိုမူ ရန်ကိုင် ဂရုစိုက်မနေခဲ့။

“ကောင်စုတ်လေး။ မတွေ့ရတာ ကြာသွားတာနဲ့ တော်တော်လေး တိုးတက်လာတပါပဲ” ယုမိုက အခန့်သား အမူအရာနှင့် မှတ်ချက်ပေးလိုက်သည်။

ရန်ကိုင် အနက်ရောင်ခြုံလွှာ ဝတ်ဆင်ထားသည့် လူဆီ လှမ်းကြည့်၍ ခါးခါးသီးသီး ပြုံးလျက် ပြောလိုက်သည် “ယုမိုတောင် ပေါ်လာပြီဆိုမှတော့ စီနီယာရွှယ့်လီလည်း ပုန်းမနေသင့်တော့ဘူးနဲ့ တူတယ်နော်”

ထိုစကားကို ကြားလိုက်သည်နှင့် အနက်ရောင်ခြုံလွှာကို ဝတ်ဆင်ထားသည့်လူဆီမှ ဆည်းလည်းသံတမျှ ချိုသာသည့် ရယ်မောသံတို့ ထွက်ပေါ်လာခဲ့သည်။ အနားတွင် ရှိနေသော ပညာရှင်အားလုံးလည်း ထိတ်လန့်သွားခဲ့ရလေပြီ။ ထိုမျှ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ပညာရှင်သည် အမှန်တကယ်ကို အမျိုးသမီးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ချေ။

အနက်ရောင်ခြုံလွှာကို ချွတ်လိုက်သည်နှင့် မြင်သူယောကျာ်း လည်ပြန်မငေး မနေနိုင်အောင် ရွှန်းရွှန်းစို လှပသော မျက်နှာထားလေးနှင့် မိန်းမချောလေး တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

သူမ၏ မျက်နှာလေးကို မြင်လိုက်သည်နှင့် ကြယ်ရောင်ဖြာနန်းတော်မှ ကျန်းအာင်နှင့် တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းမှ ချောင်ကွမ်တို့ အသိစိတ်မဲ့သွာသည့်ပမာ မိန်းမောသွားခဲ့ကြသည်။

ရွှယ့်လီသည် ပြိုင်ဘက်ကင်း ထွတ်ခေါ်အလှ နတ်သမီးတစ်ပါး မဟုတ်သော်လည်း သူမ၏ ကြောက်မက်ဖွယ်ရာ ခွန်အားနှင့် မြင့်မြတ်သော ဟန်ပန်အမူအရာကိုပါ ထည့်သွင်းစဉ်စားမည်ဆိုပါက သူမသည် အလွန့်အလွန်ကိုမှ ဆွဲဆောင်မှုရှိလှသော မိန်းမလှလေး တစ်ယောက် ဖြစ်ပေသည်။

“ဟန့်” ယုမို မကျေမနပ် ဖြစ်သွားသည့်အလား အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ယုမို၏ နှာခေါင်းရှုံ့သံကြောင့် ကျန်းအောင်တို့ ချက်ချင်း အသိပြန်ဝင်လာခဲ့သည်။ ချက်ချင်းပဲ စိုးရိမ်တကြီးဖြင့် သူတို့အကြည့်များကို အလျင်အမြန် လွှဲဖယ်လိုက်ကြလေသည်။

“ကောင်လေး။ နင်ဒီဘုရင်မကို တော်တော် ဒုက္ခရောက်အောင် လုပ်ခဲ့တာပဲ” ရွှယ့်လီက လှောင်ပြုံး ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်သည် “သဲမြို့တော်ကနေ နင်လွတ်သွားပြီးကတည်းက ငါနင့်ကို လိုက်ရှာနေတာ သုံးနှစ်တောင်ရှိပြီ။ လူတစ်ယောက်ကိုရှာဖို့ ဒီဘုရင်မ အခုလောက်အထိ တစ်ခါမှ အားမစိုက်ဖူးသေးဘူး”

“အို။ အဲ့ဒါဆို ကျုပ်ကိုယ်ကျုပ် ဂုဏ်ယူသင့်တာပေါ့နော်” ရန်ကိုင်က အကြောက်အလန့် ကင်းကင်းဖြင့် ပြန်၍ ရယ်မောလိုက်သည်။

“စီနီယာရွှယ့်လီလား” ဝူကျဲ သူ့ဘာသာသာသူ ရေရွတ်လိုက်သည်။ ထိုနာမည်ကို သူရင်းနှီးနေသလို ခံစားနေရသည်။ ခဏလောက် စဉ်းစားကြည့်ပြီးနောက် ဝူကျဲတစ်ကိုယ်လုံး ကတုန်ကရင်၊ ဒူးများပင် ချောင်ချင်သလို ဖြစ်လာပြီး အလန့်တကြား အော်ပြောလိုက်လေသည် “နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီလား”

ယခုမှသာ ထိုဆန်းကြယ်သည့် အမျိုးသမီး မည်သူမှန်း သူသိသွားခဲ့သည်။

ဘေးပတ်ပတ်လည်ရှိ ခြောက်ခြားဖွယ်ကောင်းသော အစိမ်းရောင်အရှိန်အဝါတို့ ပျောက်ချင်းမလှ ပျောက်ကွယ် သွားကုန်ပြီး သူ့သွေးများလည်း အေးစက်သွားခဲ့ရသည်။

နတ်ဆိုးကုန်းမြေတွင် နတ်ဆိုးဗိုလ်ချုပ်ကြီး တစ်ယောက်ရှိပြီး ထိုဗိုလ်ချုပ်ကြီး လက်အောက်၌ နတ်ဆိုးဗိုလ်ချုပ် လေးယောက်ရှိသည်။ နတ်ဆိုး ဗိုလ်ချုပ် တစ်ယောက်ချင်းစီတိုင်းသည် ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်ကြပြီး နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီသည် ဗိုလ်ချုပ်လေးယောက်အနက် တစ်ယောက် အပါအဝင် ဖြစ်ပေသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်သည် လူသား ပိုင်နက်အတွင်းသို့ လူမသိသူမသိ ခိုးဝင်လာပြီး ကျန်းအောင်နှင့် အခြားသူများကိုပင် သူမအတွက် အလုပ်လုပ်ခိုင်းခဲ့သည် ဆိုသော အချက်ကို ဝူကျဲ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

သူမ ထိုကဲ့သို့ လုပ်ခဲ့ရခြင်းသည် ရန်ကိုင်သော လူငယ်လေး တစ်ယောက်ကို ရှာရန်အတွက် ဖြစ်နေခဲ့သည်။

ရွှယ့်လီကဲ့သို့ လူတစ်ယောက် ဤမျှ အသည်းအသန် လိုက်ရှာရလောက်အောင် တော်ဝင်သခင်ငယ်လေးသည် ဘာတွေများ ပိုင်ဆိုင်ထားလေသနည်း။

‘နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီ’ ဆိုသော စကား ခြောက်လုံးသည် လူသားပညာရှင်များ၏ နားထဲ မိုးချိန်းသံပမာ မြည်ဟည်းသွားခဲ့သည်။ အကုန်လုံးသည် ဝူကျဲ အမှန်ပြောနေ၊မနေ သေချာသွားစေရန် ရွှယ့်လီအား တစ်ဖန် လှည့်ကြည့်လိုက်ကြပြန်သည်။

ရွှယ့်လီသည် ထိုလူများကို အရေးမစိုက်။ ရန်ကိုင်ကိုသာ ခုနှစ်ရက်ခုနှစ်လီ မစားရ၊ မသောက်ရ သေးသော သားရဲတစ်ကောင်ပမာ လောဘတကြီး စိုက်ကြည့်နေခဲ့သည်။

“စီနီယာရွှယ့်လီ။ ဒီကိုလာလို့ လူသားပညာရှင်တွေ ဝိုင်းတိုက်မှာကို မကြောက်ဘူးလား။ ဒီနေရာက ခင်ဗျား နေတဲ့နေရာနဲ့ နီးတာ မဟုတ်ဘူးနော်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် မေးလိုက်သည်။

သူ့စိတ်ထဲ တော်တော်လေး စိုးရိမ်နေခဲ့ရ၏။

ဆန်းကြယ်သောလူအကြောင်း ဝူကျဲပြောစဉ်က သူ့စိတ်ထဲ လျှောက်တွေးကြည့်မိသေးသည်။

အရင်ဆုံးတွေးမိသည့်လူကား နတ်ဆိုးဗိုလ်ချုပ် ကျိုးချဲပင်…

ကျိုးချဲနှင့် လူချင်း တစ်ခါမှ မတွေ့ဖူးသော်လည်း ထိုနတ်ဆိုးဗိုလ်ချုပ်သည် သူ့အားသတ်ရန် နှစ်ကြိမ် တိုင်တိုင် ကြံစည်ခဲ့သည်။ ထို့ကြောင့် သူ့လူများကို သူ့လွှတ်၍ သူ့အား သတ်ခိုင်းရန် ကြိုးစားလျှင်ပင် မထူးဆန်း။

နတ်ဆိုးဗိုလ်ချုပ် မန်ကဲလည်း ဖြစ်နိုင်ချေရှိ၏။

တကယ်တော့ သူအားနည်းစဉ်က နတ်ဆိုးဗိုလ်ချုပ် မန်ကဲ ဝိဥာဉ်ကိုယ်ပွားကို ဖျက်စီးခဲ့သည့်မလား။

သို့သော်လည်း တကယ်ရောက်လာသည့်လူကား ရွှယ့်လီ ဖြစ်နေလိမ့်မည်ဟုတော့ သူတစ်ခါမှ မတွေးခဲ့ဖူး။

သူတို့နှစ်ယောက်ကြားမှ အမုန်းတရားသည် ဤမျှ မကြီးမားချေ။ သဲမြို့တော်တွင် ရှိစဉ်က သူ့အနေဖြင့် သူမအား ဒုက္ခရောက်အောင်မလုပ်ခဲ့သလို သူမ၏ ဂုဏ်းသတင်းကိုလည်း ညစ်ထေးအောင် မလုပ်ခဲ့ချေ။ ထိုသို့ဆိုလျှင် သူမအနေဖြင့် သူ့အား သုံးနှစ်တိုင်တိုင် မမောမပန်း လိုက်ဖမ်းစရာ လိုမည်လား။

ပိုဆိုးသည်ကား သူမသည် သူ့အား ကိုယ်တိုင်ကိုယ်ကျ လိုက်ဖမ်းခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်စကားကို ကြားသော် ရွှယ့်လီက ရယ်သာ ရယ်လိုက်ပြီး “ငါကြောက်နေရင် ဒီဘုရင်မလည်း လာခဲ့မှာ မဟုတ်ဘူး။ “နင်တို့ လူသားမျိုးနွယ်စုမှာ ပညာရှင်တွေ အများကြီးရှိပေမယ့် ဘယ်သူက နင့်ကို ဂရုစိုက်မှာ မို့လို့လဲ”

“စီနီယာရွှယ့်လီက ကိုယ့်ကိုယ်ကို တကယ်ကို ယုံကြည်ချက် ကြီးမားတာပဲနော်” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ဟုတ်တာပေါ့… ဒါပေမယ့်၊ နင်လည်း ငါ့ကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပါတယ် ကောင်လေးရဲ့။ နင့်ခွန်အား တိုးတက်လာတဲ့နှုန်းက တကယ်ကို အံ့အားသင့်စရာပဲ။ အဓိက ငါသိချင်နေတာက ငါရှိနေတာကို နင်ဘယ်လို ရှာတွေ့သွားတာလဲ။ နင့်ကျင့်ကြံခြင်းနှင့် ငါ့ကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

ထိုစကားကို ကြားသော်လည်း ဝူကျဲလည်း ရန်ကိုင်အား စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်သည်။ အခြေအနေသည် အပြောင်းအလဲ မြန်လွန်းလှသဖြင့် ဝူကျဲလည်း ဘာကိုမှ သေသေချာချာ သတိမပြုမိခဲ့။ သူ့အပေါ် ရန်ကိုင်သဘောထား ရုတ်တရက် ပြောင်းလဲသွားမှသာ တစ်ခုခု မှားယွင်းနေမှန်း သူသတိပြုမိခဲ့ခြင်း ဖြစ်သည်။

“လျူကွေ့ သေသွားတယ်လေ” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်သည် “ကျုပ်ထားထားတဲ့ ပွန်းကောင်ပဲ။ သူသေသွားတာကို ကျုပ်မသိဘဲ နေမလား”

“ငါသိပြီ” ရွှယ့်လီ အသာအယာ ခေါင်းညိတ်လိုက်၏။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် လူငယ်လေး တစ်ယောက်ကို သတ်လိုက်မိသဖြင့် သူတို့ကို တစ်ဖက်လူ သတိပြုမိသွားလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့။

“တော်ဝင်သခင်… အခြေအနေက သိပ်ပြီး မဟန်တော့ဘူးနော်” ဝူကျဲက ရန်ကိုင်နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

“တကယ် မဟန်တာ” ရန်ကိုင်လည်း မျက်မှောင် ကြုံ့နေခဲ့သည် “ရွှယ်လီ ဒီရောက်နေမှန်းသာ ကျုပ်သိခဲ့ရင် ခင်ဗျားကို မခေါ်လိုက်ပါဘူး။ ဒါကျုပ်အမှားပဲ”

ဆန်းကြယ်သောလူသည် ကျန်းအောင် အဆင့်လောက်သာ ရှိမည်ဟု ထင်ထားခဲ့ခြင်းဖြစ်ပြီး သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟုတော့ တစ်ခါမှ မထင်ထားခဲ့။

ဝူကျဲ၏ ကျင့်ကြံခြင်းဖြင့် သူမ မသိအောင် မည်သို့မှ ခိုးထွက်လာနိုင်မည် မဟုတ်ပေ။

“ဝူကျဲ။ မင်းငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ။ အဲ့ကောင်လေးနဲ့ မင်းပူးပေါင်းနေလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး” ကျန်းအောင်က ရုတ်တရက် ဒေါသတကြီး အော်ပြောလေသည် “ဒီနှစ်နှစ်အတွင်း မင်းသိပ်ပြီး စိတ်မပါတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”

“ညီအစ်ကိုဝူက မရဏဂိုဏ်းကို ဆက်ပြီး မတည်ရှိစေချင်တော့ဘူးနဲ့ တူတယ်” ချောင်ကွမ်က ကြမ်းကြုတ်စွာ ပြုံးလျက် ပြောလိုက်သည်။

“ငါ့ကို လာခြိမ်းခြော်ကတောလား” ဝူကျဲက ထိုနှစ်ယောက်ကို စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်သည်။

“ခြိမ်းခြောက်တော့ကော ဘာဖြစ်လဲ” ကျန်းအောင်က အေးစက်စက်လေသံဖြင့် “ပြန်ပြင်ရင် အချိန်မှသေးတယ်နော်။ ငါတို့ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တာကို ထောက်ထာပြီး ငါမင်းကို အခွင့်အရေး တစ်ခုပေးလိုက်မယ်။ အဲ့ကောင်လေးကို ဖမ်းပေးမယ် ဆိုရင် ငါတို့မင်းကို ဒုက္ခရောက်အောင် မလုပ်တော့ဘူး”

ရန်ကိုင် ဝူကျဲအား တစ်ချက် လှမ်းကြည့်လိုက်သည်။ ဝူကျဲ ဘယ်လိုတုန့်ပြန်မည်ကို သူလည်း သိချင်မိ၏။ သို့သော် ဝူကျဲက ပြန်၍သာ လှောင်ရယ်လိုက်လေသည် “မင်းတို့ပဲ မှားနေတာ မဟုတ်ဘူးလား။ အစတော့ ဒီလူ ဘယ်သူမှန်း မသိလို့ ထားပါဦး။ အခု သူက နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီမှန်း သိပြီးတာတောင် သူ့အတွက် အရိုးကြေကြေ အရေခမ်းခမ်း အလုပ်လုပ်ပေးနေတယ် ဆိုတော့ မင်းတို့ ခေါင်းပဲ မကောင်းတော့တာလား”

“ဒီအခြေအနေ ရောက်နေပြီ။ ပြန်လမ်းလည်း မရှိတော့ဘူး ဆိုမှတော့ အဆိုးဆုံးမှ နတ်ဆိုးကုန်းမြေထဲ ပြောင်းရွှေ့လိုက်ရုံပေါ့” ကျန်းအောင်က ပြောလိုက်သည်။ အတော်လေး ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ရွှယ့်လီအား ကြည့်ကာ “စီနီယာ ကျုပ်တို့ကို လက်ခံပေးနိုင်မလား မသိဘူး”

“ငါ့ဘက်က လက်ခံပေးနိုင်တယ်။ သဲမြို့တော် အနားမှာ ကီလိုမီတာ သောင်းမက ကျယ်ပြန့်တဲ့ မြေလွတ်တွေ အများကြီး ရှိတယ်။ ကြိုက်တယ်ဆိုရင် အဲ့မြေတွေကို နင်တို့ကို ပေးလိုက်လို့ရတယ်။ တကယ်တော့၊ နင်တို့ လူသားအချင်းချင်း ပြန်တိုက်နေကြတာကို ငါတကယ် ကြည့်ချင်တာ” ရွှယ့်လီက ရယ်မောလိုက်သည်။

“ကီလိုမီတာသောင်းကျော်လား…” ကျန်းအောင်နှင့် ချောင်ကွမ်းတို့ နှစ်ယောက်စလုံး လိုချင်သွားခဲ့ကြသည်။

ကီလိုမီတာသောင်းကျော်သော နယ်မြေကိုသာ ရလိုက်ပါက သူတို့၏ ခွန်အားကို သိသိသာသာ တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။

ချောင်ကွမ်းနှင့် ကျန်းအောင်တို့၏ အမူအရာကို ကြည့်ရင်း ရန်ကိုင် ရယ်ချင်ပက်ကျိ ဖြစ်သွားခဲ့သည်။

ထိုသောက်ရူးနှစ်ကောင်သည် သဲမြိုတော် အကြောင်း နကောင်းနကန်းမျှ မသိ။ သဲမြို့တော်အကြောင်းသာ နားလည်ခဲ့လျှင် ရွှယ့်လီပြောနေသော ထောင်သောင်းမက ကျယ်ပြောသည့် ကုန်းမြေသည် ခြောက်သွေ့နေသော သဲကန္တာရကြီး ဖြစ်ကြောင်း နားလည်သွားပေလိမ့်မည်။

ကျန်းအောင်၊ ချောင်ကွမ်နှင့် သူ့လောက်ငယ်သား များသာ ထိုနေရာတွင် နေရပါက အချိန်တိုအတွင်း ကျန်းအောင်၊ ချောင်ကွမ်းကဲ့သို့ ထိပ်တန်းအဆင့် ပညာရှင်များမှလွဲ၍ အခြားသူအားလုံး သေသွား ရပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈57)

လူများစွာက ဝိုင်းထားသည့်အပြင် သူမ ကိုယ်တိုင်လည်း ရှိနေသဖြင့် ရန်ကိုင် ထွက်ပြေး၍ မလွတ်နိုင်လောက်ဟု ရွှယ့်လီ ထင်နေခဲ့သည်။ ထို့ကြောင့် ချက်ချင်း မလှုပ်ရှားသေးဘဲ ရန်ကိုင် ဘာလုပမလဲ ဆိုသည်ကိုသာ စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့သည်။

သူ့နားတွင် ရပ်နေသော ယုမိုသည်လည်း ရန်ကိုင် ထွက်ပြေးမည်ကို အရှင်းမစိုးသည့်ပုံစံဖြင့် ပြုမူနေသော်ငြား သူ့ကောင်းကင်စိတ်အာရုံသည် ရန်ကိုင်အား အသေအချာ စောင့်ကြည့်နေခဲ့သည်။ ရန်ကိုင် ထွက်ပြေးရန် ကြိုးစားလိုက်သည်နှင့် သူချက်ချင်း လှုပ်ရှားပေလိမ့်မည်။

ထို့အခြေအနေကြောင့် သူ့လည်း ဓါးထောက် ခံထားရသလို ဝူကျဲ ခံစားနေခဲ့ရသည်။

“တော်ဝင်သခင်၊ ဒီတစ်ကြိမ်တော့ ဒီဝူလည်း ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး။ အဲ့မိန်းမအတွက် အလုပ်မလုပ်ပေးဘူး ဆိုပေမယ့် ကျုပ်သာ ဒီမှာ ဆက်နေရင် ကျိန်းသေ အချည်းနှီး သေရလိမ့်မယ်… ဒါကြောင့် အခွင့်အရေး ရတာနဲ့ ဒီဝူ ချက်ချင်း ထွက်သွားမယ်” ဝူကျဲက တိုးတိုးလေး ပြောလိုက်သည်။

“သွားသာသွား၊ ကျုပ်ကို ဂရုစိုက်နေစရာ မလိုဘူး” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ ဝူကျဲ ယခုလို လုပ်သည်ကို ရန်ကိုင် အတော်လေး ကျေနပ်မိသည်။ အစကတည်းက သူသည် ဝူကျဲအပေါ် မှီခိုလိုခြင်း မဟုတ်။ ဝူကျဲ ကျန်းအောင်တို့နှင့် မပူးပေါင်းလျှင် သူ့အတွက် လုံလောက်ပေပြီ။

ထို့အပြင် ရန်ကိုင်သာ ထွက်သွားချင်သည် ဆိုပါက လေဟာနယ်ကို ဆုတ်ဖြဲလိုက်ရုံပင်။ ထိုနည်းဖြင့် ရွှယ့်လီ ကဲ့သို့သော ပညာရှင်တစ်ယောက်လက်မှပင် လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေသည်။

သို့သော်လည်း အန္တရာယ်ကင်ကင်း လွတ်မြောက်နိုင်၊ မလွတ်မြောက်နိုင်သည် အခွင့်အရေးပေါ် မူတည်နေသေးသည်။

ဝူကျဲ၏ လက်ရှိခွန်အားဖြင့် လေဟာနယ်ကို ဆုတ်ဖြဲခြင်းသည် အရမ်း အန္တရာယ်များပေသည်။ ကျရှုံးသည်နှင့် အလောင်းမြုပ်စရာမရှိဘဲ သေသွား ရပေလိမ့်မည်။

လေဟာနယ် ဆုတ်ဖဲခြင်း သဘောတရားကို ကောင်းကောင်း နားလည်ထားသော ရန်ကိုင် အတွက်မူ ဝူကျဲထက် အခြေအနေ ပိုကောင်းပေသည်။

“သခင်မ၊ ကျုပ်တို့ စတော့မလား” ယုမို စိတ်မရှည်တော့သဖြင့် ရွှယ့်လီအား တိုးတိုးလေး မေးလိုက်သည်။

“အလျင်လိုစရာ မလိုဘူး။ ငါသူနဲ့ ဆွေးနွေးကြည့်ချင်သေးတယ်” ရွှယ့်လီက တခစ်ခစ် ရယ်သွမ်းသွေးလျက် ရန်ကိုင်အား ပြောလိုက်လေသည် “ကောင်လေး။ ဒီဘုရင်မနဲ့ သဲမြို့တော်ဆီ လိမ်လိမ်မာမာနဲ့ ပြန်လိုက်ခဲ့ရင် ကောင်းမယ်နော်။ အဲ့လိုဆိုရင် နင့်အသက် ဘာမှမဖြစ်စေရဘူး” ပြောနေရင်း သူမ၏ မျက်ဝန်းများ အေးစက်သွားခဲ့ပြီး “အကျိုးမဲ့ ရုန်းကန်နေဦးမယ် ဆိုရင်တော့ နင့်လက်တွေ၊ ခြေထောက်တွေကို ချိုးပစ်ရလိမ့်မယ်။ နင့်ကျင့်ကြံခြင်းကိုတောင် ဖျက်စီးဦးမှာ”

“စီနီယာ ဒီကောင်လေးကို အထင်မသေးသင့်ဘူးနော်။ သူက ငါးရှဉ့်လိုပဲ။ အခွင့်အရေးရတာနဲ့ ထွက်ပြေးမှာ။ သူ့ကို နောက်တစ်ကြိမ် ပြန်ဖမ်းမိဖို့က လွယ်တာ မဟုတ်ဘူး…” ကျန်းအောင်က စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။

“ဟုတ်တယ် စီနီယာ… အရင်တစ်ခါက ကျုပ်တို့ သုံးကို လနဲ့ချီပြီး လိုက်ဖမ်းတာတောင် မိခဲ့တာ မဟုတ်ဘူး။ ဒီကောင်လေးက ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင်အသစ်ပဲ။ ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုစလုံးကို သူလေ့ကျင့်ပြီးသွားပြီ။ သူ့ကို ဖမ်းမိတာနဲ့ ကောင်းကင်နတ်ဘုရား ပညာရပ်တွေက ကျုပ်တို့ အပိုင်ဖြစ်လာမှာ” ချောင်ကွမ်က အားတက်သရော ဝင်ပြောလိုက်ပြန်သည်။

တော်ဝင်နယ်မြေအား တိုက်ခိုက်စဉ်က ရန်ကိုင်ကို ဖမ်းရန် အခွင့်အရေး မရခဲ့။ ယခု အခွင့်အရေးသည် သူတို့ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်လေရာ ကျန်းအောင်နှင့် ချောင်ကွမ်တို့ ရန်ကိုင်အား မည်သည့်အတွက်ကြောင့် အလွယ်တကူ လွှတ်ပေးနိုင်တော့မည်နည်း။

“မင်းတို့ ပါးစပ်တွေ ပိတ်ထားစမ်း။ ငါ့သခင်မ ဘာလုပ်လုပ် မင်းတို့ သောက်ကိစ္စမဟုတ်ဘူး” ယုမိုက ကျန်းအောင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

ကျန်းအောင် မချိမခံသာ ဖြစ်သွားခဲ့သည်။ သူ့ကျင့်ကြံခြင်းသည် ယုမိုထက် ပိုမြင့်သော်လည်း ယခုလောလောတွင် သူ့ဒေါသကို မြိုသိပ်ထားရုံမှတစ်ပါး အခြားမရှိပေ။

“ဒီဘုရင်မက ကောင်းကင်နတ်ဘုရားပညာရပ်တွေကို လိုချင်လို့ ဒီကို လာခဲ့တယ် ထင်နေတာလား” ရွှယ့်လီက ကျန်းအောင်တို့အား လှောင်ပြောင်လိုသော အမူအရာဖြင့် ကြည့်၍ “အဲ့ဒါတွေက ဘာမို့လို့လဲ”

ကျန်းအောင်နှင့် ချောင်ကွမ်တို့ နှစ်ယောက်စလုံး ကြောင်သွားခဲ့ကြသည်။

ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ အမွေအနှစ်ကြောင့် မဟုတ်လျှင် ထိုမိန်းမသည် ကီလိုမီတာပေါင်း သောင်းကျော်ကို ဖြတ်သန်း၍ လူသားနယ်မြေထဲသို့ အဘယ်ကြောင့် ခိုးဝင်လာခဲ့ရသနည်း။

ရန်ကိုင်လည်း မျက်ခုံးပင့်သွားခဲ့ပြီး “စီနီယာရွှယ့်လီ၊ ကျုပ်ခင်ဗျား ဒေါသထွက်ရလောက်အောင် ဘာမှ မလုပ်ခဲ့ဘူးနော်။ ကျုပ်တို့ကြားက ဆက်ဆံရေးက ကောင်းမွန်တယ်လို့ မပြောနိုင်ပေမယ့် ကျုပ်ခင်ဗျားကို ငွေအများကြီး ရှာပေးခဲ့တာပဲ။ အဲ့ဒါကိုတောင် ကျုပ်ကို မရမက ဘာလို့ လိုက်ဖမ်းနေရတာလဲ”

ထိုအချက်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခြင်း ဖြစ်သည်။ အကျိုးအမြတ် လုံလုံလောက်လောက် မရသရွေ့ ရွှယ့်လီကဲ့သို့ လူတစ်ယောက်သည် နတ်ဆိုးကုန်းမြေမှ အလွယ်တကူ ထွက်လာခဲ့လိမ့်မည် မဟုတ်ပေ။ ဘာကများ သူမကို ထိုကဲ့သို့ လုပ်စေရလေသနည်း။

“နင်သိချင်တာလား” ရွှယ့်လီ သိမ်မွေ့စွာ ပြုံးလိုက်သည်။

ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ပြီး ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီလေ။ နင်ကလည်း ထွက်ပြေးလို့ မရတော့ဘူး ဆိုမှတော့ ငါလည်း နင်သိအောင် ပြောပြရသေးတာပေါ့” သူမ ထိုကဲ့သို့ ပြောလိုက်သည်နှင့် အကုန်လုံး သေသေချာချာ နားစွင့်လိုက်ကြသည်။

သို့သော်လည်း ရွှယ့်လီက အစစ်အမှန်ချီကို သုံး၍ သူမ၊ ယုမိုနှင့် ရန်ကိုင်တို့အား အပြင်လောကကြီးမှ ပိုင်းခြားလိုက်သည်။

ရန်ကိုင် အမူအရာလည်း ပြောင်းလဲသွားခဲ့ရပြီး ဘေးပတ်လည်ကို အလျင်စလို လှည့်ပတ်စူးစမ်း မိလိုက်သည်။ သိုသော်လည်း မိုးပြာရာအရံအတားကို ကျော်ပြီး အပြင်ဘက်သို့ အာရုံခံမရခဲ့။ သူ့ဘေးနားတွင် ရပ်နေသော ဝူကျဲပင်လျှင် မရှိတော့ချေပြီ။

ထိုမိန်းမ… တကယ်ကို ကြောက်စရာ ကောင်းပေသည်။ ရန်ကိုင် ပို၍ စိုးရိမ်လာခဲ့ရသည်။

ရန်ကိုင် စိတ်ညစ်နေချိန် ရွှယ့်လီကမူ အရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ သူမလက်ကို ဝှေ့ရမ်းလျက် သတ်ဖြတ်လိုစိတ် စိုးစဉ်းမျှ မပါဝင်သော အစစ်အမှန်ချီ ဓါးသွားလေး တစ်စင်းအား ရန်ကိုင်ဆီသို့ ပစ်လိုက်သည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သောလည်း မရှောင်ခဲ့။ ချီဓါးသွားလေသည် သူ့လက်မောင်းကို ဖြတ်သွားခဲ့သည်။

ရွှစ်…

သူ့လက်မောင်းထက် ရှရာလေးတစ်ချက် ထွက်ပေါ်လာပြီး ရွှေရောင်တောက်နေသည့် အနက်နီရောင် သွေးတို့ စိမ့်ထွက်လာခဲ့သည်။ ပြီးသည်နှင့် ထိုဒဏ်ရာသည် သူ့ဘာသာ ပြန်လည် ကောင်းမွန်သွားခဲ့လေ၏။

“ဟုတ်သွားပြီ” ရွှယ့်လီ၏ မျက်ဝန်းအစုံသည် ကြယ်စဉ်များပမာ ဝင်းလက်တောက်ပနေခဲ့လေပြီ။

အနားတွင် ရှိနေသော ယုမိုက ဇဝေဇဝါဖြင့် မျက်မှောင်ကြုံ့လိုက်သည်။

“ငါလို့ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်က ဒီလောက်ကြာအောင် ဘာလို့ နင့်ကို လူကိုယ်တိုင် လိုက်ဖမ်းလဲ သိချင်လား” ရွှယ့်လီက မေးရာ ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ဟဲဟဲ…” ရွှယ်လီက ချစ်စဖွယ်ကောင်းစွာ ပြုံးလျက် “ဘာလို့လဲဆိုတော့ ငါတို့သွေးထဲမှာ တူညီတဲ့ စွမ်းအင်တွေ စီးဆင်းနေလို့ပဲပေါ့”

ပြောပြီးသည်နှင့် သူ၏ လက်မောင်းသားလေးကို ခြစ်လိုက်သည်။ သွေးစီးကြောင်းလေးတစ်ကြောင်း သူမ၏ နှင်းဖြူရောင် လက်မောင်းသားလေးထက် စီးကျလာခဲ့လေပြီ။

“သခင်မ…” ယုမို အလန့်တကြား ထအော်လိုက်သော်ငြား ချက်ချင်းပဲ နေရာတွင်ပင် တောင့်တောင်ကြီး ဖြစ်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ့်လီလက်မှ ထွက်လာသော သွေးစီးကြောင်းသည် ရွှေရောင် တောက်နေသောကြောင့်ပင် ဖြစ်သည်။ သို့သော် ရန်ကိုင် သွေးနှင့်ယှဉ်လျှင် သိသိသာသာကို အားနည်းပေ၏။

သူမ၏ ဒဏ်ရာသည်လည်း အလျင်အမြန် ပြန်လည် ပျောက်ကင်းသွားခဲ့သည်။ သို့သော် ပျောက်ကင်းသည့် အမြန်နှုန်းသည် ရန်ကိုင်ထက် နှေးနေခဲ့၏။

“နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးလား” ရန်ကိုင် အလန့်တကြား အော်ပြောမိလိုက်သည်။

“နင်တကယ်သိတာပဲ” ရွှယ့်လီ ထိန်းမရအောင် စိတ်လှုပ်ရှားနေခဲ့ရလေပြီ။ သူမ၏ မျက်နှာလှလှလေး ဆိုလျှင်လည်း အလိုလောဘတို့ဖြင့် ပြည့်လို့။

“ခင်ဗျားမှာ ဘယ်လိုလုပ်ပြီး နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးစက် ရှိနေတာလဲ” ရန်ကိုင်က ရွှယ့်လီအား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

“ငါလည်း နင့်ကို မေးချင်နေတာ” ရွှယ့်လီက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ တစ်ပြိုင်တည်း ပြုန်းပြုန်းကြေ သွားစေနိုင်သည့် ဖိအားတစ်ခု သူ့အပေါ် ကျဆင်းလာခဲ့ရာ ရန်ကိုင် တစ်ကိုယ်လုံး မြေကြီးပေါ် လဲပြိုကျလုမတတ် ဖြစ်သွားခဲ့ရသည်။ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့။

“နတ်ဆိုးဘုရားရွှေရောင်သွေးလား” ယုမို အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “ဒဏ္ဏာရီလာ နတ်ဆိုးနတ်ဘုရားရဲ့ သွေးလား။ ဒီကောင်လေးက အဲ့သွေးကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားတာလဲ။ သူ့သွေး ရွှေရောင်ဖြစ်နေတာက ယန်ဓါတ်ကျင့်စဉ်ကို လေ့ကျင့်ထားလို့လို့ ကျုပ်ထင်နေတာ။ သူက နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေတာလား”

ပြောနေစဉ်အတောအတွင်း ယုမိုသည် ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့သည်။

“မဟုတ်ဘူး။ သူက လူသားပဲ” ရွှယ့်လီက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးကို သူဘယ်ကနေ ရလာလဲ ငါလည်း မသိဘူး။ ဒါကြောင့် ငါမေးနေရတာ။ နတ်ဆိုးနတ်ဘုရား ရွှေရောင်သွေးက သူ့ယန်ဓါတ်ချီနဲ့ အရောင်အတူတူပဲ။ ဒါကြောင်လည်း အစပိုင်း ဒီဘုရင်မ အရူးလုပ်ခံရတာပေါ့။ ငါသာ သူ့နောက်ဆုံးတိုက်ပွဲကို ကိုယ်တိုင် မကြည့်ခဲ့ရင် သူနတ်ဆိုးနတ်ဘုရားရွှေရောင်သွေးကို ပိုင်ဆိုင်ထားမှန်း ငါသိမှာ မဟုတ်ဘူး”

“ဒါကြောင့် သခင်မ သူ့ကို မသတ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့” ယုမို ရုတ်တရက် နားလည်သွားခဲ့သည်။

သဲမြို့တော်တွင် ရှိစဉ်က၊ သူ့နောက်ဆုံးတိုက်ပွဲ ပြီးသည်နှင့် ရန်ကိုင်အား သတ်ရန် ရွှယ့်လီ စဉ်းစားထားခဲ့သည်။ သို့သော် တိုက်ပွဲပြီးနောက် ရွှယ့်လီသည် စိတ်ပြောင်းကာ ရန်ကိုင်အား မသတ်တော့ဘဲ သူ့အား ပြန်ဖမ်းခေါ်လာရန်သာ ယုမိုအား အမိန့်ပေးခဲ့သည်။

ရွှယ့်လီ မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး စိတ်ပြောင်းသွားမှန်း ယခုအချိန် မတိုင်ခင်အထိ ယုမို လုံးဝ နားမလည်ခဲ့ပေ။

“သခင်မမှာ နတ်ဆိုးနတ်ဘုရားရွှေရောင်သွေး ရှိတာ ဆိုတော့ သခင်မက နတ်ဆိုးနတ်ဘုရားရဲ့ မျိုးဆက်ပေါ့” ယုမိုက ရွှယ့်လီအား ရိုသေးလေးစားစွာ ကြည့်လျက် စိတ်လှုပ်ရှားစွာဖြင့်‌ မေးလိုက်သည်။

နတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံး၏ အလေးစားခံထိုက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လျှင်ပင် နတ်ဆိုးမျိုးနွယ်စုဝင်ဝိုင်း သူ့အား လေးစားကြည်ညို နေကြဆဲ။

နတ်ဆိုးဗိုလ်ချုပ်ကြီး တစ်ယောက်ချင်းစီတိုင်းသည် နတ်ဆိုးနတ်ဘုရားခေတ်ကကဲ့သို့ နတ်ဆိုးမျိုးနွယ်စုကို တစ်ဖန်ပြန်လည် ထွန်းတောက်လာအောင် လုပ်ဆောင်ချင်ခဲ့ကြသော်လည်း မည်သူမှ မအောင်မြင်ခဲ့။

နတ်ဆိုးနတ်ဘုရား သေဆုံးသွားခဲ့သော်လည်း သူ့အမွေအနှစ်သည် ဤလောကကြီး၏ တစ်နေရာရာတွင် ကျန်ရှိနေသေးသည်ဟု ပြောစမှတ်ရှိကြသည်။ သို့သော် မည်သူမှ ရှာမတွေ့ခဲ့ကြ။

ရွှယ်လီကိုယ်ထဲတွင် နတ်ဆိုးနတ်ဘုရား ရွှေရောင်သွေး ရှိနေသဖြင့် သူမအား နတ်ဆိုးနတ်ဘုရား၏ မျိုးဆက်အဖြစ် ယုမို ကောက်ချက်ချသည်မှာ ယုတ္တိရှိပေသည်။

ယုမို အရမ်းကိုမှ ပျော်နေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ရွှယ်လီကိုယ်ထဲ နတ်ဆိုးနတ်ဘုရားရွှေရောင်သွေး ရှိနေခြင်းမှာ တစ်နေ့ ရွှယ့်လီသည် နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံး၏ ကြီးမြတ်သောအရှင်သခင်တစ်ပါး ဖြစ်သည့် နတ်ဆိုးဗိုလ်ချုပ်ကြီး ဖြစ်လာမည်ဟု ဆိုလိုခြင်းပင် မဟုတ်လေလော။

ကံမကောင်းစွာဖြင့် ရွှယ့်လီက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒီဘုရင်မက နတ်ဆိုးနတ်ဘုရားရဲ့ မျိုးဆက်မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက နတ်ဆိုးနတ်ဘုရား ရွှေရောင်သွေးစက်ကို မတော်တဆ ရရှိခဲ့တာပဲ ရှိတာ။ အဲ့သွေးစက်ကြောင့်ပဲ ဒီဘုရင်မက ဒီလောက်အထိ ခွန်အား ကြီးမားလာနိုင်ခဲ့တာ”

ရုတ်တရက် အံကြိတ်၍ ဆက်ပြောလိုက်သည် “ဒါပေမယ့် ဒီကောင်လေး ကိုယ်ထဲမှာ ငါထက် ပိုသိပ်သည်းတဲ့ နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးတွေ ရှိနေတယ်။ နတ်ဆိုးနတ်ဘုရားနဲ့ ပက်သက်တဲ့ လျှို့ဝှက်ချက်အချို့ကို သူကျိန်းသေ သိနေရမယ်။ နတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ် ဘယ်မှာရှိလဲ ဆိုတာကို သိရင်တောင် သိနေနိုင်သေးတယ်”

ယုမို မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး ရန်ကိုင်အား မီးတောက်မတတ်အကြည့်ဖြင့် ကြည့်လာခဲ့သည်။

ရွှယ့်လီပြောသကဲ့သို့ နတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို ရန်ကိုင် ရရှိထားသည်မှာ အမှန်ဖြစ်ပါက သူတို့ နတ်ဆိုးမျိုးနွယ်စု ဤလောကကြီး၏ မဟာအုပ်စိုးသူ ပြန်မဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

နတ်ဆိုးတို့၏ ခမ်းနာဖွယ်ရာ အနာဂတ်ကို တွေးရင်းဖြင့်ပင်လျှင် ယုမို၏ သွေးတို့ ဆူပွက်လာခဲ့ရ၏။

“ကောင်လေး။ အခု နင်ပြောရမယ့်အလှည့်မလား” ရွှယ့်လီက ရန်ကိုင်အား ပြုံးပြလိုက်ပြီး “ဒီဘုရင်မကို လာပြီး လှည့်စားဖို့မကြုံနဲ့နော်။ ငါနင့်ကို ရှာတွေ့မှတော့ နင်လွတ်တော့မှာ မဟုတ်ဘူး”

“စီနီယာ ဘာသိချင်နေတာလဲ” ရန်ကိုင် ထိတ်လန့် တုန်လှုပ်သွားခြင်း မရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်မေးလိုက်သည်။

“နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးကို နင်ဘယ်ကနေ ရလာခဲ့တာလဲ”

“ကျုပ်ငြင်းမယ်ဆိုရင်ရော” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်သည်။

ရန်ကိုင်၏ ပမာမခန့် သဘောထားကြောင့် ရွှယ့်လီ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။ သို့သော် အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်ပြီး “အဲ့လိုဆိုရင်တော့ နင်လည်း နာရတော့မှာပေါ့။ နင့်ကျင့်ကြံခြင်းကို ဖျက်စီးပစ်လိုက်ရင်တောင် နင်စကားပြောလို့ ရနေဦးမှာပဲ။ ပြီးတော့… နတ်ဆိုးနတ်ဘုရားသွေးစက်က တကယ်ကို အံ့ဩဖို့ ကောင်းတဲ့ ရတနာတစ်ပါးပဲ။ နင်ဘက်က မပူးပေါင်းရင်တောင်မှ နင့်ကိုသတ်ပြီး နင့်ကိုယ်ထဲ နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးကို ထုတ်ယူလိုက်ရုံပဲ”

“ခင်ဗျားမှာ အဲ့လို အရည်အချင်း မရှိတာ ဆိုးတာပဲ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရွှယ့်လီသည် သူ့သွေးအတွက် ရောက်လာခြင်းဖြစ်ပြီး ကျန်းအောင်နှင့် ချောင်ကွမ်သည် အလောင်းသယ်လူကြီး၏ လျှို့ဝှက်ချက်ကို သိချင်၍ ရောက်လာခဲ့ခြင်းဖြစ်မှန်း သူသိသွားခဲ့လေပြီ။ ထို့ကြောင့်ပဲ ရွှယ့်လီသည် ကျန်းအောင်နှင့် အခြားသူများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ကျန်းအောင်တို့ လိုချင်နေသော အလောင်းသယ်လူကြီးကို ရွှယ့်လီ မျက်စိမကျလိုက်ခြင်းသည် လက်ရှိ ပူးပေါင်းမှု ဖြစ်မြောက်လာရခြင်းသည် အဓိက သော့ချက် ဖြစ်သည်။

“ရဲတင်းလိုက်တာ” ယုမိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အရှိန်အဝါသည် လက်ရှိထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်းလာခဲ့ကာ “အရင်တုန်းက လွတ်သွားခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ လွတ်မယ် မထင်တော့နဲ့”

ပြောပြီးသည်နှင့် နတ်ဆိုးချီတို့ ဖြာထွက်လာကာ သူ့တစ်ကိုယ်လုံး အနက်ရောင်မြူထုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ အနက်ရောင် တစ္ဆေတစ်ကောင်ပမာ ရန်ကိုင်အား ထိုးချလိုက်လေသည်။

ရန်ကိုင်အကြည့် စူးရှသွားခဲ့ပြီး ငွေရောင်သစ်ရွက်ကို ချက်ချင်းထုတ်ယူကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ထို့နောက် အနက်ရောင်မြူခိုးထုထဲမှ ငွေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှယ့်လီ ဖန်တီးလိုက်သည် မိုးပြာရောင်အရံအတားအား အပေါက်ဖောက်လိုက်သည်။

ပြီးသည်နှင့် ရန်ကိုင်သည် သူ့တောင်ပံများကို ဖြန့်ကား၍ ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတက်သွားလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၅၈) တော်ဝင်သခင်၊ ကျုပ်ကို ကယ်ပါဦး

မူလက ထိုလက်နက်ကို တိုက်ပွဲတွင် အသုံးမပြုချင်ခဲ့ပေ။ သို့သော်လည်း သူ့ရှေ့တွင် ရှိနေသော ရန်သူသည် နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီ ဖြစ်နေရာ ရန်ကိုင်မှာ မသုံးချင်ပင်လျှင် မရတော့ရာ ချက်ချင်းပဲ ထုတ်သုံးလိုက်ရတော့လေသည်။

သူသာ မသုံးလိုက်လျှင် ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

ငွေရောင်အလင်းတစ်ချက် လက်သွားသည့်အခိုက် ရန်ကိုင်အပေါ် ချိန်ရွယ်ထားသော သူမ၏ ကောင်းကင် စိတ်အာရုံ ပျောက်ကွယ်သွားသဖြင့် ရွှယ့်လီ တဒင်္ဂတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။ သူမ ကြောင်နေစဉ်အတွင်း ရန်ကိုင်သည် ကောင်းကင်အထက် မီတာထောင်ပေါင်းများစွာသို့ ပျံတက်ပြီးသွားလေပြီ။

“ကောင်းလိုက်တဲ့လက်နက်” ငွေရောင်သစ်ရွက် ထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ် စွမ်းအားကို ရွှယ့်လီလည်း ခံစားမိလိုက်သည်။

ယုမိုလည်း ရန်ကိုင်နောက်သို့ ပြေးလိုက်သွားသည်။ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးချီတို့ တရိပ်ရိပ် ထွက်ပေါ်လာပြီး သိုင်းပညာရပ်တစ်ခုကိုသုံး၍ ရန်ကိုင်လှမ်းအား တားလိုက်ရင်း အော်ပြောလိုက်လေသည် “ပြေးလို့လွတ်မယ် ထင်နေတာလား”

ရန်ကိုင်ကမူ သူ့အော်သံကို လုံးလုံး လျစ်လျူရှုထား၍ လက်ကိုမြှောက်ကာ သူ့ရှေ့တည့်တည့်ရှိ လေဟာနယ်ကို ပိုင်းဖြတ်ဟန်ပြုလိုက်သည်။

ချက်ချင်းဆိုသလို သူ့လက်ဖြတ်သန်းသွားသည့် လမ်းကြောင်းတစ်လျှောက် အနက်ရောင် အက်ကြောင်း တစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကြောင့် ယုမို မှင်သက်နေခဲ့ရသည်။ ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းကြည့်လိုက်သော်လည်း သူ့ကောင်းကင်စိတ်အာရုံအားလုံးသည် ထိုအနက်ရောင် အက်ကွဲကြောင်း မြုပ်ဝင်ပျောက်ကွယ်သွားခဲ့ရသည်။

အနက်ရောင် အက်ကွဲကြောင်းသည် သူ့ကောင်းကင် စိတ်အာရုံအပါအဝင် အရာအားလုံးကို စုပ်ယူဝါးမြိုနိုင်သည့် မဟာသားရဲကြီးတစ်ကောင်ပမာ…

“ယုမို ပြန်ဆုတ်လာခဲ့” ရွှယ့်လီ အလျင်စလို လှမ်းအော်ပြောလိုက်သည်။ ရန်ကိုင် မည်ကဲ့သို့သော နည်းလမ်းအား အသုံးပြုလိုက်မှန်းကို သူမ မသိသော်လည်း ထိုအနက်ရောင် အက်ကွဲကြောင်းမှ ဖြာထွက်နေသော အရှိန်အဝါသည် သူ့မအား စိတ်မသက်မသာ ဖြစ်စေသည်။

သူမ အာရုံခံမိသလောက် ထိုအနက်ရောင် အက်ကွဲကြောင်း ပတ်လည်ရှိ လေဟာနယ်သည် ကွဲကြေနေသည့်အလား…

ယုမိုအား အော်ပြောပြီးသည်နှင့် သူမ၏ နတ်ဆိုးချီကို အမျှင်သေးသေးလေးများအဖြစ် ပြောင်းလဲ၍ ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်သည်။ ရန်ကိုင်သည် အနက်ရောင် အက်ကွဲကြောင်းထဲဿို့ ခန္ဓာကိုယ်တစ်ဝက် ဝင်ပြီးနေလေပြီ။ သို့သော် သူ့တစ်ကိုယ်လုံး အပြည့်အဝ မဝင်ရသေးခင်မှာဘဲ ရွှယ့်လီ၏ တိုက်ခိုက်မှု သူ့ပခုံးအား ထိမှန်သွားသဖြင့် ပခုံးတစ်ဖက် ပေါက်ပြဲသွားခဲ့ရသလို အဆစ်လည်း လွဲသွားခဲ့ရသည်။

ထိုပြင်းထန်သော စွမ်းအင်သည် အနက်ရောင် အက်ကွဲကြောင်းကို မတည်မငြိမ် ဖြစ်သွားခဲ့သဖြင့် ဟင်းလင်းပြင်စွမ်းအင်တို့ အပြင်ဘက်သို့ စိမ့်ထွက် လာခဲ့ရလေသည်။

နည်းနည်းလေးမျှ မတုန့်ဆိုင်းရဲတော့ ရန်ကိုင်သည် ရွှယ့်လီအား မုန်းတီးစွာ တစ်ချက် စိုက်ကြည့်ပြီးသည့် နောက် အက်ကွဲကြောင်းထဲသို့ ခုန်ဝင်သွားလေသည်။

ရန်ကိုင် ဝင်သွားပြီးသည်နှင့် ဟင်းလင်းပြင် အက်ကွဲကြောင်းသည်လည်း အလျင်အမြန် ပြန်စေ့သွားပြီး လေဟာနယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

နှင်းဝေနေသော တောင်တစ်လုံးထက်မှ ကျန်းအောင်နှင့် အခြားသူများသည် ရန်ကိုင် ပျောက်ကွယ်သွားရာ နေရာဆီ ငေးငေးငိုင်ငိုင်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

ယုမို၏ မျက်နှာသည်လည်း အနည်းငယ် ဖြူလျော်နေခဲ့၏။ မြေပြင်ပေါ်သို့ ပြန်ဆင်းသက် လိုက်ပြီးနောက် မျက်မှောင်ကြုံ့ကာ ရွှယ့်လီအား မေးကြည့်လိုက်သည် “သခင်မ၊ အဲ့ဒါ ဘာကြီးလဲ”

“ငါလည်း မသိဘူး…” ရွှယ်လီ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ သူမ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်အား စစ်ဆေးကြည့်လိုက်ပြီး ခဏအကြာ၌ သူမအမူအရာ သုန်မှုန်သွားခဲ့လေသည် “အဲ့ကောင်က ကီလိုမီတာ တစ်ရာအကွာကိုတောင် ရောက်နေပြီ”

“ဘယ်လို” ယုမို ထိတ်လန့်သွားခဲ့ရလေပြီ။ ယခုလေးတင် သူ့ရှေ့၌ ရှိနေသော ကောင်လေးသည် လက်ရှိအချိန်၌ ကီလိုမီတာ တစ်ရာ အကွာအဝေးသို့ ရောက်နေခဲ့သည်။ ယုတ္တိကော ဆန်ချေရဲ့လား။

ရွှယ့်လီကဲ့သို့သော ပညာရှင်တစ်ယောက်ပင်လျှင် ထိုအကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း မသွားလာနိုင်ပေ။ လေဟာနယ်လိုဏ်ခေါင်း တစ်ခုထဲ ကံကောင်းပြီးတော့များ ရောက်သွားလေခြင်းလား။

အနက်ရောင်အက်ကွဲကြောင်း ထွက်ပေါ်လာသည့် နေရာအား သေသေချာချာ စူးစမ်းကြည့်သော်လည်း မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။

“အဲ့ကောင်စုတ်လေးနဲ့ အတူရှိနေတဲ့ လူရော” ဝူကျဲ မရှိတော့သည်ကို သတိပြုမိသည်နှင့် ရွှယ့်လီအား မေးလိုက်သည်။

“သူထွက်သွားပြေးသွားပြီ” ကျန်းအောင်က အလျင်စလို ပြန်ဖြေလိုက်သည်။

“သောက်သုံးမကျတဲ့ကောင်တွေ” ရွှယ့်လီ အံတင်းတင်းကြိတ်လိုက်သည်။ ဤမျှ လူအများကြီးနှင့်ပင် ထိုလူနှစ်ယောက်အား ထိန်းမထားနိုင်ခဲ့ချေ။ ရန်ကိုင် လွတ်မြောက်သွားသည့် ကိစ္စမှာ သူမကိုယ်တိုင်လည်း မတတ်နိုင်သည့် ကိစ္စဖြစ်သည်။ တကယ်တော့ သူသည် မည်သူမှမသိ၊ ရှင်းမပြနိုင်သော နည်းလမ်းတစ်ခုကိုသုံး၍ ထွက်ပြေးသွားခြင်း မဟုတ်ပေလော။ သို့သော်လည်း သူနှင့်အတူရှိနေသော လူသည် သူတော်စင်ပထမအဆင့် သာရှိနေသော လူတစ်ယောက်ဖြစ်သည်။ သို့တိုင် ဤမျှ လူအများကြီး ရှိနေသော်လည်း ထိုလူ ထွက်ပြေး သွားသည်ကို မည်သူမှ မတတ်နိုင်ခဲ့။

“သခင်မ၊ ကျုပ်တို့ သူ့နောက်လိုက်ကြမလား” ယုမိုက တိုးတိုးလေး မေးလိုက်သည်။

“လိုက်ရမှာပေါ့။ ရေဆုံးမြေဆုံးထိ လိုက်ရမယ် ဆိုရင်တောင် သူ့ကို မရရအောင် လိုက်ဖမ်းမှာ။ ဒီတစ်ကြိမ်တော့ ငါ့လက်ထဲကနေ လွတ်ဖို့ မစဉ်းစားတော့နဲ့” အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့ပြီးနောက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ရန်ကိုင် ပြန်ပေါ်လာရာအရပ်ဆီ လျှပ်စီးတန်းတစ်ခုပမာ ပျံသန်းသွားလေသည်။

ယုမိုလည်း သူမနောက်မှ အလျင်စလို ပြေးလိုက်သွားခဲသ်။

ကျန်းအောင်နှင့် ချောင်ကွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ချောင်ကွမ်းက တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် မေးလိုက်သည် “ညီအစ်ကိုကျန်း၊ ကျုပ်တို့ အခုဘာလုပ်ကြမလဲ”

“ဘာလုပ်ရဦးမှာလဲ။ သူတို့နောက်ပဲ လိုက်ရတော့မှာပေါ့” ကျန်းအောင်က ခါးခါးသီးသီး ပြုံးလိုက်သည်။ သူတို့အား အဆုံးမဲ့ နှင်းဖုံးတောင်တန်း ဆီသို့ ခေါ်ဆောင်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် လူသာ နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီ ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ မထင်ထားခဲ့ပေ။ သို့သော်လည်း ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုး မရှိလေရာ သူတို့အနေဖြင့် ရှေ့တည့်တည့်သို့သာ ဆက်လျှောက်ရန် ရှိတော့သည်။

မဟုတ်လျှင် နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီနှင့် သူတို့ ပူးပေါင်းသည့် သတင်းသာ ပေါက်ကြားသွားပါက ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်း နှစ်ခုစလုံး လူသားမျိုးနွယ်စု၏ ဘုံရန်သူ ဖြစ်လာကာ ဤလောကကြီးတွင် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။

ယခု ရွှယ့်လီ ကတိတည်ပါစေဟုသာ သူမျှော်လင့်ရတော့သည်။

ဤသို့ဖြင့် အမျိုးမျိုးသော လူသားပညာရှင်များသည် လှုပ်ရှားမှုပညာရပ် အမျိုးမျိုးကိုသုံးလျက် ရွှယ့်လီတို့နောက် ပြေးလိုက်ကြတော့လေသည်။

ကီလိုမီတာတစ်ရာအကွာတွင်… လေဟာနယ် တွန့်လိမ့်သွားခဲ့ပြီး အက်ကွဲကြောင်းတစ်ခုနှင့် ရန်ကိုင် ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာသည် စက္ကူရွက် တစ်ရွက်ပမာ ဖြူစွတ်နေခဲ့လေပြီ။

“နတ်ဆိုးဗိုလ်ချုပ် ဆိုတဲ့အတိုင်းပါပဲလား” အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလိုက်ပြီးနောက် အံ့ကြိတ်၍ ကိုယ်ကိုယ်ဖြောင့်ဖြောင့်ထားလိုက်သည်။

လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ဖြင့်ဆိုပါက ရွှယ့်လီလက်မှ အလွယ်တကူ လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ရွှယ့်လီ၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို သူအထင်သေးမိသွားခဲ့သည်။

ရွှယ့်လီသည် လေဟာနယ်ဆုတ်ဖြဲခြင်း စွမ်းရည်ကို နားမလည်သော်လည်း သူမအဆင့်ရှိ ပညာရှင် တစ်ယောက် အနေဖြင့် မသိစိတ်နှင့် သမားရိုးကျ နည်းလမ်းများကို အသုံးပြုရုံဖြင့်နှင့်ပင် ထွက်ပြေးရန် ကြံစည်ထားသော ရန်ကိုင်၏ အစဉ်အစဉ်များကို ကမောက်ကမ ဖြစ်သွားစေနိုင်ပေသည်။

သို့သော်လည်း လေဟာနယ်ဆုတ်ဖြဲခြင်း စွမ်းရည်ကြောင့်သာ လူအများကြီး ဝိုင်းထားသည့်ကြားမှ ထွက်ပြေးလာနိုင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်စိတ်အာရုံဖြင့် ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်အမူအရာ တစ်ဖန်ပြန်လည် သုန်မှုန်သွားခဲ့ရပြန်လေသည်။

ရွှယ့်လီသည် သူရှိနေသည့်အရပ်ဆီသို့ အလျင်အမြန် ပျံသန်းလာနေခဲ့သည်။ ယခု သူမသည် သူနှင့် ကီလိုမီတာ ငါးဆယ်ပင်မဝေးတော့။ ထိုနှုန်းနှင့်ဆိုပါက အသက် ဆယ်ရှိုက်စာအတွင်း ရွှယ့်လီ သူ့အား လိုက်မှီ သွားပေလိမ့်မည်။

အံတင်းတင်းကြိတ်၍ လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို နောက်တစ်ကြိမ် အသုံးပြုကာ ဟင်းလင်းပြင် ထဲသို့ ခုန်ဝင်သွားလိုက်ပြန်သည်။

သူ့ဆီသို့ အလျင်အမြန် ပျံသန်းလာနေသော ရွှယ့်လီ ရုတ်တရက် ရပ်တန့်လိုက်ပြီး သူမ၏ ကောင်းကင် စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်ကြည့်လိုက်သည်။ ခဏအကြာ၌ သူမ မျက်မှောင်ကြုံ့သွားခဲ့လေသည်။

မကြာခင်မှာပဲ ယုမို သူမအား လိုက်မှီလာခဲ့သည်။ ရွှယ့်လီသည် ရန်ကိုင်နောက်သို့ ဆက်မလိုက်ဘဲ လေထဲတွင် ဝဲနေသည်ကိုမြင်သော် သူမနားသို့ အလျင်အမြန် ချဉ်းကပ်သွားလိုက်ပြီး သိချင်စိတ် အပြည့်ဖြင့် မေးလိုက်လေသည် “သခင်မ၊ သူ့ကို မှီသွားပြီလား”

ရွှယ့်လီက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “သူ့အရှိန်အဝါ ထပ်ပြီး ပျောက်ကွယ်သွားပြီ။ သူ့ဘာနည်းလမ်း သုံးလဲတော့ ငါလည်းမသိဘူး။ ဒါပေမယ့် သူ့သုံးသွားတဲ့ပုံစံက လေဟာနယ်လိုဏ်ခေါင်းကို ဖွင့်ပြီး ကီလိုမီတာရာချီ အကွာအဝေးကို ချက်ချင်း ခုန်ကျော်သွားလိုက်သလိုပဲ…”

“ဒီလောကကြီးမှာ အဲ့လိုနည်းလမ်းမျိုး ရှိ့လို့လား” ယုမို ကြောင်သွားခဲ့သည်။

“ရှေးခေတ်တုန်းကဆို ငါတို့တောင် နားမလည်နိုင်တဲ့ ပညာရပ်တွေမှ အများကြီးပဲ။ ပညာရပ် တစ်ခုချင်းစီ တိုင်းကလည်း အရမ်းကို အစွမ်းထက်လွန်းတာ” ရွှယ့်လီက သူမလက်ကို ဝှေ့ရမ်း၍ “စကားမပြောနဲ့တော့။ သူ့နေရာကို ရှာရဦးမယ်… ဟတ်။ ကောင်လေးရယ်။ ငါ့လက်ကနေ လွတ်အောင် ထွက်ပြေးနိုင်မယ် ထင်နေတယ်ပေါ့။ ဒီဘုရင်မကို နင်အရမ်း အထင်သေးနေတာလဲ”

ယုမို ချက်ချင်း ဦးညွှတ်လိုက်ပြီး နောက်သို့ ဆုတ်ကာ ရွှယ့်လီ အမိန့်ပေးမည်ကို စောင့်နေလိုက်သည်။

အဆုံးမဲ့အမှောင်ထုထဲ ရန်ကိုင်သည် အမောတကော အသက်ရှူရင်း တင်ပလင်ခွေ ထိုင်နေခဲ့သည်။

ရွှယ့်လီသည် အရမ်းကိုမှ မြန်သလို လေဟာနယ် ဆုတ်ဖြဲခြင်းမှာလည်း အရမ်းကိုမှ အားကုန်လှသည်။ အများဆုံးမှ နောက်ထပ်တစ်ကြိမ်လောက်သာ သူထပ်သုံးနိုင်ပေတော့မည်။ နောက်တစ်ကြိမ် သုံးပြီးသည်နှင့် သူသည် မီးစာကုန်တော့မည် ဆီမီးတိုင် တစ်ခုပမာ ဖြစ်သွားပေလိမ့်မည်။ နောက်တစ်ကြိမ် ထပ်သုံးနိုင်သော်လည်း ကီလိုမီတာ တစ်ရာ အကွာအဝေးသို့ ထပ်မံ ခုန်ကျော်သွားလျှင်ပင် အချိန်တိုအတွင်း ရွှယ့်လီသူ့အား ပြန်လိုက်မှီလာမည်မှန်း ရန်ကိုင် အသေအချာ သိနေခဲ့သည်။

ထို့ကြောင့် ဟင်းလင်းပြင်ထဲတွင်သာ နေရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ဟင်လင်းပြင်ထဲတွင် ပုန်းအောင်နေမည်ဆိုပါက ရွှယ့်လီ မည်မျှပင် တော်စေ၊ ထက်စေကာမူ သူ့အား မည်သို့မှ ဖမ်းမိနိုင်လိမ့်မည် မဟုတ်ချေ။

ဆေးအချို့ထုတ်ယူ၍ ချက်ချင်း မျိုချလိုက်သည်။

အချိန်ကြာလာသည်နှင့် ရန်ကိုင်လည်း အားပြန်ပြည့်လာခဲ့သည်။ ရွှယ့်လီ၏ တိုက်ခိုက်မှုကြောင့် ရလိုက်သော ဒဏ်ရာသည် အရမ်းကြီး မပြင်းထန်သဖြင့် ရွှေရောင်နတ်ဘုရားသွေးစက်ကြောင့် အချိန်တိုအတွင်း သူ့ဘာသာ ပြန်လည် ကောင်းမွန်သွားခဲ့သည်။

သူမျက်လုံး ပြန်ဖွင့်လာသည့် အချိန်မှာပဲ အနီးအနားမှ အသံတိုးတိုးတစ်သံကို ကြားလိုက်ရသည်။

အသံကို သေသေချာချာ နားထောင်ကြည့်ပြီးနောက် ကိုးယိုးကားယား အမူအရာဖြင့် အသံထွက်ပေါ်လာရာ အရပ်ဆီ လှမ်းကြည့်၍ ပျံသန်းသွားလိုက်လေသည်။

သူတိုးကပ်လာသည်နှင့် အသံသည် ပို၍ ကြည်လင် ပြတ်သားလာခဲ့သည်။ သေအံ့နီးနီး လူတစ်ယောက် အသက်ကို အသက်အသည်း ရှူရှိုက်နေသည့် အသံမျိုးပင်။

နောက်ဆုံး အသံကြားရာ နေရာဆီသို့ သူရောက်လာခဲ့လေပြီ။

သို့သော်လည်း မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး “ဂိုဏ်းချုပ်ဝူလား”

သူ့ရှေ့တည့်တည့်တွင်… အစိမ်ရောင် အရှိန်အဝါတို့ ရစ်သိုင်းနေသော ဝူကျဲသည် သွေးသံတရဲရဲဖြင့် ဟင်းလင်းပြင် စွမ်းအင်များကြားမှ ရုန်းထွက်ရန် ကြိုးစားနေခဲ့သည်။ သို့သော်လည်း ကံမကောင်းသည်ကား သူပိုရုန်းလေး အနက်ပိုင်းထဲသို့ ပိုကျလေ ဖြစ်နေခဲ့သည်။

လေဟာနယ်စွမ်းအင်များသည် နွံ့အိုင်တစ်ခုပမာ သူ့တစ်ကိုယ်လုံးအား ဝါးမြိုရန် ကြိုးစားနေခဲ့သည်။

ဝူကျဲတစ်ကိုယ်လုံး ဒဏ်ရာဗရပွနှင့် ဖြစ်နေခဲ့ပြီး အသက်ရှူသံမှာလည်း ကမောက်ကမ။ သူ့ကိုယ်အား ရစ်ပတ်နေသည့် အစိမ်းရောင်အရှိန်အဝါသည်ပင် သိသိသာသာကို မှိန်ကျနေခဲ့လေပြီ။

ဟင်းလင်းပြင်ထဲ ဝူကျဲကို လာတွေ့လိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မထင်ထားခဲ့ပေ။

ဝူကျဲသည်လည်း သူသေအံ့ဆဲဆဲ အခြေအနေတွင် တစ်ယောက်ယောက် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။ သို့သော် ရန်ကိုင် အသံကို ကြားလိုက်သဖြင့် မော့ကြည့်လိုက်ရာ သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသာ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထို့အပြင် သူ့အား အသူတရာ ချောက်နက်ထဲသို့ ဆွဲချရန် ကြိုးစားနေသော ဟင်းလင်းပြင်စွမ်းအင်များသည် ရန်ကိုင် အား နည်းနည်းလေးမှပင် ဒုက္ခမပေးဘဲ သူ့ပတ်လည်၌ အသာအယာ စီးမျောနေခဲ့သည်။

သေခါနီး မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရသဖြင့် ဝူကျဲ အပျော်ကြီး ပျော်သွားခဲ့ပြီး အလျင်အမြန် တောင်းဆိုလိုက်လေသည် “တော်ဝင်သခင်၊ ကျုပ်ကို ကယ်ပါဦးဗျာ”

ရန်ကိုင်သည်း ခြောက်ကပ်ကပ် ရယ်မော၍ သူ့လက်ကို ဝှေ့ရမ်းကာ ဝူကျဲအား ပြေးမရအောင် ချုပ်ထားသော ဟင်းလင်းပြင်စွမ်းအင်များကို ဖယ်ရှားပေးလိုက်သည်။

ဝူကျဲလည်း အမြန်ကုန်းထ၍ ရန်ကိုင်ဘေးသို့ အလျင်စလို ပြေးသွားလိုက်လေသည်။ ထို့နောက် ဖြူလျော်လျော် မျက်နှာဖြင့် အပြုံးကြီးပြုံးလျက် ပြောလိုက်လေ၏ “တော်ဝင်သခင်ကို ကျေးဇူး အများကြီးတင်ပါတယ်။ တော်ဝင်သခင်သာ ရောက်မလာခဲ့ရင် ကျုပ်သေရတော့မှာ”

“မလိုပါဘူးဗျာ။ ဂိုဏ်းချုပ်ဝူလည်း ဒီနည်းလမ်းနဲ့ ထွက်ပြေးလာတာလား”

ဝူကျဲ ဟင်းလင်းပြင်ထဲ ရှိနေခြင်းသည် သူ လေဟာနယ် ဆုတ်ဖြဲခြင်း ပညာရပ်ကို ထုတ်သုံးခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ ရွှယ့်လီ၏ လက်မှ သူထွက်ပြေးလာစဉ်က ဝူကျဲအား မမြင်မိသည်ကိုလည်း သူသတိပြုမိလိုက်သည်။

“ဟုတ်တယ်” ဝူကျဲက အလျင်စလို ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမယ့် ကံကဆိုးတော့ ဟိုလက်က လွတ်တာနဲ့ ဒီမှာ ပိတ်မိပြီး သေတော့မလို ဖြစ်ရတော့တာပဲ”

“ဟုတ်တယ်။ ဒီနေရာက တော်တော်လေးကို အန္တရာယ်များတာ” ရန်ကိုင်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဝူကျဲက တွေးတွေးဆဆ အမူအရာဖြင့် ရန်ကိုင်အား ကြည့်လိုက်ပြီး “ဒါပေမယ့် ကျုပ်မြင်သလောက် ဒီနေရာနဲ့ တော်ဝင်သခင် တော်တာ်လေး ရင်းနှီးနေတဲ့ ပုံပဲနော်”

“အနည်းဆုံး ခင်ဗျားထက်တော့ သာတယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်လေသည်။

ဝူကျဲမျက်နှာ မည်းမှောင်သွားခဲ့ရသော်လည်း ပြန်လည်း မငြင်းဆိုခဲ့ပေ။

သူသည် လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို ရန်ကိုင်ထက် နှစ်ပေါင်းများစွာ စော၍ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဆရာထက်တပည့် လက်စောင်းထက် ဆိုသလို ဤနယ်ပယ်၌ ရန်ကိုင်က သူ့ကို ကျော်တက်သွားခဲ့လေပြီ။

သို့သော်လည်း မည်သိုပင် ဖြစ်စေကာမူ သူ့အသက်အား ကယ်ပေးခဲ့သည့်အတွက် ရန်ကိုင်အား ကျေးဇူးတင်နေဆဲပင်။

“ရွှယ့်လီက ကျုပ်နောက်လိုက်နေတော့ ကျုပ်လည်း ဒီမှာ ခဏနားနေရတာပေါ့။ ဂိုဏ်းချူပ်ဝူလည်း ဒီအချိန်ကို သုံးပြီး ကိုယ့်ကိုယ်ကို အားပြန်ဖြည့်နေသင့်တယ်” ရန်ကိုင်က ဝူကျဲကိုကြည့်ကာ “ဒီကနေထွက်ရင် ဟိုမိန်းမက ကျုပ်တို့ကို လိုက်ဖမ်းဦးမှာ”

“အားပြန်ဖြည့်ရဖို့လား၊ ဒီမှာလေ” ဝူကျဲ မျက်လုံးပြူးသွားခဲ့သည်။

“ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး။ တော်ဝင်သခင်က အခုလို အကြံပေးလာမှတော့ ဘာပြဿနာ ရှိရဦးမှာလဲ။ ဒါဆိုရင် ဒီဝူ ဒီမှာပဲ အားပြန်ဖြည့်လိုက်တော့မယ်နော်” ဝူကျဲလည်း ဘာရှင်းပြချက်မှ တောင်းမနေတော့ဘဲ ခပ်မြန်မြန်ပဲ ထိုင်ချ၍ ဆေးလုံးအချို့နှင့် သလင်းကျောက်အချို့ကို ထုတ်ယူ၍ စတင် အားပြန်ဖြည့်တော့လေသည်။

ရန်ကိုင်လည်း ဝူကျဲအား မနှောင့်ယှတ်တော့ဘဲ အဆုံးမဲ့ဟင်းလင်းပြင်ကြီးကိုသာ စူးစမ်းနေလိုက်သည်။

လူနှစ်ယောက် လေဟာနယ်အား တစ်ချိန်တည်း ဆုတ်ဖြဲသွားလျှင် ဟင်းလင်းပြင်ထဲ တစ်ယောက်နှင့် တစ်ယောက် ပြန်တွေ့နိုင်မည်ဟု သူမထင်ခဲ့။ အစကမူ ဟင်းလင်းပြင်သည် သီးခြားဖြစ်တည်နေသော လေဟာနယ် ဖြစ်သည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် သူထင်ထားသလို မဟုတ်ဘဲ အကုန်လုံး တစ်ပေါင်းတစ်စည်းထဲ ဖြစ်နေသည့်ပုံပင်။ ထို့ကြောင့်ပဲ သူနှင့်ဝူကျဲတို့ ဟင်းလင်းပြင်ထဲ ပြန်တွေ့နိုင်ခြင်း ဖြစ်ပေသည်။

ဟင်းလင်းပြင်နှင့် ပက်သက်၍ သူနားမလည်သေးသည့်အရာ တော်တော်များများ ရှိနေသေးသည့်ပုံပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၅၉)

အဆုံးမဲ့နှင်းတောင်တန်း၏ ကောင်းကင်ထက် တစ်နေရာတွင် ရွှယ့်လီ မလှုပ်မယှတ် ဝဲနေခဲ့သည်။

ယုမိသည် သူမအနီး၌ ငြိမ်သက်စွာ ရပ်စောင့်နေခဲ့သည်။

ကျန်းအောင်နှင့် အခြားပညာရှင်များသည်လည်း သူတို့အား လိုက်မှီလာခဲ့လေပြီ။ သို့သော် ရွှယ့်လီအား အနှောင့်အယှတ် မပေးရဲသဖြင့် ငြိမ်ငြိမ်လေးလေးသာ ရပ်စောင့်နေခဲ့သည်။

“ညီအစ်ကိုကျန်း၊ အဲ့မိန်းက အဲ့မှာရပ်နေတာ တော်တော်လေး ကြာနေပြီ၊ ဟိုကောင်စုတ်လေး လွတ်သွားတာများလား” ချောင်ကွမ်က စိုးရိမ်စိတ်တို့ ရစ်သိုင်းနေသည့် လေသံဖြင့် မေးလိုက်သည်။

ကျန်းအောင်၏ မျက်နှာမကောင်း၊ အနီးအနား ပတ်ဝန်းကျင်ကို သူ့ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးကြည့်နေရင်း ပြန်ပြောလိုက်၏ “ငါလည်းမသိဘူး။ ဟိုခွေသူတောင်းစားကောင်ရဲ့ အရှိန်အဝါကိုလည်း ငါရှာလို့မတွေ့ဘူး… ဒါပေမယ့် အဲ့မိန်းမက ငါ့ထက်ပိုသန်မာတော့ သဲလွန်စ တစ်ခုခုကိုတော့ တွေ့လောက်လိမ့်မယ်။ အခု အဲ့သဲလွန်စအတိုင်း လိုက်စူးစမ်းနေတာ ဖြစ်လောက်တယ်”

“အဲ့ခွေးသူတောင်းစားလေး တိုးတက်တဲ့နှုန်းက အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်။ အရင်တစ်ခါတုန်းကဆိုရင် ကျုပ်တို့ကို မျက်ခြေဖြတ်ဖို့ လနဲ့ချီပြီး အချိန်ယူခဲ့တာ။ အခုလည်းကျရော မျက်တောင် တစ်ခတ်စာပဲ လိုတော့တယ်… သူ့ကျင့်ကြံခြင်း အဆင့်ဆိုရင်လည်း ကြည့်ပါလား။ မသေမျိုးတတိယ အဆင့်တဲ့”

ကျန်းအောင် သက်ပြင်းယဲ့ယဲ့လေး ရှိုက်ထုတ်လိုက်ပြီး “သူကို အသက်ရှင်ခွင့်ပေးထားရင် နောက်ပိုင်းကျ ငါတို့ပဲ ဒုက္ခရောက်မှာ။ ဒီတစ်ကြိမ်တော့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကောင်စုတ်ကို မရရအောင် သတ်ရလိမ့်မယ်။ မဟုတ်ရင် သူအားကောင်းလာတဲ့တစ်နေ့ ငါတို့ကို ကျိန်းသေ လက်စားလာပြန်ချေလိမ့်မယ်”

“ညီအစ်ကိုကျန်းပြောတာ အမှန်ပဲ… အဲ့မိန်းမက မျက်နှာလှရုံသက်သက်ပဲ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ”

နှစ်ယောက်စလုံးသည် လေသံကို အရမ်းတိုး၍ ပြောနေသဖြင့် ရွှယ့်လီကြာသွားမည်ကို စိတ်မပူချေ။ ထိုသို့မဟုတ်လျှင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်အား ဤကဲ့သို့ လက်လွတ်စပယ် ဝေဖန်ရဲလိမ့်မည် မဟုတ်။

ခဏအကြာ ရွှယ့်လီ၏ မျက်ဝန်းလှလှလေးများ ပွင့်လာခဲ့သည်။ စိတ်ရှုပ်မှုတို့သည်လည်း သူမ၏ မျက်နှာထက် အထင်းသား။

သူမသည် ဤလောကကြီး၏ အထွဋ်အထိပ်တွင် ရပ်တည်နေသူတစ်ယောက် ဖြစ်လေရာ ရန်ကိုင် မည်သည့် နည်းလမ်းသုံး၍ ကီလိုမီတာတစ်ရာ အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ခုန်ကျော်သွားနိုင်သလဲ၊ သူမ၏ ကောင်းကင်စိတ်အာရုံမှ မည်ကဲ့သို့ ပုန်းကွယ်နေသလဲ ဆိုသည်ကို မသိသော်လည်း ထက်ရှသော အသိစိတ်အာရုံအရ သဲလွန်စအချို့ကို ဖမ်းဆုပ်မိခဲ့သည်။

သို့သော်လည်း သူမ အံ့အားသင့်သွားခဲ့ရသည့် အချက်ကား ရန်ကိုင်သည် ဤလောကကြီး၌ ရှိမနေခြင်းပင်။ သူသည် သီးခြားဖြစ်တည်နေသော လေဟာနယ်တစ်ခုအတွင်း ရှိနေခဲ့၏။ ထို့အပြင် သူရှိနေသော လေဟာနယ်သည် သူမကိုပင် စိတ်မသက်မသာ ဖြစ်စေသော ထူးဆန်းသော စွမ်းအင်တို့ဖြင့် ပြည့်နေသဖြင့် ထိုနေရာသို့ သူမ၏ ကောင်းကင်စိတ်အာရုံကို မဆင်မခြင် မထုတ်လွှတ်ရဲပေ။

ရန်ကိုင် အဝေးတစ်နေရာတွင် ရပ်နေသည်ကို ခံစားမိသော်လည်း သူ့ပုံရိပ်သည် ဘယ်တော့မှ မတည်ရှိသည့် ပုံရိပ်ယောင်တစ်ခုပမာ…

လှောင်ပြုံးပြုံးလျက် ရွှယ့်လီက ပြောလိုက်သည် “အဲ့နေရာမှာ ပုန်းနေရုံနဲ့ ဒီဘုရင်မက လက်ကနေ လွတ်မယ် ထင်နေတာလား”

ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမဆံပင်များ လေထဲသို့ ဖားလျားမြောက်တက်လာခဲ့သည်။ ထို့နောက် ဆံပင်တော်တော်များများ သူမခေါင်းမှ ကျွတ်သွားပြီး ထိုကျွတ်သွားသော ဆံပင်များသည် ကြောက်မက်ဖွယ် မြွေဟောက်များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင် ပေါ်သို့ လျင်မြန်စွာ ပျံတက်သွားလေသည်။

ရွှယ့်လီ လှုပ်ရှားလာသည်ကို သတိပြုမိလိုက်သည်နှင့် ကျန်းအောင်နှင့် ချောင်ကွမ်တို့ နှစ်ယောက်စလုံး သူမ ဘာလုပ်မလဲ ဆိုသည်ကို သေချာ စောင့်ကြည့်လိုက်ကြ၏။

ထူးဆန်းသည့် မြင်ကွင်းတစ်ရပ်အား အကုန်လုံး မြင်တွေ့လိုက်ရသည်။

ရွှယ့်လီရှေ့ရှိ လေဟာနယ်သည် တွန့်လိမ်စ ပြုလာပြီး လှိုင်းထလာခဲ့သည်။ နတ်ဆိုးချီတို့ဖြင့် ပြည့်လျမ်းနေသော မြွေဟောက်များသည် ထိုတွန့်လိမ်နေသော လေဟာနယ် ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေ၏။

သူမ ဘာလုပ်နေသလဲ ဆိုသည်ကို မည်သူမှမသိ။

ရွှယ့်လီသည်ပင် အတွေးနက်နေခဲ့သည်။ သူမ အသုံးပြုလိုက်သော ပညာရပ်သည် လူရှာရာ၌ အရမ်းကိုမှ ကောင်းမွန်လှသည်။ သို့သော် ရှာရမည့်လူ၏ တည်နေရာ အကြမ်းဖျင်းကို သိထားရန်တော့ လိုပေသည်။

ပုံမှန်အားဖြင့် ဤပညာရပ်ကို ရွှယ့်လီ အသုံး မပြုချင်ပေ။ အသုံးပြုခြင်းသည် သူမ ဆံပင် တော်တော်များများကို အသုံးပြုရသည် မဟုတ်ပေလော။ ရွှယ့်လီသည် နတ်ဆိုးဗိုလ်ချုပ် တစ်ယောက် ဖြစ်သော်ငြား သူမသည် မိန်းမတစ်ယောက် ဖြစ်နေတုန်းပင်။ ဆံပင်အများကြီး ကျွတ်ထွက်သွားခြင်း သူမ၏ အလှတရားကို ထိခိုက်နိုင်သည် မဟုတ်ပေလော။ သူမသာ ဤပညာရပ်ကို မကြာခဏ အသုံးပြုပါက အချိန်တိုအတွင်း ကတုံးမကြီး ဖြစ်သွားပေလိမ့်မည်။

ရွှယ့်လီ ကတုံး အဖြစ်ခံနိုင်မည်လား။

သို့သော်လည်း ယခုတစ်ကြိမ်၌ ရန်ကိုင်အား ပုန်းအောင်နေရာမှ ထွက်လာအောင်လုပ်ရန်အတွက် ထိုပညာရပ်ကို အသုံးပြုရန် ရွှယ့်လီ ဆုံးဖြတ်လိုက်သည်။

ထိုပညာရပ်ဖြင့်လျှင် ရန်ကိုင်၏ အသေးစိတ် တည်နေရာကို ရွှယ့်လီ မတွက်ချက်နိုင်သေး။ သူမ၏ နတ်ဆိုးချီနှင့် စိတ်စွမ်းအင် အရမ်းအားကောင်းနေသည်မှာ ကံကောင်းသွားပေသည်။ ထို့ကြောင့် ထိုဆံပင်များသည် သူမကိုယ်တိုင် လမ်းညွှန်နေစရာ မလိုဘဲ ရန်ကိုင်၏ တည်နေရာကို အလုလို ရှာခိုင်းနိုင်ခဲ့သည်။

ဆံပင်တော်တော်များများ ဆုံးရှုံးလိုက်ရခြင်းကြောင့် ရွှယ့်လီ အသည်းနာနေခဲ့သည်။ ထို့ကြောင့် အံကြိတ်၍ ထိုရန်ကိုင်အား မိပါက တစ်သက် မမေ့လောက်မည့် သင်ခန်းစားကောင်းကောင်း ပေးပစ်မည်ဟု စိတ်ထဲ ကြိတ်၍ ကြုံးဝါးလိုက်လေသည်။

ဟင်လင်းပြင်ထဲ ဝူကျဲသည် တင်ပလင်ခွေထိုင် အားပြန်ဖြည့်နေခဲ့သည်။ သူ့တွင် ရန်ကိုင်ကဲ့သို့ အဆင့်မြင့် အရင်းအမြစ် များစွာ မရှိသဖြင့် အားပြန်ဖြည့်ရန် အတော်လေး အချိန်ယူနေခဲ့ရ၏။

ရန်ကိုင်ကမူ သူမသိသေးသော လျှို့ဝှက်ချက်များကို ရှာတွေ့နိုင်ရန် ဟင်းလင်းပြင်အား စူးစမ်းနေခဲ့သည်။

ရုတ်တရက် သူ့စိတ်ထဲ မကောင်းသည့်အရာ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားလိုက်ရကာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်သွားခဲ့ရသည်။

ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကောင်းကင်စိတ်အာရုံကို ချက်ချင်းပဲ ဖြန့်ကျက်ကြည့်လိုက်သည်။

ရွှစ်… ရွှစ်… ရွှစ်…

လေခွင်းသံကဲ့သို့ အသံများနှင့်အတူ အဝေး တစ်နေရာမှ ရာပေါင်းများစွာသော အနက်ရောင် မြွေဟောက်များသည် သူ့ဆီသို့ အံလိုက်ကျင်းလိုက် ကူးခတ်ပျံသန်းလာနေခဲ့သည်။

ထိုမြွေဟောက်များထဲ ရွှယ့်လီ၏ အရှိန်အဝါကို အာရုံခံမိလိုက်ဖြင့် ရန်ကိုင် ထိတ်လန့်သွားခဲ့လေပြီ။

မြွေတစ်ကောင်ချင်းစီထဲတွင် ရွှယ့်လီ၏ စွမ်းအား တစ်စွန်းတစ်စ ပါဝင်နေခဲ့လေရာ ရာနှင့်ချီသော မြွေအုပ်ကြီး၏ ဝိုက်ကိုက်ခဲခြင်းကိုသာ ခံလိုက်ရပါ မရဏလမ်း တစ်ခါတည်း မြန်ရပေလိမ့်မည်။

တစ်ခုခု မူမမှန်သည်ကို သတိပြုမိသည်နှင့် ဝူကျဲလည်း တင်ပလင်ခွေ အားပြန်ဖြည့်နေရာမှ မျက်လုံးဖွင့်၍ အဆောတလျင် မေးမြန်းလိုက်သည် “ဘာတွေဖြစ်နေတာလဲ”

သူ့ပါးစပ်မှ ထိုစကား ထွက်သွားသွားချင်းမှာပဲ သူတို့ဆီ ကူးခတ်လာနေသော မြွေအုပ်ကြီးကို မြင်လိုက်သဖြင့် သူတစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီ ဖြစ်သွားခဲ့ရသည်။

“ဂိုဏ်းချုပ်ဝူ၊ မြန်မြန်ထွက်ဖို့ ပြင်တော့” ရန်ကိုင် မျက်နှာ အတော့်ကိုမှ အရုပ်ဆိုးနေခဲ့သည်။ ရွှယ့်လီ၏ တိုက်ခိုက်မှုသည် လေဟာနယ်ကို ထိုးခွင်၍ သူတို့ဆီသို့ မည်ကဲ့သို့ ရောက်ရှိလာနိုင်သလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူတော်စင် တတိယအဆင့် ပညာရှင်များသည် အမှန်တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သို့သော်လည်း ရွှယ့်လီ ကိုယ်တိုင် ရောက်မလာနိုင်သည့် အချက်ကြောင့် ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

သူ့လက်ကို‌ ဝှေ့ရမ်း၍ လေဟာနယ်ကို ဆုတ်ဖြဲကာ ဟင်းလင်းပြင်ထဲမှ အလျင်စလို ပြေးထွက်သွားလေသည်။

“ကျုပ်ကိုစောင့်ပါဦး” ဝူကျဲလည်း အထိတ်ထိတ် အလန့်လန့်ဖြင့် အော်ပြောရင်း ရန်ကိုင်နောက်သို့ ချက်ချင်း ပြေးလိုက်သွားလေသည်။

ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲမှ ထွက်လာပြီးသည်နှင့် ရန်ကိုင်က အားရပါးရ ကျိန်ဆဲပစ်လိုက်လေသည် “သောက်ပျက်မ”

ကီလိုမီတာ တစ်ရာအဝေးတွင် ရှိနေသော ရွှယ့်လီ ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ သို့သော် သူမ၏ အပြုံးထဲ အဆုံးမရှိသော လောဘတရားတို့ ပါဝင်နေခဲ့သည်။ ထို့နောက် ရန်ကိုင်ရှိရာဆီသို့ ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည် “နင်ဘယ်တော့မှ ပေါ်မလာတော့ဘူးလို့ ဒီဘုရင်မ ထင်နေခဲ့တာ”

သူမပုံရိပ် လက်ခနဲ ပျောက်ကွယ်သွားပြီး ရန်ကိုင် နောက်သို့ တစ်ဟုန်ထိုး ပြေးလိုက်တော့လေသည်။

ယုမိုသည်လည်း သူမနောက်မှ ကပျာကယာ ပြေးလိုက်သွား၏။

ကျန်းအောင်၊ ချောင်ကွမ်နှင့် အခြားသူအားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကူကယ်ရာမဲ့မဲ့ဖြင့်သာ သူတို့၏ လှုပ်ရှားပညာရပ် အသီးသီးကို အသက်သွင်း၍ ပြေးလိုက်ကြရပြန်သည်။

လက်ရှိအချိန်၌ ကျန်းအောင်တို့၏ ဘဝမှာ ကြိုးဆွဲရာ ကနေသည့် ရုပ်သေးရုပ်များသဖွယ် ဖြစ်နေခဲ့ကြသည်။ သူတို့လုပ်ချင်သလို လုပ်ခွင့်မရှိသကဲ့သို့ ကိုယ်ပိုင် ရွေးချယ်ခွင့်လည်း မရှိ။ ရန်ကိုင် ချန်ရစ်ခဲ့သည့် ဖုန်များကို ရှူရှိုက်ရင်း သူ့နောက်သို့သာ မောကြီးပန်းကြီး ပြေးလိုက်နေခဲ့ရသည်။

“အဲ့မိန်းမ ကျုပ်တို့နောက် လိုက်နေသေးတာလား” ရန်ကိုင် မျက်နှာမကောင်းသည်ကို မြင်သော် ဝူကျဲက ကောက်မေးလိုက်လေသည်။

ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်တို့တော့ လွတ်လမ်း မရှိတော့ဘူးနဲ့တူတယ်” ဝူကျဲက ခါးသီးစွာ ပြုံးလိုက်သည်။

“ဂိုဏ်းချုပ်ဝူ၊ ခင်ဗျားကိုယ်ခင်ဗျား ကယ်ချင်ရင် အချိန်မှီသေးတယ်နော်” ရန်ကိုင်က ဝူကျဲအား မျက်မှောင်ကြုံ့ကာ ကြည့်၍ ပြောလိုက်သည်။

“ကျုပ်ကိုယ်ကျုပ်လား”

“ဟုတ်တယ်။ ကျုပ်နဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်။ ပြီးရင် ကျန်းအောင်၊ ချောင်ကွမ်တို့လို့ ဟိုမိန်းမနဲ့ မဟာမိတ်ဖွဲ့လိုက်”

“တော်ဝင်သခင် လာနောက်နေတာလား။ ကျုပ်က လူဆိုတစ်ယောက်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဲ့မိန်းမနဲ့ ပူးပေါင်းလိုက်ရင် ကျားရှေ့ ခေါင်းစဉ်းခံသလို ဖြစ်သွားမှာပေါ့။ အားလုံးပြီးသွားရင် ကျန်းအောင်နဲ့ ချောင်ကွမ်တို့ နှစ်ယောက်စလုံး ပစ်ထားခံရမှာ။ ကျုပ်ကိုယ်ကျုပ် သေမယ်မှန်း သိသိကြီးနဲ့ အဲ့မိန်းမဆီ ဘာလို့ သွားပေါင်းရမှာလဲ”

“အို။ ဂိုဏ်းချုပ်ဝူက တကယ် တွေးတတ်တာပဲနော်” ရန်ကိုင်က လုံးဝကို အံ့အားသင့်သွားခဲ့ရချေပြီ။

“ဟိုနှစ်တွေကတည်းက တော်ဝင်သခင်ကို ဒီဝူ ပြောပြီးသွားလေ။ ဒီဝူက အခြားနေရာမှာသာ မတော်ရင် မတော်မယ်၊ ကိုယ်လုပ်ရမယ့် အရာကိုတော့ ကောင်းကောင်းသိပြီးသား…” ဝူကျဲ ပြုံးလိုက်သည်။

“ကောင်းပြီလေ။ အခု ခင်ဗျားမှာ ရွေးစရာ နှစ်ခုရှိတယ်”

ရန်ကိုင် ဘာပြောချင်နေလဲ ဆိုသည်ကို နားမလည်သော်ငြား ဝူကျဲက အလျင်အမြန် လက်သီးဆုပ်လိုက်ပြီး “ဟုတ် ပြောပါ တော်ဝင်သခင်”

“ကျုပ်နဲ့လမ်းခွဲပြီး ခင်ဗျားဘာသာ ခင်ဗျား ထွက်ပြေး။ ရွှယ့်လီက ကျုပ်နောက်ပဲ လိုက်မှာ။ ခင်ဗျား သေသေ၊ ရှင်ရှင် ဂရုစိုက်မှာမဟုတ်ဘူး။ ကျုပ်ကို မမိခင်အထိ ခင်ဗျား ထွက်ပြေးကောင်း ထွက်ပြေးနိုင်လိမ့်မယ်”

ဝူကျဲ မျက်မှောင်ကြုံ့သွားခဲ့ပြီ။ သို့သော် ရန်ကိုင်အား ချက်ချင်း ပြန်အဖြေမပေးသေးဘဲ အရင်မေးလိုက်သည် “ဒုတိယရွေးစရာကကော”

“ကျုပ်နောက်ဆက်လိုက်”

“ကျုပ်တော်ဝင်သခင်နောက် ဆက်လိုက်မယ်” ဝူကျဲက ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

ရန်ကိုင် ဝူကျဲအား သေသေချာချာ စိုက်ကြည့် မိလိုက်သည်။ ရန်ကိုင်အကြည့်ကြောင့် ဝူကျဲက ပြုံး၍ “အခုတော်ဝင်သခင်က ဒေါသထွက်၊ စိတ်ညစ်နေတာ မှန်တယ်။ ဒါပေမယ့် ထိတ်လန့်တုန်လှုပ် မနေဘူး။ ဒါကြောင့် တော်ဝင်သခင်မှာ လွတ်လမ်း တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။ တော်ဝင်သခင်နဲ့ လမ်းခွဲသွားလိုက်ရင် ကျုပ်လွတ်ကောင်း လွတ်နိုင်ပေမယ့် တကယ်လို့ တော်ဝင်သခင်ကိုသာ မိသွားရင် ကျုပ်လည်း ချမ်းသာရာ ရမှာမဟုတ်ဘူး။ ရွှယ့်လီက ကျုပ်ကို မသတ်လောက်ပေမယ့် ကျန်းအောင်နဲ့ ချောင်ကွမ်ကတော့ အဲ့လိုမဟုတ်ဘူး… ဒါကြောင့် တော်ဝင်သခင်နဲ့ အတူရှိနေတာ ကျုပ်အတွက် ပိုပြီး လုံခြုံလိမ့်မယ်။ ပြီးတော့ အခုလေးတင်ပဲ တော်ဝင်သခင်က ကျုပ်ကို ကယ်ခဲ့တာလေ။ ကျုပ်သာ သေမှာကြောက်လို့ တော်ဝင်သခင်နဲ့ လမ်းခွဲသွားလိုက်ရင် အသက်သခင်ကို သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့”

ရန်ကိုင်က ဝူကျဲကို စိုက်ကြည့်နေလိုက်ပြီးနောက် သွားပေါ်အောင် ပြုံးလျက် “ဂိုဏ်းချုပ်ဝူက တကယ် ဥာဏ်ပြေးတာပဲနော်”

“တော်ဝင်သခင် မြှောက်နေတာပါဗျာ”

“ကောင်းပြီလေ၊ သွားကြတာပေါ့” ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်း၍ လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲဥာ ဝူကျဲနှင့်အတူ ဟင်းလင်းပြင်ထဲသို့ ခုန်ဝင်သွားပြန်လေသည်။

ဟင်းလင်းပြင်ထဲ ရွှယ့်လီ၏ မြွေဟောက်များ သူ့နောက်သို့ ထပ်လိုက်လာနေသည်ကို ရန်ကိုင် အာရုံခံမိလိုက်သည်။

ထိုမြွေဟောက်များကို ဂရုစိုက်မနေဘဲ လေဟာနယ်ကို နောက်တစ်ကြိမ် ဆုတ်ဖြဲ၍ ဟင်လင်းပြင်ထဲမှ ခုန်ထွက်လိုက်သည်။

ခဏအကြာ၌ ရန်ကိုင်နှင့် ဝူကျဲတို့ နှင်းဖုံးတောင်တန်း အပေါ်ဘက်တွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ တစ်ချက်ကလေးတောင် မနားသေးဘဲ ရန်ကိုင်က လေဟာနယ်ကို နောက်တစ်ကြိမ် ထပ်ဆုတ်ဖြဲလိုက်သည်။

လေဟာနယ်အား သုံးကြိမ်တိတိ ဆုတ်ဖြဲပြီးနောက် ရန်ကိုင်နှင့် ဝူကျဲတို့သည် သူတို့နားနေခဲ့သည့် နေရာမှ ကီလိုမီတာ တစ်ထောင်အကွာနီးနီးသို့ ရောက်နေခဲ့လေပြီ။

ဝူကျဲ ထိတ်လန့်နေခဲ့ရချေပြီ။ ဟင်းလင်းပြင်ထဲမှ ထွက်လာလိုက်တိုင်း ပတ်ဝန်းကျင်သည် ပိုပို၍ အေးလာသည်ကို သူသတိပြုမိလိုက်သည်။ ရန်ကိုင်သည် နှင်းတောင်အတွင်းပိုင်းထဲသို့ သွားနေသည့်ပုံပင်။

ခဏမျှ စဉ်းစားပြီးနောက် ဝူကျဲက အလန့်တကြားဖြင့် “တော်ဝင်သခင် ဟင်းလင်းပြင်ထဲကနေ ကိုယ်ထွက်မယ့် နေရာကို သေသေချာချာ သတ်မှတ်နိုင်တာလား”

“နည်းနည်းပါးပါးပေါ့” ရန်ကိုင်က ဆေးလုံးတစ်လုံး သောက်၍ သူ့စိတ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရင်း ပြန်ဖြေလိုက်သည်။

ဝူကျဲ အမူအရာ ရှုံ့မဲ့သွားခဲ့လေပြီ။ သူမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း တည်နေရာအား သတ်မှန်ရန် မဆိုထားနှင့် ဟင်းလင်းပြင်ထဲတွင် အသက်မသေအောင်ပင် မနည်းလုပ်နေခဲ့ရသည်။

လေဟာနယ် ဆုတ်ဖြဲခြင်း နည်းလမ်းကို ရန်ကိုင်အား သင်ပေးခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ်လောက်သာ ရှိသေး၏။ သို့သော်လည်း ထိုအချိန်အတွင်း ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ရုံမက သူသွားမည့် တည်နေရာကိုပင် သတ်မှတ်နိုင်နေခဲ့လေပြီ။

ထိုကဲ့သို့ လုပ်နိုင်ရန် ရန်ကိုင် မည်ကဲ့သို့ ကြိုးစားခဲ့မှန်း ဝူကျဲ လုံးဝ နားမလည်နိုင်တော့။

ထိုပညာရပ်ကို အသုံးပြုရန်အတွက် ဝူကျဲမှာ ဆယ်နှစ်ကျော် ကြိုစားလေ့ကျင့်ခဲ့ရသည်။ သို့သော်လည်း အနည်းအကျဉ်းကိုပဲ နားလည်နိုင်ခဲ့ကာ စိတ်ရှိတိုင်း ထုတ်မသုံးရဲခဲ့ပေ။

တကယ်တမ်း ပြောရလျှင် ထိုပညာရပ်အား သူအသုံးပြုခဲ့သည့် အကြိမ်အရေအတွက်မှာ စုစုပေါင်း သုံးကြိမ်သာ ရှိပေသည်။

“ကျုပ်တို့ ဘယ်ကိုသွားမှာလဲ” ဝူကျဲသည် သူ့အတွေးစများကို အမြန်ပြန်စုစည်း၍ လက်ရှိ အခြေအနေကိုသာ ပြန်အာရုံစိုက်လိုက်သည်။

“ရောက်ရင်သိလိမ့်မယ်” ရန်ကိုင်က မျက်လုံး မှေးစဉ်း၍ ပတ်ဝန်းကျင်အား စစ်ဆေးရင်း ပြန်ဖြေလိုက်သည်။

တစ်ချိန်တည်းတွင် ကီလိုမီတာတစ်ထောင်နီးနီး၌ ရှိနေသော ရွှယ့်လီသည်လည်း ရန်ကိုင်ဆီသို့ အလျင်အမြန် ပြေးလာနေခဲ့သည်။ ကြောက်မခန်းလိလိ အားကောင်းလှသော နတ်ဆိုးချီတို့ သူမခန္ဓာကိုယ်မှ ဖြာထွက်နေခဲ့ပြီး ထိတ်လန့်ဖွယ်ရာ အမြန်နှုန်းဖြင့် ရန်ကိုင်နောက်သို့ ပြေးလိုက်နေခဲ့သည်။

ရန်ကိုင် ကိုယ်ထဲရှိ ရွှေရောင်သွေးစက်နှင့် နတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်အတွက် သူမ မလုပ်ရဲသည့်အရာ ဘာမှမရှိပေ။

ရန်ကိုင်၏ နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးကိုသာ ရလိုက်ပါက လက်ရှိနတ်ဆိုးဗိုလ်ချုပ်နှင့် ယှဉ်ပြိုင်နိုင်မည်ဟု ရွှယ့်လီ ယုံကြည်ချက် အပြည့်ရှိသည်။

ကံကောင်းလျှင် ရန်ကိုင်ဆီမှ နတ်ဆိုးနတ်ဘုရား အကြောင်းပင် သိကောင်းသိနိုင်သေး၏။

ထိုကဲ့သို့ အခွင့်အရေးကြီး သူမရှေ့ လက်တစ်ကမ်းတွင် ရှိနေရာ ရွှယ့်လီ အနေဖြင့် မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။

ထိုနတ်ဆိုးနတ်ဘုရားရွှေရောင်သွေးကြောင့်သာ သူမကိုယ်သူမ ဖုံးကွယ်၍ လူသားပိုင်နက်ထဲသို့ ခိုးဝင်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်သည် ရည်ရွယ်ချက် တစ်ခုခုရှိနေသည့်အလား နှင်းတောင်တန်း အတွင်းပိုင်းထဲသို့ အဆက်မပြတ် တိုးကပ်သွားနေခဲ့သည်။

နှင်းတောင်အတွင်းပိုင်းထဲသို့ ရန်ကိုင် ဘာကြောင့် သွားနေမှန်း ရွှယ့်လီမသိ။ သို့သော်လည်း ရန်ကိုင် သွားနေသော နေရာသည် နတ်ဆိုးနတ်ဘုရားနှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေလိမ့်မည် သူမ၏ မသိစိတ်က ပြောနေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထန်းရွှမ်လောကကြီး

အပိုင်း (၈၆၀) တစ်ရက်

အဆုံးမဲ့နှင်းတောင်တန်း၏ အာကာယံထက် ရန်ကိုင်နှင့် ဝူကျဲတို့သည် ရှေ့မှ ပြေးနေစဉ် ရွှယ့်လီနှင့် အခြားသူများသည် နောက်မှလိုက်နေခဲ့ကြသည်။ သူတို့ကြားရှိ အကွာအဝေး တဖြည်းဖြည်း ကျဉ်းမြောင်းလို့ လာခဲ့လေပြီ။

ယခု ဝူကျဲတစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့သည်။ ရွှယ့်လီသည် သူတို့နှင့် အတော်လေး ဝေးနေသော်လည်း သူမဆီမှ ဖြာထွက်နေသော အရှိန်အဝါ သက်သက်နှင့်ပင် သူ့ကြောက်ရွံ့သွားစေရန် လုံလောက်နေပေပြီ။

ရုတ်တရက် ရန်ကိုင် ရပ်တန့်လိုက်ပြီး ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ခဏအကြာ၌ အခြားတစ်ဖက်သို့ လှည့်၍ အော်ပြောလိုက်သည် “ဒီမှာပဲ”

ပြောပြီးသည်နှင့် ထိုနေရာဆီသို့ ပြေးထွက်သွားသည်။

ရန်ကိုင် ဘာလုပ်နေမှန်း သူမသိသော်လည်း ဘာမှမေးမနေဘဲ ရန်ကိုင် ထွက်သွားသည့် နောက်သို့သာ ဝူကျဲ ပြေးလိုက်သွားသည်။

ခဏအကြာ၊ နှင်းများဖုံးနေသော လိုဏ်ဂူတစ်ခုရှေ့သို့ သူတို့ ရောက်ရှိလာခဲ့သည်။ နှင်းများကို တူးထုတ်ပြီးသည်နှင့် အပြုံးကြီးပြုံးလျက် အထဲသို့ ဝင်သွားလိုက်လေသည်။

ရန်ကိုင် ကြည့်ရသည်မှာ ဤနေရာနှင့် တော်တော်လေး ရင်းနှီးနေသည့်ပုံပင်။ သူ့စိတ်ထဲ အတော်လေး သိချင်နေမိသော်လည်း ဝူကျဲသည် ပါးစပ်ကိုသာပိတ်၍ ရန်ကိုင်နောက်မှ တိတ်တိတ်လေး လိုက်သွားလိုက်သည်။

လိုဏ်ဂူအတွင်းသည် အရိုးကွဲမတတ် အေးစက်လှ၏။ အေးလွန်းလှသဖြင့် ဝူကျဲမှာ အစစ်အမှန်ချီကို လှည့်ပတ်၍ အအေးဓါတ်ကို ခုခံနေခဲ့ရသည်။

စိတ်ဝင်တစားဖြင့် ဟိုကြည့်ဒီကြည့်လုပ်ရင်း ရန်ကိုင်နောက်မှ အနီးကပ် လိုက်သွားခဲ့သည်။

ခဏအကြာ၌ ရန်ကိုင် ရပ်တန့်သွားခဲ့ပြီး ရှေ့သို့ စိုက်ကြည့်နေလိုက်သည်။

ရန်ကိုင် ကြည့်သည့်နေရာသို့ လိုက်ကြည့်လိုက်သည့် အခါ မြင်လိုက်ရသည့် အရာကြောင့် ဝူကျဲ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ နောက်သို့ အလိုလို ဆုတ်မိသွားသည် “အလောင်းသယ်လူကြီးလား”

သူ့တို့နှစ်ယောက်ရှေ့၊ လိုဏ်ဂူအနက်ပိုင်းထဲ၊ ပုပ်သိုးနေပြီဖြစ်သော မြင့်မားလှသည့် ပုံရိပ်တစ်ခုသည် ရေခဲနံရံများကို ကျောမှီလျက် မလှုပ်မယှတ် ရှိနေခဲ့သည်။

အလောင်းသယ်လူကြီးကို ဝူကျဲ တစ်ခါမှ မမြင်ဖူးသော်လည်း မြင်သည်နှင့် ထိုလူကြီး ဘယ်သူမှန်း ချက်ချင်း တန်းသိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ နောက်ဘက်တွင် သွေးနီရောင်ခေါင်းတလားကြီး တစ်လုံးကို သယ်ထားသောကြောင့်ပင် ဖြစ်လေသည်။

သိုသော် ဝူကျဲ အံ့အားအသင့်ဆုံး အရာသည်ကား အလောင်းသယ်လူကြီးသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်းလို ဖြစ်နေခြင်းပင်။ ရေခဲစ၊ ရေခဲနများ သူ့အရေပြားထက် ကပ်ညိနေခဲ့ပြီး မည်သည့် သေခြင်းချီမှ သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေခြင်း မရှိခဲ့။

“အင်း။ သူက ကျန်းအောင်နဲ့ ချောင်ကွမ်တို့ ရှာနေတဲ့လူပဲ” ရန်ကိုင်က ယဲ့ယဲ့လေး ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

“တော်ဝင်သခင်က အလောင်းသယ်လူကြီးနဲ့ တကယ်ကြီး ပက်သက်နေတာပဲ” ဝူကျဲ အမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ ရာဇဝင်တွင်မည့် ဖြစ်ရပ်ကြီးတစ်ခုအား ကိုယ်တွေ့ကြုံနေရသလိုလည်း ခံစားနေခဲ့ရ၏။ အလောင်းသယ်လူကြီးသည် မည်ကဲ့သို့သော လျှို့ဝှက်ချက်အား ဖုံးကွယ်ထားသည် ဆိုသောအချက်ကိုလည်း အတော်လေး သိချင်နေမိသည်။

“ဟုတ်တယ်။ ကျုပ်သူနဲ့တကယ်ပက်သက်တာ” တုန့်ဆိုင်းခြင်းမရှိ ဝန်ခံလိုက်ပြီးနောက် ဝူကျဲကို လျစ်လျူရှု၍ ရှေ့သို့တိုးအား အလောင်းသယ်လူကြီးကို အော်ခေါ်လိုက်သည် “စီနီယာ၊ စီနီယာ”

အလောင်းသယ်လူကြီး ငြိမ်သက်နေဆဲ။

ဝူကျဲ မျက်မှောင်ကြုံ့သွားခဲ့ပြီး တိတ်တိတ်သာ နေလိုက်သည်။ ဒဏ္ဏာရီအရ အလောင်းသယ်လူကြီးသည် သေသွားပြီ ဖြစ်သော်လည်း ရန်ကိုင်သည် ၎င်းအား အော်ခေါ်နေမှဖြင့် သူ့တွင် အစီအစဉ် တစ်ခုခု ရှိနေသည့် အတွက်ကြောင့်ပဲ ဖြစ်ရပေမည်။

နည်းနည်းလောက် ထပ်ခေါ်ပြီးနောက် အလောင်းသယ်လူကြီး ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

ခန္ဓာကိုယ်တွင်း ကိန်းအောင်းပုန်းခိုနေသော သေခြင်းချီတို့ ရုတ်တရက် အသက်ဝင်လာပြီး သူ့အရေပြားအား ဖုံးလွှမ်းထားသည့် ရေခဲလွှာသည်လည်း တစ်စစီ အက်ကွဲပျက်စီးသွားခဲ့ရသည်။

ဝူကျဲ မျက်လုံးမှေးစဉ်းသွားခဲ့ပြီး ထိုမြင်ကွင်းကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

ခရက်…

ရေခဲမျက်နှာပြင်ထက် ပင့်ကူအိမ်ပမာ အက်ကွဲကြောင်းတို့ ထွက်ပေါ်လာခဲ့ပြီး အတွင်းပိုင်းထဲ ကိန်းအောင်းနေသော သေခြင်းချီတို့ ဖြာထွက်လာခဲ့ကာ အချိန်နှင့်အမျှ ပိုပို ပြင်းထန်လာနေခဲ့သည်။

ရုတ်တရက် ရေခဲလွှာ တစ်စစီပျက်စီးသွားပြီး နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ပြီဖြစ်သော အလောင်းသယ်လူကြီး ဖြည်းဖြည်းချင်း မျက်လုံး ပြန်ပွင့်လာခဲ့သည်။

ထိုမြင်ကွင်းကြောင့် ဝူကျဲ ထိတ်လန့်တုန်လှုပ်သွားပြီး အလိုလို နောက်ဆုတ်မိလိုက်သည်။

အလောင်းသယ်လူကြီး မျက်လုံးပွင့်လာသည့်အခိုက် သူ့ထက်ပိုမို သန်မာသော အရှိန်အဝါ ၎င်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

သူတော်စင် ဒုတိယအဆင့် အရှိန်အဝါပင်…

ပြောရလျှင် အလောင်းသယ်လူကြီးသည် သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပေသည်။

မည်းမှောင်နေသော မျက်ဝန်းအစုံက သူ့၏ အမူအရာကို ပို၍ ရုတ်ရင့်ကြမ်းတမ်း ကြောက်မက်ဖွယ် ကောင်းနေစေခဲ့သည်။

“စီနီယာ၊ ကျုပ်ဝင်ရမယ်” ရန်ကိုင်က အလောင်းသယ် လူကြီးကို စိုက်ကြည့်၍ ပြောလိုက်သည်။ သို့သော် သူပြောလိုက်သည့်စကားကို အလောင်းသယ်လူကြီး နားလည်၊မလည် မသေချာ။ သို့သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ကြိုးစားကြည့်ရုံသာ ရှိတော့သည်။

ကံကောင်းစွာဖြင့် အလောင်းသယ်လူကြီး သူ့စကားကို နားလည်နေခဲ့သည်။ နက်မှောင်နေသော မျက်လုံးများ တဒင်္ဂတာ တောက်ပသွားခဲ့ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီး ဖြည်းဖြည်းချင်း မတ်တပ် ရပ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော သေခြင်းချီနှင့် အဆိပ်များကြောင့် ဘေးပတ်လည် ရေခဲနံရံတို့ စတင် အရည်ပျော်ကုန်ကြလေသည်။

ဝူကျဲကဲ့သို့ အားကောင်းသော လူပင်လျှင် ထိုအဆိပ်ငွေ့များကို ရှူရှိုက်မိပြီးနောက် ခေါင်းမူးလာသဖြင့် ခပ်မြန်မြန် အသက်အောင့်ထားလိုက်ရသည်။

အနီရောင်အလင်းတစ်ချက်နှင့် အလောင်းသယ်လူကြီး ကျောဘက်ရှိ အနီရောင်ခေါင်းတလားအဖုံး ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

ရန်ကိုင် ပြုံးလိုက်ပြီး “စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

ပြောပြီးသည်နှင့် ကြောက်လန့်တုန်လှုပ်နေသော ဝူကျဲကို ဆွဲခေါ်၍ ခေါင်းတလားထဲသို့ ဝင်သွားလိုက်လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်အား ရေကုန်ရေခမ်း လိုက်ဖမ်းနေသော ရွှယ့်လီ အလန့်တကြား ထပြောလိုက်သည် “နတ်ဆိုးချီပဲ… နတ်ဆိုးနတ်ဘုရားရဲ့ အရှိန်အဝါလား”

နတ်ဆိုးချီကို အာရုံခံမိလိုက်သည်နှင့် ရွှယ့်လီ ထပ်မံ၍ အရှိန်တင်လိုက်လေသည်။

----------------------------------

နတ်ဆိုးနတ်ဘုရားမြို့တော်…

ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင်ဖြစ်သော လီရုန်သည် နန်းတော်၏ အမြင့်ဆုံးအထပ်တွင်ရပ်၍ ပရမ်းပတာ ဖြစ်နေသော ကောင်းကင်ကြီးအား ငြိမ်သက်စွာ ငေးစိုက် ကြည့်နေခဲ့သည်။

ခြေသံတို့ ထွက်ပေါ်လာခဲ့သည်။ လှည့်မကြည့်ဘဲနှင့်ပင် ရောက်လာသူသည် ဟန်ဖေးမှန်း လီရုန် သိနေခဲ့သည်။

သူမ ထင်ထားသည့်အတိုင်းပင်… ခဏအကြာ၌ ရိုးရှင်းသော အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် ဟန်ဖေး ထွက်ပေါ်လာပြီး သူမဘေး လာရပ်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ကျက်သရေရှိကာ လှပသော မိန်းမလှလေးနှစ်ယောက်… တစ်ယောက်သည် ရေခဲသားလေးကဲ့သို့ အေးစက်၍ ကျန်တစ်ဦးသည် ကျောက်စိမ်းသားလေးသဖွယ် သန့်စင်သည်။ တိုက်ခတ်နေသော လေညင်းတသုန်သုန်ကြောင့် သူမတို့၏ ဆံသားလေးများ၊ အဝတ်အစားများ တဖျတ်ဖျတ် လွင့်ခါနေခဲ့သည်။ ဤမြင်ကွင်းသည် ဆန်းကြယ်လောကငယ် အတွင်းရှိ စွဲမက်ဖွယ်အကောင်းဆုံးသော မြင်ကွင်းပင် ဖြစ်လေသည်။

အောက်ဘက်မှ ဖြတ်သွားစဉ် ထိုမြင်ကွင်းအား မတော်တဆ မြင်လိုက်ရသော ရှေးဟောင်းနတ်ဆိုးကလန်သားအားလုံး မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။

သို့သော်လည်း လီရုန်နှင့် ဟန်ဖေးတို့၏ ကြောက်မက်ဖွယ် ခွန်အားအကြောင်း ပြန်စဉ်းစားမိလိုက်သည်နှင့် သူတို့၏ အကြည့်ကို ခပ်မြန်မြန်ပဲ လွှဲဖယ်လိုက်ကြပြီး ထိုနေရာမှ အလျင်အမြန် ထွက်သွားကြလေသည်။

“ဟူး…” ဟန်ဖေး ရုတ်တရက် သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည် “စီနီယာလီ၊ အခု ဘယ်လောက်ကြာသွားပြီလို့ ထင်လဲ”

လီရုန်က ခေါင်းခါရမ်း၍ “နေလည်းမရှိ၊ လလည်းမရှိ၊ ကြယ်တွေလည်း မရှိတော့ အချိန်ဘယ်လောက် ကုန်လို့ ကုန်သွားမှန်း ငါလည်းမသိဘူး။ အနည်းဆုံး ငါးနှစ်၊ ခြောက်နှစ်လောက်တော့ ရှိပြီပေါ့”

“အဲ့ထက်ပိုကြာလောက်တယ်” ဟန်ဖေးက ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်သည်။

“အပြင်လောကကြီးကို ဘယ်တော့မှ မြင်နိုင်မလဲ မသိဘူး” လီရုန်က သက်ပြင်းယဲ့ယဲ့လေး ချလိုက်သည်။

“အဲ့ကောင်လေး ဘယ်လောက် မြန်မြန် အားကောင်းလာနိုင်လဲ ဆိုတာပေါ် မူတည်တယ်”

“ဟုတ်တယ်။ အားလုံးက သူ့အပေါ် မူတည်နေတာ။ သူဒီကနေ ထွက်သွားတုန်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)၊ (၈)လောက်ပဲရှိသေးတာ။ ဆေးစွမ်းရည်ကတော့ စိတ်ဝိဥာဉ် အထွဋ်အထိပ် ပတ်လည်လောက်မှာ ရှိလောက်တယ်။ သူ့ကို ငါတို့ လိုအပ်တဲ့ သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံး ဖော်စပ်ခိုင်းစေချင်တယ် ဆိုရင်တော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက်တော့ စောင့်ရလိမ့်မယ်”

“စီနီယာလီက သူ့ကို ဘာလို့ ဒီလောက် အထင်ကြီးနေရတာလဲ။ သူ့ပါရမီနဲ့ဆို ကျွန်မတို့ လိုအပ်တဲ့ ဆေးလုံးကို ဖော်စပ်ပေးနိုင်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတော်စင်အဆင့်ဆေးလုံးကို ဖော်စပ်ဖို့ဆိုရင် သူ့ကျင့်ကြံခြင်းကို မြှင့်တင်ဖို့လည်း လိုသေးတယ်လေ။ သူ့ကျင့်ကြံခြင်းနဲ့ ဆေးပညာ နှစ်ခုစလုံးကို တစ်ပြိုင်တည်း မြှင့်တင်ရမှာနော်။ အဲ့ဒါကို ဆယ်နှစ်အတွင်း သူလုပ်နိုင်မှာ မို့လို့လား” ဟန်ဖေးက ဆံပင်ကို နားသယ်နောက် သပ်တင်လျက် လီရုန်အား ပြန်မေးလိုက်သည်။

“ဆယ်နှစ်မှ မလုံလောက်ရင်၊ နောက်ထပ် ဆယ်နှစ် ထပ်စောင့်ရုံပေါ့။ အဲ့လောက်နဲ့မှ မလုံလောက်သေးရင် နောက်ထပ် ဆယ်နှစ်ထပ်စောင့်ပေါ့။ ဘယ်လောက်ပဲ ကြာပါစေ၊ တစ်နေ့ ငါတို့ကလန် ဒီကနေ ထွက်သွားနိုင်မယ်လို့ ငါယုံတယ်” လီရုန်က ယဲ့ယဲ့လေး ပြုံးလျက် ပြောလိုက်သည်။

ရှေးဟောင်းနတ်ဆိုးကလန်သည် ဤနေရာငယ်လေး၌ ပိတ်လှောင်ထားခံခဲ့ရသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့လေပြီ။ နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ဤနေရာမှ ထွက်နိုင်ရန် လမ်းမမြင်ခဲ့။ သို့သော်လည်း မကြာသေးခင်သော အချိန်က အဆုံးမဲ့နေသောအမှောင်ထဲ မျှော်လင့်ချက် အလေင်းရောင်လေးကို သူမတို့ မြင်ခဲ့ရသည်။ ထိုအလင်းရောင်လေးသည် အခြားမဟုတ်။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး၏ ဆက်ခံသူအသစ်ပင် ဖြစ်လေသည်။

ထိုအရာအားလုံးသည် မဟာနတ်ဆိုးနတ်ဘုရား၏ အစီအစဉ် ဖြစ်ကာ ရန်ကိုင်သည် သူမတို့အား ဤနေရာမှ လွတ်မြောက်အောင် လုပ်ပေးမည့်လူ ဖြစ်သည်ဟု လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ယုံကြည်ထားကြသည်။

“ကျွန်မတို့က စောင့်နိုင်တယ်။ ဒါပေမယ့် အပြင်ဘက်မှာ သူ့ကိုယ်သူ အားကိုးရမှာ။ သူ့ကို ကာကွယ်ပေးမယ့်လူ ဘယ်သူမှ မရှိဘူး။ မတော်တဆ သူတစ်ခုခု ဖြစ်သွားတာလည်း ဖြစ်သွားနိုင်တယ်လေ၊ သေချာတာမှ မဟုတ်တာ” ဟန်ဖေး၏ လေသံထဲ စိုးရိမ်မှုတို့ ထပ်ဟပ်လို့။

ဟန်ဖေးစကားကို ကြားလိုက်သည်နှင့် လီရုန် စိတ်တင်းကြပ်သွားခဲ့သည်။ သို့သော် ဆက်ပြီး မတွေးရဲ့ခဲ့။

၎င်းသည် သူမ အစိုးရိမ်ရဆုံးသော ကိစ္စတစ်ခု ဖြစ်နေသည် မဟုတ်ပေလော။

ရန်ကိုင်၏ အရည်အချင်းဖြင့် ဆိုပါက သူမတို့အား ကတိပေးခဲ့သည်အတိုင်း တစ်နေ့ကျ ကျိန်းသေ လုပ်ပေးနိုင်ပေလိမ့်မည်။ သို့သော်လည်း အပြင် လောကကြီးသည် ပန်းဥယျာဉ်မဟုတ်၊ သားရဲ၊ ပန်းမန် မျိုးစုံတို့ဖြင့် ပြည့်နေသော တောရိုင်းကြီးပင် ဖြစ်သည်။

ရှေးဟောင်းနတ်ဆိုးကလန်သည် ဆန်းကြယ် လောကငယ်ထဲတွင် ပိတ်ထားခံခဲ့ရသည်။ ထို့ကြောင့် သူ့အား ကူညီချင်သော်လည်း စိတ်ကူးဖြင့်သာ လုပ်နိုင်ပေသည်။

“အဲ့လောက်ကြီး အားမကောင်းသေးရင်တောင် အချိန်ယူပြီး ငါတို့ကို လာတွေ့သင့်တယ်။ သူအဆင်ပြေကြောင်း ငါတို့ကို လာပြောပေါ့။ အဲ့လိုဆို အရမ်းကောင်းမှာ” လီရုန်က ရေရွတ်လိုက်သည်။

ရန်ကိုင် ဤနေရာသို့ ဝင်လာချင်လျှင် သူ့အတွက် လွယ်လွယ်လေးပင်။ အလောင်းသယ်လူကြီးဆီ ခွင့်တောင်းလိုက်ရုံသာ။ ပြန်ထွက်ချင်လျှင်လည်း မခက်ခဲ။ လီရုန်တို့ဆီ အကူအညီ တောင်းလိုက်ရုံပင်။

ထို့ကြောင့်ပဲ ဤမျှကြာပြီးသည့်တိုင် ရန်ကိုင်ဆီမှ ဘာကြောင့် သတင်းမရလဲ ဆိုသည်ကို လီရုန် နားမလည်နိုင် ဖြစ်နေခြင်းဖြစ်သည်။

ဟန်ဖေးက ကိုးယိုးကားယား အမူအရာဖြင့် ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် “ဟွာမူ ပြောတာကတော့… သူပြန်လာမှာ မဟုတ်ဘူးတဲ့”

“နင်ကောဘယ်လိုထင်လဲ” လီရုန်က သူမဘက်လှည့်၍ မေးလိုက်သည်။

“သူပြန်လာမယ်လို့ ကျွန်မထင်တယ်” ဟန်ဖေးက တုန့်ဆိုင်းခြင်းအလျင်းမရှိ ချက်ချင်းပဲ ပြန်ဖြေလိုက်သည် “သူထွက်သွားတုန်းက ကျွန်မတို့အတွက် သလင်းကျောက်တွေ အများကြီး တိတ်တဆိတ် ချန်ထားပေးခဲ့တယ်။ ပြီးတော့ သူက နှလုံးသားမရှိတဲ့လူလည်း မဟုတ်ဘူး။ ပြန်မလာဘူးဆိုရင် ဒီသလင်းကျောက်တွေကို ချန်ထားခဲ့မှာ မဟုတ်ဘူး။ ကျွန်မ ထင်တာကတော့ သူပြန်လာတဲ့အချိန် ကျွန်မတို့ကို ပိုပြီး အားကောင်းနေစေချင်တာ ဖြစ်လောက်တယ်။ အဲ့လိုဆိုရင် သူ့အတွက် အားကိုးစရာ နောက်ခံကောင်းကောင်း တစ်ခုရပြီလေ”

လီရုန် ယဲ့ယဲ့လေး ပြုံးလျက် ခေါင်းညိတ်ကာ “ငါလည်း အဲ့လိုပဲ ထင်တယ်။ ဟွာမိုက… သူနဲ့ သိပ်မဆက်ဆံဘူးတော့ သူ့ကို သံသယဝင်တာ သဘာဝပါပဲ”

ဟန်ဖေးက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ပြောလိုက်သည် “ဒါပေမယ့် သူချန်ထားခဲ့တဲ့ သလင်းကျောက်တွေ၊ ဆေးလုံးတွေကြောင့်ပဲ ကျွန်မတို့ ကလန်သားတွေ ကြီးကြီးမားမား တိုးတက်နိုင်ခဲ့တာ။ နှစ်ယောက်ဆိုရင် သူတော်စင်အဆင့်ကိုတောင် ချိုးဖျက်သွားပြီ။ ဟွာမူနဲ့ကျွန်မတောင် တိုးတက်လာခဲ့ရသေးတယ်”

“ဟုတ်တယ်။ ငါတို့ သူ့ကို တကယ် ကျေးဇူးတင်သင့်တယ်” လီရုန်လည်း ပျော်နေခဲ့သည်။

သူတို့ဤနေရာ၌ ပိတ်မိနေသည်မှာ နှစ်ပေါင်းများစွာ ကြညောင်းနေပြီ ဖြစ်သည့်အတွက် ဤနေရာတွင် ရှိနေသည့် သလင်းကျောက်အားလုံး ပြောင်ခါနီး ဖြစ်နေခဲ့လေပြီ။ ထို့အပြင် သူတို့မျိုးနွယ်စုသည် သူတို့ဘာသာ ဆေးမဖော်စပ်တတ်သည့် အတွက် ဆေးပင်များကို တိုက်ရိုက်သာ ဝါးစားကြသည်။ သို့သော် ယခုအချိန်၌ သူတို့တွင် ဆေးလုံးများ ရှိနေပြီ ဖြစ်သဖြင့် ဆေးပင်များကို တိုက်ရိုက် ဝါးစားစရာ မလိုတော့ပေ။

“ဗိုလ်ချုပ်သစ်နှစ်ယောက်၊ သူတို့ ကျင့်ကြံခြင်းကို အခြေခိုင်အောင် လုပ်ပြီးသွားပြီလား” လီရုန်က စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

“အင်း။ သူတို့ ကျင့်ကြံခြင်းတွေ အခြေခိုင်သွားပြီ။ အခု သူတော်စင်အဆင့်နဲ့ ပက်သက်တဲ့ သဘောတရားတွေကို ဟွာမို သူတို့ကို ရှင်းပြနေတယ်”

“ကောင်းတယ်…”

“ပြန်ကြရအောင်။ ဒီနေ့လေက တော်တော်လေး‌ အေးလွန်းတယ်”

“အင်း” လီရုန်က ကောင်းကင်အား နောက်ဆုံးတစ်ကြိမ် မော့ကြည့်လိုက်ပြီးနောက် နန်းတော်ထဲသို့ ဟန်ဖေးနှင့်အတူ လမ်းလျှောက်ဝင်သွားလိုက်လေသည်။

သို့သော်လည်း ထိုစဉ် လေထဲ ဘုန်းဆိုသော ပေါက်ကွဲသံ တစ်သံ မြည်ဟည်းသွားခဲ့သဖြင့် မိန်းမလှလေး နှစ်ယောက် စလုံး၏ လျှောက်လက်စ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။ နောက်ပြန်လှည့် မော့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမတို့၏ မျက်နှာလှလှလေးထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ရသည်။

ကောင်းကင်ထက်တွင်… အနီရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဥက္ကာခဲတစ်စင်းပမာ နတ်ဆိုးနတ်ဘုရား မြို့တော်နှင့် ကီလိုမီတာ အတော်ဝေးဝေးသို့ ကျသွားခဲ့သည်။

ထိုအနီရောင်အလင်းတန်းထဲ သူမတို့နှင့် ရင်းနှီးနေသော ဝိုးတိုးဝါးတား ပုံရိပ်တစ်ခုကို လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး မြင်တွေ့လိုက်ရသည်။

All Chapters