အခန်း (၈၆၁-၈၆၅)
Vol. 35 Ch. 861-865
အပိုင်း (၈၆၁) သူပြန်လာခဲ့ပြီ
အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး အနီရောင်အလင်းတန်း ကျဆင်းသွားရာ နေရာသို့ လျှပ်စီးတန်းတစ်ခုပမာ ပြေးထွက်သွားကြသည်။
တစ်ချိန်တည်းတွင်… မကြာသေးခင်ကမှ သူတော်စင် အဆင့် ဖြစ်လာသော ဗိုလ်ချုပ်နှစ်ယောက်အား သင်ကြားပြသနေသော ဟွာမိုလည်း ရုတ်တရက် မတ်တပ် ရပ်လိုက်သည်။ အခြေအနေကို အကျဉ်းချုံး စစ်ဆေး ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအိုကြီး ဝင်းပသွာခဲ့ကာ အကျယ်ကြီး အော်ပြောလိုက်လေသည် “မင်းတို့နှစ်ယောက်၊ ဒီလူအိုကြီးနဲ့ လိုက်ခဲ့ကြ”
ပြောပြီးသည်နှင့် သူလည်း ပြေးထွက်သွားခဲ့လေသည်။
တက်သစ်စ ဗိုလ်ချုပ်ကြီး နှစ်ယောက်သည်လ် ဟွာမိုနောက် ပြေးလိုက်သွားခဲ့ကြလေသည်။
နတ်ဆိုးနတ်ဘုရားမြို့တော်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့လေပြီ။
ရှေးဟောင်းနတ်ဆိုးကလန်သား အားလုံး အနီရောင် အလင်းတန်း ကျဆင်းသွားရာအရပ်သို့ ငေးကြည့်နေခဲ့ကြသည်။ သူတို့ ခေါင်းဆောင်အားလုံး ပြေးထွက်သွားကြသည်ကို မြင်သော် အကုန်လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြကုန်လေသည်။
အလောင်းသယ်လူကြီး တစ်ယောက်ယောက်ကို ဖမ်းမိပြီး ခေါင်းတလားထဲသို့ ပစ်ထည့်လိုက်တိုင်း ယခုကဲ့သို့ တူညီသော မြင်ကွင်းမျိုး ဖြစ်ခဲ့သည်။ ထို့ကြောင့် အနီရောင်အလင်းတန်းကို မြင်လိုက်ရချိန် အပြင်လူတစ်ယောက် ဆန်းကြယ်လောကငယ် ထဲသို့ ရောက်ရှိလာပြီမှန်း အကုန်လုံး သိလိုက်ကြသည်။
ဗိုလ်ချုပ်များသည် ထိုကိစ္စကို ကိုင်တွယ်ရန်အတွက် ပြေးထွက်သွားခြင်း ဖြစ်ရပေမည်။
သို့သော်လည်း ထိုအပြင်လူတစ်ယောက် အတွက်နှင့် ဗိုလ်ချုပ်ကြီးများအားလုံး အဘယ်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရလေသနည်း။
ရှေးဟောင်းနတ်ဆိုးကလန်သားများ သင်္ကာမကင်း ဖြစ်နေခဲ့ကြသည်။ ကွမ်းအာဆိုသော မိန်းမငယ်လေး တစ်ယောက်သာ လက်သီးတင်းတင်းဆုပ်၍ အော်ပြောလေသည် “သူပြန်လာပြီ။ အဲ့လူ တကယ် ပြန်လာခဲ့ပြီ။ ငါတို့ ဒီထဲကနေ ထွက်လို့ရတော့မယ်ဟေ့”
ရန်ကိုင်နှင့် မဟာနတ်ဆိုးနတ်ဘုရားကြား ပက်သက်မှုကို ဗိုလ်ချုပ်ကြီးများမှလွဲ၍ ကွမ်းအာတစ်ယောက်သာ သိထား၏။ ထို့ကြောင့် ယခုတစ်ကြိမ်း ဆန်းကြယ်လောကငယ်အတွင်းသို့ ဝင်လာသောလူသည် ရန်ကိုင်ဖြစ်အမှန်း အတပ်သိလိုက်ခြင်း ဖြစ်ပေသည်။
ရန်ကိုင်မှလွဲ၍ ဤနေရာထဲသို့ အခြားဘယ်သူ့ကိုမှ ခေါင်းတလားအစေခံစီနီယာက ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။
နတ်ဆိုးနတ်ဘုရားမြို့တော်နှင့် ကီလိုမီတာ ဒါဇင်ကျော် အကွာသို့ ရန်ကိုင်နှင့်ဝူကျဲတို့ ပြုတ်ကျလာခဲ့သည်။ ခဏအကြာ၌ ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ရန်ကိုင် အာရုံခံမိလိုက်သည်။
လီရုန်နှင့် အခြားသူများ သူ့အား အရမ်း တွေ့ချင်နေမည့် အကြောင်းတွေးရင်း ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်သည်။
သို့သော်လည်း ရန်ကိုင် စိတ်ရှုပ်သွားရသည့်အချက်မှာ စုစုပေါင်း သူတော်စင်အဆင့် ပညာရှင် ငါးယောက်ရှိနေခြင်းပင်။ လီရုန်နှင့် ဟန်ဖေးတို့၏ ခွန်အားသည်လည်း သိသိသာသာကို တိုးတက်လာခဲ့သည်။
ဝူကျဲလည်း ထိုလူများကို သတိပြုမိပေသည်။ ထိုလူများ မည်မျှအားကောင်းကြောင်း သိလိုက်ရပြီးနောက် သူ့မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ကာ ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “တော်ဝင်သခင်၊ ဒါဘယ်နေရာကြီးလဲ”
“ဆန်းကြယ်လောကငယ်တစ်ခုလေ” ပြီးသည်နှင့် ရန်ကိုင်က သူ့လက်ကိုဝှေ့ရမ်း၍ “ကျုပ်နောက်လိုက်ခဲ့”
ဝူကျဲအမူအရာ ရှုံ့မဲ့သွားခဲ့သည်။ သို့သော်လည်း ဘာတစ်ခွန်းမှ ပြန်မမေးခဲ့။ ရန်ကိုင် ပြောသည့်အတိုင်းသာ သူ့နောက်သို့ လိုက်သွားခဲ့လေသည်။
ဤနေရာသည် ဆန်းကြယ်လောကငယ်တစ်ခု ဖြစ်နေခဲ့သည်။ သို့သော်လည်း ရန်ကိုင် ပြောသွားသည်ကို သိပ်နားမလည်ချင်။ ရန်ကိုင် သူ့အား သွေးနီရောင် ခေါင်းတလား ထဲသို့ ဆွဲခေါ်သွားသည်ကိုသာ သူမှတ်မိသည်။
ထုန်းရွှမ်လောကကြီး တစ်ခုလုံး အဖြေမထုတ်နိုင်ခဲ့သော၊ အလောင်းသယ်လူကြီး သယ်ဆောင်ထားသည့် သွေးနီရောင် ခေါင်းတလားထဲရှိ လျှို့ဝှက်ချက်သည် အမှန်တကယ်ပင် ဆန်းကြယ်လောကငယ်တစ်ခု ဖြစ်နေသည်လား။
ထို့အပြင် ဆန်းကြယ်လောကငယ်အတွင်း ရစ်သိုင်းနေသော အရှိန်အဝါကို ဝူကျဲ ချက်ချင်း မှတ်မိလိုက်သည်။ ယင်းသည် နတ်ဆိုးအရှိန်အဝါပင်။ လေထုထဲ သိပ်သည်းလှသော နတ်ဆိုးချီတို့ဖြင့် ပြည့်နေခဲ့ပေသည်။
သူတို့ဆီသို့ ပြေးလာနေသော ပညာရှင်ငါးယောက်ဆီမှ သိပ်သည်းလှသော နတ်ဆိုးချီတို့ ဖြာထွက်နေခဲ့သည်။
ဤနေရာသို့ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဘာလာလုပ်နေသနည်း။ သူရောက်လာခဲ့သည့် နေရာသည် အမှန်တကယ် မည်သည့် နေရာများ ဖြစ်နေသနည်း။ ဝူကျဲ စိုးရိမ်ပူပန်လာခဲ့လေရပြီ။
ခဏအကြာ၌ မိန်းမလှလေးနှစ်ယောက် ကောင်းကင်မှ ရန်ကိုင်ရှေ့သို့ ဆင်းလာခဲ့သည်။
“သခင်” လီရုန်က တောက်ပစွာပြုံးလျက် အလျင်စလို လှမ်းအော်နှုတ်ဆက်လိုက်သည်။
ယခုလေးတင် သူအဆင်ပြေနေကြောင်းကို ရန်ကိုင် သူမတို့အားဘာကြောင့် မကြာခဏ လာလာမပြောရသလဲဟု လီရုန် ဟန်ဖေးအား အထွန့်တက်နေခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်၌ ရန်ကိုင်က သူမရှေ့ ရပ်နေခဲ့လေပြီ။
“ဟန်ဖေး သခင့်ကို နှုတ်ဆက်ပါတယ်” ဟန်ဖေး၏ အမူအရာသည် ယခင်လို အေးစက်နေမြဲ။ ရန်ကိုင်အား နှုတ်ဆက်နေစဉ်အတွင်း ဝူကျဲအား သေသေချာချာကို စစ်ဆေးနေခဲ့သည်။
သူမ၏ စူးရှသည့်အကြည့်ကြောင့် ဝူကျဲ စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။ သူ့ခန္ဓာကိုယ်အား ရစ်ပတ်နေသော အစိမ်းရောင် အရှိန်အဝါသည်လည်း မြွေတစ်ကောင်ပမာ တွန့်လိမ်ကောက်ကွေးနေခဲ့လေပြီ။
ထို့ကြောင့် ရန်ကိုင်နား အလိုလို တိုးကပ်မိသွားခဲ့သည်။
အမျိုးသမီးနှစ်ယောက် နှုတ်ဆက်ပြီးချိန် ဟွာမိုသည် သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်အတူ ရောက်လာခဲ့သည်။ အရေးကြောင်းထနေသော သူ့မျက်လုံးများသည် မျက်ရည်စများဖြင့် စိုရွှဲနေခဲ့ပြီး “သခင်၊ ပြန်လာခဲ့ပြီပဲ။ သခင် ကျုပ်တို့ ကလန်ကို စွန့်ပစ်သွားပြီလို့ ဒီလူအိုကြီး ထင်နေခဲ့တာ သခင်ရယ်”
ရန်ကိုင်က ယဲ့ယဲ့လေး ရယ်သွမ်းသွေးလျက် “ဗိုလ်ချုပ်ကြီး ဟွာမိုရယ်၊ ကျုပ်က ကတိပေးထားမှတော့ ကျုပ်ကတိကို တည်အောင် လုပ်ရမှာပေါ့။ အခု ကျုပ်ပြန်လာပြီလေ”
ဟန်ဖေး ဟွာမိုအား စူးစူးရဲရဲ ကြည့်လိုက်သည်။ ရှင်ပြောတော့ ရန်ကိုင် ပြန်မလာဘူးဆို၊ အခု ဘယ်နှယ်လဲ၊ ပြောပါဦးဟု ပြောနေသယောင်ယောင်…
“ဒါက သူတော်စင်အသစ် နှစ်ယောက်ပေါ့” ရန်ကိုင်က ဟွာမူဘေးတွင် ရပ်နေသော လူနှစ်ယောက်အား ဝေ့ကြည့်လိုက်သည်။ ထိုနှစ်ယောက်နှင့် ရင်းနှီးနေသလို ခံစားမိသော်လည်း သူတို့၏ နာမည်များကို မသိ။
“သခင့်ကို နှုတ်ဆက်ပါတယ်” ထိုနှစ်ယောက်လည်း အလျင်စလို ရှေ့တက်၍ လက်သီးဆုပ်နှုတ်ဆက်လိုက်သည်။
လီရုန်က ပြုံးကာ ခေါင်းညိတ်၍ “သခင် ချန်ထားတဲ့ ပစ္စည်းတွေကြောင့်ပဲပေါ့။ ဒါက ဗိုလ်ချုပ်ကြီး ယင်ယနဲ့ ဗိုလ်ချုပ်ကြီး ရွှယ်ကျီပါ သခင်”
ရုတ်တရက် ဟန်ဖေး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ရန်ကိုင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ အော်ပြောလိုက်လေသည် “သခင့်တိုးတက်နှုန်းက တကယ် ကြောက်စရာကြီးပဲ။ အခု မသေမျိုးတတိယအဆင့်ကို ရောက်နေမယ်လို့ ထင်ကိုမထင်ထားဘူး။ သခင် ထွက်သွားတာမှ ဘယ်လောက်ကြာသေးလို့လဲ”
ဟန်ဖေးစကားကြားမှပဲ လီရုန်နှင့် ဟွာမိုတို့ ရန်ကိုင်၏ ကျင့်ကြံခြင်းကို စစ်ဆေးမိလိုက်ကြသည်။ စစ်ဆေးပြီးသည်နှင့် နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ရလေသည်။
“သိပ်မကြာသေးပါဘူး။ ငါးနှစ်ခြောက်လောက်ပဲ ရှိသေးတာ” ရန်ကိုင်က မတိုးမကျယ် လေသံဖြင့် ပြန်ပြောလိုက်လေသည် “ကဲ၊ အချိန်သိပ်မရှိတော့ဘူး၊ လမ်းလျှောက်ရင်းနဲ့ပဲ ပြောကြတာပေါ့”
ရန်ကိုင် အမူအရာ ရုတ်တရက် လေးနက်သွားသဖြင့် လီရုန်နှင့် အခြားသူများလည်း အလေးအနက် ဖြစ်သွားကြသည်။
လီရုန်က ဝူကျဲဘက်သို့လှည့်၍ တိုးတိုးလေး မေးလိုက်သည် “သခင်၊ သူကဘယ်သူလဲဟင်”
“အပြင်ဘက်က မိတ်ဆွေတစ်ယောက်လေ။ လက်ရှိ အခြေအနေအကြောင်း အသေးစိတ်သိချင်ရင် သူ့ကို မေးကြည့်လိုက်။ အခုလောလောဆယ် ကျုပ်အရင် ဆေးဖော်စပ်လိုက်ဦးမယ်”
“ဆေးဖော်စပ်ဖို့လား။ သခင် ပြောချင်တာက…”
“ဟုတ်တယ်။ အခု လူတော်တော်များများ ခေါင်းတလား အစေခံ စီနီယာကို လိုက်ရှာနေကြတယ်။ ကျုပ်ကိုလည်း လိုက်ဖမ်းနေတာပေါ့။ ဒါကြောင့် ခင်ဗျားတို့ အားလုံးကို ဒီကနေ မြန်မြန် ခေါ်ထုတ်သွားမှဖြစ်မယ်။ မဟုတ်ရင် တော်တော်လေး ပြဿနာတက်မှာ”
“ဘယ်သူလုပ်ရဲတာလဲ” လီရုန်ဆီမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတို့ ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့သည်။
“နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီပဲ” ရန်ကိုင်က မျက်မှောင်ကြုံ့၍ “သူက နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးစက်ကို မတော်တဆ ရထားတာ။ အခု ကျုပ်သွေးကို လိုချင်နေတာလေ”
“နတ်ဆိုးဗိုလ်ချုပ်လား” ဟန်ဖေး မျက်လုံး မှေးစဉ်းသွားပြီး “အခုခေတ် နတ်ဆိုးဗိုလ်ချုပ်တွေ ဘယ်အဆင့်ရှိလဲ ကျွန်မ မြင်ချင်သေးတယ်”
“မြင်ရမှာပါ” ရန်ကိုင်က သူမအား အဓိပ္ပါယ်ပါပါ ကြည့်၍ ပြောလိုက်သည်။
သူတို့ လမ်းလျှောက်သွားနေစဉ် ဝူကျဲက နောက်ဆုံးမှ ကျန်ရစ်နေရင်း ထိုအမည်မသိ ပညာရှင်ငါးယောက်၏ ကျင့်ကြံခြင်းကို နောက်တစ်ဖန် ထပ်စစ်ဆေးကြည့်လိုက်သည်။ သူပိုစစ်ဆေးလေ ပိုထိတ်လန့်လာလေ ဖြစ်ခဲ့ရ၏။
သူအံ့ဩရဆုံး အရာသည်ကား သူတော်စင်ငါးယောက် အနက် အသန်မာဆုံးသည် မိန်းမလှလေးနှစ်ယောက် အနက်မှ တစ်ယောက်ပြီး သူမ၏ ကျင့်ကြံခြင်းသည် သူတော်စင် ဒုတိယအဆင့်သာ ရှိနေသော်ငြား သူမဒေါသထွက်ချိန် သူခံစားခဲ့ရသည့် ဖိအားသည် ရွှယ့်လီ ထုတ်လွှတ်ခဲ့သည့် ဖိအားအောက် မနိမ့်ကျနေခြင်းပင်။
ထိုမိန်းမသည် ရွှယ့်လီအောက် အားမနည်းဟု ဝူကျဲ ခန့်မှန်းမိသည်။
ကျန်သူတော်စင် လေးယောက်အနက်၊ ဒုတိယမြောက် အမျိုးသမီးနှင့် လူအိုကြီးသည် သူတော်စင် ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။
ထိုနှစ်ယောက်ထဲမှ မည်သူနှင့်မဆို တိုက်ခိုက်ရပါက သူ့အနေဖြင့် ထွက်သာပြေးရမည်ဟု ဝူကျဲ တွေးလိုက်မိသည်။
ကျန်အမျိုးသား နှစ်ယောက်သည် မကြာသေးခင်ကမှ သူတော်စင်အဆင့်သို့ ချိုးဖျက်ထားခြင်း ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ ထိုနှစ်ယောက်ဆီမှ ဖိအားခံစားနေခဲ့ရ၏။
ဒီလူတွေ ဘယ်သူတွေလဲဟ… သူတို့ရဲ့ ခွန်အား တွေကလည်း ကြောက်စရာကြီးတွေ
ထို့အပြင် ထိုလူများ ရန်ကိုင်ခေါ်ဝေါ်သည့် ပုံစံမှာလည်း အတော့်ကိုမှ ထူးဆန်းလှပေသည်… သခင်တဲ့…။
သူ့စိတ်ထဲ သံသယများစွာ ရှိနေသော်လည်း ဆိတ်ဆိတ်နေခြင်းသည် အကောင်းဆုံးဖြစ်မှန်း သိထားသဖြင့် ဝူကျဲသည် ပါးစပ်ကိုပိတ်၍သာ လူအုပ်ကြီးနောက်မှ လိုက်သွားခဲ့လေသည်။
ခဏအကြာ၌ နတ်ဆိုးနတ်ဘုရားမြို့တော့်သို့ ရန်ကိုင် ရောက်လာခဲ့သည်။
ရောက်ရောက်ချင်း နတ်ဆိုးနတ်ဘုရားမြို့တော်ရှေ့၌ သူ့အားသိချင်စိတ်အပြည့်ဖြင့် ရပ်စောင့်ကြည့်နေကြသော ရှေးဟောင်းနတ်ဆိုးကလန်သားများစွာကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။
လူအုပ်ကြီးထဲမှ မိန်းမငယ်လေး တစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ရမ်းပြလျက် ရန်ကိုင်အား လှမ်းအော်ခေါ်လိုက်လေသည် “ရန်ကိုင်ရေ၊ ရန်ကိုင်”
အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ရန်ကိုင် ပြုံး၍ ပြန်လက်ဝှေ့ရမ်းပြလိုက်သည်။
ထိုမိန်းမငယ်လေးသည် အခြားလူမဟုတ်။ ဤနေရာသို့ သူစရောက်စဉ်က သူ့ဝေယျာဝစ္စကိစ္စများကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့သော ၊ လီရုန်၏ ကိုယ်ပိုင် အစေခံမလေးလည်း ဖြစ်သည့် ကွမ်းအာပင် ဖြစ်လေသည်။
“ဒီအရူးမလေးကတော့” လီရုန်က အံကြိတ်၍ အလျင်စလို ပြောလိုက်လေသည် “သခင် သူ့ကို အာရုံစိုက်နေစရာ မလိုပါဘူး။ သခင်နဲ့ သူ့ကြားက အဆင့်အတန်းကို သေချာ နားလည်သွားအောင် ကျွန်မ သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပါ့မယ်”
ရန်ကိုင်က ရယ်သွမ်းသာသွေး၍ “မလိုပါဘူးဗျာ။ ခင်ဗျားတို့အားလုံးလည်း လွတ်လွတ်လပ်လပ်ပဲ နေသင့်တယ်။ ပြီးတော့ ကျုပ်ကို သခင်လို့ မခေါ်စမ်းပါနဲ့တော့ဗျာ။ သခင်လို့ အခေါ်ခံရတာ တစ်မျိုးကြီးပဲဗျ”
“… အဲ့လိုဆို ကျွန်မတို့ ဘယ်လိုခေါ်ရမလဲဟင်” လီရုန်က ပြန်မေးလိုက်ရာ ရန်ကိုင်က “ကျုပ်ရောက်ရောက်ချင်းတုန်းက ခင်ဗျားတို့ ကျုပ်ကို ဘယ်လိုခေါ်လဲ”
ဗိုလ်ချုပ်ကြီး သုံးယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရန်ကိုင် စရောက်စဉ်က သူ့အား သူတို့ မည်သို့ ခေါ်ဝေါ်ခဲ့ပုံကို ပြန်စဉ်းစားမိလိုက်သည်နှင့် အကုန်လုံး ရှက်ရွံ့သွားခဲ့ကြသည်။
ရန်ကိုင် ဤနေရာသို့ စရောက်စဉ်က သုံးယောက်စလုံးသည် ရန်ကိုင်အား လူသားကောင်လေး၊ အရှက်မရှိတဲ့လူသား၊ ကောင်စုတ်လေး စသဖြင့်… ခေါ်ဝေါ်ခဲ့ကြသည်။
ယခုမူ ရန်ကိုင်အား ထိုကဲ့သို့ ခေါ်ရဲတော့မည်လား…
နတ်ဆိုးနတ်ဘုရားမြို့တော်ထဲသို့ ရောက်သည်နှင့် ကွမ်းအား ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး လေးလေးစားစား ဦးညွှတ်လျက် ရန်ကိုင်နောက်သို့ ပျော်ရွှင်စွာဖြင့် တကောက်ကောက် လိုက်သွားလေတော့သည်။
ရန်ကိုင် ထွက်သွားသည့်အချိန်မှစ၍ တောက်လျှောက် စကားမပြောခဲ့ရသည့်အလား မမောတမ်းကို အတိုးတင်ကာ ပြောနေခဲ့သည်။
ကွမ်းအာက နားမခံသာအောင် စကားများနေသော်ငြား ရန်ကိုင်က အပြစ်မတင်ပဲ ပြုံးပင်ပြုံးနေသေးသည်ကိုမြင်သော် လီရုန်လည်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ခဏတာမျှ မမောမပန်း စကားပြောနေပြီးနောက် ကွမ်းအာ ဝူကျဲဘက်သို့ ရုတ်တရက်လှည့်၍ “ရှင့်နောက်ကို တစ္ဆေလိုလို တောက်လျှောက်လိုက်နေတဲ့ ဒီအသံတိတ်လူကြီးက ဘယ်သူလဲ။ သူ့ကို ဘာလို့ ဒီနေရာဆီ ခေါ်လာတာလဲ”
ဝူကျဲမျက်နှာ မည်းမှောင်သွားခဲ့လေသည်။
ရန်ကိုင်ကမူ မဲ့ပြုံးပြုံးလျက် ခေါင်းတရမ်းရမ်းသာ လုပ်နေခဲ့သည်။ သူမမေးခွန်းကို ပြန်မဖြေသေးဘဲ လီရုန်ဘက်သို့ လှည့်၍ “ကျုပ်အဲ့မြေအောက်ခန်းကို အသုံးပြုချင်တယ်။ သုံဂရက်ကြာရင် ကျုပ်ထွက်လာခဲ့မယ်။ အပြင်ဘက်က အခြေအနေကိုတော့ ဝူကျဲကိုသာ မေးလိုက်တော့။ သူဖြေပေးလိမ့်မယ်”
“ဟုတ်ကဲ့ပါ” လီရုန်နှင့် အခြားသူအားလုံး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
“ဟေး၊ တော်ဝင်သခင်…” ဝူကျဲက အလျင်စလို ရှေ့တက်၍ ရန်ကိုင်အင်္ကျီစကို ဆွဲကာ စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးလိုက်လေသည် “ကျုပ်ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့လို့… ဘာမှတော့ မဖြစ်လောက်ပါဘူးနော်”
ဝူကျဲစကားကြောင့် ရန်ကိုင် ပွဲကျသွားခဲ့ပြီး “ဘာမှမဖြစ်ဘူး။ စိတ်ချနေလိုက်”
“ဒါပေမယ့် ဒီလူတွေက နတ်ဆိုးမျိုးနွယ်စုကနဲ့ တူတယ်နော် တော်ဝင်သခင်” ဝူကျဲက ဘေးပတ်လည်အား စိတ်ရှုပ်ရှုပ်ဖြင့် ဝေ့ကြည့်လိုက်သည်။
“သူတို့တွေက နတ်ဆိုးတွေပဲဟာကို၊ နတ်ဆိုး မျိုးနွယ်စုကပဲပေါ့။ဒါပေမယ့် သာမန်နတ်ဆိုးတွေတော့ မဟုတ်ဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး ဝူကျပခုံးကိုပုတ်၍ “ကဲ။ ကျုပ်သွားလိုက်ဦးမယ်။ အချိန်က သိပ်ရှိတော့တာ မဟုတ်ဘူး။ ကျုပ်မရှိတုန်းလေး သူတို့ကို ရှင်းပြထားလိုက်စမ်းပါဦးဗျာ”
ပြောပြီးသည်နှင့် လမ်းလျှောက်ထွက်သွားလေသည်။
ဝူကျဲ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ကူကယ်ရာ မဲ့စွာဖြင့်သာ ခေါင်းခါရမ်းလိုက်သည်။
လီရုန်နှင့် အခြားသူများသည်လည်း ရန်ကိုင်နောက်သို့ ဆက်မလိုက်ကြတော့ပေ။ ရန်ကိုင် ပြောခဲ့သည့် စကားကိုသာ သေချာမှတ်မိအောင် လုပ်နေခဲ့ကြသည်။
သုံးရက်… သုံးရက်ကြာပြီးလျှင် သူတို့ ရှေးဟောင်းနတ်ဆိုးကလန်သည် ဤအကျဉ်းထောင်ကြီးမှ ထွက်ခွါနိုင်ပေလိမ့်မည်။ သူတို့ကလန်သားများသည်လည်း နေ၊ လ၊ကြယ်တို့ဖြင့် ပြည့်နေသော အဆုံးမရှိ ကောင်းကင်ကြီးရှိရာ အပြင်လောကကြီးထဲသို့ ခြေချနိုင်ပေတော့မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၆၂)
ရန်ကိုင် ထွက်သွားရာ အရပ်ဆီ ခဏတာမျှ ငေးစိုက် ကြည့်နေကြပြီးနောက် ဗိုလ်ချုပ်ကြီးငါးယောက်စလုံး ထိုနေရာမှ ထွက်လာလိုက်ကြသည်။ သို့သော် တဒိတ်ဒိတ် ခုန်နေသော သူတို့၏ နှလုံးခုန်သံကို ငြိမ်သက်သွားအောင် မလုပ်နိုင်သေးပေ။
“စီနီယာလီ၊ ဒီအကြောင်းကို ကျုပ်တို့ ကလန်သားတွေဆီ ပြန်ပြောသင့်ပြီနဲ့ တူတယ်” ဟွာမိုက ပြောလိုက်ရာ လီရုန်က အသာအယာ ခေါင်းညိတ်၍ “အင်း၊ ပြောလိုက်တော့”
ပြောပြီးသည်နှင့် ဝူကျဲဘက်သို့လှည့်၍ နွေးထွေးစွာ ပြုံးကာ “ရှင့်နာမည်က ဝူကျဲမလား”
“ဟုတ်ပါတယ်” ဝူကျဲ ကြောက်လန့်နေသည့်ပုံပင်။ နာရီဝက်မတိုင်ခင်က နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီ လိုက်ဖမ်းသဖြင့် ဤဆန်းကြယ်လောကငယ်ထဲသို့ ထွက်ပြေးလာခဲ့ရသည်။ သို့တိုင် နတ်ဆိုးမျိုးနွယ်စုလက်မှ မလွတ်မြောက်သေးဆဲ။ ယခု သူ့ရှေ့တွင် နတ်ဆိုးသူတော်စင်ငါးယောက် ရှိနေခဲ့သည်။ ဝူကျဲ အရမ်းကိုမှ စိတ်ညစ်နေခဲ့ရသည်။ သူ့အဖြစ်က ကျားဂူမှ ထွက်ပြေးရင်း ဝံပုလွေသိုက်ထဲသို့ ရောက်သွားရသည့် အဖြစ်မျိုး…
သို့ရာတွင် ကံကောင်းစွာဖြင့် ထိုလူများသည် ရွှယ့်လီကဲ့သို့ မဟုတ်။ သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံပေသည်။ ထို့အပြင် ရန်ကိုင်နှင့် ထိုလူများသည် အတော့်ကိုမှ ရင်းနှီးနေသည့်ပုံပင်။
“ရှင်က သခင့်မိတ်ဆွေ ဆိုမှတော့ ကျွန်မတို့ရဲ့ မိတ်ဆွေပဲပေါ့။ ကျွန်မတို့နောက် လိုက်ခဲ့ပါလား။ ရှင့်ကို အပြင်ဘက်က အခြေအနေအကြောင်း မေးချင်လို့” လီရုန်က အသာအယာ ခေါင်းညိတ်ပြီးသည်နှင့် နတ်ဆိုးနတ်ဘုရား မြို့တော်သို့ ရှေ့ဆုံးမှဦးဆောင်၍ ထါက်သွားလေသည်။
“ကြွပါရှင့်” ဟန်ဖေးက အေးစက်စက် အမူအရာဖြင့် လက်ယပ်ခေါ်လိုက်သည်။
ဝူကျဲ အားတင်းပြီး ပြုံးလိုက်ရသည်။ ထို့နောက် လီရုန်တို့နောက် ခပ်မြန်မြန်ပဲ လိုက်သွားလိုက်လေသည်။
တကယ်တော့ သူ့တွင်လည်း ထိုနတ်ဆိုးမျိုးနွယ်စုဝင် များအား မေးစရာမေးခွန်း အများကြီး ရှိနေသေးပေသည်။
----------------------------------
သူနေနေကျ အခန်းထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် သူတော်စင်အဆင့် ဆေးလုံးအား ချက်ချင်း မဖော်စပ်သေးဘဲ တင်ပလင်ခွေထိုင်ကာ စိတ်ငြိမ်အောင် အရင်လုပ်လိုက်သည်။
ဝင်လေထွက်လေကို မှန်မှန်ရှူရှိုက်ရင်း စိတ်အစဉ်ကို ငြိမ်းအေးသွားအောင် လုပ်နေခဲ့သည်။
ဤအခန်းထဲတွင် နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်း ကို လေ့ကျင့်ဖူးခဲ့သဖြင့် ဤအခန်းနှင့် သူအတော်လေး ရင်းနှီးနေခဲ့သည်။
ရန်ကိုင်သည် လက်ရှိအချိန်ဤ သူတော်စင် အဆင့်နိမ့် အထွဋ်အထိပ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီး သူတော်စင်အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ရန် လက်တစ်ကမ်းသာ လိုတော့ပေသည်။
သို့သော်လည်း သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများကို မသန့်စင်နိုင်ဟု မဆိုလိုပေ။
သင့်လျော်သည့် စိတ်ဝိဥာဉ်အစီအရင်များနှင့် ဆေးပါင်ရည်၏ အကူအညီဖြင့် ဆိုပါက သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ရန်မှာ အရမ်းကြီး မခက်ခဲပေ။
စိတ်အစဉ်ကို ငြိမ်းအောင်းသွားလုပ်အောင်၊ အသက်ရှူသံကို မှန်အောင် လုပ်ပြီးနောက် သူသိထားနားလည်ခဲ့သမျှ ဆေးပညာ ဆိုင်ရာ ပညာရပ်၊ သဘောတရားများကို ပြန်စဉ်စားလိုက်သည်။
အစစ်အမှန်ဆေးပညာ နည်းလမ်းထဲမှ သိထားခဲ့သမျှ၊ သူကိုယ်တိုင် ကြိုးစားအားထုတ်ရင်းမှ ရရှိလာခဲ့သော အသစ်အသစ်သော ဆေးပညာဆိုင်ရာ ဗဟုသုများအားလုံး သလင်းကျောက် အခဲဖြစ်သည့်ပမာ ရန်ကိုင် စိတ်ဆိုသော နေရာတစ်ခုတည်းတွင် စတင်စုဝေးလာခဲ့ကြသည်။
သူ့ဆေးပညာအရည်အချင်း တိုးတက်လာပုံ အဆင့်ဆင့်ကို တိတ်တဆိတ် ဘေးမှ လေ့လာစောင့်ကြည့်နေသော အပြင်လူ တစ်ယောက်ကဲ့သို့… ရန်ကိုင်သည် သာမန်အဆင့် ဆေးလုံးများမှ စ၍ မြေကမ္ဘာ၊ ကောင်းကင်၊ ဆန်းကြယ်၊ စိတ်ဝိဥာဉ်၊ နောက်ဆုံး သူတော်စင်အဆင့် ဆေးလုံးများအား မည်ကဲ့သို့ ဖော်စပ် သန့်စင်ခဲ့သည်ကို ပြန်လည် လေ့လာနေခဲ့သည်။
သူမသိလိုက်ခင်မှာပဲ ရန်ကိုင်သည် သူတော်စင် အဆင့်နိမ့် ဆေးလုံးများကို အလွယ်တကူ သန့်စင်လာနိုင်သည်အထိ တိုးတက်လာခဲ့သည်။
ယုံကြည်ချက်အပြည့်ဖြင့် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ လက်ရှိအခြေအနေတွင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်မည်ဟု သူယုံကြည်ချက် အပြည့်ရှိပေသည်။
ယခင်နှစ်များအတွင်း စုဆောင်းထားခဲ့သည့် အမျိုးမျိုးသော စိတ်ဝိဥာဉ်အဆင့်၊ သူတော်စင်အဆင့် ဆေးပင်များအားလုံးကို ထုတ်ယူ၍ သေချာစီစဉ္လိုက်သည်။
ထို့နောက် စိတ်စွမ်းအင်ကို ဆေးမီးဖိုထဲသို့ ပို့လွှတ်ကာ ဆေးလုံး ဖြစ်ပေါ်နိုင်ချေကို တိုးမြှင့်ပေးနိုင်သည့် စိတ်ဝိဥာဉ် အစီအရင်တစ်ခုကို ရေးဆွဲခင်းကျင်းလိုက်သည်။
ထို့နောက် ဆေးပင်များထဲမှ တစ်ပင်ကို ကောက်ယူလိုက်ပြီး အစစ်အမှန်ချီဖြင့် ဆေးပင်တွင်းရှိ အညစ်အကြေးများကို လောင်ကျွမ်းသန့်စင်ပစ်လိုက်သည်။
ခဏအကြာ၌ အညစ်အကြေး ကင်းစင်သော မျက်ရည်စက်အရွယ် အစိမ်းရောင် ဆေးအရည်စက်လေး တစ်စက် ဖြစ်ပေါ်လာခဲ့သည်။ အညစ်အကြေး ရှိမရှိကို ၎င်းမှ ထွက်ပေါ်နေသော ဆေးရနံ့ကို ရှူရှိုက်ကြည့်ရုံဖြင်လျှင် သိနိုင်ပေသည်။
ထိုဆေးအရည်စက်ကို အစစ်အမှန်ဖြင့် လေထဲတွင် ဝဲနေစေပြီးနောက် နောက်ထပ် ဆေးပင်တစ်ပင်ကိုယူကာ ဆေးအရည်အဖြစ် ထပ်မံသန့်စင်ပြန်လေသည်။
ဆေးပင်များကို သန့်စင်နေစဉ် အတောအတွင်း ဆေးမီးဖိုထဲရှိ စိတ်ဝိဥာဉ်အစီအရင်ကို ရေးဆွဲ၍ ပြီးသွားခဲ့သည်။
ဤသို့ဖြင့် ရန်ကိုင်သည် စိတ်ဝိဥာဉ်အဆင့် ဆေပင်များကို အစီအစဉ်ကျကျဖြင့် တစ်ပင်ပြီးတစ်ပင် သန့်စင်နေခဲ့သည်။
ယခု ရန်ကိုင်မျက်လုံးထဲ ဆေးပင်များ၊နှင့် ဆေးမီးဖိုသာ ရှိတော့သည်။ အခြားဘာဆိုဘာမှ မရှိတော့။ သူဘာကြောင့် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးကို သန့်စင်နေရသလဲ ဆိုသည်ကိုလည်း ယာယီမေ့လျော့သွားခဲ့၏။ မည်သည့်အတွေးမှာ သူ့လက်ရှိ စိတ်အခြေအနေအား ပျက်ပြားအောင် လုပ်ခွင့်မရှိ။ ဆေးပင်သန့်စင်ခြင်း အမှု၌သာ လုံးလုံး အာရုံစိုက်ထားခဲ့သည်။
----------------------------------
နတ်ဆိုးနတ်ဘုရားမြို့တော်၏ အဓိကခန်းမထဲ ဗိုလ်ချုပ်ကြီး ငါးယောက်သည် လေးနက်သည့် အမူအရာဖြင့် ရှိနေကြသည်။ အပြင်ဘက်ရှိ လတ်တလော အခြေအနေကို သိလိုက်ရပြီးနောက် ရန်ကိုင် သူတို့ဆီ ဘာကြောင့် ပြန်လာခဲ့သလဲ၊ သူတို့အား ဤနေရာမှ ခေါ်သွားရန် ဘာကြောင့် အရမ်း စိတ်စောနေရလဲ ဆိုသည်ကို နားလည်သွားခဲ့ရသည်။
ရှင်းရှင်းပြောရလျှင် အချိန်မရှိတော့သည့်အတွက် ယခုကဲသို့ လုပ်လိုက်ရခြင်း ဖြစ်ပေသည်။
“အလောင်းသယ်လူကြီးကို ရွှယ့်လီ တွေ့သွားလောက်ပြီ။ ငါမှန်းတာသာ မမှားရင် အခု သူအလောင်းသယ်လူကြီးနဲ့တောင် တိုက်ခိုက်နေလောက်တယ်” ဝူကျဲက သူ့ရှေရှိ ပညာရှင်ကြီး ငါးယောက်ကို တစ်ချက်ဝေ့ကြည့်၍ ပြောလိုက်သည်။
“နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီက သူတော်စင် တတိယအဆင့် ပညာရှင်လား” ရွှယ့်လီ မျက်မှောင်ကြုံ့သွဦးခဲ့ရလေပြီ။
“ဟုတ်တယ်။ သူက ကျုပ်တို့လောကကြီးက အားအကောင်းဆုံး ပညာရှင်တွေထဲက တစ်ယောက်ပဲ။ နတ်ဆိုးမျိုးနွယ်စုရဲ့ ဗိုလ်ချုပ်တစ်ယောက်ချင်းစီတိုင်းက သူ့လိုမျိုးပဲ”
“စီနီယာလီ၊ ခေါင်းတလားအစေခံ စီနီယာ မသေခင်တုန်းက သူတော်စင် ဒုတိယအဆင့်ပဲ ဖြစ်ခဲ့တာနော်။ ဒီလောက် နှစ်တွေ ကြာပြီးမှတော့ သူ့ခန္ဓာကိုယ်လည်း အရင်လို အကောင်းအတိုင်း ရှိနေတော့မှာ မဟုတ်ဘူး။ အဲ့နတ်ဆိုးဗိုလ်ချုပ်ကို သူအကြာကြီး မထိန်းထားနိုင်လောက်ဘူး” ဟန်ဖေးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ လုပ်သာလုပ်နိုင်လျှင် အပြေးသို့ ပြေးထွက်ပြီး ခေါင်းတလား အစေခံ စီနီယာကို ကူတိုက်ပေးလိုက်ချင်ပေသည်။
“ခေါင်းတလားအစေခံ စီနီယာက အဲ့မိန်းမရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး။ ဒါပေမယ့် ဒီမိန်းမသာ နတ်ဆိုးနတ်ဘုရားနဲ့ ပက်သက်တဲ့ လျှို့ဝှက်ချက်တွေကို သိချင်နေသရွေ့ အရမ်းကြီး လွန်လွန်ကဲကဲ လုပ်မှာ မဟုတ်ဘူး… ဒါကြောင့် နင်အရမ်းကြီး စိုးရိမ်မနေနဲ့။ ငါတို့လည်း သုံးရက်ပဲ စောင့်ဖို့လိုတာလေ” လီရုန်က ပြန်ပြောလိုက်သည်။
ရုတ်တရက် တစ်ခုခုကို သတိရသွားကာ “ဒါပေမယ့် ဆရာပြောသလိုဆို အဲ့မိန်းမက နတ်ဆိုးနတ်ဘုရားရွှေရောင်သွေး ကိုမတော်တဆ ရသွားတဲ့ပုံပဲ။ မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဘယ်နတ်ဘုရားစွမ်းရည်ကိုမှ သူမရသွားပါစေနဲ့လို့ ငါတို့ မျှော်လင့်ရတော့မှာပဲ။ မဟုတ်ရင် တော်တော်လေး ကရိကထ များမှာ”
“နတ်ဆိုးနတ်ဘုရားရဲ့ နတ်ဘုရားစွမ်းရည်လား” ဝူကျဲ မျက်လုံးမှေးစဉ်းသွားပြီး ခဏတာ တုန့်ဆိုင်းနေပြီးနောက် မေးကြည့်လိုက်လေသည် “ခင်ဗျားတို့က… ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရားကို ပြောနေတာလား”
“ဟုတ်တယ်” ဟွာမိုက ခေါင်းညိတ်ပြလိုက်သည်။
ဝူကျဲ ပါးစပ် မဲ့ရွဲ့သွားခဲသည်။ သူဘာမှ ထပ်မမေးရဲတော့။ မဟာနတ်ဆိုးနတ်ဘုရားနှင့် ပက်သက်သည့် ကိစ္စသည် သူ့အဆင့်လို လူမျိုး သိချင်တိုင်း သိခွင့်ရှိသည့် အရာမျိုး မဟုတ်ပေ။ သူပိုသိလေ သူ့အတွက် ပိုပြီး အန္တရာယ်များလေပင်။
သူတို့ စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ ပြင်းထန်သော အရှိန်အဝါတို့ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဆန်းကြယ်လောကငယ်သည်လည်း အနည်းငယ် လှုပ်ရမ်းသွားခဲ့သည်။
လီရုန်၏ မျက်နှာလှလှလေး အေးစက်သွားခဲ့ပြီး ထိုင်ရာမှ ခပ်မြန်မြန်ထကာ အပြင်သို့ထွက်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
ကျန်အဖွဲ့သားများလည်း အပြင်သို့ ထွက်လာခဲ့ကြသည်။
“စနေပြီ…” လီရုန်က တိုးတိုးလေ ပြောလိုက်သည် “နတ်ဆိုးဗိုလ်ချုပ်နဲ့ ခေါင်းတလားအစေခံ စီနီယာတို့ တိုက်ခိုက်နေကြပြီ”
“ခေါင်းတလားအစေခံစီနီယာကိုတာ လက်ပါရဲတယ်၊ ကျွန်မ ဒီနေရာက ထွက်နိုင်တာနဲ့ အဲ့ကောင်မကို ကောင်းကောင်း သင်ခန်းစာ ပေးပစ်ရမယ်” ဟန်ဖေးက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူနှင့် ရန်ကိုင်တို့ သွေးနီရောင်ခေါင်းတလားမှ တစ်ဆင့် ဤနေရာသို့ ရောက်ရှိလာခဲ့ကြောင်းကို ဝူကျဲ ပြန်စဉ်းစားမိလိုက်ပြီးနောက် စိုးရိမ်ပူပန်သွားကာ “ခေါင်းတလား အစေခံ စီနီယာသာ ရှုံးနိမ့်သွားလို့ သူ့နောက်မှာ ရှိနေတဲ့ သွေးနီရောင်ခေါင်းတလား ပျက်စီးသွားရင်… ဒီနေရာ ဘာဖြစ်သွားမှာလဲ”
လီရုန်က ဝူကျဲအား ကြည့်၍ သွားပေါ်အောင် ပြုံးလျက် “ဒီဆန်းကြယ်လောကငယ်ကို မဟာနတ်ဆိုးနတ်ဘုရားက သူ့ရဲ့ အားအကောင်းဆုံး နတ်ဘုရားစွမ်းရည်ကိုသုံးပြီး ဖန်တီးထားတာ။ ရှင်ပြောနေတဲ့ သွေးနီရောင်ခေါင်းတလား ဆိုတာ ဒီလောကကြီးကို ပိတ်လှောင်ထားတဲ့ စည်းလည်း ဟုတ်သလို ဒီလောကကြီးကို ထည်ထားတဲ့ ခွက်တစ်လုံး ဆိုလည်း ဟုတ်တယ်။ ဒါကြောင့် ခေါင်းတလားသာ ပျက်စီးသွားရင် ဒီဆန်းကြယ်လောကငယ်ကြီးလည်း ဘယ်မှန်းမသိတဲ့ ဟင်းလင်းပြင်ထဲ ရောက်သွားရလိမ့်မယ်။ အဲ့အခါကျ ကျွန်မတို့ ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး”
ဝူကျဲမျက်နှာ ဖြူလျော်သွားခဲ့ပြီး “ခေါင်းတလား အစေခံ စီနီယာ ထိန်းထားနိုင်ပါစေလို့ မျှော်လင့်ရတော့မှာပဲ…”
ဤနေရာတွင် ရှိနေသူအားလုံး မစိုးရိမ်သည့်လူ တစ်ယောက်မှ မရှိကြ။ အကုန်လုံးက စိုးရိမ်ပူပန်နေသည့် လူချည်းပင်။ သို့သော်လည်း အားလုံးထဲတွင် ဖင်ဂနာ မငြိမ်နိုင်အောင် စိုးရိမ်ပူပန် သောကရောက်နေသည့်လူကား အပြင်လူဖြစ်သော ဝူကျဲပင် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ငါးယောက်စလုံးသည် ခေါင်းတလား အစေခံ စီနီယာအပေါ်တွင် အနည်းနှင့်အများ ယုံကြည်ချက်ရှိသလို ရွှယ့်လီသည်လည်း သွေးနီရောင်ခေါင်းတလားအား အလျင်စလို ဖျက်စီးလိမ့်မည် မဟုတ်မှန်း ယုံကြည်ထားကြသည်။
သူမသာ နတ်ဆိုးနတ်ဘုရားနှင့် ပက်သက်သော လျှို့ဝှက်ချက်များကို သိချင်နေသရွေ့ပေါ့။
ဆန်းကြယ်လောကငယ် တစ်ခုလုံး လှုပ်ခါသွားသဖြင့် ရှေးဟောင်းနတ်ဆိုးကလန်သားများ ထိတ်လန့်လာကြသည်။ ထို့ကြောင့် ဟာမို၊ ယင်ယနှင့် ရွှယ်ကျီတို့သည် ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ရန်ကိုင်သည် သူတို့အား ဤနေရာမှ ထွက်သွားနိုင်အောင် လုပ်ပေးနိုင်သည့် သူတော်စင် အဆင့် ဆေးလုံးကို သန့်စင်နေပြီဖြစ်ကြောင်း ပြောပြလိုက်သည်။
ထိုသတင်းက်ို ကြားလိုက်သည်နှင့် ထိတ်လန့်နေသော ရှေးဟောင်းနတ်ဆိုးကလန်သားများ အားလုံး လုံးဝကို ပျော်ရွှင်မြူးထူးသွားခဲ့ကြလေသည်။
တစ်ရက်… နှစ်ရက်…
အချိန်ကြာလာသည်နှင့် ဆန်းကြယ်လောကငယ်သည် အဆက်မပြတ် လှုပ်ခါလာခဲ့သည်။ နှစ်ရက်ကြာပြီးနောက် ထပ်မံလှုပ်ခါနေခြင်း မရှိတော့ဘဲ အားလုံးတစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။
လီရုန်နှင့် အခြားနတ်ဆိုးဗိုလ်ချုပ်ကြီးငါးယောက်စလုံး ဝမ်းနည်းနေခဲ့လေပြီ။
ဆန်းကြယ်လောငယ်လှုပ်ခါခြင်း ရပ်တန့်သွားရခြင်းမှာ ခေါင်းတလားအစေခံ စီနီယာ ရှုံးနိမ့်သွားခြင်း ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် နတ်ဆိုးဗိုလ်ချုပ် ရှုံးနိမ့်သွားခြင်းကြောင့် ဖြစ်မှန်း သူတို့အကုန်လုံး သိထားကြသည်။
သို့သော် ခေါင်းတလားအစေခံ ရှုံးနိမ့်သွားခြင်းသည် ပို၍ ဖြစ်နိုင်ပေသည်။ တကယ်တော့ ရွှယ့်လီသည် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပေလော။
ခေါင်းတလား အစေခံ စီနီယာသည် ဤဆန်းကြယ် လောကငယ်ကို နှစ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ကြပ် ကာကွယ်ပေးခဲ့သည်။ လက်ရှိ အသက်ရှင်နေကြသော ရှေးဟောင်းနတ်ဆိုးကလန်သားအားလုံး ခေါင်းတလား အစေခံ စီနီယာနှင့် တွေ့ဖူးရန် မဆိုထားနှင့် သူ့ရုပ် မည်သို့မည်ပုံ ရှိသည်ကိုပင် မသိကြသောလည်း အကုန်လုံးသည် သူ့အား အမှန်တကယ်ကို လေးစားကြပေသည်။
သူ့ကြောင့်သာ ဆယ်နှစ်တစ်ကြိမ် သူတို့ကလန်အား ဤထာဝရ အကျဉ်းထောင်မှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်သော လူတစ်ယောက် ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ရောက်လာသူအားလုံးသည် ထင်ထားသလို မလုပ်နိုင်ခဲ့သော်ငြား သူနောက်ဆုံး ပို့လိုက်သော ရန်ကိုင်ကြောင့် လီရုန်နှင့် အခြားသူများ မျှော်လင့်ချက် မီးရောင်ကို တစ်ဖန်ပြန်လည် မြင်တွေ့လာခဲ့ရသည်။
သို့သော် သူတို့ ဤအကျဉ်းထောင်ထဲမှ ထွက်မသွား နိုင်သေးခင်မှာဘဲ ခေါင်းတလားအစေခံ စီနီယာသည် အားကောင်းသော ပညာရှင်တစ်ယောက်နှင့် သွားပက်ပင်း တိုးခဲ့သည်။ ဗိုလ်ချုပ်ကြီး ငါးယောက်စလုံးမှာ ဤနေရာမှ ချက်ချင်း ပြေးထွက်၍ ခေါင်းတလားအစေခံ စီနီယာ အခြေဘယ်လိုရှိလဲ သွားကြည့်လိုက်ချင်မိသည်မှာ တစ်ပိုင်းသေနေလေပြီ။
သို့သော်လည်း ရန်ကိုင် ဆေးဖော်စပ်၍ မပြီးသေးသည့် အချိန်ထို ဘယ်သူမှ အပြင်သို့ ထွက်နိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့် အကုန်လုံး မည်မျှပင် စိုးရိမ်နေစေကာမူ ဘာမှ လုပ်၍ မရချေ။
ထိုစဉ် ဆန်းကြယ်လောကငယ်အတွင်းရှိ မိုးမြေစွမ်းအင်များ ပရမ်းပတာ ဖြစ်လာပြီး လမ်းကြောင်းတစ်ခုအတိုင်း ဦးတည်ရာ တစ်ခုစီသို့ စီးဆင်းသွားကြသည်။
ထိုထူးထူးဆန်းဆန်း အဖြစ်အပျက်ကြောင့် အကုန်လံဒး ထိတ်လန့်သွားခဲ့ပြီး မိုးမြေစီးဆင်းလာ လမ်းကြောင်းကို စစ်ဆေးကြည့်လိုက်သည့်အခါ ရန်ကိုင် ဆေးဖော်စပ်နေသည့် အခန်းထဲသို့ ဦးတည်နေမှန်း သိလိုက်ရသည်။
ထိုနေရာမှာ ဆေးရနံ့ သင်းသင်းလေးကိုလည်း ရနေခဲ့၏။
ဘာတွေဖြစ်နေလဲ သိလိုက်သည်နှင့် အကုန်လုံး ရင်တမမ ဖြစ်လာခဲ့ကြသည်။
ခဏအကြာ၌ မိုးမြေစွမ်းအင်တို့ တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ခဏအကြာ၌ အားလုံးရှေ့၌ ရန်ကိုင် ထွက်ပေါ်လာခဲ့သည်။
“သခင်…” လီရုန်က တုန်တုန်ရင်ရင် လှမ်းအော်ခေါ်လိုက်သည်။
ရန်ကိုင်က ပြုံးလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်၍ “ကံကောင်းသွားတယ်ဗျို့။ ကျုပ်တာဝန် မကျရှုံးခဲ့ဘူး”
သူ့လက်ဝါးထက်တွင် တောက်ကြက်မောက်သီး အရွယ် ဆေးလုံးလေးတစ်လုံး ရှိနေခဲ့သည်။
မျက်ဝန်းပေါင်းများစွာတို့သည် ထိုဆေးလုံးကို မမှတ်မသုံ စိုက်ကြည့်နေခဲ့ကြသည်။ ဟွာမိုဆိုလျှင် မျက်ရည်ပင် ဝဲနေခဲ့လေပြီ။
“ဘယ်လိုသုံးမလဲ ဆိုတာကိုတော့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ပဲ ဆုံးဖြတ်လိုက်တော့” ရန်ကိုင်က မျက်မှောင်ကြုံ့၍ ထိုသူတော်စင်အဆင့် ဆေးလုံးကို လီရုန်ဆီ ပေးလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၆၃)
နတ်ဆိုးနတ်ဘုရားမြို့တော်ထဲ၊ လီရုန်နှင့် ဟန်ဖေးတို့သည် သူတို့ဘာသာ သူတို့ အလုပ်ရှုပ်နေကြချိန် ဟွာမို၊ ယင်ယနှင့် ရွှယ်ကျီတို့သည် စုဝေးနေကြသော ရှေးဟောင်းနတ်ဆိုးကလန်သားများကို အစီအစဉ် ချပေးနေကြသည်။
အများသူငှာ အသီးသီး အလုပ်ရှုပ်နေကြချိန် ရန်ကိုင်က အားပြန်ဖြည့်ရင်း သူတို့အား စောင့်ကြည့်နေခဲ့သည်။
သူ့ဘေးတွင် ရပ်နေသော ဝူကျဲမှာ ခဏခဏ စကားပြောရန် လုပ်နေခဲ့သော်ငြား နောက်ဆုံး ပါစပ် ပြန်ပိတ်ရင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
“ဂိုဏ်းချုပ်ဝူ၊ ပြောစရာရှိတာရှိရင် ပြောနော်” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
ဝူကျဲက လက်သီးဆုပ်၍ “အဲ့လိုဆိုရင်တော့ ဒီဝူလည်း အားနာမနေတော့ဘူးနော်… တော်ဝင်သခင်နဲ့ အဲ့လူတွေ ဘယ်လိုပက်သက်နေလဲ ကျုပ်ကို ပြောပြပေးလို့ရမလား”
“သူတို့တွေက ကျုပ်လက်အောက်ငယ်သားတွေလို့ ပြောရင် ဂိုဏ်းချုပ်ဝူ ယုံမှာမို့လို့လား” ရန်ကိုင်က ဝူကျဲအား မျက်မှေးစဉ်းကြည့်လျက် ပြောလိုက်သည်။
ဝူကျဲလည်း ရန်ကိုင်အား ခဏကြာအောင် ပြန်စိုက်ကြည့်နေလိုက်ပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်ကာ “ဒီဝူယုံတယ်”
သူဤနေရာသို့ ရောက်နေသည်မှာ နှစ်ရက် ရှိသွားခဲ့လေပြီ။ ထိုနှစ်ရက်အတွင်း ဤနေရာ၌ ရှိနေသော သူတော်စင်အဆင့် ပညာရှင်အားလုံး ရန်ကိုင်အပေါ် အရမ်းကိုမှ လေးလေးစားစား ပြုမူပြောဆိုသည်ကို သူတွေ့ရှိခဲ့ရသည်။ ထို့အပြင် သူ့အား ‘သခင်’ ဟုပင် ခေါ်နေခဲ့ရာ အဘယ်ကြောင့် မယုံရမည်နည်း။
“တော်ဝင်သခင် သူတို့ကို ဘယ်လို စည်းရုံးသိမ်းသွင်း လိုက်တာလဲ။ သူတို့တွေက နတ်ဆိုးတွေနော်”
“နတ်ဆိုးမျိုးနွယ်စု ဖြစ်တော့ရော ဘာဖြစ်လဲ” ရန်ကိုင်က ပြန်ပြောလိုက်ရာ ဝူကျဲက “ရှေးခေတ်ကတည်းက လူသားနဲ့ နတ်ဆိုးဆိုတာ ပေါင်းဖက်မရနဲ့ ကမ္ဘာမကြေ ရန်သူတွေလေ”
“သူတို့တွေက ကျုပ်ကို သစ္စာခံချင်နေတယ်ဗျာ။ ကျုပ်အတွက်လည်း သူတို့က အသုံးဝင်တယ်ဗျာ။ အဲ့တာ့ သူတို့ နတ်ဆိုးဖြစ်တာကို ဂရုစိုက်နေရဦးမှာလား။ ကျုပ်တို့က ဒီလောကကြီး တစ်ခုတည်းမှာ အတူတူ နေနေကြတဲ့ လူတွေလေ။ ဘာတွေ ခွဲခြားခွဲခြား လိုက်လုပ်နေစရာ လိုသေးလို့လဲ”
ရန်ကိုင် အပြောစကားကြောင့် ဝူကျဲ မှင်သက်နေခဲ့ရ၏။
ဝူကျဲသည် ရန်ကိုင်ကဲ့သို့မဟုတ်၊ သူသည် ထုန်းရွှမ်လောကဇာတိသား တစ်ယောက်ဖြစ်သည်။
ထုန်းရွှမ်လောကသားများသည် မိမိမျိုးနွယ်စုဝင် မဟုတ်သည့် အခြားမျိုးနွယ်စုများအပေါ် မုန်းတီးစက်ဆုပ် ကြသည်။ ဝူကျဲလည်း အပါအဝင်ပင်။ ထို့ကြောင့် လီရုန်တို့ နတ်ဆိုးမျိုးနွယ်စုနှင့် ပက်သက်ခြင်းသည် နောက်ပိုင်း ဒုက္ခရောက်နိုင်သည်ဟု ထင်နေခဲ့သည်။
ဝူကျဲသည် ရန်ကိုင်၏ အဆိုကို လက်မခံနိုင်သေးပေ။
ခဏလောက် စဉ်းစားပြီးနောက် ဝူကျဲက ခပ်မြန်မြန်ပဲ ပြောလိုက်သည် “ဒါပေမယ့် တော်ဝင်သခင်၊ ဒီအကြောင်းသာ သတင်းပြန့်သွားရင် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို တွေးဖူးလား။ သတင်းသာ ပေါက်ကြားသည့်၊ တော်ဝင်သခင် လူသားပိုင်နက်ထဲမှာ ဘယ်တော့မှ ခြေချလို့ ရတော့မှာ မဟုတ်ဘူးနော်။ ဘုံးကိုခု ထွတ်မြတ်နယ်မြေနဲ့ ကောင်းကင်ဂိုဏ်းတော် တောင် ဝင်ကူနိုင်မှာ မဟုတ်ဘူး”
ရန်ကိုင်က ခေါင်းသာခါရမ်းလျက် အခိုင်အမာ ပြန်ပြောလိုက်သည် “သူတို့ ကျုပ်အပေါ် ဘယ်လိုထင်ထင် ကျုပ်ဂရုမစိုက်ဘူး။ သူတို့ ကျုပ်အတင်း ပြောချင်သလို ပြောနိုင်တယ်။ ဒါပေမယ့် ကျုပ်ကို လာပြဿနာ ရှာမယ်ဆိုရင်တော့ ကျုပ်ကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူး”
ဝူကျဲ ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည် “တော်ဝင်သခင် တကယ်ကို သာမန်လူတစ်ယောက် မဟုတ်ဘူးပဲ”
ထို့နောက် ခေါင်းခါရမ်း၍ ဆက်ပြောလိုက်သည် “ဒီဝူ အခုထိ နားမလည်သေးတဲ့ တစ်ချက်ရှိသေးတယ်။ ဘယ်လောက် ခေါင်းခြောက်အောင် စဉ်းစားစဉ်းစား အဖြေရှာမရလို့ တော်ဝင်သခင်ကို မေးရတာ။ ဒီနတ်ဆိုး မျိုးနွယ်စုက တော်တော်လေး အားကောင်းတယ်လို့ ပြောလို့ရတယ်။ သူတို့မှာ သူတော်စင်အဆင့် ပညာရှင် ငါးယောက်တောင် ရှိနေတာကိုး။ ရှင်းရှင်းပြောရရင် တော်ဝင်သခင်က သူတို့ထက် အများကြီး အားနည်းတယ်။ အဲ့ဒါကို သူတို့က ဘာလို့ တော်ဝင်သခင်ရဲ့ အမိန့်ကို နာခံနေရတာလဲ။ ပြီးတော့ နတ်ဆိုးမျိုးနွယ်စုဆိုတာ ကျုပ်တို့ လူသားမျိုးနွယ်စုထက်တောင် ပိုပြီး မာနကြီးတယ်လို့ နာမည်ကြီးတာနော်”
လူသားလက်အောက် အညံ့ခံသည့် နတ်ဆိုးမျိုးနွယ်စုဝင် ဆို၍ တစ်ယောက်ပင် မရှိဖူးပေ။ နတ်ဆိုးမျိုးနွယ်စုဝင်များသည် လူသား တစ်ယောက် လက်အောက် အညံ့ခံမည့်အစား အသေသာခံလိုက်မည့် သူများ ဖြစ်ကြသည်။
သို့သော်လည်း လီရုန်တို့အဖွဲ့သည် ရန်ကိုင်ကို ဆက်ဆံရာအတွင် အရမ်းကိုမှ ရိုသေကျိုးနွံ့နေခဲ့သည်။
“ကျုပ် မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူ ဖြစ်နေတာကိုး” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်သည်။
ဝူကျဲမျက်နှာ မဲ့ရွဲ့သွားခဲ့ပြီး ကိုးယိုးကားယား အမူအရာဖြင့် ရယ်မောလိုက်ရင်း “တော်ဝင်သခင် နောက်နေတာလားဗျာ”
ရန်ကိုင်လည်း အလုပ်ရှုပ်ခံ ဆက်ရှင်းပြမနေတော့ဘဲ “ဂိုဏ်းချုပ်ဝူ အခုဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
ဝူကျဲ မျက်မှောင်ကြုံ့သွားခဲ့ပြီး “စဉ်းတော့ မစဉ်းစားရသေးဘူး။ ဟိုလူတွေ လက်ကနေ ဘယ်လို လွတ်အောင် ထွက်ပြေးရမလဲ ဆိုတာကိုပဲ တောက်လျှောက် စဉ်းစားနေခဲ့တာ။ ဒါပေမယ့် တော်ဝင်သခင်၊ ဒီမှာ ဖြစ်သွားတဲ့ ကိစ္စတွေကို ကျုပ်ပြန်ဖွမှာကို စိတ်မပူနဲ့။ ကျုပ်ပါးစပ်ကနေ တစ်ခွန်းတောင် မထွက်သွားစေရဘူးလို့ အာမခံတယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဂိုဏ်းချုပ်ဝူ ဘယ်လိုလူစားလဲ ကျုပ်သိပြီးသားပါဗျာ။ အခုလိုတွေ လုပ်နေစရာ မလိုပါဘူး”
ဝူကျဲ ဘာမှထပ်မပြောတော့ဘဲ နတ်ဆိုးနတ်ဘုရား မြို့တော် ထိပ်ပိုင်းဆီသို့သာ လှမ်းကြည့်လိုက်သည်။
(နတ်ဆိုးနတ်ဘုရားမြို့တော်ဆိုတာ မြို့တစ်မြို့ မဟုတ်ဘဲ ခံတပ်ကြီးတစ်ခုပါ)
ထိုနေရာ၌… လီရုန်နှင့် ဟန်ဖေးတို့သည် ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင်ပြီးသွားသဖြင့် လီရုန်က ရန်ကိုင် သန့်စင်ပေးထားသော သူတော်စင်အဆင့် ဆေးလုံးကို ကိုင်လျက် ဖြည်းဖြည်းချင်း မျက်လုံး ပိတ်လိုက်သည်။
ချက်ချင်းဆိုသလို လီရုန်နှင့် ဟန်ဖေးဆီမှ နတ်ဆိုးချီတို့ လှိုင်းလုံးပမာ ပေါက်ကွဲ ထွက်လာခဲ့သည်။
မိန်းမလှလေး နှစ်ယောက်၏ ခြေထောက်အောက်မှ အလင်းရောင်တို့ ဖြိုးဖြိုးဖျက်ဖျက် တောက်ပလာခဲ့ပြီး စိတ်ဝိဥာဉ်အစီအရင် တစ်ခုအသွင်သို့ ပြောင်းလဲ သွားခဲ့သည်။
စိတ်ဝိဥာဉ်အစီအရင် အသက်ဝင်လာသည်နှင့် လီရုန် လက်ထဲရှိ သူတော်စင်အဆင့် ဆေးလုံးသည် မြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့ပြီး အောက်တွင် စုဝေးနေသော ရှေးဟောင်းနတ်ဆိုးကလန်သားများ ကိုယ်ထဲ စိမ့်ဝင်သွားခဲ့လေသည်။
ထိုရှေးဟောင်း နတ်ဆိုးကလန်သားများသည် သူတို့၏ ကျင့်စဉ်များကို ချက်ချင်း လှည့်ပတ်၍ ဆေးအာနိသင်ကို ချက်ချင်း စတင်စုပ်ယူချေဖျက်တော့လေသည်။
ခရက်…
အရိုးအက်ကွဲသံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်နတ်ဆိုးကလန်သားများ၏ ခန္ဓာကိုယ် အတွင်းပိုင်းသည် ယုတ္တိမတန်စွာ ပြောင်းလဲနေခဲ့သည်။ သူတို့အား တုန်နှောင်ထားသော အချုပ်အနှောင်များ ပျက်စီးသွားသည့်ပမာ…
သူတို့၏ လွတ်လပ်မှုကို ဖြည်းဖြည်းချင်း ပြန်လည် ရရှိနေခဲ့လေပြီ။
ထိုအဖြစ်အပျက်သည် တစ်နာရီကြာအောင် ဆက်ဖြစ်နေပြီး နောက်ဆုံး၌ သူတော်စင်အဆင့် ဆေးလုံးမှ ဖြစ်ပေါ်လာသော မြူများသည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။
လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး မျက်လုံး ပြိုင်တူ ဖွင့်ကာ ပြုံးလိုက်ကြသည်။
“စီနီယာလီ၊ အားလုံး အဆင်သင့်ဖြစ်ပြီနော်” ဟွာမိုက အောက်မှ လှမ်းအော်လိုက်သည်။
“အကုန်လုံး ထုပ်ပိုးပြီးပြီလား” လီရုန်က ပြန်မေးလိုက်သည်။
“သယ်ရမယ့်ဟာတွေ အကုန်လုံး ထုပ်ပိုးပြီးသွားပြီ”
“ကောင်းတယ်” လီရုန်က ခေါင်းညိတ်လိုက်သည်။ သူမ အရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့လေပြီ။ ထို့နောက် အောက်ဘက်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်၍ အသံမြှင့်ကာ ပြောလိုက်သည် “အားလုံး၊ ဒီနေ့ ငါတို့ကလန် ဒီကနေ ထွက်သွားတော့မယ်။ ဒီက မြင်ကွင်းတွေကို မမေ့ချင်ရင် သေသေချာချာ နောက်ထပ် ထပ်ကြည့်ထားကြဦး။ ဒီနေရာက ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်စု တော်တော် များများရဲ့ မွေးရပ်မြေပဲ။ ဒါပေမယ့် ဒီမွေးရပ်မြေကို ငါတို့ နောက်ထပ် ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး”
ရှေးဟောင်းနတ်ဆိုးကလန်သားအားလုံး လွမ်းမောတသဖြင့် ဆန်းကြယ်လောကငယ် အတွင်းရှိ မြင်ကွင်းအဖုံဖုံကို ဝေ့ကြည့်လိုက်ကြရသည်။
ယခင်ကမူ ဤနေရာမှ အသည်းအသန် ထွက်သွားချင်ခဲ့ရသည်။ သို့သော် နောက်ဆုံး ထွက်သွားခွင့် ရသည့်အခါ သူတို့ ရင်ထဲ ဟာတာတာကြီး ဖြစ်ကျန်ခဲ့ရသည်။
တကယ်တော့ ဤနေရာသည် သူတို့အားလုံး၏ မွေးရပ်မြေ၊ သူတို့အားလုံး ကြီးပြင်းလာခဲ့ရာ နေရာ တစ်ခု ဖြစ်သည် မဟုတ်ပေလော။
“နတ်ဆိုးဗိုလ်ချုပ်ကြီးအားလုံး လာခဲ့ကြပါ” လီရုန်က သူမ လက်ကို ဝှေ့ရမ်းလိုက်သည်။
ဟွာမို၊ ယင်ယနှင့် ရွှယ်ကျီတို့ လီရုန် ရပ်နေသည့် နေရာဆီ ပျံသန်းသွားလိုက်သည်။ ရောက်သည်နှင့် သူတော်စင်အဆင့် ငါးယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အစစ်အမှန်ချီကို စုစည်း၍ လေဟာနယ်ကို အပေါက်တစ်ပေါက် ဖောက်လိုက်သည်။
ထိုနည်းလမ်းသည် ရန်ကိုင်၏ လေဟာနယ် ဆုတ်ဖြဲခြင်းနှင့် မတူပေ။ ၎င်းသည် ဆန်းကြယ် လောကငယ်မှ အပြင်လောကကြီးဆီသို့ ထွက်ရန်အတွက် သီးသန့်ဖန်တီးထားသော ပညာရပ်တစ်ခုသက်သက်သာ ဖြစ်ပေသည်။
ယခင်တစ်ကြိမ် ဆန်းကြယ်လောကငယ်ထဲမှ သူထွက်ခွါစဉ်က လီရုန်နှင့် အခြားသူများ ထိုနည်းလမ်းကို အသုံးပြုခဲ့ဖူးပေသည်။
“ကျွန်မ ရှေ့ကနေ သွားမယ်။ ရှင်တို့က ကလန်သားတွေကို ကာကွယ်ရင်း နောက်ကနေ လိုက်လာခဲ့” ပြောပြီးသည်နှင့် လီရုန် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
သူပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ဟန်ဖေးနှင့် အခြားသူများသည် သူတို့၏ ကလန်သားများကို အစီအစဉ် တကျ ထွက်ခွါခိုင်းရန် စတင် ပြင်ဆင်တော့လေသည်။
----------------------------------
အဆုံးမဲ့နှင်းတောင်ထက်မှ နေ၍ ရွှယ့်လီသည် လေးနက်သည့် အမူအရာဖြင့် အောက်သို့ ငုံ့ကြည့်နေခဲ့ပြီး ယုမိုသည်လည်း သူမကဲ့သို့သည် အလေးအနက် အမူအရာဖြင့် အောက်သို့ ငုံ့ကြည့်နေခဲ့သည်။
ခပ်လှမ်းလှမ်းတွင် ရှိနေသော ကျန်းအောင်နှင့် ချောင်ကွမ်တို့မှာမူ ကြောက်စိတ်မပြေသေး။
အောက်ဘက်ရှိ နှင်းတောင်ထွတ်များမှာမူ ဒုတိယအဆင့် သူတော်စင်အဆင့်ဖြစ်သော အလောင်းသယ်လူကြီးနှင့် သူတော်စင် တတိယအဆင့် ဖြစ်သော ရွှယ့်လီတို့ကြားမှ တိုက်ပွဲကြောင့် ညက်ညက်ကြေနေခဲ့လေပြီ။
ယခုအချိန်၌ အောက်ဘက်တစ်ခုလုံး အဆိပ်ငွေ့တို့ဖြင့် ပြည့်နေသဖြင့် မည်သူမှ အောက်သို့ ဆင်းကာ မစူးစမ်းရဲကြချေ။ ဖြူဖွေးနေခဲ့ဖူးသော နှင်းတောင်တန်းကြီးသည် လက်ရှိအချိန်၌ အဆိပ်ငွေ့များကြောင့် အစိမ်းရောင်သန်းနေခဲ့ရလေပြီ။
အားနည်းသော ကျင့်ကြံသူများမှာမူ အဆိပ်ငွေ့ကို ရှူမိရုံဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့ရသည်။ အလောင်းအပြည့်အစုံနှင့်ပင် မသေရ။ အဆိပ်ငွေ့ကြောင့် အသက်မဲ့နေသော သူတို့၏ အလောင်းခန္ဓာကိုယ်များသည် သွေးအိုင်အဖြစ်သို့ အရည်ပျော်ကျသွားခဲ့ရလေသည်။ အောက်ဘက်သို့ သွားရောက်စူးစမ်းသော ကြယ်ရောင်ဖြာ နန်းတော်မှ တပည့်များစွာ ဤကဲသို့ အသေဆိုးဖြင့် သေဆုံးခဲ့ရ၏။
“အဲ့ခွေးကောင် အလောင်းသယ်လူကြီး၊ နတ်ဆိုးမျိုးနွယ်စုက ဖြစ်တာတောင် ဒီဘုရင်မကို လာတိုက်ခိုက်ရဲတယ်။ သေသွားတာတောင် နည်းသေးတယ်” ရွှယ်လီ၏ မျက်နှာလှလှလေး ဒေါသကြောင့် ရှုံ့မဲ့နေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က၊ ရန်ကိုင်နောက်သို့ လိုက်နေစဉ် ရန်ကိုင် ဤနေရာ၌ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ ဤနေရာသို့ ရောက်သော် ရေခဲလိုဏ်ဂူထဲတွင် ထိုင်နေသော အလောင်းသယ်လူကြီးကို တွေ့လိုက်ရ၏။ သို့သော် ထိုသေနာကောင်သည် မပြောမဆိုနှင့် သူမအား မြင်မြင်ချင်း တန်းတိုက်ခိုက်ခဲ့သည်။
နှစ်ရက်ကြာမျှ ရုန်းကန်တိုက်ခိုက်ပြီး နောက်ဆုံးမှပဲ ထိုအလောင်းကောင်၏ ခန္ဓာကိုယ်ကို ဖျက်စီးနိုင်ခဲ့သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ် ပျက်စီးသွားသည်နှင့် အဆိပ်ငွေ့များ ပေါက်ကွဲထွက်လာခဲ့ပြီး ဤနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။ ထို့ကြောင့် ရွှယ့်လီနှင့် အခြားသူများ နောက်ပြန်ဆုတ်ခဲ့ရပြီး ထိုအဆိပ်များကို နည်းလမ်းအမျိုးမျိုးသုံး၍ ဖြည်းဖြည်းချင်း ဖယ်ရှားနေခဲ့ရသည်။
အလောင်းသယ်လူကြီး သယ်ထားသော သွေးနီရောင် ခေါင်းတလားကို ရွှယ့်လီ အတော်လေး စိတ်ဝင်စားမိ၏။ အဘယ်ကြောင့်ဆိုသော် ခေါင်းတလားဆီမှ မဟာ နတ်ဆိုးနတ်ဘုရား၏ အရှိန်အဝါကို အာရုံခံမိလိုက် သောကြောင့်ပင် ဖြစ်သည်။
အသေအချာ မသိသော်လည်း ထိုခေါင်းတလားသည် ဒဏ္ဏာရီလာ မဟာနတ်ဆိုးနတ်ဘုရားနှင့် တစ်နည်းတစ်ဖုံး ဆက်စပ်နေလိမ့်မည် ဆိုသည်ကိုမူ ရွှယ့်လီ သိပေသည်။
ကျန်းအောင်၊ ချောင်ကွမ်နှင့် အခြားသူများသည် ထိုအခြင်းအရာကို ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
အလောင်းသယ်လူကြီးကြောင့် ဤနေရာသို့ ရောက်လာခဲ့ရသော်လည်း သူတို့ ပိုင်ဆိုင်သင့်သော အသီးအပွင့်များသည် ရွှယ့်လီ လက်ထဲသို့ ရောက်သွားခဲ့ရလေပြီ။ သို့သော်လည်း နတ်ဆိုးဗိုလ်ချုပ် တစ်ယောက် ရှေ့မှောက်၍ သူတို့ ဘာလုပ်နိုင်မည်နည်း။ စိတ်ထဲ ကြိတ်မှိတ်သည်းခံရုံသာ ရှိပေသည်။
နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေသော အဆိပ်ငွေ့များ တဖြည်းဖြည်း အားနည်းလာခဲ့ရာ နောက်ဆုံး၌ အခြေအနေကို သူတို့ စတင် စစ်ဆေးနိုင်တော့ပေမည်။
အခြေအနေကို စစ်ဆေးရန်အတွက် လူထပ်လွှတ်မည် အပြု အနီရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ရွှယ့်လီကိုပင် စိတ်မသက်မသာ ဖြစ်စေသော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
သူမ၏ မျက်နှာလှလှလေး ထူးထူးခြားခြားကို လေးနက်သွားခဲ့ရလေပြီ။ အနီရောင်အလင်းကို စိုက်ကြည့်နေစဉ်၊ ထိုထဲမှ အမျိုးသမီးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အမျိုးသမီးကို သူမလက်ကို ဝှေ့ရမ်း၍ အဆိပ်ငွေ့များကို ဖယ်ရှားလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို အကြည့်တစ်ချက် ဝေ့ကာ စစ်ဆေးကြည့်လိုက်သည်။ စစ်ဆေးကြည့်ပြီးသည်နှင့် သူမ၏ မျက်လုံးလေးများ အေးစက်သွားခဲ့ရလေသည်။
အမျိုးသမီး၏ အကြည့်သည့် အလောင်းသယ်လူကြီး ပိုင်ဆိုင်ခဲ့သည့် ကျိုးကြေနေပြီ ဖြစ်သော အရိုးများဆီသို့ ရောက်ရှိနေခဲ့ပေသည်။
“သူတော်စင်ဒုတိယအဆင့်လား” ရွှယ့်လီသည် ရုတ်တရက် ပေါ်လာသော အမျိုးသမီးကို မြင်ပြီးနောက် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးချီတို့ ဖြာထွက်နေသဖြင့် သူမသည်လည်း နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်ရပေမည်။
သို့ရာတွင် ထိုအမျိုးသမီးသည် မည်သည့်နေရာမှ ဗြုန်းစားကြီး ကောက်ကာငင်ကာ ထွက်ပေါ်လာရသနည်း။
တစ်ဖက်လူသည်လည်း သူမအား သတိပြုမိပေသည်။ အကွာအဝေးတစ်ခု ခြားနေသော်လည်း ထိုအမျိုးသမီးသည် သူမအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို ရွှယ့်လီ အသေအချာ သတိပြုမိသည်။ ထိုအမျိုးသမီးသည် သူမအား နည်းနည်းလေးမှ ကြောက်ရွံ့ဟန်မပြ၊ ရန်စသည့် အမူအရာပင် လုပ်ပြနေလိုက်သေးသည်။
ရွှယ့်လီ ကြိတ်ပြုံးလိုက်သည်။ သူ့ထက် အဆင့်သေး တစ်ဆင့် ပိုနိမ့်သော ထိုအမျိုးသမီးကို ရွှယ့်လီ မကြောက်ပေ။
ရွှစ်… ရွှစ်… ရွှစ်…
အနီရောင်အလင်း တစ်ချက်ပြီးတစ်ချက် လက်သွားပြီး နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာခဲ့ကာ ပထမဆုံး ထွက်ပေါ်လာခဲ့သော အမျိုးသမီးဘေးတွင် ရပ်လိုက်သည်။
ရောက်သည်နှင့် ထိုနတ်ဆိုးမျိုးနွယ်စု ဖြစ်ဟန်တူသော လူတစ်ယောက်ချင်းစီတိုင်းသည် ဘေးပတ်လည်အား သိလိုတကြီးဖြင့် လှည့်ပတ် ကြည့်ကြတော့လေသည်။
အေးစက်စက်လေကို ရှူရှိုက်လျက် နှင်းများကို ကောက်ယူကြည့်ရင်း ပျော်ရွှင်စွာ ပြုံးပျော်နေခဲ့ကြသည်။
ထိုလူများသည် ယခုကဲ့သို့ မြင်ကွင်းအား တစ်ခါမှ မမြင်ဖူးသော ကလေးငယ်လေးများပမာ…
ယခု ညရောက်နေပြီ ဖြစ်သဖြင့် အေးစက်စက် လရောင်သည် အားလုံးအပေါ် ပက်ဖြန်းကျဆင်း နေခဲ့သည်။ အသစ်ရောက်လာသော လူများသည် ခဏအကြာ၌ စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။
ရွှယ့်လီနှင့် အခြားလူအားလုံးသည် အခြေအနေကို တိတ်တဆိတ်သာ လေ့လာနေခဲ့သည်။ ချက်ချင်း မလှုပ်ရှားသေး။ လေ့လာနေရင်း မျက်မှောင်လည်း ကြုံ့လာခဲ့ရသည်။ ထိုမျှ များပြားလှသော နတ်ဆိုး မျိုးနွယ်စုဝင်များ မည်သည့်နေရာမှ ရုတ်တရက်ကြီး ထွက်ပေါ်လာမှန်း သူတို့ လုံးဝ နားမလည်အောင်ကို ဖြစ်နေခဲ့သည်။
ရှေးဟောင်းနတ်ဆိုးကလန်သားများသည် မျိုးဆက် အဆက်ဆက်တိုင် ဆန်းကြယ်လောကငယ်ထဲ ပိတ်လှောင်ခြင်း ခံခဲ့ရသည်။ ယခုမှ ပထမဆုံးအကြိမ် အပြင်လောကကြီးဆီသို့ ရောက်ဖူးခြင်း ဖြစ်လေရာ အရာရာသည် သူတို့အတွက် အသစ်အဆန်း ဖြစ်နေခဲ့သည်။ အရုပ်သစ်ရလိုက်သော ကလေးများပမာ စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ကြသည်။ အချို့ဆို မျက်ရည်များပင် ကျနေခဲ့ကြကာ အချို့ကမူ ကောင်းကင်ပေါ်သို့ မော့၍ အော်ဟစ်နေခဲ့ကြသည်။
ထူးလည်း ထူးဆန်းသလို အသက်လည်း ဝင်လှသည့် မြင်ကွင်းပင်တည်း။
ရွှယ့်လီနှင့် သူမအဖွဲ့သည် ဘယ်သူမှ ဂရုမစိုက်သော ပွဲ့ကြည့်ပရိတ်သတ် ဖြစ်လာခဲ့သည်။
ရန်ကိုင်နှင့် ဝူကျဲတို့ ထွက်ပေါ်လာမှပဲ ရွှယ့်လီ၏ မျက်လုံးများ လောဘအရိပ်အယောင်တို့ဖြင့် ဝင်းလက်သွားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၆၄)
နှင်းတောင်အတွင်းပိုင်းထဲရှိ တစ်နေရာတွင် ဆန်ကြယ်လောကငယ်အတွင်းမှ ထွက်လာသော ရှေးဟောင်းနတ်ဆိုးကလန်သား (၁၀၀၀)နီးပါးလောက် စုဝေးနေခဲ့ကြသည်။
သူတို့နှင့် မနီးမဝေးတွင် ရွှယ့်လီ၊ ယုမို၊ ကျန်းအောင်၊ ချောင်ကွမ်နှင့် အခြားသူများ ရှိနေခဲ့ပြီး အကုန်လုံးသည် ရှေးဟောင်းနတ်ဆိုးကလန်သားများအား စိတ်ဝင်တစား အမူအရာဖြင့် သတိထားလျက် စိုက်ကြည့်နေခဲ့ကြသည်။
ရုတ်တရက် အနီးအနားဝန်းကျင်ရှိ မိုးမြေစွမ်းအင်များ ပရမ်းပတာ ဖြစ်လာပြီး ရုတ်တရက် ထွက်ပေါ်လာသော ရှေးဟောင်းနတ်ဆိုးကလန်သားများ ကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့ကြလေသည်။
ချက်ချင်းဆိုသလို ကီလိုမီတာ ဒါဇင်အတွင်းရှိ မိုးမြေစွမ်းအင်အားလုံး ခမ်းခြောက်သွားခဲ့လေသည်။
ခမ်းခြောက်သွားသည်နှင့် ခမ်းဝေးဝေးမှာ မိုးမြေစွမ်းအင်များသည် လစ်ဟာနယ်သော ဗလာနယ်ကို ဖြည့်တင်းရန် ရန်ကိုင်တို့ ရှိနေသည့် နေရာဆီ အလျင်အမြန် စီးဆင်းလာကြသော်လည်း ရှေးဟောင်း နတ်ဆိုးကလန်သားများ၏ ထပ်မံ စုပ်ယူခြင်း ခံလိုက်ရပြန်လေသည်။
မုန်တိုင်းတစ်ခု စတင်စုဝေးလာခဲ့ပြီး ကြောက်မက်ဖွယ် ဖိအား အကုန်လုံးပေါ် သက်ဆင်းလာခဲ့သည်။
ထိုဖိအားကြောင့် အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။
ရှေးဟောင်းနတ်ဆိုးကလန်သားများလည်း အံ့အားသင့်နေခဲ့ကြသည်။ သို့သော်လည်း ခဏအကြာ၌ စိတ်ရှုပ်နေသည်ကို ဘေးဖယ်ထားလိုက်ကာ ထိုမိုးမြေ ကောင်းချီးများကို စတင် လက်ခံယူတော့လေသည်။
ဝူကျဲ မျက်လုံးမှေးစဉ်းသွားလိုက်ပြီး ထိုမြင်ကွင်းကို ခဏတာမျှ စိုက်ကြည့်နေပြီးနောက် အလန့်တကြား ထအော်ပြောတော့လေသည် “သူတို့ အကုန်လုံး အဆင့်တက်ဖို့ လုပ်နေတာလား”
မိုးမြေစွမ်းအင်များ တစ်နေရာတည်းသို့ ဆွဲယူနေခံရခြင်းသည် တစ်ယောက်ယောက် အဆင့် တက်တော့မည့် လက္ခဏာပင် ဖြစ်လေသည်။ သို့သော် လက်ရှိ အဆင့်တက်မည့်သူမှာ တစ်ယောက်စ၊ နှစ်ယောက်စ မဟုတ်။ တစ်ထောင်နီးပါးလောက် ရှိသော လူပမာဏပင် ဖြစ်သည်။
အဆင့်တက်မည့် အရိပ်အယောင် မပြသေးသော သူများ၏ ခွန်အားမှာလည်း သိသိသာသာ အမြန်နှုန်းဖြင့် တိုးတက်လာနေခဲ့သည်။
ရန်ကိုင် အမူအရာလည်း ပြောင်းလဲသွားခဲ့ရသည်။ သူသည်လည်း ထုန်းရွှမ်လောကကြီးဆီသို့ စရောက်စဉ်က ထိုကဲ့သို့ ဖြစ်ခဲ့ဖူးပေသည်။
သူတို့၏ အလားအလာကို တားဆီးထားသော မမြင်နိုင်သော အချုပ်အနှောင်များ ကျိုးပျက်သွားပြီး ဤလောကအသစ်၏ ကောင်းချီးပေးခြင်း ခံရပြီးနောက် သူတို့၏ ကျင့်ကြံခြင်း မြင့်တက်လာသည်မှာ သဘာဝပင် ဖြစ်သည်။
ရှေးဟောင်းနတ်ဆိုးကလန်သား အားလုံးသည် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်ပေသည်။
အဆင့်ချိုးဖျက်တော့မည့် ရှေးဟောင်းကလန်သားများ ထဲ ဟန်ဖေးနှင့် ဟွာမိုတို့ပါ ပါဝင်နေသဖြင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။
ထိုနှစ်ယောက်သည် သူတော်စင် ပထမအဆင့် အထွဋ်အထိပ်အဆင့် ပညာရှင်များ ဖြစ်သဖြင့် သူတို့သာ အဆင့်ချိုးဖျက်သွားမည် ဆိုပါက သူတော်စင် ဒုတိယအဆင့် ပညာရှင်များ ဖြစ်လာပေလိမ့်မည်။
သူတော်စင်တစ်ယောက် အဆင့်ချိုးဖျက်ခြင်းသည် ပေါ့သေးသေး ကိစ္စမဟုတ်။
ထိုအချက်ကို နားလည်ထားသော ဟန်ဖေးနှင့် ဟွာမိုတို့သည် ရှေးဟောင်းကလန်သားများဆီမှ ဝေးရာသို့ ချက်ချင်းပဲ ပြေးထွက်သွားခဲ့ကြလေသည်။
ရန်ကိုင် လီရုန်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူမသည် အဆင့်ချိုးဖျက်မည့် အရိပ်အယောင် မပြသော်ငြား သူမ၏ ခွန်အားသည် တရိပ်ရိပ် တိုးတက်လာနေခဲ့သည်။
ယင်ယနှင့် ရွှယ်ကျီတို့လည်း အတူတူပင်။
“စီနီယာလီ…” ရန်ကိုင်က လီရုန်ကို လှမ်းခေါ်လိုက်သည် “ကလန်သားတွေ လူမခွဲ ခိုင်းသင့်ဘူးလား”
တစ်နေရာတည်းတွင် စုဝေးနေသော အဆင့် တက်မည့်သူသည် အရမ်းကိုမှ များပြားနေသဖြင့် မိုးမြေကောင်းချီး စတင်လာသည့် အချိန် သူတို့ ခံစားရမည့် ဖိအားနှင့် စွမ်းအင်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လာပေလိမ့်မည်။ သူတို့သာ လူမခွဲလျှင် ပြဿနာ အကြီးကြီး တက်ပေလိမ့်မည်။
သို့သော်လည်း ရန်သူက သူတို့ ရှေ့တည့်တည့်တွင် ရှိနေရာ လူခွဲခြင်းသည် အကြံကောင်းတော့ မဟုတ်ပေ။
“မလိုဘူး” လီရုန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ကျွန်မတို့ကလန်ရဲ့ ထူးခြားချက်ကို သခင် မေ့သွားပြီလား။ ဟန်ဖေးနဲ့ ဟွာမိုတို့က သူတို့ရဲ့ မိုးမြေကောင်းချီကြောင့် ကလန်သားတွေ ဒုက္ခရောက်မှာ စိုးလို့ ထွက်သွားပြီ။ အခု အခြားကလန်သားတွေ သက်သက်ပဲ ကျန်တော့တာဆိုတော့ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး”
လီရုန် ပြောသည်ကို ကြားမှပဲ ရှေးဟောင်းနတ်ဆိုး ကလန်သားများ၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်အကြောင်း ပြန်စဉ်းစားမိလိုက်သည်။
အဆင့်တူကျင့်ကြံသူများကြား ရှေးဟောင်းနတ်ဆိုး ကလန်သားများနှင့် ခန္ဓာကိုယ်ခွန်အားချင် ယှဉ်နိုင်သည့်သူ ဘယ်သူမှမရှိပေ။
ထို့အပြင် နတ်ဆိုးအမှတ်အသားများကို ဆင့်ခေါ်၍ သူတို့၏ ခန္ဓကိုယ်ကို ထပ်မံ အဆင့်မြှင့်နိုင်သေးသည်။
မိုမြေကောင်းချီကို ခုခံနိုင်ရအတွက် အလိုအပ်ဆုံးသော အရာသည်ကား ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရန်ပင် ဖြစ်လေသည်။
လီရုန်ပင် စိတ်မပူလေရာ ရန်ကိုင်လည်း စိတ်ပူမနေတော့ချေ။
“ပြီးတော့ အခု အရေးအကြီးဆုံး ပြဿနာက ကလန်သားတွေ အဆင့်ချိုးဖျက်တာ မဟုတ်ဘူး သခင်ရဲ့” လီရုန်က ရွှယ့်လီကို ကြည့်၍ မေးလိုက်သည် “အဲ့မိန်းမက သခင်ပြောနေတဲ့ နတ်ဆိုးဗိုလ်ချုပ်ဆိုတဲ့ လူလား”
“ဟုတ်တယ်။ သူက သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက်ပဲ”
“အင်း၊ မဆိုပါဘူး” လီရုန်က တခစ်ခစ် ရယ်မောလိုက်ပြီး ရွှယ့်လီကို ကြည့်၍ “ကြည့်ရတာ ကျွန်မတို့ နတ်ဆိုးမျိုးနွယ်စုက အရမ်းကြီး အခြေအနေ မဆိုးသေးတဲ့ပုံပဲ”
တစ်ချိန်တည်းတွင် ယုမိုက မျက်မှောင်ကြုံ့၍ ရွှယ့်လီအား တိုးတိုးလေး ပြောလိုက်သည် “သခင်မ၊ ကျုပ်တို့ ဘာလုပ်ကြမလဲ။ ကြည့်ရတာ ဟိုရုတ်တရက် ပေါ်လာတဲ့လူအားလုံး အဆင့်တက်ဖို့ လုပ်နေကြတာနဲ့ တူတယ်။ ကျုပ်တို့…”
ရွှယ့်လီက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “သူတို့တွေက နတ်ဆိုးမျိုးနွယ်စုဝင်တွေပဲ။ ဘာလို့ ဟိုကောင်လေးနဲ့ သူတို့တွေ အဆက်အဆံ လုပ်နေလဲ ဆိုတာကို ငါမသိပေမယ့် ငါတို့ အခုနေ လှုပ်ရှားလိုက်ရင် သူတို့အမုန်းခံရလိမ့်မယ်။ သူတို့ ကိစ္စပြီးတော့မှပဲ စကားသွားပြောကြတာပေါ့။ ဖြစ်နိုင်ရင် သူတို့ကို သဲမြို့တော်ဆီကိုတောင် ပြန်ခေါ်သွားနိုင်တယ်။ သူတော်စင် ပထမအဆင့် လေးယောက်၊ ဒုတိယအဆင့် တစ်ယောက်ဆိုတာက သေးတဲ့ အင်အားမဟုတ်ဘူး။ သူတို့ကိုသာ ငါတို့ဘက်ပါအောင် စည်းရုံးနိုင်ရင် သဲမြို့တော်ရဲ့ ခွန်အားက ကျန်သုံးမြို့ကို ကျော်သွားလိမ့်မယ်”
“သခင်မက ဥာဏ်ကောင်းတာပဲ” ယုမို ခေါင်းသာ ညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ရုတ်တရက် ထွက်ပေါ်လာသော နတ်ဆိုးမျိုးနွယ်စုဝင် အရေအတွက်သည် နည်းနည်းလေးမဟုတ်။ ထို့အပြင် ထိုလူများကြား အားကောင်းလှသော ပညာရှင် အချို့လည်း ပါနေသေးသည်။ ထို့လူအားလုံးကိုသာ သူမဘက်ပါအောင် စည်းရုံးနိုင်မည် ဆိုပါက ရွှယ့်လီ၏ သဲမြို့တော်သည် ကျန်မြို့သုံးမြို့ထက် ခွန်အားအရာ၌ အပြတ်အသတ် သာလွန်သွားပေလိမ့်မည်။
“သူတို့ ဝင်ရှုပ်ဖို့ မစဉ်းစားထားတဲ့ပုံပဲ” လီရုန်က ရွှယ့်လီကိုကြည့်ရင်း သွားပေါ်အောင် ပြုံးလိုက်သည်။
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး “ခင်ဗျားတို့ အာလုံးကို အဆင့်ချိုးဖျက်ခွင့် ပေးလိုက်ရင်တောင် ခင်ဗျားက သူ့ထက် တစ်ဆင့်နိမ့်နေတော့ ကိစ္စမရှိဘူးလို့ တွေးနေတဲ့ပုံပဲ”
“အဲ့လိုဆိုရင်တော့ သူအံ့အားသင့်ရတော့မှာပေါ့” လီရုန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
လီရုန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလာသဖြင့် ရန်ကိုင်လည်း မဆိုသလောက်ကလေး အံ့အားသင့် သွားခဲ့ရသည်။
လီရုန် တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးပေ။ သူမသည် အားကောင်းသော သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်မှန်းသာ ရန်ကိုင်သိသည်။
သို့သော် သူမလေသံအရ လီရုန်သည် ရွှယ့်လီအား မျက်လုံးထဲပင် မထည့်သည့်ပုံပင်။
ရန်ကိုင်က ပြုံးသာပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့။ နောက်လာမည့် ပြပွဲကောင်းကိုသာ စောင့်မျှော်လိုက်သည်။
ထိုအမျိုးသမီး နှစ်ယောက် တိုက်ခိုက်ကြသည့်အခါ မည်ကဲ့သို့ ဖြစ်လာမည်ကို ရန်ကိုင် အရမ်း သိချင်နေမိ၏။
ထိုအချိန်အတွင်း ရှေးဟောင်းနတ်ဆိုးကလန်သားများ စတင် အဆင့်တက်ကြတော့လေပြီ။
အုန်ုး… အုန်း… အုန်း…
ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရာ ကောင်းကင် ထက်ဆီမှ ရှေးဟောင်းနတ်ဆိုးကလန်သားများထံ ရုတ်တရက် သက်ဆင်းပြိုကျလာခဲ့သည်။
ပြင်းထန်လှသော စွမ်းအားကြောင့် ရှေးဟောင်း နတ်ဆိုးကလန်သားများစွာ ဒဏ်ရာရသွားခဲ့ကြပြီး သူတို့ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာခဲ့သည်။ သို့သော် ရှေးဟောင်းနတ်ဆိုးကလန်သားများသည် အကြောက်အလန့် ကင်းကင်းဖြင့် နှာခေါင်းပင် ရှုံ့လိုက်သေး၏။
သူတို့ထဲမှ တစ်ယောက်တည်းသာ အဆင့်ချိုးဖျက်ခြင်း ဖြစ်ပါက ယခုကဲ့သို့ ဒဏ်ရာရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လူပေါင်းများစွာ အတူတကွ စုဝေးပြီး အဆင့်ချိုးဖျက်ခြင်း ဖြစ်သဖြင့် မိုးမြေကောင်းချီး၏ စွမ်းအားသည်လည်း သတ်မှတ်အဆင့်ထက် ကျိန်းသေ ကျော်လွန်နေပေလိမ့်မည်။
အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် ခပ်ညီညီလေး ခွာ၍ မတ်တပ်ရပ်နေခဲ့ကြသည်။ ခဏအကြာ၌ အချို့သည် လဲကျတော့မည့် အရိပ်အယောင်တို့ ပြလာခဲ့လေပြီ။
သို့သော် ဒဏ်ရာရနေသော ရှေးဟောင်းနတ်ဆိုး ကလန်သားများသည် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင် မပြရုံမက အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရယ်မောလျက် ကောင်းကင်ပေါ်သို့ ထီမထင်ဟန်ဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
ဝူကျဲလည်း ပါဝင်ပက်သက်ခံရမည် စိုးသဖြင့် ထိုရှေးဟောင်းနတ်ဆိုးကလန်သားများနှင့် ခပ်ဝေးဝေသို့ ရှောင်ခွာနေလိုက်သည်။
ရန်ကိုင်လည်း ဝူကျဲဘေးသို့သွား၍ ထိုမြင်ကွင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေလိုက်သည်။
“အရူးတွေပဲ…” ဝူကျဲပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး “ဒီလူတွေက တကယ် အရူးတွေပဲ။ ဒီလောက်ပြင်းတဲ့ မိုးမြေကောင်းချီကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ။ ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ ကောင်တွေ”
“အဲ့မလိုမဟုတ်ဘူး” ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်းလိုက်သည်။
“ဒီမိုးမြေကောင်းချီကို သူတို့ ခုခံနိုင်မယ်လို့ တော်ဝင်သခင် ထင်နေတာလား။ ကြည့်ကြည့်လိုက်၊ အချို့ဆို ပထမတစ်ကြိမ်နဲ့တင် ဒဏ်ရာရနေကြပြီ။ အဆုံးထိ သူတို့ ဘယ်လိုတောင်ခံမလဲ ဆိုတာကို ဒီဝူ လုံးဝ မတွေးတတ်တော့ဘူး။ အခုအချိန်မျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွါခွါ နေသင့်တာကို ဘာလို့ အတင်း ပူးကပ်နေကြလဲမသိဘူး”
“သာမန် နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ဆိုရင် ဒါကို တောင့်ခံနိုင်မျာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က သာမန်နတ်ဆိုးတွေမှ မဟုတ်တာ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။
ရန်ကိုင်ကို ကြည့်နေရင်း ဝူကျဲစိတ်ထဲ သံသယတို့ တိုးပွါးလာခဲ့ရသည်။
နတ်ဆိုးမျိုးနွယ်စု ဆိုမှဖြင့် နတ်ဆိုးမျိုးနွယ်စုပဲပေါ့။ ဘာကြောင့် မတူတာတွေ ဘာတွေ ရှိနေရသေးသနည်း။
ဘုန်း… ဘုန်း… ဘုန်း…
ဖိအားလှိုင်းလုံးများသည် ပင်လယ်ရေလှိုင်းပမာ ကောင်းကင်ထက်မှ ရှေးဟောင်းနတ်ဆိုးကလန်သားများ ဆီသို့ ဆင့်ကာဆင့်ကာ ကျရောက်နေသဖြင့် ရှေးဟောင်း နတ်ဆိုးကလန်သားများမှာလည်း ပိုပို၍ ဒဏ်ရာ ရလာခဲ့ရသည်။
သို့သော်လည်း ထိုနတ်ဆိုးအုပ်သည် လုံးဝကို ရူးသွပ်နေခဲ့လေပြီ။ သွေးကိုမြင်လေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်နေခဲ့ကြပြီး ကောင်းကင်ထက်သို့မော့၍ အဆက်မပြတ် အော်ဟစ်နေခဲ့လေရာ သူတို့၏ အော်သံတို့သည် နှင်းတောင်တစ်ကြော ပဲ့တင်ထပ်နေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကြယ်ရောင်ဖြာနန်းတော် နှင့် တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းမှ တပည့်များ သွေးပျက်လာခဲ့ကြသည်။ ကျန်းအောင်နှင့် ချောင်ကွမ် ကဲ့သို့သော ပညာရှင်များပင်လျှင် တုန်ရီနေခဲ့ကြလေပြီ။
လူရာပေါင်းများစွာ တစ်ပြိုင်တည်း အဆင့်ချိုးဖျက်သည်ကို သူတို့ တစ်ခါမှ မြင်လည်း မမြင်ဖူးသလို ကြားလည်း မကြားဖူးချေ။
ခမ်းလှမ်းလှမ်း နေရာမှလည်း ပေါက်ကွဲသံတို့ အဆက်မပြတ် မြည်ဟည်းနေခဲ့သည်။
ထိုနေရာသည် ဟန်ဖေးနှင့် ဟွာမိုတို့ အဆင့်ချိုးဖျက်နေသည့် နေရာပင် ဖြစ်သည်။ ထိုနှစ်ယောက် အဆင့်ချိုးဖျက်ရာမှ ဖြစ်ပေါ်လာသော မိုးမြေစွမ်းအားသည် အကုန်လုံး လက်ရှိမြင်နေရသည့် မိုးမြေစွမ်းအားအောက် နိမ့်ကျခြင်းမရှိချေ။
ရွှယ့်လီသည်လည်း အတော့်ကိုမှ အံ့အားသင့်နေခဲ့သည်။ ကြည့်ရင်း ကြည့်ရင်း ထိုနတ်ဆိုးများကို သူမလက်အောက်သို့ သိမ်းသွင်းလိုစိတ်တို့ ပိုပို၍ ဖြစ်ပေါ်လာခဲ့ရသည်။
အသက်ကြီးကြီး၊ငယ်ငယ်၊ ခွန်အား မြင့်မြင့်၊ နိမ့်နိမ့် အကုန်လုံးသည် အသန့်စင်ဆုံးသော နတ်ဆိုးအရှိန်အဝါ ဖြစ်သည့် ပြင်းထန်၊ ရက်စက်၊ သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ကြသည်။
ထိုလူများသည် အစစ်အမှန် နတ်ဆိုးမျိုးနွယ်စုဝင်များ ဖြစ်သည်ဟုပင် ရွှယ့်လီ တွေးလိုက်မိသည်။
စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားလျက် ရွှယ့်လီက လှမ်းအော်ပြောလိုက်သည် “ဟိုက၊ အမျိုးသမီး၊ နင့်နာမည် ဘယ်လိုခေါ်လဲ။ နင်ဘယ်က လာတာလဲ”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးကာ ပြန်မေးလိုက်သည် “ငါ့ကို ပြောနေတာလား”
“ဟုတ်တယ်။ ဒီဘုရင်က လက်ရှိ နတ်ဆိုးဗိုလ်ချုပ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ရွှယ့်လီပဲ။ နင့်နာမည်နဲ့ ဘယ်ကလာလဲဆိုတာကို ငါ့ကိုပြောပြ”
သူမထက် အဆင့်တစ်ဆင့်နိမ့်သော အခြား နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ကို ထိုကဲ့သို့ အထက်စီး ဆန်းဆန်းဖြင့် ပြောဆိုခြင်းသည် ရွှယ့်လီအတွက် သဘာဝပင် ဖြစ်သည်။
“နတ်ဆိုးဗိုလ်ချုပ် ဖြစ်နေပြီးတော့ ငါတို့ ကလန်ကို မသိတာလား” လီရုန်က ရွှယ့်လီအား ပြန်၍ မေးခွန်းထုတ်လိုက်သည်။
ရွှယ့်လီ မျက်မှောင်ကြုံ့သွားခဲ့ပြီး စိတ်တိုသွားသည့် လေသံဖြင့် “ဒီဘုရင်မက အဲ့လိုအရာကို မြင်စရာလား”
လီရုန်က ရယ်သွမ်းသွေးလိုက်ပြီး “ဒီဘုရင်မ၊ ဒီဘုရင်မနဲ့… ဘာမဟုတ်တဲ့ နတ်ဆိုးဗိုလ်ချုပ်လေးကများ ငါ့ရှေ့လာပြီး ဒီဘုရင်မ ဒီဘုရင်မ လုပ်နေရဲတယ်။ ကြည့်ရတာ နတ်ဆိုးမျိုးနွယ်စုက ဘဝမေ့နေကြတဲ့ပုံပဲ”
ထိုစကားကို ကြားလိုက်သည့်နှင့် ရှေးဟောင်း နတ်ဆိုးကလန်နဲ့ ရန်ကိုင်မှလွဲ၍ အကုန်လုံး ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။
ရွှယ့်လီ မျက်နှာလည်း ရုတ်ချည်း အေးစက်သွားခဲ့သည်။ သူမလုံးဝကို ဒေါသ ထွက်သွားခဲ့လေပြီ။
ထိုလူများ အဆင့်ချိုးဖျက်နေခြင်းကို သူမ မနှောင့်ယှတ်ရသည့် အကြောင်းအရင်းသည် နတ်ဆိုး မျိုးနွယ်စု အချင်းချင်း ဖြစ်သည်က တစ်ကြောင်း၊ ထိုလူများအား သူမလက်အောက်သို့ စည်းရုံးသိမ်းသွင်း လိုသောကြောင့် တစ်ကြောင်း ကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း ထိုခေါင်းဆောင်အမျိုးသမီးသည် သူမအား ဤမျှ ဒေါသထွက်ဖွယ်စကားမျိုး လာပြောလိမ့်မည်ဟု ရွှယ့်လီ တစ်ခါမှ မထင်ထားခဲ့။
ဤလောကကြီးတွင် သူမအား ထိုကဲ့သို့ ပြောရဲသည့်သူဆို၍ နတ်ဆိုးဗိုလ်ချုပ်ကြီးသာ ရှိပေသည်။
သို့တိုင် နတ်ဆိုးဗိုလ်ချုပ်ကြီးသည်ပင် သူမအား ထိုကဲ့သို့ လေသံဖြင့် ပြောချင်တိုင်းမပြော။
“မလုပ်ချင်လို့ ကြည့်နေတာကို အကောင်း မှတ်မနေနဲ့” ရွှယ့်လီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “နင်တို့သာ နတ်ဆိုးမျိုးနွယ်စုက မဟုတ်ရင် ဒီဘုရင်မ လှုပ်ရှားတာ ကြာနေပြီ။ ငါသာ လှုပ်ရှားလိုက်ရင် နင့်လူတွေ ကောင်းကောင်း အဆင့်တက်နိုင်မယ် ထင်နေလား။ ဘာမဟုတ်တဲ့ သူတော်စင် ဒုတိယအဆင့်လေးကများ ဒီဘုရင်မကို ဒီလို လေသံမျိုးနဲ့ ဒီလို စကားမျိုး လာပြောရဲတယ်။ သင်ခန်းစာ ပေးခံချင်နေတယ်နဲ့ တူတယ်”
“ဟုတ်တယ်။ သင်ခန်းစာ ပေးကိုပေးရမှာ” လီရုန်၏ မျက်နှာလှလှလေး ရုတ်ချည်း အေးစက်သွားခဲ့ပြီး “နှစ်တွေ အများကြီး ကြာသွားတော့ ဒီလောကကြီးလည်း ငါတို့ ကလန်ကို မေ့သွားကြတဲ့ပုံပဲ… ဒီနေ့ ငါတို့ပြန်လာတဲ့ အထိမ်းအမှတ်နဲ့ နင့်ကိုသတ်ပြီး တစ်လောကလုံး ငါတို့ဘယ်သူလဲဆိုတာ သိသွားစေရမယ်”
ရွှယ့်လီ၏ မျက်ဝန်းများ မှေးကျဉ်သွားခဲ့ပြီး ပြန်အော်ပြောလိုက်လေသည် “နင်ဘယ်သူလဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၆၅) ဒဏ္ဏာရီလာကလန်
အဆုံးမဲ့နှင်းတောင်တန်းထက်၊ လှပပြီး အားကောင်းသော အမျိုးသမီးနှစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။ နှစ်ယောက်သားကြား အခြေအနေသည် စတင် တင်းမာလာနေခဲ့လေပြီ။
နှစ်ယောက်စလုံးသည် ခွန်အားပိုင်းအရ ဖြစ်စေ၊ အလှအပပိုင်းအရ ဖြစ်စေ အထွဋ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်ကြား တိုက်ပွဲအား အကုန်လုံး ကြည့်ချင်နေမိကြသည်။
သို့သော်လည်း ထုန်းရွှမ်လောကတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားသော နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီ၏ အမူအရာ လေးနက်နေချိန် သူတော်စင် ဒုတိယအဆင့်သာ ရှိသေးသော အမျိုးသမီး လှလှလေးသည် အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ် ဖြင့်သာ ရှိနေခဲ့သည်။
ထိုမြင်ကွင်းသည် အကုန်လုံးအတွက် အထူးအဆန်း ဖြစ်နေခဲ့၏။
လီရုန် သူမကလန်သားများ တစ်ချက် လှမ်းကြည့်လိုက်သည်။ အကုန်လုံး အတက်တက်လို့ ပြီးတော့မည်မှန်း သိလိုက်သည်နှင့် ဆက်ငြိမ်မနေတော့ဘဲ “ခေါင်းတလားအစေခံ စီနီယာကို သတ်လိုက်တာ နင်လား”
“အလောင်းသယ်လူကြီးလား” ရွှယ့်လီ အမူအရာ သုန်မှုန်သွားခဲ့ပြီး “သတ်တော့ရာ ဘာဖြစ်လဲ။ နတ်ဆိုး မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်တာတောင် ဒီဘုရင်မကို လက်ရွယ်ရဲတယ်။ သေတာတောင် နည်းသေးတယ်”
“ကောင်းတယ်… နင်ဝန်ခံလိုက်ပြီပေါ့” လီရုန် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။ ဒေါသကြောင့် သူမ၏ ဖွံ့ထွားထွား ရင်အစုံ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ ထို့နောက် သူမ၏ မျက်ဝန်းထဲ ဝမ်းနည်းရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး အေးစက်စက် လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည် “ခေါင်းတလားအစေခံ စီနီယာက ငါတို့ကလန်အတွက် လွတ်လပ်နိုင်ဖို့အတွက် နှစ်ပေါင်း မရေမတွက်နိုင်အောင် ပေးဆပ်လာပေးခဲ့တာ။ ငါတို့ ပြန်လွတ်လာတဲ့နေ့မှာပဲ နင်သတ်တာ ခံလိုက်ရမယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး… နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီ၊ နင်ပြန်ပေးဆပ်ရမယ်”
ပြောပြီးသည်နှင့် သူမ ခန္ဓာကိုယ်မှ နတ်ဆိုးချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး တစ်ကိုယ်လုံး လွှမ်းခြုံသွားကာ ရွှယ့်လီဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့လေသည်။
“သတ္တိရှိရင် လုပ်လိုက်လေ” ရွှယ့်လီကလည်း လှောင်ပြုံးပြုံးလိုက်သည်။ လီရုန် စတိုက်လာသည်ကို မြင်သော် ရွှယ့်လီလည်း တုန့်ဆိုင်းမနေတော့ဘဲ တိုက်ရိုက် ပြေးဝင်တိုက်ခိုက်လိုက်လေသည်။
ချက်ချင်းဆိုသလို စွဲမက်ဖွယ် ပုံရိပ်နှစ်ခု ထိပ်တိုက် တွေ့သွားခဲ့သည်။
အကုန်လုံး၏ အာရုံသည် စွဲမက်ဖွယ် အမျိုးသမီး နှစ်ဦးကြားမှ တိုက်ပွဲပေါ်တွင်သာ ရောက်ရှိနေခဲ့သည်။
“တော်ဝင်သခင် တွေ့ခဲ့တဲ့ ဒီနတ်ဆိုးမျိုးနွယ်စုတွေက တော်တော်လေး ထူးဆန်းတယ်နော်” ဝူကျဲက ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်သည်။
သာမန်ကလန်သားများသည် အတူတကွ အဆင့်တက်ရန် ကြိုးစားနေချိန် သူတို့၏ ခေါင်းဆောင် ဖြစ်သော အမျိုးသမီး လှလှသည် နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီအား အရင်သွားတိုက်ခိုက်ခဲ့သည်။ ကျောက်ဆောင်ကို ကြက်ဥနှင့် ပစ်ပေါက်ရန်များ ကြိုးစားနေသည်လား။
သူတော်စင် ဒုတိယအဆင့်နှင့် တတိယအဆင့်ကြားတွင် အဆင့်သေး တစ်ဆင့်သာ ခြားသော်လည်း ခွန်အား ကွာခြားချက်သည် ကြောက်မခန်းလိလိ များပြားလှပေသည်။
ခဏအတွင်း လီရုန် ရှုံးနိမ့်လိမ့်မည်ဟု ဝူကျဲ တွေးလိုက်သည်။
ရွှယ့်လီ သူ့အပေါ် အာရုံမစိုက်နေချိန် ဘယ်ဘက်သို့ ထွက်ပြေးရန် ကောင်းမလဲဟု စဉ်းစားနေသည့်အလား ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ် ကြည့်လိုက်လေသည်။
“ဟုတ်တာပေါ့၊ ဘယ်ပုံမှန်ဟုတ်ပါ့မလဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “နှစ်တွေအကြာကြီး ပိတ်မိနေခဲ့ရလို့ နေမှာပေါ့”
လီရုန်၏ လက်ရှိ စိတ်အခြေအနေကို ရန်ကိုင် နားလည်ပေသည်။
ခေါင်းတလားအစေခံစီနီယာသည် ရွှယ့်လီ၏ ဖျက်စီးခြင်း ခံလိုက်ရကာ သူ့အရိုးနှင့် အသားစ အသားနများသည် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေခဲ့သည်။ လီရုန် ဒေါသမထွက်ဘဲ နေမည်လား။
ခေါင်းတလားအစေခံစီနီယာ၏ ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရသည်ကို သိသိချင်း ရွှယ့်လီအား ပြေးဝင် မတိုက်ခိုက်ခဲ့ခြင်းသည် အဆင့်တက်နေသော သူမ ကလန်သားများကို ကာကွယ်ပေးလိုသောကြောင့် ဖြစ်၏။ ယခု သူတို့အားလုံး အဆင့်တက်လို့ ပြီးတော့မည် ဖြစ်လေရာ လီရုန် ဘာကြောင့် ထပ်စောင့်နေရတော့ မည်နည်း။
ကောင်းကင်ထက်တွင်၊ အမျိုးသမီးနှစ်ဦးသည် ကမ္ဘာမကြေရန်သူ နှစ်ယောက်ပမာ အသေအကြေ၊ မီးကုန်ယမ်းကုန် တိုက်ခိုက်နေခဲ့ကြသည်။
သူတော်စင် ဒုတိယအဆင့်နှင့် တတိယအဆင့် ပညာရှင်များကြားမှ တိုက်ပွဲသည် ဖြစ်ခဲလှလေရာ တစ်ဘဝလုံး မမြင်သွားရသည်ပင် ရှိတတ်သည်။
ရန်ကိုင်သည်လည်း တိုက်ပွဲအား မျက်တောင် မခတ်တမ်း သေသေချာချာ စူးစိုက်ကြည့်နေခဲ့သည်။
လက်ရှိတိုက်ပွဲ အခြေအနေအရ ရွှယ့်လီ အသာစီး ရနေခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိ အနက်ရောင် နတ်ဆိုးချီများသည် ဧရာမမြွေကြီးတစ်ကောင် အဖြစ်သို့ ရုတ်တရက် ပြောင်းလဲဿွားခဲ့ပြီး တိုက်ပွဲကွင်းပြင်ရှိ အရပ်မျက်နှာတစ်ခုဆီ ပျံသန်းသွားလေသည်။
တစ်ချိန်တည်းးတွင် ရွှယ့်လီဆီမှ သိပ်သည်းလှသော စိတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး ကောင်းကင်ထက်ရှိ နေရာတစ်ခုအား အုပ်မိုးလိုက်သည်။
ထိုနေရာတွင် ရုတ်တရက် ပေါ်လာသော လီရုန်သည် ရွှယ့်လီ၏ ကောင်းကင်စိတ်အာရုံကြောင့် တဒင်္ဂတာ အေးခဲသွားခဲ့ရာ ဧရာမမြွေကြီး၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
တိုက်ပွဲအား အနီးကပ် စောင့်ကြည့်နေကြသော ကျန်းအောင်နှင့် ချောင်ကွမ်တို့ ရွှယ့်လီ အသုံးပြုသွားသော နည်းလမ်းများကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။
သူတော်စင် ဒုတိယအဆင့် ပညာရှင် တစ်ယောက်သည် ရွှယ့်လီအား အမွှေးတိုင် တစ်ချောင်း လောင်ကျွမ်းစာလောက်သာ ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်သွားခဲ့ရသည်။ ထိုအမျိုးသမီးနေရာတွင် သူပါဆိုပါက ပို၍ မြန်မြန် ရှုံးနိမ့်သွားမည်ဟု ကျန်းအောင် တွေးမိလိုက်သည်။
ခရက်… ခရက်… ခရက်…
အားလုံး တစ်ယောက်နှင့်တစ်ယောက် တီးတိုး ကြိတ်ဆွေးနေကြစဉ်မှာပဲ မြွေကြီးဆီမှ အက်ကွဲသံတို့ ထွက်ပေါ်လာခဲ့ပြီး ခဏအကြာ၌ မြွေကြီး၏ ခန္ဓာကိုယ် တစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့သည်။
ပေါက်ကွဲသွားသော မြွေကြီးကိုယ်ထဲမှ လီရုန် ပြန်ပေါ်လာခဲ့သည်။ သူမပါးစပ်ထောင့်မှ သွေးယိုစီး ကျနေခဲ့သည်။
ရွှယ့်လီက ကိုယ့်ကိုယ်ကိုဟုတ်လှပြီ အမူအရာဖြင့် လီရုန်အား အထက်စီးဆန်ဆန် ငုံ့ကြည့်လိုက်ပြီး အထင်အမြင် သေးသေးဖြင့် “မတောက်တခေါက် ပညာလေးနဲ့ ဒီဘုရင်ကို လာယှဉ်ချဉ်သေးတယ်။ ငါနင့်ကို နောက်ဆုံးအခွင့်ရေး ပေးလိုက်မယ်။ ငါ့လက်အောက်ကို ဝင်လိုက်။ အဲ့လိုဆို ငါနင့်အသက်ကို ချမ်းသာပေးမယ်”
လီရုန်က သူမ၏ ကျောက်စိမ်းသဖွယ် သွယ်လျ ချောမွတ်သော လက်ကလေးဖြင့် နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ပြီး ရွှယ့်လီအား ထူးမခြားနားဟန်ဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
ထို့နောက် မျက်လုံးကို ဖြည်းဖြည်းချင်း ပိတ်လိုက်၏။ လီရုန် မျက်လုံးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါသည် ကမ္ဘာတုန်လောက်အောင် ပြောင်းလဲသွားခဲ့လေသည်။
သူမ၏ ခန္ဓာကိုယ်သွယ်သွယ်လေးမှ အနက်ရောင် နတ်ဆိုးချီတို့ ဖြာထွက်လာခဲ့ပြီးနောက် မျဉ်းကြောင်း သေးသေးလေးများအဖြစ် ပြောင်းလဲသွားကာ သူမ အရေပြားတစ်လျှောက် ပျံ့နှံ့သွားခဲသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်တွင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင် ပျောက်ကွယ်သွားလေသည်။
လီရုန်၏ ကျော့ရှင်းသိမ့်မွေ့သော မျက်နှာလှလှလေး ထက် ထူးဆန်းသော အနက်ရောင်တက်တူးများ ထွက်ပေါ်လာခဲ့သည်။
ထိုအရောင်တလက်လက် ထနေသော တက်တူးများကြောင့် လီရုန်မှာ ပန်းပွင့်ရိုင်းလေး တစ်ပွင့်ပမာ ထူးထူးခြားခြား လှပနေခဲသည်။
နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်း…
လီရုန်သည် မူရင်းနှင့် အနီးကပ်ဆုံးသော နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ သူမ အသုံးပြုလိုက်သော နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းသည် ရန်ကိုင်ဟာနှင့် မယှဉ်နိုင်သော်ငြား သူမ၏ တိုက်ပွဲစွမ်းရည်ကို အကြီးအကျယ် တိုးတက်စေနိုင်သေးသည်။
လီရုန်သည် သူတော်စင် ဒုတိယအဆင့်သာ ဖြစ်သည်။ သို့သော် နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည်နှင့် သူမဆီ ထွက်ပေါ်နေသော အရှိန်အဝါသည် ရွှယ့်လီအောက် မနိမ့်သည့်အဆင့်ထိ ရုတ်ချည်း မြင့်တက်သွားခဲ့ရသည်။
လီရုန် နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သည့်အခါ အဆင့်ချိုးဖျက်ရန် ပြီးလုဆဲဆဲ ဖြစ်နေကြသော ရှေးဟောင်းနတ်ဆိုးကလန်သားများသည် ကြမ်းကြုတ်သော သားရဲများပမာ အားမာန်အပြည့်ဖြင့် အသံကုန် အော်ဟစ်လိုက်ကြသည်။
တစ်ချိန်တည်းတွင် နတ်ဆိုးချီတို့ သူတို့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့ပြီး လီရုန်ကဲ့သို့ အမျိုးမျိုးသော နတ်ဆိုး အမှတ်အသားများသည် သူတို့၏ မျက်နှာ၊ ခန္ဓာကိုယ် ရင်အုပ်ပိုင်းများပေါ် ထွက်ပေါ်လာခဲ့ကြလေသည်။
ကောင်းကင်ထက်မှ မိုးမြေကောင်းချီး၏ နောက်ဆုံး အသုတ်ကျဆင်းလာခဲ့သည်။ သို့သော် ရှေးဟောင်း နတ်ဆိုးကလန်သားများသည် သူတို့၏ နတ်ဆိုးချီကို စုစည်းခြင်း မပြုတော့ဘဲ ခန္ဓာကိုယ်သက်သက်ဖြင့်သာ ခုခံလိုက်ကြသည်။
အကျိုးကွဲအက်သံများသည်နှင့် လူရာပေါင်း များစွာသည် နောက်တစ်ဆင့်သို့ တစ်ပြိုင်တည်း ရောက်ရှိသွားခဲ့ကြသည်။
ရွှယ့်လီ၏ မျက်ဝန်းလေးများထဲ မယုံကြည်နိုင်မှုတို့ အထင်းသား… ယုမိုဆိုလျှင်လည်း မသိမသာလေး တုန်ရီနေခဲ့သည်။
နတ်ဆိုးအမှတ်အသားများကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းပုံပြင်တစ်ပုဒ်ကို သူတို့ ပြန်တွေးလိုက်မိကြသည်။
“နင်က…” ရွှယ့်လီက အရူးမလေးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။ လီရုန် ဘယ်ကလာလဲ ဆိုသည်ကို သူမနားလည်သွားသည့်ပုံပင်။ သို့သော်လည်း အကျယ်ကြီး အော်မပြောရဲ ဖြစ်နေခဲ့ဟန်ရကာ “နင်က ‘အဲ့’ကလန်ကလား”
ဒဏ္ဏာရီအဆိုအရ မဟာနတ်ဆိုးနတ်ဘုရား ကြီးစိုးခဲ့သည့် ခေတ်တွင် နတ်ဆိုးမျိုးနွယ်စုဝင်များကြား သူ့အပေါ် သစ္စာအရှိဆုံးသော ကလန်လေးတစ်ခု ရှိခဲ့သည်။
ထိုကလန်သည် နတ်ဆိုးနတ်ဘုရား၏ ကိုယ်တိုင် ပျိုးထောင်ပေးခြင်း ခံခဲ့ရပြီး နတ်ဆိုးနတ်ဘုရား ကိုယ်တိုင်မှလွဲ၍ နတ်ဆိုးမျိုးနွယ်စုဝင်များကြား အမြင့်မြတ်၊ အသန့်စင်ဆုံးသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသူများလည်း ဖြစ်သည်။
ထိုကလန်ရှေ့တွင် နတ်ဆိုးဗိုလ်ချုပ်ဆိုသည်မှာ ဖွဲ၊ ဆန်ကွဲ၊ သဲလောက်သာ ရှိတော့သည်။
သူတို့သည် မဟာနတ်ဆိုးနတ်ဘုရား တိုက်ရိုက် အစေခံများ ဖြစ်ကြသကဲ့သို့ နတ်ဆိုးမျိုးနွယ်စု တစ်ခုလုံး၏ ဂုဏ်ရောင်အထွန်းပြောင်ဆုံး အဖွဲ့သားများ ဖြစ်ကြလေရာ ထိုကလန်မှ တစ်ယောက်ယောက်ကို မြင်သည့် နတ်ဆိုးမျိုးနွယ်စုဝင်တိုင်း လေးလေးစားစား ဆက်ဆံကြရပေမည်။
ထိုစဉ်က နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူ အားလုံး၏ အတောင့်တဆုံး ရည်မှန်းချက်သည် ထိုကလန်ထဲသို့ ဝင်နိုင်ရန်ပင် ဖြစ်သည်။ ကံမကောင်းစွာဖြင့် သွေမျိုးဆက် သန့်စင်စေရေးအတွက် မည်သည့် အပြင်လူကိုမှ လက်မခံခဲ့ပေ။ သူတို့တွင် ကလန်သားအရေအတွက် အကန့်အသတ်နှင့် ရှိသော်လည်း မယုံကြည်နိုင်ဖွယ်ရာ ခွန်အားကြောင့် နတ်ဆိုးမျိုးနွယ်စုဝင်များ၏ လေးစားခံ ကလန်ကြီးတစ်ခု ဖြစ်နေခဲ့ရသည်။
ထိုကလန်သားတိုင်းသည် ၎င်းတို့ထက် အဆင့်တစ်ဆင့် မြင့်သူကို အနိုင်ယူနိုင်ကြသည်။ အထူးချွန်ဆုံး ဂျီးနီးယပ်များဆိုလျှင် အဆင့်သေး နှစ်ဆင့်ကျော်၍ စိန်ခေါ်နိုင်ကြသည်။
ထိုကလန်လေးသည် မဟာနတ်ဆိုးနတ်ဘုရားနောက် နှစ်ပေါင်းများစွာအောင် လိုက်လံအမှုထမ်းခဲ့ကြသည်။ ထို့ကြောင့် ထိုကလန်ကို မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်စားပြုအဖြစ် သတ်မှတ်ခဲ့ကြသည်။
သူတို့သည် မဟာနတ်ဆိုးနတ်ဘုရား၏ လက်ရွေးစင် တပ်သားများဖြစ်ကြသလို သူ့ဘုန်းတန်ခိုးအာဏာ၏ အမှတ်သညာလည်း ဖြစ်ပေသည်။
ဒဏ္ဏာရီအဆိုအရ ထိုကလန်သားများ ခွန်အားကုန် ထုတ်သုံးပြီး တိုက်ခိုက်ကြသည့်အခါ ၎င်းတို့၏ ခန္ဓာကိုယ်ထက် နတ်ဆိုးအမှတ်အသားဟု ခေါ်သော တက်တူးများ ထွက်ပေါ်လာပေလိမ့်မည်။ ထိုနတ်ဆိုး အမှတ်အသားများထဲ မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းအားတို့ ကိန်းအောင်း၏။ ထို့ကြောင့် သူတို့ နတ်ဆိုးအမှတ်အသားများကို ဆင့်ခေါ်လိုက်သည့်အခါ အနည်းငယ်သာ သူတို့နှင့် တိုက်ခိုက်နိုင်ကြတော့သည်။
သို့သော် မဟာနတ်ဆိုးနတ်ဘုရား ကျဆုံးသွားသည့် အချိန်မှစ၍ ထိုကလန်လည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုကလန်အား ရှေးဟောင်းနတ်ဆိုးကလန်ဟု ခေါ်ပေသည်။
နှစ်အလီလီ ကြာညောင်းခဲ့ပြီးနောက် ထိုဒဏ္ဏာရီ မှန်၊မမှန် မည်သူမှ မသိတော့။ ထိုဒဏ္ဏာရီသည် မဟာနတ်ဆိုးနတ်ဘုရားကို ပို၍ကျော်ကြားစေရန် ဖန်တီးထားသော လုပ်ကြံဇာတ်လမ်း သက်သက်သာ ဖြစ်သည်ဟု ယုံကြည်ကြသူများပင် ရှိလာကြသည်။
သို့သော်လည်း ထိုဒဏ္ဏာရီကလန်သည် ယခု ရွှယ့်လီရှေ့တွင် ထွက်ပေါ်လာခဲ့လေပြီ။
သူတို့ အရေပြားကို ဖုံးလွှမ်းနေသော နတ်ဆိုး အမှတ်အသားများသည် အကောင်းဆုံး သက်သေပင် ဖြစ်လေသည်။
ထိုနတ်ဆိုးအမှတ်အသားများထဲ ကိန်းအောင်းနေသော အံ့မခန်းစွမ်းအင်များကို ရွှယ့်လီ ခံစားမိနေခဲ့သည်။
“နောက်ဆုံးတော့ ငါတို့ကို မှတ်မိပြီသွားပြီပေါ့” လီရုန်က ရွှယ့်လီအား လှောင်ပြုံးပြုံးကာ ကြည့်လိုက်ပြီး “နင်ကြည့်ရတာ သောက်ကန်းလုံးလုံး ဖြစ်နေတာတော့ မဟုတ်သေးဘူးပဲ”
“မဖြစ်နိုင်ဘူး” ရွှယ်လီ အော်ပြောလိုက်သည်။ သူမတွင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ရှိသင့်သော ဟိတ်ဟန်ကြီးသည့် အမူအရာမျိုး မရှိတော့။ လီရုန်အား လက်ညိုးထိုးလျက် အော်ဟစ်လိုက်လေသည် “လွန်ခဲ့တဲ့ နှစ်တစ်တောင်တည်းက နင်တို့အားလုံး သေသွားပြီလေ။ နင်တို့က မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမိန့်ကို ဆန့်ကျင်လို့ မဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင် နင်တို့ကို ဖျက်စီးပစ်ခဲ့တာလို့ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ရေးထားပြီးသား”
ရှင်းပြမရသာ အကြောင်းအချို့ကြောင့် မဟာ နတ်ဆိုးနတ်ဘုရားသည် ထိုရှေးဟောင်းနတ်ဆိုးကလန်ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်စီးခဲ့သည်ဟု အဆိုရှိကြသည်။
ထို့ကြောင့် ထိုကလန် ပျောက်ကွယ်သွားပြီဟု ရွှယ့်လီ ထင်နေခြင်းပင်။
“မယုံရင်ကိုယ်တိုင် လာစမ်းကြည့်လေ” လီရုန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အချိန်ဆိုင်းမနေဘဲ ရွှယ့်လီဆီ တိုက်ရိုက် ပြေးဝင်သွားလေသည်။
ရွှယ့်လီအတွေးများ ယောက်ယတ်ခတ်နေသဖြင့် တိုက်ပွဲအပေါ် အာရုံတစ်ချက် လွတ်သွားခဲ့သည်။ ထို့ကြောင့် လီရုန် သူမရှေ့ ရုတ်တရက် ပေါ်လာသည်ကို အချိန်မှီ မတုန့်ပြန်လိုက်နိုင်။ လီရုန်သည် တစ်ကိုယ်လုံးရှိ စွမ်းအင်များကို လက်ချောင်းထိပ်တွန် စုစည်း၍ ရွှယ့်လီအား ချိန်ရွယ်လိုက်သည်။
“သခင်မ” ယုမို အလန့်တကြား ထအော်လိုက်သည်။ ရွှယ့်လီအား သွားကူညီပေးလိုက်ချင်သော်ငြား ရှေးဟာင်းနတ်ဆိုးကလန်၏ တက်သစ်စ ဗိုလ်ချုပ်ကြီး နှစ်ယောက်ဖြစ်သော ယင်ယနှင့် ရွှယ်ကျီတို့က သူ့အား တားထားခဲ့သည်။
နှစ်ယောက်စလုံးက လှောင်ပြုံးပြုံးလျက် ယုမိုအား ပူးပေါင်းတိုက်ခိုက်လာခဲ့ရာ ယုမိုလည်း တိုက်ပွဲစပြီး တစ်ခဏအတွင်း အောက်စည်းသို့ ရောက်သွားခဲ့ရ၏။
သနားစဖွယ် အော်ဟစ်သံနှင့်အတူ ရွှယ့်လီ ကြိုးပြတ်သွားစော စွန်တစ်စင်းပမာ လွင့်ထွက်သွားခဲ့ရ၏။ သူမပခုံးထက် အရိုးထိတိုင်နက်သော ဒဏ်ရာတစ်ချက် ရှိနေခဲ့ပြီး ထိုဒဏ်ရာမှ ရွှေရောင်တောက်တောက် အနီရောင်သွေးများ စီးကျနေခဲ့သည်။
“နင့်ကိုယ်နင် နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးနဲ့ ထိုက်တန်တယ် ထင်နေတာလား” ရွှယ့်လီသွေး ရွှေရောင်တောက်နေသည်ကို မြင်သော် လီရုန်၏ အကြည့် ပိုပြီး စူးရှသွားခဲ့သည်။ သတ်ဖြတ်လိုစိတ်တို့သည်လည်း ပို၍ ပြင်းထန်လာခဲ့ကာ တိုက်ခိုက်မှုများသည်လည်း ပို၍ လျင်မြန်ထက်မြက်လာခဲ့သည်။
ရွှယ့်လီ အလျင်စလို နောက်ပြန်ဆုတ်နေလိုက်သည်။ အစောပိုင်းက မမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် တိုက်ပွဲအပေါ် အာရုံမစိုက်လိုက်နိုင် ဖြစ်ကာ လီရုန်၏ တိုက်ခိုက်မှုကို ခါးစည်းခံလိုက်ရသည်။ ယခု သူမ တိုက်ခိုက်ရမည့်လူသည် ရှေးဟောင်းနတ်ဆိုးကလန်မှ ဖြစ်မှန်း သိသွားပြီးနောက် လီရုန်ကို ရွှယ့်လီ အထင်မသေးတော့ပေ။ ထိုလူများသည် ဒဏ္ဏာရီထဲမှ စစ်သည်တော်များ ဖြစ်ကြသည် မဟုတ်ပေလော။
“မင်းတို့တွေ ဘာရပ်လုပ်နေကြတာလဲ” ယင်ယနှင့် ရွှယ်ကျီတို့၏ ဖိနှိပ်ထားခြင်း ခံနေရသည့် ယုမိုက လှမ်းအော်ဟစ်လိုက်သည် “အသက်ရှင်ချင်သေးရင် မြန်မြန် လာကူစမ်းကွာ။ မဟုတ်ရင် မင်းတို့အားလုံး သေရလိမ့်မယ်”
သူ့အော်သံ ကြားလိုက်မှပဲ ကျန်းအောင်၊ ချောင်ကွမ်နှင့် လူသားမျိုးနွယ်စုမှ အခြားသူတော်စင်များ အသိပြန်ဝင်လာခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် အံ့ကြိတ်၍ လက်နက်များကိုထုတ်ကာ တိုက်ပွဲထဲသို့ ပြေးဝင်သွားကြလေသည်။