← Chapters

အခန်း (၈၆၆-၈၇၀)

Vol. 35 Ch. 866-870

အခန်း (၈၆၆-၈၇၀)

Vol. 35 Ch. 866-870

အပိုင်း (၈၆၆) သွေးလွတ်မြောက်ခြင်း

ရွှယ့်လီနှင့် လီရုန်တို့ကြားမှ တိုက်ပွဲသည် ဤလောကကြီး၏ အထွဋ်အထိပ်အဆင့် ပညာရှင် နှစ်ယောက်ကြားမှ တိုက်ပွဲဖြစ်သည့်အတွက် ဖြစ်နိုင်လျှင် ကျန်းအောင်နှင့် ချောင်ကွမ်တို့ ဝင်ပါလိုစိတ် မရှိပေ။

ထို့ကြောင့် အလျင်စလို ရှေ့ပြေးတက်ကာ ယုမိုအတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ကျောင်းတော်တွင် စုစုပေါင်း သူတော်စင်အဆင့် ပညာရှင် လေးယောက်ရှိကာ ကျန်းအောင်သည် ဒုတိယအဆင့် ဖြစ်ပေသည်။ ထိုလူအင်အားသည် ပေါ့သေးသေးမဟုတ်။ ထို့ကြောင့် သူတို့ ဝင်ပါလိုက်သည့်အခါ တိုက်ပွဲအခြေအနေ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ယင်ယနှင့် ရွှယ်ကျီတို့ ချက်ချင်း‌ အောက်စည်း ရောက်သွားခဲ့သည်။

ငါးယောက်နှစ်ယောက်၊ ယင်ယနှင့် ရွှယ်ကျီတို့ နှစ်ယောက်စလုံး သူတို့၏ နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားလျှင်ပင် တိုက်ပွဲအခြေအနေကို မပြောင်းလဲနိုင်သေး။

“တော်ဝင်သခင်၊ ကျုပ်ကူညီဖို့ လိုသေးလား” ဝူကျဲက တိုးတိုးလေး မေးလိုက်သည်။

“မလိုဘူး” ရန်ကိုင်က ခေါင်းခါရမ်ပြလိုက်သည်။ ဤကဲသို့ တိုက်ပွဲမျိုးတွင် ဝူကျဲ ဝင်ပါလိုက်၍လည်း ဘာမှ ထူးလာလိမ့်မည် မဟုတ်ပေ။ အစကမူ သူကိုယ်တိုင် ဝင်ပါရန် စဉ်းစားနေခြင်းပင်။ သို့သော် တစ်ခုခုကို အာရုံခံမိလိုက်ပြီးနောက် ဝင်ပါရန် မလိုအပ်တော့မှန်း သိလိုက်သည်။

တိုက်ပွဲကွင်းပြင်ဆီသို့ လူနှစ်ယောက် အလျင်စလို ပြေးလာနေခဲ့သည်။

ထိုနှစ်ယောက်သည် ဗိုလ်ချုပ်ကြီး ဟန်ဖေးနှင့် ဟွာမိုတို့မှလွဲ၍ အခြားမဟုတ်ပေ။

ဟန်ဖေး၏ အရှိန်အဝါသည် ရေခဲတမျှ အေးစက်နေချိန် ဟွာမို၏ အရှိန်အဝါသည် ကြမ်းတမ်း ပြင်းထန်လွန်းနေခဲ့သည်။ မရောက်သေးခင်မှာပင် အရှိန်အဝါကို ထုတ်လွှတ်၍ ရန်သူများကို ဖိနှိပ်ထားခဲ့ရာ ယင်ယနှင့် ရွှယ်ကျီတို့လည်း ယခုမှသာ အသက်ရှူချောင်သွားခဲ့ရသည်။

ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းရှည်လျား‌သော နှင်းတောင်တန်းတစ်ခုလုံး နတ်ဆိုးချီတို့ဖြင့် ပြည့်နေခဲ့လေပြီ။

ဖျက်အားပြင်း ရေခဲစူးချွန်များ မိုးကုတ်စက်ဝိုင်း တစ်နေရာမှ ကျန်းအောင်၊ ချောင်ကွမ်နှင့် လူသား သူတော်စင်အဆင့် ပညာရှင်များဆီ တိုးဝင်လာခဲ့သည်။ ထိုအခြင်းအရာကို သတိပြုမိလိုက်သည်နှင့် ကျန်းအောင်နှင့် အခြားသူများသည် အလျင်စလို ရှောင်ရန် လုပ်လိုက်ကြသော်လည်း ရုတ်တရက်ဆိုသလို အောက်ဘက်မှ မရေမတွက်နိုင်သော ထူးဆန်းသည့် လက်များ ထွက်ပေါ်လာပြီး သူတို့အား ချုပ်နှောင် သွားခဲ့သည်။

ဟွာမိုသည် တစ္ဆေတစ်ကောင်ပမာ သူတို့ကြားသို့ အလျင်အမြန် ရောက်ရှိလာခဲ့၍ အထူးပညာရပ်တစ်ခုကို သုံးပြီး ထိုလက်များကိုဆင့်ခေါ်ကာ ရန်သူများကို လှုပ်မရအောင် ချုပ်နှောင်လိုက်ခြင်းပင် ဖြစ်လေသည်။

ထိုအကွက်ကျကျ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အားနည်းနည်းပိုကောင်းသော ကျန်းအောင်မှတစ်ပါး အခြားသူအားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ကြရသည်။

“သူတို့ပြီးပြီ” ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှံ့လိုက်ပြီး ကောင်းကင်ထက်တွင် ဖြစ်ပွားနေသော တိုက်ပွဲဆီ တစ်ဖန်ပြန်လည် အာရုံစိုက်လိုက်သည်။

လီရုန်နှင့် ရွှယ့်လီကြားမှ တိုက်ပွဲသည်လည်း အရှိန်အဟုန် မြင့်နေခဲ့လေပြီ။ အစပိုင်းတွင် အာရုံ တစ်ချက်လွတ်သွားသဖြင့် လီရုန်လက်စာ မိသွားခဲ့သော်လည်း အာရုံပြန်စိုက်ပြီးနောက် ရွှယ့်လီသည် လီရုန်နှင့် လက်ရည်တူ ယှဉ်တိုက်နိုင်နေခဲ့ပေပြီ။

မိန်းမလှလေး နှစ်ယောက်ကြားမှ တိုက်ပွဲသည် အရှိန်အဟုန် မြင့်လာရကား တစ်ဖက်နှင့်တစ်ဖက် သူမသာ၊ ကိုယ်မသာ ဖြစ်နေဆဲ။

အထွဋ်အထိပ် ပညာရှင်နှစ်ယောက်ကြား တိုက်ပွဲမှ ဖြာထွက်လာသော စွမ်းအင်လှိုင်းများကြောင့် ဘေးနား ပတ်လည်တစ်ခုလုံး တုန်ခါနေခဲ့ကြသည်။

ထိုစွမ်းအင်လှိုင်းများအောက်၌ အနားရှိ ဟင်းလင်းပြင်ပင် ပြိုကျတော့မည်ဟု ရန်ကိုင် ခံစားနေခဲ့ရသည်။

ရန်ကိုင် နှလုံးခုန်မြန်သွားခဲ့ပြီး လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်ကြားမှ တိုက်ပွဲကို မျက်တောင်မခတ်တမ်း သေသေချာချာ စိုက်ကြည့်နေလိုက်သည်။

သို့သော်လည်း ရွှယ့်လီသည် တိုက်ခိုက်ချင်စိတ် မရှိတော့သည့်ပုံပင်။ လီရုန်အား အထိနာအောင် တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ကိုယ့်ကိုယ်သာ ခုခံကာကွယ်ရန် ကြိုးစားနေခဲ့သည်။

ဟန်ဖေးနှင့် ဟွာမိုတို့ ရောက်လာသည်နှင့် သူမ တိုက်ခိုက်ချင်လုံးလုံး ပျောက်ဆုံးသွားခဲ့သည်။

အေးစက်စက် လရောင်အောက်ဝယ် ဘုန်းဆိုသော မြည်သံကြီးနှင့်အတူ အမျိုးသမီးနှစ်ယောက် လူချင်း ခွဲလိုက်သည်။

အမျိုးသမီးနှစ်ဦးသည် မီတာတစ်ထောင်အကွာမှ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့သည်။ လီရုန်၏ မျက်ဝန်းများသည် အဆုံးမဲ့သတ်ဖြတ်လိုစိတ်၊ အမုန်းတရားတို့ဖြင့် ပြည့်နေခဲ့ချိန် ရွှယ့်လီမှာမူ ဆက်တိုက်လျှင် သင့်မသင့် လွန်ဆွဲနေခဲ့လေသည်။

ရှေးဟောင်းနတ်ဆိုးကလန်သည် နတ်ဆိုးကလန်သား အားလုံးအတွက် ဒဏ္ဏာရီလာ တည်ရှိမှုကြီးတစ်ခု ဖြစ်ပေသည်။

လီရုန်သည် သူတော်စင်ဒုတိယအဆင့် ကျင့်ကြံခြင်း နှင့်ပင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်အား လက်ရည်တူ ယှဉ်တိုက်နိုင်နေလေပြီ။ သူမသာ သူတော်စင် တတိယ အဆင့်သို့ ရောက်ရှိသွားလျှင် လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြီး သည်ပင် သူမ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ထိုဒဏ္ဏာရီကလန်ကို ရန်သူအဖြစ်ပဲ ဆက်ထားရမည်လား၊ မထားရမည်လားကို လွန်ဆွဲ လာခဲ့ရသည်။ အလောင်းသယ်လူကြီးအား သတ်ခဲ့မိသည်ကို ရွှယ့်လီ နောင်တရနေခဲ့လေပြီ။

သူမသာ ထိုအလောင်းကောင်ကို မဖျက်စီးခဲ့လျှင် အေးအေးဆေးဆေး ထိုင်ဆွေးနွေးကောင်း ဆွေးနွေး နိုင်လောက်ပေလိမ့်မည်။ တကယ်တော့ သူမတို့ နှစ်ဦးစလုံသည် နတ်ဆိုးများပင် ဖြစ်ကြသည် မဟုတ်ပေလော။

သို့သော်လည်း လီရုန် မျက်လုံးထဲရှိ အမုန်းတရားအရ သူမတို့နှစ်ဦးကြားမှ ရန်ငြိုးကို ကြေအေးနိုင်တော့မည် မဟုတ်မှန်း ရွှယ့်လီသိလိုက်သည်။ နှစ်ဦးကြား အသက်ရှင်ကျန်ရစ်သူ တစ်ယောက်သာ ရှိနိုင်ပေမည်။

အံ့ကြိတ်၍ ရွှယ့်လီက ရေရွတ်လိုက်လေသည် “ရှေးဟောင်းနတ်ဆိုးကလန်… ဒီနေ့ကိစ္စကို ငါမမေ့ဘူး။ နတ်ဆိုးဗိုလ်ချုပ်ကြီး ရောက်လာတဲ့အခါကျ အခုလို ဆက်ပြီး မောက်မာနိုင်မလား ငါကြည့်ဦးမယ်”

ပြောပြီးသည်နှင့် ရွှယ့်လီ၏ ခန္ဓာကိုယ် သွယ်သွယ်လေးသည် မြွေတစ်ကောင်ပမာ ကျုံ့ဝင်သွားခဲ့ပြီး အရိုးကျိုးသံများနှင့်အတူ သွေးချီများ သူမခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

လီရုန်၏ မျက်နှာလှလှလေး အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။ သို့သော် သူမ အသိနောက်ကျ သွားခဲ့ရသဖြင့် ရွှယ့်လီ ဘာလုပ်ရန် ကြိုးစားနေမှန်း သိသော်လည်း အချိန်မှီ မတားလိုက်နိုင်ခဲ့ချေ။

ဖောင်း…

ရွှယ့်လီတစ်ကိုယ်လုံး သွေးမြူအဖြစ် ပေါက်ကွဲသွားခဲ့လေသည်။

တိုက်ပွဲအား အာရုံစိုက်နေကြသော ရန်ကိုင်နှင့် ဝူကျဲသည်လည်း ရွှယ့်လီ၏ လုပ်ရပ်ကြောင့် မှင်သက်နေခဲ့ရသည်။ အနိုင်၊အရှုံးကိုပင် မဆုံးဖြတ် နိုင်သေးသော တိုက်ပွဲအတွင်း ရွှယ့်လီသည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ကြိုးစားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သို့သော်လည်း ရွှယ့်လီအနေဖြင့် သူ့ကိုယ်သူ ယခုကဲ့သို့ အလွယ်တကူ သေကြောင်းကြံလိမ့်မည် မဟုတ်မှန်း သိထားသဖြင့် တစ်ခုခု မူမမှန်မှန်း ရန်ကိုင် တန်းသိလိုက်သည်။

“သွေးလွတ်မြောက်ခြင်းလား” လီရုန် အံကြိတ်၍ သူမရှေ့ရှိ သွေးမြူကို စိုက်ကြည့်နေခဲ့သည်။ ထိုမြူထဲ ထူးဆန်းပြီး အားကောင်းသော စွမ်းအင်တို့ ပါဝင်နေခဲ့၏။ ခဏအကြာ၌ ထိုသွေးမြူသည် ဗဟာနတ္ထိအဖြစ်သို့ ပြောင်းလဲပျောက်ကွယ် သွားခဲ့လေသည်။

တစ်ချိန်တည်းတွင်း ဟန်ဖေးသည် ယုမိုအား တိုက်ခိုက်တော့မည်အပြု၊ ပါးလျ၍ ရွှေရောင် တဖျက်ဖျက် လက်နေသော သွေးရောင်အလွှာပါးလေး တစ်ချပ်က ယုမိုအား လွှမ်းခြုံသွားခဲ့သည်။

ထိုသွေးအလွှဦသည် ယုမိုအား ရစ်ပတ်၍ သွေးနီရောင် လျှပ်စီးတန်းအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျံတက်သွားခဲ့လေသည်။

လီရုန်သည် ထွက်ပြေးသွားသော သွေးနီရောင် လျှပ်စီးတန်းအား လက်သီးကျစ်ကျစ်ဆုပ်၊ အံတင်းတင်း ကြိတ်လျက် မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ သို့သော် လိုက်ဖမ်းမည့်ပုံမပြ။

ရွှယ့်လီလက်ထဲတွင် ထိုကဲ့သို့သော ဝှက်ဖဲတစ်ချပ် ရှိနေလိမ့်မည်ဟု လီရုန် မထင်ထားခဲ့ပေ။ ထိုပညာရပ်သည် အစစ်အမှန်ချီနှင့် အသက်စွမ်းအင် အလွန်စားသော်လည်း လွန်စွာကိုမှ ပြီးပြည့်စုံလှသော ထွက်ပြေးနိုင်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ရွှယ့်လီ ထိုပညာရပ်အား အသုံးပြုလိုက်သည်နှင့် သူမအား တားဆီးရန် လီရုန် မစွမ်းငှာတော့။

အဘယ်ကြောင့်ဆိုသော် ထိုပညာရပ်သည် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်နေသောကြောင့်ပင်တည်း။

နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးစက်ကို သန့်စင်စဉ်က ကံကောင်းထောက်မပြီး မဟာနတ်ဆိုး နတ်ဘုရား ပိုင်ဆိုင်ခဲ့သော နတ်ဘုရားစွမ်းရည်အချို့ကို ရွှယ့်လီ နားလည်သွားနိုင်ခဲ့သည့်ပုံပင်။

သို့သော်လည်း ရွှယ့်လီ လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးသွားနိုင်ပြီဟု အားလုံး ထင်နေစဉ်မှာပဲ မိုးကုတ်စက်ဝိုင်း၏ အခြားတစ်ဖက်မှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှယ့်လီနောက်သို့ လိုက်သွားခဲ့သည်။

အထက်ကောင်းကင်ယံထက် ရွှေရောင်ချိန်းကြိုး တစ်ချောင်းသည် လျှပ်စီးတမျှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ရွှယ့်လီနောက်သို့ ပြေးလိုက်နေခဲ့သည်။ ကောင်းကင်အား ပိုင်းခြားထားသော ရွှေရောင်မြစ်ကြီး တစ်စင်းပမာ ထင်မှတ်ရသော ရွှေရောင်ချိန်းကြိုးမှ သန့်စင်လှသော ယန်ဓါတ်အရှိန်အဝါတို့ ဖြာထွက် နေခဲ့သည်။

ထိုအရှိန်အဝါ သူတို့အား ဖြတ်ကျော်စဉ် ရှေးဟောင်း နတ်ဆိုးကလန်သားအားလုံး စိတ်မသက်မသာ ဖြစ်သွားခဲ့ကြသည်။

“နတ်ဆိုးချုပ်နှောင်ချိန်းကြိုးပဲ” ရန်ကိုင် အလန့်တကြား ထအော်လိုက်သည်။

အကြည့်တစ်ချက်နှင့်ပင် ထိုချိန်းကြိုးသည် ကောင်းကင်စံအိမ်မှ သူပြန်ယူလာခဲ့သည့် ချိန်းကြိုးမှန်း ရန်ကိုင်သိလိုက်သည်။ ထိုချိန်းကြိုးကြောင့်ပဲ နတ်ဆိုးဗိုလ်ချုပ် မန်ကဲ၏ ဝိဥာဉ်ကိုယ်ပွါးနှင့် နတ်ဆိုး အရှင်သခင် ရန်ပိုင်တို့ကို သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထုန်းရွှမ်လောကကြီးသို့ ရောက်၍ ကောင်းကင် ဂိုဏ်းတော်ထဲသို့ ဝင်ပြီးနောက် နတ်ဆိုးချုပ်နှောင် ချိန်းကြိုးကို မူရင်းပိုင်ရှင်ဆီ ပြန်ပေးလိုက်သည်။

ထိုချိန်းကြိုးသည် လက်ရှိအချိန်၌ ချူလင်းရှောင် လက်ထဲတွင် ရှိနေခဲ့လေပြီ။

“နတ်ဆိုးမ၊ ငါတို့ လူသားပိုက်နက်ထဲ နင်လာချင်းတိုင်းလာ၊ သွားချင်တိုင်းသွားလို့ ရမယ် ထင်နေတာလား” အားမာန်ပါသော အသံတစ်သံ အာကာယံတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအသံထဲ ဆန်းကြယ်သည့် စွမ်းအင်တစ်ရပ် ပါဝင်နေသည့်အလား၊ အသံကို ကြားလိုက်သည့်လူတိုင်း သွေးများ ဆူပွက်လာခဲ့ရသည်။

တစ်ချိန်တည်းတွင် နတ်ဆိုးချုပ်နှောင်ချိန်းကြိုးသည် ကြာပွတ်ဝှေ့ရမ်းလိုက်သည့်ပမာ လေထဲသို့ ဝှေ့ချ၍ တလက်လက် တောက်ပနေသော စက်ဝိုင်းပြတ်တစ်ခု ထွက်ပေါ်လာပြီး ရွှယ့်လီဆီသို့ တိုးဝင်သွားလေသည်။

ခဏအကြာ၌ ရွှယ့်လီ၏ သနားစဖွယ် အော်ဟစ်သံ အားလုံး၏ နားထဲသို့ ပျံ့လွင့်လာခဲ့သည်။

သွေးနီရောင်လျှပ်စီးတန်း ပေါက်ကွဲထွက်သွားပြီး ရွှယ့်လီ ပြန်ပေါ်လာခဲ့သည်။ သို့သော်လည်း နည်းနည်းမျှပင် အချိန်မဆိုင်းဘဲ အရှိန်ကုန်တင်၍သာ ထွက်ပြေးသွားလေသည်။

ရန်ကိုင် ကိုးယိုးကားယား ဖြစ်သွားခဲ့ရသည်။

ထိုအသံပိုင်ရှင်သည် ကောင်းကင်ဂိုဏ်းတော်၏ ဘိုးဘေးဖြစ်သူ ချူလင်းရှောင်မှလွဲ၍ အခြား ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။

“သခင်” လီရုန်က လေးနက်တည်ကြည်သည့် အမူအရာဖြင့် ရန်ကိုင်ဘေးသို့ အလျင်စလို ရောက်ရှိလာခဲ့ပြီး “အခုရောက်လာတဲ့ တစ်ယောက်က အရမ်းသန်မလာလွန်းတယ်။ ပြီးတော့ သူ့လက်နက်က ကျွန်မတို့ နတ်ဆိုးမျိုးနွယ်စုအတွက် သီးသန့် လုပ်ထားသလိုပဲ… ဒီမှာ ခဏ‌ စောင့်နေနော်။ တစ်ခုခုဖြစ်ရင် ဆရာနဲ့ ကျွန်မတို့ကလန် ဘာမှ မပက်သက်ဘူးလို့သာ ပြောလိုက်။ ကျွန်မကလန်ကို ဦးဆောင်ပြီး နှင်းတောင်အတွင်းပိုင်ထဲမှာ သွားပုန်းနေမယ်”

ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ခေါင်းခါရမ်းကာ “မလိုဘူး၊ ကျုပ်ဘာသာကျုပ် ဖြေရှင်းလိုက်မယ်”

လီရုန် ရန်ကိုင်အား ခဏလောက် စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ဘာကန့်ကွက် စကားမှ မဆိုတော့ဘဲ ခေါင်းသာ ညိတ်လိုက်လေသည်။

“ရွှယ့်လီ ထွက်ပြေးသွားတာ အဲ့လူ လာနေတာကို သတိပြုမိလိုက်လို့လား” ရန်ကိုင်က တွေးတွေးဆဆဖြင့် မေးလိုက်သည်။

“ဖြစ်နိုင်လောက်တယ်” လီရုန်က ခေါင်းညိတ်လိုက်ပြီး “ကျွန်မတို့ နှစ်ယောက်စလုံးက သူမသာ၊ ကိုယ်မသာပဲ။ ဒါပေမယ့် ကျွန်မတို့နဲ့ အဆင့်တူ အခြားတစ်ယောက်သာ တိုက်ပွဲထဲ ပါလာလို့ကတော့… အဲ့အချိန်မှ သူထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့ ရတော့မှာ မဟုတ်ဘူး”

“အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”

ရွှယ့်လီ ထွက်ပြေးရန် ယတိပြတ် ဆုံးဖြတ်လိုက်သည်မှာ အထူးအဆန်း မဟုတ်တော့။ လတ်စသတ်တော့ ထိုလူလာနေသည်ကို သူမ သတိပြုမိထားသည်ကိုး။

“ဟုတ်သားပဲ။ ခုဏတုန်းက ရွှယ့်လီ သုံးသွားတဲ့ ပညာရပ်ကို သွေးလွတ်မြောက်ခြင်းလို့ ခင်ဗျား ပြောလိုက်သလားလို့” ရန်ကိုင်က မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

“ကျွန်မ ထင်တာသာ မမှားရင် အဲ့ပညာရပ်က မဟာနတ်ဆိုးနတ်ဘုရားရဲ့ နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခုပဲ” လီရုန်က အသာအယာ ခေါင်းညိတ်၍ နှစ်သိမ့်ပေးလိုက်သည် “သူ့ကို အားကျနေစရာ မလိုပါဘူး သခင်ရယ်။ သခင်ကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးနတ်ဘုရား သွေးတွေ အဆင့်တစ်ခုအထိ သိပ်သည်းသွားတာနဲ့ သခင်လည်း အဲ့ပညာရပ်ကို နားလည်လာမှာပါ”

“ကျုပ်အားကျနေတာ မဟုတ်ဘူး။ သိချင်ရုံ သက်သက်ပဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့်ပြန်ပြောလိုက်လေသည်။

နတ်ဘုရားစွမ်းရည်အကြောင်း ပြောရမည်ဆိုလျှင်… သူ့တွင်လည်း တစ်ခုရှိပေသည်။ နတ်ဆိုးနတ်ဘုရား၏ သွေးတစ်စက်ကို သန့်စင်ပြီးနောက် ဝိဥာဉ်ခွဲထုတ်ခြင်း ဆိုသော နတ်ဘုရားစွမ်းရည်တစ်ခုကို သူရရှိခဲ့သည်။ သူ့ဝိဥာဉ်ကိုယ်ပွား အားကောင်းလာမည့်နေ့ကို စောင့်မျှော်ရင်း ယခုထိတိုင် ၎င်းကို သူ့အသိစိတ် ပင်လယ်ထဲတွင် စိတ်စွမ်းအင်ဖြင့် အားဖြည့်ပေးနေခဲ့သည်။

သို့သော်လည်း ရွှယ့်လီသည်လည်း မဟာနတ်ဆိုး နတ်ဘုရား၏ နတ်ဘုရားစွမ်းရည် တစ်ခုကို နားလည် ထားသည်မှာ အနည်းငယ် အံ့အားသင့်စရာ ကောင်းနေခဲ့သည်။

ရွှယ့်လီ ထွက်ပြေးသွားပြီးနောက် ကျန်းအောင်နှင့် ချောင်ကွမ်တို့ ခုခံမနေတော့။ သူတို့၏ လက်အောက် ငယ်သားများကို တစ်နေရာတည်းတွင် စုစည်း၍ အနားရှိ ဟန်ဖေးနှင့် အခြားနတ်ဆိုးမျိုးနွယ်စုဝင်များကို အထိတ်တလန့်သာ စိုက်ကြည့်နေခဲ့ကြလေသည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ သူတို့အား လက်စားလာပြန်ချေမည်ကို ကြောက်စရာမလိုတော့၊ နောက်ခံကောင်းကောင်း ရှိပြီဟု အထင်မှတ်၍ ရွှယ့်လီနှင့်အတူ အဆုံးမဲ့နှင်းတောင်တန်းထဲသို့ ခြေဆန့်ခဲ့သည်။ သို့သော်လည်း အဖြစ်အပျက်များသည် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့။

ယခင်တစ်ကြိမ် သူတို့ ဘုံးကိုခုထွတ်မြတ်နယ်မြေကို တိုက်ခိုက်စဉ်က ရန်ကိုင်သည် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးကို ခေါ်ဆောင်၍ သူတို့အား ခွေဝဲစားများပမာ ထွက်ပြေးရအောင် လုပ်ခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ရန်ကိုင်သည် ယခင်တစ်ကြိမ်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ရပ်ကို ခေါ်ထုတ်လာခဲ့သည်။ သူခေါ်လာသူများအနက် တစ်ယောက်သည် နတ်ဆိုးဗိုလ်ချုပ်နှင့်ပင် လက်ရည်တူ ယှဉ်တိုက်နိုင်သည်။

ယခုမှပဲ ဝူကျဲ၏ မြင်နိုင်စွမ်းကို ကျန်းအောင်၊ ချောင်ကွမ်နှင့် အခြားသူများ မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

စိတ်ထဲ သွေးပျက်ခြောက်ခြားနေသော်လည်း မျက်နှာတွင် မပေါ်စေဘဲ ရဲဆေးတင်ကာ အော်ပြော လိုက်လေသည် “ငါတို့လူသားမျိုးနွယ်က ပညာရှင် ရောက်လာတော့မှာ။ နင်တို့ နတ်ဆိုးတွေ အခုနေ မပြေးထားရင် နောက်ပြေးနိုင်တော့မှာ မဟုတ်ဘူးနော်”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၅၇) လူအိုကြီးလား

ယခုလေးတင် ရွှေရောင်ချိန်းကြိုးကြောင့် ရွှယ့်လီ ဒဏ်ရာရသွားသည်ကို သူတို့ မြင်လိုက်သည်။ ထို့ကြောင့် ထိုလူသားပညာရှင်သာ ရောက်လာသရွေ့ နတ်ဆိုးများကို ကြောက်စရာ မလိုတော့ဟု သူတို့စိတ်ထဲ တွေးနေမိကြ၏။

“ဟုတ်တယ်” ချောင်ကွမ်ကလည်း အော်ပြောလိုက်သည် “ကျုပ်တို့လည်း ခင်ဗျားတို့နဲ့ ရန်သူ ဖြစ်ချင်တာ မဟုတ်ဘူး။ မိန်းမပျက်မ ရွှယ့်လီ လှည့်စားပြီး ခေါ်လာတာကြောင့်သာ ရောက်လာခဲ့ရတာ။ ကျုပ်တို့ကြားမှ ရန်ငြိုးမှ မရှိတာ။ ဒီနေ့ ကိစ္စကို ဘာလို့ ဒီနေရာမှပဲ မကြေအေးလိုက်တာလဲ။ အဲ့ဒါက ကျုပ်တို့ နှစ်ဦးနှစ်ဖက်အတွက်လည်း ကောင်းတယ်လေ…”

ရှေးဟောင်းနတ်ဆိုးကလန်သားများက ဘာမှ ပြန်မပြောခဲ့။ အကုန်လုံး ရန်ကိုင်ကိုသာ ကြည့်လိုက်ကြသည်။

တစ်ချိန်က သူတို့ အထင်သေးခဲ့သော ကောင်လေးသည် ယခုအချိန်၌ သူတို့၏ သေခြင်း၊ ရှင်ခြင်းကို အဆုံးအဖြတ် ပြေးနိုင်သော လူတစ်ယောက် ဖြစ်လာပြီမှန်း ကျန်းအောင်နှင့် အခြားသူများ ချက်ချင်း နားလည်သွားလိုက်သည်။ လွန်ခဲ့သော (၂)နှစ်၊ (၃)နှစ်ခန့်က ဖြစ်ပွားခဲ့သည့် ဘုံးကိုခုထွတ်မြတ် နယ်မြေနှင့်တိုက်ပွဲ၊ ရန်ကိုင်အား လပေါင်းများစွာကြာအောင် အမဲလိုက်သည်တို့ကို ပြန်တွေးမိပြီးနောက် ကြောက်ရွံ့စိတ်တို့ သူတို့စိတ်ထဲ ထပ်မံ ထွက်ပေါ်လာခဲ့ရပြန်သည်။

ထိုကောင်လေးပါးစပ်မှ နောက်ထပ်လာမည့် စကားလုံးများသည် သူတို့အား သတ်ရန် အမိန့်ပေးခြင်း ဖြစ်နေသည်မှာကို ကျန်းအောင်တို့ ကြောက်နေခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် ရွှယ့်လီအား ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သော လူသားမျိုးနွယ်စု ပညာရှင်သည် သူတို့ မျှော်လင့်ထားသည်ထက် စော၍ ရောက်လာခဲ့သည်။ ထိုအသစ်ရောက်လာသည့်လူကို မြင်မှပဲ ကျန်းအောင်နှင့် အခြားသူများ ရင်အေးနိုင်တော့သည်။ ယခုလေးတင် ခံစားနေခဲ့ရသော ကြောက်ရွံ့စိတ်တို့သည်လည်း နေလာ၊ နှင်းပျောက်သည့်ပမာ ပျောက်ကွယ်သွားခဲ့ရလေသည်။

သို့သော်လည်း အသစ်ရောက်လာသည့်လူကား တစ်ယောက်တည်းမဟုတ်၊ ငါးယောက်ပင် ဖြစ်နေခဲ့သည်။

သူတော်စင် တတိယအဆင့်တစ်ယောက်၊ သူတော်စင် ပထမအဆင့် လေးယောက်တို့ ကောင်းကင်ထက် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဤနေရာ၌ ထူးထူးခြားခြား လာရောက် စုဝေးနေကြသော လူအုပ်ကြီးကို မျက်မှောင်ကြုံ့၍ ဝေ့ကြည့်လိုက်ကြသည်။

ဦးဆောင်လာသောလူကား ပညာရှိတစ်ယောက်ကဲ့သို့ ဆံပင်ဖြူဖြူနှင့် လူအိုကြီးပင်။ သူ့အရှိန်အဝါအရ ထိုလူအိုကြီးသည် အလွန်အားကောင်းသော ပညာရှင် တစ်ယောက်မှန်း ကျန်းအောင်တို့ တန်းသိလိုက်သည်။ ကျန်လေးယောက်သည်လည်း အားမနည်းလှ၊ အကုန်လုံးသည် လွန်ခဲ့သော နှစ်များကတည်းက သူတော်စင်အဆင့်သို့ ချိုးဖျက်ထားကြသူများ ဖြစ်သည်။

ရောက်ရှိလာသော သူတော်စင်ငါးယောက်တွင် တစ်ယောက်သည် အမျိုးသမီးဖြစ်ပြီး လေးယောက်သည် အမျိုးသားများ ဖြစ်ကြသည်။ ငါးယောက်စလုံး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကြပြီး နောက်ဆုံး၌ အကုန်လုံး၏ အကြည့်သည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။ နားမလည်နိုင်မှုတို့သည် သူတို့မျက်နှာထက် အထင်သား။

တစ်ဦးတည်းသော အမျိုးသမီးသည် ရန်ကိုင်အား စူးရဲစွာ စတင်စိုက်ကြည့်လာပြီး အံကြိတ်လျက် ပါးစပ်မှ ပွစိပွစိ လုပ်နေခဲ့သည်။

နှုတ်ခမ်းသားလေးများ လှုပ်ရှားနေသည့်ပုံအရ အဆက်မပြတ် ကျိန်ဆဲနေသည့်ပုံပင်။

ထိုလူငါးယောက် ရောက်လာခဲ့ရာ ကျန်းအောင်တို့ မပျော်ဘဲ နေမည်လား။ ပျော်သည်ပေါ့။ ကျန်အောင်လည်း ချက်ချင်းပဲ ပြေးထွက်သွားလိုက်ပြီး လက်သီးဆုပ်၍ “ဒီက အစ်ကိုတော်ရဲ့ လေးစားရတဲ့နာမည်ကို သိလို့ရမလား မသိဘူး”

အုပ်စုခေါင်းဆောင်ဖြစ်သော လူအိုကြီးသည် ကျန်းအောင်ကို မျက်လုံးမှေးစဉ်း၍ ကြည့်လိုက်သည်။

“ကောင်းကင်ဂိုဏ်းတော်က… ချူလင်းရှောင်”

“ချူလင်းရှောင်လား” ကျန်းအောင် ရေရွတ်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာပြုံးလျက် အသံကျယ်ကျယ်ဖြင့် “ညီအစ်ကိုချူပဲ။ ရိုင်းသွားရင် တောင်းပန်ပါတယ်ဗျာ။ ဒီကျန်း အစ်ကိုချူရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့မှပဲ အစ်ကိုချူတိုက်ခိုက်တာကို ကိုယ်တိုင် မြင်ဖူးလိုက်ရတယ်။ မိစ္ဆာမိန်းမရွှယ့်လီတောင် အစ်ကိုချူကို မြင်တာနဲ့ ချက်ချင်း ထွက်ပြေးသွားရတယ် ဆိုတော့ တကယ်ကို အထင်ကြီးစရာ ပါပဲဗျာ”

‘မင်းဘယ်သူလဲ” ချူလင်းရှောင်က ရှေးဟောင်း နတ်ဆိုးကလန်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျန်းအောင်ကို ပြန်မေးလိုက်သည်။

ကျန်းအောင်နှင့် ချောင်ကွမ်တို့သည် သူတို့၏ နာမည်များအား အလျင်အမြန်ပဲ ပြောလိုက်ကြလေသည်။

“ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းလား” ချူလင်းရှောင် တစ်ချက် စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည် “မင်းတို့နှစ်ယောက် ဒီမှာ ဘာလာလုပ်နေတာလဲ။ မင်းတို့ဂိုဏ်းတွေက ဒီနေရာနဲ့ ကီလိုမီတာ ထောင်ချီပြီးတော့တောင် ဝေးတာလေ။ ပြီးတော့ လူတွေအများကြီးလည်း ခေါ်လာသေးတယ်”

ချူလင်းရှောင်လေသံထဲ အပြစ်တင်သံတို့ စွက်ဖက်နေသည်ကို သတိပြုမိသော် ကျန်းအောင် ရင်ထိတ်သွားခဲ့ရသည်။

ဤနေရာသည် ကောင်းကင်ဂိုဏ်းတော်နှင့် မနီးသော်ငြား မည်သို့ပင် ဖြစ်စေကာမူ ကောင်းကင်ဂိုဏ်းတော်၏ ပိုင်နက်နှင့် နီးကပ်နေဆဲပင်။ အပြင်လူများ အနေဖြင့် ဤနေရာသို့ လာရောက်စူးစမ်းချင်သည် ဆိုပါက နယ်မြေအရှင်ဆီ အရင်ဆုံး သွားလည်ပတ်သင့်ပေသည်။ သို့သော်လည်း ယခုတစ်ကြိမ် နှင်းတောင်တန်းသို့ ခရီး၌ ငွေးကြေးမြောက်မြားစွာ အသုံးပြု၍ ရှေးဟောင်းလလိုဏ်ဂူနှင့် လော့ရှုန်းဂိုဏ်းတို့ကိုသာ ဖိတ်ခေါ်ခဲ့သည်။

ထိုအင်အားစုနှစ်ခုတွင် အားကောင်းသော ပညာရှင်များ မရှိသည့်အတွက် ပြဿနာ ဖြစ်လာမည်ကို ကျန်းအောင်တို့ မကြောက်။

ကျန်းအောင်က ခပ်မြန်မြန်ပဲ ရှင်းပြလိုက်လေသည် “ဒဏ္ဏာရီလာ အလောင်သယ်လူကြီးနောက် လိုက်နေတုန်း ဒီနေရာကို မတော်တဆ ရောက်လာခဲ့တာပါဗျာ။ အဲ့မှာပဲ နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီ ရုတ်တရက် ပေါ်လာတာလေ။ နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီက ဒီနေရာကို အကြံအစည်တစ်ခုခုနဲ့ ရောက်လာတဲ့ပုံပဲဗျ။ အစ်ကိုချူ ရုတ်တရက် ပေါ်လာတာ ကျုပ်တို့ ကံကောင်းသွားတယ်။ မဟုတ်ရင် အခုလောက်ဆို ကျုပ်တို့ အဲ့မိန်းမရဲ့သားကောင်တွေ ဖြစ်နေလောက်ပြီ”

ကျန်းအောင်က ကြောက်ကြောက်လန့်လန့်၊ တုန်တုန်ရီရီ ဖြင့်ပြ ပြောပြနေလေရာ သူတကယ်ကြီး ထိုကဲ့သို့ ခံစားခဲ့ရသည့်အလား…

ချောင်ကွမ်းလည်း အလျင်စလို ဝင်ပြောလိုက်လေသည်။

လီရုန်က နှာခေါင်းရှုံ့၍ အထင်အမြင် သေးသေးဖြင့် “ဒီလူတွေ အရမ်း ဗလောင်းဗလဲ နိုင်လွန်းတယ်။ သူတို့ ပါစပ်တွေကို ထာဝရ ပိတ်သွားအောင် လုပ်ပေးလိုက်ရမလား၊ သခင်”

ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

လီရုန်သည် အသံတိုးတိုးဖြင့် ပြောခြင်း မဟုတ်လေရာ သူမပြောသည်ကို ကျန်းအောင် ကြားသွားခဲ့သည်။ ကြားသည်နှင့် ချက်ချင်း ဒေါသပုန်ထသွားခဲ့ပြီး “မိန်းမပျက်မ၊ ငါတို့ လူသားပညာရှင်ကြီး ရှေ့မှာတောင် လာပြီး မောက်မာနေရဲတယ်၊ ဟုတ်လား။ လိမ်လိမ်မာမာနဲ့ လက်လျှော့လိုက်မယ်ဆိုရင် နင့်အသက်ကို ချမ်းသာကောင်း ချမ်းသာပေးနိုင်မယ်”

သူတို့အပေါ် ကျန်းအောင်သဘောထား တစ်ရာ့ရှစ်ဆယ် ဒီဂရီတိတိ ပြောင်းလဲသွားခဲ့လေပြီ။

ချူလင်းရှောင် မကြောက်ခင်ကမူ ရန်ငြိုးကို ကြေးအေးမည်လေး၊ ဘာလေးဖြင့် ပြောနေခဲ့ပြီး ချူလင်းရှောင် ရောက်သည်နှင့် သူတို့ ချမ်းသာပေးရ အသက်ရှင်တော့မလိုလို ပုံစံမျိုး လုပ်ပြနေခဲ့ကြသည်။

သူတို့၏ အပြုအမူကြောင့် လီရုန် သူတို့အား ပို၍ အထင်သေးသွားခဲ့သည်။

‘အစ်ကိုချူ” ကျန်းအောင်က ချူလင်းရှောင်ဘက်သို့ လှည့်၍ “ဒီနတ်ဆိုးတွေက ရွှယ့်လီ ခေါ်လာတဲ့ သူ့လက်အောက် ငယ်သားတွေ ဖြစ်လောက်တယ်။ ညီအစ်ကိုချူ ဘာမှ ပြောနေစရာ မလိုဘူး။ အဲ့နတ်ဆိုးတွေရယ်၊ ဟိုလူသား သစ္စာဖောက်နှစ်ယောက်ကိုရယ်၊ ချက်ချင်း သတ်လိုက်တာ အကောင်းဆုံးပဲ”

ပြောပြီးသည်နှင့် ရန်ကိုင်နှင့် ဝူကျဲအား လက်ညိုးထိုး ပြလိုက်လေသည်။

“အဲ့လိုလား” ချူလင်းရှောင် ရန်ကိုင်အား နောက်တစ်ဖန် လှမ်းကြည့်လိုက်ပြီး သက်ပြင်းအမောကြီး ချလိုက်သည်။

ယခု သူသိချင်နေသည်မှာ သူ့ဂိုဏ်းတူမြေးလေး ဤအရှုပ်ထုပ်ထဲ မည်သို့မည်ပုံ ဝင်ပါနေရသလဲ ဆိုသည်ကိုပင်။ ထို့အပြင် ချူလင်းရှောင် မြင်ရသလောက် ရန်ကိုင်နှင့် ထိုနတ်ဆိုးများကြား ဆက်ဆံရေးသည် သာမန်မဟုတ်သည့် ပုံပင်။

ဒီကောင်လေးကတော့ကွာ… ချူလင်းရှောင် ကြိတ်၍သာ ခေါင်းခါရမ်းနေလိုက်သည်။

“သခင်၊ အဲ့လူအိုကြီးနဲ့ အခြားလူတွေ လှုပ်ရှားလာရင် ဟန်ဖေးနဲ့ အရင်ပြန်ဆုတ်နေလိုက်ပါ။ သူသခင့်ကို ကာကွယ်ပေးပါလိမ့်မယ်” လီရုန်က ရန်ကိုင် နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

ချူလင်းရှောင်ဆီမှ ဖိအားအကြီးကြီးကို သူမ ခံစားနေခဲ့ရသည်။ ထိုလူအိုကြီးသည် သူတော်စင် အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိနေသော ပညာရှင်တစ်ယောက် ဖြစ်လေသည်။

လီရုန် အစိုးရိမ်ဆုံးသည်ကား ရွှယ့်လီအား တိုက်ခိုက်ရန် သူအသုံးပြုခဲ့သည့် ချိန်းကြိုလးက်နက်ပင်။

ထိုချိန်းကြိုးဆီမှ ဖြာထွက်နေသော ယန်ဓါတ်သည် သူမတို့၏ နတ်ဆိုးချီကို သိသိသာသာ ဖိနှိပ်နေခဲ့သည်။ ထို့အပြင် ထိုလက်နက်ကို အသုံးပြုနေသူမှာ ချူလင်းရှောင်ပင် ဖြစ်သည်၊ သာမန် အညတရ ကျင့်ကြံသူတစ်ယောက် မဟုတ်။

သူ့တိုက်ခိုက်မှုကို ခံရပြီးနောက် ရွှယ့်လီအနေဖြင့် အနည်းဆုံး၊ တစ်လ၊ နှစ်လအတွင်း ပြန်ကောင်းလာလိမ့်မည် မဟုတ်ပေ။

“လူအိုကြီး” ရန်ကိုင် မျက်ခုံးပင့်ကာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ လီရုန် ပြောနေသည်ကို ဂရုမထားတော့ဘဲ ရှေ့သို့တက်၍ လက်သီးဆုပ်လျက် “တပည့်ရန်ကိုင် ဘိုးဘေးတည်ထောင်သူကို နှုတ်ဆက်ပါတယ်”

“ဘိုးဘေးတည်ထောင်သူလား” လီရုန် သူမပါးစပ်လေးကို အံ့အားသင့်တကြီး အုပ်လိုက်မိသည်။ မျက်ခမ်းလေးများ ဆိုလျှင်လည်း တဆတ်ဆတ် တုန်ရီနေခဲ့ရလေသည်။ ထိုလူသားမျိုးနွယ်စု ပညာရှင်နှင့် ရန်ကိုင်တို့ သိနေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ကျန်းအောင်နှင့် ချောင်ကွမ်တို့လည်း ကြောင်နေခဲ့ကြလေသည်။ ရုတ်တရက် တစ်ခုခုကို သူတို့ ပြန်စဉ်းစားမိလိုက်သည်။

ရန်ကိုင်သည် ကောင်းကင်ဂိုဏ်းတော်၏ တပည့်တစ်ယောက် ဖြစ်ပေသည်။

အစောပိုင်းက စိတ်လှုပ်ရှားလွန်းနေသဖြင့် ထိုအချက်ကို ယာယီ မေ့လျော့သွားခဲ့မိသည်။

“ကောင်စုတ်လေး၊ အခုချက်ချင်း ဒီကို လာခဲ့စမ်း” ချူလင်းရှောင်ဘေးတွင် ရပ်နေသော ဖေးယု လှမ်းခေါ်လိုက်သည်။

“လာပါပြီဗျာ…” ရန်ကိုင်လည်း ကူကယ်ရာမဲ့စွာဖြင့် ဖေးယုဆီ အမြန် လမ်းလျှောက်သွားလိုက်သည်။

ထိုငါးယောက်ရှေ့သို့ ရောက်သည်နှင့် ရန်ကိုင် ကိုးယိုးကားယား ပြုံးလိုက်သည်။

အနားတွင် ရှိနေသော ရှေးဟောင်းနတ်ဆိုးကလန်နှင့် ကျန်းအောင်တို့သည်လည်း ထိုခြောက်ယောက် ဘာပြောမလဲ ဆိုသည်ကို သေသေချာချာ နားစိုက်ထောင်နေခဲ့သည်။

ထိုအချက်ကို သတိပြုမိသော ချူလင်းရှောင်က သူ့လက်ကို ဝှေ့ရမ်း၍ သူ့ပတ်လည်၌ အကာအရံတစ်ခု ဖန်တီးလိုက်သည်။

“ဘိုးဘေးတည်ထောင်သူနဲ့ ဂိုဏ်းတူစီနီယာတွေ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ” ရန်ကိုင် မျက်ခုံးကြုံ့နေခဲ့သည်။

ချန်းယန်က အလျင်အမြန်ပဲ ရှင်းပြလိုက်သည် “အဲ့နတ်ဆိုးမ ဒီကို ရောက်လာကတည်းက ငါတို့ဘိုးဘေးက သူကို အာရုံခံမိပြီးသား။ သူဘာလုပ်မလဲ မသိသေးသလို့သာ ဆက်ပြီး စောင့်ကြည့်နေခဲ့တာ။ ဒီနေ့ တိုက်ပွဲကြီး ဖြစ်တော့မှပဲ ငါတို့လည်း လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာ။ နတ်ဆိုးမကို ထိအောင် တိုက်ခိုက်လိုက်နိုင်ပေမယ့် လွတ်သွားသေးတယ်”

“လတ်စသတ်တော့ အဲ့လိုကိုး” ရန်ကိုင် နားလည်သွားခဲ့လေပြီ။

ချူလင်းရှောင်သည် တစ်နှစ်ပတ်လုံးလိုလို တံခါးပိတ် ကျင့်စဉ်ဝင်နေသော်လည်း ရွှယ့်လီကဲ့သို့ ပညာရှင်တစ်ယောက် သူနှင့် ကီလိုမီတာ ထောင်ဂဏန်းအတွင်းသို့ ရောက်လာသည်နှင့် သတိမပြုမိဘဲ နေလိမ့်မည် မဟုတ်ပေ။

ယခုမှပဲ ချူလင်းရှောင် မည်မျှ အားကောင်းကြောင်းကို ရန်ကိုင် ကောင်းကောင်း နားလည်သွားခဲ့သည်။

ချူလင်းရှောင်သည် သူတော်စင် အထွဋ်အထိပ်အဆင့်တွင် ရပ်တည်နေသော ပညာရှင်တစ်ယောက် ဖြစ်မှန်း ရန်ကိုင် အတည်ပြုသွားနိုင်ခဲ့လေပြီ။ ထို့ကြောင့် ယခင်က နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်ကို သူသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကောင်စုတ်လေးး။ ကျောက်တုံးမြို့တော်မှာ လူအိုကြီးတုနဲ့ ဆေးပညာကို လေ့လာနေရမှာ မဟုတ်ဘူးလား။ ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ” ဖေးယုက ဒေါသလည်းထွက်၊ စိတ်လည်း ရှုပ်ရှုပ်ဖြင့် အော်မေးလိုက်သည်။

မကြာသေးခင်ကပင် သူကျောက်တုံးမြို့တော်တွင် ခဏ ဆက်နေဦးမည်ဖြစ်သူ သူ့အတွက် စိတ်မပူရန် ရန်ကိုင်သည် မိနာအား ကောင်းကင်ဂိုဏ်းတော်သို့ သတင်းစကား ပါးခိုင်းခဲ့သည်။ ထို့ကြောင့် ဖေးယုလည်း ထိုစကားကို ယုံပြီး သူ့ကိုရှာရန် ကျောက်တုံးမြို့တော်သို့ မသွားခဲ့ခြင်းပင်။ သို့သော် ကျောက်တုံးမြို့တော်တွင် နေမည်ဟု ပြောသော ရန်ကိုင်ကို ဤနေရာ၌ ရုတ်တရက် လာတွေ့နေရသည်။

“ပြောရရင် ဇာတ်လမ်းက အရှည်ကြီးပဲ… ဂိုဏ်းတူတူလေး ဘယ်ကနေ စပြောရမလဲ”

“ပြောနိုင်သလောက်သာပြော။ မပြောနိုင်တာကျရင် မပြောနဲ့။ ဒိလူအိုကြီးလည်း ဘယ်လိုလုပ်ပြီး အခုလိုတွေ ဖြစ်လာမှန်း တော်တော်လေး သိချင်နေတာ” ချူလင်းရှောင်က ပြုံးကာ ပြောလိုကသ်ည်။

ခေါင်းအသာအယာ ညိတ်လျက် ရန်ကိုင် သူ့ဇာတ်လမ်းကို စပြောတော့လေသည် “အဲ့လိုဆိုရင်လည်း တပည့် ပြောတော့မယ်။ ဘိုးဘေးတည်ထောင်သူနဲ့ ဂိုဏ်းတူ စီနီယာတို့ အရမ်းကြီး လန့်မသွားကြနဲ့ဦးနော်”

“ဟွန့်၊ ငါတို့ကို ဘာထင်နေတာလဲ။ ငါတို့က အလွယ်လေး အံ့အားသင့်သွားမယ့်ရုပ် ပေါက်နေလိုလာ့း” ဖေးယုက အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်သည်။

“ဒီထုန်းရွှမ်လောကကြီးကို ရောက်ပြီး မကြာခင်ကနေပဲ စပြောရတော့မှာပေါ့…” ရန်ကိုင်က ခဏလောက် စည်းစားပြီးနောက် လောင်ကျွမ်းမီးတောက် မြို့တော်တွင် အလောင်းသယ်လူကြီးနှင့် တွေ့ဆုံခဲ့ရပုံ၊ ထို့နောက် အလောင်းသယ်လူကြီး၏ ဖမ်းဆီးခြင်း ခံရပြီး ဆန်းကြယ် လောကငယ်ထဲသို့ ပစ်ထည့်ခံလိုက်ရပုံ… စသဖြင့် ရှင်းပြ ပြောဆိုသွားခဲ့သည်။ ရန်ကိုင် ထင်ထားသလိုပင်၊ သူစပြောပြီး ခဏအကြာ၌ ချူလင်းရှောင်နှင့် သူ့ဂိုဏ်းတူစီနီယာတို့ ထိတ်လန့်အံ့အားသင့်လာခဲ့ကြလေသည်။

မဟာနတ်ဆိုးနတ်ဘုရား အကြောင်းကိုမူ ထည့်မပြောခဲ့။ ရှေးဟောင်းနတ်ဆိုးကလန်ကို လွတ်မြောက်အောင် လုပ်ပေးမယ့် အလဲအလှယ်ဖြင့် သူ့ဆီ အမှုထမ်းပေးရမည်ဟူသော သူကိုယ်တိုင် ဖန်တီးထားသည့် သဘောတူညီချက်ကိုသာ ထည့်ပြောသွားခဲ့သည်။

သူ့ဇာတ်လမ်းထဲ ဟာပေါက်များ ရှိနေသော်ငြား ချူလင်းရှောင်တို့ ငါးယောက်သည် ဘာမှထပ်မမေးခဲ့ဘဲ သူပြောသည်ကိုသာ တိတ်တိတ်လေး နားထောင်နေခဲ့သည်။

ဖြစ်ကြောင်းကုန်စဉ်ကို သိလိုက်ရပြီးနောက် ချူလင်းရှောင်က တွေးတွေးဆဆဖြင့် မေးလိုက်သည် “ဒါပေမယ့် သူတို့တွေက မင်းအမိန့်ကို တကယ် နာခံလို့လား”

“နာခံတယ်”

“ဆန့်ကျင့်တာတို့ ဘာတို့ မဖြစ်နိုင်ဘူးလား”

“မဖြစ်နိုင်ဘူး” ရန်ကိုင်က ယတိပြတ် ပြောလိုက်သည်။

ချူလင်းရှောင် ရန်ကိုင်အား ခဏကြာအောင် စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “ကောင်းတယ်။ မင်းက အသက်မကြီးသေးပေမယ့် ဒီလို တည်တည်ငြိမ်ငြိမ်၊ စဉ်းစဉ်းစားစားနဲ့ လုပ်တတ်တော့ ငါတို့ လူသားမျိုးနွယ်စုအပေါ် ဘာဒုက္ခမှ မသယ်လာလောက်ဘူး။ သူတို့က မင်းဆီ လိုလိုလားလားနဲ့ အမှုထမ်းနေမှတော့ မင်းရဲ့ ကိုယ်ပိုင်အင်အားစုတစ်ခုအဖြစ် သတ်မှတ်လို့ ရနေပြီပေါ့။ ဒါပေမယ့် ဒီစွမ်းအားက အသွားနှစ်ဖက်ဓါးလိုပဲ ဆိုတာကိုတော့ မမေ့နဲ့။ ကောင်းကောင်း မသုံးတတ်ရင် ဒုက္ခရောက်ရမယ့် လူက မင်းကိုယ်တိုင်ပဲ ဖြစ်သွားလိမ့်မယ်”

ရန်ကိုင်က ခေါင်းညိတ်၍ “တပည့် မှတ်ထားပါ့မယ်”

“ပြီးတော့။ မရေမတွက်နိုင်တဲ့ လူတွေရဲ့ ပစ်မှတ် ဖြစ်လာရလိမ့်မယ်။ အဲ့လိုမဖြစ်ချင်ရင်တော့ အခုကတည်းက သူတို့လက်လျှော့လိုက်ဖို့ ငါမင်းကို အကြံပေးချင်တယ်။ သူတို့ကို လက်ခံလိုက်ပြီဆိုတာနဲ့ မင်းတောင် မတွေ့ဖူးတဲ့ ပညာရှင်တွေ အများကြီးနဲ့ ရန်သူ ဖြစ်ရတော့မှာ” ချူလင်းရှောင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“တပည့် သိပါတယ်”

“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဒီလူအိုကြီးလည်း ဘာမှ ထပ်မပြောတော့ဘူး” ချူလင်းရှောင်က ပြုံးလိုက်ပြီး “ကောင်းကင်ဂိုဏ်းတော်ကတော့ သူတို့ကို ခေါ်ထားနိုင်မှာ မဟုတ်ဘူး။ မင်းသူတို့ကို ဘယ်မှာနေခိုင်းဖို့ စဉ်းစားထားလဲ။ နတ်ဆိုးကုန်မြေကိုပဲ ခေါ်သွားဖို့ စဉ်းစားထားတာလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၆၈) ခွေးတစ်ကောင်ကြောင်တစ်မြီးမျှပင် မကျန်စေရ

ထိုနတ်ဆိုးမျိုးနွယ်စုဝင်များအား ကောင်ကင်ဂိုဏ်းတော်က လက်ခံထားလိုက်ပါက အပြင်လူများကို မဆိုထားနှင့် ကောင်းကင်ဂိုဏ်းတော်မှ တပည့်များပင် လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့လုပ်ခြင်းသည် ကောင်းကင်ဂိုဏ်းတော်၏ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေနိုင်ပါသည်။

အပြင်လူများသည်လည်း ကောင်းကင်ဂိုဏ်းတော်သည် နတ်ဆိုးမျိုးနွယ်စုနှင့် ပူးပေါင်းနေသည်ဟု ထင်လာကြပေလိမ့်မည်။

ချူလင်းရှောင် ထိုကဲ့သို့ ပြောလာသဖြင့် ရန်ကိုင်လည်း သူ့အစီအစဉ်ကို ဆက်၍ ဖုံးကွယ်မထားတော့ဘဲ “သူတို့နေဖို့ နေရာကို တပည့် စဉ်းစားပြီးပါပြီ”

“အို၊ ဘယ်မှာလဲ”

“တပည့် သူတို့ကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ခေါ်သွားမှာပါ။ အဲ့နေရာက လူသားပိုင်နက်ရဲ့ အစွန်းလည်းကျ၊ မွန်းစတားနယ်မြေနဲ့လည်း ထိကပ်နေတော့ သိပ်ပြီး ပြဿနာ မရှိလောက်ဘူး ထင်တာပဲ”

“ဘုံးကိုးခုထွတ်မြတ်နယ်မြေလား” ချန်းယန် မျက်မှောင်ကြုံ့သွားခဲ့ပြီး “အဲ့နေရာနဲ့ မင်းရင်းနှီးနေတာလား။ ဒီလောက်များတဲ့ နတ်ဆိုးမျိုးနွယ်စုတွေကို သူတို့ဆီမှာ ဘယ်လိုလုပ်ပြီး နေခွင့်ပေးမှာလဲ”

“ဘုံးကိုခုထွတ်မြတ်နယ်မြေမှာ တိုက်ပွဲဖြစ်ပြီး အဲ့နေရာကို မွန်းစတားမျိုးနွယ်စုက စီနီယာကြီးက အပိုင်သိမ်းထားတယ်လို့ ငါလည်း သတင်းတွေကြားတယ်” ဖေးယုလည်း စိုးရိမ်တကြီးဖြင့် “နင်အခုသွားလို့ အဲ့မှာ နင့်အသိတွေ ရှိတယ်ဆိုရင်တောင် သူတို့ကို ရှာလို့ တွေ့ဦးမှာ မဟုတ်ဘူး။ မွန်းစတားမျိုးနွယ်စုရဲ့ စီနီယာကြီးက ထိပ်တန်းအဆင့် သူတော်စင် တတိယအဆင့် ပညာရှင် တစ်ယောက်ပဲ။ နင်သွားညှိနှိုင်းလို့ ရမှာမဟုတ်ဘူး”

ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကို ကုတ်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်လေသည် “ဂိုဏ်းတူစီနီယာတို့ စိတ်ပူစရာ မလိုပါဘူးဗျာ။ တကယ်တော့ ကျုပ်က ဘုံးကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် အသစ်ဗျ…”

ရန်ကိုင် ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် စီနီယာ လေးယောက်စလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

ချူလင်းရှောင်ပင်လျှင် အံ့ဩတကြီး ဖြစ်နေခဲ့လေသည်။

အချိန်အတော်ကြာသွားမှပဲ ချန်းယန်က တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် ပြောလိုက်သည် “ဂိုဏ်းတူတူလေး၊ မင်း… နောက်နေတာမလားဟင်… ဒါမှမဟုတ် အတည်ကြီးပဲ ပြောနေတာလား”

“ကျုပ်နောက်နေတဲ့ပုံ ပေါက်လို့လား” ရန်ကိုင်က ပခုံးတွန့်ပြလိုက်သည်။

“တော်ဝင်သခင်အသစ်လား” လီရုန် ပါးစပ် မဲ့ရွှဲ့သွားခဲ့သည်။ သူဆက်မတွေးရဲတော့။

ဖေးကျန်းက ခဏလောက် တွေးနေလိုက်ပြီးနောက် ခေါင်းညိတ်၍ “ဘုံးကိုခုထွတ်မြတ်နယ်မြေမှာ တော်ဝင်သခင် အသစ် တစ်ယောက် တက်လာတယ်လို့ ငါလည်း သတင်း ကြားတယ်။ ပြီးတော့ အဲ့တစ်ယောက်က တော်တော်လေး ငယ်တယ်ဆိုပဲ…” ပြောနေရင်း ရန်ကိုင်အား အထက်အောက် အစုံအဆန် သေသေချာချာ စူးစမ်းကြည့်လိုက်သည်။

“တကယ်ကြီး နင်လား” ဖေးယုက အော်ပြောလိုက်သည် “အခြား နင်ဘာတွေ ထပ်ပြီး ဖုံးကွယ်ထားသေးလဲ၊ ပြောစမ်း”

“ဘာမှ မဖုံးကွယ်ထားတော့ပါဘူးဗျာ” ရန်ကိုင် လည်ပင်းလေး ကျုံ့သွားခဲ့ပြီး “ကျုပ်လည်း ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ကို ပြောဖို့လုပ်ပါသေးတယ်။ ဒါပေမယ့် အခွင့်အရေးမှ မရတာ… ဟဲဟဲ”

“မွန်းစတားမျိုးနွယ်စုက စီနီယာကြီးကို… မင်းကိုယ်တွယ်နိုင်လား” ချူလင်းရှောင်က ရန်ကိုင်အား စိုက်ကြည့်ကာ မေးလိုက်သည်။

“ဘိုးဘေးတည်ထောင်သူ စိတ်မပူနဲ့။ မွန်းစတား မျိုးနွယ်စုက စီနီယာကြီးက ဘုံးကိုးခုထွတ်မြတ်နယ်မြေကို စောင့်ကြပ်ပေးဖို့ တာဝန်ယူထားတာ။ ကျုပ်နဲ့သူ သဘောတူညီချက် လုပ်ပြီးသာ။ အခု သူတို့ကျုပ်ဆီ ပြန်ပေးဖို့ အချိန်တန်ပြီလေ”

“အင်း၊ မင်းမှာလည်း အဲ့လိုစွမ်းအားမျိုး ရှိနေပြီကိုး” ချူလင်းရှောင်က လီရုန်နှင့် အခြားသူများဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီး “နတ်ဆိုးတွေကို ငါကြည့်မရပေမယ့် ဒီနတ်ဆိုးတွေကတော့ မင်းကို တကယ်ဂရုစိုက်တဲ့ပုံပဲ။ ဟိုမှာရပ်နေတဲ့ မိန်းမက ရွှယ့်လီနဲ့ တိုက်ခိုက်ခဲ့တဲ့ တစ်ယောက်မလား”

“ဟုတ်ပါတယ်။ ရွှယ့်လီက အလောင်းသယ်လူကြီးကို သတ်သွားတော့ သူတို့ကြားက အမုန်းတရားက လွယ်လွယ်နဲ့ ကြေအေးလို့ ရတော့မှာ မဟုတ်ဘူး”

“ကောင်းပြီလေ။ ဒီနတ်ဆိုးအုပ်ကိုတော့… မင်းဘာသာပဲ သင့်သလို စီစဉ်လိုက်တော့။ မင်းကြောင့်သာ မဟုတ်ရင် ဒီလူအိုကြီး အဲ့နတ်ဆိုးတွေကို ကျိန်းသေ အလွတ်ပေးမှာ မဟုတ်ဘူး”

“ဘိုးဘေးတည်ထောင်သူကို ကျေးဇူးအများကြီး တင်ပါတယ်ဗျ” ရန်ကိုင်က ဝမ်းသာတကြီး ပြောလိုက်သည်။

ချူလင်းရှောင် ပြောခဲ့သလိုပင် သူ့နေရာတွင် အခြား တစ်ယောက်သာ ဆိုပါက ယခုကဲ့သို့ မျက်နှာသာ ပေးခံရလိမ့်မည် မဟုတ်ချေ။

“ဘိုဘေး၊ ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းကို ဘယ်လိုလုပ်ရမလဲ” ချန်းယန် မဆိုသလောက်ကလေး မျက်မှောင်ကြုံ့သွားခဲ့ပြီး “ကျုပ်တို့သာ သူတို့ကို သွားခွင့်ပေးလိုက်ရင် ဂိုဏ်းတူတူလေးရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်လိမ့်မယ်”

ချူလင်းရှောင်လည်း မျက်မှောင်တစ်ချက် ကြုံ့သွားခဲ့ပြီး “ဒီလူအိုကြီးက နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီကို တားဖို့ပဲ ရောက်လာခဲ့တာ။ အခြာလူတွေကိုတော့… တစ်ယောက်မှ ငါမမြင်ခဲ့ဘူး”

ထိုစကားကို ကြားကြားချင် ချန်းယန်တို့ ယာယီ မှင်သက်သွားခဲ့ရသည်။ ထို့နောက် လေးယောက်စလုံး ပြုံးစိပြုံးစိဖြင့် ရန်ကိုင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။

ချန်းယန်က ရန်ကိုင်ပခုံးကိုပုတ်၍ “ဂိုဏ်းတူတူလေး၊ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦးနာ်။ ရှင်းမနိုင်တဲ့ ပြဿနာရှိရင် ကိုယ့်ဘာသာကြိတ်ပြီး အလုပ်ရှုပ်မခံနဲ့။ ဂိုဏ်းဆီကိုသာ ပြန်လာခဲ့။ ကောင်းကင်ဂိုဏ်းတော်က အမြဲတမ်း မင်းရဲ့ အိမ်ဖြစ်နေမှာပဲ”

“ရှုယဉ်သာတောင်က နင့်အခန်းကို ဒီအတိုင်း အလွတ်ထားထားလိုက်မယ်။ လာလာလည်ဖို့ မမေ့နဲ့ဦးနော်” ဖေးယုက အပြုံးလေးပြုံးလျက် ပြောလိုက်သည်။

“မင်းမျက်နှာ လာလာမပြရင် မင်းတို့ ဘုံးကိုခုထွတ်မြတ် နယ်မြေဆီ ငါလာမှာနော်။ အဲ့မှာ သူတော်စင်မလေးတွေ အများကြီးပဲ ရှိတယ်ဆို… အယောက်တိုင်းကလည်း ရှားမှရှား အလှဂဟေးတွေချည်းပဲတဲ့…” လီဝမ်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

ဖေးကျန်းကမူ ဘာမှမပြောခဲ့ဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

“ဂိုဏ်းတူဒေါ်လေး၊ ဂိုဏ်းတူဦးလေးတို့…” ရန်ကိုင်၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီနေခဲ့သည်။ သူ့မှာ ဘာဆက်ပြောလို့ ပြောရမှန်းမသိတော့။ သူ့ရင်ထဲလည်း အရမ်းကိုမှ နွေးထွေးကြည်နူးနေရသည်။

“သွားကြမယ်။ ဟိုနတ်ဆိုးမ လွတ်သွားပြီလား မသိဘူး။ ဒါပေမယ့် နတ်ဆိုးချုပ်နှောင်ချိန်းကြိုးစာ မိထားတော့ လွယ်လွယ်နဲ့တော့ ပြန်ကောင်းလာမှာ မဟုတ်ဘူး” ချူလင်းရှောင်၏ အကြည့်ထက်ရှသွားခဲ့ပြီး အစစ်အမှန်ချီဖြင့် ကျန်လေးယောက်ကို ရစ်ပတ်ကာ မိုးကုတ်စက်ဝိုင်းဆီသို့ အလင်းတန်းတစ်ခုပမာ ပြေးထွက်သွားတော့လေသည်။

“အစ်ကိုချူ… အစ်ကိုချူ…” ချူလင်းရှောင် ထွက်သွားသည်ကို မြင်သော် ကျန်းအောင် သွေးပျက် ခြောက်ခြား သွားခဲ့ရလေပြီ။

ချူလင်းရှောင်သည် မေးခွန်းလေး နည်းနည်းသာ မေးပြီး ချက်ချင်း ပြန်ထွက်သွားလိမ့်မည်ဟု ကျန်းအောင် လုံးဝ မထင်ထာခဲ့ပေ။

“အစ်ကိုကျန်းရေ၊ ကျုပ်တို့တော့ စွန့်ပစ်ခံလိုက်ရပြီ။ အဲ့ချူလင်းရှောင်ဆိုတဲ့ ခွေးသူတောင်းစားလည်း ဟိုခွေးကောင်နဲ့ တစ်သိုက်တည်း ဖြစ်ရမယ်” ချောင်ကွမ် အရမ်းကိုမှ စိတ်တို၊ စိတ်ဓါတ်ကျနေခဲ့သည်။

ပြေးပေါက်မရှိတော့မှန်း သိလိုက်သည်နှင့် အဆုံးမဲ့ အသူရာချောက်နက်ထဲသို့ ကျသွားသည့်နှယ် ခံစားလိုက်ရသည်။

ထောင်ပေါင်းများစွာသော ရှေးဟောင်းနတ်ဆိုး ကလန်သားများသည် နတ်ဆိုးအမှတ်အသားများကို ထုတ်ဖော်လျက် သူတို့အား ဝိုင်းလိုက်ကြသည်။ သူတော်စင် အဆင့် ပညာရှင်ငါးယောက်ဆိုလျှင်လည်း သူတို့အား တိုက်တော့မည် တကဲကဲ ဖြစ်နေခဲ့သည်။

ကျန်းအောင်၊ ချောင်ကွမ်နှင့် အခြားသူအားလုံး အလိုလို နောက်ဆုတ်မိသွားခဲ့ကြသည်။ မရှိမဲ့ရှိမဲ့ ခွန်အားလေးကို စုစည်းလျက် တံတွေးတစ်လုတ် မျိုးချရင်း သွေးပျက် ချောက်ချားစွာ ရှေးဟောင်းနတ်ဆိုးကလန်သားများကို စိုက်ကြည့်လိုက်သည်။

“ဆရာ၊ သူတို့ကို ဘယ်လိုလုပ်ရမလဲ” လီရုန်က ရန်ကိုင်ကို မေးလိုက်ရာ ရန်ကိုင်က မိစ္ဆာဆန်ဆန်သာ ပြုံးပြလိုက်သည်။

ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်နှင့် ကျန်းအောင်က ကပျာကယာ အော်တားလိုက်လေသည် “တော်ဝင်သခင်ရန်ရယ်၊ ဒီလောက် ရက်စက်စရာ လိုလို့လားဗျာ။ ဒီတစ်ကြိမ် ကျုပ်တို့ တကယ်ကို မှားခဲ့ပါတယ်။ ဒါပေမယ့် ပြေရာပြေကြောင်းလေးတော့ ဆွေးနွေးလို့ မရတော့ဘူးလားဗျာ။ နောင်ပိုင်းပြန်တွေ့ကြရင် ကျုပ်တို့အချင်းချင်း မိတ်ဆွေ မဖြစ်နိုင်တာမှ မဟုတ်ဘဲ။ ဒီနေ့ ဒီမှာဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို စကားတစ်ခွန်းတောင် ပြန်မဟဘူးလို့ ဒီကျန်း ကျိန်ဆိုရဲပါတယ်”

“ပြေရာပြေကြောင်း ဆွေးနွေးဖို့လား” ရန်ကိုင်က မဲ့ရယ်ရယ်လိုက်ပြီး “လိုသေးလို့လား။ ဒီနေ့ပြီးရင် ကျုပ်တို့ ထပ်တွေ့ကြတော့မှာမှ မဟုတ်တာ”

ပြောပြီးသည်နှင့် သူ့မျက်လုံးများ အေးစက်သွားခဲ့ပြီး ယတိပြတ်လေသံဖြင့် အမိန့်ပေးလိုက်သည် “သတ်လိုက်တော့”

ဘုံးကိုခုထွတ်မြတ်နယ်မြေ တိုက်ခိုက်ခံရသည့် အချိန်မှစ၍ ထိုလူတစ်သိုက်သည် သူ့အား တောက်လျှောက် ဆန့်ကျင်နေခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အချိန်မျိုးတွင်ပင် အမှားအမှန် ရောထွေသွားစေရန် ဗလောင်းဗလဲ ပြောဆိုနေသေးသည်။ ထိုကဲ့သို့သော လူမျိုးကိုသာ အသက်ချမ်းသာပေးလိုက်ပါက ကျားအား တောထဲ ပြန်လွှတ်ပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ရန်ကိုင်သည် သဘောထားကြီးသူ မဟုတ်၊ သူ့အား လာရန်စလျှင် ဆထက်မက ပြန်လည်တုန့်ပြန်တတ်သူ ပင်ဖြစ်သည်။

သူ့စရိုက်အရ သူ့အား သတ်နိုင်ရန် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြသော ကျန်းအောင်နှင့် ချောင်ကွမ်တို့အား လုံးဝ အသက်ချမ်းသာခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ရန်ကိုင် အမိန့်ပေးလိုက်သည်နှင့် ထောင်ပေါင်း များစွာသော ရှေးဟောင်းနတ်ဆိုးကလန်သားများသည် အမျိုးမျိုးသော လက်နက်များကို ထုတ်ယူကာ ကြယ်ရောင်ဖြာ နန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းဆီမှ တပည့်များဆီသို့ ပြေးဝင်သွားကြလေသည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများ ဆန်းကြယ် လောကငယ်ထဲ ပိတ်လှောင်ထားခံခဲ့ရသည်မှာ အလွန်ကိုမှ ကြာညောင်းခဲ့သည်။

သူတို့သည် နတ်ဆိုးမျိုးနွယ်စု၏ လက်ရွေးစင်များ တစ်ဖြစ်လဲ သွေးဆာမှု၊ ရက်စက်ကြမ်းကြုတ်မှု၏ အမှတ်လက္ခဏာများလည်း ဖြစ်သည်…

နှစ်ထောင်ပေါင်းများစွာကြာအောင် သူတို့အသွေး၊ အသား၊ အရိုးထဲ ကိန်းအောင်းနေခဲ့သော မွေးရာပါ ရက်စက်ကြမ်းကြုတ်မှုတို့ကို နောက်ဆုံး ထုတ်လွှတ်နိုင်ခဲ့လေပြီ။

လွန်ဆွဲနေစရာ မရှိတော့လေသည် တိုက်ပွဲစသည့် အချိန်မှစ၍ အားကုန်သုံးကာ ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းမှ တပည့်များကို အသေအကြေ ကြိတ်ချေတော့လေသည်။

ထိုအင်အားစုနှစ်ခု၏ သူတော်စင်အဆင့် ပညာရှင် လေးယောက်သည်လည်း ဟန်ဖေးနှင့် ရှေးဟောင်း နတ်ဆိုးကလန်မှ အခြားသူတော်စင်များ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။

ယခုလေးတင် အဆင့်ချိုးဖျက်ထားသော ဟန်ဖေးနှင့် ဟွာမိုတို့သည် ကျင့်ကြံခြင်း အခြေခိုင်စေရန် သွေးသံတရဲရဲ တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ရန် လိုအပ်နေခဲ့လေရာ နှစ်ယောက်စလုံးသည် နည်းနည်းမျှပင် ခွန်အား ချပ်လှပ်ခြင်း မပြုခဲ့။ အားကုန်သုံးကာ မီးကုန်ယမ်းကို တိုက်ခိုက် နေခဲ့ကြလေသည်။

ကျန်းအောင်သည် သက်တမ်းရင့် သူတော်စင် ဒုတိယ အဆင့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း နတ်ဆိုး အသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသော ရှေးဟောင်း နတ်ဆိုးကလန်သားများအား မည်သို့မှ ပြန်မတိုက်နိုင်ခဲ့ပေ။ လီရုန်သည် တိုက်ပွဲထဲ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုဘဲ သူမ၏ ကလန်သားများကိုသာ စိတ်ရှိတိုင်း တိုက်ခိုက်စေခဲ့သည်။

ပူနွေးနွေး သွေးစိမ်းရှင်ရှင်တို့ ဖြာဖြာဝေလျက် စူးစူးရှရှ အော်ဟစ်သံတို့သည် နှင်းတောင်ကြောတစ်လျှောက် ပဲ့တင် ထပ်နေခဲ့သည်။ ဖြူလွလွနှင်းသာပြင်တို့မှာ သွေးရောင် ဆိုးခဲ့ရလေပြီ။

အလောင်းများသည်လည်း တောင်သဖွယ် ပုံထပ်လာခဲ့လေပြီ။ ထိုတိုက်ပွဲကို မြင်လိုက်ရသူအဖို့ သွေးပျက်ကာ ကြောက်သွေးပါသွားနိုင်ပေသည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများ၏ ရက်စက် ကြမ်းကြုတ်မှုသည် ရန်သူများကိုသာမက အနားတွင် ရပ်ကြည့်နေသော ဝူကျဲကိုပင် တုန်တုန်ရီရီ ဖြစ်သွားစေခဲ့သည်။

သူတို့တိုက်ခိုက်ဟန်ကို ပြောပါဆိုလျှင် လူရိုင်းတစ်ယောက် တိုက်ခိုက်နေသည်ဟုပင် ပြောရပေမည်။ ရန်သူက သေနှင့်သည့်တိုင် အလောင်းကို တစ်စစီ စုတ်ဖြဲသွားသေး၏။ အလောင်းအပြည့်အစုံနှင့် သေရသည့်သူမရှိ။ သေသွားသည့်သူ မှန်သမျှ တစ်စစီ စုတ်ဖြဲခံခဲ့ရသည်ချည်းပင်။

တိုက်ခိုက်နေဆဲ အချိန်အတောအတွင်း ရှေးဟောင်း နတ်ဆိုးကလန်သားများသည် နှုတ်ခမ်းကို လျှာဖြင့်သပ်လျက် သူတို့၏ ရန်သူများကို အမဲဖျက်တော့မည့်မပါ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

အမြဲလိုလို ချိုသာသော အပြုံးလေးကို ဆင်မြန်းလျက် ပျော်ပျော်နေတတ်သော မိန်းကလေး ကွမ်းအာပင်လျှင် အခြား လူတစ်ယောက်အဖြစ်သို့ လုံးလုံးပြောင်းလဲသွားခဲ့လေပြီ။ သူမ၏ မျက်နှာလှလှထက် ပြင်းထန်လှစွာသော သတ်ဖြတ်လိုစိတ်တို့ စိုးမိုးနေခဲ့ပြီး နတ်ဆိုးအမှတ်အသားများ ဆီမှလည်း နတ်ဆိုးချီများ အဆက်အပြတ် ဖြာထွက်နေခဲ့လေရာ ရန်သူ အချို့ဆိုလျှင် သူမ မလှုပ်ရှားရသေးခင်မှာပဲ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားခဲ့ကြသည်။

“ခွေးတစ်ကောင်ကြောင်တစ်မြီးတောင် မကျန်စေနဲ့”

လီရုန်က သူမလက်ကို ဝှေ့ရမ်း၍ သွေးအလင်းတန်း များစွာကို လူအုပ်ကြားထဲရှိ ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းမှ ကျင့်ကြံသူများဆီ ပစ်လွှတ်လိုက်သည်။ ထိုသွေးအလင်းတန်း၏ ချုပ်နှောင်ခြင်း ခံလိုက်ရသူများအားလုံး အသည်းအသန် ရုန်ကန်ကြသော်ငြား မလွတ်မြောက်နိုင်ခဲ့ဘဲ နာနာကျင်ကျင် အော်ဟစ်ရင်းဖြင့်သာ အသားပုံဖြစ်သည်အထိ ညစ်သတ်ခံလိုက်ရလေသည်။

ရုတ်တရက်ဆိုသလို လီရုန် ရပ်နေရာမှ ပျောက်ကွယ်သွားပြီး ကျန်းအောင်ဆီသို့ ပြေးဝင်သွားလေသည်။

ဝူကျဲ အာခြောက်သွားခဲ့ရသည်။ ထိုသွေးသံတရဲရဲ မြင်ကွင်းကိုကြည့်ရင်း သူ့တစ်ကိုယ်လုံး တုန်ရီနေခဲ့ရသည်။

သူက ကြောက်လန့်နေသော်လည်း ရှေးဟောင်း နတ်ဆိုးကလန်သားများကမူ ထိုသွေးလွှမ်းနေသည့် မြေပြင်ထက် စိတ်လှုပ်ရှားစွာ သွားလာရင်း ရန်သူများကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်နေခဲ့ကြသည်။

သတ်ဖြတ်ရသည်ကို သူတို့ကြိုက်သည်။ ဘာမှ တုန့်ဆိုင်းနေစရာမလို၊ ဘယ်သူ့ကိုမှလည်း ညှာတာနေစရာ မလို။ မြင်မြင်သမျှ အရာအားလုံးကို သုတ်သင်ပစ်ပေမည်။

ထိုနတ်ဆိုးအုပ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ယခုမှပဲ ဝူကျဲ နားလည်သွားခဲ့ရတော့သည်။

သူသိထားသော နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် ယှဉ်လျှင် ဤနတ်ဆိုးအုပ်သည် အစစ်အမှန်နတ်ဆိုးများနှင့်ပင် ပိုတူပေသေးသည်။

စိတ်ရှိလက်ရှိ သတ်ဖြတ်နေသော နတ်ဆိုးများကို ကြည့်ရင်း ဝူကျဲသွေးတို့ပင် ဆူပွက်လာခဲ့ရသည်။ သူ့မျက်လုံးများ နီရဲလာခဲ့ပြီး သူ့ခန္ဓာကိုယ်သည် ယခင်ကဲ့သို့ တုန်ရီနေခြင်း မရှိတော့။ တဖြည်းဖြည်း သွေးဆာလာခဲ့ပြီး ထိုသွေးသံတရဲရဲ တိုက်ပွဲထဲ ဝင်ပါချင်စိတ်တို့ ဖြစ်လာခဲ့ရ၏။

ထိုခံစားချက်ကြောင့် ဝူကျဲ အသိစိတ်လွတ်တော့မတတ် ဖြစ်သွားခဲ့ရသည်။

“ဝူကျဲ” ရန်ကိုင် ရုတ်တရက် ထအော်လိုက်သည်။

ထိုအော်သံကို ကြားလိုက်သည်နှင့် ဝူကျဲ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး သူ့မျက်လုံးများလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ရသည်။

အသိပြန်ဝင်လာသည့်အချိန် ဝူကျဲ ကျောပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့လေပြီ။ ရှေးဟောင်းနတ်ဆိုး ကလန်သားများ ထုတ်လွှတ်နေသော အရှိန်အဝါ၏ လွှမ်းမိုးခြင်း ခံရမည် စိုးသဖြင့် သူ့အသိစိတ်ကို အလျင်အမြန်ပဲ ကာကွယ်ထားလိုက်လေသည်။

“တော်ဝင်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်” သူ့စိတ်ထဲ ရန်ကိုင်အား ပို၍ လေးစားမိသွားခဲ့သည်။

ထိုလူငယ်လေးသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်ဆဲ။ ရန်ကိုင်၏ စိတ်စွမ်းအားသည် သူ့ထက် ပိုအားကောင်းသည်မှာ ပြောစရာမလိုတော့။

ထို့အချက်ကို နားလည်လိုက်သည်နှင့် ဝူကျဲ အတော်လေး အံ့ဩသွားခဲ့ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၆၉)

ရှေးဟောင်းနတ်ဆိုးကလန်သား တစ်ယောက် လှုပ်ရှားလိုက်တိုင်း ခေါင်းတစ်လုံး၊ လက်တစ်ဖက် ပြတ်ထွက်သွားရစမြဲ။

သူတို့ကိုယ်မှ ထုတ်လွှတ်နေသည့် အနက်ရောင် နတ်ဆိုးချီများသည်လည်း အသက်ရှိနေသည့်အလား အနှိုင်းမဲ့စွမ်းအားဖြင့် လူအုပ်ကြီးပေါ် ရိုက်ချလာရာ ယခင်ကတည်းက တိုက်ခိုက်ချင်စိတ် ပျောက်နေသော ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းမှ တပည့်များ တိုက်ခိုက်ချင်စိတ် လုံးလုံး ပျောက်သွားခဲ့ရသည်။

ကြောက်လန့်တကြား အော်ဟစ်ရင်း အသေဆိုးနှင့် သေဆုံးခဲ့ရသည်။

ဖြူးဖွေးသန့်စင်ခဲ့သော နှင်းတောင်တန်းသည် သွေးများ မြစ်ချောင်းများသဖွယ် စီးဆင်းနေသော ငရဲခန်းအလား ဖြစ်လာခဲ့လေပြီ။ အလောင်းများသည်လည်း တောင်နှယ် ပုံထပ်နေခဲ့ကာ တစ်စစီဖြစ်နေသော အသားစ၊ အရိုးစတို့သည်လည်း ဟိုတစ်ပုံ၊ ဒီတစ်ပုံ ဖြစ်နေကြသည်။

ခဏအကြာ၌ အင်အားစုနှစ်ခုများ တပည့်များ သေသူကသေ၊ သေအံ့ဆဲဆဲ ဖြစ်သူကဖြစ်နှင့် အဆုံးသတ် သွားခဲ့ကြရသည်။

ကျန်းအောင်၊ ချောင်ကွမ်နှင့် အခြားသူတော်စင် များသည် ကျားကုတ်ကျားကုန် ကြိုးစားနေကြဆဲ။ သို့သော်လည်း လီရုန်နှင့် ရှေးဟောင်းနတ်ဆိုးကလန်မှ သူတော်စင်များ၏ ရှေ့၌ ကျားရှေ့မှောက်လျက်လဲသည့် ချေသမင်ပမာ ဖြစ်ခဲ့ရသည်။ ကူကယ်ရာမဲ့စွာဖြင့် အသည်းအသန် ရုန်းကန်နေသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

မကြာမီ လူသားမျိုးနွယ်စုမှ မသေမျိုးအဆင့် ပညာရှင်အားလုံး သေဆုံးသွားခဲ့ရသည်။

သူတော်စင်လေးယောက်သည်လည်း အခြေအနေ မဟန်တော့။

ကျန်းအောင်သည် သူတော်စင်ဒုတိယအဆင့် ခွန်အားဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်သော ရှေးဟောင်း နတ်ဆိုးကလန်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခဲ့သဖြင့် လီရုန် ဒေါသပုန်ထသွားခဲ့ရပြီး သူမ၏ တိုက်ခိုက်မှုများသည်လည်း ပို၍ ပြင်းထန် လာခဲ့ရလေသည်။

ရန်ကိုင်သည် ‘အာကြီးသူသာဘုရင်’ ဆိုသော တောတွင်းဥပဒေကို ကောင်းကောင်းနားလည်ထားရာ ထိုမြင်ကွင်းကို ထူးမခြားနားဟန်ဖြင့်သာ ကြည့်နေခဲ့သည်။

အချိန်တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ခဏအကြာ၌ တိုက်ပွဲ အဆုံးသတ်သွားခဲ့သည်။

နေရာတစ်ခုလုံး အလောင်းခန္ဓာကိုယ်များဖြင့် ပြည့်နေခဲ့လေပြီ။ ရှေးဟောင်းနတ်ဆိုးကလန်သား များသည် တိုက်ပွဲဤမျှ စောစောပြီးသွားသည်ကို မကျေနပ်သည့်အလား ကောင်းကင်ပေါ်သို့မော့ကာ အော်ဟစ်နေခဲ့ကြသည်။ သိပ်သည်းလှသော နတ်ဆိုးချီများနှင့် သတ်ဖြတ်လိုစိတ်တို့သည် ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းနေခဲ့လေရာ ထိုနေရာ တစ်ခုလုံး မှုန်မှိုင်းမှိုင်း ဖြစ်နေခဲ့ရလေသည်။

ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းမှ သူတော်စင်အဆင့် ပညာရှင် လေးယောက်အနက် သုံးယောက်သည် တိုက်ပွဲတွင် အသတ်ခံလိုက်ရပြီဖြစ်ကာ ကျန်းအောင် တစ်ယောက်သာ ကျန်ရှိတော့ပေသည်။

လီရုန်သည် ကျန်းအောင်အား သွေးနီရောင်စွမ်းအင် ကြိုးဖြင့် ချည်နှောင်လျက် ရန်ကိုင်ရှေ့သို့ ဆွဲခေါ်သွားခဲ့သည်။

အလောင်းပုံအလယ်တွင်ရပ်လျက် မျက်လုံးပိတ်ကာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်၏။ ထို့နောက် မကြာသေးခင်ကမှ သေဆုံးသွားသော ကျင့်ကြံသူများ၏ အကွဲကွဲအပြားပြား ဖြစ်နေသော ဝိဥာဉ် အကြွင်းအကျန်များကို စတင်စုပ်ယူတော့လေသည်။

ကျန်းအောင် ရင်တုန်ပန်းတုန်ဖြင့် စောင့်နေခဲ့သည်။ မည်ကဲ့သို့သော ကံကြမ္မာများ သူ့အား စောင့်ကြိုနေမလဲ ဆိုသည်ကိုတွေးရင်း ချွေးအေးတို့ သူ့ကျောပြင်ထက် တတောက်တောက် စီးကျလာခဲ့ရသည်။

ခဏအကြာတွင် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့ပြီး သူ့ရှေ့တွင် ရှိနေသော ကျန်းအောင်အား ငုံကြည့်လိုက်၏။

“တော်ဝင်သခင်ရန်… ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဒီကျန်းက အားကောင်းတဲ့ ပညာရှင်တစ်ယောက် ဖြစ်နေတုန်းပဲလေ။ ကျုပ်အသက်ကိုသာ ချမ်းသာပေးပါဗျာ။ တော်ဝင်သခင်ရဲ့ အစေခံ ဖြစ်ရမယ်ဆိုရင်လည်း ဖြစ်ပေမးမယ်ဗျာ။ တော်ဝင်သခင်ရဲ့ အမိန့်တွေကိုလည်း တသွေမသိမ်း လိုက်နာပေးမယ်ဗျာ” ရန်ကိုင် သူ့အား သတ်မိန့် ချက်ချင်းပေးလာမည် စိုးသဖြင့် ကျန်းအောင်က အလျင်စလို ပြောလိုက်သည်။

ကျန်းအောင် ထိုမျှ ကြောက်ရွံ့သွေးပျက်နေသည်ကို မြင်လျှင် လီရုန်နှင့် အခြားသူများ သူ့အား အထင်မသေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

“အားကောင်းတဲ့ ပညာရှင်လား… ဟုတ်တာပဲ။ ခင်ဗျားက တကယ်အားကောင်းတာလေ။ ကျုပ်နောက်ကိုတောင် လနဲ့ချီပြီး လိုက်နိုင်တာ မဟုတ်ဘူးလား” ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမယ့် အားတော့နာပါရဲ့ဗျာ။ ကျုပ်ခင်ဗျားကို စိတ်မဝင်စားတော့ဘူးဗျ။ ကျုပ်လက်ထဲမှာ ရှိတဲ့ စွမ်းအားနဲ့တင် လုံလောက်နေပြီ. ပြီးတော့ ခင်ဗျားကို အသက်ရှင်လျှင် ထားလို့လည်း ကျုပ်အတွက် ဘာကောင်းကျိုးမှ မရှိတာ”

“တော်ဝင်သခင်ရန်၊ ခဏနေပါဦး၊ တော်ဝင်သခင် ဘာပဲလိုချင်လိုချင်ဗျာ…” ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသော် ကျန်းအောင် အမှန်တကယ် ကြောက်လန့်သွားခဲ့သည်။ အနားတွင် ရှိနေသော ဝူကျဲဘက်သို့ အလျင်စလိုလှည့်ကာ အော်ပြောလိုက်လေသည် “ဂိုဏ်းချုပ်တို့၊ ကျုပ်တို့ နှစ်ပေါင်းများစွာ ခင်လာခဲ့တာကို ထောက်ထားပြီး ကျုပ်အတွက် နည်းနည်းပါးပါးလောက် ကူပြောပေးပါဦးဗျာ”

ဝူကျဲက သက်ပြင်းချလျက် ခေါင်းခါရမ်းလိုက်ပြီး “အစ်ကိုကျန်း… အမှားတစ်ခုကို ခွင့်လွှတ်လို့ ရပေမယ့် တောက်လျှောက်ဆက်မှားနေရင်တော့ ခွင့်လွှတ်လို့ မရတော့ဘူးဗျ… လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဒီဝူ ပြောပါတယ်။ လက်လျှောက်လိုက်ပါတော့လို့။ ဒါပေမယ့် အစ်ကိုကျန်းပဲ အရမ်းခေါင်းမာခဲ့တာလေ။ အခု အခြေအနေက ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ ဒီဝူက ဘာပြောနိုင်ဦးမှာလဲ။ ပြီးတော့ တော်ဝင်သခင်ကြောင့်ပဲ ကျုပ်လည်း အခုထိ အသက်ရှင်နိုင်သေးတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး သူ့ကို ဆန်ကျင်ပြီး ပြောနိုင်မှာလဲ”

ဝူကျဲ သူ့တောင်ဆိုးချက်အား ငြင်းပယ်လိုက်သည်ကို မြင်သော် ကျန်းအောင် စိတ်ဓါတ်ကျသွားခဲ့သည်။ သို့သော် ချက်ချင်းပဲ “တော်ဝင်သခင်ရန်၊ ကျုပ်မှာ လျှို့ဝှက်ချက် တစ်ခု ရှိတယ်။ ကျုပ်ကိုမသတ်ဘူးဆိုရင် အဲ့လျှို့ဝှက်ချက် အကြောင်း တော်ဝင်သခင်ကို ပြောပြမယ်”

“လျှို့ဝှက်ချက်လား” ရန်ကိုင်က ရယ်မောလိုက်ပြီး “လျှို့ဝှက်ချက်မရှိတဲ့လူ ဘယ်သူရှိလို့လဲ။ ခင်ဗျားရဲ့ လျှို့ဝှက်ချက်က ကျုပ်အတွက် ဘာအသုံးဝင်မှာမို့လို့လဲ”

“ကျုပ်ပြောမယ့် လျှို့ဝှက်ချက်က ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင်နဲ့ ဆက်စပ်နေတယ်။ တော်ဝင်သခင်လည်း စိတ်ဝင်စားလောက်မှာပါ။ တော်ဝင်သခင်က ဘုံးကိုခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်လေ။ သူတော်စင် အထွဋ်အထိပ်အဆင့်ကို ရောက်ဖို့ဆိုတာ အချိန်ပဲလိုမှာ။ အဲ့လိုပညာရှင် တစ်ယောက်အတွက် လုပ်စရာရှိတာဆိုလို့ ကြယ်တာရာ ကောင်းကင်ကို စူးစမ်းဖို့ပဲ မဟုတ်ဘူးလား” ကျန်းအောင်က ရှင်းပြလိုက်သည်။

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ နည်းနည်း စိတ်ဝင်စားသဖြင့် ကျန်းအောင်ကို ငုံ့ကြည့်၍ “ခင်ဗျားသိတဲ့ လျှို့ဝှက်ချက် ကြယ်တာရာကောင်းကင်နဲ့ ပက်သက်နေမှန်း ခင်ဗျား ဘယ်လိုသိတာလဲ”

“ဘာလို့လဲဆိုတော့ ဒီကျန်းကိုယ်တိုင် ကြယ်တာရာ ကောင်းကင်ထဲ ရောက်ဖူးခဲ့တာကိုး။ အဲ့မှာတုန်းက အဆုံးမဲ့အမှောင်ထုထဲ မျောနေသလိုမျိုးပဲ။ ဒါပေမယ့် မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေကိုတော့ မြင်နေရတယ်…”

“သခင်၊ ဒီလူက ပေါက်တတ်ကရ ဇာတ်လမ်းတွေ ထွင်ပြီး အချိန်ဆွဲနေတာ” ဟန်ဖေးက အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။

ရန်ကိုင်က လက်မြှောက်ပြလိုက်ပြီး ကျန်းအောင်အား အချက်ပြလိုက်သည် “ဆက်ပြော”

ရန်ကိုင် စိတ်ဝင်စားလာသည်ကို မြင်သော် ကျန်းအောင် ပို၍ စိတ်အားတက်ကြွသွားခဲ့ပြီး ခပ်မြန်မြန်ပဲ ဆက်ပြောပြလိုက်လေသည် “ပြီးတော့ အဲ့မှာ ထူးဆန်းတဲ့ အားတစ်ရပ်လည်း ရှိသေးတယ်။ သူတော်စင် ဒုတိယ အဆင့်ရောက်နေတာတောင် အဲ့က ဖိအားကို သိပ်ပြီး တောင့်ခံနိုင်လှတာ မဟုတ်ဘူး။ ကျုပ်တစ်ကိုယ်လုံး စုတ်ပြဲကွဲကြေသွားတော့မတတ်ပဲ။ ကျုပ်အထင် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက်ပဲ အဲ့ကဖိအားကို သူတို့အသွေးအသား သက်သက်နဲ့ လွတ်လွတ်လပ်လပ် တောင့်ခံနိုင်လိမ့်မယ်”

ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင် ကြုံ့သွားခဲ့သည်။ ရန်ကိုင် ပြောပြသွားခဲ့သည့် အကြောင်းအရာ များသည် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်များနှင့် တစ်ထပ်တည်းနီးပါး တူညီနေခဲ့သည်။ ကြယ်တာရာကောင်းကင်ထဲသို့ ကိုယ်တိုင် ရောက်ဖူးသူများသာ ထိုအကြောင်းကို ယခုကဲ့သို့ တိတိကျကျ ရှင်းပြနိုင်မှာ ဖြစ်သည်။

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က သွားပေါ်အောင် ပြောလိုက်ပြီး “ခင်ဗျားမှာ လျှို့ဝှက်ချက် တစ်ခုရှိတယ်လို့ ပြောသွားတယ်မလား။ အဲ့လျှို့ဝှက်ချက်က ကြယ်တာရာကောင်းကင်နဲ့ ဘာဆိုင်လို့လဲ။ အဲ့တုန်းက ကြယ်တာရာကောင်းကင်ထဲ ခင်ဗျား ရောက်နေခဲ့တယ်လို့ ဘယ်လိုလုပ်ပြီး တပ်အပ် ပြောနိုင်တာလဲ”

“အမှန်အတိုင်း ပြောရရင် အဲ့ကိစ္စကို သိပ်ပြီး ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် တစ်နေ့တော့ ထူးဆန်းတဲ့ ကျောက်တုံးလေးတစ်လုံးကို ဂိုဏ်းထဲကနေ မမျှော်လင့်ဘဲ ရလိုက်တယ်လေ။ အဲ့ကျောက်တုန်းက ဒီလောကကြီးက မဟုတ်ဘူး… ဒီနှစ်အတောအတွင်း အဲ့နေရာကနေ ကျောက်တုံးအချို့ ရခဲ့တယ်။ တစ်နေ့တော့ အဲ့ကျောက်တုံးတွေထက်ကို ပိုပြီး အဖိုးတန်တဲ့ဟာ တစ်ခု တွေ့ခဲ့တယ်”

“အို၊ ဘာများလဲ” ရန်ကိုင်က မေးလိုက်သည်။

“ဒီကျန်းရဲ့ သိုလှောင်အိတ်ထဲမှာ ရှိတယ်။ တော်ဝင်သခင် ကိုယ့်ဘာသာ စစ်ဆေးကြည့်လိုက်။ အဲ့ဒါကို မြင်ပြီးရင် ကျုပ်ပုံပြင်တွေ လုပ်ပြောနေတာ ဟုတ်၊မဟုတ် နားလည်သွားလိမ့်မယ်” ကျန်းအောင်က ပြန်ပြောလိုက်သည်။

ရန်ကိုင်က ကျန်းအောင်၏ သိုလှောင်အိတ်ထဲ လက်နှိုက်တော့မည်အပြု လီရုန်က အလျင်အမြန် ရှေ့တက်၍ “သခင်၊ ကျွန်မလုပ်ပါရစေ”

သူမ ကျန်းအောင်ကို မယုံကြည်ပေ။ သူ့သိုလှောင်အိတ်ထဲ ထောင်ချောက်တစ်ခုခု ဆင်ထားမည်ကို လီရုန် စိုးရိမ်နေမိသည်။

ရန်ကိုင်လည်း ခေါင်ညိတ်၍ သိုလှောင်အိတ်ကို လီရုန်ဆီသို့ ပေးလိုက်လေသည်။

သို့သော်လည်း သိုလှောင်အိတ်အား သူမ မစစ်ဆေးရသေးခင်မှာဘဲ ထိုထဲမှ ထူးဆန်းသည့် အားတစ်ရပ် ပေါက်ကွဲထွက်လာခဲ့ပြီး လီရုန်၏ နဖူးထဲသို့ တိုးဝင်သွားခဲ့လေသည်။

လီရုန် လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်လေး ကတုန်ကရင် ဖြစ်သွားခဲ့သည်။

“ထောင်ချောက်ရှိနေတာပဲ” ဟန်ဖေး အမူအရာ ပို၍ အေးစက်သွားခဲ့ပြီး ကျန်းအောင်အား လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်ရာ သူ့ခန္ဓာကိုယ်တွင်းရှိ အရိုးတစ်ဝက် ကျိုးကြေသွားခဲ့ရလေသည်။

“သူ့ကိုမသတ်နဲ့ဦး” ရန်ကိုင်က အလျင်စလို တားလိုက်ပြီး လီရုန် ဒဏ်ရာကို အလျင်စလို သွားစစ်ဆေးကြည့်လိုက်သည်။

လီရုန်သာ ဝင်မတားခဲ့လျှင် နာနာကျင်ကျင် ညည်းနေရမည့်သူက သူဖြစ်သွားပေလိမ့်မည်။

“ကျွန်မအဆင်ပြေပါတယ်သခင်… ကောင်းကင် စိတ်အာရုံတိုက်ခိုက်မှု သက်သက်လေးပါပဲ” လီရုန်က နဖူးကိုပွတ်လျက် “သူ့က သခင့်ကို ကျွန်အဖြစ် ထိန်းချုပ်ဖို့ ကြိုးစားချင်နေတာ။ သခင် စိတ်ပူနေစရာ မလိုတော့ဘူး။ အဲ့ဒါကို ကျွန်မ‌ ဖြေရှင်းလိုက်ပြီ”

ပို၍ အားကောင်းသော သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်လေရာ ကျန်းအောင်၏ လှည့်ကွက်သည် သူမပေါ် အလုပ်မဖြစ်ခဲ့ပေ။

ကျန်းအောင် ချက်ချင်း စိတ်ဓါတ်လုံးလုံး ထိုးကျသွားခဲ့သည်။

သူမသိခဲ့သည်ကား သူ့လှည့်ကွက်သည် ရန်ကိုင် အပေါ်တွင်လည်း အလုပ်မဖြစ်ဘူး ဆိုသည်ကိုပင်။

ဥာဏ်နီဥာဏ်နက်သုံး၍ ရန်ကိုင်အား သူ့သိုလှောင်အိတ်ကို စူးစမ်းလာအောင် လုပ်ခဲ့သည်။ ရန်ကိုင်အား တစ်ချက်တည်းဖြင့် ထိန်းချုပ်လိုက်မည့်ပေါ့။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူ့အစီအစဉ် ကျရှုံးသွားခဲ့ရသည်။

ဟန်ဖေး၏ တိုက်ခိုက်မှုကြောင့် ကျန်းအောင် တစ်ကိုယ်လုံး မြေပြင်ထက် ပျော့ခွေနေလေပြီ။ နာနာကျင်ကျင် အော်ဟစ်ရင်း သူ့အား ဝိုင်းထားသူများကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်က ယဲ့ယဲ့လေး ရယ်မောလျက် မတ်တပ်ရပ်ကာ ကျန်းအောင်ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်ပြီး “ခင်ဗျားသတ္တိက တကယ်မသေးပါလား။ ခင်ဗျား ဘယ်လိုသေချင်လဲ၊ ကျုပ်ကိုပြော”

ကျန်းအောင် မျက်ဝန်းများသည် အမုန်းတရား၊ ကူကယ်ရာမဲ့မှုတို့ဖြင့် လောင်မြိုက်နေခဲ့သည်။ သူလွတ်မြောက်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည်နှင့် ကျန်းအောင် ဘာတစ်ခွန်းမှ ထပ်မပြောတော့ချေ။

ကျန်းအောင်အား ခဏမျှ စိုက်ကြည့်နေပြီးနောက် ရန်ကိုင်က သူ့လက်ကိုဝှေ့ရမ်းလိုက်သည် “သူ့ကို သတ်လိုက်တော့”

ထိုအချိန်မှာပဲ ကျန်းအောင်က ထအော်လိုက်သည် “ငါ့ကိုသတ်လိုက်၊ အဲ့လျှို့ဝှက်ချက်ကို မင်းဘယ်တော့မှ သိရမှာ မဟုတ်ဘူး”

နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်လိုက်သေးသည်။

သူပြန်ရလိုက်သည့် အဖြေသည်ကား ဟန်ဖေး၏ တိုက်ခိုက်မှုပင်။

မည်သူမျှ မသိလိုက်ခင်မှာဘဲ ကျန်းအောင်၏ အကြွင်းအကျန် ဝိဥာဉ်သည် ရန်ကိုင်၏ အသိစိတ် ပင်လယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။

ထို့နောက် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်၍ ကျန်းအောင်၏ အကြွင်းအကျန်ဝိဥာဉ်အား အားမှ စစ်ဆေးရန် သီးခြားထောင့်တစ်နေရာသို့ ပို့ထားလိုက်လေသည်။

ရန်ကိုင်သည် ကျန်းအောင် မသေခင်ပြောသွားသည့် လျှို့ဝှက်ချက်အပေါ် တော်တော်လေး စိတ်ဝင်စားနေမိ၏။

ယခု ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းမှ တစ်ဦးတစ်ယောက်မှ မရှိလေတော့။ ဝူကျဲတစ်ယောက်သာ ရှိတော့သည်။ ဝူကျဲသည် ဝမ်းလည်းဝမ်းနည်း၊ ပျော်လည်းပျော်နေသည့် အမူအရာဖြင့် နေရာတွင် ရပ်နေခဲ့သည်။

ယခင်နှစ်နှစ်က သူ့ဘက်မှ အလျှော့ပေး၍ ရန်ကိုင်နှင့် ပြေရာပြေကြောင်း သွားညှိနှိုင်းလိုက်သည်မှာ ကံကောင်းသွား၏။ မဟုတ်သာ မဟုတ်လျှင် သူနှင့် မရဏဂိုဏ်းသည်လည်း သူ့ရှေ့ရှိ အလောင်းပုံကြားထဲ ရောက်နေပေလိမ့်မည်။

“ဝူကျဲ၊ ခင်ဗျားတို့ မရဏဂိုဏ်းက အသေအပျောက် ရှိလား” ရန်ကိုင်က မေးလိုက်သည်။

ဝူကျဲက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်မထွက်သွားခင်ကတည်းက ဒုဂိုဏ်းချုပ်ကို ဂိုဏ်းသာတွေခေါ်ပြီး ထွက်ပြေးဖို့ အကြောင်းကြား ထားပြီးသား။ ကျန်းအောင်နဲ့ အခြားလူတွေက တော်ဝင်သခင်ကို ဖမ်းဖို့ပဲ အာရုံရောက်နေတော့ ကျုပ်လူတွေကို ဂရုစိုက်မှာမဟုတ်ဘူး။ ဒီမှာ ရှိနေတဲ့ အလောင်းတွေ အကုန်လုံးက ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းက လူတွေချည်းပဲ။ ရှေးဟောင်းလလိုဏ်ဂူနဲ့ လော့ရှုန်းဂိုဏ်းက လူတွေလည်း တစ်ယောက်မှမပါဘူး”

“အင်း” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“ကျုပ်လူတွေလည်း အဝေးကြီး မရောက်သေးဘူး။ တော်ဝင်သခင်၊ ကျုပ်လူတွေကို ခေါ်လိုက်ရမလား”

“ခေါ်လိုက်လေ”

“စီနီယာလီ” ယင်ယနှင့် ရွှယ်ကျီတို့က သိုလှောင်အိတ်တစ်အိတ်ကို ကိုင်လျက် “ခေါင်းတလားအစေခံစီနီယာရဲ့ အကြွင်းအကျန်တွေကို စုစည်းပြီးသွားပါပြီ”

လီရုန်က ဝမ်းနည်းညိုးငယ်နေသည့် အမူအရာဖြင့် ထိုသိုလှောင်အိတ်ကို လက်ခံယူလိုက်သည်။

ရန်ကိုင်က လီရုန်ဘက်သို့သို့ လှည့်၍ နှစ်သိမ့် ပြောဆိုလိုက်သည် “ဝမ်းနည်းမနေပါနဲ့တော့။ ခေါင်းတလားအစေခံစီနီယာက သူ့တာဝန်ရှည်ကြီးကို သစ္စာရှိရှိနဲ့ လုပ်ခဲ့တယ်။ အခု သူအနားယူဖို့ အချိန်ကျပြီပေါ့”

“အင်း၊ သခင်ပြောသလိုပါပဲ”

“ဒီည၊ ကျုပ်တို့ ဒီမှာပဲ နားကြမယ်။ ခင်ဗျားတို့လည်း အပြင်လောကကြီးနဲ့ အသားကျအောင် အရင် လုပ်လိုက်ကြဦး။ မနက်ဖြန်ကျရင် ဒီကနေခွါမယ်”

“ဟုတ်ကဲ့ပါ” လီရုန်က ရှေးဟောင်းနတ်ဆိုး ကလန်သားများကို စတင် စုဝေးစေတော့လေသည်။

ယခုမှပဲ ရှေးဟောင်းနတ်ဆိုးကလန်သားများ ကိုယ်ထက်ရှိ နတ်ဆိုးအမှတ်အသားများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည်။ ပတ်ပတ်လည်း တစ်ခုလုံးကို ဖုံးလွှမ်းနေသော နတ်ဆိုးချီတို့သည်လည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေခဲ့လေပြီ”

ရှေးဟောင်းနတ်ဆိုးကလန်ထဲတွင်လည်း အသေအပျောက် ရှိခဲ့သည်။ သို့သော်လည်း အရေအတွက် အတော့်ကိုမှ နည်းလှသည်။ နှစ်၊ သုံးယောက်လောက်သာ ရှိ၏။ ယခု ထိုလူများအား မြေမြုပ်ပေးရတော့ပေမည်။ အသက်ရှင်ကျန်ရစ်သူများမှာမူ မျက်ရည်ရွှဲလွဲနှင့် ဝမ်းနည်း၊ ငိုကြွေးနေခဲ့ကြသည်။

သူတို့အားလုံး အပြင်လောကကြီးသို့ ထွက်နိုင်ရန် နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ဆိုင်းခဲ့ရသည်။ ယနေ့ နောက်ဆုံး သူတို့ ထွက်လာနိုင်ခဲ့ကြလေပြီ။ သို့သော်လည်း အပြင်လောကကြီးကို မစူးစမ်းရသေးခင်မှာပဲ သူတို့အဖော်အချို့သည် အားလုံးကို လက်ပြနှုတ်ဆက်ကာ ဤလောကကြီးမှ အပြီးတိုင် ထွက်ခွါသွားခဲ့ကြသည်။

သို့သော်လည်း ခဏအကြာ၌ ရှေးဟောင်း နတ်ဆိုးကလန်သားများ ဝမ်းပန်းတနည်းနဲ့ ငိုင်တိုင်တိုင် ဖြစ်မနေတော့။ ကောင်းကင်ထက်ရှိ လင်းလက် တောက်ပနေသော လနှင့် မှိတ်တုတ်မှိတ်တုန် ကြယ်လေးများကို မော့ကြည့်ရင်း နေ့အချိန်ရှိ နေလုံးသည် မည်သို့မည်ပုံ ရှိမည်ကို စိတ်ကူးပုံဖော်ကြည့်နေခဲ့ကြသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇၀) သွေးအဆီအနှစ်ကျောက်တုံး

ညနက်လာသည့်အခါ နှင်းတောင်တန်းမှလေသည် တစ်မူထူးခြားစွာ အေးစက်လာခဲ့သည်။

သို့သော် ရှေးဟောင်းနတ်ဆိုးကလန်သားများသည် အအေးဓါတ်ကိုမမှု။ အချို့ဆို့လျှင် ခန္ဓာကိုယ်အထက် ဗလာဖြင့် နှင်းထဲတွင်ပင် လဲလျောင်းနေလိုက်သေးသည်။

နှင်းများကျလာသည့်အခါ ရှေးဟောင်းနတ်ဆိုးကလန်သား တော်တော်များများ တအံ့တဩ ဖြစ်ခဲ့ကြရသည်။ သူတို့လက်ကို ဆန့်ထုတ်၍ တအိအိ ကျဆင်းလာနေခဲ့သော နှင်းပွင့်လေးများကို လိုက်ဖမ်းခဲ့ကြသည်။

ဤလောကကြီးရှိ အရာအားလုံးသည် သူတို့အတွက် အသစ်အဆန်းပင်။

ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် သူစုပ်ထားခဲ့သော သေဆုံးသွားသည့် ကျင့်ကြံသူများ၏ အကြွင်းအကျန် ဝိဥာဉ်များကို စုပ်ယူရင်း သူတို့၏ ထိုးထွင်းသိမြင်မှုများကို နားလည်ဆင်ခြင်နေခဲ့သည်။

“သခင်” လီရုန် ရန်ကိုင်နားသို့ ရောက်လာပြီး တိုးတိုးလေး အော်ခေါ်လိုက်သည်။

ရန်ကိုင် မျက်လုံးဖွင့်လိုက်ပြီး လီရုန်အား ကြည့်ကာ “ဘာဖြစ်လို့လဲ”

“ကျွန်မထူးဆန်းတာ တစ်ခုခု ရှာတွ့ခဲ့တယ်”

“အို၊ ဘာလဲ”

သူမလက်ထဲရှိ ပစ္စည်းအား ရန်ကိုင်ဆီ ချက်ချင်း ပေးလိုက်လေသည်။

ထိုပစ္စည်းနှင့် သူ့ထက် ထိသွားသည့်အခိုက် သူ့တစ်ကိုယ်လုံး ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ လီရုန် ပေးလာခဲ့‌သော ပစ္စည်းသည် လက်သီးဆုပ်အရွယ်လောက်သာ ရှိသော အနီရင့်ရောင်ကျောက်တုံးတစ်တုံး ဖြစ်သည်။

ရန်ကိုင်အား တော်တော်လေး ဗဟုသုတ ကြွယ်ဝသည်ဟု ဆိုနိုင်သည်။ ဆေးပညာအား လေ့လာခဲ့မှုကြောင့် ခွဲခြားစိတ်ဖြာရာ၌ သူအတော်လေး ကျွမ်းကျင်နေခဲ့လေပြီ။ အနည်းဆုံး ဤလောကကြီးရှိ ရတနာများ၊ စိတ်ဝိဥာဉ် ဆေးပင်များကိုပင် ကောင်းကောင်း ခွဲခြားတတ်နေခဲ့လေပြီ။

သို့သော်လည်း သူ့လက်ရှိ ကျောက်တုံးနှင့် ပက်သက်၍မူ ဘာဆိုဘာမှ မပြောနိုင်တော့။

ထိုအနီရင့်ရောင် ကျောက်တုံးသည် ယခုလေးတင် ရေထဲမှ ဆယ်ယူလာသည့်အလား အနည်းငယ် စိုးထိုင်းထိုင်း ဖြစ်နေခဲ့သည်။ သို့သော် ကျောက်တုံးမျက်နှာပြင် ရေစိုနေခြင်း မရှိပေ။

သေသေချာချာ အနီးကပ်ကြည့်လိုက်သည့်အခါ ကျောက်တုံးထဲ သိပ်သည်းလှသော အသက်စွမ်းအင်တို့ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

တကယ်တော့ သေသေချာချာ နားထာင်ကြည့်လိုက်သည့် အခါ ရေစီးသံနှင့်အတူ နှလုံးခုန်သံကဲ့သို့သော အသံမျိုးကိုပင် ရန်ကိုင် ကြားခဲ့ရသည်။

သွေးနံ့ပြင်းပြင်းကိုလည်း ရလိုက်သေး၏။

“ဒါကို ဘယ်ကနေ ရှာတွေ့လာတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဟိုလူရဲ့ သိုလှောင်အိတ်ထဲကပဲ”

ကျန်းအောင်ကို ပြောနေခြင်းပင်။ သို့သော် သူ့နာမည်အား ခေါင်းထဲ ခဏလေးပင် မှတ်ထားခြင်း မပြုခဲ့။

ရန်ကိုင် ကျောက်တုံးအား ခဏတာမျှ ဆက်၍ စိုက်ကြည့်နေလိုက်သေးသည်။ ထို့နောက် ခေါင်းခါရမ်း၍ “ခင်ဗျားလည်း ဒါဘာမှန်း မသိဘူးပေါ့”

လီရုန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်၍ ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်အား အကြံတစ်ခုပေးလိုက်သည် “ဟာမိုကတော့ သိလောက်တယ်။ သူက ကျွန်မတို့ကလန်မှာ အသက်အကြီးဆုံး ဆိုတော့လေ...” ပြောပြီးသည်နှင့် ဟွာမိုဆီ လှမ်းအကြောင်းကြားလိုက်သည်။

သူမ ခေါ်လိုက်သည်နှင့် ရှေးဟောင်းနတ်ဆိုးကလန်မှ ခေါင်းဆောင်များ အတူတကွ စုဝေးလာခဲ့ကြလေသည်။

အကုန်လုံး အနီရင့်ရောင်ကျောက်တုံးအား တစ်ယောက် တစ်လှည့်စီ ယူကြည့်ခဲ့ကြသည်။ သို့သော် အဖြေကိုကား ရှာမတွေ့ခဲ့။ ရန်ကိုင်ကဲ့သို့ပင် ထိုအနီရင့်ရောင်ကျောက်တုံးမှ သွေးနံ့ထွက်နေသည်ကိုလည်း သူတို့ သတိပြုမိသည်။

“တော်ဝင်သခင်… ကျုပ်တစ်ချက်လောက် ကြည့်လို့ ရမလား” ဝူကျဲက ရုတ်တရက် ပြောလာခဲ့သဖြင့် ရန်ကိုင်လည်း ကျောက်တုံးအား သူ့ဆီ လှမ်းပစ်ပေးလိုက်လေသည်။

ဝူကျဲက ကျောက်တုံးအား သေသေချာချာ စစ်ဆေးကြည့်သည်။ ထို့နောက် အစစ်အမှန်ချီကို လက်ချောင်းထိပ်တွင် စုစည်း၍ ကျောက်တုံးထဲသို့ ထည့်သွင်းကြည့်လိုက်ရာ ကျောက်တုံးဆီမှ ထူးဆန်းသော အားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရှေဟောင်း နတ်ဆိုးကလန်မှ သူတော်စင်များ အံ့ဩတကြီး ဖြစ်သွားခဲ့ကြသည်။

ဝူကျဲက အသာအယာ ခေါင်းညိတ်၍ ကျောက်တုံးအား ရန်ကိုင်ဆီ ပြန်ပေးလိုက်ကာ “ကျုပ်ထင်တာသာ မမှားရင် ဒီကျောက်တုံး သွေးအဆီအနှစ် ကျောက်တုံး ဖြစ်လိမ့်မယ်”

“သွေးအဆီအနှစ်ကျောက်တုံး” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့သကဲ့သို့ လီရုန်နှင့် အခြားသူများလည်း နားမလည်နိုင် ဖြစ်ခဲ့ကြသည်။ ထိုကဲ့သို့ ပစ္စည်းမျိုး သူတို့ တစ်ခါမှ မကြားခဲ့ဖူးပါပေ။

“ကျန်းအောင် မသေခင် ပြောသွားတာ မှန်နေလောက်တယ်…” သေသေချာချာ စဉ်းစားပြီးနောက် ဝူကျဲက ပြောလိုက်သည် “အစကတုန်းကတော့ ကျုပ်လည်း သူက တော်ဝင်သခင် သူ့သိုလှောင်အိတ်ကို စစ်ဆေးလာအောင် လုပ်နေတယ်လို့ပဲ ထင်နေခဲ့တာ။ ဒါပေမယ့် သူပြောတာ တကယ် အမှန် ဖြစ်နေလောက်တယ်”

“ကြယ်တာရာကောင်းကင် အကြောင်းကို ပြောတာလား”

“ဟုတ်တယ်” ဝူကျဲက ခေါင်းညိတ်ပြလိုက်ပြီး “ဘာလို့လဲဆိုတော့ သွေးအဆီအနှစ် ကျောက်တုံးဆိုတာ ထုန်းရွှမ်လောကကြီးက ပစ္စည်း မဟုတ်ဘူး။ ကြယ်တာရာကောင်းကင်က ပစ္စည်းပဲ”

ရန်ကိုင် မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့သည်။

ကြယ်တာရာကောင်းကင်သည် ထုန်းရွှမ်လောကကြီး ထဲတွင် ဒဏ္ဏာရီလာ နေရာတစ်ခုဖြစ်ပြီး မည်သူမှ ထိုနေရာအား အမှန်တကယ် မစူးစမ်းဖူးကြချေ။

ရန်ကိုင်နှင့် တိယောင်သည် နှစ်တစ်ထောင်နတ်ဆိုး ပန်းပွင့် ပွင့်လာစဉ်က ကြယ်တာရာကောင်းကင်ထဲသို့ သွားခဲ့ဖူးသည်။ ထိုနေရာ၌ တစ်နှစ်ကြာအောင်ပင် သူအချိန်ဖြုန်းခဲ့သည်။ သို့သော် ကြယ်တာရာကောင်းကင်သည် အရမ်းကိုမှ ကျယ်ပြောလှလေရာ မသေမျိုးအဆင့်သို့ ချိုးဖျက်ပြီးသည်နှင့် ထုန်းရွှမ်လောကကြီးဆီသို့ ချက်ချင်း ပြန်လာခဲ့လိုက်လေသည်။

“ကြယ်တာရာကောင်းကင်က ပစ္စည်းတွေ ထုန်းရွှမ်လောကကြီးမှာ ပေါ်လာတာကို တော်ဝင်သခင်လည်း ကြားဖူးတယ်မလား”

“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “အရင်းတုန်းက နည်းနည်းပါးပါး မြင်ဖူးတယ်”

မိုးကြိုးနတ်ဘုရားစိတ်ဝိဥာဉ်ကျောင်းတော်တွင် ဂုဏ်သရေရှိဧည့်သည့်အဖြစ် တာဝန်ထမ်းဆောင်စဉ်က လေမျက်လုံးပေါက်ကွဲရာမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားကို ခုခံရန် ကြယ်တာရာကောင်းကင်မှလာသော အပြာရောင်ကျောက်တုံး တစ်တုံးအား တုဝမ် ထုတ်ယူခဲ့သည်ကို ရန်ကိုင် မြင်တွေ့ခဲ့ဖူးသည်။

“ကြယ်တာရာကောင်းကင်က ပစ္စည်းအများစုက ကျုပ်တို့ဆီ မတော်တဆ ရောက်လာတဲ့ ထူးထူးဆန်းဆန် ကျောက်တုံးတွေပဲ။ အချို့ဆိုရင် သာမန်ကျောက်တုံးနဲ့ ဘာမှ မကွာတော့ ဘာမှ တန်ဖိုးမရှိဘူးပေါ့။ ဒါပေမယ့် ဒီသွေးအဆီအနှစ် ကျောက်တုံးကတော့ မတူတော့ဘူး”

“ဒီအကြောင်းကို ခင်ဗျားဘယ်လိုသိတာလဲ”

ဝူကျဲက ပခုံးတွန့်၍ “ဒီလို ကျောက်တုံးမျိုးကို ပိုင်ဆိုင်ဖူးတဲ့ အသိတစ်ယောက် ကျုပ်မှာရှိတယ်လေ။ ဒါပေမယ့် သူပိုင်တဲ့ ကျောက်တုံးက ဒီထက် အများကြီး ပိုသေးတယ်”

“ဒါကို ဘာအတွက်သုံးတာလဲ သိလား”

“ကျောက်တုံးထဲကို အစစ်အမှန်ချီ ထည့်ကြည့်လိုက်။ တော်ဝင်သခင် နားလည်သွားလိမ့်မယ်” ဝူကျဲက ပြုံးကာ ပြန်ပြောလိုက်သည်။

ရန်ကိုင်လည်း ဘာမှ ထပ်မမေးတော့ဘဲ ကျောက်တုံး ထဲသို့သာ အစစ်အမှန်ချီ ထည့်သွင်းကြည့်လိုက်သည်။

ရုတ်တရက် အနီရင့်ရောင် ကျောက်တုံးတစ်ခုလုံး ကြက်သွေးရောင် တလက်လက် တောက်ပလာသဖြင့် အကုန်လုံး အလန့်တကြား ဖြစ်သွားခဲ့ကြသည်။

သွေးအဆီအနှစ်ကျောက်တုံးမှ ထူးဆန်းသော အားတစ်ရပ် ထွက်ပေါ်လာပြီး မြေကြီးထဲသို့ စီးဝင်သွားသော သွေးများပါမကျန် အနားတွင် ရှိနေသော သွေးအားလုံးကို စုပ်ယူတော့လေသည်။

ရွှစ်… ရွှစ်… ရွှစ်…

(၁၀)ကီလိုမီတာ စွန်းစွန်းအတွင်းရှိ သောင်းနှင့်ချီသော သွေးစက်လေးများသည် သွေးအဆီးအနှစ် ကျောက်တုံးထဲသို့ ပျံသန်းပျောက်ကွယ်သွားခဲ့ကြလေသည်။

ရှေးဟောင်းနတ်ဆိုးကလန်မှ နတ်ဆိုးဗိုလ်ချုပ်ကြီးများ အားလုံး ထိုအဆန်းတကြယ် မြင်ကွင်အား အံ့ဩတကြီး ငေးမောကြည့်နေခဲ့ကြသည်။

သွေးအဆီအနှစ် ကျောက်တုံးသည် အဆုံးမဲ့တွင်းပေါက် တစ်ခုနှယ် ဝင်လာသမျှ သွေးအားလုံးကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။

ထိုသွေးများကြောင့် သွေးနီရောင်ကျောက်တုံးသည် ပို၍ အနီရောင်တောက်ပလာခဲ့ပြီး ၎င်းမှ ထွက်ပေါ်နေသော သွေးနံ့သည်လည်း ပို၍ စူးရှပြင်းထန်လာခဲ့သည်။

ခဏအကြာ၌ သွေးအဆီအနှစ်ကျောက်တုံးထဲသို့ သွေးစီးဝင်နေခြင်း ရပ်တန့်သွားခဲ့သည်။ ယခုလေးတင် သွေးစိမ်းရှင်ရှင်တို့ဖြင့် ရဲရဲတောက်နေခဲ့သော နှင်းတောင်တန်းသည် မူလအစက ကဲ့သို့ တစ်ဖန်ပြန်လည် ဖြူဖွေးလာခဲ့လေပြီ။

ရန်ကိုင် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။

သူ့လက်ထဲရှိ သွေးအဆီအနှစ် ကျောက်တုံးသည် အသက်ရှိလာသည့်အလား…

သွေးအဆီအနှစ် ကျောက်တုံးထဲသို့ စိတ်စွမ်းအင် ပို့လွှတ်၍ ထူးဆန်းသော စွမ်းအင်အမျှင်တန်းလေး တစ်ခုကို ထိန်းချုပ်ကာ သူ့ကိုယ်ထဲသို့ စုပ်ယူပစ်လိုက်သည်။ ထိုကဲ့သို့ လုပ်လိုက်သည့် အခါ သူ့တစ်ကိုယ်လုံး ပို၍ လန်းဆန်းတက်ကြွလာသလို၊ သူ့ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲတော့မတတ် စွမ်းအင်များဖြင့် ပြည့်လျမ်းလာသလို ခံစားလိုက်ရသည်။

“ဒါ…” ရန်ကိုင် ပျော်သွားခဲ့ပြီး လီရုန်အား လှမ်းပြောလိုကသည် “ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ ကလန်သား တစ်ယောက်လောက် ခေါ်လာပေးပါလား”

ခဏအကြာ၌ လက်တစ်ဖက်ပြတ်နေသော ရှေးဟောင်း နတ်ဆိုးကလန်သားတစ်ယောက်ကို လီရုန် ခေါ်လာခဲ့သည်။

လက်တက်ဖက် ပြတ်နေသောလည်း ထိုရှေးဟောင်း နတ်ဆိုးကလန်သားသည် အေးအေးသာသာပင် ရှိနေဆဲ။

“သခင့်ကို နှုတ်ဆက်ပါတယ်” ရှေးဟောင်းနတ်ဆိုး ကလန်သားက အလျင်စလို ဦးညွှတ်လိုက်သည်။

ရန်ကိုင်နှင့် ရှေးဟောင်းနတ်ဆိုးကလန်ကြားက နှီးနွယ်ပက်သက်မှုကို သူ့ကလန်သား အားလုံးသိအောင် လီရုန် ရှင်းပြပြီးသွားခဲ့လေပြီ။

“ထတော့။ ပြတ်နေတဲ့ ခင်ဗျားလက် ဘယ်မှာလဲ” ရန်ကိုင်က မေးလိုက်ရာ ရှေးဟောင်းနတ်ဆိုးကလန်သားက “လွှင့်ပစ်လိုက်ပြီ”

ပြောနေသည့်ပုံစံမှာလည်း သူ့လက်ကို လွှင့်ပစ်လိုက်ခြင်း မဟုတ်ဘဲ အသုံးမဝင်သည့် အမှိုက်တစ်စကို လွှင့်ပစ်လိုက်သည့် နှယ်။ တစ်ချိန်တည်းတွင် သူတို့၏ သခင်သည် ဘာကြောင့် ထိုမေးခွန်းကို မေးလာရသလဲဟု စဉ်းစားရင်း ရန်ကိုင်အား သိချင်စိတ်ဖြင့် ကြည့်နေလိုက်သည်။

“လွှင့်ပစ်လိုက်တာလား” ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး “သွားပြန်ကောက်လာခဲ့”

“ကောင်းပါပြီ” ထိုကလန်သား ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မေးမနေဘဲ သူ့လက်ကို လွှင့်ပစ်ထားသည့် အရပ်ဆီသို့သာ ထွက်သွားလိုက်သည်။

ဖေးယု မျက်မှောင်ကြုံ့သွားခဲ့ပြီး သင်္ကာမကင်း အမူအရာဖြင့် “သခင်က သူ့လက်ကို… ပြန်ဆက်ပေးဖို့ ကြိုးစားနေတာလား”

“ကြိုးစားကြည့်လို့ မမှားဘူးလေ” ရန်ကိုင်က ယဲ့ယဲ့လေး ရယ်မောလိုက်ပြီး “ဒီကျောက်တုံးထဲမှာ အသက်စွမ်းအင်တွေ အများကြီးပဲ ရှိတာဆိုတော့ သူ့လက်ကို ပြန်ဆက်ပေးလို့ ရမယ်လို့ ထင်တာပဲ”

ပြောပြီသည်နှင့် ဝူကျဲဆီ လှမ်းကြည့်လိုက်ပြီး “ဒါက ခင်ဗျားပြောတဲ့ သွေးအဆီအနှစ် ကျောက်တုံးရဲ့ အသုံးပြုပုံလား”

ဝူကျဲက ဖွဖွလေး ရယ်ကာ ပြန်ပြောလိုက်သည် “ဒီကျောက်တုံးက အရမ်းအားကောင်းတဲ့ ကုသနိုင်စွမ်း ရှိတာရယ်၊ သွေးနဲ့ဆက်စပ်တဲ့ ကျင့်စဉ်တွေ၊ သိုင်ပညာရပ်တွေကို ကျင့်ကြံတဲ့ ကျင့်ကြံသူတွေအတွက် အသုံးဝင်တယ် ဆိုတာပဲ သိထားတာ။ ပြတ်နေတဲ့ လက်ကို ပြန်ဆက်ပေးနိုင်လား၊ မပေးနိုင်ဘူးလား ဆိုတာကိုတော့ ဒီဝူလည်း မသိဘူး”

“သွေးကျင့်စဉ်ကို လေ့ကျင့်တဲ့ လူတွေအတွက်တင် မဟုတ်ဘူး လူတိုင်းအတွက်ကို အသုံးဝင်တာ” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး သွေးအဆီးအနှစ် ကျောက်တုံးကို ငုံ့ကြည့်၍ “ကြယ်တာရာကောင်းကင်ထဲက ပစ္စည်းတွေက အံ့အားသင့်စရာတွေချည်းပဲ။ စွမ်းအင် အမျှင်တန်းလေးနဲ့တင် ကျုပ်ခွန်အားကို တိုးတက်အောင် လုပ်ပေးနိုင်တာဆိုတော့ တိုက်ပွဲမှာသာ သုံးလိုက်ရင် အရှုူံးကိုတောင် အနိုင်ပြောင်းပစ်လို့ ရနိုင်ရင် ရလောက်တယ်”

ရန်ကိုင်စကားကြောင့် အကုန်လုံး သွေးအဆီအနှစ် ကျောက်တုံးကို စိတ်ဝင်စားလာမိကြသည်။

ခဏအကြာ၌ ပြတ်သွားသောလက်အား သွားပြန်ကောက်သည့် ရှေးဟောင်းနတ်ဆိုးကလန်သား ပြန်ရောက်လာခဲ့သည်။

သို့သော်လည်း လက်ကို လွှင့်ပစ်ထားသည်မှာ အတော်လေး ကြာသွားခဲ့ပြီ ဖြစ်သဖြင့် ထိုပြတ်နေသော လက်သည် အေးခဲစ ပြုနေခဲ့လေပြီ။

ဒဏ်ရာသည် ရှုပ်ရှုပ်ယှတ်ယှတ်မဟုတ်။ ဓါးဖြင့် တိတိရိရိ ပိုင်းဖြတ်ခံလိုက်ရခြင်း ဖြစ်လေရာ ပြန်ဆက်ရန် ပိုပြီး လွယ်ကူသွားခဲ့လေသည်။

ထိုကလန်သားအား ပြတ်နေသောလက်ကို အဖြတ် ခံလိုက်ရသော နေရာနှင့် ထိကပ်ထားရန် ညွှန်ကြားပြီးနောက် သွေးအဆီအနှစ် ကျောက်တုံးထဲမှ စွမ်းအင်ကို စတင် ထုတ်ယူတော့လေသည်။

အနီဖျော့ဖျော့ မြူခိုးလေသည်း မြွေသေးသေးလေး တစ်ကောင်ပမာ ကျောက်တုံးထဲမှ ထွက်လာပြီး ဒဏ်ရာပေါ်သို့ ကျရောက်သွားခဲ့သည်။

အကုန်လုံး ထိုမြင်ကွင်းကို မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ အောင်မြင်လိမ့်မည် မဟုတ်ဟု အနည်းနှင့်အများ ထင်မိကြသော်လည်း နောက်ဆုံး ဘယ်လို ဖြစ်လာမလဲ ဆိုသည်ကိုမူ သိချင်နေကြဆဲ။

ရှေးဟောင်းနတ်ဆိုးကလန်သားကမူ ရန်ကိုင် သူ့လက်ကို ပြန်ဆက်ပေးနိုင်မည်ဟု မမျှော်လင့်ထားသည့်အလား ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့သည်။ ပြတ်နေသော လက်ကို ပြန်ဆက်ခြင်းသည် သူတော်စင် တတိယအဆင့် ပညာရှင်များပင် မလုပ်နိုင်သော အရာဖြစ်ပြီး သူသည် ယခုမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၉)သာ ရှိသေးပေသည်။ သူ့ခန္ဓာကိုယ်သည် အားကောင်းသော်လည်း ပြတ်နေသော လက်ကို ပြန်ဆက်ရန်မှာ သိပ်ပြီး ယုတ္တိမရှိလှ။

ရန်ကိုင် လုပ်ပေးနိုင်မည်ဟု မမျှော်လင့်ထားခဲ့။ ရန်ကိုင်၏ အဆင့်တန်းကြောင့်သာ ဘာမှ ပြန်မပြောဘဲ သူပြောသည့် အတိုင်းသာ လုပ်နေခြင်းဖြစ်သည်။

သို့သော်လည်း သွေးအဆီအနှစ်ကျောက်တုံးထဲမှ စွမ်းအင် အမျှင်တန်းလေး သူ့ကိုယ်ထဲသို့ ရောက်သည်နှင့် ရှေးဟောင်း နတ်ဆိုးကလန်သား၏ ထူးမခြားနားဟန် အမူအရာသည် ထိတ်လန့်၊ ပျော်ရွှင်နေသည့် အမူအရာဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ မျက်လုံးများသည်လည်း ပြူးကျယ်နေခဲ့ပြီး ဒဏ်ရာကို မျှော်လင့်ချက် အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ခန္ဓာကိုယ်ပင် တုန်တုန်ရီရီ ဖြစ်နေခဲ့ရလေသည်။

အေးခဲနေသော လက်မောင်းသည် သွေးအဆီအနှစ် ကျောက်တုံးမှ စွမ်းအင်ကြောင့် တဖြည်းဖြည်း ပြန်လည် နွေးလာခဲ့ပြီး အနည်းငယ် ယားကျိကျိ စဖြစ်လာခဲ့သည်။

သူ့လက်ချောင်းများကို လှုပ်၍ရမလား စမ်းကြည့်လိုက်ရာ အမှန်တကယ် လှုပ်ရှားနိုင်သည်ကို တွေ့လိုက်ရသည်။

ထိုအခြင်းအရာကို မြင်သည်နှင့် အားလုံး၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ရလေသည်။

အချိန်တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်သည် သွေးအဆီအနှစ်ကျောက်တုံးထဲမှ စွမ်းအင်များကို ရှေးဟောင်း နတ်ဆိုးကလန်သား၏ လက်မောင်းထဲသို့ ဆက်လက် ဖြည့်သွင်းပေးနေခဲ့သည်။

ဒဏ်ရာသည် တဖြည်းဖြည်း ပျောက်ကင်းလာခဲ့ရာ နာရီဝက်ကြာပြီးသည့်နောက် အမာရွတ် သေးသေးလေး တစ်ခုသာ ကျန်ရစ်တော့ပြီး ပြတ်နေသော လက်သည် အကောင်းအတိုင်း ပြန်ဆက်သွားခဲ့လေပြီ။

All Chapters