← Chapters

အခန်း (၈၇၆-၈၈၀)

Vol. 36 Ch. 876-880

အခန်း (၈၇၆-၈၈၀)

Vol. 36 Ch. 876-880

အပိုင်း (၈၇၆) သူဘယ်သူမှန်းကျုပ်သိတယ်

ကြယ်တာရာကောင်းကင်နှင့် ပက်သက်သော ကျန်းအောင်၏ မှတ်ဥာဏ်များကို သိလိုက်ရပြီးနောက် သူ့ဝိဥာဉ်အကြွင်းအကျန်ကို တိုက်ရိုက် သန့်စင်ပစ်လိုက်သည်။

ထိုအတောအတွင်း သိုင်းတာအိုနှင့် ကောင်းကင်နိယာမအပေါ် ကျန်းအောင်၏ ထိုထွင်းသိမြင် နားလည်မှုများကိုလည်း တစ်ပါးတည်း မှတ်သား၊ လေ့လာသွားခဲ့သည်။

သူ့ကိုယ်ပိုင် ထိုးထွင်းသိနားလည်မှုများ တိုးတက်လာခဲ့ရသော်လည်း များများစားစား တိုးတက်လာခြင်း မရှိခဲ့ပေ။

သူ့ခွန်အား တိုးတက်လာသည်နှင့်အမျှ ဝိဥာဉ်အကြွင်းအကျန်များ၏ အကျိုးသက်ရောက်မှုများ သိသိသာသာ လျော့ကျလာခဲ့ရသည်။ သို့သော် ထိုဝိဥာဉ်အကြွင်းအကျန်များ၏ အကျိုးကျေးဇူးကြောင့်သာ ကျင့်ကြံရာတွင် မည်သည့် အဆင့်တစ်ဆို့ခြင်း ကိစ္စကိုမှ မကြုံရခြင်း ဖြစ်သည်။

သူသာ အဆင့်မြင့် ပညာရှင်တစ်ယောက်ကို သတ်ပြီး ထိုလူ၏ အကြွင်းအကျန် စိတ်ဝိဥာဉ်ကို စုပ်ယူနိုင်ပါက သူ့ကျင့်ကြံခြင်း ခရီးလမ်းတစ်လျှောက် မည်သည့် အဆင့်တစ်ဆို့ခြင်း ပြဿနာကိုမှ ကြုံရလိမ့်မည် မဟုတ်ပေ။ သို့သော်လည် သူ့ထိုးထွင်းသိမြင်မှုများ တိုးတက်လာသည့်အလျောက် သူ့ခန္ဓာကိုယ်နှင့် အစစ်အမှန်ချီသည်လည်း အလျင်မှီ လိုက်မှီနိုင်ရန် လိုအပ်ပေသည်။

ရန်ကိုင်၏ လက်ရှိ ထိုးထွင်းနားလည်မှုဖြင့် သူတော်စင်တတိယအဆင့် မတိုင်ခင်အထိ မည်သည့် အဆင့်တစ်ဆို့ခြင်း ပြဿနာကိုမှ ကြုံရလိမ့်မည် မဟုတ်ချေ။

အတွေးများကို ပြန်စုစည်းလိုက်ပြီး အသိစိတ်ကို အသိစိတ်ပင်လယ်ထဲမှ ပြန်ရုတ်သိမ်းလိုက်ပြီးနောက် လက်ရှိ အဖြစ်အပျက်များအကြောင်း မေးမည်အပြု၊ ဟန်ဖေး၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည် “အဲ့နေရာမှာ ဘယ်သူလဲ”

ချက်ချင်းဆိုသလို အေးစက်စက် လေပြင်များနှင့်အတူ‌ လေခွင်းသံတို့ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့တဲထဲမှ လမ်းလျှောက်ထွက်လိုက်ချိန် အုံ့အုံ့ကျက်ကျက် ဖြစ်နေသော ရှေးဟောင်းနတ်ဆိုးကလန်သား အုပ်လိုက်ကြီးကို တွေ့လိုက်ရလေသည်။

“သခင်” လီရုန် ရန်ကိုင်ဆီ ချက်ချင်း ပြေးလာလိုက်ပြီး သူ့အား ကာကွယ်ပေးထားလိုက်သည်။ လီရုန် ရန်ကိုင် တစ်ခုခု မဖြစ်ရစေရန် သူမတဲအား ရန်ကိုင်နှင့် ငါးမီတာအကွာတွင် နေရာချထားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင်က မေးလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင် တစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်သည်။

“ဒီရက်အတောအတွင်း တစ်ယောက်ယောက် ကျွန်မတို့ကို စောင့်ကြည့်နေတဲ့ပုံပဲ။ ဒါပေမယ့် ဘယ်သူမှန်း ရှာလို့မတွေ့ခဲ့ဘူး။ ဒီနေ့ ဟန်ဖေး အဲ့လူကို တစ်ချက် လှမ်းမြင်လိုက်လို့ ချက်ချင်း ပြေးလိုက်သွားတာ”

“ခင်ဗျားတောင် အဲ့လူကို ရှာလို့မတွေ့တာလား” ရန်ကိုင် အံ့ဩသွားခဲ့ရလေပြီ။

“အင်း။ အဲ့လူက သူ့အရှိန်အဝါကို လုံးလုံး ဖုံးကွယ်ထားနိုင်တာ။ မသိရင် ကိုယ်ပျောက်နေသလိုမျိုး။ ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်လည်း သူ့ကို ရှာလို့မတွေ့ဘူး” လီရုန် မျက်မှောင်ကြုံ့နေခဲ့ရသည်။

“အို၊ စိတ်ဝင်စားစရာပဲ” ရန်ကိုင် ပြုံးဖြီးလိုက်သည်။ အပြင်ပိုင်းအရ လီရုန်သည် သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်သေးသော်လည်း သူမ၏ အစစ်အမှန်ခွန်အားသည် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် အောက် နိမ့်ကျခြင်း မရှိပေ။ သို့တိုင် သူမသည် ပုန်းကွယ်နေသောလူကို ရှာမတွေ့ခဲ့ချေ။

ထိုကဲ့သို့ လုပ်နိုင်သော တစ်ဦးတည်းသော သူဆို၍ မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးသာ ရှိပေသည်။

သို့သော် စီနီယာကြီးဆိုသူနှင့် သဘောတူညီချက် ရပြီးသွားပြီ ဖြစ်သဖြင့် သူ့အား ယခုကဲ့သို့ လာရောက် ထောက်ရန်ရန် ကိစ္စမှ သိပ်ပြီး မဖြစ်နိုင်လှချေ။

ခဏအကြာတွင် ဟန်ဖေး ပြန်ရောက်လာခဲ့သည်။

“ဘယ်သူလဲ၊ သိလိုက်လား” လီရုန်က မေးလိုက်ရာ ဟန်ဖေးက ခေါင်းခါရမ်းလိုက်ပြီး “သူပြေးတာ အရမ်း မြန်လွန်းတယ်။ သူ့သုံးသွားတဲ့ လှုပ်ရှားမှု ပညာရပ် ဆိုရင်လည်း အဆင့်တော်တော်မြင့်တဲ့ပုံပဲ။ ကျွန်မ သူ့ကို လိုက်မမှီဘူး”

“သူ့ပုံစံကိုကော မြင်လိုက်သေးလား” ရန်ကိုင်က ဝင်မေးလိုက်သည်။

“မိန်းမတစ်ယောက်ပဲ” ဟန်ဖေး မျက်မှောင်ကြုံ့လျက် “ဒါပေမယ့် သူ့ပုံစံက တော်တော်လေး ထူးဆန်းလွန်းတယ်။ အဝတ်အစားတွေ အကုန်လုံးက စုတ်ပြတ်နေတာပဲ။ ဆံပင်ဆိုရင်လည်း ကပိုကရိုတွေ ဖြစ်လို့။ မသိရင် အရူးနဲ့တောင် တူသေးတယ်။ စကားတစ်ခွန်းမှလည်း မပြောဘူး။ ကျွန်မကို တွေ့တာနဲ့ ချက်ချင်း ထွက်ပြေးသွားတော့တာပဲ။ ပြီးတော့ တစ်ချက် ရှိသေးတယ်။ သူ့ဆီကနေ ဘာအသက်စွမ်းအင်ကိုမှ မခံစားမိဘူး… အဲ့အစား သေခြင်းချီကိုပဲ ခံစားမိတယ်”

“သေခြင်းချီလား” ယခု လီရုန် မှင်သက်ရမည့် အလှည့်ပင်။

“ဟုတ်တယ်။ သေခြင်းချီဆိုတာ လုံးဝ သေချာတယ်။ သေသွားပြီးတဲ့ လူမှာပဲ အဲ့လိုချီမျိုး ရှိတာ”

ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး မျက်ခုံး ပင့်လိုက်လေသည်။ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး တစ်နေရာတွင် ပြန်ရပ်လိုက်ကာ မေးလိုက်သည် “သူသုံးသွားတာ ဒါမျိုးလား”

“ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့လိုမျိုးပဲ”

“သူဘယ်သူလဲ ကျုပ်သိသွားပြီ” ရန်ကိုင် သက်ပြင်းချလိုက်သည်။

ရှေးဟောင်းနတ်ဆိုးကလန်မှ ဗိုလ်ချုပ်ကြီးများ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရန်ကိုင်မျက်နှာ ဘာကြောင့် ညိုးနွမ်းသွားမှန်း သူတို့ နားမလည်နိုင်ခဲ့။

“သခင်၊ အဲ့မိန်းမက သခင်နဲ့အသိလား” လီရုန် စကားအသွားအလာကို သေချာသတိထားလျက် မေးလိုက်သည်။

ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ကျုပ်သူ့ကို မသိဘူး။ ဒါပေမယ့် သူက ကျုပ်နဲ့ ဆက်စပ်နေတယ်။ အဲ့မိန်းမက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ အရင်မျိုးဆက် သူတော်စင်မပဲ”

ထို့နောက် ရှေးဟောင်းနတ်ဆိုးကလန်မှ ခေါင်းဆောင်များကို သူတော်စင်မနန်အကြောင်း ပြောပြလိုက်ရာ အကုန်လုံး အံ့အားသင့်သွားခဲ့ရလေသည်။

“မသေမခင် တစ်ယောက်ကိုမှ မသတ်ဘဲ သေပြီးတော့မှ အလောင်းတွေ တောင်လိုပုံအောင် သတ်ဖြတ်တာလား…” လီရုန် အတွေးနယ်ချဲ့နေခဲ့သည် “သူက ခေါင်းတလားအစေခံ စီနီယာနဲ့ တူသလိုလို ရှိပေမယ့် တကယ်တော့ ဆန့်ကျင်ဘက်ပဲ”

ခေါင်းတားအစေခံသည်နှင့် သူတော်စင်မနန်တို့သည် အလောင်းကောင်ဘဝတွင် နေထိုင်နေကြခြင်း ဖြစ်သည်။ ကွာခြားသွားသည်ကာ တစ်ယောက်သည် သေပြီးသွားချိန် ပြဿာနာပေါင်း သောင်းခြောက်ထောင်ကို ရှာခဲ့ပြီး ကျန်တစ်ယောက်သည် လူတစ်ဦးတစ်လေကိုမှပင် မသတ်ခဲ့ချေ။ သူတို့၏ စိတ်အစွဲကြောင့် သေပြီးသည့်တိုင် ခန္ဓာကိုယ်သည် ဆက်လက် လှုပ်ရှားနေခြင်း ဖြစ်သည်။

သူတော်စင်မနန်သည် အလောင်းကောင် ဖြစ်နေသည့် အတွက် အသက်စွမ်းအင် ဖြာထွက်နေခြင်း မရှိခဲ့။ ထို့ကြောင့် လီရုန်နှင့် အခြားသူများ သူတော်စင်မနန်ကို မထောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော လူတစ်ယောက်နှင့် ရင်ဆိုင်ရပါက သူတို့၏ ခန္ဓာကိုယ်ကို အပြီးတိုင် ဖျက်စီးပစ်လျှင်ပစ်၊ မပစ်လျှင် ထိုလူ၏ စိတ်အစွဲကို ဖျက်စီးပစ်ရပေမည်။ စိတ်အစွဲ မရှိတော့သည်နှင့် အလောင်းခန္ဓာကိုယ် သည်လည်း အလိုလို လှုပ်ရှားတော့လိမ့်မည် မဟုတ်။

“ဒီကိစ္စကို ဖြေရှင်းဖို့ အချိန်ကျပြီနဲ့ တူတယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

သူမ ဘာပဲဖြစ်လာခဲ့ပါစေ၊ သူတော်စင်မနန်သည် တော်ဝင်နယ်မြေ၏ အဖွဲ့သားတစ်ယောက် ဖြစ်နေဆဲပင်။ ရန်ကိုင်သာ သူမအား လွှတ်ထားလိုက်ပါက မပြီးနိုင် မစီးနိုင်သော ပြဿနာများ သူ့ဆီ တောက်လျှောက် ရောက်လာနေပေလိမ့်မည်။

ထို့အပြင် သူမကြောင့် တော်ဝင်နယ်မြေမှ လူများသည်လည်း ပူပန်ကြောင့်ကြ စိုးရိမ်နေခဲ့ရသည်။

သူတော်စင်မနန် ယခုတစ်ကြိမ် ပေါ်လာခြင်းသည် သူ့အား နောက်ယောင်ခံလိုက်လာခြင်းသာ ဖြစ်ရပေမည်။ ထို့ကြောင့် ရန်ကိုင်သည် သူ့ကိုယ်သူ တည်ကြက်အဖြစ် အသုံးပြုလိုက်ပါက သူတော်စင်မနန် မပေါ်လာစရာ အကြောင်းမရှိချေ။

ရန်ကိုင်စကားကို မည်သူမှ ငြင်းဆိုခြင်း မပြုခဲ့။

ကိစ္စအဆင်ချောစေရန် ရန်ကိုင်သည် လီရုန်နှင့် ဟန်ဖေးတို့ကို တောအုပ်တွင်းရှိ ချောင်ကျသော နေရာတစ်ခုသို့ ခေါ်သွားခဲ့သည်။

သူတော်စင်မနန်သည် အားကောင်းသော သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေဆဲ။ ထို့ကြောင့် သေသွားပြီးသည့်တိုင် သူမအား အထင်မသေးသင့်။

စခန်းချနေရာမှ ကီလိုမီတာ တစ်ရာအကွာရှိ တောင်ကြားတစ်ခုသို့ အရောက်တွင် ရန်ကိုင် ရပ်လိုက်ပြီး ဘေးပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ယဲ့ယဲ့လေး‌ ခေါင်းညိတ်လိုက်သည်။

လီရုန်နှင့် ဟန်ဖေးတို့သည် ချုံပုတ်တစ်ခုထဲ ချက်ချင်း ပြေးဝင်ပုန်းလိုက်ကြပြီး သူတို့၏ အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားလိုက်သည်။

ရန်ကိုင်သည် တောင်ကြားထဲသို့ အေးအေး သက်သက်သာသာဖြင့် ဝင်သွားလိုက်ပြီး လမ်းတစ်လျှောက် တွေ့နေရသော ဆေးပင်များကို ကောက်ယူနေခဲ့သည်။ သို့သော် ကောင်းကင်အဆင့်နှင့် ဆန်းကြယ်အဆင့် ဆေးပင်များကိုသာ တွေ့ခဲ့ရပြီး စိတ်ဝိဥာဉ်အဆင့် ဆေးပင် တစ်ပင်တစ်လေကိုပင် မတွေ့ခဲ့ရပေ။

တောင်ကြားတစ်ပတ်လုံးကို ပတ်ပြီးမှသာ သူ့စိတ်ထဲ မသက်မသာ ဖြစ်လာခဲ့ရသည်။ တစ်ယောက်ယောက်သည် သူ့အား အနီးအနားမှ စောင့်ကြည့်နေသလိုမျိုးပင်။

ထိုအကြည့်အား အာရုံခံမိရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ရာ သူတော်စင်မနန်ကို တွေ့လိုက်ရသည်။ သူတော်စင်မနန်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ရှုပ်ပွနေသော ဆံပင်များသည် လေအဝှေ့တွင် တလူလူ လွင့်ပျံနေခဲ့လေရာ ယုံတမ်း ပုံပြင်များထဲမှ တစ္ဆေ၊ သရဲကောင်များနှင့်ပင် တူနေသေးသည်။ သူတော်စင်မနန်သည် ရန်ကိုင်နားသို့ အရမ်းကြီး တိုးကပ်သွားခြင်း မပြုဘဲ ခပ်လှမ်းလှမ်း ခွာ၍သာ သူ့အား မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။

အဖြူရောင်ဝတ်စုံဟု ဆိုရသော်ငြား တိုက်ပွဲ အလီလီကို တိုက်ခိုက်ခဲ့ရသောကြောင့် စုတ်ပြဲ၊ ညစ်ပတ်နေခဲ့ရလေရာ သူမ၏ ပုံစံမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းနေရသည်။

သူမ ဘယ်အချိန်ကတည်းက ထွက်ပေါ်လာမှန်း သူမသိ၊ သူ့အား ဘယ်လောက်ကြာအောင် စိုက်ကြည့်နေမှန်း သူမသိ၊ သူသိသည်ကား တော်ဝင်သခင်ကို လက်စွပ်ကို စိုက်ကြည့်နေသည့် သူမ၏ အကြည့်ထဲ ကြင်နာသည့်၊ အတိတ်ကို လွမ်းဆွတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည် ဆိုသည်ကိုသာ။

တော်ဝင်သခင်လက်စွပ်သည် ဘုံကိုးခုထွတ်မြတ် နယ်မြေ တော်ဝင်သခင်၏ လက္ခဏာ ဖြစ်သည်။ တော်ဝင်သခင်တိုင်းသည် တော်ဝင်သခင်လက်စွပ်ကို ဝတ်ဆင်ကြရပြီး ယခင်တော်ဝင်သခင်သည်လည်း ထိုလက်စွပ်ကို ဝတ်ဆင်ခဲ့သည်။ သူတော်စင်မနန်သည် ယခင် တော်ဝင်သခင်၏ ဘဝလက်တွဲဖော် ဖြစ်လေရာ လက်စွပ်ကို မြင်လိုက်ရချိန် ထိုကဲ့သို့ ဖြစ်သွားသည်မှာ မထူးဆန်း။

သို့သော် သူမ အကြည့်ထဲရှိ ကြင်နာသည့် အရိပ်အယောင်တို့သည် တဒင်္ဂတာသာ ပေါ်လာခြင်း ဖြစ်ပြီး ချက်ချင်းဆိုသလို အဆုံးမဲ့သတ်ဖြတ်လိုစိတ် တို့ဖြင့် အစားထိုးသွားခဲ့သည်။ ထို့နောက် စကား တစ်ခွန်ပင်မဆိုဘဲ လျှပ်စီးတန်းတစ်ခုစင်းပမာ ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

သူတော်စင်မနန် သူ့ရှေ့သို့ မရောက်သေးခင်မှာဘဲ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် ရန်ကိုင်အပေါ် သက်ဆင်းလာခဲ့သည်။

ဧရာမဓါးကြီးတစ်လက် ကောင်းကင်ထက် ထွက်ပေါ်လာပြီး ရန်ကိုင်အား ခုတ်ပိုင်းလာခဲ့သည်။

မဟာကောင်းကင်ဓါးပင်…

ရန်ကိုင်သည် ရှောင်မည့် အရိပ်အယောင် မပြဘဲ နေရာတွင်သည် ရပ်နေခဲ့သည်။

“နှင်းရေခဲကမ္ဘာ ထွက်ပေါ်လာစမ်း” ရုတ်တရက် ရေခဲနတ်သမီးလေး၏ အသံအလား သာယာနာပျော်ဖွယ် ကောင်းလှသော အသံတစ်သံ တောအုပ်တွင်းမှ ထွက်ပေါ်လာခဲ့သည်။

ထိုစဉ် တောင်ကြားတစ်ခုလုံး၏ အပူချိန် တစ်ဟုန်ထိုး ထိုးကျသွားလေသည်။ ခရက်… ခရက်… မြည်သံများနှင့် အတူ စိမ်းစိုနေသော တောင်ကြားတစ်ခုလုံး မိုးပြာရောင် ပြောင်းလဲသွားခဲ့ရသည်။ မိုးပြာရောင်သန်းနေသော ရေခဲလွှာကြီးသည် တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံ သွားသဖြင့် တောင်ကြားထဲသို့ မည်သူမှ ဝင်လာ၍ မရတော့သလို တောင်ကြားထဲမှလည်း ထွက်၍ မရတော့ချေ။

ထိုရုတ်ချည်း ပြောင်းလဲမှုနှင့်အတူ ကောင်းကင်ထက်မှ နှင်းပွင့်လေးများ ကျဆင်းလာခဲ့သည်။

ထိုနူးညံ့ဟန် ထင်ရသော နှင်းပွင့်လေးများထဲ ကြောက်မခန်းလိလိ စွမ်းအားများ ကိန်းအောင်နေခဲ့သည်။ နှင့်ပွင့်တစ်ပွင့် ပေါက်ကွဲသွားတိုင် မရေမတွက်နိုင်သော တိုက်ခိုက်မှုလေးများ သူတော်စင်မနန်တို့ တိုးဝင်သွားခဲ့သည်။

မဟာကောင်းကင်ဓါးသည်ပင် တစ်မုဟုတ်ချည်း ဖျက်စီးခံလိုက်ရလေသည်။

ရန်ကိုင်ဆီသို့ ပြေးဝင်လာနေသော သူတော်စင်မနန် ချက်ချင်း ရပ်လိုက်ပြီး နောက်သို့ ပြန်ခုန်ဆုတ်လိုက်သည်။ ထို့နောက် မဟာကောင်းကင်ဒိုင်းကို ဆင့်ခေါ်ကာ သူမကိုသူမ ကာကွယ်လိုက်ပြီး မဟာကောင်းကင် လှံတံဖြင့် ဟန်ဖေး ပုန်းအောင်းနေမည် ထင်ရသော နေရာဆီ လှမ်းပစ်လိုက်သည်။

ရွှစ်…

လေဟာနယ်ကို ဖြတ်သန်းသွားနိုင့်သည့်အလား မဟာကောင်းကင်လှံတံ သူမရှေ့ ရုတ်ချည်း ထွက်ပေါ် လာသံဖြင့် ဟန်ဖေး မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားခဲ့ရသည်။

ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး မျက်နှာ တစ်ပြင်လုံး နတ်ဆိုးအမှတ်အသားတို့ဖြင့် ရုတ်ချည်း ပြည့်နှက်သွားကာ တိုးဝင်လာနေသော လှ့တံကို လက်ဗလာသက်သက်ဖြင့် ဖမ်းကိုင်လိုက်သည်။

သူမ လက်မောင်းတစ်လျှောက် သွေးများ စီးကျနေခဲ့သည်။ သို့သော် သူတော်စင်မနန် ပစ်လိုက်သော လှံတံကို တားဆီးလိုက်နိုင်ခဲ့သည်။

တစ်ချိန်တည်းတွင် လီရုန်သည် သူတော်စမနန် မသိလိုက်ခင်မှာဘဲ သူမနောက်သို့ ရောက်နေခဲ့လေပြီ။

အနီရောင်အလင်းတစ်ချက်နှင့်အတူ ဧရာမ ပန်းပွင့်ကြီးတစ်ပွင့် သူတော်စင်မနန်၏ ခြေထောက်အောက် ထွက်ပေါ်လာခဲ့သည်။

ပွင့်လန်းလာသော ပန်းပွင့်လေးသည် အတော့်ကိုမှ လှပလှသည်။ ပဒုမ္မာကြာပန်းတစ်ပွင့်ပမာ လှပသော ပွင့်ချပ်လေးများသည် အသာအယာ လည်ပတ်နေလျက် ထူးဆန်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ သူတောစင်မနန်ကို ကြာပန်တွင်းသို့ ဆွဲယူနေခဲ့သည်။

ပွင့်ချပ်လေးများ တဖြည်းဖြည်း ပိတ်သွားခဲ့ပြီး သူတော်စင်မနန်ကို ပိတ်လှောင်ရန် ကြိုးစားတော့သည်။

နားခါးလှသော အက်ရှရှ အော်ဟစ်သံတစ်သံ သူတော်စင်မနန် ပါးစပ်မှ ထွက်ပေါ်လာပြီး သူမ၏ ပုံရိပ်သည်လည်း ရုတ်တရက် ပေါက်ကွယ်သွားကာ အခြားနေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့လေသည်။

ကြာပန်းမှ လွတ်သွားသည်နှင့် သူတော်စင်မနန်သည် လီရုန်နှင့် ဟန်ဖေးတို့အား ဒဏ်ရာရသွားသော သားရဲ တစ်ကောင်ပမာ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

လီရုန်နှင့် ဟန်ဖေးတို့လည်း အချင်းချင်း ပူကပ်နေလိုက်ကြလေပြီ။ သူမတို့စိတ်ထဲ သူတော်စင်မနန်ကို သနားလည်သနား၊ ထိတ်လည်း ထိတ်လန့်နေခဲ့လေသည်။ ယခုမှသာ သူတော်စင်မနန်သည် အတော့်ကိုမှ ရင်ဆိုင်ရ ခက်ခဲသော လူတစ်ယောက်မှန်း နှစ်ယောက်စလုံး နားလည်သွားခဲ့သည်။

“အလျှော့ပေးနေစရာ မလိုဘူး။ အရင်ဖမ်းကြည့်၊ ဖမ်းလို့မရရင်… ဖျက်သာ ဖျက်စီးပစ်လိုက်” ရန်ကိုင်က ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ဟန်ဖေးနှင့် လီရုန်တို့ နှစ်ယောက်စလုံး ပြိုင်တူအသံပြု၍ သူတော်စင်မနန်ဆီ ပြေးဝင်သွားလေသည်။

ရေခဲဓါးသွားတို့ လေအဝှေ့နှင့် မြူးကြွနေကြသလို ပန်းပွင့်နီနီလေးများသည်လည်း လေစီးကြောင်းနှင့်အတူ ကခုန်နေကြသည်။

ရှေးဟောင်းနတ်ဆိုးကလန်မှ ခေါင်းဆောင် နှစ်ယောက် ပူးပေါင်း၍ သူတော်စင်ဒုတိယအဆင့် သူတော်စင်မနန်ကို တိုက်ခိုက်လာမှဖြင့် တိုက်ပွဲ ရလဒ်ကို ဆက်လက် ခန့်မှန်းနေစရာ မလိုတော့။

တောင်ကြားတစ်ခုလုံး ပတ်လည်တွင် အတားအဆီး တစ်ခု ခင်းကျင်းထားသဖြင့် သူတော်စင်မနန် ထွက်ပြေး နိုင်တော့မည်မဟုတ်။

သူတော်စင်မနန်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် ဆက်စပ်နေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ဟန်ဖေးနှင့် လီရုန်တို့ နှစ်ယောက်စလုံး သူမအား အနိုင်ယူနှင့်ပြီးလောက်ပေပြီ။

နာရီဝက်ကြာပြီးနောက် သူတော်စင်မနန်သည် လီရုန်၏ ပန်းပွင့်အနီရောင်ဖြင့် ချုပ်နှောင်ခြင်း ခံလိုက်ရသည်။

စူးစူးရှရှ အနီရောင် အလင်းတန်းတို့ ဖြာထွက်လာပြီး သကာလ ပွင့်ချပ်များသည် သူတော်စင်မနန်၏ အသားထဲ တဖြည်းဖြည်း စိမ့်ဝင်သွားခဲ့လေရာ သူတော်စင်မနန်၏ ခန္ဓာကိုယ်တစ်လျှောက် ပန်းပွင့်တက်တူးများသာ ကျန်ရစ်တော့လေသည်။

သူတော်စင်မနန်ကို ဖမ်းလိုက်နိုင်လေပြီ။

သူ့အား တောက်လျှောက် လိုက်ဒုက္ခပေးခဲ့သော သူတော်စင်မနန်ကို အနီးကပ်တစ်ချက် သွားကြည့် လိုက်ပြီးနောက် ရန်ကိုင် အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့ရသည်။

သူရှေ့ရှိလူသည် ငယ်ရွယ်စင်က ပြိုင်ဘက်ကင်း အလှဘုရင်မတစ်ခါ ဖြစ်ခဲ့ရပေမည်။ သေသွားသည့်တိုင် သူမ၏ မျက်နှာလေးသည် ငယ်ရွယ်စဉ်ကကဲသို့ ပျိုမြစ်နုရွယ်နေဆဲ။

သို့သော်လည်း လက်ရှိအချိန်၌ သူမသည် သတ်ဖြတ်ရန်သာ သိတော့သော အလောင်းကောင် တစ်ကောင် ဖြစ်နေခဲ့ရချေပြီ။

တော်ဝင်သခင်ဟောင်းသာ အသက်ရှင်နေသေး၍ ဤအဖြစ်ကို မြင်လိုက်ရလျှင်ဖြင့်၊ သူမည်ကဲ့သို့ ခံစားရမည်ကို တွေးရန် လက်ခဲလှသည်။

တကယ်ဆိုလျှင် စုယန် သို့ ရှနင်းချန်သာ ယခုကဲ့သို့ ဖြစ်သွားခဲ့ရပါက သူတို့ သေသွားသည်ထက်ပင် ရန်ကိုင် ပို၍ ယူကြုံးမရ ဖြစ်ရပေလိမ့်မည်။

သူမအား ဖျက်စီးပစ်ချင်သော်လည်း မဖျက်စီးရက်၊ နောက်ဆုံး သက်ပြင်းအရှည်ကြီး တစ်ချက်ချလျက် “ပြန်ခေါ်သွားပြီး သေချာ စောင့်ကြည့်ထားလိုက်”

သူတော်စင်မနန်အား ရှုဟွေနှင့် အခြားသူများဆီသာ ပေး၍ ဖြေရှင်းခိုင်းလိုက်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။

လီရုန်နှင့် ဟန်ဖေးတို့ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်၍ အသာအယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လီရုန်သည် ဟန်ဖေးအား နတ်ဆိုးချီဖြင့် ရစ်ပတ်၍ ရန်ကိုင်နောက်လှ လိုက်လျက် လာလမ်းအတိုင်း ပြန်လာခဲ့ကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇၇)

အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေခဲ့ရာ မကြာမီ အချိန်အတွင်းမှာပဲ လဝက်ကြာသွားခဲ့သည်။ ယနေ့သည် သူ့လူများကို တော်ဝင်နယ်မြေမှ ပြန်ခေါ်သွားမည်ဟု မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး သဘောတူထားသည့် နေ့ဖြစ်သည်။

ရှေးဟောင်းနတ်ဆိုးကလန်သည် ထွက်ခွါရန် အဆင်သင့် ပြင်ပြီးနေကြလေပြီ။ ရန်ကိုင် အမိန့်ကိုသာ စောင့်နေကြခြင်း ဖြစ်သည်။

ရန်ကိုင်နှင့် သူတို့ကြားရှိ ဆက်ဆံရေးကြောင့် ဘုံကိုးခုထွတ်မြတ်နယ်မြေသည် သူတို့၏ အိမ်အသစ်ပမာ ဖြစ်လာခဲ့ရသည်။ ထို့ကြောင့် နေရာသစ်ကို စရောက်ချိန် စူစမ်းလိုစိတ်၊ မျှော်လင့်စိတ်တို့ဖြင့် ပြည့်နေသည်မှာ သဘာဝပင်ဖြစ်သည်။

စုဝေးနေသော ရှေးဟောင်းနတ်ဆိုးကလန်သား အုပ်ကြီးသည် တောင်ထွတ်ကိုးလုံးကို လက်ညိုးထိုး၍ တိုးတိုး တိုးတိုးဖြင့် ပြောဆိုနေခဲ့ကြသည်။

တောင်ထွတ်ကိုးလုံးအား ကောင်းကင်စိတ်အာရုံဖြင့် ဖြန့်ကျက်စစ်ဆေးကြည့်လိုက်သည့်အခါ မွန်းစတား မျိုးနွယ်စုဝင်များ မရှိတော့သည်ကို တွေ့လိုက်ရသည်။ သူချန်ထားရစ်ခဲ့သော ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ဆေးပညာရှင်များနှင့် လက်နက် ပညာရှင်များသာ ကျန်ရစ်တော့ပေသည်။

စီနီယာကြီးသည် ကတိပေးထားသည့်အတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်သွားသဖြင့် ရန်ကိုင်လည်း အတော်လေး သဘောတွေ့ကျေနပ်သွားခဲ့သည်။

ခုနှစ်ရောင်ခြယ် အလင်းတန်းတစ်ခုသည် ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့သည်။ ခဏအကြာ တောင်ပံများကို တဖျတ်ဖျတ် ခတ်နေသော ကိုင်တေ ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံး ရန်ကိုင်ဆီတွင် ရပ်တန့်သွားကာ “ငါတို့ ကလန်တစ်ခုလုံး ထွက်သွားပြီးသွားပြီ။ စီနီယာကြီးက ငါ့ကို သတင်းစကား တစ်ခွန်း ပါးခိုင်းလိုက်တယ်။ ငါတို့ မိသားစု အခုလို တိုးတက်လာနိုင်စေဖို့ အခွင့်ကောင်းကြီး ပေးခဲ့လို ကျေးဇူးပါပဲတဲ့။ နောက် သားရဲပင်လယ် တောအုပ်ဆီ လာလည်ချင်ရင် ကြိုက်တဲ့အချိန် လာလည်လို့ ရပါတယ်တဲ့”

“အခုလို လာပြောပေးတဲ့အတွက် မိန်းကလေး ကိုင်တေကို ကျေးဇူးအများကြီး တင်ပါတယ်။ အချိန်ရရင် ကျိန်းသေ လာလည်မှာပါလို့ စီနီယာကြီးကို ပြန်ပြောပေးပါဦး” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

“ပြောစရာရှိတာ‌ ပြောပြီးသွားပြီ။ နှုတ်ဆက်ပါတယ်” ကိုင်တေက နှာခေါင်းရှုံ့၍ လှည့်ထွက်သွားလေသည်။

“အဲ့မိန်းကလေး… တော့်တော့်ကို စိတ်ကြီးတာပဲနော်” ယင်ယက မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။

“သူ့ခွန်အားက မသေဘူးဟ။ ငါတို့ထက်တောင် အဆင့်သေးတစ်ဆင့် ပိုမြင့်သေးတယ်။ ရုပ်လေးကလည်း ချောချောလှလှလေး” ရွှယ်ကျီက ကိုင်တေ ထွက်သွားရာ အရပ်ဆီကြည့်ရင်း ပြုံးဖြီးကာ ပြောလိုက်သည်။

“စကားပြောရင် ကြည့်ပြော။ လက်လွတ်စပယ် ပြောရင် ပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ မမေ့နဲ့” လီရုန်က ပြစ်တင်လိုက်လေသည် “ငါတို့ကလန်က အခုမှ ဒီလောကကြီးထဲ ခြေချရုံပဲ ရှိသေးတာ။ အတတ်နိုင်ဆုံး ပြဿနာမရှာမိအောင် နေကြ”

ယင်ယနှင့် ရွှယ်ကျီတို့ နှစ်ယောက်စလုံး အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

“သွားကြမယ်” ရန်ကိုင်က လက်ဝှေ့ရမ်း၍ ရှေ့ကနေ ဦးဆောင် ထွက်ခွါတော့လေသည်။

တောင်ထွတ်ကိုးလုံးသည် တောအုပ်အဖုံဖုံဖြင့် စိုပြေစိမ်းစိုနေခဲ့ရာ အလွန်တရာကိုမှ မျက်စိပဒဿ ဖြစ်လှသည်။ ထို့အပြင် တဖြူးဖြူး တိုက်ခတ်နေသော လေညင်း တသုန်သုန်ကြောင့် တောင်တန်း၏ အလှမှာ ပို၍ အသက်ဝင်နေသယောင်ယောင်။ တောင်ထွတ်ကိုးလုံး စိတ်ဝိဥာဉ်အစီအရင်လည်း လည်ပတ်နေသေးသဖြင့် ပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်တို့မှာလည်း အခြား နေရာများထက်ပို၍ သိပ်သည်းနေခဲ့သည်။

ရောက်ရောက်ချင်း ထိုနေရာကို ရှေးဟောင်းနတ်ဆိုး ကလန်သားများ အကြိုက်တွေ့သွားကြသည်။ များစွာသည် ရောက်သည်နှင့် ပတ်ပတ်လည်အား စိတ်လှုပ်ရှားစွာဖြင့် လိုက်ပတ်ကြည့်ကြတော့လေသည်။

ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေသည် သူတို့ နေထိုင်ခဲ့သည့် ဆန်းကြယ်လောကငယ်နှင့်ယှဉ်လျှင် အဆများစွာ ပိုကောင်းပေသည်။ ဤနေရာ၌ နေခြင်းသည် သူတို့အတွက် စိတ်ရောကိုယ်ပါ ပို၍ သက်သောင့်သက်သာ ဖြစ်မည်ကို သံသယရှိစရာ မလိုပေ။

ကလန်သားတော်တော်များများ သူတို့ကိုယ်သူတို့ အိမ်မက်များ မက်နေသလားဟု ခံစားနေကြရဆဲ။ ဆန်းကြယ်လောကငယ်ထဲမှ ထွက်လာခဲ့သည်မှာ သုံးလ ရှိသွားပြီ ဖြစ်သည့်တိုင် နေ၊လ၊ကြယ် မရှိသည့် ဆန်းကြယ်လောကငယ်ထဲတွင် ရှိနေသေးသည်လားဟု အမြဲလိုလို တွေးမိတတ်ကြသည်။

ထိုအတွေး မတွေးမိစေရန်အတွက် တစ်ခုတည်းသော နည်းလမ်းသည် အပြင်လောကကြီး၏ စိတ်လှုပ်ရှားဖွယ်ရာ များပင် ဖြစ်သည်။

တောင်ထွတ်အလယ် စီနီယာကြီး နေထိုင်ခဲ့သည် အဓိကခန်းမကြီး၏ အရှေ့တည့်တည့်တွင် ရာနှင့်ချီသော လူများ စောင့်ဆိုင်းနေခဲ့ကြသည်။

ထောင်နှင့်ချီသော ရှေးဟောင်းနတ်ဆိုးကလန်သား များကို ဦးဆောင်လာသည့် ရန်ကိုင်ကို မြင်လိုက်သည့်အခါ ထိုလူအုပ်ကြီးသည် အလျင်အမြန် ဦးညွှတ်လိုက်ကြပြီး “တော်ဝင်သခင်ကို နှုတ်ဆက်ပါတယ်။ နောက်ဆုံးတော့ တော်ဝင်သခင် ပြန်ရောက်လာခဲ့ပြီ”

“ခင်ဗျားတို့လည်း အလုပ်ကြိုးစားခဲ့ကြတာပဲလေ” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “ခင်ဗျားတို့ အားလုံးကို မွန်းစတားမျိုးနွယ်စုအတွက် သုံးနှစ်လောက် အလုပ်လုပ်ခိုင်းခဲ့ရတာက ကျုပ်လည်း ရွေးစရာ မရှိတော့လို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါနော်”

“ဘာမှမဖြစ်ပါဘူး တော်ဝင်သခင်” လူအုပ်ထဲမှ အားအကောင်းဆုံး တစ်ယောက်က ရှေ့တက်လိုက်ပြီး ခေါင်းခါရမ်း၍ “မွန်းစတားမျိုးနွယ်စုက ကျုပ်တို့အပေါ် အတော်လေးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ပါတယ်။ အဲ့ကိစ္စနဲ့ပက်သက်ပြီး တော်ဝင်သခင် စိုးရိမ်နေစရာ မလိုပါဘူး”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ကျုပ်ပြန်လာပြီဆိုမှတော့ တော်ဝင်နယ်မြေလည်း အရင်လို တစ်ဖန်ပြန်လည် ထွန်းတောက်လာရမယ်။ ပြီးတော့ ဒီနေ့ကနေစပြီး တော်ဝင်နယ်မြေထဲ ကျုးကျော်ပြီး ဒီအရှင်သခင် အာဏာကို စိန်ခေါ်ရဲတဲ့လူ မှန်သမျှ ဖျက်စီးခြင်း ခံရလိမ့်မယ်”

ဆေးပညာရှင်နှင့် လက်နက်ပညာရှင်များ‌ စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် ဟစ်ကြွေးလိုက်ကြသည်။

ခေါင်းဆောင်လူအိုကြီးသည် ရှေးဟောင်းနတ်ဆိုး ကလန်သားများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မျက်မှောင် ကြုံ့လိုက်သည်။ ထိုနတ်ဆိုးအုပ်ကို ရန်ကိုင် ဘာကြောင့် ခေါ်လာမှန်း သူနားမလည်သော်လည်း ဘာမေးခွန်းမှ မမေးသင့်ကြောင်း နားလည်ထားသဖြင့် ထိုကိစ္စကို ဘေးချထားလိုက်ပြီး “အကြီးအကဲချုပ် ရှုဟွေနဲ့ အခြားသူတွေရော… သူတို့ကို ဘာလို့ မတွေ့ရတာလဲ”

“သူတို့အားလုံးက တော်ဝင်နယ်မြေထဲမှာ ရောက်နှင့်နေပြီ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “ခင်ဗျားတို့ ဒီမှာစောင့်နေ၊ အကြီးအကဲချုပ်နဲ့ အခြားလူတွေကို ကျုပ်သွားခေါ်လိုက်မယ်”

ထို့နောက် လီရုန်ဘက်သို့ လှည့်၍ “ခင်ဗျားတို့ အားလုံးလည်း ဒီမှာ စောင့်နေနှင့်ဦး”

လီရုန်နှင့် အခြားသူများအားလုံး အသာအယာ ခေါင်းညိတ်ပြလိုက်ကြသည်။

ရန်ကိုင် ပုံရိပ် လက်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ခဏအတွင်း တော်ဝင်သင်္ချိုင်းရှေ့သို့ ရောက်လာခဲ့သည်။

ရောက်သည်နှင့် တော်ဝင်သခင် လက်စွပ်အား ကျောက်တုံးပြားကြီးပေါ်ရှိ အပေါက်ထဲ ထည့်ပြီး အစစ်အမှန်ချီဖြင့် ဖြည့်လိုက်သည်။ လေဟာနယ်လိုဏ်ခေါင်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်လည်း ထိုအထဲသို့ လှမ်းဝင်လိုက်လေသည်။

တော်ဝင်သင်္ချိုင်းထဲ ထောင်ပေါင်းများစွာသော ဘုံကိုးခုထွတ်မြတ်နယ်မြေမှ တပည့်များ တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေခဲ့ကြသည်။

ထိုမှောင်မှောင်၊ ခြောက်ကပ်ကပ် နေရာထဲတွင် သုံးနှစ်လောက် အချိန်ဖြုန်းခဲ့ရပြီးနောက် အကုန်လုံးသည် ဤနေရာနှင့် အသားကျနေခဲ့ကြလေပြီ။

ရံဖန်ရံခါ စိတ်မရှည်၊ စိတ်ချဉ်ပေါက်၊ ဒေါသထွက်သူ များ ရှိကြသော်လည်း အကြီးအကဲများနှင့် သူတော်စင်မက သူတို့အား အမြန်အဆန် နှစ်သိမ့်ပေးခဲ့ကြသည်။

တော်ဝင်သခင်သည် တစ်နေ့ပြန်လာပြီး သူတို့အား ဤနေရာမှ ခေါ်ထုတ်ပေးမည် ဖြစ်ကြောင်း၊ သူတို့၏ လက်ရှိလုပ်ရမည့် တာဝန်သည် နောင်အခါ ယခုကဲ့သို့ အရှက်မရရစေရန် မိမိခွန်အားကို တိုးတက်အောင် လုပ်ရန် ဖြစ်ကြောင်း အကြီးအကဲများနှင့် သူတော်စင်မက သူတို့အား အဆက်မပြတ် ပြောကြားခဲ့သည်။

ရှုဟွေနှင့် အခြားအကြီးအကဲများသည် လွန်ခဲ့သော သုံးနှစ်က ရှုံးနိမ့်မှုကို သူတို့ဘဝက ကြက်သရေ အယုတ်ဆုံး ကိစ္စတစ်ခုအဖြစ် မှတ်ယူထားကြသည်။

ထို့ကြောင့် ယခင်နှစ်များအတွင်း သူတို့၏ ခွန်အား တိုးတက်လာစေရန် အဆက်မပြတ် စိတ်နှစ်၍ အားသွန်ခွန်စိုက် ကြိုးစားခဲ့သည်။

တော်ဝင်သင်္ချိုင်းသည် တော်ဝင်သခင်များနှင့် သူတော်စင်မများသာ ဝင်ရောက် ကျင့်ကြံကြသည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် နေထိုင်ရန် သိပ်ပြီး မသင့်လျော်လှသော်လည်း ဤနေရာရှိ မိုးမြေစွမ်းအင်သည် အရမ်းကိုမှ သိပ်သည်းလှပေသည်။

မိုးမြေစွမ်းအင်များသည် မကုန်ခမ်းနိုင်လောက်အောင် များပြားလှသည်ဟုပင် ထင်မှတ်ရသည်အထိ ဖြစ်သည်။

မိမိခွန်အားကို တိုးတက်အောင် လုပ်ချင်သော မည်သည့် ကျင့်ကြံသူမဆို ဤကဲ့သို့သော အခွင့်အရေးကို လွှဲချော်ချင်လိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သော သုံးနှစ်တာ ကာလအတွင်း အားလုံး၏ ခွန်အား သိသိသာသာ တိုးတက်လာခဲ့ရသည်။ ထို့ကြောင့် ဤနေရာမှ မထွက်နိုင်သေးသည်မှတစ်ပါ အကုန်လုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြင့် ရှိနေခဲ့သည်။

လူထောင်ပေါင်းများစွာတို့သည် မိုးမြေစွမ်းအင်များကို တစ်ပြိုင်တည်း စုပ်ယူကျင့်ကြံနေခဲ့ကြသည်။

လူအများကြီး ရှိသော်လည်း နေရာတစ်ခုလုံးသည် သုဿန်တစပြင်အလား တိတ်ဆိတ်နေဆဲ။ တစ်ယောက်ယောက် မတ်တပ်ထရပ်ချင်သည် ဆိုလျှင်ပင် အခြားသူများကို အနှောင့်အယှတ်‌ ပေးမိမည် စိုးသဖြင့် ခြေကို အတတ်နိုင်ဆုံး ဖွလျှောက်ကြသည်။

ထောင့်တစ်ထောင့်တွင် အန်လင်းအာသည် မျက်လုံးပိတ်လျက် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်။ ရုတ်တရက် တော်ဝင်သင်္ချိုင်းထဲ ပုံမှန်မဟုတ်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်လေသည်။ ခဏတာမျှ မျက်မှောင်လေး ကြုံ့သွားခဲ့ပြီးနောက် ရုတ်တရက် မျက်လုံးပြူးသွားကာ ချက်ချင်း မတ်တပ်ရပ်၍ ဘေးပတ်ပတ်လည်း ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်တော့သည်။ သူမ၏ မျက်နှာလှလှလေး ဆိုလျှင်လည်း စိတ်လှုပ်ရှာမှုတို့ဖြင့် ပြည့်နှက်နေခဲ့လေပြီ။

ထိုအရှိန်အဝါကို အခြား ဘယ်သူမထက်မဆို အန်လင်အား ပိုသိသည်။ သူမသည် ရန်ကိုင်အား ကောင်းကင်နတ်ဘုရား ပညာရပ်များနှင့် ပက်သက်သည့် ဗဟုသုတကို စတင် ဝေမျှပေးသူ မဟုတ်ပေလော။

ထို့ကြောင့် ရန်ကိုင် တော်ဝင်သင်္ချိုင်းထဲ ရောက်နေပြီမှန်း အန်လင်းအာ ချက်ချင်းသိလိုက်သည်။

“လင်းအာ၊ ဘာဖြစ်လို့လဲ” ယုယင်လည်း မျက်လုံးဖွင့်သာ မတိုးမကျယ် လေသံဖြင့် မေးလိုက်သည်။

“သူဝင်လာလို့” အန်လင်းအားက ဘေးပတ်လည်ကို လိုက်ပတ်ရှာနေရင်း ပြန်အော်ပြောလိုက်သည်။

“ဘယ်သူလဲ” ယုယင်က ပြန်မေးလိုက်သည်။ မေးမေးပြီးချင်း ပါးစပ်လေးကို အုပ်လျက် အလန့်တကြား လေသံဖြင့် “နင်ပြောချင်တာက…”

အန်လင်းအား ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက်သားကြား ပြောစကားကြောင့် အခြားအကြီးအကဲများလည်း အလျင်စလို မျက်လုံး ပွင့်လာခဲ့ကြပြီး သူတို့၏ ပတ်ဝန်းကျင်ကို လိုက်လံ ရှာဖွေတော့လေသည်။

ခဏအကြာ၌ အားလုံး၏ အကြည့်သည် တစ်နေရာတွင် စုဆုံသွားခဲ့သည်။

သူတို့ စိုက်ကြည့်နေရာ အရပ်မှ ပုံရိပ်တစ်ခုသည် သူတို့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့သည်။ အလင်းရောင် မကောင်းသဖြင့် ထိုလူ၏ အသွင်အပြင်ကို သေသေချာချာ မမြင်ရသော်လည်း ရင်းနှီးနေသည့် အရှိန်အဝါကို ခံစားမိလိုက်သည် အကြီးအကဲများအားလုံး စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြသည်။

“တော်ဝင်သခင်လား” ရှုဟွေက တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“အခုဝင်လာတာ တော်ဝင်သခင်လား” ချုန်ယွဲ့ထုန်သည် ထိုနီးကပ်လာနေသော ပုံရိပ်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

ခဏအကြာ၌ သူတို့ မျှော်လင့်စောင့်စားနေခဲ့သော လူငယ်လေးသည် အပြုံးယဲ့ယဲ့လေး ပြုံးလျက် သူတို့ရှေ့ ထွက်ပေါ်လာခဲ့လေသည်။

“တော်ဝင်သခင်ပဲ” ရှုဟွေက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ချက်ချင်း အခြာ အကြီးအကဲ များနှင့် ပြိုင်တူ ဦးညွှတ်၍ “တော်ဝင်သခင်ကို နှုတ်ဆက်ပါတယ်”

“ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

“နင်နောက်ဆုံးတော့ ရောက်လာပြီပဲ” အန်လင်အားက ရန်ကိုင်ကို ကြည့်၍ “ငါတို့ နင့်ကို စောင့်နေတာ နှစ်နဲ့တောင် ချီနေပြီ…”

ပြောနေရင်း သူမ၏ မျက်လုံးလေးများထဲ မျက်ရည်စတို့ ဝေ့သီလာခဲ့သည်။

ထိုစောင့်ဆိုင်းနေချိန် အတောအတွင်း အကယ်၍ ရန်ကိုင် ပြန်မရောက်လာခဲ့ဘဲ ဤနေရာဤ ထာဝရ ပိတ်ခံလိုက်ရလျှင်ဖြင့် ဆိုသည့် အတွေးမျိုး မတွေးဘဲ နေမိလိမ့်မည် မဟုတ်ပေ။ ရှုဟွေနှင့် အခြားခေါင်းဆောင် များကြောင့်သာ မဟုတ်လျှင် အကုန်လုံး ဝရုန်းသုန်းကား ဖြစ်သွားနိုင်ပေသည်။

“ဟုတ်တယ်။ ခင်ဗျားတို့အားလုံးကို အရမ်း ကြာအောင် စောင့်စေမိလိုက်လို့ ကျုပ်တကယ် အားနာပါတယ်” ရန်ကိုင်က ပြန်၍ တောင်းပန်လိုက်သည်။

“တော်ဝင်သခင် အခုလို လုပ်နေစရာ မလိုပါဘူး…” ရှုဟွေ၏ အရေးကြောင်း ထနေသော မျက်နှာပြင်ထက် မျက်ရည်စတို့ စီးကြလာခဲ့ရကာ ဘာဆက်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားခဲ့ရသည်။

တင်ပလင်ခွေထိုင် ကျင့်ကြံနေကြသော တပည့် များသည်လည်း ထိုအဖြစ်အပျက်ကြောင့် နိုးလာခဲ့ကြပြီး ရန်ကိုင် ရောက်နေမှန်း သတိပြုမိလိုက်သည်နှင့် တော်ဝင်သင်္ချိုင်းတစ်ခု ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်ကြွေးသံတို့ဖြင့် ညံဟည်းသွားခဲ့လေသည်။

တပည့်များအား ခဏလောက် ပျော်ခိုင်းပြီးနောက် အကုန်လုံး တိတ်တိတ်နေရန် ရှုဟွေက အချက်ပြလိုက်သည်။

သို့သော်လည်း အကုန်လုံးသည် ရန်ကိုင် သူတို့ကို ပြန်ခေါ်ဖို့ ရောက်လာတာများလားဟု တွေးတောရင်း ရန်ကိုင်အား မမှိတ်မသုံ စိုက်ကြည့်နေကြတုန်းပင်။

အကြီးအကဲများသည်လည်း အတူတူပင် ဖြစ်သည်။

ယုယင်က အရင် စမေးလိုက်လေသည် “တော်ဝင်သခင် ရောက်လာပြီ ဆိုမှတော့ အပြင်က ကိစ္စတွေ အဆင်ပြေသွားပြီပေါ့”

“ဟုတ်တယ်၊ အဆင်ပြေသွားပြီ။ မွန်းစတား မျိုးနွယ်စုက စီနီယာကြီးလည်း သူ့လူတွေကိုခေါ်ပြီး ပြန်ဆုတ်သွားပြီ”

ထိုစကားကို ကြားလိုက်သည်နှင့် အကုန်လုံး ဝမ်းသာ ပျော်ရွှင်သွားခဲကြသည်။ အကုန်လုံး ဤနေရာမှထွက်၍ တောင်ထွတ်ကိုးလုံးဆီသို့ ပြန်ချင်နေသည်မှာ တစ်ပိုင်း သေနေလေပြီ။

“အကြီးအကဲတို့ တပည့်တွေကို စီစဉ်ပေးလိုက်ဦး။ ကျုပ် ထွက်ပေါက် ဖွင့်ပေးမယ်” ရန်ကိုင်က အပြုံးဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ရှုဟွေက ခေါင်းညိတ်လိုက်ပြီး တပည့်များအား စတင် စုဝေးခိုင်းတော့လေသည်။

သူတို့အားလုံး ထွက်ခွာရန် ပြင်နေစဉ် ရန်ကိုင်သည် ထွက်ပေါက်ကိုဖွင့်၍ အန်လင်းအာနှင့်အတူ အရင် ထွက်သွားလိုက်သည်။ တော်ဝင်သင်္ချိုင်းထဲမှ တစ်ယောက်ပြီး တစ်ယောက် စီစီရီရီ ထွက်လာ ခဲ့ကြသည်။ မမြင်ခဲ့ရသည်မှာ အတော့်ကိုမှ ကြာခဲ့ပြီ ဖြစ်သော ကောင်းကင်ကြီးကို ပြန်မြင်လိုက်ရချိန် တပည့်များစွာကို ပျော်ရွှင်စိတ်ကို မအောင့်အည်း နိုင်တော့ဘဲ ကောင်းကင်ပေါ်သို့ မော့၍ အော်ဟစ် ကြတော့လေသည်။

တော်ဝင်သင်္ချိုင်း အပြင်ဘက်၌၊ ထွက်လာနေသော တပည့်များကို ကြည့်ရင်း ရှေးဟောင်းနတ်ဆိုးကလန် ကိစ္စကို ရှုဟွေအား မည်ကဲ့သို့ ရှင်းပြရမလဲ ဆိုသည်ကို စဉ်းစားနေခဲ့သည်။

သူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်သော်လည်း ထောင်နှင့်ချီသော နတ်ဆိုးများအား ဤနေရာတွင် နေခိုင်းမည့် ကိစ္စကို ရှုဟွေနှင့် အခြားသူများ သဘောတူမတူ သူမသိသေးချေ။

သူတို့သာ ဘူးခံငြင်းနေရင် ငါဘယ်လိုလုပ်ရမလဲ

“နင်အရမ်းကို တိုးတက်လာတာပဲနော်” အန်လင်းအာက ရုတ်တရက် ပြောလိုက်သည် “အခု နင့်ကျင့်ကြံခြင်း ဘယ်ရောက်နေပြီလဲ”

“မသေမျိုးတတိယအဆင့်”

အန်လင်းအား ပါးစပ်လေးကို အုပ်လျက် ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်လေသည်။

သူမတို့ စတွေ့စဉ်က ရန်ကိုင်သည် အဆုံးမဲ့ ပင်လယ်ထဲ လမ်းပျောက်နေသော မသေမျိုး ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးပေသည်။ သို့တိုင် လေးငါးနှစ် အတွင်းမှာပင် ရန်ကိုင်သည် မသေမျိုး တတိယအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည်။ ယခုဆိုလျှင် ရန်ကိုင်သည် သူတော်စင်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

သူတို့ စတွေ့စဉ်က ရန်ကိုင် ကြုံးဝါးခဲ့သော စကားကို ယခု အန်လင်းအာ ယုံကြည်မိသွာခဲ့လေပြီ။

ထိုစဉ်က ရန်ကိုင် ပြောခဲ့သည်ကား တော်ဝင်နယ်မြေထဲ သူမဝင်လျှင်ပင် နှစ်သုံးဆယ် အတွင်း ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်နှင့် တူညီသည့် အဆင့်သို့ ရောက်အောင် တက်လှမ်းပြမည် ဟုပင်။

ထိုအခါက ရန်ကိုင် ပြောသည်ကို အန်လင်းအာ မယုံခဲ့။ ရန်ကိုင်သည် ကောင်းကင် အနိမ့်အမြင့်ကို မသိသော သွေးနားထင်ရောက်နေသည့် လူငယ် တစ်ယောက် ဖြစ်သည်ဟုသာ ယုံကြည်ခဲ့သည်။

သို့သော်လည်း သူ့လက်ရှိ အမြန်နှုန်းအရ ရန်ကိုင်သည် ပြောသည့်အတိုင်း လုပ်နိုင်မည့်ပုံပင်။

တကယ်တော့… ထိုအဆင့်သို့‌ ရောက်ရန် သူ့အတွက် နှစ်သုံးဆယ်ပင် လိုမှ လိုအပ်လေပါ့မလား…

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇၈) ပြဿနာမရှိဘူး

နေ့တစ်ဝက်မျှ ကြာပြီးနောက် တပည့်အားလုံး တောင်ဝင်သင်္ချိုင်းထဲမှ ထွက်လာနိုင်ခဲ့သည်။

အထဲတွင် လူကျန်၊မကျန် အတည်ပြုပြီးနောက် တောင်ဝင်သင်္ချိုင်းကို ပြန်ပိတ်ကာ အကြီးအကဲများနှင့် အန်လင်းအာတို့ကို ရန်ကိုင် စုဝေးစေလိုက်သည်။

အရေးကြီးသည့် အကြောင်းကိစ္စတစ်ခုခုကို ဆွေးနွေးတော့မည်မှန်း သိထားသဖြင့် အကုန်လုံး တိတ်ဆိတ်နေခဲ့ကြပြီး ရန်ကိုင် စကားစပြော လာမည်ကိုသာ စောင့်နေခဲ့ကြသည်။

“ခင်ဗျားတို့ကို ပြောစရာရှိတယ်” ရန်ကိုင် မျက်မှောင်ကြုံ့လျက် ပြောမည့်ကိစ္စကို မည်သည့် နေရာမှ စပြောလျှင် ကောင်းမလဲ စဉ်းစားလိုက်သည်။

“တော်ဝင်သခင် ပြောစရာရှိရင် လွတ်လွတ်လပ်လပ် ပြောပါ။ ကျုပ်တို့အားလုံး သေချာ နားထောင်ပါ့မယ်” ရှုဟွေက ရယ်ရယ်မောမောဖြင့် ဝင်ပြောလိုက်သည်။

“ရှင်သာ တော်ဝင်သခင်ရာထူးကို စွန့်လွှတ်ပြီး တော်ဝင်နယ်မြေကနေ ထွက်သွားချင်တယ်လို့ မပြောသရွေ့ အခြား ဘာမဆို ကျွန်မတို့ ကတိပေးနိုင်တယ်” ယုယင်က အပြုံးလေးဖြင့် ကြားဖြတ် ဝင်ပြောလိုက်သည်။

“ဟုတ်တယ်။ ဟုတ်တယ်။ အကြီးအကဲ ယုယင် ပြောတာ အမှန်ပဲ” အကြီးအကဲအားလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ ရန်ကိုင်သည် လွန်ခဲ့သော နှစ်များက ကဲ့သို့ တော်ဝင်သခင်ရာထူးအား စွန့်လွှတ်ရန် ကြိုးစားမည်ကို သူတို့ အတော်လေး စိုးရိမ်နေကြသည့် ပုံပင်။ ထိုအခါက ရန်ကိုင်သည် လူရမ်းကားတစ်ယောက် ပမာ ပြုမူခဲ့ပြီး တော်ဝင်သခင်တစ်ယောက် ပြုမူသင့်သလို မပြုမူခဲ့ချေ။

“ကျုပ်ဘာလို့ အဲ့လိုလုပ်ရမှာလဲ” ရန်ကိုင်က အသက်မပါစွာ ရယ်မောလိုက်ပြီး အတွေးများကို ခပ်မြန်မြန် စုစည်း၍ စပြောလိုက်သည် “ကျုပ် ခင်ဗျားတို့ အားလုံးနဲ့ မတွေ့ခင်တုန်းက လူတစ်အုပ်နဲ့ အရင် တိုးခဲ့တယ်။ အဲ့တုန်းက ကျုပ်ဆိုတာ ဘာမှမဆို၊ အတော်လေးလည်း အားနည်းတဲ့ လူတစ်ယောက်ပေါ့။ အဲ့အဖွဲ့က အကြောင်းပြချက်အချို့ကြောင့် ဆန်းကြယ် လောကငယ်ထဲမှာ ပိတ်မိနေခဲ့တာလေ။ ဒီတော့ ကျုပ်နဲ့ တိုးလည်းတိုးရော သူတို့ကို အဲ့နေရာကနေ လွတ်အောင် လုပ်ပေးဖို့ ကျုပ်ကို အကူအညီတောင်းတယ်။ အပြန်အလှန်အနေနဲ့ သူတို့တစ်ဘဝလုံး ကျုပ်လက်အောက်ငယ်သားတွေအဖြစ် တာဝန် ထမ်းဆောင်မယ်ပေါ့”

“အို” ရှုဟွေ မျက်ခုံးပင့်သွားခဲ့ပြီး “တော်ဝင်သခင် အားနည်းနေတာကို မြင်တာတောင် အဲ့လိုကတိမျိုး ပေးခဲ့တယ် ဆိုတော့ သူတို့ စကားကို လက်လွတ်စပယ် ပြောနေတာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် တော်ဝင်သခင်ရဲ့ အလားအလာကို မြင်သွားလို့ပဲ ဖြစ်ရမယ်”

ရှုဟွေ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ လူတစ်ယောက်၏ နှလုံးသားကိုပင် နားလည်ရ ခက်လေရာ လူတစ်အုပ်လုံးဆိုလျှင် ဆိုဖွယ်မရှိတော့။ ထို့ကြောင့် ရန်ကိုင် ထိုအကြောင်း ပြောလိုက်သည့် အခါ သူလည်း မမေးမြန်းဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

“သူတို့တွေက ပြောပြီးပြီးရော ပုံစံမျိုး ပြောခဲ့တာ မဟုတ်ဘူး။ ခင်ဗျားတို့ တော်ဝင်သင်္ချိုင်းထဲမှာ ပုန်းအောင်းနေတုန်းက ကျုပ်လည်း အခွင့်တိုက်လို့ လွန်ခဲ့တဲ့ လနည်းနည်းလောက်တုန်းက သူတို့ကို အဲ့နေရာကနေ သွားပြန်ခေါ်ဖြစ်လာခဲ့တယ်။ အဲ့ကတည်းကစပြီး သူတို့တွေက ကျုပ်ရဲ့ အမိန့်ကို လေးလေးစားစားနဲ့ တသဝေမသိမ်း လိုက်နာခဲ့တာပဲ”

“အဲ့လိုဆိုရင် အဲ့လူအုပ်က တော်တော် တော်တယ်လို့ ပြောရမယ်” ချုန်ယွဲ့ထုန်က နွေးထွေးစွာ ပြုံးလိုက်ပြီး “ပြောတဲ့စကားကို တန်ဖိုးထားတဲ့ လူတွေက တကယ် ယုံကြည်ထိုက်တယ်။ ဒီတော့ တော်ဝင်သခင်က သူတို့ကို တော်ဝင်နယ်မြေထဲ ခေါ်သွင်းချင်နေတာလား”

ချုန်ယွဲ့ထုန် စကားကြောင့် အခြားအကြီးအကဲများ ရန်ကိုင် ပြောမည့်အကြောင်းအရာကို အနည်းငယ် ရိပ်စားမိစ ပြုသွားခဲ့သည်။

သို့သော် ရန်ကိုင်က “သူတို့တွေကို တော်ဝင်နယ်မြေထဲ ခေါ်သွင်းလို့ မရဘူး… သူတို့အတွက် ဒီနေရာ နေစရာလေးတစ်ခု ရှာပေးချင်ရုံပဲ။ အကြီးအကဲတွေ လက်ခံနိုင်မလား မသိဘူး”

“ခေါ်လို့မရဘူးလား” ရှုဟွေ မျက်မှောင် ကြုံ့သွားခဲ့သော်လည်း ခဏအကြာ၌ ပြန်လည် ပြေလျော့သွားခဲ့ပြီး “ခေါ်လို့ မရမှတော့ ဒီအတိုင်းပဲ ထားလိုက်တာပေါ့။ သူတို့တွေက တော်ဝင်သခင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်မှတော့ တော်ဝင်နယ်မြေထဲမှ နေခိုင်းဖို့က ကိစ္စမရှိပါဘူး။ တော်ဝင်နယ်မြေက အကြီးကြီးပဲဟာ… လူအုပ်တစ်လောက် လာနေလို့ ပြဿနာ မရှိပါဘူး…”

“ဟုတ်တယ်” လော့ရှုန်းနှင့် မန်ထျန်ဖေးတို့လည်း ခေါင်းညိတ်လိုက်ကြသည်။

“အလွယ်တကူ သဘောမတူနဲ့ဦးလေ။ ကျုပ်ပြောလို့ မပြီးသေးဘူး။ ကျုပ်ပြောပြီးသွားတော့မှပဲ သေချာ ပြန်စဉ်းစား ဆုံးဖြတ်” ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်သည် “အဲ့လူအုပ်မှာ စုစုပေါင်း လူတစ်ထောင်လောက် ရှိတယ်”

“ဟန်၊ နည်းတဲ့လူ မဟုတ်ပါဘူး။ ဒါပေမယ့် တော်ဝင်နယ်မြေမှာ လူတစ်ထောင်ထက်မက နေနိုင်တဲ့ နေရာတွေ ရှိတာပဲလေ” ရှုဟွေက အသာအယာ ခေါင်းညိတ်၍ ပြန်ပေးလိုက်သည် “အဲ့လူအုပ်ရဲ့ ခွန်အားကကော။ သူတို့ထဲမှာ အားကောင်းတဲ့ ပညာရှင်တွေ ပါလား”

“သူတော်စင်ငါးယောက်ပါတယ်”

“အာ…ဘယ်လို” အကြီးအကဲ ငါးယောက်စလုံး မှင်သက်သွားခဲ့ကြလေသည်။ အန်လင်အားပင် ထိတ်လန့်မှုကြောင့် သူမ၏ ပါးစပ်လေးကို လက်ဖြင့် အုပ်လိုက်မိသည်။

ထိုလူအုပ်သည် ရန်ကိုင် အားနည်းနေစဉ်က သူ့အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပေးမည်ဟု ကတိပြုခဲ့သည့် အတွက်ကြောင့် ထိုလူအုပ်၏ ခွန်အားသည် အရမ်းကြီး မမြင့်လောက်ဟု ရှုဟွေနှင့် အခြားသူများ ထင်ခဲ့ကြသည်။ မဟုတ်လျှင် ထိုကဲ့သို့ ကတိပေးစရာ အကြောင်းမရှိ။

ထိုလူတစ်ထောင်လောက်ထဲ အများဆုံးမှ မသေမျိုးအဆင့် ပညာရှင်များသာ ရှိလောက်မည်ဟု သူတို့အားလုံး ထင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတော်စင် ငါးယောက်ပင် ရှိနေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။

သူတော်စင် အရေအတွက်ချင်းယှဉ်လျှင် သူတို့ တော်ဝင်နယ်မြေထက် မဆိုသလောက်ကလေးသာ နည်းပေသည်။

“တော်ဝင်သခင် နောက်နေတာတော့ မဟုတ်လောက် ပါဘူးနော်” ရှုဟွေ သူကြားလိုက်ရသည်ကို မယုံနိုင်သေး။

“ကျုပ်ရုပ်က နောက်နေတဲ့ပုံ ပေါက်နေလို့လား” ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ပြီး “သုံးယောက်က သူတော်စင် ဒုတိယအဆင့်တွေပဲ။ ကျန်တဲ့ နှစ်ယောက် ကတော့ ပထမအဆင့်ပဲ”

တစ်ခန်လုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။

သူတော်စင် ဒုတိယအဆင့် သုံးယောက်နှင့် သူတော်စင် ပထမအဆင့် နှစ်ယောက်၊ ထိုလူအင်အားသည် အရေအတွက်ပိုင်းအရ ဘုံကိုးခု ထွတ်မြတ်နယ်မြေထက် ပို၍ နည်းပါးသော်ငြား တကယ်တမ်း တိုက်ပွဲသာ ဖြစ်မည်ဆိုပါက ရှုံးမည့်ဘက်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေသာ ဖြစ်သွားပေလိမ့်မည်။

ရန်ကိုင် သူတို့၏ အထင်အမြင်ကို ဘာကြောင့် လာရောက် မေးမြန်းနေမှန်း ရှုဟွေနှင့် အခြားသူများ အားလုံး နားလည်သွားခဲ့ကြလေပြီ။

ထိုလူအုပ်ကြီးကိုသာ တော်ဝင်နယ်မြေထဲ နေခွင့်ပေးလိုက်ပါက နောင်ပိုင်း သူတို့ကြား အချင်းများခဲ့လျှင် ရှုဟွေတို့ လုံးဝ ပြန်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။

တော်ဝင်သင်္ချိုင်းထဲမှ ထွက်လာရသဖြင့် ပျော်ရွှင်နေသော အပျော်လေးများ နေရာ၌ စိုးရိမ်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့ရလေပြီ။

“ပြီးတော့ သူတို့တွေက သာမန်လူတွေ မဟုတ်ဘူး…” အကြီးအကဲများ ထိတ်လန့်မှင်သက်နေရသည်မှာ မလုံလောက်သေးသည့်အလား ရန်ကိုင်က အရေးအကြီးဆုံး အချက်ကို နောက်ဆုံးမှ ထုတ်ဖော် ပြောလိုက်သည် “သူတို့တွေက နတ်ဆိုးတွေပဲ”

“နတ်ဆိုးတွေလား” ယုယင် အော်ပြောလိုက်သည်။

ချုန်ယွဲ့ထုန်၏ မျက်နှာ လှလှလေးလည်း ဖြူလျော်သွားခဲ့လေပြီ။

ရှုဟွေ ချက်ချင်းကြီး ဘာမှ ပြန်မပြောခဲ့သော်လည်း သူ့ရုပ်ကြည့်ရုံနှင့်ပင် သူမည်မျှ ထိတ်လန့်တုန်လှုပ်နေမှန်း မြင်နိုင်ပေသည်။

ရန်ကိုင် အကုန်လုံး ပြောလာခဲ့လေပြီ ဖြစ်ရာ သူလည်း ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်နေခဲ့ရသည်။

“သူတို့ကို တော်ဝင်နယ်မြေမှာ နေခွင့်ပေးနိုင်၊ မပေးနိုင်ကို ခင်ဗျားတို့ သေချာ ဆုံးဖြတ်ဖို့ လိုတယ်။ အဆင်မပြေဘူးဆိုရင်လည်း ကျုပ်ကို အားနာမနေနဲ့။ ပြောသာပြောလိုက်။ သူတို့ အခြေချဖို့ အခြား နေရာ တစ်နေရာ ကျုပ်သွားရှာလိုက်မယ်” ရန်ကိုင်က အကုန်လုံးအား အတင်အကြပ် တွန်းအား မပေးဘဲ စိတ်ကြိုက်ဆုံးဖြတ်ရန်သာ ပြောလိုက်သည်။

ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ “အခု လောလောဆယ်တော့ တပည့်တွေကို အရင်နေရာ စီစဉ်ပေးသင့်တယ်။ ကျုပ် ခင်ဗျားတို့ အခုလို ပြောရတာက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြီး ပြင်ဆင် ထားစေချင်လို့ပဲ”

အကုန်လုံး ရန်ကိုင်ကိုသာ စိုက်ကြည့်နေကြပြီး ဘာမှ ပြန်မပြောခဲ့။

“ကိုယ့်ကိုယ်လည်း အရမ်းကြီး ဖိအားပေးမနေနဲ့။ သူတို့ တော်ဝင်နယ်မြေမှာ မနေနိုင်ဘူး ဆိုရင်တောင် သူတို့နေဖို့ အခြားနေရာတစ်ခုကို ကျုပ်စဉ်းစား ထားပြီးသား” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်သည်။

ယခုကဲ့သို့ ဖြစ်မည်ဟု သူကြိုတင် ခန့်မှန်း ထားခဲ့ပြီးသားပင်။

ထိုအချိန်မှာပဲ ရှုဟွေ စိတ်ရှုပ်နေရာမှ အသိ ပြန်ဝင်လာခဲ့ပြီး လေးနက်တည်ကြည်သည့် အမူအရာဖြင့် “တော်ဝင်သခင် ကျုပ်မေးခွန်းတစ်ခု မေးချင်တယ်။ အဲ့နတ်ဆိုးတွေက တော်ဝင်သခင်အပေါ် တကယ်ပဲ သစ္စာရှိတာလား၊ ဒါမှမဟုတ် ဆန်းကြယ်လောကငယ် ကနေ ထွက်ပြေးနိုင်ဖို့အတွက် တော်ဝင်သခင်ကို ယာယီ လိမ်ညာပြီး ထွက်ပြေးဖို့ အချိန်ကောင်းကို စောင့်နေတာလား”

“အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်ပြီး “ကျုပ်သာ အသက်ရှင်နေသရွေ့ သူတို့ ကျုပ်ကို သစ္စာဖောက်ရဲမှာ မဟုတ်ဘူး”

ရန်ကိုင်က အခိုင်အမာ တုန့်ပြန် ပြောဆိုချက်ကြောင့် အကြီးအကဲများ ကြောင်သွားခဲ့ရသည်။

ရှုဟွေက အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး ခေါင်းညိတ်ကာ “အဲ့လိုဆိုရင်တော့ ပြဿနာ မရှိပါဘူး။ တော်ဝင်သခင်က ဒီတော်ဝင်နယ်မြေရဲ့ သခင်လေ။ ဘယ်သူ့ကို ဒီမှာ နေခိုင်းမယ်၊ မနေခိုင်းဘူး ဆိုတာနဲ့ ပက်သက်ပြီး တော်ဝင်သခင်မှာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်။ ကျုပ်တို့ အကြီးအကဲတွေမှာ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိဘူး။ ကျုပ်တို့တွေက အကြံပေးရုံ သက်သက်ပဲ။ ကျုပ်တို့ဆီကနေ အကြံပြုချက်ကို တောင်းဆိုပေးတာနဲ့တင် ကျုပ်တို့ အကြီးအကဲတွေကို မျက်နှာသာပေးရာ ကျနေပါပြီ…”

ရန်ကိုင်က ပြုံးလိုက်ပြီး အကြီးအကဲ အားလုံးကို ဝေ့ကြည့်လိုက်သည်။

လော့ရှုန်း၊ ရှီခွန်၊ မန်ထျန်ဖေး၊ ယုယင်နှင့် ချန်ယွဲ့ထုန်တို့ အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့စိတ်ထဲ စိုးရိမ်စိတ်တို့ ရှိနေသေးသော်လည်း ရန်ကိုင်ကို ကြည့်သည့် သူတို့၏ အကြည့်ထဲ ယုံကြည်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

“အဲ့လိုဆိုရင်တော့ သူတို့အားလုံး ကိုယ်စား ကျုပ်ကပဲ ကျေးဇူးတင်ပါတယ်ဗျာ” ရန်ကိုင်က အခိုင်အမာ ခေါင်းညိတ်၍ “တော်ဝင်နယ်မြေမှာ ရှိနေတဲ့ တောင်ထွတ်ကိုးလုံးထဲ တစ်လုံးကိုပဲ သူတို့ ယူမှာပါ။ နေထိုင်ဖို့ ပစ္စည်းတွေကိုလည်း ပြင်ဆင်ပြီးသွားပြီ။ တော်ဝင်နယ်မြေကို ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် သူတို့ လုပ်မှာ မဟုတ်ဘူး။ ပြီးတော့ တော်ဝင်နယ်မြေက တပည့်တွေနဲ့လည်း ပြဿနာ မဖြစ်ဖို့ သူတို့ကို ကျုပ်သတိပေးပြီးသွားပြီ”

“သူတို့ကို ဘယ်တောင်မှာ နေခိုင်းဖို့ တော်ဝင်သခင် စဉ်းစားထားလဲ” ရှုဟွေက မေးလိုက်သည်။

“လရောင်ပြန်ရေကန်ရှိတဲ့ တောင်ပဲပေါ့”

လရောင်ပြန်ရေကန်၏ လက်ရှိ အခြေအနေကြောင့် ထိုတောင်ရှိ ပတ်ဝန်းကျင်သည် အရမ်းကိုမှ အေးစက်သည့် ဆောင်းသို့ အမြဲတမ်း ရောက်နေသည့်ပမာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် တောင်ပေါ်တွင် နေနေသူအားလုံး အခြား တစ်နေရာသို့ ရွှေ့ပြောင်းသွားခဲ့ကြလေပြီ။ ထိုတောင်သည်သာ လက်ရှိအချိန်၌ နေထိုင်သူ တစ်ဦးတစ်လေပင် မရှိသော တောင်ဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းနတ်ဆိုးကလန်သား များသည် အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားကြရာ လရောင်ပြန်ရေကန်နားသို့ အရမ်းကြီး တိုးကပ်မသွားသရွေ့ ထိုတောင်ပေါ်၌ နေခြင်းသည် သူတို့အတွက် ပြဿနာတစ်ခု မဟုတ်ချေ။

ထို့အပြင် ထိုတောင်ပေါ်တွင် ဆောက်လုပ် ပြီးထားသော အိမ်များ၊ အခြား အဆောက်အအုံများ ရှိနေလေရာ နေထိုင်ရန် အိမ်အသစ် ထပ်ဆောင်နေစရာ မလိုတော့ပေ။

“သူတို့ အထွန့်မတက်လောက်ဘူးလား။ သူတို့ကို အခြားတောင်ပေါ်မှာ နေရာချမပေးချင်တာ သေချာလား” ရှုဟွေ အနည်းငယ် စိုးရိမ်သွားခဲ့သည်။

“ပြဿနာ မရှိဘူး။ သူတို့အရင်နေခဲ့နေရာဆို ဒီထက် အများကြီး ပိုဆိုးတာ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

“အင်း…” ရှုဟွေ ဘာမှ ထပ်မပြောတော့ပေ။

ရှေးဟောင်းနတ်ဆိုးကလန်သားများ တော်ဝင်နယ်မြေ သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် ထိုလူများနှင့် သွားတွေ့ချင်သည်ဟု ရှုဟွေ ချက်ချင်း ပြောလာခဲ့သည်။

တကယ်တော့ အကုန်လုံးသည် နောင်အခါတွင် အိမ်နီးချင်းများ ဖြစ်လာကြမည့် သူများ မဟုတ်ပေလော။ ထို့ကြောင့် အင်အားစု တစ်ခုတည်းမှ မဟုတ်လျှင်ပင်၊ အတူတူနေရမည် ဖြစ်သည်။ ယခုကတည်းက တစ်ယောက်နှင့် တစ်ယောက် ကောင်းကောင်းမွန်မွန် ဆက်ဆံထားခဲ့လျှင် နောင်အခါ အချင်းများခဲ့သည် ရှိသော် ပြဿနာများကို ပြေပြေလည်လည် ဖြေရှင်းနိုင်လိမ့်မည် ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် ရှေးဟောင်းနတ်ဆိုးကလန် နှစ်ခုစလုံးသည် ရန်ကိုင်၏ လက်အောက်ငယ်သားများ ဖြစ်နေခဲ့ကြသည်။

ထို့ကြောင့် သူတို့ကြား ပြဿနာ ကြီးကြီးကျယ်ကျယ် မဖြစ်သရွေ့ နှစ်ဖက်ကြား ဆက်ဆံရေးသည် အဆင်ပြေပြေ ရှိနေလိမ့်မည်ဟု ရှုဟွေ ခံစားမိသည်။

မန်ထျန်ဖေးနှင့် ရှီခွန်တို့အား တပည့်များကို ဂရုစိုက်ရန် ထားခဲ့ပြီးနောက် ရှုဟွေနှင့် ကျန်သူများသည် ရန်ကိုင်နှင့်အတူ အဓိကတောင်ထွတ်ဆီသို့ ပြန်သွားလေသည်။

ရာနှင့်ချီသော ဆေးပညာရှင်၊ လက်နက်ပညာရှင် များသည် ရှေးဟောင်းနတ်ဆိုးကလန်သားများ အနီးတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်စောင့်နေခဲ့ကြသည်။ ရန်ကိုင် ထွက်သွားသည်မှာ နေ့ဝက်ရှိပြီ ဖြစ်သော်လည်း ရှေးဟောင်း နတ်ဆိုးကလန်သားများသည် မည်သည့် ပြဿနာမှ မရှာဘဲ ပတ်ဝန်းကျင်ကိုသာ စူးစမ်းလိုစိတ်ဖြင့် ကျီးကန်းတောင်းမှောင် လိုက်ကြည့်နေခဲ့သည်။

အိမ်ရှင်ဖြစ်သည်နှင့်အညီ ရှုဟွေသည် ချက်ချင်း ရှေ့တက်၍ လီရုန်နှင့် အခြားသူများကို ကြိုဆိုလိုက်သည်။

လီရုန်နှင့် အခြား ဗိုလ်ချုပ်ကြီးများလည်း ပြန်၍ နှုတ်ဆက်စကား ဆိုခဲ့ကြလေသည်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားစမြည် ပြောဆိုပြီးနောက် နှစ်ဖက်စလုံး တစ်ဖက်အဖွဲ့သည် ပြောရဆိုရလွယ်ကူမှန်း တွေ့ရှိသွားကြသည်။

အထူးသဖြင့် ရှုဟွေအတွက်ဆို ပိုမှန်ပေလိမ့်မည်။ လီရုန်သည် ကျိုးကြောင်းချင့်ချိန်တတ်ပြီး ကြင်နာတတ်သော လတူစ်ယောက်ဖြစ်သည်ဟု ရှုဟွေ ခံစားမိသည်။ သူမြင်နေကျ၊ တွေ့နေကျ ရက်စက်ပြီး မောက်မာသော နတ်ဆိုးများနှင့် လားလားမျှ မတူချေ။ သူမသည် မိသားစုကြီးတစ်ခု သို့မဟုတ် အားကောင်းသော ဂိုဏ်းတစ်ခုမှ သေသေချာချာ ပြုစုပျိုးထောင်ပေးခြင်း ခံရသော မိန်းမပျိုလေး တစ်ယောက်နှင့်ပင် တူနေသေး၏။

ရှုဟွေ ချက်ချင်းပဲ စိတ်ပျော်လာခဲ့လေသည်။

ခဏအတွင်းမှာပဲ ယင်ယနှင့် ချန်ယွဲ့ထုန်တို့သည် ဟန်ဖေးနှင့် ရင်းနှီးသွားကြသည်။ သုံးယောက်စလုံးသည် မိန်းမလှလေးများ ဖြစ်ကြသော်လည်း ဟန်ဖေးသည် ကျန်နှစ်ယောက်သည် ကျင့်ကြံခြင်းအဆင့်သေးတစ်ဆင့် ပိုမြင့်ပြီး သူမ၏ စိတ်နေစရိုက် အေးစက်ပြီး တော်ဝင် ဆန်ပေသည်။ ထို့ကြောင့် သူမဆီမှ တစ်ခုတစ်လေမျှ သင်ယူနိုင်လောက်လိမ့်မည် ယင်ယနှင့် ချန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး စဉ်းစားမိလိုက်ကြသည်။

စိတ်ဝင်စားစရာ ခေါင်းစဉ် ရှာတွေ့သွားသည်နှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြောဆိုရင် မကြာခင်မှာပဲ အဆင်ပြေသွားကြတော့လေသည်။

ရန်ကိုင်ကမူ နောက်ဘက်တွင်သာနေ၍ ရပ်ကြည့်နေခဲ့သည်။

ခဏအကြာ၌ လီရုန်က ရုတ်တရက် ပြောလိုက်သည် “ဟုတ်သားပဲ။ လွန်ခဲ့တဲ့ရက်က သခင်နဲ့အတူ လူတစ်ယောက်ကို ဖမ်းခဲ့သေးတယ်။ သူက ရှင်တို့ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ အရင်မျိုးဆက် သူတော်စင်မ ဆိုးလာပဲ။ သခင် သူ့ကို သူတော်စင်မနန်လို့ ခေါ်တယ် ဆိုတာကိုတော့ ကျွန်မသိတယ်”

“သူတော်စင်မနန်လား” ရှုဟွေ အထိတ်တလန့် ဆိုလိုက်ပြီး ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်၍ “ဘယ်မှာလဲ”

လီရုန်က အသာအယာ လက်ခုပ်တီးလိုက်ရာ ချက်ချင်းပဲ ရှေးဟောင်းနတ်ဆိုးကလန်သား တစ်အုပ်သည် သူတော်စင်နန်ကို ခေါ်လာခဲ့လေသည်။

သူတော်စင်မနန်၏ စုတ်ပြတ်သတ်နေသော ပုံစံကို မြင်တွေ့လိုက်ရသည့်အခါ ရှုဟွေ့နှင့် အခြားသူများ၏ မျက်နှာ ညိုးကျသွားခဲ့ရသည်။

အန်လင်းအာဆိုလျှင် ပို၍ပင် ဆိုးသေး၏။ အဆက်မပြတ် ငိုကြွေးရင်း သူတော်စင်မနန်ဆီသို့ ပြေးသွားကာ ကူမပေးလိုက်လေသည်။

ယခင်မျိုးဆက် သူတော်စင်မနှင့် လက်ရှိ သူတော်စင်မသည် အရမ်းကိုမှ ရင်းနှီးကြသည်။ သူတော်စင်မနန်သည် အန်လင်းအားကို သူမ၏ သမီးရင်းကဲ့သို့ အမြဲတမ်း ဆက်ဆံခဲ့သည်။ သို့သော်လည်း သူတော်စင်မနန် သေသွားပြီးနောက် သူမသည် ကျန်သူတော်စင်မ သုံးယောက်အား ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့လေသည်။ ကံကောင်းသွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အန်လင်းအာလည်း သူတော်စင်မနန် လက်၌ သေသွားခဲ့လောက်ပေပြီ။

သူမ၏ ယခုပုံစံဖြင့် ပြန်မြင်တွေ့လိုက်ရလေရာ အန်လင်းအာ ဝမ်းမနည်းဘဲ ဘယ်နေမည်နည်း။

ရှုဟွေလည်း သူ့မျက်ခမ်းထောင့်မှ မျက်ရည်စများကို သုတ်၍ ချက်ချင်း အကြည့်လွှဲဖယ်လိုက်သည်။

လီရုန်နှင့် အခြားသူများသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်း အသီးသီး ချလိုက်ကြသည်။

ခဏအကြာ၌ ရန်ကိုင်က ရှေ့တက်၍ အန်လင်းအာ၏ ပခုံးလေးကို ပုတ်ပေးကာ “သူတော်စင်မနန်ကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို နင့်လက်ထဲ ငါအပ်လိုက်မယ်”

အန်လင်းအာ ခေါင်းညိတ်လိုက်ပြီး ဆက်လက် ငိုရှိုက်နေခဲ့လေသည်။ ထို့နောက် သူတော်စင်မနန်ကို ဖြည်းဖြည်းချင်း မ၍ လမ်းလျှောက်ထွက်သွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇9)

လီရုန်ကဲ့သို့သော ပညာရှင်တစ်ယောက်၏ ပညာရပ်ဖြင့် ချုပ်နှောင်ထားခြင်း ခံရလေရာ သူတော်စင်မနန် မည်မျှပင် တော်စေကာမူ၊ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်သဖြင့် အန်လင်းအာအား ထိခိုက်အောင် လုပ်မည်ကို စိုးရိမ်စရာ မလိုချေ။

နေသည် တဖြည်းဖြည်း ဝင်နေခဲ့လေပြီ။ သို့သော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေမှာမူ စည်စည်ကားကား ဖြစ်နေခဲ့လေသည်။

တော်ဝင်သင်္ချိုင်းမှ တပည့်ထောင်ပေါင်းများစွာ ပြန်လာခြင်း ဖြစ်လေရာ သူတို့အတွင် လုပ်စရာ များစွာ ရှိနေပေသည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများသည် သူတို့ နေရမည့် တောင်ဆီသို့ ရန်ကိုင်နှင့် ရှုဟွေတို့နောက်မှ လိုက်သွားခဲ့သည်။

ယနေ့ညသည် အအိပ်ပျက်ရမည့်ည ဖြစ်ချေတော့ပေမည်။

တစ်လကြာပြီးနောက်၊ တောင်ဝင်နယ်မြေ သည်လည်း တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများ နေထိုင်ရာ တောင်ပေါ်တွင် အသစ်ဆောက်လုပ်ထားသော၊ ပြင်ဆင်ထားသော သပ်သပ်ရပ်ရပ် စီတန်းထားသည့် အိမ်ကလေးများ ရှိနေခဲ့သည်။

ရှေးဟောင်းနတ်ဆိုးကလန်သား အိမ်သစ်များ ဆောက်လုပ်နေစဉ် အတောအတွင်း ရှုဟွေသည် သူတို့ လိုအပ်လောက်မည့် အရင်းအမြစ်များ အကူအညီများ ပေးအပ်ခဲ့သဖြင့် လီရုန်လည်း ရှုဟွေတို့အပေါ် အတော်လေး ကျေးဇူးတင်မိသွားခဲ့သည်။

လီရုန်တို့နှင့်အတူ တစ်လကျော်လောက် ပေါင်းသင်း ဆက်ဆံလာပြီးနောက် ရှေးဟောင်းနတ်ဆိုးကလန်သား များအပေါ် ရှုဟွေနှင့် အခြားအကြီးအကဲများ၏ သဘောထား၊ အထင်အမြင်များလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ရသည်။

ရန်ကိုင် လက်အောက်တွင် အမှုထမ်းရန် ရွေးချယ်ခဲ့သော ထိုနတ်ဆိုးအုပ်သည် မျိုးနွယ်စုချင်းသာ မတူညီခြင်းဖြစ်ပြီး အခြားနေရာများတွင် သူတို့နှင့် အတူတူသာ ဖြစ်သည်ကို ရှုဟွေတို့ တွေ့ရှိခဲ့ရသည်။

ထိုနတ်ဆိုးအုပ်သည် မည်သည့် ပြဿနာကိုမှ မရှာခဲ့။ သူတို့ဘာသာ အေးအေးဆေးဆေး၊ ငြိမ်းငြိမ်းချမ်းချမ်းသာ နေထိုင်ခဲ့သည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများနှင့် တော်ဝင်နယ်မြေမှ တပည့်များသည်လည်း တစနှင့်တစ ပိုပို၍ ရင်းနှီးလာခဲ့ကြသည်။

လက်ရှိ အခြေအနေနှင့် ပက်သက်၍ ရန်ကိုင်လည်း အတော်လေး ကျေနပ်မိနေခဲ့သည်။ ယခင်လအတွင်း ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုးကလန်နှင့် တော်ဝင်နယ်မြေတို့နှင့် ပက်သက်နေသော ကိစ္စကြီးငယ် အဝဝကို တောက်လျှောက်‌ ဖြေရှင်းပေးနေခဲ့ရသဖြင့် အတော်လေး ပင်ပန်းနေခဲ့လေပြီ။ သူ့အဖို့ နတ်ဘုရား သစ်ပင်နှင့် ဆက်သွယ်ရန်ပင် အချိန်မရှိခဲ့ချေ။

ယခု သူ့တွင် နေစရာနေရာတစ်ခု တိတိကျကျ ရှိသွားပြီ ဖြစ်လေရာ နတ်ဘုရားသစ်ပင်အား အပြင်သို့ ထုတ်ပေးချင်မိလေသည်။

သို့သော်လည်း ထိုကဲ့သို့ လုပ်ရန် ခက်ခဲသည်က တစ်ကောင်း၊ ရှေးဟောင်းနတ်ဆိုးကလန် ရှိသည်က တစ်ကြောင်းတို့ကြောင့် နတ်ဘုရားသစ်ပင်ကို အနက်ရောင် စာအုပ်ထဲတွင်သာ ဆက်ထားရန် ဆုံးဖြတ်လိုက်လေသည်။

နတ်ဘုရားသစ်ပင်မှ ထုတ်လွှတ်သော ယန်ဓါတ် အရှိန်အဝါသည် အရမ်းကိုမှ သိပ်သည်းလှလေရာ ရှေးဟောင်းနတ်ဆိုးကလန်သားများအတွက် လုံးဝကို သက်သောင့်သက်သာ ရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ့လက်ရှိ ခွန်အားဖြင့် နတ်ဘုရားသစ်ပင်ကို အနက်‌ရောင် စာအုပ်ထဲမှ ထုတ်ပေးရန် ကြိုးစားပါက သူလုံးဝကို အားအင်ကုန်ခမ်းသွားရပေလိမ့်မည်။

ထို့ကြောင့် လက်ရှိ အနေဖြင့် သူ့အသိစိတ်ကို အနက်ရောင်စာအုပ်ထဲသို့ ရံဖန်ရံခါ ပို့လွှတ်၍ နတ်ဘုရား သစ်ပင်ကို အထီးမကျန်အောင် လုပ်ပေးနေခဲ့ရသည်။

နတ်ဘုရားသစ်ပင်ဆီ သွားရောက်စဉ် အတောအတွင်း အနက်ရောင် ကျောက်တုံးနှစ်တုံးသည် ရှားပါးသတ္တုများမှ အဆီအနှစ်များကို စုပ်ယူနေသေးမှန်း သိခဲ့ရသည်။ သူထားရစ်ခဲ့သော သတ္တုရိုင်းများသည် ယခုဆိုလျှင် လုံးဝ ပြောင်လုနီးနီး ဖြစ်နေခဲ့လေပြီ။

အချိန်အတော်ကြာသွားပြီးနောက် အနက်ရောင် ကျောက်တုံး မျက်နှာပြင်ပေါ်ရှိ သွေးကြောကဲ့သို့ အမျှင်တန်းလေးများသည် ပိုပို၍ သိလာခဲ့သည်။

ထိုကျောက်တုံးနှစ်တုံးနှင့် ပက်သက်၍ တစ်ခုခု ထူးခြားနေမှန်း ရန်ကိုင် သတိပြုမိသည်။ နောက်ပိုင်းကျ ထိုကျောက်တုံးနှစ်တုံး မည်ကဲ့သို့ ပြောင်းလဲသွားမည်ကို လည်း သူအတော်လေး သိချင်နေမိသည်။

တစ်နေ့၊ လီရုန်၊ ရှုဟွေတို့နှင့် ကိစ္စအချို့အကြောင်း ဆွေးနွေးနေစဉ် တော်ဝင်နယ်မြေမှ တပည့်တစ်ယောက် ခန်းမထဲသို့ ရုတ်တရက် ဝင်လာပြီး “တော်ဝင်သခင်၊ လူတစ်ယောက်က တွေ့ချင်လို့တဲ့၊ ဂိုဏ်းအပြင်ဘက်မှ စောင့်နေပါတယ်”

“ဘယ်သူလဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။

“မရဏဂိုဏ်းချုပ်၊ ဝူကျဲပါ”

“ဝူကျဲလား” ထိုနာမည်ကို ကြားလိုက်သည်နှင့် ရှုဟွေက စွားပွဲကိုလက်သီးဖြင့် ထုကာ အော်ပြောလိုက်သည် “ရဲလိုက်တာ။ သူနဲ့ အရင်အကြွေးကို မရှင်းရသေးတာတောင် သကောင့်သားက ငါ့ရှေ့ ပေါ်လာရဲတယ်ပေါ့၊ ဟုတ်လား။ ဒီတစ်ကြိမ်တော့ ဒီကောင် ပြန်လမ်းမရှိစေရဘူး။ သူလူဘယ်လောက် ခေါ်လာလဲ”

ထိုတပည့်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည် “ဂိုဏ်းချုပ်ဝူက တစ်ယောက်တည်းပါ။ ဒါပေမယ့် လူအချို့ကို ဖမ်းမိထားတဲ့ပုံပဲ”

ရှုဟွေက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ “တစ်ယောက်တည်း လာရဲတယ်လား။ အဲ့စိမ်းပုပ်ကောင်က ငါတို့ တော်ဝင်နယ်မြေကို မျက်စိထဲ မထည့်တာလား။ တော်ဝင်သခင်၊ ဒီလူအိုကြီး အဲ့ကောင်ကို ကောင်းကောင်း သွားသင်ခန်းစာ ပေးပါရစေ”

ရန်ကိုင်က မဲ့ပြုံးသာ ပြုံးလိုက်ပြီး “မလိုဘူး။ ဝူကျဲက ကျုပ်တို့ရဲ့ မဟာတ်မိတ်ဘဲ”

ရန်ကိုင်စကားကြောင့် ရှုဟွေ ကြောင်သွားခဲ့ရသည်။

လွန်ခဲ့သော သုံးနှစ်က ထိုမုန်းစရာကောင်းသော ကောင်သည် ကျန်းအောင်နှင့် ချောင်ကွမ်တို့နောက် လိုက်၍ တော်ဝင်နယ်မြေကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့် ရှုဟွေမှာ ဝူကျဲက နုတ်နုတ်စင်းပစ်ချင်နေသည်မှာ တစ်ပိုင်းကို သေနေလေပြီ။

ရန်ကိုင်က ရှင်းပြရန် အလျင်မလိုသေးဘဲ စောင့်နေသော တပည့်ကိုသာ ပြန်ပြောလိုက်သည် “သူ့ကို သွားခေါ်လာခဲ့”

ထိုတပည့် ထွက်သွားတော့မှ ရန်ကိုင်လည်း သူနှင့် ဝူကျဲကြားမှ အခြေအနေကို ရှုဟွေအား ရှင်းပြ လိုက်လေတော့သည်။

လွန်ခဲ့သော သုံးနှစ်၊ ရန်ကိုင်အား လိုက်ဖမ်းစဉ်က ဝူကျဲသည် လက်ဦးမှုရယူ၍ ရန်ကိုင်နှင့် ရင်းနှီးရန် ကြိုးစားခဲ့သည်။ မကြာသေးခင်ကလည်း ရန်ကိုင်အား အကူအညီများ ပေးခဲ့သေးသည်။ ထိုအကြောင်းကို ရှုဟွေ သိသွားပြီးနောက် မျက်မှောင်ကြုံ့၍ ရေရွတ်လိုက်သည် “ဝူကျဲ အားသန်တဲ့အရာက လူမှုဆက်ဆံရေးတွေမှာရယ်၊ အခြေအနေတွေ အားလုံးကို ခြုံငုံသုံးသပ်တာမျိုးရယ်လို့ ကျုပ်ကြားခဲ့ဖူးတယ်။ ကျော်ကြားနေတဲ့အတိုင်း သူ့ဂုဏ်သတင်းနဲ့ တကယ် ထိုက်တန်တဲ့လူပါလား”

“သူ့ဘက်ကနေစပြီး သခင်နဲ့ ငြိမ်းချမ်းလိုကြောင်း ကမ်းလှမ်းတာကို ကြည့်ရင် သူက အများစုထက် ပိုပြီး မြင်တတ်တယ်လို့ ပြောရမယ်” လီရုန်က ပြုံး၍ “အားလုံးက သခင်ရဲ့ အလားအလားကို မြင်တတ်ကြတဲ့ လူတွေမှမဟုတ်တာ။ ကျန်းအောင်နဲ့ ချောင်ကွမ်တို့ပဲ ကြည့်ပါလား။ သူတို့ သေသွားတာ နည်းတောင် နည်းသေးတယ်”

“ကျန်းအောင်နဲ့ ချောင်ကွမ်တို့ သေပြီလား” ရှုဟွေ လုံးဝကို အံ့အားသင့်သွားခဲ့ရလေပြီ။

“ဟုတ်သားပဲ။ ကျုပ်ခင်ဗျားကို ပြောဖို့ မေ့နေတာ” ရန်ကိုင်က ခေါင်းညိတ်၍ “ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်း နှစ်ခုစလုံးရဲ့ ခေါင်းဆောင်ပိုင်းတွေ အကုန်လုံးနီးပါး သေသွားပြီ။ အခု ဝူကျဲကပဲ အဲ့ဂိုဏ်းတွေကို စီမံနေတာ”

“ဟန့်၊ သူတို့နဲ့ ထိုက်တာကို ရလိုက်တာပဲ” ရှုဟွေသည် ထိုနှစ်ယောက်သည် ဒေါသ‌ ထွက်နေသေးသည်နှင့် တူလေသည်။ “ဒီကကိစ္စတွေ ဖြေရှင်းပြီးသွားရင် သူတို့ဆီ သွားဖို့ လုပ်နေတာ။ ကြည့်ရတာ အဲ့လိုလုပ်စရာ မလိုတော့တဲ့ပုံပဲ။ သူတို့ စောစောသေသသွားတာ ကံကောင်းသွားတယ်။ ဒီလူအိုကြီး လက်ထဲသာ ရောက်ခဲ့ရင် သေတာထက် ဆိုးတဲ့ ဝေဒနာကို ခံစားရအောင် လုပ်ပေးလိုက်မှာ”

ရှုဟွေသည် အံတင်းတင်းကြိတ်၊ လင်းသီးတင်းတင်း ဆုပ်ကာ ကျိန်ဆဲနေခဲ့သ်။

လီရုန်သည်နှင့် နှုတ်ခမ်းလေးကို ကွေးလျက် မရယ်မိစေရန် အတတ်နိုင်ဆုံး အောင့်အင်းရင်း ရန်ကိုင်ဆီလှမ်းကြည့်လိုက်သည်။

ခဏအကြာ၌ ဝူကျဲ အထဲသို့ ဝင်လာခဲ့သည်။ သူသည် ပုံမှန်အတိုင်း အနက်ရောင် ဝတ်ရုံကြီးကိုသာ ဝတ်ဆင် ထားခဲ့သည်။ သူနှင့်အတူ ပါလာသည်ကား သတိ လစ်နေသော တပည့်နှစ်ယောက်ပင်။

ထိုကျင့်ကြံသူ နှစ်ယောက်စလုံး ဘာဒဏ်ရာမှ ရမထားခဲ့။ နှစ်နှစ်ငြိမ်ငြိမ် အိပ်စက်နေသည်နှင့်ပင် တူသေးသည်။ တကယ့်ကို ရှားပါးလိုက်သည် မြင်ကွင်းပင်တည်း။

ရောက်သည်နှင့် သယ်လာသော လူနှစ်ယောက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချ၍ လက်သီးဆုပ်ကာ “တော်ဝင်သခင်ကို နှုတ်ဆက်ပါတယ်။ စီနီယာလီကိုလည်း နှုတ်ဆက်ပါတယ်… အန်း၊ အကြီးအကဲချုပ်ကိုလည်း နှုတ်ဆက်ပါတယ်”

လီရုန်နှင့် ရန်ကိုင်တို့က ပြုံး၍ ပြန်ခေါင်းညိတ် ပြလိုက်သော်လည်း ရှုဟွေကမူ အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။ ဝူကျဲကမူ သူ့အပြူအမူကြောင့် စိတ်မဆိုးသွားခဲ့။

“ထိုင်ပါဦး” ရန်ကိုင်က လက်ယပ်ပြလိုက်သည်။

ဝူကျဲလည်း အသာအယာ ခေါင်းညိတ်၍ ထိုင်ချလို်လေသည်။

တပည့်လှလှလေးတစ်ယောက် ချက်ချင်းပဲ လက်ဖက်ရည် လာငှဲ့ပေးလေသည်။

လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် ရန်ကိုင်က မေးလိုက်သည် “ဂိုဏ်းချုပ်ဝူ ပေါ်လာတယ်ဆိုတော့ ဟိုဂိုဏ်းနှစ်ဂိုဏ်း ကိစ္စ ပြီးသွားလို့ပေါ့ ဟုတ်လား”

ထိုမေးခွန်းကို ကြားလိုက်သည်နှင့် ဝူကျဲက ပျော်ရွှင်စွာ ပြုံးကာ ပြန်ပြောလိုက်သည် “အဲ့ကိစ္စနဲ့ ပက်သက်ပြီး တော်ဝင်သခင်ကိုပဲ ကျေးဇူးတင်ရမယ်။ တစ်လလောက်ကြာတော့ အဲ့ဂိုဏ်းနှစ်ဂိုဏ်းထဲက အရည်အချင်းရှိတဲ့ တပည့်နှစ်ထောင်ကျော်ကို ကျုပ်ဂိုဏ်းထဲ ဆွဲသွင်းနိုင်ခဲ့ပါတယ်။ ကျန်တဲ့ တပည့်တွေကိုတော့ အရင်းအမြစ် နည်းနည်းပါးပါး ပေးပြီး ထွက်သွားခိုင်းလိုက်ပါတယ်။ အခု ဒီပတ်ပတ်လည် ကီလိုမီတာ ထောင်ကျော်ပတ်လည်မှာ တော်ဝင်နယ်မြေနဲ့ မရဂိုဏ်းတို့ပဲ ရှိပါတော့တယ်”

“ခင်ဗျား ဘာတွေလုပ်ခဲ့ရသေးလဲ”

“ဘာမှ များများစားစား မလုပ်လိုက်ရပါဘူး။ ခေါင်းမာနေတဲ့ ခေါင်းဆောင်အချို့ကို သတ်လိုက်ရုံပါပဲ။ ပြီးတာနဲ့ အားလုံးက လွယ်ကူသွားတာပဲ”

“အင်း၊ တကယ်ကို အားတက်စရာပဲ။ ကြည့်ရတာ ခင်ဗျားတို့ဂိုဏ်း မြင့်တက်လာဖို့ အချိန်ပဲ လိုတော့တယ်နဲ့ တူတယ်။ ကျန်တာဆိုလို့ ဂိုဏ်းချုပ်ဝူ သူတော်စင် ဒုတိယအဆင့်ကို ချိုးဖျက်ဖို့ပဲ ရှိတော့တာပေါ့နော်”

ဝူကျဲ ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး ခါးခါးသီးသီး ပြုံးလျက် “တော်ဝင်သခင် မနောက်ပါနဲ့ဗျာ။ ကျုပ်ရဲ့ အရည်အချင်းကို ကျုပ်ကောင်းကောင်းသိတယ်။ အခွင့်အလမ်း တစ်ခုခုနဲ့ မကြုံရသရွေ့ ဒီတစ်သက် သူတော်စင် ဒုတိယအဆင့်ကို ကျုပ်ရောက်နိုင်မှာ မဟုတ်ဘူး”

“ကိုယ့်အကြောင်း ကိုယ်သိသားပဲ” ရှုဟွေက အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ဝူကျဲလည်း ခြောက်ကပ်ကပ် ရယ်သံကြီးဖြင့် ပြန်၍ ရယ်မောလိုက်လေသည်။ ရှုဟွေ သူ့အား ဒေါသ ထွက်နေသေးမှန်း သိသဖြင့် ခေါင်းစဉ်ဆီ ချက်ချင်း ပြန်သွားလိုက်လေသည် “ဒါကြောင့် ကျုပ်ရဲ့ မျှော်လင့်ချက်တွေကို နောက်မျိုးဆက်တွေ အပေါ်ပဲ ပုံအပ်ထားလိုက်တော့တယ်။ နောက်နောင် မရဏဂိုဏ်းက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ ဦးဆောင်မှုနောက် လိုက်ရမှာဆိုတော့ တော်ဝင်သခင်နဲ့ အကြီးအကဲချုပ်လည်း ကျုပ်ဂိုဏ်းကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်”

“ကျုပ်တို့က တစ်မိသားစုတည်းပဲဟာကို၊ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး”

ရန်ကိုင် စကားကြောင့် ဝူကျဲ အမူအရာ ပြေလျော့ သွားခဲ့ရသည်။

“ဟုတ်သားပဲ။ ဒါတွေက ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းက စုဆောင်းမိတဲ့ ပစ္စည်းတွေပါ။ သုံးဆယ်ရာခိုင်နှုန်းကိုတော့ ဒီဝူ ယူထားလိုက်ပါတယ်။ ကျန်တဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းကို တော်ဝင်သခင်ဆီ ယူလာပေးတာပါ။ တစ်ချက် စစ်ဆေးကြည့်ပါဦး တော်ဝင်သခင်” ဝူကျဲက သိုလှောင်အိတ်များကို ထုတ်ယူကာ ရန်ကိုင်အား လေးလေးစားစားဖြင့် ပေးလိုက်သည်။

ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ရာ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သဖြင့် ရှုဟွေလည်း ထိုင်ရာမှထ၍ ထိုသိုလှောင်အိတ်များကို လက်ခံလိုက်လေသည်။ ကောင်းကင်စိတ်အာရုံဖြင့် ထိုသိုလှောင်အိတ်များကို စစ်ဆေးကြည့်ပြီးနောက် သူ့အမူအရာ ဝင်းပသွားခဲ့ရသည်။

ဝူကျဲ ပေးလာခဲ့သော သိုလှောင်အိတ်များသည် အမျိုးမျိုးသော အဖိုးတန် ပစ္စည်းများဖြင့် ပြည့်နေခဲ့ပေသည်။ အိတ်ထဲရှိ ပမာဏအရ ဝူကျဲ သူ့အတွက် သုံးဆယ်ရာခိုင်းသာ ယူထားခဲ့သည်ဟု ဆိုခြင်းမှာ လိမ်ညာနေခြင်း မဟုတ်လောက်ပေ။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ရတနာဂိုဒေါင်သည် လက်ရှိ အချိန်၍ ပြောင်တလင်း ခါနေခဲ့လေပြီ။ သူတို့ အရင်းအမြစ်များ လိုအပ်နေသည့် အချိန်မှ ဝူကျဲက ထိုပစ္စည်းများကို လာပေးခဲ့လေရာ ရှုဟွေအဖို့ ဆောင်းတွင်းဘက် မီးသွေရသည့်နှယ် ဖြစ်သွားခဲ့ရပြီး ဝူကျဲအပေါ် သူ့အထင်အမြင်လည်း သိသိသာသာကို ကောင်းမွန်လာခဲ့ရသည်။

ဝူကျဲ တော်တော်လေး ကျေနပ်သွားခဲ့ပြီး နောက်ဆုံးတွင် ပြုံး၍ “ဂိုဏ်းချုပ်ဝူက အရမ်း ယဉ်ကျေးနေတာပဲ။ နောက်နောင်လည်း ကျုပ်တို ဂိုဏ်းနှစ်ဂိုဏ်းကြား စိတ်မချမ်းမြေ့စရာ ကိစ္စတွေ၊ နားလည်မှု လွဲတာမျိုးတွေ ဘယ်တော့မှ ထပ်မဖြစ်တော့ဘဲ မိတ်ဆွေကောင်းတွေ ဖြစ်သွားကြဖို့ မျှော်လင့်ပါတယ်”

“ဟုတ်တာပေါ့။ အကြီးအကဲချုပ် စိတ်ချထားလိုက်။ ဒီလူအက ကျန်းအောင်နဲ့ ချောင်ကွမ်တို့လို့ မမြင်တတ်တဲ့ လူမှမဟုတ်တာ။ ပြီးတော့ သူတို့လို စိတ်ထား သေးသိမ်တဲ့ လူစားမျိုးလည်း မဟုတ်ဘူး”

“အဲ့လိုမှကော်ငးတာ” ရှုဟွေက အခိုင်အမာ ခေါင်းညိတ်လိုက်သည်။

“ပြီးတော့ တော်ဝင်သခင်ကို တင်ပြစရာ အခြား ကိစ္စတစ်ခု ရှိပါသေးတယ်” ဝူကျဲအမူအရာ ရုတ်တရက် လေးနက်သွားလေသည်။

“အဲ့လူနှစ်ယောက်ကိစ္စလား”

“ဟုတ်ပါတယ်” ဝူကျဲက ခေါင်းညိတ်လိုက်ပြီး “ဒီနေ့ ဒီဝူ တော်ဝင်နယ်မြေကိုလာတုန်း တောင်ထွတ်ကိုလုံး အပြင်ဘက်မှ ရစ်သီရစ်သီ လုပ်နေတဲ့ လူအုပ်ကြီးကို မတော်တဆ တွေ့လိုက်မိလို့ပါ… သူတို့ တစ်ခုခုကို ရှာနေတဲပုံပါပဲ။ မသင်္ကာတာနဲ့ ဒီဝူလည်း သူတို့ ဘာတွေကြံနေလဲ သိရအောင် ဒီလူနှစ်ယောက်ကို ဖမ်းလာခဲ့ပါတယ်”

“သူတို့တွေက ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းက အထုတ်ခံလိုက်ရတဲံ လူတွေများလား” ရန်ကိုင်က မေးကြည့်လိုက်သည်။

“မဟုတ်ပါဘူး” ဝူကျဲက ခေါင်းခါရမ်းလိုက်ပြီး “ဒီနှစ်ယောက်က မသေမျိုးပထမအဆင့်တွေပါ။ သူတို့သာ ကြယ်ရောင်ဖြာနန်းတော်က၊ ဒါမှမဟုတ် တိုက်ပွဲ စိတ်ဝိဥာဉ်ဘုရားကျောင်းကဆို ဒီဝူလည်း သူတို့ကို နည်းနည်းပါးပါး မှတ်မိနေမှာပါ။ ဒါပေမယ့် ဒီနှစ်ယောက်ကို ကျုပ်တစ်ခါမှ မတွေ့ဖူးပါဘူး”

“ဟန်… နိုးကြည့်လိုက်ပါလား။ သူတို့ ဘာလို့ ဒီကို ရောက်လာလဲ မေးကြည့်ရတာအောင်” ရန်ကိုင် စိတ်တိုသွားခဲ့လေပြီ။ အပြင်လူများစွာ တောင်ဝင်နယ်မြေ အပြင်ဘက်တွင် ရစ်သီရစ်သီ လုပ်နေခြင်းသည် သူတို့ တစ်ခုခုကို စုံစမ်းနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

ဖြစ်ရပ်အားလုံး၏ နောက်ကွယ်မှ လျှို့ဝှက်ပူးပေါင်း ကြုံစည်နေသည့် အနံ့အသက်ကို သူရနေခဲ့လေပြီ။

ဝူကျဲ မတ်တပ်ရပ်လိုက်ပြီး သတိလစ်နေသော ကျင့်ကြံသူနှစ်ယောက်ဆီ သွားကာ သူတို့၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။ ခဏအကြာ၌ ထိုလူနှစ်ယောက် နိုးလာခဲ့လေသည်။ နိုးလာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ထခုန်လိုက်ပြီး အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်၍ ဝူကျဲ၊ ရန်ကိုင်နှင့် ခန်းမထဲတွင် ရှိနေသော အခြားသူများကို ဝေ့ကြည့်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၈၀) မီးလောင်ရာလေပင့်ခြင်း

ထိုနှစ်ယောက်၏ တုန့်ပြန်မှုကိုမြင်သော် ဝူကျဲက လှောင်ပြုံးပြုံးလျက် သူ့အရှိန်အဝါဖြင့် ထိုနှစ်ယောက်အပေါ် ဖိချလိုက်ရာ နှစ်ယောက်စလုံး ချက်ချင်း‌ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သူတို့နှင့် ဝူကျဲကြား ခွန်အား ကွာခြားချက်ကို ချက်ချင်း နားလည်သွားလိုက်လေသည်။ ယခု နည်းနည်းမျှပင် ခုခံရန် မကြိုးစားတော့။ သူတို့၏ အကြည့်ထဲ ကြောက်ရွံ့မှုတို့သာ ရှိတော့လေသည်။

တစ်ယောက်က တုန်တုန်ရီရီဖြင့် စမေးလိုက်သည် “ခင်ဗျားတို့က ဘယ်သူလဲ။ ဘာလို့ ကျုပ်တို့ကို ဖမ်းထားရတာလဲ”

ဝူကျဲက ပြန်မဖြေဘဲ အစိမ်းရောင် တောက်နေသည့် သူ့မျက်လုံးများဖြင့်သာ ကြောက်လန့်တုန်လှုပ်နေသော ကျင့်ကြံသူနှစ်ယောက်အား မမှိတ်မသုန်၊ ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့သည်။

သူတို့အား လုံလောက်အောင် ခြောက်လှန့် ပြီးလောက်ပြီဟု ထင်မှပဲ ဝူကျဲက အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “ငါမှာ မင်းတို့ကို မေးစရာ ရှိတယ်။ ဖြေလည်းရတယ်၊ မဖြေလည်း ရတယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် မင်းတို့ လိမ်နေတယ် ထင်ရင်တော့ မင်းတို့ ဝိဥာဉ်ကို ဆွဲထုတ်ပြီး ငါကိုယ်တိုင် မင်းတို့ရဲ့ မှတ်ဥာဏ်တွေကို ရှာဖွေရလိမ့်မယ်။ မင်းတို့ဝိဥာဉ် ဆွဲစုတ်ခံရမယ့်ဒဏ်ကို မခံချင်ဘူး ဆိုရင်တော့ ရိုးရိုးသားသား ပြန်ဖြေတာ ပိုကောင်းလိမ့်မယ်”

“ဝိဥာဉ်တွေကို ဆွဲထုတ်မှာလား..” မသေမျိုးအဆင့် ကျင့်ကြံသူနှစ်ယောက်စလုံး အဆက်မပြတ် တုန်ရီ လာခဲ့ပြီး သူတို့၏ မျက်နှာများသည်လည်း ချက်ချင်း ဆိုသလို သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

သူတို့ ခွန်အားသည် အရမ်းကြီး နိမ်းကျခြင်း မရှိသဖြင့် သူတို့၏ မှတ်ဥာဏ်အား အခြား တစ်ယောက်မှ ရှာဖွေလာလျှင် မည်ကဲ့သို့သော နာကျင်မှုအား ခံစားရနိုင်ကြောင်းကို ကောင်းကောင်း နားလည်ထား လေသည်။

ထိုအဖြစ်အပျက်ကို ကြုံလိုက်ရသူအဖို့ နာကျင်မှုကြောင့် အရင်ရူးသွားပြီးနောက် အသေဆိုးဖြင့် သေဆုံးရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထို့ကြောင့် အရက်စက်ဆုံးသော ကျင့်ကြံသူများသည်သာ ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုကြပေသည်။

သို့သော်လည်း သူတို့ရှေ့ရှိ စိမ်းညို့ညို့ အရှိန်အဝါကို ထုတ်လွှတ်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ မျက်လုံးများ နှင့် လူကြီးသည် မိစ္ဆာပညာရှင် တစ်ယောက်နှင့် တော်တော်လေးကို တူညီနေခဲ့လေသည်…

နှစ်ယောက်စလုံး အလျင်စလို ခေါင်းညိတ်လိုက်ပြီး “ကျေးဇူးပြုပြီးမေးပါ။ ကျုပ်တို့ သိတဲ့အရာ မှန်သမျှကို ကျိန်းသေ ပြန်ဖြေပေးပါ့မယ်”

ဝူကျဲက ညစ်ကျယ်ကျယ် ပြုံးလျက် ခေါင်းညိတ်ကာ စမေးတော့လေသည် “ဒီနေရာ ဘယ်နေရာလဲသိလား”

ကျင့်ကြံသူနှစ်ယောက်စလုံး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်၍ တစ်ယောက်က ပြန်ဖြေလိုက်သည် “ဒီနေရာက ဘုံကိုးခုထွတ်မြတ်နယ်မြေထဲက တစ်နေရာရာမှာ ဖြစ်လောက်မှာပေါ့၊ ဟုတ်တယ်မလား”

“အမှန်ပဲ။ ဒီနေရာက ဘုံကိုးခုထွတ်မြတ်နယ်မြေပဲ။ တော်ဝင်နယ်မြေမှန်း သိနေတာတောင် ဒီအပြင်ဘက်မှာ ရစ်သီရစ်သီ လုပ်နေရဲတယ်ပေါ့” ဝူကျဲ မျက်လုံး မှေးစဉ်သွားခဲ့ပြီး “မင်းတို့ဘာသာ ရှင်းပြစမ်း။ မင်းတို့ ဒီမှာ ဘာလာလုပ်နေတာလဲ”

အခြားတစ်ယောက်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်လေသည် “ကျုပ်တို့ဒီကို လက်နက်တွေ၊ ပစ္စည်းတွေ ရှာဖို့ လာခဲ့တာပါ”

“လက်နက်ပစ္စည်းတွေ ရှာဖို့လား” ဝူကျဲ မျက်မှောင်ကြုံ့သွားခဲ့ပြီး “အပြင်ဘက်က မြေကြီးပေါ်မှာလား”

“ဟုတ်ပါတယ်”

“ဒီမှာ လက်နက်တွေ ရှိတယ်လို့ မင်းတို့ကို ဘယ်သူ ပြောတာလဲ”

“ဒီအကြောင်းကို ပြောနေကြတဲ့ လူတွေအများကြီးပဲ။ သူတို့ ပြောတာက…” လူတစ်ယောက်က အလျင်စလို ရှင်းပြလိုက်လေသည်။ သူတို့ ရှင်းပြသည်ကို နားထောင်ပြီး တစ်ယောက်ယောက် သူတို့ကို အကွက်ချကြံနေစည်မှန်း ရန်ကိုင် နားလည်သွားလိုက်သည်။ လွန်ခဲ့သော သုံးနှစ်က တိုက်ပွဲပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီး သူတို့ အသုံးပြုခဲ့သည့် လက်နက်ပစ္စည်းများ ကျကျန်ခဲ့သည်ဟု ကောလဟာလ ထွက်နေခဲ့သည်။ ထိုကောလဟာလ ကြောင့် လူပေါင်းများစွာ ဤနေရာသို့ ရောက်ရှိနေရခြင်း ဖြစ်ပေသည်။

“အပြင်ဘက်မှာ လူတွေအများကြီးပဲ။ အဲ့လူတွေ အကုန်လုံးက လက်နက်တွေ လာရှာကြတာလား” ဝူကျဲက မေးလိုက်လေသည်။

“အချို့ကတော့ လက်နက် လာရှာကြတာပါ။ အခြား လူတွေကတော့ မွန်းစတားသားရဲတွေ အမဲလိုက်ဖို့နဲ့ တူတယ်… ဒီနေရာကို သားရဲပင်လယ်တောအုပ်ကနေ အဆင့်ခြောက်၊ အဆင့်ခုနှစ် သားရဲတွေ အများကြီး ပြေးဝင်လာတယ်လို့ သတင်းတွေ ထွက်နေတာကိုး။ အဲ့မွန်းစတားသားရဲတွေက လက်နက်သန့်စင်ဖို့အတွက် ပစ္စည်းကောင်းတွေလေ”

အခြားတစ်ယောက်ကလည်း အလျင်အမြန်ပဲ ထပ်ပေါင်းပြောလိုက်သည် “နတ်ဆိုးတွေကိုသတ်ဖို့ ရောက်လာတဲ့ လူတွေလည်း ရှိနေတဲ့ပုံပဲ။ ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့‌ တော်ဝင်သခင်က နတ်ဆိုးတစ်သိုက်ကို လက်အောက်ငယ်သားတွေအဖြစ် လက်ခံပြီး တောင်ထွတ်ကိုးလုံးမှာ နေခိုင်းထားတယ်တဲ့။ အဲ့လူတွေက နတ်ဆိုးတွေကို သုတ်သင်မယ်ဆိုပြီး ရောက်လာခဲ့တာ”

“မင်းတို့လေးနဲ့တင်လား” ဝူကျဲက ထိုနှစ်ယောက်အား အထင်သေးသေးဖြင့် ကြည့်လိုက်ပြီး “နတ်ဆိုးတွေ ရှိတယ်လို့ ကြားထားမှတော့ သူတို့ ဘယ်လောက် အားကောင်းတယ် ဆိုတာကိုကော မကြားဘူးလား”

“အဲ့နတ်ဆိုးအုပ်ထဲမှ အားအကောင်းဆုံးဆိုလို့ မသေမျိုးအဆင့် ပညာရှင် နည်းနည်းပါးပါးပဲ ရှိတယ်လို့တော့ ပြောကြတာပဲ…”

“ဟားဟားဟား…” ဝူကျဲ ဝါးလုံးကွဲ ရယ်မောလိုက်ပြီး ထပ်တလဲလဲ ခေါင်းညိတ်ရင်း “အမှန်ပဲ။ သူတို့မှာ ပညာရှင်တွေ အများကြီးမပါဘူး… အင်း၊ ငါးယောက် လောက်ပါပဲ”

သူပြောနေသည့် ငါးယောက်မှာ သူတော်စင်အဆင့် ပညာရှင် ငါးယောက်ကိုပင် ရည်ညွှန်းနေခြင်းသာ ဖြစ်ပေသည်။

လီရုန် နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီနှင့် လက်ရည်တူ ယှဉ်တိုက်လာခဲ့သည်ကို သူ့မျက်လုံးဖြင့် တပ်အပ် မြင်တွေ့ခဲ့ခြင်း ဖြစ်လေရာ ထိုရှေးဟောင်းနတ်ဆိုးကလန် မည်မျှ အားကောင်းကြောင်းကို ကောင်းကောင်း နားလည်ထားပေသည်။ ထိုနတ်ဆိုးအုပ်သည် ဂိုဏ်းကြီး တစ်ဂိုဏ်း၊ နှစ်ဂိုဏ်းလောက်ဖြင့် အနိုင်ယူနိုင်မည့် အင်အားစုမျိုး မဟုတ်ချေ။

ထိုနတ်ဆိုးအုပ်ကြီးအား အမြစ်ဖြတ်ချင်သည် ဆိုပါက ကောင်းကင်ဂိုဏ်းတော်နှင့် အဆင့်တူ အင်အားစု သုံးစု၊ လေးစုလောက်ကို စုစည်းရန် လိုအပ်ပေသည်။ ထို့အပြင် နောက်ဆက်တွဲ ရလာဒ်များနှင့် ပက်သက်ပြီး စိတ်ပိုင်း ဆိုင်ရာ ပြင်ဆင်ထားရန်လည်း လိုအပ်ပေသေးသည်။

ထိုသနားစရာ အားနည်းကောင်လေးများနှင့် ရှေးဟောင်း နတ်ဆိုးကလန်ကို ဖျက်စီးချင်သည်မှာ သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ် အုပ်နှင့်ပင် တူနေပေသေးသည်။

ထိုအမည်မသိ ကျင့်ကြံသူ နှစ်ယောက်အား နည်းနည်းပါးပါးလောက် ထပ်မေးလိုက်သော်ငြား အခြား ဘာအရေးကြီးသည့် အရာကိုမှ မသိထားသဖြင့် နှစ်ယောက်စလုံးအား သတိလစ်သွားအောင် ပြန်လုပ်လိုက်လေ၏။

ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ မျက်မှောင် ကြုံ့လျက် “တော်ဝင်သခင်၊ တစ်ယောက်ယောက်က ဒီကောလာဟာလတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လွှင့်နေတဲ့ပုံပဲ”

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဘာကြောင့်မှန်း မသိသော်လည်း ဝူကျုန်းဟုခေါ်သော မကြာသေးခင်ကမှ တွေ့ခဲ့သည့် လူသားအဆင့် ပညာရှင် တစ်ဦးကို သူပြန်အမှတ်ရလိုက်သည်။

အဆင့်မြင့် လူသားပညာရှင်များသာ နောက်ကွယ်၌ မရှိပါက ထိုကောလဟာလများ ဤမျှ မြန်မြန် ပျံ့နှံ့စရာ အကြောင်းမရှိချေ။ ထို့အပြင် လူများစွာကိုလည်း ဤနေရာသို့ ရောက်လာအောင် လိမ်ညာလှည့်စား နိုင်လိမ့်မည် မဟုတ်ချေ။ အဆင့်အတန်း တစ်ခု ရှိပြီးသော လူများသာ ထိုကဲ့သို့ လုပ်နိုင်ပေလိမ့်မည်။ မဟုတ်လျှင် မည်သူကမှ ထိုမျှ သိသာနေသော အလိမ်အညာများကို ယုံလိမ့်မည် မဟုတ်ချေ။

ဝူကျုန်းတွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိပေသည်။

“ဒီကိစ္စရဲ့ နောက်ကွယ်က လက်မည်းကြီးက ဘာဖြစ်ချင်နေတာလဲ။ ဒီဘာမဟုတ်တဲ့ ဟာလေးတွေနဲ့ တော်ဝင်နယ်မြေကို ဘာမှမဖြစ်နိုင်ဘူးဆိုတာ သူသိသင့်တယ်” ရှုဟွေက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။

“လူအချို့က လီရုန်နဲ့ သူ့ကလန်ကို တော်ဝင်နယ်မြေမှာ မရှိစေချင်ဘူးလေ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး “ကျုပ်တို့ နတ်ဆိုးမျိုးနွယ်စုနဲ့ နီးကပ်နေတာကို သူတို့ မမြင်ချင်တာ။ ဘာလို့လဲ ဆိုတော့ ကျုပ်တို့ရဲ့ အပြုအမူက လူသားမျိုးနွယ်စုအတွက် အရှက်ရစရာ ဖြစ်တယ်လို့ သူတို့ ထင်နေလို့ပဲ”

ဝူကျဲ မျက်လုံး မှေးစဉ်းသွားခဲ့ပြီး တစ်ခုခုကို တွေးမိသွားဟန် ရကာ ပြောလိုက်လေသည် “တော်ဝင်သခင် ပြောချင်တာက ဒီကျင့်ကြံသူတွေကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ရောက်အောင် လုပ်လိုက်တာက ပြဿနာ ရှာစေချင်လို့ပေါ့ ဟုတ်လား”

“အဲ့လိုမျိုးပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ကျုပ်တို့သာ လှုပ်ရှားလိုက်တာနဲ့ ဘယ်လိုပဲ လှုပ်ရှား၊ လှုပ်ရှား အပြစ်အားလုံးကို လီရုန်တို့အပေါ် ပုံချမှာ။ ပြီးတာနဲ့ နောက်ကွယ်ကလူက အဲ့ဒါကို အကြောင်းပြချက် ယူပြီး လူသားမျိုးနွယ်စုတွေကို ဦးဆောင်ပြီး လီရုန်နဲ့ သူ့ကလန်ကို လာတိုက်မှာ။ သူတို့ တိုက်ခိုက်တာနဲ့ လီရုန်လည်း ငြိမ်နေတော့မှာ မဟုတ်ဘူး။ အဲ့အချိန် ကျုပ်သာ ကြားဝင်လိုက်တာနဲ့ တော်ဝင်နယ်မြေလည်း ဝင်ပါလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲ့လို ဖြစ်သွားရင် တော်ဝင်နယ်မြေက လူသားမျိုးနွယ်စုတစ်ခုလုံးနဲ့ ရန်သူ ဖြစ်သွားမှာလေ”

“ဒီလောက်တောင် ကောက်ကျစ်ရလားဟ” ရှုဟွေ အမူအရာ ပြောင်းလဲသွားခဲ့ရလေပြီ။

“တကယ်ကို အောက်တန်းကျတဲ့ ခွေးသူတောင်းစား တစ်သိုက်ပဲ…” ဝူကျဲက စဉ်းစားရင်း ပြောလိုက်သည် “အခြား အင်အားစုတစ်ခုသာဆိုရင်၊ သူတို့ ဂိုဏ်းအပြင်မှာ လူတွေ ရုတ်ရုတ် ရုတ်ရုတ် လာလုပ်နေရင် ချက်ချင်း မောင်းထုတ်ပစ်မှာ ကျိန်းသေတယ်။ ဒါပေမယ့် အခုလာတဲ့ လူအုပ်ကြီးထဲမှာ အဲ့နောက်ကွယ်ကလူက သူ့ပွန်းရုပ်တွေ ထည့်ထားတဲ့ပုံပဲ။ တော်ဝင်သခင် လှုပ်ရှားလိုက်တာနဲ့ မီးလောင်ရာ လေပင့်ပေးလောက်မယ့် လူတွေ အများကြီး ရှိလောက်တယ်”

ရန်ကိုင် ဝူကျဲဆီ လှမ်းကြည့်ပြီး သွားပေါ်အောင် ပြုံးမိလိုက်သည်။ ဝူကျဲ အတွေးသည် သူ့အတွေးနှင့် တစ်ထပ်ထည်းပင်။

“တော်ဝင်သခင်၊ ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်လဲ” အခြေအနေ အရမ်းကြီး မဆိုသေးခင် ဖြေရှင်းသင့်မှန်း နားလည်ထားသဖြင့် ရှုဟွေက မေးလိုက်လေသည်။ သူတို့သာ ဆက်စောင့်နေလျှင် ပိုပိုများသော ကျင့်ကြံသူများ ရောက်လာကြပေလိမ့်မည်။

ထို့ကြောင့် လက်ရှိ ပြဿနာကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းရန် လိုအပ်ပေသည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ယခုမှ ပြန်လည် တည်ဆောက်ဆဲ အခြေအနေတွင်သာ ရှိပေသေးသည်။ ပြင်ပ အင်အားစုများစွာနှင့် ရုတ်တရက် ပြဿနာ ဖြစ်ပါက တော်ဝင်နယ်မြေ၏ နောင်ရေးကို ထိခိုက်နိုင်ပေသည်။

အထူးသဖြင့် ရန်ကိုင်သည် အပြည့်အဝ အားမကောင်းသေးခြင်းပင်။

“အကြီးအကဲချုပ် ဘယ်လိုထင်လဲ” ရန်ကိုင်က ရှုဟွေကို ပြန်မေးလိုက်ရာ ရှုဟွေကလည်း လေးလေးစားစားဖြင့် “ကျင့်ကြံသူတွေ ရောက်လာတဲ့ အမှန်တရားကို ထုတ်ဖော်သင့်တယ်လို့ ထင်တာပဲ။ အဲ့ဒါမှ အလိမ်မှန်းသိပြီး သူတို့ဘာသာသူတို့ ပြန်ဆုတ်သွားမှာ။ အဲ့တိုက်ပွဲကနေ လက်နက်တွေ ကျန်ခဲ့တယ်ဆိုတာ ယုတ္တိမှမရှိတာ။ အဲ့လိုသာ ကျန်ခဲ့မယ်ဆိုရင် ကျုပ်တို့ တော်ဝင်နယ်မြေပဲ ကောက်သိမ်းထားလိုက်မှာပေါ့။ သူတို့ လာကောက်မှာကို ဘာလို့ စောင့်နေရဦးမှာလည်း။ သူတို့ ရှာမတွေ့ရင် နောက်ဆုံး ပြန်ထွက်သွားကြမှာပဲလေ။ မွန်းစတားသားရဲတွေက သားရဲပင်လယ်တောအုပ်ဆီ ပြန်သွားကြပြီလေ။ သတ္တိရှိရင် သားရဲပင်လယ်တောအုပ် ဆီ လိုက်သွားကြပေါ့။ တော်ဝင်နယ်မြေ အပြင်ဘက်မှာ ဘာတွေ ရစ်သီရစ်သီ လာလုပ်နေဦးမှာလဲ။.. နတ်ဆိုးတွေနဲ့ တိုက်ခိုက်ဖို့ လာတဲ့ ကျင့်ကြံသူတွေ ကတော့ စီနီယာလီနဲ့ အခြားသူတွေ မရှိဘူးလို့ ငြင်းချက်ထုတ်လိုက်ရုံပဲ။ စီနီယာလီနဲ့ သူ့ကလန်သာ တောင်ထွတ်ကိုးလုံးထဲ နေနေပြီး ဒီမုန်တိုင်း စဲသွားတဲ့ အထိ စောင့်နေသရွေ့ အားလုံး အဆင်ပြေသွားလိမ့်မယ်”

ယခုလောလောဆယ် မည်သည့် အင်အားစုနှင့်မှ တိုက်ပွဲဖြစ်ရမည်ကို ရှုဟွေ မလိုလားချေ။

ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က ခေါင်းညိတ်၍ သဘောတူလိုက်လေသည် “ဒီလိုဆိုမှတော့ အကြီးအကဲချုပ် အကြံပေးတဲ့အတိုင်း အရင် လုပ်ကြည့်တာပေါ့။ လူအချို့ခေါ်ပြီး တော်ဝင်နယ်မြေ အပြင်ဘက်မှာ ရစ်သီရစ်သီ လုပ်နေတဲ့ လူတွေကို ထွက်သွားဖို့ ပြောလိုက်။ ဒါပေမယ့် နည်းနည်းလေးတောင် အောက်မကျို့နဲ့နော်။ မဟုတ်ရင် တော်ဝင်နယ်မြေက သူတို့ကို ဘာမှ မလုပ်ရဲဘူး ထင်နေဦးမယ်။ အင်း။ ကျုပ်တို့က လာရန်စရင် ဘယ်လို ဖြစ်သွားမယ်ဆိုတာကို ဒီလောကကြီး ကောင်းကောင်း သိသွားဖို့လိုတယ်။ တော်ဝင်နယ်မြေရဲ့ ပိုင်နက်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတယ်ဆိုကတည်းက သတ်ဖြတ်ဖို့ လုံလောက်နေပြီ”

“တော်ဝင်သခင် ပြောတာ လုံးဝ မှန်ပါတယ်” ရှုဟွေက အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။

အတိတ်အခါကသာ တော်ဝင်နယ်မြေကို ယခုကဲ့သို့ လာလုပ်မည်ဆိုပါက ထိုလူများကို တစ်ခါတည်း အထုပ်ပိုက်၊ ထွက်သွားအောင် လုပ်လိုက်မည်သာ။ မည်သည့်အတွက်ကြောင့် လေကုန်ခံ စကား ပြောနေရဦးမည်နည်း။ နားမထောင်ချင်လျှင်လည်း ရပေသည်။ ချက်ချင်း သတ်လိုက်ရုံသာ။ သို့သော် လက်ရှိ တော်ဝင်နယ်မြေသည် ယခင် တော်ဝင်နယ်မြေနှင့် မတူတော့သည့် အတွက်ကြောင့် ရှုဟွေအနေဖြင့် နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် လိုအပ် လာပေသည်။

“ဟုတ်ပြီ။ သူတို့ကို တော်ဝင်နယ်မြေဆီကနေ ကီလိုမီတာ (၁၀၀)အကွာထိ ပြန်ဆုတ်ဖို့ အချိန်သုံးရက် ပေးလိုက်။ သတ်မှတ်ရက်ပြည့်တာတောင် ဆက်နေနေသေးတယ် ဆိုရင်တော့ အဲ့လူတွေက ဒီကို ပြဿနာရှာဖို့ သက်သက်နဲ့ ရောက်လာတဲ့ လူတွေပဲ။ အဲ့လိုလူတွေနဲ့ လေကုန်ခံပြီး စကားသွားပြောနေစရာ မလိုပါဘူး။ တစ်ခါတည်း တန်းသတ်ပစ်လိုက်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ။ တော်ဝင်သခင် ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်” ရှုဟွေက ပြန်ပြောလိုက်ပြီး ဝူကျဲ ခေါ်လာသော ကျင့်ကြံသူနှစ်ယောက်ကို ခေါ်ကာ ချက်ချင်း ထွက်သွားလေသည်။

လီရုန်၏ မျက်လုံးလေးများ တဖျတ်ဖျတ် လင်းလက်သွားပြီး ရန်ကိုင်အား စိုက်ကြည့်နေသည့် သူမ၏ မျက်နှာထက် အပြုံးယဲ့ယဲ့လေး တစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။

နှစ်အနည်းငယ်အတွင်း ရန်ကိုင်သည် ခေါင်းဆောင် တစ်ယောက် ရှိသင့်သည့် ပုံစံမျိုး ရှိလာခဲ့ချေပြီ။

နတ်ဆိုးနတ်ဘုရားမြို့တော်သို့ ခေါင်းတလား အစေခံ စီနီယာကြီး ပို့လိုက်သဖြင့် ရောက်လာစဉ်က ရန်ကိုင်သည် သတိကြီးပြီး ငယ်ရွယ်သည့် လူငယ်လေး တစ်ယောက် သက်သက်သာ ရှိသေးသည်။ သို့သော်လည်း ယခုအချိန်၌ သူသည် ပြတ်သားသော၊ သင့်လျော်သော ဆုံးဖြတ်ချက် များကို အခြေအနေနှင့် လိုက်၍ ချတတ်နေလေပြီ။

ရန်ကိုင်အား ယခုကဲ့သို့ ပုံစံဖြင့် လီရုန် မြင်လိုခြင်းပင်။ ရန်ကိုင်၏ ဦးဆောင်မှု လက်အောက်၍ ရှေးဟောင်း နတ်ဆိုးကလန်သည် ပို၍ တောက်ပလာမည်ဟုလည်း ကြိတ်၍ ခံစားနေမိခဲ့သည်။

“တော်ဝင်သခင်၊ ဒီဝူလည်း သွားပါတော့မယ်။ ဂိုဏ်းထဲမှာလည်း လုပ်စရာတွေ အများကြီး ရှိသေးလို့ပါ။ တော်ဝင်သခင် အားရင် ကျုပ်တို့ မရဏဂိုဏ်းဆီ အချိန်မရွေး လာလည်လို့ ရတယ်နော်” ဝူကျဲက ပြောလိုက်သည်။

“ခဏနေပါဦး ဂိုဏ်းချုပ်ဝူ” ရန်ကိုင်က မတ်တပ် ရပ်လိုက်သည်။

“အခြားရှိသေးလို့ပါလား တော်ဝင်သခင်” ဝူကျဲက သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

“ကြယ်ရာဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်း ဘယ်လိုမျိုးလဲဆိုတာ တစ်ချက် သွားကြည့်ချင်လို့ ဂိုဏ်းချုပ်ဝူ လမ်းပြပေးလို့ ရမလား”

“ရတာပေါ့၊ ရတာပေါ့” ဝူကျဲက ပြုံးလျက် ပြန်ပြောလိုက်သည်။

“လီရုန်၊ ကျုပ်နဲ့လိုက်ခဲ့”

“ဟုတ်ကဲ့ပါ၊ သခင်” လီရုန်က အသာအယာ ခေါင်းညိတ်၍ ထိုင်ရာမှ ထလိုက်သည်။

နန်းတော်မှ ထွက်လာပြီးနောက် အလင်းတန်း သုံးခုအသွင်ပြောင်းလျက် တော်ဝင်နယ်မြေ အပြင်ဘက်သို့ ပျံသန်းထွက်သွားလေသည်။

ယခင်က ဤနေရာတစ်ဝိုက်တွင် အင်အားစု လေးခု ရှိခဲ့သော်လည်း ယခုအချိန်၌ ဘုံကိုးခုထွတ်မြတ်နယ်မြေ နှင့် မရဏဂိုဏ်းတို့သာ ကျန်ရစ်တော့ပေသည်။

ထိုအင်အားစု လေးခုသည် အရမ်းကြီး မဝေးကြ။ တစ်ခုနှင့်တစ်ခု ကီလိုမီတာ နှစ်ရာ၊ သုံးရာလောက်သာ ကွာဝေးပေသည်။

ထိုအကွာအဝေးသည် လက်ရှိ ရန်ကိုင်အတွက် သွားရန် ခဏလေးသာ လိုပေသည်။ လီရုန်က သူမ၏ နတ်ဆိုးချီဖြင့် ကူပေးနေလေရာ ပိုမြန်မည်မှာ သံသယ ရှိစရာ မလိုချေ။

မကြာခင်မှာပဲ ခမ်းနားသော အဆောက်အဦးများ ဆောက်လုပ်ထားသည့် တောင်တန်းများပေါ်သို့ သူတို့ သုံးယောက် ရောက်ရှိလာခဲ့သည်။

“ဒါက တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းပဲ။ အင်အားစု သုံးခုထဲမှာ တောင်ထွတ်ကိုးလုံးနဲ့ အနီးဆုံး အင်အားစု ဆိုတော့ တော်ဝင်နယ်မြေဆီကနေ အကျိုးအမြတ် အများဆုံး ရခဲ့တာပေါ့။ ဒါပေမယ့် ချောင်ကွမ်က လောဘကြောင့် စုံလုံးကန်သွားတော့ သူ့ဂိုဏ်းလည်း ပျက်စီးသွားရတော့တာပေါ့” ဝူကျဲ ရှင်းပြလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်၍ အောက်ဘက်ရှိ ရှုခင်း အဖုံဖုံကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အဆောက်အအုံများ သပ်သပ်ရပ်ရပ် စီးတန်းထားသော်ငြား များစွာသည် ပြိုကျ ပျက်စီး နေခဲ့လေပြီ။ သွေးစွန်းနေသည့် နေရာအချို့ပင် ရှိသေး၏။

All Chapters