← Chapters

အခန်း (၈၈၁-၈၈၅)

Vol. 36 Ch. 881-885

အခန်း (၈၈၁-၈၈၅)

Vol. 36 Ch. 881-885

အပိုင်း (၈၈၁) ကြယ်တာရာကောင်းကင်ထဲသို့ ပြန်လည် ဝင်ရောက်ခြင်း

ခဏအကြာ၌ ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည် “ဒီမှာ လူတွေ ရှိသေးတာလား”

တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်း၏ အဆောက်အအုံ များကြားထဲ ကျင့်ကြံသူအချို့သည် တစ်ခုခုကို ရှာနေသည့် အလား သွားလာနေကြသည်။

“အို။ သူတို့တွေလား။ သူတို့တွေက ကျုပ်ရဲ့ မရဏဂိုဏ်းနဲ့ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းက တပည့်အချို့ပါ။ မမြင်မိလိုက်တဲ့ ပစ္စည်းများ ရှိမလား ဆိုပြီး လိုက်ရှာနေကြတာ” ဝူကျဲက အပြုံးဖြင့် ရှင်းပြလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး လက်ညိုးထိုး၍ “ဒီနေရာကို ကျုပ်လိုချင်တယ်။ ဂိုဏ်းချုပ်ဝူ ပြန်သွားတာနဲ့ ဒီနေရာကို မထိခိုက်စေဖို့ တပည့်တွေကို အသိပေးလိုက်ပါဦး”

“ဟုတ်ကဲ့ပါ” ဝူကျဲ ခေါင်းညိတ်ပြလိုက်သည်။ ထိုစွန့်ပစ်ဂိုဏ်းနှင့် ပက်သက်ပြီး ရန်ကိုင် ဘာလုပ်ချင်နေမှန်း သူမသိသော်လည်း ပြန်မမေးရန် ကောင်းကောင်း သိထားသည်။

စကားများ အမှားပါတတ်သည် ဆိုသော စကားကို ဝူကျဲ ကောင်းကောင်း နားလည်ထားသည်။

“ကြယ်ရာဖြာနန်းတော်ဆီ သွားကြရအောင်” ဤနေရာ၌ အခြား ဘာထူးထူးခြားခြားမှ မရှိတော့သဖြင့် ထွက်ခွါရန် ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။

ခဏအကြာ၌ ကီလိုမီတာ သုံးရာလောက် ထပ်မံ သွားလာပြီးနောက် ကြယ်ရာဖြာနန်းတော်သို့ သုံးယောက်သား ရောက်ရှိလာခဲ့လေသည်။

“ဒါက ကျန်းအောင်ရဲ့ နေရာပဲ” ဝူကျဲက အောက်သို့ လက်ညိုးထိုး၍ “ဒီနေရာက တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းထက်ကော ကျုပ်ရဲ့ မရဏဂိုဏ်းထက်ရော ပိုကောင်းတယ်”

စစ်ဆေးကြည့်လိုက်သည့်အခါ ဝူကျဲပြောခဲ့သလို ဤနေရာသည် အတော်လေး ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်မှန်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ တော်ဝင်နယ်မြေနှင့် မယှဉ်နိုင်သော်လည်း ရှားပါးသည့် ကျင့်ကြံရေးနေရာ တစ်ခုဖြစ်နေဆဲပင်။

“တော်ဝင်သခင်၊ ဒီဝူမှာ လုပ်စရာတွေ ရှိနေသေးလို့ ကျုပ်အခု သွားလိုက်ပါဦးမယ်” တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ဝူကျဲက ရုတ်တရက် ပြောလာခဲ့သည်။

“ရပါတယ်။ သွားပါ ဂိုဏ်းချုပ်ဝူ” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။

နှုတ်ဆက်စကား ဆိုပြီးသည်နှင့် ဝူကျဲလည်း အလျင်အမြန် ထွက်သွားလိုက်လေသည်။

ပျောက်ကွယ်သွားသော ဝူကျဲ၏ ပုံရိပ်ကိုကြည့်ရင်း လီရုန်က ပြုံး၍ “သူ့ကြည့်ရတာ မိစ္ဆာပုံပေါက်နေပေမယ့် သူက တကယ်ကောင်းတဲ့လူပါ။ ဒါပေမယ့် ဘာလို့ ဒီလောက်တောင် ထွက်သွားဖို့ အလျင်လိုနေရတာလဲ မသိဘူး။ သူ့ကြည့်ရတာ ထွက်ပြေးဖို့ ကြိုးစားနေသလိုပဲ”

“ကျုပ်ဘာဆက်လုပ်တော့မယ် ဆိုတာကို သူသိနေတာကိုး…” ရန်ကိုင်က ရယ်မောလိုက်ပြီး “လျှို့ဝှက်ချက်တွေ အများကြီး သိထားရင် အန္တရာယ် များတယ်လေ။ ဒါကြောင့် ရှောင်ထွက်ဖို့ ကြိုးစားနေတာ”

လီရုန် ကြောင်သွားခဲ့သည်။

“သွားကြည့်ရအောင်” ပြောပြီးနောက် အောက်သို့ ဆင်းသွားလိုက်ကြသည်။

ကြယ်ရောင်ဖြာနန်းတော်သည် ကီလိုမီတာပေါင်း များစွာ ကျယ်ဝန်းပေသည်။ ရန်ကိုင်နှင့် လီရုန်တို့သည် အနည်းငယ် ချောင်ကျသော ကျောက်တုံးတောအုပ် တစ်ခုတွင် ဆင်းလိုက်ကြသည်။ ထိုနေရာ၌ အနိမ့်၊ အမြင့် ညီမျှခြင်း မရှိသော အမြင့်အမျိုးမျိုးရှိသည့် ကျောက်တိုင် များစွာ ရှိနေခဲ့ကြသည်။

“လီရုန်၊ သွေးအဆီအနှစ်ကျောက်တုံး ဘယ်မှာလဲ”

“ဒီမှာပါ သခင်” လီရုန်က သွေးအဆီအနှစ် ကျောက်တုံးကို အလျင်အမြန် ထုတ်ပေးလိုက်လေသည်။

သွေးပမာဏ များစွာကို စုပ်ယူပြီးနောက် သွေးအဆီအနှစ် ကျောက်တုံးသည် သွေးချီကဲ့သို့သော အရှိန်အဝါမျိုးကို ထုတ်လွှတ်လာခဲ့သည်။ သို့သော် ဒဏ်ရာရနေသော ရှေးဟောင်းနတ်ဆိုးကလန်သား များစွာကို ကုသပေးပြီးနောက် ထိုသွေးချီအားလုံး ကုန်ဆုံးသွားခဲ့ရသည်။ ထို့ကြောင့် သွေးအဆီးအနှစ် ကျောက်တုံးသည်လည်း ယခင်ကကဲ့သို့ သွေးချီ အရှိန်အဝါကို ထုတ်လွှတ်နေခြင်း မရှိတော့ချေ။

သွေးအဆီအနှစ် ကျောက်တုံးကို ကိုင်လျက် ရန်ကိုင် လျှောက်ပတ်ကြည့်တော့လေသည်။

“သခင် ဘာရှာနေတာလဲ” ရန်ကိုင် အပြုအမူကို ခဏတာမျှ စိုက်ကြည့်နေပြီးနောက် လီရုန်က မေးလိုက်သည်။

“ကြယ်တာရာကောင်းကင်ဆီ သွားတဲ့ ဂိတ်ပေါက်ကို ရှာနေတာလေ”

“ကြယ်တာရာကောင်းကင်ဆီ သွားတဲ့ ဂိတ်ပေါက်လား” လီရုန် တစ်ခဏတာ မှင်သက်သွားခဲ့ပြီး လွန်ခဲ့သော လအနည်းငယ်က ကျန်းအောင် ပြောခဲ့သော စကားကို ပြန်သတိရလိုက်သည် “သခင် ပြောချင်တာက ကြယ်တာရာကောင်းကင်ဆီသွားတဲ့ ဂိတ်ပေါက်က ဒီမှာ ရှိနေတာလား”

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်၍ “ကျန်းအောင်ရဲ့ မှတ်ဥာဏ်အချို့ကို ကျုပ်ဖတ်နိုင်ခဲ့တယ်လေ။ သွေးအဆီအနှစ် ကျောက်တုံးကို သူဒီမှာ တွေ့ခဲ့တာ။ ဒါပေမယ့် နေရာ အတိအကျကိုတော့ ကျုပ်လည်း မသိဘူး။ ကျုပ်ကို ကူရှာပေးပါဦး။ ပုံမှန်မဟုတ်တဲ့ နေရာတစ်ခုခုတွေ့ရင် ကျုပ်ကိုပြော၊ အထူးသဖြင့် ရှားပါတဲ့ သတ္တုတွေ ရှိနေတဲ့ နေရာတွေကို အထူး ဂရုစိုက်ဖို့လိုတယ်”

“ကြယ်တာရာကောင်းကင်ထဲ သွားလို့ရတာကို သခင် တကယ်ကြီး ယုံနေတာလား။ အဲ့ဒါက ဒဏ္ဏာရီ သက်သက်ပဲ မဟုတ်ဘူးလား”

“ခင်ဗျား ဘယ်လိုထင်လဲ” ရန်ကိုင်က ရယ်သွမ်း သွေးလျက် ပြန်ပြောလိုက်သည်။

“ကျွန်မ မသိဘူး” လီရုန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “မွေးလာကတည်းက ဆန်းကြယ် လောကငယ်ထဲမှာ နေခဲ့ရတာ။ ဟိုးလွန်ခဲ့တဲ့ လလောက်ကမှပဲ နေ၊လ၊ကြယ်တွေကို မြင်ဖူးခဲ့တာ။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် ကြယ်တာရာကောင်းကင် တည်ရှိတယ် ဆိုတာကြီးက သိပ်ပြီး ယုတ္တိမရှိဘူးလားလို့”

“အို၊ ဘာလို့လဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အားအကောင်းဆုံး ပညာရှင်တွေတောင် မြေပြင်ကနေ ကီလိုမီတာ ငါးဆယ်အကွာထိပဲ ပျံသန်းလို့ရတာလေ။ အဲ့အမြင့်ကို ကျော်သွားတာနဲ့ မမြင်နိုင်တဲ့ အားတစ်ရပ်က သူတို့ကို မြေပြင်ပေါ် ပြန်ဆွဲချပါလေရော။ ဘယ်သူမှ ဒီနေရာကနေ ထွက်သွားလို့ မရမှတော့ ကြယ်တာရာကောင်းကင်ထဲသို့ သူတို့ ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ။ ကြယ်တရာ ကောင်းကင်ထဲ သွားတယ်ဆိုတဲ့ ဟာတွေ အကုန်လုံး ယုံတမ်းပုံပြင်တွေ သက်သက် မဟုတ်ဘူးလား”

လီရုန် ပြောသည်ကို ကြားဖြတ် မပြောဘဲ တိတ်တိတ်လေးသာ နားထောင်နေခဲ့သည်။ သူမ ပြောပြီးမှပဲ ပြုံးကာ “ကျုပ်ကို ကူသာရှာပေး။ အဲ့တံခါးပေါက်ကိုတွေ့ရင် ဒဏ္ဏာရီလို့ ခေါ်နေတဲ့ နေရာဆီ ခင်ဗျားကို ကျုပ်ခေါ်သွားပြမယ်”

ရန်ကိုင် နောက်နေသည့်ပုံ မရလေရာ လီရုန်၏ မျက်လုံးလေးများ ဝင်းလက်သွားခဲ့ပြီး ချက်ချင်း ခေါင်းညိတ်ကာ “အင်း”

ဤသို့ဖြင့် နှစ်ယောက်သား လူခွဲပြီး စရှာ ကြတော့လေသည်။

ကျောက်တုံးတောအုပ်သည် ကြယ်ရောင်ဖြာ နန်းတော်၏ တားမြစ်နေရာ တစ်ခု ဖြစ်လောက်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ဖုံးကွယ်နေသော အတားအဆီးများ၊ အစီအရင်များ ရှိနေခဲ့သောကြောင့် ဖြစ်သည်။ ထိုအစီအရင်များသည် ထိလိုက်သည် သတ်မှတ်ထားသည့် အကာအဝေးကို ပိတ်လှောင် ပစ်နိုင်သော၊ အကွာအဝေး အတွင်းရှိ အရာများကို တိုက်ခိုက်နိုင်သော အစီအရင်များ ဖြစ်ကြပေသည်။

ထိုစိတ်ဝိဥာဉ် အစီအရင်များကို ကျန်းအောင် စီစဉ်ထားခြင်း ဖြစ်လောက်သည်။

သို့သော်လည်း သူ၏ အလွန်အားကောင်းလှသော ကောင်းကင်စိတ်အာရုံဖြင့် ထိုဖုံးကွယ်နေသော အရံအတားများကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့ပေသည်။

အမွေးတိုင်တစ်ချောင်း လောင်ကျွမ်းစာမျှကြာအောင် ရှာပြီးသည်နှင့် ထူးထူးခြားခြား ဘာကိုမှ ရန်ကိုင် မတွေ့ရသေးချေ။ မျက်မှောင်ကြုံလျက် ဘေးပတ်လည်ကို ထပ်မံ လျှောက်ပတ်ကြည့်လိုက်ပြန်သည်။ သို့သော် ထိုရှာရသည့် အလုပ်နှင့် ပက်သက်ပြီး စိတ်ကုန်လာသည့် အချိန်မှာပဲ လီရုန်၏ အော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

စိတ်အားတက်သွားပြီး လီရုန် ရှိရာဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။

ခဏအကြာ၌ လီရုန်ဆီသို့ ရောက်လာခဲ့သည်။

“သခင်၊ ဒီနေရာနဲ့ ပက်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်” လီရုန်က သူမရှေ့ရှိ အများနှင့်မတူ တစ်မူထူးခြားစွာ ကြီးမားနေသော ကျောက်တိုင်ကြီးကို ညွှန်ပြ၍ “ပြီးတော့ ဒါတွေကိုလည်း တွေ့ခဲ့သေးတယ်”

ပြောပြီးသည်နှင့် ကျောက်စကျောက်နအချို့ကို ရန်ကိုင် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

လီရုန်ပေးသော ကျောက်တုံးလေးများကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး သကာလ သူ့မျက်နှာတစ်ခုလုံး ဝင်ပသွားခဲ့ပြီး ခေါင်းညိတ်၍ “ဒီနေရာ ဖြစ်လောက်တယ်”

လီရုန် ပေးလိုက်သော ကျောက်တုံးလေးမျာသည် ကြယ်တာရာကောင်းကင်ထဲတွင် တွေ့ခဲ့သည်များနှင့် တူညီနေပသေည်။ ဤနေရာရှိ ကျောက်တိုင်ပုံစံနှင့် တည်ရှိနေပုံများသည် ကျန်းအောင်၏ မှတ်ဥာဏ်ထဲတွင် တွေ့ခဲ့ရဿော ဝေဝါးဝါး ပုံရိပ်များနှင့် အနည်းငယ် ဆင်တူသယောင် ရှိပေသည်။

“ဒါပေမယ့် ဒီနေရာနဲ့ ပက်သက်ပြီး ဘာမှ မထူးခြားတဲ့ပုံပဲ” လီရုန် စိတ်ရှုပ်ရှုပ်ဖြင့် မျက်မှောင်လေး ကြုံ့လိုက်သည်။

“ဒီလောက် သိရလွယ်နေရင် ကျန်းအောင်လည်း ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို မတော်တဆ သတိပြုမိခဲ့မှာ မဟုတ်ဘူး” ပြောနေရင်း အကြီးများဆုံး ကျောက်တိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

အပြင်ပန်းအရ ထိုကျောက်တိုင်ကြီးသည် အရွယ်အစားမှလွဲ၍ အခြားကျောက်တိုင်းများနှင့် အတူတူသာ ဖြစ်သည်။ သို့သော် သေသေချာချာ စစ်ဆေးကြည့်လိုက်မည် ဆိုပါက ထိုကျောက်တိုင်ကြီး သည် အခြားကျောက်တိုင်များထက် ပို၍ ကျစ်လစ်၊ သိပ်သည်းသည်ကို မြင်တွေ့နိုင်ပေသည်။ ထိုကျောက်တိုင်အား မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို ပြောရခက်လှ၏။ သာမန် ကျောက်တုံးဖြင့် လုပ်ထားခြင်း မဟုတ်သည်မှာတာ့ သေချာပေသည်။

ကျန်းအောင် မှတ်ဥာဏ်ထဲ တွေ့ခဲ့ရသည်များကို သေသေချာချာ ပြန်စဉ်းစားလိုက်ပြီးနောက် သူ့လက်ကို ဆန့်ထုတ်၍ ကျောက်တိုင်ထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်းကြည့်လိုက်သည်။

ကျောက်တိုင်ထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်း လိုက်သည်နှင့် ထိုအစစ်အမှန်ချီအားလုံး အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင်သည် ထိုအတိုင်းသာ ဆက်လုပ်နေခဲ့သည်။ သို့သော် ကျောက်တိုင်သည် တုတ်တုတ်မျှပင်မလှုပ်။ သူစိတ်မရှည် ဖြစ်လာသည့် အချိန်မှာပဲ ကျောက်တိုင်မှ မြည်သံ ယဲ့ယဲ့လေး ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်ပြီး လီရုန်ဘေးတွင် ရပ်ကာ သူ့ရှေ့ရှိ မြင်ကွင်းကို သေသေချာချာ အာရုံစိုက်ထားလိုက်သည်။

ဝုန်း… ဝုန်း… ဝုန်း…

ကျောက်တိုင်ကြီးသည် မမြင်နိုင်သော အားတစ်ရပ်၏ ဆွဲဆောင်ခြင်း ခံနေရသည့်အလား စတင် လှုပ်ခါလာခဲ့သည်။ မကြာမီတွင် ကျောက်တိုင်ကြီး သာမက ဘေးပတ်ပတ်လည်ရှိ မြေသားများပါ လှုပ်ခါလာကြလေတော့သည်။

ကန်ရေပြင်ပေါ်သို့ ကျောက်တုံးကျသွားသကဲ့သို့ ကျောက်တိုင်ကြီး၏ မျက်နှာပြင် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့လေသည်။

လှိုင်းတွန့်လေးများသည် ပိုပို၍ ပြင်းထန်လာခဲ့ပြီး နောက်ဆုံး ကျောက်တိုင်းကြီး၏ အလယ်ဗဟိုတွင် စုဝေးသွားခဲ့သည်။

အလယ်ဗဟိုတည့်တည့်မှ နေ၍ ကျောက်တိုင် တစ်တိုင်လုံး မှန်သားပြင်တစ်ချပ်ပမာ တဖြည်းဖြည်း တောက်ပြောင်ချောမွတ်လာခဲ့သည်။

ထိုမှန်သားနှင့် တူညီသည့် မျက်နှာပြင်သည် အကန့်အသတ် တစ်ခုသို့ ရောက်ရှိသွားသည့်အခါ တစ်စစီ ကွဲကြေသွားပြီး လိုဏ်ခေါင်းနက်ကြီး တစ်ခုနှင့် အလားသဏ္ဍန် ဆင်တူသော ပိန်းပိန်းပိတ်အောင် မည်းမှောင်နေသော အနက်ရောင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားခဲ့သည်။ ထိုအပေါက်သည် ဝင်လာသမျှ အရာအားလုံးကို ဝါးမြိုပစ်မည့် ဧရာမ သားရဲကြီးတစ်ကောင်၏ ပါးစပ်ပမာ…

လီရုန်ဆံမွှေးများ ထောင်တက်သွားခဲ့ရလေသည်။

ရန်ကိုင်ကမူ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ ကြယ်ရာတာကောင်းကင်နှင့် ပက်သက်သည့် အရှိန်အဝါ တစ်ခုကို ထိုအပေါက်မှ သူခံစားမိနေသည်လေ…

“သွားကြမယ်” ပြောပြီးသည်နှင့် တုန့်ဆိုင်းခြင်းမရှိ လီရုန်ကို ကိုင်ဆွဲကာ အနက်ရောင် အပေါက်ထဲသို့ ခုန်ဝင်သွားလိုက်သည်။

ဝင်သွားပြီးသည်နှင့် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်သည် ဒီရေလှိုင်းလုံးပမာ သူတို့အပေါ်သို့ အဘက်ဘက်မှ သက်ရောက်လာခဲ့သဖြင့် ရန်ကိုင် အရိုးများ တကျွီကျွီ ဖြစ်လာခဲ့ရပြီး သူ့တစ်ကိုယ်လုံးရှိ ကြွက်သွားများသည်လည်း တောင့်တင်းသွားခဲ့ရရာ ထိုအဖျက်စွမ်းအားကို အလျင်စလို ခုခံလိုက်ရသည်။

ထိုကြောက်မက်ဖွယ် ဖိအားကို ခံစားမိသည်နှင့် လီရုန် အလန့်တကြား ထအော်လိုက်ပြီး နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ချက်ချင်း အသက်သွင်းလိုက်လေသည်။

နတ်ဆိုးအမှတ်အသားတို့ဖြင့် ပြည့်နေသော လီရုန်၏ မျက်နှာလှလှလေးကို ကြည့်ရသည်မှာ ပန်းရိုင်းလှလှလေး တစ်ပွင့်ကို ကြည့်နေရသည့်နှယ်…

“စိုးရိမ်မနေပါနဲ့ဗျာ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် နှစ်သိမ့်ပေးလိုက်သည်။

လီရုန်၏ မျက်နှာလှလှလေး ရှက်သွးဖြာသွားရပြီး တဖြည်းဖြည်းနှင့် စိတ်သက်သာရသွားခဲ့သည်။ ယခု သူမ၏ မျက်လုံးလေးများသည် ထိတ်လန်မှုတို့ဖြင့် ရောယှတ်နေသော စိတ်ဝင်စားမှုဖြင့် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေလေပြီ။

ဤနေရာ၌ မှိတ်တုတ်မှိတ်တုတ် ကြယ်လေးများနှင့် အနက်ရောင် ဗလာနယ်ကြီးသာ ရှိသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့် အခါတွင်လည်း မြေကြီးကို မတွေ့ရ၊ ခြေထောက်အောက်တွင်လည်း မြေကြီးကို မခံစားရ၊ သူမ မြင်ရသည်ဆို၍ ကြယ်တာရာမြင်ကွင်းကြီး တစ်ခုသာ။

သူမ ထုန်းရွှမ်လောကကြီးတွင် မရှီတော့ချေပြီ။

“ဒါက ကြယ်တာရာကောင်းကင်လား” လီရုန် အလန့်တကြား ဆိုလိုက်သည်။

“ဟုတ်တယ်။ အံ့ဩဖို့ကောင်းတယ်မလား” ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်လေသည်။

“သခင်ကြည့်ရတာ ကြယ်တာရာကောင်းကင်ဆီ ရောက်ဖူးတဲ့ပုံပဲနော်”

“တစ်ကြိမ်တော့ ရောက်ဖူးတယ်။ ကြယ်တာရာ ကောင်းကင်မှာပဲ မသေမျိုးအဆင့်ကို ချိုးဖျက်ခဲ့တာလေ”

လီရုန် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားရလေပြီ။

ရန်ကိုင် သာမန်ကာလျှံကာ ပြောလိုက်သည့် စကားအရ အရေးကြီးသော တစ်ခုခုကို သူမ နားလည် လိုက်ရသည်။

သူမသခင် ဤနေရာသို့ ရောက်လာခဲ့စဉ်က သူသည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ရှိသေးပေသည်။ ထိုသို့ဆိုလျှင် ဤထူးဆန်းသော ကြယ်ရာကောင်းကင်၏ အဖျက်အားကို သူမည်ကဲ့သို့ တောင့်ခံခဲ့သနည်း။

သူမသာ နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်းကို အသုံးမပြုထားပါက ထိုကြောက်မက်ဖွယ်ရာ ဖိအားကို တောင့်ခံနိုင် အနိုင်နိုင် ဖြစ်နေရပေလိမ့်မည်။ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ပညာရှင်ဆိုလျှင်မူ ချက်ချင်း အမှုန်ဖြစ်သွားမည်မှာ မလွဲမသွေပင်။

“ဒါပေမယ့် အရင်တစ်ကြိမ် ကျုပ်ရောက်လာခဲ့တာ ဒီနေရာ မဟုတ်ဘူး” ရန်ကိုင်က ဘေးပတ်လည်ကို လျှောက်ပတ်ကြည့်ရင်း ပြန်ပြောလိုက်သည်။

ယခင်တစ်ကြိမ် ကြယ်တာရာကောင်းကင်သို့ ရောက်လာစဉ်က သူ့ခြေထောက်အောက်တွင် အပြာရောင် အလုံးလေးတစ်လုံး ရှိနေခဲ့သည်။ တိယောင်၏ အဆိုအရ ထိုအပြာရောင်အလုံးလေးသည် ထုန်းရွှမ်လောကကြီး ဖြစ်ပေသည်။

သို့သော်လည်း ယခုတစ်ကြိမ်၌ ထိုအပြာရောင် အလုံးလေးကို မတွေ့ရ။ အပြာရောင်အလုံးလေး မရှိသဖြင့် ကျောက်တုံးတောအုပ်ထဲရှိ ဂိတ်ပေါက်သည် သူတို့အား ကြယ်တာရာကောင်းကင်ထဲရှိ မည်သည့် နေရာသို့ ပို့လိုက်မှန်း ရန်ကိုင် မခွဲခြားတတ်တော့။

ပြန်လှည့်ကြည့်လိုက်သည့်အခါ ကျောက်တုံးတောအုပ်ရှိ လေဟာနယ်လိုဏ်ခေါင်း ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်းမှ ထွက်ပေါ်နေသော စွမ်းအင် လှိုင်းများအရ ထိုလေဟာနယ်လိုဏ်ခေါင်းသည် နောက်ထပ် ရက်နည်းနည်းလောက်သာ ခံတော့မည့်ပုံပင်။

ထိုအချက်ကို သိလိုက်သည်နှင့် စိတ်ပြေလျော့သွားခဲ့ပြီး လီရုန်အား လက်ဝှေ့ရမ်းပြကာ ပြောလိုက်သည် “ကျုပ်နောက်လိုက်ခဲ့”

လီရုန်လည်း ပတ်ဝန်းကျင်ကို စစ်ဆေးရင်း ရန်ကိုင် နောက်သို့ ကပျာကယာ ပြေးလိုက်သွားလေသည်။

ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင်သို့ ရောက်ဖူးသူ အနည်းငယ်သာ ရှိလေရာ ဤနေရာနှင့် ပက်သက်ပြီး လီရုန် တော်တော်လေး သိချင်စိတ် ဖြစ်နေမိသည်။

နှစ်ယေက်စလုံးသည် ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် ဖြန့်ကျက်လျက် လမ်းတစ်လျှောက် ကီလိုမီတာ ရာဂဏန်းအတွင်း ရှိနေသည့် အရာမှန်သမျှကို စစ်ဆေးသွားခဲ့သည်။

“သခင် ဘာရှာနေတာလဲ” ခဏကြာသည်အထိ ရန်ကိုင်သည် ဦးတည်ချက်မဲ့စွာ သွားလာနေသဖြင့် လီရုန်လည်း မနေနိုင်တော့ဘဲ မေးလိုက်မိသည်။

“ဂြိုလ်သိမ်ဂြိုလ်မွှားတွေကို ရှာနေတာ” ရန်ကိုင် ရှင်းပြလိုက်လေသည် “ဂြိုလ်သိမ်ဂြိုလ်မွှားတွေထဲမှာ တစ်ခါတစ်ရံ ရှားပါး၊ အဖိုးတန်တဲ့ ရှေးဟောင်း သတ္တုတွေ ပါနေတတ်တယ်လေ။ ဒါက ရှားမှရှားတဲ့ အခွင့်အရေး ဆိုတော့ ကျုပ်လည်း ကိုယ့်ကံကို စမ်းကြည့်ရတော့ပေါ့။ ကံကောင်းရင် သွေးအဆီအနှစ်ကျောက်တုံးလို အဖိုးတန်တဲ့ ကျောက်တုံးမျိုး ရှာတွေ့နိုင်တာပေါ့”

“အို” ယခုတစ်ကြိမ် လာရောက်ရခြင်း ခရီး၏ ရည်ရွယ်ချက်ကို သိလိုက်ရသည့်အခါ လီရုန်လည်း အတော်လေး စိတ်အား ထက်သန်သွားခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၈၂) လွန်းပျံယာဉ်

ကြယ်တာရာကောင်းကင်ထဲ လွင့်မျောနေသော ဂြိုလ်သိမ်၊ ဂြိုလ်မွှား များစွာ ရှိနေခဲ့သည်။ ထိုအရာများ မည်သည့် နေရာမှ ရောက်လာသည်၊ မည်သည့် အရပ်သို့ ဦးတည်နေသည်ကို မည်သူမှ မသိကြ။ ထိုအရာများသည် ရှေးခေတ်ကတည်းက တည်ရှိနေသည့်အလား ကြယ်တာရာ ကောင်းကင်ထဲ လွင့်မျောနေခဲ့ကြသည်။

ထုန်းရွှမ်လောကကြီးသည်ပင် အရမ်းကိုမှ ကြီးမားလှသော ဂြိုလ်သိမ်ဂြိုလ်မွှားကြီး တစ်ခု ဖြစ်သည်ဟု ရန်ကိုင် ထင်လာခဲ့သည်။

ကြယ်တာရာကောင်းကင်ထဲ တစ်နာရီ၊ နှစ်နာရီလောက် ရှာဖွေကြည့်လိုက်ပြီးနောက် အရွယ်အစား အမျိုးမျိုးရှိသည့် ဂြိုလ်သိမ်၊ ဂြိုလ်မွှား များစွာကို ရန်ကိုင်တို့ တွေ့ခဲ့ရသည်။

အချို့သည် လက်ဆေးဇလုံ အရွယ်လောက်သာ ရှိပြီး အချို့သည် တောင်တစ်လုံးပမာ ကြီးမားလှကြသည်။

ထိုဂြိုလ်သိမ်ဂြိုလ်မွှားလေးများကို ဖျက်စီးပြီးနောက် ရှားပါးသော သတ္တုအချို့ကို ရန်ကိုင် ရရှိခဲ့သည်။ သို့သော် အရည်အသွေး အမြင့်စားများတော့ မဟုတ်ချေ။

ယခုတစ်ကြိမ် ကြယ်တာရာကောင်းကင်သို့ ရောက်ရှိလာရခြင်းသည် ကျန်းအောင်၏ မှတ်ဥာဏ်ထဲမှ ရရှိသော သတင်း မှန်မမှန် အတိပြုလိုခြင်း ဖြစ်သည်။

သို့သော်လည်း ဤနေရာသို့ ရောက်နေမှဖြင့် ဘာကြောင့် လက်ဗလာနှင့် ပြန်သွားရမည်နည်း။

အနက်ရောင်စာအုပ်ထဲရှိ သတ္တုများသည်လည်း ကုန်လုလု ဖြစ်နေပြီ ဖြစ်လေရာ ယခုသည် သတ္တုစုဆောင်းရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။

လိုအပ်သည့် သတ္တုပမာဏကို စုပ်ယူပြီးသွားသည်နှင့် အနက်‌ရောင်ကျောက်တုံး နှစ်တုံး မည်ကဲ့သို့‌ ပြောင်းလဲ လာမည်ကို ရန်ကိုင် အတော်လေး သိချင်နေမိပေသည်။

“သခင်၊ အဲ့မှာ ဂြိုလ်သိမ်ဂြိုလ်မွှားကြီးတစ်ခု ရှိနေတဲ့ ပုံပဲ” လီရုန်က ကောင်းကင်စိတ်အာရုံဖြင့် ပြောလာခဲ့သည်။

“ကျုပ်လာခဲ့မယ်” လီရုန် ပြောပြရာ အရပ်ဆီ ရန်ကိုင် ချက်ချင်းပဲ ပျံသန်းသွားလေသည်။

မကြာခင်မှာပဲ အိမ်တစ်လုံးစာ အရွယ်အစားရှိသော ဂြိုလ်သိမ်ဂြိုလ်မွှားကြီး တစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုအရာ၏ မျက်နှာပြင်တစ်ခုလုံး ခြစ်ရာများ၊ အက်ရာများဖြင့် ပြည့်နေခဲ့သည်။ တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်း အတော့်ကိုမှ ကြာညောင်းနေခဲ့လေပြီ ထင်ရသည်။

ရောက်လာသော ရန်ကိုင်ကို အရင် ခေါင်းညိတ် ပြလိုက်ပြီးနောက် ထိုဂြိုလ်သိမ်ဂြိုလ်မွှားဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

အားနည်းလှဟန် ထင်မှတ်ရသော သူမ၏ လက်သွယ်သွယ်လေးသည် အိမ်တစ်လုံးစာမျှ ကြီးမားသော ဂြိုလ်သိမ်ကြီးကို ဖုန်မှုန့်အဖြစ်သို့ တစ်မုဟုတ်ချည်း ရောက်ရှိသွားစေခဲ့သည်။

ထိုအပျက်အစီးပုံကြီးကို သေသေချာချာ စိုက်ကြည့် နေခဲ့လေရာ မကြာမီမှာပဲ အခြားအရာများထက် ပို၍ မဲနက်နေသော ကျောက်စတစ်ခုကို မြင်တွေ့လိုက်ရသည်။ ချက်ချင်း ပြေးသွားလိုက်ပြီး အကြမ်းဖျင်း စစ်ဆေး ကြည့်လိုက်ကာ အနက်ရောင်စာအုပ်ထဲရှိ အနက်ရောင် ကျောက်တုံးနှစ်တုံးဘေးတွင် ချထားလိုက်သည်။

ဂြိုလ်သိမ်ဂြိုလ်မွှားများထဲ တိုက်ခိုက်ခြင်း ခံရလျှင်ပင် အလွယ်တကူ မပျက်စီးနိုင်သော အရမ်းကိုမှ မာကျောပြီး ရှားပါလှသည့် သတ္တုများ ရှိနေတတ်သည်။

ထို့ကြောင့် ထိုကဲ့သို့သော အဖိုးတန် ရတနာများကို ရှာဖွေရန်အတွက် ဂြိုလ်သိမ်ဂြိုလ်မွှားများကို ဖျက်စီး ပစ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။

လီရုန်သည်လည်း သတ္တုတစ်ခု၊ နှစ်ခုမျှ စုဆောင်း ရရှိခဲ့ပြီး ရန်ကိုင်လက်ထဲသို့ အပ်လိုက်လေသည်။

“လက်နက်သန့်စင်ဖို့ သခင် ဒါတွေကို စုဆောင်း နေတာလား” လီရုန်က အပြုံးလေးဖြင့် မေးလိုက်သည်။

ထိုသတ္တုအများစုကို မသိသော်လည်း ၎င်းတို့သည် စိတ်ဝိဥာဉ် အဆင့်များ မဟုတ်ကြဘဲ သူတော်စင်အဆင့်များ ဖြစ်နေသည်ကိုမူ သိထားပေသည်။

သူတော်စင်အဆင့် သတ္တုဖြင့် သန့်စင်ထားသည့် မည်သည့် လက်နက်မဆို အကောင်းဆုံးထဲ ပါဝင်ပေသည်။

ထို့ကြောင့် ရန်ကိုင် ကြိုးစားပမ်းစားဖြင့် သတ္တု အများစုကြီး စုဆောင်းနေသည်ကို မြင်သော် လက်နက် တစ်ခု သန့်စင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု လီရုန် ထင်သွားခဲ့ခြင်းမှာ မထူးဆန်းချေ။

“အင်း” ရန်ကိုင်လည်း ရှင်းပြမနေချင်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။ ဤသို့ဖြင့် ဘေးပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် ခဏတာမျှ စူးစမ်းနေပြီးနောက် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားခ့ရလေသည်။

တလက်လက် တောက်ပနေသော ကြယ်ရောင်ထဲ သူစိုက်ကြည့်နေရာ အရပ်ဆီမှ ကီလိုမီတာ ဒါဇင်ကျော် အကွာ၌ အနက်ရောင် အစက်လေးများ လွင့်မျောနေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။

“ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်လား” တစ်ခဏတာ လေ့လာနေပြီးနောက် ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး လီရုန်အား သူ့နောက်လိုက်လာရန် ချက်ချင်း အချက်ပြလိုက်သည်။

ထိုဂြိုလ်သိမ်ဂြိုလ်မွှားများသည် ကြယ်တာရာ ကောင်းကင်၏ တစ်ဖက်ခြမ်းမှ အခြားတစ်ဖက်ခြမ်းသို့ စီးဆင်းနေသော မြစ်ကြီးတစ်စင်းနှင့်ပင် တူသေးသည်။

ဂြိုလ်သိမ်ဂြိုလ်မွှား အရေအတွက်မှ မရေမတွက် နိုင်လောက်အောင် များပြားလှပြီး အရွယ်အစားဆိုလျှင်လည်း အမျိုးမျိုး ရှိပေသည်။

ကြယ်တာရာကောင်းကင်ထဲ ထိုအရာများ လွင့်မျော နေသည်ကို ကြည့်ရသည်မှာ အရမ်းကိုမှ မှင်သက်စရာ ကောင်းလှပေသည်။

“များလိုက်တဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတွေ” လီရုန်လည်း ထိုမြင်ကွင်းကြောင့် ကြောင်အနေခဲ့ရသည်။

ရန်ကိုင်က အကျယ်ကြီး အော်ရယ်လိုက်ပြီး “ဆက်ပြီး လျှောက်ရှာနေစရာ မလိုတော့ဘူးကွ”

ပြောပြီးသည်နှင့် ထိုဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ဆီ ချက်ချင်းပဲ ပြေးသွားလေသည်။ လီရုန်သည်လည်း အပြုံးလေး ပြုံးလျက် သူ့နောက်မှ လိုက်သွားလေသည်။

နှစ်ယောက်စလုံးသည် အထိန်းအကွပ်မဲ့စွာဖြင့် ဂြိုလ်သိမ်၊ဂြိုလ်မွှား တစ်ခုချင်းစီကို တစ်ခုပြီးတစ်ခု စတင် ဖျက်စီးတော့လေသည်။ ကြယ်တာရာကောင်းကင်နှင့် ပက်သက်သော ထူးဆန်းသည့် အချက်တစ်ချက် ရှိပေသည်။ ထိုအချက်သည်ကား အသံမထွက်ခြင်းပင်။ ထို့ကြောင့် စကားပြောမည်ဆိုလျှင် ကောင်းကင်စိတ်အာရုံဖြင့်သာ အချင်းချင်း ပြောဆိုနိုင်ပေသည်။ ထိုဂြိုလ်သိမ်ဂြိုလ််မွှား များကို အဆက်မပြတ် ဖျက်စီးနေသည့်တိုင်လည်း အသံတစ်သံပင် ထွက်မလာခဲ့ပေ။

တွေ့ရှိရသမျှ ရှားပါး သတ္တုအားလုံးအား အနက်‌ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းထားခဲ့သည်။ တွေ့ရှိရသမျှ အားလုံးနီပါးသည်လည်း အရမ်းကိုမှ ရှားပါးလှပြီး ထုန်းရွှမ်လောကကြီးတွင် တွေ့ရခဲလှသည့် အရာများ ဖြစ်ကြပေသည်။

လက်နက်သန့်စင်သူများသာ ထိုအခြင်းအရာကို မြင်လိုက်ပါက စိတ်လှုပ်ရှားမှုကြောင့် ရူးသွားနိုင်ပေသည်။

ထိုသတ္တုများထဲမှ တစ်တုံးကို ရှာတွေ့လိုငြား လက်နက် သန့်စင်ပညာရှင်များသည် ထုန်းရွှမ်လောကကြီးအနှံ့ ခရီး ထွဥ◌်လေ့ရှိကြသည်။

သို့သော်လည်း ကြယ်တာရာကောင်းကင်ထဲတွင် ထိုရှားပါးလှသော သတ္တုများသည် မှိုလို အုံပေါက်နေခဲ့ကြသည်။

လီရုန်သည်လည်း ရန်ကိုင် ဓါတ်ကူးသွားသည်လားမသိ၊ အပြုံးကြီးပြုံးလျက် သတ္တုများကို တစ်ခုပြီးတစ်ခု လိုက်လံ စုဆောင်းနေခဲ့သည်။

ဂြိုလ်သိမ်၊ ဂြိုလ်မွှား အများစုထဲတွင် သတ္တုများ ပါဝင်ခြင်းမရှိချေ။ သို့သော်လည်း ထိုမျှ များပြားလှသော ဂြိုလ်သိမ်၊ ဂြိုလ်မွှားများထဲ သတ္တုတစ်ခုမဟုတ်၊ တစ်ခုကတော့ ပါဝင်နေပေလိမ့်မည်။ ထိုကြောင့် ရန်ကိုင်နှင့် လီရုန်တို့လည်း အချိန်တိုအတွင်း သတ္တုတော်တော်များများ ရရှိခဲ့ရလေသည်။

ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲ ရန်ကိုင်နှင့် လီရုန်တို့ ဟိုပြေးလိုက်၊ ဒီပြေးလိုက်ဖြင့် အလုပ်ရှုပ်နေခဲ့ကြသည်။

နောက်ဆုံး အချိန် တော်တော်ကြာသွားသည့် အခါမှသာ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်၏ အဆုံးသို့ ရန်ကိုင်တို့ နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။

“ဒီလောက်ဆို လုံလောက်ပြီ” ရန်ကိုင်က ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ကြယ်တာရာကောင်းကင်ထဲသို့ ဦးတည်နေသော လေဟာနယ်လိုဏ်ခေါင်းသည် ကြယ်ရောင်ဖြာ နန်းတော်ထဲတွင် တည်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာသို့ သူကြိုက်သည့်အချိန် ပြန်လာ၍ ရပေသည်။ ထိုပစ္စည်းများကို တစ်ကြိမ်တည်း အကုန် သိမ်းသွားစရာ မလိုအပ်ချေ။

“အင်း” လီရုန် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဆီ ပျံသန်းသွားကာ သူမ ရရှိထားသမျှ သတ္တုများကို ပေးလိုက်လေသည်။

ထိုစဉ် အနားရှိ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲမှ မှိန်ဖျော့ဖျော့ စွမ်းအင်လှိုင်းများကို ထွက်ပေါ်နေသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။

ထိုစွမ်းအင်များသည် မြင်နေကျ သတ္တုများ ထုတ်လွှတ်နေသည့် စွမ်းအင်လှိုင်းများနှင့် မတူညီသဖြင့် ရန်ကိုင် ချက်ချင်း စိတ်ဝင်စားသွားခဲ့ရသည်။

အာရုံခံမိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ မှိတ်တုတ်မှိတ်တုတ် လက်နေသော အလင်းရောင် မှိန်မှိန်လေးကို တွေ့လိုက်ရလေသည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ထိုအလင်းရောင် ရှိသည့်နေရာဆီ ပျံသန်းသွားလိုက်သည်။ သို့သော် ထိုအလင်းရောင် အရင်းအမြစ်ကို မြင်ပြီးနောက် ရန်ကိုင် အမူအရာ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။

ထိုပစ္စည်းကို ကောက်ယူလိုက်ပြီး လီရုန်ဆီ ပြန်သွားလိုက်သည်။

“ဘာပစ္စည်းမှန်း တွေ့ခဲ့လား သခင်”

“ဒါပဲ…” ရန်ကိုင်က သူတွေ့ခဲ့သော ပစ္စည်းကို လီရုန် လက်ထဲသို့ ထည့်ပေးလိုက်သည်။

လီရုန်လည်း သေသေချာချား စစ်ဆေးကြည့်လိုက်ပြီး နောက် အံ့ဩနေသည့် အမူအရာဖြင့် ရေရွတ်လိုက်သည် “ဒါက… လက်နက်တစ်ခုလား”

ရန်ကိုင် တွေ့ခဲ့သောပစ္စည်း လက်ဝါးအရွယ်မျှ၍ ချောမွတ်ကာ လွန်းရှည်ယာဉ်ပုံစံမျိုး ရှိသည်။ ၎င်းသည် လှေသေးသေးလေး တစ်စီးနှင့်ပင် ဆင်တူနေပေသည်။

ဤနေရာသည် အချိန်အတော်ကြာအောင် တည်ရှိ နေခဲ့ရသည့် အတွက်ကြောင့်လားမသိ၊ ၎င်းမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည် အတော်လေးကို အားပျော့နေခဲ့လေပြီ။

“ကျုပ်လည်း အဲ့လိုထင်တာပဲ” ရန်ကိုင်လည်း ထိုပစ္စည်းကို အလေးအနက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဂြိုလ်သိမ်းဂြိုလ်မွှားမွှားများ ရှိရာဆီ ပြန်ကြည့်လိုက်ပြီး မျက်မှောင် ကြုံ့လိုက်သည်။

“ဒါပေမယ့်… အဲ့လို ပစ္စည်းတစ်ခုက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှိတောလဲ” ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်သဖြင့် လီရုန်လည်း မနေနိုင်ဘဲ မေးလိုက်မိသည်။

ကြယ်တာရာကောင်းကင်သည် မည်သူမျှ ခြေမချဖူးသော ဒဏ္ဏာရီလာ နေရာတစ်ခုဖြစ်သည်။

ကြယ်ရောင်ဖြာနန်းတော်ထဲရှိ လေဟာနယ် လိုဏ်ခေါင်းကြောင့်သာ မဟုတ်ပါက သူမလည်း ဤနေရာသို့ ဘယ်တော့မှ ရောက်ဖူးခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော် ထိုကဲ့သို့ ပစ္စည်းမျိုး ကြယ်တာရာကောင်းကင် ထဲတွင် ပေါ်လာသည်မှာ အတော်လေး အတွေးများစရာ ကောင်းလှပေသည်။

“ဒီလို ပစ္စည်းတွေ ရှိနေတယ် ဆိုကတည်းက ဒီနေရာမှာ ကျင့်ကြံသူတစ်ယောက် ရှိခဲ့လိုပဲ… ဖြစ်နိုင်တာက အရင်က ကြယ်တာရာကောင်းကင်ထဲကို ရောက်ဖူးခဲ့တဲ့ လူတွေ ရှိလိမ့်မယ်”

“အဲ့ဒါ ဖြစ်နိုင်လို့လား” လီရုန်က အသံ ရုတ်တရက် ကျယ်သွားခဲ့သည် “မဟာနတ်ဆိုးနတ်ဘုရားတောင် ဒီလို လုပ်ချင်ပေမယ့် တစ်ခါမှ မလုပ်နိုင်ဘူးလေ”

ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် “သူ့ထက် ပိုသန်မာတဲ့လူ ရှိနေတယ်ဆိုရင်ကော”

လီရုန်၏ မျက်နှာလှလှလေး အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး လုံးဝကို ပြောစရာစကား မဲ့သွားခဲ့ရသည်။

ရှေးခေတ်ကတည်းက မဟာနတ်ဆိုးနတ်ဘုရားကို ဤလောကကြီး၏ အားအကောင်းဆုံး ပညာရှင်တစ်ယောက် အဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ မည်သူမှ သူ့အား ကျော်လွှားနိုင်ခြင်း မရှိခဲ့။ မဟာနတ်ဆိုးနတ်ဘုရားထက် သန်မာသော ပုဂ္ဂိုလ်တစ်ယောက်ကိုမူကား လီရုန် တွေးပင် မတွေးဖူးခဲ့။

ရန်ကိုင်က သက်ပြင်းတစ်ချက် ချ၍ “ ကျုပ် စိတ်ကူးပေါက်ရာ လျှောက်ပြောလိုက်တာ၊ အတည်ယူမနေနဲ့။ ဒါပေမယ့် ဒီလက်နက်ကနေ ထွက်ပေါ်နေတဲ့ စွမ်းအင်လှိုင်းတွေအရဆိုရင် ဒါက တော်တော်လေး ဟောင်းနေပြီ။ အဲ့ပညာရှင်ကြီး တည်ရှိခဲ့တယ်ဆိုရင်တောင် သူသေသွားလောက်ပြီ”

“အင်း” လီရုန်လည်း သက်ပြင်းယဲ့ယဲ့လေး တစ်ချက် ချလျက် လွန်းပျံယာဉ်ကို ရန်ကိုင်ဆီသို့ ပြန်ပေးလိုက်လေသည်။

ရန်ကိုင်သည် ထိုထူးဆန်းသော လက်နက်ကို ဆက်လက် စစ်ဆေးနေခဲ့သည်။ သို့သော် ဘာမှ ရှာမတွေ့နိုင်ခဲ့။

“ဒါ ဘယ်အဆင့်လောက်ရှိမလဲ ခင်ဗျား ခန့်မှန်းတတ်လား”

လီရုန်က ခေါင်းခါရမ်းလိုက်ပြီး “ဟင့်အင်း။ အဲ့ထဲမှာ ထူးဆန်းတဲ့ စွမ်းအင်တစ်မျိုး ရှိနေတယ်။ အဲ့စွမ်းအင်က အချိန်မရွေး ပျောက်ကွယ်သွားတော့မယ်လို့ ထင်ရပေမယ့် ကျွန်မရဲ့ ကောင်းကင်စိတ်အာရုံကို တားဆီးနေတယ်။ ဒါကို ပြန်ယူသွားပြီး သခင် သေချာ စစ်ဆေးကြည့်သင့်တယ်။ အဲ့လိုမှပဲ ဒါက ဘာလုပ်တဲ့ပစ္စည်းမှန်း အဖြေထုတ်နိုင် လောက်မှာ”

“ဟုတ်တယ်” ရန်ကိုင်လည်း ခေါင်းညိတ်၍ ထိုလွန်းပျံယာဉ်ကို သိမ်းလိုက်ပြီး ပြန်ရောက်သည်နှင့် တစ်ခါတည်း သန့်စင်ရင် ဆုံးဖြတ်လိုက်သည်။

ရန်ကိုင်တွင်ရှိသည့် လက်နက်ဆို၍ ငွေရောင်သစ်ရွက်သာ ရှိပေသည်။

ထိုငွေရောင်သစ်ရွက်သည် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ ယခင် တော်ဝင်သခင် အသုံးပြုခဲ့သော လက်နက် တစ်ခုဖြစ်ပြီး သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက် တစ်ခုဖြစ်ကာ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတွင် အသုံးဝင်သော လက်နက်တစ်ခု ဖြစ်ပေသည်။

သာမန်ကျင့်ကြံသူတစ်ယောက်သည် လက်နက် နှစ်ခုမှ၊ သုံးခုလောက်အထိ ပိုင်ဆိုင်ထားတတ်ကြသည်။ အဆင့်အတန်းမြင့်သော၊ ချမ်းသာကြွယ်ဝသော၊ အားကောင်းသော သူများကမူ ပို၍ ပိုင်ဆိုင် ထားတတ်ကြသည်။

လက်နက်အကြောင်း ပြောနေရင်း ရန်ကိုင် ရုတ်တရက် တစ်ခုခုကို သတိရသွားလိုက်ပြီး မေးလိုက်လေသည် “ခင်ဗျားနဲ့ ဟန်ဖေးမှာသော သုံးစရာ လက်နက်ရှိလား”

လီရုန်က ယဲ့ယဲ့လေး ပြုံးလျက် “အစကတော့ ကျွန်မတို့ ရှေးဟောင်းနတ်ဆိုးကလန်မှာ လက်နက်တွေ အများကြီးပဲ ရှိတယ်။ အဆင့်ကလည်း မနိမ့်ကြဘူး။ ဒါပေမယ့် အချိန်တွေ ကြာလာလည်း ကြလာရော အဲ့လက်နက်တွေလည်း တဖြည်းဖြည်းလည်း ယိုယွင်းလာခဲ့တယ်လေ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မတို့ကလန်ရဲ့ အဓိကအားသာချက်က ကိုယ်ပိုင် ခွန်အားပဲ ဆိုတော့ တိုက်ခိုက်တဲ့အခါကျ လက်နက်တွေကို သိပ်ပြီး သုံးလေ့မရှိဘူး”

“ပြောသာပြောရတာ၊ လက်နက်ကောင်း ရှိထားတာက မရှိတာထက် ပိုကောင်းတယ်နော်။ အသုံးဝင်လာနိုင်တဲ့ တစ်နေ့ဆိုတာ မရှိနိုင်ဘူးလို့မှ မပြောနိုင်တာ” ပြောပြီးသည်နှင့် အနက်ရောင်သိုလှောင်နေရာလွတ်ထဲမှ အမျိုးမျိုးသော လက်နက်များကို ထုတ်ယူလိုက်ပြီး လီရုန် လက်ထဲသို့ ထည့်ပေးလိုက်လေသည် “ဒါတွေကို ယူသွားပြီး ဟန်ဖေး၊ ဟွာမိုနဲ့ ခင်ဗျားအတွက် အသုံးဝင်မယ်ထင်တဲ့ ဟာကိုရွေးပြီး သန့်စင်ပစ်လိုက်”

“အများကြီးပဲ။ ပြီးတော့ အကုန်လုံးကလည်း သူတော်စင် အဆင့်တွေချည်းပဲ” လီရုန် အံ့ဩနေခဲ့ရလေပြီ။

သူတော်စင်အဆင့် လက်နက်များသည် အရမ်းကိုမှ ရှားပါလားသည် လက်နက်တစ်ခုသည် သာမန် မြို့တစ်မြို့စာထက်မက ပို၍ တန်ဖိုးရှိပေသည်။

ထုန်ရွှမ်လောကကြီးရှိ သူတော်စင်အဆင့် ပညာရှင် အားလုံးသည် သူတော်စင်အဆင့် လက်နက်များကို ပိုင်ဆိုင် ချင်ကြသော်လည်း အနည်းစုသာ ပိုင်ဆိုင်နိုင်ကြလေသည်။

သူတော်စင်အများစုသည် စိတ်ဝိဥာဉ် အဆင့် လက်နက်များကို အသုံးပြုနေကြဆဲပင်။

သူတော်စင်အဆင့် လက်နက်များသည် သူတော်စင် အဆင့် ဆေးလုံးများနှင့် တူပေသည်။ ထိုလက်နက်များကို သန့်စင်ရန် လိုအပ်သော သတ္တုကြမ်းများသည် အရမ်းကိုမှ ရှာရခက်ခဲလှသည်။

သို့သော်လည်း သူတော်စင်အဆင့် လက်နက်ကို သန့်စင်ရန် အကြီးမားဆုံးသော စိန်ခေါ်မှုသည်ကား သူတော်စင်အဆင့် လက်နက်ကို သန့်စင်ပေးနိုင်သော လက်နက်သန့်စင်သည့် ပညာရှင်တစ်ယောက်ကို ရှာခြင်းပင်။ ထို့အပြင် လက်နက်သန့်စင်သူကို ရှာတွေ့လျှင်ပင် သူတော်စင်အဆင့် လက်နက်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်မည်ဟု အာမခံချက် မရှိပေ။

သူတော်စင်အဆင့် လက်နက်သန့်စင် ပညာရှင်များသည် ထုန်းရွှမ်လောကတစ်ခွင် လူသိများကျော်ကြားကြပြီး တစ်ယောက်ချင်းစီတိုင်းသည် အများ၏ ရိုသေလေးစားခြင်း ခံရပေသည်။ သူတော်စင်အဆင့် လက်နက်သန့်စင်သူများနှင့် လက်နက်သန့်စင်ချင်သူ အရေအတွက်မှ မကိုက်လှသဖြင့် ထိုလက်နက်သန့်စင် ပညာရှင်များ အချိန်အားလုံးသည် အမြဲလိုလို ပြည့်နေတတ်သည်။

ကောင်းကင်ဘုံအောက် နံပါတ်တစ်ဟု အများ ယုံကြည်လက်ခံထားသော ထျန်းဇန် လူအိုကြီးသည် အဘယ်ကြောင့် သူ့ကိုယ်သူ လူသိမခံဘဲ ကိုယ်ယောင် ဖျောက်ကာ သွားလာနေရသနည်း။

သူ့အား ဆေးဖော်စပ်ပေးရန်အတွက် တောင်းဆိုလိုသော လူအများကြီး ရှိနေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူသာ ပုန်းမနေပါက ထိုစိတ်ပျက်ဖွယ်ရာ လူများမှ တစ်ခဏလေးပင် နားခွင့်ရလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူ့တပည့်ကိုကော မည်ကဲ့သို့ သင်ကြား ပေးနိုင်တော့မည်နည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၈၃) အချိန်စေ့လေပြီ

သို့သော်လည်း ရန်ကိုင်သည် တုန့်နှေးမနေဘဲ သူတော်စင်အဆင့် လက်နက်သုံးကို ချက်ချင်းလက်ငင်း ထုတ်ယူခဲ့သည်။ ထိုလက်နက်သုံးခုကြောင့် စစ်ပွဲပင် စလာနိုင်သော်လည်း ရန်ကိုင်သည် လီရုန် လက်ထဲသို့ နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ထည့်ပေးလိုက်ရာ လီရုန်လည်း အတော်လေး ထိတ်လန့်သွားခဲ့ရသည်။

ရန်ကိုင်သည် ဂိုဏ်းအသီးသီးများ ရတနာများကို ဓါးပြတိုက်လာသလာဟုပင် လီရုန် တွေးမိသွားခဲ့ရသည်။

ထိုသို့မဟုတ်လျှင် သူ့တွင် သူတော်စင်အဆင့် လက်နက်များ အဘယ်ကြောင့် အများကြီး ရှိနေရသနည်း။

ထိတ်လန့်နေရာမှ အသိပြန်ဝင်လာသည်နှင့် လီရုန်လည်း ကိန်းကြီးခန်းကြီး လုပ်မနေဘဲ ရန်ကိုင် ပေးလာသော လက်နက်များကို ဂရုတစိုက် သိမ်းလိုက်လေသည်။

ရှေးဟောင်းနတ်ဆိုးကလန် ပိုသန်မာလေ ရန်ကိုင်အား ပိုပြီး ကူညီနိုင်လေကို သူမ အသိဆုံးပင်။ ထိုလက်နက်များသည် သူမနှင့် အခြားဗိုလ်ချုပ်ကြီးများ၏ တိုက်ပွဲစွမ်းရည်ကို အကြီးအကျယ် တိုးမြင့်ပေးနိုင်ပေသည်။

“အင်း၊ ပြန်ကြတာပေါ့” အရပ်မျက်နှာကို ဆုံးဖြတ်ပြီးသည်နှင့် လာလမ်းအတိုင်းပဲ ချက်ချင်းပဲ ပြန်လာလိုက်လေသည်။

ကြယ်တာရာကောင်းကင်ထဲတွင် အမှတ်အသားပြုစရာ ဘာမှမရှိသော်လည်း ရန်ကိုင်၏ မှတ်ဥာဏ်ကောင်းသူ ဖြစ်လေရာ လမ်းမပျောက်သွားခဲ့ချေ။

အချိန်တစ်ခု ကြာသွားပြီးနောက် လေဟာနယ် လိုဏ်ခေါင်း ရှိရာဆီသို့ ရန်ကိုင်နှင့် လီရုန်တို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ ရောက်သည်နှင့် တုန့်ဆိုင်းမနေဘဲ ထိုလေဟာနယ်လိုဏ်ခေါင်းထဲသို့ ချက်ချင်း ခုန်ဝင်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း နှစ်ယောက်သာ ကြယ်ရောင်ဖြာနန်းတော်ထဲရှိ ကျောက်တုံးတောအုပ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။

ဘေးပတ်လည်ရှိ ကျောက်တိုင်များသည် ဆန်းကြယ်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခဲ့ပြီး ကျောက်တိုင်ကြီးပေါ်ရှိ လှိုင်းတွန့်လေးများသည် မှန်မှန် လှုပ်ခတ်နေဆဲ။

သူ့လက်ကို ဆန့်ထုတ်၍ ထိုလှိုင်းတွန့်လေးများကို နှောင့်ယှတ်လိုက်ရာ ကြယ်တာရာကောင်းကင်သို့ သွားသည့် လေဟာနယ်လိုဏ်ခေါင်းသည်လည်း အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားရလေသည်။

ဘေးပတ်လည်တစ်ခွင်သည်လည်း တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့ရလေသည်။

“သခင်၊ ဒီနေရာက အရမ်းအရေးကြီးတော့ အခြားသူတွေကြောင့် မတော်တဆ မထိခိုက်သွားအောင် အရံအတား တစ်ခုခု ခင်းကျင်းထားခဲ့ရင် ကောင်းမလား” လီရုန်က မေးလိုက်သည်။

“ခင်ဗျားက စိတ်ဝိဥာဉ်အစီအရင်တွေ ခင်းကျင်းတာမှာ ကျွမ်းကျင်တာလား” ရန်ကိုင် လီရုန်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။

လီရုန်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “နည်းနည်းပါးပါးပဲ သိတာပါ။ တကယ့် ပညာရှင်တွေကြီးတွေနဲ့ ယှဉ်ရင်တော့ လိုပါသေးတယ်။ အနည်းဆုံး ဒီမှာ ခင်းကျင်းထားတဲ့ အစီအရင်ထက် ပိုကောင်းတဲ့ အစီအရင်တစ်ခုကိုတော့ ခင်းကျင်းပေးနိုင်တယ်”

“ကောင်းတယ်။ ခင်းသာ ခင်းကျင်းထားလိုက်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ အစကမူ ဤနေရာကို စောင့်ကြပ်ရင် အစောင့်ခန့်ထားရမလားဟု စဉ်းစားနေခြင်း ဖြစ်သည်။ လီရုန်၏ အကြံပြုချက်သည် သူလိုအပ်သည်နှင့် ကွက်တိဖြစ်သွားခဲ့သည်။

ရန်ကိုင်က သဘောတူလိုက်သဖြင့် လီရုန်လည်း ဤနေရာ၌ စိတ်ဝိဥာဉ်အစီအရင် တစ်ခု ခင်းကျင်းရန် ချက်ချင်းပဲ ပြင်ဆင်တော့လေသည်။

ဆေးပညာနှင့် ပက်သက်သည့် စိတ်ဝိဥာဉ်အစီအရင် များမှလွဲ၍ စိတ်ဝိဥာဉ်အစီအရင်များ ခင်းကျင်းခြင်း၊ အရံအတားများ တည်ဆောက်ခြင်းနှင့် ပက်သက်ပြီး ရန်ကိုင် လုံးဝ အတွေ့အကြုံမရှိချေ။ သူသိသည့်အရာဆို၍ ထိုအရံအတားများကို အားနှင့် အတင်းချိုးဖျက်ခြင်းပင်။

စိတ်ဝိဥာဉ်အစီအရင် ခင်းကျင်းသည်ကို သူတစ်ခါမှ မမြင်ဖူးသဖြင့် ရန်ကိုင်လည်း လီရုန် ခင်းကျင်းသည်ကို သေချာ အာရုံစိုက်ထားခဲ့သည်။

ရန်ကိုင်က သူမလုပ်နေသည်လား လေ့လာနေသည်ကို သတိပြုမိသော် အမြန်လုပ်ရန် မစဉ်းစားတော့ဘဲ ဖြည်းဖြည်းချင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ လုပ်နေစဉ် အတောအတွင်း ရန်ကိုင်အား အသေးစိတ်ပင် ရှင်းပြလိုက်သေး၏။

နာရီအနည်းငယ် ကြာပြီးနောက် အရံအတားပုံစံ စိတ်ဝိဥာဉ်အစီအရင်နှင့် ဖုံးကွယ်သည့် စိတ်ဝိဥာဉ် အစီအရင်ကို ခင်းကျင်း၍ ပြီးစီးသွားခဲ့သည်။ အစီအရင် ခင်ကျင်းထားသည့် လုံးဝကို ပြီးပြည့်စုံနေသဖြင့် ရှေ့တည့်တည့်တွင် ရပ်နေသော ရန်ကိုင်ပင် သူ၏ အားကောင်းလှသော ကောင်းကင်စိတ်အာရုံဖြင့် ကျောက်တုံးတိုင်များကို အာရုံခံမရခဲ့ချေ။

“လန်းလိုက်တာ။ ခင်ဗျားမှာ အချိန်ရှိရင် ကျုပ်ကို နည်းနည်းပါးပါးလောက် သင်ပေးပါလား” ရန်ကိုင်က ချီးကျူးပြောဆိုလိုက်သည်။

ရန်ကိုင်၏ ချီးကျူးစကားကြောင့် လီရုန် မျက်နှာထက်ရှိ အပြုံး ပိုမို တောက်ပသွားခဲ့ပြီး ခေါင်းညိတ်ကာ “သခင်က ယဉ်ကျေးလွန်းနေတာပဲ။ ဒါက ဘာမှမဟုတ်သေးပါဘူး”

“အရင်ပြန်ကြတာပေါ့” ရန်ကိုင်က ရယ်လိုက်သည်။ ထူးဆန်းသော လွန်းပျံယာဉ်ပုံစံ လက်နက်ကို စစ်ဆေးရန် သူအတော်လေး စိတ်အားတက်သန်နေခဲ့လေပြီ။

နှစ်ယောက်သား တော်ဝင်နယ်မြေသို့ ချက်ချင်း ပျံသွားကြတော့လေသည်။

ရန်ကိုင်နှင့် လီရုန်တို့ တော်ဝင်နယ်မြေဆီ အချိန်တိုအတွင်း ပြန်ရောက်လာခဲ့ကြသည်။ သို့သော် တော်ဝင်နယ်မြေထဲ မဝင်ရသေးခင်မှာဘဲ အနားရှိ တစ်နေရာမှ ဆူညံဆူညံ လုပ်နေကြသော ကျင့်ကြံသူ အုပ်ကြီးကို တွေ့လိုက်ရသည်။

မျက်မှောင်ကြုံ့လျက် ဘာတွေဖြစ်နေမှန်း သိရအောင် အောက်ဆင်းကြည့်လိုက်လေသည်။

အောက်သို့ ရောက်လာသည်နှင့် အသံများသည်လည်း ပိုပို၍ ကြည်လင်ပြတ်သားလာခဲ့သည်။

လူအုပ်ကြီးတစ်ခု တစ်ခုခုကို မကျေနပ်သဖြင့် အော်ဟစ်၊ ဆူပူနေကြသည့်ပုံပင်။

အကုန်လုံးသည် တော်ဝင်နယ်မြေ၏ အနိုင်ကျင့်၊ ဗိုလ်ကျခြင်းနှင့် ပက်သက်ပြီး‌ အော်ဟစ်စွပ်စွဲနေကြခြင်း ဖြစ်ကာ ရံဖန်ရံခါ အကြီးအကဲခွန်ရှီကိုပင် ကိုယ်ရေးကိုယ်တာ ကိစ္စနှင့်ပက်သက်ပြီး ကျိန်ဆဲကြသည် များလည်း ရှိကြသေးပေသည်။

ဘာတွေဖြစ်နေမှန်း နားလည်လိုက်သည် ရန်ကိုင် ချက်ချင်း အရှိန်တင်လိုက်လေသည်။ ဆူညံသံများ ထွက်ပေါ်နေရာ အနီးသို့ ရောက်သည်နှင့် မျက်မှောင် ကြုံ့လျက် အော်မေးလိုက်လေသည် “ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”

ရန်ကိုင် အသံကို ကြားသည်နှင့် ရှီခွန်လည်း ခပ်မြန်မြန် လှည့်ကြည့်လိုက်လေသည်။ လီရြန်နှင့် အတူ လမ်းလျှောက် လာနေသော ရန်ကိုင်ကို မြင်သော် ရှီခွန်၏ အမူအရာ လေးနက်သွားခဲ့ပြီး လက်သီးဆုပ်ကာ “တော်ဝင်သခင်ကို နှုတ်ဆက်ပါတယ်”

“တော်ဝင်သခင်လား” ဆူညံနေသော ကျင့်ကြံသူ အုပ်ကြီး ချက်ချင်း တိတ်ဆိတ်သွားခဲ့လေသည်။ အကုန်လုံး၏ အကြည့်သည် ရန်ကိုင်ဆီသို့ စုပြုံ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ခေါင်းလှည့်လိုက်သည်နှင့် အားလုံး၏ အကြည့်သည် လီရုန်ထံတွင် ရုတ်ချည်း စုပြုံသွားခဲ့သည်။

ပြီးပြည့်စုံသောပုံစံ၊ မြင့်မြတ်သော အရှိန်အဝါ၊ တော်ဝင်ဆန်သော အရှိန်အဝါတို့ ရစ်သိုင်းနေရုံသာမက နှစ်လိုစွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထား စစ်မှန်သော အလှနတ်သမီး တစ်ပါးပင်တည်း။

အသားအရေသည် နှင်းသားတမျှ ဖြူဖွေးနေပြီး ကျောက်စိမ်းသားကဲ့သို့ ချောမွတ်နေကာ ကြွေထည်ကဲ့သို့ ရွန်းစိုတောက်ပနေပေသည်။ လီရုန်ကို မြင်လိုက်သူတိုင်း အကြည့်မလွှဲနိုင်အောင် ဖြစ်သွားခဲ့ချေပြီ။

ရုတ်တရက် အကုန်လုံးသည် ဆူဆူညံညံလုပ်ရန်၊ စောဒကတက်ရန် စိတ်မဝင်စားကြတော့ဘဲ အသိစိတ် မဲ့သွားသည့်ပမာ လီရုန်ကိုသာ ငေးငေးငိုင်ငိုင်ဖြင့် စိုက်ကြည့်နေကြတော့လေသည်။

လီရုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး လူအုပ်ကြီးအား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

လီရုန် အသံပြုလိုက်သည်နှင့် မမြင်နိုင်သော ဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေရာ အကုန်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ရလေသည်။ လီရုန်အား လှပသော အမျိုးသမီးတစ်ဦးအဖြစ် သူတို့ မခံစားနိုင်တော့။ အဲ့အစား ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင် သူတို့အား အစွယ်ဖြဲပြနေသည်ဟုပင် မြင်မိလာသည်။

ထိုကျင့်ကြံသူအားလုံး သူတို့၏ အကြည့်များကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်လေသည်။ မျက်လုံး များဆိုလျှင် ကတုန်ကရင် ဖြစ်နေကြပြီး ကျောပြင် တစ်လျှောက်ဆိုလျှင်လည်း ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့လေပြီ။

ရန်ကိုင်က လီရုန်ဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီး မဲ့ရယ်ရယ်လိုက်သည်။

သူမအား ကြည့်သည့်လူတိုင်းကိုသာ ထိုကဲ့သို့ ပြန်လုပ်နေပါက သူမ၏ အနာဂတ်သည် တစ်ယောက်တည်း အထီးကျန်ရတော့မည့် ကံကြမ္မာနှင့် ရေစက်ပါတော့ပေမည်။

ဤလောကကြီးရှိ မည်သူမဆို၊ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အကုန်လုံးသည် အလှအပကို တပ်မက် ကြသည်။ မိန်းမလှလေးများကို တစ်ချက်၊ နှစ်ချက်လောက် ခိုးကြည့်သည်မှာ သဘာဝသာ ဖြစ်ပေသည်။

လီရုန်သည် နတ်ဆိုးနတ်ဘုရားမြို့တော်တွင် တစ်ဘဝလုံး နေထိုင်ခဲ့ပြီး သူမ၏ ကလန်သားများ ဆိုလျှင်လည်း သူမအား လေးလေးစားစားဖြင့် ဆက်ဆံကြသည်။ မည်သူကမှ သူမအား ထိုကဲ့သို့သော အကြည့်မျိုးဖြင့် မကြည့်ကြ။ သို့သော်လည်း ယခု သူမသည် အပြင်လောကကြီးသို့ ရောက်ရှိလာခဲ့လေပြီ။ ယခုမှစ၍ ထိုကဲ့သို့သော အခြေအနေများကို သူမ မကြာမကြာ ကြုံတွေ့ရပေတော့မည်။

“ဒါမျိုးနဲ့ အသားကျအောင် လုပ်ထားသင့်တယ်” ရန်ကိုင်၏ ပြောစကားကြောင့် လီရုန် ရှက်သွား ဖြာသွားခဲ့ရသည်။ အနည်းငယ် အလွန်အကျွံ ပြုလိုက်မိပြီမှန်း နားလိုက်သည်နှင့် အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။

သူမ၏ ကျင့်ကြံခြင်း၊ အဆင့်အတန်းဖြင့် သူမကိုယ် သူမ ထိုလူများအဆင့်ထိ နိမ့်ကျအောင် လုပ်စရာ မလိုချေ။

“လက်ရှိ အခြေအနေ ဘယ်လိုလဲ” ရန်ကိုင်က ရှီခွန်အား နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

ရှီခွန်လည်း အလျင်အမြန်ပဲ ရှင်းပြတော့လေသည် “တော်ဝင်သခင်ကို တင်ပြရမယ်ဆိုရင်၊ ဒီလူတွေက ကျုပ်တို့ တော်ဝင်နယ်မြေ အပြင်ဘက်မှ ရစ်သီရစ်သီ လုပ်နေကြတဲ့ လူတွေပါ။ အကြီးအကဲချုပ် ပေးတဲ့အတိုင်း သူတို့ကို သုံးရက် အချိန်ပေးပြီး ထွက်သွားခိုင်းတာပါ။ ဒီနေ့က သုံးရက်မြောက်နေ့မို့လို့ သူတို့ကို လာသတိပေးတာပါ။ ဒါပေမယ့် ဒီကောင်တွေက မထွက်သွားတဲ့အပြင် သူတို့ကို အနိုင်ကျင့်ပါတယ်ဆိုပြီး ကျုပ်တို့ကိုတောင် ပြန်ပြီး စွပ်စွဲနေလိုက်သေးတယ်။ လက်အောက်ငယ်သားလည်း သူတို့နဲ့ အဆင်ပြေအောင် ညှိကြည့်ပါသေးတယ်။ ဒါပေမယ့် သူတို့တွေက လုံးဝကို အကြောက်အလန် ငြင်းဆိုနေပါတယ်”

ရန်ကိုင်က ခေါင်းညိတ်ကာ ပြန်မေးလိုက်သည် “ရှုဟွေကော”

“အကြီးအကဲချုပ်က လုပ်စရာရှိလို့ ဒီကိစ္စကို ကျုပ်နဲ့ ထားခဲ့တာပါ”

သူတို့နှစ်ယောက် စကားပြောနေစဉ်အတွင်း ကျင့်ကြံသူအဖွဲ့သည်လည်း တဖြည်းဖြည်း အကြောက် ပြယ်သွားခဲ့လေသည်။ လူအုပ်ထဲမှ အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်လေသည် “ဘယ်သူလဲ မှတ်နေတော။ လတ်စသတ်တော့ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်သစ် ဖြစ်နေတာကိုး”

ရန်ကိုင်က ပုံမှန်အမူအရာဖြင့် ခေါင်းသာ ညိတ်၍ “ဟုတ်တယ်။ ခင်ဗျား ဘာအကြံပေးချင်လို့လဲ”

“ကျုပ်အကြံမပေးရဲပါဘူးဗျာ” အဝါရောင်ဝတ်ရုံဝတ် လူအိုကြီးက လှောင်ပြောင်လိုသော အမူအရာဖြင့် ဆက်ပြောလိုက်သည် “ကျုပ်တို့က ဒီကို လက်နက်တွေ ရှာဖို့ပဲ ရောက်လာကြတာလေ။ ခင်ဗျားတို့ တော်ဝင်နယ်မြေကို ရန်စတာတို့ ဘာတို့မှ မလုပ်ခဲ့တာ။ ဘာလို့ ကျုပ်တို့ကို နှင်ထုတ်နေရတာလဲ”

“ဘာလို့လဲ ဟုတ်လား” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ဒါက ကျုပ်တို့ တော်ဝင်နယ်မြေရဲ့ တောင်ထွတ် ကိုးလုံးလေး။ ဒါတောင် ခင်ဗျားတို့ ဘာလို့ နှင်ထုတ်နေမှန်း သိချင်နေသေးတာလား”

“ကျုပ်တို့က တောင်ထွတ်ကိုးလုံးထဲ ဝင်တာမှ မဟုတ်တာ။ အပြင်ဘက်မှာပဲ ရှိနေတာလဲ။ ဘာလဲ အပြင်ကိုတောင် ခင်ဗျားတို့ရဲ့ ပိုက်နက် လုပ်ချင်နေတာလား။ အဲ့လိုဆိုရင်တော့ နည်းနည်း လွန်သွားပြီလားလို့” အဝါရောင် ဝတ်ရုံဝတ် လူကြီးက ဆက်ပြောလိုက်ပြန်သည် “ကျုပ်တို့ ကျင့်ကြံခြင်းက သိပ်မမြင့်ပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်လို့ ရမယ်ထင်နေလား။ ကျုပ်ခင်ဗျားကို ပြောလိုက်မယ်။ ကျုပ်တို့ ခင်ဗျားထက် ဘယ်လိုပဲ နိမ့်ကျနေပါစေ၊ လာခြောက်လို့ ကြောက်သွားမယ် မထင်နဲ့”

ပြောပြီးသည်နှင့် အဝါရောင်ဝတ်ရုံဝတ် လူအိုကြီးသည် ရှေ့တက်၍ သူ့ရင်ဘတ်ကို ပုတ်ပြလိုက်လေသည်။ သူ မည်မျှ ရဲရင့်ကြောင်း ပြသနေသည့်အလား…

သူ့စကားကြောင့် တိတ်ဆိတ်သွားသော လူအုပ်ကြီး သည်လည်း တစ်ဖန်ပြန်လည် ဆူညံလာခဲ့လေသည်။ အကုန်လုံးသည် တော်ဝင်နယ်မြေ အနိုင်ကျင့်၊ ဗိုလ်ကျသည်ဟု စတင် စွပ်စွဲလာကြတော့လေသည်။

ခွန်ရှီက ဒေါသတကြီး ပြန်အော်လေသည် “မသေချင်ရင် မင်းတို့ရဲ့ သောက်ပါးစပ်တွေကို ပိတ်ထားလိုက်ကြစမ်း။ တော်ဝင်သခင်ရှေ့မှာတောင် ဘယ်လို ရိုင်းပြရဲကြတာလဲ”

သူ့စကားလုံးသည် ဆီအိုးထဲ ရေကျသွားသည့်ပမာ၊ အဝါရောင်ဝတ်ရုံဝတ် လူအိုကြီး၏ လေသံကို ပို၍ ကျယ်လောင်သွားစေခဲ့လေသည် “မင်းတို့ မြင်ကြလား။ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ ဒီအကြီးအကဲက ငါတို့ကို သတ်ချင်နေကြပြီ။ ရှေးခေတ်အချိန်တွေကတည်းက ဘုံကိုးခုထွတ်မြတ်နယ်မြေဆိုတာ ငါတို့ လူသားမျိုးနွယ်စုရဲ့ ထောက်တိုင်တစ်ခုပဲ။ ဇာတ်လမ်းတွေ၊ ပုံပြင်တွေ အကုန်လုံး ဘုံကိုးခုထွတ်မြတ်နယ်မြေ လေးစားထိုက်အပ်တဲ့ အကြောင်းတွေချည်းပဲ ပြောထားတား။ ဒါပေမယ့် အခု ကြည့်ရတာကတော့ အဲ့ဒါတွေ အကုန်လုံးက အလိမ်အညာတွေ သက်သက်နဲ့ပဲ တူတယ်။ အခုလက်ရှိ တော်ဝင်သခင်က အရင်တော်ဝင်သခင်နဲ့ ဘာမှမဆိုင်ဘူး။ အခုလူက အရမ်းရက်စက်ပြီး ဗိုလ်ကျလွန်းတယ်။ ဦးဆောင်နွားက ဖြောင့်ဖြောင့်မသွားမှတော့ နောက်က လိုက်တဲ့ နွားတွေကလည်း ဖြောင့်ဖြောင့် သွားပါဦးမလား”

“ဟုတ်တယ်၊ ဟုတ်တယ်။ ပြီးတော့ တော်ဝင်သခင်သစ်က နတ်ဆိုးတွေနဲ့ ပူပေါင်းနေပြီး အဲ့မိစ္ဆာကောင်တွေကို တောင်ထွတ်ကိုးလုံးဆီ ခေါ်လာတယ်လို့တောင် ငါသတင်းကြားထားသေးတယ်”

ထိုစကားလုံးများသည် ဆိတ်ငြိမ်နေသည့် ကန်ထဲ ခဲတစ်လုံး ကျသွားသည့်နှယ် လူအုပ်ကြီးတစ်ခုလုံးကို ပွက်ပွက်ညံသွားစေခဲ့လေသည်။ ဆူညံသံများကို ပိုမို ဆူညံလာစေရုံမက တော်ဝင်သခင်ကို ရန်လို၊ ရက်စက်သည့် အကြည့်ဖြင့် ကြည့်လာနေကြလေပြီ။

အဝတ်ရောင်ဝတ်ရုံဝတ် လူကြီးသည် လူကြားထဲတွင် ရပ်လျက် ရန်ကိုင်အား ထီမထင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

လီရုန်၏ မျက်နှာလှလှလေး ဒေါသကြောင့် နီမြန်းလာခဲ့ပြီး တိုးတိုးလေး ပြောလိုက်သည် “သခင်၊ သူတို့က သခင့်ကို စိန်ခေါ်နေတဲ့ပုံပဲ”

“အဲ့လိုဆိုရင်တော့ သူအတွက်မှားရပြီပေါ့” ရန်ကိုင်က မဲ့ရယ်ရယ်လိုက်ပြီး ရှီခွန်ကို မေးလိုက်လေသည် “အကြီးအကဲချုပ် ပေးထားတဲ့ အချိန်ကုန်ဖို့ ဘယ်လောက် လိုသေးလဲ”

ရှီခွန်က ကောင်းကင်ပေါသ်ို့ မော့ကြည့်၍ အလျင်အမြန် ပြန်ဖြေလိုက်လေသည် “အများဆုံးမှ လက်ဖက်ရည် တစ်ခွက်ဖျော်စာလောက်ပဲ ကြာပါတော့မယ် တော်ဝင်သခင်”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး လူအိုကြီးကို ကြည့်ကာ ပြောလိုက်လေသည် “ငါအပိုစကားတွေ ထပ်ပြောမနေချင်တော့ဘူး။ လက်ဖက်ရည် တစ်ခွက်ဖျော်စာ အချိန်ကုန်လို့မှ ထွက်သွားရင်တော့ မင်းတို့ သေရလိမ့်မယ်”

ရန်ကိုင် နောက်နေဟန် မပေါက်သော် လူတော်တော်များများ ထိတ်လန့်သွားခဲ့ပြီး အလိုလို နောက်ဆုတ်မိကုန်ကြလေသည်။

“မင်းတို့ ဘာတွေ ကြောက်နေတာလဲ” အဝါရောင် ဝတ်ရုံဝတ် လူအိုကြီးက ထပ်အော်လိုက်ပြန်သည် “သူငါတို့ကို မသတ်ရဲဘူး။ ငါတို့ သူတို့ ထိခိုက်သွားအောင် ဘာလုပ်လို့လဲ။ သူတို့ပိုက်နက်နားမှာ ရှိရုံနဲ့ ငါတို့ကို သတ်ဖို့လား။ သူတို့ လုပ်ရဲရင် လုပ်ကြည့်လိုက်လေ။ လူသားမျိုးနွယ်စုက ငါတို့အတွက် တရားမျှတမှု ရှာပေးလိမ့်မယ်”

“ဟုတ်တယ်။ ဒီလောကကြီးကို စည်းမျည်းတွေက အုပ်စိုးတာ။ သူတို့ ငါတို့ကို ဘယ်လိုလုပ်ပြီး သတ်ရဲမှာလဲ” နောက်တစ်ယောက် ဝင်၍ ကြွေးကြော်လိုက်သည်။

“ငါတို့သာ အခုပြန်ဆုတ်သွားရင် အဲ့ရတနာတွေ ရမယ့် အခွင့်အရေးကို အပြီးတိုင် လက်လွှတ်လိုက်ရမှာနော်။ သူတို့တွေက ငါတို့ကို မောင်းထုတ်ပြီး အဲ့လက်နက်တွေကို မောင်ပိုင်စီးချင်နေကြတာကွ”

----------------------------------

ရန်ကိုင်ကမူ ဘာအပိုစကားမှ ပြောမနေခဲ့ဘဲ နေရာတွင်သာ အပြုံးယဲ့ယဲ့လေးပြုံးလျက် ရပ်နေခဲ့သည်။ ထိုလူများ အော်ချင်အော်ပါစေ၊ သူဂရုမစိုက်ချေ။

ထွက်သွားရန် ပြင်နေကြသော ကျင့်ကြံသူများလည်း ဝေခွဲရခက်ကုန်ကြလေသည်။ တော်တော်များများသည် ထွက်သွားမသေးဘဲ အခြေအနေကို စောင့်ကြည့်ပြီး မီးစင်ကြည့်ကရန်သာ ဆုံးဖြတ်လိုက်ကြသည်။

သူတို့စိတ်ထဲတွင်တော့ ဘုံကိုးခုထွတ်မြတ်နယ်မြေ ကဲ့သို့ အင်အားစုကြီးတစ်ခုသည် ရေရေရာရာ အကြောင်းပြချက် တစ်ခုမရှိဘဲ သူတို့အား သတ်ရဲလိမ့်မည် မဟုတ်ဟု ယုံကြည်နေခဲ့ကြသည်။

“တော်ဝင်သခင်၊ အချိန်စေ့ပါပြီ” ရှီခွန်က ရုတ်တရက် ပြောလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အဝါရောင်ဝတ်ရုံဝတ် လူအိုကြီးအား လှောင်ပြုံးပြုံးလျက် စိုက်ကြည့်လိုက်သည်။

ရန်ကိုင် အကြည့်ကြောင့် အဝါရောင်ဝတ်ရုံဝတ် လူအိုကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။ သူ့စိတ်ထဲ ကြောက်ရွံ့သွားခဲ့သော်လည်း ရဲဆေးတင်ကာ ပြန်အော်လိုက်လေသည် “မင်းဘာကြည့်တာလဲ၊ ကောင်စုတ်လေး။ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်သစ် ဖြစ်နေလို့ မင်းလုပ်ချင်တာ လုပ်လို့ရမယ်လို့ ထင်နေတာလား။ အဲ့ရာထူးကိုတောင် ကံကောင်းသွားပြီး ရထားတာ မဟုတ်ဘူးလား။ မင်းအဖေသာ သူတော်စင်မ နှစ်သက်တာခံရရင် မင်းထက် ပိုကောင်းတဲ့ တော်ဝင်သခင် ဖြစ်လာမှာ ပြောစရာတောင် မလိုဘူးကွ”

“အဲ့လိုလား” ရန်ကိုင် နှုတ်ခမ်းအစုံသည် ထူးထူးဆန်းဆန်း အပြုံးတစ်ခု ကွေးတက်သွားခဲ့ပြီး ထိုလူအိုကြီးကို တစ်ခဏမျှ ဆက်လက် စိုက်ကြည့် လေ့လာနေပြီးနောက် “ခင်ဗျားကြည့်ရတာ ကျုပ်ခင်ဗျား မသတ်ရဲဘူးလို့ တထစ်ချ ယုံကြည်နေတဲ့ပုံပဲနော်။ ကျုပ်ခင်ဗျားကို မသတ်ရဲဘူးလို့ ယုံကြည်ရလောက်တဲ့အထိ ဘယ်သူကများ ခင်ဗျားကို အဲ့သတ္တိတွေ ပေးလိုက်တာလဲ”

အဝါရောင်ဝတ်ရုံဝတ် လူကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ပြန်အော်လေသည် “မင်းငါတို့ကို သတ်လိုက်ရင် မင်းရဲ့ နတ်ဆိုးကောင်တွေ ငါတို့ကို သတ်တာနဲ့ ဘာကွာဦးမှာလဲ။ အဲ့လိုသာ ဖြစ်သွားရင် မင်းတို့တော်ဝင်နယ်မြေ ဒီလောကကြီးမှာ ခြေချစရာ ရှိတော့မှာ မဟုတ်ဘူးကွ”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အဲ့လူက ခင်ဗျားကို အဲ့လိုမျိုး ပြောလိုက်တယ်။ ခင်ဗျားကလည်း သောက်ရူးတစ်ကောင်လိုပဲ နည်းနည်းလေးတောင် မစဉ်းစားဘဲ ယုံလိုက်တယ်ပေါ့”

ပြောနေရင်း ရန်ကိုင် အမူအရာ ရုတ်ချည်း‌ အေးစက်သွားခဲ့ပြီး “ဘာမဟုတ်တဲ့ မသေမျိုးအဆင့် ပထမအဆင့် တစ်ယောက်ကများ ငါ့ကို လာစိန်ခေါ်သေးတယ်။ မင်းသေတော့ရော ဘာဖြစ်လဲ။ လူတိုင်းက မင်းတို့ အမှိုက်တစ်စအတွက် လိုက်ပြီး တရားမျှတမှု ရှာပေးမယ် ထင်နေတာလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၈၄) ကျုပ်ကို လာခြိမ်းခြောက်တဲ့လူ မှန်သမျှ အဆုံးသတ်ကောင်းလေ့ မရှိကြဘူး

ရန်ကိုင်၏ ဒေါသတကြီး အော်သံသည် သူ့နားထဲ မိုးချိန်းသံ သကဲ့သို့ မြည််ဟည်းသွားခဲ့ရာ အဝါရောင်ဝတ်ရုံဝတ် လူကြီးလည်း တုန်တုန်ရီရီဖြင့် လူအုပ်ကြီးထဲ အလျင်စလို ပြေးပုန်းတော့လေသည်။

သို့သော် သူမည်မျှပင် ပုန်းပါစေ သူ့လည်ပင်း ဓါးထောက်ခံထားရသလို ခံစားနေရဆဲ။

“ငါ့ကိုတိုက်ခိုက်ရဲရင် မင်းကျိန်းသေ နောင်တရရလိမ့်မယ်”

အဝါရောင်ဝတ်ရုံဝတ် လူကြီးက သွေးရူးသွေးတန်းဖြင့် ပြန်အော်ပြောလေသည်။

“ကျုပ်ကို လာခြိမ်းခြောက်နေတာလား” ရန်ကိုင်က အထင်အမြင် တသေးဖြင့် မဲ့ပြုံးပြုံးလျက် “ကျုပ်ကို ခြိမ်းခြောက်တဲ့လူတိုင်း ဘယ်တော့မှ အဆုံးသတ် မကောင်းကြဘူး”

ရွှစ်…

လေခွင်းသံနှင့်အတူ သူ့ကိုယ်ထဲ ထူးဆန်းသော အားတစ်ရပ် တိုးဝင်လာသည်ကို လူအုပ်ကြီးထဲတွင် ပုန်းအောင်နေသော အဝါရောင်ဝတ်ရုံဝတ် လူကြီး ခံစားမိလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ပူပေါင်း တစ်လုံးပမာ ဖောင်းကာတက်လာခဲ့လေသည်။

သူ့မျက်နှာတစ်ခုလုံး သွေးရောင်နီတောက်နေခဲ့ပြီး ကိုယ်တွင်အင်္ဂါများ၊ အရိုးများသည်လည်း ထိုထူးဆန်းသော အားကြောင့် ကျိုးကြေပျက်စီးနေခဲ့ရချေပြီ.

သူ့တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်လာခဲ့ပြီး ဒွါရပေါက်ကိုးပေါက်မှ သွေးများယိုစီးကျလာခဲ့သည်။

သူသေရတော့မည်မှန်း သိလိုက်သည်နှင့် အဝါရောင် ဝတ်ရုံဝတ် လူအိုကြီး လုံးဝကို သွေးပျက်သွားခဲ့လေသည်။

“ကယ်ပါဦး… ကျုပ်ကို ကယ်ကြပါဦး…” ထိုစကားလုံး များကို ဖျစ်ညစ်ပြောလိုက်ပြီးနောက် မျက်ဖြူဆိုက်ကာ သူ့တစ်ကိုယ်လုံး ထိန်းရမအောင် တွန့်လိမ်လာခဲ့သည်။

ထို့နောက် သူတစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲ ထွက်သွားတော့လေသည်။

အသားစ၊ သွေးစတို့ လေထဲ လွင့်ပျံထွက်လာခဲ့ရာ အနီးအနားတွင် ရှိနေသော ကျင့်ကြံသူအားလုံး သွေးသံ တရဲရဲ ဖြစ်သွားခဲ့ကြရသည်။

ထိုသွေးပျက်ခြောက်ခြားဖွယ်ရာ မြင်ကွင်းကြောင့် ထိုနေရာ၌ စုဝေးနေကြသော ကျင့်ကြံသူအားလုံး ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ကြလေပြီ။

အသံကုန်ဟစ်၊ တော်ဝင်နယ်မြေကို ယိုးစွပ်နေကြသော ကျင့်ကြံသူများ ဆိုလျှင်လည်း အသံမထွက်တော့၊ ရန်ကိုင် သူတို့အား ရုတ်တရက် သတ်လာမည်ကို ကြောက်သဖြင့် ရန်ကိုင်ကိုပင် စေ့စေ့ မကြည့်ရဲတော့ချေ။

“ဒါက ကျုပ်ကို လာခြိမ်းခြောက်တဲ့ လူတွေရဲ့ ကံတရားပဲ” ရန်ကို်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်လေသည်။

ရုတ်တရက် သူ့အမူအရာ သုန်မှုန်သွားခဲ့ပြီး အကြည့်သည်လည်း ရေခဲဓါးသွားပမာ ထက်ရှအေးစက် သွားခဲ့ကာ “အလည်အပတ် သက်သက်လာတာ ဆိုရင်တော့ ကျုပ်တို့ တော်ဝင်နယ်မြေက ခင်ဗျားတို့ ကြိုဆိုမှာပေါ့။ ဒါပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုနဲ့ ရောက်လာတာ ဆိုရင်တော့ ကျုပ်ကို ရက်စက်တယ် ဆိုပြီး လာအပြစ်မတင်နဲ့”

ရွှစ်… ရွှစ်… ရွှစ်…

ရွှေရောင်အမျှင်တန်းလေးများ လေထုကို ထိုးခွင်းသွားပြီး လူအုပ်ကြီးထဲတွင် ရှိနေသော ကျင့်ကြံသူ များစွာတို့၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားခဲ့လေသည်။

အဝါရောင်ဝတ်ရုံဝတ် လူအိုကြီးကဲ့သို့ ထိုလူများ၏ ခန္ဓာကိုယ်သည် စတင် ဖောင်းကားလာပြီး အကန့်အသတ်သို့ ရောက်သွားသည်နှင့် ပေါက်ကွဲထွက်သွားလေသည်။ မသေစဉ် အခိုက်အတန့်လေး အတွင်း ကြီးစွာသော ကြောက်ရွံ့မှုကို ခံစားသွားခဲ့ရလေသည်။

ရန်ကိုင် လူများအား ရက်ရက်စက်စက်၊ ပြတ်ပြတ်သားသား သတ်ဖြတ်နေသည်ကို မြင်သော် ကျန်ရှိနေသော ကျင့်ကြံသူအားလုံး ထိုနေရာတွင် ဆက်မနေရဲတော့။ ကြောက်လန့်တကြား အော်ဟစ်ရင်း ခြေကုန်သုတ်၊ အမြီးကုတ်ကာ ထွက်ပြေးကြလေတော့သည်။

မည်သူမှ တောင်ထွတ်ကိုးလုံးအနီးတွင် ဆက်မနေရဲတော့ပေ။

ရန်ကိုင်က အစစ်အမှန်ချီကို ချိန်းကြိုးတစ်ချောင်းသဖွယ် ဖန်တီးလိုက်၍ ထွက်ပြေးရန် ပြင်ဆင်နေသော သက်လတ်ပိုင်း လူကြီးတစ်ဦးအား လှမ်းဖမ်းလိုက်သည်။

ချိန်းကြိုးနှင့်အသား ထိကပ်သွားသည်နှင့် သက်လတ်ပိုင်း လူကြီး တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ရီလာခဲ့ပြီး သူ့မျက်နှာ တစ်ပြင်လုံးသည်လည်း သွေးမရှိတော့သည့်ပမာ လုံးလုံး ဖြူလျော်သွားခဲ့လေသည်။ သူ့ဘေးနားရှိ လူများ ထွက်ပြေး နေသည်ကို ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေခဲ့ပြီး နောက်တွင် ချက်ချင်း ဦးညွှတ်၍ အသက်ချမ်းသာပေးရန် အသည်းအသန် တောင်းဆိုတော့လေသည်။

“အခုလေးတင်ပဲ ခင်ဗျား အသံတကျယ်ကျယ်နဲ့ ဟစ်နေတာ မဟုတ်ဘူးလား” ရန်ကိုင်က ထိုလူကြီးကို မိစ္ဆာပြုံးပြုံးရင်း စိုက်ကြည့်လိုက်သည်။

“တော်ဝင်သခင်၊ ကျုပ်ကို ခွင့်လွှတ်ပေးပါဗျာ။ ကျုပ်ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်မလုပ်ရဲတော့ပါဘူး။ တော်ဝင်နယ်မြေကိုလည်း ဘယ်တော့မှ လာမနှောင့်ယှတ်တော့ ပါဘူး။ ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ။ ကျုပ်တောင်းပန်ပါတယ် တော်ဝင်သခင်”

ရန်ကိုင်က ထိုလူကြီးကို အထင်တသေးဖြင့် စိုက်ကြည့်လျက် နှာခေါင်းရှုံ့ကာ “ဘာတွေ ဒီလောက်တောင် ကြောက်နေတာလဲ။ ဒီတစ်ကြိမ်တော့ ကျုပ်ခင်ဗျားကို သတ်ဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် ကျုပ်အတွက် သတင်းစကားတစ်ခွန်းတော့ ပါးပေးဖို့ လိုလိမ့်မယ်”

ထိုစကားကို ကြားလိုက်သည်နှင့် သက်လတ်ပိုင်းလူကြီးက ချက်ချင်းပဲ ကြက်အစာကောက်သည့်ပမာ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်လေသည် “ကျေးဇူးပြုပြီးပြောပါ၊ တော်ဝင်သခင်”

“ခင်ဗျားတို့ကို ဘယ်သူ လုပ်ခိုင်းလိုက်တာပဲ ဖြစ်ဖြစ်၊ အဲ့လူကို သွားပြန်ပြောလိုက်။ နောက်တစ်ကြိမ် ကျုပ်ဒေါသထွက်အောင် ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေ ထပ်သုံးဦးမယ်ဆိုရင် သူ့ဂိုဏ်းဆီ အလည်လာပြီး သူ့တစ်မိသားစုလုံးကို သတ်ပစ်မယ်လို့။ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးတောင် အသက်မရှင်စေရဘူးလို့”

ထိုလူအိုကြီး၏ အမူအရာ ညိုးကျသွားခဲ့လေသည်။ ရန်ကိုင် သူတို့၏ အစီအစဉ်ကို ကြိုမြင်နေခဲ့သည်မှာ ကြာပြီဖြစ်မှန်း ချက်ချင်းပဲ နားလည်သွားလိုက်ကာ အလျင်အမြန် ခေါင်းညိတ်၍ “တော်ဝင်သခင် ပြောတဲ့အတိုင်း ကျုပ်ကျိန်းသေ ပြန်ပြောလိုက်ပါမယ်”

“သွားတော့” ရန်ကိုင်က ဟောက်လိုက်သည်။

သက်လတ်ပိုင်းလူကြီးလည်း နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်၍ ခြေကုတ်သုတ်ကာ ထွက်ပြေးတော့လေသည်။

ထိုလူထွက်ပြေးသွားသည်ကိုကြည့်ရင်း ရှီခွန်အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး “တော်ဝင်သခင်၊ ဒါက ကျုပ်တို့ကို ပြဿနာ ဖြစ်စေလောက်မလား”

“စိတ်မပူနဲ့။ အားယားနေတဲ့ ဘာမဟုတ်တဲ့ ကောင်တွေကို ဘယ်သူမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ သူတို့ သေရင်လည်း သေတာပဲပေါ့” ရန်ကိုင်က ခေါင်းခါရမ်း၍ “နောက်တစ်ကြိမ် တော်ဝင်နယ်မြေကို မကောင်းကြံနေတဲ့ လူတစ်ယောက်တွေ့ရင်၊ တကယ် မကောင်းကြံနေမှန်း အတည်ပြုပြီးသွားလို့ရှိရင် တစ်ခါတည်း တန်းသတ်ပစ်လိုက်။ ဘာမှ မေးနေစရာ မလိုဘူး”

“ဟုတ်ကဲ့ပါ” ရှီခွန်က ချက်ချင်းပဲ ပြန်ဖြေလိုက်လေသည်။ ရန်ကိုင်ကို ကြည့်သည့် သူ့အကြည့်ထဲ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့သည်။

လက်ရှိ တော်ဝင်သခင်နှင့် ယခင် တော်ဝင်သခင်ဟောင်း တို့သည် ကွဲပြားစား လူနှစ်မျိုးနှစ်စားဖြစ်မှန်း ရှီခွန် သိသွားခဲ့လေပြီ။ တော်ဝင်သခင်ဟောင်းသည် မိမိ၏ ဂုဏ်သတင်း မပျက်အောင်၊ တော်ဝင်နယ်မြေ နာမည်မပျက်ရအောင် သေသေချာချာ စဉ်းစားတွေးတောပြီးမှ လုပ်တတ်သည်။ တော်ဝင်နယ်မြေအား အန္တရာယ်ဖြစ်စေမည့် ဘာကိုမှ မလုပ်တတ်ချေ။

သို့သော် တော်ဝင်သခင်သစ်ကမူ ကွဲပြား၏။ သူသည် ပြတ်ပြတ်သားသား၊ ရက်ရက်စက်စက်သာ ပြုမူသည်။

ထိုပုံစံမျိုးကို ရှီခွန် နှစ်သက်ခြင်း ဖြစ်သည်။

လူငယ်သည် ပို၍ သွေးဆူလွယ်ပေသည်။ နောက်နောင်တွင် တော်ဝင်နယ်မြေသည်လည်း တော်ဝင်သခင်ကဲ့သို့ အားမာန်အပြည့် နှင့် ဖြစ်လာပါစေဟု မျှော်လင့်နေမိသည်။

တောင်ထွတ်ကိုလုံး အပြင်ဘက်တွင် ရစ်သီရစ်သီ လုပ်နေသော ကျင့်ကြံသူများသည် အမှိုက်တစ်သိုက်သာ ဖြစ်သည်။ ထိုသူများကို ရန်ကိုင် မျက်လုံးထဲ မထည့်။ လမ်းကြုံ တိုက်ဆိုင်သွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ယခုကိစ္စ၌ ဘယ်တော့မှ ဝင်ပါခဲ့လိမ့်မည် မဟုတ်ချေ။

ရှီခွန်အား ညွှန်ကြားစရာ ရှိသည်များကို ညွှန်ကြားပြီးနောက် တောင်ထွတ်ကိုးလုံးဆီသို့ ပြန်လာခဲ့လေသည်။

လီရုန်သည်လည်း သူတော်စင်လက်နက်များကို ပြန်ဝေပေးရမည်ဟူသော အကြောင်းပြချက်ဖြင့် သူ့ကလန်သားများဆီသို့ ပြန်သွားလေသည်။

တော်ဝင်သခင်ရုံးတော်…

ဤနေရာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် နေသော အဆောက်အအုံ ဖြစ်ပေသည်။

တော်ဝင်သခင်အားလုံးသည် ဤခမ်းနားကြီးကျယ် အဆင့်မြင့်သော နန်းတော်ထဲ နေထိုင်ရာ အကောင်းဆုံးသော ရှုခင်းကို ခံစားကာ အသိပ်သည်းဆုံးသော မိုးမြေစွမ်းအင်ဖြင့် ကျင့်ကြံကြရသည်။

ရန်ကိုင်သည် တော်ဝင်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာသဖြင့် ဤနေရာသည်လည်း သူ့အပိုင် ဖြစ်လာခဲ့ပေသည်။

သူ့အပြင် ဤနေရာတွင် နေသော အခြားတစ်ယောက် ရှိပေသေးသည်… သူတော်စင်မ အန်လင်းအာပင် ဖြစ်သည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ရိုးရာအစဉ်အလာအရ သူတော်စင်မအားလုံးသည် တော်ဝင်သခင်နှင့် အတူနေကြသည်။ သူတော်စင်မတစ်ယောက် သိထားသည့်၊ သင်ကြားခဲ့ရသည့် အရာအားလုံး၊ သူတို့၏ ခွန်အားနှင့် အသက်ပင်လျှင် တော်ဝင်သခင်အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။

သူတော်စင်မ အားလုံး၏ ခေါင်းထဲသို့ ထိုကဲ့သို့သော အတွေးများကို ငယ်ရွယ်စဉ်ကတည်းက ရိုက်သွင်းထားခဲ့ခြင်း ဖြစ်ပေသည်။

ရန်ကိုင် ပြန်ရောက်လာသည့်အခါ သူမ၏ ကိုယ်ပိုင် ခြံဝန်းအပြင်ဘက်တွင် ထိုင်နေသော အန်လင်းအာကို တွေ့လိုက်ရသည်။ အမူအရာ ကင်းမဲ့စွာဖြင့် ခေါင်းကို လက်ဖြင့် ထောက်ထားလျက် အနည်းငယ် နီရဲမို့အစ်နေသော မျက်လုံးများဖြင့် အသိစိတ်ကင်းမဲ့စွာ အရှေ့တည့်တည့်သို့ ငူငူကြီး ငေးကြည့်နေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကိုပင် သူမ သတိမပြုမိခဲ့။

ရန်ကိုင် သူမရှေ့တည့်တည့်တွင် ထိုင်ချလိုက်သည့် အခါမှသာ အန်လင်းအာ အသိဝင်လာပြီး အလျင်အမြန် ဦးညွှတ်လိုက်လေသည် “တော်ဝင်သခင် ပြန်လာပြီလား”

“အဲ့လို မလုပ်စမ်းပါနဲ့ဟာ” ရန်ကိုင်က ပြုံး၍ လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ပြီး “သူတော်စင်မနန်… အခြေအနေ ဘယ်လိုရှိလဲ”

ရန်ကိုင် ထိုအကြောင်း စလိုက်သည်နှင့် အန်လင်းအာ ပို၍ပင် စိတ်ဓါတ်ကျသွားဟန်ရကာ တိုးတိုးလေး ပြန်ပြောလာခဲ့လေသည် “ဘာမှမထူးခြားသေးဘူး…”

“နင်ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ”

“သူ့စိတ်အစွဲကို ဖြေရှင်းပေးချင်တာပဲ။ ဒါပေမယ့် ဘယ်လို ဆက်လုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်”

သူတော်စင်မနန်သည် အသက်ရှင်နေသော အလောင်းကောင် ဖြစ်ပေသည်။ သူမ ဆက်လက် လှုပ်ရှားနေရခြင်းသည် စိတ်အစွဲ ကြောင့်ပင် ဖြစ်သည်။ ထိုစိတ်အစွဲကို ဖြေရှင်းလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်သည်လည်း လှုပ်ရှားခြင်း ရပ်တန့်သွားမည်ဖြစ်ပြီး အေးအေးဆေးဆေး အနားယူနိုင်ပေလိမ့်မည်။

ရန်ကိုင် သိထားသလောက်အရ အလွယ်ကူဆုံး နည်းလမ်းသည် သူတော်စင်မနန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖျက်စီးလိုက်ခြင်းပင်။ သို့သော် အန်လင်းအာသည် သူတော်စင်မနန်အပေါ် အတော်လေး နှစ်သက်လေရာ ထိုကဲ့သို့ လုပ်ချင်လိမ့်မည် မဟုတ်ချေ။

“တော်ဝင်နယ်မြေရဲ့သမိုင်းကြောင်းမှာရော အခုလို ဖြစ်ပျက်ခဲ့ဖူးတာတွေ ရှိလား” ရန်ကိုင်က မျက်မှောင်ကြုံ့လျက် မေးလိုက်လေသည်။

ရှိတယ်” အန်လင်းအာက သူမ၏ မျက်ရည်စများကို သုတ်လျက် “နဂိုတုန်းကလည်း အခုလိုမျိုး ဖြစ်ဖူးတယ်”

“အဲ့လိုဆိုရင် နင်စိတ်ရှည်ဖို့ လိုလိမ့်မယ်။ နင်သာ လက်မလျှော့သွားသရွေ့ တစ်နေ့နေ့တော့ အဖြေကို တွေ့မှာပဲ”

“ငါလည်း အဲ့လို ထင်တာပဲ…”

ခဏအကြာတွင် အန်လင်းအာ၏ အမူအရာ ကတိကအောက် ဖြစ်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ သူမပုံစံမှာ တစ်ခုခုကို ပြောချင်သော်လည်း တုန့်ဆိုင်းနေသလိုလို…

ပြုံးလိုက်ပြီး ရန်ကိုင်က ပြောလိုက်လေသည် “ငါနဲ့ စကားပြောရင် တုန့်ဆိုင်းတာတွေ၊ လွန်ဆွဲတာတွေ လုပ်နေစရာ မလိုဘူး။ နင်ပြောချင်တာရှိရင် လွတ်လွတ်လပ်လပ်သာ ပြောလိုက်။ ငါကူညီနိုင်ရင် အကောင်းဆုံး ကူညီပေးမယ်”

အန်လင်းအာ ရှက်သွေးဖြာသွားခဲ့ပြီး နှုတ်ခမ်းလေးကို ကွေးလျက် တိုးတိုးလေး ပြောလိုက်လေသည် “ဘာမှတော့ မဟုတ်ပါဘူး။ ဟိုဟာ… အကြီးအကဲတွေက မေးလာနေလို့…”

“ဘာကို မေးတာလဲ”

“ငါတို့… အကြောင်းလေ” အန်လင်းအာ၏ မျက်နှာလေး ပို၍ပင် နီးမြန်းသွားခဲ့ရလေပြီ။ ထိုစကားလုံးများကို မနည်း ဖျက်ညစ်ပြောလိုက်ရပြီးသည့်နောက် သူမ၏ မျက်ဝန်းလေးများ အရည်လဲ့လာခဲ့လေသည်။

ရန်ကိုင်လည်း ကြာကြားချင် ကြောင်းသွားခဲ့ပြီး ခဏအကြာမှ အသိပြန်ဝင်လာခဲ့ကာ ခါးခါးသီးသီး ပြုံးလျက် “သူတို့ ဘာလို့ ဒီကိစ္စကို ဒီလောက်တောင် ဂရုစိုက်နေတာလဲ မသိဘူး”

“သူတို့လည်း စိတ်ပူနေမှာပေါ့…” အန်လင်းအာက မဲ့ရယ် ရယ်လိုက်ပြီး “နင်က တော်ဝင်သခင်လေ။ သူတို့အားလုံးက နင့်ကို ပိုပြီး မြန်မြန် အားကောင်းလာစေချင်နေတာ”

တော်ဝင်သခင်တိုင်းသည် သူတို့၏ သူတော်စင်မများဖြင့် လေ့ကျင့်ခြင်းဖြင့် မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် သူတို့၏ ခွန်အားများကို မြှင့်တင်နိုင်ပေသည်။

ထို့အပြင် တော်ဝင်သခင်တိုင်းသည် သူတော်စင် တတိယအထွဋ်အထိပ်အဆင့် ပညာရှင်များ ဖြစ်ကြသည်။

တော်ဝင်နယ်မြေ နှစ်ပေါင်းများစွာကြာအောင် တည်တံ့ခဲ့ရခြင်းသည် ထိုအချက်ကြောင့်ပင် ဖြစ်လေသည်။

“နင်ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားလဲ” ရန်ကိုင်က အန်လင်းအာကို အလေးအနက် စိုက်ကြည့်လျက် မေးလိုက်သည်။

အန်လင်းအာ ခေါင်းလေး ငုံ့သွားခဲ့ပြီး အဝတ်စကို လက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ အနည်းငယ် ကသိကအောက် ဖြစ်နေသည့် လေသံဖြင့် “ငါတို့တွေက တော်ဝင်သခင်ရဲ့ အမိန့်ကို နာခံဖို့ ငယ်ငယ်လေးကတည်းက သင်ကြားပေးခံခဲ့ရတဲ့ သူတော်စင်မတွေပဲ။ ပြီးတော့ တော်ဝင်သခင်အပေါ် အရာရာ ပေးဆပ်ပေးဖို့။ ဒါကြောင့် ဒီကိစ္စနဲ့ပက်သက်ပြီး… နင်ပဲ ဆုံးဖြတ်လိုက်။ နင်ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ငါလက်ခံမယ်”

အန်လင်းအာ၏ နှိမ့်ကျရိုကျိုး၊ နာခံသော ပုံစံလေးကို ကြည့်ပြီး ရန်ကိုင်စိတ်တို့ ရုန်းကြွလာခဲ့ရသည်။သို့သော် မလုပ်ရက်။

သူတော်စင်မ တစ်ယောက်ချင်းစီတိုင်းသည် တစ်သန်းတွင် တစ်ယောက်ပင် တွေ့ရခဲလှသော အလှဂဟေးများ ဖြစ်ကြပေသည်။ စကားဖြင့်ပြောရလျှင် သူမတို့ကို မြင်သည့် ယောကျာ်းတိုင်း စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါချေ။

ရန်ကိုင်ပင်လျှင် ယခုအချိန်၌ အန်လင်းအာသည် အတော့်ကို စွဲမက်ဖွယ်ကောင်းလှသည်ဟု ထင်မြင်နေမိသည်။

အသာအယာ သက်ပြင်းချလျက် မျက်နှာထားကို ပြင်၍ ရန်ကိုင်က ပြန်ပြောလိုက်သည် “ငါတို့တွေက မိတ်ဆွေတွေလို့ နင်အရင်က ငါ့ကို ပြောခဲ့ဖူးတယ်မလား”

အန်လင်းအာ ခေါင်းညိတ်ပြသည်။

“ငါတို့တွေက မိတ်ဆွေတွေ ဖြစ်မှတော့ ငါနင့်ကို အမှန်အတိုင်း ပြောရတော့တာပေါ့…” ရန်ကိုင်အမူအရာ လေးနက်တည်ကြည် သွားပြီး ဆက်ပြောလိုက်သည် “တော်ဝင်သင်္ချိုင်းထဲ ဝင်သွားတတုန်းက တော်ဝင်သခင်တိုင်း သူတို့ ခွန်အားကို ဘာလို့ အလျင်အမြန် တိုးတက်လာအောင် လုပ်နိုင်လဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို ငါရှာတွေ့ခဲ့တယ်”

“ဘာလို့လဲ” အန်လင်းအာ စိတ်မဝင်စား မနေနိုင်ခဲ့။ သူမသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ သူတော်စင်မတစ်ယောက် ဖြစ်သော်ငြား ထိုလျှို့ဝှက်ချက်နှင့် ပက်သက်ပြီး သူမ နည်းနည်းလေသာ သိပေသည်။

“တော်ဝင်သခင်တိုင်းက သူတော်စင် တတိယအဆင့်ကို အချိန်တိုအတွင်း ရောက်နိုင်ဖို့ သူတို့ကိုယ်တိုင်နဲ့ သူတော်စင်မ တွေရဲ့ အသက်စွမ်းအင်ကို လောင်ကျွမ်းခဲ့တာ”

“အသက်စွမ်းအင်ကို လောင်ကျွမ်းတာလား”

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်၍ သေသေချာချာ ရှင်းပြလိုက်သည် “လူတိုင်းရဲ့ အသက်စွမ်အားက တူညီကြတာ မဟုတ်ဘူး။ အသက်စွမ်းအားကောင်းတဲ့ လူတွေက အသက်စွမ်းအား နည်းတဲ့လူတွထက် ပိုပြီး ကြာကြာ အသက်ရှင်နိုင်ကြတယ်။ ပြီးတော့ ကျင့်ကြံခြင်းအဆင့် တိုးလာတာနဲ့ လူတစ်ယောက်ရဲ့ အသက်စွမ်းအားလည်း တိုးလာတာပဲလေ။ တော်ဝင်သခင်တွေ လေ့ကျင့်ခဲ့တဲ့ ကျင့်စဉ်က သူတို့ရဲ့ အသက်စွမ်းအင်နဲ့ သူတော်စင်မတွေရဲ့ အသက်စွမ်းအင်ကို စတေးပြီး သူတို့ ကျင့်ကြံနှုန်းကို မြန်နှုန်း မြှင့်ပစ်တာပဲ။ ဒါကြောင့်ပဲ တော်ဝင်သခင်တိုင်းက အားကောင်းပေမယ့် အသက်တိုနေရတာပဲ”

အန်လင်းအာ သူမ၏ ပါးစပ်လေးကို အလန့်တကြား အုပ်မိလိုက်သည်။

“အဲ့လို ချို့ယွင်းချက် အကြီးကြီးပါတဲ့ ကျင့်စဉ်ကို ငါကျင့်ကြံမှာ မဟုတ်ဘူး။ နင့်ကိုလည်း ကျင့်ကြံခိုင်းမှာ မဟုတ်ဘူး” ရန်ကိုင်က အန်လင်းအာကို အလေးအနက်ထား စိုက်ကြည့်လျက် “ဘာလို့လဲဆိုတော့ ငါအသက်ရှည်ရှည် နေခိုင်လို့ပဲ။ ပြီးတော့ နင်က ငါ့မိတ်ဆွေတွေထဲက တစ်ယောက် ဖြစ်တော့ နင်စောစော သေသွားမှာကို ငါမမြင်ချင်ဘူး”

အန်လင်းအာ၏ မျက်လုံးလေးများ အရည်လဲ့၊ ရွှန်းစို တောက်ပလာခဲ့ရလေသည်။

“ဒီမှာ ငါ့သူငယ်ချင်းဆိုလို့ များများစားစား ရှိလှတာ မဟုတ်ဘူး။ ဒါပေမယ့် နင်က အဲ့ထဲက တစ်ယောက်ပဲ။ ဒါကြောင့် နောက်နောင်လည်း ငါတို့ ဒီအတိုင်း ဆက်ရှိနေနိုင်ဖို့ မျှော်လင့်တယ်။ တော်ဝင်သခင်နဲ့ သူတော်စင်မဆိုတာ အပြင်လူတွေ ခေါ်တဲ့ ငါတို့ရဲ့ နာမည်တွေပေါ့။ ဒါပေမယ့် အခုလို အချိန်မျိုးမှာ ဒီလိုမျိုး လွတ်လွတ်လပ်လပ်၊ စိတ်ရှိသလို ပြောဆိုဆက်ဆံချင်တယ်”

အန်လင်းအာ ခေါင်းညိတ်ရန် တုန့်ဆိုင်းမနေခဲ့။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၈၅) သန့်စင်ခြင်း

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ကျင့်ကြံသည့် ကျင့်စဉ်အပေါ် ရန်ကိုင် လုံးဝ စိတ်မဝင်စားချေ။ ခွန်အား တိုးတက်ရန် အတွက် အသက်စွမ်းအင်ကို စတေးခြင်းမှာ ရန်ကိုင် လိုချင်သည့် ပုံစံမျိုးမဟုတ်။

ထို့ကြောင့် ယခင်တော်ဝင်သခင်များကို ခြေရာကို လိုက်နင်းရန် သူတစ်ခါမှ မစဉ်းစားထားခဲ့။

သိုင်းတာအို၏ အထွဋ်အထိပ်သို့ မည်သို့ မည်ပုံ လျှောက်လှမ်းမည်ကို သူ့ဘာသာ စဉ်းစားထားပြီးသားပင်။

သို့သော် ယခုကဲ့သို့ လုပ်ရန် အန်လင်းအာ၏ သဘောတူညီချက်လည်း လိုပေသေးသည်။ ထို့ကြောင့် အန်လင်းအာ ခေါင်းညိတ်လိုက်သည်ကို မြင်သော် ရန်ကိုင် ပျော်လည်းပျော်၊ စိတ်သက်သာရာလည်း ရသွားခဲ့ရသည်။

“ဒါပေမယ့်… အကြီးအကဲတွေ မေးလာရင်ကော” အန်လင်းအာ စိတ်မပူဘဲ မနေနိုင်သေး “သူတို့ကြည့်ရတာ တော်တော်လေး စိုးရိမ်နေတဲ့ပုံပဲ”

“အဲ့သက်ကြားအိုကြီးတွေ ဘယ်လောက်တောင် အားယားနေလဲ မသိဘူး။ အားနေရင် သူများကိစ္စ ဝင်ရှုပ်ဖို့ပဲ စဉ်းစားနေတယ်…” ရန်ကိုင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ ယခုကိစ္စ၏ လက်သည်အရင်းမြစ်မှာ သက်ကြားအိုကြီး ရှုဟွေ ဖြစ်မှန်း ဘယ်သူ့ကိုမှ မမေးဘဲနှင့်ပင် ရန်ကိုင် သိနေလေပြီ။ အဖြစ်နိုင်ဆုံးသည် ထိုသက်ကြားအိုကြီး ရှုဟွေမှ အန်လင်းအားကို ရန်ကိုင်နှင့်အတူ ကျင့်ကြံရန် မကြာခဏ တိုက်တွန်းနေခြင်းပင် ဖြစ်ရပေမည်။

ရန်ကိုင် ပြောသည်ကို နားထောင်ပြီး အန်လင်းအာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ညိုးလျော်နေသော သူမ၏ စိတ်သည်လည်း ပို၍ လန်းဆန်းသစ်လွင်လာခဲ့ရလေသည်။

“အဲ့ဒါနဲ့ပက်သက်ပြီး အခြားဘာမှ လုပ်စရာ မရှိသေးဘူး။ သူတို့ မေးလာရင် ငါတို့စလေ့ကျင့်နေပြီလို့ပဲ ပြောလိုက်”

“ငါအဆင်ပြေတယ်… ဒါပေမယ့် ဒါကြီးကို အမြဲတမ်း ဖုံးထားလို့ ရမှာမဟုတ်ဘူးနော်” အန်လင်းအာ မျက်လုံးလေး မှေးစဉ်းသွားခဲ့ပြီး “နင်ကတော့ ပြဿနာ ရှိမှာမဟုတ်ဘူး။ နင့်အရည်အချင်းနဲ့ဆိုရင် အဲ့ကျင်စဉ်ကို မလေ့ကျင့်ရင်တောင် နင့်ခွန်အားက တစ်ဟုန်ထိုး တိုးတက်နေဦးမှာပဲ။ ဒါပေမယ့် ငါ့သာ အချိန်အရမ်း ကြာတာတောင် အဆင့်မချိုးဖျက်နိုင်ဘူး ဆိုရင်တော့ အကြီးအကဲတွေ စပြီး သံသယ ဝင်လာလိမ့်မယ်…”

“ငါကူညီပေးလို့ရတယ်” ရန်ကိုင်က ပြုံးကာ ပြောလိုက်သည်။

“နင်ဘယ်လို ကူညီပေးမှာလဲ”

ရန်ကိုင်က ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းကို ထုတ်ယူပြီး အန်လင်းအာ လက်ထဲသို့ ထည့်ပေးလိုက်ကာ ရှင်းပြလိုက်လေသည် “ဒါက အထူးစိတ်ဝိဥာဉ်ဆေးရည်ပဲ။ တစ်နေ့တစ်စက်သာသောက်၊ နင့်ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးလိမ့်မည်။ နင့်အရည်အချင်းတင် မကဘူး၊ နင့်ခွန်အားပါ တဖြည်းဖြည်း တိုးတက်လာမှာ”

ရန်ကိုင် ပေးသော ကျောက်စိမ်းပုလင်းကို အန်လင်းအာ မယုံ့တယုံဖြင့် လက်ခံထားလိုက်သည်။ သို့သော် ဆေးပုလင်း အဖုံးကို ဖွင့်၍ အနံ့ကို ရှုရှိုက်လိုက်သည့်အခါ သူမတစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသဖြင့် စိတ်ထဲ အံ့ဩသွားကာ ရဣ်ကိုင်အား တောက်ပစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် “ဒါက တကယ်ကြီး အသုံးဝင်တာလား”

“အသုံးဝင်တာပေါ့၊ ဘာလို့ မဝင်ရမှာလဲ” ရန်ကိုင်က ခေါင်းညိတ်ပြကာ ဆက်ပြောလိုက်သည် “သုံးလို့ကန်ုသွားရင် ငါ့ကို လာရှာလိုက်။ ငါနင့်ကို ထပ်ပေးမယ်”

“အဲ့လိုဆိုရင် ငါကလည်း ဝမ်းပန်းတသာနဲ့ အသုံးပြုပေးရမှာပေါ့။ ကျေးဇူးတင်ပါတယ်” အန်လင်းအာက ပြုံးကာ ပြောလိုက်သည်။ ရန်ကိုင်နှင့် ခဏလောက် စကားပြောလိုက်ပြီးနောက် ညိုးလျော်နေသော သူမ၏ စိတ်ကလေး ရေဆွတ်ခံလိုက်ရသည့်ပမာ တစ်ဖန်ပြန်လည် လန်းဆန်း၊ တက်ကြွလာခဲ့ရလေသည်။

စကားနည်းနည်းလောက် ထပ်ပြောပြီးနောက် အန်လင်းအာ ထွက်သွားခဲ့သည်။

သူတံခါးပိတ်ကျင့်စဉ် ဝင်တော့မည် ဖြစ်သဖြင့် သူ့အား လာမနှောင့်ယှတ်ရန် ရှုဟွေနှင့် လီရုန်အား ကောင်းကင် စိတ်အာရုံဖြင့် လှမ်းအကြောင်းကြားလိုက်လေသည်။

အကြောင်းကြားလိုက်ပြီးနောက် တော်ဝင်ရုံးတော်မှ ထွက်ကာ တော်ဝင်သင်္ချိုင်းဆီသို့ သွားလိုက်သည်။

တော်ဝင်သင်္ချိုင်းသည် တံခါးပိတ်ကျင့်စဉ်ဝင်ရန် အတွက် အရမ်းကိုမှ ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။ တော်ဝင်သခင်လက်စွပ် ပိုင်ဆိုင်ထားသော ရန်ကိုင်မှလွဲ၍ အခြားဘယ်သူမှ တော်ဝင်သင်္ချိုင်းထဲ မဝင်နိုင်သဖြင့် တစ်ယောက်ယောက် လာနှောင့်ယှတ်မည်ကို စိုးရိမ်နေစရာ မလိုချေ။

တော်ဝင်သင်္ချိုင်းရှေ့ ရောက်သွားနှင့် အပေါက်ထဲ လက်စွပ်ကို ထည့်ကာ ဝင်ပေါက်ဖွင့်လိုက်ပြီး အထဲသို့ ဝင်သွားလိုက်လေသည်။

တော်ဝင်သင်္ချိုင်းသည် ခါတိုင်းကဲ့သို့ မှုံ့မှိုင်းနေခဲ့သည်။

လှည့်ပတ်ကြည့်လိုက်ပြီးနောက် နေရာတစ်ခုရှာကာ တင်ပလင်ခွေ ထိုင်ချလိုက်သည်။

ထို့နောက် ကြယ်တာရာကောင်းကင်ထဲမှ ရခဲ့သော လွန်းပျံယာဉ်ကို ထုတ်ယူ၍ သေသေချာချာ စတင် စစ်ဆေးတော့လေသည်။

ထိုလက်နက်ထဲ ဆန်းကြယ်သော စွမ်းအားတစ်ရပ် ရှိနေသည်ကို ရန်ကိုင် ခ့စားမိသည်။ သို့သော် အတွင်းပိုင်းထဲ ထိုးထွင်းထားသော စိတ်ဝိဥာဉ်အစီအရင် များစွာ ရှိနေသဖြင့် ထိုစိတ်ဝိဥာဉ်အစီအရင်များကို သန့်စင်ခြင်းမရှိဘဲ ထိုလွန်းပျံယာဉ်အား မည်ကဲ့သို့ အသုံးပြုရမည်ကို သူသိလိမ့်မည် မဟုတ်ချေ။

သေချာအာရုံစိုက်လျက် ထိုလွန်းပျံယာဉ်၏ မျက်နှာပြင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးတော့လေသည်။ ထို့နောက် ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံများကို သေချာစစ်ဆေးရင်း အပြင်ပိုင်းကို ချိုးဖျက်၍ သန့်စင်ရန် လုပ်ဆောင်တော့လေသည်။

လက်နက်တစ်ခုကို သန့်စင်ရန်၊ ပထမဆုံး လုပ်ရမည့် အရာသည် မိမိ၏ ဝိဥာဉ်အမှတ်အသားကို ချန်ထားရန်ပင်။ ထိုသို့ လုပ်ပြီးမှသာ ထိုလက်နက်ကို သန့်စင်နိုင်ပေလိမ့်မည်။

ဝိဥာဉ်အမှတ်အသားကို ချန်ထားပြီးသည်နှင့် ထိုလက်နက်ကို မိမိ၏ အသိစိတ်ပင်လယ်ထဲသို့ ဆွဲသွင်းနိုင်ပြီး အစစ်အမှန်ချီ၊ စိတ်စွမ်းအင်တို့ဖြင့် အားဖြည့်ပေးနိုင်လေသည်။

လုံလောက်အောင် အားဖြည့်ပေးပြီးသည့်အခါ လက်နက်သည် ပိုင်ရှင်နှင့် ပဲ့တင်ထပ်လာပေလိမ့်မည်။ ထိုအခါကျ လက်နက်ကို စတင်၍ အသုံးပြုလို့ ရပြီဖြစ်သည်။

လက်နက်တစ်ခုကို အသိစိတ်ပင်လယ်ထဲသို့ ဆွဲယူပြီးသည့်တိုင် လက်နက်၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။

ကျင့်ကြံသူများ လက်နက်တစ်ခုပြီးတစ်ခု အလွယ်တကူ မပြောင်းလဲရခြင်းမှာ လက်နက်တစ်ခုကို သန့်စင်ရင် အချိန် လိုအပ်သည့်အတွက်ကြောင့်သာမက၊ လက်နက်ကို အားဖြည့်ပေးရန် အချိန်အကြာကြီး ယူရသည့်အတွက်ကြောင့်လည်း ဖြစ်ပေသည်။ လက်နက်နှင့်ပိုင်ရှင် ပဲ့တင်ထပ်သွားသည့်အခါ အသုံးပြုသူသည် လက်နက်၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးနိုင်ပေလိမ့်မည်။

လက်နက်အသစ်များ၊ မရင်းနှီးသည့် လက်နက်များကို အသုံးပြုခြင်းသည် မိမိ၏ တိုက်ပွဲစွမ်းအားကို ထင်သလောက် တိုးတက်စေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ကိုယ်ပိုင်ခွန်အားသည် သန့်စင်ထားပြီးသော လက်နက်ထက် ကျော်သွားသည့်အတွက်ကြောင့် မဟုတ်လျှင် ကျင့်ကြံသူတစ်ယောက်သည် ထိုလက်နက်အား အခြားလက်နက် တစ်ခုဖြင့် အလွယ်တကူ အစားထိုးလိမ့်မည် မဟုတ်ချေ။

လက်နက်အသစ်ဖြင့် အစားထိုးချင်လျှင်ပင် ကျင့်ကြံသူ အများစုသည် သူတို့ ကျင့်ကြံထားသည့် ကျင့်စဉ်၊ သိုင်းပညာရပ် များနှင့် ကောင်းကောင်းလိုက်ဖက်သော လက်နက်များကိုသာ ရွေးချယ်တတ်ကြသည်။

ကျင့်ကြံသူများစွာတို့သည် လက်နက်သန့်စင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို ကိုယ်တိုင်ရှာဖွေပြီး သူတို့လိုချင်သော လက်နက်ကို လက်နက်ပညာရှင်တစ်ယောက်အား ခေါ်ယူ၍ သန့်စင်ခိုင်းတတ်သည်။

ကျွမ်းကျင်သော လက်နက်ပညာရှင်များသည် ကျင့်ကြံသူ တစ်ယောက်နှင့် ကောင်းကောင်း ကိုက်ညီမည့် လက်နက်များကို သန့်စင်ပေးနိုင်ကြလေသည်။

သို့သော် ရန်ကိုင်သည် လက်နက်များနှင့် ပက်သက်လာလျှင် အရမ်းကြီး မရေးမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် လက်နက်စွမ်းအားအပေါ် သိပ်ပြီး မမှီခိုသောကြောင့် ဖြစ်သည်။ သူ့တွင် ရှိလျှင်သာ သုံးတတ်သည်။ မရှိလျှင် မသုံးချေ။ လက်နက် သန့်စင်ရန်အတွက်လည်း လိုအပ်သော ကုန်ကြမ်းများကို တကူးတက လိုက်ပြီးတော့လည်း ရှာမနေပေ။

လွန်းပျံယာဉ်အား‌ ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် အတွင်ပိုင်းမှ မှိန်ဖျော့ဖျော့ ဝိဥာဉ် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်လေသည်။

ထိုဝိဥာဉ်အမှတ်အသားသည် ယခင်ပိုင်ရှင်၏ ဝိဥာဉ် အမှတ်အသားပင် ဖြစ်လေသည်။

ပထမဆုံး လုပ်ရမည့်အရာ ထိုဝိဥာဉ်အမှတ်အသားကို ဖျက်ပစ်၍ သူ့ကိုယ်ပိုင် ဝိဥာဉ်အမှတ် ခတ်နှိပ်ရန်ပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီသည့်နောက် အတွင်းပိုင်းရှိ ဝိဥာဉ် အရှိန်အဝါသည် အတော်လေး ဖျော့တော့သွားသော်လည်း တော်တော်လေးကို အားကောင်းနေသေးမှန်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။

ထိုလွန်းပျံယာဉ်၏ မူရင်းပိုင်ရှင်သည် အနည်းဆုံး သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်ရပေမည်။

ထိုကဲ့သို့သော ပညာရှင်တစ်ယောက် ကြယ်တာရာကောင်းကင် ထဲ ကျဆုံးသွားသည်ကို စဉ်းစားရင်း ရန်ကိုင် သက်ပြင်း ချမိလိုက်သည်။

ထိုအချက်ကြောင့် ကြယ်တာရာကောင်းကင် မည်မျှ အန္တရာယ်များကြောင်းကို ရန်ကိုင် ထပ်မံ သိလိုက်ရပြန်သည်။ ကြယ်တာရာကောင်းကင်ထဲ နှစ်ကြိမ်တိုင်တိုင် ရောက်ဖူးခဲ့သော်ငြား သဲကန္တာရထဲရှိ သဲတစ်ပွင့်လောက်စာမျှသော အရာများကိုသာ မြင်တွေ့ခဲ့ရသည်။ ကြယ်တာရာကောင်းကင်၏ အစစ်အမှန် အန္တရာယ်များကို မမြင်တွေ့ဖူးသေးချေ။

ထိုအန္တရာယ်များသည် သူတော်စင် တတိယအဆင့် ပညာရှင်များပင် မခုခံနိုင်သော အန္တရာယ်များ ဖြစ်ကြပေသည်။

အတွေးများကို စုစည်း၍ လွန်းပျံယာဉ်ထဲသို့ သူ့စိတ်စွမ်းအင်ကို ပို့လွှတ်လိုက်သည်။

ရှစ်… ရှစ်…

လက်နက်ထဲ ကျန်ရစ်နေခဲ့သော ဝိဥာဉ်အမှတ်အသားသည် ချက်ချင်းပဲ ရှင်းထုတ်ပစ်ခံလိုက်ရလေသည်။

ထို့နောက် အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်ကို စုစည်း၍ သူ့ကိုယ်ပိုင် ဝိဥာဉ်အမှတ်အသားကို ခတ်နှိပ်ရန် စတင် ကြိုးစားတော့လေသည်။

တဖြည်းဖြည်းနှင့် ရန်ကိုင်၏ အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်သည် လွန်းပျံယာဉ်ထဲသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်စ ပြုလာခဲ့လေပြီ။

ထိုလက်နက်သည် သူ့အစစ်အမှန်ချီနှင့် သဟဇာတဖြစ်မှန်း သိလိုက်သည့်အခါမှပဲ သူ့ရင်ထဲရှိ အလုံးကြီး ကျသွားခဲ့ရသည်။ သဟဇာတ မဖြစ်ဘဲ သူ့အရှိန်အဝါကိုသာ ဆန့်ကျင်နေပါက သူမည်မျှပင် ကြိုးစားပါစေ လိုလက်နက်ကို သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့နောက် လွန်းပျံယာဉ်ထဲမှာ သူ့အသိစိတ်ကို ပြန်ရုတ်လိုက်ကာ စိတ်စွမ်းအင်၊ အစစ်အမှန်ချီဖြင့်သာ ဆက်လက် သန့်စင်စေလိုက်သည်။ ပြီသည့်အခါ သူ့အသိစိတ်ကို အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲသို့ ပို့လိုက်လေသည်။

ရန်ကိုင် ရောက်လာသည့်အခါ နတ်ဘုရားသစ်ပင်က သူ့အား လာရောက်နှုတ်ဆက်ခဲ့သည်။ သို့သော် နတ်ဘုရားသစ်ပင် ပျော်မနေခဲ့ချေ။

“ဘာဖြစ်လို့လဲ” ရန်ကိုင် စိုးရိမ်သွားခဲ့ပြီး အလျင်အမြန် မေးလိုက်လေသည်။

“ဘာမှတော့ မဟုတ်ပါဘူး။ အထီးကျန်သလို ခံစားနေရရုံပါပဲ” နတ်ဘုရားသစ်ပင်က ပြန်ပြောလိုက်သည် “ဒီနေရာမှာ ကျုပ်တစ်ယောက်တည်းပဲ တစ်ချိန်လုံး ရှိနေရတာလေ။ ဒီတော့ ခင်ဗျား မရှိတဲ့အချိန် ကျုပ်တစ်ယောက်တည်းပဲ အချိန်ဖြုန်းနေရတယ်”

ယခင်က နတ်ဘုရားသစ်ပင် ယခုကဲ့သို့ တစ်ခါမှ မပြောခဲ့ဖူးချေ။

“တောင်းပန်ပါတယ်” ရန်ကိုင်က တောင်းပန်လိုက်လေသည် “ဒီနေရာထဲကို သက်ရှိတွေ ခေါ်မလာပေးနိုင်လို့ပါကွာ။ မဟုတ်ရင် မင်းအတွက် အဖော်ရှာပေးပါတယ်… အင်း၊ အရင်တုန်းက ဒီနေရာမှာ ယင်ယန်မွန်းစတား ဂျင်ဆင်း ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒါ မရှိတော့တာ တော်တော်လေးတောင် ကြာနေပြီ”

“ယင်ယန်မွန်းစတားဂျင်ဆင်းလား၊ အဲဒါ့ဘာကြီးလဲ”

“လောကရတနာတစ်မျိုးပဲ” ရန်ကိုင်က ရှင်းပြလိုက်လေသည် “ဟုတ်သားပဲ၊ လောကရတနာတွေမှာ ကိုယ်ပိုင် အသိစိတ် ရှိတာပဲ။ ငါမင်းအတွက် ရှာကြည့်ပေးမယ်”

ထိုစကားကို ကြားလိုက်သည်နှင့် နတ်ဘုရားသစ်ပင် ပျော်သွားခဲ့ပြီး အလျင်စလို ပြန်ပြောလလေသည် “ဘာတွေ စောင့်နေသေးတာလဲ။ ကျုပ်အတွက် နည်းနည်းလောက် ရှာပေးတော့လေ”

“ဒီလောက် အလျင်မလိုနဲ့လေ” ရန်ကိုင်က ရယ်သွမ်း သွေးလိုက်ပြီး “ငါအခုလောလောဆယ် မအားသေးဘူးကွ။ တံခါးပိတ်ကျင့်စဉ် ဝင်နေလို့။ ဒါပေမယ့် ငါအပြင်ထွက်တာနဲ့ မင်းအတွက် အဖော်ရှာပေးမယ်လို့ ငါကတိပေးတယ်။ ဒါပေမယ့် ငါကြိုသတိပေးထားမယ်နော်။ လောကရတနာတွေဆိုတာ အရမ်းကို ရှားတာဆိုတော့ တစ်ခုကို ရှာတွေ့ဖို့တောင် တော်တော်လေး အချိန်ယူရလိမ့်မယ်”

“အို” နတ်ဘုရားသစ်ပင် နည်းနည်း စိတ်ပျက်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “ကျုပ်စောင့်နိုင်တယ်”

ရန်ကိုင်က ခေါင်းညိတ်၍ ရိုးရိုးသားသား ပြောလိုက်သည် “စိတ်မပူနဲ့။ ငါမင်းအတွက် အဖော်ရှာပေးမှာပါ”

“ကျုပ်ခင်ဗျားကို ယုံတယ်”

“ဒီကျောက်တုံးနှစ်တုံးနဲ့ ပက်သက်ပြီး ဘာတွေ ထူးခြားသေးလဲ”

“ဘာမှမထူးခြားသေးဘူး။ အရင်အတိုင်း သတ္တုတွေရဲ့ အဆီအနှစ်ကို စုပ်ယူနေတုန်းပဲ။ အခုနောက်ပိုင်း ပိုပိုပြီး အစားကြီးလာတာပဲ ရှိတာ”

“အို” ရနက်ိုင် အံ့အားသင့်သွားခဲ့ပြီး ထိုအနက်ရောင် ကျောက်တုံးနှစ်တုံးရှေ့သို့ ချက်ချင်း ရောက်သွားခဲ့သည်။ နတ်ဘုရားသစ်ပင် ပြောခဲ့သလိုပင်၊ ကြယ်တာရာကောင်းကင်ထဲ သူနှင့် လီရုန် စုဆောင်းရရှိခဲ့သော သတ္တုများကို ဤနေရာ၌ ထားရစ်ခဲ့ပြီးနောက် အနက်ရောင်ကျောက်တုံးနှစ်တုံး ပို၍ စားသောက်နှုန်း ကြီးလားမှန်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။

ရက်အနည်းငယ်အတွင်း ထိုကျောက်တုံးနှစ်တုံးသည် ယခင် တစ်လစာနှင့် ညီမျှသော သတ္တုအဆီအနှစ်များကို စားသုံးပြီးသွားခဲ့လေပြီ။

စစ်ဆေးကြည့်လိုက်ရာ သတ္တုများထဲမှ စွမ်းအင် အဆီအနှစ်များသည် အနက်ရောင်ကျောက်တုံး နှစ်တုံးထဲသို့ တိုးဝင်ပျောက်ကွယ်သွားနေသည်ကို သေသေချာချာ မြင်တွေ့လိုက်ရသည်။ သတ္တုအဆီအနှစ်များကို စုပ်ယူနေသည့်နှင့် အမျှ ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းလေးများသည် လည်း ပိုပို၍ ကြည်လင်ပြတ်သားခဲ့လေသည်။

“အဲ့နှစ်ခုက ဘာကြီးလဲ။ ဘာလို့ ကျောက်တုံးတွေကို စားနေတာလဲ” နတ်ဘုရားသစ်ပင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ့ကို လာမေးမှတော့ ငါလည်း သိမလားဟ” ရန်ကိုင်က ပခုံးတွန့်ပြလိုက်ပြီး “ဒါပေမယ့် တစ်နေ့ကျရင်တော့ အဖြေ ရှာတွေ့မှာပါ။ ဆက်ပြီးတော့သာ စောင့်ကြည့်နေ။ တစ်ခုခု ထူးခြားနေပြီဆိုတာနဲ့ ငါ့ကို သတိပေးဖို့ မမေ့နဲ့နော်”

“အင်း”

နတ်ဘုရားသစ်ပင်နှင့် စကား နည်းနည်းပါးပါး ပြောပြီးနောက် အနက်ရောင်စာအုပ်ထဲမှ သူ့အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။

အချိန် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့ပြီး ယခု လဝက် ရှိသွားခဲ့လေပြီ။

ထိုလဝက်အတွင်း ရန်ကိုင်သည် လွန်းပျံယာဉ်ကို အစစ်အမှန်ချီ၊ စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် အားဖြည့်ပေးနေ ခဲ့လေသည်။

လွန်းပျံယာဉ်သည် မည်သည့်အဆင့် လက်နက်မှန်း သူမပြောနိုင်သော်လည်း ငွေရောင်သစ်ရွက်ကို သန့်စင်သည်ထက်ပင် ပို၍ အချိန်ယူသဖြင့် သာမန် လက်နက်တစ်ခု မဟုတ်မှန်းတော့ ပြောနိုင်၏။

သို့သော် လဝက်ကြာပြီးနောက် လွန်းပျံယာဉ်ထက် သူ့ဝိဥာဉ် အမှတ်အသားကို အောင်အောင်မြင်မြင် ခတ်နှိပ်နိုင်ခဲ့ပြီး ထိုလက်နက်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

နောက်ခြေလှမ်းသည်ကား ရှည်လျား ကြာညောင်းလှသော အားဖြည့်ရေး လုပ်ငန်းစဉ်ပင်။

သူနှင့် ထိုလက်နက်ကြား ပဲ့တင်ထပ်လာသည့် အခါမှပဲ ထိုလက်နက်ကို အသုံးပြုနိုင်ပေလိမ့်မည်။

အားဖြည့်ရန်အတွက် အဆက်မပြတ် အာရုံစိုက်ရန် မလိုအပ်သည်မှာ ကံကောင်းသွားသည်။ သူလုပ်စရာ လိုသည့်အရာ ဆို၍ ထိုလွန်းပျံယာဉ် သူနှင့် ပဲ့တင်ထပ်လာမည့် အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရန်သာ ဖြစ်သည်။

All Chapters