← Chapters

အန္တိမ မိစ္ဆာဘုရင်များ

Vol. 160 Ch. 2389

အန္တိမ မိစ္ဆာဘုရင်များ

Vol. 160 Ch. 2389

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

ဖုန့်စန်းထျန်၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဝင်းဝင်းလက်လာပြီး သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်၏။

ဖောက်…

နတ်ဆိုးနှိမ်နင်းလှံက လျှပ်စီးတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး ကျုံးရန်၏ ရင်ဘတ်ကို ထိုးဖောက်ကာ သူ့ကို မြေပြင်ပေါ်မှာ တန်းလန်းချိတ်ဆွဲသွားစေ၏။

ဖုန့်စန်းထျန်က မည်သို့သော ပုဂ္ဂိုလ်မျိုးလဲ။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတုန်းက သူသည် အကြောက်အလန့်ကင်းမဲ့ပြီး အကုန်လုံးကို စိန်ခေါ်ရဲခဲ့၏။

နှစ်လေးသိန်းကြာအောင် အကျဉ်းချခံပြီးတာတောင် သူက ဦးမညွှတ်ခဲ့ပေ။

ယခု သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး သူသည် အခြားသူများ၏ ထိန်းချုပ်အကျပ်ကိုင်ခြင်းကို ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။

သူ၏ ခန္ဓာကိုယ်က နတ်ဆိုးနှိမ်နင်းလှံဖြင့် ထိုးဖောက်ခံရပြီးနောက် မရေမတွက်နိုင်သော မိုးကြိုးစွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။

ချက်ချင်းပင် ကျုံးရန်၏ ကောင်းကင်လိုဏ်ဂူ ပုံရိပ်ယောင်က ပြိုကျသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အဆက်မပြတ် တုန်ခါ၍ အကြောဆွဲလုနီးပါး ဖြစ်လာ၏။ သူ၏ ပါးစပ်ထဲကနေ သွေးများက အဆက်မပြတ် လျှံကျလာ၏။

ကျုံးရန်က မသေသေးသော်လည်း သူ၏ ကျင့်ကြံမှုက ပျက်စီးလုနီးပါး ဖြစ်သွားခဲ့၏။

“ဟဲဟဲ”

ထိုစဉ်မှာပင် လေထဲကနေ ခြောက်ကပ်သော ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ကြောင်း ပေါ်ထွက်လာပြီး အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် ပုံရိပ်တစ်ခုက လျှောက်လှမ်းထွက်လာ၏။ သူ၏ အော်ရာက ကြောက်စရာကောင်းနေပြီး အဲဒါက ဖုန့်စန်းထျန်၏ အထက်မှာ ရှိလေသည်။

ထိုလူ ပေါ်ထွက်လာသည့် ခဏမှာပင် ကောင်းကင်က မှောင်မည်းသွား၏။

အဲဒါသည် မဟူရာမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင် ဖြစ်လေသည်။

“ဂိုဏ်းချုပ်… သူ… သူက…”

ကျုံးရန်သည် ရောက်ရှိလာသူကို တွေ့မြင်သောအခါ သူက တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား သူ၏ လက်ထဲရှိ တံဆိပ်ပြားကို အတတ်နိုင်ဆုံး ကြိုးစား၍ မြှောက်ပြလိုက်၏။

“မင်းရဲ့ ကျင့်ကြံမှုက ပျက်စီးသွားပြီ… မင်းကို ဆက်ထားစရာ မလိုတော့ဘူး”

အေးစက်စက် အမူအရာအတစ်ခုနှင့်အတူ မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က ကျုံးရန်ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ထိုသူ၏ ခန္ဓာကိုယ်က အနက်ရောင်မြူခိုးများဖြင့် တဖြည်းဖြည်း လွှမ်းခြုံခံလိုက်ရ၏။

အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် အနက်ရောင်မြူခိုးက ပျက်ပြယ်သွားပြီး ကျုံးရန်က ခြောက်သွေ့သော အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲကာ သေဆုံးသွား၏။

ဖုန့်စန်းထျန်က သုန်မှုန်နေသော အမူအရာဖြင့် သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

“လိုရင်းကိုပဲ တန်းပြောရအောင်”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က ဖုန့်စန်းထျန်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်လာပြီးပြီ… ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်… ပထမတစ်ချက်… မင်းက မဟူရာမိစ္ဆာဂိုဏ်းကို ဝင်လို့ ရတယ်… ငါက မင်းရဲ့ ပါရမီအလားအလာကို အရမ်းတန်ဖိုးထားတဲ့အတွက် မင်းက မဟူရာမိစ္ဆာဂိုဏ်းမှာ လက်ထောက်ဂိုဏ်းချုပ် ဖြစ်လာနိုင်တယ်”

“ဒုတိယရွေးချယ်စရာက…”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က စကားဆုံးအောင် မပြောရသေးခင်မှာပင် ဖုန့်စန်းထျန်က လက်ကာပြပြီး ဖြတ်ပြောလိုက်၏။

“ဘာစကားမှ ထပ်ပြောစရာ မလိုတော့ဘူး… ငါက မင်းပေးတဲ့ ဘယ်ရွေးချယ်မှုကိုမှ ရွေးမှာ မဟုတ်ဘူး… ငါ့မှာ ငါ့ကိုယ်ပိုင်ရွေးချယ်မှု ရှိတယ်”

“အဲဒါဆိုလည်း မင်းက သေဖို့ ရွေးချယ်လိုက်တာပေါ့”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်၏ အမူအရာက ညိုမည်းလာပြီး သူက အေးစက်စွာ ပြောလိုက်၏။

“အဲ့လိုလား”

ဖုန့်စန်းထျန်က သူ၏ လက်ကို ဖြန့်လိုက်​ပြီး နတ်ဆိုးနှိမ်နင်းလှံက လျှပ်စီးတန်းတစ်ခုအသွင်ပြောင်းလဲကာ သူ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။

ထိုအပြုအမူက သူ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသပေးလိုက်၏။

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က ပြုံးလိုက်လေသည်။

“မင်းက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်လာရုံနဲ့ ငါနဲ့ တိုက်ခိုက်ဖို့ အဆင့်မီပြီလို့ မင်းကိုယ်မင်း တွေးနေတာတော့ မဟုတ်ဘူးမလား”

“မင်းက မင်းရဲ့ ကောင်းကင်လိုဏ်ဂူကို အခုမှ ဖွဲ့တည်ခါစပဲ ရှိသေးတယ်… ကောင်းကင်လိုဏ်ဂူနယ်ပယ်ရဲ့ စွမ်းအားဘယ်လောက်များများကို မင်းထုတ်ဖော်နိုင်မှာလဲ”

ဖုန့်စန်းထျန်က နှုတ်ဆိတ်နေ၏။

တကယ်တော့ မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင် ပြောသည်က မမှားပေ။

သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ စွမ်းအားကို ကောင်းကောင်းနားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ တိုက်ခိုက်ရည်ခွန်အားကို အပြည့်အဝ မထုတ်ဖော်နိုင်သည့်အတွက် သူသည် မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်ကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်ပေ။

ဒါ့အပြင် ကောင်းကင်လိုဏ်ဂူနယ်ပယ်အတွင်းမှာပင် ကောင်းကင်လိုဏ်ဂူကို အကြီးနှင့်အသေး ထပ်ခွဲထားလေသည်။

သာမန်ဘုရင်ပညာရှင်များသည် ကောင်းကင်လိုဏ်ဂူ အသေးများကိုသာ စုဖွဲ့နိုင်မည်ဖြစ်သည်။

အဆက်မပြတ် ကျင့်ကြံ၍ ကောင်းကင်လိုဏ်ဂူ အကြီးများကို စုဖွဲ့ထားနိုင်သော ထိုသူများက အန္တိမဘုရင်များဟူ၍ နာမည်ရလေသည်။

သူက သူ၏ ကောင်းကင်လိုဏ်ဂူကို စုဖွဲ့ထားခါစဖြစ်ပြီး သူစုဖွဲ့ထားသော အရာက ကောင်းကင်လိုဏ်ဂူ အသေးတစ်ခုသာလျှင် ဖြစ်၏။

သို့သော်လည်း မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်သည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့ပြီး သူက ကောင်းကင်လိုဏ်ဂူ အကြီးတစ်ခုကို စုဖွဲ့ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

သူ၏ လက်ထဲရှိ နတ်ဆိုးနှိမ်နင်းလှံကိုပင်လျှင် မိုးကြိုးကောင်းကင်လိုဏ်ဂူဖြင့် အားဖြည့်ပျိုးထောင်ပေးရခြင်း မရှိသေးသည့်အတွက် အဲဒါက ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။

ထိုသို့ဆိုလျှင်တောင် ဖုန့်စန်းထျန်က အကြောက်အလန့် မရှိဘဲ သူ၏ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်က သိပ်သည်းပြင်းထန်အားကောင်းလာ၏။

သူသည် သူ့ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ စွမ်းအားကို တကယ်ပင် ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သေးပေ။ သို့သော်လည်း ယခုအချိန်မှာ သူ့ကိုယ်သူ မီးဆေးဖို့အတွက် တခြားဘယ်အရာကများ ပိုကောင်းတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်နေဦးမှာလဲ။

အန္တိမမိစ္ဆာဘုရင်တစ်ပါးနှင့် တိုက်ခိုက်ရမည့် တိုက်ပွဲက သူ့ကို သူ၏ မိုးကြိုးကောင်းကင်လိုဏ်ဂူကို ပို၍ မြန်မြန်ဆန်ဆန် ထိန်းချုပ်လာစေနိုင်မည်ဖြစ်ပြီး သူက ဘုရင်များကြား တိုက်ပွဲနှင့်လည်း ပို၍ ရင်းနှီးကျွမ်းဝင်မှု ရှိလာပေလိမ့်မည်။

ဖုန့်စန်းထျန် စိုးရိမ်ပူပန်နေသည့် တစ်ခုတည်းသောအရာမှာ သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများဖြစ်သည်။

တိုက်ပွဲဖြစ်ပွားလာသည်နှင့် သူသည် သူ့ကိုယ်သူသာ အနိုင်နိုင်ကာကွယ်ရမည်ဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။

အန္တိမမိစ္ဆာဘုရင်တစ်ပါးအနေဖြင့် မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်မှာ စွမ်းအားကြီးမားသော နည်းလမ်းများစွာ ရှိနေ၏။ သူသည် ကောင်းကင်လိုဏ်ဂူ အကြီးတစ်ခုကိုပင် စုဖွဲ့ပြီး သူတို့အားလုံးကို လွှမ်းခြုံစေလိုက်ဖို့ ဖြစ်နိုင်ခြေများလေသည်။

“အစ်ကိုယန်.. ခင်ဗျား သူနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ခင်ဗျား စိတ်ရှိတဲ့အတိုင်း တိုက်ခိုက်လို့ ရတယ်… ကျုပ်တို့ကို စိုးရိမ်မနေနဲ့”

ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အသံက ဖုန့်စန်းထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာက သူ့ကို နှစ်သိမ့်ပေးနေခြင်းမျှသာ ဖြစ်သည်ဟု ဖုန့်စန်းထျန်က တွေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။

“လေဟာနယ်ကို ချိုးဖျက်ပြီး တခြားသူတွေကို ဒီနေရာကနေ ပုန်းကွယ်ဖို့ နေရာတစ်ခုဆီ ခေါ်ထုတ်သွားနိုင်မယ့်​နည်းလမ်း ကျုပ်မှာ ရှိတယ်”

“ဟမ်”

ဖုန့်စန်းထျန်က တုန်လှုပ်သွားပြီး သိုင်းတာအိုပင်မခန္ဓာကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

လေဟာနယ်ကို ချိုးဖျက်၍ ထွက်ခွာနိုင်သည့် စွမ်းအားတစ်ခုကို ကောင်းကင်လိုဏ်ဂူနယ်ပယ် ဘုရင်တစ်ပါးကသာလျှင် ထုတ်ဖော်နိုင်လေသည်။ ပကတိမိစ္ဆာများက ထိုသို့ လုံးဝ မပြုလုပ်နိုင်ပေ။

သို့သော်လည်း ဤအခြေအနေက သေးငယ်သော ကိစ္စမဟုတ်သည့်အတွက် သိုင်းတာအိုပင်မခန္ဓာက သေချာပေါက် အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုနေမည် မဟုတ်သည်ကို​ သူက သိထား၏။

တကယ်တမ်းမှာတော့ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကိုယ်ပိုင်ခွန်အားသက်သက်ဖြင့် လေဟာနယ်ကို ချိုးဖျက်ပြီး ဤနေရာကနေ ထွက်ခွာနိုင်ခြင်း မရှိပေ။

သူပြုလုပ်စရာ လိုအပ်သည်မှာ ငရဲဖိနှိမ်မီးဖို၏ စွမ်းအားကို အသုံးချ​ပြီး လေဟာနယ်ကို ထိုးဖောက်၍ ၎င်းနှင့် ချိတ်ဆက်ထားသော အဝီစိသို့ ထွက်ပြေးတိမ်းရှောင်ဖို့ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများက အန္တရာယ်ကျရောက်လိမ့်မည် မဟုတ်သည်ကို သေချာအတည်ပြုပြီးနောက် ဖုန့်စန်းထျန်က စိတ်သက်သာရာရသွား၏။

“မင်း အဲဒါကို ပြန်စဉ်းစားပြီးသွားပြီလား”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က ဖြည်းဖြည်းချင်း မေးလိုက်၏။

ဖုန့်စန်းထျန်က ပေါ့ပေါ့ပါးပါး ပြုံး၍ သူ၏ အကြည့်က သိပ်သည်းစုဖွဲ့အားကောင်းလာ၏။ သူက စိန်ခေါ်မှုကို လက်ခံတော့မည့်ဆဲဆဲမှာပင် အခြားတစ်ဖက် လေထဲမှာ အသံတစ်သံက ထွက်ပေါ်လာ၏။

“မဟူရာကောင်းကင်… မင်း အနိုင်ကျင့်တာ တကယ်ကို များနေပြီ”

လေဟာနယ်က ပွင့်ထွက်သွားပြီး အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ပေါ်ထွက်လာ၏။ သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သူ၏ အုံ့မှိုင်း၍ အဝါရောင်သန်းနေသော မျက်လုံးများထဲကနေ ထူးဆန်းသော အရောင်အဝါတစ်ခု ဖြာထွက်နေ၏။

“တောင်ကြားသခင် ငရဲမြစ်… မင်း ဒီကို ဘာလာလုပ်တာလဲ”

ထိုလူကို တွေ့မြင်သောအခါ မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်၏ မျက်လုံးအနက်ပိုင်းထဲမှာ စိုးရိမ်ပူပန်သော အကြည့်တစ်ခု ပေါ်ထွက်လာ၏။

အဝါရောင်ဝတ် အမျိုးသားသည် ဖုန့်စန်းထျန်ကို တစ်ချက်ကြည့်ပြီး စကားပြောတော့မည့်ဆဲဆဲမှာပင် သူ၏ မျက်ဝန်းထောင့်ကနေ သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲရှိ ငရဲဖိနှိမ်မီးဖိုကို တွေ့မြင်သွားကာ သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

သို့သော်လည်း အဝါရောင်ဝတ် အမျိုးသား၏ အမူအယာက သိပ်မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဆက်ပြောလိုက်၏။

“အဲဒီလူက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်ပြီး မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာပြီ… ငါက သူ့ကို ချီးကျူးဂုဏ်ပြုဖို့ ဒီကို ရောက်လာတာပေါ့”

“ဟမ့်”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က လှောင်ရယ်လိုက်၏။

“မင်း ဘာကြံနေလဲဆိုတာ ငါမသိဘူး မထင်နဲ့… ဒါက မဟူရာမိစ္ဆာဂိုဏ်းရဲ့ ပိုင်နက်နယ်မြေပဲ… ငရဲမြစ်စံအိမ် မဟုတ်ဘူး”

“ငါသိပါတယ်”

အဝါရောင်ဝတ် အမျိုးသားက ပြုံးပြလိုက်၏။

“ငါက မင်းရဲ့ ပိုင်နက်နယ်မြေထဲမှာ ဘာမှ မလုပ်ချင်ဘူး… ဒါပေမဲ့ ငါက ဖုန့်စန်းထျန်ကို ခေါ်ယူစုဆောင်းမယ်ဆိုရင်လည်း မင်းနဲ့ မဆိုင်ဘူးလေ ဟုတ်တယ်မလား”

“မင်းက သူ့ကို သတ်ချင်နေတာ… ဒါပေမဲ့ ငါကတော့ သူ့ကို ကယ်တင်ချင်နေတာ ဒါပဲလေ”

ဖုန့်စန်းထျန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အဝါရောင်ဝတ် အမျိုးသား ပေါ်ထွက်လာပြီးနောက် အခြေအနေက ရုတ်တရက် ပြောင်းလဲလာခဲ့၏။

ဒါ့အပြင် သူက အဝါရောင်ဝတ် အမျိုးသားကို လုံးဝ မသိရှိပေ။ သူတို့ကြားမှာ မည်သည့် ပတ်သက်ဆက်နွယ်မှုမှလည်း မရှိခဲ့ပေ။

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်က နောက်တစ်ဖန် လှောင်ရယ်လိုက်၏။

“မင်းက သူ့ကို ကယ်တင်မယ်ဆိုတာနဲ့ပဲ ဖုန့်စန်းထျန်က မင်းဆီမှာ အညံ့ခံမယ်လို့ မင်းထင်လို့လား… အဲဒီလူက အရမ်းကို ရည်မှန်းချက်ကြီးတယ်… သူ့ကို မင်း ထိန်းနိုင်မှာ မဟုတ်ဘူး”

ထိုစဉ်မှာပင် နောက်ထပ် အက်ကွဲကြောင်းတစ်ခုက လေထဲမှာ ပေါ်ထွက်လာပြီး ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် အမျိုးသားတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။ သူက အရပ်အမောင်း မြင့်မားပြီး ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။

“နတ်ဘုရားမိစ္ဆာ တောင်ကြောရိုး”

မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်နှင့် အဝါရောင်ဝတ် အမျိုးသားက ထိုလူကို တွေ့မြင်သောအခါ သူတို့က မျက်မှောင်ကြုတ်လိုက်ကြ၏။

အဲဒါသည် နတ်ဘုရားမိစ္ဆာ တောင်ကြောရိုး၏ ပိုင်နက်အရှင် ဖြစ်လေသည်။ သူက မိစ္ဆာတာအိုကို ကျင့်ကြံပြီး မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသမှာ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သည့် နတ်ဘုရားမျိုးနွယ်မှ လူတစ်ယောက်ဖြစ်၏။ သူက ဤဒေသမှာ အရမ်းကို ကျော်ကြားနေခဲ့ပြီဖြစ်၏။

နတ်ဘုရားမိစ္ဆာ တောင်ကြောရိုး ပိုင်နက်အရှင်က ပြုံးပြလိုက်၏။

“မင်းတို့နှစ်ယောက် သူ့ကို ယဉ်ပါးအောင် မလုပ်နိုင်ဘူးဆိုရင် အဲဒါကို ငါစမ်းကြည့်လိုက်မယ်”

“ဟားဟား”

နောက်ထပ် ကျယ်လောင်သော ရယ်မောသံက လေထဲကနေ ထွက်ပေါ်လာ၏။

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး စတုတ္ထမြောက် မိစ္ဆာဘုရင်က ဆင်းသက်ရောက်ရှိလာ၏။

“ဖုန့်စန်းထျန်က မိုးကြိုးလေပြေနန်းတော်ကို တည်ထောင်ခဲ့တယ်… ဆိုတော့ သူက လေဓမ္မတာအိုတချို့မှာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိရမယ်… ငါ့အထင်တော့ မင်းက လေမိစ္ဆာဂိုဏ်းကို ဝင်ရောက်ဖို့ အသင့်လျော်ဆုံးပဲ… ငါက တာအိုကို ကိုယ်တိုင်သင်ကြားပေးပြီး မင်းရဲ့ခွန်အားကို နောက်ထပ်တစ်ဆင့်အထိ မြှင့်တင်ပေးနိုင်တယ်”

လေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်က ပေါ်ထွက်လာပြီး ပြောလိုက်၏။

မဟူရာမိစ္ဆာဂိုဏ်း၊ ငရဲမြစ်စံအိမ်၊ နတ်ဘုရားမိစ္ဆာ တောင်ကြောရိုးနှင့် လေမိစ္ဆာဂိုဏ်းတို့က ကောင်းကင်အဆင့် အဖွဲ့အစည်းများဖြစ်ပြီး သူတို့လေးယောက်စလုံးက အန္တိမမိစ္ဆာဘုရင်များ ဖြစ်ကြလေသည်။

အန္တိမမိစ္ဆာဘုရင်လေးပါးက မတူညီသော ဂိုဏ်းနှင့် အဖွဲ့အစည်းများကနေ ရောက်ရှိလာသော်လည်း ဤခရီးစဉ်မှာ သူတို့တွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိလေသည်။ အဲဒါက ဖုန့်စန်းထျန်ကို ချိုးနှိမ်ပြီး ခေါ်ယူစုဆောင်းဖို့ဖြစ်၏။

All Chapters