ကောင်းကင်ဘုံအမျက်ဒေါသ
Vol. 160 Ch. 2392
ဖုန့်စန်းထျန်က မှင်တက်နေ၏။
ခဏနေပြီးနောက် သူသည် ငေးငိုင်နေရာကနေနိုးထလာပြီး ဟားတိုက်ရယ်မောလိုက်သည်။
အန္တိမမိစ္ဆာဘုရင်လေးဦးက ကြောက်မက်ဖွယ်ရာကောင်းသောစိတ်ဆန္ဒများနှင့်အတူ ရောက်ရှိလာခဲ့ကြ၏။ ယခုသူတို့သည် သိုင်းတာအိုပင်မခန္ဓာတပ်ဆင်ထားသည့် မာရ်နတ်မျက်နှာဖုံးကို မှတ်မိသွားပြီးနောက် သူတို့က နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြလေပြီ။
သူတို့လေးယောက်အပြင် မိုးကြိုးလေပြေနန်းတော်၏ ဘေးပတ်လည်မှာရှိသော အခြားသောကျင့်ကြံသူများနှင့် ကျင့်ကြံသူများကလည်း အခြေအနေမကောင်းတော့ဘူးဆိုတာ အာရုံခံမိသွားပြီး အရိပ်အယောင်မကျန် ထွက်ပြေးသွားကြပြီဖြစ်သည်။
ယခုအခါ အန္တရာယ်ကိုရှောင်လွှဲနိုင်ခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာက သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းကာ ယန်ပေးချန်နှင့် အခြားသူများကို ပြန်ထုတ်ပေးလိုက်၏။
သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ အင်္ကျီလက်အိုးထဲကနေ အပြင်ဘက်မှာ ဖြစ်ပျက်နေသည့်အရာကို တွေ့မြင်ခဲ့သောအခါ သူတို့သည် ကပ်ဘေးကနေ ရှောင်လွှဲနိုင်ခဲ့သည့်အတွက် ရယ်ပြုံး၍ ဝမ်းသာလာကြ၏။
သူတို့သည် အန္တိမပကတိမိစ္ဆာယန်ကျစ်နှင့်အတူ မိစ္ဆာတစ်သန်းစစ်တပ်၏ ဝန်းရံပိတ်ဆို့မှုကို ခုခံနိုင်ခဲ့ရုံသာမက သူတို့သည် အန္တိမမိစ္ဆာဘုရင်လေးဦး၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုပါ ရှောင်လွှဲနိုင်ခဲ့လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ထိုမျှသာမက ဖုန့်စန်းထျန်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ အောင်အောင်မြင်မြင်ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာခဲ့၏။
မိုးကြိုးလေပြေနန်းတော်က ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့သော်လည်း ဖုန့်စန်းထျန်ရှိနေသေးပြီး ယနေ့တိုက်ပွဲ၏ သတင်းက ပျံနှံ့သွားသည်နှင့် မိုးကြိုးလေပြေနန်းတော်ကို ပို၍ပင်မြန်ဆန်သောအလျင်အဟုန်ဖြင့် သေချာပေါက်ပြန်လည်တည်ဆောက်နိုင်ပေလိမ့်မည်။
ဒါ့အပြင် ထိန်းသိမ်းစောင့်ရှောက်ပေးမည့် အင်မော်တယ်ဘုရင်တစ်ပါးနှင့်အတူ မိုးကြိုးလေပြေနန်းတော်ကို ကောင်းကင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းအဖြစ် သတ်မှတ်နိုင်ပြီဖြစ်ပြီး ၎င်း၏ ခွန်အားကလည်း သိသိသာသာတိုးလာပေလိမ့်မည်။
ကောင်းကင်ဘုံဝံပုလွေက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ငါ့သခင်ဟောင်းရဲ့ နာမည်က ဒီလောက်ထိအသုံးဝင်မယ်မှန်း ငါသိမယ်ဆိုရင်... ယန်ကြီး ငါမင်းရဲ့ကျိတုဆေဘာကို ထုတ်ဖော်ခိုင်းလိုက်ပါတယ်”
ယန်ပေးချန်က သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
ထိုလူများသည် မာရ်နတ်မျက်နှာဖုံးကို မှတ်မိသိရှိသော်လည်း ထိုလူများသည် ကျိတုဆေဘာကို မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။
မာရ်နတ်မျက်နှာဖုံးကို အသက်သွင်းသည်နှင့် အလွန်တရာကြောက်စရာကောင်းသော တစ္ဆေမျက်နှာတစ်ခုက ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး အဲဒါက မေ့ဖျောက်၍ရနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကျိတုဆေဘာမှာ ထူးခြားသည့် မည်သည့်သွင်ပြင်လက္ခဏာမှ မရှိပေ။
အဲဒါထက် သူ၏ ကျင့်ကြံမှုနယ်ပယ်အရ သူသည် ကျိတုဆေဘာ၏ အစစ်အမှန်စွမ်းပကားကို မထုတ်ဖော်နိုင်သေးပေ။
“ညီကိုဆူ... ငါမင်းကိုထပ်ပြီး ကျေးဇူးတင်စကားမပြောတော့ဘူး”
သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့ကို ရောက်ရှိလာပြီးနောက် ဖုန့်စန်းထျန်က ဝိုင်းပြင်းနှစ်အိုးကိုထုတ်ယူကာ တစ်အိုးကိုကမ်းပေးရင်း ပြုံး၍ပြောလိုက်၏။
“ငါတို့သောက်ကြတာပေါ့”
“ကောင်းပြီလေ”
သိုင်းတာအိုပင်မခန္ဓာက ဝိုင်အိုးကို လက်ခံယူပြီး သူ၏ မာရ်နတ်မျက်နှာဖုံးကို ဖယ်ရှားကာ ဖုန့်စန်းထျန်နှင့်အတူ ဝိုင်ပြင်းများကို သောက်လိုက်ကြ၏။
ဤနေရာမှာ မည်သည့်အပြင်လူမှ မရှိတော့ပေ။ သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းများ သို့မဟုတ် သူနှင့်ကျေးဇူးကြွေးရှိခဲ့ဖူးသူများဖြစ်ကြလေသည်။ သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို သူတို့ထံကနေ ဖုံးကွယ်ထားစရာမလိုပေ။
လူတိုင်းက သူ၏ သရုပ်သကန်ကို သိရှိထားခဲ့ကြပြီးသားဖြစ်၏။ ကူထုံယိုနှင့် ချိုးစစ်လောတို့ကသာ မှင်တက်သွားပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာ၏။
“တာအိုရောင်းရင်တို့... ခင်ဗျားတို့အဆင်ပြေရဲ့လား”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံးပြီး သူ၏ အသံကို ဖုံးကွယ်ထားခြင်းမရှိပေ။
ကူထုံယိုနှင့် ချိုးစစ်လောက အံ့အားသင့်သွားကြသည်။
“ငါတို့လည်း သောက်ချင်တာပေါ့”
ကောင်းကင်ဘုံဝံပုလွေက ဝိုင်နံ့ကို ရသွားသောအခါ ရှေ့သို့ အလောတကြီးတက်လာပြီး သွားရည်တမျှားမျှားကျကာ ပြောလိုက်၏။
“ငါတို့က ဘာမှမလုပ်ခဲ့ရပေမယ့် ငါတို့လည်း အောင်ပွဲခံချင်တာပေါ့”
“လာလေ... အတူတူသောက်ကြတာပေါ့”
ဖုန့်စန်းထျန်က ရယ်မောပြီး သူ၏ သိုလှောင်အိတ်ထဲကနေ နောက်ထပ်ဝိုင်အိုးတချို့ကိုထုတ်ယူကာ လူတိုင်းကို ခွဲဝေပေးလိုက်၏။
သူကမြင့်မားသော စိတ်ဝိညာဥ်မှာရှိနေပြီး ဖုန့်စန်းထျန်သည် ကောင်းကင်ဘုံဝံပုလွေကိုကြည့်ကာ ပြုံး၍မေးလိုက်၏။
“ဒါနဲ့... စောစောကမင်းပြောတဲ့ စိတ်ခံစားချက်မျိုး မိစ္ဆာတပ်မှူးတွေဆိုတာ ဘာတွေလဲ”
“ဟမ်...”
ကောင်းကင်ဘုံဝံပုလွေက မလုံမလဲခံစားသွားရပြီး ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးပြလိုက်၏။
“ဘယ်ရယ်မဟုတ်ပါဘူး... ကျုပ်က ဒီအတိုင်း ပေါက်တတ်ကရလျှောက်ပြောနေခဲ့တာ”
“ရပါတယ်.... ငါ့ကိုပြောစမ်းပါ”
ဖုန့်စန်းထျန်က လက်ကာပြလိုက်၏။
ကောင်းကင်ဘုံဝံပုလွေက ဝိုင်အရှိန်ဖြင့် ရဲတင်းလာပြီး ညင်သာစွာချောင်းဟန့်လိုက်၏။
“ထျန်ဟွမ်ဂိုဏ်းက မိစ္ဆာမဟာနယ်မြေမှာ ကျုပ်တို့ရဲ့ပိုင်နက်နယ်မြေကိုချဲ့ထွင်ဖို့အတွက် စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးတွေကို ဖွဲ့စည်းရအောင် သင့်လျော်တဲ့လူခုနှစ်ယောက်ကိုရှာနေတာ”
“စိတ်ခံစားချက်၇မျိုးထဲမှာ ဝမ်းသာပျော်ရွှင်ခြင်းနဲ့ မုန်းတီးခြင်းအတွက် သင့်လျော်တဲ့လူတွေကို ရပြီးသွားပြီ... သူတို့တွေက လူအိုကြီးယန်နဲ့ မင်းကျန်ကတုံးပြောင်... အဲ ကျုပ်ပြောချင်တာက... ကိုယ်တော်လေးပဲ”
“စောစောက ခင်ဗျားအဆင့်ချိုးဖျက်တက်လှမ်းတာကို ကျုပ်တွေ့တဲ့အချိန်မှာ ခင်ဗျားရဲ့ကောင်းကင်လိုဏ်ဂူမှာ ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းပကားနဲ့ မိုးကြိုးရဲ့အမျက်ဒေါသပါဝင်နေတဲ့ပုံပဲ... ခင်ဗျားက စိတ်ခံစားချက် ၇မျိုးထဲက အမျက်ဒေါသနဲ့ အသင့်လျော်ဆုံးလို့ ကျုပ်တွေးမိလိုက်တယ်... အဲဒါကြောင့် ကျုပ်ကခင်ဗျားကို စည်းရုံးသိမ်းသွင်းဖို့ ကျုပ်သခင်ကိုပြောခဲ့တာ”
“စိတ်ခံစားချက် ၇မျိုးထဲက အမျက်ဒေါသ..”
ဖုန်းစန်းထျန်က ခေါင်းညိတ်လိုက်၏။
“မင်းပြောပုံအရဆိုရင်... အဲဒီနေရာအတွက် ငါ့ထက်ပိုပြီးသင့်လျော်တဲ့သူ တကယ်ပဲမရှိတော့ဘူး”
“ဟမ်...”
ကောင်းကင်ဘုံဝံပုလွေက မှင်တက်သွား၏။
အခြားသောလူတိုင်းကလည်း အံအားသင့်သွားပြီး ဖုန့်စန်းထျန်က တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေပုံရသည်ကို သတိထားမိလိုက်၏။
ဖုန့်စန်းထျန်က ဆက်ပြောလိုက်၏။
“ဒီနေ့ကစပြီး ငါက စိတ်ခံစားချက်၇မျိုး မိစ္ဆာတပ်မှူးတွေထဲက တစ်ယောက်ဖြစ်လာမယ်”
“နန်းတော်အရှင်...”
ကူထုံယိုနှင့် ချိုးစစ်လောက တုံ့ဆိုင်းစွာဖြင့် ခေါ်လိုက်ကြ၏။
ဖုန့်စန်းထျန်သည် မည်သို့ပင်ဆိုစေ မိုးကြိုးလေပြေနန်းတော်၏ နန်းတော်အရှင်ဖြစ်၏။ ယခု သူက ထျန်းဟွမ်ဂိုဏ်းမှာ စိတ်ခံစားချက်၇မျိုး မိစ္ဆာတပ်မှူးတစ်ယောက် ဖြစ်လာမည်ဆိုလျှင် မိုးကြိုးလေပြေနန်းတော်ကို ဘယ်လိုလုပ်ရမလဲ။
ဒါ့အပြင် ဖုန့်စန်းထျန်က အင်မော်တယ်ဘုရင်တစ်ပါးဖြစ်၏။ သူ့အနေဖြင့် စိတ်ခံစားချက်၇မျိုး မိစ္ဆာတပ်မှူးတစ်ယောက်ဖြစ်လာဖို့က သူ့ကိုယ်သူအနည်းငယ် နှိမ့်ချရာကျမနေဘူးလား”
“အစ်ကိုဖုန့်... အဲလိုလုပ်လို့ ဘယ်ရပါ့မလဲ ခင်ဗျားက...”
သိုင်းတာအိုပင်မခန္ဓာက စကားပြောလိုက်သည့်ခဏမှာပင် ဖုန့်စန်းထျန်က လက်ကာပြပြီး သူ့ကိုဖြတ်ပြောလိုက်၏။
“မလုပ်နိုင်တာ ဘာမှမရှိဘူး”
ဖုန့်စန်းထျန်က ပြောလိုက်၏။
“မင်းတည်ထောင်ထားတဲ့ ထျန်ဟွမ်ဂိုဏ်းက ငါနဲ့ စိတ်ကူးတူ ရည်ရွယ်ချက်တူပဲ... မိုးကြိုးလေပြေနန်းတော်ကို ဆက်ပြီးထားစရာမလိုတော့ဘူး... ဒီနေ့ကစပြီး ငါက ထျန်ဟွမ်ဂိုဏ်းကိုဝင်မယ်”
သူ၏ ထင်မြင်ချက်အရ ထျန်ဟွမ်ဂိုဏ်းဟူသောအမည်က ပို၍အဓိပ္ပါယ်ရှိလေသည်။
ကူထုံယိုနှင့် ချိုးစစ်လောက အကြည့်ချင်းဖလှယ်ပြီး သူတို့ဘာသာသူတို့ ခေါင်းညိတ်လိုက်ကြ၏။
ဖုန့်စန်းထျန်က ထျန်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ပြီးလျှင် သူတို့ကလည်း သူ့နောက်သို့ လိုက်ရပေလိမ့်မည်။
ဒါ့အပြင် သူတို့နှစ်ယောက်သည် ဆူဇီမိုနှင့် အရင်ကတည်းက သိကျွမ်းထားခဲ့ပြီး ထျန်ဟွမ်ဂိုဏ်းအပေါ် ငြင်းဆန်လိုစိတ်မရှိကြပေ။
“အစ်ကိုဖုန့်... ခင်ဗျားက ထျန်ဟွမ်ဂိုဏ်းကို လာမယ်ဆိုရင် အကောင်းဆုံးပေါ့”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“အဲလိုဆိုရင်... ကျုပ်က ဂိုဏ်းချုပ်ရာထူးကနေတစ်ထစ်ဆင်းပြီး ထျန်ဟွမ်ဂိုဏ်းကို ခင်ဗျားက ထိန်းချုပ်ရမယ်”
သိုင်းတာအိုပင်မခန္ဓာသည် ဂိုဏ်းချုပ်ရာထူးအပေါ် တကယ်ပင် ခုံမင်မက်မောစိတ်မရှိပေ။
သူက စိတ်ရောကိုယ်ပါနှစ်မြှုပ်၍သာ ကျင့်ကြံလို၏။ သူသည် ယခင်က ဂိုဏ်းချုပ်ဖြစ်ခဲ့သော်လည်း သူသည် ဂိုဏ်းကိုထိန်းချုပ်မှုများစွာမရှိခဲ့ဘဲ အဲဒါကို အမြဲတမ်းလိုလို ကောင်းကင်ဘုံဝံပုလွေကသာ ဂရုစိုက်ပေးခဲ့၏။
ယခု... ဖုန့်စန်းထျန်က ထျန်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်လာပြီး ကျင့်ကြံမှုအရဖြစ်စေ၊ အဆင့်အတန်း၊ တိုက်ခိုက်ရည်ခွန်အား၊ အတွေ့အကြုံနှင့် နာမည်ဂုဏ်သတင်းအရဖြစ်စေ... သူက ဂိုဏ်းချုပ်ဖြစ်ဖို့ ဆူဇီမိုထက် ပိုသင့်လျော်လေသည်။
“ဘယ်ဟုတ်ပါ့မလဲ”
ဖုန့်စန်းထျန်က ခေါင်းခါပြလိုက်၏။
“ဂိုဏ်းချုပ်က မင်းပဲလုပ်ရမှာပေါ့”
“ဟမ်...”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။
“ငါက... ယဥ်ကျေးပြနေတာ မဟုတ်ဘူး”
ဖုန့်စန်းထျန်က ပြုံးပြလိုက်၏။
“ပထမတစ်ချက်... ထျန်ဟွမ်ဂိုဏ်းကို အစကတည်းက မင်းတည်ထောင်ခဲ့တာပဲ... ငါက ထျန်ဟွမ်ဂိုဏ်းကို ဝင်ရောက်လာပြီးတဲ့နောက် ဂိုဏ်းချုပ်နေရာကို ယူမယ်ဆိုရင်... အဲဒါက စည်းမျဥ်းစည်းကမ်းကို ဆန့်ကျင်ရာကျနေမယ်”
“ဒုတိယအချက်... ငါ့ရဲ့ကျင့်ကြံမှုက မင်းရဲ့အထက်မှာရှိတယ်ဆိုပေမယ့် ဒီတစ်ခေါက် ငါတို့ကိုကယ်တင်ခဲ့တဲ့သူက မင်းပဲ... နောက်ပြီး ငါကဘယ်လောက်ပဲသန်မာသန်မာ ငါ့မှာ အန္တိမမိစ္ဆာဘုရင်လေးပါးကို မောင်းထုတ်နိုင်တဲ့အစွမ်းအစမရှိဘူး”
မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်နှင့် အခြားသူများသည် ဧကရာဇ်ပိုရွှင်းနှင့် သိုင်းတာအိုပင်မခန္ဓာကို ကြောက်လန့်သွားခဲ့ကြခြင်းဖြစ်၏။ သူ့ကို မဟုတ်ပေ။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာက ဂိုဏ်းချုပ်နေရာကို ဆက်ယူထားခြင်းနှင့်အတူ အဲဒါသည် မိစ္ဆာမဟာနယ်မြေမှာ အဖွဲ့အစည်းများစွာနှင့် မိစ္ဆာဘုရင်များအပေါ် မမြင်ရသော ခြိမ်းခြောက်ခြင်းစွမ်းအားတစ်ခုကို ဖန်တီးထားပြီးသားဖြစ်နေပေလိမ့်မည်။
ဖုန့်စန်းထျန်က ဆက်ပြောလိုက်၏။
“တတိယအချက်နဲ့ အရေးကြီးဆုံးကတော့ မင်းက သိပ်မကြာခင် ငါ့ကိုကျော်တက်သွားတော့မယ်လို့ ငါက ခံစားနေရတယ်”
ကောင်းကင်ဘုံကပ်ဘေး၉ခုထဲမှ ၉ခုနှင့်အတူ မကြုံစဖူး ထူးခြားအံ့မခန်း ဒသမမြောက်ကပ်ဘေးကိုပါ ဆွဲဆောင်နိုင်ခဲ့သည့်လူတစ်ယောက်က အနာဂတ်မှာ ဘယ်အဆင့်ထိရောက်ရှိသွားမည်ကို ဖုန့်စန်းထျန်က တကယ်ပင် စဥ်းစားမကြည့်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဖုန့်စန်းထျန်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို တွေ့မြင်သောအခါ သူက ထပ်မံ၍ ဖျောင်းဖျမနေတော့ဘဲ ခါးသက်စွာရယ်မောလိုက်၏။
“ကျုပ်က အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေတတ်တယ်... ကျုပ်မှာ ဂိုဏ်းကိုဂရုစိုက်ပေးဖို့အတွက် အချိန်နဲ့စွမ်းအင်မရှိဘူး”
“အဲဒါက ရပါတယ်”
ဖုန့်စန်ထျန်က လက်ကာပြလိုက်၏။
“ငါက... လက်ထောက်ဂိုဏ်းချုပ်နေရာကို ယူပေးနိုင်တယ်... မင်းအေးအေးဆေးဆေးသွားပြီး ကျင့်ကြံနေလိုက်... ဂိုဏ်းရဲ့အရေးကိစ္စတွေကိုတော့ ငါပဲကိုင်တွယ်ထားလိုက်မယ်”
“အဲဒါဆိုလည်း ကောင်းတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက စိတ်သက်သာရာ ရသွား၏။
ဖုန့်စန်းထျန်က ခဏမျှစဥ်စားတွေးတောပြီးပြောလိုက်၏။
“အစကတော့... ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်ပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာပြီးတဲ့နောက် ငါက... သင့်လျော်တဲ့ဘွဲ့တစ်ခုကို မစဥ်းစားရသေးဘူး”
“ငါကအခု စိတ်ခံစားချက်၇မျိုးထဲက အမျက်ဒေါသဖြစ်လာဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့... အခုကစပြီး ငါ့ရဲ့ဘွဲ့က ကောင်းကင်ဘုံအမျက်ဒေါသ ဖြစ်လာလိမ့်မယ်”
ဖုန့်စန်းထျန်၏ အမည်မှာ နောက်ဆုံးစာလုံး ‘အမျက်ဒေါသ’သည် စိတ်ခံစားချက်၇မျိုးမှ သူ၏ ရာထူးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်လေသည်။
“အင်မော်တယ်ဘုရင် ကောင်းကင်ဘုံအမျက်ဒေါသ”
သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်ပြီး ခေါင်းညိတ်လိုက်၏။
‘ကောင်းကင်ဘုံအမျက်ဒေါသ’ဟူသောဘွဲ့သည် ဖုန့်စန်းထျန်၏ ရဲဝင့်မှုနှင့် တကယ်ပင် ထိုက်တန်မှုရှိလေသည်။