ကျောက်စိမ်းအဆောင်မှ အပြောင်းအလဲ
Vol. 160 Ch. 2394
နှစ်တစ်ထောင်ကြာပြီးနောက်...။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ် မဟာနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ...။
ဓားအလင်းတန်းတစ်ခုသည် အမွေခံကုန်းမြေတွင်... အဝေးကနေ ပျံသန်းလာ၏။ တစ်ခဏချင်းမှာပင် အဲဒါက လိုဏ်ဂူခန်းဝါတစ်ခုရှေ့သို့ ရောက်ရှိလာပြီး ပေါ်ထွက်လာ၏။ အဲဒါက ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်၏။
ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါတံခါးက ပွင့်သွားပြီး ပန်းချီကားထဲမှ နတ်မိမယ်တစ်ပါးနှင့်တူသော အမျိုးသမီးတစ်ဦးက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။
သူမ၏ ဘေးနားမှာ နှင်းဖြူရောင်လိပ်ပြာတစ်ကောင်က ကခုန်နေ၏။ သူမက နတ်မိမယ်မိုချင်ဖြစ်လေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်ကို တွေ့မြင်သောအခါ သူကပြုံး၍ သူမကို ကြိုဆိုနှုတ်ဆက်လိုက်၏။
“ဒီနှစ်တွေထဲမှာ နင်က ကောင်းကင်ဘုံကမ္ဘာက သတင်းတချို့ကိုတီးခေါက်ဖို့အတွက် တက္ကသိုလ်ရဲ့ သတင်းစကားစံအိမ်ကို မကြာခဏသွားတတ်တယ်လို့ ငါကြားထားတယ်”
အင်း”
မိုချင်က ညင်သာစွာခေါင်းညိတ်ပြပြီး ထပ်မံ၍ ရှင်းပြမနေဘဲ မှင်သေသေဖြင့်ပြန်ဖြေလိုက်၏။
“ဂျူနီယာညီမ... နင်ကဘာလို့ ကောင်းကင်ဘုံကမ္ဘာက အဖြစ်အပျက်တွေကို ရုတ်တရက်စိတ်ဝင်စားလာရတာလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်၏ စိတ်နေစရိုက်က ဤကဲ့သို့ပင် အရေးမလုပ်တတ်သည်ကို သိရှိထားပြီး သူက ပြုံး၍မေးလိုက်ဆဲဖြစ်၏။
“ဘာရယ်မဟုတ်ပါဘူး”
မိုချင်က သူမ၏ ခေါင်းကိုခါပြလိုက်၏။
“ကျွန်မရဲ့ အသိပညာကို ချဲ့ထွင်ဖို့အတွက် သာမန်ကာလျှံကာတီးခေါက်ကြည့်ရုံပါပဲ”
ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်က အမှန်ကိုပြောနေခြင်းမဟုတ်ဟု သိရှိထားသော်လည်း သူက သူမ၏ စကားကိုထောက်ပြခြင်းမရှိဘဲ နှုတ်ဆိတ်နေ၏။
သူ၏ ဂျူနီယာညီမသည် ပန်းချီတာအိုမှာ ခုံမင်စွဲလမ်းပြီး တစ်နှစ်ပတ်လုံး တက္ကသိုလ်မှာသာ တံခါးပိတ်ကျင့်ကြံနေတတ်၏။ တကယ်ဆို သူမသည် အပြင်လောကမှာ ခရီးလှည့်လည်သွားလာတတ်ခြင်းပင် မရှိပေ။
သူမသည် ကောင်းကင်ဘုံကမ္ဘာနှင့်ပတ်သက်၍ ရုတ်တရက် စိတ်ဝင်စားလာသည်မှာ ထူးခြားသည့်အကြောင်းပြချက်တစ်ခု ရှိနေရပေမည်။ သို့သော်လည်း ဓားအင်မော်တယ်ယွဲ့ဟွားသည် အဲဒါကို မခန့်မှန်းနိုင်ပေ။
ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း သူသည် ယန်လောရှုနှင့် မိုချင်အကြား ဆက်ဆံရေးကို အနီးကပ်အာရုံစိုက်၍ကြည့်နေခဲ့၏။
ပြောရမည်ဆိုလျှင် ယန်လောရှုသည် ပကတိဧကနယ်ပယ်သို့တက်လှမ်း၍ အမွေခံကုန်းမြေကို ဝင်ရောက်လာပြီးနောက် သူသည် မိုချင်နှင့် ပို၍ရင်းနှီးလာသင့်လေသည်။ သို့သော်လည်း သူအဆက်မပြတ်စောင့်ကြည့်နေတာတောင် သူတို့နှစ်ယောက်က တစ်ခါမှ တွေ့ဆုံခဲ့ခြင်းမရှိသည်ကို သူက သတိထားမိလာ၏။
တကယ်ဆို သူတို့သည် ပရော်ပရည်ပြုမူပုံများ ပြသဖို့နေနေသာ သာမန်ကာလျှံကာ တွေ့ဆုံတတ်ခြင်းပင် မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ယန်လောရှုသည် မင်းသမီးသက်တံနီဟုခေါ်သော အတွင်းဂိုဏ်းတပည့်တစ်ဦးနှင့် အရမ်းကို ရင်းနှီးကျွမ်းဝင်မှုရှိနေ၏။
အဲဒါက ဓားအင်မော်တယ်ယွဲ့ဟွားကို တွေဝေရှုပ်ထွေးသွားစေသည်။
“စီနီယာအစ်ကို တစ်ခုခုပြောစရာရှိလို့လား”
မိုချင်က ဓားအင်မော်တယ်ယွဲ့ဟွားကိုကြည့်ပြီး ညင်သာစွာမေးလိုက်၏။
“တခြားဘာမှမရှိဘူးဆိုရင် ကျွန်မအရင်သွားနှင့်တော့မယ်”
“အာ..”
ဓားအင်မော်တယ်ယွဲ့ဟွားက သတိပြန်ဝင်လာပြီး သူ၏ သိုလှောင်အိတ်ထဲမှ သတင်းပို့ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူကာ မိုချင်ကို ကမ်းပေးပြီး ပြုံးပြလိုက်၏။
“ဂျူနီယာညီမ... နင်က သတင်းစကားစံအိမ်ကို သွားမလို့မလား... ငါက နောက်ဆုံးသတင်းကို ယူလာခဲ့တယ်... အဲဒီမှာ ဘာမှထူးထူးခြားခြားမရှိဘူး အဲမှာ ကောင်းကင်ဘုံမက်မွန်သီးစားသောက်ပွဲလို အင်မော်တယ်စုဝေးပွဲတချို့ပဲရှိတယ်”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
မိုချင်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ကျောက်စိမ်းစာလိပ်ကို လက်ခံယူလိုက်၏။ သူမ၏ စိတ်ဝိညာဥ်အသိစိတ်က ထိုထဲမှာနစ်မျောသွားပြီး သူမက အဲဒါကိုဖတ်ရှုနေ၏။
ခဏနေပြီးနောက် သူမသည် သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် မိုချင်၏ မျက်လုံးထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။
“မိစ္ဆာမဟာနယ်မြေက ဘာလို့ဘာသတင်းမှတက်မလာတာလဲ”
မိုချင်က သာမန်ကာလျှံကာပုံစံဖြင့်မေးလိုက်၏။
“မိစ္ဆာမဟာနယ်မြေလား”
ဓားအင်မော်တယ်ယွဲ့ဟွားက ခဏမျှစဥ်းစားတွေးတောလိုက်၏။
“မိစ္ဆာမဟာနယ်မြေက နေရာတိုင်းမှာ သွေးထွက်သံယိုတွေ... တိုက်ခိုက်ခြင်းတွေနဲ့ နေ့စဥ်နေ့တိုင်း ဗရမ်းဗတာဖြစ်နေတာ... အဲဒါကအမြဲတမ်းအတူတူပဲနေမှာပေါ့”
“ပြီးခဲ့တဲ့အချိန်အတောအတွင်း မိစ္ဆာမဟာနယ်မြေမှာဖြစ်ခဲ့တဲ့ အထူးခြားဆုံးအရာကတော့... လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အန္တိမပကတိမိစ္ဆာ ယန်ကျစ်နဲ့ တခြားသူတွေရဲ့ သေဆုံးမှုဖြစ်လိမ့်မယ်”
ထိုစကားကိုကြားသောအခါ မိုချင်၏ မျက်လုံးက ဝင်းလက်သွားပြီး ခေါင်းညိတ်ပြလိုက်၏။
သူမသည်လည်း ဤအကြောင်းကို ကြားခဲ့ပြီးပြီဖြစ်၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ဆက်ပြောလိုက်၏။
“မိစ္ဆာမဟာနယ်မြေမှာ ပြန်ဝင်စားမွန်းစတားတစ်ယောက် မွေးဖွားပေါ်ထွက်လာတယ်လို့ ငါကြားတယ်... သူ့ကို အထီးကျန်သိုင်းသခင်လို့ခေါ်ပြီး သူက ထျန်ဟွမ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်... သူက ပကတိဧကနယ်ပယ်ကို ဝင်ရောက်တဲ့အချိန်မှာ သူက ကောင်းကင်ဘုံကပ်ဘေး၉ခုထဲက ၉ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး မိစ္ဆာတစ်သန်းစစ်တပ်တစ်တပ်ကို သတ်ဖြတ်ခဲ့တယ်”
“အန္တိမပကတိမိစ္ဆာ ယန်ကျစ်နဲ့ ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်က အခြားပညာရှင်သုံးယောက်က သူ့လက်ချက်နဲ့သေခဲ့ရတယ်”
ရုတ်တရက် မိုချင်က တည်တံ့သောလေသံဖြင့် သူ၏ စကားကို အမှန်ပြင်ပေးလိုက်၏။
“အဲဒါက ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲက ၉ခုတင်မဟုတ်ဘူး... အဲဒီမှာ ဒသမမြောက်ကပ်ဘေးလည်းပါတယ်”
“ဟဲဟဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ရယ်လိုက်၏။
“ဂျူနီယာညီမ... နင်က အပြင်လောကနဲ့ပတ်သက်ပြီး အတွေ့အကြုံနုလွန်းသေးတယ်... အဲဒါက သတင်းအမှားဆိုတာ အသိသာကြီးပဲ... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ”
“သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေ ပေါ်ထွက်ခဲ့ဖူးတယ်... သမိုင်းထဲက မဟာဧကရာဇ်တွေတောင်မှ အလွန်ဆုံး ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ကိုးခုကိုပဲ ဆွဲဆောင်နိုင်တယ်... ဒသမမြောက် ကောင်းကင်ဘုံကပ်ဘေးဆိုတာ ရှိမှမရှိတာ”
“အဲဒီကိစ္စက သာမန်အသိသညာကို ကျော်လွန်နေတယ်... ဖြစ်နိုင်ခြေအရှိဆုံးကတော့... အားအားယားယားလူတွေက အဲဒါကို ချဲ့ကားပြောဆိုပြီး ရယ်စရာတွေကိုလျှောက်ပြီးဖန်တီးနေတာပဲ”
“အဲဒီလူက ကောင်းကင်ဘုံကပ်ဘေး ၉ခုထဲက ၉ခုကို ဆွဲဆောင်ခဲ့တာတောင် ဟုတ်ချင်မှဟုတ်လိမ့်မယ်လို့ ငါထင်တယ်”
မိုချင်က မကျေမနပ်ဖြစ်သွားသည့်ပုံဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“အဲဒါက အမှန်လို့ ကျွန်မတော့ယုံတယ်”
ဓားအင်မော်တယ်ယွဲ့ဟွားသည် မိုချင်၏ မျက်လုံးထဲရှိ မကျေနပ်မှုကို တွေ့မြင်လိုက်ရပြီး သူက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေပေ။
သူက သူမကို ဆူပူလိုက်သောကြောင့် သူမက စိတ်တိုသွားခြင်းဖြစ်မည်ဟု သူကတွေးလိုက်၏။
ဆန့်ကျင်ဘက်အနေဖြင့် သူက တိတ်တဆိတ်ပင် ကျေနပ်သဘောကျသွား၏။
သည့်ယခင်က မိုချင်သည် သူ့အပေါ်မှာ အမြဲတမ်း အေးတိအေးစက်ဖြစ်နေခဲ့၏။ သူမက ဘယ်တုန်းကမှ ပြုံးမပြခဲ့သည့်အချက်ကိုအသာထား သူမသည် သူ့ကို စိတ်တိုးဒေါသထွက်ခြင်းပင် မရှိခဲ့ပေ။
ယခု... မိုချင်က မကျေမနပ်ဖြစ်သွားပုံရသည်ကို တွေ့မြင်သောအခါ သူတို့နှစ်ယောက်ကြား အကွာအဝေးက ပို၍နီးကပ်လာသည်ဟု ဓားအင်မော်တယ်ယွဲ့ဟွားက ခံစားလိုက်ရ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ညင်သာစွာပြုံး၍ ရှင်းပြလိုက်၏။
“ဂျူနီယာညီမ... ငါပြောခဲ့တဲ့အရာက အကြောင်းပြချက်တွေထဲက တစ်ခုပဲရှိသေးတယ်”
“အထီးကျန်သိုင်းသခင်က ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ကိုးခုကိုဆွဲဆောင်ပြီး မိစ္ဆာတစ်သန်းစစ်တပ်ကို လောင်ကျွမ်းပြကျသွားစေတယ်... ရှင်သန်ကျန်ရစ်သူမရှိခဲ့ဘူးလို့ ပြောကြတယ်”
“သူတို့အားလုံးသေကုန်ပြီဆိုမှတော့... အဲဒီသတင်းက ဘယ်ကနေရောက်လာတာလဲ”
“နောက်ပြီးအထီးကျန်သိုင်းသခင်ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းဆိုတာ... သူက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ခါစဆိုတဲ့အဓိပ္ပါယ်ပဲ... သူက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်လေးဦးကို ဘယ်လိုလုပ်သတ်ဖြတ်နိုင်မှာလဲ... တကယ်ဆို သေသွားတဲ့သူတွေထဲမှာ ပကတိမိစ္ဆာတောင်မှ ပါနေသေးတယ်”
“ဂျူနီယာညီမ... နင်တခြားသူတွေကို လိုက်မေးကြည့်ပါလား အဲဒီကိစ္စကို လူဘယ်လောက်များများက ယုံကြည်မလဲသိရတာပေါ့”
မိုချင်က ပြောလိုက်၏။
“အဲဒါကလဲ ရှင့်ရဲ့ထင်မြင်ယူဆချက်ပဲမလား... ရှင်က သူ့ကို အရင်ကတစ်ခါမှမမြင်ဖူးတော့... သူ့ရဲ့အစွမ်းအစတွေကို ရှင်ဘယ်လိုလုပ် သိပါ့မလဲ”
“ဟီးဟီး”
ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်သာ ငါ့ရှေ့မှာ တကယ်ပဲ ပေါ်ထွက်လာခဲ့မယ်ဆိုရင် ငါက... သူ့ရဲ့မျက်နှာကို သေချာပေါက်လှီးဖြတ်ပြီး သူ့ရဲ့ယုံတမ်းစကားတွေကို ဖျက်ဆီးပစ်မယ်”
မိုချင်က နားထောငိရင်း ပို၍မကျေမနပ်ဖြစ်လာ၏။
“စီနီယာအစ်ကို... တခြားဘာမှမရှိတော့ဘူးဆိုရင် ကျွန်မသွားနှင့်တော့မယ်”
သူတို့မှာ သဘောထားတိုက်ဆိုင်တာ ဘာမှမရှိပေ။ ထိုသို့ဖြင့် မိုချင်သည် အေးစက်စွာပြောဆိုပြီး ဓားအင်မော်တယ်ယွဲ့ဟွား၏ ပြန်ဖြေစကားကိုပင် စောင့်မနေဘဲလှည့်ထွက်သွား၏။ သူမသည် အတွင်းဂိုဏ်းရှိရာဘက်သို့ ဦးတည်သွားလေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ခဏကြာသည်အထိ မတုံ့ပြန်နိုင်ဘဲ သုန်မှုန်နေသောအမူအရာဖြင့် နေရာမှာပင် မတ်တတ်ရပ်နေမိ၏။
သူသည် မိုချင်၏ နောက်ကျောကိုကြည့်ပြီး ငေးငိုင်နေ၏။
သူသည် ဤဂျူနီယာညီမကို ဘယ်လိုစိတ်တိုအောင်လုပ်မိခဲ့သလဲ မသိတော့ပေ။
ဓားအင်မော်တယ်ယွဲ့ဟွားသည် အသက်ပြင်းပြင်းတစ်ချက်ရှိုကိပြီး ခပ်လှမ်းလှမ်းလေဟာနယ်ကိုကြည့်ကာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“သူ့နောက်ကိုလိုက်ပြီး သူဘယ်သွားလဲကြည့်နေ”
လေဟာနယ်က အနည်းငယ်ယိမ်းထိုးသွားပြီး ပုံရိပ်တစ်ခုက ဖျတ်ခနဲလက်ကာ နတ်မိမယ်မိုချင်ရှိရာဘက်သို့ လိုက်ပါသွား၏။
တက္ကသိုလ်၏ အတွင်းဂိုဏ်း၊ လိုဏ်ဂူခန်းဝါတစ်ခုအတွင်းမှာ ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်၍ သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်၏။ နှစ်တစ်ထောင်ကြာကျင့်ကြံပြီးနောက် သူ၏ ကျင့်ကြံမှုနယ်ပယ်သည် နောက်တစ်ဖန်ချိုးဖျက်တက်လှမ်းပြီး သူက အဆင့်-၄ ကောင်းကင်အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီဖြစ်၏။
သူ၏ ကျင့်ကြံမှုအလျင်အဟုန်က ကျင့်ကြံမှုနယ်ပယ်တူခြင်းမှာ အခြားသူများကို များစွာကျော်တက်သွား၏။
ဥပမာအားဖြင့် မင်းသမီးသက်တံနီနှင့် လျှိုဖျင်တို့သည် အဆင့်-၂ ကောင်းကင်အမြုတေနယ်ပယ်ထိသာ ကျင့်ကြံနိုင်ခဲ့ကြ၏။
သို့သော်လည်း ကောင်းကင်အမြုတေနယ်ပယ်မှာ ကျင့်ကြံရခြင်းက များစွာပိုခက်ခဲလာသည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်းအာရုံခံမိလာ၏။
ဤကဲ့သို့သော တံခါးပိတ်ကျင့်ကြံခြင်းသည် အလွန်ဆုံးကျင့်ကြံမှုနယ်ပယ်တစ်ခုကိုသာ ချိုးဖျက်တက်လှမ်းနိုင်စေမည်ဖြစ်ပြီး သူတို့သည် သိပ်မကြာခင် အဟန့်အတားတစ်ခုနှင့် ကြုံတွေ့ရပေလိမ့်မည်။
သူသည် အဆင့်-၄ ကောင်းကင်အမြုတေနယ်ပယ်၏ အထွတ်အထိပ်မှာ ရပ်တန့်နေခဲ့သည်မှာ နှစ်တစ်ရာကျော်ကြာသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုက မတ်တတ်ထရပ်ပြီး မလှမ်းမကမ်းမှာရှိသော စိတ်ဝိညာဥ်ဥယျာဥ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။
သူက သူ့မျက်လုံးထဲရှိ စိတ်ပျက်လက်ပျက်အငွေ့အသက်တစ်ခုနှင့်အတူ လွန်ခဲ့သည့် နှစ်တစ်ထောင်က စိုက်ပျိုးခဲ့သည့် အသောကပင်စည်ကို ကြည့်လိုက်၏။
ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း သူသည် အသောကသစ်ပင်ကို မကြာခဏဂရုစိုက်ပေးခဲ့၏။
သို့သော်လည်း ဤမျှထိကြာမြင့်ပြီးတာတောင် အသောကသစ်ပင်က ရှင်သန်လာမည့် မည်သည့်လက္ခဏာမှ မပြသပေ။
ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်၏။
ဤကျောက်စိမ်းအဆောင်သည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက သူရရှိလာခဲ့သည့် အရာဖြစ်လေသည်။
ဤနှစ်များအားလုံးတွင် ကျောက်စိမ်းအဆောင်ထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
သို့သော်ယခု ဆူဇီမို၏ လက်ဖဝါးထဲရှိ ကျောက်စိမ်းအဆောင်က စတင်၍ပူနွေးလာပြီး အစိမ်းရောင်အလင်းတစ်ခုဖြင့် တောက်ပလာခဲ့သည်။