← Chapters

လျှို့ဝှက်ကုန်းမြေ ဖွင့်လှစ်ခြင်း

Vol. 160 Ch. 2395

လျှို့ဝှက်ကုန်းမြေ ဖွင့်လှစ်ခြင်း

Vol. 160 Ch. 2395

သူ့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကနေ အစိမ်းရောင်အလင်းတောက်တောက် ဖြာထွက်လာသည်ကို တွေ့မြင်သောအခါ ဆူဇီမို၏ ရင်ထဲမှာ မျှော်လင့်စောင့်စားမှု ခံစားချက်တစ်ခုက လှိုက်တက်လာ၏။

ယွင်ကျူးပြောခဲ့ပုံအရ ကျောက်စိမ်းအဆောင်သည် တဗူးဂမ္ဘီရကျင့်စဥ် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းနှင့် ပတ်သက်ဆက်စပ်နေ၏။

မဟာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းတို့က ပိုင်ရှင်များရှိနေပြီဖြစ်၏။

ကျောက်စိမ်းအဆောင်သည် နောက်ဆုံးရတနာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် ဆက်စပ်နေပေလိမ့်မည်။

အဲဒါက ကျင့်စဉ်အတွဲတစ်တွဲမျှသာဖြစ်သော်လည်း အဲဒါသည် မရေမတွက်နိုင်သောကျင့်ကြံသူများကို ရူးသွပ်သွားစေနိုင်၏။

ဆူဇီမိုအနေဖြင့် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရရှိခြင်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် တိုးတက်မှုတစ်ခုသာ မဟုတ်ပေ။ သိုင်းတာအိုပင်မခန္ဓာသည်လည်း စိတ်ဝိညာဥ်ပနံသင့် ပညာရပ်ကနေတစ်ဆင့် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကို ဆက်လက်မီးဆေးဖို့အတွက် အဲဒါကို အရည်ဖျော်ချနိုင်မည်ဖြစ်၏။

ထိုစဥ်မှာပင် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ့လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ တစ်စုံတစ်ယောက်ရောက်ရှိလာသည်ကို အာရုံခံမိလိုက်၏။

“ဟမ်..”

အစကတော့ ဆူဇီမိုသည် အဲဒါကို လျစ်လျူရှုလို၏။ သို့သော်လည်း ရောက်ရှိလာသူက စီနီယာအစ်မမိုချင်ဖြစ်နေသည်ကို တွေ့ရသောအခါ သူကစဥ်းစားရခက်သွား၏။

ခဏမျှတုံ့ဆိုင်းပြီး​နောက် သူက အပြင်ကိုထွက်ကာ တစ်ချက်ကြည့်ဖို့ ပြင်လိုက်၏။

စီနီယာအစ်မမိုချင်သည် အချိန်တိုင်းလိုလို အမွေခံကုန်းမြေမှာ တံခါးပိတ်ကျင့်ကြံနေတတ်ပြီး အပြင်ဘက်ကို ထွက်လာလေ့သိပ်မရှိပေ။ သူမက သူ၏ လိုဏ်ဂူခန်းဝါကို ရောက်လာခြင်းမှာ အရေးကြီးသောကိစ္စတစ်စုံတစ်ရာကြောင့်ဖြစ်ဖို့များလေသည်။

ဆူဇီမိုသည် ကျောက်စိမ်းအဆောင်ကို သူ၏ သိုလှောင်အိတ်ထဲသို့အရင်ဆုံးထည့်ပြီး သူ၏ လိုဏ်ဂူခန်းဝါတံခါးကိုဖွင့်ကာ သူမကိုကြိုဆိုလိုက်၏။

“စီနီယာအစ်မ”

ဆူဇီမိုက သူ၏ လက်နှစ်ဖက်ကိုယှက်ပြပြီး ကြိုဆိုနှုတ်ဆက်လိုက်၏။

မိုချင်က ဆူဇီမိုကို အကဲခတ်ကြည့်ပြီး ညင်သာစွာခေါင်းညိတ်လိုက်၏။

“နင့်ရဲ့ကျင့်ကြံမှုက တော်တော်မြန်တာပဲ... နင်အဆင့်-၄ ကောင်းကင်အမြုတေနယ်ပယ်ကိုတောင် ရောက်နေပြီ”

ဆူဇီမိုက မျက်လုံးကို ပုတ်ခတ်လိုက်၏။ သူသည် မိုချင် ဘာပြောချင်သည်ကို မသိဘဲ ယဥ်ကျေးစွာဆက်လက်၍ မေးလိုက်၏။

“စီနီယာအစ်မ... စကား​လေးဘာ​လေးပြောဖို့ လိုဏ်ဂူခန်းဝါထဲကို ဝင်ဦးမလား”

“အင်း”

မိုချင်က ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက မတုံ့ပြန်နိုင်ခင်မှာပင် သူမက သူ၏ လိုဏ်ဂူခန်းဝါထဲသို့ လျှောက်လှမ်းဝင်သွားပြီး သူမ၏ ကြော့ရှင်းသောနောက်ကျောကို သူက တွေ့မြင်လိုက်ရ၏။

ဆူဇီမိုက မှင်တက်၍ ငေးငိုင်နေ၏။

သူသည် ငေးငိုင်ရာကနေအလျင်အမြန်နိုးထလာပြီး အလောတကြီးလိုက်ပါဝင်ရောက်သွား၏။

မိုချင်သည် လိုဏ်ဂူခန်းဝါထဲသို့ ဝင်ရောက်လာပြီး ထိုင်ချလိုက်၏။

ဆူဇီမိုက မွှေးပျံ့သော လက်ဖက်ရည်တစ်အိုးကိုယူပြီး သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်ကာ မည်သည့်စကားမှမဆိုဘဲ လက်ဖက်ရည်ကိုမျှင်းသောက်နေကြသည်။

ခဏကြာပြီးတာတောင် ဆူဇီမိုသည် မည်သည့်စကားမှမဆိုဘဲ မိုချင်ကလည်း နှုတ်ဆိတ်နေ၏။

မိုချင်သည် ထူးဆန်းသောပတ်ဝန်းကျင်နှင့် ကြောင်တိကြောင်တောင်နိုင်မှုကို လုံးဝ သတိမထားမိသည့်အလား သူမက မှင်​သေသေဖြင့် ဣ​န္ဒြေရနေ၏။

ဆူဇီမိုက အဲဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

ဤစီနီယာအစ်မပေါ် သူနားလည်ထားသလောက် သူမအနေဖြင့် မည်သည့်စကားမှမဆိုဘဲ ဤကဲ့သို့ အချိန်ကြာမြင့်စွာဆက်ထိုင်နေဖို့က မခက်ခဲပေ။

သိုလှောင်အိတ်ထဲရှိ ကျောက်စိမ်းအဆောင်၏ တုံ့ပြန်မှုက ပို၍သိသာထင်ရှားလာနေ၏။ ဆူဇီမိုက သိပ်ကြာကြာမစောင့်နိုင်တော့ပေ။

“စီနီယာအစ်မ... တစ်ခုခုများ ပြောစရာရှိလို့လား”

ဆူဇီမိုက အကဲစမ်းမေးလိုက်၏။

မိုချင်က မှင်သေသေဖြင့်ပြောလိုက်သည်။

“ဟို... ဘာရယ်တော့မဟုတ်ပါဘူး.. နင့်ရဲ့ကျင့်ကြံမှုမှာ မရှင်းလင်းတာတစ်ခုခုများရှိမလားလို့ ငါလာကြည့်တာ”

မိုချင်က မှင်သေသေဖြင့် ပြောလိုက်၏။

“အို.. လောလောဆယ်တော့မရှိ...”

ဆူဇီမိုက စဥ်းစားရခက်နေ၏။

ဘာကြောင့်ရယ်မသိ စီနီယာအစ်မမိုချင်က သူ့ကို ရုတ်တရက် ဂရုစိုက်ပေးလာနေသည်။

တစ်ဖန်ပြန်တွေးကြည့်ရင် သူတို့နှစ်ယောက်သည် အဝီစိမှာတုန်းက ဒုက္ခသုက္ခများကို အတူဖြတ်ကျော်ခဲ့ရ၏။ သူတို့သည် တစ်ဂိုဏ်းတည်းသားများဖြစ်ပြီး ယခု... သူတို့၏ ဆရာကလည်း တူလာသောကြောင့် စီနီယာအစ်မမိုချင်အနေဖြင့် သူ့ကို ဂရုစိုက်ပေးသည်မှာ သာမန်သာဖြစ်၏။

သို့သော်လည်း တစ်စုံတစ်ရာလွဲမှားနေသေးသည်ဟု သူကခံစားရ၏။

အဲဒါက စီနီယာအစ်မမိုချင်၏ ပုံစံနှင့် မတူသည့်ပုံပင်။ သူက စီနီယာအစ်မမိုချင်ကို တတ်နိုင်သမျှမြန်မြန် နှင်ထုတ်လိုနေပြီး ကျင့်ကြံမှုနှင့်ပတ်သက်သည့် မေးခွန်းတချို့ကို သာမန်ကာလျှံကာမေးမြန်းလိုက်၏။

မိုချင်က တစ်ခုပြီးတစ်ခု ဖြေပေးနေ၏။ သို့သော်လည်း မိုချင်သည် မေးခွန်းတချို့ဖြေပြီးနောက် ထွက်ခွာသွားလိုစိတ် မရှိသေးပေ။

“စီနီယာအစ်မ...”

ဆူဇီမိုက ထပ်မံ၍ခေါ်လိုက်၏။

“တခြားဘာမေးခွန်းရှိသေးလဲ”

မိုချင်က မေးလိုက်၏။

“မရှိတော့ပါဘူး... ဒါအကုန်ပါပဲ”

ဆူဇီမိုက အလောတကြီးပြန်ဖြေလိုက်၏။

“အို...”

မိုချင်က ခေါင်းညိတ်လိုက်၏။

“ဒီလိုဆိုမှတော့... ငါအရင်သွားနှင့်တော့မယ်... ပြဿနာတစ်ခုခုရှိမယ်ဆိုရင် အမွေခံကုန်းမြေမှာ ငါ့ကိုလာရှာလိုက်”

“ကောင်းပါပြီ”

ဆူဇီမိုက အလွယ်တကူသဘောတူလိုက်၏။

မိုချင်က လိုဏ်ဂူခန်းဝါရှေ့ဘက်သို့ လျှောက်လှမ်းသွားပြီး သာမန်ကာလျှံကာမေးလိုက်၏။

“ဒါနဲ့... လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက မိစ္ဆာမဟာနယ်မြေမှာဖြစ်ခဲ့တဲ့ ကြီးမားတဲ့ကိစ္စတစ်ခုကို နင်ကြားမိလား”

“မိစ္ဆာမဟာနယ်မြေမှာလား”

ဆူဇီမိုက မျက်ခုံးပင့်၍မေးလိုက်၏။

မိုချင်က ပြောလိုက်လေသည်။

“အဲဒါက ငါတို့ကိုကယ်တင်ခဲ့တဲ့ တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်ရဲ့ ပတ်သက်နေတဲ့အရာပဲ... သူ့ရဲ့ကပ်ဘေးဖြတ်ကျော်ခြင်းက ဒသမမြောက်ကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့ပြီး သူက အန္တိမပကတိမိစ္ဆာနဲ့ မိစ္ဆာကျင့်ကြံသူတစ်သန်းကိုပါ သတ်ဖြတ်ခဲ့တယ်လို့ ငါကြားတယ်”

“ကျုပ်လည်းကြားမိပါတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

မိုချင်က ထပ်မံ၍မေးလိုက်၏။

“ဒီနှစ်တွေထဲမှာ နင်တို့တွေအဆက်အသွယ်ရကြသေးလား”

“ဟမ်..”

ဆူဇီမိုက မှက်တက်သွား၏။

မိုချင်က ဆူဇီမိုကိုကြည့်လိုက်၏။

“ဂျူနီယာမောင်လေး နင်တို့တွေက ခင်မင်ရင်းနှီးကြတယ်ဆိုတာ ငါသိပါတယ်... မဟုတ်ရင် နင်က ငရဲဖိနှိမ်မီးဖိုလို ရတနာတစ်ခုကို သူ့ကိုပေးခဲ့မှာ မဟုတ်ဘူး”

“မပူပါနဲ့... နင်တို့ကြားက ဆက်ဆံရေးအကြောင်း ငါဘယ်သူ့ကိုမှ ပြောမှာမဟုတ်ဘူး”

“အင်မော်တယ်နဲ့မိစ္ဆာတွေကြား တစ်ခုတည်းသောကွာခြားချက်က သူတို့ကျင့်ကြံတဲ့ ဓမ္မတာအိုပဲ... အင်မော်တယ်မဟာနယ်မြေမှာ ရက်စက်ကြမ်းတမ်းပြီး ယုတ်မာကောက်ကျစ်တဲ့သူတွေရှိသလို... မိစ္ဆာမဟာနယ်မြေမှာလည်း မှန်ကန်ဖြောင့်မတ်တဲ့လူတွေရှိတာပဲ”

“နောက်ပြီး တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်က ငါ့ကို... ငါပြောချင်တာက ငါတို့ကို ကယ်တင်ပေးခဲ့တယ်လေ”

မိုချင်က စကားများစွာပြောဆိုနေသော်လည်း ဆူဇီမို၏ စိတ်အာရုံအများစုက သူ၏ သိုလှောင်အိတ်ထဲရှိ ကျောက်စိမ်းအဆောင်ပေါ်ရောက်ရှိနေပြီး သူက သေသေချာချာနားမထောင်ဖြစ်ပေ။

ဆူဇီမိုက မရေမရာပြန်ဖြေလိုက်၏။

“အင်း... ကျုပ်တို့တွေ အဆက်အသွယ်အချို့တော့ရှိပါတယ်”

“ပြီးခဲ့တဲ့နှစ်တွေထဲ သူဘယ်လိုနေလဲ”

မိုချင်က ညင်သာစွာမေးလိုက်၏။

ခဏမျှရပ်တန့်ပြီးနောက် သူမက ရှင်းပြလိုက်၏။

“ဘာပဲပြောပြော... သူက အရင်က ငါတို့ကိုကယ်တင်ပေးခဲ့တာပဲ... ဒီလောက်နှစ်တွေအကြာပြီး... သူ့ဆီက ဘာသတင်းမှမရလို့ ငါက စိုးရိမ်နေတာ”

“သူအဆင်ပြေနေပါတယ်... သူက တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေတာပဲ”

ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲရှိ ကျောက်စိမ်းအဆောင်၏ တုံ့ပြန်မှုကို လေ့လာအကဲခတ်ရင်း ပြောလိုက်၏။

ထိုအခိုက်အတန့်မှာ ကျောက်စိမ်းအဆောင်ကနေ ဖြာထုတ်ပေးနေသည့် အစိမ်းရောင်အလင်းက သိပ်သည်းအားကောင်းလာပြီး အဲဒီမှာ ထူးဆန်းသောစွမ်းအင်အတက်အကျတစ်ခုပင် ပါဝင်လာခဲ့၏။

“သူက...”

မိုချင်က တစ်စုံတစ်ရာကိုမေးမြန်းတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက ဖြတ်ပြောလိုက်၏။

“စီနီယာအစ်မ... ကျုပ် ဒီနေရာမှာအရေးကြီးကိစ္စတစ်ခုလုပ်ဖို့ရှိတယ်... ကျုပ်နောက်တစ်ခေါက်ကျမှပဲ ကျင့်ကြံမှုအကြောင်း ခင်ဗျားကို လာမေးတော့မယ်”

“အင်း”

မိုချင်သည် အတွေ့အကြုံနု၍ အပြင်ဘက်မှာလှုပ်ရှားသွားလာလေ့မရှိသော်လည်း ဆူဇီမိုက သူမကိုနှင်ထုတ်နေခြင်းဖြစ်သည်ကို သူမသိလေသည်။

သူမက ခေါင်းညိတ်ပြပြီး ဆက်လက်၍ကြန့်ကြာမနေတော့ဘဲ ထွက်ခွာသွား၏။

သူမ ပထမဆုံးရောက်ရှိလာချိန်က သူမသည် အနည်းငယ် မအီမသာဖြစ်နေခဲ့၏။

သို့သော်လည်း ပြန်ထွက်လာသည့်အချိန်မှာ သူမ၏ ရင်ထဲတွင် ဖော်မပြတတ်သော ဝမ်းသာပျော်ရွှင်မှုတစ်ခုကို ခံစားနေရ၏။

သူက မိုချင်ထွက်သွားသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက လိုဏ်ဂူခန်းဝါကိုပိတ်ချ၍ ၎င်း၏ ဘေးပတ်လည်မှာ အင်မော်တယ်ဝင်္ကပါတစ်ခုကို အသက်သွင်းပြီးနောက် သူ၏ သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းအဆောင်ကို ထုတ်ယူလိုက်၏။

ထိုစဥ်မှာပင် ကျောက်စိမ်းအဆောင်က ကြေမွသွားပြီး လေဟာနယ်ကိုဖြတ်ကျော်၍ စွမ်းအားကြီးမားသောအင်အားတစ်ခုကို ထုတ်ဖော်ကာ ဆူဇီမိုကို အထဲသို့ ဆွဲယူသွင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် စံအိမ်တစ်ခု၏ အပေါ်ဆုံးအထပ် လျှို့ဝှက်ခန်းတစ်ခုထဲမှာ လူအိုကြီးရွှမ်က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

သူက တက္ကသိုလ်၏ အတွင်းဂိုဏ်းရှိရာဘက်သို့ တစ်ချက်ကြည့်ပြီးနောက် သူ၏ မျက်လုံးနှစ်ဖက်ကို တစ်ဖန်ပြန်မှိတ်ကာ အနားယူလိုက်၏။

တက္ကသိုလ်၏ တိမ်စိုင်များကြား အနက်ပိုင်းထဲရှိ နန်းတော်တစ်ခုမှာ တက္ကသိုလ်၏ ဂိုဏ်းချုပ်ကလည်း သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးများက နက်ရှိုင်းနေပြီး ဂမ္ဘီရအလင်းတစ်ခုဖြင့် တောက်ပနေ၏။

ခဏမျှစဥ်းစားတွေးတောပြီးနောက် ဂိုဏ်းချုပ်၏ မျက်လုံးထဲရှိ ဂမ္ဘီရအလင်းက ဖျော့တော့ကာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

ကျောက်စိမ်းအဆောင်သည် ပို့ဆောင်ရေးကျောက်စိမ်းအဆောင်တစ်ခုနှင့်တူပြီး ကြေမွသွားပြီးနောက် အာကာသဥမင်တစ်ခုထဲသို့ ဆူဇီမိုကို ဆွဲယူသွင်းလိုက်၏။

ခဏမျှမူးဝေထုံထိုင်းသွားပြီးနောက် ဆူဇီမိုသည် အာကာသဥမင်ထဲကနေ ကျဆင်းကာ သူ့ကိုယ်သူ အလောတကြီးတည်ငြိမ်စေလိုက်၏။ သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး လေထဲကနေ ဖြည်းဖြည်းချင်းဆင်းသက်လိုက်၏။

အဲဒါသည် သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်သော လျှို့ဝှက်ကုန်းမြေတစ်ခုဖြစ်ပုံရ၏။ အဲဒါက အပြင်လောကနှင့် သိသိသာသာကွဲပြားခြားနားနေ၏။

ရှေ့မလှမ်းမကမ်းမှာ ကြီးမားသောကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် နန်းတော်တစ်ခုရှိနေ၏။ အဲဒါက ပေအတော်အတန်မြင့်မားပြီး ရှေးကျ၍ ခမ်းနားထည်ဝါနေကာ ခပ်ဖျော့ဖျော့မြူခိုးတစ်ခုက လွှမ်းခြုံထား၏။

ရုတ်တရက်ဆိုသလို... ။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သူဆင်းသက်လာသည့်ခဏမှာပင် မလှမ်းမကမ်းလေဟာနယ်မှာ အင်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး ပုံရိပ်တချို့က ခုန်ထွက်လာခဲ့၏။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်၏။

သူအပါအဝင် စုစုပေါင်းလူ ၉ ယောက်က တစ်ချိန်တည်းမှာပင် ဤလျှို့ဝှက်ကုန်းမြေသို့ ဆင်းသက်ရောက်ရှိလာကြ၏။

All Chapters