← Chapters

အခန်း (၉၇၆-၉၇၈)

Vol. 66 Ch. 976-978

အခန်း (၉၇၆-၉၇၈)

Vol. 66 Ch. 976-978

အဆတစ်ရာစနစ် စာစဥ်(၆၆)

အခန်း(၉၇၆)

ရှောင်ယွဲ့ဂိုဏ်း၏ အနောက်ဘက် မိုင်ထောင်ချီအကွာတွင် သွေးနတ်ဆိုးတောင်တန်း တည်ရှိသည်။

၎င်းသည် ရှောင်ယွဲ့ဂိုဏ်းအနီးရှိ နာမည်ကျော် အန္တရာယ်များသည့် နေရာတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက သွေးမြူများ ဖုံးလွှမ်းနေခဲ့သည်။

ထိုသွေးမြူများထဲတွင် ထူးဆန်းသော မှော်စွမ်းအားတစ်မျိုး ပါဝင်နေပြီး ထိုနေရာတွင် နေထိုင်သည့် သားရဲများ၏ သွေးစွမ်းအားများကို အကြီးအကျယ် အားဖြည့်ပေးနိုင်သည်။

ထိုသို့ အားဖြည့်ပေးနိုင်သောကြောင့် သွေးနတ်ဆိုးတောင်တန်းထဲရှိ သားရဲများသည် အလွန်ပင် ရုန့်ရင်းကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းသည်။

သာမန်အခြေအနေတွင် ကျင့်ကြံသူအနည်းငယ်သာ သွေးနတ်ဆိုးတောင်တန်းကို ခြေချရဲကြသည်။

သို့သော်လည်း ထိုနေရာ၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် သွေးလမ်းစဥ် ကျင့်ကြံသူများ အတွက်မူ အလွန်အမင်း ကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။

ကျန်းချန်က ဝိညာဉ်ဆေးကြော ကောင်းကင်ဆေးလုံးကို သန့်စင်ရန် တစ်ရက်တာ အချိန်ယူခဲ့ပြီး ရှောင်ယွဲ့ဂိုဏ်းမှ အကြီးအကဲအချို့၏ ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။

ထို့နောက်တွင် ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်၏ ဦးဆောင်မှုအောက်တွင် သွေးနတ်ဆိုးတောင်တန်း ဆီသို့ ချီတက်လာခဲ့ကြသည်။

ဤတစ်ကြိမ် သွေးနတ်ဆိုးတောင်တန်းကို သွားရောက်ရာတွင် ကျန်းချန်သည် သွေးမြစ်ကို ကိုင်တွယ်ရန်အပြင် ကျန်းဟောင်၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကိုပါ စမ်းသပ်ချင်ခဲ့သည်။

ကျန်းချန်သည် သူ၏အစီအစဥ်ကို အနှောင့်အယှက် ဖြစ်မည်စိုး၍ ရှောင်ယွဲ့ဂိုဏ်းမှ ကျင့်ကြံသူ မည်သူ့ကိုမျှ ချိုးရွှယ်ကို ခေါ်မလာခိုင်းခဲ့ပေ။

ထို့ကြောင့် ချိုးရွှယ်၊ ကျန်းချန်နှင့် လီဖုန်တို့သာ သွေးနတ်ဆိုးတောင်တန်းသို့ ရောက်လာခဲ့ကြသည်။

"သခင်လေးကျန်း.. ကျွန်တော်တို့ ရောက်ပါပြီ.. ရှေ့မှာ မြင်ရတဲ့ ချိုင့်ဝှမ်းက သွေးမြစ်ရှိနေတဲ့ နေရာပဲ"

ချိုးရွှယ်က ကျန်းချန်ကို သွေးနတ်ဆိုးတောင်တန်း၏ ချိုင့်ဝှမ်းတစ်ခု ဆီသို့ ခေါ်ဆောင်လာပြီးနောက် လက်ညိုးညွှန်ကာ ပြောလိုက်သည်။

ကျန်းချန်က ချိုးရွှယ် ညွှန်ပြသော နေရာကို ကြည့်လိုက်ရာ သူ၏အရှေ့ မီတာရာပေါင်းများစွာ အကွာတွင် ချိုင့်ဝှမ်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ချိုင့်ဝှမ်း၏ ဘေးနှစ်ဖက်လုံးတွင် အလွန်တရာ မတ်စောက်သည့် ချိုင့်နံရံများရှိပြီး ထိုနေရာက သွေးမြူများ ထူထပ်စွာဖြင့် လုံးဝ ဖုံးလွှမ်းနေခဲ့သည်။

အတွင်းပိုင်း အခြေအနေကို မမြင်ရသောကြောင့် အလွန်ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းနေ၏။

ကျန်းချန်က သူ၏ ရှေ့မှ ချိုင့်ဝှမ်းကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီချိုင့်ဝှမ်းထဲမှာရှိတဲ့ သွေးမြူတွေက အပြင်ကထက် ပိုပြီး ထူထပ်ပုံရတယ်"

"ချိုင့်ဝှမ်းထဲက သွေးမြူတွေက အပြင်ထက် ပိုပြီး ထူထပ်တာ အမှန်ပါပဲ.. မကြာသေးခင်က သွေးမြစ်နဲ့အတူ ကျွန်တော် လိုက်ဝင်သွားဖူးတယ်.. ချိုင့်ဝှမ်းထဲမှာ အနည်းငယ်ကြာကြာ နေလိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးလည်ပတ်မှုတွေက သွေးမြူတွေရဲ့ သက်ရောက်မှုကို ခံခဲ့ရတယ်.. အဲဒီနေရာမှာ သွေးမြစ်ကို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အစွမ်းတွေကို အကုန်အစင် ထုတ်သုံးဖို့ ခက်ခဲတယ်.. အဲဒီမှာ အချိန်ကြာကြာနေလေ ကျွန်တော်တို့အတွက် ပိုပြီး အားနည်းလေပဲ"

ချိုးရွှယ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါကြောင့် အထဲကို ရောက်တာနဲ့ သွေးမြစ်ကို မြန်မြန်ဆန်ဆန် နှိမ်နင်းမှ ဖြစ်လိမ့်မယ်"

ထိုစကားကို ကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဒီနေရာက သွေးမြစ်အတွက် တော်တော်လေး အကျိုးရှိတယ်ဆိုပေမယ့် သူက ဝိညာဉ်ပဲ ကျန်တော့တာပါ.. ကျွန်တော်တို့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး"

ကျန်းချန်က သွေးမြစ်ကို ကိုင်တွယ်ရန် ဤနေရာသို့ မလာမီ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လာခဲ့သည်။

သူက ဆဋ္ဌမအဆင့် ဝိညာဉ်ပိတ်ဆို့ခြင်း အစီအရင်ကို ပြုလုပ်ထားခဲ့၏။

ထိုအစီအရင်ကို လှုံ့ဆော်လိုက်သည်နှင့် သွေးမြစ်၏ဝိညာဉ်သည် အကြီးအကျယ် ကန့်သတ်ခံရမည်ဖြစ်ပြီး အနည်းဆုံး သွေးမြစ်၏ ဝိညာဉ်စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအထိ အားနည်းသွားစေနိုင်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် သွေးမြစ်သည် နတ်ဝိညာဉ်ဘုရင်အဆင့်၏ စွမ်းအားကို ထုတ်သုံးရန် အလွန်တရာ ခက်ခဲသွားလိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် ချိုးရွှယ်၏ နတ်ဝိညာဉ်ဘုရင်အဆင့် စွမ်းအားအပြင် သူနှင့် လီဖုန်းတို့၏ အကူအညီဖြင့်ဆိုလျှင် သွေးမြစ်ကို ကိုင်တွယ်ရန် မခက်ခဲပေ။

"ကောင်းပြီ"

ချိုးရွှယ်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ ကျန်းချန်တို့ကို ဦးဆောင်၍ ချိုင့်ဝှမ်းဆီသို့ အလျင်အမြန် ဦးဆောင်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သုံးယောက်၏ ပုံရိပ်သည် သွေးမြူများ ဖုံးလွှမ်းနေသည့် ချိုင့်ဝှမ်းထဲတွင် ပျောက်ကွယ်သွားခဲ့၏။

ကျန်းချန်တို့သုံးယောက် ချိုင့်ဝှမ်းထဲကို ဝင်ပြီး မကြာမီမှာပင် သူတို့ယခင်က ရပ်နေသည့် နေရာ၌ လေထု တုန်ခါမှုများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ပုံရိပ်သုံးခုသည် လေထုထဲကနေ ထွက်ပေါ်လာခဲ့၏။

အခန်း (၉၇၆)ပြီး၏။

အခန်း(၉၇၇)

လေထုထဲမှ ထွက်ပေါ်လာသော လူသုံးဦးသည် အခြားသူများမဟုတ်ကြပေ။

၎င်းတို့မှာ ကျန်းဟောင်တို့ လူစုပင် ဖြစ်သည်။

လီဖုန်းဆီမှ သတင်းကို ရပြီးနောက်တွင် သူတို့သုံးဦးသည် သွေးနတ်ဆိုးတောင်တန်း ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

စင်စစ် သူတို့သုံးဦးသည် ကျန်းချန်တို့ထက် စော၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့က သွေးမြစ်ကို ချက်ချင်း မကိုင်တွယ်ဘဲ လျှို့ဝှက်စွာ ပုန်းအောင်းနေခဲ့ပြီး ကျန်းချန်တို့လူစု ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

"ကြီးကြပ်ရေးမှူးကျန်း.. သူတို့ချိုင့်ဝှမ်းထဲကို ဝင်သွားကြပြီ.. ကျွန်တော်တို့ အခု လိုက်သွားသင့်လား"

ရှောင်နန်က ချိုင့်ဝှမ်းအဝကို လှမ်းကြည့်ရင်း နံဘေးရှိ ကျန်းဟောင်ကို မေးလိုက်သည်။

"ချိုင့်ဝှမ်းရဲ့ အခြေအနေက နည်းနည်း ထူးဆန်းနေတယ်။ ငါတို့တွေ လိုက်ဝင်စရာ မလိုဘူး"

ကျန်းဟောင်က လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

"ဒီချိုင့်ဝှမ်းက ငါတို့ရှေ့က ဝင်ပေါက်ကလွဲရင် ပတ်ပတ်လည်မှာ မတ်စောက်တဲ့ ချိုင့်ဝှမ်းတွေ ဝိုင်းရံနေတယ်.. ဒါကြောင့် ငါတို့ ဒီနေရာမှာပဲ စောင့်နေလို့ ရတယ်"

"ကြီးကြပ်ရေးမှူးကျန်း.. ကျန်းချန်က သွေးမြစ်ကို ကိုင်တွယ်နိုင်မယ်လို့ ထင်လား"

ရှောင်နန်က ချိုင့်ဝှမ်းဘက်သို့ စူးစိုက်ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။

"သွေးမြစ်က သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးပဲ.. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကဆိုရင် ကျုံးကျိုးကုန်းမြေကိုတောင် လှုပ်ခတ်စေခဲ့တဲ့သူပဲ.. သူက ဝိညာဉ်ပဲ ကျန်တော့တယ် ဆိုရင်တောင် ကိုင်တွယ်ရ လွယ်ကူမှာ မဟုတ်ဘူး.. ဒါပေမယ့် ကျန်းချန်တို့အဖွဲ့မှာ ဂိုဏ်းချုပ်ချိုးရွှယ် ပါနေတယ်ဆိုတော့ ကျန်းချန်တို့ရဲ့ ခွန်အားကလည်း မနည်းလောက်ဘူး.. တကယ်တမ်းသာ တိုက်ခိုက်ရမယ်ဆိုရင် ဘယ်သူ့ဘက်က နိုင်မလဲဆိုတာ ယတိပြက် ပြောဖို့ ခက်ခဲတယ်"

ကျန်းဟောင်က ပြုံး၍ ရှင်းပြလိုက်သည်။

"ဒါပေမဲ့ သူတို့ နှစ်ဖက်စလုံး ဘယ်ဘက်က နိုင်နိုင်၊ ဘယ်ဘက်ကပဲ ရှုံးရှုံး ငါတို့အတွက် အရေးမကြီးဘူး"

သူတို့ သွေးနဂါးတောင်တန်း ဆီကို ရောက်လာရခြင်းသည် နှစ်ဖက်စလုံး ဒဏ်ရာရနေသောအချိန်တွင် အမြတ်ထုတ်ရန် ဖြစ်သည်။

သူ့အနေဖြင့် ကျန်းချန်တို့ လူစုနှင့် သွေးမြစ်တို့ တိုက်ပွဲတွင် မည်သည့်ဘက်က အနိုင်ရသည်ဖြစ်စေ အဆုံးသတ်တွင် နှစ်ဖက်စလုံးသည် ကြီးမားသော အဖိုးအခတစ်ခုကို ပေးဆပ်ရမည်ဟု သူထင်ခဲ့သည်။

ကျန်းချန်တို့သုံးဦးက သွေးမြစ်ကို အနိုင်ယူခဲ့မည် ဆိုလျှင် သူက ထိုအခွင့်အရေးကို ယူကာ ကျန်းချန်တို့ သုံးဦးကို သတ်ပြီး သွေးမြစ်၏ အလောင်းကို ယန်ဒီမြို့ဆီ သယ်ဆောင်ကာ ဆုလာဘ်များကို ရယူမည် ဖြစ်၏။

သွေးမြစ်က ကျန်းချန်တို့ သုံးဦးကို အနိုင်ယူခဲ့လျှင်မူ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ပွဲပန်းနေသော သွေးမြစ် နာလန်ပြန်မထူလာခင် သတ်ပစ်မည် ဖြစ်သည်။

ထို့ကြောင့် တိုက်ပွဲ၏ ရလဒ်က မည်သို့ပင် ဖြစ်စေကာမူ သူ့အတွက် အကျိုးအမြတ်သာ ရှိမည် မဟုတ်ပါလား။

"ကြီးကြပ်ရေးမှူးကျန်းရဲ့ အစီအစဉ်က အတော်လေး ပြည့်စုံတာပဲ"

ကျန်းဟောင်၏ စကားကို ကြားပြီးနောက်တွင် ရှောင်နန်သည် ချီးကျူးလိုက်သည်။

ကြီးကြပ်ရေးမှူးကျန်း၏ အကြံသည် အလွန်ပြီးပြည့်စုံပြီး အပြစ်အနာအဆာ မရှိသလောက်ပင်။

မည်သည့် မတော်တဆမှုမှ မရှိသရွေ့ ကျန်းချန်ကို ဖယ်ရှားမည့် လုပ်ငန်းစဉ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရုံသာမက သွေးမြစ်ကို သတ်ဖြတ်နိုင်သည့် ဂုဏ်ပုဒ်ကိုလည်း ရယူနိုင်မည် ဖြစ်ရာ ခဲတစ်လုံးထဲဖြင့် ငှက်နှစ်ကောင်ကို ပစ်ချသကဲ့သို့ပင် မဟုတ်ပါလော။

သို့သော်လည်း ဘာရယ်ကြောင့်မှန်းမသိ၊ သွေးနဂါးတောင်တန်းကို ရောက်ကတည်းကပင် ရှောင်နန်၏ စိတ်ထဲ၌ မသက်မသာ ဖြစ်နေခဲ့သည်။

ထို့ကြောင့် ဤကိစ္စက ကျန်းဟောင် ထင်သလောက် မရိုးရှင်းဘူးဟု သူတွေးမိသည်။

ကျန်းဟောင်တို့သုံးဦးသား ချိုင့်ဝှမ်းအပြင်ဘက်တွင် ပေါ်လာချိန်၊ ချိုင့်ဝှမ်းထဲကို ဝင်ရောက်လာသော ကျန်းချန်တို့လူစုသည် ချိုးရွှယ်၏ ဦးဆောင်မှုဖြင့် ချိုင့်ဝှမ်းထဲရှိ လှိုဏ်ဂူတစ်ခုဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

လှိုဏ်ဂူသည် ဝင်ဝင်ချင်း အလွန်ပင် ကျဉ်းမြောင်းပြီး လူတစ်ဦးသာ ဝင်ဆံ့၏။

အတန်အသင့် အကွာအဝေးကို လျှောက်လာပြီးနောက်တွင် သူတို့ရှေ့ရှိ လမ်းကြောင်းသည် တဖြည်းဖြည်း ကျယ်လာခဲ့သည်။

ကျန်းချန်သည် လှိုဏ်ဂူထဲကို နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ပြီးနောက် သွေးအငွေ့အသက်များ လှိုဏ်ဂူထဲတွင် ပျံ့နှံ့နေသည်ကို ခံစားမိလိုက်သည်။

ပေတစ်ရာခန့် လျှောက်လာပြီးနောက်တွင် သွေးနီရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ဧရာမ ရင်ပြင်တစ်ခုသည် ကျန်းချန်၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

ထိုရင်ပြင်၏ အလယ်ဗဟိုတွင် ရုန့်ရင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဆယ်ပေခန့်မြင့်သော သွေးရောင် ကျောက်ဆစ်ရုပ်တု တစ်ခု ရှိနေခဲ့သည်။

သွေးရောင်ကျောက်ဆစ်ရုပ်ထုတွင် ရှည်လျားသော သွေးနီရောင် ဆံပင်များရှိပြီး၊ မျက်လုံးများကလည်း သွေးရောင် တလက်လက် တောက်ပနေခဲ့သည်။

၎င်း၏ ခန္ဓာကိုယ်က သားရဲတစ်ကောင် ကဲ့သို့ မြင့်မားပြီး တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ် အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။

ထိုကျောက်ဆစ်ရုပ်တုသည် စိတ်ဝိညာဉ်အပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိပြီး သူ၏ရှေ့သို့ ရောက်လာသော လူသားများကို ဒူးထောက်၍ ကိုးကွယ်လိုစိတ်များ မထိန်းချုပ်နိုင်အောင် ဖြစ်ပေါ်စေသည်။

အခန်း(၉၇၇)ပြီး၏။

အခန်း(၉၇၈)

"ကြောက်ဖို့ကောင်းလိုက်တဲ့ သွေးရောင်ရုပ်တုကြီးပါလား"

လီဖုန်းက ဒူးထောက်၍ အရိုအသေ ပြုလိုစိတ်ကို အတင်းအကြပ် ထိန်းထားရင်း ထိတ်လန့်တကြား ပြောလိုက်သည်။

"ဒီသွေးရောင်ရုပ်တုကြီးက ဒဏ္ဍာရီလာ သွေးနတ်ဆိုးနန်းတော်ရဲ့ အရှင်သခင် ရုပ်တု ဖြစ်မယ်ထင်တယ်"

ကျန်းချန်က လီဖုန်း၏ တအံ့တသြ ရေရွတ်သံကိုကြားလျှင် စိတ်ဝင်စားသွားခဲ့သည်။

လီဖုန်း၏ နှုတ်မှ ထွက်ပေါ်လာသည့် သွေးနတ်ဆိုးနန်းတော်၏ အရှင်သခင်မှာ မြောက်ပိုင်းတောရိုင်း ဒေသတွင် ကျန်းချန် တွေ့ကြုံခဲ့ဖူးသည့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲအကြီးအကဲ မဟုတ်ဘဲ ရှန်းဝူတစ်တိုက်လုံး၏ ခေတ်တစ်ခေတ်ကို စိုးမိုးခဲ့သည့် အရှင်သခင် ဖြစ်ကြောင်း သူနားလည်ခဲ့သည်။

ကျန်းချန်က ယန်ဒီမြို့သို့ ဝင်ရောက်လာစဉ် ကတည်းကပင် နှစ်ပေါင်းတစ်သောင်း ကြာမြင့်ခဲ့သည့် ရှန်းဝူတိုက်ကြီး၏ အခြေအနေ အရပ်ရပ်ကို အတိုင်းအတာ တစ်ခုအထိ နားလည်လာခဲ့သည်။

ဆိုရလျှင် သွေးနတ်ဆိုးနန်းတော်၏ အရှင်သခင်သည် ရှန်းဝူတိုက်ကြီးတွင် ထူးခြားသောသူတစ်ဦး ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းက ရှန်းဝူတိုက်ကြီးတွင် ကြီးမားသော ကပ်ဘေးများ ကျရောက်လာပြီး အင်ပါယာများ ပျောက်ကွယ်သွားပြီးနောက်တွင် သွေးနတ်ဆိုးနန်းတော်၏ အရှင်သခင်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သူ၏ မူလဇာစ်မြစ်ကို မည်သူမျှ မသိသလို သူ၏ ကိုယ်ရေးကိုယ်တာကိုလည်း မည်သူမျှ မသိကြချေ။

ရှန်းဝူတိုက်ကြီးတွင် ပေါ်ထွက်လာပြီးနောက်တွင် သွေးနတ်ဆိုးအရှင်သခင်သည် ရှန်းဝူတိုက်ကြီး၏ အင်အားကြီးမားသော ကျင့်ကြံသူ အများအပြားကို ကျော်လွန်သွားခဲ့သည်။

ဒဏ္ဍာရီများအရ ပကတိ အင်ပါယာများ ပျောက်ကွယ်ပြီးနောက်တွင် သူသည် နှစ်ပေါင်းတစ်သောင်း အတွင်း ပကတိအင်ပါယာအဆင့်နှင့် အနီးစပ်ဆုံးသူ ဖြစ်သည်ဟု ဆိုကြသည်။

ထိုဒဏ္ဍာရီလာ သွေးနတ်ဆိုးအရှင်သခင်၏ ရုပ်တုက ဤနေရာတွင် ရှိနေလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။

"ဟုတ်တယ်.. ဒီသွေးရောင်ရုပ်တုက သွေးနတ်ဆိုးနန်းတော်ရဲ့ အရှင်သခင်ပဲ"

ချိုးရွှယ်က သက်ပြင်းကို ဖြည်းညင်းစွာချ၍ ပြောလိုက်သည်။

"ငါ ခန့်မှန်းတာမမှားရင် ဒီသွေးနတ်ဆိုးတောင်တန်းက သွေးနတ်ဆိုးနန်းတော်ရဲ့ ခံတပ်တစ်ခု ဖြစ်နိုင်တယ်.. ဒါနဲ့ သွေးမြစ်က ဘယ်မှာလဲ"

ကျန်းချန်က လာရင်းကိစ္စကို သတိပြန်ဝင်လာပြီး သွေးရောင်ရုပ်တုကို ဆက်လက် မကြည့်တော့ဘဲ ချိုးရွှယ်ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

"အတွင်းဘက်က သွေးကန်ထဲမှာ အနားယူနေတယ်.. ငါတို့သွားကြစို့"

ချိုးရွှယ်က ပြောရင်း ကျန်းချန်တို့ကို ဦးဆောင်ကာ အတွင်းဘက်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

မကြာခင်မှာပင် သုံးဦးသားသည် ကျောက်လှိုဏ်ဂူ၏ လမ်းအဆုံးသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့၏ မြင်ကွင်းထဲကို မီတာတစ်ရာပတ်လည်ရှိ သွေးကန်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

သွေးကန်၏ အလယ်ဗဟိုတွင် သွေးရောင်များ ဖြာထွက်နေသော သွေးရောင်ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

ထိုသွေးရောင်ပုံရိပ်မှာ အနည်းငယ် ဝိုးတဝါး ဖြစ်နေခဲ့သည်။

၎င်းက မျက်လုံးများကို မှိတ်ထားကာ ခန္ဓာကိုယ်တစ်ဝက်နီးပါးကို သွေးကန်ထဲတွင် စိမ်ထား၏။

"ဟားဟား ချိုးရွှယ်.. မင်းခေါ်လာတဲ့ ကောင်လေးနှစ်ယောက်ရဲ့ သွေးချီတွေက ဘယ်ဆိုးလို့လဲ.. ဒီဧကရာဇ် အရမ်းကျေနပ်တယ်"

ကျန်းချန်က သွေးရောင်ပုံရိပ်ကို ကြည့်နေစဉ်မှာပင် လှိုဏ်ဂူထဲတွင် ထူးဆန်းသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။

စကားသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါတစ်ခုသည် သွေးကန်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး မမြင်နိုင်သော ဝိညာဉ်ဖိအားသည် သူတို့ကို မွန်းကြပ်လုမတတ် ဖြစ်စေခဲ့သည်။

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ရင်ဆိုင်လိုက်ရလျှင် လီဖုန်းသည် မျက်နှာ အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။

"တိုက်ခိုက်ကြစို့"

ချိုးရွှယ်က နတ်ဝိညာဉ်ဘုရင် ဒုတိယအဆင့်၏ အင်အားအပြည့်အဝကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် လှိုင်လုံးကြီးကဲ့သို့ သွေးရောင်ပုံရိပ်ဆီ ဦးတည်သွားခဲ့သည်။

ကျန်းချန်ကလည်း လျစ်လျူမရှုခဲ့ပေ။

သူကလည်း ချိုးရွှယ်နှင့် တစ်ပြိုင်နက် လှုပ်ရှားလိုက်သည်။

"ဝိညာဉ်ပိတ်ဆို့အစီအရင် အသက်ဝင်"

ကျန်းချန်က ကြုံးဝါးလိုက်ပြီး လက်ဟန်များဖြင့် ဆဋ္ဌမအဆင့်အစီအရင်ကို အလျင်အမြန် လှုံ့ဆော်လိုက်သည်။

သူက ဝိညာဉ်ပိတ်ဆို့ အစီအရင်က တခဏအတွင်းမှာပင် မီးခိုးရောင် အကာအရံ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သွေးကန်တစ်ခုလုံးကို ဖုံးလွှမ်းပစ်လိုက်သည်။

ထိုအချိန်မှာပင် ချိုးရွှယ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် သွေးကန်ထဲရှိ သွေးအရှိန်အဝါများနှင့် ထိပ်တိုက် ဆုံမိသွားခဲ့၏။

တစ်ချိန်တည်းမှာပင် ဒေါသတကြီး အော်ဟစ် ကြုံးဝါးလိုက်သော အသံတစ်သံသည် သွေးကန်၏ အလယ်ကနေ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

အခန်း(၉၇၈)ပြီး၏။

All Chapters