အခန်း (၉၇၉-၉၈၁)
Vol. 66 Ch. 979-981
အခန်း(၉၇၉)
"သွေးမြစ်.. မင်းသာ ငါ့အပေါ် အကောက်မကြံခဲ့ရင် ငါဂိုဏ်းချုပ်က မင်းလက်ထဲကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ.. ဒီနေ့က မင်းရဲ့သေနေ့ပဲ"
ချိုးရွှယ်က သွေးမြစ်ကို ဒေါသတကြီး စူးစိုက်ကြည့်နေခဲ့သည်။
သူက သွေးမြစ်အပေါ် စိတ်နာနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
သွေးမြစ်၏ အကောက်ကြံမှုကြောင့် သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲဆေးလုံးကို သူ မတော်တဆ သောက်သုံးမိခဲ့သည်။
ကျန်းချန်သာ မဖြေရှင်းပေးခဲ့လျှင် သူ့ဘဝတစ်လျောက်လုံး သွေးမြစ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ရုပ်သေးရုပ် တစ်ရုပ်လို ဖြစ်သွားမည်ကိုပင် သူစိုးရိမ်ခဲ့သည်။
ယခုအချိန်တွင် သူနှင့်သွေးမြစ်က အသက်ချင်းလဲရမည့်အခြေအနေသို့ ရောက်နေပြီဖြစ်ရာ သွေးမြစ်အပေါ်တွင် အနည်းငယ်မျှပင် ယဉ်ကျေးနေမည် မဟုတ်တော့ပေ။
သွေးမြစ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ပြီးပြီ ဖြစ်ရာ သွေးမြစ်ကို အပြီးတိုင် ဖယ်ရှားရန် အစွမ်းကုန် ကြိုးစားရမည် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ သွေးမြစ်သည် သွေးနတ်ဆိုးနန်းတော်၏ သွေးဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါး ဖြစ်သည်။
သွေးမြစ်သာ ထွက်ပြေးလွတ်မြောက်သွားပြီး အင်အားပြန်လည် ပြည့်ဝလာခဲ့လျှင် ရှောင်ယွဲ့ဂိုဏ်း အတွက် ကြီးမားသော ဘေးဆိုးတစ်ခု ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
"ကောင်းပြီလေ.. မင်းက သေဖို့ ဆုံးဖြတ်ထားပြီ ဆိုမှတော့ ဒီဧကရာဇ်က မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့.. သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံး ပေါက်ကွဲလိုက်စမ်း"
သွေးမြစ်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး လက်နှစ်ဖက်ဖြင့် လက်ဟန်တစ်ခုကို အလျင်အမြန် ပြုလုပ်ကာ ချိုးရွှယ်၏ ခန္ဓာကိုယ်ထဲမှ သွေးနတ်ဆိုးဝိညာဉ် ပေါက်ကွဲဆေးလုံးကို ဖောက်ခွဲရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သွေးမြစ်ကို တုန်လှုပ်စေသော ကိစ္စတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။
သူက ချိုးရွှယ်၏ ခန္ဓာကိုယ်ထဲတွင် သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲဆေးလုံး ရှိနေသည်ဟု မခံစားရတော့ပေ။
ထို့အပြင် ချိုးရွှယ်သည် သူ့ကြောင့် လုံးဝ ထိခိုက်မှုမရှိဘဲ တည်ငြိမ်စွာပင် ရပ်နေခဲ့သည်။
"မင်းခန္ဓာကိုယ်ထဲက သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲဆေးလုံးက ပျော်ဝင်သွားပြီလား.. ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သွေးရောင်များ တောက်ပနေသော သွေးမြစ်၏ မျက်လုံးတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲ ဆေးလုံးသည် သူတို့သွေးနတ်ဆိုး နန်းတော်၏ မူပိုင်ဆေးဝါးအမျိုးအစား ဖြစ်သည်။
ယခင်အချိန်က သွေးနတ်ဆိုးနန်းတော်သည် သွေးနတ်ဆိုးပေါက်ကွဲဆေးလုံးကို အားကိုး၍ ရှန်းဝူတိုက်ကြီးကို လွှမ်းမိုးနိုင်ခဲ့သည်။
ရှန်းဝူတိုက်ကြီးထဲတွင် ထိုဆေးလုံးကို ဖြေရှင်းနိုင်သောသူ တစ်ယောက်မျှ မရှိခဲ့ပေ။
နောက်ပိုင်းတွင် ရှန်းဝူတိုက်ကြီး၌ အဂ္ဂိရတ်သခင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို ဖြေရှင်းနိုင်သည့် ဆေးလုံးကို ဖန်တီးနိုင်ခဲ့သည်။
သို့သော်လည်း ထိုအဂ္ဂိရတ်သခင်ကို သွေးနတ်ဆိုးနန်းတော်က အလျင်အမြန် သတ်ဖြတ်ခဲ့ရာ သွေးနတ်ဆိုးဝိညာဉ် ပေါက်ကွဲ ဆေးလုံး၏ ဖြေရှင်းနည်းသည် ထိုအဂ္ဂိရတ်သခင်နှင့် အတူ ပျောက်ကွယ်သွားခဲ့သည်။
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင် ရှန်းဝူတိုက်ကြီး၌ သွေးနတ်ဆိုးဝိညာဉ် ပေါက်ကွဲ ဆေးလုံးကို ဖြေရှင်းနိုင်မည့်သူ ရှိလာလိမ့်မည်ဟု သွေးမြစ် မမျှော်လင့်ခဲ့ပေ။
"သွေးမြစ်.. ဒီကမ္ဘာပေါ်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး.. ငါတို့အားလုံး မင်း အခုအချိန်ထိ အသက်ရှင်နေမယ်လို့ မထင်ထားခဲ့သလိုမျိုးပေါ့.. ဒါပေမယ့် ဒီနေ့တော့ သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ မင်းကို ငါ ဇာတ်သိမ်းပစ်မယ်"
ချိုးရွှယ်က အေးစက်စက် ကြုံးဝါးလိုက်သည်။
စကားဆုံးသည်နှင့် သူက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ သွေးမြစ်ဆီ တိုက်ခိုက်လိုက်သည်။
"ဟမ့်.. မင်းက ဒီဧကရာဇ်ရဲ့ သွေးနတ်ဆိုးဝိညာဉ် ပေါက်ကွဲဆေးလုံးကို ဖြေရှင်းနိုင်တော့ရော ဘာအရေးလဲ.. သွေးနတ်ဆိုးတောင်တန်းမှာ ဒီဧကရာဇ်က အရှင်သခင်ပဲ.. ဒီဧကရာဇ်ရဲ့ ခွန်အားက အရင်တုန်းကထက် အများကြီး နိမ့်ကျနေတယ် ဆိုရင်တောင် မင်းကိုတော့ အလွယ်လေး သတ်ပစ်လို့ရတယ်"
ထိုခဏမှာပင် သွေးမြစ်၏ တစ်ကိုယ်လုံးကနေ သွေးရောင်အလင်းတန်းများ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
ထိုနေ့က တိုက်ပွဲတွင် သွေးမြစ်၏ ခန္ဓာကိုယ်သည် လုံးဝပျက်စီးသွားခဲ့ပြီး ဝိညာဉ်အကြွင်းအကျန် အနည်းငယ်သာ သွေးနဂါးတောင်တန်း ထဲသို့ ထွက်ပြေးနိုင်ခဲ့သည်။
သူက မကြာသေးမီကမှ ခွန်အားအနည်းငယ်ကို ပြန်လည်ရရှိပြီး နိုးထလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တစ်ချိန်က ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သော အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး အနေဖြင့် ယခုအချိန်တွင် ဆယ်ပုံတစ်ပုံမျှသာ ခွန်အား ရှိနေလျှင်ပင် မည်သူမဆို လွယ်လွယ်ကူကူ အနိုင်ကျင့်၍ ရသောသူ မဟုတ်ပေ။
သူ၏ အတွေ့အကြုံများစွာဖြင့် ချိုးရွှယ်ကို ရင်ဆိုင်ရန် လုံလောက်မှု ရှိသည်။
ထို့အပြင် ဤသွေးနတ်ဆိုးတောင်တန်းသည် သူ၏ စွမ်းအားကို မြှင့်တင်ပေးထား၍ နတ်ဝိညာဉ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူပင် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
သူ့ရှေ့မှ ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်သည် နတ်ဝိညာဉ်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသည်။
ထိပ်တိုက်ရင်ဆိုင်ရလျှင် သူ့အနေဖြင့် ကြောက်စရာမရှိပေ။
သို့သော်လည်း သွေးမြစ်က ချိုးရွှယ်ကို အပြီးပိုင် သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားတော့မည့် ဆဲဆဲတွင် သူ၏ နားထဲ၌ ရယ်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဟားဟား သွေးမြစ်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
အခန်း(၉၇၉)ပြီး၏။
အခန်း(၉၈၀)
ရယ်သံနှင့်အတူ လေထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သွေးမြစ်ကို ဖိနှိပ်ရန် အလျင်အမြန် တိုးဝင်လာခဲ့သည်။
မမျှော်လင့်ဘဲ သွေးမြစ်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် ထိမှန်သွားကာ ပါးစပ်ကနေ အော်ဟစ်သံများ ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်မှာပင် ချိုးရွှယ်၏ ပြင်းထန်သော ဓားချက်သည် လေထုကို ထိုးဖောက်ကာ သွေးမြစ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအခါ သွေးမြစ်ရှိနေသည့် သွေးကန်ထဲတွင် သွေးလှိုင်းများ ဖြစ်ပေါ်သွားခဲ့ပြီး သွေးမြစ်သည် သွေးကန်၏ အစွန်းတစ်ဖက်သို့ ဆုတ်ခွာသွားခဲ့ရသည်။
မူလက အနည်းငယ် ဝိုးတဝါးဖြစ်နေသော သွေးမြစ်၏ သွေးရောင်ပုံရိပ်သည် တစ်ခဏချင်းမှာပင် ပို၍ပင် ဝိုးတဝါး ဖြစ်သွားခဲ့သည်။
"မင်း.. မင်း ဘယ်သူလဲ"
သွေးမြစ်က ချိုးရွှယ်ကို လျစ်လျူရှုထားလိုက်ပြီး သူ၏ အကြည့်ကို ကျန်းချန်အပေါ်တွင် အာရုံစိုက်ထားလိုက်သည်။
ယနေ့တွင် သူ၏ အကြီးမားဆုံး ပြိုင်ဘက်မှာ နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဒုတိယအဆင့်ရှိသည့် ရှောင်ယွဲ့ဂိုဏ်းချုပ်ဖြစ်သည်ဟု မူလက သွေးမြစ်ထင်ထားခဲ့သည်။
ချိုးရွှယ်နှင့်အတူ ပါလာသည့် သိုင်းသခင်နယ်ပယ် အဆင့်မှ လူငယ်နှစ်ဦး၏ ပါရမီက အလွန်အမင်း မညံ့သော်လည်း သွေးမြစ်သည် ၎င်းတို့ကို လုံးဝ အရေးမစိုက်ခဲ့ပေ။
သို့သော်လည်း ထိုလူငယ်လေး နှစ်ဦးထဲမှ တစ်ဦးသည် ဆန်းကြယ်သော အစီအရင်ကို အမှန်တကယ် တတ်ကျွမ်းနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုကောင်လေး အစီအရင်ဖြင့် လှုံ့ဆော်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ဝိညာဉ်များ၏ ရန်ဘက် ကဲ့သို့ ဖြစ်ပြီး ဝိညာဉ်များကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိသည်။
သွေးမြစ်ကို ပို၍ တုန်လှုပ်စေသည်မှာ သူ၏ဝိညာဉ်သည် ထိုအစီအရင်ကြောင့် လုံးဝ ဖိနှိပ်ခံထားရခြင်းပင်။
အစီအရင်၏ သက်ရောက်မှုအောက်တွင် သူ၏ဝိညာဉ်သည် သူ့ ပုံမှန်စွမ်းအား၏ ၇၀% အောက်ကိုသာ ထုတ်ဖော်နိုင်တော့သည်။
ထို့ကြောင့် ရှည်ရှည်ဝေးဝေးပင် တွေးစရာမလိုဘဲ သွေးမြစ်သည် သူ့ရှေ့မှ လူငယ်လေးက ချိုးရွှယ် သူ့ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည့် လျှို့ဝှက်လက်နက် ဖြစ်သည်ကို နားလည်သွားခဲ့သည်။
"ငါ ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး.. အရေးကြီးတာက အခု မင်းမှာ ရွေးချယ်စရာ နှစ်လမ်းပဲရှိတယ်.. ငါ့ဆီ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား.. ကိုယ့်ဘာသာပဲ ရွေးချယ်ပါ"
ကျန်းချန်က သွေးမြစ်ကို လေးနက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
သွေးမြစ်သည် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါး ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက နတ်သန္ဓေအင်ပါယာ များစွာ ပေါ်ပေါက်ခဲ့သည့် ခေတ်မှာပင် သွေးမြစ်သည် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။
သွေးမြစ်ကို သိမ်းသွင်းပြီး ခန္ဓာကိုယ်ကိုသာ ပြန်လည် တည်ဆောက်ပေးနိုင်ခဲ့လျှင် ကျန်းချန် အနေဖြင့် နတ်သန္ဓေအင်ပါယာအဆင့် ဧကရာဇ်တစ်ပါးကို လက်ထောက်အဖြစ် ရရှိမည် မဟုတ်ပါလား။
ယင်းက ကျန်းချန်အတွက် သွေးမြစ်၏ ဦးခေါင်းကို ယူ၍ ယန်ဒီမြို့တွင် ဆုလာဘ်များ ရယူသည်ထက် များစွာ တန်ဖိုးရှိပေသည်။
"ဟမ့်.. မင်းလို မလောက်လေး မလောက်စားက ဒီဧကရာဇ်ကို အညံ့ခံစေချင်တာလား.. အိပ်မက်သာ မက်နေလိုက်"
သွေးမြစ်က ချက်ချင်းပင် အော်ဟစ်လိုက်ပြီး လက်ဟန်များ ပြုလုပ်လိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် သွေးရောင် တောက်ပသော အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လှိုဏ်ဂူ အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည့် သွေးမြစ်သည် အလွန်ပင် မာနကြီးသူ ဖြစ်သည်။
သူ အထွတ်အထိပ် ရောက်စဉ် ကာလက ဆိုလျှင် မြင့်မြတ်သော နယ်မြေများမှ နတ်သန္ဓေအင်ပါယာများစွာကိုပင် အလေးမထားခဲ့ပေ။
သို့ဖြစ်ရာ သူ၏ ရှေ့မှ သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်သာ ရှိသေးသည့် လူငယ်တစ်ဦးကို အညံ့ခံရန် မည်ကဲ့သို့ စိတ်ဝင်စားပါမည်နည်း။
သို့သော်လည်း ဤအချိန်တွင် သွေးမြစ်သည် ကျန်းချန်တို့ အဖွဲ့က အပြည့်အဝ ပြင်ဆင်လာခဲ့ကြောင်း ကောင်းစွာ နားလည်ခဲ့သည်။
သူ၏ လက်ရှိ အခြေအနေဖြင့်သာ ဆက်လက် ရင်ဆိုင်နေလျှင် ကျန်းချန်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်သွားနိုင်ခြေ ရှိ၏။
"ဟားဟား.. ထွက်ပြေးချင်တယ်လား.. ဒါပေမဲ့ မင်း ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.. ငါ မင်းကို ရွေးချယ်ခွင့်ပေးထားတာပဲ.. မင်း အခု အညံ့ခံမလား အသေခံမလား.. မင်း စိတ်ကြိုက် ရွေးချယ်လို့ရတယ်.. မင်းမှာ တတိယ ရွေးချယ်စရာ မရှိဘူး"
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို ဝိညာဉ်ပိတ်ဆို့ အစီအရင်ကို ထပ်မံ ထိန်းချုပ်ကာ သွေးမြစ်ကို ဖိနှိပ်ရန် လှုံ့ဆော်လိုက်သည်။
သွေးမြစ်က ထွက်ပြေးရန် ပြင်ဆင်ထားသော်လည်း ဝိညာဉ်ပိတ်ဆို့ အစီအရင်၏ ဖိနှိပ်မှုအောက်တွင် အရှိန်အဟုန် နှေးကွေးသွားခဲ့သည်။
သူ၏ နံဘေးရှိ ချိုးရွှယ်ကလည်း သွေးမြစ်ကို အခွင့်အရေး လုံးဝ မပေးခဲ့ပေ။
သူက လက်ဟန်များကို ထုတ်ဖော်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြင့် သွေးမြစ်၏ ပတ်ပတ်လည်ရှိ နေရာလွတ်ကို လုံးဝ ပိတ်ဆို့လိုက်သည်။
ကျန်းချန်နှင့် ချိုးရွှယ်တို့၏ ပူးပေါင်းဖိနှိပ်မှု အောက်တွင် သွေးမြစ်၏ ဝိုးတဝါးပုံရိပ်သည် လေထဲတွင် တိုက်ရိုက် ပိတ်လှောင်ခံထားရပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
အခန်း(၉၈၀)ပြီး၏။
အခန်း(၉၈၁)
ခန္ဓာကိုယ် ပိတ်လှောင်ခံထားရသော သွေးမြစ်သည် စိတ်ထဲတွင် ကြောက်လန့်နေခဲ့သည်။
သူ့တွင် ရုပ်ခန္ဓာကိုယ်သာ ရှိခဲ့လျှင် ကျန်းချန်တို့နှစ်ဦး၏ ပိတ်လှောင်မှုကို ဖြေရှင်းရန် နည်းလမ်း မရေမတွက်နိုင်အောင် ရှိ၏။
သို့သော်လည်း ယခုအခါတွင် သူသည် ဝိညာဉ် သက်သက်သာဖြစ်၍ နည်းလမ်းအမျိုးမျိုး ရှိသော်လည်း ဖော်ထုတ်ရန် ခက်ခဲနေခဲ့သည်။
လေထဲတွင် ပိတ်လှောင်ခံထားရသော သွေးမြစ်ကို ကြည့်ကာ ကျန်းချန်သည် မဲ့ပြုံးပြုံးလိုက်သည်။
သူက အတွေးတစ်ချက်ဖြင့်ပင် မီးဆန္ဒတတိယအဆင့်၏ ခွန်အားကို ချက်ချင်းဆိုသလို ဖော်ထုတ်လိုက်သည်။
တခဏအတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော အနီရောင်မီးတိမ်တိုက် တစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ကောင်းကင်ကိုပင် လောင်ကျွမ်းစေမည့် အင်အားဖြင့် အရပ်မျက်နှာအားလုံးကို အပြင်းအထန် တိုက်ခတ်နေခဲ့သည်။
ထိုမီးတိမ်တိုက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အင်အားသည် သွေးမြစ်၏ ညာဘက်လက်ကို ချက်ချင်းဆိုသလို ထိတွေ့သွားခဲ့သည်။
"ရှဲ.."
မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးမြစ်၏ ဝိုးတဝါးသာ မြင်ရသော ညာဘက်လက်သည် ဘာမှမကျန်တော့သည် အထိ လောင်ကျွမ်းသွားခဲ့သည်။
"မလုပ်ပါနဲ့ ကောင်လေး.. မင်းရဲ့အင်အားကို ရုတ်သိမ်းပေးပါ"
ကျန်းချန်က ဝိညာဉ်စွမ်းအားကို ပိတ်ဆို့နိုင်သော အစီအရင်နည်းလမ်း သာမက သွေးကျင့်ကြံသူ၏ သဘာဝရန်သူ ဖြစ်သည့် မီးဆန္ဒ တတိယအဆင့်ကိုပါ နားလည်ထားသည်ကို မြင်လျှင် သွေးမြစ်၏ အကြည့်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။
သူက ပျောက်ကွယ်သွားသော သူ၏ ညာဘက်လက်ကို ပြန်လည်ပြုပြင်ရန်အတွက် လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်ရင်း ကျန်းချန်ကို အသနားခံလိုက်သည်။
"မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. အသက်ရှင်ချင်တယ်ဆိုရင် ငါ့ဆီမှာ အညံ့ခံပြီး ငါ့ရဲ့ ကျေးကျွန်ဖြစ်လာရလိမ့်မယ်"
ကျန်းချန်က သွေးမြစ်ကို လေးနက်စွာ ကြည့်ရင်း ပြောလိုက်သည်။
"မဟုတ်ရင်တော့ သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ် ဖြစ်တဲ့ မင်းက ဒီနေ့ဒီအချိန်မှာပဲ ကမ္ဘာကြီးကနေ လုံးဝပျောက်ကွယ်သွားရလိမ့်မယ်"
"မင်း... မင်းက ယုတ်မာကောက်ကျစ်တဲ့ကောင်ပဲ.. ဒီဧကရာဇ်က မင်းကို အပိုင်းပိုင်း ကြိတ်ချေပစ်မယ်"
သွေးမြစ်က သူ၏ သွေးနီရောင် မျက်လုံးများဖြင့် ကျန်းချန်ကို စူးစိုက်စွာ ကြည့်ရင်း ပါးစပ်ကနေ ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"မင်း အဲဒီလိုအခွင့်အရေး ဘယ်တော့မှ ရမှာမဟုတ်ဘူး"
"ကောင်းပြီလေ.. ငါ့ဆီမှာ ကျွန်ခံဖို့ စိတ်ကူးမရှိမှတော့ သွားသေလိုက်တော့"
ကျန်းချန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
ထို့နောက်တွင် သူက မီးဆန္ဒတတိယအဆင့် ခွန်အားဖြင့် သွေးမြစ်ကို ထပ်မံ ဖိနှိပ်လိုက်သည်။
"နေ.. နေပါဦး.. ငါ.. ငါ မင်းဆီမှာ အညံ့ခံဖို့ ဆန္ဒရှိပါတယ်"
ကျန်းချန်၏ မီးဆန္ဒတတိယအဆင့် အင်အားကို ခံစားမိသောအခါတွင် သွေးမြစ်၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
အဆုံးသတ်တွင် သူက အံကြိတ်ကာ ရွေးချယ်မှု တစ်ခုကို ပြုလုပ်လိုက်၏။
ယခုအခါတွင် သူ၏ ကျန်ရှိနေသော ဝိညာဉ်သည် အပြင်းအထန် ထိခိုက်ခံထားရသည်။
သို့ဖြစ်ရာ ကျန်းချန်သာ ဆက်လက် နှိပ်စက်နေလျှင် သူ၏ ဝိညာဉ်သည် အမှန်တကယ် ပျက်စီးသွားလိမ့်မည် မဟုတ်ပါလား။
ဤအချိန်တွင် သွေးမြစ်သည် သူ၏သွေးဧကရာဇ် ဟူသော ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။
သူ၏အသက်ကို မဆုံးရှုံးစေရန်အတွက် သွေးမြစ်သည် ကျန်းချန်ကို အညံ့ခံခဲ့ရသည်။
သူ အသက်ရှင်နေသရွေ့ ခွန်အားအနည်းငယ် ပြန်လည်ရရှိလာသည်အထိ သည်းခံစောင့်ဆိုင်းလိုက်မည် ဆိုလျှင် ကျန်းချန်နှင့် အဖွဲ့သားများကို သုတ်သင်ရန်အတွက် နည်းလမ်းများစွာရှိသည်ဟု သူတွေးမိခဲ့သည်။
ထိုအချိန်သို့ ရောက်လျှင် ကျန်းချန်တို့ကို ဆယ်ဆ၊ အဆတစ်ရာ ပြန်လည်ပေးဆပ်စေမည်ဟု သွေးမြစ်က တိတ်တဆိတ် ဆုံးဖြတ်ချက် ချထားလိုက်၏။
"ဂိုဏ်းချုပ်ချိုး... သူ့ကို သေချာလေး စောင့်ကြည့်ပေးပါဦး"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ကို ဝှေ့ယမ်းကာ ဆေးဖော်စပ်ရန်အတွက် ဆေးမီးဖိုကို ထုတ်ယူလိုက်သည်။
သူက ဆဋ္ဌမအဆင့် ဆေးဖက်ဝင် ပစ္စည်းအများအပြားကို အသုံးပြုကာ သူ၏ သွေးအဆီအနှစ်ဖြင့် ပေါင်းစပ်၍ သွေးနတ်ဆိုးဝိညာဉ် ပေါက်ကွဲဆေးလုံးကို အလျင်အမြန်ပင် ဖော်စပ်လိုက်သည်။
"သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးပါလား.. မင်းလည်း သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို ဖော်စပ်နိုင်တယ်လား"
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် သွေးမြစ်၏ မျက်နှာထက်တွင် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကိုတောင် ဖြေရှင်းနိုင်ခဲ့သေးတာပဲ.. ဆေးလုံးကို ဖော်စပ်တာက ဘာများ ခက်ခဲလို့လဲ"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို သွေးမြစ်ဆီသို့ ပစ်ပေးလိုက်သည်။
"အပိုစကားတွေ မပြောနဲ့.. ဒါကို စားလိုက်"
ထိုအချိန်တွင် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို ကြည့်ရင်း သွေးမြစ်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။
သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါးအနေဖြင့် သွေးမြစ်သည် သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲ ဆေးလုံး အကြောင်းကို ကောင်းစွာ သိရှိထားသည်။
သူ၏ အထွတ်အထိပ် အချိန်တုန်းကပင် သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲဆေးလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းရည်မျိုး မရှိခဲ့ပေ။
ကျန်းချန် ဖော်စပ်ထားသည့် ဤသွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သူစားသုံးခဲ့လျှင် သူ၏ သေခြင်းရှင်ခြင်းသည် ကျန်းချန်၏ အတွေးပေါ်တွင်သာ လုံးဝ မူတည်နေလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် သူသည် ကျန်းချန်၏ ကျေးကျွန်အဖြစ် အမှန်တကယ် ပြောင်းလဲသွားမည်ကို စိုးရိမ်နေမိ၏။
အခန်း(၉၈၁)ပြီး၏။
tqw