← Chapters

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အခန်း(၉၈၂)

သွေးမြစ်သည် ကျန်းချန်ကို အညံ့ခံရန် မလိုလားသော်လည်း ဤအချိန်တွင် အခြားသော ရွေးချယ်စရာမရှိ၍ သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို မဖြစ်မနေ မျိုချရတော့မည်ဖြစ်သည်။

သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သောက်သုံးပြီးနောက်တွင် သူက ကျန်းချန်၏ ကျေးကျွန် ဖြစ်သွားမည် ဖြစ်သော်လည်း သူ၏အသက်ကိုမူ အနည်းဆုံး ကယ်တင်နိုင်မည်ဖြစ်၏။

သူ အသက်ရှင်နေသရွေ့ သူ၏ခန္ဓာကိုယ်ထဲရှိ ဆေးလုံးကို ဖျက်ဆီးရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ပေ။

ဆိုရလျှင် သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို ဖော်စပ်သည့် လုပ်ငန်းစဉ်တွင် ဆေးဖော်စပ်သူ၏ သွေးအဆီအနှစ်ကို ထည့်သွင်းထား၍ ဆေးဖော်စပ်သူသာလျှင် ထိုဆေးလုံးကို လှုံ့ဆော်နိုင်မည် ဖြစ်သည်။

ကျန်းချန် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးနတ်ဆိုးဝိညာဉ် ပေါက်ကွဲဆေးလုံးသည် မည်သည့်ခြိမ်းခြောက်မှုကိုမှ ဖြစ်ပေါ်စေတော့မည် မဟုတ်ပေ။

ကျန်းချန်က ယခုအခါတွင် အားနည်းနေဆဲ ဖြစ်၍ သူသာ အသက်ရှင်နေမည်ဆိုလျှင် သူ၏ နည်းလမ်းများဖြင့် ကျန်းချန်ကို သေဆုံးအောင်လုပ်ရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ချေ။

ကျန်းချန်ကိုသာ သတ်ပစ်နိုင်မည်ဆိုလျှင် သွေးနတ်ဆိုးဝိညာဉ်ပေါက်ကွဲ ဆေးလုံးကို လှုံ့ဆော်မည့်သူ မရှိတော့သဖြင့် ထိုဆေးလုံး၏ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ လတ်တလော အခြေအနေအရ သွေးမြစ်သည် ဆေးလုံးကို မျိုချရန်သာ တတ်နိုင်ခဲ့သည်။

ကျန်းချန်က သွေးနတ်ဆိုး ဝိညာဉ်ပေါက်ကွဲဆေးလုံးဖြင့် သွေးမြစ်ကို ထိန်းချုပ်လိုက်သည်ကို မြင်လျှင် နံဘေးရှိ ချိုးရွှယ်နှင့် လီဖုန်းတို့သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

အကြောင်းရင်းမှာ သွေးမြစ်သည် သွေးနတ်ဆိုးနန်းတော်၏ သွေးဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး ဝိညာဉ် အကြွင်းအကျန်မျှသာ ကျန်ရှိနေသော်လည်း ၎င်းတို့အပေါ်တွင် ဖိအားများစွာ သက်ရောက်စေခဲ့သောကြောင့်ပင်။

"ညီလေးကျန်းက နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဒီနေ့မှာ ညီလေးကျန်းက ငါ့ကို အများကြီး အမြင်ကျယ်စေခဲ့တယ်"

လီဖုန်က ကျန်းချန်ကို တလေးတစား ပြောလိုက်သည်။

မူလက လီဖုန်း ထင်ထားသည်မှာ သွေးနတ်ဆိုးတောင်တန်းဆီ ရောက်သောအခါတွင် သူတို့သုံးဦးသည် သွေးမြစ်ကို အကြိတ်အနယ် ရင်ဆိုင်ရလိမ့်မည် ဟူ၍ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် သူ၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် သွေးမြစ်ကို အလွယ်တကူပင် အညံ့ခံစေခဲ့သည်။

သိထားရမည်မှာ သွေးမြစ်သည် တစ်ချိန်တုန်းက ရှန်းဝူတိုက်ကြီးတွင် အလွန်အမင်း ကျော်ကြားသော သွေးဧကရာဇ် ဆယ်ပါးထဲမှ နတ်သန္ဓေအင်ပါယာအဆင့် သွေးဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။

သူ၏ မူလခွန်အားကို ပြန်လည်ရရှိသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ တစ်ပါးကို လက်ထောက်အဖြစ် ပိုင်ဆိုင်လိုက်ခြင်းနှင့် ညီမျှသည် မဟုတ်ပါလား။

နတ်သန္ဓေအင်ပါယာ တစ်ပါးကို လက်ထောက်အဖြစ် ပိုင်ဆိုင်ထားခြင်းသည် ရှန်းဝူတိုက်ကြီးတစ်တိုက်လုံးကို ကြည့်လျှင်ပင် လူအနည်းငယ်သာ လုပ်ဆောင်နိုင်သောအရာ ဖြစ်၏။

"ကံကြမ္မာက ကျွန်တော်တို့ဘက်မှာ ရှိနေလို့ပါ အစ်ကိုလီ"

ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

"အခု သွေးမြစ်ရဲ့ ကိစ္စပြီးပြီဆိုတော့ ကျန်းဟောင်တို့နဲ့ တွေ့ဖို့ အချိန်ကျပြီ"

"ညီလေးကျန်း.. ကြီးကြပ်ရေးမှူးကျန်းဟောင်က မကြာသေးခင်ကပဲ သတင်းပို့လာတယ်.. သူတို့ သွေးနတ်ဆိုးတောင်တန်းကို ရောက်လာပြီတဲ့.. မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ကျန်းချန်၏ စကားကို ကြားလျှင် လီဖုန်း၏ မျက်နှာသည် လေးနက်လာခဲ့သည်။

ကျန်းဟောင်သည် နတ်ဝိညာဉ်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်၍ ၎င်း၏ခွန်အားသည် ဂိုဏ်းချုပ်ချိုးရွှယ်ထက် မနိမ့်ပေ။

ထို့အပြင် ကျန်းဟောင်၏ နံဘေးရှိ တပည့်နှစ်ဦးထဲတွင် တစ်ဦးမှာ ယန်ဒီမြို့၏ ထိပ်တန်းဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲမှ ရှောင်နန် ဖြစ်ပြီး ကျန်တစ်ဦးမှာလည်း သူ့အောက် မနိမ့်ကျပေ။

ကျန်းချန် ပြောသည့်အတိုင်းသာ ကျန်းဟောင်တို့တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေခဲ့လျှင် နောင်လာမည့် တိုက်ပွဲသည် သွေးမြစ်ကို ရင်ဆိုင်ရခြင်းထက် ပိုမို၍ ခက်ခဲနိုင်ဖွယ် ရှိသည် မဟုတ်ပါလော။

"ကျွန်တော့်ရဲ့ အစီအစဉ်ကတော့ သူတို့ကို ဒီနေရာဆီ ခေါ်လိုက်ဖို့ပဲ"

ကျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားခဲ့သည်။

"ကျွန်တော်တို့ သွေးမြစ်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် တိုက်ခိုက်ပြီးတဲ့နောက်မှာ အတွင်းဒဏ်ရာ ကိုယ်စီ ရရှိထားခဲ့တယ်.. ဒါကြောင့် သွေးမြစ်ကို သတ်ဖို့အတွက် ကြီးကြပ်ရေးမှူးကျန်းဟောင်ရဲ့ အကူအညီကို လိုအပ်တယ်လို့ သတင်းပို့လိုက်ပါ"

ယခုအခါတွင် ကျန်းချန်သည် သွေးမြစ်ကို ထိန်းချုပ်ထားပြီးပြီ ဖြစ်၍ ကြီးမားသော လှည့်ကွက်တစ်ခုကို ဖန်တီးရန် စီစဉ်ခဲ့သည်။

သူ၏ အစီအရင်အရ ကျန်းဟောင်တို့ သုံးဦးတွင် မကောင်းသော ရည်ရွယ်ချက်များ မရှိလျှင် ဘာမှ ပြဿနာမရှိပေ။

ထိုသို့မဟုတ်ဘဲ သူတို့ကို အန္တရာယ်ပြုမည်ဆိုလျှင် ဤသွေးနတ်ဆိုးတောင်တန်းသည် ထိုသုံးဦး၏ မြှုပ်နှံရာ သင်္ချိုင်းမြေ ဖြစ်သွားပေလိမ့်မည်။

"ကောင်းပြီ"

လီဖုန်က ခေါင်းညိတ်လိုက်ပြီး သူ၏ အထောက်အထား ကျောက်စိမ်း တံဆိပ်ပြားကို အလျင်အမြန် ထုတ်ကာ ကျန်းဟောင် ထံသို့ သတင်းပေးပို့လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် သွေးမြစ်ကို သွေးကန်ထဲသို့ ပြန်သွားရန် အမိန့်ပေးလိုက်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်ပုံစံ ဟန်ဆောင်စေခဲ့သည်။

ထို့အပြင် သူတို့သုံးဦးသည်လည်း သူ ဖော်စပ်ထားသော ဆေးလုံး တစ်လုံးစီကို သောက်သုံးခဲ့ကြသည်။

ထိုဆေးလုံးသည် ကျန်းချန်နှင့် သူ့အဖွဲ့သားများကို အပြင်းအထန် ဒဏ်ရာရထားဟန် ပေါ်လွင်စေ၏။

ဆေးလုံးကို သောက်သုံးပြီးနောက် သူတို့သုံးဦးသည် မျက်နှာများ ဖြူဖျော့စွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေကြကာ ကျန်းဟောင်တို့ သုံးဦး ရောက်ရှိလာမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့က အချိန်ကြာမြင့်စွာ မစောင့်ဆိုင်းလိုက်ရပေ။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် လှိုဏ်ဂူအပြင်ဘက်ကနေ လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ မြင်ကွင်းထဲ၌ ပုံရိပ်သုံးခု ပေါ်လာခဲ့၏။

အခန်း(၉၈၂)ပြီး၏။

အခန်း(၉၈၃)

"ကြီးကြပ်ရေးမှူးကျန်း.. ခင်ဗျားတို့ နောက်ဆုံးတော့ ရောက်လာကြပြီပေါ့.. တကယ်ကို အချိန်ကောင်းပဲ.. ရှောင်ယွဲ့ဂိုဏ်းကို မွှေနှောက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သွေးကျင့်ကြံသူက သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းဧကရာဇ်ဆယ်ပါးထဲက သွေးမြစ်ပဲ.. အခု သူက ဒဏ်ရာ အပြင်းအထန်ရရှိထားခဲ့ပြီ.. ကြီးကြပ်ရေးမှူးကျန်းတို့ မြန်မြန် ရှင်းပစ်လိုက်တော့"

သူ၏မြင်ကွင်းထဲတွင် ပေါ်လာသည့် ကျန်းဟောင်တို့ သုံးဦးကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် လေးနက်သွားခဲ့သည်။

သူက ကယ်တင်ရှင်ကို တွေ့လိုက်ရသည့် ဟန်ပန်ဖြင့် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

ကျန်းဟောင်က ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။

"ကျန်းချန်... မင်းက တော်တော်လေး စွမ်းဆောင်နိုင်ခဲ့တာပဲ.. သွေးမြစ်ကိုတောင် ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ခဲ့တယ်"

"သွေးမြစ်ရဲ့ဝိညာဉ်က မကြာသေးခင်ကမှ နိုးထလာတာဆိုတော့ သူ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံတောင် မရရှိသေးဘူး... ဂိုဏ်းချုပ်ချိုးရဲ့ အကူအညီကြောင့်သာ ကံကောင်းပြီး ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ခဲ့တာပါ"

ကျန်းချန်က အလျင်အမြန် ပြန်ပြောလိုက်သည်။

"ကြီးကြပ်ရေးမှူးကျန်း.. အခု သွေးမြစ်က သွေးကန်ရဲ့အကူအညီနဲ့ သူ့ရဲ့ ခွန်အားတွေကို ပြန်လည်စုစည်းနေတယ်.. ကြီးကြပ်ရေးမှူးကျန်း မြန်မြန်သတ်လိုက်တော့.. သူ့ကိုသတ်ပြီးရင် ကျွန်တော်တို့တွေ ယန်ဒီမြို့ကို ပြန်ပြီး ဆုလာဘ်ကြီးကြီးမားမား သွားယူလို့ရပြီ"

"ဟားဟား ကျန်းချန်.. မင်းက ငါ့အတွက် သွေးမြစ်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်... မစိုးရိမ်ပါနဲ့.. ငါ သွေးမြစ်ကို သေချာပေါက် သတ်ပြီး ဆုလာဘ်တွေကို ရယူမှာပါ.. ဒါပေမဲ့ ဒီဆုလာဘ်တွေက မင်းနဲ့ ဘာမှမသက်ဆိုင်တော့ဘူးလို့ ငါထင်တယ်"

ကျန်းဟောင်က ရယ်မော၍ ပြောလိုက်သည်။

ကျန်းချန်ကို ကြည့်သည့် သူ၏ အကြည့်တွင် ကောက်ကျစ်သော အမူအရာများ ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်၏ မျက်နှာအမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ကြီးကြပ်ရေးမှူးကျန်း... ကြီးကြပ်ရေးမှူးကျန်းရဲ့ စကားက ဘာကိုဆိုလိုတာလဲ"

"ဟားဟား ကျန်းချန်.. မင်းက အတော်နုံသေးတာပဲ.. ငါတို့တွေက မင်းတို့နဲ့အတူ မစ်ရှင်လုပ်ဖို့ ရှောင်ယွဲ့ဂိုဏ်းဆီ လိုက်လာတယ်များ ထင်နေလား"

ကျန်းဟောင်က လှောင်ရယ်၍ ပြောလိုက်သည်။

"အရင်ကတည်းက ငါတို့ရဲ့ ပန်းတိုင်က ယန်ဒီမြို့ကို အသက်ရှင်လျက် မင်းပြန်ရောက်မလာဖို့ပဲ"

"ကြီးကြပ်ရေးမှူးကျန်း...ခင်ဗျားတို့က ကျွန်တော်တို့ကို လုပ်ကြံမလို့လား.. ဂိုဏ်းတူအချင်းချင်း သတ်ဖြတ်တာက ယန်ဒီမြို့ရဲ့ စည်းကမ်းကို ချိုးဖောက်တာပဲ.. ခင်ဗျားတို့ ကျွန်တော်တို့ကိုသတ်ရင် အကြီးအကဲတွေက ခင်ဗျားတို့ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

လီဖုန်က ဒေါသတကြီး လေသံဖြင့် ကျန်းဟောင်ကို အော်ဟစ်လိုက်သည်။

မူလက သူသည် ကျန်းဟောင်တို့ အပေါ်တွင် အနည်းငယ် မျှော်လင့်ချက်ထားရှိခဲ့သည်။

ယခုကြည့်ရသည်မှာ ကျန်းဟောင်တို့ လူစုသည် ကျန်းချန် ခန့်မှန်းထားသည့် အတိုင်းပင် မစ်ရှင်ကို အသုံးချကာ သူတို့ကို သတ်ဖြတ်ချင်နေခဲ့သည်။

"ဟားဟား... မင်းတို့တွေ အကုန် ဒီမှာ သေသွားသရွေ့ ငါတို့လက်ချက် ဆိုတာကို ဘယ်သူသိနိုင်မှာလဲ"

ကျန်းဟောင်က ကျေနပ်သော အမူအရာဖြင့် ပြုံးလိုက်သည်။

"အချိန်တန်ရင် မင်းတို့ရဲ့ သေဆုံးမှုကို သွေးမြစ်ရဲ့ခေါင်းပေါ် ပုံချလိုက်ရုံပဲ.. ငါတို့ရဲ့လက်ချက်လို့ ဘယ်သူက သိနိုင်မှာလဲ"

"ကျန်းဟောင်...မင်းက အတော်ကောက်ကျစ်တာပဲ...မင်းတို့ရဲ့ပူးပေါင်းကြံစည်မှုကို ငါလီဖုန်းက ဘယ်တော့မှ အောင်မြင်ခွင့် ပေးမှာ မဟုတ်ဘူး"

လီဖုန်က ခပ်အေးအေး ပြုံး၍ ပြောလိုက်သည်။

"မူလအစီအစဉ်ကတော့ သွေးမြစ်ရဲ့ အကူအညီနဲ့ မင်းတို့ကို ဖယ်ရှားဖို့ပဲ.. ဒါပေမဲ့ မထင်ထားတာက မင်းတို့က ငါ့ကို ကြီးမားတဲ့ လက်ဆောင်တစ်ခု ပေးအပ်ခဲ့တယ်"

ကျန်းဟောင်က ရူးသွပ်စွာ ရယ်မောရင်း ပြောလိုက်သည်။

"သွေးမြစ်ကို ဒဏ်ရာအပြင်းအထန် ရအောင် မင်းတို့တွေ ကူညီပေးခဲ့တဲ့အတွက် ဒီနေ့ မင်းတို့ရဲ့အလောင်းတွေကို မပျက်စီးရအောင် ပုံစံမပျက် ထားခဲ့ပေးမယ်"

"ကြီးကြပ်ရေးမှူးကျန်း.. သူတို့နဲ့ စကားများမနေဘဲ မြန်မြန်သာ သတ်ပစ်လိုက်တော့.. အခြေအနေတွေက မတော်တဆ ပြောင်းလဲသွားနေဦးမယ်"

ရှောင်နန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။

သူ့ကို လက်သီးဖြင့် တိုက်ခိုက်လိုက်သည့် ရှောင်နန်ကို ကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်စွန်းသည် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

သူက ချက်ချင်းပင် နဂါးပြာသန္ဓေခန္ဓာကိုယ်၏ သွေးစွမ်းအားကို လှုံ့ဆော်လိုက်ပြီး ရှောင်နန်၏ လက်သီးချက်ကို သူ၏ လက်သီးဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

နှစ်ဦးသား၏ လက်သီးချက်များသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြသည်။

ရှောင်နန်၏ ပုံရိပ်က တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။

သူ၏ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော အသက်စွမ်းအင်များကို ဖိနှိပ်ရင်း ကျန်းချန်ကို အထိတ်တလန့် ကြည့်လိုက်သည်။

"မင်း... မင်း လုံးဝ ဒဏ်ရာ မရထားခဲ့ဘူး.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းသည် ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ကျန်းဟောင်၏ မျက်နှာကိုပါ သိသိသာသာ ပြောင်းလဲစေခဲ့သည်။

ကျန်းချန်ကို လှမ်းကြည့်လိုက်သည့် သူ၏ အကြည့်သည်လည်း ချက်ချင်းဆိုသလို အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

"ကျန်းချန်.. မင်း ငါ့ကို လှည့်စားရဲတယ်လား"

"ငါက မင်းတို့ရဲ့ နည်းလမ်းကိုပဲ ပြန်အသုံးပြုလိုက်တာလေ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါ့အပြင် ငါ မင်းကို လှည့်စားခဲ့တယ် ဆိုရင်တောင် မင်းက ဘာတတ်နိုင်မှာမို့လို့လဲ"

အခန်း(၉၈၃)ပြီး၏။

အခန်း(၉၈၄)

ကျန်းချန်၏ စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် ချိုးရွှယ်နှင့်လီဖုန်းတို့၏ အားနည်းပြီး တည်ငြိမ်မှု မရှိသော အရှိန်အဝါများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

သူတို့နှစ်ဦးစလုံးက ရုတ်တရက် ထရပ်လိုက်ကြပြီး ကျန်းချန်နှင့်အတူ ကျန်းဟောင်တို့ သုံးဦးကို ဝိုင်းရံထားလိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကျန်းဟောင်တို့ သုံးဦးသည် မျက်စိမျက်နှာ ပျက်သွားခဲ့ကြသည်။

သူတို့က ငတုံးများ မဟုတ်ကြ၍ ကျန်းချန်တို့က သူတို့ကို မျှားခေါ်ရန် ဒဏ်ရာရဟန် ဆောင်ထားကြသည်ကို ချက်ချင်းပင် သိနိုင်ခဲ့သည်။

"ဒီကောင်လေးက တကယ်ကို ကိုင်တွယ်ရ မလွယ်ဘူးပဲ"

ရှောင်နန်က ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။

သူ၏ မျက်နှာအမူအရာသည် ယခင်ကထက်ပင် ပို၍ လေးနက်လာခဲ့သည်။

သူတို့က ကျန်းချန်ကို အကောက်ကြံရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်တွင် ကျန်းချန်၏ လှည့်စားခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှောင်နန် နားမလည်သည့် အချက်မှာ သူတို့သုံးဦး၏ ခွန်အားသည် ကျန်းချန်တို့ထက် သာလွန်နေခြင်း ဖြစ်သည်။

ထိပ်တိုက်ရင်ဆိုင်လျှင်ပင် ကျန်းချန်တို့ အဖွဲ့က အသာစီးရမည်မဟုတ်ချေ။

သို့ဖြစ်ရာ ကျန်းချန်သည် သူတို့ကို ဤနေရာအထိ မျှားခေါ်ရန် အဘယ်ကြောင့် အတင့်ရဲရပါသနည်း။

"ကြည့်ရတာ ကျန်းချန် ဆီမှာ ဝှက်ဖဲတစ်ခုခု ရှိနေသေးလားမသိဘူး"

ရှောင်နန်၏မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

သူက ဒဏ်ရာလုံးဝမရရှိသေးသည့် ကျန်းချန်တို့ သုံးဦးကို ကြည့်လိုက်ပြီးနောက်တွင် သွေးကန်ထဲရှိ သွေးရောင်ဝိညာဉ်ကို ကြည့်လိုက်သည်။

ထိုအခါ ဖော်မပြနိုင်သည့် ချမ်းစိမ့်သော ခံစားချက်သည် သူ၏ နှလုံးသားကို ရိုက်ခတ်လာခဲ့သည်။

"ဟမ့်... ကျန်းချန်.. မင်း ငါတို့ကို ဒီနေရာဆီ မျှားခေါ်ဖို့ ဒဏ်ရာရချင်ယောင် ဆောင်လိုက်တာနဲ့ပဲ အနိုင်ရဖို့ အခွင့်အရေးရှိသွားပြီလို့ ထင်နေတာလား"

ကျန်းဟောင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားခဲ့သည်။

"မင်းတို့ ဘာမှ ဒဏ်ရာမရထားရင်တောင် ငါ မင်းတို့ကို သတ်နိုင်တယ်"

သူ၏ အစီအစဉ်က အနည်းငယ် သွေဖယ်သွားသော်လည်း ကျန်းချန်တို့ကို သတ်ဖြတ်ရန်အတွက် ပိုမို ကြိုးစားအားထုတ်ရန်သာ လိုအပ်သည်။

ဆိုရလျှင် သူနှင့် ရှောင်ယွဲ့ဂိုဏ်းချုပ် ချိုးရွှယ်တို့ နှစ်ဦးစလုံးသည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း ကြယ်လေးပွင့် သူတော်စင်နယ်မြေဖြစ်သည့် ယန်ဒီမြို့မှ ကျင့်ကြံသူအနေဖြင့် ကြယ်နှစ်ပွင့်အင်အားစု၏ ဂိုဏ်းချုပ်တစ်ဦးကို ဖိနှိပ်ရန် သူ့အတွက် မခက်ခဲပေ။

ထို့အပြင် ယန်ဒီမြို့၏ ထိပ်တန်း ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦးအနေဖြင့် ရှောင်နန်သည်လည်း ကျန်းချန်ကို ရင်ဆိုင်ရာတွင် မည်သည့်ဖိအားမှ ရှိမနေချေ။

လီဖုန်း အနေဖြင့်မူ ဤခရီးစဉ်တွင် အားအနည်းဆုံးသူဖြစ်ရာ ဖော်ပြရန်ပင် မထိုက်တန်ပေ။

"ဟားဟား.. ငါ့ကို သတ်မယ်ဟုတ်လား.. ကျန်းချန် မင်းက ကလေးဆန်လွန်းတာပဲ"

"ငါ မင်းတို့ကို ဒီနေရာဆီ မျှားခေါ်ခဲ့တယ် ဆိုမှတော့ ဘယ်လိုလုပ်ပြီး မပြင်ဆင်ထားဘဲ ရှိပါ့မလဲ"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်က မဲ့ပြုံးပြုံးကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"သွေးမြစ်... ဂိုဏ်းချုပ်ချိုးကို ကူညီပြီး သူ့ကို အမြန်ဆုံး ဖြေရှင်းလိုက်တော့"

"ကောင်းပြီ"

သွေးကန်ထဲရှိ သွေးရောင်ဝိညာဉ်သည် ချက်ချင်းပင် သွေးအရှိန်အဝါများကို ထုတ်ဖော်ကာ ချိုးရွှယ်နှင့် ပူးပေါင်း၍ ကျန်းဟောင်ကို တိုက်ခိုက်ရန် သွေးကန်ထဲကနေ ထွက်ခွာလာခဲ့သည်။

သွေးမြစ်က ကျန်းချန်၏ အမိန့်ကို နာခံကာ ချိုးရွှယ်နှင့်ပူးပေါင်း၍ သူ့ကိုသတ်ရန် သွေးကန်ထဲမှ ထွက်လာသည်ကို မြင်လျှင် ကျန်းဟောင်၏ မျက်နှာထက်တွင် ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် အဘယ်ကြောင့် ဤမျှအထိ ယုံကြည်မှု ရှိနေရသည်ကို သူ နားလည်သွားခဲ့ချေပြီ။

အကြောင်းအရင်းမှာ သွေးကန်ထဲရှိ သွေးမြစ်ကို ကျန်းချန်က သိမ်းသွင်းနိုင်ခဲ့သောကြောင့်ပင်။

"ရှောင်နန်.. ကျန်းချန်ကို မြန်မြန်လေး သတ်လိုက်.. ပြီးရင် ငါ့ဆီ လာကူညီဦး"

နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါတွင် ကျန်းဟောင်သည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ခဲ့ပေ။

သူက ရှောင်နန်ကို အော်ဟစ် ပြောဆိုလိုက်ပြီး ချိုးရွှယ်နှင့်သွေးမြစ်ကို ရင်ဆိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

"တကယ်ပဲ အဆိုးဆုံးအခြေအနေက ဖြစ်ပေါ်လာခဲ့ပြီ"

သူ့ရှေ့မှ အခြေအနေကို ကြည့်ရင်း ရှောင်နန်၏ မျက်နှာထားသည် အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

သူက သက်ပြင်းရှည်ကို တစ်ချက်ချလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် အင်အားကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။

ယခုအခါတွင် ကျန်းဟောင်သည် နတ်ဝိညာဉ်ဘုရင်အဆင့် နှစ်ယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရ၏။

သို့ဖြစ်ရာ ကျန်းဟောင်သည် အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ကျန်းဟောင်ကို ကူညီရန်အတွက် ကျန်းချန်ကို အမြန်ဆုံး သတ်ပစ်ရမည် မဟုတ်ပါလား။

ထိုသို့မဟုတ်လျှင် သူတို့သုံးယောက်လုံးသည် ဤသွေးနတ်ဆိုး တောင်တန်းတွင် ထာဝရ မြှုပ်နှံခံရဖွယ် ရှိ၏။

အခန်း(၉၈၄)ပြီး၏။

All Chapters