အခန်း (၉၈၅-၉၈၇)
Vol. 66 Ch. 985-987
အခန်း(၉၈၅)
ရှောင်နန်က တုံ့ဆိုင်းမနေဘဲ သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်၏ စွမ်းအားနှင့် အင်ပါယာသွေးစွမ်းအား တို့ကို အစွမ်းကုန် လှုံ့ဆော်လိုက်သည်။
ထို့နောက်တွင် သူ၏ ပုံရိပ်သည် တစ္ဆေ ကဲ့သို့ မျက်တောင်တစ်ခတ်အတွင်း ကျန်းချန်၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုခဏတွင် ငွေရောင် ဓားရှည် တစ်ချောင်းသည် သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဓားဦးဖြင့် ကျန်းချန်၏ နဖူးကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ရှောင်နန်၏ ဓားချက်က မြန်ဆန်သော်လည်း ကျန်းချန်၏ တုံ့ပြန်မှုက ပို၍ပင် မြန်ဆန်နေခဲ့၏။
ရှောင်နန် တိုက်ခိုက်လိုက်သည့် အချိန်မှာပင် ကျန်းချန်သည် လေဆန္ဒ တတိယအဆင့်၏ အင်အားကို တိုက်ရိုက် ထုတ်ဖော်ကာ သူ၏ခန္ဓာကိုယ်ကို သုံးပေအကွာသို့ လျှပ်တစ်ပြက် ရွေ့လျားလိုက်သည်။
"ဒီကောင်က လေဆန္ဒရဲ့ တတိယအဆင့်ကိုတောင် နားလည်သွားပြီတဲ့လား"
ရှောင်နန်၏မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။
သူက စိတ်နှလုံးထဲကနေ တုန်လှုပ်သွားခဲ့၏။
ယန်ဒီမြို့တွင် ကျန်းချန်သည် သူ့ညီ ရှောင်ကြွယ်နှင့် တိုက်ခိုက်စဉ် ဓားဆန္ဒ တတိယအဆင့်၏ အင်အားကို ထုတ်ဖော်ခဲ့ပြီးပြီ ဖြစ်သည်။
သူ ထင်မထားသည်မှာ ကျန်းချန်ထံတွင် နောက်ထပ် တတိယအဆင့်ကို ရောက်ရှိနေသည့် ကိုယ်ခံပညာရပ် တစ်မျိုး ရှိနေခြင်းပင်။
ယခုအချိန်တွင် ရှောင်နန်သည် ကျန်းချန်ကို နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီက အဘယ်ကြောင့် နှစ်သက်သဘောကျခဲ့မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်အင်အားဖြင့်ပင် ရှန်းဝူခန်းမ၏ ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို ရရှိခဲ့သည် မဟုတ်ပါလား။
ဆိုရလျှင် ဤကောင်လေး၏ သိုင်းပါရမီသည် ယန်ဒီမြို့ရှိ မည်သည့် ဧကရာဇ်ပါရမီရှင်ထက် မဆို မနိမ့်ကျသည်မှာ သေချာသည်။
ရှောင်နန်က သက်ပြင်းရှည်ကို တစ်ချက်ချလိုက်ပြီး သူ၏ စိတ်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်သည်။
ဤအချိန်တွင် သူ့အတွက် အတွေးများနေရန် အချိန်မရှိတော့ပေ။
သူက ထူးဆန်းသော ခြေလှမ်းကွက်ကို ထုတ်သုံးကာ သူ၏ လက်ထဲမှ ငွေရောင်ဓားရှည်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
သို့သော်လည်း ကျန်းချန်က လေနှင့် ထပ်တူထပ်မျှ ရွေ့လျားသွားခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှောင်နန်၏ တိုက်ခိုက်မှုကနေ လွတ်ကင်းသွားခဲ့၏။
"ကျန်းချန်... မင်းမှာ ငါနဲ့ တိုက်ခိုက်ဖို့ သတ္တိတောင် မရှိဘူးလား... သတ္တိရှိရင် ရှောင်မနေဘဲ ငါနဲ့ ထိပ်တိုက် လာရင်ဆိုင်လိုက်"
ကျန်းချန်က နှစ်ကြိမ်ဆက်တိုက် သူ၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်ရှားလိုက်သည်ကို မြင်လျှင် ရှောင်နန်သည် ကျန်းချန် မခံချင်စိတ် ဖြစ်လာအောင် အော်ဟစ်ပြောဆိုလိုက်သည်။
ကျန်းချန်သာ လေဆန္ဒ၏ တတိယအဆင့် အင်အားကို ထုတ်ဖော်ကာ သူနှင့် ထိပ်တိုက် မရင်ဆိုင်ခဲ့လျှင် သူ့အနေဖြင့် ကျန်းချန်ကို အချိန်တိုအတွင်း ဘာမျှ လုပ်နိုင်မည် မဟုတ်ပေ။
ကျန်းချန်သာ ဤကဲ့သို့ အချိန်ဆွဲနေခဲ့လျှင် ချိုးရွှယ်နှင့်သွေးမြစ် တို့သည် ကျန်းဟောင်ကို အနိုင်ယူသွားမည် ဖြစ်ပြီး သူတို့အားလုံးသည် ယနေ့တွင် ဤနေရာမှာပင် အမှန်တကယ် အဆုံးသတ်သွားနိုင်ပေသည်။
"ဟားဟား... ငါက မင်းနဲ့ အပျင်းပြေ ကစားနေခဲ့တာ.. ဒါပေမဲ့လည်း မင်းက ဒီလောက်အထိ သေချင်နေတယ် ဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်.. ယန်ဒီမြို့ရဲ့ ထိပ်တန်းဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦး ဆိုတာ ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး ဆိုတာ မင်းကို အခုချက်ချင်း သိစေမယ်.. မင်းကို သတ်ဖြတ်ဖို့ ငါ့အတွက် တစ်ကွက်ပဲ လိုအပ်တယ်"
သူ၏ စကားသံဆုံးသည်နှင့် သွေးနဂါးဓားသည် လေထဲကနေ ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်ထဲသို့ ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဖြင့် တိမ်တိုက်ဝါးမျိုနည်းစနစ်ကို လှုံ့ဆော်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် အထိ မြှင့်တင်လိုက်သည်။
ထို့နောက် သူက ရှောင်နန်ကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။
သူ၏ မောက်မာသော အသံသည် လေထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။
"အချိန်နဲ့အာကာသဓားနယ်မြေ အသက်ဝင်"
ကျန်းချန်၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ အပြာရောင် ဓားစွမ်းအင်သည် လေထဲကနေ ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး လေထဲမှာပင် အပြာရောင် ဓားနယ်မြေ တစ်ခုကို အလျင်အမြန် စုစည်းလိုက်ကာ ရှောင်နန်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။
ရှောင်နန်က ထိုအပြာရောင်ဓားနယ်မြေ ထဲတွင် သူ၏ အသက်သည် ထူးဆန်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ချက်ချင်းပင် ခံစားမိခဲ့၏။
"ဒါ... ဒါက ဘယ်လိုစွမ်းအားမျိုးလဲဟ"
ရှောင်နန်က ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
ထို့နောက်တွင် အပြာရောင်ဓားနယ်မြေကို ဖြိုခွင်းရန်အတွက် ရူးသွပ်စွာ လှုပ်ရှားခဲ့၏။
သို့သော်လည်း ကျန်းချန်သည် ယခုအခါတွင် သူ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ထားသည့်အပြင် အချိန်နှင့်အာကာသဓားနယ်မြေကိုလည်း ပိုမို ကျွမ်းကျင်လာခဲ့ပြီ ဖြစ်သည်။
သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် သူ၏အချိန်နှင့်အာကာသ ဓားနယ်မြေအောက်တွင် မသေလျှင်ပင် အင်အားကုန်ခမ်းကာ မောပန်းသွားလိမ့်မည် ဖြစ်၏။
ရှောင်နန်က ယန်ဒီမြို့၏ ထိပ်တန်းဧကရာဇ် အဆင့် ပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး သူ၏ တိုက်ပွဲဝင်စွမ်းရည်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူထက် မနိမ့်ကျပေ။
သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်တွင်သာ ရှိနေသေးသည် ဖြစ်ရာ အချိန်နှင့်အာကာသ ဓားနယ်မြေကို ခုခံနိုင်စွမ်းသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူထက် များစွာ နိမ့်ကျနေခဲ့၏။
အခန်း(၉၈၅)ပြီး၏။
အခန်း(၉၈၆)
"ဝုန်း.. ဝုန်း.. ဝုန်း"
ရှောင်နန်က အချိန်နှင့်အာကာသ ဓားနယ်မြေ ထဲတွင် ရူးသွပ်စွာ ပြေးလွှားနေခဲ့ပြီး ဓားနယ်မြေကို ထပ်ခါတလဲလဲ တိုက်ခိုက်နေခဲ့သည်။
သူ မည်မျှပင် ရုန်းကန်နေပါစေ အချိန်နှင့်အာကာသ ဓားနယ်မြေကို မဖြိုခွဲနိုင်ခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ရှောင်နန်၏ အသက်သည်လည်း တစ်ဝက်ကျော်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရှောင်နန်သည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးအဖြစ်မှ အသက်ငါးဆယ်ကျော် အရွယ် ဆံဖြူအဘိုးအိုတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
"မသတ်ပါနဲ့.. ငါ့ကိုမသတ်ပါနဲ့.. ဂျူနီယာညီလေးကျန်း.. ငါတို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေပါ.. ငါ့အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပါတယ်.. ငါ ကတိပေးပါတယ်.. မင်းကို ဘယ်တော့မှ ထပ်မတိုက်ခိုက်တော့ပါဘူး"
သူ၏အသက် ကုန်ဆုံးတော့မည်ကို ခံစားမိလျှင် ရှောင်နန်၏ မျက်နှာထက်၌ မျှော်လင့်ချက်မဲ့ခြင်း နှင့် ထိတ်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
အဆုံးသတ်တွင် သူသည် ကျန်းချန်ကို ခွင့်လွှတ်ပေးရန် မတောင်းပန်ဘဲ မနေနိုင်ခဲ့ပေ။
ယန်ဒီမြို့ရှိ ထိပ်တန်းဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးအနေဖြင့် ရှောင်နန်သည် သူ၏ ခွန်အားကို အမြဲတစေ အလွန်အမင်း ယုံကြည်မှု ရှိခဲ့သည်။
ထိုအချိန်က ကျန်းချန်သည် ရှောင်ကြွယ်ကို အနိုင်ယူခဲ့ပြီး သူ၏လှုပ်ရှားမှုကို ဧကရာဇ်အဆင့် သိုင်းပညာရပ်ဖြင့် ပိတ်ဆို့ကာ ၎င်း၏ ပါရမီနှင့်ခွန်အားကို ပြသခဲ့သည်။
သို့သော်လည်း ထိုအချိန်က ရှောင်နန်သည် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်သာရှိသော ကျန်းချန်က သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ယနေ့ ကျန်းချန်နှင့် တိုက်ခိုက်သောအခါမှသာ သူ မည်မျှ မှားယွင်းသွားခဲ့ကြောင်း သိရှိသွားခဲ့သည်။
သူက ကျန်းချန်၏ တိုက်ကွက်တစ်ကွက်ကိုပင် မပိတ်ဆို့နိုင်ခဲ့ပေ။
ယခုအချိန်တွင် ရှောင်နန်သည် သူ အလွန်အမင်း သတ်ချင်နေခဲ့သူက မည်မျှအထိ ထူးချွန်သူ ဖြစ်ကြောင်း အဆုံးသတ်တွင် သိရှိသွားခဲ့သည်။
သိုင်းပါရမီသာ ကြည့်၍ သုံးသပ်ရမည်ဆိုလျှင် ယန်ဒီမြို့၏ ထိပ်တန်းအင်ပါယာအဆင့် ပါရမီရှင်ငါးဦးပင် ကျန်းချန်နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
"အခုမှ အသက်ချမ်းသာပေးဖို့ တောင်းပန်နေတာလား... နှမြောစရာကောင်းတာက နောက်ကျသွားခဲ့ပြီ"
ကျန်းချန်က ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
"မင်း ငါ့ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ပြီးကတည်းက သေဖို့အတွက်လည်း ပြင်ဆင်ထားသင့်တယ်.. မင်း ငါ့ကို စတင်တိုက်ခိုက်လိုက်တဲ့ အချိန်ကစပြီး ငါ့မျက်လုံးထဲမှာ မင်းက သေလူဖြစ်သွားခဲ့ပြီ"
"မသတ်ပါနဲ့"
ရှောင်နန်က ကျန်းချန်၏ စကားကို ကြားသောအခါတွင် သူ၏နှုတ်ကနေ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သိပ်မကြာခင်မှာပင် ရှောင်နန်၏ အရှိန်အဝါသည် ပို၍ပင် အားနည်းလာခဲ့သည်။
အဆုံးသတ်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး အဆုံးသတ်တွင် ရှောင်နန်သည် အလောင်းကောင်ဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့သည်။
ကျန်းချန်က ရှောင်နန်ကို သတ်ပစ်လိုက်ခြင်းသည် ကျန်းဟောင်နှင့် ဘုရင်အဆင့် တပည့်၏ မျက်နှာအမူအရာကို သိသိသာသာပင် ပြောင်းလဲသွားစေခဲ့သည်။
မူလက လီဖုန်းကို အပေါ်စီးကနေ တိုက်ခိုက်နေသော ဘုရင်အဆင့် တပည့်သည် ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။
သူက လီဖုန်းကို နောက်ဆုတ်အောင် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး သွေးမြစ်နှင့် ချိုးရွှယ်တို့၏ ဖိနှိပ်မှုကို ခံနေရသည့် ကျန်းဟောင်ကို လျစ်လျူရှုကာ ထိတ်လန့်တကြားဖြင့် လှိုဏ်ဂူအပြင်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။
"ထွက်ပြေးချင်တာလား... မင်း ဒီနေရာကို ရောက်လာကတည်းက ဒီနေရာမှာပဲ ခေါင်းချရမယ်"
ကျန်းချန်က ဘုရင်အဆင့် တပည့်ကို ထွက်ပြေးဖို့ အခွင့်အရေး မပေးခဲ့ပေ။
သူက ဓားဆန္ဒ တတိယအဆင့်၏ ခွန်အားကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် ဓားအင်အားသည် ကောင်းကင်ကနေ ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး ယန်ဒီမြို့မှ တပည့်၏ဦးခေါင်းကို ချက်ချင်းပင် ဖြတ်ပစ်လိုက်သည်။
"ကျန်း.. ကျန်းချန်.. သူတို့ကို ရပ်ခိုင်းလိုက်ပါ.. ငါက အထက်က ခိုင်းတဲ့အတိုင်း အမိန့်ကို လိုက်နာရုံပါ.. မင်း ငါ့ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်.. မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ယန်ဒီမြို့မှာ မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိပါ့မယ်လို့ ငါ ကတိပေးပါတယ်.. အကယ်၍ မင်း ငါတို့အကုန်လုံးကို သတ်ပစ်လိုက်မယ်ဆိုရင် ယန်ဒီမြို့ဆီ ပြန်ရောက်ရင် ရှင်းပြဖို့ မလွယ်ကူမှာကို ငါ စိုးရိမ်မိတယ်"
ရှောင်နန်နှင့် ဘုရင်အဆင့် တပည့်ကို ကျန်းချန်က ချက်ချင်းဆိုသလို သတ်ပစ်လိုက်သည်ကို မြင်လျှင် ချိုးရွှယ်နှင့် သွေးမြစ်တို့၏ ဖိအားပေးမှုကြောင့် အလူးအလဲ ဖြစ်နေသော ကျန်းဟောင်သည် တောင်းတောင်းပန်ပန် ပြောဆိုလိုက်၏။
"ယန်ဒီမြို့ကို ပြန်ရောက်ရင် ငါတို့ကို ပြန်ပြီး ကိုက်ရအောင် မင်းကို အသက်ချမ်းသာပေးရမှာလား.. ငါ့အမြင်မှာတော့ မင်းတို့ အကုန်လုံးသေမှပဲ ငါ့အတွက် မလိုလားအပ်တဲ့ ဒုက္ခတွေကို သက်သာစေလိမ့်မယ်"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"ယန်ဒီမြို့ကို ဘယ်လိုရှင်းပြရမလဲ ဆိုတာကတော့ မကြာသေးခင်ကပဲ မင်းက ငါ့အတွက် တွေးပေးခဲ့သေးတယ် မဟုတ်လား"
ထိုစကားကို ကြားလျှင် ကျန်းဟောင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျန်းချန်... ဂိုဏ်းတူအချင်းချင်း မင်း သိပ်အနိုင်ကျင့်လွန်းတယ်"
အခန်း(၉၈၆)ပြီး၏။
အခန်း(၉၈၇)
"ငါက အနိုင်ကျင့်တယ်ဟုတ်လား.. ငါသာ ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘူး ဆိုရင် မင်းလက်ထဲကို ကျသွားမှာအမှန်ပဲ.. အဲဒီအခြေအနေကို ရောက်ရင် မင်းက ငါ့ကို လွှတ်ပေးမှာတဲ့လား"
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"တကယ်တော့ ဒီအခြေအနေမျိုးအထိ ရောက်လာတာ မင်းရဲ့အမှားပဲ"
"ကောင်းပြီလေ ကျန်းချန်.. မင်း ငါ့ကို အတင်းအကြပ် ဖိအားပေးမှတော့ ငါကျန်းဟောင် ဒီနေ့ သေရမယ်ဆိုရင်တောင် မင်းကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်"
ထိုခဏတွင် ကျန်းဟောင်၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာခဲ့ပြီး သူ၏မျက်နှာထက်တွင် ရူးသွပ်သော အရိပ်အယောင်များ လွှမ်းခြုံလာခဲ့သည်။
ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်သည် ချိုးရွှယ်နှင့် သွေးမြစ်တို့၏ ဖိအားကြောင့် ဒဏ်ရာအများအပြားကို ရရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူက နောက်မဆုတ်ဘဲ ချိုးရွှယ်နှင့် သွေးမြစ်တို့ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။
ထိုသို့ ပြေးဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲခါနီး မိုးပျံပူဖောင်း ကဲ့သို့ အလျင်အမြန် ဖောင်းကားလာခဲ့သည်။
"မဟုတ်သေးဘူး.. ဒီကောင့်ကိုကြည့်ရတာ သူ့ကိုယ်သူ ဖောက်ခွဲတော့မယ့်ပုံပဲ"
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် သွေးမြစ်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းပင် သူက သွေးအရှိန်အဝါများကို သွေးရောင်အကာအကွယ်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းဟောင်ကို လွှမ်းခြုံလိုက်သည်။
နတ်ဝိညာဉ်ဘုရင် တစ်ပါး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းသည် သာမန်အင်အားမျိုး မဟုတ်ပေ။
ပို၍ဆိုးရွားသည်မှာ သူတို့သည် ယခုအခါတွင် လှိုဏ်ဂူထဲတွင် ရှိနေခဲ့သည် ဖြစ်၍ ဤလှိုဏ်ဂူသည် နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကို ခံနိုင်ရည်မရှိချေ။
ထို့အပြင် ၎င်းတို့သည် အချိန်တိုအတွင်း လှိုဏ်ဂူထဲက ထွက်ခွာနိုင်ဦးမည် မဟုတ်ပေ။
ကျန်းဟောင်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သော စွမ်းအင်များသာ လှိုဏ်ဂူတစ်ခွင်ကို လွှမ်းမိုးသွားခဲ့လျှင် သူတို့သည် ကျန်းဟောင်၏ လက်ထဲတွင် မသေလျှင်ပင် ဤနေရာ၌ ရှင်လျက်နှင့် မြှုပ်နှံခံရလိမ့်မည် ဖြစ်သည်။
"နေရာလွတ်ပိတ်ဆို့ခြင်း"
ချိုးရွှယ်ကလည်း ဤအချိန်တွင် ကျန်းဟောင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်လျှင် မည်ကဲ့သို့ ဖြစ်ပေါ်လာမည်ကို သဘာဝကျစွာ သိရှိထားခဲ့သည်။
ထို့ကြောင့် သူက ချက်ချင်းဆိုသလိုပင် နတ်ဝိညာဉ်ဘုရင်အဆင့်ကျင့်ကြံသူများ အသုံးပြုသည့် နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ကျန်းဟောင်၏ ပတ်ပတ်လည်ရှိ နေရာလွတ်သည် ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာခဲ့ပြီး ကျန်းဟောင်ကို နေရာလွတ်ထောင် အဖြစ် ဝိုင်းရံထားလိုက်သည်။
ထိုအချိန်တွင် ကျန်းဟောင်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် အခြေအနေအထိ ဖောင်းထွက်လာခဲ့ပြီ ဖြစ်၏။
"ဝုန်း"
လှိုဏ်ဂူထဲတွင် ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးသည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းသည် ဆူနာမီကဲ့သို့ပင် အရပ်မျက်နှာအနှံ့သို့ အရူးအမူး ရိုက်ခတ်သွားခဲ့၏။
ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုအောက်တွင် သွေးမြစ်၏ သွေးရောင် အကာအကွယ်သည် ချက်ချင်းဆိုသလိုပင် ဘာမှမကျန်တော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။
ချိုးရွှယ်၏ နေရာလွတ်ထောင်သည်ပင် ထိုစွမ်းအင်လှိုင်းနှင့် ရင်ဆိုင်လိုက်ရပြီး လျင်မြန်စွာ ပုံပျက်သွားခဲ့သည်။
"အချိန်နဲ့အာကာသ ဓားနယ်မြေ"
ချိုးရွှယ်၏ နေရာလွတ် ပိတ်ဆို့ထားခြင်းသည် ကျန်းဟောင်၏ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းအား မတားဆီးနိုင်ခဲ့သည်ကို မြင်လျှင် ကျန်းချန်သည် သူ၏ သွားများကို အံကြိတ်လိုက်ပြီး ချက်ချင်းဆိုသလို အချိန်နှင့်အာကာသ ဓားနယ်မြေကို ထပ်မံ ဖော်ထုတ်လိုက်သည်။
ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားသည် သူအစောပိုင်းက အသုံးပြုခဲ့သော အချိန်နှင့်အာကာသ ဓားနယ်မြေကြောင့် များစွာ ကုန်ဆုံးသွားခဲ့ပြီးသား ဖြစ်သည်။
ယခု ထပ်မံ အသုံးပြုလိုက်သောအခါတွင် ခန္ဓာကိုယ်မှ စွမ်းအင်များကို ကုန်ခမ်းစေရုံသာမက ကိုယ်တွင်းကလီစာများပါ သက်ရောက်မှု ရှိသွားခဲ့ပြီး ကျန်းချန်သည် ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ကျန်းချန်က အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးပြုလိုက်သော အချိန်မှာပင် ချိုးရွှယ်၏ နေရာလွတ် ပိတ်ဆို့ခြင်း စွမ်းအင်သည် ကျန်းဟောင်၏ မိမိကိုယ်ကို ဖောက်ခွဲလိုက်သော စွမ်းအားကို အဆုံးသတ်တွင် မခံနိုင်တော့ဘဲ တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့သည်။
"ဝုန်း"
မကြာခင်မှာပင် လက်ကျန်စွမ်းအင်လှိုင်းသည် ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေအကာအကွယ်နှင့် တိုက်ရိုက် ထိတွေ့သွားခဲ့သည်။
ကံကောင်းစွာဖြင့် ဤစွမ်းအင်လှိုင်းသည် သွေးမြစ်နှင့် ချိုးရွှယ်တို့လို နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ ပိတ်ဆို့မှုကို ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်၍ ကျန်ရှိသောစွမ်းအားသည် သုံးဆယ် ရာခိုင်နှုန်းအောက်သာ ရှိနေခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေသည် ခဲယဉ်းစွာဖြင့် ထိုစွမ်းအင်လှိုင်းကို ပိတ်ဆို့နိုင်ခဲ့သည်။
"နောက်ဆုံးတော့ ပိတ်ဆို့နိုင်ခဲ့ပြီ.. နတ်ဝိညာဉ်ဘုရင်အဆင့်ကျင့်ကြံသူရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတဲ့ စွမ်းအားက တကယ်ကို မကြုံစဖူး ထိတ်လန့်စရာပဲ"
ကျန်းဟောင်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သော စွမ်းအင်လှိုင်း လုံးဝ ပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျန်းချန်သည် အဆုံးသတ်တွင် သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဖြူဖျော့သွားခဲ့ပြီး မြေပြင်ပေါ်သို့ ခွေလဲကျသွားခဲ့သည်။
သို့သော် ထိုအချိန်တွင် ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဒီကောင့်ရဲ့ဝိညာဉ်က လှိုဏ်ဂူထဲမှာ ရှိနေသေးတယ်.. သူ့ရဲ့ဝိညာဉ်ကို ထွက်ပြေးခွင့်မပေးနဲ့"
အခန်း(၉၈၇)ပြီး၏။