အခန်း (၉၈၈-၉၉၀)
Vol. 66 Ch. 988-990
အခန်း(၉၈၈)
နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူထက် အဆပေါင်းများစွာ ပိုမိုအားကောင်းရုံသာမက သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူထက် သိသာသော ပြောင်းလဲမှုမှာ စိတ်ဝိညာဉ် ဖြစ်သည်။
ရှန်းဝူတိုက်ကြီးတွင် မည်သည့်ကျင့်ကြံသူမဆို နတ်ဝိညာဉ်ဘုရင်အဆင့်သို့ ထိုးဖောက်နိုင်သည်နှင့် ၎င်း၏ ဝိညာဉ်သည် အဆင့်အတန်းမြင့်လာပြီ ဖြစ်ပြီး ခန္ဓာကိုယ်နှင့် ခွဲခွာနိုင်မည်ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် နတ်ဝိညာဉ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်သော ကျင့်ကြံသူသည် သူ၏ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် ဝိညာဉ်မပျက်စီးသရွေ့ အသက်ရှင်နိုင်၏။
အစောပိုင်းက ကျန်းဟောင် သူ့ကိုယ်သူ ဖောက်ခွဲလိုက်ခြင်းသည် ဤနည်းလမ်းကို အသုံးပြု၍ အမှန်တရားကို ဖုံးကွယ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကျန်းဟောင်သည် ကံမကောင်းခဲ့ပေ။
အစောပိုင်းက ကျန်းချန် လှိုဏ်ဂူထဲတွင် အသုံးပြုခဲ့သော ဝိညာဉ်ပိတ်ဆို့အစီအရင်သည် လုံးဝ မပျောက်ကွယ်သေး၍ ကျန်းဟောင်၏ ဝိညာဉ်သည် ထိုအစီအရင်ထဲတွင် ရှိနေခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် ကျန်းဟောင်၏ ဝိညာဉ် ရှိနေသေးသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် အချိန်နှင့်အာကာသ ဓားနယ်မြေကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုခဲ့ပြီးနောက်တွင် ကျန်းဟောင်၏ ဝိညာဉ်ကို ကိုင်တွယ်ရန် မစွမ်းသာတော့သဖြင့် ချိုးရွှယ်နှင့် သွေးမြစ်ကို အလျင်စလို တိုက်ခိုက်ရန်သာ အမိန့်ပေးနိုင်ခဲ့သည်။
"မစိုးရိမ်ပါနဲ့ သူထွက်မပြေးနိုင်ပါဘူး.. ဒီကောင်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတဲ့နည်းလမ်းကို အသုံးပြုပြီး ဝိညာဉ်ကို လွတ်မြောက်အောင် လုပ်ချင်တာတဲ့လား.. ဒီလိုနည်းလမ်းက ဒီဧကရာဇ်ရဲ့ မျက်လုံးအောက်ကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ"
သွေးမြစ်က လှောင်ပြောင်၍ ပြောလိုက်သည်။
ထိုခဏမှာပင် လှိုဏ်ဂူထဲ၌ သွေးရောင်ကောင်းကင်ကြီးသည် ချက်ချင်းပင် လွှမ်းမိုးသွားခဲ့၏။
သွေးမြစ်သည် ယခုအခါတွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိတော့သဖြင့် နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရန် မလွယ်ကူပေ။
သို့သော်လည်း ဝိညာဉ် စွမ်းအား တစ်ခုတည်းကိုသာ ပြောရမည်ဆိုလျှင် သူ၏ လက်ရှိဝိညာဉ်သည် သူ၏ အထွတ်အထိပ်ကာလ အခြေအနေနှင့် ဝေးကွာနေလျှင်ပင် နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို သုတ်သင်ရန် လုံလောက်၏။
"နတ်ဆိုးသွေးဝိညာဉ် ဝါးမျိုလိုက်စမ်း"
သွေးမြစ်က လက်ဟန်တချို့ကို ထုတ်ဖော်လိုက်ရာ သွေးရောင်ကောင်းကင်ကြီးသည် ချက်ချင်းပင် သွေးမိုးများအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ သက်ဆင်းလာခဲ့သည်။
နောက်ထပ် တခဏမှာပင် နာကျင်စွာ အော်ဟစ်လိုက်သောအသံသည် လှိုဏ်ဂူထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး မပီပြင်ဝိုးတဝါး အနက်ရောင် အရိပ်တစ်ခုသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုဝိုးတဝါးအရိပ်သည် သွေးမြစ်၏ သွေးမိုးအောက်တွင် ဘာမှမကျန်ရှိတော့ဘဲ လှိုဏ်ဂူထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းဟောင်တို့ လူစုကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ရှောင်ယွဲ့ဂိုဏ်း ဆီသို့ ပြန်သွားခဲ့ပြီး ရှောင်ယွဲ့ဂိုဏ်းတွင် အချိန်အတော်ကြာ ကျင့်ကြံနေခဲ့သည်။
သူက သူ၏ခန္ဓာကိုယ်ထဲရှိ အချိန်နှင့်အာကာသ ဓားနယ်မြေ၏ တန်ပြန်သက်ရောက်မှုကို ဖြေရှင်းပြီးမှသာ ချိုးရူယွဲနှင့် လီဖန်းတို့နှင့်အတူ ယန်ဒီမြို့သို့ ထွက်ခွာလာခဲ့သည်။
သွေးမြစ်ကမူ ကျန်းချန်၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်ကာ ကျန်းချန်နှင့် အတူ ယန်ဒီမြို့ဆီ လိုက်ပါလာခဲ့၏။
သွေးမြစ်၏ ခန္ဓာကိုယ်သည် ဝိညာဉ်ခန္ဓာကိုယ်မျှသာ ဖြစ်သော်လည်း ၎င်းထုတ်ဖော်လိုက်သော စွမ်းအားသည် သာမန်နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင် ကိုင်တွယ်ရန် လုံလောက်သည်။
ထို့အပြင် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်းဧကရာဇ်ဆယ်ပါးထဲမှ တစ်ပါး အနေဖြင့် သွေးမြစ်ထံတွင် ထူးခြားသော အတွေ့အကြုံနှင့် ဗဟုသုတများ ရှိ၏။
နှစ်လကျော် ကြာမြင့်ပြီးလျှင် အင်ပါယာအမွေအနှစ် နယ်မြေ ဖွင့်လှစ်တော့မည် ဖြစ်ရာ သွေးမြစ်ကို သူနှင့်အတူ ခေါ်ဆောင်သွားခဲ့လျှင် သူ့အတွက် ကြီးမားသော အကူအညီများ ဖြစ်ပေါ်လာမည်မှာ သေချာသလောက်ပင် ဖြစ်သည် မဟုတ်ပါလား။
မကြာခင်မှာပင် ကျန်းချန်တို့အဖွဲ့သည် ယန်ဒီမြို့ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ကျန်းချန်က ယန်ဒီမြို့ဆီသို့ ဝင်ခါနီးတွင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲမှ သွေးမြစ်ကို ဆက်သွယ်ကာပြောလိုက်သည်။
"သွေးမြစ်.. မင်းကို ယန်ဒီမြို့က ကျင့်ကြံသူတွေ မတွေ့နိုင်ဘူးဆိုတာ သေချာရဲ့လား"
သွေးနတ်ဆိုးနန်းတော်သည် ရှန်းဝူတိုက်ကြီးမှ အင်အားစုအားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုကို အတိတ်ကာလက ခံခဲ့ရသည်။
သူက သွေးမြစ်ကို ယန်ဒီမြို့ဆီသို့ ခေါ်ဆောင်သွားပြီး ယန်ဒီမြို့မှ ကျင့်ကြံသူများသည် သွေးမြစ်၏ တည်ရှိမှုကိုသာ ရှာဖွေတွေ့ရှိသွားခဲ့လျှင် ကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပါလား။
"မစိုးရိမ်ပါနဲ့... ဒီဧကရာဇ်ရဲ့ အရှိန်အဝါ ဖုံးကွယ်တဲ့ နည်းလမ်းနဲ့ဆိုရင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူတောင် ဒီဧကရာဇ်ရဲ့ တည်ရှိမှုကို သတိထားမိမှာ မဟုတ်ဘူး... ယန်ဒီမြို့မှာ ပကတိ အင်ပါယာ တစ်ပိုင်းအဆင့် ကျင့်ကြံသူ မရှိသရွေ့ စိတ်ချလို့ရတယ်"
သွေးမြစ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ထိုအခါမှသာ ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူပင် သွေးမြစ်ကို မရှာဖွေနိုင်သည် ဖြစ်ရာ သူ့အတွက် ပြဿနာမရှိတော့ပေ။
သွေးနတ်ဆိုးနန်းတော် ပျက်စီးသွားပြီးနောက်တွင် ပကတိအင်ပါယာ တစ်ပိုင်းအဆင့် ဖြစ်သည့် သွေးနတ်ဆိုးနန်းတော်၏ အရှင်သခင်သည် ရှန်းဝူတိုက်ကြီးကနေ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်ကစ၍ ရှန်းဝူတိုက်ကြီးတွင် ပကတိအင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ ထွက်ပေါ်လာခြင်း မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကြယ်လေးပွင့် သူတော်စင်နယ်မြေ ဖြစ်သည့် ယန်ဒီမြို့တွင်ပင် ပကတိအင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ မရှိခဲ့ပေ။
ထို့ကြောင့် မည်သည့် ပြဿနာမှ မရှိနိုင်သဖြင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ယန်ဒီမြို့ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
အခန်း(၉၈၈)ပြီး၏။
အခန်း(၉၈၉)
ယန်ဒီမြို့သို့ ပြန်ရောက်လာပြီးနောက်တွင် ကျန်းချန်သည် ချိုးရူယွဲ့နှင့် လီဖုန်းတို့ကို ပြုံး၍ ပြောလိုက်သည်။
"အစ်မချိုးနဲ့ အစ်ကိုလီ.. ကျွန်တော်တို့ အရင်ဆုံး မစ်ရှင်ခန်းမမှာ မစ်ရှင်ပြီးဆုံးကြောင်း တင်ပြကြရအောင်"
ထိုစကားကို ကြားလျှင် ချိုးရူယွဲ့သည် အနည်းငယ် တွေဝေသွားခဲ့သည်။
"မောင်လေးကျန်း.. ငါတို့တွေ အဆင်ပြေပါ့မလား"
"ဟုတ်တယ် ညီလေးကျန်း.. မစ်ရှင်ခန်းမရဲ့ အကြီးအကဲ ရှောင်ထိုက်ယွင်က ရှောင်နန်ရဲ့ ဆရာပဲ.. ရှောင်နန် သေသွားပြီ ဆိုတာသိရင် သူ ငါတို့ကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး"
လီဖုန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့ အခုချက်ချင်းသွားမှ ဖြစ်မယ်.. တမင်တကာ ရှောင်နေခဲ့ရင် လူတွေ ပိုပြီး သံသယ ဖြစ်လာလိမ့်မယ်"
ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော်တို့တွေ ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း ဖြေရှင်းလိုက်ရုံပါပဲ.. သက်သေမရှိသရွေ့ ဘယ်သူမှ ကျွန်တော်တို့ကို မတရားလုပ်နိုင်မှာ မဟုတ်ဘူး"
နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီ၏ တပည့်တစ်ဦးအနေဖြင့် ကျန်းချန်သည် မစ်ရှင်ခန်းမ၏ အကြီးအကဲကို မည်ကဲ့သို့ ကြောက်ရပါမည်နည်း။
ကျန်းချန်က သူ့ဆရာ၏ စိတ်နေစိတ်ထားကို ကောင်းစွာနားလည်ထားသည်။
သက်သေမရှိသရွေ့ ရှောင်မိသားစု၏ ခေါင်းဆောင် ရှောင်ထျန်းဟန်ပင် သူ့ကို ဘာမှလုပ်ရဲမည် မဟုတ်ပေ။
သို့ဖြစ်ရာ မစ်ရှင်ခန်းမ၏ အကြီးအကဲလောက်ကို စကားထဲ ထည့်ပြောစရာပင် မလိုအပ်ပေ။
ဤသို့ဖြင့် သူတို့သုံးဦးသည် မစ်ရှင်ခန်းမ ဆီသို့ တိုက်ရိုက်သွားရောက်ခဲ့ကြပြီး မစ်ရှင်ပြီးဆုံးကြောင်း တင်ပြရန် တန်းစီ၍ စောင့်ဆိုင်းနေခဲ့ကြသည်။
မစ်ရှင်ခန်းမတွင် မစ်ရှင်များကို လက်ခံရယူရန် တပည့်အများအပြား ရှိမနေသဖြင့် ကျန်းချန်တို့ အလှည့်သို့ ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။
ကျန်းချန်တို့ သုံးဦးကို မြင်သည်နှင့် လူလတ်ပိုင်းအရွယ်ရှိ မစ်ရှင်ခန်းမ၏ ကြီးကြပ်ရေးမှူးသည် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
"ကျန်း... ကျန်းချန်... မင်းတို့တွေ တကယ်ပဲ ရှောင်ယွဲ့ဂိုဏ်းကနေ ပြန်လာနိုင်ခဲ့တယ်လား"
ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
သူက ကြီးကြပ်ရေးမှူးကို ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ကြီးကြပ်ရေးမှူးရဲ့စကားက ကျွန်တော်တို့တွေ ရှောင်ယွဲ့ဂိုဏ်းကနေ ပြန်ရောက်မလာနိုင်ဘူးလို့ ဆိုလိုနေသလိုပဲ"
"အဲ... ငါဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး"
လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူးက မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီး လျင်မြန်စွာ ပြုံး၍ ပြောလိုက်သည်။
"ဂျူနီယာတွေ အနေနဲ့ ရှောင်ယွဲ့ဂိုဏ်းရဲ့ မစ်ရှင်ကို ဒီလောက်ထိ မြန်မြန်ဆန်ဆန် ပြီးဆုံးအောင် လုပ်နိုင်မယ်လို့ ငါတကယ် မထင်ထားမိခဲ့ဘူး.. တကယ်ကို ဝမ်းသာစရာပဲ"
ထိုစကားကို ပြောနေချိန်တွင် လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူးသည် စိတ်ထဲတွင် တုန်လှုပ်နေခဲ့သည်။
သူနှင့် ကျန်းဟောင် တို့သည် အကြီးအကဲ ရှောင်ထိုက်ယွင်၏ လူများ ဖြစ်ကြ၍ ရှောင်ယွဲ့ဂိုဏ်း၏ မစ်ရှင်နှင့် ပတ်သက်ပြီး သူက ကောင်းစွာသိရှိထားခဲ့သည်။
ရှောင်ယွဲ့ဂိုဏ်း၏ မစ်ရှင်တွင် ကျန်းဟောင်နှင့် ရှောင်နန် တို့ကို ထည့်သွင်းလိုက်ရသည့် အကြောင်းအရင်းမှာ ကျန်းချန်ကို ရှင်းပစ်ရန် ဖြစ်သည်။
သိထားရမည်မှာ ကျန်းချန်ကို ကိုင်တွယ်ရန်အတွက် အကြီးအကဲ ရှောင်ထိုက်ယွင်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သည့် ကျန်းဟောင်နှင့် ထိပ်တန်း ဧကရာဇ်အဆင့် ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် ရှောင်နန်တို့ကို စေလွှတ်ခဲ့သည်။
သို့ဖြစ်ရာ ကျန်းချန်တို့ အနေဖြင့် ယန်ဒီမြို့ကို မည်ကဲ့သို့ အသက်ရှင်လျက် ပြန်ရောက်လာနိုင်ခဲ့သည်ကို လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူးသည် မည်သို့မျှ စဉ်းစား၍မရခဲ့ပေ။
ကျန်းချန်က လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူးနှင့် စကားများ မနေတော့ဘဲ မစ်ရှင်၏ အခြေအနေကို တိုက်ရိုက် ရှင်းပြလိုက်သည်။
"ဘာ... မင်းတို့က သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ်ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ သွေးမြစ် နဲ့ တွေ့ခဲ့ပြီး ကျန်းဟောင်တို့ သုံးယောက်က သွေးမြစ်ရဲ့ လက်ထဲမှာ သေဆုံးသွားတယ်လို့ ပြောလိုက်တာလား"
ကျန်းချန်၏ ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူး၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။
ကျန်းဟောင်တို့ ဤနေရာတွင် ပေါ်မလာသည်မှာ မစ်ရှင် မအောင်မြင်ခဲ့၍ ကျန်းချန်တို့နှင့်အတူ လိုက်မလာခြင်း ဖြစ်နိုင်သည်ဟု သူ ထင်ထားခဲ့သည်။
မမျှော်လင့်ဘဲ ကျန်းဟောင်တို့သည် ကျန်းချန်ကို မရှင်းပစ်နိုင်ရုံသာမက ကိုယ်တိုင်ပင် အသက်ဆုံးရှုံးသွားခဲ့သည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူးသည် အံ့သြတုန်လှုပ်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အနည်းငယ် ယူခဲ့ရသည်။
ထို့နောက် သူက သက်ပြင်းရှည် တစ်ချက်ကို ချလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့က သွေးမြစ်လို ထိပ်တန်း သွေးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးကို တွေ့ခဲ့တယ်ဆိုရင် ကျန်းဟောင်တို့က သေဆုံးသွားပြီး မင်းတို့က ဘာကြောင့် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရတာလဲ"
"ကျွန်တော် အခုလေးတင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလို့ ထင်တယ်.. ကျွန်တော့်ကို နောက်တစ်ကြိမ် ထပ်ရှင်းပြစေချင်တာလား"
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။
သူ၏စကားကို ကြားလျှင် ကြီးကြပ်ရေးမှူး၏ မျက်နှာသည် အနည်းငယ် သုန်မှုန်သွားခဲ့သည်။
"ဒီကိစ္စကို အကြီးအကဲ ရှောင်ထိုက်ယွင်ဆီ တင်ပြလိုက်ပြီ... မင်း အကြီးအကဲကို ဘယ်လိုရှင်းပြမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူး၏ စကားသံ ဆုံးသည်နှင့် ခန်းမထဲရှိ နေရာလွတ်သည် ရုတ်တရက် လှိုင်းထလာခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အနက်ရောင် အရိပ်တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
အခန်း(၉၈၉)ပြီး၏။
အခန်း(၉၉၀)
လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာသော အရိပ်သည် တခြားသူမဟုတ်ပေ။
ထိုသူက မစ်ရှင်ခန်းမနှင့် စည်းကမ်းထိန်းသိမ်းရေး အကြီး အကဲ ရှောင်ထိုက်ယွင်ဖြစ်ပြီး ယန်ဒီမြို့၏ နာမည်ကျော် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။
"ကျန်းချန်.. မင်းတို့ခြောက်ယောက်အဖွဲ့က ရှောင်ယွဲ့ဂိုဏ်းရဲ့မစ်ရှင်ကို တာဝန်ထမ်းဆောင်ဖို့ သွားခဲ့ကြပြီး အခုတော့ မင်းတို့သုံးယောက်ထဲ ပြန်ရောက်လာခဲ့တယ်.. ဘာတွေဖြစ်ပျက်ခဲ့ကြတာလဲ"
ရှောင်ထိုက်ယွင်က ကျန်းချန်တို့ သုံးယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး အားကောင်းသော အရှိန်အဝါဖြင့် သူတို့ကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။
ရှောင်ထိုက်ယွင်၏ ကြောက်မက်ဖွယ်ဖိအားကို ရင်ဆိုင်ရလျှင် လီဖုန်းနှင့် ချိုးရူယွဲ့တို့သည် ခြေလှမ်းများ ယိုင်နဲ့သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့ကြသည်။
ကျန်းချန် တစ်ယောက်တည်းသာလျှင် နေရာမှာပင် ကြံ့ကြံ့ခံ ရပ်နိုင်ခဲ့သည်။
သူက ပုံမှန်လေသံဖြင့်ပင် အကြီးအကဲ ရှောင်ထိုက်ယွင်ကို ပြောလိုက်သည်။
"အကြီးအကဲ ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ.. ကြီးကြပ်ရေးမှူး ကျန်းဟောင်တို့ သုံးယောက်က သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ်ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ သွေးမြစ်ရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့ရတာပါ"
"ဟမ့်..ကျန်းချန် ဒီအကြီးအကဲကို လွယ်လွယ်နဲ့ လှည့်စားလို့ရမယ် ထင်နေလား.. မင်းတို့ခြောက်ယောက် အဖွဲ့မှာ ဘာလို့ မင်းတို့ သုံးယောက်က အသက်ရှင်ကျန်ရစ်ပြီး ကျန်းဟောင်တို့လို ကျင့်ကြံခြင်း အဆင့်မြင့်မားတဲ့ သုံးယောက်က သေဆုံးသွားခဲ့ရတာလဲ"
ဤအချိန်တွင် ရှောင်ထိုက်ယွင်၏ မျက်နှာထားသည် အေးစက်နေခဲ့သည်။
သူက လူသတ်ငွေ့လွှမ်းသော အကြည့်ဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"မင်း ငါ့ကို အမှန်အတိုင်း မပြောဘူးလား"
"အမှန်တရားက ကျွန်တော် စောစောက ပြောခဲ့တဲ့အတိုင်းပါပဲ.. ကျွန်တော်တို့ ရှောင်ယွဲ့ဂိုဏ်းထဲ မဝင်ရောက်ခင်မှာ ကြီးကြပ်ရေးမှုး ကျန်းဟောင်က ကျွန်တော်တို့ သုံးယောက်ကို ရှောင်ယွဲ့ဂိုဏ်းထဲ အရင်သွားနှင့်ပြီး စုံစမ်းဖို့ အမိန့်ပေးခဲ့တယ်"
"နောက်ပိုင်းမှာတော့ ရှောင်ယွဲ့ဂိုဏ်းကို ပြဿနာဖြစ်အောင် လုပ်နေတဲ့ သွေးကျင့်ကြံသူက သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ သွေးမြစ်ဆိုတာကို ကျွန်တော်တို့ သိရှိခဲ့ရတယ်"
"သူပုန်းအောင်းနေတဲ့ နေရာကိုလည်း ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တယ်.. အဲဒီနောက်မှာ ကျွန်တော်တို့က ကြီးကြပ်ရေးမှူး ကျန်းဟောင်ကို သတင်းပို့ခဲ့ပြီး ရှောင်ယွဲ့ဂိုဏ်းနဲ့ အတူ သွေးမြစ်ကို အတူတကွရှင်းလင်းဖို့ ပြောခဲ့တယ်.. ဒါပေမဲ့ ကြီးကြပ်ရေးမှူး ကျန်းဟောင်က ကျွန်တော်တို့နဲ့ လုံးဝ မပူးပေါင်းဘဲ သွေးမြစ် ပုန်းအောင်းနေတဲ့ နေရာကို တိုက်ရိုက်သွားရောက်ခဲ့ပြီး သွေးမြစ်ရဲ့ လက်ထဲမှာ အသတ်ခံခဲ့ရတယ်"
ကျန်းချန်က နှမျောတသ လေသံဖြင့် ပြောဆိုလိုက်သည်။
"တကယ်တော့ ကြီးကြပ်ရေးမှူး ကျန်းဟောင်တို့က ဆုလာဘ်တွေ မက်မောပြီး ကိုယ့်သေတွင်း ကိုယ်တူးမိခဲ့ကြတာပဲ.. ဒီလိုသေသွားရတာ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ"
"ဟမ့်..ဒါက မင်းရဲ့တစ်ဖက်သတ် စကားပဲလေ.. ဒီအကြီးအကဲက ယုံမယ်များ ထင်နေလား.."
ရှောင်ထိုက်ယွင်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
"ဒီနေ့ မင်း ငါ့ကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက် မပေးနိုင်ဘူးဆိုရင် ငါ့ကို မယဥ်ကျေးဘူး ဆိုပြီး အပြစ်မတင်နဲ့.."
"အကြီးအကဲရဲ့စကားက ဘာကိုဆိုလိုတာလဲ"
ထိုခဏတွင် ကျန်းချန်၏မျက်နှာထားက တင်းမာသွားခဲ့သည်။
သူက ရှောင်ထိုက်ယွင်ကို အေးစက်စက် ပြောလိုက်၏။
"ကျွန်တော် သိသလောက်တော့ ယန်ဒီမြို့မှာ မစ်ရှင်အတူတူထမ်းဆောင်ရင်း အဖွဲ့ဝင် သေသွားခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုပြီး အတိအကျ သတ်မှတ်ထားတဲ့ စည်းမျဥ်းမျိုး မရှိဘူး.. ဟုတ်တယ် မလား"
"မင်းအစောပိုင်းက ပြောတဲ့စကားတွေမှာ သံသယဝင်စရာတွေ အများကြီးပဲ.. ကျန်းဟောင်တို့ သုံးယောက် သေဆုံးတာက မင်းရဲ့စနက် မကင်းဘူးလို့ ဒီအကြီးအကဲ သံသယရှိတယ်.. ဂိုဏ်းတူအချင်းချင်း လျှို့ဝှက် သတ်ဖြတ်တာက သေဒဏ်ချမှတ်လို့ရတဲ့ ပြစ်မှုပဲ.. ယန်ဒီမြို့၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ တစ်ဦးအနေနဲ့ ဒီအကြီးအကဲမှာ မင်းတို့ကိုစစ်ဆေးပိုင်ခွင့် အပြည့်အဝ ရှိတယ်"
ဤအချိန်တွင် ရှောင်ထိုက်ယွင်၏ မျက်နှာထားသည် အေးစက်စက် ဖြစ်နေခဲ့သည်။
"ဒီသုံးယောက်ကို ချက်ချင်းဖမ်းလိုက်စမ်း"
ရှောင်ထိုက်ယွင်ထံမှ အမိန့်ကိုရလျှင် လူလတ်ပိုင်းအရွယ်ကြီးကြပ်ရေးမှုးသည် လက်ဟန်များကို ပြုလုပ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကျန်းချန်တို့သုံးယောက်ကို ဝန်းရံသွားခဲ့သည်။
ရှောင်ထိုက်ယွင်၏ မတရားအနိုင်ကျင့်မှုကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲ၌ ဒေါသအရိပ်များ လင်းလက်သွားခဲ့သည်။
သူက ပြန်လည်တိုက်ခိုက်ရန် ပြင်နေစဥ်မှာပင် သူနှင့် အလွန်ရင်းနှီးသော အသံတစ်သံသည် ခန်းမထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"ရှောင်ထိုက်ယွင်.. မင်းက ငါရှောင်တုလီကို မျက်လုံးထဲ မထည့်တာလား"
"ငါရှောင်တုလီရဲ့ တပည့်ကို ဘယ်သူမှ လွယ်လွယ် အနိုင်ကျင့်လို့မရဘူး.. ထွက်သွားစမ်း"
စကားသံနှင့်အတူ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ကျင့်ကြံသူ၏ ခွန်အားသည် လူလတ်ပိုင်းအရွယ် ကြီးကြပ်ရေးမှူးကို ရိုက်ခတ်သွားခဲ့သည်။
ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ်ကြီးကြပ်ရေးမှုးသည် ခန္ဓာကိုယ်တုန်ယင်သွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်ကာ ကြိုးပျက်သွားသောစွန်တစ်ကောင်ကဲ့သို့ နောက်ပြန်လွင့်စင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အပြာရောင်ပုံရိပ်တစ်ခုသည် ကျန်းချန်၏ နံဘေးတွင် တစ္ဆေကဲ့သို့ လျှပ်တပြက် ပေါ်ထွက်လာခဲ့သည်။
"ရှောင်တုလီ"
ရုတ်တရက် ထွက်ပေါ်လာသော အပြာရောင်ပုံရိပ်ကိုမြင်လျှင် ရှောင်ထိုက်ယွင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ မျက်နှာထားကလည်း ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့၏။
အခန်း(၉၉၀)ပြီး၏။