အသုံးမကျတဲ့ ကောင်တွေ
Vol. 109 Ch. 1662
အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုကို အဆင့်သုံးဆင့် ခွဲခြားထားသည်။
ပထမအဆင့်တွင် ကြယ်စင်စုလေးခုမှ ဘီလီယံနှင့်ချီသော ကျင့်ကြံသူများသည် အင်မော်တယ်မြို့တော်မှ ဖြန့်ဝေလိုက်သော အရည်အချင်းပြည့်မီတုံကင် တစ်သောင်းအတွက် ယှဉ်ပြိုင်ကြရလိမ့်မည်။
ထိုအဆင့်က အလွန်ရက်စက်ကြမ်းတမ်းပြီး တုံကင်ပိုင်ရှင်များက အချိန်နှင့်အမျှ ပြောင်းလဲနေလိမ့်မည်။
သို့သော်လည်း အနည်းဆုံးတော့ ထိုအဆင့်တွင် ကျင့်ကြံသူများက ရွေးချယ်မှုကို ပြုလုပ်နိုင်သေးပေသည်။ သူတို့က စမ်းသပ်မှုတွင် ပါဝင်မည်လော သို့မဟုတ် မပါဝင်မည်လော ရွေးချယ်နိုင်သည်။
ဒုတိယအဆင့်တွင် အင်မော်တယ်သခင်လေးပါးက ပြိုင်ပွဲဝင်သူအားလုံး ဆင်ခြင်နားလည်နိုင်စေရန် အမွေအနှစ်များ လက်ဆင့်ကမ်းပေးကြလိမ့်မည်။ ယင်းက စမ်းသပ်မှုကို ပိုပြီးအရှိန်တိုးမြှင့်စေလိမ့်မည်။
ထိုအဆင့်တွင် တိုက်ပွဲစွမ်းအား မြင့်မားသော ကျင့်ကြံသူများက ပိုပြီးအားသာချက်ရှိကြလိမ့်မည်။ အခြားတစ်ဖက်မှာတော့ အားနည်းသူများက ထုံးစံအားဖြင့် ဖယ်ရှားခံရလိမ့်မည်။
ထိုအဆင့်တွင် ရန်သူကို သတ်ဖြတ်ပြီး တုံကင်နှင့် အမွေအနှစ်ကို လုယက်ခြင်းဖြင့် သူတို့ကိုယ်သူတို့ အစွမ်းမြှင့်တင်နိုင်ကြသည်။ ယင်းက စမ်းသပ်မှု၏ ရက်စက်ကြမ်းတမ်းမှုကို အမြင့်တစ်ခုထိရောက်အောင် တွန်းအားပေးလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးမှာတော့ တတိယအဆင့် ဖြစ်သည်။
ထိုအဆင့်က ထုတ်ပယ်ခြင်းနှင့် ရွေးချယ်ခြင်း ဖြစ်သည်။
ထိုအဆင့်တွင် လူတိုင်းက အမဲလိုက်ရန်နှင့် တုံကင်လုယက်ရန်သာ အဓိက အာရုံစိုက်ကြလိမ့်မည်။
သို့ဖြစ်၍ တတိယအဆင့်ပြီးဆုံးသွားလျှင် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ တုံကင်ပိုင်ရှင်အရေအတွက်က သိသိသာသာ လျော့နည်းသွားလိမ့်မည်။
ထို့ပြင် ပြီးပြည့်စုံသော အာဏာစက်တစ်ခုကို ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်များသာလျှင် တုံကင်ကို ခွဲထုတ်နိုင်ကြလိမ့်မည်။
သို့မဟုတ်လျှင် သူတို့၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်နေသော တုံကင်ကို ထုတ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ယင်း၏ ဆိုလိုရင်းမှာ တုံကင်ဆုံးရှုံးသွားခြင်းက အသက်ဆုံးရှုံးသွားခြင်းနှင့် မခြားပေ။
ယင်းက မရှောင်လွှဲနိုင်သောအရာ ဖြစ်သည်။
အင်မော်တယ်မြို့တော်၏ စမ်းသပ်မှု စတင်သည့်အခါတိုင်း တစ်စုံတစ်ယောက်က ထိုလမ်းကြောင်းကို လျှောက်လှမ်းရန် စိတ်ဆုံးဖြတ်လိုက်သည်နှင့် သူတို့၏ ကံကြမ္မာက ချိပ်ပိတ်ခံလိုက်ရပြီးပြီ ဖြစ်၏။
သူတို့က အင်မော်တယ်မြို့တော်သို့ ဝင်ရောက်ရန် သေချာပေါက် အောင်မြင်ရလိမ့်မည်။ သို့မဟုတ်လျှင် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံရပြီး တခြားလူများအတွက် ခြေနင်းကျောက်တုံး ဖြစ်သွားလိမ့်မည်။
ကံကောင်းသော လူအနည်းစုသာလျှင် အသက်ရှင်လျက် လွတ်မြောက်နိုင်ကြသည်။ သို့သော်လည်း ထိုသို့လွတ်မြောက်ခြင်းက စမ်းသပ်မှု၏ အဓိကရည်ရွယ်ချက်နှင့် သွေဖယ်နေသည်။
ထို့ကြောင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်နှင့် တောင်ပိုင်းကြယ်စင်စုထဲမှ အရည်အချင်းပြည့်မီတုံကင်များ၏ အရေအတွက်က လျော့နည်းသထက် လျော့နည်းလာသည်။ ယခု ပြိုင်ပွဲဝင်သူများက အယောက်(၅၀၀)ခန့်သာ ကျန်ရှိကြတော့သည်။
အရည်အချင်းပြည့်မီတုံကင်ရှိသော ထိုကျင့်ကြံသူအယောက်(၅၀၀)ထဲမှ အများစုသည် သူတို့၏ နတ်ဘုရားစိတ်အာရုံကို တုံကင်ထဲသို့ ပို့လွှတ်ပြီး ကြယ်တာရာမြေပုံကို စစ်ဆေးကြည့်လိုက်သည့်အခါ ဝိညာဉ်လှုပ်ခတ်စေနိုင်သော မယုံကြည်နိုင်မှုက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
အဘယ့်ကြောင့်ဆိုသော် တောင်ပိုင်းကြယ်စင်စု၏ ကြယ်တာရာမြေပုံထဲတွင် ယခင်က ထွန်းလင်းအတောက်ပဆုံးဖြစ်ခဲ့သော မဟာအင်မော်တယ်တောင်မှ ကျန်းဖန်၏ ကြယ်က ရုတ်တရက် အရောင်မှေးမှိန်သွားပြီး အလင်းရောင်ကို ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။
၎င်း၏ အရောင်အဝါကို တခြားကြယ်က စုပ်ယူသွားသည်။
သို့ဖြစ်၍ တခြားကြယ်အားလုံးထက် ပိုပြီးထွန်းလင်းတောက်ပသော ဧရာမကြယ်တစ်လုံးက တောင်ပိုင်းကြယ်စင်စုထဲမှာ ထွက်ပေါ်လာသည်။
ထိုကြယ်နှင့် အနီးစပ်ဆုံး ထွန်းလင်းတောက်ပနေသည့် တခြားကြယ်မှာ ယွင်ရှန်းကလန်မှ ကြယ်ပွင့်သာ ဖြစ်သည်။
ယွင်ရှန်းစု၏ ကြယ်မှလွဲ၍ တခြားမည်သည့်ကြယ်မှ ထိုဧရာမကြယ်ကို မနှိုင်းယှဉ်နိုင်ကြချေ။
ချက်ချင်းဆိုသလို ထိုမြင်ကွင်းက အရည်အချင်းပြည့်မီတုံကင်ရှိသော ကျင့်ကြံသူများကို နှလုံးတုန်ယင်သွားစေသည်။
“ ကျန်းဖန် ရှုံးသွားတာလား ”
“ ဘယ်သူကများ ငါတို့ တောင်ပိုင်းကြယ်စင်စုရဲ့ နံပါတ်တစ်ကြယ်ပွင့်ကို အနိုင်ယူနိုင်ခဲ့တာလဲ ”
“ အဲ့ဒီလူက ယွင်ရှန်းစုမဟုတ်ဘူးဆိုတော့ တခြားကြယ်စင်စုကနေ ရောက်လာတဲ့ ကြယ်ပွင့်လား ”
ဖရိုဖရဲ စိတ်ခံစားမှုက အရည်အချင်းပြည့်မီတုံကင်ရှိသော ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ ဆက်လက် ပေါ်လျှိုးလာသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဧရာမကြယ်က ယွင်ရှန်းကလန်၏ ဦးတည်ရာဆီသို့ အံ့မခန်း အလျင်ဖြင့် ပျံသန်းသွားနေကြောင်း သူတို့မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ထိုမြင်ကွင်းက ယွင်ရှန်းကလန်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။
တောင်ပိုင်းကြယ်စင်စု၏ နံပါတ်တစ်ကလန်အနေဖြင့် ယွင်ရှန်းကလန်မှာ ပညာရှင်ကျင့်ကြံသူများ မနည်းပေ။ သို့သော်လည်း အင်မော်တယ်မြို့တော်၏ စည်းမျဉ်းများအရ သူတို့ဆီမှာ ပြိုင်ပွဲဝင်သူများကို စိန်ခေါ်နိုင်သော အခွင့်အရေးမရှိကြပေ။ သို့ဖြစ်၍ သူတို့ စိုးရိမ်ကြောင့်ကြနေစဉ် ယွင်ရှန်းစုက ကလန်ထဲမှ ထွက်လျှောက်လာသည်။
သူက အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ကလန်၏ အပြင်ဘက်မှ ကောင်းကင်ဝိညာဉ်တောင်ပေါ်မှာ ရပ်လိုက်ကာ အဝေးသို့ ကြည့်လိုက်သည်။
ကောင်းကင်ဝိညာဉ်တောင်၏ ဘေးပတ်ပတ်လည်တွင် ယွင်ရှန်းကလန်မှ အဖွဲ့ဝင်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့အားလုံး၏ အမူအရာက တည်ကြည်လေးနက်နေကြသည်။
တောင်ပိုင်းကြယ်စင်စုထဲမှာ ထွက်ပေါ်လာခဲ့သော တတိယကြယ်၏ သရုပ်နှင့်ပတ်သက်ပြီး အစက သူသေချာမသိပေ။ သို့သော်လည်း ထိုကြယ်က မဟာအင်မော်တယ်တောင်၏ ဦးတည်ရာဆီသို့ ပျံသန်းသွားပြီး ကျန်းဖန်၏ ကြယ်ကို စုပ်ယူလိုက်သည့်အခါ သူ၏ သံသယများက လုံးဝ ပျောက်ကွယ်သွားသည်။
တစ်ဖက်လူ၏ သရုပ်ကို သူခန့်မှန်းနိုင်သည်။
“ အဲ့လိုလုပ်နိုင်တဲ့လူ နှစ်ယောက်ပဲ ရှိတယ်… တစ်ယောက်က ကြယ်တာရာစက်ဝန်း… နောက်တစ်ယောက်က အဲ့ဒီလူပဲ ”
“ အရှေ့ပိုင်းကြယ်စင်စုက ကြယ်တာရာစက်ဝန်းရဲ့ ကြယ်က ကျရှုံးသွားခဲ့တယ်လို့ မကြာသေးခင်က သတင်းထွက်ပေါ်ခဲ့တယ် ”
“ ဒီတော့… တတိယကြယ်က အဲ့ဒီလူပဲ ”
ယွင်ရှန်းစု၏ အမူအရာက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ စတုတ္ထအလွှာမှ ထွက်ခွာလာပြီးနောက် သူက အင်မော်တယ်နန်းတော်ထဲမှ ပထမဆုံး ထွက်သွားခဲ့သည်။ ကလန်သို့ သူပြန်ရောက်လာသည့် ဤအတောအတွင်း အင်မော်တယ်နန်းတော်ထဲမှ ခရီးစဉ်ကို ပြန်စဉ်းစားမိသည့်အခါ ထိုပုံရိပ်က သူ၏ စိတ်ထဲမှာ အမြဲတစေ ထွက်ပေါ်လာလေ့ရှိသည်။
သူက စတုတ္ထအလွှာထဲမှာ သူ၏ ရည်ရွယ်ချက်ကို ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်းက တစ်ဟုန်ထိုး မြင့်တတ်သွားခဲ့သော်လည်း ထိုလူ၏ ပုံရိပ်က သူ့အား တောင်ကြီးသဖွယ် ကြီးမားသော ဖိအားကို ခံစားရစေဆဲပင်။
သူ၏ စိတ်ခံစားချက်များက အတော်လေး ရှုပ်ထွေးနေသည်။
မည်သို့ဖြစ်ပါစေ သူနှင့် ထိုလူက လက်ထပ်ထိမ်းမြားခြင်းကို အတူတကွ ဆောင်ရွက်ခဲ့ကြသည် မဟုတ်ပါလော။
ယင်းက ကြေးမုံသမိုင်းထဲမှာသာ ဖြစ်သော်လည်း လက်ရှိပစ္စုပ္ပန်အပေါ် လှိုင်းအနည်းငယ်မျှ ဖြစ်ပေါ်စေခဲ့သည်။
ယွင်ရှန်းစု၏ အတွေးများက ဖရိုဖရဲဖြစ်နေစဉ် အလွန်ကျယ်လောင်သော မိုးခြိမ်းသံက အဝေးမှ ကောင်းကင်ယံတွင် မြည်ဟိန်းသွားပြီး လေကြမ်းက တဟူးတဟူး တိုက်ခတ်လာသည်။ တိမ်တိုက်များက အဝေးသို့ လွင့်မျောသွားသည်နှင့် ပုံရိပ်တစ်ခုက မိုးကုပ်စက်ဝိုင်းထဲမှ ထွက်လျှောက်လာသည်။
ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင်ဆံပင်က လေထဲမှာ သိမ်မွေ့ညင်သာစွာ လွင့်မျောနေသည်။ သူက အချိန်ကာလထဲမှာ လမ်းလျှောက်နေသည့်အလား သူထွက်ပေါ်လာသည်နှင့် အချိန်လှိုင်းများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ထိုလူက ရွှီချင်းဖြစ်သည်။
သူထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ ယွင်ရှန်းကလန်သားများက အမူအရာပြောင်းလဲသွားကြသည်။ သူတို့ထဲမှ ခြေလှမ်းဝက်အင်မော်တယ်တချို့က သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်လေရာ ဘေးပတ်ဝန်းကျင်က ပုံပျက်တွန့်လိမ်သွားသည်။ ဤသည်မှာ သူတို့က မဟာရန်သူတော်တစ်ယောက်နှင့် ရင်ဆိုင်တော့မည့်အလားပင်။
သို့သော်လည်း ရွှီချင်းက ယွင်ရှန်းကလန်၏ ခွန်အားပြမှုကို လျစ်လျူရှုထားသည်။
သူက ကောင်းကင်ပေါ်မှာ တည်ငြိမ်သော အမူအရာဖြင့် အရှေ့သို့ ဆက်လျှောက်သွားသည်။
သူက တစ်လှမ်းချင်း တစ်လှမ်းချင်း ယွင်ရှန်းကလန်သားများကို ဖြတ်လျှောက်သွားပြီး ဘိုးဘေးများ၏ အကြည့်များကို လျစ်လျူရှုထားလိုက်သည်။ သူက ကောင်းကင်ဝိညာဉ်တောင်ပေါ်သို့ ရောက်ရှိသွားပြီး ယွင်ရှန်းစု၏ အရှေ့မှာ ရပ်လိုက်သည်။
သူက လက်မြှောက်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါ့ကို တုံကင်ပေးပါ ”
ထိုရိုးရှင်းသော စကားထဲမှာ မငြင်းဆန်သော အင်အားတစ်ခု ကိန်းအောင်းနေဟန် ရသည်။
ယွင်ရှန်းစုက နှုတ်ဆိတ်သွားသည်။
ဘေးပတ်ဝန်းကျင်ရှိ ယွင်ရှန်းကလန်မှ ဘိုးဘေးများက သူတို့၏ အရှိန်အဝါကို ပိုပြီးအားကောင်းစွာ ထုတ်လွှတ်လိုက်ကြသည်။ သူတို့က ရွှီချင်းကို အေးစက်စက် စိုက်ကြည့်နေကြစဉ် ယွင်ရှန်းစုက နူးညံ့စွာ သက်ပြင်းချလိုက်လေသည်။
သူက သက်ပြင်းချပြီးသည်နှင့် ဘေးပတ်ဝန်းကျင်မှ ယွင်ရှန်းကလန်သားများ၏ အံ့ဩထိတ်လန့်မှုအောက်မှာ ညာလက်ကို မြှောက်လိုက်ပြီး သူ၏ နဖူးကို ရိုက်ချလိုက်သည်။
ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာသည်။
သူ့ကိုယ်ပိုင် အရည်အချင်းပြည့်မီတုံကင်က သူ၏ ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည်။ ထို့နောက် သူလက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ အရည်အချင်းပြည့်မီတုံကင်က စူးရှသော အလင်းတန်းအသွင် ပြောင်းလဲသွားပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
နောက်ဆုံးမှာတော့ တုံကင်က ရွှီချင်း၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်းက သူ၏ လက်ဖဝါးပေါ်မှ တုံကင်ကို မကြည့်ပေ။ ယင်းအစား သူက ယွင်ရှန်းစုကို အဓိပ္ပာယ်ရှိစွာ စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ အင်မော်တယ်မြို့တော်ကို ဝင်ရောက်ဖို့ တတိယနည်းလမ်း ရှိသေးတာလား ”
ယွင်ရှန်းစုက တုံကင်ကို သူ့အား ပေးရန် စိတ်ဆုံးဖြတ်ထားကြောင်း ရွှီချင်းမြင်သွားလေရာ အင်မော်တယ်မြို့တော်သို့ ဝင်ရောက်ရန် တတိယနည်းလမ်း ရှိနေနိုင်သေးသည်ဟု သူခံစားမိသည်။ သို့ဖြစ်၍ သူက မေးလိုက်သည်။
“ စမ်းသပ်မှုလုပ်ဆောင်နေတဲ့ ကာလအတွင်း ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို တတ်လှမ်းရမယ်… အဲ့ဒါက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ကြယ်ရှစ်ပွင့်ပဲ ပိုင်ဆိုင်နိုင်တဲ့ အထူးနည်းလမ်းတစ်ခုပဲ ”
ယွင်ရှန်းစုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူက ခေါင်းညိတ်လိုက်သည်။
ယွင်ရှန်းစု၏ အရှိန်အဝါက ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့ကြောင်း သူပြောနိုင်သည်။
တစ်ဖက်လူက အင်မော်တယ်နန်းတော်ထဲမှာ အကျိုးအမြတ်အများကြီး ရရှိခဲ့ကြောင်း ထင်ရှားသည်။
သို့သော်လည်း ယင်းက သူနှင့်မသက်ဆိုင်ပေ။
ဤအခိုက်အတန့်မှာ သူက လက်သီးဆုပ်လိုက်သည်။ သူ၏ လက်ထဲမှ တုံကင်က ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ထွန်းလင်းတောက်ပသော အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။ ထိုအလင်းက ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတတ်သွားသည်။
နောက်အခိုက်အတန့်မှာ ကောင်းကင်က ဝုန်းခနဲ မြည်သွားပြီး တောင်ပိုင်းကြယ်စင်စု၏ ကြယ်တာရာမြေပုံက ကောင်းကင်ပေါ်မှာ ထပ်မံ ထွက်ပေါ်လာသည်။
ကြယ်တာရာမြေပုံထဲတွင် ရွှီချင်းကို ကိုယ်စားပြုသော ဧရာမကြယ်၏ ထွန်းလင်းတောက်ပမှုက ပြိုင်စံရှားပြီး တခြားကြယ်များထဲမှာ ထင်းခနဲ ပေါ်ထွက်နေသည်။
ယင်းက တောင်ပိုင်းကြယ်စင်စု၏ ပထမနေရာ ဖြစ်သည်။
သူ့ကိုယ်ပိုင် အရည်အချင်းပြည့်မီတုံကင်ထံမှ ထွက်ပေါ်လာသော စိတ်အာရုံမှတဆင့် ရွှီချင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှ သူ၏ အဆင့်သတ်မှတ်ချက်ကို ရှင်းလင်းစွာ အာရုံခံနိုင်သွားသည်။
အဆင့်ငါး…
ပထမလေးယောက်က မည်သူဖြစ်ကြောင်း ရွှီချင်း ဂရုမစိုက်ပေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ မူလအစီအစဉ်အတိုင်း ဆက်ပြီး ဆောင်ရွက်သွားမည်ဆိုလျှင် အဆင့်တစ်နေရာက သေချာပေါက် သူ၏ အိတ်ကပ်ထဲသို့ ရောက်လာလိမ့်မည်။
“ ဒါဆိုရင်… အင်မော်တယ်မြို့တော်မှာ ပြန်တွေ့ကြမယ် ”
ရွှီချင်းက ယွင်ရှန်းကလန်ကို တစ်ချက်ကြည့်လိုက်ပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ လျှောက်သွားသည်။ ယွင်ရှန်းကလန်သားများ၏ အကူအညီမဲ့သော အကြည့်အောက်မှာ သူက တဖြည်းဖြည်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ယွင်ရှန်းကလန်မှ ဘိုးဘေးတချို့က အပြင်သို့ ထွက်လာကြပြီး ယွင်ရှန်းစု၏ ဘေးမှာ ရပ်လိုက်ကြသည်။
“ စုအာ ဘိုးဘေးတွေကို စိတ်ပျက်စေမိပြီ… စုအာ တိုက်ခိုက်ဖို့တောင် သတ္တိမရှိဘူး ”
ယွင်ရှန်းစုက ခေါင်းငုံ့လိုက်ပြီး နူးညံ့စွာ ပြောသည်။
ဘိုးဘေးများက နှုတ်ဆိတ်သွားကြသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူတို့ထဲမှ တစ်ယောက်က သက်ပြင်းချလိုက်သည်။
“ အဲ့ဒီကောင်… ညည်းမပြောနဲ့ ငါတို့တိုက်ခိုက်မယ်ဆိုရင်တောင် အနိုင်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိဘူး ”
“ သူ့ကို ကြယ်တာရာစက်ဝန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုလဲ ”
ယွင်ရှန်းစုက ခေါင်းခါလိုက်သည်။
“ ကြယ်တာရာစက်ဝန်းက ကျရှုံးသွားပြီ… သူတကယ်ပဲ သေဆုံးသွားတာလား စုအာသေချာမသိပေမဲ့ သူ့ရဲ့ ကျရှုံးမှုက ဒီလူနဲ့ ပတ်သက်နေတာတော့ သေချာတယ် ”
ယွင်ရှန်းကလန်၏ ဘိုးဘေးတချို့က သက်ပြင်းချလိုက်ကြသည်။
“ ဒီလိုလူနဲ့ မျိုးဆက်တစ်ခုတည်းမှာ နေထိုင်ရတာက ခက်ခဲတဲ့အရာပဲ… ”
ယင်းကို ယွင်ရှန်းစုကြားသောအခါ သူက ပြုံးလိုက်သည်။
“ အဲ့ဒါမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ ”
…..
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ မြောက်ပိုင်းကြယ်စင်စုမှ အင်မော်တယ်ဓားဂိုဏ်း…
ဓားဂိုဏ်းသည် တောင်ပိုင်းကြယ်စင်စု၏ မဟာအင်မော်တယ်တောင်ကဲ့သို့ သွယ်တန်းနေသော တောင်နှင့် မတူသကဲ့သို့ အရှေ့ပိုင်းကြယ်စင်စု၏ အကန့်အသတ်မဲ့ ကျယ်ဝန်းသော ကြယ်တာရာမျှော်စင်နှင့်လည်း မတူပေ။
ယင်းအစား အင်မော်တယ်ဓားဂိုဏ်းကို ဧရာမဥက္ကာခဲတစ်ခုပေါ်မှာ တည်ဆောက်ထားသည်။
အရွယ်အစား အလွန်ကြီးမားသော ထိုဥက္ကာခဲကို ဓားစွမ်းအင်မုန်တိုင်းတစ်ခုက အမြဲထာဝရ ဖုံးလွှမ်းထားသည်။ သို့ဖြစ်၍ ထိုဧရိယာတစ်ဝိုက်တွင် မရေမတွက်နိုင်သော ဓားဟိန်းသံများဖြင့် ပြည့်နှက်နေလေ့ရှိသည်။
ဥက္ကာခဲကိုယ်၌က အရွယ်အစား အလွန်ကြီးမားသည့်အပြင် ကောင်းကင်နှင့် ထိစပ်လုနီးပါး မြင့်မားသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က အောက်ဘက်မှ မော့ကြည့်မည်ဆိုလျှင် တိမ်တိုက်များကို မြင်ရလိမ့်မည် မဟုတ်ချေ။
ထိုဥက္ကာခဲနှင့်ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိသည်။
တချို့က ပြောကြသည်မှာ ထိုဥက္ကာခဲက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မဟုတ်ဘဲ ကြယ်တာရာစက်ဝန်း၏ အပြင်ဘက်မှ လွင့်စင်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် စိမ်းပြာဓားအင်မော်တယ်သခင်က ထိုဥက္ကာခဲကို သိမ်းယူခဲ့ပြီး ယင်းပေါ်မှာ ဂိုဏ်းတည်ထောင်ခဲ့သည်။
တချို့က ပြောကြသည်မှာ ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ပြားချပ်သွားသော ကြယ်တာရာကောင်းကင်ထံမှ အကြွင်းအကျန်ဖြစ်သည်ဟု ဆိုကြသည်။
အရင်းအမြစ်မသေချာသော တခြားကောလဟာလများလည်း ရှိသေးသည်။
မည်သို့ဖြစ်ပါစေ အင်မော်တယ်ဓားဂိုဏ်းကို ထိုဧရာမဥက္ကာခဲပေါ်မှာ အမှန်တကယ် တည်ဆောက်ထားသည်။
ဤအခိုက်အတန့်မှာ ဧရာမဥက္ကာခဲ၏ မျက်နှာပြင်ပေါ်မှ အင်မော်တယ်ဓားဂိုဏ်း၏ မြေကွက်လပ်တစ်ခုတွင် ချမ်ကျွင်းနှင့် ပိုင်ရီက အမျိုးမျိုးသော စည်းချအစီအရင်များကို ဂရုတစိုက် ခင်းကျင်းနေကြသည်။
သူတို့က စည်းချအစီအရင်များကို ခင်းကျင်းနေရင်း နတ်ဘုရားစိတ်အာရုံဖြင့် အပြန်အလှန် ဆက်သွယ်နေကြသည်။
“ သူက ကြယ်တာရာစက်ဝန်းကို သတ်ခဲ့တယ် ”
“ ကျန်းဖန်ရဲ့ တုံကင်က လုယက်ခံလိုက်ရတယ် ”
“ ဟိုခွေးမ ယွင်ရှန်းစုက သူရဲဘောအကြောင်ဆုံးပဲ… သူက တိုက်တောင် မတိုက်ရဲဘူး ”
“ အဲ့ဒီကောင်ရဲ့ နောက်ထပ် ဦးတည်ရာက မြောက်ပိုင်းပဲ… ”
“ သူက ငါတို့ရဲ့ အရည်အချင်းပြည့်မီတုံကင်အတွက်ပဲ ဒီရောက်လာတာ မဟုတ်ဘူးလို့ ငါခံစားမိတယ်… ”
“ မင်းပြောတာ မှန်တယ်… အဲ့ဒီကောင်က ငါတို့ကို ဖိနှိပ်ချင်လို့ ရောက်လာတာဖြစ်ရမယ် ”
“ စတုတ္ထအလွှာမှာ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့တာက ငါတို့ဘဝတစ်လျှောက် အကြီးမားဆုံး အရှက်ရမှုပဲ ”
“ ငါတို့ ဒီကိစ္စကို လျစ်လျူရှုလို့ မဖြစ်ဘူး”
“ ဟုတ်တယ်… ငါတို့ ဒီကိစ္စကို လျစ်လျူရှုလို့ မဖြစ်ဘူး ”
“ ငါတို့ရဲ့ အစီအစဉ်အရ… သူဒီကို ရောက်လာတာနဲ့ ငါတို့ သူ့ကို သင်ခန်းစာပေးပစ်မယ် ”
ချမ်ကျွမ်းနှင့် ပိုင်ရီက အံတင်းတင်းကြိတ်လိုက်ပြီး မြေကွက်လပ်ထဲတွင် သူတို့တတ်ကျွမ်းသော စည်းချအစီအရင်များကို အမြန်ထည့်သွင်းလိုက်ကြသည်။
ထိုသို့ရက်အနည်းငယ်ကြာ ပြင်ဆင်ပြီးမှသာလျှင် သူတို့က စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားကြသည်။ ထို့နောက် သူတို့က မြေပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
“ အခု သူရောက်လာမှာကို ငါတို့စောင့်နေရုံပဲ ”
ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်၏ ဦးခေါင်းထက်၌ အင်မော်တယ်ဓားဂိုဏ်း၏ ကောင်းကင်ထဲတွင် ပုဂ္ဂိုလ်တစ်ဦးက အဆုံးမဲ့ဓားစွမ်းအင်မုန်တိုင်းထဲမှာ လဲလျောင်းနေသည်။
ထိုလူက ဝတ်စုံပြာကို ဝတ်ဆင်ထားပြီး သူ့မှာ မီးခိုးရောင်ဆံပင် ရှိသည်။ အပြာရောင်ရှေးဟောင်းဓားတစ်လက်က သူ၏ ဘေးမှာ ရွေ့လျားကခုန်နေသည်။
ထိုဓား၏ နာမည်က စိမ်းပြာဖြစ်ပြီး တစ်လောကလုံးက သူ့ကို စိမ်းပြာဓားအင်မော်တယ်သခင်ဟု ခေါ်ကြသည်။
သူက ဓားစွမ်းအင်မုန်တိုင်းပေါ်မှာ လဲလျောင်းလျက် သေရည်သောက်နေရင်း သူ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော တပည့်နှစ်ယောက်ကို ကြည့်နေသည်။
တစ်ခဏကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။
“ အတိတ်မှာ ငါမျက်လုံးကန်းနေခဲ့လို့ ဒီသောက်သုံးမကျတဲ့ နှစ်ကောင်ကို တပည့်အဖြစ် လက်ခံခဲ့မိတာဖြစ်မယ် ”
“ သူတို့က နှစ်ယောက်တစ်ယောက်ချလို့ မနိုင်တာကိုတောင် မြေပြင်ပေါ်မှာ စည်းချအစီအရင်တွေ ခင်းကျင်းထားသေးတယ်… သူတို့က အလစ်တိုက်ခိုက်ဖို့ ကြံစည်နေတာလား ”