← Chapters

မတူကွဲပြားသော အရှေ့

Vol. 109 Ch. 1665

မတူကွဲပြားသော အရှေ့

Vol. 109 Ch. 1665

အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုတတိယအဆင့်က အမဲလိုက်ခြင်းနှင့် လုယက်ခြင်း ဖြစ်သည်။

ကြာချိန်က တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီပေ။ ထို့ပြင် အဆင့်သုံးဆင့်ထဲမှာ ဤအဆင့်က ကြာချိန်သတ်မှတ်ချက် မရှိပေ။ သို့ဖြစ်၍ တစ်ခါတစ်ရံ မြန်ဆန်စွာ ပြီးဆုံးသွားလေ့ရှိပြီး တစ်ခါတစ်ရံ အလွန်ကြာရှည်လေ့ရှိသည်။

ထိုသို့အခြေအနေကို သော့ချက်တစ်ခုဖြင့် ဆုံးဖြတ်သည်။

ထို့သော့ချက်က တုံကင်များ၏ အရေအတွက်ဖြစ်သည်။

အရည်အချင်းပြည့်မီတုံကင်တစ်သောင်းအနက် အရေအတွက်တစ်ထောင်သာ ကျန်ရှိတော့သည့်အချိန် အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုက နောက်ဆုံးရေတွက်ချိန်သို့ ရောက်ရှိသွားလိမ့်မည်။ စမ်းသပ်မှုအဆုံးသတ်သွားမည့် နောက်ဆုံးရေတွက်ချိန်က တစ်လဖြစ်သည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံး၏ အဆင့်သတ်မှတ်ချက်ကိုတော့ မဟာဂိုဏ်းကြီးလေးဂိုဏ်းက ၎င်းတို့၏ သက်ဆိုင်ရာကြယ်စင်စုများထဲတွင် ထုတ်ပြန်ကြေညာလိမ့်မည်။

သို့ဖြစ်၍ ယင်းကို အရည်အချင်းပြည့်မီတုံကင်တစ်ခုတည်းဖြင့် အာရုံခံနိုင်မှာ မဟုတ်တော့ပေ။ ယင်းအစား တုံကင်မရှိကြသော ကျင့်ကြံသူများသည်ပင် ယင်းကို သိရှိနိုင်ကြလိမ့်မည်။

ယခု အရည်အချင်းပြည့်တုံကင်၏ အရေအတွက်က တစ်ထောင်သို့ ရောက်ရှိသွားသည်။

သို့ဖြစ်၍ နောက်ဆုံးရေတွက်ချိန်က စတင်လာသည်။

တစ်ချိန်တည်းမှာ အဆင့်သတ်မှတ်ချက်က အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။

ထိုအဆင့်သတ်မှတ်ချက်က ကြယ်စင်စုလေးခု၏ ဒေသကြီးများထဲမှ အင်အားစုအသီးသီး၏ ရပ်တည်မှုကို ကိုယ်စားပြုသည်။ အကယ်၍ မမျှော်လင့်ထားသော ကိစ္စများ မဖြစ်ပေါ်လာခဲ့လျှင် ယင်းက နောက်ဆုံးအဆင့်သတ်မှတ်ချက်အဖြစ် အတည်ဖြစ်သွားလိမ့်မည်။

ထုံးစံအားဖြင့် လူတိုင်း၏ အာရုံစိုက်မှုက ထိပ်ဆုံးအယောက်(၁၀၀)ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိပ်ဆုံးအယောက်(၁၀၀)သာလျှင် အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုကို အောင်မြင်နိုင်ရန် သေချာသလောက်နီးပါး အခွင့်အရေးရှိသည်။

သူတို့က အင်မော်တယ်မြို့တော်ကို ဝင်ရောက်နိုင်ရန် ရာခိုင်နှုန်းများသည်။

ထိပ်ဆုံး(၁၀)ယောက်သည်တော့ ကောင်းကင်အရွေးချယ်ခံများ ဖြစ်ကြသည်။ သူတို့က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ လက်ရှိမျိုးဆက်၌ အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်သည်မှာ သံသယရှိရန် မလိုပေ။

သို့ဖြစ်၍ ထိပ်ဆုံးအယောက်(၁၀၀)ကို အာရုံစိုက်ပြီးနောက် လူတိုင်း၏ အကြည့်က ထိပ်ဆုံး(၁၀)ယောက်ထံသို့ အလိုအလျောက် ကျရောက်သွားကြသည်။

သို့သော်လည်း ထိပ်ဆုံးဆယ်ယောက်ထဲတွင် ကြယ်သုံးပွင့်သာ ပါရှိကြသည်။ တခြားကြယ်ပွင့်အားလုံးက ပျောက်ကွယ်သွားကြသည်။

ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းက လျှို့ဝှက်ချက်မဟုတ်တော့ပေ။

မြောက်ပိုင်းမှ အဖြစ်အပျက်ကြောင့်ဖြစ်စေ သို့မဟုတ် တောင်ပိုင်းမှ သတင်းများကြောင့်ဖြစ်စေ လူအများစုက ရွှီချင်းအကြောင်းကို သိရှိသွားကြသည်။

တခြားလူများက တုံကင်များကို လုယက်နေစဉ် ထိုလူကတော့ ကြယ်ပွင့်များကို အမဲလိုက်နေသည်။

ကျန်းဖန်က သူ့ကို ရှုံးသွားခဲ့သည်။

ယွင်ရှန်းစုက ခေါင်းငုံ့နေရန်သာ တတ်စွမ်းခဲ့သည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း တုံကင်များကို ထုတ်ပေးလိုက်ရသည်။

သူတို့အားလုံးထံမှ အလင်းရောင်ကို စုပ်ယူပြီးနောက် ရွှီချင်း၏ ကြယ်အလင်းရောင်က ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပသွားသည်။

ရလဒ်အနေဖြင့် ကြယ်ပွင့်များမရှိတော့သည့်အခါ အမည်မသိကျင့်ကြံသူများက ထိပ်ဆုံး(၁၀)ယောက်စာရင်းထဲသို့ ဝင်ရောက်လာကြသည်။ အဆင့်ငါးနေရာသို့ ရောက်ရှိသွားသည့်အခါမှသာ လူတိုင်းက ရင်းနှီးကျွမ်းဝင်သော နာမည်ကို မြင်တွေ့သွားကြသည်။

လီမုန့်တုက အဆင့်ငါးဖြစ်သည်။

အနောက်ပိုင်းကြယ်စင်စု၏ တစ်ဦးတည်းသော ကြယ်ပွင့်ဖြစ်သော လီမုန့်တုက လွှမ်းမိုးဖိနှိပ်စွာ မြင့်တတ်လာခဲ့သည်။

သူ၏ အထက်က ရှဲလင်းဇီဖြစ်ပြီး အဆင့်လေးဖြစ်သည်။

ထိုအဆင့်သတ်မှတ်ချက်က လူတိုင်း၏ အမြင်တွင် နိမ့်သည်ဟု မဆိုနိုင်သလို မြင့်သည်ဟုလည်း မဆိုနိုင်ပေ။ မည်သို့ဖြစ်ပါစေ အနည်းဆုံးတော့ ယင်းကို လက်ခံပေးနိုင်ပေသည်။

အဆင့်သုံးကတော့ ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ပေ။

ယင်းက အနည်းငယ် နိမ့်သည်။

သူက ကြယ်ပွင့်များထံမှ တုံကင်များကို လိုက်လံစုဆောင်းခဲ့သော်လည်း ထိပ်ဆုံးဆယ်ယောက်ကြားတွင် ကြီးမားသော ကွာခြားမှုတစ်ခု ရှိနေဆဲပင်။ ထို့ပြင် လူတိုင်းက သူတို့၏ အဆင့်သတ်မှတ်ချက်ကို တိုးမြှင့်ရန် အချိန်နှင့်အမျှ လုယက်နေကြသည်မဟုတ်ပါလော။ သို့ဖြစ်၍ လက်ရှိ ရွှီချင်းက တစ်ကြိမ်တည်းဖြင့် အဆင့်တစ်မရနိုင်ပေ။

သူ၏ အထက်က ကျိုးကျန်းလီဖြစ်ပြီး အဆင့်နှစ်ဖြစ်သည်။

ထိုအဆင့်သတ်မှတ်ချက်က လူအများအပြားကို အံ့ဩသွားစေသည်။ ကျိုးကျန်းလီ၏ ပုံစံက အမြဲတမ်း စိတ်ရှုပ်ထွေးစရာကောင်းသည်။ သူက သနားကြင်နာပြီး တည်ကြည်ဖြောင့်မတ်သူဖြစ်သည်။ သို့သော်လည်း ယင်းက သူ့ကို ပျော့ညံ့သည့်လူဟု မဆိုလိုပေ။

ရံဖန်ရံခါ ရှဲလင်းဇီအကြောင်းကို ပြောသည့်အခါတိုင်း ကျိုးကျန်းလီက မဖြစ်မနေ ပါဝင်လာလိမ့်မည်။ မည်သို့ဖြစ်ပါစေ ကျိုးကျန်းလီနှင့် ရှဲလင်းဇီက မဟာရန်သူတော်များ ဖြစ်ကြသည်။

အဆင့်တစ်နေရာသည်တော့…

အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံစိုက်မှုအောက်မှာ သူတို့က မရင်းနှီးသော နာမည်တစ်ခုကို မြင်တွေ့သွားသည်။

ချန်းပါ့ထျန်း…

ထိုနာမည်က အနည်းငယ် အပေါစားဆန်သည်။ သို့သော်လည်း နာမည်က မည်သို့အပေါစားဆန်ပါစေ ၎င်းက အဆင့်တစ်နေရာကို ရရှိထားမှတော့ အံ့ဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်ထားဆဲပင်။

တစ်ချိန်တည်းမှာ မရင်းနှီးမှုက စူးစမ်းလိုမှုအဖြစ် ပြောင်းလဲသွားသည်။ သို့ဖြစ်၍ ချန်းပါ့ထျန်းနှင့်ပတ်သက်သော ဆွေးနွေးမှုများက ထွက်ပေါ်လာကြသည်။ ယင်းက ကြယ်ပွင့်များကို အမဲလိုက်သော ရွှီချင်း၏ လုပ်ဆောင်မှုကိုပင် ဖုံးအုပ်သွားသည်။

သို့သော်လည်း ထိုလူနှင့်ပတ်သက်သော သတင်းအချက်အလက်များက အနည်းငယ်သာ ရှိ၏။

အများစုက ကောလဟာလများ ဖြစ်ကြသည်။

ကောလဟာလအရ ထိုလူက အရှေ့ပိုင်းကြယ်စင်စုထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုလူက အလွန်ရက်စက်ကြမ်းတမ်းပြီး တဏှာကြီးသည်ဟူသော ကောလဟာလလည်း ရှိသည်။

တတိယအဆင့်တွင် ထိုလူ၏ အဆင့်သတ်မှတ်ချက်က အနိမ့်ဆုံးမှာ ရှိခဲ့သည်။ တတိယအဆင့် စတင်သည်နှင့် ထိုလူက တစ်ဟုန်ထိုး မြင့်တတ်သွားခဲ့သည်။

သူက အလွန်သွေးဆိုးသူဖြစ်ကြောင်း တချို့က ပြောကြသည်။ သူနှင့်တိုက်ခိုက်ခဲ့သည့် လူတိုင်းတွင် မည်သူမှ အသက်မရှင်ခဲ့ကြပေ။

သို့သော်လည်း ထိုအရာများက ကောလဟာလများသာ ဖြစ်သည်။

သို့ဖြစ်၍ ထိုလူကို ဖုံးလွှမ်းထားသော လျှို့ဝှက်ဆန်းကြယ်မှုက မြူခိုးအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ ထိုအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်သည်နှင့် လူတိုင်းက အံ့ဩစရာကောင်းသော အချက်တစ်ချက်ကို သတိထားမိသွားကြသည်။

အဆင့်သတ်မှတ်ချက်ထဲတွင် ကြယ်တာရာစက်ဝန်း မပါပေ။

အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နံပါတ်တစ်ကောင်းကင်အရွေးချယ်ခံဖြစ်သော ကြယ်တာရာစက်ဝန်းက ထိပ်ဆုံး(၁၀)ယောက်ထဲမှာသာမက ထိပ်ဆုံးအယောက်(၁၀၀)ထဲမှာလည်း မပါဝင်ပေ။ အမှန်မှာ သူ၏ နာမည်က အဆင့်သတ်မှတ်ချက်ထဲမှာပင် မရှိပေ။

ယင်းက ခန့်မှန်းမှုအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။

လူတိုင်းက မတူညီသော အမြင်များကို ထုတ်ဖော်နေကြစဉ် မိုးသောက်အင်မော်တယ်နန်းတော်၏ ပဉ္စမအလွှာထဲမှာ ရှိနေခဲ့သော ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးက အကြောင်းအရင်းကို ထုတ်ပြောလိုက်သည်။

မိုးသောက်အင်မော်တယ်နန်းတော်၏ ပဉ္စမအလွှာထဲမှ ရွှီချင်းနှင့် ကြယ်တာရာစက်ဝန်း၏ သေခြင်းရှင်ခြင်းတိုက်ပွဲက အတိတ်မှ လေပြေနှင့် ဆင်တူသော်လည်း ယင်းက မူလလောကအပေါ် ကြီးမားသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေတုန်းပင်။

မုန်တိုင်းက အင်အားစုအသီးသီးထံသို့ ရိုက်ခတ်သွားသည်။

ရွှီချင်း၏ နာမည်ကျော်ကြားမှုက ချက်ချင်း မြင့်တတ်သွားသည်။ မရေမတွက်နိုင်သော လှိုင်းဂယက်များကြားတွင် ရွှီချင်းက မြောက်ပိုင်းမှ ထွက်ခွာသွားသည်။

သူက အဆင့်မြင့် တာဝေးတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးပြု၍ ကြယ်စင်စုကို ဖြတ်ကျော်သွားသည်။ အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုအဆုံးသတ်ရန် နောက်ဆုံးရေတွက်ချိန်က (၁၇)ရက်မြောက်သို့ ရောက်ရှိသွားပြီး အရည်အချင်းပြည့်မီတုံကင်က(၇၃၅)ခုသာ ကျန်ရှိတော့သည့်အချိန် ရွှီချင်းက အရှေ့ပိုင်းကြယ်စင်စုဆီသို့ ရောက်ရှိသွားသည်။

သူက အရှေ့ပိုင်းဒေသမှ မဟူရာတောင်၏ အောက်ခြေမှာ ထွက်ပေါ်လာသည်။

သူက တည်ငြိမ်သော အမူအရာဖြင့် တောင်ပေါ်သို့ လျှောက်သွားသည်။

မဟူရာတောင်က အရှေ့ပိုင်းကြယ်စင်စု၏ နဝမမြောက်တောင် ဖြစ်သည်။

တောင်က တိမ်တိုက်များထဲသို့ ထိုးဖောက်နေပြီး အလွန်ကျယ်ပြောသည်။ တောင်၏ အရောင်က နက်မှောင်ပြီး အဝေးမှ ကြည့်လျှင် တောင်က ကောင်းကင်ကို ပိုင်းဖြတ်ချင်နေသော အနက်ရောင်ဆေဘာဓားနှင့် ဆင်တူသည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် တောင်၏ ကျောက်ဆောင်ကျောက်တုံးများပေါ်မှာ သွေးကြောများနှင့်ဆင်တူသော အနီရောင်ချည်မျှင်များရှိသည်ကို မြင်ရလိမ့်မည်။

ကောလဟာလအရ ထိုတောင်က ဦးချိုတစ်ခုမှ ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။

ထိုဦးချိုက အမှတ်ငါးကြယ်တာရာစက်ဝန်းမှ နတ်ဘုရင်၏ လက်အောက်မှ နတ်ဘုရားအရှင်သခင်ကိုးပါးအနက် တစ်ပါးဖြစ်သော ကြယ်ဦးချိုနတ်ဘုရားအရှင်သခင်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုနတ်ဘုရားအရှင်သခင်က ကြယ်နှင့်ပတ်သက်သော နတ်ဘုရားအစွမ်းကို ပိုင်ဆိုင်ထားပြီး နတ်ဘုရင်အောက်တွင် နံပါတ်တစ်နတ်ဘုရားအရှင်သခင် ဖြစ်သည်။

ယင်းက ကောလဟာလ ဖြစ်သည်။ အသေးစိတ်ကိုတော့ လူအနည်းစုသာလျှင် သိကြသည်။

ဤအခိုက်အတန့်မှာ မဟူရာတောင်ထိပ်ပေါ်တွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။

ထိုပုံရိပ်က ဝတ်စုံနက်ကို ဝတ်ဆင်ထားသော လူငယ်ဖြစ်သည်။

သူ၏ အသွင်သဏ္ဍာန်က အေးစက်ပြီး နတ်ဆိုးဆန်သည်။ သူက နေရာမှာထိုင်နေစဉ် သူ၏ တစ်ကိုယ်လုံးမှ အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။

သူ၏ အရှေ့တွင် ဓားကျိုးတစ်လက် ရှိသည်။

သူ၏ အရှိန်အဝါက ထိုဓားကျိုးနှင့် တစ်သားတည်း ဖြစ်နေသည်။

ထိုလူငယ်က ရှဲလင်းဇီဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး တောင်ပေါ်သို့ တတ်လာနေသော ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

ရွှီချင်းက ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင်။ သူက ခြေတစ်လှမ်းနှင့်အတူ ဧရာမတောင်၏ ဆယ်ရာခိုင်နှုန်းကို ဖြတ်ကျော်သွားသည်။

နောက်အခိုက်အတန့်မှာ သူ၏ ခြေလှမ်းက အနည်းငယ် တုံ့ဆိုင်းသွားသည်။ အဘယ့်ကြောင့်ဆိုသော် ရွှီချင်း၏ အရှေ့မှ ကျောက်တုံးပေါ်တွင် အဖြူရောင်ပုလင်းတစ်လုံး ရှိနေသောကြောင့် ဖြစ်သည်။

သူက ပုလင်းကို ဖွင့်လိုက်သည့်အခါ အရှိန်အဝါတစ်ခုက အထဲမှ ပျံ့လွင့်လာသည်။ ထိုအရှိန်အဝါက အင်မော်တယ်နှင့် ဆင်တူသော်လည်း အင်မော်တယ်မဟုတ်ပေ။ ယင်းက နတ်ဘုရားနှင့် ဆင်တူသော်လည်း နတ်ဘုရားမဟုတ်ပြန်ပေ။

ပုလင်းထဲ၌ စီးဆင်းနေသော အရည်ဖြင့် ပြည့်နှက်နေသည်။

ရွှီချင်း၏ အကြည့်က ထိုအရည်ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ ဝိညာဉ်မှ ဖွဲ့စည်းထားသော အစစ်အမှန်၏ ပုံရိပ်ယောင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ ထိုအရည်က အင်မော်တယ်သန္ဓေသားလောင်းကို အာဟာရဖြည့်ပေးရာတွင် အလွန်ထူးခြားသော အကျိုးသက်ရောက်မှုရှိဟန် ရသည်။

“ မူလအနှစ်သာရ… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

မူလအနှစ်သာရက ကြယ်တာရာစက်ဝန်း(၃၆)ခု၏ စွမ်းအင်အရင်းအမြစ် ဖြစ်သည်။ ယင်းက နတ်ဘုရားများ၏ ဇစ်မြစ်ဖြစ်သလို ကြယ်တာရာစက်ဝန်းများ၏ အနှစ်သာရ ဖြစ်သည်။ နတ်ဘုရားများ၏ နတ်ဘုရားအခွင့်အာဏာဖြစ်စေ သို့မဟုတ် ကျင့်ကြံသူများ၏ အခွင့်အာဏာဖြစ်စေ ယင်းတို့အားလုံးက မူလအနှစ်သာထံမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။

နတ်ဘုရားစွမ်းအင်အမြူတေနှင့် အာဏာစက်သည်ပင် ချွင်းချက်မဟုတ်ပေ။

ယင်းက အဆင့်မြင့် ကြယ်တာရာစက်ဝန်းများကို ဖွဲ့စည်းရာတွင် မရှိမဖြစ်လိုအပ်သော စွမ်းအင်ဖြစ်သည်။

ယင်းက ကျင့်ကြံသူများ သူတို့၏ အင်မော်တယ်သန္ဓေသားလောင်းကို ပျိုးထောင်ရာတွင် အလိုအပ်ဆုံး အာဟာရဓာတ်လည်း ဖြစ်သည်။ ထို့ပြင် မူလအနှစ်သာရက အင်မော်တယ်သန္ဓေသားလောင်းကို အင်မော်တယ်တစ်ပါးအဖြစ် အသွင်ပြောင်းလဲသွားရန်လည်း ထောက်ပံ့ပေးနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းခြင်းနှင့် အင်မော်တယ်ကို မွေးဖွားသည့် လုပ်ငန်းစဉ်က အမှန်မှာ ထိုမူလအနှစ်သာရကို လုယက်ခြင်းနှင့် စုပ်ယူခြင်းသာ ဖြစ်သည်။

ထိုပုလင်းငယ်ထဲမှ ပမာဏက ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းကို ခြေတစ်လှမ်း ရှေ့ရောက်စေနိုင်သည်။ ယင်းက မဖျက်ဆီးနိုင်သော အဆင့်ထိ မရောက်စေနိုင်သော်လည်း သူ့အတွက် ကြီးမားသော အထောက်အကူတစ်ခု ပေးနိုင်ဆဲပင်။

“ စိတ်ဝင်စားစရာပဲ ”

ရွှီချင်းက လက်ဝှေ့ယမ်းလိုက်ပြီး ပုလင်းကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး တောင်ထိပ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ သူက ဒုတိယခြေလှမ်း လှမ်းလိုက်လေရာ တောင်၏ တစ်ဝက်သို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် ကျောက်ဆောင်တစ်ခုရှိပြီး ကျောက်ဆောင်ပေါ်တွင် အပြာရောင်အိုးတစ်အိုး ရှိသည်။

အိုးထဲတွင် လက်သီးဆုပ်အရွယ်အစားရှိသော ရွှံ့ရုပ်တစ်ခု ရှိသည်။

ရွှံ့ရုပ်က အနီရောင်ဖြစ်သည်။

ထိုပစ္စည်းကို နတ်ဘုရားရွှံ့ဟု ခေါ်သည်။ ယင်းက နတ်ဘုရားများကို ထိန်းချုပ်ရန် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကျင့်ကြံသူများ အသုံးပြုလေ့ရှိသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ နတ်ဘုရား၏ အသွင်သဏ္ဍာန်ကို ရွှံ့ပေါ်မှာ ပုံသွင်းလိုက်သည်နှင့် ထိုနတ်ဘုရားကို ထိန်းချုပ်နိုင်လိမ့်မည်။

သို့ဖြစ်၍ ယင်း၏ တန်ဖိုးက အလွန်အံ့ဖွယ်ကောင်းသည်။

ရွှီချင်းက ရွှံ့ရုပ်ကို သိမ်းဆည်းလိုက်ပြီး တတိယခြေလှမ်းကို လှမ်းလိုက်သည်။

သူခြေထောက်ချလိုက်သည့်အခိုက် တောင်ထိပ်နားသို့ ရောက်ရှိသွားသည်။ သူ၏ အရှေ့တွင် မြက်တစ်ပင်ရှိသည်။ မြက်ပင်က သာမန်ဖြစ်ဟန်ရသော်လည်း ကြယ်အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ယင်းက ရွှီချင်း ရင်းနှီးကျွမ်းဝင်သော မြက်ပင်ဖြစ်သည်။

“ ကြယ်တာရာစက်ဝန်းမြက်ပင် ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ကြယ်တာရာစက်ဝန်းမြက်ပင်သည် ကြယ်တာရာစက်ဝန်းများကြားမှ အပြင်ပိုင်းပင်လယ်ထဲမှာ ရှင်သန်ပေါက်ရောက်သည်။ ၎င်းက ရှားပါးမျိုးစိတ်ဖြစ်လေရာ အရေအတွက်သိပ်မရှိပေ။

ကြယ်တာရာစက်ဝန်းမြက်ပင်ကို မီးရှို့လိုက်လျှင် ကြယ်တာရာစက်ဝန်းများကြားထဲမှ အချိန်လေဟာနယ်လျှောက်လှမ်းတစ်ခုကို ဖွင့်လှစ်နိုင်လိမ့်မည်။ အတိတ်တွင် ရွှီချင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ ရောက်လာနိုင်ခဲ့ခြင်းမှာ ကြယ်တာရာစက်ဝန်းမြက်ပင်ကြောင့် ဖြစ်သည်။

သူ၏ အရှေ့မှ မြက်ပင်က အတိတ်မှာ သူရရှိခဲ့သော မြက်ပင်ထက် ပိုသေးငယ်သော်လည်း ၎င်း၏ တန်ဖိုးက အလွန်အံ့ဖွယ်ကောင်းနေဆဲပင်။

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။ တစ်ခဏကြာပြီးနောက် သူက မြက်ပင်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက စတုတ္ထမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။

သူက တောင်ထိပ်ပေါ်သို့ ရောက်သွားပြီး ရှဲလင်းဇီ၏ အရှေ့မှာ ရပ်လိုက်သည်။

သူထွက်ပေါ်လာသည့်အခိုက် တင်ပျဉ်ခွေထိုင်နေသော ရှဲလင်းဇီက ရုတ်တရက် လက်မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ အရှေ့မှ ဓားကျိုးက မြေကြီးထဲသို့ အကြမ်းပတမ်း စိုက်ဝင်သွားသည်။ ဤအခိုက်အတန့်မှာ တောင်တစ်ခုလုံး တုန်ယင်သွားသည်။

ထို့နောက် တောင်ပေါ်မှ အနီရောင်ချည်မျှင်များက တလက်လက် တောက်ပသွားကြပြီး နောက်ဆုံးမှာတော့ တောင်ထိပ်ပေါ်မှာ စုဝေးသွားကြသည်။

ယင်းတို့က ဓားကျိုး၏ စုပ်ယူခံလိုက်ရကြသည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ဓားကျိုးပေါ်တွင် အနီရောင်သွေးတစ်စက် ထွက်ပေါ်လာသည်။

သွေးစက် ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်က ဝုန်းခနဲ မြည်သွားပြီး လေတဟူးဟူး တိုက်ခတ်လာသည်။ ကောင်းကင်ဘုံလျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး မိုးခြိမ်းသံက အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားသည်။

ဘေးပတ်ဝန်းကျင်က ပုံပျက်တွန့်လိမ်သွားပြီး အရာအားလုံးက ဝေဝါးသွားသည်။

တောင်သည်တော့ အနီရောင်ချည်မျှင်အားလုံးက အရောင်မှေးမှိန်သွားပြီး မကြာမီ လုံးလုံး ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ ၎င်းတို့၏ အခြေခံအုတ်မြစ်က အဝေးသို့ စုပ်ယူခံလိုက်ရသည့်အလားပင်။

ဓားကျိုးပေါ်မှ သွေးစက်သည်သာ ဤလောက၏ တစ်ခုတည်းသော အရောင်ဖြစ်လာဟန် ရသည်။

ထိုသွေးစက်ကို စိုက်ကြည့်နေစဉ် ပြင်းထန်သော အသက်ရှူသံက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ယင်းက ရွှံ့မြေခွေး၏ စိတ်ခံစားချက်များ ဖြစ်သည်။

‘ အဲ့ဒါ နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ သွေးစက်ပဲ… ဒါ့အပြင် အဲ့ဒီနတ်ဘုရားအရှင်သခင်ရဲ့ အခွင့်အာဏာက ငါနဲ့ ဆင်တူတယ် ’

‘ ရွှီချင်း… အဲ့ဒီသွေးစက်ကို ငါလိုအပ်တယ် ’

‘ အဲ့ဒါကို ငါစုပ်ယူနိုင်မယ်ဆိုရင် နတ်ဘုရားယဇ်ပလ္လင်အဆင့်ကို အချိန်တိုလေးအတွင်း တတ်လှမ်းနိုင်မယ့်အပြင် အနာဂတ်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာမယ့် ငါ့ရဲ့ အခွင့်အရေးကလည်း ပိုပြီးများပြားလာလိမ့်မယ် ’

ရွှံ့မြေခွေးက အလောတကြီး စကားပြောလိုက်သည်နှင့်ချက်ချင်း ရှဲလင်းဇီက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ဓားကျိုးပေါ်မှ သွေးစက်က ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

“ တာအိုရောင်းရင်းရွှီက စတုတ္ထအလွှာမှာ ငါ့ကို အများကြီး ကူညီပေးခဲ့ပါတယ်… ပထမလက်ဆောင်သုံးခုက ငါ့ရဲ့ ကျေးဇူးတုံ့ပြန်မှုပါ ”

“ နတ်ဘုရားအရှင်သခင်တစ်ပါးရဲ့ သွေးစက်ကတော့… အတိတ်မှာ ငါက စတုတ္ထအလွှာထဲမှာ မြေခွေးမိန်းမပျိုလေးအပေါ် ကတိချိုးဖောက်ခဲ့ပါတယ်… ဒီသွေးစက်ကို လျော်ကြေးအနေနဲ့ ငါပေးဆပ်ချင်ပါတယ် ”

ထိုသို့ပြောပြီးနောက် ရှဲလင်းဇီက မတ်တတ်ရပ်ကာ ရွှီချင်းကို အရိုအသေပေးလိုက်သည်။

ရွှီချင်းက မည်သည့်စကားမှ မပြောပေ။

အချိန်တစ်ခဏကြာပြီးနောက် ရှဲလင်းဇီက ဖြည်းညင်းစွာ အနောက်ဆုတ်သွားပြီး တောင်ပေါ်မှ ထွက်သွားသည်။ ဓားကျိုးသည်လည်း ပျံသန်းသွားပြီး သူ့အနောက်သို့ လိုက်သွားသည်။

လေထဲတွင် ရှဲလင်းဇီက နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။ ထို့နောက် သူက သက်တံ့အသွင် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ရွှီချင်းက ရှဲလင်းဇီ၏ ထွက်ခွာမှုကို ကြည့်နေသည်။ တစ်ဖက်လူကို သူမတားဆီးပေ။

တန်ဖိုးကြီးမားသော ထိုရတနာလေးခုက ကျေးဇူးတုံ့ပြန်မှုနှင့် လျော်ကြေးဖြစ်သည်ဟု ရှဲလင်းဇီပြောခဲ့သော်လည်း အမှန်မှာ ယင်းတို့က အရည်အချင်းပြည့်မီတုံကင်ကို ဝယ်ယူရန် တစ်ဖက်လူအသုံးပြုခဲ့သော တန်ကြေးဖြစ်ကြောင်း ရွှီချင်း သိသည်။

“ ဒီလက်ဆောင်တွေကို လက်ခံပြီးမှတော့ တုံကင်ကို ထပ်ယူရင် ဘယ်လိုလုပ် သင့်တော်မှာလဲ ”

ရွှီချင်းက ခေါင်းခါလိုက်ပြီး တောင်ထိပ်ပေါ်မှာ ရပ်လိုက်သည်။ သူက မထွက်သွားပေ။ ယင်းအစား သူက အခြားတစ်ဖက်သို့ ခေါင်းလှည့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းထဲမှ ဟင်းလင်းပြင်ဆီသို့ ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။

“ မင်းဘယ်လိုထင်လဲ ကျိုးကျန်းလီ ”

ရွှီချင်း၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် ကောင်းကင်ပေါ်တွင် လှိုင်းများက တစ်လွှာပြီးတစ်လွှာ ပျံ့ပွားသွားကြသည်။ ထို့နောက် ကျိုးကျန်းလီ၏ ပုံရိပ်က လှိုင်းများကြားထဲမှာ ထွက်ပေါ်လာသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ သူက သတိမေ့နေသော လူထွားကြီးတစ်ယောက်ကို သယ်ဆောင်ထားသည်။

ထိုလူထွားကြီး၏ အသက်ဓာတ်က အလွန်အားနည်းနေပြီး သေခြင်းအရှိန်အဝါက သူ့ထံမှ ထင်ရှားစွာ ပေါ်ထွက်နေသည်။ ဤသည်မှာ သူက ရုပ်သေးတစ်ရုပ်နှင့် မခြားသည့်အလားပင်။

ထို့နောက် ကျိုးကျန်းလီက မိုးကုပ်စက်ဝိုင်းထဲမှ ထွက်လျှောက်လာသည်။ သူက ခြေတစ်လှမ်းနှင့်အတူ တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားပြီး ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက လူထွားကြီးကို ဘေးသို့ ပစ်ချလိုက်ပြီး ရွှီချင်းကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ သခင်လေးကို နှုတ်ဆက်ပါတယ် ”

ထို့နောက် သူက လူထွားကြီးကို လက်ညှိုးညွှန်လိုက်သည်။

“ ဒီလူရဲ့ နာမည်က ချန်းပါ့ထျန်းပါ ”

“ အဲ့ဒါက အင်မော်တယ်ကျဆုံးလွင်ပြင်ကနေ ကျွန်တော် ထွက်လာပြီးနောက် သခင်လေးအတွက် ကိုယ်တိုင် ကြိုးစားပမ်းစား ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ ”

“ ဒီလက်ဆောင်နဲ့ဆိုရင် သခင်လေးက အင်မော်တယ်မြို့တော်ရဲ့ စမ်းသပ်မှုမှာ သေချာပေါက် အဆင့်တစ်နေရာကို ရရှိပါလိမ့်မယ် ”

All Chapters