← Chapters

သက်တံ့ပေါ် ခြေချခြင်း… တောင်တန်းများကို ကြည့်ရှုခြင်း

Vol. 109 Ch. 1666

သက်တံ့ပေါ် ခြေချခြင်း… တောင်တန်းများကို ကြည့်ရှုခြင်း

Vol. 109 Ch. 1666

ချန်းပါ့ထျန်းနာမည်က ရွှီချင်းအတွက် မရင်းနှီးသောအရာ မဟုတ်ပေ။

မည်သို့ဖြစ်ပါစေ ထိုလူက အင်မော်တယ်မြို့တော်မှ စမ်းသပ်မှု၏ နောက်ဆုံးရေတွက်ချိန်မှစ၍ တစ်ဟုန်ထိုး နာမည်ကျော်ကြားလာပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်အာရုံကို ဖမ်းစားထားခဲ့သည်။ သူ့အကြောင်းကို မသိသူက အနည်းငယ်သာ ရှိသည်။

ချန်းပါ့ထျန်းနှင့် ပတ်သက်သော ကောလဟာလများက တစ်ခုထက်တစ်ခု ပိုပြီးစိတ်ဝင်စားစရာကောင်းသည်။

သို့တိုင် ယင်းတို့အားလုံးက အခြေအမြစ်မရှိသော ပါးစပ်စကားများသာ ဖြစ်ကြသည်။

အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုတွင် အဆင့်တစ်အဖြစ် ရပ်တည်နေသော လူက တခြားတစ်ယောက်အတွက် သေချာပြင်ဆင်ထားသော လက်ဆောင်တစ်ခုဖြစ်နေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

ယခု ထိုလက်ဆောင်ကို ပြင်ဆင်ပေးသူက ရွှီချင်း၏ အရှေ့တွင် ခါးကိုင်းထားလျက် နှိမ့်ချစွာ ရှိနေသည်။

ယင်းက ကျိုးကျန်းလီနှင့်ပတ်သက်ပြီး ကြောက်စရာကောင်းသောအရာ ဖြစ်သည်။

ကြယ်တာရာစက်ဝန်း၏ ဖိနှိပ်မှုအောက်တွင် ကျိုးကျန်းလီက အမြဲတမ်း သိုဝှက်စွာ နေထိုင်ခဲ့ပြီး သူ၏ အစွမ်းအစများကို ဖုံးကွယ်ထားခဲ့သည်။ ကျိုးကျန်းလီနှင့် ရှဲလင်းဇီကြားမှ ယှဉ်ပြိုင်မှုက အများထင်နေသကဲ့သို့ မပြင်းထန်လောက်ကြောင်း ရွှီချင်းသံသယဝင်မိသည်။

ယင်းက တမင်ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ထားသော သရုပ်ဆောင်မှု ဖြစ်နိုင်လောက်၏။ ကျိုးကျန်းလီနှင့် ရှဲလင်းဇီက ယင်းကို လိုအပ်ကြောင်း နားလည်ထားသောကြောင့် နှစ်ဦးသဘောတူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။

သူတို့၏ ထိုပြဇာတ်က အဆင့်မြင့်ပုဂ္ဂိုလ်များအတွက် ဖျော်ဖြေမှုတစ်ခုဖြစ်နိုင်ရန် ရည်ရွယ်ထားပုံပေါ်သည်။

အကယ်၍ ထိုပုဂ္ဂိုလ်များက ယင်းက ပြဇာတ်တစ်ပုဒ်ဖြစ်ကြောင်း သိလျှင်ပင် ထိုသို့သရုပ်ဆောင်ရန် ဆန္ဒရှိသည်ဟူသော အချက်တစ်ချက်ကပင် သူတို့၏ အညံ့ခံမှုကို ဖော်ပြပေးလိမ့်မည်။

ရွှီချင်းက သူ့ကိုယ်သူ အဆင့်မြင့်ပုဂ္ဂိုလ်ဟု မထင်လေရာ ဒုတိယကြယ်တာရာစက်ဝန်းအဖြစ် ပြုမူဆောင်ရွက်ရန် စိတ်မစားချေ။

အဘယ့်ကြောင့်ဆိုသော် သူက တခြားလူများ၏ အညံ့ခံမှုကို မလိုအပ်ပေ။

အမှတ်ငါးကြယ်တာရာစက်ဝန်းဖြစ်စေ သို့မဟုတ် နောက်ထပ် သူ၏ ခရီးစဉ်ဖြစ်သော အင်မော်တယ်မြို့တော်ဖြစ်စေ ယင်းတို့က သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် ရိုးရှင်းသော မှတ်တိုင်များသာ ဖြစ်ကြသည်။

ထိုသို့နေရာတစ်ခုစီတွင် သူက သတိကြီးစွာထားရမည့်အပြင် သူ၏ စိတ်ဆန္ဒအတိုင်း ဆောင်ရွက်ရလိမ့်မည်။

ကျိုးကျန်းလီ၏ သိုဝှက်ထားသော လှုပ်ရှားမှုများက သူ့အတွက် အနည်းငယ် စိုးရိမ်စရာကောင်းသည်။

မည်သို့ဖြစ်ပါစေ အစွယ်ဝှက်ထားသော မြွေက အပြင်ပန်းတွင် ချစ်စရာကောင်းပုံပေါ်သည်။

သို့သော်လည်း ထိုအစွယ်ထွက်ပေါ်လာသည်နှင့် အတိတ်မှာ ကျိုးကျန်းလီအား သူပြောခဲ့သောစကားကို တဖန်ပြန်အမှတ်ရအောင် ရွှီချင်း လုပ်ပေးလိမ့်မည်။

သူက မြွေများ စားရသည်ကို သဘောကျသည်။ အထူးသဖြင့် မြွေက အဆိပ်ပိုပြင်းလေ ပိုပြီးအရသာရှိလေ ဖြစ်သည်။

ငယ်စဉ်ဘဝတုန်းက သူ၏ အတိတ်၊ ဝမ်ကူးကုန်းမြေထဲမှ သူ၏ အတွေ့အကြုံများ၊ သူ့ဆရာထံမှ အမွေအနှစ်နှင့် အားညိုနောက်သို့ သူလိုက်ခဲ့စဉ်က မြင်ခဲ့ကြားခဲ့ရသော အရာများက ရွှီချင်းကို အဆိပ်ပြင်းသော မြွေတစ်ကောင်အဖြစ် ပြောင်းလဲစေခဲ့သည်။

သို့ဖြစ်၍ သူက ချန်းပါ့ထျန်းကို မကြည့်မီ ကျိုးကျန်းလီကို တစ်ချက်ကြည့်လိုက်သည်။

“ ဒီချန်းပါ့ထျန်းကို ကျွန်တော် ဂရုတစိုက် ရွေးချယ်ထားခဲ့တာပါ… သူ့မှာ ဘာကမ္မဆက်နွယ်မှုမှ မရှိပါဘူး ”

ကျိုးကျန်းလီက နူးညံ့စွာ ပြောသည်။

“ ဒါ့အပြင် သူက ရာဇဝတ်သားတစ်ယောက်ပါ… ပြစ်မှုအများစုက သူ့ရဲ့ တဏှာရာဂကြီးတဲ့ စိတ်ကြောင့်ပါ ”

သူ၏ လက်ဆောင်က လက်ခံမည့်လူကို စိတ်ကျေနပ်မှုပေးနိုင်ရန် လိုအပ်ကြောင်း ကျိုးကျန်းလီ ကောင်းကောင်း နားလည်သည်။

သို့ဖြစ်၍ သူက မည်သည့်ကမ္မဆက်နွယ်မှုမှ မရှိသောလူ၊ သေမိန့်ကျခံထားရသော အကျင့်စာရိတ္တပျက်ပြားသူကို အထူးတလည် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့မှသာလျှင် လက်ခံမည့်လူက စိတ်သန့်သန့်ဖြင့် ယူဆောင်နိုင်လိမ့်မည်။

ထိုသို့ပြောပြီးနောက် သူက နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး ချန်းပါ့ထန်းနှင့် ဝေးရာသို့ အနောက်ဆုတ်သွားသည်။

သေအံ့ဆဲဆဲ အခြေအနေမှာရှိနေသော ချန်းပါ့ထျန်း၏ အသက်ဓာတ်က မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ငြိမ်းသတ်ခါနီးနေသည်။

ကျိုးကျန်းလီက ဤနေရာသို့ ရောက်လာသည့် ခရီးစဉ်တွင် ချန်းပါ့ထျန်း၏ အသက်ဓာတ်ကို သဘာဝအလျောက် ကုန်ဆုံးသွားစေရန် သေချာပြင်ဆင်ခဲ့သည်။ သို့မှသာ ရွှီချင်းက သူ့အပေါ် နားလည်မှုလွဲခြင်းကို ရှောင်လွှဲနိုင်လိမ့်မည်။

ထိုနည်းဖြင့် သူက ဤလက်ဆောင်ထဲမှာ ထောင်ချောက်တစ်ခုခု ပြင်ဆင်ထားသည်ဟု ရွှီချင်း အထင်မှားသွားမည်ကို ကာကွယ်နိုင်လိမ့်မည်။

ထိုလူ၏ သဘာဝအလျောက် သေဆုံးသွားခြင်းက မည်သည့်ကမ္မသက်ရောက်မှုကိုမှ မွေးဖွားစေလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ကျင့်ကြံသူတစ်ယောက်က ထိုသို့သေဆုံးသွားလျှင် သူတို့၏ အရည်အချင်းပြည့်မီတုံကင်က အနီးနားမှာရှိသော လူ၏ စုပ်ယူခံရလိမ့်မည်။

ထို့ကြောင့် သူက အနောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။

ရွှီချင်းက စကားမပြောပေ။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ချန်းပါ့ထျန်း၏ နောက်ဆုံးအသက်ငွေ့က လွင့်ပြယ်သွားသည်။

သူသေဆုံးသွားသည်နှင့်ချက်ချင်း အရည်အချင်းပြည့်မီတုံကင်က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ထိန်ထိန်လင်းစွာ တောက်ပလာသည်။

ထို့နောက် တုံကင်က အပေါ်သို့ မြှောက်တတ်သွားပြီး ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ တုံကင်က သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်နှင့်ချက်ချင်း ကောင်းကင်တစ်ခွင်လုံး တုန်ယင်သွားသည်။ ထို့နောက် ကြယ်တာရာမြေပုံက ထွက်ပေါ်လာပြီး အထဲမှ အဆင့်သတ်မှတ်ချက်က ပြောင်းလဲသွားသည်။

အဆင့်တစ်နေရာမှာ ရွှီချင်း၏ နာမည်က ထွက်ပေါ်လာသည်။

ကျိုးကျန်းလီက ရွှီချင်းကို အရိုအသေပေးလိုက်သည်။

ထို့နောက် သူက ဖြည်းဖြည်းချင်း အနောက်ဆုတ်သွားပြီး မဟူရာတောင်မှ ထွက်ခွာသွားကာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ မကြာမီ သူက ပျောက်ကွယ်သွားသည်။

ရွှီချင်းက သူ့ကို မတားဆီးပေ။ သူက အကြည့်ပြန်မရုပ်ခင် မိုးကုပ်စက်ဝိုင်းထံသို့ အချိန်တစ်ခဏကြာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အချိန်လေဟာနယ်ထဲသို့ လျှောက်လှမ်းသွားသည့်အခါ သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားသည်။

အချိန်လေဟာနယ်စွမ်းအားကြောင့် သူက မည်သည့်ကမ္မသဲလွန်စမှ မကျန်ရစ်စေဘဲ တိတ်တဆိတ် ထွက်ခွာသွားသည်။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်က တုန်ယင်သွားသည့်အခါ ထွက်ခွာသွားသော ကျိုးကျန်းလီ၏ ပုံရိပ်က နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး မဟူရာတောင်ကို ကြည့်လိုက်လေရာ အတွေးနက်သွားသည်။

“ သူက ကြယ်တာရာစက်ဝန်းနဲ့ လုံးလုံး ကွဲပြားတယ် ”

“ တကယ်လို့ ကြယ်တာရာစက်ဝန်းသာဆိုရင် ဒီလောက်အခွင့်သာနေပြီး အရမ်းအားကောင်းတဲ့ အစွမ်းကို ပိုင်ဆိုင်ထားမယ်ဆိုရင် သူက အနည်းနဲ့အများ သတိလျော့ပေါ့သွားလိမ့်မယ်… သူက ဒီနေရာမှာ ဆက်နေပြီး စမ်းသပ်မှုပြီးသွားတဲ့အထိ စောင့်ဆိုင်းနေလောက်တယ် ”

“ ဒီရွှီချင်းကျတော့… သူက ဒီလောက်အခွင့်သာနေပြီး ကြယ်ပွင့်အားလုံးကို ဖိနှိပ်နိုင်တယ်ဆိုတာ ရှင်းလင်းတယ်… ဒါ့အပြင် ရှဲလင်းဇီနဲ့ ငါက သူ့ကို လက်ဆောင်တွေ တစ်ခုပြီးတစ်ခု ပေးခဲ့ပြီး အညံ့ခံမှုကို ဖော်ပြခဲ့တယ်… ဒါတောင် သူရဲ့ သတိထားမှုက လုံးဝ လျော့မကျသွားဘူး ”

“ အဲ့ဒါက တမင်လုပ်ယူထားတဲ့ပုံ မပေါ်ဘူး… အဲ့ဒါက မွေးရာပါအကျင့်စရိုက်နဲ့ ပိုပြီးဆင်တူတယ် ”

ကျိုးကျန်းလီက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ ဒီလိုလူမျိုးကို သွားပြီး ဇယားမရှုပ်သင့်ဘူး ”

ထို့နောက် သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး ထပ်မံ ပျောက်ကွယ်သွားသည်။

…..

အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။

အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုပြီးဆုံးရန် ခုနစ်ရက်သာ ကျန်ရှိတော့သည်။ ဤအတောအတွင်းမှာ ကြယ်တာရာမြေပုံထဲမှ အဆင့်သတ်မှတ်ချက်သည်လည်း အမြဲတမ်း ပြောင်းလဲနေသည်။ ထို့အတူ ရွှီချင်း၏ နာမည်က ကမ္ဘာတုန်ဟီးစေနိုင်သော မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ရိုက်ခတ်သွားစေသည်။

ချန်းပါ့ထျန်းက ပျောက်ကွယ်သွားပြီး ရွှီချင်းက အဆင့်တစ်ဖြစ်သွားသည်။

သို့ဖြစ်၍ ရွှီချင်းနှင့်ပတ်သက်သော ကောလဟာလများက ဤအတောအတွင်းမှာ များပြားလာသည်။

အဆင့်တစ်နေရာကို ရရှိသွားပြီးနောက် သူ၏ ဂုဏ်သတင်းကျော်ဇောမှုက တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးတွင် သူ့ကို အာရုံစိုက်နေကြသော ကျင့်ကြံသူများက မနည်းပေ။

အနောက်ပိုင်းကြယ်စင်စုထဲတွင် လီမုန့်တုက အလုပ်ကြိုးစားနေဆဲပင်။

ယခု သူက အဆင့်ငါးနေရာမှာ ရပ်တည်နေပြီး အင်မော်တယ်မြို့တော်သို့ ဝင်ရောက်နိုင်ရန် သေချာနေပြီဖြစ်သော်လည်း သူ့အထက်မှ အဆင့်သတ်မှတ်ချက်ကို မြင်တွေ့ပြီးနောက် အရည်အချင်းပြည့်မီတုံကင်များကို ဆက်လက် စုဆောင်းရန် ရွေးချယ်ခဲ့သည်။

“ ငါသူ့ကို မကျော်နိုင်ပေမဲ့ အရမ်းကြီး နောက်ကျကျန်မနေအောင် ကြိုးစားရမယ် ”

တောင်ပိုင်းကြယ်စင်စုထဲတွင် တူညီသော အသံများက ပဲ့တင်ထပ်လာသည်။

အသံတစ်သံက ယွင်ရှန်းကလန်မှဖြစ်ပြီး တခြားအသံက မဟာအင်မော်တယ်တောင်မှ ဖြစ်သည်။

ယွင်ရှန်းစုက တံခါးပိတ်ကျင့်ကြံနေသည်။ သူက စမ်းသပ်မှုမပြီးဆုံးခင် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းနိုင်အောင် ကြိုးစားချင်သည်။ ယင်းက အင်မော်တယ်မြို့တော်သို့ ဝင်ရောက်နိုင်မည့် သူ့အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

“ သေချာပေါက် ငါလုပ်နိုင်ရမယ် ”

ကျန်းဖန်သည်လည်း ယွင်ရှန်းစုနှင့်တူညီသော လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ သူက အဆင့်ချိုးဖြတ်နိုင်ရန် အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်တော့ သူတို့၏ ဆရာကြောင့် ကျန်းဖန်နှင့် ယွင်ရှန်းစုကဲ့သို့ ဖိအားအများကြီး မရှိကြပေ။

သူတို့က တုံကင်အသစ်များကို ရရှိပြီးနောက် အမဲလိုက်ခြင်းကို နောက်တစ်ကြိမ် စတင်လိုက်ကြသည်။

သူတို့၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကြောင့် တုံကင်များကို လိုက်လံစုဆောင်းခြင်းက သူတို့အတွက် ခက်ခဲသောကိစ္စတစ်ခု မဟုတ်ချေ။ သို့သော်လည်း စမ်းသပ်မှုပြီးဆုံးရန် အချိန်သိပ်မကျန်တော့သောကြောင့် ဤအတောအတွင်းမှာ ညီအကိုနှစ်ယောက်က နားချိန်မရှိဘဲ အလုပ်များနေကြသည်။

သူတို့က တစ်ခါအဆင့်တတ်သွားတိုင်း ရွှီချင်းကို ကျိန်ဆဲပြီး သူတို့ကိုယ်သူတို့ စိတ်ဓာတ်မြှင့်တင်ပေးလိမ့်မည်။

အရှေ့ပိုင်းကြယ်စင်စုသည်တော့ တခြားနေရာများနှင့် ခြားနားသည်။

ရှဲလင်းဇီနှင့် ကျိုးကျန်းလီ၏ အဆင့်သတ်မှတ်ချက်က အမြဲတမ်း တည်ငြိမ်သည်။ တစ်ယောက်က အဆင့်နှစ်နေရာမှာဖြစ်ပြီး အခြားတစ်ယောက်က အဆင့်သုံးဖြစ်သည်။

ထို့ပြင် သူတို့နှစ်ယောက်စလုံးက အဆင့်ထပ်မြှင့်ရန် လိုက်လျော့လိုက်ကြသည်။ သူတို့က အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုပြီးဆုံးသွားရန်သာ စောင့်ဆိုင်းနေကြသည်။

သို့သော်လည်း သူတို့က သက်ဆိုင်ရာနေရာများမှာ စောင့်ဆိုင်းနေကြစဉ် ကြယ်တာရာစက်ဝန်းမျှော်စင်ဆီသို့ အမြဲတစေ လှမ်းကြည့်လေ့ရှိကြသည်။

အကယ်၍ အင်မော်တယ်မြို့တော်၏ စမ်းသပ်မှုအတွင်းမှာ နောက်ဆုံးအပြောင်းအလဲ ထွက်ပေါ်လာမည်ဆိုလျှင် ယင်းက ကြယ်တာရာစက်ဝန်းမျှော်စင်မှာ ဖြစ်ရမည်ဟု သူတို့နှစ်ယောက်စလုံးက ယူဆထားကြသည်။

ကြယ်တာရာစက်ဝန်းမျှော်စင်ရှိ အဆုံးမဲ့သော မျှော်စင်များကြားမှ အရှည်လျားဆုံး မျှော်စင်က အကန့်အသတ်မဲ့ ကြယ်အလင်းရောင်နှင့်အတူ ထွန်းလင်းတောက်ပနေသည်။

ထိုအလင်းရောင်က ကောင်းကင်ယံမှ ကျဆင်းလာပြီး မျှော်စင်ကို လွှမ်းခြုံထားသည်။ ထိုမှတဖန် မျှော်စင်က ကြယ်အလင်းရောင်ကို စုပ်ယူလိုက်ပြီး မျှော်စင်အတွင်းမှ ရှုပ်ထွေးနက်နဲသော အဆင့်မြင့် စည်းချအစီအရင်တစ်ခု တည်ရှိသော လျှို့ဝှက်အခန်းထဲသို့ ပို့လွှတ်ပေးလိုက်သည်။

စည်းချအစီအရင်၏ အလယ်ဗဟိုတွင် လူငယ်တစ်ယောက်က တရားထိုင်နေသည်။

ကြယ်အလင်းရောင်က စည်းချအစီအရင်ပေါ်မှာ ဖြတ်သန်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ ထို့မှတဖန် ကြယ်အလင်းရောင်က သူ၏ မရီဒျန်များထဲသို့ စီးဆင်းသွားလေရာ သူ၏ တစ်ကိုယ်လုံးက မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပနေသည်။

ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူက မျှော်စင်တစ်ခုလုံးနှင့် တစ်သားတည်းဖြစ်နေဟန် ရ၏။

အလွန်သိပ်သည်းသော အင်မော်တယ်အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ်သန္ဓေသားလောင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုအင်မော်တယ်သန္ဓေသားလောင်းက အစစ်အမှန်၏ ပုံရိပ်ယောင်နှင့် မဖျက်ဆီးနိုင်ခြင်းအဆင့်ကို ကျော်လွန်သွားပြီး ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသည်။

ယင်းက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ အသွင်လက္ခဏာဖြစ်သည်။

ကြယ်အလင်းရောင်က မရီဒျန်များဖြစ်လာပြီး ကြယ်တာရာမျှော်စင်က အရိုးစုဖြစ်လာကာ အင်မော်တယ်သန္ဓေသားလောင်းက အသွေးအသားအဖြစ် ပြောင်းလဲသွားသည်။

ကြယ်တာရာစက်ဝန်းက ထိုနည်းဖြင့် ခန္ဓာကိုယ်အသစ်ကို ဖွဲ့စည်းလိုက်သည်။

“ ကပ်ဘေးနဲ့ ရှုံးနိမ့်မှုကို မကြုံဖူးဘဲ ဘယ်လိုလုပ် ကြီးပွားတိုးတတ်နိုင်မှာလဲ ”

အက်ရှရှအသံက မျှော်စင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ငါ့တပည့်… မင်းက မင်းရဲ့ ကပ်ဘေးကို တွေ့ကြုံပြီးသလို အဲ့ဒီကပ်ဘေးမှာ သေဆုံးသွားခဲ့တယ်… အဲ့ဒါက မင်းရဲ့ ကံကြမ္မာပဲ ”

“ ဒါကြောင့် မင်းအတွက် ခန္ဓာကိုယ်အသစ်တစ်ခုကို ငါပြန်တည်ဆောက်ပေးခဲ့တယ်… အဲ့ဒါက အနာဂတ်မှာ မင်းကို စကြာဝဠာတစ်ခွင် ဖြတ်သန်းသွားလာနိုင်စေပြီး မင်းရဲ့ အင်မော်တယ်လမ်းစဉ်ကို အဆင်ပြေချောမွေ့စေလိမ့်မယ် ”

စကားသံ ပဲ့တင်ထပ်သွားသည်နှင့် စည်းချအစီအရင်ထဲမှာ တင်ပျဉ်ခွေထိုင်နေသော ကြယ်တာရာစက်ဝန်းက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ အဆုံးမဲ့သော ကြယ်အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် မျှော်စင်တစ်ခုလုံး ထွန်းလင်းသွားသည်။

“ သူမင်းကို အပြင်မှာ စောင့်နေတယ် ”

အက်ရှရှအသံက ထပ်မံ ထွက်ပေါ်လာသည်။

ကြယ်တာရာစက်ဝန်းက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းခါလိုက်သည်။

“ ကျွန်တော်မသွားဘူး ”

“ ဘာလို့လဲ ”

“ အခုလက်ရှိ ကျွန်တော်က သူ့ကို အနိုင်မယူနိုင်ဘူး… တကယ်လို့ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်မယ်ဆိုရင် ကြယ်တာရာစက်ဝန်းဆိုတဲ့ နာမည်ကို ကျွန်တော် ဆုံးရှုံးသွားလိမ့်မယ်… ကျွန်တော်နဲ့ သူရဲ့ နောက်တစ်ကြိမ် တိုက်ပွဲက အင်မော်တယ်မြို့တော်မှာ ဖြစ်လိမ့်မယ် ”

“ ကောင်းပြီ ”

…..

ကြယ်တာရာစက်ဝန်းမျှော်စင်၏ အပြင်ဘက်တွင် တောင်တစ်လုံး ရှိသည်။

ထိုတောင်ကို ဘုံကိုးဘုံတောင်ဟု ခေါ်သည်။

ဘိုးကိုးဘုံတောင်၏ တောင်ထိပ်ပေါ်တွင် ရွှီချင်းက တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ အရှေ့တွင် အကန့်အသတ်မဲ့သော ကြယ်တာရာစက်ဝန်းမျှော်စင် ရှိသည်။

မိုးသောက်အလင်းအောက်တွင် ထိုမျှော်စင်အားလုံးက ကောင်းကင်ပေါ်မှ ကြယ်အလင်းရောင်ကို စုပ်ယူနေလေရာ ယင်းက အလွန်မြင်သာထင်ရှားသည်။ ရွှီချင်းက ကြယ်အလင်းရောင်အားလုံး စုစည်းသွားသော နေရာဆီသို့ စိုက်ကြည့်နေသည်။

သူက ကြယ်တာရာစက်ဝန်းကို စောင့်ဆိုင်းနေသည်။

အရှေ့ပိုင်းကြယ်စင်စုဆီသို့ သူရောက်ရှိလာသည့်အခိုက် တစ်ဖက်လူ၏ အရှိန်အဝါကို ရေးတေးတေး အာရုံခံမိခဲ့သည်။

သို့ဖြစ်၍ ကြယ်တာရာစက်ဝန်း ပြန်ရောက်လာကြောင်း သူသိလိုက်သည်။

ထို့ကြောင့် သူက ကြယ်တာရာစက်ဝန်းမျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး ဤနေရာမှာ တစ်ဖက်လူ၏ အလာကို ထိုင်စောင့်နေခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူက ယခုအချိန်ထိ ပေါ်မလာသေးချေ။

ရွှီချင်းက အေးဆေးတည်ငြိမ်သည်။

ကြယ်တာရာစက်ဝန်းက ရောက်မလာမှတော့ သူက ဖိအားမပေးတော့ချေ။

သို့ဖြစ်၍ သူက မျက်လုံးမှိတ်လိုက်သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

နောက်ဆုံးမှာတော့ အင်မော်တယ်မြို့တော်၏ စမ်းသပ်မှု ပြီးဆုံးတော့မည့် နောက်ဆုံးရက်သို့ ရောက်ရှိလာသည်။

အချိန်က တရွေ့ရွေ့က ကုန်ဆုံးနေလေရာ စမ်းသပ်မှုပြီးဆုံးရန် ဆယ့်ငါးမိနစ်သာ လိုတော့သည်။

ထိုဆယ့်ငါးမိနစ်အချိန်က သိပ်မကြာမီ ကုန်ဆုံးသွားသည်။

မိုးခြိမ်းသံက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကောင်းကင်ပေါ်မှာ ဝုန်းခနဲ မြည်ဟိန်းသွားသည်။

မိုးခြိမ်းသံက အစတွင် မကျယ်လောင်ပေ။ သို့သော်လည်း ယင်းက ကြယ်စင်စုလေးခု၊ အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးနှင့် လူတိုင်းထံသို့ မြန်ဆန်စွာ ပဲ့တင်ထပ်သွားသည်။

မိုးခြိမ်းသံက ကောင်းကင်ဘုံတစ်လျှောက် မြည်ဟိန်းသွားနေစဉ် လောကက ၎င်း၏ အမြူတေမှစတင်၍ လှုပ်ခါလာသည်။ ဤအခိုက်အတန့်မှာ ဘီလီယံနှင့်ချီသော ကျင့်ကြံသူများသည် မည်သည့်အရာကို လုပ်ဆောင်နေပါစေ ချက်ချင်း ရပ်တန့်လိုက်ကြပြီး ကောင်းကင်ပေါ်သို့ အလိုအလျောက် ခေါင်းမော့လိုက်ကြသည်။

ဂုဏ်သိက္ခာကြီးမြတ်သော အသံက မိုးခြိမ်းသံထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အင်မော်တယ်မြို့တော်ရဲ့ စမ်းသပ်မှုက ပြီးဆုံးသွားပြီ… ထိပ်ဆုံးအယောက်(၁၀၀)က အင်မော်တယ်မြို့တော်ဆီ ဝင်ရောက်နိုင်မယ် ”

ထိုအသံ ထွက်ပေါ်လာသည်နှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြသည်။ ထို့နောက် မနာလိုသော အကြည့်များနှင့် မျှော်လင့်သော အကြည့်များအောက်မှာ အရောင်အသွေးစုံလင်သော သက်တံ့များက မိုးသောက်အလင်းထဲမှ ကျဆင်းလာကြသည်။

ရောင်စုံသက်တံ့များက စုစုပေါင်း(၉၉)ခုရှိပြီး မတူညီ‌သော နေရာများထံသို့ ကျဆင်းသွားကြသည်။ ယင်းတို့က ကြယ်စင်စုလေးခုထဲမှာ ပြန့်ကျဲသွားကြပြီး အင်မော်တယ်မြို့တော်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီကြသော ကျင့်ကြံသူများထံသို့ ပျံသန်းသွားကြသည်။

သက်တံ့များက သူတို့၏ အရှေ့သို့ ကျဆင်းလာကြသည်။

ယင်းက လက်ခံခြင်းသက်တံ့ ဖြစ်သည်။

ထိုသက်တံ့က အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ သူတို့တစ်ဘဝလုံး အိမ်မက်မက်နေကြသည့် အင်မော်တယ်မြို့တော်ဆီသို့ ခေါ်ဆောင်ပေးသွားမည့် လမ်းကြောင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ထိုသက်တံ့များ၏ အရှေ့တွင် မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းနှင့် သေခြင်းရှင်ခြင်းကပ်ဘေးများကို ဖြတ်ကျော်ခဲ့ကြသော ထိုကျင့်ကြံသူများက အသက်ရှူမြန်လာကြပြီး နှလုံးတုန်သွားကြသည်။

အတိတ်မှာ သူတို့လုပ်ဆောင်ခဲ့သော အရာမှန်သမျှက ဤအတွက် ဖြစ်သည်။

သူတို့အားလုံးက ခြေထောက်မြှောက်လိုက်ကြပြီး သူတို့၏ အရှေ့မှ သက်တံ့ပေါ်သို့ တတ်လှမ်းလိုက်ကြသည်။

သူတို့က အပေါ်သို့ မြှောက်တတ်တော့မည့်အချိန် လျှပ်စီးက ကောင်းကင်ယံတွင် ထပ်မံ ဝင်းလက်သွားသည်။ ဤတစ်ကြိမ်တွင် အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးက တုန်ယင်သွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့်အောက်တွင် ယခင်သက်တံ့အားလုံးထက် သာလွန်သော ဧရာမသက်တံ့တစ်ခုက ထွက်ပေါ်လာသည်။ သက်တံ့က အရွယ်အစား အလွန်ကြီးမားလေရာ မြစ်ရှည်တစ်စင်းနှင့် မခြားပေ။

ယင်းနှင့် နှိုင်းယှဉ်လျှင် တခြားသက်တံ့များက စမ်းချောင်းမျှသာ ရှိ၏။

မြစ်ရှည်က စူးရှတောက်ပသော အလင်းရောင်နှင့်အတူ ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။

ယင်းက အရှေ့ပိုင်းကြယ်စင်စုထဲမှ ဘုံကိုးဘုံတောင်ပေါ်သို့ ကျဆင်းသွားသည်။

သက်ရှိအားလုံးက ထိတ်လန့်သွားကြသည်။

ရွှီချင်းက မျက်လုံးဖွင့်လိုက်ပြီး သူ၏ အရှေ့မှ ထွန်းလင်းတောက်ပသော လမ်းကြောင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး အရှေ့သို့ ခြေလှမ်းလိုက်သည်။

သူက သက်တံ့ပေါ်သို့ ခြေချလိုက်ပြီး ကောင်းကင်ပေါ်သို့ လျှောက်သွားသည်။

တစ်ချိန်တည်းမှာ တခြားနေရာဒေသများမှ အရည်အချင်းပြည့်မီကြသော ကျင့်ကြံသူများသည်လည်း သက်တံများနှင့်အတူ ကောင်းကင်ပေါ်သို့ ဆန်တတ်သွားကြသည်။

ကောင်းကင်၏ အလွန်တွင်…

အထွတ်အမြတ်ဖြစ်သော အင်မော်တယ်မြို့တော် တည်ရှိသည်။

All Chapters