← Chapters

မင်ယန်စကြာဝဠာ

Vol. 109 Ch. 1669

မင်ယန်စကြာဝဠာ

Vol. 109 Ch. 1669

မင်ယန်စကြာဝဠာက မည်မျှကျယ်ပြောသလဲ…

ရွှီချင်းက ဤစကြာဝဠာ၏ အထွတ်အမြတ်ဦးသျှောင်ဖြစ်သည့်တိုင် ယင်း၏ ဧရိယာအကျယ်အဝန်းအတိအကျကို မဖမ်းဆုပ်နိုင်ပေ။ သူ၏ အတွေးတစ်ချက်က ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြတ်ဖျက်ဆီးပစ်နိုင်သော်လည်း သူ၏ နတ်ဘုရားစိတ်အာရုံက စကြာဝဠာတစ်ခုလုံးကို မဖုံးလွှမ်းနိုင်ပေ။

သို့သော်လည်း ဤစကြာဝဠာဆီသို့ သူတည်နေရာပြောင်းရွှေ့နေစဉ်အတွင်း စကြာဝဠာ၏ အသွင်သဏ္ဍာန်ကို ရေးတေးတေး မြင်နိုင်ခဲ့သည်။

မင်ယန်စကြာဝဠာတစ်ခုလုံးက သိုးထီးတစ်ကောင်၏ ကွေးနေသော ဦးချိုနှစ်ချောင်းနှင့် ဆင်တူသည်။ ထိုဦးချိုနှစ်ချောင်းကို မရေမတွက်နိုင်သော ဂလက်စီများ၊ လှည့်ပတ်နေသော ကြယ်ဝဲကတော့များဖြင့် ဖွဲ့စည်းထားသည်။ ဦးချိုနှစ်ချောင်း၏ အောက်ဘက်တွင် ယင်းတို့က အတူတကွ ပေါင်းစည်းသွားပြီး ပုံစံမကျသော ဘဲဥပုံသဏ္ဍာန်အဖြစ် ဖွဲ့စည်းနေလေရာ ငါးတစ်ကောင်၏ ခန္ဓာကိုယ်နှင့် အနည်းငယ် ဆင်တူပေသည်။

သို့ဖြစ်၍ မင်ယန်စကြာဝဠာ၏ အသွင်သဏ္ဍာန်ကို အလုံးစုံခြုံပြောရလျှင် ၎င်းက ဦးချိုနှစ်ချောင်းရှိသော ဧရာမငါးတစ်ကောင် ဖြစ်သည်။

စကြာဝဠာက အကန့်အသတ်မဲ့စွာ ကျယ်ပြောပြီး အဆုံးမဲ့သည်။ စကြာဝဠာ၏ အတွင်းထဲဝယ် မရေမတွက်နိုင်သော ကြယ်ဂြိုလ်များ၊ ဂလက်စီများ၊ ကြယ်ဝဲကတော့များနှင့် ကြယ်စင်စုများ တည်ရှိကြသည်။ ထို့ပြင် အဆုံးမဲ့သော အလင်းရောင်က ရွှီချင်း၏ အကြည့် ကျရောက်သွားသော နေရာတိုင်းမှာ ထွန်းလင်းတောက်ပကြသည်။

ယင်းတို့က နေလုံးများ ဖြစ်ကြသည်။

တချို့က အသက်ရှိကြပြီး တချို့က သေဆုံးနေကြသည်။

ရွှီချင်း၏ တည်နေရာပြောင်းရွှေ့ခြင်းက တဖြည်းဖြည်း အဆုံးသတ်လာသည်။

ကမ်းစပ်ကိုးခုကောင်းကင်ဘုံမှ အပ်နှင်းပေးခဲ့သော ဤတည်နေရာပြောင်းရွှေ့ခြင်းတုံကင်ထဲမှ အချက်အလက်များနှင့် လုပ်ဆောင်မှုများက ရွှီချင်းကို အံ့ဩမင်သက်စေသည်။ ဤတုံကင်က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကျင့်ကြံခြင်းစနစ်က မည်မျှတိုးတတ်နေကြောင်း ဖော်ပြနေသည်။

ဤတည်နေရာပြောင်းရွှေ့ခြင်းက စကြာဝဠာအများအပြားကို လှည့်ပတ်သွားလာနိုင်စေသည်။ တစ်စုံတစ်ယောက်က ဤတုံကင်ဖြင့်ဆိုလျှင် ကြယ်တာရာကောင်းကင်ထဲမှ သတ်မှတ်ထားသော ဦးတည်ရာဆီသို့ ခြေတစ်လှမ်းတည်းဖြင့် သွားရောက်နိုင်လိမ့်မည်။

ယင်းက အကန့်အသတ်မဲ့သော အကွာအဝေးနှင့် လေဟာနယ်အတားအဆီးများကို လျစ်လျူရှုစေနိုင်သည်။

ယင်းက စကားလုံးများဖြင့် ဖော်ပြနိုင်သောအရာ မဟုတ်ပေ။ သာမန်အသိဉာဏ်ဖြင့် ယင်း၏ နက်နဲရှုပ်ထွေးမှုကို နားမလည်နိုင်ပေ။

“ အဲ့ဒါက ငါ့ကို လူ့အဖွဲ့အစည်းကို ခံစားမိစေတယ်… အဲ့ဒါက အင်မော်တယ်တွေရဲ့ လူ့အဖွဲ့အစည်းပဲ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ မင်ယန်စကြာဝဠာက သူ၏ စိတ်အာရုံထဲမှာ ပိုပြီးကျယ်ပြောသထက် ကျယ်ပြောလာသည်။ တစ်ချိန်တည်းမှာ ရွှီချင်းက ဤစကြာဝဠာ၏ ထူးခြားမှုကို စဉ်းစားလိုက်သည်။

ကမ်းစပ်ကိုးခုအင်မော်တယ်နန်းတော်မှ လမ်းညွှန်အဖိုးအို၏ စကားအရဆိုလျှင် ယင်းကို သူ့ဘာသာ ရှာဖွေရလိမ့်မည်။

သို့သော်လည်း မင်ယန်စကြာဝဠာက ကမ်းစပ်ကိုးခုကောင်းကင်ဘုံအတွင်းမှ ဗျူဟာမြောက်ပြီး တမူထူးခြားသည့် စကြာဝဠာများအနက် တစ်ခုဖြစ်သည်။ သို့ဖြစ်၍ ဤစကြာဝဠာအတွင်းမှ အဆင့်မြင့်သက်ရှိများက မင်ယန်စကြာဝဠာ၏ ဝိသေသလက္ခဏာများကို အနည်းနှင့်အများ သိနားလည်ထားလောက်သည်။

မင်ယန်စကြာဝဠာက သူ၏ မျက်လုံးထဲမှာ ပိုပြီးကြီးမားလာနေသည်နှင့်အမျှ မရေမတွက်နိုင်သော ဂလက်စီများက သူ၏ အရှေ့မှာ မိုးရေစက်များသဖွယ် လွင့်မျောလာကြသည်။ ထို့နောက် သူဆင်းသက်မည့်နေရာကို ရွှီချင်း မြင်သွားသည်။

ယင်းက အင်မော်တယ်နန်းတော်တစ်ခု ဖြစ်သည်။

နန်းတော်ကို အနက်ရောင်ဥက္ကာခဲတစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ နန်းတော်က အလွန်ကြီးမားဟန်ရသော်လည်း အကန့်အသတ်မဲ့စွာ ကျယ်ပြောသော စကြာဝဠာနှင့် နှိုင်းယှဉ်လျှင် ယင်းက သာမန်ကျောက်ခဲတစ်ခုထက် မပိုပေ။

သို့တိုင် ဤစကြာဝဠာထဲတွင် အခွင့်အာဏာနှင့် အဆင့်အတန်းကို အရွယ်အစားဖြင့်ဖြစ်စေ သို့မဟုတ် အသွင်သဏ္ဍာန်ဖြင့်ဖြစ်စေ မတိုင်းတာပေ။

နန်းတော်၏ အရွယ်အစားက သေးငယ်သော်လည်း ယင်းက စကြာဝဠာအတွင်းမှ သက်ရှိအားလုံးကို အမိန့်ပေးစေခိုင်းနိုင်သည်။ လူတိုင်းက ဤနန်းတော်အရှေ့မှာ ဦးညွတ်ရလိမ့်မည်။

ယင်းက မင်ယန်စကြာဝဠာ၏ အခမ်းနားဆုံး အထွတ်အမြတ်တည်ရှိမှု ဖြစ်သည်။

နန်းတော်၏ ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များက ဒူးထောက်လျက် အရိုအသေပေးနေကြသည်။

ပုံရိပ်အများစုက လူသားများနှင့် ဆင်တူသော်လည်း သေချာကြည့်မည်ဆိုလျှင် အနည်းငယ် ကွဲပြားသည်။ ကျန်သက်ရှိများသည်တော့ လုံးဝ မျိုးနွယ်ခြားများ ဖြစ်ကြသည်။

၎င်းတို့ထဲမှာ အလွန်အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် ဧရာမသားရဲတချို့လည်း ရှိကြသည်။

၎င်းတို့၏ အရေအတွက်က အလွန်များပြားပြီး အဆုံးမဲ့စွာ ဆန့်တန်းရှိနေကြသည်။ ၎င်းတို့ထဲမှ အများစုက ဝိညာဉ်စုစည်းခြင်းအဆင့်မှာဖြစ်ပြီး အုပ်ချုပ်သူများလည်း အများကြီး ရှိကြသည်။

၎င်းတို့အားလုံးက ဤမင်ယန်စကြာဝဠာထဲမှ သက်ဆိုင်ရာကြယ်စင်စုများ၏ အရှင်သခင်များ ဖြစ်ကြသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းက အလွန်ကျယ်ပြောပြီး လူသားမျိုးနွယ်က ဤနေရာမှာ အစကတည်းက အရေအတွက်အနည်းဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ကြယ်တာရာစက်ဝန်းက ကျင့်ကြံသူများ၏ လူ့အဖွဲ့အစည်းဖြစ်လာပြီး လူသားမျိုးနွယ်အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့သော်လည်း…

အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော စကြာဝဠာများနှင့် နှိုင်းယှဉ်လျှင် လူသားမျိုးနွယ်က သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်၏။

သို့သော်လည်း ထိုရေတစ်စက်က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဘုရင်ဖြစ်လာပြီး မရေမတွက်နိုင်သော မျိုးနွယ်ခြားများကို အုပ်ချုပ်ထားသည်။

အခြေခံအားဖြင့်ဆိုရသော် မျိုးနွယ်ခြားများ၏ ဘိုးဘေးများက အတိတ်တုန်းက နတ်ဘုရားများ ဖြစ်ကြသည်။

သို့ဖြစ်၍ ၎င်းတို့က နတ်ဘုရားများ၏ တိုက်ရိုက် မျိုးဆက်များ ဖြစ်ကြသည်။

သို့သော်လည်း ယခု ၎င်းတို့က ကျွန်ပြုခံလိုက်ရကြသည်။ ဤနှစ်ပေါင်းများစွာအတွင်းမှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အရှင်သခင်များက ထိုနတ်ဘုရားမျိုးဆက်များပေါ်တွင် သွေးမျိုးဆက်ချိပ်တံဆိပ်ကို အထပ်ထပ် စည်းခတ်ခဲ့ကြသည်။ ထိုနည်းဖြင့် ၎င်းတို့၏ ရှင်သန်မှုက အတင်းအဓမ္မ ကန့်သတ်ခံလိုက်ရသည်။

သွေးမျိုးဆက်ချိပ်တံဆိပ်နှင့်အတူ နောက်ပိုင်းတွင် ၎င်းတို့က လူသားသဘာဝ၏ လွှမ်းမိုးခံလာရပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းရန် အဘက်ဘက်မှ ဖိအားပေးခြင်းခံလာကြရသည်။

သို့သော်လည်း သွေးမျိုးဆက်ချိပ်တံဆိပ်ကြောင့် ၎င်းတို့၏ ပါရမီနှင့် အလားအလာက ကန့်သတ်ခံထားရသည်။ ၎င်းတို့က အမြင့်ဆုံးအနေဖြင့် အုပ်ချုပ်သူအဆင့်ထိသာ တတ်လှမ်းနိုင်ကြသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းက မျိုးနွယ်ခြားများကို အင်မော်တယ်ဖြစ်လာရန် ခွင့်မပြုချေ။

သို့သော်လည်း ချွင်းချက်တစ်ခု ရှိသည်။

အကယ်၍ စစ်ပွဲဗျူဟာအရ မဖြစ်မနေလိုအပ်သော အခြေအနေမျိုးတွင် သွေးမျိုးဆက်ချိပ်တံဆိပ်ကို ဖြေလျှော့ပေးလိမ့်မည်။ ထို့နောက် ၎င်းတို့ကို ရှေ့တန်းစစ်မြေပြင်ဆီသို့ ပို့လွှတ်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းအတွက် စတေးပစ်လိမ့်မည်။

သို့ဖြစ်၍ လက်ရှိ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် မွေးရပ်ဌာနေမှ တတ်လှမ်းလာကြသော ကျင့်ကြံသူများသည် မျိုးနွယ်ခြားများ၏ အရှေ့တွင် အထက်တန်းစားပုဂ္ဂိုလ်များနှင့် မခြားပေ။

ထို့ကြောင့် စကြာဝဠာ၏ အထွတ်အမြတ်ဦးသျှောင်ဖြစ်သော ရွှီချင်း၏ ဆင်းသက်လာမှုက ဤမင်ယန်စကြာဝဠာထဲမှ ကျွန်များကို သူ့အား အရိုအသေလာရောက်ပေးစေခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သည်။

သို့ဖြစ်၍ ကြယ်စင်စုတစ်ခုစီမှ အစွမ်းထက် ပုဂ္ဂိုလ်များ၏ ဒူးထောက်အရိုအသေပေးမှုအောက်မှာ ဥက္ကာခဲမှ ဖန်တီးထားသော အင်မော်တယ်နန်းတော်က နတ်ဘုရားအလင်းရောင်နှင့်အတူ ထွန်းလင်းတောက်ပလာသည်။ ယင်းက ရွှီချင်း၏ တိတ်တဆိတ် ရောက်ရှိလာမှုကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ရောင်စုံအလင်းများက ပင်လယ်ကြီးသဖွယ် ကျယ်ပြန့်သွားပြီး ဘေးပတ်ဝန်းကျင်မှ ကြယ်ဂြိုလ်များကို ဖုံးလွှမ်းသွားသည်။

ကောင်းကင်က တုန်လှုပ်သွားသည့်အခါ သက်ရှိအားလုံးက ကြောက်ရွံ့ရိုသေစွာ ခေါင်းငုံ့လိုက်ကြသည်။

အင်မော်တယ်နန်းတော်၏ ဂိတ်တံခါးက ဖြည်းညင်းစွာ ပွင့်သွားသည်။

ရွှီချင်း၏ ပုံရိပ်က နန်းတော်အပြင်သို့ ထွက်လျှောက်လာသည်။

တည်နေရာပြောင်းရွှေ့နိုင်စွမ်းရှိသော အင်မော်တယ်တုံကင်က ဤအခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ တုံကင်၏ လုပ်နိုင်စွမ်းက တည်နေရာပြောင်းရွှေ့ခြင်းတစ်ခုတည်း မဟုတ်ပေ။ ယင်းထဲမှာ မင်ယန်စကြာဝဠာကို ထိန်းချုပ်နိုင်သော အထွတ်အမြတ် ဩဇာအာဏာလည်း ရှိသည်။

အင်မော်တယ်နန်းတော် အသက်ဝင်လာသည့်အခိုက် ကြယ်ဂြိုလ်များက တစ်ပြိုင်နက် တုန်ယင်သွားကြပြီး မရေမတွက်နိုင်သော ကြယ်စင်စုများက တစ်ညီတစ်ညာတည်း လှုပ်ခါသွားကြသည်။ ဤသည်မှာ စကြာဝဠာတစ်ခုလုံးက ၎င်းအရှင်သခင်၏ ရောက်ရှိလာမှုကို တုံ့ပြန်နေသည့်အလားပင်။

အင်မော်တယ်နန်းတော်၏ ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော မျိုးနွယ်ခြားများက တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။

“ အရှင်သခင်ကို နှုတ်ဆက်ပါတယ် ”

“ အရှင်သခင်ကို နှုတ်ဆက်ပါတယ် ”

“ အရှင်သခင်ကို နှုတ်ဆက်ပါတယ် ”

အသံလှိုင်းများက အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားပြီး အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာ ဆက်တိုက် ပေါက်ကွဲသွားသည်။

အသံလှိုင်းများထဲတွင် အရှေ့တစ်ခုထက် နောက်တစ်ခုက ပိုပြီးအရှိန်အဟုန်ပြင်းထန်လေရာ ယင်းတို့က သက်ရှိအားလုံး၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေရန် လုံလောက်သည်။

ရွှီချင်းက အေးဆေးတည်ငြိမ်စွာ ရှိနေသည်။

သူက နန်းတော်အပြင်ဘက်မှာ ရပ်နေရင်း မျက်လုံးမှိတ်လိုက်သည်။

ဤနေရာသို့ သူရောက်လာပြီး အင်မော်တယ်နန်းတော်၏ ဂိတ်တံခါးက ဖွင့်လှစ်သွားကာ တုံကင်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည့်အခိုက် မင်ယန်စကြာဝဠာက သူ့ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုလိုက်သည်။

ထိုအသိအမှတ်ပြုမှုကြောင့် ယခု စကြာဝဠာတစ်ခုလုံးက သူ၏ လက်ခုပ်ထဲသို့ ကျရောက်သွားသည်။

ထို့နောက် အတွေးတစ်ချက်နှင့်အတူ ရွှီချင်း၏ တည်ရှိမှုအရှိန်အဝါက ဒီရေလှိုင်းသဖွယ် အပြင်သို့ ပျံ့နှံ့ထွက်လာပြီး ကြယ်စင်စုများ၊ ဂလက်စီများနှင့် ကြယ်ဂြိုလ်အားလုံးကို ဖုံးလွှမ်းသွားသည်။

သူ၏ စိတ်အာရုံထဲတွင် အလွန်သိပ်သည်းသော အင်မော်တယ်စွမ်းအင်က လေထဲမှာ ပြည့်နှက်နေပြီး နေရာတိုင်းမှာ တည်ရှိနေသည်။

စွမ်းအင်တစ်စိတ်တစ်ပိုင်းက မရေမတွက်နိုင်သော ကြယ်ဂြိုလ်များထံမှ ထွက်ပေါ်နေပြီး တခြားစွမ်းအင်တစ်စိတ်တစ်ပိုင်းက ဤနေရာမှ သက်ရှိများထံမှ ထွက်ပေါ်နေသည်။ ဤသည်မှာ ၎င်းတို့ထံမှ အနှစ်သာရက အင်မော်တယ်စွမ်းအင်၏ ကြယ်ဝမှုကို ထောက်ပံ့ပေးထားသည့်အလားပင်။

ယင်းက စကြာဝဠာတစ်ခုလုံးကို အသုံးပြု၍ ကောင်းကင်အရွေးချယ်ခံတစ်ယောက်ကို ပျိုးထောင်ပေးခြင်း ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။

နတ်ဘုရားစိတ်အာရုံကို သူပြန်ရုပ်သိမ်းလိုက်သည့်အခါ ပုံရိပ်တစ်ထောင်က အင်မော်တယ်နန်းတော်ကို ဝန်းရံထားကြသော မျိုးနွယ်ခြားလူအုပ်ကြီးထဲမှ ပျံသန်းထွက်လာကြသည်။ ၎င်းတို့က ရွှီချင်း၏ အရှေ့ဆီသို့ ရောက်လာကြပြီးနောက် ဒူးထောက်လိုက်ကြပြီး ရိုသေလေးစားစွာ ပြောကြသည်။

“ အရှင်သခင်… မင်ယန်စကြာဝဠာထဲမှာ ကြယ်အဖွဲ့အစည်း ခုနစ်ရာကွာဒရီလီယံနီးပါး ရှိပါတယ်… ကြယ်အဖွဲ့အစည်းတစ်ခုစီမှာ… ”

( ဘာသာပြန်သူရဲ့ မှတ်ချက်: ကွာဒရီလီယံရဲ့ အရေအတွက်က တစ်ရဲ့ အနောက်မှာ သုညဆယ့်ငါးလုံးရှိပါတယ် )

“ အရှင်သခင်… မင်ယန်စကြာဝဠာထဲမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုအရေအတွက်ကတော့… ”

“ အရှင်သခင်… မင်ယန်စကြာဝဠာထဲက မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေထဲမှာ နာမည်အကျော်ကြားဆုံးက ယန်မင်ရည်ဖြစ်ပါတယ် ”

“ အရှင်သခင်… မင်ယန်စကြာဝဠာထဲမှာ လျှို့ဝှက်နယ်မြေတွေနဲ့ ရတနာကုန်းမြေတွေ အများကြီး ရှိပါတယ်… အဲ့ဒါတွေကတော့… ”

၎င်းတို့က တစ်ယောက်ပြီးတစ်ယောက် ရွှီချင်းကို သတင်းအချက်အလက်များ တင်ပြကြသည်။ ထိုထဲမှာ စကြာဝဠာ၏ ဖွဲ့စည်းပုံနှင့် အရင်းအမြစ်များအကြောင်း အသေးစိတ် ပါဝင်သည်။

ရွှီချင်းက ၎င်းတို့၏ တင်ပြမှုကို နားထောင်နေရင်း ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး အဝေးတစ်နေရာဆီသို့ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက မျိုးနွယ်ခြားကျင့်ကြံသူများ၏ တင်ပြမှုကို ကြားဖြတ်ဝင်ပြောလိုက်သည်။

“ အဲ့ဒီဘက်မှာ ကျင့်ကြံသူတစ်ယောက်ရှိတယ်… အဲ့ဒါ ဘယ်သူလဲ ”

သူ၏ အကြည့်က ငါးပုံသဏ္ဍာန်ရှိသော မင်ယန်စကြာဝဠာ၏ အပေါ်ဘက်ရှိ ဦးချိုနှစ်ချောင်းဆုံမှတ်နေရာဆီသို့ ကျရောက်သွားသည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံထဲတွင် စကြာဝဠာတစ်ခုလုံး၌ ထိုနေရာတစ်ခုတည်းကသာ အမှောင်ဖုံးလွှမ်းနေသည်။ ထိုနေရာ၏ လေဟာနယ်က ပြင်ပစိတ်အာရုံများ၏ ဝင်ရောက်မှုကို တားဆီးထားပြီး အလွန်အားကောင်းသော သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုနေရာက အာကာသတွင်းနက်တစ်ခုနှင့် ဆင်တူပြီး အရာအားလုံးကို ဝါးမျိုပစ်နိုင်ဟန် ရ၏။

အနီးကပ် သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ၎င်းက ဖော်မပြနိုင်အောင် အရွယ်အစားကြီးမားသော အနက်ရောင်နေလုံးနှင့် ဆင်တူသည်။ ထို့ပြင် နေလုံးက အလင်းရောင်နှင့် မီးတောက်ကို ထုတ်လွှတ်နေသည်။

သို့ဖြစ်၍ ၎င်းက အလွန်ထူးခြားသည်။

အစောနက သူ၏ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်ခုက ထိုနေရာဆီသို့ ရောက်ရှိသွားစဉ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြတ်တောက်လိုက်သည်မှာ အာကာသတွင်းနက်နှင့်ဆင်တူသော သို့မဟုတ် အနက်ရောင်နေလုံးနှင့်ဆင်တူသောအရာ မဟုတ်ပေ။ ယင်းအစား ၎င်း၏ အစွန်အဖျားမှာ ထိုင်နေသော ပုံရိပ်တစ်ခု ဖြစ်သည်။

ထိုပုံရိပ်က ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံကို လွှမ်းမိုးဖိနှိပ်စွာ အပိုင်းပိုင်း ခြေမွဖျက်ဆီးပစ်ခဲ့သည်။

…..

ဤအခိုက်အတန့်မှာ အင်မော်တယ်နန်းတော်၏ ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ခြားကျင့်ကြံသူများက ရွှီချင်း၏ စကားကို ကြားသောအခါ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တုံ့ဆိုင်းသွားကြသည်။

တစ်ခဏကြာပြီးနောက် ၎င်းတို့ထဲမှ တစ်ယောက်က တိုးညင်းစွာ ပြောသည်။

“ အရှင်သခင်… အဲ့ဒါက မင်ရည်ကန်ပါ… အဲ့ဒါက မင်ယန်စကြာဝဠာထဲမှာ ပထမဆုံးမွေးဖွားလာတဲ့ ရှေးဟောင်းနေလုံး မီးငြိမ်းသတ်သွားပြီးနောက် ဖွဲ့စည်းသွားခဲ့တဲ့ ရေကန်ပါ… အဲ့ဒီနောက် ရေကန်က ကန့်သတ်ဧရိယာတစ်ခုဖြစ်လာပြီး အင်မော်တယ်နန်းတော်ရဲ့ အကြွင်းအကျန် ဖြစ်လာပါတယ်… ကျွန်တော်တို့က အဲ့ဒီနားကို ချဉ်းကပ်မသွားဖို့ တားမြစ်ခံထားရပါတယ် ”

“ ရေကန်ထဲက ပုဂ္ဂိုလ်ကတော့… ”

ထိုနေရာသို့ ရောက်သည့်အခါ မျိုးနွယ်ခြားကျင့်ကြံသူက ပိုပြီးတုံ့ဆိုင်းသွားသည်။

ရွှီချင်းက ထိုလူကို စူးစိုက်ကြည့်လိုက်သည်။

မျိုးနွယ်ခြားကျင့်ကြံသူက ချက်ချင်း ခေါင်းငုံ့လိုက်သည်။

“ အဲ့ဒါ အရှင်ခွန်းဝူပါ… အရှင်ခွန်းဝူက အရှင်သခင်လိုပဲ လူသားမျိုးနွယ်ဝင်ပါ… အရှင်သခင်မရောက်လာခင်မှာ အရှင်ခွန်းဝူက မင်ယန်စကြာဝဠာရဲ့ အရှင်သခင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်… သူတစ်ယောက်တည်းပဲ အင်မော်တယ်နန်းတော်ထဲက ကန့်သတ်ဧရိယာထဲမှာ ကျင့်ကြံခွင့်ရှိပါတယ် ”

“ အရှင်သခင်အဖြစ် ဆောင်ရွက်တယ် ဟုတ်လား ”

ရွှီချင်း၏ အကြည့်က အေးစက်သွားသည်။

( ဘာသာပြန်သူ၏ မှတ်ချက်: အခန်း(၁၆၇၀)နဲ့ (၁၆၇၁)က အတူတူပါပဲ… အဲ့ဒါကြောင့် နောက်တစ်ပိုင်းကို (၁၆၇၁)ရေးပါမယ် )

All Chapters