အနှစ်သုံးရာ ငါအသုံးပြုမယ်(က)
Vol. 109 Ch. 1671
‘ အရှင်သခင် ’အဖြစ် ဆောင်ရွက်သည်ဟူသော အသုံးအနှုန်းက မင်ယန်စကြာဝဠာအား အုပ်ချုပ်ခွင့်အာဏာကို ပိုင်ဆိုင်ထားသည်ဟု အဓိပ္ပာယ်ရသည်။
လူသားတစ်ယောက်ဖြစ်ပြီး ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးအနေဖြင့် ယင်းက သူနှင့် သင့်တော်ပေသည်။
“ အရှင်သခင်… အရှင့်ရဲ့ သရုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အနည်းအကျဉ်း ခန့်မှန်းထားကြပါတယ်… ကမ်းစပ်ကိုးခုအင်မော်တယ်နန်းတော်က ဒီစကြာဝဠာအပေါ် အရှင်ဆင်းသက်နိုင်အောင် စီစဉ်ပေးခဲ့ပြီး ဒီနေရာကို အရှင့်ရဲ့ ကျင့်ကြံခြင်းဂူဗိမာန်အဖြစ် ချက်ချင်း သတ်မှတ်စေခဲ့ပါတယ်… ”
အင်မော်တယ်နန်းတော်၏ အရှေ့တွင် နဖူးပေါ်၌ တတိယမြောက်မျက်လုံးရှိသော အကြီးအကဲတစ်ယောက်က ရွှီချင်းကို လေးနက်စွာ အရိုအသေပေးလိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ ဒီလိုအဖြစ်အပျက်မျိုးတွေက လူသားမျိုးနွယ်ရဲ့ တိုက်ရိုက် မျိုးဆက်တွေ အင်မော်တယ်မြို့တော်ဆီ တတ်လှမ်းလာကြတဲ့ အချိန်အခါမျိုးမှာပဲ ဖြစ်ပေါ်တတ်ပါတယ် ”
“ ဒါကြောင့် အရှင်က အင်မော်တယ်မြို့တော်ဆီ တတ်လှမ်းလာတဲ့ ဒီတစ်ခေါက်အသုတ်ထဲက တတ်လှမ်းသူတစ်ယောက်ဖြစ်မယ်လို့ ကျွန်တော် ထင်မိပါတယ် ”
“ အရှင်ခွန်းဝူကျတော့… သူက အရှင့်လိုပါပဲ… သူက အရင်တစ်ခေါက်အသုတ်ရဲ့ အင်မော်တယ်မြို့တော်ဆီ တတ်လှမ်းလာသူတွေထဲက တစ်ယောက်ပါ… သူ့မှာလည်း သူ့ကိုယ်ပိုင် စကြာဝဠာရှိပါတယ်… ဒါပေမဲ့ ဒီနေရာက သူ့ရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်စေတဲ့ပုံပါပဲ ”
“ အဲ့ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ဒီကို သူရောက်လာပြီးနောက် ပြန်မထွက်သွားတော့ပါဘူး… ”
“ သူက လူသားတစ်ယောက်ဖြစ်တယ်… ပြီးတော့ ကမ်းစပ်ကိုးခုကောင်းကင်ဘုံက အရမ်းကျယ်ပြောပါတယ်… ”
ထိုနေရာသို့ ရောက်သည့်အခါ အဖိုးအိုက ဥက္ကာခဲအင်မော်တယ်နန်းတော်ပေါ်မှာ ရပ်နေသော ရွှီချင်းကို တစ်ချက်ကြည့်လိုက်သည်။
“ ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှာ အရှင်သခင်မရှိသေးတဲ့ စကြာဝဠာတွေကို ပိုင်ရှင်မဲ့နယ်မြေအဖြစ် သတ်မှတ်ကြပါတယ်… ရံဖန်ရံခါ လူသားကျင့်ကြံသူတွေနဲ့ တခြားလူတွေက အဲ့ဒီလိုစကြာဝဠာတွေထဲမှာ ဝင်ရောက်ကျင့်ကြံကြလေ့ရှိပါတယ် ”
“ မင်ယန်စကြာဝဠာဆီ အရင်ဆုံး ရောက်လာတဲ့လူက အရှင်ခွန်းဝူပါ… ဒါကြောင့် တခြားလူသားတွေက ဒီစကြာဝဠာကို မသိမ်းပိုက်နိုင်ခဲ့ကြပါဘူး… ဒါ့အပြင် လွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်းမှာ ပြင်ပကျင့်ကြံသူတွေက အရှင်ခွန်းဝူရဲ့ မောင်းထုတ်ခံခဲ့ရပါတယ် ”
အဖိုးအိုက စကားကို ဂရုတစိုက် ပြောသည်။ သူက သူ့အရှေ့မှ ပုဂ္ဂိုလ်ကိုရော အရှင်ခွန်းဝူကိုရော မဆန့်ကျင်ချင်ပေ။ ထို့ကြောင့် သူက ကြားနေစကားကိုသာ ပြောသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူက နက်နဲစွာ တွေးတောလိုက်သည်။
“ ဒီတော့ တစ်နည်းပြောရရင်… အရှင်သခင်အဖြစ် ဆောင်ရွက်တယ်ဆိုတာက ပြယုဂ်သက်သက်ပဲပေါ့… သူ့မှာ တကယ့် အုပ်ချုပ်ခွင့်အာဏာ မရှိဘူး ”
အဖိုးအိုက တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ ဟုတ်ပါတယ် ”
“ မင်ယန်စကြာဝဠာရဲ့ အင်မော်တယ်နန်းတော်ထဲမှာ အရှင်သခင်တစ်ပါး မရှိနေခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ… အဲ့ဒီရာထူးက လစ်ဟနေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဒီပုံစံအတိုင်း ဆက်သွားနေခဲ့ပါတယ်… ဒါကြောင့် ပြီးခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ လူတိုင်းက အရှင်ခွန်းဝူရဲ့ အစီအစဉ်တွေကို ရိုးရှင်းစွာ လိုက်နာခဲ့ကြပါတယ် ”
ထိုသို့ပြောပြီးနောက် အဖိုးအိုက ခါးသီးစွာ ပြုံးလိုက်သည်။
“ တကယ်တော့… ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှာ စကြာဝဠာတွေ အများကြီး ရှိပါတယ်… တတ်လှမ်းသူတိုင်းကို စကြာဝဠာတစ်ခုစီ ဆုလာဘ်ပေးမယ်ဆိုရင်တောင် မင်ယန်စကြာဝဠာကို ဆုလာဘ်အဖြစ်ပေးမယ့် ဖြစ်နိုင်ခြေက မရှိသလောက် နည်းပါတယ် ”
“ ဒါကြောင့် အရှင်ရောက်လာတာကို ကျွန်တော်တို့အားလုံး အံ့ဩနေကြတာပါ… အရှင်ခွန်းဝူလည်းပဲ အံ့ဩနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ”
ရွှီချင်း၏ အကြည့်က တဖြည်းဖြည်း အေးစက်သွားသည်။
ဤအခိုက်အတန့်မှာ သူက ကမ်းစပ်ကိုးခုကောင်းကင်ဘုံမှ ထုတ်ပြန်မကြေညာထားသော စည်းမျဉ်းတချို့ကို နားလည်သဘောပေါက်သွားသည်။
ကမ်းစပ်ကိုးခုကောင်းကင်ဘုံက အလွန်ကျယ်ပြောပြီး ကောင်းကင်ဘုံအတွင်း၌ မရေမတွက်နိုင်သော စကြာဝဠာများ ရှိကြသည်။ သို့ဖြစ်၍ စကြာဝဠာတိုင်းတွင် စည်းမျဉ်းဥပဒေများ ထုတ်ပြန်ထားရန် မည်သို့ဖြစ်နိုင်မည်နည်း။ ရလဒ်အနေဖြင့် ပိုင်ရှင်မဲ့စကြာဝဠာအများအပြား ထွက်ပေါ်လာကြသည်။
ထိုပိုင်ရှင်မဲ့စကြာဝဠာများက ထုံးစံအားဖြင့် လူအများအပြား၏ ပစ်မှတ်များ ဖြစ်လာကြသည်။ တစ်စုံတစ်ယောက်က ထိုစကြာဝဠာများထဲသို့ ဝင်ရောက်ပြီး ၎င်းတို့၏ လူသားဟူသော သရုပ်အဆင့်အတန်းကို အသုံးပြု၍ လွတ်လပ်စွာ နေထိုင်နိုင်ကြသည်။
“ အဲ့ဒါကို ကမ်းစပ်ကိုးခုအင်မော်တယ်နန်းတော်က မသိချင်ယောင်ဆောင်ပြီး တမင်ခွင့်ပြုပေးထားတာ ဖြစ်ရမယ်… ဘာကြောင့်လဲဆိုတော့ အမှတ်ငါးကြယ်တာရာစက်ဝန်းက အသန်မာဆုံးလူတွေကို ရွေးထုတ်ဖို့ အချင်းချင်း ယှဉ်ပြိုင်စေတဲ့ နည်းလမ်းကို သဘောကျလို့ပဲ ”
“ အဲ့ဒါက သဘာဝအလျောက် ရွေးထုတ်ခြင်းပဲ ”
ရွှီချင်း၏ အကြည့်က တမူထူးခြားသော မင်ရည်ကန်ဧရိယာဆီသို့ ကျရောက်သွားသည်။
“ ဒါပေမဲ့ ဒီက မျိုးနွယ်ခြားအားလုံးက ငါရောက်လာမှာကို သိထားကြတယ်… အဲ့ဒီတော့ ငါရောက်လာမှာကို အဲ့ဒီလူ မသိထားဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ”
“ သူက အဲ့ဒါကို သိထားရက်နဲ့ မထွက်သွားတဲ့အပြင် ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံကိုတောင် ခြေမွဖျက်ဆီးပစ်ခဲ့တယ်… အဲ့ဒါက ငါ့ကို မကြိုဆိုတဲ့ သဘောပဲ ”
“ သူက ကြိုဆိုဖို့ မကောင်းတဲ့ ဧည့်သည်ဆိုမှတော့ ငါသူ့ကို အဝေးမောင်းထုတ်ပစ်မယ် ”
ရွှီချင်း၏ နှလုံးက အေးဆေးတည်ငြိမ်သည်။ သူက ဒူးထောက်နေကြသော ကျင့်ကြံသူများကို လျစ်လျူရှုလိုက်ပြီး အင်မော်တယ်နန်းတော်၏ အပြင်ဘက်သို့ လျှောက်သွားသည်။ သူက ခြေတစ်လှမ်းနှင့်အတူ ကြယ်တာရာကောင်းကင်ပေါ်မှာ ရပ်လိုက်သည်။
အချိန်လေဟာနယ်လှိုင်းက သူ၏ ခြေဖဝါးအောက်မှာ ထွက်ပေါ်လာသည်နှင့် သူ၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်က တအိအိလှုပ်ခတ်သွားသည်။
ရွှီချင်းက အချိန်လေဟာနယ်ပေါ်မှာ ခြေချလိုက်သည်။ ဤနေရာမှ မျိုးနွယ်ခြားခေါင်းဆောင်အသီးသီး၏ အံ့ဩထိတ်လန့်သော အကြည့်များအောက်မှာ သူ၏ နတ်ဘုရားစိတ်အာရုံက ကြားခံနယ်ဖြစ်လာပြီး မင်ယန်စကြာဝဠာထဲမှ အချိန်လေဟာနယ်ချည်မျှင်များကို ဆွဲထုတ်လိုက်သည်။
ဝှစ်…
သူက ချက်ချင်း ပျောက်ကွယ်သွားသည်။
ရွှီချင်း ထွက်ခွာသွားပြီဖြစ်သော်လည်း အင်မော်တယ်နန်းတော်၏ ဘေးပတ်ပတ်လည်မှာ ဒူးထောက်နေကြသော ကျင့်ကြံသူများသည်တော့ မုန်တိုင်းတစ်ခုက ၎င်းတို့၏ စိတ်ထဲမှာ ဝုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲသွားဟန် ရ၏။ ၎င်းတို့အားလုံးက မယုံကြည်နိုင်မှုနှင့်အတူ အံ့ဩထိတ်လန့်သွားကြသည်။
အထူးသဖြင့် အထွတ်အထိပ်အဆင့် အုပ်ချုပ်သူများ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့က အသိစိတ်ဟာလာဟင်းလင်း ဖြစ်သွားကြသည်။
၎င်းတို့က သာမန်သက်ရှိများ မဟုတ်ကြချေ။ အမှန်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကန့်သတ်ချက်များကြောင့်မဟုတ်လျှင် ၎င်းတို့က အစောကြီးကတည်းက အင်မော်တယ်များ ဖြစ်လာကြပြီ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ဆီမှာ သာလွန်ထူးခြားသော အမြင်များ ရှိကြသည်။
၎င်းတို့၏ အသိဉာဏ်ဗဟုသုတက ပိုပြီးကျယ်ပြောလေ ဤအခိုက်အတန့်မှာ ၎င်းတို့က ပိုပြီးအံ့ဩသွားလေ ဖြစ်သည်။
“ အချိန်လေဟာနယ်လား ”
“ အရှင်သခင်ရဲ့ အာဏာစက်က တကယ် အချိန်လေဟာနယ်ပဲ ”
“ အရှင့်ရဲ့ ကျင့်ကြံခြင်းက အုပ်ချုပ်သူအဆင့်ဖြစ်ပြီး အင်မော်တယ်သန္ဓေသားလောင်းက အစစ်အမှန်ရဲ့ ပုံရိပ်ယောင်အဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ စောစောက သူထုတ်လွှတ်လိုက်တဲ့ အရှိန်အဝါက သေချာပေါက် အုပ်ချုပ်သူနယ်ပယ်မှာ မဟုတ်ဘူး ”
“ ဒီပုဂ္ဂိုလ်… ဒီတစ်ခေါက်အသုတ်မှာ သူ့ရဲ့ အဆင့်က ဘယ်လောက်လဲ မသိဘူး ”
မျိုးနွယ်ခြားကျင့်ကြံသူများက နှလုံးတုန်နေကြစဉ် ငါး၏ ဦးချိုနှစ်ချောင်းဆုံမှတ်နေရာ၌…
ထိုဧရိယာက အာကာသတွင်းနက် သို့မဟုတ် အနက်ရောင်နေလုံးနှင့် ဆင်တူသည်။
ဤအခိုက်အတန့်မှာ သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်က ထိုနေရာမှာ တင်ပျဉ်ခွေထိုင်နေသည်။
သူ၏ အမူအရာက အေးစက်ပြီး ခံစားချက်ကင်းမဲ့သည်။ သူက ခမ်းနားတောက်ပသော တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားသည်။ လေတိုးဝှေ့နေစဉ် သူ၏ အပြာရောင်ဆံပင်ရှည်က တဖျပ်ဖျပ်လွင့်မျောသွားသည်။ ဤအခိုက်အတန့်မှာ သူက မျက်လုံးမှိတ်ထားသည်။
သူ၏ လက်ထဲတွင် ငါးမျှားတံကို ကိုင်ထားသည်။ သူက တည်ငြိမ်စွာ ငါးမျှားနေစဉ် ငါးမျှားကြိုးက သူ့အရှေ့မှ အာကာသတွင်းနက်နှင့်ဆင်တူသော ချောက်နက်ထဲသို့ ဆန့်တန်းနေသည်။
နောက်အခိုက်အတန့်မှာ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ အဝေးမှ ကောင်းကင်သို့ ကြည့်လိုက်သည်။
သူကြည့်လိုက်သည်နှင့်ချက်ချင်း ကြယ်တာရာကောင်းကင်က လှိုင်းအတွန့်တွန့်ထသွားသည်။
ဤသည်မှာ ဟင်းလင်းပြင်က အကြိမ်ပေါင်းများစွာ ခေါက်ချိုးထားသော စက္ကူအပိုင်းအစအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ ထို့နောက် ယင်းက ဂိတ်တံခါးတစ်ခု ဖြစ်လာပြီး ရွှီချင်း၏ ပုံရိပ်က အထဲမှ ထွက်လျှောက်လာသည်။
ရွှီချင်းက မထူးမခြားနားအမူအရာဖြင့် ထွက်ပေါ်လာသည်။ သူ၏ အကြည့်က ငါးမျှားနေသော သက်လတ်ပိုင်းကျင့်ကြံသူပေါ်သို့ ကျရောက်သွားသည်။ ထိုမှတဖန် သူက အကြည့်ရွှေ့ပြောင်းလိုက်ပြီး ငါးမျှားကြိုးဆန့်တန်းနေသော မင်ရည်ကန်ထဲမှ အာကာသတွင်းနက်ကို ကြည့်လိုက်သည်။
အလိပ်လိပ် တွန့်နေသော သူ၏ အနောက်မှ ကြယ်တာရာကောင်းကင်က ပုံမှန်ပြန်ဖြစ်သွားသည်။
“ မူလအနှစ်သာရလား ”
ရွှီချင်း၏ အကြည့်က ပိုပြီးအေးစက်သွားသည်။
အစောနက သူစေလွှတ်လိုက်သော နတ်ဘုရားစိတ်အာရုံအမျှင်တန်းက မြန်ဆန်စွာ ခြေမွဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် သူ၏ စိတ်အာရုံက မဖိတ်ခေါ်သော ဧည့်သည်ပေါ်မှာသာ ရှိနေသောကြောင့် မင်ရည်ကန်ထဲမှ အာကာသတွင်းနက်၏ ထူးခြားမှုကို သတိမထားမိခဲ့ပေ။
ယခု ဤနေရာသို့ သူကိုယ်တိုင်ရောက်လာပြီး ယင်းကို အာရုံခံကြည့်လိုက်သည့်အခါ အာကာသတွင်းနက်ထဲတွင် မူလအနှစ်သာရက အမှန်တကယ် ရှိနေသည်။
မင်ရည်ကန်၏ ထူးခြားမှုကြောင့်လော သို့မဟုတ် အာကာသတွင်းနက်၏ စုပ်ယူအားကြောင့်လော သူမသေချာသော်လည်း တွင်းနက်ထဲမှ မူလအနှစ်သာရက အပြင်သို့ မပေါ်လျှိုးလာနိုင်ချေ။ သို့ဖြစ်၍ ယင်းကို ငါးမျှားခြင်းနည်းလမ်းဖြင့်သာ ဆွဲထုတ်နိုင်သည်။
သို့တိုင် ယင်းက ရွှီချင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ဆဲပင်။