မောင်လေးက အရမ်းဆိုးတာပဲ
Vol. 109 Ch. 1674
အချိန်က ထိုသို့ဖြင့် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲတွင်တော့ တစ်လကုန်ဆုံးသွားသည်။
‘ တစ်လ ’ဟူသော အချိန်က ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲမှ စကြာဝဠာများနှင့်သာ သက်ဆိုင်သည်။ ယင်းက သီးခြားတည်ရှိနေသော ကြယ်စင်စုများ၊ ကြယ်ဝဲကတော့များ၊ ကြယ်အဖွဲ့အစည်းများနှင့် မသက်ဆိုင်ပေ။
အမှန်မှာ အကန့်အသတ်မဲ့ ကမ်းစပ်ကိုးခုကောင်းကင်ဘုံထဲတွင် မရေမတွက်နိုင်သော စကြာဝဠာများ တည်ရှိကြပြီး အချိန်စီးဆင်းပုံက စကြာဝဠာတစ်ခုနှင့်တစ်ခု မတူညီကြပေ။ ၎င်းတို့၏ နယ်မြေအတွင်းမှ အဖွဲ့အစည်းများနှင့် မျိုးနွယ်စုများသည် ၎င်းတို့၏ တမူထူးခြားသော ယဉ်ကျေးမှုဓလေ့များပေါ်မူတည်၍ အချိန်ကို မှတ်သားထားကြသည်။
သို့သော်လည်း ယင်းက အရေးမကြီးပေ။
ကမ်းစပ်ကိုးခုကောင်းကင်ဘုံအတွင်းမှ မည်သည့်မျိုးနွယ်စုမဆို အချိန်ကို တိုင်းတာရန် အပြိုင်စနစ်များကို လိုက်နာရလိမ့်မည်။
၎င်းတို့၏ ကိုယ်ပိုင်ကြယ်မှ အချိန်စီးဆင်းမှုအပြင် ၎င်းတို့၏ ကြယ်ဖွဲ့စည်းပုံနှင့် လည်ပတ်မှုများကိုလည်း မှတ်သားရလိမ့်မည်။
မျိုးနွယ်စုက ပိုပြီးအင်အားကြီးမားသည်နှင့်အမျှ ကြယ်ဝဲကတော့များ၊ ကြယ်စင်စုများနှင့် စကြာဝဠာများ၏ အချိန်အတိုင်းအတာများကိုပင် ထိတွေ့နိုင်လိမ့်မည်။
သို့ဖြစ်၍ ရွှီချင်းက မင်ရည်ကန်ထဲမှာ တစ်လနေထိုင်ခဲ့စဉ် မရေမတွက်နိုင်သော ကြယ်ဂြိုလ်များပေါ်မှ သက်ရှိများအတွက်တော့ ဆယ်စုနှစ်တစ်ခု သို့မဟုတ် ရာစုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့သည်။
အချိန်လည်ပတ်မှုက ပိုပြီးမြန်ဆန်လေ ၎င်းတို့၏ ကြယ်ဖွဲ့စည်းပုံက ပိုပြီးသေးငယ်လေ ဖြစ်သည်။ ထိုသို့ကြယ်ဂြိုလ်များတွင် ထုံးစံအားဖြင့် ဥပဒေသများက မပြည့်စုံပေ။ ထို့ပြင် နိယာမများက တကွဲတပြားဖြစ်နေပြီး အင်မော်တယ်စွမ်းအင်များက အလွန်ရှားပါးသည်။
ထိုကဲ့သို့ပင် အချိန်လည်ပတ်မှု နှေးကွေးသော နယ်မြေများတွင် နေထိုင်ကြသူများ၏ ဝိညာဉ်၊ သွေးမျိုးဆက်နှင့် ကမ္မချည်နှောင်မှုထဲတွင်လည်း ရံဖန်ရံခါ အပြစ်အနာအဆာများ ရှိနေတတ်သည်။
နှစ်ပေါင်းတစ်ရာကြာသွားလျှင်ပင် ၎င်းတို့၏ တိုးတတ်မှုက လုံးဝ နှေးကွေးနေလိမ့်မည်။
တစ်နည်းဆိုရလျှင် ထိုသို့သဘာဝလွန် အဖြစ်အပျက်က သာတူညီမျှမှုနှင့် ဟန်ချက်ညီမှုကို ဖြစ်ပေါ်စေသည်။
မင်ရည်ကန်ထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး ခွန်းဝူကဲ့သို့ ငါးမျှားနေသော ရွှီချင်းက ယင်းကို ရှင်းလင်းစွာ အာရုံခံမိသည်။
ဤတစ်လအတွင်းမှာ အချိန်လေဟာနယ်အာဏာစက်မှတဆင့် ဤစကြာဝဠာ၏ လည်ပတ်မှုကို ပိုပြီးကောင်းမွန်စွာ သူနားလည်သွားသည်။
တစ်ချိန်တည်းမှာ သူက အာကာသတွင်းနက်ထဲသို့ ဝင်ရောက်ရန်လည်း ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း တွင်းနက်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော တွန်းကန်အားဖြင့် သူမရင်ဆိုင်ရခင် အနက်ပေတစ်ရာအောက်သာ ဆင်းသက်နိုင်ခဲ့သည်။
သို့သော်လည်း သူက ဤဧရိယာမှ မထွက်သွားခဲ့ပေ။ ယင်းအစား သူက အာကာသတွင်းနက်၏ အပြင်ဘက်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ငါးမျှားခြင်းမှတဆင့် တွင်းနက်ကို စူးစမ်းလိုက်သည်။
သူ၏ နတ်ဘုရားစိတ်အာရုံက အကွာအဝေးတစ်ခုထိသာ ထိုးဖောက်နိုင်လေရာ အာကာသတွင်းနက်ထဲမှ မူလအနှစ်သာရကို ဆွဲထုတ်ရန် ခက်ခဲနေသည်။ ဤသည်မှာ သူ၏ အရှေ့တွင် ရတနာတောင်ရှိနေသော်လည်း ယင်းကို မရယူနိုင်သည့်အလားပင်။
သို့တိုင် ဤနေရာမှာ သူကျင့်ကြံသည့်အခါ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက တခြားနေရာများမှာ ကျင့်ကြံခြင်းထက် မြန်ဆန်စွာ ကြီးထွားလာနေကြောင်း ရွှီချင်း သတိထားမိသည်။
“ မူလအနှစ်သာရက အပြင်ကို မပေါ်ထွက်လာနိုင်ပေမဲ့ လေထဲမှာ စိမ့်ဝင်နေတဲ့ အကြွင်းအကျန်တချို့က ဒီပတ်ဝန်းကျင်ကို ကျင့်ကြံဖို့အတွက် အထူးသင့်တော်စေတယ် ”
“ ခွန်းဝူရဲ့ ငါးမျှားခြင်းက အကျိုးတစ်ခုခုတော့ ရှိလောက်တယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားပြီး ခေါင်းငုံ့လိုက်ကာ သူ၏ လက်ထဲမှ ငါးမျှားတံကို ကြည့်လိုက်သည်။
ဤတစ်လအတွင်းမှာ သူက ခွန်းဝူကဲ့သို့ ငါးမျှားနိုင်ရန် သင်ယူခဲ့သည်။ မူလအနှစ်သာရကို သူမမျှားနိုင်သေးသော်လည်း ယင်းက အကျိုးမရှိသော လုပ်ရပ်မဟုတ်ကြောင်း ရွှီချင်း ခံစားမိသည်။
“ သိပ်မကြာလောက်ဘူး… ငါးမျှားတာက စိတ်ရှည်ဖို့ လိုအပ်တယ်… ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ သူ၏ အကြည့်က ငါးမျှားတံမှ ရွေ့လျားသွားပြီး သူ၏ အရှေ့မှ အာကာသတွင်းနက်ပေါ်သို့ ကျရောက်သွားသည်။
“ အင်မော်တယ်နန်းတော်ရဲ့ လမ်းညွှန်အဖိုးအိုက မင်ယန်စကြာဝဠာက ဗျူဟာမြောက်တဲ့ အရင်းအမြစ်ဖြစ်တယ်လို့ ပြောခဲ့တယ်… ဆိုလိုတာက ဒီစကြာဝဠာမှာ တန်ဖိုးကြီးမားတဲ့ တစ်စုံတစ်ခုရှိတယ်… ”
အစက ရွှီချင်းသည် မင်ယန်စကြာဝဠာ၏ ထူးခြားချက်နှင့်ပတ်သက်ပြီး ဤနေရာမှ မူလအနှစ်သာရကို တွေးမိခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော တစ်လက ခွန်းဝူနှင့်တိုက်ပွဲတွင် တစ်ဖက်လူ၏ စကားနှင့် တုံ့ပြန်မှုမှတဆင့် သဲလွန်စတချို့ကို ရွှီချင်း ရှာတွေ့ခဲ့သည်။
ပထမအချက်အနေနှင့် ဤစကြာဝဠာက အတိတ်မှာ ဂုဏ်သတင်းထွန်းတောက်ခဲ့သော်လည်း ယခု သာမန်ဖြစ်သွားပြီဟု တစ်ဖက်လူက ပြောခဲ့သည်။
ဒုတိယမှာ သူက ဤတစ်ခေါက်တတ်လှမ်းသူများ၏ အဆင့်သတ်မှတ်ချက်ကို မသိထားပုံပေါ်သည်။
ထိုအချက်နှင့်ပတ်သက်ပြီး ခွန်းဝူက ကျင့်ကြံခြင်းမှာ စိတ်နစ်မြှုပ်ထားသောကြောင့် အပြင်လောကနှင့်ပတ်သက်ပြီး သူ့မှာ သတင်းအချက်အလက်အများကြီး မရှိနေကြောင်း ရှင်းပြချက်ပေးနိုင်သည်။
သို့သော်လည်း ခွန်းဝူက ယခင်အသုတ်မှ တတ်လှမ်းသူတစ်ယောက်ဖြစ်လေရာ အဆင့်တစ်ရရှိသူက ဗျူဟာမြောက်အရင်းအမြစ်ရှိသည့် စကြာဝဠာတစ်ခုအား ဆုလာဘ်ရရှိလိမ့်မည်ကို မည်သို့ကြောင့် မသိဘဲနေမည်နည်း။
သို့ဖြစ်၍ အဖက်ဖက်မှ စဉ်းစားကြည့်ပြီးနောက် ရွှီချင်းက အဖြေတစ်ခု ရှာတွေ့သွားသည်။
ယင်းမှာ မင်ယန်စကြာဝဠာက ဗျူဟာမြောက်အရင်းအမြစ်ရှိသည့် စကြာဝဠာတစ်ခုဖြစ်ကြောင်း ခွန်းဝူမသိထားခြင်း ဖြစ်သည်။ ဤနေရာမှာ မူလအနှစ်သာရရှိလျှင်ပင် သူ၏ အတွေးများက မပြောင်းလဲသွားချေ။
သို့ဖြစ်၍ ဤတစ်ခေါက်တတ်လှမ်းသူများထဲမှ အဆင့်တစ်ရရှိသူက မင်ယန်စကြာဝဠာကို ဆုလာဘ်ရရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“ ခွန်းဝူက ဒီစကြာဝဠာအကြောင်း အများကြီး မသိထားဘူး”
“ ဒါဆိုရင် မင်ယန်စကြာဝဠာရဲ့ ထူးခြားမှုက တကယ်ပဲ ဘာလဲ ”
ရွှီချင်းက သူ၏ အရှေ့မှ အာကာသတွင်းနက်ကို ကြည့်လိုက်လေရာ ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
“ အဖြေက အဲ့ဒီအာကာသတွင်းနက်ထဲမှာ ရှိလောက်တယ် ”
“ အာကာသတွင်းနက်ထဲမှာ မူလအနှစ်သာရအပြင် ငါ့ကို အံ့ဩစေနိုင်မယ့် တခြားအရာတွေ ရှိလောက်တယ်… ”
“ ကံမကောင်းစွာဘဲ အခု ငါက ပေတစ်ရာအောက်ကိုပဲ ဆင်းသက်နိုင်တယ်… တကယ်လို့ ငါ့မှာ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးရဲ့ အကူအညီရှိမယ်ဆိုရင် အဲ့ထက်ပိုပြီး စူးစမ်းနိုင်လောက်တယ် ”
ရွှီချင်းက ငါးမျှားရင်း တွေးတောလိုက်သည်။ တစ်ချိန်တည်းမှာ သူက အနာဂတ်အကြောင်း တွေးတောလိုက်သည်။
“ အရင်ဆုံး ရည်မှန်းချက်အသေးစားတစ်ခုအနေနဲ့ အခုကစပြီး တစ်နှစ်ပြည့်တဲ့အခါ ဧည့်ကြိုစကြာဝဠာဆီ ငါသွားရောက်ပြီး ကမ်းစပ်ကိုးခုကောင်းကင်ဘုံအတွင်းမှာ တာဝန်တစ်ခု ထမ်းဆောင်ရမယ် ”
“ ကြီးမားတဲ့ ရည်မှန်းချက်အနေနဲ့ မူလအနှစ်သာရအများအပြားကို ငါလိုအပ်တယ်… ဒါမှ ငါ့ရဲ့ အင်မော်တယ်သန္ဓေသားလောင်းကို အပြည့်အဝ ပုံဖော်နိုင်ပြီး ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို တတ်လှမ်းနိုင်လိမ့်မယ်… အဲ့ဒီနောက် အင်မော်တယ်သန္ဓေသားလောင်းက ပြီးပြည့်စုံတဲ့အထိ ဆက်လက် ကြီးထွားလာတဲ့အခါ ဒသမမြောက် အန္တိမတာအိုကို ငါဆင်ခြင်နားလည်နိုင်လိမ့်မယ်… ပြီးသွားရင် ငါက အင်မော်တယ်တစ်ပါးဖြစ်လာလိမ့်မယ် ”
“ ငါအင်မော်တယ်တစ်ပါး ဖြစ်လာတဲ့အခါကျရင် ဝမ်ကူးကုန်းမြေဆီ ပြန်မယ် ”
“ အခု အနှစ်နှစ်ဆယ်ပဲ အချိန်ရှိတော့တယ်… အချိန်မီ ငါလုပ်နိုင်ပါ့မလား သိချင်မိတယ် ”
ရွှီချင်းက ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
“ ဘာလိုလိုနဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ငါရှိနေတာ ဆယ်နှစ်ပြည့်တော့မယ် ”
ဝမ်ကူးကုန်းမြေက ဤနေရာနှင့် အလွန်ဝေးကွာလေရာ တည်နေရာအတိအကျကို ရွှီချင်း မပြောနိုင်ပေ။ သူ၏ စိတ်အာရုံကို အားကိုး၍ အကြမ်းဖျဉ်းကိုသာ သူခန့်မှန်းနိုင်သည်။
“ ဘာပဲဖြစ်ဖြစ် အချိန်ကျလာတဲ့အခါ ဝမ်ကူးကုန်းမြေဆီ ငါပြန်ရမယ်… အဲ့ဒီအချိန် ငါအင်မော်တယ်တစ်ပါးဖြစ်နေရင်တော့ အကောင်းဆုံးပဲ… တကယ်လို့ အဲ့လိုမဖြစ်ခဲ့ရင်လည်း ပြင်ပအင်အားတချို့ကို ငါငှားယူနိုင်သေးတယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
“ ဒါကြောင့် ငါ့ရဲ့ ကောင်းကင်ဘုံသူတော်စင်စေတီကို ပြန်ပြုပြင်ရမယ်… ဒီတစ်ခေါက် ငါရရှိထားတဲ့ ဆုလာဘ်ကို အသုံးပြုပြီး အဲ့ဒါကို ပြုပြင်နိုင်တယ် ”
ရွှီချင်းက မူလအနှစ်သာရပေါ်မှာ အာရုံမစိုက်ခင် အစီအစဉ်တစ်ခု ရေးဆွဲလိုက်သည်။
မူလအနှစ်သာရက သူ၏ အနာဂတ်ကျင့်ကြံခြင်းအတွက် အလွန်အရေးကြီးသည်။
“ တကယ်တော့ မူလအနှစ်သာရကို ရရှိနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်… ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်လေရာ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ နတ်ဘုရားတွေ… နတ်ဘုရားတွေက အဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေရဲ့ မူလသက်ရှိတွေ ဖြစ်ကြတယ်… သူတို့က မူလအနှစ်သာရနဲ့အတူ မွေးဖွားလာကြတယ်… သူတို့ရှင်သန်ကြီးထွားဖို့အတွက် မူလအနှစ်သာရကို စုပ်ယူကြရတယ် ”
“ ဒါ့အပြင် သူတို့က အဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေရဲ့ ဒေသခံတွေဖြစ်တာကြောင့် မူလအနှစ်သာရကို စုပ်ယူတဲ့အခါမှာ ကျင့်ကြံသူတွေထက် ပိုပြီးအကျိုးသက်ရောက်မှုရှိတယ် ”
“ တစ်နည်းပြောရရင် နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မူလအနှစ်သာရတွေ ရှိတယ် ”
“ ဒီတော့ နတ်ဘုရားတွေကို ဝါးမျိုတာကလည်း နည်းလမ်းတစ်ခုပဲ… ဒါပေမဲ့ အဲ့ဒါက မသန့်စင်ဘူး… ဘာလို့လဲဆိုတော့ နတ်ဘုရားတွေအများကြီးကို ဝါးမျိုတာက အန္တရာယ်များတဲ့ စွန့်စားမှုတစ်ခုပဲ… နောက်ထပ်အကြောင်းအရင်းက အဲ့လိုဝါးမျိုတဲ့အခါ နတ်ဘုရားသဘာဝရဲ့ လွှမ်းမိုးမှုကို တွေ့ကြုံရနိုင်တယ် ”
“ ဒါပေမဲ့… အဲ့ဒါက အမြန်ဆုံး နည်းလမ်းပဲ ”
“ အထူးသဖြင့် ငါ့မှာ နတ်ဘုရားကိုယ်ပွား ရှိတယ်… ဒါကြောင့် နတ်ဘုရားသဘာဝရဲ့ လွှမ်းမိုးခံရတာက ငါ့အတွက် စိုးရိမ်စရာကိစ္စတော့ မဟုတ်ဘူး ”
ရွှီချင်းက တွေးတောလိုက်သည်။ ထို့နောက် သူ၏ အတွေးက အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ ပထမဆုံးအကြိမ် သူရောက်လာပြီးနောက် တွေ့ကြုံခဲ့ရသော နတ်ဘုရားအကျဉ်းထောင်ဆီသို့ ရွှေ့ပြောင်းသွားသည်။
“ အဲ့ဒီအကျဉ်းထောင်ထဲမှာ နတ်ဘုရားတွေက အမြဲတမ်း ဖိနှိပ်ခံထားရပြီး စည်းချအစီအရင်တွေကနေတဆင့် စွမ်းအင်ထုတ်ယူခံနေရတယ်… စည်းချအစီအရင်အထပ်ထပ်ကို ဖြတ်ကျော်ပြီးနောက် နတ်ဘုရားစွမ်းအင်က ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားတယ်… အဲ့ဒါက အဆင့်နိမ့်ကျင့်ကြံသူတွေ ကျင့်ကြံရ ပိုလွယ်ကူအောင် ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းအင်စစ်ထုတ်ခြင်းနည်းလမ်းပဲ ”
“ ကျင့်ကြံသူတွေရဲ့ အရေအတွက် တိုးပွားလာတာနဲ့ သူတို့ထုတ်လွှတ်တဲ့ ဝိညာဉ်စွမ်းအင်က များပြားလာလိမ့်မယ်… အဲ့ဒါက ကောင်းမွန်တဲ့ လည်ပတ်မှုတစ်ခုကို ဖြစ်ပေါ်စေတယ် ”
“ ဝိညာဉ်စွမ်းအင်ရဲ့ ပမာဏက အတိုင်းအတာတစ်ခုထိ သိပ်သည်းသွားတဲ့အခါ အင်မော်တယ်စွမ်းအင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်… အဲ့ဒါက စကြာဝဠာတွေထဲမှာ မျိုးနွယ်ခြားတွေကို ရှင်သန်နေထိုင်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ရမယ် ”
“ အဆုံးမဲ့တဲ့ မျိုးနွယ်ခြားတွေကို အသုံးပြုပြီးတော့ ကျင့်ကြံခြင်းလမ်းစဉ်ကို ဖြောင့်ဖြူးစေတယ် ”
“ တစ်ချိန်တည်းမှာ သက်ရှိအရေအတွက် ပိုများပြားလာတာနဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ပိုပြီးဖြောင့်ဖြူးလာမယ် ”
ရွှီချင်းက ဤခရီးတစ်လျှောက်တွင် သူမြင်ခဲ့ကြားခဲ့ရသော အရာအားလုံးကို ပြန်တွေးလိုက်သည့်အခါ သူ၏ နှလုံးသားထဲတွင် နက်နဲသိမ်မွေ့သော သဘောပေါက်မှုတစ်ခု ဖြစ်ပေါ်လာသည်။
“ ဒါပေမဲ့ ကြယ်စင်စုလေးခုထဲက နတ်ဘုရားအကျဉ်းထောင်တွေထဲမှာ ရှိကြတဲ့ နတ်ဘုရားတွေက အဆင့်နိမ့်ကြတယ်… ဒီတော့ အဆင့်မြင့်နတ်ဘုရားတွေမှာ သူတို့ကိုယ်ပိုင်အကျဉ်းထောင်တွေ ရှိရမယ်… သူတို့ဆီကနေ မူလအနှစ်သာရတွေကို ဆွဲထုတ်နိုင်မယ့် နည်းလမ်းတစ်ခုတောင် ရှိလောက်တယ် ”
“ အဲ့ဒီနည်းလမ်းကို အသုံးပြုကြည့်ဖို့အတွက် အခွင့်အရေးတစ်ခု ငါရှာရမယ် ”
“ အခုလောလောဆယ် အရေးကြီးဆုံးကိစ္စက ငါ့အရှေ့က မင်ရည်ကန်ပဲ ”
ရွှီချင်းက သူ့အရှေ့မှ အာကာသတွင်းနက်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
“ မူလအနှစ်သာရက အဲ့ဒီထဲမှာ ရှိတယ်… ”
တုံ့ဆိုင်းမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူက ထပ်မံ မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် စိတ်ဓာတ်ပြတ်သားမှု ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်သည့်အခါ အစိမ်းရောင်အိုးတစ်လုံးက ပျံသန်းထွက်လာသည်။
အိုးထဲတွင် လက်သီးဆုပ်အရွယ်အစားရှိသော ရွှံ့တုံးတစ်တုံး ရှိသည်။
ရွှံ့၏ အရောင်က နီညိုရောင် ဖြစ်သည်။
ယင်းက အတိတ်တွင် ရွှီချင်းကို ရှဲလင်းဇီပေးခဲ့သော လက်ဆောင်များအနက် တစ်ခုဖြစ်သည်။ ယင်းကို နတ်ဘုရားရွှံ့ဟု ခေါ်သည်။
ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကျင့်ကြံသူများ နတ်ဘုရားကို ထိန်းချုပ်ရန် အသုံးပြုကြသော နည်းလမ်းများစွာအနက် တစ်ခုဖြစ်သည်။
တစ်စုံတစ်ယောက်က သူတို့ထိန်းချုပ်ချင်သော နတ်ဘုရား၏ အသွင်သဏ္ဍာန်ကို ထိုရွှံ့ဖြင့် ပုံဖော်ပြီး ၎င်းကို ထိန်းချုပ်နိုင်သည်။
ရွှံ့ကို ကြည့်လိုက်ပြီးနောက် ရွှီချင်းက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို နီညိုရောင်ရွှံ့က လေထဲသို့ မြှောက်တတ်သွားပြီး ရွှီချင်း၏ အရှေ့မှာ လွင့်မျောသွားသည်။ သူ၏ နတ်ဘုရားစိတ်အာရုံကို ရွှံ့ထဲသို့ ပို့လွှတ်လိုက်သည့်အခါ ရွှံ့၏ အသွင်သဏ္ဍာန်က ပြောင်းလဲသွားသည်။
တဖြည်းဖြည်း ရွှံ့က မြေခွေးတစ်ကောင်၏ ပုံသဏ္ဍာန်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက ပြောသည်။
“ မင်းဘာလို့ ထွက်မလာသေးတာလဲ ”
ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့် သိမ်မွေ့နူးညံ့သော အသံက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်သွားသည်။
“ ဟွန့်… နှလုံးသားမရှိတဲ့လူ… အတိတ်မှာတုန်းကတော့ နင်က ငါ့ကို အဆင့်မြင့်နတ်ဘုရားလို့ ခေါ်ခဲ့တယ်… အခုကျတော့ ငါ့ကို ဘွဲ့နာမည်တောင် မခေါ်တော့ဘူး ”
“ ဘွဲ့နာမည်မခေါ်ရုံဘဲ မဟုတ်ဘူး… နင်က ငါ့ကို ယန်အဆီအနှစ် မပေးတဲ့အပြင် ဒီပစ္စည်းကို အသုံးပြုပြီး ငါ့ကို ထိန်းချုပ်ချင်နေတယ်… ကျေးဇူးမသိတတ်တဲ့ကောင်… အတိတ်မှာတုန်းက နင့်အတွက် အရာအားလုံးကို ငါလုပ်ပေးခဲ့တယ်… အခုကျတော့ နင်ငါ့ကို စွန့်ပစ်လိုက်ပြီပေါ့… ဟွန့် ”
“ ငါမထွက်လာဘူး ”
ရွှီချင်းက တည်ငြိမ်သည်။ သူက အင်္ကျီလက်ကို လှုပ်ခါလိုက်လေရာ ဆေးပုလင်းတစ်လုံး ထွက်ပေါ်လာသည်။ ပုလင်းထဲတွင် သွေးတစ်စက်ရှိသည်။
သွေးစက် ထွက်ပေါ်လာသည့်အခိုက် ကြယ်တာရာကောင်းကင်က ဝုန်းခနဲ တုန်လှုပ်သွားပြီး မိုးခြိမ်းသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ဘေးပတ်ဝန်းကျင်က ချက်ချင်း ပုံပျက်တွန့်လိမ်သွားပြီး အရာအားလုံးက ဝေဝါးသွားသည်။
ယင်းက ရွှံ့မြေခွေး၏ နတ်ဘုရားအခွင့်အာဏာအစွမ်းနှင့် တူညီသော နတ်ဘုရားအရှင်သခင်ထံမှ သွေးစက် ဖြစ်သည်။
ရွှံ့မြေခွေး၏ အသက်ရှူသံက ချက်ချင်း မြန်ဆန်လာသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ အသံက ထွက်ပေါ်လာသည်။
“ အမှတ်ငါးကြယ်တာရာစက်ဝန်းက နတ်ဘုရားတွေရဲ့ တည်ရှိမှုကို တားဆီးပိတ်ပင်ထားတယ်… မင်းက နတ်ဘုရားမီးတောက်အဆင့်မှာပဲ ရှိသေးရင် ပြဿနာမရှိဘူး… ဒါပေမဲ့ ဒီသွေးစက်ကို မင်းစုပ်ယူပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့်ဆီ တတ်လှမ်းမယ်ဆိုရင်တော့ အာရုံစိုက်မခံရဘူးလို့ ငါအာမမခံနိုင်ဘူး… မင်းအဆင့်ချိုးဖြတ်နေတဲ့အချိန် အတားအဆီးတွေ ဆင်းသက်လာလောက်တယ် ”
“ မင်းက မိုးသောက်အင်မော်တယ်နန်းတော်ထဲမှာ ခြေကုပ်တစ်နေရာရခဲ့ပြီး သရုပ်တစ်ခုရခဲ့ပေမဲ့ အဲ့ဒီသရုပ်က မင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်မလားဆိုတာ ငါမသေချာဘူး ”
“ အဲ့ဒါကြောင့်မို့လို့ ဒီနတ်ဘုရားရွှံ့ကို အသုံးပြုပြီး မင်းရဲ့ အသွင်သဏ္ဍာန်ကို ပုံဖော်ခဲ့တာပဲ… အပေါ်ယံမှာတော့ ငါက မင်းကို ထိန်းချုပ်ထားတယ်… ဒါပေမဲ့ တကယ်တမ်းတော့ ဒီထိန်းချုပ်မှုက မင်းရဲ့ တည်ရှိမှုကို ရှင်းပြပေးမယ့် အကြောင်းပြချက်တစ်ခုပါပဲ ”
“ ဒီနည်းနဲ့ဆိုရင် မင်းအဆင့်တတ်တဲ့အခါ ဘာအနှောင့်အယှက်မှ မရှိနိုင်ဘူး ”
“ အဆင်မပြေမှုတွေအတွက် ခဏလောက် မင်းသည်းခံပေးဖို့ ငါပြောနေတာပါ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ရွှံ့မြေခွေးက သွေးဆောင်ခံလိုက်ရသော်လည်း နှာခေါင်းရှုံ့လိုက်ဆဲပင်။
“ မမလို့ခေါ်ရင် နင့်စကားကို နားထောင်မယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ ခရီးတစ်လျှောက်တွင် ရွှံ့မြေခွေး၏ အဖော်ပြုပေးမှုနှင့် မိုးသောက်နန်းတော်ထဲ၌ တစ်ဖက်လူ၏ အကူအညီများကို သူပြန်စဉ်းစားလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ မမ ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှံ့မြေခွေးက စိတ်ချမ်းသာသွားပြီး ဆွဲဆောင်မှုရှိစွာ တခစ်ခစ်ရယ်လိုက်သည်။
ထို့နောက် သူ၏ ပုံရိပ်က ကြယ်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး နတ်ဘုရားရွှံ့ဖြင့် ပုံဖော်ထားသော မြေခွေးအရုပ်ဆီသို့ ပျံသန်းသွားသည်။
မြေခွေးအရုပ်က အစတွင် သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတစ်ခုသာ ဖြစ်၏။ သို့သော်လည်း ကြယ်အလင်းတန်းဝင်ရောက်လာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းက အသက်ဝင်လာပြီး အရောင်အသွေးရှိလာသည်။
နောက်အခိုက်အတန့်မှာ ရွှံ့ရုပ်က ဆွဲဆောင်မှုရှိသော မိန်းမလှတစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားသည်။
သူက ရွှီချင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။
လမ်းလျှောက်နေစဉ် သူ၏ ရင်ဘက်က နိမ့်ချည်မြင့်ချည် လှုပ်ခါသွားသည်။ သူ၏ ပြစ်ချက်မဲ့သော ခန္ဓာကိုယ်တွင် သေးသွယ်သော ခါးနှင့် ဖွင့်ထွားသော တင်ရှိသည်။ ယင်းက သူ့အား မြင်လိုက်ရသူတိုင်းကို နှလုံးခုန်မြန်စေရန် ပြုလုပ်နိုင်သည်။
သူ၏ ပုံရိပ်က ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။
သူ၏ အသားအရေက ဖြူဖွေးသည်။ သူက ကြော့ရှင်းတင့်တယ်စွာ လမ်းလျှောက်နေစဉ် ဆွဲဆောင်မှုပြင်းသော ညှို့ဓာတ်ကို ထုတ်လွှတ်နေသည်။ ယင်းက လူတိုင်း၏ နှလုံးသားထဲတွင် ရမ္မက်မျိုးစေ့ကို စိုက်ပျိုးပေးနေသည်။
သူက ရွှီချင်းအနားသို့ ကပ်လာပြီးနောက် ညုတုတုအသံဖြင့် တိုးညင်းစွာ ပြောသည်။
“ မောင်လေးက အရမ်းဆိုးတာပဲ… မမရဲ့ ခန္ဓာကိုယ်ကို ပုံဖော်တုန်းက ဘာဖြစ်လို့ အဝတ်အစားတချို့ မထည့်ပေးခဲ့တာလဲ ”