← Chapters

အပိုင်း (၃၇၄)

Vol. 26 Ch. 374

အပိုင်း (၃၇၄)

Vol. 26 Ch. 374

“မြေအင်မော်တယ်လောကရဲ့ တည်နေရာလမ်းကြောင်းက ပွင့်မလာတော့ဘူး ဟုတ်လား” ထာဝရမြို့တော်ဝန်၏ နှလုံးသားများသည် လှုပ်ရှားသွားခဲ့၏။ သူသည် တစ်စုံတစ်ခုကို ကြိုတင်ကာ ခန့်မှန်းမိလိုက်သကဲ့သို့ပင်။

“ဖြစ်နိုင်တာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က မြေအင်မော်တယ်လောကကို ကောင်းကင်မူလလောကကြီး နဲ့ ပေါင်းစပ်ဖို့ စီစဉ်နေတဲ့ပုံပဲ”

“အင်း... ဖြစ်နိုင်ချေကို ဖယ်ရှားလို့လည်း မဖြစ်ဘူး။” ဟုန်ရွှမ်က ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။

“ဒီလိုဆိုရင် ကောင်းကင်မူလလောကကြီးက”

ထာဝရမြို့တော်ဝန်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ခရမ်းရောင် နက်နဲလောကကြီးနှင့် ကောင်းကင်မူလ လောကကြီးတို့ ပေါင်းစပ်လိုက်သည့်အချိန်တွင် ဖြစ်တည်ခဲ့သည့် ပြောင်းလဲမှုများကို သူက အာရုံခံမိပြီးပြီဖြစ်၏။ လောကကြီး၏ အဆင့်သည် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။

လက်ရှိအချိန်မှာတော့ အစစ်အမှန် အင်မော်တယ်များ နေထိုင်၍ရသည့် တည်နေရာအဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီးဖြစ်၏။ သူ၏ သက်တမ်းသည်သာ ကုန်ခမ်းနေသည်သာ မဟုတ်ပါက သူသည် လက်ရှိအချိန်တွင် ကောင်းကင်မူလလောကကြီးထဲသို့ ဝင်ရောက်ခွင့်ရပြီဖြစ်၏။ အခု မြေအင်မော်တယ်လောကကြီးနှင့်သာ ပေါင်းစပ် နိုင်ခဲ့သည်ဆိုပါက ကောင်းကင်မူလလောကကြီးသည် မည်မျှ ပိုမိုကာ တိုးတက်သွားမည်နည်း။ မည်သူမှ မခန့်မှန်းနိုင်ခဲ့ချေ။

ဖြစ်နိုင်သည်မှာ အစစ်အမှန် အင်မော်တယ်များထက် ပိုမိုကာ အဆင့်မြင့်မားသည့် ကျင့်ကြံသူ ဖြစ်လာနိုင်မည့် အခြေအနေဆီသို့ ရောက်ရှိသွားမှာ သေချာ၏။ ထို့အပြင် မြေအင်မော်တယ်လောက၏ အဆင့်သည့် နိမ့်ပါးလှသည် မဟုတ်ချေ။ ကောင်းကင်မူလလောကကြီးထက် ပိုမိုကာ အားကောင်း၏။ ကောင်းကင်မူလ လောကကြီးသည်လည်း အားနည်းလှသည် ဆိုလျှင်တောင်မှ အသင်္ချေ များပြားလှသည့် လောကကြီးထဲတွင် အောက်ဆုံးအဆင့်၌ ရှိနေသည့် လောကတစ်ခုတော့ မဟုတ်ချေ။

ထိုနှစ်ခုကိုသာ ပေါင်းစပ်လိုက်မည်ဆိုပါက ကျိန်းသေပေါက် ပဋိပက္ခများ ဖြစ်ပွားနိုင်၏။ ထိုပဋိပက္ခများကို ဖြေရှင်းနိုင်သည်ဆိုပါကလည်း ကြီးမားသည့် အကျိုး သက်ရောက်မှုကို ရရှိခံစားရပေလိမ့်မည်။

ကိစ္စတစ်ခုခုကို ပြုလုပ်သည့် နေရာတွင် အကျိုးသက်ရောက်မှုနှင် ထိခိုက်ခံစားရမှုများသည် ဒွန်တွဲကာ ဖြစ်တည်လာသည့် အရာများသာဖြစ်၏။ မြေအင်မော်တယ်လောကဆီမှ သက်ရှိသတ္တဝါများသည် ထိုအရာကို သိရှိသည်သာဆိုပါက ကျိန်းသေပေါက် ကျေးဇူးတင်ကြမှာဖြစ်၏။ နန်းဆောင်သခင်သည် သူတို့ကို ကြီးမားလှသည့် အခွင့်အရေးတစ်ခု ပေးအပ်ခြင်းပင်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တကယ့်ကို ကြီးမားတဲ့ ကစားပွဲကြီး တစ်ခုကို ကစားနေတာ ဖြစ်မယ်” ရှေးထာဝရမြို့၏ အတွင်းဘက်မှာတော့ သင်္ကေတများ ပြည့်နှက်လျက် ရှိနေသည့် လေဟာနယ်ထဲတွင် ခပ်ဝါးဝါး ပုံရိပ်တစ်ခုက ပေါ်ပေါက်လာ၏။ ၎င်းသည် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်လျက် ရှိနေပြီး ကောင်းကင်မူလ လောကကြီးဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည်။

၎င်း၏ အကြည့်သည် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို ပျံ့နှံ့သွားပြီးသည့်နောက် မိုင်ရာနှင့်ချီ ဝေးကွာ လှသည့် တော်ဝင်သဲကန္တာရမြို့၌ နောက်ဆုံး ရပ်တန့် သွားခဲ့၏။ ထိုအရာသည် သူ၏ အကန့်အသတ်သာလျှင် ဖြစ်၏။ သူ့အနေနှင့် ထိုထက်ပိုမို၍ ဝင်ရောက်ကာ ကြည့်ရှု၍ မရနိုင်ခဲ့ချေ။ တော်ဝင်သဲကန္တာရမြို့ဆီသို့ အစစ်အမှန် အင်မော်တယ်များ အလျင်စလိုဖြင့် ဝင်ရောက်လာသည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဒေါသထွက်လျှင် ထွက်ပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တားမြစ်မှုများကို သွားရောက်ကာ ထိတွေ့သည် ဆိုပါက သူ၏ကိုယ်ပိုင် ရှေးထာဝရမြို့သည်ပင်လျှင် သုတ်သင်ရှင်းလင်းခြင်းကို ခံရနိုင်၏။

“မြို့တော်ဝန် ဆိုလိုတာက စီနီယာနန်းဆောင်သခင်က လောကတွေအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ချင်နေတာလား” ဟုန်ရွှမ်၏ နှလုံးသားများသည် တုန်ယင်လျက်ရှိနေ၏။ သူသည် သူ၏ တွက်ချက်မှုများကို အံ့အားကြီးစွာဖြင့် ထုတ်ဖော်ကာ ပြောဆိုလိုက်၏။ ဤစကားစုကို ပြောဆိုသည့် အချိန်မှာတော့ ဟုန်ရွှမ်သည် မယုံကြည်နိုင်မှုကို ခံစားလျက် ရှိနေတုန်းပင်။

ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့ကို ပေါင်းစပ်နိုင်ခဲ့သည်ဆိုခြင်းမှာ နားလည် လက်ခံနိုင်သည့် အရာပင် ဖြစ်၏။ ထို့အပြင် ဤလောကနှစ်ခုသည် အားနည်းသည့် လောကနှစ်ခုသာလျှင်ဖြစ်၏။ ရှုပ်ထွေးလှသည့် စကြဝဠာ၏ နိယာမများ ပါဝင်ခြင်း မရှိချေ။ ထို့ကြောင့်ပင်လျှင် ပေါင်းစပ်ခြင်းကို ပြုလုပ်နိုင်စွမ်း ရှိနေသည်။ တစ်ခု၊ နှစ်ခုကို မဆိုနှင့် များပြားလှသည့် အရာများကို ပေါင်းစပ်လိုက်မည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ပြဿနာရှိမည့် အရာမျိုး မဟုတ်ချေ။

လောကကြီးများကို သန့်စင်ပြီး လက်နက်အဖြစ် သွန်းလုပ်ဖို့ ကြံစည်သည့် စွမ်းအားမြင့် ကျင့်ကြံသူများ ပင် ရှိသည် မဟုတ်ပါလား။ သို့ပေမဲ့ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် ထိုကဲ့သို့သော သန့်စင်ရန် ရည်ရွယ်ချက် မရှိပေ။

အနာဂတ်က မည်သို့ ဖြစ်မည်နည်း။ အလွန် ကြီးမားလွန်းလှသည့် လောကကြီးတစ်ခုကို ဖန်တီးပြုလုပ်ချင်နေ သည်လား။ ထိုကဲ့သို့သာ ပြုလုပ်မည်ဆိုပါက ကျိန်းသေပေါက် နန်းဆောင်၏ အားအင်အဆင့်သည် ထိုကဲ့သို့ ပြုလုပ်နိုင်မည့် အခြေအနေတွင် တည်ရှိနေလောက်၏။

အစစ်အမှန် အင်မော်တယ်တစ်ယောက်သည် မြေအင်မော်တယ် လောကကြီးကို လှုပ်ခါအောင် ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် အစစ်အမှန် အင်မော်တယ်ထက် ပိုမိုကာ အဆင့်မြင့်မားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ဆန်းကြယ်လှပါသည်ဆိုသော လောကကြီးတစ်ခုကို ဖန်တီးတည်ဆောက်ချင်သည် ဆိုပါက အားအင်အဆင့်သည် သာမန်လူများ ထင်မှတ်ထားသည်ထက် ပိုမိုကာ သာလွန်နေမှ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထာဝရ မြို့ထဲတွင် ရှိနေသည့် မှတ်တမ်းမှတ်ရာများအရ ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်သည့်လူသည် တစ်ယောက်မှ မရှိခဲ့ကြသောကြောင့်ပင်။

“ပထမဆုံး ခရမ်းရောင်နက်နဲလောက၊ ပြီးတော့ မြေအင်မော်တယ်လောက၊ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ရဲ့ ရည်ရွယ်ချက်က ကျိန်းသေပေါက် တွက်ချက်ဖို့ မခက်ပါဘူး” ထာဝရမြို့၏ အထက်တွင်တော့ ပိန်ပိန်ပါးပါးနှင့်လူသည် လေးနက်လှသည့် မျက်လုံးအစုံဖြင့် လှမ်းကာ ကြည့်ရှုနေမိ၏။

“တကယ်လို့ ဒါသာ မှန်တယ်ဆိုရင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ” ၎င်း၏ မျက်လုံးများသည် သင်္ကေတ များဖြင့် ထွန်းတောက်လျက် ရှိနေသည်။ လောကကြီး တစ်ခုလုံးကို နှစ်ပိုင်းခွဲလုမတတ်ပင်။

“မြို့တော်ဝန်က တကယ့်ကို ဉာဏ်ကောင်းပါတယ်” ဟုန်ရွှမ်သည် ဒူးတစ်ဖက်ထောက်ကာဖြင့် မြှောက်ပင့် ပြောဆိုလိုက်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ပြုလုပ်မှုများကို တွက်ချက်နိုင်သည်ဆိုပါက ထာဝရမြို့ သည်လည်း ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိမှာ သေချာ၏။ သူတို့အနေနှင့် ကောင်းကင်မူလလောကကြီးတွင် နေထိုင် လိုက်ရုံသာလျှင်ရှိ၏။ အနာဂတ်တွင် တဖြည်းဖြည်းနှင့် တိုးတက်လာပေလိမ့်မည်။

“မင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင်ကိုသွား။ မြေအင်မော်တယ်လောကနဲ့ ကောင်းကင်မူလလောကကြီးတို့ ပေါင်းစပ်နိုင်မလား ဆိုတာကို သွားပြီးတော့ စုံစမ်းခဲ့။ ဘယ်အချိန်လောက် ဖြစ်မလဲဆိုတာကောပေါ့” ထာဝရမြို့တော်ဝန် သည် စူးရှသည့် အကြည့်နှင့်အတူ လှမ်းကာ ကြည့်ရှုလိုက်၏။

မြေအင်မော်တယ်လောကကြီးသည် အစစ်အမှန် အင်မော်တယ်များပင်လျှင် နေထိုင်နိုင်စွမ်း ရှိသည့်လောကတစ်ခု ဖြစ်၏။ အစစ်အမှန် အင်မော်တယ်များ၏ သက်တမ်းများကို ချဲ့ထွင်နိုင်စွမ်းရှိသည့် နတ်ဘုရားဆေးလုံးများလည်း ရှိကောင်း ရှိနေနိုင်သည်။

ပြောရမည်ဆိုလျှင် ထာဝရမြို့သည်သာ တခြားသော လောကဆီသို့ သွားသည်ဆိုပါက ကျိန်းသေပေါက် သိုသိုသိပ်သိပ်နှင့် နေထိုင်ရမှာဖြစ်၏။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေသည်ဆိုပါက ကျိန်းသေပေါက် သူတို့ကို တိုက်ခိုက်တော့မှာ ဖြစ်၏။ သူတို့သည် ခန့်မှန်း၍ မရနိုင်သည့် ရန်သူများနှင့် ရင်ဆိုင်တွေ့ရပေလိမ့်မည်။

သို့ပေမဲ့ လက်ရှိ မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလလောကကြီးတို့သာ ပေါင်းစပ်သွားသည်ဆိုပါက အခြေအနေသည် ကွာခြားသွားမှာဖြစ်၏။ မြေအင်မော်တယ်လောကသည် တခြားသော လောကများနှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် အရင်းအမြစ်များကိုလည်း သူတို့က ရယူသုံးစွဲနိုင်စွမ်း ရှိလာပေလိမ့်မည်။

“အမိန့်တော် အတိုင်းပါပဲ” ဟုန်ရွှမ်သည် ဦးညွတ်ကာ ပြန်လည်ပြောဆိုလိုက်၏။

အင်မော်တယ်ကျန်းထျန် ဖိနှိပ်ခံရသည့် တစ်ချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီး၏ အခြေအနေသည် ပြန်လည်ကာ ပြောင်းလဲသွားခဲ့၏။ လူပေါင်းများစွာတို့သည် စိတ်သက်သာရာရသလို သက်ပြင်းချ လိုက်မိသည် ဆိုသော်လည်း နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ မဖုံးနိုင်၊ မဖိနိုင် ဖြစ်လို့နေခဲ့၏။ ကြီးမားလွန်းလှသည့် ဘေးအန္တရာယ်ကြီး ကျဆင်းလာခဲ့ပြီး ကမ္ဘာပျက်လုမတတ် ဖြစ်သွားခဲ့သော်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဝင်ရောက်လှုပ်ရှားပေးခဲ့သောကြောင့် အေးချမ်းသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ နန်းဆောင်သခင် ကောင်းကင်မူလလောကထဲတွင် တည်ရှိနေခြင်းဆိုသည်မှာ သူတို့ အတွက် ကြီးမားလှသည့် ကောင်းချီး ပင် ဖြစ်လေသည်။

လက်ရှိအခြေအနေမှာတော့ တော်ဝင်သဲကန္တာရမြို့တွင် လူပေါင်းများစွာတို့ တည်ရှိလို့ နေ၏။ အင်ပါယာကျန်းထျန် ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် လူပေါင်းများစွာတို့သည် လောကကြီး၏ အဆုံးသတ်ဆီသို့ ရောက်ရှိသွားမည်ဟု ယုံကြည်ခဲ့ကြ၏။

တော်ဝင်သဲကန္တာရမြို့ထဲတွင် နေထိုင်ခြင်းအားဖြင့် ၎င်းတို့၏ လုံခြုံမှုကို ဖန်တီးပေးနိုင်မည်ဟု အလိုလိုစိတ်တွင် တွေးထင်လာခဲ့သောကြောင့်ပင် ထိုနေရာဆီသို့ ပြေးလွှားလာခဲ့ကြခြင်းသာ ဖြစ်၏။ ကောင်းကင်မူလ လောကကြီးထဲတွင် ရှိနေသည့် ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူ ခုနှစ်ဆယ် ရာခိုင်နှုန်းနီးပါးတို့ သည် ဤနေရာသို့ ရောက်ရှိစုဝေးနေကြသည်။

“ဟူး.. စီနီယာနန်းဆောင်သခင် ပေါ်လာတာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျုပ်တို့ ကောင်းကင်မူလလောက ကြီးက ဖျက်ဆီးခံရပြီပဲ။ တည်နေရာကြီး တစ်ခုလုံးကို ချုပ်နှောင်လိုက်တဲ့ အချိန်မှာ ငါ့တော့ သေတော့မယ်လို့ ထင်နေတာ”

“ခင်ဗျား ရူးနေလား။ တည်နေရာတစ်ခုလုံးကို ချုပ်နှောင်ထားတဲ့လူက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လေ။ သူက ခင်ဗျားလိုလူမျိုးကို ဖျက်ဆီးပြီးတော့ ဘာလုပ်ရမှာလဲ”

“ဒါကတော့ မှန်တယ်။ ဒါပေမဲ့ ကျုပ်သိချင်တာက ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးချင်တဲ့လူက ဘယ်သူလဲ။ ကျုပ်သာ သူနဲ့တွေ့ရင် ကျုပ် သူ့ကို ကျိန်းသေပေါက် အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်”

“ဟား ဟား ဟား... လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့လူကို ကျုပ်တို့၊ ခင်ဗျားတို့လို လူတွေက သွားပြီး ရန်ပြုလို့ ရနိုင်တာ မဟုတ်ဘူး။ တာအိုရောင်းရင်းတွေကို အမှန်တိုင်း ပြောရမယ်ဆိုရင် ကျုပ် သတင်း အချက်အလက်တစ်ခု ရခဲ့တယ်။ ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးဖို့ ရောက်ရှိလာတဲ့လူက သွေးနတ်ဆိုး လောကကြီးက”

“သွေးနတ်ဆိုးလောကကြီး ဟုတ်လား”

ဤစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ အားလုံးသော သူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။

All Chapters